1st NOV - MoeMaKa Daily

3 views
Skip to first unread message

Maung Yit

unread,
Nov 1, 2012, 12:47:42 AM11/1/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
http://www.scribd.com/doc/111752490/mmk-01112012
Download the e-newsletter from here

ကြံ့ဖွံ့အစိုးရ သမ္မတရုံးက အကြမ်းဖက်သည့် ဘက်၂ဘက်ရှိကြောင်း ထုတ်ပြန်၊
ဘင်ဂါလီတို့ဘက်က မီးစတင်ရှို့ခဲ့သည်ဟု ၀န်ခံကြောင်း Coral သတင်းက ရေးခဲ့
မိုးမခသတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၁၊ ၂၀၁၂
          အောက်တိုဘာ ၃၁ နေ့စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံတော်၊ သမ္မတရုံး ထုတ်ပြန်ချက် ၂/၂၀၁၂ တွင် ရခိုင်ဒေသအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၎င်းတို့သဘောထားကို ထုတ်ပြန်ရာတွင် အောက်ပါအတိုင်း "တဖက်အဖွဲ့အစည်း၏ ပြင်ဆင်မှုများ၊ လှုပ်ရှားမှုများ" အပြင် "နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ" ပါဝင်ပတ်သက်နေသည်ဟု ရေးသားထားသည်ကို အောက်ပါအတိုင်း တွေ့ရသည်။ တိကျ ရှင်းလင်းသော သတင်းထုတ်ပြန်ချက်တခု မဟုတ်သည်ကို တွေ့ရသည်။
" …ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။ …"
တဆက်တည်း အခြားသတင်းကောက်နုတ်ချက်တခုကို ဖော်ပြရာသော Coral Arrakan News Agency က "မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ" ကြောင်း ဒေသတွင်းဆိုင်ရာ အကြမ်းဖက်မှုများ အစကို ဖော်ထုတ်ထားသည်ကို တွေ့ရသည်။ အောက်ပါအတိုင်း ရေးသားထားသည်။
၃၀၊ အောက်တိုဘာ၊ ၂၀၁၂၊ Coral Arakan News (သတင်း)
သောင်းကြွယ်ရေးသည်
မြေပုံမြို့ဘင်္ဂလီခေါင်းဆောင်တို့က ယနေ့နံနက်၈နာရီခွဲခန့်က မြို့မိမြို့ဘများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက်ခိုက်မှုကို မိမိတို့စတင်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။
မြို့မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဘင်္ဂလီလူမျိုးခေါင်းဆောင်များဖြစ်ကြသော (၁)စံ သိန်း (၂)ကျော်သိန်း (၃)တင်ရွှေ (၄)အောင်လွင် (၅)ဘကျော်တို့နှင့် တွေ့ဆုံစဉ် ထိုသို့ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်းကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊ မြေပုံမြို့ရှိ ရခိုင်ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲသူတဦးက
Coral Arakan အားပြောကြားခဲ့သည်။ ဘင်္ဂလီခေါင်းဆောင်တွေက “ကျွန်တော်တို့တားခဲပါသေးတယ်” ဟုပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။
(၂၅အောက်တိုဘာ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော်၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် ယင်းနေရာနှင့် အလှမ်းဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုပေါင်း ၄၄စု (ကျား၁၂၀၊ မ ၁၄၇)ရှိခဲ့သည်။
Posted by MoeMaKa at 5:22 PM 0 comments  

Thiri Mingalar Monastery celebrates Thadingyut Festival in Portland


 သြရီဂွန်၊ ပေါ့လန်၊ သီရိမင်္ဂလာကျောင်း သီတင်းကျွတ်မီးထွန်း
မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၃၁၊ ၂၀၁၂
အမေရိကန်အနောက်မြောက်ပိုင်း၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့မှာရှိတဲ့ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်း မှာ  အောက်တိုဘာလ  ၃၀ ရက်၊ ၁၃၇၄-ခု၊ သီတင်းကျွတ်လပြည့်နေ့ ညချမ်း (၈)နာရီအချိန်မှာ အဘိဓမ္မာအခါတော်နေ့အထိမ်း အမှတ်ပွဲတော်ကို ဘာသာ သာသနာ ချစ်မြတ်နိုးကြတဲ့ မြန်မာမိသားစုများ က အော်ရီဂွန်ရဲ့ ဆောင်းဦး အအေးဒဏ်ကိုကျော်ခိုင်းကာ မိုးဖွဲလေးများကျနေသော်လည်း စည်စည်ကားကား ကိုယ် စိတ်နှစ်ဖြာညီညွတ်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဝါတွင်းသုံးလ အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားတဲ့ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အောက်မေ့နိုင် အမှတ်ရစေနိုင်ဖို့ အဘိဓမ္မာအမေး အဖြေကို မထွေးထွေးဝင်းနဲ့ မသက်မာတို့က အသီးသီး မေး ဖြေကြပြီး၊ ဆရာတော်အထံမှ သရဏဂုံ ငါးပါးသီလ ဆောက်တည်ကာ အဘိဓမ္မာပဋ္ဌာန်းဒေသနာတော်တို့ကို စုပေါင်းရွတ်ဆိုပူဇော်ကြပါတယ်။ ဘုရားရှင်အား ပန်းမျိုးစုံ၊ ဆီမီးစသည်တို့ဖြင့်စုပေါင်းပူဇော်ပါတယ်၊။ ဓမ္မမိတ်ဆွေတို့အား မောင်ဇော်ဝင်းကအထူးစပါယ်ရှယ် ကြေးအိုးဖြင့်ဒါနပြုပါသည်။
ဓာတ်ပုံမှတ်တမ်းကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။


Posted by MoeMaKa at 3:54 PM 0 comments  

Introducing "Than Lwin Dream"


မြန်မာလူငယ်တွေဖန်တီးတဲ့ သံလွင်မီဒီယာ - မိတ်ဆက်
မိုးမခ၊ အောက်တိုဘာ ၃၁၊ ၂၀၁၂
လွန်ခဲ့တဲ့ ၁၀ ကျော်တုန်းက
မြန်မာအင်တာနက်ခေတ်မှာ လူငယ်တွေ စတင်တဲ့ ဘလောဂ့်၊ ၀က်ဆိုက်၊ အီးမေးအဖွဲ့တွေ ၁၉၉၉ နောက်ပိုင်းမှာ ပြည်ပတွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲသည်မှာ ထိုင်းနဲ့ စင်္ကာပူက ကျောင်းသားတွေ၊ လူငယ်တွေ ဖန်တီးတဲ့ အင်တာနက်စာမျက်နှာတွေ ထင်ရှားပါတယ်။ AIT ကျောင်းသားများ၊ NUS, NTU က ကျောင်းသားတွေ တင်ဆက်တဲ့ Yahoo & Geocities အီးမေးဂရုပ်တွေ၊ ၀က်ဆိုက်တွေကို အမှတ်ရကြဦးမယ် ထင်ပါတယ်။
သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း မြန်မာပြည်တွင်းမှာ အစိုးရထိန်းချုပ်တဲ့ အီးမေးစနစ် လူထုကြားထဲ ရောက်လာပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းနဲ့ အင်တာနက်ထိတွေ့မှု အရှိန်စတင်တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၀၂ နှစ်ဆန်းက စပြီး မြန်မာပြည်မှာ အင်တာနက်ဝန်ဆောင်မှုတွေ စတင်ခဲ့ရာက အာဏာပိုင်များ၊ လုပ်ငန်းရှင်များ၊ ပြည်ပကုမ္ပဏီများ စတဲ့ ကန့်သတ်ထားသောအသိုင်းအ၀ိုင်းကနေ ပြည်တွင်း အလွှာအသီးသီးကို အင်တာနက်ထိတွေ့မှု ပြန့်နှံ့လာခဲ့ပါတယ်။
စစ်အစိုးရနဲ့ အပေါင်းအပါများရဲ့  ၂၀၀၃ မေလ ဒီပဲယင်းအရေးအခင်းနဲ့ အင်န်အယ်ဒီပါတီဝင်များနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့  လုပ်ကြံမှုကြီးနောက်ပိုင်း အင်တာနက်ဆက်သွယ်ရေးဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ လူထုနိုးကြားမှုဆီကို ဦးလှည့်လာခဲ့ပါတယ်။ အဲသည်အချိန်ကစလို့ ပြည်တွင်း၊ ပြည်ပမှာ အီးမေးအဖွဲ့များ၊ အင်တာနက်စာမျက်နှာများ၊ အများအပြား ပေါ်ထွန်းလာပြီး အင်တာနက်ပေါ်က အမည်မခံဘဲ လျို့ဝှက်နိုးကြားတဲ့ မြန်မာ့အရေးလှုပ်ရှားမှုများကနေ လူကိုယ်တိုင် အမည်ခံပြီး ဖြစ်စေ၊ ဒေသနဲ့ ကျောင်းအမည်တွေ ထုတ်ဖော်ပြီးဖြစ်စေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြပါတယ်။
သံလွင်အိပ်မက်နဲ့ မီဒီယာရဲ့ အစ
          အဲသည်လို အင်တာနက်နဲ့ လူငယ်တွေရဲ့ လွတ်လပ်တဲ့ နိုးကြားမှု၊ လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ လှုပ်ရှားမှုကို ပြောရမယ်ဆိုရင် သံလွင်မီဒီယာကို ကောက်နုတ်ပြရမယ် ဖြစ်ပါတယ်။ ဟိုးတုန်းကတည်းက စတင်ခဲ့ပြီး ယခုချိန်ထိလည်း ဆက်လက်တည်ရှိနေသေးတာကလည်း အဓိကအချက်တခု ဖြစ်ပါတယ်။
          သူတို့ရဲ့ သံလွင်အိပ်မက်အကြောင်းကို သည်လို ရေးသားထားပါတယ်။
" …သံလွင် ဟု အတိုကောက် ခေါ်ဝေါ်ကြသော သံလွင်မီဒီယာကို ၂၀၀၄ ခုနှစ် သြဂုတ်လတွင် စာပေဝါသနာရှင် လူငယ်တစ်စုမှ စတင်ဖန်တီးခဲ့ကြပါသည်။ သံလွင်မီဒီယာ၏ သင်္ကေတ (Logo) မှာ အနက်ရောင် မြန်မာနိုင်ငံမြေပုံတွင် သံလွင်မြစ်ကို ထင်ရှားစွာ ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ပါသည်။ wwww.thanlwin.com တွင် အခြေပြုသည့် သံလွင်မီဒီယာသည် လက်ရှိအချိန်အထိ အင်တာနက်တွင် ဖတ်ရှုနိုင်သည့် Online Media အဖြစ်သာ တည်ရှိနေသော်လည်း အနာဂတ်ကာလတွင် ပိုမိုကျယ်ပြန့်၍ ပြည်သူကို အကျိုးပြုနိုင်သော မီဒီယာတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်ပါသည်။ …"
သံလွင်အိပ်မက် ဖြတ်သန်းမှု ကောက်နုတ်ချက်များ
သံလွင်အိပ်မက်
          သံလွင်မီဒီယာနှင့်အတူ ပေါက်ဖွားလာသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို မြန်မာတို့အတွက် လိုအပ်လျက်ရှိသည့် e-zine ခေါ် အင်တာနက်ပေါ်တွင် ဖတ်ရှုနိုင်သည့် မဂ္ဂဇင်းအဖြစ် စီစဉ်ခဲ့ပါသည်။ ပုံနှိပ်မဂ္ဂဇင်းတစ်စောင် မဟုတ်သော်လည်း မဂ္ဂဇင်းတစ်စောင်တွင် ပါဝင်သင့်သော ကဏ္ဍများ စုံလင်စွာပါဝင်နိုင်ရန် အထူးပင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သံလွင်အိပ်မက်နှင့် ဝိုင်းတော်သား အယ်ဒီတာများ၏ ရည်ရွယ်ချက်များမှာ -
(၁) သုတ၊ရသ အဖုံဖုံပေးစွမ်းနိုင်သည့် စာပေဖန်တီးသူများအား မြေတောင်မြှောက်ပံ့ပိုးရန်
(၂) အဆိပ်အတောက်ကင်းသော စာပေများကို စုစည်း၍ စာဖတ်သူများထံ မျှဝေရန်
(၃) တိုင်းပြည်နှင့် လူမျိုးအကျိုးကို မီဒီယာ၊ မဂ္ဂဇင်းတစ်ခုအနေဖြင့် တာဝန်ကျေစွာ သယ်ပိုးဆောင်ရွက်သွားရန် တို့ဖြစ်ပါသည်။
၂၀၀၅ ခုနှစ်နောက်ပိုင်း သံလွင်အိပ်မက်ကို လူသိများလာပြီးနောက် အင်တာနက်ပေါ်တွင် စာရေးသူ၊ စာချစ်သူများအကြား ဆုံစည်းရာ၊ လက်ရည်သွေးရာ၊ ခံစားချက်များ ဖလှယ်ရာ အင်တာနက် စာမျက်နှာတစ်ခုအဖြစ် ရပ်တည်လာသည်မှာ ယခု ၂၀၁၂ ခုနှစ်တွင် ၈ နှစ်တိုင်ပြီဖြစ်ပါသည်။ ထို ၈ နှစ်တာဖြတ်သန်းခဲ့သော သံလွင်အိပ်မက် သမိုင်းကြောင်းကို အောက်ပါအတိုင်းမှတ်တမ်း တင်အပ်ပါသည်။
၂၀၀၄
ညီညီ(သံလွင်)၊ စည်သူ(သံလွင်) နှင့် ကိုဇေ(သံလွင်) တို့မှ ဦးစီး၍ သြဂုတ်လတွင် ပထမဆုံး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို စီစဉ်ဖြန့်ချီခဲ့သည်။ ၄ လ တစ်ကြိမ်ထုတ်ဝေရန် သဘောတူခဲ့ကြသည်။
၂၀၀၅
ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ကိုဇေ(သံလွင်) အနားယူခဲ့ပြီး နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။ စည်သူ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ယူခဲ့သည်။
၂၀၀၆
အယ်ဒီတာအဖွဲ့တွင် ကိုငယ်(မန္တလေး) ပါဝင်လာခဲ့ပြီး ပိုမိုအင်အားတောင့်တင်းလာသဖြင့် သံလွင်အိပ်မက်ကို ၄ လ တစ်ကြိမ်မှ ၃ လ တစ်ကြိမ် ပြောင်းလဲ ထုတ်ဝေခဲ့သည်။
၂၀၀၇
ဘလော့ဂါမောင်ပွတ် အေးချမ်း(သံလွင်) အမည်ဖြင့် သံလွင်အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။
၂၀၀၈
နေမျိုး(သံလွင်) ကို နိုင်ငံရေးပုဒ်မများဖြင့် ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလတွင် ထောင်တွင်း မျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ ချမှတ်ခြင်းခံခဲ့ရသည်။ ညီညီ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ကို ယူခဲ့ပြီး သံလွင် website ကို ခေတ်မီအဆင့်မြင့်ပုံစံအသစ်ဖြင့် စတင်လွှင့်တင်ခဲ့သည်။ သံလွင်ပရိသတ်များအတွက် မြန်မာနှင့် ကမ္ဘာ့သတင်းများကို သံလွင်မီဒီယာအနေဖြင့် ဖော်ပြခဲ့သည်။
၂၀၀၉
အပြောင်းအလဲအနေဖြင့် သံလွင်အိပ်မက်ကို အကြောင်းအရာ တစ်ခုအပေါ် အလေးပေးဖော်ပြသည့် Theme များ သတ်မှတ်ကာ ထုတ်ဝေခဲ့သည်။ သံလွင်မီဒီယာနှင့် သံလွင်အိပ်မက် ငါးနှစ်ပြည့်အထိမ်းအမှတ် အထူးထုတ် စာစောင်ကို ဇူလိုင်လတွင် စာမူအင်အား တောင့်တင်းစွာဖြင့် ထုတ်ဝေနိုင်ခဲ့ရာ အားပေးမှုအထူးရရှိခဲ့သည်။ ၎င်းနှင့် ပတ်သတ်၍ VOA အသံလွှင့်ဌာနမှ ရေဒီယိုအင်တာဗျူးတင်ဆက်ခဲ့သည်။
၂၀၁၀-၂၀၁၁
၂ နှစ်အတွင်း သံလွင်အိပ်မက် ၂ ကြိမ်သာ ထုတ်ဝေနိုင်ခဲ့သလို ပုံမှန်တင်ဆက်နေသည့် သတင်းကဏ္ဍကိုလည်း ရပ်နားခဲ့ရသဖြင့် ပရိသတ်နှင့် ထိတွေ့မှု အတန်အသင့် ကင်းကွာသွားခဲ့ရသည်။ သံလွင်မီဒီယာအတွက် Facebook စာမျက်နှာ ဖွင့်လှစ်ခဲ့သည်။
၂၀၁၂
အကျဉ်းချခံထားရသည့် အယ်ဒီတာ နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် ဇန်နဝါရီလတွင် ပြန်လည် လွတ်မြောက်လာကာ အယ်ဒီတာချုပ်အနေဖြင့် သံလွင်အိပ်မက်ရှေ့ဆက်နိုင်ရန် အားဖြည့်ကူညီခဲ့သည်။ ဇူလိုင်လတွင် ညီညီ(သံလွင်) သံလွင်အိပ်မက်မှ အနားယူခဲ့သည်။
စာမူများကို စုဆောင်းထားပြီး ၃ လ တစ်ကြိမ်ထုတ်ဝေနေမည့်အစား ပြောင်းလဲမှု မြန်ဆန်သော ခေတ်နှင့် လျော်ကန်မှု ရှိစေရန် သင့်လျော်ရာ စာမူများကို အချိန်အနည်းငယ်အတွင်း ဖော်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ မပြောင်းလဲမီ အချိန်အထိ သံလွင်အိပ်မက် အစောင် ၂၀ ခန့် ထုတ်ဝေခဲ့ပြီး စာမူများကို အခြားမီဒီယာများနှင့် ပုံနှိပ်စာနယ်ဇင်းများမှ ဆင့်ပွားဖော်ပြခဲ့ကြသည်။ မီဒီယာတစ်ခုအနေဖြင့် သုတ၊ရသ စာပေများ တင်ဆက်ရုံသာမက အခြားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာ့အရေးကို ဘက်စုံမှကူညီပံ့ပိုးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
သံလွင်နဲ့ မိုးမခ - မိတ်ဆွေ
          တကယ်တန်း သူတို့အကြောင်းကို ပြောနေတဲ့အချိန်မှာ ပြန်စဉ်းစားလိုက်တော့ မိုးမခအွန်လိုင်း ကိုယ်တိုင်ကလည်း ၂၀၀၃ ဧပြီမှာ စတင်ခဲ့၊ ပြည်တွင်း ပြည်ပက စာပေနဲ့ စာနယ်ဇင်းသမားတွေရဲ့ စေတနာ့ဝန်ထမ်း ကူညီမှုတွေနဲ့ တင်ဆက်နိုင်ခဲ့၊ မြန်မာ့အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် မိမိတို့ ရောက်ရာ ရရာနေရာက ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ခုချိန်မှာမှ သူတို့ကို မိတ်ဆက်တဲ့ စာကို တင်ရတာ အားနာစရာပါ။ တကယ်တန်းကတော့ မြန်မာပြည်အရေးအတွက် တခရီးတည်းသွားကြသူတွေ ချစ်ခင်မှု အသိအမှတ်ပြုမှု အထိမ်းအမှတ်ပါပဲ။

Posted by MoeMaKa at 12:59 PM 0 comments  

Kyaw Thu - FFSS Yangon Activity

ကောင်းကျိုးကိုယ်၌ တည်စေသောဝ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
အောက်တိုဘာ ၃၁၊ ၂၀၁၂

“ဆီမီးရယ်က တထိန်ထိန်၊ အိုင်မင်းရေကြည်က ကြာငါးမည်၊ ငုံအာစွင့်တယ်၊ ဖူးပွင့်ခါချိန်၊ အဿဝတီ ယှဉ်ကာချဉ်းပါလို့၊ လင်းလာတဲ့ ငွေတာရိန်ငယ်၊ ပြာမှန်လျက် မြူခြေဆိုင်း၊ ဂါရဝေ သက္ကစံ္စ ပဏာမေနှင့်၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ၊ မစဲပေါင် ကုသိုလ်ကို နိုးကြတယ်၊ မျိုးမြန်မာ့တိုင်း” ဟူသည့် မဟာဂီတ ဦးပြုံးချို၏ လင်္ကာကဗျာနှင့်အညီ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက် (အင်္ဂါနေ့) တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၌ မြတ်ဗုဒ္ဓ၏ ပဝါရဏာကျင့်စဉ်ကို စံထားကာ သုခအလင်း ပညာဒါနမှ ဖွင့်လှစ်သင်ကြားသည့် စာသင်စာကျက်ဝိုင်း ၂ဝ၁၂/၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများတို့မှ မေတ္တာ စေတနာတို့ဖြင့် သင်ကြားပေးခဲ့သော ဆရာ/မများတို့အား ဝါကျွတ်ကန်တော့ပွဲနှင့် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ကို နေ့လည် (၁း၃ဝ) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

  
အခမ်းအနားတွင် သုခအလင်း ပညာဒါနတွင် သင်ကြားနေသည့် ဆရာ ဦးအောင်ကျော်မင်းနှင့် ဒေါ်ဆွေဝင်းမှ ကျောင်းသား/သူများအား ဆုံးမသြဝါဒ စကားပြောကြားခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ စေတနာရှင် ဆရာ/မများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း၊ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစောထူးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ နာရေးကူညီမှုအ သင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အားပေးစကားပြောကြားခြင်းတို့အပြင် တက္ကသိုလ်ဝင်တန်း စာသင်/ကျက်ဝိုင်းတွင် တက်ရောက် သင်ကြားနေသော ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားအား မင်္ဂလာတရားနှင့်အညီ အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။


ဆက်လက်၍ ညနေ (၃းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၁/၁၂ ခုနှစ် ဖွင့်လှစ်သင်ကြားပေးခဲ့သော သုခအလင်း ပညာဒါနမှ (အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပြူတာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ စာရင်းကိုင်သင်တန်း၊ လူမှုရေးမျိုးဆက်သစ် သင်တန်း၊ ဂျာနယ်လစ်ဇင်သင်တန်း၊ စွမ်းရည်မြင့်သင်တန်း၊ ခေါင်းဆောင်မှုဆိုင်ရာသင်တန်း၊ ရှေးဦး သူနာပြုစုနည်းသင်တန်း၊ ရုပ်သံမီဒီယာသင်တန်း အစရှိသည့်သင်တန်းများမှ ဆရာ/မများအား တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ/မများတစ်ဦးချင်းမှ သင်ကြားခဲ့သော ဘာသာရပ်များ နှင့် အမည်နာမများဖြင့် မိတ်ဆက်ခဲ့ကြပြီး အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ သုခအလင်း ပညာဒါန ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စတင်ဆောင်ရွက်ပုံအကျဉ်းအား ရှင်းလင်းပြောကြားသွားခဲ့ကာ သုခအလင်း ပညာဒါနနှင့် ပတ်သက်၍ လိုအပ်ချက်များအား အကြံပြုဆွေးနွေးခဲ့သည်။ ယင်းနောက် ဥက္ကဌ ဦးကျော်သူမှ နှုတ်ဆက်စကားပြောကြားပြီးနောက် ဆရာ/မများနှင့်အတူ အမှတ်တရဓါတ်ပုံ ရိုက်ပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

 
 

တဆက်တည်း၌ ညနေ (၅းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေး ဝန်ထမ်းများတို့မှ သီတင်းကျွတ်အခါသမယ အချိန်အခါတွင် ဂါရဝေါစ နိဝါတောစဆိုသည့် စကား အတိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဦးဆောင်ထမ်းရွက်နေသူများဖြစ်သည့် ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အသင်း၌ နှစ်ရှည်ကြာမြင့်စွာ လုပ်ကိုင်ပေးဆပ်လျှက်ရှိသော သက်ကြီးဝါကြီးများတို့အား ဂါရဝပြုကန်တော့ခြင်း အခမ်းအနားကို မြတ်စွာဘုရားရှင်အား ဦးထိပ်ပန်ဆင်၍ ခင်ပွန်းကြီး (၁ဝ) ပါးအပါအဝင် ကျေးဇူးရှင် လူကြီး၊ မိဘ၊ ဆရာ သမားအပေါင်းတို့အား တစ်နှစ်တာပါတ်လုံး ကာယကံ၊ ဝစီကံ၊ မနောကံ (ကံ၃ပါး)ဖြင့် ပြစ်မှားမိခဲ့ခြင်းကို ခွင့်လွှတ်ရန်အတွက် ရှစ်ခိုးဦးချ တောင်းပန်ကန်တော့ခဲ့ကြပြီး ည (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီ မှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည် ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ရည်စူး၍ ဆီမီးပူဇော်ခြင်းတို့အပြင် မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း တို့ကို OK သျှမ်းအိုးစည်အဖွဲ့မှလည်း လာရောက်ချီးမြှင့် ပျော်ရွှင်စွာတီးခတ် ဖျော်ဖြေခဲ့ကာ အဘိဓမ္မာ အခါတော်နေ့ညအား မင်္ဂလာရှိစွာဖြင့် အဆုံးသတ်ခဲ့တော့သည်။
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေသောဝ်။
Posted by Aung Htet at 7:26 AM 0 comments  

Letter to Moemaka

ကျူရှင်များနှင့် အနာဂတ်ပညာရေး 
ဟင်္သာတသူ
အောက်တိုဘာ ၃၁၊ ၂၀၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဟင်္သာတက္ကသိုလ်တွင် ယခုနှစ် အဝေးသင်ကာလအတွင်း ကျူရှင်သင်ပြသည့်လုပ်ငန်းများမှာ ရေး ပန်းစားလျှက်ရှိပြီး ၀င်ငွေအနေဖြင့်လည်း အောင်မြင်သည်ဟု သိရပါတယ်။ ကျူရှင်တိုင်းလိုလိုတွင် ကျောင်းသား/သူများဖြင့် ပြည့် နှက်နေ လျှက်ရှိပြီး ကျောင်းသူ/သားများအနေဖြင့်လည်း အဆိုပါကျူရှင်များတက်ရောက်ခြင်းဖြင့် စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်လိမ့်မယ်ဟု ယုံမှတ်မှားလျှက်ရှိနေကြောင်း သိရပါတယ်။ 

အဆိုပါကျောင်းသား/သူများအနေဖြင့် အနီးကပ်သင်ကြားရမည့် ဆယ်ရက်အား အပြင်ကျူရှင်များတွင်သာတက်ရောက်နေသည့်အတွက် တက္ကသိုလ်အခန်းအတွင်းရှိ စာသင်ခန်းများထဲတွင်တော့ ကျောင်းသား/သူ တယောက်စ နှစ်ယောက်စဖြင့်သာရှိနေတတ်ပြီး သင်ကြားပေး ရမည့် ဆရာ/မများအနေဖြင့်လည်း ကျောင်းသား/သူ မရှိတဲ့အတွက် သင်ကြားရေးအတွက် အခက်အခဲရှိနေရပါတယ်။

ကျောင်းစည်းကမ်းကတော့ စာသင်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်မှီရင် စာမေးပွဲဖြေခွင့်မရှိပါဘူး။ ကျောင်းသားတဦးကေတော့ စာမေးပွဲဖြေခွင့်ရ အောင် ကျူရှင်သင်သော ဆရာ/ဆရာမတွေက နည်းလမ်းပေးတဲ့အကြောင်းနဲ့ ဘယ်လိုနည်းလမ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို  “ကျွန်တော် တို့ကတော့ အနီးကပ်သင်တဲ့ဆယ်ရက်ကို တစ်ရက်မှ ကျောင်းထဲမှာမတက်ဘူး။ ကျူရှင်တက်ရတာနဲ့ကို အားမှမအားပဲ။ Roll call ကိုတော့ ကျောင်းထဲသွားမယ့် သူငယ်ချင်းတစ်ယောက်ကို ထိုးခိုင်းတယ်လေ။ သူက တစ်တန်းလုံးအတွက် တာဝန်ယူပြီးထိုးတာပေါ့။ ဒီတော့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြောနဲ့၊ ကျွန်တော်တို့ Roll call တွေက ၁၀၀ ရာခိုင်နှုန်းနီးပါးပဲ။ ဒါပေမယ့် စားမေးပွဲစဖြေမယ့်နေ့ကိုတော့ စောစောရောက်အောင် သွားရတယ်။ ဖြေရမယ့်အခန်းကို သိအောင်လို့လေ။ ကျောင်းထဲခုမှရောက်ဖူးတာဆိုတော့ ဖြေမယ့်အခန်းလိုက်ရှာ ရတာလဲ အလုပ်တစ်လုပ်ပဲ” ဟု ရယ်လျှက်ပြောပြခဲ့ပါတယ်။

၎င်းအပြင် ကျူရှင်ဖွင့်နေသော သင်တန်းများမှာ အပြင်လူတစ်ယောက်၏နာမည်ကို တာဝန်ခံဆရာဟုအသုံးပြုပြီး အဆိုပါကျူရှင်များတွင် အမှန်တကယ်သင်ပေးနေသည့် ဆရာ/ဆရာမများမှာလည်း လက်ရှိတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆရာ/ဆရာမများ သာဖြစ်နေကြပါတယ်။ 

ထို့ကြောင့် မြန်မာပြည် ပညာရေးစနစ် ဤအတိုင်းသာ ရှေ့သို့ဆက်လက်ချီတက်နေမည်ဆိုပါက အနာဂတ်ပညာရေးအတွက် ရင်လေးမိ ကြောင်းကို စေတနာအရင်းခံဖြင့် တာဝန်ရှိသူများ သိကြားစေရန် တင်ပြအပ်ပါသည်။
Posted by Aung Htet at 6:54 AM 0 comments  

Maung Yin Nga Tay - Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
အောက်တိုဘာ ၃၁၊  ၂၀၁၂

● ပါရီ အီဖယ် လေဘာတီ


 

ပါရီမြို့ကို နားနားနေနေအနေနဲ့ လျှောက်လည်မယ်ဆိုရင်တော့ အနဲဆုံး သုံးရက်ခန့်အချိန် ပေးရမှာဖြစ်ပါတယ်။ အကယ်၍ ပါရီမြို့ကိုလည် ပတ်ဖို့ တရက်တည်းသာ အချိန်ပေးနိုင်သူတွေ အတွက်ကတော့ မြန်မြန်ဆန်ဆန် အစီအစဉ်အနေနဲ့ အဓိကကျတဲ့ La tour Eiffel အီဖယ် တာဝါ၊  L’avenue des Champs-Élysées ရှောင်ဇေလီဇေလမ်းမကြီးနဲ့ L’arc de triomphe de l’Étoile အောင်မြင်ရေးမုဒ်ဦး၊ Le musée du Louvre လုဗ်နန်းတော်ပြတိုက၊် L’hôtel de ville de Paris ပါရီမြို့တော်ခန်းမနဲ့ La cathédrale Notre-Dame de Paris နော့ထ် ဒမ်ဘုရားကျောင်း၊ မာရသွန်လျှောက်နိုင်သူများ ဖြစ်သည်ဆိုပါက La Basilique du Sacré-Cœur de Montmartre တောင်ပေါ်ဘုရား ကျောင်းစတဲ့ ပါရီမြို့ရဲ့ အဓိကအကျဆုံး အထင်ရှားဆုံး နေရာများကို ရောက်ရှိလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ တနေရာကို ပျမ်းမျှခြင်း ၂ နာရီ နှုန်းနဲ့ နားချိန် ၂ နာရီပေါင်းရင် စုစုပေါင်း ၁၂ နာရီခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာတွေကို ရောက်ပြီးရင် ပါရီရောက်ပြီဟု ဆိုနိုင်ပါတယ်။ (အီဖယ်တာဝါပေါ်သို့တော့ တက်ဖို့အချိန်မရှိပါဘူး။ တက်ချင်ပါက အချိန်သုံးနာရီခန့် ပေးရမှာဖြစ်ပါတယ်။ ထို့အတူ လုဗ်ရ်ပြတိုက် အထဲသို့ ဝင်ကြည့်လိုပါကလည်း  အချိန်သုံးနာရီခန့် အနဲဆုံးပေးရမှာပါ၊ ဒါဆိုရင်အထက်ဖော်ပြပါ နေရာများကို အပြည့်ရောက် ဖို့ မလွယ်တော့ပါဘူး)၊ ပါရီမှာသုံးရက်လောက် အချိန်ရရင်တော့ ပထမရက်မှာ (၁) အီဖယ်မျှော်စင် အပေါ်တက်မယ်။ (၂) ရှောင်ဇေလီ ဇေလမ်းမကြီးနဲ့ အောင်မြင်ရေးမုဒ်ဦး၊ ဒုတိယရက်မှာ (၁) လုဗ်ရ်နန်းတော်ပြတိုက် ပြတိုက်ထဲဝင်မယ် မိုနာလီဇာပန်းချီကားနဲ့ ဗီးနပ်ရုပ် တုကြည့်မယ်။ (၂)  မြို့တော်ခန်းမနဲ့ နော့ထ်ဒမ်ဘုရားကျောင်း၊  (တောင်ပေါ်ဘုရားကျောင်း ကတော့ ပထမရက်နဲ့ ဒုတိယရက်ညနေပိုင်းကို အချိန်ရရင် ရသလို သွားနိုင်ပါတယ်) တတိယရက်မှာ (၁) Le château de Versailles ဗားဆိုင်းနန်းတော်ပြတိုက်၊ (၂) La Seine စိန်းမြစ်အတွင်းသင်္ဘောစီးနိုင်ပါတယ်။ ပြတိုက်တွေထဲဝင်ကြည့်မယ် အီဖယ်တာဝါပေါ်တက်မယ် သင်္ဘောစီးမယ် ဆိုရင်တော့ ယူရိုငွေ ၁၀ နဲ့ ၁၅ ယူရိုကြား ပေးဝင်ရမှာဖြစ်ပါတယ်။ လုဗ်နန်းတော်ပြတိုက်အပါအဝင် ပြတိုက်တော်တော်များများက  လတလရဲ့ ပထမဦးဆုံးသော တနင်္ဂ နွေနဲ့ ကြုံကြိုက်ခဲ့ရင်တော့ ဝင်ကြေးငွေမပေးဘဲ ဝင်ကြည့်ခွင့်ရနိုင်မှာဖြစ်ပြီး ဝင်လိုသူတွေများပြားနိုင်သလို တန်းစီဝင်ရမယ့်အချိန် ပိုပြီးတော့ ပေးရမှာဖြစ်တယ်။ ပါရီမြို့မှာ ဘာလုပ်ချင်လုပ်ချင် အမြဲလိုလို တန်းစီနေတာကိုတွေ့မြင်ရမှာပါ၊ ရုံးတွေမှာတန်းစီ ဈေးဝယ်ရင်တန်းစီ ရုပ်ရှင် ရုံမှာတန်းစီ ဘူတာရုံမှာတန်းစီ အိမ်သာဝင်ရန်တန်းစီ။ ဒါကြောင့်လည်း ပြင်သစ်လူမျိုးတွေဟာ စိတ်ရှည်သည်းခံနိုင်လာကြတာ ဖြစ်ပါလိမ့် မယ်။ မသိချင်ယောင်ဆောင် ကျော်ခွနေရာဝင်လုတဲ့ ခေတ်သစ်ပြင်သစ်တွေလည်း ရှိတော့ရှိတာပေါ့ဗျာ၊

● အီဖယ် (Alexandre Gustave Eiffel)

အီဖယ်မျှော်စင်ကို တည်ဆောက်ခဲ့တဲ့ မွန်ဆီယာအီဖယ်ကို ၁၈၃၂ ခုနှစ်မှာ ပြင်သစ်ပြည် Dijon မြို့၌ မွေးဖွားခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ၁၉၂၃ မှာ ကွယ်လွန်ခဲ့ပါတယ်။  ဂျာမန်လူမျိုး သူရဲ့မိဘနှစ်ပါးဟာ ပြင်သစ် ဂျာမဏီ ဘယ်လ်ဂျီယမ် နယ်စပ်မှာရှိတဲ့ EIFEL low mountain range ဒေသ မှာမွေးဖွားကြီးပြင်း နေထိုင်ခဲ့ကြသူများဖြစ်ကြပြီး ၁၈၀၀ ပြည့်နှစ် ကျော်ကျော်လောက်မှာမှ ပြင်သစ်နယ်မြေထဲကို ရွေ့ပြောင်း အခြေစိုက် နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့မျိုးရိုးနာမည်ကိုလည်း သူတို့မွေးရပ်ဒေသကိုအစွဲပြုပြီးတော့ EIFFEL လို့ခေါ်တွင်စေခဲ့ တာဖြစ်ပါတယ်။


 

ပြင်သစ်နယ်မြေထဲကို သူကောင်းဖြစ်ချင်လို့ တရွာပြောင်းလာတဲ့ အီဖယ်တောင်တန်းဒေသသား မိဘနှစ်ပါးကနေမွေးဖွားလာတဲ့ မောင်ရင် အီဖယ်ဟာ နာမည်ကျော်ကြား လူသိများလွန်းလှတဲ့မျှော်စင်ကြီးတခုကိုတည်ဆောက်ပြီး မျှော်စင်ကိုသူ့တို့ရဲ့မျိုးရိုးအမည်ပေးလိုက်တဲ့ နောက်မှာတော့ မူလတောင်တန်း အီဖယ်ကနေ လူအီဖယ်ဖြစ်ခဲ့ရာက နောက်ဆုံးမှာတော့ မျှော်စင်အီဖယ်အဖြစ် ကမ္ဘာ့လူသိအများဆုံး အကျော်ကြားဆုံးအမည်တခု ဖြစ်လာပါတော့တယ်။



အီဖယ်ဟာ Baccalauréats ခေါ် ပြင်သစ်အထက်တန်းအောင်တဲ့အခါ École Polytechnique ကျောင်းကိုတက်ဖို့ အဆင့်မမှီဟု သတ်မှတ် ခံရပြီး ဒုတိယအဆင့်သာရှိတဲ့ École Centrale des Arts et Manufactures ကျောင်းကိုသာ တက်ရောက်ပညာသင်ခွင့် ရခဲ့သူဖြစ်ပါတယ်။ သံမဏိ ဂုံးတံတားတွေ သံထည်အဆောက်အဦးတွေတည်ဆောက်တဲ့ မြို့ပြအင်ဂျင်နီယာပညာဟာ မွန်ဆီယာအီဖယ်ရဲ့ မူရင်းအလုပ်ပ ညာလို့ ပြောနိုင်ပါတယ်။ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့က မီးရထားဘူတာရုံကြီးရယ် ပြင်သစ်ပြည်တောင်ပိုင်း ဘော်ဒိုးမြို့က la passerelle Eiffel တံတားအပါအဝင် အခြားနိုင်ငံတော်တော်များများက (အထူးသဖြင့်တော့ တောင်အမေရိကတိုက်) တံတားကြီးများ အဆောက် အဦးကြီးများ အမျိုးစုံကိုလည်း ဦးဆောင်ပါဝင်တည်ဆောက်ခဲ့ပါတယ်။ သူ၏ အထင်ပေါ်အကျော်ကြားဆုံး လက်ရာများကတော့ ပြင်သစ် တောင်ပိုင်းက သံမဏိမီးရထားဂုံးတံတားဖြစ်တဲ့ Garabit viaduct တံတား (၁၈၈၅)၊ နယူးယောက်မြို့က Statue of Liberty (၁၈၈၆)၊ ပါရီမြို့က နာမည်ကျော်မျှော်စင် Eiffel Tower (၁၈၈၉)  တို့ဘဲဖြစ်ပါတယ်။




Le Viaduc de Garabit လို့အမည်တွင်တဲ့ ပြင်သစ်ပြည် တောင်ပိုင်းမှာတည်ရှိတဲ့ ဂါရာဘီ သံမဏိ သံဘောင် တလမ်းသွား မီးရထားတံတား ကြီးကို ပါရီကမျှော်စင်ကြီး မတည်ဆောက်မီ လေးနှစ်စောပြီး အီဖယ်ဦးစီးတည်ဆောက်ခဲ့တာပါ။ ဒီတံတားကြီးနဲ့ခေတ်ပြိုင် မောင်ရင်ငတေ တို့ရဲ့ ရွှေပြည်တော် နောင်ချိုမြို့နဲ့ကျောက်မဲမြို့အကြား မန္တလေး-လားရှိုး မီးရထားလမ်းပေါ်မှာတော့ နာမည်ကျော် ဂုတ်ထိပ်တံတားကြီး တည်ရှိပါတယ်။ အမေရိကန်ကုမ္မဏီက အင်္ဂလိပ်နယ်ချဲ့တွေအတွက် တည်ဆောက်ပေးခဲ့တဲ့ဂုတ်ထိပ်တံတားက လေးနှစ်ကျော် ဘဲနောက်ကျပြီး ၁၉၀၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ အီဖယ်ရဲ့ ဂါရာဘီတံတားက ပေ ၄၀၀ မြင့်ပြီး ဂုတ်ထိပ်တံတားက ၃၃၅ ပေမြင့်ပါတယ်။ ၂၂၆၀ ပေ အရှည်ရှိတဲ့ ဂုတ်ထိပ်က ၁၈၅၄ ပေရှည်တဲ့ ဂါရာဘီတံတားထက် ပေ ၄၀၀ ကျော်ပိုရှည်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဂုတ်ထိပ်တံတားကြီးဟာ အီဖယ်ခေတ်ကပါ။ လွန်ခဲ့တဲ့ နှစ်တရာကျော်က မြန်မာပြည်မှာ အီဖယ်နဲ့ ခေတ်ပြိုင်ရှိခဲ့ပါတယ် နောက်မကျခဲ့ပါဘူး။ အခုများတော့လည်း ကျုပ်တို့ရွှေပြည်မှာ၊ မောင်ရင်ငတေ မပြောတော့ပါဘူးလေ။ အားလုံးဘဲသိကြကြောင်းပါခင်ဗျား၊

မွန်ဆီယာအီဖယ် ပါဝင်တည်ဆောက်ခဲ့တဲ့ တခြားသော ကမ္ဘာကျော်လက်ရာတခုကတော့ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်က လက်ဆောင်ပေးခဲ့တဲ့ ၁၅၁ ပေ အမြင့်ရှိသော La Statue de la Liberté လေဘာတီရုပ်ထုဘဲ ဖြစ်ပါတယ်။ လေဘာတီရဲ့ အတွင်းထဲက သံထည်ပိုင်းဆိုင်ရာတွေကို အီဖယ်ကတာဝန်ယူ တည်ဆောက်ခဲ့တာပါ၊


 

မူလပထမက အဲဒီလေဘာတီရှိရာ ကမ်းခြေကိုရောက်လာသူတွေ လေဘာတီကိုမြင်တွေ့ခွင့်ရသူတွေဟာ လွတ်လပ်ခြင်းတွေ အပြည့် အဝခံစားရမယ့်သင်္ကေတ ကမ္ဘာ့လူသားအားလုံးကို အမေရိကမြေမှ ကြိုဆိုပါတယ်ဆိုတဲ့ သင်္ကေတတွေကို ကိုယ်စားပြုထားခဲ့ပေမဲ့ ပြောင်း လဲလာတဲ့ခေတ်ကြီးမှာတော့ အမေရိကဟာ စိမ်းကားတဲ့အသွင်ဆောင်လို့ လာနေပါပြီ။ လေဘာတီ ရုပ်တုကြီးကတော့ နောက်ကျသားတွေကို သနားကြည့်တွေနဲ့ မင်းတို့ကွာ ဒီကိုလာတာ သိပ်နောက်ကျသကိုးလို့ ပြောနေသလိုလို ငါလည်းစိတ်ကုန်ပြီကွာ အိမ်ပြန်ချင်ပြီကွာလို့ ပြော နေသလိုလိုပါဘဲလို့  စာတပုဒ်မှာ မောင်ရင်ငတေဖတ်မိခဲ့ဖူးပါတယ်။ မောင်ရင်ငတေကိုင်ဆောင်ထားတဲ့ ပတ်စပိုစ့်မဟုတ်တဲ့ ခရီးသွားလာခွင့် စာအုပ်ကလေးကတော့ မင်းကွာ ပိုက်ဆံတွေအကုန်ခံပြီး သွားလာဖို့လုပ်မနေပါနဲ့။ ငါ့ရင်ဘတ်ပေါ်မှာ ဘာတံဆိပ်မှထုစရာမလိုဘဲနဲ့ မင်း သွားခွင့်ရထားတဲ့ နေရာတွေကို အရင်သွားပါကွာတဲ့။ သွားခွင့်ရထားတဲ့နေရာတွေ အများကြီးရှိနေတာဘဲတဲ့။ မင်းသွားလို့ရတာ မြန်မြန်သွား ထားကွတဲ့ ကြာရင် မင်းတို့သွားဖို့ တစတစပိုခက်လာဖို့ဘဲ ရှိပါသတဲ့ဗျာ။ မောင်ရင်ငတေလည်း ဘာကိုပြန်ပြောနိုင်မှာလည်းနော်။ ဟုတ်ကဲ့ ပါခင်ဗျာပေါ့၊ မောင်ရင်ငတေဆိုတဲ့ကောင်က နာမည်ကျော်ကြား လူသိများထင်ရှားသူမှ မဟုတ်တာဆိုတော့ အမေရိကန်ဗီဇာရဖို့ မလွယ် ကူပါဘူး။ ငွေကုန်မယ် စိတ်ရှုပ်မယ်။ ပြီးရင် ရီဂျက်ထိခံရမယ်။ ထိလည်းထိပြီးပါပြီ။ ကုန်တာလည်း ကုန်ခဲ့ပြီးပါပြီ။ သူတို့ကလည်း စလျှောက် မယ်ဆိုကထဲက မရပါက ငွေပြန်အမ်းမည်မဟုတ်ပါဆိုတဲ့ မဟာစည်းမျဉ်းစည်းကမ်းကြီးတွေနဲ့ ချည်ပြီးတုတ်ပြီး အပိုင်ရိုက် ငွေကိုယူထား တာပါ။ အရင်းရှင် စီးပွားရေးသမားတွေရဲ့ မဟာဗျူဟာမြောက်တဲ့ ဗီဇာစီးပွားရေးပေါ့ဗျာ။ ဒါတောင်မှ မောင်ရင်ငတေတို့လို သွားလည်ချင် တဲ့ကောင်တွေရော အခြေချနေထိုင်ချင်တဲ့ မြောက်များစွာသောသူတွေဟာ ငွေပေးဖို့တန်းစီနေတာ နေ့စဉ်နဲ့အမျှ ရှိနေဆဲပါဗျာ။ မယုံမရှိပါနဲ့ သံရုံး ဗီဇာဆက်ရှင်ကို သွားကြည့်နိုင်ပါတယ်။ တနှစ်တနှစ် အမေရိကန် အစိမ်းရောင်ကဒ် လျှောက်ဖို့ ပွဲစားတွေ ဧဂျင်စီတွေ ပုံစံမျိုးစုံနဲ့ သွေးဆောင်နေကြတာလည်း လူတကာသိပါတယ်ဗျာ။ ဟဲဟဲ မောင်ရင်ငတေလည်း ဘယ်နေမလဲ။ ခေတ်မီသူတိုင်း အစိမ်းရောင်ကဒ် လျှောက်ဖူးသည်ထဲမှာ ပါခဲ့ဖူးတာပေါ့ဗျာ။ ခုတော့ လာပါလာပါခေါ်ရင်တောင်မှ တော်ပါပြီ အမေရိကရယ်။ ဆူရှီ မလိပ်ပါရစေနဲ့တော့။ ဟော ဒီမှာဘဲ အေးချမ်းစွာ နေပါရစေ။

 

ဒီလို နယူးယောက်မြို့သူကြီး လုံးလုံးဖြစ်သွားတဲ့ မဒမ်လေဘာတီကို သွားမတွေ့နိုင်တော့ပေမဲ့လည်း ပါရီမြို့လယ်တလျှောက် ဖြတ်သန်းစီး ဆင်းသွာတဲ့ စိန်းမြစ်ရဲ့အလယ်ကျွန်းသူလေး မဒ်မွာဇယ်လေဘာတီကိုတော့ မောင်ရင်ငတေ သွားရောက်တွေ့ဆုံနိုင်ခွင့်ရခဲ့ပါတယ်။ ဒါနဲ့ဘဲ ကျေနပ်ပါတယ်လေ။ မနေတတ်ရင်လည်း မကျေနပ်စရာတွေသာ ပိုများလာလိမ့်မယ့် လောကမဟုတ်ပါလား။ 

● အီဖယ်မျှော်စင် (La tour Eiffel သို့မဟုတ် La Dame de Fer)
 La Dame de Fer ခေါ် The Iron Lady ဆိုတာက အင်္ဂလိပ်လူမျိုး အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း
မာဂရက်သက်ချာရဲ့ ရုပ်ရှင်ကား မဟုတ်ဘူးနော်၊ La Dame de Fer က ပါရီမြို့ရဲ့ သံမဏီလေဒီ အီဖယ်မျှော်စင်ကို တင်စားခေါ်ကြတာပါ၊ ဒီပြင်သစ်တွေဟာ မျှော်စင်ကိုသာ သံမဏီလေဒီလို့ အမည်တပ်ခေါ်ဝေါ်ကြပေမယ့်လည်း မျှော်စင်ကြီးရဲ့ ပထမထပ် ပတ်ပတ်လည်မှာ ဂုဏ်ပြုပြီးရေးထွင်းထားခဲ့တဲ့ ၁၈ ရာစုနှစ်ကာလ စောစောပိုင်းအတွင်းက ပေါ်ထွက်ထင်ရှားခဲ့ကြတဲ့ ၇၂ ယောက်သော ပြင်သစ်လူမျိုး အင် ဂျင်နီယာနဲ့ သိပ္ပံပညာရှင်များမှာတော့ အမျိုးကောင်းသမီးနာမည်တခုမှ မပါရှိပါဘူးတဲ့။ စာရင်းဝင်နိုင်တဲ့အမျိုးသမီး အနည်းဆုံး နှစ်ဦးတော့ ရှိပါသတဲ့။ အဲဒီနှစ်ဦးထဲက တဦးကတော့  Elasticity Theory ကို စဦးရှေ့ဆောင်တွေ့ရှိတီထွင်ခဲ့တဲ့ Marie-Sophie Germain (1776 - 1831) ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အမျိုးသမီးတဦး ဖြစ်နေခဲ့လို့ အီဖယ်ရွေးချယ်ခဲ့တဲ့ ၇၂ ယောက်စာရင်းကနေ ဖယ်ရှားခံခဲ့ရခြင်းပါတယ်။ အဲဒီခေတ်က လူအချင်းချင်း ခွဲခြားမှုတခုပေါ့ဗျာ။


 

ပြင်သစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ မောင်ရင်ငတေတို့ ဗမာလူမျိုး အားလုံးဟာ ပဲရစ်မြို့နဲ့ အီဖယ်တာဝါကို ပြေးမြင်လိုက်ပြီးသားပါ။ အားလုံး သိလောက်အောင်လည်း အီဖယ်တာဝါဟာ ထူးခြားလှပါတယ်။ ထရိုကာဒီယို မေထ`&ိုဘူတာကအတက် ဘယ်ဘက်ခြမ်းကကွယ်နေတဲ့ အဆောက်ဦးကိုကျော်လိုက်တာနဲ့ ထရိုကာဒီယိုရင်ပြင်ပေါ်ကနေ အီဖယ်ကိုလှမ်းမြင်တွေ့လိုက်ရတဲ့အခါ လူတွေအားလုံးရဲ့ အာမေဍိတ် အသံ “ဟာ၊ ဟေးးးး ” ဆိုတာကို တညီတညွတ်တည်းလိုလို ကြားရမှာဖြစ်ပါတယ်။ လိုက်ပို့ခဲ့သမျှ ရောက်ဖူးခဲ့သမျှ တခြားနေရာတွေမှာတော့ အဲလိုမျိုး ကြားရခဲလှပါတယ်။ ကိုယ်ကိုတိုင်လည်း အဲဒီကိုရောက်ရင် လွတ်လပ်စိတ်တွေ ဖြစ်ပေါ်ခံစားရပါတယ်။ မျှော်စင်ရဲ့မြင်ကွင်းကို အပေါ်ဆီးက အတားဆီးမဲ့ တမျှော်တခေါ်မြင်တွေ့ ရခြင်းကြောင့် ဖြစ်မှာပါ။ ဒါကြောင့်လည်း မျှော်စင်တည်ဆောက်ပြီးကာမှ မူလကရှိခဲ့တဲ့ ဒီထရိုကာဒီရိုရင်ပြင် အဆောက်ဦးဟောင်းကိုဖျက်ပြီး  အသေအချာ ပြန်လည်တည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ်။ အရင် မောင်ရင်ငတေ ရောက်ခါစ အချိန်တွေကဆို အားအားရှိ ပျင်းပျင်းရှိ အချိန်တွေပိုနေသခိုက်ကာလတွေမှာတုံးကတော့ ဒီမျှော်စင်တဝိုက်ရယ် စိန်းမြစ်နဘေး တယောက်တည်းထိုင်လို့ လွမ်းချင်းဖွဲ့ နေခဲ့ရတာပေါ့။ ခုကာလလို ဂျီတော့ခ်တွေ ချတ်တင်တွေ ဖဘတွေ ဗိုက်ဗာတွေ တန်ဂိုတွေ အင်တာ နက်တွေခေတ်မှ မဟုတ်တာနော်။ ကိုယ်ပိုင်အမဲရောင် ခပ်ချာချာဟန်းဖုန်းလေးကလည်း ခေါ်သူမဲ့ဘဝနဲ့ တခါတခါ ဖုန်းမည်သံ ကြားလိုက် ရရင် ဝမ်းသာလို့ ထခုန်ခဲ့ရတဲ့ အချိန်လေးတွေပေါ့။

 

လှေခါးထစ်ပေါင်း ၁၆၆၅ ထစ်ရှိပြီး အထပ် ၈၀ တိုက်တစ်လုံးအမြင့်နဲ့ ညီမျှလောက်တဲ့ အမြင့်ပေ ၁၀၅၀ ရှိတဲ့ အီဖယ်တာဝါကို တည် ဆောက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဆောက်လုပ်စဉ်အခါက 1889 World Trade Fair Paris (l’Exposition universelle de 1889 Paris) အတွက်သာရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ကမ္ဘာအရပ်ရပ်ကို သွားဖူးချင် ရောက်ဖူးချင်ကြတဲ့သူတွေ အားလုံးအတွက်တော့ ပထမဆုံးရောက်ဖူးချင်ကြတဲ့ အဓိကကျတဲ့အဆောက်အဦး ဖြစ်လာခဲ့ပါတယ်။ စတင်ဖွင့် လှစ်ခဲ့တဲ့ ၁၈၈၉ ခုကနေ ဒီကနေ့အထိ မျှော်စင်ကြီးကို တက်ရောက်ခဲ့ဖူးသူ စုစုပေါင်း သန်း ၂၅၀ ကျော် ရှိခဲ့ပါပြီတဲ့။ ခုနှစ်ပိုင်းတွေမှာတော့ တနှစ်ပျမ်းမျှ လူပေါင်း ၇ သန်းတက်ရောက်ခဲ့တာမှာ ၇၅ ရာခိုင်နှုန်းက နိုင်ငံခြားသား ကမ္ဘာလှည့်တွေဖြစ်ကြကြောင်းပါ။ မောင်ရင်ငတေတို့ ကတော့ ဘယ်နှစ်ခေါက် ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ကြုံကြိုက်ရင် ကြုံကြိုက်သလို အပေါ်ကိုရောက်အောင်တက်ဖြစ်ပါတယ်။ ဒါပေမဲ့ အပေါ်ကို တက်ရောက်ဖို့ရာ ပေးရမဲ့ငွေကြေးတန်ဖိုးက မနည်းတာကြောင့်  မျှော်စင်ခြေရင်းက မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ကြိုတင်ဝယ်လာတဲ့ (ဈေး ခပ်ပေါပေါ) ဘီယာဗူးဖွင့်သောက်ရင်း မျှော်စင်ကို မြက်ခင်းပြင်ကနေ မော့ကြည့်ရတဲ့အရသာကလည်း ဘီယာနဲ့လိုက်ဘက် ကောင်းမွန်လှ ကြောင်းပါ ခင်ဗျာ။ မောင်ရင်ငတေရဲ့ ဇိမ်ခံနည်းထဲက တနည်းပေါ့ဗျာ။

 

ဆောက်လုပ်ခဲ့တဲ့ မွန်စီယာအီဖယ်ကတော့ မျှော်စင်ကြီးဆောက်လုပ်ခဲ့တဲ့အတွက် ဘာတွေ ဘယ်လောက်များ အကျိုးအမြတ်ရခဲ့သလဲလို့ မသိနိုင်ပေမဲ့ အီဖယ်တာဝါရဲ့ မျှော်စင်ထိပ်ဖျားနားက အပေါ်ဆုံးထပ်အထပ်ကို နွေအားလပ်ရက်ရာသီတွေလို နေပူပူမှာ တစ်ယောက်တက် ရောက်ခ ၁၄ ယူရိုပေးပြီး အပေါ်တက်ရဖို့အတွက် မျှော်စင်ကြီးရဲ့လေးဖက်လေးတန် တန်းစီတိုးနေတဲ့သူများဟာ မောင်ရင်ငတေတို့ ငယ်ငယ်က ပြည်သူ့ဆိုင်တွေမှာ နို့ဆီသကြားထုပ်ဖို့ တန်းစီခဲ့ရသလိုဘဲလို့ ထင်ရောင်မြင်မိပါတယ်။ ပျမ်းမျှခြင်း တစ်ယောက်ကိုတဆယ်ယူရို၊ ဆယ်ယောက်တရာ၊ တထောင်ကိုတသောင်း၊ လူ ၇ သန်းကျော်တက်ရောက်ခဲ့တဲ့ ၂၀၁၁ မှာ သန်း ၇၀ ကျော် ဝင်ငွေရှိခဲ့ပါတယ်။ ဒီမျှော်စင်ကို ခုအချိန်မှာ တည်ဆောက်မယ်ဆိုရင် ဒေါ်လာသန်း ၄၈၀ သာ ကုန်ကျမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ သန်း ၁၀၀၀၊ ၂၀၀၀ အကုန်ခံမယ်ဆိုခဲ့ရင်လည်း ဒုတိယ တတိယ အီဖယ်အဖြစ်နဲ့ဘဲ မူလပထမဆိုတဲ့ တန်ဖိုးကိုတော့ မှီနိုင်မယ်မထင်ကြောင်းပါ၊ ရှေးဟောင်း တန်ဖိုး ပထမတန်ဖိုးတွေပါ။ မျှော်စင်အရောင်ကတော့ ခြောက်ကြိမ်တိုင်တိုင် ပြောင်းခဲ့တယ်ဆိုပေမဲ့ မူလလက်ဟောင်း သံမဏိအရောင်ကနေ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိခဲ့ဘဲ မူလအရောင် အညိုရောင်ကနေ သွေဖယ်မသွားဘဲ အရင်အတိုင်းနီးပါး ရှိနေဆဲပါ။ သို့သော်လည်းဘဲ ဒီကြားထဲ မျှော်စင်ကြီးတခုလုံးကို ဆေးအရောင်ပြောင်းလဲသုတ်ချင်သူတွေကလည်း သီးသန့် အုပ်စုတစုအဖြစ် ယခုတိုင်အောင် ရှိနေပါသေး သတဲ့။

--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

Reply all
Reply to author
Forward
0 new messages