သုံးခွမြို့တွင် NLD များက ကျွန်တော်ငါးမင်းဆွေအား ရဲစခန်းသို့ မတရားဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်သူများသို့ ရှင်းလင်းတင်ပြခြင်း

32 views
Skip to first unread message

mg mg

unread,
Mar 14, 2012, 2:51:57 AM3/14/12
to

သုံးခွမြို့တွင် NLD များက ကျွန်တော်ငါးမင်းဆွေအား ရဲစခန်းသို့ မတရားဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်သူများသို့ ရှင်းလင်းတင်ပြခြင်း

ငါးမင်းဆွေ

ချစ်ခင်ရိုသေ လေးစားအပ် ပါသော မိဘ ပြည်သူများနှင့် ညီနောင်သားများ ခင်ဗျာ-

ကျွန်တော် ငါးမင်းဆွေသည် (၂၈-၂-၂၀၁၂)နေ့တွင် သုံးခွမြို့နယ် ကျေးရွာအချို့နှင့် သုံးခွမြို့ပေါ်တွင် “နိုင်ငံသားတို့၏ တာဝန်၊ နိုင်ငံသားတို့၏ အခွင့်အရေး” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါး တစ်ပုဒ်ကို အိမ်တိုင်ရာရောက် ဖြန့်ဝေခဲ့ပါသည်။ သားငယ်နှင့် တူမငယ်များက တစ်အိမ်တက်ဆင်း ရွာထဲ ဖြန့်ဝေခဲ့သဖြင့် တစ်ရွာလျှင် တစ်နာရီခန့် ကြာမြင့်ခဲ့ ပါသည်။ သုံးခွမြို့နယ်ရှိ ရွာများတွင် ကျွန်တော်၏ အသိမိတ်ဆွေ တစ်ဦးတစ်ယောက်မျှ မရှိပါ။ တစ်ရွာတွင် တစ်နာရီခန့် ကြာသော်လည်း ကျွန်တော်၏စာကို ပြည်သူလူထုက ဆန့်ကျင်ကန့် ကွက်သံများကို လုံးဝမကြားခဲ့ရပါ။ ရွာထိပ် လက်ဖက်ရည် ဆိုင်တွင် ထိုင်နေစဉ် ရွာသားတစ်ဦးက သူသည်မည်သည့် ပါတီဝင်မျှ မဟုတ်ကြောင်း၊ ဆရာ့စာကို ဖတ်ပြီး ဖြစ်ပါကြောင်း၊ သူမသိသေးတာ များကို သိခဲ့ရပါကြောင်း ပြောပါသည်။ ရွာများမှ တက်လာပြီး သုံးခွမြို့ပေါ်ရှိ NLD အောင်နိုင်ရေးရုံး ရှေ့တွင် စာများဖြန့်ဝေပေး ခဲ့ပါသည်။ ထို့နောက် သုံးခွမြို့တွင် ထပ်မံဝေငှရာ ထိုနေ့က ပါလာသော စောင်ရေ ၁၅၀၀ ကုန်သွားပါသည်။

(၂၉-၂-၂၀၁၂) နံနက် (၇း၀၀)နာရီတွင် သုံးခွမြို့သို့ ရောက်သွားပြီး တစ်အိမ်တက်ဆင်း ထပ်မံပေးဝေ ခဲ့ပါသည်။ ယမန်နေ့က သုံးခွမြို့ပေါ်တွင် ဝေငှပေးခဲ့ပြီးသောကြောင့် ကျွန်တော်၏ စာပါ အကြောင်းအရာများကို သုံးခွမြို့သားတို့ သိရှိ နေကြပါပြီ။ သုံးခွမြို့သားတို့သည် ဒုတိယနေ့ ထပ်ဝေစဉ်တွင်လည်း ၀မ်းသာအားရ လက်ခံခဲ့ ကြပါသည်။ မြို့လယ်ကောင် လူစည်ကားရာ နေရာများတွင် သူ့ကိုပေးပါ၊ ငါ့ကိုပေးပါဟု အုံးအုံးကြက်ကြက် ဖြစ်ခဲ့ပါသည်။ အချို့က ကားရှိရာသို့ လာပြီး ပြန်လည် ဖြန့်ဝေ ပေးမည်ဟု ဆိုကာ လေးငါးစောင် လာယူကြပါသည်။ ဤသို့ ကျွန်တော် ငါးမင်းဆွေ၏ လက်ကမ်းစာစောင်ကို သုံးခွနယ်သား များက လိုလိုလားလား အားပေးနေချိန် နံနက် ၁၀ နာရီခွဲလောက်တွင် ဒေါင်းတံဆိပ် ကပ်ထားသော ဆလွန်းကား တစ်စီးသည် ကျွန်တော်၏ ကားရှေ့တွင် ပိတ်ရပ် လိုက်ပါသည်။ ဆိုင်ကယ် တစ်စီးက ကျွန်တော်၏ ကားနောက်တွင် ပိတ်ရပ်လိုက်ပါသည်။ ကားပေါ်တွင် ပါလာသော NLD များသည် ကားပေါ်မှဆင်းပြီး ဒီစာတွေကို ဘယ်သူ ဝေခိုင်းတာလည်းဟု မေးပါသည်။ ကျွန်တော့် သဘောနဲ့ ကျွန်တော် ဝေတာဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ထိုနောက်ကားကို အဖက်ဖက်မှ ဓါတ်ပုံ ရိုက်ကြပါသည်။ ဓါတ်ပုံ ရိုက်စဉ်တွင် ကျွန်တော့်အား ပြုံးထားပါဟု ပြောကြပါသည်။ စာဝေနေသော ကလေးငယ်များကို ဓါတ်ပုံရိုက် ကြပါသည်။ ထို့နောက် ရဲစခန်းကို လိုက်လာခဲ့ပါဟု ပြောပါသည်။ ကျွန်တော်သည် ကား၏ ဦးတည်ရာကို ရဲစခန်းရှိရာသို့ ပြန်လည် ကွေ့လိုက်ရပါသည်။ ကျွန်တော်၏ ကားရှေ့မှ NLD လူငယ်တစ်ဦး၏ နံပါတ် တပ်ဆင်ထားခြင်း မရှိသော ဆိုင်ကယ်တစ်စီးက မောင်းနေပြီး ကားနောက်တွင် ဒေါင်းတံဆိပ် ကပ်ထားသော ဆလွန်းကားတို့ လိုက်ပါကာ ကျွန်တော့်ကားကို ရှေ့နောက် ညှပ်၍ ရဲစခန်းသို့ ခေါ်ဆောင် လာခဲ့ကြပါသည်။

ရဲစခန်း မရောက်မီ ရပ်ကွက်တစ်ခု၏ လ္ဘက်ရည်ဆိုင် ရှေ့တွင် သူတို့၏ ဆိုင်ကယ်နှင့် ကားတို့ ရပ်လိုက်သဖြင့် ကျွန်တော့် ကားကိုလည်း ရပ်လိုက်ရပါသည်။ NLD များသည် ကားပေါ်မှ ဆင်းလာခဲ့ကြပြီး ကျွန်တော် ဖြန့်ဝေသောစာသည် သူတို့ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူထုက အကြည်အညို ပျက်စေရန် ရေးသားထားသော စာဖြစ်ကြောင်း အော်ဟစ် ပြောဆိုပါသည်။ လ္ဘက်ရည်ဆိုင်နဲ့ အပြည့်ထိုင်နေသော ပြည်သူလူထုနှင့် ကျွန်တော် ငါးမင်းဆွေအား ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်စာထဲတွင် စက်မှုဝန်ကြီးဌာနထုတ် မြန်မာမီနီကားကို ၀ယ်ခွင့်ရသူတို့သည် အခွင့်ထူးခံ လူတန်းစားများ ဖြစ်ကြောင်း၊ မြန်မာမီနီကားကို ၀ယ်ခွင့်ရပြီး အမြတ်တင် ပြန်လည် ရောင်းစားသူတို့သည် အခွင့်အရေးသမားများ၊ အချောင်သမားများ ဖြစ်ကြောင်း၊ စီပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းသည် ပြည်သူလူထုကို နစ်နာစေကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်သည် စီးပွားပိတ်ဆို့ ဒဏ်ခတ်မှုကို တောင်းဆိုခဲ့သူ ဖြစ်ကြောင်းတို့ကို ရှင်းလင်းစွာ ရေးသားထားပါသည်။ လ္ဘက်ရည်ဆိုင် ထဲရှိ ပြည်သူတို့သည် ကျွန်တော် ပေးဝေသော စာရွက်များကို ကိုင်ထားကြပြီး ထိုစာကို ဖတ်ရှုပြီး ဖြစ်သောကြောင့် NLD တို့၏ ရန်တိုက်ပေးမှုကို ကျွန်တော် ဖြေရှင်းရန် မလိုတော့ပါ။ ကျွန်တော်သည် ပြည်သူလူထုဘက်သို့ ပြုံး၍ ကြည့်လိုက်ပါသည်။ ပြည်သူလူထုကလည်း ပြုံးလျှက် ကျွန်တော့်ကို ကြည့်နေကြပါသည်။ လ္ဘက်ရည်ဆိုင်ထဲမှ ပြည်သူ တစ်ယောက်မျှ လမ်းမပေါ် ထွက်မလာကြပါ ကျွန်တော့်အား အော်ဟစ် ကန့်ကွက်ခြင်းလည်း မရှိပါ ကျွန်တော်က ခင်ဗျားတို့ ကျွန်တော့်ကို ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်ခွင့် မရှိကြောင်း ပြောလိုက်ပါသည်။ NLD အဖွဲ့ဝင် တစ်ဦးက ခင်ဗျားကို ဖမ်းလာတာ မဟုတ်ကြောင်း၊ ရဲစခန်းသို့ ခေါ်လာတာသာ ဖြစ်ကြောင်း ပြောပါသည်။ ကျွန်တော်က ရဲက လူတစ်ဦးကို ဖမ်းလျှင် ရဲစခန်းကို လိုက်ခဲ့ပါ ဟုသာ ပြောကြောင်း၊ ဒါကြောင့် ရဲစခန်းကို လိုက်ခဲ့ပါဟု ပြောပြီး ပြည်သူတစ်ဦးကို ညှပ်ပူး ညှပ်ပိတ် ခေါ်ဆောင်လာခြင်းသည် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောလိုက်ပါသည်။

ရဲစခန်း အနီးသို့ ရောက်သောအခါ ကျွန်တော်၏ ကားရှေ့မှ မောင်းလာသော NLDလူငယ်၏ ဆိုင်ကယ်သည် ကားနှင့် ခြောက်ပေခန့်သာ ကွာဝေးသော အနေအထားတွင် မောင်းနေပါသည်။ NLD လူငယ်သည် ရဲစခန်းရှေ့တွင် ဆိုင်ကယ်ကို ရပ်လိုက်သောအခါ ကျွန်တော်၏ ကားသည် သူ၏နံပါတ် တပ်ဆင်ထားခြင်း မရှိသော ဆိုင်ကယ်ကို တိုက်မိသွားပါသည်။ ကျွန်တော်က ဘရိတ်ကို နင်းလိုက်နိုင် သောကြောင့်သာ ကားနဲ့ဆိုင်ကယ် ထိမိရုံသာ ရှိပါသည်။ NLD လူငယ်သည် ဆိုင်ကယ်ကို လှဲချလိုက်ပြီး ကျွန်တော့် ဆိုင်ကယ်ကို ကားနဲ့ ၀င်တိုက်တယ်၊ အမှုဖွင့်မည်ဟု ဒေါသတကြီး အော်ဟစ် ပြောဆိုပါတယ်။ ကျွန်တော် ဆင်းကြည့်ရာ NLDလူငယ်၏ ဆိုင်ကယ်သည် အပျက်အစီး မရှိပါ။ ဆေးခြစ်သွားသည်ပင် မရှိပါ။ ဆိုင်ကယ်ကို သူ့ဟာသူ လှဲချလိုက်ခြင်း ဖြစ်ခြင်းကြောင့် သူ့ခန္ဓာကိုယ် ပေါ်တွင်လည်း မှဲ့တစ်ပေါက်မျှ စွန်းသည်ကို မတွေ့ရပါ။ ဤသို့သော အခြေအနေမျိုးတွင် ဘာကြောင့် ကျွန်တော့်အား ယာဉ်တိုက်မှုဖြင့် အမှုဖွင့်မည်ဟု ဒေါသတကြီး အော်ဟစ် နေရပါသနည်းဟု မစဉ်းစား တတ်အောင်ပင် ဖြစ်ခဲ့ပါသည်။ ကျွန်တော်က NLD လူငယ်အား ဒို့ဗမာ လူမျိုးတွေဟာ ခွင့်လွှတ် နိုင်စွမ်း အင်မတန် နည်းကြတယ် ဆိုတာ မင်းနဲ့တွေမှပဲ ငါသိလိုက် ရတော့တယ်ဟု စိတ်မကောင်းစွာ ပြောလိုက်ပါသည်။ ဘေးတွင် ရပ်ကြည့်နေသော ပြည်သူလူထုက ဆိုင်ကယ်ရော၊ လူရော ဘာမှမဖြစ်ဘဲနဲ့ ဘာဖြစ်လို့ အမှုဖွင့်ရမှာလည်းဟု ပြောဆိုကြပါသည်။ အမျိုးသမီးတစ်ဦးက ဆိုင်ကယ်လဲ ကျပြီး ကားနဲ့ ထိနေသည့်ပုံကို ဓါတ်ပုံ ရိုက်လိုက်ပါသည်။ NLD လူငယ်က ကျွန်တော့်အား ယာဉ်တိုက်မှုဖြင့် တရားစွဲမည် ဆိုသဖြင့် ရဲက ဆိုင်ကယ်ရော၊ ကျွန်တော့်ကားပါ စခန်းတွင်းသို့ မောင်းသွင်း ခိုင်းလိုက်ပါသည်။ ရဲက ကျွန်တော့် ကားလိုင်စင် ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်တို့ကို တောင်းပြီး အမှုဖွင့်ရန် ပြင်ဆင်ပါသည်။ NLD လူငယ် သည် ရဲစခန်းမှ ထွက်သွားပြီး ပြန်လာသောအခါ အမှုမဖွင့် လိုတော့ကြောင်း ပြောပါသည်။ အကယ်၍သာ ဆိုင်ကယ် ပျက်စီး(သို့မဟုတ်) လူဒဏ်ရာရလျှင် ကျွန်တော် ငါးမင်းဆွေ တရားခံ ဖြစ်မည်မှာ သေချာပါသည်။

စခန်းမှူးက ငါးမင်းဆွေကို ရဲစခန်းသို့ ခေါ်ဆောင်လာခြင်းသည် မတရားဖမ်းဆီး ခေါ်ဆောင်ရာ ရောက်ကြောင်း၊ ပုဒ်မ (၃၄၁)နှင့် ငြိစွန်းနေကြောင်း၊ ငါးမင်းဆွေ၏ စာနှင့်ပတ်သက်ပြီး တရားစွဲဆိုနိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည် သာ ဖြစ်ကြောင်း ဒါကြောင့် ခင်ဗျားတို့တွေ ငါးမင်းဆွေ ရေးတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်သို့ ပို့ပေးရန်သာ ရှိကြောင်း ရှင်းပြပါသည်။ ကျွန်တော်က “ကျွန်တော်ရဲ့ စာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာ တွေကို မဟုတ်မမှန် ရေးထားလျှင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို တရားစွဲမှာပါ၊ မော်နီတာ ဂျာနယ်တွင် ပါရှိတဲ့ သတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး မမှန်မကန် ပြောဆိုရေးသား ဖော်ပြထားတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကို တရားစွဲခဲ့တယ်။ ကျွန်တော် ဖြန့်ဝေတဲ့ စာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မမှန်မကန် ရေးသားခဲ့တာ ပါရှိလျှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော့်ကို ခွင့်လွှတ် ချမ်းသာပေးမှာ မဟုတ်ပါဘူး ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေကို ရေးတာ ကြာခဲ့ပါပြီ။ ကျွန်တော်ရေးတာတွေ မှန်နေလို့သာ ဒေါ်အောင်ဆန်း စုကြည်က ကျွန်တော့်ကို တရားမစွဲတာပါ”ဟု ပြောဆိုခဲ့ပါသည်။ စခန်းမှူးက ဦးမင်းဆွေကို ရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင် လာတာကို ပုဒ်မ(၃၄၁)နှင့် အမှုဖွင့်လို ပါသလားဟု မေးပါသည်။ ကျွန်တော်က အမှုမဖွင့်လိုပါကြောင်း ကျွန်တော့်ကို ဖမ်းဆီး ခေါ်ဆောင်လာသော NLD များကို သူတို့ မတောင်းပန် ပါဘဲလျှက်နှင့်ပင် ခွင့်လွှတ်ပါကြောင်း ပြောခဲ့ပါသည်။

