25th Mar - MoeMaKa Daily
2 views
Skip to first unread message
Maung Yit
unread,
Mar 25, 2013, 1:54:30 AM3/25/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၇၃)
နှုတ်ဆက်ပွဲ၊ တင်မိုး (၆)နှစ်မြောက်
မာမာအေး
မတ် ၂၅၊  ၂၀၁၃
(photo: Mya Thandar's facebook)
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ … မာအေးတော့ ကိုယ့်အိမ်ကလေး ရှိနေတဲ့ အမေရိကန်ရွာကလေးကို ချောချောမောမော ပြန်ရောက်နေပါပြီ။ အများသူငါ ပို့သတဲ့မေတ္တာပါဘဲ။
နေကေါင်းကျန်းမာရှိပါတယ်။ ချစ်စွာသော ပြည်သူ ပရိသဒ်အပေါင်းတို့တွေလဲ အစစ အရာရာ အေးချမ်းသာယာ မင်္ဂလာရှိပါစေရှင်။ မပြန်ခင်ကတည်းက လွမ်းရစ်ဦးတော့မှာဘဲဆိုတဲ့ ရောင်းရင်းတို့ကိုလဲ သွားလမ်းသာလို့ ပြန်လမ်းလှတဲ့ အချိန်မျိုးမှာ မကြာမကြာ ကျိုးစားလာမှာပါလို့ ပြောခဲ့တဲ့အတိုင်း တည်မှာပါ။
ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်ခဲ့တဲ့ သုံးလ ဆိုတာ ဘာမှ ကြာလိုက်တယ်မထင်ဘူး။ ဘယ်မှလဲ သိတ်မရောက်လိုက်ဖူး။ မိတ်ဆွေတွေ အသိတွေနဲ့လဲ သိတ်မတွေ့ဖြစ်ပါဘူး။
အပြင်ရောက်တာ ကြာတော့ လိပ်စာတွေမမှတ်မိ၊ ဖုန်းနံပါတ်တွေလဲ မသိတော့လို့လေ၊ မှတ်မိသလေါက်ကလေးတောင်မှ ကိုယ်က လိုက်မတွေ့နိုင်၊ သူတို့လာကြပြန်တော့လဲ
ကိုယ်က ရှိမနေတော့ လွဲချည်းနေမှာလို့ တွေးမိပြီး ဆုံချင်သူတို့ ဆုံလို့ရအောင် နှုတ်ဆက်ပွဲလေးတပွဲ လုပ်မယ် လို့ အချိန်စောင့်နေခဲ့ရပါတယ်။
ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ကတော့ နှုတ်ဆက်ပွဲလေး အထမြောက်သွားပါတယ်။ ဖိတ်စာလိုလိုလေးပေါ့။ ကိုယ့်လက်ရေးနဲ့ ကိုယ့်ဓါတ်ပုံလေးနဲ့ စာရွက်ကလေးတွေကို မြေးငယ် မမိဖူးက လက်စွမ်းပြပေးတာဘဲ။
ရတဲ့သူလဲရ မရတဲ့သူလဲမရတော့ ဖြစ်ဦးမှာဘဲပေါ့။ ကိုယ်ခွဲက သိတ်မရှိတော့ သိပြီးတဲ့သူက တွေ့တဲ့မိတ်ဆွေကို တဆင့်ပြီးတဆင့် ပြောပေး နှုတ်ဖိတ်ကလေးလဲ လုပ်ပါတယ်ရှင်။
မာအေးတို့တွေ အသံအလှူပေးနေကျဖြစ်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီး တည်တော်မူခဲ့တဲ့ တိနိကျောင်းတော် ငွေရတုခန်းမမှာပါ။
မာအေးရဲ့ သီချင်းပွဲတွေမှာ ငွေလက်ဆောင်တွေလဲ ရခဲ့တော့ စေတနာရှင်တွေလဲ ၀မ်းမြောက် သာဓုခေါ်နိုင်ပါစေရယ်လို့ သာသနာရေး လူမှုရေး အဖွဲ့တချို့ကို လှူဖြစ်ပါသေးတယ်။ ကျောင်းရှိ သံဃာကုန် ဆွမ်းလုပ်ကျွေးပါတယ်။
မိတ်ဆွေတွေကို ကျွေးတဲ့နေရာမှာတော့ မျက်နှာလိုက်သလို ထင်ကြမှာ ထင်ပါရဲ့။ မြောင်းမြဒေါ်ချို မုန့်ဟင်းခါး ကျွေးတာကိုးရှင့်။ အဆင်သင့်သွားတာလဲ ပါပါတယ်။ မြောင်းမြအသင်းကလဲ မြောင်းမြသူ မာအေးဆီလာတာပေါ့။ အဲဒီမှာ သူတို့ ညီအမ မိသားစုတွေလဲ လူမှုရေး သာသနာရေးကိစ္စတွေ ကူညီနေတာတွေ့တော့ ဖြစ်တာတင်မက မုန့်ပါကျွေးဖြစ်သွားတာပါဘဲ။
အားလုံးလဲ ရောက်လာကြ စါးကြ ပြောနဲ့ အတော်ပျော်ကြပါတယ်။
သွားလေသူ ဂီတ အကိုတော်တွေလဲ ကုန်သလေါက်လို့တောင် ပြောလို့ရနေတော့ သတိရလိုက်မိတာနဲ့ အရင့်အရင် ဆုံကြရင် အော်ဟစ်နောက်ပြောင်ခဲ့သူတွေ မပါတော့ပါလား ဆိုတဲ့ ရင်တွင်းကြိတ်နဲ့ ဆွေးချင်ကြပါတယ်။
ကိုယ်လဲ  တနေ့ လို့ သံဝေဂ ယူရတာပေါ့ရှင်။
နောက်တပါတ်အတွင်းမှာ ကဗျာဆရာ ဖလ်မီးအိမ်တင်မိုး အတွက် ကျန်ရစ်သူတွေက ရောင်းရင်းများက မမေ့တဲ့နေ့လေး လုပ်ပါတယ်။ ကြုံတောင့်ကြုံခဲ ကဗျာမိုးရဲ့ ပွဲမို့လဲ မာအေး ဒီအခန်းအနားကို သွားတက်ခဲ့တာပါဘဲ။
ပန်းချီဆရာ ယဉ်မင်းပိုက် ရေးဆွဲခဲ့တဲ့ - တင်မိုးရဲ့ အပြုံးဟာ မြန်မာလွယ်အိတ်လေးတွေပေါ်မှာ အထင်အရှား ငါ့ကို ခေါ်သွားလို့ ပြောနေတဲ့အလား ခံစားမိတယ်။
အမှတ်တရ ကဗျာစာအုပ်လဲ ဝေငှပါတယ်။
ဆရာတင်မိုး အကြောင်းတွေကို ဆရာ့အရင်းအခြာတွေဖြစ်တဲ့ ဂုဏ်ထူးဦးသိန်းနိုင် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ ဟံသာဝတီဦးဝင်းတင် နဲ့ တောင်စွန်းဆရာတော်ဘုရားတို့က ပြောပြဘို့ရှိပါတယ်။ မာအေးလဲ ရောက်သွားတော့ အပြင်ကမ္ဘာမှာ ခင်လာရှာတဲ့နှမမို့ ၀င်ပြောခွင့်ပေးကြပါတယ်။
မာအေးအလှည့်ကျလို့ ပြောဖို့ စတဲ့အခါ ရင်ထဲမှာ ဆို့တက် ငိုချင်လာတာကို အတော် ပြန်ထိမ်းလိုက်ရပါတယ်။ ကိုယ်ကတော့ ပြန်ရောက်ပြီ၊ သူကတော့ သူအင်မတန့်အင်မတန် ပြန်ချင်တဲ့ ချစ်တဲ့မြေကို ခြေမချခဲ့ရလေခြင်း ဆိုတဲ့ ယူကြုံးမရစိတ်ကြောင့် ကြေကွဲလွန်းလို့ပါ။
အမှတ်တရ ကဗျာစာအုပ်မှာ မာအေးရေးတဲ့ ကဗျာလေးတွေ့ပါတယ်။ မဆုံးသေးတာက တွေ့တာနဲ့ ပါလာတဲ့ မာအေး မှတ်စုစာအုပ်ကလေးထဲက - ကဗျာမိုးကြီးတောင်ကွယ်တာ (၂) နှစ်မြောက်ချိန်မှာ ရေးတဲ့ ကဗျာလေးကို ထုတ်ပြီး ဖတ်ပြခဲ့ပါတယ်။
'(၂) နှစ်ပြည့်ကဗျာမိုးအမှတ်တရ' လို့ ခေါင်းစဉ် ပေထားတဲ့ကဗျာပါ။
* ဆရာတင်မိုး
ဒေါင်းရိုးဖြူစင် ဂန္တ၀င်၊
* ပွဲဝင် စင်တက်၊ ၀ိညာဉ်လက်တို့၊
အကို့နေရာ၊ လပ်ရှာသိ (၂) နှစ် ရှိပြီ၊
* ကသီလင်တ နှိုင်းမရသော
ဒေါသလောင်မီး၊ ခါးသီးစရာ
မြန်မာခံစား၊ ဒုက္ခများကို
ကြားရလေလေ၊ လူစုံလေတိုင်း
နဘေကါရံ၊ နှံထက်နှံတက်
'ကလောင်မြတ်'သာ၊ ရှိစမ်းပါလား
'အုတ်ကြားမျက်'တွေ၊ ညက်ညက်ကြေအောင်
"တဒေါင်နှင့်ထောင်း၊ ခြေစောင်းနှင့်ခတ်
မြိုင်ရပ်ကိုနှင်၊ ကဗျာဆင်လိမ့်" ပြောချိမ့်ချိမ့်၊
* တသိမ့်သိမ့်ဝေး၊ နုအေးညင်သာ
တွေးမိလာသော်၊ အတော်ပါဘဲ
ဆင်းရဲကိုယ်စိတ်၊ နိဗာန်ဆိတ်မည့်
သပိတ်မှောက်ကံ၊ သံဃာသွေးရှင်
မြင်ရဘူးပေါ့၊
* သော့သောရမ်းရမ်း၊ ရေလွှမ်းဒီရိုက်
လေကြမ်းတိုက်နှင့်၊ ဒိုက်သောလူသော
အတူမျောကြ၊ သဘာဝပေး
ကူဖေးမနိုင်၊ လက်မှိုင် မျက်ရည်
တို့တွေကျရာ၊ သူ မပါတာ၊ ကံကေါင်းတာပေါ့။
* ကန်တော့ရည်မှန်း၊ ဆွမ်းပန်းကပ်လှူ
ကဗျာချစ်သူ၊ စာချစ်သူတို့
သူနှစ်မြို့အောင် ...
ကလောင်လက်စမ်း၊ ကဗျာတမ်းလော့
ကိုယ်စွမ်းရှိစဉ် ...
ခွပ်ဒေါင်းပီပြင်၊ မြန်မာခင်လော့ ။   ။
နှစ်ထောင့်ကိုးခုနှစ်၊ ဇန္န၀ါရီလ (၂၁) ရက်၊ မနက် ကိုးနာရီခွဲက စန်ဖရန်စစ်စကိုမြို့ရောက် 'မောင်ရစ်'တို့ အိမ်မှာ ရေးခဲ့တဲ့ ကဗျာလေးပါရှင်။
စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 
Posted by Moemaka at 10:27 PM 0 comments  
88 Htay Kywe met with Burmese activist community from Buffalo
နယူးယောက်၊ ဘတ်ဖဲလိုးရောက် မြန်မာမိသားစုတွေနဲ့ ၈၈ ကိုဌေးကြွယ် တွေ့ဆုံပွဲမြင်ကွင်း
မိုးမခ၊ (ဓာတ်ပုံ လောအယ်စိုး)  မတ် ၂၅၊ ၂၀၁၃
မတ်လ ၂၄၊ တနင်္ဂနွေနေ့ညနေခင်းက နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြိုံ့၊ El Wood Ave ခန်းမဆောင်တွင် မြန်မာတိုင်းရင်းသား ၁၀၀ ခန့်စုဝေးကြပြီး အမေရိကန်ပြည်ရောက် ၈၈ မျိုးဆက် ကိုဌေးကြွယ်အား ကြိုဆိုနှုတ်ဆက်ပွဲ နွေးထွေးစွာ ကျင်းပခဲ့ကြသည်။
ပွဲစီစဉ်သူများထဲတွင် တဦးအပါအ၀င်ဖြစ်သော ကို မိုးသီဟက ပြောကြားရာတွင် တက်ရောက်လာကြသူအများစုမှာ ၈၈ မျိုဆက် မိသားစုများ၊ အသိုင်းအ၀ိုင်းများနှင့် တိုင်းရင်းသားမိသားစု အများစု ဖြစ်ကြောင်း မြန်မာပြည်အရေး၊ တိုင်းရင်းသားအရေးနှင့် ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများ နေရပ်ပြန်နိုင်ရေးတို့ကို စိတ်ဝင်တစား မေးမြန်းကြကြောင်း၊ ကိုဌေးကြွယ်ကလည်း ပွင့်ပွင့်လင်းလင်း ၎င်းတတ်နိုင်သမျှ ဖြေကြားသွားကြောင်း ပြောကြားသည်။ ပြည်ပရောက်နေသော်လည်း မြန်မာ့အရေးကို စဉ်ဆက်တစိုက် စိတ်ဝင်စားသူများ၊ လှုပ်ရှားနေသူများ၏ အခမ်းကဏ္ဍနှင့် လှုပ်ရှားမှုများ ဆက်စပ်မှုများကို ပြောဆို ဆွေးနွေး ကြသည်ဟု ဆိုသည်။
ထူးခြားသောအစီအစဉ်တခုအဖြစ် ABSDF ကျောင်းသားတပ်မတော်သားဟောင်း တဦးဖြစ်သူ ကိုထွန်းထွန်းက မီနီဆိုးတားပြည်နယ်မှ လာရောက်ပြီး တွေ့ဆုံပွဲကို တက်ရောက်ရာတွင် ကျောင်းသားတို့၏ ခွပ်ဒေါင်းအလံတော်ကို ကိုဌေးကြွယ်ကို အမှတ်တရ ပေးအပ်ခဲ့သည်။ အဆိုပါအလံတော်မှာ တိုက်ပွဲတွင် ကျဆုံးခဲ့သော ကျောင်းသားများကို လွှမ်းခြုံပြီး အလေးပြုခဲ့သော အလံကို ကိုဌေးကြွယ်နှင့်တကွ ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ဂုဏ်ပြုပြီး ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုထွန်းထွန်းက ပြောကြားသည်။
            နယူးယောက်ပြည်နယ်ရှိ ဘတ်ဖဲလိုးမြို့နယ်အပါအ၀င် အမေရိကန်သို့ ပြောင်းရွှေ့အခြေချသည့် မြန်မာတိုင်းရင်းသားများစုဝေးရာ အခြားမြိုံနယ်များတို့အပြင် ဖလော်ရီဒါ၊ မီနီဆိုးတားပြည်နယ်တို့အပြင် ကနေဒါနိုင်ငံမှ မြန်မာတိုင်းရင်းသားတို့ကလည်း ကိုဌေးကြွယ်နှင့် လာရောက်တွေ့ဆုံကြသည်ကို တွေ့ရသည်။
            ၈၈ မျိုးဆက် နှင့် ABSDF ခေါင်းဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူ ကိုသန်းဝင်းက ဖလော်ရီဒါပြည်နယ်မှ လာရောက်ပြီး ဘတ်ဖဲလိုးအခမ်းအနားကို တက်ရောက်ခဲ့သည်။ မိမိအနေနှင့် ၈၈ မျိုးဆက် မိတ်ဆွေရဲဘော်ဟောင်းများကို ပြန်လည် ဆုံတွေ့ကြသည့် တွေ့ဆုံပွဲတခုအဖြစ် ၀မ်းမြောက်မိသည်ဟု မိုးမခသို့ ပြောကြားသည်။ မိမိတို့ ၈၈ မတိုင်မီက ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြစဉ်က အခက်အခဲ အတားအဆီးမျိုးစုံကို ရင်ဆိုင်ခဲ့ကြရကြောင်း၊ ပတ်ဝန်းကျင်အချို့ ငြိုငြင်မှု၊ ငြင်းပယ်မှုတို့ကို ရင်ဆိုင်ခဲ့ရကြောင်း၊ ၈၈ အရေးတော်ပုံနှင့် နောက်ပိုင်းတွင်လည်း အသက်ပေါင်းများစွာ ဆုံးရှုံးအနစ်နာခံခဲ့ကြရကြောင်း၊ ယခုအချိန်တွင်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း သို့သော်လည်း ယခုကဲ့သို့ ၈၈ မျိုးဆက် ကိုဌေးကြွယ်ကို အများပြည်သူက ပြည်တွင်း ပြည်ပတွင် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်ကို တွေ့ရသဖြင့် မိမိတဦးတည်းအမြင်အရ ၀မ်းမြောက်မိသည်ဟု ပြောကြားပါသည်။
            ကိုဌေးကြွယ်သည် အမေရိကန်အရှေ့ခြမ်းတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းတို့ပြီးနောက် အမေရိကန်အနောက်ခြမ်း ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများနှင့် လာမည့် မတ် ၂၉  သောကြာနေ့ညနေခင်းတွင် ဆုံတွေ့ရန် စီစဉ်ထားသည်။ 
Posted by Maung Yit at 9:58 PM 0 comments  
Children Art Show at RAC, Richmond, East By
Richmond Art Center က ကလေးပန်းချီပြပွဲ မြင်ကွင်း
မိုးမခအထောက်တော် ၀၀၂၊ မတ် ၂၅၊ ၂၀၁၃
 ဆန်ဖရန်ဘေးဧရိယာက ဘေးအရှေ့ခြမ်း၊ ရစ်ခ်ျမွန်မြို့၊ မြို့တော်ရင်ပြင်က RAC လို့ အတိုကောက်ခေါ်တဲ့ Richmond Art Center ကို ခရီးလမ်းကြုံလို့ ရောက်ခဲ့တယ်။ လက်ရှိ မတ်လနဲ့ ဧပြီတလလုံး ရစ်ခ်ျမွန်မြို့က ကျောင်းပေါင်းစုံကလေးတွေရဲ့ ပန်းချီအနုလက်ရာတွေကို ပြခန်းလုပ်ပြီး ပြသထားတယ်။ ကလေးတွေဆိုတာက ဆယ်ကျော်သက်ကလေးတွေရဲ့ လက်ရာမျိုးစုံလို့ ပြောရမယ်။ လက်နဲ့ ဆွဲတာကော၊ ကိရိယာတန်ဆာပလာတွေသုံး ဆွဲတာကော၊ ကွန်ပျူတာနဲ့ ဆွဲတာကော စုံလို့။ လက်ရာပေါင်း ၅၀ ကျော်မယ် ထင်ပါတယ်။
ကြုံလို့ သူတို့မြို့ရဲ့ အနုပညာခန်းမကို လိုက်ကြည့်တော့ မြို့သူ မြို့သားတွေ ၀ါသနာပါရာကို အပျော်တန်း လေ့လာ ဆည်းပူးနိုင်အောင် အနုသင်တန်းတွေ မျိုးစုံလည်း ဖွင့်လှစ်ထားတယ်။ လာမယ့် အမေရိကန်နွေရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ ကလေး လူကြီးတွေ အတွက် နွေရာသီသင်တန်းတွေ ခေါ်နေတာ တွေ့ရတယ်။ 
အခု ၀င်ကြည့်မိတာကတော့ ရိုးရား ယက်ကန်းစင်တွေ ဖြစ်ပါတယ်။ ချည်မြည်တွေကို လက်နဲ့ လွန်းထိုးပြီး ခြေနင်းစက်နဲ့ ယက်တဲ့ ယက်ကန်းသင်တန်းဖြစ်ပါတယ်။ ရှေ့းအကျဆုံး ကွန်ပျုတာယက်ကန်းစက်လို့ ဆိုနိုင်တဲ့ ချည်အကွက်တွေကို အဆင်ဖော်တဲ့ ကိရိယာလေး တတ်ပြီး ခြေနင်းရတဲ့ စက်လည်း တွေ့ခဲ့ရသေးတယ်။ ကွန်ပျုတာနဲ့ ချိတ်ပြီး ခြည်ကွက်တွေ ချိတ်ဆက် ပြောင်းလဲပေးတဲ့ ယက်ကန်းစက်လည်း ရှိတယ်။ လူကတော့ ခြေနဲ့ နင်းပေးရပါတယ်။
မြန်မာတွေ စုဝေးရာ နေရာဌာနတွေမှာ ကလေး လူငယ်တွေရဲ့ အနုပညာအရည်အချင်းတွေ ထုတ်ဖော်ပြသတဲ့ ပြပွဲတွေ ပြခန်းတွေ ကျင်းပပေးဖို့ လိုလေမလား တွေးမိတယ်။ အခု တွေ့ရတာကတော့ လူမျိုး ဘာသာ အသွေးအရောင်စုံတဲ့ အမေရိကန် လူပေါင်းစုံပြသတဲ့ ကလေးပန်းချီခန်းပေါ့။ ပြခန်းက ပြယုဒ်ကတော့ ခွဲဖြာထွက်မှုတွေ စုစည်းထားတာလို့ ဆိုရမယ်။ အနုပညာတွေမှာ ဘာသာစကားက တခုတည်းပဲဆိုတော့ လူတိုင်း ခံစားလို့ရတာ မြင်ရတယ်။
ဆယ်ကျော်သက် မြန်မာကလေးမတဦးရဲ့ ပန်းချီ တင်ဆက်မှုတခုလည်း ပါတယ်။ မာတင်လူသာကင်း (လူမည်း လူ့အခွင့်အရေးခေါင်းဆောင်) ကို မီပြီး သရုပ်ဖော်ထားတယ်။ I have a dream မိန့်ခွန်းကို စာရွက်ပေါ်မှာ သေးသေးလေး ခဲနဲ့ရေးပြီးတော့ စက္ကူလေယျာဉ်ပျံ ချိုးထားတယ်။ ကမ္ဘာမြေပုံ ရောင်စုံပေါ်မှာ ကြိုးနဲ့ ဆွဲပြီး ကပ်ချိတ်ထားလိုက်တယ်။ ဥာဏ်သွားနိုင်သလောက် တွေးရုံပေါ့။
နောက်တပုံကတော့ အမေရိကန်ဆယ်ကျော်သက်တဦးရဲ့ ပုံ အိုင်းစတိုင်းနဲ့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ကို ယှဉ်တွဲပြီး ရေးဆွဲထားတယ်။ E = Mayan Clanader လို့ အမည်ပေးထားတယ်။ သိပ္ဗံနဲ့ သမိုင်းထဲက မှတ်တိုင်တွေကို ရယ်မောပြလိုက်တယ် ထင်တာပဲ။ 
Posted by Maung Yit at 8:48 PM 0 comments  
Paris Maung - Learning French 7
ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၇)
Lesson 7 ( Leçon 7  )    
ပါရီမောင်၊ မတ် ၂၅၊ ၂၀၁၃
Lesson 7 ( Leçon 7  )    
Les Verbes ( Verb ) ကြိယာများ ၊ 
VERBE "AVOIR"  နှင့် သက်ဆိုင်သော သုံးစွဲပုံများ
avoir အာ ဗွား ၊ ရှိသည်   être  အက်ထရ် ၊ ဖြစ်သည်
ပြီးခဲ့သောသင်ခန်းစာ ၅ တွင် အသုံးဝင်သော ကိယာများ အပြင် အရေးကြီးသော ကြိယာ၂ ခုဖြစ်သော
avoir အာ ဗွား ၊ ရှိသည   être  အက်ထ်ရ် ၊ ဖြစ်သည် ကိယာတို့၏ Verbe Conjugaison  ကို
ပေးခဲ့ပါသည်။ ဒါကြောင့် အရင်ဆုံး မိမိမှာရှိခြင်း သို့မဟုတ် အခြားသူများ မှာ တစုံတခု ရှိခြင်းကို ပြဆိုဖို့ အတွက် အဲဒီ ကြိယာတွေကို အသုံးပြုပြီး စာကြောင်း တွေကို ကိုယ်တိုင်  လုပ်ကြည့်ပါ။
သင်ခန်းစာ ၃ မှာ ဟင်းသီးဟင်းရွက် ၊ အသီးအနှံအခေါ်အဝေါ်တွေ အပြင် ၊ အဝတ်အထည်တွေရဲ့ အခေါ်အဝေါ်တွေ သိပြီးသားဖြစ်နေပြီ မဟုတ်လား။
ဥပမာ    ---   J'ai une pomme.  ရေ အယူးန်း ပေါ်မ်း ။ ကျနော့်မှာ ပန်းသီးတလုံး ရှိသည်။  ကိုပြောမယ်ဆိုပါစို့ ....
ပြောချင်တဲ့ ကတ္တားပုဒ်ကို အရင် စဉ်းစားပါ။ ကျနော်၊ကျမ ဖြစ်တော့  Je  ကို ရွေးမယ်ပေါ့၊
je ဆိုတဲ့ ကတ္တား နဲ့ ဆိုင်တဲ့  avoir အာ ဗွား ၊ ရှိသည်   မူရင်းကြိယာကို Conjugaisonလုပ်လိုက်တော့ ai လို့ရပြီနော် ။ ဒါပေမဲ့  je ai လို့ သုံးလို့မရဘူး။ သရ  လုံးထပ်နေတယ်။
ဒါကြောင့် ရှေ့က je မှာရှိတဲ့ "e" ပြုတ်သွားပြီး J'ai  လို့ ဖြစ်လာရတယ်။ ပန်းသီးကို အဘိဓါန်မှာ ကြည့်ပါ။
n/f (noun / Féminin) လား   n/m  ( Noun / Masculin ) လား၊ အကြမ်းအားဖြင့်"e" နဲ့ဆုံးတဲ့ Noun တွေဟာ n/f ဖြစ်တယ်။ ဒါကြောင့် une pomme ကို ရွေးရမယ်။ နောက်ပြီး ပန်းသီးဆိုတဲ့ အကြောင်းအရာ ကို စပြီးပြောတာ ဖြစ်လို့  une  ကို သုံးရပါမယ်။
ရှိခြင်းကိုပြဆိုသော နမူနာစာကြောင်းတချို့ (အများကိန်းတွေကို အနီရောင်နဲ့ ပြထားပါတယ် ။ )
Elle a une chemise.   အယ် လာ အယူးန်း ရှမီးဇ်    သူမမှာ အင်္ကျီတထည်ရှိသည်။
Nous avons une maison.  နူ ဇာဗွန် အယူးန်း မေဇွန်    ကျနော်တို့မှာ အိမ် တလုံးရှိသည်။
Nous avons des livres.   နူ ဇာဗွန် ဒေ လိဗ်ရ်    ကျနော်တို့မှာ စာအုပ်တွေ ရှိသည်။
Il a un chien.    အီ လာ အန် ရှန်း     သူ့မှာ ခွေးတကောင်ရှိသည်။
Tu as trois stylos.   ကျူ အာ တွာ စတီလို     မင်းမှာ၊ခင်ဗျားမှာ ဘောပင်  ချောင်းရှိသည်။
Vous avez un stylo.   ဗူဇာဗေ အန် စတီလို      ခင်ဗျား မှာ ဘောင်းဘီ တထည် ရှိသည်။
Elle a un sac.   အယ် လာ အန် ဆာ့ခ်     သူမမှာ အိတ်တလုံးရှိသည်။
ကတ္တားပုဒ်များ သည် သက်ရှိ သာဖြစ်ရမည်ဟုပြော၍မရပါ။ သက်မဲ့ အရာဝတ္ထု များလည်းဖြစ်နိုင်ပါသည်။
အနည်းကိန်းဖြစ်လျင် il /elle   အများကိန်းဖြစ်လျင် ils/elles အနေနှင့် ယူဆပြီးဆိုင်ရာ Verbe "Avoir" ၏  Conjugaison ဖြင့်တွဲသုံးရပါမည်။
La voiture a un drapeau.  လာ ဗွာကျူး အာ အန် ဒရာပို ။ ကားမှာ အလံတခုရှိသည်။ နောက်တနည်း ပြောတာ ကို ကြည့်ပါ  J'ai une voiture, elle a un drapeau.  ရေ အယူးန်ဗွာကျူး  အယ်လ်လာ အန် ဒရာပို ( ဒီနေရာမှာ  elle  ဆိုတာက  ကားကို သုံးနှုံးပြောဆိုတာပါ ) ကျနော့်မှာ ကားတစီးရှိတယ်၊ သူမမှာ အလံတခုရှိတယ် ။
Les enfants ont des jouets. လေ ဇွန်ဖွန့် အွန့် ဒေ ဂျူးဝေး ။ ကလေးတွေမှာ အရုပ်များရှိကြသည်။
L'ordinateur a un écran.  လော်ဒီနာတာ  အာ အန် နေ ခရွန် ။(un écran အသံဆက်)ကွန်ပြူတာမှာ မှန်သားပြင် တခု ရှိသည်။
La vache a une cloche. လာ ဗတ်ရှ် အာ အယူးန် ကလော့ရှ်။   နွားမှာ ခလောက် တလုံးရှိသည်။
La maison a  3( trois) portes. လာမေဇွန်အာ ထွား ပေါ့ထ် ။ အိမ်မှာ တံခါးမ သုံးပေါက်ရှိသည် ။
L'orange a des pépins. ( pépin= n/m: အစေ့ graine) လောရော့ရှ် အာ ဒေ ပေပန်း ။ လိမ္မော်သီးမှာ အစေ့များရှိသည်။
Les oiseaux ont des ailes. ( aile= n/f  တောင်ပံ ) လေဇွားဇိုး အွန့် ဒေဇိုင်းလ် ။ ငှက်များမှာ အတောင်ပံများရှိသည်။  ( un oiseau=  အန်နွားဇိုး ၊ ငှက် တကောင်  )
Un chat a (4) quatre pattes. ( patte= n/f ခြေ၊ သတ္တဝါနှင့် ငှက်များသာ  ) အန် ရှာ အာ ကာ့ ထ် ပတ် ထ် ။    ကြောင်တကောင်မှာ ခြေလေးချောင်းရှိသည်။  
စာကြောင်းတွေကို ပြန်ကြည့်ရင်
   Nous                         avons           des livresနူ ဇာဗွန် ဒေ လိဗ် ၊ကျနော်တို့မှာ စာအုပ်တွေရှိတယ်
ကတ္တား Subject      ကြိယာ Verb    နာမ် Noun
              ကတ္တား Subject        +          ကြိယာ Verb      +         နာမ် Noun
ဒီစာကြောင်းလေးကိုပဲ ပြန်ချိန်ညှိမယ်ဆိုရင်  ၂ ပိုင်းခွဲ လိုက်မယ် ။
Nous  avons  /  des  livres    လို့ ကြည့်ရင်
Nous  ဆိုတဲ့ ကတ္တားပုဒ် နဲ့ ကိုက်ညီတဲ့ Verbe avoir ရဲ့ မှန်ကန်တဲ့ avons  ကိုသာ ရွေးရပါမယ်။
ဒီလိုပဲ livres  အတွက် အများကိန်း ဖြစ်တဲ့  Article Indéfini  ကိုရွေးရပြီး  Pluriel  ပဲရွေးရမှာပါ။
EXPRESSION AVEC VERBE "AVOIR" 
 VERBE "AVOIR"  နှင့် သက်ဆိုင်သော သုံးစွဲပုံများ
EXPRESSION   များသည် အကြောင်းအရာတခုကို ပြောဆိုရာတွင် ပုံသေ သတ်မှတ်ထားသောပုံစံ ဖြင့် ပြောရန်ဖြစ်သည်။
အေက်ပါလင့်တွင်ပေးထားသော အကြောင်းအရာများကို VERBE "AVOIR" နှင့်သာသုံးပြီးပြောဆိုရပါမည်။
 (လေ့ကျင့်ခန်းများအနေနှင့် အောက်ပါစာကြောင်းများတွင် မူလစာကြောင်းမှ Subject ကတ္တား နေရာတွင် အခြားကတ္တားများကို အစားထိုးသုံးစွဲပြီး လေ့ကျင့်ခန်းများပြုလုပ်ပါ။ဘေးမှာ နမူနာအချို့ရေးပြထားပါသည် )
၁။ဆာလောင်မှုကို ပြောရာတွင် သုံးသည်  ( La faim= n/f  ဆာလောင်ခြင်း)
J'ai faim.  ကျနော်၊ ကျမ ဗိုက်ဆာတယ်။  Nous avons faim. ကျနော်တို့ ၊ ကျမ တို့ ဗိုက်ဆာတယ်။  
၂။ ရေဆာခြင်း ကိုပြောရာတွင် သုံးသည်  
Elle a soif. သူမ ရေဆာသည်။ (  Exercise :  J'ai soif/ Nous avons soif / Vous avez soif )    
၃။ ပူခြင်း ၊ အေးခြင်း ပြောရာတွင် သုံးသည်  
Tu as chaud. မင်း ၊ခင်ဗျား အိုက်တယ်( ပူတယ်) စာကြောင်းအဆုံးမှာ အသံကို မြှင့်ပြီးပြောရင် အမေးဝါကျဖြစ်သွားပါမယ်၊ မင်းအိုက်နေလား ? ။ Tu as chaud? Vous avez chaud?
Vous avez froid. မင်း၊ ခင်ဗျား အေးနေတယ်၊ (အသံမြှင့်ပြောရင်  ခင်ဗျားချမ်းနေသလား ?လို့ရပါတယ်)
Vous avez froid ? Tu as froid ?
၎။ ကြေက်ရွံ့ခြင်း ကိုပြောရာတွင် သုံးသည်  
Elle a peur. သူမ ကြောက်သည်။ ( ဒီနေရာမှာ ကျနော်က ထပ် ဖြည့်စွက်ချင်ပါတယ်Preposition ဝိဘတ် ဖြစ်တဲ့ "de"  နဲ့" noun"  နမ် ကို ထပ်ထဲ့ပြီး စာကြောင်းကို ပြည့်စုံစေနိုင်ပါတယ်။ အဲဒါကို Complément လို့ခေါ်ပါတယ်။ ပြင်သစ် စကားလုံး အသုံးအနှုံးများ ကိုရင်းနှီးစေရန်၎င်း ၊ ဗမာလို ဖေါ်ပြရန်ခက်ခဲမှုကြောင့် ၄င်း ၊ အခေါ်အဝေါ်ကို မဖေါ်ပြထားလျင် နားလည်နိုင်ပါရန်) Elle a peur de nuit  သူမ ည အမှောင်ကို ကြောက်သည်။ Elle a peur de voleurသူမ သူခိုးကို ကြောက်သည်။
J'ai  peur de regarder les films d'horreurကြောက်မက်ဖွယ်ရုပ်ရှင်များကိုကြည့်ရန် ကျနော်၊ကျမ ကြောက်သည်။
၅။ အခွင့်အရေး၊ ကုသိုလ် ကံကောင်း ခြင်း ကိုပြောရာတွင် သုံးသည်  
Elles ont de la chance. သူမတို့ ကံကောင်းကြသည်။ J'ai de la chance.
၆။ အမှန် ၊  အမှား ကိုပြောရာတွင် သုံးသည်  
J'ai raison. ကျနော်၊ ကျမ မှန်သည် ( မဟုတ်ဝါကျ négatif အနေနှင့် ပြောဆို၍ ရသည်ကိုလည်း သတိပြုပါ ) မှားသည်ဟု ပြောခြင်းထက် မှန်ခြင်း၊ မမှန်ခြင်းကို အထူးပြု၍ ပြောဆိုခြင်း အတွက်။
Nous avons tort.  ကျနော်တို့၊ ကျမတို့ မှားကြသည်
၇။ အိပ်ငိုက်ခြင်း ကိုပြောရာတွင် သုံးသည် 
Il a sommeil. သူအိပ်ငိုက်တယ်။  J'ai sommeil .
၈။ အသက် ကိုပြောရာတွင် သုံးသည် 
Elle a six ans. သူမ အသက် ၆ နှစ် ရှိသည်။
Ils ont soixante-dix ans. သူတို့အသက် ၇၀ ရှိသည်။ ( ကျား၊မ ရောနေလျင် ကျားအနေနှင့် အမြဲယူရမည်)  ils ကိုသာသုံးရန်
၉။ အလိုရှိကြောင်း ကိုပြောရာတွင် သုံးသည်  ( besoin de ....အလိုရှိသည်)( + Noun or Verbe)
Il a besoin d'argent.  သူ ငွေလို နေသည်။
Elle a sommeil. သူမအိပ်ငိုက်တယ် ( အထက်မှာပါပြီး)
Elle a besoin de dormir. သူမအိပ်ချင်တယ် ၊ သူမ အိပ်ဖို့ လိုအပ်တယ်။ besoin de ရဲ့အနောက်မှာ  Verbe Infinitif လို့ခေါ်တဲ့ မူရင်းကြိယာလိုက်တာ ကို သတိပြုပါ။ Preposition"de" နဲ့ " à " တို့ရဲ့ အနောက်မှာ အမြဲတမ်း   Verbe Infinitif လို့ခေါ်တဲ့ မူရင်းကြိယာ သာလျင် လိုက်ရပါမယ်။
ဥပမာ - J'ai besoin de voyager. ရေ ဘဇွမ်း ဒ ဗွားရာဂျေ ။ ကျနော် ခရီးထွက်ဖို့ လိုအပ်တယ်
Elle a besoin de manger. အယ် လာ ဘဇွမ်း  မောန် ဂျေ  သူမ အစား စားရန် လိုအပ်သည်။
Nous avons besoin de travailler.  နူဇာဗွန်  ဘဇွမ်း ဒ ထရာဗိုင်ရေ ။  ကျနော်တို့၊ကျမတို့အလုပ်လုပ်ရန် လိုအပ်သည်။ ( အလုပ်လုပ်ရမည်။)
၁၀။ တခုခုကို လုပ်ချင်တဲ့ဆန္ဒ ရှိကြောင်း ကိုပြောရာတွင် သုံးသည် 
Il a envie de manger. သူစားချင်တယ်။ Nous avons envie  de visiter La France. ကျနော်တို့ ပြင်သစ်နိုင်ငံကို လည်ချင်တယ်။ J'ai envie de rentrer La Birmanie. ကျနော်၊ကျမ မြန်မာပြည် ကို ပြန်ချင်သည်။
As-tu envie d'une glace? မင်း ရေခဲမုန့်တခု လိုချင်သလား၊ (စားချင်သလား ဆိုပြီး ရေးလို့လဲရပါတယ်)
ဒီစာကြောင်းကိုကြည့်ပါ။ ပုံမှန်ဆိုရင် Tu as ဆိုပြီး ကတ္တားပြီးမှ ကြိယာ လိုက်ရမှာပါ ၊ အခုလို ကြိယာကို အရင်ရေးပြီး မှ ကတ္တား လိုက်တဲ့အခါ သဒ္ဒါနည်းအရ မှန်ကန်တဲ့ အမေးဝါကျ တကြောင်း ဖြစ်သွားပါတယ်။
အလယ်မှာ Tiret ခေါ် အတုံးလေး ထည့်ပေးရပါမယ်။ အမေးဝါကျ သင်ခန်းစာ တွင် ဖေါ်ပြပါမည်။
Il a envie d'une glace.  သူရေခဲမုန့် တခု လိုချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
အောက်ပါ ရှိခြင်းပြဆိုသောစာကြောင်း ကွက်လပ်များတွင်  Article Indéfini များဖြစ်သော un, une , des   ထဲမှ မှန်ကန်သော စာလုံးကို ရွေးထည့်ပေးပါ။
1. Nous avons    ....   maison.
2. Elle a   ....   stylo.
3. Tu as   ....   livres.
4. Ils ont  ....  voiture.
5. Il a  .... .  ordinateur.
6. Vous avez  ....  enfants.
7. Mg Mg a  ....  pantalon.
8. Sophie et  Philippe ont   ....  chien.    Sophie  နဲ့ Philippe တို့မှာ ခွေးတကောင်ရှိသည်။
9. J'ai  ......  pomme.
10. Kathrine a  ......   jouets. 
အဖြေကို နောက်တပါတ်မှာ ဖေါ်ပြပါမယ်။
ပြင်သစ်သံ သီချင်းလေး နားထောင်ဖို့ Lara Fabien  ရဲ့ Je t'aime  ဆိုတဲ့ သီချင်းလင့်လေးပေးလိုက်ပါတယ် ။ တခုက စာသားအတွက်ပါ။  I Love You လို့ အဓိပ္ပါယ်ရပါတယ် ။
                                        A Bientôt  အာ ဗျန် တိုး  ။  မကြာခင် ပြန် ဆုံမယ်
Posted by Maung Yit at 4:21 PM 0 comments  
Private daily newspaper in Burma ready
ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေရန် အဆင်သင့်ပြင်ဆင်
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၂၅၊ ၂၀၁၃
ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင် အစမ်းထုတ်ဝေခွင့် ရရှိမည်ဖြစ်သောကြောင့် အပတ်စဉ် သတင်းဂျာနယ်တိုက်အချို့တွင် အစမ်းထုတ် သတင်းစာများ တိုက်တွင်း ထုတ်ဝေခြင်းဖြင့် ပြင်ဆင်လျှက်ရှိသည်ကိုတွေ့ရသည်။ 
ရွှေနိုင်ငံ ပုံနှိပ်စက်လုပ်ငန်းမှ ရွှေနိုင်ငံသစ် အမည်ဖြင့် နေ့စဉ် အစမ်းထုတ် သတင်းစာကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစမ်းရိုက်နှိပ်ထုတ်ဝေ ခဲ့သကဲ့သို့ The Voice Daily ဟု အမည်ပေးထားသည့် Living Color Media မှ ထုတ်ဝေမည့် နေ့စဉ်သတင်းစာကိုလည်း ပြီးခဲ့သည့် သီတင်းပတ်တွင် အစမ်းရိုက်နှိပ်ထုတ်ဝေ ခဲ့သည်ကြောင်း သိရှိရသည်။  
နေ့စဉ် ထုတ်သတင်းစာများ အနေဖြင့်  တစ်စောင်လျင် ကျပ် ၂၀၀ အောက်ဈေးနှုန်းဖြင့် ဖြန့်ချိမည် အလားအလာရှိကာ ရွှေနိုင်ငံသစ် နေ့စဉ်မှာ သတင်းစာတန်ဖိုးကို ၁၅၅ ကျပ်ဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။
ယခုထုတ်ဝေမည့် ပုဂ္ဂလိကနေ့စဉ် သတင်းစာများမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ထုတ်ဝေခွင့်ရမည့် နေ့စဉ် သတင်းစာများဖြစ်သဖြင့် ပုံနှိပ်သတင်းမီဒီယာ နယ်ပယ်မှ စိတ်ဝင်စားလျှက်ရှိကြသည်ကိုတွေ့ရသည်။
ယခုလက်ရှိ အချိန်ထိ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်လျှောက်ထားသူများ အနက်မှ ၈ စောင်ကိုခွင့်ပြုထားကြောင်း ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ အခြား လျှောက်ထားသူ တဒါဇင်ထက်မနည်းရှိပြီး မကြာမီထပ်မံ ခွင့်ပြုလိမ့်မည်ဟု ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀ိုင်းမှ ခန့်မှန်းထားကြသည်။
Posted by MMK@YGN at 10:32 AM 0 comments  
Dr. DamaPyiya (ITBMU) - Articles
ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ်နိုးပေ
ဒေါက်တာဓမ္မပိယ (ITBMU)
မတ်လ ၂၄၊ ၂၀၁၃
 သရုပ်ဖော်ပန်းချီ - ပေါ်ဦးသက်
မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီစနစ်ဖြင့် အသွင်ကူးပြောင်းဆဲကာလမှာ …။  အတွေးချင်း၊  အမြင်ချင်း မတူညီနိုင်ကြသေးတဲ့ အုပ်ချုပ်သူနှင့်ပြည်သူတွေအကြား ပညာရေးနှင့်ပတ်သက်၍ ဘာတွေလုပ် သင့်ပြီ၊ ဘာတွေလုပ်နိုင်ပြီဆိုတာ ၀ိုင်းဝန်းစဉ်းစားပေးနိုင်ရန် ဤဆောင်းပါးကို ရေးသားခြင်းဖြစ်တယ်။ အကယ် ၍သာ မြန်မာနိုင်ငံတော်ကို ယဉ်ကျေးမှု အမွေအနှစ်ခိုင်တဲ့ ပုံစံမျိုးနှင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်လို တယ်ဆိုရင်…။ မြန်မာနိုင်ငံရဲ့ သမိုင်းဦးကို ပြန်လည်ဆန်းစစ်ပြီး တိုင်းပြည်အတွက် ခိုင်မာတဲ့ အုဋ္ဌ်မြစ်မျိုးကို ချထားနိုင်ဖို့ပါ။ ထိုအတွက် မြန်မာ့သမိုင်းစာမျက်နှာများကို ပြန်လှန်သုံးသပ်ပြီး ဘယ်မူကို စံပြုလို့၊ ဘယ်သူကို စံထားမလဲဆိုတဲ့ အချက်ဟာ အရေးတကြီးဆွေးနွေးဖို့ လိုအပ်လာခြင်းပါ။ သမိုင်းစာမျက်နှာများမှာ အနော်ရထာ မင်းကြီးဆိုတာ ပုဂ္ဂိုလ်ရေးရမှာလည်း အဖက်ဖက်က စံပြုလို့ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရေးပြည်ရာ ဆောင်ရွက်ရာ မှာလည်း စံထားလို့ရနိုင်တဲ့ အခြေအနေမျိုးနှင့် တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ရှင်ဘုရင်ကြီး တစ်ပါးဖြစ်ခဲ့တယ်။ 
အနော်ရထာမင်းကြီးရဲ့ တိုင်းပြု၊ ပြည်ပြု၊ သာသနာပြုနည်းစနစ်များကို တိုက်ရိုက်ကော်ပီယူရန် အကြံပြုတာမျိုးမဟုတ်ပါ။ သူ့နည်း၊ သူ့ ဟန်များဟာ သူ့ခေတ်နှင့်သူတော့ တိုင်းပြည်အတွက် အံဝင်ဂွင်ကျ ဖြစ်နေခဲ့တယ်။ ပုဂံရာဇ၀င်မှာ ထင်ရှားကျော်ကြားလှတဲ့ အနော်ရထာ မင်းကြီးဆိုတာ ဘယ်သူလဲ။ နှောင်းခေတ် လူငယ်တို့ ဂဃနဏ သိချင်မှသိမယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ရဲတဲ့သတ္တိလည်းရှိ၊ ဆောင်ရွက် နိုင်စွမ်းဖြစ်တဲ့ဗျတ္တိလည်းရှိပြီး၊ တောင့်တင်းခိုင်မာတဲ့ ဥစ္စာဓနအင်အား၊ စစ်အင်အားလည်းရှိတဲ့ ရှင်ဘုရင်ကြီး တစ်ပါးပါ။ သို့သော် ဥစ္စာဓနအင်အား၊ စစ်အင်အားများ ပြည်စုံကြွယ်ဝမှုအတွက် မာန်မထောင်၊ အတ္တမဖက်ဘဲ စေတနာသန့်သန့်ဖြင့် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ဂုဏ်တက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တယ်။ ပုဂံပြည်သူ၊ ပြည်သားတွေကို မဆင်းရဲ၊ မနွမ်းပါးစေချင်တဲ့ မေတ္တာဓာတ်ကို အခြေခံထားတဲ့ ဖြူစင်တဲ့နှလုံးသား၊ ဆင်းရဲတဲ့တိုင်းသူ၊ ပြည်သားများကို တွေ့ရ၊ မြင်ရတဲ့အခါ သနားကြင်နာတတ်တဲ့ ကရုဏာနှလုံးသားရှိတဲ့ ရှင်ဘုရင်ကြီးတစ်ပါးဆိုတော့ တိုင်းပြည်အတွက် ဆင်းရဲသားပပျောက်ရေးကို စဉ်းစားတဲ့အခါ ပညာရေးဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာ သူသဘောပေါက်ခဲ့တယ်။  ထို့ကြောင့် ပညာချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကို တားဆီးပေးနိုင်ရန် ပညာရေးကို ဗဟိုမဏ္ဍိုင်ပြုလျှက် တိုင်းကျိုး၊ ပြည်ကျိုးများကို ဆောင်ရွက်ခဲ့ တယ်။
အနော်ရထာမင်းကြီးဟာ ဘုရားလက်ထက်က မဟာနာမ်မင်းကြီးကို အားကျအတုယူထားတဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တာကြောင့် သာသနာတော်အရေးဟာ တိုင်းပြည်အရေးဖြစ်သလို၊ တိုင်းပြည်ရဲ့ အရေးဟာလည်း သူ့အရေးဆိုတာ မမှိတ်မသုံ ယုံကြည်ထားသူဖြစ်တယ်။ ဘုရားလက်ထက်က မဟာနာမ် မင်းကြီးဆိုတာ - ̏အကယ်၍များ အကြောင်းတစ်စုံတခုကြောင့် ပရိတ်သတ်လေးပါး (ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမများ) နှင့် ပြည်သူ၊ ပြည်သားများကတစ်ဖက် ဘုရားရှင်ကတစ်ဖက် ဖြစ်နေခဲ့မည်ဆိုလျှင် ဘုရားရှင်ဖက်မှာပဲ အမြဲတမ်း ရှိနေမှာပါ˝ လို့ ဘုရားရှင်အား ရဲရဲတောက်စကားကို လျှောက်ထားခဲ့ဖူးတဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်တယ်။ ထို့ကြောင့် အနော်ရထာမင်းကြီးဟာ သူဆောင်ရွက်သမျှ ကိစ္စအ၀၀အတွက် ဘုရားကို ̏အရှင်˝၊ သံဃာကို ̏သခင်˝အရာမှာထားပြီး၊ အရှင်ဟောသမျှကို နာခံ၊ သခင်ညွှန်ကြားသမျှကို လိုက်နာနေခဲ့တဲ့ ဘုရင်ကြီးတစ်ပါးဖြစ်နေခြင်းပါ။ သံဃာတော်များအပေါ်မှာ ကျိုးနွံသည့် စိတ်ထားရှိပြီး၊ တိုင်းပြည်အပေါ်မှာ ဖြူစင်မွန်မြတ်တဲ့ စေတနာတို့ကြောင့် မြန်မာနိုင်ငံတော်ကြီးကို စုစည်းညီညွတ်တဲ့ နိုင်ငံကြီးတစ်နိုင်ငံအဖြစ် အစပျိုးထူထောင်ခဲ့တဲ့အချိန်မှစ၍ ယခုအချိန်အထိ မြန်မာဆိုတဲ့ သမိုင်းခြေရာများဟာ ထင်ထင်ရှားရှား ထင်ကျန်နေခဲ့တယ်။
တိုင်းပြည်တစ်ပြည်မှာ ဖြေရှင်းရန် အခက်အခဲဆုံးနှင့် အကြီးမားဆုံး ပြဿနာဟာ တိုင်းသူ၊ ပြည် သားများ ပညာရေးချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသိတရားခေါင်းပါးခြင်းဆိုတဲ့ ပြဿနာပါ။ တိုင်းပြည်မှာ ပညာတတ်နည်းပါးမှုကြောင့် ဖြစ်ပေါ်နေတဲ့ ဆင်းရဲ့သားများရဲ့ ဘ၀ပြဿနာအဖုံဖုံ၊ နိုင်ငံရေးပြဿနာ အမျိုးမျိုး၊ ဒီပြဿနာမျိုးစုံကို ဖြေရှင်းပေးနိုင်ဖို့ဆိုတာ ခေါင်းဆောင်များနှင့်ချည်း မပြီးနိုင်ပဲ၊ ပြည်သူများကပါ ပါဝင်ဖြေရှင်း ပါမှ ဖြစ်နိုင်တဲ့ကိစ္စမျိုးပါ။ တိုင်းသူ၊ ပြည်သားအများစုဟာ ပညာရေးနှင့် အသိတရားများ အားနည်းနေသေးရင် တိုင်းပြည်တွင်းမှာ ပြဿနာတွေက တစ်ခုပြီးတစ်ခု ဆက်လက်ဖြစ်နေဦးမှာဖြစ်တယ်။
ဘုန်းအာဏာကြီးမားလှတဲ့ အနော်ရထာမင်းကြီးလို ရှင်ဘုရင်များ လက်ထက်မှာပင် ပြဿနာဆိုတာ ရှိနေခြင်းပါ။ အနော်ရထာမင်းကြီးဟာ ဖြူစင်မွန်မြတ်တဲ့ စိတ်စေတနာတို့နှင့် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာအတွက် ဂုဏ်တက်အောင် ဘယ်လိုပင် ဆောင်ရွက်ပေး စေကာမူ တိုင်းသူပြည်သားများ၏ ပညာ ဥာဏ်များ၊ အသိတရားများ နည်းပါးနေမှုကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာ အကြောင်းများနှင့် ရင်ဆိုင် နေခဲ့ရတယ်။ အဲဒီပြဿနာတွေကတော့ ဘိုး ဘေး ဘီ ရှင်ဘုရင်များလက်ထက်က အကြွင်းအကျန်များဖြစ်တဲ့ အရည်းကြီးဂိုဏ်းသား ရဟန်းတော်များနှင့် အရည်ကြီးဝါဒဆိုင်ရာ ကိုးကွယ်မှုဓလေ့ထုံးစံများကတစ်မျိုး၊ တိရစ္ဆာန်များနှင့် ယာဇ်နတ်ပူဇော်ပသနေမှုများနှင့် အစွန်းရောက် နတ်ကိုးကွယ်မှုများကတစ်ဖုံ မျိုးစုံနေတဲ့ ပြဿနာတွေ ဆက်လက်ရှိနေခြင်းကြောင့် အနော်ရထာမင်းကြီးမှာ နှလုံးစိတ်ဝမ်း မငြိမ်းချမ်းနိုင်ပဲ ဖြစ်နေရခြင်းပါ။
အစွန်းရောက် ဘာသာဝါဒ ယုံကြည်မှုများနှင့် နတ်များကို ကိုးကွယ်ပူဇော်ပသခြင်းများဟာ များသော အားဖြင့် ပညာနည်းပါးသူတို့မှာ ဖြစ်လေ့ဖြစ်ထရှိခြင်းပါ။ နတ်များကို အစွန်းရောက် ပူဇော်ပသနေခြင်းများကို မသိကျိုးနွံပြု၍ ခွင့်ပြုထားလိုက်မည်ဆိုလျှင် မက္ကစီကိုနိုင်ငံမှာရှိတဲ့ အက်ဇတက် (Aztecs) လူမျိုးတို့၏ ဓလေ့ထုံးစံများလို လူသားများကိုပင် ယာဇ်နတ်ပူဇော်ပသသည့် အဖြစ်မျိုးသို့ ရောက်ရှိသွားနိုင်တာကို အနောရထာမင်းကြီး သိထားခြင်းပါ။ ဒါကို နှလုံးသွင်းမိတဲ့ အနော်ရထာမင်းကြီးဟာ သူ့အတွက် ရွေးချယ်စရာ အခြားနည်းလမ်းများမရှိတော့ပဲ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရန် သန္နိဋ္ဌာန်တစ်ခုကို ချမှတ်နိုင်ခဲ့တယ်။ 
သူ့အတွေး၊ သူ့အမြင်၊ သူ့အသိ၊ သူ့အာရုံ၊ သူ့အတွေ့အကြုံများအရ နတ်ကိုးကွယ်မှုမျိုးဆိုတာ မိစ္ဆာအယူမှားမျိုးသာဖြစ်ကြောင်း၊ လောက အကျိုးစီးပွား၊ သံသရာအကျိုးစီးပွားများကို ပျက်စီးစေနိုင်ကြောင်းကို အနော်ရထာမင်းကြီး ကောင်းစွာသဘောပေါက် သိရှိထားခြင်းဖြစ်တယ်။ နတ်ကိုးကွယ် ပူဇော်ပသမှုမျိုးကို မသိကျိုးကျွန်ပြု၍ ခွင့်ပြုထားလိုက်မည်ဆိုလျှင် မှားယွင်းသောအယူဝါဒများဟာ တဖြည်းဖြည်း ကြီးထွား လာနိုင်၍ ပြည်သူတွေအတွက် အနော်ရထာမင်းကြီး စိုးရိမ်နေမိတယ်။ ဒီလိုကိစ္စမျိုး၌ သူမှမကယ်လျှင် ကယ်မည့်သူ မရှိနိုင်ကြောင်းကိုလည်း သူနားလည်ထားတယ်။
ထို့ကြောင့် သာသနာပိုင်ဖြစ်တော်မူတဲ့ အရှင်အရဟံ၏ အဆုံးအမနှင့် သြ၀ါဒတော်များကို ရိုရိုသေသေ လေးလေးစားစား ခံယူ၍ ဓမ္မ၀ိနယနှင့်မညီသော အယူဝါဒများ လွဲမှားနေသော နတ်ကိုးကွယ်ပူဇော်ပသမှု များကို ဓမ္မ၀ိနယနှင့်အညီ နှိမ်နှင်းနိုင်ခဲ့တယ်။ နတ်ပူးသယောင်ယောင်၊ စုန်းပူးသယောင်ယောင်ပြု၍ သောက်စား၊ မူးယဇ် ပျော်ပါးနေသူများကိုလည်း မင်းမိန့်၊ မင်းအာဏာဖြင့် ရပ်တန့်စေနိုင်ခဲ့တယ်။ ပြည်သူနီတိ အသိရှိတဲ့ ပြည်သူ၊ ပြည်သားများ ဖြစ်လာနိုင်စေရန် စာတတ်၊ ပေတတ် ရဟန်းရှင်လူ ပညာရှင်များ မြှောက်စားချီးမြောက်မှုများကို ပြုခဲ့တယ်။ ထိုနောက် ရဟန်းရှင်လူ ပညာရှင်များ အဆက်မပြတ် ပေါ်ထွန်း လာနိုင်စေရန် ရည်ရွယ်၍ နယ်မြေအသီးသီး၊ ဒေသအသီးသီးသို့ ရဟန်းတော်များကို စေလွတ်၍ ပိဋကတ် စာပေများ၊ လောကနီတိကဲ့သို့သော လောကအသိတရားများ၊ ဂဏန်းအတတ်၊ သင်္ချာအတတ်စတဲ့ ၀ိဇ္ဇာပညာရပ်များကို ပြည်သူ၊ ပြည်သားတို့အား သင်ကြားပို့ချပေးရန် လျှောက်ထားတောင်းပန်ခဲ့တယ်။ ဤသည်မှစ၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဆိုတာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်။ ဤကဲ့သို့သော လောကဓမ္မ နှစ်ဖြာသော အသိတရားများကို ရရှိခဲ့ကြတဲ့ ပုဂံပြည်သူ၊ ပြည်သားတို့ရဲ့ ပုံရိပ်များကို ပုဂံမြေက ပုဂံပြည်သူများသာ ခံစားသိရှိနိုင်လိမ့်မယ်လို့ တွေးဆမိခြင်းပါ။
ခေတ်သမိုင်းကို ပြန်လည်သုံးသပ်ကြည့်လျှင် ထိုခေတ်၊ ထိုအခါက ပုဂံပြည်သူ၊ ပြည်သားများရဲ့ အနေအထားများဟာ လူမျိုးအတွက်လည်းဂုဏ်ထည်၊ နိုင်ငံအတွက်လည်း ဂုဏ်ရှိ၊ သာသနာတော်ကိုလည်း သိက္ခာရှိရှိဖြင့် တိုးတက်၊ စည်ပင်၊ ပြန့်ပွားစေနိုင်ခဲ့တာကြောင့် အိမ်နီးနားခြင်းနိုင်ငံများရဲ့ တလေးတစား ဆက်ဆံမှုများကို ခံယူနိုင်ခဲ့ခြင်းဖြစ်တယ်။ ဤသို့ ဤနှယ် ဂုဏ်ထယ်နိုင်ခဲ့တဲ့ ဘာသာ သာသနာယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ဘိုးဘွားအမွေနှစ်မျိုးကိုလည်း နှောင်းခေတ်လူများ ချစ်မြတ်နိုးတတ်ကြဖို့ပါ။ ဆိုလိုတာက ဘိုးဘွားအမွေအနှစ်ဆိုတာ နိုင်ငံတော်ကို နယ်စည်းပယ်စည်းအဖြစ် သတ်မှတ်ပေးနိုင်တဲ့ မြေယာများကိုသာ ဘိုးဘွားအမွေနှစ်လို့ မယူဆပဲ လူမျိုးရဲ့ဂုဏ်သိက္ခာကို ထည်ဝါစေနိုင်တဲ့ ပညာရေးကိုလည်း ဘိုးဘွားအမွေ အနှစ်ရယ်လို့ နှောင်းခေတ်လူငယ်တို့ သတ်မှတ်နိုင်ကြဖို့ပါ။ 
ယနေ့ မြန်မာနိုင်ငံတော်ရဲ့ မျက်မှောက်ခေတ်မှာ ပညာရေးအခြေအနေကို သုံးသပ်ကြည့်လျှင် ခေတ်မီသော်လည်း ခေတ်နှင့်ရင်ဘောင် မတန်းနိုင်တဲ့ ပညာရေးမျိုး တိုင်းပြည်မှာ ရှင်သန်နေဆဲပါ။  ပညာရေးကို မြှင့်တင်ပေးနိုင်ဖို့ အခြေအနေကောင်းများရှိသော်လည်း ပညာရေးမှာ ခေတ်နှင့်လျှော်ညီတဲ့ မူစနစ်များ မချမှတ် နိုင်သေး၍ အုပ်ချုပ်သူနှင့်ပြည်သူတွေအကြား နားလည်မှုများ အလှမ်းဝေးနေဆဲပါ။ လူမျိုးစုနှင့် လူမျိုးရေး ပြဿနာများ ဆက်လက်ကြီးထွားနေဆဲပါ။ ပညာရေးအားနည်းတဲ့ ပြည်သူ၊ ပြည်သား အများစုဟာ အထက်တန်းပညာရပ်များကို မသင်ခဲ့ကြရ၍ တိုင်းရေးပြည်ရာ အဖြာဖြာတို့အတွက် အဖြေရှာနိုင်ရန် နည်းလမ်း များ ပျောက်ဆုံးနေဆဲပါ။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်သူ၊ ပြည်သားများရဲ့ ပညာရေး အဆင့်အတန်းများ နိမ့်ကျနေခြင်းကြောင့်ဖြစ်တယ်။
အနော်ရထာမင်းကြီးဟာ ပညာရေးကို တိုင်းပြည် တည်ငြိမ်၊ တိုးတက်ရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးတို့အတွက် အဓိကဗဟိုမဏ္ဍိုင်ပြုလျှက် တိုင်းပြည်ကို တိုးတက်စေခဲ့တယ်။ ကမ္ဘာ့အလယ်မှာ နိုင်ငံကို ဂုဏ်ထယ်စေခဲ့တယ်။ ထို့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို တိုင်းပြည်တွင်းမှာ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်။ ထို့မှနောက် မြန်မာမင်းအဆက်ဆက်ဟာလည်း အနော်ရထာရဲ့ ပညာရေးစနစ်ကို အတုယူလျှက် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ဗဟိုမဏ္ဍိုင်ပြု၍ တိုင်းပြည်ကို တိုးတက်အောင် တည်ထောင်နိုင်ခဲ့ကြတယ်။ ထို့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို တည်ထောင် သူရဲ့ မူလဖေါင်ဒါဟာ အနော်ရထားမင်းကြီးဆိုတာ သိထားနိုင်ဖို့ပါ။ သူ့ခေတ်၊ သူ့အခါနှင့်လျှော်ညီတဲ့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကြောင့် ပုဂံပြည်သူ၊ ပြည်သားများရဲ့ ပညာရေး၊ စီးပွားရေးအပြင် ဘုရားတည်၊ ကျောင်းဆောက်စတဲ့ ဗိသုကာပညာရပ်များမှအစ ပန်းချီ၊ ပန်းပုပညာရပ်များအထိ အထက်တန်းရောက်ခဲ့ သည်မှာ ပုဂံပြည်သူတို့ရဲ့ ပညာရေးအဆင့်အတန်းများ ကောင်းမွန်မှုကြောင့်လို့ ဆိုရမှာပါ။ 
ဘိုးဘွားအမွေနှစ်ဆိုတာ ဥယျာဉ်ခြံမြေလောက်သာ စိတ်အာရုံထဲမှာမထားပဲ အထက်တန်းပညာရပ် များကို သင်ယူနိုင်ခြင်းဟာလည်း ဘိုးဘွားအမွေနှစ်ကို ချစ်မြတ်နိုးတတ်ဖို့ ဆိုတာကိုလည်း မြန်မာပြည်သူ၊ ပြည်သားများ မေ့မထားသင့်တဲ့အချက်ဆိုတာ သိရှိနိုင်ကြဖို့ပါ။ ထို့ကြောင့် တိုင်းပြည်ကို ဘက်စုံ တိုးတက်အောင် ဆောင်ရွက်နေတဲ့အချိန်မှာ ပြည်သူ၊ ပြည်သားများ၏ ရင်သွေးငယ်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများအား အထက်တန်းပညာရပ်များကို အခမဲ့သင်ယူနိုင်ရန် ဘယ်လိုနည်းနှင့် ဆောင်ရွက်ပေး နိုင်ကြမလဲဆိုတာ စဉ်းစားပေးနိုင်ကြဖို့ပါ။ ဖြစ်သင့်တာကတော့ တိုင်းပြည်တွင်းမှာ မွေးဖွားသူမှန်သမျှ ဆိုလိုတာက တောင်ပေါ်မြေပြန့်မှာ နေထိုင်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံး အထက်တန်း ပညာရေးကို တပြေးညီ သင်ယူခွင့်များ ရရှိနိုင်ရန် နိုင်ငံတော်မှ ဘယ်ပုံ၊ ဘယ်နည်းဖြင့် လုပ်ပေးနိုင်မလဲဆိုတာ မေးခွန်းထုတ်လိုခြင်းပါ။
ခေတ်မှီတဲ့ပညာရေးစနစ်နှင့် ကျောင်းသား၊ ကျောင်းသူများအား အထက်တန်းပညာရေးကို တပြေးညီ သင်ယူနိုင်ရန် အောက်ပါအချက်များကို အလျင်အမြန် အကောင်အထည်ဖေါ်ပေးနိုင်ဖို့ပါ။ ထိုအတွက် အဓိကအချက်သုံးချက်မှာ - (၁)အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန်၊ (၂) အထက်တန်းပညာရေးကို အခမဲ့သင်ကြားပေးနိုင်သော ပညာရေးမျိုးအောင်ဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် (၃) ပညာကို သင်ကြားပေးရာ၌ စာသင်ခန်းအတွင်းမှာပင် တပည့်များကို သင်ခန်းစာများနှင့်ရင်းနှီးအောင်၊ နားလည်အောင်၊ သင်ကြားတတ်မြောက်အောင် သင်ပေးပြီး ကျူရှင်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အကြံပြုလိုခြင်းပါ။ (ရေတိုစီမံကိန်းမျိုးမဟုတ်ပဲ၊ ရေရှည်စီမံကိန်းများ ဖြစ်လာနိုင်စေရန် အကြံပြုတင်ပြခြင်းပါ။) 
အကယ်၍များ တိုင်းပြည်ရဲ့ စီးပွားရေးအနေထားကြောင့် လတ်တလော တိုင်းပြည်အတွက် ထိုကဲ့သို့သော တာဝန်များကို ယူနိုင်ရန် အခိုက်အတံ့အားဖြင့် ခက်ခဲနေဦးမည်ဆိုလျှင် ပြည်သူ၊ ပြည်သားများရဲ့ အကူအညီဖြင့် ဖွင့်လှစ်ပေးနေသော ပညာဒါနကျောင်းများ၊ ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူ များနှင့် နယ်စပ်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအား ပညာကို အခမဲ့သင်ကြား ပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အထက်တန်းကျောင်းများအဖြစ် တိုးမြှင့်ပေး၍ ပညာသင်ကြား ရေးကို စွမ်းနိုင်သမျှ နိုင်ငံတော်မှ ကူညီပံ့ပိုးပေးနိုင်ရန် လိုအပ်နေခြင်းပါ။
တစ်တိုင်းပြည်လုံး အခမဲ့ပညာရေးစနစ်ကို တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်စေရန် အခြေပျိုးအနေနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အထက်တန်းကျောင်းများ၏ အင်္ဂါရပ်များနှင့် ညီညွတ်နေခဲ့လျှင် အထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးသင့်ခြင်းပါ။ အဘယ့်ကြောင့်ဆိုသော် ပညာသင်ကြားရန် ပညာသင် စရိတ် မတတ်နိုင်ကြသော ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာကြသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊ နယ်စပ်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများသည်လည်းကောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အားထားမှီခို၍ အထက်တန်းပညာကို သင်ယူနေကြရသောကြောင့် ဤကဲ့သို့ တင်ပြရခြင်းပါ။ နိုင်ငံတော်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို လူမျိုးရဲ့ လူဦးရေအချိုးအစားအလိုက် လိုအပ်သောနေရာ၌ လိုအပ်သလို ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို တစ်ဖက်တစ်လမ်းမှ ကူညီ၍ မြှင့်တင်ပေးနေခြင်းလို့ ဆိုနိုင်ခြင်းပါ။
အများစုဖြစ်တဲ့ ဆင်းရဲသား ကလေးသူငယ်များ ပညာတတ်မြောက်လာတဲ့အခါမှာ ဘိုးဘွားအမွေနှစ်ကို လေးလေးစားစားနှင့် ချစ်မြတ်နိုးလာတတ်ဖို့ပါ။ ထို့ကြောင့် ပညာရေးမူဝါဒများ အလျင်အမြန် အကောင်အထည် ဖေါ်နိုင်ပါမှ လူမျိုးရေးပြဿနာ၊ နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားရေးပြဿနာ၊ ကလေးလူငယ် အလုပ်သမား ပြဿနာ၊ ကလေးစစ်သား ပြဿနာနှင့်  ကလေးငယ်များ တောင်းရမ်းစားသောက်နေသည့် လူမှုရေးပြဿနာ များကို တကူးတက ဖြေရှင်းပေးရန် မလိုတော့ပဲ ပညာရေးအဆင့်ရှိတဲ့ ပြည်သူတို့ရဲ့ အသိတရားကပင် အလိုအလျောက် ဖြေရှင်းပေးနိုင်မည်ကို ယုံကြည်မိခြင်းပါ။ ဤနည်းဖြင့် ဘိုးဘွားအမွေအနှစ်ကို အတူတကွ ကာကွယ်စောင့်ရှောက်နိုင်ရန် သမိုင်းစာမျက်နှာသစ်များကို ဖွင့်လှစ်ပေးကြဖို့ပါ။ ပြည်သူတွေ အသိရှိဖို့ ပညာရေးမူဝါများကို အလျင်အမြန် အကောင်အထည်ဖေါ်ပေးမည်ဆိုလျှင် ဘိုးဘွားအမွေနှစ်ကို ချစ်မြတ်နိုး သူတွေ တိုင်းပြည်တွင်းမှာ တစ်ယောက်ပြီးတစ်ယောက် ပေါက်ဖွားလာနိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေး  လိုက်ခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages