MoeMaKa 2021 |
ကိုအောင်မှိုင်း - မြန်မာနိုင်ငံလမ်းမတွေပေါ်က ကြမ်းကြုတ်ရက်စက်တဲ့သတ်ဖြတ်မှုများ Posted: 21 Mar 2021 06:38 PM PDT ကိုအောင်မှိုင်း - မြန်မာနိုင်ငံလမ်းမတွေပေါ်က ကြမ်းကြုတ်ရက်စက်တဲ့သတ်ဖြတ်မှုများ(မိုးမခ) မတ်၂၂၊ ၂၀၂၁ မြန်မာနိုင်ငံလမ်းမတွေပေါ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့အမည်ခံ ယူနီဖေါင်းဝတ်တွေရဲ့ ရိုက်နှက်သတ်ဖြတ်နေမှုတွေကတော့ အတော့်ကိုလူမဆန်အောင်ဖြစ်နေခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ်နဲ့အမျှ လူထု ဆန္ဒပြမှုတွေကလဲ အသက်တွေအသေခံပြီး နေ့စဉ်ရက်ဆက်ဆိုသလို ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖေါ် ပြသနေကြဆဲဖြစ်ပါတယ်။လူထုက နေ့စဉ်ဆန္ဒထုတ်ဖေါ်ပြသနေသလို အကြမ်းဖက်စစ်အုပ်စုကလဲ ပက်ပက်စက်စက် ရိုက်နှက် လုယက် သတ်ဖြတ်မှုတွေကိုပေါ်ပေါ်ထင်ထင်ဘဲ ဗြောင်လူမဆန်အောင် နေ့ခင်းလူမြင်ကွင်းများ မှာပါ ကျူးလွန်နေကြတာကို သက်သေသက်ကာယနဲ့ တွေ့နေကြရတဲ့ကာလလို့ ပြောရမှာပါ။ ရက်စက်ကြမ်း ကြုတ်စွာ ရိုက်နှက်သတ်ဖြတ်နေသူတွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့ပါ ထင်ထင်ရှားရှား တနိုင်ငံလုံး တကမ္ဘာ လုံး တချိန်ထဲတပြိုင်ထဲတွေ့မြင်ခဲ့ရပြီးလဲဖြစ်ပါတယ်။ လူမြင်ကွင်းမှာ သံကြိုးကွင်းစွတ်ပြီး ဖမ်းဆီးထားတဲ့ဆန္ဒပြသူတဥိးကို လည်ပင်းကနေဆွဲကာ သွေးအေး အေးနဲ့ သတ်ဖြတ်နေတာရယ်။ ဇက်ကျိူးကျပြီးသေသွားတာရယ်။ ဘေးကစစ်သားနဲ့ရဲတွေက သဘောတူစွာ ကြည့်ရှု အားပေးနေကြတဲ့ဓါတ်ပုံဟာ ကျနော်တို့မြန်မာနိုင်ငံရဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ သတ်ဖြတ်မှု တွေရဲ့ပုံရိပ်ကို ဖေါ်ပြနေတဲ့ သက်သေခံချက်အစစ်အမှန်တွေဘဲဖြစ်ပါတယ်။ လူသားသမိုင်းမှာ လူဖြစ်တည်မှုကို လက်နက် ကိုင်ဆိုသူတွေက ရက်ရက်စက်စက်ငြင်းပယ်လိုက်တဲ့ ပုံရိပ်တွေပါဘဲ။ လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ရက်မှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို လာယူခိုင်းလောက်အောင် ယုတ်မာတဲ့လူသတ်သမားတွေ ဖြစ်ပါတယ်။ စနိုက်ပါလိုသေနတ်သုံးတယ်။ ကျည်အစစ်တွေ သုံး တယ်။ ကလေးတွေခေါင်းကို ရွေးပစ်တယ်။သေတဲ့အထိ ရိုက်နှက်သတ်ဖြတ်တယ်။ သေချာတာကတော့ ရည်ရွယ်ချက်ကိုယ်တိုင်ကိုက သတ်ဖြတ်ဘို့စနစ်တကျ စီမံချက်ရေးဆွဲ သတ်ဖြတ်နေတာလို့ ပြောရတော့ မှာဖြစ်ပါတယ်။သူတို့အားလုံးဟာ သွေးတွေပေကျံနေတဲ့ လက်တွေနဲ့ လူသတ်သမား စစ်ရာဇဝတ်ကောင် တွေဖြစ်ပါတယ်။ အဓိကပြောလိုတာကတော့ သွေးတွေပေနေတဲ့ လူသတ်သမားစစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနုတ် ဆက်လိုတဲ့နိုင်ငံဆိုလို့ ကမ္ဘာမှာ အတော်နည်းလာပါပြီ။ စစ်ရာဇဝတ်ကောင်တွေကို မျက်နှာပြောင်ပြောင်နဲ့ ကာကွယ်ဘို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံအနေနဲ့လဲ မှားယွင်းတဲ့တရုတ်အစိုးရပေါ်လစီတွေကို ပြန်လည်သုံးသပ် ဘို့လိုပြီဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ပါးစပ်ပြောတာနဲ့ လက်တွေ့လုပ်နေတာက တခြားစီဖြစ်နေသလို မြန်မာနိုင်ငံကနေ့ရင်ဆိုင်နေရတာ တနိုင်ငံလုံးအရေးအခင်းဖြစ်တယ်ဆိုတာကို အလေး အနက်ထားဘို့လို မှာဖြစ်ပါတယ်။ ဆွေမျိူးပေါက်ဖေါ် တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ပေါ်လစီဟာ မြန်မာ လူထုတရပ်လုံးအတွက် အဆိပ်အတောက်တွေဖြစ်နေပြီဆိုတာကိုတော့ မြန်မာနိုင်ငံဖွား တရုတ်အမျိူးသား တွေရဲ့ သားသမီးတွေ ကိုယ်တိုင် သူတို့အနာဂါတ်တွေအတွက် အသက်တွေစွန့်လွှတ်သက်သေပြခဲ့ကြ ပြီးဖြစ်တယ်လို့ဘဲ ပြောရ တော့မှာပါ။ ကနေ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမှာ ဘာသာ လူမျိူး လူတန်းစားစတဲ့အတားအဆီးတွေ မရှိတော့ပါဘူး။ အားလုံးဟာ အနာဂတ်မျိူးဆက်တွေကို ကာကွယ်ဘို့အတွက် အသက်စွန့်ကြမဲ့အနေအထား ကိုရောက်နေကြပြီဆိုတာတော့ သွေးစွန်းနေတဲ့စစ်ရာဇဝတ်ကောင်တွေနဲ့ တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ဗြောင် ဖြစ်ဖြစ် ကနေ့လက်ဆွဲနုတ်ဆက်နေသူအားလုံးကို သတိပေးလိုက်တာ လဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးဟာ မိမိတို့ရဲ့အနာဂါတ်အသစ်အတွက် နိုင်ငံသစ်နဲ့သမိုင်းသစ်ကို ထုဆစ်နေကြ တာဖြစ်လို့ ကြီးကျယ်တဲ့ သမိုင်းရုပ်ပုံလွှာကို ပုံဖေါ်နေကြတာပါ။ လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် သတ် ဖြတ်ပြတယ်ဆိုတဲ့ ဖက်ဆစ်လုပ်ရပ်တွေနဲ့တော့ အာဏာသိမ်းစစ်အုပ်စု အနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်က အလွန်သူရဲဘောကြောင်သလို အလွန်မှားယွင်းတဲ့ ရူးသွတ်ခြင်းပါဘဲ။ ကမ္ဘာ့သမိုင်း မှာလဲ ကမ္ဘာ့ပြည်သူတွေဟာ ဘယ်တုန်းကမှ ဖက်ဆစ်တွေကို ဒူးမထေက်ခဲ့ပါဘူး။ ဖက်ဆစ်တွေရဲ့ သတ်ဖြတ်မှုတွေကိုသာ ကမ္ဘာ့ပြည်သူ တွေ ကြောက်လှန့်ခဲ့ကြမယ်ဆိုရင် ကနေ့ကမ္ဘာ့သမိုင်းဟာ တမျိူးတဖုံပြောင်းလဲသွားမှာသေချာပါတယ်။ မြန် မာပြည်သူတွေရဲ့ နေ့တဓူ၀ အသက်တွေပေးပြီး ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့ ကျယ်လောင်တဲ့အသံတွေကို ကမ္ဘာ တလွှား ပဲ့တင်ထပ်အောင်ကြားနေကြရပါပြီ။ သန်း ၅၀ သောပြည်သူတွေဟာ အမှန်တရားပေါ် ဓမ္မတရားပေါ် ရပ်တည်ခဲ့ကြပြီဖြစ်ပါတယ်။ ခိုင်မာတဲ့သံန္နိဌာန်တွေလို့ ပြောရမှာဖြစ်ပါတယ်။ ကနေ့မြန်မာပြည်သူတွေရဲ့တိုက်ပွဲဟာ တဗိုလ်ကျတဗိုလ်တက် စနစ်ဖြစ်သလို“ ဒီနေ့ မသေသေးရင် နက်ဖန်ဆက်တိုက်မယ်” ဆိုတဲ့ ရဲဝံ့ပြောင်မြောက်တဲ့ ကမ္ဘာ့ကနာခံစေမဲ့ သင်ရိုးသစ်ကြီးပါဘဲ။ ကနေ့ကမ္ဘာတခွင် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဝင်တွေဟာ မြန်မာနိုင်ငံအရေးကို ဒေါင့်စေ့အောင် စီစဉ် ဆောင်ရွက်နေကြတာတွေ့နေရပါတယ်။ မြန်မာနိုင်ငံအခြေအနေအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးခေါ်တာ၊ နိုင်ငံအလိုက် ဆန်ရှင်မျိူးစုံချပြီး ပိတ်ပင်မှုတွေလုပ်တာ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အမေရိကန်နိုင်ငံ အင်္ဂလန်နိုင်ငံစတဲ့ သံရုံးသံအမတ် ကြီးတွေက စစ်အာဏာ သိမ်းကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်စာထုတ်တာ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို အသိ အမှတ်ပြုတာ စတဲ့လုပ်ဆောင်ချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လက် ရှိမြန်မာနိုင်ငံရဲ့ လွှတ်တော်အမတ် တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုတာဘဲဖြစ် ပါတယ်။ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတွေအပေါ်ကနေ တဆင့်ခြင်းမြင့်တက် လာတဲ့ အရေးယူမှုတွေလို့ ပြောရမှာဖြစ်ပါတယ် ။ ကျနော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာအရေး ယူမှု ဆိုတဲ့လုပ်ငန်းအပေါ် ပြစ်တင် ဝေဖန် တာတွေ တွေ့နေရတာကလဲ သဘာဝကျတဲ့ကိစ္စပါဘဲ။ နိုင်ငံတကာ အခင်းအကျင်းဆိုတာ သေချာတာက ကြိုးနီစနစ်တွေမြောက်မြားစွာနဲ့ ရှုတ်ရှက်ခတ်အောင် ဖွဲ့စည်းရပ်တည် နေတယ်ဆိုတာကိုတော့ ကျနော် တို့နားလည်အောင်ကျိူးစားရမှာပါ။ မည်သို့ပင်ဖြစ်စေ နိုင်ငံတကာစာနာမှုကအစထောက်ခံမှုဟာတကယ့်ကို လိုအပ်ချက်ဖြစ်ပါတယ်။ စစ်အုပ်စုကဆို နိုင်ငံတကာစာနာမှုရဘို့ ငွေပေးပြီးလော်ဘီငှားနေရချိန်မှာ ကျနော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအ ပေါ်နိုင်ငံတကာက အခုလိုထောက်ခံစာနာနေကြတယ်ဆိုတာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ကမ္ဘာကြီး ကို တည်ဆောက်ချင်ကြလို့ဘဲဖြစ်ပါတယ်။ နိုင်ငံတကာ ထောက်ခံမှုဟာ နေ့စဉ်တိုးတက်ဖြစ်ထွန်းနေပါတယ်။ ကနေ့ အမေရိကန်နိုင်ငံ အောက်လွတ်တော်မှာ မြန်မာနိုင်ငံအရေး ကို တရားဝင်ဆောင်ရွက်နိုင်ဘို့ မြန်မာနိုင်ငံ ဆိုင်ရာဥပဒေကို မဲခွဲရာမှာ ၃၈၉ /၄ မဲနဲ့အတည်ဖြစ်သွားခဲ့ ပါတယ်။ ဒါဟာ မြန်မာ့အရေးကို အမေရိကန်နိုင်ငံ အစိုးရအနေနဲ့ တရားဝင်ပြတ်ပြတ်သားသားဆောင် ရွက်နိုင်ဘို့ ခြေလှမ်းဆိုရင်မမှားပါဘူး။ ဒီလိုဘဲ လူ့အခွင့် ကော်မရှင်ရဲ့ IIMM ( The Independent Investigative Mechanism for Myanmar ("IIMM" or "Myanmar Mechanism") ကလဲ မြန်မာနိုင်ငံ မှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိူး ဖေါက်မှုတွေကို မှတ်တမ်းများပေးပို့ဘို့ ကြေငြာ ချက်ထုတ်တောင်းဆိုတာလဲတွေ့ရပါတယ်။ သူတို့အဆိုက တော့ ဒီရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ တရားရုံးဖြစ်စေ ဒေသတရားရုံးတွေမှာဖြစ်စေ တရားစွဲဆိုဘို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှား သမ္မတအနေနဲ့ မြန်မာ့အရေးဆွေးနွေးဘို့ အာစီယမ်အစည်းအဝေး ချက်ခြင်းခေါ်ပေးဘို့ အာစီယမ်ဥက္ကဌ ကိုတောင်းဆိုလာသလို မလေးရှားဝန်ကြိးချူပ်ကလဲ ချက်ခြင်းထောက် ခံလိုက်တာကိုတွေ့ရပါတယ်။ ကမ္ဘာကြိးမှာ ဒီလောက်အုပ်အော်သောင်းနင်းဖြစ်နေတာကို တရုတ်အစိုးရလဲ သိမှာကြားမှာဖြစ်ပါ တယ်။ ဒါတွေကတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေလိုလားနေတဲ့ R2P ကိုဦးတည်နေကြ တာဖြစ်ပါတယ်။ ဒီလိုဘဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့လဲ သန်းချီတဲ့လူထုက တပြည်လုံး ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်။ ဆရာဝန်ဆရာမကြီးတွေက ဦးဆောင်ပြီး CDM လှုပ်ရှားမှုကို လုပ်ခဲ့ကြတယ်။ တနိုင်ငံလုံးဝန်ထမ်းတွေ ပါလာ ကြတယ်။ လူထုတိုက်ပွဲတွေကြားက CRPH ပေါ်လာတယ်။ လူထုအုပ်ချူပ်ရေးတွေ အားကောင်းလာ တယ်။နိုင် ငံတကာဆက်ဆံရေးတွေ အားကောင်းလာတယ်။ တိုင်းရင်းသားတွေနဲ့ တစိတ်တဝမ်းဖြစ်လာ တယ်။ ကျနော်တို့ နှစ်ပေါင်းများစွာလိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော်ကို ကျယ်ကျယ် လောင်လောင်ပြောလာနိုင်ခဲ့တယ်။ လူထုထောက်ခံမှုလဲရခဲ့တယ်။ အာဏာသိမ်းပုန်ကန်သူ စစ်အုပ်စုကတော့ လူတွေကိုသတ်ဘို့ ဖမ်းဘို့ နှိပ်စက်ဘို့ အမိန့်တွေ နေ့တဓူဝတိုးထုတ်ရင်း ကျဆုံးတဲ့ဆီကိုဦးတည်နေသလို နွေဦးတော်လှန်ရေးကလဲ လက်နက်ကိုင်တော်လှန်ရေးဆီကို ရွေ့နေပြီဆိုတာ အခိုင်အမာပြောလာနိုင်နေပြီဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ R2P နဲ့နွေဦီးလက်နက်ကိုတော်လှန်ရေးဟာ ဆုံချက်တခုမှာ ကြိမ်းသေဆုံကြမှာဘဲဖြစ် ပါတယ်။ကျနော်တို့ခံယူရမှာက ခိုင်မာတဲ့သံန္နိဌာန်နဲ့ နွေဦးတော်လှန်ရေးကို ဆက်ချီတက် ဘို့ပါဘဲ။ နေမင်းရဲ့ အလင်းရောင်ကို ကြည်ကြည်လင်လင်မြင်နေကြရပါပြီ။ အောင်လံနီကို မြင့်မြင့်မားမားလွင့်ထူကြ။ အရေးတော်ပုံ အောင်ရမည်။ ကိုအောင်မှိုင်း (မတ်လ ၂၁ရက် ၂၀၂၁ခုနှစ်) #MoeMaKaMedia #WhatsHappeningInMyanmar |
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၉ ရက် မြောက်နေ့ မြင်ကွင်း Posted: 21 Mar 2021 05:02 PM PDT မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၉ ရက် မြောက်နေ့ မြင်ကွင်း(မိုးမခ) မတ် ၂၁၊ ၂၀၂၁ရန်ကုန်မြို့ မြင်ကွင်း - ရန်ကုန်မြို့က မတ်လ ၁၄ ရက်နေ့ ရက်စက်တဲ့ ဖြိုခွဲမှုနဲ့ အဲဒီရက် နောက်ဆက်တွဲ ပိုပြီး ရက်စက် ကြမ်းတမ်းစွာ ဖြိုခွဲ၊ ဖမ်းဆီးမှုတွေ အများပြည်သူပိုင်ဆိုင်မှုတွေကို တမင်တကာ မြေလှန်ဖျက်ဆီးပြတာတွေ၊ ပစ်ခတ်ဒဏ်ရာရတဲ့သူတွေကို ဆွဲတင်သွားပြီးနောက်တရက်မှာ အလောင်းပဲ ပြန်ပို့တာမျိုးတွေကြောင့် လူထုအကြား ရွံ့ရှာမှု၊ စက်ဆုပ်မှု နဲ့အတူ စိုးရိမ်ကြောက်ရွံ့မှု တွေလည်း မြင့်တက်လာတဲ့ သဘောရှိပါတယ်။ ရန်ကုန်ရဲ့ လမ်းမတွေမှာ သွားလာတဲ့ ကားတွေ လူတွေ သိသိသာသာ နည်းပါးသွားပြီး သက်ဆိုင်ရာ မြို့နယ် အလိုက် လမ်းအလိုက် လမ်းသွယ်တွေထဲမှာပဲ ဆန္ဒပြမှု အာခံမှုတွေ ကြားရ မြင်နေရပါတယ်။ လမ်းမကြီးတွေပေါ်မှာ စျေးကား၊ စားသောက်ကုန်ပို့တဲ့ကား၊ ရေသန့်ပို့တဲ့ကားလို စီးပွားရေး အရ သွားလာတဲ့ ကားတွေလောက်ပဲ သွားလာတာ မြင်တွေ့ရပြီး အိမ်စီးကားတွေ တော်တော်နည်းပါးသွားတာတွေ့ရပါတယ်။ ဝိုင်ဘီအက်စ် ဘတ်စကားလိုင်း အနည်းငယ်သာ ပြေးဆွဲတာတွေ့ရပါတယ်။ မြို့ရဲ့ လူနေရပ်ကွက်အချို့မှာ ပြီးခဲ့တဲ့ ရက်က ပိတ်ဆို့ထားခဲ့တဲ့ သဲအိတ်တွေ အုတ်ခဲတွေ ၊ ကွန်ကရစ် အပိုင်းအစတွေကို ရှင်းလင်းပြီး ခုမနက်တော့ စည်ပင်ဝန်ထမ်းတွေက တံမျက်စည်းနဲ့လှည်းကျင်းနေတာ လှည်းအပြီး ရေကားနဲ့ ရေဖြန်းပြီး ဖုန်မထအောင် လုပ်နေတာလည်း ရေကျော်လမ်းဘက်မှာ တွေ့မြင်ခဲ့ရပါတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေကို ပုံမှန် အခြေအနေ ပြန်ရောက်နေတယ်ဆိုတာမျိုး ပြသဖို့ စစ်ကောင်စီက ကြိုးစားစဥ်မှာပဲ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူတွေသာမကပဲ စီးပွားရေးအကြောင်းနဲ့ အပြင်ထွက်သူတွေပါ အသက်ဆုံးရှုံးနိုင် ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ရန်ကုန်မြို့က ပုံမှန် လည်ပတ်ဖို့ မလွယ်တဲ့ အနေအထားကို ဦးတည်နေတာတွေ့ရပါတယ်။ လှိုင်သာယာမြို့နယ်မှာ နေသူတွေ သိန်းနဲ့ချီပြီး ရန်ကုန်ကို စွန့်ခွာကြတဲ့ အဖြစ်က အစုလိုက် အပြုံလိုက် စွန့်ခွာမှုဖြစ်ပြီး အနည်းဆုံး သီတင်းပတ် ၄၊၅ ပတ်ကနေ ဒီထက်မကလည်း ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက် ရက်စက်စွာ နှိမ်နှင်းမှုက မြို့ကို အသက်ဝင်လာစေဖို့ထက် စွန့်ခွာဖို့ ဖြစ်လာစေတယ်လို့ ဆိုရမှာပါ။ ရန်ကုန်မှာ လမ်းသွယ်တွေအတွင်းမှာ ပြည်သူတွေက ဆန္ဒပြကြတယ်။ ညဘက်တွေမှာ သံပုံးတီးကြတော့ အချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီက သေနတ်ပစ်ဖောက်ပြီး တုန့်ပြန်တယ်။ လူထုဟာ စစ်တပ်ကို ကျည်ကွယ်မျက်ကွယ်ကနေ စောင့်ကြည့်မှတ်သားနေတာကတော့ သေချာပါတယ်။ နယ်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ မန္တလေး အောင်ပင်လယ်ပစ်ခတ်မှုမှာ ပြည်သူ ၂ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ် ဆိုပါတယ်။ စစ်တပ်က အင်အားသုံးပြီး ဝန်ထမ်းအိမ်ယာတွေကနေ CDM ဝန်ထမ်းတွေကို မောင်းချတယ်။ ဘေးကပြည်သူတွေက ကားတွေ လူတွေနဲ့ ရောက်လာပြီး ကူညီရွှေ့ပြောင်းပေးကြတယ်။ လွန်ခဲ့တဲ့ ၂ ရက်ကလည်း အောင်ပန်းပစ်ခတ်မှုဟာ အလွန်အကျည်းတန်တဲ့ သွေးမြေကျမှု ဖြစ်ပါတယ်။ ရန်ကုန်က We Love Yangon လူမှုအသင်းရုံးခန်းကို စစ်တပ်က အကြမ်းဖက်ဖောက်ထွင်းဝင်ရောက်လို့ အမျိုးသမီးတဦး ထိတ်လန့်ပြီး ၅ထပ်ပေါ်ကနေ ပြုတ်ကျ သေဆုံးပါတယ်။ မြို့ရွာဒေသခံတွေအတွက်ကတော့ သူတို့အိုးအိမ်ကို စွန့်ခွာဖို့ဟာ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့နေထိုင်အခြေစိုက်ရာ အိုးအိမ်တွေကို စွန့်မှာ မဟုတ်ဘူး။ သပိတ်တိုက်ပွဲနဲ့ ဝန်ထမ်းCDM ကို ဆင်နွဲနေသ၍ သူတို့လည်း လက်တွဲပြီး ရပ်တည်ပေးနေမှာ ဖြစ်ပါတယ်။ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်ခွဲခြားထားလို့သာ လူထုက အကွဲကွဲအပြားပြား ပြန်လည် ခုခံနေရတာဖြစ်ပေမယ့် စစ်တပ်ဘက်မှာ ရှိတဲ့ စစ်အင်အားဟာ အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ သည်ထက်ပိုပြီး စစ်အင်အားတိုးစရာ မရှိတော့ဘူး။ မြို့ရွာဒေသခံ လူဦးရေအတွက်ကတော့ အခု ခုခံစစ်မှာ မပါဝင်သေားတဲ့ အရွယ်ကောင်း ကျားမတွေ အထောက်အကူပစစည်းတွေ လျော့သွားမှာမဟုတ်ဘဲ တိုးလာဖို့ပဲ ရှိပါတယ်။ မတ် ၂၁ မှာတော့ အားရှိစရာတခုကတော့ မင်းကိုနိုင်က လူထုကို အားပေးတဲ့စာတစောင်ထွက်လာတာ ဖြစ်တယ်။ သူက ပြည်သူလူထုဆီ ခိုလှုံလာတဲ့ စစ်သားတွေ ရဲသားတွေ အများအပြားရှိတယ်။ ပြည်ထောင်စုတပ် တိုင်းရင်းသားတပ်တွေကလည်း လူထုကို ကာကွယ်ပေးမယ်၊ အဲသည် ရက်တွေ နီးလာပြီလို့ ဆိုလိုပါတယ်။ ရခိုင်အရပ်ဖက် အဖွဲ့အစည်း ၁၀၀ နီးပါးလောက်ကလည်း စစ်ကောင်စိကို ဆန့်ကျင်ကြောင်း၊ ဖယ်ဒရယ်ပြည်ထောင်စုအစစ်အမှန်ကိုသာ လိုလားကြောင်း စာထုတ်ပြန်ပါတယ်။ KNU ကလည်း သူတို့နယ်မြေတွေထဲမှာ မအလစစ်တပ်တွေ ရိက္ခာ အင်အား ဖြည့်တင်းဖို့ သွားလာတာကို သီးခံမည် မဟုတ်ဟု ကြေညာပါတယ်။ ကချင်တိုင်းရင်းသားတွေ၏ KPICT အဖွဲ့က ကချင်ဘာသာနဲ့ထုတ်ပြန်ချက်မှာတော့ - ကချင်ပြည်သူတွေကို အခြေခံတယ်၊ ကချင်တွေရဲ့ မူလအခွင့်အရေးအာဏာကို အခြေခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ပြောထားတဲ့အကြောင်း ဘာသာပြန်ကတဆင့် သိရပါတယ်။ ပြည်တွင်း ပြည်ပက ကချင်တိုင်းရင်းသားတွေအားလုံးကို ရည်စူးပြီး ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ မန္တလေးက သပိတ်ခေါင်းဆောင် တေဇာဆန်းကလည်း ဆက်ပြီး တိုက်ပွဲဝင်ဖို့ ပြောကြားရင်းနဲ့ နိုင်ငံရေးသဘောတရားရေးကို ဖြည့်ကြဖို့ အခုလို မှာပါတယ်။ (အရေးတော်ပုံကြီးအတွင်းမှာပဲ လိုအပ်တဲ့ ပြည်သူလူထုကို တတ်စွမ်းသမျှ နိုင်ငံရေးသဘောတရား လက်နက် တပ်ဆင်ဖြည့်ဆည်းပေးပါ။ ဒီတော်လှန်ရေးကြီးရဲ့ အဓိပ္ပာယ်၊ အဘယ့်ကြောင့် အာဏာရှင်ကို တွန်းလှန်အံတုနေကြရတယ်ဆိုတာကို လေးလေးနက်နက် သိရှိနားလည်ပါစေ။ ကျနော်တို့ မျှော်ရည်တဲ့ ဘုံပန်းတိုင်က ဘာလဲ၊ ဘာ့ကြောင့်လိုအပ်တာလဲ စတာတွေ ရှင်းရှင်းလင်းလင်း နားလည်ပါစေ။) အများက CRPH နဲ့ မဟာမိတ်တွေ နက်ဝပ်တွေ တိုင်းရင်းသားတွေ စုပေါင်းဆောင်ရွက်မှုတွေကို ပိုပိုပြီး မျော်ကြပါတယ်။ အဲသည်အချိန်မှာ သပိတ်ကော်မီတီတွေထဲက GSCC က နိုင်ငံရေးလမ်းစဉ်ဆိုတဲ့ အကြံပေးချက် ထုတ်ပြန်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များအပါအဝင် အင်အားစုများနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရထူထောင်ကြဖို့၊ ခြေဥအသစ်၊ ပြည်ထောင်စုအသစ်၊ ပြည်ထောင်စုတပ် ပြင်ဆင်ကြဖို့ တိုက်တွန်းတာပါ။ GSCN ကလည်း ပြည်ထောင်စုသံန္နဌာန် အခြေခံအချက် ၃ ချက် အကြံပြုပါတယ်။ နိုင်ငံသားအခွင့်အရေးနှင့်တာဝန်ကို သတ်မှတ်ခြင်း၊ အာမခံခြင်း၊ ပြည်ထောင်စုဝင်များအဖြစ် ကတိကဝတ်ပြုခြင်း၊ အနာဂတ်ပြည်ထောင်စုထူထောင်ရန် ဘုံသဘောတူညီချက်များ ချမှတ်ခြင်း ဆိုတဲ့ freedom charter ကို ဖော်ဆောင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဝိုင်းစဉ်းစား အကြံပေးကြတာတွေနဲ့ လက်တွေ့ဖော်ဆောင်လာမယ့် ခြေလှမ်းတွေကို စောင့်မျော်ကြရမှာ ဖြစ်ပါတယ်။ (Photo from facebook post, people protest in Yangon's internal streets avoiding main roads) #WhatsHappeningInMyanmar |
နွေဦးတော်လှန်ရေးကဗျာများ အီးဘုတ် - မိုးဦးဆွေညိန်း စီစဉ်ထုတ်ဝေ Posted: 21 Mar 2021 03:45 PM PDT နွေဦးတော်လှန်ရေးကဗျာများ အီးဘုတ် - မိုးဦးဆွေညိန်း စီစဉ်ထုတ်ဝေ (မိုးမခ) မတ် ၂၁၊ ၂၀၂၁ နွေဦးတော်လှန်ရေးကဗျာများ ၊ ကမ္ဘာ့ကဗျာနေ့၊ ၂၀၂၁၊ အမှတ်တရအဖြစ် မိုးဦးဆွေညိန်းက စီစဉ်ထုတ်ဝေပါတယ်။ ခွင့်ပြုချက်ကြိုတင်တောင်းခံနိုင်ခြင်းမရှိဘဲ အမြန်ဆုံး ကဗျာချစ်သူများ တော်လှန်ရေးတိုက်ပွဲဝင်နေသူများအတွက် ခွန်အားတစုံတရာ ထည့်ဝင်ခြင်း ဖြစ်ပါတယ်။ ခွင့်ပြုကြစေလိုပါတယ်။ ဆက်ပြီး နွေဦးတော်လှန်ရေးကဗျာများ ကမ္ဘာ့ကဗျာနေ့၊ ၂၀၂၁ ၁။ သုခမိန်လှိုင် ၂။ မောင်စိန်ဝင်း(ပုတီးကုန်း) ၃။ ဇေယျာလင်း ၄။ အောင်ဝေး ၅။ လင်းသဏ်ညီ ၆။ ကြည်ဇော်အေး ၇။ ညီလင်းနိုင် ၈။ နှင်းခါးမိုး ၉။ အေဖော်ခိုင် ၁၀။ ဗမွန် ၁၁။ ကိုရွေး ၁၂။ မြတ် ၁၃။ မိုးကျော်သူ ၁၄။ ကေဇဝင်း ၁၅။ မင်းနဒီခ ၁၆။ နီဟိန်းမော် ၁၇။ မိုးဝေး ၁၈။ သစ်ကောင်းအိမ် ၁၉။ ဝင်းမြင့် ၂၀။ မိုးဦးဆွေညိန်း နွေဦးတော်လှန်ရေးကဗျာများ ၂၀၂၁ ကမ္ဘာ့ကဗျာနေ့ဟာ ကျနောတို့ရဲ့ မပြီးသေးတဲ့ တော်လှန်ရေးနေ့ရက်များထဲမှာ ကြုံရတာကြောင့် နွေဦးတော် လှန်ရေးကို အကြောင်းပြုထားတဲ့ ကဗျာများကို ဘယ်သူ့ဆီကမှ တောင်းမထားဘဲ လက်လှမ်းမီသ၍ စုစည်းဖြစ်ပါတယ်။ တစ်စုတစ်တည်း ဖတ်ရအောင် PDF ဖိုင် ပြုလုပ်ပြီးတင်ပေးထားပါတယ်။ ပါဝင်သောကဗျာဆရာများနှင့် သရုပ်ဖော်ပုံအဖြစ် သုံးထားတဲ့ ပုံများ၏ မူလပိုငရှင် များကလည်း တော်လှန်ရေးအတွက် နိုင်တဲ့ဘက်က ထည့်ဝင်သယ်ပိုးခြင်းအဖြစ် နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ချွတ်ချော်မှုတစ်စုံတစ်ရာ ရှိခဲ့ရင်လည်း စီစဉ်သူ ကျနော့်ကို ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်အပ်ပါတယ်။ စီစဉ်သူ မိုးဦးဆွေညိန်း မတ် ၂၁၊ ၂၀၂၁။ ဒေါင်းလုပ်လင့် - https://drive.google.com/.../1R0u1GkrNKdpX7RVTGML.../view... |
မိုးမခ- မတ် ၂၁ ရက် ကမ္ဘာ ကဗျာနေ့အထိမ်းအမှတ်(အောင်ဝေး၊ ကိုရွေး၊ ဝင်းမြင့်၊ ခင်လွန်း တို့၏ ကဗျာများ) Posted: 21 Mar 2021 03:48 PM PDT မတ် ၂၁ ရက် ကမ္ဘာ ကဗျာနေ့အထိမ်းအမှတ် အောင်ဝေး၊ ကိုရွေး၊ ဝင်းမြင့်၊ ခင်လွန်း တို့၏ ကဗျာများ ကမ္ဘာ့ ကဗျာနေ့ ၊ မုဆိုးမ နှင့် ကေဇဝင်းနိုင်ငံတော် အောင်ဝေး မု ဆိုး မ ငါတို့ယောကျ်ားတွေက စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးတော့ ငါတို့က လင်သေမုဆိုးမ။ နင်တို့ယောကျ်ား စစ်သားတွေ စစ်အာဏာရှင်က အသက်နုတ်ထားတော့ နင်တို့က လင်မသေမုဆိုးမ။ ။ ဒီနေ့ ကမ္ဘာ့ကဗျာနေ့ (World Poetry day) မှာ မြန်မာ့နွေဦးတော်လှန်ရေး(The Spring Revolution) အတွက် "မုဆိုးမ" ကဗျာကို ထည့်ဝင်ပါတယ်။ နိုင်ငံတော်ဆိုတာ ပြည်သူရဲ့ဒုတိယအမည်နာမ။ ပြည်သူက အာဏာအပ်နှင်းရင် အစိုးရ။ ကဗျာဆရာတွေဟာ အဲဒီ နိုင်ငံတော်အစိုးရကို ရွတ်ဆိုသီကျူးပြနိုင်တဲ့ နောက်ထပ် နိုင်ငံတော်အစိုးရ။ လက်ငင်းမှာ နိုင်ငံတော်ဟာ စစ်ခွေးတွေ ၀ိုင်းဆွဲတာ ခံနေရတယ်။ အစိုးရက အာဏာ အလုခံထားရတယ်။ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေ အသတ်ခံနေရ အဖမ်းခံနေရတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူ ကဗျာဆရာတွေလည်း ပါဝင်တိုက်ခိုက်နေကြတယ်။ စစ်တပ်နဲ့ရဲက ကဗျာဆရာတွေကို သတ်တယ် ဒါပေမဲ့ ကဗျာကိုတော့ သတ်လို့မရဘူး။ စစ်တပ်နဲ့ရဲက ကဗျာဆရာတွေကို ဖမ်းတယ် ဒါပေမဲ့ ကဗျာကိုတော့ ဖမ်းလို့မရဘူး။ ရဲဘော်ကဗျာဆရာအပေါင်းတို့ .... ငါတို့မှာ လက်နက်မရှိ ဆိုပြီး အားမငယ်ပါနဲ့။ ကဗျာဟာ ငါတို့ရဲ့ အထက်မြက်ဆုံးလက်နက်ပဲ။ ကဗျာလက်နက်ကို မြဲမြဲဆုပ်ကိုင်ပြီး စစ်အာဏာရှင်ကို ဆက်တိုက်ကြမယ်။ ကျဆုံးသွားတဲ့ ငါတို့ရဲဘော်ကဗျာဆရာတွေအတွက် ငါတို့ ဆက်တိုက်ကြမယ်။ အဖမ်းခံထားရတဲ့ ငါတို့ရဲဘော်ကဗျာဆရာတွေအတွက် ငါတို့ ဆက်တိုက်ကြမယ်။ နောက်မဆုတ်တမ်း။ အကြမ်းမဖက်တဲ့ အကြမ်းဖက်မှု(Non-violence violence) နဲ့ ငါတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ခုခံရေး မဟာစစ်ပွဲ ဆက် ဆင်နွှဲကြမယ်။ ကဗျာလက်နက်၊ တို့လက်နက်။ အာဏာသိမ်းစစ်အုပ်စု မုချကျရှုံးရမယ်။ ကေဇဝင်းနိုင်ငံတော် အဓွန့်ရှည်ပါစေ။ ကြည်လင်အေးနိုင်ငံတော် အဓန့်ရှည်ပါစေ။ ။ (မတ် ၂၁၊ ၂၀၂၁) .... နွေ_ဦး_ဝတ်_စုံ ကိုရွေး ထူးခြားတဲ့အနံ့အသက်ထဲမှာ ရရာခဲနဲ့ကောက်ထုတယ် ကြုံရာကျည်ဆံနဲ့ကျဆုံးတယ် ကြွေမယ်မှန်းသိလည်း မုန်တိုင်းထဲရဲရဲပွင့်ခဲ့တယ် ဒါဟာ ကြည်လင်တဲ့မနက်ဖြန်အတွက်ပဲ တန်ဖိုးကြီးတဲ့ ဒီသင်ခန်းစာမှာ ကျည်ဆံကို ဘယ်လိပ်စာပေးရမလဲ နွေဦးကို ဘယ်ဝတ်စုံနဲ့ ကြိုမလဲ ငါတို့ရခဲ့ပြီ ဒီနွေဦးမှာ ဘယ်သီချင်းကိုဆိုမလဲ ဘယ်ကဗျာကိုရေးမလဲ ငါတို့ ရခဲ့ပြီ ကျောက်ဆောင်ကိုလှိုင်းတလုံးတည်းကဖြိုခဲ့တာမဟုတ်ဘူး နံရံကို အုတ်တချပ်တည်းနဲ့တည်ဆာက်ခဲ့တာမဟုတ်ဘူး ငါတို့ရခဲ့ပြီ ကဗျာဟာနွေဦးတောင်ကုန်းကိုသိမ်းပြီး အလံနက်ကိုလွှင့်လိုက်ပြီ သွေးတန်းဟာ ပြည်သူတားထားတဲ့စည်းပဲ ဆုပ်ထားတဲ့လက်သီးထဲမှာ မျက်ရည်ဟာခဲနေတယ် ငါတို့ နောက်မဆုတ်တော့ဘူး။ ကိုရွေး 21 mar 2021 #ကမ္ဘာ့ကဗျာနေ့ ၂၀၂၁ .... ကမ္ဘာကဗျာနေ့ ဝင်းမြင့် စကားလုံးတွ စာရွက်ပေါ ်ရောက်မလာသေးသလို ။ ကဗျာတွေ ကမ္ဘာထဲ လွှင့်မတင်နိုင်သေးတဲ့နေ့တနေ့ပါပဲ ။ ပြောမထွက်သေးတဲ့အိပ်မက်တွေက ပြေးမထွက်သေးတဲ့အရိပ်မည်းတွေကြားမှာ ။ ။ ၂၁ ၃ ၂၀၂၁ ... တံခါးဖွင့်ကြည့် ကမ္ဘာကြီး ခင်လွန်း ကဗျာဟာ ကမ္ဘာမှာ သူပိုင်တဲ့ နေ့တရက်ရှိတယ် ကမ္ဘာကြီးရဲ့ကဗျာနေ့ဟာ ငါတို့အတွက်တော့ နွေဦးတော်လှန်ရေးတွေချည်းဖြစ်တော့တာပဲ ကမ္ဘာကြီးရေ ကမ္ဘာ့ကဗျာထုကြီးရေ အသံကိုနားစွင့်လို့ အပြင်ကိုလှမ်းကြည့်ဖို့ တံခါးတွေဖွင့်လိုက်စမ်းပါ ဆရာကြည်အောင်ရဲ့ခါငှက်လေးတကောင် ဆူးချွန်တွေတမြမြနဲ့ခံပင်ပေါ်က နွေဦးသီချင်းတပုဒ်ဆိုနေတယ် နားစွင့်လော့ ကမ္ဘာမကြေဘူး ... ကမ္ဘာမကြေဘူး .... ကမ္ဘာမကြေဘူး ... ... မတ် ၂၁ ရက် ကမ္ဘာ ကဗျာနေ့အထိမ်းအမှတ် ရေးဖွဲ့ကြတဲ့ ဆရာများ၏ကဗျာများကို ဖေ့ဘုတ်စာမျက်နှာများမှတဆင့် ကူးယူဖော်ပြပါသည် |
မောင်ရစ် - နွေဦးတော်လှန်ရေးမှသည် ပြည်ထောင်စုအရေးတော်ပုံကြီး ဆီသို့ Posted: 21 Mar 2021 02:00 AM PDT မောင်ရစ် - နွေဦးတော်လှန်ရေးမှသည် ပြည်ထောင်စုအရေးတော်ပုံကြီး ဆီသို့(မိုးမခ) မတ် ၂၁၊ ၂၀၂၁ရန်ကုန်၊ မန္တလေး၊ မုံရွာကစလို့ မြန်မာပြည်ကြီးရဲ့ မြို့ကြီးတွေမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်တွေက အပြစ်မဲ့ အရပ်သားတွေ ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ချေမှုန်းနေဆဲ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့လူတဦးဟာ နောက်တနေ့မှာ အလောင်းပဲ ပြန်ရတော့တယ်ဆိုရင် အကြမ်းဖက် ဖက်ဆစ်တပ်ရဲ့ ကြမ်းကြုတ်ယုတ်မာရိုင်းစိုင်းမှုဟာ ကမ်းကုန်သွားပြီ ဖြစ်တယ်။ ဒီကနေ့ ဒေါက်တာဆာဆာက အမေရိကန်က Virtual Protest လုပ်နေတဲ့ Gen Z တွေ၏ Zoom Townhall ကို တက်ရောက်တယ်။ သူက တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ကြပါလို့ ပြောတယ်။ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း မိမိတို့ တိုင်းရင်းသားတွေ အချင်းချင်း ဆက်ပြီး ကူညီရိုင်းပင်းကြဖို့ တိုက်တွန်းသွားတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကြိး ထူထောင်ဖို့ ဖယ်ဒရယ်တပ်မတော်ကြီးပေါ်ထွန်းဖို့ဟာ လက်တွေ့ကျတဲ့အရေးတော်ပုံဖြစ်နေပြီ၊ လူတွေအားလုံး တိုင်းရင်းသားတွေ အားလုံးက သဘောပေါက် ယုံကြည်သွားကြပြီလို့ သဘောထားပေးသွားပါတယ်။ အဲသည်မှာ လူငယ်မျိုးဆက်သစ်တွေက သူတို့တိုင်းရင်းသားအလိုက် ကိုယ်စားပြုပြီး သူတို့သဘောထားတွေ နွေဦးတော်လှန်ရေးကို ထောက်ခံမှုတွေ အားပေးကူညီနေမှုတွေကို ပြသသွားကြတယ်။ အလွန်လေးစားစရာ ကောင်းလှပါတယ်။ ကျနော်တို့ ဗမာတွေကလည်း (ပြည်မကြိးက မြန်မာတွေအားလုံး) ကလည်း တိုင်းရင်းသားဒေသတွေ နယ်စပ်ဒေသတွေမှာ စစ်တပ်က အနှစ် ၇၀ လုံးလုံး ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ် ယုတ်မာရိုင်းစိုင်းခဲ့သလဲဆိုတာ နွေဦးတော်လှန်ရေးကို နင်းခြေစော်ကားဖို့ ကြိုးစားနေတဲ့ ဖက်ဆစ်တပ်တွေကိုကြည့်ပြီးတော့ ကောင်းကောင်းကြိး သဘောပေါက်နေပြီ။ ကျနော်တို့မှာ ပြန်လှည့်စရာ လမ်းမရှိတော့ဘူး။ နောက်ပြန်ဆုတ်ရင် ကျနော်တို့အားလုံး မျိုးဆက်အဆင့်ဆင့် စစ်ကျွန်သဘောက်ဘ၀အောက်မှာ ခွေးလောက်တောင်မှ တန်ဖိုးမရှိ ငရဲခံကြရတော့မှာ သေချာတယ်။ ကျနော်တို့ ရှေ့တက်ပြီး ပြည်ထောင်စုကြိး ဖယ်ဒရယ်ပြည်ထောင်စုကြီး အပြိးတိုင် ထူထောင်မှ ရတော့မယ်။ မနေ့က ကချင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - Kachin Political Interim Coordination Team (KPICT) က ကြေညာချက်တခု ကချင်ဘာသာနဲ့ ထွက်တယ်။ သူတို့ကချင်နက်ဝပ်က CRPH နဲ့ ဆွေးနွေးပြီး နားလည်မှုတည်ဆောက်ပြိးပြီ။ သည်တော့ ကျနော်တို့ တိုင်းရင်းသားတွေ မြန်မာတွေလည်း အတုယူဖို့ ဝိုင်းဝန်းလက်တွဲဖို့ လိုတာပေါ့။ အဲဒါကို ဘာဆိုလိုတာလဲလို့ ကျနော့်မှာ လိုက်မေးရတယ်။ ကျနော့်မှာ တိုင်းရင်းသားသူငယ်ချင်း မိတ်ဆွေတွေ ရှိသလား မရှိဘူးလား ဆိုတာ သည်အချိန်မှာ သိသာလိုက်တာ။ မျက်နှာတောင်ငယ်သွားတယ်။ နောက်ဆုံးတော့ ကျနော်တို့မိုးမခမှာ စာရေးတဲ့ဝိုင်းတော်သား Send Bru က စာပြန်တယ်။ တော်သေးတာပေါ့။ အဲသည် KPICT က ကချင်ပြည်သူတွေကို အခြေခံတယ်၊ ကချင်တွေရဲ့ မူလအခွင့်အရေးအာဏာကို အခြေခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ပြောထားတဲ့အကြောင်း သူက ဘာသာပြန်ပေးပါတယ်။ ပြည်တွင်း ပြည်ပက ကချင်တိုင်းရင်းသားတွေအားလုံးကို ရည်စူးပြီး ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ ဝမ်းသာစရာပါ။ တိုင်းရင်းသားတွေဟာ ဖယ်ဒရယ်ပြည်ထောင်စုလို့ ဆိုလိုက်တာနဲ့ သူတို့ကံကြမ္မာ သူတို့ဖာသာဖန်တီးမယ်လို့ ယုံကြည်မျော်လင့်ချက်တွေ တိုးထွက်လာတယ်။ မြင့်မားလာတယ်။ သူတို့မြစ်ကြိးနားမှာ ဖက်ဆစ်သောင်းကျန်းသူတွေ (ဒါ မအလစစ်ကောင်စီကို ခေါ်ရမယ့်အမည်၊ သူပုန်မဟုတ်၊ သောင်းကျန်းသူတွေ) ညတိုင်း လှည့်နေတယ်။ မအလသောင်းကျန်းသူတွေက ညဖက်မီးလိုက်ရှို့နေတယ်။ မိုးကောင်းမှာ အိမ်ထဲထိ သေနတ်နဲ့ လိုက်ပစ်တာတွေ ရှိတယ်။ စီဒီအမ်ဝန်ထမ်းတွေကို အိမ်ယာတွေကနေ မောင်းချနေကြတယ်။ လူငယ်တွေထဲက တချို့ဟာ မအလသောင်းကျန်းသူတွေကို ခုခံကာကွယ်ဖို့ ကေအိုင်အေဆီကို ချီတက်သွားကြတယ် တဲ့။ ရန်ကုန်နဲ့ မြစ်ကြိးနား၊ မိုးကောင်းဟာ ဖက်ဆစ်လက်အောက်မှာ ဘ၀တူတွေချည်းပဲ။ ကျနော်တို့ ဖယ်ဒရယ်ပြည်ထောင်စုကြီးဆီ အရောက်ချီတက်မှ ဖက်ဆစ်ရန်က လွတ်မယ်။ အားလုံး ငြိမ်းချမ်းမယ်။ ဒါနဲ့ ကျနော် ကရင်တိုင်းရင်းသားမိတ်ဆွေဆီ ဖုန်းဆက်ရတယ်။ သူတို့က ကျနော်တို့ပြည်တွင်းကလူတွေ မအလသောင်းကျန်းသူတွေက မြေလှန်ပြိး လိုက်ဖမ်းတော့ သူတို့ဆီကို လာခဲ့ဖို့ အကာအကွယ်ပေးမယ် စောင့်ရှောက်ထားမယ်ဆိုပြီး လက်ကမ်းကြိုဆိုကြသူတွေပါ။ ရန်ကုန်မြို့ထဲမှာ ခိုကိုးရာမဲ့ဖြစ်နေချိန်မှာ ဟိုးကရင်ပြည်နယ် တောင်တန်းတွေက ကရင်တိုင်းရင်းသားတွေက သူတို့ဆီလာနေဖို့ သူတို့ တံခါးတွေ အိမ်တွေ ကျေးလက်တွေကို ဖွင့်ပေးကြတယ်။ အဲသည်လိုဖွင့်ပေးလို့ မအလသောင်းကျန်းသူတွေက လက်နက်ကြီးတွေနဲ့ ပစ် ၊ စစ်တွေ လိုက်ထိုး လုပ်ခံရတာကို အသက်စွန့် ရပ်ရွာဒေသတွေ အနစ်နာခံပြီး ကရင်တိုင်းရင်းသားတွေက လုပ်ပေးကြတာကို ကျနော်တို့က ကျေးဇူးတင်ရပါတယ်။ သူတို့ ကရင်ပြည်နယ်ကြီး လွတ်မြောက်သော ပြည်ထောင်စုကြီးထဲမှာ ထူထောင်နိုင်ဖို့ ကျနော်တို့ ဝန်းရံကြမှာပေါ့။ ကျနော်တို့ ကရင်မိတ်ဆွေတွေကို ကချင်နက်ဝပ်တွေလိုပဲ အားလုံးဝိုင်းကူညီလက်တွဲကြဖို့ ကရင်နက်ဝပ်တွေ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ အမြန်ဖော်ဆောင်ကြဖို့ တိုက်တွန်းရပါတယ်။ အဲသည်မှာ သတိရလို့ ဖြည့်ပြောရရင် ဆန်ဖရန်တရုတ်ကောင်စီဝန်ရုံးရှေ့မှာ ကရင်တိုင်းရင်းသားတဦးကပြောပါတယ်။ ကျနော်တို့ ကရင်တွေက လူကြီး လူငယ် ငယ်စဉ်ကြိးလိုက် ရိုသေတဲ့ အချင်းချင်း တန်းတူညီတူဆက်ဆံတဲ့ ရိုးရာပဲ ရှိပါတယ် တဲ့။ ကရင်တွေရာဇဝင်မှာ ပဒေသရာဇ်စနစ်ဆိုတာ မရှိခဲ့ပါဘူးတဲ့။ ဒီစကားလေးကလည်း ချစ်စရာပါ။ သည်လိုပဲ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင်၊ ၀၊ ပအိုဝ့်၊ ပလောင်၊ ကယန်း၊ ကရင်နီ၊ ၀၊ ကိုးကန့် အို… မြန်မာတိုင်းရင်းသားတွေအားလုံးနဲ့ ဖက်ဆစ်အာဏာရှင်စနစ်က လွတ်မြောက်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ဆိုတာ အခုကို လိုအပ်နေပြီ။ ကျနော်တို့ နှစ်ပေါင်း ၇၀ လောက်ကို နောက်ကျနေပြီ။ အမြန်ဆုံး ဒီအချိန်မှာ လုပ်ကြရပါမယ်။ ကျနော်ကတော့ တိုက်တွန်း နှိုးဆော်ပါတယ်။ မိတ်ဆွေတွေကိုလည်း လက်တွဲပါတယ်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား အားရပါးရ ယုံယုံကြည်ကြည် တိုင်းရင်းသားတွေ မြန်မာတွေ အားလုံး ချိတ်ဆက်ကြပါ။ တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက် ဝန်းရံပေးကြပါ။ CRPH ကိုလည်း Support Team တွေ ကိုယ်ထူကိုယ်ထ ထူထောင်ကြ။ ပြီးတော့ Fedral Union ဖြစ်ပေါ်ဖို့ တိုင်းရင်းသားကွန်မြူနီတီတွေကိုလည်း ဖိတ်ခေါ်ကြ။ သူတို့နဲ့လည်း Fedral Union Support Team တွေ ထူထောင်ကြပါ။ မွန်တိုင်းရင်းသား မင်းကိုနိုင်ကပြောထားတယ်လေ။ တွဲတိုင်းမှာ စက်ခေါင်းတွေပါတယ်။ အားလုံး အတူတူ တစုတည်း ချီတက်ကြရမယ်။ ပြည်ထောင်စုအရေးတော်ပုံ - အောင်ရမည်။ အောင်ကို အောင်ရမည်။ (မောင်ရစ်) #MoeMaKaMedia #WhatsHappeningInMyanmar |
GSCC အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက နိုင်ငံရေးလုပ်ငန်းစဉ် တင်ပြ Posted: 21 Mar 2021 12:48 AM PDT GSCC အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက နိုင်ငံရေးလုပ်ငန်းစဉ် တင်ပြ(မိုးမခ) မတ် ၂၁၊ ၂၀၂၁၂၀၂၁ ဖေဖော်ဝါရီ နွေဦးတော်လှန်ရေးအတွင်း သပိတ်အဖွဲ့များနဲ့ ချိတ်ဆက်ထားသည့် အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မီတီက စာအမှတ် ၁၁၊ (မတ် ၂၁) ထုတ်ပြန်ချက်အရ - (၁) ၂၀၂၀ ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံရေးအင်အားစုများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံး ဖွဲ့စည်းရန်၊ (၂) ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေအမြန်ဆုံးရေးဆွဲရန်၊ အရေးတော်ပုံ တိုက်ပွဲကို ဦးဆောင်ရန်၊ (၃) ဖယ်ဒရယ်တပ်မတော် အမြန်ဆုံးထူထောင်၍ အောင်ပွဲရသည်အထိ ဆောင်ရွက်ရန် တိုက်တွန်းထားသည်။ လက်ရှိအခြေအနေတွင် CRPH ဥိးဆောင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ယာယီဒုသမ္မတ၊ ယာယီဝန်ကြီးများ၊ နိုင်ငံတကာ သံကိုယ်စားလှယ်များနှင့် လည်ပတ်နေပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသိးနှင့်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ညှိနှို်င်းမှုများလည်း ရှိသည်။ လက်ရှိတွင် ဖယ်ဒရယ်ပြည်ထောင်စုဆိုင်ရာအကောင်အထည်ဖော်ဆောင်မှုများအတွက် ၈၀% ပြီးစီးနေပြီဖြစ်ကြောင်း CRPH၏ ယာယီနိုင်ငံခြားရေးဝန်ကြိး ဒေါ်ဇင်မာအောင်က သတင်းဌာနအင်တာဗျူးတခုတွင် ဖြေကြားခဲ့သည်။ အခု ထုတ်ပြန်သော GSCC၏ ထုတ်ပြန်ချက်မှာ CRPH ကို ပြတ်ပြတ်သားသား မြန်မြန်ဆန်ဆန်ဖြင့် ရှေ့က ဦးဆောင်ရန် တိုက်တွန်း ထောက်ခံထားသော သဘောဆောင်သည်ဟု ဆိုနိုင်သည်။ မတ်လ ၅ ရက်နေ့က CRPH ၏ နိုင်ငံရေးရည်မှန်းချက်ထွက်လာပြီးနောက်တွင် ပြည်ထောင်စုတွင်းရှိ အင်အားစုအားလုံးလွှမ်းချုံသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးသည် အားလုံးအရေးအဖြစ် တော်လှန်ရေးလှိုင်းတဆင့်မြင့်တက်ခဲ့ပြီ ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရတရပ်၏ တာဝန်ယူမှု ဦးဆောင်မှု၊ ထို့နောက် ဖယ်ဒရယ်အခြေခံဥပဒေ၊ ဖယ်ဒရယ်တပ်မတော်များ ဖြင့် ပြည်ထောင်စုထူထောင်ရန်အတွက် ဆက်ချီတက်ကြရန်ကို မီးမောင်းထိုးပြလိုက်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်သည်။ မြန်မာ့နွေဦး လူထုအရေးတော်ပုံ နိုင်ငံရေးလုပ်ငန်းစဉ် တင်ပြချက် စာအမှတ်။ ။ ၀၁၁/၂၀၂၁ ရက်စွဲ။ ။ ၂၁-၃-၂၀၂၁ ၁။ အကြမ်းမဖက် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြခြင်းဖြင့် အာဇာနည်ပြည်သူအပေါင်း ရာချီ အသက်စတေးခဲ့ပြီး၊ ထောင်ချီ ဖမ်းဆီးခံခဲ့ရပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် အတိုင်းအထက်အလွန် တာဝန်ကျေပွန်စွာ တိုက်ပွဲဝင်ခဲ့ကြသည် မှာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွင် ကမ္ဗည်းမော်ကွန်း ရေးထိုး မှတ်တမ်းတင်လိုက်နိုင်ပြီဖြစ်သည်။ ၂။ လူထုအရေးတော်ပုံကြီးကို ပြည်သူတို့၏ပုံသဏ္ဍာန်မျိုးစုံအထွေထွေသပိတ်တိုက်ပွဲများ၊ ဝန်ထမ်းများ၏ CDM တိုက်ပွဲများ၊ CRPH အပါဝင် နိုင်ငံရေးအင်အားစုများ၏ နိုင်ငံရေးမျက်နှာစာလှုပ်ရှားမှုများ၊ သံတမန်ရေးမျက်နှာစာလှုပ်ရှားမှုများ နှင့် တော်လှန်ရေးလက်နက်ကိုင်အင်အားစုတချို့၏ စစ်ရေးတိုက်ပွဲများဖြင့် ပါဝင်ဆင်နွှဲနေကြသည်။ ၃။ စစ်အုပ်စုသည် ပြည်သူလူထုအပေါ် အလွန်တရာရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်သတ်ဖြတ်သည့်လမ်းကြောင်း ကို ပြန်လမ်းမရှိ ရွေးချယ်လိုက်ပြီဖြစ်သည်။ အကြမ်းဖက်ဖိနှိပ်မှုများကြားတွင် ဝန်ထမ်းများ၏ CDM တိုက်ပွဲများ၊ ပြည်သူ တို့၏ အထွေထွေသပိတ်တိုက်ပွဲများသည် ပုံစံမျိုးစုံဖြင့် ဆက်လက်လှုပ်ရှားနေမည်ဖြစ်သော်လည်း၊ ယနေ့အခြေအနေ တွင် နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးဦးဆောင်မှု၏ နိုင်ငံရေးလုပ်ငန်းစဉ်သည် လူထုအရေးတော်ပုံကြီး၏ အဓိက တိုက်ပွဲလမ်းကြောင်း ဖြစ်လာသည်။ ၄။ ထို့ကြောင့် ယနေ့ မြန်မာ့နွေဦး လူထုအရေးတော်ပုံကြီး အောင်ပွဲရသည်အထိ လျှောက်လှမ်းနိုင်ရန် သပိတ်တိုက်ပွဲများကို အခြေခံ၊ သံတမန်ရေးတိုက်ပွဲကို အရံထားပြီး၊ ပြည်တွင်းတိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အောင်ပွဲရသည်အထိ ညီညီညွတ် ညွတ် ဟန်ချက်ညီလှုပ်ရှားနိုင်ရေးအတွက် ဖော်ပြပါ နိုင်ငံရေးလုပ်ငန်းစဉ်ကို အကြံပြုတင်ပြပါသည်။ (က) ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူက ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကို အခြေခံလျက်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ ပါဝင်သော အမျိုးသားညီညွတ် ရေးအစိုးရ အမြန်ဆုံး ဖွဲ့စည်းရန်။ (ခ) အမျိုးသားညီညွတ်ရေးအစိုးရက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးရေးဆွဲရန် နှင့် လူထုအရေးတော်ပုံကြီး၏ နည်းသဏ္ဍာန်ပေါင်းစုံဖြင့် တိုက်ပွဲလမ်းကြောင်းကို တာဝန်ယူ ဦးဆောင်ရန်။ (ဂ) အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်မှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အမြန်ဆုံးတည်ထောင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အောင်ပွဲရယူရန်။ စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းရမည်၊ လူထုအရေးတော်ပုံ မုချ အောင်ရမည်။ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ #MoeMaKaMedia #WhatsHappeningInMyanmar |