ရဲစခန်းမှ ထွက်လာပြီးနောက် သုံးခွမြို့ရှိ ရပ်ကွက်တစ်ခုတွင် တစ်အိမ်တက်ဆင်း ကျွန်တော်၏ စာများကို ဖြန့်ဝေပါသည်။ ထိုသို့ဖြန့်ဝေနေစဉ် NLD လူငယ်တစ်ဦးနှင့် ရဲစခန်းတွင် တွေ့ခဲ့ရသော ခေါင်းဖြူဖြူ NLD လူကြီးတစ်ဦးတို့ ဆိုင်ကယ်ဖြင့် ရောက်လာကြပါတယ်။ NLD လူကြီးက ရပ်ကွက်နေ ပြည်သူများ ရှေ့တွင် ကျွန်တော့်အား “ကိုမင်းဆွေ ခင်ဗျားနဲ့ ကျွန်တော်ဟာ ရဲဘော်ရဲဘက်တွေပါ၊ ၈၈ အရေးအခင်း တုန်းက ကျွန်တော် ထောင်ထဲ ရောက်သွားလို့ ကွဲသွားကြတာ၊ ခင်ဗျားက ကျွန်တော့်ကို မမှတ်မိပေမဲ့၊ ကျွန်တော် ခင်ဗျားကို မှတ်မိတယ်၊ ခင်ဗျားကို စေတနာနဲ့ ကျွန်တော်ပြောမယ်၊ ခင်ဗျား စာဆက်မဝေပါနဲ့တော့၊ သုံးခွမြို့က လူငယ်တွေ ခင်ဗျားကို ၀ိုင်းရိုက်ဖို့ လုပ်နေကြတယ်၊ ခင်ဗျား သုံးခွမြို့နယ်က ထွက်သွားပါတော့” ဟု ပြောပါသည်။ ကျွန်တော်သည် နိုင်ငံရေးကို အဖွဲ့အစည်းဖြင့် ပါဝင်လုပ်ဆောင်ခြင်း လုံးဝ မရှိခဲ့ပါ။ ၈၈ အရေးအခင်းတွင် ကျွန်တော့် အသိအကျွမ်း တစ်ဦးမျှ ထောင်ကျခြင်း မရှိခဲ့ပါ။ သူနဲ့ ကျွန်တော် ရဲဘော်ရဲဘက်တွေ ဆိုတာ ထို NLD လူကြီးက ကျွန်တော့်အား လိမ်ညာ ပြောဆိုနေကြောင်း ကျွန်တော် ကောင်းကောင်း သိနေပါသည်။ ကျွန်တော်က “သုံးခွမြို့မှာ စာဝေတာ နှစ်ရက်ရှိပြီ၊ ကျွန်တော့်ကို ၀ိုင်းရိုက်ဖို့ မပြောနဲ့ ကန့်ကွက် ပြောဆိုတာတောင် မရှိကြဘူး၊ ပြည်သူ လူထုမှာ ဒီလို ဥပဒေမဲ့ အကြမ်းဖက်တဲ့ စိတ်တွေ မရှိကြပါဘူး။ ဒါပေမဲ့ အကိုကြီးတို့ NLD တွေရဲ့ မဟုတ်မမှန် သွေးထိုး လှုံ့ဆော်မှုကြောင့် ကျွန်တော့်ကို ၀ိုင်းရိုက်ကြမယ် ဆိုလည်း ဒီနေရာမှာပဲ ကျွန်တော် အသေခံပါ့မယ်၊ ကျွန်တော်မှာ ဘာလက်နက်မှ မပါကြောင်း ပြောလိုက်ပါသည်။ ထိုသို့ ကျွန်တော့်အား သုံးခွမြို့မှ ပြန်သွားရန် ပြောမရ ဆိုမရ ဖြစ်နေချိန်တွင် အသက်(၂၀)ခန့် လူငယ် တစ်ဦး ရောက်လာပြီး လူငယ်တစ်ဦးက ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်ပါသည်။ ကျွန်တော်သည် ငြိမ်သက်စွာ ရပ်နေပြီး ထိုလူငယ်ကို ပြုံး၍ ကြည့်နေပါသည်။ အကယ်၍ ထိုလူငယ်က ကျွန်တော့်ကို ၀င်ရိုက် ၀င်သတ်မည် ဆိုသော်လည်း ကျွန်တော် မခုခံဘဲ ငြိမ်ငြိမ်သာ နေသွားပါမည်။ သို့သော် ၉ နှစ်အရွယ် ကျွန်တော်၏ သားငယ် ဇဟူးအောင်ဆန်းနှင့် ၁၂နှစ်၊ ၁၆ နှစ်အရွယ် တူမများကိုတော့ ချမ်းသာပေးပါရန်သာ မေတ္တာရပ်ခံ ပြောဆိုပါမည်။ ရပ်ကွက်နေ ပြည်သူလူထုက သူတို့ဘက် ပါမလာသောကြောင့် ထိုလူငယ်အား အခြားလူငယ် တစ်ဦးက ပြန်ဆွဲခေါ်သွားပါသည်။

ကျွန်တော်သည် စာဝေရန်အတွက် သုံးခွမြို့ရှိ ရပ်ကွက် တစ်ခုမှနေ၍ လှမ်းမြင်နေရသော ရွာတစ်ရွာ ဆီသို့ ကားမောင်း လာပါသည်။ ခေါင်းဖြူဖြူ NLD လူကြီးသည် NLD လူငယ်တစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်လာ ပြန်သည်။ ရွာထိပ်တွင် ကျွန်တော် စာဝေမည်ပြုစဉ် NLD လူကြီးက ငါးမင်းဆွေဆိုတာ ဒေါ်အောင်ဆန်းစုကြည် သိက္ခာ ကျဆင်းအောင် မဟုတ်မမှန် လုပ်ကြံ ရေးသားသူ ဖြစ်ကြောင်း၊ ငါးမင်းဆွေဟာ အဖွဲ့ချုပ်ဝင် တစ်ယောက်ဖြစ်ပြီး အဖွဲ့ချုပ်မှာ နေရာမရလို့ အဖွဲ့ချုပ်က ထွက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နေတဲ့ ဖောက်ပြန်ရေးသမား ဖြစ်ကြောင်း၊ ငါးမင်းဆွေ ပေးတဲ့ စာတွေကို မယူကြပါနဲ့ဟု ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။ ပြည်သူလူထုကို လိမ်ညာချက်ကတော့ ကမ်းကုန်ခဲ့ပါပြီ။ ရိုးသားသော ကျေးလက် ပြည်သူတွေကို ကောက်ကျစ် စဉ်းလဲစွာ လိမ်ညာ ပြောဆိုပြီး ရိုးသားသော ကျေးလက် ပြည်သူများထံ ကျွန်တော် ငါးမင်းဆွေ၏ မှန်ကန်စွာ ရေးထားသောစာများ မရောက်ရှိအောင် နှောက်ယှက်ဟန့်တား ခံလိုက်ရသည့် အတွက် ကျွန်တော် အလွန် ဝမ်းနည်း စိတ်ထိခိုက်သွား ပါသည်။

ကျွန်တော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တစ်ဦး မဟုတ်ကြောင်း၊ ဘယ်ပါတီကိုမျှ မ၀င်ဖူး ခဲ့ကြောင်းကို ကျွန်တော့် စာထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားပြီး ဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ကာစ ကတည်းက စာရင်းအင်း များတွင် ကျွန်တော့်အမည်နှင့် မှတ်ပုံတင်အမှတ် ပါခဲ့ကြောင်းကို ထိုမဟုတ်မမှန် လုပ်ကြံ ပြောဆိုသော ခေါင်းဖြူဖြူ NLD လူကြီးက ဖြစ်စေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီမှ ဖြစ်စေ သက်သေ အထောက်အထား ထုတ်ပြ စေလိုပါသည်။ ထို့သို့မှ သက်သေ မထုတ်ပြနိုင်လျှင် ထိုခေါင်းဖြူဖြူ NLD လူကြီးသည် NLD တွင် မည်သည့်အဆင့်၊ မည်သည့်တာဝန် ထမ်းဆောင် နေသည်ကို NLD ပါတီ ဌာနချုပ်က လူသိရှင်ကြား ထုတ်ပြန်ပေးစေ လိုပါသည်။ ရိုးသားသော ကျေးလက် ပြည်သူများကို ကောက်ကျစ် စဉ်းလဲစွာ လိမ်ညာ လှည့်ဖျားခဲ့သော ခေါင်းဖြူဖြူ NLD လူကြီးသည် ပြည်သူလူထုကို နောက်ထပ် ဘယ်တော့မှ မလိမ်ညာ တော့ပါဟု ပြည်သူလူထု ရှေ့မှောက်တွင် ၀န်ခံကတိ လက်မှတ် ရေးထိုးရန် NLD ပါတီဌာနချုပ်မှ စီစဉ်ပေးစေလိုပါသည်။

ကျေးလက်ပြည်သူများနှင့် ကျွန်တော် ငါးမင်းဆွေကို မဟုတ်မမှန် လုပ်ကြံပြောဆို ရန်တိုက်ပေးခဲ့သော ခေါင်းဖြူဖြူ NLD လူကြီးအား ကျွန်တော်၏ ကားပေါ်မှနေ၍ “အကိုကြီးရာ ဒီလို မဟုတ် မမှန်တာတွေ ပြည်သူလူထုကို ဘယ်တော့မှ မပြောပါနဲ့ ကျွန်တော် တောင်းပန်ပါတယ် အကိုကြီးရာ” ဟု ကြေကွဲဆို့နင့်စွာ ပြောပြီး သုံးခွမြို့နယ်မှ ကျွန်တော် ထွက်ခွာခဲ့ပါသည်။ ခေါင်းဖြူဖြူ NLD လူကြီးသည် သူအနိုင်ရသွားပြီဟု ထင်မှတ်ပြီး ရယ်ကျဲကျဲ မျက်နှာ ဖြစ်နေပါသည်။ ဆိုင်ကယ် မောင်းနေသော NLD လူငယ်ကတော့ စိတ်မကောင်းသော မျက်နှာထားဖြင့် ကျန်ရစ်ခဲ့ပါတော့သည်။

ငါးမင်းဆွေ

Reply all
Reply to author
Forward
0 new messages