MoeMaKa Daily - Aug 22, 2021

15 views
Skip to first unread message

MoeMaKa Media

unread,
Aug 23, 2021, 2:58:21 AM8/23/21
to MoeMaKa, burm...@googlegroups.com




MoeMaKa 2021


ခိုင်ကြည်သစ် - ဆွန်ယက်ဆင်၊ ယွမ်ရှီခိုင် နှင့် စစ်ရေးမပါသော တိုက်ပွဲ

Posted: 22 Aug 2021 11:04 PM PDT



ခိုင်ကြည်သစ် - ဆွန်ယက်ဆင်၊ ယွမ်ရှီခိုင် နှင့် စစ်ရေးမပါသော တိုက်ပွဲ

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁

ပဒေသရာဇ် ချင်မင်းဆက် (Qing dynasty) ကို ဖြုတ်ချပြီး တရုတ်သမ္မတနိုင်ငံ (Republic of China) ကို တည်ထောင်နိုင်ခဲ့တဲ့ ၁၉၁၁ တော်လှန်ရေး(1911 Revolution/Xinhai Revolution) ဟာ စနစ်ဆိုးတစ်ခုကို ဖြိုဖျက်ပြီး စနစ်ကောင်းတစ်ခုနဲ့ အစားထိုးဖို့ ကြိုးစားနေသူတိုင်းအတွက် လေ့လာသင်ယူစရာတွေ ပြည့်နှက်လို့ နေပါတယ်။ ၁၉၁၁ တော်လှန်ရေးဟာ အဆုံးသတ်အောင်ပွဲတစ်ရပ် မဟုတ်ခဲ့ရင်တောင် နှစ်ပေါင်း ၂၀၀၀ ကျော် အမြစ်တွယ်ခဲ့တဲ့ ပဒေသရာဇ် အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့ပါတယ်။

ဒေါက်တာဆွန်ယက်ဆင် (Sun Yat-sen)ရဲ့ တော်လှန်ရေးအပေါ် သဘောထား၊ တော်လှန်ရေးအတွက် ခေါင်းဆောင်မှု၊ အဆုံးသတ် ဆုံးဖြတ်ချက်ချမှတ်ပုံတွေကလည်း အားကျအတုယူစရာ၊ သင်ခန်းစာထုတ်ယူစရာတွေ အပြည့်နဲ့ပါ။

တော်လှန်ရေးမှာ စစ်ရေးက အဓိကကျသလို စစ်ရေးကဲ့သို့ အရေးကြီးတဲ့ အခြားလုပ်ငန်းတွေဘအများကြီး ရှိတာကိုလည်း တွေးထုတ်ယူနိုင်ပါတယ်။ ဥပမာ ချင် နန်းတော်က ရထားလမ်းစီမံကိန်းအတွက် အကြောင်းပြပြီး အနောက်နိုင်ငံတွေထံကနေ ငွေချေးပါတယ်။ ပိုက်ဆံလက်ထဲရောက်လာရင် လက်နက်၀ယ်ပြီး တော်လှန်ရေးကို နှိပ်ကွပ်ဖို့ပါ။ ဒါကို သိပေမယ့် သူတို့ အကျိုးစီးပွားသာ ကြည့်တဲ့ ဗြိတိန်၊ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်) အနောက်အုပ်စု လေးနိုင်ငံညွန့်‌ ပေါင်း ဘဏ်တွေ (The consortium) က ချင် နန်းတော်ကို ငွေချေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို ဒေါက်တာဆွန်ယက်ဆင်က ၀င်ဖျက်ရတာပါ။ ဒါဟာ တော်လှန်ရေး အောင်မြင်ဖို့ စစ်တိုက်တာလိုပဲ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်ကိုတိုက်မယ့် ရန်သူ့လက်နက်တိုက်ကို ဖျက်ဆီးလိုက်တာပါပဲ။

ချင်မင်းဆက်ကို သစ္စာခံတဲ့ တပ်တွေ တော်လှန်ရေးသမားတွေဆီ ပူးပေါင်းလာတာဟာလည်း ၁၉၁၁ တော်လှန်ရေးအတွက် သော့ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါက်တာဆွန်ယက်ဆင် ဟာ ချင်မင်းဆက် သစ္စာခံ စစ်မင်းယွမ်ရှီခိုင် (Yuan Shikai) နဲ့ အလျော်အစား ကြီးမားတဲ့ အပေးအယူ လုပ်ခဲ့ပုံဟာ နှောင်းလူတွေအတွက် ပညာယူစရာပါ။

ချင်နန်းတော်က တော်လှန်ရေးသမားတွေကို နှိမ်နှင်းဖို့ ယွမ်ရှီခိုင်ကို တာ၀န်ပေးပါတယ်။ သူ့လက်အောက်က စစ်အင်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ကြီးမားလှပါတယ်။

ယွမ်ရှီခိုင်ဟာ ဒေါက်တာဆွန်ယက်ဆင်ရဲ့ တုန်မန်ဟွေ့ (Tongmenghui) တော်လှန်ရေးတပ်တွေကို ထိထိရောက်ရောက် နှိမ်နှင်းပြပါတယ်။ ဒါပေမယ့် အစွမ်းရှိသမျှ အင်‌ပြည့်အားပြည့် မဟုတ်ပါဘူး။ စစ်ပွဲကို ရှည်အောင် အချိန်ဆွဲ တိုက်ပါတယ်။

အဲဒီလို အချိန်ဆွဲတာ အကြောင်း ရှိပါတယ်။ ချင် နန်းတော်နဲ့ တော်လှန်ရေးသမားတွေ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး သူ့အတွက် ကျန်အောင် ချန်ဖို့ စိတ်ကူးထားလို့ပါ။ ချင်နန်းတော်ရဲ့ အတွင်းလူမို့ နန်းတော်မှာ အင်အားသိပ်မရှိတာကိုလည်း သိထားတာ ပါပါလိမ့်မယ်။

စစ်ပွဲကို အချိန်ဆွဲနေလို့ နန်းတော်က ဝေဖန်တဲ့အခါ သူ့ကို စစ်စရိတ်ထောက်ပံ့ဖို့ ယွမ်ရှီခိုင်က အေးဓါးပြ တိုက်ပါပြန်ပါတယ်။ နန်းတော်က မရှိရှိတာ ထုတ်ပေးတော့ အိတ်ထဲ ကောက်ထည့်လိုက်ပြီး အနောက်နိုင်ငံ သံတမန်တွေကတဆင့် တော်လှန်ရေးသမားတွေနဲ့ စေ့စပ်ဖို့ ကြိုးစားပါတယ်။ မစေ့စပ်လို့လည်း မရပါဘူး။ အဲဒီအချိန်မှာ ဒေါက်တာဆွန်တို့က တိုင်းပြည်နယ်မြေ အတော်များများ သိမ်းယူထားပြီး သမ္မတနိုင်ငံ ထူထောင်လိုက်ပါပြီ။ ယာယီသမ္မတ ရွေးကောက်ဖို့တောင် လုပ်နေပါပြီ။ ယွမ်ရှီခိုင်က ဧကရာဇ်ပုယွီ လို ကလေးဘုရင်အောက် ဒူးထောက်ရတာထက် သမ္မတ ပို ဖြစ်ချင်သူပါ။

ဒါပေမယ့် လက်တွေ့မှာ သမ္မတနိုင်ငံသစ်ကို ၁၉၁၂ ဇန်နဝါရီ ၁ ရက်မှာ ကြေညာပြီးယာယီသမ္မတက ဒေါက်တာဆွန်ယက်ဆင် ဖြစ်လာပါတယ်။

သမ္မတ ဖြစ်လာတဲ့ ဒေါက်တာဆွန် အတွက် အဓိက အခက်အခဲက ချင်မင်းဆက်ကို ဖြုတ်မချနိုင်သေးတာပါပဲ။ ဘဏ္ဍရေးကလည်း မတောင့်တင်းသလို လက်ရှိအခြေအနေရောက်အောင် တိုက်ခဲ့ရတဲ့အတွက် ဆက်တိုက်ဖို့ ဘဏ္ဍာရေး၊ စစ်ရေး လိုအပ်ချက်တွေ ရှိနေပါတယ်။ ယွမ်ရှီခိုင်လို စစ်မင်း တွေကလည်း ချင်နန်းတော်ကို သစ္စာ ခံနေဆဲပါ။

ဒေါက်တာဆွန် က သမ္မတ ဖြစ်ချင်တာ မဟုတ်ပါဘူး။ ပြည်သူကို ကျွန်လို သဘောထားပြီး နှိပ်စက်တဲ့ ပဒေသရာဇ် စနစ်ကို ဖြိုဖျက်ပြီး၊ ပြည်သူ့ဆန္ဒနဲ့ အညီ အုပ်ချုပ်တဲ့ သမ္မတစနစ်နဲ့ အစားထိုးနိုင်ဖို့ ဆန္ဒရှိတာပါ။ ဒါကြောင့် သမ္မတဆွန် ဟာ သမ္မတအဖြစ် ကျမ်းကျိန်ရင်း ချင်နန်းတော်နဲ့ ယွမ်ရှီခိုင်ကို ဖိအားပေးဖို့ လုပ်ဆောင်ပါတယ်။ ချင် မင်းဆက်ကို ဖြုတ်ချနိုင်တဲ့သူ ပေါ်လာရင် သူ သမ္မတ ရာထူးက နှုတ်ထွက်ပေးမယ် ဆိုတဲ့ ကတိပါ။ ခဲ တစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။

ချင် နန်းတော်က ပြာယာခတ်သွားပါတယ်။ ယွမ်ရှီခိုင်ကတော့ သမ္မတရူးရောဂါ ငယ်ထိပ်ရောက်သွားပါတယ်။ ချင် မိသားစုအနေနဲ့ ထီးနန်းစွန့်ဖို့ ဖိအားပေးပါတော့တယ်။

မင်းသားကြီး ဂျက်ကီချန်း ဒါရိုက်တာ လုပ်ပြီး ရိုက်တဲ့ 1911 Revolution ဇာတ်ကားထဲမှာ ယွမ်ရှီခိုင်က နန်းတော်ကို ဖိအားပေးတဲ့ ဇာတ်၀င်ခန်းကို ထည့်ရိုက်ထားတာ သတိရပါတယ်။ ရသမြောက်လွန်းလို့ တရားပေါက်နိုင်လောက်တဲ့ ဇာတ်၀င်ခန်းပါ။ ယွမ်ရှီခိုင်က ဧကရာဇ် ပုယွီရဲ့ မယ်တော် မိဘုရားကြီးကို ပြင်သစ်တော်လှန်ရေးသမားတွေက လူဝီ-၁၆ ဘုရင်ကို ခေါင်းဖြတ်စက်နဲ့ သတ်ခဲ့ပုံကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာအောင် လျှောက်တင်တာပါ။ "ခေါင်းဖြတ်မခံချင်ရင် ထီးနန်းစွန့်" လို့ ခြိမ်းခြောက်‌တာပါပဲ။

ဒီလိုနဲ့ ချင်နန်းဆက် ပြုတ်ပြီး ကတိအတိုင်း ဒေါက်တာ ဆွန်က ကတိအတိုင်း သမ္မတရာထူးက ဆင်းပေးခဲ့ပါတယ်။ ယွမ်ရှီခိုင် သမ္မတ ဖြစ်လာပါတယ်။

တကယ်တော့ ဒေါက်တာဆွန်ရဲ့ အကြံကို သူ့လူတွေကတောင် လက်မခံချင်ခဲ့ပါဘူး။ တော်လှန်ရေး လုပ်တာ သရဖူကို တပါးသူလက် အပ်ဖို့ မဟုတ်ဘူး မဟုတ်လား။ နောက်ပြီး ယွမ်ရှီခိုင် လို ရန်သူ့လက်ထွက် ဖျံကျကျ လူဆိုးလက်ကို သမ္မတ ရာထူး အပ်ဖို့ ပိုပြီး မသင့်တော်ဘူး မဟုတ်လား။ ဒါပေမယ့် ဒေါက်တာဆွန်က သူ သမ္မတ ဖြစ်ချိန် ခဏလေးမှာ ယွမ်ရှီခိုင် မကလို့ ဘယ်သူဖြစ်ဖြစ် ပြည်သူကို ထပ်မနှိပ်စက်နိုင်ဖို့ စနစ်ကောင်းတစ်ရပ်နဲ့ ဥပဒေတွေ ပေါ်ထွန်းလာဖို့ကို ပို အာရုံ စိုက်ခဲ့ပါတယ်။

ဒေါက်တာဆွန် ‌အနေနဲ့ ယွမ်ရှီခိုင် ကို သမ္မတ ရာထူး ‌လွှဲပေးခဲ့တာနဲ့ ပတ်သက်ပြီး မှားတယ်၊ မှန်တယ်လို့ ယတိပြတ် ဆုံးဖြတ်ဖို့တော့ ခက်ခဲပါတယ်။ ယွမ်ရှီခိုင် ကို သမ္မတ လုပ်ခွင့်ပေးလို့ ချင်မင်းဆက်ကို မြန်မြန်ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကပဲ အနာဂတ်မှာ တော်လှန်ရေး တစ်ရပ် ထပ်ဆင်နွှဲရဖို့ လိုအပ်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ချင် တော်၀င်မိသားစုတွေကို တားမြစ်မြို့တော် (Forbidden City) ထဲကနေ ငြိမ်းချမ်းစွာ ဖယ်ရှားနိုင်ခြင်းဟာလည်း စစ်ရေးမပါဘဲ တိုက်ခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင် ရဲ့ တိုက်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

နှောင်းလူတွေ အနေနဲ့ သင်ခန်းစာယူစရာကတော့ တော်လှန်ရေး တစ်ရပ်မှာ ယွမ်ရှီခိုင် လို လူစားတွေ ပေါ်ပေါက်လာတတ်တယ် ဆိုတာရယ်၊ ပေါ်ပေါက်လာတဲ့ ယွမ်ရှီခိုင်ကို တော်လှန်ရေးအတွက် ဘယ်လို အသုံးချမလဲ ဆိုတာရယ်၊ စစ်ရေးတိုက်ပွဲတွေနဲ့အတူ စစ်ရေးမပါတဲ့ နှလုံးရည်၊ ဉာဏ်ရည်တိုက်ပွဲတွေအားလုံးမှာ အောင်ပွဲရနိုင်ဖို့ရယ် အတွက် ဒေါက်တာဆွန်ယက်ဆင်နဲ့ ၁၉၁၁ တော်လှန်ရေးကနေ သင်ယူနိုင်ကြဖို့ပါ။

ခိုင်ကြည်သစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း

Posted: 22 Aug 2021 10:50 PM PDT

NUG ထောက်ခံရေး ရန်ကုန်သပိတ် (GSCC Page)


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၁

ပေါက်ကွဲမှုများ ၊ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုများနဲ့ မြို့ပြပျောက်ကြား ပြီးတော့ စိတ်ဓာတ်တူမီး လုပ်အားတူမီးတွေ၏ အင်အား

အခုလပိုင်းမှာ နံနက် အိပ်ယာနိုးချိန် ရုတ်တရက် ပေါက်ကွဲသံကြားလိုက်တဲ့ အခါ စိတ်ထဲမှာ အနီးအနား တနေရာရာတော့ ပေါက်ကွဲမှု ဖြစ်ပြီလို့မှတ်ယူလိုက်ပြီး ဘယ်နှနာရီ ဘယ်နှမိနစ်လဲဆိုတာ တချက်ကြည့်ပြီး မှတ်သားထားလိုက်ပါတယ်။ အလားတူပဲ တခါတရံ သေနတ်သံလိုကြားရင်လည်း ဘယ်အရပ်မျက်နှာဘက်က ဖြစ်မလဲဆိုတာ မှန်းဆကြည့်ပြီး သတင်းတွေ၊ မြို့နယ်အလိုက် သတင်းစုံ ဖေ့စ်ဘွတ်ဂရု တွေထဲ ဝင်ပြီးရှာကြည့်မိပါတယ်။ ဘယ်နားမှာ ဘာဖြစ်သွားလဲဆိုတာ မြို့နယ်အလိုက် သတင်းစုံ ဂရုတွေမှာ အနီးဆုံး မျက်မြင်တွေ့လိုက်သူတွေက ရေးတင်တာမျိုး ရှိတာကြောင့် စေ့ငုကြည့်မိပါတယ်။

ဒီနေ့ဆိုရင်လည်း ရန်ကုန်မြို့ရဲ့ လှိုင်သာယာ တံတားအဆင်းမှာ ရဲကင်းက ရဲကို သေနတ်နဲ့ ပစ်ပြီးမောင်းပြေးသွားလို့ ရဲတဦးသေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ မနက်မိုးလင်းခဲ့တာဖြစ်ပါတယ်။ ကိုယ်တွေနေတဲ့ မြို့တွေမှာတင်မဟုတ် မနေ့ညက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ အခြားရွာကို ဆေးရောင်းထွက်ပြီး အပြန်ညဘက် စစ်တပ်က ပစ်ခတ်လိုက်လို့ ၂ ဦးစလုံးသေဆုံးတဲ့ သတင်းကို မနက်မိုးလင်းလင်းခြင်း ဖတ်လိုက်ရပါတယ်။

သေဆုံးသွားသူ သူနာပြုဆရာမ လင်မယား ၂ ဦးမှာ ၃ နှစ်အရွယ် သမီးငယ်ကျန်ရစ်ခဲ့တယ်လို့လည်း သတင်းအရ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုတွေ နဲ့ ခုခံမှုတွေနောက်မှာ ဥပဒေမဲ့ သတ်ဖြတ်ခြင်း extra-judicial killing က ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ အဓိကရုဏ်း နှိမ်နှင်းတဲ့ သဘောမျိုးမဟုတ်တော့ပဲ ဆန္ဒပြသူတွေ ၊ အရပ်သားတွေ ဘာလက်နက်မှ မရှိတဲ့သူတွေကို ရန်သူသဖွယ် အသက်သေဆုံးသည်အထိ ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့လို့ သေဆုံးသူအရေအတွက်ဟာ ၆ လကျော်ကာလအတွင်း တထောင်ကျော်လာပြီဖြစ်ပါတယ်။

ခုလပိုင်းတွေမှာတော့ လက်နက်နဲ့ အနိုင်ကျင့် သတ်ဖြတ်တာကို လက်တုံ့ပြန်တဲ့ မြို့တွေမှာ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်းပေး၊ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး စသူတွေကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာတွေ ရှိလာပါတယ်။ ပီဒီအက်အဖွဲ့တွေက လုပ်ဆောင်တယ်လို့ ထုတ်ပြန်တာတွေ ရှိသလို ဘယ်သူဘယ်ဝါ လက်ချက်မှန်းမသိပဲ သေဆုံးရမှုတွေလည်း အများအပြားရှိပါတယ်။

Extra-judicial Killing ဟာ နိုင်ငံတကာ စံနှုန်းတွေအရ လူသားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ယခင်က အခုလို ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေ၊ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မှာ ရိုဟင်ဂျာ လူမျိုးစုတွေ အပေါ် ကျင့်သုံးခဲ့တာဖြစ်ပြီး ဒီလို ကျင့်သုံးမှုနဲ့ နိုင်ငံတကာ တရားခုံရုံးကိုတောင် စွဲတင်ခံထားရပြီး ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ခု စစ်အာဏာသိမ်းအပြီးမှာတော့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ ပိုမိုကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ ခုချိန်မှာ ဘယ်သူမှ တရားစွဲတင်ဖို့ တိုင်တန်းဖို့ မလွယ်ကူ လက်တွေ့မှာ မဖြစ်နိုင်တော့ လူ့အသက်တွေက ဘာမှ တန်ဖိုးမရှိသလို တဖြုတ်ဖြုတ် သေဆုံးနေကြရတာလည်း ဖြစ်ပါတယ်။

ဒီနေ့ တခြားသတင်းတွေထဲမှာ ဂျပန်နိုင်ငံတိုကျိုမြို့ မြန်မာသံရုံးက ဝန်ထမ်း ၂ ဦး စီဒီအမ်လုပ်ခဲ့ကြလို့ သူတို့နေရာကို အစားထိုးဖို့ စစ်ကောင်စီအစိုးရက စေလွှတ်တဲ့သံဝန်ထမ်း ၂ ဦးကို ဂျပန်အစိုးရက ဗီဇာထုတ်မပေးသေးပဲ ဆိုင်းငံ့ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီအစိုးရကို အစိုးရတရပ်အဖြစ် အသိအမှတ်မပြုသေးပဲ စစ်ကောင်စီက အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ နဲ့အခြားနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာအောင် ဖိအားပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒီသတင်းက နွေဦးတော်လှန်ရေးမှာ ပါဝင်သူ ထောက်ခံသူတွေ အတွက်အားတက်စေတဲ့ သတင်းလည်း ဖြစ်ပါတယ်။

နောက်ထပ် သတင်းတပုဒ်ကတော့ ဖားကန့်မြို့တဝိုက်မှာ အင်တာနက် လိုင်းတွေ၊ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေကို မနေ့ညက စလို့ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့လည်း မနေ့ည နှောင်းပိုင်းကစလို့ မနက်ထိ အင်တာနက်တွေ ပြတ်တောက်နေခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးအရ လှုပ်ရှားမှုတွေ ၊ သတင်းအချက်အလက် စီးဆင်းမှုတွေကို ဖြတ်တောက် သွားစေရန် ရည်ရွယ်ပြိး အခုလို အင်တာနက်ကို ဖြတ်တောက်တာလို့ ယူဆရပါတယ်။ ယခင် ၂၀၁၈-၁၉ ခုနှစ်တွေ အန်အယ်လ်ဒီအစိုးရလက်ထက် ရခိုင်ပြည်နယ်ထဲက စစ်ပွဲတွေ အရှိန်စတင်မြင့်လာချိန်မှာ အင်တာနက်ကို လနဲံနှစ်နဲ့ချီပြီး ဖြတ်တောက်ခဲ့ပါတယ်။ အခုတကြိမ်လည်း စစ်ရေး ပဋိပက္ခမြင့်လာတဲ့ဒေသတွေ မှာ အခုလို အင်တာနက်ကို ဖြတ်တောက်သွားတာတွေ လုပ်ဖို့ ဝန်မလေးကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

နောက်သတင်းတပုဒ်ကတော့ ဇွန်လနှောင်းပိုင်းကတည်းက စလို့ ပရိသတ်က ချစ်ခင်တန်ဖိုးထားသူတွေ၊ နိုင်ငံအကျိုး လူထုအကျိုးလုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေ ၊ စာပေပညာရှင် ၊ အနုပညာရှင်တွေ တဖြုတ်ဖြုတ်ကြွေ လွင့်နေကတဲ့အထဲ ဒီနေ့ဆို ၁၉၈၀ ခုနှစ်ပိုင်းလောက်က စတီရီယို ခေတ်ဦးမှာ လူငယ်တွေ ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေကို ရေးဖွဲ့ သီဆိုခဲ့သူ ဆလိုင်းဂျွန်သင်ဇမ်း ကိုဗစ်ကူးစက်ရောဂါ ခံစားရပြီး ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြားသိရခြင်းပဲ ဖြစ်ပါတယ်။

အနုပညာရှင် ၊ အဆိုတော်တွေ ၊ စာပေသမားတွေ၊ နိုင်ငံရေးသမားတွေ တနေ့တနေ့ နှုတ်ဆက်ထွက်ခွာသွားကြတာကို ကြားသိမြင်တွေ့နေရတာကိုက ကြားသိရသူတိုင်းစိတ်ထဲ နှမြောတသ ကြေကွဲဖွယ် ဖြစ်ပါတယ်။

ပြည်ပက မြန်မာတွေနဲ့ ပြည်တွင်းက မြန်မာတွေ အားလုံးက နိုင်တဲ့ဘက်က တော်လှန်ရေးကို ထောက်ခံအားပေးမှုတွေ ပြသကြတယ်။ အထင်ရှားဆုံးဥပမာတွေကတော့ နွေဦးထီနဲ့ ယုံကြည်ချက်ခြေတလှမ်း ကံစမ်းမဲတွေ ဖြစ်ပါတယ်။ ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီတခုတည်းကို နီးနီးကပ်ကပ်မြင်နေရလို့ သူတို့ ထည့်ဝင်လှုဒါန်းမှုဟာ သည်တရက်တည်းကို ဒေါ်လာ ၂သောင်း ရှစ်ထောင် ရှိတယ် ပြောပါတယ်။ ကံစမ်းမဲ လက်မှတ်ကနေ ကံစမ်းချင်တာထက် မြန်မာပြည်၏ လွတ်မြောက်ရေးကံကြမ္မာအတွက် ဝိုင်းဝန်းပြီး ပြိုင်တူတွန်းနေကြတာ ဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတွေမှာ ကျေးလက် ပီဒီအက်ဖ် ပြောက်ကျားတွေရဲ့ တူမီးတွေလိုပဲ နိုင်ငံတကာက မြန်မာတော်လှန်ရေးထောက်ခံသူတွေဟာ သူတို့ရဲ့ ရရာငွေကြေး၊ အသိဉာဏ်ပညာ၊ အသိပညာ အတတ်ပညာတွေကို တယောက်တလက် စိတ်ဓာတ်တူမီးတွေ လုပ်အားတူမီးတွေ စွဲကိုင်ပြီး ပစ်ကူပေးကြတာနဲ့ အလားသဏ္ဍာန် တူပါတယ်။ သည်လို မြေပြင်က တူမီး အွန်လိုင်းက တူမီး လေလှိုင်းက တူမီးတွေနဲ့တောင် စစ်ကောင်စီဟာ ဆောက်တည်ရာမရ သွေးပျက်နေတာ ဆိုတော့ တကယ့်ကို အင်အားကြိးပြည့်စုံတဲ့ လက်နက်တွေ တပ်ဆင်ပြီးသွားတဲ့ တော်လှန်သောပြည်သူတွေနဲ့ ရင်ဆိုင်ရတဲ့နေ့မှာ စစ်ကောင်စီဟာ အရိုးအသားတောင် ရှာလို့ရမှာ မဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ အမြန်ဆုံး လက်နက်ချပြီး ပြည်သူကို ဒူးထောင်အညံ့ခံရမယ့်အချိန် မဝေးတော့ပြီလို့ ဆိုချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မိုးမခအက်ဆေး- လင်းသက်ငြိမ် - "ချောက်ကမ်းပါးထဲက မှတ်စု"

Posted: 22 Aug 2021 08:48 PM PDT

မိုးမခအက်ဆေး
သြဂုတ် ၂၃၊ ၂၀၂၁

ချောက်ကမ်းပါးထဲက မှတ်စု
လင်းသက်ငြိမ်

မှောင်လွန်းတဲ့ နေ့ရက်တွေထဲမှာ ကြယ်တွေ တစ်စင်းပြီးတစ်စင်းကြွေတယ်။
ကျွန်တော်တို့ ခပ်ယူရေတဲ့ ရေတွင်းကလေးဟာ ဟိုးအောက်အဆုံးထိ တိမ်ဝင်နက်ရှိုင်းနေခဲ့ပြီလား။ ကျွန်တော်တို့ရဲ့ ရေတွင်းကလေးထဲမှာ
ရေဆိုတာကော ရှိမှရှိပါသေးရဲ့လား။ မျှော်လင့်ခြင်းဟာ တဖြုတ်ဖြုတ်သစ်ရွက်ကြွေ။ ယုံကြည်ခြင်းက ကွင်း ပြင်ထဲက ဖယောင်းတိုင်။ ကိုယ့်ကိုယ်ကိုယ် လူပိုတစ်ယောက်လိုခံစားရတဲ့နာရီတွေ။ ထမင်းကိုစား၊ ရေသောက်ရတာကို ရှက်ရွှံ့မိ။ ကျွန်တော်ဟာ ဘယ်လိုလေနဲ့ လွင့်လာခဲ့ရတဲ့ ကြွပ်ကြွပ်အိတ်တစ်လုံးလဲ။ ညရေးပျက်တဲ့ညတွေ။ မလွတ်လပ်တဲ့နေ့လည်ခင်းတွေ။

မြစ်ရေကိုချိုးရင်း အကြာကြီးငေးမိ။ ရွာလယ်ဘုရားပေါ်က ကယောက်ကယက်စိတ်ကူးစိတ်သန်းများ။ ကျွန်တော်ဟာ ကဗျာရေးသူတစ်ယောက်ပါ။ ကျွန်တော်ဟာ မြို့ပေါ်မှာ နေထိုင်မရတော့တဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဟာ အလုပ်လက်မဲ့ ဝင်ငွေမရှိသူပါ။
ကျွန်တော်ဟာ သူများပေးစာကမ်းစာနဲ့ အသက်မွေးမြူနေရသူပါ။ ကျွန်တော်ဟာ မိတ်ဆွေတွေရဲ့ အလံကိုမျှော်ကြည့်နေတဲ့သူပါ။ ကျွန်တော်ဟာ ကိုင်းတောကြီးထဲဝင်ပုန်းခဲ့ရတဲ့ သူပါ။
ကျွန်တော်ဟာ ကိုယ့်အိမ်သူကို ဘာမှဝယ်မကျွေးနိုင်တော့တဲ့သူပါ။ ကျွန်တော်ဟာ ဘာအရေးအသားမှ ကြိုး စားလို့မရတော့တဲ့ သူပါ။
ငါးညှီနံ့သင်းသင်း မနက်ခင်းများ။ လက်ဖက်ရည်ရောင်ပေါက်နေတဲ့ မြစ်ကမ်းနံဘေးက ဝါးရုံရိပ်နေ့လယ်များ။ သက်ပြင်းတွေ အဆုပ်လိုက်
ခြွေချဖြစ်တဲ့ညများ။ ကိုယ့်ဘဝကိုယ်လှော်ခတ်ရင်း နေရင်းထိုင်ရင်း လူးလွန့်တိမ်းမှောက်ရ။
နိုင်ငံသားတစ်ယောက်ဖြစ်ရတာနဲ့ ငရဲကျတာအတူတူပဲလား။ အမှန်တရားကို ချစ်တာပြစ်မှုကျူးလွန်တာလား။

ဘယ်သူ့ဆီမှ မခေါ်ဖြစ်တဲ့ ဖုန်းဟာ အားအပြည့်။ ဘယ်အနုပညာမှ မတွေးခေါ်ဖြစ်တဲ့ ဦးခေါင်းဟာ အခွံအတိ ခြောက်ကပ်လို့။
ဒီလိုနေ့ရက်တွေကို ဘယ်သူ ဖောက်ချပစ်ခဲ့တာလဲ။ သူငယ်ချင်းတစ်ယောက်ကျသွားပြီ။
သူငယ်ချင်းတစ်ယောက်ပါသွားပြီ။ သူငယ်ချင်းတစ်ယောက်ပြေးနေရပြီ။ သူငယ်ချင်းတစ်ယောက် ရှာမရတော့ဘူး။ သူငယ်ချင်းတစ်ယောက်။ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်။ ပျံသန်းလွတ်မြောက်သွားတဲ့လိပ်ပြာတွေ လှပသလောက်။ လှောင်အိမ်ထဲက လိပ်ပြာဟာ ညစ်ထေးစွန်းပေလို့ ။ ကိုယ်ရှိနေတဲ့အကြောင်းဟာ ကိုယ့်သမိုင်းကြောင်းရဲ့ မှင်နီတွေများဖြစ်နေမလား။ ကျန်ရစ်သူဟာ ကျဆုံးသူတွေထက် နာကျင်ခံစားရမလား။ ဖြေစရာတရားလည်း မေ့ရ။ပြေးစရာမြေလည်း မဲ့ရ။

ကဗျာမရေးဖြစ်တဲ့နေ့တွေမှာ ကိုယ်ဟာ ကဗျာဆရာအဖြစ်က လျှောကျသွားတာပဲ။
အမှားအယွင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တာနဲ့တင် လူ့အဖြစ်ကို ဆက်လက်ချစ်ခင်ရမယ်။ တမြို့ကယမ်းနံ့ဟာ တမြို့မှာလာနံတယ်။ တမြို့ရဲ့ နာကျင်မှုက တမြို့ကိုသွေးထွက်စေတယ်။ တမြို့ရဲ့အလံဟာ တမြို့မှာ လာလွှင့်ထူတယ်။ တမြို့ပြီး တမြို့ တနေရာပြီး တနေရာ မငြိမ်သက်ဘူး။
မငြိမ်းချမ်းဘူး။ တောရိုင်းဥပဒေတွေနဲ့ မြို့ပြတွေဟာ တစပြင်ဆန်ဆန် ။ အမှန်တရားကို ဘယ်အချိန်ထိ ငံ့လင့်နေရဦးမှာလဲ။ အဓမ္မဝါဒက ဘယ်အချိန်ထိ ထွားကျိုင်းယုတ်ကန်းနေဦးမှာလဲ။

မနက်ခင်းဟာ ဘယ်သူမှ မဖွင့်လဲသူ့အလိုလို ပွင့်ကျလာတယ်။ သတင်းတွေဟာလည်း မနက်ခင်းလို ပွင့်ကျလာတယ်။
ထမင်းဝိုင်းတွေမှာ လူမစုံတော့ဘူး။ လူတချို့ဘယ်တော့မှ အိမ်ကို ပြန်မလာနိုင်ကြတော့ဘူး။
မိခင်တွေဟာ မျက်ရည်နဲ့မျက်ခွက်။ ချစ်သူခင်သူတွေလည်း ရင်ကွဲပက်လက်။ ဒီဇာတ်လမ်းမှာ အားလုံး ဇာတ်ကောင်တွေဖြစ်ခဲ့တယ်။ အရာရာဟာ အလွမ်းဇာတ်ဖြစ်ခဲ့တယ်။ လက်သီးကိုတင်းတင်းဆုပ်။ အံကို တကျိကျိမြည်အောင်ကြိတ်။ သီချင်းတွေမဆိုဖြစ်တော့ဘူး။
နာကျည်းမှုဟာ ဂါထာမန္တရားဖြစ်ခဲ့ပြီ။ အမုန်းတရားဟာ လေနဲ့အတူပျံ့လွှင့်လို့ မနိုင်လို့သီးခံရခြင်းများ၊ အားမတန်မာန်လျော့ရတဲ့မျက်နှာများ၊ ယုံကြည်ရာရဲရင့် စွန့်ဝံ့သူများ။
ပီကာဆိုထပ်ရေးမယ့် ပန်းချီကားတွေ။ ဗင်းဆင့်ဗန်ဂိုး မမြင်ဖူးတဲ့ မျက်နှာတွေ။
သခင်ကိုယ်တော်မှိုင်း မလိုချင်ခဲ့တဲ့အဖြစ်အပျက်တွေ။ ဟင်္သာကိုးသောင်းဇာတ်ထက် ဆိုးရွားယုတ်ကန်းတဲ့ ပြည်တွင်းဖြစ်ရူးသွပ်မှုပြယုဂ်တွေ။

အဓမ္မဝါဒနဲ့နင်းချေရတာတောင် အားရသေးပုံမရတဲ့ ကံတရားက ရောဂါပိုးမွှားကိုအဆစ်တင်သွင်းပေးတယ်။ နာရေးသတင်းများထပ်တိုးလား။ ကိုယ့်အသိထဲကလူတွေ ဟောတယောက် ဟောတယောက် ပျောက်ရှသွားကြ။ ရက်မလည်နိုင်တဲ့ အသုဘများ။ သတင်းသွားမေးလို့မရတဲ့ လူမမာများ။
တော်ပါတော့။ ရပ်ပါတော့။ နားပါတော့။ မျက်ရည်တွေခမ်းကုန်ပါပြီ။ နှလုံးသားတွေနာကျင်ကြေမွကုန်ပါပြီ။ ရှင်သန်ခြင်းကို အယုံအကြည်မဲ့နေပါပြီ။ ဝမ်းနည်းပါတယ်ဆိုတဲ့စကားလုံးကို ကြက်တူရွေးလိုတတွတ်တွတ်ရွတ်ဆိုနေရတာကို မုန်းတီးစက်ဆုက်လှပါပြီ။
ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းပါစေဆိုတဲ့ဆုတောင်းကိုလည်း ရှက်ရွှံ့နေရပါပြီ။

ဒန်တီရဲ့ငရဲခန်းပျို့က ဒီလိုလား။
ရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းပျို့ထဲက ငရဲခန်းဟာ ဒီလိုလား။ သူရဲကောင်းတွေ အများကြီးကို ကျွန်တော်တို့ရပြီးပါပြီ ။ နောက်ထပ်သူရဲကောင်းတွေ ထပ်မပေးပါနဲ့တော့ လူယုတ်မာတွေကိုပဲကမ္ဘာကြီးထဲက ဆွဲထုတ်သွားရင် ကျွန်တော်တို့နေသာပါပြီ။ အမှောင်ထုထဲက အားယူနေတဲ့အလင်းအိမ်ငယ်ငယ်ကလေးများ၊တွင်းနက်ထဲက ကုတ်ခြစ်တွယ်တက်နေတဲ့ ယုံကြည်ချက်များ။ လူဟာ မသေမချင်း မျှော်လင့်ခွင့်ရှိတယ်။
လူဟာ အမှန်တရားကို ချစ်ခွင့်ရှိတယ်။ လူဟာမတရားမှုကို မုန်းကိုမုန်းတီးရမယ့် တာဝန်ဝတ္တရားလည်း ရှိပါတယ်။ မုန်းရမယ့်အရာတွေကို ကျွန်တော်မုန်းပါတယ်။ ချစ်ရမယ့်အရာတွေကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့အားလုံး အလင်းရောင်ကို ယုံတယ်။ အလင်းရောင်နဲ့ ဓာတ်မတည့်တဲ့ အရာအားလုံးကို အလင်း ရောင်က တိုက်ဖျက်ပစ်လိမ့်မယ်လို့လည်း အခုထိ ကျွန်တော်ယုံကြည်ပါတယ်။

လင်းသက်ငြိမ်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သောပြောက်ကျားစစ်ခရီး - အပိုင်း ၇

Posted: 22 Aug 2021 03:19 PM PDT

Anti-coup protesters hold improvised weapons during a protest in Yangon, Myanmar, on April 3, 2021

ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သောပြောက်ကျားစစ်ခရီး - အပိုင်း ၇

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁

နွေဦးတော်လှန်ရေးတိုက်ပွဲနဲ့ဖက်ဆစ်ဝါဒ


ဖက်ဆစ်ဆိုတာ
အိမ်စောင့်အစိုးရလို့ပြောပြော
အိမ်ဖျက်အစိုးရလို့ဆိုဆို
အိမ်လုအစိုးရလို့သမုတ်သမုတ်
ဖက်ဆစ်အစိုးရကတော့ ဖက်ဆစ်ပါဘဲ။
ဖက်ဆစ်ဆိုတာ လူတွေကိုသတ်ရုံတင်မဟုတ်ဘဲ
လူတွေကိုလိမ်ဘို့ညာဘို့လဲအမြဲကြိုးစားလေ့ရှိတယ်။

ကိုအောင်မှိုင်း
သြဂုတ်လ ၁ရက် ၂၀၂၁ခုနှစ်။

ကျနော့်ဒီမှတ်ချက်နဲ့ဘဲ အစချီလိုပါတယ်။ ကျနော်တို့ဖြတ်သန်းခဲ့တဲ့ ကာလတလေ ျှာက်လုံး ဒီစစ်တပ်ဟာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအပေါ် ပက်ပက်စက်စက် တိုက်ခိုက်ကြတယ်။ သတ်ဖြတ်ကြ တယ်။ဖမ်းဆီးနှိပ်စက်ကြတယ်။ဒီလိုဘဲ ကျနော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ညီညီညွတ်ညွတ် ပြန်လည် ခုခံတိုက်ခိုက်လို့ အထိနာလာပြီဆိုတာနဲ့ လိမ်ညာတာတွေ ကောက်ကျစ်ယုတ်မာတာတွေကို အ ရှက်မရှိစွာဘဲ မျက်နှာပြောင်ပြောင်နဲ့ လုပ်လေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။အဓိကလုပ်ခဲ့ကြတာကတော့ အပစ်အ ခတ်ရပ်စဲရေးဆိုတဲ့ စစ်တပ်အတွက်အသာစီးရစေမဲ့အချိန်တခုကို ဖန်တီးယူခဲ့ကြတာဖြစ်ပါတယ်။ သမိုင်းတလေ ျှာက် ဘယ်အပစ်အခတ်ရပ်စဲရေးကမှ ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ပါ ဘူး။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေကိုလဲ စစ်တပ်ကတဖက်သတ်ဖျက်သိမ်းလေ့ရှိခဲ့တာ ခိုင် မာတဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲဖျက်ပြီးတာနဲ့ ရထားတဲ့အချက်အလက် တွေနဲ့ ထိုးစစ်တွေစတင်တော့တာပါဘဲ။ ဒါကလဲတကြိမ်ထဲမဟုတ်ပါဘူး။ အကြိမ်ကြိမ်ဖြစ်ပါတယ်။ ကျနော် တဦးထဲအမြင်ကတော့ အပစ်အခတ်ရပ်စဲရေးတို့ ပြည်တွင်းငြိမ်းချမ်းရေးတို့ဆိုတာတွေဟာ လက်ရှိအခြေ အနေအရတော့ စစ်အုပ်စုရဲ့ထောင်ချောက် အကြိးစားတွေ ထက်မပိုဘူးလို့ဘဲပြောရတော့မှာပါ။

ကနေ့ကျနော်တို့နိုင်ငံရဲ့နွေဦးတော်လှန်ရေးတိုက်ပွဲဖြစ်စဉ်မှာ ပြည်သူလူထုတရပ်လုံး အကြမ်းဖက်စစ် အုပ်စုကို မိမိတို့အတတ်နိုင်ဆုံးနည်းနဲ့တော်လှန်အာခံနေချိန်ဖြစ်ပါတယ်။ဆန္ဒပြတဲ့သူက ဆန္ဒထွက်ပြ ကြသလို သံပုံးတီးတဲ့သူကလဲ သံပုံးတီးနေကြပါတယ်။ ဒီလိုဘဲ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး ဒေသအလိုက် ခုခံကာကွယ်နေကြချိန်လဲဖြစ်ပါတယ်။တပြိုင်နက်ထဲဆိုသလိုပါဘဲ အမျိူးသားညီညွတ်ရေး အစိုးရ NUG အစီအစဉ်နဲ့ အမြဲတမ်းတပ်မတော်တရပ်ကို လေ့ကျင့်ထူထောင်နေဆဲလို့ ပြောရမဲ့အချိန်ဖြစ် ပါတယ်။ကျနော် အကြိမ်ကြိမ်ပြောခဲ့သလိုပါဘဲ။မတူတဲ့တိုက်ပွဲသဏ္ဍာန်တွေဖြစ်သလို တိုက်ပွဲနည်းနာက လဲ မတူခြားနားလေ့ရှိပါ တယ်။ဆန္ဒပြလို့ပစ်အသတ်ခံရသလို သံပုံးတီးလို့ဖမ်းဆီးရိုက်နှက်တာခံကြရတာ တွေလဲတွေ့ရလေ့ရှိပါတယ်။ PDF ဖြစ်တဲ့ ဒေသပြောက်ကျားရဲဘော်တွေကို အစုလိုက်အပြုံလိုက် ရက်ရက် စက်စက်သတ်ဖြတ်တာကိုလဲ ကျနော်တို့အထောက်အထားအခိုင်အမာနဲ့ တွေ့မြင်သိရှိနေရချိန်ဖြစ်ပါ တယ်။ ကနေ့စစ်တပ်ဟာ လူထုတရပ် လုံးကို ရန်သူလိုသဘောထားပြီး သတ်ဖြတ်ဖမ်းဆီးနှိပ်စက်တယ်ဆို တဲ့ အကြမ်းဖက်နည်းနဲ့အနိုင်ကျင့်တာလွဲ ပြီး အခြားမရှိတော့ပါဘူး။ဒီလိုရက်ရက်စက်စက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဘို့အတွက် နေ့တဓူ၀ ဂုဏ်သိက္ခာကင်းမဲ့စွာ လိမ်လည်လှည့်ဖျားတဲ့အလုပ်ကို အရှက်ကင်းမဲ့စွာပြောဆိုလုပ်ကိုင်နေလေ့ရှိတာကိုလဲ ထင်ထင်ရှားရှား တွေ့နေရတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး အမွှာဆိုသလိုဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ဟာ ဗမာပြည်သူတွေအတွက် တော့ ဘုရားသခင်ကပေးတဲ့ကြိမ်စာလို့ဆိုရင် မှားမယ်မထင်ပါ။ဗမာပြည်သမိုင်းကလဲ လက်နက်ကိုင်တိုက် ပွဲသမိုင်း လို့ဆိုရင် ပိုပြည့်စုံမယ်ထင်ပါတယ်။ဒီလက်နက်ကိုင်တိုက်ပွဲသမိုင်းတလေ ျှာက် ကနေ့ဗမာ့တပ် မတော်လို့ခေါ်တဲ့ ဗမာစစ်တပ်ရဲ့လူမျိူးပေါင်းစုံပြည်သူလူထုကြိးတရပ်လုံးအပေါ် ပက်ပက်စက်စက် သတ် ဖြတ်နှိပ်စက် ဖမ်းဆီးအနိုင်ကျင့် စော်ကားမှုတွေဟာ ရေတွက်လို့ကုန်နိုင်ဖွယ်မရှိတော့ပါဘူး။ ဒီလိုရက် စက်မှုတွေ ရာဇဝတ်မှုတွေအတွက် ဗမာစစ်တပ်ဟာပြစ်ဒဏ်တွေက ကင်းလွတ်နေတာကလဲ စိတ်ပျက် စရာကောင်းတဲ့ ဗမာပြည် နိုင်ငံရေးလို့ဘဲဆိုရတော့မှာပါ။လူသတ်တာကို အင်မတန်လက်ယဉ်တဲ့စစ်တပ် လူသတ်တာကို ထ္မင်းစားရေ သောက်လိုသဘောထားတဲ့စစ်တပ် လူသတ်တာရိုက်နှက်ထိုးကြိတ်တာ လူသားအချင်းချင်းအပေါ်အနိုင်ကျင့် စော်ကားတာတွေကို ပျော်စရာကိစ္စတွေလို သမာန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေလို သဘောထားနိုင်လောက်အောင် စိတ်ဓါတ်အရအင်မတန်အောက်တန်းကျလွန်းတဲ့ စစ် တပ်ဖြစ်ပါတယ်။ ရာဇဝတ်သားတွေနဲ့ စုဖွဲ့ထားတဲ့ အစု အဖွဲ့တခုထက် မပိုပါဘူး။ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လူသားဖြစ်ရပ်တည်မှုအတွက် အလွန်ကြောက်စရာ ကောင်းတဲ့ အန္တရယ်သရဲတစ္ဆေတွေလို့ဘဲ ပြော ရတော့မှာပါ။ကမ္ဘာပေါ်မှာ အရိုင်းစိုင်းဆုံးစစ်တပ် အယုတ်မာဆုံးစစ်တပ် အရှက်အနည်းဆုံးစစ်တပ် ဂုဏ်သိက္ခာမရှိဆုံးစစ်တပ်လို့ ပြောရတော့မဲ့အနေအထားဖြစ်ပါတယ်။

ဗမာပြည်ရဲ့အဓိကပြဿနာက စစ်တပ်ပြဿနာဖြစ်တယ်လို့ သုံးသပ်လေ့ရှိပါတယ်။ဆိုလိုချင်တာက စစ်တပ် ဟာ စစ်အာဏာရှင်စနစ်အတွက် ဒေါက်တိုင်တွေဖြစ်နေလို့ပါဘဲ။ ပြည်တွင်းစစ်နှစ် ၇၀ကျော်မှာ စစ်တပ် အာဏာသိမ်းထားတာ နှစ်၆၀နီးပါးရှိပြီလို့ ပြောရတော့မယ်ထင်ပါတယ်။၁၉၆၂ခုနှစ်ကစပြီး ဗိုလ်နေဝင်း အာဏာသိမ်းလိုက်ကထဲက ကနေ့ထိ စစ်တပ်အနေနဲ့ သတ်ဖြတ်တာတမျိူး လိမ်ညာကောက်ကျစ်တာတဖုံ အာဏာအတွက် အမျိူးမျိူးယုတ်မာပက်စက်စွာ တိုင်းပြည်ကိုမုဒိန်းကျင့်နေတယ်လို့ ပြောနိုင်မယ်ထင်ပါ တယ်။ရွှေပြည်သာမှာ တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့တဲ့ လူဆိုးကြိးတယောက်ပြောစကားကို သတိတရ ရှိမိပါ တယ်။“ငါတို့က ဆိုးရုံဆိုးတာကွ မယုတ်မာဘူး” ဆိုပြီး အသေခံတိုက်ပွဲဝင်သွားခဲ့တာပါ။ ကနေ့ဗမာစစ်တပ် ကတော့ ဆိုးလဲဆိုးတယ် ယုတ်လဲယုတ်မာပါတယ်။ ကျနော့်အမြင်ကတော့ ဗမာစစ်တပ်ဟာ ခြေဆုံးခေါင်း ဆုံး စစ်သားကစပြီး ဗိုလ်ချူပ်မှုကြိးဆိုသူအထိ ဖက်ဆစ်ယဉ်ကျေးမှုအောက်မှာ လိုက်ရောညီထွေ နေထိုင် စားသောက် ကြီးပြင်း လာကြသူများဆိုရင် မှားမယ်မထင်ပါ။

ဖက်ဆစ်ဝါဒကိုမြန်မာအဘိဓာန်ကျမ်းမှာတော့ ဒီလိုအနက်ဖွင့်ထားတာတွေ့ရပါတယ်။

ဖက်ဆစ်ဝါဒ၊ န - ကြမ်းတမ်းရက်စက်စွာ ဖိနှိပ်အုပ်စိုးသောအာဏာရှင်ဝါဒ (လိပ်၊ facist +ပါ၊ဝါဒ)။

ဒါကိုကြည့်ရင် စစ်အာဏာရှင်စနစ်ရဲ့အနှစ်သာရက ဖက်ဆစ်ဝါဒကိုအခြေပြုထားတယ်ဆိုတာ ထင်ရှားပါ တယ်။ဗမာစစ်တပ်ရဲ့သဘောသဘာဝက စစ်တပ်ထဲဝင်လို့စစ်ကျောင်းတက်တာနဲ့ လူဘဝကနေ တိရိစ္ ဆာန်ဘ၀ ကို အရှင်လတ်လတ်ရောက်သွားတော့တာပါ။ ရက်ရက်စက်စက် နှိပ်ကွပ်ခံရမယ်။ဆက်ဆံ ခံရမယ်။ကျွေးတာစား ပေးတာယူ ခံမပြောနဲ့ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာဘဲလိုချင်တယ်။ လူကို လူလိုဆက်ဆံတာတို့ လူလိုစဉ်းစားတာတို့ မွေးရာပါလူ့အခွင့်အရေးဆိုတာတွေကို သင်လဲသင်မပေး လိုက်ဘူး။သင်တဲ့လူတွေကိုယ်တိုင်လဲမသိဘူး။ နားလဲမလည်ဘူး။ အမိန့်ပေးရင် ကိုယ်အမေကိုယ်သတ် ဆိုရင်လဲသတ်ရမှာဘဲဆိုတာမျိူးကို ကြံဖန်လိုက်နာစေတယ်။ ဗိုလ်သင်တန်းကျောင်းတွေမှာလဲ ဒီအတိုင်း ပါဘဲ။ဒုတိယနှစ်ကကောင်က ပထမနှစ်ကကောင်ကို ပက်ပက်စက်စက်နှိပ်ကွပ်ခွင့်ရှိတယ်။ နှိပ်ကွပ်လို့ သေသွားတာတွေလဲ အမှန်တကယ်ရှိတယ်။ မျက် နှာကြီးရာဟင်းဖတ်ပါဆိုတာတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေ လို့ဆိုကြပါတယ်။စစ်အာဏာရှင်စနစ်ဆိုတာ ဖက်ဆစ် ဝါဒကိုအခြေခံတည်ဆောက်တာဘဲဖြစ်ပါတယ်။ တပ်မတော်သည်အမိ တပ်မတော်သည်အဖဆိုတာမျိူး ကတော့ တကယ့်ဖက်ဆစ်ဝါဒရဲ့ အသွင်သဏ္ဍာ န်ဖြစ်တဲ့ ဖက်ဆစ်ယဉ်ကျေးမှုရဲ့ဇစ်မြစ်ပါဘဲ။ အားလုံးလိုလိုက Brainwash လုပ်ခံထားရတဲ့ နလပိန်းတွေ ဘဝကို ရောက်ကြရတာပါ။ စစ်ခေါင်းဆောင်တွေက စစ်တပ်ကိုပြန် မလှန်နိုင်အောင် ဥိးချိူးခဲ့တာပါ။ စနစ် တကျ စစ်တပ်တခုလုံး ဖက်ဆစ်တပ်ဖြစ်အောင် အစီအစဉ်ရှိရှိတည် ဆောက်ခဲ့ကြတာပါ။ ဝမ်းနည်းဘို့ လဲကောင်းသလို နှစ်မြောဘို့လဲကောင်းပါတယ်။တိုင်းပြည်အတွက်လဲ တကယ့်ဝန်ထုတ်ဝန်ပိုးဖြစ်ခဲ့တော့ တာပါဘဲ။

တပြိုင်နက်ထဲ ဘက်တဘက်ကရက်ရက်စက်စက် ပက်ပက်စက်စက်သတ်ဖြတ်နေကြသလို အခြားတ ဘက်ကလဲ လိမ်လည်လှည့်ဖျားတာတွေ ကောက်ကောက်ကျစ်ကျစ် ထောင်ခြောက်ဆင်တာတွေလုပ် လေ့ရှိကြတာ စစ်အုပ်စုအဆက်ဆက်ရဲ့မဟာဗျူဟာလို့ပြောရင်မှားမယ်မထင်ပါ။ ဒုတိယကမ္ဘာစစ် အ တွင်းက ဂျာမန်ဖက်ဆစ် အာဏာရှင်တွေနဲ့ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကာလက ဗမာပြည်ဖက် ဆစ်စစ်အုပ်စုနဲ့ ဆက်ဆံရေး၊ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူလူထုအပေါ်ဖက်ဆစ်စစ်တပ်ဆက် ဆံရေးတွေကို အပိုင်းလိုက်ခွဲခြား ရေးလိုပါတယ်။ ဒီအခြေအနေတွေပေါ်ကနေ ကျနော်တို့ နိဂုံးချူပ်နိုင်မှာ အ သေအချာဖြစ်ကြောင်းပါ။

ကိုအောင်မှိုင်း
သြဂုတ်လ ၁၂ရက် ၂၀၂၁ခုနှစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





မိုးမခကဗျာ -အောင်ဝေး '' ထောင့်ကန်ဘော '' Aung Way - Corner kick, English version by Hlaing Htek

Posted: 22 Aug 2021 10:35 PM PDT

Image- Crd
မိုးမခကဗျာ
သြဂုတ် ၂၃၊ ၂၀၂၁

'' ထောင့်ကန်ဘော ''
အောင်ဝေး

ကိုသာချို...
မက်ဆီ
ပီ၊ အက်စ်၊ ဂျီ ကို ရောက်သွားပြီ။
ဒိုလေးကတော့
ဂျူဗီမှာပဲ။

ဆိုးရှားလည်း
မန်ယူမှာ မြဲနေတယ်။
ကျနော်လား
ကျနော် အသင်းမပြောင်းပါဘူး။

အသင်းဟောင်း
ကွင်းဟောင်းမှာပါပဲ
ဒါပေမဲ့
ကစားပုံ ပြောင်းထားတယ်။

ခုတလော
ပြောင်းရွှေ့ကြေးတွေက ကြီးတယ်။
နေပြည်တော်ကလပ်က ကောင်တွေက
ဂျာကာတာနဲ့
မော်စကိုမှာ
သွားလေ့ကျင့်ထားတယ်။

ကျနော်တို့
မြောက်ဥက္ကလာဟိုးမားအသင်းမှာ
လူ မစုံတော့ဘူး။

ချစ်တိုးနွယ်နဲ့
ယမုံက
ဝသုန်မြေယူနိုက်တက်ကို
ပြောင်းသွားတာကြာပြီ။

ခင်လွန်းကို
နယူးဇီလန်ကို
အငှားချထားရတယ်။

တိုက်စစ်မှူးက
အခုလည်း
နေစိမ့်ပဲ
သူပဲ အိမ်ကွင်း
သူပဲ အဝေးကွင်း။

ဒီနှစ်တော့
ပြိုင်ဆိုင်မှုက ပြင်းထန်လိမ့်မယ်။

နွေဦးဖလားမှာ
ခင်ဗျား မပါတော့
အားလျော့တယ် ကိုသာချို။

အထူးသဖြင့်
ထောင့်ကန်ဘောတွေရတဲ့အခါ
ခင်ဗျားကို သတိအရဆုံးပဲ။

မြောက်ဥက္ကလာဟိုးမား အက်ဖ်၊ စီ မှာ
ဘက်ညီညီကစားနိုင်တဲ့
သူတွေထဲ
ခင်ဗျားလောက် ခေါင်းတိုက်ကောင်းတဲ့လူ
ဘယ်သူရှိမလဲ။

ပြန်လာတော့ဗျာ
ပြိုကျလုမတတ်
ယိုင်နဲ့နေတဲ့
အင်းစိန်ထောင်နံရံကြီးကို
ခေါင်းနဲ့တိုက်ပြီးရင်
ခင်ဗျား ပြန်လာခဲ့တော့ဗျာ။

ကျနော်တို့မှာ
မကန်ရသေးတဲ့
ထောင့်ကန်ဘောတွေနဲ့။     ။

(သြဂုတ် ၂၂၊ ၂၀၂၁)
-

Corner kick
Aung Way


Ko Thar Cho...
Messi has transfered to
P. S .G.
Critiano Ronaldo is
At Juventus.
Solskjaer is stable situation  
at Manchestar United.
Me?
I did not change other club.
I'm not only in Old team
But in the old football ground.
However
I changed instructions on how to play football
Nowadays 
Transfer fees are high.
The guys from Naypyitaw FC
Are training to play football 
In Jakarta and Moscow.
Our North Okkalapa Homa Club
Is for lack of players. 
Chit Toe Nwe and Yamone
Has transfered to Wathon Myay United
Khin Lunn has to be rent 
As a rental player
In the New Zealand League
The striker is 
Nay Seint at present.
He who is at home field
He who is also at abroad field. 
This year
The competition will be fierce.
At the Spring Cup
Because Ko Thar Cho is no longer included
I fell deeply depressed.
in particular
When he gets corner kicks
I miss him the most.
In North North Oklahoma FC
Among them who can play in dynamic blance
 you are the best one
Who can hit the ball with your head
None other than you in heading 
Please come back
After hitting a wobbly and almost falling down Insein
Prison Wall with your head
You get back,please. 
We have many corner kicks
We haven't kicked yet.

Aung Way
(August 22, 2021)

English version by Hlaing Htek 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



You are subscribed to email updates from MoeMaKa Media.
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States


--
Send email to - edi...@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages