ကျနော့်ဘ၀ မှာ ဖွင့်ပွဲပေါင်းများစွာတက်ခဲ့ဘူးပါတယ်၊ ဆိုင်ဖွင့်ပွဲ၊
ရုံးဖွင့်ပွဲ ကျောင်းဆောင်ဖွင့်ပွဲ ၊ အိမ်ဖွင့်ပွဲ တိုက်သစ်ဖွင့်ပွဲ အစ
ရှိသဖြင့် အများကြီး တက်ရောက်ခဲ့ရဖူးတဲ့ဖွင့်ပွဲ တွေထဲမှာ သမိုင်းတွင်
တဲ့ ဖွင့်ပွဲတွေ ကတော့ လက်တစ်ဖက်တောင်မပြည့်ခဲ့ပါဘူး။
(၂၉.၈.၂၀၁၁ ) ရက်နေ့ကတော့ ကျနော့်ဘ၀ မှာ အမြဲအမှတ်ရနေပြီး
မျိုးဆက်ပေါင်းများစွာထိ သမိုင်းဝင်နေမယ့်ဖွင့်ပွဲလေး တစ်ခု
ကိုတက်ရောက်ခဲ့ရပါတယ်။
အမျိုးသားအဆင့် ဖွင့်ပွဲမျိုး၊ နိုင်ငံတော်အဆင့်ဖွင့်ပွဲမျိုး မဟုတ်သလို
ဖိုက်စတား ဟိုတယ်ကြီး ဖွင့်ပွဲ ရုပ်ရှင်ရုံ ဖွင့်ပွဲ ကြီး စသဖြင့်
ပြည့်စုံချမ်းသာတဲ့ဖွင့်ပွဲ တစ်ခုလည်းမဟုတ်ခဲ့ပါဘူး၊
အစားအစာ အကောင်းဆုံးဆိုတာတွေ နဲ့ ဧည့်ခံနိုင်ခြင်းမရှိခဲ့သလို
အကောင်းစားထိုင်ခုံကြီးတွေနဲ့ ထိုင်နိုင်ခဲ့တဲ့
ဖွင့်ပွဲလည်းမဟုတ်ခဲ့ပါဘူး၊
သာမန် ၄ လွှာအမြင့်မှာတည်ရှိပြီး သာမန် ၃ ခန်းတွဲ တိုက်ခန်းလေး
တစ်ခုဖြစ်သလို ထိုင်စရာကလည်း သန့်ရှင်းစွာ ကြမ်းပြင်ပေါ်ခင်းထားတဲ့
ပလပ်စတစ် ဖယောင်းပုဆိုး ပေါ်မှာထိုင်ခဲ့ရတာပါ။
ကျွေးမွေးဧည့်ခံတာကလည်း ကျေးရွာ ကလေးတစ်ခုက ရိုးရှင်းတဲ့
အလှူတန်းပွဲလေးမှာ ထုံးစံဧည့်ခံ ကြတဲ့ ကြာဇံ ဟင်း ခါးပါ။
ဒါပေမယ့်လို့ ကျနော့် ဘ၀ တစ်လျောက် မှတ်တမ်း တင်ရမယ့်
ဖွင့်ပွဲအခန်းအနားတစ်ခု ဖြစ်ခဲ့ရပါတယ်။
အဲဒီဖွင့်ပွဲကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ ၊ပေါ်ပေါက်ခွင့်ရလာတဲ့
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဆိုတဲ့ ဧည့်လမ်းညွှန်များ အားလုံး ကို
ကိုယ်စားပြုတဲ့ အသင်း ရဲ့ ကိုယ်ပိုင်ရုံးခန့်း ကိုယ်ပိုင် ဆိုင်းဘုတ်
ဖွင့်ပွဲ အခန်းအနားကြီးပါဘဲ။
ဟုတ်ပါတယ် ကျနော်အတွက်ကတော့ ကြယ် ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီး
ဖွင့်ပွဲ တက်ရတာထက်လည်း ပို ဂုဏ်ယူသလို နိုင်ငံတော်အဆင့်
ပွဲတွေတက်ရောက်ခွင့်ရတာထက်လည်း ပိုဂုဏ်ယူခဲ့ရပါတယ်။ ဟိုတယ်ဖွင့်ပွဲ ဆိုတာ
လူချမ်းသာတစ် ဦး တစ်ဖွဲ့ရဲ့ ပြွဲဖစ်သလို
နိုင်ငံတော်အဆင့်ပွဲတွေဆိုတာလည်း အမြဲ ခေါင်းစဉ်တစ်ခုခုနဲ့
နှစ်စဉ်ရှိနေမှာပါ။
ကျနော်တို့ ဧည့်လမ်းညွှန် များ အတွက် အခက်အခဲတွေဖြေရှင်းပေးမယ့်
အကူအညီတွေပေးမယ့် အခွင့်အရေးတွေ ကာကွယ်ပေးမယ့် ဘ၀ အာမခံချက်အတွက်
တောင်းဆိုပေးနိုင်မယ့်
မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်း ကြီးရဲ့ ရုံးခန်းဖွင့်ပွဲဆိုတာ
သမိုင်းတစ်လျောက်လုံးမှာ ပထမဆုံးအကြိမ်နဲ့ ပထမဆုံး တည်ရှိမှုတစ်ခုပါ။
ဒီပွဲမှာ ၀င်ရောက် ကူညီခွင့်ရခဲ့သူများကိုယ်စားလည်း ဂုဏ်ယူပါတယ်
မိတ်ဆွေတို့ဟာ မထင်မှတ်လို့ဘဲဖြစ်ဖြစ် သိလို့ဘဲဖြစ်ဖြစ် သမိုင်း တွင်မယ့်
ပွဲတစ်ခုမှာ ပါဝင်ကူညီခွင့်ရခဲ့တာပါ။
သားစဉ်မြေးဆက်ဂုဏ်ယူကြပါ။
ဒီရုံးခန်းကြီးကို မင်္ဂလာ စကား ဆုံးမစကားတွေ နဲ့ ဖွင့်လှစ်ပေးခဲ့တဲ့
မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး
ကြီး ဦးလှဌေး ကလည်း ဧည့်လမ်းညွှန်လုပ်ငန်းတည်ရှိနေသ၍ နာမည်
တည်နေတော့မှာပါ။
ဆရာ ဦးမျိုးသန့် ၊ဒေါ်ခင်မာကြည် အပါအ၀င် ၀ါရင့် ဧည့်လမ်းညွှန်ကြီးများနဲ့
ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌကြီး ဥိးမောင်မောင်ဆွေ ကိုလည်း
ဧည့်လမ်းညွှန် အသင်းကြီးရဲ့ ရုံးခန်း ဖွင့်လှစ်ပွဲမှာ မှတ်တမ်းရေးထိုး
ခဲ့ကြပါတယ်။
ဖွင့်ပွဲကို မင်္ဂလာအချိန်ဖြစ်တဲ့ မနက် ၇ နာရီး ၂၀ မိနစ်တိတိမှာ
ဖွင့်လှစ်ကြောင်းကြေငြာခွင့်ရခဲ့တဲ့ မတင်နွယ်အေး ရဲ့ ကံကောင်းမှုကို
မနာလိုဖြစ်ရင်းဝမ်းမြောက်မိပါတယ်။
ဖဲကြိုး အစား ခြုံပုဝါတွေ ဖြတ်ဖွင့်လှစ်ခဲ့တာလည်းအမှတ်တရ ပါ။ နောက်
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဆိုင်းဘုတ်ကြီးကို အများပြည်သူရှေ့
မှာ ၀န့်ဝန့်ကြွားကြွား ဖွင့်လှစ်ခဲ့ကြပါတယ်။
ကြွရောက်လာတဲ့ နိုင်ငံတော်အဆင့်လူကြီးများကို ကြာဇံဟင်း နဲ့ ကြက်သား
ပလာတာ ကော်ဖီတို့နဲ့ ဧည့်ခံ ခဲ့တာ ရိုးသားတဲ့ တောကအလှူလေးတစ်ခုလိုပါဘဲ
ဘာပကာသနမှမပါတဲ့ မုံ့လေးတွေကို အားရပါးရစားပြတဲ့
ဦးဆောင်ညွှန်ကြားရေးမှူးကြီးနဲ့ ဌာနဆိုင်ရာအရာရှိများကို အားလည်းနာမိ
ကျေးဇူးလည်းတင်မိပါတယ်။
ဆရာတို့ အကုန်မစားဘဲချန်ထားပေးတဲ့ ကြက်သားပလာတာ လေးတွေကို မနက် ၅
နာရီကတည်းက လှုပ်ရှားနေခဲ့ရတဲ့ ကျနော်တို့ ၀ိုင်းတီး လိုက်တာလည်း ဘ၀မှာ
အမှတ်တရပါ။
ဧည့်လမ်းညွှန်အသင်းကြီး ရဲ့ ရုံးခန်းဖွင့်ပွဲမှာ ဧည့်ခံတဲ့ အစားအစာတွေဟာ
ဧည့်လမ်းညွှန်သင်တန်းဆင်းပွဲ မှာ ကလေးတွေ ကို ဧည့်ခံတဲ့ အစားအစာ
ကိုမမှီပေမယ့် ကျနော်တို့အားလုံး ဂုဏ်ယူကြပါတယ်။
ဘုန်းတော်ကြီး ၅ ပါးကို ဆွမ်း ဆေး သင်္ကန်း ကပ်၊ တရားတော်နာ နဲ့
ဆရာဦးမျိုးသန့်နဲ့အတူ အားလုံးပီတိမျက်ရည် ၀ဲ ခဲ့ကြပါတယ်။
ငါဆိုတဲ့အစွဲ မကင်း ကြတဲ့ ကျနော်တို့တွေကတော့ ရင်ထဲ ကကြုံးဝါးမိကြပါတယ်
ဒါ ငါတို့ ဧည့်လမ်းညွှန်များရဲ့ ရုံးခန်းကြီးကွ……….လို့။
အသင်းရုံးခန်းဖွင့်ပွဲအပြီး ပထမဆုံးအကြိမ်ဧည့်လမ်းညွှန်များအသင်းကို
ဖိတ်ခံရတဲ့ ပွဲကတော့ အခြေခံ ဧည့်လမ်းညွှန်သင်တန်းဆင်းပွဲ အမှတ်စဉ် (၄၀)
ပါ။ အဲဒီပွဲကြီးမှာ ဧည့်လမ်းညွှန်အသင်းကြီးရဲ့ ဥက္ကဌကြီး ဟာ အခြားသော ဥက္ကဌ
များ ထိုင်တဲ့ တန်းမှာဘဲ အတူ ရင်ဘောင်တန်းထိုင်ခွင့်ရခဲ့ပါတယ်။
တကယ်တော့ဒီပွဲကို ဖိတ်ကြား ပြီ လူပုံအလယ်မှာ ကြေငြာ နေရာပေးခဲ့သူကတော့
ဦးဆောင်ညွှန်ကြားရေးမှူးကြီး ဦးလှဌေးပါဘဲ။
ဒီနေရာမှာ ကျနော် ရဲ့ ကိုယ်ပိုင်အယူအဆ နဲနဲ ပြောပြလိုပါတယ်။
ဧည့်လမ်းညွှန်များအသင်းရဲ့ ဥက္ကဌ ဆိုတာပဲ ကြည့်ပါတယ် ။ဘယ်သူ ဘယ်ဝါ
ဘယ်အုပ်စု ဘယ် သူ့ဘက်သား ဘာအရည်အချင်း ဘာလုပ်တယ်ဆိုတာ ကို မကြည့်ပါ
မတွေးပါ။မပြောပါ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းကြီးရဲ့ဥက္ကဌ သည် ဒီလို
ရင်ဘောင်တန်းထိုင်ခွင့်ရပြီ
ဆိုတာသည်……………………………..။အများကြီးဆက်တွေးပါ၊ခံစားပါ။
ဒီလိုအဖြစ်ထိအဆင့်ထိရောက်လာအောင် အကူအညီပေးကြတဲ့ ပြည်ထောင်စု ၀န်ကြီး
ဒု-၀န်ကြီး ဦးဆောင်ညွှန်ကြားရေးမှူးကြီး ၊ တို့ ရဲ့ ကျေး ဇူး ဟာ သိပ်ကို
ကြီးမားလှပါတယ် ဒါဟာ
လူတစ်ဦးတစ်ယောက်ကို မြှောက်စား နေရာပေးတာ မဟုတ်ဖူး ဧည့်လမ်းညွှန်များ
အားလုံးကို မြှောက်စားနေရာပေးခြင်းပါ။
ထူးဆန်းတာ တစ်ခု ပြောပြပါရစေ။
ပွဲ ပြီး နောက် တစ်ရက်မှာ ကျင်းပတဲ့ CEC+ EC အစည်းအဝေးပွဲ ကြီးမှာ
ကျနော်က အသင်းကြီး ရဲ့ ဖြစ်တည်လာမှု၊ အိပ်မက်တွေ အကောင်အထည်ပေါ်လာမှု တွေ
နဲ့အခု ကိုယ်ပိုင်ရုံးခန်းကြီးမှာ စည်းဝေး နိုင်မှုတွေ ၊ အသင်းကြီးရဲ့
ဥက္ကဌကြီး နေရာ ရခဲ့ပုံတွေပြောပြတော့ အားလုံးက ကြောင်တောင်တောင်နဲ့
နားထောင်နေကြ ပြီး တစ်ချိုကတော့ မဲ့ကြတယ် အချို့ကလည်း အသင်းလို့ထင်ရတာပဲ
တို့ ဘာတို့ နဲ့ ပြောကြတယ်။
အခု မန္တလေးမှာ EC 20 စည်းဝေးပွဲမှာ အဲဒီ အကြောင်း တွေဘဲ ပြောပြတော့
လက်ခုပ် တီးကြတာ အကြာကြီးဘဲ ပြီးတော့ လက်ဆွဲ နှုတ်ဆက်ကြတယ်။
အစည်းအဝေးကျင်းပရာ လက်ဘက်ရည်ဆိုင် တစ်ခုလုံးတောင်
အထိတ်တလန့်ဖြစ်ကုန်ကြတယ်။
ဒု ၀န်ကြီးပြော သလို ပြန်ပြောရရင် ၀ီစီမ မျွှုတ်တာ ကံကောင်းပေါ့ ။ဒါပေမယ့်
ကျနော့်တို့သူငယ်ချင်းတွေ ရင်ထဲမှာ ရှိတဲ့ ဧည့်လမ်းညွှန်ဘ၀ကို
မြတ်နိုးစိတ်၊ ဧည့်လမ်းညွှန်များအသင်းကြီးကို ချစ်မြတ်နိုးစိတ်၊
ဖြစ်ထွန်းလိုစိတ် ၊ ညီညွတ်လိုစိတ် ၊တို့ ကို သိသိသာသာ မြင်ရတာပါ။
အင်းနဲနဲတော ကျတယ်ပြောလည်းခံ ဖို့အသင့်ရှိကြပါတယ်။
အဲဒီ သမိုင်းဝင် ဧည့်လမ်းညွှန်အသင်းကြီး ရဲ့ ရုံး ခန်းဖွင့်ပွဲ ကြီးကို
တက်ခွင့်ရခဲ့တာ ကျနော် အတွက် တစ်သက်တာ အမှတ်ရစရာ ပါ လို့
ပြောကြားရင်း……………….
လေးစားစွာဖြင့်-
ကိုဝင်းဇော်ဦူး