MoeMaKa Daily May 21st 2021

49 views
Skip to first unread message

MoeMaKa Media

unread,
May 22, 2021, 2:02:06 AM5/22/21
to MoeMaKa, burm...@googlegroups.com


MoeMaKa 2021


ကျော်ကျော် မြရည်စမ်း - ငုဝါခြွေတဲ့မိုးနဲ့တော်လှန်ဂစ်တာတလက်အကြောင်း

Posted: 21 May 2021 10:18 PM PDT

ငုဝါခြွေတဲ့မိုးနဲ့တော်လှန်ဂစ်တာတလက်အကြောင်း
ကျော်ကျော် မြရည်စမ်း
(မိုးမခ) မေ ၂၂၊ ၂၀၂၁

တကယ်တော့ ၆ ကြိုးလုံး ညီညာနေမှ အသံထွက် လှတာပါ။ အဲတာကို သတိပြုမိပေမဲ့ ခပ်ပေါ့ပေါ့ပဲ။ ကျနော်က ကြိုးညှိဖို့ အင်မတန်ပျင်းခဲ့တယ်။

"ဂစ်တာ တီးတတ်ပြီလား... ရည်းစားဆီသွား...တီးပြပေါ့သူငယ်ချင်း"တဲ့။ ငယ်ကတည်းက အဲ့သည်သီချင်းလေးကို ကြိုက်ခဲ့တယ်။ ဂစ်တာသေချာမတီးတတ်ခင်ကဘဲ လမ်းနံဘေးစီးရီးတွေကို အုတ်ခုံစတိတ်ရှိုးကနေ ထုတ်လွှင့်ကြတယ်။ စိုးလွင်လွင် သီချင်းကိုလည်း သဘောကျခဲ့ရတယ်။

မိတ်ဆွေတယောက်က ဂစ်တာလေးတလက်ကို လက်ဆောင်ပေးလိုက်တယ်။ ကြိုးမညှိတတ်တော့ ကြိုးညှိတဲ့ soft ware လေးပါ ဖုန်းထဲ ထည့်ပေးလိုက်သေးတာ။ ဂစ်တာလေး ရလာတော့ သီချင်းတွေတီးတယ်။ သီချင်းက များများစားစား မရပါဘူး။ Round Chordsလေးတွေနဲ့ ၅ ပုဒ်လောက် ရတာပါ။ အဲတာနဲ့ ပရောဖက်ရှင်နယ် ဖြစ်နေတဲ့ ငယ်သူငယ်ချင်းဆီ သီချင်း Notes တွေ ပို့ပေးဖို့ မက်ဆင်ဂျာက လှမ်းပြောလိုက်တယ်။ အကြောင်းသိဆိုတော့ သူက ခင်မောင်တိုးသီချင်း ၁ဝပုဒ် လှမ်းပို့တယ်။ သူတို့တီးဝိုင်းက notes တွေကို ဓာတ်ပုံရိုက်ပြီး လှမ်းပို့ပေးတာ။ "ကီးတော့ ချိန်းလိုက်ကွာ...အခုက သိတဲ့အတိုင်း Key :C နဲ့ချည်း ရေးကြတာ..."လို့ သူကပြောတယ်။

ဂစ်တာလေးကို ကြိုးညှိတယ်။ ဒီအတိုင်းဆိုရင် နားအကျင့်မရှိတော့ လွယ်မယ်မထင်ပါဘူး။ ဒါပေမဲ့ နည်းပညာအထောက်အကူနဲ့ဆိုတော့ ခဏနဲ့ အဆင်ပြေသွားတယ်။ ပြီးတော့ ခင်မောင်တိုးသီချင်းတွေကို ကီးချိန်းဖို့ စဉ်းစားရတယ်။သူ့အုပ်စုနဲ့တူ ဖွဲ့ထားတဲ့ ကော့ဒ် (chords)တွေကို အလွယ်တကူနဲ့ ကျနော်မသိပါဘူး။ အဲတာကြောင့် family chords ဇယားကို လိုက်ရှာရတယ်။ ဇယားကလေး ရလာတော့မှ စာရွက်တခုပေါ်မှာ သူငယ်ချင်းပို့ပေးထားတဲ့ သီချင်းနုတ်စ်ကို ကူးရေးရတယ်။ ပြီးတော့မှ ကီးချိန်းထားတဲ့ ကော့ဒ်တွေကို  မင်နီနဲ့ ပြန်ရေးရပါတယ်။

အတွေးပန်းချီ၊ ဆည်းလည်းလှိုက်သံ၊ ငုဝါခြွေတဲ့မိုး ၊ဝေးခဲ့ပြီပန်းခရမ်းပြာ၊ ညှို့သူ၊ ကြိုးကြာသံ၊ေ စာင့်လို့တော့နေရစ်ဦး... သီချင်းတွေက ငယ်စဉ်ကလေးဘဝထဲက အကြိုက်တွေချည်းပါပဲ။ ဘာရယ်ကြောင့်ကြိုက်ခဲ့တာမှန်း သေချာမသိပဲ ကြိုက်ခဲ့လိုက်တာ။ ကီးချိန်းပြီးတော့ ဆော့ဖ်ဝဲအကူအညီနဲ့ ကြိုးညှိထားတဲ့ တိုက်နှစ်လုံးဂစ်တာလေးကို ကောက်ယူလိုက်တယ်။ ပါးစပ်က အလွတ်ရနေတဲ့ လိဒ်ဂစ်တာနုတ်စ်လေးကို ဖွဖွငြီးရင်း ရစ်သမ်ခတ်လိုက်တယ်။ သူငယ်ချင်းရဲ့ နုတ်စ်ထဲမှာ ပြထားတဲ့ ထပ်ကြော့ဖို့တို့၊ကျော်ချဖို့တို့ သင်္ကေတတွေကို သေချာမသိတော့ ရမ်းသမ်းမှန်းသမ်းပဲ တီးနေဆိုနေမိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျနော့်စိတ်ထဲတော့ ကျေနပ်နေမိတယ်။

နောက်ရက်တွေမှာ ရုံးဖွင့်တော့ အလုပ်သွားရတယ်။ ဂစ်တာလေးကို ကြိုးလျော့ထားခဲ့တယ်။ အရင်ကဆိုရင် ဂစ်တာကြိုး မညှိတတ်တော့ ကြိုးလျော့ထားဖို့ ဝန်လေးနေမိဦးမှာ။ အခုတော့ ကြိုးညှိတဲ့ ဆော့ဖ်ဝဲလေး အလွယ်တကူရှိနေတော့ မစိုးရိမ်မိတော့ပါဘူး။ အလုပ်ထဲရောက်တော့ မီတာ၂၀၀ ရှည်တဲ့ သံလမ်းကြီးတွေကို ပြေးလမ်းပေါ်တင်ရတယ်။ ၁ မီတာကို ပေါင်ချိန်၁၁ဝရှိတဲ့ သံလမ်းကြီးရှည်ကြီးဆိုတော့ တချောင်းကို ပေါင်ချိန် နှစ်သောင်းကျော် လေးလံပါတယ်။
အဲသည်သံလမ်းကြီးကိုသာ နည်းပညာအကူအညီမပါဘဲ လူတွေနဲ့ချည်း ကိုင်တွယ်လုပ်ကိုင်ရမယ်ဆိုရင် အတော်မလွယ်ကူတဲ့ကိစ္စပေါ့။ အချိန်အတော်ပေးရလိမ့်မယ်။ အချိန်ပေးရတာထက် ပိုအရေးကြီးတာက လုပ်သားတွေလည်း ထိမိခိုက်မိ ဖြစ်ကြရမှာ။ အခုတော့ ယာမာဂူချီလို့ နာမည်ပေးထားတဲ့ ချိန်းဘလောက်
တွေသုံးပြီး ပြေးလမ်းပေါ် တင်လိုက်ကြတယ်။ ယာမာဂူချီဆိုတာ မြန်မာလို ဘာလဲတော့ ကျနော်မသိပါဘူး။ ချိန်းဘလောက်ချိတ်ဆွဲဖို့ အထိုင်တွေကို အပေါ့စားသတ္တုနဲ့ လုပ်ထားတာပါ။ လူတယောက်ထဲ ထမ်းသယ်နိုင်တယ် ။ချိန်းဘလောက်ကိုလည်း အထက်၊ အောက်တင် မဟုတ်ပဲ ဘေး၊ ဘယ်ညာ ရွေ့ လျားနိုင်အောင် လုပ်ထားတာမို့ အချိန်အား လူအားသက်သာတယ်။အဲသည် ယာမာဂူချီတွေကိုလည်း မီတာ၂ဝဝရှည်တဲ့ သံလမ်းအတွက် အနည်းဆုံး ၁၂ စုံ သုံးပါတယ်။သံလမ်းရဲ့ အစွန်းတဖက်စီမှာ ၆ မီတာစီ ချန်ထားပြီး ပထမဆုံံး နှစ်စုံကို ဟိုဖက်ထိပ် သည်ဖက်ထိပ်တွေမှာ ချထားပြီးရင် ကျန်တဲ့ ၁၀ စုံကို အလယ်တွေမှာ အကွာအဝေးတူ ချထားရတယ်။ လုပ်သားတွေကို အချက်ပေးလိုက်တဲ့အသံကို ဂရုတစိုက် နားထောင်ခိုင်းပြီး
ဟန်ချက်ညီညီနဲ့ ချိန်းဘလောက်ကြိုးတွေကို ဆွဲခိုင်းရတယ်။ နည်းပညာ အထောက်အပံ့ ပေးထားပေမဲ့ လူသားတွေဖြစ်ကြတဲ့ လုပ်သားတွေရဲ့ ပေါင်းစပ်မှု ပါလာခဲ့ပြီဆိုရင်တော့ တိုင်မင်ကိုက်မှ အလုပ်ဖြစ်တယ်။ အဲသည်အတွက်လည်း အတွေ့အကြုံရှိထားတဲ့ လုပ်သားအုပ်စုနဲ့မှ ခရီးရောက်ပါတယ်။ တခါတုန်းက အလုပ်ရှင်က လုပ်အားခငွေ အချိန်မှန်မပေးလို့ လုပ်သားတွေက အလုပ်မဆင်းဘဲ နေလိုက်ကြတယ်။ကျနော်တို့ကတော့ သတ်မှတ်ကာလမှာ ပြီးစီးရမဲ့ တာဝန်ရှိနေတော့ နားနေလို့ မရဘူး။ အလုပ်သမားအသစ်တွေနဲ့ လုပ်ကိုင်ရမယ်။
အတော်ကြီး ကသိကအောက် ဖြစ်တဲ့အပြင် လုပ်ငန်းခွင်ထဲမှာပါ ဒဏ်ရာရသူတွေ ရှိသွားခဲ့တယ်။ အဲတာနဲ့ အလုပ်ရှင်ကို အတွေ့အကြုံရှိတဲ့ လုပ်သားတွေရဲ့ တန်ဘိုးကို ပြောပြပြီး လုပ်အားခမြန်မြန်နဲ့မှန်မှန်ချေပေးလိုက်ဖို့ ပြောခဲ့ရဖူးပါတယ်။ နည်းပညာ အကူအညီဘယ်လောက်ပဲ ပေးပေး၊ လုပ်ငန်းခွင် အတွေ့ အကြုံဆိုတာ အရေးကြီးတဲ့အကြောင်း အလုပ်ရှင်တိုင်း သိထားသင့်တယ်လို့ ကျနော်တွေးမိပါတယ်။

ညနေအိမ်ပြန်ရောက်တော့ အလုပ်ထဲက ပြီးစီးမှုစာရင်းတွေ သတင်းပို့ပြီး ဂစ်တာလေးကို ကြိုးပြန်ညှိတယ်။ သီချင်းတွေ လျှောက်တီးဖို့ ပြင်ပြီးကာမှ သေသေချာချာ တီးချင်လာတယ်။ အဲတာနဲ့ သီချင်းစာသားလေးတွေကို နုတ်စ်ထဲမှာ လိုက်ဖြည့်တယ်။ အပြင်မှာ မိုးတွေကလည်းရွာ၊ အိမ်မှာကလည်း တယောက်တည်းဆိုတော့ ဂစ်တာနဲ့တီးလိုက် နုတ်စ်ထဲချရေးလိုက် ဘယ်သူ့မှလည်း အားနာစရာက မလိုဘူး။ နောက်တော့ ဂစ်တာလေးဘေးချပြီး ခြေထောက်နဲ့စည်းချက်လိုက်ရင်း သီချင်းစာသားတွေဖြည့်တယ်။ ဘောပင်လေးနဲ့စည်းချက်လိုက်ရင်း သီချင်းစာသားတွေ ဖြည့်တယ်။ သီချင်းနှစ်ပုဒ်အတွက် စာသားတွေ ဖြည့်ပြီးတဲ့အခါမှာ မိုးတွေက တအားသည်းလာပြီ။ အဲတာနဲ့ ကော်ဖီလေးထဖျော်၊ ဆေးပေါ့လိပ်လေးမီးညှိရင်း နုတ်စ်တွေကို ပြန်ဖတ်နေမိတယ်။ သီချင်းတွေ...သီချင်းတွေ။ စိတ်က ဂစ်တာတီးဖို့၊ သီချင်းစာသားဖြည့်ဖို့ထက် သီချင်းတွေကိုပိုလို့ စိတ်ဝင်စားလာတယ်။

"အဥ္ဇလီမောင်မောင်၊ကိုနေဝင်း၊ဦးရဲလွင်...ဒီဆရာကြီးတွေဟာ ဒီသီချင်းတွေကို ဘယ်လိုများ ရေးသီခဲ့ပါလိမ့်"ဆိုတဲ့ အတွေးနယ်ကို ချဲ့နေမိတယ်။သီချင်းတပုဒ် ဖြစ်လာဖို့ရာ လွယ်ကူပါ့မလား။အထူးသဖြင့် အခုလောက်အထိ သမနိရှည်အောင် ဖြစ်တည်နေတဲ့ သီချင်းမျိုးတွေကို သူတို့ရင်ဘတ်က ဘယ်လိုများ ထုတ်ခဲ့ကြပါလိမ့်။ရင်ဘတ်က ထုတ်ခဲ့တာလား...ဒါမှမဟုတ် မထိန်းနိုင်မသိမ်းနိုင်၊မမျိုသိပ်နိုင်တော့ဘဲ အန်ကျခဲ့ကြတာများလား။ခင်မောင်တိုးသီချင်းတွေတွင် မဟုတ်ပဲ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေအကြောင်း စဉ်းစားမိပြီး ဆရာစိုင်းခမ်းလိတ်ကလည်း သီချင်းတွေကို ဘယ်လိုဖွဲ့သီခဲ့ပါလိမ့်ပေါ့။အတွေးတွေ များလာခဲ့ရတယ်။
နောက်တော့ ကျနော်နှစ်သက်တဲ့ ခိုင်ထူးသီချင်းတွေ၊ခင်ဝမ်းနဲ့ရာပြည့်သီချင်းတွေ။တံစက်မြိတ်က စီးကျနေတဲ့ မိုးရေတွေဟာ မှောင်လုလုအချိန်မှာ သိပ်ကိုလှနေတယ်။တေးရေးဆရာကြီးတွေဟာ သူတို့သီချင်းစာသားတွေကို မိုးရေတွေလိုပဲ တဝေါဝါ သွန်ချခဲ့ကြတာလား။မိုးကရော သူ့မိုးရေတွေကို အလွယ်တကူ သွန်ချခဲ့တာလား။ဆရာမြို့မညိမ်း၊ဆရာရွှေတိုင်ညွှန့်...သူတို့ကရော အလွယ်တကူနဲ့ သီချင်းတွေ ဖြစ်ခဲ့ကြတာလား။အလင်းပျောက်လုလု မိုးစိုညနေခင်းထဲ ငေးတွေးရင်း ဂစ်တာတီးဖို့ကို ကျနော် မေ့နေခဲ့ပါပြီ။

ကျနော်က ဂစ်တာကြိုးကို ဆော့ဖ်ဝဲနဲ့ ညှိယူတယ်။ သီချင်းနုတ်စ်ကို သူငယ်ချင်းဆီကတောင်းတယ်။ ကီးချိန်းတော့လည်း အလွယ်တကူရှိနေတဲ့ family chords ဇယားကွက်ကြီးနဲ့။ဆိုချင်တဲ့ သီချင်းတွေကျတော့ အနှစ်တွေ။ ပြန်စဉ်းစားရင်း ရှက်စရာလို့တောင် ထင်မိလာတယ်။ ကျနော့်တကိုယ်စာအတွေးပါ။ နေ့ခင်းပိုင်းက သူများတွေတီထွင်ထားတဲ့ ယာမာဂူချီ ချိန်းဘလောက်ကို သုံးပြီး သံလမ်းတွေ ရွေ့ခဲ့တယ်။ ပြေးလမ်းပေါ် တင်ခဲ့တယ်။ အဲသည် ပစ္စည်းကိရိယာတွေကို ဘယ်လိုကြံဆခဲ့မှန်း ကျနော်မသိခဲ့ပါဘူး။ တီထွင်ကြံဆသူဟာ အချိန်တခုတော့ ယူခဲ့ရပါလိမ့်မယ်။ အဲသည်ကိစ္စဟာ သူ့ခေါင်းထဲက ထွက်လာတဲ့အကြံတခု ဖြစ်မယ် ထင်ပါတယ်လို့ တွေးမိပါတယ်။ သီချင်းတွေနဲ့ချိန်းဘလောက်နဲ့ကို နှိုင်းယှဉ်ကြည့်လို့ ရမယ်မထင်ပါဘူးလေ။
သီချင်းရေးဆရာတွေဟာ သီချင်းတပုဒ် ရေးနေရင်း တဝက်တပျက်မှာ ရပ်တန့်သွားတာမျိုးလည်း ရှိကောင်းရှိလိမ့်မယ်ထင်ပါရဲ့။ ချိန်းဘလောက်ထွင်တဲ့ ဆရာကတော့ ယာမာဂူချီချိန်းဘလောက်အဖြစ်ကို မရောက်နိုင်လည်း တခုခုကို သယ်ယူရွေ့ပြောင်းနိုင်တဲ့ ချိန်းဘလောက်တခုအဖြစ် တီထွင်ခဲ့မှာပါပဲ။ သီချင်းတွေကျတော့ ဆုံးခန်းမတိုင်ရင် တေးရေးဆရာက ကျေနပ်မယ် မထင်ပါဘူး။

"အနုပညာပစ္စည်းဆိုတာ လစေ့မှ မွေးဖွားရတဲ့ သန္ဓေသားလိုပဲ...၊ လျှောမွေးဟာ သေတတ်သတဲ့။ မသေတောင်  အလုံးစုံတော့ မပြည့်စုံဘူး" ဆိုပြီး ကြားဖူးခဲ့တယ်။ ဆရာအဥ္ဇလီမောင်မောင်တို့အပါအဝင် ဆရာမြို့မညိမ်းတို့၊ ဆရာရွှေတိုင်ညွှန့်တို့နဲ့ အခြား အခြားသောတေးရေးဆရာတွေဟာ ခံစားချက်သန္ဓေသားကို ရင်မှာလွယ်ထားပြီး လစေ့မှ ဖွားခဲ့ကြတာလား။ သီချင်းကောင်းတပုဒ်ရဲ့ ဖြစ်တည်မှုဟာ အဲသလိုကြီးပဲလား။ ဒါမှမဟုတ် စာကောင်းတပုဒ် ကဗျာကောင်းတပုဒ် ပန်းချီကားတချပ် ပန်းပုရုပ်တရုပ်... အနုပညာပစ္စည်းတိုင်းဟာ အချိန်ယူခဲ့ရတာလား။ အချိန်က ဘယ်လောက်လိုသလဲ။ ဘယ်လောက်အထိ စောင့်ကြရတာလဲ။ အမေးတွေ ရှိပေမဲ့ အဖြေက အမျိုးမျိုး ဖြစ်မယ်ထင်ပါရဲ့။ မိုနေးဟာ သူရဲ့ နှင်းမြူနီပန်းချီကားကို လင်းပွင့်နေရောင်ခြည်နဲ့အတူ ဖျတ်ခနဲများ ရေးလို့ရခဲ့တာလား။ ဗန်ဂိုးဟာ အာလူးစားသူတွေကို နေ့စဉ်မြင်နေခဲ့ရတာလား။ အဲတာတွေမတိုင်ခင် သူတို့ရင်ဘတ်ထဲမှာ ဘာတွေသိုလှောင်သိမ်းစု ထားခဲ့သေးတာလဲ။ မိုနေးပဲ သိမှာပေါ့။ ဗန်ဂိုးပဲ သိမှာပေါ့။ မားဆိုးရဲ့ လက်ညှိုးလေး ကွေးသွားတာကရော  အနုပညာတခုများလား။ သူဟာ သူ့စိတ်သူ တော်လှန်ခဲ့တာလား။ အဲတာကိုလည်း မားဆိုးပဲ သိမှာပါ။ ဆရာနတ်နွယ်က မြန်မာပြည်မြောက်ပိုင်းမှာ အကြာကြီးနေပြီးမှ ဝတ္ထုရှည်ကြီးတပုဒ် ချရေးခဲ့တယ်။ မော်ဟန်၊ မော်လူး ကူးချည်သန်းချည် အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ကာဒူမှာ သူ့ခြေရာတွေ ထပ်ခဲ့တယ်။ ဆရာနတ်နွယ်က သူ့ရင်ထဲမှာ အဖြစ်သနစ်တွေ ဇာတ်ကောင်တွေ ရေမြေသဘာဝနဲ့ယဉ်ကျေးမှုတွေ ကိုယ်စားဝင်ခံစားမှုတွေကို လွယ်ပိုးထားခဲ့ရလေသလား။ ဆရာနတ်နွယ်ပဲ သိပါလိမ့်မယ်။ အနုပညာပစ္စည်းဆိုတာကလည်း ခက်တော့ အခက်သား... တခါတလေတော့လည်း ဖျတ်ခနဲကောက်ရတယ်လို့ ထင်မိကြပေမဲ့ တကယ်တော့ ရင်ထဲက သန္ဓေသားကို ရေမြွှာပေါက်သွားစေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

အနုပညာအသစ် ပီပီပြင်ပြင် ဖြစ်ဖို့အတွက် အဟောင်းတွေကို ပက်ပက်စက်စက် တော်လှန်ခဲ့ရသလား။ အဟောင်းတွေကို မွမ်းမံဖြည့်စွက်ခဲ့ကြရတာလား။အနုပညာနဲ့တော်လှန်ခြင်း။ တော်လှန်ခြင်းနဲ့အနုပညာ။ အဲသည်နေရာမှာ အဟောင်းကို တော်လှန်ဖို့အတွက် အသစ်က ပြီးပြည့်စုံတဲ့ ကိုယ်ခံအား ရှိနေလို့ လိုအပ်သလား။ ဒါမှမဟုတ် တော်လှန်နေရင်းနဲ့ပဲ လိုအပ်ချက်တွေ တခုပြီးတခု တစပြီးတစ တမျှင်ပြီးတမျှင် တမှုန်ပြီးတမှုန် ဖြည့်တင်းခဲ့ရလေသလား။ ဆရာကြီးတွေမှ သိနိုင်မယ့် မေးခွန်းကို ဆေးလိပ်မီးခိုးငွေ့တွေကြား လိုက်ရှာနေမိတယ်။

သေချာတာကတော့ ကြိုးမညှိတတ်သေးခင်မှာ ချစ်သူအိမ်ရှေ့ ဂစ်တာနဲ့ ရောက်ခဲ့ရတယ်။ ချစ်သူနဲ့မလွဲခဲ့ရဘူး။ ဂစ်တာပညာ မပြည့်စုံပေမဲ့ ချစ်သူကိုတော့ မဆုံးရှုံးခဲ့ဘူး။

တချိုသောအရာတွေအတွက် အလုံးစုံ ပြည့်ဝချိန်အထိ စောင့်နေလိုက်တဲ့အခါမှာ ဆုံးရှုံးရတာမျိုးတွေက ရှိလာတတ်သေးတာ။

ဂစ်တာကို ကျနော်ကောက်ကိုင်လိုက်တယ်။ ကြိုးကြာသံသီချင်းကို တီးလိုက်တယ်။ ဆိုလိုက်တယ်။ တကယ်တော့လည်း ၈၈ ခုနှစ်ရဲ့ ကျောင်းပိတ်ချိန်တွေကတည်းက ဂစ်တာနဲ့ကြိုးကြာသံ။ ကြိုးကြာသံနဲ့ဂစ်တာကို ရင်းနှီးခဲ့ရတာပါ။ နှစ်ပေါင် း၃၀ ကျော် ကာလအတွင်းမှာ ကျနော့်ရင်ထဲ တခုခုဟာ ရင့်မှည့်နေခဲ့ရောပေါ့။ Chorus အပိုဒ်ကို ရိုက်ချက်တွေနဲ့အတူ အားပါးတရ အော်ဆိုလိုက်တယ်။ ကျေနပ်ပါတယ်။ ကြိုးမညှိတတ်လည်း ကျေနပ်တယ်။

အပြင်မှာ မိုးတွေတိတ်သွားပြီ။ မိုးရွာဖို့အတွက် မိုးတိမ်တွေ သေချာစုဖွဲ့ခဲ့ရတာလား။ မိုးတိမ်တောင်တခု ဖြစ်လာဖို့တော့ သိပ်ပြီး မကြာလောက်ပါဘူး။ 
မိုးတွင်းကာလ ပီပီပြင်ပြင်ကြီးရောက်မှ မိုးတွေရွာမယ်ဆို မြက်ပင်လေးတွေ၊ သတ္တဝါပိစိညှက်လေးတွေ၊အိုကြီးအိုမ နာမကျန်းသူတွေအတွက် လွယ်မတဲ့လား။

ကျော်ကျော် မြရည်စမ်း
၂၁/၅/၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်သော်တာ၊ ကိုသက်အောင်၊ မောင်ထိုက်အောင်

Posted: 21 May 2021 09:52 PM PDT


Art - Crd
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၂၂၊ ၂၀၂၁
...
ချာလီ

ကိုယ်တိုင်ကောင်းကောင်းရယ်မောခွင့်မရဘဲ
လောကကြီးကိုရယ်စရာကောင်းအောင်လုပ်ကြည့်မိတယ်

ရယ်လည်းမရယ်ရဘူးတဲ့
ဘယ်လောက်ရက်စက်စိမ်းကားလိုက်သလဲကွယ် .....

ချာလီရေ မကြားဖူးတာတွေကြားရတဲ့ မင့်ဟာသတွေကို
ငါတို့ဟားတိုက်ရလွန်းလို့
ဒဏ်ရာတွေသွေးမတိတ်နိုင်တော့ဘူး

တော်တော့
တော်တော့..တော် ပါ တော့

ရူးနေတဲ့ကောင်ကရယ်စရာလုပ်တာခံရပြင်းလွန်းတယ် .....

လုယက်မှုလို့ပြောမယ်ဆိုရင်လည်းငါတို့အသက်
ငါတို့ ပြန်လုနေရတာပါ...
လက်နက်မှုလို့ဆိုရင်လည်း
မင့်မျက်နှာပေါ်ပစ်ထွေးလိုက်တဲ့တံတွေးစက်ပဲရှိတယ်

ငါတို့ကိုဖိနင်းထားတဲ့မင့်ခြေထောက်အောက်ကရုန်းထွက်နေတာ
နာကျင်အံကြိတ်သံပဲထွက်နိုင်တယ်
အဲဒါလေးပဲငါတို့ဆူပူအုံကြွနေတာလေ
ချာလီ...မင်း တော်တော်ရယ်ရတဲ့အကောင်ပဲ .....

သန်းခေါင်ညထဲ
လူရိပ်မြင်တိုင်းထိုးဟောင်တတ်တဲ့လမ်းကြားက
ခွေးလေခွေးလွင့်လေးကတောင်
သူဟာငါ့ရဲဘော်ပါတဲ့
ငါ့ကို ကင်းစောင့်ပေးနေရှာတယ်

ဉာဏ်နည်းပြီးသစ္စာသိတဲ့အနုံညာတလေးလို
လောကကို မင်း စောင့်ရှောက်ဖူးရဲ့လားချာလီ
ငါတို့ရဲ့နွေဦးညတွေထဲ မင်းရူးသွားလောက်ပါတယ် .....

မောင်သော်တာ
...

'' ညီလေး ''

ဖြစ်ချင်ရင်
တိုက်တန်းနစ်တောင် တိမ်းမှောက်သေးတာပဲ

ဒုက္ခမြစ်ကျဉ်းထဲ
မင်းရော ငါပါ ရောက်မိပြီ 

ငါးတွေလောက်တော့ 
ဘယ်သူ ရေကူးကျွမ်းပါ့မလဲ 

သို့သော် 
အသက်ကယ်အင်္ကျီလို ငါ့ကို ဝတ်ဆင်ပါ ။

ကိုသက်အောင်
...

''  မြင်းမူ ''

မြစ်‌ဧရာကို ငေးရင်း
ဆင်ခြင်တုံတရား ရင့်သန်ခဲ့ပုံရတယ်
'မြစ်ဆိုတာ ပျိုမျစ်ရမယ်
မြို့ဆိုတာ မှီခိုသူအတွက် နှစ်မြို့ဖွယ်ဖြစ်ရမယ်' သူ ဟစ်ကြွေး
ဖိနှိပ်မှု ကြုံတွေ့တိုင်း
ဖြည်‌လျော့ထားတဲ့လက်ကို ဆုပ်ဖို့မမေ့တတ်တဲ့မြို့ 
သည်မြို့က
လူထုကို သစ္စာခံထားပေါ့ ။ ။ 

မောင်ထိုက်အောင် 
၉ မေ ၂၀၂

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း

Posted: 21 May 2021 04:59 PM PDT



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၁၊ ၂၀၂၁

မြို့ဧရိယာများတွင် တိုက်ပွဲမျက်နှာစာ များပြားလာသည့် မြန်မာနိုင်ငံ နဲ့ ဒူးမခိုင်သူတွေက များ

ဒီနေ့ သတင်းတွေထဲ ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားပြီး အဝင်အထွက်လုပ်သူတွေကို စစ်ဆေးဖမ်းဆီး ရိုက်နှက်တာတွေ လုပ်တဲ့သတင်း၊ ဖလမ်းမြို့အနီးမှာ စစ်ကားကိုချင်းကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့က အကျအဆုံးရှိတဲ့သတင်းတွေနဲ့ ချင်းပြည်နယ်နဲ့ မိုင်ရာချီကွာဝေးတဲ့ ကယားပြည်နယ် ဒီမောဆိုးမြို့တဝိုက် ကယားပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်တဲ့သတင်းတွေ တွေ့ရပါတယ်။

ဒါတွေက မြို့ဧရိယာတွေမှာ ကြိုကြားကြိုကား တိုက်ပွဲတွေ ဖြစ်လာနေတာ ပြီးခဲ့တဲ့ တလဝန်းကျင် ကတည်းက ဖြစ်ပါတယ်။ တိုင်းရင်းသား ဧရိယာတွေတင်မက မြန်မာနုိင်ငံ အလယ်ပိုင်း မြင်းခြံ၊ စစ်ကိုင်းတိုင်း က ကနီနယ်၊ တန့်ဆည် တို့မှာလည်း ရက်အနည်းငယ် အကြာ ခုခံမှု တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ခုရက်တွေမှာတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၊ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်လုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ ကရင်နီပြည်နယ် (ကယား) ဆီကို တိုက်ပွဲခေါ်သံရောက် လာတာ တွေ့ရပါတယ်။

မနေ့ညနေပိုင်းက စလို့ ဒီမောဆိုးမြို့နားက ဒေါငံခါး လမ်းမှာ ပစ်ခတ်မှုတွေ ပစ်ခတ်သံတွေကြားရာက မေလ ၂၁ ရက်နေ့မှာေတာ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီမောဆိုး မြို့အထွက် စစ်ဆေးရေးဂိတ်ကို သိမ်းယူပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကရင်နီပြည်နယ်ဟာ လက်နက်ကိုင် တိုက်ပွဲတွေ သိပ်ကြီးကြီးမားမား မဖြစ်တာ နှစ်နဲ့ချီကြာနေရာက ခု စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေတက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ကေအန်ပီပီ ဧရိယာဘက်ကနေ ပြန်လာတဲ့ လူငယ် ၇၀ ကျော်ကို စစ်သင်တန်းတက်လာတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိမ်းသိမ်းထားလိုက်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းမှုကို စစ်ရေးနည်းလမ်းနဲ့ တု့့ံပြန်တော့မယ်ဆိုတဲ အယူအဆတွေ မြင့်တက်လာပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထံ သွားရောက်ပြီး စစ်ပညာသင်တန်း၊ ဖောက်ခွဲမှုသင်တန်းတွေ တက်ရောက်ကြ ပြီး အချို့ကတော့ မြို့တွေဆီ ပြန်လာကြပြီး အချို့ကတော့ အဲဒီဧရိယာမှာ နေထိုင်ကာ လက်နက်ကိုင် တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများစုဖြစ်တဲ့ ချင်းလူမျိုးနွယ်တွေ၊ ကရင်နီ၊ ကယားလူမျိုးစုတွေဟာ ခု စစ်ကောင်စီကို လက်နက်ကိုင် ခုခံတိုက်ခိုက်ဖို့ စတင်လာကြတာ တွေ့နေရပါပြီ၊ မြန်မာပြည်ဟာနှစ်ပေါင်း ၇၀ ကျော်ကြာရှည်လာတဲ့ ပြည်တွင်းစစ် တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဝဲထဲကျရောက်နေခဲ့ရာက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး ဆွေးနွေးမှုနဲ့ အဖြေရှာဖို့ အစပျိုးခဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုပေါင်း အကြိမ်ရာနဲ့ချီ ၄ကြိမ်ဝန်းကျင် ညီလာခံ ကျင်းပခဲ့ရာက ငြိမ်းချမ်းရေး မျှော်လင့်ချက် အနည်းငယ် မြင်ခဲ့ကြရာက စစ်အာဏာသိမ်းလိုက်တဲ့နေ့က စလို့ လက်နက်ကိုင် ပဋိပက္ခ ဝဲဂယက်ထဲ ပြန်လည်သက်ဆင်းခဲ့ရပြန်ပါတယ်။

တိုင်းပြည်ရဲ့ ကံကြမ္မာက ငြိမ်းချမ်းရေး ရဖို့ ပါမလာတဲ့ သဘောလို့ လွယ်လွယ် ကောက်ချက်ချရမလို ဖြစ်နေပြီလားလို့ တွေးစရာ ရှိပါတယ်။ တဖက်မှာလည်း လွတ်လပ်ရေး ရတဲ့အချိန်က စလို့ လက်နက်ကိုင်ပဋိပက္ခကို စတင်မွေးဖွားလာခဲ့ကြပြီး နိုင်ငံရေး ရည်မှန်းချက်၊ လက်ဝယ်ကိုင်စွဲထားတဲ့ နိုင်ငံရေးအာဏာကို ခွဲဝေ ကျင့်သုံးဖို့ထက် လက်နက်အားကိုးနဲ့ ကျန်တဲ့ အုပ်စုတွေကို ဖယ်ရှား၊ ထိန်းချုပ် ကန့်သတ်တဲ့ အစဥ်အလာက နှစ် ၇၀ ကျော် ရှိခဲ့တဲ့ သမိုငး်ဟာ ဝမ်းနည်းကြေကွဲစရာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ထဲမှာ နေထိုင်ကြရတဲ့ ပြည်သူပြည်သားတွေ ဘဝ အထူးသဖြင့် ပဋိပက္ခဧရိယာ ကျေးလက်တွေ တောတောင်တွေမှာ နေထိုင် အသက်မွေးကြသူတွေရဲ့ ဘဝက စစ်ရှောင်စခန်းမှာ နှစ်နဲ့ချီနေထိုင်ကြရသူတွေ၊ အိမ်နီးချင်းနိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်နဲ့ချီနေထိုင်ကြရသူတွေ ထောင်သောင်းချီ ရှိနေတာကို တွေးကြည့်မိရင် ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိအောင်ပါ။ စစ်တပ်ကို အင်အားကြီးအောင် မွေးထုတ်ပေးလိုက်တဲ့ ပြည်တွင်းစစ်ကိုလား၊ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲ မဝင်စွက်ဖက်အောင် မထိန်းသိမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေကိုလား မပြောတတ်အောင်ပါ။

လက်နက်ကိုင် ပဋိပက္ခ တုိက်ပွဲတွေ အကြောင်း သတင်းအပြင် ဒီနေ့အတွက်အရေးကြီးတဲ့ အခြား သတင်းတပုဒ်ကတော့ ယူအီးစီနဲ့ နုိင်ငံရေးပါတီ ၆၀ နီးပါးတွေ့ကြတဲ့ဆွေးနွေးပွဲမှာ ယူအီးစီ ဥက္ကဌက အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းသင့်မသင့်ဆိုတဲ့ စဥ်းစားမယ်ဆိုတဲ့ စကား၊ ဖျက်သိမ်းသင့် မသင့်ကိစ္စကို စစ်ကောင်စီ ဥက္ကဌဆီ မကြာခင် တင်ပြမယ်ဆိုတဲ့စကားကို အဖွင့်မိန့်ခွန်းမှာ ပြောဆိုပြီး အများသိအောင် လုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီဆိုကတည်းက အန်အယ်လ်ဒီနဲ့ ရွေးေကာက်ပွဲကာလတာဝန်ယူခဲ့တဲ့ ယူအီးစီတိို့ရဲ့ ဆက်သွယ်မှုကို စစ်ကောင်စီက ပစ်မှတ်ထား အပြစ်ရှာမယ့် သဘောကို ခန့်မှန်းထားခဲမိသလို အန်အယ်လ်ဒီကို နောက်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မပါနိုင်အောင် စည်းမျဥ်း ဥပဒေတွေ သတ်မှတ်မှာ ဒါမှမဟုတ် အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းတာမျိုး အထိ လုပ်နိုင်ခြေ ရှိတာလည်း မှန်းဆမိခဲ့ပါတယ်။

ခုတော့ ထင်မှတ်ထားတဲ့ အတိုင်း စခင်းလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ အရင် ရွေးကောက်တင်မြှောက်ခံရတဲ့ အန်အယ်လ်ဒီ အစိုးရက ပြည်ထောင်စု ရွေး/ကော်ကို သြဇာလွှမ်းခဲ့တယ်လို့ စွပ်စွဲချက် တင်လိုက်တဲ့ စစ်ကောင်စီ ကော်မရှင်အနေနဲ့ ဘာကေြာင့် ဖျက်သိမ်းသင့်မသင့် အစီရင်ခံစာကို စစ်ကောင်စီဥက္ကဌ ဆီတင်မယ်လို့ လူသိရှင်ကြား ပြောဆုိလိုက်တာက ယူအီးစီကို စစ်ကောင်စီက ခိုင်းစေနေတယ်ဆိုတာ ဝန်ခံလိုက်သလို ဖြစ်နေတယ်ဆိုတာ ကို သတိပြုမိပုံမပေါ်ပါဘူး။

ဒီနေ့ နောက်သတင်းတပုဒ်ကတော့ နေ့စဥ် ဖြစ်နေကျ ရန်ကုန်မြို့က ပေါက်ကွဲမှု သတင်းပါ။ စမ်းချောင်းမြို့နယ် ထွေအုပ်ရုံးမှာ စောင့်နေတဲ့ လုံခြံုရေးတပ်တွေကို လက်ပစ်ဗုံး သို့မဟုတ် လက်လုပ်ဗုံးနဲ့ ပစ်ခဲ့လို့ အသေအပေျာက်သို့မဟုတ် ဒဏ်ရာပြင်းထန်စွာ ရသွားတယ်ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့နယ်တိုင်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြိုံနယ် ထွေအုပ်ရုံး၊ ရဲစခန်း သို့မဟုတ် ရဲ/တပ် စခန်းချရာ နေရာတွေရှေ့မှာ အတားအဆီးတွေ ချထားပြီး ကားတွေ အရှိန်လျော့ ကွေ့ကောက် မောင်းနှင်အောင် လုပ်ထားတဲ့ တိုင် အဲဒီနေရာတွေမှာ ခုလို ဗုံးကွဲမှုဖြစ်နေဆဲ လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၁၀ ကျော်မှာ စစ်ကောင်စီဘက်က ခြေလှမ်းတွေ သိသိသာသာလှမ်းလာပါတယ်။ စီဒီအမ်ဝန်ထမ်းတွေကို ပထမအဆင့် ဖိအားပေး ရုံးတက်ခိုင်းပါတယ်။ ရုံးမတက်သူတွေကို အလုပ်ကနေ ထုတ်ပစ်တာ ရပ်ဆိုင်းတာတွေ လုပ်ပါတယ်။ အလုပ်ပြန်တက်သူတွေကို ခံဝန်ချက်တွေ လက်မှတ်ထိုးခိုင်းရုံတင်သာမက လက်နက်ချတဲ့ရန်သူကို ဦးချိုးသလို ပြစ်ဒဏ်ခတ်အရေးယူသလို အရေးယူမှုတွေ လစာဖြတ်တောက်မှုတွေ နည်းမျိုးစုံသုံးပြီး ဖိနှိပ်ပါတယ်။ အလုပ်မတက်သူတွေကို လိုင်းခန်းတွေက မောင်းချတာတွေ ပြီးတော့ ရပ်ရွာတွေမှာ မနေနိုင်အောင် ခြိမ်းခြောက် ရန်စတာတွေလုပ်ပါတယ်။ ၅၀၅(က) ပုဒ်မသုံးပြီး အရေးယူလို့ ဝန်ထမ်းတွေ အပါအဝင် အစွပ်စွဲခံပြည်သူတွေက ရပ်ရွာကနေ လွတ်ရာကျွတ်ရာတွေကို ရှောင်တိမ်းရ၊ ဘ၀တွေ အခြေအနေတွေ ပျက်စိးကုန်ကြပါတယ်။ ငွေကြေးအထောက်အပံ့တွေ ခက်ခဲအောင် လိုက်လံလုယက်တာတွေ ဖမ်းဆီးတာတွေလည်း စစ်ကောင်စိတပ်တွေ ဒလန်တွေက ကျူးလွန်ကြပါတယ်။

အဲသည်လိုမျိုးပဲ မြေပေါ်နိုင်ငံရေးပါတီတွေ အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကန့်သတ် ချုပ်ကိုင်တာတွေလည်း တိုးမြှင့်ပြီး ပြုလုပ်လာပါတယ်။ အင်န်စီအေလက်နက်ကိုင်တွေကို CRPH NUG NUCC PDF စတဲ့တော်လှန်ရေးအစိုးရနဲ့ အဖွဲ့အစည်းတွေနဲ့ မပူးပေါင်းဖို့ လက်မခံဖို့ ဖိအားပေး တောင်းဆိုပါတယ်။ နေပြည်တော်ကို ဆင့်ခေါ်ပြီးတော့လည်း တောင်းဆိုမှုတွေ လုပ်သလို စစ်ရေးဖြင့် ခြိမ်းခြောက်မှု သွေးတိုးစမ်းတိုက်ခိုက်မှုတွေလည်း ကျုးလွန်ပါတယ်။ အဲသည်ဖိအားတွေကြောင့် KNU ခေါင်းဆောင်တချို့နဲ့ တပ်မဟာတချို့က ခေါင်းဆောင်တွေက NCA လမ်းကြောင်းကို ကိုင်စွဲအဖြေရှာဖို့ တိုက်တွန်းစာတွေ ထွက်လာပါတယ်။ ရှမ်းပြည်နဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ရေးအရ အပစ်ရပ်ထားတဲ့ ဘောင်ထဲကနေ ရေငုံပြီး နေထိုင်ကြရပါတယ်။ ချင်း၊ ကချင်၊ ကရင်နီ (ကယားပြည်နယ်) နဲ့ ကရင်ပြည်နယ်ထဲက တိုင်းရင်းသားတွေ လူထုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ကပဲ စစ်ကောင်စီကို အံတုတိုက်ခိုက်တွန်းလှန်နေကြတာကို တွေ့ရပါတယ်။

အထက်ကပြောသလို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် နိုင်ငံရေးပါတီတွေကို မတ်လဆန်းပိုင်းမှာ ခေါ်တုန်းက စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ပါတီတွေက စစ်ကောင်စီစည်းဝေးပွဲကို အာခံပြီး မတက်ခဲ့ကြပေမယ့် အခု မေလလယ် (၂၁ရက်နေ့) ရွေးကော်အစည်းအဝေးမှာ ပြည်သူတွေကြား စိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့ ကိုကိုကြီး၏ ပြည်သူပါတီနဲ့ အောင်ဇေယျ၏ လူ့ဘောင်သစ်ပါတီတို့က အာ မခံတော့ဘဲ စစ်ကောင်စီခေါ်တဲ့အစည်းအဝေးကို တက်ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးအဖွဲ့အစည်းတွေက အသိအမှတ်မပြု ဆန့်ကျင်ထားတဲ့အချိန်၊ စစ်ရေးနိုင်ငံရေးနည်းလမ်းမျိုးစုံနဲ့ စစ်ကောင်စီကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အချိန်ကာလမှာ စစ်ကောင်စီကို အညံ့ခဲံဒူးထောက်တဲ့ ပါတီတွေ အဖွဲ့အစည်းတွေ မြင်တွေ့ကြရတာ ပြည်သူတွေအတွက်ကတော့ အော့နှလုံးနာ ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ်။

အဲသည်လို ပျော့ညံ့တွေဝေတဲ့သူတွေ ခေါင်းဆောင်တွေ အဖွဲအစည်းတွေ မြင်တွေ့ကြရတော့ မိမိတို့ အသက်အိုးအိမ်စည်းစိမ် မိသားစုတွေကို စွန့်လွှတ်စွန့်စား အနာခံ တိုက်ပွဲဝင်နေကြသူတွေ တော်လှန်ရေးရဲဘော်တွေ မိဘပြည်သူတွေအတွက် စိတ်ထိခိုက်ဖွယ် မြင်ကွင်းလို့ ဆိုချင်ပါတယ်။ အဲသည်အချိန်မှာ ဖိနှိပ် ဖမ်းဆီး ခြိန်းခြောက်ခံရလို့ ထွက်ပြေးတိမ်းရှောင်နေသူတွေထဲမှာ စစ်ကောင်စီကို အရှုံးပေးဒူးထောက်ပြီး အညံ့ခံတဲ့သူတွေ ထွက်ပေါ်လာသလို သည်ရက်တရာကျော်အတွင်း မိမိတို ့ ဇာတိရပ်ရွာကိုပါ တခါတည်းစွန့်ခွာ ကျောခိုင်းသွားကြတဲ့ လက်မြှောက်သွားကြတဲ့ အင်အားတွေရှိတယ်လို့ ကြားသိကြရတဲ့အခါ ပိုပြီး ရင်နာကြရတယ်လို့ မျက်မြင်သက်သေတွေက မှတ်ချက်ပေးပါတယ်။

၈၈ အရေးတော်ပုံကြီးကို မည်ကဲ့သို့ ဝေဖန်ခဲ့ကြသည် ဖြစ်စေကာမူ ၈၈ အရေးတော်ပုံတုန်းကလည်း ကျောင်းသားတွေ ပြည်သူတွေဟာ ၁၉၈၈ ကနေ မလျော့တန်း လမ်းပေါ်မှာ တောတောင်တွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ကာလကို ၁၉၈၈ မှ ၁၉၉၃၊ ၉၄ အထိ ၅ နှစ်တာ အရေးတော်ပုံတိုက်ပွဲကာလအဖြစ် သတ်မှတ်လို့ ရပါတယ်။ တက္ကသိုလ်ကျောင်းတွေ အောင်မြင်စွာ ဖွင့်ပြီး ကျောင်းသားတွေ ကျောင်းပြန်တက်ကြတဲ့နေ့တွေကို အရေးတော်ပုံခေတ္တတခန်းရပ်တယ်လို့ ဆိုချင်တာပါ။ အဲသည်တုန်းက ၅ နှစ်ကျော် ကြာမြင့်ပြီး လူပေါင်း ထောင်ချီပြီး သေ၊ ထောင်ချီပြီး အကျဉ်းကျ၊ ထောင်ဂဏန်းနီးပါး တောတောင်တွေထဲ ကျဆုံးခဲ့ပါတယ်။ တောထဲက ကျောင်းသားတွေကို အနောက်နိုင်ငံတွေက တတိယနိုင်ငံအစီအစဉ်ဖြင့် ခေါ်ထုတ်ကြ၊ စစ်ဘေးသင့် ရှောင်တိမ်းသူတွေကိုလည်း ဒုက္ခသည်စခန်းတွေ နဲ့ လက်ခံကြသလို စစ်အစိုးရကလည်း အလင်းဝင်ဖို့ ကြိုဆိုရေးစခန်းတွေ ဖွင့်ကြနဲ့ အရေးတော်ပုံကြီး ဦးကျိုးခဲ့ဖူးပါတယ်။ အခု သည်နွေဦးတော်လှန်ရေးဟာ ၈၈ အရေးတော်ပုံသင်ခန်းစာများကို သင်ယူထားနိုင်မယ်ဆိုရင် ဒီလိုမျိုး အညံခံခြင်း တွေဝေခြင်း လက်မြှောက်ခြင်း ကိုယ်လွတ်ရုန်းခြင်း စတဲ့ အဖြစ်မျိုးတွေ အနည်းဆုံးဖြစ်အောင် ရှောင်ရှား ကာကွယ်နိုင်ကြလိမ့်မယ်လို့ မျော်လင့်မိပါကြောင်း။

(Photo - Khit Thit Media - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်မှ ဒေသခံပြည်သူများသည် မေလ ၁၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းချီတက်ခဲ့ပြီး "We need KIA, We support CRPH, free our leaders" စာသားများရေးသားထားသော စကောများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

Posted: 20 May 2021 11:08 PM PDT



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၀၊ ၂၀၂၁

လက်သည်မပေါ်သည့် ပေါက်ကွဲမှုများနှင့် နေ့စဥ်ဘဝ


မြန်မာနိုင်ငံရဲ့ မြို့တွေမှာ တရက် တရက် ပေါက်ကွဲမှု ဘယ်လောက်ဖြစ်သလဲဆိုတာ မှတ်တမ်းတင် စာရင်းပြုစုထားတာ ရှိချင်မှ ရှိပါလိမ့်မယ်။ မတ်လ နှောင်းက စလို့ မေလခုချိန်ထိ ပေါက်ကွဲမှုတွေ ဟာ မြို့တွေမှာ နေ့စဥ်လို ဖြစ်ပွားနေတာဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တီးတိန်၊ တောင်ကြီး၊ မော်လမြိုင်၊ တနင်္သာရီတိုင်း စသဖြင့် ေပါက်ကွဲမှု မဖြစ်ဖူးတဲ့ မြို့မရှိသလောက် ဖြစ်လာနေပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေအနီး၊ စစ်ကောင်စီတပ် စခန်းချတဲ့နေရာအနီးအနား၊ ကျောင်း၊ ပုဂ္ဂလိက ဓါတ်ဆီဆိုင်၊ စာသင်ကျောင်းတွေ အားလုံး မပေါက်ဖူးတဲ့ နေရာ မရှိသလောက် ပေါက်ကွဲနေတာပါ။

ပေါက်ကွဲမှု အများစုက လက်သည်မပေါ်ကြပါဘူး။ ဘယ်သူ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပေြာဆိုတာ မရှိပါဘူး။

စစ်တပ်စခန်းချရာနေရာ၊ ရဲစခန်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပေါက်ကွဲတာတွေဆို စစ်ကောင်စီကို ဆန့်ကျင်သူတွေက လုပ်တယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်မယ့်သဘော ရှိသော်လည်း ကျောင်းလိုမျိုး၊ လူအများစည်ကားရာ စျေးဝယ်စင်တာလိုမျိုးမှာ ဖေါက်ခွဲတာတွေက ဘယ်သူ့လက်ချက်လဲ ဆိုတာ ပြောရခက်လာပါတယ်။ တဖက်က ကြည့်မယ်ဆိုရင် အုပ်ချုပ်မရစေရ ဆိုတဲ့ ကြွေးကြော်သံနဲ့ အညီ အခြေအနေ တည်ငြိမ်နေပြီ၊ အားလုံး အေးအေးချမ်းချမး်နဲ့ သွားလာလုပ်ကိုင် နေကြပြီဆိုတဲ့ အခြေအနေကို သက်သေမပြနိုင်အောင် ဘယ်နေရာဖြစ်ဖြစ် လမ်းမမှာ လမ်းဆုံမှာ လက်လှမ်းမီတဲ့ အစိုးရရုံး၊ ကျောင်း၊ တက္ကသိုလ် ပရဝုဏ်တို့ကို ပစ်မှတ်ထားတာလည်း ဖြစ်နိုင်သလို တချို့ကတော့ စစ်ကောင်စီရဲ့ ပဥ္စမံတွေ ၊ ရှဲဒိုးဂါးဗားမင့်လို့ တင်စားခေါ်တဲ့ တရားမဝင်တာတွေ လုပ်ဖို့ လျှို့ဝှက် ဖွဲ့ထားတဲ့အဖွဲ့တွေက တာဝန်ယူ လုပ်ကြတယ်ဆိုတာမျိုးလည်း တဖက်က စဥ်းစားစရာ ရှိပါတယ်။

အခုလိုအချိန်အခါမှာ သတင်းအချက်အလက် တိတိကျကျ ရဖို့ မှန်ကန်တဲ့အချက်အလက်ကို အတည်ပြုနိုင်ဖို့ အခက်ခဲဆုံးအချိန်လို ဖြစ်နေပါတယ်။ ဘက်တိုင်းက ထောက်ခံသူတွေက သူတို့ ကြားချင်တဲ့ ယုံကြည်ချင်တဲ့ အဖြစ်မျိုး ရှင်းပြချက်မျိုးကိုသာ အလိုရှိ ကြားချင်ကြပြီး အဲလို အချက်အလက်မဟုတ်ဘူးဆိုရင် တဖက်က ဝါဒဖြန့်တာလို့ ကောက်ချက်ချ ပြီး လုံးလုံး မစဥ်းစားကြတဲ့ အနေအထားမျိုး မြင်တွေ့ရပါတယ်။

ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ရေရှည်အနေနဲ့ စဥ်းစားမယ်ဆို နိုင်ငံရေးအရ နည်းနာတခုအနေနဲ့ သုံးမယ်ဆို သုံးနိုင်ပါတယ် ရန်သူကို အလုပ်များစေ၊ အလုပ်ရှုပ်စေ၊ ခြောက်ခြားစေနိုင်တယ်ဆိုတဲ့ သဘောပါ၊ လုပ်တဲ့ လက်သည်မပေါ်တဲ့အတွက် ပိပိရိရိ လုပ်နိုင်ရင် တကြိမ်မက တနေရာမက လုပ်နိုင်တဲ့သဘော၊ လူများများ မလိုအပ်ဘူးဆိုတာမျိုး ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလို ဖေါက်ခွဲမှုတွေက အဆင်မသင့်ရင် ကလေးသူငယ်တွေ အပြစ်မဲ့တဲ့ အရပ်သားတွေ ၊ ကိုယ့်အလုပ်ကိစ္စတဲ့ ကိုယ်သွားရင်း မမျှော်လင့်ပဲ အသက်ဆုံးရှုံးရတာတွေ ဖြစ်ရလို့ ဒီလိုအဖြစ်အပျက်တွေကို မျက်မြင်တွေ့သူတွေက ထုတ်ဖေါ်ပြောဆိုသင့်ပါတယ်၊ တနည်းအားဖြင့် အကြမ်းဖက် လုပ်ရပ်သဘောမျိုး ဆန်တာကြောင့် မူဝါဒအရ ကိုယ်ကျင့်တရားစံအရ စစ်သေွးကြွတာ၊ အကြမ်းဖက်ဆန်တာတွေက နိုင်ငံရေးအရ အနာဂတ်ပျောက်နိုင်တာမို့ ဆန့်ကျင်ကြရမလား ဆိုတဲ့ စဥ်းစားမှုတွေလည်း ရှိပါတယ်။

စာသင်ကျောင်းလိုမျိုး၊ လူအများ စုဝေးတဲ့ ကုန်တုိက်လို ဘဏ်လို ဘတ်စကားလို နေရာမျိုးတွေမှာ ဗုံးခွဲတာကို ဆန့်ကျင်ကြောင်း ထုတ်ပြောကြမလား စသဖြင့် စဥ်းစားတွေးဆ စရာတွေရှိနေပါတယ်။ စစ်ကောင်စီ ဆန့်ကျင်သူတွေ အနေနဲ့ ဖောက်ခွဲတဲ့ နည်းလမ်းကို သုံးတယ်ဆိုရင် ရေတို ရည်မှန်းချက် ရည်ရွယ်ချက် ရေရှည်မှာ ဘယ်လို လမ်းကြောင်း နည်းလမ်းကို သုံးမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ အဲလိုမဟုတ်ပဲ ဆိုရှယ်မီဒီယာက ကွန်းမင့်တချို့မှာ ရေးသလို ပျူစောထီးဆိုတဲ့ မဘသ ဘာသာရေးအယူအဆ အစွန်းရောက်သူတွေက လုပ်တယ်ဆိုရင်လည်း ဒီအချက်အလက်တွေ တတ်နိုင်သရွေ့ ဖော်ထုတ်ကြဖို့ နှိုးဆော်တာတွေ လုပ်သင့်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ကို စစ်အာဏာသိမ်းအပြီး ကျောင်းသားနဲ့ လူထုရဲ့ တုံ့ပြန်တွန်းလှန်မှုနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်ကြတဲ့ ကျောင်းသားနဲ့ လူထုရဲ့ တုံ့ပြန်မှု သဘာဝ ဖြစ်စဥ်တွေ က မတူကွဲပြားကြတာတွေ့ရပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ အာဏာသိမ်းပြီးနောက် နယ်စပ်ကို ထွက်ခွာသွားကြပြီး လက်နက်ကိုင် လမ်းစဥ်နဲ့ တိုက်ယူမယ်ဆိုတဲ့ လမ်းကြောင်းနဲ့ မြို့ပေါမှာ အန်အယ်လ်ဒီ၊ လူ့ဘောင်သစ် ပါတီတွေဖွဲ့ကြတော့ ပါတီနိုင်ငံရေးမှာ ဝင်လုပ်ကြမယ့်သူတွေ စသဖြင့် ၂ မျိုးကွဲပြားပြီး နယ်စပ်ကို သွားကြတဲ့သူအရေအတွက်က ခန့်မှန်းခြေ ၁သောင်းခွဲလောက် ရှိခဲ့ပါတယ်။

ခု ၂၀၂၁ အရေးတော်ပုံ ကို စစ်အာဏာသိမ်းအပြီးမှာတော့ နယ်စပ်ကို ထွက်ခွာပြီး လက်နက်ကိုင် လမ်းစဥ်ကိုင်စွဲကြမယ့်သူလည်း ရှိသလို မြို့ပေါ်မှာပဲ နေပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့ကြ ခုခံကြတာ က ရှစ်လေးလုံးနဲ့ မတူကွဲပြားတဲ့ အချက်ဖြစ်ပါတယ်။ အဲသည်အဖွဲ့တွေအရေအတွက်ကို ခန့်မှန်းကြည့်ရင် - တိုင်းရင်းသားဒေသတွေကို ပြန့်နှံ့ရောက်ရှိသွားတဲ့ လူဦးရေဟာ ၁ သိန်းအနည်းဆုံး ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ရပ်ရွာတွေမှာ ခုခံနေကြသူတွေ အရေအတွက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် သောင်းဂဏန်းရှိပါမယ်။

ဒီလို ကိုံယ့်အစုအဖွဲ့နဲ့ ကိုယ် ခုခံတွန်းလှန်ကြတာ ဖြစ်လို့ တဖွဲ့နဲ့တဖွဲ့ တုိင်ပင်တာ ဖလှယ်တာတွေ သိပ်မတွေ့ရပဲ ကိုယ့်စိတ်ကူးနဲ့ ကိုယ် လုပ်ကြတဲ့ သဘောသဘာဝ ကိုတွေ့ရပါတယ်။ အိုင်တီနည်းပညာတွေ ခေတ်မီှလာလို့ ဖုန်း လူမှုကွန်ရက် မီဒီယာ စသဖြင့် ဆက်သွယ်ရေး နည်းပညာအားသာချက် ရှိပေမယ့်လည်း တဖက်မှာ လုံခြုံရေး ရှုထောင့်ကြောင့် တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်မှု သိပ်မရှိတာမျိုးလည်း ဖြစ်နုိင်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးအရ ဦးဆောင်နေတဲ့အဖွဲ့ အစည်းြဖစ်တဲ့ စီအာရ်ပီအိတ်ချ်လို၊ အန်ယူဂျီလိုက ခုကိစ္စတွေနဲ့ပတ်သက်လို့ သဘောထား မှတ်ချက် လမ်းကြောင်းပြပေးတာတွေ လုပ်သင့်တယ် ထင်ပါတယ်။

အဲဒီလိုလုပ်မှသာ တော်လှန်ရေးက လူတိုင်းလူတိုင်း ပါဝင်နိုင်ပြီး ကြားထဲမှာ ညှိနှိုင်းမှု ဦးတည်ချက် တခုဆီ ရည်ရွယ်လုပ်ဆောင်မှု အနေနဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုချိန်မှာ တိုက်ပွဲထဲက လှုပ်ရှားသူတွေက လက်တွေ့ရင်ဆိုင်နေရတဲ့အလုပ်ကိစ္စတွေနဲ့ ဖိဆီးနေကြပါတယ်။ တိုက်ပွဲအနိးက ပံ့ပိုးကူညီထောက်ပံ့သူတွေကလည်း မရပ်မနား ကူညီထောက်ပံ့မှုတွေ လုပ်နေကြရပါတယ်။ အဲသည်တိုက်ပွဲထဲကို တိုက်ရိုက်မပါနိုင်သူတွေထဲက မြေပြင်အခြေအနေတွေကို ပကတိအတိုင်းမသိကြ မကြားကြတဲ့အတွက် တဆင့်ကြား စကားတွေနဲ့ မှတ်ချက်တွေ ဆောင်ရွက်မှုတွေကို မှန်းဆကြရပါတယ်။ အဲသည်အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုနဲ့ များများ ထိတွေ့ပြီး စည်းရုံးရေး ပြန်ကြားရေးအလုပ်တွေ ပိုပြီး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ရွေးကောက်ပွဲကာလတွေ ပါတီထူထောင်ရေးကာလတွေမှာ မြေပြင်ဆင်းပြိး စည်းရုံးရေးလုပ်တဲ့သူတွေ ပြန်ကြားရေးလုပ်တဲ့သူတွေက အရေးပါကြသလိုမျိုး အခု တော်လှန်ရေးကာလမှာ တိုက်ရင်း စည်းရုံး စည်းရုံးရင်း တိုက်ဆိုတဲ့ သဘောထားမျိုးကို တော်လှန်ရေးရဲဘော်တိုင်းက သဘောပါက်ကြမယ် ထင်ပါတယ်။ စစ်ကောင်စီကို ရရာလက်နက် (စိတ်ဓာတ်ချည်းသက်သက်အပါအဝင်) နဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူတွေကို စိတ်ဝမ်းမကွဲအောင် အင်အားတွေ မပြုံးတီးအောင် အင်အားလျော့မသွားပဲ တိုးသည်ထက် တိုးအောင်၊ တော်လှန်ရေးရဲဘော်တွေက အမြဲတန်း စည်းရုံးရေး ဆင်းနေကြဖို့ လိုတယ်လို့ ထင်မြင်ချက် ပေးလိုပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မောင်သံပုံး - မဟော်သဓာ မပါတဲ့ သားတရားစီရင်ခန်း

Posted: 20 May 2021 10:24 PM PDT



မောင်သံပုံး - မဟော်သဓာ မပါတဲ့ သားတရားစီရင်ခန်း

(မိုးမခ) မေ ၂၁၊ ၂၀၂၁

စစ်ကောင်စီရဲ့ ကျောင်းပြန်ဖွင့်ရေး အစီအစဉ်ဟာ သူတို့ရဲ့ ယုတ်မာကောက်ကျစ်မှုကို ဖော်ပြနေပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ရတာပါလဲ။

လက်ရှိကာလမှာ ကိုဗစ်-၁၉ ရောဂါ က စိုးရိမ်နေရတဲ့ အခြေအနေပါ။ လူအများစုက ကာကွယ်ဆေး မထိုးနှံရသေးပါဘူး။ အရပ်သားအစိုးရရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်တွေဟာ တပ်က အာဏာသိမ်းလို့ ပျက်သွားရပါပြီ။ အာဏာသိမ်းစစ်ကောင်စီရဲ့ ရည်မှန်းချက် လမ်းပြမြေပုံထဲမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်ဖို့ ပါ၀င်ပေမယ့် လက်တွေ့မှာ ဘာမျှ ဖြစ်ဖြစ်မြောက်မြောက်လမလုပ်နိုင်ပါဘူး။ လူသတ်ရ၊ အကြမ်းဖက်ရတာနဲ့ဘအချိန်ကုန်နေတာပါ။ တကယ်လို့ အရပ်သားအုပ်ချုပ်ရေး အရှိန်အဟုန်မပြတ်ခဲ့ရင် ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုဟာ "ကျောင်းဖွင့်နိုင်ဖို့" လုံလောက်ကောင်း လုံလောက်နိုင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုဟာ ရပ်တန့်သလောက်ဖြစ်နေတာမို့ ကျောင်းဖွင့်ဖို့ ကြိုးစားတာဟာ ကိုဗစ်-၁၉ ဒုက္ခတွင်းထဲ ခုန်ဆင်းသလို ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားမှု များလာရင် ထိန်းချုပ်ဖို့အတွက် ကျန်းမာရေးစနစ် ပြိုလဲနေတာကိုလည်း ထည့်တွက်ရဦးမှာပါ။

ပညာရေးကဏ္ဍမှာလည်း CDM ၀င်နေတဲ့ ၀န်ထမ်းတွေနဲ့ စစ်ကောင်စီက ဖယ်ရှားလိုက်တဲ့ ပညာရေး၀န်ထမ်းတွေကို ဖယ်လိုက်ရင် လက်ရှိအင်အားနဲ့ ကိုဗစ်-၁၉ ကင်းတဲ့ကာလမှာတောင် စနစ်တစ်ခုလုံး ပုံမှန်လည်ဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးပြဿနာ၊ ကျန်းမာရေးပြဿနာ‌တွေမရှိ‌သေးတဲ့ နဂို အခြေအနေမှာတောင် ကျောင်းသားနဲ့ ဆရာ အချိုး မညီမျှမှုက ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။

တချိန်တည်းမှာ ပေါက်ကွဲမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့ကာလမှာ ကျောင်းတွေနဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေးဟာ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ အဲဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေအကြား အပြန်အလှန် စွတ်စွဲနေကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လုံခြုံရေးတပ်ဖွဲ့အားလုံးကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီဟာ တရားခံအစစ်ကို သက်သေကောင်းကောင်း ပြနိုင်ဟန် မရှိပါဘူး။ ဒါ့အပြင် ပေါက်ကွဲမှာတွေကို လျော့ချထိန်းချုပ်နိုင်စွမ်းလည်း မပြနိုင်ပြန်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ကျောင်း‌တွေပြန်ဖွင့်ဖို့ဆိုတာ လုံခြုံရေးအရ မဖြစ်နိုင်သလို မဖြစ်သင့်ပါဘူး။

ဒါနဲ့များတောင် စစ်ကောင်စီဟာ ကျောင်းတွေ ပြန်ဖွင့်ဖို့ ဘာကြောင့် ဖိအားပေးနေတာပါလဲ။ စဉ်းစားကြည့်ဖို့ လိုပါတယ်။အများ မြင်သာတဲ့ အချက်တွေကတော့ -

(၁) စစ်ကောင်စီဟာ ကျောင်းတွေပြန်ဖွင့်ပြပြီး အခြေအနေတွေ တည်ငြိမ်‌လာနေကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာကို လိမ်ညာဖို့ ဖြစ်ပါတယ်။

(၂) NLD အစိုးရ မလုပ်နိုင်တာကို သူလုပ်နိုင်ကြောင်း ပြသဖို့ လည်း ရည်ရွယ်ဟန် ရှိကောင်း ရှိနိုင်ပါတယ်။ NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ကြောင့် ကျောင်းသက် တစ်နှစ်နာခဲ့တဲ့အပေါ် "နစ်နာမှု" တစ်ရပ်အဖြစ် ရှုမြင်နေသူတွေအတွက် သည်းခြေကြိုက် လုပ်ပြချင်တာပါ။ ဒါကတော့ NLD လို လူထုထောက်ခံမှု မရှိရှာတဲ့ စစ်အုပ်စုရဲ့ သိမ်ငယ်စိတ်နဲ့ မနာလိုမရှုစိမ့်မှုမှာ အရင်းခံပါတယ်။

(၃) CDM လှုပ်ရှားမှုကို ဖြိုခွဲဖို့ ကျောင်းဖွင့်တာပါ။ မိဘတွေအကြား၊ ဆရာ၊ ဆရာမတွေအကြား၊ ဆရာတွေနဲ့ မိဘတွေအကြား စည်းလုံးညီညွတ်မှုကို ဖြိုခွဲပြီး CDM ကို ဖျက်စီးတာ ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီကို တွန်းလှန်ဖို့နဲ့ ထောက်ခံဖို့ ဆိုတဲ့ အတွေးအခေါ်ပဋိပက္ခ ကိုသာမက ကိုယ့်သားသမီး အတန်းတက်ရေး၊ မတက်ရေး ဆိုတဲ့ အကျိုးစီးပွား ပဋိပက္ခ ကိုပါ မီးမွှေးပေးဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။ ဒီအတွက် စစ်ကောင်စီက ကလေးငယ်တွေကို ခုတုံးလုပ်လိုက်တာပါပဲ။

စာသင်ကျောင်းတွေမှာ အခြေခံတဲ့ လူမှုပဋိပက္ခတွေကနေ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ပဋိပက္ခ ဖြစ်လာပြီး စစ်ကောင်စီကို လက်ခံ(ထောက်ခံ) တဲ့ အစိတ်အပိုင်း ကြီးတစ်ခုအဖြစ် လူထုထဲက ဖဲ့ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပညာရေးလောကကို လက်ညှိုးထိုးပြပြီး ကျန်ပဏ္ဍတွေမှာပါ CDM တွေ အားလျော့လာအောင် စိတ်ဓာတ်စစ်ဆင်ရေး ဆက်လုပ်နိုင်ပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ အချက်ကို လူအများစု သဘောပေါက်နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် မေ့လျော့နေကြတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းတွေပြန်ဖွင့်ဖို့ ဖိအားပေးနေတာဟာ တနည်းအားဖြင့် ပြည်သူလူထုရဲ့ ရင်နှစ်သည်းခြာတွေကို ပြန်ပေးဆွဲတဲ့ ကောက်ကျစ်ယုတ်မာမှု တစ်ရပ် ဖြစ်တယ်ဆိုတဲ့ အချက်ပါ။

ဘယ်မိဘမဆို မိမိသာ ဒုက္ခမျိုးစုံခံရဲပေမယ့် သားသမီးတွေ နစ်နာမှာကိုတော့ အင်မတန် ထိတ်လန့်ကြောက်ရွံ့ကြပါတယ်။ စစ်ကောင်စီကို လက်မခံတဲ့ မိမိယုံကြည်ချက်ကြောင့် ထောင်ကျတန်းကျ ခံချင်ခံမယ်၊ အရိုက်အသတ် ခံချင်ခံမယ်၊ သားသမီးတွေကိုတော့ ဘယ်လို ဆိုးကျိုးမှ မကျရောက်စေလိုကြပါဘူး။ ဒါဟာ သဘာ၀ လည်း ဖြစ်သလို မိဘမေတ္တာလို့လည်း ဆိုနိုင်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မဆိုထားနဲ့၊ တိရစ္ဆာန်တွေမှာတောင် မိဘစိတ် ဆိုတာ သဘာ၀အရ ပါလာပြီးသား မဟာတ်ပါလား။

စစ်ကောင်စီဟာ သူတို့ လိုချင်တာရဖို့ မိဘများက သားသမီးများအပေါ်ထားရှိတဲ့ အင်မတန် သန့်ရှင်းစင်ကြယ်မွန်မြတ်ပြီး ကြီးမားလှတဲ့ မေတ္တာတရားကို အသုံးချပြီး ရင်သွေးငယ်တွေကို ပြန်ပေးဆွဲဖို့ ကြံစည်တာပါ။ "သူများတွေ ကျောင်းတက်ပြီး၊ ငါ့သမီးလေး မတက်ရရင်"၊ "သူများတွေ ပညာတတ်ပြီး ငါ့သားလေး ပညာမတတ်ရင်" ဆိုတဲ့ တွေဝေစိတ်၊ စိုးရိမ်စိတ် တွေကို ကျောင်းဖွင့်ခြင်း ကတဆင့် မွေး‌ဖွားရှင်သန်ကြီးထွားလာ‌ေစပြီး မိဘတွေက သူတို့ကို ဒူးထောက်လာစေဖို့ စစ်ကောင်စီက ကောက်ကျစ်ယုတ်မာစွာ ကြံစည်နေပါတယ်။

ဒီအချက်ကို ပြည်သူတွေ၊ ကျောင်းသားမိဘတွေ၊ ဆရာ၊ ဆရာမတွေ မြင်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ ပြန်ပေးဆွဲစစ်ကောင်စီရဲ့ သရုပ်မှန်ကို ထင်ထင်ရှားရှား မြင်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ပါလိမ့်မယ်။

ဒီနေရာမှာ တချို့သော သူလျှိုဒလန်တွေ ဝါဒဖြန့်မှာက မဟော်သဓာ သားတရားစီရင်ထုံး ပါ။ ဘီလူးမနဲ့ မိခင်ရင်းတို့ ကလေးငယ်ကို တစ်ဖက်စီက ဆွဲတဲ့အခါ "သားငယ် နာကျင်ခံစားရတာကို မကြည့်ရက်ရှာတဲ့ မိခင်ရင်းက အလျော့ပေးပြီး သားငယ်ကို လက်လွှတ်လိုက်တဲ့ အကြောင်း" ဥပမာ ပေးလို့ စစ်ကောင်စီ အကြိုက်လိုက်ပြီး ကျောင်းအပ်ရေး သွေးထိုးပေးကြပါလိမ့်မယ်။

သတိထားရမှာက မျက်မှောက်အခြေအနေမှာ မိဘပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို စစ်ကောင်စီ ဘီလူးမနဲ့ ယှဉ်ပြီးလုနေရတာက မဟော်သဓာ သုခမိန်ရှေ့မှာ မဟုတ်ဘူး ဆိုတဲ့အချက်ပါ။ သားသမီးတွေ နာမှာစိုးလို့ လက်လွှတ်လိုက်တာနဲ့ သားသမီးတွေရဲ့ အနာဂတ်သာမက တိုင်းပြည်တစ်ခုလုံးကိုပါ စစ်အာဏာရူး ဘီလူးမတွေက စားပစ်လိုက်ကြမှာပါ။ ဒီအချက်ကို သတိမလွတ်ဖို့ လိုပါတယ်။

ဒါကြောင့် ကလေးတွေရဲ့ ပညာရေးကို ပြန်ပေးဆွဲပြီး တိုင်းပြည်တစ်ခုလုံး သူတို့ရှေ့ ဒူးထောက်လာအောင် အကြပ်ကိုင်နေတဲ့ စစ်အုပ်စုရဲ့ အစီအစဉ်ကို မိဘ၊ ဆရာ၊ ကျောင်းသားတို့ရဲ့ ညီညွှတ်တဲ့ အားနဲ့ တွန်းလှန်ကြဖို့ လိုအပ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

၂၁ ရာစု သားတရားစီရင်ခန်းမှာ မဟော်သဓာ မပါဘူး ဆိုတာ သတိပြုပြီး သားငယ်သမီးငယ်တို့ အနာဂတ် လွတ်မြောက်ရေးအတွက် ခဏတာ အနာခံစေပြီး စစ်ဘီလူးလက်ထဲက လွတ်အောင် အလျော့မပေးစတမ်း ဆွဲထုတ်နိုင်ကြပါစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (သာဝဒိုင်ယာရီ-၃)

Posted: 20 May 2021 10:15 PM PDT


ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (သာဝဒိုင်ယာရီ-၃)

(မိုးမခ) မေ ၂၁၊ ၂၀၂၁

ကဲ … ဘယ့်နှယ်ရှိစ၊ မဲစာရင်းစစ်နည်းကိုသင်ကြားချင်လွန်းလို့ နိုင်ငံတကာကနေပြီးတော့ ကမ္ဘာကြီးရဲ့ ရှာမှရှား တစ်ခုတည်းသောမဲစာရင်းစစ်တဲ့ စစ်တပ်ဆီကိုလာရောက်လေ့လာဆည်းပူးကြလိမ့်မယ်ဆို ပြီး သာဝနဲ့ ခွက်ခွက်လန်တို့တစ်သိုက် စိတ်ကူးယဥ်အိပ်မက်ခဲ့ကြတဲ့အကြောင်း သာဝဒိုင်ယာရီ(၁) မှာ ရေးခဲ့စဥ်က ဆားပုလင်းသာပိန်ကပဲ တကယ်မရှိတဲ့ သာဝဒိုင်ယာရီကို ဇာတ်လမ်းထွင်လုပ်ကြံပြီး ချဲ့ ကားရေးသားထားသယောင်ယောင် တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုး စွပ်စွဲပြောခဲ့ကြသူများ အခု တော့ ဘာများပြောချင်ကြသေးသလဲ။

ဒီရက်ပိုင်း YouTube နဲ့ Facebook မှာ ရွှေမြန်မာများ တဝေါ ဝေါနဲ့ရယ်သံမစဲ ဖြစ်ခဲ့ရတဲ့ သာဝရဲ့တပည့်ကျော်တစ်ယောက် ပြည်သူ့ဘဏ္ဏာနဲ့ဆင်ပေးထားတဲ့ အကျအနဝတ်ထားတဲ့ယူနီဖေါင်းကိုမှ အားမနာ၊ “မဲစာရင်းစစ်နည်း မြန်မာ့တပ်မတော်ဆီ သွားသင်ပါ အုံး” ဆိုပြီး အမေရိကန်ပြည်သူများက ဝိုင်းတောင်းဆိုနေကြ‌တယ်ဆိုတဲ့အကြောင်း၊ ပေါက်ပန်းလေး ဆယ် ပြောနေတာကိုမြင်ရကြားရပြီးတဲ့နောက်မှာ အနှီပုဂ္ဂိုလ်များ ဆားပုလင်းသာပိန်ကို ဝန်ချ တောင်းပန်ချင်စိတ်တွေ တဖွားဖွားပေါ်လာနိုင်ပါတယ်။ အပြစ်မယူလိုပေမယ့် ခေတ်ကာလများ ကောင်းခဲ့ရင် “ကဲ … အစကတည်းက ငါရေးခဲ့ပြောခဲ့သားပဲ”ဆိုပြီး ရင်ကော့ခေါင်းမော့ပြီးမြို့မဂီတဝိုင်း ကြီးနဲ့ လူအမြင်ပိုကပ်လေအောင်၊ ပွဲခံလိုက်ချင်ပါသေးတယ်။ အော် အရင်ကတော့ မြို့မအသင်းကြီး နဲ့ဆိုရင် ဂုဏ်ရှိန်ဝင့်ထည်၊လူမြင်တင့်တယ်ခဲ့ကြတာ၊ အခုတော့သာဝနဲ့ပေါင်းမှ မြို့မငန်းကြီးခမျာ မြို့ပြင်က မြောင်းထဲကူးခတ်ရမယ့်ကိန်းဆိုက်ပြီ၊ အင်းလေ တစ်နိုင်ငံလုံးတောင် သာဝလက်ချက်နဲ့ အချိန်တိုလေးအတွင်းမှာ ပြောင်းပြန်ဇောက်ထိုးဖြစ် သွားခဲ့သေးတာပဲ။

တကယ်တော့ သာဝအကြောင်းက နှမ်းစေ့လောက်လေးတွေးမိရုံနဲ့တင် ဧဝရက်တောင်လောက်စိတ် ညစ်ညူးစရာကောင်းလှပါတယ်။ဒါ့ကြောင့်မို့ ရေးလက်စ ဖြစ်ပင်ဖြစ်သော်ငြားလည်း နေ့တဓူဝမြင် သိကြားနေရသည်များက အော်ဂလီဆန် စက်ဆုပ်ရွံရှာစရာများ ဖြစ်နေသည့်အတွက် စိတ်ကုန်လာ ပြီး သာဝတို့တစ်တွေအကြောင်း ဆက်မရေးမိခဲ့တာဖြစ်ကြောင်း တစ်ဆက်တည်းဝန်ခံလိုပါတယ်။ ဒါ့အပြင် သာဝဟာ သူ့အကြောင်း ရေးတဲ့သူများကိုလည်း ငွေသားရှားပါးတဲ့ခေတ်ကာလမှာ ငွေကုန် ကြေးကျပိုများစေလို့ပါ။ အကြောင်းကတော့ သာဝနာမည် တစ်ခါရေးပြီးတိုင်း လက်သန့် ဆေးရည် သုံး၊ သာဝနာမည် တစ်ခါပြောပြီးတိုင်း ခံတွင်းသန့်ဆေးရည်သုံးနေရလို့ပါ။ ဆောင်းပါးတစ်ပုဒ်ဆိုရင်ပဲ အတော်အကုန်အကျ များလှပါတယ်။

ခေါင်းစဥ်အသစ် တိုးချဲ့ဖြစ်သွားရတဲ့ အကြောင်းလည်းတစ်လက်စတည်း ပြောရပါအုံးမယ်။ “သာဝ ဒိုင်ယာရီ”အခန်းဆက်ဟာ သာဝရဲ့ ချာတူးလန်အတွေး၊ ပေါချာချာအကျင့်၊ ခပ်ညစ်ညစ်အကွက် ခပ်ယုတ်ယုတ် လုပ်ရပ်တို့ကို လက်ဝယ်ကောက်ရထားတဲ့ ဒိုင်ယာရီထဲကနေ ကောက်နှုတ်ပြီးအတတ် နိုင်ဆုံး ဖတ်ရှုစဖွယ်ဖြစ်အောင် ကြိုးစားပြင်ဆင်ရေးသားထားခြင်းဖြစ်ပါတယ်။ ပြဿနာကတော့ တစ်တိုင်းပြည်လုံးက သာဝရဲ့ ညစ်စုတ်စုတ်အမူအကျင့်တွေကို တစ်ရက်ပြီးတစ်ရက်တိုးပြီး စာရေး သားသူ ထက်တောင်ပိုပြီး အလိုလိုနေရင်းသိလာကြခြင်းပါ။ “မဖတ်မီက သိနှင့်ပြီ” ဆိုသလိုမျိုး ဖြစ် လာပါတယ်။ လူအတော်များများအတွက် အာဆီယံအစည်းအဝေးမစခင်ကတည်းကအစည်းအဝေး အပြီးထုတ်ပြန်မယ့်ဘုံသဘောတူညီချက်ကို ကြိုသိနေကြသလိုမျိုးပေါ့။

နောက်တစ်ခုက သာဝရဲ့ မူရင်းဒိုင်ယာရီပါးလှပ်လှပ် မှာရေးစရာကလည်း သိပ်များများစားစားမရှိတော့လို့ နောက်ဆက်ရေးရ မယ့် ဇာတ်လမ်းအတွက် နိဒါန်းပျိုးထားခြင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် “သာဝဒိုင်ယာရီ” ကို အနားပေးချိန်တန်ပြီလို့ စိတ်ကူးလိုက်ရတာပါ။ ဒါ့အပြင် သာဝရဲ့အော့နှလုံးနာစရာလုပ်ရပ်တွေက လည်း တစ်နေ့ထက်တစ်နေ့ ပိုတိုးများလာ၊ဆိုးရွားလာလေတော့”သာဝဒိုင်ယာရီ” ဆိုတဲ့ နာမည်ဟာ ပေါ့ပျက်ပျက် ဖြစ်လာရပါတယ်။ ဒါ့ကြောင့် သာဝကို ပစ်ပစ်နှစ်နှစ်၊ ချိုးချိုးဖဲ့ဖဲ့၊ နစ်နစ်နာနာ၊စုတ် ပြတ်သတ်လေရအောင် ရေးသားစေလိုတဲ့ အများဆန္ဒကို အားရဝမ်းသာ ဖြည့်ဆည်းပေးရာ လည်းရောက်၊ ရာဇဝတ်မှုမျိုးစုံ တစ်နေ့တစ်မျိုး မရိုးရလေအောင်ကျူးလွန်နေတဲ့ သာဝနဲ့ ပိုလည်း လိုက်ဖက်တဲ့ ဒီခေါင်းစဥ်သစ်ကိုထပ်မံရွေးချယ်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်တော့ သိပ်မကျန်တော့တဲ့ ဒိုင်ယာရီနောက်ဆုံးလက်ကျန်စာမျက်နှာများကို ရှင်းထုတ်လိုက်ပါအုံးမယ်။

လူတိုင်းကသာဝကို အစီအစဥ်ကျကျနနနဲ့ သေသေသပ်သပ် ပြင်ဆင်လုပ်ကိုင်တတ်သူလို့ ယောင် လို့တောင် ဆက်စပ်မစဥ်းစားမိခဲ့ကြပါဘူး။ ဒီတစ်ခါတော့လွဲသွားပြီလို့ အားနာနာနဲ့ပြောရပါလိမ့် မယ်။ သာဝဒိုင်ယာရီရဲ့ နောက်ဆုံးအခန်းမှာ ဟင်ကနဲ ဟာကနဲ မထင်မှတ်တာတွေဖြစ်လာစရာတော့ မရှိပါဘူး။ ပြည်သူအများစုလိုပဲ သာဝကိုယ်တိုင်လည်းသဘောတူလက်ခံလို့ထားပါ။ ဘာ့ကြောင့် လဲဆိုရင်တော့၊ သာဝတစ်ယောက် တရားရုံးရှေ့မှောက်မှာလျှောက်လှဲဖို့ ကြိုတင်ပြင်ဆင်ရေးသား ထားချက်များသာဖြစ်လို့ပါပဲ။ ပြည်သူလူထုကြီး ပျော်ကြပါတော့။ သာဝကိုယ်တိုင်အနှေးနဲ့အမြန်ဆို သလို ဒီလမ်းကိုလျှောက်ရမှာတွက်ထားပြီးပါပြီ။

ဒါပေမယ့် သာဝဟာလျှော့ တွက်လို့မရတဲ့ သာဝပါ။ ဒီသာဝပါပဲ ဒန်ပေါက်ရော ၊ဖာလူဒါရော၊ လက်ဖက်ပွဲရော အစုံအလင်ပြန် ကျွေးနိုင်ချေရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကြတော့ အိမ်က ကိုယ်တိုင်လုပ်လာတဲ့ ငှက်သိုက်စွပ်ပြုတ်သွားပို့ပေးတာ၊ ဒီ သာဝ ပါပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါရှိစဥ် အခါက သူ့ကို မွေးစားသားအဖြစ်သတ်မှတ်ပေးဖို့ ပတ်ချွဲနပ်ချွဲ ပြောခဲ့တာ။ ဒီသာဝ ပါပဲ “ကျနော် ကတော့ ပြည်သူ့ ဆန္ဒနဲ့ထွက်ပေါ်လာတဲ့ရလဒ်ကိုလက်ခံရမှာ။ ဒါကတော့ဘယ်လိုမှငြင်းပယ်လို့မရဘူး လက်ခံရမှာပဲ” လို့ မဲရုံကပြန်အထွက်မှာပြောတုန်းကပြောခဲ့ပြီး နောက်တော့မှ အာဏာသိမ်းတာလိုလို၊ ထိန်းတာလို လိုပေါက်တတ်ကရပြောပြီး ရူးချင်ယောင်ဆောင်ခဲ့တာ။ ပြောချင်တာက ဒီသာဝဟာ မျက်နှာပြောင် နဲ့ ပြောချင်တာပြော၊လုပ်ချင်တာလုပ်တတ်သူ၊ စစ်ဝတ်စုံကြီးဝတ်ပြီး မူယာမာယာအပြည့်နဲ့ ပလီတိ ချောက်ချက် ပြောတတ်သူ၊ ကုန်ကုန်ပြောရရင် တစိုးတစိမှ ယုံကြည်ဖို့မကောင်းတဲ့သူ ဆိုတာကိုမေ့ မထားကြဖို့ပါ။

စကတည်းကယဥ်သကို လို့ဆိုရမယ့်ပုံပါပဲ၊ သာဝရဲ့ ပြင်ဆင်လျှောက်လှဲချက်ဟာ ICC လို အထင်က ရ တရားရုံးမှာမဆိုထားနဲ့၊ ယုတ်စွအဆုံး လမ်းဘေး အငြိမ့်ထဲက တစ်ခန်းရပ်ပြဇာတ်မှာပါတဲ့ တရားရုံးရဲ့ စီရင်လျှောက်ဆိုတဲ့အခန်းမှာ သုံးဖို့တောင်အဆင့်မမီတာကိုတွေ့ရပါတယ်။ ဥပဒေဘာသာရပ်ကို တဝက်တပျက် မည်ကာမတ္တသာ သင်ခဲ့ဘူးတဲ့ သာဝကို အပြစ်ဆိုနေရင်တော့အပိုပဲဖြစ်မှာပါ။ ထူးဆန်းတာက တရားရုံးလျှောက်လှဲချက်ထက်စာရင် ကုမ္ပဏီတစ်ခုရဲ့ ရှေ့စီးပွားရေးလုပ်ငန်းအစီအစဥ်နဲ့တောင်ပိုတူနေပါသေးတယ်။ ကမ္ဘာကျော်‌လျှောက်လှဲချက်များဆိုပြီး ထုတ်ဝေရေးသားလေ့ရှိတဲ့ နိုင်ငံတကာစာအုပ်တိုက်တွေဆီက ကမ်းလှမ်းချက်များမရမှာကို သဘောပေါက်ထားပြီးဖြစ်တဲ့ သာဝဟာ သူကိုယ်တိုင် ရေးသားထုတ်ဝေဖြန့်ဖြူးဖို့ ကြံထားပါတယ်။ ဒါဟာလည်းသိပ်အံ့အားသင့်စရာ တော့မဟုတ်ရပါဘူး၊ တိုးတက်ယဥ်ကျေးပြီးလူသားဆန်တဲ့လူ့အဖွဲ့အစည်းအတွက် ဘယ်လိုမှနေရာ ပေးလို့မရနိုင်သော “အာဏာဆိုတာ သေနတ်ပြောင်းဝကထွက်တယ် - ပုံ မစတ” ဆိုတဲ့စကားလို “ အသပြာ ဆိုတာ သေနတ်ပြောင်းဝကထွက်တယ် - ပုံ မအလ” ဆိုပြီး သမိုင်းတွင်ကျန်လောက် အောင် ပိုက်ဆံရှာဖို့ပဲ သာဝခေါင်းထဲရှိတာမို့လို့ပါ။

စာအုပ်ရိုက်ဖို့ စက္ကူတင်သွင်းရေး၊ ရိုက်နှိပ်ရေး၊ ဖြန့်ဖြူးရေးအားလုံးအတွက် ကုမ္ပဏီ၊ပုံနှိပ်လုပ်ငန်း၊စာအုပ်တိုက်များ အစီအစဥ်တကျတည်ထောင် ထားမှာဖြစ်ပါတယ်။ အကွက်စေ့ပုံများကတော့ ရောင်းမကုန်တဲ့စာအုပ်များအတွက် ပိသာချိန်နဲ့ ပြန် ရောင်းဖို့၊ဆေးလိပ်ဖင်စီခံတို့၊အကြော်ထုပ်တဲ့နေရာမှာသုံးဖို့အထိအမြော်အမြင်ကြီးစွာစီစဥ်ထားပါတယ်။ စာအုပ်နံမည်ကလည်း ဖလန်းဖလန်း ပါပဲ၊ နံမည်ကျော် ဝတ္ထုခေါင်းစဥ်ကို ခပ်တည်တည်ကူး ယူလိုက်တယ် “ သာဝတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ဆိုပဲ၊ လာ လာချည်သေးရဲ့။

ငွေနောက်လိုက်တဲ့ သာဝအကြောင်းပြောနေရတာနဲ့ လိုရင်းမရောက်နိုင်ဖြစ်ရပြန်ပါတယ် ။ ဒီ သာဝရဲ့ ပြင်ဆင်လျှောက်လှဲချက်တွေက သာဝဒိုင်ယာရီမပျောက်ခင်၊ အချိန်အားဖြင့် သာဝရဲ့အာဏာလုပွဲ လား၊ အာဏာခိုးပွဲလား၊ အာဏာအနုကြမ်းစီးပွဲလား၊ကြိုက်သလိုခေါ်ဝေါ်နိုင်တဲ့ နေ့ရက်မတိုင်မီအ ချိန်က ရေးထားတာဆိုတာလေးကို အရင်သတိပေးလိုပါတယ်။

ပြီးခဲ့တဲ့” သာဝဆန္ဒထွက်ပြခြင်း” က စလို့ “သာဝဒိုင်ယာရီ(၂) “ အထိရေးထားသမျှဟာ ဘောလိဝုဒ်ရုပ်ရှင်လိုပဲ ဘယ်နေရာက စကြည့် ကြည့် အဆို၊အက၊အရယ်၊အငို စတဲ့ ရသတစ်ခုမဟုတ်တစ်ခု ပေးမှာဖြစ်ပြီး ပထမဆောင်းပါးကနေ အဆုံးအထိ အစဥ်အတိုင်းဖတ်ရင်တော့ ကိုရီးယားဇာတ်လမ်းတွဲများလို အရသာရှိရှိဖြစ်လေအောင် သူမတူတဲ့ရေးသားခြင်းအနုပညာနဲ့ ဖန်တီးထားတယ်ဆိုတာကိုတော့ ကြော်ငြာလေးဝင်ချင်ပါတယ်။ တစ်ခါတစ်လေတော့ ရှေ့နောက်ဖြစ်စဥ်လေးတွေ ပြန်စစ်ကြည့်ဖို့ လိုနိုင်ပါတယ်။ အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးခါစမို့သာ သာဝလျှောက်လှဲချက်ကို တရားရုံးက လက်ခံကောင်းလက်ခံနိုင်တာပါ။ နောက်ပိုင်းကာလများအရတော့ တစ်ခါတည်းစီရင်ချက်ချသင့်ပါတယ်၊ ဘာကြောင့်အချိန်ကုန်ခံပြီး လျှောက်လှဲခွင့်ပေးရအုံးမှာလဲ။

တကယ်လည်းသာဝက တရားခွင်မှာ အချိန်ဆွဲ၊အချိန်ကုန်စေချင်တာပါ။ သူ့ကိုခုခံကာကွယ်ပေးမယ့် ရှေ့နေအဖွဲ့ မှာ တရုပ်နဲ့ရုရှားရှေ့နေတွေ ထည့်ထားပါတယ်၊ သာဝတစ်ယောက် တရုပ်နဲ့ရုရှား အားကိုး တာများဆန်းသလားကွာ လို့ပြောချင်ကြပါလိမ့်မယ်။ ဒီတစ်ကြိမ်တော့ သာဝရည်ရွယ်ချက်က အချိန် ဆွဲချင်လို့ပါ သူကမြန်မာလိုပြော၊ စကားပြန်က တရုပ်လိုပြန်ပေး၊ တစ်ခါတရုပ်‌ရှေ့နေပြောတာကို ရုရှားဘာသာပြန်၊ နောက်ဆုံး ရုရှားရှေ့နေက ဘာသာပြန်ကတဆင့် အင်္ဂလိပ်လို ရုံးတော်ကိုဦးတိုက် လျှောက်၊ တရားသူကြီးပြန်ပြောတဲ့အခါကြရင်လည်း ခုနလိုပဲတဆင့်ပြီးတဆင့်နဲ့ နောက်ဆုံးသာဝဆီ ပြန်ရောက်လာ။တွေးကြည့်တာနဲ့တောင် အတော်ကြီးစိတ်ရှည်သည်းခံရမှာပါ၊ သာဝစိတ်ကူးထား တဲ့အတိုင်းဆို အမှုက သူ့တစ်သက်ပြီးတော့မှာမဟုတ်။ ICC က တရားသူကြီးတွေက သာဝထင်သ လိုအချဥ်မှ မဟုတ်တာ၊ သာဝရဲ့ ဥာဏ်နီဥာဏ်နက်တွေကို ဘယ်သူကလက်ခံမှာလဲ။ ဒီလိုပါပဲ သာဝက တော့ အမြဲတမ်း တွက်ရေးမှာ စက်သူဌေး ပဲလေ၊ အာဏာသိမ်းတုန်းကလည်း အဲဒီလိုပဲ၊ နောက်ဆုံး အချိန်လွန်တော့မှ တွက်ကြည့်စက်မရှိပါလား ဆိုပြီး သိလိုက်ရတာ။

ဒီအစကနဦးကြားနာချက်မှာ သာဝအဓိကထားပြောချင်တာက သူဟာအာဏာသိမ်းဖို့ လုံးဝ လုံးဝ မစဥ်းစားမိခဲ့ပါဘူးဆိုပြီး ဗြောင်လိမ်ဖို့ ကြိုးစားကြည့်ခြင်းပါ။ ကြိုတင်ကြံရွယ်မှုဆိုတာဟာအပြစ်ကို ပိုမိုကြီးလေးစေတယ် ဆိုပြီး သာဝနားလည်ထားပါတယ်။သာဝလျှောက်လှဲမှာက သူဟာပင်စင်ယူ ပြီးရင် ဝါသနာပါတဲ့ အနုပညာနယ်ပယ်ကို ခြေစုံပစ်ဝင်ရောက်လှုပ်ရှားဖို့သာ ရည်ရွယ်ထားခဲ့တယ် ဆိုပဲ။ အဲဒါကြောင့် ပင်စင်ယူရမယ့်အချိန်ကို လက်ချိုးပြီးမျှော်နေသူပါတဲ့။သူပြောတဲ့အနုပညာ ဆို တာ ရုပ်ရှင်ကိုဆိုလိုကြောင်း၊ မြန်မာပြည်မှာ ဗိုလ်ချုပ်ရုပ်ရှင်ဆိုပြီး ဂုဏ်ပြု ရိုက်ကူးကြတဲ့အစဥ် အ လာရှိကြောင်း၊သို့ပါသော်လည်း သူ့လိုဗိုလ်ချုပ်အကြောင်းကိုတော့ မည်သူကမျှ စာရိပ်စက အကုန် အကျခံပြီး တခုပ်တရ ရုပ်ရှင်ရိုက်ကြမှာမဟုတ်လို့ သမီးဖြစ်သူကိုရုပ်ရှင်ကုမ္ပဏီ အရင်ထောင် ပေးထား ကြောင်း၊ နံမည်ကျော်အနုပညာရှင်များကိုလည်း ဘုံးထားတဲ့ပိုက်ဆံတွေပေးပြီး စာချုပ်နှစ် ရှည်ချုပ် ထားပြီးဖြစ်ကြောင်း၊ သူပင်စင်ယူပြီးလျှင် ယူပြီးချင်း နံမည်ကြီးမင်းသားတစ်ယောက်နဲ့ တွဲဖက်ရိုက်ကူးဖို့လည်းစီစဥ်ပြီးဖြစ်ကြောင်း။ မိန်းမနဲ့ သားသမီးများက ရှက်လွန်း၍ ထိုဇာတ်ကားနံမည်ကိုပြောင်းစေလိုသော်လည်း တိုင်းသိပြည်သိ သူ့ရဲ့ နံမည်ဖြစ်လို့ ပြောင်းမှာမဟုတ်ပဲ အခုရုံးတော်မှာသက်သေခံတစ် ရပ်အ‌နေနဲ့ တင်သွင်းလိုကြောင်း၊ ဇာတ်ကားနံမည်ကတော့ “မင်းက နေတိုး ငါကမအလ” ( အနုပညာ ဓါတ်ခံရှိသူ သာဝစိတ်ကြိုက် နဘေကာရန်နဲ့ ရွတ်ဆိုခေါ်ဝေါ်ပေးပါ ရန်) ဖြစ်ပါကြောင်း။ ဆိုလိုတာကတော့ သာဝက သူဟာ ပင်စင်ယူပြီး ရုပ်ရှင်ရိုက်ဖို့သာစိတ်အားသန် သူဖြစ်ကြောင်း၊အာဏာသိမ်းဖို့ဆိုတာ ယောင်လို့တောင် မစဥ်းခဲ့ပါကြောင်း လေးနက်စေရန်ရည်ရွယ် ချက်ရှိရှိနဲ့ လျှောက်လှဲလိုက်ခြင်းပါ။

ဒီနေရာမှာ စဥ်းစားစရာဖြစ်လာတာက ဤသို့ဆိုသော် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ဖေဖေါ်ဝါရီလ(၁) ရက်နေ့ အာဏာလုယက်ပွဲကြီးဖြစ်လာခဲ့ရသနည်း ဆိုတာကိုပါ။ အခြားသူတွေမှာအဖြေမရှိပေမယ့် သာဝတစ်ယောက်မှာတော့ရှိပါတယ်။ သာဝကဆိုပါတယ်၊ ပြင်းပြသောအာသီသ မရှိခဲ့သော်ငြား လည်း ထိုအခြေအနေသို့ မရောက်ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ အရာများရှိခဲ့ပြီး သူ့အနေနဲ့ ဘက် မလိုက်တမ်း၊ တရားမျှတမှုအပြည့်နဲ့ ထုတ်ဖေါ်ပြောပြလိုပါသတဲ့၊ တရားသူကြီးများရဲ့ရှေ့ရောက်မှ တရားမျှတမှုကို သိပ်တန်ဖိုးထားပြနေသော သာဝပါ။

ပထမအချက်အနေနဲ့ တပည့်ကျော် ဇော်မဲလုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားချက်ကိုထောက်ပြပါတယ်။ ဇော်မဲလုံးက “ တပ်မတော်အ‌ နေနဲ့ နိုင်ငံတော်တာဝန်ကိုယူမယ်လို့လည်း မပြောဘူး၊ မယူဘူးလို့လည်းမပြောဘူး” လို့ပြောခဲ့တာပါ။ အာဏာသိမ်းမယ်၊မသိမ်းဘူး ပြောလို့မရကြောင်း ဆိုတာမျိုးပါ။ စကားကို ဟိုလိုလို ဒီလိုလိုနဲ့ ဟုတ် သည်လည်းမပြော၊မဟုတ်ဘူးလည်းမပြော၊ မတင်မကျ ပြောဆိုလိုက်ခြင်းပါ။ သာဝက ဒါနဲ့ပတ် သက်ပြီး သူ့အနေနဲ့မျှမျှတတပြောလိုတာက “ခက်တင်မောင်းနင်းစကား” လို့ဆိုရမယ့် ဒီစကားပြော နည်းကို မဒမ်သာဝ က သူတို့ဆရာတပည့်နှစ်ယောက်ကို သင်ပေးခဲ့တယ်ဆိုတာပါ။ သာဝဒိုင်ယာရီ(၂) ကိုဖတ်ရှုဖူးသူများ သတိရကြမှာပါ၊

မီဒီယာများရဲ့မေးခွန်းတွေကို လည်လည်ပတ်ပတ်ပြန်ဖြေနိုင်ဖို့ တက္ကသိုလ်မှာမြန်မာစာပြခဲ့ဖူးတဲ့ မဒမ်သာဝကို “စကားကြီးဆယ်မျိုး” ကိုသင်ပေးဖို့ ပြောခဲ့တာလေ။ ပြဿနာက မဒမ်သာဝက မြန်မာစာကထိကဟောင်းသာ ဆိုတယ် အဲဒီ စကားကြီးဆယ်မျိုးကိုလုံးဝ သတိ မရတော့ဘူး။ စျေးအကြီးဆုံးဒီဇိုင်နာအိတ် ဆယ်မျိုးဆိုရင်သာ ရွှတ်ကနဲပဲ။ မရမကပြန်စဥ်းစား လေ့လာတော့မှ “ခက်တင်မောင်းနင်းစကား” တစ်ခုပဲ ပြန်ပေါ်လာတယ်။ အဲဒါနဲ့ သာဝတို့နှစ်ယောက် ကို ဒီစကားပြော နည်းကိုပဲသင်ပေးလိုက်နိုင်တယ်။ ဇော်မဲလုံးလည်း မီဒီယာမေးတိုင်း သင်ထားသလို ဝေ့လည်ကြောင်ပတ်တွေဖြေနေမိတာ အာဏာသိမ်းမယ့်ကိစ္စနဲ့ပတ်သက်တဲ့မေးခွန်းမှာတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ဖြစ်သွားတော့တာပါပဲ။

ဒုတိယအချက်က ရုရှားကြီးလာလည်တာနဲ့ ပတ်သက်ပါတယ်။ ထင်သားပဲလို့ အပြောမစောလိုက်ပါနဲ့ အုံး။ သာဝက ရုရှားကြီးနဲ့ဘာတွေပြောကြတယ်ဆိုတာ ရိပ်ဖမ်းသံဖမ်းတောင် မဟရဲရှာပါဘူး။ သူ ပြောချင်တာက ရုရှားကြီးက သူ့ကိုကုန်ပစ္စည်းစျေးနှုန်းတွေပါတဲ့ ကတ်တလောက်တွေပေးလိုက်လို့ သာဝက အိမ်ကိုယူလာခဲ့သတဲ့။ ဘာပစ္စည်းတွေဖြစ်နိုင်မလဲ ဆိုတာတော့ ကိုယ့်ဖါသာ စဥ်းစားကြပါ။ ပိုက်ဆံရဖို့အတွက်ဆိုရင် အမြဲအကွက်ချောင်း‌နေတဲ့ အဖေတူ သားသမီးနှစ်ယောက်က ကတ်တ လောက် တွေလှန်ပြီး ပွဲခမြိုးမြိုးမြက်မြက်ရနိုင်တာမျိုးကို အငမ်းမရရှာကြလေရဲ့။ သူတို့မောင်နှစ်မ မျက်စိကျသွားတာက တင့်ကားအသစ်တွေဖြစ်နေလို့ သာဝက ဝင်ပြောလိုက်တယ်၊ ဂိုဒေါင်ထဲမှာအစီး ရေတော်တ်ေများများ ရှိနေသေးတယ်လို့။ အဲဒီမောင်နှစ်မက ဝင်ပြောတယ် ဂိုဒေါင်ထဲမှာသာရှိတာ၊ မောင်းလို့ ရောရသေးရလား၊ မရတော့ရင် အသစ် မှာရအောင်ပြောနေလို့ သာဝက ဒါဆိုလမ်းပေါ် ထွက်မောင်းခိုင်းလိုက်မယ်လို့ ပြောလိုက်တယ်။ ဒီလိုနဲ့ တင့်ကားတွေလမ်းပေါ်ထွက်လာပြီးတဲ့နောက် အုံးအုံးကြွက်ကြွက် ထပ်ဖြစ်ပြန်ပါလေရော။ ကုလသမဂ္ဂ ကရော၊ သံရုံးတွေကရော ကြေငြာချက် တွေ ထုတ်ပြီးရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ဆိုလား ဘာလားပြောကြလေရဲ့၊၊တကယ်တော့ သာဝက သူတို့ဘာဘာညာညာထင်သလို မစဥ်းစားခဲ့မိပါဘူး။ ‌ဇော်မဲလုံးက မဒမ်သာဝသင်ထားသလို ပြောမိတာရယ်၊ သာဝတို့သားအဖတစ်တွေ ရုရှားကြီးဆီက ပွဲခမျှော်မိတာရယ် သွားတိုက်ဆိုင်မိရုံ လေးပါ။

တတိယအချက်ကတော့ ခွက်ခွက်လန်တို့အဖွဲ့ရယ်၊ သာဝတို့ရဲ့ အမာဂိုဏ်း၊ အပျော့ဂိုဏ်း၊မကျက်တ ကျက်ဂိုဏ်း၊ မမှည့်တမှည့်ဂိုဏ်း တွေစုပြီး သာဝကို ဝိုင်းပြောလာကြတယ်။ ပြည်တွင်းရော ပြည်ပက ပါ မယုံကြတော့ဘူး၊ အာဏာသိမ်းတော့မယ်ပဲထင်ကုန်ကြပြီ၊၊ ဒီတော့ချော်လဲရောထိုင် မထူးဇာတ် ခင်းပြီး အာဏာသိမ်းလိုက်ပါတော့လို့ ဆိုလာကြတယ်။ ဒီတော့သာဝက ဒိုင်ယာရီထဲမှာ မင်နီနဲ့သေ ချာမျဥ်းတားပြီး သူပြန်ပြောတာကို မှတ်တမ်းတင်ထားသတဲ့၊ သူ့အပြောပေါ့လေ၊ သူပြောလိုက်တာ က အာဏာသိမ်းဖို့လုံးဝလုံးဝစိတ်မပါသော်လည်း ဒီလောက်ဝိုင်းပြောနေကြရင် အဆုံးအဖြတ်ပေး မယ့်ပြိုင်ပွဲတစ်ခုလုပ်ကြမယ်။သာဝရှုံးရင် အားလုံးစိတ်တိုင်းကျအာဏာသိမ်းပေးမယ်။ သာဝနိုင်ရင် တော့ သာဝစိတ်တိုင်းကျပေါ့ ဆိုပြီး သဘောတူလိုက်ကြတယ်။ ဒီလိုသိလိုက်ရလို့ သာဝရှုံးသွားတယ် မထင်ပါနဲ့၊ သာဝက အာဏာမသိမ်းချင်တဲ့သူဆိုတော့ အရိုးကြေကြေ အရေခမ်းခမ်း အသက်ကိုပဓာ န မထားပဲပြိုင်တဲ့ အတွက် ပွဲအပြီးမှာ သာဝနိုင်သွားသတဲ့။

ဒါဆိုရင် ဘာ့ကြောင့်အာဏာသိမ်းပွဲဖြစ်ခဲ့ ရသလဲဆိုရင် နည်းနည်းတော့ရှင်းပြရပါမယ်။ သာဝရှုံးမှ အာဏာသိမ်းပွဲဖြစ်မှာပါ၊ အခုကသာဝနိုင်လို့ သာဝအလိုကျအာဏာထိန်းပွဲ ဖြစ်သွားရသတဲ့။ သူ့အကြောင်းပြချက်နဲ့သူကတော့ဟုတ်နေတာပါပဲ။ ပြောဖို့ကျန်သွားတာတစ်ခုက ဘာပြိုင်ပွဲနဲ့ဆုံးဖြတ်လိုက်ကြတာလဲဆိုတာကိုပါ။ စာဖတ်သူများ အ လွန်သိချင်နေကြတာအပြစ်မပြောသာပါဘူး။ သာဝတို့အကြိတ်အနယ် ပြိုင်ကြတာက ကျား ဗိုလ်ဆွဲကြခြင်းဖြစ်ပါတယ်၊ ဗိုလ်၊ကျား၊သေနတ် ဆွဲကြတာပါ။ အနောက်တိုင်းမှာတော့ Rock Paper Scissors ကစားနည်းလို့ခေါ် ပါတယ်။ အာဏာမသိမ်းချင်တဲ့သာဝ အပြင်းအထန်ကြိုးစားပေးခဲ့လို့ အနိုင်ရခဲ့တာပါ။ သရေများဖြစ်နေရင် တူတူပုန်းတမ်းဆက်ကစားကြမယ်ဆိုပါတယ်။

ဒိုင်ယာရီရဲ့နောက်ဆုံးစာပိုဒ် ရောက်လာပါပြီ။သာဝက သူ့ရဲ့လျှောက်လှဲချက်ကိုဘယ်လို နိဂုံးချုပ်ခဲ့ သလဲဆိုတာ အားလုံးကသိချင်နေကြမယ်ထင်ပါတယ်။ အထက်ကဖေါ်ပြခဲ့တဲ့အတိုင်း သာဝဟာ အာဏာသိမ်းဖို့ဆိုတာကို အိပ်မက်တောင်မမက်ခဲ့ဘူးကြောင်း။ အာဏာသိမ်းဖို့ အကြောင်းအရာတွေ တွန်းပို့လာခဲ့တာတောင် ရဲရဲဝန့်ဝန့်ရင်ဆိုင် ဆန့်ကျင်ခဲ့တဲ့အတွက် အာဏာသိမ်းတဲ့အဆင့်အထိ ရောက်မသွားပဲ အာဏာထိန်းတဲ့အဆင့်မှာပဲ ရပ်တန့်စေနိုင်ခဲ့ကြောင်း။ ဒါ့ကြောင့်သူ့မှာ အပြစ်ဆိုလို့ မြူတစ်မှုန် သဲတစ်ပွင့်မျှလောက်ပင်မရှိကြောင်း လျှောက်လှဲခဲ့ပါတယ်။ တကယ်လို့အာဏာထိန်းခဲ့ရ တဲ့အတွက် အပြစ်ဆိုတာရှိခဲ့ရင်လည်း ထိုအပြစ်များဟာသူနဲ့လုံးဝဆက်နွယ်မှု့မရှိပဲ ဖေါ်ပြခဲ့သလို ဇော်မဲလုံး၊ မဒမ်သာဝ၊ သားသမီးနှစ်ယောက်၊‌ခွက်ခွက်လန်တို့ပါတီ၊ ဒေါ်စိန်အေးကျောင်းဆင်း အမာ ဂိုဏ်း၊အပျော့ဂိုဏ်း၊ မကျက်တကျက်ဂိုဏ်း၊ မမှည့်တမှည့်ဂိုဏ်း အားလုံးမှာသာအပြစ်ရှိပါကြောင်း ပြောဆိုရေးသားခဲ့ပါတယ်။

သာဝတစ်ယောက်ဟာ နိုင်ငံအတွက်လည်းမဟုတ်၊ ပြည်သူအတွက်လည်းမဟုတ်၊ တပ်မတော်အတွက်လည်းမဟုတ် ဆိုတာ အများနည်းတူသိထားပါတယ်။ ပြီးတော့အားလုံးတွက်ထားသလို သာဝ ဟာ မိသားစုအကျိုးစီးပွားကိုသာကြည့်သောသူဖြစ်လို့ အနည်းဆုံး မဒမ်သာဝအတွက်၊ သားသမီး နှစ်ယောက်အတွက်တော့ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့မိပါတယ်။ အခု သာဝဒိုင်ယာရီအပြီးမှာ သိလိုက်ရ တာက သာဝဟာ သာဝ အတွက်ပဲဆိုတာကိုပါ။ အားလုံးကို အပြစ်ပုံချပြီး ကိုယ်လွတ်ရုန်းခဲ့လေသူပါ။ ဒီသာဝလိုလူမျိုးကိုတော့ ရာဇဝတ်အိုးထဲမှာ ယက်ကန်ယက်ကန် နဲ့ ထွက်မရအောင်ထားရစ်ခဲ့လိုက် မယ်ဆိုရင် စာဖတ်သူအားလုံး လက်ခုပ်တီးသံတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံတရွှီရွှီနဲ့ သဘော တူညီကြလိမ့်မယ်လို့ ထင်မိပါတယ်။




(ဆားပုလင်းသာပိန်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar







--
Send email to - edi...@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages