21st April - MoeMaKa Daily

61 views
Skip to first unread message

Maung Yit

unread,
Apr 21, 2013, 3:15:46 AM4/21/13
to moemak...@moemaka.net
သခင်ကိုယ်တော်မှိုင်း အကြောင်း မှတ်မိတာလေးတွေ
တင်မိုး (ပြန်လည်ဆန်းသစ်ခြင်း) ဧပြီ ၂၁၊ ၂၀၁၃

ဆရာကြီး သခင် ကိုယ်တော်မှိုင်းလို့ အသံကြားရတိုင်း ကြည်ညိုစိတ်၊ လေးစားစိတ်၊ ချစ်ခင်စိတ် ပေါ်လာသည်ချည်း။

ကွမ်းအစ်တစ်လုံး
သျှောင်တစ်ထုံးနှင့်
ရင်ဖုံးအင်္ကျီ
ဖျင်ပင်နီနှင့်
ယောထည်ပုဆိုး
မင်ကြောင်ထိုးနှင့်
အဘိုးကဝိ ပညာရှိ’

ဆိုတဲ့ ကိုယ်ရေးတဲ့ ကဗျာပိုဒ်ကလေးကို ကိုယ့်ဘာသာ သီဆိုရင်း ကြည်နူးပီတိနဲ့ မြင်ယောင်လာသည်ချည်း။

(၁၉၅ဝ) ခုနှစ်က မန္တလေးဘုရားကြီး (၄၅) တာကွင်းကြီးမှာ ဆရာကြီး မှိုင်းကို ကိုယ်တိုင်မြင်ခဲ့ဖူးတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆရာကြီးဟာ တစ်နိုင်ငံလုံးလှည့်ပြီး တရားဟောစဉ်ကပါ။ ဆရာကြီးရဲ့ ခန့်ညားပြီး ကြည်ညိုဖွယ်ရာ ဥပဓိရုပ်၊ အောင်မြင်ပြီး ကရုဏာသံ မေတ္တာသံပါတဲ့ အသံသြဇာ တို့ဟာ နှလုံးသားမှာ စွဲထင် နေရစ်ခဲ့တယ်။
 ‘ဆရာမသေခင် ငြိမ်းချမ်းရေး ရတာကို မြင်ချင်တယ်’ လို့ မိဘရဲ့ မေတ္တာစမ်းရေသံကို မမေ့နိုင်ဘူး။

‘ကောင်းကျိုး အထွေထွေရယ်နဲ့ ချွန်စေမြစေသော်၊ ဒေါင်းအိုး ဝေရယ်လို့ တွန်စေကစေသော်’ဆိုတဲ့ ဆရာကြီးရဲ့ တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာကို ‘ရွှေမြတောင်သာတဲ့ တိုက်ဆီက နေလနှစ် ဆောင်ပါတော်မူတဲ့ အခိုက်’ က ကိုယ်တွေ့ဇာတ်လမ်းကို လွမ်းမောတသဖွယ် မိန့်ဆိုခဲ့တယ်။ ဆရာကြီးနဲ့ တပည့်တွေဟာ နိုင်ငံလွတ်လပ်ရေးအတွက် အဆင်းရဲခံ၊ အငတ်အပြတ်ခံပြီး စိတ်ညီလက်ညီ ဆောင်ရွက်ခဲ့ကြတဲ့ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်း အောင်းမေ့တယ်။

ရေနံချောင်း တို့ဗမာညီလာခံသွားရင်း တောင်တွင်းကြီး နယ်ဘက် ဘုရားတွေ လျှောက်ဖူးကြတော့ တောင်တွင်းကြီးနယ်က ဘုရားတွေမှာ ထူးထူးဆန်းဆန်း ခေါင်းလောင်းသံ ဆည်းလည်းသံ တိတ်နေတာကို သတိပြုမိတယ်။အဲဒါနဲ့ တောင်တွင်းကြီး နတ်မှီတောရဝင်ပြီး အရှင်ဥက္ကဋ္ဌ ကိုဝတ်ပြုတော့ အဲဒီနယ်က ဒကာတွေနဲ့ လက်ဖက်ရည်ကြမ်းဝိုင်းမှာ အာလာပသလ္လာပစကား ဆိုဖြစ်ကြတယ်။ အဲဒီမှာ ဘုရားစေတီ တွေမှာ ခေါင်းလောင်းသံ ဆည်းလည်းသံ ဆိတ်ရခြင်းအကြောင်း မေးမိသတဲ့။

ဒီတော့မှ မင်းကြီးရွှေလရောင် အကြောင်း လေးစားဖွယ် သိလာရတယ်။ အင်္ဂလိပ်နယ်ချဲ့သမားကို ခုခံတိုက်ခိုက်ဖို့ လက်နက်လိုတော့ မင်းကြီးရွှေလရောင်က ဘုရားစေတီတွေထံ ခွင့်ပန်ပြီး ခေါင်းလောင်းတွေ၊ ဆည်းလည်းတွေဝေ မစချီးမြှောက်တော်မူပါဘုရား။ သူ့ကျွန်ဘဝက လွတ်မြောက်ရင် ခေါင်းလောင်းတွေ ဆည်းလည်းတွေ ဝေနေအောင် လှူဒါန်းပါ့မယ်ဘုရားလို့ လျှောက်ထားပြီး ခေါင်းလောင်းတွေ၊ ဆည်းလည်းတွေဖြုတ်၊ အရည်ကျိုပြီး ပန်းပဲဖိုမှာ လက်နက်တွေ လုပ်ခဲ့တယ်ဆိုပဲ။ အဲဒီလို ခုခံတိုက်ခိုက်နေတော့ တောင်တွင်းကြီး တစ်နယ်လုံး အင်္ဂလိပ်က မသိမ်းပိုက်နိုင်ဘဲ ဖြစ်နေတယ်။

ဒီတော့ မင်းကြီးရွှေလရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့ ခေါင်းကို ဆက်နိုင်ရင် ဆုတော်ငွေ ဘယ်ရွေ့ဘယ်မျှ ချီးမြှင့်မယ်လို့ ကြေညာရသတဲ့။ ဒီတော့ အင်္ဂလိပ်ကပေးတဲ့ ဆုတော်ငွေကို လိုချင်မက်မောတာနဲ့ ကိုယ့်တပ်ထဲက ကမြင်းမသား စစ်ဗိုလ်တချို့က မင်းကြီးရဲ့ဦးခေါင်းကို ဖြတ်ပြီး အင်္ဂလိပ်နယ်ချဲ့လက်ကို အပ်လိုက်သတဲ့။ ဒါကြောင့် ‘ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်တချို့ရယ်က ကိုယ့်ဖို့အလွတ်ရုန်းရော့ထင်၊ တောင်ကုန်း သာသာယာယာ မြင်းမဏိစခန်းဆီက တရှောင်ရှောင်ပုန်းကာ မင်းအမိအရ ဖမ်းချင်ကြတဲ့ပြင်’ လို့ ဆရာကြီးမှိုင်းက မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီအခါ ရွာကဒကာတွေက အဲ . . .ဗိုလ်မင်းရောင်ရဲ့ မြေးကလေး အခုရှိပါသေးကော၊ ရန်ကုန်တက္ကသိုလ်မှာ စာသင်နေတယ်ဆို ထင်ပါရဲ့ လို့လည်း ပြောလိုက်ရော ဆရာကြီးမျက်စိထဲမှာ ဌာနချုပ် တို့ဗမာအစည်းအရုံးမှာ အမြဲလာနေတဲ့ မှုန်တေတေ အကောင်လေး ဖြစ်ရော့မလားလို့ စဉ်းစားမိလိုက်သတဲ့။ ရန်ကုန်ရောက်ရင်တော့ ဒီကောင်ဆိုတာ ကလေးကို မေးစမ်းကြည့်ရဦးမယ်လို့ စိတ်ထဲ မှတ်ထားလိုက်တယ်။ သူ့နာမည်က အောင်ဆန်းဆို ထင်ပါရဲ့လို့ လူကြီးတွေက ပြောလိုက်သတဲ့။

ဒီလိုနဲ့ ဆရာကြီးမှိုင်းဟာ အောင်ဆန်းအကြောင်း၊ အောင်ဆန်းတို့အဘိုး ရွှေလရောင်ခေါ် ဗိုလ်မင်းရောင် အကြောင်း၊ ဒီအောင်ဆန်းဆိုတဲ့ ကောင်လေး ဦးစီးခေါင်းဆောင်ပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့ကို တိုက်ပွဲဝင်ခဲ့ကြောင်း၊ အောင်ဆန်းကျဆုံးတဲ့ အခါကျတော့ သီလသမာဓိရှိပြီး စိတ်ကောင်း၊နှလုံးကောင်း ရှိတဲ့ မောင်နုကို ခေါင်းဆောင်တင်ကြကြောင်း၊ နားထောင်ချင်စဖွယ် ခင်းကျင်းပြောပြပါတယ်။ မောင်နုကတော့ ဦးဆောင်နိုင်တဲ့ စွမ်းရည် နည်းရှာတယ်။ ဒါပေမဲ့ လူကောင်းတစ်ယောက်မို့ ခေါင်းဆောင် တင်မြှောက်ရတာမို့ ပုံခပ်ရိုင်းရိုင်းပြောရရင် ဗြဟ္မာ့ဘုံ နွားခုန်တက်သလိုပေါ့ကွယ်လို့ ပြောလိုက်တော့ ပရိသတ်တွေ တအုန်းအုန်း ရယ်မောကြပါတယ်။

ဒီတော့ သူမနာကိုယ်မနာ သင်ပုန်းချေပြီး ငြိမ်းချမ်းအောင် ဆောင်ရွက်ကြဖို့ ဆရာကြီးက တိုက်တွန်း လှုံ့ဆော်သွားခဲ့ပါတယ်။ ဆရာကြီးဟာ သားသမီးတွေ မညီမညွတ် ရန်စစ်ခင်းနေကြတာကို မြင်ရတဲ့မိဘရဲ့ စေတနာမျိုးနဲ့ အိုကြီး အိုမပေမယ့် တကြောင့်ကြကြ ဆောင်ရွက်ခဲ့တာပါ။
 ‘ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်းကိုလည်း တစ်မျိုးကွဲလွမ်းသူ၊ ဆရာဖအေမှာဖြင့် မာပါစေသာပါစေ ဆုမွန်တောင်းတဲ့ အပြင် ကမ္ဘာ အေးစေတီ ဒါယကာ မောင်ရွှေနုကိုလည်း အောင်ဇေယျတု အောင်ဇေယျတုနဲ့ မေတ္တာပို့လိုက်တဲ့ ဆိုတဲ့အတိုင်း သုပုန်နဲ့ အစိုးရအကြား ပြည်တွင်းစစ်မီးမပွားအောင် အားကြိုးခနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ဆရာကြီးမှိုင်းဟာ အလွန်ဖြူစင်သန့်ရှင်းတဲ့ သူတော်စင် ပညာရှင်ကြီးပါ။ သူ့ကိုယ်ကျိုး၊ သူ့အရေး၊ သူ့အတွက် တစက်ကလေးမျှ စဉ်းစားသူမဟုတ်ပါ။ ဒီလို ကိုယ်ကျိုးစီးပွားကို လုံးဝ မထားနိုင်အောင် စွန့်လွှတ်ခဲ့တဲ့အတွက် မြင့်လည်းမြင့်မြတ်၊ မှန်လည်းမှန်ကန်၊ စေတနာအမှန်နဲ့ ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့ နိုင်ငံတော်ရဲ့ မီးရှုးတန်ဆောင် ဖြစ်ရခြင်းပါပဲ။
 မြန်မာနိုင်ငံမှာ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တချို့ စတဲ့ ကိုယ်ကျိုးမဖက်၊ မေတ္တာ စေတနာသက်သက်နဲ့ ဆောင်ရွက်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။

တင်မိုး
 

(https://www.facebook.com/syhminemyanmar?ref=stream ဒီနေရာကနေ ယူပါတယ်)

Saturday, April 20, 2013

Myanmar Small & Medium Enterprise - Zaw Aung (Mon Ywa)


ကော်ပီစနစ်တကျလုပ်ကြပါစို့
ဇော်အောင် (မုံရွာ)၊ ဧပြီ ၂၁၊ ၂၀၁၃

ဆရာကြီးပီမိုးနင်း ၁၉၃၀ခုလောက်က ရေးခဲ့သည်။ မြန်မာပြည်တွင် လေထဲတွင်ပျံမည့်လေယာဉ်ပျံသန်းဖို့ တီထွင်နေသည်ဟု သတင်းဖတ်လိုက်ရသောကြောင့်၊ စိတ်ပျက်မိကြောင်း၊ သူများနိုင်ငံများတွင် လေယာဉ်ကို ဥဒဟိုမောင်းနှင်နေပြီဖြစ်ရာ ထိုလေယာဉ်ကိုဝယ်ယူပြီး၊ ပြည်တွင်းတွင်အသုံးချရမည့်အစား အချိန်ကုန်၊ ငွေကုန်ခံပြီး လေယာဉ်ကို အစမှစတင်တီထွင်နေသော မြန်မာ့နည်းမြန်မာ့ဟန်အကြောင်း ဖြစ်သည်။ ဆရာကြီးပီမိုးနင်း၏ တိုးတက်ရေး Attitude စိတ်နေသဘောထား စာများသည် ယခုခေတ်တိုင်အောင် အသုံးကျနေဆဲ။ သူ၏စာအုပ်များမှာ ယခုတိုင် ထုတ်ဝေရောင်းချနေဆဲဖြစ်သည်။ ထိုခေတ်က မြန်မာ့စာပေသမိုင်းတွင် စာအရေးနိုင်ဆုံး၊ အထူးချွန်ဆုံး စာရေးဆရာဟု မြန်မာ့စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ခဲ့ရပါသည်။ 

ဆရာကြီးပီမိုးနင်းက တိုးတက်ချင်ရင် တီထွင်တာ အသာသာထား၊ ကော်ပီ (အတုခိုး) လုပ်ကိုင်ဖို့ အဓိကဟု ဆိုပါသည်။

ကျနော် စက်မှုလုပ်ငန်းများအကြောင်း ရေးသားခဲ့ရာ၊ ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်းများအကြောင်း ဆောင်းပါးများရေးသားခဲ့သည်။ ယခုရေးမည့်အကြောင်းမှာ လယ်ယာထွက်ကုန်များ၊ ပြည်ပထုတ်လုပ်ခြင်းအကြောင်း ဖြစ်သောကြောင့်၊ အတွေ့အကြုံမရှိသော ဘာသာရပ်တစ်ခုဖြစ်သည်။ သို့သော် ရေးချင်စိတ် အားကြီးသဖြင့် စက်မှုနောက်ခံဖြင့် အနည်းငယ်ရေးလိုပါသည်။


နိဒါန်း
ယခင်ကတော့ အမှောင်ပိတ်၊ စစ်အစိုးရအောက်တွင်နေထိုင်ခဲ့ရသောကြောင့် လူအများ၏ ဦးနှောက်ကို ဂွင် (ပေါ်ပင်) အလုပ်များ၊ အကြံဖန်များ၊ ပါမစ်များနောက်သို့ လိုက်ပြီး စီးပွားရှာစားခဲ့ရသည်။ ယခုလည်း မလွတ်နိုင်သေးပါ။ သို့သော် မကြာခင် လူဟောင်းများကျန်ရစ်ခဲ့မည်ဖြစ်ပြီး၊ အတွေးခေါ်သစ်၊ စိတ်နေသဘောထားပြောင်းနိုင်သူများ ကြီးပွားအောင်မြင်တော့မည်ဖြစ်သည်။

The Voice စာစောင်ဖြင့် နိုင်ငံသိခဲ့ရသော ဒေါက်တာနေ၀င်းမောင် ဆိုသူ၊ ယခင်က စစ်အစိုးရ အကြိုက်လုပ်နေသူဟု ကျနော်အပါဝင်၊ ယူဆခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်သည့်ရွေးကောက်ပွဲကို ထောက်ခံသူဖြစ်သည်။ နောက်ပိုင်း ရွေးကောက်ပွဲက ကြိုတင်မဲများစွာတွေ့ရပြီး၊ စိတ်ပျက်ခဲ့သူ။ သို့သော် သမ္မတဦးသိန်းစိန်အစိုးရ ပီပီပြင်ပြင်မလုပ်ဆောင်နိုင်သေးခင် သူ့ကို မော်လမြိုင်စာပေဟောပြောပွဲကြီးတွင် ဖိတ်ကြားခဲ့ရာ၊ မြန်မာပြည်တွင်အကြီးကျယ်ဆုံး သံဃာနှင့်ပြည်သူများစွာ ၅ရက်ဆက်၊ စာရေးဆရာများစွာ ဟောကြားရာတွင်၊ ဒေါက်တာနေ၀င်းမောင် မိနစ်၄၀ ဟောပြောခဲ့ပါသည်။ သူကိုယ်တိုင် အမေရိကန်တွင် ပညာသင်ကြားခွင့်ရခဲ့ပြီး၊ မြန်မာပြည်ပြန်လာကာ ကျောင်းဖွင့်ပြီး၊ နိုင်ငံရေးသိပ္ပံနှင့်စာသင်သူ ဆရာဖြစ်သောဖြစ်ကြောင်း၊ စာပေဟောပြောပွဲဖိတ်ကြားမှုကြောင့် ပထမဆုံး စာပေဟောပြောပွဲဖြစ်ကြောင်း ပြောခဲ့သည်။ နောက်ဆုံးဟောပြောပွဲလည်း ဖြစ်သွားခဲ့သည်။ ထိုဟောပြောပွဲအပြီး ၂လအကြာ ဒေါက်တာနေ၀င်းမောင်တယောက် အသက်၄၈နှစ်အရွယ် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်ပြီးနောက် နိုင်ငံပြောင်းလဲမှုများ အရှိန်အဟုန်ရရှိလာသည်။

သူဟောပြောချက်ကို အကျဉ်းချုပ်ရလျှင် (၁)လက်ရှိနိုင်ငံရေး  (၂)အခြေနေသစ်မှာမွန်ပြည်နယ်အစိုးရ ဘာလုပ်နိုင်သနည်း (၃)လူငယ်ကြီးပွားရေး (ပညာရေး) တို့ကို ပြောခဲ့သည်။ နောက်ဆုံးပညာရေးတွင် ကမ္ဘာ့ကုလသမဂ္ဂအကြီးကဲ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် မွေးဖွားကြီးပြင်းလာပြီး၊ ရန်ကုန်တက္ကသိုလ်ပညာသင်ခဲ့သည်။ ကမ္ဘာ့ထိတ်တန်းတာဝန်ကို ထမ်းဆောင်ဖို့ သူသင်ကြားခဲ့သော ရန်ကုန်တက္ကသိုလ် ပညာရေးအဆင့်မှာ အလွန်မြင့်ခဲ့ကြောင်း ထင်ရှားသည်။ ယခုခေတ် ပညာရေးနိုမ့်ကျသွားပြီး ကမ္ဘာ့အဆင့်မီ ပညာတတ်များ၊ ယခု မော်လမြိုင်မြို့မှ ဦးသန့် ကဲ့သို့လူမျိုး ပေါ်ထွက်လာရန်၊ အလွန်ခဲယင်းသွားပြီးဖြစ်သည်။ သို့သော် ပညာရေးကို မြှင့်တင်လျှင် ဖြစ်နိုင်ကြောင်း၊ ပြည်နယ်အစိုးရက ပုဂ္ဂလိကကျောင်း တည်ထောင်ခွင့်ပေးရန် ဥပဒေ ပြဌာန်းပြီးဖြစ်ကြောင်း၊ အသက်၅၅နှစ်ကျော် ပညာတတ်လူကြီးများက ဦးဆောင်ပြီး အမြန်ဆုံး ပုဂ္ဂလိကကျောင်းများ တည်ထောင်သွားပါက မကြာမီ၊ အင်္ဂလိပ်လို ပြောတတ်၊ နားထောင်တတ်၊ ရေးဖတ်တတ်သော ပညာတတ်လူငယ်ကလေးများစွာ ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရပ်ကိုလေ့လာဖို့ အင်္ဂလိပ်စာနှင့် ရေးဖတ်၊ပြော၊နားထောင်နိုင်မှ ကမ္ဘာ့အဆင့်မီဖြစ်မည့်အကြောင်း။ ဘိုလိုပြောဆို၊ဖတ်မှတ်ဖို့ အလွန်အရေးကြီးကြောင်း ကိုယ်တွေ့ပြောကြား၊တိုက်တွန်းခဲ့သည်။.. 

၁၉၈၈နောက်ပိုင်း စီးပွားရေးဖွင့်ပေးသော်လည်း လူအများမှာ ပိတ်ပင်ခံနေရပြီး၊  လုပ်ခွင့်ရသော လူတစ်စုသာ ပန်းတိုင်သို့ရောက်သည့်စနစ်ဖြစ်ခဲ့သည်။ ယခု ပညာတတ်သူများစွာ ပန်းတိုင်ရောက်မည့်စနစ် စတင်နေချိန်တွင်၊ သမ္မတဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ၏ ခြစားမှု၊ Rank Seeking များကို ပြစ်ဒဏ်ချရန်လိုနေပြီ။ လယ်ယာလုပ်ငန်း၊ ထွက်ကုန်များအကြောင်းကို ပညာရေးဖြင့် အဖွင့်စာရေးရခြင်းမှာ ပညာရှင်များက ဦးဆောင်လုပ်ရမည်ဖြစ်သည်။ တရုပ်၊ဂျပန်၊အမေရိကန် ပညာတတ်များ ဦးဆောင်မှုနောက်ကို လိုက်မည်လား၊ တိုင်ဝမ်၊ ထိုင်း၊ အိန္နိယ၊ စင်ကာပူ၊ မလေးရှား ..စသည့် မြန်မာထက် ပညာရေးကောင်းသော အိမ်နီးချင်းနိုင်ငံသား ပညာတတ်များဖြင့် ကော်ပီလုပ်ပြီး တိုးတက်အောင်လုပ်မလား။?


စက်မှုလယ်ယာသို့မြန်မာပြည်က အလုပ်လုပ်သူ အားလုံး၏ ၇၀% သည် လယ်ယာလုပ်ငန်းဖြစ်သည်။ လူဦးရေ သန်းပေါင်း ၆၀ ရှိလျှင်  ၄၂သန်းက လယ်ယာလုပ်ငန်းပေါ် မှီခိုနေသည်။ အလွန်များပြားလှတဲ့ လူထုကြီးဖြစ်သည်။ သူတို၏ လယ်ယာလုပ်ငန်း တိုးတက်စေဖို့  စက်မှုလယ်ယာ နည်းစနစ်များကို ပြောင်းလဲရမှ ဖြစ်သည်။ သမရိုးကျ နောက်ချေး၊ နွား၊ မိုးရေနဲ့ ထွန်ယက်စိုက်ပျိုးသည့် ခေတ်ကို ပြောင်းလဲရပါမည်။ သို့မှသာ အဆင်းရဲဆုံးလူတန်းစား တောင်သူများရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ လက်တွေ့ကျပါမည်။ ပြောဆို၊ ညွန်ကြားနေသည်ထက် လက်တွေ့လုပ်ဖို့ အရေးကြီးနေပါသည်။ နိုင်ငံခေါင်းဆောင်များလည်း ဆရာစံအရေးခင်းလို ဆင်းရဲတွင်းနက်နေသော တောင်သူအရေးခင်းကြီးများဖြစ်လာလျှင်၊ သိပ်ခက်သွားနိုင်ကြောင်း သိရှိ၊ သတိပေးပြီးဖြစ်ပါသည်။ ခက်တာမှာ ရင်းနှီးမြှတ်နှံသူများက လယ်ယာလုပ်ငန်းကို လုံးဝဆို၊ လုံးဝ မရင်နှီးချင်ပါ။  နှစ်ရှည်လုပ်ငန်း ဖြစ်ပြီး အမြက်သိပ်မရ။ သယံဇာတရောင်းစားသောလုပ်ငန်းများ၊ ဌာနဆိုင်ရာပါမစ်လုပ်ငန်း၊ သွင်းကုန်လုပ်ငန်း (အရောင်းအ၀ယ်)၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး များက 100% မကသော အမြက်တွေ တစ်နှစ်အတွင်းရနိုင်သောကြောင့် ထိုကဏ္ဍများကိုသာ ရင်းနှီကြသည်။  လယ်ယာလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ရင်းနှီးမှုမလုပ်ပါ။  ထို့ကြောင့် နိုင်ငံတော် ရင်းနှီးမြှတ်နှံမှုကသာ အဓိကဖြစ်နေပါသည်။ 

မည်မျှချေးငွေ လိုအပ်ပါသနည်း.. ဥပမာ..US$20 billion တန်ဖိုးအတွက် 20% = US$4 billion ချေးငွေ နိုင်ငံတော်မှ အသင့်ပြင်ထားပေးရပါမည်။ 

တကယ်တော့ အစိုးရခေါင်းဆောင်များမှာ သူဌေးအကြီးစားဟုရေးလျှင်၊  အမျိုးသားစိတ်ဓါတ်ကြီးသော၊ ခေါင်းဆောင်ကောင်းများစွာကို ထိခိုက်ပါသည်။ ထို့ကြောင့် အစိုးရကို
၁။  အခွန်ကောက်ခြင်း၊
၂။ ပြည်သူလူထုကို အလုပ်လုပ်ချင်လာအောင် မက်လုံးပေးသူများ (Motivators) ဟုဆိုပါက ပိုမှန်ကန်ပါမည်။ 

အခွန်ကို မှန်ကန်စွာကောက်ခြင်းကြောင်း လက်ရှိ အခွန်ရရှိငွေ 4.5% of GDP ကနေ 10% လောက်တိုးတက်လာဖို့ဖြစ်သည်။ ထိုင်းနိုင်ငံ 17% ရရှိပြီး၊ တိုးတက်သော အနောက်နိုင်ငံများမှာ 40% အထိ အခွန်ကောက်ရငွေများလှပါသည်။ လွန်ခဲ့တဲ့ ၂နှစ်က မြန်မာနယ်စပ်ကုန်သွယ်ရေးအခွန် ကန်ဒေါ်လာ 1 billion usd  ရခဲ့သည်။  ယခု ၂၀၁၂တွင်  4 billion usd အထိ ရလာသောကြောင့် တော်တော်တိုးတက်လာပါသည်။ အစိုးရသစ်အတွက် အစကောင်းသည် ပြောရပါမည်။  နောက်တစ်ချက် - ပြည်သူလူထုကို အလုပ်လုပ်ချင်လာရန် ကား(ပို့ဆောင်ရေး) နဲ့ တယ်လီဖုန်း (ဆက်သွယ်ရေး) ၊ ရေ၊ လျှပ်စစ်၊ စသည်တို့ ဈေးချိုအောင် လုပ်ပေးရပါမည်။ တရားမ၀င်အခွန်တောင်းရမ်းမှု လျှော့ချရေးကတော့ အခုချိန်မှာ အခက်ခဲ့ဆုံးပါ။


မြန်မာ့လယ်ယာလုပ်ငန်း၊ ပြည်ပထုတ်ကုန်မြှင့်တင်ဖို့ .. အခြေခံအကျဆုံးမှာ  ဖွံ့ဖြိုးပြီးဖြစ်သော ထိုင်းနိုင်ငံရဲ့ Process Industry စက်မှုစားကုန်လုပ်ငန်းများကို မြန်မာပြည်သို့ ရွှေ့ပြောင်း၊ရင်းနှီးလုပ်ကိုင်စေဖို့ ဖြစ်ပါသည်။ ထိုင်း စက်မှုစားကုန်လုပ်ငန်းများ FDI များစွာဝင်လာကြပြီ။  တရုပ်စက်မှုစားကုန် စက်ရုံများပဲဝင်လာလျှင် ဘယ်လိုလုပ်မလဲ.. လက်ခံမလား..?

ဓါတ်ခွဲခန်းများ၊ Commercial Certificates စမ်းသပ်မှု၊ စံချိန်စံညွှန်းများကို အစိုးရက ဦးဆောင်လုပ်ဆောင်ဖို့လိုပါသည်။ ပညာတတ်လူငယ်၊လူကြီးများ လိုအပ်လာပြန်ပါသည်။ ဟိုးတုန်းကတော့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် စားသောက်ကုန်ဒီပလိုမာသင်တန်းရှိပါသည်။  အခုလည်း ရှိနေဆဲဖြစ်သော်လည်း  စက်ပစ္စည်းမရှိ ဖြစ်နေပါသည်။ ရန်ကုန်ဓါတုဗေဒဌာနတွင် အိုင်စီ B.Sc (IC) ဆိုတဲ့ ပညာဘွဲ့ပေးပါသည်။


အထူးအခွင့်ရေး အခွန်လွတ်ခွင့်၊ သွင်း၊ထုတ်ကုန်သွယ်မှုမှာ ရရှိဖို့ အရေးကြီးလှပါတယ်။ ဘင်္ဂလားဒေခ်ျမှာ ပြည်ပပို့ကုန်ထုတ်လုပ်ငန်းဆိုရင် အခွန်မကောက်တဲ့အပြင် အားပေးတဲ့အနေနဲ့ ဆုချမှုတောင်ရှိပါတယ်။ အမေရိကန်နဲ့ဥရောပနိုင်ငံများက Made In Vietnam ဗီယက်နမ်ပြည်တွင်းထုတ်ပစ္စည်းတွေဆို အခွန်၊ သိသိသာသာ လျှော့ပေါ့ပေးခြင်းအားဖြင့် အခွင့်အရေးပေးပါတယ်။ WTO လို အဖွဲ့အစည်းတွေက ဆင်းရဲနိုင်ငံများကို ဦးစားပေးဖို့၊ အခွန်နည်းနည်းပဲ ကောက်ဖို့ လမ်းညွှန်၊ကြပ်မတ်ပေးပါတယ်။

အထက်ပါ လုပ်ငန်းများအတွက် အစိုးရချည်း လုံးဝမတတ်နိုင်ပါဘူး။ ပညာတတ် မြန်မာနိုင်ငံသားများရဲ့ အဖွဲ့အစည်းများ၊ နည်းပညာရှင်များ၊ တက္ကသိုလ်ကောလိပ်များက စုပေါင်းပါဝင်၊ ၀န်ဆောင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ သို့မှသာ တိုးတက်တဲ့နိုင်ငံကြီးများက ကုမ္ပဏီးကြီးများရဲ့ မတရားဈေးနှိမ်၊ အကြပ်ကိုင်ခံရမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့လည်း အမြဲဆက်သွယ်ထားရပါမယ်။

ဓါတ်ခွဲခန်များ၊ စံနှုန်းစနစ်များကိုလည်း ကမ္ဘာ့အဆင့်တန်းဖြစ်ရပါမယ်။

လယ်ယာလုပ်ငန်းအခြေခံလိုအပ်ချက်များ- ရေရရှိရေးအတွက် ရေရရှိရေးက အလွန်အရေးကြီးပါတယ်။ သမရိုးကျ မိုးရေပဲ အားကိုးလို့ မရပါ။ အစိုးရဆယ်မြောင်းရှိရင်တော့ အိုကေပေမဲ့ အများစုကတော့ ရေအခက်ခဲရှိပါတယ်။ မုံရွာမြိုနယ်၊ မုံရွေးမှာ ဘုန်းကြီးတစ်ပါးဦးဆောင်ပြီး ဆည်မြောင်းတစ်ခု ပုဂ္ဂလိကတည်ဆောက်ခဲ့တယ်။ အခုတော့ အဲဒီမုံရွေးတ၀ိုက်ရွာများ ရေလုံလောက်လို့၊ သီးနှံစိုက်ပျိုးရေးများအောင်မြင်ပြီး၊ ကျေးရွာလူထု ဘ၀မြင့်မား၊အဆင်ပြေလာတာ တွေ့ရပါတယ်။ မြစ်ချောင်းရေများကို အသုံးပြုနိုင်ဖို့။ အစိုးရသိပ္ပံနည်းပညာ ညွန်ကြားရေးမှုးချုပ်တစ်ဦးက မြေအောက်ရေရရှိရေး (အ၀ီဝိတွင်း) ကို အထူးစိတ်ဝင်စားပြီး နိုင်ငံခြားအကူညီရဖို့ မျှော်လင့်နေပါတယ်။ တကယ်တော့ ကိုယ့်လူမျိုးတွေပဲ လုပ်ကိုင်ရမှာပါ။ ထိုင်းနိုင်ငံမှာဆိုရင် ရေမြောင်းတွေ ပုဂ္ဂလိက ဖောက်ထားပြီး၊ အနီးနားက လယ်ယာစိုက်ပျိုးသူတွေက ရေ၀ယ်သုံးကြပါတယ်။

- နည်းပညာ (မျိုးစေ့၊ မြေသြဇာ၊ စက်ကရိယာများ)ကလည်း အလွန်အရေးကြီးပါတယ်။ မျိုးစေ့များကို နိုင်ငံတော်က တာဝန်ယူပေးရပါမယ်။ နောက်တခု မြေသြဇာကို တရုပ်နိုင်ငံက အကြီးကျယ်တင်သွင်းပါတယ်။ အခြားနိုင်ငံများကလည်း တင်သွင်းပါတယ်။ မြေသြဇာရမှာ အထွက်တိုးနိုင်မှာဖြစ်တယ်။ တကယ်တော့ မြေသြဇာက ပြည်တွင်းမှာ စက်ရုံများနဲ့ ထုတ်လုပ်ဖို့ အလွန်လွယ်ကူပါတယ်။ ရေရှည်မှာတော့ ပြည်တွင်းထုတ်မြေသြဇာများပဲ သုံးဖို့ရှိပါတယ်။ စက်မှုနည်းပညာများ၊ စက်ကရိယာများကတော့ နွားလှည်းက အခြေခံသုံးနေဦးမှာဖြစ်ပေမဲ့၊ အရေးကြီးတဲ့အချိန် လယ်ထွန်စက် (ထော်လာချီ) လိုယာဉ်မျိုးက အလွန်အသုံးကျပါတယ်။ အခြား အသေးစား စက်ကရိယာများစွာလည်း လိုအပ်ပါတယ်။

- ချေးငွေ။ စင်ကာပူက SMU စီမံခန့်ခွဲမှုဘွဲ့ရပြီး ဘဏ်လုပ်ငန်း၊ အတွေ့ကြုံရှိသူ မြန်မာလူငယ်တစ်ဦးပြောပြချက်က၊ ၁၉၁၀-၁၉၃၀ အတွင် မြန်မာနိုင်ငံဟာ ပြည်ပဆန်မရောင်းချတဲ့ နိုင်ငံမှ ကမ္ဘာ့နံပါတ်(၁) ဆန်တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်တီးကုလား ငွေချေးလုပ်ငန်းများကို ဗြိတိသျှအစိုးရက အိန္နိယကနေ ခေါ်လာ၊ လုပ်ခွင့်ပေးလို့ ဖြစ်ပါတယ် ..တဲ့။ ဆင်းရဲလို့ တောင်သူလယ်သမား အရေးတော်ပုံဖြစ်ရခြင်းဟာ ချစ်တီးကုလားများကြောင့်လို့ လက်ညိုးထိုးခဲ့ပေမဲ့၊ ချေးငွေကို စနစ်တကျ ချေးပေး၊ စပါးပြန်ကောက်၊ အတိုးရင်းငွေပြန်သိမ်း လုပ်နိုင်တဲ့ ချစ်တီးကလားများ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ အခု မြန်မာအစိုးရက တောင်သူများကို ချေးငွေပေးခဲ့ပေမဲ့၊ အဲဒီချေးငွေရလာရင် လုပ်ငန်းထဲ သုံးဖြစ်အောင် မကွပ်ကဲနိုင်ပါဘူး။ ပြီးတော့ လယ်ယာလုပ်ငန်း ငွေပေါ်ချိန်မှာလည်း၊ ချစ်တီးကုလားများက အတိုးကြီးတော့ နောက်ဆုံး လယ်ယာပေါင်နှံပြီး၊ လယ်ဆုံးရှုံးသွားတာမျိုး.. အခုခေတ်မှာလဲ ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်လူတန်းစားတရပ်က ချစ်တီးကုလားပုံစံ ပေါ်ပေါက်နေပါတယ်။ လယ်ယာခရိုနီလို့ ပြောရမလား။ ဟုတ်ပါတယ်..ချေးငွေ အလွန်အရေးကြီးပါတယ်။ ပညာနည်းတဲ့ တောင်သူများကို ချေးငွေစနစ်တကျ သုံးစွဲရေးကို နိုင်ငံတော်က လယ်ယာပညာတတ်များက ဦးဆောင်ပညာပေးရပါမယ်။

- Clan လို့ခေါ်တဲ့ ရပ်ရွာအကြီးကဲများ အလွန်အရေးကြီးပါတယ်။ ပညာနည်းပါးတဲ့ တောင်သူလယ်သမားများအပေါ် သူတို့ရဲ့ သြဇာလွမ်းမိုးမှု ကြီးမားလှပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများမှာ လူမျိုးစုခေါင်းဆောင်က ဒါစိုက်၊ ဒီလိုစိုက်၊ ဒီမြေသြဇာသုံး၊ ဘယ်သူ့ဆီရောင်း .. စသဖြင့် တချက်ပြောလိုက်ရင်၊ ရွာသားများက လိုက်နာလေ့ရှိပါတယ်။ ဒါကြောင့် ရွာသူကြီး၊ လူကြီးများကို ပညာပေးရေးက အလွန်အရေးကြီးပါတယ်။ ဒေသအလိုက်ဖြစ်စေ၊ လူမျိုးစုအလိုက်ဖြစ်စေ .. ရွာသူကြီးလို သြဇာရှိသူများ၊ စုပေါင်းပြီး ညီညွတ်စွာ လယ်ယာလုပ်ငန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းများ ရှိရပါမယ်။ ဒါမှ အပြင်က စီးပွားရေးသမားများရဲ့ အမြက်ထုတ်၊ အခွင့်အရေးသမားများရဲ့ အကြံဥာဏ်များကို တွန်းလှန်နိုင်မယ်ဖြစ်ပါတယ်။

မြန်မာ့သီးနှံထုတ်ကုန်များ
FAO export အချက်အလက်များအရ မြန်မာပြည်။ ပဲအမျိုးမျိုး (မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ဆိုယာပဲ)၊ မြေပဲ၊ နှမ်း နေကြာ၊ ဌက်ပျောချောက်(plantain)၊ ပလောပီနံ(Cassava)၊ နေကြာ၊ ၀ါဂွမ်း၊ ကွမ်းသီး (Areca nut)၊ သကြား၊ ရာဘာ၊ ၀ါဂွမ်း စသည်တို့ဖြစ်သည်။
ထူးဆန်းတာသည်မှာ ထိုင်းနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးအသီးအနှံများ မြန်မာ၊ ဗီယက်နမ်တို့လို ထွက်တယ်။ export အများဆုံး ထွက်ကုန်မှာ ရာဘာဖြစ်ပါတယ်။ usd 3b ကျော် export လုပ်တယ်။ ဗီယက်နမ် usd 1b Export လုပ်နိုင်ပါသည်။ မြန်မာပြည်တွင် လယ်ယာတွေသိမ်းပြီး သူဌေးများ ယခုမှစိုက်နေကြတယ်။ မွန်၊တနင်္သာရီရှိ ရာဘာစိမ်းများမှာ ထိုင်းနိုင်ငံထွက်ကုန်ဇြစ်သွားလေသည်။ ဗီယက်နမ်တွင် မြေလွတ်များစွာကို ၊ ရာဘာ အများကြီးစိုက်ထားကြသည်။ နှစ်၃၀လောက် ခံသောအပင်ဖြစ်သည်။ ထိုင်းနိုင်ငံမှာ ရာဘာစိမ်း မထုတ်တော့ပါ။ ရာဘာကုန်ချောများသာ ပြည်ပပို့ကုန် ဖြစ်ပါတယ်။ ထို့အပြင် စိုက်ပျိုးရေးအသီးအနှံများစွာကို Prepared Food အနေဖြင့် ပြုပြင်၊ စားဖို့အသင့် ဗူး၊အထုတ်များအဖြစ် ပြည်ပထုတ်လုပ်ရောင်းချပါသည်။ လယ်ယာထွက်ကုန်သာမက သားငါးများလည်း Prepared Meat အဖြစ် အိတ်စပို့လုပ်ပါသည်။ ထိုင်းနိုင်ငံ လယ်ယာလုပ်ငန်းမှာ ၁၂% of GDP ဖြစ်သော်လည်း Process Industry အရမ်းဖွံ့ဖြိုးသောကြောင့် ကုန်ချောများစွာ ပြည်ပပို့၊ အမြက်အရမ်းထွက်ပါသည်။ မြန်မာပြည်တွင် ကုန်ချောစက်ရုံများကို မကြာခင် ထိုင်းစက်ရုံများစွာ ရောက်ရှိလာပြီးလျှင်  မြန်မာ Process Industryတိုးတက်လာလျှင်၊  မြန်မာနိုင်ငံသားများစွာ အလုပ်ရမည်။ တောင်သူများ အလုပ်ရမည်။ ဆင်းရဲခြင်းလဲ နည်းပါးသွားပါမည်။

ဗီယက်နမ် Cashew nuts, ရာဘာ၊ ပလောပီနံ၊ မြေပဲ၊ ဘယ်ရီသီး၊ ထောပတ်သီး၊ သရက်သီး၊ မာလကာသီး၊ နာနတ်သီး၊ ကော်ဖီ၊ လဘက်ခြောက်၊ သရက်-မာလကာ၊ ငြုတ်စသဖြင့် သီးနှံ မြောက်များစွာ ထွက်ပါသည်။ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေး ၁၅နှစ်အတွင်း အသီးအနှံထွက်ကုန်များမှာ ကန်ဒေါ်လာဘီလျှံပေါင်းများစွာ အံ့သြဘွယ် ၀င်ငွေရပါတယ်။ အထူးသဖြင့် အမျိုးသမီးများစွာ ပြည်တွင်းတွင် အလုပ်အကိုင် အလွန်ပေါများသွားပါသည်။ ဗီယက်နန် တောင်သူအမျိုးသမီးငယ်များအဖို့ တရုပ်ပြည်တွင် သွားရောက် အလုပ်လုပ်ခြင်း၊ ကျွန်ခံ၊ ဇနီးသည်အဖြစ်ရောင်းစားခံရခြင်းများမှ လွတ်မြောက်ခဲ့ပါသည်။

မြန်မာပြည်လည်း တရုပ်၊ ယူနန်ပြည်နယ် စီးပွားရေးသမားများ ကြီးစိုးမှုမှ အမြန်ဆုံးလွတ်မြောက်လိုလျှင်
၁။ ဗီယက်နမ် လယ်ယာလုပ်ငန်းများကို အစိုးရက အားပေး၊ပံ့ပိုးနေခြင်းကို ကော်ပီ (အတုယူ) သင့်ပါသည်။
၂။ အထူးသဖြင့် ထိုင်းနိုင်ငံ လယ်ယာ၊စက်မှုလုပ်ငန်းများ Process Industry များ မြန်မာပြည်အတွက် ကော်ပီ (အတုခိုး) သင့်ပါသည်။
ထပ်မံရေးလိုသည်မှာ ..မြန်မာများ.. မြန်မာ့နည်းမြန်မာ့ဟန် ..တစ်ကစပြီးမလုပ်တော့ရန် သတိပြုရပါမည်။

မြန်မာနိုင်ငံရေမြေအလွန်ကောင်းခြင်း
နာဂစ်ဆားငံရေ၀င်တဲ့ဒေသများ ပြန်လည်စိုက်ပျိုးအောင်မြင်နေခြင်း၊ ငါးမွေးမြူရေး ပြည်ပပို့မှု မကိုက်သောကြောင့်ရပ်နားလိုက်ရသော ၂၀၁၁၊ ၂၀၁၂ ခေတ်များတွင် ငါးကန်များမှ ငါးများ၊ အစာကြွေးရန်မလိုပဲ ကြီးထွားလာပြီး၊ ဖမ်းယူရောင်းချနိုင်ခြင်း၊ မြန်မာပြည်တ၀ှမ်း လယ်ယာများမှထွက်သော သီနှံများ အရည်အသွေးကောင်းမွန်ခြင်း...စသည့် မြန်မာပြည်အရင်းခံ ရေမြေအနေထား အလွန်ကောင်းခြင်းကို ရထားပါသည်။ အစိုးရပဲ ကောင်းဖို့လိုပါသည်။ ပြည်ပပို့ကုန်များ ၂၀၁၀ မှာ  ပဲအမျိုးမျိုး၊ နှမ်း၊ ဆန်၊ ကုလားပဲ၊ အသီးခြောက်များ အဓိကဖြစ်ပြီး၊ ပြောင်း၊ ငြုတ်၊ ကြက်သွန်၊ ၀ါဂွမ်း၊ သကြား၊ ဆိုယာပဲ၊ တို့ ဒေါ်လာ ၃သန်းကျော်ဖိုးစီ တင်ပို့နိုင်ခဲ့ပါတယ်။ သဘာဝရာဘာ၊ သဘာဝပျားရည်၊ ကြက်သွန်ဖြူ၊ ဟင်းရွက်ခြောက်၊ နှမ်းပစ်၊ အမဲခြောက်၊ လဘက် စသည်တို့အနည်းငယ် (ဒေါ်လာတစ်သန်းခန့်) တင်ပို့ရောင်းချခဲ့ပါသည်။ ၂၀၁၂ မှာ သန်းပေါင်း၅ထောင်ဖိုးလောက် (အချက်အလက်များ မှန်းခြေ) တရှိန်ထိုးရောင်းချခဲ့သည်ဟု ဆိုသည်။ 



Reference: Trade data from FAO website
http://faostat.fao.org/site/342/default.aspx


ဈေးကွက်ရှာရန်၊

မြန်မာပြည်တွင် ဆန်းကုန်သည်အသင်း၊ ပဲကုန်သည်အသင်းများ အောင်မြင်စွာလုပ်ကိုင်နေကြပါသည်။ အခြားအသင်းများ ဥပမာ အထည်ချုပ်အသင်း၊ ကွန်ပြူတာအသင်း စသည်တို့လည်း ရှိပါသည်။ အစိုးရမလုပ်နိုင်သောအဖွဲ့ များစွာပေါ်ရပါမည်။ အစိုးရသြဇာကင်းပြီး၊ အစိုးရကသာ ထိုအသင်းများလိုအပ်ချက်များကို ပံ့ပိုးရပါသည်။ ဥပမာ ..သရက်သီး ပြည်ပတင်ပို့လိုပါက အသင်းအဖွဲ့ရှိရမည်။

ထိုအသင်းဖွဲ့များဖြင့် ပထမ ပြည်တွင်းဈေးကွက် အရင်ရှာဖွေရမည်။ အသီးအနှံများ တစ်ပြည်လုံး ဈေးညီသွားအောင် အခွန်(ဌာနဆိုင်ရာမှတောင်းရမ်းခြင်း) နှင့် သယ်ယူပို့ဆောင်ရေး သက်သာရမည်။ ပြည်ပပို့ကုန်အတွက် ကိုးရီးယား၊ဗီယက်နမ်၊ထိုင်း၊တရုပ် ထုတ်ကုန်များကို အနောက်နိုင်ငံများသို့ရောက်ရှိနေထိုင်ကြသော ကိုးရီးယား၊ဗီယက်နမ်၊ထိုင်း၊တရုပ်များက ဈေးကွက်ရှာပေးကြပါသည်။ ယခုအခါ အချို့အနောက်နိုင်ငံကြီးများနှင့် ကိုးရီးယား၊ဂျပန်စသည်တို့က Made in Myanmar ကုန်စည်များကို အခွန်လွတ် tax free promotion ပေးနေသည်ဟု ဆိုသည်။ ကိုယ့်နိုင်ငံထွက်ကုန်များကို ကိုယ့်နိုင်ငံသားများက ပြည်တွင်းမှာ အားပေး၊သုံးဆောင်သလို၊ ပြည်ပမှာလည်း အားပေးသုံးဆောင်၊ ညွှန်းရပါသည်။ ပြည်တွင်းမြန်မာအင်အားစုနှင့် ပြည်ပမြန်မာအင်အားစု ၂ခုတို့ ဆက်သွယ်ပေးသော စီးပွားအဖွဲ့အစည်းများ မြန်မာအစိုးရကလည်း အားပေး၊ကူညီ၊ လမ်းညွှန်ရပါမည်။ ဥပမာ Myanmar Chamber of Commerce Office.

ထိုင်း၊ ဗီယက်နမ် စားသောက်ကုန် စက်မှုလုပ်ငန်းများ Process Industry မြန်မာပြည်တွင်းသို့ ၀င်ရောက်ရင်းနှီးလာကြပြီဖြစ်သည်။ မြန်မာတောင်သူလယ်သမားများအဖို့ Export တွက်ခြေကိုက်ပါက မိမိသဘောကျ လွတ်လပ်စွာ၊ အမြန်ဆုံးစိုက်ပျိုးနိုင်ပြီဖြစ်သည်။ Product of Myanmar  ကုန်ချောများကို တိုက်ရိုက်ပြည်ပရောင်းချနိုင်ဖို့ မဝေးတော့ပြီ။

ဇော်အောင် 16 April 2013

ပြုပြင်ပြီး အစားအသောက်၊ သားငါး၊ စည်သွတ်ဗူးများ (ပြည်တွင်း၊ပြည်ပအတွက်)

Ku Mo Jo - Opposition ...

ကာတွန်း ကူမိုးကြိုး - အတိုက်အခံ ပြောလိုက်ဘီ
ဧပြီ ၂၀၊ ၂၀၁၃

Kamarpale - Poem

အမြတ်နိုးဆုံး ... လမ်းမ
ကမာပုလဲ
ဧပြီ ၂၁၊ ၂၀၁၃

 
ဘ၀မှာ ...
ကိုယ်က မြတ်နိုးတန်ဖိုးထားခဲ့ပေမဲ့
စွန့်လွှတ်လမ်းခွဲလိုက်ရတဲ့ အတ္တတွေ ...။

၂၅ နှစ်ဟာ
လူတယောက်ရဲ့ စိတ်ကူးစိတ်သန်းအပျက်အတိုင်း
သူ့အလိုကျ လိုက်ပါစီးမျောရမယ်လား ...။

ပုဂ္ဂလ ကိုးကွယ်ခြင်းတရားကို
အိမ်ကထွက်လာကတည်းက
အမေ့ မျက်ရည်စတွေနဲ့အတူ ထားရစ်ခဲ့ ...။

အကြောက်တရားကြောင့်ပဲဖြစ်ဖြစ်
ငွေကြောင့်ဖြစ်စေ
ရင်ခုန်သံ မတူတော့တဲ့ တခါက ချစ်ခဲ့ရသူများ
ဆန့်ကျင်ပြိုင်ဘက် အကျိုးစီးပွားတွေဖြစ်
လမ်းခွဲရမယ့် အဖြစ်တွေက ဘ၀မှာ တပုံတပင် ...။

၂၅ နှစ်ဆိုတဲ့ ကျောပိုးအိတ်ထဲမှာ
အရေးကြီးဆုံးက
ကျဆုံးခဲ့ကြတဲ့ ချစ်သူအာဇာနည်တွေရဲ့ သစ္စာတရား
တိုက်ပွဲဝင် အလံတလက်
ကဲဗျာ
လူမှာ ဒီထက် ဘာက တန်ဖိုးအရှိဆုံးလဲ ...။

၂၅ နှစ်တဲ့
အဲဒီ ကျောပိုးအိတ်ကို ဆက်လက်လွယ်ပိုးရင်း ... ။ ။

Kaepar Tine Thar - Staire

ကယ်ပါတိုင်းက ဟိုင်းနဲ့ ဟယ်လို (သို့မဟုတ်) မင်းတြားကြီး၏ နို့ဆီခွက်စီမံကိန်း
ကယ်ပါတိုင်းသား
ဧပြီ ၂၁၊ ၂၀၁၃

သရုပ်ဖော်ကာတွန်း - လိုင်လုဏ်

ယခုအခါသမယသည်ကား ကယ်ပါတိုင်းသားတို့ ဟိုင်းဟိုင်း ဟယ်လိုဟယ်လိုများ မိုက်ရိုင်းချင်တိုင်းမိုက်ရိုင်း၊ ထွားကျိုင်းချင်တိုင်းထွားကျိုင်းနေသည့် အချိန်အခါကြီး ဖြစ်ချေပေတော့သည်တမုံ့။ တဟိုင်းဟိုင်းနှင့် အင်တာနက်၌ မြင်ရာအက်ဒ်၍ ထင်ရာချက်နေကြလေပြီ။

နို့ဆီခွက်တလုံးဆီကိုင်၍ ဟယ်လိုဟယ်လိုနှင့် ဘယ်ကိုရယ်မဟုတ်၊ ဘယ်လိုရယ်မဟုတ် နှုတ်ဇောင်းထက်နေကြပေပြီ။ ယခုအခါ မင်းတြားကြီး၏ဘုန်းတော်ကြောင့် လူကြီးမင်း ဆိုသောအသံတော်ကြီး ပြည်လုံးသိမ့်သိမ့် တုန်တော်မူတော့မည်တည်း။

အင်တာနက်ဆိုသဟာနှင့်ပတ်သက်လျှင် ကယ်ပါတို့ကိုကျွန်ပြုထားသော ဟိုးတိုးတက်လှပါသည်ဆိုသော စိနတိုင်းသား ကျေးဇူးတော်ရှင်သခင်များသည်ပင်လျှင် ကယ်ပါတို့ကို အားကျငေးမော့ ရှီဖော့လုပ်နေရပေချေပြီ။ သို့ပေသော်လည်း ဘုန်းတော်ကြောင့်ပင် ကွန်နက်ရှင်ဆိုသဟာချင်းတော့ မြင်းကျိုးနှင့်ကျည်ဆံရထားပြိုင်ပြေးရသလို အနှေးမှာသရဖူဆောင်းထားနေပေချေသေးသည်တကား။

ကယ်ပါတို့တိုင်းကြီးကား ကျိုင်းပြီးရင်းကျိုင်းနေပေပြန်တော့ရာ ယခုနို့ဆီခွက်ခေတ်ကြီးသည်လည်း ဗိုလ်ချုပ်ကြီးများမှဂျိုကုတ်ပိုင်ရှင်တို့ထိ၊ ကုမ္ပဏီကြီးမှသည် အကြော်တဲထိ၊ လွှတ်တော်မှသည်ထန်းရည်ဆိုင်ထိ ရောက်ရှိသွားပေတော့မည်။

ကယ်ပါတိုင်း၌ တရံရောအခါကမှစကာ ယခုထိပင် ဆက်သွယ်မှုနှင့်ပတ်သက်၍လော်ကြီးနှင့် ဟစ်အော်၍ “ ဟယ်လို ဟယ်လို ရွာတောင်ပိုင်းက မဂွက်ထော်၊ခင်ဗျားရဲ့မလေးရောက်လင်တော်ဆီမှ ဖုန်းလာနေပါတယ် “ ဟုလှမ်းခေါ်ပြီးသကာလတဖက်ရွာမှလည်း ယင်းသို့ပင် လော်ကြီးနှင့် “ ဟယ်လို ဟယ်လို” ဟုအသံပြုလေသောအခါ “ အားလုံးနေကောင်းကြလား “ တဲ့၊ “ အငယ်ကောင်တော့ချူချာတယ် “ တဲ့၊ “ ဆေးခန်းမပြဘူးလား “ တဲ့၊ “ ဆေးခန်းကနှစ်ရွာကျော်မှာဆိုတော့ ရေမန်းတိုက် ထားတယ် “ တဲ့၊ “ အမေ့ကိုသတိရတဲ့အကြောင်းပြောပေးပါ ” တဲ့၊ “ အင်းအင်း “ တဲ့ စသဖြင့် နှစ်ရွာသိ၊သုံးရွာသိ ပြောဆိုဆက်သွယ်ရသည့် ကမ္ဘာ့ရှားပါးယဉ်ကျေးမှုကြီးမျိုးတုံးပျောက်ကွယ် သွားပေတော့မည်။ ယင်းသို့ လော်နှင့် ဆော်ရသည်ကားတရံရောအခါက ဆက်သွယ်ရေး၌ ဘီလူးမောင့်ကြောင့် ထောင့်နေသောဟူ၏၊ 

ယခုဘုရင်မင်းတြားကြီးကိုယ်တော်တိုင် ကယ်ပါတွေလူနေမှုကြွဇောင်းဇောင်းဖြစ်စေရန် မဟာကရုဏာတော်ထားသဖြင့် ဘီလူးကိုအစွယ် ချိုးကာ သူ့လက်စွဲတော်သန်လျက်ဖြင့် လော်ခေတ်ကို ခုတ်ဖျက်တော့မည်ဟူ၏။

“ဤနေရာတွင် ဖုန်းလိုင်းမိသည် “ ဟု အိမ်တဝိုင်းထဲမှာပင် ဟိုနားတကွက် သည်နားတကွက်၊ ထုံးကွက်ထားရသော လိုင်းဆွဲအားတို့နှင့် ဘုန်းတော်ကြောင့်မည်သို့ ဟယ်လိုရအောင်လုပ်လေမည်ကိုလည်း ကယ်ပါတိုင်းသားများအထူးစိတ်ဝင်စားနေပေချေသေးသည်။

သို့ပေတမို့၊ ကယ်ပါတိုင်းတွင် ယင်းနို့ဆီခွက်ပြဿနာကား အမှိုက်မှသည်ပြဿာဒ်မီးလောင်တော့မည့် ကိန်းဆိုက်နေပေပြီ။အိမ်တိုင်း အိမ်တိုင်း ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် ပြဿနာတွေ တရိပ်ရိပ်တက်လာပေပြီ။ယခုမင်းတြားကြီး၏သမဆိုင်မှတဆင့်ပေးမည့် နို့ဆီခွက်သည် တအိမ်ထောင်မှတခွက်သာ ပေးသနားတော်မူမည်ဟူ၏။ မိသားစုတိုင်းလည်း တအိမ်ထောင်မဖြစ်ကြရကားပုံစံ၁၀ ဆိုသဟာပြ၍ ထုတ်ရမည်ဆိုသောအခါ ခက်နေကြပေပြီ။ အချို့လည်း အနှီရွာ၊ဤရွာ၊ ထိုရွာမှလွှဲ၍ ဘယ်မှမရောက်ဖူးမှန်းသိပေသည့် ရွာသားမှန်ကြောင်းသူကြီးဆီလျှောက်လွှာတော်တင်ကြရ၊ ပြီးရင် ပုံစံ ၁၀ ဆိုသဟာလုပ်ဖို့စိုင်းပြင်းကြရသည်။

အိမ်မှာ အထိုင်ဖုန်းလုပ်ထားမည်၊ မထားနိုင် ငါခါးငါချိပ်မည်၊ကျွန်တော့်ခါးမှာချိပ်မည်၊ ကျွန်မခါးချိပ်မည်၊ သားချိပ်မည်၊သမီးချိပ်မည်၊ အိမ်ထောင်ကျပြီးသားသူတွေနှင့်မဆိုင်စသဖြင့် မိသားစုတွင်းအက်ကြောင်းကြီးလည်း ထင်လာချေပြီ။ နို့ဆီခွက်မန်ခုတ်နေကြပေပြီ။

မင်းတြားကြီးသည် တအိမ်ထောင်ကို ဖုန်းတလုံးနှင့်ပြဿနာဆယ်ခုပေးလိုက်သည်နှင့်တူနေပေချေတော့သည်တကား။ပုံစံ ၁၀ နှင့် ဆက် စပ်ပတ်သက်သူ၊ ပုံစံ ၁၀ ကိုင်တို့ကား ခွေးဒံပေါက်တွေ့သ ကဲ့သို့တည်း။မိတ္တူဆိုင်များဆိုသဟာ လေတချွန်ချွန်နှင့် တွန်ချင်တိုင်းတွန် ကချင်တိုင်းက အမောက်ကလေးတသသလုပ်နေကြပေတော့သည်။ကယ်ပါမှာမွေး၊ ကယ်ပါသွေးအပြည့်၊ ကယ်ပါမြေနေ၊ ကယ်ပါရေ သောက်၊ ကပ်ပါတပ်မတော်၏ ကျွန်သဘောက်များကား အခြားတပါးမှလာသောတရုတ်ကုလားများကဲ့သို့ မှတ်ပုံတင်နှစ်ခုသုံးခု ကိုင်ဖို့ထား၊တခုတောင်မရှိကြသည်မို့ မှတ်ပုံတင်မိတ္တူပြဖို့လည်း ခက်နေကြပြန်ချေသေးသည်။

ရပြန်လျှင်လည်း ၁၅ ရက်အတွင်းမှအစပြု၍ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ဟယ်လိုဟယ်လိုလုပ်နေရမည်၊ လစဉ်လတိုင်း နိစ္စပတ်ဝတ်အနေနှင့် အမြဲဟယ်လိုရမည်၊မလုပ်လျှင် ပြစ်ဒဏ်ထားမည်ဟူ၏။

မင်းတြားကြီး၏နို့ဆီခွက်စီမံကိန်းသည် ငတို့အတွက်မဟုတ်ချေတကားဟုညည်းထွားလာကြကုန်ပြီ။ ပိုဆိုးသည်ကား ဘုန်းတော်ကြီးများနှင့် သီလရှင်ဆရာလေးများပေတည်း။

ကယ်ပါတိုင်းဘာသာရှေ့ရေးကား ရင်လေးဖွယ်အတိဖြစ်နေချေပြီတည်း။တချို့ဘုန်တော်ကြီးများ၊ သီလရှင်ကြီးများ မတွေးရဲသော်လည်းငယ်ရွယ်သောပုဂ္ဂိုလ်များကား အောက်ပါအတိုင်းစဉ်းစားခန်းဖွင့်နေကြပေပြီ။နို့ဆီခွက်တလုံးရဖို့ အရင်ဆုံး လူထွက်၊ ထိုမှနောက်တွင်မှတ်ပုံတင်ပြုလုပ်၊ အိမ်ထောင်ပြု။ ထိုမှနောက်၌ တအိုးတအိမ်ထူပြီးသကာလပုံစံ ၁၀ လျှောက်ထား။ သို့ ဆောင်ရွက်ပြီးစီးသောအခါမှနို့ဆီခွက်တလုံးရရန်အတွက် သူကြီးဆီ လျှောက်လွှာတော်ဆက်ရပေတော့မည်ဟူ၏။

သို့မှသာ၊ မဟုတ်လို့ကတော့ “ ဘယ်သောအခါမှ ဖုန်းနဲ့ကိုယ် နီးရပါ့မယ်မောင်ကြံရွယ် နတ်ပန်းထက်ပင် ခူးရခက်သေးတယ် ”  ဖြစ်နေချေ တော့မည်တကား။ ကယ်တော်မူကြပါခင်ဗျား .....

Friday, April 19, 2013

Cartoon Saw Ngo - Birthday Cartoon for our big guy from Burma

ကာတွန်းစောငို - ဟစ်တလာနဲ့ တနေ့တည်းမွေးသူကြီးသို့ မွေးနေ့ကာတွန်း
ဧပြီ ၂၀၊ ၂၀၁၃

Dhamma Beri Sayadaw donated Kyats of 25 lakh to U Win Tin Foundation as Burmese New Year Celebration


ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ ကျပ် ၂၅ သိန်း ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)ဆရာတော် လှူဒါန်း
မိုးမခဓာတ်ပုံသတင်း
 ဦးဝင်တင်ဖောင်ဒေးရှင်းသို့ နှစ်ဦးအလှူအဖြစ် ကျပ် ၂၅ သိန်း ကို ၁၉  ရက် ဧပြီလ၊ နေ့လည် ၃ နာရီမှာ ဒီလှိုင်းရုံးခန်းသို့ ဓမ္မဘေရီ(တောင်စွန်း)ဆရာတော် ဦးဝီရိယက ကြွရောက် လှူဒါန်းခဲ့ပါတယ်။ 
 ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရဲ့ ဓမ္မမိတ်ဆွေများ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြစေဖို့အတွက် နှစ်သစ်မင်္ဂလာသတင်းကို မျှဝေလိုက်ပါတယ်။ ဆရာတော်ကလည်း မြန်မာနှစ်သစ်ဦးကူးကာလမှာ မိုးမခ၀ိုင်းတော်သားများ၊ ပရိသတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Kyaw Thu - FFSS Yangon Activity,

နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၀၊ ၂၀၁၃

  

၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် အများပြည်သူအပေါင်းတို့ အတာရေ ပတ်ဖျန်းပျော်မြူး နေကြချိန်တွင်  နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ပေးဆပ်သူများ” သံချပ်အဖွဲ့သည်လည်း အများပြည်သူ တို့အား “နဖူးမှချွေး ခြေမကျသည်” အထိ ပြည်သူတို့၏ ရင်းတွင်းမှခံစားချက်များအား သံချပ်အဖြစ်နှင့် ရင်ဖွင့်နေကြလေသည်။ ထိုအချိန်တွင် ပြည်မြို့နှင့် အနီးတဝိုက်ကျေးရွာအချို့တွင မည်သူမှမျှော်လင့် မထားသည့် လေဆင်နှာမောင်း (ခေါ်) လေပြင်းတစ်ခုသည် နေ့လည် (၂းဝဝ) နာရီအချိန်ခန့်က တိုက်ခတ် သွားခဲ့လေသည်။ ထိုလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် (ဖိုးခေါင်၊ လက်ခုပ်ပင်၊ ဇီးဖြူကုန်း၊ သစ်ချေ တင်၊ နဝင်းမာလကာကုန်း) အစရှိသည့် ကျေးရွာများတွင် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော် ကြီးကျောင်းများ ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အရေးပေါ်ကူညီမှုပေးရန် လိုအပ်လာသောကြောင့် ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့၏ အကြောင်းကြားချက် အကူညီ တောင်းခံမှုကြောင့် မဆိုင်းမတွန့် ကူညီမှုပေးနိုင်ရန်အတွက်  နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အလုပ် အမှုဆောင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလေဘေး ကယ် ဆယ်ရေးအတွက် “ပေးဆပ်သူများ”  သံချပ်အဖွဲ့အား အများပြည်သူများမှ ဆုတော်ငွေအဖြစ် လှူဒါန်းခဲ့ သော ငွေများထဲမှ သိန်းနှစ်ဆယ်ကျပ်တိတိအား လေဘေးသင့်ပြည်သူများအား လှူဒါန်းခဲ့ကြသည်။


၎င်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖိုးခေါင်ကျေးရွာ၊ ဇီးဖြူကုန်း၊ လက်ခုပ်ပင်၊ ချောင်းနား တန်း၊ သစ်ချေတင်နှင့် နဝင်းမာလကာကုန်း ကျေးရွာများမှ စုစုပေါင်း အိမ်ခြေ (၁၉ဝ) တွင် (၃၄)လုံးမှာ လုံးဝပျက်စီးခဲ့ပြီး ကျန်(၁၅၆) လုံးသည် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ (၁ဝဝဝ) ခန့် လေဘေး ဒုက္ခဒဏ်ခံစားခဲ့ရသည်။ ထိုပျက်စီးခဲ့သော အိမ်ထောင်စုများတွင် လုံးဝပျက်စီးအိမ် (၃၄) လုံးအား တစ်အိမ်လျှင်ငွေ (၂ဝဝဝဝ) ကျပ်နှင့် ဆန် (၄) ပြည်၊ ဆီ (၅၅) ကျပ်သား၊ ခေါက်ဆွဲခြောက် (၂) ထုတ်၊ ဆပ်ပြာ (၁) တစ်ထုပ်စီ လှူဒါန်းခဲ့ပြီး ကျန်နေအိမ် (၁၅၆) လုံးအား ဆန် (၄) ပြည်၊ ဆီ (၅၅) ကျပ်သား၊ မားမားခေါက်ဆွဲ (၂) ထုပ်၊ ဆပ်ပြာ (၁) ထုပ်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ကျောင်သားလူငယ် များ ကျောင်းဖွင့်ချိန် နီးကပ်လာပြီဖြစ်သောကြောင့် စာသင်ကျောင်းများ အချိန်မှီ ပြုပြင်ရန်လိုအပ်လာပြီ ဖြစ်သည့်အတွက် ရှမ်းစုကျေးရွာ မူလတန်းကျောင်းအား (၆) ပေသွပ် (၁၂၆) ချပ်၊ ချောင်းနားတန်း ပြေလည်ရာ ဘုရားဓမ္မာရုံအား သွပ် (၉) ပေ၊ (၃၉) ချပ်၊ (၁၁) ပေ (၁၁) ချပ်၊ ဇီးဖြူကုန်း စာသင်ကျောင်း အား သွပ် (၈) ပေ (၃)  ချပ်အားလှူဒါန်းခဲ့သည်။  ထို့အပြင် (AAA) ဖိနပ်စက်ရုံမှ လာရောက် လှူဒါန်း ထားသော ဖိနပ်များနှင့် အဝတ်အထည်များအားလည်း ထပ်မံ၍ ပေးပို့လှူဒါန်းခဲ့သည်။

 
ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် မိဘပြည်သူများအတွက် အရေးပေါ်ကူညီ ပေးဆပ်ရန် လိုအပ်လာပါက အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ လူမျိုးဘာသာအရွေး ပေးဆပ်ကူညီ နေမည်ဖြစ်သည်။  ယခုပြည်မြို့ လေးဘေးကူညီ ကယ်ဆယ်ရေးတွင်လည်း “ပေးဆပ်သူများ” ၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း “နဖူးမှချွေး ဖြေမကျသည်အထိ” အနားတမ်း သံချပ်ဖျော်ဖြေပွဲ့မှ ရရှိသော ဆုတော်ငွေများထဲမှ မိမိတို့၏ အကျိုးအတွက် အသုံးမပြုပဲ  လေဘေးဒုက္ခခံစား နေရသော မိဘပြည်သူ အပေါင်းတို့အား အကျိုးရှိစွာ အသုံးပြုခဲ့သောကြောင့် “နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး” အဖြစ် နှစ်သစ်တွင် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတော့သည်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

Maung Yit

unread,
Apr 22, 2013, 2:17:48 AM4/22/13
to moemak...@moemaka.net

ကာတွန်းစောငို - မြန်မာပြည်မှာ နေကြသည်၊ ဧပြီ ၂၁၊ ၂၀၁၃

Than Win Hlaing - Articles

လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့
သန်းဝင်းလှိုင်
ဧပြီ ၂၂၊ ၂၀၁၃


လူငယ်တို့ရေ….

လူ့သမိုင်းတိုးတက်ပြောင်းလဲလာမှုနဲ့အတူ လူ့ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်တွေမှာ လူငယ်တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ၁၈ ရာစု ပြင်သစ်အတွေးအခေါ်နဲ့ လူမှုဗေဒပညာရှင် အိုင်စီဒိုးသြဂတ်စကီးခုန်းမ် (Isidore Auguste Marie Comte – 1798 – 1857) က ဆိုခဲ့ဖူးတယ်။

ယေဘုယျအားဖြင့် လူငယ်တိုင်းဟာ စိတ်ဓါတ်ခိုင်မာခြင်း၊ ရည်မှန်းချက်ကြီးမားခြင်း၊ ရဲရင့်သတ္တိရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အရာရာ ကို စူးစမ်းချင်စိတ်ရှိ၍ သိလိုတတ်လိုစိတ်မြင့်မားခြင်း၊ အမှန်တရားကို မြတ်နိုး၍ သစ္စာရှိခြင်း၊ ကြီးကျယ်မြင့်မြတ်သူတို့ကို လေးစားတန်ဖိုးထား၍ အတုယူတတ်ခြင်း စတဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ။

နို့ပေမယ့် တဒင်္ဂကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ နိုင်ငံတော်အစိုးရတွေရဲ့စီမံခန့် ခွဲမှု ညံ့ဖျဉ်းမှုတွေ၊ စိတ်ပျက်စရာပြဿနာတွေ၊ အိမ်တွင်းရေးစိတ်မချမ်းမြေ့စရာလေးတွေကြောင့်မိမိတို့ရဲ့ တိုးတက်မှုလမ်းတွေပိတ်ပြီး စိတ်ဓါတ်ကျအားငယ် ကာ အချိန်တွေဖြုန်း၊ တွေဝေငေးမောကာ လေလွင့်နေတဲ့ လူငယ်တွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ယနေ့လူငယ်တွေဟာ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို မုချမလွဲမသွေလွှဲပြောင်းယူရမယ့် သူတွေမို့ အနာဂတ်နိုင်ငံတော်ရဲ့ ကံကြမ္မာဟာ မင်းတို့လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာကို အစ်ကိုကြီးသတိပေးပါရစေ။ ဒါကြောင့် ယနေ့အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တွေရဲ့ အခြေအနေတွေကို လေ့လာခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံရဲ့ အခြေအနေကို ခန့်မှန်း နိုင်တယ်လို့ ဆိုကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ခွေးအသက်တခါလည် လူ့အသက်၂၀ လို့တောင် ခပ်ကြမ်းကြမ်းဆိုခဲ့ဖူး တယ်ကွဲ့။။ ခွေးအသက်တစ်ခါလည်ဆိုတာက အသက်တခါလည်ရောက်တဲ့ ခွေးရဲ့အကျင့်ကို ကြည့်ရင် ဒီခွေးဟာပြာပုံတိုးမဲ့ခွေးလား၊ အခြေအနေကောင်းမယ့် ခွေးလား မှန်းဆနိုင်သလို၊ လူ့အသက် ၂၀ ပြည့်ရင်လည်း ဒီလူငယ်ဟာ ဆန်ကုန်မြေလေးလား၊ တိုင်းပြည်နဲ့လူမျိုး အကျိုးပြုမယ့်သူလား ခွဲခြားနိုင်ပုံကို ခိုင်းနှိုင်းတာပဲ။

ဆိုလိုတာက ယနေ့အသက်နှစ်ဆယ်ဝန်းကျင်ရှိတဲ့ လူငယ်တို့ဟာ မကြာမီကာလအတွင်း ရောက်ရှိလာတော့မယ့် နိုင်ငံတော်ရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်အဖြစ် ၊နောက်လိုက်အဖြစ် တာဝန်ယူရမယ့် သူတွေဖြစ်ရာထိုနယ်ပယ်အသီးသီးရဲ့ကောင်းကျိုး၊ဆိုးကျိုး၊တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းစတဲ့ကံကြမ္မာတွေဟာလူငယ်တို့  လက်ထဲမှာ ရှိနေတာမို့  လူငယ်တွေ ဂုဏ်ရည်မြင့်တက်စေဖို့ ရှောင်ရန်၊ ဆောင်ရန်လေးတွေကို အစ်ကိုကြီး… ဗဟုသုတအနေနဲ့ ဖြန့်ဝေပါရစေ။

● ကြီးပွားအောင်မြင်ခြင်းရဲ့ သော့ချက်များ
လောကမှာ ‘မဖြစ်နိုင်ဘူးဆိုသော စကားဟာ အရူးတွေရဲ့ အဘိဓာန်၌သာရှိတယ်’ လို့ ပြင်သစ်ဧကရာဇ်ဘုရင်နပိုလီယံဘိုနာပတ် (၁၇၆၉ - ၁၈၂၁) က တခါက ပြောဖူးတယ်။ အချို့က ပိုလွန်းတယ်လို့ ဆိုချင်ဆိုကြမယ်။ ဒါပေမယ့်…. ပြောသူကို ကြည့်ပါက သူ့အပြောနဲ့သူ လုပ်ဆောင်ချက်ကား တထပ်တည်းကိုက်ညီနေတာကို တွေ့ရတာမို့ လက်ခံရမှာပဲ။

နပိုလီယံဟာ သာမန်တပ်ကြပ်ကလေးဘ၀ကနေ ပြင်သစ်နိုင်ငံရဲ့ ဧကရာဇ်ဘ၀ကို သူတက်လှမ်းခဲ့တဲ့ သူ့ခရီးလမ်းဟာ ပန်းခင်းလမ်း မဟုတ်ဘူး ဆိုတာပါပဲ။ သူဟာ အခက်အခဲမျိုးစုံကို ‘ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ခဲ့သူပမာ’ ရင်ဆိုင်ကျော်လွှားတက်လှမ်းလာခဲ့ သူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်သမိုင်းမှာ နပိုလီယံမင်းဆက်ကို စတင်တည်ထောင်ခဲ့သူအဖြစ်လည်းကောင်း၊ နိုင်ငံပြုသုခမိန်အဖြစ် လည်းကောင်း၊ စစ်သူကြီးအဖြစ်လည်းကောင်း ဥဒါန်းတွင်ရစ်ခဲ့သူဖြစ်တယ်ကွဲ့။ သူ့ခေတ်သူ့အခါက သူ့အမည်ကို ကြားရသူတိုင်းဟာ ဖိန့်ဖိန့် တုန်ခဲ့ရတာကို ကြည့်ပေါ့။

မြန်မာ့သမိုင်းမှာလည်း စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလ (မြန်မာ ၁၁၄၄-၁၁၈၆) ဟာ စွမ်းရည်သတ္တိ၊ လုံ့လ၀ီရိယကြိုးစားမှု တို့ကြောင့် သာမန်တံခါးမှူးဘ၀ကလေးမှ စစ်သူကြီးအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်တယ်။ ဘယ်မင်းအဆက်ဆက်မှ သာမန်ပြည်သူပြည်သား ကျွန်မျိုးတွေကို ‘သတိုးဘွဲ့’ ချီးမြှင့်လေ့မရှိဘူး။ စာဆိုတောင်ရှိတယ်မဟုတ်လား။ ဘာတဲ့ “သားကို ချစ်လျှင်သတိုး၊ ကျွန်ကိုချစ်လျှင် နေမျိုး” တဲ့။ ဆိုလိုတာက ဘုရင့်အချစ်ဆုံး ရင်သွေးရင်နှစ်သားတော်တွေကိုသာ သတိုးဘွဲ့ပေးလေ့ရှိပြီး၊ ချစ်ကျွမ်းဝင်တဲ့ ယုံကြည်စိတ်ချရတဲ့ ကျွန်တော်ရင်းတွေကိုသာ ‘နေမျိုး’ အဆင့်လောက်ပဲ ပေးသနားလေ့ရှိတာ မြန်မာ့နန်းတွင်း အစဉ်အလာတွေပဲ။ ဒါဆို မဟာဗန္ဓုလရဲ့ ဇွဲသတ္တိ၊ ရဲသွေးရဲမာန်၊ ခေါင်းဆောင်မှု အရည်အသွေးတွေထက်မြက်လို့သာ ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) က ချီးမြှင့်ခဲ့တယ်ဆိုတာ ထင်ရှား တာပေါ့နော်။

နောက်ထပ်လူ့ဘ၀တွင် သုညဘာသာမှ အစပြုလျက် တိုးတက်အောင်မြင်ခဲ့သူကို သာဓကပြရလျှင် အမေရိကန် ၁၆ ဆက်မြောက် သမ္မတဟောင်း အေဗရာဟင်လင်ကွန်းကို အစ်ကိုကြီးလက်ညှိုးထိုးပြချင်ပါတယ်။

လင်ကွန်းဟာ အမေရိကန်ပြည်ထောင်စုကင်တပ်ကီနယ်ရှိ သစ်လုံးအိမ်ကလေးထဲတွင် ဆင်းဆင်းရဲရဲမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူ့ဖခင်က လက်သမားဆရာဖြစ်ပြီး လင်ကွန်းအသက် ၉ နှစ် မှာ မိခင်ဆုံးတဲ့အတွက် မိထွေးနဲ့နေခဲ့ရပါတယ်။ ကျောင်းတက်ရာမှာလည်း ဝေးလံလှတဲ့ခရီးကို ခြေလျင်လျှောက်၍ သွားရတတ်တယ်။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ကျောင်းနေရတယ်လို့ မရှိပါဘူး။ ကျောင်းတက်ရက်ဟာ စုစုပေါင်းမှ ၁၁ လ လောက်ပဲ ရှိတယ်။

နို့ပေမယ့် လင်ကွန်းဟာ ငယ်စဉ်ကတည်းက စာပေ၀ါသနာထုံတာမို့ စာပေဗဟုသုတကို မိမိဘာသာ ရှာဖွေဖတ်ရှုဆည်းပူးခဲ့ပါတယ်။ ၅ မိုင် ၆ မိုင်ဝေးတဲ့ အိမ်ကိုသွား၍ စာအုပ်တွေ ငှားဖတ်ရတယ်။ ညဘက်တွင် မီးဖိုမှ မီးအလင်းရောင်ကလေးနဲ့ စာဖတ်ခဲ့ရတာပေါ့။ ရံဖန်ရံခါ စာဖတ်ရင်း ညီငယ်များကိုလည်း တဖက်က ထိန်းကျောင်းရသေးတယ်။

ဆင်းရဲနွမ်းပါးသော်လည်း ကြိုးစားအားထုတ်မှုနဲ့ စာပေကို အပတ်တကုတ်ကြိုးစားဖတ်ရှုလေ့လာမှုတွေကြောင့် စစ်သား၊ ၀တ်လုံ၊ နိုင်ငံရေးသမား စသော ဘ၀အထွေထွေကို ကျင်လည်ရင်း နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ဦးမြောက် သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။

သို့ကလို သစ်လုံးအိမ်ကလေးမှာ သမ္မတကြီးစံမြန်းရာ အိမ်ဖြူတော်အထိ လျှောက်လှမ်းခဲ့သော သမ္မတလင်ကွန်းဟာ စကားပြော လည်းကောင်း ၊ စာပေအရေးအသားလည်းတော်လှသူဖြစ်တယ်။ အဲဒီလို တောက်ပြောင်ခဲ့ရတာတွေကတော့ အားလပ်ချိန်လေး တွေကို မဖြုန်းဘဲ စာပေလေ့လာလိုက်စားခြင်းကြောင့် ဖြစ်တယ်ဆိုတာ သိသာတာပေါ့။

မြန်မာနိုင်ငံမှ အကျော်ဇေယျပုဂ္ဂိုလ်တစ်ဦးကို သက်သေပြရလျှင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ညွှန်ပြချင်ပါ တယ်။

“သူ့ကျွန်ဘ၀မှ လုံးဝလွတ်လပ်ရမည်” ဟူသော ထက်သန်တဲ့ သူ့စိတ်ထားနဲ့ ကြိုးစားခဲ့သူကား ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပါတယ်။ ကျိုးကြောင်းသိတတ်စ ကျောင်းသားအရွယ်ကတည်းကပင် မြန်မာနိုင်ငံကို လွတ်လပ်စေချင်တဲ့ သူ့ဆန္ဒဟာ အသိဉာဏ်နဲ့အတူ ယှဉ်တွဲပြီး သူ့စိတ်မှာ မြဲရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျောင်းသားဘ၀မှ အစပျိုးကာ လွတ်လပ်ရေးရဲ့ အတားအဆီးဖြစ်တဲ့ ချုံနွယ်ပိတ်ပေါင်းတို့ကို မလျှော့သော ဇွဲ၊ မနွမ်းလျသော ထက်သန်မှုနဲ့ ၁၂ ရာသီမပြတ် ဥတုသုံးပါး စလုံး ရှင်းလင်းခုတ်ထွင်ခဲ့ပါတယ်။ ယာသစ်တည်တဲ့ တောင်သူဟာ သစ်ငုတ်၊ ခလုတ်၊ ကန်သင်း၊ ၀ါးတက် တို့ကို ခက်ခဲစွာ ဖော်ရ၊ မြေညှိရ၊ ပေါင်းသင်သုတ်သင်ရတဲ့ နည်းတူ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက်လုံးမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲပြဿနာပေါင်းစုံတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ ဗိုလ်ချုပ်ဟာ အခက်အခဲဘယ်လောက်ပဲ ကြုံကြုံ လွတ်လပ်ရေးပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ ချုံကို သင်ဖြူး၊ ဆူးကို မွေ့ရာ ပမာပြုကာ ကန္တာရ ခရီးကြမ်းကို ဇွဲသန်သန်နဲ့ ဖြတ်နိုင်ခဲ့လို့ တို့တတွေဟာ လွတ်လပ်သောလူမျိုးအဖြစ် ယနေ့ကမ္ဘာပေါ်မှာ ရပ်တည်နိုင်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် သူ့ဘ၀ဟာ လွတ်လပ်ရေးရဲ့ အရသာကို မခံစားရသေးမီ မသမာသူလူတစ်စုရဲ့ ရက်စက်ယုတ်မာစွာသတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ရေတိမ်နစ်ခဲ့ရပါတယ်။ နို့ပေမယ့် ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် အသက်နဲ့ရင်းပြီး ကြိုးစားဆောင်ရွက်ခဲ့မှု တွေကြောင့် သူ့အမည်နဲ့ သူ့စွမ်းဆောင်ချက်ဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းကြေစရာ မရှိပါဘူးကွာ။

လူငယ်တို့ရေ….

အောင်မြင်မှုဆိုတာ လောကမှာ ရှိရှိသမျှ ပုပုရွရွလူသားအားလုံးတို့ ပန်ဆင်နိုင်သော အောင်ပန်းဖြစ်ပါတယ်။ အောင်ပန်းကို ဆွတ်လှမ်းနိုင်ရန်အတွက် ဆူကြုံနိမ့်မြင့် အသက်အပိုင်းအခြား၊ ကျားမ မရွေးပါဘူး။ ဒါပေမယ့် တခုတော့ရှိတယ်။ အဲဒါကတော့ ကြိုးပမ်းအား ထုတ်တတ်သော ဇွဲလုံ့လ ရှိရေးပါပဲ။ လုံ့လ၀ီရိယရှိရင် အောင်ပန်းကို လူတိုင်းလက်ဝယ်ပိုင်ပိုင် ဆွတ်လှမ်းမိမှာအသေအချာပါပဲ။ လူ့လောကမှာ လူတိုင်း လူတိုင်းဟာ ကိုယ်သန်ရာ သန်ရာ ၀ါသနာဘာဂီအရ လျှောက်လှမ်းနေသော ဘ၀ခရီးလမ်းအသွယ်သွယ်မှ အောင်မြင်မှု ဆိုတဲ့ ဗိမ္မာန်ကြီးကို ဦးတည်သွားနိုင်ကြပါတယ်။

ရိုးရိုးအလုပ်သမားကလေးတစ်ဦးဟာ အလုပ်ပိုင်ရှင်သူဋ္ဌေးကြီးဖြစ်နိုင်သလို သာမန်အရောင်းစာရေးကလေးဟာလည်း ဆိုင်ပိုင်ရှင်ကြီး ဖြစ်လာနိုင်ပါတယ်။ ဘုန်းကြီးကျောင်းသားဟာလည်း ကြိုးစားရင် ကောလိပ်ကြီးတစ်ခုမှာ ပါမောက္ခကြီးဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မျက်မှောက်ခေတ်နဲ့ တကွ လွန်ခဲ့သော နှစ်ကာလများကို ပြန်လှည့်ကြည့်ရင် ရိုးရိုးသူလိုငါလို ပုဂ္ဂိုလ်တွေဟာ ဇွဲ၊ လုံ့လ၊ သတ္တိ၊ ပညာ အရင်းခံကြောင့် ထူးထူးချွန်ချွန်ဖြစ်ခဲ့ကြတဲ့ သာဓကတွေ အထင်အရှားပါပဲ။ အောင်မြင်သူတွေကို လေ့လာကြည့်ရင် အချို့ဆို ကြွယ်ဝချမ်းသာ တဲ့ မိသားစုဝင်တွေလိုမဟုတ်ဘဲ မိဘက ဆင်းရဲ၊ အစားအသောက်မဖူလုံ၊ ပညာသင်စရာငွေကမရှိနဲ့ အတော့်ကို ဒုက္ခကသီလင်တ များခဲ့ကြပါ တယ်။ ဒါပေမယ့် သူတို့ဟာ ဒုက္ခကို ပျားရည်ဆမ်းပြီး မလျော့သောဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံရပ်တည်ပြီး ကြိုးစားခဲ့လို့ နောက်ဆုံးတော့ လှိုင်းကြီး လှေအောက်၊ တောင်ကြီးဖ၀ါးအောက်ရောက်ခဲ့သလို ထိပ်တန်းကို ရောက်ခဲ့ကြတယ်ဆိုတာ လူငယ်တို့ သတိရှိစေချင်တယ်။

ဒါ့ကြောင့် မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ ကြီးပွားတိုးတက်တန်ခိုးကြီးမှုရဲ့ အခြေခံတရား ၄ ပါးက (၁) ဆန္ဒ၊ (၂) ၀ီရိယ၊ (၃) စိတ်ကူး၊ (၄) ပညာ ဆိုတဲ့ အကြောင်းတရားဆိုပြီး ဖော်ပြထားတယ်မဟုတ်လား။

မြန်မာ့သမိုင်းကိုပဲ ကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းကိုပဲ လေ့လာလေ့လာ အောင်ပန်းဆွတ်ခူးခဲ့တဲ့ သူတွေ ဒုနဲ့ဒေးရှိတာမို့ စာဖွဲ့လို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ နို့ပေမယ့် ဇွဲ လုံ့လနဲ့ ကြိုးစားမှုမရှိလို့ အရှုံးသမားဘ၀နဲ့ လောကဓံလှိုင်းဂယက်အောက်မှာ ပက်လက်မျောနေကြတဲ့ သူတွေ ရေမျောကမ်းတင် လွင့်ချင်ရာလွင့်နေသူတွေကလည်း မနည်းလှပါဘူး။

အောင်မြင်မှုသရဖူကို ဆောင်းခဲ့ကြတဲ့နောင်တော့ နောင်တော်များလိုလက်မြှောက်အရှုံးမပေး၊ စိန်ခေါ်မှုအဖုံဖုံ ရေလျဉ်ကြောမှာ အမျောမခံဘဲ အောင်မြင်မှုပန်းတိုင်အရောက်လက်ပစ်ကူးနိုင်ခဲ့လို့ လက်ပန်းပေါက်ခတ်ခဲ့သူတွေလဲများလှပါပြီ။ ဒီနေရာမှာ အစ်ကိုကြီး တရုတ်စကားပုံလေး တစ်ခုကို သတိရနေမိတယ်။ စကားပုံက ဒူးထောက်ရင် သုံည၊ မတ်တပ်ရပ်ရင် တစ် တဲ့။ အောင်မြင်မှုဆိုတဲ့ တစ် သို့မဟုတ် ၀မ်း (One) ဖြစ်ဖို့ တို့တွေ ရင်ကော့မတ်တပ်ရပ်ပြီး ဘ၀ကို ရင်ဆိုင်ကြပါစို့။အောင်မြင် သူတို့ရဲ့ ကြိုးစားဆောင်ရွက်မှုနဲ့ စေတနာအကျိုးဆက်ကြောင့် လောကကြီးဟာ အဖက်ဖက်မှ တိုးတက်ခဲ့တာလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မဟုတ်ဘူး။

ဥပမာပြရရင် ရှိတ်စပီးယား၊ ချားလ်ဒစ်ကင်း၊ သောမတ်ဟာဒီ၊ မတ်တွိန်း၊ ရှယ်လီ၊ တဂိုး စတဲ့ စာဆိုတော် ပုဂ္ဂိုလ်တွေရေးသားခဲ့တဲ့ စာပေကဗျာအစုစုတို့ဟာ တို့တွေ ယနေ့တိုင် မကုန်ခမ်းနိုင်အောင် စာပေဗဟုသုတရခဲ့တယ် မဟုတ်လား။ သူတို့ထားရစ်ခဲ့တဲ့ စာပေအမွေ အနှစ်တွေပင်လျင် တို့ခေတ်ရဲ့ စာပေယဉ်ကျေးမှု အဆင့်အတန်းများပင် ဖြစ်ကြပါတယ်။ ထိုနည်းတူစွာ မိုက်ကယ်အိန်ဂျယ်လို၊ ရိုဒင်၊ လီယိုနာဒိုဒါဗင်ချီ၊ ပီကာဆို၊ မားတီး၊ ဗင်ဂိုး၊ ဟင်နရီမိုး စတဲ့ ပန်းချီပန်းပုလက်ရာတွေဟာလည်း လူသားတရပ်လုံးအတွက် သုခုမအနုပညာ ယဉ်ကျေးမှုမြင့်မားရေးအတွက်အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပဲ မဟုတ်လား။

အာခီးမီးဒီး၊ မိုက်ကယ်ဖာရဒေး၊ မာကိုနီ၊ သောမတ်အယ်ဒီဆင်၊ ဘင်ဂျမင်ဖရင်ကလင်၊ မဒမ်ကျူရီ၊ အိုင်းစတိုင်း အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သိပ္ပံသုတေသနစူးစမ်းတွေ့ရှိချက်တွေဟာ ဒီကနေ့ လူသားတစ်ရပ်လုံးကို အကျိုးပြုနေတယ်ဆိုတာ မျက်မြင်ပါပဲ။

ဆေးဝါးနဲ့ ကျန်းမာရေးဘက်ကို ကြည့်ရင်လည်း လီယူဝင်ဟုတ်၊ ရောဘတ်ဟောက်၊ မစ္စတာဂျင်းနား၊ ပတ်စချာ၊ အလက်ဇင်ဒါဖလင်း မင်း စတဲ့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ ကျန်းမာရေးအတွက် ရတက်အေးသင့်သလောက် အေးခဲ့ရတာပဲ မဟုတ်လား။

ထိုမျှမက သမိုင်းစာမျက်နှာမှာ ကမ္ဗည်းတင်ခဲ့တဲ့ ငါတို့အာဇာနည်သူရဲကောင်းတွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေဟာ တို့တွေ ယနေ့တိုင် ဂုဏ်ယူနေရဆဲပဲ မဟုတ်လား။

မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သော အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ ဆင်ဖြူရှင်၊ မဟာဗန္ဓုလ စတဲ့ ပုဂ္ဂိုလ်ထူးတွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်ခဲ့မှု စွမ်းဆောင်ရွက်ချက်တွေဟာ တို့မြန်မာတမျိုးသားလုံးအတွက် ဂုဏ်မြှင့်စေတာမို့ မေ့ရက်နိုင်စရာ မရှိသလို၊ အခြားနိုင်ငံအသီးသီးမှာလည်း သူ့နိုင်ငံအတွက် စွမ်းဆောင်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမဆုံးရှိကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ဝါရှင်တန်၊ ၁၆ ဦးမြောက် သမ္မတလင်ကွန်းတို့ရဲ့ ဆောင်ရွက်ချက်များကို ယနေ့တိုင် အမေရိကန်တို့ဟာ ဂုဏ်ယူမှတ်တမ်းတင်မဆုံး ရှိနေကြပါတယ်။

အရှေ့တိုင်းဘက်က တရုတ်ပြည်မှာ တရုတ်အမျိုးသားတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်နဲ့ တရုတ်ပြည်ကို ကမ္ဘာ့စီးပွားရေးထိပ်တန်းဝင်နိုင်ငံကြီးတစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်ပေးခဲ့တဲ့ တိန့်ရှောင်ဖိန်ကိုလည်း ယနေ့တိုင် တရုတ် ပြည်သူတို့ တသသ ဖြစ်နေဆဲပါ။

ဖိလစ်ပိုင်နိုင်ငံမှာလည်း စပိန်နယ်ချဲ့အစိုးရလက်အောက်မှ လွတ်မြာက်အောင် ကြိုးပမ်းခဲ့တဲ့ လက်ရုံးရည် နှလုံးရည် ထူးချွန်တဲ့ မျိုးချစ်ပုဂ္ဂိုလ် ရီဇော် အကြောင်းကိုလည်း ယနေ့တိုင် ပြောစမှတ်ပြုနေကြဆဲပါ။

လုံ့လ ၀ီရိယနဲ့ ပတ်သက်၍ ကျမ်းဂန်များမှာ ၀ိဂြိုဟ်ပြုထားတာကတော့ “လုံ့လ ၀ီရိယ ရှိသူအား အဘယ်မည်သော အမှုသည် မပြီးစီး ဘဲ ရှိတော့နည်း” ဟူ၍ ဆိုထားပါတယ်။

ဇာတ်ကြီးဆယ်ဘွဲ့ဝင် မဟာဇနက ဇာတ်ကား လုံ့လတည်းဟူသော ကြိုးစားမှုကို အရင်းတည်ခဲ့တာကြောင့် ထီးနန်းကိုပါ သိမ်းပိုက် စိုးစံတော်မူရသော မဟာဇနကမင်းကြီးကို ပမာပြု၍ ယနေ့လူငယ်တို့ လိုက်နာကျင့်သုံးနိုင်ရန် ပြသဆုံးမသော ဇာတ်တော်ကြီး ဖြစ်တယ်ကွဲ့။

ဇနကမင်းသားဟာ သင်္ဘောပျက်တဲ့အခါမှာ သင်္ဘောသား ခုနစ်ရာကဲ့သို့ လုံ့လမပြုဘဲ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့၍ နေခဲ့ပါလျှင် ငါးလိပ်မကန်းတို့ရဲ့ အစာဖြစ်ကာ ပင်လယ်သမုဒ္ဒရာအတွင်းမှာ သေပွဲဝင်ရမှာ မလွဲပါ။ နို့ပေမယ့် ဘုရားလောင်းဇနကမင်းရဲ့ လုံ့လဝီရိယနဲ့ ဇွဲသတ္တိကြောင့် မဏိမေခလာနတ်သမီးကပင် လာရောက်ကယ်ယူ၍ ၀ိဒေဟရာဇ်တိုင်းသို့ ပို့ဆောင်ခံရပြီး ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူခဲ့ရ ကြောင်း၊ မင်းတို့လည်း ဖတ်ဖူးမှာပေါ့။ ဒီဇာတ်တော်ကရတဲ့ သင်ခန်းစာကတော့ “အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လုံ့လကို မလျော့ ထိုက်၊ ကြမ္မာကိုသာ ရိုးမယ်ဖွဲ့သူများကား လူပျင်း လူဖျင်းတို့တည်း” ဟု ဘုရားလောင်းရဲ့ ဆိုစကားပါပဲ။ ဒါ့ကြောင့် ဘယ်လိုကံကြမ္မာမျိုးနဲ့ ကြုံတွေ့စေကာမူ ဘယ်သောအခါမှ မိမိတို့ရဲ့ လုံ့လကို အားပြု၍ ကြံဆောင်မှသာ အောင်မြင်သောပန်းတိုင်ကို ဆိုက်ရောက်နိုင်သလို လူပျင်း လူဖျင်းတို့ကဲ့သို့ မကျင့်အပ်ကြောင်းကို သတိပေးဆုံးမထားတာပဲ မဟုတ်လား။

လုံ့လ၀ီရိယရဲ့ ထိရောက်ပုံကို လက်တွေ့ညွှန်ပြရာမှာ အမေရိကန်သိပ္ပံပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်ရဲ့စကားဟာ လူငယ်တို့ အတွက် မှတ်သားစရာကောင်းလှပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးက ‘ပါရမီနဲ့လူထူးဆိုတာ’  ၁၀၀ မှာ ၉၉ ဆ လောက် ချွေးထွက်အောင် ကြိုးစားရပြီး တစ်ဆလောက်သာ ပါရမီခံရတဲ့ ကိစ္စမျိုးပါ’ လို့ ဆိုခဲ့ဖူးပါတယ်။

ကြိုးစားအားထုတ်၍ အောင်မြင်ကြသူတွေအနက် မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သူ နှစ်ဦးကတော့ အင်းဝမင်းကြီးစွာစော်ကဲလက်ထက် ၀န်ဇင်းရွာမှ အမတ်ကြီးဖြစ်လာတဲ့ ဘိုးရာဇာနဲ့ ကျစွာမင်းလက်ထက်မှာ အသက်၆၀ကျော်မှ စာသင်၍ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့တဲ့ ဦးကျည်ပွေ့တို့ကို တင်ပြချင်တယ်။

ဝန်ဇင်းရွာမှ အသည်သား မောင်ရာဇာဟာ တကယ်တော့ လယ်သမားကလေးကွဲ့။ လယ်ထွန်ရင်း အားလပ်ချိန်ကလေးတွေမှာ ရှေးပေဟောင်းစာဟောင်းတွေကို လေ့လာဖတ်ရှုရင်း စာပေဗဟုသုတဆည်းပူးခဲ့သူဖြစ်ပါတယ်။ အဲဒီလို ဇွဲလုံ့လမပြတ် စာပေလေ့လာမှုကြောင့် ဘုရင်ရဲ့ အတိုင်ပင်ခံအမတ်ကြီးဘ၀သို့ ရောက်ခဲ့ရတယ်မဟုတ်လား။

ကျစွာမင်းလက်ထက်က အသက် ၆၀ ကျော် ရဟန်းကြီးဟာ ရှင်ဘုရင်ထံဝင်၍ ပိဋကတ်သုံးပုံသင်ရာမှာ သဒ္ဒါရုပ်တွက်ရန်အတွက် ကန့်ကူဆန်ကို အလှူခံလေရာ မင်းကြီးက ‘ရှင်ရဟန်းကြီး….. ဒီအသက် ဒီအရွယ်မှဖြင့် ပိဋကတ်သုံးပုံကို သင်မနေပါနဲ့တော့။ ကျည်ပွေ့သာ အတက်ပေါက်ချင်ပေါက်မယ်။ ရှင်ရဟန်းကြီး ပိဋကတ်သုံးပုံ သင်ကြားတတ်ရန်ကား ခဲယဉ်းပေစွ’ လို့ မိန့်တော်မူတယ်။ ဒါပေမယ့် ရဟန်းကြီးဟာ အမှန်ပင်အတက်ပေါက်အောင် ကြိုးစားခဲ့တယ်။ သူဟာ နေ့စဉ်လွှင့်ပစ်ခဲ့တဲ့ တွင်းပြည့်ခဲ့သော အန်ပူများကို ကြည့်ကာ သင်ခန်းစာယူပြီး ပိဋကတ်သုံးပုံကို နှုတ်ငုံနိုင်ရန် မနေမနား ကြိုးစားခဲ့မှုကြောင့် နောက်ဆုံးမှာ အောင်မြင်ခဲ့ပြီး မြန်မာစာပေလောကမှာ ဦးကျည်ပွေ့လို့ ထင်ရှားခဲ့တယ်။

လုံ့လ ဥဿာဟထုတ်၍ ကြိုးစားအောင်မြင်ခဲ့သူများအနက် သိပ္ပံပညာကျော်ကြီးတို့ရဲ့ဘ၀မှတ်တမ်း အတ္ထုပ္ပတ္တိတွေကလည်း စိတ်ဝင်စားစရာပါပဲ။ အကယ်၍ အဲဒီသိပ္ပံနယ်အသီးသီးမှ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေသုတေသနမပြုခဲ့ရင် ယနေ့လူနေမှု အဆင့်အတန်းအားလုံးဟာ ဒီလောက်အခြေတိုးမြှင့်လာစရာမဟုတ်ဘူး။

သိပ္ပံပညာကျော် ပုဂ္ဂိုလ်ထဲမှာ အမေရိကန်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သောမတ်အယ်ဒီဆင် ရဲ့ ဆောင်ရွက်ချက်တွေဟာ စံတင်လောက်တယ်ကွ။ သူဟာ ငယ်စဉ်ကပင် သိပ္ပံပညာကို စိတ်ပါဝင်စားပြီး အပတ်တကုတ် ဆည်းပူးလေ့လာနေခဲ့တယ်။ ငယ်ရွယ်စဉ်ကပင် နားထိုင်းသွားခဲ့ရသော်လည်း အလုပ်ကြိုးစားမှုကတော့ သူများထက်သာတယ်။ သူဟာ အသက် ၈၄ နှစ်မှာ ကွယ်လွန်သွားခဲ့သော်လည်း သူ့တသက် တီထွင်သွားတဲ့ ပစ္စည်းအမျိုးပေါင်းဟာ ၂၅၀၀ လောက်တောင်ရှိတယ်။ အဲဒီအထဲမှာ ဓာတ်မီး၊ ဓာတ်စက်၊ ရုပ်ရှင်ပြစက်တို့လည်း ပါဝင်ပါတယ်။

အယ်ဒီဆင်ကဲ့သို့ အခြားကျော်ကြားသူကတော့ အင်္ဂလိပ် သင်္ချာဆရာကြီး အိုက်ဆက်နယူတန်ပဲ ဖြစ်တယ်။ နယူတန်ဟာ မြေပိုင်ရှင် တစ်ဦးရဲ့ သားဖြစ်သော်လည်း ဖခင်ဟာ သူငယ်စဉ်ကတည်းက ကွယ်လွန်သွားတာမို့ မိမိဘ၀တက်လမ်းကို ကိုယ့်ဘာသာ ကိုယ် လျှောက်လှမ်းခဲ့ရတယ်။ သူ့လိုပဲ အခြားထူးချွန်သူက လျှပ်စစ်ဓါတ်အားကို တွေ့ရှိခဲ့တဲ့ မိုက်ကယ်ဖာရာဒေးဆိုသူပါပဲ။ သူဟာ ဒိုင်နမို ခေါ် လျှပ်စစ်ဓာတ်အားပေးစက်ကို တီထွင်ခဲ့သော ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်တယ်။ သူဟာပန်းပဲဆရာတစ်ဦးရဲ့ သားဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် စီးပွားရေး မပြည့်စုံလို့ ကျောင်းကထွက်လိုက်ရပြီး အလုပ်လုပ်ခဲ့ရရှာတယ်။

ခွေးရူး စတဲ့ရောဂါတွေကို ကုသရန် ပိုးများကိုရှာဖွေတွေ့ရှိခဲ့တဲ့ လူဝစ်ပတ်စချာဆိုသူဟာလည်း သားရေနယ်သမားတစ်ဦးရဲ့ သားဖြစ်တယ်ကွဲ့။ ဒီပုဂ္ဂိုလ်ကြီးက ‘ကျနော်ဘ၀မှာ ဆန္ဒ၊ အလုပ်နဲ့ အောင်မြင်မှုဟူသော ဤသုံးမျိုးကသာ လွှမ်းမိုးနေတယ်’ လို့ ဆိုခဲ့ဖူးတယ်။

နိုင်ငံရေးဘက်လှည့်ကြည့်ရင်လည်း ပြင်းထန်သော စိတ်ဓာတ် မလျှော့သော ဇွဲလုံ့လကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတ ဘီလ်ကလင်တန်ရဲ့ ကြိုးပမ်းချက်ကလည်း ချီးကျူးထိုက်တယ်။ သူ့ဇနီးဟာ တလောကမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘ၀မှ အနားယူသွားတဲ့ ဟယ်လာရီကလင်တန်ဖြစ်တယ်။ မနှစ်က မြန်မာပြည်ကိုတောင် လာလည်သွားတာကို မင်းတို့ သတိရမိလိမ့်မယ်။ ထားတော့။

ဘီလ်ကလင်တန်ဟာ ၀င့်ဝင့်ဝါ၀ါမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သူဖြစ်တယ်။ ကားတိုက်မှုကြောင့် သူ့ဖခင် ကွယ်လွန်ပြီး သုံးလ အကြာမှာ ဘီလ်ကလင်တန်ကို စတုတ္ထမြောက် ၀ီလျံဂျယ်ဖာဆင်ဘလိုက် (William Jefferson Blythe lV) နာမည်နဲ့ ၁၉၄၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ဟုတ်မြို့ကလေးမှာ မွေးဖွားခဲ့တယ်ကွာ။ အဲဒီနောက် ဖခင်သေပြီး ၄ နှစ် အကြာမှာ သူ့မိခင်ဟာ ကားရောင်းဝယ် ဖောက်ကားသူ ဂျော်ဂျာကလင်တန်နဲ့ ဒုတိယအိမ်ထောင်ပြုခဲ့တာကြောင့် ပထွေးနာမည်ကို ယူပြီး ကလင်တန်မှည့်ခဲ့တာပဲ။ သူဟာ ဘ၀နုံချာ ခဲ့သော်လည်း ကြိုးစားမှုကြောင့် သချာင်္နဲ့ လက်တင်ဘာသာ ထူးချွန်သော အထက်တန်းကျောင်းသား ဖြစ်လာတယ်။ အထက်တန်း ကျောင်းသားဘ၀က ၁၉၆၃ နွေရာသီမှာ သမ္မတကနေဒီကို လက်ဆွဲနှုတ်ဆက်မှုတစ်ခုက သူ့ဘ၀လျှောက်လှမ်းရမယ့် အချိုးအကွေ့ကို တွေ့ရှိခဲ့တယ်။ သူဟာ ကနေဒီနဲ့တွေ့ပြီးကတည်းက နိုင်ငံရေးသမားဖြစ်လိုတာကြောင့် ဂီတပညာသင်ဆုကို ငြင်းပယ်ကာ နိုင်ငံရေးပညာ သင်ကြားရန် ဂျော့တောင်းတက္ကသိုလ်ကို တက်ခဲ့တယ်။ ၁၉၆၈ မှာ နိုင်ငံတကာဆက်ဆံရေးရာဘာသာနဲ့ ဘွဲ့ရပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ရန် ပညာသင်ဆုရခဲ့တယ်။ ဒီလိုနဲ့ ဥပဒေဘွဲ့လွန်တက်ပြီး နိုင်ငံရေးနယ်ပယ်ကို ခြေစုံပစ်ဝင်ရောက်ရာမှ ၁၉၇၈ ခုနှစ်မှာ အာကင်ဆောပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတယ်။ နောက် ၁၉၉၂ ခုနှစ် ဇူလိုင်မှာ သမ္မတလောင်းအမည်စာရင်းတင်ပြီး ယှဉ်ပြိုင်အရွေးခံ ရာ လက်ရှိသမ္မတ ဂျော့ဘုခ်ျကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတဖြစ်လာခဲ့တာပါပဲကွာ။

ဒါဆို လူငယ်တို့အားလုံး တိုးတက်ကြီးပွားသူတွေရဲ့ ဇွဲလုံ့လနဲ့ အချိန်ပိုကလေးတွေကို လေးစားစွာ အသုံးချမှုကြောင့် ထိပ်တန်းကို တက်လှမ်းနိုင်ခဲ့တာကို သဘောပေါက်လောက်ရောပေါ့။

● ဗိုလ်ဖြစ်အောင်လုပ်ပါ
ဗိုလ်ဆိုလို့ အတွေးမချော်နဲ့အုံး။ စစ်တက္ကသိုလ်တက်မှ ဗိုလ်ဖြစ်တာမဟုတ်ဘူး။ ‘ဗိုလ်’ ဆိုတဲ့ ဝေါဟာရဟာ ပါဠိဝေါဟာရ ‘ဗလ’ မှ ဆင်းသက်လာတဲ့ မြန်မာစကားဖြစ်တယ်။ အဓိပ္ပါယ်က ‘အား’ ပါပဲ။ လူတိုင်းမှာ မွေးရာပါ ကာယစွမ်းအား၊ ဉာဏစွမ်းအား ရှိနေတတ်ပါတယ်။ ထိုစွမ်းအားတွေဟာ ပြောပလောက်အောင် ထက်မြက်လာတဲ့အခါ ‘ဗိုလ်’ ဖြစ်လာပါတော့တယ်။ လူ့ကိုယ်ရဲ့ အားဟာ အပြေး အခုန်၊ အထမ်း အမ၊ အပစ် အခတ် အရပ်ရပ်ကို စနစ်တကျ လေ့ကျင့်တဲ့အခါ ပေါ်လာတယ်။ ဆောင်ရွက်ချက်ကို ကြည့်ပြီး အားဘယ်လောက်ကောင်းတယ် လို့ သိကြရတယ်။

ထိုနည်းတူ လူ့စိတ်မှာလည်း အားရှိတယ်။ လူ့စိတ်ရဲ့ အားကလည်း ကိစ္စရပ်အလိုက် ပေါ်လာစမြဲပဲ။

(၁) သဒ္ဒါဗိုလ်လို့ခေါ်တဲ့ ယုံကြည်ချက်တည်းဟူသော အား။

(၂) ၀ီရိယဗိုလ် လို့ခေါ်တဲ့ လုံ့လ၀ီရိယဇွဲတည်းဟူသော အား။

(၃) သတိဗိုလ် လို့ခေါ်တဲ့ အသိမလစ်ဟင်းမှုဟူသော အား။

(၄) သမာဓိဗိုလ် လို့ခေါ်တဲ့ တည်ငြိမ်စူးစိုက်မှုဟူသောအား နဲ့

(၅) ပညာဗိုလ် ခေါ် ပြဿနာကို နှံ့စပ်သိမြင်တတ်တဲ့အား တွေပါပဲ။

ကိုယ်ပိုင်ယုံကြည်ချက် လုပ်ငန်းအပေါ် ယုံကြည်ချက် ၊နိုင်ငံတော်အပေါ် ယုံကြည်ချက် ပီပီပြင်ပြင်ထားရှိပြီး ထိုယုံကြည်ချက် ခိုင်မာလာရင် စိတ်ဓာတ်ရဲ့ ခွန်အားတစ်ရပ်ဖြစ်လာတယ်။ တိုတိုပြောရရင် သဒ္ဓါဗိုလ်လို့ ခေါ်ကြပါတယ်။ အာဠာဝက ဘီလူးက မေးလျှောက် တာကြောင့် “ယောက်ျားတစ်ယောက် ပိုင်ဆိုင်သောပစ္စည်းများအနက် ‘ယုံကြည်ချက်’ ဟာ အဖိုးအတန်ဆုံးသောပစ္စည်းဖြစ်ကြောင်း” မြတ်စွာဘုရားက ဖြေကြားခဲ့တယ်။ အလုပ်နဲ့တွေ့ရင် အပျင်းထူခြင်း၊ ရေသာခိုခြင်း၊ ဆင်ခြေတက်ခြင်း မရှိဘဲ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ လုံ့လ၀ီရိယဇွဲကသာလျှင် အောင်မြင်ခြင်း ခွန်အားတွေပါပဲ။

အခက်အခဲကို ကျော်လွှားရန်မှာ ဇွဲရှိမှ ဖြစ်တယ်။ အလောင်းတော် ဇနကမင်းသားအား နန်းတင်ပေးသူမှာ သူရဲ့ ကြိုးစားမှု ၀ီရိယ ဗိုလ် ပဲ ဖြစ်တယ်ကွဲ့။

ပြီးတော့ လောကမှာ ‘မပို’ နိုင်တဲ့ အရာကို ပြပါဆိုရင် ‘သတိ’ ကို ညွှန်ပြရမှာပဲ။ သတိဟာ အစစအရာရာတိုင်းမှာ လိုအပ်တယ်။ သတိရဲ့ လက္ခဏာမှာ သတိမလစ်ဟင်းမှုပဲဖြစ်တယ်။ နေ့စဉ်ဘ၀နဲ့တကွ စစ်ရေး၊ နိုင်ငံရေးတို့မှာပင် သတိရှိမှုဟာ အင်အားကြီးတဲ့ စွမ်းရည်တရပ်ဆိုတာ မမေ့သင့်ဘူး။ အလစ်ဝင်တယ်၊ အငိုက်မိတယ် ဆိုတာတွေဟာ ခံရသူ ဘက်က သတိဗိုလ်မရှိခြင်းရဲ့ ပြယုဂ်ပဲ မဟုတ်လား။ ၀ိဓူရသုခမိန်ဟာ ပုဏ္ဏကဘီလူးသတ်၍ မသေဘဲ အနိုင်ရခြင်းဟာ သတိမြဲလှ၍ ဖြစ်တယ်ဆိုတာ မှတ်ပါ။

အလုပ်ထဲမှာ စိတ်ရောက်နေခြင်းဟာ တည်ငြိမ်စူးစိုက်တဲ့ သဘောဖြစ်တယ်။ စူးစူးစိုက်စိုက် လုပ်ရင် အလုပ်ပြီးလွယ်တယ်ကွဲ့။ ပြဿနာကြုံရင် တည်ငြိမ်မှုရှိရန် အရေးကြီးတယ်။ သို့မှသာ ပြဿနာရဲ့ အဖြေဟာ ပေါ်လာနိုင်တယ် မဟုတ်လား။ မတည်ငြိမ်တဲ့အခါ ဂယောင်ချောက်ချားကြောက်စိတ်ဝင်လာတတ်တယ်။ မိမိအနီးမှာ သစ်သီးတစ်လုံး ကြွေကျတဲ့အခါ ယုန်ကလေးဟာ ကမ္ဘာပျက်မတတ် ထခုန် တယ်။ ခြင်္သေ့မင်းကတော့ ဣနြေ္ဒမပျက် မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။ ဒါက ဘာကိုပြသလဲဆိုရင် တည်ငြိမ်မှုဆိုတဲ့ ရဲစွမ်းသတ္တိရှိမရှိ အပေါ်မှာ တည်တယ်ဆိုတာ ထင်ရှားနေတာပဲ။

သိမှုဟာ လူ့စိတ်ရဲ့ ခွန်အားတစ်ရပ်ဖြစ်တယ်။ ဗဟုသုတဟာ အသိအမြင်ထင်ရှားအောင် မှန်ကဲ့သို့ ပြတယ်။ ပြဿနာဟာ ဖြတ်စရာတမျိုးဖြစ်တယ်။ ပညာစိန်သွားနဲ့ ဖြတ်မှ ရတယ်။ ပြဿနာမှောင်ထုကို ပညာဆီမီးရောင်ဖြင့် ပယ်ရတယ်။ မဟော်သဓဟာ မိမိရဲ့ အသက်စည်းစိမ်တည်မြဲအောင် မိမိပညာဖြင့် ကာကွယ်နိုင်ခဲ့တယ်။ မိမိရဲ့ နိုင်ငံတော်သူတပါးလက်အောက်သို့ မရောက်ရေးကိုလည်း ပညာဗိုလ်ဖြင့်ပင် ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။

အရာရာမှာ ပြုစုပျိုးထောင်မှု လိုအပ်တယ်။ မိမိစိတ်ဓာတ် ဗိုလ်အဆင့်ရောက်အောင် ကြိုးစားရမယ်။ စိတ်ဓါတ်အရည်အချင်းပါ ဗိုလ်ဖြစ်မှ တကယ့် ဗိုလ်ဖြစ်လာမယ်။ အရေးကြုံရင် ထိုသူမျိုးမှ အားကိုးရမယ်။ ‘ဗိုလ်စိတ်’ ဆိုတာ တကယ်တော့ ယုံကြည်ချက်ခိုင်မာတဲ့ စိတ်၊ အမြော်အမြင်ရှိတဲ့စိတ်မျိုးဖြစ်တယ်။ ချိနဲ့ညံ့ဖျင်းသောစိတ်မျိုးဟာ ဗိုလ်စိတ်မဟုတ်ဘူးဆိုတာ သဘောပေါက်ရင် လူငယ်တိုင်း ဗိုလ်ဖြစ်အောင် လုပ်ပါလို့ အစ်ကိုကြီး တိုက်တွန်းလိုက်ပါရစေ။ ဗိုလ်ငါးဗိုလ်နဲ့ ပြည့်စုံနေတဲ့ လူငယ်တွေ ဦးဆောင်မှလည်း တို့နိုင်ငံတော်ကြီး ခေတ်မီတိုးတက် ကြီးမားလာမှာဖြစ်တယ်ကွာ။

Zaw Htet (Pyinmanar) - Poem

မာယာတွေနဲ့ မြို့
ဇော်ထက် (ပျဉ်းမနား)
ဧပြီ ၂၂၊ ၂၀၁၃


အဲဒီ့မြို့ မှာ
မာယာတွေက ကခုန်ပြ
လာကြလေကွယ်
ပျော်ကြမယ်
ဆိုကြမယ်တဲ့….။

မာယာတွေက
ချစ်သူမမကို
အပါအရခေါ်ထား
နှစ်ပါးသွားမြိုင်ထ

ကချင်တိုင်း က
သူမနှောင်ကြိုးတွေ
သိလှပေမဲ့ သူမ ရုန်းမရသေး…..။

တန်စိုးလက်ဆောင်ဝိုင်ချိုချိုတွေ
မာယာတွေကဝေငှ
လှလှပပ
သူတို့ကများ
သောက်သောက်ပြသွား
ကိုယ်ကျင့်တရားက
သွားရည်တွေတမြားမြားကျ
အမှန်တရားကလည်း
မည်းမည်းမှောင်မှောင်
ချောင်တစ်ချောင်မှာ
အမှောင်သာခိုလို့ သွားအိပ်ငိုက်နေလေရဲ့ …။

အဲဒီမြို့ တစ်လျှောက်
ဦးဏှောက်တွေက
အိပ်လို့ကောင်းနေကြတုန်း
နှလုံးသားတွေက
တ၀ုန်းဝုန်းကြွေကျတုန်း
လက်ရုံးတွေက
အားပြလို့မဆုံးသေး
ကလေးတွေခမျာ
ခြေရာတွေဟာ ပျောက်နေကြဆဲ…..။

အဲဒီမြို့ မှာ
မာယာတွေသာ ကြီးစိုးနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ အလှပြနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ ပြုံးနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ အားရနေဆဲ

အဲဒီမြို့ မှာ
မာယာတွေသာ အားပြနေဆဲ

အဲဒီမြို့ မှာလေ
ကလေးတွေဟာ သူတို့ခြေရာတွေသူတို့ရှာနေရဆဲ……။       ။
ဦးပါနီ အစာစားနိုင်ပြီ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၂၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် မြန်မာပြည်အထက်ပိုင်းမြို့နယ်များရှိ လူမှုရေးအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ်များအား သွားရောက် ဟောပြောပေးခဲ့ရသည်။ ယခုဆိုလျှင် မြန်မာပြည်အထက်ပိုင်းရှိ မြို့အတော်များများ၌ ဟောပြောပွဲများ ဟောပြောပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ပြင်ဦးလွင်မြို့တွင် အယူသီးမှု တိုက်ဖျက်ရေး ဟောပြောပွဲအား ပြုလုပ်နေသည့်အချိန်တွင် ပြင်ဦးလွင်မြို့ရှိ သွေးအလှူရှင်အသင်းမှ ဒေါ်ယုဇနသည်  ဥက္ကဌဦးကျော်သူနှင့်တွေ့ဆုံကာ ၄င်း၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ထားသော မျက်နှာတစ်ခုလုံးတွင် အသားပိုများ ပါးစပ်အပါအဝင် ဖုံးအုပ်လျှက် အစာမစားနိုင်သည့် အခြေအနေတွင် ရောဂါဝေဒနာခံစားနေရသော ဦးပနီခေါ် ဦးအုန်းလှိုင်၏ ဓါတ်ပုံအား ပြသကာ အကူအညီ တောင်းခံလာခဲ့သည်။ အဆိုပါလူနာအား မဖြစ်မနေအရေးပေါ် ခွဲစိတ်မှုခံယူနိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းကျော် ကုန်ကျမည်ဖြစ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကူညီမှုပေးနိုင်ရန် အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် ဥက္ကဌဦးကျော်သူမှ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ရုံးချုပ်ရှိ တာဝန်ရှိသူများအား ဖုန်းဆက်၍ အကူအညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။



အဆိုပါလူနာ ဦးအုန်းလှိုင်(ခ)ဦးပနီအား ယုဇနဥယျာဉ် မြို့တော်ရှိ အောင်သုခစာသင်တိုက်မှ ဆရာတော် ဦဝိမလ၏ ကူညီဖေးမမှုဖြင့် အဆိုပါ ကျောင်းတွင်ပင် တည်းခိုစေကာ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ဆက်သွယ်ပးခဲပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) မှကုန်ကျစရိတ်များအား ကျခံပေးရန် ဆုံးဖြတ်ခဲ့ပြီး ကနဦးအလှူအဖြစ် အလှူငွေကျပ် (တစ်သိန်း) ပေးအပ်လှူဒါန်းခဲ့သည်။ ဆရာတော် ဦးဝိမလမှ လည်းသူ၏ဖေ့ဘွက် စာမျက်နှာတွင် တင်ပြအကူညီ တောင်းခံခဲ့သည်။ သို့သော် ကံအားလျှော်စွာပင် ရန်ကုန်ဆေးရုံကြီး မျက်နှာနှင့်မေးရိုးဌာနသို့ အီတလီနိုင်ငံမှ အထူးကုခွဲစိပ်ဆရာဝန်ကြီးများ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေသည်အတွက်  အဆိုပါ ဆရာဝန်ကြီးများမှ အခမဲ့ ခွဲစိပ်ပေးရန် ကမ်းလှမ်းခဲ့သဖြင့် လူနာ ဦးပနီ(ခ) ဦးအုန်းလှိုင်မှာ ခွဲစိပ်မှု ကုန်ကျစရိတ် အနည်းဆုံးဖြင့် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့လေသည်။ ဦးပနီ(ခ)ဦးအုန်းလှိုင်မှာ ငယ်စဉ်ကတည်းက ပါးတွင် အနီစက်ကလေး တစ်ခုပါလာခဲ့ရာ ထိုအနီစက်လေးအား အစွဲပြု၍ ပါးနီဟု ခေါ်ဆိုကြရင်းက ဦးပနီဖြစ်လာခဲ့ပြီး အသက်ကြီးလာသောအခါတွင် အဆိုပါ အနီစက်ကလေးသည် တဖြည်ဖြည်း ကြီးထွားလာကာ မျက်နှာတစ်ခုလုံးပါအပြင် ပါးစပ်ပါ ဖုံအုပ်သွားခဲ့ပြီး အစာစား၍ မရတော့သည်အထိ ကြီးထွားလာခဲတော့သည်။

၂၀၁၃ ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် လူနာဦးပနီ(ခ) ဦးအုန်းလှိုင်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လာရောက်ကာ ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံခဲ့သည်။ လူနာ ဦးပနီ(ခ) ဦးအုန်းလှိုင်အား ဦးကျော်သူမှ လူမှုရေးဟောပြောပွဲတွင် ပေါင်းတလည်မြို့ ဟောပြောပွဲမှချီးမြှင့်သော ငွေ(၅သောင်း)ကျပ်နှင့် ပုဆိုးတစ်ထည်အား ပေးအပ်လှူဒါန်းခဲ့သည်။ ယခုအခါ ဦးပနီသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အမျာပြည်သူစေတနာရှင်များ လှုဒါန်းထားသော အလှုငွေတို့၏ ကျေးဇူး၊ အောင်သုခ စာသင်တိုက်မှ ဆရာတော် ဦးဝိမလ၏ ကျေးဇူး၊ အီတလီ နိုင်ငံမှ ခွဲစိတ်ပါရဂူကြီးမျာ၏ ကျေးဇူးတို့ကြောင့် မျက်နှာတစ်ခုလုံး အကောင်းပကတိဖြစ်သွားခဲပြီဖြစ်၍ မိဘ ပြည်သူများသည်လည်း ဝဋ်ကြွေးတခုကဲ့သို့ ခံစားနေရသော ဝေဒနာမှ လွတ်ကင်းသွားပြီဖြစ်သည့် ဦးပနီ နှင့်ထပ်တူ ကြည်နူးဝမ်းမြောက် ကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါတော့သည်။

Dhamma Beri Sayadaw - Article


တည့်မတ်တိမ်းညွတ် ... ကွေ့ချော်ဖြောင့်တန်း ...ပွားနေရတဲ့ ဗြဟ္မစိုရ်များ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဧပြီ ၂၂၊ ၂၀၁၃
သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ စာတွေထဲက စကားလုံးတွဲလေးများမှာ "အတွေးအမြင်" သစ်ကိုရစေတဲ့ "အတွေးအမျှင်"စကလေးတွေ ပါနေတတ်စမြဲဖြစ်လို့ အမရပူရမြို့၊ တူမောင်းတိုက်မှာ စာသင် သားဘဝနဲ့နေကတည်းက ဟံသာဝတီခေါင်းကြီးပိုင်းတွေကို အလေးထားဖတ်ရှု၊ ဖြတ်သိမ်းလုပ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက "ကဗျာရူး စာရူးများ"လို့ ထောပနာပြုခြင်းခံရတဲ့ မိမိတို့ စာဖတ်သမားအုပ်စုအတွင်းမှာ "ပြောမှား ကြားလွဲ"မဖြစ်ပါစေနဲ့တို့၊ "တံခါးမကြီး ဖွင့်သူကဖွင့်၊  ပြတင်းပေါက်တွေ ပိတ်သူကပိတ်"မလုပ်ပါနဲ့တို့၊ "မှေးလိုက် မှိန်းတုတ် ပင်းခုတ်ပေါင်းစား"လုပ်နေကြတာလားတို့ "သိပ်အပြောသန်မနေနဲ့ ပြည်သူ့ကြေးမုံပြင်မှာ ဘယ်လို ပုံရိပ်တွေ ထင်နေတယ်ဆိုတာလည်း ကြည့်ကြပါဦး" တို့စတဲ့ စကားလုံး တွဲတွေ အလွန် ခေတ်စားခဲ့တာပေါ့။
            ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေထဲက အတွေးအမျှင်စကလေးတွေကို ဆွဲဆန့်ရင်း အတွေးအမြင် သစ်တစ်ခုကို ဖော်ထုတ်ကြည့်မိတဲ့ အလေ့အထလေးတွေလည်း ရနေပါတယ်။ အခုလည်း အသစ်ထပ် ရိုက်တဲ့အတွက် ပြန်ဖတ်မိတဲ့ "စာပေ မွေ့လျော်မှု ပျိုးထောင်ခြင်း"ဆိုတဲ့ စာအုပ်ထဲက "သတင်းစာသမားမှ စာဖတ်သူသို့"ဆိုတဲ့ စာတမ်းကိုဖတ်ရင်း "ကွေ့ချော်တိမ်းညွတ်"၊ "တည့်မတ်ဖြောင့်တန်း"ဆိုတဲ့ ကြောင်းကျိုး ဆက်စကားလုံးတွဲလေးတွေရဲ့ အတွေးအမျှင်စကလေးတွေကို ဆွဲထုတ်ပြီး အတွေးအမြင်သစ် တစ်ခုဆီကို ဖြန့်ကြက်နေမိပါတယ်။
            ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေကတော့ သမရိုးကျ ကြောင်းကျိုးဆက်ဓမ္မနိယာမအရ "ကွေ့ချော် ရင် တိမ်းညွတ် ယိမ်းယိုင်မယ်၊ တည့်မတ်မှ ဖြောင့်တန်းမယ်။ ကြောင်းကျိုးအပြန်အလှန်သဘောမျိုးနဲ့ ဆိုရင်လည်း တိမ်းညွတ်ရင် ကွေ့ချော် မယ်။ ဖြောင့်တန်းမှ တည့်မတ်မယ်လို့"လို့ ဆိုလိုတဲ့သဘောပဲ ဖြစ်မယ် ထင်ပါတယ်။
            ဒါပေမယ့် တချို့ကိစ္စတွေမှာ ဖြစ်ရပ်တွေက သမရိုးကျ ကြောင်းကျိုးဖြစ်စဉ် ဓမ္မနိယာမအတိုင်း မဟုတ်ဘဲ နိယာမကို သစ္စာဖောက်သွေဖီတဲ့ ဖြစ်ရပ်တွေကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ မနဲမနောပဲ။ ဖြစ်ရပ်တွေက နိယာမနဲ့ သွေဖီလာတဲ့အခါ ကြောင်းကျိုးဖြစ်စဉ်တွေကလဲ သမရိုးကျ မဟုတ်တဲ့ နိယာမသစ် တွေလို တွေးမြင်မိလာပါတယ်။
            မိမိတို့မှာ မြတ်ဗုဒ္ဓရဲ့ တပည့်သားပီပီ ဗြဟ္မစိုရ်တရားလေးပါးတို့ကို အိပ်ရာထ၊ အိပ်ရာဝင် နေ့စဉ် အနဲဆုံး နှစ်ကြိမ်တော့ ပွားများကြရပါတယ်။ ဗြဟ္မစိုရ်ဆိုတာ သတ္တလောကထဲက အမြတ်ဆုံးသတ္တဝါများဖြစ်တဲ့ ဗြဟ္မာတို့ရဲ့ စိတ်ထားဖြစ်လို့ အမြတ်ဆုံးစိတ်ထားများလဲ ဖြစ်ပါတယ်။ "အမြတ်ဆုံး သာသနာတော်မှာနေပြီး အမြတ်ဆုံးဖြစ်တဲ့ မဂ်ဖိုရ်နိဗ္ဗာန်ကို ဦးတည် သူမှန်သမျှဟာ ဒီအမြတ်ဆုံး ဗြဟ္မစိုရ်တရားကို အမြဲမပြတ် ပွားများ ရမယ်"ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတော်ကြောင့်လဲ ဒီဝတ္တရားများကို တတ်နိုင်သမျှ မပျက်မကွက် ပွားများ အားထုတ်ကြရတာပါ။
            ဗြဟ္မစိုရ်တရား လေးပါးဆိုတာ ဗုဒ္ဓဘာသာဝင်အများစုတို့တော့ သိကြပြီးသားပါ။ နံပါတ်(၁) "မေတ္တာ"ဆိုတာ  "ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ"ဆိုတဲ့ အရှင်မဟာရဋ္ဌ သာရရဲ့ စာပိုဒ်အတိုင်း သတ္တဝါအားလုံးပေါ်မှာ ကိုယ်နှင့်နှိုင်းစာပြီး ချစ်ခင်တဲ့ သဘောပါ။ ကိုယ်လဲ ကျန်းမာ ချမ်းသာပြီး ဆင်းရဲခပ်သိမ်းကင်းငြိမ်း ခြင်းကို  လိုလားသလို သက်ရှိသတ္တဝါအားလုံးအပေါ်မှာ "ကျန်းမာ ချမ်းသာကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ" ဆိုတဲ့ မေတ္တာစိတ်ဓာတ်ကို ပို့လွှတ်ပွား များပေးတာပါ။
            ဒီ"မေတ္တာ"ဆိုတဲ့ တရားကတော့ နှုတ်ဆောင်ဗြဟ္မစိုရ်၊ ဒါမှမဟုတ် ဗြဟ္မစိုရ်ရဲ့ ရည်မှန်းချက်ြွေကးကြော်သံ သဘောမျိုးဖြစ်မယ်ထင်ပါတယ်။ ရည်မှန်းချက်တို့ ကြွေးကြော်သံတို့ဆိုတာ လုပ်ဆောင်ချက်နဲ့ လက်တွေ့ပြနိုင်မှသာ မှန်ကန်တယ်လို့ဆိုရမှာပါ။ လုပ်ဆောင်ချက်နဲ့ သက်သေမပြနိုင်ရင်တော့ "လိမ်ညာ လှည့်ဖြားဖြင်း(မုသာ)၊ ကိုယ့်အပြစ်ကို ဖုံးကွယ်လိုခြင်း(မာယာ)၊ ဟိတ်ဟန်ဆောင်လိုခြင်း (သာဌေယျ) သဘောမျိုးပဲ ဖြစ်သွားမှာပါ။ ("မုသား လိမ်ညာ၊ မာယာပြစ်ဖုံး၊ ဟိတ်ဟန်သုံးက သာဌေယျ၊ မှတ်ကြ အထူး တည်း" တဲ့။)
            ပါးစပ်က မေတ္တာပို့နေပေမယ့် အဲဒီမေတ္တာဟာ ဗြဟ္မစိုရ်မေတ္တာ အစစ်ဟုတ် မဟုတ်ကို ကျန်တဲ့ ဗြဟ္မစိုရ်တရား သုံးပါးနဲ့ မှတ်ကျောက်တင်ကြည့်ရလိမ့်မယ်။ ဒါကြောင့် ကျန်ဗြဟ္မစိုရ်သုံးပါးကိုတော့ သရုပ်ဆောင် ဗြဟ္မစိုရ်လို့ ဆိုချင်ပါ တယ်။ သဘောကတော့ မေတ္တာဗြဟ္မစိုရ် အစစ်အမှန်ထားသူဟာ ကျန်တဲ့ ဗြဟ္မစိုရ်သုံးပါးနဲ့ သရုပ်ဆောင်ပြရမှာပါ။
            ဟုတ်ပါတယ်။ မေတ္တာဗြဟ္မစိုရ် ထားသူမှန်ရင် ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါနဲ့ တွေ့ကြုံလာတဲ့အခါ ကိုယ်တိုင် ဆင်းရဲဒုက္ခရောက်နေသလို စာနာစိတ်ထားပြီး သနားစောင့်ရှောက်ကူညီပေးခြင်းဆိုတဲ့ ကရုဏာနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီလို သရုပ်ဆောင်မပြနိုင်ရင် မေတ္တာဟာ အစစ်လို့ မဆိုနိုင်တော့ပါဘူး။
            အလားတူပဲ၊ ချမ်းသာသုခနဲ့ ပြည့်စုံတွေ့ကြုံနေတဲ့ သတ္တဝါများနဲ့ တွေ့ကြုံတဲ့အခါမှာလဲ ကိုယ်တိုင်ရရှိ ခံစားနေရ သလို  ဝမ်းသာကျေနပ်ပြီး "ရရှိပြီးတဲ့ ချမ်းသာသုခတွေ မယွင်းမယို မြဲခိုင်တည်တန့်ပါစေ"ဆိုတဲ့ မုဒိတာစိတ်ကို မွေးကြရမှာ ဖြစ်ပါတယ်။
            "ဥပေက္ခာ"ဆိုတာကတော့ နှစ်မျိုးနှစ်စားရှိပါတယ်။ တရားဓမ္မကျင့်သုံးဖို့ဆိုရင်တော့ "သတ္တဝါတစ်ခု၊ ကံတစ်ခု   (သဗ္ဗေသတ္တာ ကမ္မဿကတာ)ဆိုတဲ့စိတ်နဲ့ သနားခြင်း ချစ်ခင်ခြင်း၊ မုန်းတီးခြင်း မထားဘဲ လစ်လျူရှု ရမှာ ဖြစ်ပါတယ်။ ပါရမီသဘောမျိုးနဲ့ကျင့်သုံးရာမှာတော့ အပြစ်နဲ့ချွတ်ယွင်းချက်များကို သည်းခံခွင့်လွှတ်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ကျင့်သုံးရာမှာ ရှေ့ရှေ့ဗြဟ္မစိုရ်ထက် နောက် နောက်ဗြဟ္မစိုရ်က ပိုပိုပြီး ခက်ခဲပါတယ်။ ဒုက္ခိတသတ္တဝါအပေါ်မှာ  သနားစောင့်ရှောက်ကူညီဖို့ထက် သုခိတ သတ္တဝါနဲ့တွေ့တဲ့အခါ ကိုယ်တိုင်ရရှိခံစားရသလို ဝမ်းမြောက်တဲ့စိတ်မွေးဖို့က ပိုခက်ခဲပါတယ်။ အဲဒီထက် အပြစ်ရှိသူကို သည်းခံ ခွင့်လွှတ်ဖို့က ပိုလို့ ခက်ခဲတယ်ဆိုတာ လက်တွေ့ဘဝကို ဆင်ခြင်ကြည့်ရင် သဘောပေါက်မှာပါ။
            ဒုက္ခိတသတ္တဝါ၊ သုခိတသတ္တဝါနဲ့ အပြစ်ရှိကြတဲ့ သတ္တဝါတို့က နိယာမနဲ့ မသွေမဖီပဲ ပုံမှန်ဖြစ် ရိုးဖြစ်စဉ်အရ ဖြစ်လာကြတဲ့အခါ ဗြဟ္မစိုရ်သရုပ်ဆောင်မှုများကလဲ နိယာမနဲ့အညီ သရုပ်ဆောင်ကြရမှာဖြစ်လို့ ကွေ့ချော် တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်တန်းနေမှာပါ။
            ဒါပေမယ့် အခုတွေ့နေရတာက သတ္တဝါပညတ်တွေထဲမှာကိုပဲ သမရိုးကျဖြစ်သူနဲ့ သမရိုးကျမဟုတ် သူဆိုတာက နှစ်မျိုးစီ ကွဲပြား နေကြတာပါ။ ဒုက္ခိတသတ္တဝါပညတ်ဆိုရာမှာလဲ စားဝတ်နေရေး ကျန်းမာရေး ချို့တဲ့ကြတဲ့ ပုံမှန် "မရှိဆင်းရဲ ဒုက္ခသည်များ" ဆိုတာ ရှိသလို စားဝတ်နေရေးစတဲ့ အထွေထွေ ပြည့်စုံမှုအရ တစ်ဘဝစာမကလို့ ဆိုရလောက်အောင်ကို အလျှံပယ်ပြည့်စုံ နေကြပါလျက် လောဘကို အသော မသတ်နိုင် ကြသေးတဲ့ "မပြည့်ဆင်းရဲ ဒုက္ခသည်များ"ဆိုတာတွေကလဲ ရှိနေကြပြန်ရော။                       ဒီဒုက္ခသည်နှစ်မျိုးလုံးအပေါ်မှာ ကွေ့ချော်တိမ်းညွတ်မှု မရှိဘဲ တည့်မတ်ဖြောင့်မှန်စွာဖြစ်အောင် တစ်သား တည်း သဘောထားပြီး ဒုက္ခကို ကျော်လွှားနိုင်အောင် ရိုင်းပင်းကူညီတဲ့ ကရုဏာဗြဟ္မစိုရ်နဲ့ သရုပ် ဆောင်ကြမယ် ဆိုပြန်ရင်လဲ ဒီဒုက္ခသည်နှစ်မျိုးတို့က ဓာတ်လှေကားကို အတင်အချလုပ်တဲ့ ကြိုး စနှစ်ဖက် တို့လိုပဲ တစ်ဆက်တည်း တစ်သားတည်း ဖြစ်နေပါလျက် တစ်ပြိုင်နက် အတင်အချလုပ်လို့က ရတာမျိုး မဟုတ် ပြန်ဘူး။ တစ်ဖက်ကမြင့်တက်သလောက် တစ်ဖက်က ပိုပြီး နှိမ့်ကျသွားရမည့် အခြေအနေကြီး။ ဒီအခြေအနေ မျိုးမှာက တည့်မတ်ရင် တိမ်းညွတ်ပြီး ကွေ့ချော်မှသာ ဖြောင့်တန်း မည့်သဘော ဖြစ်နေတာ အမှန်ပါ။ အပြစ်ရှိသူ၊ ချွတ်ယွင်းသူ ဆိုသူများထဲမှာလဲ ဒီအတိုင်းပဲ နှစ်မျိုး နှစ်စားရှိနေကြတာ အားလုံး သတိပြုမိကြမှာပါ။
            သုခိတသတ္တဝါတွေထဲမှာလဲ ဒီအတိုင်းပါပဲ။ သမရိုးကျ ချမ်းသာလာကြတဲ့ "ဓမ္မိယလဒ္ဓသုခိတ" ပုဂ္ဂိုလ် များဆိုတာ ရှိသလို သမရိုးကျ မဟုတ်တဲ့ "အဓမ္မိယလဒ္ဓသုခိတ" သတ္တဝါပညတ်တွေက ရှိနေပြန်ရော။ ဒီသုခိတပုဂ္ဂိုလ်နှစ်မျိုးတို့ကလဲ ဓာတ်လှေကားရဲ့ ကြိုးစနှစ်ဖက်လိုပါပဲ။ တစ်သားတည်း တစ်ဆက်တည်း ဖြစ်နေ ကြတာ မှန်ပေမယ့် တစ်ပြိုင်နက် အတင် အချပြုလို့က ရနိုင်တဲ့အမျိုး မဟုတ်ကြလေတော့ ဗြဟ္မစိုရ်နဲ့ သရုပ် ဆောင် တဲ့အခါ တည့်မတ်ရင် တိမ်းညွတ်သလိုကြီးဖြစ်ပြီး ကွေ့ချော်နိုင်မှ ဖြောင့်တန်းမယ်ဆိုတဲ့ အခြေ အနေပါပဲ။ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်တွေ မယွင်းမယိုင် မြဲခိုင်တိုးတက်နေရင် ဓမ္မိယလဒ္ဓသုခိတ ပုဂ္ဂိုလ်တွေက ဒုက္ခိတပုဂ္ဂိုလ်အဖြစ် ရောက်ရှိသွားမှာ မလွဲပြန်ပါဘူး။
            ဒီနေရာမှာ ဥပေက္ခာဗြဟ္မစိုရ်နဲ့သရုပ်ဆောင်ဖို့က ပိုပြီးအကြပ်ရိုက်စေပါတယ်။ "သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါတစ်ခု ကံတစ်ခုပဲ"ဆိုပြီး လျစ်လျူရှုထားပြန်ရင်လဲ အခက်။ ခွင့်လွှတ်သည်းခံပြီး ငြိမ် နေဖို့ကလဲ မလွယ်ဆိုတာမျိုး ကြီးနဲ့ ကြုံနေကြရတာပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ဥပေက္ခာ ဗြဟ္မစိုရ်ကို ကြားခံနယ်မြေတစ်ခုအဖြစ်နဲ့ ကျင့်သုံး သရုပ်ဆောင်ရရင်တော့ အဆင်များ ပြေမလားပဲ။
            မပြည့်ဆင်းရဲဒုက္ခသည်များ အပေါ်မှာလဲ ဒေါသမပွားမိအောင်၊ အဓမ္မိယလဒ္ဓ သုခိတပုဂ္ဂိုလ်များအပေါ်လဲ ဣဿာçမစ္ဆေရမပွားရလေအောင် ဥပေက္ခာကြားခံမြေမှာ ကိုယ်ကရပ်တည်ပြီးတော့မှ သမရိုးကျမဟုတ်ကြတဲ့ ဒီသတ္တဝါ နှစ်မျိုးလုံးကိုပဲ သံသရာမှာ ကြုံတွေ့ရမယ့် ဒုက္ခတို့ကို မျှော်တွေးထောက်ဆပြီး တကယ့် ဒုက္ခိတ သတ္တဝါစစ်စစ်တွေ ဖြစ်မည့်  အရေးကို ရှုမြင်သနားတဲ့ ကရုဏာတရားနဲ့ ဒီဒုက္ခတွေက လွတ်ရာ လွတ်ကြောင်း နည်းကောင်းလမ်းမှန်ဖြစ်တဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ အမြင်မှန်ရရှိစေဖို့ ဝိုင်းဝန်း ကူညီပေးရရင်ရော၊ သမရိုးကျ ဗြဟ္မစိုရ်အရ တည့်မတ်တယ်လို့မဆိုသာပဲ ကွေ့ချော် သယောင် ထင်ရပေမယ့် ဖြောင့်တန်း မသွားလောက်ပေ ဘူးလား"လို့ စဉ်းစားမိပါတယ်။ ခက်ခဲသလို ရှိလှပေမယ့် ဘုရားရှင်ရဲ့ တပည့်သားတစ်ဦးအနေနဲ့ ဗြဟ္မစိုရ်ဆိုတာ ရှောင်လွှဲလို့မှ မရဘဲဆိုပြီး ခုတော့ ဒီနည်းကိုပဲ စမ်းသပ်သရုပ်ဆောင်နေမိရပါတော့တယ်။
ဗြဟ္မစိုရ်စိတ်ထားနဲ့ မြင့်မြတ်တဲ့ သုဂတိဘုံသားများ ပီသကြပါစေ ...။
                                                                                                            ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

21st April - MoeMaKa Radio

old-radio
ဧပြီ ၂၁၊ မိုးမခရေဒီယို ဆစ်ဒနီ
၁၃၇၅ နှစ်သစ်အတွက် မြန်မာ့အောင်သပြေပန်း ကဗျာတေးသီချင်း ဖန်တီးခြင်းများ (မင်းသုဝဏ်၊ ဦးတင်မိုး၊ ခင်ညွန့်ရီ)
သတင်းတိုထွာ၊ သီချင်းပဒေသာ
မြန်မာပြည်မိအေး ရင်လေးစရာ - မောင်လူရေး၊ မိုးမခ
ဗုဒ္ဒဘာသာဝင်တို့ ဘာကြောင့် အမျှဝေသလဲ - ဒေါက်တာမတင်ဝင်း၊ မေမေ့ရှေးစကား
မာမာအေးရဲ့ ငိုရင်ပုလဲ ရယ်ရင်ရွဲ - တေးရသ၊
ဧပြီလအတွင်း အမေရိကန်အကြမ်းဖက်မှု သတင်းများ - နိုင်ငံတကာသာဂိ၊ မိုးမခ
တရုတ်ကို ကြောက်သော ဗိုလ်ချုပ်ကြီးများ - ၂၀၁၃ နဲ့ တရုတ်ကကြောက်ရသော ဗိုလ်ချုပ်ကြီးများ - မြန်မာသက္ကရာဇ် ၈၈၂ (တခါက ကျုပ်တို့ဘိုးဘွား ဒိုင်နိုဆောကြီးများ)
အထူးကဏ္ဍ - ပိတောက်ပန်းအလှ ဆင်သကြသူများ - ဦးကြီး၊ ကုန်းဘောင်စာဆို၊ ဂီတလုလင်မောင်ကိုကို၊ ကြည်ကြည်ဌေး၊ မာမာအေး)
စီစဉ်သူများ - ဦးပန်တျာ၊ မေရီ၊ နှင်းမြတ်ခိုင်၊ ဒေါက်တာဇင်မာထွန်း
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upa...@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)
Reply all
Reply to author
Forward
0 new messages