MoeMaKa Daily - July 15th, 2021

43 views
Skip to first unread message

MoeMaKa Media

unread,
Jul 16, 2021, 2:10:43 AM7/16/21
to MoeMaKa, burm...@googlegroups.com



MoeMaKa 2021


အောင်ဝေး - ဆဲဗင်း ဂျူလိုင် ကျောင်းသားခေါင်းဆောင် ကိုလှရွှေ

Posted: 15 Jul 2021 10:39 PM PDT

Photo - Eaint Than Zin

ဆဲဗင်း ဂျူလိုင် ကျောင်းသားခေါင်းဆောင် ကိုလှရွှေ 
အောင်ဝေး
(မိုးမခ)ဇူလိုင် ၁၆၊ ၂၀၂၁ 

၁၉၆၂
အဆောက်အအုံကို ဖြိုတယ်
စိတ်ဓာတ် မပြို။
၂၀၂၁
စိတ်ဓာတ် မပြိုပါဘူး
ဒါပမေဲ့
အစ်ကိုကြီး
ငါတို့ကို နှုတ်ဆက်သွားခဲ့ပြီ။
နွေဦးရေ
ကမဘာမကြေဘူး။      ။ 

(ဇူလိုင် ၁၅၊ ၂၀၂၁)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ဇာနည် - "" ကျနော်တို့ရဲ့မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြ (သို့မဟုတ်) ဆရာဦးလှရွှေ ""

Posted: 15 Jul 2021 10:25 PM PDT

Photo - Crd
"" ကျနော်တို့ရဲ့မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြ (သို့မဟုတ်) ဆရာဦးလှရွှေ ""
ဇာနည်
(မိုးမခ)ဇူလိုင် ၁၆၊ ၂၀၂၁ 

(၁)

ဒီနေ့မနက် ကျနော်အိပ်ပျော်နေတုံးနယူးယောက်က "မင်းနိုင်"(၈၈,မျိုးဆက်ကျောင်းသား) ဖုန်းဆက်လာတယ်..

"ဦးလှရွှေ ညကဆုံးသွားရှာပြီ.." တဲ့။

သူက မနေ့ကပဲ ဆရာဦးလှရွှေအတွက်အောင်စီဂျင်ဝယ်ဖို့ငွေပို့လိုက်ကြောင်းကျနော့်ကိုပြောခဲ့ပါသေးတယ်...
"ကိုယဉ်အေး" (၈၈,အာအိုင်တီကျောင်းသားခေါင်းဆောင်) ကလဲကျနော့်ထံကို Text message,ပို့ပြီး ဆရာဦးလှရွှေအတွက် အကူအညီပေးဖို့ပြောလာလို့...သူ့ကိုလဲ ဆရာထံသို့တိုက်ရိုက်ကူညီ ပို့ပေးနိုင်မဲ့ ပြည်တွင်းကဖုန်းနံပါတ်တွေကိုပေးလိုက်ပါသေးတယ်...

ခုတော့...အောက်စီဂျင်ပြတ်ပြီးဆရာဦးလှရွှေဆုံးသွားကြောင်း ဆရာသမီးငယ် "နေခြည်"ရေးထားတာဖတ်မိတော့ ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရပါတယ်..
ဪ..ဘဝတလျှောက်လုံး မိသားစုတခုလုံးစစ်အာဏာရှင်စနစ်ကိုတိုက်ပွဲဝင်ခဲ့သော..စစ်အာဏာရှင်တို့ရဲ့ရန်လိုမုန်းထားခံခဲ့ရပြီး..ထောင်အကြိမ်ကြိမ်ကျခဲ့ရသော (၁၉၆၂) နောက်ဆုံးမျိုးဆက် ဗကသ..တကသ ကျောင်းသားခေါင်းဆောင် တော်လှန်ရေးသမားကြီး ဦးလှရွှေ (စာရေးဆရာ အောင်သာ,PPP) ဟာ (၇-၁၅-၂၀၂၁) မနေ့ည(၇:၁၅)မိနစ်ခန့်က သူချစ်တဲ့အဖိနှိပ်ခံပြည်သူတွေ ရဲဘော်ရဲဘက်တွေ ကျောင်းသားမျိုးဆက်တွေအားလုံးကို ထာဝရခွဲခွာသွားခဲ့ပါပြီ...။

(၂)

(၂၀၁၇) ကျနော် ဗမာပြည်ပြန်ဖြစ်ခဲ့တုန်းက ဆရာဦးလှရွှေနဲ့နှစ်ကြိမ်တွေဆုံခွင့်ရခဲ့ပါတယ်...တကြိမ်က ကျနော်တို့ ၈၈,မျိုးဆက်ကျောင်းသားများ (ပြည်ပ)နဲ့ပြည်တွင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံပွဲကို ပြည်လမ်းက ယုဒသန်ခန်းမမှာပြုလုပ်ခဲ့စဉ်ကဖြစ်ပြီး...နောက်တကြိမ်ကတော့ အမေရိကားပြန်ခါနီး ကျနော့်ခရီးဆောင်အိပ်နှစ်လုံးထဲက အဝတ်အစားတွေကို ရဲဘော်ရဲဘက်သူငယ်ချင်းတွေကိုပေးခဲ့ပြီး အဲ့ဒီအိပ်တွေနဲ့ကိုယ်လိုချင်တဲ့မြန်မာပြည်ကစာအုပ် စာတမ်းတွေပြန်ဝယ်လာဖို့ ရန်ကုန်မြို့ထဲက စာအုပ်ဆိုင် စာအုပ်စျေးတန်းတွေလျှောက်ပတ်ကြည့်ရင်း..ယဉ်ထွန်း(အောက် ဗကသ),ရဲ့"ယဉ်မျိုးစာအုပ်ဆိုင်"မှာ ဆရာဦးလှရွှေနဲ့အမှတ်တရနောက်ဆုံးဆုံဖြစ်ခဲ့ပါတယ်..ကျနော်နဲ့အတူ "ကောင်းထက်ကျော်"(ဗကသ CWC,အတွင်းရေးမူး)နဲ့ကိုခင်မောင်ဇော်(၄၈၂၈)တို့လဲ ပါတယ်...
အဲ့ဒီအချိန်က ဆရာဦးလှရွှေအသက်(၈၂) နှစ်ရှိပါပြီ၊၊ ဒါပေမဲ့ ဆရာက သန်တုန်း မြန်တုန်းစကားပြောရင် သူစရိုက်အတိုင်းအားမာန်အပြည့်နဲ့ပြောတုန်း.ကျနော်တောင်သူကိုကြည့်ပြီးအံသြနေခဲ့ရပါတယ်...

ကျနော်နဲ့ဆရာတို့ ကျောင်းသမဂ္ဂလှုပ်ရှားမှုအကြောင်းတွေ..(၁၉၆၂) ဗိုလ်နေဝင်းစစ်တပ်မှအာဏာသိမ်းပြီး ဇူလိုင်(၇) အရေးတော်ပုံနဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးဗုံးခွဲဖြိုချခံခဲ့ရမှု...ကျောင်းသားရာကျော် ပစ်သတ်ခံခဲ့ရမူ့နဲ့ရာကျော်ကျောက်တိုင်...(၁၉၆၃) ဆိပ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလိမ်လည်မူ့...ငြိမ်းချမ်းရေးဆွေးနွေးပျက်ပြီး ဗကသ တကသ ကျောင်းသားခေါင်းဆောင်(၇၀)ကျော် ဗကပထံတောခိုခဲ့ရမူ့...စတဲ့အကြောင်းတွေအကြာကြီးပြောဖြစ်ခဲ့တယ်...
ကျနော်လေးစားကြည်ညိုတဲ့ ဗကသ တကသ ကျောင်းသားခေါင်းဆောင် "ကိုသက်","ကိုတင်ထွန်း","ကိုဗဆွေလေး",တို့ တောထဲမှာကျဆုံးခဲ့ကြရပုံတွေအကြောင်း ဆရာကပြန်ပြောနေစဉ်မှာတော့..တချက်ချက် ဆရာစကားသံတွေကတိမ်ဝင်သွားပြီး ဆရာ့မျက်ဝန်းမှာ မျက်ရည်တွေလည်လာတာတွေ့ရတယ်...
စစ်တပ်ကဝိုင်းမိထားစဉ်မှာ လက်နက်ချဖို့ပြောတော့...
တကသ ကျောင်းသားခေါင်းဆောင် "ကိုဗဆွေလေး" က.."ကွန်မြူနစ်ဆိုတာဘယ်တော့မှလက်မြှောက်အရူံးမပေးဘူးကွ.."လို့အော်ပြောရင်း ပြန်ခံပစ်ခဲ့ပြီး သေနတ်ဒဏ်ရာ(၈)ချက်နဲ့ "ကိုဗဆွေလေး"ကျဆုံးခဲ့ရတဲ့အကြောင်းပြောတော့ ဆရာမျက်ရည်တွေကျလာပါတော့တယ်...။ 

(၃)

ကျနော်လဲစိတ်မထိန်းနိုင်တော့တာနဲ့ စကားလမ်းကြောင်းပြောင်းပြီး..
ကျနော်က.."ကျနော်ထောင်ကလွတ်တော့ ဆရာ့အိမ်ကိုရောက်ခဲ့ပါသေးတယ်...ဆရာ့ကတော်..ဆရာမ "ဒေါ်ခင်မာအေး"နဲ့တွေ့ခဲ့ရသေးတယ်..."လို့ပြောပြီး စကားလွှဲခဲ့ရတယ်...
အဲ့ဒီတုန်းက သင်္ကန်းကျွန်းကဆရာအိမ်လေးကခြောက်သွေ့ပြီးအထီးကျန်ဆန်လွန်းလှပါတယ်..ဆရာမဒေါ်ခင်မာအေးကလဲထောင်ကလွတ်ခါစဘဲရှိဦးမယ်ထင်တယ်...အိမ်မှာ ဆရာမဒေါ်ခင်မာအေးနဲ့သူ့သမီးငယ် "နေခြည်" ပဲ ရှိပါတယ်...
အဲ့ဒီတုန်းက ကျနော်က စာရေးဆရာကဗျာဆရာတွေ"ဆရာဗန်းမော်တင်အောင်" အကြောင်းစုရေးထားတဲ့ "တိုင်းပြုပြည်ပြု့စာရေးဆရာ ဗန်းမော်တင်အောင်" ဆိုတဲ့စာအုပ်ထဲမှာ ဆရာမဒေါ်ခင်မာအေး(ကလောင်နာမည်"ညံဇန်"ထင်တယ်..) ရဲ့ဆောင်းပါးလေးတပုဒ်လဲပါတာမို့ လက်ဆောင်ပေးဖို့သွားခဲ့တာပါ...
ဆရာမဒေါ်ခင်မအေးက...သူငယ်ငယ်က ဆရာဗန်မော်တင်အောင်စာအုပ်တွေအကုန်ဖတ်ခဲ့ကြောင်း...ဆရာဗန်မော်ရဲ့ "မြိုင်" ကိုဖတ်ပြီး..သူအိမ်ထောင်ပြုရင်..မြိုင်ဝတ္ထုထဲက "ကိုတင်ဦး" လိုလူကိုရှာပြီး အိမ်ထောင်ဘက်အဖြစ်ရွေးချယ်မယ်လို့စိတ်ဆုံးဖြတ်ထားခဲ့ကြောင်း...သူတက္ကသိုလ်ရောက်တော့..ပထမနှစ်မှာတင် ဆရာဦးလှရွှေနဲ့တွေ့ပြီး အိမ်ထောင်ဖက်အဖြစ်သတ်မှတ်ရွေးခြယ်ခဲ့ကြောင်းတွေကို ကျနော်ကိုပြန်ပြောပြခဲ့ပါတယ်...

တကယ်လဲ...ဆရာဦးလှရွှေနဲ့ဆရာမဒေါ်ခင်မာအေးတို့ဘဝဟာ..ကိုတင်ဦးနဲ့မြိုင်ပါပဲလေ... 
(၁၉၆၂) ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ..ဆရာမဒေါ်ခင်မာအေးရဲ့ဘဝအိမ်မက်ကမ႓ာလေးဟာလဲ တစစီပြိုကွဲခဲ့ရပါတော့တယ်..
ဆရာဦးလှရွှေကတောထဲရောက်..နောက် ထောင်ကျ...ဦးလှရွှေနဲ့ဒေါ်ခင်မာအေးတို့ဟာ..ထောင်ထဲကိုတလှည့်စီဝင်လိုက်ထွက်လိုက်နဲ့မိသားစုတခုလုံး (မဆလ-နဝတ-နအဖ)စစ်အာဏာရှင်ခေတ်တလျှောက်လုံးမှာ ထောင်ထဲမှာဘဲအနေများခဲ့ရသူတွေဖြစ်ခဲ့ပါတော့တယ်...သားအကြီး ဆက်အောင်နိုင်ကလဲထောင်အကြိမ်ကြိမ်ကျ..သားအငယ် ဆက်အောင်ခိုင်ကလဲ(၈၈)နောက်ပိုင်းတောထဲရောက်သူပုန်ဖြစ်ခဲ့ရ...သမီးငယ်နေခြည်ကလဲလူမှန်းသိတတ်စအရွယ်ထဲကမိသားစုတကွဲတပြားနဲ့ကြမ်းတမ်းလှတဲ့လောကဓံတွေအာက်မှာနေခဲ့ရသူလေးပါပဲ...

စစ်အာဏာရှင်ခေတ်အဆက်ဆက် ဒုတ္ခအရောက်ခဲ့ရဆုံးမိသားစုတွေထဲမှာ..ဆရာဦးလှရွှေတို့မိသားစုဟာ ထိပ်ဆုံးကမိသားစုတခုဖြစ်ခဲ့ရပါတယ်...
ဒေါ်ခင်မာအေးက.."ကျမဘဝမှာ မိသားစုစုံညီတဲ့ထမင်းဝိုင်းလေးတခါမှမစားခဲ့ရပါဘူး..." ပြောခဲ့ရှာပါတယ်..
ဒေါ်ခင်မာအေးဟာ လောကဓံတရားတွေကိုကြံကြံခံရင်း ယုံကြည်ချက်ခိုင်မာစွာနဲ့ဆုံးပါးခဲ့ရဆရာဦးလှရွှေရဲ့ တော်လှန်ရေးပါရမီဖြည့်ဘက်တဦးပါပဲ...။

(၄)

လွန်ခဲ့တဲ့သုံးနှစ်လောက်ကထင်တယ်...ရဲဘော်ညီဇော် ဥက္ကဌအဖြစ်ရွေးခြယ်ခံရပြီးနောက် ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းမပေါ်ကခြံအမှတ်(၃၄) အဆောက်အဦးမှာ"ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ"ရုံးခန်းဖွင့်ပွဲပြုလုပ်တော့ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးကခေါင်းဆောင်တွေစကားပြောဖို့အစီအစဉ်ကို ရဲဘော်ညီဇော်တို့သမဂ္ဂအမူဆောင်အဖွဲ့နဲ့ကျနော်တို့ညှိနှိုင်းပြီး (၆၂)မျိုးဆက်မှ ဦးလှရွှေ,(၇၄)မျိုးဆက်မှ ကိုခင်ဝင်း(ဘိုးတော်),(၈၈)မျိုးဆက်မှ တင်အေး(ခင်မောင်ရီ),(၂၀၁၅)မျိုးဆက်မှ မိုးထက်နေတို့နဲ့ရုံးခန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်..
ဒီပွဲဟာ...(၁၉၆၂) ဗကသ-တကသ ကျောင်းသားခေါင်းဆောင် ဆရာဦးလှရွှေရဲ့"တကသ"ရုံးခန်းမှာ နောက်ဆုံးစကားပြောတဲ့ပွဲတခုဖြစ်ခဲ့ပါတယ်...
ဆရာမသေခင်မှာ..မြင်တွေ့ချင်ခဲ့မဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ပြန်လည်မြင်တွေ့ခွင့်ရမသွားခဲ့ပေမဲ့..တကသရဲ့နောက်ဆုံးမျိုးဆက်တွေရဲ့ အဓိပတိလမ်းမနဘေးကခွပ်ဒေါင်းအလံတွေတလူလူလွင့်တင်ထားတဲ့ "ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ"ရုံးခန်းဖွင့်ပွဲကိုတော့ ဆရာဦးလှရွှေကိုယ်တိုင်အဖွင့်မိန့်ခွန်းပြောပြီးဖွင့်လှစ်ပေးနိုင်ခဲ့တယ်လိုဆိုရမှာပါ...
ဒါဟာ..ဆရာရဲ့နောက်ဆုံးအပြင်းပြဆုံးဆန္ဒတခုပြည့်ဝခဲ့တယ်လို့ဘဲမှတ်ယူရပါတော့မယ်...။

(၅)

"ယဉ်မျိုး"စာအုပ်တိုက်မှာ ကျနော်နဲ့ဆရာဦးလှရွှေတို့ စကားပြောခဲ့ရတာဟာလဲ ဆရာဦးလှရွှေနဲ့ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့ပါတယ်...
မနက်ပိုင်းကနေနေ့လည်အထိစကားတွေပြောဖြစ်ခဲ့ပြီး..ပြန်ခါနီးမှာ ဆရာကိုစားသောက်ဆိုင်တခုမှာထမင်းကြွေးမလို့ပြောတော့ဆရာကငြင်းပါတယ်...ဆရာက .."ငါကလက်ဖက်ရည်တခွက်သောက်ရရင်ကြေနပ်ပြီကွ.."လို့ပြောပါတယ်..
ကျနော်ရွေးထားတဲ့ "ဆရာဗန်မော်တင်အောင်"ရဲ့စာအုပ်တွေကိုယူကြည့်ရင်း ဆရာက"အေးကွာ..ငါတို့လဲ ဆရာဗန်မော်တင်အောင်ရဲ့လမ်းပေါ်မှာလျှောက်လာခဲ့ကြသူတွေပါဘဲ...ဆရာဗန်မော်တင်အောင်ဟာ ငါ့တို့ရဲ့မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြဘဲကွ.."လို့ပြောခဲ့ပါတယ်...

ဆရာပြန်ခါနီး "ယဉ်မျိုး"စာအုပ်ဆိုင်လေးထဲက စာအုပ်ပုံတွေကြားမှာ ကျနော်ဆရာကိုကန်တော့်ခဲ့ပါတယ်..ဒါဟာလဲ ဆရာအပေါ်ကျနော်ရဲ့နောက်ဆုံးဂါဝရပြုခြင်းတခုလဲဖြစ်ခဲ့ပါတော့တယ်..
ကျနော်တို့ဘဝရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂလှုပ်ရှားမူ့တွေမှာထဲထဲဝင်ဝင်ပါဝင်လာခဲ့ရတဲ့အကြောင်းတွေထဲမှာ ဆရာဦးလှရွှေတို့ရဲ့စစ်အာဏာရှင်စနစ်ကိုစတင် ဆန့်ကျင်တော်လှန်ခဲ့တဲ့ (၁၉၆၂) နောင်တော့်နောင်တော် ကျောင်းသားသမဂ္ဂမျိုးဆက်တွေရဲ့သွေးတွေ ဘဝတွေ အသက်တွေခင်းပြီး လမ်းပြပေးခဲ့တဲ့ တော်လှန်ရေးလမ်းကြောင်းနဲ့စိတ်ဓါတ်တွေ..ခိုင်မာပြင်းထန်တဲ့ယုံကြည်ချက် ခံယူချက်တွေရဲ့ကျေးဇူးတရားတွေကြောင့်ဘဲဖြစ်ပါတယ်...
ဆရာဦးလှရွေအပါအဝင် ကျနော်တို့ရှေ့ကကျောင်းသားသမဂ္ဂမျိုးဆက်တွေဟာ ...ကျနော်တို့ရဲ့သမဂ္ဂစိတ်ဓါတ်နဲ့တော်လှန်ရေးရဲ့ မီးရူးတန်ဆောင်ရှေ့ဆောင်လမ်းပြတွေဘဲဖြစ်ပါတယ်...။။

(ဤစာစုဖြင့် ကွယ်လွန်သူဆရာဦးလှရွှေသို့ နောက်ဆုံးဂါဝရ အလေးနီပြုလိုက်ပါတယ်...!)
ဇာနည်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ဆာသော်ဒိုး - ဆွေမျိုးစပ်ခြင်း

Posted: 15 Jul 2021 10:06 PM PDT


ဆွေမျိုးစပ်ခြင်း
ဆာသော်ဒိုး
(မိုးမခ)ဇူလိုင် ၁၆၊ ၂၀၂၁
     
     " ဟေး ယောက်ဖ . . . ဘယ်လဲဟ "
     " ဒီနေ့ ကလေးတွေကို ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း ချက်ကျွေးမလို့၊ ကင်ပွန်းချဉ်ရွက်သွားခူးမလို့ ယောက်ဖရေ "
     ဒီနေ့ ကလေးတွေအတွက် ငါးခြောက်ဖုတ်ဆီဆမ်းနဲ့ လိုက်ဖက်မယ့် ဟင်းသီးဟင်းရွက်ထွက်ရှာရင်း ရွာထဲက စောဂျော်နီတို့အိမ်ရှေ့အရောက် အပြန်အလှန် နှုတ်ဆက်ဖြစ်တာပါ။
     ဒီရွာမှာ လူတိုင်း ဖော်ရွေတယ်။ ရိုးသားပွင့်လင်းတယ်။ ဟန်ဆောင်မှု ကင်းတယ်။ ဧည့်သည်ကို ခင်တတ်မင်တတ်ပြီး ဂရုတစိုက်စောင့်ရှောက်တတ်ကြပါတယ်။
     အတော်များများက "ကာတွန်းဆရာ" လို့ ခေါ်ကြပြီး စောဂျော်နီကတော့ " ယောက်ဖ " လို့ပဲ ရင်းရင်းနှီးနှီးခေါ်လာတာ ဒီရွာကိုရောက်တဲ့ ဟိုးဘက်လတည်းကပါပဲ။
     သူနဲ့ကျနော်က မွေးနစ်မွေးလ သွားတူနေတယ်။ ရွယ်တူ။ ကျနော့်ကို "ယောက်ဖ" လို့ ခေါ်တော့ ကျနော်ကလည်း ရင်းရင်းနှီးနှီးနဲ့ပဲ "ယောက်ဖ" လို့ ပြန်ခေါ်လာလိုက်တာပေါ့။
     သူ့နှမကို ကိုယ်ကယူယူ ကိုယ့်နှမကို သူကယူယူ "ယောက်ဖ" လို့ သုံးကြပါတယ်။ အပြင်မှာ တကယ်မပေးကြမယူကြပေမယ့်လည်း ချစ်စနိုးနဲ့ ခင်မင်စိတ်နဲ့ ရင်းရင်းနှီးနီး အဲသလိုမျိုး"ယောက်ဖ" လို့ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေကြားမှာ သုံးနှုန်းခေါ်ဝေါ်တတ်ကြပါတယ်။
     ဗမာစကားအသုံးတွေဟာ ဝေါဟာရ သိပ်ကြွယ်ဝတယ်။ စောဂျော်နီနဲ့ ရေနွေးထိုင်သောက်ရင်း "ဆွေမျိုးစပ်" ဝေါဟာရတွေဆီကို ရောက်သွားတယ်။ ယောက်ဖ၊ ယောက္ခမ၊ ခယ်မ၊ မရီး၊ မတ်၊ သား၊ သမီး၊ မြေး၊ တစ်ဝမ်းကွဲ၊ မယားညီအစ်ကို၊ လင်ညီအစ်မ . . . . . . စုံလို့ပါပဲခင်ဗျ။
     စောဂျော်နီအိမ်မှာ စာအုပ်ဘီရိုနဲ့။ စာလည်းအတော်ဖတ်တယ်။ စကားပြောလည်း ရွှင်တယ်။

တခါတခါ ပေါက်ပေါက်ရှာရှာတွေလည်း ဆွေးနွေးတတ်ပါသေးသဗျ။ သူ့အိမ် TV မှာလာနေတဲ့အမေရိကန်ပြန် မျက်နှာရူး " မဟ " ကိုမြင်တော့ "ယောက်ဖ သူ့ဂျာနယ်မှာ ရေးဘူးလား" တဲ့ မေးပါတယ်။
     "မပို့ဘူး မရေးဘူးပေမယ့် ငါ့စာမူတွေ အတော်ကလေး " ပါဘူးတယ် " ယောက်ဖရဲ့"   သူ့ဂျာနယ်ကို ဘာစာမူမှ မပို့ပါဘူး။ ဒါပေမယ့် မကြာမကြာ ပါပါလာတတ်တယ်။ ဒင်းက အခြားမီဒီယာတွေမှာပါတဲ့ ကျနော်တို့ရဲ့ခပ်စပ်စပ်ကာတွန်းတွေကို ခပ်စပ်စပ်သရော်စာတွေကိုကျနော်တို့ကို လုံးဝအသိမပေးဘဲ သူ့ဂျာ နယ်တွေမှာ ပြန်ပြန်သုံးတယ်ခင်ဗျ။ အဲသလို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုဖို့လှမ်းလှမ်းတားလည်း ဂရုကိုမစိုက်ဘဲ ထပ်ထပ်သုံးနေတာပဲ။
     သူ့ဂျာနယ်သွားတဲ့ "လမ်းကြောင်း" ကို မကြိုက်လို့ မရေးတဲ့ဟာကို ဒီကောင်က အဲသလိုမျိုး ဘလိုင်းကြီး ယူယူသုံးတာမခံချင်လို့ လှမ်းလှမ်းကြောင်းကြားတော့ "သံစျေးက ဂျာနယ်ရုံးခန်းမှာ စာမူခတွေ လာထုတ်လေဗျာ" တဲ့။ အဲသလိုကောင်။ ဒီလိုကောင်မျိုးနဲ့ မဆက်ဆံချင်လို့ ကျနော်တော့ တစ်ခါမှ သွားမထုတ်ခဲ့ဘူး။ ဒင်းဆီမှာ "အကြွေး" တော်တော်များများ ရှိတယ်။

     "ဒီကောင် "မအလမဟ" က ဒီလိုလူစားကိုး"    
 ဒါနဲ့ စကားဆက်ဖြစ်သွားတယ်။ စောဂျော်နီက ဖေ့စ်ဘုတ်ပေါ်က "မဟအကြောင်းတွေ" ကိုဖတ်ပြီးသားဆိုတော့ အဲသည်အကြောင်းတွေနဲ့ဆက်စပ်ပြီး ဆက်ပြောဖြစ်ကြပါတယ် ခင်ဗျ။
     " "မဟ" က ကျောင်းသားခေါင်းဆောင်လိုလို၊ နိုင်ငံရေးပရောဟိတ်လိုလို၊ ဆရာကြီးလိုလိုသမ႓ာကြီးယောင်ယောင်နဲ့။ ဒါနဲ့ ဒီကောင်က သူ့အစ်ကို့သမီး သူ့တူမအရင်းကို ပြန်ယူထားတယ်လို့ "ဖော်" ထားတာ တွေ့ရတယ်ဟယောက်ဖရ "  
   " အဲဒါ ဖတ်ရတယ် ယောက်ဖရဲ့ "
     " ဒါ အမှန်ဆိုရင်တော့ အဲသည်ကောင် မိသားစုအသိုင်းအဝိုင်းရဲ့ဆွေမျိုးတော်စပ်မှုတွေဟာ အမျိုးမျိုးအဖုံဖုံ ဖြာထွက်လာနိုင်တယ် ယောက်ဖရဲ့"
     " ဘယ်လိုတွေများလဲ ယောက်ဖရာ "
     သူ ဆွေမျိုးစပ်ပြတာတွေကို နားထောင်ရင်းပြုံးမိရယ်မိတာ အကြိမ်ကြိမ်ပါ ခင်ဗျ။ ဒီလိုတွေ။

     "မဟရဲ့ အစ်ကိုရဲ့သမီးလေးဟာ ဒီကောင့်ရဲ့ "တူမအရင်း" ဖြစ်ပြီး အခုကျတော့ "မယားငယ်" ဖြစ်နေပြန်ရော။ အဲသည်တော့ သူ့ရဲ့ "အစ်ကိုအရင်း" ဟာ အခု သူ့ရဲ့ "ယောက္ခမ" ဖြစ်လာတယ်။ သူ့အစ်ကိုရဲ့မိန်းမဟာလည်း အရင်က သူ့ရဲ့"မရီး" တော်ရာကနေ အခုကျတော့ သူ့ရဲ့"ယောက္ခမ" ဖြစ်လာပြန်တယ် "
     " သူ့တူမရဲ့မောင်ဟာ နဂိုက သူ့ရဲ့ "တူအရင်း" ဖြစ်ပေမယ့် အခုကျတော့ "ယောက်ဖ" ဖြစ်လာတယ်။ သူ့အစ်ကိုရဲ့ကလေးတွေနဲ့ သူ့ရဲ့ကလေးတွေဟာ နဂိုက "မောင်နှမတစ်ဝမ်းကွဲ" ကနေ အခုကျတော့ သူ့ "တူမ မယားငယ်" ဟာ သူ့ကလေးတွေရဲ့ "မိထွေး" ဖြစ်လာပြန်တယ် "

     "မဟအဖေအမေတွေရဲ့နဂိုက "မြေးမ" ဟာ အခုကျတော့ "ချွေးမ" ဖြစ်လာပြန်တယ်။ သူနဲ့ အခု သူ့ "တူမ" တဖြစ်လည်း "မယားငယ်" နဲ့က မွေးတဲ့သားဟာ သူ့ရဲ့ "သား" ဖြစ်သလိုပဲ "မြေး" လည်း ဖြစ်နေပြန်တယ်။ အဲသည်ကလေးဟာ သူ့မယားကြီးကမွေးတဲ့ သူ့ကလေးတွေနဲ့ "ဖအေတူ မအေကွဲ" တော်သလို "တူ" လည်း တော်နေပြန်ရော ယောက်ဖရဲ့ . . . ဟားဟားဟားဟား ဟားဟားဟားဟား . . . "
     " ဟားဟား ဟားဟား ဟားဟားဟား . . . "
     ယောက်ဖကား ရယ်မောလို့ မဆုံးတော့။ သူနှင့်လိုက်၍ ကျွန်ုပ်မှာလည်း အရယ်ကြီးရယ်မိသွားကာ ခေတ်ဆိုးကြီးကို ခေတ္တခဏ မေ့သွားကြောင်းပါ မိတ် ဆွေတို့ ခင်ဗျား ။     ။

ဆာသော်ဒိုး
14-7-2021
(Wed) 11:31 PM
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ဖိုးကျော် - ဂစ်တာ၊ လူနဲ့ အမ်တီဗီအပိုင်းအစများရဲ့ တန်ဘိုး

Posted: 15 Jul 2021 09:57 PM PDT

Image - Crd

ဂစ်တာ၊ လူနဲ့ အမ်တီဗီအပိုင်းအစများရဲ့ တန်ဘိုး

ဖိုးကျော်

(မိုးမခ)ဇူလိုင် ၁၆၊ ၂၀၂၁



ပြေငြိမ်းဆုံးတော့ ကျနော်ငယ်သေးတယ်။ ရထားစီးလာရင်း ခပေါင်းတံတားအနားမှာ ပြုတ်ကျသွားတာလို့ ကြားမိတယ်။ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ ငိုကြတယ်။ လစဥ်ထုတ်ရုပ်ရှင်မဂ္ဂဇင်းတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပြေငြိမ်းအကြောင်း သုံးလ၊ လေးလအထိ ဆက်တိုက်ပါနေတယ်။ ပြေငြိမ်းနဲ့ပတ်သက်ပြီး ပဟေဠိဆန်တဲ့ ဇာတ်လမ်းတွေပါ ပြောနေကြသေးတယ်။ ဒွေးဆုံးတော့ ကျနော်အိမ်ထောင်ကျနေပြီ။ သူ့နာရေးကို ရိုက်ထားတဲ့ စီဒီပြားဟာ ကူးမလောက်ပဲ။ သူငယ်ချင်းတယောက်ဆို ကူးစက်နားကနေ မခွာရဘူး။ ဗီစီဒီချပ်တွေ တဗူးပြီးတဗူး ထဲ့ကူးနေရတယ်။ သူငယ်ချင်းရဲ့ ဆိုင်ရှေ့မှာ ဒွေးရဲ့ပရိသတ်တွေ နာရေးဗီစီဒီ ရဖို့ စောင့်မျှော်နေကြတာ အများကြီးပဲ။


ထူးအိမ်သင်ကွယ်လွန်သွားတော့ အပြင်မှာမသိကျွမ်းပေမဲ့ ကျနော်ကိုယ်တိုင်လည်း ကြေကွဲခဲ့ဖူးတယ်။ သူ့သီချင်းတွေ တနေ့လုံးဖွင့်ပြီးနားထောင်ဖြစ်။ သူ့အမှတ်တရ စာအုပ်လေးကို အမှတ်တရဝယ်ဖြစ်။ လူတွေပဲလေ။ သူ့အစွဲကိုယ့်အစွဲ စွဲလန်းကြရတာပေါ့။ ပြန်မတွေ့နိုင်တော့ဘူး လောကကြီးထဲက ထွက်ခွာသွားပြီဆိုတဲ့အခါမှာလည်း လွမ်းဆွတ်ကြေကွဲ ကြရတာပေါ့။


-----------------------------------


မျက်ရည်ဝဲရတဲ့ ကိစ္စတွေ ခဏခဏကြုံနေရတယ်။ မျက်ရည်ဝဲနေရင်း စစ်အာဏာရူးတသိုက်အပေါ် နာကျည်းမုန်းတီးမှုက ပိုလာရပြန်တယ်။ ဒင်းတို့ဟာ စစ်အာဏာရူးတွေ။

နေ့လည်ထမင်းစားချိန်မှာ … “ဒီလိုဟင်းမျိုးလေးတွေ ဟိုကလေးတွေကို ကျွေးချင်လိုက်တာ'' လို့ ကျနော့်မိန်းမက ကောက်ခါငင်ခါပြောလိုက်တယ်။ ကျနော့်ထမင်းဝိုင်းမှာရှိနေတဲ့ ဟင်းတွေက အကောင်းစားကြီးတွေ မဟုတ်ပါဘူး။ ဝင်ငွေမရှိတော့တာ ဖေဖေါ်ဝါရီလကတည်းကပဲ။ ပုစွန်ခြောက်လုံးဝမပါတဲ့ ငပိကြော်လေးတခွက်၊ ကုလားပဲဟင်း၊ သရက်သီးမှည့်နဲ့ တညင်းသီးကို ဆီဆမ်းဆားဖြူးထားတာလေးပါ။ သူ့ စကားကြားရတိုင်း ကျနော်လည်း ဟိုကလေးတွေကို သတိ ရပါတယ်။


''ဘယ်သူမွေးမွေး၊ ငါတို့ကလေးပဲ''


လည်ချောင်းပေါက်ထွက်လုမတတ်ဟစ်ကြွေးခဲ့ရတာ ဘယ်မေ့ပါ့မလဲ။ ''တောထဲတောင်ထဲမှာ သူတို့လေးတွေ ဘယ်လိုများ နေထိုင်စားသောက်နေကြသလဲ'' လို့ ထမင်းစားတိုင်းသတိရမိ၊ အိပ်ရာဝင်တိုင်း သတိရမိတတ်ကြတာ ကျနော်တယောက်တည်းတော့ လုံးဝမဟုတ်နိုင်ပါဘူး။ လူလေးတွေက နုနုရွရွလေးတွေ။အပြင်ထွက်ကာနီးတိုင်း၊ ကျောင်းတွေသင်တန်းတွေ သွားကာနီးတိုင်း ''တာ့တာ'' ဆိုပြီး လက်ကလေးပြလို့ မိဘကို နုတ်ဆက်တတ်တဲ့အရွယ်လေးတွေ။ ဒါမှမဟုတ်လည်း စိတ်ကောက်စိတ်လုပ်ပြီး တနေကုန် အိပ်ခန်းထဲက ထွက်မလာဘဲ ဖုန်းတလုံးနဲ့ နေတတ်ကြသူလေးတွေ။ ဒီမိုကရေစီရဲ့ အရသာအစွန်အဖျားလေးကိုပဲ ခပ်ပါးပါး ခဏတာလေး မြည်းကြည့်ခွင့်ရခဲ့ကြတဲ့ သူလေးတွေ။ သူတို့ဟာ တော်လှန်ရေး ရဲဘော်တွေ ဖြစ်သွားခဲ့ကြပြီ။ စကားနည်းကြတယ်။ အသံတိုးတိုးနဲ့စကားပြောတတ်ကြတယ်။ ဟိတ်ဟန်မများဘူး။ သူတို့နှစ်သက်ရာကိုသာ လုပ်နေရမယ်ဆိုရင် ထမင်းငတ်တာလည်း ခံနိုင်တဲ့သူလေးတွေ။ သူတို့မြင်နေရပြီး သိပ်မကြာခင် အပိုင်ရတော့မဲ့ သူတို့အိပ်မက်တွေကို အာဏာရူးတွေက ဖျက်ဆီးနင်းခြေလိုက်ကြတယ်။ အိပ်မက်လမ်းကို ဖျက်ဆီးပစ်လိုက်ကြတယ်။


မိုးတွင်းကာလ အိမ်ထဲမှာနေရင်းတောင်မှ ဖျားတတ်နာတတ်ကြသေးတာပဲ။ တောထဲတောင်ထဲမှာ သူတို့လေးတွေ ဖျားနာကြမှာပဲ။ ပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးတာ အာဟာရပြည့်ဝနေဖို့။ စိမ်းစားငပိကျိုထားတာနဲ့အရွက်ပြုတ်နဲ့ သူတို့လေးတွေ ဖြတ်သန်းနေကြရတယ်။ ဘယ်သူတွေက သူတို့ကို အခုလို ဖြစ်သွားဖို့ တွန်းပို့ခဲ့တာလဲ။ မရူးမနှမ်းဘူးဆိုရင် သုံးတန်းကလေးတောင် တွေးတတ်ပါတယ်။ စစ်အာဏာရူးတွေကြောင့် သူတို့လေးတွေဟာ အခုလို ဖြစ်ကုန်ကြရတာ။


တလောလေးက အဆိုတော်ရေမွန်ဆုံးသွားတယ်။ သူ့သီချင်းလေးတွေကို ကျနော်လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ ကာလမှာ နားယဥ်ခဲ့ရတယ်။ တက္ကသိုလ်ကျောင်း သားလေးတယောက် ကျောင်းကပြန်လာတော့ သူ့မမ်မိုရီစတစ်လေးပေးပြီး ဖွင့်ခိုင်းရာက တဆင့်ပေါ့။ နောက်တော့ ကျနော့်စတစ်နဲ့ကူးထားပြီး ညစဥ်လို ဖွင့်ဖြစ်ခဲ့တယ်။ သီချင်းတွေကို သိခဲ့တယ်။ ရေမွန်ကိုတော့ တလောလေးကမှ လူကို သိခဲ့ရတာ။ အနုပညာကို အရင်သိခဲ့ရတယ်။ လူကိုမသိခဲ့ဘူး။ အဲတာက ပထမအပိုင်းပေါ့။ နောက်တပိုင်းရောက်တော့ သူ့ရဲ့တာဝန်သိမှုကို သိခဲ့ရပြီး သူ့သီချင်းတွေနဲ့သူ့ကိုပါ တစိမ့်စိမ့်သိခဲ့ရတယ်။ ကြေကွဲရမှာလား။ ဂုဏ်ယူရမှာလား။ ကျနော်ကတော့ ရင်ထဲကြေကွဲရင်းနှလုံးသားထဲက ဂုဏ်ယူနေမိတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ အခုလို ဖြစ်ရပ်မျိုးတွေဟာ နိုင်ငံအနှံ့မှာ ဖြစ်ပျက်နေခဲ့တော့တယ်။ ကျနော်လေ ပြင်သစ်က တော်လှန်ရေးသမားတွေ၊ဗီယက်နမ်ကတော်လှန်ရေးသမားတွေ၊ ကမ္ဘာပေါ်က တော်လှန်ရေးသမားတွေအကြောင်း မတွေးချင်တော့ပါဘူး။ နေ့စဥ်နေ့တိုင်း အချိန်နဲ့အမျှ ရင်ထဲကို လှုပ်ခတ်၊စိတ်ကို ဆွဲရမ်းနေတာက ကျနော်တို နိုင်ငံထဲက တော်လှန်ရေးသမားတွေအကြောင်းပဲ။ ''မင်းတို့နောက်ဆုတ်...ငါတို့က အသက်ကြီးပြီ၊ငါတို့ ထွက်ခုတ်ပါ့မယ်'' တဲ့။ လှိုင်သာယာ၊ရွှေပြည်သာ၊မြောက်ဉက္ကလာက ခေတ်သစ်ဓားရဲခုတ်ကြီးတွေ။ သူတို့ကို အပြစ်မတင်ရက်ပါဘူး။ သေနတ်ကိုင်ထားတဲ့ စစ်မိစ္ဆာလူရမ်းကားတွေကို ဓားနဲ့ထွက်ခုတ်ရင် အသေခံရဲမှ ရမယ်ဆိုတာ သူတို့သိတာပေါ့။ ဒါပေမဲ့ သူတို့အသေခံခုတ်ပြခဲ့ကြတယ်။ လမ်း....။ ဟုတ်တယ်မဟုတ်လားဗျာ။ ကျနော်ကတော့ အဲသည်ဖြစ်ရပ်တွေဟာ လမ်းတခုလို့ မြင်မိပါတယ်။ လမ်းကလေးဟာ ရေးရေးလေးပေါ့။'' 


လူတိုင်းလျှောက်၍ 

ကွေ့ကောက်ဖြတ်ပြေး

လမ်းကလေးသည်

တရေးရေးနှင့် ပေါ်လာသည်''တဲ့။


ဂန္ဓီကြီးရဲ့ အဟိံသ ဟာ ကျနော်တို့နိုင်ငံထဲက စစ်မိစ္ဆာနဲ့ရင်ဆိုင်ဖို့ အဖြေတခုမဟုတ်မှန်း  အသက်တွေစွန့်ပြီး ရင်းပြခဲ့ကြတယ်


-----------------------------------


အမ်တီဗီတကားကို ဖန်တီးရိုက်ကူးနေတဲ့ လူငယ်လေးဟာ စစ်မိစ္ဆာအယောက် ၃၀ လောက်ကို သေဆုံးစေခဲ့ပြီး သူကိုယ်တိုင်လည်း ကျဆုံးခဲ့တယ်။ သူ့မိဘတွေကစီးပွားရေးပြည့်စုံသူတွေ။ သူကိုယ်တိုင်လည်း အိမ်မှာအငယ်ဆုံးသားအဖြစ် ဖူးဖူးမှုတ်အချစ်ခံရသူ။ လူတွေအမြင်မှာ ဂျစ်တစ်တစ်နဲ့ကောင်ဆိုးလေးတယောက် ဖြစ်ခဲ့ဖူးတယ်။ အဲ့သည် လူငယ်လေးရဲ့ သတင်းကိုကြားတော့ အဝေးကနေ ဦးညွှတ်မိတယ်။ လက်ကလေးတွေက နူးနူးညံ့ညံ့လေးတွေ။ ကွန်ပြူတာကီးဘုတ်နဲ့ဗီဒီယိုကင်မရာကိုပဲ ကိုင်တတ်ခဲ့မယ်လို့ ထင်ထားခဲ့မိတာ။ လက်တွေ့ကို မြင်သိလိုက်ရတော့ အထင်တွေအတွက် စိတ်ထဲက တောင်းပန်မိတယ်။ ''အထင်မှားခဲ့မိတာ ခွင့်လွှတ်ပါသားရေ'' ဆိုပြီး ကောင်းကင်ကြီးကို တိုးတိုးတိတ်တိတ် ပြောမိတယ်။ သူ ရိုက်ကူးနေလက်စ အမ်တီဗီလေး အဆုံးသတ်မသွားခဲ့ဘူး။ သူ့လိုပဲ လူငယ်ပေါင်းများစွာဟာ အဆုံးမသတ်ရသေးတဲ့ ကိစ္စတွေ အများကြီးပေါ့။ တချို့က ဘွဲ့လွန်ဆက်တက်ဖို့၊ပညာရပ်တွေ၊ အလုပ်အကိုင်တွေ တဆင့်တက်လှမ်းကြဖို့ ရည်ရွယ်ထားကြတာ အများကြီးပဲ။ လူကြီးပိုင်းထဲ ကြည့်ရင်လည်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကအစ ဝန်ထမ်းတွေဟာ ပညာအတွက်ဖြစ်စေ မိသားစုလမ်းကြောင်းအတွက်ဖြစ်စေ ရည်မှန်းချက်တွေကိုယ်စီနဲ့။


မျှော်လင့်ချက်လမ်းမကြီးတွေ အကုန်လုံးဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ချိုင့်ကျင်းတွေတင်းကြမ်းခတ်သွားခဲ့တာပါပဲ။ စစ်အာဏာရူးရဲ့ လက်ကြမ်းဟာ တနိုင်ငံလုံးကို မွှေ့ရမ်းပစ်တယ်။


------------------------------------


ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေဟာ သူတို့လိုချင်တာကို စျေးနှုန်းတခုသတ်မှတ်ပြီး ဝယ်ယူကြတယ်။ သူတို့ပေးလိုက်ရတဲ့စျေးနှုန်းနဲ့တန်အောင် အသုံးချတယ်။ ဝယ်လို့မရရင် လုယူတတ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်မျိုးစုံကို နည်းလမ်းအမျိုးမျိုးနဲ့ ဝယ်ယူအသုံးချတတ်တယ်။ လမ်းဟောင်းကြီးအတိုင်းပဲ လျှောက်တတ်နဲ့ စစ်အာဏာရှင်ညာဥ်ဆိုးအရ အခုလည်း အဲလိုပါပဲ။ ပညာတတ်တချို့နဲ့စာရေးဆရာတချို့ဟာလည်း အဝယ်ခံလိုက်ရတယ်။တန်ရာတန်ကြေးဆိုတာမျိုးဟာ သစ္စာမဲ့တဲ့ ကိစ္စမျိုးတွေမှာ သတ်မှတ်ချက်မရှိတာမို့ စျေးနှုန်းကို ဘယ်သူမှလည်း စိတ်မဝင်စားကြပါဘူး။ လူငယ်တွေဟာ အခုအချိန်အထိ သူတို့ကိုယ်သူတို့ ရောင်းမစားကြဘူး။ သူတို့ကို ဝယ်မရလို့ လုမယ်ဆိုလည်း လွှတ်အောင်ပြေးတယ်။ မိသွားတဲ့အခါ အသက်သာအသေခံလိုက်ကြတယ်။ ဖြစ်ရပ်တွေ သတင်းစကားတွေကို နေ့စဥ်ကြားနေရတယ်။


ပြေငြိမ်းလည်းဆုံးသွားခဲ့တယ်။ ဒွေးလည်းဆုံးသွားခဲ့တယ်။ ပြီးတော့ ထူးအိမ်သင်။ နောက်တော့ရေမွန်။ ကျနော်ပြောခဲ့ဖူးတဲ့အမ်တီဗီဒါရိုက်တာလေး။ လူငယ်ပေါင်းများစွာ။ ခေတ်သစ်ဓါးရဲခုတ်ကြီးတွေ။


ဆရာဗန်းမော်တင်အောင်က ပြောခဲ့ဖူးတာပဲ။ အားလုံးလိုလိုလည်း သိကြပါတယ်။ ''လူတယောက်ရဲ့ တန်ဘိုးဆိုတာ....''တဲ့။ ဖြတ်သန်းနေရတဲ့ ခေတ်ကာလက ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ထမ်းခဲ့ကြသူလည်း ရှိရဲ့။ ရှောင်လွှဲခဲ့ကြသူလည်းရှိရဲ့။


ကျနော်လည်း ဟင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပန်းကန်ထဲကထမင်းတွေ တစိမှမကျန်အောင် စားနေဖြစ်ပါတယ်။ ရှင်သန်ဖို့အတွက် ရှင်သန်နေရဦးမယ်မဟုတ်လား။ တော်လှန်ဖို့အတွက် ရှင်သန်မှ ဖြစ်မယ်မဟုတ်လား။ ကိုဗစ်စစ်မျက်နှာ၊ဖက်ဆစ်စစ်မျက်နှာ စစ်မျက်နှာ၂ ခုနဲ့ ရင်ဆိုင်နေကြရတဲ့ မိတ်ဆွေအားလုံးဟာ ကိုယ်ခံအားကောင်းနေဖို့လိုပါတယ်။ တညင်းသီးပြုတ်၊ ငပိကြော်နဲ့ပဲဟင်းကို စားနေရင်း အဝေးက ကလေးတွေကို အားနာနေမိတယ်။ရှက်မိပါတယ်။


ဖိုးကျော်

မြောက်ဘက်တောင်ကုန်းဒေသ

၁၁/၇/၂၀၂၁

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



သီအိုဇော် - နွေဦးကိုဗစ်တော်လှန်ရေး

Posted: 15 Jul 2021 06:23 PM PDT



သီအိုဇော် - နွေဦးကိုဗစ်တော်လှန်ရေး

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၁

တန်းကျော်ပြေးပွဲ တစ်ခုလိုပါပဲ၊ အရှိန်အဟုန်ပြင်းပြင်းနဲ့ မရပ်မနား ခရီးနှင်နေတဲ့ နွေဦးတော်လှန် ရေးပြေးလမ်းမ မှာ COVID-19 အတားအဆီးက ရှိလာပါပြီ။ ဒီအရာကလည်း အလေးအနက်မထား ပေါ့ပေါ့လေး ကျော်ဖြတ်နိုင်တာမျိုး မဟုတ်ဆိုတာ အားလုံးက လက်ခံထားကြရပါတယ်။ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံများမှာတောင် မနည်းကြိုးစား ရုန်းကန် ကျော်ဖြတ်နေရတာ မျက်မြင်ပါပဲ။ မကြာမြင့် သေးတဲ့ ကာလဆီကတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အားနည်းခဲ့ပေမယ့် မေတ္တာ စေတနာကို အရင်းခံပြီး ပြည်သူ့အစိုးရက ဦးဆောင်ခဲ့လို့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ဖူးပါ တယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်သည်မို့ ပြည်သူများကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်း ညွှန်ချက်များကို ကြိုးစားလိုက်နာပြီး ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခအခက်အခဲများကို တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာ တရားများနဲ့ ဖေးမကူညီရင်း အတူကျော်လွှားခဲ့ကြတာပါ၊ အခုအချိန်အခါမှာတော့။

COVID-19ဟာ ကူးစက်မြန် ကပ်ရောဂါဖြစ်တဲ့အတွက် ကုသရေးအပြင် ကာကွယ်ရေး၊ ထိန်း ချုပ်ရေး တို့ဟာ အ‌ရေး ကြီးလှပါတယ်။ ဒါကြောင့်ပြည်သူ့ကျန်းမာရေး (Public Health) အခန်းကဏ္ဏ အရေးပါမှုကို ပိုအာရုံစိုက်ဆွေးနွေးပါမယ်။ အထူးသဖြင့် ခဲခဲယဥ်းယဥ်း တည်ဆောက်ထား ခဲ့ရတဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေး ယန္တရားပြိုပျက်သွားမှုကို ပြည်သူများ ခါးစည်းခံနေရချိန်မှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဥ်နဲ့သာ မြန်မြန်ဆန်ဆန် ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေမှုကို နှေးကွေးသွားအောင်၊ ဖြစ်နိုင်ရင် နှေးရာကနေ ရပ်သွားအောင် လုပ်ကြဖို့သာရှိလို့ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) က ဒီမူအတိုင်းတိုက်တွန်းထားသလို နိုင်ငံကြီးငယ်မရွေး ကျင့်သုံးလျှောက်လှမ်းနေရတဲ့လမ်းလည်း ဖြစ်ပါတယ်။ ကုသရေးအပိုင်း အကျယ်တဝင့် ရေးမထားလို့ သူ့ရဲ့ အရေးပါမှုကိုလျှော့တွက်တာမျိုးမဟုတ်ပါ ဆိုတာကိုတော့ပြောလိုပါတယ်။ ကုသမှု မနိုင်မနင်းဖြစ်ရခြင်းရဲ့ ဇစ်မြစ်ဟာ ကူးစက်နှုန်း မြန် ဆန်များပြားလွန်းတဲ့အတွက်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုအားကောင်းလှတဲ့ နိုင်ငံကြီးတွေမှာ တောင် ပြင်းထန်မြန်ဆန်တဲ့ ကိုဗစ်လှိုင်းရိုက်ခတ်ချိန်မှာ ကုသရေးအပိုင်းမနိုင်မနင်း ဖြစ်ကြရပါ တယ်။

အားလုံးသိကြတဲ့အတိုင်း COVID-19 ဖြစ်ပွားစေ တဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ ကူးစက်နှုန်းအင်မတန်မြန်တဲ့အတွက် နေရာဒေသတခုမှာ ဖြစ်ပွားပြီ ဆိုကာမှ တုန့်ပြန်ထိန်းချုပ်ဖို့ စီစဥ်နေရင်တော့ နောက်ကျသွားပြီလို့ ပြောစမှတ်ပြုထားရပါတယ်။ ဆိုလိုတာက Reactive approach နဲ့ ဖြစ်တော့မှ တုန့်ပြန်လို့မရပါဘူး၊ ကြိုတင်ပြင်ဆင်မှု အပြည့်နဲ့ Proactive ဖြစ် နေဖို့လိုပါတယ်။ ဒီအတွက် ထိရောက်တဲ့ Comprehensive Surveillance System နဲ့ COVID-19 ရောဂါဖြစ်ပွားမှုကို စဥ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလေ့လာနေရတာပါ။ ဒါမှသာ တစုံတယောက် ကို COVID-19 ကူးစက် သွားပြီဆိုတာနဲ့ လွတ်ထွက်မသွားပဲ အလျင်အမြန်စစ်ဆေး သိရှိနိုင်မှာပါ။

ဒီလို ထိထိရောက်ရောက် တုန့်ပြန်နိုင်ဖို့အတွက် အဓိကလုပ်ငန်းစဥ် ၃ ရပ်ကို ဟာကွက်မရှိအောင် အတတ်နိုင်ဆုံး လုပ်ဆောင်ရပါတယ်။ ပထမအချက်က Symptom Screening လို့ခေါ်တဲ့ COVID-19 ရဲ့ လက္ခဏာများ ရှိမရှိစစ်ဆေးခြင်းပါ။ ဒုတိယကတော့ Testing ပါ၊ စစ်သင့်သူတိုင်းကို စစ်ရပါ မယ်။ တတိယလုပ်ငန်းစဥ်ကတော့ Contact Tracing လို့ခေါ်တဲ့ ထိတွေ့မှု လိုက်လံခြေရာခံရှာဖွေ ခြင်းပါပဲ။ ပြည်သူ့အစိုးရလက်ထက် ပထမလှိုင်း၊ဒုတိယလှိုင်း ဖြတ်ခဲ့စဥ်က နိုင်ငံရဲ့ရနိုင်သမျှ အရင်း အမြစ်များ သုံးပြီး အထက်ကအချက်တွေကို အတတ်နိုင်ဆုံး ရေကုန်ရေခမ်း ဆောင်ရွက်ခဲ့တာ ပါ။ အခု အချိန်မှာတော့ ဒီ Surveillance System အလုံးစုံ ဟာ ထိထိရောက်ရောက်မရှိတော့ဘူးလို့ ပဲ ကောက်ချက်ချရ မလိုဖြစ်နေပါပြီ၊ ထုတ်ပြန်လာတဲ့ ပိုးတွေ့လူနာစာရင်းများက သက်သေပါ။

အထက်ကအချက်အားလုံးကိုအလွှာစုံ ဒေသစုံက ပြည်သူတွေကြားမှာ မျက်ခြေမပြတ်ဆောင်ရွက် အကောင်အထည်ဖေါ်ရတာပါ။ ကပ်ရောဂါအနေနဲ့ တကမ္ဘာလုံးမှာဖြစ်နေတာလည်းကြာ၊ ကျန်းမာ ရေးပညာပေးတွေ ကလည်းထိုက်သင့်သလောက်ရှိခဲ့လေတော့ ဘယ်လိုရောဂါလက္ခဏာဆို ဘယ်လို ဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကြား အသိအမြင်ရှိနေကြပါပြီ။ အာဏာသိမ်းမှုကြောင့် ပညာပေး လုပ်ငန်းတွေ အရှိန်လျေ့ာကျသွားတာကတော့ တစ်ပိုင်းပါ။

အရေးလည်းကြီး မပြောမဖြစ်ပြောရမှာကတော့ COVID-19 Testing အကြောင်းဖြစ်ပါတယ်။ နိုင်ငံ ရဲ့ အခြေအနေအရ ပိုမိုတိကျတဲ့ PCR test ထက် low sensitivity ဖြစ်တဲ့အတွက် false negative ရလဒ်ပေးနိုင် တဲ့ Rapid Antigen Test Kit ကို အများအပြားသုံးနေရတာကို မှတ်ချက်အထူးပေးစရာ မရှိ၊ နား လည်နိုင်ပါတယ်။ false negative ဖြစ်တဲ့အတွက် ကိုဗစ်ပိုးရှိရက်နဲ့ မရှိဆိုတဲ့ရလဒ်ကြောင့် စောင့် ကြည့်ကုသရမယ့် စာရင်းထဲကလွတ်မသွားဖို့တော့အရေးကြီးပါတယ်။ ထိုသူများကတဆင့် ဆက် လက်ကူးစက်နိုင်လို့ပါ။

အခုပြောချင်တာက နေ့စဥ်စစ်ဆေးတဲ့အရေအတွက်အကြောင်းပါ။ ကိုဗစ်လှိုင်းတဖန်ရိုက်ခတ်လာပြီ ဆိုတာနဲ့ စစ်ဆေးမှုအရှိန်အဟုန် လိုက်မြှင့်ရပါမယ်။ အခုထုတ်ပြန်နေတဲ့ စစ်ဆေးမှုဟာ တတိယလှိုင်းအတွက် မလုံလောက်တော့။ အခြားနိုင်ငံတွေနဲ့နှိုင်းယှဥ်ပြောမှာမဟုတ်ပါ၊ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ စာရင်းအရ နှိုင်းယှဥ်တွက်ချက်ပြပါမယ်။

ပထမတခုက ပြည်သူ့အစိုးရလက်ထက် စစ်ဆေးခဲ့တဲ့ အာဏာမသိမ်းမီ နှစ်ပတ်၊ ဇန်နဝါရီ(၁၈) ရက်နေ့မှ ဇန်နဝါရီ (၃၁) ရက်နေ့ အထိ စစ်ဆေးမှု့ပါ။ အဲဒီအချိန်ကာလအတွက် နေ့စဥ်ပျမ်းမျှ ပိုးတွေ့လူနာသစ်အရေအတွက်က ၄၁၆ ယောက် ဖြစ်ပြီး၊ နေ့စဥ် ပျမ်းမျှ စစ်ဆေးမှုအရေအတွက်က ၁၈၃၈၂ ဖြစ်ပါတယ်။ အာဏာသိမ်း ပြီးကာလ ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်ပတ်၊ ဇူလိုင်(၁) ရက်နေ့မှ ဇူလိုင်(၁၄) ရက်နေ့ အထိ နေ့စဥ်ပျမ်းမျှ ပိုးတွေ့ လူနာသစ်အရေအတွက်က ၃၆၄၈ ယောက် ဖြစ်ပြီး နေ့စဥ် ပျမ်းမျှ စစ်ဆေးမှုအရေအတွက်က ၁၂၈၅၄ ဖြစ်ပါတယ်။ ပိုးတွေ့လူနာသစ်အရေအတွက် ၈ဆကျော်တက်သွားချိန်မှာ စစ်ဆေးမှု ၃၀ ရာ ခိုင်နှုန်းလျော့ကျသွားတာကတော့ လက်ခံနိုင်စရာမရှိပါ။ ဒါ့ကြောင့် တတိယလှိုင်းကို ကျော်ဖြတ်နိုင်ဖို့ နေ့စဥ်စစ်ဆေးမှုအရေအတွက် ကိုတိုးမြှင့်ရပါမယ်။ Rapid Antigen Test ဟာ PCR test လိုကုန်ကျမှု လည်းမများ၊ အချိန်လည်းမယူ၊ သင်တန်းပေးသင်ကြားရတာလည်းလွယ်ကူတဲ့ အတွက်စစ်သင့် စစ်ထိုက်သူများအားလုံးကို စစ်ဆေးပေးရပါမယ်။

စစ်ဆေးမှုနဲ့တပါတည်းလိုက်လာရမှာက ထိရောက်မြန်ဆန်တဲ့ ခြေရာခံရှာဖွေမှုစံနစ်၊ စောင့်ကြည့်ရေး စခန်းများ၊ ကွာရန်တင်းစင်တာများပါ။ တကယ်တော့ မြန်မာလူမှုအဖွဲ့အစည်းရဲ့ နေထိုင်မှုပုံစံအတွက် အဆင်ပြေစေဖို့ တည်ဆောက်ခဲ့တဲ့ ကွာရန်တင်းစခန်းများကို ပြန်လည်အသုံးပြုဖို့ မကြိုးစားနိုင်ခဲ့ တာ၊ ဟန်ချက်ညီညီပါဝင်ခဲ့ကြတဲ့ ပရဟိတ လူမှုရေးအသင်းအဖွဲ့များကအစ လက်တွဲလုပ်ဆောင် ကြရမယ့် ပြည်သူများအဆုံး ရန်သူလိုဆက်ဆံခဲ့တာတွေက၊ နဂိုကပင် အရည်အချင်းနည်းပါးသူများ ကူးစက်မြန်ကပ်ရောဂါကို ကိုင်တွယ်ထိန်းသိမ်း မရစေဖို့ ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးစီမံချက်များဟာ သူ့ရဲ့အမည်အတိုင်း ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုမရှိရင် ထိရောက်မှုရှိမှာမဟုတ်ပါ။ ပြည်သူတွေဖက်ကတော့ သူတို့ရဲ့အသက်ကို တန်ဖိုး ထားတဲ့အစိုးရကို ယုံကြည်မှုအပြည့်နဲ့ တန်ဖိုး ထား တုန့်ပြန်တတ်တာ သဘာဝကျပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းက သက်သေပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပြည်သူကသာ အဓိကဖြစ်တဲ့အတွက် ပြည်သူ့အားနဲ့ တတိယလှိုင်းကို ကျော်ဖြတ်နိုင်ပါတယ်။ ဒီတတိယလှိုင်းနှေးသွား ရပ်သွားစေနိုင်ဖို့အတွက်ကတော့ ပြည်သူများဖက်ကသာ လုပ်နိုင်ပြီး အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ အရာတစ်ခုကို ပြောလိုပါတယ်။ အထပ်ထပ် ကြားပြီးပေမယ့် ထပ်ပြောလိုပါတယ်။

မလိုအပ်ရင် အပြင်မထွက်ပဲ အိမ်ထဲမှာ နေပေးဖို့ပါ။

ဒီစကားကိုစိတ်ပင်ပန်းကြီးစွာနဲ့ ပြောရခြင်းပါ၊ အိမ်မှာနေချင်တောင်မှ နေလို့မဖြစ်၊ မိသားစုအတွက် စီးပွားထွက်ရှာမှ ဖြစ်မယ် ဆိုသူများလည်းရှိကြတာ နားလည်ပါတယ်။ ကူးစက်မှုက ရရှိတဲ့ကိုယ်ခံ အား၊ ကာကွယ်ဆေးကရရှိတဲ့ကိုယ်ခံအားတွေ စုပေါင်းပြီး လုံလောက်တဲ့ လူဦးရေလိုက်ကိုယ်ခံအား Herd Immunity (Population Immunity လို့လည်းခေါ်ကြပါတယ်) မရသေးသရွေ့၊ ဒီနည်းလမ်း ကသာ ပျံ့နှံ့နေတဲ့ဗိုင်း ရပ်စ်ပိုးကို နှေးသွားအောင်လုပ်နိုင်တဲ့ အတွက်ပါ။

မြန်မာတစ်နိုင်ငံတည်း မ ဟုတ်၊ တစ်ကမ္ဘာလုံး အခုကာကွယ်ဆေးများထိုးနေကြတဲ့တိုင်းပြည်များ အပါအဝင် ဘယ်နိုင်ငံကမှ ဒီ ၂၀၂၁ ခုနှစ်အတွင်းမှာ Herd Immunity ရမှာမဟုတ်ဘူးလို့ WHO ရဲ့ Chief Scientist Soumya Swaminathan က ခန့်မှန်းထားပါတယ်။

အခွင့်သင့်တုန်းပြောရရင် Herd Immunity ကို ကာကွယ်ဆေး အကူအညီနဲ့သာရယူရမယ်၊ ဗိုင်းရပ်စ်ပိုး အကူးခံပြီး မရယူသင့်ဘူးဆိုတာ WHO ရဲ့ မူ လည်းဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် Herd Immunity ကိုယ်ခံအား မရခင် ဖြစ်ပွားနှုန်း သိပ်များပြီး ကျန်းမာရေးစံနစ် ပြိုလဲကျသွားနိုင်သလို အသက်ပေါင်းများစွာလည်း ဆုံးရှုံးကြရမှာဖြစ်တဲ့အတွက် ပါ။

နောက်ထပ်ပြည်သူများလုပ်နိုင်တာကတော့ ခြေရာခံရှာဖွေမှုစံနစ်ယိုင်နဲ့နေမှု ကို Contact Tracing Diary ထားခြင်းနဲ့ ဝင်ရောက်ကျားကန်ပေးတာပါ။ သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး၊ နေ့ရက် အချိန် နေရာနဲ့ ကိုယ် ဘယ်သူဘယ်ဝါနဲ့ ဆုံခဲ့တယ် ဆိုတာမျိုး ဒိုင်ယာရီ ရေးသားခြင်း ပါ။ ပြည်သူများကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရတဲ့အတွက် ပိုပြီးလွယ်ကူလက်တွေ့ကျနိုင်မယ် ယူဆရတဲ့ ဒိုင်ယာရီ နည်းလမ်း ကို ပြောရခြင်းပါ။ တကယ်လို့ ကိုယ်က COVID-19 ဖြစ်သွားတာပဲဖြစ်ဖြစ်၊ ကိုယ်သွားခဲ့တဲ့ နေရာမှာ COVID-19 ဖြစ်တဲ့သူ ရောက်ခဲ့တယ်လို့ ကြားသိရတာပဲဖြစ်ဖြစ်၊ ပြန်စစ်ဆေးတာ၊ အချင်း ချင်း အကြောင်းကြားတာတွေလုပ်ဖို့ လွယ်ကူသွားစေပါတယ်။ အလျင်အမြန် ခြေရာခံနိုင်ဖို့ အ ထောက်အကူ ပြုနိုင်ပါတယ်။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် တော်လှန်ရေးအသိ၊တော်လှန် ရေး သတိတော့ ရှိဖို့လိုအပ်ပါမယ်။ လိုအပ်သူများကတော့ စကားဝှက်နဲ့ ရေးမှတ်သင့်တယ်လို့ထင်ပါ တယ်။

တပ်ဘေးနဲ့ ကပ်ဘေးကို ရဲရဲဝန့်ဝန့် ကြံ့ကြံ့ခံ ရင်ဆိုင်နေကြတဲ့ မြန်မာပြည်သူများရဲ့ စိတ်ဓါတ်ခိုင်မာမှု ကတော့ အံ့မခန်းပါ။ ကမ္ဘာမှာ ကိုဗစ်ဒဏ်ကို နိုင်ငံတိုင်းအလူးအလဲ ခံစားရင်း ဖြတ်သန်းနေကြတာပါ၊ ဒါပေမယ့် ဆင်းရဲချမ်းသာ အသာထား၊ အဲဒီနိုင်ငံတွေက အုပ်ချုပ်သူ၊တာဝန်ရှိသူများက သူတို့ပြည် သူတွေရဲ့ အသက်နဲ့ဘဝကို တကယ့်ကိုတန်ဖိုးထားပြီး ကိုဗစ်ဒဏ်က သက်သာစေဖို့ မီးကုန် ယမ်းကုန် ကြိုးစားပံ့ပိုး ခဲ့ကြတာပါ။ ဒါကြောင့် မြန်မာပြည်သူများရဲ့ ဇွဲသတ္တိ နဲ့ ခံနိုင်ရည်ရှိမှုကို ကြားရသူတိုင်း က အံ့ဩကရုဏာသက်ရင်း ချီးမွမ်းကြရပါတယ်။ ဒီတတိယလှိုင်း ဆိုတဲ့ ပြေးလမ်းပေါ်ကအတား အဆီးကို ရ‌ အောင် ကျော်ဖြတ်ပြီး နွေဦးတော်လှန်ရေးကို အဆုံးသတ်နိုင်ကြမှာအသေအချာပါ။

မြင့်မားလှတဲ့ အပူချိန်နဲ့ ကြီးမားလွန်းတဲ့ ဖိအားတို့ကြောင့်သာ မြေအောက်က ကာဗွန်အပိုင်းအစဟာ တန်ဖိုးအရှိဆုံး စိန်ဆိုတဲ့ ရတနာတစ်ပါး ဖြစ်ခဲ့ရတယ်ဆိုတာကို တိုက်ဆိုင်စွာသတိရမိလိုက်ပါတယ်။

(သီအိုဇော်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





ဇင်လင်း - လွတ်လပ်စွာ တွေးခေါ် ဝေဖန်ဆန်းစစ်ခွင့်ကို ဦးထိပ်ထားသူ အိုင်ဗင်ဘူနင်

Posted: 15 Jul 2021 05:30 PM PDT



ဇင်လင်း - လွတ်လပ်စွာ တွေးခေါ် ဝေဖန်ဆန်းစစ်ခွင့်ကို ဦးထိပ်ထားသူ အိုင်ဗင်ဘူနင်

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၁

‘အိုင်ဗန် အလက်ဆေယေဗစ်ချ် ဘူနင်’ (Ivan Alekseyevich Bunin) သည် ပထမဦးဆုံး စာပေနိုဘယ်ဆု ရရှိခဲ့သည့် ရုရှားကဗျာဆရာနှင့် စာရေးဆရာဖြစ်သည်။ ‘ဘူနင်’ သည် သူ၏ ကဗျာလင်္ကာနှင့် စကားပြေအရေးအသားများတွင် ရုရှား ရိုးရာ အစဉ်အလာများကို ဆက်ခံ၍ အလွန်တိကျသေချာစွာ ရသမြောက် သရုပ်ဖေါ်ရာ၌ နာမည်ကျော်ကြားသူဖြစ်သည်။ သူ၏ ကဗျာလင်္ကာများနှင့် ၀တ္ထုများကို ရသမြောက်အောင်ရေးဖွဲ့ရာတွင် ဘာသာစကား ဝေါဟာရ အသုံးအနှုန်း လွန်စွာ ကြွယ်ဝလှသဖြင့် ‘ဘူနင်၏ ရသမြောက် စကားတန်ဆာဆင်ရေးဟန်’ ဟုပင် တင်စားအသိအမှတ်ပြုခြင်း ခံရသည်။

‘ဘူနင်’၏ မိဘများသည် ရုရှားသူကောင်းမျိုးနွယ်မှ ဆင်းသက်သူများဖြစ်သည်။ ‘ဘူနင်’ ကို သူ့မိဘများပိုင်ဆိုင်သော ရုရှား နိုင်ငံအလယ်ပိုင်း ဗိုရိုနက်ဇ်ဒေသရှိ နေအိမ်၌ ၁၈၇၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ဖွားမြင်ခဲ့သည်။ ‘ဘူနင်’ သည် ဖခင် ‘အလက်ဆေ နီကိုလာယေဗစ်ချ်ဘူနင်’ (Aleksey Nikolayevich Bunin)နှင့် မိခင် ‘လျုဒ်မီလာ အလက်ဆန်ဒရို့ဗ်နာ ဘူနီနာ’ (Lyudmila Aleksandrovna Bunina)တို့၏ တတိယမြောက်သားဖြစ်သည်။ သူ့တွင် ‘ယူလီ’ နှင့် ‘ယက်ဗ်ဂေနီ’ ဆိုသည့် အစ်ကို နှစ်ယောက်ရှိသည်။ သူ့အောက်တွင် ‘မာရှာ’ နှင့် ‘နဒ်ယာ’ ဆိုသော ညီမနှစ်ယောက်ရှိသည်။ ‘ဘူနင်’ ၏ ရှေ့မှ ဆွေမျိုးများထဲတွင် ကဗျာဆရာမ ‘အင်နာ ဘူနီနာ’ (Anna Bunina1774–1829)နှင့် ကဗျာဆရာ ‘ဗတ်ဆီလီ ဇူးကော့ဗ်စကီး’ (Vasily Zhukovsky 1783–1852) တို့ ပေါ်ထွန်းခဲ့ဖူးသည်။ ၎င်းတို့နှစ်ဦးအတွက် ဂုဏ်ယူလေ့ရှိကြောင်း ‘အိုင်ဗင်ဘူနင်’ က ၁၉၅၂ ခုနှစ်က ရေးသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် ဖေါ်ပြဖူးသည်။ ‘ဘူနင်’သည် ရုရှားပြည် အလယ်ပိုင်းရှိ ‘ယေလက်စ်’ (Yelets) အလယ်တန်းကျောင်း၌ ပညာသင်ခဲ့ပြီး၊ နောက်ပိုင်းတွင် အစ်ကိုဖြစ်သူက စာသင် ပေးခဲ့ပြီး ဘွဲ့မရရှိခဲ့ဟု ဆိုသည်။ ၁၈၈၇ ခုနှစ်တွင် သူ၏ ကဗျာနှင့် ၀တ္ထုတိုများ စတင်ပုံနှိပ် ဖေါ်ပြခြင်းခံရသည်။

ဘူနင်၏ အကောင်းဆုံးလက်ရာအဖြစ် ကျော်ကြားသော ၀တ္ထုများမှာ ‘ကျေးရွာ’ (The Village -1910) နှင့် ‘အာဆေနီ ယက်ဗ်၏ ဘဝဇာတ်ကြောင်း’ (The Life of Arseniev -1933, 1939) တို့ဖြစ်သည်။ ထင်ရှားသော ၀တ္ထုတိုပေါင်းချုပ်များ မှာ ‘မှောင်ရိပ်လွှမ်းသော ဂေဟာများ’ (Dark Avenues - 1946) နှင့် ‘ကြိမ်စာသင့် နေ့ရက်များ’ (Cursed Days, 1926) တို့ ဖြစ်သည်။ ဥရောပတိုက်၌ ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံရေးခိုလှုံနေသူများ၊ ဥရောပတိုက်သား ဝေဖန်ရေးဆရာများ နှင့် သူနှင့်ခေတ်ပြိုင်စာရေးဆရာများ၏ အလယ်တွင် ‘ဘူနင်’သည် ထူးထူးခြားခြား လေးစားချစ်ခင်ခံရသည့် စာပေပညာရှင် တစ်ဦးဖြစ်သည်။ ‘ဘူနင်’ကို ‘တော်လ်စတွိုင်း’ (Tolstoy)နှင့် ချက်ကော့ဗ် (Chekhov)တို့၏ ရုရှားစာပေ သရုပ်မှန်အယူဝါဒ အမွေဆက်ခံသူအဖြစ် ရှုမြင်ကြသည်။ ‘အိုင်ဗင်ဘူနင်’သည် ၁၉၃၃ ခုနှစ်တွင် စာပေနိုဘယ်ဆုရရှိသည့် ရုရှားရိုးရာသရုပ်မှန် ရေးဟန်ဖြင့် ရသအမြောက်ဆုံး ကဗျာနှင့် ၀တ္ထု ရေးဖွဲ့နိုင်သူ ဖြစ်သည်။

၁၈၈၉ မှ ၁၈၉၂ ခုနှစ်အတွင်း အော်လော့ဗ်စကီး သံတော်ဆင့်သတင်းစာ(The Orlovsky Herald)တွင် ဘူနင် အလုပ် လုပ်ခဲ့သည်။ ၁၈၈၇ မှ ၁၈၉၁ အတွင်း ဘူနင်ရေးခဲ့သည့် ကဗျာများကို စုစည်း၍ ‘စတီခေါ့ဗိုရင်နီယာ’ (Stikhotvoreniya) ကဗျာစာအုပ်ကို ၁၈၉၁ တွင် ပထမဆုံးထုတ်ဝေခဲ့သည်။ ယင်းကဗျာများကို ပထမတွင် အော်လော့ဗ်စကီး သံတော်ဆင့် သတင်းစာ၌ နောက်ဆက်တွဲ အချပ်ပိုဖြင့် ဖေါ်ပြခဲ့သည်ဟု ဆိုသည်။

၁၈၉၀ ခုနှစ်များအတွင်းတွင် ဘူနင်သည် ‘လီယိုတော်လ်စတွိုင်း’ နှင့် ကိုယ်တိုင်တွေ့ဆုံစကားပြောခွင့် ရခဲ့ပြီးနောက်တွင် ‘တော်လ်စတွိုင်း’ ၏ စာပေအယူအဆများကို လွန်စွာ နှစ်ချိုက်သဘောကျခဲ့သည်ဟု ဆိုသည်။ ထိုနှစ်ကာလများအတွင်း မော်စကိုနှင့် စိန့်ပီတာစဘတ် စာပေနယ်ပယ်များသို့ ဖြည်းဖြည်းချင်း ၀င်ရောက်ခဲ့သည်။ ထိုစဉ်က အရှိန်ရစပြုနေသည့် ‘သင်္ကေတဝါဒီ စာပေလှုပ်ရှားမှု’ တွင်လည်း ‘ဘူနင်’ ပါ၀င်ခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် ဘူနင်၏ ‘ရွက်ကြွေများ’ (Falling Leaves) ကဗျာစာအုပ်ထုတ်ခဲ့ခြင်းဖြင့် သူ၏ သင်္ကေတဝါဒီ အသိုက်အဝန်းအား သက်သေပြခဲ့သည်။ သို့သော်လည်း ဘူနင်၏ ကဗျာလက်ရာသည် ၁၉-ရာစု ရုရှားဂန္ထဝင် ရိုးရာစာပေလက္ခဏာများနှင့် ပိုမို တူညီနေသည်ဟု ဆိုသည်။

အထူးသဖြင့် သူ့ရှေ့မှ ခေတ်ပြိုင်စာရေးဆရာများဖြစ်ကြသော ‘တော်လ်စတွိုင်း’နှင့် ‘အန်တွန် ချက်ကော့ဗ်’ ၏ စံနမူနာများ ထင်ဟတ်နေ သည်။ ၂၀-ရာစုဆန်းချိန်တွင် ‘အိုင်ဗင်ဘူနင်’သည် ရုရှားနိုင်ငံ၏ လူကြိုက်များထင်ရှာသော စာရေးဆရာများ အနက် တစ်ဦးအပါအဝင် ဖြစ်လာသည်။ သူ၏ ၀တ္ထုများနှင့် ရုပ်ပုံလွှာသရုပ်ဖေါ်ရေးသားမှုများသည် တိကျပီပြင်၍ သဘာဝ ကို နုညံ့သိမ်မွေ့စွာ ထင်ဟပ်နိုင်သည်ဟုဆိုသည်။ ဇာတ်ကောင်စရိုက်စိတ်နေစိတ်ထားကို အနုစိပ်ဆန်းစစ် ဖေါ်ပြနိုင်ပြီး ဇာတ်အိမ် ဇာတ်လမ်းကိုလည်း ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်သည်ဟု ဆိုသည်။ သူ၏ ထင်ရှားသော လက်ရာများမှာ ၁၉၀၀ ပြည့်နှစ်တွင် ရေးသည့် ‘အန်တိုနော့ဗ် ပန်သီးများ’(Antonov Apples)၊ ၁၉၁၀ တွင် ရေးသည့် ‘ကျေးရွာ’ (The Village)၊ ၁၉၁၂ တွင် ပုံနှိပ်သည့် ‘ခြောက်သွေ့မြစ်ဝှမ်း’ (Dry Valley)၊ ၁၉၁၆ ခု တွင် ထုတ်ဝေသည့် ‘ဆန်ဖရန်စစ္စကို က လူကြီးမင်း’ (The Gentleman from San Francisco)နှင့် ‘ပြောင်းလဲခြင်း အိပ်မက်များ’ (The Dreams of Chang)၊ ၁၉၂၂ တွင် ‘ပေါ့ပါးသော ရှင်သန်မှု’ (Light Breathing)၊ ‘မေတ္တာရှင် ဖွားအေ’ (Grammar of Love)၊စသည်တို့ဖြစ်သည်။

‘ဘူနင်’ အစောပိုင်းရေးသည့် ၀တ္ထုများနှင့်ပတ်သက်၍ ရည်ရွယ်ချက်ပမာဏ ကြီးမားလွန်းသည်ဆိုသော်လည်း နွေးထွေးစွာ ကြိုဆိုရမည့် ၀တ္ထုများဖြစ်သည်ဟု ‘အန်တွန်ချက်ကော့ဗ်’က သုံးသပ်ခဲ့သည်။ ‘ဘူနင်’၏ စကားပြေရေးဟန်နှင့် ပတ်သက်၍ ထူးထူးကဲကဲ ချိးမွှမ်းသူမှာ ‘မက္ကဇင်ဂေါ်ကီ’ ဖြစ်သည်။ ‘ဘူနင်’၏ ‘ဘိုလ်ရှီဗစ်’ဆန့်ကျင်ရေး သဘောထားများကြောင့် ဘူနင် နှင့် ဆက်ဆံရေး မကောင်းတော့သည့်တိုင် ‘ဂေါ်ကီ’ က ‘ဘူနင်’ သည် ရုရှားစာပေလောက၏ ကြီးကျယ်ထူးချွန်သည့် စာရေးဆရာများအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ချီးမွမ်းခဲ့သည်။ ထို့ပြင် နောက်မျိုးဆက် လူငယ်စာရေးဆရာများကို လည်း ဘူနင်၏ စကားပြေအရေးအသားကောင်းမွန်မှုကို စံနမူနာအဖြစ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။ ဘူနင်၏ စကားပြေအရေးအသားသည် အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းမွန်သည့် ဂန္ထဝင်ရေးဟန်ဖြစ်သည်ဟု ‘ဂေါ်ကီ’ က မှတ်ချက်ပြုခဲ့သည်။

‘ဘူနင်’သည် ‘ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တဦးချင်းလွတ်လပ်ခွင့်’ ကို အလေးထားသော အမြင်အယူအဆရှိသူ ဖြစ်သည်။ ၁၉၁၇ ရုရှား အောက်တိုဘာတော်လှန်ရေး ဖြစ်ခါနီးတွင် ‘ဘူနင်’ ၏ လူတဦးချင်းလွတ်လပ်ခွင့်ကို အလေးထားသော အယူအဆများကို ဝေဖန်ထိုက်ခိုက်မှုများ ပြင်းထန်လာသည်။ ‘ဘူနင်’ ကို နိုင်ငံရေးနှင့် နှီးနွယ်အပ်စပ်သေည့် စာရေးဆရာ အဖြစ် လက်မခံကြတော့သည့် အခြေအနေဖြစ်လာသည်။ ‘ဘူနင်’ က သူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အထိခိုက်မခံနိုင် သဖြင့် ‘ဂေါ်ကီ’ အပါအဝင် အခြားမိတ်ဆွေ သူငယ်ချင်းဟောင်း စာရေးဆရာများနှင့် လမ်းခွဲရတော့မည်ဟု မြင်လာသည်။ ရုရှားနိုင်ငံ အပြောင်းအလဲဖြစ်တော့မည်ဆိုသည်ကိုလည်း သူသိမြင်နေသည်။ ‘၁၉၁၇ တော်လှန်ရေး’ ပြီးသည့်နောက် ၁၉၁၈ ခုနှစ် မေလတွင် သူ မော်စကိုမှ ထွက်ခွာခဲ့သည်။

ထို့နောက် ‘အိုဒက်ဆာမြို့’ (ယခု ယူကရိန်းနိုင်ငံ) ၌ ခေတ္တအခြေချသည်။ ၁၉၂၀ နှစ်စတွင် ရုရှားမှ ထွက်ခွာပြီး ‘ကွန်စတင် တီနိုပယ်’ (ယခု အစ္စတန်ဘူလ်) သို့ရောက်သည်။ ထိုမှတဆင့် ပြင်သစ်နိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ပြည်သစ်၌ နေထိုင်စဉ်မှာပင် ဘူနင်သည် ရုရှားနိုင်ငံကို စွန့်ခွာထွက်ပြေးလာသည့် နာမည်ကျော် စာရေးဆရာအဖြစ် ကျော်ကြားခဲ့ သည်။ ၁၉၂၅ ခုနှစ်တွင် ရေးသည့် ‘မစ်တယာ၏ အချစ်’ (Mitya’s Love) နှင့် ‘အာဆေနီ ယက်ဗ်၏ ဘဝဇာတ်ကြောင်း’ ၀တ္ထုများသည် နိုင်ငံရပ်ခြားရောက် ရုရှားလူမျိုးများနှင့် စာပေဝေဖန်ရေးဆရာများ၏ ချီးမွှမ်းအသိအမှတ်ပြုခြင်း ခံရသည်။ နိုင်ငံရပ်ခြားရောက် ရုရှားလူမျိုးတို့၏ ‘တစ်ဦးချင်းလွတ်လပ်မှုဆိုင်ရာနှုန်းစံတန်ဖိုး’ ကို ‘ဘူနင်’ ၏ စာပေများတွင် ထင်ဟပ် ဖေါ်ပြနိုင်ခြင်းအတွက် အသိအမှတ်ပြုခြင်းခံရသည်။ ယင်းဝတ္ထုများကို ၁၉၂၀ ခုနှစ်များအတွင်း၌ ‘ဘူနင်’ စတင်ရေးသား ခဲ့ခြင်း ဖြစ်သည်။ ၁၉၁၇ မှ ၁၉၂၀ အတွင်း ‘အိုင်ဗင်ဘူနင်’ ရေးခဲ့သော ၀တ္ထုစာပေများနှင့် နေ့စဉ်မှတ်တမ်းများသည် အကြမ်းဖက်သတ်ဖြတ်မှုများလွှမ်းမိုးနေသည့် ကြောက်မက်ဖွယ် နေ့ရက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များအတွင်း နိုင်ငံရပ်ခြားသို့ရောက်ရှိနေကြသော ရုရှားမျိုးဆက်များက ‘ဘူနင်’ အား သူတို့ ကိုယ်စား စကားပြောကြားပေးသူအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ကိုယ်ကျင့်သီလနှင့် အနုပညာစံနှုန်းကို ကျင့်သုံးကာ ‘အိုင်ဗင်ဘူနင်’က ရုရှားနိုင်ငံပြင်ပရောက် ရုရှားလူမျိုးတို့အတွက် ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် တရားမျှတမှုရပိုင်ခွင့်တို့ကို တင်ပြတောင်းဆိုပေးခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က ပြည်ပရောက် ရုရှားလူမျိုးတို့သည် ‘ဘိုလ်ရှီဗစ်ဝါဒ’ ခေါ် ကွန်မြူနစ် စနစ် ကျဆုံးချိန်ကို စောင့်မျှော်နေခဲ့ကြပြီး၊ ‘တော်လ်စတွိုင်’ နှင့်’ချက်ကော့ဗ်’ တို့၏ စာပေအစဉ်အလာကို လိုက်နာသူ ‘အိုင်ဗင်ဘူနင်’ အား ကြီးမြတ်သော ရုရှားစာဆိုတော်ကြီးအဖြစ် ယုံကြည်လက်ခံခဲ့ကြသည်။ ‘ဘူနင်’ ၏ စာပေအနုပညာ အဖွဲ့အနွဲ့များသည် ရုရှားဂန္ထဝင် ရိုးရာအစဉ်အလာအတိုင်း သန့်စင်၍ အလင်္ကာမြောက်စွာ ဖန်တီးရေးသားထားခြင်း ကြောင့် ရုရှားစာပေကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၁၉၃၃ ခုနှစ်တွင် ‘ဘူနင်’ အား စာပေနိုဘယ်ဆု နှင့် ထိုက်တန်သူအဖြစ် ရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုစဉ်က ဆွီဒင် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ဝင် တဦးဖြစ်သူ ‘ပါဟောလ်စထရွမ်း’ (Per Halstroem) က နိုဘယ်ဆုပေးပွဲအခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားရာ၌ ‘အိုင်ဗင်ဘူနင်’ ကို ကဗျာလင်္ကာ ပါရမီဉာဏ် ရင့်သန်သူအဖြစ် ချီးမွမ်းအသိအမှတ်ပြုခဲ့သည်။

နိုဘယ်ဆုပေးပွဲအခမ်းအနားတွင် ဘူနင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်အချို့ကို ဖေါ်ပြလိုက်ပါသည်။

“ဆွီဒင်နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ဝင်လူကြီးမင်းများခင်ဗျား၊ ကျွန်တော့်ကို စာပေနိုဘယ်ဆုအတွက် ရွေးချယ်လိုက်တဲ့ အတွက် ဂုဏ်ပြုချီးမွမ်းမှုတွေ ကြေးနန်းစာတွေ မရေမတွက်နိုင်အောင် အဆက် မပြတ် ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ညဘက်မှာ ကျွန်တော်တယောက်ထဲ နက်နက်ရှိုင်းရှိုင်း စဉ်းစားကြည့်မိတယ်။ ဆွီဒင်အကယ်ဒမီ အဖွဲ့က ဘယ်လိုအဓိပ္ပာယ်နဲ့ကျွန်တော်ကို နိုဘယ်ဆုပေးခဲ့တာလဲဆိုတာကို အလေးအနက် စဉ်းစားကြည့်မိတယ်။ နိုဘယ်ဆု စတင်ပေါ်ပေါက်လာစဉ်ကတည်းက လူကြီးမင်းတို့ရဲ့ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ ရေခြားမြေခြားမှာ ရောက်ရှိ နေတဲ့ စာရေးဆရာတယောက်ကို ဆုပေးဖို့ရွေးချယ်ခဲ့တာဟာ ဒီအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။ ကျွန်တော်ကိုယ် ကျွန်တော်လည်း ပြန်မေးခွန်းထုတ်မိတယ်။ အမှန်စင်စစ်အားဖြင့် ငါဟာဘယ်သူလဲ ဆိုတာကို မေးမိတယ်။ ကျွန်တော့်ကို နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် ကြိုဆိုလက်ခံခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ ကျေးဇူးတရားဟာ အလွန်ကြီးမားလှတယ်လို့ ခံစားမိပါတယ်။ လူကြီးမင်းများခင်ဗျား၊ တကယ်ဆိုရင် နိုင်ငံရပ်ခြားမှာရောက်နေရတဲ့ ကျွန်တော်နဲ့ ကျွန်တော်ရေးတဲ့ စာပေလက်ရာတွေဟာ ဂုဏ်ပြုလောက်အောင် မထိုက်တန်ပေမယ့်၊ နိုင်ငံပြင်ပမှာ ထွက်ပြေးခိုလှုံနေရတဲ့ စာရေးဆရာ တယောက်ကို နိုဘယ်ဆုပေးဖို့ ရွေးချယ်လိုက်တဲ့ ဆွီဒင်အကယ်ဒမီအဖွဲ့ရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်ဟာ အလွန်တရာမှ ကြီးကျယ်လှပတဲ့ သင်္ကေတ လက္ခဏာတရပ် ဖြစ်တယ်လို့ခံစားမိပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ အကျွင်းမဲ့ လွတ်လပ်ခွင့်ကို ပြည့်ပြည့်ဝဝလက်ခံထားတဲ့ နေရာဌာနများ ရှိဖို့လိုအပ်ပါတယ်။ ရှုမြင်ပုံအရ၊ အတွေးအခေါ်အရ၊ ဘာသာရေးသက်ဝင် ယုံကြည်မှုအရ၊ မတူကွဲပြား ခြားနားမှုတွေ ကမ္ဘာပေါ်မှာ ရှိနေတာကို သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး သစ္စာတရားတခု အပေါ်မှာတော့ တညီတညွတ်ထဲ သဘောတူကြပါတယ်။ အဲဒါကတော့ လွတ်လပ်စွာ တွေးခေါ် မြော်မြင်ခွင့်နဲ့ ပိုင်းခြား ဝေဖန်ဆန်းစစ်ခွင့်ဖြစ်ပါတယ်။ အဲဒီလွတ်လပ်ခွင့်တွေအတွက် ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက် နေတဲ့ လူ့ယဉ်ကျေးမှုကို ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော် တို့ စာရေးဆရာများအဖို့ လွတ်လပ်ခွင့်ဟာ ယုံကြည်ချက်ဖြစ်သလို ဆောင်ပုဒ်လည်းဖြစ်ပါတယ်။ ဆွီဒင်နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဝင် လူကြီးမင်းများရဲ့ ရွေးချယ်မှုက ဆွီဒင်နိုင်ငံရဲ့ လွတ်လပ်ခြင်းကို ချစ်မြတ်နိုးမှု ဆိုတာကို ထင်ဟပ် နေပါတယ်။ လွတ်လပ်ခွင့်ကို မြတ်နိုးခြင်း ဟာ ဆွီဒင်နိုင်ငံရဲ့ ယုံကြည်ကိုးကွယ်မှုလို့တောင် ဆိုနိုင်ပါတယ်။” ဟု အိုင်ဗင်ဘူနင်က နိုဘယ်ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း၌ ‘ဘူနင်’ အား အမေရိကန်နိုင်ငံသို့လာရောက်ခိုလှုံရန် မိတ်ဆွေများက နိုင်ငံကူးလက်မှတ်များ စီစဉ်ပေးကာ ကမ်းလှမ်းခဲ့ကြသော်လည်း ပြင်သစ်မှာပင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ စစ်အတွင်း ပြင်သစ်နိုင်ငံ တောင်ဘက်အစွန်းရှိ ဂရပ်စ် (Grasse) ဆို သည့် တောင်ပေါ်မြို့ကလေး၌ ဇနီးဖြစ်သူ ‘ဗီရာ မူရွမ်ဆီဗာ-ဘူနီနာ’ (Vera Muromtseva-Bunina) နှင့်အတူ နေထိုင်ခဲ့ သည်။ ပင်လယ်ပြင်အထက် အမြင့် ပေ ၁၁၄၈ ၌ တည်ရှိသော ဂရပ်စ်မြို့ သည် ပင်လယ်ကမ်းခြေနှင့် ၁၂ မိုင်သာဝေး သည်။ ပြင်သစ်နိုင်ငံကို နာဇီဂျာမနီတို့သိမ်းပိုက်ထားစဉ် ထိုမြို့ကလေး၌ ဘူနင် နေထိုင်ခဲ့ပြီး၊ နာဇီဝါဒနှင့်တကွ ဟစ်တလာ (Hitler) နှင့် မူဆိုလီနီ (Mussolini) တို့ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ခဲ့သည်။ ထိုစဉ်က လတ်ဗီးယား(Latvia) မှ ရုရှားလူငယ်စာရေးဆရာ ‘လီယိုနစ် ဇူးရော့ဗ်’ (Leonid Zurov) နှင့် ‘နီကိုလိုင် ရို့ရှ်ချင်’ (Nikolai Roshchin) တို့နှစ်ဦးသည် ‘ဘူနင်’ ၏ ဖိတ်ခေါ်မှုအရ သူ့အိမ်သို့ရောက်လာခဲ့ကြပြီး စစ်ကြီး ပြီးချိန်အထိ ဘူနင်မိသားစု နှင့် အတူနေထိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ‘နီကိုလိုင်’ က ဆိုဗီယက်ယူနီယံသို့ ပြန်သွားခဲ့သော်လည်း ‘လီယိုနစ်’ ကမူ ‘ဘူနင်’ ကွယ်လွန်ချိန်အထိ အတူနေထိုင်သွားခဲ့သည်။ စစ်အတွင်း ဂရပ်စ်၌ နေထိုင် ခဲ့ကြစဉ် ဟင်းသီးဟင်းရွက် သီးနှံအနည်းငယ်စိုက်ပျိုးကာ ချို့တဲ့စွာ နေထိုင်ခဲ့ကြရသည်။ ‘ဘူနင်’ ၏ နေအိမ်သို့ရောက်ရန် နာရီဝက်ခန့် ခက်ခက်ခဲခဲ တောင်ပေါ်သို့တက်ရသည်ဟုဆိုသည်။ ဇနီးဖြစ်သူ ‘ဗီရာ’ က အမှတ်တရများအဖြစ် ရေးသားခဲ့ ရာ၌ “ကျွန်မတို့အိမ်တွင် လူငါးယောက် ခြောက်ယောက်လောက်နေထိုင်ခဲ့ကြ ပြီး၊ အားလုံးလိုလို စာရေးခြင်းအလုပ်ကိုသာ အဆက်မပြတ် လုပ်ခဲ့ကြရသည်။ မခံသာအောင် ဆာလောင်မွတ်သိပ်မှု၊ အအေးဒဏ်ပြင်းထန်မှု နှင့် ကြောက်ရွ့ံစိုးရိ်မ်မှု စသည်တို့ကို မေ့ပျောက်ထားနိုင်ရန်အတွက် စာရေးခြင်းအလုပ်ကသာ အကောင်းဆုံးဖြစ်သည်” ဟု ရေးခဲ့သည်။

ယင်းသို့သော အခြေအနေအောက်မှာပင် ‘ဘူနင်’ က ရုရှားစစ်သုံ ့ပန်းအချို့၊ ဂျူးလူမျိုးအချို့ကို သူ့အိမ်တွင် ခိုလှုံရန် လက်ခံထားခဲ့သည်ဟု ‘လီယိုနစ်ဇီးရော့ဗ်’ က ပြောခဲ့ဖူးသည်။ ထိုအချိန်က ဂျာမန်တပ်ရင်းတခုသည် ဘူနင်၏ နေအိမ်နှင့် မီတာသုံးရာ အကွာလောက်တွင် တပ်စွဲထားသည်ဟု ‘လီယိုနစ် ဇူးရော့ဗ်’ က ဆိုသည်။ ဂရပ်စ်၌ နေထိုင်စဉ်ကာလ တလျှောက်လုံး ဘူနင်သည် စာကိုသာ အပတ်တကုတ် အဆက်မပြတ် ရေးနေခဲ့သည်ဟု ‘ဇူးရော့ဗ်’ က ဆိုသည်။ သူ့စာများကို ပုံနှိပ် ထုတ်ဝေလိုကြောင်း ထိုစဉ်က လွတ်လပ်နေသည့် ဆွစ်ဇာလန်နိုင်ငံမှ ထုတ်ဝေသူတို့က ကမ်းလှမ်းခဲ့သော်လည်း ‘ဘူနင်’ က လက်မခံခဲ့ဟု ဆိုသည်။ ဘူနင်သည် နာဇီဂျာမနီနှင့် အဆက်အဆံရှိသူများကို လုံးဝရှောင်ကြဉ်ခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်ပြီးသောအခါ ဘူနင်အား ဆိုဗီယက်ယူနီယန်ရုရှားနိုင်င့သို့ပြန်လာရန် ဖိတ်ခေါ်ခြင်းခံရသော်လည်း မပြန် တော့ဘဲ၊ ပြင်သစ်နိုင်ငံမှာပင် ဆက်လက်နေထိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဘူနင်၏ ကျန်းမာရေး ချို့ယွင်းလာသည်။ ထိုအတောအတွင်း ရှေးဟောင်းနှောင်းဖြစ် အောက်မေ့ဖွယ်ရာများ၊ နေ့စဉ်မှတ်တမ်းများနှင့် ‘ချက်ကော့ဗ်’ (Chekhov) အကြောင်း စာအုပ် (The Unfinished Symphony) ကို ရေးသားနေခဲ့သည်။ ကျန်းမာရေးကြောင့် သူ့အား ဇနီးဖြစ်သူ ‘ဗီရာ’ နှင့် မိတ်ဆွေဖြစ်သူ ‘ဇူးရော့ဗ်’ တို့က အကူအညီပေးခဲ့ကြသည်။ ယင်းစာအုပ် အင်္ဂလိပ်ဘာသာပြန်ကို သူကွယ်လွန် ပြီးနောက် ၁၉၅၅ ခုနှစ်တွင် နယူးယော့ခ် ၌ ထုတ်ဝေခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဘူနင်နှင့်ပတ်သက်၍ အထူးမှတ်သားသင့်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း A.J. Heywood ဆိုသူက တင်ပြဖူးသည်။ ပြင်သစ်နိုင်ငံအခြေစိုက် ရုရှားစာရေးဆရာ သတင်းစာဆရာများ သမဂ္ဂတွင် ‘မာရီယာ ဆယ်လီနာ’ (Maria Tsetlina) နှင့် ‘ဘောရစ် ဇိုက်ဆက်ဗ်’ (Boris Zaitsev) တို့နှင့် အခြေအတင် သဘောကွဲလွဲခဲ့ကြသည်။ ဆိုဗီယက်ရုရှား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် စာရေးဆရာများကို သမဂ္ဂမှ ထုတ်ပယ်ရန် အဆိုတင်သည့်အပေါ် ‘ဘူနင်’ နှင့် သဘောကွဲကြ ခြင်းဖြစ်သည်။ ‘ဘူနင်’ က ယင်းသို့ဆိုဗီယက်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် စာရေးဆရာများကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည့်အဆိုကို ကန့်ကွက်သည့်အနေဖြင့် အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် အိုင်ဗင်ဘူနင်အား PEN International အဖွဲ့ကြီးက ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရသည်။ နိုင်ငံပြင်ပ ရေခြားမြေခြား၌ နေထိုင်ကြရသော စာရေးဆရာများ၏ ကိုယ်စားလှယ်အဖြစ်လည်း ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ဆိုဗီယက်ယူနီယန် ခေါင်းဆောင် စတာလင်သေဆုံးပြီးနောက် ပြည်ပရောက် ရုရှားစာရေးဆရာများ၏ စာပေများ ကို ဆိုဗီယက်ရုရှားနိုင်ငံအတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့ရာ အိုင်ဗင်ဘူနင်၏ စာအုပ်များကိုလည်း ပုံနှိပ်ထုတ်ဝေခွင့် ပြန်ပေးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အိုင်ဗင်ဘူနင်၏ စာပေါင်းချုပ် ၉ တွဲကို မော်စကို၌ ထုတ်ဝေခဲ့သည်။ သို့သော် ဘူနင်၏ ‘ကြိမ်စာသင့် နေ့ရက်များ’ (Cursed Days) စာအုပ်ကိုမူ ဆိုဗီယက်ယူနီယန်တွင် ဆက်လက်ပိတ်ပင်ထားခဲ့သည်။

၁၉၅၃ ခုနှစ် မေလ ၂ ရက်နေ့တွင် ဘူနင်က သူ၏ နောက်ဆုံးမှတ်ချက်စကားကို သူ့နေ့စဉ်မှတ်တမ်း၌ ဖေါ်ပြခဲ့သည်။ “ဤစာစုသည် အလွန်တရာ ထူးထူးခြားခြား အံ့အားသင့်စေလိမ့်မည် ထင်ပါသည်။ ယခုစာစုရေးပြီးသည့်နောက် ပိုင်းမှ အစပြု၍ ကျွန်တော်ဆိုသည့် ပုဂ္ဂိုလ် ဆက်လက်တည်ရှိနေတော့မည် မဟုတ်ပါ။ ဤလောကကြီးနှင့် သက်ဆိုင်သော အရာခပ်သိမ်း၊ ဖြစ်စဉ်ပျက်စဉ်အားလုံး၊ ကံကြမ္မာအားလုံးတို့အား ယနေ့ယခုမှစတင်၍ ကျွန်တော့်အနေဖြင့် ဂရုပြုတော့ မည် မဟုတ်ပါ။ ယခုမှစ၍ ကျွန်တော်လုပ်ရန် ကျန်ရှိသည့် အလုပ်မှာ ရေငုံနှုတ်ပိတ်လျှက် မိမိကိုယ်၌ ဖြစ်နေသည့် ထိတ်လန့်ဖွယ်ရာနှင့် အံ့သြဖွယ်ရာများကို သတိတရားရှိစွာ ထိန်းချုပ်နိုင်ရန် ကြိုးစားသွားပါတော့မည်” ဟု ရေးထားခဲ့သည်။

‘အိုင်ဗန် အလက်ဆေယေဗစ်ချ် ဘူနင်’ သည် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် သူ၏ ပါရီမြို့နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။ နှလုံးရောဂါဖြင့် အမောဖေါက်လာစဉ် ချောင်းဆိုးအသက်ရှူကျပ်၍ ဘူနင် သေဆုံး ခဲ့ရသည်ဟု ဆိုသည်။ အိုင်ဗင်ဘူနင် ကွယ်လွန်သည့် အကြောင်းကို ထိုခေတ်က ပြင်သစ်နှင့် ရုရှားနိုင်ငံတို့တွင်ရှိသော ထိပ်တန်းသတင်းစာကြီးများ၌ သတင်းအသေးစိပ် ဖေါ်ပြခဲ့ကြသည်။ သူ့ရုပ်အလောင်းကို ပါရီမြို့ ရူဒါရူလမ်းရှိ ရုရှား ခရစ်ယန် ဘုရားကျောင်း၌ ခေတ္တထားရှိခဲ့ပြီး ကြီးကျယ်ခမ်းနားစွာ ဈာပနအခမ်းအနားကျင်းပခဲ့သည်။ ၁၉၅၄ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ဘူနင်၏ ရုပ်အလောင်းအား Sainte-Geneviève-des-Bois ရုရှားခရစ်ယန်ကျောင်းရှိ သုဿန်၌ ဂူသွင်း မြှုပ်နှံခဲ့သည်။။။

References:

(1) Ivan Bunin: From Wikipedia, the free encyclopedia

(2) Ivan Bunin, Russian author https://www.britannica.com/biography/Ivan-Bunin

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း

Posted: 15 Jul 2021 04:23 PM PDT

(file photo - U Hla Shwe, U Win Tin, Photo credit - Hnin Hnin Hmway)

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၁

ဒီနေ့လည်း နံနက်ကတည်းက အရေးပေါ်လူနာတင်ကား အသံတွေ နဲ့ အိပ်ယာက နိုးထလာရတဲ့ နေ့တွေထဲက တနေ့ ဖြစ်နေဆဲပါ။

နံနက် စောစော ၇ နာရီမထိုးခင်ကတည်းက လူနာတင်ကား ဥသြသံကို ကြားပြီးအိပ်ယာက နိုးထခဲ့ရပါတယ်။ ကိုယ်ကတော့ ကိုယ်တိုင်ရော မိသားစုထဲကပါ ကျန်းမာနေဆဲမို့ အိပ်ရေးဝဝ နိုးထနိုင်ပေမယ့် မိသားစုဝင်တွေထဲက ကိုဗစ်နဲ့ နာမကျန်းဖြစ်နေသူတွေ အဖို့ ပြုစုရ ၊ စောင့်ကြည့်ရ၊ ဆေးဝါး၊ အောက်စီဂျင်လိုအပ်ချက်တွေအတွက် ဟိုပြေးရ သည်ပြေးရ နဲ့ စိတ်ပင်ပန်းဆင်းရဲမှု ရုပ်ပင်းပန်းဆင်းရဲမှု နှစ်မျိုးလုံး ခံစားရတဲ့ ဘဝတွေကို တွေးကြည့်မိပြီး ကိုယ်ချင်းစာမိပါတယ်။

နံနက်စျေးမှာတော့ နံနက် ၇ နာရီခွဲ ၈ နာရီရှိနေသည့်တိုင် ခါတိုင်းလို ဝယ်သူအများအပြားနဲ့ စည်စည်ကားကားမဟုတ်ပါဘူး။ ဟင်းရွက်၊ ကုန်ခြောက်တန်း ထဲက တချို့သော ဆိုင်ခန်းတွေ မခင်းနိုင်ပဲ ပိတ်ထားတာတွေ့ရတဲ့အခါ ဒီဆိုင်မှာ ရောင်းသူ နေမကောင်းဖြစ်လို့လား ဆိုတဲ့ အတွေးပေါ်လာပါတယ်။ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်း လိုမျိုးတုန်းကတော့ ပေါ့ဇတစ် ဖြစ်တဲ့ လူနာတွေ့တဲ့ ဆိုင်၊ နေအိမ် ၊ တိုက်ကို ကျန်းမာရေးကလာပြီး တိတ်ကြိုးတွေနဲ့ ကာရံကာ အများကို မဝင်အောင် ကန့်သတ်တာမျိုး လုပ်ခဲ့ပေမယ့်လည်း ခုတတိယလှိုင်းမှာတော့ အဲလို လုပ်ဆောင်တာတွေ မတွေ့ရသလောက် ဖြစ်နေတာပါ။

စျေးထဲမှာတော့ တနေ့က စလိုက်တဲ့ ကြက်ဥစားခြင်းဖြင့် ကိုယ်ခံအားကောင်းမယ် ဆိုတဲ့ ပြောဆိုမှုတွေကြောင့် ကြက်ဥ ၊ ဘဲဥရောင်းတဲ့ဆိုင်တွေမှာ ကြက်ဥ တင်ပြီးရောင်းတာ မတွေ့ရလောက်အောင် ရှားပါးသွားပါတယ်။ ဘဲဥတွေသာ တင်ရောင်းနေပြီး ကြက်ဥကတော့ သူ့အဆက်အသွယ်နဲ့ သူ ဝယ်ယူကြရတာမျိုး ဖြစ်သွားပါတယ်၊ စျေးနှုန်းလည်း ၁ဆခွဲ ၂ဆနီးပါး မြင့်တက်သွားပါတယ်။ အလားတူ ကြက်သားစျေးလည်း ရုတ်တရက် မြင့်တက်ပြီး ဗမာကြက် လို့ခေါ်တဲ့ သဘာဝအတိုင်းမွေးတဲ့ အိမ်ကြက်တွေရဲ့ စျေးနှုန်းက တခြားစီပီ မွေးမြူရေးကြက်ထက် ရာခိုင်နှုန်း သိသာစွာ မြင့်တက်သွားပါတော့တယ်။

ကူးစက်ကပ်ရောဂါ ပထမလှိုင်းမှာတုန်းကလည်း စားသောက်ကုန် ပစ္စည်း၊ ဆေးဝါး ၊မက်စ်၊ ဒက်တောလ်လို ပိုးသတ်ဆေးရည်တွေ အလုအယက် ဝယ်ယူကြလို့ စျေးမြင့်တက်သွားတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

ခု တတိယလှိုင်း စလာတဲ့အခါမှာလည်း ဆေးဝါးတွေ အလုအယက်ဝယ်ယူတာ ၊ စားသောက်ကုန် ထဲက အမျိုးအမည်အချို့ကို အလုအယက် ဝယ်ယူကြတာတွေကြောင့် စျေးမြင့်တက်လာတာတွေ တကျော့ပြန်ဖြစ်လာပြန်ပါတယ်။ ခုတကြိမ်ကတော့ အရင်နှစ်ထက်ကို ကူးစက်နှုန်းများ ဖြစ်ပွားနှုန်းများတော့ ပိုပြီး စိုးရိမ်ကြောက်လန့်ကြတာတွေ့ရပါတယ်။

ရန်ကုန်မြို့ထဲမှာတော့ အသွားအလာက သိသိသာသာကြီး ရှင်းသွားတာမဟုတ်သေးပါဘူး၊ လျော့နည်းသွားတာတော့မှန်ပေမယ့် အရင်နှစ် စက်တင်ဘာလတုန်းကလို အပြင်ထွက်ခွင့် ကတ်ပါမှ ကားတွေ တမြို့နယ်နဲ့ တမြို့နယ် ကျော်ဖြတ်ခွင့်ရှိမယ်ဆိုတာမျိုး ကန့်သတ်တာတွေ မလုပ်လို့ စားသောက်ကုန်၊ ဆေးဝါး၊ လောင်စာဆီ မဟုတ်တဲ့ အချို့သော စီးပွားရေးလုပ်ငန်းတွေလည်း လည်ပတ် လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။

စီးပွားရေး က ကိုဗစ်ရော၊ စစ်အာဏာသိမ်းမှုကြောင့်ပါ လနဲ့ နှစ်နဲ့ချီ အထိနာထားတာကြောင့် ဝယ်မယ့်သူ မှာမယ့်သူ အလုပ်အပ်မယ့်သူ ရှိနေသေးသရွေ့ အတိုင်းအတာတခုထိ လည်ပတ်ဖို့ ကြိုးစားနေကြတဲ့ သဘောလို့လည်း မြင်ပါတယ်။ တကယ်တော့ ခုတကြိမ် တတိယလှိုင်းက ပိုပြီး ကာကွယ်မှု လုပ်ဖို့ လိုအပ်ပေမယ့် အရင်နှစ်က ကိုဗစ် ကန့်သတ်မှုတွေ လနဲ့ချီကြာမြင့်ခဲ့လို့ ထိခိုက်နေတဲ့ စီးပွားရေးကျဆင်းမှုကို ဆက်တောင့်မခံနိုင်ကြတာမို့ အခုနှစ် ပိုကူးစက် ပိုသေဆုံးကြတဲ့ တတိယလှိုင်းမှာ အရင်နှစ်လောက်တောင် မလိုက်နာနိုင်ကြတော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စီးပွားရေး ထိခိုက်မှုမှာ ကိုဗစ်တခုထည်းတော့မဟုတ်ပါ စစ်အာဏာသိမ်းမှုကလည်း အတော်ကြီးမားတဲ့ သက်ရောက်မှု ထိခိုက်မှု ရှိထားတာလည်း ဖြစ်ပါတယ်။

အခုလို ကိုဗစ်ကူးစက်မှု မြင့်မားနေချိန် အသေအပျောက်အရေအတွက် မြင့်တက်လာနေချိန်မှာ နိုင်ငံရေးအရ လှုပ်ရှားမှု ဆန္ဒပြမှုတွေလည်း ရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ နဲ့ စစ်ကိုင်းတိုင်းက အချို့သောမြို့တွေမှာ ဆန္ဒပြမှုတွေ နေ့စဥ်နီးပါး ရှိနေတာ သတင်းတွေထဲ တွေ့ရပါတယ်။

ဒီနေ့အခြားဖြစ်ရပ်တခုကတော့ ယခင်မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာနရဲ့ ဘဏ်ဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ရတနာဘဏ်အဖြစ် အမည်ပြောင်းခဲ့တဲ့ ဘဏ်ရဲ့ တောင်ဥက္ကလာဘဏ်ခွဲကို သေနတ်ပစ်ဖောက်ပြီး ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တာပါ။ တောင်ဥက္ကလာပမြို့နယ်ထဲက လူစည်ကားတဲ့ နန္ဒဝန်စျေးအနီး ဗြဟ္မစိုရ် လမ်းပေါ်မှာ ရှိတဲ့ ဘဏ်ခွဲကို ဘဏ်လုပ်ငန်းလုပ်ကိုင်ချိန် နံနက် ၁၁ နာရီလောက်မှာ ဓါးပြတိုက်ခဲ့တာလို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။

ကိုဗစ်ကြောင့် တနေ့တနေ့ လူအသက်ပေါင်း ရာနဲ့ ချီသေးဆုံးနေကြရတဲ့ အခုသီတင်းပတ်တွေထဲ စာပေနယ်ပယ်ထဲက နိုင်ငံရေးနယ်ပယ်ထဲက ပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။ ဒီနေ့ ကွယ်လွန်သူတွေအထဲ ဖဆပလ ခေတ်ကနေ မဆလ အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးလှရွှေ ခေါ် အောင်သာ (ပီသုံးလုံး) လည်းပါဝင်တာကို ဝမ်းနည်းဖွယ်ကြားသိရပါတယ်။

ကိုဗစ်က တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့သူတွေကိုလည်း ငဲ့ညှာခြင်း အလျင်းမရှိပဲ ခေါ်ဆောင်သွားတယ်လို့ ခံစားလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ငါးလကျော် အတွင်း ဒီလိုအဖြစ်အပျက်တွေ ဖြစ်ရပ်တွေ ဖြစ်လာရတဲ့အကြောင်းကို ပြန်မတွေးကြည့်ပဲ မနေနိုင်ပါဘူး။

အကယ်၍သာ ရွေးကောက်ပွဲ မဲစာရင်းကို အကြောင်းပြပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုရဲ့ လက်ရှိခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အာဏာမသိမ်းခဲ့ရင် ၊ ကိုဗစ်ကူးစက်မှုက ခုလောက် ပြင်းထန်လာစရာမမြင်သလို လူအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု ဖေးမမှု၊ ကူညီမှု၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်လည်း အခုလို ပြိုလဲနေမှာမဟုတ်လို့ ပြီးခဲ့တဲ့ ၅ လအတွင်းမှာ ဆုံးရှုံးသွားတဲ့ ထောင်နဲ့ချီတဲ့ လူ့အသက်တွေက ခုချိန်ထိ ရှင်သန်နေထိုင်နေကြရမှာ ဖြစ်ပါတယ်။

ဒီဆုံးရှုံးမှုတွေက ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်ဘူးလို့ပဲဆိုချင်ပါတော့တယ်။

ဒီဆုံးရှုံးမှုတွေကို ဘာနဲ့မှ ပြန်အစားထိုးလို့ မရနိုင်ဘူးလို့လည်း ဆိုချင်ပါတယ်။

သည်အတွက်ကြောင့် ကိုဗစ်လှိုင်းကို ဖြတ်ကျော်နေတဲ့ မြန်မာပြည်သူတွေ နောင်အနာဂတ်တချိန်ကျရင် သည်ကမ္ဘာကျေသော်လည်း ဥဒါန်းမကြေတဲ့ သည်သမိုင်းမှတ်တိုင်ကို ဘယ်လိုလက်ကမ်းသယ်ဆောင်သွားကြမလဲဆိုတာကိုလည်း စောင်ကြည့်ပိုင်းဖြတ်ကြရဦးမှာ ဖြစ်ပါတယ်။ စစ်အုပ်စု စစ်အာဏာရှင်တို့နဲ့အတူ ဆက်လက်ယှဉ်တွဲနေထိုင်နေကြဦးမှာပဲလား၊ သည်စနစ်ဆိုးကို မြန်မာပြည်မြေပေါ်က အပြီးတိုင် တိုက်ထုတ်ချေမှုန်းလိုက်ကြမည်လားဆိုတာ အနာဂတ်မှာ အဖြေရှာကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မိုးမင်းသိမ်း- ဘာသာပြန်ကဗျာ (တုဖူ - နယ်ခြား ဟိုမှာဘက်-( ကဗျာ ကိုးပုဒ် ))

Posted: 15 Jul 2021 12:03 AM PDT



နယ်ခြား ဟိုမှာဘက်
( ကဗျာ ကိုးပုဒ် )
တုဖူ 


( ၁ )

မချိတင်ကဲ ခံစားရမှုတွေ အပြည့်။
အိမ်ကနေ 
ဝေးကွာလှမ်း အနောက်နယ်ခြားဆီ 
စေလွှတ်ခံခဲ့ရ။
အချိန်ကာလ အကန့်အသတ်နဲ့မှန်းတော့
အသိသားလေ။
အမိန့်နာခံဖို့ ပျက်ကွက်ရင်တော့ဖြင့်
အပြစ်ပေးခံရဖို့သာ။
ထိန်းကွပ်ထားတဲ့ ကျယ်ပြော ပိုင်နက်နယ်မြေ ချဲ့ထွင်လိုသူ ဧကရာဇ်ကို အံ့ဩတကြီးဖြစ်မိရဲ့။
အိမ်သူအိမ်သားတို့ရဲ့ ချစ်မေတ္တာနဲ့ 
အဆက်ပြတ်ခဲ့ရ။
မျက်ရည် ထိန်းထားရပြန်တဲ့ကြားက
လှံတံတွေ ပခုံးထမ်းကာ 
အဝေးတစ်နေရာဆီ ချီတက်ဖို့သာ
အတင်းအကျပ် စေခိုင်းခံနေကြရ။

( ၂ )

အိမ်က ထွက်လာတာ ကြာလှပေါ့။
လူမဆန်တဲ့ တပ်သားသစ်စုဆောင်းတာမျိုး
နောက်ထပ်မကြုံမတွေ့။
မိသားစုရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကတော့
ကျုပ်နဲ့အတူ ကျန်နေသေးရဲ့။
ဘယ်အချိန်ဖြစ်ဖြစ် သေသွားနိုင်မှန်း သိပါရဲ့။လက်ထဲကနေ မြင်းဇက်ကြိုးပြုတ်ကျသွားပေတဲ့
မြင်းကိုတော့ဖြင့် ထိန်းထားနိုင်သေးရဲ့။
ဒါမှမဟုတ်ရင်လည်း
အောက်ဘက်က ရန်သူအလံရှိရာမှာ
ဖမ်းဆီးချုပ်နှောင်ခံရဖို့
တောင်ကမ်းပါးက ခုန်ချလိုက်ရုံသာ။

( ၃ )

ရေစီးသံညံတဲ့ စမ်းချောင်းထဲမှာ
ကြိတ်ခြေဖျက်ဆီးခံနေရတဲ့ လက်နက်တွေ။
ရေလမ်းကြောင်း ပြောင်းသွားရတဲ့အထိ
အသံထွက်လာချေပေါ့။
ဓားသွားနဲ့ လက်တွေကိုဖြတ်လိုက်သလို 
စမ်းချောင်းဟာ နီရဲရဲ အရောင်ပြောင်းသွားရဲ့။
ကျုပ်ရဲ့ ခါးသီးနာကြည်းမှုတွေဟာလည်း
စူးရှရှ ဝေဒနာတွေဖြစ်လာရဲ့။
ကျုပ်တို့ဟာ
ဧကရာဇ်ကို အမှုတော်ထမ်းပါမယ်လို့
ကတိကဝတ်ပြုသူတွေမို့
အသေအချာ ရွေးထုတ်ခံထားကြရသူတွေ။
ဒါကြောင့်လည်း 
ဘာ့ကြောင့် ညည်းညူနေ‌တော့မှာလဲ။
စစ်မြေပြင်မှာ 
မြေမှုန့်အဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမယ့်
အရိုးတွေ ထားရစ်ခဲ့ရတဲ့တိုင် 
ထင်ပေါ်ကျော်ကြားမှုရဖို့အတွက်
စွမ်းစွမ်းတမံ တိုက်ရခိုက်ရပေဦးတော့မယ်။

( ၄ )

ခင်ဗျားက စစ်မှုမထမ်းမနေရ အတင်းအကျပ်စေခိုင်းတာကို ကြီးကြပ်ကွပ်ကဲသူ။
ကျုပ်ကတော့ဖြင့် ဝေးကွာလှမ်းတဲ့ နယ်ခြားဆီ
သွားရပေတော့မယ်။
ဒီလောက်ပါပဲ။ ဒါကြောင့်လည်း ချီတက်‌တော့
မယ်၊ အသက်ရှင်ရှင် သေသေပ။
ခင်ဗျားကို မျက်မှောင်ကြုတ်ကြည့်နေဖို့လည်း 
မလို၊ အနိုင်ကျင့် ခြိမ်းခြောက်ဖို့ ပိုပြီးတောင် မလို။
ကျုပ်နဲ့သိကျွမ်းသူတစ်ဦးနဲ့ ဆုံလို့မို့
အိမ်အပြန် စာတစ်စောင် ပါးလိုက်ရဲ့။
ဆင်းရဲဒုက္ခတွေ အတူတကွ ဝေမျှနေထိုင်ကြဖို့
လုံးဝမျှော်လင့်လို့ မရတော့တဲ့တိုင်
မိသားစုကို ထားခဲ့ရတော့မယ်ဆိုတဲ့အကြောင်း
ဝမ်းနည်းကြေကွဲမှုတွေနဲ့ပေါ့လေ။

( ၅ )

နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းဖို့
အဝေးကြီးကနေ သူတို့တစ်တွေ ချီတက်လာကြ။
နယ်ခြားပယ်ခြားမှာက
ပူးပေါင်းရတာက တချို့သောကိစ္စတွေထက်
လွယ်လင့်တကူ ပိုဖြစ်ရဲ့။
ဒါတွေအကုန်လုံး တပ်မှူးက ဘယ့်နှယ်သိမှာတုံး။
တပ်ဖွဲ့ပေါင်းမြောက်မြားစွာနဲ့
မျိုးနွယ်စုတွေကို 
မြစ်တစ်စင်းမှာ ရုတ်တရက် မြင်တွေ့ကြရ။
ဝေးလွန်းလှသမို့ အနည်းအကျဉ်းလောက်သာ
တွေးမိခဲ့။
ကျုပ်အနေနဲ့လည်း ကိုယ့်မြေအတွက် 
ဘယ်လိုများရဲဝံ့စွန့်စားတိုက်ရမလဲ၊
ဘယ်အချိန်ကာလကျမှ 
အရည်အသွေးပြနိုင်ပါလိမ့်မလဲ ဆိုတာကိုပေါ့။

( ၆ )

လေးတို့ကို ကောက်ယူကာ
လေးညှို့တွေကို တင်းတင်းငင်ကြ။
အရှည်ဆုံးသော မြားတံတွေကို
ရွေးချယ်ယူကြ။
ရန်သူရဲ့မြင်းတွေကို အစကနဦး 
သတ်ဖြတ်ပစ်နေကြပြီ။
ဦးဆုံးရမိတဲ့ တပ်မှူးတွေကို
အကျဉ်းသားအဖြစ် ဖမ်းဆီးနေကြပြီ။
အရေအတွက် အကန့်အသတ်နဲ့သာ
သတ်ဖြတ်ပစ်ဖို့သာပဲ။
တိုင်းပြည်တစ်ပြည်မှာ 
နယ်မြေအပိုင်းအခြားရှိရပေမယ်။
ဒီနယ်မြေကို ထိန်းချုပ်ကွပ်ကဲရပေမယ်။
အောင်ပွဲတစ်ခု ဖန်တီးဖို့အတွက်
လူပေါင်းမြောက်မြားစွာကို
ရက်ရက်စက်စက် သတ်ဖြတ်ပစ်တယ်ဆိုတာ 
အချည်းနှီး အလဟဿ လုပ်ရပ်သာ။

( ၇ )

နှင်းထဲ ဖြတ်သန်းသွားဖို့ မြင်းကို ဆွပေးလိုက်တယ်
ကျုပ်တို့တပ်တွေက တောင်တန်းလျှိုမြောင်ထဲ
ဝင်ရောက်နေကြပြီ။
ချောက်ကမ်းပါးတွေကို ဝေ့ကာဝိုက်ကာ
ဖြတ်သန်းရင်း ကျောက်တုံးတွေကို
အေးခဲနေတဲ့ လက်တွေနဲ့ ဆုပ်ထားကိုင်ထားကြရ။
အိမ်ကထွက်လာကတည်းက စလို့
ဟောဒီတံတိုင်းကြီးကို ကျုပ်တည်ဆောက်နေတာ
ဘယ်ကာလကျမှ အပြီးသတ်မှာပါလိမ့်။
ဘယ်ကာလကျမှ အိမ်ပြန်ရမှာပါလိမ့်။
ညနေခင်း၊ တောင်ဘက်ဆီ တိမ်တွေရွေ့လျားလို့
လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်လို့တောင်ရနိုင်ရဲ့။
အတူလိုက်ပါသွားလို့တောင် ရနိုင်ရဲ့။

( ၈ )

မျိုးနွယ်စုတွေက 
အင်အားခိုင်မာတောင့်တင်းလေအောင် 
လူသူစုဆောင်းထားကြ၊
ကျုပ်တို့ရဲ့ ခံစစ်ကို လှဲဖြိုပစ်နေကြ။
ဝန်းကျင်တစ်ခွင်တစ်ပြင် 
ကြည့်နိုင်မြင်နိုင်တဲ့ အကွာအဝေးမှာတော့ဖြင့်
သူတို့မြင်းတပ်က ဖုန်မှုန့်တွေနဲ့အတူ
လေပြင်း ထန်နေသေး။
ဒါပေတဲ့ ကျုပ်တို့အင်အားက စွမ်းဆောင်နိုင်ပ။
သူတို့တစ်တွေကို လွယ်လင့်တကူ
မွှေနှောက်ချောက်ချားပစ်လိုက်တော့တယ်။
သူတို့ရဲ့ခေါင်းဆောင်ကြီးလည်း
အကျဉ်းသားဖြစ်သွားရ။
လည်ပင်းကို ကြိုးတုပ်ကာ ခံတပ်ဂိတ်တံခါးထဲ
ပို့ဆောင်လိုက်ကြ။
ဒါပေတဲ့ ကျုပ်တို့ဟာ စစ်သည်တွေမျှသာ၊
တိုက်ဖို့ခိုက်ဖို့သာ ဝန်တာရှိလို့မို့
အောင်ပွဲတစ်ခု အလေးအနက်ရဖို့ဆိုတာ
ဆင်ခြင်တုံတရား ကင်းမဲ့ကြသပေါ့။

( ၉ )

ဆယ်နှစ်ကာလကျော် စစ်သည်တစ်ဦးဖြစ်ခဲ့လို့မို့
အနည်းအကျဉ်း အသိအမှတ်ပြုခံရ။
တခြားသူတွေ အထူးအခွင့်အရေးရဖို့
ရှာဖွေနေကြချိန် ကျုပ်မှာတော့ဖြင့် အဆောင်အယောင် ဘွဲ့တံဆိပ်ချီးမြှင့်ဖို့တောင်
တားဆီးပိတ်ပင်ထားရ။
ခုတော့ အလယ်ပိုင်းလွင်ပြင်ဒေသမှာ
စစ်ပွဲတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားနေပြန်ရဲ့။
နယ်ခြားမှာ မျိုးနွယ်စုတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပဲပေါ့။
ဒီအချိန် ဒီကာလမျိုးမှာ 
စစ်သည်တော်တစ်ဦးအနေနဲ့ ရာထူးဌာနန္တရနဲ့
သက်သောင့်သက်သာဘဝထက်
တခြားကိစ္စတွေ တွေးရ‌တော့မယ်။
ပိုက်စိပ်တိုက် တိုက်ခိုက်နေရင်း
ခါးသီးနာကြည်းမှုကနေ 
ဘယ်လိုများ လွတ်မြောက်နိုင်ပါ့မလဲလေ။

၁၉၆၂ ခုနှစ်မှာ ပီကင်း၊ နိုင်ငံခြားဘာသာပုံနှိပ်ထုတ်ဝေရေးက ထုတ်ထားတဲ့ Tu Fu Selected Poems ကနေ မြန်မာဘာသာပြန်ပါတယ်။
ဖုန်ကျီး စုစည်းပြီး ရီဝီအယ်လ်လေ ဘာသာပြန်တဲ့ Beyond  The Frontier ( Nine Poems )ကို ဘာသာပြန်ပါတယ်။

မိုးမင်းသိမ်း
၉ ဇူလိုင် ၂၀၂၁

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



လင်းလက်နွေဦး - ရှားပါးသတ္တဝါ

Posted: 14 Jul 2021 11:21 PM PDT


ရှားပါးသတ္တဝါ
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၁

မျက်စိထဲတော့ တနိုင်ငံလုံးကို စစ်မြေပြင်အဖြစ် မြင်နေမိတယ်။ တကယ်လည်း စစ်မြေပြင်ကြီးပဲ မဟုတ်လား။ ကိုဗစ်တတိယလှိုင်းက တဝုန်းဝုန်း၊ ဆူနာမီလို့ ခေါ်မလား၊ နာဂစ်လို့ ပြောမလား။ ကူပါ ကယ်ပါ အော်ဟစ်သံ တွေက နေရာအနှံ့ကနေ လွင့်ပျံချောက်ချားနေပါတယ်။ အရင်နေ့တွေက ငွေထုတ်စက်အနား၊ ဘဏ်အနားမှာ တန်းစီနေရတယ်၊ ဒီရက်ပိုင်းမှာတော့ အောက်ဆီဂျင် ဝေတဲ့အနား၊ စက်ရုံအနား လူတန်းရှည်၊ လူအုပ်ကြီးတွေကို တွေ့နေရပြန်တယ်။

ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းလေးကို ပြေးမြင်မိပါတယ်၊ လူတယောက်က သေတ္တာကြီးတလုံး ထမ်းလာတယ်၊ တယောက်က ဆရာ ထင်ပါရဲ့၊ ဘေးက လိုက်လာတာလေ။ အထမ်းသမားက တလမ်းလုံး ညည်းလာတာ၊ ‘လေးတာ… လေးလိုက်တာ’နဲ့ပေါ့။ ဒီတော့ ဘေးက ဆရာလုပ်သူက မနေနိုင်တော့ဘူးပေါ့ဗျာ၊ အထမ်း သမားပခုံးပေါ်က သေတ္တာပေါ်ကို ကျောက်ခဲခပ်လေးလေးတလုံး ထပ်တင်ပေးလိုက်တယ်။ တပည့်ကြီးခမျာ ထမ်းရင်း ညည်းရှာတယ်၊ ‘လေးလိုက်တာ… လေးလိုက်တာ’နဲ့ ဒူးတွေ ခွေ၊ ခြေတွေ ညွှတ် ပေါ့။ အတော်ကြာမှ၊ သေတ္တာပေါ်က ကျောက်ခဲကို တုတ်နဲ့ ထိုးချ ပေးလိုက်တယ်။ တပည့်ဖြစ်သူက ပျော်သွားတာမှ အပျော်ကြီး ပျော်သွားတယ်၊ ‘ပေါ့သွားပြီ… ပေါ့သွားပြီ’ တဲ့ဗျ။

ဒုက္ခတွေ တခုပြီးတခု ပေးတာမျိုး၊ အတွေ့အကြုံမျိုး၊ ဇာတ်လမ်းမျိုး တွေ့ဖူးကြရဲ့လား။ ကျွန်တော်တွေ့ဖူးတဲ့ လူမိုက်တွေ ရှိခဲ့တယ်။ ရွာတရွာမှာပေါ့၊ ‘မုန်တိုင်း’ဆိုတဲ့ လူ ရှိတယ်။ အဲလူကို တွေ့ဖူး တယ်၊ မိုက်ဇာတ်တွေကို ကြားဖူးတာလည်း ရှိသလို မြင်ဖူးတာလည်း ရှိတယ်။ ကြားဖူးတာက သူတို့ရွာ ကြံခင်းထဲ သူက မူးနေတုန်း၊ သီလရှင်နှစ်ပါးက ဆွမ်းဆန်စိမ်းအလှူခံ ကြွလာတာပေါ့။ ကြံနှစ်ခင်းကြား လမ်း ထဲ ဆုံကြတော့၊ မုန်တိုင်းက ဆရာလေးတွေကို တားတယ်၊ ဘာလုပ်လာတာလဲ မေးတယ်၊ ဆွမ်းဆန်စိမ်း အလှူခံကြွတာပါ ဖြေတော့၊ ဒီနေ့က ဘာနေ့မို့လဲတဲ့။ အဖိတ်နေ့လည်း မဟုတ်ဘူး၊ အဝေးဖိတ်လည်း မဟုတ်ဘူး၊ အလှူခံကြွရသလားဆိုပြီး ဆန်ဗန်းကို ချခိုင်းတယ်။ ပိုက်ဆံတွေပါ တွေ့တော့၊ သူက အကုန် ယူတယ်၊ ပြီးတော့ ဆရာလေးတွေကို ‘အက’ခိုင်းတယ်။ မကတတ် ကတတ်တွေဆိုတော့၊ ကြည့်မကောင်းဘူး ဆိုပြီး (ကန်တော့ပါရဲ့) ထမီချွတ်ကခိုင်းပြန်တယ်။ အော်… ခုဆို ဆွမ်းဆန်လှူဖို့ အတော်ခက်နေပြီ။

များမြောင်လှတဲ့ မိုက်တွင်းနက်မှုတွေထဲက တခုတလေတော့ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကျွန်တော် က သူစိမ်းဆိုတော့ သူက ခပ်တန်းတန်းပါပဲ။ သူ့အိမ်နားက လူနာတစ်ယောက် ကြည့်နေတုန်း ‘ဝုန်း ဒိုင်း’သံ တွေ ကြားရတာပေါ့။ အိမ်နီးချင်းတွေကတော့ ရိုးအီနေတဲ့ ပုံ။ မယားလုပ်သူက အရက်ဖိုးမပေးလို့၊ ရိုက်နှက်နေ တာ၊ အမေကိုလည်း ‘အမေ ဝင်မပါနဲ့’တဲ့၊ ကုတ်နေရတယ်။ သူ့အိမ်မှာလည်း အကောင်းတခု မကျန်ပါဘူး။ ရိုက်ခွဲပစ်ထားတာတွေလေ။ ရွာလူကြီးကလည်း သူ့ကြောက်နေရတာပဲ၊ မုန်တိုင်း… မုန်တိုင်းလေးနဲ့ ချော့နေရ ရှာတယ်။ သူ့ဆရာ ဘုန်းကြီးပျံတော်မူသွားတော့၊ ကျောင်းထိုင်တဲ့ ဦးဇင်းကြီးကို စကားထဲတောင်ထည့် မပြောတဲ့ကောင်ပေါ့။ ဦးဇင်းကြီးကလည်း သူ့အားနည်းချက်နဲ့သူဆိုတော့ ‘မုန်တိုင်း’ကို ဒီအတိုင်းလွှတ်ထားလိုက်ရတယ်။ ‘ဟိုဘက်အိမ်မှာ ဆရာ ရောက်နေတယ်’လို့ သူ့အမေက ကျိတ်ပြောသံကို ကြားရပါတယ်။ ‘ဘာ ဆရာလဲ… -ီး ဆရာလား’တဲ့၊ ဆွမ်းခံရင်း ငှက်သင့်ရဖူးတယ်။

တနေ့တော့၊ ဆေးခန်းကို သူ့မိန်းမ ပြာယီးပြာယာ ရောက်လာတယ်၊ မုန်တိုင်း အပြင်းဖျားနေလို့တဲ့။ ဒီလူတွေက အထက်ကနေ သစ်ဖောင်ဝါးဖောင် ချတဲ့ကောင်တွေ၊ ငှက်ဖျားထပြီပေါ့။ ချက်ချင်းလိုက်ကြည့်၊ သွေးစစ်၊ ဆေးပေးပေါ့ဗျာ။ ငါ့ကောင်ကြီး သုံးလေးငါးရက် ကုယူရတယ်၊ ပုလင်းကြီးတွေ ဘာတွေ ချိပ်ပေးရ တယ်။ ငှက်ဖျားက သွေးတွင်းအချိုဓာတ် ကျတယ်လေ။ အားရှိအောင် စားခိုင်းရတာပေါ့။ ခပ်ကြမ်းကြမ်း သမားတွေ၊ ဖျားတာ နာတာလောက်ကတော့ အရက်ထဲ ကြက်ဟင်းခါးရွက် ထည့်သောက်၊ ငန်းနီကျော် ထည့်သောက်တာနဲ့ ပျောက်တယ်။ ခု ငှက်က အတော်ကိုက်လိုက်တယ်ထင်တယ်၊ သိသိသာသာ ပိန်ချုံးသွား တယ်။ အဖျားတွေ တက်၊ ကယောင်ကတမ်းတွေ ဖြစ်၊ ဝုန်း ဒိုင်း သောင်းကျန်း၊ သတိတွေဘာတွေ လစ်ပေါ့ လေ။ တချို့က သေလူလို့တောင် ပြောနေကြပြီ။ သေစေချင်တာလည်း ပါမယ်ပေါ့။ ဆေးပတ်လည်တော့ ပြန်ထောင်လာတာပဲ။ ဆေးခန်းထဲ မြက်ရှင်း ပေါင်းပေါက် ပေးနေတာ၊ ဟိုနား ဒီနား ညရေးညတာ အဖော်လိုက် ပေးနေတာ ဘယ်သူလဲ သိလား၊ နယ်ကျော် လူမိုက်ကြီးပဲ။

ဒုက္ခတွေ တစ်ခုပြီး တစ်ခု ပေးနေတဲ့သူတောင် ‘ကျေးဇူးတရား’ကို နားလည်နိုင်စွမ်း ရှိပါလားလို့ တွေးမိပါတယ်။

တချို့ကတော့ အဆုံးထိ မိုက်သွားတဲ့ကောင်တွေနော်။ ငယ်သူငယ်ချင်းတယောက်ပါပဲ၊ သူ့ အကြောင်း ရေးပြဖူးတယ်။ ငယ်ကတည်းက အလိုလိုက်ခံထားရတာလည်း ပါမယ်၊ ဆုံးမပေးမယ့် လူကြီး မိဘနဲ့၊ စာပေနဲ့ ဝေးခဲ့လို့လည်း ဖြစ်မယ်၊ အတော်မိုက်တယ်။ သူမိုက်တာကတမျိုး၊ သူ့မိသားစုအပေါ်ပဲမိုက်တာ၊ သူများအပေါ် အတော်ကောင်းတဲ့ကောင်ပေါ့။ ‘လိုက်မလား’ မမေးနဲ့ ရှေ့ဆုံးကပဲ။ သူငယ်ချင်းတယောက်ယောက် တခုခုဖြစ်ပြီးဆို ရှေ့ ဆုံးကပဲ။ အောင်မယ်၊ ပရဟိတအဖွဲ့ဝင်ဗျ။ ခက်တာက အရက်ဗျ၊ အရက်၊ မိုးလင်းမိုးချုပ် အရက်။ သူ့မိန်းမခမျာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ရရှာတယ်။ သေခါနီးအထိ၊ အရက်တောင်းသောက်သွားတယ်။ ပါးစပ်လေး ဟပြီး၊ အသံတိတ် တောင်းနေတာ၊ ဘေးကလူတွေက သနားလွန်းလို့၊ ဂွမ်းပေါက်လေးနဲ့ ချပေး လိုက်တာ၊ လျှာကလေးနဲ့ သပ်သပ်ပြီး အရသာခံသွားတယ်။

မိုက်တယ် ဆိုပေမယ့် ဒီကောင်က လူမှုရေးကျေတယ်၊ သူ့အသုဘ လူစည်ကားခဲ့တယ်။

မိုက်တယ် ဆိုပေမယ့် တချို့ကျတော့ လူချစ်လူခင်များတဲ့ သူတွေ ရှိသေးတယ်။ ကျွန်တော်တို့ရွာမှာ၊ ‘ခုချိန် အဲလူရှိရင်’ လို့ ပြောနေကြဆဲပါပဲ။ အဲလူက သူ့အပေါ် ယုတ်မာခဲ့သူတွေကိုပဲ တုန့်ပြန်ခဲ့တယ်တဲ့။ တခုလေးတော့ ပြစ်ချက်ရှိပါတယ်။ ဒါပေမယ့် သူ အင်အားကြီးလာတဲ့အချိန်မှာ လုပ်သမျှတွေက လက်တုံ့ ပြန်တာတွေချည်းပါပဲ။ သူရှိနေတုန်းက တနယ်လုံးအေးချမ်းတယ်၊ ခိုး ဆိုး လု နှိုက်တာတွေ လုံးဝမရှိဘူး။ ခုဆို သူခိုးတွေတောင် ရာ ထူးတိုးပြီး နေ့ခင်းကြောင်တောင် အနုကြမ်းစီးနေကြပြီနော်။ ဆိုင်ကယ်လု၊ ပိုက်ဆံအိတ် လု၊ ဆွဲကြိုးဖြတ်ကနေ ဘယ်အဆင့်ထိရောက်လာမလဲစိုးထိတ်နေရတယ်။ သူရှိတုန်းကတော့ သူ့အပေါ် မကောင်းခဲ့တဲ့သူတွေနဲ့ မိသား စုဆွေမျိုးသားချင်းတွေအတွက်တော့ ‘မြွေ’ပေါ့။ ကောင်းကောင်းမနေရဘူး၊ ထွက်ပြေးတိမ်းရှောင်နေရတယ်။ မရှောင်လို့လည်းမရဘူးလေ၊ အဲလူက ‘သတိပေးစာ’ပို့ပြီး လာသတ်တာကိုး။ ပြဇာတ်ဆန်တယ်၊ ရူးကြောင် ကြောင် နိုင်တယ်ဆိုပေမယ့် ယောကျ်ားပီပီ လုပ်ရဲတယ်လို့ ချီးကျူးမိပါတယ်။

တချို့က မိုက်တယ်၊ လက်နက်ရှိလို့ မိုက်ရဲတာ။
တချို့က မိုက်တယ်၊ ကာယဗလရှိလို့။
တချို့က မိုက်တယ်၊ နောက်ခံ လူအင်အား၊ ငွေအင်အား ရှိလို့။
တချို့က မိုက်တယ်၊ ကျပ် မပြည့်လို့။
တချို့က မိုက်တယ်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိလို့။

စသဖြင့်ပေါ့လေ၊ မိုက်ပုံမိုက်နည်း အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် မိုက်ရုံမိုက်ရင်တော့ အော့ကြောလန်လူ ယုတ်မာ မဖြစ်သေးပါဘူး။ မြတ်စွာဘုရားလက် ထက် သန္တတိအမတ်ကြီး၊ သောက်စားမူးရူး နေတာပဲနော်။ စစ်အောင်တော့ ဘုရင်က ဘုရင့်စည်းစိမ် တစ်ပတ်ချီးမြောက်ထားတာ။ ခုနှစ်ရက်မြောက်တဲ့နေ့ အရက်နံ့တထောင်းထောင်းနဲ့ မြစ်ထဲ ခေါင်းဆေးမင်္ဂလာ လုပ်နေတုန်း၊ ဘုရားနဲ့တွေ့ တရားသဘောပေါက် တော့ အရက်ရှိန် မသေသေးဘူးလို့ ပြောတာပဲ။ အပြန်လမ်းမှာ Accident တခုနဲ့ ဆုံးတော့၊ ပရိနိဗ္ဗန် စံတော် မူပြီလို့ ဘုရားဟောတာတောင် မယုံသင်္ကာဖြစ်ကြသေးတယ်။ မူးရူးသောက်စားနေတာ၊ စစ်ပွဲမှာ လူတွေကို သတ်ဖြတ်နေတာ မိုက်တယ်ခေါ်နိုင်မလား။ ဒါပေမယ့် မယုတ်မာဘူး။ ဒါကြောင့် နှလုံးသားဟာ ဖြူစင်နိုင်သေး တယ်ပေါ့။ တရားနှလုံး သွင်းနိုင်သေးတယ်နော်။

ကမ်းကုန်အောင် ယုတ်မာတဲ့သူတွေ ကမ္ဘာပေါ် မြန်မာ့မြေပေါ် ထွက်ပေါ်ခဲ့တယ်၊ ရှိနေပါတယ်။ ကျွန်တော်တို့ သိခဲ့ ခံစားခဲ့ရတဲ့ ဟစ်တလာတို့ ဟူစိန်တို့ အိုစမာတို့ ကဒါဖီတို့၊ ဦးစောတို့ နေဝင်းတို့ သန်းရွှေတို့ မင်းအောင်လှိုင်တို့။ စစ်သွေးကြွတွေ၊ စစ်အာဏာရှင်တွေ။ ကျန်တဲ့သူတွေက ယုတ်မာချင်ပေမယ့် ယုတ်မာချင် သလောက် ယုတ်မာနိုင်စွမ်း မရှိကြဘူး ထင်ပါရဲ့၊ ဒီကောင်တွေလောက် မယုတ်မာဘူး။ ယုတ်မာခြင်းဆိုတာ ပြောရတာသာ လွယ်တာ၊ သူလည်း ‘အယုတ်ပါရမီ’ရှိမှ ရမယ်ထင်ပါတယ်။ ‘ခွေးကြီး၊ သူတောင်းစားကြီး၊ ဖာသည်မကြီး’လို့ အဆဲခံနိုင်ပေမယ့် လူယုတ်မာကြီးလို့ ဆဲရင် ဆတ်ဆတ်ထိမခံတာ တွေ့ဖူးတယ်နော်။ မှန်လည်း မှန်ပါတယ်၊ တကယ်ယုတ်မာနိုင်ဖို့ဆိုတာ သန္ဓေသားဘဝကတည်းက ဗီဇယုတ်လာမှ။

ပြောင်းပြန်အားဖြင့် ကြည့်ပါလား၊ ဘုရားလောင်းနတ်သားက ဘုရားဖြစ်မယ့် သိဒ္ဓတ္ထမင်းသားဘဝ သန္ဓေယူတော့မယ်ဆိုတော့ ကြည့်ခြင်းကြီး ငါးပါးနဲ့ သေချာစိစစ်ပြီးမှ ရောက်လာတာလေ။ ဟို၊ မိန်းမယုတ် ကို ကြည့်ပါ့လား၊ စိဉ္စမာနပေါ့။ မန်ကျည်းပင် သံသေဒဇ သန္ဓေစွဲရတယ်။ ဇာတသတ်ကို ကိုယ်ဝန်ဆောင်တုန်း က ဗိမ္ဘိသာရမင်းကြီးရဲ့ လက်မောင်းသွေးကို သောက်ချင်တယ်လို့ ချဉ်ခြင်းတပ်တယ်နော်။

ထားပါတော့၊ ဒီ စစ်သွေးကြွ၊ စစ်အာဏာရှင်တွေကတော့ ဘာနဲ့မှ နှိုင်းမမှီပါဘူး။ ဘုရားအဆူဆူ ဟောလည်း မောရုံပဲ ရှိမယ့်သူတွေ။ အကြောင်းမဲ့ အာဏာ သိမ်းတယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းတယ်၊ မိမိဆန္ဒအလျှောက် အလုပ်တာဝန်မဆင်းတဲ့ သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး နှိပ်စက်တယ်ဗျာ၊ အလုပ်မဆင်းတဲ့သူတွေကို ကူညီထောက်ပံ့ပေးနေသူတွေကို မတရားဖမ်းဆီးတယ်၊ ကျောင်းသားလူငယ်တွေကို စစ်သင်တန်းတက်လာတယ်ဆိုပြီး၊ လက်နက်တွေ့တယ်ဆိုပြီး ဖမ်းဆီးနှိပ်စက် တယ်၊ အစိုးရယန္တရား ပုံမှန်လည်ပတ်ပါတယ်လို့ ပြောလို့ရအောင် လူမပါ ကုန်မပါဘဲ မီးရထား ဆွဲခိုင်းတယ်၊ အပ်မယ့်သူမရှိတဲ့ ဘဏ်တွေ ဖွင့်ခိုင်းတယ်၊ ကိုဗစ်ကာလအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်တယ်၊  ဘဏ်ထဲက/ မြေပေါ်/ မြေအောက် ရောင်းလို့ရသမျှ အကုန်ရောင်းပစ်တယ်၊ ပြည်တွင်းစစ်လို့တောင် မခေါ်နိုင်သေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ လေကြောင်းသုံးတယ်၊ လက်နက်ကြီးတွေ သုံးတယ်။ ရှိအုံးမယ်။

အဲဒါတွေထက်ပိုယုတ်မာလာတာက ကိုဗစ်တတိယလှိုင်းမှာ တွေ့ရတာပဲ။ ကုသစောင့်ရှောက်မှုတွေ စီမံဆောင် ရွက်ထားတာ မရှိ၊ ရောဂါပျံ့နှံ့မှုကိုလည်း စနစ်တကျ မထိန်းချုပ်၊ ပြည်သူတွေအတွက် ဝယ်ထားတဲ့ ကာကွယ် ဆေး (ကိုဗစ်ရှီး)ကို စစ်တပ်အတွက် သိမ်း၊ ပြည်သူတွေ လိုအပ်နေပါတယ်ဆိုတဲ့ ဆေးဝါးတွေ၊ အောက် လဆီဂျင်တွေကိုလည်း သိမ်းပြီး စစ်တပ်အတွက်ပဲ သုံး၊ အရင် ကိုဗစ်ဒုတိယလှိုင်းတုန်းက ပြည်သူ့အစိုးရ စနစ်တကျ စီမံကာကွယ်ထားသမျှတွေကို ဖျက် ဆီးပစ်ပါတယ်။ ကြည့်ပေါ့၊ ရုရှကာကွယ်ဆေးကို မှာထားတယ်ဆိုပေမယ့် သောင်းဂဏန်းလောက်သာ ရနိုင်မယ် ပြောတယ်။ မှာထားတာက နှစ်သန်းဆိုလား။ ကွာရန်တင်း စင်တာဆိုပြီး ဖေ့ဘုတ်ပေါ်မှာ တက်လာတော့ မြင်လိုက်ရတယ်မဟုတ်လား၊ ‘နံ့သာဆီနဲ့ အီး’ပါပဲ။ ကြားလိုက်ရမှာပါ၊ အောက်ဆီဂျင်ရဖို့ စောင့်နေတဲ့သူတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ အောက်ဆီဂျင်စက်ရုံတွေ သိမ်းတာတွေ။ အရင်က ဒုက္ခသည်စခန်းအတွက် ပို့ပေးတဲ့ အစားအသောက်၊ ရေ ရိက္ခာတွေကို ဖြတ်တောက်လုယူတာထက် ပိုဆိုးပါတယ်။ အဲဒီကောင်တွေလူမဟုတ်တော့ဘူး၊ ရှားပါးသတ္တဝါတွေလို့ ကဗျာဆရာကြီးတယောက်ကတော့ ပြောပါတယ်။

‘ရှားပါးသတ္တဝါ’

ထင်ကြတာပဲ
ကိုယ့်ကိုယ်ကို မပြိုနိုင်တဲ့ ကျောက်တောင်။

အဲဒီလိုနဲ့
လက်ရဲဇက်ရဲ
မလုပ်ရဲတာ မရှိ
မရှိတာကို လုပ်ရဲ
မလုပ်တာတွေ ရှိရဲ။

အိပ်မက်တွေကို အမှုဆင်
ရုံးတင် ထောင်ချ ရဲပါဘိ
သေနတ်သာ အမိ သေနတ်သာ အဘ။

မီးတောင်လို့ လာမဖွနဲ့
ငါ့ပလ္လင် ငါ
မထိုင်ရဲစရာ မရှိ။

အကောင်သာ ကြီးပြီး
ဦးနှောက်သေးသူ့နိဂုံး
ဒိုင်နိုဆောလို
မျိုးတုန်းရဲသလားတော့ မသိ။ 

မောင်မှိုင်းလွင်- (အင်းဝ)

လင်းလက်နွေဦး
၁၃.၇.၂၀၂၁ 
ညနေ ၅နာရီ ၁၀မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာနွေဦးတော်လှန်ရေးကဗျာများ - အောင်ဝေး၊ ဖိုးရွှေညီမှိုင်း

Posted: 14 Jul 2021 10:54 PM PDT

Art - Than Htay Maung

မြန်မာနွေဦးတော်လှန်ရေးကဗျာများမိုးမခ ဇူလိုင် ၁၅၊ ၂၀၂၁ -
မင်းအောင်လှိုင် ဗိုင်းရပ်စ်အောင်ဝေး လူတွေ သေနေတယ် မျက်ရည်မြစ်ကြီး စီးနေတယ်။ စစ်ကားကြီး လေးစီးနဲ့ တန်းစီထားတဲ့ အောက်ဆီဂျင်အိုးအခွံတွေ သိမ်းသွားသတဲ့။ လူတွေ သတ်နေရဲ့ မင်းအောင်လှိုင်ဗိုင်းရပ်စ်။ ။ (ဇူလိုင် ၁၄၊ ၂၀၂၁) .... MIN AUNG HLAING VIRUS People keep dying The river of tears keeps flowing. With the 4-army trucks The empty oxygen cylinders lined up Captured. Killing the people Min Aung Hlaing virus. AUNG WAY (July 14, 2021) Translated by NEI HTEK NAING... စစ်ပြေးဖိုးရွှေညီမှိုင်း ခြေ နှစ်ဖက်က မြင်း နှစ်ကောင် ဝေးရင်ပြီးရော ပြေးကြ။ လက် နှစ်ဖက်က ဓား နှစ်လက် အသက်ဆက်ဖို့ မြှစ်ကိုရှာ ငှက်ပျောပင်မှာ ရေရှိတယ်။ ၂၀၂၁ ဇူလိုင် ၁၄

ဝိုင်ချို - မောင်ဒီ

Posted: 14 Jul 2021 10:35 PM PDT

Photo- Crd

မောင်ဒီ
ဝိုင်ချို
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၁

‌တညနေ ဘီယာအတူတူသောက်ပြီး အိမ်သာမှာအတူတူမတ်တပ်ရပ်အပေါ့သွားတုန်း မောင်ဒီက ခင်ဝမ်းကိုပြောတယ်။
"ကိုခင်ဝမ်း ကျနော်သောတာပန်ဖြစ်နေပြီဗျ အဲဒါခင်ဗျားမို့ပြောပြတာ" တဲ့။
ဒီတော့ ခင်ဝမ်းကစဥ်းစဥ်းစားစားနဲ့ ပြန်ပြောတယ်။
"မဟုတ်သေးဘူးလေ ကိုဒီရဲ့၊ သောတာပန်ဆိုတာ ကိုယ်သောတာပန်ဖြစ်နေတဲ့အကြောင်း ဘယ်သူ့မှမပြောရဘူးလေ၊ ကျနော်ဆို ဘယ်သူ့မှမပြောဘူး၊ ကိုယ်သောတာပန်ဖြစ်တာကို ကိုယ့်စိတ်ထဲကိုယ်ထားတာ" တဲ့။

တခါတုန်းကလည်း ဒဂုံဆိပ်ကမ်းယုဇနကားနဲ့မြို့ထဲကနေပြန်လာတော့ ကားပေါ်မှာလူတွေပြည့်ကျပ်လို့။
အဲဒီတုန်းက နဝတခေတ်ပေါ့။
မောင်ဒီက အဲဒါ စစ်အစိုးရလုပ်လိုက်တာ ပြည်သူတွေအားလုံး ခြင်းထဲကကြက်တွေလိုဖြစ်ကုန်ပြီလို့ ပြောချင်လာတော့ ဒီလို ညည်းညူရေရွတ်လိုက်တယ်။
"ဪ....ခြင်းထဲကကြက်တွေပါလား" တဲ့။
ဒီတော့ ဘတ်စ်ကားပေါ်မှာ သူနဲ့ယှဉ်လျက်မတ်တတ်ရပ်စီးလာတဲ့အမျိုးသမီးကြီးက သူ့ကို ကြက်လို့ပြောရကောင်းလား ဆိုပြီးထီးနဲ့ရိုက်မလို့လုပ်တယ်တဲ့။
မနည်းတောင်းပန်ခဲ့ရဆိုလား။

တခါတုန်းက ကိုရီးယားမှာလုပ်တဲ့ပန်းချီပြိုင်ပွဲတခုမှာ အာရှတိုက်နိုင်ငံအများက ပန်းချီဆရာတွေဝင်ပြိုင်ကြတယ်။ မြန်မာနိုင်ငံက မောင်ဒီလည်းဝင်ပြိုင်တယ်။ အဲဒီမှာအချိန်အကန့်အသတ်နဲ့ပြိုင်ရတာ။ ဆယ့်ငါးမိနစ်အတွင်းအပြီးဆွဲရမယ်။ အဲဒီအခန်းထဲရောက်မှခေါင်းစဉ်ပြောတယ်။
ခေါင်းစဉ်က "ဘဝ"တဲ့။
အဲဒီမှာ ဂျပန်ကပန်းချီဆရာမက စံနစ်တကျဆွဲတယ်။ အင်ဒိုနီးရှားကပန်းချီဆရာကြီးကလည်း စိတ်တိုင်းကျဆွဲနေပြီ။ အိန္ဒိယကမုတ်ဆိတ်ကြီးကလည်း အပီအပြင်ကိုရေးနေပြီ။ မြန်မာနိုင်ငံကမောင်ဒီကတော့ ဘာရေးလို့ရေးရမှန်းမသိ။ မေးခွန်းသတ်တယ်ပေါ့။ ဘာပုံဆွဲရမလဲတွေးမရဘဲငိုင်တွေလို့။ တခုခုတော့ဆွဲရတော့မှာပေါ့။ ဒီလိုနဲ့ပန်းချီကားတွေသိမ်းခါနီးအချိန်စေ့ပြီဆိုမှ စုတ်တံကိုဆေးအနက်ခွက်ထဲထည့် "သွားဟာ" ဆိုပြီး ဝလုံးကြီးပဲရေးပေးလိုက်တယ်။
အမှတ်စာရင်းလည်း တခါတည်းကြေညာတာပေါ့။
အဲဒီမှာ မြန်မာနိုင်ငံကမောင်ဒီက ပထမဆုရတယ်။
ဆုရွေးချယ်ရေးအဖွဲ့ကအကဲဖြတ်ချက်မှာ "ဘဝဆိုတာ သူရေးထားသလိုပဲ ဘယ်ကလာလို့ဘယ်ကိုသွားနေမှန်းမသိ ဘယ်ကစလို့ဘယ်မှာဆုံးမလဲ ဘယ်လိုမှမသိနိုင်ပါဘူး "တဲ့။

တညနေ ရှမ်းရိုးရာစားသောက်ဆိုင်ရှေ့ကလမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးမှာ မောင်နိုး၊ လှသန်း၊ လူအိမ်၊ လူမိုးသိုက်၊ အောင်ဘညိုတို့ အတူထိုင်နေကြတယ်။ ကိုလူအိမ်က Nike လျှာထိုးဦးထုပ် အနက်လေးဆောင်းထားတယ်။ သူတို့က ကိုလူအိမ်ကို ရဲဌေးလို့ခေါ်ကြတာပါ။ ကိုရဲဌေးဆောင်းလာတဲ့ဦးထုပ်ကို ဆရာဒီက တော်တော်သဘောကျနေပုံရပါတယ်။ ယူပြီးဆောင်းကြည့်တယ်။
ကျန်တဲ့သူတွေကိုမေးတယ်။

"အောင်ဘညို ဘယ့်နယ့်လဲ ငါနဲ့လိုက်တယ်မဟုတ်လား"
"လှသန်း ငါနဲ့ဒီဦးထုပ်နဲ့ ကြည့်လို့ကောင်းတယ်မဟုတ်လား" 
လူမိုးသိုက် မဆိုးဘူးမဟုတ်လား ငါနဲ့တော်ပါတယ်နော်"

အဲဒီလိုဟိုလူ့မေးဒီလူ့မေး မေးနေတော့ ကိုနိုးက ကိုလူအိမ်ကိုပြောတယ်။

"ဟေ့ရောင်ရဲဌေး မင်းအဲဒီဦးထုပ်ဘယ်လောက်ပေးရတုံး" ဆိုတော့ ...
ကိုရဲဌေးကပြန်ပြောတယ်။
"မသိဘူး ငါလည်း ငါ့ညီဦးထုပ်ကို ယူဆောင်းလာတာ လေးငါးထောင်တော့ပေးရမှာပေါ့ ဘာလို့လဲ" တဲ့။

ဒီတော့ကိုနိုးကပြောတယ်။

"ငါတို့ပိုက်ဆံစုပြီး ဒီလိုဦးထုပ်လေးတစ်လုံး ကိုဒီ့ကို ဝယ်ပေးရအောင်ကွာ" ဆိုတော့ ဆရာဒီက
"ဘာလို့တုန်းဟ မောင်နိုးရ" တဲ့။
ကိုနိုးက ဦးထုပ်က ပုံလေးကိုပြပြီး ကိုရဲဌေးကိုပဲ ဆက်ပြောလိုက်တယ်။
"သူ့ဘဝမှာ အမြဲတမ်းမှားနေတာလေကွာ ဒါလေးတခုတော့  အမှန်ခြစ်လေးရှိထားတော့ကောင်းတာပေါ့" တဲ့။
ဆရာဒီနဲ့ပတ်သက်တဲ့ ချစ်စရာကြားဖူးနားဝလေးတွေပါ။

ကျနော်နှလုံးအိမ်မဂ္ဂဇင်းမှာအယ်ဒီတာလုပ်တုန်းက ဆရာဒီကို ပန်းချီပုံအပ်ဖူးပါတယ်။
ကိုပြေမြင့်ရေးတဲ့ True Story လေးပါ။

ဝတ္ထုက ခင်ဝမ်းနဲ့မောင်ချောနွယ်အကြောင်းပါ။ခေါင်းစဉ်က "ခင်ဝမ်းဆောရီး ဆောရီးခင်ဝမ်း"တဲ့။

အကြောင်းအရာက ခင်ဝမ်းအတွက် မောင်ချောနွယ်ရေးတဲ့တေးရေးခရယ် ခင်ဝမ်းအတွက်တေးရေးခရယ်ရကြတော့ မောင်ချောနွယ်နဲ့ခင်ဝမ်းနဲ့ ပြည်မယ် အစ်မကြီးစား‌သောက်ဆိုင်မှာသွားထိုင်ကြတယ်။ မောင်ချောနွယ်က အရင်အကြွေးတွေဆပ်တယ်။ ခင်ဝမ်းကလည်း ကျနော့်အကြွေးတွေလည်း တွက်ပေးပါဦးဆိုတော့ အဲဒီ စားသောက်ဆိုင်ပိုင်ရှင် ပြည် "မယ်" ဘွဲ့ရအမျိုးသမီးကြီးက ကောင်တာထိုင်ရင်းစာရင်းကြည့်‌ပြီး "ခင်ဝမ်းက အကြွေး ၁၄၆ ကျပ်တောင်ရှိတယ်" လို့ပြောတယ်။ အဲဒီမှာ "ခင်ဝမ်းက အစ်မကြီး မှားနေတယ်"လို့ ပြောတော့ "ငါဘယ်တော့မှမမှားဘူး ညစ်တယ်ဆိုတာမရှိဘူး ငါ့ကိုကျေးဇူးမကန်းနဲ့ "လို့ ကောပါလေရော။

အဲဒီမှာ ခင်ဝမ်းက 
သေသေချာချာတွက်စမ်းပါ အစ်မကြီးရာ ဘယ်နေ့ဘယ်နေ့က ဘယ်လောက် ဘယ်နေ့ကဘယ်လောက်တွေ ဒိုးခနဲဒက်ခနဲပြောပြီး 
"တကယ်တမ်းပေးရမှာက ၁၄၆ ကျပ်မဟုတ်ဘူး ၁၆၄ ကျပ်ဗျ" လို့လည်းပြောပြလိုက်ရော
အဲဒီအမျိုးသမီးကြီးကမျက်မှန်ကြီးတပ် ပြန်ကြည့်ပြီး  တောင်းပန်ရှာပါတယ်။
"ခင်ဝမ်းဆောရီး ဆောရီးခင်ဝမ်း ခင်ဝမ်းဆောရီး ဆောရီးခင်ဝမ်းပါ" တဲ့။

အဲဒီဝတ္ထုအတွက်သရုပ်ဖော်ပန်းချီမှာ ဆရာဒီဆွဲထားတဲ့ ဆရာခင်ဝမ်းသီချင်းဆိုနေပုံကမိုက်လွန်းလို့ မျက်စိထဲကကိုမထွက်တော့ပါဘူး။

ဆရာဒီရဲ့လက်ရာ အထက်တန်းကျတဲ့ရေနဲ့နွေဦး ကဗျာမဂ္ဂဇင်းအဖုံးပန်းချီကလည်း တကယ်ဆွဲဆောင်မှုအပြည့်ပါပဲ။
မော်ဒန်ဖြစ်တယ် မှော်ဆန်တယ်။
ပြီးတော့ ဆရာဒီရဲ့လက်ရေးကို လည်းကြွေရတယ်။စွဲလမ်းရပါတယ်။

သင်္ချာပညာငါဆရာဆိုတဲ့ မောင်ဒီ
လေညင်းကလေးရဲ့မူပိုင်ရှင် မောင်ဒီ
ချောင်းမကြီးချောင်းရဲ့ မောင်ဒီ
ပုပ္ပား ဒီဂယ်လာရီရဲ့ မောင်ဒီ
အရင်တုန်းကမျိုးညွန့်ဆိုတဲ့ မောင်ဒီ
ချင်းတွင်း နှင်းဆီဖြူ မဂ္ဂဇင်းစာလုံးဒီဇိုင်းလိုဂိုရှင် မောင်ဒီ
ကိုမင်းဆွေနှစ်ရဲ့ အဝေးနှင်းဆီကဗျာစာအုပ်မျက်နှာဖုံးပန်းချီ မောင်ဒီ
"အဆိုတော်ခင်ဝမ်းက အို မောင်ဒီသီချင်းမှာ  လမ်းကြိုလမ်းကြားလျှောက်သွားပြီး နို့ ဆီခွက်တွေကောက်ခဲ့တဲ့အကြောင်း ခင်ဝမ်းကတော့ သီချင်းတွေ ရေးနေတယ်" ဆိုပြီး မောင်ချောနွယ်က ကျပ်တော့ ချက်ချင်းလမ်းစရိတ်ရှာ ပြည်လိုက်သွားပြီး
"ကိုခင်ဝမ်း ခင်ဗျားနဲ့ကျနော် လမ်းကြိုလမ်းကြားသာသွားတာပါ။ နိူ့ဆီခွက်တော့ မကောက်ပါဘူ၊ သီချင်းထဲ မရေးပါနဲ့" လို့ဆိုတဲ့ အိုမောင်ဒီ
ကောက်ရိုးထုံးတွေနဲ့ ခေါင်းပေါင်းကြီးနဲ့ ကျေးလက်ပန်းချီရှင် မောင်ဒီ
မှော်ဝင်ဖမ်းစားမှုပန်းချီကားတွေနဲ့မောင်ဒီ
"လီဗာပူးဆိုတာဘာကိုဆိုလိုတာလဲ " မေးတော့
"လီဗာပူးဆိုတာ ကုလားကြီး‌တယောက်ကိုဆဲလိုက်တာ" လို့ ကိုရဲဌေးအပြောင်အပြက်ပြောတာခံရတဲ့မောင်ဒီ
အမြဲတမ်း တောထဲရွာထဲနေသလို
ဖျင်ကြမ်းအင်္ကျီ ဖျင်ကြမ်းပုဆိုးနဲ့နေတဲ့မောင်ဒီ
အခု စစ်တောင်းမှာနေတဲ့မောင်ဒီ
ခေါင်းဖြူဖြူ အနေအထိုင်းရိုးစင်း ရှင်းလင်းပြီး
နာမည်ကြီးသလောက် ရိုးကန်းကန်းနိုင်တဲ့ မြစ်ခြေကလာတဲ့
ချစ်လှစွာသော ဆရာဒီ
သူနဲ့အတူသောက်ရရင် မပူမပင်
ပေါ့ပါးပျော်ရွှင်ပြီး စိတ်အေးစေနိုင်တဲ့ ဆရာဒီကို
စာပန်းချီ ရေးလို့မမီတော့ပါ။ ။

ဝိုင်ချို

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



You are subscribed to email updates from MoeMaKa Media.
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States


--
Send email to - edi...@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages