စာရေးဆရာ မောင်ဆုရှင်

75 views
Skip to first unread message

Rkhaing

unread,
Feb 19, 2010, 5:47:02 AM2/19/10
to MyaungMyaFamily
မောင်ဆုရှင် (၁၉၃၂-)
၁၉၃၂ - ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့တွင် မြောင်းမြမြို့၌ အဖ-
ဦးချစ်ဖေ၊ အမိ-ဒေါ်စိန်မြင့်တို့က မွေးဖွားသည်။ မွေးချင်း(၅)ယောက်တွင်
အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးမျိုးသန့်ဖြစ်သည်။ ငယ်စဉ်က
မြောင်းမြမြို့တွင် ပညာသင်ကြားခဲ့သည်။
၁၉၅၁ - တက္ကသိုလ်ဝင်တန်းအောင်၊ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်ခဲ့။
၁၉၅၃ - ပြန်ကြားရေးဌာန၊ စာပေဗိမာန်တွင် စာပြုအရာရှိအဆင့်မှစ၍
တာဝန်ထမ်းဆောင်။ ကဏှာဇာလီ၊ ကာယချမ်းသာ၊ ကုဋေငါးဆယ်(ဘာသာပြန်) စသော
စာအုပ်များထွက်ခဲ့။
၁၉၅၈ - ''အင်ဂျင်နီယာစွမ်းရည်'' စာအုပ်ထွက်။
၁၉၅၉ - ''ရှရီရာမာခရစ်ရှနာကိုယ်တော် အတ္ထုပ္ပတ္တိအကျဉ်း''- စာအုပ်ထွက်။
၁၉၆၁ - ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိ။
၁၉၆၂ - အမေရိကန်နိုင်ငံ၊ ဆာရာကျု့စ်တက္ကသိုလ်နှင့်
ဘော့စတွန်တက္ကသိုလ်တို့မှ သတင်းစာပညာ ဒီပလိုမာ နှင့် စာအုပ်ထုတ်ဝေရေးပညာ
ဒီပလိုမာများရရှိခဲ့။
၁၉၆၃ - ခရစ်တော်၏ဘ၀၊ ရာမာခရစ်ရှနာကိုယ်တော်၏ အာဘော်၊
အနိုင်မခံ(ဘာသာပြန်)၊ အသက်ရှည်ရာ အနာမဲ့ ကြောင်း(ဘာသာပြန်) စသော
စာအုပ်များထွက်။
၁၉၆၇ - တီထွင်မှုများသမိုင်း(ပ၊ဒု)ထွက်၊ (ယင်းစာအုပ်ဖြင့်
အမျိုးသားစာပေ-သုတပဒေသာ(သိပ္ပံ)ဆုရရှိ။)
၁၉၆၇ - ၈၉ - မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့-အတွင်းရေးမှူး။
၁၉၆၈ - ဟဲမင်းဝေး၏ ''ပင်လယ်ပြာနှင့်တံငါအို'' (ဘာသာပြန်)ထွက်။
(ယင်းစာအုပ်ဖြင့် အမျိုးသားစာပေ(ဘာသာပြန်-ရသ)ဆုရရှိ။)
၁၉၆၉ - ''အင်္ဂလိပ်-မြန်မာ စစ်ပွဲခေတ်ကိုယ်တွေ့များ'' စာအုပ်ထွက်။
၁၉၇၂ - ''မြတ်ဘုရား ရွှေတိဂုံ'' စာအုပ်ထွက်။
၁၉၇၄ - စာအုပ်ဟူသည်(မောင်ပေါ်ထွန်းနှင့်တွဲ)။ စာနယ်ဇင်းဟူသည်(သိန်းတန်
+မောင်ပေါ်ထွန်း-တွဲ)၊ ပင်လယ် ပြာနှင့်တံငါအို(ဒု-အကြိမ်) စသည်ဖြင့်ထွက်။
၁၉၇၅ - တီထွင်မှုသမိုင်း(ဒု-အကြိမ်)ထွက်။
၁၉၇၆ - အာဗင်စတုန်း၏ ''နီသောလင်းယုန်''(ဘာသာပြန်)ထွက်။
၁၉၉၀ - ၉၄ - မြန်မာနိုင်ငံ-စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး။
၁၉၉၄ - ၉၈ - မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဥက္ကဌ။ ထို့ပြင်
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပခုက္ကူဦးအုန်းဖေ
စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဌ၊ စာပေဗိာမာန်စာမူဆု စိစစ်ရွေးချယ်ရေး
အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းလျက်ရှိ။ မြန်မာ့အသံမှ
''သိပ္ပံပညာသိကောင်းစရာ'' ကဏ္ဍ အသံလွှင့်ဟော ပြောခဲ့သည်မှာ
အနှစ်(၄၀)ကျော်ပြီဖြစ်သည်။
၁၉၉၅ - ''မြို့ပြခံစားမှုစာမွန်များ'' စာအုပ်ထွက်။
၂၀၀၀ - ''၂၁-ရာစု လူမှုဝေါဟာရများ'' ထွက်။ (နောက်ပိုင်း အတွဲများ
ဆက်ထွက်။)
၂၀၀၁ - ''ခေတ်ပြိုင်သိပ္ပံ'' စာအုပ်ထွက်။
၂၀၀၂ - ဂျပန်စာရေးဆရာ ''တာဂျီမာ- ရှင်ဂျီး''၏ တိမ်သားပုံပြင်များ၊
သမုဒ္ဒရာထဲက ကမ္ဘာလိပ်ကြီးဂေါဒီ၊ အထီးကျန်မြေခွေးနှင့် အခြားဝတ္ထုတိုများ
စသော ဘာသာပြန်စာအုပ်များထွက်။

ဆရာမောင်ဆုရှင်သည် စာအုပ်ပေါင်း (၂၀၀)ကျော်မျှ ရေးသားထွက်ရှိခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီတွင်
ဟောပြောဆွေးနွေးရေး၊ စာပေထုတ်ဝေရေးနှင့် နိုင်ငံတကာ
ဆက်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိ။

အမှတ်(၆၉) ရတနာကျွန်းရိပ်သာ (ဋ)တိုးချဲ့ရပ်ကွက်၊ မ/ဥက္ကလာမြို့နယ်တွင်
မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။စာရေးဆရာ မောင်ဆုရှင်သည် ၂၀၀၉ ခုနှစ်
ဇွန်လ ၂ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

မောင်ဆုရှင်ကို မြောင်းမြမြို့တွင် အဖ ဦးချစ်ဖေ၊ အမိ ဒေါ်စိန်မြင့်တို့မှ
၁၉၃၂ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ
ဦးမျိုးသန့်ဖြစ်သည်။

မောင်ဆုရှင်အမည်အပြင် မောင်ကောင်းမြင့်၊ မောင်ကြည်ဖြူ၊ ဦးဘခန့်၊
မျိုးသန့်၊ ၀င်းသန့်၊ အောင်သူ ဟူသော ကလောင်ခွဲများဖြင့်လည်း သုတ၊
ရသစာပေများကို ရေးသားခဲ့သည်။

ဆရာမောင်ဆုရှင်သည် ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ
ဆရာကျုပ်တက္ကသိုလ်နှင့် ဘော့စတွန် တက္ကသိုလ်တို့မှ သတင်းစာပညာ
ဒီပလိုမာနှင့် စာအုပ်ထုပ်ဝေရေးပညာ ဒီပလိုမာများ ရရှိခဲ့သည်။ ၁၉၅၃
ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်တွင် ညွှန်ကြားရေးမှုးချုပ်
အဆင့်အထိ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန
အကြံပေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

စာရေးဆရာ မောင်ဆုရှင်သည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့
အတွင်းရေးမှူး၊ ပခုက္ကူ ဦးအုန်းဖေ စာပေဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဌ၊
စာပေဗိမာန် စာမူဆု စီစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင် စသည့်တာဝန်များ အပြင်
နိုင်ငံတော်အဖွဲ့အစည်းများ၌ စာပေဆိုင်ရာ တာဝန်များကိုလည်း
ထမ်းဆောင်ခဲ့သည်။

မြန်မာ့အသံတွင် သိပံ္ပပညာ သိကောင်းစရာ အခန်းကဏ္ဍ၌ နှစ်ပေါင်း ၄၀ ကျော်
အသံလွှင့် ဟောပြောခဲ့သည်။ စာရေးဆရာမောင်ဆုရှင်၏ တီထွင်မှုများသမိုင်း
(၁၉၇၅)၊ ၂၁ ရာစုကမ္ဘာ နှင့် ၂၁ ရာစု လူမှုဝေါဟာရများ နှင့် မြေကမ္ဘာကြွေမှာ
စိုးသူများ စာအုပ်များသည် သိပ္ပံပညာ စာပေပြန့်ပွားရေးအတွက်
အထူးထိရောက်ခဲ့သည်။ ၁၉၇၆ တွင် တီထွင်မှုများသမိုင်း စာအုပ်ဖြင့် သုတပဒေသာ
(သိပ္ပံ) ဆုကို တစ်ကြိမ်၊ ၁၉၆၈ ခုနှစ်တွင် ပင်လယ်ပြာနှင့် တံငါအို
စာအုပ်ဖြင့် ဘာသာပြန်ဆု စသည်ဖြင့် အမျိုးသားစာပေဆု နှစ်ကြိမ်
ရရှိခဲ့သူလည်း ဖြစ်သည်။

“ပင်လယ်ပြာ နှင့် တံငါအို” စာအုပ်၏ မူရင်းစာအုပ်မှာ
ကမ္ဘာကျော်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး (၁၈၉၉-၁၉၆၁) ၏ “The Old Man
and The Sea” ၀တ္ထုဖြစ်သည်။ သူ၏ ထိမိ တိကျ လှပသော ဘာသာပြန် အစွမ်းကြောင့်
မြန်မာစာဖတ်ပရိသတ်တို့သည် ကမ္ဘာကျော်စာရေးဆရာကြီး ဟဲမင်းဝေး နှင့် ကမ္ဘာ့
ဝတ္ထုတိုများ၏ အရသာကိုလည်း မြည်းစမ်းခွင့်ရခဲ့သည်။

ဆရာ၏ အပြောင်မြောက်ဆုံး စာအုပ်တစ်အုပ်မှာ မြတ်ဘုရား ရွှေတိဂုံ (၁၉၇၂)
ဖြစ်သည်။ ကမ္ဘာသိ ထင်ပေါ် ကျော်ကြားသော မြန်မာတို့၏ ဂုဏ်ယူဖွယ် ရွှေတိဂုံ
စေတီတော်မြတ်ကြီး၏ အကြောင်းကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ
ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားသည့် စာအုပ်ဖြစ်သည်။ ရွှေတိဂုံ
စေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏
လောကုတ္တရာရေးရာအတွက် ကြည်ညိုဆည်းကပ်ရာ သာမက၊ လောကီရေး တွင်လည်း
အရိပ်အာဝါသပေးရာ၊ ခိုလှုံရာ အချက်အခြာ နေရာကြီး ဖြစ်သဖြင့်
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးသမိုင်း နှင့် ယှဉ်ပြီး
ဖော်ထုတ်လေ့လာတင်ပြထားသည်။

မောင်ဆုရှင်သည် ၁၉၅၄ ခုနှစ်မှ စပြီး ကွယ်လွန်သည် အထိ စာအုပ်ပေါင်း ၁၀၀
ကျော် ရေးသားပြုစုခဲ့သည့် အပြင် စာပေဟောပြောပွဲများစွာတွင် လိုက်လံ
ဟောပြောခဲ့သည်။ စာရေးဆရာ မောင်ပေါ်ထွန်း နှင့် တွဲပြီး “စာနယ်ဇင်း ဟူသည်”
“စာအုပ်ဟူသည်” စာအုပ်များကိုလည်း ပြုစုခဲ့သည်။ နီသောလင်းယုန်၊
မြို့ပြခံစားမှု စာမွန်များ၊ အသက်ရှည်ရာ အနာမဲ့ကြောင်း၊ အင်္ဂလိပ် - မြန်မာ
စစ်ပွဲခေတ် ကိုယ်တွေ့များ၊ အင်ဂျင်နီယာ စွမ်းရည် စသော စာအုပ်များသည် သူ၏
ထင်ရှားအောင်မြင်ခဲ့သော စာအုပ်များဖြစ်သည်။

စာရေးဆရာ မောင်ဆုရှင် ကွယ်လွန် အနိစ္စရောက်သွားခြင်းသည် မြန်မာ့စာပေအတွက်
ဆုံးရှုံးမှု တစ်ခုဖြစ်သည်။

''ထင်ရှားသောစာအုပ်အချို့''
၁။ ပင်လယ်ပြာနှင့် တံငါအို
၂။ မြတ်ဘုရားရွှေတိဂုံ
၃။ တီထွင်မှုများသမိုင်း
၎။ မြို့ပြခံစားမှုစာမွန်များ
၅။ စာရေးသူတို့လက်စွဲစာအုပ်
၆။ စာအုပ်ဟူသည်(+မောင်ပေါ်ထွန်း)
၇။ စာနယ်ဇင်းဟူသည်(သိန်းတန်၊ မောင်ပေါ်ထွန်း-တွဲ)
၈။ ကမ္မယောဂ
၉။ နီသောလင်းယုန်
၁၀။ ၂၁-ရာစု လူမှုဝေါဟာရများ(၁-၂)
၁၁။ အသေးအမွှား အလေးမထားဖို့-နည်းလမ်း(၁၀၀)
၁၂။ ခေတ်ပြိုင်သိပ္ပံ
၁၃။ အင်္ဂလိပ်မြန်မာစစ်ပွဲခေတ်ကိုယ်တွေ့များ
၁၄။ ဆွာမိဝိဝေကနန္ဒာ၏ အားတက်ဖွယ် အဆိုအမိန့်များ
၁၅။ စိတ်နုပျို ကိုယ်ကျန်းမာ
၁၆။ တိမ်သားပုံပြင်များ

Reply all
Reply to author
Forward
0 new messages