21st April - MoeMaKa Daily

25 views
Skip to first unread message

Maung Yit

unread,
Apr 21, 2012, 4:07:19 AM4/21/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
၉၀ ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ကွယ်လွန်သူ ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း
ပြည်သူ့ခေတ်ဂျာနယ်အခမ်းဆက် ပြန်လည်ကောက်နုတ်ချက်၊ ဧပြီ ၂၁၊ ၂၀၁၂
( ဧပြီလထဲမှာ ပြည်သူ့ခေတ်ဂျာနယ်မှာ ဦင်္းကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း ၁ခု အခမ်းဆက်ပါလာတယ်။ ဦးကြည်မောင်ကို ပြန်လည်မိတ်ဆက်ရရင် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦး၊ ၉၀ ရွေးကောက်ပွဲမှာ ပါတီကို အနိုင်ရပါတီအဖြစ် ဦးဆောင်ခဲ့သူ၊ တပ်မတော်ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၂၀၀၄ မှာ ဆရာကွယ်လွန်တယ်။ ပါတီထူထောင်ချိန်က စတင်ပြီး သုတေသနဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်လို့ သူ့ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားတာကြောင့် ကိုလိုနီခေတ် ကျောင်းသားသပိတ်အရေးတော်ပုံတပ်သားတဦးအဖြစ်ကနေ အမျိုးသားရေးအတွက် စွမ်းစွံတမန်ဆောင်ရွက်ခဲ့သူ ဒီမိုကရေစီခေါင်းဆောင်တဦးရဲ့ မာန်မာနမရှိမှုကို ဖော်ကျုးထားသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။
၂၀၀၃ ခုနှစ် တနှစ်လုံး လူငယ်တွေအတွက် စာမျက်နှာ ၆၀ လောက်ရှိတဲ့ နိုင်ငံရေးစာတမ်းတွေ ရေးနေခဲ့ပါတယ်။ ၂၀၀၄ မှာ ဆရာ ကွယ်လွန်တယ်။ အဲသည်ထဲက စာတမ်းတခုဖြစ်တဲ့ နိုင်ငံအုပ်ချုပ်ပိုင်ခွင့်ကို ပြည်သူ့ခေတ်က မိသားစုထံက ခွင့်တောင်းဖော်ပြတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာပေး စာတမ်းအဖြစ် ပရိသတ်ကို မိုးမခကလည်း ထပ်မံတင်ဆက်လိုက်ပါရစေ။
ဆရာက အချက် ၂ ချက်ကို ပြောထားပါတယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတွေဟာ နိုင်ငံရေးသမားတွေချည်းပဲ ဖြစ်ပါတယ်။ သတိရှိကြပါတဲ့။ နောက်တချက်ကတော့ အာဏာပိုင်ခွင့်မှာ အုပ်ချုပ်သူတွေကော အုပ်ချုပ်ခံတွေကပါ ငါတို့က ရိုက်တဲ့သူတွေ၊ သူတို့က အရိုက်ခံရသူတွေလို့ ခွဲခြားမမြင်ပါနဲ့ တဲ့။ ၂ ဖက်စလုံးဟာ တဦးတည်းလို့ ကြည်ကြည်လင်လင်မြင်တတ်ပါလို့ နိဂုံးချုပ်ထားပါယ်။
အင်န်အယ်ဒီပါတီရဲ့ ကွယ်လွန်သူ ခေါင်းဆောင်တဦးရဲ့ စာတမ်းကို အင်န်အယ်ဒီက ထုတ်ဝေတဲ့ ဒီလှိုင်းပါတီစာစောင်မှာ မဖော်ပြသေးခင် ပြည်သူ့ခေတ်မှာ အရင်ဆုံးဖော်ပြနီုင်ခဲ့တာကလည်း ထူးခြားမှုတခုဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။
စာဖတ်သူတို့ ဆရာဦးကြည်မောင်ရဲ့ စာတမ်းကို ဖတ်ရှုတော်မူကြပါကုန်။)













Posted by MoeMaKa at 12:58 AM 0 comments

Friday, April 20, 2012

Tu Maung Nyo - What Next, NLD ?

“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ
တူမောင်ညို။ ဧပြီ ၂၁၊ ၂၀၁၂
“လေးစားလိုက်နာ” လို့ ပြင်မပေးရင် လွှတ်တော်ထဲ မဝင်သေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ခဲ့ပြီ။
            “ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုလေး” ကို ကပ်နေတယ်၊ ရမယ်ရှာနေတယ် တဲ့။
“ဘာမဟုတ်တဲ့ စကားလေး၊စကားစုလေး” ကို ဘာကြောင့်လွယ်လွယ်ကူကူ ၊ ကြည်ကြည်သာသာ၊ ပြင်မပေးချင်ရတာလဲ/ ဘာကြောင့်ပြင်မပေးနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းကို ဘယ်လိုဖြေကြမလဲ။
 ပုဒ်မ။  ၆ (စ)  “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး “ဦးဆောင်မှု” အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်သည်”
အထက်ပါစာပိုဒ်ထဲက “ဦးဆောင်မှု” ဆိုတဲ့စကားလုံး က ဘာမဟုတ်တဲ့ စကားလုံးလား။အဲဒီစကားလုံးပြင်ပေးပါလို့ တောင်းဆို လာရင် အဆိုပြုလာရင် ဘာမဟုတ်တဲ့စကားလုံးပဲ ဆိုပြီးအလွယ်တကူပြင်ပေးနိုင်ပ့ါမလား။ 
“နိုင်ငံရေးအရေးအကျဉ်းသား”၊“ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ” ဆိုတာတွေကို ဦးသိန်းစိန်အစိုးရက လက်မခံတာ ဟာ ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုတွေမို့လား။
စကားကပ်ပြီးသက်သက်မဲ့ငြင်းခုန်နေတာလား။
မတူတာတွေဆိုပြီး ဘေးဖယ်ထားရ မှာလား။
“စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့စကားရပ်ထဲက “စည်းကမ်းပြည့်ဝသော” ဆိုတဲ့ စကားလုံးနဲ့စကားရပ်က ဘာမဟုတ်တဲ့စကားလုံးကို ကပ်သီးကပ်သပ် အပိုထည့်ထားတာလား။
ဥပဒေဆိုတာကို လူတွေကစကားလုံးတွေစကားစုတွေကို သဒ္ဒါသတ်ပုံနည်းကျစွာနဲ့ရေးသားထားတာပဲ။လူတွေရေးထားတာကို လူတွေကပြင်ပေးဖို့ ဖြည့်စွက်ဖို့ တောင်းဆိုတာဟာ ဘာမှပြဿနာမရှိပါဘူး။ ဆွေးနွေးငြင်းခုန်တယ်ဆိုတာ စကားလုံးကို မသုံးဘဲ၊ အမူ အယာနဲ့ငြင်းခုန်ကြရမှာလား။
ကျနော်မြင်တာတော့ စကားလုံး၊ စကားစုတွေထက် ပိုအရေးကြီးတာက ပြင်ဆင်ပေးလိုတဲ့ဆန္ဒနဲ့ သဘောထားရှိ/မရှိ ဆိုတဲ့ အချက်က ပိုပြီးအရေးကြီးပါတယ်။
အဓိကတော့ Political will ရှိ/မရှိ ဆိုတဲ့အချက်က အခရာကျပါ။ အဆုံးအဖြတ်ဖြစ်ပါတယ်။
အဆုံး အဖြတ်က ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ အများစုဖြစ်တဲ့ ကြံ့ဖွံ့ပါတီ (USDP) က လွှတ်တော်အမတ်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ (၁၆၆)ဦးသော စစ်သားအမတ်တွေ အပေါ်မှာ မူတည် နေပါတယ်။ သူတို့တတွေမှာ ပြင်ဆင်ပေးလိုတဲ့ ဆန္ဒနဲ့သဘောထားမရှိရင် ပြင်ဆင်ပေးရေးတောင်းဆိုချက် လက်တွေ့ ဖြစ်မလာ နိုင်ပါဘူး။
ဒေါက်တာအေးမောင်(RNDP-ပါတီဥက္ကဋ္ဌ)ကဲ့သို့ “ပြင်ဆင်ပေးဖို့ကျနော်တို့ လွှတ်တော်မှာ တာဝန်ရှိတယ်” ဆိုတဲ့ ဆန္ဒသဘော ထားမှန်သူတွေ လွှတ်တော်ထဲမှာ အများစုဖြစ်နေမယ်ဆိုရင် ပြင်ဆင်ရေးဟာလက်တွေ့ဖြစ်မြောက်လာနိုင်ပြီး၊   ဦးသန်းမောင် (ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်) ကဲ့သို့ “ဘာမဟုတ်တဲ့ အငြင်းပွားမှု” လို့ ကြည့်မြင်ပြီး ပေါ့ပေါ့တန်တန် သဘောထားရှိသူတွေသာ အများစုဖြစ်နေရင်တော့ ပြင်ဆင်ရေးဟာ လက်တွေ့ဖြစ်မြောက်မလာနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး  (NLD)ပါတီကို ဝန်းရံကြမယ်ဆိုတဲ့ (ပြည်တွင်း/ပြည်ပ) လွှတ်တော်ပြင်ပအင်အားစုတွေရဲ့အသံသိပ် မကြားရတာလည်း ထူးခြားတယ်။

ယခုကိစ္စသည် စကားလုံးသက်သက်ကို အငြင်းပွားနေခြင်းမဟုတ်ပါ။ အဲဒီစကားလုံးကဖေါ်ပြနေတဲ့ နိုင်ငံရေးပြဿနာကို ပြော နေကြရတာဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလေ ဟာပြောချက်မှာ ဖေါ်ပြခဲ့တဲ့ NLD ပါတီ ရဲ့ ထိပ်တန်းတာဝန် ၃ ရပ် (တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး )နဲ့ ထဲထဲဝင်ဝင်ဆက်နွှယ် ပတ်သတ်နေ တဲ့ကိစ္စ လည်းဖြစ် ပါတယ်။ အခုနောက်ထပ်ခြေလှမ်းကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ထံ (NLD) ပါတီ က စာရေးတင်ပြမယ်လို့ဆိုပါ တယ်။
ဖြစ်စဉ်တွေကိုအခုလိုစီပြီး ကြည့်တော့ -

၁၁ ဧပြီမှာ (NLD) ဥက္ကဋ္ဌ ၊ နေပြည်တော်သွားပါတယ်။ သမ္မတနဲ့ ဒုတိယအကြိမ်တွေ့ပါတယ်။
သတိပြုမိတဲ့အချက်က ပထမတစ်ကြိမ်(၁၉ သြဂုတ်၂၀၁၁) တွေ့ဆုံစဉ်ကလို ဥက္ကဋ္ဌနဲ့ သမ္မတ တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့သတင်း လည်း အစိုးရသတင်းစာတွေမှာဖေါ်ပြတာမတွေ့မိပါဘူး။
၁၄ ဧပြီမှာ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နေပြည်တော်သွားပြီး သမ္မတ ထံ “အကြံပြုစာ ” တင်ပါတယ်။
၁၉ ဧပြီမှာ နေပြည်တော်ဖွဲ့စည်းပုံခုံရုံးက ဖိတ်လို့ဆိုပြီး ဦးဉာဏ်ဝင်း နေပြည်တော်သွားပါတယ်။ နေပြည်တော်ခုံရုံးက လက်ချာ ရိုက်လွှတ်လိုက်တဲ့ပုံပါပဲ။
၂၃ ဧပြီ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်း အခုလိုရင်ဖွင့်ပါတယ်။
“ --- သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာမဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
လို့ ပြောပါတယ်။
ဖြစ်စဉ်အပေါ် အကြမ်းဖျင်း ခြုံငုံသုံးသပ်ရရင် သမ္မတထံအကြံပြုစာတင်တယ်။
သမ္မတ မတတ်နိုင်ဘူးဆိုတဲ့ အချက် ပေါ်လွင်ပါ တယ်။
သမ္မတက “လွတ်ငြိမ်းချမ်းသာခွင့်”ပေးနိုင်တဲ့သမ္မတမဟုတ်ဘူး။ “လွှတ်ငြိမ်းသက်သာခွင့်” လောက်သာပေးနိုင်တဲ့ သမ္မတဖြစ် ပါတယ်။ အခုကိစ္စက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့ ပြည်ထောင်စုလွှတ်တော်တို့က အရေးပိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ခုံရုံးကခေါ်လို့သွားရတယ်၊ ခုံရုံးက“ရှင်းပြ”(လက်ချာပေး) တာတွေနားထောင်ခဲ့တယ်။ ရှင်းပြချက်တွေထဲမှာ သဘောမတူတာ တွေရှိတယ်။ ဒါကြောင့် နောက်ထပ်ကြိုးစားမှုအဖြစ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ထံ (NLD) ပါတီက စာရေးတင်ပြတာဖြစ် ပါလိမ့်မယ်။ အကယ်၍ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ခေါ်ပြီး ရှင်းပြသလို “ရှင်းပြ” (လက်ချာထပ်ပေး) နေရင် (NLD)ပါတီ ဘာဆက်လုပ်မလဲ။


ညွန်း
-       (ဧပြီ ၁၁ မှ ၂၁ အထိ )ပြည်တွင်း/ပြည်ပ မီဒီယာသတင်းများ
-       Photo from : Time – Picurte of Thein Sein from Time’s The 100 Most Influential People in the World
Posted by MoeMaKa at 11:56 PM 0 comments
Labels: Op-Ed, Tu Maung Nyo

Mar Mar Aye

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၁၈)
သံသာလေကမ်းတိုင်
မာမာအေး
ဧပြီ ၂၁၊ ၂၀၁၂


“---- မာအေးလဲ ဒီဖက် ကမ္ဘာတခြမ်းကို ရောက်လာတော့ အထီးကျန်လိုက်တာ လွန်ရောကိုး၊ ဆွေမျိုးစင်စစ် သီချင်းတွေထဲ နှစ်ထားရင် သက်သာမလားလို့ပေါ့။ ကိုယ့်သီချင်းတွေလဲ ရသမျှပြန်စု၊ တခြားအနုပညာရှင်တွေရဲ့ သီချင်းတွေလဲ စုဖြစ်တော့ နားထောင်ဖြစ်သွားတာပေါ့ ---”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ...
မာအေး မွှေနှောက် ရောက်တတ်ရာရာ တေးကဗျာတွေ တမင် ရှားပေးခဲ့တာနဲ့ 'သူဋ္ဌေးဝါဒ' ခေါ်တဲ့ စာဆိုကျော်လူပျော်ကြီး နန်းတော်ရှေ့တင် ရေးသွားတဲ့ သီချင်းတပုဒ်ဟာလဲ နာမည်တူ နှစ်ပုဒ်ရှိတာဘဲလို့ ကေါင်းကေါင်းကြီး သိပြီပေါ့နော်။ ဒီသီချင်းဟာ သူ့ကျွန်ခေတ်က စိတ်ဓါတ်ကျနေတဲ့ ကိုယ့်အမျိုးသါးတွေ စိတ်အားပေးဘို့အကြောင်းခံနဲ့ ရေးဖြစ်ခဲ့တာလို့လဲ ကြားဖူးခဲ့ရပါတယ်ရှင်။

ကဗျာတပုဒ်ဟာ စာတအုပ်လို့ မှတ်ယူကြတယ်ဆိုရင်၊ ကဗျာဂိုဏ်းဝင် 'သီချင်း' ဆိုတဲ့အရာမှာလဲ သည်မူကိုဘဲ ကေါက်ယူဘို့ရှိတာဘဲ၊ စိတ်ကူးယဉ်တည်တဲ့ ဇါတ်အိမ်နဲ့ ဖြစ်ရပ်မှန်နဲ့တည်တဲ့ ဇါတ်အိမ်၊ တခုခုတော့ ကိုယ်စီ ရှိနေမှာပါရှင်။

မာအေးလဲ ဒီဖက် ကမ္ဘာတခြမ်းကို ရောက်လာတော့ အထီးကျန်လိုက်တာ လွန်ရောကိုး၊ ဆွေမျိုးစင်စစ် သီချင်းတွေထဲ နှစ်ထားရင် သက်သာမလားလို့ပေါ့။ ကိုယ့်သီချင်းတွေလဲ ရသမျှပြန်စု၊ တခြားအနုပညာရှင်တွေရဲ့ သီချင်းတွေလဲ စုဖြစ်တော့ နားထောင်ဖြစ်သွားတာပေါ့။ ဟိုတုန်းက သီချင်းနားထောင်ဖြစ်တယ်ဆိုတာ အသံလွှင့်နေရင်း အလုပ်ခွင်ထဲမှာပါ၊ တာဝန်ချိန်ထဲမှာ သီချင်းလေး လွှင့်ပေးထားရင်း၊ အချိန်စာရင်းတွေ၊ နောက်နေ့အစီအစဉ်တွေကလဲ ရေးရမှတ်ရသေးတာ ဆိုတော့ အာရုံစိုက်မိတာခြင်း ဘယ်တူပါ့မလဲ ရှင့်။ ခု ပြန်ကြားရတော့ အသစ်လိုပါဘဲ။ ဟိုအချိန်တုန်းက ဘယ်လိုဘာညာတွေကိုပါ သတိရ၊ ကိုယ့်ကမ္ဘာ ကိုယ့်လောကကိုတမ်းတ၊ အစီအရီ ရင်ထဲက ရုပ်ရှင်ရုံမှ တပြပြ ဖြစ်လာပါတယ်။

အဲဒီအထဲကနေပြီး သောတရှင်တွေကို ပြောပြပေးဘို့ကေါင်းတဲ့အကြောင်း တွေးမိခဲ့ရင် ပျော်လို့ရတယ်။ ကိုယ်ပြောပြမယ့်အကြောင်းနဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေ တွေ့ရင်လဲ အတူတူဘဲ။ ချစ်ဆွေတို့ကို တခုခု လက်ဆောင်ပေးလို့ရပြီ ဆိုတဲ့ မျှဝေခြင်း၊ သဒ္ဓါပျော်ခြင်းမျိုး ခံစားရပါတယ်လို့ ဆိုချင်တာ၊ အချိန်အခါ အခြေအနေကို ကြည့်ပြီး အချိန်မတန်သေးပါဘူးလေလို့ ချန်ထားတာမျိုး၊ ပြောပြလို့ကေါင်းပါ့မလားလို့ သိမ်းထားမိတဲ့ သီချင်းမျိုးလေးတွေလဲ မာအေးဆီမှာ ရှိပါတယ်၊ အထူးသဖြင့် ပုဂ္ဂိုလ်ရေးအကြောင်းရင်းခံနဲ့ ပြောပြရမယ့်သီချင်းမျိုးပေါ့ရှင်။

မာအေးဟာ မွေးကတည်းက သဘင်နဲ့ဂီတသားတွေကြားမှာ ကြီးပြင်းလာခဲ့တာမို့ အားလုံးဟာ ရင်းပြီးသားတွေချည်းပေါ့။ သူတို့အကြောင်းကြောင်းတွေကို သူတို့ပြောပြော မပြောပြော မျက်စေ့ဖွင့်နားစွင့် သည်အကျင့်ကြောင်း မသိမရှိဖြစ်နေလောက်ပြီပေါ့ရှင်။ အကိုချစ်ဆွေတို့၊ အကိုလှထွတ်တို့၊ ဖိုးသန်းဖေတို့ဆို ပြောမနေနဲ့တော့ - သူတို့အိမ်ထောင်မကျခင် ကတည်းက ညီအကိုလိုနေလာတာဘဲဟာ - သူတို့ချစ်ချစ်တွေထက် မာအေးက ပိုသိနိုင်တာ ဆန်းသလား။

အဲဒီအရင်းဆုံးသုံးယောက်မှာတောင် ဇါတ်လမ်းတွေ ရှိခဲ့ပေမယ့် အကိုလှထွတ်ရဲ့ ဆောင်းမင်းသမီးဖွဲ့သီချင်းလေးအကြောင်းဘဲ ပြောခဲ့တယ်၊ တောင်ကြီးပြည်ထောင်စုပွဲသွားရင်း 'ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်' ရေးဖြစ်ကြောင်း ပြောပြတုန်းကလေ - မှတ်မိတယ်မို့လား၊ တဖက်က သာမန်လူမသိတဲ့ အမျိုးသမီး ဖြစ်နေတော့ ပြဿနာ ပေါ်ဖို့မှ မရှိဘဲကိုး။ လူသိတဲ့နှစ်ဦးသာဆိုရင် ခက်တယ်၊ ကိုယ့်နိုင်ငံက ဟောလီဝုဒ်လို ဖြစ်ချင်ရာဖြစ်မောင်ဘချစ်လုပ်ဖို့ ကိုယ့်ယဉ်ကျေးမှု၊ လူမှုရေးအမြင်နဲ့ ရင်ထဲက ခွင့်မပြုချင်တတ်ဖူးရှင့်။ ပရိသဒ်ဖက်မှာ ကိုယ်ချစ်တဲ့အနုပညာရှင်ကို ပြစ်မျိုးမှည့်မတင်ဖြစ်စေချင်တဲ့ စေတနာ ရှိနေတာကို နားလည်နေတော့ စိတ်မကွက်အောင် ရှောင်ရတာပေါ့နော်။

ဒီနေ့တော့ ကိုယ့်အတွေးနဲ့ကိုယ် သိမ်းထားမိတဲ့ သီချင်းလေးတပုဒ်ကို ထုတ်ပြတော့မလို့ စကါးတွေ ပလ္လင်ခံနေတာ ကြာသွားပါတယ်ရှင်။ ဒီသီချင်းလေးကို ရေးခဲ့တဲ့သူ၊ အသံရှာထည့်ပေးခဲ့တဲ့သူ၊ သီချင်းရဲ့ အကြောင်းခံ ဇါတ်အိမ်ဖွဲ့ခဲ့တဲ့သူတွေ အားလုံး မရှိတော့တဲ့သီချင်းလေးပါ။ အရင် နားဆင်ကြပါနော်။ နာမည်က 'သံသာလေကမ်းတိုင်' တဲ့။ မြန်မာအသံမှာ သီးသန့် အသံသွင်းပေးခဲ့ရတဲ့ အမှတ်တရတပုဒ် ဖြစ်ပါတယ်။ ပြီးမှ ဆက်ပြောကြတာပေါ့။

(*သံသာလေကမ်းတိုင်)
ရေ - အညာသား
အသံ - ကိုတင်အောင်သန်း

ဘ၀နဲ့တင်စား ... ပန်းချီကါးတချပ်အမြင် ... သာယာသော ပိတောက်နန်းမှ (ပန်းဝါ၀ါ အခက် အခက်)၂ x သံသရာကမ်းတဖက်တွင် ... xxx

တွဲလက်ကယ်တူယှဉ်၊ အသဲနှစ်မွှာ အမြဲသာ မခွဲမခွာ လှန်းပြိုင်မယ်လို့၊ ချစ်မဏ္ဍိုင် မယိုင်မလဲ၊ ခိုင်မြဲတူတူ ကူးခတ်ခဲ့တယ်ရှင် xxx

မုန်တိုင်းမမွှေ လှိုင်းလေ မကြမ်းပေမယ့် ဟိုမှာဖက်ကမ်းမရောက်မီတွင်၊ တယောက်မေ ... တယောက်မေမှာ ကျန်ရစ်ခဲ့လို့ပင် xx ဘ၀ခရီးဖေါ် ချစ်သူမောင်က ခရီးတဖန်ဆက်လက်၊ အထီးကျန်သက်သက် ကူးသွားပါရင် အားငယ်ညှိုးမှာ စိုးပါတယ်ရှင်။ အားမာန်ပျောက်မှာ ကြောက်ပါတယ်ရှင် xxx

လျှောက်လိုက်စမ်းပါ ... ၊ ကြင်နာသူနှင့်၊ ပင့်သက်လှိုက်ဇေါ၊ မက်မက်မောလည်း၊ ချစ်တောဘယ်ခါ - မရောက်သာမို့၊ ကြည်သာညွတ်နူး၊ အချစ်မှူးရှင်၊ နှစ်ဦးလျှောက်တာ မြင်ပါချင် ...၊ သံသာလေကမ်းတိုင် တူပြိုင်ပြိုင်အရောက် ကူးမြောက်စေကြောင်း ... ဆုတောင်းပါတယ်ရှင် xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် - မျိုးဇော်
Posted by :) at 7:49 PM 0 comments
Labels: Mar Mar Aye

TheGeek - Interesting Int'l News Headline - April 21st


စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – ဧပြီ  ၂၁
နိုင်ငံတကာသာဂိ၊ ဧပြီ ၂၁၊ ၂၀၁၂

နိဒါန်း - နိုင်ငံတကာသတင်းခေါင်းစဉ်တွေ ကောက်နုတ်ချက်ကို မရေးတာကြပြီ။ အခုတော့ ဧပြီ ၁ မြန်မာပြည်ရွေးကောက်ပွဲအပြီး၊ ဧပြီ လလယ် သင်္ကြန်နှစ်သစ်ကူးပွဲတော်အပြီးမှာ အမှတ်ထင်ထင်ဖြစ်မိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များကို ချရေးလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် မစ်ရော်နီ သေချာ
          ၂၀၁၂ နှစ်ဆန်းကတည်းက အမေရိကန်ပြည်မှာ အတိုက်အခံပါတီကြီး (ရစ်ပတ်ဘလစ်ကန်ပါတီ)ရဲ့ သမ္မတလောင်းရွေးပွဲ ချိမ့်ချိမ့်သဲ စည်ကားခဲ့တယ်။ ရှေးရိုးစွဲတဲ့သဘောထားရှိသူ နိုင်ငံရေးခေါင်းဆောင်တွေ အပြိုင်အဆိုင် ပါတီဝင်တွေ၊ မဲဆန္ဒရှင်တွေကို အပြိုင်အဆိုင်မဲဆွယ်လိုက်ကြတာမှာ လက်ယာစွဲ အရင်းရှင် မစ်ရော်နီက ခရစ်ယာန်အစွဲသန် ဆန်တိုရမ်နဲ့ သူတင် ကိုယ်တင်ဖြစ်နေရာက  ဆန်တိုရမ်က သူ့မိသားစုကိစ္စကြောင့် သမ္မတလောင်း မဲဆွယ်ပွဲကနေ နောက်ဆုတ်လိုက်ပါပြီ။ သည်တော့ လက်ယာအစွန်းရောက် ရစ်ပတ်ဘလစ်ကန်ပါတီကြီးအတွက် အရင်းရှင်စီးပွားရေးလုပ်ငန်းရှင်တို့ စိတ်ကြိုက် မစ်ရော်နီဟာ လာမယ့် သြဂုတ်ပါတီညီလာခံမှာ ပါတီသမ္မတလောင်းအဖြစ် အတည်ပြုခံရဖို့ သေချာနေပြီ ဖြစ်ပါတယ်။ နောက်မေးခွန်းတခုကတော့ သူ့အတွက် ဒုသမ္မတလောင်း ဘယ်သူဖြစ်မလဲ ဆိုတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အမြင့်မားဆုံးဗဟိုတရားရုံးချုပ်က အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို နာကြား
          ၂၀၁၀ မှာတုန်းက အိုဘားမားနဲ့ ဒီမိုကရက်တစ်ကြီးစိုးတဲ့ ကွန်ဂရက်လွှတ်တော်ကနေ အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရစ်ပတ်ဘလစ်ကန်တွေ တားဆီးဖို့ အစွမ်းကုန်ကြိုးစားတဲ့ကြားက အတည်ပြုနိုင်ခဲ့ပါတယ်။ သို့သော်လည်း ရစ်ပတ်ဘလစ်ကန်အားကောင်းတဲ့ ပြည်နယ်ပေါင်း ၂၆ ခုက ဗဟိုတရားရုံးချုပ် (Supreme Court) မှာ အယူခံဝင်ပြီး အိုဘားမားဥပဒေဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ စောဒက တက်ထားပါတယ်။
သူတို့ပြောတာကတော့ ကျန်းမာရေးဥပဒေမှာ အမေရိကန်ပြည်သားတိုင်းမှာ ကျန်းမာရေးအာမခံ (Health Insurance) ၀ယ်ယူရမယ်ဆိုတာက လူ့အခွင့်အရေးကို စော်ကားတယ်လို့ ပြန်လှန်စွတ်စွဲထားတာ ဖြစ်ပါတယ်။ အစိုးရက ပြည်သူတွေကို မည်သည့် ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကိုမျှ ဥပဒေနဲ့ အတင်းအကြပ် ၀ယ်ခိုင်းခွင့်မရှိလို့ ထောက်ပြထားပါတယ်။ သို့သော် အမေရိကန်မှာက ကျန်းမာရေးစာရိတ်ကြီးလွန်းတာကြောင့် ကျန်းမာရေးအာမခံချက်မရှိရင် (၀ယ်မထားရင်) ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသမှာ ကုသဖို့၊ စောင့်ရှောက်မှု ရဖို့ အခက်အခဲတွေ အကန့်အသတ်တွေ ရှိနေတာကြောင့်တကြောင်း၊ အာမခံချက်မရှိသူတွေကို အစိုးရတွေ ပြည်နယ်တွေက အစိုးရဘဏ္ဍာနဲ့ စိုက်ထုတ်ကုသရတာကလည်း စာရိတ်ထောင်း အကြွေးတင်တာကြောင့်တကြောင်း အခုလို ဥပဒေနဲ့ စီစဉ်တာဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်ရမယ့် ဥပဒေရေးရာ အငြင်းပွားမှု ဖြစ်ပါတယ်။
ဖလော်ရီဒါမှာ ၁၇ နှစ်သား လူမည်းကို သီးသန့်ရပ်ကွက်စောင့် လူဖြူကင်းသမားက ပစ်သတ်မှု
          လွန်ခဲ့တဲ့ မတ်လကုန်ခန့်က ဖလော်ရီဒါပြည်နယ်၊ မြို့ငယ်လေးတခုမှာ ဆိတ်ငြိမ်ရပ်ကွက်တခုက ကိုယ်ထူကိုယ်ထ ကင်းသမားက ရပ်ကွက်ထဲဖြတ်ပြီး မုန့်သွားဝယ်တဲ့ လူမည်း ၁၇နှစ် ကျောင်းသားကလေးကို မသင်္ကာလို့ နောက်ယောင်ခံလိုက်ရာက အငြင်းအခုံဖြစ်ပြီး သူ့ကိုင်ထားတဲ့ သေနတ်နဲ့ အသေပစ်သတ်လိုက်တဲ့ အမှုဟာ အတော်ကို အမေရိကန်ကို ဂယက်ရိုက်သွားပါတယ်။
          ဖလော်ရီဒါပြည်နယ်မှာ ဥပဒေတခုက  Stand your ground ဆိုတဲ့ အခွင့်အရေး၊ မိမိအသက်ကို ကာကွယ်ဖို့ တပါးသူကို လိုအပ်ရင် လိုက်လံခုံခံကာကွယ်ခွင့်၊ သတ်ဖြတ်ခွင့်ရှိတယ် ဆိုတယ်။ သည်တော့ သတ်တဲ့လူဖြူက အဲသည်ကလေးကို မသင်္ကာလို့ လမ်းမှာ နောက်ကလိုက်ပြီး မေးမြန်းစုံစမ်းရင်း အငြင်းအခုံဖြစ်လို့ ရန်ဖြစ်လို့ မိမိအသက်အတွက် ခုခံပြီး သတ်ရတာလို့ ပြောတဲ့အတွက် ရဲက မဖမ်းပဲ လွှတ်ပေးလိုက်တာကြောင့် တပြည်လုံးက လူမည်းတွေ၊ လူ့အခွင့်အရေးသမားတွေက မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက်၊ မြို့ကလေးအထိသွားပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရတယ်။
          အခုတော့ ပြည်နယ်က အထူးတရားသူကြီးခန့်အပ်ပြီး အဲသည် လူသတ်သူ လူဖြူကို ပြန်လည်ဖမ်းဆီးလိုက်ပြီ။ ဒုတိယအဆင့်လူသတ်မှု (2nd degree murder) နဲ့ အမှုစွဲဆွဲပြီး အရေးယူ ကြားနာမှာ ဖြစ်ပါတယ်။ အဲသည်အမှုကိုလည်း စိတ်ဝင်စား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Posted by MoeMaKa at 6:13 PM 0 comments

Kyaw Thu - FFSS Yangon Activity,

ဘက်စုံပေးဆပ်မှုများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၁၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ထပ်မံ၍ တိုးချဲ့ပေးဆပ်မည်ဖြစ်သော အရေးပေါ်ကူညီ ကယ်ဆယ်ရေးတည်းဟူသော မီးလောင်ကျွမ်းမှု၊ မော်တော်ယာဉ်တိုက်မှု စသည့်မှုခင်းများတွင် အသက်အန္တရာယ်စိုးရိမ်ရသောလူနာများအား အချိန်မီအသက်ကယ်တင်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဆေးရုံကြီးများသို့ ပို့ဆောင်ကယ်တင်နိုင်ရန်ရည်ရွယ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်လူနာတင် ယာဉ်အား မေလဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ လူနာတင်ယာဉ်ပေါ်တွင် လိုက်ပါကြမည့် လူမှုရေးသမား အားလည်း မြန်မာနိုင်ငံ တိုင်းကြက်ခြေနီအဖွဲ့မှလာရောက်၍ အရေးပေါ်ရှေးဦးသူနာပြုစုနည်းသင်တန်းအား စာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ရာ လူမှုရေးသမား အယောက် (၃၀) ဦးတို့သည် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။







၁၉၊ ၄၊ ၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားဖြစ်သူ ဦးသန်းစိန်၏ မိခင် ဒေါက်တာဒေါ်ကြည်ကြည်သည် အ သက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ အမောဖောက်ကာ အသက်ရှုရန်ခက်ခဲသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) မှ အောက်ဆီဂျင်အိုးသွားရောက် ပေးပို့ခဲ့သော်လည်း လူနာ၏အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆရာဝန်၏ ညွှန်ကြား ချက်အရ အရေးပေါ်ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိသီတဂူဆရာတော်ဘုရားကြီး လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ်အား ဥက္ကဋ္ဌ ဦးကျော်သူနှင့် ကြက်ခြေနီသင်တန်းဆင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများမှ လျင်မြန်စွာဖြင့် ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ ဦး သန်းစိန်၏နေအိမ်သို့သွားရောက်ကာ မိခင်ဖြစ်သူ ဒေါက်တာဒေါ်ကြည်ကြည်အား လူနာတင်ယာဉ်ပေါ်သို့ သယ်ဆောင်ပြီး ဆရာဝန်ညွှန်ကြား ထားသော အလုံမြို့နယ်ရှိ အာရှတော်ဝင်ဆေးရုံသို့ အောက်ဆီဂျင်ပေး၍ ပို့ဆောင်ခဲ့သည်။ အာရှတော်ဝင်ဆေးရုံသို့ရောက်ရှိသော် အရေး ပေါ်ကုသဆောင်တွင်းသို့ အချိန်မီသယ်ဆောင်ပို့သခဲ့ကာ ဆေးရုံရှိ ဆရာဝန်ကြီးများ၏ကုသမှုကိုခံယူခဲ့သည်။

မိခင်ကြီး ဒေါက်တာ ဒေါ်ကြည်ကြည်သည် ယနေ့ ၂၀၊ ၄၊ ၂၀၁၂ ရက်နေ့တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ သတိပြန်လည်ရရှိ နေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် များစွာဝမ်းမြောက်ပီတိ ဖြစ်မိသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူ့လောကထဲသို့ ရောက်ရှိလာသောကလေးငယ်များအတွက် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်မွေးဖွားပေးခဲ့သလို၊ ကလေးငယ်များ၏ ပညာရေး (ယဉ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများ) ကို ပို့ချသင်ကြားပေးခဲ့သည့်အပြင် လူငယ် /ရွယ်များအတွက်လည်း ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (ရေး - ဖတ် - ပြော) သင်တန်းများ၊ လူမှုရေးသင်တန်းများအပြင် အလုပ် အကိုင်ရှာဖွေရေးအတွက် စာရင်းကိုင်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်နာသင်တန်းများကိုပါ (အခမဲ့) ဖွင့်လှစ်သင်ကြား ပေး ခဲ့သည်။ ၎င်းအပြင် ကျန်းမာရေးချို့တဲ့သော လူနာများအားလည်း (အခမဲ့) ဆေးဝါးကုသပေးခြင်းတို့ကိုပြုလုပ်ပေးကာ ဘဝတစ်ပါးသို့ ကူး ပြောင်းသွားသော သူတို့အတွက်လည်း နာရေးကူညီမှုလုပ်ငန်းအား (အခမဲ့) ကူညီဖေးမပေးဆပ်ခဲ့သည်။ ယခုဆိုလျှင် အသက်မဆုံးရှုံး သင့် ဘဲ မဆုံးရှုံးရအောင် အချိန်မီ အသက်ကယ်တင်နိုင်ရန် အရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ဆောင်မှုအားလည်း တိုးချဲ့လုပ်ကိုင်ပေးဆပ် နိုင် ပြီဖြစ်တော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကမ္ဘာမြေပြင်သို့ရောက်ရှိလာသော လူသားများ၏ ကမ္ဘာမြေပြင်မှ ပြန် လည်ထွက်ခွာသွားသည့်အချိန်အထိ လိုအပ်မှုများကို အရှိန်အဟုန်မြင့်စွာဖြင့် လူသားချင်းစာနာစိတ်မွေး၍ ဘက်စုံပေးဆပ်ကူညီမှုများကို တိုးချဲ့လုပ်ဆောင်နေပြီဖြစ်တော့သည်။

Maung Chaw Ngwe - Poem

ရယ်သံများ
မောင်ချောနွယ်
ဧပြီ ၂၁၊ ၂၀၁၂


လူတစ်ယောက်ရဲ့ရယ်သံမှာ
သတ္တုတွင်းပြိုကျသံတွေ
သင်တို့ကြားဖူးပါစ ။

သဘာဝမှာ ပန်းမပွင့်တဲ့အချိန်တွေရှိခဲ့ပြီ
စံပယ်ကိုခူးရတာ
ဆူးစူးတယ်လို့
သစ်သီးကိတ်ဟန်ဆောင်ခဲ့တဲ့
နေရောင်တွေကပြောခဲ့တယ်။

သူဟာ
အထိတ်တလန့် ချောကလက်မဟုတ်ဘူး
လထွက်မသေချာခဲ့ပါ
သံနဲ့လုပ်တဲ့ဒုက္ခတွေ
သူရခဲ့
ရောင်းစားလို့ရရင်ကောင်းမှာပဲလို့
ပရိရေသနအမှိုက်ပုံကပြောတယ်
လူမသိသူမသိ လူသွားလမ်းကလေး
သူလက်ဆောင်ရခဲ့
အကောင်းဆုံးအားတိုးဆေးဟာ
ငွေအကြောဆေးဖြစ်တယ်လို့
ခေတ်စားတဲ့ဘာသာဗေဒကပြောတယ်

သူဟာ
သံချေးတက်အသက်ရှုသံမဟုတ်ဘူး
ဂရင်းနစ်စံတော်ချိန်တွေ
ပိုးကျခဲ့
သူ့အမှန်တရားကို
နေလှန်းဆားနယ်သိပ်ထားခဲ့
သူ မစားရတဲ့စပျစ်သီးတွေက
ပိုချိုတယ်လို့
သူမစားရတဲ့စပျစ်သီးတွေကပဲ
သူ့ကိုပြောခဲ့တယ်
သူဟာ
လေငန်းဆွဲတေးသံမဟုတ်ဘူး
သူဟာ
အချစ်ကိုပေါင်းသင်မြက်နှုတ်ခဲ့တယ်
သူဟာ
လူသားရဲ့ဦးဦးဖျားဖျားရယ်သံဖြစ်တယ်
သူဟာ
ရတနာအစစ်ရဲ့မြေတူးသမားဖြစ်ခဲ့တယ်
သူဟာ
ကမ္ဘာမြေကြီးရဲ့ရေချိန်တစ်ခုဖြစ်ခဲ့တယ်
သူဟာ
စားရေရိက္ခာမရှိတဲ့အရပ်မှာနေတယ်
မြေရိုင်းတစ်ကွက်လို
ဟန်ဆောင်တတ်တယ်။

သူဟာကမ္ဘာမြေကြီးရဲ့အရိပ်တွေကို
ခွဲစိတ်နေခဲ့သူ
မာကျောကျောရှာဖွေမှုကို
အသက်မွေးဝမ်းကျောင်းပြုခဲ့သူ
သူဟာ
နာကျင်ခြင်းကိုတောင့်တခဲ့တယ်
စောင့်မျော်ခြင်းသစ်ပင်စိုက်ခဲ့တယ်
လိုက်လျှောခြင်းပြုခဲ့တဲ့နေ့တွေကို
ဆေးပေးမီးယူလုပ်ခဲ့တယ်
ေ၇တိမ်နစ်ခဲ့တဲ့သက်တန့်ကို
ကယ်တင်ခဲ့တယ်
ကြယ်များကိုနမ်းပြီး
သူပြောခဲ့တာက
“အနုပညာဆိုတာ...
လူသားရဲ့အပိုကရိယာပဲ ”...တဲ့
အဲဒါက
သူ့ကိုလိပ်ပြာနှုတ်သွားခဲ့တာပေါ့
ကမ္ဘာမြေကြီး။ ။
Posted by Aung Htet at 5:46 PM 0 comments

Law Eh Soe - Photo Show on 11th May 2012

လောအယ်စိုးဓာတ်ပုံပြပွဲ CEPA အနုပညာပြခန်းမှာ ကျင်းပမည်
မိုးမခအထောက်တော် ၀၀၂၊ ဧပြီ ၂၀၊ ၂၀၁၂

လာမယ့်မေလ ၁၁ ရက်နေ့၊ အမေရိကန်ပြည်၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ CEPA အနုပညာပြခန်းမှာမြန်မာပြည်က ပြောင်းရွှေ့ခိုလှုံနေထိုင်သူ သတင်းဓာတ်ပုံဆရာ ကရင်တိုင်းရင်းသား လောအယ်စိုးရဲ့ ဓာတ်ပုံပြပွဲ ကျင်းပမယ်လို့ သိရပါတယ်။

လောအယ်စိုးဟာ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့အရေးတော်ပုံမှာ သံဃာတော်များရဲ့ အကြမ်းမဖက်၊ မေတ္တာပို့ စီတန်းကြွချီ ဆန္ဒထုတ်ဖော်မှု သတင်းမှတ်တမ်းများကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ စစ်အစိုးရက အဆိုပါ အရေးတော်ပုံကို လက်နက်သုံး အကြမ်းဖက် သတ်ဖြတ် နှိမ်နှင်းခဲ့တဲ့ ဖြစ်ရပ်များကိုလည်း သတင်းဓာတ်ပုံ မှတ်တမ်း ယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

စစ်အစိုးရ သူ့ကို ဖမ်းဆီး ကန့်သတ်ဖို့ကြိုးစားလို့၂၀၀၇ စက်တင်ဘာလနှောင်းပိုင်း မြန်မာပြည်ကနေ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရာက၂၀၀၈ နှစ်ဆန်းမှာ နိုင်ငံရေးဒုက္ခသည်အဖြစ် အမေရိကန်ပြည်သို့ ပြောင်းရွှေ့ခိုလှုံခဲ့ပါတယ်။

သူရဲ့ထင်ရှားတဲ့ ဓာတ်ပုံတပုံကတော့ သပိတ်ကို မှောက်ပြီး ကိုင်မြှောက်ကြွေးကျော်နေတဲ့ ကိုရင်ကလေးရဲ့မျက်နှာ အနီးကပ်ဓာတ်ပုံဖြစ်ပါတယ်။ အလွန် အကျည်းတန်တဲ့ ရက်စက်မှုကို မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံဆရာဟာ အမေရိကန်ပြည်ရောက်ပြီး နှစ်အတော်ကြာ ကင်မရာ မကိုင်နိုင်လောက်အောင် စိတ်ထိခိုက်ခဲ့ရာကနေအခု ၂၀၁၂ မေလမှာ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ ၄၀ ကျော်ကို ပြသဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီဖြစ်ပါတယ်။

သူရဲ့ရွှေဝါရောင်အတွေ့အကြုံကို သူ့မိတ်ဆွေ ကရင်တိုင်းရင်းသား ရုပ်သံဒါရိုက်တာတဦးက မှတ်တမ်းတိုရိုက်ကူးခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီလ ရန်ကုန်မှာပြုလုပ်တဲ့ ကိုဇာဂနာဦးဆောင် စီစဉ်တဲ့ လွတ်လပ်ရေးနေ့ရုပ်ရှင်ပွဲတော်မှာ တင်ဆက်ခဲ့ရာ ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရပါတယ်။

"ကျနော်၂၀၀၃ ခုနှစ်လောက်က ဧရာဝတီမြစ်ရိုးတလျောက် မန္တလေး၊ မြင်းခြံ၊ စမြိတ်ခို၊ ရန်တပို စတဲ့ဒေသတွေက မြင်ကွင်းတွေကို ရိုက်ထားတဲ့ အဖြူအမည်းပုံတွေ၊ ပြီးတော့ ၂၀၀၇ ရွှေဝါရောင်တုန်းကပုံတွေ ပုံ စုစုပေါင်း ၄၀ လောက် တင်ဆက်ပြသမယ်။ တချို့ပုံတွေကို ကိုဇာဂနာ လာတုန်းက ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ စတဲ့ ကျနော်ကြည်ညိုချစ်ခင်သူတွေဆီ တဆင့်ပေးပို့ခဲ့ပါသေးတယ်။ ကျနော် ရိုက်ခဲ့တဲ့ အမေလူထုဒေါ်အမာရဲ့ ပုံလည်း ပို့ပေးခဲ့တာ ကိုညီပုလေးလက်ထဲ ရောက်သွားတယ်လို့ ကြားတယ်။ ကျနော် ပြပွဲကို ပထမဆုံး အမှတ်တရ ကျင်းပဖြစ်တာကို အေပီက သတင်းစာဆရာမ ဒေါ်အေးအေးဝင်းက အမှတ်တရ စကားရေးပေးမယ် ပြောပါတယ်။ ပြီးတော့ ရှားပါးပုံတခုဖြစ်တဲ့ ရွှေဝါရောင်ကာလမှာ ကျဆုံးခဲ့တဲ့ ဂျပန်သတင်းထောက်နာဂါအီ သေနတ်နဲ့ ပစ်သတ်မခံရခင် မိနစ် ၃၀ အတွင်းမှာ ကျနော်ရိုက်ခဲ့တဲ့ ပုံလည်း ပြပွဲမှာ ပြဖြစ်မယ် ထင်တယ်"
လို့ကိုလောအယ်စိုးက မိုးမခကို ပြောပါတယ်။

ဓာတ်ပုံပြပွဲစီစဉ်သူများက ကိုလောအယ်စိုးရဲ့ဓာတ်ပုံများကို အမှတ်တရဘောင်သွင်းပြီး ပြန်လည် ပေးအပ်မှာဖြစ်တဲ့အတွက် မြန်မာပြည်အထိမ်းအမှတ်ဓာတ်ပုံပြပွဲများ ပြုလုပ်ချင်သူ မြန်မာကွန်မြူနီတီများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများအတွက်ကိုလောအယ်စိုးက သူ့ဓာတ်ပုံတွေကို မေတ္တာနဲ့ ငှားယမ်းပြသခွင့် ပြုမယ်လို့ ဆန္ဒသဘောထားကိုပြောပြပါတယ်။

ဓာတ်ပုံပြပွဲ အစီအစဉ်ကတော့ အထက်ပါအတိုင်းဖြစ်ပါတယ်။
Posted by MoeMaKa at 5:05 PM 0 comments

Phoe Htet - Aticles

ယမကာ ချာတိတ်များသို့
ဖိုးထက်
ဧပြီ ၁၉၊ ၂၀၁၂




အရက်၊ ဘီယာကို ခုံခုံမင်မင် နှစ်နှစခြိုက်ခြိုက် သောက်သုံးသူများကို ဆရာမင်းလူက “ ယမကာ လုလင်” ဆိုသည့် လှတ ပတ နာမည်လေးဖြင့် တင်စားခေါ်ဝေါ်ခဲ့သည်။ အရက်သမား၊ ဇိုးသမား၊ အသောက်သမားဆိုသည့် နားအ၀င်ဆိုးသော အမည်များနှင့်စာလျှင် ဆရာတီထွင်ခဲ့သော နာမည်လေးသည် ချစ်စရာကောင်းသည်။ အပြစ်ကင်းသည်။

ယောက်င်္ကျားလေး ရာခိုင်နှုန်းအတော်များများ အရက်၊ ဘီယာ သောက်သုံးတတ်ကြမည်ထင်သည်။ ကျနော် ချာတိတ်၊ ပေါက်စနအရွယ်က စီနီယာ အစ်ကိုကြီးများ၊ လူကြီးများ အရက်သောက်ချင်လျှင် အမိန့်ရ အရက်ဖြူဆိုင်ဆိုသည့် တစ်ရပ်ကွက်တွင်မှ တစ်ဆိုင်လောက်ရှိသော ဆိုင်ကိုသာ သွားပြီး သောက်ကြ၊ စားကြတာကို တွေ့ရသည်။ စားတော်ဆက်ဆိုသည့်ဆိုင်တွေမှာ ရနိုင်ပေမယ့် များများစားစား ရွေးချယ်လို့ ရသော အခြေအနေ မဟုတ်ခဲ့တာကိုတော့ သိခဲ့သည်။ ကျနော်က သာမန်ပြည်သူဆိုတော့ အများစုသော သာမန်ပြည်သူ၊ ပြည်သားတွေကိုသာ သတိထားမိသည်။ ပိုက်ဆံတတ်နိုင်သော သူဌေးကြီးများ၊ အကပ်အရပ်ရှိသောလူကြီးများ ယမကာမှီဝဲဖို့ကတော့ ထိုအမိန့်ရ အရက်ဖြူဆိုင် များ ဖြစ်မည်မထင်ပါ။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ အရက်၊ ဘီယာဆိုင်များ ခပ်များများစားစားမရှိလှ။

သို့သော် အရက်ဆိုတာ ဘာလဲဟု ကောင်းကောင်းသိ၊ ကောင်းကောင်းစမ်းသပ်နိုင်သော အရွယ်ဖြစ်သည့်၁၉၉၃၊ ၁၉၉၄ ပတ်ဝန်းကျင်မှာ တော့ အရက်ဆိုင်၊ ဘီယာဆိုင်တွေက ကျနော်တို့ကို ပြန်ရွေးချယ်နေပြီ။ လမ်းထောင့်တိုင်း၊ လမ်းထောင့်တိုင်း၊ ရပ်ကွက်တိုင်း၊ ရပ်ကွက် တိုင်းမှာ ဘီယာဆိုင်တွေ အရက်ဆိုင်တွေက များမှများ။ ကုန်စုံဆိုင် ခပ်သေးသေးလေးမှာကအစ အရက်၊ ဘီယာကို ပိုက်ဆံပေးလျှင် ငါး နှစ်သားကအစ အချိန်မရွေး လွယ်လွယ်ဝယ်လို့ရသည်။

အရက်သေစာသောက်သုံးလျှင်ကောင်းသည်ဟု ဘယ်ဘုရားမှမဟောကြားခဲ့တာကို ကျနော်ဉာဏ်မှီသလောက် တွေးမိသည်။ မိုဟာမက် အရှင်က ၀က်သားနှင့်အရက် ရွေးချယ်ရတော့မယ်ဆိုလျှင် အရက်ကိုမရွေးချယ်ဖို့ တားမြစ်ခဲ့သည်။ ကျနော်တို့ ဗုဒ္ဓရှင်တော်ကလဲ သူရာမေယ ယျကို ငါးပါးသီလထဲမှာကိုထည့်ပြီး တားမြစ်တော်မူသည်။ ကျနော်တို့ဘုရားမပွင့်ခင်ကတည်းက ပေါ်ပေါက်လာခဲ့သော အရက်သေစာသည် ဘုရားတွေ၏ သာသနာတော်တွေထက် နှစ်တွေအကြာကြီးဖြင့် ကမ္ဘာလောကကြီးအလယ်မှာ ခေတ်စားခဲ့သည်။ ရေပန်းစားလျက်ပင် ရှိနေ သေးသည်။ အရက်သေစာသောက်သုံးသဖြင့် လောကသမိုင်းကြောင်းမှာ ကောင်းကျိုးရသော ပုံပြင်တွေ၊ နိပါတ်တော်တွေ၊ ဗျာဒိတ်တွေ မရှိ။ သို့သော် ကျနော် အပါအ၀င် မကောင်းမှုမှာမွေ့လျော်သောလူများက အရက်သေစာကို အလျင်းသင့်ရင် သင့်သလို သောက်သုံးကြသည်။

အရက်ကို အလွန်အကျွံသောက်သုံးကြပြီး ဘ၀ပျက်သွားကြသော၊ သေဆုံးသွားကြသော ကျနော့်ပတ်ဝန်းကျင်မှလူများကို ရေတွက်ကြည့် လျှင် အတော်များသည်။ အရက်ကို နွားသောက်၊ ခွေးသောက်၊ နာဋာဂီရိ ဆင်သောက်သောက်ပြီး ကျနော်ကိုယ်တိုင် အစာအိမ်တွေနာကာ သေမတတ်ခံစားဘူးသည်။ ခါးစပ်၊ ပူလောင်၊ ရောဂါရသောအရက်ကို ဘာကြိုက်ကြတာလဲမသိဘူးဟု အရက်မသောက်သောလူများ ပြစ် တင်သံကိုတော့ ကျနော်က ခင်ဗျားနားမလည်ပါဘူးဆိုသည့်သနားစိတ်နှင့်အတူ သဘောမတူချင်။

နှစ်ရှည်လများ ကွဲကွာနေသော ရင်ဘတ်မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ပြန်တွေ့သည့်ရံဖန်ရံခါအချိန်များမှာ ကျနော်ကတော့ အရက် (၀ါ) ဘီယာကို ဘ၀မှာအနှောင့်အယှက်မဖြစ်ရအောင် သောက်သုံးဆဲဘဲဖြစ်သည်။ ကျနော့် ကောင်းကွက်၊ ဆိုးကွက်များကိုသိသော ပြောမနာ ဆိုမနာသူများနှင့် ဘီယာသောက်ရင်း၊ စားရင်းသောက်ရင်း လေပေါရသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ အရက်အတွက် “ကြည်နူးသည်” ဆို သည့်အသုံးကို အငှားသုံးစွဲချင်သည်။ သို့ပေမယ့် အခုတစ်လောတွေမှာ ဘီယာဆိုင်တွေ၊ အကင်ဆိုင်တွေ ရောက်တိုင်း ရောက်တိုင်း မိန်းမ ကြီးကြီး၊ ငယ်ငယ် ဘီယာခွက်ကြီး တစ်ကိုင်ကိုင်ဖြင့် ယမကာမှီဝဲနေတာကိုဖြင့် ကျနော်က အတွေးနှစ်ခုဖြင့် မြင်ကြည့်မိသည်။

မိမိခြေထောက်ပေါ် မိမိရပ်နိုင်ပြီး အလုပ်အကိုင်ကောင်းကောင်းရှိသော လူလတ်ပိုင်းမိန်းကလေးများ ဘီယာသောက်နေတာကို ယဉ်ကျေးမှု အရ သိပ်သဘောမကျချင်ပေမယ့် ကျနော့်မသိစိတ်မှာ လက်ခံသည်။ မိမိကိုယ်မိမိ ကောင်းမွန်စွာထိန်းကျောင်းနိုင်သော အသက်အရွယ်ဖြစ် သည်။ အရက်သောက်လို့ မှားခဲ့တယ်ဟုပြောကြလျှင်တောင် ဘ၀တစ်ဆစ်ချိုးပြောင်းပြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားမည့်အရွယ်တွေ မဟုတ် တော့။ အရက်သောက်လို့ အမှားကြီးမှားသွားတယ်ဟုပြောလာသော သက်လတ်ပိုင်းလူများကို ကျနော်က အားရပါးရ လက်ညှိုးထိုးကာ ရီချင်သည်။ လောကကြီး၏ အကောင်းအဆိုးများကို ထုသား၊ ပေသား၊ လေ့ကျင့်သားရနေသည့်အရွယ်တွေပီပီ မိမိတာဝန် မိမိယူကြစတမ်း ပေါ့ဗျာ။ အများကြီးသောက်ရင် အများကြီးမူးမှန်းသိနေသောအရွယ်။ လောကသဘာဝကြီးကို စမ်းတ၀ါးဝါး စမ်းသပ်နေသော ကလေးလေး တွေလို အကြောင်းပြချက်မပေးကြစတမ်း။

ခပ်ငယ်ငယ် ချာတိတ်ကောင်လေး၊ ကောင်မလေးများ အရက်သောက်နေသည်ကိုတွေ့ရလျှင်တော့ ကျနော်က ဘယ်သူ့ကိုစိတ်ဆိုးလို့ ဆိုးရ မှန်းမသိ ဒေါသထွက်လာရသည်။ အစစ၊ အရာရာ နိမ့်ပါး၊ နိမ့်ကျနေသော နိုင်ငံအခြေအနေကိုလား။ အထိအခိုက်၊ အပွန်းအပဲ့များလာ သည့် မြန်မာ့ယဉ်ကျေးမှုလား။ လူမှုဗေဒပညာရှင်မဟုတ်သော ကျနော်လိုအကောင်က မှတ်ချက်ပေးတာ အန္တရာယ်များလှသည်။

ကျနော့် အသိတစ်ယောက်ကတော့ “ကိုရီးယားဇာတ်လမ်းတွဲ ယဉ်ကျေးမှုတွေပေါ့ကွာ” ဟု မှတ်ချက်ပေးသည်။ “အစိုးရပိုင် မီဒီယာတွေ ကိုယ်တိုင်က သားအဖချင်း ခွက်လဲသောက်၊ သမီးရည်းစားချင်း အရက်အတူသောက်တဲ့ ကိုရီးယားယဉ်ကျေးမှုတွေပြနေမှတော့ လူကွ၊ လူ။ ကောင်းတာသာ မသင်ချင်ကြတာ။ မကောင်းတာတော့ ယူပြီးသားဘဲ မောင်ရင်ရဲ့” ဆိုသည့် သူ့မှတ်ချက်က မှန်သည်ဆိုဦး အလုံးစုံမမှန်နိုင်။

ကိုရီးယားမှာ နှစ်ရှည်လများ အလုပ်လုပ်ခဲ့ဘူးသော ကျနော့်အတွက် ကိုရီးယားယဉ်ကျေးမှုကို ပညာရှိဆန်ဆန် မချဉ်းကပ်နိုင်တာဘဲရှိမည်။ လူတွေကို စိတ်ဝင်တစားလိုက်စပ်စုတတ်သည့်ကျနော့်အတွက်တော့ သူတို့လူမျိုးတွေ၏အကျင့်စရိုက်ကို တီးမိခေါက်မိရှိသည်။ ပါးစပ်က ဒီသူဌေး အလကားပါကွာ၊ မင်းတို့ အလုပ်ပြောင်းကြ။ ဒီ Company မကောင်းဘူး။ Bonus လဲ မသေချာဘူးဟု ပြောနေသော်လည်း အလုပ် မပြီးမချင်း၊ အလုပ်လက်စမသတ်မချင်း အိမ်ကိုမပြန်။ ညကြီး မိုးစုတ်စုတ်ချုပ်မှ ပါးစပ်က ပွစိ ပွစိပြောပြီး ပြန်သွားသည်။ နောက်ရက် မနက် အစောကြီး မျက်လုံးနီနီ၊ အိပ်ရေးမ၀သောရုပ်ဖြင့် ကော်ဖီခွက်ပူပူကို တရှူးရှူးသောက်ရင်း မနေ့က လက်စမသတ်နိုင်သောအလုပ်ကို ပြန်စဖို့လုပ်နေကြတာ တစ်ခါ၊ နှစ်ခါ ကြုံရသောကိစ္စမဟုတ်။

သူဌေးကို ၀က်ကြီး၊ နွားကြီး၊ ခွေးကြီးဟု အသုံးမကျသော ရှိရှိသမျှ သတ္တ၀ါများနှင့် နှိုင်းယှဉ်နေပေမယ့် ထိုသူဌေး၏ပစ္စည်းတစ်ခုခု ကျနော် တို့ကြောင့် အလဟသဖြစ်သွားလျှင် ဆူချင်၊ ငေါက်ချင်သည်။ “ဒါတွေက ဒယ်ဟန်းမင်းဂု (ကိုရီးယားနိုင်ငံတော်ကြီး) ဟာတွေကွ။ မပျက် စီးစေနဲ့။ မင်းတို့ သူ့ကိုမကျေနပ်ရင် ချောင်းရိုက်ကြမယ်” ဆိုသည့် ဟန်းဂုလူမျိုးတို့၏စကားတွေသည် သာကီမျိုးကျနော့်အတွက် အတုယူ စရာ။

ကိုရီးယားမှာ အလုပ်လုပ်နေစဉ် ကိုရီးယားဘာသာစကား အလကားမတ်တင်းသင်ပေးသည်သာမက ထမင်းပါကျွေးသော လူမှုရေးစင် တာများသို့ ကျနော်တို့သွားကြသည်။ သင်ကြသည်။ ဝေလေလေသွားလုပ်ကြသည်။ ကြီးကောင်ကြီးမား နိုင်ငံစုံ၊ လူမျိုးစုံလူမျိုးများကို သူ ငယ်တန်းကလေး စာသင်သလို စိတ်ရှည်လက်ရှည်သင်ပေးသော ကိုရီးယားသူလေးတွေသည် ကျနော်တို့အတွက် ဗူးကျချင်စရာ။ တစ်လ တွင် အနည်းဆုံး တစ်ခါ၊ နှစ်ခါခန့်လဲ ဆိုင်မှာ ထမင်းလိုက်ကျွေးသေးသည်။ အရက်ပါတိုက်သည်။ သီချင်းတွေသွားဆိုကြသည်။ နှစ်သစ် ကူးညများ၊ ပိတ်ရက်ရှည်ညများ၊ အမှတ်တရနေ့တွေမှာ သန်းခေါင်၊ သန်းလွှဲအထိ အရက်အတူတူသောက်ကြသည်။

အရက်အစုံသောက်ဘူးသော အားကောင်းမောင်းသန် ယောက်ကျားကြီးများဖြစ်သည့်ကျနော်တို့ကိုယ်တိုင် ခေါင်းမထောင်နိုင်အောင် မူးကြ သေးလျှင် ကျနော်တို့နှင့်ခွက်တိုက်သောက်နေသော ကိုရီးယားဆရာမလေးများသည် ဘာသားနဲ့ထုထားတာမို့လို့တုန်း။ မူးကြသမှ အလွန် မူးကြသည်။ သို့သော် သူတို့မသိသောလူများ၊ မယုံကြည်ရသောသူများ အရက်ဝိုင်းထဲတွင်များနေလျှင် ဘယ်လောက်တိုက်တိုက် နှစ်ခွက်၊ သုံးခွက်ထက် ပိုမသောက်ကြ။ သို့မဟုတ် သူတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးနိုင်၊ ထိန်းနိုင်မည့် ကိုရီးယားသား ဆရာခပ်ကြီးကြီး တစ် ယောက်တော့ ပါလာတတ်သည်။

ယောက်င်္ကျားတွေမူးလာလျှင် မဟုတ်သုတ်ကရ အတွေးတွေ၊ အလုပ်တွေ တွေးချင်ကြ၊ လုပ်ချင်ကြပေမယ့် ကျနော်တို့ကို ယုံကြည်လို့ အ တူတူအရက်သောက်နေသောဆရာမလေးတွေကို စည်းတစ်ခု ဇွတ်ဆွဲထားရသည်။ စောင့်ထိန်းဖို့ ကြိုးစားကြတာများသည်။ လူ့စိတ်ဆိုတာ များကလဲ ဆန်းကြယ်သည်ထင်သည်။ ယုံလို့ပုံအပ်ထားလျှင် ခိုးချင်ရင်တောင်မှ နည်းနည်းရွံ့သည်။ စဉ်းစားရသည်။ မယုံမကြည်ဖြင့် လူကို သူခိုး၊ ဂျပိုးလိုဆက်ဆံနေလျှင် လစ်လျှင်လစ်သလို ခိုးချင်၊ ၀ှက်ချင်ကြသည်။ မဟုတ်တာမှန်သမျှ အကုန်လုပ်ချင်သည်။ ထို့ကြောင့် ကျနော် တို့မှာလဲ ခေါင်းမထောင်နိုင်အောင်မူးနေပေမယ့် ချီး (ချေး) လာကျွေးလျှင်မစားသလို ဆရာမလေးများကိုလဲ အာလေး၊ လျှာလေးဖြင့် အီစီ ကလီပြောယုံထက် ပိုပြီး အဆင့်မတက်ရန် ချုပ်တည်းကြရသည်။ ကျနော်က ဒီလိုပြောသဖြင့် နင်တို့က လူကောင်းတွေပေါ့၊ သိပ်တော်ပေါ့၊ ဘုရားလောင်းတွေပေါ့ဟု ရွဲ့ချင်စရာ။ ကျနော်တို့အဖွဲ့ထဲမှာ အရမ်းမူးလို့ ချီး (ချေး) ကျွေးလျှင် မစားပေမယ့် ယုံကြည်မှုကို အခွင့်အရေး ယူချင်သောသူများလဲ ရှိတတ်သည်။

ထိုကဲ့သို့သော လူများက မဟုတ်၊ မမှန်တာလုပ်ပြီး ဆရာမလေးများကို စော်ကားမော်ကားလုပ်ချင်လျှင်လဲ ဆရာမလေးများက လိမ္မာပါးနပ်စွာ ရှောင်ထွက်သည်မှာ လှပသေသပ်လွန်းသည်။ ဒီလိုလူတွေပါသည်ဟု သံသယရှိလျှင် စားပွဲကို စောစောသိမ်းဖို့ကြိုးစားသည်။ လုံလုံခြုံခြုံဝတ် ဆင်သည်။ အဲဒီလို အကောင်တွေနား မကပ်။ အကပ်မခံ။ အရမ်းကာရောလွန်လာလျှင် ဘာမပြော၊ ညာမပြော ထထွက်သွားတတ်သည်။ နောက်တစ်ခေါက် စားသောက်ပွဲရှိလို့ သွားမည်ဆိုလျှင် အဲဒီလူပါရင် ငါတို့မလိုက်ဘူးဟု ပေါ်ပေါ်တင်တင်ဖွင့်ပြောသည်။ ဒီတော့ သောက် ရှက်မကွဲချင်သူများ ရှောင်ကြ၊ ရှားကြစေ။

ညမိုးချုပ် ဘူတာရုံတွေမှာ၊ လမ်းလေးတွေမှာ မူးရူးနေသော ကိုရီးယားစုံတွဲလေးများကို တွေ့ဘူးသည်။ ကောင်မလေးကို ကျောပိုးပြီး လှေ ခါးထစ် အမြင့်ကြီးတွေကိုတက်နေသောကောင်လေးများကိုကြည့်ကာ သနားစိတ်တောင်ဝင်မိသည်။ သူတို့ဦးတည်ရာက ဘယ်လဲ။ ဟော် တည်ကိုလား။ အိပ်ခန်းများကိုလား။ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများသည်။ သို့သော် သူတို့ယဉ်ကျေးမှုက သူတို့ကိုယ်ပိုင်။ ပြီးပြည့်စုံသောနိုင်ငံမှာ ရှင်သန်ကြီးထွားရသည့် နိုင်ငံသားတွေ။

အခြေခံအလုပ်ကြမ်းသမားတစ်ယောက်တောင်မှ တစ်လကို ဒေါ်လာ ၁၅၀၀ ခန့်ရနေလျှင် ထိုကိုရီးယားသားများ၏ အလုပ်အကိုင်၊ ၀င် ငွေသည် မပူမပင်ရ။ အလုပ်လုပ်ချင်စိတ်ရှိဖို့ဘဲလိုမည်။ ဘ၀တစ်ခုကို တည်ထောင်ချင်သည့်စိတ်ရှိဖို့ဘဲလိုမည်။ ဖြောင့်မတ်မှန်ကန်စွာ အုပ် ချုပ်သော၊ စေတနာရှိသော သူတို့အစိုးရက အစစအရာရာ ပြီးပြည့်စုံအောင်ဖန်တီးပေးထားသောအခြေအနေမှာ မမှားသင့်ဘဲ မှားကြစေဦး တော့ ဘာအရေးလဲဗျာ။ ရန်ကုန်- မန္တလေး ခရီးအကွာအဝေးကို လေးနာရီခန့်ဖြင့်ရောက်အောင်သွားနိုင်သော ကျည်ဆန်ရထားရှိသည်။ ကမ္ဘာ့အကောင်းဆုံးဟုပြောနိုင်သော သဘောင်္တည်ဆောက်ရေးလုပ်ငန်းကြီးများရှိသည်။ ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီးတွေရှိသည်။ အဆင့်မှီ ကားထုတ်လုပ်ငန်းများရှိသည်။ ရောဂါမရအောင်၊ ကျန်းမာအောင်၊ လွန်လွန်ကျူးကျူးမဖြစ်ကြရအောင် အသိရှိ ပညာတတ်အောင်သင်ကြားခံထားကြရသောလူများက အများစုဖြစ်သည်။

ရောဂါရမှ၊ မဖုံးနိုင် မဖိနိုင်ဖြစ်မှ ကြိတ်ကု၊ ကြိတ်လုပ်ရခြင်းထက် ပွင့်ပွင့်လင်းလင်းပညာပေးပြီး ရောဂါမရအောင်၊ ကာကွယ်ခြင်းများကို သင် ကြားပေးထားသော လူ့အဖွဲ့အစည်းကို ကျနော်က တစ်ဦးတည်းသဘောအရကိုကြိုက်သည်။ “ဒါဆို နင့်သမီးမွေးမှ အဲဒီလိုလုပ်” ဟု ပြောလာ မည့်လူများအား လောကကြီးသဘာဝအတိုင်း မသင်ပေးရဘဲ သိလာ၊ တတ်လာကြမည့်အကြောင်းအရာများကို ရူးချင်ယောင်ဆောင်၊ မသိ ချင်ယောင်ဆောင်လိုက်လို့ ကိစ္စတွေကပြီးသွားသလားဟုဘဲ ပြန်မေးချင်သည်။

ကျနော့်သူငယ်ချင်းလို သူများနိုင်ငံက ကြည့်ပါလို့မတိုက်တွန်းဘဲနှင့် ကိုယ့်ဘာသာကြည့်ပြီး အဲဒီဇာတ်ကားတွေကြောင့်ပေါ့ဟု မျက်နှာလွဲ ခဲပြစ်လုပ်နေတာကြီးကတော့ တဆိတ်လွန် လွန်းသည်ထင်သည်။ ကိုယ်ခံအား နည်းနေသောလူကို အပြင်က ရောဂါဘယတွေ ၀င်ကူးစက် ဖို့ လွယ်ကူသလိုဘဲ ဖြစ်မည်ထင်သည်။ ခိုးဝှက်ရမှာ မရှက်၊ ငါသိ၊ ငါတတ်၊ ငါ့ထက်တော်တာ မရှိဟုပြောရမှာ မရှက်သောလူတွေ မင်း မူနေကြသောအချိန်ကြီးမှာ မိမိနိမ့်ပါးတာမှန်သမျှ သူများကိုလွှဲချတာ နည်းလမ်းမှန်ကန်ပါ့မလား။ ငယ်ငယ်က ကျနော့်ကိုအမေရိုက်တော့ သေသွားသောအဖေ့ကို အပြစ်လွှဲချပြီး အာဗြဲကြီးနှင့်အော်ငိုသလိုမျိုးဘဲ ဖြစ်မည်။

ကိုရီးယားယဉ်ကျေးမှုကိုလိုက်ပြီး ချာတိတ်မလေးတွေဘီယာဆိုင်ထိုင်နေကြသည်ဟု လက်ညှိုးထိုးနေကြသောသူများကို ကျနော်က ပြန် ပြောချင်သည်။ ကိုရီးယားနိုင်ငံသားတွေလို ပညာကောင်းကောင်းသင်ပေး။ ဘ၀အာမခံချက်ရှိသော အလုပ်အကိုင်ကောင်းအောင် ဖန်တီး ပေး။ မိမိနိုင်ငံသားတွေ၏ သာရေး၊ နာရေးကို ရင်နှင့်အမျှ လိုက်ခံစားပေးသော အစိုးရအုပ်ချုပ်စေ။ ခိုးဝှက်ကြီးပွားခြင်း၊ ကပ်ဖား၊ ရပ်ဖား ချမ်းသာခြင်းသည် ရှက်စရာလို့ ချာတိတ်၊ ချာတိတ်မတွေစိတ်ထဲမှာ အမြစ်တွယ်သွားအောင် ရှေ့ဆောင်လမ်းပြနေပေး။ လူ့ဘ၀ကြီးမှာ ကိုယ်ကျင့်သီလ ပြည့်စုံတဲ့သူတွေသာ အောင်မြင်နိုင်တဲ့ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးလိုက်ကြစမ်းပါ။ ကိုရီးယားမှာ မိန်းကလေးတစ် ယောက် ဗလကာယအလုပ်ခံရလို့ ရဲချုပ်ကိုယ်တိုင်ရှက်လွန်းလို့ မိမိတာဝန် မိမိယူပြီး နှုတ်ထွက်သွားသလို တရားဥပဒေစိုးမိုးအောင် လုပ်ပေး လိုက်စမ်းပါ။

အထက်က ကျနော်ပြောခဲ့သောအကြောင်းချင်းရာများ ပြည့်စုံပြီး ကျနော်တို့ ညီ၊ ညီမများ အလုပ်အကိုင်ကောင်းကောင်းဖြင့် မိမိပတ်ဝန်း ကျင်ကိုအကျိုးပြုနေသော ပညာကိုတန်ဖိုးထားသော ပညာတတ်လေးများ ဖြစ်လာပါစေ။ ထိုအခြေအနေရောက်လို့မှ ဒင်းလေးတို့က ဘီယာ သောက်မယ်၊ အရက်သောက်မယ်ဆိုရင်လဲ ကျနော်က အတူတူတစ်ဝိုင်းထဲ ထိုင်သောက်ချင်သေးသည်။ မီးရောင်ထိန်ထိန်၊ သန်းခေါင်သန်း လွှဲ လုံလုံခြံခြုံ အိမ်ပြန်လို့ရနေသော ရွှေနိုင်ငံကြီးမှာ အေးအေးဆေးဆေး အရက်သောက်လို့ရသော လူ့ဘ၀ရစဉ်မှာ ပေါ့ပေါ့ပါးပါး သောက်ကြ၊ စားကြတာပေါ့လေ။ သူရာမေယျကံထက် ပိုပြီးရွံ့ဖို့ကောင်းတဲ့ ခိုး၊ ၀ှက်၊ မာန်မာနထောင်လွှား၊ ခြေထိုး၊ ငါတစ်ကော ကောခြင်းတွေ ဒင်း လေးတို့မလုပ်ရင်ဘဲ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ချကွာ တစ်ခွက်လောက်လို့ ကျနော်က “ကမ်ပေ့” လိုက်မည်။
Posted by Aung Htet at 7:04 AM 1 comments

talk with Kyaw Ko Ko

အိုးဝေ ဆင်ဆာတင်မည် မဟုတ်
အင်တာဗျူး
ဧပြီ ၂၀၊ ၂၀၁၂




အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုရှိန်းရာဇာထွန်း၊ ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အိုးဝေမဂ္ဂဇင်း စာစောင်နဲ့ ပတ်သက်လို့ စာပေစိစစ်ရေးက ဧပြီ ၁၈ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီသတင်းထောက်ငြိမ်းငြိမ်းက ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ကိုကျော်ကိုကို - အိုးဝေမဂ္ဂဇင်း၊ ကျောင်းသားမဂ္ဂဇင်းကို ထုတ်ဝေခဲ့တာ မည်သည့် မှတ်ပုံတင် စိစစ်ရေးကိုမှ တင်စရာမလိုဘဲ ထုတ်ဝေခဲ့တယ် ဆိုတာက သမိုင်းစဉ်လာအရ ရှိနေခဲ့တယ်။

ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဆင်ဆာကို ဖြတ်သန်းပြီး၊ စိစစ်ရေးကို ဖြတ်သန်းပြီး အိုးဝေမဂ္ဂဇင်း ထုတ်သွားမယ့် အခြေခံ သဘောထား မရှိပါဘူး။

ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်အရ ဒီမိုကရေစီအခွင့်အရေးအရ ကျောင်းသားထုရဲ့ မဂ္ဂဇင်းတစောင်ကို ကျောင်းသားထုရဲ့ ကြွေးကြော်သံတစောင်ကို လွတ်လပ်စွာ ထုတ်ဝေခွင့်ရှိရမယ်ဆိုတဲ့ အယူအဆမျိုး ကျနော်တို့အားလုံးဆီမှာ ရှိကြပါတယ်။

စာမှာပါတဲ့အကြောင်းအရာက ဧပြီလဆန်းပိုင်းက ဗကသများအဖွဲ့ချုပ် စည်းရုံးရေးကော်မတီက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းဟာ စာပေစိစစ်ရေးရဲ့ မူနဲ့အညီ ထုတ်ဝေထားခြင်း မရှိကြောင်းကို စိစစ်တွေ့ရှိရပါတယ် ဆိုတဲ့အချက်၊

အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးမှတ်ပုံတင် ဥပဒေနဲ့အညီ မှတ်ပုံတင်ရမယ်၊ ဒါမှမဟုတ် စိစစ်ရေးကို ဖြတ်သန်းပြီးတော့မှ စစ်ဆေးပြီးတော့မှ ထုတ်ဝေခွင့် ရှိတယ်ဆိုတာကို ခေါ်ယူ အသိပေး ဆွေးနွေးအပ်ပါတယ်ဆိုတဲ့အချက်၊

နောင်တချိန်မှာ အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် တည်ဆဲဥပဒေ နည်းပဒေများအတိုင်း ဆောင်ရွက်သွားပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ဆိုတဲ့ အချက် ၃ ချက် ပါတယ်။



ငြိမ်းငြိမ်း - လာတွေ့ဖို့အတွက် ဘယ်လို အကြောင်းကြားခဲ့တာလဲ။

ကိုကျော်ကိုကို - စာနဲ့ခေါ်တာတော့ မဟုတ်ဘူး။ လာတွေ့ဖို့အတွက် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုရှိန်းရာဇာထွန်းနဲ့ ကျနော့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားတာပါ။

ငြိမ်းငြိမ်း - ဘယ်သူက ခေါ်တွေ့တာလဲ။

ကိုကျော်ကိုကို - ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေပါ။

ငြိမ်းငြိမ်း - စာအုပ်ထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောသေးလဲ။

ကိုကျော်ကိုကို - စာအုပ်ထဲက အကြောင်းအရာတွေက အန္တရာယ်ရှိတာတွေ တခုမှမပါပါဘူး တဲ့၊ သူတို့ ပြောစကားအရ၊ တကယ်လည်း ဟုတ်ပါတယ်။

ကျနော်တို့ ပြောထားတာက ကျောင်းသားသမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အတွက်ကို လိုအပ်တဲ့ သမိုင်းစဉ်လာ အချက်အလက်တွေပဲ ပါပါတယ်။ ပြီးတော့ ကျနော်တို့ ကျောင်းသားထုကြားမှာ သမ
ဂ္ဂကို သိရှိအောင်လို့ တိုက်တွန်းနှိုးဆော်တဲ့သဘောဆောင်တဲ့ ဆောင်းပါးတွေကို ကျနော်တို့ ရေးသားLinkထားတာပါ။ ကျောင်းသားသမဂရဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တရားဝင်လှုပ်ရှားမှုတွေကို လက်ရှိ အချိန်ထိ လှုပ်ရှားမှုတွေကို တခုချင်းစီကဏခွဲပြီး ရေးထားတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့က အနရာယ်ရှိတယ်လို့ မမြင်ပါဘူး။

အဓိကအချက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ထုတ်ဝေတဲ့ မည်သည့်ဂျာနယ်မဆို မည်သည့်စာစောင်မဆို မည်သည့်မဂ္ဂဇင်းမဆို ပြင်ရမယ်ဆိုတဲ့အပေါ်မှာသာ အဓိက အသားပေးပြီး ဆွေးနွေးတာပါ။

မူရင်း - ဧရာဝတီဘလော့ www.irrawaddyblog.com
Posted by :) at 6:11 AM 0 comments
Labels: Interview

Thursday, April 19, 2012

Than Win Hlaing - Articles

ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကြီးဗထူး
(ခရစ် ၁၉၁၆ - ၁၉၄၅)

သန်းဝင်းလှိုင်
ဧပြီ ၁၉၊ ၂၀၁၂



တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက “ဗိုလ်ဗထူးသည် နာမည်နှင့်လိုက်အောင် ထူးမည့်သူဖြစ်သည်။ အကယ်၍ ၎င်းသာ ဆက်လက်အသက်ရှင်နေသေးပါမူ ၎င်းအတွက် ရှေ့တက်လမ်းများစွာရှိသည်ဟု ကျွန်ုပ်ယုံကြည်မိသည်။ သူသည် အကျင့်သိက္ခာရှိ၏။ ဉာဏ်ရှိ၏။ သတ္တိရှိ၏။ ဝီရိယရှိ၏။ သူ့ကို ကောင်းစွာမြေတောင်မြှောက်ပေးလျှင် သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတလွှားတွင်ပါ ကျော်ကြားနိုင်သော စစ်ခေါင်းဆောင်၊ စစ်သူရဲဖြစ်နိုင်၏။ သူသည် နိုင်ငံရေးဘက်တွင် များစွာအတွေ့အကြုံမရှိသေး လင့်ကစား သူ့တွင် နိုင်ငံရေးသန္ဓေဉာဉ်ရှိသည်ဟု ကျွန်ုပ်ယူဆသည်။ အကယ်၍ အခွင့်အရေးကောင်းစွာရပါမူ နိုင်ငံရေးတွင်လည်း စွမ်းစွမ်း တမံဖြစ်လာနိုင်သည်ဟု ကျွန်ုပ်ထင်၏။ ဤမျှ အလားအလာရှိသော ဗိုလ်ဗထူးသည် ကျွန်ုပ်တို့နှင့်အတူ မရှိတော့ပြီ။

သူသည် ကမ္ဘာအနှံ့အပြားတွင် အရေးပါအရာလည်းရောက်လုဆဲဖြစ်သော အလုပ်သမားလူတန်းစားမှ ပေါ်ထွက်လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေးမရှိသော အလားအလာမရှိသူ အများအပြားပေါ်ထွက်စေနိုင်သော လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်း လည်း လုပ်၍ စွန့်ခဲ့သည်။ ဝံ့ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင် နစ်ခဲ့ရသည်။ အကယ်၍သာ သူ့အစွမ်းသတ္တိများကို မဟာမိတ်တပ်များသည် သေချာစွာတွေ့ကြုံပါက အင်္ဂလိပ်စစ်တပ်တွင် သူရသတ္တိအတွက် အမြင့်ဆုံးဝိတိုရိယကရော့စ် (Victoria Cross) ခေါ် ဆုတံဆိပ်ကို ရမည်မှာ မလွဲဟု ထင်မိတော့သည်။ အမှတ် (၃) အင်္ဂလိပ်တပ်မမှူး ဗိုလ်ချုပ်ကြီးမစ်ဆာမီပြောပြချက်အရဆိုလျှင် ဗိုလ်ဗထူး၏နာမည်ကို လန်ဒန်ဂေ ဇက်တွင် ချီးကျူးဖော်ပြမည်ဟုပြောခဲ့သည်။ ဤမျှစွန့်စားတိုက်ခိုက်ခဲ့သော ဗိုလ်ဗထူးသည် တိုက်ခိုက်ရာတွင် ဘာမျှမထိခိုက်ဘဲ ငှက်ဖျားရော ဂါနှင့်ကျဆုံးရသည်မှာ ရေတိမ်တွင်နစ်ခြင်းသာဖြစ်တော့သည်” ဟူ၍ ပြောဆိုခဲ့သည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်) ၌ ထားဝယ်ခရိုင်၊(ယခု တနင်္သာရီတိုင်းဒေသကြီး) လောင်းလုံမြို့နယ်၊ လေးသွန်းခံ ကျေးရွာတွင် အဖ ရွာသူကြီး ဦးဘထွန်း (မြန်မာ့စွယ်စုံကျမ်း အတွဲ (၇) စာမျက်နှာ (၃၃၄) တွင်ဖော်ပြထားသော ဗိုလ်မှူးကြီး ဗထူးအတ္ထုပ္ပတ္တိ၌ ၎င်း၏ဖခင်အမည်ကို ဦးဖိုးထွန်းဟု မှားယွင်းစွာဖော်ပြထားသည်။) နှင့် အမိ ဒေါ်စိန်မြရင်တို့မှဖွားမြင်သည့် တတိယ မြောက်သားဖြစ်သည်။ သူ့အထက်တွင် အစ်ကို ဖိုးစုနှင့် ကိုပေါဒင်တို့ရှိ၍ အောက်တွင် ညီမ မခင်ကြည်နှင့်မစိန်ပိုတို့ ရှိသည်။

ငယ်စဉ်က လေးသွန်းခံရွာနှင့် လယ်ကွင်းကြီးတစ်ကွင်းခြားသည့် စစ်မြဲရွာဘုန်းကြီးကျောင်း၌ စတင်ပညာဆည်းပူးသည်။ မြန်မာစာအခြေခံအနည်းငယ်ရရှိလာပြီးမှ ထားဝယ်မြို့ရှိ ဆန်းချီရပ် ဆွေမျိုးအိမ်၌နေကာ အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်ပြီး အင်္ဂလိပ်-မြန်မာ (၇) တန်းအထိ ပညာသင်ကြားခဲ့သည်။ အလုပ်လုပ်ချင်စိတ်ပေါ်ပေါက်လာ၍ ကျောင်းမှထွက်လိုက်သည်။

မိဘနှင့်ဆွေမျိုးသင်္ဂဟများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း လက်မခံခဲ့။ ဟိန္ဒားသတ္တုတွင်းသို့သွားရောက်၍ အလုပ်ရှာဖွေရာ မိဘများနှင့်ခင်မင်ရင်းနှီးသည့် ဟိန္ဒားသတ္တုတွင်း အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် အလုပ်ရခဲ့သည်။ ထိုအလုပ်မှာ ရေစုပ်စက်ကြီး ကို ဆီထိုးရသည့်အလုပ်ဖြစ်ပြီး တစ်နေ့လျှင် တစ်ဆယ့်နှစ်ပဲရသည်။ ထိုမှ တစ်နေ့တစ်ကျပ်စား စက်မောင်းသမားဘဝဖြင့် ၁ နှစ်ခန့်လုပ် ကိုင်ပြီးနောက် ရိုးသားဖြောင့်မတ်၍ လုံ့လဝီရိယရှိစွာ ကြိုးစားလုပ်ကိုင်ခဲ့ခြင်းကြောင့် မိုင်းအိုဗာစီယာဘဝသို့ တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။

ပေါင်းသင်းဆက်ဆံမှုကောင်းခြင်း၊ ခေါင်းဆောင်မှုကောင်းခြင်းတို့ကြောင့် အလုပ်သမားပေါင်း၏ ချစ်ခင်ရင်းနှီးခြင်းကိုခံရကာ အလုပ်သမားစာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်လာရသည်။ ကိုဗထူးသည် နဂါးနီအသင်းဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

မိဘများနှင့် ခင်မင်ရင်းနှီးစွဲရှိသည့် ဟိန္ဒားမိုင်းအိုဗာစီချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏သမီး မအုန်းတင် (ဗိုလ်မှူးကြီးဗထူး၏ ဇနီးဒေါ်အုန်း တင် (၇၈) နှစ်သည် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ပိတောက်ရွှေဝါလမ်းနေအိမ်၌ (၂၇-၇-၉၂) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။) နှင့် တစ်စတစ်စ ချစ်ခင်မိလာခဲ့ကြသည်။ နှစ်ဖက်သောမိဘများကလည်း ကျေနပ်သဘောတူကြသဖြင့် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်၊ ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏အိမ်၌ ထိမ်းမြားလက်ထပ်ပေးခဲ့သည်။ သားကြီး မောင်ဖေဝင်း (ဗိုလ်မှူးမြင့်ထူး-စစ်အစိုးရ၏ညှဉ်းပမ်းနှိပ်စက်မှုကြောင့်စစ် ကြောရေးစခန်းတွင် သေဆုံးခဲ့ရသူ)၊ သားငယ်မောင်စိန်ဝင်း (ဦးစန်းထူး၊ ဒု-အုပ်ချုပ်ရေးအရာရှိ၊ ရေနံ-ကွယ်လွန်) နှင့် သမီး မခင်ဝင်း (ဒေါ် မိမိလေး) ဟူ၍ သားသမီးသုံးယောက် ထွန်းကားခဲ့သည်။

နယ်ချဲ့အရင်းရှင်လက်အောက်၌ ဆင်းရဲပင်ပန်းစွာလုပ်ကိုင်လာကြသော ပစ္စည်းမဲ့အလုပ်သမားများ၏ ဒုက္ခဘဝအတွေ့အကြုံကို ခံစားမိ သောအခါ မခံမရပ်နိုင်သဖြင့် ဇနီး၏မောင် မိုင်းအိုဗီစီယာ ကိုစိန်လင်း (၁၉၅၈ ခုနှစ် ထားဝယ်မြူနီစီပယ်ဥက္ကဌ ဦးစိန်လင်း) နှင့်အတူ ဟိန္ဒား သတ္တုတွင်း အလုပ်သမားအစည်းအရုံးကို ၁၉၄၀ ပြည့်နှစ်တွင် ဖွဲ့စည်းတည်ထောင်လိုက်သည်။ အလုပ်သမားဘဝနစ်နာမှုများကို ဖော်ထုတ် ပြီး အခွင့်အရေးတိုးတက်ခံစားရေး တိုက်ပွဲဝင်ခဲ့သည်။ ယင်းအချိန်၌ နယ်ချဲ့အင်္ဂလိပ်များ အာဏာပြင်းထန်စဉ်ဖြစ်၍ တိုက်ပွဲအောင်မြင်မှု မရသည့်အပြင် အလုပ်သမားများမှာ ပိုမိုဖိနှိပ်မှုကိုခံကြရသည်။ ကိုဗထူးနှင့်အတူ ယောက္ခမဦးလွန်းပင်နှင့် ယောက်ဖကိုစိန်လင်းတို့ အလုပ် ဖြုတ်ခံလိုက်ရသည်။ သို့သော် ၁၉၄၂ ခုနှစ်၊ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲအတွက် အလုပ်သမားများ၏ နှလုံးသားတွင် တန်ဖိုးမဖြတ်နိုင်သော တော်လှန်ရေးစိတ်ဓာတ်များ စတင်သန္ဓေတည်စေသည့်အမြတ်ကိုကား ရရှိလိုက်ပေသည်။

ထို့နောက် ဦးလွန်းပင်၊ ကိုစိန်လင်းတို့နှင့်အတူ ဖွတ်လက်တိုရွာ၊ ဓလိချောင်းရွာနှင့် ဖောင်းတောရွာများတွင် သစ်ကုန်သည်အလုပ်ကို လုပ် ကိုင်ရင်း သတ္တုတွင်းနယ်မြေဒေသ၌ နယ်ချဲ့ဆန့်ကျင်မှုစည်းရုံးရေးကို ဆောင်ရွလျက်ရှိသည်။

၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်မှူးကြီးလက်ျာဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်များနှင့်အတူ ယိုးဒယား (ထိုင်း)မှဖြတ်၍ ထားဝယ်မြို့နယ် မေတ္တာရွာကိုဖောက်ပြီး မြန်မာပြည်အတွင်းသို့ စတင်ဝင်ရောက်လာသည်။

ထိုအချိန်တွင် ကိုဗထူးတို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို တောင်သုံးလုံးရွာမှဆီးကြိုကြ၍ ဦးလွန်းပင် အထွေထွေတာဝန်ခံအဖြစ် သတ္တုတွင်းနယ်မြေဒေသ၌ တပ်သား၊ ရိက္ခာ၊ လက်နက်စုဆောင်းရေးတာဝန်ကို ဗိုလ်ဉာဏနှင့် တွဲဖက်တာဝန်ယူဆောင်ရွက်သည်။ ကိုစိန်လင်းက ယိုးဒယားပြည် ဘွန်တီးစခန်းသို့ လက်နက်များသယ်ယူပို့ဆောင်ရန် တာဝန်ခံအဖြစ် သွားရောက်ဆောင်ရွက်ရသည်။ ကိုဗ ထူးသည် မိမိ၏ချစ်စွာသော သတ္တုတွင်းအလုပ်သမားများနှင့်အတူ ဗိုလ်ဗလတပ်တွင် ဝင်ရောက်လိုက်၏။

ထားဝယ်မြို့ကို ဘီအိုင်အေတပ်က လုံးဝသိမ်းပိုက်လိုက်ပြီးနောက် ရှေ့သို့ စစ်ကြောင်းချီရာတွင် ကိုဗထူးသည် တပ်သား (၁၅) ယောက်ကို အုပ်ချုပ်ရသော သာမန်တပ်ကြပ်ကလေးရာထူးဖြင့် တာဝန်ယူဆောင်ရွက်ရသည်။

မြန်မာနိုင်ငံအတွင်း၌ အင်္ဂလိပ်နယ်ချဲ့တို့ထွက်ခွာသွားပြီးနောက် ၁၉၄၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊အိုင်၊အေ) ကိုဖျက်သိမ်းကာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ၊ ဒီ၊ အေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ်ဖွဲ့စည်းသော ဗမာ့ကာကွယ် ရေးတပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးရာထူးဖြင့် သေနာပတိခန့်အပ်၍ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်မှူးဇေယျတို့ အား တပ်ရင်းများကိုဦးစီးစေပြီးလျှင် တပ်ရင်း (၃) ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူးရန်နိုင်ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင်တပ်ရင်း အမှတ်(၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီးရာထူးဖြင့် တပ်ခွဲမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရလေသည်။

ဗမာ့ကာကွယ်ရေးတပ်မတော်ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှုလက်မှုတပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင်ဖွဲ့ခဲ့သည်။ ဗိုလ် ဗထူးကို ထိုတပ်တွင် ပြောင်းရွှေ့ထမ်းဆောင်စေ၍ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ကာ ဗိုလ်မှူးအဆင့်အတန်းသို့ တိုးတက်ခန့်ထားခံရသည်။ ကသာနယ်၊ အင်းတော်နယ်တဝိုက်၌ ဗြိတိသျှလေထီးတပ်သားများ လှုပ်ရှားလာသော အခါ၊ အင်ဖားသို့ ချီတက်ရန် လမ်းပန်းအဆက်အသွယ်များ လိုအပ်သောအချိန်တွင် ဗိုလ်မှူးဗထူး၏ စက်မှုလက်မှု တပ်ရင်းအမှတ် (၁) သည် လမ်းပန်းဖောက်လုပ်ရန်လည်းကောင်း၊ လေထီးတပ်များနှင့်ရင်ဆိုင်ရန်လည်းကောင်း မြောက်ပိုင်းစစ်မြေသို့ ထွက်လာရသည်။ အနေ အထိုင်အစားအသောက်ဆင်းရဲခြင်း၊ ဆေးဝါးရိက္ခာညံ့ဖျင်းခြင်းကြောင့် ရဲဘော်များ နာမကျန်းဖြစ်ကာ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ ဗိုလ်မှူးဗထူးကိုယ်တိုင်လည်း ငှက်ဖျားရောဂါစွဲကပ်ခဲ့ရလေသည်။ ဆက်သွယ်ရေးမရရှိမှုတို့ကြောင့် ၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား အယောင်ဆောင်လွတ်လပ်ရေးပေးလိုက်သည်ကိုပင် ဗိုလ်မှူးဗထူးတို့မသိလိုက်ဟု ဆိုသည်။

၁၉၄၄ ခုနှစ် မေလတွင် ဗမာ့တပ်မတော် (ဂျပန်ပေးသော လွတ်လပ်ရေးရပြီးနောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများခွဲခြားသတ်မှတ်ကာ ဗိုလ်မှူးဗထူးကို တိုင်းမှူးအဖြစ်ခန့်အပ်ပြီးလျှင် မန္တလေးသို့ ပြောင်းရွှေ့စေခဲ့သည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ငူဘက်တွင် ပျဉ်းမနားအထိ မြောက်ဘက်တွင် တမူး၊ ကလေးဝနယ်အထိကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ် ရင်း အမှတ် (၁)၊ (၃)၊ (၄) နှင့် (၅)၊ စက်မှုလက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီးတပ်များရှိသည်။ ဗိုလ်မှူးဗထူးသည် မန္တလေးတိုင်းမှူးအဖြစ် အဆက်ပြတ်နေသော တပ်ရင်းများဆီသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။

တစ်နေ့သော် အမရပူရမြို့ လူထုအစည်းအဝေးတစ်ခုအတွက် ဖိတ်ကြားခြင်းခံရသဖြင့် အဖော်အရာရှိ နှစ်ယောက်နှင့်အတူ ကားတစ်စီးဖြင့် ထွက်သွားကြ၏။ အစည်းအဝေးကိစ္စပြီး၍ ည (၉) နာရီခွဲခန့်တွင် ပြန်လာခဲ့၏။ ၎င်းတို့၏ကားနောက်မှ ဂျပန်စစ်အရာရှိ ကားတစ်စီးသည် မောင်းနှင်၍ လာ၏။ ကားသည် ရှေ့ကိုကျော်တက်ရန် ကားဟွန်းကို အဆက်မပြတ်တီး၍ လာ၏။ ဗိုလ်မှူးဗထူးက ကားမောင်းသည့်ရဲဘော်အား ရှောင်ပေးလိုက်ရန်ပြော၏။ သို့သော်လမ်းမှာ လမ်းကျဉ်းဖြစ်၍ မတက်နိုင်သည်ကို ကားပေါ်ရှိဂျပန်အရာရှိက ဂျပန်စကားဖြင့် ဆဲရေးတိုင်း ထွာ၏။ သို့နှင့် ဆက်လက်မောင်းလာရာ လမ်းကျယ်သို့ရောက်သည်နှင့် ဂျပန်ကားသည် ရှေ့သို့ကျော်မတက်ဘဲ ၎င်းတို့ကားရှေ့မှ ရပ် လိုက်ခြင်းဖြင့် ကားနှစ်စင်းလုံးရပ်သွားစေ၏။ ဗိုလ်မှူးဗထူးသည် ကားပေါ်မှဆင်းလိုက်၏။ ကားပေါ်မှ ဂျပန်အရာရှိသည်လည်း ဒေါသနှင့် စတင်စကားပြောရာမှ ဂျပန်အရာရှိသည် မိမိဓားကိုဆွဲချွတ်မည်အပြုတွင် ဗိုလ်မှူးဗထူးသည် မိမိဓားကို အမြန်ဆွဲထုတ်၍ ဂျပန်၏ဦးခေါင်း တည့်တည့်သို့ ခုတ်လိုက်လေသည်။

ထိုသို့ ဓားချင်းယှဉ်ပြိုင်ရေးနှင့်ပတ်သက်၍ အခြားသူတစ်ဦးတစ်ယောက်သာဆိုပါက တပ်မတော်အရာရှိကြီးများ အလုပ်ရှုပ်စရာ။ ယခုမူကား ဂျပန်တို့လေးစားသော ဗိုလ်မှူးဗထူးဖြစ်နေခြင်း၊ ဗိုလ်မှူးဗထူးအကူအညီကိုလည်း ဂျပန်တို့များစွာအလိုရှိနေခြင်း၊ ဗိုလ်မှူးဗထူးသည် လမ်းမ ကျလျှင် မည်သည့်အခါမျှ မခံကြောင်းကို ယခင်မြောက်ပိုင်း စစ်မြေပြင်မှအဖြစ်အပျက်ကိုလည်း ဂျပန်တို့သိရှိနေခြင်း၊ ဗိုလ်မှူးဗထူးကိုယ်တိုင် မတရားသည်ကိုမလုပ်ဟူ၍ ဂျပန်တို့နားလည်ခြင်း၊ ယခုကိစ္စမှာ မိမိတို့ဂျပန်အရာရှိကပင်လျှင် မူးယစ်ရမ်းကား ဆဲရေးတိုင်းထွာခြင်း စသည် တို့ကြောင့် ဗိုလ်မှူးဗထူးမှာ မည်သည့်အရေးအပြစ်ပေးခြင်းမှမခံရဘဲ အမှုပြီးပြတ်ခဲ့လေသည်။

ဗိုလ်မှူးဗထူးသည် အမည်နှင့်လိုက်အောင် ထူးခြားသည်။ တနေ့သော် ဗမာပြည်တစ်ပြည်လုံး ဖက်ဆစ်ဂျပန်တို့၏ ရက်စက်မှု၊ မမျှတမှု၊ အ သနားအညှာတာကင်းမဲ့မှုကြောင့် စားသောက်နေထိုင်မှုကျပ်တည်းကာ ကုန်ဈေးနှုန်းမြင့်မားသဖြင့် ‘ငါတည်တဲ့ဘုရား လင်းတပင်နားနား’ ဟူဘိသကဲ့သို့ မျက်စိကိုစုံမှိတ်၍ ခတ်မဆိတ်နေခဲ့သော ရုပ်သေးမဟာ ဗမာအစိုးရသည် အပိုရှားပါးစရိတ်ထုတ်ပေးရန် စီမံရတော့၏။

ထိုစဉ်အခါက ဗိုလ်မှူးဗထူးသည် အပိုစရိတ်ဂျပန်ငွေစက္ကူတော်တော်များများ ရလေသည်။ မိမိရုံးမှ ငွေစာရင်းအရာရှိက ငွေစက္ကူအထုပ်ကြီး ကို စားပွဲတွင်တင်ထားသည်ကို စူးစိုက်ကြည့်နေ၏။

“တချို့တော့လဲ သားမယားဆီ ပြန်ပို့ကြတာပဲ။ ငါလဲအိမ်ကို တစ်ခေါက်မှမပြန်မိဘူး။ ‘ဉာတကာနဉ္စသင်္ဂဟော’ ဆွေမျိုးတို့အား ထောက်ပံ့ရမည် လို့ ဘုရားဟောဒေသနာနဲ့အညီ သားမယားဆီ ငွေကြေးတော့ထောက်ပံ့သင့်တာပဲ။ ဒါပေမယ့် ငါယခုအလုပ်လုပ်နေတာဟာ မင်္ဂလာတရား တော်နှင့်အညီ သားကျွေးမှု၊ မယားကျွေးမှု၊ ဆွေမျိုးများ ထောက်ပံ့မှုအတွက်မဟုတ်ဘူး။ ငါစစ်ထဲဝင်တာ တိုင်းပြည်အတွက်ပဲ။ သူတို့ကို ထောက်ပံ့ချင်လို့ မဟုတ်ဘူး။ သူတို့ကို ဟိုစဉ်ကထောက်ပံ့ခဲ့ပြီ။ ကျွေးမွေးပြုစုခဲ့ပြီ။ အခု ငါ့အဖို့ ဒီငွေတွေကို ငါနဲ့ ဆင်းရဲဖော်ဆင်းရဲဘက် အလုပ်လုပ်ဖက်ဖြစ်တဲ့ ငါ့ရဲ့ရဲဘော်တွေကိုသာ ထောက်ပံ့သင့်တယ်” ဟုဆုံးဖြတ်ကာ စစ်မြေပြင်၌ အမျိုးမျိုးပင်ပန်းခဲ့သည့်ရဲဘော်များ အ ပန်းပြေစေရန် ပွဲလမ်းသဘင်ပြုလုပ်ပျော်ရွှင်ရေးအတွက် အသုံးချခဲ့လေသည်။ ဗိုလ်မှူးဗထူးက အစဉ်သဖြင့် ရဲဘော်များအား သတိရအားကိုး သလို ရဲဘော်တို့ကလည်း ဗိုလ်မှူးဗထူးအား လေးစားယုံကြည်အားထားခဲ့ပေသည်။

လူမျိုးအနေဖြင့် ဂျပန်လူမျိုးများမှာ ချစ်ခင်ဖွယ်ရာကောင်းလှသည်။ သို့ရာတွင် သူတို့ကျင့်သုံးသောဖက်ဆစ်ဝါဒမှာမူ အလွန်ဆိုးရွားလှသည်။ နောက်ဆုံး ဖက်ဆစ်ဒဏ်ကိုမခံနိုင်တော့သဖြင့် ဗိုလ်ချုပ်အမှူးရှိသော တပ်မတော်အရာရှိများ၊ ဗမာနိုင်ငံရှိ ဖက်ဆစ်ကိုတော်လှန်လိုသော အစည်းအရုံးများ၊ အသင်းအပင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဂျပန်ကို တော်လှန်ရန်ရွေးချယ်ခြင်း နယ်ခွဲခြားသတ်မှတ်ခန့်ထား ရာတွင် တိုင်းမှူးဗိုလ်မှူးဗထူးမှာ မူလမိမိစီစဉ်ထားရှိပြီးဖြစ်သော အထက်မြန်မာပြည်တိုင်းကိုပင် တာဝန်ခံခေါင်းဆောင်အဖြစ် ရွေးချယ်စေ လွှတ်ခြင်း ခံရလေသည်။ ဗိုလ်မှူးဗထူးသည် အထက်မြန်မာပြည်တိုင်းမှူးအဖြစ် လက်ရွေးစဉ်ရဲဘော်များကို ခေါင်းဆောင်ကာ ပြောင်းရွှေ့ သွားလေသည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဂျပန်ကိုတော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာကျင်းပသောဆွေးနွေးပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းဦးစီး သည့် တော်လှန်ရေးကော်မတီအဖွဲ့ဝင်တို့နှင့်အတူ ဗိုလ်မှူးဗထူး တက်ရောက်ခဲ့သည်။

၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ်တပ်တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည်ချီတက်ကြသည်။ ဗိုလ်မှူးဗ ထူးသည် နိုင်ငံစည်းရုံးရေး၊ စစ်ရေးအခွင့်သာမှုတို့ကို ရှေ့ရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှတပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ (၈) ရက်နေ့ ဂျပန်အား စတင်တော်လှန်တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့တပ်မတော်သည် ဂျပန်ကိုတော်လှန်ရန် အသေးစိတ်စီစဉ်ချက်များ မပြီးပြတ်သေး။ ဤတွင် ဗိုလ်မှူးဗထူးသည် သူ၏တပ်များ ဂျပန်တို့အားတော်လှန်ခြင်းကြောင့် ကျန်တပ်များ ဒုက္ခ တွေ့မည်ကိုသိရှိသဖြင့် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးအတွက် ကြေညာချက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဆက်အသွယ်ဖြတ်ကာ မိမိ၏တပ်ကို ဗမာ့တော်လှန်ရေးတပ်မတော်အမည်ဖြင့် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးနှင့် ပူးတွဲဆောင်ရွက်လျက် ဗိုလ်ချုပ်အောင်ဆန်းကို ရန်သူအဖြစ်ကြေညာလျက်ရှိကြောင်း ပရိယာယ်ဖြင့် ဖော်ပြကြေညာထားလေသည်။

ဗိုလ်မှူးဗထူး ထုတ်ပြန်ခဲ့သည့်ကြေညာချက်မှာ ....
“ရဲဘော်တို့ .... ငါတို့တစ်တွေသည် ငါတို့တိုင်းပြည်လွတ်လပ်ရေးအတွက် ငါတို့၏အသက်ကိုပမာမထားဘဲ တပ်မတော်သားပီပီ တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း အများသိကြသည်။

ဖက်ဆစ်ဂျပန်တွေသည် ငါတို့လူမျိုးများအား အမျိုးမျိုးညှဉ်းဆဲသတ်ဖြတ်ပြီး ငါတို့ကိုလွတ်လပ်ရေးမပေးဘဲ ကျွန်သဘောက်ဘဝသို့ ပို့ ဆောင်ခဲ့ကြကြောင်း၊ ဘမော်နှင့်အောင်ဆန်းအမှူးပြုသည့် ရုပ်သေးအစိုးရရဲ့စစ်တပ်သည် ဂျပန်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ကာကွယ်ပေး နိုင်လိမ့်မည်ဟု ငါတို့ယုံကြည်အားထားခဲ့ကြသော်လည်း ယခုအထိ သူတို့သည် မည်သည့်ကာကွယ်မှုကိုမျှ ပြုလုပ်မပေးနိုင်ခဲ့သဖြင့် ငါတို့ သည် ဤအတိုင်း ခေါင်းငုံ့၍ ခံမနေနိုင်တော့ပေ။

ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ ငါ့လက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါ စသောနယ်များရှိ တပ်များသည် ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့်ပူးပေါင်းလျက် ဖက်ဆစ်ဂျပန်တို့အား စတင်တိုက်ခိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။

ရဲဘော်တို့ ....
ဖက်ဆစ်ဂျပန်လူရိုင်းများအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သုတ်သင်ကြလော့။

ဗိုလ်မှူးဗထူး
မြန်မာ့တော်လှန်ရေးတပ်မတော်
အထက်မြန်မာပြည်

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကား နားလည်မှု ရရှိပြီးဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ (၂၇) ရက်နေ့တွင် ဂျပန်တော်လှန်ရေး အစီအစဉ်များကို အောင်မြင်စွာ ဆက်လက်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

မန္တလေးမြို့နှင့် မန္တလေးနယ်အတွင် မဟာမိတ်များမရောက်မီ ဗိုလ်မှူးဗထူးတပ်များသည် ဂျပန်များကို ရှင်းလင်းထားနိုင်ခဲ့သည်။ ဗိုလ်မှူး ဗထူးတို့ဖွဲ့စည်းထားသော ပြောက်ကျားတပ်များအကူအညီဖြင့် မဟာမိတ်တပ်များလည်း အောင်မြင်စွာချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ (ယခု ပြင်ဦးလွင်) ကို မဟာမိတ်များ သိမ်းပိုက် ရာတွင် ဗမာ့မျိုးချစ်ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်းထုတ်ပြန်ချက်များပေါ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အထက်မြန်မာပြည်တိုင်းတွင်း ဗိုလ်မှူးဗထူးစတင်တော် လှန်ခဲ့သော မတ်လ ၈ ရက်နေ့မှ ၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၇ ပွဲ တိုက်ခဲ့ရသည်။ တိုက်ရသော ရန်သူအင်အားမှာ ၈၁၀၀ ခန့် ရှိသည်။ ရန်သူ့ဘက်မှ အကျအဆုံးမှာ ၄၂၈ ယောက် (ဒုဗိုလ်မှူးကြီးတဦးအပါအဝင်) ၃၁ ယောက် ဒဏ်ရာရခဲ့သည်။ စစ်သုံ့ပန်း ၁၂ ယောက် ဖမ်းဆီး မိခဲ့သည်။ ဗိုလ်မှူးဗထူး၏ ထူးချွန်စွာဆောင်ရွက်မှုကြောင့် ၁၉၄၅ ခုနှစ်၊ မေလ (၁) ရက်နေ့ပါ ပြည်သူ့လွတ်လပ်ရေးတပ်မတော် (ဗမာ့မျိုး ချစ်တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူးဗထူးကို ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ နှစ်ဆင့်တိုးတက်ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ မန္တလေးတိုင်းတပ်မှူး ဗိုလ်မှူးဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူးအဆင့်အတန်းမှ ဗိုလ်မှူးကြီးအဆင့်အတန်းသို့ နှစ်ဆင့်တိုးပေးလိုက်သည်ဟု ဖော်ပြထားသည်။

မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီးဗထူးသည် ကျောက်ဆည်မှတစ်ဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်း မြို့သို့ ချီတက်ခဲ့သည်။ ထိုအချိန်က မိုးဥတုလည်းဖြစ်၍ ရာသီဥတုမှာ ကြမ်းတမ်းလှသဖြင့် ခရီးပမ်းလူပမ်းဖြစ်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးနှင့် တကွ ရဲဘော်တို့သည် ကျန်းမာရေးချို့တဲ့၍ ဖျားနာကြ၏။ ဗိုလ်မှူးကြီးဗထူးသည်လည်း အင်းတော်၊ ကလေးဝစစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်သော ငှက်ဖျားရောဂါပြန်ပေါ်လာတော့သည်။ ငှက်ဖျားရောဂါကို ရှိသမျှဆေးဝါးတို့ဖြင့် အစွမ်းကုန်ကုစားပါသော်လည်း နာလန်မထူ တော့ဘဲ ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂) ရက် ည (၈) နာရီ (၁၀) မိနစ်အချိန်တွင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်၊ မြင်းကြားဒိုးရွာအနီး တယ်လူးစခန်း၌ (၂၉) နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်သွားရှာလေတော့သည်။ မကွယ်လွန်ခင်အချိန်ကလေးမှာပင် စခန်းရှိရဲဘော် များကို ဗိုလ်အာဠာဝကတပ်ရှိမည့်နေရာကိုမေး၍ “အာဠာဝကကို ပြန်ခေါ်၊ စစ်ကိုဆက်တိုက်ကြ” ဟူ၍ နောက်ဆုံးအမိန့်ပေးခဲ့သေးသည်။ တယ်လူးစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြားဒိုးရွာအနီး အိမ်ခြေ (၇) အိမ်ခန့်သာရှိသော ရွာသိမ်ရွာငယ်ကလေးသာ ဖြစ်လေသည်။ တောင်ကြိုအုံကြား စစ်မျက်နှာတို့၌သာ အချိန်ကုန်ခဲ့ရသော ဗိုလ်မှူးကြီးဗထူးသည် ကွယ်လွန်ချိန်အထိ သူ့အား ဗိုလ်မှူးကြီးအဆင့်သို့ တိုး မြှင့်ဂုဏ်ပြုသော ဗိုလ်ချုပ်အောင်ဆန်း၏အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီးဗထူးကား ဗမာ့လွတ်လပ်ရေးအတွင်း ဝင်ရောက်သည့် နေ့မှစ၍ ဇနီးနှင့်သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက်ကြည့်ရှုရန် အချိန်မရလောက်အောင် တိုင်းပြည်နှင့်လူမျိုးအတွက် တာ ဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦးသာ ဖြစ်လေသည်။ ဗိုလ်မှူးကြီးဗထူး၏ပုံသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ မေးချွန်ချွန်၊ မျက်လုံးပြူးပြူး၊ မျက်ကွင်းချိုင့်ချိုင့်၊ နှုတ်ခမ်းမွှေးမတိုမရှည် ဆံပင်စုတ်ဖွားဖွားဟူ၏။

အောင်ပန်းမြို့ (ကလောနှင့် ၅ မိုင်ကွာဝေးသည်) တွင် ဗိုလ်မှူးကြီးဗထူးနှင့် ရဲဘော်များအတွက် ကျောက်တိုင်တစ်ခု စိုက်ထူထားသည်။ အဆိုပါကျောက်တိုင်တွင် “မြန်မာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန်တော်လှန်တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန် လဆုတ် (၈) ရက်နေ့ ည (၈) နာရီ (၁၀) မိနစ်အချိန် တယ်လူးစခန်းတွင်ကျဆုံးရှာသော ဗိုလ်မှူးကြီးကာနယ်ဗထူးနှင့် ရဲဘော်နှစ်ဆယ့် ခြောက်ယောက်” ဟု ကမ္ပည်းထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအားဂုဏ်ပြုချီးကျူးသောအနေဖြင့် တပ်မတော်မှလည်း ‘ဗထူးတပ်မြို့’ ဟူသော အမည်ဖြင့် တပ်စခန်းမြို့တစ်ခုကို ရပ်စောက် (လောက်ဆောက်) မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင် ၁၉၅၃ ခုနှစ်၌ တည်ထားလေသည်။

မည်သို့ဆိုစေ… ဖက်ဆစ်ဂျပန်တို့ကို ပထမဦးဆုံးတိုက်ခိုက်ခဲ့သော ဗိုလ်မှူးကြီးဗထူး၏အမည်သည် ထာဝစဉ်ထွန်းလင်းတောက်ပြောင်နေမည်မှာ မလွဲဧကန်ပင်တည်း။

စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)၊ စာ-၃၃၄၊ ၃၃၇။
(၂) သိပ္ပံစိုးရင်၊ ဗမာ့တော်လှန်ရေးအာဇာနည် ဗိုလ်မှူးကြီးဗထူး၊ ရန်ကုန်၊ ယုံကြည်ချက်စာပေ၊ ပကြိမ် ၁၉၆၉။
(၃) တင်တင်ဝင်း ‘ဗမာ့သားကောင်း ဗိုလ်မှူးဗထူး’ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၇ (၁၉၆၉၊ မတ်လ) စာ ၁၅-၁၉။
(၄) ဗိုလ်မှူးဗထူး၏ ပေးစာများ မြဝတီမဂ္ဂဇင်း (၁၉၇၀၊ မတ်)


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages