| နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ |
|
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့(၁၉-၈-၂၀၁၁) ညနေ ၄နာရီခန့်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင်ယနေ့စတင်ကျင်းပသော |

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
သြဂုတ်လ ၁၇ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို မျှော်တွေး ပြောကြားသွား ခဲ့တဲ့ မိန့်ခွန်းအပြီးမှာ ဒီနေ့ သြဂုတ်လ ၁၈ ရက်နေ့ ညနေမှာတော့ နိုင်ငံတော် အစိုးရက လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင် တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ ကြေညာချက်ကို နိုင်ငံပိုင် မီဒီယာတွေကနေ ထုတ်ပြန်ကြေညာ သွားပါတယ်။
အဲဒီကြေညာချက်အရ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရာမှ လတ်တလော ဆောင်ရွက်ရမယ့် ကိစ္စများနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ပြည်နယ် အစိုးရများနဲ့ ဆွေးနွေးဖို့၊ အဲဒီအဆင့်မှာ သဘောတူညီချက် ရပြီး ကနဦး ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆောင်ရွက်ပြီးတဲ့ အခါကျရင်တော့ ပြည်ထောင်စု အဆင့်မှာ ကျန်တဲ့ကိစ္စများကို ဆက်လက် ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြည်နယ် အဆင့်မှာ ယာယီ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေး၊ ပြီးရင် ထာဝရ ငြိမ်းချမ်းရေး အတွက် ပြည်ထောင်စု အဆင့်မှာ ဆက်နွေးဖို့ ဖြစ်တယ်လို့ နားလည်မိပါတယ်။
ညနေသတင်းမှာ အဲဒီငြိမ်းချမ်းရေး ကမ်းလှမ်းချက် အပြင် ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီးဌာနရဲ့ အခွန်စနစ်ဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း ဆိုင်ရာ ကြေညာချက် နှစ်ခုလည်း ထုတ်ပြန်သွားပါတယ်။
ပထမတစ်ခုကတော့ အထည်ချုပ် စက်ရုံတွေက CMP စနစ်နဲ့ အပ်ထည်တွေ ချုပ်ပြီး ပြည်ပကို ပြန်ပို့တဲ့ အချိန်မှာ ရတဲ့ ချုပ်ခအပေါ် အခွန် ၁၀% ကောက်ခံ နေရာကနေ လာမည့် ခြောက်လ အတွင်း ၂% ပဲ ပေးဆောင်ဖို့ အတွက် ပြင်ဆင် သတ်မှတ် ပေးလိုက်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒေါ်လာဈေး ကျဆင်းမှုအတွက် အခက်အခဲ ဖြစ်နေတဲ့ အထည်ချုပ် စက်ရုံများကို အကူအညီ ပေးမယ်လို့ သမ္မတက ကတိပေးပြီး ၂၄ နာရီအတွင်းမှာ အခု ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ပြည်ပနဲ့ ပြည်တွင်းမှာ အလုပ်လုပ်ရင် နိုင်ငံခြားငွေနဲ့ရတဲ့ လခတွေအပေါ်မှာ အခွန် ၁၀% ကောက်ခံ နေမှုကို လာမည့် ခြောက်လအတွင်း ၂%ပဲ ပေးဆောင်ဖို့ အတွက် ပြင်ဆင် သတ်မှတ် ပေးလိုက်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက် ကတော့ သဘောင်္သား အပါအ၀င် ပြည်ပမှာ တရားဝင် လုပ်ကိုင်နေသူများ အတွက်၊ ပြည်တွင်းမှာ နိုင်ငံခြား ငွေနဲ့ လုပ်ကိုင်နေသူများ အတွက် သတင်းကောင်း ဖြစ်ပါတယ်။
သမ္မတကြီးက မနေ့က မိန့်ခွန်းထဲမှာ ပြည်သူလူထု စိတ်ချမ်းသာစေဖို့ သူလုပ်ဆောင် သွားပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဒီအသုံးအနှုန်းကိုပဲ ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် တွေ့ဆုံ ပြီးနောက် ထုတ်ပြန်ချက်မှာလည်း သုံးခဲ့ပါတယ်။
တကယ်လည်း အစိုးရသစ်အနေနဲ့ လူထု သဘောထားကို အလေးထား လုပ်ဆောင်နေတယ် ဆိုတာတော့ ထင်ရှားပါတယ်။ အခု ငြိမ်းချမ်းရေး ကိစ္စမှာလည်း အစိုးရဘက်က နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းခဲ့ပါပြီ။ ဒါကို တစ်ဘက် အဖွဲ့အစည်းများက ဘယ်လို တုန့်ပြန်မယ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ နှစ်ဘက်လုံးက စေတနာ မှန်မှန်နဲ့ ဆောင်ရွက် ကြမယ်၊ အပြန်အလှန် နားလည်မှု ရှိကြမယ် ဆိုရင်တော့ ငြိမ်းချမ်းရေး ပန်းခင်း ဖူးပွင့်ဖို့ မဝေးတော့ဘူးလို့ ထင်မိကြောင်းပါဗျာ။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရသစ် စတင် တာဝန်ယူ ပြီးကတည်းက အစိုးရသစ်က တိုင်းပြည်နဲ့ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိကဝတ် လုပ်ငန်းစဉ်တွေထဲက နိုင်ငံနဲ့ ပြည်သူတွေအတွက် အဓိက အရေးကြီးတဲ့ လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်နေတာတွေကို ပွင့်လင်းမြင်သာစွာ တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်း မှာပဲ စီးပွားရေးနဲ့ ပတ်သက်ပြီး ကုန်သွယ်ခွန်တွေကိုလည်း အတိုင်းအတာတစ်ခု အထိ သတ်မှတ်လျော့ချ ပေးလိုက်တယ် ဆိုတာတွေလည်း ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တိုးတက် လာစေဖို့အတွက် အစိုးရသစ်ရဲ့ ဈေးကွက် စီးပွားရေးရဲ့လွတ်လပ်မှု၊ ယှဉ်ပြိုင်မှုတွေကို ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ပေး လိုက်ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ မြင့်မားလာစေဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲတွေကို ကျင်းပပြီး ဆွေးနွေးပွဲက ရရှိလာတဲ့ အကြံပြုချက်တွေ၊ ဆွေးနွေးချက် တွေကို အခြေခံပြီး ပြည်သူလူထုအကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် (၈)ရပ်ချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး ဝမ်းသာစရာ ကောင်းတာကတော့ တစ်သက်နဲ့တစ်ကိုယ်လို့ တောင်ပြောရမယ့် ထူးခြားမှုကြီးပါပဲ။ နိုင်ငံတာဝန်တွေကိုထမ်းဆောင်ခဲ့ကြတဲ့ အသက်အရွယ် ကြီးရင့်နေကြတဲ့ ပင်စင်စားကြီး တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အခုဆိုရင် ပင်စင်စား ဝန်ထမ်းတွေဟာ အနည်းဆုံး နှစ်သောင်း ကျော်ကနေ အများဆုံး တစ်သိန်းကျော်အထိ ရရှိကြမှာ ဖြစ်ပါတယ်။ ယခင်က ပင်စင်လစာ နည်းနည်းနဲ့ ဘဝကို ချို့ချို့တဲ့တဲ့ ရပ်တည်ခဲ့ကြတဲ့ အခြေအနေကနေ အခု ပင်စင်လစာတွေ တိုးမြှင့်ပေးခဲ့တဲ့ အတွက်ကြောင့် စားသောက်နိုင်ရုံအပြင် လှူဒါန်းနိုင်တော့မှာဖြစ်လို့ နိုင်ငံတော်ရဲ့ စေတနာကို ဝမ်းမြောက်သာဓုခေါ် နေကြပါပြီ။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ပင်စင်စား ဝန်ထမ်း ၈ သိန်းကျော်ရှိပါတယ်။ ဒီ ၈ သိန်းကျော် ပင်စင်စားတွေ အားလုံးကို ပင်စင်လစားနှုန်းတွေ တိုးမြှင့်ပေးလိုက်တာဟာ နိုင်ငံတော် အတွက် လစဉ် ဘဏ္ဍာငွေများစွာ ပိုပြီးသုံးစွဲရမှာ ဖြစ်ပါတယ်။ တကယ်ကို လေးစားဖွယ် ၊ ဝမ်းသာပီတိ ဖြစ်ဖွယ် နိုင်ငံတော်သစ် ရဲ့ စေတနာတွေပဲ ဖြစ်ပါတယ်။
တိုင်းပြည်ကို ဘက်စုံထောင့်စုံကနေ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေချိန်မှာ ကချင်ပြည်နယ်ဘက်မှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့တို့ရဲ့ လုပ်ရပ်တွေကတော့ ဒီမိုကရေစီစနစ်နဲ့ သွေဖည်နေပြီး၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိခိုက်သလို အဓိကအားဖြင့် ကချင်ပြည်နယ်နေ ပြည်သူလူထုတွေရဲ့ ဘဝတွေကို အရုပ်ဆိုး အကျည်းတန်ပါတယ်။ ကေအိုင်အို၊ ကေအိုင်အေဟာ ကချင်ပြည်နယ် အတွင်းက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ လမ်းတံတားတွေကို ဖောက်ခွဲ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်နယ်အတွင်း သွားရေးလာရေးတွေ ခက်ခဲကုန်တဲ့အပြင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူ တွေဟာ ခါးသီးတဲ့ အတိတ်ဆိုးတွေဆီ ပြန်ရောက်သွားသလို ခံစားနေကြရမှာ ဖြစ်ပါတယ်။ ၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရ တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးတွေ အဓိကထား ဆောင်ရွက်ခဲ့လို့ တိုင်းရင်းသားတွေဟာ အေးချမ်းမှုရဲ့ အရသာကို နှစ်ပေါင်း ၂၀ လောက်ခံစားခဲ့ကြပြီး အခုလို တိုက်ခိုက်မှုတွေကို၊ ဖောက်ခွဲမှု တွေကို လုံးဝ မလိုလားကြတော့ ပါဘူး။
နိုင်ငံတော် ဘက်ကလည်း ဒီအကြမ်းဖက် လုပ်ရပ်တွေကို အမြန်ဆုံးရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ကမ်းလှမ်းပြုလုပ်ခဲ့ ပါတယ်။ ဒီမိုကရေစီစနစ်သစ် နိုင်ငံတော်ကို တည်ဆောက်နေတဲ့ အခုလို တန်ဖိုးရှိတဲ့ အချိန်တွေကို တစ်ဦးနဲ့တစ်ဦး အပြစ်တင် ငြင်းခုန်ရန်ဖြစ် နေခြင်းနဲ့ ဖြုန်းတီးရမယ့် အချိန်မဟုတ်ပါဘူး။ နိုင်ငံကို ချစ်တဲ့စိတ်၊ နိုင်ငံကို ကောင်းစားစေချင်တဲ့ စိတ်တွေနဲ့သာ မှန်မှန်ကန်ကန် ကြည့်မြင်တတ်မယ်ဆိုရင် နိုင်ငံတော်သစ်ရဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေတဲ့ အခုလိုအချိန်အခါမှာ မြန်မာ နိုင်ငံသားတိုင်းအတွက် အခွင့်အလမ်း ကောင်းတွေနဲ့အတူ စိန်ခေါ်မှုတွေ ပြည့်နှက်နေတယ်လို့ ဆိုချင်ပါတယ်။ ဒါ့ကြောင့် ဒီလို အချိန်အခါကောင်းမှာ နိုင်ငံသားတိုင်းက မိမိနိုင်ငံ ငြိမ်းချမ်းသာယာဖို့၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ အတွက် အခွင့်အလမ်းကောင်းတွေကို အမိအရ ဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းကြရ မှာဖြစ်သလို စိန်ခေါ်မှုတွေကို ကြံ့ခိုင်တဲ့ စည်းလုံးမှုနဲ့ ပူးပေါင်း ကျော်လွှားနိုင်ကြမယ် ဆိုရင်ဖြင့် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးနဲ့ အတူ ဖွံ့ဖြိုးတိုးတက်တဲ့ ငြိမ်းချမ်းသာယာ ဝပြောတဲ့ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကြီးကို ရောက်ရှိနိုင်မှာ မလွဲဧကန် ဖြစ်ပါ ကြောင်း တင်ပြလိုက် ရပါတယ်။
စူးရှမေတ္တာ
၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့တွင် မိုးကောင်းမြို့၊ အလယ်ရပ်ရှိ စည်းလုံးညီညွတ်ရေး ရုပ်ထုအနီးတွင် လည်းကောင်း၊ ဈေးကုန်းရပ်ကွက်ရှိ မီးရထားဘူတာရုံ၊ ချစ်ကြည်ရေး လက်ဖက်ရည်ဆိုင်တွင် လည်းကောင်း၊ အရှေ့ ရပ်ကွက်ရှိ ကားဂိတ်များ၏ နံရံများနှင့် အထက(၁) ကျောင်းရှေ့ လမ်းမကြီးဘေး နေရာများတွင် ဖြန့်ကျဲကပ်ထားသည့် "မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ" ခေါင်းစဉ်ပါ စာရွက်များအား ပေးပို့လာသဖြင့် ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်များအား သိရှိနိုင်ပါရန် ဖော်ပြလိုက်ပါသည်။
မိုးညှင်းခရိုင် ပြည်သူတို့၏ သဘောထားများ
၁။ ဥပဒေဘောင်အတွင်း အမြန်လာခဲ့ပါ။
၂။ နှစ်ဖက် အပစ်အခတ် ရပ်စဲပေးပါ။
၃။ နှစ်ဖက် နားလည်မှု တည်ဆောက်ပါ။
၎။ နိုင်ငံတော်နှင့် ပြည်သူတို့၏ သဘောထားနှင့် စေတနာကို နားလည်ပါ။
၅။ ကချင်ပြည်နယ် ထာဝရ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပါ။
၆။ တည်ငြိမ်အေးချမ်းမှု မရှိပါက မိုးညှင်းခရိုင်သည် ကချင်ပြည်နယ် အောက်တွင် မနေလိုပါ။
၇။ ကချင်ပြည်နယ် တိုင်းရင်းသား လူမျိုး အားလုံး၏ ဆန္ဒသဘောထားကို အလေးထားပါ။
မိုးညှင်းခရိုင် ပြည်သူများ