2nd Feb 2012 - MoeMaKa Daily

18 views
Skip to first unread message

Maung Yit

unread,
Feb 2, 2012, 3:24:13 AM2/2/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
 Cartoon Maung Yit – Media is not born free in Burma?
February 1st, 2012
Posted by MoeMaKa at 12:15 AM 0 comments

Wednesday, February 1, 2012

Saung Luu - Poem

သွေးရိုးသားရိုး နိမိတ်
ဆောင်းလူ
ဇန်န၀ါရီ ၃၁၊ ၂၀၁၂



သစ္စာတရားကို အပေါင်ဆုံးခဲ့တဲ့နေ့က

အခြေအနေတွေဟာ ဖြစ်ပျက်မြန်ဆန်လွန်းတယ် …။

နိမိတ်တွေအတိုင်း ကျောရိုးတလျောက်
အတိတ်ဟာ အတူးဆွခံသက်သက် ...။

ဒီလိုနဲ့
အတိတ် ….
ပစ္စုပ္ပန် …
အနာဂတ် ….
လားရာတွေ ကိုယ်စီကိုယ်ငှ.
….
…..
လေထဲလည်းကြည့်ကြပါဦး ...
စကားလုံးတွေချည်း ဖောင်းပွနေတယ် ...။

ဒါကြောင့် ...
သတိ
အန္တရာယ်ရှိသည် ….။
Posted by Aung Htet at 5:08 PM 0 comments

News & Media

မြောက်ကိုရီးယားထံမှ အနုမြူပညာရယူမှုဟာ အနောက်နိုင်ငံများရဲ့
သက်သေမရှိတဲ့ သံသယဖြစ်မှုတခုသာဖြစ်ကြောင်း သမတပြောကြား
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၂၊ ၂၀၁၂




မြန်မာသမ္မကြီးဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းတို့ ၃ ရက်ကြာ၊ စင်ကာပူအစိုးရဧည့်သည်တော်အဖြစ် ၃၀ ဇန္န၀ါရီမှ ၁ ဖေဖေါ်ဝါရီ ၂၀၁၂ အထိ နေထိုင်ခဲ့ကြပါတယ်။ စင်ကာပူအစိုးရရဲ့ The Straits Times သတင်းစာမှာတော့ S’pore supports Myanmar’s journey to democracy လို့ ရေးထားပြီး၊ စင်ကာပူသမ္မတတိုနီတန်နဲ့ ဦးသိန်းစိန်တို့ ဇနီးမောင်နှံ၂ ဦး စင်ကာပူသမ္မတအိမ်တော်ဓါတ်ပုံကိုဖေါ်ပြထားပါ တယ်။ အာဏာအရှိဆုံး စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ နှုတ်ဆက်တဲ့ဓါတ်ပုံလည်း ပါဝင်ပါတယ်။ စင်ကာပူနဲ့ နည်းပညာပိုင်းဆိုင်ရာပူး ပေါင်းဆောင်ရွက်ဖို့၊ အထူးသဖြင့် စင်ကာပူကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်အသုံးချရေးများအတွက် စာချုပ်များချုပ်ဆိုကြပါတယ်။ စင် ကာပူရဲ့အိမ်ယာစိမံကိန်း HDB တိုက်ခန်းတွေက အစိုးရအရာရှိတဦးနေတဲ့ တိုပါးရိုးမြို့နယ်၊ အခန်း ၅ ခု တိုက်ခန်းကို သွားရောက်လေ့လာ ပါတယ်။ သမ္မတ ၂ ဦးတွေ့ဆုံပွဲမှာ စင်ကာပူ Nanyang Technological University (NTU) အီလက်ထရွန်းနစ် စကောလားရှစ်ကျောင်းသူ မစုမြတ်နန္တာ (၂၃) နှစ်ကိုလည်း ဖိတ်ထားပါတယ်။ ထိုမိန်းကလေးက ဦးသိန်းစိန်ရဲ့ နိုင်ငံပြောင်းလဲမှုများကြားရလို့ အလွန်ဝမ်းသာကြောင်းပြော ပါတယ်။



စင်ကာပူ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာ ၃ နေရာ (Economic Development, Human Resource Development & Public Administration) တွေမှာ အဓိကဆောင်ရွက်မယ်ဆိုပါတယ်။

သတင်းစာဆရာများနဲ့ မိနစ် ၃၀ အင်တာဗျူးကိုဖြေရာမှာ မြောက်ကိုးရီးယာထံမှအနုမြူပညာရယူခြင်း မရှိပါဘူး။ ဦးသိန်းစိန်က ထိုသတင်း ဟာ အနောက်နိုင်ငံများက သက်သေမရှိတဲ့၊ သံသယဖြစ်မှုပါလို့ ဖြေပါတယ်။ Straits Times သတင်းထောက်များနဲ့ အင်တာဗျူးအကြောင်း ဆောင်းပါးတိုမှာတော့ ဒီမိုကရေးစီနိုင်ငံကို သွားနေကြောင်း၊ နိုင်ငံငြိမ်းချမ်းသာယာရေးကိုဦးစားပေးရင်း၊ စီးပွားတိုးတက်ရေးကို ဒုတိယဦးစားပေးအနေနဲ့ဆောင်ရွက်နေကြောင်း၊ အစိုးရသစ်ရဲ့ ပါလီမန်မှာဆွေးနွေးချက်များပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာရ ကြောင်း ပြောကြားပါတယ်။ မီဒိယာကိုအခန်းကဏ္ဍကြီးတခုအနေနဲ့ပြုပြင်ပြောင်းလဲမှုမှာထားမလား မေးခွန်းကို Yes လို့ဖြေသွားပါတယ်။ အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဟိလာရီကလင်တွန်ရဲ့ သမိုင်းဝင်အလည်လာခြင်း၊ အမေရိကန်၊ ဥရောပပူပေါင်းဆောင်ရွက်မှုများကိုလည်း ဖေါ်ပြထာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အရေးလည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍကို မေးမြန်းတဲ့အခါ ပြုပြင်ပြောင်းလဲမှု၊ အနောက်နိုင်ငံများနဲ့ဆက်ဆံမှုမှာ မိမိတို့အစိုးရအဖွဲ့ရဲ့ဆောင်ရွက်မှုများဖြစ်ကြောင်း၊ လူတစ်ဦး၊ အဖွဲ့အစည်းတခုနဲ့ပြုပြင်ပြောင်းလဲလို့မရကြောင်း ဖြေကြားသွားပါတယ်။ သတင်းထောက်များက အစိုးရသစ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲ မပါတဲ့ ၂၅ ရာနှုန်းအမတ်များ၊ ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်အရွေးခံမှုများကို မေးမြန်းရာမှာလည်း အခြေခံဥပဒေကို လွှတ်တော်မှာ ၃ ပုံ၂ ပုံက သဘောတူမှသာ ပြောင်းလဲနိုင်ကြောင်း ဖြေသွားပါတယ်။ “We have a national plan in place to ensure that benefits of the reforms reach the people at the grassroots level” လို့ ရေးသားထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ပညာရေးဆိုင်ရာ NTU, ITE College East, Tanjong Katong Secondary School တွေကိုလည်း လေ့လာ သွားပါတယ်။

Posted by Aung Htet at 4:56 PM 0 comments

20th Anniversary of ABSDF North Massacre

အေဘီမြောက်ပိုင်း လုပ်ကြံမှု အနှစ် ၂၀ပြည့် ပထမဦးဆုံးအကြိမ် စုပေါင်းကောင်းမှုကုသိုလ်ပြု ဆွမ်းကျွေးပွဲ
မိုးမခရွာဆော်ကြီး၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၂

လက်ခံရရှိတဲ့ ဖိတ်စာများမှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီး ၂ မြို့လုံးမှာ ပြုလုပ်မယ်လို့ ရေးသားထားပါတယ်။

အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆွမ်းကျွေးပွဲဖိတ်စာ

ရှစ်လေးလုံးနောက်ပိုင်း ကျောင်းသားသမိုင်းမှာ
သဏ္ဍာန်မျိုးစုံနဲ ဖြတ်သန်းခဲ့ကြတဲ့ ...
မသေအသက် ဆက်ခဲ့သူများ ...
သေဖော်ရဲဖက် လက်တွဲဖက်များ ...
တာဝန်တွေတွက် လျှို့ဝှက်ခဲ့သူများ ...
စာနာစိတ်ထား လုပ်ဖော်ဖက်များ ...
စုစည်းတွေ့ ဆုံလို့  .....

ရက်ရက်စက်စက် အသက်ကိုစွန့် ခဲ့ကြတဲ့
ကျောင်းသားတို့ရဲ့ သူရဲကောင်းသရုပ်ကို
အမှန်တရားနဲ့ ဖော်ဆိုကြမယ်
ကုသိုလ်မျှဝေ ကျွတ်လွတ်စေကြမယ်
မှတ်တမ်းပြုချီ ထိမ်းမှတ်တည်စေကြမယ်
တည်ကြည်လေးနက် ခံစားချက်နဲ့
အားလုံးပါဝင်စေဖို့ ဆန္ဒပြုဖိတ်ခေါ် ပါရစေ ...

မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ

နေ့ ရက်- ၁၂.၂.၂၀၁၂။

အချိန်- နံနက် (၁၀)နာရီ ဆွမ်းကပ်၊ နေ့လည် (၁)နာရီဂုဏ်ပြု အခမ်းအနား။


နေရာ- မြဝတီမင်းကြီးကျောင်းတိုက်၊ ဘုံပျံတောရ၊ အမှတ်(၆၂)၊ ပန်းခြံလမ်း၊ စက်မှု(၁)၊ပြည်ကြီးတံခွန်မြို့နယ်၊
မန္တလေး ... ။

သေတွင်းကို ချဉ်းနင်းသူချင်း အချင်းချင်း ဂုဏ်ပြုလိုတယ်။ သေသည်ဖြစ်စေ  ရှင်သည်ဖြစ်စေ … တစ်ဦးချင်းတွေရဲ့ ဖြတ်သန်းမှု၊ မြင့်မြတ်ရဲရင့်မှုတို့ အတွက် အဓိပ္ပါယ်နက်တဲ့ဆုံဆည်းမှု အခုပြုကြမယ်

နှစ်(၂၀)တိုင် စိတ်ခိုင်ခိုင်နဲ့  သေသူများရဲ့ ကိုယ်စား ရှင်သူများဖြစ်ခဲ့
ကျန်ရစ်တဲ့သူများကို ဖိတ်ခေါ်လိုတယ်။

ဒို့ အထဲမှာနေ သေတာက …

(၁) စည်သူ (စမ်းချောင်း)
(၂) စမ်းမြင့်ကိုကို(ပျဉ်ပုံကြီး)
(၃) အောင်ဝင်း(မြစ်ကြီးနား)
(၄) သိန်းနိုင်ချို(မန္တလေး)
(၅) ကျော်ကျော်ဦး(မုံရွာ)
(၆) စံလွင်လေး(အမရပူရ) ထောင်မှလွတ်ပြီး မကြာခင်သေဆုံး
(၇) ရာပြည့်(ခ) ခင်မောင်ထွန်း အိုးဘိုထောင်အတွင်းသေဆုံး

အဝေးရောက်သွား ရေမြေခြားက- (ပြည်ပ)
(၁) မငယ်(ခ)နန်းအောင်ထွေးကြည် (ကမာရွတ်၊ရန်ကုန်)
(၂) ထင်လင်းအောင် (သထုံ)
(၃) ထိန်လင်း (အင်္ဂပူ/ဧရာဝတီတိုင်း)
(၄)ဖိုးကျော်(ခ)ကျော်ဝင်းဆွေ (စမ်းချောင်း၊ရန်ကုန်)
(၅)နန်စော (ဗန်းမော်)

ကျန်နေသူများ က (ပြည်တွင်း)
ရင်း(၄၀၁)မှ
(၁) ကျော်စွာဝင်းမောင် (ရန်ကုန်)
(၂) တိုးကြည် (ဒေါပုံ၊ရန်ကုန်)
(၃) ဝဏ္ဏဇော် (ရန်ကုန်)
(၄) ပိပိ(ခ)တင်လွှမ်းမိုး(ရန်ကုန်)
(၅) ဇော်မိုး (ရန်ကုန်)

ရင်း(၅၀၁)မှ
(၆) သိန်းထွန်း (ကျောင်းကုန်း/ရန်ကုန်)
(၇) ကျော်မျိုး (သထုံ)
(၈) နိုင်လင်း (သထုံ)
(၉) လှဝေ (သထုံ)
(၁၀) မောင်မောငေ (ဒလ)
(၁၁) အောင်နိုင် (သနပ်ပင်)

ရင်း(၇၀၁)မှ
(၁၂) ညီညီကျော် (မန္တလေး)
(၁၃) ညီညီ (မန္တလေး)
(၁၄) ဂျိုးဖြူ(ခ)နိုင်ဝင်းအောင်(မန္တလေး)
(၁၅) ခိုဖြူ(ခ)ခင်မောင်ဇော် (မန္တလး)
(၁၆) ကိုဇင်(ခ)ကျော်ဆန်းဦး (မန္တလေး)
(၁၇) မန္တလာထိန်လင်း(ခ)လွင်မင်းသန့်  (မန္တလေး)
(၁၈) စိုးလွင် (မန္တလေး)
(၁၉) ရဲလင်း (ရန်ကုန်)
(၂၀) ဘိုဘို(ခ)မိုးကျော်သူ (စမ်းချောင်း၊ရန်ကုန်)
(၂၁) မိုးကြီး(ခ)မိုးဇော်ထွန်း (ရန်ကုန်)
(၂၂) မြင့်ဇော်ဝင်း (ရန်ကုန်)
(၂၃) သင်းသင်းညီ (ရန်ကုန်)
(၂၄) ကိုကြောင်(ခ)ကျော်နိုင်ဦး (သာယာဝတီ)
(၂၅) ရိုဇာ(ခ)ညီညီအောင်( ပဲခူး)
(၂၆) ကျော်ဦး(ခ)အောင်ကျော်ဦး (ရန်ကုန်/ပဲခူး)
(၂၇) ဒဿ(ခ)မောင်မောင်ခင် (ကသာ/ဘုတလင်)
(၂၈) ကျော်ဇင်ထွန်း (ကသာ)
(၂၉) ဖိုးဆန်း(ခ)ဆန်းဝင်း (ကသာ)
(၃၀) သက်တင် (ဗန်းမော်/ရန်ကုန်)
(၃၁) ဂမ်မလီ (ဗန်းမော်)
(၃၂) စိုးကြိုင် (ကျွန်းကြီး၊ဗန်းမော်)
(၃၃) ဥတည်ဘွား(ခ)ကျော်သိန်း (ကျွန်းကြီး၊ဗန်းမော်)
(၃၄) စိုးလေး(ခ)စိုးဝင်းထွန်း (အင်းတော်/ပွင့်ဖြူ)
(၃၅) ဘိုတောက်(ခ)ထွန်လင်းစိုး (အင်းတော်/ )
(၃၆) စံမျိုးအောင် (အင်းတော်)
(၃၇) နိုင်အောင်(ခ)ဌေးမြင့်သိန်း (မိုးကုတ်)
(၃၈) မတူးတူး (မိုးညှင်း)
(၃၉) ရုက္ခစိုး(ခ)စိုးမိုး (မိုးညှင်း/ )
(၄၀) အီနွတ်(ခ)သန့် ဇင်မိုး (မိုးညှင်း)
(၄၁) ကိုမျိုး (နမ့်ဆော်လော်/နမ္မား)
(၄၂) ဝင်းနိုင်စိုး (နမ္မား)
(၄၃) အောင်အောင် (နမ္မား)
(၄၄) တာကော(ခ)ထွန်းဇံ (မြစ်ကြီးနား)
(၄၅) ပေါ်ဦး (မုံရွာ)
(၄၆) မြင့်ဇော် (မုံရွာ)
(၄၇) အောင်မွန် (မုံရွာ)
(၄ဂ) စိန်ဂေါ်လီ(ခ)မျိုးဇော်အောင် (ကန့် ဘလူ)
(၄၉) စွေစောင်း(ခ)ဝင်းမြင့် (ထန်းတပင်၊ဇီးကုန်း)
(၅၀) ဘောတလုံး(ခ)ကျော်ကျော်နိုင် (ကာဘိုး)
(၅၁) OK(ခ)အုန်းကြိုင် (မန္တလေး/ဇီးကုန်း)
(၅၂) ခင်မောင်ကြည် (အထက်မင်းလှ)
(၅၃) ကံမြင့်ဦး (လယ်ဝေး)
(၅၄) ထွန်းဦးခိုင် (ရွှေဘို)
(၅၅) ဇော်ထွန်း (ကျောက်မြောင်း)

ရင်း(၇၀၂)မှ-
(၅၆) မြင့်သိန်း(ဘာဘူ) (ကသာ/မန္တလေး)
(၅၇) ညီညီနိုင် (ဂန့် ဂေါ)
(၅ဂ) ဟန်ဝင်းအောင် (ကာဘိုး/မန္တလေး)

ABSDF(ဗဟို)မှ လွတ်မြောက်
(၅၉)စိုးလင်း (မန္တလေး)

အားလုံး စုံစေချင်ပါတယ်၊ ဆက်သွယ်ပါ။ ညီညီကျော်(ဖုန်း-၀၉၉၁၀၁၈၇၅၃)နဲ့ နီးစပ်ရာသူငယ်ချင်းများကိုပေါ့။

အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် ရန်ကုန်မြို့၊ ပဏ္ဏိတာရာမ ရွှေတောင်ကုန်းရိပ်သာ ဆွမ်းကျွေးပွဲဖိတ်စာ
 
ABSDF မြောက်ပိုင်းမှာ တပ်ဖွဲ့ဝင် အချင်းချင်း မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသား ကိုထွန်းအောင်ကျော် (Mandalay)နှင့်တကွ အကြွေစောခဲ့ရှာသော ကျောင်းသားအားလုံးကို
ရည်စူးပြီး ရေစက်ချ ကုသိုလ်ပွဲကို February 13, 2012 မှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ အမှတ်- ၈၀(က) သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကျဆုံးသွားသူတို့အတွက် ထိုက်တန်တဲ့ ကုသိုလ်ပြု အမျှပေး ဆုတောင်းပွဲ ဖြစ်ပါတယ်။

ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့် ABSDF (north camp ) မှာ ၁၉၉၂ ခုနှစ်က ကျဆုံး (မတရား စွပ်စွဲ သတ်ဖြတ်ခံရ) သွားသူတို့အတွက် သူတို့၏ မိဘများဆွေမျိုးများသည် သူတို့၏သားသမီးများအတွက် လွတ်လပ်စွာ အမျှဝေ ကုသိုလ်လုပ်ခွင့် မရခဲ့ရှာပါ။ ဗုဒ္ဓဘာသာ အစဉ်အလာအရ ကျဆုံးသွားသော သူများကို စိတ်ဝယ်ထားပြီး အမျှဝေ ကုသိုလ်ကေါင်းမှု ပြုလုပ်ခြင်းသည် မွန်မြတ်သောအလုပ် ဖြစ်ပါသည်။
ကျဆုံးသွားသော ကျောင်းသားများသည် နှစ် ၂၀ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့၏ သတ္တိ၊ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာတို့ အတွက် ထိုက်တန်စွာ ဂုဏ်ပြုနိုင်ရန် အလို့ငှာ (၀ိပဿနာတရားကို နေ့နေ့ညည ကျင့်ကြံအားထုတ်နေသော သူတော်စင် ယောဂိများ၏ တရားစခန်းတွင်) ကျဆုံးသွားသူများအား ရည်ရွယ်၍ ဆွမ်းကျွေးအမျှဝေ ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

Date: ဖေဖေါ်ဝါရီလ ၁၃ ရက်၊ တနင်္လာနေ့ မနက် ၁၁ နာရီ၊
Time: 11 AM ဆွမ်းကျွေး၊ 12:15 PM အမျှဝေ
Place: ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ (ရွေတောင်ကြား)၊ အမှတ်-၈၀ (က)၊ သံလွင်လမ်း၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။
ဆက်သွယ်ရန် ဖုန်းနံပါတ်: တရားစခန်း (+၉၅၁) ၅၃၅ ၄၄၈။ မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း …
Contact: Ma April Oo(+951) 579538 မဧပရယ်ဦး (ရန်ကုန်)။ မိုးအောင် (၆၅၁) ၂၆၁ ၉၂၉၂ USA။
ဒေါ်အေး (347) 393-0848 USA။ ကိုကျော်စွာ (ရန်ကုန်) (၀) ၉၇၃၀၅၃၁၄၀။
Posted by MoeMaKa at 4:51 PM 0 comments

Mone Aung - Essay

လယ်ယာမြေ ပြဿနာ
မုန်းအောင်
ဖေဖော်ဝါရီ ၂၀၁၂




အခုနှစ်ပိုင်းတွေမှာ..ခပ်စိပ်စိပ် ဖြစ်လာနေတဲ့၊ ခပ်ကျယ်ကျယ်အော်နေကြရတဲ့၊ လယ်ယာမြေ သိမ်းယူခြင်းကိစ္စတွေကြားမှာ၊ မေးခွန်းတခု က မေးစရာဖြစ်လာပါတယ်။

“မြန်မာနိုင်ငံမှာ လယ်ယာပိုင်ဆိုင်စိုက်ပျိုးရေးက ....
ပုဂ္ဂလိကပိုင်လား ...
ပြည်သူပိုင်လား ...
လယ်သမားပိုင်လား ....
ကုမ္မဏီပိုင်လား ....”
+++

၁၉၅၃-ခုနှစ် က လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ဆိုတာ ပြဌာန်းပြီး အခုထိ မရုပ်သိမ်း သေးပါ ဘူး။ ၁၉၄၇-ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ “နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” .. ဆိုတဲ့မူကို အခြေခံပြီး ပြဌာန်းခဲ့တဲ့သဘောပါပဲ။ ဒါကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိဘူး။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်ဘဲရှိတယ်။

ဒါပေမဲ့ ပုပ္ပါးတောင်တ၀ိုက်မှာ လက်ဖက်စိုက်ပျိုးဖို့ ထူးကုပ္မဏီက တောတွေရှင်းနေတယ်လို့ ကြားရတယ်..။ ဟူးကောင်းတောင်ကြား ဒေသ မှာ စိုက်ပျိုးရေး (ဘာတွေ စိုက်မယ်တော့မသိ) လုပ်ဖို့ ယုဇနကုမ္ပဏီက.. တောတွေရှင်းနေတယ်တဲ့။ ဘီလင်းနယ် အကျဉ်းဦးစီးရဲဘက်စ ခန်းက စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေကို ပုဂ္ဂလိကရောင်းလိုက်တယ်တဲ့။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ရေနက်ကွင်းတွေကို ပုဂ္ဂလိက ကို ရောင်းလိုက်တယ်တဲ့။ လောလောလတ်လတ် စစ်ကိုင်းတိုင်းက လက်ပတောင်းတောင် ကြေးနီလုပ်ကွက်တွေအတွက် ထူးကုမ္မဏီနဲ့ တရုတ်ကုမ္ပဏီတခုက အနီးတ၀ိုက်က ကျေးရွာတွေ လယ်မြေတွေကို အဓမ္မရွှေ့ပြောင်းခိုင်းနေတယ်တဲ့ စသဖြင့် ......

အဲဒီလိုဟာတွေကရော လယ်ပိုင်ခွင့်မဟုတ်ပဲ လယ်လုပ်ပိုင်ခွင့်ပဲလား။

မထင်ပါပေ။ အဲဒီလို ရာချီ ထောင်ချီတဲ့ လယ်မြေဧကတွေကိုတော့ လက်လွတ်စပယ်လုပ်ကြမှာ မဟုတ်တန်ရာ။ မြေစာရင်းနဲ့ ညှိပြီး (ပေါင်း ပြီး) အမည်ပေါက် ဦးပိုင်တွေ လုပ်ကြမှာပါ။ ကျေးရွာ မြေယာကော်မတီတွေ အနားကပ်ရမှာတောင်မဟုတ်။ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် ထင်ပါ့မလား။

ဒါဆို လယ်ယာ ပိုင်ဆိုင်မှုဟာ ပုဂ္ဂလိကပိုင်လား။ နိုင်ငံတော်ပိုင်လား။

ပုဂ္ဂလိကပိုင်ဆိုရင်ရော လယ်တတုံးလုပ် နွားတရှဉ်းလုပ် တအိမ်ထောင် တနိုင်တပိုင် လယ် (၁၀) ဧကလောက်ပိုင်တဲ့လယ်သမားလေး တွေ ရဲ့ ပုဂ္ဂလိကပိုင်လား။ ဧရာမပုဂ္ဂိုလ်ကြီးတွေရဲ့ ပုဂ္ဂလိကပိုင်လား။ အဲဒီပုဂ္ဂိုလ်ကြီးတွေအတွက် ပုပ္ပါးတောင်တ၀ိုက်မှာ လက်ဖက်စိုက်ချင်စိုက် ဘိန်းစိုက်ချင်စိုက် ကြိုက်တာစိုက်လို့ရတယ်။ နွားတရှဉ်းလောက်နဲ့လုပ်တဲ့ လယ်သမားငအေးကတော့ သူ့လယ်ထဲမှာတောင် သူစိုက်ချင်တဲ့ သီးနှံ စိုက်ချင်လို့ မရဘူး။ စပါးစိုက်ဆို စပါးပဲစိုက်၊ ဆည်ရေရောက်တဲ့နေရာမှာ နွေစပါးမစိုက်ချင်လို့မရဘူး.. တွက်ခြေကိုက်ကိုက်- မကိုက် ကိုက် စိုက်ပဲ။ မစိုက်ချင်ရင် မြေယာကော်မတီနဲ့ တွေ့သွားမယ်။ အာဏာကြီးတဲ့ မြေယာကော်မတီက ဒေသခံစစ်တပ်ကို အကြောင်း ကြား လိုက်ရင် လယ်လုပ်ပိုင်ခွင့်ကို စစ်တပ်က၀င်ယူလိုက်တော့ လယ်လုပ်ခွင့်တောင် ဆုံးရှုံးရသူတွေ ဒုနဲ့ ဒေးပါ။

စိုက်ပျိုးပါပြီတဲ့။ ရေလိုချိန် ရေလွှတ်အောင် ရေမလိုချိန် ရေတွေ တရဟောလွှတ်မချအောင် ဆည်က ရေတံခါးစောင့်နတ်ကို ရေလောင်းပြီး ပူဇော်ရပါသေးတယ်။ ဒီတော့ လယ်ပိုင်ခွင့်ကိုထားဦး လယ်လုပ်ပိုင်ခွင့် စိုက်ပျိုးပိုင်ခွင့်မှာတောင် ပုဂ္ဂလိကအခွင့်အရေးကို ညီတူညီမျှ ရပါ သလား။ နောင်ရော ရမှာလား... ဘယ်ပုဂ္ဂလိက က အခွင့်ထူးရပြီး ဘယ်ပုဂ္ဂလိကက ကြွေးတင် ကျွန်ဖြစ်ဖြစ်နေမလဲ။ ပြီးတော့.. ဒါက ဒီအ တိုင်း မနေသေးဘူး။ ရှေ့တမျှော်လောက် လှမ်းကြည့်။ ဒါမှမဟုတ် လယ်ယာသမိုင်း နောက်ကြောင်းပြန်ကြည့်လိုက်ရင် သိပ်မဝေးသေးပါ ဘူး။

အနှစ် ၇၀ -၈၀ လောက်။
+++++

၁၉၄၀ ခုနှစ်မတိုင်ခင် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ဆိုပါတော့။
မြေယာနဲ့ပတ်သက်လို့ အထက်မြန်မာနိုင်ငံမှာဆိုရင်..
* ဘုရင်နှင့်ဆိုင်ရာ အရာတော်မြေ
* မင်းမှုထမ်းနှင့်ဆိုင်ရာ အရာတော်မြေ
* ဘိုးဘ ပိုင်မြေ
* ၀တ္တကံမြေ

အောက်မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ကတီထွင်တဲ့ ....
* စကွာတာမြေ
* ပတ္တာမြေ
* မြေငှား
* ဂရန်မြေ
* ကိုလိုနီမြေ ...လို့ အမျိုးမျိုးရှိတယ်။

အထက်မြန်မာနိုင်ငံက ဆိုင်ရာ ဆိုင်ရာ မြေယာပိုင်ဆိုင်ခွင့်ရှိတယ်။ ဘိုးဘပိုင်မြေဆိုရင် အဘ-သား-မြေး- သုံးဆက် ဆက်လုပ်ရင် ဖြစ်စေ ၊ ၁၂ နှစ်ကနေ ၁၅ နှစ်လုပ်ရင်ဖြစ်စေ ပိုင်ဆိုင်ခွင့်ရှိတယ်။ အောက်မြန်မာနိုင်ငံမှာလည်း၊ အစထဲက နှစ်ကာလအပိုင်းအခြားနဲ့ ဂရံခံခဲ့တာ ဖြစ်စေ၊ ၁၂ နှစ်ကနေ ၁၅ နှစ်အထိ အဆက်မပြတ် အခွန်ပေးဆောင်လို့ ဖြစ်စေ၊ ပိုင်ဆိုင်ခွင့်ရှိတယ်။ တခုနဲ့ တခု ကွဲလွဲချက် နဲနဲစီ ရှိကြပေမဲ့ ၀တ္တကံမြေကလွဲရင် ၊ ကျန်တဲ့မြေတွေဟာ ယေဘုယျ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ရှိတဲ့မြေတွေပေါ့။ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်၊ အမွေ ဆက်ခံခွင့်တွေရှိတယ်။ လယ်လုပ်စရိတ်ငွေ လိုအပ်ချက်တွေ လှူချင်တန်းချင်တာတွေအတွက် ချေးငှားတယ်။ ပေါင်နှံတယ်။ ရောင်းချ တယ်။ ငွေတတ်နိုင်သူတွေက မြေဧက ရာထောင်ချီပြီး ဂရံခံငှားကြတယ်။ နောက်တော့ ငွေတိုးချေးစားတဲ့ချစ်တီးတွေ ရောက်လာတယ်။ ကြွေးမကြေရင် မြေသိမ်းတယ်။ ဒီလိုနဲ့ နွားတရှဉ်း နှစ်ရှဉ်းနဲ့ ကိုယ့်လယ်ကို တနိုင်တပိုင် လုပ်စားတဲ့လူတွေဟာ လယ်ပိုင်တာ နဲလာတယ်။ ကိုယ်ပိုင် လယ်မလုပ်ဘဲ လယ်ယာပိုင်တဲ့သူတွေ တဖြည်းဖြည်းများလာတယ်။ ဒီတော့ သီးစားခယူပြီး လယ်ထောက်ခချတယ်ဆိုတဲ့ အငှား ချစားတာတွေ ရှိလာတယ်။ လယ်ပိုင်ရှင်ရယ် လယ်သီးစားရယ် လယ်ကူလီရယ်လို့ရှိလာပြီး သီးစားခရယ်လို့လည်း ပေါ်လာတယ်။ မြေပိုင် ရှင်စနစ်ပေါ့။

အိန္ဒိယနဲ့ မြန်မာလူဝင်မှုစနစ်ကလဲမရှိခဲ့တော့ လယ်စိုက်ဧရိယာတိုးချဲ့ချင်တာကြောင့် သင်္ဘောခတောင်မယူဘဲ ကုလားတွေခေါ်သွင်း လာ ခဲ့တယ်။ ပင်လယ်နဲ့နီးတဲ့ အောက်မြန်မာနိုင်ငံမှာ ငွေတိုးချေးစားတဲ့ချစ်တီးနဲ့ ကုလားလယ်ကူလီတွေ အရမ်းဖြစ်လာတယ်။ ချစ်တီးက ငွေ တိုး ချေးယုံတင်မက အကြွေးမရရင် မြေသိမ်းပြီး သီးစားချစားတဲ့ လယ်ရှင်ဖြစ်လာတယ်။ သူတို့ပြည်ကပါလာတဲ့ ကုလားလယ်သမား တွေ ကလည်း ကုလားလယ်သီးစားတွေ ဖြစ်လာတယ်။

ဘယ်လောက်ထိလဲဆိုတော့ ၁၉၄၀ ခုနှစ်တ၀ိုက် ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ မြန်မာတပြည်လုံး (အထူးသဖြင့် အောက်မြန်မာပြည်) မှာ စိုက်ပျိုးမြေဧရိယာ ဧကပေါင်း (၁၉ သန်း) အနက် ကိုယ်တိုင်လယ်လုပ်သူ ပိုင်တဲ့မြေဧက (၁၂ သန်းကျော်) ရာခိုင်နှုန်းအားဖြင့် ၆၆.၈ ရာ နှုန်းဖြစ်ပြီး လယ်မလုပ်သူ (လယ်ပိုင်ရှင်) ပိုင်တဲ့လယ်က (၃၃.၂ ရာခိုင်နှုန်း) ထိ ဖြစ်လာတယ်။ ချစ်တီးပိုင်လယ်က ဧက (၃ သန်းကျော်) ဆိုတော့ ၁၆.၆ ရာခိုင်နှုန်းလောက်ပေါ့။

ကိန်းဂဏာန်းတွေ ခဏထားဦး။

ဆိုချင်တာက တပြည်လုံး လယ်ဧက ၁၀၀ ရှိရင် ကိုယ့်လယ်ကိုယ်လုပ်ပြီး ပိုင်တဲ့လယ်က ၆၇ ဧက ရှိမယ်။ လယ်မလုပ်ဘဲ လယ်ပိုင် နေ သူရဲ့လယ်က ၃၃ ဧကရှိနေမယ်။ “မလုပ်ပဲ ပုတ်ထဲ ကြွယ်တဲ့သူတွေ” များတဲ့ခေတ်ပေါ့။

ပုဂ္ဂလိကပိုင်တာတော့ ပိုင်တာပါဘဲ။ ပုဂ္ဂလိကသေးသေးတွေက နည်းနည်းပိုင်ပြီး ပုဂ္ဂလိကကြီးကြီး ဧရာမကြီးတွေက တဖြည်းဖြည်း လယ် တွေ ပိုပိုပိုင်လာတဲ့သဘောဖြစ်လာတယ်။

အပေါ်မှာပြောခဲ့တဲ့ ပုပ္ပါးကလယ်ပိုင်ရှင်ကြီးတွေ၊ ဟူးကောင်းတောင်ကြားက မြေပိုင်ရှင်ကြီးတွေ၊ လက်ပတောင်းတောင်နားက မြေပိုင်ရှင် ကြီး တွေမျိုးပေါ့။ ကြောက်ဖို့ မကောင်းပေဘူးလား။

အခုတော့မသိဘူး။ အရင်ခေတ်ကလူတွေကတော့ (တိုင်းရင်းသား ပုဂ္ဂလိကမြေပိုင်ရှင် ပိစိကလေးတွေက) ကြောက်ကြပါတယ်။ အဲဒါ ကြောင့် အဲဒီခေတ်က ပါလီမန်မှာ ဆူကြပွက်ကြနဲ့ နောက်ဆုံးတော့ ၁၉၃၈ ခုနှစ် မြေလွှဲပြောင်းရေးဥပဒေ (LAND ALIENATION ACT 1938) ကို အတည်ပြုလိုက်ကြရပါတယ်။ အဲဒါဟာ လူမျိုးခြား အင်္ဂလိပ်အစိုးရလက်ထက်မှာပါ။ ခုနေများတော့ ဘယ်မှာသွားပြီး ဆူရပွက်ရ ပါ့မလဲ။၂၀၀၈ ဖွဲ့စည်းပုံရဲ့ပါလီမန်မှာ အဲဒီလို သွားဆူပွက်ရင် ဘယ်လိုနေပါ့မလဲ။

အဲဒီ ၁၉၃၈ ဥပဒေရဲ့ အဓိကအချက်ကတော့ “လယ်ယာမြေများကို တောင်သူလယ်သမားမဟုတ်သူများလက်သို့ လွှဲပြောင်းပေးခြင်း မပြု ရ” ဆိုတာပါပဲ။ ဒါတောင် ချွင်းချက်ကတော့ ရှိနေခဲ့သေးတယ်။ “သို့ရာတွင် ငွေချေးစားသူများနှင့် လယ်မလုပ်သူများသည် လယ်မြေများကို ယာယီ ၁၅ နှစ် လက်ဝယ်ထားရှိခွင့်ရှိသည်” တဲ့။

ဒါပေမဲ့ အခြေအနေတွေပိုကောင်းမလာပဲ လက်တွေ့မှာ ငွေအရင်းအနှီးလိုတဲ့လယ်သမားတွေမှာသာ ပိုမိုကြပ်တည်းလာပုံရတာကြောင့် ၁၉၄၁ ခုနှစ်မှာတော့ နောက်ထပ်ဥပဒေတခု ထပ်ချမှတ်ရပြန်ပါတယ်။

“လယ်ယာမြေ ၀ယ်ခြမ်းရေးဥပဒေ (LAND PURCHASE BILL) ” ပါ။

ဥပဒေရဲ့ အဓိကအချက်ကတော့ ချစ်တီးနဲ့ မြေပိုင်ရှင်များလက်သို့ရောက်ရှိနေတဲ့ လယ်မြေများကို အစိုးရက၊ ငွေစိုက်ပြီး ပြန်ဝယ်ပေး ဖို့ ဖြစ်ပြီး လယ်လုပ်သူ လယ်ယာမဲ့များကို ၂၅ နှစ်ဆိုင်း အကြွေးစနစ်နဲ့ အရင်းအတိုင်း ရောင်းချပေး၊ လယ်သမားက အရစ်ကျ ပြန်ဆပ်သွားဖို့ပဲ ဖြစ်ပါတယ်။ လက်တွေ့ဘယ်လောက်ကျပြီး ချစ်တီးတွေ ဘယ်လောက်သဘောခွေ့ခဲ့မလဲဆိုတာတွေတော့ ထားလိုက်ပါတော့။ ဒီဥပဒေ လည်း အကောင်အထည် မပေါ်ခဲ့ပါဘူး။

ဒီအချက်တွေကို သဘောပေါက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ “နိုင် ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” လို့ ထည့်ပြဌာန်းခဲ့ပြီး ချစ်တီးတွေကို အလဲထိုးခဲ့ပါတယ်။


အဲဒီတော့ အဓိကပြောချင်တာကတော့ လယ်ယာမြေ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးမှာ ဘယ်ပုဂ္ဂလိကတွေကို..ဦးစားပေးနေမိပြီလဲ။ ဘယ် ပုဂ္ဂလိ ကတွေကို ဦးစားပေးရမှာလဲ။

တော်တော်ကြာ သမိုင်းတကြော့ ပြန်လည်ပြီး ဧရာမပုဂ္ဂလိကပိုင်ကြီးတွေလက်ထဲ မြေတွေစုပုံပြန်ရောက်သွားရင် အမှန်တကယ် လယ်လုပ် သူတွေလက်ထဲ လယ်မြေတွေပြန်ရောက်အောင် ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်မျိုးကို တခါထပ်မျှော်စောင့်ရဦးလေမလား။

အဲဒီလိုမဟုတ်ရင်တော့ လယ်ထဲမှာ ရွှံ့တပိသာလောက် ဖင်ထဲက၀င် ပါးစပ်ထဲက၀င်ပြီး တကယ်လယ်လုပ်နေရသူတွေ ၀မ်းမ၀လို့ကတော့ ....။ ။
Posted by Aung Htet at 4:39 PM 0 comments

to rebuild the Students' Union



မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ပေးဖို့ တောင်းဆို
Yangon Press International
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI)

ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိ အစိုးရအား ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်သည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကာလအတွင်း ပထမဆုံးပြုလုပ်သည့် ဗကသ (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီက သဘောထား ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုကော်မတီ နှင့် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အထက်ပါ တောင်းဆိုချက်အပြင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်တန်းများ ပြန်ဖွင့်ခွင့်ပေးရန်နှင့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တို့ကိုပါ တောင်းဆိုခဲ့သည်။

ထို့ပြင် ဗကသ အနေဖြင့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ကွဲပြားနေမည် မဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်မှာသာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“မြန်မာပြည် အရပ်ရပ်က အခြေခံကျောင်းတွေမှာလည်း သမဂ္ဂတွေ ပေါ်ထွက်လာဖို့ ဆက်လက် လှုပ်ရှားသွားမယ်”ဟု ဗကသ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောသည်။

ထို့အပြင် ၄င်းတို့အနေဖြင့် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသားလူ့အခွင့်အရေး စသည့်မူ၅ချက်ကို ဆုပ်ကိုင်ကာ ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးက ပြောသည်။

မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က
သိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင် ဗကသတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ဗကသ
(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ တစ်ထောင် နီးပါး တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်နေ၀င်းလက်ထက် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ်များအား စည်းကမ်းအသစ် များ ပြဌာန်းလိုက်ရာမှ ကျောင်းသားများ မကျေနပ် သဖြင့်ဆန္ဒပြခဲ့သည်။ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်က ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။ ။

မူရင်း - Yangon Press International ၏ ဖေ့စ်ဘုတ်စာမျက်နှာ

ဆဲဗင်းဇူလိုင် သို့မဟုတ် သမိုင်းအပိုင်းအစများ moemaka.blogspot.com/2008/07/black-july-7th-historic-union-building.html
Posted by Moemaka at 6:33 AM 0 comments

Kamar Pale - Poem

ထိ ... သိ ... သတိ
ကမာပုလဲ
ဖေဖော်ဝါရီ ၁၊ ၂၀၁၂




ဆောင်ရန်
=

ငယ်အိပ်မက်တွေအပေါ် သစ္စာမြဲကြ (ရှီလာ)။


ရှောင်ရန်
=

ရန်သူမျိုးငါးပါး။


တွဲဖက်မစားသင့်သော အစားအစာ
=

ငါးစာနှင့် ငါးမျှားချိတ်။

Posted by Aung Htet at 6:33 AM 0 comments

Ku Mojo - Cartoon

ရှေ့ပြော ... အောက်ကြည့်
ကာတွန်း - ကူမိုးကြိုး
ဖေဖော်ဝါရီ ၁၊ ၂၀၁၂


Than Win Hlaing - Articles

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ
စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ - ၂

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၊ ၂၀၁၂



● သမိုင်းဝင်ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဒုတိယဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ အမှုဆောင်ကောင်စီဝင်များ၊ စော်ဘွားများ၊ ရှမ်းပြည်နယ်၊ ကချင်တောင်တန်းဒေသမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံညီလာခံတွင် ကျင်းပမည့် အစည်းအဝေး၌ ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိနိုင်လိမ့်မည်ဟု အစည်း အဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်းသဘောတူညီကြသည်။

(၁) တောင်တန်းဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းသားများစည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံသည့် ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ ဘုရင်ခံ၏ အတိုင်ပင်ခံအမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံ ကိုယ်စားလှယ် တစ်ဦးအဖြစ် ခန့်အပ်ရမည်။

(၂) ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်အဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေး နှင့်နိုင်ငံခြားရေးဌာနနည်းတူ တောင်တန်းဒေသရေးရာဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင်ကောင်စီ၌ထားရှိရမည်။ ထိုတောင် တန်းဒေသဆိုင်ရာ အတိုင်ပင်ခံကောင်စီဝင်အား အလားတူနည်းအတိုင်း အုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်းရမည်။

(၃) ထိုအတိုင်ပင်ခံကောင်စီဝင်အား ကူညီရန်အတွက် ယင်းနှင့်လူမျိုးစုတူ မဟုတ်သည့် အခြားတောင်တန်းဒေသများအား ကိုယ်စားပြုသော တွဲဘက်အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး ထားရှိရမည်။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများ ကျန်ရှိ သည့် အခြားသော တောင်တန်းရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ်သုံးဦးတို့သည် အခြေခံဥပဒေပြဌာန်းသည့်အတိုင်း တာဝန်ယူလုပ်ကိုင်ရမည်။

(၄) အတိုင်ပင်ခံကောင်စီဝင်သည် အမှုဆောင်ကောင်စီအဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်သော်လည်း တောင်တန်းဒေသကိစ္စများကိုဆွေးနွေးသော တွဲဘက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအတွင်းသို့ တက်ရောက်နိုင်ခွင့်ရှိရမည်။

(၅) အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုလုပ်လိမ့်မည်မဟုတ်။ တောင် တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိကြောင်း မူအားဖြင့် လက်ခံသည်။

(၆)မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ်ထူထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်ရမည်ဖြစ်သော်လည်း ထိုကဲ့သို့ ပြည်နယ်မှ လိုအပ်သည်ဟု သဘောတူလက်ခံရကြောင်း၊ ဤရည်ရွယ်ချက်ကို ပထမအဆင့် အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရ ဥပဒေအရ အပိုင်း ၂ ခြွင်းချန်ဒေသများနှင့် ဗန်းမော် ခရိုင်အတွင်းရှိ ဒေသများအုပ်ချုပ်ရေးနှင့်ပတ်သက်၍ လည်း တောင်တန်းဒေသမအတိုင်ပင်ခံဝန်ကြီးနှင့် တွဲဘက်အတိုင်ပင်ခံတို့ကို တိုင်ပင် ဆွေးနွေးရမည်။

(၇) တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။

(၈) ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခုကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေးကိုယ်ပိုင်ပြဌာန်းခွင့်ကို မည်သို့မျှ ထိ ခိုက်ခြင်းမရှိစေရ။

(၉) ဤစာချုပ်ပါအစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအကူအညီများအား မည်သို့မျှ ထိခိုက်ခြင်းမရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေးအစီ အစဉ် ဆက်သွယ်မှုများကဲ့သို့သော အလားတူဘဏ္ဍာရေးစီစဉ်ဆောင်ရွက်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိမရှိ အမှုဆောင်ကောင်စီ သည် တောင်တန်းဒေသအတိုင်ပင်ခံဝန်ကြီး၊ တွဲဘက်အတိုင်ပင်ခံများနှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးကြသော ကိုယ်စားလှယ်တော်ကြီးများမှာ ...
(၁)ဗိုလ်ချုပ်အောင်ဆန်း - မြန်မာနိုင်ငံတော်အစိုးရ (ကိုယ်စား)

● ရှမ်းကော်မတီ
(၂) စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစ၀်ဖလုံ)
(၃) စ၀်ရွှေသိုက် (ညောင်ရွှေစ၀်ဖလုံ)
(၄) စ၀်ဟုံဖ (မြောက်ပိုင်းသိန္နီစ၀်ဖလုံ)
(၅) စ၀်နွံ (လဲချားစ၀်ဖလုံ)
(၆) စ၀်စံထွန်း (မိုင်းပွန်စ၀်ဖလုံ)
(၇) စ၀်ထွန်းအေး (သာမိုင်းခမ်းစ၀်ဖလုံ)
(၈) ဦးဖြူ (သထုံစ၀်ဖလုံကိုယ်စားလှယ်)
(၉) ဦးတင်အေး (တောင်ကြီး) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၀) ဦးခွန်ဖုန်း (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၁) ဦးခွန်ထီး(ပင်လုံ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၂) ဦးခွန်စော (ပင်းတယ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၃) ဦးကြာပု(သီပေါ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၄) ဦးထွန်းမြင့် (လင်းခေး) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၅) ဦးခွန်စော (ပင်းဒယ) (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)
(၁၆) စ၀်ယိပ်ဖ (ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်)

● ကချင်ကော်မတီ
(၁၇) ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)
(၁၈) ဒူးဝါးဒင်ရတန် (မြစ်ကြီးနား)
(၁၉) ဒူးဝါးဇော်လွန်း (ဗန်းမော်)
(၂၀)ဒူးဝါးလဗန်ဂရောင် (ဗန်းမော်)

● ချင်းကော်မတီ
(၂၁) ဦးလွှာမှုန်း(ATM,I.A.S) (ဖလမ်း)
(၂၂) ဦးထောင်ဇာခုတ် (တီးတိန်)
(၂၃) ဦးကီယိုမန်း (ဟားခါး)

စသည်တို့ဖြစ်ကြသည်။

တိုင်းရင်းသားအားလုံးက ပင်လုံညီလာခံကို အောင်မြင်စွာကျင်းပနိုင်သဖြင့် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန်မလိုအပ်တော့ဟု ယူဆလာခဲ့သည်။ သို့သော် ဘုရင်ခံဆာဟူးဘတ်ရန့်ခ်နှင့် ဘော်တွန်မလေ (Arther George Boltomley) တို့က တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ (Frontier Area Enquiry Committee) ကိုဖွဲ့စည်းရန်လိုအပ်ကြောင်း အကြံပေးသောကြောင့်သာ ထိုအဖွဲ့ကို ဖွဲ့စည်း၍ တောင်တန်းဒေသ၏သဘောထားကို စုံစမ်းရန်လက်ခံပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြလေသည်။

ယင်းစုံစမ်းရေးအဖွဲ့ဥက္ကဌ ဗြိတိသျှလွှတ်တော် လေဘာအမတ် မစ္စတာရီးစ်ဝီလျံ (Lt. Col D.R Rees William) က ဆောင်ရွက်ပြီး မြန်မာ ကိုယ်စားလှယ်များအဖြစ် သခင်နု၊ ဦးတင်ထွတ်၊ ဦးဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ နယ်ခြား ဒေသ ကိုယ်စားလှယ်အဖြစ် မိုင်းပွန် စော်ဘွား စ၀်စံထွန်း၊ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဦးဝမ်ကိုဟော၊ စောစံကေး (ကရင်အမျိုးသားယူနီယံ) မစ္စတာလက်ဝီဂ်ျ (Mr. W.B.J Ledwidge)၊ တွဲဘက်အတွင်းရေးမှူးအဖြစ် နယ်ခြားဝန်ထမ်းအဖွဲ့ဝင် ဦးထွန်းဖေ၊ လက်ထောက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးရှမ်းလုံ တို့ ပါဝင်ကြသည်။

စုံစမ်းရေးအဖွဲ့သည် ၁၉၄၇ မတ်လ ၁၉ မှ ၂၆ ရက်အထိ ရန်ကုန်မြို့တွင် ရုံးထိုင်၍ သံလွင်ခရိုင် ရွှေကျင်နယ်၊ ရခိုင်တောင်တန်းဒေသနှင့် ကရင်လူငယ်များအစည်းအရုံးတို့မှ ကိုယ်စားလှယ်များ၏ ထွက်ဆိုချက်များကို ကြားနာသည်။ ထို့နောက် မေမြို့ (ပြင်ဦးလွင်) သို့ ပြောင်း ရွှေ့၍ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်း၊ ရခိုင်ပြည်နယ်များသို့ သွားရောက်၍ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းအချို့တို့အား ၁၉၄၇ ဧပြီလ ၂၃ ရက်အထိ တွေ့ဆုံစစ်ဆေးခဲ့သည်။ အဖွဲ့၏ အစီရင်ခံစာထွက်လာသောအခါ တောင်တန်းနှင့်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေး ရလိုသည်မှာ တိုင်းရင်းသားတို့၏ ဆန္ဒအမှန်ဖြစ်ကြောင်း ထင်ရှားခဲ့သဖြင့် ဗြိတိသျှအစိုးရက ၁၉၄၇ မေ ၂၂ နေ့တွင် လက်ခံအတည်ပြုခဲ့ရသည်။

ယင်းသို့ ပင်လုံစာချုပ်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲမဖြုတ် စတမ်း နေထိုင်ကြမည်ဟု သစ္စာပြုခဲ့သောကြောင့် သူ့ကျွန်ဘ၀တွင် နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ရသော မြန်မာတိုင်းရင်းသားအားလုံးတို့သည် ၁၉၄၈ ဇန်န၀ါရီလ ၄၇က်နေ့တွင် လွတ်လပ်ရေးရရှိနိုင်ခဲ့လေသည်။

● လက်ရှိအခြေအနေ
သို့သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြိးများ အမြော်အမြင်ကြီးမားစွာ ဆွေးနွေးကာ အခြေခံချမှတ်ခဲ့သော လွတ်လပ်သည့်နိုင်ငံဖြစ်ရေး၊ အချုပ်အခြာအာဏာပိုင်ဖြစ်ရေး၊ ဒီမိုကရေစီသမ္မတနိုင်ငံ ဖြစ်ရေး၊ စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူရည်တူကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်၊ စစ်မှန်သော ပင်လုံစိတ်ဓာတ် ထားရှိရေး စသည့်အချက်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် ကျဆုံးခဲ့မှုကြောင့် နောက်ပိုင်းတွင် ပင်လုံစိတ်ဓာတ်ပဋိညာဉ်နှင့် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများတန်းတူရေးကိစ္စရပ်များကို ဖော်ဆောင်ရန်အားနည်း သွားသဖြင့် ၁၉၄၉ ဇန်န၀ါရီ (၃၁) တွင် KNU မှ ဦးဆောင်ပြီး ဖဆပလ အစိုးရကို လက်နက်စွဲကိုင် တိုက်ခဲ့သဖြင့် ပြည်တွင်းစစ်မီးစတင် တောက်လောင်ခဲ့ရလေသည်မှာ ယခုအခါ နှစ် ၆၀ ကျော် တိုင်ခဲ့ပြီဖြစ်သည်။

ထို့နောက် အာဏာရ ဖဆပလအစိုးရသည် တိုင်းရင်းသားများလိုလားနေသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့် ဖက်ဒရယ်မူများကို အခြေခံဥပဒေတွင် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲခဲ့ခြင်း၊ ကူမင်တန်တရုတ်ဖြူကို အကြောင်းပြပြီး ရှမ်းပြည်စော်ဘွားနယ် (၁၃) နယ်၌ စစ်အုပ်ချုပ်ရေးသတ်မှတ်ခဲ့သဖြင့် ရှမ်းပြည်နယ်ပြည်သူလူထုသည် မတရားဖိနှိပ်ညှဉ်း ပမ်း အနိုင်ကျင့်ခံရခြင်း၊ ကချင်ပြည်နယ်လူထု၏ သဘောဆန္ဒကို ရယူခြင်းမရှိဘဲ ဖီဖော်၊ ဂေါ်လံ၊ ကန်ဖန်နယ်မြေများကို တရုတ်ပြည်သို့လွှဲ အပ်ပေးခြင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ခြင်းတို့ကြောင့် ခရစ်ယာန်ဘာသာနှင့် အခြားဘာသာဝင်များဖြစ်ကြသော တိုင်းရင်းသားအများစုက ဘာသာရေးအရ ခွဲခြားသည်ကို ယူဆခဲ့မှုကြောင့် ရှမ်း၊ ကချင် လက်နက်ကိုင်တော်လှန်ရေးများ ထပ်မံပေါ်ပေါက် လာကာ ပြည်တွင်းစစ်မီးထပ်ဆင့် လောင်ကျွမ်းခဲ့ရလေသည်။

ထိုသို့ပြည်တွင်းစစ်မီး အရှိန်မြင့်လာသည်နှင့်အမျှ စစ်တပ်၏ အခန်းကဏ္ဍပေါ်ပေါက်လာပြီး၊ ဖဆပလအတွင်း ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ ပြင်းထန် လာကာ ဖဆပလအဖွဲ့ချုပ်သည် သန့်ရှင်း၊ တည်မြဲ နှစ်ခြမ်းကွဲထွက်သွားခဲ့ရသည်။ သို့သော် အရပ်သားနိုင်ငံရေးသမားများသည် နိုင်ငံရေး ပြဿနာများကို အချင်းချင်းဖြေရှင်းညှိနှိုင်းရမည့်အစား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သောအဖွဲ့ကို အိမ်စောင့်အစိုး ရဖွဲ့စေခဲ့သဖြင့် စစ်တပ်သည် သြဇာအာဏာလွှမ်းမိုးကာ နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

အိမ်စောင့်အစိုးရ (၂) နီးပါး အာဏာစည်းစိမ်အရသာကို သိရှိသွားသော ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီသည် ဦးနုဦးဆောင်သော ပထစအစိုးရနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ ရန်ကုန်မြို့၌ တွေ့ဆုံကာ မြန်မာနိုင်ငံလူမျိုးပေါင်းစုံ ပြည်ထောင်စုနှီးနှောဖလှယ်ပွဲကြီး ကျင်းပနေစဉ်အတွင်း ၁၉၆၂ မတ်လ ၂ ရက်နေ့ အာဏာသိမ်းပိုက်လိုက်မှုကြောင့် စစ်မှန်သော ပြည် ထောင်စုဖော်ဆောင်ရေး ရည်မှန်းချက်ကြီးသည်လည်း ပျက်သုဉ်းသွားခဲ့ရလေသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း တော်လှန်ရေးကောင်စီ လက် ထက်တွင် ဖက်ဒရယ်မူသည် ခွဲထွက်ရေး၊ တိုင်းပြည်ဖြိုခွဲရေးဖြစ်ကြောင်း၊ မဟုတ်မမှန်ဝါဒဖြန့်မှုနှင့် တိုင်းရင်းသားနယ်မြေများတွင် စစ်တပ်မှ မတရားနှိပ်စက်လုယက် ဖျက်ဆီးသတ်ဖြတ်မှု လုပ်ငန်းများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမိုပျက်စီးသွားခဲ့ရသည်။

● အနာဂတ်အခြေအနေ
ယခုအခါ သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် အပစ်အခတ်ရပ်ဆိုင်းရေး သ ဘောတူမှုရရှိခဲ့သော်လည်း စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်သေးပေ။

စင်စစ်ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ ပြည်နယ်များကို ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ယင်းပြည်နယ်များရှိ ပြည်သူများ၏ ဆန္ဒနှင့် မွေးရာပါ အခွင့်အရေးများကို လေးစားလိုက်နာခြင်း၊ ဒီမိုကရေစီအခွင့်အရေးများရှိခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ အေးအတူပူအမျှဆိုး တူကောင်း ဖက် ညီမျှသောအခွင့်အရေးများကို ခံစားခွင့်ရှိခြင်းပင်ဖြစ်သည်။

ထို့နည်းတူစွာ ပင်လုံစိတ်ဓာတ်ဟူသည်မှာ ပင်လုံမြို့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်ပါ အချက်အလက်အပြင် ပင်လုံညီလာခံ၌ ဆွေးနွေးတင်ပြချက်များ၊ အပြန်အလှန်သဘောတူညီ ချက်များ၊ အပြန်အလှန်ပေးခဲ့သည် ကတိက၀တ်များပါ အကျုံးဝင်လျက်ရှိသည်။

ပစ္စက္ခမြန်မာနိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ပါက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့နှင့် အပစ်အခတ်ရပ်စဲထားနိုင်ခြင်း၊ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီအား ပြန်လည်တည်ထောင်ခွင့်ပေးခြင်းနှင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် အသင့်အတင့် ဖြေလျှော့ပေးခြင်း၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေး စာမျက်နှာသစ် ပွင့်လန်းလာခြင်း စသည့် တိုးတက်မှုဆောင်သော အပြောင်းအလဲအချို့ လုပ်ဆောင်လာသည်ကို တွေ့မြင်ရပေသည်။ ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဖြစ်သော ယုံကြည်မှုတည်ဆောက်ရေးအပိုင်းနှင့် ဒီမိုကရေစီအရေး ပီပြင်ခိုင်မာလာစေရန် ဖော် ဆောင်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန်နှင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို ရှေးရှု၍ စိတ်စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှုအမှန်များဖြင့် ဆက်လက်ဆောင်ရွက်နိုင်ပါက ပြည်သူတရပ်လုံးမျှော်လင့်တောင့်တနေသည့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အမြန်ဆုံးတည်ဆောက်နိုင်ကာ ကမ္ဘာ့ အလယ် ၌ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ၀ံ့ကြွားစွာရပ်တည်နိုင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။

Tuesday, January 31, 2012

former political prisoners host reunion event near Rangoon University

နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party
တာရာဝေယံ။ ရန်ကုန်၊ ၃၁၊ဇန်န၀ါရီ၊၂ဝ၁၂

ဒီနေ့ညနေက ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြည်ဥယျာဉ် မြက်ခင်းပြင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သရက်ထောင်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်ရဲ့စာ သူ့ဆီကို မကြာမီကမှ ရောက်လာကြောင်း၊ ထိုကဲ့သို့ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားကို အမြန်ဆုံး လွှတ်ပေးရန်လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
 
       Gathering Party ကို ဒီနေ့ညနေ ၅းဝဝ နာရီမှ ၈းဝဝနာရီအထိ ကျင်းပခဲ့တာပါ။ ဒီပွဲကို Self-help program,Yangon by Ex-political prisoner  က ဦးစီး ကျင်းပခဲ့တာဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုဌေြးွကွယ် အပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင် စတဲ့ ဗကသအဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။


       ဒီအခမ်းအနားမှာ ဗကသအဖွဲ့ဝင်များ၊ ပွဲစီစဉ်သူများ၊ ကိုရဲလွင်၊ ကိုနေဝင်း၊ လင်းလင်း အစရှိတဲ့ အနုပညာရှင်များက ကြွရောက်လာကြတဲ့ ဧည့်သည်တွေကို တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ပရိသတ်ရဲ့တောင်းဆိုချက်အရ သရက်ထောင်ထဲမှာ ရေးစပ်ခဲ့တဲ့ သူ့ရဲ့ သီချင်းတစ်ပုဒ်ကို ညီမဖြစ်သူ မသန္တာ၊ ဗကသအဖွဲ့ဝင်များ၊ GW အဖွဲ့ဝင်များနဲ့အတူ သီဆိုပြခဲ့ပါတယ်။

   ပွဲစီစဉ်သူများက မြစ်ဆုံဒေသမပျက်စီးမီက ဓာတ်ပုံကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များထံပေးအပ်ခဲ့ရာ ကိုကိုကြီးက ကျေးဇူးတင်စကားနဲ့ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းစစ်ကြောင့် ပြည်သူများ ဒုက္ခရောက်ရတဲ့အတွက် စိတ်ထိခိုက်ရပုံကို ပြောကြားသွားခဲ့ပါတယ်။ 


 ဒီနောက်မှာ ကဗျာရွတ်ဆိုခြင်း၊ ဗကသ သီချင်းများသီဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန်အတွက် အင်းလျားရေပြင်မှာ ဖယောင်းတိုင်မီးများမျှောပြီး ဆုတောင်းကာ အခမ်းအနားကို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများနဲ့ ည ၈းဝဝနာရီမှာ အဆုံးသတ်ခဲ့ပါတယ်။
 ဦးမြင့်ဆွေ၊ ဒေါ်ငယ်မမသန်း၊ မမာမာဦး၊ မနှင်းနှင်းမွှေး၊ ကိုမင်းကိုနိုင်
အဆိုတော် လင်းလင်း
 မနီလာသိန်း၊ ဒေါ်အေးမြင့်သန်း၊ မနိုဘယ်အေး
 ကိုဇေယျနဲ့ ဧည့်သည်များ
ကိုမင်းဇေယျာ
 ကိုမင်းကိုနိုင်
 
 ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်များ


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages