1st August - MoeMaKa Daily
8 views
Skip to first unread message
Maung Yit
unread,
Aug 1, 2012, 4:43:40 AM8/1/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
သမတကြီး / လွှတ်တော်ဥက္ကဌကြီး သူတို့ကို အရေးယူပေးပါ။
ရွှေပြည်စိုး၊ သြဂုတ် ၁၊ ၂၀၁၂
ပြီးခဲ့တဲ့အပတ် ၂၀၁၂ - ၇ -၂၁ ရက်နေ့ပါ ပြည်တွင်းဂျာနယ်အချို့၊ လူမှုကွန်ယက်၊ Facebook ၊ များနဲ့ ပြည်ပရှိ မိုးမခ၊ ဧရာဝတီ …..စတဲ့ အင်တာနက်သတင်းစာမျက်နှာတွေမှာ ပြည်သူ့လွှတ်တော်အမတ်၊ ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်ပြည်က Southern Weekend သတင်းစာနဲ့မေးမြန်းခန်း ( Interview ) မှာ သူက -
" သမတကြီးဦးသိန်စိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားတာဟာ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး၊ ဒါကိုဆန့်ကျင်တယ်၊ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင်လုပ်တာ "
ဆိုပြီးပြစ်တင်ဝေဖန်တယ်၊
" မြစ်ဆုံစီမံကိန်းကိုပြန်ဆောက်ရမယ် "လို့လည်းပြောသေးတယ်။သမတ က သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ဆုံးဖြတ်တယ်ဆိုတာ သူနားလည်ပုံ မပေါ်ဘူး၊
"ဒီစီမံကိန်းကို ပြန်ဆောက်ရမယ်"
လို့ပြောရအောင် သူ့မှာဘာ ပါဝါ၊ ဘာအာဏာများရှိလို့လဲ။
ဦးသိန်းစိန်ဆိုတာ ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်က တင်မြှောက်ထားတဲ့၊ အများက အသိအမှတ်ပြုထားတဲ့ သမတ။
ဦးအောင်သိန်းလင်းဆိုတာက ဗိုလ်မှူးချုပ်ဟောင်းနဲ့ ရန်ကုန်မြို့တော်ဝန်သာဖြစ်တယ်။ သူ့ထက် အသက်ကြိး၊ ရာထူးကြီးပြီး အတွေ့အကြုံသူ့ထက်များတဲ့ သူကို ဆန့်ကျင်တယ်၊ ဝေဖန်တယ်ဆိုတော့ သူဟာ သူ့ကိုယ်သူ အထင်ကြီးပြီး " အဖထက်သားတလကြီး "လုပ်နေတယ်ဆိုတော့ ရယ်စရာကောင်းလှပါတယ် မောင်သိန်းလင်းရယ်။
အဲဒီ ၂၀၁၂- ၇ - ၂၁ ရက်နေ့သတင်းမျာပဲ - NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝေဖန်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြတဲ့အပေါ်သူက -
" လူတွေရူးနေကြတာပါ။ သူက လူကြိုက်များရတာက ကျနော်တို့ရဲ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ပါ "
လို့လည်း ပြည်သူလူထုကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားတာဖြစ်သလို မနာလို ၀န်တိုစိတ်နဲ့ ထေ့တာ ငေါ့တာ လည်းဖြစ်တယ်။ လမ်းဘေးက အစုတ်ပလုပ်နဲ့ လူလိမ်သူခိုးအကျင့်ဆိုး ရှိတဲ့သူက ကမ္ဘာ့ငြိမ်းချမ်းရေး Nobel ဆုရှင် ကမ္ဘာ့ခေါင်းဆောင်အဆင့်ဝင် ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တယ်ဆိုတော့ သူမှ တကယ့်အရူး၊ ကုသလို့ မရတဲ့အာဏာရူး ပါ။ သူ့ရဲ့အဆင့်အတန်းဟာ လူလိမ်လူညာ၊ တေလေကြမ်းပိုး၊ သူခိုးသူဝှက်ထက်မပိုဘူးဆိုတာ သူ့ကိုယ်သူမရိပ်မိသလို သူ့ကိုယ်သူ နွားခြေရာခွက်ထဲက ဖါးကလေးဖြစ်နေတယ် ဆိုတာလည်း သူမသိရှာ၊ ရွံစရာကေါင်းတဲ့ အောင်သိန်းလင်းပါလား။
သူလို သူခိုးကြမ်းပိုး က
"ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ကိုမယုံဘူး "
လို့ အရူးချီးပန်း ပြောသွားတာကိုကြည့်ရင် သူ့ဦးနှောက်ဟာ ဖြုတ်ဦးနှောက် ထက်တောင် သေးငယ်နေတယ် ဆိုတာထင်ရှားတယ်။ အထက်ပါပုဂ္ဂိုလ်ကြီးတွေကို မယုံဘူးဆိုတော့ သူယုံသူတွေကတော့ မြန်မာပြည်ကို ချွတ်ချုံကျအောင်၊မွဲ
တေ စုတ်ပြတ်သွားအောင် ဂုတ်သွေးစုပ် တဲ့ တရုတ်စုတ် နဲ့ မြန်မာပြည်ကိုရောင်းစား၊ ပြည်တွင်းထွက် သယံဇာတတွေကို ခိုးရောင်းစား တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဖြစ်တယ်။ ဒါကတော့ အကျင့်တူ၊ ဗီဇတူ၊ ဥာဉ်တူတွေချည်းဖြစ်နေတာကိုး ဒီလိုပြောမှာပေါ့။
အောင်သိန်းလင်း ဟာလွှတ်တော်အမတ်တယောက်အနေနဲ့၊ ကြံ့ဖွံ့လူကြီးတယောက်အနေနဲ့ လူကြီးလူကောင်းပီပီ သိက္ခာရှိတဲ့ စကား၊တည်ကြည်ပြီး ဂုဏ်သရေရှိတဲ့စကားတွေ ပြောရမယ့်အစား လမ်းဘေးကတေလေကြမ်းပိုး ဗီဇအတိုင်းပြောတဲ့အတွက် ပြည်သူလူထုက မကျေမနပ်ဖြစ်လာကြတယ်။
(" ဗီဇ ဆိုတာ ဖျောက်လို့မရဘူး "ဆိုတဲ့စကားအတိုင်း မောင်သိန်းလင်းဟာလည်း " တေလေကြမ်းပိုးသူခိုးမျိုး" ဗီဇကိုဖျောက်မရလို့ ဒီလိုပြောတာပဲလို့ဆိုရင် မှားမယ်မထင်ပါ)။
ဒါကြောင့် သူ့ပြောဆိုချက်တွေကို ရှုတ်ချဖို့ အနေနဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့ က ပြည်သူများက- "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီြး ပည်သူတွေကိုစော်ကားတယ်" ဆိုပြီးဆန္ဒပြဖို့ပြင်ဆင် နေကြပါပြီ၊  (မဇ္ဈိမ၊ ၂၆-၇-၂၀၁၂)
အောင်သိန်းလင်းဟာ ပင်ကိုယ်က မကောင်းတဲ့ဗီဇ၊ ယုတ်မာတဲ့ဥာဉ် တွေဟာ လူကြီးဖြစ်လာတဲ့အထိ အဲဒီ ဥာဉ်ဆိုး၊ ဗီဇဆိုးတွေဟာ သူနဲ့အတူပါလာတာတွေ့ရတယ်။သူဟာ တရုတ်သတင်းစာနဲ့ အင်တာဗျူးလုပ်ပြီးနောက် လူအများကဝေဖန်ကဲ့ရဲ့တော့မှ သူရဲ့ ဗီဇဆိုး၊ ဥာဉ်ဆိုးတွေပေါ်လာတော့တယ်။
သူက -
" တရုတ်သတင်းစာအနေဖြင့် သူရဲ့ဖြေဆိုမှု ကို ဘာသာပြန်လွဲမှားယွင်းဖေါ်ပြတာ"
လို့ လိမ်ညာပြီးဆင်ခြေပေးတယ်။ (ဧရာဝတီ ၊ ၂၅-၇-၂၀၁၂)
ဘာသာပြန်တဲ့နေရာမှာ တခါတလေမှားရင်ဖြစ်နိုင်ချေရှိတယ်။ခုလို အင်တာဗျူးတခုလုံး လွဲမှားတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာသာပြန်အလုပ်နဲ့ အသက်မွေးဝမ်းကြာင်းပြုနေသူဟာ ဒီလောက်အထိမှားယွင်းစရာ အကြောင်း မရှိဘူး။ ဒါဟာ သူ့ရဲ့သူများအပေါ်အစဉ်အလာအတိုင်း လိမ်ညာနေပါတယ် ဆိုတဲ့သာဓကပြတာဖြစ်တယ်။ သူဟာကြံ့ဖွံ့ပါတီမှာ၊ လွှတ်တော်မှာဆက်ရှိနေမယ်ဆိုရင် လွှတ်တော်ပါ နာမည်ပျက်၊ သိက္ခာကျ လာပါလိမ့်မယ်။ သမတကြီး / လွှတ်တော်ဥက္ကဌကြီးတို့အနေဖြင့် သူ့ကို ထုတ်ပယ်ပြစ်ဖို့တောင်းဆိုရပါတယ်။
ဦးဌေးဦး လည်း လူလိမ်ပဲ။
၂၀၁၂ - ၇- ၂၅ ရက်နေ့ ဧရာဝတီအင်တာနက်သတင်းမှာပဲ - ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးဌေးဦးကပါ အောင်သိန်းလင်းကို အကါအကွယ်ပေးပြီး လိမ်ညာနေတာတွေ့ရပါတယ်။ သူ့ရဲ့လိမ်ညာမှုများကိုကြည့်ပါ -
၁။"အဲဒီတုန်းက UN မျက်စေ့ခွဲတဲ့အဖွဲ့နဲ့ပါလာတဲ့ သတင်းထောက်တွေနဲ့ အလွတ်သဘော ပြောလိုက်တာပါ" တဲ့ ။ ဒါပေမယ့် ၂၀၁၂-၇-၂၁ ရက်နေ့ သတင်းတွေအားလုံးမှာ အင်တာဗျူးလုပ်တာလို့ ဖေါ်ပြထားတာကို အများက ဝေဖန်တော့မှ သူက အောင်သိန်းလင်းကို ကါကွယ်ပေးဖို့ အလွတ်သဘောနဲ့ ပြောတာပါ လို့ ဗြောင်လိမ်တယ်။
၂ ။ " သူက ဗမာလို ပြန်ဖြေတာကို ဘာသာပြန်လွဲမှားတာ"တဲ့။ ဘာသာပြန်အလုပ်နဲ့ လုပ်စားနေသူက အောင်သိန်းလင်းကျမှ ဘာသာပြန်လွဲမှားမယ်တဲ့လား၊ တခွန်းတလေမှားတယ်ဆိုရင်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အခွန်း ၂၀ကျော်လောက် ဖြေတာ၊ အကုန်လုံး ဘာသာပြန်လွဲမှားရောတဲ့လား ဦးဌေးဦးရယ် စဉ်းစားပြီး ယုတ္တိရှိအောင် လိမ်ပါ၊ ခင်ဗျားကိုယ်စားရှက်မိပါတယ်။
၃ ။ " တချို့ဥစ္စာတွေမှာ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့ "တဲ့ ဒါဟာ သူများက်ုစော်ကားတာပဲ။ ဒီလိုသူများကို အကြောင်းမဲ့စော်ကားတာဟာ ပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်ရဲ့အင်္ဂါရပ်နဲ့မညီ။ ဒါဟာ အခြေအနေမဲ့ အောက်တန်းစားတွေရဲ့လက်သုံးစကား သာဖြစ်တယ်။
၎ ။ " သူ ဘာတွေပြောလိုက်မှန်းသေချာမသိဘူး " တဲ့။ သူ ပြောတာသူမသိဘူးဆိုတော့ သူ့ရဲ့ဦးနှောက်မကောင်းလို့ပေါ့။ ဒါလောက်လေးမှ မသိတော့ဘူးဆိုရင် သူယူထားတဲ့ ရာထူးတွေနဲ့မထိုက်တန်တော့ဘူး။
၅ ။ " ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA       တို့ြ မန်မာပြည်တွင်းရေး ၀င်ရောက်နှောက်ယှက်သူများဖြစ်လို့ မယုံကြည်ဘူးလို့ပြောတာဟာ သူ့ရဲ့အမြင်ကိုပြောတာပါ " တဲ့။ သူ့အ မြင်ပဲပြောပြော၊ မေးလို့ပဲဖြေဖြေ၊ ဒီလိုပြောတာဟာ သူတပါးကို သက်သက်စော်ကားတာပဲဖြစ်တယ်။
သမ္မတ တို့၊ လွှတ်တော်ဥက္ကဌတို့၊ လွှတ်တော်အမတ်တို့ထဲက တယောက်မှမယုံဘူး လို့ မပြောဘဲ၊ အောင်သိန်းလင်းတယောက်တည်း ပြောတာတော့ သံသယဖြစ်စရာပါ။
ကြံ့ဖွံ့ပါတီဗဟိုအလုပ်မှုဆောင်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းဟာ သူ့ထက်အသက်ကြီး ရာထူးကြီးပြီး အလုပ်အတွေ့အကြုံများတဲ့ သမတကြီး ဦးသိန်းစိန်လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဝေဖန်တယ်။ သူ့ထက်ဥာဏ်ပညာ အရည်အချင်းရှိတဲ့၊ သူ့ထက် နိုင်ငံတကာအတွေ့အကြုံရှိတဲ့၊ မြန်မာနိုင်ငံဒီမိုကရေစီရေး ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း တိုက်ခိုက်၊စော်ကားတယ်။
            ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ရဲ့ဂုဏ်သရေကို ထိခိုက်အောင် စော်ကါးတာတွေပြုလုပ်တယ်။ ဒါဟာသူ့အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တွေလုပ်ခဲ့တယ်။ သူဟာပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်အနေနဲ့ စောင်ထိန်းရမယ့် ကျင့်ဝတ်၊ဂုဏ်သိက္ခာတွေကို မထိန်းသိမ်းဘဲ၊ တာဝန်မဲ့ လက်လွတ်စပယ်ပြောဆိုခဲ့တယ်။
            ဒါကြောင့် သူတို့ ၂ ယောက်လုံးကို သမတကြိး သို့မဟုတ် လွှတ်တော်အမတ်ကြီးတို့က အမြန်တုံး ရာထူးဌာနတွေက ထုတ်ပယ်သင့်ကြောင်း တင်ပြအပ်ပါတယ်။
Photo - Lower House MP Aung Thein Lin (USDP), Soe Win (NDF), Htay Oo (USDP), Tun Yi (NUP) at a press conference at USDP headquarters in Rangoon on Wednesday, June 29, 2011. Photo: Mizzima
Posted by MoeMaKa at 1:30 AM 0 comments  
Labels: Critics, Shwe Pyi Soe
Po Htet - အမေ့အမွေ
အမေ့ အမွေ
ဖိုးထက်၊ သြဂုတ် ၁၊ ၂၀၁၂
            ဤလောက ကမ္ဘာမြေကြီးပေါ်ဝယ် သတ္တ၀ါအမျိုးစုံ ရှင်သန် နေထိုင်ကြသည်။ ထို အထဲကမှ လူဆိုသည့် သတ္တ၀ါ တစ်မျိုးသာ အသိဥာဏ် အမြင့်မားဆုံး ဖြစ်သလို အရှုပ်အထွေးဆုံး ဖြစ်သည်။ လူတစ်မျိုးတည်းသာ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ကို လက်ဆင့်ကမ်းနိုင်ကြသည်။ အမွေပေးခဲ့ကြသည်။
            “အမွေ” ဆိုသည့် စကားလုံးကို ထပ်မံ ပိုင်းခြားရလျှင် ကောင်းမွေ နှင့် ဆိုးမွေ ဆိုသည့် နှစ်မျိုး နှစ်စား ရမည်။ မီး ကို ကိုယ်တိုင် ပြုလုပ်တတ်စေရန်၊ ဆန်စပါးကို ကိုယ်တိုင် စိုက်ပျိုး ရိတ်သိမ်း စားသောက်တတ်စေရန် စသည့် ကောင်းမွေများ။ ကမ္ဘာစစ်ကြီးများ၊ လူသတ်ပွဲကြီးများ၊ ခွဲခြားမှုများ စသည့် ဆိုးမွေတို့မှ တစ်ဆင့် သင်ခန်းစာယူတတ်စေရန် သမိုင်း အမွေ အနှစ်များ ထားခဲ့ကြသည်။ ကြိုက်သည် ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ နှောင်းလူများက လက်ခံရသည်။ ကောင်းမွေများကို အဆင့်အတန်းမြင့်လာဖို့ ကြိုးစားကြသူများ ရှိသလို ဆိုးမွေများမှ တစ်ဆင့် သင်ခန်းစာ မယူနိုင်ကြသော လူများလဲ အများသား ရှိသည်။
            ကျနော့် အတွက် “အမွေ” ဆိုသည့် စကားလုံးကို ထဲထဲဝင်ဝင် ကိုယ်တိုင်ကြုံဘူးသည်မှာ အမေမှ “နင့်ကို ငါ့ အိမ်၊ မြေကွက် အမွေ ပေးခဲ့မယ်” ဆိုသည့် အပြောကြောင့် ဖြစ်သည်။ အမေက ကျောင်းဆရာမ ပီပီ ချမ်းသာသော သူ မဟုတ်။ သို့သော် စစ်စစ်စီစီ သုံးစွဲသည်။ မကုန်သင့်တာ မကုန်ရအောင် ထိန်းချုပ်သည်။ အမတွေ အကျ ရှပ်အင်္ကျီတွေကို ဒေါက်တွေ ဖြုတ်ပြီး ကျနော့်ကို ၀တ်ချင်ချင်၊ မ၀တ်ချင်ချင် ၀တ်စေသည်။ မိသားစုအတွင်း အမေ့ အမေ အမေကြီးမှ လွဲပြီး ထမင်း၊ ဟင်းကို ဝေပုံကျ စားစေသည်။ ထမင်းကို မကုန်နိုင် မခန်းနိုင်ထည့်ပြီး သွန်တာ တွေ့ရလျှင် ကျောပြင် ဗျောတင် ခံရသည်။
အိမ်မှာ အငယ်ဆုံးဆိုပြီး အခွင့်အရေး ပိုလိုချင်သော ကျနော့်ကို အတိုင်း အတာဖြင့်သာ မုန့်ဖိုး ပေးသုံးသည်။ အပြင်မှ သွားရေစာ မုန့်များ စားရဖို့ ခြေဆောင့် ၊ နှုတ်ခမ်းစူ ပူစာသော်လည်း ကြိမ်လုံးသာ အဖြေထွက်သည်။ ထို့ကြောင့် ရလာဒ်မှာကား မိသားစု စီးပွားရေးမှာ အမေ့ ကျောင်းဆရာမ လစာ တစ်ခုတည်းအပေါ် မှီခိုရပေမယ့် ဘယ်သောအခါမှ ကြပ်ကြပ်တည်းတည်းမရှိခဲ့။ အမေနှင့် ဘ၀တူ အသုံးအစွဲ မချွေတာသော မိသားစုများ ကြပ်တည်းချိန်တွင် ကျနော်တို့ မိသားစုမှာ အခြေမပျက် နေနိုင်ခဲ့သည်။
“အရေးဟယ် အကြောင်းဟယ်ဆို သုံးဖို့ဟဲ့” ဆိုပြီး စုဆောင်းထားသော အမေ့ ရွှေတို ရွှေစများကို ထုခွဲရောင်းချပြီး ကိုယ်ပိုင်အိမ်ဝိုင်းလေးနှင့် အိမ် ခပ်လတ်လတ်လေး တစ်လုံးကို အမေဖန်တီးသော အခါ ကျနော်တို့ မောင်နှမတွေမှာ ပျော်လို့ မဆုံး။ အမေတာဝန်ကျရာ ကျောင်းကြီးတွေ၏ ကျောင်းထောင့်ထဲတွင် ဖြစ်သလို အိမ်လေးတစ်လုံးဖြင့် နေခဲ့ရသော ဘ၀မှ ကိုယ်ပိုင် အိမ်ဖြင့် နေကြစို့ဟု အမေဆုံးဖြတ်သောအခါ မပျော် ရှိပါ့မလား။ အမေဦးဆောင်ပြီး အိမ်ဝိုင်းကို ရှင်းလင်းသည်။ ၀န်းထရံများကို အမေက ကြေးနန်းကြိုးများဖြင့် ခိုင်မြဲအောင် ချည်နှောင်သည်။ ရေနံချေး သုတ်ဖို့ မောင်နှမတွေကို တာဝန်ခွဲပေးသည်။ နှစ်တွေ ကြာလာသည်နှင့်အမျှ သား၊ သမီးတွေ ကျောင်းတွေပြီး။ ကျနော်တို့ မောင်နှမတွေ ကိုယ်ပိုင် အလုပ် အကိုင်များရှိလာပြီး အဆင်ပြေလာသည်အထိ အမေက သူ့အိမ်ဝိုင်းလေးကို မရောင်းပြစ်ခဲ့။ အဆင်သင့်ရာ သား၊ သမီးအိမ်မှာ တလှည့်စီ လိုက်နေပေမယ့် အမေက သူ့ အိမ်ဝိုင်းလေးကို သံယောဇဉ်မပြတ်။ လူငှားမတင်။ တစ်လ တစ်ခါခန့် အရောက်သွားကာ ရှင်းလင်း သုတ်သင်သည်။
ထိုသို့ အမေသံယောဇဉ်ရှိသော အိမ်ဝိုင်းလေးကို အမေက မောင်နှမတွေ အားလုံးထဲမှာမှ ကျနော့်ကို ရွေးချယ်ပြီး အမွေပေးခဲ့မယ်ဟု ဆိုလာသောအခါ ကျနော် ပျော်မိသည်။ အမေ၀ယ်ခါစက လက်ချိုးရည်တွက်လို့ ရသော သိန်းဂဏန်း အနည်းငယ်သာရှိသော အိမ်ဝိုင်လေးသည် ပါတ်ဝန်းကျင် ရပ်ကွက် တိုးတက်လာသည်နှင့် အမျှ တန်ဖိုးတက်လာသည်။ သိန်း ရာဂဏန်း အတော်များများ တန်ဖိုး ရှိလာ၏။ ကျနော့်ကို အမွေပေးခဲ့မယ်ဟု အမေ့ဆုံးဖြတ်ချက်ကို အမတွေကလဲ ဘာမှ အထွန့်မတက်။ ကောင်းသားဘဲဟု အမေ့ ဆန္ဒရှိရာ ဆုံးဖြတ်ဖို့ သဘောတူကြသည်။ ကျနော် ကိုယ်တိုင်ကလဲ သိန်းရာဂဏန်း အတော်များများတန်သော အိမ်ဝိုင်းလေးကို လောဘတက်သည်။
တမြန်မနေ့က ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ “ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုသည့် စာအုပ်လေးကို ဖတ်ရင်း ပုံပြင်လေး တစ်ပုဒ်ကို ဖတ်မိသည်။ ပုံပြင်ကို ဖတ်မိမှ အမေ ကျနော့်ကို ဘာကြောင့် အမွေပေးခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ သိလာရသည်။ ပုံပြင်လေးက…
ရှေးရှေးက သူဌေးကြီး တစ်ဦးရှိသည်။ သူ့မှာ သားသုံးယောက်ရှိသည်။ သူဌေးကြီးက သူမသေခင် အမွေပေးခဲ့ဖို့ ဆုံးဖြတ်ထားခဲ့ချင်သည်။ သားတွေကို စမ်းသပ်သည်။ အိမ်က ခွေးမကြီး မီးဖွားနေသည်ကို သားအကြီးဆုံးကို သွားကြည့်ခိုင်းသည်။ သားအကြီးဆုံးက သွားကြည့်ပြီး ပြန်လာကာ “ဟုတ်တယ် အဖေ၊ ခွေးမကြီး မီးဖွားနေပြီ” ဟု အဖြေပေးသည်။ သားအလတ်ကို သွားကြည့်စေပြန်သည်။ သားအလတ်က “ ဟုတ်တယ်။ ခွေးမကြီး မီးဖွားနေပြီ ခွေးလေး ခြောက်ကောင် အဖေရဲ့” ဟု အဖြေပေးသည်။ သားအငယ်ဆုံး အလှည့်ရောက်တော့ သားအငယ်ဆုံးက ခွေးပိစိကွေးလေးခြောက်ကောင်၏ အထီး အမကို ခွဲခြားနိုင်သလို အရောင်အသွေး အစုံအလင်ပါ မှန်အောင် အဖြေပေးနိုင်သည်။
သူဌေးကြီးက နောက်ထပ်တစ်ခါ စမ်းသပ်ပြန်သည်။ သားသုံးယောက်စလုံးကို မုန့်အိုးကင်း ပူပူနွေးနွေး တစ်ခုစီ ပေးသည်။ သားအကြီးဆုံးက အုန်းသီးဖတ်၊ ပဲသီးလေးများကို ရွေးစားပြီး မုန့်အိုးကင်း ကြီးကို ပြစ်လိုက်သည်။ သားအလတ်က ပူပူနွေးနွေး မုန့်အိုးကင်း တစ်ဝက်တိတိစားလိုက်သည်။ တစ်ဝက်ကို ချန်ထားသည်။ သို့သော် ကျန်တစ်ဝက်က အေးခဲ မာတောင့်သွားကာ မစားလိုက်ရဘဲ ပြစ်လိုက်ရ၏။ သား အငယ်ဆုံးမှာကား မုန့်ဖိုပေါ်မှ ချပြီးကာစ မုန့်အိုးကင်း ပူပူနွေးနွေးကို တစ်ထိုင်တည်း အရသာ ရှိရှိစားလိုက်သည်။
သူဌေးကြီးက စမ်းသပ်မှု နှစ်ခု ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ပစ္စည်းဥစ္စာများကို လေးပုံ ပုံလိုက်သည်။ နှစ်ပုံကို သားအကြီးဆုံးကိုပေးလိုက်သည်။ တစ်ပုံကို သားအလတ်ကို ပေးသည်။ ကျန်တစ်ပုံကို သူမသေခင် သုံးဖို့၊ စွဲဖို့၊ လှုဖို့ တန်းဖို့ ချန်ထားလိုက်သည်။ သားအငယ်ဆုံးကိုကား ဘာတစ်ခုမှ မပေးဘဲ အိမ်ပေါ်က နှင်ချလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို သားသုံးယောက်သိအောင် ရှင်းပြသည်။ သားအငယ်ဆုံးမှာ ဘာအလုပ်ဘဲ လုပ်လုပ် စေ့စပ်သေချာသည်။ ထို့ကြောင့် ဘယ်တော့မှ အောက်ကျ နောက်ကျ ဖြစ်မည့်သူမဟုတ်သောကြောင့် အမွေပေးစရာမလို။ သားအလတ်မှာကား အရင်းအနှီး အသင့်အတင့် ရှိဖို့ လိုသည်။ ထို့ကြောင့် တစ်ပုံ ဝေစုပေးသည်။ သားအကြီး ဆုံးမှာကား မိဘအမွေမပေးခဲ့လျှင် လောက အလယ်မှာ ခွေးဖြစ်ပြီး ကျန်နေခဲ့မည့် လူစားမျိုးဖြစ်သောကြောင့် အမွေ အများဆုံး ပေးခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ပုံပြင်ကို ဖတ်ရင်း အမေ့ဆုံးဖြတ်ချက်ကို တွေးမိသည်။ သားအကြီးဆုံးနှင့် တူသည့် အငယ်ဆုံး ကျနော့်ကို အမေက အမွေပေးခဲ့လိုခြင်း ဖြစ်ဟန်တူသည်။ လောကအလယ်မှာ ခွေးမဖြစ်စေဖို့ အမေက သူတတ်နိုင်သလောက် အမွေပေးခဲ့ချင်ဟန်တူ၏။ တစ်သက်လုံး အမေ့စကားနားမထောင်၊ အမေဖြစ်စေချင်သလို မကြိုးစားခဲ့သော ဘ၀ကို နောက်ပြန်ငဲ့ကြည့်မိသည်။ အမေ၏ သိန်းထောင်ဂဏန်း နီးပါးရှိသော အိမ်ဝိုင်းလေးကို ရောင်းစားပြီး စိတ်ကူး ဖဲရိုက်နေသော ကျနော့် လောဘကို ရှက်မိလာသည်။
ကျနော့် ကိုယ်ရေး ကိုယ်တာ အမွေကိစ္စကို တွေးမိသည်နှင့် တစ်ပြိုက်နက်တည်း မြန်မာနိုင်ငံတော် သီချင်းက ခေါင်းထဲ ရောက်လာ၏။ “တို့ ဘိုးဘွား အမွှေစစ်မို့ ချစ်မြတ်နိုးပေ” ဆိုသည့် အပိုဒ်ကို တွေးဆမိသည်။ ကျနော်တို့ ဘိုးဘွားတွေက အင်္ဂလိပ်လက်ထဲမှ ရွှေမြေကြီးကို ပြန်လည် အရယူပေးခဲ့ကြသည်။ စွန့်လွှတ် အနစ်နာခံခဲ့ကြသည်။ အသက်၊ သွေး၊ ချွေး များစွာဖြင့် စတေးပေးခဲ့ကြသည်။ သို့သော် ယခု အချိန်မှာတော့ ပုံပြင်ထဲမှ သားအကြီးဆုံးနှင့် တူသည့် လက်ရှိ ကျနော်တို့က ခွေးဇာတ်ခင်းနေကြသည်။ အချင်းချင်း ကိုက်ကြ၏။ အချင်းချင်း ခိုးဝှက်၊ အကောက်ကြံကြရင်း မန္တလေးမြို့ကြီး အလယ် မှာ ပ၀ိတ္တိသားတို့အတွက် နေရာ ပေးခဲ့ကြသည်။ အနောက်ဘက် ကမ်းမြှောင်က မီးတောက်တွေအား မငြိမ်းသတ်နိုင် ဖြစ်နေကြ၏။ မြောက်ဘက်ဖျားက မြေကြီးနှင့် အသက်သွေးကြော ဧရာဝတီမြစ်ကြီးအတွက် ရတက်မအေးနိုင် ဖြစ်နေကြရလေပြီ။ တောင်ဘက်ဖျားမှာ လူမျိုးခြား တို့က ရင်းနှီးမတည် စီးပွားရေး လုပ်ခြင်းအား ကျေးဇူးတွေ တင်နေရသည့် ဘ၀တွေဖြစ်လာသည်။
အမေ့ အိမ်ဝိုင်း၊ ဒေါ်ခင်မျိုးချစ်ပုံပြင်၊ နိုင်ငံတော် သီချင်းကို တွေးရင်း ကျနော့်ကို ကျနော် စောကြောဝေဖန်မိသည်။ တစ်လောက ကျနော် အမွေရထားသော အိမ်ဝိုင်းလေးကို လူမျိုးခြားတစ်ယောက်က ကျနော် မမျှော်မှန်းထားသော ငွေကြေးဖြင့် ရောင်းဖို့ လာရောက်ဆက်သွယ်သည်။ ကျနော်တို့ မောင်နှမတွေ နှင့် အတူတူ အမေစိုက်ပျိုးခဲ့သော အုန်းပင်၊ သရက်ပင်များကို ဖယ်ရှားပြီး သွားရေးလာရေး လွယ်ကူသည့် အမေ့အိမ်ဝိုင်းလေးကို ဂိုထောင်အဖြစ် ပြောင်းလဲဖို့ ကြံရွယ်သည် ဆို၏။ ပိုက်ဆံ ပမာဏ အများကြီးကို အိပ်မက်မှ မမက်ဘူးသော ကျနော်က ငွေမလိုပါဘဲ ရောင်းဖို့ စဉ်းစားမိ၏။
အချိန်မနှောင်းသေးခင် ကျနော့် အတွေးစိတ်ကူးတွေ ဖျက်ရမည်။ မိဘ ဘိုးဘွား အမွေ အနှစ်ကို အလုပ် လုပ်နိုင်ပါလျက်နှင့် ရောင်းစားဖို့ စိတ်ကူးမိခြင်းကို အချိန်မှီ ပြင်ဆင်နေနိုင်သေးတာလို့သာ တော် တော့သည်။
 ဒီတစ်ခေါက် အမေ့ဆီကို ကျနော်ရောက်လျှင် အမေသိပြီးသား ဖြစ်ဟန်တူသည့် “ပုံပြင်ထဲက သားအကြီးက ကျနော်လား အမေ” လို့ အမေ့ကို မေးရမည်။ အမေက သူ့သားအထွေးဆုံးလေးကို ချစ်လို့ ရယ်သွမ်းသွေးပြီး “မဟုတ်ပါဘူး အငယ်ကောင်ရယ်၊ ပေါက်ပေါက်ရှာရှာလို့” ကျနော် စိတ်မကောင်းဖြစ်မှာ စိုးသဖြင့် ကွယ်ဝှက်ပြီး အဖြေပေးနိုင်သည်။ အမေ့ဘာသာ ဘယ်လို ထင်ထင် ကျနော်မရောင်းဖို့ ဆုံးဖြတ်ထားကြောင်း အသိပေးရအုံးမည်။ အမေ့အမွေကို ကျနော့် သား၊ သမီးတွေ လက်ထဲကို လက်ဆင့်ကမ်းခဲ့နိုင်ဖို့ ကြိုးစားခဲ့ရအုံးမည်။ “ဒါ မင်းတို့ အမေကြီးရဲ့ အမွေကွ။ အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ကြ။ သောက်သုံးမကျတဲ့ အမျိုးအနွယ် မဖြစ်စေကြနဲ့” လို့ ကျနော်ပြောတာကို သူတို့ လက်ခံ လိုက်နာတန်ကောင်းပါရဲ့။ မျှော်လင့်လို့ ရနိုင်ကောင်းပါရဲ့လေ။
Posted by MoeMaKa at 1:12 AM 0 comments  
Labels: Po Htet, Thoughts
TUESDAY, JULY 31, 2012
မူ (Kama Pale)
မူ (ကမာပုလဲ)
from Ko Oo + Ma Thandar by Ko Oo
တပွင့်တည်းပဲ ... ငယ်ကထားခဲ့
အသက်ပေး ရေးဆက်
ဆိုခဲကတိ သစ္စာစကားတွေ
ပျက်သုဉ်းပျောက်ကွယ်သွားတဲ့အခါ ...။
သူ့ ဦးခေါင်းထက် ... သွေးပျက် သရဖူ။
ခေတ်ကြီး တခုလုံး
မှောင်နေရာမှ ... မှောင်အတိကျသွား
ဆံမြိတ်မပြေခင် ...
ပန်းတို့ အစိမ်းကြေ ။ ။
ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂
Posted by MoeMaKa at 9:46 PM 0 comments  
Labels: Kamar Pale, Poems
Shwe Nya War Sayadaw Brief Bio & Blog
ရွှေည၀ါဆရာတော် အရှင်ပညာသီဟ အထုပ္ပတ္တိအကျဉ်းနှင့် ဖြစ်စဉ်များဘလော့ဂ် မှ ကောက်နုတ်သည်။
မိုးမခ၊ သြဂုတ် ၁၊ ၂၀၁၂
               http://shwenyawa.blogspot.com မှာ ကြည့်ရှုနိုင်ပါသည်။
 ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ ထေရုပတ္တိအကျဉ်း
ဘွဲ့တော် - အရှင်ပညာသီဟ
သက်တော် - ၄၇ နှစ်
သိက္ခာတော် (၀ါတော်) - ၂၇ ၀ါ
မွေးသက္ကရာဇ် - ၁၃၂၇ (ခရစ်သက္ကရာဇ် ၁၉၆၅ ခုနှစ်)
မွေးဖွားရာဇာတိ - မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါး
ဂွေးကုန်းအုပ်စု၊ ဘုရားကုန်း ကျေးရွာ။
ခမည်းတော်၊ မယ်တော် - ဦးထွန်းရင်၊ (ဒေါ်လှတုတ်)
သာသနာဝင်အမှတ် - ၁၄ ညတန (သ) ၀၀၀၆၅၅
ပညာအရည်အချင်း - အစိုးရဓမ္မစရိယ၊ ပါရာဇိကဏ် ကျမ်းစွဲ အောင်မြင်ပါသည်။
                             အမျိုးသားဓမ္မာစရိယ
စာမေးပွဲတွင် သာသနာ့ပါလဓမ္မာစရိယဘွဲ့ ကို ရရှိပါသည်။
သာသနာရေးဆောင်ရွက်ချက်နဲ့ တာဝန်ဝတ္တရားများ
          ရန်ကုန်တိုင်း၊
ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကတိုက်ကြပ်ဆရာတော် တာဝန်၊
ပညာရေး စီမံခန့်ခွဲရေး တာဝန်နှင့် ဓမ္မာကထိက တာဝန်တို့ကို ၂၀၁၂ ဖေဖော်ဝါရီလအထိ ထမ်းဆောင်ခဲ့ပါသည်။
          ရန်ကုန် အနောက်ပိုင်းခရိုင်၊
ဓမ္မာစရိယ စာမေးပွဲ ကြီးကြပ်ရေး တာဝန်တို့ကို ဖော်ပြပါလအထိ ထမ်းရွက်ခဲ့ပါသည်။
          ပရိယတ္ထိသာသနာနုဂ္ဂဟ
- ရန်ကုန်ဆန်လှူအသင်းကြီး၏ အကျိုးတော်ဆောင် ဓမ္မကထိက တာဝန်များကို ယခုအချိန်ထိ ထမ်းဆောင်လျက်ရှိပါသည်။
          ပြည်ပ ထိုင်းနိုင်ငံရောက်
တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူဆည်းပူးနေကြသော မြန်မာကျောင်းသား ရဟန်းတော်များ၏ သြ၀ါဒစရိယ
ဆရာတော်တာဝန်။
၂၀၁၁ ဖေဖော်ဝါရီလ မှော်ဘီသို့ မပြောင်းရွှေ့မီ
အထိ ၁ဝကြိမ်မြောက် ဖွင့်လှစ် ပို့ချခဲ့ပြီးသော နွေရာသီ ဓမ္မာစရိယနှင့် အဘိဓမ္မာရွှေည၀ါ
ဆရာဖြစ်သင်တန်းကြီး၏ ပဓာနတာဝန်ခံ အကျိုးတော်ဆောင်ချုပ် တာဝန်တို့ကို ထမ်းဆောင်ရင်း
ပြည်တွင်း ပြည်ပ သာသနာပြုလျက် တရားတော်များကို ဟောကြားခဲ့သည်။
ဟောကြားရာတွင် မြန်မာပြည်အစိုးရအဆက်ဆက်၏
ဖြစ်စဉ်များကို အရှိတရား၊ အမှန်တရားများအတိုင်း ရဲဝံ့စွာ ပြည်သူများဘက်မှ ရပ်တည်၍ ဝေဘန်ဟောကြားခဲ့သည့်အတွက်
စစ်အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ခေါ်ယူခြင်းကို သွားရောက်ကာ အကြိမ်ကြိမ်
ဝန်ခံကတိလက်မှတ်များ (နောင် ရှောင်ကြဉ်ပါမည်ဟု) ရေးထိုး အရေးယူခြင်းများ ခံခဲ့ရသည်။
ထို့အပြင် ၈၈မျိုးဆက်ကျောင်းသားများနှင့်
အင်န်အယ်ဒီပါတီခေါင်းဆောင် (ဥက္ကဋ္ဌ) ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီဝင် ဒါယကာ၊ ဒါယိကာမများ၏
ကြည်ညိုလေးစားမှုများ၊ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့မှုများ
ပြုလုပ်ခဲ့သည့် အချက်များအပေါ် အခြေခံကာ စွဲချက်တင်၍ လက်ရှိသီတင်းသုံးနေသော သာဓုပရိယတ္တိစာသင်တိုက်မှ
ဖယ်ရှားခြင်း စသော အရပ်သားအစိုးရလက်ထက်တွင် ဘာသာရေး၊ သာသနာရေးဘက်၌ ပြင်းထန်စွာ အရေးယူခြင်း
ခံခဲ့ရပါသည်။
ဆရာတော်သည် မြန်မာပြည် အတိတ်သမိုင်းစာမျက်နှာ၏
၈၈ ခုနှစ် အခန်းကဏ္ဍတွင် ရဟန်းပျိုများသမဂ္ဂ (ရန်ကုန်)၏ ခေါင်းဆောင်တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊
ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန် စသော နိုင်ငံရေး အသိုင်းအ၀ိုင်းတို့နှင့် ရံဖန်ရံခါ
တွေ့ဆုံ လက်တွဲဆောင်ရွက်မှုများ၊ အစည်းအဝေးများ၌ အတူတကွ တက်ရောက်မှုများ အစိတ်အပိုင်းတချို့
ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဟန်းတော်များအထဲတွင် ပထမဦးဆုံး အထိမ်းသိမ်းခံခဲ့ရဖူးသည်အထိ
တိုင်းပြည်အတွက် အရင်းအနှီးအနည်းငယ်မျှ (၅ လကျော်မျှ) ပေးဆပ်ခဲ့ဖူးပါသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့်
ဆရာကြီးဦးမြင့်ဆွေ (သီရိပ၀ရ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ + လန်ဒန်၊ မဟာသဒ္ဓမ္မဇောတိကဓဇ) ပါမောက္ခချုပ်အဖြစ်
ထမ်းဆောင်ကာ ၂၀၀၄ ခုနှစ်မှ စ၍ သာဓုပရိယတ္တိစာသင်တိုက်အတွင်းရှိ ရွှေည၀ါပညာဗိမာန်၌ ဖွင့်လှစ်လျက်
ကျောင်းသား၊ ရဟန်းသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်ပေါင်း ၉၀၀ ကျော်တို့အား နေ့စဉ်သင်ကြား
ပို့ချပေးလျက်ရှိသော 'ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီး' ၏ ပဓာနတာဝန်ခံ အကျိုးတော်ဆောင်ချုပ်
အစရှိသော ကြီးမားလှသည့် တာဝန်ဝတ္တရားများကို ကိုယ်ကျိုးမဖက် အမျိုး ဘာသာ သာသနာအတွက်ဟူသော
သာသနာစိတ် ရည်မှန်းချက် အပြည့်အ၀ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်တော်မူခဲ့သည်။
ယခုလက်ရှိသီတင်းသုံးနေတော်မူသော ကျောင်း
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင်၊
အမျိုး ဘာသာ သာသနာအတွက် သာသနာ့တာဝန်များကို ဆက်လက်၍ လုပ်ဆောင်လျက်ရှိသည်။
ဆက်သွယ်ရန် ဖုံး - (၀၉) ၅၀၉-၂၄၄၃, (၀၉)
၇၃၂-၅၃၉၀၀
Posted by MoeMaKa at 6:12 PM 0 comments  
Ku Mo Jo - ပြည်တွင်းဖြစ် နိုင်ငံခြား ကိုယ်ပိုင်သံစဉ်
ကာတွန်း ကူမိုကြိုး - ပြည်တွင်းဖြစ် နိုင်ငံခြား ကိုယ်ပိုင်သံစဉ်
သြဂုတ် ၁၊ ၂၀၁၂
Posted by MoeMaKa at 2:35 PM 0 comments  
Labels: Cartoon Box, Ku Mo Jo
Khin Aung Aye - Hidden Phrase in a Poem
ကဗျာရဲ့ မြှုပ်ထားတဲ့ အသံတသံ
ခင်အောင်အေး၊ ဇူလိုင် ၃၁၊ ၂၀၁၂
ငါ့ကဗျာတွေမှာ အ, နေတဲ့ အသံတသံပါရှိတယ်
အ, နေတယ်ဆိုပြီး ပါတယ်လို့လဲ ပြောတယ် ရှိတယ်လို့လဲပြောတယ်
ငါ ဟာ င့ါစကားနွားရ ပြောတတ်သူလား ငါ့နွားဆီကက ငါ ဘာစကားရမလဲ
ငါ့မှာ နွားတစ်ကောင်မှ မရှိဘူး ငါ ကိုယ်တိုင်လဲ နွားသိုးတစ်ကောင်မဟုတ်ဘူး
ငါ နွားမဟုတ်ဘူးကွ လို့ ငါ့ ဘ၀မှာ တခါမှ မပြောခဲ့ဖူးဘူး (သူများတွေ ပြောတာ ခဏခဏကြားဖူးတယ်)
နွားအော်တဲ့ အသံကို ဘွတ်အဲ လို့ စာထဲမှာရေးတာ မှတ်သားစရာ အဖြစ်သိရတယ်
ကဗျာထဲက အသံဟာ နွားအော်သံတခု မဟုတ်တာတော့အသေအချာပဲ
ကဗျာထဲမှာ အသံတွေ တော်တော်စုံစုံလင်လင် ရှိနိုင်တာပဲ
တိရစ္ဆာန်အသံတွေလည်း ရှိမှာပဲ ဒါဆို နွားအော်သံလဲ ပါနိုင်တာပေါ့
ဒါပေမယ့် ဒါကို ငါငြင်းဆိုတယ် ငါ့ ကဗျာထဲက အ နေတဲ့ အသံဆိုတာ နွားအော်သံကို ပြောတာမဟုတ်ဘူးလို့
ဒါဖြင့် အစကို ပြန်သွားကြရအောင်
ငါ့ ကဗျာတွေမှာ အ, နေတဲ့ အသံတသံပါရှိတယ်
အ, နေတယ်ဆိုမှတော့ ဘာသံမှ မကြားရဘူးပေါ့
အသံ တသံဆိုတော့ တသံထဲ အ, ပြီး ကျန်တဲ့အသံတွေက မြည်နေကြတယ်လို့ ဆိုလိုသလား
ကဗျာဆိုတာ အသံမြည်ဘို့ မမြည်ဘို့ အရေးတကြီး ထည့်သွင်းတွက်ချက်ရမယ့် ကိစ္စလား
အသံ အ, နေတဲ့ ခေါင်းလောင်းတလုံးလို အသံ အ, နေတဲ့ ကဗျာတပုဒ်ဟာလဲ အလုပ်မဖြစ်နိုင်ဘူးပေါ့
အလုပ်ဖြစ်တယ်ဆိုတာ ကဗျာတပုဒ်ရေးထုတ်ခြင်းရဲ့ ရည်မှန်းအပ်တဲ့ ပန်းတိုင်တခုလား
ပန်းတိုင် ဆိုတာကို ရောက်ခဲ့ပြီးပြီ ဘာမှ မရှိလို့ ပြန်လှည့်လာတာဆိုတဲ့ ဟာသလို
ကဗျာဆိုတာလဲ တခုခု ရှိနိုး ရနိုးနဲ့ ရေးနေမိပြီး ရေးပြီးသွားတော့လဲ ဘာမှ မဟုတ်မှန်းသိရတာမျိုးပဲလား
ဒါဖြင့် အစကို ပြန်သွားကြရအောင်
ငါ့ ကဗျာတွေမှာ အ, နေတဲ့ အသံတသံပါရှိတယ်
ဒါဖြင့် အစကို ပြန်သွားကြရအောင်
ငါ့ ကဗျာတွေမှာ အ, နေတဲ့ အသံတသံပါရှိတယ်
ဒါဖြင့် အစကို ပြန်သွားကြရအောင်
ငါ့ ကဗျာတွေမှာ အ, နေတဲ့ အသံတသံပါရှိတယ်
ဒါဖြင့် အစကို ပြန်သွားကြရအောင်။     ။
၁၆၊ စက်တင်ဘာ၊ ၂၀၁၁ ရုဒက်ဆိုင်မြို့ ဂျာမဏီ ၁၈း၅၂ နာရီ
Posted by MoeMaKa at 1:54 PM 0 comments  
Labels: Khin Aung Aye, Poems
အပတ်စဉ် ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရ
ဇူလိုင် ၃၁၊ ၂၀၁၂ YPI (Yangon Press International )
ပြည်ထောင်စု ၀န်ကြီး ၅ ဦး ဋ္ဌာနပြောင်းရွှေ့ရန် သတင်းထွက်ပေါ်  ဟူသည့် သတင်းဖေါ်ပြမှုများကြောင့် The Voice Weekly နှင့် Envoy  အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းလိုက်ကြောင်း ဂျာနယ်အယ်ဒီတာများကပြောသည်။
ယင်းဂျာနယ်တိုက်များအား စာပေစိစစ်ရေးသို့ လာရောက်တွေ့ဆုံရန် ယမန်နေ့ညနေပိုင်းက အကြောင်းကြားခဲ့ပြီး ယနေ့နံနက်ပိုင်း ဂျာနယ်တိုက် အယ်ဒီတာများ သွားရောက်တွေ့ဆုံသည့်အခါ ယာယီရပ်ဆိုင်းကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မည်သည့် သတင်း အတွက်ကြောင့် ယာယီရပ်ဆိုင်းရသည်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆိုခြင်းမရှိသော်လည်း စာပေစိစစ်ရေး စည်းမျဉ်းများ မလိုက်နာမှုကြောင့်  အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်ဟု  သိရှိရသည်။   
နောက်ဆုံးထုတ် The Voice Weekly သတင်းဂျာနယ် မျက်နှာဖုံး ယင်းမျက်နှာဖုံးတွင် ပါရှိသည့် ပြည်ထောင်စု ၀န်ကြီး ၅ ဦးနှင့် ပတ်သက်သည့် သတင်းနှင့် ဆင်ဆာ ဖြုတ်ခံရသည့် ကာတွန်း သတင်းကြောင့် ယခုလို ရပ်နားခံရသည်ဟု ယူဆထားကြသည်။
ဇူလိုင် ၂၈ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် မျက်နှာဖုံးတွင် ပြည်ထောင်စု ၀န်ကြီး ၅ ဦး ဋ္ဌာနပြောင်းရွှေ့ ရန်သတင်းထွက်ပေါ် ဟုဖေါ်ပြထားခဲ့ပြီး Envoy သတင်းဂျာနယ်တွင်လည်း အလားတူ ပြည်ထောင်စု ၀န်ကြီး အပြောင်းအရွှေ့ သတင်းဖေါ်ပြခဲ့သည်။
အရေးယူခံရသည့် ဂျာနယ် တစောင်ဖြစ်သည့် Envoy ဂျာနယ် မျက်နှာဖုံး သတင်း 
သို့ရာတွင် ဂျာနယ်အယ်ဒီတာများကမူ စိစစ်ရေးမှ ခွင့်မပြုပဲ ၀န်ကြီး အပြောင်းအရွှေ့ သတင်းနှင့် ကာတွန်းပြပွဲတွင် ဆင်ဆာဖြတ်ခံရသည့် ကာတွန်းနှင့် ပတ်သက်ည့် သတင်းဖေါ်ပြခဲ့ခြင်းကြောင့်ဟု ကောက်ချက်ချ ကြကြောင်းလည်း The Voice Weekly ဂျာနယ်အယ်ဒီတာက ပြောသည်။ အလားတူ Envoy ဂျာနယ်မှ သတင်းထောက်ကလည်း ၀န်ကြီး ၅ ဦးအပြောင်းအရွှေ့ သတင်းဖေါ်ပြမှု ကြောင့် ယခုလို ရပ်ဆိုင်းခံရသည်ဟု ယူဆကြောင်း ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်တွင် သတင်းဂျာနယ်များနှင့် မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေခြင်းမပြုမီ စိစစ်သည့် လုပ်ငန်းစဉ် ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားဖေါ်ပြခဲ့သော်လည်း ဇူလိုင်လကုန်သည် အထိ ပုံနှိပ်မဖေါ်ပြမီ တင်ပြရသည့် လုပ်ငန်းစဉ်မှာ ရှိနေဆဲဖြစ်ကာ ယခုကဲ့သို့ ဂျာနယ် ၂ စောင် ယာယီရပ်နားသည့် အဖြစ်အပျက်ပင် ထပ်မံဖြစ်ပွားလာသည်။
ဇွန်လအတွင်း ရခိုင်အရေးကိစ္စ နှင့်ပတ်သက်၍ ဂျာနယ်များက ခွင့်ပြုချက်မယူပဲ သတင်းဖေါ်ပြမှုများ ရှိခဲ့ရာ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်နှင့် ပြန်ကြားရေး ဒုညွှန်ချုပ် ဦးတင့်ဆွေတို့က ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် အရေးယူနိုင်ကြောင်း ခေါ်ယူ သတိပေးခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအနီး လူသတ်မှု နှင့်ပတ်သက်သည့် လျှပ်တပြက်ဂျာနယ် ၏ သတင်းဖေါ်ပြမှုကြောင့်လည်း လျှပ်တပြက်ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကိုလည်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည်။
ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် သတင်းမီဒီယာ အပေါ် ဖြေလျော့မှုများ ပြုလုပ်လာခဲ့သည်ဟု ပြောဆို ရေးသားနေကြသော်လည်း သတင်းဂျာနယ်၊ မဂ္ဂဇင်း ၊ လုံးချင်းစာအုပ်များ ထုတ်ဝေခွင့်နှင့်ပတ်သက်၍ အစိုးရက တင်းကြပ်သည့် ချုပ်ကိုင်မှုများ ရှိနေသကဲ့သို့ သတင်းဂျာနယ်များ ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ သတင်းဓါတ်ပုံမှ အစ စီးပွားရေး ကြော်ငြာအဆုံး တင်ပြခွင့်ပြုချက် တောင်းခံနေရဆဲဖြစ်သည်။         ။ 
မူရင်းလင့်ခ https://www.facebook.com/notes/yangon-press
Posted by MMK@YGN at 1:23 AM 0 comments  
အရှိအတိုင်း ... ခံစားကြေး (ကမာပုလဲ)
အရှိအတိုင်း ... ခံစားကြေး (ကမာပုလဲ)
လူတယောက်
ဘဝ တခုစီရတယ် ...
အဲဒီလို ရခဲတဲ့ လူ့ဘဝမှာ
မိမွေးတိုင်း ဖမွေးတိုင်း
အခက်အခဲဟူသမျှ ခုခံရင်ဆိုင်တယ်။
သဘာဝတရားကြီးကိုလည်း တိုက်ပွဲဝင်ရတယ်
စားဝတ်နေရေးကိုလည်း နေ့စဉ်ဖြေရှင်းရတယ်
လူ့အဖွဲ့အစည်းရဲ့ တရားမှု၊ မတရားမှုတွေနဲ့လည်း
(မတရားမှုတွေက များပါတယ်)
ထိပ်တိုက်ရင်ဆိုင်ရတယ်
နို့
လက်တွေ့မှာ ထွက်ပြေးလို့မှ မရတာ ...။
မိုးလင်းကနေ မိုးချုပ်
ဆဲသံ၊ ဆိုသံ၊ အမနာပ အသံ ...
ကြိမ်းသံ၊ မောင်းသံ၊ ကိုယ်ရည်သွေးသံ ...
ငိုသံ၊ ရယ်သံ၊ ညည်းတွားသံ ...
အသံတွေဟာ အသံတွေနောက်ကိုလိုက်ရင်း
အသံတွေဟာ အသံတွေနဲ့အတူ
ကိုယ်လက်သွေးသား နှီးနှောရင်း
အသံတွေဟာ ကြည်နူးမှုထက် ခြောက်သွေ့ ခြောက်ခြားလာနေရင်း
အသံတွေဟာ
စက်ရုံ၊ အလုပ်ရုံ၊ ရိုးပြတ်၊ လယ်ကွင်း ..
ထမင်းစားဝိုင်း၊ စာသင်ခန်း၊ လမ်းမ ဥဒဟို ...
အိပ်ယာထဲထိ လိုက်လိုက်လာတယ် ...။
ကြာတော့ ... စိတ်က ညစ်ညစ်လာတယ်
စိတ်ညစ်လို့ ဘုရားဘက်၊ တရားဘက်လှည့်ကြည့်ပါတယ်
ဘုရားစင် ညောင်ရေအိုးမှာ ပန်းထိုးဖို့အတွက်
ငွေက မရှိပြန်ဘူး ...
တရားဘက်လှည့်တော့လဲ
မရှိလို့ မလှူ ... မလှူလို့ မရှိတဲ့ ...။
ခုခေတ် ခေတ်ပျက်ခရိုနီ သေဌေးတွေဟာ
ဘာမှန်းမသိတဲ့ အတိတ်ဘဝက
ကောင်းမှုတွေ ပြုခဲ့တဲ့ ကုသိုလ်ကံတွေကြောင့်တဲ့
ကိုယ်ကလည်း မှားခဲ့ပါလိမ့်မယ်
ဘာမှန်းမသိခဲ့ရတဲ့ ဘဝ ... ဘဝတွေမှာ
ဘာကြောင့်များ ဒီဘဝအတွက်
အကောင်းဆုံး ပါရမီတွေ မဖြည့်ခဲ့မိပါသလဲလို့ ... ။
ဒီလိုနဲ့
စိတ်ဓာတ်က ကျချင် ... ကျချင် ဖြစ် ဖြစ် လာတယ်
ဒီတော့ စိတ်ဓာတ်တွေ မြင့်တက်လာအောင်
ဂလူးကို့စ် တိုက်ရမလား
လူဖြစ်မယ့် သန္ဓေသားနဲ့ စီမံဖော်စပ်ထားတဲ့
နောက်ဆုံးပေါ် အားဆေးတွေပဲ အကူအညီတောင်းရမလား
တွေ့နေ မြင်နေရတဲ့ မျက်လုံးကိုပဲ ဖောက်ထုတ်ပစ်ရမလား
ကြားကြား နေတတ်တဲ့ နားရွက်တွေကိုပဲ
ဗင်းဆင့်ဗင်ဂိုးလို ဖြတ်တောက်ပစ်လိုက်ရမလား
မဟုတ်သေးပါဘူးလေပေါ့ ...။
ဒီလိုနဲ့
စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားကြည့်တယ်
ဖြစ်တယ် ... ပျက်တယ် ... ဖြစ်တယ်
တဖန်ပြန်လို့
ဖြစ်ကြတယ် ... ပျက်ကြတယ် ... ဖြစ်ကြတယ်ပေါ့
ငြိမ်တယ်ထင်ရတဲ့ စိတ်ဟာ ရွေ့ ... ရွေ့သွားတယ်
စိတ်နောက် ကိုယ်ပါ လိုက်သွားနိုင်ရင် ကောင်းမယ်
လက်ရှိ နေပြည်တော်ကြပ်ပြေး လွှတ်တော်ထဲ ရောက်သွားတယ်
ဘာဆို ဘာမျှ မတွေ့ခဲ့ရဘူး
အဲဒီကနေ ...
ကျူးဘားတောနက်ထဲမှာ ချေဂွေဗားယားနဲ့ တွေ့တယ်
အဲဒီကနေ ...
ဖက်ဆစ်တော်လှန်ရေးရဲ့ ရိုးမတွေပေါ်မှာ ကိုဗဟိန်းနဲ့ တွေ့တယ်
အဲဒီကနေ ... တဆင့်
၈၈၈၈ ရဲ့ လမ်းမတွေပေါ်မှာ ဝင်းမော်ဦးနဲ့ တွေ့တယ်
ဒီတော့မှ စိတ်ဟာ နည်းနည်း ဂဏာငြိမ်လာတယ်
ဖြစ်တယ် ... ပျက်တယ် ... ဖြစ်တယ်ပေါ့ ... ။ ။
ကမာပုလဲ 
ဇူလိုင် ၃၁၊ ၂၀၁၂
(ဒီဇိုင်း - http://oothandar.blogspot.com )
Posted by MoeMaKa at 12:08 AM 0 comments  
Labels: Kamar Pale, Poems
Interview with U Thein Sein - CNA
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း
ဇူလိုင် ၃၁၊ ၂၀၁၂
by Yangon Media Group  
ရန်ကုန်မီဒီယာဂရု(ပ်) သတင်းအဖွဲ့ ရိုက်ကွင်းတွင်မှတ်တမ်းတင်သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။
CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးတို့လို  ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံအင်တာဗျူးလုပ်တာပါပဲ။ မေးမယ့်မေးခွန်းတွေကိုလဲ ကြိုပြီးတော့ရထားပါတယ်။ ကျွန်တော်လဲ အတတ်နိုင် ဆုံးကြိုးစားပြီးဖြေပေး ပါ့မယ်။
CNA - သမ္မတကြီးအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အစီအစဉ်က အင်မတန်မှကြပ်တယ်ဆိုတာနားလည်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ မေးမြန်းသွားဖို့ အတတ်နိုင်ဆုံးဆောင်ရွက် သွားပါမယ်။ ကျွန်မတို့အင်တာဗျူးမတိုင်ခင် သတင်းသမားတွေ ပြင်ဆင်မှုလုပ်နေပါတယ်။ ကျွန်မရဲ့မိသားစုက အိန္ဒိယနိုင်ငံကိုကတ္တားကပါ။ ကျွန်မတို့အဖိုးတွေလက်ထက် ၁၉၃၀ခုနှစ်လောက်တုန်းက ကျွန်မအဖိုးက မြန်မာနိုင်ငံရန်ကုန်မြို့မှာစီးပွားရေးလုပ်ခဲ့ ပါတယ်။ ကိုကတ္တားက ပြည်သူတွေကလဲ မြန်မာနိုင်ငံနဲ့သိကျွမ်းနေကြပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဆိုရင်လဲကျွန်တော်တို့နဲ့ ဆွေမျိုးတွေပေါ့။
CNA - ကျွန်မရဲ့အဖေက ၁၉၅၀-၆၀လောက်မှာ ဒါဂျီလင်မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ဒါဂျီလင်မှာ လာရောက်ပညာသင်ကြားနေတဲ့ မြန်မာတွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ယဉ်ကျေးမှုအရ ကျွန်မတို့ နှစ်နိုင်ငံက တော်တော်နီးစပ်ပါတယ်။
ဒါကြောင့် သမ္မတကြီးနဲ့ အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက် သူတို့အနေနဲ့အင်မတန်မှ ၀မ်းသာနေကြပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ထင်တယ်။ ခင်ဗျားအဖေရဲ့သူငယ်ချင်းတွေ မြန်မာနိုင်ငံမှာ အခုထိရှိနေဦးမယ်ထင်ပါတယ်။ ကျွန်တော်ထင်တာက ရုပ်ရှင်မင်းသားဦးညွှန့်ဝင်းတို့နဲ့ အတူတူလောက်ရှိမယ်ထင်တယ်။ ဦးညွှန့်ဝင်းအသက်ဆို ၆၀ကျော် ၇၀နီးပါးလောက်ရှိမယ်ထင်တယ်။
CNA - ကျွန်မရဲ့အဖေက ဦးညွှန့်ဝင်းထက်အသက်နည်းနည်းပိုကြီးမယ်ထင်ပါတယ်။ ဦးညွှန့်ဝင်းက ကျွန်မအဖေထက်အသက်ငယ်တော့ နည်းနည်းဂျူနီယာပိုကျမယ်ထင်ပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဂျီလင်မှာ ကျောင်းတက်တဲ့သူတွေ ကျွန်တော်တို့ဆီမှာတော်တော်များများရှိပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ဗိုလ်လောင်းသင်တန်းတက်တဲ့သူတွေထဲမှာ ဒါဂျီလင်ကျောင်းဆင်းတွေတော် တော်များများရှိပါ တယ်။
CNA - ကျွန်မအဖေကျောင်းတက်တဲ့ ဒါဂျီလင်မြို့ကိုရောက်ဖူးပါတယ်။ ဒါဂျီလင်က တော်တော်လေးလှတဲ့မြို့ပါ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားအဖိုးနေခဲ့တဲ့မြန်မာနိုင်ငံကို ခင်ဗျားတို့ဆွေမျိုးသားချင်းတွေခေါ်လာပြီး လာလည်ပေါ့။
CNA - နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမား၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတဲ့သူလို့ အများကပြောကြပါတယ်။ ဒီလိုသုံးသပ်မှုကိုဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာကမှန်ပါသလား။ သမ္မတကြီးရဲ့အမြင်လေးကိုသိ ရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပြုပြင်ပြောင်းလဲရေးကိစ္စက တကယ်တော့ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ စနစ်ကလဲပြောင်းလာပြီ။ စနစ်ပြောင်းလာတဲ့အတွက်ပြည်သူလူထုက နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဘာကြောင့်ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်လျောပေးရသလဲဆိုရင် ကျွန်တော်တို့က  ပြည်သူလူထုကရွေးချယ်ထားတဲ့ အစိုးရဖြစ်နေပါတယ်။ စနစ်ကလဲပြောင်းသွားပါပြီ။ ဒါကြောင့်ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။
CNA - နိုင်ငံတော်သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသမှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။ တချို့ကလဲပြောနေကြပါတယ်။ သတင်းတစ်ခုကပေါ့။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဖြစ်ပြီး တော့ ဒီဒေသကိုသွားရောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေ  ဒုက္ခဆင်းရဲရောက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာ တယ်လို့ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင်အနေနဲ့ပေါ့။ အဲဒါမှန်ပါသလား။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန်မိဘနှစ်ပါးကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဇာတိဖြစ်ပါတယ်။ နောက်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကြုံ တွေ့ရတဲ့အခါမှာ ကျွန်တော်ကလဲ ဒီဒေသကို ပြန်လည်ထူထောင်ပေးဖို့အတွက်၊ ကယ်ဆယ်ရေးတွေလုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဒေ သကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရတာလဲပါပါတယ်။ နောက်ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့လုပ်ပေးချင်တဲ့ဆန္ဒဖြစ်မိပါတယ်။ သို့သော်လဲ ဒီပြုပြင်ပြောင်းလဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုထဲကြောင့်တော့မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကို ကျွန်တော်တို့ရောက်ရှိပါတယ်။ ပြည်သူများနဲ့လဲထိတွေ့ပါတယ်။ အဲဒီလို ပြည်သူတွေနဲ့ထိတွေ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ရောက်ရှိဖူးတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့အတွေ့အကြုံတစ်ခုထဲနဲ့မဟုတ်ပါဘူး။ ကျွန်တော်ကဧရာဝတီတိုင်းသားမှန်ပါတယ်။ နာဂစ်ဖြစ်တဲ့အချိန်တုန်း က ကျွန်တော်က ၀န်ကြီးချုပ်တာဝန်ယူထားရပါတယ်။ ၀န်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသရဲ့ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်။ ဒီတာဝန်အရလဲဆောင်ရွက်ရ တာဖြစ်ပါတယ်။ သို့သော်လဲဒီပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါမှာ ဧရာဝတီတိုင်းတစ်တိုင်းထဲရဲ့အတွေ့အကြုံကြောင့်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကိုရောက်ဖူးပါတယ်။ တစ်နိုင်ငံလုံးကိုသွားလာနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလွှာအသီးသီးနဲ့ထိတွေ့မှုကျွန်တော့်မှာရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့လိုအပ်ချက်တွေကိုကြည့်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်တာမှန်ပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းထဲကြောင့်မဟုတ်ပါဘူး။
CNA - ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ ပူတာအိုဒေသကိုသွားချင်ပါတယ်။ အဲဒီမှာ နှင်းဖုံးနေတဲ့တောင်တွေလဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ လာမယ့်လ မကြာမီအတွင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဟိုတယ်/ခရီးကတာဝန်ရှိသူတွေနဲ့၊ ကျွန်မရဲ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေခေါ်ပြီး ပူတာအိုဒေသကို သွားရောက်ဖို့မျှော်လင့်ထားပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတာအိုက ကချင်ပြည်နယ်ထဲမှာပါလို့ပါ။ လောလောဆယ်ကချင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ အပြည့်အ၀မရသေးပါဘူး။ မရသေးတဲ့အတွက် လုံ ခြုံမှုအတွက်စိုးရိမ်ရပါတယ်။ ငြိမ်းချမ်းမှုရလာတဲ့အခါ ကျွန်တော်ဖိတ်ပေးပါ့မယ်။ သို့သော်လဲ သာမန်ပြည်သူတွေ အနေနဲ့ကတော့သွားလို့ရပါတယ်။ ပူတာအိုမှာလေယာဉ်ကွင်းလဲရှိပါတယ်။ ပူတာအိုရောက်လို့ရှိရင် ရေခဲတောင်တွေ ဟိုမှာလှမ်းတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ရေခဲတောင်တွေရှိတာ ကျွန်တော်တို့တစ်နိုင်ငံထဲရှိပါတယ်။
CNA - ဒါဂျီလင်ကိုခရီးသွားတဲ့အခါမှာ မြင့်တဲ့အတွက်ကြောင့်မို့လို့နေရတာ အသက်ရှုရတာအခက်အခဲရှိပါတယ်။ ပူတာအိုကရော အမြင့်ဘယ်လောက်လောက်များရှိပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုက ပေ၁၅၀၀ လောက်ပဲရှိမယ်ထင်ပါတယ်။
CNA - မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးပါပြီ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေတွေ့နေ့ရပါတယ်။ ဒီလိုထိတွေ့ဆက်ဆံတဲ့အခါမှာ နိုင်ငံ တော် သမ္မတကြီးရဲ့ခံစားမှုရယ်။ နောက်ဒီလိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ဘယ်လိုအချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးတဲ့ national hero ပေါ့။ သူရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တဲ့အတွက် အစကတည်းက ဂုဏ်ယူတဲ့စိတ်ရှိနေပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအပိုင်းတွေမှာ သူနဲ့တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းနဲ့က ဆန့်ကျင်ဘက်တွေရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်ပေါင်း၂၀ကျော်လောက်က တစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းဆန့်ကျင်နေတဲ့သဘောရှိပါတယ်။ သို့သော်လဲပဲ သူကလဲ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ဖို့ကျင့်သုံးလိုက်တဲ့အခါမှာ သူနဲ့ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကိုနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေကျွန်တော်တို့ဆောင်ရွက်ပေးတယ်။ပေးပြီးတော့မှ သူနဲ့ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ကျွန်တော်တို့ တူညီတဲ့အချက်တွေ၊ တူညီတဲ့အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေတိုးတက်အောင်၊  နိုင်ငံရေးတွေတည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလဲသဘောတူပါတယ်။ သို့သော်လဲတစ်ချို့ကွဲပြားခြားနားတဲ့အချက်တွေတော့ရှိမှာပါ။ ဒါတွေကိုတော့ဘေး မှာအသာဖယ်ထားပြီးတော့ သူနဲ့ခုနကလို မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေရခဲ့ပါတယ်။ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ၊ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့တားဆီးထားတာတွေကို ကျွန်တော်တို့ကဖြေလျော့ပေးစေချင်တယ်။ လုံးဝရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ခြင်းမလာဖို့ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လဲ ဒါတွေကညှိနှိုင်းယူလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။
CNA - တပ်မတော်ထဲမှာလဲ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့အဖွဲ့တွေရှိသလို ရှေးရိုးစွဲနေတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့သိရပါတယ်။ ဒါ့အတူဒေါ်အောင်ဆန်းစုကြည်ဘက်မှာလဲ စံနှုန်းတွေကိုအလေးထားတဲ့သူတွေရှိသလို လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်ဆိုရင် ဒီလိုသဘောထားမတူတဲ့အဖွဲ့နှစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေ နဲ့လုပ်နိုင်မလား။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘက်အုပ်စုနှစ်စုကို အောင်မြင်စွာထိန်းသိမ်းဆောင်ရွက်သွားနိုင်မလားဆိုတာ သိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလဲရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလဲရှိပါတယ်။ တပ်မတော်ထဲမှာလဲ အလားတူရှိမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့ထဲမှာလဲ ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြသွားရင်းနဲ့ ဆန့်ကျင်သဘောထားအမြင်ရှိတဲ့သူတွေ နောက်ကအလိုလိုလိုက် ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီလိုပဲယုံကြည်ထားပါတယ်။
CNA - ကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာလို့ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလဲအရင်ကတည်းကခေါ်ဝေါ်တာကိုစွဲပြီးတော့ Burmaလို့ ခေါ်ဝေါ်သုံးစွဲတာရှိနေသေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည်ရှိပါတယ်။ ခင်ဗျားနာမည်မခေါ်ပဲနဲ့ တခြားနာမည်ခေါ်ရင်စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လဲဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ တခြားနာမည်ခေါ်ရင်တော့ စိတ်ထဲမှာတော့မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။
CNA - မြန်မာနိုင်ငံက သဘာဝပေါကြယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အများကပြောကြတာကတော့ မြန်မာနိုင်ငံက သဘာဝရင်းမြစ်တွေကို တန်ဘိုးမြှင့်ထုတ်လုပ်ရောင်းချတာသိပ်ပြီးတော့ဆောင်ရွက်ခြင်းမရှိပဲနဲ့ သဘာဝရင်းမြစ်လုပ်ငန်း တွေကို ပိုပြီးတော့ထုတ်လုပ်ရောင်းချနေတာကိုတွေ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ပေါ့ ဘယ်နယ်ပယ်၊ ဘယ်ကဏ္ဍကိုပိုပြီးတော့ အလေးပေးဆောင်ရွက်နေလဲဆိုတာသိ လိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးအနေနဲ့ သဘာဝဓာတ်ငွေ့တွေကို ကုန်ကြမ်းအတိုင်းထုတ်ရောင်းနေရတာက ငွေကြေးအခြေအနေကြောင့် ငွေကြေးပြသနာကြောင့် ထုတ်ပြီးတော့ရောင်းနေရတာဖြစ်ပါတယ်။ အနာဂတ်မှာသဘာ ၀ဓာတ်ငွေ့တွေကိုသုံးပြီး စက်ရုံအလုပ်ရုံတွေတည်ဆောက်ဖို့ရှိပါတယ်။ ဥပမာလျှပ်စစ်ထုတ်တဲ့ ဂက်စ်တာဘိုင်တွေလုပ်ဖို့ရှိတယ်။ ဓာတ်မြေသြဇာစက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေလုပ်ဖို့ရှိတယ်။Down Stream စက်ရုံတွေတည်ပြီးတော့ဓာတ် ငွေ့တွေကိုအသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမမေးခွန်းပါ။ စီးပွားရေးမှာ ဘယ်ဝန်ကြီးဌာနတွေကို ပိုပြီးတော့အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ရည်မှန်းချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံ သားတွေ စားရေး၊၀တ်ရေးနဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့၊ နောင်တိုးလာမယ့်လူဦးရေအတွက် ပြည့်စုံဖူလုံစွာစားနိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင် ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ ပိုမိုပြီးတော့ထွက်ရှိအောင်ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလဲ အရေးကြီးတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ရည်မှန်းထားပါတယ်။စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလောလိုအပ်နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေတော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေများများရတဲ့စက်ရုံအလုပ်ရုံတွေများများထူထောင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ နောက်ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ထွက်ကုန်တွေအများ ကြီးရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်းရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီးလုပ်နေပါတယ်။ တတိယအချက်ကတော့ကျွန်တော် တို့မှာဂက်စ်တွေရှိတယ်။ နောက်တခါသတ္တုတွေရိပါတယ်။heavy industryလိုဟာမျိုးထူထောင်ဖို့ စတုတ္ထအချက်ကတော့ IT နဲ့Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့ကကြိုးစားပြီးဆောင်ရွက်နေပါတယ်။စက်မှု ၀န်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေဖြစ်ပါတယ်။
CNA - လက်ရှိအနေအထားအရမြန်မာနိုင်ငံကို နိုင်ငံခြားအစိုးရတွေ စီးပွားရေအသိုင်းအ၀ိုင်းတွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားနေကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်း တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်တို့၊ ဥရောပတို့ အာဆီယံတို့ ဘယ်ဒေသကစီးပွားရေးလုပ်ငန်းရှင်တွေကိုရွေးရမယ်ဆိုရင် ဘယ်ဒေသကသူတွေကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဦးစားပေးရွေးမလဲဆိုတာသိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - အရှေ့ရယ်အနောက်ရယ်မခွဲခြားပါဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာလဲ အရှေ့ရယ်အနောက်ရယ်မခွဲခြားပဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချထားပါတယ်။ တိုင်း ပြည်အတွက် အကျိုးရှိမယ့်ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုမထိခိုက်မနစ် နာစေဖို့ပါ။ ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမထိခိုက် မနစ်နာစေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာ အာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ ဒီမူတွေချပေးထားပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
CNA - ခုနသမ္မတကြီးနဲ့ပြောသလိုပါပဲ။ ပူတာအိုဒေသကသဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှကောင်းမွန်တဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသကပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့လို့မြန်မာ နိုင်ငံက ကချင်လူမျိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်အရေးကြီးတယ်။ ဘယ်လိုအခက်အခဲတွေရှိသေးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အောင်ဆောင်ရွက်နေတဲ့အရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစားပေး(၁)ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည် မှာ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်က ပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုတာမှာလဲ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက်ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ကျွန်တော်တို့ဦးစားပေးပြီးလုပ်ပါတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီးဆန့်ကျင်နေတဲ့အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလဲ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လဲ အောင်မြင်တာရှိတယ်၊ မအောင်မြင်တာရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရ သစ်စတက်လာလာခြင်း ဒီငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ပစ်တာ၊ ခတ်တာတိုက် တာ ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံရေးအရဆွေးနွေးသွားစရာတွေကတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင်ဆန့်ကျင်ဘက်အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။လောလောဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ထိတွေ့ဆက်ဆံမှုတွေတော့ရှိနေတယ်။ သို့သော်လဲ ဒီကနေ့အထိ အောက်ခြေပိုင်းမှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာခိုက်တာတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လဲပဲထိတွေ့ ဆက်ဆံမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလဲ မကြာခင်မှာ ငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
CNA - ကျွန်မတို့သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲတာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရရှိနေစေချင်ပါ သလဲ။ ဘယ်လိုမျိုးမှတ်မှတ်သားသားရှိနေစေချင်ပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အသက်အရွယ်အရ၊ ကျွန်တော်ရဲ့ကျန်းမာရေးအရ ဒီလိုစဉ်းစားလာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကို နိုင်ငံရေးအရတည်တည်ငြိမ် ငြိမ်ဖြစ်အောင်လုပ် နိုင်မယ့်လူမျိုးတွေ၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ့်မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့တာဝန်ယူသွားစေချင်ပါတယ်။
CNA - နောက်ဆုံးတစ်ခုမေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေတော်တော်များများရရှိခဲ့ပါတယ်။အခုအခါမြန်မာမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆောင်ရွက် နေတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သိရှိလိုပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃၀၀လောက် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ရှေးပဝေဏသီကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံလာခဲ့ကြတာဖြစ် ပါတယ်။ ပြောမယ်ဆိုရင်ချစ်ကြည်ရင်းနှီးတဲ့မိတ်ဆွေ နိုင်ငံတွေလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကျော်လောက်က ကျွန်တော်တို့မြန်မာနိုင်ငံကို အကုန်လုံးဝိုင်းဝန်းပြီးပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှအကူအညီမပေးတဲ့အချိန်မှာတရုတ် နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ အကူအညီပေးတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ပြီးလုပ်နေတာရှိပါတယ်။ တရုတ်နိုင်ငံကပြောရမယ်ဆိုရင် ဒီကနေ့လဲ ကျွန်တော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံအားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ဆန္ဒရှိပါတယ်။ ဟိုတုန်းကတည်းကတိုက်တွန်းနေပါတယ်။ အခုအစိုးရသစ်ပြောင်းလာမှတင်မဟုတ်ပါဘူး။
CNA- အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေမှာ ကျွန်မတို့ကို စကားပြောဆိုခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ်ရှင်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်-ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုလဲ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
CNA ၀မ်းမြောက်ဝမ်းသာနဲ့လက်ခံချင်ပါတယ်။ဗီဇာရဖို့လဲကူညီပါ( ရယ်မောပြောသည်)။
နိုင်ငံတော်သမ္မတဦးသိန်းစိန်-စပယ်ရှယ်ဗီဇာလုပ်ပေးမယ်လို့ (ရယ်မောပြောသည်)။
CNA အဖွဲ့ သားများနှင့် သမ္မတဦးသိန်းစိန် Photo , Channel News Asia
Posted by MoeMaKa at 12:02 AM 0 comments  
Labels: Interview
MONDAY, JULY 30, 2012
Ashin Nanika - Monks Without Monasteries
အကြောင်းမဲ့ ကျောင်းမဲ့ကြသူများ အကြောင်း
အရှင်ဥာဏိက၊ ဇူလိုင် ၃၁၊ ၂၀၁၂
မတွေးလျင်လည်း အရှင်း၊ တွေးမိပြန်လျင်လည်း မီးခိုးမဆုံး မိုးမဆုံး အဆုံးအစမဲ့ အတွေးနယ် ချဲ့တတ်တဲ့ ကိုယ့်အကြောင်းကို သိနေလို့ မတွေးပဲနေလာခဲ့တာ တော်တော်ကြာပြီ။ ဒါကြောင့် လုပ်စရာရှိလျင် ဘာကိုမှ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေပဲ ရုတ်တရက်ကောက်ကာငင်ကာ လုပ်ခဲ့လိုက်တာ။ မှန်တာလုပ်မိလို့ အလုပ်မြန်မြန်ပြီးသွားတာမျိုးရှိသလို နည်းလမ်းမမှန်လို့ ပိုကြန့်ကြာသွားတာမျိုးလည်း ရှိခဲ့လေရဲ့။ နည်းနည်းပါးပါး စဉ်းစားရမှာမျိုးဆိုလျင်ဖြင့် မစဉ်းစား ချင်တာနဲ့ မလုပ်ခဲ့ပဲ နောက်ဆုတ်ထားခဲ့လိုက်တာ။ ဒါနဲ့ပဲ လုပ်သင့်ပါလျက် မလုပ်ဖြစ်ခဲ့တာ ကြောင့် အချို့အလုပ်တော်တော်များများ နှောင့်နှေးခဲ့တာလည်း များပြီ။
အတွေးမဲ့တဲ့ စိတ်ကြောင့်ပဲ ထင်ရဲ့။ စိတ်က တုန်လှုပ်ခြင်းကင်း၊ ငြိမ်သက်ခြင်း အတိပြည့်လို့။ မပျင်း မပျော်၊ မမုန်း မချစ်၊ ကောင်းခြင်း မကောင်းခြင်းကင်းကွာ။ အသစ်အသစ်သော အာရုံ များနဲ့၊ ညီညွတ်မျှတစွာ။ အသာမရှိ၊ အနာမရှိ။
မကြာခဏ ဆောင်းပါးတွေရေးတတ်လေ့ရှိတဲ့ကိုယ့်ကိုယ် စာမရေးတာကြာပြီနော်။ မအားလို့ လားလို့ စာဖတ်သူအချို့က မေးတတ်ကြတယ်။
“စာဆိုတာ ကျေနပ်စရာလည်း ရှိမှ၊ မကျေနပ် ဖွယ်ရာ တစ်ခုခုနှင့်လည်းတွေ့ပါမှ။ အဲဒီကျေနပ်ခြင်း မကျေနပ်ခြင်းကို အရင်းခံပြီး ရေးဖြစ်တာ။ ဒီနှစ်ပိုင်းအတွင်းမှာ ကျေနပ်တာလည်း အထူးမရှိ၊ မကျေနပ်တာလည်း အထူးမရှိ၊ စိတ်က အတက်အကျ မရှိ၊ ပကတိအတိုင်း ငြိမ်သက်နေလို့ စာမရေးဖြစ်တာ၊ မအားလို့ မဟုတ်ပါဘူး”
လို့ ပြန်ပြောဖြစ်တတ်တယ်။
ခု ပြန်စဉ်းစားမိမှ ဒီလိုကျေနပ်ခြင်း မကျေနပ်ခြင့်ကင်းပြီး ငြိမ်ငြိမ်သက်သက်ဖြစ်နေတာဟာ ဘယ်အရာကိုမှ အထူးတလည် ပြန်မစဉ်းခဲ့လို့လို့ ပြန်လည်ကောက်ချက်ချမိပါတယ်။ ကိုယ့် ကောက်ချက် ဘယ်လောက်မှန်တယ် မမှန်ဖူးဆိုတာကိုတော့ မသိနိုင်ဘူးပေါ့။ မစဉ်းစားပဲ နေလာခဲ့တဲ့စိတ်က အကြောင်းတစ်ခုကြောင့် မနေ့ညကတော့ ပြန်လည်စဉ်းစားဖြစ်တယ်။ ပြောခဲ့သလို စဉ်းစားမိပြီဆိုတော့ အတွေးက မဆုံးနိုင်စွာ။
အော်ရီဂင်ပြည်နယ်ကိုရောက်နေတဲ့ ဓမ္မဘေရီဆရာတော်က ကျောင်းဘေးက တိုးချဲ့ဝယ်ယူ မည့် ခြံရဲ့အခြေအနေကို မေးပါတယ်။ ဒီခြံကို အဆင်သင့်လျင်ဝယ်ယူနိုင်အောင်ကြိုးစားဖို့ အဓိ က တွန်းအားပေးသူထဲမှာ ဆရာတော်က အားတက်သရောအဖြစ်ဆုံး။ စိတ်အား နှုတ်အားပါ မက ဝတ္ထုငွေကြေးအားပါ အားပေးကူညီသူ။
အမေရိကန်စီးပွားရေးပျက်ကပ်မှာ အိမ်ဈေးကွက်ပါပျက်ကွက်ခဲ့လို့ ပိုင်ရှင်မဲ့သလိုဖြစ်နေတဲ့ အိမ်မှာ ဝင်ရောက်နေထိုင်သူတွေက ပိုင်ရှင်နဲ့ ဆက်နွယ်နေဟန်တူတဲ့ အိုးမဲ့အိမ်မဲ့တွေ။ အဖြူ အမည်း အကြီး အငယ် ၊ ယောက်ျား မိန်းမ အရွယ်စုံလို့။ အဖိုးကြီးတစ်ယောက်ကလွဲလို့ ကျန် သူတွေက ပေါ်လာလိုက် ပျောက်သွားလိုက်။ နေထိုင်သူတွေက ပျံကြတွေမို့ အချိန်အခါ နာရီ မရှိ။ ညဉ့်နက်သန်းခေါင် မိုးလင်းမိုးချုပ်၊ နေ့နေ့ညည ဝင်ကြထွက်ကြ၊ စားကြသောက်ကြ။
 ခြံထဲမှာ တဲထိုးပြီး အိပ်သူရှိသလို ခြံရှေ့မှာ ကားရပ်ကာ ကားထဲမှာ အိပ်သူလည်းရှိရဲ့။ နောက် ပြီး ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်လေတော့ အမှိုက်သရိုက်ကိုလည်း စနစ်တကျ စွန့်ပစ်သူမရှိ။ အမှိုက်တွေက တောင်ပုံယာပုံ။ မြင်လို့ကြည့်လို့ မကောင်း။ ဒီအခြေအနေကို ကိုယ်တိုင်မြင်တွေ့ နေရတဲ့ ဆရာတော်က အဆင်သင့်တင့်အခါ ဒီခြံကို ဝယ်ယူဖို့ အားပေးတိုက်တွန်းတာဟာ အမျိုးဘာသာသာသနာလုပ်ငန်းများကို ချမ်းချမ်းသာသာပိုမိုလုပ်နိုင်စေဖို့ ရည်ရွယ်ချက်ပါသလို ပတ်ဝန်းကျင်မှာ ဒီလိုသူတွေ ရှိနေတာကို သဘောမကျနိုင်တာလည်း ပါမယ်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ တစ်နှစ်ကြာကြာတစ်ပါးတည်းနေလာခဲ့တာ ကိုယ့်ကိုယ်စိတ်အနှောက် အယှက်ဖြစ်စေအောင် ဘာမှမလုပ်ကြလေတဲ့ သူတို့ကိုပဲ ကျေးဇူးတင်ရပါမယ်။
ခုတော့ မထင်မှတ်ပဲ ဒီခြံကိုပိုင်တဲ့ဘဏ်ဆီကနေ လေလံနဲ့ဝယ်ယူထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းအဖွဲ့တစ်ခုက ပြန်ရောင်းမယ်ဆိုတော့ သူတို့ဆီကနေ တဆင့်ဝယ်ယူနိုင်အောင် ကြိုးစားနေ တာ။ အိမ်က တော်တော်ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ဘဏ်တွေက ငွေးမချေးငှားဘူး။ ဒါကြောင့် အပြီးငွေခြေရမည့်အနေအထား။ ဒီအခါမျိုးမှာ လှူဒါန်းမည့်သူ၊ ခဏစိုက်ထုတ်ကူညီ မည့်သူတွေရဲ့ စွမ်းအားက အထူးအရေးပါနေတာ။ ဒီအနေအထားကို ဆရာတော်က သိလိုလို့ မကြာခဏဆိုသလိုပဲ အခြေအနေ ဘယ်လိုရှိနေလဲလို့ လှန်းလှန်းမေးတာပါ။ ဒါက ဘာသာ သာသနာ ညီနောင်တို့အရေးမှာ သွေးမအေးတတ်သူတို့ရဲ့ သဘောသဘာဝ။
          လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အကျိုးအကြောင်းလျှောက်ထားပြီး ဖုန်းချခါနီးမှာ အမေရိ ကန်မှာ အခြေမကျနိုင်သေးတဲ့ မိတ်ဆွေဆရာတော်တစ်ပါးအကြောင်း စကားစပ်မိတယ်။ ခရီး ထွက်လို့ အဆင်ပြေတဲ့တစ်နေ့မှာ မုဒိတာရွှေကျောင်းမှာလာရောက်ပြီး အေးအေးဆေးဆေး အနားယူဖို့ အမိန့်ရှိလိုက်ပါဦးလို့ ဆရာတော်ကို လျှောက်ထားရင်း ခုဘေးခြံက Homeless (အိုးမဲ့အိမ်မဲ့)တွေ အချို့သွားကြပြီ။ ကျန်နေသူအချို့လည်း သွားကြတော့မယ်။ နောက်ဆိုလျင် တော့ ဒီနေရာမှာ (Kyaungless) ကျောင်းမဲ့သူတွေအတွက် နေရာဖြစ်လာမှာပါလို့လည်း မိန့် လိုက်ပါဦးလို့ အပျော်သဘော လျှောက်ထားလိုက်တယ်။
ဆရာတော်နဲ့စကားပြောပြီးတော့ ကိုယ်တစ်ခါက ရေးခဲ့ဘူးတဲ့ ‘အိုးမဲ့အိမ်မဲ့’ ဆောင်းပါးတစ်ုပုဒ် အကြောင်းကို ရုတ်တရက်သတိရမိလိုက်တယ်။ ဆောင်းပါးထဲမှာ ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ ရောက်ပြီး နိုင်ငံပျောက်နေကြတဲ့ ကိုယ့်မွေးချင်းနိုင်ငံသား အိုးမဲ့အိမ်မဲ့တွေအကြောင်း ရေးထား တာ။
ခုတစ်ခါမတော့ အကြောင်းကြောင်းကြောင့် နေစရာကျောင်းပျောက်ကြရတဲ့ ကိုယ့်ညီနောင် ရဟန်းသာမဏေတွေအကြောင်းက စိတ်ထဲမှာ ပေါ်လာတယ်။ ကျောင်းပျောက်လို့ ဘဝ ပျောက်ကြရတဲ့ ကိုယ့်သီတင်းသုံးဖော် ညီနောင်တွေဆိုတာ နည်းမှ မနည်းတာ။ ပြန်တွေးမိ တိုင်း စိတ်မှာဒဏ်ရာသင့်ကာ နာကျင်မှုတွေက အသစ်အသစ်ဖြစ်တတ်လို့ မတွေးပဲ နေလာခဲ့ တာ။ ကြာပေမယ့် ကျက်နိုင်ခဲတဲ့ ဒဏ်ရာတွေ။
မကြာမီက မြန်မာပြည်ကိုပြန်ရောက်တော့ မန္တလေးမှာ အတူတူနေခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း တော်တော်များများဆီ ရောက်ဖြစ်တယ်။ ရဟန်းတော်များရော၊ ရဟန်းဘဝကနေ ရွေ့လျောခဲ့ ကြရတဲ့ သူများဆီကိုရော။
တတိုင်းပြည်လုံး ပါဝင်ခဲ့တဲ့ ရှစ်ဆယ့်ရှစ်ခု ပြည်သူ့အရေးတော်ပုံမှာ ယုံကြည်မှုတူ ညီနောင် တွေပေါင်းပြီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ နေ့ညမနား သွားစရာရှိတာသွား၊ ရေးစရာရှိတာရေး။ ရပ်ကွက်လုံခြုံရေးကအစ အုပ်ချုပ်ရေးပိုင်းအထိ။ ပြည်သူပြည်သားအရေး ဟာ ကိုယ့်အရေး၊ တိုင်းပြည်အန္တရာယ်ဆိုတာလည်း ကိုယ့်အန္တရာယ်။ ဘာအရောင်မှ မချယ် သတဲ့ တကယ့်မွန်မြတ်စိတ်ထားများနဲ့။
အရေးအခင်းအလွန် အာဏာသိမ်းအစိုးရတက်လာတော့ မန္တလေးက ထင်ရှားတဲ့ဘုန်းတော် ကြီးကျောင်း တော်တော်များများထဲ အာဏာပိုင်အဖွဲ့အစည်းများက ဝင်ရောက်ရှာဖွေခဲ့တယ်။ ကိုယ်နေထိုင်ခဲ့တဲ့ မစိုးရိမ်တိုက်သစ်ကတော့ အဓိက ပစ်မှတ်ပေါ့။ နှစ်ပေါင်းများစွာ ကိုယ်စု ဆောင်းထားခဲ့တဲ့ စာအုပ်စာတန်းတော်တော်များများ ရှာဖွေဖျက်ဆီးသူများရဲ့ ရမ်းကားမှု ကြောင့် ပျောက်ဆုံးပျက်စီးသွားခဲ့တယ်။ ကံကောင်းလို့ အသက်မပျောက်တဲ့ကြားကနေ ကိုယ်နှစ်သက်တဲ့ စာအုပ်စာတမ်းတွေ ပျောက်ဆုံး၊ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူတော်တော်များများလည်း နေထိုင်ရာကျောင်းကနေ တိမ်း ရှောင်ကြရတယ်။ အချို့လည်း တိမ်းရှောင်ဖို့ အချိန်မရလိုက်တာကြောင့် အဖမ်းအဆီးခံပြီး နှစ် ရှည်ထောင်ဒဏ်အသီးသီးချတာခံခဲ့ကြရတယ်။ အချို့ကတော့လည်း ပြေးရင်းလွှားရင်း ရောက် ရာ အရပ်တွေမှာ အဖမ်းအဆီး ခံကြရ။
အဖမ်းဆီးခံ ရဟန်းသာမဏေများထဲမှာ အရေးတော်ပုံအတွင်း လှုပ်ရှားမှုများမှာ လုံးဝမပါဝင်ပဲ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်အနေဆုံး ရဟန်းတော်တွေ တော်တော်များလည်း ပါ ဝင်ခဲ့တယ်။ အရေးတော်ပုံအတွင်း မပါဝင်ပဲ အေးအေးဆေးဆေးကျောင်းထဲမှာပဲ နေထိုင်ခဲ့ကြ တာကြောင့် တိမ်းရှောင်ဖို့ မလိုဖူးအထင်နဲ့ ကျောင်းမှာပဲ ဆက်လက်သီတင်းသုံးနေခဲ့ကြတာ။ ကျောင်းထဲကို အာဏာပိုင်ဆိုသူတွေ ဝင်ရောက်စီးနင်းရှာဖွေတော့ ဝါဝါမြင်ရာ အကုန်ဖမ်းခဲ့ တာမို့ အအေးဆေးဆုံး သူတို့တွေ အဖမ်းဆီးခံပြီး နှစ်ရှည်ထောင်ဒဏ်အသီးသီး ကျခံကြရ တယ်။ အရွယ်ရောက် အရွယ်လွန် သာမဏေ ရဟန်း သက်တမ်းစုံစွာ။ ကလေးစစ်သား အကြောင်းကို မီဒီယာများက ပြောကြပေမယ့် ကလေး(သာမဏေငယ်) အကျဉ်းသားများ အကြောင်းကို ပြောဖို့မေ့နေကြတာအတွက် စိတ်မကောင်းဖြစ်မိခဲ့တယ်။
ထောင်ကပြန်လွတ်လာသူတွေရှိသလို အချို့လည်း ရဲဖက်စခန်းများမှာ အသက်ပေးသွားကြသူ တွေလည်း ရှိပါတယ်။ အချို့ကတော့ ခုချိန်အထိ ဘယ်ဆီရောက်လို့ ဘယ်ဆီပေါက်နေတယ် ဆို ဘယ်သူမှ မသိကြရဘူး။ အသက်ရှင်လျက် ရှိနေသေးလား၊ အသက်ရှင်လျက်မှ ရှိနေပါ သေးလားဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ဘူး။
လူထုကြားမှာ အတန်အသင့်ထင်ရှားသူတွေရဲ့ အခြေအနေကို အပြင်မှာကျန်ရစ်နေတဲ့ မိဘ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မီဒီယာကသူတွေက ကြားသိနိုင်ပေမယ့် အညတရ သာမန်သူတွေအကြောင်းကိုတော့ အခြားဘယ်သူမှ မသိကြရပါဘူး။ အဖမ်းအဆီး အချုပ် အနှောင်ခံရသည့်တိုင် သူတို့တွေအတွက် ဘယ်သူမှ နောက်ကနေ လိုက်လံထုတ်ဆောင်တာ မျိုး၊ အကူအညီပေးတာမျိုးကိုလည်း မရနိုင်ကြပါဘူး။ ဒီလိုပဲ လူမသိ သူမသိနဲ့ အသက်စတေး ပေးဆပ်သွားကြတဲ့ရဟန်းသာမဏေတွေ ကိုယ့်အသိထဲမှာကိုက နည်းမှ မနည်းတာ။
ဝမ်းနည်းဖွယ်ကောင်းတာက အရေးအခင်းတစ်ခုဖြစ်လေတိုင်း အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းတွေပိတ်ဖို့ သံဃာတော်တွေကို ကိုယ့်ရပ်ကိုယ့်ရွာပြန်စေဖို့ ဖိအားပေးတတ်တယ်။ ရဟန်းဖြစ်ပြီဆိုတာနဲ့ အိမ်ထောင်စုစာရင်းကနေ အပါယ်ဖျက်ခံရတဲ့ ရဟန်းတော်တွေအဖို့ တကယ်တော့ ရောက်ရှိနေထိုင်ရာအရပ်သာ ကိုယ့်အရပ်ကိုယ့်ဒေသပဲ ဖြစ်သင့်တာပါ။
တဖက်မှာ နေထိုင်ရာမြို့ကြီးများက စာသင်တိုက်တွေကိုပိတ်ဖို့ ဖိအားပေးသလို အခြားတဖက် မှာတော့ မြို့ကသံဃာတော်တွေ ကိုယ့်အရပ်ပြန်ရောက်လျင် လက်သင့်မခံဖို့ကိုလည်း သက် ဆိုင်ရာဒေသက အောက်ခြေအာဏာပိုင်အဖွဲ့အဆင့်ဆင့်ကို ညွှန်ကြားထားတယ်။
ဒီအခါမျိုးမှာ ဒေသခံအာဏာပိုင်အချို့က ကိုယ့်ဇာတိသားတွေ အခက်အခဲရှိလို့ ကိုယ့်ရပ်ကိုယ့် ရွာပြန်အလာကို နွေးထွေးစွာကြိုရမည့်အစား အုပ်ချုပ်သူအလိုတော်ကျ ကိုယ့်ဇာတိမှာရှိတဲ့ ဘုန်းတော်ကြီးများကို မြို့ကပြန်လာတဲ့ရဟန်းတော်တွေရှိလျင် လက်သင့်မခံဖို့၊ လက်သင့်ခံ လျင် တစ်ခုခုဖြစ်မည့်ဟန်နဲ့ ခြိမ်းခြောက်တတ်ကြလို့ ကိုယ့်ဇာတိသားတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာတာကို လက်သင့်မခံရဲတဲ့ ဘုန်းတော်ကြီးအချို့ကိုလည်း တွေ့ခဲ့ဘူးတယ်။
မြို့ကစာသင်တိုက်များကလည်း အကြောင်းကြောင်းကြောင့် နယ်ပြန်လွှတ်၊ နယ်ကျောင်းများ ကလည်း လက်သင့်မခံဝန့်၊ ဒီလိုနဲ့ နားရာခိုရာ မဲ့ကြရတဲ့ ရဟန်းသာမဏေတွေရဲ့ ဘဝ။ ကျောင်းပျောက်လို့ ဘဝပျက်ကြရတဲ့ ရဟန်းသာမဏေများရဲ့ဘဝ။
မိဘဆရာသမား၊ မွေးရပ်မွေးရွာ၊ အစုံအလင်ရှိပါလျက်ကယ်နဲ့ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေအတွင်း နားစရာ ခိုစရာ နေရာမဲ့ကျရတဲ့ ရဟန်းသာမဏေတွေရဲ့ ဘဝဟာ စဉ်းစားကြည့်လျင် အထူးပဲ ရင်နာဖို့ ကောင်းလှပါတယ်။ နေစရာနေရာ၊ နားခိုစရာကျောင်းမရှိလို့ သာသနာမှာ ပျော်ပါ လျက်ကယ်နဲ့ သင်္ကန်းဝတ်ချွတ်ကာ လူ့ဘဝကူးပြောင်းသွားကြရတဲ့ ရဟန်းတော်တွေ သာမ ဏေတွေဆိုတာ နည်းတာမှ မဟုတ်တာ။ ဒီအဖြစ်ဆိုးတွေဟာ တစ်ကိုယ်ရေ အသီးသီး ဘဝ များသာ  နာကျင်ထိခိုက်မှုလို့ လွယ်လွယ်ပြောလို့ ရတာမျိုးတွေ မဟုတ်ပါဘူး။ သာသနာ အတွက်ပါ ထိခိုက်ရတာမျိုးပါ။
ဒီအဖြစ်တွေဟာ ဆယ်စုနှစ်အတွင်းမှာပဲ ဖြစ်သွားခဲ့တဲ့ အရာတွေပါ။ အခြေအနေမှန်တွေကို အမှန်အတိုင်း မသိခဲ့ကြလို့၊ ဒါမှမဟုတ်လည်း မသိဟန်ဆောင်ခဲ့ကြလို့ လူတော်တော်များများရဲ့ ရင်ထဲကနေ မေ့ပျောက်ကောင်း မေ့ပျောက်သွားလောက်ကြပါလိမ့်မယ်။ သို့ပေမယ့် ကိုယ့် သား၊ ကိုယ့်ညီ၊ ကိုယ့်ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေရဲ့ နာကျင်ဖွယ်အဖြစ်တွေနဲ့ နီးနီးကပ်ကပ် တွေ့ခဲ့ရတဲ့ သူတွေရဲ့ နှလုံးသားထဲမှာတော့ ဒဏ်ရာတွေက ကျက်နိုင်ဦးမယ် မဟုတ်ပေဘူး။
ဘာပဲဖြစ်ဖြစ်ပါ၊ လွန်ခဲ့တဲ့အရာတွေမို့ ဘာမှမလုပ်နိုင်တော့တာတော့ ရှိပစေတော့။ ဒါပေမယ့် လုပ်နိုင်တဲ့အရာတွေ လွန်မသွားစေဖို့ကိုတော့ အချိန်ရှိခိုက်မှာ ကြိုးစားကာလုပ်ဆောင်ကြဖို့ တော့ အမှန်ပဲလိုအပ်ပါတယ်။
အိုးမဲ့အိမ်မဲ့ ရွှေငွေမဲ့ ၊ ကျောင်းမဲ့ကန်မဲ့ နေရာမဲ့ ၊ မိမဲ့ ဖမဲ့ မိတ်ဆွေမဲ့၊ အသိမဲ့ အတွေးမဲ့ ပညာမဲ့၊ ဘယ်လို အမဲ့မျိုးပဲဖြစ်ပစေ၊ အမဲ့ဆိုတာ ကောင်းတာမျိုးမှ မဟုတ်တာ။          ။
--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages