20th May - MoeMaKa Daily

10 views
Skip to first unread message

Maung Yit

unread,
May 20, 2012, 3:18:25 AM5/20/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ဖေ့စ်ဘွတ်ထူထောင်သူ စုတ်ရော လာဘ်ရော ၀င်ပြီ
မိုးမခအထောက်တော် ၀၀၆၊ မေ ၂၀၊ ၂၀၁၂
အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ ပရိသတ်အများဆုံးကို လွှမ်းမိုးထားတဲ့ အင်တာနက် လူမှုကွန်ယက် Facebook ထူထောင်သူ မတ်ဇူကာဘတ်တယောက် တနေ့က အသက် ၂၈ နှစ်ပြည့်၊ သူ့ကုမ္မဏီကို အဲသည်နေ့မှာ အများပိုင်ရှယ်ယာလုပ်ငန်းအဖြစ် ထုတ်ရောင်းပြီး ဘီလျံနာဖြစ်၊ နောက်တရက် မေ ၁၉  မှာတော့ဖြင့် သူရဲ့ ၈ နှစ်တာ လက်တွဲခဲ့သူ ရည်းစား ပရက်စီလာ ဆိုတဲ့ အာရှနွယ်အမျိုးသမီးနဲ့ မင်္ဂလာဆောင်လိုက်ပြီ ဖြစ်ပါတယ်။
 ဟားဗတ်တက္ကသိုလ်မှာ ဖေ့စ်ဘွတ်မထောင်ခင်ကတည်းက ချစ်ကြိုက်ခဲ့ပြီး ယူစီဆန်ဖရန် တက္ကသိုလ်မှာ ဆရာဝန်ဘွဲ့ ဆက်လက်ယူနေသူ ပရက်စီလာနဲ့ အခုလို မင်္ဂလာပေါင်းတွေ ပေါင်းစုံတဲ့နေ့မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ပရက်စီလာကိုယ်တိုင်ကလည်း သောကြာနေ့မှာ ဘွဲ့နှင်းသဘင်တက်ခဲ့တာလို့ ဆိုပါတယ်။
မင်္ဂလာဆောင်လိုက်တာကို လုပ်ဖော်ကိုင်ဖက်တွေကိုယ်တိုင်က မမျှော်လင့်ထားတာကြောင့် အလွန် အံ့သြ၀မ်းသာ ဖြစ်ကြတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကို သူတို့ဆီလီကွန်တောင်ကြား၊ ပလိုအာတိုမြို့နယ်က နေအိမ် ခြံဝင်းထဲမှာ ကျင်းပတယ်။ သူတို့အကြိုက် ဆူရှီ ဂျပန်စာနဲ့ ဧည့်ခံခဲ့ပါတယ်။
ဖေ့စ်ဘွတ်မှာ မတ်ဇူကာဘတ်ရဲ့ အင်တာနက်မိတ်ဆွေ  သန်းချီသော်လည်း သူတို့မင်္ဂလာဆောင်အကြောင်းကို သတင်းဌာနကြီးများက ထုတ်ပြန်မှပဲ သိရှိကြတာကြောင့် ဖေ့စ်ဘွတ်က အင်တာနက်သတင်းနဲ့ အတင်းတွေမှာ ဒီတချီမှာတော့ ခေတ်နောက်ကျသွားတယ်လို့ ဆိုရပါမယ်။
Posted by MoeMaKa at 11:40 PM 0 comments  

ATH - Cartoon

ဆြာယုတ် - ပန်းချီရေးသည်
ကာတွန်း - အေတီအိတ်ခ်ျ (မော်လမြိုင်)
မေ ၂၀၊ ၂၀၁၂



http://www.facebook.com/photo.php?fbid=134040180010852&set=a.124997334248470.32104.100002146133021&type=3&theater မှ ပြန်လည်ကူးယူဖော်ပြသည်။

Than Win Hlaing - Articles

သမိုင်းတကွေ့မှ ဗိုလ်ရဲထွဋ်
သန်းဝင်းလှိုင်
မေ ၂၀၊ ၂၀၁၂


မြန်မာ့လွတ်လပ်ရေးသမိုင်းအကြောင်းကိုပြောမည်ဆိုလျှင် သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ်၏အခန်းကဏ္ဍကို ချန်လှပ်၍မရချေ။ မျိုးချစ်လူ ငယ်များဖြင့်ဖွဲ့စည်းခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအနက် အသက်အငယ်ဆုံးနှင့် ယနေ့တိုင် သက်ရှိထင်ရှားရှိနေသည့် ရဲဘော်သုံးကျိပ် နှစ်ဦးအနက် ဗိုလ်မှူးရဲထွဋ်နှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့သာ ကျန်ရှိတော့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယခုအခါ အသက် ၉၀ ပြည့်၍ ၉၁ နှစ် အတွင်းသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သည်။

အသားလတ်လတ်အရပ်ရှည်ရှည်၊ ဝဝဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကို ကျနော်သည် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန်ပြုစုရေးကော်မတီ၌ အတူတကွဆောင်ရွက်ရင်း အနီးကပ်လေ့လာခွင့်ရခဲ့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယင်းကော် မတီ၌ နာယကဖြစ်ပြီး သခင်တင်မြ၊ သခင်လှထွန်း (ယခုကွယ်လွန်)၊ ရဲဘော်ဘခက်၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဦးဇော်လင်း၊ ကိုအုံးမြင့်၊ ကိုကျော်အောင် (ရွှေပြည်တန်)၊ ကိုတင်ထွန်း၊ ဦးထင်လင်း (ကီးတော်ကျန်စားသောက်ဆိုင်ပိုင်ရှင်) နှင့် သန်းဝင်းလှိုင်တို့ပါဝင်ကြသည်။ ဗိုလ်မှူးရဲထွဋ်သည် အချိန်နှင့်စည်းကမ်းကို တန်ဖိုးထားကာ၊ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား၍ ချစ်ခင်သူဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်လည်း နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ လွဲမှားနေမှုများ၊ မြန်မာ့သမိုင်း၌တိမ်မြှုပ်နေသော သမိုင်းအထောက်အထားဖြစ်ရပ်မှန်များကို အရွယ်နှင့်မမျှအောင် ယနေ့တိုင်မှတ်မိနေဆဲဖြစ်သည်။ အချက် အလက်များမှားယွင်းနေလျှင် ချက်ချင်းပြုပြင်ပေးသည်။ ဗိုလ်မှူးရဲထွဋ်ကဲ့သို့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ကိုယ်တိုင်ပါဝင်ခဲ့သော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည့်အတွက် ယနေ့တိုင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူနေမိသလို သတိ တရရှိနေဆဲပင် ဖြစ်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေကလေးရပ်၌ အဖဦးဘိုးလွင်၊ အမိဒေါ်စော ရှင်တို့မှ ဖွားမြင့်ခဲ့သည်။ ငယ်မည်မှာ မောင်အောင်သိန်းဖြစ်သည်။

ရန်ကုန်မြို့ ကန်တော်ကလေးမြူနီစီပယ်ကျောင်းမှ ဒဿမတန်းအောင်မြင်ခဲ့သည်။ ထို့နောက် အထက်တန်းဆရာဖြစ် သင်တန်း အောင်မြင်ခဲ့ သည်။ ၁၉၃၆-၃၇ တွင် ဆာမောင်ကြီး၏ ရဲတပ်တွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃၀၀ပြည့်ကျောင်းသားအရေးတော်ပုံတွင် မြူနီစီပယ်ကျောင်းမှ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ ၁၉၃၉-၄၀ တွင် မြူနီစီပယ်ကျောင်း၌ ဖွဲ့စည်းခဲ့သော ကျောင်းသားများသမဂ္ဂအဖွဲ့၌ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် ဒုတိယအသုတ် မြန်မာမျိုးချစ်လူငယ်များဖြစ်ကြသည့် သခင်စိုး (ဗိုလ်မြင့် အောင်)၊ သခင်သန်းတင် -၂ (ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်) တို့နှင့်အတူ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကိုင်ရှိုမာရှူး (Kaisho Maru) သဘောင်္ဖြင့် မြန်မာနိုင်ငံမှ ဂျပန်သို့ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိ ခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ ခုနှစ် မေလ ၉ ရက်နေ့တွင် လေယာဉ်ဖြင့် တိုကျိုမြို့မှ ဟိုင်နန်ကျွန်းသို့သွားရောက်ကာ ဟိုင်နန်ကျွန်းနှင့် ထိုင် ဝမ်ကျွန်းတို့တွင် စစ်ပညာသင်ကြားခဲ့သည်။

မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာများသင်ကြားရန် တာဝန်ယူထားသော မီနာမီအဖွဲ့သည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း (Hainan) တွင် စစ်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။ ဟိုင်နန်ကျွန်းရှိ စန်းယ (Sanya) မြို့တွင် ဂျပန်ရေတပ်မတော်၏ ရှေ့တန်းစခန်းအခြေစိုက်တည်ရှိသည်။ မီနာမီအဖွဲ့မှာ ဂျပန်ကြည်း တပ်မတော်နှင့်ရေတပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်၍ ဟိုင်နန်စစ်သင်တန်းကျောင်း ဆောက်လုပ်ရေး နှင့် သင်တန်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးကို ဂျပန်ရေတပ်က တာဝန်ယူဆောင်ရွက်ပြီး၊ စစ်ပညာသင်ကြားရေးကို ဂျပန်ကြည်းတပ်မတော်က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ဂျပန်စစ်အာဏာပိုင်တို့သည် စန်းယစစ်သင်တန်းကျောင်းနှင့်ပတ်သက်၍ အစွမ်းကုန်လျှို့ဝှက်ထားပြီး တရားဝင်အားဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးရေး စန်းယတောင်သူလယ်သမားသင်တန်းကျောင်းဟု အမည်မှည့်ခေါ်ထားသည်။ သင်တန်းကျောင်းအတွက် စားနပ်ရိက္ခာများကို ရေတပ်က ထောက်ပံ့ရသဖြင့် ရေတပ်နှင့်တွဲဖက်နေသယောင် ထင်မြင်စေရန် စန်းယစစ် သင်တန်းကျောင်းသားများအား ရေတပ်ဝတ်စုံများကို ဝတ်ဆင်စေခဲ့သည်။ မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာသင်တန်းပေးနေသည့်အကြောင်းကို ဗြိတိန် သို့မဟုတ် ရန်သူဖြစ်ရန် အလား အလာရှိသည့်နိုင်ငံတို့သိရှိသွားပါက အပြည်ပြည်ဆိုင်ရာပြဿနာတစ်ခုဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် မြန်မာမျိုးချစ်လူငယ်များအား ဂျပန် အမည်များပေးပြီး စစ်တန်းလျားအပြင်ဘက်တွင် မြန်မာစကားပြောခြင်း၊ မြန်မာအပြု အမူများပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဂျပန်လူ မျိုး ကျောင်းသားများပုံစံအတိုင်း သွားလာနေထိုင်ရန် ညွှန်ကြားထားသည်။

ဗိုလ်ရဲထွဋ်၏ ဂျပန်အမည်မှာ ဟာယာရှိ (Hayashi) ဖြစ်ပြီး ဂျပန်ဘာသာဖြင့် ‘ဦးသစ်သား’ ဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် စန်းယစစ်ပညာ သင်တန်းကျောင်းကို ၁၉၄၁ ခုနှစ်ဧပြီလ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ မြန်မာမျိုးချစ်လူငယ်များကို စစ်ပညာများသင်ကြားပေးခဲ့သည်။ စစ်သင်တန်း၏အဓိကရည်ရွယ်ချက်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် တပ်မှူးကောင်းများအဖြစ်ဦးဆောင်နိုင်ရန် လက်နက်မျိုးစုံကိုင်တွယ်ပစ်ခတ်နိုင်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်တို့အတွက် ဖြစ်သည်။



ဟိုင်နန်စစ်သင်တန်းတွင် မြန်မာမျိုးချစ်လူငယ်များကို တပ်ဖွဲ့သုံးဖွဲ့ခွဲ၍ သင်တန်းပေးခဲ့သည်။ တပ်ဖွဲ့(၁) သည် အခြေခံစစ်ပညာလက်နက် ကြီးနှင့် လက်နက်ငယ်မျိုးစုံကိုင်တွယ်ပစ်ခတ်နည်းများ၊ ခံစစ်ပညာနှင့် ညတိုက်ပွဲများကို အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက် ပွဲတွင် တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၁) တွင် သခင်စံမြ (ဗိုလ်တောက်ထိန်)၊ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သ ခင်စိုး (ဗိုလ်မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ ကိုရွှေ (ဗိုလ်ကျော်ဇော)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်)၊ သခင် အေးမောင် (ဗိုလ်မိုး)နှင့် ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) တို့ ပါဝင်ကြသည်။ တပ်ဖွဲ့(၂) သည် အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာ များ၊ ထောက်လှမ်းရေးနှင့်ဆက်သွယ်ရေးပညာရပ်များကို အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ထောက်လှမ်းရေးနှင့် ဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၂) တွင် သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်ကျော်စိန်(ဗိုလ်မိုးညို)၊ သခင်မောင် ဦး (ဗိုလ်တာရာ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်) တို့ ပါဝင်ခဲ့ကြသည်။ တပ်ဖွဲ့ (၃) သည် အခြေခံစစ်ပညာ၊ စစ်ဘက်နယ်ဘက် အထွေထွေအုပ်ချုပ်မှုပညာရပ်များကို သင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ စစ်ဦးစီးတာဝန်ယူ နိုင်ရန်ဖြစ်သည်။ တပ်ဖွဲ့(၃) သခင်အောင် ဆန်း (ဗိုလ်တေဇ)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့ ပါဝင်ခဲ့ကြသည်။

ရဲဘော်သုံးကျိပ်အနက် သခင်ထွန်းအုပ်သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင် အုပ်ချုပ်ရေးပညာဆည်းပူးနေ၍လည်းကောင်း၊ ကိုဆောင်း (ဗိုလ်ထိန် ဝင်း) သည် မီနာမီအဖွဲ့၏တာဝန်ပေးချက်အရ ထိုင်းမြန်မာနယ်စပ်ကို လျှို့ဝှက်စွဖြတ်ကျော်ရောက်ရှိလာမည့် မြန်မာမျိုးချစ်လူငယ်များကို စောင့်ကြိုရန်တာဝန်ဖြင့် ဇင်းမယ် (ချင်းမိုင်) တွင် တာဝန်ထမ်းဆောင်နေ၍လည်းကောင်း၊ သခင်သန်းတင်- ၁ သည် ထိုင်းနိုင်ငံဘန်ကောက်မှ ဂျပန်နိုင်ငံသို့သွားရောက်စဉ် တိုင်ပေမြို့တွင်ကွယ်လွန်သွား၍လည်းကောင်း၊ ဟိုင်နန်စစ်သင်တန်းကျောင်းတွင် မြန်မာမျိုးချစ်လူငယ် (၂၇)ဦးသာ စစ်သင်တန်းတက်ခဲ့ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလူမျိုးမျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် လက်မောင်းသွေးဖောက်၍ ကတိသစ္စာပြုကာ ဗိုလ်အမည်များခံယူရာတွင် ကိုအောင်သိန်းသည် ဗိုလ်ရဲထွဋ်ဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စတင်ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ သည်။

ဗိုလ်ရဲထွဋ်သည် မြန်မာနိုင်ငံအတွင်းသို့ ချီတက်တိုက်ခိုက်ရန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူရာကာမီ၊ စစ်ဦးစီး ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) စစ်ဦးစီးအရာရှိ ဗိုလ်ရန်အောင်တို့ ပါဝင်သော ဘီအိုင်အေစစ်ဋ္ဌာနချုပ် မော်လမြိုင်စစ်ကြောင်းတွင် ပါဝင်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ၁၉၄၂ ခုနှစ်ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဘန်ကောက်မြို့မှရဟိုင်းမြို့သို့ စတင်ထွက်ခွာခဲ့သည်။ လှိုင်း ဘွဲ့မြို့သိမ်းတိုက်ပွဲနှင့် ကတိုင်တိတိုက်ပွဲတို့တွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့မှုကြောင့် ဗိုလ်ရဲထွဋ်အား ဂျပန်စစ်ဗိုလ်များပင် ချီးကျူးခဲ့ရပြီး ဘီအိုင်အေ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်) ရရှိခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဧပြီလတွင် ဗိုလ်ရဲထွဋ်သည် ဘီအိုင်အေတပ်မဟာ ၃ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဘီဒီအေတပ်ရင်း၁တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၄၃ တွင် ဘီဒီအေတပ်ရင်း ၅ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ စစ်ဦးစီးဋ္ဌာနချုပ်အထွေထွေဋ္ဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန် ထမ်း ဆောင်ခဲ့သည်။ ထိုစဉ်အတွင်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်ဆက်သွယ်မိခဲ့သည်။

၁၉၄၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်း ပြည်သူ့အရေးတော်ပုံပါတီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဗိုလ်မှူးရဲထွဋ်သည် ဒေးဒရဲမြို့ရှိ သခင်စိုးထံ လျှို့ဝှက်စွာသွားရောက်၍ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများပြုလုပ်ရေးတို့ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဗိုလ်မှူးရဲထွဋ်သည် ၁၉၄၅ ခုနှစ် မတ်လ၁ရက်နေ့မှ ၃ ရက်နေ့အထိကျင်းပသော ဖတပလအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ ထိုအစည်းအဝေးတွင် ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များချမှတ်ရာတွင်လည်းပါဝင်ခဲ့သည်။ ဖက်ဆစ်တော် လှန်ရေးကာလတွင် တိုင်း- ၆ မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် တိုင်းမှူးအဖြစ်တာဝန်ယူ၍ ဖက်ဆစ်ဂျပန်တို့ကို တော် လှန်တိုက်ခိုက်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ ဗိုလ်ရဲထွဋ်သည် ဗမာ့တပ်မတော်ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာ့တပ်မတော်တပ်ရင်း ၅ သို့ ဒုခွဲမှူးအဖြစ် ပြန်လည်ဝင်ရောက်၍ များမကြာမီပင် တပ်ရင်း- ၅ ၏တပ်ခွဲမှူးအဖြစ် ၁၉၄၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော် တပ်ရင်း- ၃ သို့ပြောင်းရွှေ့၍ ဒုတပ်ရင်းမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဥက္ကဋ္ဌဗိုလ်ချုပ်နေဝင်း၊ အတွင်းရေးမှူးဦးသိန်းဖေမြင့်တို့ပါဝင်သော လက်ဝဲညီညွတ်ရေး ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ယင်းနောက် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော်တပ်ရင်း-၃ ၌ ဒုဗိုလ်မှူးကြီးအဆင့်အဖြစ် တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်ရင်း- ၃ နှင့် သယ်ယူပို့ဆောင်ရေးတပ်မှ တပ်သား ၃၅၀ ကိုဦးဆောင်ကာ တောခိုခဲ့သည်။ ထိုနေ့မတိုင်မီ သြဂုတ်လ ၉ ရက်နေ့တွင် သရက်မြို့ရှိ ဗမာ့တပ်မတော်တပ်ရင်း-၁ မှ ဒုတပ်ရင်းမှူး ဗိုလ်စိန်တင်သည် တပ်ရင်း-၁ မှရဲဘော်များကို ဦး ဆောင်၍ ဦးစွာတောခိုခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၅၀ ခုနှစ်အထိ တောခိုတပ်၏ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လ၂၄ ရက်နေ့တွင် ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် (ဖြူ) နှင့် တော်လှန်သောဗမာ့တပ်မတော်တို့ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကိုဖွဲ့စည်း ရာတွင် ရှေ့တန်းမှပါဝင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ပြိုကွဲသွားခဲ့သည်။ တော်လှန်သောဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်ရသည်။ ယင်းနောက် တောခိုတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်တပ်များ ပူးပေါင်းခဲ့သည်။ ထို့နောက် ဗိုလ်ရဲထွဋ်သည် ၁၉၅၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် တောင်ငူမြို့နေ ပြည်မင်းကြီးဟောင်း ယစ်မျိုးအရာရှိ ဦးဘကြည်၊ ဒေါ်ရင်တို့၏ ဒုတိယသမီး ဒေါ်ခင်ကြည်နှင့်လက်ထပ်ထိမ်းမြား၍ သားတစ်ယောက်ထွန်းကားခဲ့သည်။

၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် လယ်ဝေးမြို့နယ် လယ်ဒကြီးစခန်း၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအောက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမြဲတမ်းတပ်မတော်အဖြစ် ပြည်သူ့တပ်မတော်တွင် ဗိုလ်ရဲထွဋ် သည် ဒုတိယဗိုလ်ချုပ်ကြီး ခန့်အပ်ခြင်းခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်ဖွဲ့စည်းပုံမှာ ...

(၁) ဗိုလ်ချုပ်မှူး သန်းထွန်း
(၂) ဒုဗိုလ်ချုပ်ကြီး ဗသိန်းတင်
(၃) ဒုဗိုလ်ချုပ်ကြီး ဇေယျ
(၄) ဒုဗိုလ်ချုပ်ကြီး သန်းမြိုင်
(၅) ဒုဗိုလ်ချုပ်ကြီး ချစ်
(၆) ဒုဗိုလ်ချုပ်ကြီး တင်ထွန်း
(၇) ဒုဗိုလ်ချုပ်ကြီး ရဲထွဋ်
(၈) ဒုဗိုလ်ချုပ်ကြီး စိန်တင်
(၉) ဒုဗိုလ်ချုပ်ကြီး စိုးမောင်
(၁၀) ဗိုလ်ချုပ် ရန်အောင်
(၁၁) ဗိုလ်ချုပ် အောင်မင်းတို့ဖြစ်ကြသည်။

ထို့အပြင် ဗိုလ်ရဲထွဋ်သည် ၁၉၅၁ ခုနှစ် ၁၉၆၃ ခုနှစ်များအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေးစစ်ကောင်စီတွင် အတွင်းရေး မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ် မေလ၂၅ ရက်နေ့တွင် ဖာပွန်မြို့နယ် (မဲဝိုင်) ဒေသ၌ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့တို့ပူးပေါင်း၍ စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်အဖြစ် သခင်ဇင်၊ သခင်ချစ်တို့နှင့်အတူ ဗိုလ်ရဲထွဋ်သည် ပါဝင်ဆောင်ရွက်ခဲ့သည်။

အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ပါဝင်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

• ကရင်အမျိုးသားအစည်းအရုံးမှ
(၁) မန်းဘဇန်
(၂) ဗိုလ်ချုပ်ကော်ထူး (စောကျော်မြသန်း)

• မွန်ပြည်သစ်ပါတီမှ
(၁) နိုင်အောင်ထွန်း
(၂) နိုင်ရွှေကျင်

• ဗမာပြည်ကွန်မြူနစ်ပါတီမှ
(၁) သခင်ဇင်
(၂) သခင်ချစ်
(၃) ဗိုလ်ရဲထွဋ်

• ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
(၁) ဦးဘိုးကျော်

• ချင်းဦးစီးအဖွဲ့မှ
(၁) ဆလိုင်းစံအောင် တို့ဖြစ်ကြသည်။

ဤကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သော ဗိုလ်ရဲထွဋ်သည် ၁၉၅၈ ခုနှစ် အောက်တိုဘလ ၂၄ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဦးစီးခေါင်းဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ “ဗိုလ်ရဲထွဋ်၏ပေးစာ” ကို ပေးပို့ခဲ့သည်။ ယင်းစာသည် နောင်အခါတွင် “ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်းစဉ်” ဟု အမည်တွင်ခဲ့သည်။

စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ...

(၁) လက်ရှိကမ္ဘာအခြေအနေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အခြေအနေများအရ မြန်မာပြည်တွင် နယ်ချဲ့သမားနှင့် ဖောက်ပြန်ရေးသမား ငြိမ်း-ဆွေတို့၏လွတ်လပ်မှုဆုံးရေး ဒီမိုကရေစီဆိတ်သုဉ်းရေးလုပ်ကြံမှုအန္တရာယ်သည် တနေ့တခြားကြီးမားစွာရင်ဆိုင်လာရသဖြင့် အရေး တကြီး ကာကွယ်ရန်လိုအပ်ပါသည်။

ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် တိုင်းပြည်၏ဘေးအန္တရာယ်ကို အမျိုးသားညီညွတ်ရေးအားဖြင့် တားဆီးနိုင်ရန် လက်ရှိပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ရန် အပူတပြင်းတောင်းဆိုနေပါသည်။

ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက် နိုင်ရန် အောက်ပါတင်ပြ ချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကြီးမှူးသော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှတဆင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထုအား လေးစားစွာတင်ပြအပ်ပါသည်။

(၂) ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူတို့၏တောင်းဆိုချက်အရ အစိုးရကပြဋ္ဌာန်းထားသော သင်ပုန်းချေလွတ်ငြိမ်းခွင့်နှင့် ပါတီတရားဝင် ထူထောင်ခွင့်ကို မူအားဖြင့်လက်ခံပါသည်။ ၎င်းအရ ဥပဒေအတွင်းဝင်ရောက်၍ ဒီမိုကရေစီနည်းအရ တရားမျှတသောရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါသည်။

ဥပဒေအတွင်းသို့ဝင်ရောက်နိုင်ရန်နှင့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာယှဉ်ပြိုင်ဝင်နိုင်ရန် အောက်ပါအချက်များကို ကတိပြုဆောင်ရွက် စေလိုပါသည်။

(က) ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍ အကျဉ်းသမားများအားလုံးကို လွှတ်ရန်။

(ခ)လာမည့်ရွေးကောက်ပွဲတွင် ကွန်မြူနစ်ဝါဒကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကွန်မြူနစ်ပါတီအပါအဝင် မည်သည့်တရားဝင်ပါတီအဖွဲ့အစည်းမဆို တန်းတူရည်တူလုံးဝလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုရန်။

အထက်ပါအချက်များကို ကတိပြုချက်ခိုင်မာစွာရရှိလျှင် ဗမာပြည်ကွန်မြူနစ်ပါတီသည်-
က။ လက်နက်ခဲယမ်းများအားလုံးကို ပြည်ထောင်စုအစိုးရသို့လွှဲအပ်ပေးမည်။
ခ။ လက်နက်ကိုင်တိုက်ပွဲမှ ဥပဒေတွင်းတိုက်ပွဲသို့ ကူးပြောင်း၍ ဥပဒေအတွင်း ဝင်ရောက်မည်။
ဂ။ ကန့်သတ်ထားသောအချိန်အတွင်း ဥပဒေအတွင်းဝင်ရောက်မလာသော မိမိပါတီဝင်များကို အဆက်ဖြတ်မည်။

တဖက်နှင့်တဖက်ပြေလည်ရန် အာဃာတကင်းစွာ အထက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ရန်နှင့် ဥပဒေအတွင်းသို့ ချောမောစွာ ဝင်နိုင်ရေးအတွက် နှစ်ဖက်သဘောတူသည့် နေ့ရက်မှစ၍ အတိုက်အခိုက်ရပ်စဲရန်။

(၃) ဗမာပြည်ကွန်မြူနစ်ပါတီသည် နှစ်ဖက်ပြေလည်မှုဖြင့် ငြိမ်းချမ်းရေးရစေရန် တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ဦးနု အစိုးရက မလိုက်လျောခဲ့ပါက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခွင့်ကိုလည်း လုံခြုံမှု အာမခံချက်မပေးခဲ့ပါ။ သို့ရာတွင် ဦးနု အစိုးရက တွေ့ခွင်ပြုထားသေးသည့်အတွက် ဘေးအန္တရာယ်များရှိလင့်ကစား ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ မိန့်ကြားချက်များကိုကြားနာရင်း ကျွန် တော်တို့၏အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ရန် အထက်ပါအဖြစ်နိုင်ဆုံးတင်ပြချက်ကို တင်ပြအပ်ပါသည်။

ထပ်မံရှင်းလင်းရန်လိုအပ်သေးသည်ထင်ပါက ဆရာကြီးတို့မှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မေးမြန်းဖြေရှင်းနိုင်ပါသည်။

(၄) ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် အထက်ဖော်ပြပါ သူမနာကိုယ်မနာ နှစ်ဘက်ပြေလည်မှုရရှိစေမည့် ပြည်တွင်းငြိမ်းချမ်းရေးကို အ ကောင်အထည်ပေါ်အောင် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းကြပါရန် ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက် ပန်ကြားလိုက်ပါသည်။

(ပုံ) ရဲထွဋ်
(ဗဟိုကော်မတီကိုယ်စားလှယ်)
၁၉၅၈ခု၊ အောက်တိုဘာလ ၂၄ ရက်။
............ ...........

ဗိုလ်ရဲထွဋ်၏တင်ပြချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသိရှိလိုက်ရသည်။ “ငြိမ်းချမ်းရေးရနိုင်ပြီ” ဟု အားရဝမ်းသာဖြစ်သွားပြီး ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းတို့ထံ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည်။

သို့သော် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် ပါတီအတွင်း အကွဲအပြဲများကြောင့်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအား အိမ်စောင့် အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရန်စီစဉ်နေချိန်ဖြစ်၍ တွေ့ဆုံခွင့်မရခဲ့ချေ။ ထို့အပြင် ၎င်းတို့သည် ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်း စဉ်အပေါ်၌လည်း စိတ်ဝင်စားမှုမရှိခဲ့ချေ။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အရာမထင်ဖြစ် ခဲ့ရသည်။

ထို့နောက် ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဗိုလ်ရဲထွဋ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ဝဲတရားသေဝါဒ၊ လက်ဝဲ ဂိုဏ်းဂဏဝါဒနှင့် လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သဖြင့် နတ္တလင်း၊ ဇီးကုန်းနယ်ဘက်မှတဆင့် အလင်းဝင်ရောက်ခဲ့ သည်။ ဗိုလ်ချုပ်ကြီးနေဝင်းထံသို့လည်း အကြောင်းကြားခဲ့သည်။ ဤတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ရဲထွဋ်အားသွားရောက်ခေါ်ယူရန်အတွက် ထိုစဉ်က ဒုတိယဗိုလ်မှူးကြီးချာလီသိမ်းရွှေအား တာဝန်ပေးစေလွှတ်ခဲ့သည်။ ဗိုလ်ရဲထွဋ်အား သူအလင်းဝင်သည့် မေလ ၂၁ ရက်နေ့မှစ၍ တပ်မတော်မှထွက်ခွင့်ပြု၍ ဇွန်လ ၁၈ ရက်နေ့အထိ ဗိုလ်မှူးလစာ (၇၆၃ ကျပ် ၇၇ ပြား) တပ်မတော်ငွေစာရင်းဋ္ဌာနမှ ထုတ်ပေးလိုက်သည်။ ဗိုလ်ရဲထွဋ်သည် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ပြီးလျှင် ဝါအရင့်ဆုံးတပ်မတော်အရာရှိဖြစ်သည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာ (၃၅ ၀၆) ဖြစ်သည်။

တောတွင်း၌ ၁၅နှစ်ကျော်မျှ ပင်ပန်းဆင်းရဲခဲ့သည့်ဒဏ်၊ ကျန်းမာရေးချို့တဲ့သည့်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်များကြောင့် ဗိုလ်ရဲထွဋ်သည် ဗိုလ်ချုပ်ကြီးနေဝင်းစီစဉ်ပေးမှုဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရသည်။

ယင်းနောက် တောခိုအလံဖြူကွန်မြူနစ်ပါတီမှ စစ်ရေးတာဝန်ခံကြီးများနှင့် ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ရဲထွဋ်၊ ဗိုလ် စိန်တင်၊ ဗိုလ်ရဲမောင်တို့သည် မည်သည့်အတွက် တော်လှန်ရေးကောင်စီထံ အလင်းဝင်ခဲ့ရသည်ကို ၁၉၆၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် လူထုရေးရာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ မဆလပါတီဗဟိုရေးရာဋ္ဌာနကြီး၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် မဆလပါတီဋ္ဌာနချုပ် သမဝါယမစိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ယင်းနောက် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံ၌ ပါတီသန့်စင်ရေးအရ ဗိုလ်ရဲထွဋ်အပါအဝင် ပါတီ ဗဟိုကော်မတီဝင် ၅၀ ထုတ်ပယ်ခံရသည်။

ထို့နောက် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေစဉ်အတွင်း ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်မှူးဟောင်းများနှင့်ရဲဘော်ဟောင်းများအဖွဲ့၌ ဦးဆောင်အဖွဲ့တွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း သောင်းဒန်၊ ဗိုလ်မှူးကြီးဟောင်း စောမြင့်တို့နှင့်အတူ ပါဝင်ခဲ့သည်။

ထိုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထည်ထောင်စဉ် ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၏ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဈာပနကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၀ မှယနေ့တိုင် ရဲဘော်သုံးကျိပ်ဝင်မိသားစုများ သာရေးနာရေးကူညီစောင့်ရှောက်ရေးအသင်း၌ နာယက အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

ယင်းနောက် သခင်တင်မြ၊ သခင်လှထွန်း၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ရဲဘော်ဘခက်၊ ဦးဇော်လင်း၊ ဦးထင်လင်း၊ ဦးတင်ထွန်း၊ ကိုအုံးမြင့်၊ ဦးကျော်အောင်၊ သန်းဝင်းလှိုင်တို့ပါဝင်သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိပြုစုရေးကော်မတီတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်ရဲထွဋ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနိုင်ငံရေးဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှချီးမြှင့်သော ဆုတံဆိပ်မြောက်များစွာ ရရှိခဲ့ သည်။ ရရှိခဲ့သော ဆုတံဆိပ်များမှာ ...

(၁) လှိုင်းဘွဲ့မြို့သိမ်းတိုက်ပွဲနှင့်ကတိုင်တိတိုက်ပွဲတို့တွင် ထူးချွန်စွာတိုက်ခိုက်ခဲ့သည့်အတွက် ၁၉၄၂-၄၃ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မ တော် (ဘီအိုင်အေ) ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)။

(၂) ၁၉၄၂ ဇန်နဝါရီ၈ မှ ၁၉၄၂ ဇူလိုင်၂၆ နှစ်အတွင်း ဘီအိုင်အေ၌ စစ်မှုထမ်းခဲ့သည့်အတွက် အရေးတော်ပုံတံဆိပ်။

(၃) ၁၉၄၂ ဇူလိုင်၂၇ မှ ၁၉၄၅ မတ် ၂၆ နှစ်အတွင်း ဘီဒီအေ၌ စစ်မှုထမ်းခဲ့သည့်အတွက် လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်။

(၄) ၁၉၄၅ မတ် ၂၇ မှ ၁၉၄၅ စက်တင်ဘာ ၁၂ နှစ်ကာလအတွင်း ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွန်ချွန်သက်စွန့်ကြိုးပမ်း တိုက်ခိုက်မောင်း ထုတ်ခဲ့သည့်အတွက် လွတ်မြောက်ရေးတံဆိပ်။

(၅) ၁၉၇၂ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ် ရေးအတွက် သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်း ဝင် (ပထမအဆင့်) တံဆိပ်။

(၆) ၁၉၈၀ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံတော်အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမ အဆင့်) စသည်တို့ကို ချီးမြှင့်ခံရသည်။

Law Ael Soe - Articles

ကျွမ်းလောင်မှု၏ စွမ်းအား - အပိုင်း (၂) 
လောအယ်စိုး
မေ ၂၀၊ ၂၀၁၂



အမျိုးသမီးငယ်တစ်ဦးထွက်လာပြီး “ဘာကိစ္စရှိပါသလဲရှင်”
“အော် ဟုတ်ကဲ့ ကျွန်တော် ဦး ....... နဲ့ တွေ့ချင်လို့ပါ။ ကိုအေးမောင် ဖုန်းဆက်ထားမယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ ၀င်ခဲ့ပါ၊ ဦးက မဂ္ဂဇင်းတစ်စောင်နဲ့ အင်တာဗျူးလုပ်နေလို့ပါ ခဏဧည့်ခန်းမှာထိုင်နေပါ။
“ကျေးဇူးတင်ပါတယ်၊ ကိစ္စမရှိပါဘူး။ ကျွန်တော်စောင့်ပါမယ်။ ချိန်ထားတာကလည်း ဆယ်နာရီမှပါ။ ကျွန်တော်ရောက်တာကလည်း စောနေ တာကိုး” ဟုပြောရင်း ကျွန်တော် အမျိုးသမီးနှင့်အတူ အိမ်ထဲသို့ဝင်လိုက်သည်။

အိမ်ရှေ့ခန်းတွင် ဆရာနှင့် ဖခင်ဖြစ်သူက အတူထိုင်နေရင်း မြန်မာနိုင်ငံ၏ နာမည်ကြီးမဂ္ဂဇင်းတစောင်မှလာရောက်တွေ့ဆုံပြီး မေးမြန်း သည်ကို ပြောကြားနေခြင်းဖြစ်သည်။ စီးကရက်ကို ဟန်ပါပါနှင့်ခဲရင်း ဆရာတစ်ယောက် မေးခွန်းများကိုဖြေကြားနေသည်။ ၎င်းတို့အနီးရှိ လွတ်နေသောခုံတွင် ကျွန်တော် ရို့ရို့ကလေး ၀င်ထိုင်လိုက်သည်။ မေးသောမေးခွန်းများကို ဆရာသည် ဈာန်ဝင်စားပုံရသည်။ နိုင်ငံတ ကာရပ်ဝန်းတွင် မည်ကဲ့သို့ ၎င်းအောင်မြင်ကျော်ကြားနေသည့်အခြေအနေ၊ ကိန်းဂဏန်းကြီးများစွာသော၊ ဉာဏ်ပူဇော်ခများအကြောင်းတို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။

ကျွန်တော် ယခုတိုင်အမှတ်ရနေသော စကားတစ်ခုက “အသုံးပြုမယ့်ဓာတ်ပုံတွေက ကျွန်တော်က အယ်ဒီတာတွေကို ဘယ်တော့မှ ရွေး ချယ်ခွင့်ပေးတဲ့လူမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ပီးမှ ဖော်ပြခိုင်းတာ” မှတ်သားနာယူလောက်ပေသည်။

“ကျွန်တော်ရောက်ပီး ဓာတ်ပုံသွားရိုက်တယ့်နေရာတိုင်းမှာ နယ်ခံဓာတ်ပုံဆရာတွေက ကျွန်တော့်ကို အမြဲလာတွေ့ပြီး ကျွန်တော်ဓာတ်ပုံရိုက် တဲ့နောက်ကို လိုက်ကြည့်ကြတယ်ဗျ။ တချို့ဆိုရင် ကျွန်တော်တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ မိုးတောင်မလင်းသေးဘူး သူတို့တစ်တွေ ရောက် နေကြပြီ”

ဆရာပြောကြားနေသည်ကိုကြည့်ပီး ဆရာ့ဖခင်ကြီးသည် အလွန်ပီတိ ဖြစ်နေပုံရသည်။ မကြည့်နူး၊ ဂုဏ်မယူဘဲနေမည်လား၊ အောင်မြင်ကျော် ကြားသည့်သားတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့သည့် ဥယျာဉ်မှူးကြီးသည် ၎င်းမဟုတ်ပါလား။

“ချောက်” ကနဲမြည်အောင် အသံသွင်းကက်ဆက်ကိုပိတ်လိုက်ပြီး အင်တာဗျူးမေးသောသူသည် ဆရာ့ကိုကျေးဇူးတင်စကားပြောရင်း နောက်လထုတ်မည့် ၎င်းတို့မဂ္ဂဇင်းကြီးတွင် ဆရာ့အကြောင်း မျက်နှာဖုံးဆောင်းပါးအဖြစ်ပါရှိမည်ဖြစ်ကြောင်း လေးလေးစားစား ပြောဆိုပီး ထွက်သွားလေသည်။

အိမ်၏ဧည့်ခန်းတွင် ကျွန်တော်တို့သုံးဦးသားသာ ကျန်ရစ်ခဲ့သည်။ စီးကရက်ကိုခဲရင်း ဆရာသည် ကျွန်တော့်ကို စိုက်ကြည့်ကာ ...

“ငါ့ညီကရော ဘာကိစ္စရှိလို့လဲ”
“ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်က ကိုအေးမောင်ရဲ့မိတ်ဆွေပါ။ ဆရာနဲ့ တွေ့ချင်လို့ပါ” ဟု ကျွန်တော် ဆရာမေးသောမေးခွန်းကို မ၀ံ့မရဲ ဖြေ လိုက်သည်။

“အော် အေး သူ မနေ့က တယ်လီဖုန်းဆက်ထားတယ်။ ဒါနဲ့ မင်းက ဘာသိချင်တာလဲ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လည်း ဆရာ့လို ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ချင်လို့ပါ။ တပည့်ခံချင်လို့လာတွေ့တာပါခင်ဗျာ”

စီးကရက်ကိုခဲရင်း ကျွန်တော့်ကို စူးရှသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ .... “မင်း ငါ့ဆီမှာတပည့်ခံရအောင် ငါကိုင်တဲ့ကင်မရာမျိုး မင်း ကိုင်နိုင်ရဲ့လား”

ကျွန်တော် ကြောင်သွားသည်။ ကင်မရာ ကိုယ်ထည်တစ်ခုတည်း မှန်ဘီလူး မပါစေသေးကာမူ ဆရာလက်ရှိ အသုံးပြုနေသည့် ကင်မရာသည် ဒေါ်လာနှစ်ထောင်ကျော်အထက်တွင် ရှိသည်။ မှန်ဘီလူးများအပါအ၀င်ဆိုပါက ဒေါ်လာလေးငါးထောင်နား ကပ်သွားပေလိမ့်မည်။ ယခုလို အချိန်မျိုးတွင် ကျွန်တော် ထိုမျှတန်ဖိုးကြီးသော ကင်မရာနှင့်မှန်ဘီလူးများကို အဘယ်ကဲ့သို့ ကိုင်နိုင်ပါမည်နည်း။

“ဟုတ်ကဲ့ ကျွန်တော် မကိုင်နိုင်သေးပါဘူးခင်ဗျာ”
“အေး မင်း အဲဒီကင်မရာမျိုးတွေမကိုင်နိုင်ရင် ဘာကြောင့်ငါ့တပည့်ဖြစ်ချင်ရတာလဲကွ” ဟု ရိသဲ့သဲ့ဖြင့် ကျွန်တော့်ကို ဆရာသည် ဆက် ပြောသည်။

“ဟုတ်ကဲ့ ဆရာ၊ ဆရာကိုယ်တိုင်မသင်ပေးနိုင်ရင်လည်း ကျွန်တော့်ကို စာအုပ်လေး၊ ဘာလေး ဝေငှပို့ပေးလို့များ ရမလားခင်ဗျာ” ဟု ကျွန် တော်လည်း စိတ်ထိခိုက်စွာဖြင့် ထပ်မံအသနားခံလိုက်သည်။

“ဟေ့ နိုင်ငံခြားမှာနေတဲ့လူတွေက ဘယ်သူမှ မအားဘူးကွ။ မင်းကို စာအုပ်တွေပို့ဖို့အကြောင်းမပြောနဲ့ ငါ့အလုပ်တွေနဲ့ကို ရှုပ်နေတာ သူများ တွေအတွက်အချိန် ငါ့မှာ မရှိဘူးကွ” ကျွန်တော်မမျှော်လင့်ထားသော ဆရာ့ထံမှတဘက်သားကို အထင်မြင်သေးသော အကြည့်၊ ရင့်သီးလှ စွာသော စကားအသုံးအနှုန်းများအတွက် ကျွန်တော်ကြေကွဲသွားသည်။

“ဒါနဲ့ နေပါအုံး .... မင်းက ဓာတ်ပုံဆရာတယောက် ဖြစ်ချင်တယ်ဆိုလို့ ဘာတွေများလေ့လာထားသလဲကွ”
“ကျွန်တော် လက်လှမ်းမှီရာ စာတွေဖတ် နီးစပ်ရာ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့လူတွေကို ချဉ်းကပ်ပြီး ဒီလိုပဲလိုက်မေးတာပါပဲ ဆရာ” ဟု ကျွန်တော် ဖြေလိုက်သည်။

ဆရာက “ဓာတ်ပုံဆရာတစ်ယောက်ဟာ ကင်မရာတစ်လုံးရဲ့အကြောင်း၊ အသုံးပြုရိုက်ကူးမယ့် ဖလင်တွေအကြောင်း ကောင်းကောင်းကို သိဖို့လို တယ်နော်”

“သွား မေးမနေပါနဲ့ကွာ။ ဒီကောင် ဒါတွေသိမှာမဟုတ်ပါဘူး”

ဆရာ့နံဘေးတွင်ထိုင်ကာ ကျွန်တော့်ကို အထင်သေးစွာကြည့်ရင်း ၎င်း၏ ဖခင်သည် ဆရာ၏စကားကိုဆက်လိုက်ရင်း နှစ်ဦးသား သဘော ကျစွာဖြင့် ရယ်လိုက်ကြသည်။ ကျွန်တော် လုံးဝမမျှော်လင့်ထားသော ၎င်းတို့နှစ်ဦးထံမှ လူငယ်တစ်ဦးကို လှောင်ပြောင်သော အပြုံးနှင့် ရယ် မောသံများ။ သူတို့နှစ်ဦးလုံးသည် ကျွန်တော် နက်နက်ရှိုင်းရှိုင်းကြီး နာကျင်ကြေကွဲသွားမည်ဟုလည်း ထင်ပုံမရ။ လူငယ်တယောက်၏ ခံစားချက်နှင့်ရည်မှန်းချက်ကို အထင်သေးလွန်းလေခြင်းဟုသာ။

ကျွန်တော်ဆက်၍ ၎င်းတို့နှင့် စကားပြောလည်း မရတော့။ ကျွန်တော် ပြောဆိုသည့် စကားတို့ကိုလည်း သူတို့နှစ်ဦး နားထောင်လိမ့်မည် မဟုတ်။ ထို့အတူ ၎င်းတို့နှစ်ဦး၏ စကားများနှင့် အထင်သေးသော မျက်လုံးတို့ကိုလည်းကျွန်တော်ခံနိုင်စွမ်း မရှိတော့ပါ။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါ” ဟူ၍ ၎င်းတို့နှစ်ဦးကို နှုတ်ဆက်ပြီး၎င်းတို့၏ အိမ်ခံဝင်းထဲမှ အမြန်ဆုံးထွက်ခဲ့ သည်။ ကောင်းကင်ထက်ဝယ် တိမ်သားညိုညိုနှင့် မိုးကလည်း တစ်ဖွဲဖွဲလေး ရွာနေသည်။ ဖြေးဖြေးခြင်း သည်းသည်းလာသည်။ ထီးမပါဘဲ လမ်းပေါ်တွင် ကျွန်တော်တစ်ယောက်တည်း မိုးရေတွေနှင့် ရွှဲရွှဲစိုနေရင်း ဆက်လမ်းလျှောက်နေသည်။ ကောင်းကင်ယံမှမိုးသည် ပြင်းထန် နာကျင်လွန်းလှသော ကျွန်တော့်နှလုံးသားမှအန်၍ရွာချလိုက်သည့် မျက်ရည်မိုးအရှိန်ကို ပို၍မှီနိုင်မည်မထင်ပါ။ မျက်ရည်များ ကျွန်တော့် ပါးပြင်ပေါ်သို့ စီး၍ကျလာသည်။ ကျွန်တော်မသုတ်ပါ။ စီးပါလေစေ။ စီးပါလေစေ။ အရှိန်ကုန်ရင် ရပ်တန့်သွားမှာပါ။

မည်း၍ မှိုင်းနေသော ကောင်းကင်ကြီးကိုမော့ကြည့်ရင်း “ဟေ့ ဒီနေ့ ဒီအချိန်ကစပြီး ငါဟာ အနင်းအဖိနှိပ်ခံလူတွေအတွက် ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်သွားပြီကွ”ဟု ကြုံး၍ တအားအသံကုန်အော်ဟစ်လိုက်သည်။ ပဲ့တင်သံများသည် ကျွန်တော့်နှလုံးသားထက်ဝယ် အကြိမ် တစ်ထောင်မက ရိုက်ခတ်နေသကဲ့သို့ ခံစားရသည်။ ကျွန်တော့်မျက်ရည်ကိုလည်း မသုတ်ပါ။ တစ်ချိန်မှာ ငါ့လို အနှိမ်ခံ ပြင်းပြသော ဆန္ဒ တွေနဲ့ သိချင်၊ တတ်ချင်ပြီး ဆရာတော်တဲ့လူငယ်တွေလိုကို ငါခံစားရသလို သူတို့တစ်တွေမခံစားစေရဘူးဟု ကျွန်တော် အပြီး သံန္ဒိဌာန် ချလိုက်သည်။

ထိုနေ့အတွက် ကျွန်တော် နေ့မှတ်တမ်းမရေးပါ။ နာကျင်လွန်းခဲ့ရသည့်ဖြစ်ရပ်အတွက် ကျွန်တော်အမှတ်လည်းမရလို။ ဆရာနှင့် ၎င်းဖခင်တို့ ကိုလည်း နာကျည်းစိတ်မရှိလိုခဲ့ပါ။ ယခုလို နင့်နင့်သီးသီးကြီး ကျွန်တော်ခံစားလိုက်မည်ဟု သူတို့တွေလည်း ထင်မိကြမည်လည်း မဟုတ်ပါ။ စက္ကန့်များသည် မိနစ်များ ဖြစ်သွားသည်။ နာရီများမှသည် နေ့ရက်၊ နှစ်များတို့သည်လည်း ရက်များမှတဆင့် အသွင်ပြောင်းသွားကြသည်။

အခက်အခဲအမျိုးမျိုး၊ စမ်းသပ်မှု အဖုံဖုံတို့ကို ကျွန်တော် ရှစ်နှစ်တာအတွင်း ကြုံတွေ့ဖြတ်သန်းခဲ့သည်။ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ အကူ အညီပေးမှုများ၊ အသုံးချခံခဲ့ရမှုများကလည်း တလှည့်စီ၊ အခွင့်သင့်တိုင်း မြန်မာပြည်အရပ်ရပ်သို့ ကျွန်တော်ခရီးပြုသည်။ မိမိကိုယ်ကို မိမိခံနိုင်ရည်မည်မျှရှိအောင် စမ်းသပ်အုံးမည်ဟု ကျွန်တော်ဆုံးဖြတ်ပီး ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ ခါကာဘိုရာဇီတောင်ခြေ၊ ထိုမှ တစ်ဆင့် နောင်မွန်၊ ပူတာအို၊ မြစ်ကြီးနားမြို့အနီးထိ လမ်းလျှောက်ပစ်လိုက်သည်။

၁၉၉၆၊ ဒီဇင်ဘာလကတည်းက ရန်ကုန်မှထွက်သွားသော ကျွန်တော်သည် ၁၉၉၇ ခုနှစ်၊ မတ်လကုန်ခါနီးမှ ရန်ကုန်မြို့သို့ ပြန်ရောက်သည်။ ဆူးလေတစ်ဝိုက်၊ လမ်းဘေးပလက်ဖောင်းပေါ်တွင်ရောင်းသော မြန်မာပြည်မြေပုံတစ်ချပ် (
Pantex - K 1000. camera) လေးတစ်လုံး နှင့်သာ ကျွန်တော့်တွင်ရှိခဲ့သည်။ သို့သော် ဆန္ဒအလျှံမီးတို့သည် အဟုန်ပြင်းစွာဖြင့် ရဲရဲခဲနေသည်။ “ဘယ်လိုဖြစ်လို့ ဒီကရင်တစ်ယောက်က ငါတို့ ကချင်ပြည်နယ်ကိုလာပြီး ပူတာအိုကနေ၊ မြစ်ကြီးနားအထိ လမ်းလျှောက်ချင်ရတာလဲ” ဟု ကချင်မိတ်ဆွေအချို့တို့၏ ဒွိဟ သံသယများ ကိုဥပေက္ခာပြုပြီး ထိုအချိန်က ကချင်နှစ်ခြင်းအသင်းချုပ်ကြီး၏ လူငယ်တာဝန်ခံ ဆရာခွာနော်သည် ကျွန်တော့်ကို ညီရင်းလိုပမာ အ ကောင်းဆုံးမေတ္တာပြကာ ကူညီမှုပေးခဲ့ပါသည်။

ထိုခရီးတလျှောက် ကျွန်တော်ကို မေတ္တာပြကူညီမှုများပေးခဲ့သည် ဂျိန်းဖော၊ လီဆူ၊ ရ၀မ်လူငယ်များတို့နှင့် အသီးသီးသော ၎င်းတို့၏ အသင်း တော်များတို့ကျေးဇူးများကို ဘယ်သောအခါမှ ကျွန်တော်မေ့ပျောက်၍ ရမည်မဟုတ်ပါ။ မိုင်ကို ရာနှင့်ချီ၍ ကျွန်တော်လမ်းလျှောက်ခဲ့သည်။ မိမိ၏ခံနိုင်ရည်စွမ်းအားကို ကျွန်တော် မိမိဘာသာ စစ်ဆေးကြည့်လိုက်သည်။ အားငယ်မှုများကြုံတိုင်း ကျွန်တော်သမ္မာကျမ်းစာကို ဖွင့်ဖတ် ပြီး ဘုရားရှင်ကို ဒူးထောက်ကာဆုတောင်းခဲ့ပါသည်။ ကျွန်တော် နောင်မှပြန်၍သိရှိရသည်မှာ ကရင်ပြည်နယ် ကျေးလက်တခုရှိ မိခင်ကြီးကို နှစ်လကျော်ကျော်ဘာမှ အကြောင်းကြားခြင်းမရှိခဲ့။ တောထဲတောင်ထဲတွင် ဘယ်လိုမျှ ဆက်သွယ်၍လည်းရမည်မဟုတ်။ သို့အတွက် ကြောင့် မိခင်ကြီးသည် ကြီးစွာသောပူပင်သောက ရောက်ခဲ့ရခြင်းပင်။ ထိုသောကအတွက် မိခင်ကြီးသည် ဒူးထောက်ဆုတောင်းခြင်းမှတစ်ပါး ဘာကိုမှ မတတ်နိုင်ခဲ့ပါ။ ထိုမိခင်တို့၏ ဆုတောင်းသည် အစွမ်းကြီးမားလှပေသည်။

ကျွန်တော့်ခရီးစဉ် အောင်မြင်ခဲ့ပါသည်။ အမှတ်ရစရာများထဲမှတခုက နောင်မွန်းမြို့သို့ ကျွန်တော်ရောက်ရှိစဉ် ဈေးသို့ဝင်ပြီး ရှေ့ဆက်ရမည့် ခရီးစဉ်အတွက် ပစ္စည်းတချို့ကို ၀ယ်နေတုန်း “ဟာ ...ကရင်လေးမဟုတ်လား” အသံကြား၍ ကျွန်တော်လှည့်ကြည့်လိုက်တော့။ ကျော်စွာ ထွန်း၊ ဓနုဖြူသားစစ်စစ်၊ ကျော်စွာထွန်းမှ အစစ်။ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာအဓိကပညာရပ်ကျောင်းသားကြီး ကျော်စွာထွန်း။ လေးနှစ် ကျော်ကျော် မဟာရွှေဘိုဆောင်မှ တစ်ဆောင်တည်းသား ဗန္ဓုလ၏ကဗျာများ စီရင်သွားခြင်းကြောင့်လားမသိ။ အမိရန်ကုန်တက္ကသိုလ်မှ ညီ အစ်ကိုနှစ်ဦး မြန်မာနိုင်ငံ၏မြောက်ဘက်ဆုံး ထိပ်ဖျားတွင်းတွင် လာရောက်တွေ့တတ်ပလေ။

“မင်း ဘယ်လိုနဲ့ဒီမြို့ကို ရောက်လာသလဲ” ဟု ကျွန်တော်က မေးတော့ “ငါ ထွေအုပ်သင်တန်းဆင်းပြီး ပထမဆုံးအနေနဲ့ ဒီမြို့ကို ပို့လိုက်တာ ကွ။ အခု ငါက ဒီမြို့မှာ မ၀တအတွင်းရေးမှူးလေကွာ” ဂုဏ်ယူလောက်ပါပေသည်။ အတွင်းရေးမှူးကြီးရယ်။

ကျွန်တော်တို့နှစ်ဦး အလွန်ပျော်သွားသည်။ ခါကာဘိုရာဇီတောင်ခြေသို့ ခရီးမဆက်မှီ ညတိုင်း ကျော်စွာထွန်း၏အိမ်သို့သွားပြီး ညဥ့်နက် သည်အထိ စကားပြောကြသည်။ ရန်ကုန်တက္ကသိုလ်၏ လွမ်းမောဖွယ်နေ့ရက်များတို့ကို နှစ်ဦးသား စားမြုံ့ပြန်ရင်း တမ်းတကြသည်။ အင်း လျား၊ သစ်ပုတ်ပင်၊ အဓိပတိလမ်း၊ သီရိဆောင်ရှေ့ ညဖက်ဂီတာဝိုင်းတို့ကို ပြန်၍ နောင်မွန်းညများတွင် တဖန်အသက်ဝင်လာသည်။ အမှန် ပါ။ အမိရန်ကုန်တက္ကသိုလ်ကြီးသည် အဆင်း၊ အရောင်၊ အာဃာတအားလုံးကို ကျွန်တော်တို့အား ခ၀ါချစေကာ စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ကြီးကိုပေးနိုင်ခဲ့သည့် တစ်ခုသောနေရာပင် ဖြစ်သည်မဟုတ်ပါလား။

“အေး သူငယ်ချင်း၊ လိုချင်တာပြော။ ဒီမြို့မှာ ငါ့လက်မှတ်နဲ့ထုတ်လို့ရတာ ဖရောင်းတိုင်နဲ့ ဆားရှိတယ်ကွ” ဟု မ၀တအတွင်းရေးမှူးကြီး ကျော်စွာထွန်းကလည်း အားပေးရှာပါသည်။

စိမ့်နေအောင်အေးလှသော နောင်မွန်းမြို့၏ဆောင်းညအောက်ဝယ် ကျွန်တော်တို့နှစ်ဦးသား မီးလှုံပြီး ကျော်စွာထွန်းက ဓနုဖြူရှိ ၎င်း၏ ချစ် သက်လျာလေးအကြောင်း တမ်းတမ်းတတပြောသည်။

“ငါလည်း ဒီမြို့ကိုရောက်ဖို့ အိပ်မက်ထဲမှာတောင် မဖက်ဖူးပါဘူးကွာ။ အခု အစိုးရကပို့လို့သာ ရောက်လာတာ” မည်သို့ပင်ဖြစ်စေ ကျွန်တော် တို့ နှစ်ဦး၏ နောင်မွန်းနေ့ရက်များတို့သည် အမှတ်ရစရာများပင်။ နောင်မွန်းမြို့ကို ဖြတ်၍စီးသွားသော “ကစမ်ထီ” ချောင်းလေးသည် ကျွန် တော်တို့နှစ်ဦး၏စကားကို တိတ်ဆိတ်စွာနားထောင်ရင်း တငြိမ့်ငိမ့်လေး စီးဆင်းသွားသည်။

နောင်မွန်းမြို့၌ နှစ်ပတ်ကျော်နီးပါး ကျွန်တော်နေထိုင်စဉ်အတွင်း ခင်မင်စရာကောင်းလှသည့် ဒေါက်တာစည်သူဆိုသော လူငယ်ဆရာဝန် တစ်ဦးနှင့်လည်း ရင်းနှီးခွင့်ရခဲ့သည်။ ဒေါက်တာစည်သူသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကိုရပြီး မကြာခင် နောင်မွန်းမြို့ကို အစိုးရ၏တာဝန်ပေးချက်အရ ရောက်ရှိလာခြင်းဖြစ်သည်။ ပူပူနွေးနွေးလက်ထပ်ထားထားသော ဇနီးသည်ကို မန္တလေး၌ထားခဲ့ကာ မိမိတာ ၀န်ကျရာသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချိန်က ဒေါက်တာစည်သူသည် အသက်အရွယ်အားဖြင့် နှစ်ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေး သည်။ ရ၀မ်၊လီဆူး၊ ဂျိန်းဖောဒေသခံ တိုင်းရင်းသားတို့၏ ချစ်ခင်လေးစားခြင်းကို ခံယူထားနိုင်သူဖြစ်သည်။

“အေးဗျာ၊ ညဆိုရင် ဒီမှာကအရမ်းအေးတော့ လူတွေအများကြီးစုတဲ့ ဗီဒီယိုရုံကို ရောက်ဖြစ်တယ်ဗျာ။ လူရဲ့ ကိုယ်အငွေ့တွေက နွေးတော့ လူငွေ့ သွားလှုံတာပေါ့ဗျာ”

ညဦးပိုင်းတွင် ကျွန်တော် ဒေါက်တာစည်သူကို နောင်မွန်းမြို့၏တစ်ခုတည်းသော ဗီဒီယိုရုံတွင် တွေ့တတ်သည်။ တစ်ရာကျော်ခန့်လူဦးရေ ရှိသည့် ဗီဒီယိုပရိသတ်တို့အထဲ ကိုယ်ခန္ဓာသေးသော ဒေါက်တာစည်သူတစ်ယောက် ပျော်၍နေသည်။ ခင်မင်စရာကောင်းသော ဒေါက်တာ စည်သူသည် တောင်ငူမြို့ဇာတိ ဖြစ်သည်။ အသွေးအရောင်စုံ စရိုက်အမျိုးမျိုးရောပြွမ်းနေသော နောင်မွန်းမြို့၏ ၀န်ထမန်းရပ်ဝန်းထဲတွင် ဒေါက်တာစည်သူ၏ စာရိတ္တ၊ စေတနာ၊ အနစ်နာခံမှုအလင်းတို့သည် ဒေသခံများအတွက် အာရုံဦးနေခြည်ပမာ။

သတိရနေဆဲပါ ဒေါက်တာစည်သူ၊ ယခုအချိန်ဆိုလျှင် သူသည်လည်း အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်နေလောက်ပီပေါ့။ (၁၉၉၇)ခုနှစ် ဇန်န၀ါရီလကတည်းက တစ်ခါမှ ပြန်မဆုံဖြစ်ကြတော့။ အမိမန္တလေး ဆေးတက္ကသိုလ်ကြီးသည် သူ၏ သားကောင်းတယောက်အတွက် ဂုဏ်ယူနေပေလိမ့်မည်။

နောင်မွန်းမြို့မှာ မချမ်းတော့။ ထိုမှတဆင့် မြစ်ကြီးနားသို့ ဆက်၍လျှောက်သည်။ ကချင်နှစ်ခြင်း အဖွဲ့ချုပ်ကြီး၏အကူအညီဖြင့် ဒေသခံ အသင်းတော်များက ကျွန်တော့်ကို အကောင်းဆုံးကူညီ၍ ဧည့်သည်ဝတ်ကို ပြုကြသည်။ တစ်ရွာမှတစ်ရွာသို့ကူးသောခရီးစဉ်တွင် အနည်း ဆုံး လူသုံးဦးခန့် ကျွန်တော့်ပစ္စည်းများကို ကူညီ၍ထမ်းကာလိုရာသို့ရောက်အောင် ပို့ဆောင်ပေးကြသည်။

တိမ်လွှာတွေကြားထဲက ဆွမ်ပရာဘွမ်မြို့ကလေးသို့ အပေါ်စီးက လှမ်း၍မြင်ရသည်။ မြင်ကွင်းသည် ဘယ်လိုမှ ကျွန်တော့်အတွက် မေ့၍ မရသော အသက်ဝင်လွန်းလှသည့် ပန်းချီကားတစ်ချပ်ပင်။ ဆွမ်ပရာဘွမ်မြို့၏အလှသည် မြန်မာနိုင်ငံတွင် ကျွန်တော်ရောက်ဘူးသမျှ မြို့များထဲတွင် အလှဆုံးမြို့တမြို့၌ ပါဝင်သည်။ သွားရေးလာရေး ခက်ခဲခြင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးတို့၌ကား ပြည်မရှိမြို့ များနှင့် နှိုင်းယှဉ်ပါက အဝေးမှာကျန်နေဆဲ။

အိမ်ခြံဝင်းအကျယ်ကြီးထဲတွင် မိသားစုဝင်များကွယ်လွန်သွားပါက မိမိတို့၏ခြံဝန်းထဲ၌ပင် အုတ်ဂူပြုလုပ်၍ မြှုပ်နှံထားသည်ကို ထူးထူးခြားခြား တွေ့မြင်ခဲ့ရသည်။ ဆွမ်ပရာဘွမ်နှင့် မြစ်ကြီးနားကားလမ်းတလျှောက် (ကားလမ်းကြမ်းသာရှိပြီး နေ့စဉ်ကားဖြင့် ခရီးမပြုနိုင်သေးပါ။) တပ်မတော်နှင့် ကုန်သွယ်ရေးယာဉ်တန်းများသာ တစ်ခါတစ်ရံ ရှိတတ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိခဲ့ရသည်။ ခြေသံများ တချွင် ချွင်နှင့်ရဲဘက်များကိုလည်း အေးချမ်းသောရာသီအောက်တွင် ပင်ပန်းစွာဖြင့် လမ်းကျောက်ခင်းနေသည်တို့ကိုလည်း မျက်မြင်တွေ့ခဲ့ရ သည်။ ၎င်းမြင်ကွင်းနှင့် ဆန့်ကျင်ဘက် စိမ်းလဲ့ဖန်သော မေခမြစ်၏ အရှိန်နှင့်စီးဆင်းနေခြင်း၊ အလှနှင့် အားမာန်သည် ကဗျာရှည်ကြီးတစ်ပုဒ် နှယ်။ စီးဆင်းနေဆဲ မေခမြစ်နှင့်အတူ ဒေသံများတို့၏ဘ၀သည်လည်း မြစ်ကြီးနှင့်ယှဉ်၍ ရုန်းကန်ကာ လောကဓံကိုရင်ဆိုင်၍ ရှင်သန်နေဆဲ၊ ဖြတ်သန်းနေဆဲ။

မြစ်ကြီးနားမြို့သို့ ရောက်ခါနီးတွင် သစ်မွှေးရှာထွက်လာခဲ့သော လီဆူးတိုင်းရင်းသားညီအစ်ကိုများတို့နှင့်တွေ့ဆုံခဲ့ပြီး သူတို့တစ်တွေ ကျွန် တော့်ကို အကောင်းဆုံးကူညီမှုများပေးခဲ့သည်။ ထိုအချိန်ကျမှသာ တန်ဖိုးကြီးလှသောသစ်မွှေးသည် မည်ကဲ့သို့သောအရာ ဖြစ်သည်ကို မြင်တွေ့ဖူးခဲ့ပါသည်။ ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော် ဖျားနာခြင်းမရှိခဲ့ပါ။ ၁၉၉၇ ခုနှစ် မတ်လ ဒုတိယပတ်ခန့်မှ ကျွန်တော် မြစ်ကြီး နားမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကျွန်တော် တစ်ပတ်နီးပါးခန့်နေပြီး မန္တလး၊ ထိုမှတဆင့် ရန်ကုန်သို့ ပြန်ရောက်သည်။ မိမိ၏ ခံနိုင်ရည်၊ စိတ်ဓာတ်ခွန်အားကိုစမ်းသပ်သော စမ်းသပ်မှုခရီးစဉ်သည်အောင်မြင်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။
Posted by Aung Htet at 9:03 PM 0 comments  

Yarzar - NLD HIV/AIDS shelter 10 years on (2)


NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၂)
ရာဇာ၊ မေ ၂၀၊ ၂၀၁၂

လောလောဆယ်တော့ ဒီခုခံအားကျဆင်းမှုနဲ့ ပတ်သက်ခဲ့တာလေးတွေရေးမှာပါ။ အခြားတော့ ထူးထူးထွေထွေလုပ်စရာမရှိနဲ့ ကိုမျိုးညွန့်စကားလေးအရ ဒီလိုအဖွဲ့ချုပ်ကိုလာနေတာဟာ တာဝန်တစ်ခုထမ်းဆောင်နေတာပဲဆိုတာ အဟုတ်ထင်ပြီး နေရတာပေါ့။ ဒီတင် ဒေါ်အောင်ဆန်းစုကြည် ကော့မှုး ကွမ်းခြံကုန်းခရီးစဉ်၊ မန္တလေးခရီးစဉ်တွေပေါ်လာပြီးတော့ အဖွဲ့ချုပ်ဝင်အတော်များများ အဖမ်းခံရရော။ အဲ့ဒီမှာအမျိုးသားနေ့နဲ့ တိုက်ဆိုင်ပြီး နံရံကပ်စာစောင် စလုပ်ဖြစ်တယ် ပြောပါတော့။ ရှေ့ပိုင်းမှာတော့ နွေဦးအိုးဝေ ဆိုပြီး ၁၊ ၂၊ ၃ ဆိုပြီး လုပ်ဖူးသွားတယ် ပြောတယ်။ ကျနော်တို့တော့ ဘာနားမလည် ညာနားမလည်ကောင်တွေဆိုတော့ ရမ်းကြိတ်တာပါပဲ။ ဖြစ်တယ်ပေါ့ဗျာ။ လူတိုင်းက ကူညီညာ ၀ိုင်းပေတာကိုး။
ရုံးမှာလည်း လူကို မရှိဘူးဗျ။ လေး ငါး ခြောက်ယောက်လောက်ပဲ ကျန်တယ်။ ခု ဒီခုခံအားကျဆင်းမှုတိုက်ဖျက်ရေး လုပ်နေတဲ့ မဖြူဖြူသင်းလည်း ထောင်ထဲပဲ။
မှတ်မိပါသေးတယ်။ ကိုလေးဝင်း၊ မနီမိုလှိုင်၊ ကိုအောင်ခိုင်ညွန့်၊ မခင်ထားရီဆိုတာလောက်ပဲ ရိုးတိုးရိပ်တိတ် ကျန်တယ် မှတ်တယ်။ မခင်ထားရီထည့်လာတဲ့ထမင်းချိုင့် ၀ိုင်းစား၊ ညနေကျတော့ပြန် ကျန်ချိန် အိပ်ပေါ့။ ဒီလိုလုပ်နေတာတော့ ဟုတ်သဗျ။ ဒါပေမယ့် ဒီလို ခွေးတိုး ၀က်ဝံနေဖို့ကျတော့ အတော်လေး ခက်ခဲသလား။ ဒါနဲ့ “အလုပ်ရှာ soccer မှာတွေ့ ” ဆိုသလို ဘော်လုံးဂျာနယ်မှာ အလုပ်ရတယ်ဗျာ။
ဒီမှာတင် အခုလက်ရှိ ကျနော်ပါဝင်ပတ်သက်နေတဲ့ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးဌာနခွဲနဲ့ ပတ်သက်စရာလိုလို ဖြစ်လာတယ်။
အဲ့ဒီအချိန်ကတော့ ကျနော်က ဒီဂျာနယ်မှာအမှုဆောင်ပဲ။ ကျနော့်ဆရာက တကယ့်လူတော် ကဗျာဆရာလည်းဖြစ်တယ်၊ တစ်ဖက်မှာကလည်း အယ်/ချုပ် ပေါ့ဗျာ။ သူ့ညီက တာဝန်ခံအယ်ဒီတာပဲဗျ။ ကျနော်ကတော့ အောက်ခြေသိမ်း အကုန်လုပ်စမ်းပြီး ဆောင်းပါးရေးပေါ့။ အင်္ဂါ စိစစ်ရေးတင် သောကြာထုတ်ဂျာနယ်။ တကယ့်ကို ကျေးဇူးရှိတဲ့ဆရာပါပဲ။ နေစရာရတယ်ဗျ။ သုံးဆယ့်ရှစ်လမ်းက တိုက်ခန်းမှာ စားစရာကလည်း အဲ့ဒီမှာပဲကျွေးတယ်။ လခစာမူခ အသားတင်ဆိုပါတော့။
ဒါပေမယ့် ကျနော် နည်းနည်းပြောချင်သေးတယ်။ ကျနော့်ဆရာ ဇော်ထွဋ်နိုင်အကြောင်းကို …။ ကျနော်တို့ အခန်းမှာ သော့မရှိဘူးဗျ။ ရတဲ့လခစာမူခ ဆိုတာက အခန်းရှေ့ စာရေးစားပွဲပေါ် ဒီတိုင်း တင်ထားတာပါပဲ။ လာသမျှ ကဗျာဆရာ၊ ပန်းချီဆရာတွေ လိုသလောက် ယူပေါ့ဗျာ။ အချို့ကလည်း စည်းကမ်းမရှိဘူးဆိုပြီး နှိမ်တယ်။ အချို့ကလည်း လွတ်လပ်တယ်ဆိုပြီး မြှောက်ပြောပေါ့ဗျာ။
ကျနော်က အင်္ဂါညနေနဲ့ သောကြာဆို ရုံးလာလေ့ ရှိတယ်။ အတော်များများနဲ့ ရင်းနှီးနေတာပေါ့ဗျာ။ ကိုယ့်မှာငွေစလေးလည်း အနည်းအပါးဆိုသလို ရှိတော့ သူများလည်း ပေးလို့ ရတာပေါ့။ အပေါင်းသင်းလည်း အများကြီးရလာတာပေါ့။ နိုင်ငံကျော်ကဗျာဆရာတွေ၊ ပန်းချီဆရာတွေနဲ့ အကုန်လုံးနီးပါး ခင်တွယ် အပေါင်းသင်း ဖြစ်ကုန်တယ်လေ။ တစ်နိုင်ငံလုံးလို့တောင် ပြောလို့ရပါ့။
ကိုဇော်ထွဋ်နိုင်ကလည်း အားကစား အယ်ချုပ်သာဖြစ်တာ ကဗျာဆရာအဖြစ်ပဲ ရပ်တည်ရှာပါတယ်။ အဲ့ဒီမှာသူ့ကျေးဇူးနဲ့ ကျနော်တစ်ယောက် ဂျာနယ်တစ်စောင် ဘယ်လိုဖွဲ့စည်းရမယ်၊ စာရေးရင် ဘာတွေစောင့်ထိမ်းရမယ် ဆိုတာမျိုးတွေ သင်ကြားတတ်မြောက်ခဲ့တာပေါ့ဗျာ။ ကွယ်လွန်သူ ကျေးဇူးရှင်ကြီး ကောင်းရာမွန်ရာရောက်ပါစေပေါ့။ ရောက်လည်းရောက်မှာပါပဲ။ သူများအတွက် အမြဲ ဦးစားပေးခဲ့တဲ့ လူတစ်ယောက်၊ အကြောက်အလန့်မရှိတဲ့ လူတစ်ယောက်။ သူမကြောက်လန့်လို့ ဂျာနယ်ပါ အပိတ်ခံလိုက်ရသဗျ။ စိစစ်ရေးနဲ့ ငြိကြတယ်ပဲ အကြမ်းဖျင်းမှတ်ဗျာ။ ဒီအကြောင်းတွေ နောက်နောင် စာတစ်စောင် ပေတစ်ဖွဲ့ ဆိုသလိုကို ရေးရမယ့်ဟာစားမျိုးကိုး။
ကွယ်လွန်သူ ကဗျာဆရာလှသန်းတို့အစ နောက်ဆုံးပေါက် ဝေမှုးသွင်လိုကောင်မျိုးအဆုံး ကျနော်တို့ ပတ်သက်ခဲ့ရတယ်။ ကျနော်တို့ ပျော်ခဲ့တယ်၊ အော်ခဲ့တယ်။ ကျနော်တို့ ပြောခဲ့တယ်။ ကျနော်တို့ မောခဲ့တယ်။ ကျနော်တို့ ဆဲခဲ့ကြတယ်။ ကျနော်တို့ မဲခဲ့ကြတယ်။
ကျနော်တို့ ရေးသားသမျှစာဟာ အစိုးရကို တနည်းနည်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီကာလဟာ ကျနော့်ဘ၀ အပျော်ဆုံးကာလများပါပဲ။
ထားပါတော့။
ဒီဂျာနယ်တိုက်မှာ ကျနော်နဲ့ အလုပ်တူလုပ်တဲ့လူတစ်ယောက် အိပ်ခ်ျအိုင်ဗွီ ဖြစ်ကရောဗျ။ သူချက်ကျွေးတာတွေ စားနေတာပဲ … အစောပိုင်းကတော့။ ကျနော်နဲ့လည်း အတူအိပ်နေတာပါပဲ။ တစ်ခန်းတည်း ပေါ့ဗျာ။
သူ ဒီရောဂါဖြစ်တယ် ဆိုတော့ ကျနော်လန့်တယ်။ ကြောက်တယ်၊ ပူပန်တယ်ပေါ့ဗျာ။ ၀မ်းတွေလည်း တအားသွားတာကိုး။ နံစော်နေတာပဲ။ ဘယ်လိုလုပ်မလဲ … ။ ကျနော့်ဆရာက တိုင်ပင်တယ်။ သူ့သူငယ်ချင်းဆိုတော့ လက်လွတ်စပယ်လည်း မလုပ်ချင်ဘူးပေါ့ဗျာ။
ဒီတင် ကျနော်စဉ်းစားမိတယ်။ ကျနော်တို့ရုံးက အိပ်ခ်ျအိုင်ဗွီဌာနကို စဉ်းစားမိတယ်။ အကူညီတောင်းရတော့တာပေါ့ဗျာ။
ဒီဌာန ဒီလုပ်ငန်း ဖြစ်လာပုံက မဆန်းပေမယ့် ကျနော်က အစ အဆုံးလို သိနေတော့ အတော်တော့ အသည်းယားမိတယ်ဗျာ။ ကံကြမ္မာသာ မျက်နှာသာ မပေးရင်၊ ဒီလုပ်ငန်း ဒီဌာန ဒီလူနာတွေ ဒီလိုများ ကံကောင်းပါ့မလား။ စဉ်းစားနေမိတာ … ဒီနေ့ထက်ထိအောင်ပါပဲ။
ဒီအကြောင်း လူအတော်များများ မေ့နေကြမယ် ထင်တယ်။ ကျနော်ကတော့ မနေ့တစ်နေ့ကလိုပဲ ခံစားမိတယ်။ ဒီလိုဗျ …။
၂၀၀၂ ခုနှစ် …။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်လာတော့ ယူအန်ဒီပီမှာ လူငယ်တွေကို ဒီရောဂါနဲ့ သက်ဆိုင်တဲ့ ပညာပေးသင်တန်းတွေပေးမယ် ဆိုတဲ့ အစီစဉ်ထွက်လာတယ်။ ဒီတော့ သုံးဆယ့်ငါးနှစ်အောက်နဲ့ ဖွဲ့စည်းရေး လုပ်ထားတဲ့ လူငယ်လုပ်ငန်းအဖွဲ့ဝင်တွေကို စိစစ်ရွေးချယ် လွှတ်တာပေါ့ဗျာ။
အဲ့လိုစိစစ်တော့ သင်တန်းဆို အရမ်းတက်ချင်နေတဲ့လူငယ်တွေ စာရင်းပေးကြ ပြုကြနဲ့ လုပ်ကြရော။ အဓိကတော့ လူငယ်တာဝန်ခံတွေကို တက်စေချင်တယ် ထင်ပါရဲ့။ ဒီတော့စိစစ်ရေးတွေလုပ်ကော …။ ကျနော်တို့ကတော့ ခပ်ဝေးဝေးနေပေါ့။
စီစစ်ရေးကော်မတီမှာ ပါတာက ဦးလှမင်း (အဲ့တုန်းက တနသာင်္ရီတိုင်းတာဝန်ခံနဲ့ ကော့သောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့)။ နောက် ဒေါက်တာဝင်းနိုင် (အခုအန်ဒီအက်ဖ် (NDF) အတွင်းရေးမှုး)။ ဦးမြင့်သိန်း (ကွယ်လွန်၊ အဲ့ဒီတုန်းက ပါတီပြောခွင့်ရ)၊ နောက် လူငယ်က ကိုထွန်းဇော်ဇော်(လူငယ်တာဝန်ခံ) တို့က ရွေးတယ် ဆိုပါတော့။
ရွေးကြတော့ ခု မဖြူဖြူသင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေနေလေး ရှင်းပြထားပါမှ စာဖတ်ရတာ ရှင်းမယ်ထင်တယ်။ ကျနော်တို့ လူငယ်အသိုက်က အခု စာရေးဆရာ သင်းရီ ဖြစ်နေတဲ့ သဲကုန်းအမတ်ဦးသိန်းထွန်းနဲ့ အတော် ပလဲနံပ သင့်တယ်။ သူ့ကို သဲကုန်းသား နောက်တစ်ယောက်ဖြစ်တဲ့ ပါတီဥက္ကဌကြီးဦးအောင်ရွှေက ကွန်မြူနစ်ဆိုပြီး မကြည်ဘူးဗျ။ ဒါပေမယ့် လူငယ်တွေကတော့ ဦးသိန်းထွန်းကို ဦးလေးတစ်ယောက်လို အဖေတစ်ယောက်လို လေးစားကြတယ်။ သူနဲ့ တွဲဖက်က အဲ့တုန်းက ဗဟိုလူငယ်အထောက်ကူအဖွဲ့က ကိုဇော်မင်းကျော် (အခု ရနံ့သစ် အယ်ချုပ် ပြည်သွေးနိုင်)။ အဲသူ့ကိုလည်း လူငယ်တာဝန်ခံ ကိုထွန်းဇော်ဇော်အဖွဲ့က မကြည်ဘူး။ ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ ဦးမြင့်သိန်း၊ ဒေါက်တာဝင်းနိုင်က အတွဲဗျ။ အတော်လေးတော့ ကြည့်ကောင်းတဲ့ နိုင်ငံရေးပေါ့လေ။ ထားပါတော့ …။
လူရွေးတော့ လူငယ် နှစ်ဆယ် ထွက်လာတယ်။ အခု အိပ်ခ်ျအိုင်ဗွီကိစ္စမှာ တာဝန်ခံလုပ်နေတဲ့ မဖြူဖြူသင်းက သဲကုန်းကို အလည်သွားနေသဗျ။ သင်တန်းက သြဂုတ် ၂၈ စ မှာတဲ့။ သြဂုတ်၂၆ထိ မဖြူဖြူသင်းကို အဆက်သွယ်မရတော့ ဒေါက်တာဝင်းနိုင်တို့က မဖြူဖြူသင်း ကို ပယ်တယ်။ ဦးလှမင်းက အသည်းအသန် ကန့်ကွက်ပြီးတော့ ရအောင် အဆက်သွယ်လုပ်ပြီးတော့ သင်တန်းကို မဖြစ်ဖြစ်အောင် အပါခေါ်လို့သာဗျို့။ နို့်မို့ဒီသမိုင်းဖြစ်လာမှာမဟုတ်ဘူး။
တခြားလူတော့မသိဘူး၊ ကျနော်တော့ ဒီစာရေးရင်းကို ရင်များ မောပါဘိတော့တယ်။ ကျေးဇူးတင်ထိုက်သူ ဦးလှမင်းဖြစ်သွားတာပေါ့လေ။ ဒါဟာ အတော်လေး အရေးကြီးတဲ့ အချက်ဗျ။ ဒီဟာလေး လွဲတာနဲ့ကို ဒီကနေ့ အန်အယ်လ်ဒီပါတီက ဂုဏ်ယူရမယ့်လူမှုရေးလုပ်ငန်းကြီး ဖြစ်လာတော့မှာမဟုတ်ဘူး။ ဘာကြောင့် ဒီလိုပြောနိုင်သလဲ။ မဖြူဖြူသင်းကို အလွန်အကျွံ မွှန်းနေတယ်များ မထင်လိုက်လေနဲ့ဗျို့။ စာဆက်ဖတ်ကြည့်ရင် သဘောပေါက်လာပါလိမ့်မယ်။
ဒီလူငယ်နှစ်ဆယ်မှာကို ကမာရွတ်က တစ်ယောက်က ကြံ့ခိုင်ရေးကလာခြမ်းခြောက်လို့ သင်တန်းမတက်ရဲဘူးဆိုပြီး မတက်တော့ လူငယ် ဆယ့်ကိုးယောက်ပေါ့။ သင်တန်းဆင်းပြီးကာစမှာ အမေရိကန်ကလာတဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိသူတစ်ယောက်နဲ့ လူငယ်ဆယ့်ကိုးယောက် ပူးတွဲ ပညာပေး လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တက်တယ်ပေါ့ဗျာ။ ပျော်စရာကောင်းပါတယ်။
အဲ့ဒီ သင်တန်းမှာ ထန်းလျက်နဲ့ ဘာမီတွန် တွဲစားရင် သေတယ်လို့ ကမာရွတ်လူငယ် ကိုသန်းထိုက်အောင်က ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးဗျ။ အဲ့ဒါလေးတော့ မှတ်မိနေသေး။
နောက်တော့ မဖြူတို့နဲ့ တစ်ခေါက် တခါလောက် လိုက်တာလွဲလို့ ဒီကိစ္စ ကျနော်နဲ့ မပတ်သက်ပြန်ဘူး။ ခုတော့ လက်သည်းဆိပ် လက်ထိပ်နာ ဖြစ်ရတော့တာပေါ့။
သူငယ်ချင်းကမှ ဒီရောဂါဖြစ်တယ်ဆိုတော့ အတော်လေး တိုက်ဆိုင်တယ်ပြောရမယ်။ ကျနော် ဒီလုပ်ငန်းစတင်ဖြစ်ခဲ့တဲ့ ကောက်ကြောင်းခြေရာပဲ။
ဒီတော့ ကျနော် မဖြူဖြူသင်းကို အဆက်သွယ်လုပ်ပြီး ကျနော်တို့ ဂျာနယ်တိုက် ခေါ်ရတော့တာပေါ့။ သူနဲ့ အပေါ်ထပ်ရုံးခန်းက မခင်ထားရီ နှစ်ယောက်လာတယ်။ သူတို့က နာမည်တွေနဲ့ လူတွေနဲ့ ဆန့်ကျင်ဖက်ဗျ။ မဖြူဖြူသင်းက ညိုညို ထောင်ထောင်မောင်းမောင်း။ မခင်ထားရီက ဖြူဖြူ သေးသေးသွယ်သွယ်။
သူတို့ရောက်လာရော … ဂျာနယ်တိုက်ကို။ အဲ့ဒီတုန်းက ကျနော်မှတ်မိသေးတယ်။ ကိုကြည် (အခုအကြည်တော်)၊ ကုလားကြီး (တေးရေး ဒီဇိုင်နာ ညီသစ်)၊ ဒီဇိုင်း မျိုးထွန်းဝင်း၊ အခု Voiceက မျိုးထူးထက်ရယ်၊ ကျနော်ရယ်၊ ကျနော့်ဆရာ ကိုဇော်ထွဋ်နိုင်ရယ်ရှိတယ်။ ဘာလုပ်နေကြတာလဲ မမေးနဲ့ဗျို့၊ စုပြီး အရက်သောက်နေတာ။ မဖြူတို့ ရောက်လာတော့မှ ကမန်းကတန်း ၀ိုင်း ခနရပ်ရတာပေါ့။
ဒီတင် သူတို့က ဘာမှတော့ မပြောရှာပါဘူး။ ကျနော်တို့သာ ကိုယ့်ဟာ ကိုယ်မလုံဖြစ်နေတာ။ အဲဒီ သုံးဆယ့်ခြောက်လမ်း ကွန်ပျူတာခန်းကနေ လူနာရှိတဲ့ ကျနော်တို့နေတဲ့ သုံးဆယ့်ရှစ်လမ်းကို ကျနော်လိုက်ပို့တာပေါ့ဗျာ။ လမ်းမှာ မခင်ထားရီက ဘာမှမပြောပေမယ့်၊ မဖြူဖြူသင်းကတော့ ပြောတာပေါ့ဗျာ။ နင်တို့ကလည်း မနက်အစောကြီး ရှိသေးတယ်။ အရက်ဝိုင်းက တည်နေပြီ၊  ဘာညာ ပေါ့ဗျာ။ ကျနော်လည်း ပြန်မပြောမိဘူး။
နောက်ဂျာနယ်တိုက်ရောက်တော့ ဘသားချောက ၀မ်းတွေသွားထားပြန်တယ်။ ကျနော်လည်း အနားသိပ်မကပ်ရဲဘူးဗျ။ ဒါနဲ့ ဒီအမျိုးသမီးနှစ်ယောက်ကို လက်ညှိုးထိုးပြရတာပေါ့။ သူတို့ အဲ့အခန်းထဲထိဝင်၊ စကားတွေပြော၊ နောက်တော့ ပုဆိုးတွေဘာတွေလဲပေး၊ ပုဆိုးတွေ သူတို့ဖာသာ လျှော်၊ ဟိုလူ့ကို ရေပတ်တိုက်ပေး …။ ဘေးကကြည့်နေတဲ့ ကျနော့်မှာတော့ ဘာမှမပြောနိုင်အောင် မင်တက်နေတာပေါ့။
မင်တက်ရာကနေ ရှက်လာသဗျာ။
ကိုယ့်ကိုယ်ကို စာရေးဆရာယောင်ယောင်၊ ကဗျာဆရာယောင်ယောင် ရှိတာလေး သောက်စားနေပြီးတော့ အလုပ်အား … အဖွဲ့ချုပ်ရုံးသွားပြီးတော့ လေဖောနေတာကို နိုင်ငံရေးလို့ ထင်လိုထင်နဲ့ …။ ဒီအမျိုးသမီးနှစ်ယောက် လုပ်တာ ကိုင်တာမြင်တော့မှ ကိုယ့်ဖာသာ ရှက်မဆုံးပေါင်ဗျာ ဖြစ်ရတော့တာပေါ့။ ဘယ့်နှယ် သွေးမတော် သားမစပ် အပျိုလေးတွေတန်မဲ့ အခြားယောက်ကျားတစ်ယောက်ကို မရွံမရှာ ပုဆိုးတွေလဲ၊ ရေပတ်တွေတိုက်ပေး ဆိုတာ မယုံနိင်စရာလိုလို ဖြစ်နေတာကိုး။
လူကလည်း ခပ်ထွေထွေဆိုတော့ သူတို့ ကို အားနာသွားတယ်။ … အော် … လူ့ဘ၀ဆိုတာ ဒီလိုသူများကိစ္စတွေကို လုပ်ပေးတာလည်း ပါသေးတာကိုးလို့လည်း စဉ်းစားမိပါရဲ့။
ဒါနဲ့ ကျနော့်ကို ရှင်းပြတယ်။ သူတို့က ဆေးတော့ မကုပေးနိုင်ဘူး။ ဒါပေမယ့် နက်ဖြန်ဆက်ဆက် လာခေါ်ပြီး၊ သဇင်ဆေးခန်း (လှိုင်သာယာ၊ န၀ဒေး) ပို့ပေးမယ် ပြောတယ်။
နောက်နေ့တော့ သူတို့ချိန်းတဲ့အချိန် ကွက်တိ ရောက်လာသဗျ။ ကျနော်လည်း လိုက်ရတာပေါ့ဗျာ။ ဟိုမှာက နှစ်သိမ့်ဆွေးနွေးတာနဲ့ သွေးပြန်စစ်တာနဲ့ တနေကုန်နီးပါး အချိန်ပေးစောင့်ရတာ။ နေကုန်ခါနီးတော့ သူတို့လည်း ပြန်မယ်ပေါ့။ ကျနော်တို့ကလည်း မြို့ထဲပြန်ကြတာပေါ့။
ကျနော်တို့ကတော့ ဟုတ်တယ်။ မြို့ပြင်ကနေ မြို့ထဲသွားတာဆိုတော့ မထာင်းတာလှဘူး။ သူတို့က တောင်ဥက္ကလာ သင်္ကန်းကျွန်းပြန်မှာဆိုတော့ ကားအကြပ်ကြီး တက်စီးရမှာ။ ကျနော်ကတော့ ကားငှားဖို့ ဘာ ညာ ပြောပါသေးတယ်။ ရတယ်၊ ရတယ်၊ သွားနေကျဆိုပြီး … ဒီကားအကြပ်ကြီး တက်စီးသွားလေရဲ့။ ကားက ဘယ်လောက်ကြပ်သလည်း မမေးနဲ့ဗျ။ ခေါင်းတခြား ကိုယ်တခြား ခြေတခြား စီးရတာ။  တိုးဝှေ့လို့ပေါ့။ ဒီအခြေအနေကို အခွင့်ကောင်းယူ၊ ဗူးထတဲ့ကောင်တွေကလည်း ရှိသေးတယ်ဗျ။
သူတို့ ပြန်သွားပြီး ကျနော်တို့ ပြန်လာတယ်။ ပြန်လာရင်း ကားပေါ်ထိုင်စရာ နေရာရတယ်။ လူအချောင်ကြီးပဲ။ ကျနော်ထိုင်လိုက်ရင်း စဉ်းစားတယ်။
ငါမှားနေသလား၊ ဘယ်အရာက မှန်နေတာလဲ။ ဘယ်လိုဟာတွေက လူ့ဘ၀ကို သယ်ဆောင်နေတာလဲ။ ဟိုအမျိုးသမီးနှစ်ယောက်မျက်နှာ ပေါ်လာတိုင်း ကျနော့်မျက်နှာတွေ ထူပူကုန်တဲ့အထိ ရှက်မိပါရဲ့ဗျာ။
တစ်နေ့ တစ်နေ့ စာထိုင်ရေးနေတာ ဘ၀လား။ အဖွဲ့ချုပ်ရုံးသွားပြီး ငြင်းခုန်၊ လေကန်၊ စာဖတ်ဝိုင်းဆွေးနွေး၊ အစည်းအဝေးတွေတက် နေတာကော။ ဒီ အမျိုးသမီးနှစ်ယောက်ကကော ဘာသဘောဆောင်ပြီး ဒီကိစ္စတွေ ဆောင်ရွက်နေတာလဲ။ ကျနော် ချာချာလည်တယ်ဗျာ။
ကျနော့်သူငယ်ချင်း နေပြန်ကောင်းလာတယ်ဗျ။ သူတို့နှစ်ယောက်နဲ့ ကမာရွတ်က ကိုအောင်ထွေးရယ်၊ လှိုင်သာယာက အောင်သိုက်ရယ်၊ မကြာခန အလည်လာပြီး ကျနော့်သူငယ်ချင်းကို စကား လာပြောကြပါတယ်။ အားလုံးက အရင်ကတည်းက ရင်းနှီးပြီးသားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာပေါ့ဗျာ။
ဒီလေးယောက်ထဲမှာ မခင်ထားရီတစ်ယောက်က သင်တန်းမတက်ဖူးဘူး။ သုံးယောက်က ဒီသင်တန်းဆင်းတွေ။ ကျနော်လည်း မေးကြည့်သေးတယ်။ ကျန်တဲ့လူငယ်တွေကော … ဆိုတော့ မလုပ်နိုင်ကြလို့ မလာကြတော့ဘူး …တဲ့။ ကောင်းရော။
သူတို့သင်တန်းဆင်းတော့ လက်ကိုင်လို့လည်း လွယ်လို့လည်း ရတဲ့အိတ် တစ်ယောက် တစ်လုံးစီ ရကြတယ်။ ကျနော်တို့ လူငယ်တွေကလည်း နောက်ကြတာပေါ့ဗျာ။ အိတ်လိုချင်လို့ သင်တန်းတက်သလား ဘာညာပေါ့။
ဒီလို ရင်းနှီးရင်းသား … ကျနော်တို့ဂျာနယ် အပိတ်ခံရတယ်။ ဒါနဲ့ ကျနော်တို့လည်း တိုက်ပျက်တယ် ပေါ့ဗျာ။ ကျနော် လှိုင်သာယာသွားပြီး အခု အမေ့အိမ်ကျောင်းရှိနေတဲ့ ကျနော့်သူငယ်ချင်း ကိုရဲခေါ် အေးငြိမ်းလင်းအိမ် သွားနေတယ်။ ပန်းဈေးခင်း ဆိုပြီး စာအုပ်ဆိုင်ကလေး လုပ်တယ်ပေါ့ဗျာ။ နောက် အရှုံးပေါ်တော့ ပိတ်လိုက်ရတာပေါ့လေ။
အဲ့ဒီအိမ်ကလည်း အဆန်း။ ကျနော်တစ်ယောက်ထဲနေတာ မဟုတ်ဘူးဗျ။ သူတို့က သားအမိ သုံးယောက်ရှိတယ်။ အေးငြိမ်းလင်းအမေ ကျနော်တို့အားလုံး အမေ ပေါ့လေ၊ ဒေါ်မြအုံးရယ်၊ အေးငြိမ်းလင်းအမ မဖြူ ခေါ် သန့်ကြည်ဖြူ ရယ်၊ ဒီကောင်ရယ်။ ကျနော်တို့နေတာက သူတို့အိမ်ဆိုင်အဟောင်း တဲ ထဲမှာနေတာ။
ကျနော်တို့ဆိုတာ အောင်သိုက် (အခု ထိုင်းနိုင်ငံ)၊ ဥာဏ်ဝင်းအောင်၊ ကျနော်၊ ပေါ်ထင်၊ မျိုးထွန်း ဆိုပြီး နေကြတာပါ။ အချိန်တန် ထမင်းတက်စားပေါ့။ နောက်တော့ ရွာရိုးကိုးပေါက်ဆိုသလို လျောက်လည်နေတာပါပဲ။ လက်ဖက်ရည်ဆိုင်ထိုင်၊ အဖွဲ့ချုပ်ရုံး အစည်းဝေးတွေ ဘာတွေရှိ တက်ပေါ့။
ဒီကတည်းက ဒီကောင် သုံးယောက်က ဒေါ်အောင်ဆန်းစုကြည်ခြံထဲနဲ့ အဆက်စပ်ရှိတယ်။ ခြံလုံခြုံရေးတွေ ယူရတယ်။ ကျနော်ကတော့ တစ်ယောက်တည်း စာဖတ်လိုက် အိပ်လိုက်ပေါ့ဗျာ။
ဒီလိုနေရင်းသားကနေပြီး ဗမာပြည်သမိုင်းမှာ အင်မတန်ရိုင်းတဲ့ ဒီပဲယင်းဆိုတဲ့လုပ်ကြံမှုကြီး ပေါ်လာတယ်။ ရုံးခန်းတွေပိတ်၊  လူတွေလည်း ကုန်သလောက်နီးပါးဖမ်း၊ ထောင်ထဲထည့်ပေါ့။
ဒီမှာတင် မဖြူဖြူသင်းတို့နဲ့ ပြန်ပတ်သက်ဖို့ အကြောင်းပေါ်လာတာကလား။ ဒီပဲယင်း ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေသလဲ ဆိုတာကလည်း ပဟေဠိတစ်ခုလိုဖြစ်လာနေတယ်။ ဟိုလူ သေတယ်၊ ဒီလူသေတယ် အသံကြားလို့ ဆွမ်းကပ်ပေးရတာလည်း အမောပေါ့။ ဆွမ်းကပ်တာတောင် ခိုးကပ်ရတာဗျ။
နောက်လေးလ အကြာမှာ ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင်ဆေးရုံ ရောက်နေပြီဆိုတာနဲ့ ဆေးရုံရှေ့သွားအားပေးမယ်ဆိုပြီး သွားကြတာပေါ့။ ဒီတင် မဖြူတို့၊ မခင်ထားရီတို့နဲ့ ပြန်ဆုံတယ် ပြောပါတော့။ အခု အမျိုးသားလွှတ်တော်အမတ်ဖြစ်နေတဲ့ ကိုသိမ်းဆွေအမှုးပြုပြီး လုပ်ကြတာပေါ့လေ။ တဖြေးဖြေးနဲ့ ပွဲက ပုံစံတစ်မျိုး ဖြစ်လာတယ်။ ရိုးရိုးအားပေးရာကနေ ဓာတ်ပုံတွေကိုင်လာပြီး ပိုစတာကမ်ပိန်း လုပ်ကြတယ်။ ထောက်လှမ်းရေးက ဖမ်းတော့မယ့် အရိပ်အယောင်ပြတယ်။ သံအမတ်တွေ လာရပ်ပေးနေလို့ အဖမ်းမခံလိုက်ကြရဘူး။ နောက်တစ်နေ့လည်း ဖမ်းမယ် လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့လူငယ်တွေကိုဖမ်းရင် သူတစ်ခုခုလုပ်မယ်ပြောလို့ မဖမ်းဘူးပြောတာပဲ၊ မှန် မမှန်ကတော့ ကာယကံရှင်များ အသိဆုံးဖြစ်လိမ့်မယ်။
ကျနော်တို့ချင်းလည်း ပြသနာချည်းပဲဗျာ။ တော်တော်လေး ရှုပ်ထွေးပါတယ်။ တကယ်လို့များ လူတွေစိတ်ဝင်စားတယ်ဆိုရင် ကျနော်တို့ အတွင်းရေးတွေ ရေးချင်ပါသေးတယ်။ ထားပါတော့။
အစောပိုင်းက လူကြီးတွေ မလာဘူးဗျ။ နောက်တော့မှ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို စားစရာပေးတယ်၊ ဘာညာသတင်းကြားတော့မှ လူကြီးတွေ ရောက်လာတယ်။ တက်လိုက်တဲ့ပြသနာဆိုတာလည်း ပြောမဆုံးအောင်ဗျာ။
 ကျနော်တို့လည်း အန်တီ့ဆီက မက်ဆေ့ခ်ျ မရမချင်း တစ်နေကုန်နေတာပဲ။ အဲ့ဒီဆေးရုံရှေ့မှာ။ နောက်တော့ ဒေါက်တာတင်မျိုးဝင်းကလာပြီး သတင်းစာ လာလာရှင်းပြီးတော့မှ ပြန်ကြတာပေါ့။ အခြားလူတွေကတော့ ညနေစားစရာလေး လာပေးပြီး သတင်းစာရှင်းပြီးပြန်။ ကျနော်ကတော့ မဖြူတို့၊ မခင်ထားရီတို့ လူနာကြည့်သွားတဲ့နောက် လိုက်ပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ သူတို့က ရန်ကုန်သူတွေသာပြောတယ်၊ ဘတ်စ်ကားမစီးတတ်ဘူး။ ဟုတ်မှာပေါ့လေ … မခင်ထားရီဆိုတာလည်း ရုံးနဲ့ အိမ်တင် ကူးနေတာကိုး။ မဖြူကတော့ ပိုဆိုးတယ် ပြောရမယ်။ သူက ရုံးလာရင် သူတို့အိမ်က ဆလွန်းကား အညိုကလေးနဲ့ လာတာကိုး။
များသောအားဖြင့်တော့ ကိုအောင်ထွေးရယ်၊ ကျနော်ရယ်၊ သူတို့နှစ်ယောက်ရယ် တတွဲတွဲ ဖြစ်နေရတာပေါ့။ ဒီတော့ ကုန်ကျစရိတ် သုံးပုံ ကျနော်ပြောအုံးမယ်။ ကိုအောင်ထွေးက အဲ့တုန်းက ဆေးသုတ်လုပ်ငန်း ကန်ထရိုက်ဗျ။ ဒီတော့ သူလည်း ၀င်ငွေရှိတယ်။ မခင်ထားရီကလည်း သူ့အိမ်က နှစ်ပတ်တစ်ကြိမ်လားမသိဘူး မုန့်ဖိုးပေးတယ်။ မဖြူကတော့ သူတို့အိမ်က ဆေးလိပ်ခုံမှာ ဆေးလိပ်လိပ်ပြီး ရှာတယ်။ သူတို့ သုံးယောက် ဒိုင်ခံကုန်ပေါ့။ ကျနော်ကတော့ တပည့်မရှား တပြားမရှိ ဆိုတဲ့အထဲကပဲ ဗျို့။
သူတို့နဲ့ ၀ိုင်းရင်းသား ဘာတွေ လုပ်ပေးလာရလဲဆိုတော့ ဥပမာ … နယ်က လူနာယောက်လာတယ် ဆိုရင် အဝေးပြေးသွား ကြိုပေးတာတွေ ဘာတွေ လုပ်လာရတယ်။ ကျနော်က လှိုင်သာယာနေတာဆိုတော့ လူနာကြိုရမယ်ဆိုရင် မနက်နှစ်နာရီလောက်ထပြီးရင် လိုင်းကား နှစ်ဆင့်စီး၊ နှစ်ဆင့်စီးရတာက ကျနော် ဘတ်စ်ကားစောင့်ရတဲ့နေရာထွက်တဲ့ ၁၂၈ လိုင်းကားက အဝေးပြေးထဲ မသွားဘူး။ သူက ခြောက်ကွေ့ကနေပြီး နန်းမြင့်ဝေဘာဂီထဲ ၀င်သွားတာ။ ဒီတော့ ခြောက်ကွေ့ဆင်းပြီး အဝေးပြေးထဲသွားတဲ့ ၄၃ တွေ တက်စီး၊ နောက် သူတိုပြောပြထားတဲ့ လူပုံစံနဲ့ကိုက်ပြီး သွားမေး။ ဟုတ်တယ်ဆိုရင် ခေါ်ပြီး သူတို့တည်းမယ့်နေရာကို လိုက်ပို့။ ပြီး ပြန်ချင်ပြန် မပြန်ချင် မခင်ထားရီတို့အိမ် သွားပေါ့။
အဲ့ဒီိတုန်းက ကျနော်တို့လေးယောက်မှာ မခင်ထားရီတစ်ယောက်ပဲ ဖုန်းပိုင်ရှိတယ်။ ဒီတော့ များသောအားဖြင့်တော့ မခင်ထားရီဆီ ဆက်ကြတယ်။ လုပ်ခဲ့ရတာ ဒီလိုဗျ။ ကျနော်နဲ့ ကိုအောင်ထွေးက မနက်ဆိုရင် မခင်ထားရီဆီ ဖုန်းဆက်ကြရတယ်။ သူက ဒီနေ့ ဘယ်သွားမယ် ဘယ်ကိုသွားစရာရှိတယ် ဆိုတာပြောပြီးရင် ကျနော်တို့က မဖြူအိမ် သွားကြတယ်/ အဲ့ဒီမှာ စုရပ်လုပ်ပြီးတော့ နှစ်ယောက်စီ ခွဲသွားပေါ့ဗျာ။ ဒီလိုမဟုတ်လည်း လေးယောက်စလုံးသွားရင်လည်း သွားပေါ့။
(ဆက်လက်ဖော်ပြပါမည်)
(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)

Posted by MoeMaKa at 4:53 PM 0 comments  

Ashin Wirathu - Burmese Losing on Home Ground


 အိမ်ကွင်းမှာ မရှုမလှ ရှုံးနိမ့်နေရသော ရွှေဗမာ
အရှင်ဝီရသူ (မစိုးရိမ်)၊ မေ ၂၀၊ ၂၀၁၂
            မေလ ၁၂ ရက်နေ့က ဖြစ်သည်ု။ စာရေးသူသည် စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် ဝမ်းဘဲအင်းရွာ တရားပွဲနှင့် NLD-ရုံးဖွင့်ပွဲမှ ပြန်လာခဲ့၍ ကောလင်းမြို့သို့ ရောက်သည်တွင် ခရီးရောက်မဆိုက်မှာပင် ဖုန်းသတင်းတစ်ခု ကြားလိုက်ရပေသည်။ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ မိခင်ကြီး ဝါခင်းကုန်းဦးတိက္ခဆရာတော်ကြီးကိုယ်တိုင် ဖုန်းဆက်သတင်းပေးခြင်းဖြစ်၏။
 “ကောလာဟလ ဒေါသပွ”
 “တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာမှ၊ ဗုဒ္ဓဘာသာဝင်မိသားစု လေးဆယ်ခန့်သည် မနက်ဖြန် ပြင်ဦးလွင်မြို့သို့ သွားကြတော့မည်။ နောက်လေးရက်ခန့်ကြာလျှင် ဘာသာကူးပြောင်းကြတော့မည်။ သတင်းအတိအကျရထား သည်”
ဆို၏။
စာရေးသူလည်း တောင်သာနယ်မှ သူငယ်ချင်းများ၊ တပည့်များ ရဲဘော်ပတ်သက်ကြီးများ အားကိုးရှိသည် အားလျော်စွာ ပတ်သက်ကြီး ကိုကြည်စိုးထံသို့ ဖုန်းဆက်မေးလိုက်ရပေသည်။
“ဘာမှမကြားဘူး”ဟု ဆိုလာပြန်၏။
ယခုကဲ့သို့ သော ဖြစ်ရပ်များသည် ရပ်ကျော်ရွာကျော် သတင်းကြီးသွားတတ်ရာ ဝါခင်းကုန်းဆရာတော်ကြီး၏ သတင်းမှာ ကောလာဟလ သာဖြစ်လိမ့်မည်ဟု ထင်မြင်မိသွား၏။
            ၎င်းည မန်းမြေသို့ပြန်ရောက်ပေသည်။ တောင်သာသို့ ဖုန်းဆက်စုံစမ်းကြည့်ရာ သတင်းမရသေး၊ စုံစမ်းဆဲပင် ရှိနေသေး ကြောင်း သိရပြန်၏။
            မေ ၁၃ ရက်၌ တောင်သာမြို့နယ် ရသစ်ရွာတရားပွဲ ရှိနေ၍ လမ်းကြုံဝင်စုံစမ်းဖို့ အားခဲထားခဲ့ပေသည်။ မြင်းခြံမြို့ သို့ရောက်သောအခါ ကိုကြည်စိုးထံမှ ဖုန်းရသဖြင့် သတင်းအတိအကျ သိရပါတော့၏။
 “မောလိုက်တာ တောတိုက်ရာ”
            တောင်သာမြို့နယ်၊ ခြုံကြီးရွာမှာ ကိုကျော်နိုင်အမည်ရှိ လူလတ်ပိုင်းအရွယ် လူတစ်ယောက်ရှိသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက ဘာသာခြားတခုသို့ ကူးပြောင်းသွားသူဖြစ်သည်။ အခြားဘာသာသို့ ကူးပြောင်းသွား ကတည်းက ရွာမှဝိုင်း၍ ကြဉ်ဖယ်ထားကြသောကြောင့် ဟိုကပ်သည်ကပ် လျှောက်ကပ်နေရင်း ရွာအစွန်အဖျားတောထဲတွင် သွားနေရသည်။ ထိုသို့ ရွာမှာမနေဘဲ တောထဲသွားနေကြသည့် မိသားစုများ များစွာရှိသည်ဟု ဆိုပါသည်။ ရွာအမည်အသစ် ပေးခြင်း သီးခြားရွာတည်ခြင်းမပြုဘဲ ရွာနှင့်ဝေးရာ နားအေးပါးအေးနေကြသည့် အိမ်ထောင်စုများ စုဝေးနေကြရာ အရပ်ဒေသကို “တောတိုက်”ဟုခေါ်ကြောင်းသိရပေသည်။
ထိုတောတိုက်၌ ကိုကျော်နိုင်က ဆရာကြီးလုပ်ကာ ပစ္စည်းလာဘ်လာဘများ အခွင့် အရေးများ အခွင့်အလမ်းများပြကာ သွားရည်ကျအောင် စည်းရုံးသိမ်းသွင်းလေတော့၏။ မသိနားမလည်သူများကို “ဘုရားဖူးပို့ပေးမည်”ဟု လိမ်ညာပြောကာ မန္တလေး ပြင်ဦးလွင်မြို့များသို့ လှည့်စားခေါ်ကာ ဘုရားရှိခိုးကျောင်းများမှာ ဇွတ်အတင်း သွတ်သွင်းလေတော့၏။ အားနာသူများ အားပါကုန်ကြ၏။ ပစ္စည်းမက်သူများ ဘာသာပျက်ကုန်ကြ၏။
 “တစ်ကိုယ်တော် သူရဲကောင်း”
            ကိုကြည်စိုးထံမှ ဖုန်းချသွားသည့်အခါ မမြင့်မြင့်ကြည်ဆိုသူက ဖုန်းဆက်လာပါသည်။ ဝါခင်းကုန်းဆရာတော်ကြီး၏ တောင်တန်းသာသနာပြုဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရ၏။ သူက ခြုံကြီးရွာအကြောင်း အတိအကျပြောပြကာ ဦးစန္ဒာသီရိ ဆိုသည့် ဦးဇင်းတစ်ပါးလှုပ်ရှားနေကြောင်း ပြောပြသွား၏။ ဦးစန္ဒာသီရိကား သာသနတက္ကသိုလ်ကျောင်းဆင်းဖြစ်ကာ ခြုံကြီးရွာ နှင့် ရွာနီးစပ် ဘုရားလှရွာသားဖြစ်၏။ အမျိုးဘာသာ သာသနာအတွက် စိတ်အားထက်သန်ကာ တစ်ကိုယ်တော်စွန့်စား လုပ်ကိုင်နေသူဖြစ်ပေသည်။
ဦးစန္ဒာသီရိထံ ဖုန်းဆက်သော်လည်း ရွာထဲဆင်းနေ၍ အဆက်အသွယ်မရခဲ့ပေ။ ခြုံကြီးရွာ အရှေ့ကျောင်းမှ ကျောင်းထိုင်ဆရာတော်လေး ဦးကဝိဓဇထံမှသာ တစ်ဆင့်ကြားသိရပေသည်။
            ရသစ်ရွာမှာ တရားဟောမည်။ ပြီးလျှင်ခြုံကြီးရွာသို့ သွားကြမည်။ ညလုံးပေါက် ဆွေးနွေးပြီး၍ မနက်ရောက်မှ မှတ်တမ်း တင်ကာ မန်းမြေသို့ ပြန်လာကြမည်ဟု အားခဲထားလိုက်၏။
            တရားပွဲနောက်ကျခြင်း လမ်းပြသမား ရှာဖွေနေရခြင်းတို့ကြောင့် ညဥ့်နက်သန်းခေါင်းယံရောက်မှသာ တောင်သာမြို့သို့ ရောက်ရှိနိုင်ခဲ့ပေသည်။ တောင်သာမြို့ မုန်ပင်ကျောင်းမှာ အိပ်ဖို့ NLD-မတူးတို့အဖွဲ့က စီစဉ်ပေးထား၏။ မုန်ပင်ဆရာတော် ကလည်း လိုလေသေးမရှိ ဧည့်ဝတ်ပြုပေသည်။
 “တုန်ဟီးစရာ ခြုံကြီးရွာအကြောင်း”
            မနက် အာရုဏ်ဆွမ်းကို မုန်ပင်ဆရာတော်ကလည်း ကပ်ပါသည်။ မတူးတို့ NLD-အဖွဲ့ကလည်း ကပ်လှူကြပေသည်။ ဆွမ်းစားပြီး တန်းထွက်လာခဲ့ကြ၏။ ခြုံကြီးရွာရောက်ခါနီးတွင် ဦးဇင်းနှစ်ပါးကို တွေ့ရပေသည်။ ကိုကျော်နိုင်ခေါ်ရာ လိုက်သွားဖို့ ပြင်ဆင်နေသည့် သားအမိကို လိုက်ရှာရာ မုံရွာသွားမည်ဟု လိမ်ညာသွားကြောင်း သမီးအကြီးဖြစ်သူက မန္တလေး သင်းအုပ်ဆရာထံမှာ တစ်လတစ်သိန်းနှင့် အလုပ်လုပ်နေကြောင်း သမီးနောက်ကို လိုက်ကြမှာဖြစ်ကြောင်း မလိုက်ဖို့တားမြစ်ရန် လိုက်ရှာနေကြခြင်းဖြစ်ကြောင်း သိရပေသည်။ ဦးစန္ဒာသီရိနှင့် နယ်ခံဦးဇင်းတစ်ပါးဖြစ်၏။
            ဦးစန္ဒာသီရိကို ကားပေါ်တင်ကာ ပါလာသည့်ကျောင်းသားကို နယ်ခံဦးဇင်းနှင့် ထည့်လိုက်ရပေသည်။ ထိုသားအမိ ကံကောင်းသည်ဟု ဆိုရပေမည်။ ဖအေဖြစ်သူရောက်လာကာ လုံးဝမလွှတ်နိုင်ကြောင်း လျှောက်ထားလာ၏။ ဖအေဖြစ်သူကို ခေါ်ကာ ထိုသားအမိနောက်သို့ ရွာခံဦးဇင်းနှင့် စာရေးသူ၏ ကျောင်းသားတို့ လိုက်ကြလေတော့၏။
            အရှေ့ကျောင်းသို့ ရောက်သည်။ ကျောင်းထိုင်ဆရာတော်လေးက (၁၅)ဝါသာရသေးသည်။ ရွာလယ်ဓမ္မာရုံမှာ လူစုပေးဖို့ မှာကြားကာ အသံချဲ့စက်များ ပြင်ဆင်ခိုင်းနေ၏။ ထိုမှတစ်ဆင့် အနောက်ကျောင်းသို့ သွားရပြန်ပါ၏။ အနောက်ကျောင်း ဆရာတော် ဦးဝိသုဒ္ဓက ဝမ်းသာအားရ ထွက်ကြိုရှာ၏။ ကိုကျော်နိုင်နှင့် ပတ်သက်သည့် မေတ္တာရပ်ခံစာ (အထက်တင်ထားသည့်စာ)ကို ပြလေ၏။ ရွာကျောင်းငါးကျောင်းမှ ကျောင်းထိုင်ငါးပါးလုံး တက်ညီလက်ညီ လက်မှတ်ထိုးထား သည်ကို တွေ့ရ၍ ဝမ်းသာကြောင်း ပြန်လည်လျှောက်ထားမိလေသည်။ ဦးဝိသုဒ္ဓကား ရပ်ကျေး သံဃနာယကအဖွဲ့မှ ဖြစ်၏။ ၎င်းတည်ခင်းသော ဒေသစာများကို ရေနွေးကြမ်းနှင့် မြီးကာ မြေဖြူကုန်းရွာသို့ ခရီးဆက်ခဲ့လေသည်။
 “ကန္တာရမှ ကြယ်တစ်ပွင့်”
            မြေဖြူကုန်းရွာ ဆရာတော်ဦးဣန္ဒာစာရကား သိက္ခာ(၂၄)ဝါသာ ရသေးသည်ဖြစ်၍ စာရေးသူနှင့် သက်တူ ရွယ်တူ ဖြစ်ပေ သည်။ ဘကကျောင်းဖွင့်ထားသည်မှာ အလွန်အောင်မြင်လေသည်။ မြို့နယ်သံဃနာယက အတွင်းရေးမှူးလည်း ဖြစ်၍ အလုပ်  များပုံရ၏။ ခြုံကြီးရွာကျောင်းသံဃာများ မညီညွတ်ကြောင်းနှင့် အလုပ်မလုပ်ကြကြောင်း ဦးဝိသုဒ္ဓရှေ့မှောက်တွင် ပွင့်လင်းစွာ ပြောပြနေပေသေး၏။
            မြေဖြူကုန်းရွာ ဘကကျောင်းသို့ ဝင်ရောက်လေ့လာကြသည်။ အားရစရာကောင်း၏။ နေရာအခက်ခဲနှင့် အခြားသော အခက်အခဲတို့ကြောင့် ကန့်သတ်၍ လက်ခံနေရကြောင်း ကျောင်းသားသစ် နှစ်ရာ သုံးရာကျော်လက်ခံရာ သုံးရက်ဖြင့်ပင် ပြည့်သွား၍ စာရင်းပိတ်လိုက်ရကြောင်း ပြောပြလေ၏။ မူလတန်းမှ အထက်တန်းထိဖြစ်ပေသည်။ ယခုအချိန်မှာပင် ၉-တန်း ၁၀-တန်းများကို စာသင်ပေးနေကြပြီ ဖြစ်၏။ မင်္ဂလသုတ်သင်နေသည်ကို တွေ့၍ ဝင်ရောက်လေ့လာ ခဲ့ရသေး၏။ အားတက်စရာပင်။ ရွာတိုင်းနီးပါး ဦးဣန္ဒာစာရလို အလုပ်လုပ်ကြလျှင် ဆိုသည့်အတွေးဖြင့် အနာဂတ်အရေးကို ကြိုတွေးနေမိ၏။
 “အရပ်ကူညီ၊ လူဝိုင်းမည်”
            ဦးဝိသုဒ္ဓရော ဦးဣန္ဒာစာရနှင့်ပါ ယဉ်ကျေးမှုသင်တန်းဖွင့်ဖို့၊ တရားစခန်းဖွင့်ဖို့၊ တရားပွဲများကျင်းပပေးဖို့ တိုင်ပင်ဆွေးနွေး ခဲ့ကြရ၏။ နှစ်ပါးလုံးက လိုလိုလားလား ရှိကြ၍ ကျေးဇူးတင်မိ၏။ လောလောဆယ် အထိမ်းအမှတ်တစ်ခုအဖြစ် “ယဉ်ကျေးမှု သင်တန်း”လာဖွင့်ပေးမည်။ သစ္စဝေဒဂူ မိုးကုတ်ရိပ်သာမှ ဆရာတော်ဦးခေမာစာရတို့အဖွဲ့က အကျွေးအမွေးပါ တာဝန်ယူ သင်ကြားပေးမည်ဖြစ်ကြောင်း လျှောက်ထားရ၏။ ထိုမှတစ်ဆင့် တရားပွဲများ တရားစခန်းများ ကျင်းပကာ ရပ်ရွာသာသနာ အကျိုးကို ဝိုင်းဝန်းသည်ပိုးကြမည့်အကြောင်း သဘောတူညီချက် ရရှိခဲ့ပေသည်။
 “ခံစစ်ကောင်းတော့ တိုက်စစ်ဂျောင်း”
            ဘုရားလှရွာမှ ဦးစန္ဒာသီရိ၏ တစ်ကိုယ်တော်ဆောင်ရွက်ချက်ထိရောက်သည်ဟု ဆိုရပေမည်။ သူ၏ တားမြစ်မှုကြောင့် မသိနားမလည်သော ရွာသူရွာသားများကို ဖြားယောင်းသွေးဆောင်သော ကိုကျော်နိုင်ဆိုသူ အခြားဘာသာဝင်သည် ရွာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပေသည်။
            ကိုကျော်နိုင်စည်းရုံးပုံကား ကြောက်စရာ။ ရွာသူရွာသားများကို ဘုရားဖူးပို့ပေးမည်ဆိုကာ လိမ်ညာ၍ ခေါ်သွားခဲ့ ပေသည်။ ဟိုရောက်သည့်အခါ ဒေါက်တာပိုင်စိုးက ဘာသာရေး သွတ်သွင်းပေးတော့၏။ ခြုံကြီးရွာသည် ဆင်းရဲသားရွာဖြစ် သောကြောင့် မြို့မရောက်ဖူးသူများက မြို့ရောက်ဖူးချင်ကြသောကြောင့် လိုက်သွားကြသည်လည်း ရှိ၏။ ထမင်းနပ်မှန်အောင် မစားရသူများက ထမင်းသုံးလေးနပ် အလကားစားရလျှင်လည်း မနည်းဘူးဆိုသည့်တွက်ချက်မှုဖြင့် လိုက်ပါသွားကြသည်လည်း ရှိပေသည်။ တစ်လလျှင် လခတစ်သိန်းပေးမည်ဆို၍ လိုက်ပါသွားကြသည်လည်း ရှိပေသည်။
            ကိုကျော်နိုင်နောက် ခိုးချောင်ခိုးဝှက်လိုက်မည်လုပ်နေသော သားအမိကား သနားစရာ။ ကိုကျော်နိုင်ဆီမှ ငွေတစ်သိန်း လက်လွန်ထားရာ ထိုတစ်သိန်းအတွက် သမီးအကြီးဖြစ်သူကို မန္တလေးသို့ ထည့်လိုက်ရပေသည်။ သမီးအကြီးမကား ၁၈-နှစ်အရွယ်ဖြစ်၍ စိုးရိမ်တကြီးမေးမိရာ ဓမ္မဆရာ(ဖာသာ)ကြီးများ၏ အနီးနားမှာ နေရသည်မဟုတ်ဘဲ ဆရာမ(မာသာ)ကြီး တစ်ယောက်၏ အနီးမှာ နေရသည်ဆို၍ ရင်မောပြေသွားခဲ့ပေသည်။ ဘာသာကူးပြောင်းခိုင်းသေးလားဟု မေးရာ မကူးပြောင်း ခိုင်းကြောင်း မိခင်ဖြစ်သူက ပြောပြ၍ အလုံးကြီးကျသွားခဲ့ပေတော့၏။ သမီးဖြစ်သူ ပြန်ခေါ်လိုက ငွေတစ်သိန်းနှင့် ပြန်ရွေးပေး မည်ဟု ပြောသော်လည်း မိခင်ဖြစ်သူက လုံးဝမလှုပ်ပေ။ နှစ်လတည်းသာ သဘောတူကတိပေးထားသည်ဆိုသော ကြောင့်၎င်း၊ ဘာသာတစ်ခုကို ဇွတ်အတင်းစွန့်ခိုင်းကာ အခြင်းဘာသာတစ်ခုကို အတင်းအဓမ္မယူခိုင်းခြင်းမျိုး မဟုတ်သော ကြောင့်၎င်း၊ သမီးကြီးကိစ္စကို ယာယီလက်ခံထားလိုက်ရ၏။
            တောင်သာမြို့နယ် လဝက ဦးစီးမှူး (သာသနာရေးမှူး)က ဘာသာခြားဝင်ဖြစ်နေ၍ ကိုကျော်နိုင်စည်းရုံးမှု အားကောင်းနေခြင်းဖြစ်ကြောင်းလည်း သိရပေသည်။
 “ကျောင်းထိုင်လို့ မညောင်းသေးဘူးပေါ့ကွယ်”
            ဘုရားလှရွာမှ ဦးစန္ဒာသီရိကား စိတ်အားတက်ကြွသူဖြစ်၏။ ရွာခံဘုန်းကြီးများ လုပ်ရမည့်အလုပ်ကို သူတစ်ပါးတည်း လုပ်နေသည်ကို တွေ့ရ၏။ မြို့တက်ပြီး ကိုကျော်နိုင်နောက် လိုက်ရမည့်သူများကို စုခေါ်၍ တရားဟော၏။ ဆုံးမ၏။ တားမြစ်၏။ အခြားဘာသာတို့ ကူးပြောင်းထားသည့် အိမ်များသို့ ကိုယ်တိုင်ကြွကာ မေတ္တာရပ်ခံ သတိပေး၏။ ဦးစန္ဒာသီရိ၏ ဆောင်ရွက် ချက်ကြောင့် ဗဟုသုတအဖြစ် လိုက်မည့်သူများပင် မလိုက်ဝံ့တော့ပေ။ မတရားသောနည်းလမ်းများဖြင့် စည်းရုံးသိမ်းသွင်း သူများလည်း ကြောက်ရွံ့နောက်တွံ့ကာ ဆင်ခြင်သွားကြပေတော့၏။ ရွာခံကျောင်းဘုန်းကြီးများကား ကျောင်းမှာထိုင်ကောင်း တုန်းပင် ရှိနေလေ၏။
“အိုးကမပူ စလောင်းကပူလေသလော”
            ဦးစန္ဒာသီရိအဖြစ်ကား သားသမီးဒုက္ခရောက်နေမှန်းသိပါလျက် မိဘက ကြည့်ရက်အားပြီး သူစိမ်းက မကြည့်နိုင် မရှုရက်ဖြင့် မနေနိုင် မထိုင်နိုင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်နှင့် တူနေပေတော့၏။
            ဦးစန္ဒာသီရိသည် ခြုံကြီးရွာသူ/သားများကို ကယ်တင်နိုင်လိုက်သော်လည်း ညောင်တိုရွာ နတ်ဆောင်ရွာနှင့် ဇဂျမ်းရွာ တို့မှ ရွာသူ/ သားများကိုမူ လက်လွှတ်လိုက်ခဲ့ရပေ၏။ ခိုးချောင်ခိုးဝှက်ခေါ်ထုတ်သွားသောကြောင့်လည်းကောင်း အချိန်တို အတွင်း မှာဖြစ်၍ ဦးစန္ဒာသီရိတစ်ပါးတည်းဖြင့် မလုံလောက်နိုင်သောကြောင့်လည်းကောင်း ထိုရွာကို အချိန်မီ မတားဆီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
 “ကျောင်းနေအရွယ်ကလေး ပညာရေးတွေ ဆုံးရှုံးနေ”
            ခြုံကြီးရွာသူရွာသားများကား ဆင်းရဲသားများက အများစုဖြစ်၏။ ကျောင်းနေအရွယ် အထက်တန်းကျောင်းသူအရွယ် သမီးပျိုလေးများ သစ်ပင်အောက်မှာ ထိုင်နေကြသည်ကိုတွေ့ရ၏။ သူမတို့ ဘေးမှာ နွားချေးခြောက်တောင်းကိုယ်စီချထားလျက် ငေးငေးငူငူ ထိုင်နေကြသည်ကို တွေ့ရ၍ ရွာခံတစ်ယောက်ကို မေးကြည့်ရာ နွားချေးခြောက်ကောက်သူလေးများဖြစ်ကြောင်း နွားစားကျက်မှာ နွားချေးများကောက်၍ နွားချေးများကို တွင်းတူးသိုလှောင်ထားရကြောင်း အနည်းဆုံး တစ်နှစ်ပြည့်အောင် သိုလှောင်ပြီးလျှင် မြေသြဇာအဖြစ် ပြန်လည်ရောင်းချကြကြောင်း သဘာဝဓာတ်မြေသြဇာဖြစ်၍ စိုက်ပျိုးရေးမှာ အသုံးဝင်ကြောင်း သိရပေသည်။ အချိန်ကလည်း မရ ကျောင်းသားကလည်း ဆိုင်ကယ်နှင့်သွားနှင့်ပြီးဖြစ်၍ မှတ်တမ်းမတင်နိုင်ခဲ့ပေ။
 “အရေးပေါ်တရားပွဲ သွေးဆော်အားခဲ နွှဲကြပြီ”
            ရွာသူရွာသားများကား အလုပ်အားနေပုံပေါ်၏။ အသံချဲ့စက်ဖြင့် အော်လိုက်ရုံဖြင့် ရွာလယ်ဓမ္မာရုံသို့ အပြေးအလွှား ရောက်လာကြ၏။ အရွယ်စုံ အရောင်စုံပင်။ ဓမ္မာရုံလေးကား အရောင်မွဲခြောက်ကပ်၍ နေပေပြီ။ ဘုရားစင်မှာလည်း တူတူတန်တန် ခမ်းခမ်းနားနား မရှိပေ။ ဓမ္မာရုံအတွင်းမှ ပရိသတ်များမှာ အမျိုးသားပရိသတ်က များပေသည်။ ကိုကျော်နိုင်ကိစ္စ စိတ်ဝင်စားပုံပေါ်၏။
            ဘုရားစင်ရှေ့မှာ သံဃာလေးငါးပါးစုထိုင်ကာ အခမ်းအနားမှူး ဦးစန္ဒာသီရိက ပရိသတ်နှင့် စာရေးသူကို မိတ်ဆက် ပေးလေသည်။ စာရေးသူက တရားမဟောမီ ထောင်ကျရခြင်းအကြောင်းနှင့် ထောင်မကျမီ ဟောတရားများအကြောင်းကို အလျင်ပြောပြကာ လုပ်ငန်းစဉ်များကို ချပြလိုက်လေသည်။
            “ဘာသာရေးကူးပြောင်းတဲ့သူတွေထဲမှာ ငါးဆယ်ရာခိုင်နှုန်းက မသိလို့ ကူးပြောင်းကြခြင်းဖြစ်ကြောင်း၊ မိမိဘုရား ဘာမှန်းမသိ၊ မိမိတရားဘာမှန်းမသိ၍ ကူးပြောင်းကြသူများ၊ မိမိလူမျိုး၊ မိမိတိုင်းပြည်၊ မိမိဘာသာ သာသနာ၏ အန္တရာယ်ကို အန္တရာယ်မှန်းမသိကြသူများ၊ သူများဘာသာ သာသနာအကြောင်း သိဖို့ဆိုလျင် ပို၍ပင် ဝေးကွာကြသူများဖြစ်ကြောင်း၊ ဆင်းရဲချို့တဲ့လို့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် ဘာသာစွန့်သွားကြသူများမှာ ၂၅-ရာခိုင်နှုန်းရှိကြောင်း၊ ကာမရာဂ ကိလေသာအမှောင်ထဲ ဆွဲသွင်းခံရလို့ အမွေပြတ်အစွန့်ခံကာ မိဘများကို စွန့်ခွာသွားသူများ အမျိုးဘာသာ သာသနာကို သစ္စာဖောက်သွားသူများမှာ ၂၅-ရာခိုင်နှုန်း ရှိကြောင်း”၊
            “ပထမအဆင့်အနေဖြင့် မသိလို့ မှားကြသူများ မရှိရလေအောင် ဦးဇင်းတို့ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရွာသူရွာသား များအနေဖြင့် အရင်ဆုံးကိုယ့်ဘုရားအကြောင်း ကိုယ်သိအောင် လုပ်ဖို့လိုကြောင်း၊ ကိုယ့်တရားအနှစ်သာရကို ကိုယ်သိအောင် အရင်ဆုံးလုပ်ဖို့လိုကြောင်း၊ မြတ်စွာဘုရားက မျက်ကန်းယုံ ဘာသာဝင်များကို မလိုလားကြောင်း၊ မိရိုးဖလာဘာသာဝင် များကိုလည်း အားမပေးကြောင်း၊ ကိုယ့်ဘာသာတရားအကြောင်းသိအောင် အရင်လုပ်ပြီးပါက တစ်ခြားဘာသာတရား အကြောင်းကို လေ့လာဖို့လိုကြောင်း၊ အမျိုးဘာသာ သာသနာ၏ အန္တရာယ်ကိုလည်း သိအောင်လုပ်ဖို့လိုကြောင်း၊ ကျောင်းမနေ နိုင်သည့် ကလေးများကို ဝိုင်းဝန်းထောက်ပံ့ကာ ကျောင်းထားပေးသင့်ကြောင်း၊ ဆေးမကုနိုင်သူ ထမင်းနပ်မမှန်သူများကိုလည်း ဝိုင်းဝန်းထောက်ပံ့ဖို့လိုကြောင်း၊ ရွာသူများကို ဘာသာခြားများ စည်းရုံးလာပါက နှမအရင်းလို သဘောထားစောင့် ရှောက်သင့် ကြောင်း၊ ရွာသူနားကို ဘာသာခြား အကပ်မခံသင့်ကြောင်း” ပြောပြကာ ကေသမုတ္တိသုတ္တန်ကို အကျဉ်းမျှ ဟောကြား ခဲ့ပေသည်။
ယခုဟောသည့်အတိုင်း မြတ်စွာဘုရားနည်းလမ်းကျ ချဉ်းကပ်ပြီး ဘာသာတရားအားလုံးကို လေ့လာစမ်းသပ်သင့် ကြောင်းနှင့် လက်တွေ့ကျင့်ကြည့်၍ မကောင်းဘူး မမှန်ဘူး အကျိုးမရှိဘူးဆိုလျှင် ဗုဒ္ဓဘာသာကို တစ်ရွာလုံးစွန့်သွားလည်း ဝမ်းမနည်းကြောင်း၊ မသိနားမလည်သူများ၊ ငွေကြေးခက်ခဲသူများ၊ ကိလေသာအမိုက်အမှားထဲ ရောက်သူများကို ပစ်မှတ်ထား၍ ဝင်ရောက်ထိုးနှက်ခံနေရခြင်းကို မလိုလား၍သာ ယခုလို ဟောပြောနေရခြင်းဖြစ်ကြောင်း ဟောကြားခဲ့ပေသည်။
အရေးပေါ်တရားပွဲဟု နာမည်တပ်ရမည် ဖြစ်ပေသည်။ ကန်တော့ပွဲမပါ၊ ဓမ္မပူဇာမရှိ။ ဆိုင်းဘုတ်မတင်။ ပလ္လင်မပါ။ စာအိတ်နတ္ထိ။ ပြင်ဆင်မှုလည်းမရှိ။ ရေနွေးကြမ်းသောက်ကာ ဟောကြားခဲ့ရခြင်းဖြစ်၏။ တရားပွဲအပြီးတွင် ကျွဲရိုင်းဗူးများ လာကပ်သည်ကို တွေ့ရ၏။ မသောက်တတ်၍ မသောက်ဖြစ်ခဲ့ပေ။ အခြားသံဃားများကိုသာ ကပ်ခိုင်းလိုက်ရလေသည်။
 “တရားငတ်တာလည်း အဖျားတက်သလိုပဲ ဆင်းရဲတယ်”
အချို့တရားပွဲပြီးသည်အထိ လက်အုပ်ချီ၍ နာကြ၏။ အချို့ခေါင်းတညိတ်ညိတ်။ အချို့လက်အုပ်မချီ ခေါင်းမညိတ်ဘဲ စူးစိုက်နားထောင်နေကြ၏။ ဓမ္မာရုံနောက်မှ လူများမတ်တပ်ရပ် နားထောင်ကြပုံရ၏။ ခေါင်းလေးတွေကိုသာ တွေ့ရ၏။ ဓမ္မာရုံကား လူငါးဆယ်ခန့်သာ ဆန့်လေသည်။
ဓမ္မာရုံပေါ်မှ ဆင်းလာသည့်အခါ ဓမ္မာရုံမျက်နှာစာမှာရော လက်ဝဲလက်ယာဘက်မှာပါ မြေကြီးပေါ် ဖင်ချထိုင်၍ တရားနာနေသည့် ရွာသူ ရွာသားများ ဓမ္မာရုံပတ်ပတ်လည် ခြံဝင်းထဲမှ ဖျာခင်းနားထောင်နေကြသည့် ရွာသူရွာသားများကို တွေ့လိုက်ရပေ၏။ တရားငတ်မွတ်နေပုံရပေသည်။
ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ အဘိုးအို အဘွားအိုများ စုံလင်ကြ၏။ အလဟဿ လေလွင့်ဆုံရှုံးနေကြရသော လူ့စွမ်းအား အရင်းအမြစ်များကို ကြည့်၍ စုတ်တသက်သက်ဖြင့် နှမြောတသ ဖြစ်နေမိလေ၏။ သာသနာမထွန်းကားသော ရွာသူ ရွာသားများ၏ ဘဝကား သနားစရာကောင်းပေစွ။ သာသနာနှင့်ကြုံရကျိုး၊ လူဖြစ်ရကျိုးမနပ်ပေစွ။
 “နွားကွဲ၍ ကျားဆွဲလေရော့သလား”
ရွာသည်ဆင်းရဲနှုံချာနေသည့်အပြင် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ခြမ်းကွဲနေပြန်သေး၏။ ရွာဘုန်းကြီးများ အသုံးမကြပုံကား စာဖွဲ့၍ပင် ကုန်မည်မထင်မိပေ။
အချိန်ရလျှင် ညတရားပွဲ ကျင်းပဖို့ ပြင်ဆင်ပေးကြသော်လည်း မွန်းလွဲနှစ်နာရီမှာ နိုင်ငံခြားသား ဧည့်သည်များနှင့် ချိန်းထား၍ ညတရားပွဲ အစား နေ့တရားပွဲကို ဖြစ်သလိုကျင်းပလိုက်ရခြင်း ဖြစ်၏။ ယဉ်ကျေးမှုသင်တန်းဖွင့်ပေးမည်။ တရားပွဲတွေ ကျင်းပပေးမည်။ တရားစခန်းတွေ ပြုလုပ်ပေးမည်ဆို၍ ရွာသူ ရွာသားများ ဝမ်းသာပျော်ရွှင်နေကြသည်ကို တွေ့ရလေသည်။ ကရုဏာသက်ဖွယ် ကောင်းလေစွ။
ရွာတရားနာပရိသတ်ကား ဝီရသူကိုလည်း မသိရှာ။ ဝီရသူဟောတရားကိုလည်း မသိရှာ။ အနောက်ကျောင်း ဆရာတော် ဦးဝိသုဒ္ဓကား “စာရေးဆရာထဲမှာ အကြိုက်ဆုံးစာရေးဆရာဟာ ဝီရသူ”ဟု မကြာခဏမိန့်တော်မူ၏။ သူ၏တပည့်များ သည် ဝီရသူကျောင်းထွက်တပည့်ရင်းများဖြစ်ကြသော်လည်း ရွာမှာ ဝီရသူတရားများ ဖြန့်ချီထားခြင်းမရှိကြပေ။ တရားခွေတွေ ရှိပါလျက် ဖွင့်မပြခြင်း ပေးမနာခြင်းမှာ ဆရာတော်ဦးဝိသုဒ္ဓက ကြောက်တတ်သောကြောင့် ဖြစ်သည်ဟု ဝန်ခံ၏။ တပည့်များ ကို လှုပ်ရှားခွင့်မပေးခြင်းမှာ ပညာရေးအနှောက်အယှက်ဖြစ်မည်စိုးသောကြောင့်ဟု မိန့်ကြားတော်မူ လေသည်။
ခြုံကြီးရွာကား အိမ်ခြေလေးငါးရာကျော်သော ရွာကြီးတစ်ရွာဖြစ်၏။ ကျောင်း ငါးကျောင်းရှိ၏။ စင်းလုံးချော ဗမာ-ဗုဒ္ဓရွာကြီးမှ တစ်အိမ်က တပါးဘာသာဖြစ်သွားရာမှ ထိုတစ်အိမ်ထဲက အစုလိုက်အပြုံလိုက် လုယူသွားခြင်းဖြစ်၏။ ကျောင်းထိုင် ဘုန်းကြီးငါးပါးလက်ထဲမှ လူတစ်ယောက်ထဲက လုယူသွားခြင်းဖြစ်၏။ ဗုဒ္ဓဘာသာအများစုမှာ တစ်ဦးတည်းသော အခြားဘာသာဝင်၏ ထိုးနှက်ခြင်းကို ခံနေရခြင်းဖြစ်လေသည်။
 “သမင်ပေါလို့ ကျားထောလေသလား”
အိမ်ကွင်းတွင်မရှုမလှ ရှုံးနိမ့်နေရသော ရွှေမြန်မာအသင်း ဖြစ်ပါ၏။ ယိုသူမရှက် မြင်သူရှက်ဟု ဆိုရလေမည်လော-မပြောသာပြီ။ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ခွဲရှိ ဝင်းဂိုက်ရွာသည် စင်းလုံးချော ဘာသာခြားရွာ ဖြစ်သွားခဲ့လေပြီ။ ယခင်က စင်းလုံးချော ဗုဒ္ဓဘာသာဝင် ရွာကြီးသာတည်း။ ၎င်းမြို့နယ်ရှိ မီးလောင်ကွင်းရွာ၌ ဗမာ-ဗုဒ္ဓ ခြောက်အိမ်သာ ကျန်ပါတော့သည်။ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ခွဲရှိ ချမ်းသာကုန်းရွာ၌ ဘာသာခြားက အိမ်ခြေ(၂၀၀)ကျော် သွားခဲ့ပါပြီ။ ဗမာ-ဗုဒ္ဓကား ၂၄-အိမ်သာ ကျန်ပါတော့သည်။ “ကယ်တော်မူကြပါဗျို့”အော်ရမည်ကဲ့သို့ ရှိချေ၏။
မြေဖြူကုန်းရွာ ဆရာတော်ဦးဣန္ဒာစာရက မိန့်တော်မူ၏။ “ငါ့ရွာဆို ဘယ်သူမှ မဝင်ရဲဘူး”ဟူ၏။ ဆရာတော် ဦးဣန္ဒာစာရလို အလုပ်လုပ်ကြလျင် မြန်မာ့သာသနာ ဆုံးရှုံးစရာမရှိ။ ယခုတော့ “သမင်ပေါသည်” ကျားထောသည်” ဖြစ်နေရပေပြီ။ ခြံလုံအောင် ကာဖို့လိုပြီ။ အရွယ်မျိုးစုံ၊ အလွှာမျိုးစုံ အသိတရားရှိကြဖို့အတွက် ဓမ္မဖြင့် ကာရံကြပါလျှင် ဘယ်ကျား ရန်မှ မှုစရာမလိုတော့ပေ။ သည်အကြောင်းကို ကျောင်းထိုင်အပေါင်း သိကြစေလိုပါသည်။
“ဘာသာအယူဝါဒ စစ်တမ်း”
ဘာသာဝါဒ၊ မတူကြ၍၊
 လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်
ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
ဝါဒအယူ၊ မှားခဲ့မူကား
ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်
လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
စေ့စုံဉာဏ်ဖြင့်၊ မြှော်ထောက်ချင့်ကာ
တစ်ဆင့်ကြားသိ၊ မိရိုးဖလာ
ကောလာဟလ၊ ကျမ်းစာမျှနှင့်
ကြံဆနည်းမှီ၊ ဆီလျော်သုံးသပ်
ယူခြင်းထပ်၍၊ ယုံအပ်သူပဲ
ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ
မယူကြလင့်၊ ဒိဋ္ဌကျင့်ကြံ
ကိုယ်ပိုင်ဉာဏ်ဖြင့်၊ မှားမှန်ကောင်းဆိုး
သိအောင်ကြိုးဟု၊ မျိုးကာလာမ
ဟောညွှန်ပြ၊ ဝါဒအယူစစ်တမ်းပေ။
အရှင်ဇနကာဘိဝံသ(တောင်မြို့ဆရာတော်)
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊မန္တလေး။ Email.wi...@gmail.com
(မိုးမခ၏ မှတ်ချက် - စာမူကို သင့်တော်သလို ပြန်လည်တည်းဖြတ်ထားပါသည်။ ဆရာတော်ကို တောင်းပန်ပါ၏)
Posted by MoeMaKa at 1:04 PM 0 comments  
Labels: Ashin Wirathu

Ku Mojo - Cartoon

အပြောင်းမှန်မှ အမှန်ကောင်းမယ်
ကာတွန်း - ကူမိုးကြိုး
မေ ၁၉၊ ၂၀၁၂



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages