11th March - MoeMaKa Daily
36 views
Skip to first unread message
Maung Yit
unread,
Mar 11, 2013, 3:20:29 AM3/11/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ကာတွန်းကူမိုးကြိုး ၊ မတ် ၁၁၊ ၂၀၁၃
Posted by Maung Yit at 11:29 PM 0 comments  
မတ် ၁၀၊ မိုးမခရေဒီယို – ဆစ်ဒနီ၊ သြစတြေးလျ၊
မတ် ၁၀၊ မိုးမခရေဒီယို – ဆစ်ဒနီ၊ သြစတြေးလျ၊
အကြီးမြတ်ဆုံးဂုဏ် – ရီရီသန့်၊ ရဲနိုင်လင်းဆိုင်း
(ဒုတိယအကြိမ်၊ လွတ်လပ်ခြင်းရုပ်ရှင်ဂီတပွဲတော်၊ မြန်မာ့ဂီတပထမဆုရ တေး၊ ဇန် ၃၁၊ ၂၀၁၃)
သတင်းတိုထွာ၊ သီချင်းပဒေသာ၊ ကြော်ငြာကဏ္ဍ
မြောက်ဥက္ကလာပမိသားစု Hip Hop
အရှိုင်း (၀ီလီယံဖမ်း) ရဲ့ တော်လှန်ရေးတေးစီးရီးမိတ်ဆက်
မြန်မာပြည် ယနေ့မျက်မှောက်နိုင်ငံရေး – ရဲဘော်ဖိုးသံချောင်း
မတည့်သောအစားအစာကို သင့်လျော်အောင် စားသောက်နည်း – ကွန်ပျုတာဦးအောင်ဇော်
ကမ္ဘာတလွှားသတင်းစကား – နှင်းမြတ်ခိုင်
ရှင်မွေးလွန်းနဲ့ ကိုမျိုးအောင်၊ ငါတို့ပြည်ထောင်စု ဘယ်သူလဲ (ဦးဘုန်းဓာတု)
လူရွှင်တော်မော့စ် အလွမ်းပြေ နှစ်ပါးခွင်
ဘီအိုင်အေ၊ ဘီဒီအေ ရဲဘော်၊ မော်ကွန်းဝင်ပထမဆင့်၊ မြ၀တီ၊ ခေတ်ပြိုင် အယ်ဒီတာဟောင်း မြ၀တီရဲခေါင် သက် ၈၉  အလွမ်းပြေ
အထူးကဏ္ဍ – အနောက်နန်းမတော် မမြလေး (ချစ်သမျှကို)၊ လှိုင်ထိပ်ခေါင်တင် (စိန်ခြူးကြာညောင်)၊ တို့ ဘ၀သရုပ်ဖ်ာတေးများ – ကျော့မှူး၊ ထရမ်းပက်ဝင်းဦး၊ မိုးဇော်ဗိုလ်နဲ့ ခင်ညွန့်ရီ
စီစဉ်သူများ – ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ ဒေါက်တာဇင်မာထွန်း
(မိုးမခမှတ်ချက် – မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upa...@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)
Posted by Maung Yit at 11:22 PM 0 comments  
Labels: Radio
Fre Hep B screening for SF bay Burmese by USBMA Doctors Group
ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများအတွက် အသည်းရောဂါ ဘီပိုး ပညာပေးမည်
မိုးမခရွာဆော်ကြီး၊ မတ် ၁၀၊ ၂၀၁၃
USBMA (မြန်မာဒေါက်တာအဖွဲ့)က လောကနာထဘုန်းကြီးကျောင်း ရန်ပုံငွေပွဲမှာ မတ်လ ၁၇။ တနင်္ဂနွေနေ့မှာ ကျန်းမာရေးပညာပေးခြင်း၊ ဘီပိုးအခမဲ့ စစ်ပေးခြင်းနှင့် မေးခွန်းများ ဖြေကြားခြင်းတို့ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
Posted by Maung Yit at 10:35 PM 0 comments  
U WIn Tin next 83 ...
 ၈၃ နှစ်ပြည့်တော့မယ့် ဟံသာဝတီဦးဝင်းတင်
သူရိန်ထက်၊ မတ် ၁၀၊ ၂၀၁၃
မတ်လ ၂၂၊ ၂၀၁၃ မှာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ၈၃ နှစ်ပြည့် ကျရောက်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင်၊ ကျားရဲ ဦးဝင်းတင်၊ လူ့ငရဲ ဦးဝင်းတင် … … ရဲ့ သတ္တိဂုဏ်ရောင်ကို အထူးအထွေ ဖေါ်ပြဖို့ လိုမယ်မထင်ပါဘူး။  ဆရာကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့သ၀ဏ်ကို ဖြန့်ချိလိုက်သလို ဆရာကြီးအတွက် ဆရာမောင်လွမ်းဏီရဲ့ ဂုဏ်ပြုကဗျာကိုလည်း တပါတည်း ပူးတွဲ တင်ဆက်လိုက်ပါတယ်။
ဆရာကြီးဦးဝင်းတင်ကို ဂုဏ်ပြုထားတဲ့ ကျားရဲသီချင်းကိုတော့  http://www.youtube.com/watch?v=EyotZSHkEpQ မှာ နားဆင်ခံစားနိုင်ကြောင်းပါခင်ဗျာ။ မွေးနေ့သ၀ဏ် ဒီဇိုင်းကို သီဟမောင်မောင်က ဖန်တီးပေးပါတယ်။
Posted by Maung Yit at 10:01 PM 0 comments  
SATURDAY, MARCH 9, 2013
Lai Lone - Cartoon
ဦးစားပေး
ကာတွန်း - လိုင်လုဏ်
မတ်လ ၁၀၊ ၂၀၁၃
Maung Khin Min (Da Nu Phyu) - Articles
မြန်မာဗျည်း (၃၃) လုံး ဖြစ်ပေါ်လာပုံ
မောင်ခင်မင် (ဓနုဖြူ)
မတ်လ ၁၀၊ ၂၀၁၃
မောင်ခင်မင် (ဓနုဖြူ) Photo Credit: Popular
မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။
မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။
အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။
မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။
ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။
အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။ ၀-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။
အ၀ိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအ၀ိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။
ဒီတော့ မြန်မာဗျည်းတွေဟာ မ၀ိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။
အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။
ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။
ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။
၃၃-လုံးမှာ အကြီးဆုံးပေါ့။
ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။
မြန်မာဗျည်း ၃၃-လုံး
မွန်ဗျည်း ၃၅ လုံး
ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။
အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြ တာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။
ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
ဝမ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။
ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။
သံယောဇဉ်တို့၊ ၀ိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။
ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။
ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။
ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။
အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။
မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။
ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။
( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။
ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။
ဤနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်။
Kamarpale - Poem
ဗဂျီအောင်စိုးမှ အောင်ဗဂျီကိုး ... သို့
ကမာပုလဲ
မတ်လ ၁၀၊ ၂၀၁၃
တညသားမှာ
ကျနော့်ကို လက်တို့ 
အိပ်ယာကနေ လာလို့ နှိုးတယ် မေမေ ...။
“ချစ်သား ... ငါ့နောက်လိုက်ခဲ့” တဲ့ ။
ဗောဓိ ညောင်ပင်လား
သစ်ပင်ကြီးတပင်အနားဆီ ခေါ်သွား 
“ချစ်သား ... အသင် ဘာမြင်သလဲ” တဲ့ ။
ညောင်ရွက်ကလေးတွေက စိမ်းမြ
“ကျနော့် နှလုံးသား ကျနော်ပြန်မြင်နေရတယ် သခင်” ။
“ကောင်းပြီ ချစ်သား
သူဟာ ငါဖြစ်တယ်” ။
ရုတ်တရက်
အိပ်ယာကနေ လန့်နိုး
ဇောချွေးတွေနဲ့ စီးထန်းလာ
“သစ္စာသည်သာ အလှတရား”
ကျနော် ...
ကျနော့်ဘ၀ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီ မေမေ။ ။
+ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ သစ္စာတရားကို ခံစားရေးဖွဲ့တယ်။
+ “သစ္စာသည်သာ အလှတရား” = ဆရာကြီး ပန်းချီအောင်စိုးပြောခဲ့သောစကား။ 
Posted by Aung Htet at 9:45 PM 0 comments  
Aung Htet- Burma Humanrights Day postcard (March 13th 2013)
ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်
ပန်းချီ - အောင်ထက်
မတ်လ ၁၀၊ ၂၀၁၃
Posted by Aung Htet at 9:42 PM 0 comments  
Ohm Naing - Articles
ရေးခဲ့မိသော မှတ်တမ်းများ - (၁၉)
အုန်းနိုင်
မတ်လ ၁၀၊ ၂၀၁၃
● ဦးဝင်းတင်ကို  မတရားထောင်ချပြီ
အဲဒီနေ့  (၂၈.၆.၈၉) သတင်းစာမှာပဲ   သတင်းစာရှင်းလင်းပွဲ သတင်းပါလာပြန်ပါတယ်။ အဖွဲ့ ချုပ်လူငယ်တာဝန်ခံဟောင်း  စိုးသိန်းတို့ သူ့ အမျိုးသမီး  မသူဇာတို့ကို ကိုယ်ဝန်ဖျက်ချမှု ပုဒ်မ (၃၁၅) နဲ့ တရားရုံးတင်  တရားစွဲဆိုလိုက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး  ဦးဝင်းတင်တို့ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်  ဦးငွေလှိုင်တို့နှစ်ယောက်ကိုတော့ တရားခံ စိုးသိန်း ကိုဖမ်းဆီးရာတွင်  ကာကွယ်ရန်  လျှို့ ဝှက်ကူညီပံ့ပိုးမှုပုဒ်မ (၂၁၆) တို့ တရားစွဲဆိုလိုက်ပါတယ်။ ဇူလိုင်လ (၄) ရက်နေ့မှာ အမှုကြားနာဖို့ ချိန်းဆိုလိုက်ပါတယ်။ အမှုစွဲတင်တဲ့နေ့မှာပဲ  ဦးငွေလှိုင်ကို  ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ ဒီလိုပဲ  ဇူလိုင်လ (၄) ရက်နေ့မှာ  အမှုရင်ဆိုင် ရအောင်လာတဲ့ ဦးဝင်းတင်ကိုလည်း ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ ဦးဝင်းတင် တို့ဦးငွေလှိုင်တို့ကိုစွဲဆိုထားတဲ့ ပုဒ်မ (၂၁၆) ဆိုတာ   အာမခံပေးရမယ့် ပုဒ်မပါ။ ဒါကြောင့် အာမခံလျှောက်ထားတော့ နောက်ထပ် ဇူလိုင် (၆) ရက်နေ့ကို  ထပ်ချိန်းပြီး ချုပ်ထားလိုက်ပါတယ်။ ဇူလိုင်လ (၆) ရက်နေ့ရောက်တော့လည်း  တရားသူကြီးက ဦးဝင်းတင်တို့ ဦးငွေလှိုင်တို့ကို  စွဲထားတဲ့ ပုဒ်မ (၂၁၆) ဟာ  အာမခံပေးကို ပေး ရမယ့်အမှုဖြစ်ပေမယ့် အမှုကို  လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ဖော်ပြပါရှိခဲ့လို့    အများပြည်သူ   စိတ်ဝင်စားနေတဲ့ အမှုဖြစ်တဲ့   အတွက် အာမခံပေးလိုက်ရင်  ဥိးဝင်းတင် တို့ဦးငွေလှိုင်တို့ရဲ့    လုံခြုံ ရေးအတွက်  စိုးရိမ်ဖွယ်  ရှိနိုင်လို့ အာမခံမပေးနိုင်ပါလို့   ဆုံးဖြတ်လိုက်ပါတယ်..။
ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို  အသရေဖျက်တဲ့ အပြင်  ဦးဝင်းတင် တို့ဦးငွေလှိုင်တို့ကို တမင်  မတရားဖမ်းဆီးတာပါ..။ဒီအမှုမှာ  ဦးဝင်းတင် ဘယ်လောက် များ နက်ရှိုင်း  ပတ်သက်မိသလဲ ဆိုတာစာဖတ်တဲ့ သူတွေ  သိရအောင်  သူတို့ အစိုးရဘက်က  သတင်းထုတ်ပြန်ချက်ကို  ပဲ ဒီနေရာမှာ  တိုက်ရိုက်ဖော်ပြလိုက်ပါတယ်..။
“တရားခံစိုးသိန်းအား ဖမ်းဆီးနိုင်ရန်အတွက်  သက်ဆိုင်ရာပြည်သူ့ ရဲတပ်ဖွဲ့  က  ၄င်းဧ။်  ဇာတိဖြစ်သော  ဧရာဝတီတိုင်း ငပုတောမြို့ နယ်  ဟိုင်းကြီးကျွန်းကျေးရွာရှိစိုးသိန်းဧ။်  မိဘဖြစ်သူ  ဦးစိုးမြင့် တို့ ဒေါ်ခင်သိန်းမြင့်   တို့ထံ  သွားရောက်ပြီး  ဖမ်းဆီးဝရမ်းကိုအတည်ပြုဆောင် ရွက်ခဲ့ကြသည်..။ထိုသို့   ဆောင်ရွက်ခဲ့ရာ  တွင်  စိုးသိမ်းဧ။်  ဘခင်  ဦးစိုးမြင့်   သည်  ၄င်းဧ။်  သားစိုးသိန်း  ပြစ်မှု  ဖြစ်ပွါးသဖြင့်   ၀ရမ်း ထုတ်ထားခြင်းအား  မေးမြန်းစုံစမ်း ရန်   (၁.၅.၈၉) ရက်တွင်  ပုသိမ်မြို့ ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  ရုံးသို့   သွားရောက်ခဲ့ပါသည်..။
ထို ရုံးမှ  တဆင့်    ရန်ကုန်အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ်ရုံး  သို့   ဖုန်းဆက်မေးမြန်းရာ  တဖက်ဖုန်းမှ    ဦးဝင်းတင် ဆိုသူက  စိုးသိမ်း တနေရာတွင်  ရှိကြောင်း၊စိုးသိန်းနှင့် ပတ်သက်ပြီး  စိတ်အေး လက်အေးထားရန်နှင့်   ဘာမျှ  မပူရန်  ၊စိုးသိန်းနှင့်  ပတ်သက်ပြီး  အဖွဲ့ ချုပ်ဧ။်
တာဝန်သာဖြစ်ကြောင်း  ပြောဆိုခဲ့သည်ဟု သိရသည်..။
ထို့ ကြောင့်   အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်မှဦးဝင်းတင်သည်  ပြစ်မှုဆိုင်ရာ ပုဒ်မ၃၁၅ ဖြင့်  ပြစ်မှုကျူးလွန်သဖြင့်   ဖမ်းဝရမ်းထုတ် ထားခြင်းခံရသူ  စိုးသိန်းအားဖမ်းဆီးရမိနိုင်ခြင်း  မရှိစေရန်  အတွက် သိလျှက်နှင့်   ထိုသူအား  ဖမ်းဆီးခြင်းမှ  ကာကွယ်ရန် အကြံဖြင့် လက်ခံထိန်းထားကြောင်း။ ၄င်းဧ။်  ပြောဆိုချက်အရပေါ်ပေါက် ခဲ့သဖြင့်   ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  (၂၁၆) အရ  အရေးယူရန်
တရားစွဲဆို  တင်ပို့ ခြင်း  ဖြစ်သည်” ဟု   သတင်းစာမှာ  ပါပါတယ်..။
ဒီ စာပိုဒ် သုံးပုဒ်မှာ    ဒုတိယ  စာပိုဒ် အဆုံးကိုပြန်ကြည့်ပါ..။ပြောဆိုခဲ့သည်ဟု  သိရသည်  ...လို့ ဆိုတော့   ဒါဟာ စိုးသိန်းရဲ့  အဖေ  ဦးစိုးမြင့်က  ပြောလို့ သိရတယ်..လို့ အဓိပါယ်ရပါတယ်..။ဒီတော့  ဦးစိုးမြင့်က  ပြောတာသာဖြစ်ပြီး  တဖက်က   ဦးဝင်းတင်က  ပြောတာ ဟုတ်မဟုတ်မသေချာပါ..။ နောက်တချက်ကတဖက်က  တယ်လီဖုန်းဖြေကြားသူဟာ  ဦးဝင်းတင်  ဟုတ်သလား၊မဟုတ်သလား..ဘယ်လို
အတည်ပြုသလဲ..။
ဒီလို  မရေမရာ တို့ ဦးဝင်းတင်ကို  အမှုထဲပါအောင်  ရဲက  ဆွဲထဲ့လိုက်တာပါ..။ဒါမှ မဟုတ်  ဦးဝင်းတင်ကို  အမှုထဲ  ပါအောင်  ရဲကို  ဆွဲထဲ့ ခိုင်း  လိုက်တာပါ..။
အဲဒီ  ဇူလိုင်  လဆန်းထဲမှာပဲ  ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ  နည်းဥပဒေများ  ပြဌာန်းတာကိုကြေညာပါတယ်..။အခန်း(၁၅)ခန်း  နည်းဥပဒေပေါင်း  (၁၀၆)ခုပါဝင်ပါတယ်..။ရွေးကောက်ပွဲ ဥပဒေတို့နည်းဥပဒေတွေ  ထွက်လာလို့ ရွေးကောက်ပွဲ တကယ်ကျင်းပဖို့   စိုင်း ပြင်းတယ် ဆိုရင်တောင်မှ  တဘက်ကမတရားအမှုဆင်  ဖမ်းဆီးထောင်ချ တာတွေ တို့ မို့ ရွေးကောက်ပွဲကျင်းပချိန်မှာ  အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ်မှာ  ရွေးကောက်ပွဲ ၀င်ဖို့   လူတောင် ကျန်ပါဦးမလား..။
ဒေါ်အောင်ဆန်းစုကြည်ကတော့  န၀တ  ရဲ့  သဘောထားကိုယုံကြည် စိတ်ချပုံ မရပါ..။ဗိုလ်ချုပ်မှူးကြီး  စောမောင်ကို  လည်း  ဦးနေ၀င်း လုပ်ရပ်တွေ  ဆက်မလုပ်ပါနဲ့..။ဦးနေ၀င်း  ရဲ့ သြဇာက လွတ်အောင်ကြိုးစားဖို့    ဒီရက်တွေ အတွင်းမှာ  ပြောတဲ့  ဟောပြောပွဲတွေ သတင်းစာ ဆရာတွေ တို့တွေ့ ဆုံပွဲတွေမှာတိုက်တွန်းလာတယ်..။နောက်ဆုံးတော့ ပွင့်ပွင့် လင်းလင်းပဲ   တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ် အောင်ဆန်း လား။ ဗိုလ်ချုပ်နေ၀င်းလား..။တပ်မတော်ဟာ  အောင်ဆန်းတပ်လား..။နေ၀င်း  တပ်လား လို့   မေးခွန်းထုတ်ရတဲ့ အဆင့်  အထိ  ရောက်လာ ပါတယ်..။
(ရေးခဲ့မိသော မှတ်တမ်းများ (၂၀) မှာ   “သူခိုး ဓါးရိုးကမ်းသလား“ ကို တင်ဆက်ပါမယ်)
Posted by Aung Htet at 9:09 PM 0 comments  
Singing Peacock in Naypyidaw
မိုးမခအထောက်တော် နေပူတော် ရောက်ခဲ့စဉ်
မိုးမခဖေ့စ်ဘုတ်ပေ့ခ်ျ ကောက်နုတ်ချက်၊ မတ် ၁၀၊ ၂၀၁၃
နိုင်ငံခြားဧည့်သည်တော်တွေကို ဧည့်ခံတဲ့ ဇဘူသီရိခန်းမကြီးထဲက ဒေါင်းရုပ်ပုံစောင်း … တဲ့ ခင်ဗျ။ စောင်းနေတဲ့ဒေါင်းရုပ်လား။ နောက်ပြန်လှည့်ကြည့်နေတဲ့ ဒေါင်းလည်ပြန်လား။ မိုးမခအထောက်တော်တော့ ဒီဒေါင်းမျိုး ခုမှမြင်ဘူးလို့ ရှယ်ပါတယ်။ ယကြာချေတာတော့ ဟုတ်ထင်ပေါင်ဗျာ။ ကျုပ်တို့အဆိုးရ ဒါမျိုး ဘယ်တုံးက လုပ်ဖူးလို့တုန်းဗျ။
(Dreamboy  Eros)
Posted by Maung Yit at 8:54 PM 0 comments  
Labels: Satire
Salai Sunpai
ကမ္ဘာကြီး ကျန်းမာအောင် ၀ိုင်းဝန်းထိမ်းသိမ်းကြပါစို့
သရုပ်ဖော်ပန်းချီ - ဆလိုင်းစွမ်းပီ
မတ်လ ၁၀၊ ၂၀၁၃
ဒီစကြာဝဠာကြီးမှာ လူသားတွေဟာ ဒီကမ္ဘာဂြိုလ်ပေါ်မှာပဲ နေထိုင်ရှင်သန်နိုင်တယ်။ ဒါပေမယ့် ဒီကမ္ဘာဂြိုလ်ကို ဖျက်ဆီးနေတာ လူသားတွေပဲဖြစ်တယ်။
Kyaw Home - Poem
ကယ်ရီကာချားများ
ကျော်ဟုန်း
မတ်လ ၁၀၊ ၂၀၁၃
ငါက ...
ငါ့ ပုံရိပ်စစ် သေးသေးလေးကို
အကျယ်ချဲ့ဖို့ အတွက်
အဏုကြည့်မှန်ပြောင်းနဲ့ 
ဘယ်သူ့ ကိုမှ မကြည့်ခိုင်းခဲ့ဘူး။
ငါက ...
စကြာဝဠာကြီးကိုတော့
ထောင့်စုံ ဘက်စုံ အနုလုံပဋိလုံ
အဏုကြည့်မှန်ပြောင်းကြီးနဲ့ 
အမြဲတမ်းကို ကြည့်နေခဲ့။
ကိုယ်တခြမ်းပဲ့ လူတွေ မြင်တယ်
ကိုယ်နှစ်မွှာပူး လူတွေ မြင်တယ်။
ကိုယ်ထည်မရှိ-အရိပ်ပဲရှိတဲ့ လူတွေ မြင်တယ်
ခေါင်းလုံးလုံးမပါတဲ့ လူတွေ မြင်တယ်။
နှဖူးပေါ်မှာ မျက်လုံးတလုံးအပိုပါတဲ့ လူတွေ မြင်သလို
နောက်စေ့မှာ မျက်လုံးတလုံးအပိုပါတဲ့ လူတွေ မြင်တယ်။
ဦးနှောက်အပိုပါတဲ့လူတွေ မြင်သလို
ဦးနှောက်ဗလာနဲ့  လူတွေ မြင်တယ်။
အသည်းမရှိ- အသက်ပဲရှိတဲ့ လူတွေမြင်သလို
အသည်းကြီးကြီး-အသက်တိုတို လူတွေ မြင်တယ်။
ငါကိုယ်တိုင်လဲ
ဘယ်အမျိုးအစားထဲ ပါသလဲ
ခေါက်တွန့် ကြေးမုံခုံးခွက်ရှေ့ ရပ်
အဏုကြည့်မှန်ဘီလူးတပ် ကြည့်လိုက်မိ
လုံးဝ ဟာသ မပါလဲ
ကောင်းကင်ကြီးကြားအောင် ရယ်လိုက်မိပေါ့။     ။
Posted by Aung Htet at 8:15 PM 0 comments  
Nyein Chan Aye - Articles
ဝါဒီယာ ဒီမိုကရေစီ
ငြိမ်းချမ်းအေး
မတ်လ ၁၀၊ ၂၀၁၃
“The Dictator” ဆိုတဲ့ မနှစ်က ထွက်တဲ့ အမေရိကန် ဟာသရုပ်ရှင်ကို ကြည့်ဖူးကြမလား.. မသိဘူး..။
ရုပ်ရှင်ဟာ ဝါဒီယာဆိုတဲ့ အာဖရိကမြောက်ပိုင်းက စိတ်ကူးယဉ်တိုင်းပြည်တခုမှာ အာဏာရှင်ကြီးတပါးဟာ သက်ဦးဆံပိုင်စနစ် အကြွင်းမဲ့ အာဏာနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာကို အစပြုပြီး ဇာတ်လမ်းကျောရိုးပြုထားတယ်။
ဝါဒီယာအာဏာရှင်ကြီးဟာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေလို့ဆိုကြတဲ့ အနောက်ကမ္ဘာက တိုင်းပြည်ကြီးတွေနဲ့ အမြဲလိုလို အခြေအတင် ကတောက်ကစ ဖြစ်လေ့ရှိတယ်။ သူဟာ သူ့ရဲ့ အဖတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို အမြဲလိုလို ဝင်ရောက်နှောင့်ယှက်၊ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးစော်ကား ရန်စနေတဲ့ ကိုလိုနီလက်သစ် ဝါဒီ ပြည်ပ အနောက်ရန်သူကို အန်တုနိုင်ဖို့ရာနူကလီယား လက်နက်ဆန်းကြီး ကိုလည်း ပိုင်ဆိုင်ချင်နေတယ်။ ဒီလို ပိုင်ဆိုင်ဖို့ ကြိုးစား ကြံစည်ရင်းနဲ့ပဲ ရန်သူ အနောက်နိုင်ငံကြီးတွေရဲ့ပယောဂကြောင့် နိုင်ငံတကာရဲ့ ဖိအား ပေးမှုပိုခံလာရပါတယ်။
ဒီလို နိုင်ငံတကာရဲ့ ဖိအားတွေလျော့အောင် တရားဝင် ရှင်းလင်ဖို့ အာဏာရှင်ကြီးဟာ ကုလညီလာခံကိုကိုယ်တိုင်တက်ပြီး မိန့်ခွန်းပြောဖို့ စီ စဉ်ပါတော့တယ်။  သူ့ရဲ့ လက်ထောက်လူယုံ စစ်ဗိုလ်ကလည်း တိုင်းပြည်ကို အခြေခံဥပဒေနဲ့ ဒီမိုကရေစီနာမည်ခံအုပ်ချုပ်ရင် စီးပွားရေး လုပ်စားခွင်တွေပိုတိုးလာကာ သူ့အတွက် ကိုယ်ကျိုးရှာနိုင်မှာဖြစ်တဲ့အတွက် အာဏာရှင်ကြီးကို ရှင်းထုတ်ဖို့ ကြံစည်နေတယ်။ ဒီလိုနဲ့ အာဏာရှင်ကြီးရဲ့ ကုလ ညီလာခံ ခရီးစဉ်မှာပဲ လက်အောက်က ဗိုလက် အာဏာရှင်ကြီးကို ပြန်ပေးဆွဲပြီး သူကြိုးဆွဲရာကတဲ့ ခပ်ပေါပေါ လူ တူ အာဏာရှင်အတုနဲ့ အစားထိုးကာ သူအကြံအောင်ဖို့ စီစဉ်ပါတော့တယ်။
ပြန်ပေးဆွဲမှုကအောင်မြင်ပြီး အာဏာရှင်အတုကို အစစ်နဲ့ အစားထိုးနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ အာဏာရှင် အစစ်ကလွတ်သွားပါတယ်။
လွတ်သွားပြီးနောက်မှာ အာဏာရှင်ကြီးဟာ သူသာ အာဏာရှင်အစစ်ဖြစ်ကြောင်း သက်သေပြုနိုင်ဖို့ ကြိုးစားရင်းနဲ့ ဒီမိုကရေစီ တက်ကြွလှုပ် ရှားသူလေး တယောက်နဲ့ တွေ့ သံယောဇဉ် ဖြစ်သွားတယ်..။ ဒါပေမယ့် သူဟာ အာဏာရှင် အစစ်ဖြစ်ကြောင်းသိသွားတော့ ကောင်မလေးက လက်မခံတော့ပါဘူး။
တဘက်မှာလည်း အာဏာရှင် အတု နဲ့ လက်အောက်ဗိုလ်ဟာ ကုလခရီးစဉ် အတွင်း အမေရိကန် နိုင်ငံမှာပဲ ကမ္ဘာ့ မီဒီယာ နဲ့ အနောက်ကမ္ဘာ လူထုရှေ့မှာ ဝါဒီယာဟာ အခြေခံဥပဒေနဲ့ ဒီမိုကရစီနည်းကျသာ တိုင်းပြည်မှာ ရှေ့ဆက်အုပ်ချုပ်နိုင်ဖို့အတွက် အာဏာရှင်ကြီးက ခွင့်ပြု ကြောင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားလုပ်ပါတယ်။
ဒါပေမယ့် အဲ့ဒီ အခမ်းအနားကို အာဏာရှင်အစစ်က အရောက်လာနိုင်ပြီး သူသာအာဏာရှင်အစစ်ဖြစ်ကြောင်း သက်သေပြနိုင်ကာ လက် အောက်က ဗိုလ်ကို ဖမ်းဆီး၊ လက်မှတ်ထိုးရမယ့် သဘောတူစာချုပ်ကိုဆွဲစုတ်ပြီး ဝါဒီယာကို အာဏာရှင်စနစ်နဲ့ ဆက်အုပ်ချုပ်မယ်လို့ ကြွေးကြော်လိုက်တယ်။
သူဆိုနေတုန်းမှာပဲ အခမ်းအနားကို သူ့ရဲ့ ချစ်သူ ဒီမိုကရေစီမလေး ရောက်လာတယ်။ ချစ်သူဒီမိုကရေစီမလေးရဲ့ မျက်နှာမြင်လိုက်တော့ အာဏာရှင်ကြီးလည်း နှလုံးသားတွေ အရည်ပျော်ပြီး သူဟာ ဒီမိုကရေစီကိုချစ်ကြောင်း၊ တိုင်းပြည်မှာ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်မှာဖြစ် ကြောင်း၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ကြောင်းပြန်ပြောင်း ကြေငြာ ပြန်ပါတယ်။
ပြီးတော့ သူ့ချစ်သူ ဒီမိုကရေစီမလေး ရှေ့ကိုသွားပြီး “ဒီမိုကရေစီရေ.. မင်း.. ငါ့ရဲ့ ဇနီး (အများကြီးထဲက) တယောက် လုပ်မလား.. ဟင်” လို့ မေးတယ်။
မေးခွန်းကို ကြားတော့ ဒီမိုကရေစီမလေးက ငြူငြူစူစူ ဖြစ်သွားတယ်။
ဒါနဲ့ပဲ အာဏာရှင်ကြီးလည်း ကိစ္စကထိပ်ဝရောက်သလိုဖြစ်နေပြီဖြစ်တဲ့ ဖိတ်လျှံနေတဲ့ ချစ်ခြင်းမေတ္တာကို မတားနိုင်.. မဆီးနိုင်တော့ “ဒီမိုကရေစီ” ဆိုတဲ့ မယားတယောက်တည်းကိုပဲ ချစ်ခင်စုံမက် တသက်လက်တွဲဖို့သဘောတူရပါတော့တယ်။
နောင်တနှစ်ကြာတော့ ဝါဒီယာ မှာ လွတ်လပ်၊သန့်ရှင်း၊မျှတတဲ့ ရွေးကောက်ပွဲကြီးကို သမိုင်းဝင်ကျင်းပနိုင်ပါတယ်။ မဲရုံဘေးမှာတော့ စစ်တပ်က တင့်ကားကြီးတွေ ချထားတာပေါ့။
ဒီလိုနဲ့.. ဒီမိုကရေစီစနစ်နဲ့အညီ အများနဲ့တန်းတူ ဝင်အရွေးခံတဲ့အာဏာရှင်ကြီးဟာ သန့်ရှင်းစွာနဲ့ပဲ (၉၈.၈) ရာခိုင်နှုန်း မဲ အရေအတွက် ရပြီးနိုင်သွားပါတယ်။
သူ့ရဲ့ အရင် ဂုဏ်ပုဒ် “စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး” ဆိုတဲ့ အခေါ်ရှေ့မှာ  “သမ္မတ ဝန်ကြီးချုပ်” ဆိုတဲ့ အခေါ်သစ်လည်း တိုးလာပါတယ်။
ဒီမိုကရေစီ စနစ် အရ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ အာဏာရှင်ကြီးဟာသူ့ရဲ့ “ဒီမိုကရေစီ” ချစ်သူကောင်မလေး နဲ့လည်း တရားဝင် လက်ထပ်ပါတယ်။လက်ထပ်ပြီးမှပဲ သူ့ ချစ်သူ “ဒီမိုကရေစီမလေး” ဟာ (အမျိုးမသန့်ဘူးလို့သူယူဆနေကျဖြစ်တဲ့) “ဂျူးမလေး” ဖြစ်နေမှန်းသိတယ်။ “ဒီမိုကရေစီ” ကိုချစ်နေပြီဖြစ်တော့ အာဏာရှင်ကြီးက သဘောထားကြီး ခွင့်လွှတ်ပြီး “ဂျူးမလေး”ဖြစ်ကြောင်းကိုလည်း လျစ်လျူရှုထားနိုင်ပါတယ်။ ပြီးတော့ “ဒီမိုကရေစီမလေး”ကို အားရပါရ ထွေးပွေ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက် ပါတယ်။ ဒါပေမယ့်အကျင့်ဆိုတာ ပြင်ရခဲတော့ တဘက်ကလည်း ထုံစံအတိုင်း လက်ဟန်နဲ့ တပည့်တွေလှည့်ပြီး သူ့ရဲ့ ချစ်ဇနီး ဖြစ်နေပြီဖြစ်တဲ့ “ဒီမိုကရေစီမလေး” ကိုသတ်ဖို့ အမိန့်ပေးမိပြန်ပါတယ်။ ဒါပေမယ့် “ဒီမိုကရေစီမလေး” ကို ချစ်ကြည်မဝဖြစ်နေတော့ တကယ်တော့ အဲ့ကိစ္စ အကောင်အထည် မဖော်ဖြစ်ပါဘူး။
ဝါဒီယာ ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီ ချစ်သူနဲ့လက်ထပ်တဲ့ နေ့ကို ကမ္ဘာက အားတက်သရော ထောင်ခံ ချီးကျူးကြသလို ကမ္ဘာ့မီဒီယာတွေကလည်း အရောက်လာပြီး မှတ်တမ်းတင်ကြပါတယ်။ မီဒီယာ ရုပ်သံမှာဒီမိုကရေစီ လက်ဆက်ပွဲ သတင်း နဲ့ အတူ နောက်ခံပုံရိပ်မှာ လျှပ်တပြက်မှတ်တမ်းအနေနဲ့ ကမ္ဘာ က အလို ရှိနေတဲ့ ရာဇဝတ်ကောင်ကြီး တယောက် ပုံကလည်းဖြစ်ချင်တော့.. ပါ သွားပါသေးတယ်။ ဆိုတော့ ဝါဒီယာ ဟာ နိုင်ငံတကာရာဇဝတ်ကောင်ကို အရင်ကနဲ့ လက်ရှိ အချိန်ထိ အကာအကွယ်ပေးထားနေကြောင်းလည်းကမ္ဘာက သိခွင့်ရသွားပါတယ်။
ဘာပဲဖြစ်ဖြစ်.. ဝါဒီယာ က ဒီမိုကရေစီနိုင်ငံတော်ကြီးသစ် အနေနဲ့သမိုင်းစာမျက်နှာအသစ်တခု ဖွင့်လှစ်နိုင်ပြီဖြစ်လို့ နိုင်ငံတကာမှာမျက်နှာ ပန်းလှ နေပါတော့တယ်။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးတွေ အပါအဝင်ကမ္ဘာ့စီးပွားလုပ်ငန်းရှင်ကြီးတွေကလည်း ဝါဒီယာ နဲ့ စီးပွားတွေလုပ် ဖို့အ ပြေးအလွှား ဝင်လာကြပါတယ်။
နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ ရင်ဘောင်တန်းပြီး တိုင်းသစ် တည်လို့ပြည်သစ် ဆောက် နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း “သမ္မတ ဝန်ကြီးချုပ်” အသစ်ဟာခေတ်သစ်ကမ္ဘာ နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဆိုပြီး သူ အသုံးပြုတဲ့ကားယာဉ်တန်းအားလုံးကိုတောင် ခေတ်မီမီ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှု ကိုနည်းစေတဲ့ မော်တော်ယာဉ်တွေကိုပဲ သုံးပါတော့တယ်။
ဒါပေမယ့် အာဏာရှင်ကြီးဟာ တိတ်တဆိတ် နဲ့ သူ့ရဲ့ နူကလီးယား အိမ်မက်ကိုတော့ဆက်မက်နေဆဲပါပဲ။
ဒီလိုနဲ့.. ချစ်ဇနီး “ဒီမိုကရေစီမင်းသမီးလေး”  ဟာလည်း ဒီမိုကရေစီစံနှုန်းနဲ့ အတွေးအခေါ်တွေကိုပဲ မေ့သွားသလား၊ ဒါမှမဟုတ် ခုမှပဲအမြင်မှန်တွေ ရသွားတယ်လို့ဆိုရမလားမသိ.. ခုဆိုရင် သူဟာ အာဏာရှင်ကြီးဗိုလ်ချုပ်ဟောင်းကြီး ကိုယ်စား နိုင်ငံတကာ မီဒီယာတွေ နဲ့အင်တိုက်အားတိုက် တွေ့ဆုံမေးမြန်းခန်းတွေ လက်ခံပေးပြီး ဝါဒီယာ မှာလူ့အခွင့်အရေးတွေ တိုးတက်လာပုံ၊ အမျိုးသမီးအခွင့်အရေး ရရှိလာပုံတွေကိုအာပေါင်အာရင်း သန်သန် ကမ္ဘာကို ပြောပြနေပါတော့တယ်။
ဇာတ်လမ်း အဆုံးကိုတော့ “ဒီမိုကရေစီမင်းသမီးလေး” ရဲ့ မီဒီယာ အင်တာဗျူးတခုနဲ့ အဆုံးသတ်ထားတယ်။
အင်တာဗျူးမှာ.. “ဒီမိုကရေစီမင်းသမီးလေး” ဟာ သူ့မှာ ရင်သွေးလေး လွယ်ထားပြီဖြစ်ကြောင်း မီဒီယာ ကို ဖွင့်ပြောလိုက်ပါတယ်။ အဲ့ဒီတော့ ဘေးမှာနားထောင်နေတဲ့ အာဏာရှင်ဟောင်းကြီးကလည်း သူ့ရင်သွေးသတင်းကို ခုမှ သိရတော့ဝမ်းသာသွားပါတယ်။ ဒါပေမယ့် ပါးစပ်ကလည်း လွှတ်ကနဲ “မင်း.. သားယောင်္ကျားလေးမွေးမလား..၊ ဒါမှမဟုတ် ကလေးဖျက်ချမလား” ဆိုပြီး ထွက်သွားပါတယ်။
ရုပ်ရှင် ဇာတ်လမ်းက ဒီမှာတင် အဆုံးသတ်တယ်။
ဝါဒီယာ ပြည်ကြီးဟာ စည်းကမ်းပြည့်ဝ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ချီတက်နေဟန်ရှိပါတယ်။ အာဏာရှင်ဟောင်း “သမ္မတ
ဝန်ကြီးချုပ်”အသစ်စက်စက် ကလည်း သူ့ရဲ့ အကျင့်ဟောင်းတွေကိုတတ်နိုင်သမျှတော့ ပြင်နေဟန်တူပါတယ်။ ဝါဒီယာ ဒီမိုကရေစီ ပြည်သစ်ကြီးရဲ့အနာဂတ်ကို ဖန်သားပြင်မှာ ဆက်လက် မရှုစားနိုင်တော့ ရုပ်ရှင်ကြည့် ပရိသတ်ဟာကိုယ့်ဘာသာပဲ.. အသိဥာဏ် မျက်စိ နဲ့ စိတ်ကူးရှိသလိုမျှော်မှန်းကြည့်ရတော့မှာပေါ့..။
ဘာပဲဖြစ်ဖြစ် ဝါဒီယာ ဒီမိုကရေစီဟာ အရာရာကို အကောင်းဘက်က မြင်ကြည့်ဖြေစဉ်းစားပေးနိုင်ဖို့ အခွင့်အရေးရှိနေတဲ့ လူတန်းစားတချို့အတွက်ပြည့်စုံကောင်းမွန်နေမှာ သေချာပါတယ်။
ဒီက.. မိုးမခ စာဖတ်သူ.. နဲ့ ရုပ်ရှင်ကြည့် ပရိသတ် ရော.. ဘယ်လို ထင်လဲ..။
ဝါဒီယာ ဒီမိုကရေစီ ပြည်သစ် ရဲ့ အနာဂတ် ကို မြင်ကြည့် နိုင်မလား..။
လက်တွေ့.. ကမ္ဘာ မှာရော ဝါဒီယာ ဒီမိုကရေစီ တိုင်းပြည်မျိုး ကိုမြင်မိလား..။
Posted by Aung Htet at 8:10 PM 0 comments  
Than Win Hlaing - Articles
တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ - အပိုင်း (၅)
သန်းဝင်းလှိုင်
မတ်လ ၈၊ ၂၀၁၃
တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော “တော်လှန်ရေးကောင်စီ၏ လုပ်ဆောင်ချက်သမိုင်းအကျဉ်းချုပ်” စာအုပ် စာမျက်နှာ ၅ ၌လည်း -
“နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ယိမ်းယိုင်လာခြင်း၊ စီးပွားရေးပိုမိုသောင်းကျန်းလာခြင်း၊ လူမျိုးရေးပဋိပက္ခပိုမို ကြီးမားလာခြင်း၊ သောင်းကျန်းသူများ ပိုမိုထကြွလာခြင်း၊ ပြည်ပအားကိုးသော ပဒေသရာဇ်တို့က ပြည်ထောင်စုကြီးကို ဖြိုခွဲရန် ပြင်ဆင်လာခြင်း စသည့် အဖက်ဖက်မှ အခြေအနေယိုယွင်းပျက်ပြားလာသဖြင့် တပ်မတော်သည် လက်ပိုက်၍ ကြည့်မနေနိုင်တော့ဘဲ သမိုင်းကပေးအပ်လာသော တာဝန်အရ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကို အဖွဲ့ဝင် (၁၇) ဦး ဖြင့် ဖွဲ့စည်းကာ နိုင်ငံတော်၏ အခြေအနေကို ထိန်းသိမ်းခဲ့ ရပါသည်” ဟူ၍ ဖော်ပြထားလေသည်။
သို့သော် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် ၂၈ နှစ်အကြာ ၁၉၉၀ ပြည့်နှစ် ဇွန်လတွင် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဦးနု၏သဘောထားကို ရန်ကုန်တက္ကသိုလ် သမိုင်းသုတေသနဌာနက မေးမြန်းခဲ့ရာ ဖက်ဒရယ်မူကြောင့် အာဏာသိမ်းပိုက်ခဲ့ရပါသည်ဟူသော အကြောင်းပြချက်ကို လုံးဝလက်မခံခဲ့ပေ။ ၀န်ကြီးချုပ်ဟောင်းဦးနုက-
“…..ခွဲထွက်နိုင်ခွင့်ဆိုတဲ့ ဟိုဥစ္စာကြီးကို ဖြုတ်ပစ်လိုက်ပါ။ မထားနဲ့တော့။ ခင်ဗျားတို့လိုချင်တဲ့ အာဏာတွေကို နောက်ထပ်ပြီးတော့ တောင်းမယ်။…နည်းနေတယ်လို့ သူတို့ကပြောတယ်။…. အင်္ဂလိပ်တွေရှိတုန်းက… ၉၁ ဌာနဆိုတာ။ ဌာနတွေပေးထားတာက…. ဗမာပြည်က ၉၁ ဌာနဆိုတာကတော့ ကြားလိုက်တော့ ၁၀၀ မှာ ကိုးဆယ်နဲ့တစ်ဌာနဆိုတော့ များနေတယ်။ …ကိုးဆယ်နဲ့တစ်ဌာနက သုညတွေ။ …ခုနစ်ဌာနက တကယ့်အဆီအနှစ်တွေ၊ ဒါ အင်္ဂလိပ်က ကိုင်ထားတယ်။ အဲသလိုဟာမျိုးဖြစ်ချင်ရင် ဖြစ်နေမလား။ …အဲဒါတွေဆိုလို့ရှိရင်ဖြင့် ပြော။ ကျွန်တော်တို့နောက်ထပ်ပြီးတော၊ ဘယ်၊ ဘယ်ဟာကို လိုချင်သေးတယ်။…. နောက်ထပ်ပြီးတော့ ဘယ်အာဏာပေးပါအုံး၊ ဘယ်ဌာန ပေးပါအုံး။ ဘယ်ဌာနပေးပါအုံး ပြော။ discuss လုပ်မယ်။ discuss လုပ်ပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းပဲ။ …သူတို့ကို ပေးလိုက်ရလို့ ပိုသွားတယ်၊ ကျွန်တော်တို့ဗမာက ရှုံးကျန်ရစ်ခဲ့တယ်။ ဒီလိုမဟုတ်ဘူး။ အကုန်ပေးမယ်။…. ခွဲထွက်ပိုင်ခွင့်ဆိုတဲ့ ဥစ္စာကြီးကို ဖြုတ်ပစ်လိုက်တော့…။ ခင်ဗျားတို့ လိုချင်နေတယ်ဆိုတဲ့ Schedule ဆိုတဲ့အထဲမှာ၊ List တွေထဲမှာ နောက်ထပ်ပြီးတော့ ကျွန်တော် အာဏာတိုးပေးမယ်။”ဟူသောမိမိ၏သဘောထားကိုပြည်နယ်ကိုယ်စားလှယ်များအားပြောကြားရန်အစီအစဉ်ရှိခဲ့ခြင်းပင်ဖြစ်သည် ဟု ဆိုသည်။ အကယ်၍သာ ဦးနုက နှီးနှောဖလှယ်ပွဲ အတွင်း ဤသဘော ထားကို ပြောကြားမည်ဆိုလျှင် ပြည်နယ်ကိုယ်စားလှယ်များကလည်း လက်ခံကြဖွယ်ရှိသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်ဥက္ကဋ္ဌ နှင့် ပြည်နယ်များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ စ၀်ခွန်ချိုကိုယ်တိုင်ကလည်း လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် အဆိုတင်သွင်းတောင်းဆိုမှုများမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ဦးနုနှင့်ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်မူ တောင်းဆိုခြင်းမှာ မိမိတို့အာဏာပိုမိုရရှိလာအောင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ၀န်ကြီးချုပ်ဦးနုကိုယ်တိုင် ကလည်း နှီးနှောဖလှယ်ပွဲမှာ စိုးရိမ်စရာမရှိကြောင်း၊ ဤကိစ္စအတွက် အဖြေရှိပြီး ဖြစ်ကြောင်း တို့ကို ထိုစဉ်ကပင် ပြောကြားခဲ့ဖူးသည်ဟု ဆိုသည်။
လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ရှမ်းပြည်နယ်ဥက္ကဋ္ဌ စ၀်ခွန်ချိုတင်သွင်းသည့် ဖက်ဒရယ်မူအဆိုကိုထောက်ခံဆွေးနွေးခဲ့သည့် ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်ကလည်း ထိုစဉ်က မိမိတို့တောင်းဆိုခဲ့သော ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီးကို ပြိုကွဲစေမည်မဟုတ်ဟု လည်းကောင်း၊ မိမိတို့သည် ထိုစဉ်က ခွဲထွက်ခွင့်ဟူသည်ကို လုံးဝသတိမရကြပါဟုလည်းကောင်း၊ မြန်မာနိုင်ငံတည်းဟူသော ခြံကြီးတစ်ခုတည်းတွင် ကိုယ့်အိုးကိုယ့်အိမ်ဖြင့် နေထိုင်နိုင်ရန် တောင်ဆိုခြင်းမျိုးသာ ဖြစ်သည်ဟုလည်းကောင်း ပြောကြားခဲ့သည်။
ထို့နောက် ၀န်ကြီးချုပ် ဦးနုက -
“တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးသာလိုကြောင်း အမှန်တကယ်ဖြစ်ခဲ့ရင် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ကျွန်တော့်ကို တင်ပြရမယ်။ ဒါမှမဟုတ် ကျွန်တော့်ကို အကြောင်းအကျိုးတင်ပြဖို့ အခြေအနေမပေးခဲ့ရင် ကျွန်တော့်အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဖြစ်သူကို တင်ပြရမယ်။
သို့သော် ဗိုလ်နေ၀င်းဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ ၄င်းတစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ၄င်းကိုယ်ကျိုးအတွက် အာဏာ သိမ်းခဲ့ခြင်းသာ ဖြစ်တယ်။ အကယ်၍များ သူပြောသလို တိုင်းပြည်ချောက်ထဲ ကျဖို့ လက်နှစ်လုံးသာလိုခဲ့ရင်၊ ကျွန်တော်တို့ကို ၂ မိနစ်သာ ကြိုတင် အသိပေးပါ။ ကျွန်တော်ချက်ချင်းအာဏသိမ်းလိုက်ပါ့မယ်” ဟူ၍ ပြောကြားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်ထမ်းောဆင်စဉ်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကိုင်၍ ကျမ်းသစ္စာပြုခဲ့သော ဗိုလ်ချုပ်ကြီးနေ၀င်း သည် နိုင်ငံတော်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ်တွင် သစ္စာရှိရမည်သာဖြစ်သည်။ စာရေးသူကိုယ်တိုင် ဗိုလ်မှူးချုပ်တင်ဖေ (ငြိမ်း) ၏ ဇနီး ဒေါ်သိန်းဆိုင် (စာရေးဆရာမ မမြတ်လေး) မိတ်ဆက်ပေးမှုကြောင့် အာဏာသိမ်းရာတွင် ပါဝင်ခဲ့သော တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီး တန်ယုဆိုင် (ငြိမ်း) ကိုယ်တိုင်ရေးသားခဲ့သော ကိုယ်ရေးမှတ်တမ်း (လက်နှိပ်စက်မူ) ကို ၄င်းဇနီးထံမှ တောင်းယူဖတ်ရှုခွင့် ရရှိခဲ့ပါသည်။ ဒေါ်သိန်းဆိုင် နှင့် ဗိုလ်မှူးကြီး တင်ယုဆိုင်သည် မောင်နှမ တော်စပ်ပါသည်။ ဗိုလ်မှူးကြီး တင်ယုဆိုင် ရေးသားခဲ့သော ယင်းမှတ်တမ်း၌ ဗိုလ်မှူးကြီး တန်ယုဆိုင်က ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံတော်အာဏာသိမ်းပိုက်ရန် သုံးကြိမ်တိုင်တိုင် ကြိုပမ်းခဲ့ရာ ပထမအကြိမ်တွင် နောက်လိုက်အင်အားမရှိ၍ အစီအစဉ်မအောင်မြင် ခဲ့ချေ။ တဖန် ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း၏ သူရဲကောင်းသုံးယောက် ဟု အပြောများသည့် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ဗိုလ်မှူးချုပ် တင်ဖေတို့သည် ၀န်ကြီးချုပ် ဦးနု နေအိမ် အတွင်းသို့ ၀င်ရောက်ကာ စစ်တပ်မှ အာဏာသိမ်းပိုက်ပြီဖြစ်ကြောင်း လာရောက်ပြောကြားရာ၊ ဦးနုက -
“အဲသလို စိတ်နောက်ကိုယ်ပါ မလုပ်ကြနဲ့လေ။ အာဏာသိမ်းဖို့ စိတ်နဲ့တောင် မပြစ်မှားကြပါနဲ့။ အာဏာသိမ်းတယ်ဆိုတာနဲ့ တပ်မတော်ရော တိုင်းပြည်ပါ နာမည်လည်းပျက်မယ်၊ သိက္ခာလည်းကျပါလိမ့်မယ်။ လက်ရှိအစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့သာ တပ်မတော်က ကတိပေးပါ။ တပ်မတော်ကို အာဏာလွှဲပေး လိုက်ပါ့မယ်။ ဒီလိုအာဏာလွှဲ ပေးဖို့အတွက် ထုံးတမ်းစဉ်လာနဲ့ အညီ လွှတ်တော်ခေါ်လိုက်မယ်။ လွှတ်တော်မှာ ကျွန်တော်ဝန်ကြီးချုပ်ရာထူးက ထွက်ပြီး ဗိုလ်ချုပ်ကြီးနေ၀င်းအား ၀န်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်နိုင်အောင် အဆိုတင်ပေးပါမယ်” ဟူ၍ ပြောဆိုကြောင်း၊ သွေးထွက် သံယိုမှုမရှိဘဲ အာဏာလွှဲပြောင်းပေးခြင်းဖြင့် ဗိုလ်ချုပ်ကြီး နေ၀င်း သည် သိက္ခာရှိရှိအိမ်စောင့်အစိုးရ အသွင်ဖြင့် အာဏာ ရရှိသွားခဲ့သည်” ဟူ၍ ဖော်ပြထားသည်။ စင်စစ် ဗိုလ်ချုပ်ကြီးနေ၀င်းအား အာဏာသိမ်းပိုက် ရန် အစဉ်တစိုက် တိုက်တွန်းခဲ့သူမှာ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ဖြစ်ပြီး၊ စစ်တပ်အား စီးပွားရေးလုပ်ကိုင်ရန် အဓိက ကြိုးကိုင်ခဲ့သူမှာ ဗိုလ်မှူးချုပ် အောင်ကြီး တို့ပင် ဖြစ်သည်။
ထို့နောက် ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးသော ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသော ဦးနုခေါင်းဆောင်သည့် သန့်ရှင်းဖဆပလပါတီ (နောင် ပထစပါတီ) အား ၁၉၆၀ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အာဏာပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ ထို့နောက် ပထစ အစိုးရ အာဏာရရှိပြီး (၁) နှစ် (၁၀) လ (၂၇) ရက်တွင် ဖက်ဒရယ်မူကို အကြောင်းပြ၍ တတိယအကြိမ်မြောက် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟူ၍ ရေးသားထားလေသည်။
ထို့ကြောင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၄င်း၏ ကိုယ်ကျိုးစီးပွားအတွက် ဖက်ဒရယ်မူကို အကြောင်းပြ၍ အာဏာသိမ်းခဲ့ခြင်းမှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ကွင်းကွင်းကွက်ကွက် ထင်ရှားနေပေသည်။
● အဘယ့်ကြောင့် အာဏာသိမ်းပိုက်ခဲ့သနည်း
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့ခြင်းမှာ ပထစခေါင်းဆောင်အချို့သည် တပ်မတော်အကြီးအကဲများ၏ သြဇာအာဏာကို လျော့နည်းသွားအောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သောကြောင့်ဖြစ်နိုင်သည်ဟု ပထစအစိုးရ အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သော ဗိုလ်မှူး အောင် (ရဲဘော်သုံးကျိပ်ဝင်) က ပြောဆိုခဲ့သည်။
လွတ်လပ်ပြီးစနိုင်ငံငယ်များနှင့် တိုးတက်ဖွံ့ဖြိုးစ နိုင်ငံငယ်များတွင် စစ်တပ်အင်အားကြီးမားခဲ့ကြောင်း၊ ထို့ကြောင့် ထိုနိုင်ငံငယ်များ တွင် စစ်တပ်အာဏာသိမ်းမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်ကိုလည်း မည်သို့ပြုပြင်လျှင် သင့်မည်ဟူ၍ ပထစ ခေါင်းဆောင်များ နည်းလမ်းရှာဖွေခဲ့ကြကြောင်း၊ တပ်မတော်အရာရှိကြီးများအား သုံးနှစ်တစ်ကြိမ်ပြောင်းလဲပေးလျှင် ကောင်းမည် သို့မဟုတ် အငြိမ်းစားပေးလျှင်သင့်လျော်မည်။ သို့မဟုတ် အမြဲတမ်းစစ်တပ်မထားဘဲ အရွယ်ရောက်သူတိုင်းအား စစ်ပညာများ သင်စေ၍ အလှည့်ကျ အမှုထမ်းစေလျှင် အဆင်ပြေမည် တို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆွေးနွေးသောသတင်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းထံ သတင်းပေါက် သွားသောကြောင့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ခြင်းဖြစ်မည်ဟု ထင်ကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူး အောင် က ဆွေးနွေးပြောကြားခဲ့သည်။ ယင်းပြောဆိုချက်မှတ်တမ်းကို ရန်ကုန်တက္ကသိုလ် သမိုင်း သုတေသနဌာနက “ကိုယ်တွေ့ပြောကြားချက်များ (၀၁၂၂)” ဖြင့် သိမ်းဆည်းထားသည်။
၁၉၉၀ ပြည့်နှစ် သြဂုတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူး အောင် နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်မူ ၄င်းက-
“ကျွန်တော်ကာကွယ်ရေးဝန်ကြီးလုပ်တဲ့အခါ National Service Act ဆိုတာ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေတစ်ရပ် ပါလီမန်မှာ တင်ဖို့ ကျွန်တော်တို့လုပ်တယ်။ အဲဒီတင်ဖို့လုပ်တဲ့အခါကျတော့ ဗိုလ်မှူးချုပ် တင်ဖေက နယ်တွေမှာသွားပြီးတော့ တပ်တွေကို ပြောတယ်။ …ဒီ ကာကွယ်ရေးဝန်ကြီးလုပ်တဲ့အချိန်မှာ ငါတို့တပ်မတော်ကို ဖျက်ဖို့လုပ်နေပြီ။ …ဘယ်လိုလဲဆိုရင် National Service Act အရ လူတိုင်း လူတိုင်း… ၁၈ နှစ် ပြည့်တဲ့ ကျား မ၊ ၄၅ နှစ်အတွင်းမှာရှိတဲ့ ကျားမ အားလုံး…. စစ်ပညာမသင် မနေရ ဆိုတာလုပ်မယ်။ ဒီတော့ တပ်က ဘယ်လောက်ထားမလဲ။ …လေ့ကျင့်ရေးအတွက်ပေါ့လေ။…. ငါးသောင်းထားမယ်။ တော်ပြီ။ …ပိုတဲ့အရာရှိ၊ အကြပ်၊ တပ်သားတွေကို ဘယ်လိုလုပ်မလဲ။ …ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးမှာ ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ ကို အစားသွင်းမယ်။… အကြပ်တပ်သားဆိုလည်း… ကျေးရွာကာကွယ်ရေးတို့ ဘာတို့ပေါ့လေ။ ကျေးရွာအုပ်ချုပ်ရေးတို့ ဘာတို့…. အဲဒီမှာ ကျွန်တော်တို့က ဟိုဒင်းဖြစ်တယ်။…. တပ်မောတ်က ပိုလာတဲ့အရာရှိတွေထဲက တချို့က အုပ်ချုပ်ရေးမှာ ပြန်ထည့်မယ်။ ပညာအရည်အချင်းပြည့်ဝတဲ့ ဒီ၊ ဒီတပ်ဗိုလ်တွေကို နိုင်ငံခြားမှာ ကျွန်တော်တို့က ပညာထပ်သင်မယ်။ … တိုင်းပြည်ထူထောင်ရေး အတွက် လိုတဲ့ပညာတွေကိုပေါ့လေ။ … အဲသလို ပညာသင်ပြီးတော့ ဒီတိုင်းပြည်ထူထောင်ရေးအတွက် သုံးမယ်ဆိုတဲ့ဟာ၊ အဲဒီ…. National Service Act စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေလုပ်ဖို့ဆိုပြီးတော့…. အဲဒီဟာ လုပ်တဲ့အခါကျတော့ ဗိုလမှူးချုပ်တင်ဖေက ပထမဆုံးသူက … တပ်က အရာရှိတွေခေါ်ပြီးတော့ သူရှင်းတယ်။ …တို့တပ်မတော်တော့ အဖျက်မခံဘူး။ ငါတို့က တခုခုတော့ လုပ်ရမယ် ဆိုတာကို သူပြောတယ်။ … ၀ နယ်ကို ကျွန်တော်တို့သွားတော့… ဗိုလ်မှူးကြီးမောင်ရွှေက သူက တိုင်းတပ်မှူး၊ အစ်ကိုကြီးတဲ့ ဒီက အရာရှိတွေက အစ်ကိုကြီးနဲ့ Interview တောင်းတယ်။ …အဲဒီအရာရှိ ၂၀၀ နဲ့ ကျွန်တော်တွေ့တယ်။ တွေ့တော့ အဲဒီ National Service Act အကြောင်း သူတို့က မေးကြတယ်။ မေးတော့ အဲဒါ ရှင်းပြတယ်။ …ဟ၊ ဒါဆို ကောင်းသားပဲတဲ့။ …. ဒီသူပုန်ရန်ကလည်း အဲဒီအချိန်က …. အေးသွားပြီ။ … ပေါင်းလိုက်လို့မှ ဆိုရင် ၃၀၀၀ ကျော် ၄၀၀၀ လောက်ပဲ ရှိတယ်။ အဲဒီ ၃၀၀၀ ကျော် ၄၀၀၀ ကျော်တွေကလည်း သူတို့အနေနဲ့ ပြန်ပြီးတော့…. အလင်းဝင်ချင်တဲ့ ဆန္ဒရှိတယ်။ …အမျိုးသားစစ်ဝန်ထမ်းဥပဒေနဲ့ ပတ်သက်ပြီး အဆင့်ဆင့် ကျွန်တော်ရှင်းပြတော့ အဲဒီအရာရှိတွေက ဟာ - ဒါ၊ ကောင်းသားပဲ။ ဒါ တပ်မတော်ဖျက်တာမှ မဟုတ်ဘဲ။ …ပြည်ထောင်စုကြီးတစ်ခုလုံး တပ်မတော်ဖြစ်အောင်လုပ်တာတဲ့။ …ဒါ လက်ခံစရာအကြောင်းရှိတယ်။ …ဒီဥစ္စာဟာ အိုစီ (O.C – Officer Commanding တပ်မှူး) ကွန်ဖရင့်က ဒီ C.O (Commanding Officer) ကွန်ဖရင့်က နှစ်ကြိမ် တပ်မတော်အရာရှိက နှစ်ကြိမ် သူတို့သဘောတူပြီးသား။ …ဗိုလ်မှူးချုပ်တင်ဖေက ဟိုတုံးက ပုသိမ်သွားပြီးတော့ ရင်ဘတ်ထုပြီးတော့၊ (ကာကွယ်ရေးဝန်ကြီး) က တပ်မတော်ဖျက်ပြီ၊ ဟုတ်လား၊ လားရှိုးမှာလည်း တပ်မတော်ဖျက်ပြီ။ တောင်ကြီးမှာလည်း တပ်မတော်ဖျက်ပြီ။ သူက ရှေ့လျှောက်ကျွန်တော်ကနောက်ကလိုက်ရင်း၊ဒီလိုဖြစ်ကြတာ။ ….ဗိုလ်မှူးချုပ်တင်ဖေ ဒီလိုလျှောက်ပြောတဲ့ဟာဆိုလို့ရှိရင် ဒီစိုးရိမ်စိတ်ရှိချင်လည်း ရှိ…ခွန်ထီးနဲ့တော့ ကျွန်တော်စကားပြောတာပဲ။ … အဲဒီ ခွန်ထီးတို့ဘာတို့ကတော့ အဲဒါတွေ လျှောက်ပြောကြတာပဲ။ … အဲဒီ ဆွေးနွေးပွဲမှာပဲ ဒါပြောတယ်။ … ဆွေးနွေးကြတယ်။ အဲဒါတွေ ပြောတာပေါ့။ ဒါ၊ ဒီ၊ ဖက်ဒရယ်ကြောင့်တော့ မဟုတ်ဘူး။ တပ်မတော်က …. သူတို့တပ်မတော်ကို ပျက်တဲ့အတွက် ဒါ စိုးရိမ်လို့ သိမ်းတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ … ကျွန်တော်တို့က ဒီလိုပဲ ယူဆတယ်လေ။ ” ဟူ၍ ရှင်းလင်းပြောကြားခဲ့သည်။
● တော်လှန်ရေးကောင်စီအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များ
တော်လှန်ရေးကောင်စီခေတ် ၁၂ နှစ်၊ လမ်းစဉ်ပါတီအစိုးရခေတ် ၁၄ နှစ်၊ ၂၆ နှစ်ကာလအတွင်း ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထိုစဉ်က ကမ္ဘာတွင်ခေတ်စားနေသော “ဆိုရှယ်လစ်” ဆိုင်းဘုတ်ကို ကောက်ချိတ်ပြီး ရာဇပလ္လင်ပေါ်တက်ထိုင်ကာ အာဏာသုံးရပ်ကို အပြည့်အ၀ ချုပ်ကိုင်၍ မစားရ ၀ခမန်း စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ကာ ဆိုဗီယက်ပုံစံ တစ်ပါတီ ဆိုရှယ်လစ်အာဏာရှင်စနစ် တည်ထောင်ခဲ့သောကြောင့်သံယံဇာတ ပေါကြွယ်လှသော မြန်မာနိုင်ငံသည် (၄၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၁၉၈၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကျင်းပခဲ့သော (၉၆) ကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (၄၂ / ၄၂၈) အရ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (အဆင်းရဲဆုံးနိုင်ငံ) စာရင်းသို့ သွတ်သွင်းခံလိုက်ရလေသည်။
သို့ကလို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော စစ်တပ်မှ ပြည်သူ့ အချုပ်အခြာအာဏာများကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မ သိမ်းယူလိုက်သောကြောင့် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ မတ်လတွင် တစ်ကြိမ်နှင့် ဇူလိုင်လတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ပထမအကြိမ်ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့် ကွက် ခဲ့သည့် ကျောင်းသားသမဂ္ဂများ၏ ခေါင်းဆောင်များကို မတရားဖမ်းဆီးနှိပ်စက်၍ တစ်ကျွန်းပို့ပြစ်ဒဏ်များ ချမှတ်၍ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ပြီး အချို့ကျောင်းသားများကို ကျောင်းမှ ရာသက်ပန်ထုတ်ပယ်လိုက်သည်။ တချို့မှာမူ ၀ရမ်းပြေးဘ၀သို့ ရောက်ရှိသွားရတော့ သည်။ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထိုသို့ပြုလုပ်ရုံမျှအားမရသေးဘဲ ငြိမ်းချမ်းစွာပညာဆက်လက်သင်ကြားနေသော ကျောင်းသားများ၏ စားရေး နေရေး ပညာသင်ကြားရေး စသည့် ကျောင်းသားများ၏ အခြေခံအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် စည်းကမ်းချက် ၂၂ ချက်ပါ ညွှန်ကြားချက် တို့ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မေလ ၁၀ ရက်နေ့တွင် တက္ကသိုလ်ကောင်စီကိုပါ ဖျက်သိမ်းပစ်လိုက်သည်။
ထိုသို့ အထွေထွေဖိနှိပ်ချုပ်ချယ်မှုများကို နည်းပေါင်းစုံဖြင့် ပြုလုပ်လာသောကြောင့် ကျောင်းသားသပိတ်သည် တနိုင်ငံလုံးရှိ ကျောင်းသားထုများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်လာကာ သမိုင်းတွင်ရစ်ခဲ့သည့် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် စစ်အစိုးရသည် ဇူလိုင်လ ၆ ရက်နေ့ ည ၈ နာရီတွင် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ည ၆း၃၀ နာရီခန့်တွင် စစ်အာဏာရှင်များ၏ ခါးပိုက်ထောင်တပ်ဖွဲ့ဝင်များသည် မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းဖြိုခွင်းမှုကြောင့် ကျောင်းသားများ အမြောက်အမြား သေကြေဒဏ်ရာရရှိခဲ့သည်။ မသေဘဲ ကျန်ရစ်ခဲ့သော ကျောင်းသားအများ အပြားလည်း ဖမ်းဆီးထောင်ချခံခဲ့ရသည်။
ထို့အပြင် ကျောင်းသားများ၏ နိုင်ငံရေးလုပ်ဆောင်ခဲ့မှုသမိုင်းကို ဖျောက်ဖျက်ပစ်လိုသော အကြံဖြင့် သပိတ်မှောက်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ အဓိက စုရုံးရာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဇူလိုင်လ ၈ ရက်နေ့ မနက် ၀၃း၃၀ နာရီတွင် ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖြိုချဖျက်ဆီး၍ အစဖျောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို လက်ဝါးချင်းရိုက်ပြီး ဗုံးဖောက် ခွဲခဲ့သည့် တရားခံမှာ ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီးတို့သာ ဖြစ်သည်။
ယင်းနောက် တော်လှန်ရေးကောင်စီသည် ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ် သည့် ဥပဒေကို ပြဋ္ဌာန်း၍ အသင်းအဖွဲ့ပါတီအားလုံးကို ဖျက်သိမ်းလိုက်လေသည်။
၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသည့် ကျပ် ၁၀၀ တန် နှင့် ကျပ် ၅၀ တန် ငွေစက္ကူ များကို တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်သည်။ ၁၉၆၄ ခုနှစ် စက်တင်ဘာလတွင် ကြေးမုံ၊ ဂါးဒီးယန်း၊ ဗိုလ်တထောင် ပုဂ္ဂလိကပိုင် သတင်းစာများကို ပြည်သူပိုင် သိမ်းပိုက်၍ သတင်းစာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သည်။
ထို့နောက် ၁၉၇၃ ခုနှစ် သြဂုတ်လတွင် တော်လှန်ရေးကောင်စီမှ ရေးဆွဲခဲ့သော မဆလ တပါတီအာဏာရှင်စနစ်ကို ကိုယ်စားပြုထား သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုသည့် အတုအယောင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
၁၉၇၄ ခုနှစ် မေ၊ ဇွန်လများတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် အလုပ်သမားဆန္ဒပြမှုများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်၏ ရုပ်ကလာပ် သင်္ဂြိုဟ်မည့်ကိစ္စကို အကြောင်းပြု၍ ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ၇က်နေ့တွင် သခင်ကိုယ်တော်မှိုင်းရာပြည့်အရေးအခင်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။
၁၉၇၇ ခုနှစ် စက်တင်ဘာလတွင် မဆလ ပါတီ အာဏာရှင်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့် သီးခြား ရခိုင်ပြည်နယ်၊ သီးခြားအစိုးရဖွဲ့ရန် ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့သည်။
တိုင်းပြည်၏ စီးပွားရေးအခြေအနေများလည်း တဖြည်းဖြည်း ယိုယွင်းပျက်စီးလာစဉ်အတွင်း ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲလျက်ရှိသော ငွေစက္ကူကျပ် ၁၀၀ တန်၊ ကျပ် ၅၀ တန် နှင့် ကျပ် ၂၀ တန် တို့ကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကိုလည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သောကြောင့် လူထုတရပ်လုံး အထွေထွေမကျေနပ်မှုများ ဖြစ်ပွားလာခဲ့သည်။ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန်တို့ကို ထုတ်ဝေထားသည်မှာ ၂ နှစ်သာ ရှိသေးသည။် ထိုစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက်မှ လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် “ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး” တပြည်လုံးတွင် အုံကြွပေါက်ကွဲပေါ်ထွက်လာခဲ့သည်။
ဤသို့ဖြင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် တာဝန်မှ နှုတ်ထွက်၍ ၄င်း၏ မဆလ တပါတီအာဏာရှင်စနစ် သည်လည်း ပြိုကျပျက်စီးသွားခဲ့ရသည်မှာ သံဝေဂရစရာပင်ဖြစ်ပေသည်။
စာကိုး
၁။ ဦးကျော်ဝင်း၊ ဦးမြဟန် နှင့် ဦးသိန်းလှိုင်၊ ၁၉၅၈ -၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) ၁၉၉၁။
၂။ ကယားဦးစိန်၊ အာဏာသိမ်းမှတ်တမ်း (လက်နှိပ်စက်မူ)
၃။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှတမ်း၊ ရန်ကုန်စတူးဒင့်ဒိုင်ဂျက်ပုံနှိပ်တိုက်၊ ၁၉၄၇။
၎။ သခင်ချစ်မောင် (၀ိဒူရ)၊ ရှမ်းမူနဲ့ပြည်ထောင်စုနောင်ရေး၊ ရန်ကုန်၊ ကြေးမုံပုံနှိပ်တိုက် ၁၉၆၂။
၅။ ဗိုလ်တထောင် သတင်းစာ (၃-၃-၁၉၆၂)
၆။ ဟံသာဝတီ သတင်းစာ (၄-၃-၁၉၆၂)
၇။ သမိုင်းသုတေသနဌာန၊ မြန်မာ့ရက်စဉ်သမိုင်း ဒုတိယတွဲ၊ ရန်ကုန်၊ ၂၀၀၉။
၈။ အခြေခံဥပဒေရေးရာစာစောင် အမှတ် ၂၅ (သြဂုတ်လ ၂၀၀၆)
(ဆက်လက်ဖော်ပြပါမည်)
--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages