MoeMaKa 2021 |
|
မိုးမခ- မိုးမင်းသိမ်းဘာသာပြန်- ယစုနရိ ကာဝဘတရဲ့ လက်တစ်ဝါးစာ ဝတ္ထုတိုများ (၆) Posted: 24 Aug 2021 07:46 PM PDT ဝင်ငွေရယ်လို့ တစ်ပြားသားမှမရှိတဲ့ ဥပဒေကျောင်းသားတစ်ယောက်ဟာ ဘာသာပြန်ဖို့အလုပ်တချို့ကိုယူပြီး တောင်ပေါ်ရေပူစမ်းပျော်ပွဲစားရုံတစ်ခုဆီထွက်လာခဲ့တယ်။ မြို့ပေါ်က ဂေးရှားမယ်သုံးယောက်ဟာ တောအုပ်ထဲက အလှအပဆင်ယင်ထားတဲ့ အဆောက်အအုံလေးထဲမှာ ယပ်တောင်ဝိုင်းဝိုင်းလေးတွေနဲ့ မျက်နှာတွေကွယ်ထားရင်း ငိုက်မျဉ်းနေကြတယ်။ တောအုပ်အစွန်ကနေ တောင်ပေါ်စမ်းချောင်းဆီရောက်တဲ့ ကျောက်တုံးလှေကားထစ်တွေအတိုင်း သူဆင်းလာခဲ့တယ်။ စမ်းရေစီးကြောင်းကို လေရေတိုက်စားထားတဲ့ ကျောက်တုံးကြီးတစ်တုံးက ပိုင်းခြားခွဲကန့်ထားတယ်။ ပုစဉ်းအုပ်လိုက်ကြီးဟာလှစ်ခနဲ လှစ်ခနဲ ရစ်ဝဲပျံသန်းနေကြတယ်။ လေရေတိုက်စားထားတဲ့ ကျောက်တုံးကြီးကို ခွဲလွှာစိတ်ဖြာထားတဲ့ ရေချိုးကန်နံဘေးမှာ ဝတ်လစ်စလစ်နဲ့ ကောင်မလေးတစ်ယောက် ရပ်နေတယ်။ အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်ရှိပေမှာပဲလို့ တွေးတောရင်း ကောင်မလေးကို လျစ်လျူရှုကာ ကန်စပ်မှာ ရေချိုးဝတ်ရုံကို ချွတ်လိုက်တယ်။ကောင်မလေးခြေထောက်နားက ရေချိုးကန်ထဲကို သူ့ဘာသာသူလျှောဆင်းလိုက်တယ်။ ဘာလုပ်ရမှန်းမသိဖြစ်နေဟန်တူတဲ့ ကောင်မလေးက သူ့ကိုပြုံးပြတယ်။ ပန်းရောင်နှင်းဆီသွေး ခန္ဓာကိုယ်နဲ့ ဆွဲဆောင်တဲ့အလား သူ့ဘာသာသူ လူလုံးပြလို့နေတယ်။ စက္ကန့်ဝက်လောက် ဖျတ်ခနဲ လှမ်းကြည့်ကာ သူဟာ ဂေးရှားမယ်တစ်ယောက်ရဲ့ သမီးဖြစ်ကြောင်း ပြောပြတယ်။ ကောင်မလေးဟာ မြင်တွေ့နေကျ မဟုတ်တဲ့ အလှပိုင်ရှင်လေးပဲ။ အရွယ်နဲ့မလိုက်အောင် ထက်မြက်တဲ့ အလှကလေးပဲ။ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်ဟာ အမျိုးသားတွေကို ရမ္မက်သွေးကြွစိတ်ကျေနပ်မှုပေးဖို့ပဲလို့ သဘောပေါက်မိတယ်။ ကောင်မလေးအပေါ် လူတွေရဲ့ တင်ကူးအကဲဖြတ်ချက်တွေကို သူ့မျက်လုံးတွေက အံ့အားတသင့်ဖြစ်နေမိတယ်။ ယပ်တောင်တစ်ချောင်းလိုလည်း ပြန့်ကားပြူးကျယ်သွားမိတယ်။ ကောင်မလေးဟာ သူ့ဘယ်ဘက်လက်ကိုမြှောက်ကာ ရုတ်တရက် ငယ်သံပါအောင် တိုးတိုးဟစ် အော်လိုက်တယ်။ " အား။ ကျွန်မ ချွတ်ထားဖို့ မေ့သွားပါကလား။ ဝတ်ပြီး ရေထဲဆင်းမိပြီရှင် " သူ့ကို ဖြားယောင်းသွေးဆောင်နေမှန်းသိပေတဲ့ ကောင်မလေးရဲ့ လက်ကို မော့ကြည့်လိုက်မိတယ်။ " ဒီသတ္တဝါလေးပေါ့" ကောင်မလေးကြောင့် စိတ်ဆိုးဒေါသထွက်ရမယ့်အစား နိုင်လိုမင်းထက်ပြုမူချင်စိတ်တစ်ခု ရုတ်တရက်ပေါ်လာတယ်လို့ သူခံစားလိုက်မိတယ်။ ကောင်မလေးက သူ့လက်စွပ်ကို ချွတ်ပြချင်နေတယ်။ တစ်ယောက်ဝတ်ထားတဲ့ လက်စွပ်ကို တစ်ယောက်က ချွတ်ပေးလို့ရသလား သူမသိဘူး။ ရေပူစမ်းရေချိုးကန်ထဲရောက်နေတုန်း လက်စွပ်ချွတ်ပေးလို့ ရမရလည်း သူမသိဘူး။ ဒါပေတဲ့ ကလေးတစ်ယောက်ရဲ့ ဉာဏ်နီဉာဏ်နက်မှာထောင်ဖမ်းခံလိုက်ရပြီဆိုတာတော့ ရှင်းနေတယ်။ စိတ်အနှောင့်အယှက်ဖြစ်တဲ့အကြောင်း သူ့မျက်နှာမှာပေါ်လွင်ထင်ရှားနေတာက ထင်ထားတာထက်တောင် သိသာနေသေးတယ်။ ကောင်မလေးဟာ သူ့လက်စွပ်ကို ကလိရင်း ရှက်သွေးဖြာနေတော့တယ်။ သူ့ရဲ့ မရင့်ကျက်မှုကို မဲ့မဲ့ရွဲ့ရွဲ့အပြုံးနဲ့ဖုံးကွယ်ရင်း အကျိုးသင့်အကြောင်းသင့် ပြောဆိုလိုက်တယ်။ " လက်စွပ်လှလှလေးပဲ။ တစ်ဆိတ်ကြည့်စမ်းပါရစေ "။ " မဟူရာဖလားကျောက် လက်စွပ်လေးပါရှင် " သူ့ကို လက်စွပ်ပြလိုက်ရလို့ သိပ်ပျော်သွားတဲ့ ကောင်မလေးဟာ ရေချိုးကန်အစွန်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ လက်တစ်ဖက်က လက်စွပ်ကိုကိုင်ထားရလို့ ဟန်ချက်ပျက်နေတဲ့ ကောင်မလေးဟာ လက်တစ်ဖက်ကို သူ့ပခုံးပေါ် လှမ်းတင်လိုက်တယ်။ " မဟူရာဖလားကျောက် လက်စွပ်လား " ။ စကားလုံးအသံထွက်နဲ့ ကြီးကောင်ဝင်ပြီဖြစ်ကြောင်း ဟန်ပန်လေသံပြတာကို သူကလည်း သံယောင်လိုက်ပြောဖို့ အားထုတ်လိုက်တယ်။ " ဟုတ်တယ်၊ ကျွန်မလက်ချောင်းက သေးသေး သွယ်သွယ်လေးရှိသေးတာကိုး။ လက်စွပ်ကို ရွှေနဲ့ လုပ်ဖူးသေးတယ်။ ဒါပေတဲ့ ကျောက်က သိပ်ကြီးလွန်းတယ်လို့ လူတွေက ပြောကြတယ်ရှင့် " ကောင်မလေးရဲ့ လက်ကို ပရောပရည်လုပ် ဆော့ကစားနေမိတယ်။ ပြေပြေတောက်တောက် ကြက်ဥနှစ်ရောင်ခံမှာ ခရမ်းပြာရောင်ယှက်ဖြာနေတဲ့ ကျောက်ပဲ။ ထူးထူးကဲကဲလှပလွန်းတဲ့ ကျောက်လို့လည်း ယူဆမိတယ်။ ကောင်မလေးဟာ ခန္ဓာ ကိုယ်ကို မတ်မတ်ထားလိုက်ပြီး သူ့မျက်နှာကို ငေးစိုက်ကြည့်ကာ နီးကပ်သထက်နီးကပ်လို့လာတယ်။ ကျေနပ်သာယာမှုတွေမွှန်နေတယ်လို့တောင် ထင်မှတ်ရတယ်။ လက်စွပ်ကောင်းကောင်းမြင်ရအောင်ရယ်လို့ပြဖို့ လာနေတဲ့ ဝတ်လစ်စလစ်ကောင်မလေးကိုပေါင်ပေါ်ပွေ့တင်လိုက်မိတယ်ဆိုရင်တောင် အံ့အားသင့်စရာ မကောင်းလှဘူးလေ။ ( ၁၉၂၄ ) - ဂျပန်ဘာသာကနေ လိန်းဒန်းလော့ပ်နဲ့ ဂျေမာတင်ဟိုးလ်မန်းတို့ ဘာသာပြန်ဆိုပြီး North Point Press ကနေ ၁၉၉၇ ခုနှစ်က တတိယအကြိမ်ထုတ်ဝေထားတဲ့ "Palm-of-the-Hand Stories by Yasunari Kawabata " ထဲက " The Ring " ကို ဘာသာပြန်ပါတယ်။ မိုးမင်းသိမ်း ၁၈ ဩဂုတ် ၂၀၂၁ - Join Us @ MoeMaKa Telegramt.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar |
||
|
မိုးမခ ကဗျာ - ထွန်းဝေမြင့်၊ ' ပြည်တော်ဝင် ' ၊ နေစိမ့် ' ဝတ်လစ်စားလစ် နာနာဘာဝ ' Posted: 24 Aug 2021 06:51 PM PDT မိုးမခကဗျာ သြဂုတ် ၂၅၊ ၂၀၂၁ ပြည်တော်ဝင် ထွန်းဝေမြင့် မိတ်ဆွေနိုင်ငံ နည်းနည်းနဲ့လည်း နေလို့ရပါတယ်တဲ့။ ဟိုတလောက ကြားမိတဲ့စကားပါ။ "ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ နေ့တိုင်းပဲ သတိရတယ်လေ "။ "ပြည်တော်ဝင်" မွန်သောသီချင်း အားလုံးနှစ်သက်၊ အားလုံးစွဲမက်။ ကျွန်တော့တစ်သက်မှာတော့ တစ်ယောက်တည်းနေချိန်များခဲ့တယ်။ မိတ်ဆွေတွေကို သတိရရင်းနဲ့ပါ။ ။ ၂၅. ၈. ၂၀၂၁ " ဝတ်လစ်စားလစ် နာနာဘာဝ " နေစိမ့် ယမမင်းလက်ကမလွတ်မြောက်နိုင်တဲ့ဟီသံ အောက်စီဂျင်လိုပတ်ချာလည်မှာရှိနေတဲ့သတ္တဝါ မသိလိုက်ဘူး မမြင်ရဘူး မကြားရဘူး နာနာဘာဝတွေဟာတုတ်ပြီးဓားပြီးကျည်ဆန်ပါပြီးတော့ ကျည်ကာအကျီ ဝတ်မထားကြ ကျိန်စာတွေမစွမ်းတော့ ဇိန္နမာန လူပုံအလယ်အရှက်မဲ့သလို အသက်လည်းမရှိ ရက်စွဲလည်းမရှိ သန်းခေါင်ယံကျော် ခွေးလေခွေးလွ့င်တွေအူပြီဆို သေချာတယ် နာနာဘာဝတွေ လေညင်းခံထွက်ရင်း အလောင်းကိုအနံ့ခံကြ နာနာဘာဝဆိုတာ ဘာကောင်တွေလဲ ဒီကောင်တွေ ပုဒ်မ ၁၄၄ မသိဘူးလား ဒီကောင်တွေမှာ မိသားစုမရှိဘူးလား ဒီကောင်တွေ ဘာသာမဲ့လား သန်းခေါင်စာရင်း မရှိတဲ့အလေအလွင့်တွေ ငါထင်တယ် ဒီကောင်တွေ ယမမင်းကလှန်ထားတဲ့နွားတွေပဲ ငရဲကဆန့်ထွက်လာတဲ့ နှာမောင်းတွေပဲ စေတန်ကဖြန့်ထားတဲ့ အငှားလူသတ်သမားတွေ လူသေရဲ့အနံ့ကိုရှူသွင်းဖို့သာသိတဲ့မိစ္ဆာ သန်းခေါင်ယံကျော်လို့ ခွေးတွေအူပြီဆို သေချာတယ် နာနာဘာဝတွေလာပြီ နာနာဘာဝတွေလာပြီ ၂၀၂၁ သြဂုတ် ၂၄ - t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar |
||
|
မိုးမခ - ကေဇော်မိုး ' ဂန္တဝင်မမ ရှာပုံတော် ' Posted: 24 Aug 2021 05:31 PM PDT သြဂုတ် ၂၅၊ ၂၀၂၁ ဂန္တဝင်မမ ရှာပုံတော် ကေဇော်မိုး လူ့ဘဝရဲ့ခရီးစဉ်ဆိုတာက ရှာဖွေခြင်းတမျိုးလို့ပဲ သတ်မှတ်ရမှာပါ။ ဒီလိုသတ်မှတ်မှုထဲမှာတင် တဦးနဲ့တဦး ကွဲလွဲချက်များရှိကြပါသေးတယ်။ လောကစည်း စိမ်ကို ရှာမလား။ လွတ်မြောက်ရာလမ်းကိုရှာမလား။ အတတ် ပညာကို ရှာမလား။ အနုပညာကို ရှာမလား။ ရှာဖွေခြင်းအကြောင်းပြောရမယ်ဆိုရင် တစ်ထောင့်တစ်ည ပုံပြင်များလို ရှည်ကြာလွန်းနေမှာပါပဲ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်ကတော့ လူငယ်ကလေးတဦးက သူ့စိတ်ထဲမှာဖြစ်ပေါ်လျက်ရှိသော အာသီသတခုအတွက် ရှာဖွေခြင်းတခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်ထဲမှာ "သစ္စာပန်းများနဲ့မေလ" ကိုရှာခဲ့တယ်။ " ဂန္တဝင်မမ" ကိုရှာဖွေခဲ့ပါတယ်။ " ဒိုင်ယာရီ" တအုပ်ကိုရှာခဲ့ပါတယ်။ ကျွန်တော်သတ္ထမတန်းကျောင်းသားဘဝရောက်တော့ စာလေး၊ ကဗျာလေး ရေးတတ်စပြုလာပါပြီ။ ဒီလိုစာရေးနိုင်ဖို့အတွက် သူငယ်ချင်းမလေးနှစ်ဦးက ကျေးဇူးပြုခဲ့တာပါ။ တယောက်က ကဗျာဆရာ/ဇာတ်ညွှန်းရေးဆရာ မြင့်ဦးဦးမြင့်ရဲ့ သမီးတဦးဖြစ်တဲ့ " ဟေမာမြင့်ဦး" ပါ။ နောက်တယောက်ကတော့ စာရေးဆရာကြီး " မောင်ထင်" ရဲ့ မြေး " သန္တာအောင်" ပါ။ သူတို့နှစ်ဦးရဲ့ အဘိုးဖြစ်သူနဲ့၊ အဖေဖြစ်သူစုဆောင်းထားတဲ့ စာအုပ်တော် တော်များများကို ကျွန် တော်ငှားရမ်း ဖတ်ရှုခွင့်ရခဲ့တာပါ။ ဒီကာလတုန်းကပဲ ကျွန်တော့်အဖိုးက အင်းစိန်ပေါက်တောဝမှာ( ယခုမီးပွိုင့်နား) ပိတောက်ဝါဆိုတဲ့ ဓာတ်ပုံဆိုင်ကလေးတဆိုင်ဖွင့်ထားပါတယ်။ အဘိုးကလဲ စာဖတ်နာသူပါ။ အင်္ဂလိပ်စာကျွမ်းတော့ အင်္ဂလိပ်ရေးထားတဲ့ စာအုပ်အများစုကိုဖတ်တာပါ။ ကျွန်တော့်အဖိုးရဲ့ဓာတ်ပုံဆိုင် ဘေးနားမှာတင် အရက်ဖြူဆိုင်ကလေးတဆိုင်ရှိပါတယ်။ ဒီဆိုင်လေးက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါဘူး။ အင်းစိန်ကိုရောက်ရှိလာသော အနုပညာသမားတချို့ထိုင်တဲ့ဆိုင်ကလေးပါ။ ပေါက်တောဝနားမှာနေတဲ့ ဆရာငြိမ်းကျော်က အဓိကဒိုင်ခံဧည့်ခံခဲ့တာပါ။ ဒီမှာ လာထိုင်ကြသူတွေကို အဘိုးပြပေးထားလို့ သိခဲ့ရပါတယ်။ ဆရာငြိမ်းကျော်ရဲ့ တွဲဖက်အများစု ဒီမှာထိုင်ကြပါတယ်။ ဆရာမင်းလူကို ဒီဆိုင်လေးမှာတွေ့ခဲ့ဖူးပါတယ်။ ဆရာအောင်ပြည့်ကတော့ အတွေ့အများဆုံးပါ။ ဘာလို့အတွေ့များရတာလဲဆိုတော့ ကျူရှင်တခုကြောင့်အတွေ့များရတာပါ။ အဲဒီတုန်းက အင်းစိန်ထောင်ရဲ့မျက်စောင်းထိုးမှာရှိနေတဲ့ ကျူရှင်တခုမှာ ဆရာအောင်ပြည့်က မြန်မာစာလာသင်ပေးနေတာပါ။ ဒါ့အပြင် တလောလေးကမှ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာချိုသာ (ခ) မွှေးတာစစ်တင် ခေါ်ဆောင်လာခဲ့သော ကဗျာဆရာမောင်ချောနွယ်ကိုလည်း ဒီဆိုင်ကလေးမှာ မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒါကလဲ ကျနော်သိလှတာရယ်လို့ မဟုတ်ပါဘူး။ ဓာတ်ပုံဆရာဖြစ်တဲ့ အဘိုးပြလို့သိရတာရယ် ၊ မဂ္ဂဇင်းတချို့မှာ ဓာတ်ပုံတွေဘာတွေ မြင်ဖူးထားလို့ပါ။ ဓာတ်ပုံဆိုပေမယ့်လဲ အခုခေတ်ကာလလို ရှင်းလင်းပြတ်သားသော ပုံတွေမဟုတ်ပါဘူး။ အဖြူအမည်းဖလင်ခေတ်ပဲရှိသေးတော့ ခပ်ဝါးဝါး၊ခပ်မှုံမှုံရယ်ပါ။ တစ်ရက်မှာ " သန္တာအောင်" အိမ်ကို သွားတော့ စာအုပ်တစ်အုပ်လက်ဆောင်ရလာပါတယ်။ " သန့်ဇော်..ရော့ နင်ဖတ်ဖို့ ယူလိုက်။ အဘိုးစာအုပ်စင်ကို ရှင်းပေးရင်းတွေ့တာ။ အဖိုးစာအုပ်လဲ မဟုတ်ဘူး။ ဘယ်သူ ကျန်နေခဲ့တာလဲမသိဘူး။ နင်က ကဗျာဝါသနာပါတော့ နင်ဖတ်ပေါ့။" ဒီလိုနဲ့စာအုပ်ကလေးတအုပ်က ကျွန်တော့်ဆီရောက်လာပါတော့တယ်။ စာအုပ်အဖုံးက ထူးထူးခြားခြား ကြွတက်နေတယ်လို့ ခံစားရပါတယ်။ အမျိုးသမီးတဦးရဲ့ ရေဆေးပုံတစ်ပုံပါ။ ပန်းချီလက်ရာ အတော်ကောင်းတာပါ။ သရုပ် ဖော်ပန်းချီဆရာရဲ့ နာမည်ကိုဖတ်မိတော့ ကျွန်တော်ဖျားသွားပါတယ်။ " ခင်ဝမ်း" တဲ့။ ကဗျာစာအုပ်ကလေးနာမည်က " ဂန္တဝင်မမ" ။ ကျွန်တော်ရရှိခဲ့သော ဒီစာအုပ်ကလေးဟာ ကဗျာဆရာအောင်ချိမ့်က အခြားကဗျာဆရာတဦးဦးကို လက်ဆောင်ပေးထားခဲ့တဲ့ပုံပါ။ ဆရာအောင်ချိမ့်ရဲ့ လက်ရေးနဲ့ လက်မှတ်ပါပါတယ်။ လက်ဆောင်ရရှိသော ကဗျာဆရာရဲ့နာမည်ကိုတော့ ဖတ်လို့မရတော့ပါဘူး။ ဒီလိုနဲ့ " ဂန္တဝင်မမ" ဟာ ကျွန်တော့်လက်ထဲမှာ နှစ်အတော်ကြာကြာ တည်ရှိနေခဲ့ပါတယ်။ ကျွန်တော် ကျောင်းပြီးသွားချိန်ရောက်တော့ ကဗျာပိုရေးဖြစ်လာပါတယ်။ ဒါပေမဲ့.. ပြင်ပမဂ္ဂဇင်းတွေဆီ ကဗျာမပို့ဖြစ်သေးပါဘူး။ ကဗျာပို့မယ်ဆိုပြီး ဒေါင်း တင်မောင်းတင် မြို့ထဲသွားပါတယ်။ မဂ္ဂဇင်းတိုက်နားရောက်တဲ့အခါ တိုက်ပေါ်မတက်ရဲတော့ဘဲ နောက်ပြန်လှည့်ခဲ့ရတာတွေမနည်းပါဘူး။ ဘယ်လိုပဲ စိတ်ကိုအားတင်းတင်း တိုက်ရှေ့ရောက်တဲ့အခါ ဒူးတွေတုန်လာပြီး ခြေထောက်တွေရှေ့ဆက်လှမ်းလို့မရအောင် ဖြစ်ခဲ့ရတာပါ။ တစ်ရက်တော့ ကျောက်မြောင်း၊ ဓမ္မစိန္တာလမ်းထဲမှာ အခြေစိုက်သော " သောင်းပြောင်းထွေလာရယ်စရာ" မဂ္ဂဇင်းတိုက်ကို ကဗျာပို့ဖို့ထွက်လာပါတယ်။ တိုက်ရှေ့ရောက်တော့ ထုံးစံအတိုင်းပဲ စိတ်တွေဗွေဖောက်ပြီး မတက်ရဲတော့ပါဘူး။ ဒီလို တက်ရကောင်းနိုးနိုး၊ ပြန်လှည့်ရကောင်းနိုးနိုးဖြစ်နေတုန်း... " ညီလေး မဂ္ဂဇင်းတိုက်ပေါ် တက်မလို့လား" တဲ့။ အသံကြားလို့ လှည့်ကြည့်မိတော့ မျက်နှာစိမ်းလူတဦးပါ။ သူက ကျွန်တော့်ကို ပြုံးပြပြီး " စာမူပို့မလို့လား ညီလေး။ အစ်ကိုလဲ စာမူပို့မှာပါ။ လိုက်ခဲ့ပါ ညီလေး" တဲ့။ အဖော်ပါလာတော့ အားရှိလာပြီး တိုက်ပေါ်တက်လာမိပါတယ်။ ရယ်စရာမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် ဆရာကောက်နွယ်(ကနောင်) က စာမူကိုတလေးတစား လက်ခံယူပေးပါတယ်။ ကျွန်တော့်ကို တိုက်ပေါ်ခေါ်လာခဲ့သူကလည်း ကဗျာဆရာတယောက်ပါပဲ။ ကျွန်တော်က မဂ္ဂဇင်းတိုက်ရယ်၊ အယ်ဒီတာဆိုတာရယ်နဲ့ ပထမဦးဆုံးအကြိမ် နှာဖူးတိုက်ဒူးတိုက်ရင်ဆိုင်နေရတော့ အကြီးအကျယ်စိတ်လှုပ်ရှားနေတာပါ။ ဒီအတွက်ကြောင့် တိုက်ပေါ်လိုက်ပို့ပေးခဲ့တဲ့ ကဗျာဆရာရဲ့နာမည်ကို မမေးမိလိုက်ဘူး။ " ရယ်စရာ" မဂ္ဂဇင်းကိုစာမူပို့ပြီးတဲ့နောက်ပိုင်းမှာတော့ အခြားမဂ္ဂဇင်းတိုက်တွေကိုသွားဖို့ အရင်လိုသိပ်မကြောက်တော့ပါဘူး။ ကျွန်တော့်အတွက် ပိုမိုအဆင်ပြေသွားမှုကတော့ ဦးလေးတယောက်ကြောင့်ပါ။ အစိုးရဝန်ထမ်းပေါင်းစုံ သက်သာအတွက်ထုတ်ဝေသော "GEC ရသစုံမဂ္ဂဇင်း" ဆိုတာကို သိကြမယ်ထင်ပါတယ်။ ကျွန်တော့်ဦးလေးက ဒီမဂ္ဂဇင်းမှာ ရုံးလုပ် ငန်းဆိုင်ရာများကို လုပ်ကိုင်ပေးရသူပါ။ မဂ္ဂဇင်းထုတ်ဝေရေးနဲ့ မပတ်သက်ပါဘူး။ ကျွန်တော်အားရက်တွေမှာ ဦးလေးနဲ့အတူ မဂ္ဂဇင်းတိုက်ကိုလိုက်ဖြစ်ပါတယ်။ သိကျွမ်းမရင်းနှီးခဲ့ပေမယ့် ကဗျာဆရာတချို့ကို ကလောင်နာမည်နဲ့ရုပ်တွဲမိပါတော့တယ်။ ကဗျာဆရာနောင်ဝင်းထွန်း၊ ကဗျာဆရာမြမြင့်မိုရ်၊ ကဗျာ ဆရာမြေလတ်မောင်မြင့်သူ ပါ။ ( ဆရာမြေလတ်မောင်မြင့်သူက နောင်တချိန်မှာ ကျွန်တော့်ဆရာဖြစ်ခဲ့ရသူပါ။ ဆရာကိုင်တွယ်ခဲ့သောမဂ္ဂဇင်းတွေမှာ ကဗျာတွေ တော်တော်များများရေးဖြစ်ခဲ့ပါတယ်။ ) ကဗျာလောကထဲမှာ အချိန်တော်တော်ကြာကြာကျင်လည်နေသလို ကဗျာဆရာတော်တော်များများနဲ့လည်း သိနေခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ကဗျာဖေးဘရိတ်ကဗျာဆရာတစ်ယောက်ဖြစ်သော ဆရာအောင်ချိမ့်နဲ့ကတော့ ကဗျာဆိုင်ရာ ပွဲလမ်းသဘင်များမှာ မကြာခဏဆုံတတ်ပါတယ်။ ကျွန်တော်က ပင်ကိုယ်စကားနည်းသူဖြစ်တဲ့အတွက် နူတ်ဆက်ရုံလောက်ကလွဲပြီး စကားအများကြီးမပြောဖြစ်ပါဘူး။ ဆရာကလည်း မျက်မှန်းတန်းမိရုံကလွဲရင် သိပ်သိတဲ့ ဟန်မရှိပါဘူး။ ဒီလိုနဲ့ နှစ်အတော်ကြာကြာ ကဗျာနဲ့အတူ ဖြတ်သန်းနေထိုင်ဖြစ်ခဲ့ပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး စာအုပ်၊စာစောင်တွေလုပ်ကိုင်ဖြစ်ခဲ့တာပေါ့။ ကိုညီလင်းနိုင်တို့မလေးရှားကပြန်လာချိန်မှာ " ခေတ်ပြိုင် # 7" ကဗျာစာအုပ်တစ်အုပ်ထွက်လာပါတယ်။ ကဗျာစာအုပ်မိတ်ဆက်ပွဲနဲ့အတူ ကဗျာဆရာကြီးများအား ဂုဏ်ပြုပွဲပါလုပ်ပါတယ်။ ကိုညီလင်းနိုင်ရော လင်းသဏ်ညီပါအကူအညီတောင်းတဲ့အတွက် အင်းစိန်၊ နံ့သာကုန်းရပ်ကွက်ထဲနေသော " ဆရာမောင်လင်း ယုန်(ရှမ်းပြည်)" ရဲ့ အကြိုအပို့ကို ကျွန်တော်တာဝန်ယူပေးလိုက်ပါတယ်။ ကျွန်တော်နဲ့က တမြို့တည်း၊ ရပ်ကွက်သာခြားပြီးနေတာမို့ပါ။ ပွဲမတိုင်ခင်တရက်အလိုမှာ ပြင်ဆင်စရာကိစ္စတွေအတွက် (၃၅) လမ်းအလယ်က လက်ဖက်ရည်ဆိုင်တဆိုင်မှာ တိုင်ပင်ကြတာပေါ့။ ပြန်မယ်လို့ပြင်တော့ လင်းသဏ်ညီက သူနဲ့လိုက်ခဲ့ဆိုတာနဲ့ လိုက်ဖြစ်တာပေါ့။ ( ၃၅)လမ်းအထွက်မှာ " ဆူးခက်မင်း" နဲ့ထပ်မံပြီးဆုံတော့ သူ့ကိုပါ ခေါ်လာခဲ့ပါတယ်။ ဒီအထိ ဘယ်သွားမယ်ဆိုတာကို မသိရသေးပါဘူး။ လင်းသဏ်ညီ ခေါ်ဆောင်ရာနောက်ကိုသာလိုက်လာကြတာပါ။ (၃၆) လမ်းအထက် " ရွှေလားရှိုး" ကိုရောက်တော့မှ သောက်ဖို့ခေါ်တယ်ဆိုတာသိရပါတယ်။ ရွှေလားရှိုးရဲ့ အဝင် အပြင်ဖက်ဝိုင်းမှာ ကဗျာဆရာတဦးတည်းထိုင်နေပါတယ်။ ဒီဝိုင်းမှာပဲ ကျွန်တော်တို့ဝင်ထိုင်ရတာပေါ့။ ထိုင်နေသူက " ဆရာအောင်ချိမ့်" လေ။ ဆရာက ကျွန်တော်နဲ့ဆူးခက်မင်းကို ခေါင်ညိတ်အသိအမှတ်ပြုပြီး ထိုင်ခိုင်းပါတယ်။ " ဘာသောက်မလဲ" လို့ ဆရာချိမ့်က မေးတော့ ကျွန်တော်တို့သုံးဦးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ်ပါတယ်။ ကျွန်တော့် အိတ်ထဲ ပိုက်ဆံ(၂၀၀၀)သာသာလေးသာရှိတာပါ။ " ဆူးခက်မင်း" မှာလဲမပါ။ လင်းသဏ်ညီဆီမှာလဲ သိပ်ပါတဲ့ပုံမရပါဘူး။ ကျွန်တော်တို့ အခြေအနေကို ရိပ်မိတဲ့ဟန်တူတဲ့ ဆရာချိမ့်က " သောက်ချင်တာသောက်ကြ။ ငါတိုက်မှာ" တဲ့။ လင်းသဏ်ညီက ဘီယာသောက်ပါတယ်။ ကျွန်တော်နဲ့ဆူးခက်မင်းက အရက်သောက်ဖို့ပြင်ပါတယ်။ ကုန်ကျစရိတ်နည်းအောင် high class ဖြစ်ဖြစ်၊ RC ဖြစ်ဖြစ်မှာဖို့ပြောနေတုန်း ဆရာချိမ့်ကပဲ မှာပေးပါတယ်။ " မြန်မာနှစ်ပုလင်း၊ ရွှေပတ်တစ်ထောင့်" တဲ့။ တစ်ထောင့်ဆို မကုန်ဘူးမို့လို့ တစ်ပိုင်းနဲ့လဲခိုင်းပေမယ့် ဆရာချိမ့်က " သောက်မှာသာ သောက်စမ်းပါ။ မင်းတို့လား မကုန်မှာ။ " တဲ့။ အဲဒီနေ့ညက ဆရာချိမ့်တိုက်ခဲ့တဲ့ ရွှေပတ်တစ်ထောင့်ကြောင့် ကျွန်တော်လဲ မူးသွားခဲ့ရပါတယ်။ ဆရာချိမ့်ကတော့ ဘီယာကို မျှင်းမျှင်းသောက်ပြီး စကားဝိုင်းကိုဦးဆောင်ပြီး ပြောသွားခဲ့တာပါ။ ကျွန်တော်ကတော့ မူးနေတော့ ကြားတစ်ချက်၊မကြားတစ်ချက်ပါပဲ။ တစ်ခုတော့ အမှတ်ရမိပါတယ်။ " မင်းတို့က အမြဲရန်ဖြစ်နေကြတာပဲ။ ချောကြီးတို့ဖော်ဝေး တို့ကိုခေါ်ပြချင်ပါတယ်။ ဘယ်လိုချစ်ကြသလဲဆိုတာ" အဲလိုပုံစံမျိုး ဆရာချိမ့်ပြောခဲ့တာပါ။ ကဗျာဆရာ/ပန်းချီဆရာ မင်းရည်သွေးနဲ့ ပတ်သက်ပြီး ကဗျာဝိုင်းကလေးတစ်ခုထံ ကျွန်တော်ရောက်ရှိသွားခဲ့ပါတယ်။ " တနင်္ဂနွေကဗျာဝိုင်း" တဲ့။ ဦးဆောင်သူတွေက မောင်ဆောင်းခ၊မင်းရည်သွေး၊မေ၊ခိုင်လေညင်း တို့ပါ။ တစ်ခြားသူတွေပါရင် ပါကြပါဦးမယ်။ ကျွန်တော်သိသလောက်ကို ပြောပြတာပါ။ ပွဲစလုပ်တဲ့နေရာက မြေနီကုန်းက ဦးဇင်းဆူးရင့်ရဲ့ ကျောင်းမှာပါ။ နောက်ပိုင်းမှာတော့ " တနင်္ဂနွေကဗျာဝိုင်း" နာမည်အစား " ကဗျာလွယ်အိတ်များ" ဆိုပြီး ပြောင်းပေးလိုက်ပါတယ်။ " ကဗျာလွယ်အိတ်" ရဲ့ လိုဂိုဒီဇိုင်းကိုတော့ သွားလေသူ "သက်ငြိမ်သစ်"က ရေးဆွဲပေးခဲ့တာပါ။ ဒီ ကဗျာလွယ်အိတ်ထဲမှာရှိတဲ့ " မေ" ဆိုတဲ့ကဗျာဆရာမလေးနဲ့က မောင်နှမတွေလိုနေကြတာပါ။ " မေ" က ကျွန်တော့်မွေးနေ့အမှတ်တရဆိုပြီး ဂျင်းရှပ်အင်္ကျီလက်ရှည်တစ်ထည် လက်ဆောင်ပေးပါတယ်။ ကျွန်တော်လဲ သူ့ကို တခုခုလက်ဆောင်ပြန်ပေးဖို့ပြင်ရပါတယ်။ ဘာဝယ်ပေးရမလဲ စဉ်းစားမိတော့ အမှတ်တရဖြစ်အောင် ကဗျာစာအုပ်တစ်အုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါ။ ကျွန်တော့်အသက်လို တန်ဖိုးထားထိန်းသိမ်းထားသော ကဗျာစာအုပ်တစ်အုပ်ပါ။ " ဂန္တဝင်မမ" တဲ့။ ပထမအကြိမ်ထုတ် ဆရာအောင်ချိမ့်လက်မှတ်ထိုးပေးထားသော စာအုပ်ပါ။ ရွှေထက်ရှားကြောင်း ကဗျာတန်ဖိုးထားသူမှန်သမျှ သိရှိကြမှာပါ။ စာအုပ်ကို လက်ဆောင်ပေးတော့ ကဗျာဆရာမလေးခမျာ တအံ့တသြဖြစ်သွားရှာပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ " ဂန္တဝင်မမ" ဟာ ကဗျာဆရာမလေးတစ်ယောက်ရဲ့ လက်ထဲပြောင်းလဲရောက်ရှိသွားခဲ့ပြန်ပါတယ်။ " ဂန္တဝင်မမ" က ကျွန်တော့်အတွက် အမှတ်တရဖြစ်စေလိုတာလား။ တသသ လွမ်းစေလိုတာလား မသိပါဘူး။ ကဗျာဆရာမလေး " မေ" ဆီရောက်ပြီး သိပ်မကြာခင် စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့ စာအုပ်ရောင်းချပွဲတစ်ပွဲလုပ်ပါတယ်။ ကဗျာဆရာမလေး " မေ" က သူလည်းထပ်တူတန်ဖိုးထားရပေမယ့် အခြေ အနေအရ ရောင်းချဖို့ဖြစ်လာရပါတယ်။ ဒီအတွက် ကျွန်တော့်ထံလာရောက်တိုင်ပင်ပါတယ်။ လက်ဆောင်ပေးခဲ့ချိန်တည်းက ကြိုက်တာလုပ်ပါလို့ ယတိပြတ်ပြောထားခဲ့တာပါ။ ဒီလိုနဲ့ " ဂန္တဝင်မမ" ကို ပမာဏာတစ်ခုအထိရှိတဲ့ ငွေကြေးအချို့နဲ့ ရောင်းချပြီး လှူဒါန်းပေးလိုက်ပါတယ်။ အခုဆိုရင် " ဂန္တဝင်မမ" က လက်ပြောင်းလက်လွှဲအဆင့်ဆင့်နဲ့ ဘယ်အရပ်ဒေသထံသို့ ရောက်ရှိနေသလဲဆိုတာကို မသိနိုင်တော့ပါဘူး။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကတော့ " ဂန္တဝင်မမ" ကို အမှတ်မထင်လက်ခံရရှိခဲ့သော လူငယ်လေးတစ်ဦးက သက်ရှိထင်ရှား " ဂန္တဝင်မမ" ကို ဆုံစည်းခဲ့ရဖူးပါတယ်။ သက်ရှိထင်ရှား " ဂန္တဝင်မမ" ရဲ့ အရေးအသားကိုရဖို့အတွက် ကဗျာဆရာရဲ့အိမ်ရာထံ ရို့ရို့ကျိုးကျိုး ချဉ်းကပ်တောင်းခံခဲ့ဖူးပါတယ်။ ပစ္စုပ္ပန်အရပ်ထံ၌ သတိရေအလျင်ကို ကပ်မိတော့ " ဂန္တဝင်မမ" က ငြိမ်းအေးရာဘုံကို ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ သူ့အနုပညာကို ချစ်မက်သူများအား ချန်ရစ်ထားခဲ့ပြီ။ သို့ပေမယ့် ကဗျာဆရာသည် သက်တော်ရာကျော်ရှည်ခဲ့ပြီးဖြစ်ပါသည်။ t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar |
||
|
စိမ်းစို - '' မနုဿသားကောင် '' -နွေဦး က ခြွေသွားတဲ့ ကြယ်တွေ (၂) Posted: 24 Aug 2021 01:00 AM PDT နွေဦး က ခြွေသွားတဲ့ ကြယ်တွေ (၂) မနုဿသားကောင် စိမ်းစို (မိုးမခ) သြဂုတ် ၂၄၊ ၂၀၂၁ ဘယ်သူမှထင်မှတ်မထားမိတဲ့ဇာတ်ညွှန်းနဲ့ပဲ ဒီ နွေဦးကို ဖွင့်တယ် ပြောရမယ်။ မြန်မာနိုင်ငံ ရဲ့ သမိုင်း မှာ မကြုံစဖူး ထူးထူးခြားခြား တိုင်းပြည်ရဲ့ လူဦးရေတဝက်နီးပါးလောက် လမ်းတွေပေါ် တက်လာခဲ့ကြတယ်…. တိုင်းပြည်ရဲ့ မြင်မြင်လေရာ မြို့ရွာတွေမှာသမိုင်းမှာ အကြီးကျယ်ဆုံး စုဝေးမှုကြီးကို စုပေါင်းပုံဖော် ကြဖို့ အလွှာစုံ နယ်ပယ်စုံက လူတွေ လမ်းပေါ် ရောက်လာခဲ့ကြတယ်…. ဆရာဝန်တွေ ပါတယ်၊ သူနာပြု တွေ ပါတယ်၊ အင်ဂျင်နီယာတွေ ပါတယ်၊ ဆရာမတွေ ပါတယ်။ သက်ကြီးရွယ်အိုတွေ ပါတယ်၊ ကိုယ်စိတ် မသန်စွမ်းတဲ့ သူတွေ ပါတယ်၊ ဘဏ်ဝန်ထမ်းတွေ ပါတယ်၊ ရှေ့နေတွေ ပါတယ်၊ အလုပ်သမား တွေ ပါတယ်၊ လယ်သမားတွေ ပါတယ်၊ မီးသတ်သမားတွေ ပါတယ်၊ Food Panda ကလေးတွေ ပါတယ်၊ ဆိုက်ကားသမားတွေ ပါတယ်၊ ခေါင်းရွက်ဗျပ်ထိုး တွေ ပါတယ်၊ နာမည်ကျော် စာပေ ဂီတ ရုပ်ရှင် အနုသုခုမ နယ်ပယ် နဲ့တကွ လူမှုကွန်ယက်ပေါ်မှာ ထင်ရှားကျော်ကြားတဲ့လူတွေလည်း ပါတယ်။ လမ်းပေါ်မှာရှိနေပါလျက်နဲ့ မပါဘဲနဲ့ ကျန်ခဲ့တဲ့ လူ့အတန်းအစား မရှိအောင်ကို တစ်နည်းနည်း နဲ့ ပါတယ်… အားလုံးရဲ့ ရှေ့ဆုံးမှာတော့ …. Generation Z လို့ နောက်ပိုင်းမှာ နာမည်ကျော်မယ့် ဆယ့်လေးငါးခြောက်နှစ်ကနေ ဆယ့်ကိုးနှစ်ဆယ် အစိတ် လူငယ်ကလေးတွေ ပါတယ်။ …………………………… ………………………. …………………………. နွေဦးစပြီး ဆယ်ရက်လောက်မှာပဲ နေပြည်တော် မှာ အသက် ၁၉နှစ်ပဲရှိသေးတဲ့ ပျဉ်းမနားတက္ကသိုလ်တခုက ကွန်ပြူတာကျောင်းသူလေးမြသွဲ့သွဲ့ခိုင်ခေါင်းကို တိုက်ရိုက်သေနတ်မှန် ပြီး ၁၀ ရက်လောက်အကြာမှာ ကျဆုံးတယ်။ အဲဒီတဝိုက်လောက်မှာပဲ မန္တလေးစိန်ပန်းရပ်က အသက် ၁၆နှစ်ပဲရှိသေးတဲ့ လူငယ်ကလေး ဝေယံဟိန်းခေါင်းကို စနိုက်ပါနဲ့ အပစ်ခံရပြီး ဦးနှောက်တွေပါ ထွက်ပြီး တခါတည်း ကျတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နဲ့ အဲဒီနေ့ရဲ့ နောက်ပိုင်း မတ်လထဲကနေ့တွေမှာတော့ လမ်းပေါ်မှာ လူတွေပစ်သတ်မခံရတဲ့နေ့ရယ်လို့မရှိတော့လောက်အောင် တပြည်လုံးအတိုင်းအတာနဲ့ကို အကျအဆုံးတွေ စိပ်လာတယ်၊ အဲဒီအချိန်တွေ တဝိုက်လောက်မှာပဲ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့သမိုင်းမှာ အရုန့်ရင်းအကြမ်းတမ်းဆုံးနဲ့ ရှက်ဖို့ အကောင်းဆုံး နောက်ကနေပြီး ခေါင်းကိုပစ်သတ်ခံရမယ်ဆိုတဲ့သဘောမျိုး ခြိမ်းခြောက်သံတွေ သတင်းစာနဲ့ တီဗီ တွေမှာ ပါလာတယ်။ နောက်ပြီးတော့ နောက်ပြီးတော့ နောက်ပြီးတော့ …. ကြက်သီးမွေးညင်း ထရလောက်အောင်ကြောက်ဖို့ကောင်းတဲ့ အံ့မခန်းရက်စက်မှုတွေ တခုပြီး တခု Facebook ပေါ်မှာ တက်လာတယ်။ ……………………………... …………………… …………………………. ပထမဆုံး မြင်ကွင်းထဲမှာ ပေါ်လာတာက ရဲ သုံးလေးယောက်က မုဆိုးဒူးထောက်အနေအထားမျိုး နဲ့ ရိုင်ဖယ်သေနတ်တစ်လက်ကို ပစ်ဖို့ လုပ်နေတယ်…. သူတို့ဘေးမှာတော့ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်ဗိုလ်တယောက်မတ်တပ်ရပ်ပြီး သူတို့နဲ့ စကားပြောနေတယ်…. ကျည်အစစ်နဲ့ပစ်ရပြီကွ ကျည်အစစ်နဲ့ပစ်ရပြီကွ တဲ့ …. မကြာပါဘူး …. ဟေး ထိသွားပြီဆိုတဲ့အသံနဲ့အတူ အားလုံး ထခုန်ကြတယ်…. အဲဒီအဖြစ်အပျက်ဟာ မြိတ်လား ထားဝယ်လားမှာ ဖြစ်ခဲ့တာထင်တယ်။ အဲဒီ ဗီဒီယိုကလစ်အတိုကလေးမှာမပါတဲ့ ပစ်လိုက်တဲ့ကျည်ဆန် ရဲ့ လားရာမှာတော့ ဆန္ဒပြတဲ့သူတစ်ယောက် ယောက် လမ်းပေါ်မှာ သွေးအိုင်ထဲမှာ လဲနေပေရော့မယ် ။ ဒုတိယတကွက်အနေနဲ့ ပေါ်လာတာက ကားတစင်းရဲ့ ဗိုက်အောက်မှာ ဖြစ်နေတယ်…. အဲဒီကားအောက်မှာတော့ ပခုက္ကူ မြို့ ရဲ့ ဆန္ဒပြပွဲမှာ ဒဏ်ရာရခဲ့တဲ့ လူငယ်တယောက်ဝင်ပုန်းနေတယ်…. အဲဒါကို ကားအောက်ကဆွဲထုတ်ပြီး ပစ်သတ်လိုက်တယ်။ တတိယအနေ နဲ့ကတော့ ကာကွယ်ရေးဝတ်စုံလို့ ခေါ်နေကြတဲ့ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံဝတ်ထားတဲ့လူငယ်တယောက် လက်ကိုမြှောက်ပြီး လျှောက်နေတယ်…. သူ့နောက်မှာတော့ စစ်သားတယောက်က သေနတ်နဲ့ ချိန်ပြီး သူ့ကိုပစ်သတ်နေတယ်…. တွေ့လိုက်ရတဲ့ပုံကလေးက ဒုတိယကမ္ဘာစစ်တုန်းက ကလေးလေးကိုချီထားတဲ့ ဂျူးအမျိုးသမီးတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်နေတဲ့ နာဇီစစ်သား တစ်ယောက်ရဲ့ ပုံ နဲ့ တထေရာတည်းပဲ။ စတုတ္ထအနေနဲ့တော့ မန္တလေးက စုတ်ခြာခြာခနော်နီခနော်နဲ့ အိမ်ကလေးတလုံး ရဲ့ ရှေ့မှာ အသက် ငါးဆယ်ကျော်လောက်ရှိတဲ့ ခပ်ဝဝအစ်မကြီး တယောက် ရပ်ပြီး စစ်သားတွေနဲ့ ရင်ဆိုင်နေရတယ်…. သူ့နောက်က သူ့အိမ်ကလေးထဲမှာတော့ ချာတိတ်ကလေး ဆယ်ယောက်လောက် ဝင်ပုန်းနေကြတယ်…. အဲဒါကို ချာတိတ်ကလေးတွေကို ဖမ်းရုံနဲ့အားမရ ကလေးနှစ်ယောက်အမေ အစ်မကြီးကိုပါ တခါတည်း ပစ်သတ်သွားတယ်။ ပဥ္စမအနေနဲ့ကတော့ မြန်မာနိုင်ငံအထက်ပိုင်းက မိုးညင်းမြို့ကလေးတနေရာက မြောင်းကူးတံတားလေး အောက်မှာ မြစ်ကြီးနား တက္ကသိုလ်ကျောင်းသားသမဂ္ဂက အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ဆန္ဒပြတက္ကသိုလ် ကျောင်းသားကလေးက ပုန်းနေတယ်… အဲဒါကို ရှာရှာဖွေဖွေ ပစ်ဖြစ်အောင် ခေါင်းကိုလိုက်ပစ်သတ်တယ်။ ဆဌမအနေနဲ့ ပြောရရင်တော့ စစ်သားတွေအပြည့်တင်ထားတဲ့ double cab တစင်းမောင်းလာနေတုန်းမှာ မျက်နှာချင်းဆိုင်က လူငယ်သုံးယောက် စီးလာတဲ့ ဆိုင်ကယ်က ဘေးကဖြတ်သွားတယ်…. အဲဒါကို ကားရပ်ပြီးတော့ ဆိုင်ကယ်ပေါ်က လူငယ်တယောက်ကို လှမ်းပစ်သတ်လိုက်တယ်။ သတ္တမအနေနဲ့ ပေါ်လာတာကတော့ စစ်ဗိုလ်တယောက်နဲ့ စစ်သားလေးငါးယောက် ရှေ့ကနေ လက်နောက်ပြန်ကြိုးတုပ်ခံထားရတဲ့လူတယောက်က လျှောက်လာတယ်…. ပတ်ဝန်းကျင်အခြေအနေကတော့ သစ်ပင်ကြီးတွေ ကံထရိုက်တိုက်တွေနဲ့ ရန်ကုန်မြို့ရဲ့တရောရာမှာပဲ ဖြစ်ဖို့ရှိတယ်…. အဲဒီမှာပဲ စစ်ဗိုလ်က သူ့ခါးကြားက ပစ္စတိုကိုထုတ်ပြီး ရှေ့ကလက်ပြန်ကြိုးတုပ်ခံနေရပြီး ရှေ့ကိုလျှောက်သွားနေတဲ့လူကို နောက်က ပစ်သတ်လိုက်တယ်။ နောက် မြင်ကွင်းတခုကလည်း ရန်ကုန်မှာပါပဲ… ကားလမ်းမ ပေါ်မှာ ဆောင့်ကြောင့်ထိုင် ခိုင်းထားတဲ့ လူတယောက်ရဲ့ နောက်မှာ စစ်သားတစ်ယောက်က လည်ပင်းကိုခွစီးထားတဲ့အနေအထားနဲ့ ရပ်နေတယ်…. ပြီးတော့ လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ ကြိုးကွင်းကိုတင်းပြီး ဆောင့်ကြောင့်ထိုင်နေတဲ့လူကို လည်ပင်းညှစ်သတ်နေတယ်။ နောက်တခုကို ဆက်ကြည့်မယ်ဆိုရင်တော့ မြောက်ဥက္ကလာပမြို့နယ်မှာ ကွမ်းယာဗန်းကလေးချပြီးရောင်းနေတဲ့ ကွမ်းယာသည်ကလေး မအေးအေးခိုင် ပေါ်လာပါလိမ့်မယ်…. ခမျာလေးမှာ သူ့လသားအရွယ်တူကလေးကိုချီပြီး လမ်းမကိုကျောပေးထားရာက ကျောဘက်က ကျည်ဝင်သွားတာကိုတောင် ရုတ်တရက်မသိဘဲ သွေးတွေ ထွက်ကျလာမှ သိရှာတယ်တဲ့ …. နောက်ဆုံးဝင်သက်တွေကို အငမ်းမရရှူရှိုက်ရင်း သယ်သွားတဲ့လှည်းကလေးပေါ်မှာ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ မအေးအေးခိုင်လို့ ခေါ်တဲ့ မွတ်စလင်မကလေး ရိုစာနာဘီ အသက်ငင်နေပုံဟာ ကြည့်ရက်စရာမရှိအောင်ကို ဖြစ်နေတယ်။ ကျန်နေသေးတဲ့အကွက်တွေကိုကျော်ပြီး နောက်ဆုံးအကွက်ကိုကြည့်မိရင်တော့ အခုမှ ၁၆ နှစ်သားကလေးပဲရှိသေးတဲ့ လူချောလူလှ ဆေးတက္ကသိုလ်ပထမနှစ်တက်နေတဲ့ တရုတ်ကလေး ခန့်ညားဟိန်းက ဗညားဒလလမ်းမကြီးပေါ်မှာ အနက်ရောင်ကိုယ်ကြပ် Defense ဝတ်စုံကလေးနဲ့ ပုံလျက်သား လဲကျနေတာပေါ်လာပါလိမ့်မယ်….. နောက်တကွက်မှာတော့ လမ်းပေါ်မှာ ရင်ဘတ်ကိုကျည်ဆံမှန်ပြီး လဲနေတဲ့ခန့်ညားဟိန်းရဲ့ ဒိုင်းကလေးကို ယူပြီး အကာအကွယ်ဖြစ်လိုဖြစ်ငြား ကာပေးထားရင်း ခန့်ညားဟိန်းနားမှာဝပ်နေတဲ့ကောင်မလေးတယောက် ပေါ် လာမယ်။ ပြီးတော့ သေနတ်တွေကိုင်ထားတဲ့ ရဲတွေ ရောက်လာပြီး နံပါတ်တုတ်နဲ့ သိမ်းကြုံးရိုက်၊ ခြေထောက်တွေနဲ့ကန်ပြီး ကောင်မလေးကို ဝင်ဖမ်းတယ်။ ပြီးတာနဲ့အသက်ကင်းမဲ့နေတဲ့ ခန့်ညားဟိန်းရဲ့အလောင်းကို လက်နှစ်ဖက်ကနေ လမ်းမပေါ်မှာ ဒရွတ်ဆွဲသွားကြတဲ့ ရဲနှစ်ယောက်ရဲ့ ပုံ ပေါ်လာမယ်။ အလားတူပါပဲ။ ကြည့်ရှုနေကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပရိသတ်များ အံ့အားသင့်ထိတ်လန့်ကြဖွယ်ရာ တိုက်အမြင့်တွေပေါ်မှာ အရပ်ဝတ်တွေနဲ့ပါတက်ပြီး အောက်ဘက်က ဆန္ဒပြနေတဲ့ ပြည်သူတွေကိုမနုဿသားကောင်တွေလို စိမ်ပြေနပြေ ပစ်သတ်ဖို့ လုပ်နေတဲ့ မြင်ကွင်းတွေပါ တဆက်တည်း ပေါ်လာမယ်။ ဟိုး လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က အာဖရိက ယူဂန်ဒါက စစ်အာဏာရှင် အီဒီအာမင် ရဲ့ အရပ်ဝတ်ဝတ်ထားတဲ့ အကြမ်းဖက်လူသတ်သမားတွေလို မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအနေနဲ့ ယူနီဖောင်းကိုတောင်မဝတ်တော့ဘဲ ပြောင်ပြောင်တင်းတင်း ပြည်သူလူထုတရပ်လုံးရဲ့ လုံခြုံရေးတခုလုံးကို မြောင်းထဲပို့ပစ်ပြီး နံပါတ်မပါတဲ့စစ်ရောင် double cab ကားတွေနဲ့ မောင်းပြန်သေနတ်တွေကိုင်ထားတဲ့ အရပ်ဝတ်တွေလည်း ပေါ်လာမယ်။ လူနာတင်ယာဉ်ကိုပါအသုံးပြုပြီး လူတွေကိုဒလမန်းကြမ်း လိုက်ပစ်သတ်တဲ့ ပြကွက်ကလေးပါ အဆစ်အနေနဲ့ ပေါ်လာမယ်။ လမ်းပေါ်မှာဆန္ဒပြရင်း အသက်ပေးသွားကြတဲ့ အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးလေးနှစ်အရွယ် လူမမယ် ကလေးတွေရဲ့ မျက်နှာကလေးတွေ ပေါ်လာမယ်။ သွေးပျက်ထိတ်လန့်ခြောက်ခြားဖွယ်ရာ ညဘက်မှာဖမ်းသွားပြီး မနက်ကျတော့ မရှုမလှ ဒဏ်ရာတွေနဲ့ပြည့်နေတဲ့ အလောင်းတွေကို ပြန်ပို့လိုက်တဲ့ ပြကွက်တွေလည်း ပေါ်လာမယ်။ သေဆုံးရတဲ့ အကြောင်းရင်းကတော့ နှလုံးရောဂါ တဲ့…. ဂျူးတွေကို အဆိပ်ငွေ့ခန်းထဲထည့်သတ်ပြီး အားလုံး နှလုံးရောဂါနှင့် ကွယ်လွန်သည်လို့ မှတ်ချက်ကလေး ရေးပေးလိုက်တဲ့နာဇီတွေလို နှလုံးရောဂါတဲ့။ …………………………….. ………………………….. ……………………………… တကယ်က သေနတ်မှန်ခံရရင် ဘယ်လိုဘယ်ပုံဆိုတာ အခုမှပဲ မြန်မာပြည်သူတွေ အားလုံး မျက်မြင်တွေ့ဖူးကြတယ် ပြောရမယ်ထင်တယ်။ ‘အရုပ်ကြိုးပြတ်’ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကို ခုမှ အသက် ၁၉ နှစ်ပဲ ရှိကြသေးတဲ့ မြသွဲ့သွဲ့ခိုင်ကလေးနဲ့ ကြယ်စင်ကလေး ခေါင်းကိုသေနတ်မှန်ပြီး ဖြုတ်ခနဲ လဲသွားတာမြင်လိုက်မှပဲ သေချာသိရတယ်။ အဲဒီမှာပဲ အခု ခြောက်လကျော်ကြာ ဆက်လက်ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးပြကွင်းပြကွက်အဖြစ် ရန်ကုန်မြို့ ၄၄လမ်း ထဲက လေးထပ်တိုက်ကြီးတလုံးအပေါ်ကနေ အောက်ကိုခုန်ချပြီး အဖမ်းခံမယ့်အစား အသေခံသွားကြတဲ့ အမျိုးသမီးငယ် ကလေးတစ်ယောက် အပါအဝင် လူငယ်ကလေး ငါးယောက်ရဲ့နောက်ဖေးလမ်းကြားထဲမှာ သေဆုံးနေကြတဲ့ပုံတွေ ပေါ်လာမယ်။ အခုလောက်ဆိုရင် ကြည့်နေကြတဲ့ ကမ္ဘာပေါ်ကပရိသတ်အပေါင်း ကျေနပ်ရှင်းလင်းလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်…. ပြည်သူတရပ်လုံးရဲ့ ရင်နှစ်သည်းခြာ ကိုယ့်သားသမီးအရွယ် ကလေးသူငယ် လူငယ်လူရွယ် ကလေးတွေနဲ့တကွ အခြားအခြားသော ပြည်သူတွေကိုပါ ‘မနုဿသားကောင်’ တွေအဖြစ်သဘောထားပြီး ရက်ရက်စက် စက် လိုက်လံပစ်ခတ် အသေသတ်ဖြတ်နေတဲ့အတွက် မခံမရပ်နိုင်တော့တဲ့ မြန်မာပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့သုတ်သင်ရှင်းလင်းဖို့ သမိုင်းမှာ တွင်ရလောက်အောင် ဖြစ်နိုင်သမျှ အနုအကြမ်းနည်းလမ်းပေါင်းစုံနဲ့ ကြံစည်ကြိုးပမ်း ပံ့ပိုးထောက်ကူနေကြပြီ ဖြစ်ကြောင်း ပရိသတ်အားလုံး အတိုင်းသားမြင်နိုင်ပြီလို့ ထင်ပါတယ်။ အဲဒီလိုမြင်နိုင်ပြီဆိုရင်တော့ မြန်မာပြည်သူတွေကို နှစ်ပေါင်း ၆၀ လုံးလုံး ကုပ်သွေးစုပ် ကျွန်လုပ်ထားခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူ့စစ် မီးလျှံတွေကြားမှာ အဝိုင်းခံနေရပြီ ဖြစ်ကြောင်း ဆက်ပြီးမြင်နိုင်မယ်လို့ ထင်ပါတယ် ။ ။ စိမ်းစို - t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar |
||
|
သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၄ (နိဂုံး) Posted: 23 Aug 2021 11:44 PM PDT သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၄ (နိဂုံး)(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁နောက်ကြောင်းပြန်ဖို့လိုနေပြီ အတိအကျမသိပဲ ဒီညီလာခံမှာ ဘယ်လိုအဆုံးအဖြတ်မျိုးရနိုင်မလဲ ဆိုပြီး မှန်းဆနေတာထက်စာရင် အရင် ညီ လာခံတွေမှာ ဘယ်လိုစဥ်းစား အဆိုပြုခဲ့ကြသလဲဆိုတဲ့ ချဥ်းကပ်မှုမျိုးက ပိုသဘာဝကျလိမ့်မယ် ထင်ပါတယ်။ Credentials Committee က ပြီးခဲ့တဲ့ညီလာခံတွေမှာ ဘယ်လိုဆုံးဖြတ်ချက်ပေးခဲ့ဖူးသလဲ ဆိုတာမျိုးကို အသေးစိတ်တင်ပြဖို့ကတော့ နောက်ထပ်ဆောင်းပါးများစွာနဲ့မှပဲ သင့်တော်ပါလိမ့်မယ်။ တကယ်တော့လည်း ဒီကော်မတီမှာ အရင်ကဆွေးနွေးဆုံးဖြတ်ခဲ့သမျှအားလုံးက ဒီကနေ့ကြုံတွေ့နေရတာနဲ့ ပတ်သက်နေတာမျိုး ချည့်မဟုတ်ပါ။ အချိန်နှစ်အပိုင်းအခြားနဲ့ ရေခံမြေခံနောက်ခံအကြောင်းတရားတွေ ကွာဟတဲ့ကြားက ကပ်ရောဂါကာ လလို ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ ရူးရူးမိုက်မိုက်အာဏာထသိမ်းတဲ့ နိုင်ငံမျိုး ကမ္ဘာ့သမိုင်းမှာ မရှိခဲ့လေ တော့ ပန်းသီးကိုပန်းသီးနဲ့ အတိအကျ နှိုင်းယှဥ်လို့ရတာမျိုးလည်း မဖြစ်နိုင်ပါ၊ ၂၀၂၁ အခင်း အကျင်းမှာ ၂၀၂၁ အစိုးရများက Credentials Committeeရဲ့ ဆုံးဖြတ်ချက်ဟောင်းတွေ ပြန်လှန်လှောပြီး ၏၊သည် မရွေး လိုက်နာမဲပေးကြမှာတော့လည်း မဟုတ်နိုင်။ ဆိုခဲ့ဖူးသလိုပင်၊ နိုင်ငံရဲ့ အကျိုးစီးပွား၊မဟာမိတ်များနဲ့ တိုးတိုး တိတ်တိတ်တိုင်ပင်ထားမှု၊ မိမိအစိုးရရဲ့ဂုဏ်သိက္ခာနဲ့ အစဥ်အဆက်ရပ်တည်ချက်များ အစရှိတာတွေနဲ့ အပြန် ပြန် အလှန်လှန်ချိန်ထိုး မဲပေးကြတာပါ။ မည်သို့ပင်ဖြစ်စေ သမိုင်းဖြစ်စဥ်များနဲ့ ကုလသမဂ္ဂညီလာခံ များရဲ့ ဆုံးဖြတ်ချက်များကို ပြန်လည်ဆန်းစစ်ကြည့် ခြင်းဟာ လက်တွေ့ကျတဲ့ စူးစမ်းမှုတခုလို့တော့ ပြောနိုင်ပါလိမ့် မယ်။ ဒီဆောင်းပါးမှာတော့ နယ်မြေထိန်းချုပ်ထားနိုင်ခြင်း မရှိပဲ ကုလသမဂ္ဂမှာ အသိအမှတ်ပြုခံရတာမျိုး ဖြစ်နိုင်ပါ့ မလားဆိုတဲ့ အရေးလည်းကြီး၊ စိတ်ဝင်စားစရာလည်းကောင်းတဲ့ အကြောင်းအရာကိုပဲ ရှေ့တန်းတင်ပြီး နောက်ကြောင်းပြန်လေ့လာချင်ပါတယ်။ နယ်မြေပိုင်စိုးမှု့ဟာ စစ်ကောင်စီရဲ့ ရှားရှားပါးပါး အားသာမှုလို့ တွေး ထင်ပြီး စိုးရိမ်မကင်းဖြစ်ကြသူတွေရှိနိုင်ပါတယ်။ လာမယ့်ညီလာခံမှာမဲပေးဆုံးဖြတ်မယ့်သူများရဲ့ သဘော ထားကို မသိနိုင်သေးပေမယ့် ယခင်ကဘယ်လို သဘောထားပြီးဆုံးဖြတ်ခဲ့ကြသလဲဆိုတာ စူးစမ်းကြည့်ပါ မယ်။ သမားရိုးကျအကဲဖြတ်မှု မူဘောင်ထဲက ကျော်လွန်ပြီး ဆုံးဖြတ်ခဲ့ခြင်း ရှိမရှိ တွေ့မြင်နိုင်မှာပါ။ ကုလသမဂ္ဂနဲ့တာလီဘန် နိုင်ငံတကာသတင်း စာမျက်နှာမှာ ထိပ်ဆုံးကလွှမ်းမိုးနေတဲ့ အကြောင်းအရာတခုကို အခွင့်ကောင်းယူပြီး ခေါင်းစည်းတပ် ရေးသားခြင်းတော့မဟုတ်။ Credentials Committeeနဲ့ အထွေထွေညီလာခံရဲ့ စိတ်ဝင်စား စရာဆုံးဖြတ်ချက်တခု ဖြစ်လို့ပါ။ မှန်ပါတယ်၊ အစိုးရတစ်ရပ်အတွက် နယ်မြေထိန်းချုပ်နိုင်မှုဟာ သူ့အတွက် ပြည်တွင်း ပြည်ပစာမျက်နှာမှာ အရေးကြီးတယ်ဆိုတာ လက်ခံရမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် အနေနဲ့ ၁၉၉၆ ခုနှစ် ကနေ ၂၀၀၁ ခုနှစ် အထိ အာဖဂန်နစ္စတန်ရဲ့ နယ်မြေ (၉၀) ရာခိုင်နှုန်းလောက်ကို ထိန်းချုပ် ပြီး အုပ်စိုးခဲ့ဖူးပါတယ်။ တာလီဘန်တွေဟာ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခံရဖို့အတွက် အကြိမ်ကြိမ်ကြိုးစား ခဲ့ပေမယ့် ကုလသမဂ္ဂက လက်မခံပဲ သမ္မတဟောင်း ‘ဘာဟနူဒင်း ရဘနီ’ ရဲ့ အစိုးရကိုသာ ၂၀၀၁ ခုနှစ်တိုင် ဆက်လက် အသိအမှတ်ပြုခဲ့ပါတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး’ကို နယ်မြေပိုင်စိုးမှုထက် ပိုမိုအသားပေး စဥ်းစားခဲ့ကြတဲ့ ညီလာခံဆုံးဖြတ်ချက်လို့ မှတ်ယူနိုင်ပါတယ်။ တင်းကျပ်တဲ့ အစွန်းရောက်ဘာသာရေး ဥပဒေ ကိုအခြေခံအုပ်ချုပ် ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုများစွာ ကျူးလွန်သော၊ အမျိုးသမီးများရဲ့ ပညာသင်ကြားခွင့်၊အလုပ်လုပ်ကိုင်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်အခွင့် အရေးများကို ငြင်းပယ်ခဲ့တဲ့ တာလီဘန်တွေကို ပါကစ္စတန်၊ယူအေအီးနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ကလွဲ လို့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုခဲ့ကြပါ။ အာဖဂန်နစ္စတန်နိုင်ငံဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေရဲ့ လေ့ကျင့်စခန်းနဲ့ ခိုအောင်းရာဖြစ်လာလို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ဆုံးဖြတ်ချက်များထုတ်ပြီး သတိပေးခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ (၁၉၉၉)နဲ့ ၁၃၃၃(၂၀၀၀) မှာဆိုရင် ‘ဘင်လာဒင်’ကိုလွှဲပြောင်းပေးဖို့အထိ နာမည်နဲ့တကွ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ဒါတွေဟာ ၉/၁၁ မတိုင်မီ ကာလတွေကတည်းကဆိုတော့ကုလသမဂ္ဂရဲ့ တာလီဘန် အပေါ်ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ ထပ်မံအတည်ပြုလိုက်သလိုပါ။ ကုလသမဂ္ဂနဲ့ကမ္ဘောဒီးယား အာဏာရှင်‘ပိုလ်ပေါ့တ်’ရဲ့ Khmer Rouge လို့ခေါ်တဲ့ ခမာနီ ကွန်မြူနစ်အစိုးရကြောင့် ကမ္ဘောဒီးယားပြည် သူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြတာပါ။ ကိုးကားတဲ့ ရည်ညွှန်းအချက်အလက်ပေါ်မူတည်ပြီး ကွဲပြား မှုတွေရှိ နိုင်တဲ့အတွက် ကုလသမဂ္ဂရဲ့ Legal Affairs and Legal Counsel ဌာနမှာ အကြီးအကဲလုပ်သွားခဲ့ဖူး တဲ့ Hans Corell ကိုယ်တိုင် ကိုးကားခဲ့တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပါ့မယ်။ ဒီဌာနကပဲ Credentials Committee ကို အထွေထွေညီလာခံမှာ စိစစ်ဆောင်ရွက်စရာကိစ္စများအတွက် ဥပဒေကြောင်းနဲ့ ပတ်သက်တဲ့ အကြံဥာဏ် အချက်အလက် အထောက်အထားတွေကို နှစ်စဥ်ပြင်ဆင်ပြုစုပေးရပါတယ်။ ‘ကော်ရဲလ်’ က အစီရင်ခံစာတစ်ခုမှာ ၁၉၇၅ခုနှစ်မှ ၁၉၇၉ ခုနှစ် အတွင်း ကမ္ဘောဒီးယားပြည်သူ ၁.၅သန်း ကနေ ၁.၇ သန်း အတွင်း အသက်ဆုံးရှုံးခဲ့ကြတယ်၊ ၁၉၇၅ ခုနှစ် ကမ္ဘောဒီးယားလူဦးရေဟာ ၇.၃သန်း-၇.၉ သန်းခန့်ရှိတယ် လို့ ကိုးကားခဲ့တာပါ။ ရာခိုင်နှုန်းနဲ့ ပြန်တွက်ကြည့်ရင် လူသားမျိုးနွယ်စုသမိုင်းမှာ ဖျောက်ဖျက်မရအောင် စွန်း ထင်းခဲ့ရတဲ့ အမည်းစက်တစ်ခုရဲ့ တုန်လှုပ်စရာ ကိန်းဂဏန်းကို ပိုလို့မြင်နိုင်မှာပါ။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလမှာ ဗီယက်နမ်ဦးဆောင်တဲ့တပ်တွေဟာ ဖနွမ်းပင်ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့လို့ ခမာနီတွေ အာဏာလက်လွှတ်ခဲ့ရပါတယ်။ ဗီယက်နမ်လိုလားတဲ့ ပြည်သူ့သမ္မတကမ်ပူးချားအစိုးရ (PRK) နဲ့ ခ မာနီတို့ရဲ့ ဒီမိုကရက်တစ်ကမ်ပူးချား အစိုးရ (DK) တို့ဟာ ကုလသမဂ္ဂရဲ့နေရာကို ရဖို့အပြိုင်အဆိုင်ကြိုးစား ကြပါ တယ်။ ထိုင်းနိုင်ငံနယ်စပ်ကို ဆုတ်ခွာခဲ့ကြရတဲ့ ခမာနီတို့ဟာ နယ်မြေထိန်း ချုပ်မှုမှာ ဘယ်လိုမှမယှဥ်နိုင် ပါဘူး။ ဗီယက်နမ်တပ်ဖွဲ့တွေနဲ့ သူတို့ ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့သမ္မတ ကမ်ပူးချားအစိုးရ (PRK)ဟာ နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းကျော်သော နယ်မြေကို ထိန်းချုပ်ထားခဲ့တာပါ။ ဒါပေမယ့် Credentials Committee ကနေ ၆ မဲ-၃ မဲ နဲ့ ခမာနီအစိုးရကို အသိအမှတ်ပြုတဲ့ အဆိုကြမ်း ကို (၃၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ထောက်ခံမဲ ၇၁၊ ကန့်ကွက်မဲ ၃၅၊ ကြားနေမဲ ၃၄၊မတက်ရောက်သူ ၁၂ ဖြင့် မဲခွဲအတည်ပြုပေးခဲ့ပါတယ်။ အမေရိကန်၊တရုတ်၊အာဆီယံနဲ့ အနောက်အုပ်စုအများစုရဲ့ ဦးဆောင်မှုနောက် အခြားနိုင်ငံများလိုက်ပါခဲ့ပြီး ထောက်ခံမဲထည့်ခဲ့ကြပါတယ်။ အရှိန်မသေသေးတဲ့ စစ်အေးကာလလည်း ဖြစ်တဲ့အတွက် အမေရိကန်နဲ့ ဆိုဗီ ယက်ယူနီယံ အုပ်စုနှစ်စုရဲ့ အားပြိုင်မှုဂယက် အနေနဲ့လည်း ရှုမြင်နိုင်ပါတယ်။ပြင်သစ်၊ဩစတြီးယား၊ဖင်လန်၊ ဆွီဒင်၊အိုင်ယာလန်တို့က ကြားနေခဲ့တာကို တွေ့ရပါတယ်။ဒီတစ်ကြိမ်ကြပြန်တော့ ပြည်ပနိုင်ငံတစ်ခုက ကျူး ကျော်ဝင်ရောက်စွက်ဖက်ပြီး အစိုးရတင်မြှောက်ပေးမှုကို လက်မခံနိုင်ဘူး ဆိုတဲ့မူက လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတို့ထက် အဓိကဦးစားပေးခံခဲ့ရတဲ့ ညီလာခံ ဆုံးဖြတ်ချက်လို့ ကောက်ချက်ချ ရမှာပါ။အမှန်တကယ့်ကို ဆုံးဖြတ်ရ မလွယ်ကူလှသော ကိစ္စဖြစ်တဲ့အတွက် အဆိုသာနိုင်ခဲ့ပေမယ့် ထောက် ခံမဲအရေအတွက်ဟာ ထိုစဥ်က စုစုပေါင်း အဖွဲ့ဝင် ၁၅၂ နိုင်ငံရဲ့ ထက်ဝက်ပင် မရရှိခဲ့တာကို တွေ့နိုင်ပါ တယ်။ Credentials Committee အဖွဲ့ဝင်ဖြစ်တဲ့ ကွန်ဂိုနိုင်ငံက ဘယ်သူ့ဘက်ကိုမှ အသိအမှတ်မပြုပဲ နေရာ လပ် ချန်ထားဖို့ အဆိုပြုခဲ့သေးပေမယ့် အထမမြောက်ခဲ့တာကို တွေ့ရပါတယ်။ ကုလသမဂ္ဂနဲ့အာဏာသိမ်းမှုများ ကမ္ဘာမှာအာဏာသိမ်းမှုတွေနဲ့ ကြုံလာတဲ့အခါ ကုလသမဂ္ဂအနေနဲ့ အာဏာသိမ်းအစိုးရတွေကို အသိအမှတ် မပြုခဲ့တာတွေ ရှေ့မှာသက်သေရှိခဲ့ပါတယ်။ ထင်ရှားတဲ့ဥပမာတွေအဖြစ် ပေးလေ့ရှိတာတွေကတော့ ဟေတီ (စက်တင်ဘာ ၁၉၉၁)၊ ဆီယာရာ လီယွန်း (မေ ၁၉၉၇)၊ ဟွန်ဒူးရပ်စ် (ဇွန် ၂၀၀၉) တို့ဖြစ်ပါတယ်။မျက်မှောက် ခေတ်မှာလည်း အလားတူပါပဲ၊ အင်အားသုံးပြီး အာဏာရယူတဲ့ ဘယ်အစိုးရ မျိုးကိုမဆို ကုလသမဂ္ဂက အသိ အမှတ် ပြုမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ‘ဂူတာရက်စ်’က လက်ရှိဖြစ်ပျက်နေတဲ့ အာဖဂန် နစ္စတန်နိုင်ငံအရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ အရေး ပေါ်အစည်းအဝေး မှာ ကုလသမဂ္ဂရဲ့သဘောထားကို ထပ်မံပြောကြားခဲ့ပါတယ်။ တကယ့်လက်တွေ့မှာတော့ အဖွဲ့ဝင်နိုင်ငံများရဲ့ သဘောထားက ပိုအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Credentials Committee မှာ မဲခွဲတဲ့အခါမှာပဲဖြစ်ဖြစ်၊ လိုအပ်လို့ ညီလာခံမှာဆက်ပြီး မဲခွဲကြရင်ပဲဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ငံများကသာ တစ် နိုင်ငံတစ်မဲနှုန်းနဲ့ သူတို့ရဲ့သဘောထားကို ထုတ်ဖေါ်ကြတဲ့အတွက်ပါ။ ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ ကုလ သမဂ္ဂဆုံးဖြတ်ချက်တွေ ရှိခဲ့ဖူးတာကိုလည်း မမေ့သင့်ဘူးလို့ ထင်ပါတယ်။ ဒီနေရာမှာဖြည့်စွက်ပြောချင်တာက ဒေသဆိုင်ရာအဖွဲ့ကြီးများရဲ့ အခန်းကဏ္ဏပါ။ အာဖရိကန်နိုင်ငံတွေနဲ့ လက်တင်အမေရိက-ကာရီဘီယံနိုင်ငံများ အတွက် အားသာတယ်လို့ပြောနိုင်တဲ့အချက်က မူဝါဒနဲ့စည်းစံနစ်ခိုင် မာပြီး အင်အားတောင့်တင်းတဲ့ ဒေသဆိုင်ရာအဖွဲ့ကြီးတွေရှိနေတာပါ။ အာဖရိကန်သမဂ္ဂ (African Union –AU)မှာ အဖွဲ့ဝင်(၅၅) နိုင်ငံရှိပြီး၊ အမေရိကန်နိုင်ငံများအဖွဲ့အစည်း (Organization of American States- OAS) မှာတော့ (၃၅) နိုင်ငံရှိပါတယ်။ AU ရဲ့မူဝါဒအနေနဲ့ အာဏာသိမ်းခြင်း သို့မဟုတ် အခြေခံဥပဒေ နဲ့ မကိုက်ညီတဲ့ အစိုးရအဖွဲ့ပြောင်းလဲခြင်းမျိုးကို လုံးဝလက်မခံပါ။ OAS ကလည်း အလားတူပါပဲ၊ချမှတ်ထား တဲ့ဆုံးဖြတ်ချက်အမှတ်-၁၀၈၀ နဲ့အညီ ဒီမိုကရေစီနဲ့အညီ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရရဲ့တရား ဥပဒေနဲ့ အညီလုပ်ဆောင်နိုင်ခွင့်ကို ပျက်ပြားအောင်လုပ်ဆောင်ခဲ့ရင် ဝင်ရောက်စွက်ဖက်ခွင့် ရှိပါတယ်။ ဒီဒေသတွေမှာ အဖွဲ့ဝင်နိုင်ငံတွေကလည်း အများအပြားဆိုတော့ အာဏာသိမ်းမှုအပါအဝင် သူ့ပြဿနာနဲ့ သူတွေ ရှိနေသေးတာပါပဲ။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေရဲ့ ပြတ်သားထိရောက်တဲ့ လုပ်ရပ်တွေဟာ နိုင်ငံကိုယ် စားပြုခွင့်လို အကြောင်းကိစ္စမျိုး ကုလသမဂ္ဂစင်မြင့်ထက်ရောက်ခဲ့ရင် Credentials Committee အပါအဝင် အဖွဲ့ဝင်နိုင်ငံများရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဆိုကြပါတော့၊ မာလီနိုင်ငံမှာ ပြီးခဲ့တဲ့မေလ (၂၄)ရက်နေ့ကအာဏာသိမ်းမှုစတင်ပြီးနောက် ဇွန်လ(၁)ရက်နေ့မှာပဲ AUက မာလီ ကိုအဖွဲ့ဝင်နိုင်ငံအဖြစ်ကရပ်စဲလိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ(၅၅)ရှိတဲ့ အဖွဲ့ကြီးက ပြတ်ပြတ်သားသား ဆုံးဖြတ် ခဲ့တာဟာ ကုလသမဂ္ဂအတွက် ဆုံးဖြတ်သင့်၊ဆုံးဖြတ်ထိုက်တာများကို လွယ်ကူမြန်ဆန်စွာ ချမှတ်နိုင်စေပါ လိမ့်မယ်။ အထက်ကဥပမာပေးခဲ့တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံမှာဆိုရင်လည်း ၂၀၀၉ ခုနှစ် ဇွန်လ (၂၈)ရက်နေ့ အာဏာသိမ်းပြီး တဲ့ နောက် ဇူလိုင်(၄)ရက်နေ့မှာပဲ OAS ရဲ့ အဖွဲ့ဝင်အဖြစ်ကရပ်စဲခံခဲ့ရပါတယ်။ စီးပွားရေးပိတ်ဆို့အရေးယူမှု တွေလည်း ဆောင်ရွက်မယ်လို့ သတိပေးခဲ့ပါတယ်။ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ကာရာဂွာ၊ဂွာတီမာလာနဲ့ အယ်လ်ဆာဗေဒိုတို့ကလည်း နယ်စပ်စီးပွားရေးကို ရပ်တန့်လိုက်ပါတယ်။ ဒီလိုပြင်းထန်ပြတ်သားတဲ့ ဒေသ တွင်း တုန့်ပြန်မှုတွေဟာ အဲဒီနှစ်ကကျင်းပတဲ့ (၆၄) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဒီမိုက ရေစီနည်းကျတင်မြှောက်ခြင်းခံထားရတဲ့ အာဏာသိမ်းခံအစိုးရရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကိုပဲ အသိအ မှတ်ပြုဖို့ တနည်းတဖုံ လမ်းကြောင်းပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ကံမကောင်းအ ကြောင်းမလှစွာနဲ့ ကုန်ရောင်းကုန်ဝယ် သာသာလောက်ကိုပဲ စိတ်ဝင်စားမှုရှိတဲ့ အာဆီယံကုန်သည်ကြီးများအသင်းအဆင့်လို့ပဲ သတ်မှတ်ခေါ်ဝေါ်သင့်တဲ့၊ ဒေသဆိုင်ရာအဖွဲ့အတွင်း ကျရောက်နေတော့ ပြင်းထန်တဲ့ အရေး ယူတုန့်ပြန်မှုများ၊ဖိအားပေးမှုများ ဝေလာဝေးဖြစ်နေတာဟာ အားမရစရာပါ။ လေးနက်ကျယ်ပြန့်တဲ့အကြောင်းအရာတစ်ခုကို လေ့လာပြီးကြတဲ့နောက် ပေါ့ပေါ့ပါးပါးဥပမာလေးနဲ့ အဆုံး သတ်လိုပါတယ်။ ဘောလုံးစကားနဲ့ပြောရရင် အမှတ်ပေးဇယားထိပ်ဆုံးနား ရောက်နေတဲ့အသင်းက ကိုယ့် အိမ်ကွင်းမှာ ချာတူးလန်တဲ့ အောက်ဆုံးကအသင်းနဲ့ ကစားရမယ့်အနေအထားလို့တောင်ပြောနိုင်ပါတယ်။ အ စစအရာရာ ကိုယ့်အသင်းဘက်ကို အခြေအနေပေးနေပါတယ်။ ဒါပေမယ့် ပရီးမီးယီးယားလိဂ် ဖလားကို မှန်းထားတဲ့ အသင်းအတွက် ဒီတစ်ပွဲနိုင်တာနဲ့ အောင်ပွဲခံလို့မရသေးပါဘူး၊ ဖလားရတဲ့အထိ ဆက်ကစားကြ ရမှာပါ။ ဒါ့အပြင်မနိုင်မှာသေချာတဲ့နောက် သရေကျဖို့အတွက်ပဲ ရည်မှန်းပြီး ပိတ်ဆို့လူချကစားတတ်တဲ့ အသင်းမျိုးနဲ့ ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ်၊မြို့မေတ္တာခံယူမယ့် ခပ်ချာချာဒိုင်လူကြီးများနဲ့ ကြုံကြိုက်ရလို့ပဲဖြစ် ဖြစ် စိတ်တိုင်းမကျတဲ့ ရလဒ်နဲ့ ကြုံကောင်းကြုံနိုင်ပါတယ်။ မြန်မာပြည်သူတွေအတွက်ကတော့ ကုလသမဂ္ဂ ဆိုရင်ပဲ အမာရွတ်ကလေးတွေကိုယ်စီ စမ်းကြည့်ရမလိုမျိုး ဖြစ်နေတာလည်း ကြာခဲ့ပါပြီ။ ကုလသမဂ္ဂနေရာနဲ့ အသိအမှတ်ပြုခံရမှု အတွက်ယှဥ်ပြိုင် အားထုတ်နေရခြင်းဟာ ပြည်သူ့အာဏာ ပြည်သူ့ လက်ထဲ ပြန်လည်ရောက်ရှိဖို့အတွက် အရေးကြီးတဲ့ဖြစ်စဥ်ဖြစ်သော်လည်း တစ်ခုတည်းသော ဖြစ်စဥ်တော့ မဟုတ်။မျှော်လင့်ထားတဲ့ရလဒ် ထွက်ပေါ်လာခဲ့ရင် အဲဒီအပေါ်အခြေပြုလို့ ဆင့်ပွားဖေါက်လုပ်ရမယ့် လမ်း ကြောင်းများနဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ဆက်လျှောက်ကြပါမယ်။ စိတ်တိုင်းကျရလဒ် မဟုတ်ခဲ့ရင်လည်း ဖြစ် ရပ်တစ်ခုအနေနဲ့သာ ချန်ထားရစ်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ခရီးကို ဆက်သွားရပါမယ်။ဒီအတွက် (၇၆) ကြိမ် မြောက် ညီလာခံက ဘယ်လိုအဆုံးအဖြတ်ကိုပဲရရ၊ ပရီးမီးယီးယားလိဂ်ဆုဖလားနဲ့ အလားသဏ္ဏန် တူတဲ့မိမိ တို့ရဲ့ အန္တိမရည်မှန်းချက်ကို လက်ဝယ်ပိုင်ဆိုင်ခွင့် မရမချင်း ရေကုန်ရေခန်း ခြေကုန်ကစားကြမယ်လို့ အား လုံးကသန္တိဌာန်ပြုပြီး ခရီးဆက်ကြဖို့ လိုအပ်တယ်လို့ ထင်မြင်မိကြောင်းပါ။ (သီအိုဇော်) Join Us @ MoeMaKa Telegram t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar |
||
|
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း Posted: 23 Aug 2021 11:19 PM PDT
![]() File Photo, Mizzima, 2019 | မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁ဆိုရှယ်မီဒီယာခေတ် တဦးချင်းရဲ့ လုံခြုံမှု၊ အဖွဲ့အစည်းအလိုက်လုံခြုံမှု ဆိုရှယ်မီဒီယာတွေ ခေတ်စားပြီး လူတိုင်းနီးပါးလောက် သုံးကြတဲ့ခေတ်မှာ ကိုယ့်ရဲ့ အလုပ်၊ အဆက်အသွယ်၊ ခြေရာတွေ အားလုံးက ဆိုရှယ်မီဒီယာ account တွေမှာ စုစည်းထားရှိထားကြတာမျိုး ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကို ကွန်ပျူတာနဲ့ သုံးတာထက် မိုဘိုင်းဖုန်းနဲ့ သုံးကြတာက အများစုဖြစ်လို့လည်း မိုဘိုင်းဖုန်းတလုံးဟာ ကိုယ့်ရဲ့ အကြောင်း ၇၀ ရာနှုန်းလောက် ပြန်ပြောပြနိုင်တဲ့ သက်မဲ့ ဝတ္တု တခုဖြစ်လို့နေပါတယ်။ ဘယ်သူနဲ့ ဆက်သွယ်နေသလဲ၊ ဆက်သွယ်ခဲသလဲ၊ ဘယ်နေရာတွေ သွားခဲ့လဲ၊ ဘယ်လောက်ကြာလဲ၊ ဘယ်နေရာသွားခဲ့လဲ ၊ ကိုယ့်ရဲ့ အဆက်အသွယ်တွေက ဘယ်သူတွေလဲ ဖုန်းနံပါတ်တင်မက ဆိုရှယ်မီဒီယာ အကောင့်တွေပါ တနေရာထဲ ဆက်စပ်စုစည်းပေးပြီး သုံးနေတဲ့ ဖုန်းကိုလဲလှယ်လိုက်ရင်တောင် အဆက်အသွယ်တွေကို နောက်ဖုန်းအသစ်ထဲ မေးလ် အကောင့်က ဖြစ်စေ ဆိုရှယ်မီဒီယာအကောင့်က ဖြစ်စေ ချိတ်ဆက်သယ်ဆောင်သွားပေးတာတွေက အကောင်းဘက်က ကြည့်ရင် အဆင်ပြေတဲ့ သဘော သုံးစွဲသူအနေနဲ့ ကရိကထ ခံကာ သိမ်းဆည်းစရာ မလိုပဲ သိမ်းမယ် မသိမ်းဘူး ဆိုတာ သဘောထားပေးရုံနဲ့ သူ့ဘာသာသူ သိမ်းဆည်းမှတ်တမ်းတင်ထားပေးကြတာမျိုးဖြစ်ပါတယ်။ ဓါတ်ပုံရိုက်မယ် ဗီဒီယိုရိုက်မယ်ဆိုရင်လည်း ဖုန်းနဲ့တင်ရိုက်ယူနိုင်သလို ဖုန်းနဲ့တင်ပို့ ဖုန်းထဲကနေ ကလောက်ဒ်ဆာဗာထဲပို့ ပြီးသိမ်းဆည်းထားကြတာမျိုးမို့ မှတ်တမ်းတင်ချင် ချိတ်ဆက်ချင်တဲ့ အခါ လွယ်ကူသလောက် မှတ်တမ်းမတင် ချိတ်ဆက်မှုတွေ ဖြတ်တောက်ချင်တဲ့အခါ တကူးတက လုပ်ရတာမျိုး ဖြစ်လာပါတယ်။ ဒီနေ့ခေတ် အာဏာအလွဲသုံး၊ လက်နက်နဲ့ လူထုကို အနိုင်ကျင့်၊ ဖိနှိပ်အုပ်ချုပ်ကြတဲ့ အာဏာရှင် အစိုးရတွေက အခုလို လူအများက ဆက်သွယ်ရေးနည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးလာတာကို အခွင့်ကောင်းယူပြီး ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ အင်တာနက်သုံးစွဲသူတွေကို စောင့်ကြည့်ကြတာ ၊ အများအကျိုးမထိခိုက်ပဲ အစိုးရအာဏာကို ထိခိုက်မယ့်ကိစ္စတွေကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြကာ အရေးယူကြတာတွေ လုပ်လာကြပါတယ်။ သာမန်အားဖြင့် အများသုံးနိုင်တဲ့ နေရာပြတဲ့ လုပ်ဆောင်ချက်၊ အင်တာနက်သုံးသူရဲ့ အိုင်ပီ (IP Address) ထောက်လှမ်းတာ အကောင့်ကို ဟက်တာတွေက လူအများသိနေကြတဲ့ ထောက်လှမ်းနည်းတွေ ဖြစ်ပေမယ့် သီးခြား ထုတ်လုပ်ထားတဲ့ စျေးကြီးကြီးပေးဝယ်ရတဲ့ ဆော့ဖ်ဝဲတွေကိုလည်း ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ပြီး စောင့်ကြည့် ထောက်လှမ်းကြတာမျိုး ဖြစ်လာပါတယ်။ ခုတလော သတင်းတွေထဲ ဖေါ်ပြတဲ့ အစ္စရေးလ် နိုင်ငံက နည်းပညာကုမ္ပဏီတခုက ထုတ်လုပ်ထားတဲ့ Pegasus လို့ခေါ်တဲ့ မိုဘိုင်းသုံးသူကို စပိုင်ဆော့ဖ်ဝဲထည့်သွင်းပြီး သူ့ရဲ့ လှုပ်ရှားမှု၊ ပြောဆိုမှု၊ ဆက်သွယ်မှုတွေကို သိနိုင်တဲ့ နည်းပညာတွေ ပေါ်နေတာနှစ်နဲ့တောင်ရှိနေပြီ ဖြစ်ကာ မြန်မာနိုင်ငံလိုမျိုးမှာလည်း ဝယ်သုံးကောင်းသုံးမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ နေထိုင်တဲ့ သတင်းသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ အနေနဲ့ အခုလို နည်းပညာဆိုင်ရာ ဗဟုသုတ ရှိကြဖို့ ၊ နည်းပညာနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ လိုက်နာသင့်တဲ့ သတိပြုကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ စစ်ကောင်စီတပ်တွေ ရဲတွေ မြို့ အဝင်အထွက်၊ မြို့ထဲက စစ်ဆေးတဲ့ပွိုင့်တွေ၊ သို့မဟုတ် နေအိမ်၊ ရုံးကို ဝင်စီးတဲ့အခါမျိုးမှာ ဖုန်းကို အရင်ဆုံးစစ်ဆေးလေ့ရှိပါတယ်။ ရုံးတွေဆိုရင် လက်ပတော့ သို့မဟုတ် ဒက်စ်တော့ဆိုရင်လည်း ဟဒ်ဒရိုက်ကို ဖြုတ်ပြီး ယူဆောင်သွားလေ့ရှိပါတယ်။ ဖုန်းထဲက ရိုက်ထားတဲ့ ဓါတ်ပုံ၊ ဝင်ထားတဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ထားတဲ့ အကြောင်းအရာတွေ၊ ဆက်သွယ် ပြောဆိုထားတဲ့ စာ မှတ်တမ်း တွေကို ကိုစစ်ဆေးတာတွေ လုပ်ပြီး သူတို့ ဖမ်းဆီးဖို့ ကြိုတင်သတ်မှတ်ထားတဲ့သူမဟုတ်ရင် ဖမ်းဆီးမယ် လွှတ်မယ်ဆိုတာကို အဲဒီလို အခြေအနေမှာ ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ မြေအောက် လုပ်ကိုင်သူတွေ အနေနဲ့ မိမိရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဟာ ကိုယ့် အသက်တမျှ အရေးကြီးတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ခြေရာတွေ မတင်ကျန်ရစ်စေဖို့ မိမိရှိနေတဲ့ နေရာ ၊ ဒေသ၊ တွေဆုံတဲ့သူ၊ ဆက်သွယ်တဲ့သူတွေ ရဲ့ အမည်၊ ဖုန်းနံပါတ် စတာတွေကိုပါ တစုတစည်းထဲ မဖြစ်စေဖို့ သတိကြီးစွာ ထားသင့်တယ်လို့ မြင်ပါတယ်။ ဆိုရှယ်မီဒီယာက ဆက်သွယ်ရေးအတွက် အသုံးတည့်တဲ့ နည်းလမ်းတခုဖြစ်တာ အမှန်ပဲ ဖြစ်ပါတယ်၊ တဖက်မှာလည်း ဆိုရှယ်မီဒီယာက မိမိရဲ့ အကြောင်း၊ နေရာ ၊ အမူအကျင့်၊ အဆက်အသွယ်တွေကို ဖေါ်ပြပေးနေသလို ဖြစ်စေတာသတိပြုဖို့ လိုပါတယ်။ ဖျက်ထားတဲ့ ဓါတ်ပုံတွေ ဖိုင်တွေကို ပြန်လည်ဆယ်ယူဖေါ်ထုတ်နိုင်တဲ့ ဆော့ဖ်ဝဲတွေ အများအပြားရှိပြီး အခပေးသုံးတဲ့ဟာ စျေးကြီးကြီးပေးဝယ်ထားတဲ့ အရာတွေဆို သာမန်အားဖြင့် ပြန်ဖော်လို့မရဘူးထင်တာတွေကိုလည်း ဖေါ်ထုတ်နိုင်တာတွေ့ရမှာပါ။ အခုလိုကာလမှာ တိမ်းရှောင်နေတဲ့သူတွေ ပုန်းရှောင်နေတဲ့သူတွေ အနေနဲ့ မိမိရဲ့ ဆိုရှယ်မီဒီယာ အကောင့်၊ ဖုန်းနံပါတ်ကို အတွင်းစည်းကလူတွေကလွဲလို့ အများမသိနိုင်အောင် သိုသိပ်စွာ ထားရှိ သင့်ပါတယ်။ တဦးချင်းရဲ့ လုံခြုံမှုကို တိတိကျကျ ထိန်းသိမ်းနိုင်မှသာ အဖွဲ့အစည်းအလိုက် လုံခြုံမှုကိုလည်း ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ သတင်းပေးသူတွေကြောင့် အဖမ်းခံရတယ်လို့ ယေဘုယျ နားလည်ထားကြပေမယ့် အချို့သော လုံခြုံရေးစည်းကျိုးပေါက်မှုတွေက တယောက်ကို မိလိုက်ရာက ကျန်အဆက်အစပ် အဖွဲ့သားတွေရဲ့ နေရာ၊ ဖုန်းတည်နေရာ စတဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ဆင့်ကာ ကျိုးပေါက်မှုကြောင့်ဆိုတာလည်း သဘောပေါက်ဖို့လိုပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာ ဆိုတာက တဦးချင်းအတွက် ဆက်သွယ်ဖို့ လိုအပ်တဲ့ နည်းပညာတခု၊ အသုံးတည့်တဲ့ နည်းပညာတခု ဖြစ်သလိုပဲ မိမိရဲ့ လုံခြုံရေးကို ပေါက်ကြားစေနိုင်တဲ့ အရာတခုဖြစ်တယ်ဆိုတာလည်း မမေ့သင့်ကြောင်းပါ။ Join Us @ MoeMaKa Telegram t.me@moemaka #MoeMaKaMedia #WhatsHappeningInMyanmar |
| You are subscribed to email updates from MoeMaKa Media. To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
| Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |