မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို နေပြည်တော်တွင်ဖွင့်လှစ် ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်လှစ် ၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဖွင့်ပွဲနှင့် ဓာတ်ပုံများ ၊အစိုးရပိုင်အဆောက်အအုံဟောင်းအချို့အား ဟိုတယ်အဖြစ်ဖွင့်လှစ်မည် ၊

38 views
Skip to first unread message

မီးပြတိုက်

unread,
Dec 22, 2011, 5:21:42 AM12/22/11
to


  1.  မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို နေပြည်တော်တွင်ဖွင့်လှစ် ၊
  2.  နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်လှစ်  ၊
  3.  နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဖွင့်ပွဲနှင့် ဓာတ်ပုံများ ၊
  4. အစိုးရပိုင်အဆောက်အအုံဟောင်းအချို့အား ဟိုတယ်အဖြစ်ဖွင့်လှစ်မည် ၊
  5.  မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရုရှားတို့ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာ ၊
  6. လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အားလုံး ပညာသင်နှစ်တစ်နှစ် ထပ်တိုးမည် ၊
  7. အရည်အချင်းရှိ ဆရာ၊ ဆရာမများကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်မည် ၊
  8.  ကွန်ပျူတာ တက္ကသိုလ် (သထုံ) ဖွင့်လှစ် ၊
  9. တက္ကသိုလ်များ၏ နောက်ဆက်တွဲ စာမေးပွဲ လာမည့်ပညာသင်နှစ်တွင် ရပ်ဆိုင်းမည် ၊
  10.  နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းနှင့် နိုင်ငံခြားငွေ အသုံးပြုသော ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထား ၊
  11. ဗဟိုဘဏ် သီးသန့် ရပ်တည်ခွင့်ပြုမည် ၊
  12.  ရှေ့နှစ်တွင် ဘဏ်စနစ် ပိုမိုတိုးတက်ကျယ်ပြန့် လာမည်ဟု ဘဏ်လုပ်ငန်းရှင်များ မျှော်မှန်း ၊
  13.  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံနီးပါးထိ ရောက်ရှိ ၊ 


မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို နေပြည်တော်တွင်ဖွင့်လှစ်

ဆန်းဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာတိုက်ပင်းကော်တို့ လေဆိပ် ကမ္ဗည်းမော်ကွန်းကို ဖွင့်လှစ်ပေးနေကြစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

တစ်နှစ်လျှင် စုစုပေါင်းခရီးသည် ငါးသန်းကို ၀န်ဆောင်မှုပေးနိုင်မည့် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးကို မြန်မာ နိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယခုလ ၁၉ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် မစ္စတာ တိုက်ပင်းကော်တို့က ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါလေဆိပ်ကြီးကို စင်ကာပူနိုင်ငံ CPG Consultant ကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ အေးရှားဝေါလ်ကုမ္ပဏီမှ တည်ဆောက် ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်နှင့် မြန်မာကျပ်ငွေ ၂၇ ဘီလျံခန့် ကုန်ကျခဲ့သည့်ဟု သိရသည်။

အဆိုပါ လေဆိပ်သစ်ကြီးသည် လေယာဉ်ဆိုက်ကပ်နိုင်သည့် ပေါင်းကူးတံတား ၁၀ စင်းပါဝင်ကာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးနှစ်စင်း တစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်မည့် တံတားနှစ်စင်းနှင့် အခြား လေယာဉ်များ ရပ်နားနိုင်သည့် တံတားရှစ်စင်းတို့ ဖြစ်ကြသည်။

တစ်နှစ်လျှင် လေယာဉ်စင်းရေ ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ ဆိုက်ရောက် နိုင်မည်ဖြစ်ကာ ပြည်တွင်းခရီးသည် နှစ်သန်းနှင့် ပြည်ပ ခရီးသည် သုံးသန်းကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

နေပြည်တော် လေဆိပ်သစ်ကြီးသည် မြန်မာနိုင်ငံတွင် တတိယမြောက်ဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်လာပြီး အကြီးဆုံး လေဆိပ်လည်းဖြစ်သည်။

လေဆိပ်အဆောက်အဦးသည် စတုရန်းပေခြောက်သိန်းကျော် ကျယ်ဝန်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက် အအုံသည် စတုရန်းပေ လေးသိန်းနှစ်သောင်းခန့်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သည် စတုရန်းပေ လေးသိန်းခြောက် သောင်း ခန့်သာ ကျယ်ဝန်းသည်။

လေယာဉ်ပြေးလမ်းအရှည်မှ ၃ ဒသမ ခြောက် ကီလိုမီတာရှည်လျားပြီး ထိန်းချုပ်ရေးမျှော်စင်မှာ ၆၉ မီတာ မြင့်သည် ဟုသိရသည်။ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၇ ခုနှစ်၊ ဧပြီလတွင် စတင်ခဲ့ ခြင်းဖြစ်သည်။


နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်လှစ်

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအားလုံးပြီးဆုံးပါက တစ်နှစ်လျှင် လေယာဉ်ဆိုက်ရောက်နိုင်မှု အကြိမ်ရေ ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိဆင်းသက်နိုင်အောင်လည်း စီစဉ်ထားရှိ

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်လှစ်

စီမံကိန်းများအားလုံး ပြီးဆုံးပါက လေယာဉ်အစီးရေ ၄၀ ကျော်တစ်ပြိုင်နက် ဆင်းသက်နိုင်မည့် နေပြည်တော် နိုင်ငံတကာလေဆိပ် ပထမအဆင့်ကို ယနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်က ဖွင့်လှစ်လိုက်သည်။ နေပြည်တော် နိုင်ငံတကာလေဆိပ်ကို ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ကောင်စီဝင် အဖွဲ့ဝင် မစ္စတာတိုင်ပင်းကော်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်များ စတင်ဆင်းသက်လျက်ရှိပြီး၊ ဒီဇင်ဘာ ၁၉ ရက်ကစတင်သော မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (GSM) အစည်းအဝေးသို့လာရောက်သော ဒေသတွင်းနိုင်ငံများမှ နိုင်ငံတကာခရီးသည်တင် လေယာဉ်များနှင့် စင်းလုံးလေယာဉ်များကို လက်ခံဆင်းသက်စေလျက်ရှိကြောင်း၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုဘီအိုတီစနစ်ဖြင့် လုပ်ပိုင်ခွင့်ရထားသော Pioneer Aerodrome ဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။nay pyi taw international airport

(ပထမအဆင့် စတင်ဖွင့်လှစ်လိုက်သည့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်)

ဓာတ်ပုံ - အေးမြကျော်


ယခု ဖွင့်လှစ်ခြင်းမှာ ပထမအဆင့် ဖွင့်လှစ်ခြင်းသာဖြစ်သဖြင့် လေယာဉ်အစီးရေ ၁၀ စီးသာတစ်ပြိုင်နက် သက်ဆင်းနိုင်သေးကြောင်းလည်း ထိုတာဝန်ရှိသူကပြောသည်။ ပိုင်အိုးနီးယား အယ်ရိုဒရိုမီ ကုမ္ပဏီသည် အေးရှားဝေါလ်ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နေပြည်တော်အ ပည်ပြည်ဆိုင်ရာလေဆိပ်၏တည်ဆောက်၊ ပြုပြင်၊ ငှားရမ်းလုပ်ကိုင်ခွင့်ကို နှစ် ၆၀ ရရှိထားသော လုပ်ငန်းတစ်ခု ဖြစ်သည်။

နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ပြည်တွင်းခရီးသည် နှစ်သန်း၊ ပြည်ပခရီးသည် သုံးသန်းတို့ကို ဝန်ဆောင်မှုပေးသွားနိုင်အောင် စီစဉ်ထားကြောင်း အေးရှားဝေါလ်ကုမ္ပဏီမှသိရသည်။ မကြာမီတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ကောင်တာဖွင့်လှစ်ထားသေးသည်။

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအားလုံးပြီးဆုံးပါက တစ်နှစ်လျှင် လေယာဉ်ဆိုက်ရောက်နိုင်မှု အကြိမ်ရေ ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိဆင်းသက်နိုင်အောင်လည်း စီစဉ်ထားရှိကြောင်း အေးရှားဝေါလ်ကုမ္ပဏီမှ သိရသည်။ နေပြည်တော်လေဆိပ်မှာ မြန်မာနိုင်ငံ၏ တတိယမြောက်နိုင်ငံတကာလေဆိပ်ဖြစ်ပြီး၊ ယခင်ရန်ကုန်နှင့် မန္တလေးလေဆိပ်တို့သာ နိုင်ငံတကာလေဆိပ်တို့ ဖြစ်သည်။

Credit: အေးမြကျော် (7Day News Journal)


နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဖွင့်ပွဲနှင့် ဓာတ်ပုံများ

15:42  Myanmar Express Group  6 comments

နိုင်ငံတကာ အဆင့်မှီ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို မနေ့က ဖွင့်လစ်လိုက်ပြီဖြစ်ပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်

လေဆိပ်ကြီး အကွက်ချမြေပုံ

ဖွင့်ပွဲသို့ တက်ရောက်လာကြသူများ










6 comments:

ဂုဏ်ယူစရာကောင်းလိုက်တာ

ကောင်းတယ် မိုက်တယ် လှတယ်

တိုင် တလုံး နဲ့ တလုံး အကြား မီတာ၃၀ တိုင်ပေါင်းရာကျော်ကြားမှာ ပူခဲ့ မဲခဲ့ တာတွေ ပြန်တွေးမိတော့...အမောပြေသွားပါတယ်လေ...

ကောင်းပါတယ်ဗျာ အခုလိုတိုးတက်လာတာကို

ကောင်းတယ်ဗျာဒါမျိုးဖြစ်သင့်နေတာကြာပါပြီ....

ဟင်း................!!!!!!!!!ကောင်းပါတယ်.


အစိုးရပိုင်အဆောက်အအုံဟောင်းအချို့အား ဟိုတယ်အဖြစ်ဖွင့်လှစ်မည်

ဇော်ဝင်းသန်း
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်အ၀င်မှာ တစ်နှစ်ထက်တစ်နှစ် ပုံမှန်အားဖြင့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းအထိ မြင့်တက်လျက်ရှိရာ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ တည်းခိုရေး အဆင်ပြေ စေရန်အတွက် ရန်ကုန်မြို့ရှိ အစိုးရပိုင် အဆောက်အအုံဟောင်းအချို့နှင့် မြေကွက်များကို ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်း ရှင်များကို တင်ဒါခေါ်ယူထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကနဦးအနေဖြင့် ရန်ကုန်မြို့ သိမ်ဖြူ လမ်းပေါ်ရှိ ယခင် ၀န်ကြီးများရုံးနှင့် ကျောက်တံတားမြို့နယ်ရှိ ယခင် တရား ရုံးချုပ်ဟောင်း များကို ပြတိုက်အဖြစ် ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို ဖိတ် ခေါ်ထားပြီး ပြည်လမ်းပေါ်ရှိ ယခင် နိုင်ငံခြားရေးဝန်ကြီးဌာနကိုမူ ပြည်တွင်း လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည် Youth Force rS Service Apartment အဖြစ် မူလလက်ရာမပျက် ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိ သူက ဆက်ပြောသည်။

"ယခင်ဝန်ကြီးများရုံးနဲ့ တရားရုံးချုပ်ဟောင်းတွေကိုတော့ ပြည်တွင်းသာမက ပြည်ပက လုပ်ငန်းကုမ္ပဏီတွေက ပြတိုက် အဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာ တွေရှိပါတယ်။ နောက်ဆုံးအဆင့်ကို တော့ ဥက္ကဋ္ဌကပဲ ဆုံးဖြတ်ပေးမှာပါ"ဟု ၎င်းက ဆက်လက် ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ကမ်းနားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံး၊ ပြည်လမ်းရှိ ပြည်ထောင်စု ရိပ်သာမြေကွက်၊ အလုံလမ်းနှင့် ခရေပင်လမ်းထောင့်ရှိ အိမ်ရာအဆောက်အအုံနှင့် မြေကွက်၊ ကုန်သည်လမ်းရှိ မြန်မာ့မီးရထားရုံးချုပ် ဟောင်း၏ ငါးထပ်အဆောက်အအုံတို့အား ဟိုတယ်လုပ်ငန်း နှစ်ရှည်ငှားရမ်း လုပ်ကိုင်ရန် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များကို ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရန် တင်ဒါခေါ် ယူထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

"အခုအထိ ပြည်တွင်းရော၊ ပြည်ပကပါ လျှောက်ထားတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ပြည်ပကဆို အာရှတိုက်နိုင်ငံတွေက ဖြစ်ပါတယ်။ အတိအကျကိုတော့ အခု ပြောလို့မရသေးပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဖြစ်တဲ့ ဟိုတယ်နှင့် ခရီး၊ အိုးအိမ်၊ ရထားပို့ဆောင်ရေး ၀န်ကြီး စတဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး ဘယ်ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးမယ်ဆိုတာ ဆုံးဖြတ်မှာပါ"ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အလားတူ လွန်ခဲ့သော နိုဝင်ဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဗီယက်နမ် စီပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ရှိကြောင်း ပြောကြားသည်။

အဆိုပါ ဗီယက်နမ်မှ ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်အား ကမ္ဘာအေးဘုရားလမ်းမ၊ ဆီဒိုးနားဟိုတယ်တစ်ဖက်ရှိ ယခင် စက်မှု(၁) ၀န်ကြီး ဌာန တည်နေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်း အခမ်းအနားတွင် ၀န်ကြီးက ဆက်လက် ပြောကြားသည်။

ထို့ပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့မှလည်း မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားကြပြီး လာမည့် ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာနိုင်မည်ဟု ၀န်ကြီး ဦးစိုးသိန်းက ပြော ခဲ့သည်။

ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနမှ ၂၀၁၀ ပြည့်နှစ်အထိ ထုတ်ပြန်ထားသော စာရင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် စုစုပေါင်း ၂၂ လုံးအနက် စင်ကာပူနိုင်ငံ ရင်းနှီမြှုပ်နှံမှုမှာ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ ဒုတိယနှင့် တတိယ အများဆုံး ရင်းနှီး မြှုပ်နှံသော နိုင်ငံများဖြစ်သည်။


မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရုရှားတို့ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မြန်မာဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားလုပ်ငန်းရှင်များ လာရောက်လေ့လာ မှု ပြုလုပ်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
”ဟိုတယ်ဘက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လာကြည့်သလို ရုရှားတိုးတွေ လာဖို့အတွက်ကိုလည်း လေ့လာကြတယ်၊ သူတို့တွေက ဒီနှစ်မှ ရင်းနှီးမြှုပ်နှံဖို့ လာလေ့လာကြတဲ့ သူတွေ” ဟု ငွေဆောင် ဟို တယ်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။
လတ်တလောတွင် ငွေဆောင်ကမ်းခြေရှိ မဖွင့်လှစ်ရသေးသော ဟိုတယ်နှစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လာရောက်လေ့လာမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
ရုရှာရင်းနှီးမြှုပ်နှံသူများမှာ ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံနေသူ များဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင်လည်း  အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားခြင်းမှာ ရုရှားဧည့်သည်များ ဝင်ရောက်လာမှု များပြားလာနိုင်သည့် အလားအလာရှိသော ကြောင့် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
”ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ရုရှားတိုးတွေ ဒီနိုဝင်ဘာမှာ ဝင်လာကြတာများတယ်၊ ဆိုက်ရောက်ဗီဇာ ပေးလိုက်မယ်ဆိုရင် ဥရောပဘက်ကတိုးတွေ ဒီထက်ပိုဝင် လာနိုင်မယ်” ဟု ပြောသည်။
ရုရှားခရီးသည်များမှာ ပုဂံ၊ မန္တလေး၊ အင်းလေးသို့ အများဆုံး သွားရောက်လည်ပတ် ကြပြီး ပြည်ပဧည့်များထဲ၌ ငွေကြေးသုံးစွဲနိုင်မှုတွင် အလတ်စားအဆင့်ရှိကြောင်း၊ ၄င်းတို့သည် မြန်မာနိုင်ငံသို့ ၂ဝဝ၄ ခုနှစ်ခန့်က စတင်လာရောက် လည်ပတ်ကြခြင်းဖြစ်ကြောင်း ရုရှားဧည့် လမ်းညွှန်တစ်ဦးက ပြောသည်။
”ရုရှားတွေက အခုနှစ်မှာ ပိုပြီးအလာများတယ်၊ ဒီနှစ်လာတဲ့ ရုရှားတွေက ဗီယက်နမ်ဘက်ကနေ လာကြတာများတယ်၊ အခုလအတွက် ရုရှားဧည့်လမ်းညွှန်တွေ လိုနေလို့ ခရီးသွားကုမ္ပဏီတွေ လိုက်ရှာနေရတယ်လို့ ကြားတယ်’ ဟု ၄င်းကပြောသည်။
လက်ရှိတွင် မြန်မာခရီးသွားလုပ်ငန်းနှင့် ရုရှားခရီးသွားလုပ်ငန်းတို့ ချိတ်ဆက်လုပ်ကိုင်နေမှုများ ရှိနေပြီး၊ မြန်မာနိုင်ငံသို့ ရုရှားဧည့်သည်များ ပိုမိုဝင်ရောက်လာမည် ဆိုပါ က လုပ်ငန်းခွင်တွင်း ရှိနေသော ရုရှားဧည့်လမ်းညွှန်၂၅ ဦးခန့်နှင့် လုံလာက်နိုင်မည် မဟုတ်ကြောင်း ၄င်းကသုံးသပ်သည်။
ဝေယံမိုးမြင့်



လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အားလုံး ပညာသင်နှစ်တစ်နှစ် ထပ်တိုးမည်

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် အားလုံးတွင် ပညာသင်နှစ် တစ်နှစ်ထပ်မံတိုးချဲ့ကာ သင်ကြားသွားရမည် ဖြစ်သည် ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီဇင်ဘာလ ၁၆ ရက် နေ့က နည်းပညာတက္ကသိုလ် (လားရှိုး) တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

စက်မှုနိုင်ငံတည်ထောင်မည်ဆိုလျှင် နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာ အခြေခံနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန်နည်း ပညာရှင် အရေအတွက်များစွာ မွေးထုတ်ပေးရဦးမည် ဖြစ်ခြင်းတို့ကြောင့် လာမည့် ပညာသင်နှစ်မှစ၍သိပ္ပံ၊ ၀ိဇ္ဇာဘာသာရပ်များအား ပညာသင်နှစ်ထပ်တိုးပြီး သင်ကြားတော့မည် ဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင်လည်း ပညာသင်ကာလ အလားတူ ထပ်တိုး၍ သင်ကြားစေတော့မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့ပါသည်။


အခြေခံပညာသင်နှစ်များကို မူလရှိရင်းစွဲစာသင်နှစ်များထက် တစ်နှစ် ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံအဆင့် နှင့် အညီပြုလုပ်ခြင်းအပြင်  နိုင်ငံတကာ ပညာရေးနှင့်တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည် . .

အခြေခံ ပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ်ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံ အဆင့်နှင့်အညီ ပြုလုပ်ခြင်းအပြင် နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့ သည်။

ထို့ပြင် နည်းပညာတက္ကသိုလ် များတွင်လည်း စာသင်နှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးရာတွင် ယခင်နှစ်များကနှင့်မတူ ကျရှုံးသည့်ကျောင်းသား ဦးရေများစွာရှိခဲ့ကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသားအချို့ကပြော ကြားခဲ့ကြသည်။

“ဒီနှစ်သမီးတို့ civil ဘာသာ မှာဆိုလူ ၁၃၀၀ ဖြေရင် ၈၀၀ ကျော် လောက်ပဲအောင်တယ်။ ဒီနှစ်မှာ အရမ်းကျတယ်။ ဆရာမတွေက နှစ်စကတုန်းကတည်းကတော့ ပြောထားပြီးသား။ ဒီနှစ်မှာ အရေအတွက် ကို ဦးစားမပေးဘဲ အရည်အသွေးကို ဦးစားပေးစိစစ်မယ်လို့ ပြောထားတယ်” ဟု နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ဦးက ပြောကြားခဲ့ပါ သည်။               




အရည်အချင်းရှိ ဆရာ၊ ဆရာမများကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်မည်

ထူးခြားတတ်မြောက်မှုရှိသည့် အရည်အချင်းရှိ ဆရာ၊ ဆရာမများအား နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်နေကြောင်း နိုင်ငံတော်ဒုတိယသမ္မတ၏ ရှမ်းပြည်နယ် ခရီးစဉ်၌ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ နိုင်ငံတော်က ဆောင်ရွက်ရန် အစီအစဉ်ရှိခြင်းမှာ အစဉ်အလာ မှတ်တိုင်တစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာ့ပညာရေး လေ့လာသုံးသပ်အချို့က မှတ်ချက်ပြုကာ ထောက်ခံကြိုဆိုမှုများ ပြုလုပ်လိုက်ကြကြောင်းလည်း သိရသည်။ ဒဂုံတက္ကသိုလ် မြန်မာစာဌာနမှ ကထိက ဆရာမတစ်ဦးက “ဒီလို လုပ်ဆောင်ပေးရင် ဆရာမတစ်ယောက်အနေနဲ့ ဝမ်းသာမိမှာပဲ။ ဘယ်သူမဆို မိမိတို့အားစိုက်၊ လုပ်ဆောင်မှုတွေအပေါ်မှာတော့ တစ်နည်းနည်းနဲ့ အသိအမှတ် ပြုခံချင်ကြတာက ဓမ္မတာပဲ။ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားကို သာမန်စာတတ်ရုံ၊ စာမေးပွဲအောင်ရုံ လုပ်ဆောင်ပေးတာမျိုး မဟုတ်ဘဲ ဘဝတစ်ခုလုံးအတွက် လမ်းမှန်ပေါ်ရောက်အောင် ပြုစုပျိုးထောင်ပေးနေတဲ့သူတွေ အများကြီး ရှိနေတာကြောင့်ပါ” ဟု ပြောသည်။ ယခင်အစိုးရ အဆက်ဆက်လက်ထက်၌ ဆရာ၊ ဆရာမများ၏ အဆင့်အနေအထားများအား မြှင့်တင်ချီးမြှင့်ခြင်းများနှင့် အသိအမှတ်ပြုခြင်းများ ရှိခဲ့သော်လည်း သင်ကြားနိုင်သည့် အတိုင်းအတာပေါ်တွင်သာ ရှိခဲ့ပြီး သင်ကြားရေးပေါ်တွင် အခြေခံသည်မျိုး သည်မှာ မရှိခဲ့ကြောင်း ထို့အတွက် ဤသည်မှာ ပထမဦးဆုံး အစီအစဉ်ဖြစ်သည်ဟု မြန်မာ့ပညာရေး၌ နှစ် ၃၀ ကျော် တာဝန်ယူခဲ့သူ အငြိမ်းစားကျောင်းဆရာကြီး တစ်ဦးထံမှ သိရသည်။ မြန်မာ့အခြေခံ ပညာရေးသမိုင်း တစ်လျှောက်၌ လက်ထောက် ဆရာ၊ ဆရာမ အဆင့်များဖြင့်သာ မည်သို့မျှ မပြောမဆိုခဲ့ဘဲ ကျေနပ်နှစ်သိမ့်မှုများဖြင့် သင်ကြားပေးနေသည့် ဆရာမများ ရှိခဲ့ပြီး ရထားသည့် ရာထူးအဆင့်အတန်းဖြင့်သာ ချို့တဲ့စွာ အငြိမ်းစားယူသွားခဲ့သူ ရှိနေခဲ့သည်ကို အထင်အရှား တွေ့နေကြရကြောင်း၊ တိုးတက်မှု မရှိသည့် နေရာများ ဖြစ်နေသော်လည်း နာ ၃ နာဖြင့် ဆက်လျှောက်နေသူများကို ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်မည်ဆိုပါက ကျေနပ်အားရ ဂုဏ်ယူစရာတစ်ခု ရရှိသွားစေမည်ဟု ဆရာကြီးများက သုံးသပ်မှု ပြုကြသည်။ သင်ကြားရေးပေါ်တွင် အခြေခံကာ ပေးအပ်ဖွယ်ရှိနေသည့် အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်တို့အား အရပ်သားအစိုးရသစ် လက်ထက်၌ ချီးမြှင့်နိုင်မည်ဆိုပါက မြန်မာ့ပညာရေး အဆင့်မြှင့်တင်ရေးအတွက် အထောက်အကူကြီးတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး ပညာရေးလောကရှိ ဝန်ထမ်းများ၏ ဂုဏ်ကို မြှင့်တင်ပေးရာရောက်ကြောင်း မြန်မာ့ပညာရေး လေ့လာသုံးသပ်သူ အချို့က ထောက်ပြကြသည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


ကွန်ပျူတာ တက္ကသိုလ် (သထုံ) ဖွင့်လှစ်

သထုံ၊ ဒီဇင်ဘာ ၅
ကွန်ပျူတာ တက္ကသိုလ် (သထုံ)ကို ဒီဇင်ဘာ ၅ ရက်က သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် တက် ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကွန်ပျူတာ တက္ကသိုလ် (သထုံ) မှာ ကွန်ပျူတာ တက္ကသိုလ် (မော်လမြိုင်)ကို ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သထုံမြို့နှင့် ၂ မိုင် ၄ ဖာလုံ ကွာဝေးသော ဂေါ့ကျေးရွာ၊ ဝန္ဒာမိတောင်ခြေတွင် ၂ဝဝ၆ ခုနှစ် မေလ ၃၁ ရက်၌ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ”မြို့ပြနဲ့ ကျေးလက် ဖွံ့ဖြိုး တိုးတက်မှု မကွာဟစေချင်လို့ အခုလို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တာပါ” ဟု ၄င်း က ပြောသည်။ ဂေါ့ကျေးရွာသူ တစ်ဦးက ၄င်း တို့၏ ရွာတွင် တက္ကသိုလ် ဖွင့်လှစ်လိုက်သည့် အတွက် ဘော်ဒါဆောင် နှင့် စားသောက်ဆိုင်များ လာရောက် ဖွင့်လှစ်ကြကြောင်း၊ ထို့ကြောင့် ရွာရှိ ခြံဈေးနှုန်း မှာ မြင့်တက် သွားကြောင်း ပြောသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြပြီး ကျောင်းခန်းမ ဆောင် ဖွင့်ပွဲ အခမ်းအနား ဆက်လက် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က အဖွင့် အမှာစကား ပြောကြားကြသည်။

ထူးထူး(မော်လမြိုင်)




တက္ကသိုလ်များ၏ နောက်ဆက်တွဲ စာမေးပွဲ လာမည့်ပညာသင်နှစ်တွင် ရပ်ဆိုင်းမည်

တက္ကသိုလ်များ၏ နောက်ဆက်တွဲ စာမေးပွဲများ ရပ်ဆိုင်းခြင်းနှင့် ဘွဲ့ကြိုသင်ကြားရေးကာလ နှစ်ပိုသင်ခြင်းများကို လာမည့် ပညာသင်နှစ်တွင် ပြုလုပ်သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ “ဒီနှစ်တော့ မဟုတ်သေးဘူး။ လာမယ့်နှစ်လောက်တော့ ဒီအစီအစဉ်ကို လုပ်ဖြစ်လိမ့်မယ်” ဟု ၄င်းကပြောသည်။ ယင်းကဲ့သို့ ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရန် အစီအစဉ်ရှိခြင်းမှာ ဘွဲ့ရများထဲတွင် အရည်အသွေး မပြည့်ဝသည့်သူများ အမြောက်အမြား ပါဝင်နေခြင်းကြောင့်ဖြစ်ပြီး ယင်းမှာ အကြိမ်ကြိမ်ပြုလုပ်သည့် ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များအရဖြစ်ကြောင်း သိရသည်။ လက်ရှိ တက္ကသိုလ်၊ ကောလိပ် အသီးသီးတို့မှ တစ်နှစ်လျှင် ဘွဲ့ရ တစ်သိန်းကျော်ခန့် ထွက်ပေါ်နေရာ တချို့သော ဘွဲ့ရများသာလျှင် ပုံမှန်အရည်အချင်း ပြည့်ဝမှုရှိပြီး အများစုမှာ အရည်အသွေး မပြည့်ဝကြောင်း၊ ၄င်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ်ဘွဲ့ရများနှင့် နှိုင်းယှဉ်သည့် ပညာရေးစစ်တမ်းများအရ ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၌ လက်ရှိအကြံပေးအဖြစ် ဆောင်ရွက်နေသည့် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာထွန်းခင်က “အခု ၃ နှစ်က အဓိကဘာသာရပ်တွေ သင်ကြားတဲ့အခါမှာ အချိန်လုံလောက်မှု မရှိတာတော့ အမှန်ပဲ။ ဒီတော့ အချိန်လုံလောက်အောင် ဖြတ်သင့်တာဖြတ်၊ ချန်သင့်တာချန်နဲ့ လုပ်ရတော့ ကျောင်းသားအနေနဲ့ အပြည့်အဝ မတတ်မြောက်တော့ဘူးပေါ့။ အခု ၄ နှစ်ဆိုရင် လုံလောက်သွားပြီ။ ဒါမှလည်း ဘွဲ့ရတစ်ယောက်အနေနဲ့ ပညာကို ထိုက်ထိုက်တန်တန် ရရှိသွားနိုင်ပါမယ်” ဟု ပြောသည်။ နောက်ဆက်တွဲ စာမေးပွဲများ ရပ်ဆိုင်းလိုက်ခြင်းကြောင့်လည်း ကျောင်းသားများအနေဖြင့် ပေါ့ပေါ့ဆဆ မနေတော့ဘဲ အပတ်တကုတ် ကြိုးစားခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က သုံးသပ်သည်။ “နောက်ဆက်တွဲ စာမေးပွဲရှိနေတာပဲကွာ။ ဘာဖြစ်သေးလဲ။ အချိန်တန်တော့ အောင်မှာပေါ့ဆိုတဲ့ သူတွေ များလာလေလေ ဘွဲ့ရပြီး ဘာမှမတတ်တဲ့သူတွေ များလေလေပဲ။ အပြင်မှာလည်း လက်တွေ့တွေ ရှိနေပါတယ်။ ဓာတုဗေဒနဲ့ပြီးပြီး ရေကို H2O လောက်ပဲ သိတယ်။ ကျန်တာ ဘာမှမသိ မတတ်တဲ့သူတွေ အများကြီးပဲ” ဟု ၄င်းကထပ်မံ ပြောသည်။ လက်ရှိ တက္ကသိုလ်ပညာရေး၏ အခြေအနေကို အဖြေဆက်လက် ရှာဖွေရာတွင် ငြင်းပယ်ရန် ခက်ခဲလှသည့် အဓိကအချက်အလက်များကို တွေ့ရှိခဲ့ရပြီး ထိုအထဲတွင် ဆရာ/မနှင့် ကျောင်းသားအချိုး မညီမျှမှုများ၊ သုတေသနလုပ်ငန်း ဆောင်ရွက်ရာတွင် ဆရာ/မများအား မှီခိုမှုအားကြီးခြင်း၊ ၃ နှစ်အတွင်း မဟာဘွဲ့နှစ်ခုပေးခြင်းနှင့် ကျူရှင်ပေးစနစ်များ ရှိနေခြင်းတို့ ပါဝင်နေကြောင်း သိရသည်။ ထို့အပြင် သင်ထောက်ကူပစ္စည်းများ အပြည့်အဝ အသုံးချမှု အားနည်းနေပြီး ယင်းကြောင့် လက်တွေ့ပိုင်း မကျွမ်းကျင်မှုများကို ကြုံတွေ့နေရသည်ဟု ပညာရေးလေ့လာနေသူတစ်ဦးက ထပ်လောင်းဆိုသည်။ လက်ရှိ အစိုးရသစ်၏ ပညာရေးပေါ်လစီမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲလိုခြင်းမျိုးသို့ ဦးတည်နေပြီး ကျောင်းသားများဘက်ကပါ လိုက်နိုင်ဖို့လိုကြောင်း၊ သာမန်ကြိုးစား အားထုတ်မှုမျိုးဖြင့်တော့ ဘွဲ့ရတစ်ယောက်ဖြစ်ရန် ခက်ခဲသွားစေနိုင်ကြောင်း ပညာရေးသုတေသီတို့က ထင်မြင်ချင်ပေးကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းနှင့် နိုင်ငံခြားငွေ အသုံးပြုသော ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထား


နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းနှင့် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) အသုံးပြုသော အစိုးရဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထားသည်ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြာင်းသည်။ “အစိုးရဌာနတွေရဲ့ နိုင်ငံခြား ငွေလဲနှုန်းကို အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ နှုန်းနဲ့ တွက်ချက်နေပါတယ်။ အစိုးရဘတ်ဂျက်မှာလည်း ကျပ် ၈၀၀ နှုန်းနဲ့ တွက်နေတယ်” ဟု ဦးအောင်သောင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံသား ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင်များ၊ မြန်မာနိုင်ငံဘဏ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် တရားဝင် သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ ၆ ကျပ်ဝန်းကျင်ဖြစ်ပြီး ယခင်က နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းအချို့နှင့် နိုင်ငံခြားငွေ အသုံးပြုသော ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းအချို့ကို တရားဝင်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိ ငွေလဲနှုန်းကို အမြန်ဆုံး ပြင်ဆင်ပြောင်းလဲနိုင်ရန် တိုက်တွန်းပြောကြားထားပြီး အဆိုပါ အစိုးရဌာနတွင်း ကျပ် ၈၀၀ နှုန်း သတ်မှတ်မှုမှာ အဆင်ပြေမှု ရှိနိုင်သော်လည်း ပြင်ပစီးပွားရေးအခြေအနေအရ လျော်ကန်သင့်မြတ်မှု မရှိနိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဗဟိုဘဏ် သီးသန့် ရပ်တည်ခွင့်ပြုမည်

“အခုတော့ ဗဟိုဘဏ်က ပြင်ပအခြေအနေသိပေမယ့် ဘာမှမလုပ်နိုင်ဘူး။ ဒါက စီးပွားရေး ငွေရေးကြေးရေးမှာ ပြဿနာဖြစ်လာတယ်။ ဒါကြောင့် မြန်မြန်ခွဲထုတ်မှဖြစ်မယ်။ ၂၀၁၂မှာဖြစ်တယ်”

ဗဟိုဘဏ် သီးသန့် ရပ်တည်ခွင့်ပြုမည်

မြန်မာနိုင်ငံဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲထုတ်ပြီး သီးခြားရပ်တည်ခွင့်ပြုရန် စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြားသည်။ “အခုတော့ ဗဟိုဘဏ်က ပြင်ပအခြေအနေသိပေမယ့် ဘာမှမလုပ်နိုင်ဘူး။ ဒါက စီးပွားရေး ငွေရေးကြေးရေးမှာ ပြဿနာဖြစ်လာတယ်။ ဒါကြောင့် မြန်မြန်ခွဲထုတ်မှဖြစ်မယ်။ ၂၀၁၂မှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ရှိဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်၌ ရှိနေသဖြင့် ခွင့်ပြုချက်မရလျှင် မည်သည့်လုပ်ငန်းကိုမှ မလုပ်ဆောင်နိုင်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပြင်ပ၌ရှိနေသော ငွေရေးကြေးရေး အခြေအနေကို အမြဲမပြတ်လေ့လာပြီး တင်ပြဆွေးနွေးရန်လိုအပ်ကြောင်း ဦးအောင်သောင်းကဆိုသည်။

နိုင်ငံတကာတွင် ဗဟိုဘဏ်သည် သီးခြားရပ်တည်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငွေလဲနှုန်းကိုလည်း ဈေးကွက်နှင့်ညီမျှအောင် ဗဟိုဘဏ်မှ ဆောင်ရွက်နိုင်ကြောင်း ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကဆိုသည်။ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် လုပ်ငန်းသဘောသဘာဝချင်း မတူညီပေ။ ဗဟိုဘဏ်က (Monetry Policy) ငွေကြေးဆိုင်ရာ မူဝါဒကိုသာ ချမှတ်ရသည်။ ပြည်တွင်း ငွေကြေးတန်ဖိုး ငွေလဲနှုန်းစသည့် လုပ်ငန်းတို့ဖြစ်သည့် (Fiscal Policy) ဘဏ္ဍာရေး မူဝါဒကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကသာ ဆောင်ရွက်ရသည်။ တိုင်းပြည်၏ဘဏ္ဍာရေးအခြေအနေ၊ ဘတ်ဂျက်တို့ကို အဓိကဆောင်ရွက်ရသည်။ အဆိုပါ လုပ်ငန်းနှစ်ခုကို ခွဲခြားခြင်းသည် တစ်ခုကိုတစ်ခု အပြန်အလှန် ထိန်းကျောင်းသည့် စနစ်ဖြစ်ပါက စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည်။

ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်ခွင့် ပေးရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်များလည်း ပေးရန်လိုအပ်သည်။ ထို့အပြင် ဗဟိုဘဏ်တွင် အမှန်တကယ် ကျွမ်းကျင်နားလည်သည့် အသိပညာရှင်များစွာ လိုအပ်ကြောင်းကို ဦးသန်းလွင်ကဆိုသည်။ ဈေးကွက်အတွင်း၌ ငွေလဲနှုန်းများ ရုတ်တရက်ကျဆင်းလျှင် ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဝင်ရောက်ဝယ်ယူပေးခြင်း၊ ဘဏ်များ၏ အတိုးနှုန်းများ မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သည်။ ယင်းကဲ့သို့ပင် ငွေလဲနှုန်း ရှိသင့်သည်ထက် များစွာမြင့်တက်လာပါက ဗဟိုဘဏ်က နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခြင်း၊ အတိုးနှုန်းများ လျှော့ချပေးခြင်းတို့ကို ပြုလုပ်ကြသည်။ သို့မှသာ ငွေလဲနှုန်းတည်ငြိမ်ပြီး ပြည်တွင်းစီးပွားရေး တိုးတက်မှုကိုလည်း အားကောင်းစေသည်။ နိုင်ငံတကာ၌ ငွေလဲနှုန်းကို ၁၀ ရာခိုင်နှုန်းဝန်းကျင်အတွင်းသာ အတက်အကျခံပြီး ယင်းထက်ကျော်လွန်ပါက ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းသိမ်းလေ့ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

Credit: ပြည်သိမ်း (7Day News Journal)



ရှေ့နှစ်တွင် ဘဏ်စနစ် ပိုမိုတိုးတက်ကျယ်ပြန့် လာမည်ဟု ဘဏ်လုပ်ငန်းရှင်များ မျှော်မှန်း

အေးသီတာကျော်
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

သမ၀ါယမဘဏ်ခွဲ၏ ရန်ကုန်ဘဏ်ခွဲတစ်ခုတွင် အေတီအမ်စက်ကို တပ်ဆင်နေစဉ်။
ဓာတ်ပုံ - ကောင်းထက်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်အတွင်း ပုဂ္ဂလိက ဘဏ်များ ဆိုင်ရာ မူဝါဒအပြောင်းအလဲများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လာမည့်နှစ်များတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍမှာ ပိုမို ကျယ် ပြန့်လာမည်ဟု မျှော်လင့်ကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း လောကက ပြောသည်။

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည့် အငှားဝယ်စနစ်၊ အလိုအ လျောက် ငွေထုတ်စနစ်(အေတီအမ်)၊ ငွေလဲ ကောင်တာများနှင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လုပ်ငန်း လိုင်စင် စသည်တို့ ခွင့်ပြုပေးခဲ့ခြင်းတို့ ကြောင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အပေါ် စိတ်ဝင်စားမှုပိုလာခဲ့သည်။

"တိုင်းပြည် တိုးတက်တယ်ဆိုတာ ငွေရေးကြေးရေးက လွှမ်းခြုံထားတာ။ ငွေကြေးပရမ်းပတာဖြစ်ရင် နစ်နာမှာ ဖြစ်တဲ့အတွက် စနစ်ကောင်းဖို့ အရေးကြီးတယ်။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနနဲ့ ဗဟို ဘဏ်တို့အနေနဲ့ တကယ့်ပညာရှင်တွေ ရှာရမယ့်အချိန် ဖြစ်လာပြီ။ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍက အခုအချိန်မှာ အရေးကြီးလာပြီ"ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

"ပိုပြီး ဖြေလျှော့ပေးလာတာ၊ နိုင်ငံတကာနဲ့ ပါဝင်လာတာ ကောင်းပါတယ်။ ပိုပြီးလွတ်လွတ်လပ်လပ် ရှိလာတယ်။ အရင်က ရွှေအပေါင် ပစ္စည်းထားလို့ မရဘူး။ ငွေစုစာအုပ်ကို အပေါင်ထားပြီး ငွေချေးတာမျိုး လုပ်လို့မရဘူး။ အခု လုပ်ခွင့်ရလာပြီဖြစ်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး အကောင်အထည်ဖော်လာနိုင်မယ်"ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၏ အမှု ဆောင်ဒါရိုက်တာနှင့် အကြံပေး ဒေါ်ဥမ္မာစိန်က ပြောသည်။

ထို့ပြင် ဘဏ် ၁၁ ဘဏ်အား နိုင်ငံခြား ငွေကြေး ရောင်းဝယ်ဖောက်ကားခွင့် လုပ်ငန်းလိုင်စင် ခွင့်ပြုပေးလိုက်သည့် အတွက်လည်း ၂၀၁၅ ခုနှစ်တွင် အခြား အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ရန် ကြိုတင်ပြင်ဆင်မှုတစ်ရပ် ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်၏ အကြံပေး ဦးစိုးတင့်က ဘဏ်စနစ် ပြုပြင်ပြောင်းလဲ လိုက်ခြင်းဖြင့် တခြား ပြည်တွင်းကဏ္ဍ များပါ တိုးတက်လာမည်ဟု ဆိုသည်။

ငွေလဲကောင်တာများ ဖွင့်လှစ်ပေး ခြင်းဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တွင် အထောက်အကူပြုခြင်း၊ ငှားဝယ် စနစ်နှင့် နိုင်ငံခြားငွေကြေး အပ်ငွေ စာရင်းများ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ခြင်းနှင့် အဆိုပါလုပ်ငန်းများ ချဲ့ထွင်နိုင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမို မြင့်မားလာသည့် အကျိုးကျေးဇူးများရနိုင်ကြောင်း ၎င်းက ပြောသည်။

သမ၀ါယမ (စီဘီ)ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က အလိုအလျောက် ငွေထုတ်စနစ် (အေတီအမ်) နှင့် ငှားဝယ် စနစ် စသည်တို့ကို ပြန်လည် ခွင့်ပြု ပေးခြင်းမှာ မြန်မာနိုင်ငံက ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသည့် (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အာဆီယံ ထိပ်သီးညီလာခံတို့ အတွက်လည်း ကြိုတင်ပြင်ဆင်သည့် သဘောဖြစ်သည်ဟု ပြောသည်။

"ဒီနှစ်အတွင်းမှာ ပြောင်းလဲလာတာ က မလုံလောက်သေးဘူး။ ပြောင်းလဲမှု တွေများပေမယ့် သိသိသာသာ တိုးတက် မလာသေး ဘူး"ဟု ရေထွက်ပစ္စည်း တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက ပြောင်းလဲလာသည့် အခြေအနေမှာ အနုတ်လက္ခဏာမှ သုညသို့ ရောက်လာပြီဖြစ်သော်လည်း အပေါင်း လက္ခဏာဖြစ်ရန် လိုအပ်နေသေးသည် ဟု ပြောသည်။

"ပြောင်းလဲတိုးတက်ဖို့ အားယူနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဘဏ်စနစ်တွေက နိုင်ငံတကာကို အမီလိုက်နိုင်ဖို့လိုတယ်။ ကုန်သည်တွေ အတွက် ဘဏ်စနစ် ပွင့်လင်းလာရင် အလုပ်လုပ်ရတာ ပိုပွင့်လင်းလာမယ်။ အထောက်အပံ့ကောင်းတွေ ရလာမယ်"ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။




၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံနီးပါးထိ ရောက်ရှိ

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် လေးလကျန်သေးသော်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံနီးပါးအထိ ရောက်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ ယခင်ဘဏ္ဍာရေးနှစ်က ယခုကဲ့သို့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် လေးလကျန်သေးသည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ကိုးဘီလျံသာ ရရှိကြောင်း၊ ထို့အတွက် ယခုနှစ်နှင့် ယခင်နှစ် ကာလတူအား နှိုင်းယှဉ်ပါက ယခုနှစ်တွင် လက်ရှိအချိန်၌ပင် အမေရိကန်ဒေါ်လာ သုံးဘီလျံ ပိုမိုကုန်သွယ်မှု ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်ကထက် သွင်းကုန်ပိုမို တင်သွင်းနေရပြီး သွင်းကုန်များထဲတွင် ယန္တရား တင်သွင်းမှု၊ စက်သုံးဆီ တင်သွင်းမှုနှင့် စားအုန်းဆီ တင်သွင်းမှုများမှာ လက်ရှိတွင် အများဆုံး တင်သွင်းထားရသည့် ကုန်စည်များဖြစ်ကြောင်းလည်း သိရသည်။ ယန္တရားတင်သွင်းမှုအား ကန့်သတ်မထားဘဲ ကြိုက်သလောက် တင်သွင်းခွင့်ပေးခဲ့ခြင်းကြောင့် ယခုနှစ်တွင် ယန္တရားတင်သွင်းမှု မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ''ယန္တရားတွေ ကြိုက်သလောက် တင်သွင်းခွင့် ပေးတဲ့အတွက် ယန္တရား အများအပြား တင်သွင်းပါတယ်။ အခုအများဆုံး တင်သွင်းတဲ့ ကုန်စည်တွေက ယန္တရား၊ ဒီဇယ်ဓာတ်ဆီ၊ စားအုန်းဆီတွေ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော် ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ လေးလကျန်ရှိနေသေးသည့်အတွက် ယခင်နှစ်ကထက် ပိုလာမည်ဖြစ်သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။




--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.com ၊ forall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။



Reply all
Reply to author
Forward
0 new messages