24th OCT - MoeMaKa Daily

5 views
Skip to first unread message

Maung Yit

unread,
Oct 24, 2012, 1:48:58 AM10/24/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
Download the e-newsletter from here - http://www.scribd.com/doc/110971726/mmk-24102012


ပြည်တွင်းက နိုင်ငံတကာနဲ့ နိုင်ငံရေးရာ စာစောင် မော်ကွန်း စက်တင်ဘာ ၂၀၁၂
မိုးမခစာအုပ်စင်၊ အောက်တိုဘာ ၂၄၊ ၂၀၁၂
မြန်မာ Observer Media Group က ထုတ်ဝေတယ်။ မော်ကွန်း Chronical စာစောင်။ စာမျက်နှာ ၁၆၈ မျက်နှာ။ အင်တာနက်လိပ်စာက ၀ိုင်ပီအိုင်လို့ အများသိတဲ့ Yangon Press International။ အကြံပေးတွေက ရဲနိုင်မိုးနဲ့ မြင့်ကျော်၊ အယ်ဒီတာတွေက ဥာဏ်လင်း၊ ၀င်းဇော်လတ်၊ ဇေယျာလှိုင်၊ စာရေးဆရာတွေက သတင်းရေးဆရာတွေများတယ်။ လစဉ် (လား) အပတ်စဉ် (လား) အုပ်ရေ ၅၀၀၊ တအုပ် ၂၅၀၀ကျပ်။ ပြည်ပက Time, Newsweek, Economics, စတဲ့ နိုင်ငံတကာနဲ့ မျက်မှောက်ရေးရာ အပတ်စဉ်စာစောင်တွေလိုမျိုး တွေးစရာ ဖတ်စရာ ဆောင်းပါးတွေနဲ့  စာအုပ်လို့ ဆိုကြပါစို့။ ပြည်တွင်းမှာ ရောင်းတယ် ဆိုပေမယ့် ပြည်ပကို ထွက်လာတာက အီးဘုတ်လိုမျိုး စာအုပ်ကို ၄ ပိုင်းခွဲပြီး အီးမေးတွေကနေ ဆိုတော့ ယိုစိမ့် (leak) ဖြစ်လာသလား မသိ။ 
မာတိကာတွေ ကြည့်လိုက်တာနဲ့ သိသာတာတခုကတော့ အယင်ခေတ် ဆင်ဆာစနစ်နဲ့ဆိုရင် ပြည်တွင်းမှာ တရားဝင်ပုံနှိပ်စာစောင်အဖြစ် ထွက်ဖို့ ခဲယဉ်းမယ့် စာတွေပဲဆိုတာ သိသာလှပါတယ်။ 
ပြည်ပကနဲ့ အင်တာနက်လွယ်သူတွေကတော့ အီးဘုတ်ကို ဖတ်ကြလိမ့်မယ်။ ပြည်တွင်းကတော့ အဲသည်စာစောင်ကို ငွေပေးပြီး ၀ယ်ဖတ်ကြလိမ့်မယ်။ ဘယ်လိုပဲ ဖတ်ဖတ်၊ ဖတ်ဖြစ်ရင် မှတ်မှတ်ရရရှိမယ့် စာအုပ်လို့ ဆိုချင်ပါတယ်။ ဘာသာပြန်ဆောင်းပါးတွေ အများအပြားပါနေတာကတော့ ခေတ်လိုအပ်ချက်ပေပဲလား မသိ။ စာလုံးရေ ၁၀၀ ကျော်ဆို ဆက်မဖတ်တဲ့ ဖေ့စ်ဘွတ်သမား၊ တွစ်တာသမားတွေနဲ့ ကွန်ပြူတာစာမျက်နှာ စကရင် ၂ မျက်နှာ ကျော်ရင် မဖတ်ချင်တဲ့ အင်တာနက်စာဖတ်သူတွေအတွက်ကတော့ အမေရိကားမှာ အမှန်တကယ်စာဖတ်သူတွေကြား ခေတ်စားတဲ့ အီးရီဒါနဲ့ (E-Reader) ဖတ်ကြမှပဲ မော်ကွန်းက အဆင်ပြေမယ် ထင်ပါတယ်။
အောက်မှာ ဖတ်ကြည့်ပါ။
Posted by MoeMaKa at 8:45 PM 0 comments  
Labels: Book Shelf

Local News Headlines,

မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ
မိုးမခအထောက်တော် (မန္တလေး)
အောက်တိုဘာ ၂၄၊ ၂၀၁၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ စာသင်သားသံဃာတော် နှစ်ထောင့်ရှစ်ရာကျော်က မဟာနာယကချုပ်ဆရာ တော်ကြီးနှင့် မဟာနာယကဆရာတော်များ၊ နာယကဆရာတော်များအားပူဇော်သော အာစရိယပူဇော်ပွဲကို ယနေ့ ၁၃၇၃ ခု၊ သတင်း ကျွတ် လ္ဆန်း (၈) ရက်၊ ၂၃-၁၀-၂၀၁၂-ခု အင်္ဂါနေ့ ညနေ (၄း၃၀) နာရီမှာ ကျင်းပခဲ့ကြောင်း သိရသည်။ 

 
အာစရိယပူဇော်ပွဲ အခမ်းအနားသို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာ ဘိဝံသနှင့် မဟာနာယကဆရာတော်များ၊ နာယကဆရာတော်များ စာချဆရာတော်များ၊ စာသင်သားရဟန်း သာမဏေများ၊ ကျောင်းဒါယကာ ဒါယိကာမများ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို အစီစဉ် (၇) ရပ်ဖြင့် ကျင်းပကာ မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသက သြဝါဒ များ မိန့်ကြားခဲ့ကြောင်းသိရပါသည်။

 

မစိုးရိမ်တိုက်သစ်၌ ဝါဆိုသံဃာ (၂၈၅၉) ပါးရှိရာတွင် ရဟန်းတော်ပေါင်း (၂၁၆၆) ပါး၊ သာမဏေပေါင်း (၆၉၃) ပါးရှိကြောင်း၊ နာယက ဆရာတော် (၂၂) ပါးရှိပြီး၊ ဓမ္မစရိယဘွဲ့ရ စာချဆရာတော်ပေါင်း အပါး (၁၅၀) ကျော်ရှိကြောင်း သိရပါသည်။


မစိုးရိမ်တိုက်သစ်၊ စာသင်သားရဟန်းသာမဏေများက စုပေါင်းကျင်းပခြင်းဖြစ်ပြီး၊ ယခုနှစ်ပူဇော်ပွဲသည် ဆဋ္ဌမအကြိမ်မြောက် ပူဇော်ပွဲဖြစ် ကြောင်း၊ သတင်းဝါလကျွတ်သည့်အခါတိုင်း နှစ်စဉ်အာစရိယ ပူဇော်မြဲဖြစ်သော်လည်း ယခင်က သတင်းကျွတ်လပြည့် ပဝါရဏာပွဲနှင့်အ တူ သိမ်ကျောင်းထဲမှာသာ ပူးတွဲကျင်းပလေ့ရှိကြောင်း၊ ယခုလို အခမ်းအနားဖြင့် စုပေါင်းစုံညီပူဇော်ကြသည်မှာ ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၃၆၉ ခုနှစ်သည် ၂၀၀၇ ရွှေဝါရောင် အရေးခင်းနှင့် တိုက်ဆိုင်နေ၍ အာစရိယပူဇော်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါသည်။

အခမ်းနားတွင် ပြန်လွန်တော်မူခဲ့ပြီးဖြစ်သော ကျေးဇူးရှင်ဆရာတော်ကြီး (၃) ပါး၏ ကျေးဇူးဂုဏ်ကို အာရုံပြု၍ တစ်မိနစ်ခန့် ငြိမ်သက်စွာ ဂါရဝပြုသည့် အစီအစဉ်ပါဝင်ကြောင်း၊ အခမ်းအနားအပြီးတွင် မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသမထေရ်က လာမည့် တပို့တွဲလတွင်ကျင်းပမည့် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဆရာတော်ကြီး၏ သက်တော် (၈၀) မွေးနေ့ပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် အစီအစဉ်များ  ချပြခဲ့ကြောင်း သိရသည်။
Posted by Aung Htet at 5:38 PM 0 comments  

Lawka Chantha Parahita Sayadaw visiting USA soon


ညောင်နှစ်ပင် ညောင်ကန်အေး၊ လောကချမ်းသာ ပရဟိတ ကျောင်းဆရာတော် အမေရိကန်ပြည်ထောင်စုသို့ ကြွရောက်မည်
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၂၄၊ ၂၀၁၂
          ရန်ကုန်တိုင်း ၊လှည်းကူးမြို့နယ် ၊ ညောင်နှစ်ပင် ညောင်ကန်အေးလောကချမ်းသာ ပရဟိတကျောင်း ၊ ကျောင်းထိုင်သာသနာပြုဆရာတော် သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism ) အရှင်ဉာဏိဿရ (မော်လူး)သည် နယူးယောက်မြို့တော် ၊ ဘရုပ်ကလင်း - ဘဂင်လမ်း ရှိ လောကချမ်းသာ ဆရာတော်ကြီး နှင့် တပည့်များတို့၏ ပင့်ဖိတ်မှုဖြင့် အမေရိကန်နိုင်ငံသို့ ကြွရောက်လာမည်ဖြစ်ပါသည် ။
          ညောင်ကန်အေး လောကချမ်းသာပရဟိတကျောင်းသည်  ရန်ကုန်မြို့ ၊ အင်းစိန် ကြို့ကုန်း  မဟာစည်သြဝါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာ ဆရာတော် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ  ညောင်ကန်အေး ဆရာတော် ဒေါက်တာဘဒ္ဒ န္တ က္ကန္ဒက နှင့် အမေရိကန် နိုင်ငံ ၊ နယူးယောက်မြို့ ၊ လောကချမ်းသာကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တက္ကန္ဒကတို့က မိဘမဲ့ နှင့် ချို့တဲ့နွမ်းပါး ကလေးသူငယ်များအား ပြုစုပျိုးထောင်ရန် တည်ထောင်လှူဒါန်းထားသည့် မိဘမဲ့ ပရဟိတ ကျောင်းတော် ဖြစ်ပါသည်။
ဆရာတော် အမေရိကန် ကြွရောက်လာသည့်ကာလတွင် တရားပွဲများ ဖိတ်ကြား ကျင်းပပူဇော်ခြင်း ၊ ပရဟိတလုပ်ငန်းဆိုင်ရာ အတွေ့အကြုံဆွေးနွေးဖလှယ်ခြင်းများကိုပြုလုပ်နိုင်ပါကြောင်းနှင့် တွေ့ဆုံဖူးမျှော်နိုင်ပါကြောင်း သတင်း ပါးအပ်ပါသည်။
          ဆရာတော် တည်းခိုသီတင်းသုံးမည့် လိပ်စာမှာ လောကချမ်းသာ ဘုရားကျောင်း ၊ 619 Bergen St , Brooklyn , New York   11238 .U.S.A .. ph..(718)6228019  ဖြစ်ပါသည် ။  ဆရာတော်အား ဆက်သွယ်လိုပါက အရှင်နန္ဒဝံသ ၊ ဇေယျသုခ ဓမ္မရိပ်သာ ၊ အမာရီလိုမြို့ ၊ တက္ကဆက်ပြည်နယ်   ဖုံး ၈၀၆၂၉၀၈၀၁၇ သို့လည်းဆက်သွယ် စုံစမ်းနိုင်ပါကြောင်း ...
Posted by MoeMaKa at 4:55 PM 0 comments  

Bertil Lintner - Wai Moe, Maw Kun Journal


မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့်တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁)

by Yangon Press International on Monday, 22 October 2012 at 00:37 ·

ဘာတီးလင့်တ်နာ
ဝေမိုးတွေ့မေးသည်။


အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့  ပြည်နယ်ရရှိ ဖို့...


(မော်ကွန်းမဂ္ဂဇင်းအမှတ်(၂)တွင်ပါရှိသော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ယခုလမော်ကွန်းမဂ္ဂဇင်းတွင် တိုင်းရင်းသားရေးရာ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စသည်တို့နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

          လင့်တ်နာသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး နှစ်ပေါင်း များစွာ ရေးသားခဲ့သူဖြစ်ပြီး အာရှဒေသ၏ သြဇာတိက္ကမကြီး မားခဲ့သော Far Eastern Economic Review ၏ ပင်တိုင် ဆောင်းပါးရှင်လည်းဖြစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်မှ ၈၇ အထိ သူ၏ ရှမ်းတိုင်းရင်းသူဇနီးသည်နှင့်အတူ မြန်မာပြည်တွင်းသို့ အိန္ဒိယ ဘက်မှဝင်ရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင်နေထိုင်ကာ တိုင်းရင်းသားအရေး လေ့လာပြုစုနေသူ ဖြစ်သည်။

          ဆွီဒင်လူမျိုး သတင်းစာဆရာတစ်ယောက် ဖြစ်သည့် လင့်တ်နာသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စာအုပ်ရှစ်အုပ် ထက်မနည်း ရေးသားခဲ့ပြီး ၎င်းင်း၏ နောက်ဆုံးထုတ်စာအုပ်များ မှာ Aung San Suu Kyi and Burma's Struggle for Democracy ဖြစ်ပါသည်။ မကြာသေးမီက ၎င်းအား မြန်မာအစိုးရက အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့သော်လည်း ယခုအချိန်ထိ ပြည်ဝင်ခွင့်ဗီဇာမရရှိသေးဟုဆိုပါသည်။ (ယခုအင်တာဗျူးကို ပုံနှိပ်နေချိန်တွင် ဘာတီးလင့်တ်နာဗီဇာရရှိခဲ့သဖြင့် အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။)

          တွေ့ဆုံမေးမြန်းသူ ဝေမိုးသည် ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် ဧရာဝတီသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ အလွတ်တန်း သတင်းစာဆရာ အဖြစ် ရပ်တည်နေသူဖြစ်ကာ လင့်တ်နာအား မေလ ဒုတိယပတ်အတွင်းက ချင်းမိုင်မြို့ တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

MAWKUN:     မြန်မာပြည်က တိုင်းရင်းသားပြဿနာတွေဟာ အင်မတန်ရှုပ်ထွေးပြီး ကိုင်တွယ်ရခက်ခဲပါတယ်။ အမြင်တွေ လည်း  တော်တော်လေး ကွဲပြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

LINTNER: ဟုတ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိနေပါ တယ်။ သဘောတူညီ လက်ခံမှုလည်း မရှိကြပါဘူး။ အဲဒီအထဲက တစ်ခုက ဘာလဲဆိုရင် လူနည်းစုတိုင်းရင်းသား အုပ်စုတွေက ၁၉၆၂ ခုနှစ်မတိုင်မီကာလရဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဆီကို ပြန်သွားချင်ကြတာပဲဖြစ်ပါတယ်။

          အဲဒီစနစ်မှာ တိုင်းနယ်ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေရှိကြတယ်။ မြန်မာနိုင်ငံဟာ  လွတ်လပ်ရေးရပြီးတဲ့နောက် ဖက်ဒရယ်မူကို ကျင့်သုံးခဲ့တယ်။ ၁၉၆၂ ခုနှစ်အထိပေါ့။ အဲဒီ နောက် ဗဟိုချုပ်ကိုင်တဲ့စနစ်ဖြစ်လာတယ်။ ဖက်ဒရယ် ပျောက်သွားတယ်။

          ဒီနှစ်ပိုင်းတွေထဲမှာ စစ်တပ်ဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပတ်သက်လို့ (အမျိုးသား) ညီလာခံတစ်ခုလုပ်ခဲ့တယ်။ ဖက်ဒရယ်ကို လက်မခံဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြီးတဲ့ နောက်မှာလည်း အများစု သဘောတူညီမှုတွေမရ ရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ လူနည်းစု လက်နက်ကိုင်အဖွဲ့ တွေက ဒီအခြေခံဥပဒေကို လက်မခံခဲ့ကြဘူးလေ။

          ဥပမာ-  ကချင်ပြည်နယ်ကို ကြည့်ပါ။ အပစ်အခတ်ရပ်ခဲ့တာ ၁၇ နှစ်ကြာခဲ့တယ်။ ဘယ်သူမှ သူတို့လိုချင်တဲ့ လိုက်လျောမှု တွေ၊ အခွင့်အရေးတွေ မရခဲ့ကြဘူး။ ဒါကြောင့် အပစ်အခတ် ရပ်စဲတာ ပျက်ပြယ်သွားတယ်။ အခြားတိုင်းရင်းသား လက်နက် ကိုင်တွေနဲ့လည်း ဒီသဘောမျိုးပါပဲ။

          ဒါက ပြဿနာဖြစ်နေရတဲ့ ရှုထောင့်တစ်ခုပေါ့။ နောက် တစ်ခုက အယူအဆအမျိုးမျိုးကွဲပြားနေတာပါပဲ။ ပါဝင်တဲ့သူ တွေကလည်း အမျိုးမျိုးကွဲပြားတယ်။ တွေးခေါ်ပုံတွေ မတူကြ ဘူး။ ပြီးတော့ ကိုယ်စားပြုတွေက ကွဲပြားတယ်။ လူနည်းစု တိုင်းရင်းသားတွေကို လက်ခံဖို့နေရာမှာ ကွဲပြားနေကြတယ်။

          ကချင်လွတ်လပ်ရေးအဖွဲ့တို့၊ ရှမ်းပြည်တပ်မတော်၊ ကရင် အမျိုးသား အစည်းအရုံးတို့ဟာ သူတို့တိုင်းရင်းသား လူမျိုးစု အရေးကို သူတို့ထိန်းချုပ်နယ်မြေမှာ လုပ်နေကြသလို  စစ်တပ် ကလဲ သူတို့ပုံစံနဲ့သူတို့ ဖြေရှင်းဖို့လုပ်နေတယ်။ အဲဒါကတော့ ဒေသဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို တိုင်းရင်းသားတွေ ခန့်လိုက်တာပါပဲ။ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ မပတ်သက်တဲ့  ကချင်တစ်ယောက်ကို ၀န်ကြီးချုပ်ခန့်သလိုပေါ့။ ဒီလိုနဲ့ အာဏာကို တရားဝင်အောင် တည်ဆောက်တယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဦးတည်ချက်တွေကိုလည်း ပျက်ပြယ်စေမယ်ပေါ့။

          ဒါပေမဲ့ လက်ရှိအနေအထားက ဒီလူတွေ (၀န်ကြီးချုပ် တွေ) အားလုံးဟာ အပေါ်ကချုပ်ကိုင်မှုတွေအောက်မှာပဲ အလုပ် လုပ်နေကြရတာပဲ ဖြစ်ပါတယ်။

MAWKUN:   ကချင်နဲ့ပတ်သက်တာတွေ ခင်ဗျားရေးသား ခဲ့တယ်။ ကျောက်စိမ်းမြေဆိုတဲ့ စာအုပ်လည်း ထုတ်ခဲ့တယ်။ ကချင်အရေးကို ခင်ဗျားဘယ်လိုမြင်လဲ။ ဘာကြောင့်လဲဆိုတော့ အစိုးရက အခုငြိမ်းချမ်းရေးကော်မတီသစ်ဖွဲ့ထားတယ်။ ဒါက ကချင်ကိုရည်ရွယ်တာမျိုးလို့ ယူဆတယ်။

LINTNER: ဒါဟာ (လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ) တစ်ဖွဲ့ချင်းလိုက်သဘောမျိုးပါပဲ။ အောက်ခြေမှာတော့ အမျိုးမျိုးတွေဖြစ်နေတယ်လို့ပြောနိုင်တယ်။ ရှမ်းပြည်နယ်မှာလည်း ရှမ်း ပြည်တောင်ပိုင်းနဲ့ လုပ်နေတာရှိတယ်။ ကချင်ကိစ္စမှာတော့ ကြည့်ရမယ့် ရှုထောင့်တွေကများတယ်။ အရင်က အပစ်အခတ် ရပ်စဲထားတယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာ နေ့စဉ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိတယ်။ ဒါကြောင့် စစ်တပ်ဘက်က ငြိမ်းချမ်း ရေးလုပ်လိုတဲ့ ဆန္ဒမရှိဘူး။

          ဘာကြောင့်လဲဆိုရင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးကို အဓိပ္ပာယ်ဖွင့်ဆိုပုံက တခြားသူတွေနဲ့ မတူဘူး။ အစိုးရအတွက်က ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ချပြီး အစိုးရတစ်ရပ်ရဲ့ လက်အောက်ကို ၀င်ရောက်ဖို့ပဲ။ လက်နက်ကိုင်အုပ်စုတွေအတွက်ကတော့ သူတို့ရဲ့  ပြည်နယ်ရရှိ ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်လာခဲ့တာ ဆယ်စုနှစ်နဲ့ချီ နေပြီ။  ဒါကြောင့် အခြေခံကျကျ  ဘုံသဘောတူညီမှုမရနိုင်ကြဘူး။

          ဒါကြောင့် အခြေအနေက ပိုခက်ခဲတယ်။ ပိုခက်ခဲနိုင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားက ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ကြတဲ့ အဖွဲ့တွေအများအပြား ပါဝင်နေမှု ကြောင့်ပါပဲ။   လူတိုင်းက မြန်မာပြည်ကိုသွားပြီး ဒီပြဿနာကို ဖြေရှင်းချင်ကြတယ်။ သူတို့က အပစ်အခတ်ရပ်စဲဖို့ ကိစ္စကလွဲရင် ဘာမှမသိဘူး။

          သိပ်မကြာသေးခင်က နော်ဝေအစိုးရက ငြိမ်းချမ်းရေး ရန်ပုံငွေဆိုတာ တည်ထောင်တယ်။ အဲဒီမှာ NGOs တွေကပါ လာပြီး ငြိမ်းချမ်းရေး အဆိုပြုလွှာတွေကို တင်ကြတယ်။ သူတိုရဲ့ ငြိမ်းချမ်းရေး အယူအဆအသစ်ကို လာရောင်းကြတယ်။ ဒီလို အခြေအနေအရ သူတို့ကို ကျွန်တော်က ငြိမ်းချမ်းရေးကုန်သည်တွေလို့ခေါ်ချင်တယ်။ သူတို့လုပ်နေပုံတွေက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ ခဏလောက်အော်ပြီး ထွက်သွားမယ့်လူတွေပါ ပဲ။ တကယ်တမ်းမှာ မြန်မာပြည်သူတွေ တကယ်ကြုံတွေ့ခံစား နေရတာတွေကို သိပ်ထည့်တွက်ပုံမရပါဘူး။

          ဥပမာအားဖြင့် နော်ဝေရဲ့ ငြိမ်းချမ်းရေးအဆိုပြုလွှာကို လေ့လာနိုင်ပါတယ်။ ဒီအဆိုပြုလွှာဟာ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးလောက်ပဲ အဓိကထားနေတဲ့ သဘောဖြစ်နေပါတယ်။ ဒီထဲမှာ မြေမြှုပ်မိုင်းဖျက်သိမ်းဖို့ဆိုတဲ့ အချက် တစ်ချက်ပါတယ်။ ဒါဟာ တိုင်းရင်းသားလူနည်းစုအဖွဲ့ တွေရဲ့ ခံစစ်ကြောင်းကိုဖြုတ်တဲ့သဘောလောက်ပဲ ဖြစ်နေတယ်။ ဒါကြောင့် အလုပ်မဖြစ်နိုင်ပါဘူး။ ဒီလိုနိုင်ငံခြား NGO တွေနဲ့  အစိုးရတွေဟာ၊ ဥပမာအားဖြင့် နော်ဝေရဲ့ဟာပေါ့။ အလုပ် မဖြစ်ပါဘူး။ သူတို့က တိုင်းရင်းသား ပြဿနာကြီးထွားပေါက်ကွဲ ထွက်လာတဲ့ဟာကို သဘောမပေါက်ကြဘူး။

          ဘာကြောင့် ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေရတာလဲဆိုတာ သူတို့လုံးဝနားမလည်ကြဘူး။ သူတို့ရဲ့အဖြေရှာမှုက စာရွက်ပေါ်မှာအမြင်လှဖို့ပဲရှိနေတယ်။ ကျွန်တော့်အမြင် ဒါဟာ ပိုဆိုးတယ်လို့မြင်တယ်။ အဲဒီမှာ အတွေ့အကြုံမရှိတဲ့ အကြံပေးတွေ၊ စာရေးဆရာတွေ၊ စေ့စပ်ရေးမှူးတွေ ပါဝင်ပတ်သက်နေတယ်။ သူတို့ ဘာတွေလုပ်၊ ဘာတွေပြောနေတယ်ဆိုတာ ဘယ်သူတွေ နဲ့  စကားပြောနေတယ်ဆိုတာ နားမလည်နိုင်သလောက်ပါပဲ။

MAWKUN:     ဒါဆိုခင်ဗျားက နော်ဝေငြိမ်းချမ်းရေး အဆို တင်သွင်းတဲ့ အဖွဲ့မျိုးကို ရည်ညွှန်းချင်တာပေါ့။ သူတို့က အဲဒီလိုပုံစံမျိုးကို ပိုပြီးတော့ပြောကြတယ်။ အဲဒီအကြောင်းကို နည်းနည်းထပ်ပြီး ရှင်းပြပေးပါဦး။ ပြီးတော့ခင်ဗျားရဲ့ ရှုမြင်ချက်ကဘယ်လိုရှိသလဲ။

LINTNER:          သူတို့က အချိန်ဖြုန်းတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တစ်ခုကို ထူထောင်လိုက်တာပဲ။ လူတိုင်းဆီကငွေကို တောင်းခံနေတယ်။ ကုလသမဂ္ဂအရာရှိ အားလုံးကိုခေါ်မယ်။
          ၂၀၀၇ မှာ နှင်ထုတ်ခံရတဲ့ ချားလ်စ်ပတ်ထရီ (Charles Petrie) (၂၀၀၃ ကနေ နှင်ထုတ်မခံရမီအချိန်ထိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်လုပ်သွားသူ) ဟာ မြန်မာပြည်မှာ ဘာဖြစ်နေသလဲဆိုတာကို တော်တော့်ကို မမြင်တတ်လွန်းတဲ့သူဖြစ်တယ်။ သူပြောဖူးတာ တစ်ခုရှိတယ်။ သူက သံဃာ့လှုပ်ရှားမှုဟာ အဓိပ္ပာယ်မရှိဘူး။ အရေးမကြီးဘူး။ လက်မခံနိုင် ဘူးလို့ဆိုတယ်။ ဒါပေမဲ့ မြန်မာပြည်ကလူတွေရဲ့ နေထိုင်မှုဘ၀ ဟာ အလွန်ဆိုးရွားလာနေပြီဖြစ်လို့၊ တချို့လူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြကြတာလို့ သူပြောလိုက်တာမှာ သူမှားသွားတယ် ပေါ့ဗျာ။

          သူက မြန်မာပြည်အကြောင်းကို ဘာမှမသိတဲ့သူပါ။ သူ လုပ်ခဲ့တာက တွေ့ဆုံဆွေးနွေးမှုတစ်မျိုးထက် မပိုပါဘူး။ ဒါမျိုး တွေကလည်း လုပ်ခဲ့ကြပြီးပါပြီ။ သူတို့တွေက မြန်မာပြည်ဟာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ ပုံစံမျိုးသွားမလား၊ ဖက်ဒရယ် ပြည်ထောင်စုကို သွားမလား ဆိုတာကိုပဲ ထပ်ဆွေးနွေးနေတယ်။ ဒါပေမဲ့ ဒီလိုအဆိုပြုလွှာတွေဟာ အဓိကပြဿနာဖြစ်တဲ့  ၂၀၀၈ အခြေခံဥပဒေကိုတောင် ရည်òန်းပြောတာ မရှိပါဘူး။ ဒါဟာ အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို အကြောင်းပြပြီး စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို အင်အားသုံးလာခြင်းဖြစ်ပါတယ်။

          နောက်ဆုံးမှာတော့ သူတို့ရဲ့အဆိုပြုလွှာဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အုပ်စုတွေကို လက်နက်ချဖို့ တောင်းဆိုနေ တာထက် သိပ်မပိုလှပါဘူး။ ဒါက အစိုးရကလိုချင်နေတာနဲ့ တစ်ထပ်တည်းကျနေတာပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက် ခံတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ အာဏာသိမ်းမှုနောက် ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ စခဲ့ပါတယ်။

          ၁၉၆၃၊ ၁၉၆၄ ကာလတွေကပေါ့။ ကချင်နဲ့  အစိုးရကြားက စကားပြောမှုကတော့  ၁၉၈၀ မှာ ပထမဆုံးအကြိမ်။ အဲဒီအချိန် က ကေအိုင်အိုဥက္ကဋ္ဌ ဘရန်ဆိုင်း ရန်ကုန်အထိသွားပြီး ဗိုလ်ချုပ် နေ၀င်းနဲ့တွေ့တယ်။ အဲဒီဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပေးခဲ့တာပါ။

          တရုတ်အစိုးရက မြန်မာပြည်အရေးမှာ နော်ဝေနိုင်ငံထက်    သြဇာသက်ရောက်မှု အများကြီးရှိတယ်။ ဒါပေမဲ့လည်း ဆွေးနွေး ညှိနှိုင်းပွဲက မအောင်မြင်ခဲ့ပါဘူး။ အမြင်ကွဲပြားမှုတွေကြောင့် မညှိနှိုင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ အဲဒါတော့ တစ်ဖက်က ဗဟိုချုပ် ကိုင်တဲ့နိုင်ငံအနေနဲ့ သွားချင်တယ်။ တစ်ဖက်က ဖက်ဒရယ် ပြည် ထောင်စုအနေနဲ့ သွားချင်တယ်။  ခေါင်းဆောင်တွေက သူတို့ကို တပ်ရုတ်သိမ်းလိုက်ပြီး  အိမ်ပြန်ကြဖို့ပဲပြောနေကြတယ်။ ဒါက ပိုဆိုးသွားပါတယ်။ ဘာမှ မထူးခြားဘူး။ ဒါပမဲ့ တချို့တွေက ငွေတွေ အများကြီးရလိုက်ကြတယ်။ ကျွန်တော်ပြောခဲ့သလို  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စီးပွားရေးလုပ်ငန်းစဉ် ဖြစ်လာတယ်။

MAWKUN: အစိုးရဘက်က စေ့စပ်ညှိနှိုင်းရေးမှူး ဦးအောင်မင်းနဲ့ နော်ဝေအဖွဲ့က ဖွံ့ဖြိုးတိုက်တက်မှု စီမံကိန်းတွေ အဲဒီဒေသမှာ လုပ်ပေးဖို့ ပြောနေကြတယ်။ တိုးတက်မှုတွေ ရှိလာရင် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ်လို့ မြင်ကြ တယ်။ ခင်ဗျားအမြင်ရော ဘယ်လိုလဲ။

LINTNER:          အဲဒီလို မဟုတ်ဘူးဗျ၊ သူတို့တိုက်ပွဲဝင်နေတာ နောက်ထပ်ကျောင်းတွေ ဆေးရုံတွေ၊ လမ်းတွေ ရလာဖို့ မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းနေကြတာပါ။ တံတားတွေ၊ လမ်းတွေဆောက်ပြလည်း ထူးမှာမဟုတ်ပါဘူး။ အဲဒီလူတွေက  သူတို့မှာ သီးခြားကိုယ်ပိုင်အမှတ်အသားတစ်ခုရှိပါတယ်ဆိုတာကို သိတယ်။ ဒါကို လိုချင်တယ်။ သူတို့ရဲ့ ရပိုင်ခွင့် တွေ သီးခြားအမှတ်အသား ကိုယ်ပိုင်ဝိသေသ ရှိနေတာကို  အသိအမှတ်ပြုစေချင်တယ်။

          ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ကြမယ်။ အဲဒီရွေးကောက်ပွဲ ဟာ တရားမျှတမှု၊ လွတ်လပ်မှုရှိတယ်။ NLD က နေရာအများစုမှာ အောင်ပွဲခံခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ရဲ့ အမတ်နေရာ တော်တော်များများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာ အများအပြားရတယ်။ ရခိုင်မှာဆိုရင်လဲ ရခိုင်ပါတီ တွေ အနိုင်ရခဲ့ကြပါတယ်။ ဒါကိုကြည့်ရင် သူတို့မှာ ထိန်းသိမ်း ကာကွယ်ရမယ့် သီးခြားကိုယ်ပိုင်ဝိသေသ ရှိတယ်ဆိုတာ တွေ့ရတယ်။ မြန်မာပြည် တိုင်းရင်းသားညီညွတ်မှုရရှိရေး ဘယ်လို တည်ဆောက်မလဲဆိုတဲ့ မေးခွန်းဟောင်းကြီး ထပ်ပြီးထင်ဟပ် ပြနေတယ်။

          ကျောင်းတွေ ထပ်ဆောက်မယ်ဆိုရင်လည်း မြန်မာစာ တွေကိုပဲ တိုင်းရင်းသားနယ်တွေမှာ သင်ခိုင်းတဲ့ အခြေအနေ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးအစီအစဉ်ကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်ကိုမှဦးတည်နိုင်မှာ မဟုတ်ပါဘူး။  ဒေသအတွင်းဖွံ့ဖြိုးအောင်လုပ်ပါလို့ အကြံပေးရတာ အလွန် လွယ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ဆိုတဲ့ ယုံကြည်ချက်ကတော့ သီးခြားအကြောင်းတစ်ခုပါ။ အရှေ့တီ မောကို ဥပမာအဖြစ်ကြည့်လိုက်ပါ။ အရှေ့တီမောဟာ ၁၉၇၅ ခုနှစ်မှာ လွတ်လပ်ရေးတောင်းတယ်။ ပေါ်တူဂီကိုလိုနီအောက် မှာ နှစ်ပေါင်းရာနဲ့ချီပြီးနေခဲ့ရတယ်။ ကိုလိုနီစနစ်က သူတို့ကို လျစ်လျူရှုထားခဲ့တယ်။

          နောက်နှစ် ၁၉၇၆ ခုနှစ်မှာ အင်ဒိုနီးရှားက အရှေ့တီမောကို သိမ်းယူခဲ့တယ်။ အရှေ့တီမောမှာ အဲဒီအချိန် စာမတတ်သူ ၉၀ ရာခိုင်နှုန်းရှိတယ်။ အင်ဒိုနီးရှားအုပ်ချုပ်တဲ့ ၂၅ နှစ်အတွင်းမှာ စာမတတ်မြောက်သူ အတော်နည်းသွားတယ်။ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံတွေအများကြီးကို ဆောက်ပေးခဲ့တယ်။ ဒါပေမဲ့ အရှေ့တီမောရဲ့ ၈၀ ရာခိုင်နှုန်းက လွတ်လပ်ရေးကို တောင်းဆို နေဆဲပါပဲ။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွေ ရှိလာရုံနဲ့ လူတွေရဲ့ စိတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာတွေ့ရတယ်။

MAWKUN: တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အစိုးရရဲ့  ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အရေးယူပြီးတဲ့ နောက် ပိုင်းမှာ တိကျတဲ့လူဆိုပြီးမရှိခဲ့ဘူး။ နောက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ သူလည်း တိုင်းရင်းသားတွေ နဲ့ အောင်မြင်အောင် ညှိနှိုင်းမှု မလုပ်နိုင်ခဲ့ဘူး။ ဦးသိန်းစိန် သမ္မတ ဖြစ်ပြီးနောက်ပိုင်း ဦးအောင်သောင်း၊ ဦးအောင်မင်း  အစရှိတဲ့ သူတွေကို တာဝန်ပေးခဲ့တယ်။ ဒါတွေနဲ့  ပတ်သက်လို့  ဘယ်လို သုံးသပ်မိလဲ။

LINTNER:          ဒီလိုအဖွဲ့ ခွဲထားတဲ့ သူတို့ရဲ့ နောက်ဆုံးပန်း တိုင်က ဘာလဲဆိုတာကြည့်လိုက်ပါ။ ဦးအောင်သောင်း ဒါမှ မဟုတ် ဦးအောင်မင်းတို့က တာဝန်ယူတာ အရေးမကြီးပါဘူး။ အစိုးရဘက်က စေ့စပ်ရေးမှူးတွေ ရည်မှန်းချက်က ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အားလုံးရောက်လာဖို့ပဲ။ အဲဒီရဲ့အဓိပ္ပာယ် က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို  အပြီးသတ်ချေမှုန်း တဲ့ သဘောပါပဲ။ အစိုးရကနည်းမျိုးစုံနဲ့ ပြိုင်ဘက်တွေကို ရှင်းနိုင် တယ်။ ဆွေးနွေးလိုက်၊ တိုက်လိုက်။ တိုက်လိုက်၊ ဆွေးနွေးလိုက် ပေါ့။ ဒါပေမဲ့ ဦးအောင်မင်းဖြစ်ဖြစ်၊ ဦးအောင်သောင်းဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ အခြေခံဥပဒေကို အတူတူပြောင်းကြရအောင်လို့ပြောမယ့်ပုံ မတွေ့ ရသေးပါဘူး။

          သူတို့စိတ်ထဲမှာ ပြည်နယ်အစိုးရသစ်ဟာ ပြည်နယ်လူထု ကို ကိုယ်စားပြုနေပြီ။ တစ်ဖက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖယ်ထုတ်ထားမယ်။ လက်နက်ကိုင်အုပ်စုတွေကို ချေဖျက်ပစ်ရမယ်။ တစ်ဖက်မှာ လက်နက်ကိုင်အဖွဲ့တွေက ဒါကို လက်မခံကြဘူး။ ဒီလို အခြေအနေတွေကြောင့် ဘုံသဘောတူညီ မှု မရနိုင်ဘူးပေါ့။

MAWKUN:        ဒါဆို ခင်ဗျားဆိုလိုချင်တာက အစိုးရက  ငြိမ်းချမ်းရေးစကားပွဲတွေလုပ်ပြီး အချိန်ဝယ်နေတယ်လို့ ပြောချင်တာလား။

LINTNER:          ဟုတ်ပါတယ်။ အခုဖြစ်နေတာက သေနတ် မိုးထားတဲ့ စကားဝိုင်းလိုဖြစ်နေတယ်။ သူတို့ရဲ့တာဝန်က လက် နက်ကိုင် အုပ်စုတွေကိုအဆုံးသတ်ပြီး နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ အစိုးရကပြောတဲ့ ဥပဒေဘောင် အတွင်းဝင်လာဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ စိတ်ကြိုက်ရွေးထား တဲ့  ပြည်နယ်အစိုးရတွေရှိတယ်။ ဒါကြောင့် အစိုးရက နိုင်ငံရေး အရ ဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေကို ယုံယုံကြည်ကြည် မလုပ် သေးဘူးလို့  ဆိုရမယ်။

MAWKUN: မကြာသေးခင်က ဦးအောင်မင်း နော်ဝေ၊ ဆွစ်ဇာလန်တို့ကိုသွားတယ်။ သူတို့ပြန်လာတော့ ဦးသိန်းစိန် အစိုးရက ငြိမ်းချမ်းရေးကော်မတီသစ်တစ်ခုဖွဲ့တယ်။ ဒါဟာ နော်ဝေဖိအားလို့ ပြောနိုင်မလား။

LINTNER:          မဟုတ်ဘူးဗျ။ ဒါက ကစားပွဲတစ်ခု၊ လှည့် ကွက်တစ်ခုပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြောင်းချင် ပြောင်းမယ်။ သူတိုရဲ့ အဆုံးစွန်ရည်မှန်းချက်ကတော့ ပြောင်း လဲမှာ၊ စွန့်လွှတ်မှာမဟုတ်ပါဘူး။ လက်နက်ကိုင်အုပ်စုတွေကို ချေမှုန်းပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းဖို့ပါပဲ။

MAWKUN: နိုင်ငံတကာ၊ ဥပမာ-နော်ဝေတို့ရဲ့ ပါဝင် ပတ်သက်မှုတွေရော ဘာထပ်ပြောချင်သေးလဲ။ ငြိမ်းချမ်းရေး ရနိုင်မလား။

LINTNER: ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲဗျာ။ အခုအထိ အခြေခံပြဿနာရပ်တွေကို ထည့်ပြီးမဆွေးနွေးသေးဘူး။ ဖက်ဒရယ် စနစ်ရှိရမယ့်အစား ဗဟိုချုပ်ကိုင်မှုစနစ်ကို ပထမအဆင့်မှာ ဆက်ထားနေသေးတယ်။ နိုင်ငံခြားသားတွေအနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရှိနေတယ်လို့ ယုံကြည်တာဟာ ရူးနှမ်းတဲ့ကိစ္စပဲ။ တကယ့်အမှန်က အဲဒီလိုမဟုတ်ပါဘူး။ အစိုးရက အလွန်ကို သိမ်မွေ့တဲ့ ကစားနည်းတစ်မျိုးကို ကစားနေတာပါ။ လေးနက်တဲ့ တစ်စုံတစ်ရာ ဖြစ်နေပြီလို့ နို်င်ငံခြားသားတွေ ယုံကြည်အောင် လုပ်ပြနေကြတာပါ။ လက်နက်ကိုင်အုပ်စုတွေကတော့ သူတို့ကို ဖိအားပေး လှုပ်ရှားနေတာ ပဲလို့သိကြတယ်။

MAWKUN:        ဒါဆို တစ်ခုမေးချင်တာက SSA- South (ရှမ်းပြည်တပ်မတော် - တောင်ပိုင်း) တို့၊ KNU တို့က အခု တလော ဦးအောင်မင်းနဲ့ သဘောတူလက်မှတ်ထိုးဖို့ စိုင်းပြင်း နေကြတာ ဘာကြောင့်လဲ။ သူတို့မှာ ဘာအကျပ်အတည်းတွေ ရှိလို့လဲ။

LINTNER: သူတို့က စကားဝိုင်းတွေကနေ နိုင်ငံရေးအရ အဖြေထွက်မယ်လို့ ယုံကြည်နေပုံရတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် သူတို့ ကချင်ပြဿနာကို လေ့လာသင့်တယ်။ ကချင်တွေဟာ ဒီလို အပစ်အခတ်ရပ်စဲရေးတွေကနေ နိုင်ငံရေးအရ အဖြေရှာလို့  ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လုပ်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘာမှ မရခဲ့ဘူး။ အစိုးရက သူတို့လိုချင်တာ တွေကိုသာ လိုသလို ဆုံးဖြတ်သွားခဲ့တယ်။  ဦးအောင်မင်းက ပြောဆိုဆက်ဆံလို့ကောင်းတယ်။ ဒါ ကြောင့် သူနဲ့စကားပြောရင် အဆင်ပြေတာလောက်နဲ့ ငါတို့ တိုင်းရင်းသားတွေရဲ့ ရည်မှန်း ချက်တွေ၊ ငြိမ်းချမ်းရေးတွေ ရမယ်လို့ ဆုံးဖြတ်လို့မရပါဘူး။ ဘာ လို့လဲဆိုတော့ ဦးအောင်မင်း စတဲ့ အစိုးရစေ့စပ်ရေးမှူးတွေဟာ ဖက်ဒရယ် ပြည်ထောင်စု အယူအဆထက်စာရင် ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာရသူတွေဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့  လူမျိုးစု အခွင့်အရေးတွေကို အာမ မခံနိုင်ပါဘူး။

(သူရိန်ဝင်းဘာသာပြန်သည်။)

အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။
Posted by MoeMaKa at 4:43 PM 0 comments  
Labels: Interview

Nay Phone Latt visiting USA



မြန်မာပြည်ရဲ့ ဘလော့ဂါ နေဘုန်းလတ် အိုင်အိုဝါစာရေးဆရာအစီအစဉ် တက်ရောက်လျက်ရှိ
မိုးမခအထောက်တော် ၀၀၂၊ အောက်တိုဘာ ၂၄၊ ၂၀၁၂
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်တာနက်လှုပ်ရှားမှုတွေ လုပ်တယ်လို့ စွတ်စွဲခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခြင်း ခံခဲ့ရသူ၊ ၂၀၁၂မှာမှ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာပြည်ရဲ့ ဘလော့ဂါ ကိုနေဘုန်းလတ် အမေရိကန်ပြည်၊ အိုင်အိုဝါတက္ကသိုလ်ရဲ့ နိုင်ငံတကာစာရေးဆရာများအစီအစဉ် (fall semester) ကို တက်ရောက်နေတာ ပြီးဆုံးတော့မှာမို့ လာမည့် နိုဝင်ဘာလကုန်မှာ မြန်မာပြည်ကို ပြန်တော့မယ် ဖြစ်ပါတယ်။
အမေရိကန်ပြည်သို့ သူရောက်ရှိနေခိုက်မှာ တက္ကသိုလ်အစီအစဉ်တွေနဲ့ မအားလပ်တာမို့ သူ့ကို ချစ်ခင်လေးစားတဲ့ ပြည်တွင်း ပြည်ပက ပရိသတ်တွေနဲ့ စာပေမိတ်ဆွေတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိမပေးနိုင်ခဲ့ဘူးလို့ မိုးမခကို ပြောကြားပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရက ခရီးသွားပတ်စ်ပို့တွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ထုတ်ပေးဖို့ ကန့်သတ်တာတွေ၊ ချုပ်ကိုင်တာတွေ ရှိနေလို့ အခုလို အမေရိကန်ခရီးစဉ်ကို လာရောက်နိုင်ဖို့လည်း နောက်ဆုံးအချိန်ထိ မသေချာခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာပြည်ကို မပြန်ခင်မှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့တော်တွေကို ၀င်ရောက်လို့ မိတ်ဆွေများနဲ့ တွေ့ဆုံပြီးမှ ပြန်တော်ပြန်မယ်လို့ သူက ပြောပါတယ်။ နိုဝင်ဘာ ၆ မှာ ဒီစီ၊ ၉ ရက်နေ့မှာ နယူးယောက်၊ ဒီနောက် ၁၃ မှ ၁၇ အထိ ဒီစီကို သွားရောက်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၈ ကနေ ၂၆ ရက်အထိ ဆန်ဖရန်စစ္စကို လာရောက်ပြီးမှ အမေရိကန်ပြည်က ထွက်ခွာမယ်လို့ သိရပါတယ်။
အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကိုနေဘုန်းလတ်က မိမိမိတ်ဆွေ လူငယ်များကို စုစည်းပြီးတော့ မြန်မာအိုင်စီတီလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေး ကိုယ်ထူကိုယ်ထလုပ်ငန်းတွေကို (MIDO)ဆိုတဲ့ အဖွဲ့ကလေးဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
နေဘုန်းလတ်ဟာ မြန်မာစစ်အစိုးရရဲ့ အင်တာနက်ကန့်သတ်ချုပ်ချယ်မှု၊ မတရားဖိနှိပ် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးထောင်ချခြင်း ခံရတဲ့ ထင်ရှားတဲ့ဘလော့ဂါလူငယ်တဦးဖြစ်ပါတယ်။ သူလွတ်မြောက်ဖို့ နိုင်ငံတကာရှိ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အရေးဆိုတဲ့ အဖွဲ့အစည်းများက လှုံဆော်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူအကျဉ်းကျနေစဉ်မှာ နယ်စည်းမခြားသတင်းထောက်များရဲ့ ဆု၊ PEN အဖွဲ့ရဲ့ ဂုဏ်ပြုဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် TIME မဂ္ဂဇင်းကြီးရဲ့ သြဇာကြီးသူ ၁၀၀ စာရင်းဝင်အဖြစ်လည်း ရွေးချယ်ခြင်း ခံရသူ ဖြစ်ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်း နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဂုဏ်ပြုတဲ့အစီအစဉ်အနေနဲ့ အဲသည်တုန်းက အမေရိကန်သမ္မတ ဘွတ်ခ်ျက နိုင်ငံတကာက တော်လှန်တဲ့ဘလော့ဂါတွေကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး တွေ့ဆုံတဲ့ဆီမှာ မြန်မာပြည်က နေဘုန်းလတ်ကို ရည်ရွယ်ပြီး ပြည်ပကမြန်မာဘလော့ဂါတဦးကို ကိုယ်စားဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။
"အဲသည်တုန်းက ကျနော်က ဖားအံထောင်မှာ အကျဉ်းကျနေတဲ့အချိန်ပေါ့။ သမ္မတဘွတ်ခ်ျက အိမ်ဖြူတော်မှာ ကျနော်ကိုယ်စား မြန်မာဘလော့ဂါတဦးနဲ့ တွေ့တယ်ဆိုတော့ ကျနော့်ကို ထောက်လှမ်းရေးက ထောင်ထဲအထိ လာပြီးတော့ ခေါ်စစ်တယ်။ အဲသည်လူနဲ့ မင်းသိသလားဆိုပြီးတော့" လို့ ကိုနေဘုန်းလတ်က မိုးမခကို ပြန်ပြောင်း ပြောပါတယ်။
ကမ္ဘာကြီးကျဉ်းတာကို ပြောရရင် ကိုနေဘုန်းလတ်ကိုယ်စား သွားရောက်နိုင်ဖို့ အဲသည်တုန်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စာရေးဆရာမ ဒေါ်မေငြိမ်းကို လာရောက်ဖို့ USCB က ကိုအောင်ဒင်က တိုက်တွန်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမေရိကန်ပြည်အခြေစိုက် မိုးမခမီဒီယာက မောင်ရစ်ဆိုသူက ကိုယ်စားတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုရောက်ရင်တော့ သူ့ကိုယ်စား အိမ်ဖြူတော်သွားခဲ့တဲ့ မောင်ရစ်ဆိုတဲ့သူနဲ့ ကိုနေဘုန်းလတ်တို့ တွေ့ကြမှာ ဖြစ်တယ်လို့ ထင်ပါတယ်။
(ဓာတ်ပုံ ၂၀၁၂ ဇန်န၀ါရီ ၁၃၊ ကိုနေဘုန်းလတ် လွတ်မြောက်လာစဉ် မိသားစုနှင့် တွေ့ဆုံသည့်ပုံ၊ ကိုနေဘုန်းလတ်နှင့် မိတ်ဆွေများ ဆောင်ရွက်နေသည့် မြန်မာအိုင်စီတီဖွံဖြိုးတိုးတက်ရေးအလုပ် လက်ကမ်းစာရွက်)



Posted by MoeMaKa at 2:41 PM 0 comments  

Lai Lone - Cartoon

လ က်ေ ဆာ င်ေ လး ပါ
ကာတွန်း - လိုင်လုဏ်
အောက်တိုဘာ ၂၃၊ ၂၀၁၂

Ashin Pyinnar Nanda - Articles

သမတကြီးဖတ်ဖို့စာ
အရှင်ပညာနန္ဒ
အောက်တိုဘာ ၂၃၊ ၂၀၁၂


၁၉၈၀ နှစ်များအလွန် မန္တလေးမှာနေစဉ်အခါက မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း) နားမှာ ထူးဆန်းတဲ့ ဆိုက်ကားဆရာတယောက်ကို တွေ့ဘူးတယ်။ သူ့အသက်က (၃၀) ၀န်းကျင်ခန့်၊ ဆိုက်ကားဆရာရဲ့ဝတ်စားပြင်ဆင်ပုံက အများနဲ့မတူ တမူထုးခြားတယ်ဆိုရမလားဘဲ။ တခါသား နံနက်ပိုင်းဆွမ်းခံအထွက်မှာ လဘက်ရည်ဆိုင်မှာထိုင်နေတဲ့ဆိုက်ကားဆရာတယောက် ထူးထူးဆန်းဆန်း ၀တ်စားဆင်ယင် ထားတာကိုတွေ့ရတယ်။ ဆိုက်ကားဆရာက ဆံရှည်ထားတယ်။ လျောင်းထုံး ထုံးထားတယ်။ ပင်နီတိုက်ပုံဝတ်ထားတယ်။ အတော်လေး စမတ်ကျတာ တွေ့ရတယ်။ ဒီလိုခေတ်ကြီးထဲမှာ ရှေးစတိုင်နဲ့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့သူလည်း ရှိသေးပါလားလို့ လေးစားလို့မှမဆုံးသေးခင် လဘက်ရည်ဆိုင်ကနေ ဆိုက်ကားပေါ်အတက်မှာ မြင်လိုက်ရတဲ့သူ့ပုံစံကြောင့် အတော်လေးစိတ်ပျက်သွား မိ တယ်။

အပေါ်ကတိုက်ပုံ၊ အောက်က၀တ်ထားတာကဂျင်းဘောင်းဘီ၊ အတော်လေး အစပ်အဟပ်မတည့်လိုက်လေခြင်းလို့ မှက်ချက်ပြုမိပါတယ်။ သူကတော့ ဘယ်သူ့မှဂရုစိုက်ပုံမရ၊ ခရီးသည်တင်ပြီး သွက်သွက်လက်လက် ဆိုက်ကားနင်းပြီး ထွက်သွားလေရဲ့ ။

ဒီမြင်းကွင်းကိုမြင်တွေ့ခဲ့တာ နှစ် (၂၀) ကျော်ပြီ။ သတိရစရာ ဘာအကြောင်းမှမရှိ။ ဒါပေမဲ့ ခုတလောမှာတော့ သတင်းတွေဖတ်ရတိုင်း တမင်တကာ မစဉ်းစားရဘဲ အဲဒီဆိုက်ကားဆရာကိုဘဲ မျက်စေ့ထဲမှာပြန်မြင်ယောင်နေမိတယ်။ နှစ်နှစ်ဆယ်ကျောက်ကမြင်ကွင်းကို သတိ ရစရာအကြောင်းတွေကလည်း နေ့စဉ်ဆိုသလို သတင်းတွေနားထောင်ရ သတင်းတွေဖတ်နေရလို့ထင်ပါရဲ့ ။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးစီးကတည်းကစလို့ ဦးသိန်းစိန်အစိုးရဟာ အကောင်းဘက်ကိုပြောင်းလဲနေပါပြီလို့ ပြောသူတွေရှိ သလို သိသာထင်ရှားတဲ့အပြောင်းအလဲဘာမှမတွေ့ရသေးဘူးလို့ ဝေဖန်သံတွေလည်း အဆက်မပြတ်ကြားနေရဆဲပါ။

အလုပ်သမား လယ်သားတွေဆန္ဒပြခွင့်ရတာ၊ မီဒီယာမဆိုစလောက်လွတ်လပ်ခွင့်ရတာ၊ ဒါမှမဟုတ် ထူထုရဲ့လယ်ယာမြေတွေကို ဥပဒေမဲ့ ပြောင်ပြောင်တင်းတင်းသိမ်းနေတာတွေကို ပြုပြင်ပြောင်းလဲမှုလို့ခေါ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါပြီ။ ဒီအထဲ ဘုန်းကြီး ကျောင်းတွေမီးရှို့တာတောင်ပါသေးတယ်။

အဆိုးဆုံးကတော့ စစ်တပ်ကိုယ်တိုင်က လက်နက်အားကိုးနဲ့ခြိမ်းခြောက်ပြီး “တပ်ပိုင်မြေ မကျူးကျော်ရ” ဆိုင်းဘုတ်ထောင်ပြီး ဘိုးဘွားပိုင် လယ်ယာမြေတွေကို နေရာအနှံ့အပြားမှာ မောင်ပိုင်စီးနေတာတွေဟာ လူထုကိုဘ၀ပျက်အောင် စားဝတ်နေရေး အခက်အခဲဖြစ်အောင်လုပ် နေသလိုဖြစ်နေပါတယ်။

ခုတလော ထင်ရှားရှားဖြစ်နေတဲ့ လက်ပတောင်းတောင်ကြေးနီးစီမံကိန်းကိုကြည့်ပါ။ လူထုသဘောမတူ ကန့်ကွက်နေတဲ့ကြားထဲက စီမံ ကိန်းတွေကို ဆက်လက်လုပ်ဆောင်ဘို့ပြင်ဆင်နေတာတွေဟာ အတော်ကိုဆိုးဝါးလှပါတယ်။ လူထုမလိုလားရင် မလုပ်ပါဘူးဆိုတဲ့ သမတ ရဲ့ ပြောတဲ့စကားနဲ့လည်း ဆန့်ကျင်နေပါတယ်။

သမတကြီးအနေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလည်းတဲ့ဘက်ကိုသွားမယ် ဆိုရင် အောက်ခြေပိုင်းကဖြစ်ပျက်နေတာတွေကိုလည်း လစ် လျူရှုမထားသင့်ပါ။ လူထုအမှန်တကယ်မလိုလားတာတွေက ဘာတွေလဲ။ ပြည်သူလူထုက ဘာတွေပြောနေလဲဆိုတာ သေချာလေ့လာ သင့်ပါတယ်။ တကယ့်လက်တွေ့ အောက်ခြေမှာမှာဖြစ်ပျက်နေတာတွေထိထိရောက်ရောက်မပြုပြင်နိုင်သေးသရွေ့ ပြည်တွေရဲ့ဘ၀တွေ မ လုံခြုံသေးသရွေ့တော့ ဆိုက်ကားဆရာအ၀တ်အစားဝတ်သလို အချိုးမပြေဖြစ်နေအုံးမှာဖြစ်ကြောင်းပါ။ ။
Posted by Aung Htet at 9:05 AM 0 comments  

MONDAY, OCTOBER 22, 2012

Ambassador Mitchell Discusses His Religious Beliefs

ဗုဒ္ဓဘာသာသို့ ကူးပြောင်းမည်မဟုတ်ကြောင်း အမေရိကန်သံအမတ် ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၀၄
အောက်တိုဘာ ၂၃၊ ၂၀၁၂
 

 
(photos - US Embassy in Rangoon/Facebook)

ရန်ကုန်အခြေစိုက် အမေရိကန်သံအမတ် ဒဲရက်မစ်ချယ်က သီတင်းကျွတ်ကာလအတွင်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းမည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ သို့သော်လည်း ထိုသို့ ဘာသာပြောင်းမည့် အစီအစဉ် သံအမတ်တွင် မရှိကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွန်ခဲ့သည့် တစ်နာရီခန့်က ရေးသားဖော်ပြလိုက်သည်။

သံအမတ် ဒဲရက်မစ်ချယ်က ဂျူးဘာသာဝင်အဖြစ် ဆက်လက် ရှိမည်ဟု သိရသည်။

“မျိုးဆက်ပေါင်းများစွာ ဂျူးဘာသာ ကိုးကွယ်ခဲ့ကြတဲ့ မိသားစုကနေ ဆင်းသက်လာသူတစ်ဦး အနေနဲ့ ကျွန်တော့်ရဲ့ ဘာသာရေးအမွေဆက်ခံမှုကို  ကျွန်တော် ဂုဏ်ယူပါတယ်” ဟု သူက သံရုံးဝန်ထမ်းများက ပြောလိုက်ကြောင်း ဖေ့စ်ဘုတ်တွင် ရေးထားသည်။

ရွှေတိဂုံတွင် လက်အုပ်ချီနေသော ဒဲရက်မစ်ချယ်၏ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း ဘာသာပြောင်းသွားပြီဟူသော ပြောဆိုချက်တချို့ ထွက်ပေါ်ခဲ့ဖူးသည်။

ဒဲရက်မစ်ချယ်သည် ဇူလိုင်လက သံအမတ်တာဝန် စတင် ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

မြန်မာနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံ အနှစ် ၂၀ ကြာ သံအမတ်အဆင့် ခန့်အပ်ခြင်း မရှိဘဲ သံတမန်ဆက်သွယ်ရေး အဆင့်နိမ့်ထားခဲ့ကြသည်။ ဒဲရက်မစ်ချယ်သည်  ပြီးခဲ့သောနှစ်များအတွင်း ၀ါရှင်တန်၏  မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် နေပြည်တော်သို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။

ဒဲရက်မစ်ချယ်သည် လွန်ခဲ့သော ၆ နှစ်က ထိုင်ဝမ်အမျိုးသမီး စာနယ်ဇင်းသမား Lee Hun-min နှင့် လက်ထပ်ခဲ့သည်။
 



Posted by Aung Htet at 11:46 PM 0 comments  

Sayadaw Agga Wuntha Biwuntha passes away


ဘဒ္ဒန္တအဂ္ဂ၀ံသာဘိဝံသ (သက်တော် ၈၆၊ ၀ါတော် ၆၆)
မန္တလေးမြို့၊ မဟာအောင်မြေ၊ ပေါက်မြိုင်တိုက်၊ တိုက်အုပ်ဆရာတော်
အောက်တိုဘာ ၂၂၊ ည ၉  နာရီက ဘ၀နတ်နန်းစံမြန်းခဲ့ပြီ ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်
တပည့်တော် သံဃာတော်များနှင့် ဒကာ၊ ဒကာမများ


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages