29th DEC 2012 - MoeMaKa Daily

15 views
Skip to first unread message

Maung Yit

unread,
Dec 29, 2012, 1:14:48 AM12/29/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
“ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစာမည်”
တေးပြု စာဆို “ဂျော်ဒီး”၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂

(ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..
ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..
အလှူကြီးပေးပါမည်…နောက်တပါးတက်ရင်..ကျနော်အခွင့် ကောင်းမည်..)

(တတိုင်းပြည်လုံးမွဲသော်လည်း…ကျနော်တို့ တတွေ အဆင်ပြေခဲ့သည်..
ခေတ်နဲ့ အညီ ဆင်နွဲလို့ သာ.. အတူတူ ပေါင်းဆော်မည်..
ဘာတွေ  ဂွင်ကောင်းသလဲဗျာ..အပေါင်းအဖော်စုံညီ..
စာရိတ္တဘေးခွါချလို့ …ရတာတွေ အကုန်ယူမည်..ထူးထူးခြားခြား အောင်ပွဲဆင်ခဲ့ပြီ..

ရောင်းမဗျာ..  တတိုင်းပြည်လုံး ..အရေခွံခွါယူမည် …ဘ..နဖူးတူးစရာ
ရှိရင်..အားမနာတမ်းအတည်
အမေ့ ကိုလည်း  ချွဲနိုင်ပါသည်..ပထွေးတော်..လဲ  လှမ်းမျှော်ပါသည်..
ဘာကိုပင် မချန်ပါသည်..လက်ဝါးကြီးအုပ်ကာ ပေါင်းစားမည်..)

(ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်
ရှက်လည်း မရှက်ပါသည်...အခွင့် အရေး တွေးမျှော်.. ကျနော်အရောင်ပြောင်းမည်.).
မှတ်ချက်။   ။ အဆိုတော် သန်းထွန်းလေးဧ။်  လူရည်ချွန်ဖြစ်ဖို့ 
ကျနော်ကြိုးစားမည်..တေးသွားအလိုက်ဖြင့်  စာသားသွင်း သီဆိုနိုင်ပါတယ်..။
(တေးပြုစာဆို..ဂျော်ဒီး))
Posted by MoeMaKa at 10:10 PM 0 comments  
Labels: Gyaw DeeSatire

Saw Ngo - People on their own, Why Government still Needed?


ကာတွန်း စောငို - ကိုယ်ထူကိုယ်ထပြည်သူရှိနေဘီ၊ အစိုးရ ဘာလိုသေးလဲ
ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
Posted by MoeMaKa at 9:22 PM 0 comments  
Labels: Cartoon BoxSaw Ngo

Lay Nu Aye - Sound of Violins in Rangoon


ဒေါ်စုနဲ့ တယောသမားများသို့
လေနုအေး၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂

မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။

ကချင်မှာ …
တမနက်ထဲဝဲတဲ့ ဂျက်တိုက်လေယဉ်တစီးရဲ့ဆီဖိုးက အဲလောက်မကပဲလား။
အဲဒီပိုက်ဆံက …
အဲဒီလေယဉ်ပေါ်က ကျဲချလိုက်တဲ့ဒုံကျည်တလုံးဖိုးမှ ရှိရဲ့လား။

မနားတမ်းပစ်နေတဲ့ လက်နက်ကြီးကျည် ငါးလုံးဖိုးမှ ရှိရဲ့လား။

သေသွားတဲ့အသက်တချောင်းရဲ့တန်ဖိုးနဲ့ဆိုရင်ရော ဘယ်လိုလဲ။

ခင်ဗျားတို့စင်ပေါ်မှာ
သီချင်းတွေအော်နေမဲ့အစား …
စစ်ပွဲရပ်ကြပါလို့များ မအော်ချင်ဖူးလား။

ပညာရှိမှ တိုးတက်မယ်ရဲ့အစား …
မငြိမ်းချမ်းရင် ပညာသင်လို့မရဘူးလို့ ပြောကြပါလား။

ကချင်ပြည်ကြီးမီးဟုန်းဟုန်းလောင်နေပါတယ်။
ရန်ကုန်မှာ တယောထိုးတဲ့သူတွေပေါလှတယ်။

(photo - undated, facebook, kachin refugee with a kid preparing for move)


Posted by MoeMaKa at 9:08 PM 0 comments  

Quotes in December

ဒီဇင်ဘာလ စာကိုး၊ စကားကိုး
ဒီဇင်ဘာ ၂၉၊ ၂ဝ၁၂



ဦးဝင်းတင်ကို သူ့ရဲ့လူ့ငရဲအတွေ့အကြုံစာအုပ်ကတဆင့် ပို၍ ရင်းနှီးရသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း - ရေဒီယိုအစီအစဉ်ကတဆင့် ပို၍ သိရှိ နားလည်ရသည်။ ရှင်းလင်းပြတ်သားတဲ့ မီဒီယာအမေးအဖြေတွေကတဆင့် ပို၍ လေးစားရသည်။ ဒီလှိုင်း အာဘော်တွေကတဆင့် ပို၍ပြုံးထေ့ သဘောကျရသည်။

ပို၍ လို့ ၀ိဂြိုဟ်ပြုရသည်က၊ ဦးဝင်းတင်ဆိုတဲ့ နာမယ်ကို မနေ့တနေ့ကမှ … ဒီမိုကရေစီမိုးလင်းကာနီးမှ သိဖူးကြားဖူးခြင်း မဟုတ်နေလို့ပါ။ လူ့ငရဲထဲမှာ သူဆီပူထိုးခံနေခဲ့ရတဲ့ ဆယ့်ကိုးနှစ်တာကာလ တလျှောက်လုံးမှာကတည်းက ရင်းနှီးသိရှိလေးစားနေခဲ့ကြတဲ့ မျိုးဆက်တွေထဲက တယောက်မို့ပါ။ 

ကေသွယ်၊ ဘလော်ဂါ
http://kthwe.blogspot.com/2012/12/blog-post_13.html
ဒီဇင်ဘာ ဒုတိယပတ်

..........................................................................................................
၁၉၈၈-၂၀၁၂ ခုနှစ် အထိတော့ ကုန်ထုတ်လုပ်မှုမှာ စိတ်မ၀င်စားဘဲ သဘာဝ သယံဇာတ အကြမ်းထည် တူးဖော်ရောင်းစားဖို့နဲ့ စီမံကိန်းတွေ၊ ဈေးကွက်လက်ဝါးကြီးအုပ် အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းတွေ၊ Hit and Run ပေါ်ပင် တစ်ပွဲစား စီးပွားရေးတွေသာ ကြီးစိုးခဲ့သလို ငှက်ကုလားအုပ် Ostrich သဲပုံထဲမှာ ခေါင်းစိုက်ထားတဲ့ စိတ်အခြေအနေ Mindset နဲ့ စက်မှုဇုန်ထုတ် မဲဆောက်ကားစီမံကိန်း၊ ရေနက်ကွင်း စိုက်ပျိုးရေး၊ ရော်ဘာနဲ့ ကြက်ဆူပင် စီမံကိန်းတွေ လုပ်ပြီး မိမိကိုယ်မိမိ ပြန်လိမ်ပြီး သာယာနေတဲ့ ကာလမှာ အချိန်တွေ ကုန်ဆုံး၊ လူသား အရင်းအမြစ်တွေ ပျက်ပြုန်း၊ စွန့်စားတီထွင် လုပ်ငန်းတွေ ဒို့မသုံး လုပ်လာခဲ့ကြတော့ ... ။

ဒေါက်တာစိုးခိုင်
Messenger  ဂျာနယ်၊ ဒီဇင်ဘာ ၂၄
မူရင်း ...

..........................................................................................................
(သရီးဂျီ ဆင်ကပ်/3G Sim Card တခုကို)  တစ်သိန်းခွဲ သို့မဟုတ် တစ်သိန်းအောက်ဖြစ်ဖို့ တင်ပြထားပါတယ်။ စက်တွေလည်း တပ်ဆင်နေပါတယ်။ နှစ်ဦးပိုင်းမှာ သေသေချာချာ စမ်းသပ်ပြီးရင် စရောင်းမှာပါ။

ဦးကျော်စိုး၊ ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး
Open News  ဂျာနယ်၊ ဒီဇင်ဘာ ၁၉
မူရင်း...
..........................................................................................................

၁၉၄၈ ခုနှစ် ဗမာပြည်ကို အင်္ဂလိပ်တွေ စွန့်ခွာသွားကထဲက၊ နိုင်ငံရေးအာဏာ ရခဲ့သူတွေ နိုင်ငံရေးပါး ၀ခဲ့ကြရင် ...။ အချင်းချင်း သတ်ကြဖြတ်ကြရတဲ့ ပြည်တွင်းစစ်ကြီးအတွက် ပိုက်ဆံတွေသာ မကုန်ခဲ့ရင် ...၊ ဘ၀ရှင်မင်းတရားကြီးများသာ လူထုထဲမှာ ရှိခဲ့ရင် ...။ ဆော်သာဆော်ကွ ဆိုတဲ့ နိုင်ငံရေး ဂိုဏ်းဂဏတွေသာ မရှိခဲ့ဖူး ဆိုရင် ....

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)၊ သရော်စာရေးတဲ့စာရေးဆရာ
Open News  ဂျာနယ်၊ ဒီဇင်ဘာ ၁၉
မူရင်း ...
..........................................................................................................
ဟိုတယ်မင်္ဂလာဆောင်ထက် ဘုန်းကြီးကျောင်းမင်္ဂလာဆောင်က ပိုကုန်တယ်။ တပည့်တစ်ယောက် မင်္ဂလာဆောင်အတွက် လိုက်မေးကြည့်တော့ (ရန်ကုန်က) နာမည်ကြီး ဘုန်းကြီးကျောင်းမှာ ဆောင်ရင် ကုန်ကျစရိတ်က သိန်းနှစ်ဆယ်အထက်ဗျ။ ဒါကြောင့် ဘုန်းကြီးကျောင်း ဆောင်တယ် ဆိုပြီး နှာခေါင်း မရှုံ့ကြပါနဲ့။ အထင်မသေးကြပါနဲ့။
မာဂျေ၊ သရော်စာရေးတဲ့စာရေးဆရာ
ဧရာဝတီ  ဂျာနယ်၊ ဒီဇင်ဘာ ၇
မူရင်း ...
..........................................................................................................

ကျောင်းပြီးလျှင် ကျူရှင်၊ ကျူရှင်ပြီးလျှင် ကလေး သဘာဝအရ ဆော့ကစားချိန် ရပြီဟု ထင်ခဲ့မိသော်လည်း တချို့ကလေးငယ်များမှာ ကျူရှင်ပြီးလျှင် နောက်ထပ် သင်ကြားမှုပုံစံတစ်ခုက အဆင်သင့်အောင် စောင့်ဆိုင်းနေသည် ... ထိုအရာကိုကား ခေတ်ရဲ့ အခေါ်အဝေါ်အရ ဂိုက်လို့ ခေါ်ကြသည်။
စုပြည့် ဆောင်းပါးရှင်
The Flower News ဂျာနယ်၊ ဒီဇင်ဘာ ၎
မူရင်း
မူရင်း .. စာမျက်နှာ ၂
..........................................................................................................
(ပြည့်တန်ဆာလုပ်ငန်း) လိုင်စင်ထုတ်ပေးရင် ကောင်းတာပေါ့။ အခုဆိုရင် ရဲကို ကြောက်နေရတယ်။ လိုင်းကြေးလည်း ပေးရသေးတယ်။

လိင်လုပ်သားတစ်ဦး၊ ရန်ကုန်
Messenger ဂျာနယ်၊ ဒီဇင်ဘာ ၂၄
မူရင်း ...
..........................................................................................................

ကျွန်တော်တို့က ဘာပဲပြောပြော ပေါ်ပင်ပေါ့၊ ဟော့ရှော့ပေါ့၊ Brand တွေ အဓိက မထားပါဘူး။ Brand တွေက အရမ်းဈေးကြီးတယ်။ ပြီးတော့ အနုပညာရှင်တွေအတွက် တွက်ခြေကိုက်မှု သိပ်မရှိသေးပါဘူး။ တစ်ခါတစ်လေကျတော့လည်း Brand ၀တ်ထားပေမယ့် Brand မှန်း သိတဲ့ လူတန်းစားက တော်တော်လေး ရှားပါသေးတယ်။ ကျွန်တော်တို့ တိုင်းပြည်က တော်တော်လေး ရှားပါသေးတယ်။

ရာဇာနေ၀င်း
7Day Shopping Guide ဒီဇင်ဘာ ၁၀
မူရင်း ...
..........................................................................................................

အဆောင်ဖွင့်ရတဲ့ရည်ရွယ်ချက်က အဆောင်နေသူ မိန်းကလေးတွေ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့နဲ့ ပတ်ဝန်းကျင်က အထင်မြင်သေးတဲ့ မျက်လုံးနဲ့ အကြည့်မခံရဖို့အတွက် အဓိက ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဆောင် စစဖွင့်ချင်းက စည်းကမ်းချက် ၇ ခုလောက်သာ ရှိပေမဲ့ နောက်ပိုင်း လိုအပ်ချက်အရ စည်းကမ်းချက် ၃၁ ခုထိ ဖြစ်သွားပြီလို့ ပြောပါတယ်။  

ဦးလှမင်း၊ ပန်းခင်း ဘော်ဒါဆောင် အုပ်ချုပ်ရေးအဖွဲ့
အခွင့်အလမ်း ဂျာနယ်၊ ဒီဇင်ဘာ ၁၁

မူရင်း...

..........................................................................................................

ကွန်ပျူတာတက္ကသိုလ်ဆင်း ကျောင်းသားတစ်ဦးနှင့် ခင်မင်ခဲ့ဖူးသည်။ ကလေးမှာ လိုချင်စိတ်ရှိသော်လည်း ဖြတ်သန်းခဲ့ရသော ပညာရေးစနစ်ကြောင့် ၀မ်းစာမပြည့်ရှာပေ။ ကွန်ပျူတာပုံးအခွံတွင် သုံးသည့် ၀က်အူ အမျိုးအစားတွင် Philips, Star တို့ အပြင် Torx ဆိုသည့် ၀က်အူရှိတတ်ကြောင်းကိုလည်း သူမသိ၊ Pentium Dual Core နှင့်  Core 2 Dou တို့အကြားက ကွာခြားချက်ကိုလည်း သူမသိ။ ရင်လေးဖွယ်ကောင်းလှသည်။ စာတွေ့၊ လက်တွေ့ နည်းနေသော ဘ၀၊ ကွန်ပျူခန်း ဆိုသည်မှာ သော့နှစ်ထပ် ခတ်ထားရတာ ဆိုသည့် ဘ၀များ အဆင့်မြင့်လာစေဖို့ အမှန်တကယ် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် အချိန်တန်နေပြီဖြစ်သည်။
Digital Life  အယ်ဒီတာ့အာဘော်
Digital Life ဂျာနယ်၊ ဒီဇင်ဘာ ၁၀
မူရင်း ...
..........................................................................................................
အစိုးရကော NGO ကော ပိုက်ဆံတောင်းခံတာ အတူတူပဲ။ တောင်းပုံတောင်းနည်း မတူဘူး။ အစိုးရက အခွန်ကောက်တယ်။ NGO ကတော့ အလှူရှင်တွေဆီက တောင်းတယ်။

 ဒေါက်တာအောင်ထွန်းသက်၊ စီးပွားရေးပညာရှင်
ICT ဂျာနယ်၊ ဒီဇင်ဘာ ၂
မူရင်း ...
..........................................................................................................
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်က လျှော့လည်း မလျှော့ဘူး ....၊ ကာကွယ်ရေးက တကယ်ကို ဒေသရန်ကို ကာကွယ်နေတာ မဟုတ်ဘူး။ အချင်းချင်းကို သတ်ဖြတ်နေတာတွေအတွက် ကုန်ကျနေတာပေါ့။ ... လက်ရှိမှာ ကေအိုင်အေကော တပ်မတော်ကကော သေကျေကြတယ်။
ဒေသခံ (မိသားစုတွေ) သေကျေကြတယ်။ တချို့အောက်ပိုင်းကလာတဲ့မိသားစုတွေ ပါတယ်။ ဒီဟာက ကောင်းတဲ့သမိုင်း မဟုတ်တော့ဘူး။ ကောင်းတဲ့သမိုင်း မဟုတ်တဲ့ နေရာမှာ သုံးတဲ့ ဘတ်ဂျက်ဟာက ကောင်းတဲ့ဘတ်ဂျက် မဟုတ်တော့ဘူး။ ကချင်ပြည်နယ် တစ်ခုတည်းတင် မကဘူး. မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ သားသမီးတွေ ကျရှုံးကြရတယ်။ ဒါကြောင့် ဒီဘတ်ဂျက်က ကျွန်တော်တို့အတွက် လုံးဝ ဆုံးရှုံးရတာပဲ။

ဦးဂျေယောဝူ၊ အထက်လွှတ်တော်အမတ်
မဇ္ဈိမဂျာနယ်၊ ဒီဇင်ဘာ ၁၈
မူရင်း ...




..........................................................................................................
Posted by Moemaka at 8:46 PM 0 comments  

Ku Mo Jo - More Products from Power 54 ...


ကာတွန်းကူမိုးကြိုး - ငါတို့အမေရဲ့ ခြံထွက်ပစ္စည်းတွေလည်း လေလံတင်ပါဦးမည် …
ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
Posted by MoeMaKa at 8:45 PM 0 comments  

Burmese Regime intensify attacks in Kachin Land


 ၂၀၁၂ နှစ်မကုန်မီ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့အစိုးရ စစ်တပ်များ အပြင်းအထန် ထိုးစစ်ဆင်
မိုးမခအထောက်တော် ၀၀၆၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
အများပြည်သူတို့ ခရစ်စမတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက် မိသားစုများ မိတ်ဆွေများ တွေ့ဆုံအနားယူကြချိန် ရက်သတ္တပတ်မှ စတင်ပြီး ကြံ့ဖွံွှ့အစိုးရ၏ လက်နက်ကိုင် စစ်တပ်များက ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်ပြီး တိုက်ခိုက်လျက်ရှိသည်။
ပြည်ပနိုင်ငံအချို့က စစ်လက်နက်များ၊ စစ်အထောက်အကူပစ္စည်းများ ၀ယ်ယူလက်ခံရရှိသည့်သတင်းများ ထွက်ပေါ်ပြီး မကြာမီမှာပင် စစ်လေယျာဉ်များ၊ ရဟတ်ယာဉ်များ အများအပြားသုံးပြီး ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် ဒေသအသီးသီးကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ လက်နက်မဲ့သည့် ဒေသခံပြည်သူများ သေကြေပျက်စီးခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီပြီး ဒုက္ခသည်စခန်းများ တောတွင်းဒေသများ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးလျက်ရှိသည်။
စစ်ရေးအရ ကချင်ပြည်သူများကို ဖိနှိပ်နေခြင်းအပြင် ကချင်သတင်းဝက်ဆိုက်အချို့ကိုလည်း အင်တာနက်နည်းပညာများဖြင့် တိုက်ခိုက်ခြင်းခံရကြောင်း၊ ကချင်သတင်း (KachinNews.com)  အချိန်အတော်ကြာ ဒေါင်းသွားသည်ဟု ကချင်အရေးလှုံ့ဆော်သူတဦးက မိုးမခကို ပြောသည်။
Kachin Land News ၀က်ဆိုက်တွင် စစ်ပွဲအခြေအနေကို အောက်ပါအတိုင်း ရေးသားထားသည်။
(KachinLandNews.Com) လဂျားယန်ကိုလေကြောင်းမှထိုးစစ်ဆင်
၂၈  ဒီဇင်ဘာ ၂၀၁၂
မြန်မာအစိုးရစစ်တပ်သည် ကေအိုင်အို ဌာနချုပ်နှင့် ၆ မိုင်ခန့်သာဝေးသော လဂျားယန်ကျေးရွာသို့ လေကြောင်းမှ တိုက်စစ်ဆင်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်ကပင် ယင်းနေရာတွင် လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်ခဲ့ပြီး နံနက်ပိုင်း ၉ နာရီခွဲတွင် လေယဉ်ပြန်ဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည်။  ရဟတ်ယဉ် နှစ်စီးတခါ၊ သုံးစီးတခါပျံပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လိုင်ဇာမြို့သားများက ရဟတ်ယဉ်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ပြီး သေနတ်သံများကိုလည်း အတိုင်းတားကြားခဲ့ရသည်။ အစိုးရသည် နှစ်ကုန်ပိုင်းတွင် လေကြောင်းထိုးစစ်ဆင်မူများကို တိုးမြင့်အသုံးပြုလျက်ရှိသည်။ နားလုံတွင် မြန်မာအစိုးရစစ်တပ် အင်အား ၅၀၀ ခန့်နှင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လဂျားယန်၊ လိုင်ဇာကို အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ဒီဇင်ဘာလ ကတည်းက လုပ်ဆောင်နေသည်။
“ လေကြောင်းက ပစ်တာ ခါးလောက်ရှိတဲ့သစ်လုံးတွေတောင်ပျက်ကျတယ် ” ဟု ကေအိုင်အေ ရှေ့တန်းမှ အရာရှိတဦးက ဆိုသည်။

ကချင်ပြည်နယ်ဒေသတွင် ပြည်တွင်းစစ်မီးတောက်လောက်နေချိန်အတွင်း မြေပြန့်နှင့် အခြားတိုင်းဒေသများက ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး လှုံဆော်မှုများ၊ စစ်ပွဲရပ်စဲရေး တောင်းဆိုမှုများ မကြာမီ ပေါ်ထွက်လာပြီး လက်ရှိအစိုးရကို ကန့်ကွက်ကြလိမ့်မည် မျှော်လင့်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတဦးက ပြောဆိုသည်။ ၎င်းက ၂၀၁၃ နှစ်ဆန်းတွင် ကချင်ပြည်နယ် စစ်ပွဲများ ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆုတောင်းလှုပ်ရှားမှုများ ပြုလုပ်ရန် ရန်ကုန်မြို့တွင် စီစဉ်နေကြောင်း ပြောကြားသည်။
Posted by MoeMaKa at 8:25 PM 0 comments  

Ashin Sandarthiri - Articles

မစိုးရိမ်သီတဂူ မောင်စံနဲ့ ဒဏ်
အရှင်စန္ဒာသီရိ
ဒီဇင်ဘာ ၂၈၊ ၂၀၁၂


“မင်းတို့ ဒီအမေရိကန်တို့ အင်္ဂလန်တို့ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့ ဒကာဒကာမတွေ အကြွား လွဲနေတာရှိတယ်။ ဘာလဲဆိုရင် “တပည့်တော်တို့သားလေးက၊ သမီးလေးက ဗမာစကားတောင် မပြောတတ်ဘူးဘုရာ့၊ အင်္ဂလိပ်လိုပဲပြောတယ်” လို့ဆိုပြီး အကြွားလွဲနေတာတွေရှိတယ်။ ဗမာမိဘနှစ်ပါးက မွေးဖွားတဲ့ကလေးဟာ ဗမာ စကားတော့ပြောတတ်ဘို့ကောင်းတာပေါ့။ အဲဒါကို တလွဲဆံပင်ကောင်းပြီးတော့ ကြွားကြတာတွေရှိတယ်။ အဲဒါတွေ ဆင်ခြင်ဘို့ကောင်းတယ်။”

ဒီကနေ့ ၂၀၁၁ ခုနှစ် ဇွန်လ (၁) ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် မောင်စံကျောင်းထိုင် ရမယ့် “သီတဂူသံဃဝိဟာရ” ကျောင်းဖွင့်ပွဲမှာ မစိုးရိမ်ဆရာတော် သြဝါဒမိန့်ကြားနေတာ “အကြွားမလွဲနဲ့” တဲ့။

အင်း သိပ်မှန်တာပဲ မောင်စံတို့ဗမာတွေ ကြွားလိုက်ချက်ကတော့ ကမ်းကုန်တယ်။ ကလေးတွေ မွေးကတည်း က ပြောနေကျမို့ အင်္ဂလိပ်လိုပြောတာကို ထားပါတော့၊ မနေ့တနေ့ကမှ ကိုယ့်နိုင်ငံကထွက်လာပြီး ဗမာအချင်းချင်း မီးကျိုးမောင်းပျက် ငပိအင်္ဂလိပ်တွေနဲ့ ပြောဆိုနေကြတာကို ကြားရတာ အလွန်နားယားတာပဲ။ တချို့ဆို ကိုယ့် ကလေးက ဗမာတွေနဲ့တွေ့တုန်း ဗမာလိုကြိုးစားပြီးပြောနေတာကိုတောင် လိုက်ဟန့်တဲ့မိဘကရှိသေးတယ်၊ ဗမာတွေနဲ့ ပေးမတွေ့တော့ပဲ အနောက်တိုင်းပုံစံသွင်းပစ်လိုက်ကြတယ်။ ကလေးက အရွယ်ရောက်လာလို့ မိဘကို အရိုအသေပေး ရမှန်းမသိတော့ဘဲ ကလန်ကဆန်လုပ်လာတော့မှ မျက်ရည်နဲ့မျက်ခွက် ဘုန်းကြီးဘက်လှည့်ချင်ကြတယ် အရှင်ဘုရား ညီမကို ဆုံးမပါဦးဘုရားတဲ့၊ သောက်ကျိုးနည်း။

ပြောမယ့်သာ ပြောရတာပါ မောင်စံလည်းပဲ အင်္ဂလိပ်စာကို အတော်ရူးခဲ့သေးတာ။ မစိုးရိမ်မှာတုန်းကပေါ့၊ 1986 ရောက်စပဲရှိသေးတယ်။ သိတဲ့အတိုင်းပဲ စာဝါကအပြည့်၊ မိုးမလင်းခင် ဘုံဆွမ်းခံထွက်၊ (၈) နာရီခွဲလောက် ပြန်ရောက်၊ ကမန်းကတန်း အဆာပြေ တစ်လုပ်နှစ်လုပ်လောက်ဝါးလိုက်ပြီး (၉)နာရီခွဲစာဝါကို မှီအောင်ပြေး။ (၁၀) နာရီခွဲတော့ ရေချိုးပြီး (၁၁) နာရီဆွမ်းစား၊ (၁၂) နာရီမှာခဏနားပြီး နေ့ (၁) နာရီကနေ ညနေ (၄) နာရီထိ စာဝါတွေ ပြန်သွား၊ ည ဘုရားဝတ်တက်ပြီး ဆရာတော့်ဆီမှာ ဝါကျခွဲ၊ ပြီးတော့ စာအံကျောင်းတက်၊ ည (၁၀) နာရီမှ အတန်းဖြုတ်ပြီး အိပ်ချင်အိပ်၊ မအိပ်ချင်သေးလို့ အငြိမ့်လေး၊ ဇာတ်ပွဲလေးရှိရင် သွားကြည့်ပေါ့။ အဲ့ဒီလို။

ဒါ မစိုးရိမ်စာသင်သားတိုင်းမှာရှိတဲ့ တိုမ်းတေဘယ်။ မောင်စံက ရောက်စနှစ်မှာ သီလက္ခန် တစ်ကျမ်းတည်း လုပ်သေးတာမို့ တော်သေးတယ်၊ နှစ်ကျမ်း သုံးကျမ်းတွဲလုပ်ရတဲ့သူတွေဆို အားချိန်ကို မရှိတော့ဘူး။ အဲလို မအားတဲ့ ကြားထဲကပဲ အင်္ဂလိပ်စာကို ရူးဖြစ်အောင် ရူးခဲ့သေးတာ။

ဘယ်ကစတာလဲဆိုတော့ ဦးသြသဓကို ဆရာတော်က အင်္ဂလိပ်စာ ခေါ်ခေါ်သင်ပေးတာကနေစတာ။ ဖတ်တတ်ချင်လိုက်တာ၊ ဦးပဏ္ဏဝကလည်း ကွမ်းလေးပါးစောင်ကပ်ပြီး တွေ့တိုင်း မိုင်ဖရင့် မိုင်ဖရင့်နဲ့  အင်္ဂလိပ်လို ခေါ် တာ၊ သူလည်း မိုင်ဖရင့်ကနေတော့ မတက်ဘူး၊ ဒါပေမယ့် ကိုယ်က အဲဒီလိုကို မဖရင့်နိုင်သေးတာ ဆိုတော့အထင်ကြီး တာပေါ့။ အဲ့ဒါနဲ့ စုံစမ်းကြည့်လိုက်တော့ စိန်ပန်းထဲမှာ ကိုယ်တော်တွေကို အင်္ဂလိပ်စာအခမဲ့ သင်ပေးတဲ့သင်တန်းရှိ တယ်လို့သိရရော။ ဘာပြောကောင်းမလဲ ဆွမ်းစားပြီး နားရတဲ့အချိန်လေးကို မနားတော့ပဲ အပြေးသွားတက်တာ။ အမယ် တပတ်လောက်တက်ပြီးတော့ Cat ကက်-ကြောင်၊ Rat ရက်-ကြွက်တွေ ဘာတွေ လုပ်လာပြီ။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။

မကြာပါဘူး ဒဏ်ကျပါလေရော။ ဒဏ်က နေ့လည်အိပ်ချိန်ကို မအိပ်ရပဲ ဆရာတော့်ဆီမှာ စာသွားကျက်ရတာ။ ကိုယ့်အင်္ဂလိပ်စာသင်တန်းကလည်း ဒီအချိန်ပဲဆိုတော့ ဘယ်လိုမှလုပ်လို့မရတော့ဘူး၊ အဲဒီမှာ အစပြတ်သွားတာပဲ။ ဘာကြောင့် ဒဏ်ကျတာလဲ ဟုတ်လား။ သီတဂူပေါ့ သီတဂူ။ မောင်စံက သီတဂူနဲ့ အဲဒီကတည်းက ဇာတ်လမ်းရှိတာ။ သီတဂူသုံးထပ်ကျောင်းကြီး ရေစက်ချပွဲမှာ၊ ကျောင်းအမကြီး ဒေါ်အေးက ငါးခြောက်နှပ်ကြွေးတယ်၊ အလျှံပယ်ပဲ၊ မကုန် လို့  ပိုတာတွေကို ခွဲဝေပြီးပေးတာပေါ့။ မောင်စံတို့တောင်ငူအဖွဲ့က (ဇလုံသေး) တစ်ဇလုံရတယ်။

တညနေ အဲဒီငါးခြောက် ဇလုံကို မီးဖိုထဲမှာနွှေးပြီး ကျောင်းထဲကိုပြန်ယူလာတာ။ ဘာဏကဆောင်မှာ။ ညနေခင်းဆိုတော့ ဆရာတော်ဘုရားရေချမ်းလာလဲနေကျ။ ဆရာတော်တွေ့မှာစိုးလို့ ဟိုဟိုသည်သည် အကဲခတ် လိုက်သေးတယ်။ သေချာပြီဆိုတော့မှ ဝမ်းသာအားရ ငါးခြောက်ဇလုံကြီး မပြီးကျောင်းထဲကို သီချင်းတကျော်ကျော်နဲ့ ဝင်ချလာတာ။

“ငါးခြောက်ကလေးရယ်တဲ့.... အို ခမျာ၊ အို ခမျာ.....”

“အမယ်... သီချင်းလေး တကျော်ကျော်နဲ့ ဟေ့ကောင် လာခဲ့”

ဟိုက် သွားပါပြီ၊ ဆရာတော် ကျောင်းပေါ်ကို ဘယ်တုန်းကရောက်နေတယ်မသိ၊ လှေခါးအဆင်းမှာ ပက်ပင်း တိုးပါလေရော။

“မင်း ပြေးလို့မလွတ်ပါဘူးကွ၊ လာခဲ့ မနက်ဖြန်ကစပြီး (၇) ရက် ဒဏ်လာထမ်း”

သွားရော၊ အဲဒီကတည်းကစပြီး နေ့လည် ၁၂-နာရီကနေ ၁-နာရီထိ ဆရာတော်ဆီမှာ စာသွားကျက်ရတယ်၊ အင်္ဂလိပ်စာသင်တန်းကို သွားလို့မရတော့ဘူး။ ကိုယ့်လိုပဲ ဒဏ်ကျနေတဲ့သူတော့ အများကြီးပါပဲ။ ဆရာတော်က ပြောလေ့ရှိတယ်၊ “မင်းတို့ဒဏ်သမားတွေရဲ့ စာကျက်သံမကြားရရင် ငါကအိပ်မပျော်ဘူးကွ”တဲ့၊ ဟင်း ဟင်း။

မောင်စံတို့ တောင်ငူက အဖွဲ့တောင့်တယ်၊ ခရမ်းအဖွဲ့နဲ့လည်း အရမ်းရင်းနှီးတာဆိုတော့ နှစ်ဖွဲ့ကိုတစ်ဖွဲ့တည်း ပေါင်းပြီးဆွမ်းအတူတူစားကြတာ။ ဆွမ်းဝိုင်းအလယ်က ငါးခြောက်ဇလုံကြီးကိုကြည့်ပြီး သူငယ်ချင်းတွေက တခွီးခွီးရယ် ကြတယ်။ တချို့ကလည်း သီချင်းဆိုပြီး စတယ်၊ “ငါးခြောက်လေးရယ်တဲ့.... အို ခမျာ၊ အို ခမျာ...” တဲ့။ ဟင်း ဟင်း လူ့ကို ငိုချင်သလို ရီချင်သလို အတော်ကို ဆိုးပါတယ်။

ရှိသေးတယ် အဲဒီ သီတဂူကျောင်း ရေစက်ချပွဲမှာပဲ၊ ပွဲအဝင်ညမှာ ခင်းကြကျင်းကြ ပြင်ဆင်ကြပေါ့ သူသူ ကိုယ် ကိုယ် အလုပ်တွေရှုပ်နေကြတာ။ မောင်စံက လာဘနဲ့အတူ လမင်းတရာအငြိမ့်ကို သွားငှားတယ်။ ရတယ်ပေါ့။ လူက နဂိုကမှ ဇာတ်ရူးဆိုတော့ အဲဒါတွေမှာ စပ်စပ်စပ်စပ်လုပ်ရတာ သိပ်ဝါသနာပါတာ။

တရားပွဲအတွက် ကျောင်းရှေ့ကွင်းပြင်မှာ အသံချဲ့စက်တွေ ဆင်တဲ့နေရာမှာလည်း များလားများလားပေါ့၊ စက်ဆရာက ပြင်ဆင်လည်းပြီးရော မြို့မသီချင်းတွေဖွင့်တဲ့အခါ မောင်စံဘာပြောမလဲ စိတ်တွေမထိန်းနိုင်တော့ပဲ အသံ ကုန်လိုက်အော်ဆိုတော့တာ။ သူငယ်ချင်းတွေကလည်း စီးချက်တွေဘာတွေ လိုက်ပြီး အားပေးတယ်ပေါ့။

ကျောင်းရှေ့ကုလားထိုင်တွေစီခင်းထားတဲ့အပေါ်မှာ ထိုင်ပြီးစီမံညွှန်ကြားနေကြတဲ့ နာယကတွေက မောင်စံကို ကြည့်ပြီး အတော်မျက်စိနောက်နေပုံရတယ်။ ခေါ်ပြီး ဆူတော့တာပဲ။

“ဟေ့ကောင် လာစမ်း၊ မင်း ဘွဲ့ ဘယ်သူလဲ”

“စန္ဒာသီရိပါဘုရား..”

“ဘယ် အတန်းကလဲ”

“စာချတန်း သီလက္ခန် တက်နေပါတယ်ဘုရား”

“မင်း စာချတန်းတောင် ရောက်နေပြီ၊ ဘုန်းကြီး သီချင်းမဆိုရဘူးဆိုတာ မသိဘူးလား”

မောင်စံ ဘာမှပြန်မဖြေဘဲ မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေလိုက်တယ်။

“လူက ရောက်တာမှမကြာသေးဘူး၊ လပ်ယား လပ်ယားနဲ့၊ ဒေါင့်ကိုမကျိုးဘူး၊ သွား..”

မောင်စံ တချက်တည်း ငြိမ်ကုတ်သွားတော့တာပဲ။

အဲဒါကို နောက်ရက်နာယက ဆွမ်းဝိုင်းမှာ စကားစပ်ပြီးပြောဖြစ်ကြတယ်နဲ့တူပါတယ်၊ မောင်စံဆီကို ဆရာတော်ရဲ့ အမိန့် ရောက်လာပါလေရော။ “အဲဒီကောင်ကို ရာသက်ပန် ဒဏ်လို့ပြောလိုက်”တဲ့။ အီး ဟီး... သွားပါပြီ၊ (၇) ရက်နေလို့ ဒဏ်လွတ်ရင် အင်္ဂလိပ်စာသင်တန်း ပြန်သွားမယ်လို့ စိတ်ကူးထားတာ။ ရာသက်ပန်ဒဏ်ဆိုတာ ဒီတိုက်ကထွက်သွားပြီးရင်တောင် မပြီးသေးဘူး၊ ဘယ်လောက်ကြာမှတိုက်ထဲပြန်ဝင်ဝင် အဲဒီဒဏ်ဆက်ထမ်းရမယ်၊ ဒီလို။ အဲဒီကတည်းက အင်္ဂလိပ်စာသင်တန်းမသွားဖြစ်တော့ဘူး။ ပြတ်ကရော။ ဒါပေမယ့် ဦးပဏ္ဏဝနဲ့တွေ့တဲ့အခါတိုင်း မှာတော့ “ဟိုင်း မိုင်ဖရင့်၊ ဟောင်း အာ ယူ” ဆိုတာလောက်တော့ နောက်ရင်း ပြောင်ရင်း နှုတ်ဆက်ဖြစ်တယ်။

မောင်စံရဲ့ကံကို သတိထားမိသလောက် နေရာအတော်များများမှာ လူကြီးတွေနဲ့တွေ့တွေ့ချင်း အဆင်မပြေ တတ်ဘူး။ တဖြေးဖြေး စိတ်အရင်းကိုသိလာတဲ့အခါကျတော့မှ တကယ်ရင်းနှီးသွားတော့တာ။ ခု မစိုးရိမ်နာယကတွေ လည်း ဘုန်းကြီးဦးကေတို့ ဦးသုစိတ္တတို့ဆိုတာ နောက်ပိုင်းကျတော့ တကယ့်အရင်းနှီးဆုံးဆရာတပည့်တွေ ဖြစ်သွား တော့တာ၊ ၈၈ နောက်ပိုင်းမှာပေါ့။ ဦးပေစိဘုရားထဲမှာ လုပ်ဆောင်ကြတာတွေ၊ မင်းကွန်းဘက်အတူသွားနေကြရင်း ဆန်ကုန်လို့ မောင်စံစွန့်စွန့်စားစား ပြန်ယူတာတွေ ပြောစရာဇာတ်လမ်းက အရှည်ကြီး။ ထားတော့။

မောင်စံနဲ့ဒဏ်အကြောင်းကို ဆက်ပြောဦးမယ်။ ကျထားတဲ့ဒဏ်က လွတ်ရက်မရှိ၊ ရာသက်ပန် လို့ဆိုပေမယ့် တိုက်ပတ်စာမေးပွဲအောင်တာတို့ စာဝါမှန် ဘုရားဝတ်တက်မှန်တာတို့ ဖြစ်လာရင် လွှတ်ပေးတတ်တယ်ဆိုတာသိထား တော့ မောင်စံ ကျိုးစားတာပေါ့။ စာဝါတွေ ဘယ်တော့မှ နောက်မကျစေရဘူး၊ ဘုရားဝတ်တက် ဘယ်တော့မှ မပျက်စေ ရဘူး၊ ဒဏ်ကိုလည်း မှန်အောင်သွားတယ်။ ဒဏ်မှန်မှန်သွားရလို့ စာတွေအများကြီး ရသွားတယ်။ ပထမနေ့ (စာမေးပွဲအသုံး) အတွက် နိယံတွေ၊ သံဝဏ္ဏနာတွေ၊ နည်းစစ်တွေ အကုန်ရ၊ ဘယ်လိုပွိုင့်ကလာမေးမေး ပထမနေ့အတွက်ကတော့ အဲဗားရယ်ဒီ၊ အဲဒီလို အကျိုးရှိခဲ့တယ်။

မိမိနဲ့အတူ ဒဏ်ကျဖေါ်တွေက မိုးရွာတဲ့နေ့တွေဆိုရင် မိုးအေးတာအကြောင်းပြပြီး ဒဏ်ကိုမသွားကြဘူး။ ညှိထားသလိုပဲ တယောက်မှကိုမလာကြတာ။ ကိုယ်တယောက်တည်း ဆရာတော့်ကျောင်းမှာ၊ ဆရာတော်က မိုးရွာရင် မလာရဘူးလို့မိန့်ထားတယ်တောင် ထင်မိတယ်။ မိုးကလည်း သုံး လေးရက် ဆက်ရွာတယ်။ မောင်စံ စိတ်မလျှော့ဘူး၊ ဆက်သွားတယ်၊ တရက်မှာတော့ ဆရာတော်က-

“အေး မင်း ဒဏ်မှန်တဲ့ကောင် မလာတော့နဲ့၊ ဟိုကောင်တွေကိုပြောလိုက် မနက်ဖြန်ကစပြီး နောက်သုံးလစီ ဒဏ်တိုးတယ်လို့” တဲ့။

ဝါး... ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ မောင်စံ ဝမ်းသာအားရ စာအုပ်တွေပိုက်ပြီး ပြန်လာခဲ့တယ်။ မိုးရွာနေ တာတောင် ထီးဆောင်းဘို့မေ့နေတယ်။ ကိုယ့်ဒဏ်ကျဖေါ်တွေအတွက်တော့ စိတ်မကောင်းပါဘူး။

ဆရာတော့်မှာ ဒဏ်နှစ်မျိုးရှိတယ်၊ တစ်မျိုးက စာဒဏ်၊ နောက်တစ်မျိုးက ဘုရားဝတ်တက်ဒဏ်။ ဘုရားဝတ် တက် စာရင်းစစ်လို့ မပါရင် မနက်အစောကြီး (၅) နာရီထပြီး ဆရာတော့်ကျောင်းမှာ ဆရာတော်နဲ့အတူ ဘုရားသွား ဝတ်တက်ရတယ်။ မောင်စံ အဲဒီဒဏ်လည်း ကျဘူးတယ်။

တနေ့ ညနေ (၄) နာရီစာဝါပြီးတော့ တောင်ငူကလူကြုံဧည့်သည်လာတယ်ဆိုလို့ ဘုရားကြီးဘက်မှာရှိတဲ့ တောင်ငူကျောင်းကို ဧည့်သည်သွားတွေ့တယ်။ စကားကောင်းနေတာနဲ့  ည (၇) နာရီဘုရားဝတ်တက်ကို မမှီလိုက် တော့ဘူး။ တစ်ခါလစ် တစ်ခါထိပဲ။ ဘုရားဝတ်တက်စစ်တဲ့ ဦးပညိန္ဒကလည်း သိပ်မှတ်ဥာဏ်ကောင်းတာ၊ မောင်စံတို့ခေတ်က သံဃာ (၃၀၀) လောက်ရှိတာ စာရွက်မကြည့်ပဲ ဘယ်နေရာမှာ ဘယ်သူမပါဘူးဆိုတာကို အတိ အကျသိတယ်ဗျာ။ ဘုရားဝတ်တက်ပြီးတဲ့အခါ ဆရာတော်ကို မပါတဲ့သူစာရင်း လျှောက်ပြရတယ်။ အဲဒီနေ့က မောင်စံ ရယ်၊ ခေမိန်ရယ်၊ ဘိုကိ (သုဇန) ရယ် တောင်ငူက သုံးပါးထိကြတယ်။

နောက်တစ်ရက် မနက် (၅) နာရီထပြီး ဆရာတော်ကျောင်း (ဒါယာဒ) မှာ ဘုရားသွားဝတ်တက်ရတာပေါ့။ အိုး ---- ဒဏ် ကျတော့မှပဲ ဆရာတော်ရဲ့ ရောင့်ရဲသီးခံတတ်ပုံတွေကို ပိုသိလာရပြီး ပိုကြည်ညိုမိလာတယ်။ စာသင်တိုက် ကြီးတစ်ခုရဲ့ အဓိပတိဆရာတော်ကြီးဆိုပြီး ဟိတ်နဲ့ဟန်နဲ့ သီးသီးသန့်သန့် နေတာမဟုတ်၊ ကုတင်တစ်လုံးသာရှိတဲ့ အခန်းကျဉ်းလေးထဲမှာ အများနည်းတူနေတာ။ အပြင်ဘက် Hall ထဲမှာ စာသင်သားသံဃာတွေက နံရံ ပတ် ပတ်လည်အပြည့်။ ခြင်ထောင်တွေဆိုတာ တစ်လုံးနဲ့တစ်လုံးထိစပ်ပြီးထောင်ထားကြတာ ဘုရားခန်းရှေ့ရောက်ဘို့ ခြင် ထောင်တွေကြားထဲ ကုန်းကုန်း ကုန်းကုန်းနဲ့ ငုံ့ပြီးသွားရတာ မောတောင်မောတယ်။ ဆရာတော်လည်း ဒီလိုပဲ ကြွလာခဲ့ တာပဲ။ မောင်စံတို့ နာရီဝက်လောက် ဘုရားဝတ်တက်ပြီးတာတောင် ခြင်ထောင်ထဲက ဘသားချောတွေ တစ်ယောက်မှ တုတ်တုတ် မလှုပ်ကြဘူး။ အဲဒါ နေ့တိုင်း နေ့တိုင်း။

မစိုးရိမ်မှာ စနစ်ကောင်းတာက စာသင်သားကို စည်းကမ်းတွေ ဥပဒေတွေနဲ့ တင်းကြပ်မထားဘူး၊ စာဝါ ရယ် ဘုရားဝတ်တက်ရယ်နဲ့ပဲ ထိန်းထားတယ်။ စာဝါ နဲ့ ဘုရားဝတ်တက်မှန်ရင်ပြီးရော၊ ပြီးရင် ဘယ်သွားသွား၊ ပွဲတွေ အငြိမ့် တွေ ကြိုက်တာသွားကြည့်လို့ရတယ်။ စာဝါ နဲ့ ဘုရားဝတ်တက်ကလည်း အချိန်ကောင်းတွေသတ်မှတ်ထားတာဆို တော့ စည်းပျက်ကမ်းပျက် အပြင်မသွားဖြစ်အောင် အလိုလိုထိန်းချုပ်ပြီးသားဖြစ်နေတယ်လေ။

မောင်စံတို့ (၇) ရက်ဒဏ်ကျတာ၊ သုံးရက်ပြီး လေးရက်မြောက်တဲ့နေ့မှာ ဘာဖြစ်လဲဆိုတော့ တောင်ပြုံးပွဲ စတယ်။ တောင်ပြုံးပွဲက နာမည်ကြီး၊ ကြားဘူးတာကြာပြီ တခါမှမရောက်ဘူးသေးတော့ သွားကြည့်ချင်တာနဲ့ သူငယ် ချင်းတွေနဲ့အတူလိုက်သွားလိုက်တယ်။ မန္တလေးနဲ့ မတ္တရာဆိုတာ တစ်နာရီခရီးဆိုတော့ အချိန်မီပြန်လာကြမယ်ပေါ့။ ဖြစ်ချင်တော့ ပြန်လို့မရတော့ဘူး၊ လိုင်းကားတွေမှန်သမျှကလည်း လူပြည့်လူလျှံ၊ တောင်ပြုံးနဲ့မန္တလေး ဆွဲပေးတဲ့ ရထားနဲ့ လိုက်မယ်ကြံပြန်တော့လည်း အမလေးလေး နေရာရဘို့ နေနေသာသာ ခြေထောက်တစ်ချောင်းတင်ပြီး တွဲလွဲဆွဲလိုက်ဘို့တောင် နေရာမကျန်တော့ဘူး။ လူတွေလူတွေဆိုတာ ပြွတ်သတ်ကြိတ်ခဲလို့။ အော်ကြ ဟစ်ကြ နောက် ကြပြောင်ကြနဲ့ ဒီလူတွေကြားထဲမှာ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ စိတ်ဒုန်းဒုန်းချပြီး မန္တလေးသိန်းဇော်ဇာတ်ပွဲ ဝင်ကြည့်နေလိုက်ကြတယ်။

မနက်လင်းခါနီးတော့မှ လူတွေရှင်းနေတာနဲ့ အပြန်လိုင်းကားတွေကို လွယ်လွယ်ကူကူပဲ ရလိုက်ကြတယ်။ ကျောင်းထဲကို ငိုက်စိုက်ငိုက်စိုက်နဲ့ ပြန်ဝင်လာကြပြီး သူငယ်ချင်းတွေကို သတင်းမေးကြည့်လိုက်တော့ “အေး မင်းတို့ အဖွဲ့ ဘုရားဝတ်တက်ဒဏ် တစ်လ တိုးတယ်တဲ့ဗျာ...” ဟင်း ဟင်း ထင်တော့ထင်ထားပြီးသားပါ။ ဒီတော့လည်း မနက် တိုင်း ကုသိုလ်သွားယူကြရတာပေါ့လေ။ မကြာပါဘူး စာမေးပွဲအောင်တာနဲ့ ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့ တယ်။

မောင်စံ မစိုးရိမ်မှာတုန်းက သီတဂူသုံးထပ်ကျောင်းကြီး အပေါ်ဆုံးထပ်မှာနေရာရတယ်။ ကျောတစ်နေရာစာပါ ပဲ။ အဲဒီကျောတစ်နေရာ စာရဘို့  (၂) နှစ်နီးပါးစောင့်ခဲ့ရတယ်။ စီနီယာအတိုင်း နေရာပေးတာဆိုတော့ ကိုယ့်ရှေ့မှာ အရင်ရောက်နှင့်နေသူတွေက နေရာအရင်ရ တယ်ပေါ့။ တဖြည်းဖြည်း ရှေ့ကလူတွေထွက်ထွက်ကုန်မှ ကိုယ့်အလှည့်ကို ရောက်လာတာ။

အဲဒီမတိုင်ခင်က ကိုယ့်ပစ္စည်းတွေကို အသိသူငယ်ချင်းတစ်ပါးရဲ့ သေတ္တာပေါ်မှာ ထပ်တင်ထားပြီး ညအိပ်တော့ ကြုံသလို သစ်ပင်အောက်အိပ်လိုက်၊ အုတ်ပုံပေါ်အိပ်လိုက်၊ တခါတခါ ခွေးတွေက နေရာဦးထားလို့ မောင်းချပြီး ဝင်အိပ် ခဲ့ရတာ။ ကိုယ့်လိုလူတွေလည်း အများကြီးပဲ။ နှစ်တဝက်လောက်ကြာတော့ ဘာဏကဆွမ်းစားကျောင်းပေါ်မှာ အိပ်စရာ နေရာရလာတယ်။ ကံဆိုးချင်တော့ ကိုယ်ရတဲ့နေရာတည့်တည့်က မိုးယိုတဲ့နေရာ၊ မိုးရွာတဲ့ညဆို အိပ်ကောင်းနေတုန်း ရေတွေတပေါက်ပေါက်နဲ့ ကျလာလို့ ထပြေးခဲ့ရဘူးတာလဲ အကြိမ်မနည်း။ ဒါပေမယ့်လည်း စာသင်သားတွေဟာ အားလုံး ပျော်နေကြတာချည့်ပဲ။ အဲဒီလို စားစရာ နေစရာ ခက်ခက်ခဲခဲကြားထဲကပဲ အောင်မြင်တိုးတက်လာခဲ့ကြသူ တွေဟာ ဒုနဲ့ဒေးဆိုတော့ စာသင်သားတွေ ပျော်တာပေါ့။

မောင်စံ စစ်ကိုင်း သီတဂူကိုရောက်တော့လည်း မစိုးရိမ်မှာအတူနေခဲ့ဘူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတယ်။ ဒေါက်တာသြသဓ၊ ဒေါက်တာသဇ္ဇန၊ ဒေါက်တာသေဋ္ဌိလစတဲ့သူတွေဟာ မစိုးရိမ်မိတ်ဟောင်းတွေပေါ့။ သီတဂူဆေးရုံ မှာ ဆရာတော် မျက်စိလာစစ်တာတို့၊ သီတဂူအခမ်းအနားတွေကို ကြွလာတဲ့အခါတို့မှာ သေသေချာချာ ပြုစုစောင့် ရှောက်ခွင့် ရခဲ့တယ်။ အိန္ဒိယမှာ တက္ကသိုလ်တက်နေတုန်းကလည်း ဘုံဘေရွှေတိဂုံစေတီတော်ကြီး ဌပနာ ပိတ်ပွဲကြွ လာတဲ့အတွက် ပြုစုခွင့်ရခဲ့ပြန်တယ်။ ဟော အခု အမေရိကန် သီတဂူမှာ ဖူးတွေ့စောင့်ရှောက်ခွင့်ရပြန်ပြီ။ ဆုံးမသြဝါဒ များကို နာကြားခွင့်ရပြန်ပြီဆိုတော့ မောင်စံ ကံကောင်းပြီးရင်း ကံကောင်းနေတာပေါ့။

Oh! Great, I am very very lucky person. ကိုယ့်ကိုကိုယ်ကျေနပ်လွန်းလို့ ရေရွတ်လိုက်တာ အသံတောင် ထွက်သွားတယ်။

“အေး မင်းတို့ အင်္ဂလိပ်စကား ပြောတာလည်းပြောပေါ့၊ ကိုယ့်စာနဲ့ ကိုယ့်စကားတော့ ဘယ်တော့မှ မေ့မထား ကြနဲ့။ ကလေးတွေကိုလည်း မြန်မာစာ မြန်မာစကား သင်ပေးကြ။ အကြွားလွဲမနေကြနဲ့။ ဒါပဲ ငါ့သြဝါဒက။”

“သာဓု၊ သာဓု၊ သာဓုပါဘုရား။”

ဟာ ဆရာတော် သြဝါဒပြီးသွားပြီပဲ။ ကိုယ့် အသံထွက်သွားတာ ဆရာတော်များကြားသွားလားမသိဘူး။ ဘုရားဘုရား.. တော်ကြာ ဆရာတော်က နားကြားပြင်းကတ်ပြီး ရာသက်ပန်ဒဏ်ချနေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

မောင်စံ (သီတဂူ၊ ဖလော်ရီဒါ) 


ဤဆောင်းပါးဖြင့် ယခုနှစ်တွင် သက်တော် (၈၀) ပြည့်မွေးနေ့ကျရောက်သော ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားအား ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့အပ်ပါသည်ဘုရား။

တပည့်
ဒေါက်တာအရှင်စန္ဒာသီရိ
သီတဂူသံဃဝိဟာရ၊ ဖလော်ရီဒါ
အမေရိကန်ပြည်ထောင်စု

Posted by Aung Htet at 6:39 AM 0 comments  

Than Win Hlaing - Articles

ရွှေနန်းထက်မှ ဧကရီသုံးပါး (၂)
 သန်းဝင်းလှိုင်
ဒီဇင်ဘာ ၂၈၊ ၂၀၁၂


● ဒိန်းမတ်ဒုတိယမြောက် မာဂရက်ဘုရင်မကြီး
ဥရောပတိုက်မြောက်ပိုင်းရှိ ဒိန်းမတ်နိုင်ငံသည် ဥရောပရှိ အခြားသော ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံများထက် နန်းသက်အရှည် အကြာဆုံးသော ဘုရင့်နိုင်ငံတစ်ခုဖြစ်သည်။ ယနေ့ဒိန်းမတ်နိုင်ငံ၏ ထီးနန်းကို စိုးစံနေသူမှာ ဒုတိယမြောက် မာဂရက်ဘုရင်မကြီး (Queen Margrethe II of Denmark) ဖြစ်သည်။

၁၄ ရာစု နှင့် ၁၅ ရညစုအတွင်း စကင်ဒီနေးဗီးယားနိုင်ငံများဖြစ်ကြသော နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံတို့သည် ၁၃၇၅ ခုနှစ် မှ ၁၄၁၂ ခုနှစ်အထိ ပေါင်းစည်းထားသော ‘ကာလ်မာပြည်ထောင်စု’ (Kalmar Union) ၏ ပထမဆုံးသော ဧကရီဘုရင်မမှာ ပထမမြောက် မာဂရက်ဘုရင်မဖြစ်သည်။ ထို့နောက် နှစ်ပေါင်း ၅၆၀ ကျော်အတွင်း ဒိန်းမတ်နိုင်ငံအဖြစ် သီးခြားပေါ်ထွန်းလာပြီးနောက် ဒိန်းမတ်နိုင်ငံ၏ ပထမဆုံးဘုရင်မကြီးမှာ ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် နန်းစံခဲ့သည့် ဒုတိယမြောက် မာဂရက်ဘုရင်မဖြစ်သည်။ ဘုရင်မကြီး နန်းတက်စဉ်က အသက် ၃၁ နှစ်သာ ရှိသေးသည်။

ဒုတိယမြောက် မာဂရက်ဘုရင်မသည် န၀မမြောက် ဖရက်ဒရစ်ဘုရင် (King Frederik IX) နှင့် ဆွီဒင်မင်းသမီးဖြစ်သော မိဖုရားကြီး အင်းဂရစ် (Queen Ingrid of Sweden) တို့မှ ၁၉၄၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်နေ့တွင် ကိုပင်ဟေဂင်မြို့ရှိ Amalienborg နန်းတော်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးသမီးတော်ဖြစ်သည်။ ညီမတော်များမှာ ဘီနီဒိုက် မင်းသမီးနှင့် အဲန်းမာရီမင်းသမီးတို့ ဖြစ်သည်။ ဒုတိယမြောက် မာဂရက်ဘုရင်မကြီး၏ နာမည်အပြည့်အစုံမှာ Margrethe Alexandrine Porhidur Ingrid ဖြစ်သည်။ ဘုရင်မကြီး၏ ခမည်းတော်မှာ ဒဿမမြောက် ခရစ္စတီးယန်းဘုရင်နှင့် မိဖုရား ဒိန်းမတ်မင်းသမီး အလက်ဇန္ဒြားတို့မှ ဖွားမြင်သည့် အကြီးဆုံးသားတော်ဖြစ်သည်။ မယ်တော်မှာ ဆွီဒင် ဘိုနာဒေါ့ဖ်မင်းဆက်မှ ဆင်းသက်လာသည့် ဆွီဒင်အိမ်ရှေ့မင်းသား ဂုစတပ်ဗ်အဒေါ့ဖ်နှင့် အိမ်ရှေ့မင်းသမီးမာဂရက်တို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်သည်။ မယ်တော်သည် ပန်းချီဝါသနာထုံ၍ နန်းတွင်းပန်းချီကျော်တစ်ဦးလည်းဖြစ်သည်။

၁၉၄၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ကိုပင်ဟေဂင်မြို့ရှိ ဟိုးမန်းဘုရားရှိခုးကျောင်း၌ မာဂရက်မင်းသမီးအား ခရစ်ယာန်သာသနာ့ဘောင်သို့ သွတ်သွင်းသည့် ကင်ပွန်းတပ်မင်္ဂလာအခန်းအနားကျင်းပပြီး ခေါင်းကိုင်မိဘများအဖြစ် ဒိန်းမတ် ဒဿမမြောက် ခရစ်တီးယန်းဘုရင်၊ ဒိန်းမတ် ကနတ်မင်းသား (Prince Knud of Denmark) ဒိန်းမတ် အက်ဆဲ မင်းသား (Prince Axel of Denmark) ဆွီဒင်ဘုရင် ပဉ္စမမြောက် ဂုစတပ်ဖ်၊ ဆွီဒင်အိမ်ရှေ့စံမင်းသား ဂုစတပ်ဖ်အဒေါ့ဖ်၊ ဆွီဒင် ဂုစတပ်ဖ်အဒေါ့ဖ် မင်းသား နှင့် Connaught နှင့် Strathearn မြို့စား အာသာမင်းသားတို့က ဆောင်ရွက်ပေးခဲ့ကြသည်။

မာဂရက်ဘုရင်မသည် ငယ်စဉ်က ဒိန်းမတ်နိုင်ငံ၌ ပညာသင်ကြားခဲ့ပြီး အင်္ဂလန်ပြည် ဟမ်ရှိုင်းယားမြို့ North Foreland Lodge ကျောင်းတွင် ကျောင်းအိပ်ကျောင်းစားအဖြစ် ပညာသင်ကြားခဲ့၍ ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် ၁၉၆၀ မှ ၁၉၆၁ ခုနှစ်အထိ ဘွဲ့လွန်ပညာအဖြစ် ကင်းဘရစ်ရိုင်တန်ကောလိပ်၌ သမိုင်းမတင်မီကာလ ရှေးဟောင်းသုတေသနဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ထိုမှတဖန် ၁၉၆၁ မှ ၁၉၆၂ အထိ Aarhus တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဆက်လက် ဆည်းပူးသည်။ ၁၉၆၃ မှ ၁၉၆၅ အထိ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်နှင့် လန်ဒန်စီးပွားရေးတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်တို့ကို ဆည်းပူးခဲ့သည်။ မာဂရက်မင်းသမီးသည် လန်ဒန်ရှေးဟောင်းသုတေသနဗိမာန်၌ သုခမိန်အဖွဲ့ဝင် ပညာရှင်အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရသည်။ သူသည် ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဆွီဒင်၊ ဂျာမန်ဘာသာစကားတို့ကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သည်။

ထို့နောက် မာဂရက်မင်းသမီးသည် ၁၉၆၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပြင်သစ်နိုင်ငံဆိုင်ရာ ဒိန်းမတ်သံမှူးဖြစ်သူ မောင့်ပီဇက်မြို့စား ဟင်နရီဒီလာဗော့ဒ်နှင့် ကိုပင်ဟေဂင်မြို့ ဟိုးမန်းဘုရားရှိခိုးကျောင်း၌ လက်ထပ်ထိမ်းမြားခဲ့သည်။ ထိမ်းမြားပြီး နောက် ကြင်ယာတော်မြို့စားအား ဒိန်းမတ်ဟင်နရီမင်းသားဘွဲ့ (His Royal Highness Prince Henrik of Denmark) အပ်နှင်းခဲ့ သည်။ ယင်းမှ ထွန်းကားခဲ့သော သားသမီးများကိုလည်း ဒိန်းမတ်ထီးနန်း၌ ဆက်ခံခွင့်ရှိသော ထီးမွေးနန်းလျာအဖြစ် သတ်မှတ်ပေးခဲ့သည်။

မာဂရက်မင်းသမီးသည် ဟင်းနစ်မင်းသားနှင့် သားနှစ်ဦးထွန်းကားခဲ့ရာ သားဦး ဖရက်ဒရစ်မင်းသားကို ၁၉၆၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ဖွားမြင်၍ ဒုတိယသား ဂျိုးခရင်းမင်းသားကို ၁၉၆၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ သားတော်ကြီးသည် အသက် (၄၄) နှစ် အရွယ်ရှိပြီး၊ ဒိန်းမတ်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်သည်။ မယ်တော်မာဂရက်မင်းသမီးက သားတော် အသက် ၁၈ အရွယ်ကပင် နိုင်ငံတော် ကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခဲ့သည်။

ဒိန်းမတ်အိမ်ရှေ့စံနန်းလျာမင်းသား ဖရက်ဒရစ်သည် သြစတြေးလျနိုင်ငံသူ ဥပဒေပညာရှင် ရိုးရိုးသာမာန်အရပ်သူ ကလေး မာရီအယ်လီဇဘက်ဒေါ်နယ်ဆင် (Mary Elizabeth Donaldson) (၃၂ နှစ်) နှင့် ၂၀၀၄ ခုနှစ် မေလ ၁၄ ရက် လက်ထပ် ထိမ်းမြား၍ သားတော်နှစ်ပါး သမီးတော် နှစ်ပါး ထွန်းကားခဲ့သည်။

မာဂရက်မင်းသမီးသည် ဒုတိယသားတော် ဂျိုးခရင်းမင်းသားသည် ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် အလက်ဇန္ဒြားခရစ္စတီးနာမန်လေ (၃၁ နှစ်) နှင့် လက်ထပ်ထိမ်းမြားခဲ့သော်လည်း အိမ်ထောင်မပြေလည်မှုကြောင့် ၂၀၀၅ ခုနှစ် ဧပြီလ၈ ရက်နေ့ ကွာခြားခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မာရီအဂ္ဂါသာအိုဒီလီကာဗာလီယာ (Marie Agathe Odile Cavallier) (၃၂ နှစ်) နှင့် ထိမ်းမြား၍ သားတော် ၃ ပါး၊ သမီးတော် ၁ ပါး ထွန်းကားခဲ့သည်။

မာဂရက်မင်းသမီးတွင် ညီမတော်နှစ်ပါးရှိရာ ညီမတော် ဘီနီဒိုက်မင်းသမီးသည် ဆိုင်းဝစ်ဂျင်စတိန်းဘာလီဘတ်မြို့စား ရစ်ချတ်မင်းသားနှင့် ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လက်ထပ်ခဲ့၍ သားတော် ဂူစတပ်ဖ်ထွန်းကားခဲ့သည်။

ညီမတော်အထွေးဆုံးအဲန်းမာရီမင်းသမီးသည် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဂရိဘုရင် ဒုတိယမြောက် ကွန်စတင်တင်း (King Constantine II of Grece) နှင့် ထိမ်းမြား၍ သမီးတော် အလက်ဇန်းဒရား၊ သားတော် ပေါလ်နှင့် နီကိုလပ်စ်တို့ထွန်းကားခဲ့သည်။ ယခုအခါ ဂရိနိုင်ငံသည် ဘုရင်စနစ် ပယ်ဖျက်လိုက်သောကြောင့် မင်းသမီးနှင့် ကြင်ယာတော်တို့ သည် လန်ဒန်မြို့၌ နေထိုင်လျက်ရှိသည်။

ထို့နောက် မာဂရက်မင်းသမီး၏ခမည်းတော် န၀မမြောက် ဖရက်ဒရစ်ဘုရင်ကြီးသည် ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နာဖျားနေသည့်ကြားမှ တိုင်းပြည်သို့ နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်မြွက်ကြားပြီးနောက် ၁၄ ရက်အကြာ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် နတ်ပြည်စံခဲ့ရာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျပ် အိမ်ရှေ့စံမာဂရက်မင်းသမီးသည် ဒုတိယမြောက် မာဂရက်ဘုရင်မဘွဲ့ ခံယူ၍ ဒိန်းမတ်ထီးနန်းကို ဆက်ခံခဲ့ကြောင်း ၀န်ကြီးချုပ်ဂျင်းအော့တိုခရက် (Jens Otto Krag) က ဘုရင့်နန်းတော်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ဒုတိယမြောက် မာဂရက်ဘုရင်မ၏ ဆောင်ပုဒ်မှာ `ဒိန်းမတ်နိုင်ငံ အင်အားတောင့်တင်းဖို့ ဘုရားသခင်သည် ပြည်သူများအား ချစ်ခင်စောင့်ရှောက်တော်မူပါ´ (God’s help, the love of the People, Denmark’s Strength) ဟူ၍ ဖြစ်သည်။

နန်းတက်သည့်နေ့မှာ ဒုတိယမြောက်မာဂရက်ဘုရင်မကြီးသည် တိုင်းပြည်သို့ အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်-

“နိုင်ငံ့တာဝန်ကို ၂၅ နှစ်တာမျှ ကျေပွန်စွာ ထမ်းရွက်ခဲ့ပြီးနောက် နတ်ပြည်စံသွားသော ကျွန်မ၏ ချစ်လှစွာသော ဖခမည်းတော်၏ တာဝန်အရပ်ရပ်သည် ယခုအခါ ကျွန်မ၏ ပုခုံးပေါ်တွင် အလုံးစုံ ကျရောက်ခဲ့ရပါပြီ။ ဘုရားသခင်ပေး သော ဤတာဝန်ကို ကျွန်မသည် ဖခမည်းတော်ကဲ့သို့ သစ္စာရှိစွာဖြင့် တိုင်းသူပြည်သားများနှင့် နိုင်ငံတော်အပေါ်တွင် အမှုတော်ကို ကျေပွန်စွာထမ်းရွက်ပါမည်ဟု ကတိပြုပါသည်။”

ဒိန်းမတ်နိုင်ငံသည် ဥရောပရှိ အခြားသော ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံများကဲ့သို့ပင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ဘုရင် (၀ါ) ဘုရင်မသည် နိုင်ငံတော်အကြီးအကဲဖြစ်သည်။ ဒုတိယမြောက် မာဂရက် ဘုရင်မကြီးသည် နိုင်ငံခြားသံအမတ်များ၏ သံအမတ်ခန့်အပ်လွှာများကို လက်ခံရယူခြင်း၊ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် ပေးအပ်ခြင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများသို့ တက်ရောက်ဖွင့်လှစ် ပေးခြင်း၊ လမ်း၊ ကျောင်း၊ တံတားဖွင့်လှစ်ပေးခြင်း၊ တခြားနိုင်ငံမှ နိုင်ငံတော်ဧည့်သည်အဖြစ် ကြွရောက်လာသော ဘုရင်၊ ဘုရင်မများ၊ သမ္မတများကို လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုညစာစားပွဲတည်ခင်းဧည့်ခံကျွေးမွေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော် ဘုရင်မကြီးသည် ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် ခပ်ကင်းကင်းနေ၍ မည်သည့်ပါတီအဖွဲ့အစည်း ကိုမျှ ဘက်လိုက်မှု မရှိပေ။ လူထုအမြင် တိမ်းစောင်းမည်စိုး၍ ရွေးကောက်ပွဲ၌ မည်သည့်ပါတီကိုမှ မဲမပေးချေ။

လူထုဆန္ဒအတိုင်း ရွေးကောက်ပွဲ၌ အနိုင်ရရှိသော ပါတီအဖွဲ့အစည်းသည် အစိုးရဖွဲ့ပြီးပါက ဖော့ကက်ကင်း (Folketing) လွှတ်တော်၌ ဘုရင်မကြီးသည် အနိုင်ရပါတီ၏ ခေါင်းဆောင်အား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်၍ လွှတ်တော်အဖွင့်စကား မြွက်ကြားသည်။ ရွေးကောက်ပွဲ၌ အစိုးရဖွဲ့ရန် အမတ်ဦးရေ မပြည့်မီပါက အခြားပါတီနှင့် ပူးပေါင်း၍ ညွန့်ပေါင်းဖွဲ့စေသည်။ ညွန့်ပေါင်းအစိုးအရဖွဲ့ရန် အမတ်အရေအတွက် မည်သည့်ပါတီအဖွဲ့အစည်းမှ မပြည့်မီပါက ဘုရင်မကိုယ်တိုင် သဘာပတိအဖြစ် ပါဝင်ဆောင်ရွက်သော ဘုရင်မအထူးအစည်းအဝေး (Dronnigerunde) ကို ချက်ချင်း ခေါ်ယူ၍ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပစေသည်။

ဒုတိယမြောက်မာဂရက်ဘုရင်မကြီးသည် ကြင်ယာတော်မင်းသားကြီးနှင့်အတူ အမာလီယန်ဗော့ဂ်ျ နန်းတော် (Amalienborg Palace) နှင့် ဖရက်ဒန်းစ်ဗော့ဂ်ျနန်းတော် (Fredensborg Palace) ၌ တလှည့်စီ နန်းစံ၍ နွေရာသီတွင် ဂရားစ်တင်းနန်းတော် (Grasten Palace) ၌ နန်းမြန်းသည်။

ဘုရင်မကြီး အားလပ်ချိန်များ၌ ပန်းချီရေးဆွဲ၍ နှစ်စဉ်မိမိပန်းချီရေးဆွဲထားသော ပန်းချီကားများကို ပြပွဲတင်၍ ပြသလေ့ရှိသည်။ ဘုရင်မကြီးရေးဆွဲပေးသော သရုပ်ဖော်ပုံများကို ၁၉၇၇ ခုနှစ်က ထုတ်ဝေခဲ့သော The Lord of the Rings ၀တ္ထုစာအုပ်၌ ထည့်သွင်းပုံနှိပ်ထားသည်။ ကြင်ယာတော်မင်းသားကြီး ရေးဖွဲ့ခဲ့သော ကဗျာပေါင်းချုပ်စာအုပ်၌ လည်း ဘုရင်မကြီးသည် သရုပ်ဖော်ပုံများရေးဆွဲပေးခဲ့သည်။ ထို့အပြင် ဘုရင်မကြီးသည် တော်ဝင် ဒိန်းမတ် ဘဲလေးအဖွဲ့အတွက်လည်း အ၀တ်အစားဒီဇိုင်းများ ရေးဆွဲပေးခဲ့သည်။ ဘုရင်မကြီး၏ ပွဲတက်ဝတ်စုံများကို နာမည်ကျော် ဒီဇိုင်းနာ ပီယာဘော်မိန်းစ်နှင့် ဂျော်ဂျင်ဘင်ဒါတို့က ပင်တိုင်ချုပ်လုပ်ပေးကြသည်။

ဘုရင်မကြီး၏ ထူးခြားချက်မှာ စီးကရက်ကို မီးခိုးမပြတ် သောက်တတ်သောကြောင့် ကိုယ်ပိုင်နားနေခန်း၌သာ သုံးဆောင်ရန် တော်ဝင်တရားရုံးက ညွှန်ကြားခဲ့သည်။ 

မည်သို့ဆိုစေ… ဒိန်းမတ်ထီးနန်း၌ ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ မှစ၍ ထီးနန်းစံခဲ့သော ဒုတိယမြောက် မာဂရက်ဘုရင်မကြီးသည် လာမည့်နှစ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် နန်းစံသက် ၄၁ နှစ် ရှိပြီဖြစ်သည်။ နန်းစံသက်တမ်း နှစ် ၄၀ အတွင်း ဒိန်းမတ်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြင့်မား၍ ၂၀၁၁ ခုနှစ်တွင် နိုင်ငံသားများ၏ တစ်ဦးချင်ဝင်ငွေသည် အမေရိကန်ဒေါ်လာ သုံးသောင်းခန့်ဖြင့် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိနေပေသည်။
Posted by Aung Htet at 6:31 AM 0 comments  

Kamarpale - Poem

မျက်ရည်စများနဲ့ထုဆစ်ခဲ့တဲ့ အပြုံးများ
ကမာပုလဲ
ဒီဇင်ဘာ ၂၈၊ ၂၀၁၂

 
နှင်း ... 
ကြွင်းကျန်လက်စ မိုးစက်တွေကြားမှာ 
ချာလီချက်ပလင်ရဲ့ မျက်ရည်စတွေကို 
ရှာဖွေခံစား ကြည့်လို့ရပါစ ... ။ 

ချာလီ 
သူ့ကို ဟစ်တလာက မုန်းတယ် 
သူ့ကို ... 
(အမေရိကန် မက်ကာသီနစ်) 
အက်ဖ်ဘီအိုင် ဘုရင်ကြီး အက်ဂါဟူးဗားကလည်း 
ကွန်မြူနစ်တယောက်လို့ သံသယဖြစ် 
ရန်သူအဖြစ်နဲ့ သတ်မှတ် မုန်းတီးခဲ့သေးတယ် ...။ 

တကယ်တော့ 
ချာလီရဲ့ ဘ၀တလျှောက်လုံးဟာ 
ပရိသတ် ရယ်မောစရာ ပြက်လုံးတွေလို့ ဆိုခဲ့ရင် 
အဲဒီ ရယ်စရာ ပြက်လုံးတွေဟာ သူ့မျက်ရည်တွေနဲ့ ထုဆစ်ထားခဲ့တာ ... 
သူ့ကို ... 
နိုင်ငံတကာ ပြည်သူတွေက သိပ်ချစ်ကြတယ်လေ ...။ 

၁၉၇၇ ခုနှစ် ခရစ်တော်ဖွားမြင်တဲ့နေ့ရက်မှာ 
သူတပါးနိုင်ငံမှာ ခေါင်းချခဲ့ရတယ် 
ပြည်သူ့အတွက် ပြည်သူ့ဖက်က ရပ်တည်ခဲ့ 
ပြည်သူ့လူရွင်တော်စစ်စစ်ကြီး ... 
သူ့သမိုင်းကို သူ့ပေးဆပ်မှုနဲ့ ရေးခဲ့တယ် ...။ ။ 

(ဒီ- ၂၅၊ ၁၉၇၇ နေ့ Vevey, Switzerland တွင် ကွယ်လွန်ခဲ့သော ချာလီချက်ပလင် .... သို့) 

ကမာပုလဲ 
၂၇၊ ၁၂၊ ၂၀၁၂။

 http://en.wikipedia.org/wiki/Charlie_Chaplin

Posted by Aung Htet at 6:20 AM 0 comments  

Pein Pein (Geology) - Articles

ဦးချစ် (လက်ဖက်ရည်ဆိုင်) နှင့် ဗျူးခဲ့စဉ်က
ပိန်ပိန် (ဂျီအိုလော်ဂျ)
ဒီဇင်ဘာ ၂၈၊ ၂၀၁၂


● တစ်ခါက ကံ့ကော်တောမှာ
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇွန်လထဲတုန်းက စာကြည့်တိုက်ပညာ ဒီပလိုမာကိစ္စကြောင့် မမျှော်လင့်ဘဲ အမိတက္ကသိုလ်ကြီးထဲကို ရောက်ဖြစ် သွားခဲ့ပါ တယ်။ အဓိပတိလမ်းမဂိတ်ဆီကနေ ၀င်လိုက်တော့ ကျွန်တော်ဘူမိဗေဒ အဓိက ကျောင်းသားအဖြစ် ၁၉၈၀ လွန်ကာလဆီမှာတုန်းက တက်ခဲ့တဲ့ မန္တလေးဆောင်ကြီးက ခပ်တည်တည်ကြီး ဖြစ်နေတယ် ထင်ရတယ်။ တောင်ငူဆောင်ဘက်ဆီ ဆက်လျှောက်တော့ ကင်တင်းစားသောက်ဆိုင်တန်းရှည်နဲ့ တိုးတယ်။ (ကျွန်တော်တို့တုန်းက ဒီဆိုင်တန်းရှည်တွေ မရှိသေးဘူး။ ဒီနေရာက စိန်ပန်းပင်တွေရှိတဲ့ မြက်တောကြီးပါ) အတူပါလာတဲ့ တပည့်ဖြစ်သူ စာနယ်ဇင်းသတင်းထောက်မလေးက သူ ဒီပလိုမာ သင်တန်းတွေ တက်ခဲ့စဉ် ဖောက်သည်ဖြစ်နေတဲ့ အခုနေရာသစ် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ၀င်နားကြတယ်။ ကျွန်တော့်ရင်ထဲမှာတော့ ဟိုစဉ်က ဦးချစ်ဆိုင်ကို ပြန်သတိရဖြစ်ရင်း မရောက်တာ နှစ်များစွာရှိတဲ့ ကံ့ကော်တောရှုခင်း ပုံရိပ်တွေကို သတိပြုမိနေစဉ် တစ်ဖက်ဝိုင်းမှာ ဟိုစဉ်က အနုပညာအသင်းမှာ အတူလှုပ်ရှားခဲ့ဖူးပြီး၊ သူမတို့က အတန်းငယ်တွေဖြစ်သော်လည်း အထူးခင်မင်ခဲ့ဖူးတဲ့ မထိပ်တင်ဟန်ကို ကထိကဆရာမတစ်ဦးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံ စကားပြောဖြစ်တော့ သူမက ပါရဂူတန်းကို နောက်ဆုံးအဆင့် တက်နေကြောင်းသိရတယ်။ မြန်မာစာမှာ ပထမဆုံးပါရဂူဘွဲ့ရတဲ့ ဒေါက်တာအောင်မြင့်ဦးက ကျွန်တော် ပထမနှစ်ဖရက်ရှာတုန်းက မဂ္ဂဇင်း ကော်မတီမှာ ကျောင်းသားအမှုဆောင်တွေအဖြစ် အတူတူ လုပ်ခဲ့ကြတာပေါ့။ ခေတ်တွေပြောင်း၊ စနစ်တွေ ပြောင်းလာတဲ့အလျှောက် ကံ့ကော်မြေမှာလည်း ပြောင်းလဲခြင်းတရားများစွာတွေ သတိပြုမိရပါတယ်။ မထိပ်တန်ဟင်က ဟိုစဉ်တုန်းက အနုပညာအသင်းမှာ ကျောင်းသူကျောင်းသားဘ၀ ကခဲ့ခုန်ခဲ့တာတွေ ပြန်ပြောပြတယ်။ ၁၉၈၃ တုန်းက ၀ိဇ္ဇာခန်းမမှာ မြန်မာစာအသင်းနှစ်ပတ်လည် မိတ်ဆုံစားပွဲအဖြစ် အငြိမ့်ကခဲ့ကြစဉ်က မထိပ်တင်ဟန်နဲ့ မသီတာကြွယ် (ပဲခူး) တို့က အငြိမ့်မင်းသမီးတွေဖြစ်ကြပြီး စုတ်ချွန်း၊ ကြွက်ပြုံး၊ ပိန်ပိန်၊ ပေါ်ပေါ်၊ အရိုင်း၊ ကင်းကောင်တို့က ကျောင်းသားလူရွှင်တော်တွေပေါ့။

● ချစ်တယ်
မြန်မာစာဆိုတာက တောင်ငူဆောင်က မိခင်ဂေဟာကြီးပေါ့။ အဲသည်ကာလကလည်း စာပေကိစ္စ၊ အနုပညာကိစ္စတွေရှိရင် တောအုပ် လေးထဲက ဦးချစ်ဆိုင်မှာပဲ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြပေါ့။ အဲသည်တုန်းက ဦးချစ်ဆိုင်ဆိုတာက မူလဦးချစ်ဆိုင်ဖြစ်တဲ့ ရာမညဆောင်ရဲ့ မြောက်စူးစူး ရန်ကုန်တက္ကသိုလ်ရဲ့ ခြံစည်းရိုးထောင့်က တစ်ထပ်တိုက်ပြားကလေးဖြစ်ပါတယ်။ တောင်ပိန္နဲပင်တွေ အုံ့ဆိုင်းနေတဲ့ တောအုပ်ကလေးထဲက ဦးချစ်ဆိုင်ဆီကို တောင်ငူဆောင်ဆီက ဖြတ်လမ်းအတိုင်း လျှောက်သွားသူတိုင်း သတိပြုရတာကတော့ သစ်တိုပင်ကြီးတွေဆီက ကြွေကျလာတဲ့ သစ်တိုသီး ညိုတိုတိုတွေဟာ ပင်မြင့်ဆီမှာ အမှည့်မြန်သလို၊ လေအဝှေ့မှာလည်း အကြွေမြန်တာမို့ သစ်တိုသီးတွေကို ရှောင်လင်သိုင်းကွက်ပမာ ကျောင်းသား ကျောင်းသူတွေသာမက ဆရာ၊ ဆရာမတွေပါ ရှောင်ရှားရတာ ချစ်စရာ ဓလေ့ကလေးတစ်ခုရယ်လို့ အားလုံးက မှတ်ယူထားခဲ့ကြလေရဲ့။

အမှန်ဆိုရရင် စာနယ်ဇင်းဘ၀ ရပ်တည်မှုနဲ့ များမြောင်လှတဲ့ ကိစ္စတွေကြောင့် ကံ့ကော်မြေကို နှစ်များစွာ မရောက်ဖြစ်ခဲ့ပါဘူး။ ခုတော့ အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် ကျောင်းထဲကို ရောက်ဖြစ်ပြီး ဦးချစ်ဆိုင် (နေရာသစ်)ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖြစ်ရလို့ အတိတ်ကာလ ကိုယ်တို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို ပြန်လည်သတိရဖြစ်မိရတာပေါ့လေ။

ကျွန်တော်က ကျောင်းဆွေးဆွေး၊ လူဆွေးဆွေး၊ အဲဒီခေတ်ဆီက တက္ကသိုလ်ကောလိပ်မှာ နေခဲ့သူပါ။ ဘူမိဗေဒ အဓိက ကျောင်းသားဖြစ်ပြီး တက္ကသိုလ်သက်ကတော့ (၁၉၇၇) ခုနှစ်မှသည် (၁၉၈၆) ခုနှစ်ထိပေါ့။ ကျောင်းပြီးသွားတာတောင် ကျောင်းသံယောဇဉ်တွေနဲ့ တက္ကသိုလ်နယ်မြေမှာ တ၀ဲလည်လည်ရှိခဲ့ပါတယ်။ ကျွန်တော် အဓိပတိကိုလည်း ချစ်တယ်။ ဘွဲ့နှင်းသဘင်ကြီးကိုလည်း ချစ်တယ်။ သစ်ပုပ်ပင်ကြီးကိုလည်း ချစ်တယ်။ အပန်းဖြေရိပ်သာကိုလည်း ချစ်တယ်။ ပြီးတော့ ဦးချစ်ဆိုင်ကိုလည်း ချစ်တယ်။ နောက်… အင်းလျားကန်စပ်ဆီက ပုဏ္ဍရိတ်ချုံလေးတစ်စုကိုလည်း ချစ်တယ်။ ပြီးတော့.. သစ်တိုပင်ဖြတ်လမ်းကလေးကိုလည်း ချစ်တယ်။

● ရှိခဲ့ကြဖူးပါတယ်
လက်ဖက်ရည်ဆိုင်ဆိုတာ “၀စနာလင်္ကာရဆရာတွေ ဆုံလေ့ရှိတဲ့ ခေါမပြည်ရဲ့ အေသင်မြို့လမ်းထောင့်” လို့ ဆရာငြိမ်းကျော်က ကျွန်တော့် ကို ပမာပြု ပြောပြခဲ့ဖူးပါတယ်။

ဦးချစ်ဆိုင်မှာ ဆရာသမားတွေဖြစ်တဲ့ ဆရာဦးမြင့်ကြည်၊ ဦးဖိုးကျော်မြင့်၊ တက္ကသိုလ်မင်းမော်၊ ဆရာဦးအောင်သင်း၊ တက္ကသိုလ်ဝင်းမွန်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာဇော်ဇော်အောင်တို့လည်း သမားချင်းချင်း သတင်းလွေ့လွေ့ ရှိခဲ့ဖူးကြပါတယ်။

မောင်ဆွေတင့်၊ မောင်ဟုန်ဝမ်၊ မောင်ဝဏ္ဏ၊ ကိုတင်ဝင်းလှိုင်၊ ကိုအောင်စိုး(ဦး)၊ ကိုကီဝီတို့လည်း ရသများစွာကို အလင်္ကာပြုခဲ့ကြဖူးပါတယ်။

ကိုငြိမ်းကျော်၊ ကိုအောင်ပြည့်၊ ကိုမြတ်သစ်၊ ကိုမြင့်စိုးလှိုင်တို့လည်း “ဝေဖန်စာပေ” အကြောင်းတွေ ပဲ့တင်ထပ်ခဲ့ကြဖူးပါတယ်။

ကိုငွေစိုး၊ ကိုဖေမြင့်၊ ကိုကျော်ဇေယျတို့လည်း “မှုခင်းနဲ့ဆေးပညာ” အကြောင်းတွေ ရိုးမယ်ဖွဲ့ဖူးကြမှာပါ။

ကိုမင်းလူ၊ မောင်သာချို၊ ဇောင်းထက်၊ နေစိမ့်၊ မျိုးမြတ်သူ၊ နန္ဒာမိုးကြယ်၊ အောင်ဆင့်၊ မင်းသိုက်မွန်၊ ချစ်ဝင်းမောင်၊ ဇေယျာလင်းတို့ကလည်း ကဗျာလေးတွေ ရွတ်ဖူးခဲ့ကြမှာပါ။

စိုင်းထီးဆိုင်၊ နွဲ့ယဉ်ဝင်း၊ တူးတူး၊ ခိုင်ထူး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ၊ အောင်နိုင်၊ စိမ်းမို့မို့၊ ထွန်းအိန္ဒြာဗိုတို့လည်း တေးချင်းကျူးလို့ ဘ၀င်မူးခဲ့ကြဖူးမှာပါ။

အကယ်ဒမီစန္ဒာ၊ စင်ရော်မောင်မောင်၊ မောင်မြတ်ဆွေ၊ စန္ဒာလင်း၊ ဘိုမြင့်ရှိန်၊ ခိုင်ခင်ဦး၊ သျှန်ထွဏ်း၊ သီတာဝင်း၊ တင့်တင့်ထွန်း၊ ချစ်ချစ်ဇော်၊ စုတ်ချွန်း၊ ကြွက်ပြုံး၊ တက်တူ၊ ပိန်ပိန်၊ ညောင်ညောင်၊ မောင်မေတ္တာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ကိုထူးသာ၊ ကိုဝင်းနိုင် (နဂါးလေး)၊ ကိုချစ်စရာနဲ့ တက္ကသိုလ်ဂွမ်းပုံတို့တောင် ပြက်လုံးတွေ ဖောင်ခဲ့ကြဖူးပါတယ်။

● နုသစ်ဝေပျို ပန်းတက္ကသိုလ်
ကျွန်တော်ဟာ တက္ကသိုလ်သက် ရှည်လျားခဲ့တဲ့အလျောက် အနုပညာအသင်းက အပေါင်းအသင်းတွေ၊ တက္ကသိုလ်မဂ္ဂဇင်း ကော်မတီက လုပ်ဖော်ကိုင်ဖက်တွေ၊ ဘူမိဗေဒအဓိကရဲ့ သူငယ်ချင်းတွေနဲ့ ဦးချစ်ဆိုင်မှာ နှစ်ရှည်လများ ကျောက်ချဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုးသမျှ၊ နွဲ့သမျှကို ဦးချစ်မိသားစုက ဆွေမျိုးသားချင်းလို သဘောထားခဲ့ကြပါတယ်။ တစ်ချိန်သော ကာလက ဦးချစ် (လက်ဖက်ရည်) မူလဘူတ အော်ရီဂျင်နယ်ဆိုင်ကလေးနဲ့၊ ဒီဆိုင်ကလေးရှိရာ တောအုပ်မြိုင်ကလေးကို ကြံဖူးသူတိုင်း အခုလို အကြောင်းတိုက်ဆိုင်လာရင် ပြန်ပြီး လွမ်းဖြစ်ကြမှာပဲလေ။

ကျွန်တော်တို့က ကျွန်တော်တို့ခေတ်ရဲ့ ချိုးကပ်ကျောင်းသားကြီးတွေမို့ ဦးချစ်ဆိုင်မှာ ကိုယ့်အိမ်ကိုယ့်ရာလို နေခဲ့ကြတာပါ။ ကျွန်တော်တက်ခဲ့တဲ့ မန္တလေးဆောင်၊ ကျွန်တော် ကွန်းခိုဖူးခဲ့တဲ့ ဒဂုံဆောင်တို့ဆိုတာ ဦးချစ်ဆိုင်နဲ့ တစ်ခေါ်လောက်သာ လှမ်းပါတယ်။ နေ့လည်းဦးချစ်၊ ညလည်းဦးချစ်မို့ တစ်ခါတစ်ခါ ရေနွေးကြမိးုးကလေးတွေဟာ “သောက်တော်ဘူး” တွေဖြစ်ဖြစ် သွားခဲ့တာ ခုချိန်မှာတော့ ၀န်ခံဝံ့ပါပြီလေ။

တက္ကသိုလ်ကောလိပ်မဂ္ဂဇင်းတွေနဲ့ သတင်းစာစောင်တွေ၊ နံရံကပ်စာစောင်တွေစတဲ့ တက္ကသိုလ် စာနယ်ဇင်း အတွေ့အကြုံ (၁၀)နှစ်ခန့်ရှိခဲ့ပြီးနောက် ပြန်ကြားရေးဌာနမှာ ၀န်ထမ်းအယ်ဒီတာ မဖြစ်မီစပ်ကြား ၁၉၈၆-၈၇ ခုနှစ်က “ပန်းတက္ကသိုလ်”ဆိုတဲ့ မဂ္ဂဇင်းမှာ ကျွန်တော် တာဝန်ခံအယ်ဒီတာ စလုပ်ပါတယ်။ “ပန်းတက္ကသိုလ်” မဂ္ဂဇင်းဟာ စကားလုံးအရင်းအမြစ် အဓိပ္ပာယ်အတိုင်း တက္ကသိုလ်ကောလိပ် ပေါင်းစုံရဲ့ စာပေ၊ အနုပညာ၊ အားကစား၊ လူမှုရေးရာ အဖြာဖြာတို့ကို ထင်ဟပ်တင်ဆက်ခဲ့တဲ့ မဂ္ဂဇင်းပါ။ အမှုဆောင် အယ်ဒီတာက တက္ကသိုလ်ဇော်ထူးဦး၊ အဖွဲ့ဝင်အယ်ဒီတာက မောင်တင်ဝေ (ဓာတုဗေဒ) တို့ ဖြစ်ပါတယ်။ အုပ်ချုပ်မှုအယ်ဒီတာကတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၊ ကထိက ဆရာဦးထွန်းကြည် (ကွယ်လွန်) တို့ ဖြစ်ပါတယ်။

ပန်းတက္ကသိုလ်ဟာ ရန်ကုန်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေ၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုလက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ (၂)၊ လုပ်သားကောလိပ် အစရှိတဲ့ တက္ကသီလာ ညီအစ်ကိုမောင်နှမများရဲ့ အလှကြေးမုံတစ်ခုလို့ ဆိုရပါမယ်။

● ဦးလေးချစ်ကို ဗျူးဖြစ်ခြင်း
ဒီမဂ္ဂဇင်းမျာ တက္ကသိုလ်စုံရဲ့ အခန်းကဏ္ဍစုံအောင် တင်ဆက်ကြရတာမို့ ထူးသစ်ပြီး တက္ကသိုလ်ပရိသတ်တွေ စိတ်ဝင်စားစေမယ့်၊ တက္ကသိုလ်ဘ၀ကိုလည်း ထင်ဟပ်စေတဲ့ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ပန်းချီ၊ ဓာတ်ပုံတို့ကို တင်ဆက်ကြတဲ့အခါ (၁၉၈၇) ပြင်ပလောကရဲ့ စာနယ်ဇင်းတွေမှာ တွေ့ဆုံခြင်းအခန်း၊ အင်တာဗျူးတဲ့အခန်းတွေက မဂ္ဂဇင်းကြီးတွေမှာ စတင်ခေတ်စားစပြုတဲ့ ကာလဖြစ်တော့ အပြိုင်ဗျူးတွေ တွေ့နေရပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ ဦးချစ်ဆိုင်မှာပဲ ပန်းတက္ကသိုလ်မဂ္ဂဇင်းရဲ့ တိုက်ထိုင်အလုပ်တွေကို စားပွဲတစ်ဝိုင်း အပိုင်ယူထားပြီး အဖိုးအခပေးစရာ မလိုဘဲ မဂ္ဂဇင်းတိုက် လုပ်ခဲ့ပါတယ်။ စာမူရွေးတာ၊ သတ်ပုံစစ်တာ၊ ဒီဇိုင်းအပ်တာ၊ ဒမ်မီချတာ၊ ပရုဖတ်တာ စသဖြင့်ပေါ့။ ပါဝင်သူတွေက မျက်နှာဖုံးက တင့်တင့်ထွန်း (မင်းသမီး မဖြစ်သေး) ကို လက်ချာဖိုင်နဲ့ ဒေါက်ဖိနပ်ကို ကိုင်ခိုင်းပြီး အင်းလျားကန်စပ်မှာ လျှောက်ခိုင်းတဲ့ပုံလေ။ အထဲမှာကတော့ ငြိမ်းကျော်၊ မင်းလူ၊ နွမ်ဂျာသိုင်း၊ စောမဉ္ဇူ (ဖျာပုံ)၊ တက္ကသိုလ်လဲ့လဲ့၊ မေခလာ၊ အောင်ထွန်းလေး၊ ဟေမာနေ၀င်း၊ တက္ကသိုလ်နှင်းဝေနဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသားတွေရဲ့ လက်ရာတွေဖြစ်ပြီး အင်တာဗျူးကဏ္ဍအတွက် ဦးနှောက်စားခဲ့ကြပါတယ်။ ဖောင်ပိတ်ရက်ကလည်း နီးနေပြီ၊ ဒီကြားထဲ အဘဦးချစ်က ကျန်းမာရေး မကောင်းတဲ့ကိစ္စတွေ နေ့စဉ်သိနေရတော့ အဝေးဆုံးကို ရှာနေတဲ့ ဗျူးအိုင်ဒီယာဟာ နောက်ဆုံး ရွှေဥာဏ်တော်တွေ စူးရှကြပြီး အနီးဆုံးမှာ ရှိတဲ့ အဘချစ်ကို ဗျူးကြဖို့ စိတ်ကူးရကြတော့တာပါပဲ။ အကြောင်းသိဖြစ်တဲ့ အရင်းနှီးဆုံး ကိုမြင့်ဦးမြင့်မြင့်၊ ဆရာစိန်ခင်မောင်ရီ၊ မဟေသီဦးခင်မောင်မြင့်၊ ရာမ (ပန်းရည်ဘဏ်တိုက်) တို့က အထူးထောက်ခံကြတယ်။ မြန်မာစာဌာနက ဆရာကြီးဦးစံတင်၊ ဦးအောင်ဇော်၊ ဦးမျိုးသန့်၊ ဦးလူမောင်တို့ကလည်း အားပေးကြတယ်။

● ရင်ထဲက လှည်းတန်း
အဲဒီကာလဖြစ်တဲ့ (၁၉၈၆-၈၇) လောက်တုန်းက ကျောင်းထဲက တောင်ပိန္နဲတောလေးမှာ ဦးချစ်(လက်ဖက်ရည်) ဆိုင်ဆိုပြီးဖွင့်သလို၊ လှည်းတန်းလမ်းမကြီးဘေး၊ လှည်းတန်းလမ်းဆုံအနီးမှာ စေတနာရှင်လက်ဖက်ရည်ဆိုင် ဆိုပြီး အဘဦးချစ်တို့ရဲ့ အိမ်အောက်ထပ်မှာ ဖွင့်ထားတယ်။ (ဆိုင်နှစ်ဆိုင်) အပေါ်ထပ်မှာ အဘချစ်တို့ မိသားစုတွေ နေကြတယ်။ အဲဒီကာလ စေတနာရှင်ဆိုင်ရဲ့ တည်နေရာဟာ ၀င်းဆံသ၊ ရှမ်းတောင်တန်း၊ အိမကျောက်ကျော၊ အလိမ္မာစာပေ၊ ရွှေဝါဖူးဓာတ်ပုံတိုက်၊ ဗဟိုစည် ထမင်းဆိုင်၊ ကိုယုန်ခေါက်ဆွဲ၊ ရတနာထွန်း စတိုးဆိုင်၊ ဖြိုးဝေလက်ဖက်ရည်ဆိုင်တွေရဲ့ အလယ်မှာပေါ့။ ခုများတော့ ဒီမြင်ကွင်းတွေဟာ အတိတ်ပုံရိပ်ဟောင်းတွေ ဖြစ်ခဲ့ပြီပေါ့လေ။

တကယ်တော့ ကျွန်တော်တို့ ပထမနှစ် မောင်သစ်လွင်ဘ၀ကတည်းက အဘဦးချစ်ဟာ ဆီးချိုရောဂါနဲ့ တရှောင်ရှောင် ဖြစ်နေတာပါ။ အဲဒီကာလက ရန်ကုန်တက္ကသိုလ်၏ သက်ကြားအို အဘသုံးဦးဆိုပြီး ဓာတ်ပုံကို ကျွန်တော် တွေ့ခဲ့ရဖူးတယ်။ အဲဒီသုံးဦးကတော့ ဆရာကြီးဦးဖေမောင်တင်ရယ်၊ အဘဦးကံသိန်းရယ်၊ အဘဦးချစ်ရယ်ပဲ ဖြစ်ပါတယ်။ စာစောင်တစ်ခုထဲမှာ မှတ်မှတ်ရရ မြင်ဖူးတာပါ။ တက္ကသိုလ်ရွှေရတု၊ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ထုတ်ခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖြစ်နိုင်ကောင်းပါတယ်။

ဒီလိုနဲ့ပဲ ဦးချစ် (လက်ဖက်ရည်) အင်တာဗျူးရနိုင်ဖို့ အဘချစ်ရဲ့ ဇနီးဖြစ်သူ အဒေါ်အုန်းကြီးကို အပူကပ်ရတယ်။ အဖျော်ဆရာဦးချစ်ရဲ့ သားအငယ်လေးကိုလည်း နားပူနားဆာ လုပ်ကြတယ်။ ဒီလိုနဲပဲ အဘချစ်ကို နေမိုးသာယာပြီး ခြေခင်းလက်ခင်းဆန့်ပျော်စေတဲ့ တနင်္ဂနွေနေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်ရယ်၊ တက္ကသိုလ်ဇော်ထူးရယ်၊ ဓာတ်ပုံမောင်တင်ဝေ (ဓာတုဗေဒ) ရယ်၊ လှည်းတန်းက စေတနာရှင်ဆိုင်ရဲ့ အပေါ်ထပ် အဘချစ်နေအိမ်ရဲ့ ဧည့်ခန်းမှာ အဘချစ်နဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းတို့ကို တွေ့ဆုံပြီး ကျောင်းသားတွေလို နွဲ့ဆိုးမဆိုးကြဘဲ စာနယ်ဇင်းသမားကြီးတွေလို ဣနြေ္ဒသံပတ္တလားတွေနဲ့ မေးဖြေ အင်တာဗျူးတစ်ခုကို ရှားရှားပါးပါး ရခဲ့ကြပါတော့တယ်။

အဲဒီအင်တာဗျူးလေးဟာ အဘချစ်လည်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပြီမို့ ပြန်မရနိုင်တော့တဲ့ ဘယ်စာနယ်ဇင်းကမှလည်း စိတ်ကူးမပေါက်ခဲ့တဲ့ ဗျူးတစ်ခုအဖြစ် ခုချိန်မှာ….။

● စိတ်ဝင်စားကြမှာပါ
ရန်ကုန်တက္ကသိုလ်ကြီးထဲက ဦးချစ်ဆိုင်မှာ ကက်ဆက်သီချင်းသံလေးတွေက အမြဲလွင့်ပျံနေတတ်တယ်။ အဲ့ဒီကာလတွေက ၁၉၈၆/၈၇ ကာလဆိုတော့ ကျောင်းသားပရိသတ်တွေ ကြိုက်တဲ့ ခိုင်ထူး၊ အောင်နိုင်၊ တူးတူး၊ ခင်မောင်ထူး၊ စိုင်းထီးစိုင်၊ လွှမ်းမိုး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ သီချင်းတွေ ခေတ်စားခဲ့ပါတယ်။ ဆိုင်ထဲက နံရံတွေမှာတော့ စီးရီးကြော်ငြာ၊ ကျူရှင်ကြော်ငြာ၊ ဖယောင်းလက်ရေး ကဗျာစာအုပ် ပိုစတာ၊ ရေကူးသင်တန်း၊ စကားပြောသင်တန်း ပိုစတာတွေ ရှိနေတတ်တယ်။ ဆိုင်ဘေးမြေတလင်းမှာ ခြင်းဝိုင်းလေးတွေ ခေတ်နေတတ်တယ်။ ဆိုင်ထဲက ရှေးဟောင်းလက်လှည့် မီးခြစ်ကြီးတို့၊ စကားတတ်တဲ့ ကြက်တူရွေးလေးတို့ကို စိတ်ဝင်စားကြတယ်။ သစ်ရိပ်အောက် စားပွဲဝိုင်းလေးတွေမှာတော့ အုပ်စုလိုက် ကျောင်းသူကျောင်းသားတွေ၊ ချစ်သူစုံတွဲလေးတွေ၊ ဆရာ ဆရာမတွေဟာ ကျောင်းသင်ခန်းစာကိစ္စ၊ ဘ၀ရေးရာ ကိစ္စ၊ စာပေအနုပညာကိစ္စ၊ နှလုံးသားရေးရာ ကိစ္စတွေနဲ့ ရှိတတ်ကြပြီး သဘောကောင်းတဲ့၊ အလိုက်သိတဲ့ စားပွဲထိုးလေးတွေကလည်း ကျေးဇူးတင်စရာကောင်းလှပါတယ်။

လှည်းတန်းစေတနာရှင် လက်ဖက်ရည်ဆိုင် အပေါ်ထပ်ကို ရောက်တော့ အဘချစ်ရယ်၊ အဒေါ်အုန်းရယ် ထိုင်လျက်။ သားဖြစ်သူ သမီးဖြစ်သူတွေက ကျွန်တော်တို့ သုံးဦးကို နေရာထိုင်ခင်း ချပေးပါတယ်။ အဘချစ်ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ငြိမ်သက်စွာထိုင်လို့ ဆီးချိုရောဂါဝေဒနာနဲ့ ယခုဗျူးတဲ့ (၁၉၈၆/၈၇) မှာ (၇၃) နှစ် ရှိပြီဖြစ်တဲ့ ဇရာရဲ့ အရိပ်တွေ သန်းလို့ပါ။ တကယ်တော့ ဒီနေ့ဗျူးက ဦးချစ်ကို ဗျူးတာ မှန်ပေမယ့် တကယ်တမ်း ဦးချစ်နဲ့ သူ့လက်ဖက်ရည်ဆိုင်အကြောင်း၊ မိသားစုအကြောင်းတွေကို ဦးဆောင်ပြောသွားတာက ဦးချစ်ဇနီး ဒေါ်ဒေါ်အုန်းကြီးပဲ ဖြစ်ပါတယ်။ ဦးလေးချစ်ကြီးက ဝေဒနာတွေကြောင့် စကားမပြောနိုင်ရှာပါဘူး။ ဒါပေမယ့် ထိုင်နေတဲ့ သူ့အမူအရာတွေဟာ စကားတွေလိုပါပဲ။ ကျောင်းသူကျောင်းသား အများစုနဲ့ ဦးချစ်ဆိုင်ရဲ့ သောက်သုံးသူအများစုဟာ ဦးချစ်ဆိုင်မှာ ရင်းနှီးစွာ သောက်သုံးနားနေခဲ့ကြပေမယ့် ဦးချစ်အကြောင်းကို မသိကြသူက များပါတယ်။ အကြောင်းတိုက်ဆိုင်လာရင်တော့ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း ဦးချစ်နဲ့ အင်တာဗျူးကို ကျွန်တော်တို့ ပန်းတက္ကသိုလ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ပရိသတ်တွေအတွက် ဆောင်ရွက်ပေးကြတာပါ။ စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်ဒေါ်အုန်းကြီး ပြောတဲ့ ဦးချစ်အကြောင်းကို နားဆင်ကြပါဦးစို့လားခင်ဗျာ။ ဦးချစ်ကတော့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း သူ့ဇနီးပြောနေတာကိုသာ ခေါင်းတညိတ်ညိတ်နဲ့ ရှိခဲ့ပါတယ်။ စကားတောင် သိပ်မပြောနိုင်ရှာတော့ပါဘူး။ (ကျွန်တော်တို့ ၁၉၈၆/၈၇ ဆီကို ခဏလောက် သွားကြစို့….)

● ဦးချစ်ဇနီးသည် ဒေါ်ဒေါ်အုန်းရဲ့ အပြောများ

အဘချစ်နဲ့ ပတ်သက်ပြီး ဦးချစ်(လက်ဖက်ရည်)ဆိုင်နဲ့ အဒေါ်တို့ရဲ့ တက္ကသိုလ်ကြီးနဲ့စပြီး ပတ်သက်ခဲ့ပုံတွေ ပြောပြပေးပါခင်ဗျာ။

ဒေါ်အုန်း။ ။ အဒေါ်တို့က မန္တလေးမျာ ဟိုယခင်တုန်းက အညာထည်တွေ လက်ကားရောင်းတယ်၊ ကိုချစ်က ရွှေဘိုဇာတိ။ အညာထည်တွေကို ဈေးချိုတို့၊ မဟာမြတ်မုနိဘုရားဈေးတို့၊ ရန်အောင်ဈေးတို့မှာ ရောင်းရင်း၊ အမေနဲ့ အိမ်ထောင်ကျတာပေါ့။ အဲ့ဒီတုန်းက ကိုချစ်က (၃၆) နှစ်၊ အမေက (၁၆) နှစ်၊ မန္တလေးမှာပေါ့။ အညာထည်တွေကို ရောင်းကောင်းနေတုန်း အစိုးရ ချည်မျှင်နဲ့ အထည်စက်ကြီး ဆောက်လုပ်ပြီးတာနဲ့ အညာထည်တွေ ရောင်းကောင်းမှာ မဟုတ်ဘူးထင်ပြီး အလုပ်အကိုင် ပြောင်းလုပ်ဖို့ ကြိုးစားတယ်။

● မီးပန်းနဲ့ထမင်း

ဦးချစ်။ (ကျွန်တော်တို့ကို ကြည့်ပြီး ခေါင်းညိတ်နေပါတယ်။)
ဒေါ်အုန်း။ ။ အဒေါ့်ကိုတော့ မန္တလေးမှာထားပြီး ကိုချစ်က ရန်ကုန်သွားတော့ အဲဒီမှာ ဟင်္သာတသား ဦးဘရှင်နဲ့ တွေ့တယ်။ သူက မီးပန်းလုပ်ငန်းလုပ်ဖို့ တိုက်တွန်းတယ်။ မီးပန်းဆိုတာက သီတင်းကျွတ် တန်ဆောင်မုန်းပွဲတော်ကာလမှာ ကလေးတွေ ကစားလေ့ရှိကြတာလေ။ ဒီလိုနဲ့ အဲဒီလုပ်ငန်းလုပ်တော့ အဒေါ်လည်း ရန်ကုန်လိုက်လာရပြီး၊ ၁၉၅၀ လို့ထင်တယ်။ စမ်းချောင်း မကြီးကြီးလမ်းထိပ်မှာ မီးပန်းအလုပ်ရုံ ဖွင့်ဖြစ်တယ်။ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူလိမ်ခံရပြီး အတော်ဆုံးရှုံးခဲ့ရတယ်။ ဒီလိုဖြစ်တာကြောင့် အဒေါ့်အမေက မန္တလေးကို ပြန်တက်ဖို့ ပြောတယ်။ ကိုချစ်က “အထည်သည်ချင်း ပြိုင်မတိုက်နိုင်ရင် မလိုက်ချင်ဘူး” လို့ပြောတယ်။ ရန်ကုန်မှာ တခြားစီးပွား ရှာစားမယ်ပေါ့။

အဲဒီတော့ လက်ဖက်ရည်ဆိုင် စဖွင့်ဖြစ်သွားတာလား ခင်ဗျာ။
ဦးချစ်။   ။ မဟုတ်သေးဘူး…… (အဘချစ်က စကားကို တစ်ခွန်းချင်း အားယူပြောနေတာ ကို တွေ့ရတော့ အားနာမိတယ်)

ဒေါ်အုန်း။ ။ ဒီလိုနဲ့ နေလာလိုက်ကြတာ… တစ်နေ့ မကြီးကြီးလမ်းထိပ်မှာ ဦးလေးဦးညွှန့်ဖေကြီးနဲ့ သွားတွေ့ပါရော။ ဦးညွှန့်ဖေက ကိုချစ်နဲ့ သူငယ်ချင်း။ မန္တလေးမှာ အထည်ရောင်းဖော်ရောင်းဖက်လေ။ ချစ်ဒုက္ခဦးဘညွှန့် (တက္ကသိုလ်ပါမောက္ခ)ရဲ့ ယောက်ဖပေါ့။ တက္ကသိုလ်နယ်မြေထဲက ဦးဘညွှန့်အိမ်မှာ သူက နေတယ်။ သူက “ကိုချစ် ..ခင်ဗျား မန္တလေး မပြန်တော့ဘူးဆိုရင်၊ ကျုပ်တို့ နေတဲ့ တက္ကသိုလ်နားမှာ ထမင်းလာရောင်းပါလား။ ကျောင်းလဲ ပိတ်တော့မယ်။ ကျောင်းပိတ်ရက်တွေမှာ အရမ်းရောင်းကောင်းတာဗျ” လို့ တိုက်တွန်းတော့ ကိုချစ် အရမ်းစိတ်ဝင်စားသွားတယ်။ မကြာပါဘူး။ တက္ကသိုလ်ရှေ့မှာ ထမင်းဆိုင် စရောင်းတော့တာပါပဲ။

ရောင်းတော့ တက္ကသိုလ်ထဲက ဘယ်နေရာမှာလဲခင်ဗျ။ (၁၉၇၆/၇၇)  ခုလက်ဖက်ရည်ရောင်းတဲ့ တစ်ထပ်တိုက်လေးမှာပဲလား။
ဒေါ်အုန်း။ ။ စရောင်းတော့ ၁၉၅၉ ခုနှစ်ပေါ့။ တက္ကသိုလ်ဓမ္မာရုံရဲ့ ရှေ့မျက်နှာစာလမ်းမကြီးဘေးမှာ တဲတန်းတွေ ရှိတယ်။ ထမင်းဆိုင်၊ အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေပေါ့။ ဆိုင်တစ်ဆိုင်ကို တစ်နှစ် (၈၀၀) ကျပ်ပေးရတယ်။ ထမင်းစရောင်းမယ်ဆိုတော့ ဦးညွှန့်ဖေကိုယ်တိုင် အင်္ဂလန်လုပ် ပန်းကန်ခွက်ယောက်တွေ လိုက်ဝယ်ပေးထားတယ်။ အဲဒီတုန်းက အဲဒီလမ်းမကြီးမှာ “နဂါးကားလိုင်း” ရှိတယ်။ ကျောင်းသားတွေ၊ ခရီးသည်တွေ၊ နဂါးကားလိုင်းက ဒရိုင်ဘာတို့၊ စပယ်ယာတို့ဆိုတာ ဖောက်သည်တွေပေါ့။ ကိုချစ်က အဲဒီမှာ ထမင်းရောင်းတဲ့ ကိစ္စတွေကို ဒိုင်ခံလုပ်တယ်။ အဒေါ်ကတော့ အပြင်မှာ ဈေးထွက်ဝယ်တယ်။ ဆိုင်အတွက် သား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံပေါ့။ နောက်ပြီး ကိုယ်တိုင်လည်း ခေါင်းမှာ ရွက်သယ်ပြီး ထမင်းဟင်းရောင်းခဲ့တယ်။ ကိုချစ်ကလည်း ညွှန်ကြားပေးတာပေါ့။ ဒါပေမယ့်….။

● အကျပ်ရိုက်ပြန် နောက်တစ်ဖန် 

ဦးချစ်။     (ဘာမှ မပြောသော်လည်း အနည်းငယ်ပြုံးသွားပါတယ်။)

ကျောင်းဖွင့်ရက်တွေရောက်တော့ ရောင်းအားက ဘယ်လိုနေလဲ။

ဒေါ်အုန်း။ ။ အစပိုင်း ထမင်းရောင်းနေရာက ကျောင်းဖွင့်ချိန်ရောက်တော့ အဲဒီထမင်းဆိုင်ထဲမှာပဲ လက်ဖက်ရည် စရောင်းကြည့်တယ်။ ကျောင်းသားအများစုက နေ့စဉ် ထမင်းဝယ်မစားရင်သာ နေမယ်၊ နေ့စဉ် လက်ဖက်ရည်တော့ သောက်တတ်ကြတဲ့ သဘာဝကို ကိုချစ်က ရိပ်စားမိသွားပြီး သူများနဲ့လည်း အပြိုင်မရှိတဲ့ အချိန်မှာ ရောင်းတော့ မကြာပါဘူးကွယ် “ဦးချစ်လက်ဖက်ရည်… ဦးချစ်လက်ဖက်ရည်” ဆိုပြီး ကျောင်းသားတွေ ပါးစပ်ဖျားက ကင်ပွန်းတပ်ပေးလိုက်တဲ့ နာမည်ကို ရခဲ့တယ်။

အဲဒီတုန်းက လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတဲ့ဈေးနှုန်းတွေက ခုခေတ်နဲ့ ကွာမှာပေါ့နော်။

ဒေါ်အုန်း။ ။ ဒါကတော့ သူ့ခေတ်နဲ့သူဆိုတော့ ကွာတယ်ပေါ့ကွယ်။ အဲဒီတုန်းက ဟောလစ်၊ အိုဗာတင်းတစ်ခွက်ဆို ပြားလေးဆယ်၊ အိုဗာတင်း တစ်ဘူးဆို (၁၆) ခွက်လောက် ရပါတယ်။ ကြက်ဥတစ်လုံးကို တစ်မတ်၊ ဟောလစ်တိုင်ကီ (ဖန်ခွက်ရှည်) တစ်ခွက်ကို ပြားခွန်နှစ်ဆယ်၊ ကြက်ဥပါရောရင် (၉၅) ပြား၊ တစ်ကျပ် ရောင်းတယ်။ ကျောင်းသားတွေ သောက်နိုင်အောင် ကြိုက်အောင်လုပ်ရတာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝပေါ့။ အဲဒီအချိန်က “လူထုစီးကရက်” ကို သောက်ကြတယ်။ ဟောလစ်ပေါင်ဘူး တစ်နေ့ကို (၅) လုံးကုန်တယ်။ ဒီလိုနဲ့ တက္ကသိုလ် ဓမ္မာရုံရှေ့က ဆိုင်တန်းတွေကို မြူနီစပယ်က ဖယ်ခိုင်းတဲ့အတွက် ဖယ်ကြရတယ်။ ဆိုင်ခန်းအတွက် အစားပေးတာက ကြည့်မြင်တိုင် သံတံတားလမ်းမှာဆိုတော့ ဒေါ်ဒေါ်တို့ ကိုချစ်တို့ အတော်အကျပ်ရိုက်ကြတာပေါ့။

အဲဒီအခက်အခဲအတွက် တက္ကသိုလ်မြေထဲကို ရောက်လာတာလားအဒေါ်။

ဦးချစ်။     ။ (ဦးချစ်က ခေါင်းခါလျက် အဒေါ်အုန်းကို ကြည့်နေသည်။ အဒေါ်အုန်းကလည်း အလိုက်သိဟန်ဖြင့်….)

● တွန်းလှည်းကလေးနဲ့ စေတနာရှင်
ဒေါ်အုန်း။ ။ အောင်မြင်ဖို့ အဆင်ပြေဖို့ဆိုတာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံကို ကိုချစ်က သိနေတော့ သူတစ်မျိုး အကြံထုတ်လိုက်တယ်။

ဘယ်လိုများပါလဲ… စိတ်ဝင်စားစရာပါပဲဗျို့။

ဒေါ်အုန်း။ ။ မင်းတို့ဦးလေးချစ်က လက်သမားခေါ်ပြီး သူကိုယ်တိုင်ပါ တူတွေ၊ လွှတွေ၊ သံတွေနဲ့ ဘာလုပ်လိုက်တယ် ထင်သလဲ….။

စားပွဲဝိုင်းတို့၊ ကုလားထိုင်တို့ ထင်တာပဲ။

ဒေါ်အုန်း။ ။ (ခေါင်းခါလျက်) မဟုတ်ဘူး။ “လက်တွန်းလှည်းကလေး” ကွဲ့။

ဟာ… ဟုတ်လိုက်လေဗျာ။ အကြံကောင်းပဲ။

ဒေါ်အုန်း။ ။ “လက်တွန်းလှည်းကလေးနဲ့ ဦးချစ်လက်ဖက်ရည်”လို့ ကျောင်းသားတွေက ထပ်ကင်ပွန်းတပ်ပြီး အားပေးကြတော့တာပါပဲ။ ဒါပေမယ့် ကြမ္မာက ပြန်ငင်ချင်တော့ ကမာရွတ်လှည်းတန်း တစ်ဝိုက်ကြီးကို မီးကြီးလောင်ပါလေရောလား။ အဒေါ်တို့ ဖောက်သည်တွေလည်း (အရပ်ထဲကလူတွေ) ပါကုန်ကြတယ်။ လှည်းတန်းမီးလောင်ပြီးတဲ့နောက် လှည်းတန်း (၂) လမ်းမှာ နေသေးတယ်။ စီးပွားကျနေကြတာမို့ လက်စွပ်ဖြုတ်ပြီး ကော်ဖီမှုန့်ဝယ်ရတဲ့ထိ ဖြစ်သွားတယ်။ အဲဒီနောက် လှည်းတန်း (၇) လမ်းမှာ အိမ်ငှားပြီးတော့ပဲ နေကြတော့တယ်။

လှည်းတန်းမီးဘေးအပြီးမှာ အဘချစ်တို့မှာ သားသမီး ဘယ်နှဦး ထွန်းကားပြီလဲ။

ဒေါ်အုန်း။ ။ အဲဒီအချိန်မှာ သားသမီးငါးယောက်ရပြီ။ ကလေးတွေ တွဲလောင်းတွဲလောင်းနဲ့ လက်တွန်းလှည်းကလေးကို တွန်းကြပြီး၊ လက်ဖက်ရည်ဆိုင်ကလေး ထွက်ခဲ့ကြရတယ်။ ဆိုင်နဲ့ကနားနဲ့ မဖြစ်သေးတဲ့ အချိန်ဆိုပါတော့။ ကိုချစ် စကားပြောနိုင်ရင် သူ့ရာဇ၀င်ကို သိပ်ပြောတတ်တာ။ အခုတော့ တစ်ခွန်းစ.. နှစ်ခွန်းစကွယ်….။

တွန်းလှည်းလေးဘ၀ကနေ ဆိုင်ခန်းဘ၀ ဖြစ်လာပုံကလေးလည်း သိပါရစေ။

ဒေါ်အုန်း။ ။ ကံကြမ္မာဆို အတော်ဆန်းကြယ်တယ်။ ဒီလိုကလေးတွေနဲ့ ကိုချစ်ဟာ အဒေါ်နဲ့အတူ ရုန်းကန်နေစဉ်မှာ တစ်နေ့… မိတ်ဆွေ (မည်သူမည်ဝါဟုမဆို မပြောပါ)။ တစ်ယောက်အကူအညီနဲ့ လှည်းတန်းလမ်းမကြီးပေါ်က (အခု ဒီအိမ်မဟုတ်သေးဘူး) ရွှေဝါဖူး ဓာတ်ပုံတိုက်ရှေ့မှာပေါ့။ အိမ်ကို ၀ယ်ပြီး “စေတနာရှင်”ဆိုပြီး ဆိုင်ဖွင့်လိုက်တယ်။ ဆိုင်နာမည်ရဲ့ ဓာတ်တွေနဲ့ ရောင်းတာဆိုတော့ တက္ကသိုလ်ကျောင်းသားတွေ၊ မြင်းလှည်းသမားတွေ၊ ဆိုက်ကားသမားတွေ၊ ဖောက်သည်တွေ ဖြစ်လာကြပြီး လာအားပေးကြတာလေ။ ကံတက်လာတယ်လို့ပဲ ပြောရမလား မသိဘူး။

အတည်တကျ ဆိုင်နဲ့ကနားနဲ့ အခြေတကျဖြစ်ပြီး ပထမဆုံးပေးတဲ့ဆိုင်အမည်က “စေတနာရှင်” ပေါ့နော်။

ဦးချစ်။     ။ (ဘာမှ မပြောဘဲ အဒေါ်အုန်းကို တစ်ချက်ကြည့်ပါတယ်။)

ဒေါ်အုန်း။ ။ အဲ.. ကျောင်းသားတွေ နှုတ်နဲ့ပေးတာကတော့ “ဦးချစ်လက်ဖက်ရည်”ပေါ့။ နောက်တော့… ။ “တွန်းလှည်းလေးနဲ့ ဦးချစ်လက်ဖက်ရည်” ပေါ့။ ခု.. နှစ်ထပ်အိမ်အောက်ထပ်မှာ ရပ်ကွက်ထဲ (လှည်းတန်းဈေးနဲ့ လှည်းတန်းအ၀ိုင်းကြား၊ တက္ကသိုလ်နယ်မြေအနီး အိမ်ဆိုင်) ဖွင့်တော့ “စေတနာရှင်” ပေါ့။ စေတနာတွေ ရှေ့တန်းတင်၊ အမြတ်အစွန်းပေါ် လောဘမထားဘဲ ရောင်းတာ၊ ကိုချစ်က သောက်တဲ့သူ မကြိုက်သေးဘူးဆိုရင် ကြိုက်တဲ့အထိ ဖျော်ပေးတယ်။ ခွက်မှောက်သွားတာတို့၊ ကွဲသွားတာတို့ ကြုံခဲ့ရင် “မတော်တဆ ဖြစ်ရတာပါ”လို့ ပြောပြီး ထပ်ဖျော်ပေးတယ်။ ရှုံးတာ မြတ်တာဖယ်ထား။ ဒီလိုဆက်ဆံတယ်ဆိုတော့ အားလုံးက ကျေနပ်ကြတယ်။ စေတနာရောင်ပြန်ဟပ်တယ်လို့ ဆိုရမလားပဲ၊ ခုချိန်ထိ ကျောင်းသားရော၊ အရပ်သားပါ ဦးချစ်မှ ဦးချစ်ပါပဲလေ။ ကျောင်းသားတွေက လက်ဖက်ရည်အပြင် အဆာပြေ စားစရာတချို့လုပ်ပါဗျာလို့ ပြောလာတော့ အဲဒီဆိုင်မှာပဲ ခရမ်းချဉ်သီးသုတ်၊ ခါးပတ်၊ ခါးနာ၊ ကီးမားပလာတာ၊ ကုလားထမင်းကြော်တွေလည်း တွဲရောင်းသေးတယ်။ ကျောင်းသားတွေက ညညဆို (၁၂) နာရီ၊ တစ်ချက်တီးအထိ ပျော်ပျော်ပါးပါး လာစားကြရင်း တချို့ဆို ဆိုင်မှာပဲ စာအုပ်နဲ့ မျက်နှာ မခွာဘဲ လက်ဖက်ရည်သောက်၊ မုန့်စားကြပါတယ်။

ဦးချစ်။     ။(မျက်နှာမှာ ပြုံးရိပ်သန်လျက်…) ဒီလိုကွဲ့။

အဲဒီတုန်းက တက္ကသိုလ်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ မရှိဘူးလား အဒေါ်….။

ဒေါ်အုန်း။ ။ အဲဒီတုန်းက … တခြားလက်ဖက်ရည်ဆိုင်တွေ မရှိဘူး။ ယူနီယံထဲမှာပဲ ရှိတယ်။ အဲဒီထဲမှာ ပန်းချီဆရာကြီး ဦးနန်းဝေရဲ့ အစ်မ တွေဆိုင်ပဲ ရှိတယ်။ နောက်ပြီး ဂရမ်နီ ကုလားကြီးဆိုင်၊ နောက် ပိန်ချန်းစားသောက်ဆိုင်တွေလောက်ပဲ ရှိသေးတယ်။ ခုခေတ်လို တက္ကသိုလ်ထဲမှာ စားသောက်ဆိုင်ကြီးတွေ အပြိုင်းအရိုင်း မရောင်းကြသေးဘူး။ ကျောင်းသားတွေ စားသောက်ချင်ရင် အပြင်ထွက်ပြီး စားကြတယ်။ အဒေါ်တို့ဆိုင်ကိုပဲ လာကြတယ်ဆိုပါစို့။

ဒါဆို လှည်းတန်းက စေတနာရှင်ဆိုင်ကနေ ကျောင်းထဲက မူလ ပထမတစ်ထပ်တိုက်ကလေးမှာ ဆိုင်းဘုတ်တပ်မထားပေမယ့် “ဦးချစ်ဆိုင်” ဆိုပြီး ဖြစ်ပေါ်လာပုံကရော အဒေါ်။

ဦးချစ်။     ။ (အဒေါ်အုန်းကို ခေါင်းညိတ်လျက်ကြည့်ပါတယ်။)

ဒေါ်အုန်း။ ။ ပြောရတာ ဂုဏ်ယူဖို့လည်းကောင်း၊ ကျေးဇူးတင်လို့လည်း မဆုံးပါဘူး။ ဒီလိုကွဲ…။

● ကမာရွတ်လှည်းတန်း ဦးချစ်ဆိုင်မှာ
ဒေါ်အုန်း။ ။ အဲဒီကာလ (၁၉၆၀ လောက်မှာ) အဆောင်ဒင်နာတွေမှာ ဆရာကြီးတွေ၊ ကျောင်းသားတွေ တွေ့ဆုံတတ်ရင် “တပည့်တို့ကျောင်းဆောင် စည်းကမ်းအရ ညဥ့်နက်သန်းခေါင် ကျောင်းပြင်ပကို မထွက်ကြပါနဲ့။ ဆရာတို့မှာလည်း တာဝန်ရှိပါတယ်။ ကျောင်းထဲမှာပဲ စာကြည့်ကြပါ။ လက်ဖက်ရည်၊ ကော်ဖီ သောက်ချင်ရင် ထမင်းစားဆောင်မှာ စီစဉ်ပေးပါမယ်”။ ဒီလို ပြောကြတဲ့အခါ ကျောင်းသားတွေကလည်း သူတို့ အပြင်ထွက်ချင်လို့ မဟုတ်ရပါဘူး။ ညည စာဖတ်နိုင်အောင် လက်ဖက်ရည်သောက်ပါတယ်။ မုန့်စားပါတယ်။ ကျောင်းစာကိုလည်း ကြည့်ကြပါတယ်လို့ ပြောတယ်။ ဆရာတွေက ဒါဆိုရင် ကျောင်းပရ၀ုဏ်ထဲမှာ လက်ဖက်ရည် ရောင်းပေးမယ်။ စီစဉ်ပေးပါမယ်လို့ ပြောတော့… ကျွန်တော်တို့ ဦးချစ်လက်ဖက်ရည်ဆိုင်ကိုပဲ ကြိုက်ကြပါတယ်။ ဦးချစ်ဆိုင်အပြင် ဘယ်ကိုမှ မသွားကြပါဘူး။ ဦးချစ်က စိတ်ရှည်တယ်။ ကျောင်းသားတွေကို သည်းခံတယ်။ ဆရာတို့ ကျောင်းထဲမှာ စီစဉ်ပေးတာ ဦးချစ်လက်ဖက်ရည်လို ကောင်းချင်ကောင်းမယ်၊ ဦးချစ်လိုတော့ စိတ်ရှည်သည်းခံဖို့ မလွယ်ပါဘူး။ အကောင်းဆုံးကတော့ ဦးချစ်လက်ဖက်ရည်ဆိုင်ကို ကျောင်းထဲသွင်းဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံကြတယ်။

ဦးချစ်။     ။ (မျက်လုံးမှိတ်ပြီး အဒေါ်အုန်းပြောတာကို နားထောင်နေပါတယ်)

အဲဒီတော့ ဆရာကြီးတွေက ဘယ်ပုံဘယ်နည်းနဲ့ စီစဉ်ပေးကြတာလဲခင်ဗျာ။ ကြုံတောင့်ကြုံခဲပါပဲ။

ဒေါ်အုန်း။ ။ ဟောလ်တစ်ခုရဲ့ ညစာစားပွဲမှာ ဆရာကြီးတွေက မင်းတို့ ပြောတာတွေဟုတ်၊ မဟုတ် ဆရာတို့ လေ့လာအကဲခတ်ကြမယ်။ ဧကန် ဟုတ်နေရင် ဆရာတို့ ကျောင်းသားတွေ အဆင်ပြေအောင် စည်းကမ်းနဲ့အညီ စီစဉ်ပေးမယ်လို့ ဖွင့်ပြော့သတဲ့။

အဲဒီတော့ ဆရာကြီးတွေ အဒေါ်အုန်းတို့ဆီ လာကြတာပေါ့နော်။

ဒေါ်အုန်း။ ။ ဟုတ်ပ…။ ဆရာကြီးတွေ ဆိုင်ကိုလာလေ့လာ အကဲခတ်ကြတယ်။ အဒေါ်တို့က ကျောင်းသားတွေကို ဆွေလိုမျိုးလို ချစ်တာပါ။ ကျော်ငးသားတွေက သူတို့ညဥ့်နက်အောင် စာကျက်ကြမှာမို့ ဘာဟင်းချက်စားချင်လို့၊ ညာဟင်းချက်စားချင်လို့ဆိုရင် ငရုတ်သီး၊ ကြက်သွန်နီကအစ ပိုက်ဆံမယူဘဲ ချက်ပေးတယ်။ သူတို့က စာကြည့်နေကြတယ်။ ဆာချိန်တန်မှ စားကြတယ်။ ဆရာကြီးတွေက ဆိုင်ဘေးက လမ်းကလေးမှာ ကျောင်သားတွေ ဖျာခင်းထိုင်ပြီး စာကြည့်သူကြည့် လက်ဖက်ရည်သောက်သူ သောက်ပေါ့။ သူတို့ သဘာဝအတိုင်းပဲ နေကြတာကို တွေ့သွားကြတယ်။ လက်ဖက်ရည် ဖျော်တဲ့နေရာကိုလည်း ကြည့်တယ်။ ဆိုင်ထဲမှာ လုပ်ကြကိုင်ကြတာကိုလည်း ကြည့်တယ်။ ၁၂ နာရီတစ်ချက်တီးအထိ အေးအေးဆေးဆေး စာကြည့်သူ၊ လက်ဖက်ရည်သောက်သူ၊ မုန့်စား ထမင်းစားသူ၊ အဆောင်ပြန်သူ စလို့ပေါ့ကွယ်။ ဒီလိုမျိုး ဆရာကြီးတွေ သုံးလေးခေါက်လောက် လာလာကြည့်ပြီး မကြာပါဘူးကွယ်။ ဘာတွေ ဘယ်လို သုံးသပ်ကြ ဆုံးဖြတ်ကြတယ် မပြောတတ်ပါဘူးကွယ်။ ကျောင်းရုံးကို ဦးချစ်နဲ့ ဇနီး ဒေါ်အုန်းတို့ ကြွပါလို့ ဆိုင်ကိုလာပြီး ဖိတ်ခေါ်တော့တာပါပဲ။ သွားကြရတာပေါ့။ စိတ်ထဲမှာလည်း တစ်ခုခုတော့ ကောင်းတာထူးမှာပဲလို့ ဦးချစ်ရော၊ အဒေါ်အုန်းပါ ထင်ကြပါတယ်။

တက္ကသိုလ်ကောင်းသားရေးရာ ဌာနမှာ ထင်တယ်။ အဲဒီမှာ ဆရာတွနဲ့ တွေ့ကြ၊ ပြောကြတာလေးတွေ လုပ်ပါဦးအဒေါ်။ ကျွန်တော်တို့လို မသိသေးတဲ့သူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်ရှိန်တက်လာလို့ပါ။

ဒေါ်အုန်း။ ။ အေးကွဲ့၊ ဆရာတွေက ဦးချစ်ကို ကျောင်းထဲမှာ လာပြီး လက်ဖက်ရည်ဆိုင်ဖွင့်ပါ။ ကျောင်းသားတွေက ဦးချစ်နဲ့ ဦးချစ်လက်ဖက်ရည်ကို ကြိုက်ကြလို့ ဖိတ်ခေါ်ရတာပါလို့ ပြောကြတယ်။ ဖွင့်ဖို့လည်း လိုလိုလားလား တိုက်တွန်းကြတယ်။

အဲဒီတော့ အဘချစ်တို့ ၀မ်းသာသွားကြမှာပေါ့နော်။

ဦးချစ်။     ။ (မျက်လုံးဖွင့်ပြီး နံရံမှာ ချိတ်ထားတဲ့ သူငယ်စဉ်က ပုံတွေကို တွေတွေကြီး ကြည့်နေပါတော့တယ်)

ဒေါ်အုန်း။ ။ ၀မ်းတော့သာကြပါတယ်။ ဒါပေမယ့် ကိုချစ်က “ကျွန်တော်တို့ ကျောင်းထဲမှာ မရောင်းပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဒိုးတူဘောင်ဖက် လုပ်ကိုင်ရှာဖွေ စားနေကြတာပါ။ ကလေးတွေကလည်း တစ်ပြုံကြီးပါပဲ။ ကျောင်းထဲမှာ လာရောင်းရင် အခက်တွေ့မယ်။ ဆိုင်ခွဲလည်း ထားဖို့ မနိုင်ဝန်မထမ်းလိုပါဘူး။ ဒါကြောင့် မလုပ်ပါရစေနဲ့ ခွင့်လွှတ်ပါ” လို့ မေတ္တာရပ်ခံတယ်။

ဒီတော့ ဆရာတွေက ဘယ်လိုများ ပြန်ပြောပါသလဲခင်ဗျာ။

ဒေါ်အုန်း။ ။ ဆရာတွေက ကျောင်းထဲမှာ ရောင်းဖို့ချည်းပဲ ပြောကြတာပေါ့။ ဒီလိုသွားတွေ့ပြီး တော်ကြာနေရင် ခေါ်ဆွေးနွေးပြန်ပြီ။ တော်နေကြာ ခေါ်ပြန်ပြီနဲ့ ကြာတော့ ဦးချစ်ရော အဒေါ်ပါ အားနာလာကြတာပေါ့။ ဒီလိုနဲ့ ရှစ်လအကြာမှာ ဆရာတွေက ထပ်ခေါ်ပြီး ကျောင်းထဲမှာ စည်းကမ်းတွေ ရှိတယ်။ ည ၈ နာရီထိ ဆိုင်ဖွင့်လို့ ရခဲ့တယ်။ ဒါပေမယ့် ခြွင်းချက်အရ ဦးချစ်သာဆိုင် လာဖွင့်ရင် အဆင်ပြေသလို မိုးအလင်းဖွင့်နိုင်ပါတယ်။ ကျောင်းသားတွေ အဆင်ပြေရင် ပြီးတာပဲလို့ အခါခါ ၀ိုင်းပြီးတိုက်တွန်းလို့ ပြောကြတော့ ကိုချစ်လည်း မငြင်းသာတော့ဘူးပေါ့။ ဒီလိုနဲ့ပဲ ကျောင်းထဲက တိုက်ပုလေးမှာ စရောင်းဖြစ်တော့တာပေါ့။

● တိုက်ပုလေးနဲ့ ဦးချစ်ဆိုင်
ကျောင်းထဲက တိုက်ပုလေးဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အော်ရီဂျင်နယ် မူလပထမ ဦးချစ်ဆိုင် အကြောင်းပြောပါဦး အဒေါ်။

(ထိုစဉ်မှာ ဦးချစ်လက်ဖက်ရည် သုံးခွက် (ဖန်ခွက်ရှည်/တိုင်ကီ)၊ စမူဆာ၊ ကော်ပြန့်၊ ပေါက်စီတွေနဲ့ ဧည့်ခံပါတယ်။ ကျွန်တော်ရယ် ၊ တက္ကသိုလ် ဇော်ထူးရယ်၊ ဓာတ်ပုံတင်ဝေ (ဓာတု)ရယ်၊ လက်ဖက်ရည်ကို အားရပါးရတစ်ကြိုက်စီ ပြိုင်တူမော့ကြပြီးတဲ့နောက် ပြိုင်တူနှိုက်လိုက်မိကြတာကတော့ ပေါက်စီတွေပါပဲ။ ဦးချစ်သမီးဖြစ်သူက ဦးချစ်ကို ရေဖန်ခွက်နဲ့အတူ သောက်ဆေးပေးတော့ ဦးချစ်ကြီးက သောက်ပါတယ်။ အဒေါ်အုန်းကတော့ ရေနွေးကြမ်းပူပူတစ်ခွက်ကို ဖြေးဖြေးချင်း မှုတ်သောက်ပါတယ်။ ပြီးတဲ့နောက်….)

ဒေါ်အုန်း။ ။ ကနေ့အထိကို (၁၉၈၆ – ၈၇)  ကိုချစ် (၇၃) နှစ်ရှိပြီ။ ဆိုင်သက်လည်း မနည်းတော့ပါဘူး။ ဒီဆိုင်ကို တင်ဒါ မရှိ၊ လေလံ မရှိဘဲနဲ့ ဆိုင်ဖွင့်ခွင့်ရခဲ့တယ်။ အရင်က ဒီတိုက်ကလေးထဲမှာ “ဦးအောင်ကိုး လက်ဘက်ရည်ဆိုင်” ဆိုတာ ရှိခဲ့ဖူးသေးတယ်။ တိုက်ခန်းလေးက ကျဉ်းတဲ့အတွက် အဖီချခွင့်ရတယ်။ လခက ၈၀ ကျပ် ပေးရတယ်။ အခုတော့ ၂၀၀ ကျပ် ပေးရတယ်။ ည ဆယ့်နှစ်နာရီ၊ တစ်ချက်တီး သုံးနာရီထိ ဖွင့်လို့ရတယ်။ ခုတော့လည်း လက်ဘက်ရည်တင်မက ကျောင်းသား အသုံးအဆောင်အားလုံး တံဆိပ်ခေါင်းကအစ ဈေးမှန်အတိုင်းရောင်းပေးတော့ ကျောင်းသားတွေ အဆင်ပြေကြတယ်။ သဘောကျတယ်။ ဆရာကြီးတွေက အပန်းဖြေရိပ်သာထဲ (RC) မှာ နေရာကောင်းကောင်း ကြိုက်တဲ့နေရာရွေးပါ။ ဖွင့်ခွင့်ပြုမယ်လို့ ပြောတယ်။ ဒါပေမယ့် ကိုချစ်က အဒေါ့်ကို ဘာပြောသလဲဆိုတော့ “ငါတို့ကို ကျောင်းသားတွေက ချစ်လို့ လှည်းတန်းကနေ ဒီတိုက်ကလေး တောအုပ်ထဲကို လာရောင်းရတာ။ ဒါကိုလည်း ကျောင်းသားတွေ နှစ်ခြိုက်ကြတယ်။ သူတို့ ငြိုငြင်မှာ စိုးတယ်” တဲ့။

စကားမစပ် အဒေါ်အုန်း အခု ကျွန်တော်တို့ ရောက်နေတဲ့ အိမ်အောက် က စေတနာရှင်ဆိုင်နဲ့ ကျောင်းထဲကဆိုင်နဲ့ ဆိုတော့ နှစ်ဆိုင်ဖြစ်ရတဲ့အကြောင်းလေး ပြောပြပါဦး။

ဒေါ်အုန်း။ ။ အင်း ဟုတ်တာပေါ့လေ။ တက္ကသိုလ်ထဲ ၀င်လာပြီး ဆိုင်ဖွင့်တော့ လှည်းတန်းက အရင်ဆိုင်ဟောင်း အိမ်ကိုရောင်းပြီး ကျောင်းထဲမှာပဲ နေကြပြီး ရောင်းတာ၊ နောက်တော့ အခု သားတို့ ရောက်နေတဲ့ ဒီအိမ်ဆိုင်ကို ၀ယ်ပြီး “စေတနာရှင်(၁)”၊ ကျောင်းထဲကဆိုင်ကို “စေတနာရှင်(၂)” လို့ အမည်ပေးထားတာပါ။ ဒါပေမယ့် အားလုံးက ကျောင်းထဲကဆိုင်ကို “ဦးချစ်ဆိုင်” လို့ပဲ နှုတ်စွဲနေကြတာ။ အဒေါ်တို့ စေတနာ ထားသလောက် ရောင်ပြန်ဟပ်တယ်ဆိုရမှာပဲ။ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး။ အဒေါ်တို့ မိသားစု အခုလို တင့်တယ်လာတာ ကျောင်းသားတွေ၊ ဆရာတွေရဲ့ ကျေးဇူးတွေပါပဲ။ အားလုံးကို ကျောင်းသားဟောင်း ကျောင်းသားသစ် အားလုံးပေါ့။ ကိုချစ် ကိုယ်စား ကျေးဇူးတင်ပါတယ်လို့။

ဦးချစ်။ ။ (အဘချစ်က ကျွန်တော်တို့ကို ကြည့်နေပါတယ်)

● စာကျက်ကြဖို့အချိန်သင့်ပြီ
ဒေါ်အုန်း။ ။ ပိန်ပိန်တို့က ရန်ကုန်တက္ကသိုလ် ကျောင်းသား လူရွှင်တော်တွေဆိုတော့ ရယ်စရာ ပြောရဦးမယ်ကွယ့်။ လှည်းတန်းမှာ ဖွင့်တုန်းကပေါ့။ အရင်ဆိုင်ဟောင်းကို ပြောတာလေ၊ ကျောင်းသားတွေက ကိုနောက်နောက်ပြီး ပြောကြတယ်။ ဦးချစ်ရဲ့ ဇနီးဒေါ်အုန်း ကိုယ်ဝန်လွယ်တဲ့အချိန်ဟာ စာကျက်ရတော့မယ်အချိန်လို့ အားလုံး လက်ခံသိထားကြတယ်။ အဒေါ်ကလည်း ကျောင်းသားတွေ စာမေးပွဲနီးပြီဆိုရင် ကိုယ်ဝန်လွယ်ထားရပြီ။ တိုက်ဆိုင်တာများလေ၊ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် ဆုံတတ်တယ် ဆိုသလိုပေါ့။ အဲဒီအခါ သူတို့က ကျောင်းထဲက အဆောင်တွေမှာ “ဦးချစ်ဇနီး ကိုယ်ဝန်လွယ်ပြီ … စာကျက်ဖို့ အချိန်သင့်ပြီဟေ့ ..” လို့ မောင်းခတ် အော်ကြသတဲ့ကွယ်။ အခုတော့လည်း ကိုချစ်ရော အဒေါ်ပါ ဇရာထောင်းလာတော့ ကျောင်းထဲက ဆိုင်ကို သားသမီးတွေနဲ့ လွှဲထားရတယ်။ သားသမီး ခုနစ်ယောက် ထွန်းကားခဲ့တယ်လေ။

သူတို့ အမည်တွေကိုလည်း ပြောပြပေးပါဦ အဒေါ်အုန်း။

ဒေါ်အုန်း။ ။ သူတို့အားလုံး အရွယ်ရောက်နေကြပါပြီ။ သမီးအကြီးဆုံးက မခင်အေးမြင့်၊ နောက်ပြီး မောင်ကျော်ကျော်၊ မစန်းစန်း၊ နောက် မခင်မကြီး၊ နောက် အမြွှာနှစ်ယောက်က မောင်ခင်နဲ့ မောင်ငယ် (မောင်ငယ်ကိုတော့ အငယ်လေးဟု ဦးချစ်ဆိုင်တွင် ကျောင်းသားများက ချစ်စနိုး ခေါ်ကြသည်။) နောက်ပြီး မောင်အေးကို၊ သူက အာအိုင်တီ မြို့ပြအင်ဂျင်နီယာ (ပဉ္စမနှစ်)၊ အထွေးဆုံးက မောင်ထွေးညိုတို့ပေါ့။

အခုလို ကျွန်တော်တို့ကို ဗျူးခွင့်ပြုတာ နောက်ပြီး ဓာတ်ပုံ အရိုက်ခံလေ့ မရှိခဲ့ဘူးလို့ သိထားတဲ့ အဘဦးချစ်က ဓာတ်ပုံရိုက် မှတ်တမ်းတင်ခွင့်ပြုတာရယ်၊ အဘချစ်ကို အမှူးပြုပြီး အဒေါ်အုန်းနဲ့တကွ မိသားစုအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးမှာ “ဦးချစ်လက်ဘက်ရည်ဆိုင်” ဆိုတာ ဘွဲ့နှင်းသဘင်ကြီး၊ သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းမကြီးတွေလို အထင်ကရ ဆက်လက်ရှင်သန် အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ။

● မေတ္တာကျေးဇူးအဆအတူပါ

ဦးချစ်။ ။ (ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်နေပါတယ်။)

ဒေါ်အုန်း။ ။ ကိုချစ် နေမကောင်းတာ ၁၅ နှစ် ရှိပြီ။ ဆီးချိုရောဂါလေ၊ ကုတာ ဆရာ တော်တော် များခဲ့ပါပြီ။ ကိုချစ် နေမကောင်းတာကို မပြောပေမယ့် သိလို့ သတင်းလာမေးကြတဲ့ သူတွေ အများကြီးပါပဲ။ ကျောင်းသားဟောင်းတွေ၊ ဆရာကြီးဟောင်းတွေပေါ့။ “ဘာ အကူအညီ ပေးရမလဲ၊ လိုအပ်တာရှိရင် ပြောပါ” ဆိုတဲ့ လောကွတ်ပြုသံလေးတွေ ကြားရမြင်ရတော့ ဦးချစ်ရော အဒေါ်အုန်းပါ စိတ်ကြည်နူးကြရတယ်။ စေတနာရှင်ဆိုတဲ့ နာမည်လေးရဲ့ တုံ့ပြန်မှုတွေပေါ့။ တက္ကသိုလ်ကြီးကိုရော၊ ဆရာ ဆရာမတွေရော၊ ကျောင်းသား ကျောင်းသူတွေရော အားလုံးရဲ့ မေတ္တာတွေကို ခံယူခွင့်ရလို့ ဦးချစ်နဲ့ မိသားစုကြီးက ကျေးဇူးအထူးတင်ပါတယ်လို့ သားတို့ရဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်က ပြောပေးကြပါကွယ်။

(ကျွန်တော်တို့လည်း အဒေါ်အုန်းကြီး ဒီလိုပြောအပြီးမှာတော့ ကြမ်းပြင်ပေါ်ဆင်းပြီး ထိုင်ကန်တော့ကြပါတယ်။ အဒေါ်အုန်းက ဦးချစ်ကိုယ်စား ကုသိုလ်ဆုတွေ တောင်းပေးပါတယ်)

ဒေါ်အုန်း။ ။ ငါ့တူ ငါ့သားတို့ ကျန်းမာချမ်းသာပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသားဟောင်းတွေပီပီ ဘ၀ရည်မှန်းချက် ဆန္ဒများ အောင်မြင်ထမြောက်ကြပါစေ။ စာပေ၊ အနုပညာကိစ္စများ ထွန်းပေါက်ကြပါစေကွယ်။

(ဒီအချိန်မှာ အဘချစ်ဟာ လက်အုပ်ချီပြီး မျက်လုံးမှိတ်လျက် အသံထွက် မလာသော်လည်း နှုတ်ခမ်းများ လှုပ်ရှားနေတဲ့ အဓိပ္ပာယ်တွေကတော့)

“သာဓု … သာဓု … သာဓု”
မုဒိတာပွားလူအများကောင်းစားကြပါစေ။

(ယခု ဦးချစ်လက်ဘက်ရည်ဆိုင်သည် တောင်ငူဆောင်ရှေ့စွေ့စွေ့ ကင်တင်းဆိုင်လမ်းထိပ်၌ ရွှေ့ပြောင်းကာ သားသမီးများက ဆက်လက်ရောင်းချနေပါသည်။ ဦးချစ်သည် အသက် ၇၅ နှစ် အရွယ်၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ၉၆ ပါးသော ဝေဒနာဖြင့် ကွယ်လွန်ခဲ့ပါသည်။ ယခုဗျူးမှာ ဦးချစ် မကွယ်လွန်မီ ၁၉၈၆ ခုနှစ်၊ စာရေးသူ ပန်းတက္ကသိုလ် မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဘ၀က ဗျူးခဲ့သည်ကို ပြန်လည်ဆန်းသစ် ဖော်ပြခြင်း ဖြစ်ပါသည်။)

ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၇ ခုနှစ် (စက်တင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ)

 ......

မိုးမခ မှတ်ချက် 
ကြာခဲ့ပြီဖြစ်ပေမယ့် ဦးချစ်ဆိုင်လေးနဲ့ မကင်းနိုင်ခဲ့ကြသူတွေပါနိုင်တဲ့ မိုးမခစာဖတ်ပရိတ်ကြီးသို့ အမှတ်တရအနေနဲ့ ဤနေရာမှ တဆင့် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။
မိုးမခအယ်ဒီတာ ဦးမောင်ရစ်ထံသို့ပေးစာ
နန်းသုသုခင်
ဒီဇင်ဘာ ၂၈၊ ၂၀၁၂

Photo: Jessica Hromas
 
နာမည်မှာ နန်းပါပေမဲ့ ရှမ်းမဟုတ်ပဲ presenter အဟောင်းလေးမို့ အရေးမပေး မျက်နှာသာ မရတော့ပေမဲ့ ဒီပေးစာလေးကိုတော့ ပယ်စာ ပုံးထဲ မထည့်စေချင်ပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေ၊ ဘ၀ကိုယ်စီရှိကြစမြဲမို့ တခါတရံမှကြုံရဆုံရပေမဲ့ ခန္ဓာကိုယ်ထဲက စီးဆင်းနေ တဲ့ သွေးတွေထဲ က မြန်မာလို့ မြည်းကြွေးနေသရွေ့မို့ ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ရဲ့ အမေစုကို နိုင်ငံတကာ ခေါင်းဆောင်အသီးသီးက လာရောက်တွေ့ဆုံကြဆွေးနွေးညှိနှိုင်းကြ၊ ဆုတံဆိပ်အမျိုးမျိုး ပေးအပ်ကြတဲ့ဓာတ်ပုံတွေ သတင်းတွေ ဝေေ၀ ဆာဆာကို ဖတ်ရှုရင်း အပျော်ကြီး ပျော်နေကြပါပြီ။ နိုင်ငံတော်သမ္မတကြီးနဲ့ အပြောင်းအလဲ လုပ်ပေးတယ် ဆိုတဲ့ တံခါးတွေ ဖွင့်ပေးလို့ တ သုတ်ပြီးတသုတ် အမိမြေကို ပြန်သွားကြတဲ့ ဦးဦးဒေါ်ဒေါ် တွေကို မြန်မာနိုင်ငံ တနံ့တလျားမှာ ဘာတွေအပြောင်းအလဲ မြင်ခဲ့ကြားခဲ့ ပါသလဲလို့ ဦးမောင်ရစ် မေးကြည့်ပြီးပါပြီလားရှင်။

ဦးဦး ဒေါ်ဒေါ်တို့ စားသောက်နေတဲ့ စားပွဲဝိုင်းတွေကို ငေးမောနေတဲ့ အ၀တ်နွမ်းနွမ်းနဲံကျောင်းသင်ခန်းစာဆိုတာ အိပ်မက်ထဲတောင် မမက်နိုင်တဲ့ ဗိုက်ပူနံကားလေးတွေကို မတွေ့ရတော့ဘူးလို့ ပြောသံလေးတွေ ကြားချင်ပါတယ်။

အိုဘားမားကြီးလှူဒါန်းသွားတဲ့ အမေရိကန်ဒေါ်လာ တစ်ထပ်ကြီးနဲ့ နိုင်ငံတကာ စီမံကိန်းတွေက ရရှိတဲ့ ဘီလျံဒေါ်လာတွေနဲ့ တည်ဆောက် ပေးထားတဲ့ စာသင်ကျောင်းတွေမှာ ဆေးရုံ ဆေးပေးခန်းတွေမှာ အိမ်ယာ အလုပ်အကိုင်အခွင့်အလန်းတွေအပြည့်နဲ့ တူ၊တူမ ငယ်တွေ၊ ညီငယ်၊ ညီမငယ်တွေ သာသာယာယာ ရှိနေကြပြီလို့ သတင်းစကားလေးတွေကို စောင့်မျှော်နေပါတယ်ရှင်။

ဒါမှမဟုတ်ရင်လဲ ၂၀၁၂ မှာ ပေါ်ပြူလာအဖြစ်ဆုံး ခရိုနီဆိုတဲ့  စကားလုံးရဲ့ နောက်ကွယ်က အပြင်အဆင်တွေနဲ့၊ မီးမလာ ရေရှား၊ ဆင်ခြေဖုံး ရပ်ကွက်က အထုအထောင်းခံ မိသားစုတွေရဲ့ ကွာခြားပုံလေးတွေကို လေ့လာခဲ့ကြပါနော်။

အမေစုရဲ့ အမှတ်တရ ရင်ထိုးတံဆိပ်လေးတွေ၊ အင်္ကျီ ပုံစံလေးတွေကိုပဲ ၀ယ်ပြီး မပြန်ခဲ့ကြပါနဲ့ ၊ ပူပြင်းတဲ့ နေရောင် အောက်မှာ ဘုရားဖူး ကားနောက်ကို ပြေးလိုက်နေကြတဲ့  စပါးခင်းတေါ အလုပ်ခွင်တွေထဲ ရောက်နေကြတဲ့ လူမမယ်ကလေးငယ်တွေ အမှီအခိုကင်းပြီး၊
ကျန်းမာရေးချို့တဲ့နေကြတဲ့ သက်ကြီး ရွယ်အိုတွေ၊ အနာဂတ်တွေ မှေးမှိန်နေတဲ့ ကြားက ရသမျှ အခွင့်အရေးလေးတွေကို တအားကုန် အသုံးချနေကြရတဲ့ လူငယ်လူရွယ်လေးကို ဘယ်လို အားပေးမျှဝေနိုင်မလဲလို့ ကြည့်ခဲ့ကြပါလို့ ။

ဒီလိုချို့တဲ့နေတာလေးတွေကို တွေ့လို့ မြင်လို့ ကိုယ့်အိတ်ထဲက စိုက်ထုတ် လှူဒါန်းခဲ့မယ်၊ မျှဝေခဲ့မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြဿနာ ရဲ့ အရင်းအမြစ်ကိုတော့ မေ့မေ့ပျောက်ပျောက် မဖြစ်စေချင်ပါဘူး၊ လွှတ်တော်အဆောက်အအုံကြီးထဲက စစ်သားအစိတ်သားကို ဖယ်ရှားနိုင်အောင်ပိရိသေသပ်တဲ့ လှည့်ကွက်လား၊ လုပ်ကွက်လား မကွဲပြားနိုင်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံကြီးကို ပြင်နိုင်အောင်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ သာတူညီမျှ အေးချမ်းစွာ နေထိုင်နိုင်တဲ့ အခြေအနေကို ရောက်ရှိဖို့ ဆက်လက်ကြိုးစားလှုပ်ရှားရမှာတွေ အများအပြား ရှိနေဆဲ ပါလို့ ဦးမောင်ရစ်ကြီးက ပြောပြပေးပါဦးလို့ မေတ္တာရပ်ခံတာပါရှင်။

အမေစုရဲ့ ခရီးမျိုးစုံနဲ့ ၀တ်စုံလှလှ ရောင်စုံဓာတ်ပုံလေးတွေက ကချင်ပြည်နယ်မှာ ကြွေကျနေရတဲ့ မျက်ရည်တွေကို မဖုံးလွှမ်းသင့်ပါဘူး၊ အမိမြေနဲ့ ဝေးလို့ Internet ပေါ်က သတင်းလေးတွေပဲ နားဆင်နေရတယ်ဆိုရင်ဖြင့်လဲ ရခိုင်ပြည်သားတွေရဲ့ ကြိမ်မီးအုံး ခံစားရတဲ့ ဝေဒနာ၊ ရင်ထဲကအသံတွေလဲ နားဆင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။

ကိုယ့်ရဲ့ ခြိုးခြံချွေတာရတဲ့ လစာငွေထဲက နိုင်ငံခြားတိုင်းတပါးသားတွေ ရောင်းတဲ့ ဆိုင်တွေမှာ အားပေးဝယ်စားနေကြသလို၊ တစ်လတစ်ခါ သုံးလတစ်ခါ၊ ဒါမှမဟုတ် ရံဖန်ရံခါမှ ကျင်းပရတဲ့ မြန်မာတိုင်းရင်းသား သာရေး၊နာရေး လူမှုရေးပွဲတွေမှာ အားပေးကြရတာမို့ ပုဂ္ဂိုလ်ရေးတွေ ၊ ရင်ထဲက ခံစားချက်တွေကို မေ့ပျောက်လို့ ကျွန်မတို့ရဲ့ တိုင်းရေးပြည်ရေး အသင်းအပင်းပွဲလမ်းတွေမှာလဲ ပါဝင်ကူညီကြပါဦးလို့ ပန်ကြားချင်တာကြောင့် အယ်ဒီတာကြီးကို အကူအညီတောင်းရင်း၊ ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်ရှင်။

နန်းသုသုခင်
Joint Action Commette for Democracy in Burma
(JACDB)


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages