14th July - MoeMaKa Daily

14 views
Skip to first unread message

Maung Yit

unread,
Jul 14, 2012, 2:07:49 AM7/14/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ကပစ ၃ မှ သီးစားခမပေးပဲ ထွန်သည့်ကျေးရွာကို စစ်တပ်ဖြင့်ဝိုင်းထား
ဇူလိုင် ၁၄၊ ၂၀၁၂၊ မိုးမခ အထောက်တော် ရန်ကုန်
            ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ အမှတ် (၃) ပိုင် လယ်မြေများကို ၀င်ရောက်ထွန်ယက်သည့် လယ်သမားများ နေထိုင်ရာ ရွာသစ်ကုန်းကျေးရွာကို ယင်းစက်ရုံမှ စစ်တပ်အင်အား ၁၀၀ ကျော်ဖြင့် ယမန်နေ့နံနက်ကတည်းက ၀ိုင်းပိတ်ထားသည်ဟု လယ်သမားအရေး ဆောင်ရွက်ပေးသူ ကိုရဲထင်ကျော်က ပြောသည်။
အခင်းဖြစ်ပွားသည့် ကပစ (၃) ပိုင် လယ်မြေများမှာ ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အတွင်းတည်ရှိပြီး စစ်တပ်ဝိုင်းခံထားရသည့် ယင်းကျေးရွာတွင် အိမ်ခြေ ၈၀၊ ၉၀ ၀န်းကျင်ရှိသည်ဟုလည်း သိရှိရသည်။
ယခုကဲ့သို့ ၀ိုင်းပိတ်ခြင်း မပြုမီ ယခင်နှစ်များက သီးစားခ ပေးဆောင်ကာ လုပ်ကိုင်ခဲ့သည့် လယ်သမားများကို ကပစ (၃) စက်ရုံမှ စစ်သားများက တရက်နီးပါး ဖမ်းဆီးထားခဲ့သည့် အဖြစ်လည်း ဖြစ်ပျက်ခဲ့သည်။
လယ်သမားအရေး ဆောင်ရွက်ပေးသူ ကိုရဲထင်ကျော်က
“ တနေ့က လယ်တွေဆင်းထွန်တော့ ကပစ (၃) စက်ရုံမှူးနဲ့ စစ်သားတွေ ဆင်းလာပြီး လာတားတယ်၊ လယ်သမားတွေက အရင် သူတို့ သီးစားခပေးထားတဲ့ ပြေစာတွေရှိတယ်ဆိုတော့ ၊ ပြေစာရှိရင် မြို့နယ် မြေစာရင်းရုံးမှာ သွားရှင်းလို့ဆိုတယ်၊ အဲဒီနောက် လယ်သမားတွေ မြေစာရင်းရုံး အသွား ကပစ (၃) ကိုဖြတ်သွားရာမှာ အဖမ်းခံရတာပဲ” 
ဟု အဖြစ်အပျက်ကို ရှင်းလင်းပြောပြသည်။
ယင်းနေ့ညနေပိုင်းတွင် ကပစ (၃) မှ စစ်သားများက လယ်ထွန်နေသူများကို လိုက်လံဖမ်းဆီးခြင်း၊ လယ်စောင့်တဲများကို ဖျက်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့သည်ဟုလည်း ကိုရဲထင်ကျော်က ပြောသည်။
လယ်မြေများမှာ ၁၉၇၂ နှင့် ၁၉၈၉ ခုနှစ်ဝန်းကျင်များက  စစ်တပ်မှ သိမ်းယူခဲ့ခြင်းဖြစ်ကာ ယင်းလယ်မြေများကို  မူလပိုင်ရှင် လယ်သမားများက နှစ်စဉ် သီးစားခပေးကာ လုပ်ကိုင်ခဲ့ကြရသည်။ ယခုနှစ်တွင် သီးစားခ ပေးဆောင်ရန် မတတ်နိုင်တော့သဖြင့် နိုင်ငံတော် သမ္မတနှင့် အထက်တာဝန်ရှိသူများအား စာရေးသား တင်ပြခဲ့သည်။
သို့ရာတွင် ယင်းပြဿနာကို သက်ဆိုင်ရာမှ ဖြေရှင်းမပေးခဲ့သည့်နောက် ယခုလ ၁၂ ရက်နေ့တွင် ယင်းလယ်မြေများကို ကျေးရွာသားများက ၀င်ရောက်ထွန်ခဲ့ပြီး လယ်သမား (၇) ဦးကို တရက်ကျော်ကြာ ဖမ်းဆီးခြင်းနှင့် ကျေးရွာကို ၀ိုင်းပိတ်သည့် အဖြစ်အပျက် ဖြစ်ပျက်လာခြင်းလည်း ဖြစ်သည်။ ယခု လများအတွင်း လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်သည့် တိုင်ကြားမှုများ ၊ ဆန္ဒဖေါ်ထုတ်မှုများ မြန်မာနိုင်ငံအနှံ့အပြား၌ ပေါ်ထွက်လျှက်ရှိရာ အချို့မှာ ဆယ်စုနှစ် အတန်ကြာကတည်းက စစ်တပ်မှ သိမ်းဆည်းထားသည့် အမှုကိစ္စများဖြစ်၍ အချို့မှာ မကြာမီနှစ်များအတွင်း ပုဂ္ဂလိက ကုမ္ပဏီများက အကျိုးတူလုပ်ကိုင်ရန် အကြောင်းပြချက်ဖြင့် လယ်ယာမြေများကို သိမ်းယူလုပ်ကိုင်ခြင်းများ ဖြစ်သည်။
လယ်ယာမြေ ဥပဒေသစ်ကို ယခုနှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော်လည်း ယခင်အစိုးရလက်ထက် နှင့် ဆိုရှယ်လစ် အစိုးရလက်ထက်က သိမ်းယူခဲ့သည့် လယ်ယာမြေ ပြဿနာများစွာ ယခုအချိန်တွင် ပေါ်ထွက်လာနေဆဲဖြစ်ကာ ပြေလည်အောင် ပြေလည်အောင် ဖြေရှင်းရန် လိုအပ်နေဆဲ အခြေအနေလည်း ဖြစ်သည်။
Posted by MoeMaKa at 10:37 PM 0 comments  

Than Win Hlaing - Articles

သမိုင်းတကွေ့မှ ဂျီစီဘီအေခေါင်းဆောင်ကြီး ဦးချစ်လှိုင်
သန်းဝင်းလှိုင်
ဇူလိုင် ၁၄၊ ၂၀၁၂


၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက် မှ ၃၁ ရက်အထိ ပြည်တွင်ကျင်းပခဲ့သော ဝိုင်အမ်ဘီအေအသင်းကြီး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အဌမအကြိမ်မြောက်ညီလာခံတွင် လူမျိုးစုံ၊ ဘာသာပေါင်းစုံ နယ်ချဲ့ဆန့်ကျင်ရေးကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်စေရန်အတွက် ဝိုင်အမ်ဘီ အေကို မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီးဟု ပြောင်းလည်းခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအသင်းချုပ်ကြီးကို အင်္ဂ လိပ်ဘာသာဖြင့် General Council of Burmese Association ဟု ခေါ်သောကြောင့် အင်္ဂလိပ်စကားလုံးလေးလုံးမှ ထိပ်ဆုံးအက္ခရာများ ကိုယူ၍ အတိုကောက် ဂျီစီဘီအေ (G.C.B.A) ဟု အတိုကောက်ခေါ်တွင်ခဲ့ကြသည်။

ယင်းသို့ ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေဟုပြောင်းလဲဖွဲ့စည်းလိုက်သောအခါ ဂျီစီဘီအေ၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများမှာ ပို၍ တက်ကြွလာပြီး ပြင်းထန်လာသည့်လုပ်သားပြည်သူတို့၏ ပါဝင်အားပေးမှု၊ စည်းလုံးမှုကြီးထွားလာခဲ့မှုတို့ကြောင့် ဂျီစီဘီအေသည် မြန်မာ့ လွတ်လပ်ရေးကြိုပမ်းမှုသမိုင်း၌ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကြီးသဖွယ် ဖြစ်လာခဲ့လေသည်။ ဂျီစီဘီအေကို ဝံသာနုအဖွဲ့ချုပ်ကြီး ဟု လည်း အချို့ကခေါ်ဝေါ်ခဲ့ကြသည်။

ဂျီစီဘီအေ၏ရည်ရွယ်ချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးခေါ် တာဝန်ခံအုပ်ချုပ်ရေးရရှိရေး၊ အစိုးရထူးကြီးများတွင် မြန်မာတိုင်းရင်းသားများ ခန့် တားရေးနှင့် စီးပွားရေးလုပ်ငန်းများကို မြန်မာတိုင်းရင်းသားလုပ်ခွင့်အရေးတို့ဖြစ်သည်။ ဂျီစီဘီအေ၏ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး နည်းဗျူ ဟာမှာ အကြမ်းမဖက် အနုနည်းဖြင့် အာဏာဖီဆန်ရေး နည်းဗျူဟာပင်ဖြစ်သည်။

သို့ကတိုင် အမျိုးသားညီညွတ်ရးတပ်ပေါင်းစုကြီးသဖွယ်ဖြစ်ခဲ့သော ဂျီစီဘီအေ၏ပထမဆုံးဥက္ကဌမှာ ဦးချစ်လှိုင်ဖြစ်သည်။ ပထမတွင် ဂျီစီဘီ အေ၏ဥက္ကဌကို သမ္မတဟုသုံးနှုန်းခဲ့ကြသည်။ နောက်မှာ ဥက္ကဌဟုခေါ်ဝေါ်ကြသည်။ ဂျီစီဘီအေကို ခေါင်းဆောင်သူများမှာ ခေတ်ပညာတတ် လူများဖြစ်ကြသည်။

ဂျီစီဘီအေ၏ပထမဆုံးဥက္ကဌဖြစ်သည့် ဦးချစ်လှိုင်ကို ၁၈၇၉ ခုနှစ် ဇွန်လ ၉ ရက် တနင်္ဂလာနေ့တွင် မော်လမြိုင်မြို့ မုပွန်ရပ်၌ အဖသစ်ကုန်သည် သူဌေးဦးသာညှင်း၊ အမိဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ယောက်တွင် ဒုတိယမြောက်သားဖြစ်သည်။ ဖခင်ဦးသာညှင်းမှာ မွန်မြန်မာသူဌေးဦးပျော့၏သားဖြစ်၍ မော်လမြိုင်မြို့ သာသနဓရအသင်း (၁၈၉၉) ကို ငွေအင်အားဖြင့် အဓိကပံ့ပိုးသူတဦးဖြစ်သည်။ မိခင်ဒေါ်ရင်မှာ မြို့ဝန်မောင်စပ်ခေါ် သမိန်ဘရူး၏မြေးဖြစ်သည်။ ဦးချစ်လှိုင်၏ နှမဒေါ်နှင်းမြမှာ ဒိုင်ဟာခီအုပ်ချုပ်ရေး တွဲရေးအမတ်အဖြစ် မော်လမြိုင်မြို့မှ အရွေးခံ၍ ထင်ရှားသောအမျိုးသား ဝံသာနုခေါင်းဆောင်ဖြစ်သည်။

၇ နှစ်အရွယ်တွင် မြန်မာစာသင်တန်းကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ထို့နောက် မော်လမြိုင် အစိုးရအထက်တန်းကျောင်း၌ ဆက် လက်ပညာသင်ကြားခဲ့ပြီး ၁၈၉၄ တွင် ကာလကတ္တားဝင်ခွင့်စာမေးပွဲအောင်မြင်ခဲ့သည်။ ယင်းနှစ်၌ပင် ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာ သင်ကြား၍ အက်ဖ်အေခေါ် ဥပစာတန်း အောင်၍ ဝိဇ္ဇာတန်းစာမေးပွဲဖြေဆိုနေစဉ် အသက် ၂၀ အရွယ်တွင် ၂၈၉၈ တွင် အင်္ဂလန်ပြည်သို့သွား၍ ဝတ်လုံ ပညာသင်ယူခဲ့သည်။ အင်္ဂလန်မှ ဝတ်လုံဘွဲ့ရပြီးနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) သို့ဝင်ရောက်၍ အမျိုး ဘာသာ သာသနာရေးတို့ကို ဝင်ရောက်ဆောင်ရွက်ခဲ့သည်။

၁၉၁၄ မေလ ၁၀ တွင် ရန်ကုန်မြို့၌ကျင်းပသော ဝိုင်အမ်ဘီအေအသင်းချုပ်၏ နိုင်ငံလုံးဆိုင်ရာဒုတိယ နှစ်ပတ်လည်ညီလာခံသို့ မော်လမြိုင် ကိုယ်စားလှယ်အဖြစ် စတင်တက်ရောက်ခဲ့သည်။ ယင်းနောက် ၁၉၁၈ အောက်တိုဘာလ ၂၂ မှ ၂၄ ရက်အထိ မော်လမြိုင်မြို့တွင်ကျင်းပခဲ့သော ဝိုင်အမ်ဘီအေအသင်းချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ဆဌမအကြိမ်မြောက်ညီလာခံတွင် အသသင်းချုပ်ဥက္ကဌအဖြစ် ဦးချစ်လှိုင်အား ရွေးကောက်တင်မြောက်ခံသည်။

ထို့နောက် ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ထိ ပြည်မြို့တွင်ကျင်းပခဲ့သော ဝိုင်အမ်ဘီအေအသင်းကြီး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အဌမမြောက်ညီလာခံတွင် ဝိုင်အမ်ဘီအေအသင်းကို ဂျီစီဘီအေသို့ ပြောင်း လဲခဲ့ပြီး အသင်းချုပ်ကြီး၏ ပထမဆုံးဥက္ကဌအဖြစ် ဦးချစ်လှိုင်ကိုပင် ရွေးချယ်ခဲ့ကြသည်။ အသင်းချုပ်ကြီး၏ ဒုတိယဥက္ကဌအဖြစ် ဦးချစ်လှိုင်ကိုပင် ရွေးချယ်ခဲ့ကြသည်။ အသင်းချုပ်ကြီး၏ဒုတိယဥက္ကအဖြစ် ဦးဘစီနှင့် ရခိုင်အမျိုးသား ဦးစိန်လှအောင်၊ အတွင်းရေးမှူးအဖြစ် ဝတ်လုံဦးသင်းမောင်တို့ကို ရွေးချယ်ခဲ့ကြသည်။

၁၉၂၁ အောက်တိုဘာ ၂၁ မှ ၂၄ ထိ ဂျီစီဘီအေအသင်းကြီးချုပ်ကြီး၏ နဝမအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး ဥက္ကအဖြစ်ဦးချစ်လှိုင်ကိုပင် ဆက်လက်ရွေးချယ်ခဲ့ကြသည်။ မန္တလေးညီလာခံတွင် ဦးချစ်လှိုင်က ရွှေတိဂုံစေတီကုန်းတော်ပေါ်မှ အင်္ဂလိပ်ခံ တပ်ရွှေ့ပြောင်းပေးရန်၊ ဝှိုက်ကော်မတီနှင့် ဝေလမင်းသားအား သပိတ်မှောက်ရန် အမျိုးသားနေ့သတ်မှတ်ရေးနှင့် “ဟုမ္မရူး”ခေါ် အုပ်ချုပ်ရေး ကိုတောင်းဆိုရန် အဆိုတင်သွင်းရာ အသင်းကြီးကအတည်ပြုပေးခဲ့သည်။ သို့သော် ဂျီစီဘီအေအသင်းကြီး၏ဥက္ကဌကို အလှည့်ကျတာဝန် ပေးအပ်လိုရာမှ ဦးဘဘေနှင့် ဦးချစ်လှိုင်တို့ သဘောကွဲလွဲခဲ့ရသည်။

၁၉၂၂ ဇန်နဝါရီလ ၂ တွင် ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသား တိုင်းခန်းလှည့်လည်ရာမှ မြန်မာပြည်သို့ ရောက်ရှိလာခဲ့သည်။ ဝေလမင်းသားမ လာမီကပင် ဂျီစီဘီအေအသင်းချုပ်ကြီးက ဗြိတိသျှအိမ်ရှေ့မင်းသားအားမကြိုဆိုဘဲ သပိတ်မှောက်မည့်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရာ ဥက္ကဌဦး ချစ်လှိုင်နှင့် ဂျီစီဘီအေခေါင်းဆောင် (၉) ဦး အပြစ်ပေးခံခဲ့ရသည်။ ဦးချစ်လှိုင်အား ၁၉၂၁ ခု ဒီဇင်ဘာလတွင် တောင်ကြီးမြို့သို့ နယ်နှင် ဒဏ်အပြစ်ပေးခဲ့သည်။

၁၉၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဗြိတိသျှအစိုးရက မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေးပေးခဲ့သည်။ ၁၉၂၂ ဇူလှိုင်လ ၁၅ မှ ၁၆ ထိ ဂျီစီဘီအေ ဗဟိုအသင်းချုပ်အစည်းအဝေးကျင်းပ၍ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံသင့်၊ လက်မခံသင့် အငြင်းပွားခဲ့ကြသည်။

ယင်းနောက် ၁၉၂၂ သြဂုတ် ၂၆ မှ ၂၇ ထိ ရန်ကုန်မြို့ ဂျူဗလီဟောတွင် ဦးချစ်လှိုင်၊ သာယာဝတီဦးပု၊ ဦးထွန်းအောင်ကျော်တို့ကြီးမှူး၍ ဂျီစီ ဘီအေ အစည်းအဝေးကျင်းပပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံသည့် ဦးဘဘေခေါင်းဆောင်သည့် ၂၁ ဦး (ဦးဘဘေ၊ ဦးမောင်ကြီး (အမ် အေ)၊ ဦးသိမ်းမောင်၊ ဦးပု၊ ဦးကွန်း၊ ဦးသိန်းမောင်၊ ဦးကိုကို၊ ဦးဘဦး၊ ဦးမောင်ကြီး၊ ဦးငယ်၊ ဦးစိမ်း(မြန်မာ့အလင်း)၊ ဦးမောင်မောင်ကြီး၊ ဦးဘ ရင်၊ ဦးဘလှိုင် (လွယ်အိတ်ကြီး)၊ ဦးထွန်းဝေ၊ ဦးသင်းမောင်၊ ဦးထွန်းလှိုင်၊ ဦးသာလင်း၊ ဦးဘစိန်၊ ဦးလွန်းမောင်၊ ဦးမောင်မောင်အုန်းခိုင်)အဖွဲ့ကို ဆုံးဖြတ်ချက် (၃) အရ ဂျီစီဘီအေအသင်းချုပ်ကြီးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ချက် ပြဌာန်းခဲ့သည်။ ဤအချိန်မှစ၍ ဦးချစ်လှိုင်၊ သာ ယာဝတီဦးပု၊ ဦးထွန်းအောင်ကျော်တို့ ကြီးမှူးသည့် ဂျီစီဘီအေကို လှိုင်၊ ပု၊ ကျော် ဂျီစီဘီအေ (ဝံသာနု ဂျီစီဘီအေဟုလည်းခေါ်) ဟု အမည် တွင်ခဲ့လေသည်။

၁၉၂၂ နိုင်ဝင်ဘာ ၉ မှ ၁၀ ထိ လှိုင်ပုကျော် ဂျီစီဘီအေ (ဝံသာနု ဂျီစီဘီအေ) က နိုင်ငံလုံးဆိုင်ရာ ဒသမအကြိမ်ညီလာခံကို သရက်မြို့တွင်ကျင်း ပခဲ့ရာ ညီလာခံ၌ ဆရာတော်ဦးဥတ္တမက ဒိုင်အာခီအုပ်ချုပ်ရေးအရ ကျင်းပမည့်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် မိန့်ခွန်းပြောကြား၍ ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) ကို တောင်းဆိုသည့်အဆိုတင်ကို တင်သွင်းခဲ့သည်။ ထိုအချိန်မှစ၍ ဦးချစ်လှိုင်ဦးဆောင်သော လှိုင်ပု ကျော် ဂျီစီဘီအေသည် အစိုးရနှင့်မဆက်ဆံသောနည်းဖြစ်သည့် ဘူးအသင်းများ (ဒိုင်အာခီအုပ်ချုပ်ရေးကို အသိအမှတ်မပြုဘူး၊ အခွန်မ ပေးဘူး၊ အစိုးရနှင့် မဆက်ဆံဘူး) ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။ “ဘူး” အသင်းများသည် ဟင်္သတနယ်မှစ၍ ပေါ်ပေါက်ခဲ့သည်။

၁၉၂၄ ခုနှစ်တွင် ပုသိမ် ငဝန်ရေကာတာကျိုး၍ ရေးဘေးဒုက္ခအတွက် ဂျီစီဘီအေက အလှူငွေများထောက်ပံ့ခဲ့သည်။ အလှူငွေများစာ ရင်းရှင်းရာ ငွေကြေးအရှုပ်အထွေးများပေါ်ပေါက်ခဲ့ရာ သံဃာအချို့နှင့် လူကြီးများက ဘဏ္ဍာငွေများကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် ဦးချစ်လှိုင် အား အပြစ်တင်ခဲ့ကြသည်။ တဖန် ဦးချစ်လှိုင်နှင့် သာယာဝတီဦးပုတို့သည် သံဃာ့သြဝါဒကိုဆန့်ကျင်ကြသောကြောင့် ၁၉၂၅ တွင် ဂျီစီ ဘီအေဥက္ကဌအဖြစ် ရေနံချောင်းမြို့ တွင်းစားမျိုးရိုး ဦးစိုးသိမ်းကို သံဃာများက ရွေးချယ်ခဲ့သည်။ ဦးချစ်လှိုင်ကလည်း “အညမည သမ္ဗန္ဓအဖွဲ့” ခေါ် စင်ပြိုင်ဂျီစီဘီအေအဖွဲ့ကို တည်ထောင်ခဲ့သည်။ ဦးချစ်လှိုင်၏အဖွဲ့ကို သာယာဝတီဦးညေးယျ ဦးဆောင်သော သံဃသာမဂ္ဂီအဖွဲ့က အားပေးခဲ့ရာ (၁၁) ကြိမ်မြောက် ဂျီစီဘီအေနှစ်ပတ်လည်ညီလာခံကို ၁၉၂၄ မေ ၁၀ မှ ၁၃ ထိ ပေါင်းတည်မြို့၌ကျင်းပရာ ညီလာခံတွင် ဦးချစ်လှိုင်အား “သမ္မတ” ဘွဲ့ဖြင့် ဂျီစီဘီအေအသင်းချုပ်ကြီး၏ ဥက္ကဌတင်မြောက်ခဲ့ကြသည်။ တဖန် ၁၉၂၅ ဇွန် ၂၄ မှ ၂၆ ထိ မကွေးမြို့တွင် ဂျီစီဘီအေ၏ နိုင်ငံလုံးဆိုင်ရာ ၁၂ ကြိမ်မြောက်နှစ်ပတ်လည်ညီလာခံ၌ ဦးချစ်လှိုင်အား အမြဲတမ်းဂျီစီဘီအေဥက္ကဌအဖြစ် ရွေးချယ်ခဲ့သည်။ ဘဏ္ဍာငွေများကိုလည်း ဦးချစ်လှိုင်ဆန္ဒအတိုင်း အသုံးပြုနိုင်သော အခွင့်အာဏာများအပ်နှင်းခဲ့သည်။ ဦးချစ်လှိုင်သည် မြန်မာတဝှမ်းဝံသာနု တရားပွဲများ လှည့်လည်ဟောပြောစဉ် ရောက်ရာအရပ်၌ အမျိုးသားများက ရွှေထီးများ၊ ထီးဖြူများမိုးပေးခြင်း၊ အမျိုးသမီး များက ဆံပင်များ ကိုဖြန့်၍ လမ်းခင်းပေးခြင်း၊ ကရဝိတ် ဖောင်များဖြင့် ကြိုဆိုကြခြင်းများကို ပြုလုပ်သည်အထိ လေးစားကြည်ညိုခဲ့ကြသည်။ ထို့ကြောင့် မြန်မာပြည်၏ သရဖူမဆောင်းသောဘုရင်ဟု သတ်မှတ်ခံရသည်။ ဦးချစ်လှိုင်သည် ၁၉၂၈ နိုင်ဝင်ဘာလ ၂ တွင်ကျင်းပခဲ့သော ဒိုင်အာခီ ဘုရင်အုပ်ချုပ်ရေးစနအရ ကျင်းပခဲ့သော တတိယအကြိမ် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၁၉၂၉ ဇန်နဝါရီလ ၂၉ တွင် မြန်မာပြည်သို့ရောက်ရှိလာသည့် ဆိုင်မွန်ကော်မရှင်အား ဦးချစ်လှိုင် ဂျီစီဘီအေသည် ဦးစိုးသိမ်း ဂျီစီဘီအေနှင့် အတူ သပိတ်မှောက်ခဲ့သည်။

တွဲရေးခွဲရေးစတင်စဉ်က ဦးချစ်လှိုင်သည် ပွဲစားကြီးဦးမြတ်သာထွန်း၊ ဝတ်လုံဦးပေါ်ထွန်းတို့နှင့်တွဲ၍ (လှိုင်မြတ်ပေါ်အဖွဲ့) တွဲရေးဘက်ပါ ဝင်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် ဦးချစ်လှိုင် ဂျီစီဘီအေမှာနာမည်ရင်းပျောက်ပြီး လှိုင်မြတ်ကျော်အဖွဲ့ဟု ခေါ်ဝေါ်ကြသည်။ ၁၉၃၁ နိုင်ဝင် ဘာလမှ ၁၉၃၂ ဇန်နဝါရီလ ၁၂ ရက်အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ အထက်လွှတ်တော်၌ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယ မျက်နှာစုံညီ အစည်းအဝေးသို့ ဦးချစ်လှိုင်သည် မြန်မာကိုယ်စားလှယ် ၂၄ ဦးနှင့်အတူ တတ်ရောက်ခဲ့သည်။

၁၉၃၂ နိုင်ဝင်ဘာ ၉ တွင် ကျင်းပသည့် တွဲရေးခွဲရေးရွေးကောက်ပွဲတွင် တွဲဘက်မှ ဦးချစ်လှိုင် ဂျီစီဘီအေသည် ၂၀ ဦး အနိုင်ရ၍ ဦးချစ်လှိုင် သည် လွှတ်တော်ဥက္ကဌ ဖြစ်လာသည်။ ၁၉၃၂ ဒီဇင်ဘာ ၁၂ တွင် မြန်မာနိုင်ငံသည် ဥပဒေပြုလွှတ်တော် အစည်းအဝေးကျင်းပသည်။ ထိုအ စည်းအဝေးတွင် တွဲရေးခွဲရေးနှင့် စပ်လျဉ်း၍ ခွဲရေးအဆိုတစ်ခုနှင့် တွဲရေးအဆိုတစ်ခု တင်သွင်းသည်။ ခွဲရေးအဆိုတရပ်မှာ ယူနီဗာစီတီအမတ် ဦးထွန်းဖေတင်သွင်းသည့် မြန်မာပြည်ကို အိန္ဒိယပြည်မှအမြန်ခွဲခွာပေးရန်လိုလားကြ၍ ဗြိတိသျှအစိုးရစီမံပေး သောအုပ်ချုပ်ရေးကို လက်ခံ လိုသည်ဟူ၍ ဖြစ်သည်။ တွဲရေးအဆို ၅ ရပ်အနက် အဆိုတစ်ရပ်မှာ တွဲရေးအမတ် ရမ်းဗြဲဦးမောင်မောင်တင်သွင်းသည့် အိန္ဒိယပြည်မှ မြန် မာပြည်ကို ခွဲရန်စီမံခြင်းကို ဤလွှတ်တော်က ကန့်ကွက်သည်။ ထို့အပြင် အန္ဒိယနှင့် အမြဲတွဲဖက်ထားခြင်းကိုလည်း ဤလွှတ်တော်က အလို မရှိ မြန်မာပြည်သည် ခွဲထွက်လိုသောအခါ ခွဲထွက်ခွင့်ရှိရမည်ဟူ၍ ဖြစ်သည်။

လွှတ်တော်ဥက္ကဌ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုကိုလက်ခံပြီး တွဲရေးအဆို ၅ ရပ်ကို ပယ်လိုက်သည်။ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုနိုင်လျှင် ခွဲရေးနိုင်မည်။ ခွဲရေးအဆိုရှုံလျှင် တွဲရေးနိုင်မည်။ ဥပဒေပြုလွှတ်တော်တွင် တွဲရေးအမတ်များက ခွဲရေးအဆိုကို ကန့် ကွက်ပယ်ချလိုက်လျှင် တွဲရေးအလိုအလျောက် နိုင်ပြီဖြစ်သည်ဟု ယူဆခဲ့သည်။

ယင်းနောက် ၁၉၃၂ ဒီဇင်ဘာ ၁၃ တွင်ကျင်းပသော မြန်မာနိုင်ငံဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ဆာဂျေအေမောင်ကြီးက လွှတ်တော် ဥက္ကဌ ဦးချစ်လှိုင်အား အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ ထောက်ခံမဲ ၇၀၊ ကန့်ကွက်မဲ ၂၅ ဖြင့် အဆိုအနိုင်ရရှိသဖြင့် ဦးချစ်လှိုင်သည် လွှတ်တော်ဥက္ကဌအဖြစ်မှ ပြုတ်ကျ ခဲ့ရသည်။

၁၉၃၆ နိုင်ဝင်ဘာ ၁၀ မှ ၁၄ ထိ မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအောက်လွှတ်တော်အမတ် ရွေးကောက်ပွဲကျင်းပခဲ့ရာ ရွေးကောက်ပွဲ၌ ဝတ်လုံဦးပေါ်ထွန်းနှင့်တွဲ၍ယှဉ်ပြိုင်ခဲ့ရာ ဦးချစ်လှိုင် ဂျီစီဘီအေမှ ၁၂ ဦး အနိုင်ရရှိခဲ့သည်။ ယင်း နောက် ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဦးချစ်လှိုင်သည် အောက်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။

ဦးချစ်လှိုင်သည် လွှတ်တော်ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ၁၉၃၇ မတ်လ ၁၅ တွင် ငါးပွင့်ဆိုင် အဖွဲ့က ဒေါက်တာဘမော်ကြီးမှူးသော အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရာ ကန့်ကွက်မဲ ၅၆ မဲ၊ ထောက်ခံမဲ ၅၆ မဲ ရသဖြင့် မဲအရေအတွက်တူနေရာ လွှတ်တော် ဥက္ကဌ ဦးချစ်လှိုင်က မိမိမဲကို အစိုးရဘက်သို့ပေးလိုက်သဖြင့် အဆိုရှုံးနိမ့်ကာ ဒေါက်တာဘမော်အစိုးရလည်း မြဲခဲ့လေသည်။

ဦးချစ်လှိုင်သည် ၁၉၃၇ မေလ ၁၂ ရက်နေ့တွင် လန်ဒန်မြို့ ဘက်ကင်ဟမ်နန်းတော်၌ ကျင်းပခဲ့သော ဆဌမမြောက် ဂျော့ဘုရင်၏ ရာဇဘိ သိက်ခံယူပွဲသို့ တက်ရောက်ခဲ့သည်။ ဦးချစ်လှိုင်သည် ၁၉၄၂ ခုနှစ်တိုင် လွှတ်တော်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

ဂျပန်ခေတ်တွင် ဒေါက်တာဘမော် ဥက္ကဌအဖြစ်ဆောင်ရွက်သော ဗမာ့လွတ်လပ်ရေးစီစဉ်မှုကော်မရှင် အဖွဲ့တွင် အဖွဲ့ဝင်နှင့် ၁၉၄၃ သြဂုတ် ၅ ရက်နေ့တွင် အဓိပတိ ဒေါက်တာဘမော်၏ အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံရသည်။

ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာချိန်တွင် ဘုရင်ခံ ဒေါ်မန်စမစ်၏ အတိုင်ပင်ခံ ဥပဒေပြုကောင်စီအဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခံရသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက်တွင် နိုင်ငံရေးဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၉၅၁ ဇွန် ၁၂ တွင် လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် မော်လမြိုင်မဲဆန္ဒနယ်မှ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ အတိုက်အခံအမတ်အဖြစ် ဆောင်ရွက်နေစဉ် မွန်အမျိုးသားခေါင်းဆောင် မွန်ဦးဖိုးချို ဦးဆောင်သော မွန်တိုင်းရင်းသားများက ဖဆပလအစိုးရအား သီးခြားမွန်ပြည်နယ်တောင်းဆိုခဲ့ရာ ဦးချစ်လှိုင်သည် ဆာဂျေအေမောင်ကြီး ဓါတုပေဒဝန် (အငြိမ်းစား) ဦးချစ်သောင်တို့နှင့်အတူ ကန့်ကွက်ခဲ့သည်။ မွန်စာ ပေ၊ မွန်ယဉ်ကျေးမှု မပျောက်ပျက်ရေးအတွက်သာ ဖဆပလအစိုးရက ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ၁၉၅၁ ခုနှစ် တွင် ဦးဘဘေ (ဘကြီးဘဘေ)၊ ဦးပု (နန်းရင်းဝန်ဟောင်း) တို့နှင့်ပူးပေါင်း၍ ပြည် ထောင်စုမြန်မာနိုင်ငံအဖွဲ့ (The Union Of Burma League) ကို တည်ထောင်ခဲ့သည်။ ၁၉၅၂ ခုနှစ် မတ် ၁၂ တွင် နိုင်ငံတော်သမ္မတရွေး ကောက်ပွဲ၌ အတိုက်အခံအမတ်များက ဦးချစ်လှိုင်အား သမ္မတလောင်းအဖြစ် အဆိုပြုခဲ့သော်လည်း ဖဆပလအစိုးရကပယ်ချ၍ တရားလွှတ် တော်ဝန်ကြီးချုပ် ဆာဘဦးအားရွေးချယ်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ် သြဂုတ်လတွင်ကျင်းပခဲ့သော ပါလီမန်ဘတ်ဂျက်အစည်း အဝေးသည် ဦးချစ်လှိုင် နောက်ဆုံးတက်ရောက်ခဲ့သော ပါလီမန်အစည်းအဝေးဖြစ်သည်။

ထို့နောက် ဦးချစ်လှိုင်သည် ၁၉၅၂ အောက်တိုဘာလ ၃၁ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ ဓမ္မစေတီလမ်း အမှတ် ၁၈၅ နေအိမ်၌ ရုတ်တရက်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်အိနှင့် သမီးနှစ်ဦး ဒေါ်မြင့်မြင့် (ဦးဖေသန်း)၊ ဒေါ်လှလှ (ဦးခင်မောင်မောင်)တို့ ကျန် ရစ်ခဲ့သည်။ ဦးချစ်လှိုင်၏ ပထမဇနီးမှာ ၁၉၂၀ ပြည့်နှစ်ကပင် ကွယ်လွန်သွားခဲ့လေသည်။

ကိုးကား
(၁) မြန်မာ့ ရက်စဉ်သမိုင်း (ပတွဲ၊ဒုတွဲ) သမိုင်းသုတေသနဦးစီးဌာန၊ ပကြိမ် ၂၀၀၉။
(၂) မြန်မာ့စွယ်စုံကျမ်းတွဲ (၂) စာပေဗိမာန်၊ ၁၉၇၇။
(၃) မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၊ Unity စာပေ ၂၀၁၀။
(၄) သန်းဝင်းလှိုင်၊ အနှစ်ချုပ် မြန်မာ့သမိုင်းအဘိဓါန် (ပထမတွဲ) ပကြိမ် ပညာရွှေတောင်၂၀၁၀။
Posted by Aung Htet at 9:52 PM 0 comments  

Firefox, Chrome, Zawgyi and MoeMaKa under attack


 မီးလျံမြေခွေးကို ထားရစ်ခဲ့၊ ခရိုမ်းပေါ်က ဇော်ဂျီ ပြီးတော့
မိုးမခ၀ဲစားခြင်း အင်တာနက် အတိုအထွာ
လောကဓာတ်ခန်းသာဂိ၊ ဇူလိုင် ၁၄၊ ၂၀၁၂

၁) ဖိုင်းယားဖောက်စ်ကို အပ်ဒိတ်လုပ်လိုက်တာ ဇော်ဂျီနဲ့ စာတွေ ဖတ်လို့ မရတော့ဘူး။ ဒါဆိုရင် ဖိုင်းယားဖောက်စ် အဟောင်းကို filehippo.com မှာ သွားရှာပြီး ပြန်တင်ပြီး သုံးလို့ ရတယ်။

၂) မီးလျံမြေခွေးမှာ မြန်မာစာစစ်စစ်ကြီးတွေဖြစ်တဲ့ ယူနီကုတ်ဖောင့်တွေကို ဖော်ပြပေးနိုင်တယ်။ မြန်မာသရီးတို့၊ ဧရာဖောင့်တို့ သုံးစွဲ တင်ဆက်သူတွေအတွက် ပြသနာမဟုတ်ပေမယ့် ဇော်ဂျီနဲ့ အဆင်ပြေနေသူတွက်အတွက် google chrome ကို ပြောင်းသုံးစွဲကြဖို့ အကြံပေးပါရစေ။

၃) Chrome မှာ default font တွေ အစား ဇော်ဂျီဖောင့်တွေအဖြစ် ပြောင်းပြီး ဆက်တင်တွေ ချိန်းလိုက်ရင် အရင်တုံးက ဖိုင်းယားဖောက်စ်လိုပဲ ဇော်ဂျီဖောင့်တွေ ဖလန် ဖလန်း ထနေပါလိမ့်မယ်။ ပြီးတော့ မြန်မာသုံးတို့ ဧရာတို့ကလည်း ဆက်ပြီး ဖတ်လို့ရပါမယ်။


 Google Chrom > Setting > Show Advanced Setting > Customize Fonts


 ၄) မိုးမခက မြန်မာသရီး မပြောင်းသေးဘူးလား ဆိုရင်တော့ ပြောင်းတော့ ပြောင်းရမယ်။ ကီးဘုတ်က ဇော်ဂျီ ရိုက်သလို ရိုက်ရတာမျိုး ဖြစ်ပြီးတော့ ဖောင့်တွေကလည်း ကော်ပီအင် ပေ့စ်လုပ်ရတာ၊ ကွန်ဗတ် လုပ်ရတာ အဆင်ပြောလာရင် မိုးမခလည်း မိုးမခပွိုင့်သရီးအို အဖြစ် ပြောင်းမှာပါ။ လောလောဆယ်တော့ မြန်ကောင်း သက်သာ လွယ်ကူ ဇော်ဂျီဖောင့်ပဲ သုံးနေဦးမယ်။


၅) မိုးမခကိုလည်း စပိုင်ဝဲတွေ ကိုက်တယ်။ အခု မိုးမခဒေါ့ကွန်လည်း ၀ဲစားသွားပြီ လို့ ရှက်ရှက်နဲ့ ၀န်ခံရမှာပဲ။ မနေ့က မနက် ၄ နာရီခွဲမှာ မိုးမခကို ၀ဲတွေ ၀င်ကိုက်တယ်။ (spyware malware Trojan) အဲသည် ၀ဲတွေ ကိုက်လိုက်တာ မိုးမခလည်း ၀ဲစားပြီး တဗျင်းဗျင်း ကုတ်လိုက်ရတာ၊ ကုတ်တွေကို ရှင်းလိုက်ရတာ တနေကုန်သွားတယ်ဗျာ။ အခုတော့ ၀ဲကုတ်ထားတဲ့ အရေခွံလန်နေတဲ့ မိုးမခဒေါ့ကွန်ကို လူတွေကြားထဲ ပြန်လှန်ထားတယ်။ ပြန်လွှတ်ပေးထားတယ်။
အေးဗျာ။ ၀ဲမကိုက်အောင် ဘယ်လိုလုပ်မလဲလို့ ၀ဲစားကြီးသာဂိကို လာမေးရင် လူချစ် လူခင်များအောင်နေ၊ သူများ မုန်းအောင် မနေနဲ့လို့ ပြောရမှာပဲ။ ရိုဟင်ဂျာအရေးမှာ မြန်မာပြည်တွင်းက မီဒီယာတွေနဲ့အတူ  လိုက်ဟောင်လိုက်မိတဲ့ မီဒီယာဂုတ်ကျား မိုးမခလည်း ဒီတခါတော့ ၀ဲကိုက်တာ ခံလိုက်ရတယ်လို့ ပြောရမယ်။ ဟဲဟဲ။ မီဒီယာဆိုတာ ဘက်မလိုက်ရဘူး ဘာညာဆိုပြီး အမြီးကုတ်ပြထားမိရင်တော့ ၀ဲကိုက်မယ် မဟုတ်ဘူး။
အင်း … ၀ဲဆိုတာလည်း စွဲမိရင် ဖြတ်ရခက်သားလား။

၆) အင်တာနက် စာဖတ်သူများ ၀ဲများ၊ ဗိုင်းရပ်ပိုးများဘေးက ကင်းကြပါစေ။ AVG  က ဖရီးဝဲဗျ။ ဒေါင်းလုပ် လုပ်ပြီး ကိုယ့်စက်တွေကိုယ် စစ်ဆေးထားကြပါ။

ပုံ
ဝဲစားကြီး အဲလေ လောကဓာတ်ခန်းသာဂိ
Posted by MoeMaKa at 9:46 PM 0 comments  
Labels: TechnologyTheGeek

ATH - Poem

အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်
အေတီအိတ်ခ်ျ
ဇူလိုင် ၁၄၊ ၂၀၁၂


အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်
လယ်တွေ၊ ယာတွေ၊
ချောင်းတွေ၊ မြစ်တွေ
လက်ညှိုးထိုးရောင်းလိုက်ကြတာ
အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်။

ကြီးပွားချင်လွန်းလို့
ထီထိုးချဲထိုးနဲ့
လမ်းရိုးလိုက်ခဲ့သမျှ
အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ်။

ဓမ္မနဲ့ အဓမ္မ
သဘာဝဂေဟ ... ဆိုတာတွေက
ငါတို့ခေတ်မှာ
ယုံရခက်ကြီးပါ
အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာကိုပဲ နာတယ်။

ဆယ်နွေ ဆယ်မိုးမက
နွေပေါင်း မိုးပေါင်းများစွာ
အာဏာရှင်တွေ တယောက်ပြီးတယောက်
ပေါ်လိုက် ပျောက်လိုက်
ဒင်းတို့နဲ့ မပေါင်းလိုက်ရတာ နာတယ်။

ထမင်းတလုပ်အတွက်
ရွံ့ထဲ ဗွက်ထဲမှာ နွားနဲ့ဖက် ရုန်းလို့ရုန်း
သားရေဖိနပ်မှာ အ၀တ်ကြိုးတပ်ပြီး စီးတဲ့အခါ စီး
ကျောတပြင်လုံး ဟောင်းလောင်းပွင့်လည်း
အရောင်မထွက်တဲ့ စွပ်ကျယ်ချိုင်းပြတ်ကိုပဲ
ဖန်တရာတေအောင် ၀တ်ခဲ့တယ်
ငါတို့တတွေ
နေရိပ်ရဖို့ အရေး
နေပူက စောင့်ကြရမယ်ပေါ့။

ကဲ အခုကြည့်
သူတို့ပဲ ပညာတတ်
သူတို့ပဲ လူတွင်ကျယ်
ငါတို့တွေက စာမတတ်ပေမတတ်
ငါတို့ကလေးတွေ
လူရာမ၀င်
ဒင်းတို့တတွေ
စာချပေးမှ ငါတို့က ရမယ့်ပုံမျိုး
လူလုံးပြနေကြတာ။

ပြီးတာတွေ ပြီးပါစေတော့
ဒီမိုကရေစီခေတ်မှာ
အခွင့်အရေးတန်းတူတဲ့
လူယဉ်ကျေးတွေက
ပြောရက်ကြပေတယ်။

ငါလေ
တစိမ့်စိမ့်တွေးလေ
အာဏာရှင်တွေနဲ့ မပေါင်းလိုက်ရတာ နာတယ် ...။
Posted by Aung Htet at 9:24 PM 0 comments  

Ku Mojo - Cartoon

သမတဖြစ်ရတာလည်း မသက်သာ
ကူမိုးကြိုး
ဇူလိုင် ၁၄၊ ၂၀၁၂

Posted by Aung Htet at 9:17 PM 0 comments  

Photo News

ဦးဝီရသူ ရခိုင်ခရီးစဉ်
မိုးမခမိတ်ဆွေ
ဇူလိုင် ၁၄၊ ၂၀၁၂


၁၀-၇-၂၀၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဆရာတော်ဦးဝီရသူသည် စစ်တွေမြို့၊ လေဆိပ်အနီးရှိ အလိုတော်ပြည့်ကျောင်း တိုက်မှာ တည်းခိုနေထိုင်ပြီး၊ ရွှေစေတီနှင့် ရဲကျော်သူဒုက္ခသည်စခန်းတို့သို့ သွားရောက်စုံစမ်းခဲ့ကြောင်း၊ မီးလောင်၍ပျက်စီးသွားသော အိမ် ယာများကို သွားရောက်ကြည့်ခဲ့ကြောင်း သိရပါသည်။






၁၁-၇-၂၀၁၂ရက်နေ့ မနက်တွင် ရွှေစေတီဒုက္ခသည်စခန်းသို့ ထပ်မံကြွရောက်ကာ မီးရှို့ခံရခြင်း မြို့ဖျက်ခံရခြင်းတို့ကြောင့် အိုးအိမ်ဆုံးရှုံး ပျက်စီးသွားသော မိသားစုများ အဖိုးအဖွားများ ကိုယ်ဝန်ဆောင် မိခင်များ မီးဖွားပြီးစ မိခင်များ နာတာရှည်များ အပါအ၀င် ဒုက္ခသည်အားလုံးကို နှစ်သိမ့်အားပေးခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

၁၁-၇-၂၀၁၂ရက် မွန်းလွဲပိုင်းတွင် ရဲကျော်သူဒုက္ခသည်စခန်း အပါအ၀င် ဒုက္ခသည်စခန်းပေါင်း ငါးဌာနသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ကျောင်းတိုက်  ဒုက္ခသည်ဦးရေ  အလှူငွေ
ရွှေစေတီကျောင်း  ၁၀၈၂ ဦး  ၂၅ သိန်း
ဦးရဲကျော်သူကျောင်း  ၇၁၂ ဦး  ၅၇၀၀၀၀ ကျပ်
ဂြစ်ချေကျောင်း  ၂၈၇ ဦး  ၈၂၀၀၀၀ ကျပ်
မဏိရတနာကျောင်း  ၅၉၄ဦး  ၃၁၀၀၀၀ ကျပ်
အသောကာရုံကျောင်း ၂၀၀ ဦး  ၂၃၀၀၀၀ ကျပ်
ခေမာမဏ္ဍိုင်ကျောင်း ၃၀ ဦး  ၉၀၀၀၀ ကျပ်
ဂြစ်ဘက်ကျောင်း  ၁၄၃ ဦး  ၄၈၀၀၀၀ ကျပ်

၁၁-၇-၂၀၁၂ ရက် စုစုပေါင်းလှူဒါန်းငွေ ၅၀၉၀၀၀၀-ကျပ်

စာဖြင့် (သိန်းငါးဆယ့်ကိုးသောင်းကျပ်)

မန္တလေးမြို့၊ ဈေချို ရွှေဆိုင်တန်း မိုးကုတ်ကျောက်မျက်ရတနာ ရွှေဆိုင်ပိုင်ရှင် ဦးဝင်းမောင် + ဒေါ်မာလာတို့မှ အလှူငွေ ၂၆၀၀၀၀ ကျပ်၊ ရန် ကုန်တိုင်း၊ သင်္ကန်ကျွန်းမြို့နယ်မှ ဦးမောင်မောင် + ဒေါ်အိမိသားစု မှအလှူငွေ ၂၆၀၀၀၀ ကျပ် ပါဝင်လှူဒါန်းကြကြောင်းသိရပါသည်။
Posted by Aung Htet at 8:55 PM 0 comments  

satans on our shoulders

နိုင်ငံသားတို့ ပခုံးထက်က နတ်ဆိုးများ 
ဇော်သက်ထွေး / ပြည်သူ့ခေတ်ဂျာနယ်
ဇူလိုင် ၁၄၊ ၂ဝ၁၂


ကျွန်တော်တို့ တိုင်းပြည်သည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် ပုံရိပ် အကောင်းဆုံး အခြေအနေမှ နိမ့်ကျသည့် စိတ်အခြေအနေများကြောင့် ပြည်တွင်းစစ် အမျိုးမျိုးကို ရင်ဆိုင်ကာ ဆင်းရဲတွင်းထဲသို့ သက်ဆင်းခဲ့ရပြီး ဖြစ်သည်။ ယခုအခါ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် ပြုလုပ်နေသော်လည်း တိုင်းပြည်အပေါ် မထောက်ထား မညှာတာသည့် နတ်ဆိုးများကိုလည်း တွေ့မြင် နေရပါသည်။ ယင်းနတ်ဆိုးများသည် မည်သည့်ခေတ် မည်သည့် အခြေအနေကို ရောက်နေသည်ဖြစ်စေ အတ္တ ဗဟိုပြုဝါဒကို ကိုင်စွဲကာ ဘ၀ကို တန်ဖိုး မဲ့ ဖြတ်သန်း နေကြသူများ ဖြစ်ပါသည်။ နိုင်ငံသားတွေ၏ ပခုံးထက်တွင် တက်ထိုင်နေကြသော နတ်ဆိုးများအကြောင်းကို ဖော်ပြချင်ပါသည်။

၁။ ဆူပူရန် အင်တာနက်အပေါ်မှာ လှုံ့ဆော်သူများ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အကြောင်းပြု၍ အင်တာနက်၊ Facebook စာမျက်နှာများပေါ်တွင် ရေးသား ဖော်ပြသည့် သတင်းအမြောက်အမြားကို ဖတ်ရှုခဲ့ရပါသည်။ ယင်းသတင်းများနှင့် ပတ်သက်၍ မှတ်ချက်များ ရေးသားကြရာတွင် ပြဿနာ ချုပ်ငြိမ်းစေသည့် အဖြေကို ရှာဖွေသည့် အားထုတ်မှုမျိုး အနည်းငယ်သာ တွေ့ရပြီး အများစုက လက်တုံ့ပြန် လက်စားချေရန်သာ ဖိအားပေး ရေးသားသည်ကို တွေ့ရပါသည်။

Facebook စာမျက်နှာတွင် ကြိမ်းမောင်းသံ၊ ခြိမ်းခြောက်သံများ မိုးမွှန်နေပါသည်။ ဖတ်ရှုသူများ ဒေါသထွက် သွေးကြွလာစေရန် ယခင်နှစ်များစွာက လူသေအလောင်းပုံတွေကို တင်တဲ့ သူက တင်ပါသည်။ သတင်းမှားတွေကို ပေးတဲ့ သူက ပေးပါသည်။ သူတို့ ဘာကို ရည်ရွယ်ပါသလဲ။ သူတို့ ဘာကို ဖြစ်ချင်ပါသလဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို လည်း တောင်းခံနေသည်။ ထင်ရှားသည့် နယ်ပယ်အသီးသီးမှ ပုဂ်္ဂိုလ်များလည်း မနေရ။ အော်ပီကျယ်တောင် ဘာမှမပြော၍ ပြစ်တင် ကြိမ်းမောင်းခံရသည်။ သဘောထားကို လွတ်လပ်စွာ ပြောဆို၍ သဘောမတွေ့လျှင်လည်း ၀ိုင်းဝန်း အပြစ်တင်တာ ခံရမည်။

တစ်မျိုးသားလုံးအတွက် အန္တရာယ်ကျရောက်တော့မည် အခြေအနေဆိုလျှင်လည်း ကျွန်တော်တို့ စနစ်တကျ တုံ့ပြန်တတ်ဖို့တော့ လိုပါသည်။ ဒုက္ခသည် စခန်းတွေက သားသည် မိခင်တွေဆီ အရောက်သွားပြီး ကူညီခြင်းက လက်တွေ့ပိုပြီး ကျပါသည်။ လက်စားချေ မှုတွေ၊ သွေးထွက်သံယိုမှုတွေ၊ ဆူပူ အကြမ်းဖက်မှုတွေကို လိုလားနေပါသလား။ မြင်တွေ့ချင်နေပါသလား။ ဤသို့ ဖြစ်နေလျှင် မိမိစိတ် အခြေအနေကို ပြန်လည် ဆန်းစစ် အဖြေရှာသင့်ပြီ ဖြစ်ပါသည်။

၂။ အနောက်လေ တိုက်ခတ်နေသော မီဒီယာများ

ရခိုင်ပြည်နယ်တွင် လူနေအိမ်များ မီးရှို့ခံရသည့် သတင်းများနှင့် ပတ်သက်၍ ပြည်ပ မီဒီယာတချို့သည် လူနည်းစု ရိုဟင်ဂျာများအပေါ် လူများစုက အနိုင်ကျင့် လုယက် သတ်ဖြတ်နေကြောင်း ကမ္ဘာကို ဖော်ပြခဲ့သည်။ တချို့က ရိုဟင်ဂျာ ပြည်နယ်ဟုပင် ရေးလာကြသည်။ ဒေသခံ ရိုဟင်ဂျာ လူမျိုးများကို တစ်ဖက်နိုင်ငံရှိ လူများမှ တိုက်ခိုက်ဟု ရေးကြသည်။ အမှန်တကယ် မသိဘဲ သတင်းတွေကို ရေးသားနေကြ ပါသလား။ သို့မဟုတ်လျှင် နိုင်ငံတကာမှ မည်သည့် ဇာတ်ညွှန်းမျိုးကို ရေးသား လိုပါသလဲ။ နိုင်ငံသား အားလုံး သတိထားကြရတော့မည် ဖြစ်ပါသည်။

လူတစ်စု သို့မဟုတ် ဒုက္ခရောက်နေသော မည်သူကိုမဆို ကျွန်တော်တို့ စာနာ နိုင်ကြပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံတွင် လိုက်နာရမည့် စည်းကမ်းများ၊ ဥပဒေများ ရှိပါသည်။ ဥပဒေများက နိုင်ငံသားဖြစ်ခွင့် မရှိဟုဆိုလျှင် ဥပဒေအတိုင်း လက်ခံရမည်။ နိုင်ငံသားဖြစ်ခွင့် ရှိလျှင်လည်း ဤအခွင့်အရေးကို လေးစားရမည်။ သို့သော် အဝေး တစ်နေရာမှ ဇာတ်ညွှန်း ရေးသားခြင်းမျိုးကို လက်မခံနိုင်ပါ။

လူနည်းစုကို လူများစုက အနိုင်ကျင့် အကြမ်းဖက်သည်ဟုဆိုလျှင် မြောက်ဦး၊ မင်းပြား၊ အမ်းမြို့များတွင် ဘာကြောင့် အကြမ်းဖက်မှု မဖြစ်ပါသလဲ။ လူသားချင်းစာနာမှုနှင့် ကူညီဖေးမမှုကို ပေးနိုင်ပါသည်။သို့သော် အမိနိုင်ငံ၏ အချုပ်အခြာနှင့် နယ်မြေကိုတော့ မပေးနိုင်ပါ။ ဤသို့သာ တစ်စတစ်စပေးရလျှင် နောင်နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းများ ပျောက်ကွယ်သွားပါလိမ့်မည်။

ပြဿနာပေါင်းစုံ ကြားထဲတွင် မီဒီယာများနှင့် ချိန်ကိုက် ဆောင်ရွက်နေသော NGO မျက်နှာဖုံးတပ် ယူဂျီများကိုလည်း အထူးသတိထားရပါလိမ့်မည်။NGO များသည် လူမှု ဒုက္ခ ရောက်နေသော နေရာများတွင် လှုပ်ရှားသွားလာခွင့်ရနေ၍ အလေးထား ပြောရခြင်း ဖြစ်ပါသည်။ NGO စစ်စစ်များက လူသားချင်းစာနာသည့် အကူအညီများ ပေးကြသော် လည်း NGO ကာဗာတင်ပြီး Organization Land တည်ဆောက်မည်ဆိုပါက လက်ပိုက်ကြည့်နေ၍မဖြစ်။ ကာကွယ်တားဆီးကြရမည် ဖြစ်ပါသည်။ ဤအချက်တွေကို ပြည်ပ မီဒီယာတချို့က သိသိကြီး ဖြစ်ပါလျက် အချက်အလက် အမှန်များကို လျစ်လျူရှုကာ မိမိလိုသလို ကောက်ချက်ဆွဲ ရေးသားနေခြင်းများကတော့ မသင့် တော်ပါ။ ဤသို့ဆိုလျှင် ကမ္ဘာက မြန်မာနိုင်ငံအား လူနည်းစုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသော နို်င်ငံတစ်နိုင်ငံအဖြစ် အထင် ရောက်သွားနိုင်ပါသည်။

ထို့ကြောင့် သတင်းအချက်အလက် အမှန်များကို ကမ္ဘာ့ပြည်သူများ အားလုံးသိရန် ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြရန် ကျွန်တော်တို့ ပြည်ပမီဒီယာများကို အားမကိုးဘဲ ကိုယ်တိုင် ကြိုးစားကြရပါတော့မည်။

၃။ ရီဝေေ၀ အသူရာ ကုမ္ပဏီများ

လက်ရှိ မြန်မာနိုင်ငံရှိ လူလတ်ပိုင်းများတွင် အသည်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး အရွယ်မတိုင်ခင် သေဆုံးမှုများလည်း များပြားကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ အတိအလင်း သတင်းထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု ဘတ်ဂျက် ပမာဏကိုလည်း အများ သိထားပြီး ဖြစ်ပါသည်။ ဤ အခြေအနေများကြားထဲမှ ဂျာနယ်စာမျက်နှာ အတော် များများတွင် လက်တစ်လုံးခြား ကြော်ငြာနေသော အရက်ကြော်ငြာများကို တွေ့မြင်နေကြရပါသည်။ သို့သော် အရက်ဆိုသော စကားလုံး လုံးဝ မပါရှိဘဲ ထုတ်ပြန်ထားသည့် ဥပဒေကို လှည့်စားကာ ကြော်ငြာနေကြခြင်း ဖြစ်ပါသည်။

တချို့ ကုမ္ပဏီများက ဟန်ဆောင် ပန်ဆောင် ရေသန့်ဟူ၍ ထည့်ကြသည်။ တချို့ကတော့ ရဲတင်းလွန်းပါသည်။ မည်သည့် Product ထုတ်သည် ဆိုတာကိုပါ မဖော်ပြတော့ဘဲ ကံစမ်းမဲပေးသည့် မော်တော်ကားပုံများ၊ ရွှေဆွဲပြားများ၊ ဂျီအက်စ်အမ်ဖုန်းများကို မက်မောဖွယ် ဖော်ပြထားသည်။ ကံစမ်းမဲပါသည့် အရက်ပုလင်းအဖုံးများကိုလည်း ခပ်တည်တည်ပင် ဖော်ပြထားသည်။ ကျွန်တော်တို့ သိထားသည့် ဥပဒေက စာစောင်များတွင် အရက်ကြော်ငြာ မထည့်သွင်းရ ဟူ၍ ဖြစ်သည်။ သို့သော် ကြော်ငြာ ထည့်သည့် ကုမ်္ပဏီများရော၊ ဂျာနယ်များရော၊ ဖတ်ရှုသူများရော ဥပဒေကို အသိအမှတ်မပြုသည့် သဘောသက်ရောက်နေပါသည်။ သို့မဟုတ်ပါက ခြွင်းချက် များစွာရှိသော လူ့အဖွဲ့အစည်းအဖြစ် တိုင်းပြည်အား လက်ညှိုးထိုးခံရနိုင်ပါသည်။

လက်ရှိ ပြည်တွင်း အရက်ကုမ္ပဏီများသည် အရက်ချက်လုပ်ရာတွင် စနစ်တကျ နည်းမှန်လမ်းမှန် ချက်လုပ်ခြင်းကို ယခုထက်ပိုပြီး ကြပ်မတ်စွာ စစ်ဆေးသင့်ပါသည်။ ထို့အပြင် အရက်ကုမ္ပဏီများမှ စွန့်ထုတ်ပစ်လိုက်သည့် ရေဆိုးများကလည်း သဘာဝ ပတ်ဝန်းကျင်ကို အလွန်ထိခိုက်လျက်ရှိပါသည်။ သို့သော် ရုန်းကန် ထူထောင်ခါစ မြန်မာပြည်တွင် ယင်းအရက်ကုမ္ပဏီများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ်္စရပ်များတွင် တက်တက်ကြွကြွ ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ပါဝင်ခြင်း မရှိရုံသာမက လျစ်လျူပင် ရှုထားလိုက်ပါသေးသည်။

မိမိကုမ္ပဏီနှင့် ပြဿနာ တစ်စုံတစ်ရာ တက်ခဲ့သော် ငွေကို လမ်းခင်း၍ ဖြေရှင်းရန် သဘောပိုက်ထားပုံရပါသည်။ အားလုံး တိုင်းပြည်ကို ချစ်တတ်မည် ဆိုပါလျှင် ဧရာဝတီမြစ် ကျန်းမာသန်စွမ်းရေးကိစ္စ၊ ရေများ ညစ်နွမ်းလာမှု ကာကွယ်ရေးကိစ္စ၊ သစ်ပင်စိုက်ပျိုးရေး ကိစ္စများတွင် ယင်းကုမ္ပဏီများအနေဖြင့် ဖောင်ဒေးရှင်းများ တည်ထောင်ကာ နိုင်ငံသားများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်သင့်ပါသည်။

၎။ မီးပွိုင့်စိမ်းလျှင် ရှေ့ဆုံးမှ ထွက်ချင်သည့် မော်တော်ကားများ

ရန်ကုန်မြို့တော် လမ်းဆုံလမ်းခွတိုင်းတွင် ယာဉ်အသွားအလာ ထိန်းချုပ်ရန်အတွက် မီးပွိုင့်များကို ထားရှိထားပါသည်။ ကားများ စနစ်တကျ သွားလာနိုင်ရေးအတွက်လည်း သူ့လိုင်းနှင့်သူ သတ်မှတ်ထားပြီး ဖြစ်ပါသည်။ လက်ရှိ ပြောင်းလဲလာသော မူဝါဒအရ ကားသစ်များစွာ ၀င်ရောက်လာ၍ ယာဉ်အသွားအလာများ ပိုမိုကျပ်လာသည်ကိုလည်း မြင်တွေ့နေရပါသည်။ သို့သော် တချို့ကားများသည် မီးနီ၍ အစဉ်လိုက် တန်းစီထားသော ကားတန်းကို ဘေးဘက်ရှိ တစ်ဖက်လမ်းမှ ပန်း၍ ကျော်တက် သွားပြီး မီးပွိုင့်အနီးရောက်မှ အနီးစပ်ဆုံးကားကို လက်တစ်ချောင်း ထောင်ပြပြီး ၀င်နေရာ ယူလိုက်ပါသည်။ ခွင့်တောင်းခံရသော ကားကလည်း နေရာမပေး၍မဖြစ်။ ဇွတ်တိုးဝင်လာ၍ တိုက်မိမှာကို ကြောက်ပြီး နေရာပေးလိုက်ရခြင်း ဖြစ်သည်။

နေရာများစွာ ကျော်တက်၍ မီးပွိုင့်စိမ်းလျှင် ရှေ့ဆုံးမှ ထွက်ခွာချင်သော ကားအများစုမှာ ယခုနှစ်မှ တင်သွားလာသော မော်ဒယ်မြင့် ကားကောင်းကားသန့်များ အများစုဖြစ်နေသည်ကို လည်း လေ့လာ တွေ့ရှိရ ပါသည်။ ယင်းကား အမျိုးအစား များကို စီးနိုင်သော လူတန်းစားသည် ငွေကြေးဥစ္စာဓနရော၊ အသိပညာများပါ ပြည်သူလူထု အများစုထက် ရှေ့တန်းရောက်နေကြသူများ ဖြစ်ပါသည်။ ယင်းကဲ့သို့ လူစားမျိုးက စည်းကမ်းတကျ တန်းမစီဘဲ မီးစိမ်းလျှင် ရှေ့ဆုံးက ထွက်ချင်သော အခွင့်အရေးကို ဓားပြတိုက်ရယူလိုသည်မှာ လှောင်ပြောင်ချင် စရာ ကောင်းလှပါသည်။

ဤအခွင့်အရေး အသေးလေးကို ယခုလောက် အသည်းအသန် လိုချင်လျှင် အခွင့်အရေး ကြီးကြီးမားမား ဆိုလျှင်တော့ ဆိုဖွယ် မရှိပြီ။

ထိုကဲ့သို့ လူစားမျိုး အား မြန်မာလူမျိုးပါဟု အများက ညွှန်းဆိုကြမည် ဆိုပါလျှင် ကျွန်တော် အလွန်ရှက်ရွံ့နေ မိတော့မည် ဖြစ်ပါသည်။

စိတ်နေစိတ်ထား မြင့်မားရင့်ကျက်ရေးအတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အန္တရာယ် အချက်ပေးခေါင်းလောင်း စတင် တီးခတ်နေပြီ ဟုသာ ဆိုလိုက်ချင်ပါတော့သည်။ 

ဇော်သက်ထွေး

မူရင်း - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ ဇွန် ၂၈
Posted by Moemaka at 11:42 AM 0 comments  
Labels: Article

65 th Anniversary of Marthyr's Day

အာဇာနည်နေ့ အထိမ်းအမှတ်
အောင်ထက်
ဇူလိုင် ၁၃၊ ၂၀၁၂


Posted by Aung Htet at 6:58 AM 0 comments  

Aung Way - Poem

ထွန်တုံးတိုက်ပွဲ
အောင်ဝေး
ဇူလိုင် ၁၃၊ ၂၀၁၂



ခြင်္သေ့ကို
ဂဠုန် သုတ်မည်။

အနင်းခံတဲ့ စပါး
(အမှန်တရား)
သန်မည်။

ဗိုလ်ချုပ်လမ်းပေါ်က
(လယ်သူမကြီးတွေ)
ကြိမ်မီးအုံးနေတဲ့ အလွမ်း
ခေတ်ကို ၀ှမ်းမည်။

တစ်မိုးသောက်ရင်
ရွာရိုးကိုးပေါက်
အိပ်မက်နှိုးတဲ့ ခလောက်သံ
ညိုးညိုး ညံမည်။

ထွန်တုံးပေါ်
မျက်ရည် ချောင်းစီး
မြေတုန် ဟည်းမည်။

ကန်သင်းရိုးပေါ်
သွေးမိုးသွန်းသော်
(တို့လယ်သမား)
တစ်ခေတ်ထွန်းမည်။

တောမီးကို
တောမီးနဲ့မှ
ငြှိမ်းလို့ရမည်။

ခင်ရေ-
တို့ရင်ထဲ
ထယ်သွားနဲ့ခွဲ
ထွန်တုံးတိုက်ပွဲဝင်မည်။ ။
Posted by Aung Htet at 6:32 AM 0 comments  

Phoe Htet - Articles

ချို၊ အီ၊ မွှေး ဘီယာ
ဖိုးထက်
ဇူလိုင် ၁၂၊ ၂၀၁၂



ခရစ်သက္ကရာဇ် ၁၉၉၉၊ အောက်တိုဘာ ၁၂။
ကျနော် ခိုင့်ကို ရည်းစားစကားပြောခြင်းကိစ္စက ပူလောင်ခြောက်သွေ့နေသည့် မြက်တောကြီးကို မီးလောင်သကဲ့သို့ ကျောင်းဝန်းတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

ခိုင်သည် အတော်လှသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ “အတော်” ဆိုသည့် မြန်မာစကားသည် ခိုင့်အတွက် လုံလောက်ချင်မှ လုံ လောက်ပါလိမ့်မည်။ ခိုင်သည် အလွန်လှပါသည်။ သူလှကြောင်းကို သူသိသော မိန်းမတစ်ယောက်လည်း ဖြစ်သည်။ ဖြတ်သွားဖြတ်လာ ခိုင့် ကို မျက်နှာချင်းဆိုင်တွေ့မိသည်ဆိုပါအံ့။ ပုရိသကျားသတ္တ၀ါများမဆိုထားဘိ မိန်းမခြင်းပင် နှစ်ခါပြန်ကြည့်ရလောက်အောင် ကုသိုလ် ကောင်းသောသူဖြစ်သည်။

ခိုင်နှင့်ကျနော်က ကျောင်းမှာ မေဂျာတူ။ အတန်းတူ။ အလွန်လှသော ခိုင့်ကိုကပ်ပြီး ချစ်ခွင့်ပန်သော ကျနော်လိုအကောင်တွေ အလွန်များ မည်ထင်သည်။ လက်ဆယ်ချောင်းဖြင့် ရေတွက်လို့မရနိုင်။ ဘယ်နှစ်ယောက်ရှိမှန်း သူကိုယ်တိုင်မသိဟု ကျနော့်ကိုပြောဖူးပါသည်။ တချို့ က သူငယ်ချင်းလေးပါကွယ်ဆိုသည့် အချိုးမျိုးဖြင့် ခိုင်စိတ်တိုင်းကျဖို့ ကြိုးစားသည်။ တချို့က မော်တော်ကား၊ ဆိုင်ကယ်၊ တယ်လီဖုန်း စ သည့် ပစ္စည်းဥစ္စာဓနအင်အားဖြင့် ခိုင့်ကိုချဉ်းကပ်သည်။ တစ်ချို့က ခိုင့်အချစ်မှ မရလျှင် သေပါတော့မယ်ဆိုသည့်ပုံစံ။ တစ်ချို့က ခိုင်စိတ်ဝင် စားလာအောင် မသိမသာ အားထုတ်သည်။

ကျနော်က သူငယ်ချင်းလေးပါဆိုသည့် အူကြောင်ကြားပုံစံလဲ မချိုးချင်။ အိမ်က အတိုင်းအတာဖြင့်ပေးသောမုန့်ဖိုးကိုကျော်လွန်ပြီး ကြွားဝါ ချဉ်းကပ်ဖို့လဲ မဖြစ်နိုင်။ ထို့ကြောင့် ခိုင့်အချစ်ကိုမရလျှင် သေပါတော့မယ်ဆိုကာ သိသိသာသာတမျိုး၊ မသိမသာတမျိုး ခိုင်စိတ်တိုင်းကျဖို့ ကြိုးစားသည်။ ခိုင့်အချစ်ကို ဆွတ်ခူးဖို့ ကြိုးစားသည်။ သို့သော် ခိုင်သည် ရုပ်အလွန်လှပြီး ဦးဏှောက်မရှိသော မိန်းမတစ်ယောက်မဟုတ်ပေ။ ကျနော် သူ့ကိုပေးဖတ်သည့် ရွှေဥဒေါင်းကြီး၏ ရူပနန္ဒီဝတ္ထုထဲက “ရူပနန္ဒီကို အပြင်မှာ မမြင်ဘူးလို့မသိပေမယ့် နင်က ငါ့အတွက် ရူပနန္ဒီပါ” ဆိုသည့် ကျနော့်မြှောက်လုံးကိုသဘောကျပေမယ့် ကျနော့်ကိုမဘောမကျပါ။ သူသွားလိုရာသို့ လိုက်ပါပို့ဆောင်ဖို့ ကျနော့်စက်ဘီးက လေ လျော့လျော့နေတတ်တာကိုလဲ သဘာဝကျစွာ နှာခေါင်းရှုံ့ပါသည်။ သူနှင့်အတူ လ္ဘက်ရည်ဆိုင်ထိုင်ဖို့ ပိုက်ဆံလိုက်ချေးနေသော ကျနော့်ကို သံယောဇဉ်ရှိသည်ထင်ရပေမယ့် အချစ်ဖြစ်မလာခဲ့ပါ။ “ငါ ... နင့်အချစ်မရရင် အိမ်ထောင်မပြုတော့ဘူးဟာ” ဟုပြောပြီး မေဂျာလိုက် ဘော လုံးပွဲမှာ ပုဆိုးခါးတောင်းကြိုက်၊ ချွေးသံတရွှဲရွှဲဝင်ကစ်နေသော ကျနော့်ကို မယုံကြည်တာမဆန်း။

ခိုင့်ကိုချစ်ခွင့်ပန်သော သကောင့်သားများ ဘယ်နှစ်ဦးရှိတာ ကျနော်မသိပေမယ့် ချစ်ခွင့်ပန်သောလူတွေထဲတွင် ကျနော်က ပထမ မဟုတ် တောင် တတိယထက် မနိမ့်စေချင်။ ထို့ကြောင့် ပြန်ချစ်တာ မချစ်တာ သူ့အလုပ်။ ပြောရမှာ ငါ့အလုပ်ဟုခံယူကာ ခိုင့်ကိုချစ်ခွင့်ပန်မိသော ပေစုတ်စုတ်အကောင် ကျနော့်အကြောင်းမှာ ကျောင်းဝန်းတစ်ခုလုံး အံ့သြစရာဖြစ်သွားပုံရသည်။ “ဟယ် အံ့သြတယ်။ တူသလား တန်သ လားဟယ်” ဆိုသည့် အကြည့်များဖြင့် အကြည့်ခံရသည်။ “ဟရောင် ... မင်း ခိုင်သဇင်ကို ပရိုပို့စ်လုပ်တယ်ဆို။ မင်းကွာ ဟား ... ဟား ... ဟား ... ” ဆိုသည့် ဟားခြင်းကို စပ်ဖြဲဖြဲခံယူရသည်။ “နင့်ဟယ် ကိုယ့်ဒုက္ခကိုယ်ရှာလို့ဟယ် ...” ဆိုသည့် မိန်းကလေးသူငယ်ချင်းများ ပြော ခြင်းကိုလဲ နာခံရသည်။

ဆရာမင်းလူ၏ ရေတမာဝတ္ထုကို ခိုင့်ကို အပိုင်ဝယ်ပေးသည်။ ၀တ္ထုသည် ၀တ္ထုဖြစ်သည်။ အပြင်လောက မဟုတ်ပါ။ ကျနော် ကျရှုံးပါသည်။ ဒုတိယနှစ်အစတွင် ခိုင်သည် ဆိုင်ကယ်ကြီးစီးနိုင်သော၊ ပျံလန်နေအောင်ဝတ်စားနိုင်သော တခြားမေဂျာကတစ်ယောက်ကို ရွေးချယ်ခဲ့ သည်။ ကျနော် အသဲတွေကွဲချင်သလိုလိုဖြစ်နေတုန်းမှာ ခိုင်သည် ကျောင်းအချိန်တွေပင် မမှန်တော့။ ဆိုင်ကယ်ကြီးနောက်ကလိုက်ပြီး အ တန်းတွေ လစ်တတ်လာသည်။ မမှီသောစာတွေ ပြန်ကူးပေးဖို့ ကျနော့်မှာလည်း မှတ်စုစုံလင်သည်မဟုတ်။ ကျနော်ကလဲ အကြာကြီး အ သည်းကွဲတတ်သည် မဟုတ်သလို ခိုင်ကလဲ မပြစ်မရှိသူပီပီ ကျနော့်ကို ပုံမှန်ဘဲဆက်ဆံသည်။ ကျနော်ကလဲ ရည်းစားငုတ်တုတ်ကြီးရှိနေပါ လျက်နဲ့ မျက်နှာပြောင်တိုက် ဆက်လက်ချစ်ပါရစေလဲ မလုပ်ဖြစ်ခဲ့။ ဒီလိုနှင့် ကျောင်းပြီးသည်အထိ ခိုင်နှင့် ကျနော်က သူငယ်ချင်း။ သူ့ဟား၊ ငါ့ဟား တကယ့်သူငယ်ချင်း အရင်းအချာတွေ ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်အတွက် ဘာမှမထူးဆန်းသော ကိစ္စဖြစ်ခဲ့သလို ခိုင်နှင့်ကျနော့် ကြားမှာလဲ ဘာအဖုအထုံးမှ မရှိခဲ့။ အရင်ကတည်းက မဖြစ်နိုင်သောကိစ္စ မဖြစ်လာတာ အံ့သြစရာကိစ္စမှ မဟုတ်တာလေ။

သက္ကရာဇ် ၂၀၁၂၊ ဇူလိုင်လ ၃ ရက်။
“ဟယ် ဖိုးထက်ကြီး”
ကွမ်းဝယ်ပြီး ပြန်အထွက် ကျနော့်ငယ်နာမည်ခေါ်ခြင်းကိုခံလိုက်ရသောကြောင့် မော့အကြည့်တွင် အရင်လိုလှနေဆဲဖြစ်သော ခိုင်။ ခိုင်မှ ခိုင်အစစ်။

“ဟယ် ဖိုးထက်ကြီး ...။ နင်ဒီမှာရှိမှန်းတော့ ကြားမိသား၊ နင်ဘာလုပ်လုပ်တာလဲ။ ကွမ်းမပြတ်ဘူးမို့လား”

နင့်အချစ်ကိုရဖို့ ငါကွမ်းဖြတ်ဆိုလဲ ဖြတ်ပါ့မည်ဆိုသည့်စကားကို နှစ်ဦးလုံး သတိတရဖြင့် ရီမိကြသည်။

“အေးဟ ဟဲ ... ဟဲ။ နင် ဒီကို ဘာလုပ်လုပ်တာလဲ”
“အေး အလည်ဘဲဆိုပါတော့။ ဟိုမှာ ငါ့အမျိုးသားလေ။ ဒါက ငါ့သား ...”

ခပ်လှမ်းလှမ်းမှာ ဈေးဝယ်နေဟန်ရှိသည့် ကျနော်မသိသော သားသားနားနား အမျိုးသားတစ်ယောက်ကို တွေ့ရသည်။ သူ့နောက်က အိမ် ဖော်ကောင်မလေး ဖြစ်ဟန်ရှိသည့် ကောင်မလေးချီထားသည့် ၀၀ကစ်ကစ် ချစ်စရာ ကလေးလေးတယောက်။

“ဟ ကလေးတောင်ရပလား။ နင့် ယောင်္ကျားကလဲ ဘယ်သူကြီးလဲ”
“တော်စမ်း။ နင့်ပါးစပ် စည်းကမ်းရှိစမ်း။ ဟိုမှာ ကိုအောင်လာနေပြီ။ မိတ်ဆက်ပေးမယ်။ လျှောက်ပြောမနေနဲ့”

ကိုအောင်ဆိုသည့် သူ့အမျိုးသားသည် သူ့ထက် အသက်အနည်းငယ်ကြီးပုံရသည်။ မျက်နှာကြည်ကြည်လင်လင်ဖြင့် ချစ်ခင်ဖွယ်ရှိပုံလဲ ရ သည်။

“ကိုအောင် .. ဒါ ခိုင်လေးတို့ကျောင်းတုံးက သူငယ်ချင်း ဖိုးထက်။ သူဒီမှာ အလုပ်လုပ်နေတယ်။ ဟုတ်တယ်မို့လား။”
“ဟုတ်ကဲ့ ..ကိုအောင် ကျနော်ဖိုးထက်ပါ။ အလုပ်လုပ်နေတယ်ဆိုတာထက် ကျွန်ခံနေတယ်ပြောပါတော့ဗျာ .. ဟဲ ... ဟဲ ...” ဟုဆိုကာ ကျ နော့် ညာဘက်လက်ကို ကမ်းပေးလိုက်သည်။

ကိုအောင်က လက်နှစ်ဖက်ဖြင့် ကျနော့်လက်ကို ဆုပ်ကိုင်ရင်း ....
“ဟာဗျာ မဟုတ်တာ။ ဒီလိုဘဲပေါ့ဗျာ။ ကျနော့်ကိုလဲ ခိုင်လေးကိုခင်သလို ခင်မင်ပါ။ လာဗျာ တခုခုစားရင်း စကားပြောကြရအောင်”

ကျနော် သူတို့မိသားစုလေးကို အနီးနားရှိ မြန်မာထမင်းဆိုင် သန့်သန့်ဆိုင်တစ်ဆိုင်ကို ခေါ်သွားခဲ့သည်။ စကားစမြည်ပြောကြရင်း ခိုင့်အမျိုး သားနှင့် ကျနော် အဖွဲ့ကျနေခဲ့သည်။ ခိုင့်အမျိုးသားသည် အစိုးရအရာရှိ ခပ်ကြီးကြီးဘ၀မှ ဆေးခွင့်ယူပြီး အရပ်ဖက်ကို ပြောင်းထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလောကတွင် သူတို့အဖွဲ့ကြီးသည် ကျောထောက်နောက်ခံ တောင့်တင်းပြီး လုပ်ချင်တိုင်းလုပ်ခွင့်ရှိသော အဖွဲ့အ စည်းကြီး၏ အရာရှိတစ်ယောက်ဆိုတာ သိလာရသည်။ ခိုင်နှင့် ကျနော်နှင့်က ဟိုကောင့်တွေ့သေးလား။ ဟိုကောင်မကော ဘယ်ရောက်နေလဲ။ ဟိုတစ်ယောက်တော့ အိမ်ထောင်ကျသွားပြီဟဲ့။ ဟိုတကောင်ကော ပျောက်နေတယ်။ စသည်ဖြင့် ကျောင်းတုံးက သူငယ်ချင်းအကြောင်းတွေ ပြောနေကြတုံးမှာ ကိုအောင်က ကလေးလေးကို မြူချော့နေသည်။ သူ့မိန်းမ ခိုင်အဆီတွေစားနေသည်ကို ၀င်ရောက်ဟန့်တားသည်။

ထမင်းဆိုင်ကပြန်ထွက်ချိန်မှာ ကိုအောင်က လိပ်စာကဒ်တစ်ခုထုတ်ပေးသည်။ သူတို့ လင်မယားနှစ်ယောက်ဖွင့်ထားသော ရန်ကုန်က ဟို တယ်တစ်ခု လိပ်စာဖြစ်သည်။ “ရုံးလိပ်စာတော့ သိပြီးသားဆိုတော့ မပေးတော့ဘူးဗျာ။ ဟိုတယ်က မန်နေဂျာကိုမေးလိုက်ရင် ကျနော်တို့ဆီ ရောက်ပါတယ်” ဆိုသည့် ကိုအောင့်၏ ရည်မွန်ဖော်ရွေမှုကို သတိပြုမိသည်။ ထို့နောက် ဗမာဏခပ်များများရှိသော ဒေါ်လာများ လဲလှယ်ချင် သည်ဆိုသဖြင့် လိုက်လံပို့ပေးလိုက်သည်။ ပြီးတော့ ဘာလီကျွန်းကိုအလည်သွားချင်လို့ဆိုသဖြင့် ဗီဇာ၊ လေယာဉ်လက်မှတ်၊ ဟိုတယ် ကိစ္စ များ ကျနော်ကူညီပေးလိုက်သည်။

အိမ်ကိုအလည်ခေါ်ချင်ပေမယ့် အလုပ်ပိတ်ရက်မှာ ဖင်ပြန်ခေါင်းပြန်အိပ်နေကြမည့် အိမ်ကလူများကြောင့် မခေါ်ဖြစ်ခဲ့။ သူတို့ တည်းခိုရာကို မေးကြည့်တော့ ဈေးအတော်ကြီးပြီး သူဌေးများသာ တည်းခိုနိုင်သောဟိုတယ်တစ်ခုမှာ။ လိုအပ်တာရှိရင်ပြောဖို့ ကျနော့်ဖုန်းနံပါတ်ကို ပေး ခဲ့သည်။ ကျနော်ကူညီနိုင်တာဆိုရင် ကူညီပါ့မယ်ပြောပြီး လမ်းအခွဲမှာ ခိုင်က ကျနော့်ကို ကောင်းကောင်းနှုတ်မဆက်နိုင်။ ချာတိတ်ကောင် လေး ဂျီကျနေသည်ကို ချော့နေရသည်။ ကလေးက အာဗြဲကြီးနှင့် အော်ငိုနေသဖြင့် ကိုအောင်နှင့် ခိုင်ပျာယာခပ်နေသည်ကို အလိုက်သိစွာ ကျနော် နှုတ်ဆက်ခဲ့သည်။

အိမ်အနားရောက်တော့ ကျနော်ရေဆာလာသည်။ ရေဆာ ဘီယာသောက်ဆိုသည့်အပြောကို သတိတယရှိပေမယ့် ဒီတလသုံးဖို့ ချန်ထား သည့် လက်ကျန်ငွေနည်းနေတာကို သတိပြုမိသည်။ ရေသောက်ဖို့အိမ်ကို အမြန်ပြန်မှပါလေလို့တွေးပြီး အိမ်သို့ခြေဦးလှည့်အပြီးမှာမှ ကျ နော့်စိတ်တွင် ဘီယာသောက်ချင်စိတ်က ပြင်းပြင်းပြပြ ရှိလာသည်။ အို..နောင်ခါလာ နောင်ခါဈေး။ ဘီယာသောက်လိုက်အုံးမည်။

ထိုင်နေကြဆိုင်အရောက်တွင် ဘီယာတစ်လုံးမှာလိုက်သည်။ ဘီယာလာချပေးသောကောင်မလေးကို သတိမထားမိဘဲ ဘီယာ အေး မ အေး သတိထားနေမိခဲ့သည်။ အေးစက်နေသော ဘီယာခွက်ကြီးကိုအမော့တွင် ဘီယာအရသာသည် ခါးသက်သက်ရှိမနေဘဲ ချိုမြနေသဖြင့် ဘီယာခွက်ကို စားပွဲပေါ်သို့ အလန့်တကြား ပြန်ချလိုက်သည်။ သေချာအောင် တချိုက် ပြန်ချိုက်သည်။

ဟုတ်သားဘဲ။ ဒီနေ့ ကျနော်သောက်သော ဘီယာတွေသည် အရင်နေ့တွေထက် ပိုချို၊ ပိုမွှေး၊ ပိုမိုအရသာရှိနေခဲ့သည်။ နောက်နောင် ကြုံ ကြိုက်မှ ကိုအောင့်ကို ဘီယာတိုက်ဖို့ချိန်းရအုံးမည်။ “ချို အီ မွှေး ဘီယာတွေ ရှိတယ်ဗျ” ဆိုတာကို သူယုံမှ ယုံကြည်ပါ့မလား။ ခိုင်ကတော့ ကျနော် ဘာပြောပြော မယုံကြည်သူဆိုတော့ အထွေအထူးရှင်းပြဖို့ လိုမည်မထင်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages