6th Feb - MoeMaKa Daily

34 views
Skip to first unread message

Maung Yit

unread,
Feb 6, 2013, 2:19:34 AM2/6/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ရွှေည၀ါဆရာတော်မှ ဘ၀အလင်းဆရာတော်ထံ လက်ပံတောင်းမီးလောင်သံဃာများအတွက် လှူ
မိုးမခ၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃
လက်ပံတောင်တောင်မှ မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ရွှေည၀ါဆရာတော်မှ မန္တလေးမြို့ ကင်းဝန်မင်းကြီးကျောင်းတိုက် ဖန်ချက်တန်းကျောင်း၊ ဘ၀အလင်းဆရာတော်ထံ ယမန်နေ့က အလှူငွေများ ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင်မှ မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် အမေရိကန်နိုင်ငံ-ဖို့ဝိန်းမြို့ ဇေတ၀န်ကျောင်းဆရာတော်ဦးကုသလနှင့် မြန်မာ့ဂန္ထအဆိုတော် ရဟန်းမယ်တော်ကြီး ဒေါ်မာမာအေး တို့ အမှူးပြုဦးဆောင်ကာ မြန်မာပြည်သားဒါယကာ ဒါယိကာမများစုပေါင်းလျှက် ရွှေည၀ါဆရာတော်ထံ တဆင့်ပေးပို့လှူးဒါန်းသော မြန်မာကျပ်ငွေ (၃၇)သိန်းနှင့် US ဒေါ်လာ ၇၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
 ယခုလက်ရှိလှူဒါန်မှုသည် မန္တလေးအနီးတ၀ိုက်တွင်ရှိသော မီးလောင်ဒဏ်ရာရ သံဃာနှင့် လူပုဂ္ဂိုလ်လ်များအတွက် သာဖြစ်ပါသည် ကျန်ရှိနေသော ရန်ကုန်သံဃာနှင့် ထိုင်းနိုင်ငံရှိသံဃာအများအတွက် ရွှေည၀ါဆရာတော်မှ ဆက်လက်လှူဒါန်းသွားပါမည်ဟု သိရှိရသည်။

Posted by Maung Yit at 11:00 PM 0 comments  

Saw Ngo - The Ultimatum


ကာတွန်းစောငို - ရာဇသံ
ဖေဖော်ဝါရီ ၆၊ ၂၀၁၃
Posted by Maung Yit at 10:31 PM 0 comments  
Labels: Cartoon BoxSaw Ngo

Maung Swan Yi - No building for foreigners near Martyrs' mausoleum


အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအထိမ်းအမှတ်တခုခု မဆောက်သင့်
မောင်စွမ်းရည်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃
The Voice ဂျာနယ်ဟောင်းတစောင်ကို ၂၀၁၃ ဇန်န၀ါရီ ၃၀ မှာ ဖတ်ရပါတယ်။ ဂျာနယ်ရက်စွဲက ဇန်န၀ါရီ ၂၁ ရက် တနလာင်္နေ့ ထုတ်တာဖြစ်ပါတယ်။ ဒီတော့ သိပ်နောက်မကျလှသေးဘူးလို့ ယူဆပါတယ်။ ဂျာနယ်မျက်နှာဖုံးမှာ "အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားအထိမ်းအမှတ် အဆောက်အအုံဆောက်မည်" ဆိုတဲ့ ခေါင်းစီးစာတန်းနဲ့တကွ အာဇာနည်ဗိမာန်တပိုင်းတစပုံကို ဖော်ပြထားတာ တွေ့ရပါတယ်။ သံခမောက်ဆောင်း စစ်သားကြီးတယောက်က သေနတ်ကြီး အသင့်ချိန်ထားတဲ့ ပုံလည်း ပါရှိပါတယ်။ အာဇာနည်ဗိမာန်ဆိုတာ ဗမာလူမျိုးတွေအတွက် ဘုရားကျောင်းကန်ပြီးရင် ဒုတိယအလေးထားရမယ့်နေရာမျိုးပါ။ ဂါရ၀ပြုရမယ့်နေရာမှာ လက်နက်ကိုင်တွေ အစောင့်ချထားတာလည်း ကြည့်မကောင်းလှပါဘူး။ ဒါလဲ တောင်ကိုရီးယားဧည့်သည်ကို မြောက်ကိုရီးယားက လုပ်ကြံဖို့ ကြိုးစားရာက ဖြစ်လာတဲ့ ပြဿနာလို့ပဲ မှတ်သားမိပါတယ်။
ကျနော့်သဘောကို ပြောရရင် အာဇာနည်ကုန်းပေါ်မှာ အာဇာနည်ဗိမာန်ကလွဲပြီး ဘာမှ မရှိသင့်ပါဘူး။ ဘာသာရေးအဆောက်အအုံတခုခုလည်း မထားရှိသင့်ပါဘူး။ ဒီနေရာအထွဋ်အမြတ်ဟာ ဗမာ့အာဇာနည်ကြီးတွေရဲ့ အထိမ်းအမှတ်နေရာသာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားအထိမ်းအမှတ်တခုခု မဆိုထားနဲ့ အခြားခေါင်းဆောင်မဆို ဗမာပဲဖြစ်ဖြစ် ကမ္ဘာပဲဖြစ်ဖြစ် ဒီပရိဝဏ်အတွင်းမှာ မထားရှိသင့်ပါဘူး။ ဦးသန့်ဟာ နိုင်ငံတကာနဲ့အမျှ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ထူးတဦးပါပဲ။ ဒါပေမယ့် သူဟာ အာဇာနည်မဟုတ်လို့ သီးခြားမြင့်မြတ်တဲ့နေရာမှာ ထားသင့်ပါတယ်။ ထားလည်း ထားခဲ့ပါတာ အများအသိပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်၊ ဒေါ်ခင်ကြည်၊ သီပေါမင်းရဲ့ မဟေသီမိဖုရားကြီးတို့ဟာ သူ့နေရာနဲ့သူ ထိုက်ထိုက်တန်တန် ရှိကြပါတယ်။ အာဇာနည်ဗိမာန်ရှိရာနေရာမှာ ရောမထားပါဘူး။
ခုထားရှိမှာက တောင်ကိုရီးယားခေါင်းဆောင်တဦးကို လုပ်ကြံဖို့ ကြံစည်အားထုတ်ခဲ့တဲ့နေရာပါ။ မပြောကောင်း မဆိုကောင်း ကိုရီးယားခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံခေါင်းဆောင်ပဲဖြစ်ဖြစ် မကျဆုံးခဲ့ဖူးပါ။ သူတို့ခေါင်းဆောင်ကို သူတို့သက်ဆိုင်ရာနိုင်ငံမှာပဲ အထိမ်းအမှတ် အဆောက်အအုံထားရှိသင့်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ထားရှိစကောင်းတယ်လို့လဲ မထင်ပါ။ အစဉ်အလာလည်း မကြားဖူးပါ။
ဒါကြောင့် ဗမာပြည်ရဲ့ အာဇာနည်ဗိမာန်မှာ တခြားဘာမှ မရှိစေချင်ပါ။ ရှိသင့်တယ်လို့လည်း မထင်ပါ။ ဒီကိစ္စကို ဗမာတမျိုးလုံးကလည်း ကန့်ကွက်သင့်တယ် ထင်ပါတယ်။ အားလုံးက ကန့်ကွက်ကြပါလို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျား။
ဒီလိုကန့်ကွက်တဲ့အတွက် မယဉ်ကျေးရာကျတယ်လို့လည်း မယူဆပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့နိုင်ငံခေါင်းဆောင်တဦးဦရဲ့ အထိမ်းအမှတ်ကိုလည်း တခြားဘယ်နိုင်ငံမှာမှ မထားရှိ၊ မဆောက်လုပ်ခဲ့ဖူးပါ။ ဆောက်လုပ်စရာလည်း မလိုပါ။ လီနင်၊ စတာလင်၊ ဂန္ဒီ၊ နေရူး၊ မော်စီတုန်း၊ ဘယ်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်မှ မရှိပါ။ သူတို့ကလည်း သူတို့နိုင်ငံလွတ်မြောက်ရေးအတွက် စွန့်စားဆောင်ရွက်ခဲ့သူတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အာဇာနည်တွေ မဟုတ်ပါ။ သူတို့ကို ဗမာတွေကလည်း လေးစားကြပါတယ်။ ဒါပေမယ့် သူတို့က သုတို့ နိုင်ငံအတွက်ပါ။
ဒါကြောင့် ကျနော်တို့နိုင်ငံက အာဇာနည်ဗိမာန်မှာ နိုင်ငံခြားအဆောက်အဦ လုံးဝမရှိစေချင်ပါ.။

၂၀၁၃ ဇန်န၀ါရီ ၃၀



Posted by Maung Yit at 9:45 PM 0 comments  
Labels: Maung Swan Yi

Than Win Hlaing - Articles

ဆရာတော် အသျှင်ဦးဝိစာရ
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၆၊ ၂၀၁၃


ဗိုလ်ချုပ်အောင်ဆန်းနည်းတူ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို စွန့်လွှတ်စတေးသွားကြသည့် အာဇာနည်ပုဂ္ဂိုလ်ထူးများထဲတွင် ဆရာတော် အသျှင် ဦးဝိစာရ ကိုယ်တော်လည်း ပါဝင်လေသည်။ ဆရာတော်သည် မြန်မာနိုင်ငံတွင် စစ်ကြိုခေတ် အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ်က ကိုလိုနီနယ်ချဲ့တိုက်ပွဲတွင် အဖိနှိပ်အချုပ်ချယ်ခံဘဝနှင့် ထောင်အတွင်း ရက်ပေါင်း (၁၆၆) ရက် အစာအငတ်ခံကာ ပြည်သူလူထုအား နယ်ချဲ့ ကျွန်သဘောက်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်အသေခံကာ တိုက်ပွဲဝင်သွားခဲ့သည်။

● ဆရာတော်ဦးဝိစာရ၏ ငယ်စဉ်ဘဝ

ရှေးမြန်မာဘုရင်ဧကရာဇ်မင်းတို့ လက်ထက်အခါက ထီးဆောင်း၊ နန်းရန်အဖြစ် တည်ထောင်ခဲ့သော ဥဇ္စေနီပြည် နောင်အခါတွင် သလ္လာဝတီပြည်ကို အစွဲပြု၍ သလ္လာဝတီမည်သော ချင်းတွင်းမြစ်ကမ်းခြေတွင် အစဉ်အဆက် မြို့စားရွာစားခန့်၍ အုပ်ချုပ်ခဲ့သော၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် (ယခင် အမြင့်မြို့အပိုင်) အမြင့် တောင်ဘက်၊ အနိမ့်ကိုးရွာအပါအဝင်ဖြစ်သော ကမ်းနိမ့်ရွာတွင် ဥပကာဂုဏ်နှင့် ကုံလုံပြည့်စုံသော ခမည်းတော် ကျောင်းဒါယိကာကြီး ဦးပြား၊ မယ်တော် ကျောင်းအမကြီး ဒေါ်ဇလပ်တို့မှ မြန်မာသက္ကရာဇ် (၁၂၅၀) ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၀) ရက် (ခရစ် ၁၈၈၉ ခုနှစ် ဧပြီလ ၂၄ ရက်) ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။

ဦးဝိစာရလောင်းလျာမှာ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ မွေးချင်းသုံးယောက်မှာ
၁။ မဖွားသိုက်
၂။ မောင်လှကျော်
၃။ မောင်သာပုံ တို့ဖြစ်သည်။

ဦးဝိစာရလောင်းလျာ မောင်လှကျော်အား ငယ်စဉ်က အင်းနားရွာ ဆရာတော် အသျှင်စန္ဒီမာ ကျောင်းတွင် ပညာသင်ရန် အပ်နှံထားသည်။ (၁၂) နှစ်သားအရွယ်တွင် ဗုဒ္ဓဘာသာထုံးစံအတိုင်း ရှင်ပြု၍ သာမဏေဝတ်ခဲ့သည်။ ဘွဲ့တော်မှာ ဗုဒ္ဓဟူးသားဖြစ်၍ သျှင်ဝိစာရ ဖြစ်သည်။

မောင်လှကျော်ခေါ် သျှင်ဝိစာရသည် ငယ်စဉ်ကပင် အခြားကလေးများနှင့်မတူ တစ်မူကွဲပြားသည်။ သူ့တွင်ပါလာသော ဗီဇမှာ မဟုတ်မခံချင်စိတ်ရှိသည်။ မတရားမှုကို မနှစ်သက်သည့် ဗီဇပါလာသူလေးဖြစ်သည်။ သူ့ထက်ငယ်သူ အားနွဲ့သူများကို ထောက်ထားငဲ့ညှာ တတ်သောဗီဇ သူ့တွင်ပါသည်။ ကြီးနိုင်ငယ်ညှဉ်းသော အပြုအမူများကို သူအလွန်မုန်းတီးစက်ဆုပ်သည်။ သူ့စိတ်တွင် ဘာမဆို သူများထက်သာလိုသောစိတ်အမြဲရှိသည်။ ဇွတ်ဇွဲကြီး၍ ဇွတ်တရွတ်လဲနိုင်လှသည်ဟု ဆိုကြသည်။

သျှင်ဦးဝိစာရမှာ လက်ရေးလက်သားလှသည်။ ဥာဏ်ကောင်း၍ ပညာလိုလားသူလည်းဖြစ်သည်။ သွက်လက် ချက်ချာသည်။ လက်ရေးလက်သားကောင်းသူများမှာ စိတ်ရှည်ရှည်ထားတတ်သူများဖြစ်တတ်ကြသည်။ ယင်းအချက်များ ကြောင့်ပင် ဆရာတော်ဦးစန္ဒီမာသည် သျှင်ဦးဝိစာရအား အချစ်ပိုခဲ့သည်။

သို့နှင့် သာမဏေအဖြစ် (၄)ဝါအထိနေခဲ့ပြီးနောက် ရှင်လိင်ပြန်ကာ မိဘများနှင့် အတူနေထိုင်ခဲ့သည်။ ရှင်လူထွက်ပြီးနောက် မောင်လှကျော်သည် လူပျိုပေါက်အရွယ်သို့ ရောက်လာသဖြင့် ရပ်ရွာကိစ္စရပ်များကို တတ်အားသရွေ့ဆောင်ရွက်ခဲ့သည်။ သူသည်မည်သူ့ကိုမဆို ကူညီရိုင်းပင်းတတ်သည်။ လုပ်အားပေးစရာရှိလျှင် စိတ်ရော ကိုယ်ပါ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးတတ်သောကြောင့် လူချစ်လူခင် ပေါများသည်။ အပေါင်းအသင်းကျယ်ပြန့်သည်။ လူသိများသောကြောင့် ထိုစဉ်က သူ့ရပ်ရွာတွင် ကာလသားခေါင်း (လူငယ်ခေါင်းဆောင်)ဖြစ်လာခဲ့သည်။ ကာလသားခေါင်း မောင်လှကျော်ဆိုလျှင် မသိရှားလှသည်။

ထို့နောက် အသက်(၁၈)နှစ်အရွယ်တွင် မိဘများက မောင်လှကျော်အား ကမ်းနိမ့်ရွာမြောက်ဘက်ရှိ ရွှေလေရွာမှ ဦးရွှေမှော်၊ ဒေါ်မယ်ပေါတို့၏ သမီးမယ်ဥာဏ်နှင့် နှစ်ဘက် မိဘများ၏ သဘောတူညီချက်အရ လက်ထပ်ထိမ်းမြား ပေးခဲ့သည်။ မယ်ဥာဏ်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့သည်။ အမည်မှာ မဖွားရန် ဖြစ်သည်။

သို့သော် သမီးမဖွားရန် ဖွားမြင်ပြီနောက် (၃)လခန့်အကြာတွင် ယောက္ခမတို့၏ နိုင်ထက်စီးနင်း နှိမ့်ချပြောဆို ဆက်ဆံမှုကို မခံမရပ်နိုင်သဖြင့် အိမ်ထောင်ရေးပဋိပက္ခဖြစ်ပွားရာ ဇနီးသည် မမယ်ဥာဏ်အား တစ်သီးတစ်ခြား အိုးအိမ်ခွဲနေကြရန် ခေါ်ဆိုသော်လည်း ဇနီးသည် သည်မိဘများနှင့်မခွဲနိုင်ဟု ငြင်းဆန်သောကြောင့် ယောက္ခမအိမ်မှ ဆင်းခဲ့လေသည်။ ရပ်ရွာလူကြီး မိဘများက ပြန်လည် စေ့စပ်ပြန်ဖြေပေးသော်လည်း စိတ်ကြီးသူပီပီလက်မခံ ငြင်းပယ်ခဲ့လေသည်။ ပထမအိမ်ထောင် မမယ်ဥာဏ်နှင့် ပြန်လည်ပေါင်းသင်းခြင်း လုံးဝမပြုသော်လည်း ဇနီးနှင့် သမီးငယ်အား အဝေးမှ ယောက္ခမများ မသိအောင် တိတ်တဆိတ်တတ်အားသမျှ ထောက်ပံ့ကူညီခဲ့သေးသည် ဆို၏။

ထို့နောက် မောင်လှကျော်သည် ၎င်း၏ဆန္ဒအလျောက် တစ်ရွာတည်းနေသူ မသေးမြှင်နှင့် ဒုတိယအကြိမ် အိမ်ထောင်သစ်ထူ၍ ပေါင်းသင်းခဲ့ရာ ဒုတိယဇနီး မသေးမြှင်နှင့် ဒုတိယသမီးမနွယ်ကို ထပ်မံရရှိခဲ့ပြန်သည်။

● ရဟန်းဘဝသို့ပြန်ဝင်
ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက်ဖြင့် လူ့ဇာတ်ခုံတွင်လောကဓံတရားအဖုံဖုံကို တွေ့ကြုံခဲ့ရသည်။ လောကုတ္တရာအခြေခံ ရှိသူတစ်ယောက်ဖြစ်၍ စိတ်သက်သာရာသက်သာကြောင်းအဖြစ်ဖြင့် ဆားလင်းကြီးမြို့ တင့်တောင်း တောရကျောင်းတွင် (၃) လကြာမျှ အေးချမ်းစွာ အဓိဋ္ဌာန်ဥပုသ်ရက်ရှည် စောင့်ထိန်းဆောက်တည်၍ ဘာဝနာပွားများ အားထုတ်နေစဉ် ကြီးစွာသော သတိသံဝေဂဖြစ်ကာ လူ့လောက လူ့ဘဝကြီးကို ငြီးငွေ့လျက် ရဟန်းဘောင်သို့ ဝင်လိုသော စိတ်ဆန္ဒပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့လေသည်။ သို့ဖြင့် မိဘနှင့် ဇနီးသည်အား ခွင့်တောင်းခံပန်ကြားကာ အသက် (၂၃) နှစ်အရွယ်တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ကိုလှကျော်၏ ဥပဇ္ဈယ် ဆရာတော်မှာ ဘွဲ့တော်မှ သာမဏေဘဝကဘွဲ့အတိုင်း ဦးဝိစာရပင် ဖြစ်သည်။

ဦးဝိစာရသည် ရဟန်းဘဝသို့ ရောက်ပြီး နောက် မန်ကျည်းပုတ်ရွာ ဆရာတော် ဦးရာဇိန်ထံတွင် ရှေးဦးစွာ သဒ္ဒါကျမ်း ကျွတ်လွတ်ပြီးမြောက်အောင် သင်ယူခဲ့လေသည်။ ထိုမှတဆင့် ပျဉ်းမနားကံဦးတိုက်ဆရာတော် ဦးကုသလ္လ၏ ခြေတော်ရင်းတွင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စသော ပိဋကတ်ကျမ်းဂန်တို့ကို ကုန်စင်အောင် သင်ယူတော်မူသည်။ ထို့နောက် ချောင်းဦးမြို့ ပထမရွေတောင် ဆရာတော် ဘုရားထံ၌ နှစ်ဝါတိုင်တိုင် ဝိနည်းသိက္ခာတော်များကို ထူးထူးကဲကဲ ထပ်မံသင်အံလိုက်နာခဲ့ပြန်သည်။ ထို့နောက်တွင်မှ မန္တလေးမြို့ ရွှေရင်းဆောင်တိုက် ဆရာတော်ဘုရားထံတော်တွင် လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ဘုရားထံတွင်လည်းကောင်း၊ ဆက်လက်၍ လောကုတ္တရာစာပေများကို လေ့လာလိုက်စားရင်း တစ်ဘက်မှ စာသင်သားသံဃာတို့အား စာပေပိဋကတ်များကို ပို့ချသင်ကြားပေးခဲ့လေသည်။

● အမျိုးသားစိတ် သန္ဓေတည်
ယင်းသို့ မန္တလေးရွှေရင်ဆောင်တိုက်တွင် သီတင်းသုံးနေခိုက် (၁၂၈၀) ပြည့်နှစ်တွင် သာသနာ့ဆူးငြောင့် ခလုတ်ဖြစ်သော အန္တရာယ်များကို ကိုယ်တော်တိုင် ကြုံတွေ့ရင်ဆိုင်ခဲ့ရသဖြင့် ဦးဝိစာရ ကိုယ်တော်အား အမျိုးသား စိတ်ဓာတ်ရင့်သန်ပွားများစေသော အရေးအခင်းကြီးတစ်ခု ပေါ်ပေါက်ခဲ့လေသည်။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့မှ (၁၃)ရက်နေ့တိုင်းကျင်းပမြဲဖြစ်သော မန္တလေးမြို့ အိမ်တော်ရာ ဘုရားပွဲကြီးသည် လေးပြင်လေးရပ်မှ ရဟန်းရှင်လူ ပြည်သူပရိသတ်များ အထူးစည်ကားသော ရှေးဟောင်းတန်ခိုးကြီးစေတီတော်တစ်ဆူဖြစ်သည်။ အိမ်တော်ရာ ဘုရားပွဲတော်ရက်အတွင်း တစ်ညတွင် အင်္ဂလိပ်မျက်နှာဖြူ မန္တလေးရာဇဝတ်ဝန်မစ္စတာစတီးဝပ်ဆိုသူသည်နောက်လိုက်နောက်ပါ ပုလိပ်များခြံရံလျက် ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တက်ရောက်ခဲ့ရာမှ လှုပ်ရှားဆူပွက်ကာ အရေးအခင်းဖြစ်ပွားခဲ့ရသည်။


ထိုအချိန်မှစ၍ ဦးဝိစာရကိုယ်တော်သည် သာသနာတော်၏ အန္တရာယ်အသွယ်သွယ်ကို ရှင်းလင်းသုတ်သင် နိုင်ရေးအတွက် အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံရေးကိစ္စများတွင် စိတ်ဝင်စားလာခဲ့လေသည်။ ထို့နောက် ဦးဝိစာရသည် ၁၈၂၈ ခုနှစ်လောက်တွင် ပခုက္ကူမှနေ၍ သံဃသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ အဖွဲ့သို့ဝင်ရောက်ပြီး မလှိုင်၊ ပန်းအိုင်နယ်တွင် အစိုးရတို့က အစိုးရတို့က မြေသမာဓိကြေးအခွန်တော်သစ်ကို မတရားသဖြင့် စတင်စီးကြပ် ကောက်ခံခြင်းပြုလာသဖြင့် အခွန်တော်ကောက်ခံမှုနှင့် ပတ်သက်သော နိုင်ငံရေးတရားများကို ရဲရဲတောက်ဟောပြောမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ၁၀၈ အရ ဦးဝိစာရနှင့် ဦးပုညကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် (၆)လစီ အပြစ်ပေးခံရသည်။

(၁၂၈၅) ခုနှစ်ဆန်းတွင် ဦးဝိစာရသည် ပခုက္ကူမြို့ထက် နိုင်ငံရေးထိရောက်စွာ လုပ်ကိုင်နိုင်မည့် ရန်ကုန်မြို့သို့ ကြွရောက်ပြီး ကြည့်မြင်တိုင် ဝဠုဝန်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသည်။ ထိုကျောင်းတွင် စာသင်သား တပည့်သံဃာတို့အား စာပေပို့ချရင်း တစ်ဖက်မှ သံဃသာမဂ္ဂီအဖွဲ့ကြီး၏ လုပ်ငန်းတာဝန်များကို ထက်သန်တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတော်မူသည်။ ထိုစဉ် ဆရာတော် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရ၏ သွက်လက်ချက်ချာသော ဥပဓိရုပ်ကို လည်းကောင်း၊ ထက်မြက်သော စိတ်ဓာတ်ကိုလည်းကောင်း၊ ပရိသတ် ဆွဲဆောင်သိမ်းသွင်းနိုင် စွမ်းရည်ရှိသည့်အဟောအပြောကို နှစ်သက်တော်မူသဖြင့် နီးနီးကပ်ကပ် နိုင်ငံရေးအသိပညာပေး၍ လေ့ကျင့် ပျိုးထောင်ပေးရန် အာသီသရှိတော်မူလေသည်။ သိုဖြင့် ဦးဥတ္တမကိုယ်တော်ကြီးသည် ဦးဝိစာရကို ခေါ်၍ ကျိုက္ခမီ၊ ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီနယ်တို့ ဆား(ချက်)ခွန်မတရားစီးကြပ် ကောက်ခံနေမှုအတွက် ဝံသာနုတရား လှည့်လည်ဟောပြောရန် အတူတကွ ပထမဆုံးအကြိမ် ကြွရောက်တော်မူလေသည်။ ထို့နောက်ပိုင်းတွင်ကား ဦးဝိစာရအား လက်ရုံးသဖွယ် အားထားတော်မူသည့်အလျောက် အတူတကွတွဲဖက်၍ ဟောပြောရန် ခေါ်ဆောင် သွားလေ့ရှိသည်။

ထိုအခါက သံဃသာမဂ္ဂီအဖွဲ့ချုပ်ကြီးမှ နိုင်ငံရေး ဓမ္မကထိက ကိုယ်တော်များ တရားဟောပြောရတွင် စနစ်တကျဖြစ်စေရန် လမ်းညွှန်အဖြစ် “လောကီနိဗ္ဗာန် သစ္စာလေးပါးတရားတော်” ကိုရေးသား၍ ဝေငှခဲ့ကြလေသည်။

ဦးဝိစာရသည် သံဃအဖွဲ့ချုပ်ကြီး၏ လက်မှတ်ရ ဓမ္မကထိကပုဂ္ဂိုလ်ကျော် အပါး (၂၀၀) တို့အနက် တစ်ပါးအပါအဝင်ဖြစ်သဖြင့်၊ ဝံသာနုအစည်းအဝေးပွဲများတွင်လည်းကောင်း၊ နိုင်ငံရေးတရားပွဲများတွင်လည်းကောင်း၊ စိတ်ဓာတ်တက်ကြွလာအောင် စိတ်ရောကိုယ်ပါ မကြောက်မရွံ့ ဟောပြောလေ့ရှိသည်။ ထို့ကြောင့်လည်း တရားနာ ပရိသတ်များက ကြိုက်နှစ်သက်ကြခြင်းဖြစ်လေသည်။

ထို့နောက် ဦးဝိစာရသည် ဆရာတော်ဦးဥတ္တမ၏ ဆက်သွယ်မှုကြောင့် (၁၂၈၆) ခု၊ (၁၉၂၂ ခုနှစ်)တွင် အိန္ဒိယပြည်၊ ဗုဒ္ဓဂါယာမြို့၌ ကျင်းပမည့် ပြည်လုံးကျွတ်ကွန်ဂရက်အသင်းကြီး၏ ညီလာခံကို တက်ရောက်ရန်  ထွက်ခွာသွားခဲ့သည်။ ထိုမှတဆင့် ကာလက္ကတားမြို့သို့ ကြွရောက်သီတင်းသုံးနေထိုင်ပြီး ပါဠိ၊ သက္ကဋ၊ ဟိန္ဒီ၊ စာပေများကို လေ့လာဆည်းပူးခဲ့သည်။ နိုင်ငံရေးဗဟုသုတများကိုလည်း ရှာမှီးလေ့လာခဲ့သည်။ ဤသို့ဖြင့် နှစ်ဝါတိုင်တိုင် အိန္ဒိယပြည်၌ သီတင်းသုံးနေထိုင်ခဲ့ပြီးနောက်စစ်တကောင်းမှတဆင့် ရခိုင်ပြည်သို့ လှည့်လည်တရားဟောပြော၍ မြန်မာပြည်သို့ ပြန်လည် ကြွရောက်ခဲ့လေသည်။

ဆရာတော်ဦးဝိစာရသည် မြန်မာပြည်သို့ ပြန်ကြွလာပြီး အနယ်နယ်အရပ်ရပ်သို့ မနားမနေ လှည့်လည်လျက် ဝံသာနုတရားများကို မနားမနေဟောပြောခဲ့သည်။ သို့ကလို အရေးပါသော နိုင်ငံရေးခေါင်းဆောင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသောအခါ ဆရာတော်ဦးဝိစာရအား အင်္ဂလိပ်အစိုးရက မြန်မာပြည်နိုင်ငံရေး(လူဆိုး) စာရင်းဝင်နံပါတ် (၄၄) အဖြစ်ဖြင့် မှတ်တမ်းတင်ထားခြင်းခံရသည်။

စုံထောက်မှတ်တမ်းတွင် ဦးဝိစာရ၏ ဥပဓိရုပ်နှင့် ကိုယ်ရေးအချက်အလက်များကို ဤသို့ မှတ်တမ်း တင်ထားသည်။ “မုံရွာ၊ ဦးဝိစာရ၊ အဖဦးပြား၊ အမိဒေါ်ဇလပ်၊ အရပ် (၅)လေ (၈)လက်မခန့် မြင့်သည်။ နဖူးကျယ်သည်။ မျက်ခုံးသာမန်ဖြစ်သည်။ သို့သော် မျက်လုံးကြည်လင်ကောင်းမွနသည်။ နှာတံပေါ်၍ ပါးစပ်ကျယ်သည်။ သွားများ ညီညာသော်လည်း ကွမ်းသားလွန်း၍ ညိုညစ်နေသည်။ လက်ချောင်းကလေးများ သွေးသွယ်သည်။ အသားညို၍ မုတ်ဆိတ် ကျင်စွယ်မရှိ။ ကိုယ်တွင်ထင်ရှားသော အမှတ်အသားမှာ မတ်စေ့ခန့်အရွယ်ရှိ အမာရွတ်တစ်ခု လက်ျာလက်မောင်း တွင်ရှိသည်။ စကားပြောလျှင် မျက်မှောင်ကုတ်၍ ကျယ်ကျယ်ပြောတတ်သည်။ အသံကြည်လင် စူးရှသည်။ ထိုမျှမကသေး။ ဦးဝိစာရကိုယ်တော်၏ (ရှေ့၊ နောက်၊ ဘေး) အနေအထားအမျိုးမျိုးကိုလည်း ဓာတ်ပုံများ ရိုက်ယူထားသည်။”

အသျှင်ဦးဝိစာရသည် တရားဟောပြောရာတွင် ရဲရင့်ပြောင်မြောက်သည်။ ပွင့်လင်းပြတ်သားသည်။ အသံသြဇာနှင့်လည်း ပြည့်စုံသည်။ တရားနာပရိသတ်၏ အာရုံကို သိမ်းကြုံဆွဲဆောင်နိုင်သည်။ ထို့ပြင် နှစ်လိုကြည်ညိုဖွယ်ရာ ရဟန်းတော်တို့၏ ဣနြေ္ဒိသိက္ခာတော်နှင့် ပြည့်စုံညီညွတ်၍ တည်ငြိမ်သိမ်မွေ့စွာ နေထိုင်တတ်သဖြင့် တကာ၊ တကာမများ၏ ကြည်ညိုလေးစားခြင်းကို အထူးခံယူ ရရှိလေသည်။ ထို့ကြောင့် အသျှင်ဦးဝိစာရကိုယ်တော်အား ဝံသာနုနှစ်ပတ်လည် အစည်းအဝေးများသို့လည်းကောင်း၊ ပရိယတ္တိ စာပြန်ပွဲများ သို့လည်းကောင်း၊ တရာဟောပြောရန် ပင့်ဖိတ်သူပေါများလှသောကြောင့် တရားပွဲများ တိုက်ဆိုင်နေသဖြင့် အသျှင်ဦးဝိစာရ ကြွရောက်နိုင်မည့်နေရက်များကို ရှေးဦးစွာ ကြိုတင်လျှောက်ထား တောင်းယူပြီးမှ နေ့ရက်အစီအစဉ်များ ပြုလုပ်ကြရလေသည်။

ဤသို့ဖြင့် အသျှင်ဦးဝိစာရသည် အနယ်နယ်အရပ်ရပ်သို့ ဝါတွင်းသုံးလမှအပ မရပ်မနား ကြွရောက်၍ တရားဟောပြောရသည်။ တရားဟောပြောထွက်တိုင်း ပုလိပ်စုံထောက်တို့ကလည်း မျက်ခြေပြတ်ခံသည်မရှိ။ အမြဲတစေ နောက်မှ တကောက်ကောက် လိုက်ကြသည်။ ထို့နောက် (၁၂၈၈) ခု၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ (၁၉၂၆) ခုနှစ်၊ အောက်တိုဘာလ၊ (၂၂) ရက်နေ့၌ လက်ပံတန်းမြို့နယ်၊ သာရဝေါ တိုက်နယ်ဓနော်ညောင်းကုန်းရွာတွင် တိုက်နယ်ခံ ဝံသာနုအသင်းများအစည်းအဝေးကျင်းပရန်တော်သလင်းလအတွင်းမှ စ၍ ဓမ္မကထိက ဆရာတော်အသျှင်ဦးဝိစာရအား ကြိုတင်ပင့်ဖိတ်ထားပြီးဖြစ်သည်။ ဤသို့ စီစဉ်ပြီးချိန်တွင် သာယာဝတီ ဒိစကြိတ်အရေးပိုင်က အိန္ဒိယ ရာဇသတ် ဥပဒေပုဒ်မ (၁၄၄)အရ သာယာဝတီ စီရင်စု နယ်မြေအတွင်းတွင် သီတင်းကျွတ်လဆန်း (၁) ရက်နေ့မှ အစပြု၍ တန်ဆောင်မုန်းလကုန်အထိ “လူစုဝေးခြင်း၊ အစည်းအဝေးများကျင်းပခြင်း၊ လုံးဝမလုပ်ရ” ဟု အချိန်ကာလ (၂)လ တိတိသတ်မှတ်၍ အမိန့်ဆင့်ဆို တားမြစ်ခဲ့လေသည်။

ဤသို့ အနှောက်အယှက် အဟန့်အတားပြုလာသည့်ကိစ္စနှင့် ပတ်သက်၍ ကြိုတင်စီစဉ်ထားပြီးဖြစ်သော အစည်းအဝေးကို ရက်ရွှေ့ရေး မရွှေ့ရေး ပြဿနာပေါ်လာသဖြင့် လက်ပံတန်းမြို့ဦးကွာပိန္တဓိပတိ ကျောင်းတွင် သီတင်းသုံးဝါဆိုနေသော အသျှင်ဦးဝိစာရထံ လာလျှောက်ထားသည့်အခါ အသျှင်ဦးဝိစာရက “ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ၊ ခွေးဟောင်တိုင်း ထ,ကြည့်နေလို့ဖြစ်ပါ့မလား” ဟု မိန့်ကြားလိုက်သောကြောင့် အစည်အဝေးကို ရက်မရွှေ့ဆိုင်းတော့ဘဲ စီစဉ်ထားသည့်အတိုင်းကျင်းပရန် စီစဉ်လိုက်ကြတော့သည်။ ထို့ထက်တစ်ဆင့်တိုး၍ပင် ဓနော်ညောင်ကုန်း အစည်းအဝေး၌ အသျှင်ဦးဝိစာရ ကိုယ်တော်တိုင် ကြွရောက်၍ ရဲရဲတောက် တရားဟောမည့်အကြောင်း ဖိတ်စာများ ထပ်မံရိုက်နှိပ်၍ အနှံ့အပြား ဝေငှလိုက်သည်။

သို့ဖြင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ အစည်းအဝေးစတင်တော့မည့်ဆဲဆဲ ဆွမ်းစားချိန်တွင် ဓနော်ညောင်ကုန်းရွာသို့ ပုလိပ်အရာရှိတစ်စု ရောက်ရှိလာပြီး အသျှင်ဦးဝိစာရလက်သို့ အောက်ပါအမိန့်စာကို ပေးအပ်လေသည်။

● ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၁၄၄) အရ  အဆောတလျှင်အမိန့်

လက်ပံတန်းမြို့၊ ဘုန်းကြီး (မုံရွာ) ဦးဝိစာရသိစေရန် ဆင့်ဆိုလိုက်သည်မှာ “မောင်မင်းနှင့်တကွ” ဝံသာနုအသင်းသူအသင်းသားများနှင့် သံဃသာမဂ္ဂီဘုန်းကြီးအချို့သည် လက်ပံတန်းမြို့နယ်၊ သာရဝေါတိုက်နယ်အပိုင်၊ ဓနော်ညောင်ကုန်းရွာတွင် ဖြစ်စေ၊ အခြားကျေးရွာဒေသ၌ဖြစ်စေ၊ အသင်းစည်းဝေး စုရုံးခြင်းပြုပြီး အစိုးရမင်းတို့အား အကြည်ညိုပျက်အောင် အမုန်းထား၍၎င်း၊ တရားဟောပြော လှုံ့ဆော်ခြင်းပြုလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သဖြင့်၊ တိုင်းပြည်မြို့ရွာ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်စီးစေမည့် အရပ်ရပ်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ကျွန်ုပ်၏တာဝန် ဝတ္တရားနှင့်အညီ ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၁၄၄) အရ၊ မောင်မင်းနှင့်တကွ ဝံသာနုအသင်းသူ အသင်းသားများနှင့် သံဃသာမဂ္ဂီဘုန်းကြီးအားလုံး လူစုလူဝေးပြုခြင်း၊ တရားဟောခြင်း မပြုလုပ်ရ။ ၎င်းအပြင် လက်ပံတန်းမြို့နယ်အတွင်း အစည်းအဝေးပြုလုပ်သောအသင်း တစ်စုံတစ်ရာ၌ “မောင်မင်းပါဝင်” တက်ရောက်ခြင်း မရှိစေရ။ ဤအမိန့်သည် ဆင့်ဆိုသည့်အတိုင်း ယနေ့မှ (၂)လ တည်စေရမည့်အကြောင်း ကျွန်ုပ်၏ ရုံးတော်တံဆိပ် ခပ်နှိပ်ဆင့်ဆိုလိုက်သည်။

နယ်ပိုင်ဝန်ထောက်မင်း
ပထမတန်း ရာဇဝတ်တရားသူကြီးမင်း
သာယာဝတီမြို့။
ရက်စွဲ။ ၂၁-၁၀-၂၆

အသျှင်ဦးဝိစာရသည် အဆိုပါပုဒ်မ (၁၄၄)အမိန့်စာတွင် သာသနာ့ဝန်ထမ်း ရဟန်းတော်တို့အား သာမန်လူပုဂ္ဂိုလ်များက မသုံးစွဲထိုက်သော “မောင်မင်းနာခံရမည်” ဟူသော အလွန်တရာ ရိုင်းစိုင်းစော်ကားရာရောက်သည့် အသုံးအနှုန်း ဝေါဟာရမျိုးကို မသုံးစွဲရန်ရှေးကပင် သံဃသာမဂ္ဂီအဖွဲ့ဝင်များက အကြိမ်ကြိမ်စည်းဝေးဆုံးဖြတ်၍ ကန့်ကွက်ခဲ့ဖူးသော်လည်း အစိုးရတို့က လုံးဝဂရုမပြုဘဲ ထပ်ခါထပ်ခါတိုး၍ပင် ထိပါးစော်ကားနေပြန်သဖြင့် ဓနော်ညောင်ကုန်းတရားပွဲတွင် အစိုးရတို့ တားမြစ်ပိတ်ပင်မှုကို လုံးဝ အလေးမပြုဘဲ ကိုယ်တိုင်မဆိုင်းမတွ ကန့်ကွက်တိုက်ဖျက်သည့်အနေဖြင့် ထုတ်ပြန်ထားသောပုဒ်မ (၁၄၄) အမိန့်ကို ဖီဆန်ကာ စီစဉ်ထားသည့်အတိုင်း အစည်းအဝေးကို ကျင်းပစေခဲ့သည်။ သို့ဖြင့်အစည်းအဝေးကို နေ့လည် (၁)နာရီအချိန်တွင် ကြွရောက်လာသော အသင်းသူအသင်းသား (၈၀၀) ကျော်ခန့်တို့သည် ရှေးဦးစွာ ငါးပါးသီလ ခံယူကြပြီးနောက် ထိုနေ့ညဦးပိုင်းတွင် အသျှင်ဦးဝိစာရ၏ တရားပွဲကို စည်စည်ကားကား ကျင်းပကြသည်။

အသျှင်ဦးဝိစာရသည် သာရဝေါတိုက်နယ်ဓနော်ညောင်ကုန်းရွာ၌ ပုဒ်မ (၁၄၄) အရ တရားမဟောပြောရဟု တားမြစ်ထားသည့်အမိန့်ကို ဤသို့ ပထမအကြိမ် အာဏာဖီဆန် ဟောပြောပြီးနောက် (၁၂၈၈)ခု၊ သီတင်းကျွတ်လဆုတ် (၇)ရက်နေ့၊ (၂၈-၁၀-၂၆) ရက်နေ့တွင်၊ ထနောင်းကုန်းရွာ၌ လည်းကောင်း၊ လဆုတ် (၁၀)ရက်နေ့၊ (၃၁-၁၀-၂၆) ရက်နေ့တွင် အင်းဝတိုက်နယ်၊ မကျည်းကုန်းရွာများ၌လည်းကောင်း ထပ်မံဟောပြောပြန်သည်။ ထို့နောက် အုတ်ဖိုတရားပွဲသို့ သွားရောက်ဟောပြောရန် မော်တော်ကားစောင့်နေစဉ် လမ်းခရီးစပ်ကြားမှ စောင့်၍ ပုလိပ်အရာရှိ တစ်စုက အသျှင်ဦးဝိစာရအား ပုဒ်မ (၁၈၈) အရ အာဏာဖီဆန်မှုဖြင့် ဖမ်းဆီးကာ သာယာဝတီအချုပ်ထောင်သို့ ခေါ်ဆောင်သွားလေသည်။

သာယာဝတီအချုပ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ပြီးနောက် သာယာဝတီဒိစကြိတ် တွဲဘက်အထူးအာဏာရ ရာဇဝတ်တရားသူကြီးက စစ်ဆေး၍ အိန္ဒိယရာဇသတ်ကြီးပုဒ်မ (၁၈၈) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဆိုကာ (၁၂၈၈) ခု၊ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့၊ (၂၂၊ ၁၁၊ ၂၆) နေ့တွင် အလုပ်မဲ့ထောင်ဒဏ်နှစ်လကျခံစေဟု အမိန့်ချမှတ်ပြီးနောက် သာယာဝတီထောင်မှ ရန်ကုန်ဗဟိုထောင်ကြီးသို့ ပြောင်းရွှေ့အကျဉ်းချထားလိုက်လေသည်။

ဤသို့ ရန်ကုန်ထောင်ကြီးအတွင်း အလုပ်မဲ့ထောင်ဒဏ် (၂)လ အကျဉ်းခံနေရာမှ လွတ်မည့်တစ်ရက်အလို (၂၂၊ ၁၊ ၂၇) နေ့တွင် သာယာဝတီထောင်သို့ ပုလိပ်အစောင့်အရှောက်များဖြင့် ပြန်ပို့လိုက်လေသည်။

ထို့နောက် သာယာဝတီထောင်မှတစ်ဖန် (၂၃၊ ၁၊ ၂၇) ရက်နေ့ နံနက်ပိုင်တွင် လွတ်ရက်စေ့ပြီး လွှတ်ပေးပြီးနောက် ထောင်ဗူးဝမှ အသင့်စောင့်ကြိုနေသော ပုလိပ်အရာရှိတစ်စုတို့က သာယာဝတီအရေးပိုင်၏ ဝရမ်းစာကိုပြ၍ ရာဇသတ်ပုဒ်မ ၁၂၄ (က)အရ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးကာ သာယာဝတီထောင်သို့ပင် ပြန်လည်သွတ်သွင်းထားလိုက်ကြလေသည်။

ဒုတိယအကြိမ် ဖမ်းဆီးခံရသည့်အမှုမှာလည်း ယခင် ဓနော်ညောင်ကုန်းအမှုဖြင့် အဖမ်းအဆီးမခံရမီအခါက ထနောင်းကုန်း (အင်းရွာ) တရားပွဲတွင်လည်းကောင်း၊ မကျည်းကုန်းရွာ (အင်းဝ) တရားပွဲ၌လည်းကောင်း အသျှင်ဦးဝိစာရ၏ ဟောပြောချက်များသည် အစိုးရအား အကြည်ညိုပျက်စေသည်ဟူသော စွဲချက်များအရပင် ဖြစ်လေသည်။

သာယာဝတီထောင်၌ အကျဉ်းကျနေစဉ် အသျှင်ဦးဝိစာရက (၁၂၈၈) ခု၊ ပြာသိုလဆုတ် (၁၅) ရက် (လကွယ်နေ့) ဥပုသ်နေ့ (၁၊ ၂၊ ၂၇)တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုသ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်းဖြင့် အရေးပိုင်ထံသို့ စာတစ်စောင်ရေးသား ပေးပို့လိုက်လေသည်။ သို့ရာတွင် အရေးပိုင်ထံမှ အကျဉ်းထောင်ဥပဒေအရ လည်းကောင်း၊ အစဉ်အဆက် ထုံးစံအရလည်းကောင်း မည်သည့်တရားခံ တစ်ဦးတစ်ယောက်ကိုမျှ ယင်းသို့ ဥပုသ်ပြုခွင့် မပေးနိုင်ကြောင်း ငြင်းဆိုလိုက်သည်။ ထိုအချိန်မှစ၍ အသျှင်ဦးဝိစာရသည် ဆွမ်းဘုန်းပေးခြင်းမပြုဘဲ အစာငတ်ခံဆန္ဒပြ အရေးဆိုတော့သည်။

ဤသို့ အစာငတ်ခံ ဆန္ဒပြနေမှုကြောင့် (၄၊၂၊ ၂၇) နေ့တွင် သာယာဝတီ အထူးရာဇဝတ် တရားသူကြီးရုံးတွင် အမှုရက်ချိန်းရှိသော်လည်း ရုံးသို့ထုတ်ခြင်းမပြုကြတော့ပေ။

သို့ကလို အစာငတ်ခံ ဆန္ဒပြနေသည့် (၄)ရက်မြောက်နေ့တွင် မျက်နှာဖြူ အရေးပိုင်ကိုယ်တိုင် ထောင်တွင်းသို့ရောက်လာပြီး “ဘုန်းကြီး...... ခင်ဗျား ဘာဖြစ်လို့ ထမင်းမစားတာလဲ၊ ခင်ဗျား ပါးစပ်နဲ့ထမင်း ကောင်းကောင်း မစားချင်ဘူးလား၊ နှာခေါင်းနဲ့ စားချင်တာလား၊ ဖင်(စအို)နဲ့ စားချင်တာလား၊ အခု ဗိုက်ထဲကို နွားနို့သွင်းပေးရမယ်၊ ဘုန်းကြီးအများကြီးဒုက္ခရောက်သွားမယ်” ဟုခြိမ်းခြောက်ပြောဆိုခဲ့ရာ အသျှင်ဦးဝိစာရက အရေးပိုင်အား “မင်းတို့လက်ထဲမှာ မင်းတို့ကြိုက်သလို လုပ်နိုင်တယ်၊ ခုချက်ချင်း သေနတ်နဲ့ပစ်သတ်ချင် သတ်လိုက်ကြပေါ့” တုန့်ပြန်လိုက်သည်။ ထိုအခါ အရေးပိုင်လည်း မျက်စေ့မျက်နှာပျက်ကာ အခန်းတွင်မှ ချက်ချင်းထွက်သွားလေသည်။ သို့သော် ထိုနေ့ထိုည (၆)နာရီခန့်တွင် အသျှင်ဦးဝိစာရအား လက်နက်ကိုင်ပုလိပ်တို့က ဘတ်စ်ကား တစ်စင်းဖြင့် ရန်ကုန်ထောင်ကြီးသို့ ညတွင်းချင်းခေါ်ယူ ရွှေ့ပြောင်းလိုက်ကြတော့သည်။

ရန်ကုန်ထောင်ကြီးသို့ ရောက်ရှိသည့်အခါတွင်လည်း အသျှင်ဦးဝိစာရသည် တစ်ဆက်တည်း ဆွမ်းဘုန်းပေးခြင်း မပြုဘဲ၊ ဥပုသ်ပြုခွင့်မရမချင်း အစာငတ်ခံနေခဲ့ရာ ရက်ပေါင်း (၄၀) မြောက်သည့်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုသ်ပြုခွင့်ကို အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ အသျှင်ဦးဝိစာရအား ပုဒ်မ ၁၂၄ (က) အရ စွဲဆိုထားသည့် အမှုများမှာလည်း သာယာဝတီစီရင်စုအတွင်း ဟောပြောခဲ့ခြင်းကြောင့်ဖြစ်ရာ ထုံးစံအရ သာယာဝတီရုံး၌သာ စစ်ဆေးကြရမည့်အစား၊ ဟိုက်ကုတ် တရားလွှတ်တော်မှ အင်းစိန်စီရင်စု တွဲဘက်ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းစစ်မည်ဟု အမိန့်စာ ထောင်တွင်းသို့ လာရောက်ဖတ်ပြသည်။

သို့သော် အသျှင်ဦးဝိစာရသည် (၁၈၊ ၄၊ ၂၇) ၇က်နေ့တွင် ရုံးပြောင်းစစ်ဆေးစေခြင်းကို သဘောမတူကြောင်း၊ အင်းစိန်ရုံးတွင် အစစ်ခံမည်မဟုတ်ကြောင်းတရားသဖြင့် သာယာဝတီ၌သာ စစ်ဆေးသင့်ကြောင်း စသည်ဖြင့် ဟိုက်ကုတ်သို့ စာတင်ခဲ့သော်လည်း လက်ခံခြင်း မပြုခဲ့ကြပေ။

ထိုအချိန် အသျှင်ဦးဝိစာရအပေါ် စီရင်ချက်ကား မချရသေးပေ။ (၁၂၈၉) ခု၊ ကဆုန်လဆန်း (၇)ရက်နေ့ (၇၊ ၅၊ ၂၇)တွင် ရာဇဝတ်ဝန်ထောက် တစ်ယောက်၏ အတင်းအဓမ္မ ဆွဲငင်ခေါ်ဆောင်မှုကြောင့် အင်းစိန်ရုံးသို့ ရောက်လာရလေသည်။ ဦးဝိစာရကမူ တစုံတရာ ထုချေခြင်းမပြုဘဲ ဆိတ်ဆိတ်သာနေခဲ့သည်။ အင်းစိန်ရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် ကိုးလ အပြစ်ပေးကာရန် ကုန်ထောင်ကြီးသို့ ပို့လိုက်သည်။

အကျဉ်းသားဖြစ်သည်နှင့် တစ်ပြိုင်နက်သင်္ကန်များချွတ်၍၊ ထောင်ဝတ်လဲရမည်ဟု ထောင်အာဏာပိုင်များက ဆိုလာကြသည်။ ဦးဝိစာရကမူ အာဏာဖီဆန်ကာ သင်္ကန်မချွတ်ဘဲနေသည်။ နောက်ဆုံး အင်္ဂလိပ်လူမျိုး ထောင်အရာရှိလေးယောက်က အတင်းဆွဲချွတ်သောအခါကျမှပင် ဦးဝိစာရမှာ သင်္ကန်ချွတ်ခံလိုက်ရတော့သည်။ သို့သော် ထောင်အဝတ်ကိုကား မဝတ်ပေ။ အဝတ်မပါ ဗလာကိုယ်တုံးလုံးကြီးသာ သီတင်းသုံးနေပေသည်။

ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ၌ ဦးဝိစာရသည် မိစ္ဆာလူမျိုးနယ်ချဲ့ အစိုးရတို့ကား မြန်မာပြည်နှင့် မြန်မာလူမျိုးတို့ကို ၎င်းတို့၏ခြေထောက် အောက်နင်းလျက် ကျွန်ပြုထားရရုံနှင့်အားမရသေးဘဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေပြီတကား ဟုဆိုကာ မျက်ရည်မဆည်နိုင်အောင် ချုံးပွဲချ ငိုကြွေတော်မူခဲ့လေသည်။ သို့ရာတွင် ရုတ်တရက်ချက်ချင်းပင် တိုင်းတစ်ပါးသား မိစ္ဆာအစိုးရတို့သည် ထောင်အပ၌ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်မများဖြင့် ရဟန်းတော်များအား တရားမဲ့ဖမ်းဆီးအပြစ် ပေးနေရုံမက ထောင်အတွင်း၌လည်း ထောင်စည်းကမ်းကျင့်ဝတ်ဟုဆိုကာ မြတ်စွာဘုရား ခွင့်ပြုသတ်မှတ် ပေးအပ်တော်မူသည့်ဝတ်ရုံ သင်္ကန်းကို အတင်းဓမ္မချွတ်၍ ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်စီးရတော့မည်။ ငါတို့သည် ဤသို့ငိုကြွေနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူ့အလိုလျှောက် ကင်းစင်ကွယ်ပျောက် သွားလိမ့်မည်မဟုတ်ပေ။ ရှေးသရော အခါက ပါဋလိပုတ်ပြည်သားရဟန်းသူမြတ်များသည် သာသနာဘေးရန် အန္တရာယ်ကြီးဆိုက်ရောက်လာသည့်အခါ အသက်အသေခံကာ သာသနာတော်အတွက် အသက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကများစွာကို သတိရဆင်ခြင်မိသဖြင့် ငါသည်လည်း ထိုနည်းတူစွာ အမျိုး၊ ဘာသာ၊ သာသနာ တော်ကြီးအတွက် အသက်စွန့်လွှတ်တော့အံ့။ ရန်သူအလိုကျလူဖျင်းလူညံ့တို့၏ ဓလေ့စရိုက်ကဲ့သို့ ဝန်ချတောင်းပန်ခြင်း၊ ဝန်ခံချုပ် လက်မှတ်ရေးထိုး၍ အကျဉ်းမှလွတ်မြောက်ခြင်း၊ သင်္ကန်းချွတ်၍ ထောင်အဝတ်လဲလှယ်ခြင်းကို ငါ့တစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ။ ခန္တီပါရမီကို ဆောက်တည်၍ ဆွမ်းဘုန်းမပေးဘဲ အသက်ဇီဝိန်ချုပ်သည် အထိအားလုံးသော ထောင်တွင်းရောက် သံဃာတော်များနှင့် သာသနာတော်ကြီး၏ အကျိုးစီးပွားကို ရှေးရှု၍ အစာငတ်ခံရန် အဓိဋ္ဌာန်ပြုအံ့ ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။

ရက်အတန်ကြာသည့်အခါ ဆရာတော်ဦးဝိစာရအား သင်္ကန်းပြန်မဝတ်စေသေးဘဲ ထောင်အရာရှိများက အတင်းအဓမ္မ ဝိုင်းဝန်းချုပ်နှောင်လျက် နွားနို့များကို နှာခေါင်းပေါက်မှ ပြွန်တံဖြင့် အတင်းသွင်းကြလေသည်။ မသေတသေဖြစ်အောင် တစ်နေ့နှစ်ကြိမ်ကျသွင်းလေသည်။ နှာခေါင်းမှ ဤသို့ နို့များသွင်းပြီး စအိုပေါက်မှ ပိုက်သွင်းကာ ဝမ်းချပေကြပြန်သည်။ ဆရာတော်မှာ သူတို့ပြုသမျှခံတော်မူရရှာသည်။

ဤသို့ အဝတ်မပါ ဗလာတည်း အစာမစားဘဲနေခဲ့သော ရက်ပေါင်းမှာ (၄၀) ကျော်မျှ ရောက်ရှိလာခဲ့သည်။ အစာမစားဘဲရက်ပေါင်းများစွာကြာခဲ့သည့်အတွက် ဦးဝိစာရခမျာ ဂုန်နီခင်းအိပ်ရာပေါ်တွင် ဗုန်းဗုန်းလဲလျက် မှိန်းစက်နေတော်မူရရှာသည်။ စကားလည်းမပြောနိုင်၊ သတိမှာလည်း မေ့တစ်ချက် မမေ့တစ်ချက်ဖြစ်နေသည်။ မျက်စေ့အလင်းရောင်ကို ကြည့်မရအောင် ပြင်းထန်လှသော ဒုက္ခဝေဒနာများကို ခံစားနေရရှာလေသည်။

ထို့နောက် ဦးဝိစာရကို တံတားကလေးအရူးထောင် (ယခု စိတ်ရောဂါအထူးကုဆေးရုံ)သို့ ပို့လိုက်ကြပြန်သည်။ အရူးထောင်သို့ ရောက်သောရက်မှာ (၁၂၈၉) ခု၊ နတ်တော်လဆန်း (၇) ရက်နေ့ဖြစ်သည်။ အရူးထောင်သို့ ရောက်သောအခါ အရူးထောင်အရာရှိများက “ခွေးမသားထမင်းစားပါလား” အစရှိသည့် ဆဲဆိုကြရုံမျှမက ကုတင်ပေါ်တွင် ပက်လက်လှန်လျက် (၇) ရက်လုံးလုံးခြေနှင့်လက်လေးဘက်စလုံးကို တုတ်နှောင်ထားပြီးလျှင် ရင်ဘတ်ကို ဖနောင့်နှင့် ပေါက်ခြင်း၊ မျက်စေ့ နားထင်တို့ကို လက်သီးဖြင့် ထိုးနှက်ခြင်းတို့ဖြင့် ညှဉ်းဆဲကြသည်။ ဤကဲ့သို့ ရိုက်နှက်ရုံမက မျက်စိနှင့် နှာခေါင်းများထဲသို့ ရေလောင်းထည့်ကြ ပြန်သည်။ ထောင်သူနာပြုများကလည်း ဦးဝိစာရအား ပါးရိုက်သူရိုက်ကြသည်။ “ဦးဝိစာရ ရှင်မရှက်ဘူးလား၊ ဘာဖြစ်လို့ အမူလုပ်နေတာလဲ၊ ကျွန်မတို့ကို ကြည့်ပါဦး” စသည်ဖြင့် ပြောဆိုကာ အရှက်ကြောက်ကင်းမဲ့စွာ မျက်လုံးကို အတင်းဆွဲဖွင့်သူ ဖွင့်ကြသည်။

အသျှင်ဦးဝိစာရအား တကယ့်အရူးများနှင့်အတူ ထားရာအရူးများကလည်း ဦးဝိစာရအား ရိုက်သူကရိုက်၊ ဆဲသူကဆဲ၊ မစင်များဖြင့် လိမ်းသူကလိမ်း ပြုလုပ်ကြသည်။ သို့သော် ဦးဝိစာရမူကား ၎င်း၏အဓိဋ္ဌာန်ပါရမီနှင့် ခန္တီပါရမီကား မပျက်ခဲ့ပေ။

ထို့နောက် ထောင်အရာရှိများသည် ထောင်တိုက်ပွဲပြင်းထန်မှုကြောင့် (၁၂၈၉) ခုနှစ်၊ တပေါင်းလဆန်း (၆) ရက်နေ့နံနက်တွင် ဆရာတော်အသျှင် ဦးဝိစာရအား သင်္ကန်းကို ပြန်ပေးအပ်လိုက်ကြသည်။ နံနက်သင်္ကန်ပေးပြီးနောက် နေ့လည် (၁) နာရီခန့်တွင် ကာလကတ္တားသို့ ထွက်ခွာမည့်သင်္ဘောဖြင့် အိန္ဒိယပြည် မေဒနီထောင်သို့ ပို့လိုက်ပြန်လေသည်။ မေဒနီထောင်မှ တစ်ဖန် (၁၂၉၀) ပြည့်နှစ်၊ တပေါင်းလဆန်း (၇) ရက်၊ (၁၄- ၂- ၂၉)နေ့တွင် ကာလကတ္တားမြို့ရှိ လာလဗဂျားရ ရဲဌာန၊ အလီပူရ ရဲဌာန၊ ဘလိဂန်ဂျ ရဲဌာနများသို့ အသီးသီးပို့၍ ဖမ်းဆီး ချုပ်နှောင်ထားပြန်သည်။

ကာလကတ္တားရှိ ရဲဌာနအသီးသီးမှ တစ်ဖန် (၁၂၉၀) တပေါင်းလဆန်း (၁၁) ရက်၊ (၁၈၊ ၂၊ ၂၉) နေ့တွင် ရန်ကုန်ထောင်ကြီးသိုက ပြန်ပို့လိုက်ကြသည်။ ရန်ကုန်ထောင်ကြီးသို့ ရောက်သောအခါ ဆရာတော်ဦးကွာဝိန္ဒာမိပတိ စီစဉ်ပေးသောဆွမ်းကို ဘုန်းပေးတော်မူရရှာသည်။ ယင်းနောက် ရန်ကုန်ထောင်မှ ဆရာတော့်အား လွှတ်လိုက်လေသည်။

ထောင်မှလွတ်လာသောအခါ ဆရာတော်ဦးဝိစာရသည် အမျိုးသာလွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်မြဲ ဆောင်ရွက်ပြန်သည်။ ၎င်းထောင်ပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရသောအကြောင်းကိုလည်း စာအုပ်ငယ်တစ်အုပ် ကိုယ်တိုင်ရေးသား ဖြန့်ချိခဲ့လေသည်။

ထိုအချိန်၌ အိန္ဒိယပြည်မှရောက်၍လာသော မဟတ္တမဂန္ဒီကြီးကို မြန်မာပြည်မှ အကြီးမကျယ် ကြိုဆိုဧည့်ခံကြရာ ထိုဧည့်ခံပွဲ အခမ်းအနားများ၌ ဦးဝိစာရသည် နိုင်ငံရေးဝတ္တရားများကို တက်ရောက်ဟောပြောတော်မူခဲ့သည်။ ထို့ပြင် သုံးခွမြို့အပိုင် ဖရုံကန်ရွာတွင် ကျင်းပသော ဟံသာဝတီစီရင်စုလုံးဆိုင်ရာ ဝံသာနုအသင်းချုပ်ကြီး၏ နှစ်ပတ်လည် အစည်းအဝေးနှင့် ပရိယတ္တိစာပြန်ပွဲများတွင်လည်း တရားဟောခဲ့ပြန်သည်။

ထို့ကြောင့် မြန်မာပြည်သို့ရောက်လာစဉ်က မဟတ္တမဂန္ဒီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသား ကွန်ဂရက်ကြီးမှ ဆေးဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် (၁၂၉၁) ခုနှစ်၊ တန်ခူးလဆုတ် (၁၃) ရက်၊ (၆၊ ၄၊ ၂၉) နေ့တွင် ကာလကတ္တားသို့ ထွက်ခွာမည့်သင်္ဘောဖြင့် အိန္ဒိယပြည်သို့ ကြွရောက်တော်မူရန် သင်္ဘောဆိပ်သို့အဆင်း ခရီးသွားမည်ဆဲဆဲ၌ တတိယအကြိမ် အဖမ်းခံရပြန်သည်။ ယခု အဖမ်းခံရခြင်းမှာ သုံးခွမြို့အပိုင် ဖရုံကန်ရွာ၌ဟောပြောသော တရားများသည် အစိုးရအကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ (က)အရ အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ဆရာတော်သည် (၁၈၊ ၂၊ ၂၉) ရက်နေ့တွင် ထောင်မှလွတ်ပြီး (၆၊ ၄၊ ၂၉) ရက်နေ့တွင် ပြန်လည်အဖမ်းခံရသဖြင့် ထောင်အပြင်တွင် တစ်လနှင့် ငါးရက်သော နေတော်မူခဲ့ရရှာသည်။

ရန်ကုန်ထောင်တွင် အကျဉ်းသားအဖြစ် သီတင်းသုံးတော်မူခိုက် နိုင်ငံရေးသမားများကို ထားလေ့ရှိသော အထူးခန်း၌ နေခွင့်ပြုရန်တောင်းဆိုရာ မရသဖြင့် (၁၂၉၁) ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်နေ့မှစ၍ ဆရာတော် ဦးဝိစာရသည် ဆွမ်းဘုန်းမပေးဘဲ အစာငတ်ခံတိုက်ပွဲ ဝင်ပြန်သည်။ ထောင်အာဏာပိုင်များမှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍ တောင်းဆိုချက် (၃)ချက်ကိုလည်း တောင်းဆိုလိုက်သည်။

၎င်းတို့မှာ (၁)ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်၊ (၂)ထောင်အတွင်း၌ ဝိနည်းတော်အရ တစ်လနှစ်ကြိမ် ဥပုသ်နေ့တိုင်း ဥပုသ်ပြုခွင့်ပေးရန်၊ (၃) နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ ထောင်တွင်းရောက် ရဟန်းများအား ထိုက်တန်သော သီတင်းသုံးခွင့်ပြုရန်တို့ ဖြစ်သည်။ သို့သော်ဆိုင်ရာက မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်တည်အပ်သော ပါတိမောက္ခရသံဝရသီလပျက်စီးမည်ကို စိုးရိမ်၍ အသက်ကိုအသေခံခြင်းကသာ မြတ်သည်ဟု ဆုံးဖြတ်တော်မူပြီးလျှင် မိမိတောင်းဆိုသော အချက်နှစ်ချက်ကိုသာ မရက အစာငတ်ပင်ခံတော့မည်ဟု ဆုံးဖြတ်တော်မူပြီးလျှင် ဆွမ်းကိုဘုန်းမပေးတော့ချေ။

(၁၂၉၁) ခုနှစ်၊ ပထမဝါဆိုလဆုတ် (၈) ရက်နေ့၊ (၁၈၊ ၆၊ ၂၉)မှာ ဦးဝိစာရ၏အမှုကို ရုံးတင်စစ်ဆေးမည့်နေ ဖြစ်သည်။ ဆွမ်းဘုန်းမပေးဘဲ နေခဲ့သည်မှာ ထို့နေ့အထိဆိုလျှင် (၈၁) ရက်တိုင်တိုင် ရှိနေပြီဖြစ်သဖြင့် ဦးဝိစာရမှာ လဲလျောင်းရာမှ မထနိုင်တော့ပေ။ ရုံးတော်သို့ ထုတ်ယူရန်မဖြစ်နိုင်တော့သဖြင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည် ထောင်တွင်းသို့ဝင်ရောက်ကာ ဆရာတော်ဦးဝိစာရအား အပြစ်ရှိသူဆိုကာ တစ်ကျွန်းပို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၆)နှစ် အပြစ်ပေးလိုက်သည်။ ထို့နောက် အပြစ်ဒဏ်ရပြီး အကျဉ်းသမားတစ်ဦးအဖြစ်ဖြင့် ဦးဝိစာရဝတ်ရုံထားသော သင်္ကန်ကိုလည်း တစ်ခါတည်း ချွတ်ယူသွားကြလေသည်။ ထိုအချိန်မှစ၍ ခါးတွင်အဝတ်မရှိတော့ဘဲ ပက်လက်သာ သီတင်းသုံးနေရရှသည်။

အပြင်တွင် ဦးဝိစာရနှင့်ပတ်သက်၍ ကောလဟသ သီတင်းအမျိုးမျိုး ဖြစ်နေသဖြင့် (၁၂၉၁) ခုနှစ်၊ ဝါခေါင်လဆန်း (၁၃)ရက်၊ (၁၇၊ ၈၊ ၂၉) စနေနေ့တွင် ဝံသာနုသတင်းစာတိုက်မှ ကိုယ်စားလှယ်များသည် ထောင်တွင်းသို့ ဝင်ရောက်ဖူးမျှော်ကြသောအခါ ထောင်တွင်းတွင် ထပ်မံပြစ်မှုကျူးလွန်သော အကျဉ်းသားတို့အား တစ်ဦးစီသီးသန့် ချုပ်ထားရာ တိုက်ထောင်အခန်း (၂၀) အတွင်းရှိ ကုတင်ပေါ်တွင် ဗလာကိုယ်ချည်း ငြိမ်သက်စွာ မှေးမှိတ်နေသည်ကို တွေ့မြင်ကြရသည်။ ဆရာတော်ဦးဝိစာရအသျှင်မြတ်၏ ခန္ဓာကိုယ်ကြီးမှာ အရိုးနှင့်အရေမျှသာ ကျန်တော့လျက် ကျောနှင့်ဝမ်းဗိုက်တို့မှာ ကပ်လုနီးပါးဖြစ်နေပေသည်။ ကိုယ့်ကိုယ်ကိုပင်မထူနိုင်မထနိုင် မရွှေ့ပြောင်းနိုင်တော့အောင် ခွန်အားလုံးဝကုန်ခန်းနေချေသည်။

ထိုကဲ့သို့ ကြေကွဲဖွယ်ရာမြင်းကွင်းကို ရုတ်တရက်မြင်တွေ့ကြရသည့်သတင်းစာတိုက်က ကိုယ်စာလှယ်များ အားလုံး တုန်လှုပ်ချောက်ချားကာ စိတ်ထိခိုက်လွန်းကြသဖြင့် အချို့ငိုသူငို၊ ကြက်သေသေသူသေကာ ဘာကိုပြော၍ ဘာလုပ်ရမှန်းပင်မသိ ငေးစိုက်၍တွေဝေနေမိကြသည်။

ကိုယ်စားလှယ်များ၏ စကားသံသဲ့သဲ့ ကြားမိဟန်တူသော အသျှင်ဦးဝိစာရသည် မျက်လုံးကိုအားယူဖွင့်၍ ကြည့်ရှုသည့်အခါတွင် ဝံသာနု သတင်းစာတိုက်မှ ဒကာများ လာရောက်ကြသည့်အကြောင်းကို ဝိုင်းဝန်း လျှောက်ထားကြသည်။

ထိုအခါ ဆရာတော်သည် ပက်လက်နေရာမှပင် မိန့်ကြားသည်မှာ “သာသနာတော် အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်တော်မူခဲ့ကြဖူးသည့်လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်ရန် မြတ်သောအဓိဋ္ဌာန် ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအတိုင်းဆိုလျှင် ဥပုသ်နှစ်ပတ်မျှသာ ငါ၏အသက်ခန္ဓာတွဲတည်ရှိနေနိုင်တော့မည်။ သာသနာတော်၏မျက်နှာကို ထောက်ထား၍ အမျိုးဘာသာ သာသနာပညာအတွက် ကြိုးစားဆောင်ရွက်ကြပါ” ဟု မိန့်တော်မူခဲ့လေသည်။ ဝံသာနုသတင်းစာတိုက်မှ ကိုယ်စားလှယ်များက ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တစ်ဆင့် တိုင်းပြည်သို့ ပြန်လည်အသိပေးရေးသား တင်ပြခဲ့ကြလေသည်။

ထိုအချိန်၌ အသျှင်ဦးဝိစာရအတွက် ရဟန်းရှင်လူများကပါ မခံမရပ်ဖြစ်လာကြသည်။ မြန်မာပြည်ဥပဒေပြု လွှတ်တော်အတွင်း၌ “ဦးဝိစာရ ထောင်တွင်းအခြေအနေသည် တစ်နေ့တခြားဆိုရွားလာပြီဖြစ်သောကြောင့် အခြားကိစ္စများကိုရပ်ဆိုင်း၍ ဦးဝိစာရကိစ္စကို လွှတ်တော်မှာ ဆွေးနွေးခွင့်ပြုရန်” ဥပဒေပြုအမတ် သာယာဝတီဦးပုက အဆိုတစ်ရပ်တင်သွင်းခဲ့သည်။ သို့သော် လွှတ်တော်ဥက္ကဋ္ဌက ဦးဝိစာရသည် အရေးကြီးသော ကိစ္စမဟုတ်ဟူ၍ အကြောင်းပြကာ လွှတ်တော်၌ဆွေးနွေးခွင့်မပြုခဲ့ချေ။ ထို့ကြောင့် သာယာဝတီဦးပုက လွှတ်တော်ဥက္ကဋ္ဌအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့လေသည်။ ထိုအချိန်က လွှတ်တော်ဥက္ကဋ္ဌမှာ (၂၁) ဦးအဖွဲ့ဝင်ဖြစ်သူ (နောင်) (၉၁)ဌာနအုပ်ချုပ်ရေးခေတ်၌ နန်းရင်းဝန်ဖြစ်လာသူ ဝတ်လုံတော်ရ ဦးပုပင်ဖြစ်သည်။

လွှတ်တော်အပြင်ဘက်၌လည်း (၁၂၉၁) ခုနှစ်၊ ဝါခေါင်လဆုတ် (၆)ရက်၊ (၂၅၊ ၈၊၂၉) နေ့တွင် ဦးဝိစာရအတွက် ရန်ကုန်မြို့လုံးကျွတ်အစည်းအဝေးကျင်းပကာ “ဦးဝိစာရ၏ တောင်းဆိုချက်များကို အစိုးရက လိုက်လျောခွင့်ပြုရန်” ဆုံးဖြတ်ချက်ချပြီးလျှင် ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်ကြသည်။ ထိုဆုံးဖြတ်ချက်အရ အလယ်တောရဆရာတော်၊ ဗားဂရာဆရာတော်၊ သာဓုတိုက်အုပ်ဆရာတော်၊ ဇောတနာရာမဆရာတော်၊ ရတနစင်္ကြံကျောင်းဆရာတော်နှင့် ဝံသာနုသတင်းစာတိုက်အုပ် ဦးမောင်မောင်ခင်တို့သည် ထိုအချိန်က ပြည်ထဲရေးဝန်ကြီးဖြစ်သူဆာဂျေအေမောင်ကြီး ရုံးခန်းသို့သွားရောက်ကာ ဆုံးဖြတ်ချက်အတိုင်း တိုက်တွန်းပြောဆိုကြသည်။ သို့သော် ဆာဂျေအေမောင်ကြီးက “မည်သည့်နည်းနှင့်ဖြင့် ဦးဝိစာရကိုယ်တော် မသေစေရပါ၊ ထောင်ဆရာဝန်များထံမှ အစီရင်ခံစာရရှိထားပါတယ်၊ တပည့်တော်တာဝန်ယူပါတယ်” ဟူ၍မတင်မကျ ကျေနပ်ဖွယ်မရှိသော စကားကိုသာပြန်ကြားလျှောက်ထားခဲ့လေသည်။ ဤသို့ဖြင့် အဖြေတစ်စုံတရာမရရှိဘဲ ကျောင်းသို့အသီးသီးပြန်လည် ကြွရောက်ခဲ့ကြရလေသည်။

အသျှင်ဦးဝိစာရကိုယ်တော်သည် ရန်ကုန်ထောင်ကြီးအတွင်း ဆွမ်းအာဟာရ လုံးဝမသုံးဆောင်ဘဲ နေခဲ့သည်မှာရက်ပေါင်း (၁၄၀)မျှကြာခဲ့ပြီးဖြစ်သဖြင့် ကိုယ်စိတ်နှစ်ပါးအလွန်ပင်ပန်းနွမ်းနယ်လျက် အပြင်းအထန် ဝေဒနာခံစားရရှာပြီးဟု သတင်းစကားကြားသိရသည့်အခါ စီရင်စုတိုင်းဆိုင်ရာ အထူးသံဃာအကျိုးဆောင်ဖွဲ့တာဝန်ခံ ကြည့်မြင်တိုင်ဥယျာဉ်တိုက် တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစီုးသိမ်း (ဂျီစီဘီအေ)၊ အသင်းချုပ်တိုက်အုပ်အာလံ ဦးလာဘတို့သည် သက်ဆိုင်ရာအာဏာပိုင်တို့ထံ ထောင်တွင်းဝင်ရောက်ကြည့်ရှုခွင့်တောင်၍ အသျှင်ဦးဝိစာရအားဖူးမြှော်ကြသည်။

အသျှင်ဦးဝိစာရ၏ အခြေအနေမှာ ခန့်မှန်းမျှော်လင့်ထားသည်ထက်ပင် အလွန်အမင်းဆိုးဝါးစွာ တွေ့မြင် လိုက်ရသဖြင့် ကြေကွဲဝမ်းနည်းခဲ့ကြရတော့သည်။ ထို့အခါ ဦးဝိစာရကိုယ်တော်အား ရန်ကုန်ဗဟိုထောင်ကြီးအတွင်း ကြိုးစင်သို့တက်အံ့ဆဲဆဲ အကျဉ်းသမားတို့အား တစ်ဦးစီတစ်ခန်းစီထားရှိရာ ကြိုးတိုက်အခန်း (၅) ရှိ ကုတင်တစ်လုံးပေါ်တွင် အပြုအစုအစောင့်အရှောက်ကင်းမဲ့စွာ ဗလာကိုယ်ထီး မလှုပ်မရှက် ပက်လက်နေသည်ကို တွေ့ရပေသည်။

ရှေးယခင်အခါက ကိုယ်ခန္ဓာပြည့်ဖြိုးတောင့်တင်း၍ ခွန်အားသန်စွမ်းခဲ့သော ဦးဝိစာရကိုယ်တော်သည် ယခုအခါ အရိုးနှင့်အရေပြားချပ်ချပ်မျှသာ ကျန်တော့သည်။ မျက်လုံးအစုံတို့အပေါ်မှ မျက်ခွံတို့သည်လည်း ချိုင့်ဝင်နိမ့်ကျလျက် လက်တစ်နှိုက်စာမျှနက်ရှိုင်းနေရှာပြီဖြစ်၍ အလင်းဓာတ်ပင် ခြောက်သွေ့ကုန်ခမ်းနေပြီဟုမှတ်ထင် ရတော့သည်။ ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက်မကြည့်ရက်နိုင်အောင် ပုံပန်သဏ²ာန်ယိုယွင်းပျက်စီးနေရှာပြီဖြစ်သော ဦးဝိစာရကိုယ်တော်၏ နားအနီးကပ်၍ ‘တပည့်တော်တို့လာရောက်ကြည့်ရှုပါသည်ဘုရား’ ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့် “....မျက်...မှန်....အလှူ....ခံ.....ပါ၊ သမ္မအာပတ္တိ.....ယော...အာ...ရော....စ.....ယာ....မိ။ တိုင်း...ပြည်...ကို...လိမ်.....မာ....ရစ်....ကြ....ပါ...လို့...မှာ...လိုက်....ပါ...တယ်” ဟုသာ နောက်ဆုံးစကားမိန့်ကြားမှာထားခဲ့ပြီး ဆက်လက်ပြောဆိုခြင်းမပြုနိုင်ရှာတော့ပေ။ မျက်ဖြူလန်၍ မောဟိုက်ပင်ပန်း နေရှာသည်ကို (၁၀)မိနစ်ခန့် စောင့်ကြည့်ရှုပြီးနောက် မချိတင်ကဲ စိတ်မကောင်းစွာဖြင့် ဦကေတုနှင့်ဦးလာဘ ကိုယ်တော်နှစ်ပါးသည် ဦးဝိစာရအားကျောခိုင်း၍ ထောင်တွင်းမှ ပြန်လာခဲ့တော့သည်။

ထို့နောက်ကား ဦးဝိစာရထံသို့ မည်သူ့ကိုမျှဝင်ရောက်တွေ့ခွင့်မပေးတော့ချေ။

ဆရာတော်ဦးကေတုသည် ကျောင်းသို့ပြန်ရောက်ပြီးနောက် ဦးဝိစာရကျောင်းတွင် သီတင်းသုံးစဉ်အခါက ဝတ်မပျက်နေ့နေ့ညည ပူဇော်ကန်တော့ခဲ့ဖူးသော ကျောက်ဖြူဘုရားဆင်းတုတော်၏လက်ပေါ်တွင် ဦးဝိစာရ လှူဒါန်းလိုက်သော မျက်မှန်ကို ဖြည်းညှင်းစွာ ကပ်လှူတင်ထား၍ ဝတ်ချဆုတောင်းရင်း နာရီဝက်မျှလှိုက်လှဲ ပူဆွေးရှိုက်ကြီးတငင်ငိုကြွေးတော်မူရှာလေသည်။

ထိုနေ့တစ်ဆက်တည်းမှာပင် စီရင်စုတိုင်းဆိုင်ရာအထူးသံဃအကျိုးဆောင်အဖွဲ့၏ အမှုဆောင်အစည်းအဝေးကို ခေါ်ယူကျင်းပလျက် မြင်တွေ့ခဲ့သမျှ ဖြစ်ကြောင်းကုန်စင် ပြန်လည်လျှောက်တင်ပြီးနောက် အစည်းအဝေးမှ (၁) ဦးဝိစာရသည် ပျံလွန် တော်မူအံ့နီးနီး အချိန်သို့ရောက်နေရှာပြီဖြစ်၍ ၎င်း၏အဓိကတောင်းဆိုချက်များဖြစ်သည့် သင်္ကန်းဝတ်ရုံခွင့်နှင့် ဥပုသ်ပြုခွင့်တို့ကို အမြန်ဆုံးအစိုးရတို့က လိုက်လျောပြုရန်။ (၂) အကယ်၍ အစိုးရတို့က ခွင့်မပြုသောကြောင့် အသျှင်ဦးဝိစာရကိုယ်တော် ပျံလွန်တော်မူလျှင် အထူးသံဃအကျိုးဆောင်အဖွဲ့ဝင် သံဃာတော် အားလုံးတို့သည် ထောင်တွင်းတွင် အသျှင်ဦးဝိစာရကျင့်ဆောင်သွားသည့်လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်တော်မူ ကြမည်ဟု ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်များကိုလည်း အစိုးရအာဏာပိုင်များထံနှင့် သတင်းစာ တိုက်အသီးသီးသို့ ပေးပို့အကြောင်းကြားကြသည်။

အလားတူပင် ဦးစိုးသိမ်း (ဂျီစီဘီအေ) အသင်းချုပ်က အရေးပေါ်အစည်းအဝေးတစ်ရပ်ကိုလည်း နောက်တစ်နေ့တွင် ခေါ်ယူကျင်းပပြီးနောက် (၁) အသျှင်ဦးဝိစာရ ၏ တရားမျှတသောတောင်းဆိုချက်များကို အမြန်ဆုံး အစိုးရက လိုက်လျောရန်။ (၂) အကယ်၍ အသျှင်ဦးဝိစာရ ပျံလွန်တော်မူခဲ့လျှင် အလောင်းတော်ကို ဦးစိုးသိမ်း (ဂျီစီဘီအေ) ထံ အပ်နှံရန် ဆုံးဖြတ်ကြ၍၊ ယင်းဆုံးဖြတ်ချက်များကို နေ့ချင်းပြည်ထဲရေးဌာနသို့ အကြောင်းကြား ပေးလိုက်ကြသည်။

● ပျံလွန်တော်မူပြီ
အသျှင်ဦးဝိစာရသည် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ဝိနည်းသိက္ခာပုဒ်နှင့်အညီ ရသင့်ရထိုက်သော ထောင်တွင်းအခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ (၁၆၆) ရက်မြောက်သော မြန်မာသက္ကရာဇ် (၁၂၉၁) ခု၊ တော်သလင်းလဆုတ် (၂)ရက်၊ (၁၉၊ ၉၊ ၂၉) ကြာသပတေးနေည (၈) နာရီ မိနစ် (၂၀) အချိန်တွင် ရန်ကုန်ထောင်အတွင်း၌ ပျံလွန်တော်မူခဲ့ရလေသည်။

ဆရာတော်အသျှင်ဦးဝိစာရ ပျံလွန်တော်မူကြောင်း ရုတ်တရက်ကြားသိလိုက်ရသည်နှင့်တစ်ပြိုင်နက် ဒကာ၊ ဒကာမများသာမက သံဃာတော်များပင် ယူကြုံးမရကြေကွဲဝမ်းနည်းစွာငိုကြွေးကြတော့သည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၄၁) နှစ်မျှသာရှိသေးသည်။ လက်ရှိသက်တမ်းအရဆိုလျှင် လူ့ဘဝခရီးကို လမ်းတစ်ဝက်မျှသာလျှောက်ခဲ့ရသေးသည်ဟု ဆိုရပေမည်။

တစ်ချိန်တည်းတွင် ဦးစိုးသိမ်း (ဂျီစီဘီအေ)မှလည်း အလောင်းတော်ကို ပြန်လည်ပေးရန် အစိုးရနှင့် ထောင်အာဏာပိုင်တို့ထံ ချက်ချင်းသွားရောက်တောင်းဆိုကြလေသည်။ သို့ရာတွင် ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့က မည်သို့အရေးယူဆောင်ရွက်သင့်သည်ကို စဉ်းစားဆဲရှိကြောင်း၊ အမိန့်တစ်စုံတရာမရရှိသေးမီ ပြန်လည်ပေးအပ်ခွင့်မရှိကြောင်းဖြင့် မရေမရာအဖြေကိုသာ ရရှိခဲ့ကြသည်။ ထို့ကြောင့် အလောင်းတော်ကို မရမနေဆူပူ တောင်းဆိုရန်သာ အချင်းချင်းစုဝေးတိုင်ပင်နေကြရတော့သည်။

သို့ဖြင့် နောက်တစ်နေ့နံနက်ပိုင်းတွင် ရဟန်းရှင်လူပရိသတ်များစုဝေးပြီးနောက် ရန်ကုန်ထောင်သို့ သွားရောက်ကာ ကိုယ်တိုင်အလောင်းတော်ကို ပင့်ဆောင်ယူကြရန် ညလုံးပေါက်စီစဉ်ပြင်ဆင်နေကြသည်။ အခြားတစ်ဘက်မှလည်း အစိုးရတို့က ညတွင်းချင်းထောင်တွင်းမှ အလောင်းတော်ကိုပြင်ပသို့ ထုတ်ယူ ဖျောက်ဖျက်ပစ်မည်ကို စိုးရိမ်ကြီးစွာဖြင့် ရဟန်းပျိုအချိုတို့အား ထောင်ပတ်ဝန်းကျင်အနီးအနားမှ စောင့်ကြည့်အကဲခတ်ရန် အပူတပြင်း စီစဉ်စေလွှတ်ကြပြန်သည်။

ထိုသို့စီစဉ်၍ ပြင်ဆင်နေခိုက် တော်သလင်းလဆုတ်(၃) ရက်နေ့ နံနက်ဝေလီဝေလင်း (၄)နာရီ အချိန်ခန့်လောက်တွင် လက်နက်ကိုင် ပုလိပ်အမှုထမ်းတစ်စုသည် ထောင်အရာရှိတစ်ဦးနှင့်အတူ လော်လီကားတစ်စီးဖြင့် ကြည့်မြင်တိုင်ဥယျာဉ်တိုက် တွံတေးကျောင်းအတွင်းသို့ ရုတ်တရက်ရောက်လာသော ကျွန်းခေါင်းကြီးတစ်ခုထဲတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အရိုးစုသက်သက်မျှသာကျန်ရှိတော့သည့် အသျှင်ဦးဝိစာရအလောင်းတော်ကို လာရောက်ပို့သည်ကိုသာ အံ့အားသင့်စွာတွေ့ရှိရလေတော့သည်။ တွံတေးကျောင်းမှာ ဆရာတော် သက်တော် ထင်ရှားရှိစဉ်က သီတင်းသုံးကျောင်းဖြစ်သည်။ ဤသို့ဖြင့် လောင်းတော်ရောက်ပြီဆိုသောသတင်းမှာ တောမီးလောင် သကဲ့သို့ နာရီပိုင်းအတွင်းမှာပင် ပျံ့နှံ့သွားသဖြင့် ကြည့်မြင်တိုင်၊ အလုံ၊ ဗာဂရာနှင့် ကမာရွတ်စသော နီးစပ်ရာရပ်ကွက် တို့မှ ရဟန်းရောလူပါ ရာထောင်မက မိုးမလင်းမီစုဝေးရောက်ရှိလာကြလေသည်။

ယင်းနောက် ဥယျာဉ်တိုက် နိဗ္ဗာန်စံကျောင်းမှ ရွှေတိဂုံစေတီတော်ကြီး၏ အနောက်ဖက်စောင်းတန်း အပြင်ကွက်လပ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ဦးဝိစာရ ဈာပနကော်မတီက ဦးဝိစာရဈာပနကို ရွှေတိဂုံဘုရား၏ အနောက်ဘက်မုခ်တွင် ကျင်းပရန် ဆုံးဖြတ်ကြသည်။

သို့သော် ထိုအချိန်က အနောက်ဘက်မုခ်ဖွင့်ပွဲနှင့်တိုက်ဆိုင်နေ၍၊ ဘုရားဂေါပကလူကြီးများက မုခ်ဖွင့်ပွဲမှာ မင်္ဂလာကိစ္စဖြစ်၊ အမင်္ဂလာမှုဖြစ်သော ဘုန်းကြီးပျံပွဲဝင်ရောက်လာခြင်းကို သဘောမတူနိုင်ကြောင်း ကန့်ကွက်ခဲ့ကြသည်။ ဈာပနကော်မတီနှင့် ဘုရားလူကြီးများ အကြိမ်ကြိမ်ဆွေးနွေးပြီး နောက်ဆုံး၌ ဘုရားကြီး၏ အနောက်ဘက် ဝတ္တကမြေထဲတွင်မဟုတ်ဘဲ ကန်တော်မင်ပန်ခြံထဲ၌ ဈာပနပွဲကို ကျင်းပရန် သဘောတူညီမှုရကြသည်။

သို့ဖြင့် (၁၂၉၁) ခုနှစ်၊ တပို့တွဲလဆန်း (၁၁) ရက်၊ (၈၊ ၂၊ ၃၀)ရက်နေ့ ညနေ (၄)နာရီခွဲကျော်ကျော်အချိန်တွင် ဘုရာကြီး၏ အနောက်တောင်ဘက် ကန်တော်မင်ပန်းခြံမြေ၌ ဆရာတော်ဦးဝိစာရ၏ အဂ္ဂိဈာပနသာဓုကိဠနသဘင်ဖြင့် သင်္ဂြိုလ်ပူဇော်ခဲ့ကြလေသည်။ ဈာပနပွဲသို့လာရောက်ပူဇော်ကြသော ပရိသတ်မှာ တစ်သိန်းကျော်မျှရှိလေသည်။ ပရိသတ်တစ်သိန်းကျော်တို့၏ “မြန်မာပြညကြီး လွတ်လပ်ရေး အမြန်အောင်ပါစေ”၊ “ရဟန်းတော်များ ထောင်ဥပဒေ အမြန်ပျက်ပါစေ”၊ “အသျှင်ဦးဝိစာရကိုယ်တော်ကြီး၏ အကြံအောင်ပါစေ”၊ “အင်္ဂလိပ်အစိုးရ အုပ်ချုပ်ခြင်းမှ အမြန်ကင်းပါစေ” ဟူသော ကြွေကြော်သံများကား ဘုရားကြီး၏အနောက်ဘက်တစ်ဝိုက်တွင် ပဲ့တင်ထပ်သွားလေသည်။

● အရိုးအိုးစေတီ
မီးသင်္ဂြိုဟ်ပြီးနောက် တပည့်သံဃာတော်တို့သည် အရိုးများကို ကောက်ယူ၍ အစဉ်အမှတ်တရ ဖြစ်စေရန် အမြင့်ငါးပေရှိသော အရိုးအိုးစေတီတစ်ဆူကို စတုဒီသာဇရပ်ကြီး (ယခု အင်းလေးဓမ္မာရုံကြီးဝ အနီး မြေပေါ်တွင် တည်ထားခဲ့ကြသည်။ သို့သော် ထိုစဉ်က သမိုင်းအစဉ်အလာကို ထိန်းသိမ်းမှုနှင့် လေးစားတန်ဘိုးထားမှုများ မရှိခဲ့သောကြောင့် ယခုအခါ ဦးဝိစာရအရိုးအိုးစေတီသည် မည်သို့မည်ပုံ ပျက်စီးပျောက်ဆုံသွားသည်ကို မည်သူမျှမသိကြတော့ချေ။

ဤသို့ ဆရာတော် အသျှင်ဦးဝိစာရ ပျံလွန်တော်မူရခြင်းအတွက် ရန်ကုန်မြို့တော်နှင့်တကွ အမြို့မြို့အနယ်နယ်တွင် အစည်းအဝေးများကျင်းပကာ ဦးဝိစာရ အသျှင်မြတ်ကြီး၏ဂုဏ်ကျေးဇူးကို ချီးကျူးရင်း နယ်ချဲ့အင်္ဂလိပ်အစိုးရကို ရှုတ်ချခဲ့ကြသည်။ မြန်မာနိုင်ငံသာမက အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်အသင်းကြီးကလည်း (၁၉၂၉) ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အစည်းအဝေးကြီးကျင်းပကာ ဆရာတော်ဦးဝိစာရအတွက် ဂုဏ်ယူကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဥပဒေပြုလွှတ်တော်၌ ဆရာတော်ဦးဝိစာရအတွက် ဆွေးနွေးခွင့်ရရုံမက ဆရာတော်ဦးဝိစာရ အသက်စွန့်သွားခြင်းအတွက် လွှတ်တော်အစည်းအဝေးကို ခေတ္တရုတ်သိမ်းကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုခဲ့လေသည်။ ဤအချက်မှာ မြန်မာနိုင်ငံရေးသမိုင်း၌ ထာဝရဂုဏ်ယူနေရမည့် အချက်ပင်ဖြစ်လေသည်။

သို့ကလို မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ် အသက်အသေခံသွားသော ဆရာတော်ဦးဝိစာရ၏ ကျေးဇူးအား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့အလှံလမ်းနှင့်ဗွိုင်းလမ်းကိုလည်း ဝတ်လုံသခင် ရန်အောင်၊ ကပ္ပတိန်ဘဖူး၊ ဒေါက်တာ ဦးမောင်ကလေး၊ ဝတ်လုံသခင်ချန်ထွန်း၊ ဝတ်လုံဦးဘစိန်၊ အမ်အေဒေါ်မြစိန်နှင့် တစ်သီးပုဂ္ဂလလွယ်အိတ်ကြီး ဦးဘလှိုင်တို့၏ ကြိုးပမ်းမှုကြောင့် “ဦးဝိစာရလမ်း” အမည်သစ်သို့ ပြောင်းလဲ ကဗျည်းထိုးနိုင်ခဲ့ကြသည်။

ယခင်က ရွှေတိဂုံဘုရား အနောက်ဘက်ရှိ ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း)ထောင့် ဝိဇယရုပ်ရှင်ရုံ (ယခု ဝိဇယပလာဇာ) မီးပွိုင့်မှ ဟံသာဝတီ အဝိုင်းအထိ ဖောက်လုပ်ထားသော လမ်းကလေးကို မြန်မာတို့က “ဆင်လမ်း” ဟုခေါ်ပြီး၊ အင်္ဂလိပ်တို့က အင်္ဂလိပ်စစ်သားတစ်ဦးအားဂုဏ်ပြု၍ တိုက်ဂါးအယ်လီ ဟု မှည့်ခေါ်ထားလေသည်။ တိုက်ဂါးအယ်လီ Tiger Alley ခေါ်ဆင်လမ်းနှင့် တစ်ဆက်တည်းဖြစ်သော ဝိဇယရုပ်ရှင်ရုံ မီးပွိုင့်မှ တောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းဈေးအနီးရှိ ဘုရားလမ်းဘူတာရုံအထိ ဖောက်လုပ်ထားသောလမ်းကို အင်္ဂလိပ်တို့က အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အတွင်းက ရွှေတိဂုံဘုရားအနောက်ဘက်တိုက်ပွဲ၌ ကျဆုံးခဲ့သော အင်္ဂလိပ်စစ်ဗိုလ် လင်ဖနင်ဗွိုင်း (Lt.Voile) ကို ဂုဏ်ပြုသောအားဖြင့် ဗွိုင်းလမ်း (Voile Road) ဟု မှည့်ခေါ်ခဲ့ကြောင်း၊ ဘီအာရ်ပန်း (B.R.Pearn) ရေးသားပြုစုခဲ့သော “ရန်ကုန် ရာဇဝင်” A History of Rangoon စာအုပ်၌ ဖော်ပြထားပေသည်။

● ဦးဝိစာရကျောက်တိုင်နှင့် ကြေးရုပ်တု
ဤသို့ ဦးဝိစာရလမ်းအမည်ပြောင်းလဲပြီးနောက် ရွှေတိဂု့စေတီတော်ကြီး၏ အနောက်တောင်ထောင့် ဦးဝိစာရလမ်းနှင့် အလုံလမ်းဆုံ အလယ်ဗဟိုနေရာတွင် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်နှင့် ကြေးရုပ်တည်ထားရန် ရန်ကုန် မြူနီစပါယ်အဖွဲ့အစည်းအဝေးကပင် ဆုံးဖြတ်အတည်ပြုခဲ့သော်လည်း ဘဏ္ဍားအခက်အခဲကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရလေသည်။



ထို့ကြောင့် ဗဟိုအခွန်ထမ်း အသင်းကြီးနှင့် ဒို့ဗမာအစည်းအရုံးခေါင်းဆောင်များက ကျောက်တိုင်စိုက်ထူ လှူဒါန်းနိုင်မည့် ဒကာများကို ရှာဖွေခဲ့ရာ မျိုးချစ်လူငယ်တစ်ဖြစ်သော မြောင်းမြဦးဘလှက ဝမ်းမြောက်ဝမ်းသာတာဝန် ယူခဲ့သောကြောင့် အထိမ်းအမှတ်ကျောက်တိုင်ကြီးကို စိုက်ထူနိုင်ခဲ့သည်။ ဆရာတော်၏ အထိမ်းအမှတ် ကျောက်တိုင်ကြီးကို မြန်မာအင်ဂျင်နီယာ ဦးသာထွန်းကိုယ်တိုင်ကြီးကြပ်ပုံစံထုတ်၍ တည်ဆောက်ခဲ့သည်။ ဦးဝိစာရ အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်အညီ အမျိုးသားစည်းလုံး ညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်းချည်နှောင်ထားသော ထင်းစည်းပုံ သဏ²ာန်ပင် ဖြစ်လေသည်။ (၁၉၄၁) ခုနှစ်တွင် ကျောက်တိုင်တည်ဆောက်ပြီးသည့်နောက်မှ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ဦး စတုဒီသာဇရပ်ကြီး (ယခု အင်းလေးဓမ္မာရုံ) အတွင်းရှိ ဦးဝိစာရကြေးရုပ်တော်ကို ကျောက်တိုင်ပေါ်သို့ ရွှေ့ပြောင်းခဲ့ကြရလေသည်။ ဆရာတော် ဦးဝိစာရ၏ ကြေးရုပ်တော်ကိုမန္တလေးမြို့တမ္ပဝတီရပ်မှ ကြေးသွန်း ဆရာကြီးဦးထွေးကသွန်းလောင်း ပေးခဲ့သည်။

ကြေးရုပ်တုတော်အတွက် လိုအပ်သော ကြေးများကို အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ဒကာဒကာမများက ဝိုင်းဝန်းလှူဒါန်းခဲ့ကြသည်။ ကြေးသွန်းခကိုမူ ဖျာပုံမြို့အပြောင်လမ်းနေ ကျောင်းဒါယကာ ဝံသာနု အသင်းလူကြီး ဦးလုံး၊ ဒေါ်နှစ်တို့၏တစ်ဦးတည်းသောသမီးကုမ္မာရီ အသင်းခေါင်းဆောင်မရှိန်က တာဝန်ယူလှူဒါန်းခဲ့လေသည်။

● ကြေးရုပ်တုဖွင့်ပွဲ
သို့သော် ထိုစဉ်က စစ်ရိပ်စစ်ငွေ့မားသန်းနေသောကြောင့် ကျောက်တိုင်ဖွင့်ပွဲကို (၁၉၄၃) ခုနှစ်ကျမှ ပြုလုပ်နိုင်ခဲ့လေသည်။

ထို့နောက် (၁၃၀၅) ခုနှစ်၊ သီတင်းကျွတ်လဆန်း(၄) ရက်၊ (၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့) (စနေနေ့) တွင် ဆရာတော်အသျှင်ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့လေသည်။

အဆိုပါအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တက်ရောက်ကာ အာဇာနည်ဆရာတော် အသျှင်မြတ်အား ဂုဏ်ပြုမိန့်ခွန်းကို အောက်ပါအတိုင်း မြွက်ကြားခဲ့သည်။

“ယနေ့အားလုံး ဤကဲ့သို့ စုရုံးရသည့်ကိစ္စမှာ ယခင် အင်္ဂလိပ်လက်ထက်က ထောင်အတွင်းတွင် အမျိုးမျိုးနိုင်ငံအတွက် မိမိဘာသာ မိမိအစာငတ်ခံ ဆန္ဒပြကာ (၁၆၆) ရက်လုံးနေပြီးနောက် ပျံလွန်တော်သွားရှာသည့် အသျှင်ဦးဝိစာရ ကိုယ်တော်ကြီးအားချီးကျူးရခြင်းပင် ဖြစ်ကြောင်း ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ အစိုးရတစ်ခုတည်းက ပြုလုပ်ခြင်းမဟုတ်ဘဲ တိုင်းပြည်နှင့် အဝှမ်း အသက်ကို စွန့်လွှတ်သွားသည့် အာဇာနည်များအား ပူဇော်ရခြင်းပင် ဖြစ်ကြောင်း။

ရှေးက အသျှင်ဦးဝိစာရသည် ဘယ်ဂိုဏ်းတွင်ပါသည်။ ဘာဖြစ်သည်တို့မှာ ယခု မိမိတို့နှင့်မဆိုင်ကြောင်း ဤကဲ့သို့ စိတ်မျိုးရှိပါက ယနေ့ ဤအချိန်မှစ၍ ဖျောက်ဖျက်ကြစေလိုကြောင်း။

ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်အရ ပူဇော်ထိုက်သူကို ပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သက္ကာရပြုကြခြင်းသာဖြစ်ကြောင်း၊ ကျွန်ုပ်တို့ ဤသို့ လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျူးပူဇော်ခြင်းပင်ဖြစ်ကြောင်း၊ ဦးဝိစာရသည် အသက်ကို စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာ ဖြစ်ကြောင်း၊ အများနှင့် စုပေါင်းလုပ်ကိုင်လျှင် သတ္တိကောင်းသူအများကြီး ရှိကြသော်လည်း တစ်ဦးတစ်ယောက်တည်းအလုပ်လုပ်ရန်မှ အလွန်သတ္တိရှိခဲကြောင်း၊ အသျှင်ဦးဝိစာရကိုယ်တော်ကြီး ထောင်အတွင်းတွင် အကျဉ်းခံနေရစဉ်အခါက မည်သူမျှမသိခဲ့ကြကြောင်း၊ ထိုစဉ်အခါက မြန်မာနိုင်ငံကြီး လွတ်လပ်ရေးမရသေးဘဲ မိစ္ဆာလူမျိုးတို့၏ လက်အောက်မှာပင်ရှိသေးကြောင်း၊ အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်စီးဆုံးပါးသွားလိမ့်မည် ဟု မည်သူမျှ မထင်ကြ၍ အင်္ဂလိပ်များအား မည်သို့မျှဆန့်ကျင်ဘက်မပြုဝံ့သော အချိန်အခါတွင် အသျှင်ဦးဝိစာရ ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး၊ မည်သူ ချီးမွမ်းချီးမွမ်း၊ မည်သူ ကဲ့ရဲ့ကဲ့ရဲ့၊ ဘာကိုမျှ ဂရုမစိုက်ဘဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း

သို့သော် ယခုအခါမှာလည်း ကျွန်ုပ်တို့၏ ရှေ့လုပ်ငန်းစဉ်များအတွက် အသျှင်ဦးဝိစာရကဲ့သို့ စိတ်ဓာတ်မျိုး မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း။

ယခုအခါ ကျွန်ုပ်တို့ရရှိထားသည့် လွတ်လပ်ရေးဆိုသည်မှာ မခိုင်မြဲသေးကြောင်း၊ လွတ်လပ်ရေး ခိုင်မြဲရန်မှာ ဤစစ်ကြီးအတွင်း အနိုင်မတိုက်နိုင်သေးသမျှ လွတ်လပ်ရေးအရသာနှင့်တူသော နိဗ္ဗာန်အစစ်ကို မခံစားနိုင်သေးကြောင်း။

ယခုအခါ အစစအရာရာ ရှားပါးကြောင်း၊ နေရေး၊ စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။

သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ဘဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေကြေ၊ အရေခမ်းခမ်း၊ တစ်ယောက်တည်း ကျန်ကျန်၊ အသက်အသေခံ ကြိုးစားကြမည်ဟု စိတ်နှလုံးဒုံးဒုံးချပြီး၊ အသျှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓာတ်ကို ယနေ့မှစ၍ မွေးမြူကြစေလိုကြောင်း။”

စသည်ဖြင့် အထက်ပါအတိုင်းလွတ်လပ်ရေးတိုက်ပွဲသို့ ဦးတည်ရည်ညွှန်း၍ ပြောကြားသွားလေသည်။

မည်သို့ပင်ဖြစ်စေ ကိုလိုနီနယ်ချဲ့တို့အား တွန်လှန်ရန် အမျိုးသားလွတ်လပ်ရေးအတွက် အသက်စွန့်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည် အသျှင်ဦးဝိစာရ၏ အာဇာနည်စိတ်ဓာတ်ကား ကမ္ဘာတည်သရွေ့ အရှည် တည်တံ့ခိုင်မြဲနေမည်မှာ မလွဲဧကန်ပင်တည်း။
Posted by Aung Htet at 5:25 PM 0 comments  

Phone Shan (London Vihara) - Htamane Pwe


 လန်ဒန်ဝိဟာရ ထမနဲ
ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃

ထမနဲ ထိုးရန်ဖို့ ၊ စာချိုးလို့ မှာခဲ့မယ်။
တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် (လေးပြည်) တစ်ပိဿာ ဆီအမှန်သွင်းပါလို့  ၊
ချင်း(ဂျင်း)က သုံးဆယ်။ (သုံးဆယ်ကျပ်သား)
မြေပဲဖြူလှော်တစ်ခွက်မယ်နှင့် ၊(နို့ဆီဘူး လေးဘူး)
အုန်းသီးဆန် အတူဖတ်ပါလို့ ၊ (ဆတူ)
နှမ်းမပျက် ဤနည်းနှယ် ၊ (နှမ်းနက၊်နှမ်းဖြူ ဆတူ)
ရေစင်ကြယ်ပ ထည့်ရိုး ။
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန် ဆယ်သားရယ်နှင့် ၊ (ရေနွေးဆူဆူ ဆန်ပေါ်ကို လက်နှစ်လုံးပေါ် အထိထည့်ပါ)
ရောနှောကာ လူအများတို့ ရယ်၊ အား … သစ်လို့ ထိုး...။ ။
ကောက်ညှင်းဆန်ကို နာရီဝက်လောက် ရေစိမ်ပေးထားပါ၊ မြေပဲဆန်ကို လှော်ပြီး အခွံချွတ်ထားပါ၊ နှမ်းကို လှော်ပါ၊ အုန်းသီးကို မွှေးလာတဲ့ထိ အရင်ကြော်ထားပြီး ဆယ်ယူပါ။  ဆီပူပူထဲမှာ ချင်းကို မွှေးလာတဲ့ထိ ကြော်ပေးပြီး ကောက်ညှင်းဆန်ကို ရေစစ်ကာ ထည့်ပြီး ကြော်ပေးပါ။ (ရေနွေးဆူဆူ ဆန်ပေါ်ကို  လက်နှစ်လုံးပေါ်အထိ ထည့်ပါ၊ အဖုံးအုပ်ပါ၊ အခိုးထွက်လာပါက အဖုံးဖွင့်၊ ချိုးမကပ်အောင် နာနာလေး မွှေပေးပါ၊)  ရေခမ်းပြီး ကောက်ညှင်းစေ့များ ပျောက်လာပါက နှမ်း၊ အုန်းသီး၊ မြေပဲဆံတို့ကို ထည့်ကာ မီးနွေးနွေးလေးနဲ့  နာနာမွှေပေးလိုက်လျှင် လန်ဒန်ဝိဟာရက ထမနဲ စေးစေးလေး စားလို့ရပါပြီ။
ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ရိုးရာ ချိုဆိမ့် မွှေးကြိုင်လှသည့် စားစရာ
တစ်မျိုးဖြစ်သည်။ ထမနဲကို အချို့ဒေသတို့တွင် ယာဂု-ဟုလည်း ခေါ်ကြသည်။ ယာဂုမှာ ပါဠိဘာသာဖြစ်၍
မြန်မာလို ဆန်ပြုတ်ဟု အဓိ ရပါသည်။ ကောက်ညှင်း, အုန်းသီး, မြေပဲ, ဂျင်း, ဆီနှင့် နှမ်း,များများကို  အချိုးကျ ထည့်စွက်၍ အင်အားပြု စီမံပြုလုပ်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြပါသေးသည်။
ကောက်ညှင်းသစ်ေ ပ်ါချိန်တွင်ြ မန်မာနိုင်ငံ အနှံ့အပြား ကျေးလက် တောရွာများအထိ ထမနဲ ထိုးပွဲများ ဆင်ယင်ကျင်းပ ပြုလုပ်ကြပါသည်။ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တစ်ပွဲအပါအဝင် ဖြစ်သော  ယင်းပွဲတော်ကို တပိုတွဲလဆန်းမှ စပြီးလျှင် လပြည့်နေ့အကြား ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့မြို့ အရွာရွာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ် လာခဲ့ကြပါသည်။
တပိုတွဲလ-ဟူသည် ထန်းဖူး ထန်းခိုင်တံတို့ကို ကိုင်းညွတ် တွဲကျစေအောင် ပြုလုပ်သည့်လလို့ ပြောဆို ရေးသားကြပါတယ်။ ထန်းပင်အဖို ထန်းပင်အမတွေက ထန်းနို့ ထန်းသီးတွေ ရလာစေမယ့် အဖူးတံ၊ အခိုင်တံတွေ ရှိပါတယ်၊ အဲဒီ အခိုင် အဖူးတွေကို “ထန်းပို့"လို့ ခေါ်ပါတယ်။ “တပို့" လို့လဲ တစ်မျိုး ခေါ်ပါသေးတယ်။ ထန်းပင်အဖိုပင်၏ ဖူးတံထွက်လာတဲ့အခါ ဖူးတံသုံးလေးချောင်း စုစည်းပြီး လှီးလိုက်ရင် ထန်းရည်ချိုလိုရင် အချိုရပါတယ်၊ ခါးလိုရင် အခါးရပါတယ်။ ထန်းရည်များ ရလာဖို့အတွက် ထန်းတက်သမားက တပို့ခေါ် ထန်းပို့ချောင်းမကြီးကအစ ထန်းဖူးတံ ထန်းခိုင်တံ ထန်းလက်တွေကို သန့်ရှင်းအောင်လုပ်ပြီး ပြုပြင်ရပါတယ်။ အောက်ဘက်ကို ကိုင်းညွတ်သွားအောင် တွဲကျသွားအောင် နင်းပေးရပါတယ်။ ဒါကို ထန်းနင်းတယ်လို့လည်း ခေါ်ပါတယ်။ အဘိဓာန်မှာတော့ “တပိုတွဲ” ကို ထန်းဖူးခိုင်တို့အား အောက်သို့ ကိုင်းညွတ်ဆွဲကိုင်းအောင် တွဲကျအောင် ပြုလုပ်သည့်လ၊  ထန်းရည်နင်းသည့်လ၊ မြန်မာတို့၏ တဆယ့်နှစ်လတွင် ဆယ့်တလမြောက်သောလ၊ ကုံရာသီလို့ ဖော်ပြထားပါတယ်။ ထို့ကြောင့် ထန်းဖူး ထန်းခိုင် (တပို့)များတို့ကိုေ အာက်သို့ တွဲလဲကျအောင် လုပ်သောလမို့ “တပိုတွဲလ” ဟု ခေါ်သည်လို့ နားလည်ရပါတယ်။
တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဥ့်အချိန်အခါတွင် နှင်းမှုံဖြူ လွလွလေးတွေက ဇာပုဝါ ခြုံလွှမ်းထားသလို အရိုးခိုက်အောင် အလွန်အေးမြသော ကာလလည်း ဖြစ်ပါတယ်။ နှာရည်ယိုရွဲ တပို့တွဲဟု ခေါ်စမှတ် ပြုကြသော အပူဓာတန်ဲ့ အအေးဓာတ်တို့ လွန်ဆွဲတဲ့ ဒီရာသီမျိုးမှာ ထမနဲကိုစားရင် ထမနဲရဲ့ အပူဓာတ်က ပထ၀ီဓာတ် ပျက်ပြားနေသူများကို ကုစားနိုင်တယ်လို့ ဆိုစမှတ်လည်း ရှိကြပါတယ်။
တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟုခေါ်၍ ထိုလတွင် စန်းပြည့် နက္ခတ်မှာ မာဃနက္ခတ် ဖြစ်ပါတယ်။ ယှဉ်သောတာရာမှာ “ ချိန် ” တာရာဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမားရုပ် ဖြစ်ပါတယ။ ရာသီပန်းကား ပေါက်ပန်း၊ လဲပန်းတို့ ဖြစ်ကြပါတယ်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်ပါတယ်။ အစဉ်အလာ ယဉ်ကျေးမှုများ မပပျောက်စေရန်နှင့် ကောင်းမှုကုသိုလ် ရရှိစေရန်အတွက် မီးဖုန်းပွဲ၊ ယာဂု-ထမနဲ အလှူပွဲများကို မြန်မာလူမျိုးများ အနေဖြင့် တပို့တွဲ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်ပါတယ်။
ထမနဲထိုးရခြင်းသည် တစ်ဦးတစ်ယောက် အားဖြင့်မရ၊ အများစုပေါင်း လုပ်ကြရသော အလုပ်တစ်ခု ဖြစ်၍ လက်ညီ တက်ညီ လုပ်ကြမှ စားကောင်းသော အရသာရှိသော အစားအစာလည်း ဖြစ်ပါတယ်။ ထမနဲသည် လူသားတို့၏ စေတနာ၊ စည်းလုံးမှု၊ ညီညွတ်မှု၊ စိတ်စွမ်းအား၊ သတ္တိနဲ့ ဂုဏ်သိက္ခာတို့ ပါဝင်ပြည့်နက်လို့ နေသောကြောင့် ဖြတ်မရသောတန်ဖိုး အဖိုးအခများ ရှိနေပါတယ်။
တစ်ယောက်တည်း ယူသော်မရ၊  အများယူသော်ရ၏ … ဟူသော စကားအလင်္ကာကို ဖော်ညွှန်းပြသော အလုပ်လည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အလာအား ထိမ်းသိမ်းခြင်းနှင့် ပြည်ထောင်စု  တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ငြိမ်းချမ်းစွာ စည်းလုံးညီညွှတ်မှုနဲ့ လိုလားတောင်းတမှုကို ဖော်ကျူးပေးသည့်၊  လူငယ်မျိုးဆက်သစ်များ စည်းလုံးညီညွှတ်မှု အင်အားကို ဖော်ဆောင်ပေးသည့်၊ အတုယူစရာ ဂုဏ်ယူစရာများစွာနဲ့ လုပ်ဆောင်ဘွယ်တွေဲ့ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်၊ ရင်းနှီးမှုတို့၏ လက်တွေ့ကောင်းကျိုးများ ရနိုင်သော အစားအစာ တစ်ခုလည်း ဖြစ်ပါတယ်။
ထို့သို့သော ကောင်းကျိုး ရလာဒ်တို့ဖြင့် ပြည့်နက်နေသော ရိုးရာထမနဲပွဲကို ၁၃၇၄-ခု  တပိုတွဲလဆန်း (၁၃)ရက်၊ ၂၀၁၃-ခု ဖေဖော်ဝါရီ (၂၃)ရက် စနေနေ့ နေ့လည် (၁၁) နာရီ အချိန်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ လန်ဒန်ဝိဟာရကျောင်း သံဃာတော်တို့ကို စုပေါင်းဆွမ်း လှူဒါန်းပြီးလျှင် မြန်မာလူငယ်/ ကျောင်းသား/ ကျောင်းသူများက (၂၇)ကြိမ်မြောက် စတင် ဆင်နွှဲကြမှာ ဖြစ်ပါတယ်။  ကုသိုလ်လည်းရ ဝမ်းလည်းဝ၍ ကိုယ်တိုင်ပါဝင် ပြုလုပ်နိုင်ကြရန် ရည်သန်လျှက် ဤစာမူဖြင့် ရေးသားလို့ ဆက်ဆက် လာပါရန် ဖိတ်မံ တိုက်တွန်းရင်းဖြင့် …
သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ၊
ဘုန်းသျှံ (လန်ဒန်ဝိဟာရ)



Posted by Maung Yit at 4:46 PM 0 comments  

Burmese Movie Pioneer U Tin Yu passes away at 93


မြန်မာရုပ်ရှင်ဖွားဖက်တော် ဒါရိုက်တာကြီး ဦးတင်ယု ၉၃နှစ် ကွယ်လွန်
ကိုမျိုး (မြန်မာစာ)၏ ရုပ်သံမှတ်တမ်း၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃
(အသက် ၉၃ နှစ်)သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ရှစ်နာရီ အချိန်က နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဒါရိုက်တာကြီး ဦးတင်ယုသည် ။မြန်မာ့ရုပ်ရှင် သမိုင်း၌ အသက်အငယ်ဆုံး ဒါရိုက်တာအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသူဖြစ်ပြီးမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံမှချီးမြင့်သည့် တစ်သက်တာ ရုပ်ရှင် ထူးချွန်ဆုရှင် ကိုရရှိခဲ့သူဖြစ်သည်
(ဓာတ်ပုံ - မြန်မာတိုင်းမ်စ်)
Posted by Maung Yit at 12:21 PM 0 comments  

Lai Lone - Cartoon

ဘီမာပြီ .. ငြီးချမ်းပါစီ
ကာတွန်း - လိုင်လုဏ်
ဖေဖော်ဝါရီ ၅၊ ၂၀၁၃

Aung Din - Articles

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
ဖေဖော်ဝါရီ ၅၊ ၂၀၁၃


● အပိုင်း (၇) လွှတ်တော်နှင့် တရားဥပဒေစိုးမိုးရေး
ဒီမိုကရေစီစံနစ်မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ အချုပ်အချာအာဏာ သုံးရပ်ကို ခွဲဝေကျင့်သုံးကြရာမှာ အာဏာသုံးရပ်အကြား အပြန်အလှန် ထိန်းကြောင်းပဲ့ပြင်ဖို့(Check and Balance) လိုအပ်သလို အာဏာသုံးရပ် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့လဲ လိုအပ်ပါတယ်၊ အထူးသဖြင့် Rule of Law လို့ ခေါ်တဲ့ တရားဥပဒေစိုးမိုးရေးမှာပါ၊ ဥပဒေပြုလွှတ်တော်က မှန်ကန်ကောင်းမွန်ပြီး အများပြည်သူအတွက် အမှန်တကယ်အကျိုးရှိတဲ့ ဥပဒေတွေကို ပြဋ္ဌန်း၊ အစိုးရအဖွဲ့က အဲဒီဥပဒေတွေ အသက်ဝင်အောင်၊ လူထုက လေးစားလိုက်နာအောင် အကောင်အထည်ဖော် (Law Enforcement)၊ တရားသူကြီးများက သူတို့ရှေ့မှောက် ရောက်လာတဲ့ အမှုအခင်းတွေကို ဥပဒေနဲ့အညီ အမှန်အတိုင်း မျှမျှတတ စီရင်ဆုံးဖြတ်ပါမှ တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ၊ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုးဖို့ တရားစီရင်ရေးစံနစ် တစ်ခုထဲမှာ တာဝန်မရှိပဲ လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာပါ အညီအမျှ တာဝန်ရှိနေတာပါ၊

မြန်မာနိုင်ငံမှာ ၂၀၁၀ နောက်ပိုင်း အပြောင်းအလဲ တိုးတက်မှုတွေ အုပ်ချုပ်ရေးပိုင်းမှာ၊ ဥပဒေပြုရေးမှာ တွေ့မြင်နေရပေမည့် တရားစီရင်ရေးဟာ ပြောင်းလဲ တိုးတက်မှုမရှိပဲ အရင် ခေတ်ဟောင်းကလို အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှု၊ လာဘ်ပေး လာဘ်ယူ နဲ့ အကျင့်ပျက်ချစားမှု၊ ငွေများတရားနိုင်မှု တွေနဲ့ ပြည့်နှက်နေဆဲပါ၊ ဒါကြောင့်လဲ တရားစီရင်ရေးစံနစ်ကို ပြုပြင်ပြောင်းလဲဖို့ လူထုရဲ့ တောင်းဆိုသံ၊ စာနယ်ဇင်းများရဲ့ ဝေဘန်သံတွေ ကျယ်လောင်နေသလို လွှတ်တော် အစည်းအဝေးတွေမှာလဲ ဒီကိစ္စကို အလေးအနက်ဆွေးနွေးကြ၊ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်၊ ပြည်သူ့လွှတ်တော်မှာဆိုရင် တရားစီရင်ရေး နဲ့ ပါတ်သက်တဲ့ ကော်မီတီ နှစ်ခုတောင်ဖွဲ့ထားပါတယ်၊ သူရ ဦးအောင်ကို ဦးဆောင်တဲ့ “တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မီတ”ီ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ” တို့ပါ၊ ပြည်သူ့လွှတ်တော်ကပဲ ဖွဲ့စည်းထားတဲ့ “ဥပဒေရေးရာနှင့် အထူးကိစ္စများ စုံစမ်းလေ့လာရေး ကော်မရှင်” ဆိုတာလဲ ရှိပါသေးတယ်၊ အဲဒီ လွှတ်တော်အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်များကတော့ တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများ၊ ရှေ့နေများ၊ ရဲအရာရှိများ နဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ တရားရုံးများကို ဝင်ရောက်စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့အစီရင်ခံစာ တင်သွင်းခြင်း စတာတွေပါပဲ၊ တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါ တရားလို၊ တရားခံ နဲ့ သက်သေများတင်မကပဲ အမှုကို ကြားနာမည့် တရားသူကြီးများပါ ကျမ်းကြိမ်ရမယ် လို့ ဥပဒေကြမ်း တင်သွင်းဖို့ ပြင်ဆင်နေတာလဲ ရှိပါတယ်၊

● မှန်သော ဆောင်ရွက်မှု ဟုတ်၊ မဟုတ်
တရားဥပဒေစိုးမိုးရေး အတွက် လွှတ်တော်ကအခုလို ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်နေတာ ကောင်းပေမည့် လက်ရှိဆောင်ရွက်ချက်တွေဟာ တကယ်လိုအပ်မှု ရှိ၊မရှိ၊ သင့်၊မသင့် ကျနော်တို့ ဆန်းစစ်ကြည့်ဖို့လိုပါတယ်၊ ပြည်ထောင်စု လွှတ်တော် ဟာ အချုပ်အချာအာဏာသုံးရပ်ထဲက ဥပဒေပြုအာဏာကို ကိုင်တွယ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဖြစ်ပြီး အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်တဲ့ အစိုးရအဖွဲ့၊ တရားစီရင်ရေးအာဏာကို ကိုင်တွယ်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့နဲ့ အဆင့်တူ အဖွဲ့အစည်းဖြစ်ပါတယ်၊ အဆင့်တူအာဏာပိုင်အဖွဲ့အစည်းများအကြား အပြန်အလှန်ပဲ့ပြင်ထိန်းကျောင်းမှုဟာ မရှိမဖြစ်လိုအပ်သလို အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြန်အလှန်လေးစားမှု များဟာလဲ မရှိမဖြစ်လိုအပ်ချက်များပဲ ဖြစ်ပါတယ်၊ ကျနော့်အမြင်မှာတော့ လွှတ်တော်က တရားသူကြီးများကို ဖိတ်ခေါ်ဩဝါဒ ပေးတာ၊ တရားရုံးများကို ဝင်ရောက်စစ်ဆေးတာတွေဟာ အပြန်အလှန်ပဲ့ပြင်ထိန်းကျောင်းမှုမဟုတ်ပဲ အပေါ်စီးကနေ ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်ပါတယ်၊

● လွတ်လပ်သော တရားစီရင်ရေးစံနစ်
တရားဥဒေစိုးမိုးရေး အတွက် အရေးအကြီးဆုံးလိုအပ်ချက်တစ်ရပ်က လွတ်လပ်တဲ့တရားစီရင်ရေးစံနစ်       (Independent Judiciary System) တည်ဆောက်ဖို့ပါ၊ တရားသူကြီးတွေဟာ မိမိတို့ရာထူးတည်မြဲရေးအတွက် ဘယ်သူ့ကိုမှ မှီခိုမနေရဖို့၊ ဘယ်သူ့မျက်နှာကိုမှ ငဲ့ကြည့်မနေရဖို့လိုပါတယ်၊ သူ့ရဲ့ ရာထူးတည်မြဲရေးဟာ သူကိုင်တွယ်ဖြေရှင်းရတဲ့ အမှုအခင်းတွေကို သူ မှန်မှန်ကန်ကန် ဆုံးဖြတ်ခြင်းရှိ၊ မရှိ ဆိုတဲ့အပေါ်မှာပဲ တည်မှီရပါမယ်၊
အမေရိကန် ပြည်ထောင်စုမှာ တရားသူကြီးတွေကို ပြည်ထောင်စုအဆင့်တရားသူကြီးများ နဲ့ ပြည်နယ်အဆင့် တရားသူကြီးများလို့ နှစ်ပိုင်းခွဲခြားထားပါတယ်၊ ပြည်ထောင်စုအဆင့် တရားသူကြီးများကို သမ္မတက ရွေးချယ် အဆိုပြုပြီး အထက်လွှတ်တော်က စစ်ဆေးအတည်ပြုပေးရပါတယ်၊ သမ္မတက တရားသူကြီး တယောက်ကို ခန့်အပ်ဖို့အဆိုမပြုခင် အချိန်အတော်ယူပြီး အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်၊ ပြစ်ချက်အနာအဆာမရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ထပ်ခါထပ်ခါ စစ်ဆေးရှာဖွေရပါတယ်၊ အထက်လွှတ်တော်က သမ္မတ အမည်စာရင်းတင်သွင်းတဲ့ ပုဂ္ဂိုလ်ကို ပညာအရည်အချင်းတွေ ပြည့်စုံရုံနဲ့ အတည်ပြုမှာ မဟုတ်ပါ၊ အဲဒီ ပုဂ္ဂိုလ် ရဲ့ အတိတ်သမိုင်းတလျှောက်လုံးက ဆောင်ရွက်ချက်တွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာသုံးသပ်ကြတာပါ၊ 

အဓိကကတော့ ဒီပုဂ္ဂိုလ်ရဲ့ Judiciary Philosophy  လို့ခေါ်တဲ့ ဥပဒေဆိုင်ရာအတွေးအခေါ်ကို အလေးအနက်ထားကြည့်ကြပါတယ်၊ သေဒါဏ်အပေါ် ဘယ်လိုသဘောထားသလဲ၊ အမျိုးသမီး အခွင့်အရေးအပေါ် ဘယ်လိုသဘောထားသလဲ စသဖြင့်၊ ဒီပုဂ္ဂိုလ် ဆုံးဖြတ်ခဲ့တဲ့ အမှုဟောင်းတွေ၊ ရေးခဲ့တဲ့ ဥပဒေစာတမ်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ ကိုလဲ လေ့လာအပစ်ရှာကြပါတယ်၊ လူထုအခြေပြုအဖွဲ့အစည်းများက တင်သွင်းကြတဲ့ ထောက်ခံမှု၊ ကန့်ကွက်မှု စတဲ့ လူထုအမြင် (Public Opinion) တွေကိုလဲ ထည့်သွင်းစဉ်းစားပါတယ်၊ အထက်လွှတ်တော် တရားစီရင်ရေးကော်မီတီ (Senate Committee on Judiciary) က အများပြည်သူတက်ရောက်ခွင့်ရှိတဲ့ ကြားနာပွဲ (Confirmation Hearing) ကျင်းပပြီး ဒီ အဆိုပြုခံရတဲ့ ပုဂ္ဂိုလ်ကို မေးခွန်းတွေမေးကြ၊ ဝေဘန်ကြပါတယ်၊ အဲဒီနောက် ကော်မီတီ အဆင့်မှာ မဲခွဲ၊ ကော်မီတီ အဆင့်မှာ အနိုင်ရမှ အထက်လွှတ်တော်တစ်ခုလုံးက မဲခွဲဆုံးဖြတ်ကြတာပါ၊ ဒါကြောင့် သမ္မတ အဆိုပြုတဲ့ ပုဂ္ဂိုလ်တိုင်း တရားသူကြီး ဖြစ်လာတာ မဟုတ်ပါ၊

ဒါပေမည့် အဲဒီ အဆင့်တွေကို ဖြတ်သန်းအောင်မြင်ပြီး တရားသူကြီးအဖြစ် အတည်ပြုခန့်အပ်ခံရပြီးတဲ့အခါမှာတော့ ရာသက်ပန်ခန့်အပ်ခြင်းခံရတာ (Lifetime Appointment) မို့   အဲဒီ တရားသူကြီးဟာ သူ့ရဲ့ ရာထူးတည်မြဲရေးအတွက် သူ့ကို ရွေးချယ်အဆိုပြုတဲ့ သမ္မတကိုရော သူ့ကို အတည်ပြုပေးတဲ့ အထက်လွှတ်တော်ကိုရော မှီခိုစရာမလိုတော့ပါ၊ လွတ်လပ်စွာ တရားစီရင်နိုင်ပါပြီ၊ သူ မှားယွင်းပြီး၊ အကျင့်ပျက်ပြီး လွဲမှားတဲ့ တရားစီရင်မှုမျိုး ချမိမှပဲ သူ့ရာထူးအတွက် အန္တရာယ်ရှိပါလိမ့်မယ်၊ သူ့ရဲ့ တရားစီရင် ဆုံးဖြတ်ချက်တွေကိုလဲ တရားစီရင်ရေးစံနစ်ကို စောင့်ကြပ်ဝေဘန်နေတဲ့ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက မပြတ်စောင့်ကြည့်နေကြတာမို့ သူမှားရင် မှားသလို ပြဿနာတွေ့မှာပါ၊ ဒီတော့ အမေရိကန် ပြည်ထောင်စုရဲ့ တရားသူကြီး ရွေးချယ်ပုံကို အကျဉ်းချုပ်ပြောရရင် သမ္မတကလဲ အကောင်းဆုံး၊ အသန့်ရှင်းဆုံးလူကို ရွေးချယ်အဆိုပြုတယ်၊ အထက်လွှတ်တော်ကလဲ အကောင်းဆုံး၊ အသန့်ရှင်းဆုံးဖြစ်မှ အတည်ပြုပေးတယ်၊ ပြီးရင် တရားသူကြီးတွေဟာ ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ရှိတာမို့ အဲဒီတရားသူကြီးကို သမ္မတကရော၊ လွှတ်တော်ကရော ထုတ်ပယ်ခွင့်မရှိ၊ သူ့ရဲ့ တရားစီရင်မှုမှာ ဝင်ရောက် စွက်ဖက်ခွင့်မရှိ၊ တရားသူကြီးကလဲ သမ္မတ နဲ့ လွှတ်တော်ကို ကြောက်နေဖို့မလို၊ ဒါပေမည့် သူ့ရဲ့ တရားစီရင်မှုကို စောင့်ကြပ်ကြည့်ရှူဝေဘန်နေမည့် လူထုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက သူမှားရင် မှားသလို ရှုပ်ချဖို့ အဆင်သင့် ရှိနေကြ၊ ဒီလိုနဲ့ လွတ်လပ်တဲ့ သန့်ရှင်းတဲ့ တရားစီရင်ရေးစံနစ်ကို တည်ဆောက်ကြရပါတယ်၊

● မြန်မာနိုင်ငံက တရားသူကြီး ရွေးချယ်ပုံ
မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၉၊ နဲ့ ၃၀၈၊ အရ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုအဆင့်တရားသူကြီးများကိုသာမက တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်တရားသူကြီးများကိုပါ ခန့်အပ်ပိုင်ခွင့်ရှိပါတယ်၊ သမ္မတက သူခန့်အပ်တာဝန်ပေးချင်တဲ့ တရားသူကြီးလောင်းများရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပေမည့် ၎င်းပုဂ္ဂိုလ်များဟာ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်က သမ္မတအဆိုပြုသူကို ငြင်းပယ်ခွင့်မရှိပါ၊ ဒီဖြစ်စဉ်မှာ လူထုက ပါဝင်ပါတ်သက်ခွင့်၊ အကြံပြုခွင့်၊ ကန့်ကွက်ခွင့် လဲမရှိပါ၊ တခါ ရွေးချယ်ခန့်အပ်လိုက်တဲ့ တရားသူကြီးများဟာ ပြည်ထောင်စုအဆင့်ဆိုရင် အသက် ၇၀ အထိ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်ဆိုရင် အသက် ၆၅ နှစ်အထိပဲ အမှုထမ်းခွင့်ရှိပါတယ်၊ ဒီလိုနဲ့ တရားသူကြီးများဟာ လွတ်လပ်စွာတရားစီရင်နိုင်တဲ့ အနေအထားမှာ မရှိပဲ သမ္မတကို သစ္စာခံရတဲ့ သမ္မတရဲ့ လက်အောက်ခံဝန်ထမ်းများသဖွယ်ဖြစ်လာပါတယ်၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံနစ် ကလဲ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးအာဏာများနဲ့ တန်းတူရည်တူ အာဏာပိုင်အဖွဲ့အစည်းဖြစ်ရမည့် အစား အစိုးရအဖွဲ့ရဲ့ လက်အောက်ခံ ယန္တရား တခုအဖြစ် ပြီးခဲ့တဲ့ စစ်အစိုးရများ လက်ထက်ကအတိုင်း ဆက်ဖြစ်နေပါတယ်၊

● လွှတ်တော်ကိုပါ ထပ်ကြောက်နေရပြီ
အဲဒီလို သမ္မတ လက်အောက်ခံဖြစ်နေတဲ့ တရားသူကြီးတွေဟာ အခုတော့ လွှတ်တော်ကိုပါ ကြောက်နေရပြန်ပါပြီ၊ ဘယ်အချိန်မှာ ငါတို့ကို ဖိတ်ကြားပြီး ဩဝါဒ တွေချွေမလဲ၊ ဘယ်အချိန်မှာ ငါ့တရားရုံးကို ရှောင်တခင် စစ်ဆေးမလဲ၊ စသဖြင့် မလွတ်လပ်တဲ့ တရားစီရင်ရေးစံနစ်ထဲက မလွတ်လပ်တဲ့ တရားသူကြီးတွေ ဖြစ်နေကြပါပြီ၊ ဒီပုံနဲ့တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဝေးသထက်ဝေးနေပါဦးမယ်၊ 

● တရားဥပဒေစိုးမိုးဖို့ ဆိုရင်
တရားဥပဒေ စိုးမိုးဖို့အတွက် အရေးအကြီးဆုံးက ခိုင်မာအားကောင်းတဲ့ လွတ်လပ်သန့်ရှင်းတဲ့ တရားစီရင်ရေးစံနစ် ကို တည်ဆောက်ဖို့ဖြစ်ပါတယ်၊ အုပ်ချုပ်ရေးအာဏာကိုင်တွယ်တဲ့ အစိုးရ နဲ့ ဥပဒေပြုအာဏာကိုင်တွယ်တဲ့ လွှတ်တော်တို့က တရားစီရင်ရေးဆိုတာ ၎င်းတို့ အာဏာပိုင်အဖွဲ့အစည်းများနဲ့ တန်းတူအဖွဲ့အစည်းဆိုတာ လက်ခံဖို့ အသိအမှတ်ပြုဖို့လိုပါတယ်၊ ပြီးတော့ အဲဒီတရားစီရင်ရေးစံနစ်ကို လွတ်လပ်စေဖို့လိုပါတယ်၊ တရားသူကြီးများက အစိုးရကိုရော၊ လွှတ်တော်ကိုရော မကြောက်နေရအောင် ဖန်တီးပေးဖို့လိုပါတယ်၊ 

သမ္မတကလဲ တရားသူကြီးလောင်းများကို ရွေးချယ်ရာမှာ အကောင်းဆုံးအသန့်ရှင်းဆုံးတွေကို ရွေးချယ်ဖို့လိုပါတယ်၊လွှတ်တော်ကလဲ အကောင်းဆုံး၊ အသန့်ရှင်းဆုံး မဟုတ်ရင် ငြင်းပယ်နိုင်တဲ့ အာဏာရှိရပါမယ်၊ လူထုကလဲ တရားသူကြီးလောင်းအပေါ် သူတို့ရဲ့ သဘောထားအမြင်ကို တင်ပြခွင့်ရှိရပါမယ်၊ ဒီအဆင့်တွေကို ဖြတ်ကျော်ပြီး ခန့်အပ်ခံရတဲ့ တရားသူကြီး ဟာ သူ့ရာထူးတည်မြဲရေးအတွက် သမ္မတကိုရော၊ လွှတ်တော်ကိုရော မမှီခိုနေရသင့်ပါဘူး၊ လူထု နဲ့ လူအခွင့်အရေးရှေ့နေအဖွဲ့တွေ၊ သတင်းမီဒီယာတွေကိုလဲ တရားစီရင်ရေးစံနစ်၊ တရားစီရင်မှုတွေကို မျက်ခြေမပြတ် လေ့လာသုံးသပ်နေဖို့ အားပေးသင့်ပါတယ်၊ ဒီလိုမှပဲ ကျနော်တို့ နိုင်ငံဟာ တရားဥပဒေစိုးမိုးရေး နဲ့ နီးလာမှာပါ၊

လေးစားစွာ၊ အောင်ဒင်
ဇန်နဝါရီ ၄၊ ၂၀၁၃
Posted by Aung Htet at 7:09 AM 0 comments  

MONDAY, FEBRUARY 4, 2013

Saw Ngo - No Peace But War After War


ကာတွန်းစောငို - စစ် ဆိုမှ စစ်၊ စစ်ပြီးရင်း စစ်
ဖေဖော်ဝါရီ ၅၊ ၂၀၁၃
Posted by Maung Yit at 11:30 PM 0 comments  
Labels: Cartoon BoxSaw Ngo

Inn Gun Gar Wor - Articles

ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့ 
လက်တွေတော့ ကချင် ၁၀ ပြား၊ မြန်မာတစ်မတ်
အင်ဂွန်ဂျာဝါ
ဖေဖော်ဝါရီ ၅၊ ၂၀၁၃


တာပိန်ရေအားလျှပ်စစ်ဆိုတာ တရုပ်ကုမ္မဏီကြီးတခုရဲ့ ရှမ်းပြည်မြောက်ပိုင်း၊ KIA နယ်မြေမှာ ငြိမ်းချမ်းရေးကာလ ၂၀၀၉လောက်က စီမံကိန်းတခုပါ။ အကျိုးတူခွဲဝေစားသောက်ဖို့ဆိုပြီး န.အ.ဖ အစိုးရကာလမှာ စီးပွားရေးလုပ်ငန်းတစ်ခု (သယံဇာတရောင်းစားရေးစီမံကိန်း) ဖြစ်ပါတယ်။ အဲဒီဒေသမှာ ကချင် KIA တပ်မဟာတစ်ခု နဲ့ မြန်မာတပ်များ အင်အားညီမျှစွာ စခန်းချနေထိုင်ပါတယ်။ နယ်မြေတစ်ခုလုံးကတော့ ကချင်လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။

နောက်ပိုင်း ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တက်လာတဲ့အချိန် မြန်မာစစ်ကြောင်း၊ တပ်မတစ်ခု တာပိန်ရေအားလျှပ်စစ်ဒေသကို ချီတက်လာ တယ်ဆိုတာ KIA က သတင်းရပါတယ်။ မလာဖို့၊ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တပ်တွေ နေမြဲအတိုင်းနေထိုင်း စီးပွားကျိုးတူလုပ်ဖို့ မေတ္တာရပ်ခံပေမဲ့၊ အင်အားကြီးမားလှတဲ့ မြန်မာစစ်တပ်ကြီးဟာ အင်အားသုံးချေမှုန်းဖို့ ရောက်လာပါတယ်။ ကချင် KIA တပ်များကိုတော့ စစ်တိုက်ဖို့လာတာမဟုတ်ကြောင်း၊ နယ်မြေဒေသငြိမ်းချမ်းရေး၊ တရုပ်နယ်ခြားစောင့်ရန်အတွက် ဘာညာ..အကြောင်းပြပေမဲ့ မကြေလည်မှုဟာ စတင်ပါတော့တယ်။  .. တာပိန်ရေအားလျှပ်စစ်ဒေသမှာ အင်အားကြီးမားလှတဲ့ မြန်မာစစ်တပ်ကြီး နေရာယူလိုက်ခြင်းဟာ ကချင်သူပုန်များကို အင်အားသုံးချေမှုန်းဖို့ အစပြုလိုက်ခြင်းဖြစ်ပါတယ်။

ဥပမာ .. မြန်မာနဲ့ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်ပတဲ့၊ ကချင်ပြည်နယ်၊ တာပိန်ဒေသ၊ ဆွေးနွေးအခန်းတခုထဲမှာ၊ ကချင်လက်နက်ကိုင် ၁ဦး အစောင့်နဲ့၊ မြန်မာ လက်နက်ကိုင်စစ်သား၁ဦး စောင့်နေချိန်၊ မြန်မာလက်နက်ကိုင်၊တပ်စိတ်တစ်ခုက အတင်းဝင်ရောက်ပြီး ခပ်တည်တည်နဲ့ ဆွေးနွေးပွဲလုံခြုံရေးအတွက် စောင့်ရှောက်ပေးသလိုပါပဲ။

ဒီတော့ အရင်က မြန်မာ၊ကချင် လက်နက်ကိုင်များ ပျော်ရွှင်စွာ၊ အတူနေထိုင်ရာကနေ နောက်မှရောက်လာတဲ့ မြန်မာစစ်တပ်ကြီးကြောင့် တာပိန်ရေအားလျှပ်စစ်ဒေသမှာ အခြေအနေတင်းမာလာပါတယ်။ နောက်ဆုံးတိုတိုပြောရရင် ၂၀၁၀ ဇွန်လ၉ရက်နေ့မှာ ကချင်များစိုးရိမ်တဲ့အတိုင်း ကချင်တပ်မဟာ ဌာနချုပ်ကို အင်အားကြီးမားလှတဲ့ မြန်မာတပ်မဟာက အင်အားသုံးချေမှုန်း၊ သိမ်းပိုက်လိုက်ပါတယ်။ ကချင်လက်နက်ကိုင်တပ်များဟာ ပျောက်ကျားစစ်ပဲတိုက်ဖို့ သံဓိဌာန်ချထားတော့ တာပိန်တိုက်ပွဲဟာ မြန်မာလူထု သတိမထားမိခဲ့ပါဘူး။

အဲဒီအချိန်ကစပြီး ကချင်ပြည်နယ်သယံဇာတများအတွက် ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ် ဇတ်လမ်းမှာ တရုပ်ကြီးက လက်ပိုက်ကြည့်ရင်း တရုပ်တစ်ကျပ် အခြေအနေကို ရောက်သွားပါတယ်။ ကချင်လက်နက်ကိုင်များကို ရှင်းလင်းပြီးတဲ့အချိန်ကစပြီး တာပိန်ရေအားလျှပ်စစ်ကို စတင်လည်ပတ်ပြီး ၁၀၀% ကို တရုပ်ပြည်ဖက် တစ်ဖက်သတ်ဈေးနှုန်းနဲ့ အနှစ်၃၀ ပေးအပ်မှုအခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ ဒီတော့ ကချင်တစ်ကျပ်ကို တရုပ်ပေးလိုက်ပါပြီ၊ ကျန်တဲ့ မြန်မာတစ်ကျပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အပြည်ရရှိပါသလား ..မေးခွန်းဟာ စဉ်းစားစရာဖြစ်လာပါတယ်။ ခရိုနီများ၊ မြန်မာအစိုးရ အာဏာပိုင်များ၊ စစ်အာဏာရှင်ဟောင်းများရဲ့ ကုမ္မဏီများက ၀ိုင်းဝန်းဝေငှယူကြတော့ နိုင်ငံတော်အစိုးရဟာ ၁၀ရာနှုံးတောင်မှာ ရပါ့မလားမသိပါ။

ကချင် KIA များအဖို့ တာပိန်ရေအားလျှပ်စစ် အရေးအခင်းမှာ၊ ငွေကြေးနဲ့နယ်မြေဆုံးရှုံးမှု မပြောပလောက်ပေမဲ့၊ အခုဖြစ်ပွားနေတဲ့ လူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက်၊ မြန်မာ၊ကချင် နှစ်ဖက်စစ်တပ်က သေကြေ၊ပျက်စီးမှုများရဲ့ အစဖြစ်ပါတယ်။

● ဆိုးဝါးလာသောအခြေအနေ
တိုင်းရင်းသားလက်နက်ကိုင်၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့ပြီး ၂၀၁၀မှာ နောက်ဆုံးကချင်လက်နက်ကိုင် KIA နဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ တွေ့ဆုံချိန်မှာတော့ ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေများ၊ ဌာနချုပ်လိုင်ဇာမြို့အထိ မြန်မာစစ်တပ်များ တဖွဲဖွဲအင်အားတိုးချဲ့လာချိန်မှာတော့ ဆက်လက်သည်းမခံနိုင်ပဲ KIA က အတိအလင်း၊ ပျောက်ကျားစစ်ကျေငြာလိုက်ပါတယ်။ ဒေါသထွက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်တုံပြန်မှုဟာ ကချင်ပြည်နယ် နှစ်၅၀ လက်နက်ကိုင်တော်လှန်ရေးမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ စစ်ပြေးဒုက္ခသယ် သိန်းနဲ့ချီပြီး ထွက်ပြေးရပါတယ်။ ဒုက္ခသည်စခန်းများစွာ ..တရုပ်ပြည်ကိုထွက်ပြေးပေမဲ၊ တရုပ်ပြည်ကလက်မခံပါဘူး။ ပြန်သွားဆိုပြီး တောခေါင်ခေါင် မြန်မာပြည်ထဲ ပြန်ခိုင်းပါတယ်။ ရက်စက်ပါပေ့ ပေါက်ဖေါ်တရုပ်ကြီးရေ။  မြန်မာပြည်က ရေအားလျှပ်စစ်က အမြက်အစွန်းတွေနဲ့ အခုခေတ်သစ် မဟာတံတိုင်းကြီးဆိုတဲ့ ဓါတ်ငွေလိုင်း၊ ရေနံပိုက်လိုင်း၊ ရထားလမ်း ရွှေဓါတ်ငွေ့စီမံကိန်းကြီးကို အဓိကကာကွယ်ရမှာက တရုပ်ကြီးဖြစ်ပါတယ်။ တရုပ်ကြီးရဲ့ စီးပွားရေး နယ်ချဲ့စနစ်ကို မြန်မာ၊ကချင် ပူးပေါင်းကာကွယ်ရမဲ့အစား... မြန်မာစစ်တပ်က ကိုယ့်တိုင်းရင်းသား ကချင်လက်နက်ကိုင်များကို အပြင်းအထန် ဒဏ်ပေးတိုက်ခိုက်တာ က်ရက်စက် လွန်းလှပါတယ်။ လေကြောင်းနဲ့ နောက်ဆုံးပေါ် အမြောက်၊လက်နက်များကို ကိုယ့်လူမျိုးအချင်းချင်း၊ ပစ်ခတ်၊ သတ်ဖြတ်နေတာ အံ့သြစရာ ကောင်းလှ ပါတယ်။ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၊ နယ်စပ်တစ်လျှောက် မြို့ပြ၊ရွာကြီးများစွာ ၁၇နှစ် အပစ်ခတ်ရပ်စဲရေးမှာ စည်ပင်သာယာခဲ့ကြတာ၊ အခုတော တမဟုတ်ခြင်း ပြာကျ၊ မီးလောင်၊ ပျက်စီး၊ လူသူမဲ့၊ ဖုတ်နဲ့ကျီး လွင်ပြင်ဘ၀ကို ရောက်သွားပါပြီ။ အဲဒီနေရာတွေကို ရောက်သွားတဲ့အခါ ၀မ်းနည်းမျက် ရည်ကျစရာပါ။ ရှေ့တန်းမှာ ၂ဘက်စလုံး အရင်ကတော့ သူငယ်ချင်း၊ အတူစားသောက်၊ ၀င်ငွေခွဲယူနေကြရာကနေ အခုတော့ နောက်ရောက်လာတဲ့ စစ်တပ်များရဲ့ ပေါ်လစီအောက်မှာ အပြင်းထန်တိုက်ခိုက်နေရပါပြီ။ မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်း စတဲ့မြို့များက ကချင်ရပ်ကွက်များမှာ ကေအိုင်အေစစ်သား၊စစ်ဗိုလ်များ သေဆုံးလို့ ခရစ်ယာန်အောက်မေ့ဖွယ်ဘုရားရှိခိုးပွဲများ အဆက်မပြက်လုပ်နေရသလို၊ မြန်မာနိုင်ငံတ၀ှမ်းက စစ်တပ်များမှာလည်း စစ်ဗိုလ်၊စစ်သားများ တိုက်ပွဲကျဆုံးသွားလို့ ဗုဒ္ဓဘာသာဆွမ်းသွတ်ပွဲများစွာ လုပ်နေရပါတယ်။

အိမ်ကြက်ခြင်းခွပ်တော့ ကြက်သားချက်စားဖို့ စောင့်နေတဲ့ တရုပ်ကြီးစီးပွားရေးအမြက်ထွက်ပြီး၊ လက်ပိုက်ငွေသဲ့ယူနေပါတယ်။ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ရပ်ပါတော့ဆိုလဲ စစ်တပ်ကမရပ်တမ်းတိုက်ခိုက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဝင်ပေးဖို့ အသံမထွက်ဘူးဖြစ်နေတယ်။ တရုပ်တပ်ကြီးက ယူနန်ပြည်နယ် မြန်မာနယ်စပ်မှာ အင်အားပြပြီး၊ တိုက်ပွဲတွေကို ကြည့်နေပါတယ်။ တရုပ်လောက်ဦးနှောက်မရှိတဲ့ မြန်မာနဲ့ကချင် လက်နက်ကိုင်များက ဘာမှမဟုတ်တဲ့ ဓါတ်ငွေ့၊ ရေနံပိုက်လိုင်း၊ ကျောက်စိမ်းတွင်း၊ ရေအားလျှပ်စစ်များအတွက် စစ်တိုက်နေရင်း ...လူမျိုးရေးအသွင်ပြောင်းသွားမှာကို နှစ်ဘက်စလုံးက အရမ်းစိုးရိမ်နေရပါတယ်။

● လက်ရှိအခြေအနေ
ဇန္န၀ါရီလကုန်မှာ မြစ်ကြီးနားမြို့ကို ရောက်သွားချိန်၊ တစ်မြို့လုံး မှောင်မဲနေပါတယ်။ မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓါတ်အားပေးဖို့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျင်ခရမ်ရေအားလျှပ်စစ်စက်ရုံ တရုပ်စက်များနဲ့ မြန်မာလျှပ်စစ်ကော်ပိုရေးရှင်းက တည်ဆောက်ပါတယ်။ ၅နှစ်မခံပါဘူး။ တာဘိုင်စက် ၁၄လုံးမှာ ၂လုံးလည်ရင်တောင် မြစ်ကြီးနားမြိုကို လျှပ်စစ်ပေးနိုင်တာ၊ အားလုံး မလည်ပတ်နိုင်တော့ ကျင်ခရမ်ရေအားလျှပ်စစ် ဇတ်လမ်းသိမ်းသွားတယ်။ တရုပ်တပါတ်ရစ်စက်များရဲ့ စွမ်းအင်က ၃နှစ်ခံရင် တော်လှပြီပေါ့။ မြစ်ကြီးနားကို လျှပ်စစ်ဓါတ်အားပေးဖို့ ဒီဇယ်စက်ကြီးတွေလည်း မတတ်နိုင်၊ ဘယ်ပုဂ္ဂလိကမှ ရှုံးမဲ့အလုပ်ဖြစ်တာကြောင့် မလုပ်ပါဘူး။ ကချင် KIA လက်နက်ကိုင်များရဲ့ စီးပွားရေးအဖွဲ့ ဘူးဂါးကုမ္မဏီက KIA ထိန်းချုပ်နယ်မြေမှာ ရေအားလျှပ်စစ်စတင်ထုတ်လုပ်ပါတယ်။ တာဝါတိုင်ကြီးများဆောက်ပြီး မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓါတ်အားပေးခဲ့လို့ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက လျှပ်စစ်မီး ထိန်လင်းနေခဲ့ပါတယ်။

● တလတာ မြစ်ကြီးနားမီးမှောင်ကျသွားခြင်း
အခု လေကြောင်းစစ်ဆင်ရေးဖြစ်ချိန်မှာ တာဝါတိုင်တခု ပျက်စီးသွားပြီး မြစ်ကြီးနားမြို့ လျှပ်စစ်ဓါတ်အား မရတော့၊ မှောင်မဲသွားပါတယ်။ မြန်မာစစ်တပ်က လေယဉ်နဲ့ပစ်ခတ်လို့ ပျက်သွားသလို၊ ကချင်လက်နက်ကိုင်များက ဖေါက်ခွဲဖျက်ဆီးသလို သတင်းမျိုးစုံထွက်နေတယ်။ ဘယ်သူပြောတာ ယုံရမလဲမသိ၊ အပြန်အလှန်အပြစ်တင်ရင်း ပျက်စီးသွားတဲ့ တာဝါတိုင်ကို မပြင်ဆင်နိုင်ဘူး။ အခု ဒီဆောင်းပါးရေးနေစဉ်တော့ ပြင်နေကြပြီ၊ မနက်ဖန် လျှပ်စစ်ရပြီလို့ ပြောနေသံကြားရပါတယ်။

ဒါနဲ့ ကချင် KIA စီးပွားရေးအဖွဲ့က ထုတ်လုပ်ပေးတဲ့ ရေအားလျှပ်စစ်ကို မြစ်ကြီးနားမြို့ပေါ်မှာ ဖြန့်ဖြူးရေးကျတော့ ဈေးနှုန်းကို မြန်မာလျှပ်စစ်ကော်ပိုရေးရှင်းနဲ့ ညှိရတယ်။ ဈေးနှုန်းများကတော့ မြန်မာအစိုးရနဲ့စစ်တပ်ကို တစ်ယူနစ် ကျပ်၅၀နှုန်း။ မြစ်ကြီးနားပြည်သူလူထုပြင်ဖို့ မြစ်ကြီးနား ကိုယ်ပိုင်မီးစက်များ ဂျင်နရေတာများဟာ ဆီကုန်ကျလွန်းတော့ တရုပ်ပြည်က၀င်လာတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို (အောတိန်း) တစ်ဂါလံ ၄၀၀၀လောက် ပေးပြီး တည မီးစက်အသေးလေးတွေ လည်ပတ်ရတယ်။ ဆင်းရဲသူများတော့ ဖယောင်တိုင် ကိုကို ထွန်းကြတာပေါ့။ နဲနဲငွေကြေးတတ်နိုင်သူတွေကတော့ တရုပ်ပြည်ကလာတဲ့ LED မီးအိမ်ြေူလေးတွေလည်း ဆိုလာ (တစ်ပေပတ်လည်) အပြားကို ကျပ်ခြောက်ထောင်၊ မီးအိမ် (၁၂ဗို့အား) ကျပ်၆၀၀၀၊ စုစုပေါင်း ကျပ်၁၂၀၀၀ အကုန်ကျခံပြီး၊ မီးထွန်းနေရတယ်။ တစ်ချို ငွေကြေးကြွယ်ဝသူများက ၄ပေ၊ ၃ပေ ဆိုလာအချပ်ကြီးများကို ၀ယ်ပြီး လျှပ်စစ်ဓါတ်အားထုတ်ရောင်းချဖို့ ကြံကြတယ်။ အော် ..ဆိုလာအင်နာဂျီဆိုတာ မြန်မာပြည်က ကြက်ဆူဆီ လောင်စာထုတ်သလိုပဲ၊ စီးပွားဖြစ်မရနိုင်ပါဘူး။ မီးထွန်းရုံလောက်ပဲကောင်းတာပါ။ လျှပ်သို၊ လျှပ်တား Capacitance, Inductor များဖြစ်တဲ့ တီဗွီ၊ ဗွီဒီယို၊ မော်တာ (ရေတင်စက်)များအတွက် ဆိုလာအင်နာဂျီ Solar Energy ကို သုံးရင် စီးပွားဖြစ်မကိုက်ပါဘူး။ ပြီးတော့ တရုပ်ဆိုလာပြားတွေက ဘယ်နှစ်နှစ်ခံမလဲမသိ၊ တနှစ်နဲ့ ပျက်သွား၊ ကွာလတီလည်း မသေချာတဲ့ တရုပ်စက်များဟာ ခဏသုံး (ပေါ်ပင်) တော့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားမြို့ကြီး မှောင်မဲနေတာကို ၀မ်းနည်းစွာ လက်တွေ့ခံစားရပါတယ်။ ဟန်းဖုန်း ဘက်ထရီအားကုန်လို့ မီးစက်နဲ့ဖွင့်ထားတဲ့ အင်တာနက်ကဖေးမှာ တနာရီသွားထိုင်ရင်း ဟန်ဖုန်း ဘက်ထရီဖြည့် ခဲ့ရပါတယ်။

● နိဂုံးချုပ်
ဘာပဲဖြစ်စေ လျှပ်စစ်မီးပျက်ခြင်းဟာ သေးငယ်တဲ့ ဒုက္ခပဲဖြစ်ပါတယ်။ လူသေကြေ၊ အိမ်မြေမီးလောင်၊ပျက်စီးမှုထက်စာရင် ဘာမှမဖြစ်လောက်ပါဘူး။ စစ်ဘေးဒဏ်ဟာ အလွန်ဆိုးဝါးလှကြောင်း မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်များ သိပါတယ်။ သိသိရက်နဲ့ ဒေါသမထိမ်းနိုင်ပဲ ဆက်တိုက်နေခြင်းဟာ အခြားတိုင်းရင်းသား ၁၀မျိုးရဲ့ ယုံကြည်မှုကို ပျက်ပြားနေပါပြီ။

မြန်မာပြည်လွှတ်တော်ကတော့ ထိုးစစ်ရပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာစစ်တပ်နဲ့ကချင်လက်နက်ကိုင် နှစ်ဖက်လူကြီးများ (အဆုံးအဖြတ်ပေးနိုင်သူများ) နိုင်ငံရေးအားဖြင့် ဆွေးနွေးအဖြေရှာနိုင်ပါတယ်။ ညီအစ်ကိုများဖြစ်ပါတယ်။ အစ်ကိုကြီး မြန်မာစစ်တပ်က လျှော့ပေးမလား၊ ညီငယ်ဖြစ်သူ ကချင် KIA ကပဲ လျှော့လက်စနဲ့ ဆက်လျှော့ပေးရမလား။

လောလောဆယ်တော့ ကြားခံနိုင်ငံကြီးတစ်ခုကတော့ အမြက်ထွက်နေပြီး၊ တိုက်ခိုက်၊သေကြေ၊ ဒုက္ခရောက်နေတာကတော့ ညီအစ်ကို၊ တိုင်းရင်းသား ကချင်လူမျိုးနဲ့ မြန်မာစစ်သားများ၊ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှလိုင်ဇာအထိ လမ်းလျှောက်နေတဲ့ လူငယ်များစွာ.... မြေဇာပင်များစွာ ...သြော်...ဆက်ရန်ရှိပါသေးတယ်။


ဓာတ်ပုံ - မြန်မာ့ခေတ်
Posted by Aung Htet at 5:26 PM 0 comments  

Ryan Thaw - American Democracy in Burmese Eyes


ရိုင်ယန်သော်ရဲ့ မြန်မာ့မျက်စိနဲ့ အမေရိကန်ဒီမိုကရေစီ ရုပ်သံမှတ်တမ်းတို
မိုးမခရုပ်သံ၊ San Francisco Burmese Community Organizers & Friends
ဇန်န၀ါရီ ၃၀ က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပါဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ တင်ဆက်ခဲ့တဲ့ ရုပ်သံကားတိုဖြစ်ပါတယ်။ ဆန်ဖရန်ဘေးဧရိယာက ရုပ်သံဒါရိုက်တာ ရိုင်ယန်သော်က မြန်မာမိသားစုများနဲ့ တွေ့ဆုံပြီးတော့ မြန်မာတွေမျက်စိနဲ့ အမေရိကန်ဒီမိုကရေစီအမြင်ကို တင်ဆက်ထားတာ ဖြစ်ပါတယ်။
Posted by Maung Yit at 5:06 PM 0 comments  

Dr. Damapiya (ITBMU) - Articles

နှင်းမှုန်တွေကြားက တရုတ်ပြည်ကြီး - အပိုင်း (၂)
ဒေါက်တာဓမ္မပိယ (ITBMU)
ဖေဖော်ဝါရီ ၅၊ ၂၀၁၃


နိုင်ငံနှင့်လူမျိုးကို ဂုဏ်မငယ်စေချင်ရင် ဂုဏ်ငယ်စေနိုင်တဲ့ အလုပ်များကို လုပ်နေခြင်းများကို လုံးဝအားမပေးပဲ ဥပဒေဖြင့် တားမြစ်ပေးနိုင်ဖို့ပါ။ ပြည်သူများ ပျင်းရိခြင်း၊ အရက်သေစာ သောက်စားမှုများခြင်း၊ ကွမ်းစားခြင်း၊ လောင်းကစားခြင်းများကို အမြဲမပြတ် ပြုလုပ်နေခြင်းသည် သတိတရား၊ အသိတရား ရှိသူများ အတွက်တော့ ၀မ်းနည်းစရာတွေချည်း ဖြစ်နေခြင်းပါ။ ဂုဏ်ထယ်မဲ့အလုပ်တွေကို ကြိုးစား၍ အားထုတ်ခြင်း၊ ပညာကို ကြိုးစားသင်ယူခြင်း၊ အလုပ်အကိုင်များကို ကြိုးစား၍ လုပ်ကိုင်ခြင်း စသည်များကို တစ်မျိုးသားလုံးက ကြိုးစား ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံကြီးသည်လည်း ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတစ်နိုင်ငံ မဝေလှသောအချန်မှာ တကယ်ပင်ဖြစ်လာမှာပါ။ တရုတ်ပြည်ကြီး ဘာ့ကြောင့် ချမ်းသာကြွယ်ဝလာသနည်း။ အနီးစပ်ဆုံး အဖြေကတော့ - တရုတ်လူမျိုးများ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြလို့ပါ။

ဘာပဲပြောပြော တရုတ်ပြည်မကြီးထဲကို ရောက်နေတာ တစ်ပတ်ကျော်ရှိသွားပြီ။ ဒါပေမဲ့ အခုအချိန်အထိ ကမ္ဘာကျော် ဂရိတ်ဝေါ (မဟာတံတိုင်းကြီး) ကိုတော့ မရောက်နိုင်သေးပဲ ရှိနေတယ်။ သို့သော် တရုတ်တွေ ပြောဆိုလေ့ရှိတဲ့ စကားတစ်ခွန်းကိုတော့ ကြားရောင်နေမိခြင်းပါ။ (တရုတ်ပြည်ကို ရောက်လာလို့မှ) - ̏(ကမ္ဘာကျော်) မဟာတံတိုင်းကြီးကို မတက်ရောက်ခဲ့ဘူးဆိုရင် မင်းဟာ ဘယ်တော့မှ ဟီရိုးမဖြစ်နိုင်ဘူး˝တဲ့။2 အင်မတန်မှာ လှပတဲ့ စကားလေးပါ။ ဒီစကားလေးကို ကြားရတော့ ဟီရိုးဖြစ်တာ၊ မဖြစ်တာ အသာထား ကမ္ဘာကျော် ဂရိတ်ဝေါကြီးကိုတော့ သွားချင်တဲ့စိတ်တွေ ဖြစ်လာတာတော့ အမှန်ပါ။

ဒီဇင်ဘာလ (၁)ရက်နေ့မှာတော့ ဂရိတ်ဝေါကို သွားဖို့ အခြေအနေပေးလာတယ်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညဦးပိုင်းမှာ သွားဖို့အစီအစဉ်များ ပြုလုပ်ထားပြီး၊ နောက်နေ့မနက် (ရ)နာရီခွဲလောက်မှာ သွားကြဖို့ပါ။ နောက်နေ့မနက်မှာ အပြင်မှာ မိုင်းနပ်စ် တင်း(-10ံ) ဒီဂရီဖြစ်နေတယ်။ ဂရိတ်ဝေါဒေသမှာရှိတဲ့ နေရာအနှံ့အပြားမှာလည်း စနိုးတွေကျမယ်လို့ မိုးလေးဝသဌာနက ခန့်မှန်းပြောဆိုနေတယ်။ ဒီတော့ ဒီခရီးစဉ်ကို ဖျက်မှာလား၊ သွားမှာလား စဉ်းစားကြရပြီပေါ့။ အအေးဒဏ်ကို တအားကြီး မကြောက်လှပေမဲ့ တာဝန်နှင့် လာခဲ့ရသူမို့ ဖျားမှာ၊ နာမှာကိုတော့ ကြောက်မိပါတယ်။ အသံနှင့်အလုပ်လုပ်ရမှာဆိုတော့ အအေးမိပြီး အသံတွေများ ၀င်သွားခဲ့မယ်ဆိုရင် ဒုက္ခ။ သို့သော် ဒီဇင်ဘာလရဲ့ နောက်ပိုင်းရက်တွေများမှာဆိုရင် ဒီထက်ပိုပြီး အေးလာနိုင်စရာအကြောင်းရှိလို့ ဒီခရီးစဉ်ကို မဖျက်ပဲ ဇွတ်အတင်းပဲ ထွက်လာခဲ့ကြတယ်။

တရုတ်တွေပြောသလို ဟီးရိုးမဖြစ်မှာကို စိုးရိမ်ခြင်းမျိုးထက်၊ တရုတ်ပြည်ကို နောက်ထပ်တစ်ခေါက် လာရောက်ဖို့ဆိုတာ မသေချာလှတာမို့ ဒ်ီလမ်းကိုပဲ ရွေးချယ်လိုက်ခြင်းပါ။ ဘယ်လောက်ပဲအေးအေး သွားကြမယ်ပေါ့။ ဟီရိုးဖြစ်ဖို့ထက် မရောက်၊ ရောက်အောင် သွားလိုတဲ့အဓိပတိက တပ်ထားတာမို့ အအေးဒဏ်ကို အံတု၍ သွားခဲ့ကြခြင်းပါ။ ထွက်လာတော့လဲ “အေးတော့အေးတာပေါ့ ဒါပေမဲ့ …” ဆိုတာမျိုး လို့ပေါ့။ ဟိုရောက်တော့ (၉)နာရီခွဲလောက်ရှိနေပြီ။ သွားမှာကို ကြိုတင်သိထားသူတိုင်းက စိတ်ပူလို့ ဟိုရောက်တယ်ဆိုရင်ပဲ အဲဒီမှာ စနိုးတွေ ဘယ်လောက် ကျနေပြီလဲလို့ မေးလာကြတယ်။ အဲဒီနေ့က ထူးခြားတဲ့နေ့လို့ ဆိုရမှာပါ။ ဂရိတ်ဝေါကို ရောက်တဲ့အချိန်မှာ ရာသီဥတုကအေးသော်လည်း စနိုးမကျပဲ နေထွက်နေတာကြောင့် မေးသူများကို ပြန်ပြောပြတဲ့အခါ မယုံနိုင်အောင် ဖြစ်နေခဲ့ကြတယ်။ ဘ၀ဆိုတာ ဒီလိုလေးလဲ ရှိဦးမှာပေါ့လို့ တစ်ယောက်တည်းပြုံးမိပါရဲ့။ 

ကမ္ဘာအံ့ဘွယ်တွေထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ တရုတ်ပြည်က ဂရိတ်ဝေါကြီး (မဟာတံတိုင်းကြီး) ဆိုတာ လွယ်လွယ်ကူကူလေး ဖြစ်ပေါ်လာတာတော့မဟုတ်ပါ။ တဖက်နိုင်ငံမှ တိုက်ခိုက်လာတဲ့ အင်းအား ကြီးမားတဲ့ရန်သူတွေကို ဤမြေ၊ ဤရေပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို  ကာကွယ် ပေးနိုင်ရန် အသက်ပေါင်းများစွာစတေးပြီး တည်ဆောက်ထားခဲ့ရတာပါ။ တရုတ်နိုင်ငံ ရှေးရှင်ဘုရားများရဲ့ ပြည်သူ၊ ပြည်သားများအပေါ်မှာထားတဲ့ ကြီးမားတဲ့ကရုဏာ၊ ပြည်သူ၊ ပြည်သားတွေရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မွန်မြတ်တဲ့စေတနာ၊ ကိုယ့်တိုင်းပြည်၊ ကိုယ်လူမျိုးကို အသက်ပေးကာကွယ်စောင့်ရှောက်လိုတဲ့ ရဲရင့်တည်ကြည် ခိုင်မာတဲ့ သံမဏိနှလုံးသား၊ ဒီအကြောင်းတရားတွေ ပေါင်းစုံပြီးမှ ဖြစ်ပေါ်လာတဲ့ လူသားတို့ရဲ့ ဘ၀အားမာန် သမိုင်းမှတ်တိုင်ကြီးတစ်ခုပါ။

မဟာတံတိုင်းကြီးရဲ့ ဂုဏ်သိက္ခာဟာ တရုတ်လူမျိုးများရဲ့ ဂုဏ်သိက္ခာလို့ ဆိုရမှာပါ။ ကမ္ဘာအံ့ဖွယ်ကြီး  ဖြစ်လာတဲ့ မဟာတံတိုင်းကြီးရဲ့သမိုင်းကလည်း စိတ်ဝင်စားစရာပါ။ ထုထည်အားဖြင့် ခိုင်ခံ့လှတဲ့ တံတိုင်းနံရံကြီးများ၊ ကျောက်တုံး ကျောက်သားများဖြင့် ပြုလုပ်ထားတဲ့ ကြီးပြန့်တဲ့ တံတိုင်းပတ်လမ်းများ၊ တမျှော်တခေါ်ကြီး ရှည်လျားလှတဲ့ မျက်စိတစ်ဆုံး တည်ရှိနေတဲ့ ဒီမဟာရံတံတိုင်းကြီးကို ကြည့်ပြီး ရှေးတရုတ်ဘုရင်များ၊ တရုတ်နိုင်ငံသားများရဲ့ စွမ်းရည်များကို ဘယ်သူမချီးမွမ်းပဲ ရှိတော့မှာလဲလို့ အံ့သြမခန်း ဖြစ်နေမိခြင်းပါ။

တကယ်တော့ ဒီဂရိတ်ဝေါကြီးကို တစ်ကြိမ်တစ်ခါတည်းနှင့် အပြီးဆောက်လုပ်ခဲ့တာမျိုးမဟုတ်ပဲ ရှေးဘုရင်များ အကြိမ်ကြိမ်တည်ဆောက်ခဲ့ကြရခြင်းပါ။ သို့သော် ဘယ်ခုနှစ်ကစတင်၍ ဒီမဟာရံတံတိုင်းကြီးကို ဆောက်လုပ်ခဲ့သည်၊ ဒီမဟာတံတိုင်းကြီး၏ အလျားပမဏ မည်၍မည်မျှရှိသည် စသော အချက်အလက်များကို ဖေါ်ပြကြရာ၌ အနည်းငယ်ကွဲပြားမှုများ ရှိနေခြင်းပါ။ ပထမဦးဆုံး အပိုင်းဖြစ်တဲ့ ဂရိတ်ဝေါကြီးကို “ကွင်း ဒိုင်နက်စတီ”လက်ထက် တရုတ်ပြည်ကြီးကို စုစည်းပြီး ဘီစီ 211-207 မှာ (the Qin Dynasty 221-207 BC) စတင်တည်ဆောက်ခဲ့ခြင်းပါ။ ထို့ကြောင့် အစဦးပိုင်း၌ ဤဂရိတ်ဝေါကြီးကို “ကွန် ဂရိတ်ဝေါ” (the Qin Great Wall) ဟု အမည်တွင်နေခဲ့ခြင်းပါ။ နောက်ပိုင်းရောက်မှ  “ချိုင်းနား ဂရိတ်ဝေါ”ဟု အမည်တွင် လာခြင်းပါ။

ဒုတိယ ဂရိတ်ဝေါကိုတော့ “ဟန် ဒိုင်နက်စတီ”လက်ထက် ဘီစီ ၂၀၅-၁၂၇ မှာ (the Han Dynasty 205-127 BC) ဆက်လက်တည်ဆောက်ခဲ့ကြတာပါ။ တတိယ ဂရိတ်ဝေါကိုတော့ “ဂျင်း ဒိုင်နက်စတီ” လက်ထက် အေဒီ ၁၂၀၀ မှာ (the Jin Dynasty 1200 AD) တည်ဆောက်ခဲ့ပြီး၊ စတုတ္ထဂရိတ်ဝေါကိုတော့ မင်း ဒိုင်နက်စတီလက်ထက် အေဒီ ၁၃၆၇-၁၆၄၄ မှာ (the Ming Dynasty 1367-1644) ဆက်လက် တည်ဆောက်ခဲ့ကြခြင်းပါ။ နောက်ဆုံး “ကွင်း ဒိုင်နက်စတီ”လက်ထက် အေဒီ (၁၆၄၄-၁၉၁၁) မှာ (Qing Dynasty 1644-1911) ဆက်လက် တည်ဆောက်ခဲ့ခြင်းပါ။ ဤနည်းဖြင့် မင်းအဆက်ဆက်၊ ပြည်သူအဆက်ဆက် တည်ဆောင်ခဲ့သော ဤမဟာတံတိုင်းကြီး၏ အလျားအရှည်ပမာဏသည် ဂဂ၅၀ ကီလိုမီတာ (၅၅၀၀ မိုင်) (အလျားအတိုင်းအတာကို အမျိုးမျိုးဖေါ်ပြထားကြသည်) ရှိကြောင်း ဖေါ်ပြထားခြင်းပါ။ ၁၉ဂ၇-ခုနှစ်မှာတော့ ဂရိတ်ဝေါကြီးကို UNESCO အဖွဲ့မှ စောင့်ရှောက်ခွင့်ရခဲ့ပြီး ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်အဖြစ်ဖြင့် ကြေညာ၍ စောင့်ရှောက်ထားခြင်းပါ။ (In 1987, the Great Wall was declared a World Cultural Heritage Site by UNESCO)

ဂရိတ်ဝေါကို လည်ပတ်ပြီးနောက်ပိုင်း ဘယ်ခရီးကိုမှ မသွားတော့ပဲ တရားစခမ်းဝင် ယောဂီများအား တရားဟော၊ တရားပြတာဝန်များကို အချိန်ပြည့် ပြုလုပ်ပေးပြီး တရားစခမ်းပြုလုပ်ရာ မြို့စွန်တစ်နေရာရှိတဲ့ နှစ်ထပ်အဆောက်အဦး တစ်လုံးမှာ တရားစခမ်း(၂)ခုကို ဖွင့်လှစ်ပေးခဲ့တယ်။ သူတို့ငှားရမ်းထားတဲ့ နှစ်ထက်တိုက်က တရားစခမ်းတစ်ကြိမ်မှာ ယောဂီ (၂၅)ယောက်သာ နေလို့ရနိုင်တဲ့ တိုက်မျိုးပါ။ တရားစခမ်း အချိန်များအတွင်း အပြင်မှာကလည်း သိပ်အေးနေတော့ ယောဂီများဟာ အိမ်တည်းမှာပဲ တရားအားထုတ်ကြ ရတယ်၊ အိမ်တည်းမှာပဲ စင်္ကြံလျှောက်ကြရတယ်။ ညစဉ်တရားပွဲတိုင်း ယောဂီတွေရဲ့ အသိမိတ်ဆွေများမှလွဲရင် အပြင်မှ တရားနာလာရောက်သူများ မရှိသလောက်ပါ။

တရားစခမ်းပွဲနှစ်ခုမှာ ကြိုတင်ပြင်ဆင်ထားတာက ရှေ့(၇)ရက်စခမ်းကို မေတ္တာကမ္မဋ္ဌာန်းပြသပေးပြီး၊ နောက်(၇)ရက်တရားစခမ်းကိုတော့ ၀ိပဿနာကမ္မဋ္ဌာန်းကို ပြသပေးဖို့ရည်ရွယ်ထားသော်လည်း ယောဂီများ၏ တောင်းဆိုမှုကြောင့် နောက်တရားစခမ်းပွဲမှာလည်း မေတ္တာကမ္မဋ္ဌာန်းကိုပဲ ဆက်လက်ပြသခဲ့တာကြောင့် တရားစခမ်းပွဲ နှစ်ခုလုးံအတွက် မေတ္တာကမ္မဋ္ဌာန်းကိုပဲ ပြသပေးခဲ့ရခြင်းပါ။ သူအသိုင်းအ၀ိုင်းမှာ မေတ္တာဓာတ် တွေ ခမ်းနေသူ များနေ၍လားမသိ မေတ္တာကမ္မဋ္ဌာန်းကို အထူးပဲ သဘောကျနေကြတယ်။ ယောဂီများတရားကို လိုလိုချင်ချင်နဲ့ အားထုတ်ကြတာကို တွေ့ရလို့ ကမ္မဋ္ဌာန်းဆရာတစ်ပါးအနေနှင့် အမောတွေပြေခဲ့ရတယ်။ ဒီတရားစခမ်းမှာ မဟာယာနဘုန်းတော်ကြီး တစ်ပါးလည်း ပါဝင်လာပြီး တရားတော်ကို ကမ္မဋ္ဌာန်းဆရာတော် ညွန်ကြားတဲ့အတိုင်း ကျိုးကျိုးနွံနွံ ရိုရိုသေသေနဲ့ အားထုတ်တာကို တွေ့ရလို့ ပို၍ ၀မ်းသာနေမိခြင်းပါ။ နောက်ပိုင်းမှာ ထိုရဟန်းတော်ဟာ မြန်မာပြည်ကိုပင် လိုက်၍ အားထုတ်လိုကြောင်း လျှောက်ထားလာပြန်တော့ ဖရဏာပီတိ ဂွမ်းဆီထိသည့်ပမာ တသိမ့်သိမ့် ကြည်းနှူးနေမိခြင်းပါ။

ဒီဇင်ဘာလ ၁၁-ရက်နေ့မှာတော့ ပီကင်းမြို့တော်မှ ဟေနန် ဗုဒ္ဓစ်စ် ကောလိပ်ကျောင်းကြီး တည်ရှိတဲ့ ဟေနန်မြို့သို့ ခရီးဆက်လက် ထွက်ခဲ့ကြတယ်။ ထိုဟေနန်မြို့ (Henan) ဟာ တရုပ်ပြည်၌ ဗုဒ္ဓဘာသာ စတင် ထွန်းကားရာဒေသဟု အသိအမှတ် ပြုထားကြခြင်းပါ။ ကောလိပ်ကျောင်းဝင်းထဲရောက်တော့ အံ့သြစရာတွေနှင့် ထပ်မံကြုံရပြန်တယ်။ မထင်မှတ်ပဲ ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်လည်းဖြစ်၊ ဟေနန် ဗုဒ္ဒ္ဓစ်စ်ကောလိပ်၏ ဒုတိယပါမောက္ခလည်းဖြစ်တဲ့ (မဟာယာန) ဘုန်းတော်ကြီးကိုယ်တိုင် တစ်ရာခန့်ရှိသော သူ၏တပည့် မဟာယာနရဟန်းတော်များနှင့်အတူ ကျောင်း၏ယင်ပြင်ဖြစ်တဲ့ တောင်ခြေအထိ လာရောက် ကြိုဆိုနေခြင်းပါ။ တရုတ်တို့ဓလေ့ထုံးစံအရ ဂုဏ်ပြုပူဇော်ထိုက်သူများကို ကြိုဆိုပူဇော်လေ့ရှိတဲ့ ခန်းနားဆန်း ကျယ်တဲ့ ရွှေထီးကြီးကိုမိုးပြီး စာရေးသူအး အခမ်းအနားဖြင့် တရားဟောဓမ္မာရုံကြီးဆီသို့ ပင့်ဆောင်ကြိုဆို ခဲ့ကြခြင်းပါ။ ထေရ၀ါဒရဟန်းတော်တစ်ပါးက မဟာယာနရဟန်းတော်တစ်ပါးအား ထိုကဲ့သို့ ကြိုဆိုမှုများကို ပြုနိုင်၊ မပြုနိုင်ဆိုတဲ့ မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုပဲ ပြန်၍ မေးနေမိခြင်းပါ။ ၀ိပဿနာတရား၏ အစွမ်းကား အံ့မခမ်းရှိပါပေစွ။

ဓမ္မာရုံကြီးတည်းရောက်တဲ့အခါ အခန်းအနားဖြင့် ရွတ်ဖတ်ပူဇော်သော အခမ်းအနားဖြင့် ဂုဏ်ပြုပူဇော်ကြပြန်တယ်။ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူးများရှိလာပြီမို့ ထိုဟေနန် ဗုဒ္ဓစ်စ်ကောလိပ်ကျောင်းမှာ (၅) ရက်နေပြီး မေတ္တာတရားစခမ်း (၁)ခု၊ ၀ိပဿနာတရားစခမ်း (၁)ခုကို ဖွင့်လှစ်ပေးခဲ့တယ်။ ညစဉ်ညတိုင်း လည်း တရားဟောပေးခဲ့တယ်။ တရုပ်ပြည်၏အလယ်ပိုင်းရှိ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများဟာ များသောအားဖြင့် ကျောင်းတိုက်အတွင်း၊ တရားဟောခန်းမများအတွင်း အအေးဒဏ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်တဲ့ ဟီတာ (အပူပေးစက်) များကို အသုံးပြုလေ့မရှိတာကြောင့် တရားဟောရာ၌လည်း ကောင်း၊ တရားပြ၊ တရားထိုင်ရာ၌လည်းကောင်း အေးလွန်းလှ၍ စောင်ထူကြီးကို ခြုံ၍ တရားဟော၊ တရားပြသခဲ့ရသည်မှာလည်း အမှတ်ရဖွယ်တစ်ခု ဖြစ်နေခဲ့ခြင်းပါ။

ထို ဟေနန် ဗုဒ္ဓစ်စ် ကောလိပ်ကျောင်းမှာ နောက်ဆုံးရက်၌ ထိုမဟာယာနဘုန်းကြီး အမှူးပြုသော ကျောင်းကော်မတီ အဖွဲ့ဝင်များနှင့် သာသနာတော်အရေး ဆွေးနွေးတိုင်ပင်ခဲ့ကြတဲ့အခါ အပြန်အလှန် ကျောင်းသားများကို စေလွတ်နိုင်ရေးနှင့် ပါဠိနှင့် အဘိဓမ္မာကို သင်ကြားပို့ချနိုင်သော မြန်မာပြည်မှ ရဟန်းဆရာများကို လွှတ်ပေးဖို့ တောင်းဆိုလာကြတယ်။ သူတို့ရဲ့ စီမံကိန်းက ဖြစ်နိုင်ရင် နောင်တစ်ချိန်မှာ ထေရ၀ါဒပိဋကတ်တော်များကို တရုတ်ဘာသာသို့ ပြန်ဆိုနိုင်ရန် စီမံကိန်းများကိုပင် ချထားပြီးဖြစ်၍ မြန်မာရဟန်းတော်များ၏ အကူအညီကို မလွဲမသွေ လိုအပ်ကြောင်း လျှောက်ထားလာခြင်းပါ။ ထေရ၀ါဒ သာသနာ တရုတ်ပြည်ကြီး၌ ပြန့်ပွားလိုတဲ့ဆန္ဒများ ရှိနေခဲ့တာကြောင့် တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းပါ။ 

ဒီဇင်ဘာလ (၁၅)နေ့မှာတော့ ထိုဟေနန်မြို့မှ အင်တာနေရှင်နယ် ဗုဒ္ဓဘာသာ ကွန်ဖရင့်ကျင်းပမည့် ၀ူဟန်မြို့ (Wuhan)သို့ ကားဖြင့် ထွက်ခွါလာခဲ့ကြတယ်။ ထိုခရီးစဉ်မှာ ပုံမှန် (၃) နာရီခန့်သာ မောင်းနှင်ရသော်လည်း ကားမောင်းသူ လမ်းမကျွမ်းကျင်၍ ၀ူဟန်မြို့အရောက် (ဂ)နာရီ ကြာသွားခဲ့တယ်။ ရာသီးဥတုကလည်းအေး၊ ခရီးကလည်းဝေးဆိုတော့ ထိုခရီးမှာ အတော်ကို ပင်ပမ်းနွမ်းနယ်သွားတယ်။ ၀ူဟန်မြို့ကို ရောက်တဲ့အခါမှာတော့ ကွန်ဖရင့်သို့ တက်ရောက်သူများအား ဖိုက်စတား ဟိုတယ်မှာထား၍ ချမ်းချမ်းသာသာဖြင့် အိပ်စက်နားနေခွင့်ကို ပေးထားခဲ့တာကြောင့် ထိုညအဖို့ ကောင်းမွန်စွာ အိပ်စက် နားနေခွင့်ကို ကောင်းစွာရခဲ့ခြင်းပါ။

ဝူဟန်မြို့ကြီးဆိုတာ တရုတ်နိုင်ငံရှိ မြို့ကြီးများအနက် စတုတ္ထအကြီးဆုံး မြို့တော်ကြီးဖြစ်တာဆိုတာ သိခဲ့ရခြင်းပါ။ ၀ူဟန်မြို့ကြီးဟာ နာမည်ကျော် ယန်ဇီမြစ်ကြီး (Yangtze River) ၏ ကမ်းနဖူးပေါ်မှာ တည်ရှိတဲ့အတွက်ကြောင့် သာယာလှပတဲ့ မြို့ကြီးတစ်မြို့ဖြစ်တယ်။ မြို့တော်ရဲ့အလယ်ဗဟိုမှာ ကြီးမားတဲ့ရေကန်ကြီးရှိနေတာကြောင့် ထိုရေကန်ကြီးကလည်း မြို့တော်ရဲ့အလှကို ပသာဒဖြစ်စေဖို့ ပန့်ပိုးပေးနေ သလို ရှိခဲ့ပြန်တယ်။ တစ်ချို့ ဟိုက်ဝေးလမ်းများဟာ ယန်ဇီမြစ်ကြီး၏ရေအောက်က မြေကိုဖေါက်ထွင်းပြီး ဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် အံ့သြမဆုံးနိုင်အောင် ဖြစ်ရပြန်တယ်။

ကမ္ဘာကျော် ယန်ဇီမြစ်ကြီး၏ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ။ အာရှမှာ အရှည်ဆုံး မြစ်ကြီးတစ်စင်းဖြစ်ပြီး၊ ကမ္ဘာမှာ တတိယအရှည်ဆုံး မြစ်ကြီးတစ်စင်းဖြစ်ကြောင်းသိခဲ့ရခြင်းပါ။ တိဘက်ကုန်း မြေမြင့်မှ စတင်စီးဆင်းလာခဲ့ပြီး၊ အလျား ၆၄၁၈ ကီလိုမီတာ (၃၉ဂဂ မိုင်) ရှည်လျားတဲ့ မြစ်ကြီး တစ်စင်းဖြစ်တယ်။ ရေအားလျှပ်စစ်ရရေးအတွက် ထိုမြစ်ကြီးကို ပိတ်ပြီး ကြီးကျယ်တဲ့ဆယ်ကြီး(၃)ခု (three Gorges Dam)ကို နိုင်ငံတော်အစိုးရက တည်ဆောက်ထားခဲ့တယ်။ ထိုယန်ဇီမြစ်ကြီးဟာ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ဆယ်တွေထဲတွင် ကမ္ဘာပေါ်မှာ ရေအားလျှပ်စစ်အများဆုံး ထုတ်လုပ်နိုင်တဲ့ ဆည်ကြီး တစ်ခုဖြစ်တယ်။ (The Three Gorges Dam on the Yangtze River is the largest hydro-electric power station in the world) 

မြစ်ကြီးနှင့်မြို့တော် ပနံတင့်လှတာကြောင့် ဒီမြို့ကြီးမှာ (၄)ရက်တိုင်တိုင် ကြီးကျယ်တဲ့ ဗုဒ္ဓဘာသာ အခမ်းအနားကြီးတစ်ခုကို ကျင်းပကြဟန်တူတယ်လို့လဲ ခံစားမိပါရဲ့။ အခမ်းအနားကြီးကလည်း ကြီးကျယ် သလားမမေးနဲ့ လူပေါင်းတစ်သိန်းခန့် တက်ရောက်ကြတယ်။ ဖွင့်ပွဲအခမ်းအနား၊ ဟောပြောပွဲအခမ်းအနား၊ ပရိတ်ရွတ်ပွဲ အခမ်းအနားများကို ကွင်းပြင်မှာ ကျင်းပတာဖြစ်၍ အအေးဒဏ်ကိုတော့ တက်ရောက်သူတိုင်း ခံကြရရှာတယ်။ သို့သော် အခမ်းအနားပွဲများအတွက် တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းကြရာ၌​ သံဃာ အားလုံးကို ရွှေထီးမိုး၍ လှည့်လည်တန်းစီခြင်းဖြင့် ကြီးကျယ်ခန်းနားစွာ ပြုလုပ်ကြတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီကြောင့် ဘာသာရေးပွဲတော်များ မပြုလုပ်နိုင်တာ ကြာပြီဖြစ်၍လည်းမသိ တက်ရောက်လာကြသော ပရိသတ်ထုကြီးသည် နိုင်ငံပေါင်းစုံမှ သံဃာတော်များကို ဖူးမြင်ကြရ၍ ၀မ်းလည်းဝမ်းသာ၊ ကြည်လည်း ကြည်နူးမိကြတော့ သူတိုဲ့ရဲ့မျက်ဝန်း အိမ်များမှ ၀မ်းသာလွန်းလို့ ကျတဲ့မျက်ရည်တွေဟာ ဖုန်းကွယ်ထားလို့ မရနိုင်အောင် ရှိနေကြခြင်းပါ။ တစ်ချို့ကလဲ ၀မ်းသာကြည်နူးတဲ့အသံတွေနှင့် “နမော အမိတောဘာ” ဆိုတဲ့ ဘုရားရှိခိုးဂါထာကို မမောမပမ်းနိုင်အောင် သံပြိုင်ရွတ်ဆိုနေကြတယ်။ တချို့ကြတော့လဲ  သံဃာတော်များကို အားကိုးသော စိတ်ထားဖြင့် “တပည့်တော်တို့ မာစတာများရဲ့ တပည့်များ ဖြစ်ပါရစေ”တဲ့။

တရုတ်ပြည်ရဲ့ ဓမ္မဒူတ တစ်လခရီးဟာ ပြီးဆုံးခဲ့ပြီ။ နိုင်ငံတော်ရဲ့ပေါ်လစီအရ ဘာသာတရားကို အားပေးအားမြှောက် ပြုမထားသော်လည်း တရုတ်ပြည်သူ၊ ပြည်သားများရဲ့ ဘာသာတရား၌ အခြေခံများ ရှိနေဆဲဖြစ်တာကြောင့် တရုပ်ပြည်ကြီး၌ ထေရ၀ါဒသာသာနာ ပြန့်ပွားရေးအတွက် အားတက်မိခြင်းပါ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလေ့ဖြစ်တဲ့ အလှူအတန်း ရက်ရောမှု၊ တရားဓမ္မများကို နာကြားလိုတဲ့ ထက်သန်သော စိတ်ဆန္ဒများရှိမှု၊ ဗုဒ္ဓဘာသာဝင်များမှ ပေါက်ဖွားလာသော သားစဉ်မြေးဆက်များ ကျန်ရှိနေမှု စသော အကြောင်းများကြောင့် သာသနာပြုစွမ်းရည်ရှိကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း၊ တရုတ်၊ အင်္ဂလိပ်စသော ဘာသန္တရများ တတ်ကျွမ်းကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း၊ ပါဠိ အဘိဓမ္မာတတ်ကျွမ်းကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း၊ တရားဟော တရားပြ ကျွမ်းကျင်တော်မူကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း တရုတ်ပြည်သို့ ဓမ္မဒူတခရီးများ ကြွရောက်တော်မူသင့်ပါကြောင်း လျှောက်ထားလိုခြင်းပါ။ သာသနာပြုရာ၌ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” ဆိုတဲ့ ̏ စံ˝ရယ်၊ တရုတ်ဘာသာတတ်ကျွမ်းခြင်းဆိုတဲ့ ̏ မူ˝ရယ်၊ သိက္ခာသုံးပါးကို စွမ်းနိုင်သမျှ စောင့်ထိန်းခြင်းဆိုတဲ့ ̏ ဂုဏ်˝ သိက္ခာရယ်၊ ဤသုံးမျိုးကို ပေါင်းစပ်ခြင်းဖြင့် စံနမူနာကောင်းတဲ့ ဂုဏ်ရှိတဲ့ သာသနာပြုရဟန်းတော်များ ပေါ်ထွန်းလာနိုင်စေကြောင်း ရည်ရွယ်၍ ဤဆောင်း ပါးကို ရေးသားပါသည်။ ဤဆောင်းပါးဖြင့် သာသနာပြုရဟန်းတော်များအား  ဂုဏ်ပြုပူဇော်ပါ၏။

ချမ်းသာစွာအိမ်စက်နိုင်ကြပါစေ ....။

● 1 The Qing Dynsty, also Empire of the Great Qing, was the last imperial dynasty of China, ruling from 1644 to 1912 with a brief, abortive restoration in 1917. It was preceded by Ming Dynasty and followed by the Republic of China.

● 2 Without climbing the Great Wall, you cannot be a Hero.


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages