28th Dec 2012 - MoeMaKa Daily

16 views
Skip to first unread message

Maung Yit

unread,
Dec 28, 2012, 4:31:05 AM12/28/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
၂၀၁၂ အတွက် အိပ်ရာဝင်ပုံပြင်များ
ပျော်တော်ဆက်သာဂိ၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၂

အယ်ဒီတာခင်ဗျား …
            “သရော်စာလေးတွေ လုပ်စမ်းပါဦး” ဆိုပေမယ့် ရေးရတဲ့သူက ရင်ဘတ်ကြီးနဲ့ ရင်းပြီး ရေးရတာဆိုတော့ တပုဒ်ရေးတိုင်း ရင်တခါ နာရပါတယ်။ ဟိုးတုန်းက ကိုဇာဂနာကို တိုင်တည်ပြီး ရေးတယ်ဆိုတာက သူက ထောင်ထဲမှာဆိုတော့ ကိုယ့်က အပြင်ကနေ လွတ်လွတ်လပ်လပ် ရေးလို့ ကောင်းတာပေါ့။ နောက်ပြီး အဲသည်တုန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး တိုက်ပွဲတွေ ပြင်းထန်တုန်းကိုးလေ။ သာဂိတို့က မလိမ်မိုး မလိမ်မာလေးတွေ မိုက်တွင်းနက်လို့ ကောင်းတုန်းမို့လား။ နောက်တော့ ကိုဇာဂနာက ထောင်ထဲကနေ (I Vote) ဆိုတဲ့ ဒီဇိုင်း လုပ်လွှတ်လိုက်တယ်လည်း ဆိုရော သာဂိတို့ ရင်ကျိုးတာပေါ့ဗျာ။ ဂျွတ်ဆိုပြီးတော့။ အဲသည်ထဲက စာမရေးဖြစ်တာပါ။ လှည်းတန်းထိပ်လမ်းဆုံ၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ကောက်ရခဲ့တဲ့ ဗူးစေ့လေးတွေ စုပြီးတော့ ဗူးပင်စိုက်၊ ဗူးစင်ထိုးပြီးတော့ ပျော်တော်ဆက်သာဂိလည်း စာရေးသားခြင်းကနေ အနားယူခဲ့တယ်ပဲ ဆိုကြပါစို့ အယ်ဒီတာမင်းရယ်။
            ၂၀၁၀ တုန်းက စိုက်ခဲ့တဲ့ ဗူးပင်ကြီးလည်း ဗူးစင်ပေါ်မှာ ကြီးလှပြီပေါ့ဗျာ။ ဗူးသီးတွေကတော့ ၂၀၁၁ မှာ အကင်းလေးတွေ သီးသော်လည်း ၂၀၁၂ မှာ အကင်းတဖြိုက်ဖြိုက်ဖြစ်ကုန်တော့ ဗူးရွက်တွေပဲ ပြုတ်လိုက် သုတ်လိုက် အိမ်နီးချင်းတွေ ဝေလိုက်၊ အလှူပွဲ ရန်ပုံငွေပွဲတွေမှာ ဗူးသီးကြော် ရောင်းပြီး ငွေရှာချင်သော်လည်း ခါခြင်ကောင်လေး မောင်သာဂိခင်မျာ ခါးက မသန်လို့ ဆိုရမှာပေါ့။
            အခု ၂၀၁၂ နှစ်ကုန်မှာ ပျော်တော်ဆက်သာဂိကို ပျော်တော်ဆက်ခိုင်းပြန်တော့လည်း အယ်ဒီတာမင်းများရဲ့ အမိန့်သြဇာကို မလွန်ဆန်နိုင်တာလည်း ပါရဲ့။ နောက်တချက်က အခု လွှတ်ပျော်တဲ့ လွှတ်တော်ကြီးမှာ ပျော်တော်ဆက်တွေကို လိုင်စင်ချပေးတော့မယ်ဆိုလား သတင်းသဲ့သဲ့ကြားမိလေတော့ သည်တခေါက်တော့ တသက်လုံး မှောင်ရိပ်ခိုပြီး လုပ်စားလာတဲ့ ပျော်တော်ဆက်ယူဂျီဘ၀ကနေ အလင်းရောင်အောက်ရောက် တရားဝင်ဖောက်သည်ရှာနိုင်တဲ့ ကလောင်ရှင်ကလေး ဖြစ်ဖို့ အကြောင်းကလည်း မက်လောက်စရာကိုး အယ်ဒီတာဆရာသမားတို့ရယ့်။
            ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ အာဏာရှင်တွေ၊ အလိုတော်ရိတွေ၊ ခရိုနီတွေ၊ အပါးခိုတွေ၊ သာကူးတွေကို နွားကပ်များကဲ့သို့ နဖားကြိုးထိုး၊ အတင်းဆွဲပြီး ခေါ်ဖို့၊ တွန်းဖို့ လိုတယ်လို့ ဆရာသမားတွေက ပြောနေ ဆိုနေတာ ကြားနေရတော့လည်း သာဂိတကောင်လည်း သည်ဆွမ်းကြီးလောင်းပွဲမှာ ၀င်နွှဲဖို့ ကြိမ်စကြ်ာကလောင်တုံးကို ပြန်လည် ကိုင်စွဲမိတယ်ပဲ ဆိုကြပါစို့ ခင်ဗျား။
            ခင်ဗျားတို့ အယ်ဒီတာမင်းတွေက သူတို့ မိုးမခဂျီးကို ဇရပ်ကြီးလိုမျိုး နှိုင်းပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်း ၀ိုင်းတော်သားတွေကိုတော့ နွားကျောင်းသားတွေလို့ ချီးမြောက်ပါတယ်။ သည်တော့ ကျောင်းရတဲ့ နွားတွေဆိုတာကလည်း အရေခွံထူတဲ့သူတွေဆိုတော့ ဒီမိုကရေစီကိုသွားတဲ့ ခရီးကြမ်းမှာ အရေခွံပါးသူများကတော့ ပျော်တော်ဆက်သာဂိစာကို အရေးတယူ ဖတ်ကြမှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဇရပ်ပေါ်က အခန့်သား စတိုင်ထွားသူ နွားကျောင်းသားသာဂိရဲ့ လောက်လေးသံ၊ ကြိမ်ဝင့်သံတွေဟာ အရေခွံထူသူတွေအတွက်ပဲ ရည်ရွယ်တာမို့ လိပ်ပြာသန့်သန့်လေးနဲ့ ဖတ်ရှုအားပေးကြပါလို့ ရွှေနားတော် သွင်းလိုက်ပါရယ့်။
            ၂၀၁၂ နှစ်တနှစ် ကုန်ခဲ့ပြီဆိုတော့ တနှစ်တာအတွက် ဘယ်နှယ့် ညာနယ့် အကောင်းဆုံး၊ အထင်ရှားဆုံး၊ အမိုက်ဆုံး၊ အမှတ်တရ အဖြစ်ဆုံး တော့ပ်တင်းတွေ ဘာတွေ ရေးရမယ်လို့ သဘောပေါက်မိပါတယ်။ ၂၀၁၂ ကို ပြန်ကြည့်လိုက်မိတော့လည်း ပြောချင်စရာတွေက တင်းကြမ်းကိုးဗျာ။ အယ်ဒီတာမင်းတွေပေးတဲ့ စာမျက်နှာကလည်း ၃ မျက်နှာကနေ ၄ မျက်နှာအထိပဲ ခွင့်ပြုတာမို့ ၂၀၁၂ တနှစ်တာ အနှစ်ချုပ်အဖြစ် ပုံပြင်လေးတွေ ဗဟုသုတဥပမာမှတ်စရာလေးတွေပဲ တိုတိုတုတ်တုတ် ရေးပါတော့မယ်လေ။
            ပထမပုံပြင်လေးကတော့ “မွေးနေ့လက်ဆောင်နွားနို့တပုံး” ပုံပြင်ပါ။ မြန်မာပြည်ဒီမိုကရေစီရေးတိုက်ပွဲဟာ ပြင်းထန်ပါတယ်။ ကြာရှည်လေးမြင့်ပါတယ်။ မောင်မြန်မာလေးဟာ ဒီမိုရပ်ကွက်ထဲမှာ ကြီးပြင်းလာတော့ အသက်သာ ၂၄ နှစ် ရှိရော ဘေးနားက အိမ်နီးချင်းတွေ၊ ပြည်တွင်း ပြည်ပက အမျိုးအဆွေတွေကို သူ့အကျိုးလိုလားသူတွေချည်းလို့ အထင်ရောက်နေသတဲ့။ သူ့ဖခင်ကြီး ဘိုးဗမာကတော့ မောင်မြန်မာလေးကို မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ခွဲခြားသိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အကြံထုတ်နေပါသတဲ့။ အဲ တနေ့ကျတော့ ၂၀၁၂ ခုနှစ်ရဲ့ တခုသော မောင်မြန်မာလေး မွေးနေ့မှာ ဘခင်ကြီး ဘိုးဗမာက မွေးနေ့ပွဲကြီးတခု ၀ှဲချီးပြီး ကျင်းပပါတော့သတဲ့။ ဘိုးဗမာကြီးက မွေးနေ့ဖိတ်စာထဲမှာ ဘယ်လိုရေးထားသလဲ ဆိုတော့ …
            “မွေးနေ့လက်ဆောင် ပေးခြင်း သီးခံပါ။ သို့သော် တဦးလျင် နွားနို့တပုံးသာ ယူဆောင်လာပြီး၊ မဏ္ဍပ်အ၀င်ထောင့်က စဥ့်အိုးကြီးမှာ လောင်းထည့်ခြင်းဖြင့် ပွဲတော်ကို နွှဲပျော်ပါ” လို့ ရေးထားပါသတဲ့။
            ရပ်နီး ရပ်ဝေးက ဒီမို ရပ်ဆွေ ရပ်မျိုးဆွေကလည်း မောင်မြန်မာလေး မွေးနေ့အတွက် နွားနို့တပုံးပဲ စိုက်ထုတ်ရမယ်ဆိုတော့ ၀မ်းသာကြတာပေါ့လေ။ သူတို့အကြံက သူများတွေက နို့တပုံးဆိုရင် ငါကတော့ ရေတပုံးဆို ပြီးတာပဲလို့ တွေးကြသတဲ့။ နွားနို့တွေအထဲ ရေလေးတပုံးရောလို့ ဘယ်သူက သိမှာလဲလို့ ရွှေဥာဏ်တော် စူးရောက်ကြသတဲ့။ သည်လိုနဲ့ပဲ မောင်မြန်မာလေးရဲ့ မွေးနေ့မှာ ဒီမို ဆွေတော် မျိုးတော်တွေ သောက်သောက်လဲ လာကြပြီး ချီးမြှင့်ကြ၊ နွားနို့တပုံး နွားနို့ တပုံး ဆိုပြီး မဏ္ဍပ်ရှေ့ အ၀င်ထောင့်က စဥ့်အိုးကြီးထဲ လောင်းလောင်းပြီး ထည့်ကြသတဲ့။
            ကဲ … မွေးနေ့ပွဲပြီးသွားတော့ သားလေးမောင်မြန်မာကို ဘခင်ကြီးဘိုးဗမာက စဥ့်အိုးကြီးကို ခေါ်ပြသတဲ့။ ငါ့သားရေ … အနှစ် ၂၀ ကျော် သက်တမ်းတလျောက်မှာ ခင်မင် ပေါင်းသင်းခဲ့ကြတဲ့ မိတ်ဆွေတွေ အမျိုးအဆွေတွေ ပေးအပ်စုဆောင်းခဲ့ကြတဲ့ တယောက် တလက် နွားနို့တပုံးတွေ ဘယ်လောက်များ စုမိသလဲဆိုတာ လာကြည့်စမ်း ငါ့သားရေ လို့ ဆိုလိုက်တော့ … မဏ္ဍပ်ထိပ် အ၀င်ဝက ရာဝင်စဥ့်အိုးကြီးထဲမှာ နွားနို့တစက် ဝေးလို့ ရေတွေချည်း အပြည့်ပဲတဲ့ ပရိသတ်ကြီးရေ …။
            ဘိုးဗမာကြီးကတော့ ရုပ်ရှင်တွေ၊ ရေဒီယိုဇာတ်လမ်းတွေထဲကလို ဘယ်လိုမျိုး ဆုံးမစကားပြောသလဲတော့ မသိဘူးဗျာ။ အကောင်းမြင်တဲ့ မောင်မြန်မာလေးကတော့ မှတ်ချက်ပေးပါ သတဲ့။ “အဖေရေ … ကျနော်တို့ ကံကောင်းတယ်ဗျာ။ ရေတွေချည်း အပြည့်ရပေလို့။ တော်ကြာ ရေလေးတောင်မှ ရောမသွားရင် စဥ့်အိုးဟောင်းလောင်းကြီးနဲ့သာဆို ရှက်စရာကြီးပေါ့နော် …” တဲ့ဗျား။
            ကဲ … နောက်ပုံပြင်လေး တပုဒ်ကတော့ “ငါးကြင်းဗိုက်သား ဘယ်သူစား” ဆိုတဲ့ ရိုးရာလေး တပုဒ်ပါပဲ။ ၂၀၁၂ အတွင်းမှာ မြန်မာပြည်တွင်း ပြည်ပတ၀ှမ်းလုံးမှာ အစစ ပိတ်ပင်ထားတဲ့ အင်းတွေ အိုင်တွေမှာ ငါးပက်ခြင်း၊ ကွန်ပစ်ခြင်းတွေကို ခွင့်ပြုလိုက်တဲ့အခါ မြန်မာပြည်သား ငါးဖမ်းသူ ဖျံကြီး ဖျံငယ် ဖျံလတ်တွေအားလုံးဟာ အကြီးအကျယ် ငါးဖမ်းကြတော့တာပဲ တဲ့။ တခါမှ လွတ်လွတ်လပ်လပ် ငါးမဖမ်းခဲ့ကြရတော့ သူ့ထက်ငါ အပြိုင်အဆိုင် ငါးဖမ်းကြ၊ အလုအယက် အိုင်တွေ အင်းတွေလည်း လုကြသတဲ့။ ဖျံကြီး ဖျံငယ် ဖျံလတ်တွေကလည်း ဖျံမျိုးစုံ သမဂ္ဂတွေ အစုအဖွဲ့တွေလည်း ဖွဲ့ကြသေးသတဲ့။ ငါးတွေ ဖမ်းမိကြတဲ့အခါမှာလည်း သူ့ဖမ်းမိတဲ့ ငါး၊ ကိုယ်ဖမ်းမိတဲ့ ငါးဆိုပြီး တံဆိပ်တွေ ရိုက်၊ မှတ်ပုံတွေတင်၊ အမျိုးအစားတွေ ခွဲပြီး ကြော်ငြာတာတွေ၊ ထုတ်ပြန်တာတွေ လုပ်ကြသေးသတဲ့။
            တနေ့ကျတော့ မြစ်ကြီး ၄ သွယ်ကနေ ပင်လယ်သမုဒ္ဒရာထဲ စီးဆင်းတဲ့ တလမ်းလုံးမှာ အလွန်ကြီးမားတဲ့ ငါးကြင်းကြီးတကောင် ကျက်စားနေတယ် ကြားတော့ ဖျံပေါင်းစုကြီးဟာ အဲသည် ငါးကြင်းကြီးကို ဖမ်းမိဖို့ အစွမ်းကုန် အပြိုင်အဆိုင် ကြိုးစားကြတော့တယ် ဆိုပဲ။ ငါးကြင်းကြီးကလည်း ပင်လယ်ထဲထွက်လိုက်၊ မြစ်ကြီးတွေထဲ စုန်ဆန်သွားလိုက်နဲ့ အရမ်းကို သွားလာလှုပ်ရှားနေတာမို့ အလွန်ကို ခက်ခက်ခဲခဲ ဖမ်းကြရ ဆိုပဲ။
            နောက်ဆုံးတော့ ပရိသတ်ကြီးရေ … ဖျံကြီး ၂ အုပ်စုဟာ အဲသည် ငါးကြင်းကြီးကို တပြိုင်နက်တည်း တနေရာတည်းမှာ အတူတကွ ဖမ်းမိကြတယ် ဆိုကြပါစို့။ သူရသင့်တယ်၊ ငါရသင့်တယ် အကြီးအကျယ် အငြင်းပွားလိုက်ကြတာ၊ တဦးနဲ့ တဦး အတင်းတွေပြော၊ အပုပ်တွေချ၊ သတ်ကြ ပုတ်ကြနဲ့ ဖျံအုပ်စုကြီးတွေ သွေးချောင်းတောင် စီးရမတတ်ဖြစ်လာတော့ နောက်ဆုံးမှာ တရားဥပဒေနဲ့အညီ အဆုံးအဖြတ်ခံကြဖို့ ဒိုင်ယာလော့လုပ်ဖြစ်ကြသတဲ့။ အဲသည်လို ဖျံတွေအကြား တိုက်ပွဲတွေဖြစ်၊ အငြင်းတွေပွားနေချိန်မှာ လေညာအရပ်ကနေ အခန့်သား စောင့်ဆိုင်းနေတာက တရားသူကြီးလက်မှတ် ရထားတဲ့ မြေခွေးကြီး ခရိုနီစိန်ပဲ ဖြစ်ပါသတဲ့။
            အဲသည်အခါမှာ မြေခွေးကြီး ခရိုနီစိန်က မောပန်းနွမ်းနယ်နေတဲ့ ဖျံအုပ်ထဲကို ဆင်းလာပြီးတော့ သူကနေ တရားသဖြင့် ဆုံးဖြတ်ပေးမယ်၊ နားထောင်ကြမယ် မဟုတ်လားလို့ ၀မ်းခေါင်းသံကြီးနဲ့ ဟိန်းပြီးတော့ ပြောလိုက်သတဲ့။ ဖျံကောင်တွေဟာ ကြံရာမရတဲ့နောက် အချင်းချင်းကလည်း မသင့်မမြတ်ဖြစ်နေတဲ့အတွက် မြေခွေးကြီး ခရိုနီစိန်ရဲ့ အဆုံးအဖြတ်ကို လိုက်နာပါ့မယ်လို့ ၀န်ခံရတော့သတဲ့။
            ဟဲ ဟဲ … ဇာတ်ကိုပေါင်းတော့ မြေခွေးကြီးက ငါးကြင်းကြီးကို ၃ ပိုင်း ပိုင်း၊ ခေါင်းပိုင်းနဲ့ အမြီးပိုင်းကို အဝေမတည့်တဲ့ ဖျံအုပ်စုကြီးကို ခွဲပေးလိုက်သတဲ့။ အကောင်းဆုံး၊ အသားအများဆုံး ငါးကြင်း အလယ်ပိုင်း ၀မ်းဗိုက်သားတွေကိုတော့ လေညာအရပ်က အဆင့်သင့် စောင့်စားနေသူ ခရိုနီစိန် မြေခွေးကြီးက ရယူသွားပါတော့ သတဲ့ကွယ်။ အဲသည်မှာလည်း အမြီးပိုင်းနဲ့ ခေါင်းပိုင်းပဲ ရရှာသူ ဖျံအုပ်ကြီးက အဲသည်လို ပိုင်းဝေ ခွဲခြမ်းပေးဖော်ရသူ မြေခွေးကြီးကို ကျေးဇူးတင်မဆုံး ဖြစ်ကြပြီးတော့ ခရိုနီစိန်ကြီး သက်တော် ရာကျော် ရှည်ပါစေဆိုပြီး ပြဇာတ်တွေ၊ စတိတ်ရှိုးတွေ၊ ရန်ပုံငွေပွဲတွေ ၀ှဲချီးပြီး ဆင်နွဲကြသေးသတဲ့ကွယ်။ … သီချင်းတွေ ကဗျာတွေတောင် စပ်ကြ ဆိုကြသေး ဆိုလားပဲ။
            ၂၀၁၂ အတွက် ပုံပြင် ၂ ပုဒ်အပြီးမှာ ၂၀၁၂ အတွက် သိပ္ဗံဆိုင်ရာ သင်ခန်းစာလေးတခုကို မျှဝေပေးချင်ပါသေးတယ်။ မြန်မာပြည်ကြီးမှာက လွတ်လပ်ပွင့်လင်းလာပြီ ဖြစ်တာမို့ လူအမျိုးမျိုး စိတ်အထွေထွေ သဘောထားအဖုံဖုံ လုပ်ပုံကိုင်ပုံ အစုံစုံကို မြင့်တွေ့ သိရှိလာရတာမို့ အသက် ၂၄ နှစ်အရွယ် မောင်မြန်မာကလေးကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားက သိသင့် သိထိုက်တာလေးတွေ သင်ကြားပေးသတဲ့။
            မြန်မာပြည်မှာ အခု ၂၀၁၂ အတွင်းမှာ အင်အားကောင်းတဲ့ လူအမျိုးအစား ၃ မျိုး ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ အဲသည် လူ ၃ မျိုးကို ဓာတ်ငွေ့ ၃ မျိုးနဲ့ ကိုယ်စားပြုပြီး ရှင်းပြလို့ ရတယ်လို့ ဒေါက်တာဆိတ်ဖွားက ရှင်းပြပါတယ်။
            ပထမတမျိုးက အောက်စီဂျင်ပေါ့ ငါ့မြေးရယ်။ ကိုယ်တိုင်မီးမလောင်ဘူး၊ မီးလောင်ခြင်းကို အားပေးတယ်။ သူတို့တွေက တခုခုဆိုရင် တခြားလူတွေကို ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား။ ချလိုက်ပါတော့လား၊ နှက်လိုက်ပါတော့လား အားပေး အားမြှောက် အလွန်လုပ်တဲ့ သူမျိုးတွေပေါ့ကွယ့်။ သူတို့ကိုယ်တိုင်ကျတော့ မလောင်ကြဘူးလေ။ ဒါက တမျိုး။
            နောက်တမျိုးကတော့ ဟိုက်ဒြိုဂျင်ပေါ့ကွယ်။ ကိုယ်တိုင်လည်း လောင်တယ်။ မီးလောင်ခြင်းကိုလည်း အားပေးတယ်။ အရေးအကြောင်းဆိုရင် ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားနေပြီ၊ သူများတွေကိုလည်း ပါဝင်လုပ်ကိုင်ကြဖို့ လှုံဆော်စည်းရုံးနေပြီ။ ဒါမျိုးက တပုံစံ။
            နောက်ဆုံး ဓာတ်ငွေ့ကတော့ နိုက်ထရိုဂျင်ပေါ့ မှတ်ထား ငါ့မြေး။ သူကိုယ်တိုင်လည်း မလောင်ဘူး။ မီးလောင်ခြင်းကိုလည်း အားမပေးဘူး။ သူတို့မျိုးကျတော့ အရေးအကြောင်းတွေ ရှိလာရင် သွားပြီး ခေါ်လို့ အကူအညီတောင်းလို့ မရတဲ့အပြင် သွားပြီး အကူတောင်းမိတဲ့သူတွေကိုပါ တခါတည်း အားလျော့သွားအောင် အားကုန်သွားအောင် ငြိမ်းသတ်တတ်လို့  သူတို့တွေကိုတော့ နိုက်ထရိုဂျင်လို လူတွေလို့ သတ်မှတ်လို့ ရနိုင် သကွယ့် လို့ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားက မောင်မြန်မာလေးကို ရှင်းပြလိုက်ပါတယ်။
            အဲသည်မှာ မောင်မြန်မာလေးက မေးရှာသတဲ့။ ဒါဖြင့်လည်း ဖိုးဖိုးဆိတ်ဖွားရယ် မြေးလေးရဲ့ မွေးနေ့ပွဲက စဥ့်အိုးထဲက ရေတွေက ဘယ်သူတွေ လာထည့်သွားတာလဲ လို့ မေးတော့ ဒေါက်တာဆိတ်ဖွားက … “င့ါမြေးရယ် အဲသည်ရေတွေက အောက်စီဂျင်က တဆ၊ ဟိုက်ဒြိုဂျင်က ၂ ဆနဲ့ အပေါင်းအသင်းလုပ်မိကြလို့ ဖြစ်ပေါ်လာတဲ့ ရေတွေပေါ့ကွယ်… ” လို့ အဖြေပေးလိုက်ပါ သတဲ့။
ငါ့မြေးပြောသလို နိုက်ထရိုဂျင်တွေကိုသာ မွေးနေ့ပွဲဖိတ်မိလို့ကတော့ မင့်စဥ့်အိုးထဲမှာ ရေတောင် ပါလာမှာ မဟုတ်ဘူးလေလို့ ကောက်ချက်ဆွဲလိုက်ပါသတဲ့။
            သည်တော့ ၂၀၁၂ မှာ ခေါင်းပဲ ကိုက်ရကိုက်ရ၊ အမြီးပဲ ခဲရ ခဲရ၊ ရေလေးတပေါက်လောက် သောက်ရရင်ပဲ ဖျံကောင်လေးတွေအဖို့ နေပျော် သေပျော်တဲ့ ၂၀၁၂ ပဲလို့ ဆိုရမယ်လို့ ပြောရင်းနဲ့ သာဂိရဲ့ ပျော်တော်ဆက်ခန်းကို ရပ်နားလိုက်ပါတယ် ခင်ဗျား။ ။          
Posted by MoeMaKa at 1:19 AM 0 comments  
Labels: SatireTheGeek

THURSDAY, DECEMBER 27, 2012

Ku Mo Jo - Freedom is Free only in Burmese Movie


ကာတွန်းကူမိုးကြိုး - ကာတွန်းမရေးနဲ့ မင်းသားလုပ်စား
ဒီဇင်ဘာ ၂၈၊ ၂၀၁၂
Posted by MoeMaKa at 9:31 PM 0 comments  

Han Win - Burmese Migrant Workers abused by Thai Daily


ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အနိုင်ကျင့်ခံရခြင်းက ကင်းဝေးကြပါစေ
ဟန်ဝင်း၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၂
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေဟာ မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး တွေလုပ်နေပါစေ မြန်မာအလုပ်သမားတွေကိုတော့ အလုပ်သမားအခွင့်ရေး လူ့အခွင့်ရေးတွေ ချိုးဖောက်နေဆဲဆိုတာကို တင်ပြလိုက်ပါသည်။
အောက်ပါဓာတ်ပုံထဲကအတိုင်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စူပါချိပ်ကုမ္ပဏီမှ အလုပ်သမားတစ်ယောက်ကို ဒီဇင်ဘာ ၈၊ ၂၀၁၂ ရက်နေ့က အကြောင်းမဲ့ အလုပ်မှထုတ်ခြင်း ခံရပါတယ်။
မည်သည့် အကြောင်းကြောင့် အလုပ်မှ ထုတ်ခြင်းခံရသလဲ ဆိုတော့ တနေကုန် တနေခမ်း အလုပ်လုပ်သည့်ကြားက အလုပ်တွေ မပြတ်တန်း ခိုင်းလွန်းလို့  ဒီနေ့တော့ နားပါစေဆိုပြီး အခန်းကို ပြန် နားခဲ့ရာမှာ နောက်တနေ့မှာ သူဌေးက အလုပ်ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ သူတယောက်ထဲမဟုတ်ဘူး သူအမျိုးသမီးပါ အလုပ်မှထုတ်ခြင်း ခံရပါတယ်။
စူပါချိပ်ကုမ္ပဏီမှာ ဒီလိုမျိုး အလုပ်သမားတွေကို မတရား ခိုင်းစေပြီး မကြာခဏအလုပ်မှ ထုတ်လေ့ရှိပါတယ်။ ဒီလိုမျိုး အလုပ်သမားတွေကို အခွင့်ရေးတွေချိုးဖောက်ခံနေရတာကိုမြန်မာအစိုးရတွေလဲသိစေချင်ပါတယ်။ ကျွန်တော် တင်ပြလိုက်သည်မှာစူပါချိပ်ကုမ္ပဏီတစ်ခုတည်းပါ။ တစ်ခြားနေရာတွေမှာလဲ အလားတူ ဖြစ်ပျက်မှုတွေ အများအပြားရှိနေပါတယ်။
ထိုင်းအလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ဘယ်လောက်ထိ ခွဲခြားဆက်ဆံခံရသလဲ ဆိုရင် ကျွန်တော် ဟိုတယ်တစ်ခုတွင် အလုပ်သွားလျှောက်ပါတယ်။ အလုပ်သမားတွေကို ဧည့်သည်တွေက တစ်ပ် ပိုက်ဆံတွေ ပေးခဲ့ပါတယ်။ အဲဒီပိုက်ဆံကိုအလုပ်သမားတွေရှိသလောက် ဝေမျှရပါတယ်။ ထိုင်းအလုပ်သမားတွေက ၁၀ ပုံမြန်မာအလုပ်သမားတွေက  ပုံပဲ ရပါတယ်။
လွန်ခဲ့သောတစ်လလောက်ခန့်က မြန်မာတစ်ယောက် ရနောင်းမြို့က ဖူးခက်ကို လာပါတယ်။ ကားလက်မှတ်တွေလဲ ရှိပါတယ်။ ရနောင်းအထွက်မှာထိုင်းစစ်သားတွေကားပေါ်မှာတက် စစ်ဆေးပါတယ်။ ထိုင်းလူမျိုးနှစ်ယောက်မတ်တပ်ရပ်နေတာတွေတော့ မြန်မာနှစ်ယေက်ကို ရပ်ခိုင်းပြီး ထိုင်းနှစ်ယောက် ထိုင်ခိုင်းလိုက်တယ်လို့ဆိုပါတယ်။
တစ်ခါတုန်းက စူပါချိပ်ကုမ္ပဏီမှ မြန်မာတွေ ရနောင်းမြို့သို့ passport သွားလုပ် ပါတယ်။ ကားပေါ်ကမြန်မာတစ်ယောက်ကို နာမည်ခေါ်တာ မကြားလို့ဆိုပြီး ထိုင်းစစ်သားတွေ ပုံစံပေးတယ် လို့လဲဆိုတယ်။
ထိုင်းတွေ အနိုင်ကျင့်တဲအကြောင်းကိုရေးမယ်ဆိုရင်တော့ ရေးလို့ကုန်မှာမဟုတ်ပါဘူး။မြန်မာ အစိုးရနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသည်ဆိုသော်လည်းမြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံတွင်နေသရွေ့တော့ အနိုင်ကျင်ခံနေရမယ်ဆိုတာ တင်ပြရင်းမြန်မာအစိုးရလည်း သိစေချင်ပါတယ်။
ထိုင်းနိုင်ငံတွင်ရှိသော မြန်မာနိုင်ငံသားတွေ ထိုင်းလူမျိုးတို့၏ အနိုင်ကျင့်ခြင်းမှ ကင်းဝေကြပါစေ။

Posted by MoeMaKa at 8:54 PM 0 comments  

Maung Yit - Superstar Maung Yit Next 2013 steps


ကာတွန်းမောင်ရစ် - ဆူပါစတားတဦး၏ ၂၀၁၃ ခြေလှမ်းများ
ဒီဇင်ဘာ ၂၈၊ ၂၀၁၂
Posted by MoeMaKa at 8:00 PM 0 comments  

Dagon Taryar - Politican and Writer

နိုင်ငံရေးသမားနှင့် စာရေးဆရာ
ဒဂုန်တာရာ
ဒီဇင်ဘာ ၂၈၊ ၂၀၁၂


ဤဆောင်းပါးကို ဒဂုန်တာရာ၏ “ စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” စာအုပ်မှ ထုတ်နုတ်ပါသည်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာ အကြောင်းရေးထားသော်လည်း နိုင်ငံရေးနှင့် အနုပညာအဆက်အစပ်သည် ပရိသတ်အပေါ်မှာပဲ အဓိကအခြေပြုထားရ သည့်သဘောကိုပါ မြင်နိုင်လိမ့်မည်ဟု ယူဆမိသဖြင့် ဖော်ပြလိုက်ခြင်းဖြစ်သည်၊ (အယ်ဒီတာ)
........


နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ နိုင်ငံရေးသမားဆိုတာ ဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို ရှင်းပြဖို့ လိုပေလိမ့်မည်၊

နိုင်ငံရေးသမားဆိုတာ ဘာလဲ၊
နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုမူခြင်းပင်ဖြစ်သည်၊

စာပေဆိုတာ ဘာလဲ၊
စာပေဆိုသည်မှာ လူ့ဘ၀အကြောင်းအရာကို စာဖတ်သူ ရသအပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။
နိုင်ငံရေးဆောင်ရွက်သူသည် နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာဖြစ်သည်၊ ဤသို့ အကြမ်းဖျင်းသိရသည်၊

သည့်ထက် တင်းပြည့်ကျပ်ပြည့်အဓိပ္ပါယ်ဖြင့် ဆိုရလျှင် နိုင်ငံရေးကို မိမိဘ၀၌ မြှုပ်နှံကာ နိုင်ငံရေးတခုတည်းကိုသာ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်သင့်ပေသည်၊

စာပေကို မိမိဘ၀၌ မြှုပ်နှံကာ စာပေတခုတည်းကိုသာ ရေးသားသူကို စာရေးဆရာဟု ခေါ်သင့်ပေသည်၊
ယင်းအဓိပါယ်ဖွင့်ဆိုချက်အတိုင်း အတိအကျ သတ်မှတ်ရန် မဟုတ်ပေ၊ နိုင်ငံရေးသက်သက်၊ စာပေသက်သက် ဆောင်ရွက်သူများ ရှိသလို ရောနှောဆောင်ရွက်ကြသူများလည်း ရှိပေသည်၊ လောက၌ သတ်သက်ဟူ၍ မရှိနိုင်ပေ။ သို့သော် ယင်းအင်အားအများဆုံးရှိသူကို တိုင်းတာ၍ ခေါ်ဝေါ်မှတ်ယူကြခြင်သာလျှင် ဖြစ်ပေသည်၊

ဤနေရာ၌ နိုင်ငံရေးသမားသက်သက်၊ စာရေးဆရာသက်သက် ဟူ၍ နှိုင်းယှဉ်လိုခြင်း မဟုတ်ဘဲ နိုင်ငံရေးသမားနှင့် စာရေးဆရာ လုပ်ငန်း နှစ်ရပ်ကိုသာ နှိုင်းယှဉ်လိုခြင်းဖြစ်၍ ရှေ့ဆက်ကြပေအံ့။

(၂)
နိုင်ငံရေးနှင့် စာပေမည်သည့်နေရာ၌ တူကြသလဲ။

နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်နှင့် သက်ဆိုင်သလို၊ စာပေသည် လူ့ဘ၀နှင့် သက်ဆိုင်သည်၊ ဟော၊ တူကြပေပြီ၊

စီးပွားရေးဆိုသည်မှာ စာဝတ်နေရေးပင်မဟုတ်ပါလော။ လူ့ဘ၀ဆိုသည်မှာလည်း စားဝတ်နေရေးမဟုတ်ပင် မဟုတ်လော။ နိုင်ငံရေးဝေါဟာရအားဖြင့် သိပ္ပံကျကျ စီးပွားရေးဟုခေါ်ကြသည်၊ စာအုပ်သံပါပါ၊ တက္ကသိုလ်ဟန်ပါပါဟု ခေါ်လျှင် ဘောဂဗေဒဟုလည်း တနည်းခေါ်နိုင်သေးသည်၊ လူ့ဘ၀ဟု စာဆန်ဆန်ခေါ်လျှင်လည်း ရသေးသည်၊ ကဗျာဆရာတို့က ဘ၀ဟု လှလှလေး ခေါ်ကြပေသည်၊
စီးပွားရေးနှင့် လူ့ဘ၀အနှစ်သာရချင်း အတူတူပင် မဟုတ်ပေလော၊
စီးပွားရေးအကြောင်းပြောလျှင် လူ့ဘ၀ပါရမည်၊ လူ့ဘ၀အကြောင်းပြောလျှင် လူတွေ၏ စီးပွားရေးပါရမည်၊ မပါ၍ မဖြစ်။ လူ့ဘ၀သည် စီးပွားရေးတောင်းဆိုချက်ဖြင့် လှုပ်ရှားနေသော ဘ၀ဖြစ်သည်၊ ငြိမ်သက်နေသော လူ့ဘ၀မဟုတ်ပေ။ လူ့ဘ၀၏ အသက်သည်ပင်လျှင် စီးပွားရေးတောင်းဆိုချက်ဖြစ်ပေသည်။ စီးပွားရေးတောင်းဆိုချက်မရှိလျှင် လူ့ဘ၀သည် သေနေခြင်းပင်၊

လူ့ဘ၀သည် မည်သို့ရှိသလဲ၊
လူ့ဘ၀သည် လူတန်းစားများဖြင့် ပိုင်းခြား စိတ်ဖြာလျက်ရှိပေသည်၊ စီးပွားရေးတောင်းဆိုချက်သည် လူတန်းစားက တောင်းဆိုသော စီးပွားရေးတောင်းဆိုချက်သာလျှင် ဖြစ်ပေသည်။ နိုင်ငံရေးသည်ပင်လျှင် လူတန်းစားနိုင်ငံရေးဖြစ်ပေသည်။ လူတန်းစားမှ ကင်းသော နိုင်ငံရေးဟူသည် မရှိနိုင်ပေ။

(၃)
နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်၊ စာပေသည် လူ့ဘ၀ကို ရေးသားခြင်း၊

စီးပွားရေးကို မည်သို့တောင်းဆိုသလဲ၊ လူထုအင်အားဖြင့် လှုပ်ရှားကာ တောင်းဆိုသည်၊ ဟော၊ နိုင်ငံရေး၌ လူထုအင်အားကို တွေ့ရှိရပေပြီ၊၊

လူ့ဘ၀ကို မည်သို့ရေးသားသလဲ၊ စာဖတ်သူ ရသပေါ်အောင် ဖွဲ့နွဲ့သည်၊ ဟော၊ စာပေ၌ စာဖတ်သူကို တွေ့ရပေပြီ၊
နိုင်ငံရေး၌ လူထုအင်အား၊ စာပေ၌ စာဖတ်သူ၊ အတူတူပင်ဖြစ်သည်၊ စကားလုံး အခေါ်ကွဲသော်လည်း အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်သည်၊ စာဖတ်သူ စာဖတ်ပရိသတ် သည် လူထုဖြစ်သည်။ တနည်းအအသေးစိတ် အတိအကျ ဆိုရလျှင် စာဖတ်သူသည် လူထုအစိတ်အပိုင်း တရပ်ပင်ဖြစ်ပေသည်။

နိုင်ငံရေးသမားသည် လူထုမပါဘဲ မရပ်တည်နိုင်၊ စာရေးသူသည် စာဖတ်သူမပါဘဲ မရပ်တည်နိုင်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာ၊ နှစ်ဦးစလုံး လူထု၌ အမြစ်တွယ်လျက်ရှိသည်။
လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည် ကျဆုံးမည်ဖြစ်၍ စာဖတ်သူ လူထု၌ အခြေမစိုက်သော စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည် မဟုတ်ပါလော၊၊

(၄)
စာရေးဆရာ၏ လုပ်ငန်းကား အဘယ်နည်း၊
စာရေးဆရာသည် အနုပညာလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူ့ဘ၀ကို ထိတွေ့ခံစား ရူ့မြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။

သူ၏ အတတ်ပညာသည်ကား သူ၏ စာဖတ်ပရိသတ် (၀ါ) လူထုစိတ်၌ စွဲလမ်းကပ်ငြိအောင်၊ နှစ်သက်ယုံကြည်အောင်၊ ရသခံစားရအောင် ရေးသားရသော အတတ်ပညာဖြစ်သည်။ စာဖတ်ပရိသတ်က သူ၏ စာပေကို နှစ်သက်ခံစားခြင်း ရှိသလောက် သူ၏စာပေအင်အားသည် ကြီးမားလာပေသည်။ သူ၏ အနုပညာသည် အောင်မြင်သည်ဟု ဆိုရပေမည်။

နိုင်ငံရေးသမား၏ လုပ်ငန်းကား အဘယ်နည်း၊
နိုင်ငံရေးသမားသည် လူထုလှုပ်ရှားမှု လုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူတန်းစားတို့ဖြင့် ပြွမ်းသော လူ့ဘ၀ကို တိုးဝှေ့ လေ့လာဝေဖန်ကာ နိုင်ငံရေးဘောဂဗေဒပညာ၊ နိုင်ငံရေးအဘိဓမ္မာတို့ဖြင့် ဆောင်ရွက်သည်။
နိုင်ငံရေးအာဏာရအောင် အားထုတ်သည်။ သူ၏ တနည်းဆိုရသော် သူ့ပါတီ၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်များကို လူထုက လက်ခံနှစ်သက်၊ ယုံကြည် တက်ကြွလာအောင် ပြောဟော လှုပ်ရှားဆောင်ရွက်ရသည်။

သူ၏ အတတ်ပညာကား သူ့နိုင်ငံရေးပါတီ၏ ၀ါဒ၊ လမ်းစဉ်ကို လူထုက နှစ်သက် လက်ခံ၊ ယုံကြည် တတ်ကြွလာအောင် ပြုလုပ်သော အတတ်ပညာဖြစ်သည်။ လူထုက ယင်းနိုင်ငံရေးဝါဒ၊ လမ်းစဉ်ကို နှစ်သက်လက်ခံခြင်းရှိသလောက် သူ၏ နိုင်ငံရေးအင်အားသည် ကြီးမားလာပေသည်။ သူ၏ နောက်ပါး၌ လူထုရှိမှ အောင်မြင်သည်ဟု ဆိုရပေမည်။

နိုင်ငံရေးသမားသည် လူုထုနှင့် ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရသည်။ စာရေးဆရာသည်လည်း စာဖတ်ပရိသတ် (လူထုအစိတ်အပိုင်းတရပ်) နှင့် ညှိနှိုင်း၍ ရေးသားရသည်၊ လူထု၏ ဆန္ဒနှင့် ညှိနှိုင်၍ မဆောင်ရွက်လျှင် ယင်းနိုင်ငံရေးသမားသည် ကျဆုံးသလို၊ စာဖတ်ပရိသတ်၏ ဆန္ဒနှင့် ညှိ၍ မရေးသားသော စာရေးဆရာသည်လည်း ကျဆုံးရမည် ဖြစ်ပေသည်။

နိုင်ငံရေးသမားတို့ မည်သည် လူထု၏ ရှေ့မှ ကျော်တက်နေ၍လည်း မရ၊ နောက်ကျန်ရစ်နေ၍လည်း မရ၊ လူထုနှင့် တသားတည်း နေရပေမည်။ လူထု၏ ဆန္ဒအရသာလျှင် နိုင်ငံရေးသမားက လူထုကိုယ်စား စေပါးဆောင်ရွက်ခြင်း ဖြစ်ပေသည်။ နိုင်ငံရေးသမားက သတ်သက်၊ လူထုက သတ်သတ် မဟုတ်ရပေ။

စာရေးဆရာသည် လူထု၏ ခံစားမှုကို ထင်ဟပ်ဖော်ပြရပေမည်။ သူ၏ စာပေသည် လူထုခံစားမှု ဝေဒနာကို ထပ်ဟပ်ရပေမည်၊ စာရေးဆရာ၏ စိတ်ခံစားမှုနှင့် စာဖတ်ပရိသတ်၏ ခံစားမှုသည် ကိုက်ညီရပေမည်၊ စာရေးဆရာသည် ရောမမြို့ကြီးမီးလောင်နေစဉ် တယောထိုးပြရန်မဟုတ်ပေ။

နိုင်ငံရေးသမားသည် လူထုကို ချဉ်းကပ်ရာ၌ လမ်းမှန်ကမ်းမှန်ဖြင့်သာ ဖြောင့်မတ်တည်ကြည်စွာချဉ်းကပ်ရပေမည်။ လူထုအား လိမ်လည် လှည့်ဖြား၍ မချည်းကပ်ရပေ။

စာရေးဆရာသည် စာဖတ်ပရိသတ်၏အကြိုက်ကို အလိုလိုက်ကာ စိတ်ကူးယဉ်စာပေ။ ဘ၀ထွက်ပြေးမှုစာပေတို့ဖြင့် မှိန်းယစ်အောင် ရေးသားရမည်မဟုတ်ပေ။

နိုင်ငံရေးသမားသည် အခြေအနေကို လူထုအားတင်ပြရပေမည်။ စာရေးဆရာသည်လည်း တကယ့်ဖြစ်ပျက်နေသော ခေတ်ကို သရုပ် ဖော်ရပေမည်။

နိုင်ငံရေးသမားအား အဆုံးအဖြတ်ပေးရာသည်လည်းကောင်း၊ စာရေးဆရာအား အဆုံးအဖြတ်ပေးရာသည်လည်းကောင်း လူထုပင်ဖြစ် သည်။

(၅)
ပြည့်သူ့အကျိုးဆောင် နိုင်ငံရေးသမား၏ ရည်မှန်းချက်သည် ထာဝစဉ် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ငြိမ်းချမ်းမှ ပျော်ရွင်မည်။ တိုးတက်မည်။ သာယာမည်။

ပြည်သူ့အကျိုးဆောင် စာရေးဆရာ၏ ရည်မှန်းချက်သည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်သည်၊ အနုပညာသည် ငြိမ်းချမ်းမှ အစွမ်းကုန် အလှဆုံးပွင့်ဖူးနိုင်ပေမည်။

နိုင်ငံရေးသမားသည် နိုင်ငံရေးလုပ်စားလျှင် ၀ါ ကိုယ်ကျိုးရှာလျှင် ပျက်စီးလေတော့သည်။ စာရေးဆရာသည်လည်း ငွေကြေးအတွက် လိုက်ကာ စာရေးလျှင် မှိန်လာတော့သည်။
နိုင်ငံရေးသမားသည် အာဏာရယူရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်သူ ဖြစ်ရာ သေလျှင်မြေကြီး၊ ရှင်လျှင် ရွှေထီး လုပ်တတ်သည်။ ရက်စက်သည်။

စာရေးဆရာကား နူးညံ့သိမ်မွေ့သည်။ ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။ တစုံတရာကို စိစစ်ဝေဖန်တွေးခေါ်ပြီးမှ လက်ခံတတ်သည်၊ နိုင်ငံရေးသမားသည် မှားလျှင်ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ်သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။ သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ် အမည်းတင်၍ ကမ္မည်းထိုးသူဖြစ်ရာ သတိကြီးစွာထားသည်။

ထို့ကြောင့် တခါတရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် အသင့်မတင့်ဖြစ်တတ်သည်။ ပဋိပက္ခဖြစ်တတ်သည်။

သို့ဖြစ်ရာ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်၊ မတူ။

၁၉၆၈
ဒဂုန်တာရာ
(လှိုင်းသစ် စာပေ၊ အနုပညာနှင့် အတွေးအခေါ် မဂ္ဂဇင်း၊ အမှတ် (၁၆)၊ အောက်တိုဘာလ၊ ၂၀၁၂)


ဤနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

http://www.facebook.com/photo.php?fbid=290737607695751&set=a.165163023586544.22632.100002785434909&type=1&theater 
- http://www.facebook.com/photo.php?fbid=291051900997655&set=a.165163023586544.22632.100002785434909&type=1&theater
Posted by Aung Htet at 5:12 PM 0 comments  

Suu's Speech for QEducation Network Fund Fair


ဒေါ်အောင်ဆန်းစုကြည် ပညာရေးကွန်ယက်ရန်ပုံငွေပွဲ မိန့်ခွန်း
ဘားမားဗီဂျေရုပ်သံ၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၂
ဒီဇင်ဘာ ၂၇၊ ရန်ကုန်မြို့၊ ပြည်သူရင်ပြည်မှာ ကျင်းပတဲ့ ၂ နှစ်မြောက် ပညာရေးကွန်ယက်ရန်ပုံငွေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို ကြည့်ရှုနိုင်ပါပြီ။ ပြည်သူလူထု၏ အားပေးကူညီမှု အများအပြားလိုအပ်ကြောင်း၊ ဖိတ်ခေါ်ကြောင်း ပြောသွားသည်။ လက်ရှိ အာဏာရအစိုးရ၏ ပညာရေးမူဝါဒနှင့် ဆောင်ရွက်နေမှုများကို ထုတ်ဖော်ပြောကြားခြင်း မရှိ။

Posted by MoeMaKa at 3:55 PM 0 comments  
Labels: MoeMaKa VDO

News and Media

မော်လမြိုင်က ကြီးကျယ်ခမ်းနားတဲ့ စာဆိုတော်နေ့အထိမ်းအမှတ်ပွဲ
ကျော်ဟုန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၂


မော်လမြိုင် စာရေးဆရာများအသင်းနဲ့  စာပေမြတ်နိုးသူများက စုပေါင်းကျင်းပတဲ့ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲကို မောင်ငံရပ်မှာတည်ရှိတဲ့ ( မဟာမြိုင်ပရိယတ္တိစာသင်တိုက်) ဝန်းအတွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ (၂၆)မှ(၃၀)ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပမှာဖြစ်ပြီး ညစဉ်(၇)နာရီမှစတင်ကာ သန်းခေါင်ယံထိ စာပေဟော  ပြောပွဲများပြုလုပ်မှာပါ။


စာပေဟောပြောမယ့်သူများကလဲ စုံလင်လှပါတယ်။ နိုင်ငံရေး၊လူမှုရေး၊ ရုပ်ရှင်၊ စာပေနယ်မှစာရေးဆရာများနဲ့  အတော့်ကို စုံလင်အောင်စီစဉ်ထားကြတာတွေ့ ရမှာပါ။ စာပေအကြောင်းဟောပြောမယ့်သူများကတော့ .. (၁)  မသီတာ(စမ်းချောင်း)၊ ဆရာမ သန်းမြင့်အောင်( နာရေးကူညီမှုအသင်း - ရန်ကုန်)၊ ကိုကိုကြီး (၈၈-မျိုးဆက်ကျောင်းသားအဖွဲ့ ) တို့ က ဒီဇင်ဘာ၊ ၂၆၊ ၂၀၁၂ ၊ ပထမည မှာ ဟောပြောကြမှာပါ။

(၂)  လင်းသိုက်ညွန့် (မြန်မာမြေ)၊ ရဲသျှမ်း၊ တို့ က ဒီဇင်ဘာ ၊၂၇၊ ၂၀၁၂၊ ဒုတိယည မှာ ဟောပြောကြမှာပါ။

(၃)  စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ကျော်ကျော်လှိုင်၊ ဇာဂနာ၊ တို့ က ဒီဇင်ဘာ ၊ ၂၈၊ ၂၀၁၂၊ တတိယညမှာ ဟောပြောမှာဖြစ်ပါတယ်။

(၄)  ကျော်ဝင်း၊ ကောင်းသန့် တို့ က ဒီဇင်ဘာ၊ ၂၉၊ ၂၀၁၂၊ စတုတ္ထညမှာ ဟောပြောမှာပါ။

(၅)  မင်းချမ်းမွန်၊ အဏ္ဏဝါစိုးမိုး တို့ က ဒီဇင်ဘာ၊ ၃၀၊ ၂၀၁၂ ပဉ္စမညမှာဟောပြောမှာလို့ သိရပါတယ်။ စာပေဟောပြောပွဲကို ရုပ်သံမှတ်တမ်းရိုက်ကူးထားမှာဖြစ်ပြီး ဗွီဒီယိုအခွေလဲထုတ်လုပ်ဖြန့် ချီပေးမှာဖြစ်တယ်လို့ ကာတွန်းဆရာ Ath မှ ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် မော်လမြိုင်မှ ကျောင်းပေါင်းစုံက ကျောင်းသားကျောင်းသူများရဲ့ ကဗျာ၊ ကာတွန်းနဲ့ ပန်းချီများကိုလဲပြိုင်ပွဲ ကျင်းပပေးပြီး ရွေးချယ် ခံရ သူများကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ပန်းချီဆရာ၊ ကာတွန်းဆရာများရဲ့ လက်ရာများကိုခင်းကျင်းပြသမှာဖြစ်သလို ဆုရကျောင်းသူ၊ကျောင်းသားများရဲ့လက်ရာများလဲ စာဆိုတော်နေ့ပွဲလာကြည့်သူများအတွက် ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။ စာကောင်းပေကောင်းစာ အုပ် များကိုလဲ စာချစ်သူများရွေးချယ်ဝယ်ယူနိုင်အောင် စာအုပ်ရောင်းပွဲပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။


အခုလို စာဆိုတော်နေ့ ကို စာရေးဆရာစုံစုံလင်လင်နဲ့ မော်လမြိုင်မှာ ပြုလုပ်ကျင်းပနိုင်ခဲ့တာ (၃)ကြိမ်မြောက်ဖြစ်ကြောင်း ကာတွန်းဆရာ Ath က ပြောကြားခဲ့ပါတယ်။
Posted by Aung Htet at 7:30 AM 0 comments  

News and Media

အဖွဲ့ ချုပ်ရဲ့ ပညာရေးကွန်ယက် (၂) နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများအတွက် ရံပုံငွေပွဲတော်
ကျော်ဟုန်း 
ဒီဇင်ဘာ ၂၇၊ ၂၀၁၂


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ပညာရေးကွန်ယက်လှုပ်ရှားမှုဟာ (၂) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ပညာရေးကွန်ယက် (၂) နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရံပုံငွေပွဲတော်ကို ရန်ကုန်မြို့  ပြည်သူ့ ရင်ပြင်မှာ  ဒီဇင်ဘာ (၂၇-၂၈) ရက်မှာ ကျင်းပဖြစ်ပါတယ်။

ဒီရံပုံငွေပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကြွရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က  တက်ရောက်လာကြတဲ့လူထုပိရိသတ်ကြီးကို ပညာရေးနဲ့ ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့ပါတယ်။ “ကျမတို့ နိုင်ငံရဲ့ပညာရေးကို တက္ကသိုလ်အားလုံးက လေးစားအောင်လို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါတယ်။ အဲ့သလို စခြင်းဟာ ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရအလွယ်ဆုံး အထိရောက်ဆုံး လုပ်နိုင်တဲ့ လုပ်ငန်းတခုအဖြစ်  ရွေးချယ်ထားတာပါ။  အဲ့ဒါကြောင့်မို့ လို့   ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ကျမတို့ နိုင်ငံရဲ့ပညာရေးထွန်းပေါက်မှုရဲ့ သင်္ကေတဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အားလုံးက နေပြီးတော့ဝိုင်းပြီး ကြိုးစားကူညီပေးကြပါ။ အထူးသဖြင့် ကျမတို့ က အလှူရှင်များလိုအပ်ပါတယ်။


ပညာရှင်များ လိုပါတယ်။  စေတနာရှင်များ လိုပါတယ်”   ရန်ကုန်တက္ကသိုလ်ဟာ  တချိန်တခါက  အာရှသာမကတကမ္ဘာလုံးကအသိအမှတ်ပြုခံရတဲ့ တက္ကသိုလ်ဖြစ်ခဲ့ကြောင်း၊ ယခုအချိန်မှာ အာရှမှာပင်နေရာမရှိတဲ့တက္ကသိုလ်တခုဖြစ်နေကြောင်း လက်ရှိအခြေအနေတွေကို ထင်သာမြင်သာရှိတဲ့အတိုင်းပြောကြားခဲ့ပါတယ်။ ဒီရံပုံငွေပွဲတော်ဖွင့်ပွဲကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား   သမ္မတရုံးဝန်ကြီး  ဦးအောင်မင်းလဲ  တက်ရောက်ခဲ့တာကြောင့် အစိုးရအဖွဲ့ လဲ ပြန်ကြားမှာဖြစ်ပါတယ်။ ပညာရေးအဆင့်မြှင့်ဖို့  အစိုးရတွေ လုပ်မလုပ် စောင့်ကြည့် ရဦးမှာပါ။


 ယခင်က ဒီချုပ်ရဲ့ အခမဲ့ပညာရေးကျောင်းတွေကို အာဏာပိုင်များက အမျိုး မျိုး နှောက်ယှက်မှုတွေရှိခဲ့ဖူးပါတယ်။ခုခါမှာတော့ ရံပုံငွေရှာပွဲပါခွင့်ပြုလာလို့  အနည်းငယ် ဖြေလျော့မှုတွေရှိလာပြီလို့  ထင်ရသယောင်ရှိပါတယ်။ ဒီပွဲကို Sky net မှ ဒါရိုက်တာတဦးဖြစ်သူ ဒေါ်မီးမီးက သိန်း(၁၃၀၀)ကျပ် လှူပါတယ်။ Air Bagan ၊ AGD Bank နဲ့ Bagan Entertainment တို့ က သိန်း(၇၀၀)ကျပ် လှူဒါန်းပါတယ်။ (၄၁)သိန်း(အမည်မသိ)အလှူရှင်တဦး၊ (၂၅-သိန်းခွဲ) အမည်မသိအလှူရှင်တဦးနဲ့  စိတ်တိုင်းကျလက်ဖက်ရည်ဆိုင် ဦးအောင်ထိုက်မှ (၁၀၀၀၀)ကျပ်လှူတာတွေကို မှတ်တမ်းတင်ဓာတ်ပုံပါများအရသိရပါတယ်။ နောက်အလှူရှင်များလဲ ရှိဦးမယ်ထင်ပါတယ်။ ဘီလျှံချီပြီး ချမ်းသာတဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက လှူတာတော့ မကြားရ မတွေ့ မိသေးပါဘူး။


ဒီပညာရေးရံပုံငွေပွဲတော်မှာ ထူးခြားတာက နိုင်ငံရေးအကျဉ်းသားဟောင်းများဘဝ ပြန်လည်ထူထောင်ရေးပြခန်းပါဝင်နေခြင်းပါ။  အကျဉ်းခံ သူရဲကောင်းများရဲ့  ဓာတ်ပုံများ၊ သူတို့ မိသားစုများရဲ့  ချို့ ငဲ့စွာ  နေထိုင်ရှင်သန်ရတဲ့မှတ်တမ်းဓာတ်ပုံများကို စာနာနားလည်လာအောင် တင်ပြထားတာတွေ့ ရပါတယ်။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွှတ်ဖို့ ကိုလဲ တောင်းဆိုထားတာ မြင်ကြရမှာပါ။

  


ပန်းချီပညာရှင်များကလဲ ပန်းချီရေးဆွဲဒါနပြုခဲ့ကြပါတယ်။ ပန်းချီကားချပ်တွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလက်မှတ်ရေးထိုးပေးခဲ့ကြောင်းလဲ သိရပါတယ်။ ဂီတပညာရှင်များ (ရေး၊ ဆို၊ တီး)တွေက အနုပညာလုပ်အားနဲ့ ဝိုင်းဝန်းကြပါတယ်။ ဒီပွဲမှာ မဇ္ဈိမလှိုင်း၊ အိုင်းရင်းခရော့၊ လေးဇီးကလပ်၊ အော်ရိုလာ၊ ပလပ်သရီး၊ အက်ဆစ်၊ ရွှေသံစဉ်၊ မေတ္တာရွှေစင်၊ Heaven Born ၊ Spectrum ၊ Too Big အစရှိတဲ့ တေးဂီတ (၁၀)ဝိုင်းက ပါဝင်တီးခတ်မှာဖြစ်ပါတယ်။ အဆိုတော်များကတော့ သျှီ၊ ထွန်းအိန္ဒြာဗိုလ်၊ သံသာဝင်း၊ နွဲ့ ယဉ်ဝင်း၊ ဘိုဘိုဟန်၊ ဆောင်းဦးလှိုင်၊
အနဂ္ဂ အစရှိတဲ့ စတူဒီယိုခေတ်ဦးမှ ဟစ်ဟော့ခေတ်အထိ အဆိုတော်ပေါင်း(၈၀)ကျော်ပါဝင်သီဆိုပြီး အနုပညာ ဒါနပြုမှာဖြစ်ပါတယ်။

အခမဲ့ ပညာဒါနကျောင်းများအတွက် ရံပုံငွေပွဲတော် လက်မှတ်များကို ဒီဇင်ဘာ၊၂၀၊ ၂၀၁၂၊နေ့ မှာ စတင်ရောင်းချပေးပါတယ်။
လက်မှတ်ရောင်းဌာနများကတော့...
(၁) အမျိုးသားဒီမိုကရေစီ ရုံးချုပ်
(၂) အရိန္နမာ စာရေးကိရိယာဆိုင်
(၃) Shoe Gallery
(၄) A.V Links (Tawwin Center)
(၅) ကောင်းကြိုက်ဒံပေါက်ဆိုင်များ
(၆) KoKo Beauty Saloon (Tawwin Center)
(၇) ပြည်သူ့ ရင်ပြင်
(၈) စွမ်းအင်ဖွံ့ ဖြိုးရေးဆိုင်ရာ ပညာဒါနကျောင်း (၃၅-လမ်း၊ကျောက်တံတားမြို့ နယ်) တို့ မှာ ရောင်းချပေးခဲ့ပြီး ဂီတပွဲအတွက် ကြည့်ခွင့်လက်မှတ်များ ကို (၁၅၀၀၀)ကျပ်၊ (၇၅၀၀)ကျပ် နှစ်မျိုးခွဲထားပြီး လက်မှတ် တစောင်ကို (၂) ရက်ကြည့်ရှုနိုင်တယ်လို့  သိရပါတယ်။

ပွဲတော်လာများအတွက် ဗဟုသုတဖြစ်ဖွယ် စာအုပ်များ အရောင်းခန်းလဲပါပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံပါ အမှတ်တရပစ္စည်းစုံအရောင်းခန်းများကလဲ ပွဲတော်ရဲ့ရှုမညီးဖွယ်အဖြစ် တန်ဆာဆင်ထားပါသေးတယ်။ အထူးခြားဆုံးနဲ့  ရင်ခုန်စရာအကောင်းဆုံးကတော့  လူထုချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရပစ္စည်း (၂) ခုကိုတေးဂီးတဖြေဖျော်ပွဲမှာ လေလံတင်ရောင်းချမယ့်အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။

 
မှတ်ချက်။    ။ သတင်းဓာတ်ပုံများကို အဆိုတော်-သျှီ၊ သံသာဝင်း၊ အောင်နေမျိုး၊ ဂျေပိုင်(ဧရာဝတီသတင်းဌာန)၊ မိုးဂျော်၊ အမျိုး သား ဒီမိုက ရေစီ အဖွဲ့ ချုပ်တို့ ရဲ့ ဖေ့စ်ဘုတ်မှကူးယူပါတယ်။ နိုင်ငံတကာရှိ မြန်မာနိုင်ငံသားများ အလှူပွဲအတွက် ဝမ်းမြောက်သာဓုခေါ်နိုင်ရန် ရည်ရွယ်၍ ဖော်ပြခြင်းဖြစ်သဖြင့် နားလည် ခွင့်ပြုပါရန် ကာယကံရှင်များအားတောင်းပန် အကြောင်းကြားအပ်ပါတယ်။
Posted by Aung Htet at 7:24 AM 0 comments  

Gaw Dee - Staire

နောက်ပြန်လှည့်ချင်လား…နောက်တန်းမှာပဲ ကစားခိုင်းမယ်
ဂျော်ဒီး
ဒီဇင်ဘာ ၂၆၊ ၂၀၁၂


ဒီနေ့ ..ဂျီးဒေါ် တို့ရွာမှာ  ရွာကွက် အုပ်ချုပ်ရေးမှူး  ရွေးဖို့ စိုင်းပြင်နေကြသည်..။ ရွာဂံတော်သမဒကြီးရဲ့   တတိယအဆင့် မဲပြာပုဆိုး..မဟာ အပြောင်းအလည်း   ဗျုဟာကြီးအရ..ဒီမိုကရေစီ  ရွာဂံတော် တပတ်ရစ်ကြီးကို တည်ထောင် ရာမှာ  အောက်ခြေပြည်သူလူထု အသံ ကိုနားထောင်ရမည်..တဲ့။ ဒါ့ကြောင့် ဂျီးဒေါ်တို့ ဆယ်အိမ်ခေါင်း “မူးအော်” က  လော်ကြီးနဲ့ လိုက်အော်နေသည်..။ တအိမ်တယောက်မလာမနေ ရ..။

အိမ်ထောင်ဦးစီးမှန်သမျှ..လာရောက်မဲပေးပြီး     ဆယ်အိမ်ခေါင်းရွေးပွဲကြီးက  ကျင်းပမည်တဲ့..။အရွေးခံ ရတဲ့ ဆယ်အိမ်ခေါင်း ..တွေထဲက မှ ရွာကွက်အုပ်ချုပ်ရေးမှူးကို  ရွေးကောက်တင်မြှောက်ရမည်..တဲ့..။ ဒီမိုကရေစီ တပတ်ရစ်နည်းကျ  အောက်ခြေကစရမည် ..တဲ့..။

ကြံကြံဖန်ဖန်  မေးတတ်သော  ရွာအနောက်ပိုင်းက သာဂိက“ရွာကွက် အုပ်ချုပ်ရေးမှူးတွေထဲကနေပြီးတော့ ..ရွာဂံတော်အုပ်ချုပ်ရေးမှူးကော ထပ် ရွေးရဦးမှာလား” လို့ မေးတော့…ဆယ် အိမ်ခေါင်း “မူးအော်”က ကပျာကယာ လက်ကာရှာဧ။်..။

“နိုး..နိုး.. ရွာဂံတော်အုပ်ချုပ်ရေးမှူး အတွက်ကတော့  ရွာဂံတော်အစိုးရအဖွဲ့ က  ခန့်ထားပေးမှာလေ။

ခင်ဗျားတို့ အောက်ခြေကနေ  စည်းမရှိ ကမ်းမသိ  ရွေးပေးလိုက်တဲ့သူကို ရွာဂံတော် အုပ်ချုပ်ရေးမှူးခခန့်လို့ရွာမှာ ငါးပါးတင်မက သံဃာစင် ပါ မှောက်သွားမှာပေါ့.ဗျ”                                   

ဂျီးဒေါ်ကား..နှုတ်မှထုပ်မပြောရဲသဖြင့် စိတ်ထဲမှ “.အော်..ရွာဂံတော် သမဒကြီး..သေသေချာချာ ရွေးခခန့်ထားတဲ့ ရွာထောင်စု အစိုးရလက် ချက်နဲ့ ဟို..လက်ပံတောင်းရွာစုမှာ  သံဃာစင်မှောက်ရုံမက..သံဃာစင်ပါ မီးလောင်တိုက်သွင်းခံရတာ..ကိုး”  လို့ တိုးတိုးလေး ရေရွတ်မိ သည်။

သာဂိကား  နှုတ်ပိတ်မနေ “ဒါဆိုလဲ  အရင် အနှစ် (၂၀) တုံးကလို  ဆယ် အိမ်ခေါင်းတွေရော..ရွာကွက် အုပ်ချုပ်ရေးမှူးတွေရော.. ခင်ဗျားတို့ ခန့်ချင်သလိုပဲ ခခန့်လိုက်ဗျာ..။ အခုမှ  အောက်ခြေက ရွေးရမယ်လေး..ဘာလေးနဲ့..။ တကယ်အရေးကြီးတဲ့နေရာကျတော့  ရွေးလို့ရတာ လဲ  မဟုတ်..။အလုပ်ပျက်တယ်..ဗျာ။ဟေ့ကောင်..သားလေး ဖိုးခွါး..အဖေ့ကိုယ်စား..အဲဒီလူတွေထဲက တယောက်ယောက်သာ ကြည့်ရွေးလိုက်စမ်းကွာ..။ အမြီးမပါရင်ပြီးရော…။ ဒင်းတို့က   စားဖို့သောက်ဖို့ မပူရဘူး..။ ငါတို့က လက်လှုပ်မှ ပါးစပ်လှုပ်ရမှာ..။သွားမယ်ဟေ့..” 

အီသို့ဖြင့် သာဂိကဲ့သို့သော  အမျိုးသားအိမ်ထောင်ဦးစီးများမှာ   ဆယ်အိမ်ဂေါင်းရွေးပွဲကြီးကျင်းပရာ ရွာထိပ်ညောင်ပင်ကြီးအောက်မှ  အ လျှို အလျှို  ထွက်ခွါသွားကြရာ..ဂျီးတော်တို့လို အမျိုးသမီးအိမ်ထောင်ဦးစီးများနှင့် ဆော့ကစားနေသော..ဖိုးခွါးတို့လို  အိမ်ထောင်ဦးစီးကိုယ် စားလှယ်တော်လေးများသာ  ကျန်ခဲ့လေတော့သည်..။

မူလလက်ဟောင်း  ဆယ်အိမ်ခေါင်းမူးအော်မှာ   သဘောကျနေသော မျက်နှာပြုံးကြီးကို  မဖုံးအုပ်နိုင်ရှာပဲ..စိတ်မကောင်းဟန်ဖြင့်..

“ကိုသာဂိတို့ အလုပ်ရှိလဲ  သွားကြပေါ့ဗျာ..။ ဒါမှ ..ကျုပ်စီမံချင်တိုင်းစီမံနိုင်မှာ..။ ကဲကဲ..ဆယ် အိမ်ဂေါင်းရွေးပွဲကြီးကို.. စလိုက်ကြစို့..။ ဂျီးဒေါ်တို့ အမျိုးသမီးတွေကတော့   အရွေးခံလို့  မသင့်တော်ပေဘူး။

ဘာလို့လဲ  ..ဆိုတော့  ရွာဂံဒေါ်ဖွတ်စီးပုံ အခြေခံဥပဒေအရ..စစ်ရေးအတွေ့ အကြုံ ရှိသူတွေကို  ဦးစားပေးရမယ်လေ..နော်။ အမျိုးသမီးတွေ က  စစ်ရေး အတွေ့  အကြုံဆိုလို့..သောက်ရေလောက် စစ်တတ်ကြတာကလား”

“ဘာ..ကျုပ်တို့ အမျိုးသမီးတွေ  စစ်ရေးအတွေ့ အကြုံ  မရှိဘူးပြောရအောင်..။ဘယ်မှာ ဘာစစ်ဖြစ်ဖြစ်ကျုပ်တို့ အမျိုးသမီးတွေ နဲ့ကလေး တွေအရင်ဆုံးခါးစည်းခံရတာ..။ကျုပ်တို့လောက်  စစ်ရေးအတွေ့အကြုံရှိတာ..ဘယ်သူရှိမတုံး..။ ဟို..ချုပ်မှူးကြီးတောင်  ..ကျုပ်တို့ လောက် စစ်ရေး အတွေ့ အကြုံမရှိဘူး။ မရဘူး.. ကျုပ်..အမျိုးသမီးဆယ်အိမ်ခေါင်းမကလို့ ဆယ့်ငါးအိမ်ဂေါင်း ဖြစ်ဖြစ်.. ၀င်အရွေးခံမယ်..။ ပြီးရင်အမျိုးသမီး ရွာကွက်အုပ်ချုပ်ရေးမှူး ၀င်အရွေးခံမယ်..။ ကျုပ်  တအိမ်လုံး  ကျုပ်စီမံအုပ်ချုပ်လာတာ..။ ဒီရွာကွက် လောက်တော့  အပျော့ပဲ.”

ဒေါ်အာကျယ် ရဲ့   ခပ်တင်းတင်း လေသံကြောင့်    ဆယ်အိမ်ဂေါင်း    မူးအော်..တယောက် နဲနဲဖြုံသွားသည်..။ သို့သော်..မသိကျိုးကျွံပြုကာ  ဖိုးခွါးတို့ ကလေးတသိုက်ကို  ချိုချဉ် တွေဝေရင်း ..သူရွေးစေချင်သည့်   လူနံမယ်ဘေးမှာ   အမှတ်ခြစ်ဖို့ သင်ပေးနေသည်..။ပြီးမှ..“အမေ အာကျယ်ရယ်..။ အလကား..စိတ်ရှုပ်ခံလို့ဗျာ..။ ဒီ..ဆယ်အိမ်ဂေါင်းတို့…ရွာကွက်အုပ်ချုပ်ရေးမှူးအလုပ်တို့ဆိုတာ..စိတ်ရှုပ်စရာဗျ..။ တော်ကြာ..ဟို..လင်မယားရန်ပွဲက လာတိုင်လိုက်..။ ဟို..အမူးသမားက ဘယ်နေရာမှာ ရမ်းကားဆဲဆိုနေလို့  …ဘာညာကွိကွ တွေ နဲ့..။ ကျုပ်တို့လို …လူမျိုးမှ  လုပ်နိုင်မှာ…။ ကျုပ်ကကျုပ်တို့ ဆယ်အိမ်စုမှာ ပြသနာ အရှာတတ်ဆုံးလူလေ..။နေ့တိုင်း..အိမ်မှာမူးပြီး  မိန်းမကို  ရိုက်ပုတ်တတ်တော့..ကျုပ်မိန်းမကလည်း..တခြားဆယ်အိမ်ခေါင်းကို  သွားတိုင်စရာ မလိုတော့ဘူး..။ကျုပ်လဲတခြားသွားအမှုရင်ဆိုင်စရာ မလိုတော့ဘူး..။စရိတ်ငြိမ်းတာပေါ့ ဗျာ”

ဂျီးဒေါ်က  စိတ်ပျက်လက်ပျက် လေသံနဲ့.. “ဘုရားရေ..မူးအော်ရယ်  နင်..မူးယစ်ရမ်းကားပြီး ရွာကွက်ထဲမှာ..သောင်းကျန်းနေရင်ကော  ငါတို့က  ဘယ်သူ့သွားတိုင်ရမတုံး”

“ကျုပ်ကိုပဲ  လာတိုင်ပေါ့ ဗျ..။ ကျုပ်က   မူးယစ် ရမ်းကားလိုက်..။ ရွာကွက်လူထုကတိုင်ရင် ကိုယ့်ဖာသာ အမှု ပြန်စစ်လိုက်ပေါ့..။ ကိုယ့် ပေါင်ကိုယ် လှန်ထောင်းတာ  သူများထောင်းတာထက် သက်သာတာပေါ့ ဗျ”

“အေး..နင်တို့အဲလို  လုပ်ချင်သလိုလုပ်လို့မရအောင်..ငါ အမျိုးသမီး ဆယ့်ငါးအိမ်ခေါင်း ၀င်အရွေးခံမှာဟဲ့ ..။ အာကျယ်တဲ့..တကျယ်ထဲရှိ တယ်..။ အမျိုးသမီးဆိုပြီး  အထင်မသေးနဲ့..”

မူးအော်က..မထီတရီမျက်နှာပေးဖြင့်.. “ခင်ဗျားဟာ ..ခင်ဗျား အချိန်ကုန်ခံပြီး  ၀င်အရွေးခံလဲ ခံပေါ့ဗျာ..။ ကျုပ်တို့ ရွာကွက် အုပ်ချုပ်ရေးမှူးက သူပဲ  ပြန်အရွေးခံရအောင်  သူ့သြဇာခံမယ့်…ကျုပ်တို့လို  ဆယ်အိမ်ခေါင်းတွေ အရွေးခံရဖို့.. စီစဉ်ပြီးသား..။

“လဒ..ကျီးမြှောက်..ကျီး..လဒ  မြှောက်.”.ဆိုသလိုပေါ့ ဗျာ…။ရွာဂံတော် အုပ်ချုပ်ရေးမှူးကလည်း သူ့စိတ်ကြိုက် မရမချင်း  ရွေးကောက်ပွဲ တွေ ထပ်ကာထပ်ကာ လုပ်ပြီး..သူ့စကားနားထောင်တဲ့ ကျုပ်တို့ကိုပဲ  ပြန်ရွေးဦးမှာ..ဟဲ..ဟဲ”

ပဲပြုတ်သည် ဒေါ်တုတ်ကလည်း…စိတ်ကုန်လှစွာ ရှုံ့ရှုံ့မဲ့မဲ့နဲ့ “ဒါ့ကြောင့်    ရွာဦးစေတီမှာ  လဒကြီး  တွေ လာနားတာကိုး..။ လဒတွေခေတ်စား နေတဲ့ ခေတ်ကြီးဆိုတော့လည်း..တည်မိတဲ့ဘုရား..လဒပဲ နားနား    ..လို့ သဘောထားနေရတာကိုး”

ဒေါ်အာကျယ်ကတော့  အလျှော့မပေး.. “နင်တို့  အဲဒီလို ဒီမိုကရေစီ  တပတ်ရစ်ကိုတောင်  နည်းလမ်းတကျ   မလုပ်ပေးရင်..ငါတို့ကလည်း ဆန္ဒဖော်ထုပ်ပွဲ တွေ  လုပ်ပြီး ကခန့်ကွက်မယ်ဟေ့”

“ကန့်ကွက်..ကန့်ကွက်..ဗျာ။ ရွာဂံတော် အစိုးရကြီးတောင်..ဒီလိုပဲ  ..အရင်ကအကျင့်တွေမပျောက်သေးတော့ ..ရာဇ၀တ်မှုတွေ ခဏခဏ  လုပ်မိတယ်...။ ဖုံးတန်တာ ..ဖုံးပေါ့.။ မီဒီယာခေတ်ကြီးမို့ ဖုံးကွယ်မရတော့လည်း..မသိချင်ယောင် ဆောင်နေ..။မသိချင်ယောင် ဆောင်နေ လို့မရအောင်..မီဒီယာတွေကအော်..ရွာသူရွာသားတွေက  အော်လာတော့လည်း..စုံစမ်းစစ်ဆေးရေး ကော်မရှင်လေး..ဘာလေးဖွဲ့ ပေး။ အဲလိုမှ ..မရရင်တော့လည်း…တရားဥပဒေရဲ့  အထက်မှာ ကော  အောက်မှာပါ..ကိုယ်ကလွဲရင်..ဘယ်သူမှ မရှိစေရ..ဆိုပြီးတော့..ကိုယ်ပဲ..တရားခံ..ကိုယ်ပဲ တရားသူကြီးလုပ်ပြီး  တရားစီရင်လိုက်..။ ဘယ်လောက်ကောင်းလဲ…။ဒါ ရွာဂံတော်တခုလုံး  အောက်ခြေအဆင့်ဆင့်ကအစ..အထက် အဆင့်ဆင့်အထိ…လိုက်နာရမယ့်  “ကိုယ့်ပေါင်ကို.ထောင်း..ဖွဖွထောင်း..”ဆိုတဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာ..ပေါ်လစီ ဗျ..။ မလိုက်နာနိုင်တဲ့သူတွေ   ကို  ရွာဂံတော်သမဒကြီးက နောက်တန်းမှာပဲ..ကစားခိုင်း..အဲ..အဲ..ဘောလုံးပွဲနဲ့ ရောသွားပြန်ပြီ....”

“အိုး..ငါကတော့ မတရားတာ ဆို  နဲနဲမှ မခံနိုင်ဘူး..။ မိုးထိပဲ ဒူးနဲ့ တိုက်ရ..တိုက်ရ..”  အော်ဟစ်နေသော..ဒေါ်အာကျယ်ကို..ဆယ်အိမ်ဂေါင်း  မူးအော်  လျှော့တွက်လို့ မရမှန်းသိသွားလေရာ..

“ကဲဗျာ..ခင်ဗျား..။ ဒီရွေးဂေါက်ပွဲကို မကျေနပ်ဖူး..ဆိုရင်..ဆန္ဒဖော်ထုပ်တာတွေ..မိုးကိုဒူးနဲ့တိုက်တာတွေတော့  လုပ်မနေပါနဲ့ဗျာ..။ဖွတ်စီးပုံ  အခြေဂံဥပဒေ  အရ..လူတိုင်း  ဆန္ဒဖော်ထုပ်ခွင့် ရှိတယ်..ဆိုပေမယ့်..နည်းဥပဒေဆိုတာကြီးနဲ့ ပြန်ချုပ်ပြီး  ပုဒ်မ(၁၈)ကြီး နဲ့ ပြန်ပိတ်ထားတာ..။ဒီလို လုပ်..ကျုပ်တို့   ဒီကိစ္စအတွက်..စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးမယ်..။စုံစမ်းစစ်ဆေးရေး  ကော်မရှင် ရဲ့  ပွင့်လင်းမြင်သာမှု  ရှိစေဖို့ လဲ   ပွင့်လင်းမြင်သာမှု ကော်  မ  ရှင် တရပ်လည်း.ဖွဲ့ ပေးဦးမယ်..။ပိုက်ဆံပေးရတာမှ  မဟုတ်တာဗျာ..စုံစမ်းစစ်ဆေးရေးကော်မရှင်တင်မကဘူး.. “မစုံမစမ်း ရမ်းသမ်းရှော့ကော်မရှင်  ”

တို့  “့..စုံစမ်းချင်ရာစုံစမ်း..တို့က စုံလုံးကန်းကော်မရှင်”တို့ ..အိုး..နံမယ်အမျိုးမျိုးနဲ့ကို  ပေါပေါသောသော ဖွဲ့ ပေးဦးမှာ…။သူတို့စုံစမ်းစစ်ဆေး နေတုံး..ကျုပ်တို့လဲ လုပ်ချင်ရာလုပ်ဖို့  အချိန်ရတယ်..။”

ဆယ်အိမ်ဂေါင်း  မူးအော်က  လည်ချောင်းတချက်  ရှင်းလိုက်ရင်း…
 “အဟမ်း..အဟမ်း အခု.. စုံစမ်းစစ်ဆေးရေး ကော်မရှင်..ကိုတော့  အများ  ယုံကြည်အောင်.. သမာသမတ်ကျတဲ့ ဂျီးဒေါ်ကို  ဥက္ကဌခန့်ပေး မယ်..။အဖွဲ့ ဝင်တွေကတော့..ကျုပ်မိန်းမရယ်..ကျုပ်သမီးရယ်. ကျုပ်သားရယ်ပေါ့..ကျေနပ်တော့နော်.။ အော်..နောက်ပြီး  ဒီကိစ္စတွေ  စုံ စမ်းရာမှာ   ပွင့်လင်းမြင်သာမှု ရှိအောင်.စစ်ဆေးနိုင်ဖို့. ဖွဲ့ ပေးတဲ့  ပွင့်လင်းမြင်သာမှု.ကော်မရှင်မှာ… ဥက္ကဌကတော့  ..ကျုပ်ပေါ့ ဗျာ”

“  ဟင်..ပွင့်လင်းမြင်သာမှုကော်မရှင်ဥက္ကဌ ကလည်း..နင်ပဲ ဆိုတော့..ပွင့်လင်းမြင်သာမှုက  တော်တော် ရှိမယ်..ပိန်းပိန်းပိတ်ကော်မရှင်လို့သာ နံမယ်တပ်လိုက်တော့။စုံစမ်းရေးကော်မရှင် ကလည်း..အများသဘောကျ တဲ့ ဂျီးဒေါ်ကလွဲလို့  ကျန်တာတွေကနင့်မိသားစု ၀င်တွေချည်းပဲ..”

“အော်..ဒေါ်အာကျယ်ရယ်..ရွာဂံတော် အဆင့် သယံဇာတထုပ်ဖော်ရေးဆိုင်ရာ  ပွင့်လင်းမြင်သာမှုကော်မရှင်မှာတောင်..ရွာဂံတော် သယံဇာတတွေ  အများဆုံး ခိုးထုပ်ရောင်းစားနေတဲ့..သူခိုးသီရိသူ့ ဓါးမ..ငတက်ပြားဦးပိုင်ကို ..ဥက္ကဌ ခခန့်ထားသေးတာ..။ဒီလောက်တော့ အပျော့ ပေါ့ နော်..။ဒါ..ရွာဂံတော် တခုလုံး အထက်အောက် တပြေးညီ ကျင့်သုံးနေတဲ့..ပေါ်လစီဗျ..။မလိုက်ပါလိုသူတွေ  ..…နောက်ပြန်လှည့်ချင်လား....နောက်တန်းမှာပဲ  ကစားခိုင်းမယ်..။ဒါပဲ…”
Posted by Aung Htet at 6:56 AM 0 comments  

Ok Linn - Cartoon

ငါတို့ လေယာဉ်ကြီး
ကာတွန်း - အိုကေလင်း
ဒီဇင်ဘာ ၂၇၊ ၂၀၁၂ 



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages