23rd Feb - MoeMaKa Sea Dialy

3 views
Skip to first unread message

Maung Yit

unread,
Feb 23, 2013, 2:20:05 AM2/23/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
လူရွှင်တော်ပန်းသီးနှင့် မိတ်ဆွေများ ငြိမ်းချမ်းခြင်းကို အနုပညာနှင့် အားဖြည့်
မိုးမခအထောက်တော် ၀၀၃၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃
 ငြိမ်းချမ်းခြင်းကို အနုပညာဖြင့် ခွန်အားတရပ်ဖြစ်စေလိုသော ဆန္ဒဖြင့် သီးလေးသီးမှ ကိုပန်းသီးဦးဆောင်၍ ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျောက်သူများအား အနုပညာဖျော်ဖြေပွဲတရပ်ပြုလုပ်မည်သိရသည်။
အဆိုပါအနုပညာဖျော်ဖြေပွဲကို ကသာမြို့အနီးတွင်ဖေဖော်ဝါရီ (၂၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး  ဟာသလူရွင်တော်ပန်းသီး၏ ၁နာရီကြာ တကိုယ်တော်ဟာဒယအစီအစဉ်၊
ငြိမ်းချမ်းရေး အငြိမ့်သဘင်ခန်း၊ နှင့် တေးသီချင်းဖျော်ဖြေမှုများ ပါဝင်မည်ဟု ဆိုသည်။
လူရွင်တော်ပန်းသီးနှင့်အတူ ဂီတမှုးကိုမင်းသူ၊ တက်သစ်စ အဆိုတော်မင်းသမီး
ဆောင်းဝတီတို့မှ အနုပညာအခကြေးငွေမယူဘဲ စေတနာဖြင့် ကူညီပါဝင်တင်ဆက်သည်။
လူရွင်တော်ကိုပန်းသီးက …
“ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းဘို့အတွက် မိုင်ပေါင်းများစွာ ခရီးဆက်ကြတဲ့ငြိမ်းချမ်းရေးသူရဲကောင်းတွေကို ကျနော်တို့ရဲ့အနုပညာနဲ့ ဂုဏ်ပြု ခွန်အားပေးတာပါ။ ဒီကိုလာ ကပြဖို့အတွက် အနုပညာကြေး လုံးဝမယူတဲ့အပြင်၊ လမ်းခရီး ကုန်ကျစာရိတ်အားလုံးကိုလဲ ကိယ့်ုစာရိတ်နဲ့ ကိုယ်လာကြတာပါ။ “ငြိမ်းချမ်းခြင်းသို့ ဒို့အနုပညာ” ဆိုတဲ့ခေါင်းစဉ်နဲ့ အနုပညာအဖွဲ့ ၄ ဖွဲပြီး မြန်မာပြည်ထာဝရငြိမ်းချမ်းရေးကို  ကိုယ်တတ်ထားတဲ့အနုပညာနဲ့ပူးပေါင်းပါဝင်ဖို့အစီစဉ်တွေရှိတယ် …”
လို့ ကိုပန်းသီးမှ မိုးမခကိုပြောပြပါတယ်။
Posted by Maung Yit at 11:04 PM 0 comments  

Dr Myint Oo (GP) - Articles


လင်းယုန်ငှက်နှင့် ဒေါင်းကကြိုး
ဒေါက်တာမြင့်ဦး (ဂျီပီ)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


ဥဒေါင်းငှက်ကို အမှတ်သင်္ကေတပြုထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ဘွဲ့ နှင်းသဘင်ခန်းမကြီးထဲမှာ အမေရိကန်သမ္မတ ဘားရက်ခ်အိုဘား မားတစ်ယောက် မိန့်ခွန်းပြောကြားသွားခဲ့တာကို လူတိုင်းအမှတ်ရ နေကြလိမ့်မယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမှတ်သင်္ကေ တဟာ လင်းယုန်ငှက်ဖြစ်တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်ထဲ အိုဘားမားရောက်ရှိလာတာကို လင်းယုန်ဧကရာဇ်မင်းကြီး သစ်ပုတ်ပင် ပေါ်မှာ နားခိုသွားခဲ့တယ်လို့ တင်စားပြောဆိုလို့ရနိုင်ပါတယ်။ ရွှေတိဂုံစေတီပေါ်မှာ ဠင်းတနားသွားတာကို မကောင်းတဲ့အတိတ်နိမိတ်အဖြစ် မှတ်ယူကြပေမယ့်၊ ကံကော်တောထဲမှာ လင်းယုန်ငှက်နားသွားတာ ကိုတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တစ်ခေတ်ဆန်းသစ်တော့မယ့် နိမိတ်လက္ခဏာအဖြစ်မှတ်ယူလို့ ရနိုင်ပါတယ်။ လင်းယုန်ငှက်မင်းဟာ သစ်ပုတ်ပင်ပေါ်မှာ ခိုနားသွားခဲ့ရုံသာမက “မြန်မာနိုင်ငံ မင်္ဂလာပါ” လို့ ဥဒေါင်းသံနဲ့ တွန်ကျူးပြသသွားခဲ့တဲ့အတွက်၊ နောက်ပါလင်းယုန်ငှက်အပေါင်းဟာလည်း ဥဒေါင်းနိုင်ငံထဲကိုရောက်ရှိလာကြပြီး ဒေါင်း ငှက်တွေနဲ့ ကခုန်မြုးတူးဖို့ ကကြိုးညှိနေကြတာကို တွေ့မြင်နေကြရပြီဖြစ်ပါတယ်။

● တက္ကသိုလ်မိတ်ဖွဲ့ လင်းယုန်ငှက်
အိုဘားမား ဒေါင်းသံတွန်ကျူးပြသပြီးတဲ့နောက်ပိုင်း အမေရိကန်နိုင်ငံမှာရှိတဲ့ အိုင်အိုင်အီးလို့ခေါ်တဲ့ နိုင်ငံ့ဦးဆောင်ပညာရေးအဖွဲ့ကြီး (Institute of International Education) ကနေ၊ အမေရိကန်တဝှမ်းလုံးက တက္ကသိုလ်တွေကို မြန်မာနိုင်ငံထဲမှာ မိတ်ဖက်တက္ကသိုလ်တွေ ထူထောင်ကြဖို့ ဖိတ်ခေါ်စည်းရုံးလိုက်ပါတော့တယ်။ အမေရိကန်က လင်းယုန်ငှက်တွေကို မြန်မာဥဒေါင်းအက ကခိုင်းတာဘဲဖြစ်ပါတယ်။ ဒီလို နဲ့ ၂ဝ၁၃ ခုနှစ်မှာ မြန်မာ-အမေရိကန် တက္ကသိုလ်ပညာရေး မိတ်ဖက်အစီအစဉ် (အိုင်အေပီပီ = International Academic Partnership Program) ကို စတင်လိုက်နိုင်ပါပြီ။ ဒီအစီအစဉ်အရ အမေရိကန်နိုင်ငံရဲ့ အထင်ကရတက္ကသိုလ်ကြီး ၁ဝ ခုက ပါမောက္ခတွေနဲ့ အုပ်ချုပ်သူတွေပါဝင်တဲ့ လင်းယုန်ငှက်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစလို့ ဥဒေါင်းပါမောက္ခတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အားမာန်တင်းတဲ့ ဥဒေါင်းပျိုနဲ့ ခွပ်ဒေါင်းငယ်တွေနဲ့လည်း ကကြိုး ကကွက်ညှိဖို့ စီစဉ်နေကြပါတယ်။ လင်းယုန်ငှက်အုပ်စုဟာ ကံကော်တောကိုသာမက တာဂွတော၊ ဒဂုံတော၊ ဘုန်းမော်မြေ၊ ဆေးမန်း၊ ရတနာပုံနဲ့ မန်းတက္ကသိုလ်စတဲ့ ပရဝုဏ် အသီးသီးကို လှည့်လည်ပျံသန်းရင်း၊ မြန်မာပညာရှိ ဥဒေါင်းငှက်တွေနဲ့ ကကြိုးကကွက် ဇာတ်တိုက်ကြဖို့ ပြင်ဆင်နေကြပါတယ်။

● ဒေါင်းတက္ကသိုလ်တွေရဲ့ အဆင့်အတန်း
ရန်ကုန်တက္ကသိုလ်ရဲ့အဆင့်အတန်းဟာ တချိန်တုန်းက အာရှထိပ်တန်းဝင်တက္ကသိုလ်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဘယ် ထိပ်တန်းဝင်စာရင်းမှာမှ ရှာဖွေကြည့်ရှုလို့မရဖြစ်နေပါတယ်။ ကမ္ဘာ့တက္ကသိုလ်အဆင့်အတန်း (University World Ranking) ကို သတ် မှတ်ပေးကြတဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ထိပ်ဆုံးအဆင့် ၁ဝဝ နဲ့ အဆင့် ၅ဝဝ လောက်အထိသာ သတ်မှတ်ပေးလေ့ရှိတာမို့၊ မြန်မာနိုင်ငံ မှာ အဆင့်မြင့်ပညာလို့ခေါ်ဆိုနေကြတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးတွေဟာ ဘယ်စာရင်းမှာမှ မပါဝင်နိုင်ပဲဖြစ်နေရရှာပါတယ်။ တကယ် လို့များ အဆင့်တစ်ထောင်ကျော်အထိ ဒါမှမဟုတ်အဆင့် ငါးထောင်လောက်အထိသတ်မှတ်ပေးတဲ့ အဖွဲ့အစည်းများ ရှိများရှိနေခဲ့ရင် နေရာတစ်နေရာမှာတော့ အဆင့်တစ်ခုခု ချိတ်များချိတ်နိုင်လေမလားရယ်လို့ ဆက်လက်ရှာဖွေကြည့်လိုက်မိတဲ့အခါမှာ။ ဟော ... တွေ့ရ ပါပြီ။ ကမ္ဘာ့တက္ကသိုလ်အသီးသီးရဲ့ ကိုယ်ပိုင်အင်တာနက်ဝက်ဆိုက်မှာတင်ထားတဲ့ သတင်းအချက်အလက်တွေကိုအခြေခံပြီး အဆင့်အ တန်းသတ်မှတ်ပေးတဲ့အဖွဲ့တစ်ဖွဲ့ဘဲဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကို ဝက်ဘိုမက်ထရစ်လို့ ခေါ်ဆိုပါတယ်။ ဝက်ဘိုမက်ထရစ်ရဲ့ တက္ကသိုလ်အဆင့် အတန်းသတ်မှတ်ချက်ကို အင်တာနက်စာမျက်နှာ http://www.webometrics.info/en/Asia/Burma%20/%20Myanmar မှာ ကြည့် ရှုလို့ရနိုင်ပါတယ်။ ဝက်ဘိုမက်ထရစ်မှာ မြန်မာနိုင်ငံကတက္ကသိုလ်တွေကို ဘယ်အဆင့်အတန်းမှာ သတ်မှတ်ပေးထားသလဲဆိုတာ သိရှိရ အောင် (ကလစ်) လုပ်ပြီး ဖတ်ရှုကြည့်လိုက်ကြရအောင်လား။

ပထမဆုံး နံပါတ်တစ်ဗိုလ်စွဲသွားတဲ့တက္ကသိုလ်ကတော့ ရန်ကုန်ကွန်ပြူတာတက္ကသိုလ်ပဲဖြစ်ပါတယ်။ သြဘာလက်ခုပ်တီးပေးလိုက်ကြပါ ခင်ဗျာ။ ရရှိသွားတဲ့ ကမ္ဘာ့အဆင့်ကိုပြောပြရရင်ဖြင့် အမှတ်စဉ် = ၁၁၉၁၇ ဖြစ်ပါသတဲ့ဗျား။ ဒုတိယအဆင့်ရရှိတဲ့တက္ကသိုလ်ကို ကြေ ညာပေးပါဦးမယ်။ ရန်ကုန်ဆေးတက္ကသိုလ် (၁) ဖြစ်ပါတယ်။ သူ့ရဲ့ ကမ္ဘာ့အဆင့်ကတော့ ၁၇၂၁၃ ဖြစ်ပါတယ်တဲ့။ လက်ခုတ်တီးပေးလိုက်ကြ ပါဦး။ နောက်ထပ်ချိတ်တဲ့ အဆင့်တွေကို ထပ်ပြောပြရမှာ၊ အားတောင်နာလာပါရဲ့။ ဒါပေမယ့် ပြောပြ လိုက်ပါဦးမယ်။ မကွေးဆေးတက္ကသိုလ်က အဆင့် ၁၉၆၈၆ ကိုချိတ်ပါသတဲ့။ လက်ခုတ်တီးချင်ကြပါသေးရဲ့လား။ လက်ဝါးနာရုံဘဲရှိပါလိမ့်မယ်။ လာပြန်ပါပြီ။ မန္တလေးဆေးတက္ကသိုလ်။ သူ့ရဲ့အဆင့်အတန်းကတော့ ကမ္ဘာ့အဆင့် ၂ဝ၄ဝ၈ မှာ ဗိုလ်စွဲပါသတဲ့။ ကဲ ... ဆက်ပြီးလက်ခုပ်သြဘာ ထောပဏာပြုချင်သေး သပဆိုရင်ဖြင့် နောက်ဆုံးနံပါတ်ချိတ်စွဲတဲ့ တက္ကသိုလ်တစ်ခုကျန်နေပါသေးတယ်။ အဲ့ဒါကတော့ ဆေးတက္ကသိုလ် (၂) ပါတဲ့၊ ရှုစား လိုက်ကြပါဦး။ အဆင့်က ၂ဝ၈၁၆ ပါတဲ့။ ကောင်းကြပါသေးရဲ့လားခင်ဗျာ။ ဒါတွေဟာ မြန်မာနိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေရဲ့ ကမ္ဘာ့ အဆင့်အတန်းကို ရှာဖွေကြည့်ရှုလို့ရသလောက်တင်ပြပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ တက္ကသိုလ် ၁၅ဝ ကျော်ကိုတော့ ဘယ်စာရင်းထဲမှာမှ ရှာဖွေလို့မတွေ့ရှိရနိုင်သေးပါဘူး။ နောက်များမှာ တွေ့ရှိလာခဲ့ရင် ဆက်လက်ဖေါ်ပြပေးပါ့ဦးမယ်လို့။ လက်ဝါးနာဖို့သာပြင်ထားပေရော့။

● တောင်ပံကျိုးတဲ့ ဥဒေါင်းငှက်
အခုဖေါ်ပြလိုက်တဲ့ တက္ကသိုလ်အဆင့်အတန်းတွေဟာ အင်တာနက်သတင်းအချက်အလက်တွေက ရယူထားတာမို့ မြန်မာနိုင်ငံတက္ကသိုလ် တွေရဲ့ တကယ့်အရေအသွေးကို မထင်ဟပ်နိုင်ပါဘူးလို့ စောဒကတက်လာမယ့်သူတွေကို၊ ဒီထက်မြင့်တဲ့ အဆင့်အတန်းများရှိနေခဲ့ရင် ဖေါ်ပြပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဥဒါင်းတွေမှာ ကကြိုးကကွက်ပျောက်ကွယ်နေရတာဟာ ဥဒေါင်းငှက်ကြီးတွေရော၊ ခွပ်ဒေါင်း ငှက်ငယ်လေးတွေကိုပါ ကချင်တိုင်းကလို့မရအောင် တောင်ပံရိုက်ချိုးခံထားခဲ့ကြရတဲ့အတွက်ဖြစ်တယ်ဆိုတာကိုတော့ လူတိုင်းသိရှိ နေကြပါတယ်။ ဥဒေါင်းငှက်တွေ ပြန်လည်တွန်ကျူးပြီး တောင်ပံတွေခတ်လာနိုင်စေဖို့ တက္ကသိုလ်တာဝန်ရှိသူတွေကိုယ်တိုင်က ကြိုး စားကြရမှာဘဲဖြစ်ပါတယ်။

● ဥဒေါင်း-လင်းယုန် ကကြိုးစုံ
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်မယ့်အဆိုပြုချက်ကို ဥဒေါင်းတွန်သံမကြားလိုတဲ့ ဒုဝန်ကြီးတစ်ပါးက ပြည်သူ့လွှတ်တော်ထဲမှာ ကန့်ကွက်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် ဒီအဆိုကို လွှတ်တော်အမတ်တွေက ဝိုင်းဝန်းထောက်ခံဆုံးဖြတ်ပေးလိုက်ကြတဲ့အတွက် အခုအချိန်မှာ ကန့်ကွက်ခဲ့တဲ့ ဝန်ကြီးကိုယ်တိုင်ဦးစီးပြီး လင်းယုန်ငှက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုတွေ့မြင်နေရပါတယ်။ တောင်ပျံကျိုးနေတဲ့ ဒေါင်းငှက်တွေကို ဖေးမကူညီပေးဖို့ မိတ်ဆွေလင်းယုန်ငှက်တွေလည်း မြန်မာနိုင်ငံကိုရောက်ရှိလို့နေပါပြီ။ အခွင့်သာတုံးသာခိုက်မှာ ဥဒေါင်းစိတ်ဓါတ်တွေကို ပြန်လည်မွေးမြူပြီး ကကြိုးကကွက်အသစ်တွေ ဖန်တီးကပြတတ်ဖို့ လိုအပ်နေပါတယ်။ ဥဒေါင်းနဲ့လင်းယုန် စုံတွဲကပြနိုင်အောင်လည်းကြိုးစားဖို့လိုပါတယ်။ လင်းယုန်တွေက မြန်မြန်ကပြီး ဥဒေါင်းတွေက နှေးးကွေးနေလို့မရနိုင်ပါဘူး။ စည်းချက်မှန်ကန်အောင်နဲ့ ဟန် ချက်ညီ ညီကပြဖို့ လိုအပ်ပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် စုံတွဲကပြနိုင်ပါမှ ကမ္ဘာ့တက္ကသိုလ်ဇာတ်ခုံပေါ်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒေါင်း ငှက်တွေဟာတွေဝေနေပြီး ကကြိုးညှိဖို့ အထက်ကအမိန့်နဲ့ ညွှန်ကြားချက်တွေကို စောင့်ဆိုင်းနေဦးမယ်ဆိုရင် လင်းယုန်ငှက်တွေဟာ တ ခြားငှက်တွေဆီကို ပျံပြေးကုန်ကြဖို့ဘဲရှိပါတော့တယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ တက္ကသိုလ်ချင်းမိတ်ဖက်အစီအစဉ်မှာ တာဝန်ရှိတဲ့ ဥဒေါင်းငှက်ကြီးတွေကိုယ်တိုင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူရဲတဲ့သတ္တိအပြည့်နဲ့ ကကြိုး ကကွက်တွေကို ညှိပြီးကပြအသုံးတော်ခံဖို့လိုအပ်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။ 





Still Early to tell - Tu Maung Nyo


 “သို့သော် အချိန်က စောနေသေးတယ်” လို့ ဆိုတော့
တူမောင်ညို၊ ဖေဖော်ဝါရီ ၂၂။ ၂၀၁၃
“အိုးက မပူ စလောင်းကပူရန်ကောရယ်”လို့ ပြောကြမယ်ဆိုလျှင်လည်းပြောကြပေတော့ဗျာ။
ပြောစရာရှိလာတာကိုဖြင့် ပြောကိုပြောရပေလိမ့်ဦးမယ်။ ရင်ဖွင့်တယ်လို့ သဘောထားကြပါ။
တစ်ဦးချင်းသဘောအနေနဲ့ ပြောရလျှင် ဒီချုပ်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တာပါ။ တစ်လျှောက်လုံးဆိုတာ “ရွှေဂုံတိုင်ကြေညာချက်” အထိပေါ့။ “အရှိကို အရှိအတိုင်းမြင်တယ်”လို့ စပြောတဲ့အချိန်ကစပြီး ကျနော့်ရင်ထဲမှာ ဒီချုပ်နဲ့ပတ်သက်ပြီး ဆူးတောင်မာကြီးတစ် ချောင်းပေါက်လာခဲ့တာပါ။ အရှိကို အရှိအတိုင်းမြင်လိုက်တာဟာ “ရွှေဂုံတိုင်ကြေညာချက်” ကို ပစ်ပယ်ကျောခိုင်းလိုက်တာဖြစ်ပါတယ်။
“ရွှေဂုံတိုင်ကြေညာချက်”ရဲ့အနှစ်သာရ ၊ ဝိဉာဉ်က  “၉၀ ရွေးကောက်ပွဲရလာဒ်” ကိုင်စွဲပြီး“၂၀၀၈ အခြေခံဥပဒေ” ကို အသိအမှတ်မပြုတာနဲ့ “နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး”တောင်းဆိုတာပါ။
ဒီနေရာမှာ “ဝန်းရံမှု” ဆိုတာနဲ့ပတ်သက်ပြီးပြောပါရစေ။
“ဝန်းရံမှု” ဆိုတာကို ကျနော်နားလည်တဲ့သဘောက “ဒီချုပ်လုပ်သမျှ အားလုံးမှန်၊ အားလုံးကောင်းပါသည်ခင်ဗျား” ဆိုပြီး မျက်စေ့မှိတ်ထောက်ခံတဲ့ ဝန်းရံမှုမျိုး လုံးဝမဟုတ်ပါဘူး။
မိတ်ကောင်းဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်းပီသပြီး၊ ဝေဖန်ဆန်းစစ်မှုနဲ့ ယှဉ်တဲ့ မျက်စေ့ဖွင့်ဝန်းရံမှုမျိုးဖြစ်ပါတယ်။ ဝေဖန် ဆန်းစစ်တယ်ဆိုရာမှာလည်း နင်ပဲငဆ ရိုင်းစိုင်းစွာပုတ်ခတ်မှု မျိုးမပါဘဲ၊ အချက်နဲ့ အလက်နဲ့၊ အကျိုးနဲ့အကြောင်းနဲ့ နှိုင်းယှဉ်ပြီး ဝေဖန် ထောက်ပြမှုမျိုးကို အလေးထားခဲ့တာပါ။
 လူဆိုတော့လည်း လူပီသစွာ အစွဲလေးတော့ရှိပေလိမ့်မပေါ့ဗျာ။ ပမာပြောရလျှင်ဖြင့်“၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲ” ကာလ မှာ ဦးဉာဏ်ဝင်း  ဒေါ်စုခြံထဲကနေ “ဘူးသီးကြီး” ယူလာခဲ့တာကို အကောင်းမြင်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ဆန္ဒစွဲမျိုးပေါ့။
နောက်တော့ အားလုံးသော ဝန်းရံသူတွေရဲ့ခံစားမှုဟာ ဘယ်လိုဖြစ်ခဲ့ပြီး ဘယ်လိုအဆုံးသတ်ခဲ့ရတယ်ဆိုတာကို ထင်လွယ် မြင်လွယ်ရှိအောင် ပုံပမာနှိုင်းပြီးတင်ပြရလျှင်တော့ ဘန်ကောက်လုံချည် ငှားလိုက်မိတဲ့ လူရဲ့အဖြစ်မျိုးနဲ့ဆင်ဆင်တူနေပါတယ်။
ဘန်ကောက်လုံချည် ငှားလိုက်မိပြီဆိုကတည်းက နောက်ကနေ သင်ဖြူးဖျာကလေးလိပ်ပြီး ဖဝါးခြေထပ်လိုက်ရတော့တာပေါ့။ ဘန်ကောက်လုံချည်ဝတ်သွားတဲ့လူထိုင်မယ့်နေရာမှာ သင်ဖြူးဖျာကလေး လိုက်ခင်းပေးနေခဲ့ရတာပါ။ အဲဒီလို ဖဝါးခြေထပ်လိုက်နေရင်း ဘန်ကောက်လုံချည်ဝတ်တဲ့သူက တစ်ကွေ့မှာ မြောင်းထဲဆင်းသွားလေတော့ ကျနော်တို့မှာ ဖျာလိပ်ကလေးပိုက်ပြီး ငေးကြည့်နေခဲ့ရတဲ့ ဘဝမျိုးနဲ့ ကျန်ရစ်ခဲ့ရပါတယ်။
ဆောင်းပါးရှင်တစ်ဦးကတော့ ဒီချုပ်ပါတီဟာ “တစ်သက် မှာ နှစ်ဘဝ” လို့ ရေးတာဖတ်ရပါတယ်။ ( ၂ ခါ မှတ်ပုံတင်ရတာကို ရည်ညွန်းပြီးပြောတာပါ) ကျနော်တို့ ဝန်းရံသူများအဖြစ်ကတော့ တစ်ခါက တစ်ဘဝပေါ့ခင်ဗျာ။ တချို့သော ဝန်းရံသူများဆိုလျှင် အသက် ကိုစတေးခဲ့ကြရပြီး၊ တချို့ကတော့ မိသားစုနဲ့ဘဝတွေကို ပေးဆပ်ခဲ့ကြရတာပါ။ အခုတော့ အဲဒီလိုဝန်းရံခဲ့သူတွေကို “ဘဝသစ်ဒီချုပ်” က စစ်စိမ်းရောင် ရင့်ရင့်ကြီး စိမ်းကားနေပါတယ်။
ဒီလောက်ဆိုရင် တစ်ချိန်တစ်ခါက ဒီချုပ်ကို ဝန်းရံခဲ့သူတွေရဲ့ခံစားချက်ဘယ်လိုရှိသလဲဆိုတာ ထင်လွယ်မြင်လွယ်ရှိလောက်ပါ ပြီ။
ဒါဆိုလျှင် ဆောင်းပါးအစမှာဖေါ်ပြခဲ့တဲ့ “စလောင်းပူ”ရတဲ့ အကြောင်းမူလကို ရှင်းလင်းတင်ပြပါရစေ။

“သို့သော် အချိန်က စော နေသေးတယ်” 
ဒီစကားက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းအပေါ်  ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ အဖြေစကားဖြစ်ပါတယ်။
“ဘယ်အချက်တွေ ဦးစားပေးပြင်သင့်တယ်လို့ သုံးသပ်ထားပါသလဲ”လို့ထပ်မေးတဲ့အခါမှာတော့ “အခုပြောရင် စောနေပါသေး တယ်၊ ပြောလို့မကောင်းသေးပါဘူး၊ ပြင်စရာတွေအများကြီးရှိပါတယ်” လို့ နှပ်ကြောင်းပေးပြီး ပြောသွားပါတယ်။
 “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” နဲ့ “၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ရည်မှန်းထားသူ” အတွက်တော့ ဒီအဖြေ ဒီစကားတွေ က တော်တော် ဂွကျသွားစေပါတယ်။
“၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေးသမားအားလုံးကို “စောသေးတယ်၊ပြင်ချိန်မတန်သေးဘူး၊စောင့်ကြဦး” လို့ အတိအလင်း သတိပေးလိုက်တဲ့သဘော၊ ဟန့်တားလိုက်တဲ့သဘော၊ တားမြစ်လိုက်တဲ့သဘောဖြစ်ပါတယ်။
ဗျူးသူများကလည်း “ဘာကြောင့် အချိန်စောနေတယ်လို့ပြောနိုင်ပါသလဲ” လို့ ထပ်ဆင့် မေးခွန်းမထုတ်ခဲ့ကြဘူး။
ဖေါ်ပြခဲ့တဲ့ဂျာနယ်တွေကလည်း “၂၀၀၈ခုနှစ်အခြေခံဥပဒေဟာ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာ ရှိပါတယ်၊ ပြင်ဆင်စရာ တွေလည်း အများကြီးရှိနေပါတယ်”ဆိုတဲ့အချက်ကိုသာ အလေးထားခဲ့ကြတယ်။“အချိန်ကစောနေသေးတယ်”  ဆိုတဲ့စကားကို “စပေါ့လိုက်” ထိုးပြဖို့ ပျက်ကွက်ခဲ့ကြတယ်။ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာရှိတယ်၊ ပြင်ဆင်စရာတွေ အများကြီးရှိတယ် ဆိုတာ လူတိုင်းသိမြင်နေ တဲ့ အချက်ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ နိုင်ငံရေးပါတီတွေဘက်က “အချိန်ကစောနေသေးတယ်”ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး  ပြောသံ ဆိုသံ မကြားရတာပါ။ အထူးသဖြင့်ပေါ့ဗျာ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ငန်းစဉ်ကြီးတစ်ရပ်အနေနဲ့အတိအလင်း ဖော်ထုတ်ကြေ ညာပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီချုပ်ပါတီက ဒီပြောဆိုချက်အပေါ် ဝေဖန်ဆန်းစစ်တာ၊ ပြန်လှန်မေးမြန်းတာ၊ သဘောထား အမြင်ထုတ်ဖေါ်ပြောဆိုတာမျိုးတွေလုပ်သင့်တာပေါ့။ ဒီချုပ်အမတ်မင်းတွေအနေနဲ့လည်း ကျင်းပဆဲလွှတ်တော်ထဲမှာ မေးမြန်းသင့်တာပေါ့ ဗျာ။
အခြားသောပါတီတွေ လွှတ်တော်အမတ်တွေလည်း မေးသင့်လှတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထံကလည်း ဘာသံမျှ မကြားရသေးပါဘူး။
“၂၀၀၈ အခြေခံဥပဒေ”ကို ဘယ်လိုနည်းလမ်းနဲ့ပြင်ဆင်ကြမှာလဲ။
“၂၀၀၈ အခြေခံဥပဒေ” ထဲမှ ပုဒ်မအချို့ကိုသာ ကွက်ပြီးပြင်ဆင်မှာလား။ [ဥပမာ - ပုဒ်မ ၅၉ (စ) ကို ကွက်ပြီး ပြင်ဆင်တာ မျိုး]
ရှေ့နေကြီး ဦးကိုနီ ရေးသားဟောပြောနေသလို “အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး”  လား။
ရှေ့နေကြီး ဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေက“အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး” ဖြစ်ပါတယ်။  ရှေ့နေကြီးဦးကိုနီ ရေးသားဟောပြောနေတာတွေကို  (SNLD)ဥက္ကဋ္ဌ ခွန်ထွန်းဦး၊  ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)တို့အနေနဲ့ သဘောကျလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။
ဘာကြောင့်လဲဆိုတော့ “၂၀၀၈အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးအရေးကိစ္စနှင့်ပဋိပက္ခများကို ဖြေရှင်း၍ လုံးဝမရနိုင် ကြောင်းယုံကြည်သည်” ဟု ရှင်းရှင်းလင်းလင်းထုတ်ပြန်ကြေညာထား၍ဖြစ်ပါတယ်။
ဒါပေမယ့် “ဒီလှိုင်းစာစောင်” မှာရှေ့နေကြီးဦးကိုနီ ရေးသားနေတာ၊  ဟောပြောနေတာတွေဟာ “ဆောင်းပါးရှင်ရဲ့အာဘော်” သက်သက်လား၊  “ဒီလှိုင်းစာစောင်အာဘော်” လား။ “ဒီချုပ်ပါတီအာဘော်”လားဆိုတာ တိတိကျကျပြောဖို့ခက်ပါတယ်။
အခုချိန်အထိ ဒီချုပ်ပါတီက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တစ်ရပ်ရေး သားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးတဲ့ အချက်ဖြစ်ပါတယ်။
လွှတ်တော်တွင်း“ပညာရှိနည်း” လား။
လွှတ်တော်ပြင်ပ“လမ်းမပေါ်က လူထုနည်း” လား။
 “၂၀၀၈ အခြေခံဥပဒေ” ထဲက အချက်အလက်တစ်ချို့ကိုသာ ရွေးနှုတ်ပြင်ဆင်မှာလား။
 “၂၀၀၈ အခြေခံဥပဒေ”  ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ခု ရေးတဲ့နည်းလား။
ဒီချုပ်ပါတီက ဘယ်နည်းနဲ့ပြင်ဆင်မှာလဲ။
ဒီလိုအချက်တွေကိုပြောပြောနေရလို့ “အိုးက မပူပဲ စလောင်းက ပူနေရတယ်”လို့ ပြောနေရတာပါ။
ကျနော့်သဘောကတော့ ရှေ့နေကြီးဦးကိုနီရဲ့ရေးသားဟောပြောချက်ကို သဘောကျပါတယ်။ ထောက်ခံပါတယ်။ ဘာကြောင့် လဲဆိုတော့ “၂၀၀၈အခြေခံဥပဒေ” ကို လုံးဝဖျက်သိမ်းပစ်ချင်လို့ပါပဲ။

ညွန်း
- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃
- (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ကြညာချက်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA) 


Posted by Maung Yit at 10:40 PM 0 comments  
Labels: Op-EdTu Maung Nyo

Kyaw Home - Poem


ချိန်ခွင်ရဲ့ ဒေါသ
ကျော်ဟုန်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


ဂျင်းသျှပ်က ပြောဖူးတယ်
(မျိုးချစ်စိတ်လွန်ကဲလွန်းရင် ... အာဏာရှင်ဖြစ်တတ်တယ်)
ဂျင်းသျှပ်ရဲ့ ဖလော်ထဲမှာ
ငါတို့ ဟာ ဇာတ်လိုက်ဖြစ်ခဲ့ဖူးလား။

သေခြာတာက ငါတို့ ဟာ
အာဏာရှင်မဟုတ်၊ အာဏာရွံ
(မတရားတဲ့ အာဏာမှန်သမျှ ရွံတယ်)
မျိုးချစ်လွန်းဆိုတာတော့
ဝန်ခံလိုက်မယ်။

အုတ်ပတ်ကားတက်ပြီးမှ
ခေါင်မိုးကို သက်ကယ်မိုးရတဲ့ ဘဝ
ဘယ်သူတွေ စာနာနိုင်ခဲ့သလဲ။

ဖြစ်ချင်တဲ့ဘဝနဲ့  ဖြစ်နေတဲ့ဘဝ
တသားတည်း ကျသင့်လျက်
တခြားလွဲကျတဲ့အခါ..
ဆဲရေးသံဟာ ကျဉ်းကျပ်မှုရဲ့ ထွက်ပေါက်
နားဝင်ချိုတတ်ကြပါစေ။

ဝေးခြင်း၊နီးခြင်းဟာ ပဓာနမဟုတ်
ဇွဲရှိလျက် ဇောက်မနက်နိုင်ကြရ ဘဝမှာ
နာကျည်းခြင်းဟာ အဖော်မွန်ဖြစ်ခဲ့ပေါ့။

ကိုယ့်လို တပါးသူ မခံစားရပါစေနဲ့ မေတ္တာ
ဒီလူကြမ်းကြီးတွေဆီမှာ မရှိဘူးလို့ 
ပြောရဲတဲ့သူ လက်ညှိုးထောင်လိုက်
နှလုံးသားနဲ့ ရင်း ငါတို့ တွေ စိမ်ခေါ်ရဲခဲ့။

လူကြမ်းမှာလဲ ချစ်သည်းနဲ့ 
မင်းသားဖြစ်ပြီး အသည်းမရှိသူနဲ့ စာရင်
ဒီလူကြမ်းကြီးများရဲ့
ဘီလူး သံပုသီးစား မျက်နှာ
ဖောက်ကြည့်တတ်ရင် သိပ်လှပါတယ်လေ
ရွေ့ လျားမှုရဲ့ဆုံမှတ် သမိုင်းက
ရှင်းပြကြလိမ့်မယ် မင်းတို့ကို။        ။
Posted by Aung Htet at 10:24 PM 0 comments  

Burmese come here to learn media law in USA where they dont


မီဒီယာဥပဒေရေးဆွဲရန် မီဒီယာဥပဒေမရှိသောအမေရိကန်နိုင်ငံသို့ မြန်မာသတင်းစာဆရာအဖွဲ့ လာရောက်လေ့လာနေကြပုံ
ဘလော့ဂါတဦး၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃
၂၀-ဖေဖေါ်ဝါရီ-၂၀၁၃ မှာ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် ဦးသန်းလွင်ထွန်းမှ မြန်မာနိုင်ငံမှာ အမေရိကန်လာရောက်လေ့လာသော သတင်းစာဆရာများအသင်းမှာ ကိုကို(စက်မှု) ကို မေးမြန်းချက် ၉မိနစ် တင်ပြထားသည်။ အမေရိကန်ဥပဒေနှင့်မီဒီယာအဖွဲ့ မြန်မာပြည်လာရောက်ခဲ့ပြီး အပြန်အလှန်ဖိတ်ကြားချက်အရ မြန်မာသတင်းစာဆရာများ အနေနှင့် မြန်မာနိုင်ငံမီဒီယာ ဥပဒေရေးဆွဲရေးအတွက် လေ့လာရန် ရောက်ရှိခြင်းဟု ဆိုသည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ မီဒီယာအကြောင်းကို လေ့လာခဲ့သော်လည်း အမေရိကန်နိုင်ငံ မီဒီယာကို လေ့လာရာ၊ ဥပဒေမရှိ ဟု သိလိုက်ရကြောင်း၊ မီဒီယာဥပဒေကို လေ့လာရန် မီဒီယာဥပဒေမရှိသောနိုင်ငံသို့ လာရောက်လေ့လာခြင်း ဖြစ်နေကြောင်း။ မြန်မာနိုင်ငံစာပေစီစစ်ရေးမရှိတော့သည့်နောက် အရေးအသားများ အနည်းငယ် နှေးကွေးသွားသည်ကို တွေ့ရကြောင်း။ လွန်ခဲ့သော ၂နှစ်ထက်စာလျှင် မြန်မာမီဒီယာ တိုးတက်မှုများစွာ တွေ့နိုင်သော်လည်း တာဝန်ခံမရေးရဲသည်ကိုလည်း တွေ့ရကြောင်း။ အဓိကအချက်မှာ Mindset ပြောင်းလဲရန် ခက်ခဲသောကြောင့် ဥပမာ ၀န်ကြီးဌာန “A” မှ မီဒီယာသမားများနှင့် ပွင့်လင်းစွာဆက်ဆံနေသော်လည်း ၀န်ကြီးဌာန “B” မှ မီဒီယာကို ပိတ်ထားသည်ကို တွေ့မြင်နေရကြောင်း။ မီဒီယာကို ပြည်သူလူထု အပိုင်းမှာ လက်ခံမှု့ ရင့်ကျက်ပြီလား ..ဆိုသည်ကို မိမိအနေဖြင့် ဘာမှမပြောလိုကြောင်း။ ပြည်သူလူထုထက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပိုပြီး တာဝန်ရှိသည်ဟု ခံယူကြောင်း ပြောသွားပါသည်။
အဆိုပါ သတင်းအင်တာဗျုးကို နားဆင်ပြီးနောက် စာရေးသူ၏ သဘောထား ထင်မြင်ချက်ကို ပြောရမည် ဆိုလျင် အောက်ပါအတိုင်း ပြောချင်ပါသည်။
 မြန်မာနိုင်ငံ မီဒီယာလောကတွင် ဂျာနယ်မြောက်များစွာ ထုတ်ဝေ၊ဖြန့်ဖြူးရောင်းချနေရာ အရှုံးအမြတ် ဘယ်လိုရှိသနည်း မသိနိုင်သော်လည်း ။ ရှုံးမည်ဟု ယူဆပါသည်။ ဂျာနယ် ဆိုသည်မှာ လူပုဂ္ဂိုလ်။ ကုမ္ပဏီ၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ ၊ နိုင်ငံရေးအဖွဲ့အစည်း စသဖြင့် တစ်ခုခုမှာ ငွေအားဖြင့် ထောက်ပံ့ထားသည့် ဂျာနယ်များဖြစ်သောကြောင့်။ မိမိတို့ အာဘော်အတိုင်း ဖေါ်ပြကြသည်ကို တွေ့ရသလို၊ အချို့ဂျာနယ်များမှာ ပြည်သူ့အကျိုးအတွက် အရှုံးခံ ထုတ်ဝေ၊ ရေးသားနေသည်ကိုလည်း တွေ့ရသည်။ အစိုးရကလည်း မီဒီယာများကို မိမိတို့ တာဝန်သာဖြစ်သည် ဟု စိန်ခေါ်လိုက်ပြီး၊ အစိုးရပိုင် သတင်းစာများကို ပြုပြင်ပြောင်းလဲမှု လုပ်လာသောကြောင့်။ မြန်မာ့အလင်း၊ ကြေးမုံ စသည့် သတင်းစာများသည် ဂျာနယ်များကဲ့သို့ ဝေေ၀ဆာဆာ ရေးသားလာသည်။ အထူးသဖြင့် သတင်းမှန်များကို မြန်မာအစိုးရသတင်းစာများက ပိုမိုဖေါ်ပြလာခြင်းအားဖြင့်၊ ဂျာနယ်များထက် သာလွန်လာနိုင်သည်။
အစိုးရက မီဒီယာ၊ ဂျာနယ်များကို လွှတ်ထားလိုက်ခြင်းအားဖြင့် ဂျာနယ်သမားများ မိမိရေးသည်ကို မိမိတာဝန် ၁၀၀% ယူရန်ဖြစ်လာသောကြောင့် စိုးရိမ်ကြောက်ရွံတတ်သော မြန်မာစိတ်ထား ကြောင့် တာဝန်မယူရဲ၊ မရေးရဲ ဖြစ်သွားရသည်။  အစိုးရ အဖွဲ့အစည်းများ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအကြောင်း ရေးသားမှုများကို ထိန်းချုပ်ရေးသားသော်လည်း ကာတွန်းများမှာ ခေတ်စနစ်ကို သရော်မှု တောက်ပြောင်လာသည်ကို တွေ့ရသည်။ 

Posted by Maung Yit at 9:47 PM 0 comments  

News and Media

ရွှေတွံတေးဆရာတော် ချင်းအမျိုးသားနေ့  ကြွရောက်အားပေး
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


၂၀. ၂. ၂၀၁၃ နေ့ တွင် ချင်းပြည်နယ် ဟားခါးမြို့ မှာကျင်းပသော ချင်းအမျိုးသားနေ့ ပွဲသို့ ရွှေတွံတေးဆရာတော် နှင့်ညီနောင်ဆရာတော်များကြွရောက်ခဲ့သည်။

ချင်းအမျိုးသားများကို အစားအစာများ ဆေးဝါးများ အင်္ကျီဘိနပ် ဆပ်ပြာ စသည့်အသုံးအဆောင်များနှင့်ထောက်ပံ့ငွေများလှူဒါန်းခဲ့သည်။
ချင်းတိုင်းရင်းသူများနှင့် ပွဲစီစဉ်သူများကိုလည်း ဆုငွေများချီးမြှင့်ခဲ့သည်။

ရွှေတွံတေးဆရာတော်က.....” အခုလိုတိုင်းရင်းသားညီနောင်များ ဘာသာစုံ ညီညွတ်ရင်းနှီးစွာ ကျင်းပကြတာ အရမ်းကောင်းတယ် ညီညွတ်ရင်းနှီးမှုဟာ ငြိမ်းချမ်းမှုကိုရယူနိုင်တဲ့အတွက် အားလုံးငြိမ်ချမ်းသွားမှာပါ ငြိမ်းချမ်းကြပါစေ May Be Peaceful လို့ ဆန္ဒပြုပါသည်။



  
  





Posted by Aung Htet at 9:43 PM 0 comments  

Ohm Naing - Articles


ရေးခဲ့မိသော မှတ်တမ်းများ (၁၇)
အုန်းနိုင်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃



● အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကွက်နှင့် ကျေးရွာညီလာခံ
ဒီလတွေအတွင်းမှာ ကျေးရွာနဲ့ ရပ်ကွက်ညီလာခံများနဲ့မြို့နယ်ညီလာခံလုပ်ဖို့ ဌာနချုပ်က ညွှန်ကြားလာပါတယ်။ ကျေးရွာအုပ်စု ညီလာ ခံဆိုတာ   သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေအတွင်းက အဖွဲ့ဝင်တွေကို  ကျေးရွာအလိုက်  စည်းဝေးပွဲတွေလုပ်ပြီး  မြို့နယ်ညီလာခံကိုယ်စား လှယ်တွေ ရွေးချယ်တင်မြှောက်ရတယ်။ အဲဒီ ကျေးရွာနဲ့ရပ်ကွက်က မြို့နယ်ညီလာခံကိုယ်စားလှယ်တွေကို တခါ မြို့နယ်ညီလာခံခေါ်ပြီး  နောက်တဆင့်  ညီလာခံ (ဥပမာ-  တိုင်းညီလာခံ)  အတွက်ကိုယ်စားလှယ်တွေ ရွေး။ နောက်ဆုံးအဆင့် ပြည်လုံးကျွတ်အဖွဲ့ ချုပ်ညီလာခံကြီး  ကျင်းပပြီးဒီမိုကရေစီကျကျ  ရွေးချယ်တင်မြှောက်တဲ့အဖွဲ့ ချုပ်ဗဟို အလုပ်အမှုဆောင်တွေ၊ ဗဟိုကော်မတီတွေ ဖွဲ့စည်းကြဖို့ ဦးတည်တာ ပါပဲ။

လက်တွေ့ မှာတော့   မ၀တတွေရဲ့ အကန့်အသတ်တွေ   ကြောင့်အခက်အခဲတွေ  အနည်းနဲ့အများရှိမယ်။ ဒါကို  ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင်  ဦးသိန်းလွင်လာတော့ ကျနော်ပြောပြပါတယ်။ ရပ်ကျေးညီလာခံတွေကို  ဒီအချိန်လုပ်ရတာ အခက်အခဲရှိပြီး (၂/၈၈)  နဲ့ လွတ်အောင်လုပ်ဖို့က မလွယ်ဘူး။ ကျေးရွာအုပ်စုတစ်ခုစီမှာ ညီလာခံကိုယ်စားလှယ်ရွေးချယ်ရတာ အခက်အခဲမရှိပေမယ့် မြို့နယ်ညီ လာခံလုပ်ရင်   ရပ်ကျေးအုပ်စုတစုက   ကိုယ်စားလှယ် အနည်းအများအလိုက် သုံးယောက်ကနေ  ဆယ်ယောက်အထိရှိမယ်ဆိုတော့   ပျမ်းမျှအားဖြင့် ခြောက်ယောက်ထား။ တမြို့နယ်လုံးမှာ  ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ငါးဆယ်ကျော်  ဆိုတော့လူ (၃၀၀) ကျော်တက်မယ့် ညီ လာခံကို  (၂ /၈၈) နဲ့ ဘယ်လိုလွတ်အောင်လုပ်မလဲ။ ဒါကို  မဖြစ်မနေ ဇွတ်တိုးပြီးရင်ဆိုင်ရမှာပါ။

ဒီလို ပြောတော့    ဦးသိန်းလွင်ကပြန်ပြောပါတယ်..။”ဆရာကြီးတို့   မြို့နယ်က  ပြသနာမရှိပါဘူး..။အရေးအခင်း ကတည်းက   ဆရာကြီးက  ကိုယ်တိုင်ဦးဆောင်လာခဲ့တာ..။အစကလည်း ဆရာကြီး  လုပ်ခဲ့ကိုင်ခဲ့ဖူးတော့  ပြေလည်တယ်..။တခြားနေရာတွေမှာကဒီလိုမဟုတ်ဘူး..။အထူးသဖြင့်  ရန်ကုန်ဧရိယာမှာ  မျိုးချစ်ကြီးတွေကအကွက်စေ့စေ့   နေရာဦးထားတယ်..။ အောက်ခြေက  ရွေးတာဆိုရင်သူတို့ရမှာမဟုတ်ဘူး။ ဒါကြောင့်   အောက်ခြေက  ရွေးမယ့်စနစ်ကို  သူတို့က  အကြီးအကျယ်ကန့်ကွက်နေတယ်..။အဲဒီတော့  တဖက်က  ညီလာခံလုပ်တဲ့အတွက်  အန္တရာယ်ကြီးသလို  ညီလာခံမလုပ်ဖြစ်ရင်လည်း  အထဲမှာဖြစ်လာမယ့် အန္တရာယ်က   ပိုပြီးကြီးတယ်လို့   ပြောပါတယ်..။(သူပြောတာ  မှန်လိုက်လေခြင်း  လို့  အခု  စာရေးနေချိန်မှာ  သေသေချာချာ  သဘောပေါက်သွားပါပြီ)

ရပ်ကွက်နဲ့ ကျေးရွာ  ဖွဲ့စည်းရေး နဲ့  ညီလာခံများလုပ်ဖို့  ညွှန်ကြားချက်တွေမှာ  မြို့နယ်ညီလာခံတက်ေ၇ာက်ဖို့   ပုဂိုလ်များကို   အောက်ခြေရပ်ကွက်နဲ့ ကျေးရွာကရွေးချယ်တဲ့ မြို့နယ်ညီလာခံကိုယ်စားလှယ်အပြင်  ဗဟိုက  သတ်မှတ်ပေးတဲ့ တိုက်ရိုက်မြို့နယ် ညီလာခံကိုယ်စားလှယ်များ ဆိုပြီး(၁)ပြည်နယ်နဲ့တိုင်း စည်းရုံးရေး အဖွဲ့ နဲ့ အရံအဖွဲ့ဝင်များ(၂) ဗဟိုလုပ်ငန်း အဖွဲ့ဝင်များနဲ့အရန်အဖွဲ့ဝင်များ(၃) အဖွဲ့ ချုပ်လူငယ်(၄) အလုပ်သမား(၅)တောင်သူလယ်သမား(၆) အမျိုးသမီးစတဲ့   အဖွဲ့ အစည်းများရဲ့ဗဟိုစည်းရုံးရေး အဖွဲ့ ဝင်များ ဆိုပြီးသတ်မျတ်ထားပါတယ်..။အဲဒီလို  ဗဟိုက  ရွေးချယ်လိုက်တဲ့   မြို့နယ်ညီလာခံကိုယ်စားလှယ်များဟာ  အောက်ခြေက  ဘယ်လိုမှ  တက်လာနိုင်မယ့်သူတွေ   မဟုတ်ပဲ  မိုးကျရွှေကိုယ်ကိုယ်စားလှယ်များပဲ ဖြစ်မှာပါ..။

ဒါပေမယ့်   အဲဒီလောက်ကတော့   ရှိစေတော့  ..။ဗဟိုက  သူတို့လူတွေ  ပါအောင်ထည့်တတ်သားပဲ ..လို့ပြောရမှာပေါ့..။ဒါပေမယ့်  မြို့နယ်စည်းရုံးရေးကော်မတီဝင်တွေ  ကျတော့ထည့်မစဉ်းစားပြန်ပါဘူး..။သူတို့တွေကိုသက်ဆိုင်ရာ မြို့နယ်ထဲက  အောက်ခြေမှာ  အရွေးခံရအောင်မလုပ်နိုင်ဘူးလား..ဆိုတော့။ကျနော်တို့  မြို့နယ်မှာ  မလုပ်နိုင်ပါဘူးလို့ဘဲ  ပြောရမယ်..။အတင်း  မပါ   ပါအောင်  လုပ်ရင်
အောက်ခြေရပ်ကွက်နဲ့   ကျေးရွာတွေက  အထင်သေးခံရမှာပေါ့..။

ကျနော်တို့ မြို့နယ်  စည်းရုံးရေးကော်မတီကိုဖွဲ့ စည်းစဉ်ကတည်းက   ကာလအခြေအနေအရ   မြို့ပေါ်(၁၂)ရပ်ကွက်က  လူတွေနဲ့ ချည်း   ဖွဲ့ စည်းထားတာပါ..။တချို့ ရပ်ကွက်က  ဆို  မြို့နယ်စည်းမှာတင်  (၅)ယောက်  လောက်ပါတယ်..။အဲဒီ ရပ်ကွက်မှာ  မြို့နယ်ညီလာခံကိုယ်စားလှယ်  (၅)ယောက်ပဲ  ရမှာဆိုရင်  ကျနော်တို့က (၅)ယောက်စလုံး  ရအောင်   အောက်ခြေကို  ဇွတ်ကျအောင်လုပ်ယူရမှာပါ..။ဒီတော့ကျနော့်  အနေနဲ့   မြို့နယ်စည်းရုံးရေး ကော်မတီကို  ဒီကိစ္စချပြရတယ်..။အထက်က  အဖွဲ့ အစည်းတွေမှာ  ပါတယ်ဆိုတဲ့..မိုးကျရွှေကိုယ်တွေကိုတောင်   တိုက်ရိုက် ညီလာခံကိုယ်စားလှယ်အဖြစ်  သတ်မှတ်ပေးရမယ်ဆိုရင်   ကိုယ့်မြို့နယ်မှာ  တကယ်ထိထိစပ်စပ်   လုပ်နေတဲ့ သူတွေကိုလည်းတိုက်ရိုက်ညီလာ ခံကိုယ်စားလှယ်သတ်မှတ်ပေးသင့်တယ်  လို့   မြို့နယ်စည်းကော်မတီက  ဆုံးဖြတ်တယ်..။ဒါကိုဗဟိုကို  တင်ပြရမယ်လို့လည်းဆုံးဖြတ်တယ်..။မြို့နယ်စည်းရုံးရေးကော်မတီက  ဗဟိုကို  သံသယရှိလာပါတယ်..။ဗဟိုက  သူတို့လူတွေ  ပါအောင်  လုပ်ဖို့ကျ   သိတတ်ပြီး  မြို့နယ်အဆင့်ကျတော့  မျက်နှာလွဲ  ခဲပစ်  လုပ်ပါလား..။ဒီအတိုင်းသာဆိုရင်ရှေ့ ရှောက်  တွေ့ ရမယ့်   အဆင့်တွေမှာလည်း   ဗဟိုက  သူတို့သာနေရာဝင်ယူဖို့   ကြိုးစားကြမယ့်ပုံပဲ  လို့သံသယ  ၀င်လာပါတယ်..။ဒါဟာ  သဘာဝကျတဲ့   သံသယပါ..။ဒီလို  သံသယမျိုးကိုဖြေဖျောက်ပစ်ဖို့   ကျနော်  မကြိုးစားပါ..။ဒါဟာ  မှန်မှန်ကန်ကန်ေ ၀ဖန်ပြီးမှ  ဖြစ်တဲ့ သံသယပဲ..။ဒါမျိုးကိုတော့  ဖြစ်လာအောင်အောက်ခြေကို   စည်းရုံးပညာပေးရမယ်လို့  ကျနော်  သဘောပေါက်ပါတယ်..။ဒါဟာဗဟိုဆန့်ကျင်ရေး သဘောထား  မဟုတ်ဘူး  လို့  ကျနော်  ရိုးရိုးသားသားယုံကြည်ပါတယ်..။

တိုင်းဦးစီး  အဖွဲ့ က   ဦးမြလေးတို့လာတော့ကျနော်တို့က  အကျိုးနဲ့  အကြောင်းနဲ့  ရှင်းလင်းတင်ပြလိုက်တော့   သူတို့လည်း  သူတို့ လုပ်ရပ်အတွက်  နဲနဲတော့ရှက်ကိုးရှက်ကန်း  ဖြစ်ပြီး  လက်ခံသွားပါတယ်..။ဒီကိစ္စကို  တိုင်းက  စာနဲ့ ပေနဲ့  တော့  မထွက်ပါဘူး..။ကျနော်တို့
တင်ပြတဲ့ အတိုင်းပဲ  ဖြစ်စေရမယ်လို့ဦးမြလေးက  နှုတ်ကတိပေးသွားပါတယ်..။ကျနော်ကလည်း  ကျနော်တို့မြို့နယ်စည်းကော်မတီရဲ့   ဆုံးဖြတ်ချက်နဲ့  တင်ပြချက်ကို   စာနဲ့ ရေးတင်ပြီး   စာနဲ့ပဲ  ပြန်ကြားဖို့တောင်းဆိုပါတယ်..။နောက်တော့လည်း  ညီလာခံကိစ္စတွေ  ပျက်သွားလို့   ပြသနာ  မဖြစ်တော့ပါ.။ လောလောဆည်တော့  ရပ်ကွက်နဲ့ကျေးရွာဖွဲ့ စည်းရေး နဲ့ ရွေးချယ်တင်မြှောက်ပွဲတွေ  လှည့်ပြီးဆင်းရပြန်တာပေါ့..။

မေလကုန်ကာနီး   ရောက်လာတော့  ပဲခူးတိုင်း မြို့နယ်ပေါင်းစုံ  အစည်းအဝေးကျင်းပရေးအတွက်   နှိုးဆော်ချက်  ထွက်လာပါတယ်..။အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်အတွင်းမှာ  ဒါဟာ  ပထမဆုံးတိုင်းညီလာခံ  လို့ခေါ်နိုင်ပါတယ်..။မြို့နယ်အသီးသီးက  အစည်းအဝေး တက်ဖို့
အတွက်  လူရွေးချယ်မှု ပုံစံတွေ အဓိက  ထားပြီး  ဆွေးနွေးရမယ့်  အချက်တွေညွှန်ကြားလာပါတယ်..။

ဇွန်လ (၁)ရက်နေ့ မှာတော့   ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို   သတင်းစာမှာ ဖော်ပြပါတယ်..။ဥပဒေ ရက်စွဲကတော့  (၃၁.၅.၈၉)ပါ..။ယေဘူယျ  အားဖြင့် တော့ဥပဒေမှာ အင်္ဂါ  တော်တော်စုံတယ်လို့ တော့  ပြောရမှာပါ..။ဒါပေမယ့် သေသေချာချာ  စူးစူးစိုက်စိုက်ကြည့်ရင်တော့    လိုတာပိုတာတွေ ရှိနေပါတယ်..။အဓိက  လိုအပ်ချက်ကတော့   ပြည်သူ့လွှတ်တော်ရဲ့တာဝန်ပါ..။ဘာလုပ်ရမယ့်  ပြည်သူ့ လွှတ်တော်လဲ..။ဒါ   မပါပါဘူး..။နောက်တချက်က  ပြည်သူ့ လွှတ်တော်ကိုဘယ်အချိန်မှာ  ဘယ်သူက  ခေါ်ယူဖွဲ့ စည်းပေးမယ်  ဆိုတာလည်း  မပါဘူး..။ဒါက  လိုအပ်ချက်ပါ..။မလိုအပ်တာတွေထည့်ထားတာလည်း  ရှိပါသေးတယ်..။အခန်း(၅) ပုဒ်မ(၁၀) မှာ  ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်  မရှိစေရမဲ့ သူများထဲမှာ  အပိုဒ်(င) နိုင်ငံခြားအစိုးရဧ။်  ကျေးဇူးသစ္စာတော်ကို  ခံယူစောင့်ရှောက်ရိုသေသူများ၊
(သို့မဟုတ်) ထို အစိုးရဧ။်  နိုင်ငံသားဖြစ်သူများ၊ (သို့မဟုတ်)  ထိုအစိုးရဧ။်  လက်အောက်ခံဖြစ်သူသော်လည်းကောင်းနိုင်ငံသားသော်လည်းကောင်းခံစားနေ၇သော  အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့် ရှိသူများ  ဆိုတဲ့ အပိုဒ်က  လိုရင်လိုသလို   ဆွဲယူနိုင်အောင်  ထည့်ထားတဲ့    အပိုဒ်ဖြစ်ပါတယ်..။ဒီဟာကို  ၁၉၄၇ခုနှစ်  ဥပဒေမှာလည်း  ပါလို့ထည့်ထားတာ လို့   ဆိုပါတယ်..။၁၉၄၇ ခုနှစ်  က  ဗြိတိသျှ အစိုးရလက်အောက်က  လွတ်မြောက်ဖို့  ဆွဲတဲ့ဥပဒေပါ..။ဗြိတိသျှ တွေ နဲ့ ရောရောထွေးထွေး  ရှိနေသေးတဲ့    ကာလမို့  ထည့်ထားတာ ဖြစ်ပါလိမ့်မယ်..။

၁၉၇၄ခုနှစ်  မြန်မာ့ဆိုရှယ်လစ်  လမ်းစဉ်ပါတီ က  ဦးဆောင်ရေးဆွဲတဲ့ဥပဒေမှာတောင်  မပါတော့ပါဘူး..။၁၉၇၄  ဥပဒေမှာရှင်းရှင်းကလေးဘဲ..။ရွေးချယ်ခံပိုင် ခွင့် မရှိသူများဆိုတဲ့  အောက်မှာ..
(က) သာသနာ့ဝန်ထမ်းများ
(ခ) စိတ်ပေါ့သွပ်နေသည်ဟု  သက်ဆိုင်ရာဥပဒေက  ပြဌာန်းထားသည့် အတိုင်းသတ်မှတ်ခံနေရသူများ
(ဂ) ပြစ်မှုတခုခု  ကြောင့်   ထောင်ဒဏ် ကျခံနေရသူများ
(ဃ) မိဘနှစ်ဦးစလုံးသော်လည်းကောင်း  ၊မိဘ နှစ်ဦးအနက်မှ  တစ်ဦးသည်လည်းကောင်း  နိုင်ငံခြားသားဖြစ်ခဲ့ပြီး နိုင်ငံသားအဖြစ် ပြောင်းလည်းခံယူခြင်း  မပြုမီမွေးဖွါးပြီး  ဥပဒေအရ  နိုင်ငံသား ဖြစ်သူများ   (င)နိုင်ငံတော်ကို  သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့်  ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရသူများ

ဒါပါဘဲ..။

အခု ဥပဒေကျမှ  (က)  ကစပြီး  (ဈ) အထိကိုးချက်တောင်ပါတယ်..။ဒါဟာ မလိုအပ်ပဲ တမင်  ထည့်ထားတာပါ..။တခြားဥပဒေအချက်အလက်တွေကို  ကျနော့်  အနေနဲ့   သိပ်ပြောစရာ မရှိပါ..။ဥပဒေကြမ်းကို  ပြင်ဆင်ချက်  ပေးပါဆိုတုံး ကတည်းက   ဒါဟာ  မလိုအပ်ဘူး  ဆိုတာရေးပြီး ပို့ခဲ့ ပါသေးတယ်..။

 ပဲခူးတိုင်း ညီလာခံ
ဇွန်လထဲကျတော့   တိုင်းစည်းရုံးရေး အဖွဲ့ ဝင်တချို့ ကမြို့နယ်စု (သို့မဟုတ်) ခရိုင်  အစည်းအဝေးများ  ကြိုတင်လုပ်ပါတယ်..။တကယ့် တိုင်းညီလာခံကြီး မှာ  ပီပီပြင်ပြင်ဖြစ်အောင်  ကြိုတင်စီစဉ်မှု ပေါ့ ..။ဇွန်လ(၅)ရက် နေ့  ပြည်မြို့မှာ  မြို့နယ်စု  အစည်းအဝေးကျင်းပပါတယ်...။တိုင်းက  ဦးနိုင်ဦးနဲ့   ဦးသိန်းလွင်တို့ လာကြတယ်..။ခြောက်မြို့နယ်ကလည်း  တက်ရောက်ကြပြီး  ပေါက်ခေါင်းနဲ့ သဲကုန်းကတော့  ပြင်းထန်ပါတယ်..။

စစ်အာဏာရှင်  စနစ်ကို  တန်ဖိုးပေးပြီး  တိုက်ရမယ် လို့ဆိုပါတယ်..။တန်ဖိုးပေးပြီး  တိုက်ရမယ်  ဆိုတဲ့ ဝေါဟာရ  ဟာ  ဗကပ  ရဲ့  ဝေါဟာရလို့    ယူဆလို့  ရပါတယ်..။ရန်ငါ  ပြတ်ရမယ်ဆိုတာကတော့   ဗကပ စကားလုံးအစစ်ပဲ..။ဒီ အသုံးကို   ပေါက်ခေါင်းက  သုံးပါတယ်..။ကျနော်က
ဒီမိုကရေစီမှာ ရန်ငါ  ပြတ်ရမယ်  ဆိုတဲ့   သဘောထား  မရှိဘူးလို့  ခံယူပါတယ်..။ဒါပေမယ့်   ငြင်းခုံမနေချင်ပါဘူး..။တချို့ က   အစည်းအဝေးတွေမှာ စကားလုံး ဆီသုတ်ပြောတဲ့ အပြောမျိုးတွေ  ပြောချင်ကြတယ်..။တကယ်တော့  ဒါဟာ  အန္တရာယ် ကြီးပါတယ်.။
ဒါပေမယ့်   ဒီအစည်းအဝေးမှာတော့  နားထောင်နေရုံက  လွဲလို့   ဆရာကြီးသွားလုပ်လို့  ဘယ်ဖြစ်ပါ့မလဲ..။တိုင်းက  လူတွေ  ထိန်းကြပေါ့ ..။
(၁၀.၆.၈၉) နေ့ မှာတော့  ပဲခူးတိုင်း (၂၈)မြို့နယ်   မြို့နယ်စုံ  အစည်းအဝေးကို  ဒေါ်အောင်ဆန်းစုကြည်  ခြံထဲက  အဆောက်အဦ  တခုမှာ ကျင်းပပါတယ်..။ဒေါ်အောင်ဆန်းစုကြည်  တော့   အစည်းအဝေးမတက်ပါ..။နိုင်ငံခြား သတင်းစာဆရာတွေ နဲ့  တွေ့ နေတယ် လို့ သိရပါတယ်..။ကျနော်တို့မြို့နယ်က  ကျနော်နဲ့ဦးမြင့် သိန်း  တက်ပါတယ်..။ဥက္ကဌ  ဦးတင်ဦးက  အဖွင့် မိန့်ခွန်းပြောရာမှာ  မကြာခင်က န၀တ  က  ထုတ်ခဲ့တဲ့ပုံနှိပ်ထုတ်ဝေသူများ  မှတ်ပုံတင်  ကိစ္စ  အကြောင်းပါပါတယ်.။ဗဟိုမှတ်ပုံတင် အဖွဲ့   ညွှန်ကြားချက် (၃၈)ပါ..။

ဒီ ညွှန်ကြားချက်အရ  ထုတ်ဝေနေတဲ့   သတင်းစာ  သတင်းလွှာ၊သတင်းစဉ်  ၊စာစောင်၊ဂျာနယ်တို့ဟာ  မှတ်ပုံတင်  လျှောက်ရမယ်..။နိုင်ငံရေး  အဖွဲ့ များအနေနဲ့လည်းစာစောင်တွေ၊သတင်းလွှာတွေ ၊ကြေညာချက်တွေ ထုတ်ချင်ရင်  မှတ်ပုံတင် လျှောက်ရမယ်..။ဘယ်ပုံနှိပ် တိုက်မှာ ရိုက်မယ်  ဆိုတာလည်း  ပါရမယ်..ဆိုတဲ့  ညွှန်ကြားချက်ပါ..။ဒါဟာ အဓိက  အားဖြင့်  သတင်းလွှာတွေ  အပတ်စဉ် ထုတ်နေတဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို  ကြပ်လိုက်တာပါပဲ..။ဦးတင်ဦး မိန့်ခွန်းမှာ  ဒီညွှန်ကြားချက်ကို စတင်ပြုလုပ်စဉ်က  သူဟာ  မဆလ၀န်ကြီး  တဦးအနေနဲ့   ပါခဲ့လို့ ဒီညွှန်ကြားချက်မှာ  ကင်းလွတ်ချက်ရှိတယ်..။အဓိက သဘောက  ဘယ်လို  စသဖြင့်ရှင်းပြသွားတာပါ..။

နောက်  ဦးကိုယုက  ပဲခူးတိုင်းစည်းရုံးရေးတာဝန်ခံအနေနဲ့   ဧည့်ခံကြိုဆိုရေး ကိစ္စများအကြောင်းအားနည်းချက်  ရှိရင်   သီးခံဖို့..၊သူ့ထုံးစံအတိုင်း   ဟာသနှောလိုက်ခပ်ထေ့ထေ့ လုပ်လိုက် ပြောသွားပါတယ်..။

နောက်  ဦးစိုးသိမ်း (မောင်ဝံသ)  က   တိုင်းစည်းရုံးရေးကော်မတီ  အဖွဲ့ ရဲ့   နိုင်ငံရေး  အစီရင်ခံစာ  တင်သွင်းပါတယ်..။ဦးကိုယု မိန့်ခွန်းမှာရော
 ဦးစိုးသိန်းရဲ့  နိုင်ငံရေး  အစီရင်ခံစာမှာပါ  နိုင်ငံရေး အခြေအနေတွေကြပ်တည်းလာနေပုံ   ၊  အထွေထွေ  အတွင်းရေးမှူး ရဲ့  စည်းရုံးရေးခရီးစဉ်မှာ  စစ်တပ်အချို့ ဟာ ပြောင်ပြောင်တင်းတင်း  ရန်လိုတဲ့  အမူအယာတွေ  ပြနေတာထည့်ပြောသွားပါတယ်..။ဦးစိုးသိမ်းရဲ့ နိုင်ငံရေး အစီရင်ခံစာဟာ  တကယ်တော့  န၀တကို  တိတိကျကျ  ဖွင့်ထုတ်တိုက်ခိုက်လိုက်တာပါပဲ..။အာဏာသိမ်းတုံးက  ခဏပဲ တာဝန်ယူမယ်  ။ရွေးကောက်ပွဲလုပ်ပေးမယ်..။ ပါတီစုံ ဖွဲ့ ခွင့် ပေးပြီး  ကြားနေမယ်လို့   ပြောပေမယ့်  ပြည်သူက  တခဲတနက်  ထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်ကိုနည်းအမျိုးမျိုးနဲ့   နှိပ်ကွပ်ဖမ်းဆီးထောင်ချလုပ်တယ်..။အထွေထွေ  အတွင်းရေးမှူး ရဲ့   စည်းရုံးရေး ခရီးတွေကိုစစ်တပ်က  စစ်ကားကြီး စစ်ကားငယ်လက်နက် ကိုင် ပေါင်းစုံ နဲ့   လိုက်  နှောင့်ယှက်တယ်..။စုရုံးလာတဲ့ ပြည်သူတွေကို  ၇ိုက်နှက်ဖမ်းဆီး တယ်..။

(၂/၈၈) (၈/၈၈) ဆိုတဲ့  အမိန့် ကြော်ညာစာတွေ ထုပ်ပြီး  ပိတ်ပင်ပုံတွေ။တာဝန်ကြီး (၄)ရပ်ကို  ဆောင်ရွက်မယ်  ဆိုပြီး  နိုင်ငံရဲ့သယံဇာတတွေကို  အပေါစားချရောင်းတာ၊ ပြည်သူတွေကိုနည်းမျိုးစုံနဲ့  ငွေကောက်ခံတာမြို့အသီးသီးမှာ  ရပ်ကွက်တွေ ဖျက်ပြီး  လူတွေကို  မြို့ပြင် ရွှံ့ တောဗွက်တောကို ထုတ်ပစ်တာ..။လူငယ်တွေရဲ့အကျင့် စာရိတ္တ ပျက်ပြားအောင်  ကပွဲအမျိုးမျိုးနဲ့  သရုပ်ပျက် စတိတ်ရှိုးတွေ ၊လောင်းကစားဝိုင်းတွေ ဖွင့်တာ..။စသဖြင့်   န၀တ   ရဲ့  ပါးစပ်က တမျိုးပြော၊ လုပ်တော့  မတရားလုပ်ပုံတွေကို  ပြောင်ပြောင် တင်းတင်း  ဖွင့်ချအစီရင်ခံ  လိုက်ပါတယ်..။

ဒီလို အစီရင်ခံစာမျိုး တင်သွင်းသည် အထိ  နိုင်ငံရေးအရှိန်က  တက်လာတာမှာလည်း အကြောင်းက  ရှိတယ်..။ဒေါ်အောင်ဆန်းစုကြည် ရဲ့
(၇.၆.၈၉) နေ့   သတင်းစာရှင်းလင်းပွဲစာစောင်ရဲ့ မျက်နှာဖုံးမှာက အများ ပြည်သူ  သဘောမတူတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ  ဖီဆန်ကြ    ဆိုတဲ့  လှုံဆော်ချက်စာတမ်းကပါနေပြီပဲ..။နောက်တော့ မြို့နယ်အသီးသီးရဲ့  အစီရင်ခံချက်တွေ ပေါ့ ..။အဲဒီမှာ ရွေးကောက်ပွဲ အပေါ်သဘောထား၊ကျောင်းများ ပြန်လည် ဖွင့်လှစ်ရေးအပေါ် သဘောထား ၊ရပ်/ကျေး  ညီလာခံများ အခြေအနေနဲ့   မြို့နယ်ညီလာခံကျင်းပဖို့   နည်းလမ်းရှာရန် ၊လူ့ဘောင်သစ်ပါတီ အပေါ်သဘောထား၊ အမျိုးသမီး အဖွဲ့ ဖွဲ့ စည်းရေး၊ စတာတွေကို အမြင် အမျိုးမျိုးနဲ့   ဆွေးနွေး ကြပေမယ့်   ယေဘူယျ  ကွဲလွဲချက် မရှိပဲ  မြို့နယ်ညီလာခံများ ပြီးရင် ဒုတိယ အကြိမ် တိုင်းညီလာခံ  ထပ်မံ ကျင်းပရန်နဲ့   လာမယ့်  ဆဲဗင်းဇူလိုင်  နေ့တွေ၊  အာဇာနည် နေ့ နဲ့  ရှစ်လေးလုံး  နေ့များ  ကျင်းပရေးကို  စနစ် တကျ ပြုလုပ်ရန် ၊ ဆုံးဖြတ်ချက် တွေ ချပြီး  အောင်အောင်မြင်မြင်  ဘဲ ပြီးဆုံးခဲ့ ပါတယ်..။
Posted by Aung Htet at 9:21 PM 0 comments  

Aung Maw - Cartoon

ရက်စက်လွန်းရာ ကျပါတယ်
ကာတွန်း - အောင်မော်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃


ကာတွန်း အောင်မော် ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

Kyaw Thu - FFSS Yangon Activity


အိမ်ရှင်နှင့် ဧည့်သည်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃




အိမ်ရှင်နှင့် ဧည့်သည်ဟုဆိုရာ၌ အိမ်ရှင်သည်လည်း ဧည့်ဝတ်ကျေပွန်ရမည်။ ဧည့်သည်သည်လည်း ဧည့်သည်တို့ စောင့်ထိန်းရမည့် ဝတ္တရားများကို လိုက်နာရမည်ဖြစ်သည်။ 

ယခု နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပြည်ပဧည့်သည်၊ ပြည်ပလူမျိုးစုတို့သည် မြန်မာနိုင်ငံ အတွင်းသို့ လာရောက်လေ့လာခြင်း၊ လာရောက်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဟူသော ပွင့်လင်း မှုရှိသော အချိန်ကာလတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ် မှုအများဆုံးဖြစ်သော ပုဂံညောင်ဦးမြို့များတွင် ဖေဖေါ်ဝါရီလ (၆) ရက်၊ (၁၄) ရက်၊ (၁၆) ရက်နေ့၌ ပြည်ပ ခရီးသွားများထံမှ ပစ္စည်းလုယက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် အင်္ဂလန်နိုင်ငံသူ နှစ်ဦးထံမှ လုယက်သူများအား (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ကျန်ရှိသော လုယက်မှုနှစ် မှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပစ္စည်းအလုခံရသူ အင်္ဂလန်နိုင်ငံသူ နှစ်ဦးသည် ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ လုယက်ခံရသော ပစ္စည်းနှင့် နိုင်ငံခြားငွေစက္ကူအချို့တို့အား ညောင်ဦးမြို့နယ် ရဲစခန်းမှ ပြန်လည်အပ်နှံသော အခမ်းအနားတွင် “ကျွန်မ တို့ မြန်မာနိုင်ငံကိုလာတာ ပထမဦးဆုံးပါ။ ကျွန်မတို့ စက်ဘီးစီးနေချိန်မှာ အနောက်ကနေပြီးတော့ ဆိုင် ကယ်နဲ့ လူနှစ်ဦးက ခြင်းထဲကအိတ်ကို နှိုက်ယူသွားတယ်။ ကျွန်မတို့ ပြစ်မှုကျူးလွန်တဲ့ လူတွေကို ဖမ်းမိ သွားတယ်ကြားတော့ အရမ်းအံ့သြသွားတယ်။ မျက်ရည်တောင်ကျမိတယ်။” ဟု ပြောကြားခဲ့သည်။ ထို့နောက် “လာရောက်လည်ပတ်သူတွေကို ပြောချင်တာက အပြင်တွေကို ထွက်မယ်ဆိုရင် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာဖြစ်တဲ့ ဟိုတယ်အခန်း၊ ဧည့်ကြိုကောင်တာများတွင် အပ်နှံထားကြရန်” အကြံပြု ပြောကြားခဲ့သည်။ ပုဂံညောင်ဦး ဒေသခံတစ်ဦးသည်လည်း “ပုဂံညောင်ဦးမှာ ယခုလို လုယက်တာ မကြားဖူးဘူး။ အဒေါ်အသက်က လေးဆယ်ကျော်နေပြီ။ ဒီလိုကိစ္စက အခုမှကြားဖူး တာ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် တစ်ချိန်ကလည်း နိုင်ငံခြားခရီးသွားတစ်ဦးအား အဓမ္မကျင့်ကြံရန် ကြိုး စားမှု ဖြစ်ပေါ်ခဲ့သေးသည်။ ထိုကဲ့သို့သော ဧည့်ဝတ်မကျေပွန်မှု၊ လူ့ကျင့်ဝတ်ဖောက်ဖျက်မှုများသည် အထူးအားဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မသင့်လျော်ချေ။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို မိမိတို့တိုင်းပြည်၊ မိမိတို့ဒေသများသို့ လာရောက်လည်ပတ်ကြသော အခြား သော လူမျိုးဘာသာဝင်များအား အိမ်ရှင်ပီသစွာ လှိုက်လှဲပျူငှာစွာဖြင့် ကြိုဆိုဧည့်ခံ ကူညီမှုများ ပြုလုပ်ကြ စမြဲပင်ဖြစ်သည်။ မကြာမီ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်တော့မည်ဖြစ်သော Seagame အားကစားပွဲတော်အတွက်၎င်း၊ တိုင်းပြည်၏ ပြောင်းလဲမှုတို့ကြောင့်၎င်း၊ ပြည်ပနိုင်ငံမှ ထပ်မံ တိုးမြင့်လာရောက် လည်ပတ်ကြမည့် နိုင်ငံခြားသားဧည့်သည်အတွက် “နိုင်ငံခြားသား ခရီးသည်များအား ကူညီစောင့်ရှောက်ပါ” ဟူသော ဆောင်ပုဒ်အတိုင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များတင်မက အများပြည်သူ လူထုများကပင် လိုက်နာသင့်သောအချက်ဖြစ်သည်။


၁၈.၂.၂ဝ၁၃ ရက်နေ့တွင် Australia နိုင်ငံ, Sydney မြို့နေ Mr. Angus McDonald သည် သူ၏ လက်တွဲဖော်အမျိုးသမီး​ Ms. Catherine Anderson နှင့်အတူ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီးသည့် နောက် သူတို့နေထိုင်ရာ Australia, Sydney မြို့သို့ ပြန်လည်ထွက်ခွာရန်အတွက် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့အရောက် Mr. Angus McDonald သည် နှလုံးရောဂါ ဖိစီးမှုဒဏ်ကြောင့် ဝိတိုရိယဆေးရုံကြီးသို့ သွားရောက်ခဲ့ရာ ဆေးရုံသို့ မရောက်ရှိမီတွင် Mr. Angus McDonald အသက် (၅ဝ) နှစ်သည် ဘဝတစ်ပါးသို့ ပြောင်းလဲသွားပြီဖြစ်ပါကြောင်း သိရှိရသည့်အတွက် သူ၏ကျန်ရစ်သော ရုပ်ခန္ဓာကိုယ်အား မြောက်ဥက္ကလာပဆေးရုံကြီးသို့ ထပ်မံပို့ဆောင်၍ ဆေးစစ်ချက်အား ရယူခဲ့ရသည်။ ကျန်ရစ်ခဲ့သော Ms. Catherine Anderson သည် သူ၏ဘဝလက်တွဲဖော် ပြုလုပ်မည့် Mr. Angus McDonald ၏ ရုပ်ခန္ဓာကိုယ်အား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ရမည်ကို Mr. Angus McDonald ၏ မိဘများရှိရာ Australia, Sydney မြို့သို့ အကြောင်းကြားခဲ့ရာ မိဘများသည်လည်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးသော သူများဖြစ်သည့်အတွက် သူတို့၏သားဖြစ်သူ Mr. Angus McDonald အား မြန်မာနိုင်ငံတွင်သာ သင်္ဂြိုလ်ခြင်း အခမ်းအနားအား စီစဉ်ဆောင်ရွက်စေခဲ့သည်။ ထို့ကြောင့် Ms. Catherine Anderson သည် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ရောက်ရှိလာကာ အကူအညီတောင်းခံမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ ဧည့်ဝတ်ကျေပွန် နွေးထွေးစွာဖြင့် အကူအညီတောင်းမှုအား လက်ခံ ခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားများတို့သည် ၂ဝ.၂. ၂ဝ၁၃ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် မြောက်ဥက္ကလာပဆေးရုံကြီးမှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ မြောက်ဥက္က လာပဆေးရုံကြီးသို့ ရောက်ရှိသောအခါ ကွယ်လွန်သူ Mr. Angus McDonald ၏ မိဘနှစ်ဦး၊ အစ်ကိုနှင့် ညီမဖြစ်သူတို့ပါ Australia, Sydney မြို့မှအားချင်းရောက်ရှိနေပြီကိုတွေ့မြင်ရသည်။ ထို့အပြင် ကွယ်လွန်သူ၏ ဖခင်သည် တစ်ချိန်တစ်ခါက အာရှတိုင်းပြည်များတွင် နေထိုင်ခဲ့ဖူးသူများ ဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့လည်း လာရောက်ခဲ့ဖူးသူဖြစ်သည်။ မြန်မာလူမျိုးတို့၏ ဖော်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို သိမြင်ခဲ့ရကာ နောင်တစ်ချိန်တွင် ထပ်မံ၍ မြန်မာနိုင်ငံတွင်းသို့ လာရောက်ဦးမည်ဟု သူ၏ မိသားစုအား ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ယခုကဲ့သို့ သားဖြစ်သူ၏ နာရေးကိစ္စမျိုးဖြင့် လာရောက်ခဲ့ရခြင်းကို စိတ်မကောင်းပါကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်ပြောဆိုခဲ့သည်။ ထို့အပြင် ကွယ်လွန်သွားရှာသော Mr. Angus McDonald ၏ လက်တွဲဖော် Ms. Catherine Anderson နှင့် ကွယ်လွန်သူ၏ မိဘများက သားဖြစ်သူ၏ နာရေးအခမ်းအနားအား ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း သံဃာတော်ပင့်ဖိတ်၍ သရဏဂုဏ်တင်ခြင်းတို့ပါ ပြုလုပ်လိုကြောင်းပြော ကြားခဲ့သောကြောင့် ကျွန်တော် တို့ အံ့သြမိခဲ့ရသည်။ စင်စစ် ကွယ်လွန်သူ Mr. Angus McDonald သည် ဗုဒ္ဓကိုယုံကြည်ကိုးကွယ်သော လူမျိုးခြားပင် ဖြစ်တော့သည်။



 ၂၁.၂.၂ဝ၁၃ ရက်နေ့ ညနေ (၃းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ခန်းမ၌ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးစီး၍ Mr. Angus McDonald ၏ ဈာပန အခမ်းအနားအား သူ၏ မိဘနှစ်ပါး၊ ညီအစ်ကို မောင်နှမ၊ သူ၏လက်တွဲဖော် Ms. Catherine Anderson တို့နှင့်အတူ အသင်းသား/သူများနှင့် ငြိမ်သက် အေးချမ်းစွာဖြင့် သံဃာတော်များ၏ တရားသံတို့နှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။ သံဃာတော်များအား ဝတ္ထုငွေ ဆက်ကပ်ခြင်းနှင့် နာရေးကူညီမှုအသင်းမှ စီစဉ်ဆောင်ရွက်ပေးထားသော သင်္ကန်းစုံတို့အားဆက် ကပ်လှူဒါန်းခြင်း၊ ရေစက်ချခြင်းတို့ကို မိသားစုတို့မှ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ခဲ့ကြ ပြီး Mr. Angus McDonald ၏ အရိုးပြာအား Australia, Sydney မြို့သို့ ပြန်လည်သယ်ဆောင်သွား ရန်အတွက် ရေဝေးသုဿန်ရှိ တာဝန်ခံများတို့မှ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် သူ၏မိသားစုဝင်တို့သည် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ကြပြီး ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့်တကွ အသင်းသား/သူ များနှင့် အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ ဒေါ်စောသဉ္ဇာတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် အိမ်ရှင်ပီသသော မြန်မာလူမျိုးများဖြစ်ကြောင်း ပြောကြားခဲ့ကာ နှေးကွေးသော ခြေလှမ်းအစုံတို့ဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ထွက်ခွာသွားတော့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် အိမ်ရှင်ပီသစွာဖြင့် အေးချမ်းစွာလာ ရောက်၍ လည်ပတ်ကြသော ဧည့်သည်တို့၏ဆန္ဒဖြစ်သော ၂၄.၂.၂ဝ၁၃ (တနင်္ဂနွေ) နေ့တွင် ကျရောက် မည်ဖြစ်သော ကွယ်လွန်သူ Mr. Angus McDonald အသက် (၅ဝ) နှစ်၏ တစ်ပါတ်ပြည့် ရက်လည် ဆွမ်း အား သံဃာတော်များအား ဆက်ကပ်လှူဒါန်းမှုကို ပြုလုပ်ပေးရပါဦးမည်။ အမှန်စင်စစ် အိမ်ရှင် ဧည့်သည် ဟူသည် ပညတ်ချက်များပင်ဖြစ်သည်။ ကျွန်တော်တို့ လူသားအားလုံးသည် အမှန်ပင် ဧည့်သည် စစ်စစ် များသာဖြစ်သည်။ လူ့ဘဝသို့ ခေတ္တခဏ လာရောက်ကြသော သူများ (ဧည့်သည်)များပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံး လူသားချင်းစာနာ ထောက်ထားသော စိတ်ထားများဖြင့် လူ့လောကကြီးမှ မထွက်ခွာမီ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား ကူညီဖေးမကြပါက ငြိမ်းချမ်း သာယာသော ကမာကြီးအား တည်ဆောက်နိုင်မည်ဖြစ်တော့သည်။
Posted by Aung Htet at 8:44 PM 0 comments  

THURSDAY, FEBRUARY 21, 2013

SFBC - Free Dental Checkup - Health Drive


SF Burmese Community – Free Dental Checkup – Health Drive
ဖေဖော်ဝါရီ ၂၄၊ တနင်္ဂနွေ၊ နံနက် ၉  နာရီ မှ ညနေ ၆ နာရီ၊ အကူအညီလိုအပ်နေသူ ၂၀ ဦး ကို ကြည့်ပေးမည်
San Francisco Burmese Community Organizers၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
       SFBC Organizers & Friends စေတနာ့ဝန်ထမ်းလှုပ်ရှားမှုအဖြစ် စေတနာဝန်ထမ်း အခမဲ့ သွားကျန်းမာရေးစစ်ဆေးမှု ကို လာမည် ဖေဖော်ဝါရီ ၂၄၊ တနင်္ဂနွေနေ့၊ မနက် ၉  နာရီမှ ၆ နာရီအထိ လူနာ ၂၀ ဦးရေကို စစ်ဆေးကြည့်ရှုပေးမည် ဖြစ်ရာ၊ သွားနှင့်ဆိုင်ရာ ကျန်းမာရေးအာမခံမ၀ယ်နိုင်သူများ၊ လက်ရှိတွင် အလုပ်အကိုင်နှင့် ၀င်ငွေ အခက်အခဲရှိသူများနှင့် ၎င်းတို့မိသားစုဝင်များကို အထူးဦးစားပေး စာရင်းလက်ခံပြီးပြီ ဖြစ်ကြောင်း သိရှိရသည်။

စေတနာဝန်ထမ်း အခမဲ့ ကြည့်ရှုမှုပေးမည် ဆရာဝန် ၂ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

Dr. Ryan Thaw (ဒေါက်တာမောင်မောင်သော်)
Dixon Landing Family Dental Clinic
1786 Milmont Dr Milpitas, CA 95035
           
Dr. Hla Myaing (ဒေါက်တာ လှမြိုင်)
            Myaing Dental Clinic
770 E Romie Ln, Salinas, CA 93901

ဆေးခန်းမှာ ဒေါက်တာမောင်မောင်သော်၏ ဆေးခန်း - 1786 Milmont Dr. Milpitas, CA 95035 ဖြစ်သည်။
စာရင်းပေးသွင်းထားသူများအနေနှင့် SFBC စေတနာ့ဝန်ထမ်းအဖွဲ့က အောက်ပါ တာဝန်ခံ ၂ ဦးကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုဂျေစင် (510-402-7779) ၊ ကိုကျော်သူရ (415-420-1504)၊

အကူအညီလိုအပ်နေသူ များစွာရှိနေသဖြင့် နောင်တွင်လည်း စေတနာ့ဝန်ထမ်းဆရာဝန်များ၊ ဆေးခန်းများ ထပ်မံစီစဉ်နိုင်ပါက အချိန်သတ်မှတ်ပြီး ဖိတ်ခေါ်သွားမည်ဟု သိရပါသည်။
လာမည့်မေလတွင် ကယ်လီဖိုးနီးယားရှိ သွားဆရာဝန်များအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာတို့က ဆန်ဟိုးဇေးမြို့တော်တွင် နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အဖြစ် အခမဲ့သွားကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီလိုအပ်နေသူ ကယ်လီဖိုးနီးယား ဒေသခံအားလုံးအတွက် ဆောင်ရွက်ပေးရန် ရှိပါကြောင်းလည်း တင်ပြလိုက်ပါသည်။ မြန်မာဆရာဝန်များကလည်း ထိုကျန်းမာရေးပွဲတော်တွင် သွားရောက် လုပ်အားပေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages