20th Feb - MoeMaKa Daily

32 views
Skip to first unread message

Maung Yit

unread,
Feb 20, 2013, 2:10:10 AM2/20/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

ကာတွန်း စောငို - အလင်းရတဲ့အောက်မှာ စာဖတ်သင်တော့မည့် ငဒို့ သမ္မတကြီး
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃

Posted by Maung Yit at 9:50 PM 0 comments  
Labels: Cartoon BoxSaw Ngo

Dhamma Beri Sayadaw - The Lamp turns The Moon



လမင်းကြီးဖြစ်သွားတဲ့ ဖန်မီးအိမ်
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
            ပဉ္စရူပစာအုပ်တိုက်က “စာကိုစီလို့ လွမ်းတော်မူတယ်နှင့် ဆရာတင်မိုး (၆)နှစ်ပြည့် အမှတ်တရပွဲ ” ကို တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမမှာ ပြုလုပ်ပါတယ်။ အခမ်းအနားမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မောင်မိုးသူ၊ ဒါရိုက်တာဝင်းဖေ၊ ဂုဏ်ထူး (ဦး)သိန်းနိုင်၊ ဒေါ်မာမာအေးအစရှိတဲ့ ဆရာတင်မိုးနဲ့ အနေရင်းနှီးသူ၊ ယုံကြည်ချက်တူညီသူ၊ သူ့ကဗျာ သူ့စာကို ချစ်မြတ်နိုး သူတွေ ခန်းမအပြည့် လာရောက်ပေါင်းဆုံကြပါတယ်။
            အစီအစဉ်အရ မိမိက အဖွင့်အမှာစကား ပြောကြားရမှာဖြစ်ပေမယ့် ကားလမ်းပြည့်ကျပ်လို့ နာရီဝက်လောက် အချိန် နောက်ကျသွားတဲ့အတွက် အမှတ်တရ အဖွင့်အမှာစကားကို ဆရာကြီး ဦးဝင်းတင်က စပြောရတယ်။ မိမိရောက်သွားတော့ ဒုတိယ မြောက်အဖြစ် ဂုဏ်ထူးဦးသိန်းနိုင်က ပြောနေပါပြီ။ အဲဒီနောက်မှာမှ မိမိက ပြောဆိုခဲ့ရပါတယ်။
            မိမိပြောဆိုခဲ့တဲ့ အကြောင်းအရာအကျဉ်းချုပ်ကတော့- မိမိရဲ့ ဇာတိက မကွေးတိုင်း၊ နတ်မောက်နယ်သားဖြစ်ပြီး ဆရာ တင်မိုးက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာနယ်က ကန်မြဲစကြမ်း(စောင်းချမ်း)သား ဖြစ်ကြပေမယ့် မိမိတို့အချင်းချင်းက ဆရာစဉ်ဆက်အရ ဆရာတူတပည့်တွေချင်း ဖြစ်ကြတာကို အကြောင်းပြုပြီး အချင်းချင်း တရင်းတနှီးဖြစ်ကြရတာပါ။
            ဟုတ်ပါတယ်။ ဆရာတင်မိုးရဲ့ ဇာတိ ကမြဲစကြမ်း(ကန်မြဲ၊စောင်းချမ်း)ဆိုတာ တချိန်က ပရိယတ္တိသာသနာ့နယ်ပယ်မှာ “သဒ္ဒါဘုရား”လို့ တင်စားပြောဆိုရတဲ့ “ကစ္စာယနဝိစယ”ပါဠိသဒ္ဒါကျမ်းကြီး လေးတွဲကို ရေးသားပြုစုခဲ့တဲ့ မြို့ဖဆရာကြီး ဦြးွကက်ကို အကြောင်းပြုပြီး အစာရောရေပါ ရှားပါးလှတဲ့ တောရွာကလေးမှာ နောင်တချိန် ပရိယတ္တိသာသနာ့ အကျော်အမော်ဆရာတော်ကြီးတွေ ဖြစ်လာကြမယ့် စာသင်သားရဟန်းတော် လေးဆယ်ကျော်တို့နဲ့ ပရိယတ္တိသာသနာ အထင်ကရ ထွန်းကားခဲ့ဖူးပါတယ်။
            မိမိတို့ ဆရာရဲ့ဆရာဟာလည်း အဲဒီမှာပဲ ပါဠိသဒ္ဒါကျမ်းကို သုံးနှစ် သုံးမိုး သင်ယူခဲ့တာဖြစ်လို့ မန္တလေးမြို့ ဘုရားကြီး တိုက်မှာ စာချအကျော် ဆရာတော်ကြီးဖြစ်တဲ့အချိန်အထိ ကမြဲစကြမ်းသာသနာနွယ်ဝင်တွေ ဖြစ်ခဲ့တာပါ။ မိမိတို့လည်း ဆရာစဉ် ဆက် အစဉ်အလာအရ မန္တလေးကို ပညာသင်ကြရတဲ့အခါ အဲဒီအဆက်အနွယ်ဆရာတော်များထံမှာပဲ ပညာ သင်ယူခဲ့ကြရပါတယ်။
            မိမိတို့က ကိုရင်ငယ်များအဖြစ် စာသင်တိုက်ရောက်သွားကြတဲ့အချိန်မှာ ကမြဲစကြမ်းဇာတိသားဖြစ်တဲ့ ဗန်းမော်ဆရာတော် ဦးကုမာရာဘိဝံသ(ယခု နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်)တို့လည်း မိမိတို့ ဆရာတော်ကြီးရဲ့ လက်ထောက်တပည့်ကြီးများအဖြစ်နဲ့ စာပေပို့ချနေပြီး တက္ကသိုလ်အနီးက ဗန်းမော်ကျောင်းတိုက်ကြီးကိုလည်း လက်ခံ ထားပါပြီ။
            ဆရာတော် ဦးကုမာရဆိုတာ ဆရာတင်မိုးဖြစ်လာမယ့် မောင်ဘဂျမ်း ကျောင်းနေစအချိန်တုန်းက ကမြဲစကြမ်းကျောင်းမှာ ကိုရင်ကြီးဖြစ်နေပြီတဲ့။ မောင်ဘဂျမ်းက  ဘုန်းကြီးကျောင်းမှာပဲ နေပြီး တန်းကျောင်းတက်တာပါ။ ညနေတန်းကျောင်းက ဆင်းပြီးရင် ကျောက်သင်ပုန်းကလေးယူပြီး ကိုရင်ကြီး ကုမာရဆီသွားရတယ်။ ကိုရင်ကြီးက ကျောက်သင်ပုန်းမှာ ပရိတ်ကြီးထဲက ဂါထာတစ်ပုဒ်ကို ရေးပေးပြီး ပါဠိသံမှန်အောင် ဖတ်ပြ ပေးလိုက်တယ်။ ညရောက်တော့ အဲဒီဂါထာကျက်။ မနက်စော ဘုန်းကြီး ကျောင်းရောက်တော့ ပါဠိဂါထာကို အလွတ်ပြန်ဆိုပြီးရင် မုန့်ဖိုးဆယ်ပြားရပါသတဲ့။ အဲဒီတုန်းကတော့ ဆယ်ပြားဖိုး သွားရေစာက ကလေးတစ်ယောက် အူငြိမ်အောင်စားလို့ရပါတယ်။
            ဒီလိုနဲ့ မောင်ဘဂျမ်းဟာ လေးတန်းအောင်လို့ မူလတန်းကျောင်းထွက်ချိန်မှာ ပရိတ်ကြီး(၁၁)သုတ်ကို ပါဠိရော အနက်ပါ အာဂုံရနေပါပြီ။ သူဆယ်တန်းစာမေးပွဲဖြေတုန်းက သူ့ရဲ့ စာစီစာကုံး နောက်ဆုံးအပိုဒ်မှာ ရတနသုတ်ထဲက ဂါထာတစ်ပုဒ်ကို မြန်မာစကားပြေနဲ့ပါ တွဲဖက်ရေးနိုင်တာဟာ အဲဒီကျေးဇူးတွေကြောင့်လို့ ပြောပြဖူးပါတယ်။ တိုတိုချုပ်ကတော့ ဆရာဂျမ်း မန္တလေး တက္ကသိုလ်ကို ရောက်တော့လည်း ဆရာတော်ဦးကုမာရရဲ့ဗန်းမော်တိုက်မှာပဲ အမြဲနေထိုင်သွားလာနေရာက ဆရာတူတပည့်အဖြစ်နဲ့ မိမိတို့ စတင်ခင်မင်ခဲ့ကြတာပါ။        
            သူတို့ ရန်ကုန်ကို ရောက်လာကြတော့ မိမိက မွန်ပြည်နယ်၊ တောင်စွန်းကို တိပိဋကစာမေးပွဲအတွက် စာကျက်ဖို့ ရောက်နေ ပြီ။ ရန်ကုန်မှာ စာပြန်ဆိုပြီးတဲ့အခါ စာသင်တိုက်တစ်ခုမှာ စာချကူနေရင်း ရန်ကုန်မှာပဲ အနေများလို့ သူတို့နဲ့ပြန်ဆုံကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဦးနီ လ္ဘက်ရည်ဆိုင်မှာ သောကြာဝိုင်းဆိုတဲ့ စာပေစကားဝိုင်းကလည်း ပုံမှန်ဖြစ်နေပါပြီ။
            ၁၉၈၅-၈၆ ခုနှစ် စာမေးပွဲရာသီအစရောက်တော့ တောင်စွန်းဒေသမှာ ဆယ်တန်းနှစ်နှစ်ကျ လူငယ်လေးတွေ ပညာရေး လမ်းစပျောက်ပြီး မှောင်ခိုရထားပေါ် ရောက်ကုန်ကြတဲ့ကိစ္စနဲ့ပတ်သက်လို့ စကားစပ်မိကြရာက မိမိနေတဲ့ တောင်စွန်းက ရွှေစေတီ ကျောင်းတိုက်မှာ ပညာဒါနလုပ်ငန်း လုပ်ကြဖို့ တိုင်ပင်ဆုံးဖြတ် ကြပါတယ်။ သောကြာဝိုင်းတော်သားများဖြစ်တဲ့ ဆရာဦးသာနိုး၊ မောင်စွမ်းရည်၊ သင်္ချာဦးလှဆောင်၊ ဦးဟုန်ဝမ်၊ ဦးစိုင်းအောင်ဝင်း၊ ဘိုင်အိုမင်းသစ် အစရှိတဲ့ ရန်ကုန်မှာ ဘာသာရပ်အလိုက် နာမည်ကြီး ဆရာစုံတို့ ပါဝင်တဲ့ ပညာဒါနပွဲကြီးပါ။
            သောကြာနေ့ညနေ ဦးနီ လ္ဘက်ရည်ဆိုင်မှာ ဆုံကြ၊ နောက်နေ့လိုက်နိုင်မည့် ဆရာစာရင်းယူ၊ စနေနေ့မနက်စော လေးနာရီ အမြန်ရထားနဲ့ တောင်စွန်းသွားကြ။ တနင်္ဂနွေနေ့ ညနေရထားနဲ့ ရန်ကုန်ပြန်ကြနဲ့ ပင်ပန်းကြသော်လည်း ပျော်စရာလည်း ကောင်း၊ အောင်လည်း အောင်မြင်တဲ့ ပညာဒါနပွဲကြီးပါပဲ။

            အားလုံးသိကြတဲ့အတိုင်းပဲ ၈၈-ခုနှစ်ရောက်တော့ မိမိတို့ရဲ့ ပညာဒါနကလည်း ပေးလှူခွင့် မရတော့ဘဲ ရပ်ဆိုင်းသွားပါ တော့တယ်။ မိမိက အရင်က ကူညီလက်စဖြစ်တဲ့ ရန်ကုန်က စာသင်တိုက်မှာပဲ စာချကူရင်း သောကြာဝိုင်းမှာတော့ မပျက်မီအထိ အားလုံးပုံမှန် ဆုံဖြစ်ကြပါတယ်။ နောက်တော့ သောကြာဝိုင်းလည်း ရပ်ဆိုင်းသွားတော့တယ်။
            အရေးအခင်းပြီးတော့ ဆရာဂျမ်းလည်း ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မြို့ရဆောက်တည်ရင်း စစ်အာဏာရှင်ဘေးရန် ကို တိမ်းရှောင်နေရတယ်။ စာစကား ပေစကား အပေါင်းအသင်းတို့ရဲ့ စကားငတ်ရင် ထမင်းငတ်သည်ထက် ဣနြေ္ဒမရဖြစ်တတ်တဲ့ သူ့ဝါသနာအတိုင်း အပြင်ထွက်ချင်တယ် တကဲကဲ လုပ်နေလို့ နေ့လည်နေ့ခင်းမှာ မိမိက သွားရောက်ပြီး အဖော်လုပ်စကားပြော ပေးရပါတယ်။
            နောက်တော့ အားလုံးသိတဲ့အတိုင်း သူအဖမ်းခံရတာပါပဲ။ မြို့တွင်းက ရဲစခန်းအချုပ်တွေမှာ ဟိုပြောင်း ဒီရွှေ့ထားရင်း နောက်ဆုံး မြို့လယ်အချုပ်ခန်းကနေ အင်းစိန်ကို ပြောင်းရတော့မယ်ဆိုတော့ ပန်းချီယဉ်မင်းပိုက်နဲ့အတူ သူ့မိသားစုများပါ သွားရောက်နှုတ်ဆက်ပြီး အားပေးစကားပြောလိုက်သေးတယ်။ အဲဒီနောက် သုံးနှစ်ကျော်ကျော်လောက် လူချင်းကွဲနေကြတယ်။ ထောင်ကလွတ်ပြီး နောက်တစ်ရက်မှာ သွားတွေ့ခဲ့ပါတယ်။ နောက်မကြာခင်မှာပဲ တောင်စွန်းကို သွားချင်တယ်ဆိုတာနဲ့ ခေါ်သွားခဲ့ ပါတယ်။
            ရောက်ခါစမှာတော့ “တောနဲ့ တောင်နဲ့၊ ကျောင်းနဲ့ဘုရားနဲ့ အေးချမ်းလိုက်တာ”လို့ ဝမ်းသာစကား ပြောပါသေးတယ်။ ဒါပေမယ့် မိမိနေတဲ့ ကျောင်းက ရဲဘက်စခန်းနဲ့ စပ်နေတော့ အဲဒီစခန်းထဲကပဲ ဖြတ်သွားဖြတ်လာ လုပ်ရတာပါ။နှစ်ရက်မြောက်နေ့ ကျတော့ တပည့်ဟောင်းတွေက ခေါ်လို့ အဲဒီရဲဘက်စခန်းအတိုင်းပဲ ဖြတ်ပြီး လ္ဘက်ရည်ဆိုင်သွားကြရာက ပြန်လာတော့ “ဦးဇင်း မနက်ဖြန် ပြန်တော့မယ်”တဲ့။ “ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရတာတုန်း”ဆိုတော့ “ကျောင်းမှာ နေရတာကတော့ အေးချမ်းပါတယ်။ ဒါပေမယ့် အဲဒီအဝတ်ဖြူနဲ့ လူတွေကိုမြင်ရတာ ရင်ထဲမှာ နှလုံးနာတယ်၊ ဘယ်လိုမှ ခံစားလို့ မရဘူး”တဲ့။ ပြီးတော့ “တပည့်တော် ငယ်စဉ်ကတည်းက ရွာမှာ ဝတ်ဖြူစင်ကြယ်နဲ့ အဖိတ်နေ့ ဥပသကာလှည့်ရတာကို အလွန်ပျော်တယ်၊ ဒီအဝတ်ကို အလွန်မြတ်နိုးခဲ့တာ၊ အခုတော့ .. အင်း .. ဒီကောင်တွေ လူတွေကိုသာမကဘူး လူတွေရိုသေလေးစားတဲ့ အဝတ်ဖြူကိုတောင် စိတ်နာစရာဖြစ်အောင် လုပ်ကြတယ်”ဆိုပြီး တက်ခေါက်ပါတယ်။ နောက်နေ့ မနက်စောကားနဲ့ ပြန်မှာဆိုတော့ တညလုံးလိုလို မအိပ်ဘူး စကားတွေ ပြောနေပါတယ်။
            သူနဲ့ စပ်မိတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေထဲက သူလေးစားအားကျပြီး အတုယူခဲ့တဲ့ သူတို့ မွေးရပ်မြေက ငယ်ဆရာတော် “တောင်ဝှေးခေါက် ဦးပွား”အကြောင်းကတော့ ထူးထူးခြားခြား မှတ်သားစရာပါ။ တကယ်ကို အတုယူအားကျစရာလည်း ကောင်းသလို မိမိကိုယ်တိုင်လည်း ဒီလိုဆရာတော်ကြီးရဲ့ မြစ်တပည့်တော်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်လွန်းလို့ စာတစ်ပုဒ်ရေးခဲ့ဖူးပါ သေးတယ်။ အဲဒီတုန်းကတော့ ကဗျာဆရာတင်မိုးဆိုတဲ့ အမည်ကို သုံးခွင့်မရလို့ ကမြဲစကြမ်းက ကဗျာဆရာတစ်ဦးလို့ပဲ သုံးခဲ့ရတယ်။
            အဲဒီဆရာတော်ဆီက သူအတုယူ အားကျခဲ့မိတာတွေကတော့ - ဆရာတော်ကြီးဟာ မွေးရာပါ လက်ပွားလေးကိုလည်း အမြတ်တနိုးဂုဏ်ယူတယ်။ “နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ငပွား”လို့တောင်ြွေကးကြော်လေ့ရှိသတဲ့။ ပြီးတော့ ဆရာတော်ကြီးက ကပ်ပါးရပ်ပါးအောက်ကျို့ခံတဲ့ စိတ်မျိုးလည်း ဘယ်တော့မှ မရှိဘူးတဲ့။ အဲဒီတုန်းက ကမြဲစကြမ်း သူကြီးဦးတလုပ်ဆိုတာ အတော်တန်ခိုးအာဏာထက်သတဲ့။ ရွာနီးချုပ်စပ်ကဆို ဘုရားထူးရမတတ် တလေးတစား ခေါ်ဝေါ်ပြောဆိုရတာ။ တချို့ဆရာတော် သမတော်များကတောင် “သူကြီးမင်း”ဆိုပြီး တလေးတစား ပြောဆိုကြပေမယ့် ဆတော်ပွားကတော့ ဘယ်တော့မှ အောက်မကျို့ဘူး “တလုပ်”လို့ပဲ ခေါ်သတဲ့။ ဒီစိတ်ဓာတ်ကို ကြားရတော့ သူကဗျာတစ်ပုဒ်ထဲက -
            “တို့ အဖေကား
            နေရာတစ်ခု၊ ရလိုမှုတွက်
            အလုအယက်၊ ခြေကို ဖက်ဟု
            သားရှက်မခံတော့ပါပြီ”ဆိုတဲ့ အပိုဒ်ကလေးကို သတိရမိလိုက်တယ်။
            ဆတော်ကြီးက သူ့ရပ် သူ့ရွာ ဘယ်လိုဆင်းရဲချို့တဲ့ပေမယ့် ရပ်ရွာကို ချစ်လည်း ချစ်၊ ငဲ့လည်း ငဲ့တယ်။ ရပ်ရွာမှာ အစား အသောက်ချို့တဲ့လွန်းလို့ တပည့်ကြီးဖြစ်တဲ့ မန္တလေးက ရွှေရေးဆောင်ကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေတဲ့ သဒ္ဒါ အကျော်ဆရာတော်(ဦးပဏ္ဍဝ)က သူ့ဆီမှာ အေးအေးဆေးဆေး သီတင်းသုံးနားနေဖို့ လာပင့်တဲ့အခါ “ဦးပဏ္ဍဝတို့က မြို့ပေါ်မှာ စာဝါတွေ နေ့စဉ်ချနေတော့ ကုသိုလ်တွေ များလှပါပြီဗျာ၊ ဒီအရပ်သားများက ကုသိုလ်အလွန်နဲကြပါတယ်။ ကုသိုလ်များပြီးသား ပုဂ္ဂိုလ်တွေရဲ့ အပူဇော်ခံ သက်သက်အဖြစ်နဲ့ မနေပါရစေနဲ့၊ ကုသိုလ်နဲကြသူတွေကို ချီးမြှောက်ရင်း ဒီမှာပဲ နေပါရစေ”ဆိုပြီး ငြင်းဆန်ခဲ့သတဲ့။
            မိမိအနေနဲ့ ဧကန် ဧက ပြောရဲပါတယ်။ ခုလိုအခြေအနေမှာ ဆရာတင်မိုးသာ အသက်ရှင်နေသေးရင် အမေရိကန် လိုနိုင်ငံကြီးက သူ့လိုပညာရှင်ကြီးကို ရာသက်ပန် တာဝန်ယူစောင့်ရှောက်ပါရစေလို့ ဘယ်လိုပဲ ဖိတ်ခေါ်ပါစေ ဆရာတင်မိုးကတော့ သူ့ဆရာတော်ကြီးအတိုင်း “ခင်ဗျာတို့ ဆီမှာက ဒီမိုကရေစီတွေ ရလှပါပြီဗျာ၊ ဒီလိုနေရာမှာ ဇိမ်ခံရုံသက်သက်နဲ့ မနေပါရစေနဲ့၊ ဒီမိုကရေစီ နည်းကြသေးတဲ့ ကျုပ်တို့နိုင်ငံက ပြည်သူတွေကိုပဲ ကိုယ်စွမ်းနိုင်သမျှ အလုပ်အကျွေးပြုဖို့ ပြန်ပါရစေ” လို့ ပြောပြီး အမြန်ပြန်လာမှာ သေချာပါတယ်။
            ပြီးတော့ ဆရာတော်ကြီးက သူ့ယုံကြည်ချက်ကို ဘယ်တော့မှ အပျက်မခံဘူး။ ဘုရားရှင်ကို ကြည်ညိုလွန်းလို့ မန်းစက် တော်က ခြေတော်ရာကိုလည်း နှစ်စဉ်မှန်မှန် ဦးခေါင်းနဲ့တိုက်ပြီး ကန်တော့ပူဇော်လေ့ရှိသတဲ့။ သက်တော်ထောက်လာတော့ အဝေးကပဲ အာရုံပြု ပူဇော်ဖို့လျှောက်ထားကြပေမယ့် လက်မခံဘူး။ နှစ်စဉ်အရောက်သွားတယ်။ သက်တော် (၈၃)နှစ် အရောမှာတော့ ကျန်းမား ကလည်း အတော်ချို့တဲ့နေပြီဖြစ်လို့ တားပေမယ့် မရဘူး။ လိုက်ပို့ဆိုလို့ လိုက်ပို့ကြရတယ်။
            ခြေတော်ရာရှိတဲ့ တောင်ခြေရောက်တော့လည်း ထမ်းစင်နဲ့ပို့ပါရစေဆိုတာ မရဘူး၊ အဖေ့ဆီ ပူဇော်ကန်တော့ဖို့ သွားတာ ဒီလို ဟိတ်ကြီးဟန်ကြီးနဲ့ မသွားဘူးဆိုပြီး ခြေလျင်ပဲ လက်နှစ်ဖက်က တစ်ယောက်စီ တွဲပေးရတာတဲ့။ ရောက်ခါနီးတော့ “ရောက်တော့ မဟ၊ ရောက်တော့မဟ”ဆိုပြီး အားတင်းတက်တယ်။ ခြေတော်ရာရှေ့ရောက်တော့ လက်နှစ်ဖက်ရှေ့ထောက်ပြီး အသက်ရှူမှန်အောင် မနဲရှူနေရသေးသတဲ့။ ပြီးတော့မှ ပခုံးနှစ်ဖက်မှာ တပည့်တစ်ယောက်စီ ထိန်းပေးပြီ ခြေတော်ရာနဲ့ နဖူးနဲ့ထိပြီးတော့ ကန်တော့တာ။ နောက်ဆုံး သုံးကြိမ်မြောက်မှာတော့ ဟင်း ဆိုတဲ့ သက်ပြင်းချသံနဲ့အတူ ခြေတော်ရာကို နဖူးနဲ့တိုက်ပြီး ဝပ်နေရာက “ကြာလှချည့်” ဆိုပြီး မçထူလိုက်တော့ အသက်ပျောက်နေပြီတဲ့။ ဆရာဂျမ်းလည်း သူ့မြေ၊ သူ့ရေကို ချစ်မြတ်နိုးတာ၊ ငဲ့ညှာတာ၊ သူ့ယုံကြည်ချက်ကို နောက်ဆုံးအထိ ဆုတ်ကိုင်ပြီး ထွက်သက်ကို ထုတ်သွားခဲ့တာတွေဟာ ဒီစိတ်ဓာတ်နဲ့မခြားပါပဲ။
            နောက်ဆုံးမှာတော့ အားလုံးသိထားကြတဲ့အတိုင်း ဆရာဂျမ်း နိုင်ငံခြားကိုထွက်သွားခဲ့ပါတယ်။ ဥရောပတခွင်၊ အမေရိကန်၊ ဩစတေးလျတို့အထိ ကမ္ဘာကုန် ကျယ်သရွေ့လို့ ဆိုရမလောက်ပါပဲ။ ရောက်လေရာရာ အနိုင်နိုင်ငံတိုင်းမှာလည်း သာမန်ခရီးသွား တစ်ယောက်အဖြစ်မျိုး မဟုတ်ပါဘူး။ သူ့စာပေ၊ သူ့စိတ်ဓာတ်၊ သူ့လုပ်ရပ်၊ သူ့ပညာကို လေးစားကြသူတွေ ဝိုင်းဝိုင်းလည်ပါ။ ဂုဏ်ပြုထိုက်တဲ့ မဟာဧည့်သည်ကြီးအဖြစ်နဲ့ သောင်းသောင်းဖျဖျ ဝိုင်းလို့၊ အုံလို့ပါ။ အရင်က တင်မိုးဆိုတဲ့ ဖန်မီးအိမ်အဖြစ်နဲ့ မြင်ကြသူများပေမယ့် ခုတော့ ကမ္ဘာ့ကောင်းကင်တစ်ခွင်လုံးမှာ ကြယ်တာရာတွေ ဝန်းရံခနေတဲ့ တကယ့် လမင်းကြီး တစ်ဆူဖြစ် နေပါပြီ။
            ခံပြင်းနားကျည်းမှုတို့ရဲ့ တွန်းအားနဲ့ ထွက်လာတဲ့ သူ့ကဗျာတွေကို ကြည့်လိုက်ရင် သူ့သူငယ်ချင်း ကိုလေး(အင်းဝဂုဏ်ရည်) ပြောသလို ပြောရရင်တော့ “တင်မိုး က ပုဂံဒဏ္ဍာရီတွေထဲက ရှင်မထီးရဲ့ ဓာတ်လုံးလိုပဲ”တဲ့။ ချဉ်ရည်ထဲလောင်းနေတုန်းက အရောင်မထွက်ဘူး။ နောက်ဆုံး၊ စိတ်နာပြီး ကုဋီအိမ်ထဲ ပစ်ချလိုက်တော့မှ သိဒ္ဓိတွေပေါက်ပြီး အရောင်တွေ ဖျာထွက်လာတယ်၊  ချေးရေနဲ့ချဉ်ရေ လွဲနေတာကိုးတဲ့။ သူငယ်ချင်းကြီးလည်း ဝန်ထမ်းဘဝမှာတုန်းက ရေးတဲ့ကဗျာတွေဟာ သူ့ငယ်စံချိန်တောင် မမှီဘူး။ဝန်ထမ်းက ထုတ်လိုက်ပြီး ထောင်ထဲ ပစ်ချလိုက်တော့မှ ထွက်လာလိုက်တဲ့ ကဗျာတွေ အရောင်တဖိတ်ဖိတ်နဲ့ သိဒ္ဓိတွေ မြောက်လို့”တဲ့။
            ဟုတ်တယ်။ ဒဏ္ဍာရီထဲက ရှင်မထီးရဲ့ ဓာတ်လုံးဟာ သိဒ္ဓိတွေဝင်ပြီးတဲ့အခါ ကန်းနေတဲ့ မျက်လုံးတွေကို ကောင်းအောင်၊ ပိတ်နေတဲ့ မျက်လုံးတွေကို ပွင့်အောင်၊ မျက်ဆံထွက်ပြီး ဟောက်ပက်ဖြစ်နေတဲ့ မျက်လုံးတွေကို အကောင်းပကတိဖြစ်အောင် လုပ်နိုင်သတဲ့။
            သူ့ကဗျာတွေကလည်း ဒီအတိုင်းပါပဲ။ နိုင်ငံရေးအသိစိတ်တွေ၊ မျိုးချစ်စိတ် စစ်စစ်တွေ ချို့တဲ့နေကြတဲ့ မျက်လုံးပေါင်း များစွာကို ပွင့်လင်းအောင်၊ မချွတ်ယွင်းအောင်၊ တောက်ပထက်မြက်လာအောင် စွမ်းဆောင်ခဲ့တယ် မဟုတ်လား။
            မနေ့က ဖတ်လိုက်ရတဲ့ ဆရာဦးသာနိုးရဲ့ဆောင်းပါးတစ်ပုဒ်မှာ ဆရာတင်မိုးတို့လို တိုင်းပြည်အတွက် အသိစိတ်ဓာတ် ကြီးမားလို့ တာဝန်ရှိတဲ့အတိုင်း တာဝန်သိမှု၊ တာဝန်ဆောင်ရွက်မှုတို့နဲ့ အကျဉ်းချခံရသူတွေကို အင်္ဂလိပ်လို အသိစိတ်အကျဉ်းသား (Prisoner of Conscience)လို့ ခေါ်ပါသတဲ့။
            လူ့ယဉ်ကျေးတို့ နယ်ပယ်မှာ ဆန့်ကျင်တဲ့ ဝေါဟာရ နှစ်ခုဖြစ်တဲ့ အသိစိတ်ဓာတ်နဲ့ အကျဉ်းသားဆိုတာကို တွဲပြီး ဒီ“အသိစိတ် အကျဉ်းသား”ဆိုတဲ့ ဝေါဟာရကြီးကို မဆီမဆိုင် တွဲသုံးနေကြတာဟာ မျက်နှာမှာ အဖြူနဲ့အမဲ ကန့်လန့် ကြက်ခြေ ခတ်ထင်နေတဲ့ အမာရွတ်ကြီးလိုပါပဲ။ ဘယ်လိုပဲ စိန်ရွှေရတနာတွေ ဆင်ထားပါစေ၊ မျက်နှာမှာ အမာရွတ် ကြက်ခြေခတ်ကြီးနဲ့ လူပုံအလယ် ဝင်ဆန့်ဖို့ဆိုတာ အတော်ကြီးကို အရှက်နဲမှသာ ဖြစ်ချင်ဖြစ်မှာပါ။ ရှက်တတ်သူတိုင်းအတွက်တော့ တွေးကြည့်ရုံနဲ့ တောင် ခေါင်းမဖော်ဝံ့စရာကြီးပါ။ ဒါပေမယ့် ဒီမျက်နှာပြင် ကြက်ခြေခတ် အမာရွတ်ကြီးက  ဒီနိုင်ငံမှာရော တခြားနိုင်ငံအချို့တို့မှာရော ဒီနေ့အထိ ထင်းထင်းကြီး ထင်နေတုန်းပါပဲ။ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ လူရာဝင်ချင်ရင်တော့ ဒီကြက်ခြေခတ် အမာရွတ်ကြီးကို လည်း ဖျက်ကို ဖျက်ကြရပါလိမ့်မယ်။ ဒါကိုမဖျက်ဘဲ လူတောထဲ တိုးဖို့ ကြိုးစားနေရင်တော့ အရှက်နည်းတာကို လူသိရုံက လွဲပြီး ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
            ဆရာတင်မိုးနဲ့ပတ်သက်လို့ အထူးပြောချင်တာ တစ်ခုကတော့ ဆရာတင်မိုးဟာ သူ့ဆရာတော်နည်းတူ သူ့မြေ၊ သူ့ရေ ဘယ်လောက်ချို့တဲ့နေနေ ချစ်ခင်တတ်၊ ငဲ့ညှာတတ်သူပါ။ သူ့ဆရာတော်လိုပဲ သူအသိရှိရှိ လက်ခံထားတဲ့ ယုံကြည်ချက်ကိုလည်း အသက်ထက်ဆုံး ဖက်တွယ်ထားသူပါပဲ။ ဒါပေမယ့် သူ့ဆရာတော်ဟာ သူမြတ်နိုးရာ မြတ်ဗုဒ္ဓခြေတော်ရာပေါ်မှာ နဖူးတင်ပြီး နောက်ဆုံးထွက်သက်ကို ရှူထုတ်ခွင့်ရသွားသလိုတော့ သူချစ်တဲ့ မြေပေါ်မှာ နောက်ဆုံးထွက်သက်ကို ရှူထုတ်ခွင့် ရမသွားခဲ့ပါဘူး။
            ဆရာတင်မိုးဟာ တိုင်းတစ်ပါးမြေမှာ ခေါင်းချနေသူမဟုတ်ပါဘူး။ သူ့ရဲ့ ရုပ်ကြွင်းကို မြှုပ်နှံမထားသေးပါဘူး။ သူ့ရဲ့  ရုပ်ြွကင်း အရိုးပြာကို အိုးမှာထည့်ပြီး သုဿာန်အဆောက်အဦကြီးတစ်ခုရဲ့ ကျောက်နံရံမှာ ယာယီနားနေဆဲပါ။ သူရဲ့ရုပ်ကြွင်းကို သူချစ်တဲ့မြေမှာ နားနေခွင့်ရရေးအတွက် သူ့ကို ချစ်မြတ်နိုးသူတိုင်း ကြိုးစားရမယ့် တာဝန်ရှိနေပါသေးတယ်။ ဒီတာဝန်ကိုလည်း အမြန်ဆုံး ကျေပွန်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။
            နောက်ဆုံးအနေနဲ့ အမိမြေအတွက် အသိစိတ်၊ အချစ်စိတ်ကြီးမားတဲ့ ဆရာဂျမ်း အသိစိတ်အကျဉ်းသားအဖြစ်က လွတ်မြောက်ပြီး  အသိရှိရှိ လှုပ်ရှားကြသူတို့နဲ့ ပူးပေါင်းလှုပ်ရှားဖို့ အမိမြေကို အမြန် ပြန်လာပါလို့ ဆုတောင်း တိုက်တွန်းရင်း နိဂုံး ချုပ်ခဲ့ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)     ၁၆.၂.၂၀၁၃
           
            
Posted by Maung Yit at 9:34 PM 0 comments  

Law Eh Soe - Spring in our Buffalo Village in USA


နွေဦးသံစဉ်နှင့် ကျနော်တို့ရဲ့ ရွာလေး
လောအယ်စိုး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
          ဇင်ယော်ငှက်များ အီရီမြစ်ပေါ်တွင် ၀ဲကာပျံပြီး နေသောမြင်ကွင်းသည် ကြည်နူးစရာ ကောင်းလှပေစွကျနော်နေထိုင်သော မြို့ ဒေသ အရပ်သို့နွေဦးကာလသည် ချဉ်းကပ်ဝင်ရောက်လာပေပြီ ရောင်စုံပန်းကလေးများကလဲ အပြိုင်အဆိုင်ပွင့်ပြီး နေ့ရက်သစ်များကို ကြိုဆိုသည်။
          လွတ်လပ်မှု့ အဓိပ္ပါယ်ကို ဆောင်သော နွေကာလဟု ဆိုရပေမည် ခြောက်လတာကာလလုံးလုံး ဆောင်းနှင်းဖွေးဖွေး အောက်တွင် အင်္ကျီထူကြီးများဝတ် ခေါင်းစွပ်ကြီးများဆောင်း နံနက်ခင်းနှင့် ညဥ့်ဦးယံ အချိန်များ၌ အိမ်တွင်းအောင်းခဲ့ကြသော ဘတ်ဖလိုးနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများတို့သည် ပွင့်လင်းစူးရဲလှသော နေရောင်ခြည်ကို ခံစားထိတွေ့ရသည့် နွေကာလကို ဆောင်းအိပ်မက်တွင်ပင် မက်ကြလိမ့်လေမလား မသိ။
          အမေရိကန်ဖွား လူမည်းအာဖရိကန်နှင့် လူဖြူများတို့ကလဲ နေကာမျက်မှန်တွေတပ် လည်ဟိုက် အင်္ကျီ ဘောင်းဘီတိုများကို ၀တ်ပြီး နွေဦးဟန်ရေးပြင်ကြသည်။ တရပ်ကွက်လုံးကြားအောင် တမင်စီမံ ဆောင်ရွက်ထားသော ကားကြီးစီဒီစက်တွင် စီဒီများကို အသံကုန်ဖွင့်ထားရင်း ကိုလံဘတ်အနွယ်ဝင် စပိန်ဘာသာစကားတို့ဖြင့် အသံနေအသံထား အမျိုးမျိုးဖြင့် ပြောဆိုကြသော လက်တီးနိုတို့ကလည်း ၎င်းတို့အတွက် တနှစ်တခါ ရတောင့် ရခဲ နွေသဘင်ပွဲကို သူနည်းသူ့ဟန်ဖြင့် အကောင်းဆုံး ဆင်နွဲကြလေသည်။
          သြော်နွေသည် မတူညီသော လူ့နှလုံးသားများမှ ဘာသာကွဲသော အဓိပ္ပါယ်ကို တမျိုးစီဆောင် ကြလေသည်။ ငြင်းဆို၍ မရသည်ကတော့ ကျနော်တို့အားလုံးက နွေဦးကာလကို ချစ်ကြသည် မဟုတ်ပါလား။ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် မိမိအလုပ်ကို အကောင်းဆုံးလုပ်ဆောင်တတ်ကြသော ကိုရွှေသူခိုးများကလည်း ယခုလာမည့် နွေသည် မနှစ်ကနွေနှင့် မတူစေရ ၂၀၁၂ နွေကာလသည် အကျွန်ုပ်တို့အတွက် မြိုးမြိုးမြက်မြက်ကို တွက်ချေကိုက်ရမည့် နွေ ဖြစ်ရမည်။
          ကားလေးကို စီး၍တမျိုး၊ လမ်းလျှောက်၍တဖုံ၊ စက်ဘီးကလေးကိုနင်း၍ တနည်း ရပ်ကွက်စုံကို လှည့်၍ ငတက်ပြားသုတေသနပြုကြသည်။ ကျွမ်းကျင်ပါပေ့ ညီအကိုတို့ရယ်။

          လာကြပါပြီ လာကြပါပြီ ။ ငါးမျှားတံများကို အစီအရီကိုင်၍တမျိုး၊ ဈေးဘန်းများကိုတော့ ခေါင်းပေါ်ရွက်စရာမလို အမေရိကန်ပစ်ကပ်ကားပေါ်တွင်တင်ကာ တနည်း၊ အားကစားဘောင်းဘီ အင်္ကျီများ ကို မရိုးအောင် ၀တ်၊ ဟိုမှာသည်မှာ (ဘော်လီဘော) ပုတ်ကြမည်လေ။ အမိမြန်မာပြည်မှ ရေခြားမြေခြားရောက် မြန်မာတွေ ရေတွင်းဘေးတွေမှာ အ၀တ်တွေသွားလျှော်ရင်း ဆုံတတ်သလိုပါပဲ။
          “ဟ…မင်းတို့ကလည်း ကြီးကျယ်လို့ အ၀တ်လျှော်တာ အိမ်မှာလျှော်လဲ ရတာပဲကွာ” ဟူ၍ မြန်မာပြည်မှ မိတ်ဆွေတဦး နှင့် ဖုန်းဆက်ရင်း ပြောမိ၍ သူ စောဒက တက်ဘူးသည်။ ကြွားသည်ဟု မထင်ပါနှင့် မိတ်ဆွေသည်လည်း အမေရိကန်မြေသို့ ဒုက္ခသည်အဖြစ် ရောက်ရှိမှ ကျနော်တို့လို ခံစားနားလည် ပေးပေလိမ့်မည်။
ဒီမှာက နေ့တိုင်းအ၀တ်လျှော်ဖို့ ဆိုတာက လူတိုင်းမလုပ်နိုင်။ အ၀တ်လျှော်စက်တန်ဘိုး အသုံးပြုသော လျှပ်စစ်မီတာခတွေက စရိတ်မနည်းတော့ အဆင်ပြေနိုင်ဆုံး နီးစပ်ရာ အ၀တ်လျှော်စက်တန်းတွေ ရှိရာသို့ ပြေးကြရသည်။ တပတ်တခါမှ လျှော်ဖြစ်သော အ၀တ်များကို အိမ်မှာလှမ်းဖို့ကလဲ အခက်သား ထို့ကြောင့် အ၀တ်လျှော်စက်နှင့် အခြောက်ခံစက်တွဲလျှက်ရှိရာသို့ သွားကြရသည်။
          ဒုက္ခသည်အခြေချ နေထိုင်သူများအဖြစ် အသစ်ရောက်ရှိလာသော သူတွေကတော့ အ၀တ်ထုပ်ကြီးတွေကိုထမ်း တွန်းလှည်းတွေနှင့်တွန်းရင်း၊ ကြားထဲက ရင်သွေးငယ်ကိုလည်း ချီထားရင်း သွားရောက်လျှော်ဖွတ်ကြရသည်။ ဒုက္ခသည်ဟု အမေရိကန်တို့မှ သတ်မှတ်ပြီး တလေးတစား ခေါ်ယူ ကျွေးမွေးပြုစုထားကြသည့် မြန်မာပြည်သားတို့လည်း အမေရိကန်မြေပေါ်တွင် ဒီမိုကရေစီအရသာ အပြည့်အ၀ကို ခံယူရင်း နွေကာလကို ဆင်နွဲကြပေတော့မည်။

          ဘတ်ဖလိုမြို့ နှင့် ပတ်ဝန်းကျင် အီရီမြစ် ကမ်းခြေတလျှောက် ညနေခင်း လေးနာရီခွဲကျော်ကျော်မှ ည ကိုးနာရီနီးပါးအထိ သူတို့တတွေ ရှိတတ်ကြသည်။ စည်ကားချက်ကလဲ လူပေါင်းနှစ်ရာကျော် သုံးရာ ဦးရေလောက် ရှိကြသည်။ ဘောလီဘောပုတ် ခြင်းတွေခတ်ကြသည်။ ကရင် ဗမာ လူငယ်လူကြီးတွေက ကရင် ဗမာဘာသာစကားတွေနှင့် အော်ဟစ်ကြ အားပေးကြ ဆဲကြ ဆိုကြ။ သူတို့ တတွေနှင့် မလှမ်းမကမ်းမှာလည်း မူလတန်းနှင့် အလယ်တန်းအရွယ် ကလေးငယ်များကလည်း တဦးနှင့် တဦး အမေရိကန်အင်္ဂလိပ်ဘာသာ စကားဖြင့် အများစုက ပြောဆိုကြပြီး ပြေးလွှားခုန်ပေါက်ကာ ကစားကြသည်။
          ဒါကလည်း နိုင်ငံတကာရောက် ကရင်လူမျိုးများတို့၏ ဘ၀တစိတ်တဒေသ မြင်ကွင်းလေး တခုဖြစ်ပါသည်။ ဆောင်းတွင်းကာလတုန်းက ဆိုလျှင် ဒီလိုနေရာတွင် တွေ့ဖို့ဆိုသည်က စဉ်းစားကောင်းသည့် ကိစ္စတခုမဟုတ်၊ တငြိမ့်ငြိမ့် စီးဆင်းနေတတ်သော အီရီမြစ်ကြီးသည်ပင် ဖြူဖွေးသော အနွေးထည်ကြီးကို ၀တ်ဆင်ထားသည့်ပမာ နှင်းများဖြင့် အေးခဲနေတတ်သည်။ သည်နှစ်တော့ ထူးထူးခြားခြား အီရီမြစ်ကြီး ရေမခဲခဲ့ပါ။
          ထိုကဲ့သို့ ဆောင်းတွင်းကာလ ခြောက်လနီးပါး အတွင်း အမေရိကန်ရောက် ကျနော်တို့ မြန်မာပြည်သားများ အ၀တ်လျှော်ဆိုင်ကြီးများတွင် တဦးနှင့် တဦး တမိသားစုနှင့် တမိသားစု ဆုံတတ်ကြသည်။ အမိမြန်မာနိုင်ငံတွင်သော်၎င်း အသီးသီးသော ဒုက္ခသည်စခန်းများတွင်သော်၎င်း နေခဲ့ကြစဉ်က ရေဘုံဘိုင်အနီး မြစ်ရိုးချောင်းရိုးဘေးလေးတလျှောက်တွင် ဆုံခဲ့ကြသလိုပင်။ ယခုတွင် ဖခင်တွေ လူပျိုလေးတွေကလည်း ကွမ်းတမြုံ့မြုံ့ဝါးရင်း စနေ တနင်္ဂနွေနေ့တွေမှာ အတော်များများက အ၀တ်လျှော်ဆိုင်တွေမှာ ဆုံနေကြတုန်းပင်။
          တခုတော့ မေတ္တာရပ်ခံပါရစေ မိမိ၏ မိတ်ဆွေ ဆွေမျိုးသားချင်းများ ကျနော်တို့နေထိုင်ရာ ဘတ်ဖလိုးမြို့သို့ ရောက်ရှိလာမည် ဆိုပါက သူတို့အတွက် စေတနာထက်သန်စွာဖြင့် မြန်မာပြည်မှ အစားအသောက်တွေကို ကျေးဇူးပြု၍ ပို့ပေးမထားကြပါနှင့် ပို့ပေးထားမည်ဆိုပါက ကျောက်ပန်းတောင်းမြို့သို့ တကူးတကကြီး ထန်းလျှက်ပို့ပေးသလို သွားရောင်းချ သလိုဖြစ်နေပါလိမ့်မည်။

          မြန်မာပြည်သားများစားသော အစားအသောက်များရောင်းချသောဆိုင် ခြောက်ဆိုင်မက ရှိပါသည်။ လက်ဖက် ဒညင်းသီးအိုးစိမ် ဒန့်ဒလွန်သီး မျှစ် မှစ၍ အစုံ လိုရာရှိပါသည်။ ကျနော် တခါ စိတ်ကူးပေါက်၍ မျက်နှာပြင်တွင် တခါတရံထွက်သော ၀က်ခြံကို ထုံးလေးတို့ဖို့ အစမ်းသဘောဖြင့် ကွမ်းစားထုံးထုပ်ကို သွားဝယ်ရာ ရန်ကုန် လှည်းတန်းဈေးတွင် သွားဝယ်သကဲ့သို့ လွယ်လွယ်ကူကူ ၀ယ်လို့ရခဲ့သည်။
          နံနက်ခင်း သို့မဟုတ် ညနေခင်းအချိန်တွင် လမ်းလျှောက်၍ ဖြစ်စေ သို့မဟုတ် ကားမောင်း၍ဖြစ်စေ ဘတ်ဖလိုးမြို့၏ အနောက်ပိုင်းရပ်ကွက် (West side) သို့ မိတ်ဆွေရောက်ခဲ့ပါက ကရင်နီ ချင်း ဗမာ ကရင် လူမျိုးစုများတို့ကို ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါသည်။ တခါတရံလည်း တွေးမိသည် ငါရောက်နေတာ အမေရိကန်မှ ဟုတ်ရဲ့လား၊ ဗမာ ကရင် ချင်း မွန်လူမျိုးတွေ စုပေါင်းပြီး နေထိုင်သော ရွာကြီးကို အမေရိကားကို ရွေ့ထားသကဲ့သို့ ခံစားရသည်။
          ဒီနှစ်တွင် မြန်မာမိသားစုတွေထဲမှ ထူးထူးခြားခြား ဗမာလူမျိုး သမီးငယ်တဦး ကရင်လူငယ်လေး သုံးဦး၊ ချင်းလူမျိုး အထက်တန်းကျောင်းသားတဦး ဘတ်ဖလိုးမြို့၏ ထိပ်တန်းထူးချွန်ကျောင်းသား ကျောင်းသူများ စာရင်းဝင်တွေ ဖြစ်သွားကြသည်။ မိဘများ ဂုဏ်ယူကြသလို မြန်မာမိသားစုများ ကြည်နူးမုဒိတာပွားကြသည်။

          တကယ်တော့ သူတို့လေးတွေ အတွက် ရုန်းကန်ရင်ဆိုင်ရသော တိုက်ပွဲကြီးတွေက နေ့တိုင်း။ မြန်မာပြည်သား ဒုက္ခသည်ကျောင်းသား ကျောင်းသူများကို ဌါနေ အမေရိကန်ကျောင်းသူ ကျောင်းသား တော်တောများများက ချိုင်းနိတရုတ်လူမျိုးတွေဆိုပြီး မုန်းတီးကြသည်။ စော်ကားမှု့တွေခံရသည် ကလည်း အဆန်းမဟုတ်တော့။ ကျောင်းတော်က ရန်စတွေက ရပ်ကွက်ထဲအထိပင် တခါတရံကူးစက်တတ်ကြသည် တဖက်သတ် အနိုင်ကျင့်မှု့တွေကို သည်းမခံနိုင်တော့သည့်အဆုံး တော်လှန်ရေးစိတ် ဇ ရှိသည့် ကရင်ကျောင်းသားစု တို့ကလည်း အုပ်စုခြင်းတည်ပြီး ရိုက်ကြသည် အထိဖြစ်ကြသည်။
          လက်တီးနိုး ကျောင်းသား ငါးဦးလောက်ကို ရဲကဖမ်းသွားပြီး တရားရုံးမှာ အမှု့ရင်ဆိုင်ကြရသည်။ ဘတ်ဖလိုးမြို့ အထူးဆေးရုံကြီး၏ ကြီးကြပ်စောင့်ကြည့်ဆောင်တွင် အောက်စီဂျင်ပိုက်တတ်လျှက်သား မသေကောင်းမပျောက်ကောင်း ဓါးထိုးခံရသော ကရင်လူငယ်လေးကို ကျနော်သွားကြည့်ခဲ့ရဘူးသည်။
          လူကြီးတွေ အတွက်ကတော့ ဘာသာစကားအခက်အခဲ မသင်ကြားနိုင်ခဲ့ရသော ပညာရေးနံရံကြီးတွေက ၎င်းတို့ အလုပ်ခွင်ဝင်ရောက်နိုင်ရေးနှင့် အလုပ်ခွင်တွင်းတွင် တကယ် အတားအဆီးကြီးတွေပါ။ အနှိမ်ခံရသောနေရာတွင် အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ကြခြင်းဖြင့် မြန်မာပြည်သားတွေကို နှစ်သက်သော ဦးစားပေးသော စက်ရုံကြီးတွေတောင် ရှိလာပေပြီ။
          သို့သော အခက်အခဲများကတော့ ရှိနေဆဲ၊ ရင်ဆိုင်နေဆဲ ၊ ရုန်းကန်ကျော်ဖြတ်နေဆဲ။ တဖက်က လူငယ်ကျောင်းသား ကျောင်းသူတွေကလဲ သူတို့၏စစ်မြေပြင်နှင့် သူတို့ကျောင်းတွင်း အနိုင်ကျင့်မှု့များကို ရင်ဆိုင်ရခံကြရဆဲ။ တချို့ လူငယ်ကျောင်းသားလေးများ ဆိုရင် ကျောင်းကိုပင် မသွားတော့ ထိုကိစ္စကို မိဘများကလဲ ဘာမျှ လုပ်ပေး၍ မရ။ ကျောင်းအာဏာပိုင် တချို့က လူနည်းစု မြန်မာကျောင်းသား တချို့ကို အခြားကျောင်းသို့ ပြောင်းရွှေ့စေပြီး ပြဿနာအေးအောင် အကောင်းဆုံး စီမံပေးကြသည်။

          မတတ်တခေါက် အင်္ဂလိပ်ဖြင့် စကားပြန်လုပ်ပေးနေရသော ကျနော့်အတွက် နောက်လာမည့် နှစ်များတွင် ဒီက အထက်တန်းကျောင်းသား ကျောင်းသူတို့၏ အင်္ဂလိပ်စာအရေးအသား အပြောအဆို များကို ယှဉ်၍ ရတော့မည် မဟုတ်။ သူတို့၏ အင်္ဂလိပ်စာ အရေးအသား အပြောအဆိုများသည် အဆင့်မြင့်လေခြင်း။ တချို့သား သမီးတွေကလည်း ပြေးလွှားရုန်းကန်ရင်း မရေရာမသေချာသော အနာဂါတ် ကာလကြီးတခုကို ဖြတ်သန်းခဲ့ရသော မိဘများကို သူတို့လိုအင်္ဂလိပ်စာမတတ်ရကောင်းလား ဟူ၍ အထင်မြင်သေးမှုတွေလဲ ရှိလာသည်။
          ဈေးဆိုင်ကြီးတွေကို သွားတော့ သမီးငယ်လေးက ရှစ်နှစ်ကျော်ကျော် သာသာအရွယ် မိခင်နှင့် ဖခင်ကြီး အတွက် အိမ်သုံးပစ္စည်းတွေ ၀ယ်သောအခါ သူက စကားပြန် မိဘနှစ်ဦးက ကျေနပ်ပြီး တပြုံးပြုံး။ တဖက်မှာလည်း အမေရိကန်တွေရဲ့ မကောင်းသော စရိုက်များ အပြောအဆို အနေအထိုင်တွေကို ပုံတူကူးချပြီး ဆံပင်တွေ အရောင်ဆိုး၊ ဘောင်ဘီရှည်ကို တင်ကျလျှောဝတ်၊  မူးယစ်ဆေးဝါးသုံးစွဲ၊ စည်းကမ်းမရှိသော လိင်မှုကိစ္စများပြုလုပ်နေသော နှစ်သက်သော လူငယ်တချို့ရဲ့ စာရိတ္တသံချေးတက်မှု့များကိုလည်း ၀မ်းနည်းဖွယ် မြင်တွေ့ရပါတယ်။
          ကျနော်တို့ ဘတ်ဖလိုးမြို့ကို ရောက်ပြီး သုံးလနှင့် ခြောက်လတာအတွင်း သက်ဆိုင်ရာ ပြန်လည်နေရာချထားရေးရုံးတွေက တတ်နိုင်သလောက် ကူညီမှု့ပေးပြီး လုပ်ဆောင်ကြပါတယ်။ မေတ္တာနှင့် နွေးထွေးစွာ ကြိုဆို လုပ်ဆောင်မှုပေးကြသော နေရာချထားရေး ၀န်ထမ်းများလည်း ရှိသလို အလုပ်သဘော လစာအတိုင်းအတာ တခုရဖို့ ပုံမှန်အလုပ်လိုပဲ သဘောထား စေတနာမဲ့ လုပ်ဆောင်မှု့တွေကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည်အပါအ၀င် ဆူဒန်၊ အီရတ်၊ ဆိုမာလီ၊  ဘူတန်နိုင်ငံများက မျက်နှာငယ်၊ ဒုက္ခသည်အသစ် စက်စက်တွေလည်း ဘတ်ဖလိုးရဲ့ နှင်းတော ရေခဲပြင်တွေမှာ ဒုက္ခ အကြိမ်ကြိမ်ရောက်ကျရသော ဇာတ်လမ်းအစုံစုံကိုလည်း ဒီမြို့မှာ ကြားနိုင်ပါတယ်။
          “ဘယ်အရာကိစ္စ အသီးသီးတွေကိုတော့ ကျနော်တို့ ဘယ်လုပ်ပေးလို့ ရမလဲဗျာ။ သတ်မှတ်ထားတဲ့ ငွေကြေးအချိန်ကာလ တခုအထိသာ ကျနော်တို့ တာဝန်ရှိတာပါ။ ကျန်တဲ့ကိစ္စတွေကတော့ သူတို့ဘာသာ ဆက်ပြီး လျှောက်ရမှာပေါ့။ ဘယ့်နှယ် … ရုံးတွေသွားရင်လဲ စကားပြန်။ ဈေးဝယ်ရင်လဲ စကားပြန်။ စီစဉ်ပေးလုပ်ပေးပါတယ်။ ကျနော့်ရုံးက နိုင်သလောက်ပေါ့။ ဒါပေမဲ့ လောင်းကစားရုံသွားတာတို့ ဆေးခြောက်ဝယ် သောက်တာတို့ကျတော့ ဘာစကားပြန်မှ မလိုပါလား”
          မြန်မာနိုင်ငံတွင်မွေးဖွားပြီး ဒုက္ခသည် အဖြစ် ရောက်ရှိကာ Case Worker( ပြန်လည်နေရာချထားရေး အတွက် တာဝန်ယူ ဆောင်ရွက်ရသူ) တစ်ဦး၏ ရင်ဖွင့်သံကလဲ ဟုတ်တုတ်တုတ်။ ဘာပဲဖြစ်ဖြစ် နှစ်ဘက်စလုံးမှာ အမှန်တရားတွေ ရှိနေကြသည်။
          တချို့ ဒုက္ခသည်စခန်းမှ ရောက်ရှိလာသော မိတ်ဆွေတချို့ကလဲ အမေရိကားရောက်မှ အလုပ်ရကြသည်။ ဒုက္ခသည်စခန်းကြီးတွေရှိလို့ ထိုင်းလူမျိုးတခ့နှင့် အန်ဂျီအို ၀န်ထမ်းတွေ အဆက်အသွယ်နှင့် အဆင်ပြေကြသည်။ ထို့ကြောင့် ၎င်းတို့အမေရိကန်ကို အခြေချမြေနင်းကတည်းက အမေရိကန်အစိုးရမှ ၎င်းနှင့်မိသားစုဝင်များကို တသက်တာလုံး ကြည့်ရှု့ စောင့်ရှောက်ဖို့ ဆောင်ရွက် လုပ်ကိုင်ပေးဖို့ လိုကြောင်း ကျနော့်အား ခပ်တည်တည်နှင့် ပြောပြတာလဲ ရှိသည်။ သူလဲ သူ့ခံယူမှု့ နှင့် သူ။

          “အေး ..ငါညီရယ် စဉ်းစားကြည့်ပါဦးကွာ။ ဒုက္ခသည်စခန်းမှာ ငါနေတုန်းက လူတွေက ပြောတယ် … အမေရိကန်နိုင်ငံဆိုတာ ဒုတိယကောင်းကင်နိုင်ငံပဲ … တဲ့။ စားချင်တာ အကုန်ရှိ၊ သွားချင်တာသွား၊ အဖက်ဖက်က ပြည်စုံနေတာတဲ့ ငါလဲ ဒီရောက်တာ လေးနှစ်ရှိပြီ မနက်မိုးလင်းတာနဲ့ ဆိုင်ကို အရောက်ပြေး ဆူးရှီလိတ်၊ ညမိုးချုပ်တော့မှပြန်။  နောက်တနေ့လဲ ဒီလိုပဲ ။ ဆူးရှီးလိတ်နဲ့ တပတ်တပတ် တလတလ တနှစ်တနှစ်ကုန်သွားလိုက်တာ။  ငါ့ပုံလဲ ဆူးရှီမှန်ဗီဒိုကြီးထဲက ဆူရှီးလိတ်လို အေးစက်စက်ကြီး ဖြစ်နေပြီကွာ။ အိမ်ပြန်လာရင်လဲ ပင်ပမ်းလို့ မိသားစုနဲ့လည်း အချိန်သိပ်မပေးနိုင်တော့ဘူး။  ဒုက္ခသည် စခန်းမှာ နေတုန်းကတောင် ရွာရိုးကိုးပေါက်၊ စခန်းကမိတ်ဆွေအိမ်တွေဆီ သွားလည်၊ လူမှုရေးတွေ လုပ်လို့ရသေးတယ်။ ငါစဉ်းစားကြည့်တယ်။ ဒါတောင် ဒုတိယကောင်းကင်နိုင်ငံပဲရှိသေးတယ်၊ ပထမကောင်းကင်နိုင်ငံဆိုရင် ဒုက္ခပဲ။ နေပါစေတော့ … ။  ဒီဒုတိယကောင်းကင် နိုင်ငံတော်နဲ့တင် လုံလောက်ပါပြီကွာ”
ဟူ၍ ကရင်စစ်ပြန်တဦး၏ အမေရိကန်နိုင်ငံအပေါ်၎င်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း ပြုံး၍ ကျနော် နားထောင်မိသည်။ ဟုတ်ပေလိမ့်မည် သူလဲ သူ့ဘ၀ဒဿနနှင့် သူ။
          ဗုဒ္ဓသာသနာသည်လဲ ကျနော်နေသော ဘတ်ဖလိုးမြို့တွင် ထွန်းကားပြန်ပွားသည်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသည်။ တောင်ကျောင်းနှင့် မြောက်ကျောင်းမဟုတ်ပါ။ ဒုက္ခသည်စခန်းမှ အများစု ရောက်ရှိ လာကြသော ဒကာ ဒကာမများ စုပေါင်း၍ တည်ထောင်ထားသော ကျောင်းကို “ရွှေမင်းဝံကျောင်းတိုက်” သို့မဟုတ် “ဒုက္ခသည်ကျောင်း” ဟူ၍ အမည်ပေးထားသည်။
          ဆူရှီလုပ်ငန်းရှင်များ အပါအ၀င် ဘတ်ဖလိုးရောက် မြန်မာမိသားစုဝင်များ စုပေါင်း တည်ထောင်ထားသည့် ကျောင်းကိုလည်း “ဇေယျာသီရိကျောင်းတိုက်” သို့မဟုတ် “ဆူရှီကျောင်း” ဟူ၍ အမည်ပေးထားကြသည်။
"ဒီနေ့ ဒုက္ခသည်ကျောင်းမှာ မောင်ဘယ်သူရဲ့ မွေးနေ့ဆွမ်းကျွေးရှိသည် …" ဆိုရင် … ရောက်ကြပြီ။
“ကျနော့်ကို လာရှာရင် ဒီညနေ ဆူရှီကျောင်းမှာ တရားထိုင်နေမယ်” စသည့် သူ့ကျောင်းနှင့်သူ တမျိုးစီ ချစ်စရာကောင်းသော ဘာသာရေး သာရေးနာရေး လူမှုရေး လှုပ်ရှားမှု့တွေ ရှိကြသည်။

          ဓမ္မသံစဉ်ကျူးသံများ လျှံ၍ ထွက်လာတတ်သော ကရင်လူမျိုးတို့၏ အပတ်စဉ် တနင်္ဂနွေ ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် လူပေါင်း သုံးရာနှင့် လေးရာ ပတ်ဝန်းကျင်တော့ ရှိစမြဲ။ တောင်တန်းသား ချင်းညီအကို မောင်နှမများကလည်း ဘာသာစကားအလိုက် အစုလိုက် ၀တ်ပြုကိုးကွယ်မှုတွေ ရှိသည်။ ကျနော် သိသလောက်တော့ ငါးနေရာထက်မနည်းသော နေရာတွေမှာ သူတို့တွေ ဘုရားဝတ်ပြု ချီးမွှန်းခြင်းပြုတတ်ကြသည်။
          ရွှေ့ပြောင်းရောက်ရှိ အခြေချ နေထိုင်ကြသူ အသီးသီးတို့သည် မိမိတို့၏ ဘ၀ သံစဉ်စည်းချက်နှင့်အညီ နေ့စဉ် ခရီးနင်နေကြရသည်။ တနှစ်တခါ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပပြီး လူပရိသတ် ထောင်ကျော် တက်ရောက် ဆင်နွဲကြသည်မှာ ပျော်စရာကောင်းလှပါသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရိုးရာ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေ ရှိသည်။


          ဆယ်ကျော်သက်များနှင့် မိဘတို့၏ပဋိပက္ခများများလည်း ရှိတတ်သောကြောင့် သက်ဆိုင်ရာ ဘုန်ကြီးကျောင်း၊ ခရစ်ယန်ဘုရားကျောင်းတို့ကလည်း လူငယ်များကို ဂရုစိုက်၍ လမ်းကြောင်းမှန်အောင် အတတ်နိုင်ဆုံး ဆုံးမသွန်သင်ကြသည်။ တခါတရံလဲ အာရိယာန်နွယ်ဝင် မြန်မာပြည်ဖွားများထဲမှ တချို့ကြောင့် မြန်မာနိုင်ငံနှင့် စပ်ဆိုင်သော လူမှုရေး သာရေး နာရေး ကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲလေးတွေ တော့ ရှိတတ်ကြသည်။
          ဟိုး … မြန်မာပြည်မှာက လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးနှင့် ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးနေကြပြီး အောင်မြင် ခရီးရောက်မှုလေးတွေ သူ့ အတိုင်းအတာနှင့်သူ ရှိကြသည်။ ကျနော် နေထိုင်သော အရပ်နှင့် အခြားမြို့များတွင်လဲ အချင်းချင်း ငြိမ်းချမ်းမှုများ အပြန်အလှန်နားလည်မှုများ ရှိလာအောင် လုပ်ဆောင်ပေးနေသူများကိုလဲ လေးစားဂုဏ်ယူမိပါသည်။
          ဒီမြို့သို့ ရောက်ပြီး တနှစ်ကျော်အတွင်း၊ အချို့က ဒီထက်ပင် စောသေးသည် ကားဝယ်နိုင်ကြသည်။ ရပ်ကွက်လမ်းများ ဟိုင်းဝေးလမ်းများပေါ်တွင် ကျနော်တို့ မြန်မာနိုင်ငံသားများ အရောင်အသွေးစုံနေသည့် ကားများပေါ်တွင် အပြုံးကိုယ်စီဖြင့် ကြည်နူးစရာကောင်းသည်။ တဖက်ကလဲ အရက်မူးပြီး ကားမောင်းခြင်း လမ်းပြောင်းပြန် မောင်း၍တနည်း၊  စွန့်စားကာ မီးနီကို ဖြတ်၍ မောင်းခြင်းတမျိုး ၊အသီးသီးသော အကြောင်းအရာတို့ကြောင့် တရားရုံးတွင် အမိမြန်မာနိုင်ငံသားများကို မျက်နှာသေလေးတွေနှင့် တွေ့နိုင်သည်။
          “ဘယ်သိမှာလဲ အကိုရယ် ဒီကလေးက ကျမပြောတာလဲ နားမထောင် ဂျစ်ကန်ကန်လုပ်နေတာနဲ့ အားရ ပါးရ တီးလိုက်တာပေါ့။ လမ်းမပေါ်မှာ ဆိုတော့ တချို့လူတွေက ၀ိုင်းပြီး ကြည့်ကြတာပေါ့ သူကငို ကျမက တီး။ ဒီလိုနဲ့ မကြာခင် ရဲကားရောက်လာပြီး ကျမကို ဖမ်းပြီး ကားပေါ်တင်သွားတာပါ။ ဒီမှာက ကိုယ့်ကလေးကို ကို ရိုက်မိတာ အပြစ်လား အကိုရယ်”
ဟု မျက်ရည်များကျလျှက် နော်မူတီးက ပြောရှာသည်။ ရင်သွေးနှစ်ဦးနှင့် ၎င်း၏ ချစ်စွာသော ခင်းပွန်းကို လုံခြုံ စိတ်ချစေရန် အမေရိကန်ရဲများက ရိပ်သာတခုကို ခေါ်သွားပြီး သုံးလလောက် ထားလိုက်သည်။
          သူမကလဲ ငို။ ဟိုသားအဖသုံးယောက်ကလဲ ဘာဆိုဘာမှန်းမသိလိုက်ပဲ လုံခြုံရေး ရိပ်သာကို ရောက်သွားသည်။ မြန်မာနိုင်ငံတွင်း ကျေးလက်များနှင့် ဒုက္ခသည်စခန်းများတွင် မိမိသားသမီးများကို ရိုက်နက် ဆုံးမပါက ကိစ္စတော့ သိပ်မရှိ။ ဒီမှာက အတော့်ကို ပြစ်မှု့ကြီးသည်ကို နော်မူးတီး မသိရှာ။ ဂျစ်ကန်ကန် ပေကပ်ကပ် လုပ်နေသော သမီးငယ်ကို လမ်းမပေါ် အားရပါးရ တီးမိလိုက်တော့ အနီးအနားရှိ အမေရိကန်တို့က ရဲကို အကြောင်းလိုက်သည်။ သူလဲအချုပ်ထဲမှာ တပတ် မိသားစု အတူပြန်၍ နေနိုင်ကြဖို့ ခြောက်လနီးပါး တရားရုံးတက်ပြီး ဖြေရှင်းလိုက်ရသည်။
          အခုတော့လဲ ထပ်ပြီး အတိုးချကာ ချစ်လွန်းလို့ ကလေးနှစ်ဦးပင် ထပ်မွေးလိုက် သေးသည်။
“အေး..အကိုရယ် အမေရိကန်က တမျိုးကြီးနော်။ အခုတော့ ကျမ ကလေးကို မရိုက်တော့ပါဘူး”
ဟူ၍ ပြုံး၍ ပြောရှာသည်။ ဒေါနတောင်တန်း ကျေးလက်တခုတွင် မွေးဖွား၍ ဒုက္ခသည်စခန်းတခုတွင် ငါးနှစ်ခန့် နေထိုင်ပြီး သူလဲ ဂျမ့်ပရိုမိုးရှင်းနှင့် နိုင်ငံတနိုင်ငံက လေကြောင်းလိုင်းတခုကို ခပ်တည်တည်စီးခဲ့ကာ ကျနော်နေထိုင်သော မြို့ကလေးကို မိသားစုနှင့် ရောက်လာခဲ့သူ။
          သူတို့ ဒုတိယသားကို မွေးတုန်းကလဲ
“ အကိုရယ် ကျနော်တို့ နှစ်ယောက် တိုင်ပင်ထားလို့ပါ ။ ဒီသားကိုတော့ ကရင်နာမည် မပေးချင်တော့ပါဘူး။ ဒီအမေရိကန်ရောက်တော့ အမေရိကန်နာမည်လေး တခုလောက် ရှာပြီး မှည့်ပေးပါဦး။"
အလွန်ပျော်ရွှင်နေသော ခင်ပွန်းဖြစ်သူက အမေရိကန်နာမည်လေး တလုံး သားအတွက် ကင်ပွန်းတတ်ရန် အလွန်အာသီသ ပြင်းထန်နေသည်။
          ဘာလုပ်ရမည်မှန်းမသိ၊ ကျနော်လဲ ဘယ်ကလေးငယ်ကိုမှ နာမည် မပေးဘူး အချိန်နှစ်ရက်ယူပြီး သူတို့ဆီကို ပြန်သွားပြီး
“ကဲကွာ…မင်းသားကို မောင်ဂျက်ကော့(Jacob) ကွာ မင်းနာမည်က တီပါအေး ဆိုတော့ မင်းသားက ဂျက်ကော့အေး (Jacob Aye) …ပေါ့ကွာ။"
 သူတို့လဲ သဘောကျ ကျနော်လဲပျော်။  ဘာလိုလိုနဲ့ စောဂျက်ကော့အေးလဲ အခု အသက်သုံးနှစ်ပြည့်ပေပြီ။
          ဘတ်ဖလိုးမြို့၏ အနောက်ပိုင်း (West Side)သည် မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက် အခြေချနေထိုင်သူ အများဆုံး နေထိုင်ကြသည်။ ကလေးတွန်းလှည်းလေးပေါ်တွင် ရင်သွေးငယ် သုံးဦးကို တင်တွန်းပြီး နွေ၏ အရသာကို အပြည့်အ၀ခံစားနေသော နော်မူတီးကို မိတ်ဆွေတို့ မြင်နိုင်ပါသည်။ သူမအတွက်လည်း နွေဦးသည် သူ့အဓိပ္ပါယ်နှင့်သူ။

          ဤမြို့ကလေးကို မြန်မာပြည်သားထဲမှ ဒုက္ခသည်အဖြစ် အဦးဆုံးရောက်ရှိသူများထဲတွင် ကိုမျိုးသန့်တယောက်လဲ အပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနီးတွင် နှစ်အတန်ကြာ ကိုယ်ရံတော်တဦးအဖြစ် နေထိုင် တာဝန်ယူခဲ့သူ တဦး မြစ်ဝကျွန်းပေါ်ဇာတိ ဖြစ်သည် ယခုနိုင်ငံရေးသိပ္ပံ ဘာသာရပ်၌ ထူးချွန်စွာ ပါရဂူဟူသော ဒေါက်တာဘွဲ့ကို မကြာမှီရရှိတော့မည်။
          မနှစ်က ပိုလန်အနွယ်ဝင် အမေရိကန်သူ တဦးနှင့် အကြောင်းပါ၍ လက်ထပ်ခဲ့ပြီး ဒီနှစ်နွေဦးကို ပိုလန်မြန်မာအနွယ် ကပြားသမီးငယ်လေးနှင့် အတူ ဆင်နွဲပေတော့မည်။ မုဒိတာပွားလောက်ပေသည်။ ထူးထူးခြားခြား ဒီနှစ်နွေဦး မတိုင်ခင် ဘာဖလိုးမြို့သည် မြန်မာပြည်ဖွား လူပျိုသိုးကြီးများ ကျွတ်တန်းဝင်ကြသော ထူးခြားသော နွေပါ။
          လမ်းဘေးတလျှောက် ဆေးရောင်စုံ ပန်းကလေးများ အစီအရီဖူးပွင့်ကာ သူတို့လဲ နွေဦးကို ကြိုသည်။ ခြောက်လတာကာလပတ်လုံး သွေ့ခြောက်မဲညစ်ပြီး အသက်ကင်းမဲ့ သလို ဖြစ်နေခဲ့သော ပန်းမာန်များတို့သည် ယခုတော့ မိမိ၏ အလှနှင့် အေးခဲသော ဆောင်း၏ ဒါဏ်ကို ကြံကြံခံနိုင်ခဲ့ကြောင်း သက်သေ သတ္တိသွေးကို အပြုံးကိုယ်စီဖြင့် ပြနိုင်ကြပေပြီ။
ကြည်နူစရာကောင်းသော နွေပင်တကား။ သက်ရှိသတ္တ၀ါတိုင်း သူ့နည်းသူ့ဟန်ဖြင့် နွေကို ခံစားမှုမတူ ကွဲပြားမှု့လေးတွေနှင့် ကြိုဆိုကြသည်။
          အီရီမြစ်ကမ်းဘေးတွင် ငါးမျှားတံလေးနှင့် ငါးမျှားနေသော ကချင်တိုင်းရင်းသားတဦးသည် တငြိမ့်ငြိမ့်စီးနေသော မြစ်ပြင်ကို ကြည့်ရင်း မိမိ၏ ဧရာဝတီကို သတိရ၍နေသည်။ မွန်နှင့်ကရင်လူမျိုးများကလဲ သံလွင်ကို တမ်းတရင်း သောင်းရင်းကိုလဲ လွမ်းစိတ်ကလေး ပိုမိကြမည်။ ဘယ်လိုပဲ ပြောပြော မိမိ၏ ဇာတိရပ်ရွာ မွေးရပ်မြေသည် မည်သည့်ဌါန အရပ်နှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပါ။
          မြစ်ပြင်ပေါ်ဝယ် ဇင်ယော်ငှက်လေးများ ၀ဲ၍ နှိမ့်ကာမြင့်ကာ ပျံဝဲနေကြသည်။ အီရီမြစ်ကြီးသည်လဲ တငြိမ့်ငြိမ့်လေး စီးဆင်းနေဆဲ ကျနော်တို့၏ ဘ၀များသည်လဲ ဆက်၍ ဆက်၍ စီးဆင်းနေကြဆဲ ရုန်ကန် ရင်ဆိုင်နေဆဲပင် … … …။    ။
နွေနှင့် အတူ
          လောအယ်စိုး
          (လွန်ခဲ့ ၂၀၁၂ အမေရိကန်နွေ (ဇွန်၊ ဇူလိုင်၊ သြဂုတ်)က ပေးထားတဲ့ လက်ရေးစာမူ၊ ကဗျာဆရာ မိုးစဲနေက စာကူရိုက်ပေးလို့ အခုလို တင်ဆက်နိုင်တာဖြစ်ပါတယ်။ ကြန့်ကြာမှုတွေကို ခွင့်လွှတ်ပါ။ အီရီမြစ်ကြီးလည်း စီးနေဆဲပဲ မဟုတ်လား (မိုးမခစာတည်း))

Posted by Maung Yit at 5:57 PM 0 comments  

Ku Mo Jo - Parent's fault


ကာတွန်းကူမိုးကြိုး - မိဘမကောင်း သားသမီးခေါင်း
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
Posted by Maung Yit at 5:03 PM 0 comments  

88 Generation Htay Kywe to visit USA meet with Burmese


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အမေရိကန်ခရီးစဉ် ဆန်ဖရန်ဘေးဧရိယာမြန်မာတို့နှင့် ဆုံမည်
မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
ဖေဖော်ဝါရီလကုန် ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးညီလာခံကို တက်ရောက်မယ့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် မတ်လထဲမှာ အမေရိကန်ပြည်ထောင်စုကိုလည်း ၀င်ရောက်မယ်လို့ သိရရှိရပါတယ်။
မတ်လလယ်မှာ ရောက်ရှိမယ့် ကိုဌေးကြွယ်နဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာကွန်မြူနီတီတို့ တွေ့ဆုံရန် ၀ိုင်းဝန်းစီစဉ်နေတယ်လို့ ၎င်းရဲ့မိတ်ဆွေ ကိုမောင်မောင်သိန်းက မိုးမခကို ပြောကြားပါတယ်။ မေရီလန်းပြည်နယ်နဲ့ နယူးယောက်ပြည်နယ်က မြန်မာမိသားစုများနဲ့ တွေဆုံပွဲတွေ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာကွန်မြူနီတီ မိသားစုများ၊ မြန်မာ့အရေး နိုးကြားလှုပ်ရှားသူများနဲ့ တွေ့ဆုံပွဲတရပ်ကိုတော့ မတ်လ ၂၉ ရက် သောကြာနေ့ ညနေခင်းမှာ စီစဉ်နိုင်ဖို့ ကြိုးစားနေကြောင်း ဆန်ဖရန်ဘေးဧရိယာက ကိုထွန်းမြတ်ဦးက ပြောကြားလိုက်ပါတယ်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာမြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲကို မြန်မာကွန်မြူနီတီက အဖွဲ့အစည်းများ၊ လူမှုအဖွဲ့များနဲ့အတူ မိုးမခမီဒီယာကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ တင်ပြလိုက်ပါတယ်။ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုမောင်မောင်သိန်း (၄၁၅-၆၈၀-၈၈၀၆) ကို ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။

ကိုဌေးကြွယ်အကြောင်း အကျဉ်းချူပ်တင်ပြချက် …
ကိုဌေးကြွယ်ဟာ ၈၈ အရေးတော်ပုံကာလမှာ ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပါတယ်။ ၁၉၈၈၊ မတ်လ ၁၆နေ့ မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ် အင်ယားကန်စောင်းမှာ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့တဲ့ တံတားနီအရေးအခင်းမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး မတ်လ ၂၂ မှာတော့ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဂျုလိုင်လမှာ ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် ၈လေးလုံးအရေးတော်ပုံကြီး (၈လ ၈ရက် ၈၈) မှာ ရှေ့တန်းက လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ဘီဘီစီအင်တာဗျုးများက မြန်မာတပြည်လုံးရဲ့ ဒီမိုကရေစီရေး စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၈ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးအဖြစ် ဆက်လက် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို စစ်တပ်က အာဏာလွှဲမပေးဘဲ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့ရာမှာ အခြား ကျောင်းသားများ၊ ပါတီဝင်များ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်သူ အများအပြား ဖမ်းဆီး နှိမ်နင်း သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ ၁၉၉၁ ဇူလိုင်မှာ စစ်အစိုးရက ကိုဌေးကြွယ်ကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလမှာ စစ်ခုံရုံးနဲ့ ထောင် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဌေးကြွယ်ဟာ အခြားလွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့ လက်တွဲပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖြစ် ဆက်လက်ရပ်တည်ပြီး ဒီမိုကရေစီရေးနှင့် အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၆ စက်တင်ဘာမှာ ၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို စတဲ့ ကျောင်းသားအများအပြားနဲ့အတူ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၀၇ ဇန်န၀ါရီမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြမှုများမှာ ဦးဆောင်ခဲ့ပြန်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားအများအပြားကို ရွှေဝါရောင်တော်လှန်ရေးအကြိုကာလကတည်းက စစ်အစိုးရက ဖမ်းဆီးနှိမ်နင်းခဲ့သော်လည်း ကိုဌေးကြွယ်ကတော့ လွတ်မြောက်နေခဲ့ပြီး၊ နောက်ဆုံးမှ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ စစ်အစိုးရက ၎င်းကို အပြင်းအထန် လိုက်လံရှာဖွေ ဖမ်းဆီးခြင်းပြုနေစဉ်မှာလည်း ၀ရမ်းပြေးသဖွယ်ဖြစ်နေတဲ့ ကိုဌေးကြွယ်က ပြည်ပရေဒီယိုသတင်းဌာနများကနေတဆင့် စစ်အစိုးရရဲ့ မတရားမှုများကို အဆက်မပြတ် ဖော်ထုတ်ပြောကြားခဲ့တာကြောင့် မြန်မာပြည်သူနဲ့ နိုင်ငံတကာက မြန်မာစစ်အစိုးရရဲ့ သရုပ်မှန်ကို သိရှိနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကင်ဆာရောဂါသည်မိခင်ကို နောက်ဆုံးလာတွေ့ဖို့ ကြိုးစားတဲ့အချိန် ၂၀၀၇ အောက်တိုဘာမှာ စစ်အစိုးရက သူ့နေအိမ်မှာ ပိတ်ဆို့ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ နောက်တလမှာ ကွယ်လွန်ခဲ့ပြီး ကိုဌေးကြွယ်ကို စစ်အစိုးရ မိခင်အသုဘကို တက်ရောက်ခွင့် မပြုဘဲ ဖမ်းဆီကန့်သတ်ထားခဲ့ပါတယ်။
တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ကိုဌေးကြွယ်ကို ၂၀၀၈ နိုဝင်ဘာကျမှ ထောင်ဒဏ် ၆၅ နှစ် စစ်အစိုးရက ချမှတ်ခဲ့ပါတယ်။ ၎င်းကို မြန်မာပြည် အနောက်ဖျားက ဗူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ ကျမှ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ စစ်အစိုးရနောက်ခံ ကြံ့ဖွံ့အစိုးရကနေ လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့အတူ ကိုဌေးကြွယ်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အကျဉ်းထောင်များက လွတ်မြောက်ပြီး ယခုအချိန်အထိ တောက်လျောက်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မျိုးဆက်သစ် ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ လက်တွဲပြီး မြန်မာပြည်ဒီမိုကရေစီရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ယခုအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလှုပ်ရှားမှုများကို တယောက်တလက် စုပေါင်း ဖော်ဆောင်နေတာကို တွေ့ရပါတယ်။
(အကိုးအကား - အင်တာနက်သတင်းများ၊ ၀ီကီပီဒီယား)
(ဓာတ်ပုံ မိုးမခ)
Posted by Maung Yit at 4:07 PM 0 comments  

Phone Shan (London Vihara) - Union Day Htamane Pwe


ပြည်ထောင်စုထမနဲပွဲ
ဘုန်းသျှံ၊ လန်ဒန်ဝိဟာရ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ထမနဲပွဲတော်ရက် ၂၀၁၃-ခု ဖေဖေါ်ဝါရီ (၂၅) ရက်သည် နီးကပ်လို့လာခဲ့ပါပြီ။ ထမနဲပွဲနေ့ရက်နီးလာတာနဲ့အမျှ ထမနဲထိုးကြမည့် အဖွဲအစည်း အသင်းအဖွဲ့တိုသည့်  လိုအပ်သည်တို့ကို ကြိုတင်စုဆောင်းပြင်ဆင်နေကြပါပြီ။ ကောက်ညှင်း အသစ်အဟောင်း ဈေးတွေကလဲ    တစ်ရိပ်ရိပ် တက်လာခဲ့ကြပြီ။ မဖြစ်မနေ ပါဝင်ပစ္စည်းဖြစ်တဲ့ နှမ်း, မြေပဲ, ဆီ, အုန်းသီး, ဂျင်း, စတဲ့ အရာတွေကလည်း ဈေးနည်းနည်း လှုပ်ချင်ကြသလိုပါပဲ။ ရှိစေတော့မဖြစ်မနေ အချိန်အမှီ ထိုးရမှာဖြစ်လေတော့ တက်တော့လည်း တက်ဈေးပဲ၊ ကျတော့လည်း ကျဈေးပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ။
၂၀၁၃-ခုနှစ် ရာသီအမှီထမနဲပွဲတော်ကြီး စကြပါစို့။ သို့ပေမဲ့ တစ်ယောက်တည်း ထိုးလို့တော့ မရပါဘူး၊ လေပါးစပ်နဲ့ ထိုးနေလို့လည်း မဖြစ်ပါဘူး၊ ထမနဲဆိုတာ ဝိုင်းထိုးဝိုင်းလုပ်ကြမှ၊ နောက်ပြီးတော့ တက်ညီလက်ညီ မခိုမကပ်ပဲ လုပ်ကြမှ၊နပ်နပ်ပတ်ပတ် စားကောင်းသောက်ကောင်း ထမနဲဖြစ်လာမှာပါ။ လက်မညီ တက်မညီခဲ့ရင် ပျော့မနပ်မာတူး ဖြစ်သွားတတ်ပါတယ်။ မဖြစ်မနေ ထည်သင့်၊ ထည့်ထိုက်တဲ့နှမ်း, မြေပဲ, ဆီ, အုန်းသီး, ဂျင်း, စတဲ့အရာတွေ အချိုးအစားလည်း ညီမျှမှ၊ မွှေးမွှေးကြိုင်ကြိုင် စားချင့်စဖွယ် မြန်မာ့အစားအစာကောင်း တစ်ခုဖြစ်မှာပါ။
မကြာမီက သတင်းကောင်းတစ်ခု ကြားသိလိုက်ရပါတယ်။ ပြည်ထောင်စုနေ့ကို   အပစ်ရပ်-မရပ်တိုင်းရင်းသား ညီအကို မောင်နှမအားလုံး မပျက်မကွက်တက်ရောက်ကြဖို့ ဖိတ်ကြာတဲ့ ဝမ်းသာဖွယ် မင်္ဂလာသတင်းပါ။ ဆယ်စုနှစ်- နှစ်ပြန်ကျော်လောက် မကြားခဲ့ရတဲ့ အသံမျိုးပါ။ ယခင်က လက်နှက်ကိုင် ရင်ဆိုင်လို့ တိုက်ခဲ့ကြပေမဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာတော့ ရန်သူမိတ်ဆွေ မခွဲခြားပဲ     ပြုံးပြုံးရွှင်ရွှင် အသွင်တစ်မျိုးထည်းသော စိတ်တွေနဲ့   ကယား, ကရင်, ကချင်,  ချင်း,  မွန်,  ရခိုင်,  ရှမ်း, ပလောင်,  ပအို့,  စတဲ့    ပြည်ထောင်စုသား အားလုံး တက်ရောက် လာကြတာကို တွေ့ရပါတယ်။ သမတကြီးကိုယ်တိုင်လက်ဆွဲနှုတ်ဆက်နေတဲ့ အသွင်က မင်းတို့အတွက် ငါတို့ရှိသည်၊ ငါတို့အတွက် မင်းတို့ဖြစ်ရမည်လို့      အတွင်းနဲ့အပြင် တစ်သားတည်း ဖြစ်တာကို တွေ့ရပါတယ်။ ပြည်ထောင်စု မပြိုကွဲစေဖို့ ဒို့တတွေ လက်တွဲလိုက်ကြစို့လို့ သမတကြီး၏ မူမှန်တဲ့စိတ်နဲ့လက်ဆွဲခဲ့တာ ဆိုတာ အထင်းသား ပေါ်လွင်စေပါတယ်။
၆၆ နှစ်မြောက်ပြည်ထောင်စုနေ့မှာလည်း "တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကေအိုင်အေ တစ်ဖွဲ့နှင့်သာ ဆွေးနွေးနေဆဲအဖြစ် ကျန်ရှိနေပါကြောင်း၊ ယခုနှစ်ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့်ရွှေလီဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် မကြာမီတွင် ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာတော့မည် ဖြစ်ပါကြောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် ဆွေးနွေးပွဲတွင်တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း" များကိုမိန့်ခွန်းများလည်း ချွေခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တည်ခင်းဧည့်ခံကျွေးမွေးတဲ့ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနဲ့ ညစာ-စားပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပပါတယ်။ အခမ်းအနားကိုသမ္မတ၊ ဒုသမ္မတ ၂ ဦး၊ နေပြည်တော် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ စတဲ့ ခေါင်းဆောင်များ တက်ရောက်ကြတယ်၊ ထို့အပြင် နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားအဖွဲ့များ၊ ငြိမ်းအဖွဲ့များရဲ့ ကိုယ်စားလှယ်များနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်တယ်လို့ သတင်းစာများမှာ ဖတ်ရပါတယ်။
နောက်ပြီးတော့ ဖားကန့်မြို့က တပ်မတော်စစ်ကြောင်း တစ်ခုကို ဂျာရားယန်ရွာထဲမှာရှိတဲ့ ကေအိုင်အေစစ်သား ၁၀ ဦးခန့်က ထွက်ပြီး မိတ်ဆက်တယ်၊ တပ်မတော် စစ်ကြောင်းကလည်း "ခင်မင်ရင်းနှီးစွာ"  နှုတ်ဆက်ခဲ့တယ်၊ ပြီးတော့ "ဖေဖော်ဝါရီ ၄ ရက်နောက်ပိုင်းတွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေး အတွက်ထိန်းသိမ်း လုပ်ဆောင်လျက်  ရှိပါကြောင်း"     ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရတယ်လို့သတင်းမှာ ရေးထားတာကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စု ထမနဲပွဲကြီးတော့ မကြာမှီကာလ ၂၀၁၃- နှစ်မကုန်မှီမှာ မုချပြီးတော့မယ်၊ အရသာကောင်းကောင်း စားကြရတော့မယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံတော်မှာ အာဏာရှိသူများရော၊ လွတ်တော် ကိုယ်စားလှယ်များရော၊ တိုင်းရင်းသားများရော၊ လက်နှက်ကိုင် အဖွဲ့အစည်းများရော၊အားလုံးဟာ နေရာတကျ သဘောထား မှန်မှန်? အတ္တမဖက်အပေးအယူရှိရှိ ပြုလုပ်ကြမှ၊ ဆွေးနွေး အဖြေရှာကြမှ၊ ပြည်ထောင်စုထမနဲက နပ်နပ်ပတ်ပတ် ရှိမှာပါ။ ငါတစ်ဗိုလ် သူတစ်မင်းနဲ့ အတ္တကို ရှေ့တန်းတင်ကြရင် ပျော့မနပ်မာတူး ဖြစ်မှာလည်း စိုးရပါတယ်။ နောက်ပြီးတော့ အနံ့အရသာ ပေါ်လွင်စေမည့် ဖြည့်စွက်စရာ မပါမဖြစ်၊ နှမ်း, မြေပဲ, ဆီ,  အုန်းသီး,  ဂျင်း,  တို့နဲ့ ပမာတူသော လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို သင့်သလို အချိုးတကျ ပါဝင်လာဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ပြည်ထောင်စု ထမနဲပွဲကြီးဟာ    အနံ့အရာသာနဲ့ တမွှေးမွှေး တကြိုင်ကြိုင် သင်းလှိုင်ပြည့်စုံသော သဘောကို ကမ္ဘာအရပ်ရပ်သို့ဆောင်သွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
သတ္တဝါမှန်သရွေ့   တရားတွေ့  ချမ်းမြေ့သာယာ ရှိကြပါစေ
ဘုန်းသျှံ(လန်ဒန်ဝိဟာရ)
           ၁၈.၀၂.၂၀၁၃။
Posted by Maung Yit at 1:35 PM 0 comments  

Letter to MoeMaKa - Making Friends With Thein Sein's Daughter


သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂)

ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃



ငြိမ်းချမ်းပါစေ မနောမြေစာအုပ်
စာရေးဆရာ "ဆိုး" ရေးသားထုတ်ဝေသော ငြိမ်းချမ်းပါစေ မနောမြေ (၄၀)မျက်နှာ စာအုပ်ငယ်မျက်နှာဖုံးဖြစ်သည်။ ခရစ်ယာန်သင်းအုပ်ဆရာအမြင်ဖြင့် အခြားနည်းမရပါက၊ စေ့စပ်ဆွေးနွေးရန် Negotiation ရေးသားထားပြီး၊ ၀ိုင်းဝန်းဆုတောင်းပေးရန်ဖြင့် အဆုံးသပ်ထားပါသည်။

ကချင်ပြည်နယ်တွင် စစ်မက်ဖြစ်ပွားခြင်းကို အကျဉ်းချုပ်ရေးရလျှင် တာပိန်လျှပ်စစ်ဓါတ်အားစက်ရုံဆောက်လုပ်၊ တရုပ်မှ လျှပ်စစ်ဝယ်ယူသော လုပ်ငန်းမှ KIA နယ်မြေသို့ မြန်မာစစ်တပ်၊ အင်အားသုံးဝင်ရောက်ပြီး အကျိုးအမြတ်ခွဲဝေယူမှုပြသနာအသေးမွှားလေးမှ၊ ကချင်ပြည်နယ်တခုလုံးသို့ မြန်မာစစ်တပ်ကြီး အင်အားဖြင့် ဆက်လက်ဝင်ရောက်ခြင်း ကို မကျေနပ်သဖြင့် ကချင် KIA မှ ပျောက်ကျားစစ်ကြေငြာခြင်းဖြစ်သည်။ 


ကျွန်ုပ်ကချင်ပြည်ရောက်စဉ် ဇန္န၀ါရီ-၂၀၁၃ အချိန်က ကချင် KIA ဘူးဂါးအဖွဲ့က လျှပ်စစ်ဓါတ်အားပေးနေသော ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား လျှပ်စစ်တာဝါတိုင် ပျက်စီးသဖြင့် သူ့ကြောင့်၊ ငါ့ကြောင့် အငြင်းပွားက တစ်လခန့် လျှပ်စစ်မီးမှောင်သွားခြင်းမှာ ဖေဖေါ်ဝါရီလတွင် ပြန်ပြင်ပြီးစီးသည်။ လျှပ်စစ်မီးပျက် ဒုက္ခမှာ အသေးမွှားဖြစ်ပြီး၊ နှစ်ဖက်ဒေါသစစ်ပွဲမှ သေကြေသော စစ်သားများစွာ၊ စစ်ပြေးဒုက္ခသယ် လူပေါင်း၁သိန်းကျော် ရေခဲတမျှအေးလှသော ကချင်ပြည်နယ်တွင် ၂နှစ်ကြာ ဒုက္ခ၊ ၁၇နှစ်ကြာ တည်ဆောက်ခဲ့သော မြို့ရွာများ မီးလောင်၊ပြာကျ၊ ပျက်စီးရခြင်းများကို ရန်ကုန်ရှိ မြန်မာလူငယ်များ ကချင် KIA မြို့တော် လိုင်စာထိတိုင်အောင် လမ်းလျှောက်ချီတက် လူထုဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။  ဖေဖေါ်ဝါရီလတွင် ပြည်သူ့လွှတ်တော်မှ ထိုးစစ်ရပ်ရန် အမိန့်ထုတ်ပြီး၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုပြန်လည်စတင်ခဲ့ခြင်းအား ၀မ်းသာအားရ ကြိုဆိုရပါတယ်။ အင်အားကြီးသော မြန်မာစစ်တပ်မှ အစ်ကိုကြီးအဖြစ် လျှော့ပေးမှုသည် မှန်ကန်သောဖြေရှင်းချက်ပင်ဖြစ်ပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များအရေး ထာဝရငြိမ်းချမ်းရေးအတွက် လုပ်စရာများစွာရှိပါ၏။ နံပါတ်(၁)မှာ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်ပြီး၊ နံပါတ်(၂)မှာ ဗဟိုနှင့် ပြည်နယ်တိုင်းအစိုးရများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။




ကချင်-တရုပ်နယ်စပ်မြို့များ
Border Trade လုပ်ငန်းများဖြင့် လွန်ခဲ့သော ၁၇နှစ် ငြိမ်းချမ်းရေးကာလ တည်ဆောက်ခဲ့သော တရုပ်-ကချင်ပြည် နယ်စပ်မြို့များ၊ ရွာကြီးများစွာမှာ ယခုပြည်တွင်းစစ်တနှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်မှ အင်အားသုံး၊ မီးရှို့၊ ပြာကျ၊ ပျက်စီးသွားပြီး လူများစစ်ပြေးဒုက္ခသည်ဖြစ်သွားကြသည်။ စည်ပင်သာယာခဲ့သော မြို့ရွာများမှာ ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ရရှာသည်။ မြစ်ကြီးနား ဗန်းမော်လမ်းတစ်လျှောက် မြို့ရွာကြီးများမှာ နန်းဆမ်ယန်၊ အမ်တော်ယန်၊ ဂါးရာယန်၊ ဒဘစာယန်၊ ၀နားလွန် ..စသည်တို့ဖြစ်သည်။ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများပါ ပါဝင်ပျက်စီးသွားသည်။

ဆရာဆိုး စာအုပ်တွင် " ရာခိုင်နှုန်း(၉၀)သော ကချင်လူမျိုးတွေက ခရစ်ယာန်ဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာ လူမျိုးများစွာရှိပါတယ်။ သို့သော် ကချင်လူမျိုးများက ခရစ်ယာန်ဖြစ်ခြင်း ရာခိုင်နှုံးအများဆုံး၊ နံပါတ်တစ်ဖြစ်ပါတယ်။ အင်မတန်မှကို ထူးခြားပါတယ်။ ဘယ်လူမျိုးမှ ကချင်လူမျိုးလောက် ခရစ်ယာန်ယုံကြည်မှုမျိုးမရှိပါဘူး။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရမယ့် ပညာတ်တော်ကို လိုက်နာနိုင်တဲ့သူတွေပါ။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ တရားတော်ထွန်းကားပါတယ်။ အန်မတန်မှ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးတဲ့ ဘာသာတရားဖြစ်ပါတယ်။ သီလကို ကောင်းစွာကျင့်ကြံအားထုတ်လျှက် မြတ်နိုးစောင့်ထိန်းဖွယ်ရာ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ကမ္ဘာပေါ်မှာ တင့်တယ်လျှက်ရှိပါတယ်။ ဒါကြောင့် ညီအစ်ကို စင်စစ်၊ ဧကန်ဖြစ်တဲ့ သူတွေ ဒိုင်ယာလော့ Dialogue မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ပြည်ပ၀င်ရောက်စွတ်ဖက်မှုကို အမျိုးသားရေးအနေနဲ့ လုပ်ဆောင်ရပါမယ်" ..ဟု ရေးသားထားပါသည်။


ကချင်ပြည်က ရေခဲတောင် ခါကာဘိုရာဇီ
KBC ဌာနချုပ်၊ မြစ်ကြီးနားမှာ ကချင်ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှုများ၊ ကချင်ပြည်ရောက်မြန်မာခေါင်းဆောင်များ၊ ကချင်စာပေတီထွင်ပေးခဲ့သော အမေရိကန်သာသနာပြု အိုလာဟာဆင်ရဲ့ အသုံးဆောင်များ၊ အနောက်နိုင်ငံသာသနာပြုများ၊ ကချင်ပြည် ခရစ်ယန်ဘာသာယူဆောင်ပေးခဲ့သူ ကရင်သာသနာပြုများ၊ ပထမ၊ဒုတိယ ကမ္ဘာစစ် ဗြိတိသျှတပ်မတော်မှ ကချင်စစ်ဗိုလ်များ၊ မဟာဗန္ဓုလနဲ့ကချင်လူမျိုးနွယ်မှုသရုပ်ဖေါ်ပုံများစွာကို တွေ့ရပါသည်။  


အရှေ့တောင်အာရှနိုင်ငံများမှာ ၁၂ရာသီ ရေခဲဖုံးတဲ့ ဟိမ၀န္တာတောင်တန်း ကချင်ပြည်နယ်မှာရှိပါတယ်။ ခါကာဘိုရာဇီတောင် Mt Hkakabo-Razi 5881 meter မြင့်ပါတယ်။ မြန်မာ (ကချင်မျိုးနွယ်တစ်ဦး) နဲ့ဂျပန်တောင်တက်သမား ၂ဦးပဲ အတူ တောင်ထိပ်ထိ တက်နိုင်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ အထူးသဖြင့် လူဦးရေ သန်းပေါင်း၄၀၀ကျော်ရှိတဲ့ အရှေ့တောင်အာရှ ၁၀နိုင်ငံက တိုးရစ်များကိုပဲ ဆွဲဆောင်နိုင်ရင် အလွန်ကျော်ကြားမဲ့ ခရီးသွားနေရာတစ်ခုပါ။ သဘာဝတောတောင်များစွာနဲ့ သစ်ခွ၊ပန်းမာလာ၊ ကျေးငှက်၊ တိရိစ္ဆာန်များစွာ ရှိနေဆဲပါ။
သယံဇာတပစ္စည်းများ
ကချင်ပြည်ဟာ အကြီးအကျယ် သယံဇာတများ ထွက်ခြင်းမရှိပေမဲ့၊ ကမ္ဘာကျော် ကျောက်စိမ်းမြေ၊ ကမ္ဘာကျော် ကျွန်းသစ်များ ထုတ်လုပ်ရာဒေသဖြစ်ပါတယ်။ လောလောဆယ်တော့ ကြွယ်ဝလှတဲ့ ရေအားလျှပ်စစ်ကို မြစ်ကြီးများပိတ်ဆို့ တာတမံလုပ်ပြီး၊ လျှပ်စစ်ထုတ်ရောင်းစားတဲ့လုပ်ငန်းကို လုပ်ဆောင်လျှက်ရှိပါတယ်။ အလွန်ဆိုးဝါတဲ့ နိုင်ငံသွေးကြော မြစ်ဆုံ၊ ဧရာဝတီဖြစ်လက်တက် မေခ၊ မေလိခ မှာ ဒေါ်လာ ၈ဘီလျှံ ရေအားလျှပ်စစ်စက်ရုံဆောက်ပြီး၊ တရုပ်ပြည်ကို ရောင်းစားမဲ့ မြစ်ဆုံးရေအားစီမံကိန်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဖျက်သိမ်းနိုင်ခြင်းဟာ ကချင်ပြည်နယ် သဘာဝကို အောင်မြင်စွာ ကာကွယ်နိုင်ခြင်းဖြစ်သည်။ 

 ရေတိုစီမံကိန်းများကြောင့် ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း ..စတဲ့အဖိုးတန် သယံဇာတများကို တစ်နှစ်တခါ မြန်မာအစိုးရက လုပ်ခွင့်ပါမစ်များ ချပေးလျှက်ရှိသည်။ တရုပ်ဗဟိုပြု ကုမ္ပဏီကြီးများဟာ မြန်မာအစိုးရ ပါမစ်ရတယ်ဆလျှင် ထိုပါမစ်ရှိလျှင် တရုပ်နိုင်ငံမှ ဘဏ်ကြီးများက ၃၅ရာနှုန်းအတိုးနဲ့ ငွေချေးပေးပါတယ်။ တရုပ်နိုင်ငံသားများသာလျှင် တရုပ်ဘဏ်များက ငွေချေးပေးပါသည်။ ထိုအခါ ကြီးမားလှသော အတိုးနှုန်းကြောင့် မြန်မာ့သယံဇာတများကို တရုပ်ကုမ္ပဏီ (သို့မဟုတ်) တရုပ်ထိန်းချုပ်သောမြန်မာကုမ္ပဏီများက အမြန်ဆုံးနည်းဖြင့် ထုတ်ယူ၊ရောင်းချရသည်။ 
 



လီဒိုလမ်းမကြီ အိန္နိယ-မြန်မာ-တရုပ်ကုန်သွယ်မှု
ဒုတိယကမ္ဘာစစ် ၁၉၄၁ တွင် ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက်ပြီး၊ အိန္နိယပြည်ဘက် ဆက်လိုက်တိုက်ခိုက်ရာ၊ အင်္ဂလိပ်များက အထက်မြန်မာပြည်ကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အိန္ဒိယပြည်ရှိ အင်္ဂလိပ်စစ်တပ်အတွက် ရိက္ခာပို့ရန် လီဒိုလမ်းမကြီးကို ဖေါက်လုပ်ခဲ့သည်။ သမိုင်းဝင်  ၁၀၇၉မိုင် ရှည်သော တရုပ်-မြန်မာ-အိန္နိယ လီဒိုလမ်းမ http://en.wikipedia.org/wiki/Ledo_Road  ကို တရုပ်၊မြန်မာ၊အိန္နိယအလုပ်သမားများနှင့် အမေရိကန်စစ်သား တစ်သောင်းငါးထောင်ဖြင့် ဆောက်လုပ်ခဲ့သည်။ ငှက်ဖျား၊ဒေသကြမ်းတမ်းမှုကြောင့် အမေရိကန်စစ်သား ၁၁၀၀ နှင့် ထိုထက်မကသော ဒေသခံများစွာ အသက်ဆုံးရှုံးခဲ့ကြသည်။ 

ထိုလမ်းမကြီးသည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် စစ်အစိုးရလက်ထက် အသုံးမပြုကြတော့ပါ။ ယခုအခါ ကမ္ဘာစီးပွားရေး ဧရာမနိုင်ငံကြီးနှစ်ခုဖြစ်သော တရုပ်နှင့်အိန္နိယ  ၂နိုင်ငံ ကုန်ကူးသန်းနိုင်ရန် လီဒိုလမ်းမကြီးကို ပြန်လည်အသုံးပြုဖို့ အကြောင်းဖန်လာပါသည်။ ထိုလမ်းမကြီးကိုသာ နိုင်ငံတကာအကူညီဖြင့် ကောင်းမွန်အောင် ပြန်လည်ဖေါက်လုပ်ပြီးပါက မြန်မာနိုင်ငံသည် ဖြတ်သန်းသွားခ အကောက်ခွန် ဒေါ်လာဘီလျှံများစွာ ရရှိမည်ဖြစ်သည်။

ယခုခေတ် တိုးတက်သော နိုင်ငံအစိုးရများသည် ကိုယ်တိုင် စီးပွားရေးလုပ်ငန်းများ လုပ်စရာမလို၊  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကိုသာ အကောက် ကေက်စားရန်ဖြစ်သည်။ နိုင်ငံအတွက် အလွန်အရေးကြီးသော စစ်ပစ္စည်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊များကိုသာ ကြီးကြပ်ပေးကြသည်။ ထိုရလာသော အကောက်ငွေများဖြင့် ပညာရေး၊ကျန်းမာရေး စသည့် ဖွံ့ဖြိုးလုပ်ငန်းများအတွက် အကုန်ခံကြသည်။ မြန်မာပြည်အစိုးရလည်း ထိုသို့ Zero Factory အဖြစ် စီမံကိန်းရှိပါသည်။
 



လက်ရှိတရုပ်-မြန်မာနယ်စပ်ကုန်သွယ်မှု

သမ္မတကြီးသမီးနှင့်မိတ်ဆွေဖြစ်ပါက လက်ရှိတရုပ်မြန်မာ ကုန်သွယ်မှုအခြေအနေကို တစေ့တစောင်း ပြောပြချင်ပါသည်။ သမ္မတကြီးလည်း စစ်ပွဲနယ်မြေ၊ နယ်စပ်များသို့ လုံခြုံရေးကြောင့် မသွားသင့်သော အနက်ရောင်နယ်မြေများ ဖြစ်သည်။ အထူးသဖြင့် မြန်မာပြည်သို့ ၀င်လာသောကုန်စည်များသည် မူဆယ်-လာရှိုးလမ်းမကြီးမှ ကုန်ကားကြီးငယ်များဖြင့် သယ်ယူကြသည်။ နယ်စပ်တွင် အခွန်ကောက်သည် ဆိုသော်လည်း ..၀န်ထမ်းများ၊ ခြစားမှုကြောင့်၎င်း၊ နည်းပညာအားနည်းမှုကြောင့်၎င်း၊ ကုန်သည်များသည် နိုင်ငံတော်အစိုးရသို့ သတ်မှတ်ခွန်ပေးရန် စနစ်တကျမလုပ်ဆောင်နိုင်သေးပါ။ 

ထိုအခါ အလွန်များပြားလှသော တရုပ်ပြည်ထုတ်ကုန်များနှင့် အလွန်ဆုံး ဖရဲသီး၊ သံပုရာသီး သီးနှံများကအစ မြန်မာပြည်တွင်းသို့ ဒလဟော အတားဆီးမရှိ ၀င်လာပါတော့သည်။ အမျိုးသားစိတ်ဆိုသည်မှာ ဆင်းရဲသား မြန်များများအဖို့ ပျောက်ဆုံးနေသော ကာလဖြစ်သောကြောင့် တရုပ်ပစ္စည်းများကို မိုဘိုင်းဖုန်း၊ စာရေးကရိယာ၊ ဆိုင်ကယ်၊ ထော်လာချီ၊ တီဗွီ၊ ဗွီဒီယို၊ ထိုင်ခုံ၊ ဖန်ခွက်၊ စက္ကူ.. အဆုံး ဓါတ်ဆီ၊ဒီဇယ်ဆီ၊ ဂျပန်တပတ်ရစ်မော်တော်ကား (လင်္ကျာမောင်းကား)များအထိ အခွန်မဲ့ ၀င်လာခြင်းမှာ အလွန်ကြောက်မက်ဖွယ်ဖြစ်သည်။ 

 အကျိုးရလဒ်မှာ ၂၀၁၃ နိုင်ငံတော် စီမံကိန်းရာထားချက် အမျိုးသားထုတ်ကုန်၏ ၇၂ရာနှုန်း ရှိသော မြန်မာစက်မှုလက်မှုလုပ်ငန်းများ ပြိုလဲကျဆင်းသွားဖြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံ FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ဖြင့် ကာကွယ်ပေးနိုင်မည်ဆိုလျှင်လည်း တစ်နှစ်ထက် ပိုပြီး ထောက်ပံ့ပေးနိုင်မည်မဟုတ်ပါ။ အခွန်လွတ် ၀င်လာသော တရုပ်ထုတ်ကုန်အားလုံး၊ တရုပ်အလုပ်သမားများအပါအ၀င် အခွန်ကောက်သည့် စနစ်တခု ဦးသိန်းစိန် သမီးကိုယ်တိုင် ဦးဆောင်လုပ်ရန် တောင်းဆိုလိုပါသည်။ 

အမျိုးသားရေးကိစ္စဖြစ်ပါသည်။  တရုပ်ပြည်သို့ မြန်မာ့သယံဇာတများ အခွန်မတန်မဆနှုန်းဖြင့် ထွက်နေခြင်းကို အစိုးရမှ စနစ်တကျ လုပ်ဆောင်နေသည်။ သို့သော် KIA ကချင်လက်နက်ကိုင် နယ်မြေများကို ဖြတ်သန်းပြီး ကျောက်စိမ်း၊ ကျွန်းသစ် စသည့်တို့ ထွက်နေဆဲဖြစ်ပြီ၊ နယ်စပ်မှာလည်း ခြစားသော ၀န်ထမ်းများကြောင့် အလွန်နည်းသော အခွန်ငွေသာ နိုင်ငံတော်အစိုးရက ရရှိနေပါသည်။ အဆုံးတွင် မည်သူ အမြက်ထွက်သွားပါသလဲ.. တရုပ်ကုန်သယ်များနှင့် မြန်မာသူဌေးကြီးများ၊ မြန်မာ့ဝန်ထမ်းများသာ ဖြစ်ပါသေည်။




အသေးစားရွှေတူးလုပ်ငန်း
ကချင်ပြည်နယ်မှ ထွက်သော ရွှေများသည် စီးပွားဖြစ်ထုတ်ရန် မကိုက်သော်လည်း၊ တရုပ်ပြည်သားများနဲ့ ဒေသခံစီးပွားရေးသမားများ အတွက်မူ တွက်ခြေကိုက်တဲ့ လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းအတွက် ကန်ထရိုက်များ မြန်မာအစိုးရထံမှ ရအောင်ယူပြီး သတ်မှတ်နယ်မြေများတွင် ရွှေတူးဖေါ်လုပ်ငန်းများ၊ အကြီးအကျယ်လုပ်ကိုင်သည်။ အထူးသဖြင့် ဧရာဝတီနှင့် မြစ်လက်တက်များတွင် စုန်ဆန်၊ တူးဖေါ်သော ရွှေတူးလုပ်ငန်းများကြောင့် မြစ်ကြီးနားမြို့တွင် အလွန်ကြည်လင်လှပသော ဧရာဝတီဖြစ်ရေသည် ရန်ကုန်မြစ်ရေအတိုင်း ၁၂ရာသီ နောက်ကျိနေပြီဖြစ်သည်။ ပြဒါးဓါတုပစ္စည်းများကြောင့် ညစ်ညမ်းမှု၊ မြစ်ကြောင်းပျက်စီးမှုများစွာဖြင့် သဘာဝအလှများ ဆုံးရှုံးရပါသည်။  ရွှေထုတ်လုပ်ခွင့် ပါမစ်မှာ တစ်နှစ်ခန့်သာ ပေးသောကြောင့်၊ တစ်နှစ်အတွင်း ရတာအကုန်လုံးယူ ထုတ်လုပ်ရမည် ဖြစ်သောကြောင့် စက်ယန္တယားကြီးများကို သုံးပြီး၊ မြေလှန်၊တူးဖေါ် အမြန်ဆုံးနည်းဖြင့် ရွှေထုတ်လုပ်ရတော့သည်။


ယန္နယားကြီးများကို ၀ယ်ယူ၊ ငှားရမ်းအသုံးချမှု

မြန်မာနိုင်ငံသားတစ်ဦးသည် ရွှေတူးဖေါ်ကန်ထရိုက် လုပ်ကိုင်စားသောက်နေရာ၊ ၂၀၁၃ အတွက် လုပ်ကွက်သစ်တစ်ခုကို ရရှိသဖြင့် စက်ယန္နယားကြီး ၂ခု အရေးပေါ်လိုအပ်လာသည်။ ပါမစ်ကျသည်နှင့် အမြန်ဆုံးတူးဖေါ်၊ ထုတ်လုပ်နိုင်မှ လုပ်ကွက်အတွင်း မြေနေရာအားလုံးကို တူးဖေါ်စားသောက်နိုင်မည် ဖြစ်သဖြင့် တူးဖေါ်စက် ယန္နယားကြီး ၂ခုကို တရုပ်ပြည်သို့ ယခုနှစ် ဇန္န၀ါရီလအတွင်း ကိုယ်တိုင် သွားရောက် ၀ယ်ယူရပါသည်။ တရုပ်ပြည်တွင် ၀ယ်ယူရသည်မှာ လွယ်ကူ၊ မြန်ဆန်ပါသည်။ Export အဖြစ် မြန်မာပြည်သို့ သယ်သွားမည် (မောင်းယူသွားမည်) ဖြစ်သောကြောင့် အခက်အခဲမရှိပဲ တရုပ်မြန်မာ (ကချင်ပြည်၊ လိုင်ဇာမြို့အနီး) ဂိတ်တခုဆီသို့ မောင်းနှင်ယူဆောင်လာခဲ့သည်။ 

နယ်စပ်ဂိတ်သို့ ရောက်သောအခါ မြန်မာပြည် ဌာနဆိုင်ရာ လ.၀.က အရာရှိ၊ အကောက်ခွန်အရာရှိများ ရုံးထိုင်သည့် အဆောက်အဦ တစ်ထပ်တိုက်ကလေးကို တွေ့ရသည်။ ၀င်ရောက်မေးမြန်းသောအခါ တာဝန်ရှိ ၀န်ထမ်းမရောက်သေးဟု သိရသည်။ ဖုန်းဆက်ခေါ်မေးသောအခါ မကြာမီ တာဝန်ခံဝန်ထမ်း ကားတစ်စီး မောင်းပြီး ရောက်လာသည်။ ဘယ်ဌာနက မသိသော ထိုဝန်ထမ်းကို လုပ်ငန်းရှင်က မေးမြန်းရသည်။

လုပ်ငန်းရှင်။   ကျွန်တော် ဘူဒိုဇာတစ်ခု၊ မြေတူးစက်တစ်ခု တရုပ်ပြည်က တင်သွင်းဖို့ပါ။ ဘယ်လို လုပ်ရမလဲဆိုတာ သိချင်ပါတယ်...။ ဘယ်လောက်ကုန်မလဲ ပြောပါဗျာ..။ (လုပ်နည်းများမှာ ကာလ၊ဒေသ၊အချိန်ခါအရ ပြောင်းလဲတတ်သောကြောင့် ယခုနှစ်၊ ပြုပြင်ပြောင်းလဲရေးတွင် မည်သို့လုပ်ဆောင်ရမည်ကို လုပ်ငန်းရှင် တကယ်မသိပါ)။

ဝန်ထမ်း။  ခင်ဗျားက အပေါ်လမ်းကသွားမလား၊ အောက်လမ်းက သွားမလား ?  ဘယ်လမ်းကသွားသွား သိန်း၃၀၀ ကျမှာပဲ ...

လုပ်ငန်းရှင်က တတ်နိုင်သမျှ မှန်ကန်စွာလုပ်ချင်သော စိတ်ရှိသည်။ အခြေအနေကိုလည်း မသိသဖြင့် စိတ်ရင်းအတိုင်းဖြေလိုက်သည်။

လုပ်ငန်းရှင်။   အပေါ်လမ်းကသွားမှာပေါ့ဗျာ  (အပေါ်လမ်းဆိုသည်မှာ တရားဝင်အခွန်ဆောင်သော နည်းလမ်းဖြစ်သည်။ ကုန်တာချင်အတူတူဆိုပါက တရားဝင် နိုင်ငံတော်ကို အခွန်ဆောင်လိုပါသည်။ )

ဝန်ထမ်း။  အေးဗျာ ..ခင်ဗျား..ဒီလိုဆုံးဖြတ်ရင်တော့ ကျွန်တော်တို့က အစိုရရဲ့ ၀န်ဆောင်မှုလုပ်ပေးတာကြောင့်၊ သက်ဆိုင်ရာကို မေးကြည့်ရဦးမယ်...ဟုပြောဆိုကာ ဟန်းဖုန်းဖြင့် ဖုန်းဆက်မေးမြန်းပေးပါသည်။ ထို့နောက် ၀န်ထမ်းက  အပေါ်လမ်းကလုပ်ပေးမဲ့ တာဝန်ခံ အခြားတစ်ဦးရှိတယ်ဗျ။ သူက ခွင့်ယူထားတယ်။ လူစားလည်းမရှိတော့ နောက်၂ရက်ကြာမှ အဲဒီတာဝန်ခံလာနိုင်မယ်ဗျာ... ခင်ဗျားတော့ စောင့်ရဦးမယ်.. ဟု အားနာသည့်အသံဖြင့် ပြောပြလေသည်။

စိတ်ပျက်သွားသော်လည်း ဆုံးဖြတ်ချက်ပြက်သားသော လုပ်ငန်းရှင်က

လုပ်ငန်းရှင်။  ကျွန်တော်လည်း အချိန်မရှိဘူးဗျ...ဒါဆို  အောက်လမ်းကလုပ်ရင် ဒီနေ့လုပ်ပေးနိုင်မလား..

ဝန်ထမ်း။  တနေ့ထဲနဲ့ ပြီးပါတယ်ဗျာ။ လာ...လိုက်ခဲ့ပါ ..ခေါ်သဖြင့် စက်ယန္နယား၂ခုကို ၀န်ထမ်း၏ ကားနောက်သို့ လိုက်မောင်းရင်း မိနစ်၂၀ခန့်အကြာ တောအုပ်တစ်ခုအတွင်း ၀င်လာသောအခါ အလွန်များပြားလှသော လူများနှင့် အဆောက်အဦများစွာကို ပျားပန်းခတ် လှုပ်ရှားနေသည့် တောတွင်း မြို့ပြငယ်လေးတစ်ခုဆီ သို့ရောက်သွားပါသည်။ ငွေ သိန်း၃၀၀ ကျသင့်ငွေကို စ.သုံးလုံး၊ အကောက်ခွန်၊ ရဲစခန်း၊ စစ်စခန်း၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည်တို့ကို ကျသင့်သလောက် ပေးသွားရသည်။ ၀န်ဆောင်မှုလုပ်ပေးသော ၀န်ထမ်းမှ ၂နာရီခန့် လုပ်ဆောင်ပေးပြီး .. မြစ်ကြီးနားအနီး ရွှေတူးလုပ်ကွက်သစ်ဆီသို့ မောင်းယူသွားနိုင်ပြီ ဟုသိရသည်။ မိမိ စက်ယန္နယားကြီး ၂ခုကို ဖြေးဖြေး မောင်းယူသွားစဉ် လမ်းခရီး အနှောက်အယှက် လုံးဝမရှိပါ။ တစ်ခုခုဖြစ်လျှင် ဖြေရှင်းပေးရန်အတွက် တောလမ်းစီး ပရာတို.ဂျစ်ကားကြီးနှစ်စီးကလည်း ရှေ့မှာတစ်စီး၊ နောက်မှာ တစ်စီး အတူလိုက်လံမောင်းနှင်လာသည်။ ရပ်နားရာနေရာတစ်ခုတွင် ထို ပရာတို ဂျစ်ကားကြီး၂စီး မရှိတော့ပါ။  မည်သို့ပင်ဖြစ်စေ .. လုပ်ငန်းရှင်အဖို့ အဆင်ပြေနေပါတော့သည်။


လုပ်ငန်းရှင်က ပြောပြပါသည်။ အေးဗျာ.. ကျွန်တော်လည်း မြစ်ကြီးနားမှာနေတော့ တိုက်ကြီး၊ ပရာတိုကားကြီးတွေ၊ တပည့်တွေနဲ့ ဟန်ကျနေတယ်လို့ ခင်ဗျားတို့က ထင်မယ်။ လုပ်ငန်းခွင်ရှိတဲ့ ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေတွင်း ဒေသတစ်ဝိုက်က ကချင်ပြည်သူလူထုကို ကြည့်ပါ။ အလွန်သနားစရာကောင်းတယ်။ အခုတော့ ဝေစုမတဲ့လို့ စစ်ဖြစ်နေတယ်။ ကျွန်တော်က ကချင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ ပြည်မမှာ လုံးဝလုပ်စားလို့မရဘူး။ ကိုယ့်ပြည်နယ်မှာပဲ လုပ်တတ်တယ်။ ဒါတောင် အားလုံးကို ကြောက်နေရတယ်။ ကျွန်တော့ လုပ်ငန်းအတွက် စစ်တပ်ကိုပေးရ၊ ရဲတပ်ဖွဲ့ကိုပေးရ၊ စသုံးလုံးကိုပေးရ၊ ဌာနဆိုင်ရာများအပြင် .KIA ကိုလည်းပေးရ၊ ဇခွန်တိန်ယိမ်းကိုလည်း ပေးရ၊ ၅ခုလောက် အမာခံ အဖွဲ့စည်းတွေကို ပေးရတယ်။ တစ်ခါတရံ ဂျာကင်ဝတ်ထားပြီး ဂျာကင်အောက်မှာ မောင်းပြန်သေနပ်ပြောင်းကို ထုတ်ပြထားတဲ့ ဘာမှန်းမသိတဲ့လူတွေရောက်လာရင်လည်း ပေးလိုက်လို့ မှာထားရတယ်။

လုပ်ငန်းရှင်ရဲ့အပြောများ (ဟုတ်မဟုတ်သေချာမသိပါ)

အိမ်ခြံ ဈေးအရမ်းကြီးနေတာလား... မြေကွက်သစ်၊ စက်မှုဇုံသစ် ဖေါ်ပေးရင် ဈေးကျသွားမယ်ထင်သလား.. အဲ..တရုပ်ကုမ္ပဏီနဲ့မြန်မာကုမ္ပဏီများက ငွေရှိတော့ ကချင်ပြည်နယ်တခုလုံး မြေခြံ အကုန်လုံး လိုက်ဝယ်ထားပြီးပြီ။ အဲ.. ဌာနဆိုင်ရာ ၀န်ထမ်းအရာရှိများလား.. သူတို့လည်း အာဏာရှိတော့ ငွေရှိတဲ့လူတွေ ပေးထားတဲ့ မြေခြံတွေ ပိုင်ထားတယ်။ သိန်း သောင်းဂဏန်းလောက်တော့ ဌာနဆိုင်ရာ အရာရှိဝန်ထမ်းများက အပျော့ပေါ့။ ကုမ္ပဏီ သူဌေးတွေတော့ အဖမ်းမခံရရင် ဆယ်သက် စားမကုန်အောင် မြေခြံတွေ၊ ပိုင်ထားတယ်လေ့ ... 

အေးဗျာ ..ခေတ်ပျက်ကြီးမှာ လုပ်စားရတာ မလွယ်ဘူး....ဟူး.... ။ နိုင်ငံခြားသွားပြီး ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးဇေကမ္ဘာတို့လို ကုမ္ပဏီသွားထောင်ပြီး၊ လုပ်မစားတတ်တော့လည်း ပြည်တွင်းမှာပဲ .. လုပ်စားနေရဦးမှာပဲဗျာ....

.... ဟု လုပ်ငန်းရှင်က ပြောသွားပါသည်။




ဖေဖေါ်ဝါရီ ၈ရက် သတင်း၊ Independent Journal


 ခြစားဝန်ထမ်းများ အရေးယူပြီး၊ သူတို့ ခြစားပြီး ရရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူနေသည် ..ဟု ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ်အပျက်ကို မှီငြမ်း ရေးသားထားသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ တစ်ဦးချင်း ချစားသော ၀န်ထမ်းများမှ အုပ်စုလိုက် မျှစားသော စနစ်သို့ ပြောင်းသွားခြင်းသည် မဆိုးလှပါ။ ၀န်ထမ်းလစာငွေသည် ကျပ်တစ်သိန်းမျှဖြစ်ပြီး စီးပွားရေးကောင်းကော ကချင်ပြည် မိသားစုတစ်ခု ဟင်းသီးဟင်းရွက်ရောင်းစားသူ ဈေးသူမတစ်ဦးပင် ၀င်ငွေ တစ်နေ ကျပ်တစ်ထောင်ခန့်ရသော (တစ်လ ၃သိန်းဝင်ငွေရမှ စားလောက်ရုံ)  မြစ်ကြီးနားမြို့ဖြစ်သည်။


 

မြစ်ကြီးနားမြို့မှ အပြန်တွင်


မြန်မာသူဌေး ဦးလွင်မိုး ဦးစီးသော Asia Wings လေကြောင်း ပြင်သစ်လေယာဉ်အသစ် ATL-80 လူ၆၂ဦးဆန့် လေယဉ်ဖြင့် ကျပ်တစ်သိန်းလေးသောင်း လေယဉ်လက်မှတ် မြစ်ကြီးနား-ရန်ကုန် (မြို့လေးမြို့ တက်ချီ၊ ဆင်းချီ စီးနင်းကာ ပြန်လာခဲ့ပါသည်။

 လေကြောင်းလိုင်းများစွာ မြန်မာမြို့ကြီးများကို ပြေးနေပြီဖြစ်သည်။ ယခင် ဘီအေစီ BAC လေကြောင်းလိုင်းသည် ၁၉၇၀ ခုနှစ်လောက်ကပင် အရှေ့တောင်အာရှအကြီးဆုံးဖြစ်ခဲ့ပြီး ယခု အမ်အေအိုင် MAI အဖြစ် ကြေငြာစာကို Asia Wings လေယာဉ်ပေါ်မှာ မဂ္ဂဇင်းတွင် ဖတ်မိလိုက်သည်။ မြန်မာပြည်ဒုတိယအကြီးဆုံး လေကြောင်း Air Bagan ကြော်ငြာလည် ဖတ်မိပါသည်။ MAI သည် ဂျပန်၊ကိုးရီးယား၊ နယူးဒေလီများကို နောက်နှစ်တွင် ပြေးဆွဲရန် စီစဉ်နေသည်ဟု သိရသည်။

 လေ့လာလိုသဖြင့် လေယာဉ်မစီးပဲ ရထားစီး ရန်ကုန်ပြန်မည်ကို မြစ်ကြီးနားမိတ်ဆွေများက အပြင်းထန်ကန့်ကွက်သည်။ သံလမ်းတွေက မပြင်တာ နှစ်ပေါင်း ၄၀ကျော်ပြီ၊ ရထားတွေကလည်း အိုဟောင်းနွမ်းနေတော့ ရထားကြီး တဂျုန်းဂျုန်း တခါတလေ တပေလောက် လူကိုမြောက်မြောက်သွားတဲ့ ရထားကြီး မစီးပါနဲ့ဗျာ... ဟု တားဖြစ်သဖြင့် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ၄ကြိမ်း Transit လုပ်ခဲ့ရပါသည်။ 

မြစ်ကြီးနား ပြည်နယ် ဌာနမှုးဝန်ထမ်းများ ကိုယ်ပိုင်စီးပွားရေးများဖြင့် အဆင်ပြေပါစေ။ သို့မှသာ ခြစားဝန်ထမ်းဘ၀မှ နှုတ်ထွက်နိုင်မည်ဖြစ်သတည်း....။

ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး
၁၈-ဖေ-၂၀၁၃

 


Posted by Maung Yit at 1:15 PM 0 comments  

Saung Luu - Poem


ဖြစ်ချင်သူများ
ဆောင်းလူ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃


ကျွန်ဖြစ်တဲ့သူ ဖြစ် ….
နွံနစ်တဲ့သူ နစ် ….
…..
….
ခေတ်ကြီး ..
မနေ့ကထိတော့
သူဟာ သူထား
အကောင်းတိုင်းကြီးလိုလိုနဲ့ ….။

နာနေကျတရား
ထပ်များ နာရဦးမလား …
ပါနေကျ စကား
ထပ်များ ပါရဦးမလား ….
….
….
ခေတ်က … စနစ်ကို မှီ
စနစ်က … ခေတ်ကိုချီ …
ကိုင်းကပဲ ... ကျွန်းဆီလား ...
ကျွန်းကပဲ ... ကိုင်းဆီလား ...
….
….
ရွှေရည်စိမ်ခေတ်ကြီး
အမနာပ
နွံနစ်ချင်သူတွေ ...
ကျွံဖြစ်ချင်သူတွေနဲ့ …
လှလို့ ...။
Posted by Aung Htet at 8:09 AM 0 comments  

New and Media

ရွှေတွံတေးဆရာတော် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲသို့ ကြွရောက်အားပေး
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်နေကြရာ ဦးဆောင်အဖွဲ့ နှင့်ပြည်သူများ၁၇. ၂. ၂၀၁၃ နေ့ လည်တွင် ခင်ဦးမြို့သို့ ရောက်ရှိကြသည်။


ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ဖြတ်သန်းရာ လမ်းတလျှောက် လူထုက ထောက်ခံအားပေးလျှက်ရှိ သည်။ အာဟာရကျွေးမွေးပြီးကျန်းမာရေးပြုစုပေးလျှက်ရှိသည်။ ကချင်စစ်ပြေးဒုက္ခသည်များအတွက်လည်း
အလှူငွေများလှူဒါန်းလျက်ရှိသည်။ ရွှေတွံတေးဆရာတော်သည် ခင်ဦးမြို့သို့ ကြွရောက်ပြီး ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ထောက်ခံအားပေးပြီး သင်္ကန်း ခေါက်ဆွဲ တီရှပ်နှင့် အလှူငွေများ လှူဒါန်းခဲ့သည်။





ရွှေတွံတေးဆရာတော်က... ငြိမ်းချမ်းရေးလမ်းလျှောက်တာအားပေးပါတယ်။ လူထုလည်းနေရာ အနှံ့သိရတယ်။ လိုလားထောက်ခံသူတွေလည်းပူးပေါင်းဆောင်ရွက်နိုင်တယ်။ အခုလည်း နေ့စဉ် ၁၀၀
လောက်ရှိတယ်။ မြို့ ကြီးတွေမှာဆိုပိုများတယ်။ အစိုးရနဲ့ ကချင် ၂ ဘက်အကြီးအကဲများ ပြည်သူ့ ဆန္ဒကိုလေးစားပြီး ငြိမ်းချမ်းရေးချက်ခြင်းလုပ်စေချင်တယ်။ စစ်ပွဲရပ်စေချင်တယ်။ ပြည်သူတွေဟာ မြေစာပင်ဖြစ်နေကြရတယ်။ ပါဝါကြီးတဲ့သူ လက်နက်များတဲ့သူက သဘောထားပိုကြီးပေးရင် ပိုလိုက်လျောပေးရင် အားလုံးအဆင်ပြေမှာပါ။ ရိုးသားပါ - ပွင့်လင်းပါ - ယုံကြည်စွာနဲ့ အပြန်အလှန် ငြိမ်းချမ်းရေးရယူနိုင်ကြပါစေလို့ ဆန္ဒပြုခဲ့သည်။

ရွှေတွံတေးဆရာတော်သည် မြန်မာ့ငြိမ်းချမ်းရေးကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ထိုင်း ကမ္ဘောဒီးယား စသည်တို့ တွင် နိုငံတကာငြိမ်းချမ်းရေး လမ်းလျှောက်ပွဲများဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းပါစေ  ကချင်မြေဟုဆန္ဒပြု လျက်ဟောပြောခဲ့ပြီး စစ်ပြေးဒုက္ခသည်စခန်းများသို့ လည်းသွားရောက်လှူဒါန်းခဲ့ပါသည်။
Posted by Aung Htet at 7:31 AM 0 comments  

MONDAY, FEBRUARY 18, 2013

Wuttmone - To Stop Burmese-Chinese Human Trafficking


မြန်မာ-တရုပ်လူကုန်ကူးမှု တိုက်ဖျက်ရေးတိုးမြှင့်မှု သုံးသပ်ခြင်း
ဝတ်မှုန်၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၃
ဘီဘီစီသတင်းဖြစ်ပါတယ်။ တရုပ်ပြည်မှာ လူဦးရေထိန်းချုပ်မှုကြောင့် မိန်းကလေးဦးရေ ရှားပါးလာတဲ့အတွက် မြန်မာပြည်က မိန်းကလေးများကို ကျပ်ငွေ ၂၆သိန်း နှုန်းနဲ့ ၀ယ်ယူ ပေါင်းသင်းတဲ့ တရုပ်အမျိုးသားများကြောင့်တစ်ကြောင်း၊ မြန်မာအမျိုးသမီးများကိုယ်နှိုက် လိုလားစွာ ငွေအလိုရှိတာကြောင့်၎င်း .. လူကုန်ကူးမှုလုပ်ငန်း ကြီးကျယ်လာခြင်းဖြစ်ပါတယ်။ တချို့အမျိုးသား၊အမျိုးသမီးများလည်း တရုပ်ပြည်မှာ အလုပ်ကြမ်းများလုပ်ဖို့ ရောင်းစားခံရပါတယ်။

Problem Description  ပြသနာအခြေအနေ
အိမ်ထောင်ပြုဖို့ ရောင်းစားခံရတဲ့ မိန်းကလေး (သို့မဟုတ်) မိန်မကြီး တစ်ဦးဟာ လူပွဲစားနဲ့တွေ့ပြီး ငွေကို ကိုယ်တိုင်ရယူ၊ လိုက်သွားတာများပါတယ်။ မိန်းကလေးများဟာ မသိပဲ ရောင်းစားခံသူများရှိသလို၊ ကိုယ်တိုင်လိုလားစာ ငွေလက်ခံပြီး အရောင်းစားခံသူများလည်း ရှိပါတယ်။ ထိုမိန်းကလေးကို ဂိုဏ်အဖွဲ့များက ၀ယ်လိုသူများကို ရှေးခေတ်ကျွန်အရောင်းအ၀ယ် လုပ်သကဲ့သို့ ပြသ ရောင်းချရပါတယ်။ မိန်းကလေးက ယောင်္ကျားတရုပ်အမျိုးသားနဲ့ အဆင်ပြေရင် ကိစ္စမရှိသော်လည်း အဆင်မပြေတာများပါတယ်။ 
ခေတ်သစ် လူကုန်ကူးကျွန်များမှာ စင်ကာပူကို လာရောက်တဲ့ အိမ်ဖော်အလုပ်များကို ငွေ သိန်း၂၀လောက် အရင်းအနှီးရှိသူများက လာရောက်လုပ်ကိုင်ရင်း၊ စင်ကာပူအိမ်ရှင်များထံ ကျွန်ခံသလို လုပ်ရပါတယ်။ တရုပ်၊ ယူနန်ပြည်နယ်မှာတော့ ငွေလုံးဝမရှိတဲ့ မြန်မာပြည်မှ အမျိုးသမီးငယ်များစွာ အရောင်းစားခံဘ၀နဲ့ ကျွန်ခံရင်း၊ ဇနီးသည်အဖြစ် ရောင်းစားရသလို ဖြစ်နေပါတယ်။
ဂိုဏ်းအဖွဲ့ဟာ တောင့်တင်းလှတဲ့အတွက် မိန်းကလေး ထွက်ပြေးရင် တရုပ်ရဲများ လပ်စားမှု၊ ဂိုဏ်းသားများ ပြန်လည်ဖမ်းချုပ်မှုများကြောင့် နောက်ဆုံး ၀ယ်ယူသူ ယောင်္ကျားလက်ထဲ ပြန်ရောက်သွားပါတယ်။ အချို့ အဆင်လုံးဝ မပြေရင် ယောင်္ကျားအသစ် ရှာပေးပါတယ်။ အမျိုးသမီးကို အချုပ်ထောင်လို နေရာမျိုးမှာ ချုပ်နှောင်ပြီး၊ အသေတော့ မသတ်ပါဘူး။ မျှော့၊ကျွတ်အကောင်များ ထည့်ပြီး သွေးစုတ်၊ ရက်စက်စွာ အမိန့်နာခံ၊ သူတို့ပေးတဲ့ ယောင်္ကျားနဲ့ ပေါင်းသင်းစေပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည့်တံဆာအဖြစ် ရောင်းစားခံရတာထက်တော့ တော်သေးပေမဲ့ မြန်မာအမျိုးသမီးများစွာ ငွေကြေးရဲ့ ကြေးကျွန်အဖြစ် ရှက်ဖွယ်လိလိ အခြေအနေပါ။


Possible Root Cause ဖြစ်ရသောအကြောင်းရင်း
ငွေကြေးလိုချင်မှုကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းရင်းကတော့ စားဝတ်နေရေး လုံလောက်တဲ့ အလုပ်ကိုင်ရှားပါးတဲ့အတွက် ဖြစ်ပါတယ်။

Containment Action ယာယီဖြေရှင်းချက်
၁။ မတရားရောင်းစားမှုများမှ ထွက်ပြေးလာတဲ့ မိန်းမငယ်လေးများ၊ မိန်းမအကြီးများ အားလုံးကို မြန်မာနဲ့တရုပ် လူမှုရေးအဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများ (ရဲအဖွဲ့များ) ပူးပေါင်းပြီး မြန်မာပြည်ပြန်ပို့ရေး ဖြစ်ပါတယ်။ 
၂။ လူကုန်ကူးတဲ့ ဂိုဏ်းများကို ဖမ်းဆီး ထောင်ချခြင်းဖြစ်ပါတယ်။ သေဒဏ် (သို့မဟုတ်) ဒဏ်ငွေ သိန်းထောင်ဂဏန်း ပေးခိုင်းခြင်း မရှိသေးပါဘူး (သူတို့ပိုင်ဆိုင်မှုတွေ ကို လေလံတင်ရောင်းချပြီး ဒဏ်ငွေဆောင်စေခြင်း အပြစ်ဒဏ်ပေးဖို့လိုအပ်နေပါတယ်)။ 

Solution အဖြေရှာဖွေခြင်း
အဓိကတော့ စားဝတ်နေရေးလုံလောက်တဲ့အလုပ်ကိုင် ရှားပါးခြင်းကြောင့် ဖြစ်တာကြောင့် အမျိုးသားရေး ကိစ္စကြီးဖြစ်နေပါတယ်။ တိုင်းပြည်ဆင်းရဲမွဲတေမှုကြောင့် ရှိသမျှသယံဇာတများကို ရောင်းစားရင်း လူကိုရောင်းစားခံရတဲ့ဘ၀ ရောက်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ပြည်ပမှာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ အလုပ်သွားလုပ်နေရပါတယ်။ အခုတော့ တရုပ်ပြည်ကို လူကုန်ကူးခံရတဲ့အထိ ဆိုးဝါလာခြင်းဟာ မြန်မာနိုင်ငံသားများ၊ အိမ်နီးချင်း တရုပ်အမျိုးသားများထက် အလွန်ဆင်းရဲမွဲတေ၊ အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့်ပါ။

ဗီယက်နမ်နိုင်ငံကို စံနမူနာအဖြေရှာ
အစိုးရရဲ့ စီမံကိန်းကြီးတရပ်အနေနဲ့ လူများစွာ အလုပ်ကိုင်ရရှိစေတဲ့ လုပ်ငန်းများကို FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှုအဖြစ် လာရောက်စေခြင်းဖြစ်ပါတယ်။ ဘယ်လုပ်ငန်းများဟာ မြန်မာအလုပ်သမ များစွာကို အလုပ်ကိုင်ရရှိစေပါသလဲ ..မေးခွန်းရဲ့ အဖြေကတော့ Process Industry ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမ များစွာလိုတဲ့ စက်ရုံ၊ SME Small and Median Enterprises အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ငွေချေးမြှင့်တင်တဲ့ အလုပ်ကို အထူးပြုလုပ်ကိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အလုပ်သမ အများပြားလိုအပ်တဲ့ အလုပ်များကတော့..

- လယ်ယာလုပ်ငန်း (ရေရရှိရေးဖြင့် နိုင်ငံခြားပို့ကုန် ပဲ၊ဆန်၊ပြောင်း စတဲ့ စိုက်ပျိုရေးလုပ်ငန်းများ)
- အထည်ချုပ်လုပ်ငန်း
- ပုဇွန်ငါး၊ မွေးမြူ၊ ထုတ်ပိုးရေးလုပ်ငန်း
- အစားအသောက်ထုတ်ပိုးမှုလုပ်ငန်း
- ကုန်အရောင်းအ၀ယ်၊ဈေးရောင်းဆိုင်များ၊၊ ကုန်တိုက်များ..
- ဆေးလိပ်ခုံများ ...စတဲ့ Process Industry များဖြစ်ပါတယ်။



အကြံပေးချက်
လယ်ယာစိုက်ပျိုးရေးအတွက် ၁၂ရာသီ ရေရရှိဖို့ လယ်ယာစိုက်ပျိုးရေး၊ ဆယ်မြောင်း စတဲ့ ၀န်ကြီးဌာနတွေက လုပ်ဆောင်ပေးနေပါတယ်။ ပုဂ္ဂလိက ဆယ်မြောင်းလုပ်ငန်းများကို ကန်ထရိုက်ပေးပြီး နှစ်ရှည် လုပ်ဆောင်နိုင်သော်လည်း မည်သူမျှ မလုပ်ချင်ပါဘူး။
ဒီအလုပ်သမများများလိုတဲ့ စက်မှုလက်မှုလုပ်ငန်းများအတွက် နိုင်ငံခြားရင်းနှီးမှု လုပ်နိုင်ရန် လိုအပ်ချက်
၁။ တရုပ်နယ်စပ်မှ ဒလစပ်ဝင်လာတဲ့ ပစ္စည်းမှန်သမျှကို အခွန်ကောက်ဖို့ဖြစ်ပါတယ်။ 
  - မြန်မာနိုင်ငံအစိုးရက အခွန်ကောက်ဖို့ လပ်စားမှုများစွာရှိနေတဲ့ အစိုးရ၀န်ထမ်းများ လုံးဝ မလုပ်နိုင်ပါဘူး။ ကောက်ရငွေရဲ့ ၂၀ ရာနှုန်းလောက်ကို ယူပါဆိုပြီး နိုင်ငံခြားကုမဏီ (သို့မဟုတ်) ကုလသမဂ္ဂ၊ NGO အဖွဲ့အစည်းများကို တာဝန်ပေးရပါမယ်။ 
-                      ပြည်တွင်းမှာ ရောင်းနေတဲ့ တရုပ်ပစ္စည်းများ အထူးသဖြင့် အထည်များ၊ မော်တော်ဆိုင်ကယ်များကို အခွန် လိုက်ကောက်ရန်
၂။ ပြည်တွင်း SME လုပ်ငန်းများကို မြန်မာပြည်အစိုးရက အာစီယံနိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အစည်းအဝေး တက်တဲ့အဆင့်မှာပဲ ရှိနေပြီး၊ SME ဌာနမှာ လုပ်ကိုင်တဲ့ အစိုးရ၀န်ထမ်းများအဖို့ ဘာမှမလုပ်နိုင်ဖြစ်နေပါတယ်။ မြန်မာအစိုးရ ဥပမာ SME ဌာနရဲ့ ၀န်ဆောင်မှုလုပ်ငန်းများကို ကန်ထရိုက်ပေးပစ်လိုက်ဖို့ကောင်းနေပါပြီ။ 
၃။ SME လုပ်ငန်းများကို ငွေချေးပေးခြင်း၊ ကုန်ကြမ်းများ ပြည်ပမှ အလွယ်တကူဝယ်ယူမှု ၀န်ဆောင်ပေးခြင်း၊ ကုန်ချောများ ပြည်တွင်း၊ ပြည်ပ ရောင်းချနိုင်ရန်လည်း အစိုးရက ၀န်ဆောင်မှုလုပ်ပေးခြင်း၊ ထို SME  Import / Export လုပ်ငန်းများကို ၀န်ဆောင်မှု ကန်ထရိုက်ပေးပစ်လိုက်ခြင်း...

အကြံပေးခြင်းသာဖြစ်ပါတယ်။ 
အဓိကအကျဆုံးကတော့ Trust ဆိုတဲ့ ယုံကြည်မှုရှိလာရင် Process Industryုံ အလတ်တန်းစား စီးပွားရင်းနှီးမှုများ ပြည်ပမှ (အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံမှ) ၀င်လာမယ်ဖြစ်ပါတယ်။ အခုတော့ ခြစားမှုများပြားလှတဲ့ မြန်မာပြည်ရဲ့ အခြေအနေကြောင့် အကြီးစား FDI ရင်းနှီးမှုများပဲ လာနေပြီး၊ အလတ်စားများကတော့ မလာသေးပါဘူး။ ယုံကြည်မှု အတွက် ပြည်တွင်း တိုင်းရင်းသားများကို အရင်တည်ဆောက်ရပါမယ်။ ပြီးမှ နိုင်ငံခြားသားများက ယုံကြည်လာပြီး အလတ်တန်းစား အလုပ်သမများ အလုပ်ကိုင်ရမဲ့ အလုပ်ရုံများ ရောက်လာမယ်ဖြစ်ပါတယ်။
မြန်မာအလုပ်သမများ အလုပ်ကိုင်ရ၊ အခြေခံစားဝတ်နေရေး အဆင်ပြေပြီး ၊ တရုပ်နိုင်ငံ ရောင်းစားခံရမှုမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။

ဝတ်မှုန် (ရောင်းစားခံရသော သမီးရှင်တစ်ဦး)
၁၉-ဖေ-၂၀၁၃

Photo from - Human Rights - First Place: Katsuo Takahashi. Marriage by Force in China: Burma's Trafficking Victims . A Burmese woman, a victim of trafficking to China, who was freed in Jie Gao, China. She is shown with her Burmese husband who told her that if she would get pregnant, she could forget the tragedy. 



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages