Fwd: ရန်ကုန် တစ်မြို့ လုံး တုန် လှုပ်ချောက်ခြား နေတဲ့ သတင်း

72 views
Skip to first unread message

TZ Khup

unread,
Nov 24, 2011, 10:25:32 AM11/24/11
to msdrm
ရန်ကုန် တစ်မြို့ လုံး တုန် လှုပ်ချောက်ခြား နေတဲ့ သတင်း
by Freedom News Group(Burma) <https://www.facebook.com/freedomnewsgroup.mm>

Eleven Media Group သတင်း

မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား
ဓားများဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့သည့်ဖြစ်စဉ် မြောက်ဥက္ကလာပမြို့နယ်တွင်
ဖြစ်ပွား

မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ
အမျိုးသားတစ်ဦးအား ဓားများဖြင့် ၀ိုင်းဝန်း ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်ကို
နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း
အသတ်ခံရသူ မိသားစုဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ
သိရှိရသည်။

အသက်ခံရသူ အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းမှာ နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈
နာရီအချိန်ခန့်တွင် အလုပ်မှ သူငယ်ချင်းနှစ်ဦးနှင့်အတူ ၎င်းနေထိုင်ရာ
အိမ်အနီးအနားရှိ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်း အတွင်း ဖွင့်လှစ်ထားသော
စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေစဉ် ည ၈နာရီ ခွဲအချိန်၌
ယင်းစားသောက်ဆိုင်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုမှ
ဝင်ရောက်က ဓားများဖြင့် ၀ိုင်းဝန်းခုတ် ထိုးသတ်ခဲ့ကြောင်း မိသားစုဝင်များ၏
ပြောကြားချက်များအရ သိရှိရသည်။

၎င်းဖြစ်စဉ်ကို မျက်မြင်တွေ့မြင်ခဲ့သူ ကိုကျော်မင်း၏ သူငယ်ချင်းတစ်ဦးကလည်း
''ကျွန်တော်တို့ သူငယ်ချင်းတွေက စားသောက်ဖို့အတွက် ဆိုင်ထဲမှာ ၀င်ထိုင်ပြီး
သိပ်မကြာသေးခင်မှာ ကိုကျော်မင်းက ထိုင်ခုံကနေ သန့်စင်ခန်သွားပြီးပြန်အလာ
တီဗွီကို ကြည့်နေတဲ့ အ ချိန်မှာပဲ လူငါးယောက်လောက်က ဓားတွေနဲ့ဝင်လာပြီးတော့
မင်းက ကျော်မင်းလားလို့မေးပြီးတော့ ၀ိုင်းပြီးတော့ ခုတ်တော့တာပဲ။ ပြီးတော့
သူတို့က မဆိုင်တဲ့သူတွေ လုံးဝအနားကိုမကပ်နဲ့လို့ ပြောတယ်။ အဲဒီအချိန်မှာ
ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် ကြောင်ပြီးကြည့်နေမိ ပါတယ်။ အဲဒီအခါမှာ
ကျော်မင်းက ဆိုင်ထဲကနေ အပြင်ကိုထွက်ပြေးနေစဉ်မှာပဲ ဆိုင်အပြင်ကနေ အသင့်
စောင့်နေတဲ့ ဓားတွေကိုင်ထားတဲ့ လူတွေက ၀ိုင်းပြီး ခုတ်ထိုးပါတယ်။
အဲဒီအချိန်မှာပင် သူငယ်ချင်းက ပြန်ကုန်းထပြီးတော့ ထွက်ပြေးခဲ့ပါတယ်။
လဲကျနေတဲ့အချိန်မှာလည်း ၀ိုင်းပြီးထပ်ပြီးတော့ ခုတ်ဖို့ ရွယ်နေတဲ့ အချိန်မှာ
အဲဒီအဖွဲ့ထဲက လူတစ်ယောက်က ဟေ့ကောင်တွေ ထပ်ခုတ်မနေနဲ့တော့ ပွဲပြီးသွားပြီးလို့
ပြောနေတာကို ကြားလိုက်ပါတယ်။ သူငယ်ချင်းက ခန္ဓာကိုယ်တစ်ခုလုံး ဓားထိုးခံရတဲ့
ဒဏ်ရာတွေနဲ့ နောက်ဆုံးမှာ ကျွန်တော်ကို ဒီတစ်ခါတော့ ငါမနေရတော့ဘူး။
ငါမသေချင်သေးဘူးလို့ ပြောသွားပါတယ်'' ဟု ဖြစ်စဉ်အား ပြန်လည်ပြောပြခဲ့သည်။

သေဆုံးခဲ့သူ ကိုကျော်မင်းမှာ မျက်နှာစွပ်သူများအပါအ၀င် လူအုပ်စုတစ်စုက
ရက်စက်စွာ မသတ်ခံရမီ ရက်ပိုင်းများ၌ စကားများခြင်း နှင့် ရန်ရှာခံရတာများ
ဖြစ်ခဲ့ခြင်း နှင့်အတူ ¤င်းနေထိုင်ရာ ရပ်ကွက် အတွင်း၌ ၎င်းကို
ကြေးစားလူသတ်သမားဖြင့် ဌားရမ်းပြီး အသေသတ် မယ်လို့ သတင်းများကြောင့်
အလုပ်နှင့်အိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် ဂရုစိုက်စွာသွားနေရကြောင်း
သေဆုံးခဲ့သူ မိသားစုဝင်များ၏ ပြောပြချက်အရ သိရှိရ သည်။

မိသားစုဝင်တစ်ဦးကလည်း ''အောက်တိုဘာလ ၁၃ ရက်နေ့က ကျော်မင်းက
သူငယ်ချင်းနှစ်ယောက်နဲ့အတူ အလင်းအိမ်စားသောက်ဆိုင်မှာထိုင်ပြီး
စားသောက်နေတဲ့အခါမှာ သူငယ်ချင်းတွေဖြစ်တဲ့ သက်ဇော်ဦးက သူငယ်ချင်းတစ်ယောက်နဲ့
စကားများလို့ ၀င်ပြီးဖြန်ဖြေတဲ့အခါမှာ သက်ဇော်ဦးရဲ့အဖေက ကျော်မင်းကို
ပါးရိုက်တယ်။ ပြီးတော့ သက်ဇော်ဦးရဲ့ အဖေဖြစ်တဲ့ ဦးသက်ဦးနဲ့အတူပါလာတဲ့
သူငယ်ချင်းတွေက ၀ိုင်းရိုက်လို့ ကိုကျော်မင်းက ခေါင်းကွဲခဲ့တယ်။ တစ်ယောက်က
ဆေးရုံတင်လိုက်ရပါတယ်။ ည ၁၁ နာရီလောက်မှာ သက်ဦးက နွယ်သာဂီ ၈ လမ်းထဲကို
လာပြီးတော့ စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ရပ်ကွက် ထဲမှာ
ဆွမ်းဆန်စိမ်းလောင်းနေတဲ့အချိန် မွန်းလွှဲ၃နာရီခွဲမှာ ဆိုင်ကယ်နှစ်စီးက
ကျော်မင်းနားကိုလာပြီးတော့ ဓါးနဲ့လာပြီးခုတ်ခဲ့လို့
ပြန်ပြီးခုခံလိုက်ရသေးပါတယ်။ သူကိုဓါးနဲ့ခုတ်တော့မထိလို့ ဓါးနဲ့ပြန်ပြီး
ပစ်ပေါက် ခဲ့ပါတယ်။ အဲဒီဓါးကို လမ်းထဲက ရာအိမ်မှုးကို အပ်ခဲ့ပါတယ်။ မွန်းလွှဲ ၎
နာရီမှာ ရပ်ကွက်က တာဝန်ရှိသူတွေ၊ မြို့နယ်တာဝန်ရှိသူတွေက
ကိုကျော်မင်းရဲ့နေအိမ်ကု စစ်ဆေးဖို့လာခဲ့ပါတယ်။ အဲဒီအချိန်မှာ လမ်းထဲက လူတွေက
ဓါးနဲ့ လိုက်ခုတ်တဲ့ သူကျတော့ မစစ်ဆေးဘူး။ လက်သီးနဲ့ထိုးပြီး
ပြန်ပြီးခုခံသူကိုတော့ လာရှာတယ်လို့ ၀ိုင်းပြီးပြောလိုက်ပါတယ်။ ဒီဖြစ်စဉ်တွေ
ဖြစ်ပြီးနောက် နေ့တွေမှာ ကျော်မင်းကို လူမိုက်ဌားပြီးတော့ အသေသတ်မယ် လို့
သတင်းကြားပြီး ၆ ရက်လောက်အကြာမှာဘဲ သူက ရက်ရက်စက်စက် စောင့်ပြီး
အသတ်ခံလိုက်ရတာပါ။ ဆိုင်ထဲကိုလည်း ၀င်ပေါက်နှစ်ပေါက်ကနေ လူ ၆ ယောက်က ဓါးတွေနဲ့
ဝင်ခုတ်တယ်။ ထွက်ပြေးလာတဲ့အခါမှာ အပြင်မှာစောင့်နေတဲ့ လူအုပ်စုတွေကလည်း
ဓါးနဲ့ဝိုင်းခုတ်တယ်။ပြီးတော့ ဟိုင်းလတ်၊ လိုက်အိပ်စ်၊
ကားအဖြူတစ်စီးတွေပေါ်မှာလည်း လူအပြည့်ပါတယ်။

အဲဒီကားပတ်ဝန်းကျင်မှာလည်း ပြောင်လက်နေတဲ့ ဓါးအရှည်တွေနဲ့ စောင့်နေတာကိုလည်း
တွေ့ရပါတယ်'' ဟု ဖြစ်စဉ်အား ပြန်လည်ပြောပြခဲ့သည်။ဆက်လက်၍ မိခင်ဖြစ်သူက ''
သတ်ခံရမယ်သိသိရက်နဲ့ ကာကွယ်မဲ့သူ မရှိဘူး။ တစ်ခါလည်း ခေါင်းကွဲပြီးပြီ။
ဒုတိယအခါ ဓါးနဲ့ အခုတ်ခံရတယ်။ တစ်ယောက်မှ အရေးမယူဘူး။ ပထမအကြိမ်လည်း မဖမ်းဘူး။
ဒုတိယ အကြိမ်ကျတော့လည်း မဖမ်းဘူး။ သေမဲ့ရက်ကို ထိုင်စောင့်နေရသလိုပါဘဲ။
ကြားရတဲ့အတိုင်း အသတ်ခံရတာပါဘဲ။ ရပ်မိရပ်ဖတွေ အကာအကွယ်လည်း မရဘူး။
မင်းမဲ့စရိုက်ဖြစ်နေတယ်။ ကျွန်မတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာ
အကာအကွယ်မရှိဘူး။ ပိုက်ဆံမရှိဘူး။ သိသိရဲ့နဲ့ခံရတော့ ပိုပြီးတော့
ခံစားရတာပေါ့။ တရားဥပဒေအတိုင်း အမှန်အတိုင်းဖြစ်စေချင်တယ်။
နောင်ဒီလိုပြဿနာမဖြစ်လာအောင် သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်''
ဟု ပြောကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၈ လမ်း ရာအိမ်မှုးဖြစ်သူ ဦးဟန်စိန်ကလည်း
''သူ့ကို လူမိုက်တွေဌားပြီးတော့ သတ်မယ်လို့ အသံတွေကြားနေတဲ့အတွက်ကြောင့်
ကောင်လေးကို ကျွန်တ်ာတို့အနေနဲ့ ရှောင်ခိုင်းပါ တယ်။ သတိဝီရိယရှိရှိနဲ့
သွားလာဖို့အတွက် မှာထားပါတယ်။အခုလိုဖြစ်တော့ တရားဥပဒေ အညီ ထိထိရောက်ရောက်
အရေးယူစေချင်တယ်'' ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးကလည်း ''
အခုကျွန်တော်တို့ အဲဒီဖြစ်စဉ်ကို အမြန်ဆုံးတရားခံကို ဖမ်းဆီးမိဖို့
ဆောင်ရွက်နေပါတယ်။ မျက်မြင်သူတွေ သက်သေတွေ ပြောကြားချက်နဲ့ တရားခံတွေရဲ့
ပုံသဏ္ဌာန်တူကို ခဲခြစ်ပန်းချီဆွဲပြီး မြို့နယ်တွေမှာ လိုက်ကပ်ထားပါတယ်။
ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းပါတယ်။ တော်တော်လေးကို
ချဉ်းကပ်ပြီး မေးနေရပါတယ်။ တရားခံကို အမြန်ဆုံး ဖမ်းမိနိုင်ပါတယ်''ဟု
ပြောကြားခဲ့သည်။

လူအုပ်စုများဖြင့် လူသတ်နေသည့် ဖြစ်စဉ်၏နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှုးကြီး ဦးထွန်းမင်းက ''
အခုလိုမျိုးလူအုပ်စုဖွဲ့ပြီး ရက်စက်စွာ လူသတ်တဲ့ဖြစ်စဉ်ကို အမြန်ဆုံး
ဖော်ထုတ်သွားမယ်။ ရဲတပ်ဖွဲ့ကလည်း မလိုလားဘူး။ နိုင်ငံတော်ကလည်း မလိုလားဘူး။
ပြည်သူတွေကလည်း မလိုလားပါဘူး။ ထိထိရောက်ရောက် အရေးယူမှုတွေ ပြုလုပ်သွားပါမယ်''
ဟု ပြောကြားခဲ့သည်။

၎င်းဖြစ်စဉ်ကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှ (ပ) ၅၂၄/ ၂၀၁၁၊ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်စစ်ဆေး လျှက်ရှိကြောင်း သိရှိရသည်။

Reply all
Reply to author
Forward
0 new messages