22nd Feb 2013 - MoeMaKa Daily
2 views
Skip to first unread message
Maung Yit
unread,
Feb 22, 2013, 2:58:57 AM2/22/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
SF Burmese Community – Free Dental Checkup – Health Drive
ဖေဖော်ဝါရီ ၂၄၊ တနင်္ဂနွေ၊ နံနက် ၉  နာရီ မှ ညနေ ၆ နာရီ၊ အကူအညီလိုအပ်နေသူ ၂၀ ဦး ကို ကြည့်ပေးမည်
San Francisco Burmese Community Organizers၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
       SFBC Organizers & Friends စေတနာ့ဝန်ထမ်းလှုပ်ရှားမှုအဖြစ် စေတနာဝန်ထမ်း အခမဲ့ သွားကျန်းမာရေးစစ်ဆေးမှု ကို လာမည် ဖေဖော်ဝါရီ ၂၄၊ တနင်္ဂနွေနေ့၊ မနက် ၉  နာရီမှ ၆ နာရီအထိ လူနာ ၂၀ ဦးရေကို စစ်ဆေးကြည့်ရှုပေးမည် ဖြစ်ရာ၊ သွားနှင့်ဆိုင်ရာ ကျန်းမာရေးအာမခံမ၀ယ်နိုင်သူများ၊ လက်ရှိတွင် အလုပ်အကိုင်နှင့် ၀င်ငွေ အခက်အခဲရှိသူများနှင့် ၎င်းတို့မိသားစုဝင်များကို အထူးဦးစားပေး စာရင်းလက်ခံပြီးပြီ ဖြစ်ကြောင်း သိရှိရသည်။
စေတနာဝန်ထမ်း အခမဲ့ ကြည့်ရှုမှုပေးမည် ဆရာဝန် ၂ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။
Dr. Ryan Thaw (ဒေါက်တာမောင်မောင်သော်)
Dixon Landing Family Dental Clinic
1786 Milmont Dr Milpitas, CA 95035
Dr. Hla Myaing (ဒေါက်တာ လှမြိုင်)
            Myaing Dental Clinic
770 E Romie Ln, Salinas, CA 93901
ဆေးခန်းမှာ ဒေါက်တာမောင်မောင်သော်၏ ဆေးခန်း - 1786 Milmont Dr. Milpitas, CA 95035 ဖြစ်သည်။
စာရင်းပေးသွင်းထားသူများအနေနှင့် SFBC စေတနာ့ဝန်ထမ်းအဖွဲ့က အောက်ပါ တာဝန်ခံ ၂ ဦးကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုဂျေစင် (510-402-7779) ၊ ကိုကျော်သူရ (415-420-1504)၊
အကူအညီလိုအပ်နေသူ များစွာရှိနေသဖြင့် နောင်တွင်လည်း စေတနာ့ဝန်ထမ်းဆရာဝန်များ၊ ဆေးခန်းများ ထပ်မံစီစဉ်နိုင်ပါက အချိန်သတ်မှတ်ပြီး ဖိတ်ခေါ်သွားမည်ဟု သိရပါသည်။
လာမည့်မေလတွင် ကယ်လီဖိုးနီးယားရှိ သွားဆရာဝန်များအဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာတို့က ဆန်ဟိုးဇေးမြို့တော်တွင် နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အဖြစ် အခမဲ့သွားကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီလိုအပ်နေသူ ကယ်လီဖိုးနီးယား ဒေသခံအားလုံးအတွက် ဆောင်ရွက်ပေးရန် ရှိပါကြောင်းလည်း တင်ပြလိုက်ပါသည်။ မြန်မာဆရာဝန်များကလည်း ထိုကျန်းမာရေးပွဲတော်တွင် သွားရောက် လုပ်အားပေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
Posted by Maung Yit at 11:47 PM 0 comments  
Pann Thee - One Comedian Show Collection from YouTube
ပန်းသီးရဲ့ တကိုယ်တော် ဖျော်ဖြေပွဲ ယူကျုပေါ်ရောက်
မိုးမခရုပ်သံ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
၂၀၁၂ နိုဝင်ဘာလဆန်းက ရန်ကုန်ြမို့မှာ ပန်းသီးရဲ့ တကိုယ်တော်ဖျော်ဖြေမှုနဲ့ ပဒေသာကပွဲက ရုပ်သံကောက်နုတ်ချက်များဖြစ်ပါတယ်။
Posted by Maung Yit at 11:11 PM 0 comments  
Labels: MoeMaKa VDO
Paris Maung - Learning French 4
ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၄)
Lesson 4 ( Leçon 4  )    
ပါရီမောင်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
Pronoms Personnels , Verbes
ပြုလုပ်သူ နာမ်စားများ  ကြိယာများ
Pronom Personnel  သည် လူတဦး သို့မဟုတ် လူအများ ၊ အရာဝထ္တု တခု သို့မဟုတ် အများ က အကြောင်းအရာ တခုခုကို ပြုလုပ် ကြောင်းပြောဆိုရာတွင် ထိုပြုလုပ်သူ၏ အမည်နာမကို ထပ်ခါတလဲလဲ ရေရွတ်နေခြင်း မှ ရှောင်ရှားရန် အစားထိုး သုံးစွဲရသော ပြုလုပ်သူ နာမ်စားဖြစ်ပါသည်။
အလွယ်မှတ်ရန်မှာ ပြုလုပ်သူ နာမ်စား သို့မဟူတ်   ကတ္တား ပုဒ် ဖြစ်ပြီး ကြိယာ ၏ ရှေ့တွင် အမြဲ ထား၍ သုံးရမည်။ ( ချွင်းချက်အားဖြင့် အမေး ဝါကျတွင် သာ ကြိယာကို ရှေ့တွင်ထား ရမည်)
အဆင့် ၃ ဆင့် ခွဲ ခြားနိုင်ပါသည်။
၁။ ပထမလူ မိမိ ကိုယ်တိုင်ကို ကိုယ်စားပြုသော    " je "   ကျနော်၊ ကျမ၊ ကျွနုပ်  စသဖြင့် ( I )
၂။ ဒုတိယ လူ အပြောခံ ဖြစ်သော     " tu "  ခင်ဗျား၊ ရှင် ၊ နင် ၊ မင်း ၊ အသင် ၊ မောင်ရင် ( you )
၃။ တတိယလူ သို့မဟုတ် အရာဝထ္တု ဖြစ်သော  "  il / elle "  သူ ၊ သူမ             ( he / she /it)
ဟူ၍ ပြုလုပ်သူဆိုင်ရာ နာမ်စား ၃ မျိုး ဖြစ်လာပါသည်။ ထို ၃ မျိုးမှာ အနည်းကိန်းဖြစ်၍  ထို ၃မျိုးကို အခြေခံပြီး ဖြစ်လာသော အများကိန်း ၃မျိုး နှင့် ဆိုပါလျှင် စုစုပေါင်း ၆မျိုး ရှိလာပါသည်။ အောက်တွင်ကြည့်ပါ။
                                    Singulier  အနည်းကိန်း                                   Pluriel            အများကိန်း
1  Personne --       Je  ( ရ ရ် )အသံထွက်ရေး၍မရပါ                   Nous   နူ
                            ကျနော်၊ ကျမ ၊ ကျွနုပ်                                   ကျနော်တို့၊ ကျမတို့၊ ကျွနုပ်တို့
2  Personne   --       tu   ကျူ                                                      Vous  ဗူ
                           ခင်ဗျား ၊ ရှင်၊ သင် ၊မင်း ၊ မောင်ရင်            ခင်ဗျားတို့၊ ရှင်တို့၊ သင်တို့၊မောင်ရင်တို့
3 Personne   --       il / elle   အီလ် / အယ်လ်                  ils / elles အီလ်/အယ်လ်sသံမထွက်)
                            သူ / သူမ                                                      သူတို့ / သူမတို့
အောက်ပါဇယား အတိုင်း မှတ်သား၍  နောက်ပိုင်းတွင် ကြိယာပုံစံ  Verb Form ( Conjugaison) များပြုလုပ်သည့်အခါတွင် ယခုပုံစံ အတိုင်းသာ ထည့်သွင်း ပြုလုပ်သွားခြင်းဖြင့်  ကိုယ်တိုင် စာကြောင်းများ တည်ဆောက်ရာတွင် လွယ်ကူ ပါမည်။ ထို့အပြင် ပိုင်ဆိုင်မှု ကိုပြဆိုသောPronoms Possessifs  ၊ ပစ္စည်းနှင့် သက်ရှိများကို ညွှန်းဆိုသော Pronoms Démonstratifs ၊ Pronoms Relatifs များ ၏အခန်းတွင် မှတ်သားရလွယ်ကူပါမည်။
အသံထွက်အမှန် ရရန်အတွက် အောက်ပါလင့်ကို နားထောင်လေ့ကျင့်ပါ။  " Je " ၏ အသံကိုအတိအကျ ရေးပြ၍ မရပါ။
" tu " ဆိုသော အသုံးအနှုံးကို  ရှင်းပြလိုပါသည်။ အနည်းကိန်း အနေနှင့်  ခင်ဗျား၊ မင်း  ရှင် ဟုသုံးစွဲရပြီး အင်္ဂလိပ်လို  "you"  ၏နေရာတွင် သုံးသည်။ သို့သော်လည်း  မိမိ သူငယ်ချင်း ရင်းနှီးပြီးသောသူ ၊ မိမိထက် အသက် ကြီးသော်လည်း လုပ်ငန်းခွင်တွင် အတူတူ အလုပ်လုပ်နေပြီး ရာထူးအနေနှင့် သိပ်မကွာလှသူ၊ မိမိ၏ မိသားစုဝင်ထဲမှ တယောက်ယောက် ကို ပြောဆို သုံးစွဲရာတွင် " tu "  ကိုအသုံးပြုရပါသည်။
" vous "  ကို သုံးရာတွင်လည်း အရေးကြီးပါသည်။ အင်္ဂလိပ်လို  "you"  ဟု အဓိပ္ပါယ် ရပြီး အများကိန်းဖြစ်သော ခင်ဗျားတို့ ၊ ရှင်တို့ ၊ မင်းတို့ ဟူ၍  ယောကျာ်း၊ မိန်းမ များအားလုံးကို ခေါ်ဆိုသုံးနှုံးပါသည်။သို့သော်လည်း ရာထူးကြီးသောသူများ ၊ ကိုယ်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသောသူများ၊ မိမိထက် အသက် ကြီးသောသူများကို  ရိုသေမှု ပြုသောအားဖြင့် တဦးထဲပင်ဖြစ်စေ ကာမူ  " vous "  ကို သုံးရမည်။
" il / elle  "   အသုံး အနှုံးသည် သက်ရှိ ကိုသာမက  သက်မဲ့ အရာဝထ္တု များကိုပါ အဖို၊ အမ ကိုလိုက်၍ သုံးစွဲပါသည်။  အများကိန်း တွင် "s " ပါသော်လည်းနောက်ဆုံးစာလုံး အများစု အသံမထွက်ရသည့် မူအရ အသံထွက် တူသည်။
J'ai  une voiture. Elle est belle .    ရေ အယူးန်းဗွားကျူး ၊ အယ်လ် လေ ဘဲ လ်
ကျနော့်တွင် ကားတစီးရှိသည်။ သူမသည် လှသည်၊   ( ကားသည် အမနာမ် ဖြစ်၍ သူမ ဟုသုံးစွဲသည် )
Les Verbes 
ကြိယာများ
ဝါကျတကြောင်းကို ရေးသားရာတွင်၎င်း ၊ ကတ္တား ပုဒ် တခု၏ လုပ်ဆောင်မှု ကို ဖေါ်ပြရာတွင်၎င်းလုပ်ဆောင်မှု ကို ဖေါ်ပြသည့် ကြိယာ မပါပဲ စာကြောင်းရေးသား၍ မရပါ။
Je suis étudiant.  ကျနော် ကျောင်းသားဖြစ်သည်။(ဖြစ်ခြင်းပြကြိယာ) ပြောသူမိန်းကလေး ဖြစ်လျင် étudiante   ဟူ၍  နာမ်၏ အမနာမ် ဖြစ်ခြင်းကို ချိန်ညှိပေးရမည် ။  ( Accord )
Elle a une voiture.  သူမမှာ ကားတစီး ရှိ သည်။  ( ရှိခြင်းပြကြိယာ)
Nous regardons un film.  ကျနော်တို့ ရုပ်ရှင် ကြည့် သည်။ ( ကြည့်သည်ဆိုသော ကြိယာ)
ကြိယာများကို သုံးစွဲရာတွင် .....
မူရင်းကြိယာဖြစ်သော  Verbe Infinitif  ကို တိုက်ရိုက် သုံးစွဲခြင်းမပြုရပါ ၊ ဆိုလိုသည်မှာ ကတ္တား ပုဒ်တခု
Sujet ) ကို ကြိယာ  ( verbe ) တခုနှင့် တိုက်ရိုက် တွဲဖက် မသုံးရပါ ။
ဥပမာ ...  ကျနော် ရုပ်ရှင်ကြည့်သည် ... ဆိုသော ဝါကျတည်ဆောက်ရန် အတွက် ၊ ကြည့်သည် ဆိုသည့် ကြိယာ အတွက် "watch" စာလုံးကို English - French Dictionaryမှာရှာသောအခါတွင်  " regarder "  ဆိုသော   Verb  ကိုတွေ့ပါမည်။
တိုတွေ့ရှိသော  " regarder " စာလုံးသည်  Verbe Infinitif  သာဖြစ်နေသေးသည့် အတွက်Subject နှင့် တွဲ ၍ ဒီတိုင်းသုံး၍ မရသေးပါ ။( Conjugaison ) ဆိုသော  Verb Form  ကို ပြလုပ်ပေးရပါမည်။
အင်္ဂလိပ် ဘာသာနှင့် ယှဉ်ပြီးပြောရလျှင်
သွားသည် ဆိုသော ကြိယာ   "  go " သည် ကတ္တားပုဒ် များနှင့်တွဲ သုံးသောအခါတွင်
အများကိန်း အတွက်   we go , I go   ဖြစ်၍
ပါရီမောင်တို့ကို  ဒုက္ခပေးခဲ့တဲ့ ပြင်သစ်ဘာသာကတော့ ထိုသို့မဟုတ်ပါ ။ ဒီတပါတ် သင်ခန်းစာ ရဲ့ အစဖြစ်တဲ့  Pronom Personnel   , Sujet  လို့ ခေါ်ရမဲ့  ကတ္တား ပုဒ် တွေ ၆မျိုး နဲ့ တွဲ ဖို့ အတွက်  ပစ္စုပ္ပါန် ကာလ  အတွက် Verb  တခုချင်းကို  ၆မျိုး သိရပါတော့မယ် ။ ပြင်သစ်စာရဲ့ အခက်ခဲဆုံးတွေထဲက တခုပါ ။ ( Conjugaison ) ဟုခေါ်ပါသည် ။ ဒီအတွက် အဘိဓါန်လို Verbe Conjugaison  စာအုပ် သပ်သပ်ရှိပါသည်။
ခုနက ရုပ်ရှင် ကြည့်သည် ဆိုတဲ့ စာကြောင်းကို ပြန်ပြောရရင် ၊ ကြည့်သည် ဆိုတဲ့  " regarder "Verb အတွက်  ရေးရမယ်ဆိုရင်  ....
Je regarde un film.     ရရ် ရဂါတ်ဒ်  အန် ဖင်းလ်မ်း ၊            ကျနော် ၇ုပ်ရှင်တကားကြည့်သည်။
Tu regardes  un film.    ကျူ  ရ ဂါတ်ဒ် အန် ဖင်းလ်မ်း ၊        နင်/ခင်ဗျား၇ုပ်ရှင်တကားကြည့်သည်။
Il/ Elle  regardes  un film.  အီလ် / အယ်လ်  ရ ဂါတ်ဒ် အန် ဖင်းလ်မ်း ၊   သူ/သူမ ၇ုပ်ရှင်တကားကြည့်သည်။
Nous regardons  un film. နူ  ဂါတ်ဒ်ဒွန် အန် ဖင်းလ်မ်း        ကျနော်တို့၇ုပ်ရှင်တကားကြည့်သည်။
Vous regardez  un film.  ဗူ   ဂါတ်ဒ် ဒေ အန် ဖင်းလ်မ်း         ခင်ဗျားတို့၇ုပ်ရှင်တကားကြည့်သည်။
Ils / Elles regardent  un film.  အီလ်/အယ်လ်  ရ ဂါတ်ဒ် အန် ဖင်းလ်မ်း ၊     သူတို့ /သူမတို့ ၇ုပ်ရှင်တကားကြည့်သည်။   (  il / elle   အနည်းကိန်းနှင့် အသံထွက်အတူတူ   )
ပြင်သစ်ဘာသာနဲ့ ပြောဆို၊ ရေးသားနိုင်ဖို့ အတွက် ပစုပ္ပါန် ကာလ  Present Tenseအတွက်သုံးနှုံး ဖို့ ကိုပဲ  Verb  တခု ရဲ့ ပုံစံ ၆မျိုးကတော့ မလွဲ မသွေ သိရပါမယ်။  သဒ္ဒါ နည်းမှန်ကန်စွာ ပြောဆိုနိုင် ဖို့၊ သို့မဟုတ် အလယ်အလတ်အဆင့် အတွက် အချိန်ကာလပြပုဒ်Tense  ၆မျိုးလောက်ကတော့ တတ်ရပါမယ် ။  Verb တလုံးတွေ့တိုင်း အဲဒီပုံစံ ၆မျိုး နဲ့ အလွတ်ရနေဖို့လိုပါတယ် ။ 
လန့်မသွားပါနဲ့ဦး ။ Verb အုပ်စုတွေ ကို ခွဲခြားထားတာ ကို အလွယ်မှတ်နည်းတွေ ရှိပါသေးတယ် ။ တချို့ သီးသန့်Verb တွေကိုသာ အသေမှတ်ရပါမယ် ။
Verb တိုင်းကို အသံထွက် မပေးနိုင်ရင်လဲ အောက်က လင့် အတိုင်း ပုံစံဝင်အောင်လေ့ကျင့်ပါ။ မကြာခင် သင်ခန်းစာတွေမှာ Preposition, Adjective တွေ နဲ့  နှုတ်ဆက် စကားပြောတာတွေ ၊ စားသောက်ဆိုင် ၊ ဈေးဝယ်ထွက် တာတွေ  စတဲ့ စကားပြော သင်ခန်းစာတွေကို အသံဖိုင်နဲ့ အတူ ရှင်းပြပြီး Grammar ဆက်ကြတာပေါ့နော် ။
ဆရာနဲ့ အွန်လိုင်းမှာ ဆက်သွယ်မေးမြန်းနိုင်ဖို့  paris...@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။
Posted by Maung Yit at 10:34 PM 0 comments  
Hinthada electricity distruption season
ဟင်္သာတ EPC က ၀န်ထမ်းတွေရဲ့ မီးဖြတ်တဲ့ရာသီချိန်ရောက်ပြီ
ဟင်္သာတမီဒီယာ၊ ဖေဖော်ဝါရီ ၂၁။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် အလှည့်ကျမီးပေးစနစ်ကို စတင်ကျင့်သုံးနေသည်မှာ သီတင်း နှစ်ပတ်ခန့် ရှိနေပြီဖြစ်သည်။ မြို့ပေါ်တွင် အုပ်စုများခွဲထားပြီး အုပ်စုတစ်စုစီကို ၃ နာရီခြားတစ်ခါ မီးဖြတ်တယ်လို့ သိရပါသည်။ ယခုလို ကျောင်းသားများ စာမေးပွဲဖြေချိန်နီးကပ်လာတဲ့ အချိန်မှာ ညပိုင်းမီးမလာတဲ့အခါ ကျောင်းသားများ စာကျက်ရန် အလွန်ပင် အခက်အခဲ ဖြစ်နေတယ်လို့ ကျောင်းသားမိဘများက ပြောပါသည်။
အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးနေသည်ဆိုသော်လည်း အမြဲတမ်းလိုလို မီးမပျက်သည့် အုပ်စုတစ်စု ရှိကြောင်း၊ ထိုအုပ်စုမှာ VIP လိုင်း ဆိုသည့် အုပ်စုဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“ VIP လိုင်းဆိုတာကတော့ အရေးကြီးတဲ့ နေရာတွေပေါ့၊ ဥပမာ- ဆေးရုံတို့၊ ထောင်တို့၊ ရဲစခန်းတို့၊ ဆိုတာတွေ မီးမပျက်တာ လက်ခံတယ်ဗျာ၊ ပြောချင်တာက အစိုးရရုံးတွေ၊ ရုံးတွေမှာ မီးကိုထွန်းချင်သလိုထွန်းထားကြတာ၊ ညပိုင်းတွေဆိုလည်း ထိန်ထိန်ငြီးနေတာပဲ၊ အဲလို အလဟသတ်ထွန်းထားမယ့်အစား၊ ညပိုင်းမှာ လူနေရပ်ကွက်တွေကို ပိုပြီး မီးပေးစေချင်တာ၊ ကျောင်းသားတွေ ဖယောင်းတိုင်မီးနဲ့ စာကျက်ရတာ တော်တော်ဒုက္ခရောက်နေတယ်၊ ပိုပြီးဆိုးတာက တချို့ လျှပ်စစ်မီးအသုံးပြုရတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ တချို့အိမ်တွေကျတော့ EPC က လိုင်းမင်းတွေနဲ့ပေါင်းပြီး VIP လိုင်းကို ချိတ်ထားကြတာ၊ အဲတာတွေက ဟိုးအရင်ထဲက လုပ်စားလာကြတာ ကြာနေပြီ၊ တိုင်လိုက်လို့ စစ်ဆေးရေးလာမယ်ဆိုရင် လိုင်းမင်းတွေက ကြိုပြီးတော့ သူတို့ပိုက်ဆံယူပြီးချိတ်ပေးထားတဲ့ လိုင်းတွေကို VIP လိုင်းကနေ ရိုးရိုးလိုင်းကို ပြန်ပြောင်းပေးတာ၊ အဲဒီတော့ လာစစ်တဲ့အဖွဲ့လည်း ဒီတိုင်းပြန်သွားရတဲ့ အကြိမ်တွေ နည်းမှ မနည်းတာပဲ၊ ခုလည်း EPC က လိုင်းမင်းတွေက အရင် ချိတ်ခဲ့တဲ့လူတွေကိုပဲ VIP လိုင်းပြန်ချိတ်မလားလို့ လိုက်ညှိနေကြပြီ၊ ခုလို စာမေးပွဲချိန်တွေကိုတော့ မီးပေးဖို့ကောင်းပါတယ်ဗျာ ”
ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ယခုလို မီးခဏခဏ ပျက်တဲ့အချိန်မျိုးဟာ EPC က လိုင်းမင်းတွေရဲ့ ရာသီချိန် ဖြစ်နေကြောင်း သိရပါသည်။
Posted by Maung Yit at 10:00 PM 0 comments  
Saw Ngo, What next after Inn Lay
ကာတွန်း စောငို - အင်းလေးမှာ ရွာတဲ့မိုး …
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
Posted by Maung Yit at 9:43 PM 0 comments  
Labels: Cartoon BoxSaw Ngo
Ku Mo Jo - National Reconciliation ...
ကာတွန်းကူမိုးကြိုး - အမျိုးသားပြန်လည်သင့်မြတ်ရေးတဲ့ကွ၊ အမျိုးသမီးတွေမပါဘူး
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃
Posted by Maung Yit at 9:23 PM 0 comments  
Salai Shwe Linn - Midfielder & Football Lessons
ဦးရွှေချိန်၏ ဘောလုံးသင်တန်းနှင့် အလယ်တန်းကစားသမားတဦး
ဆလိုင်းရွှေလင်း၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
          ကျနော်သည် မူလတန်းပညာကို မော်လမြိုင်မြို့၊ ရတနာဘုံပျံ၊ အမက တွင် ၅ နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။ ၁၉၇၃ မှ ၁၉၇၈ အထိဖြစ်ပါသည်။ ထိုကျောင်းသည် မော်လမြိုင်ရှိ အခြားသော မူလတန်းကျောင်းများနှင့် မတူသော အချက်များ ရှိသည်။
          ပထမအချက်မှာ အခြားကျောင်းများတွင် နံနက် ၉း၃၀ မှ ညနေ ၃း၃၀ အထိ တက်ရသည်။ ရတနာဘုံပျံတွင် နေ့ခင်း ၁၂ နာရီမှ ညနေ ၅း၃၀ အထိ တက်ရသည်။ ရတနာဘုံပျံတွင် တောင်ရိုးတန်းတလျောက်ရှိ ဘုန်းကြီးကျောင်းသားများသာ အဓိကတက်ရောက်ကြသဖြင့် ဆွမ်းခံချိန်၊ ဆွမ်းစားချိန်နောက်ပိုင်းတွင်သာ ကျောင်းတက်ရသည်။ အချို့သောပညာရေးမှူးများက အခြားကျောင်းများကဲ့သို့ နံနက် ၉း၃၀ တွင် စတက်ရန် ညွှန်ကြားလေ့ရှိသော်လည်း ကျောင်းအုပ်ကြီးနှင့် ဆရာတော်များက အကျိုးအကြောင်း ရှင်းပြရမြဲ ဖြစ်သည်။
          ဒုတိယအချက်မှာ ကျောင်းအဆောက်အဦး ၂ ခုလုံးသည် ရတနာဘုံပျံဆရာတော်ကြီးက ပညာရေးအတွက် အသုံးပြုခွင့်ပေးထားသော သာသနိကအဆောက်အဦများဖြစ်ခဲ့၏။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျခံဆောက်လုပ်ခဲ့ခြင်း မဟုတ်ပေ။ လွတ်လပ်ရေးမရမီ (သို့မဟုတ်) လွတ်လပ်ရေး ရခါစလောက်တွင် တောင်ရိုးတန်းတလျောက်ရှိ ဆရာတော်များ၏ ဆန္ဒအရ ရတနာဘုံပျံဆရာတော်ကြီးက ဦးဆောင်၍ ဘုန်းကြီးကျောင်းသားများလည်း လောကီအတန်းပညာများကို သင်ယူခွင့်ရကြစိမ့်သောငှာ ပညာရေးဌာနသို့ မေတ္တာရပ်ခံ ဖွင့်လှစ်ခဲ့ကြကြောင်း သိရ၏။
          တတိယအချက်မှာ ဆရာ၊ ဆရာမများသည် တပည့်များအပေါ် သားသမီးအရင်းတမျှ အနွံတာခံခဲ့ကြခြင်း ဖြစ်သည်။ ထိုခေတ်က အခြားသောဆရာ၊ ဆရာမများသည်လည်း များသောအားဖြင့် တပည့်များအပေါ် စေတနာအပြည့်အ၀ထား၍ အပင်ပန်းခံ သင်ကြားပေးခဲ့ကြသည်သာ ဖြစ်ပါသည်။ (ထိုသို့ ပြုမူသင်ကြား၍ လောက်သောလစာနှင့် အသိအမှတ်ပြုမှု၊ လေးစားမှုများကိုလည်း ရခဲ့ကြသည်ဟု သိရပါသည်။) ရတနာဘုံပျံဆရာများကတော့ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြသော ဘုန်းကြီးကျောင်းသားများအပေါ် ပို၍ အပင်ပန်းခံပေးကြရ၏။
          ဥပမာ - ကျနော်သည် စတုတ္ထတန်းမဖြေမီ ခြေအဆစ်လွဲ၍ ကျောက်ပတ်တီးစီးထားရ၏။ လုံးဝလမ်းမလျောက်နိုင်ပါ။ ဆရာကြီးဦးရွှေချိန် (မွန်လူမျိုး) က စာမေးပွဲဖြေရသောနေ့များတွင် စက်ဘီးဖြင့် အကြိုအပို့လုပ်ပေး၏။ ထိုစဉ်က စတုတ္ထတန်းမှာ မြို့နယ်စစ် ဖြစ်၍ မြို့ထဲရှိအခြားကျောင်းတွင် ဖြေရ၏။ ဆရာကြီးရောက်လာလျင် စက်ဘီးကိုရပ်၊ ဒေါက်ထောက်၍ ကျနော့်ကို ပွေ့ချီပြီး စက်ဘီးနောက်ခုံတွင် တင်၏။ စာဖြေဌာနသို့ ရောက်လျင် စက်ဘီးကိုရပ်၍ ဒေါက်ထောက်ပြီးနောက်၊ ကျနော့်ကို ပွေ့ချီကာ စာဖြေခန်းသို့ ပို့ပေး၏။ ထိုရွေ့ ထိုမျှ အနွံတာခံသော ဆရာများဖြစ်ပါသည်။
          စတုတ္ထအချက်မှာ ကျနော်တို့နေခဲ့စဉ်က ရတနာဘုံပျံ အမကသည် မူလတန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမြဲလိုလို ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ဗိုလ်စွဲရခြင်းအကြောင်းရင်းမှာ ၂ ချက်ဖြစ်မည်ဟု ထင်ပါသည်။ တစ်အချက်မှာ ကျောင်းသားချင်း ယှဉ်လျင် ကျနော်တို့ကျောင်းက အားကစားသမားများ ပို၍ လူကောင်ထွားနေကြသည်။ ဘုန်းကြီးကျောင်းသားများမို့ ဟင်းပေါင်းကို မှီဝဲသဖြင့် ပို၍ လူကောင်ထွားနေကြခြင်းမျိုးလည်း ဖြစ်နိုင်သလို၊ အခြားကျောင်းများက စွပ်စွဲသလို ပို၍အသက်ကြီးနေကြခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ကျေးလက်တောရွာတွင် အရွယ်ကြီးလာခဲ့ပြီး ဘုန်းကြီးကျောင်းရောက်မှ စာသင်ဖို့ ကျောင်းအပ်တော့ မွေးနေ့သက္ကရာဇ်ကို ဖြိုသူများလည်း ရှိနိုင်သည်။ အချို့ကတော့ ထင်ရာမြင်ရာမွေးနေ့ကို ပေးလိုက်ခြင်းမျိုးလည်း ရှိနိုင်သည်။           ဥပမာ - ကျနော့်မွေးနေ့ကို ဘခင်က တမျိုးပြော၍ မိခင်က တမျိုးပြောသည်။ နောက်အချက်မှာ ဆရာကြီးဦးရွှေချိန်က ဘောလုံးကန်သောနည်းပညာကို စနစ်တကျသင်ပေးခြင်းကြောင့် ဖြစ်သည်။
          ဆရာကြီးက အချိန်ပိုခေါ်၍ ဘောလုံးနည်းပညာကို စာသင်သကဲ့သို့ သင်ပေးသည်။ ဟိုစဉ်က မတွေးခဲ့မိသော်လည်း ယခုအချိန်ပြန်တွေးလိုက်သောအခါ ထူုးခြားနေသည်မှာ ဘောလုံးအသင်းတွင် မပါဝင်သူများကိုလည်း စာသင်ခန်းမှာ လက်ခံခြင်းဖြစ်သည်။ ကျနော်လည်း ဘောလုံးကန်သူမဟုတ်သော်လည်း သွားရောက် နားထောင်သည်။
          ဆရာကြီးက သင်ပုန်းကြီးပေါ်တွင် ဘောလုံးကွင်းပုံစံကို အကျအနဆွဲ၍ ဘောလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သင်ကြားပေးပါသည်။ ယနေ့တိုင် မှတ်မိနေသောအချက်မှာ ရှေ့တန်းကစားသူများ၊ အလယ်တန်းကစားသူများ၊ နောက်တန်းကစားသူများ၊ ဂိုးဖမ်းသူ စသည်ဖြင့် သူ့နေရာနှင့်သူ တာဝန်ကို ရှင်းရှင်းလင်းလင်း သင်ပြမှုများ ဖြစ်ပါသည်။ နောက်တန်းကစားသူများ၊ ဂိုးဖမ်းသူသည် ဂိုးသွင်းမခံရရေးကို အဓိကတာဝန်ယူ၍ မည်သို့မည်ပုံ ကာကွယ်ကြရမည်ကို ရှင်းပြ၏။ အလယ်တန်းကစားသူများသည် ဂိုးသွင်းမခံရရေးအတွက် လိုအပ်သလို အားစိုက်ကြိုးပမ်းရသလို မိမိဖက်က ဂိုးရရေးအတွက် ရှေ့တန်းကစားသူများကို ပံ့ပိုးဖန်တီပေးနိုင်ရန် မည်သို့မည်ပုံ ကစားကြရမည်ကို ရှင်းပြ၏။ အခွင့်သာ၍ လိုအပ်လျင်လည်း ကိုယ်တိုင် ဂိုးသွင်းနိုင်ကြောင်းလည်း ရှင်းပြ၏။ ရှေ့တန်းကစားသမားများသည် ဂိုးသွင်းခွင့်ရဖို့ အဓိကတာဝန်ရှိကြောင်း၊ အလယ်တွင်း ကစားသူများက ဘယ်လောက်ပင် ဖန်တီးဖန်တီး၊ နောက်တန်းကစားသူများက ဘယ်လောက်ပင် ကာကွယ်ကာကွယ်၊ ရှေ့တန်းကစားသူများက ဂိုးသွင်းနိုင်ခြင်း မရှိလျင် အောင်မြင်သောအဆုံးအဖြတ်ကို မရနိုင်ကြောင်း သင်ပေး၏။ ဂိုးသွင်းခွင့်ရလျင်လည်း မိမိတဦးတည်း အစွမ်းအစကြောင့် မဟုတ်ဘဲ အသင်း၏ စုပေါင်းစွမ်းအားကြောင့် ဖြစ်ကြောင်း ခံယူရမည်ဟု သင်ပေးပါသည်။
          ကျနော်တို့ ဘုန်းကြီးကျောင်သားများမှာ မြို့ထဲက ကျောင်းသားများလို ဘောလုံးအစစ်ကို ၀ယ်၍ ကန်နိုင်သူများ မဟုတ်၊ အ၀တ်စုတ်ကို လုံးချီ၍ ဘောလုံးအမှတ်ဖြစ် ခပ်ကြမ်းကြမ်း အနာခံကစားခဲ့ကြသူများဖြစ်ရာ ယခုလို နည်းစနစ်မှန်မှန် သင်ပေးလိုက်သောအခါ ဘယ်မှာ မနိုင်ဘဲ ရှိတော့မည်နည်း။ အမြဲလိုလို ဗိုလ်စွဲတော့သည်သာလျင်တည်း။ ကားပေါ်တွင် ဒိုင်းဆုကို ကိုင်မြောက်၍ (ဘုံပျံ ဘုံပျံ ဒိုင်း ဒိုင်း) ဟု အသံဝင်အောင် အော်ဟစ်ခဲ့ရပုံများကို ပြန်လည်မြင်ယောင်နေမိပါသည်။
          မြို့ထဲရှိ အမကကျောင်းများမှ ဆရာနှင့် မိဘအချို့သည် ဘုံပျံကို ရှုံးသဖြင့် မကျေနပ်ကြ။ အသက်ကွာသည်။ လူကောင်ထွားသည် ဟု စွပ်စွဲကြသည်။ သို့သော် အမကကျောင်းပေါင်းစုံ ပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်ကို တိတိကျကျသတ်မှတ်ထားခြင်း မရှိ၍လား (သို့မဟုတ်) ဘုံပျံ အမက ကစားသမားများ သက္ကရာဇ်ဖြိုထားခြင်းကြောင့်လား မသိ။ ထိုပြသနာကြီးထွားမလာချေ။ အချို့က မကျေနပ်ကြသော်လည်း အများစုကတော့ မုဒိတာပွားနိုင်ကြပါသည်။ ယခုအချိန်ပြန်စဉ်းစားမိတော့မှ ပညာဆင်းရဲသော တောရွာကျေးလက်မှ လာတဲ့ ကျောင်းသားလေးတွေ ပညာတတ်ပါစေ။ ပျော်ကြပါစေဟု စေတနာထားနိုင်ခဲ့ပုံကို ချီးကျုးမိပါတော့သည်။ (ငါတို့ ညစ်လို့ရတယ်၊ အားနည်းသူတွေကို ပြန်နှိပ်စက်လိုက်ဦးမယ်) ဟု မြို့ခံများက စဉ်းစားခဲ့ခြင်း မရှိပါ။ ထိုအချက်နှင့်ပင် မော်လမြိုင်မြို့သားတွေ စိတ်ဓာတ်မြင့်မြတ်ခဲ့တာကို သတိရစရာ ဖြစ်ပါသည်။
          ကျနော်သည် ယခုအခါ ဘာသာရေးအသင်းအဖွဲ့၊ ပရဟိတအသင်းအဖွဲ့အချို့တွင် ပါဝင်ဆောင်ရွက်နေပါသည်။ ဘာသာရေးအသင်းနှင့် ဘောလုံးအသင်းသည် တူညီခြင်း မရှိသော်လည်း မည်သည့်အသင်းဝင်များမဆို စည်းလုံးညီညွတ်စွာ တာဝန်ကိုယ်စီ ကျေပွန်ကြပါမှ အောင်မြင်နိုင်မည် ဆိုတာကိုတော့ ဆရာကြီး ဦးရွှေချိန်၏ သင်ပြမှုကြောင့် သိနေခဲ့ပါသည်။
          "ချင်းဗုဒ္ဓသာသနပါလက" အဖွဲ့ကို ချင်းလူမျိုးဗုဒ္ဓဘာသာဝင်များက စည်းလုံးညီညွတ်စွာ သာသနာတော်အရေး ဆောင်ရွက်နိုင်ကြစေရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ချင်းရောင်ခြည် ဓမ္မမဂ္ဂဇင်းကို ထုတ်ဝေဖို့ ကျနော် လောဆော်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်အချို့ကို ထိုမဂ္ဂဇင်းမှနေ၍ အကောင်အထည်ဖော်နိုင်ကြောင်း တင်ပြခဲ့ပါသည်။ သို့သော် အလှူငွေရော၊ စာမူများပါ ကျနော် မစိုက်ထုတ်၊ မလှူဒါန်းနိုင်ပါ။ ဦးဆောင်ဆရာတော်များ၊ နာယကလူကြီးများ၊ အမှုဆောင်များက ၀ိုင်းဝန်းလိုက်ကြရာ မဂ္ဂဇင်းများ ပေါ်ထွက်လာနိုင်ခဲ့ကြပါသည်။ ကျနော်က အလယ်တန်းကစားသမားဖြစ်၍ ရှေ့သို့ တင်ပို့လိုက်သော ဘောလုံးကို ရှေ့တန်းတိုက်စစ်မှူးများဖြစ်သော ဦးဆောင်ဆရာတော်များ၊ နာယကကြီးများ၊ အမှုဆောင်များ၊ အလှူရှင်များက ဂိုးသွင်းပေး၍ အောင်ပွဲခံနိုင်ခဲ့ကြပါသည်။
          ကွယ်လွန်သူ ဒေါက်တာကြည်စိုး (ညွှန်ချုပ်)၏ ဇနီး ဗိုလ်ကြီးစုစု (ငြိမ်း) နှင့် သားသမီးများသည် ရွှေတိဂုံဘုရားဖူး ကုသိုလ်တော်ကို ဆောင်ရွက်နေကြောင်း ကြားသိရ၍ စတင်ဆက်သွယ်ခဲ့ပါသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင် အဖိုးအဖွားများကို ဘုရာဖူးခေါ်ချိန်တွင်မူ ကျနော်က ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် ရပ်ဝေးသို့ ရောက်ရှိနေပါသည်။ သို့သော် ဦးဆောင်ဆရာတော်များ၊ နာယကကြီးများ၊ အမှုဆောင်များက ဒေါ်စုစုနှင့်အတူ ဂုဏ်ယူဖွယ်၊ သာဓုခေါ်ဖွယ်ဖြစ်အောင် ၀ိုင်းဝန်းဖော်ဆောင် ခဲ့ကြပါသည်။
          ကျနော်က အလယ်တန်းကစားသမားအဖြစ် မမှီတမှီ ကန်ပို့ခဲ့သောဘောလုံးကို ရှေ့တန်းတိုက်စစ်မှူးများဖြစ်သော ဒေါ်စုစုနှင့် ပါလကအဖွဲ့က ရအောင်ယူ၍ ဂိုးသွင်း အောင်နိုင်ခဲ့ကြပါသည်။ ကျနော်ကတော့ တာဝန်မကျေသလိုခံစားခဲ့ရ၏။ သို့သော် ဂိုးသွင်းနိုင်သူများကြောင့် အားတက်ရွှင်လန်းခဲ့ရပါသည်။ အားကိုးစရာ တိုက်စစ်မှူးများရှိနေသ၍ ကျနော် ဘောလုံးကန်ရတာ မောမည် မဟုတ်ပါ။
(ဆလိုင်းရွှေလင်း)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
Posted by Maung Yit at 2:34 PM 0 comments  
Letter to Moemaka
ဆိုင်ကယ်တိုက်မှုတစ်ခုနှင့် ပတ်သက်၍ တာဝန်ကျ ဒုရဲအုပ်မှ ရဲစခန်းပေါ်တွင် ခြိမ်းခြောက်ငွေတောင်း
ဟင်္သာတသား
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နတ်မော်လမ်း ဝေလာဘလမ်းဆုံတွင် (၁၆-၂-၂၀၁၃) စနေနေ့ည ၈ နာရီ ၃၀ မိနစ်ခန့် အချိန်၌ ဆိုင်ကယ်နှစ်စီး မတော်မဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည် ဟု သိရသည်။ ထို ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်၍ ဟင်္သာတမြို့ အမှတ်(၁) ရဲစခန်းမှ ယာဉ်တိုက်မှုဖြစ်ပွားသူ နှစ်ဦးစလုံးနှင့် ဆိုင်ကယ်များကို သိမ်းဆည်းခဲ့ပါသည်။ စခန်းမှ ဒုရဲအုပ်စိုးစိုးထွန်းသည် (၁၉-၂-၂-၁၃)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားသူနှစ်ဦးစလုံးအား ချိန်းဆိုခဲ့ကြောင်း သိရသည်။ စခန်းပေါ်တွင် ဒုရဲအုပ် စိုးစိုးထွန်းမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ခင်မောင်အေး၏ မိခင် ဒေါ်တင်နွယ်ထံမှ ငွေကျပ် (၁၀) သိန်းပေးနိုင်မလား၊ ခင်ဗျားတို့ မပေးနိုင်လျှင် ထောင် (၂) နှစ် ကျလိမ့်မည် ဟု သက်သေများဖြစ်သော ယုန်သလင်းကျေးရွာနေ ကိုကျော်မင်းနိုင်၊ ကိုကျော်ဇော၊ ကိုကျော်မင်းထိုက်၊ ကိုခင် မောင်အေး တို့ ရှေ့မှောက်တွင် ခြိမ်းခြောက်ငွေတောင်းခဲ့သည် ဟု သိရသည်။ ဒေါ်တင်နွယ် မှ ကျွန်မတို့မှာ တောသူတောင်သားဖြစ်၍ ငွေ (၁၀) သိန်းကို မပေးနိုင်ကြောင်း ပြောခဲ့သည် ဟုလည်း သိရသည်။
ထို့နောက် ဒေါ်တင်နွယ်မှ ဆင်းရဲသားပြည်သူတွေ အပေါ်မှာ မတရားသဖြင့် အနိုင်ကျင့်မှု နှင့် ဥပဒေ၏ အကာအကွယ်မဲ့မှုကို နိုင်ငံတော် အဆင့်ဆင့်မှ လူကြီးများ သိရှိနိုင်ရန် တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။
Posted by Aung Htet at 8:18 AM 0 comments  
Kyaw Thu - FFSS Yangon Activity,
ဗြဟ္မစိုရ်မျက်ရည်စများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ၅.၂.၂ဝ၁၃ ရက်နေ့ တွင် မြန်မာပြည်အလယ်ပိုင်း၏ မြို့ရွာများ၌ မိုးခေါင်ရေရှားပါးမှု အခက်အခဲကြောင့် လူမှုရေးအဖွဲ့အစည်း များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေတွင်းဆောက်လုပ်ရန်အတွက် အကူအညီ တောင်းခံလာခဲ့ကြ သည်။ အကူအညီတောင်းခံထားသော နေရာဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့တို့မှ ကွင်းဆင်းပြီး အခက်အခဲများကူညီရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပုဂံ ညောင်ဦးမြို့များသို့ ခရီးထွက်ခဲ့ကြသည်။ တလက်စတည်း မန္တလေးမြို့နှင့် ပြည်မြို့များတွင် ယင်းမြို့များမှ ဒေသခံပြည်သူများအတွက် လူမှုရေးအသင်းများမှ စီစဉ်ဆောင်ရွက်ချက်ဖြင့် ဥက္ကဌ ဦးကျော်သူမှ လူမှုရေး ဟောပြောပွဲအား တက်ရောက်ဟောပြောခဲ့သည်။ ထိုခရီးစဉ် တစ်လျှောက်လုံးတွင် ရွှေစင်စင်္ကြာ အဆင့် မြင့် ခရီးသွားပို့ဆောင်ရေးမှ ကူညီလိုက်သော ယာဉ်တစ်စီးဖြင့် ခရီးစဉ်သွားရောက်ခဲ့ကြသည်။
 ထိုခရီးစဉ်တွင် ဇာတ်ညွန်း/ဒါရိုက်တာ ဦးမြတ်ဆွေ (ခ) မိုးခြိမ်းညံ အား နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့်အတူ ခေါ်ဆောင်ခဲ့သည်။ သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်သည်။ ရည်ရွယ်ချက်မှာ ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားပို့ဆောင်ရေးအဖွဲ့မှ လူမှုရေး ဇာတ် ကားရိုက်ကူးရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ထံသို့ အလှူငွေ လှူထား သည့်အတွက် မြန်မာပြည်ကိုယ်စား “လူမှုရေးသူရဲကောင်းများ” အမည်ရ ဇာတ်ကားရိုက်ကူးရန်အတွက် မြန်မာ ပြည်အနှံ့ရှိ လူမှုရေးအသင်းအဖွဲ့တွေ၏ ဒုက္ခ၊ သုက္ခတွေကို မြင်တွေ့ရစေ၍ အမှန်တစ်ကယ် ကြုံတွေ့ရ သည့် အဖြစ်အပျက်များအား ခံစားရေးဖွဲ့နိုင်ရန် ခေါ်ဆောင်သွားခဲ့သည်။
ယင်းခရီးစဉ်တွင် ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ဖြစ်သည်။ ဒါရိုက်တာ မိုးခြိမ်းညံ အပါအဝင် ဦးကျော်သူနှင့်အဖွဲ့သည် ကုန်းလမ်းတွေ၊ သဲလမ်းတွေ၊ ခြုံတွေကြားထဲတိုးဝှေ့ပြီး အန္တရာယ်များ ကြားထဲ သွားခဲ့ကြရသည်။ ဦးမြတ်ဆွေ (ခ) ဒါရိုက်တာ(မိုးခြိမ်းညံ)သည် ဦးကျော်သူ၏ မန္တလေး လူမှုရေး ဟောပြောပွဲ (၅) ခုတွင်လည်း လိုက်ပါလာခဲ့သည်။ မန္တလေး ဟောပြောပွဲပြီးသည်နှင့် ပြည်မြို့သို့ ခရီးဆက် ခဲ့ရာတွင် ဒါရိုက်တာ မိုးခြိမ်းညံ စီးနှင်းလိုက်ပါသည့် ရွှေစင်စင်္ကြာ မော်တော်ယာဉ်သည် ကားဘီးတာယာ ကွဲသွားခဲ့သည်။ ကားဘီးကွဲသွားသည်ဟု သတင်းရရခြင်း ဥက္ကဌ ဦးကျော်သူ၏ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားကြောင်း သို့သော် ရှေးဟောင်းအင်းဝခေတ် ဆင်းတုတော်ကြီးတစ်ဆူအား မန္တလေးမြို့၊ တောင်စလင်းတိုက်သစ်၏ ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခမှ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားခန်းမတွင် အပူဇော်ခံထားရှိရန် လှူလိုက်သည့်အတွက် အန္တရာယ်ကင်းရှင်းမည် ယုံ ကြည်ခဲ့သည်ဟု ပြောပြခဲ့သည်။
ပြည်မြို့သို့ ၁၆.၂.၂ဝ၁၃ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်ခန့်တွင် ဦးမြတ်ဆွေ ထံသို့ သတင်း ဆိုးတစ်ခု ကြားခဲ့ရသည်။ ၄င်း၏ မိခင်ဖြစ်သူ ဒေါ်အေးကြွယ် အသက် (၉၁) နှစ်သည် ကွယ်လွန်သွားသော သတင်းဆိုးပင်။ သတင်းကြားချင်း ဦးမြတ်ဆွေ၏ ပြောပြချက်အရ သူ၏ မိခင်နေအိမ်တွင် နာရေးကိစ္စကို ဖြေရှင်းနိုင်သူ မည်သူမှမရှိ သင်္ချိုင်းလက်မှတ် ထုတ်ယူနိုင်ရန် နားမလည်သည့်အတွက် ပြည်မြို့မှ တဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဈာပနလက်ခံဌာနသို့ ဖုန်းဆက်ပြီး ဦးမြတ်ဆွေ၏ မိခင်ကွယ်လွန်သွား သည့်အတွက် နေအိမ်တွင် နာရေးကိစ္စရပ်များအား အစစအရာအရာ လုပ်ဆောင်ပေးရန် အကူအညီ တောင်းခံခဲ့ပြီး သင်္ချိုင်းလက်မှတ်ကို အမြန်ဆုံးထုတ်ယူဖို့ ဥက္ကဌ ဦးကျော်သူမှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့ သည်။ ဦးမြတ်ဆွေ၏ ညီအစ်ကိုမောင်နှမများနှင့် ပြည်မြို့မှအပြန် နာရေးကိစ္စစီစဉ်ဆောင်ရွက်ရန်အတွက် အအေးစနစ်သုံး (Cool Box)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီထားရှိခဲ့သည်။ ဦးမြတ်ဆွေ အား ယင်းနေ့ ညနေ (၄းဝဝ) နာရီအချိန် ခရီးသွားမော်တော်ယာဉ်ဖြင့် ပြည်မြို့မှ ရန်ကုန်သို့ ခရီးနှင်ခဲ့ပြီး ည (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးကျော်သူနှင့်အဖွဲ့သည် ပြည်မြို့၌ ပြုလုပ်သော စာပေဟောပြောပွဲ (ကျော်သူ၊ မောင်သာချို၊ ချစ်ဦးညို) တို့ဖြင့် စာပေဟောပြောခဲ့ခြင်းအား အောင်မြင်စွာပြီးဆုံးပြီး ၁၇.၂.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ၁၈.၂.၂ဝ၁၃ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ဦးမြတ်ဆွေ၏ မိခင်ကြီးဈာပနအား နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေးခြင်းနှင့်အတူ Miss International နန်းခင်ဇေယျာ တစ်ယောက်သည်လည်း လုပ်အားပေးရန်အတွက် ရောက်ရှိနေသည့်အတွက် လိုက်ပါခဲ့ပြီး အသင်းသူ/သားများ၊ ဝန်ထမ်းများနှင့် ဟောပြောပွဲခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ခရီးသွားဖော်အဖွဲ့သား/ သူများတို့ဖြင့် လိုက်ပါပို့ဆောင် ကူညီပံ့ပိုးပေးခဲ့သည်။
ဗြဟ္မစိုရ်တရားအား လက်ကိုင်ကျင့်သုံးပြီး ဘာသာတရား ကိုင်းရှိုင်းခဲ့သော ရုပ်ရှင်အနုပညာသည် တစ်ဦးဖြစ်သူ ဦးမြတ်ဆွေအား မွေးဖွားပေးခဲ့သော မွေးမိခင် ဒေါ်အေးကြွယ် ကောင်းရာသုဂတိဘုံသို့ ရောက်ရှိမည်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် လျှောက်လှမ်းနေကြသော နာရေးကူညီမှုအသင်းသူ/သားများ၊ ဝန်ထမ်းများသည် လူမှုရေးအနုပညာသမား ဦးမြတ်ဆွေ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း . . . . ။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ၅.၂.၂ဝ၁၃ ရက်နေ့ တွင် မြန်မာပြည်အလယ်ပိုင်း၏ မြို့ရွာများ၌ မိုးခေါင်ရေရှားပါးမှု အခက်အခဲကြောင့် လူမှုရေးအဖွဲ့အစည်း များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေတွင်းဆောက်လုပ်ရန်အတွက် အကူအညီ တောင်းခံလာခဲ့ကြ သည်။ အကူအညီတောင်းခံထားသော နေရာဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့တို့မှ ကွင်းဆင်းပြီး အခက်အခဲများကူညီရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပုဂံ ညောင်ဦးမြို့များသို့ ခရီးထွက်ခဲ့ကြသည်။ တလက်စတည်း မန္တလေးမြို့နှင့် ပြည်မြို့များတွင် ယင်းမြို့များမှ ဒေသခံပြည်သူများအတွက် လူမှုရေးအသင်းများမှ စီစဉ်ဆောင်ရွက်ချက်ဖြင့် ဥက္ကဌ ဦးကျော်သူမှ လူမှုရေး ဟောပြောပွဲအား တက်ရောက်ဟောပြောခဲ့သည်။ ထိုခရီးစဉ် တစ်လျှောက်လုံးတွင် ရွှေစင်စင်္ကြာ အဆင့် မြင့် ခရီးသွားပို့ဆောင်ရေးမှ ကူညီလိုက်သော ယာဉ်တစ်စီးဖြင့် ခရီးစဉ်သွားရောက်ခဲ့ကြသည်။
ထိုခရီးစဉ်တွင် ဇာတ်ညွန်း/ဒါရိုက်တာ ဦးမြတ်ဆွေ (ခ) မိုးခြိမ်းညံ အား နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့်အတူ ခေါ်ဆောင်ခဲ့သည်။ သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်သည်။ ရည်ရွယ်ချက်မှာ ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားပို့ဆောင်ရေးအဖွဲ့မှ လူမှုရေး ဇာတ် ကားရိုက်ကူးရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ထံသို့ အလှူငွေ လှူထား သည့်အတွက် မြန်မာပြည်ကိုယ်စား “လူမှုရေးသူရဲကောင်းများ” အမည်ရ ဇာတ်ကားရိုက်ကူးရန်အတွက် မြန်မာ ပြည်အနှံ့ရှိ လူမှုရေးအသင်းအဖွဲ့တွေ၏ ဒုက္ခ၊ သုက္ခတွေကို မြင်တွေ့ရစေ၍ အမှန်တစ်ကယ် ကြုံတွေ့ရ သည့် အဖြစ်အပျက်များအား ခံစားရေးဖွဲ့နိုင်ရန် ခေါ်ဆောင်သွားခဲ့သည်။
ယင်းခရီးစဉ်တွင် ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ဖြစ်သည်။ ဒါရိုက်တာ မိုးခြိမ်းညံ အပါအဝင် ဦးကျော်သူနှင့်အဖွဲ့သည် ကုန်းလမ်းတွေ၊ သဲလမ်းတွေ၊ ခြုံတွေကြားထဲတိုးဝှေ့ပြီး အန္တရာယ်များ ကြားထဲ သွားခဲ့ကြရသည်။ ဦးမြတ်ဆွေ (ခ) ဒါရိုက်တာ(မိုးခြိမ်းညံ)သည် ဦးကျော်သူ၏ မန္တလေး လူမှုရေး ဟောပြောပွဲ (၅) ခုတွင်လည်း လိုက်ပါလာခဲ့သည်။ မန္တလေး ဟောပြောပွဲပြီးသည်နှင့် ပြည်မြို့သို့ ခရီးဆက် ခဲ့ရာတွင် ဒါရိုက်တာ မိုးခြိမ်းညံ စီးနှင်းလိုက်ပါသည့် ရွှေစင်စင်္ကြာ မော်တော်ယာဉ်သည် ကားဘီးတာယာ ကွဲသွားခဲ့သည်။ ကားဘီးကွဲသွားသည်ဟု သတင်းရရခြင်း ဥက္ကဌ ဦးကျော်သူ၏ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားကြောင်း သို့သော် ရှေးဟောင်းအင်းဝခေတ် ဆင်းတုတော်ကြီးတစ်ဆူအား မန္တလေးမြို့၊ တောင်စလင်းတိုက်သစ်၏ ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခမှ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဘုရားခန်းမတွင် အပူဇော်ခံထားရှိရန် လှူလိုက်သည့်အတွက် အန္တရာယ်ကင်းရှင်းမည် ယုံ ကြည်ခဲ့သည်ဟု ပြောပြခဲ့သည်။
ပြည်မြို့သို့ ၁၆.၂.၂ဝ၁၃ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်ခန့်တွင် ဦးမြတ်ဆွေ ထံသို့ သတင်း ဆိုးတစ်ခု ကြားခဲ့ရသည်။ ၄င်း၏ မိခင်ဖြစ်သူ ဒေါ်အေးကြွယ် အသက် (၉၁) နှစ်သည် ကွယ်လွန်သွားသော သတင်းဆိုးပင်။ သတင်းကြားချင်း ဦးမြတ်ဆွေ၏ ပြောပြချက်အရ သူ၏ မိခင်နေအိမ်တွင် နာရေးကိစ္စကို ဖြေရှင်းနိုင်သူ မည်သူမှမရှိ သင်္ချိုင်းလက်မှတ် ထုတ်ယူနိုင်ရန် နားမလည်သည့်အတွက် ပြည်မြို့မှ တဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဈာပနလက်ခံဌာနသို့ ဖုန်းဆက်ပြီး ဦးမြတ်ဆွေ၏ မိခင်ကွယ်လွန်သွား သည့်အတွက် နေအိမ်တွင် နာရေးကိစ္စရပ်များအား အစစအရာအရာ လုပ်ဆောင်ပေးရန် အကူအညီ တောင်းခံခဲ့ပြီး သင်္ချိုင်းလက်မှတ်ကို အမြန်ဆုံးထုတ်ယူဖို့ ဥက္ကဌ ဦးကျော်သူမှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့ သည်။ ဦးမြတ်ဆွေ၏ ညီအစ်ကိုမောင်နှမများနှင့် ပြည်မြို့မှအပြန် နာရေးကိစ္စစီစဉ်ဆောင်ရွက်ရန်အတွက် အအေးစနစ်သုံး (Cool Box)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီထားရှိခဲ့သည်။ ဦးမြတ်ဆွေ အား ယင်းနေ့ ညနေ (၄းဝဝ) နာရီအချိန် ခရီးသွားမော်တော်ယာဉ်ဖြင့် ပြည်မြို့မှ ရန်ကုန်သို့ ခရီးနှင်ခဲ့ပြီး ည (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးကျော်သူနှင့်အဖွဲ့သည် ပြည်မြို့၌ ပြုလုပ်သော စာပေဟောပြောပွဲ (ကျော်သူ၊ မောင်သာချို၊ ချစ်ဦးညို) တို့ဖြင့် စာပေဟောပြောခဲ့ခြင်းအား အောင်မြင်စွာပြီးဆုံးပြီး ၁၇.၂.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ၁၈.၂.၂ဝ၁၃ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ဦးမြတ်ဆွေ၏ မိခင်ကြီးဈာပနအား နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေးခြင်းနှင့်အတူ Miss International နန်းခင်ဇေယျာ တစ်ယောက်သည်လည်း လုပ်အားပေးရန်အတွက် ရောက်ရှိနေသည့်အတွက် လိုက်ပါခဲ့ပြီး အသင်းသူ/သားများ၊ ဝန်ထမ်းများနှင့် ဟောပြောပွဲခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ခရီးသွားဖော်အဖွဲ့သား/ သူများတို့ဖြင့် လိုက်ပါပို့ဆောင် ကူညီပံ့ပိုးပေးခဲ့သည်။
ဗြဟ္မစိုရ်တရားအား လက်ကိုင်ကျင့်သုံးပြီး ဘာသာတရား ကိုင်းရှိုင်းခဲ့သော ရုပ်ရှင်အနုပညာသည် တစ်ဦးဖြစ်သူ ဦးမြတ်ဆွေအား မွေးဖွားပေးခဲ့သော မွေးမိခင် ဒေါ်အေးကြွယ် ကောင်းရာသုဂတိဘုံသို့ ရောက်ရှိမည်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် လျှောက်လှမ်းနေကြသော နာရေးကူညီမှုအသင်းသူ/သားများ၊ ဝန်ထမ်းများသည် လူမှုရေးအနုပညာသမား ဦးမြတ်ဆွေ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း . . . . ။
Posted by Aung Htet at 8:11 AM 0 comments  
Witt Hmone - Articles
ရှမ်းပြည်နယ်၊ နိုင်ငံခြားခရီးသွားများအတွက် အင်းလေးကန်ခရီးစဉ်
ဝတ်မှုန်
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
အင်းလေးကန်သည် ထူးခြားလှသော ရှုခင်းများဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုရှိပါသည်။ အလွန်များပြားလှသော ဟိုတယ်များ ရွှေညောင်မြို့တွင် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ဟိုတယ်ဇုံများ သတ်မှတ်ပြီး ဆောက်ခွင့်ပါမစ်များ ချပေးနေသည်။ မြန်မာနိုင်ငံနိုင်ငံလာရောက်သော တိုးရစ်စ်များအတွက် ရန်ကုန်၊ မန္နလေးမြို့ ၂ခုနှင့်၊ ပုဂံညောင်ဦး၊ အင်းလေး၊ဖောင်တော်ဦး၊ ကျိုက်ထီးရိုးဘုရား တို့သည် အဓိက ခရီးသွားနေရာများဖြစ်သည်။ 
ရွှေညောင်မှ အင်းလေးကန် လှေဆိပ်ရောက်သည်နှင့် ငါးစာ၊ ဇင်ယော်စာ၊ ရွှေဆိုင်းရောင်းသော မိန်းမ၊ ကလေးငယ်များစွာ တိုးဝှေ့ရောင်းချတော့သည်။ လူ၅ဦးခန့် စီးနိုင်သော စက်လှေတစ်စီးကို တစ်ရက် ကျပ်၂သောင်းနှုန်းဖြင့် ငှားရမ်းရသည်။ ရေလယ်ဘုရား၊ အင်းလေးအမှတ်တရ ပစ္စည်းရောင်းဆိုင်များကို လှေစီးပြီး ကြည့်ကြ၊ ဘုရားဖူးကြရသည်။  နာမည်ကျော် ဖောင်တော်ဦးဘုရားသို့ လှေဆိုက်သည်နှင့် အမျိုသမီးများသည့် အတင်းကပ်ပြီး ရွှေဆိုင်းများ ၃ခုကို တစ်ထောင်ဖြင့် အတင်းရောင်းပါတော့သည်။ လှေဆိပ်မှ ဘုရားပေါ်အထိ မီတာ၅၀ ခရီးတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ရောင်းနေသောကြောင့်၊ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည် အများအပြားအမြင်တွင် အလွန်ရှက်ဖွယ်ဖြစ်ပါသည်။  ယခုနှစ်တွင်မှ ဒီမိုကရေစီရပြီးနောက် ရဲများမထိန်းကျောင်းပေးသောကြောင့် တိုးဝှေ့ရောင်းချသူများ ပိုမိုအတင့်ရဲလာကြသည်။ 
ရွှေဆိုင်းရောင်းခွင့်လိုင်စင်ကို တစ်နှစ် သိန်း၅၅၀နှင့် ကန်ထရိုက်ရထားသူ ကိုအောင်ကျော်ထွန်း ဆိုသူကို မေးမြန်းသောအခါ .. ယခုကဲ့သို့ အင်းရွာများမှ အမျိုးသမီးများနှင့် ၄င်းတို့အဖွဲ့သားများ အတင့်ရဲစွာ လာရောက် တိုးဝှေ့ပြီး ရွှေဆိုင်းများ ရောင်းချသဖြင့် မိမိ ကန်ထရိုက်ဝင်ငွေ အကြီးကျယ်ထိခိုက်ကြောင်း။ ယခု ဇန္န၀ါရီ ၂၀၁၃ တွင် ကန်ထရိုက်ရသည်မှာ ၃လခန့်ရှိသေးကြောင်း၊ မိမိတို့က ဘုရားအပေါ်တွင် ဆိုင်နှင့်ရောင်းချခွင့် ကန်ထရိုက်ရသဖြင့် ဘုရားအပေါ်ထိ တက်လာခွင့်မရှိကြောင်း၊ သို့သော် အပေါ်မရောက်မှီတိုင်အောင် ဘုရားဖူးမြန်မာများနှင့် ကမ္ဘာလှည့်နိုင်ငံခြားသားများကို အတင်းတိုးဝှေ့ရောင်းချသဖြင့် အချို့မသိသူများမှာ ရွှေကပ်ရန် ၀ယ်ယူကြကြောင်း။ ယခင်အပတ်က  လှေပေါ် တိုးဝှေ့တက်ပြီး ရောင်းချသဖြင့် အသက်ကြီးသော နိုင်ငံခြား အမျိုးသမီးတစ်ဦး ရေထဲပြုတ်ကျသွားခဲ့ကြောင်း၊ ထိုသူများ၏ ၀င်ငွေများ ကျပ်သောင်းနှင့်ချီရသဖြင့် အလွန်တွက်သားကိုက်လှကြောင်း။ မိမိတို့က ထိုသို့ မဖြစ်သင့်သည်ကို သက်ဆိုင်ရာများအားတိုင်ကြားခဲ့ကြောင်း၊ ဘုရားဂေါပကအဖွဲ့ကလည်း တားမြစ်ရာ အဖွဲ့လိုက် ရန်လိုသဖြင့် မတားမြစ်တော့ကြောင်း၊ ကန်ထရိုက်ရထားသော မိမိကိုပင် ရန်လိုပြီ၊ မိမိ သမီးတစ်ဦးက ပြန်လည်ပြောဆိုရာမှ ရိုက်နှက်ခံရပြီး မိမိသမီးခမြာ ဆေးရုံရောက်သွားခဲ့ရကြောင်း၊ တပ်နယ်မှုး ရဲမှုးကြီးကျော်ဆန်းကို တိုင်ကြားရာတွင်လည်း ဘာမှ အရေးယူပေးခြင်းမရှိကြောင်း၊ အင်းဝန်ကြီး ဦးဝင်းမြင့်ကို တိုင်ကြားသော်လည်း ထူးခြားမှုမရှိ၊ ယခုနှစ်တွင် ကန်ထရိုက် အရှုံးပေါ်ပြီဖြစ်ကြောင်း၊ ရွှေဆိုင်းအတင်းရောင်းချ နေသူများ ရွှေဆိုင်းအတုများပင်ပါကြောင်း၊ အချို့ရွှေဆိုင်းများမှာ ရွှေပင်မပါကြောင်း။ အလိမ်ခံထိနိုင်သောကြောင့် ဘုရားပေါ်က မိမိတို့ တရားဝင်ဆိုက်ကို ၀ယ်ယူပါရန် အသံချဲ့စက်ဖြင့် ကြေငြာသော်လည်း လူအများက မသိသဖြင့် လက်ကမ်းအတင်းရောင်းချသူများထံမှ အားနာပါးနာနှင့် ၀ယ်ယူနေဆဲဖြစ်ကြောင်း  စိတ်ပျက်စွာပြောပြခဲ့သည်။
ကျွန်တော်တို့မှာ ခေတ္တခဏ ဘုရားဖူး ဖောင်တော်ဦး ရေလယ်သို့ ရောက်ခဲ့သော်လည်း၊ ထို အတင်း ရုပ်ပျက်ဆင်းပျက် ရောင်းချမှုကို မည်သို့ဖြေရှင်းနိုင်မလဲ ..ဆွေးနွေးမိပါသည်။ အဓိက ဖြစ်ရသည်မှာ တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်မှ မရှိခြင်းကြောင့်ဖြစ်သည်။ ရဲကလည်း သူ့အတွက် တွက်သားမကိုက်သောကြောင့် ရွှေလက်နှင့်ခေါ်သော်လည်း မလာပါ။ ရဲသား ၂ဦးကို လာရောက်ပါရန် တစ်နေ့ နေ့တွက် ဘယ်လောက်ပေးနိုင်မလဲ ဟု ရွှေဆိုင်းကန်ထရိုက်တာ ကိုအောင်ကျော်ထွန်းကို မေးမြန်းကြည့်သောအခါ ရဲကို ပေးလိုစိတ်ရှိဟန်မတူပါ။ 
နောက်ဆုံး ကောက်ချက်ချရလျှင် မကြာခင် အဆင်ပြေသွားမည်ဖြစ်သည်။ ရဲဝန်ထမ်းများကို ရွှေဆိုင်း ကန်ထရိုက်ရထားသူက တစ်ရက် ကျပ်၂သောင်း ပေးကမ်းလျှင် ရက်ပေါင်း ၃၀၀ အတွက် ကျပ် သိန်း ၆၀ ကုန်ကျမည်ဖြစ်သည်။ ကန်ထရိုက်ဆွဲသော သိန်း၅၅၀ ၏ ၁၀ရာနှုန်းမျှ ထပ်မံပေးလျှင် ရဲဝန်ထမ်းများ လာစောင့်ပေးနိုင်မလား စဉ်းစားမိပါသည်။  
ဒီမိုကရေစီ ခေတ်ပြောင်းကာလတွင် ၀န်ထမ်းများ၊ အာဏာပိုင်များသည် လုပ်ငန်းရှင်များကို မကာကွယ်တော့ပါ။ ကာကွယ်လိုလျှင် လောက်ငှအောင် ပေးကမ်းရသည့် စနစ်ဖြစ်ပါသည်။
အောက်ပါဓါတ်ပုံများမှာ တောင်ကြီးမြို့၏ လှပသော ရှုခင်းများ၊ အင်းလေးကန်၊ ရွှေညောင်မြို့ ဟိုတယ်လုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရပစ္စည်း အေ၇ာင်းဆိုင် လုပ်ငန်းများဖြစ်သည်။ စင်ကာပူတွင် တစ်နှစ် ခရီးသည် ၁၈သန်း လာသည်ဟု ဆိုသည်။ မြန်မာပြည်တွင် ၂၀၁၂ အတွက် ခရီးသည် စံချိန်သစ် တစ်သန်း လာရောက်သွားသည်။ နောက်နှစ်လည်း တိုးတက်များပြားစွာ လာရောက်ကြဦးမည်ဖြစ်သောကြောင့် ဟိုတယ်၊ခရီးသွားလုပ်ငန်းအတွက် အလားအလာ ကောင်းလှပေသည်။ 
ဘတ်စကားကြီးများ တောင်ကြီး၊ အင်လေး၊ ရွှေညောင်သို့ မန္တလေး၊ ပုဂံညောင်ဦး၊ ရန်ကုန် တို့မှ ဥဒဟို ပြေးနေခြင်း၊ 
(ရွှေတောင်ရိုး ကားကြီးနားနေခြင်း)
စက်သုံးဆီ ရောင်းခွင့်၊ တင်သွင်းခွင့် ပါမစ်များ ချပေးသဖြင့် မြန်မာကုမ္ပဏီ အရောင်းဆိုင်များစွာ ပေါ်လာသည်။ နိုင်ငံခြားမှ Esso, Shell, Mobil စသည်များ ရောက်မလာသေးပါ။
ခရစ်ယာန်ဘုရားရှိခိုးကျောင်း များစွာတွေ့ရသည်။ ကချင်၊ ကရင်၊ မြန်မာ ဂိုဏ်မျိုးစုံ ဘုရားရှိခိုးကျောင်းများ..
ILBC International Language Business College အင်္ဂလိပ်စာကျောင်း၊ ကိန်ဘရိတ် “O” Level စာမေးပွဲအတွက်ကျောင်းများ တစ်နိုင်ငံလုံး၊ မြို့ကြီးများတွင် အောင်မြင်စွာ ဖွင့်လှစ်နေသည်။ တောင်ကြီးတွင်လည်း ကျောင်းကြီးတစ်ခု ထပ်ဆောက်နေသည်။
တောင်ကြီးမြို့သည် တောင်ပေါ်တွင် ရှိသည်။ တောင်အောက်တွင် ရွှေညောင်နှင့် အင်းလေးကန်ရှိသည်။ 
တောင်အောက်တွင်သာ တိုးရစ် ကမ္ဘာလှည့်များ နားနေသောကြောင့် ဟိုတယ်၊ စားသောက်ဆိုင်၊ အပမ်းဖြေစရာများ တောင်အောက်မှာပဲ ရှိကြသည်။ တိုးရစ်စ်များ တောင်ပေါ် တောင်ကြီးမြို့သို့ သိပ်မလာကြပါ။ တောင်ကြီးမြို့ကို အပေါ်စီး ကြည့်မြင်ရသော ရှုခင်း။
ရွှေညောင်၊ အင်းလေးကန် အ၀င်မုတ်ဦး  
ရွှေညောင်မြို့ အင်းလေးကန် စက်လှေဆိပ်တစ်ခု၊ စက်လှေဆိပ်များစွာရှိသည်။ 
စက်လှေစီး အပမ်းဖြေသော ကမ္ဘာလှည့်ခရီးသွားအုပ်စု
စက်လှေစီး အပမ်းဖြေသော ကမ္ဘာလှည့်ခရီးသွားအုပ်စုကို စိတ်မ၀င်စား၊ မိမိဝမ်းရေးအတွက် ငါးဖမ်းနေသော အင်းသားများ
အပမ်းဖြေ ကမ္ဘာလှည့်ခရီးသွားများ အင်းလေးကန်တွင်း တည်းခိုနိုင်သော ဟိုတယ်၊မိုတယ်များ
စက်လှေစီး အပမ်းဖြေသော ကမ္ဘာလှည့်ခရီးသွားအုပ်စု
စက်လှေစီး အပမ်းဖြေသော ကမ္ဘာလှည့်ခရီးသွားအုပ်စုများ ခဏတစ်ဖြုတ်ရပ်နား၊ အမှတ်တရပစ္စည်းရောင်းဆိုင်
ပြည်တွင်းမှ မြန်မာခရီးသွား ဘုရားဖူးများနှင့် ကမ္ဘာလှည့်ခရီးသွားအုပ်စုအတွက် ဖေါင်တော်ဦးဘုရား
ဖေါင်တော်ဦးဘုရား ရွှေဆိုင်းကပ်နေစဉ်
ဖောင်တော်ဦးဘုရားတွင် ရွှေပြားရောင်းခွင့်လိုင်စင်ကို တစ်နှစ် သိန်း၅၅၀နှင့် ကန်ထရိုက်ရထားသူ
ရေလယ် ဖေါင်တော်ဦးဘုရား ကျွန်းစုတွင် စာသင်ကျောင်း၊ အစိုးရရုံးများ၊ စားသောက်ဆိုင်များစွာ ရှိသည်။ 
တည်းခိုရန် ဟိုတယ်များလဲရှိသည်။
အင်းလေးကန် ရေရှည်တည်တံ့ရေး၊ စိမ်းလမ်းစိုပြေရေး တာဝန်များ ရေးထားသော ဆည်မြောင်းဝန်ကြီးဌာန ဆိုင်းဘုတ်
အင်းလေးကန် စက်လှေခရီးအစ
အင်းလေးကန် စက်လှေခရီး အလယ်တွင် ဇင်ယောက်ငှက်များ
ဇင်ယောက်ငှက်များ အစာကြွေးခြင်း
တောင်ကြီးမြို့အနီး အေးသာယာ ၀ိုင်နရီ အပမ်းဖြေနေရာတစ်ခု (၂၀၁၃ - ၅နှစ်မျှရှိပြီ၊ ဂျာမန်လူမျိုးတစ်ဦး စတင်သည်)။
အင်းလေးကန် စက်လှေခရီး မှ မြင်နိုင်သောဆိုင်းဘုတ်များ
--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages