19th July 2010 - MoeMaKa Daily

6 views
Skip to first unread message

Maung Yit

unread,
Jul 19, 2010, 1:56:32 AM7/19/10
to moemaka, burm...@googlegroups.com
ကာတွန်းစောငို - အာဏာရှင်ဆိုတာ တိုင်းပြည်၏ အာဇာနည် မဟုတ်
ဇူလိုင် ၁၉၊ ၂၀၁၀

ဇူလိုင် ၁၉၊ ၂၀၁၀ - မိုးမခရေဒီယို အစီအစဉ်
ဗိုလ်ချုပ်မိန့်ခွန်း အဖေသို့ကဗျာ - ဘာသာ ၂ မျိုး ကျွမ်းကျင်သူနဲ့ အာဇာနည်တေးများ
(ကိုမြကြီး၊ ၀င်းဦး၊ မာမာအေး)
သတင်းတိုထွာ၊ သီချင်းပဒေသာ
ဂဠန်စောလို လူစား သတိထား - ဂါမဏိ၊ ခေတ်ပြိုင်
ထူးခြားသံပြိုင်တေးတပုဒ် - ဘိုဘိုလန်းစင်
ဗမာနိုင်ငံလုံးဆိုင်ရာ ပူးပေါင်းတော်လှန်ရေး အင်အားစုများ၏ သင်္ကြန်ဗုံးပေါက်ကွဲမှု တောင်းဆိုချက် - ရွှေနန္ဒ အီးမေး)
နန်းညွန့်ဆွေ မေတ္တာတေးသံကဗျာများနဲ့ နာရေးသတင်း - ရန်ဝင်း တောင်တံခါး
အဖေတို့စကား မှတ်သားစရာ -၁
အထူးကဏ္ဍ - တခါက ကျုပ်တို့ရဲ့ ဒိုင်နိုဆောကြီးများ - အနောက်နန်းမတော်မမြကလေးရဲ့ ဘ၀နဲ့ ဂီတ - ၁
စီစဉ်တင်ဆက်သူ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်

မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄)
အောင်ဝေး
ဇူလိုင် ၁၉၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှားမှု သတင်းတွေ ကြားရ ဖတ်ရတော့ ကျနော်တို့ ဒီမှာ အတော့်ကို ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြရပါတယ် ကိုဒေါင်း။ ဒီမှာရှိတဲ့ ဘာလော့ဂါ ကဗျာဆရာတွေကလည်း အဲဒီသတင်းကို ဓာတ်ပုံတွေနဲ့ သူတို့ ကိုယ်ပိုင်ဘလော့ဂ်တွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတယ်လေ။ ဒီမှာကတော့ ဆရာမောင်စွမ်းရည်ကို အကြီးအမှူး၊ ဦးစီး ဦးဆောင်ထားပြီး ကဗျာ လှုပ်ရှားနေကြတာပါ။

မောင်စွမ်းရည်က နယူးယောက်စီးတီးမှာ။ သစ်ကောင်းအိမ်က အင်ဒီယားနား၊ထက်ရာဇာက အော်ရီဂွန်၊ ကျော်သူမိုးမြင့်က ယူတ၊ ခိုင်မာကျော်ဇောက ပင်ဆယ်ဗေးနီးယား၊ ကျနော်က မစ်ရှီဂန်ပဲ ဆိုပါတော့။ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာတော့ ကဗျာဆရာငြိမ်းဝေ၊ မောင်လွမ်းဏီ၊ စိုးနေလင်း၊ နှင်းခါးမိုးတို့ ရှိတာပေါ့လေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ABSDF ကျောင်းသားတပ်မတော်ကနေ ပေါ်ထွက်လာတဲ့ ကဗျာဆရာတွေလည်း မနည်းပါဘူး၊၊

သူတို့အထဲကဆိုရင် နယ်စပ်မှာ ကဗျာဆရာကမာပုလဲ၊ ကယ်လီဖိုးနီးယားရောက်နေတဲ့ အောင်သာငယ်၊ အင်ဒီယားနား ဖိုတ့်ဝိန်းက ဆောင်းယွန်းလ၊ ဒါ ကျနော် လက်လှမ်းမီသလောက် ဆိုပါတော့၊ သူတို့ကို လက်နက်ကိုင် ကဗျာဆရာတွေလို့ ခေါ်ရမလားပဲ။ အခုလက်ရှိ ABSDF ကျောင်းသား တပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲ ကိုယ်တိုင်လည်း ကဗျာရေးသူတစ်ယောက်ပါ။

ပြည်ပ ရောက်လာပြီး ၊ကိုယ်ပိုင်ဘလော့ဂ်နဲ့ ကဗျာတွေ အဆက်မပြတ်ရေးတင်နေကြသူတွေထဲမှာ နယ်စပ်က ဒုက္ခသည်စခန်း တစ်ခုမှာ ရောက်နေတဲ့ခင်လွန်း၊ မယ်တော်ဆေးခန်းက ဒေါက်တာလွဏ်းဆွေ၊ ဗန်ကောက် တက္ကသိုလ်တစ်ခုက ကောင်းကင်ကို၊ အမေရိကားက ဟာဝိုင်ယီမှာ နေတဲ့ မသဒ္ဒါတို့ ဆိုရင်လည်း မြန်မာကဗျာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးပမ်းနေကြသူတွေပါ။

ကဗျာဟာ ဒီမိုကရေစီတိုက်ပွဲလက်နက်တစ်ခုအဖြစ်နဲ့ အဝေးရောက်မြန်မာ ကဗျာဆရာတွေက ယုံယုံ ကြည်ကြည် ကိုင်စွဲထားကြတာပါ။ ပြည်တွင်းမှာကတော့ ကဗျာဟာ အထူးသဖြင့် လူငယ်တွေ ရေးနေတဲ့ ခေတ်ပြိုင် ကဗျာတွေဟာ စစ်အစိုးရရဲ့ အထူး ပိတ်ပင် ကန့်သတ် ချုပ်ချယ်ခြင်း ခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ ကဗျာနဲ့ မကင်းကွာဘူး။ ကဗျာဆရာနဲ့ မကင်းကွာဘူး။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာတော့ ပြည်သူတွေနဲ့ အတူပဲ ကဗျာဆရာတွေလည်း ဖိနှိပ်ခံ၊ စော်ကားခံနေရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ ဆိတ်သုဉ်းနေတဲ့ ဖက်ဆစ် သံဖနောင့် အောက်မှာ စာပေနဲ့ အနုပညာလွတ်လပ်ခွင့်ဟာ ဇီးရိုး နတ္ထိပါပဲ။

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံေ ရးသမိုင်းကို ပြန်ကြည့်လိုက်စမ်းပါ ကိုဒေါင်း။ အုပ်ချုပ်သူ၊ ဖိနှိပ်သူ၊ အာဏာရှင်တွေဟာ ကဗျာဆရာကို စိုးရွံ့ ကြောက်လန့်ခဲ့ကြတာချည်းပါပဲ။ လွတ်လပ်ရေး မရခင် ဗြိတိသျှ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရရဲ့ Black List ဆိုတဲ့ ရန်သူတော်စာရင်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နံပါတ်တစ်အဖြစ် သတ်မှတ်ခဲ့တာပါ။

(ဗိုလ်ချုပ်အောင်ဆန်းက ရန်သူနံပါတ်- ၅ ပါ)

တိုင်းပြည် လွတ်လပ်ရေး ရပြီးတဲ့ ဒီဘက်ခေတ်မှာ ကျတော့ရော။ ၁၉၇၆ ခုနှစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ပွဲကို မဆလ စစ်အစိုးရက ပိတ်ပင် တားဆီးခဲ့တာပဲ မဟုတ်လား။ မင်းရာပြည့် အရေးအခင်းမှာ ကျောင်းသားတွေ ထောင်ချီပြီး အဖမ်းခံခဲ့ရတာပဲ မဟုတ်လား။

န၀တ/နအဖခေတ်ကို ရောက်လာတော့ ပိုဆိုးသွားပြီ ကိုဒေါင်း။ န၀တခေတ်မှာ ပထမဦးဆုံး အဖမ်းခံရတဲ့ ကဗျာဆရာက ဆရာတင်မိုးပါ။ နောက်တော့ NLD က ကဗျာဆရာတွေ ဖြစ်ကြတဲ့ ဆရာ ဖျာပုံနီလုံဦးနဲ့ ဆရာ မုံရွာအောင်ရှင် တို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ ကဗျာဆရာမ မစိမ်းပင် ဆိုရင် အကျဉ်းထောင်ထဲမှာ လူစဉ် မမီတော့အောင် နှိပ်စက် ညှဉ်းပန်းခံခဲ့ရတာပါ။

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိ၊မြန်မာပြည်မှာပဲ ရှိတဲ့ စာပေစိစစ်ရေးဌာန ဆိုတာ ဂျပန်ခေတ်က ကင်ပေတိုင် အဖွဲ့ သာသာပါ။ ၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ခင်ကလေးက အဲဒီ စာပေစိစစ်ရေးကို ရောက်လာတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ၊ ဗဟို ဌာနချုပ်၊သုတေသန ဌာနကြီးက ပြုစုတဲ့ လျှို့ ဝှက် အစီရင်ခံစာတစ်စောင် ကျနော်တို့ တစ်နည်းတစ်ဖုံနဲ့ ရခဲ့ဖူးပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ လက်ရှိ မြန်မာကဗျာဆရာတွေကို အစိုးရ ဆန့်ကျင်ရေးသမားတွေ အဖြစ် အုပ်စုတွေ ခွဲပြီး ဖော်ပြထားတာပါ။ ဥပမာဆိုပါတော့ ဆရာစွမ်းတို့၊ ဆရာကြည်အောင်တို့၊ ကျနော်တို့ကို ဗကပ တမ်းချင်း ရေးသူ တောမျှော် ကဗျာဆရာများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်ထားတာမျိုး။ ပြီးတော့ တစ်ခါ ကာရန်မဲ့ကဗျာရေးလို့ ဆိုပြီး ကျနော်တို့ လူငယ်တွေကို အမေကျော်ဒွေးတော်လွမ်း ကဗျာဆရာများ ဆိုတဲ့ တံဆိပ် တပ်တာမျိုး။ န၀တ ခေတ်မှာလည်း ဒီလို လျှို့ဝှက် အစီရင်ခံစာမျိုး ရှိတယ်လို့ ဆရာမြသန်းတင့် မကွယ်လွန်ခင်က ကျနော်တို့ကို သတိပေးခဲ့ဖူးတာ ရှိပါတယ်။

စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာတော့ ကဗျာဆရာတွေလည်း တောထဲရောက်၊ ထောင်ထဲရောက်၊ ရေဝေးရောက် ဖြစ်ကုန်ကြပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကနေ ၀င်ရောက်အရွေးခံပြီး အနိုင်ရခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာ ဗန်းမော်ညိုနွဲ့ တို့ကို စစ်အစိုးရက အငြှိုး အတေး ကြီးကြီး ထားခဲ့ပါတယ်။ ဆရာဗန်းမော်ညိုနွဲ့ ဆိုရင် ကွယ်လွန်သွားတဲ့အထိ စာရေးခွင့် မရခဲ့တော့ပါဘူး။

NLD ကို ထောက်ခံ အားပေးတဲ့ အတွက် ဆရာ ကြည်အောင် နဲ့ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်) တို့ကို စစ်အစိုးရက စာရေးခွင့် ထာဝရ ပိတ်ပင်ခဲ့ပါတယ်။အခု ဆရာကြည်အောင် ကွယ်လွန်ခဲ့ပါပြီ။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ကဗျာရေးလို့ ထောင်ချခံနေရတဲ့ ကဗျာဆရာ စောဝေနဲ့ ဘလော့ဂါ နေဘုန်းလတ်တို့ အကျဉ်းထောင်က ပြန် မလွတ်သေးပါဘူး။

ဘာနဲ့တူနေသလဲ ဆိုတော့ နအဖ စစ်အစိုးရဟာ ကဗျာဆရာကို အာဏာလုဘက် ထင်ပြီး မတရား ဖမ်းဆီး နှိပ်စက်နေတာမျိုးပါ ကိုဒေါင်း။

အားလုံးကိုသတိရလျက်-

အောင်ဝေး

၎ - ၁၉ - ၁၀

(ဤအသံလွှင့်ဆောင်းပါးကို ကဗျာဆရာ စောဝေ မလွတ်မီက ရေးသား ထုတ်လွှင့်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည့် ကဗျာဆရာအောင်ဝေး၏ မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၁၄ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

bodybuilders in a Rangon contest

Posted by Yan Lo Kywe | 8:57 PM | 0 comments »
မောင်ပြိုင်ပွဲ ရန်ကုန်တွင် ပြလုပ်
ဓာတ်ပုံသတင်း
ဇူလိုင် ၁၉၊ ၂၀၁၀
စနေနေ့က ရန်ကုန်မြို့Myanmar Convention Centre တွင် ပြုလုပ်သော ကာယဗလမောင် နှင့် ကာယ အလှမယ် ပြိုင်ပွဲ မြင်ကွင်း။ ပြိုင်ပွဲကို ၂ဝ၁ဝ ပြည့်နှစ် အိုလံပစ်နေ့ အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်က စီစဉ်ကျင်းပခြင်း ဖြစ်သည်။ (ဓာတ်ပုံများ-AP)
ကာတွန်းဘီရုမာ - ဗမာပြည်က အာဇာနည်နဲ့ အာဏာရှင်
ဇူလိုင် ၁၉၊ ၂၀၁၀
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဖြစ်လိုဟု ဆို
မိုးမခအထောက်တော် အမှတ် ၂
ဇူလိုင် ၁၈၊ ၂၀၁၀ နေပြည်တော်ဟု အမည်ပေးထားသည့် မြို့တော်သစ်ရှိ ရှေးဘုရင်ရုပ်တုကြီးများရှေ့မှ ဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်ကြီးသန်းရွှေသည် စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သူ့ကိုယ်သူ ယူဆထားကြောင်း ၀ါရှင်တန်မြို့ မြန်မာသံမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို ပြောသည်။

“ဒါကြောင့်မို့လို့လည်း တွေ့ပါလိမ့်မယ်၊ ဘုရင့်နောင်ပုံတို့ အလောင်းဘုရားပုံတို့ ရုပ်တုတွေပေါ့လေ၊ လျှောက်ထုပြီးတော့မှ သူသာလျှင် စတုတ္ထမြောက် မြန်မာနိုင်ငံကို ထူထောင်တဲ့သူ ဆိုပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်ပြီးတော့မှ၊ ဗိုလ်ချုပ်အောင်ဆန်းထက် သူက ပိုပြီးတော့မှ တော်တယ်၊ သူပိုပြီးတော့ လုပ်နိုင်တယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်” ဟု ဆို သည်။

ထိုပြောကြားချက်ကို VOA က ယနေ့ နံနက်တွင် ထုတ်လွှင့်သွားသည်။

“ဒီငတိသာ၊ ဒီငတိဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ဆိုလိုတာပါ - - ဒီငတိသာ ဆက်ရှိနေလို့ရှိရင် အခု ငါလုပ်နေသလောက် သူ လုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ လေသံမျိုး ပြောခဲ့ဖူးတာကို ၀န်ကြီး တယောက်ဆီက တဆင့် ကျနော် ပြန်ပြီးတော့မှ ကြားခဲ့ဖူးပါတယ်” ဟုလည်း ဦးအောင်လင်းထွဋ်က ပြောသည်။

စစ်တပ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုခြင်း၊ ဓာတ်ပုံ ချိတ်ဆွဲခြင်း မပြုရန်လည်း အမိန့်ပေးထားသည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နံပတ် ၁ ခေါင်းဆောင် ဖြစ်လာပြီးနောက် ရိုက်နှိပ်ထုတ်ဝေသော ငွေစက္ကူများတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ထည့်သွင်းခြင်း မပြုတော့ပေ။

အသက် ၆၀ ပြည့်လျှင် စစ်တပ်မှ အငြိမ်းစား ယူရမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးသည် စစ်ဘက်တာဝန်များကို ကိုင်စွဲထားဆဲ ဖြစ်သည်။ ယခု အသက် ၇၇ နှစ် ရှိပြီဟု သိရသည်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက သူ့ကို ယခုနှစ်အတွက် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် တတိယအဆင့် သတ်မှတ်ထားသည်။

သူက စည်းကမ်းရှိသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။


--
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages