18th OCT - MoeMaKa Daily

14 views
Skip to first unread message

Maung Yit

unread,
Oct 18, 2012, 1:09:11 AM10/18/12
to sfbcir...@moemaka.info, moemak...@moemaka.biz, moemaka, burm...@googlegroups.com
ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
အောက်တိုဘာ ၁၈၊ ၂၀၁၂ 
 
 • ပြင်သစ်ဆိုတာ
ပါရီအကြောင်းမပြောခင် ပါရီဆိုတာ ပြင်သစ်ပြည်ရဲ့မြို့တော်ဆိုတော့ကာ ပြင်သစ်အကြောင်း နဲနဲစပြောရမှာပေါ့။ ပြင်သစ်ဆိုတဲ့ မြန်မာ အ ခေါ်အဝေါ်ဟာ ဘယ်တုန်းက ဘယ်သူကစတင်ပြီး ခေါ်ဝေါ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ သေသေချာချာမပြောနိုင်ဘူးလို့ ထင်ပါတယ်၊ မောင်ရင်ငတေဖတ်ဖူးခဲ့တဲ့ စာတအုပ်ထဲမှာတော့ (မွန်သမိုင်းပညာရှင်ကြီး နိုင်ပန်းလှရေးတာလို့ထင်ပါတယ်) ပြင်သစ်လူမျိုးကို ပြင်သစ်လို ခေါ်တဲ့ ဖရန်ဆေးဇ်၊ ဖရန်ဆေ့စ်၊ ပရန်သေ့စ်၊ ပရန်သစ်ကနေ မွန်လို မြန်မာလို ပြင်သစ်ရယ်လို့ ခေါ်ဝေါ်လာတယ်လို့ဘဲ နားလည်ထား လိုက်ပါတယ်။



အရှင်းဆုံးပြောရရင်တော့ ပြင်သစ်ပြည်ကြီးဟာ မြန်မာပြည်ထက် ကျဉ်းပါတယ်၊ သေးပါတယ်။ ဥရောပကုန်းမြေပေါ်ရှိတဲ့ မေထရိုပိုလီတန် ပြင်သစ်နိုင်ငံဟာ ၂၁၁၂၀၉ စတုရန်းမိုင်ကျယ်ပြီး အိုဗာဆီးပြင်သစ်နိုင်ငံလေးတွေနဲ့ပေါင်းလိုက်ရင်တောင်မှ ၂၆၀၅၅၈ စတုရန်းမိုင် သာရှိပါ တယ်။ လူဦးရေ စုစုပေါင်းက ၆၆ သန်းကျော်ခန့်ရှိတယ်။ အဲဒီထဲမှာမှ ပြင်သစ်စစ်စစ် ဘယ်လောက်ရှိသလဲဆိုတာကတော့ ပြင်သစ်လက် ရွေးစင် ဘောလုံးသမားတွေကိုကြည့်လိုက်တာနဲ့ဘဲ သိနိုင်ပါတယ်။ ခက်တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်ကာလက ထင်ရှားခဲ့တဲ့ နပို လီယံကိုမေးကြည့်ရင်လည်း သူကိုယ်သူ ပြင်သစ်စစ်စစ်လို့ပြောပါ့မလားလို့ မောင်ရင်ငတေ တွေးမိကြောင်းပါ။ နပိုလီယံက ပြင်သစ် တောင်ပိုင်း မြေထဲပင်လယ်ထဲက ကော်ဆီကာကျွန်းသားပါ။ ကော်ဆီကာကျွန်းဆိုတာ ယခုခေတ် အီတလီတို့ရဲ့ လွန်ခဲ့တဲ့နှစ် ၂၀၀၀ ခန့်က တည်ရှိခဲ့တဲ့ ရောမအင်ပါယာနယ်မြေထဲကပါ။ အဲဒီလို သမိုင်းကို ပြန်လှန်ကြည့်တဲ့အလုပ်ကတော့ မောင်ရင်ငတေရဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်အလုပ်မဟုတ် ကိုယ်သေချာမသိဘဲ ပြောမှားဆိုမှားဖြစ်ခဲ့ရင် ပြေးပေါက်မှားမှာစိုးရလို့ ဆက်မပြောတော့ပါဘူးနော်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကနေပေါက်ဖွားလာတဲ့သူတွေက နှစ်ဆယ့်တစ်ရာစုမှာတော့ ပြင်သစ်လူမျိုးစစ်စစ်တွေပေါ့ဗျာ။


ပြင်သစ်ပြည်ရဲ့တည်နေရာအနေအထားဟာ ဥရောပရဲ့ အနောက်ဖက်စွန်းရောက်နေပေမဲ့လည်း အဓိက အင်အားကြီးတိုင်းပြည်တွေနဲ့ နယ်နမိတ်ခြင်း ဆက်စပ်နေတာပါ။ နေမဝင်အင်ပါယာကြီးနဲ့လည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းပါ။ ဂျာမဏီ၊ အီတလီ၊ စပိန် ဘုရင့်နိုင်ငံတို့နဲ့ လည်း အခုဆိုရင် ရထားလမ်းတွေ အမြန်ကားလမ်းမကြီးတွေနဲ့ ဥဒဟို ဝင်ထွက်သွားလာနိုင်ပါတယ်။ မြေထဲပင်လယ် အတ္တလန်တိတ်သမုဒ္ဒရာ အင်္ဂလိပ်ရေလက်ကြား မြောက်ပင်လယ်တို့နဲ့ ဝိုင်းရံထားပါတယ်။ မြောက်ဘက်မှာ ဘုရင့်တိုင်းပြည် နိုင်ငံငယ်တွေဖြစ်ကြတဲ့ ဘယ်လ်ဂျီယမ် လူဇမ်ဘူးနဲ့ တောင်ပိုင်း စပိန်နယ်စပ်က အန်ဒိုရာနိုင်ငံရယ် ကမ္ဘာအချမ်းသာဆုံး တိုင်ပြည်တပြည်လို့ သတ်မှတ်ကြတဲ့ ဆွစ်ဇာလန်တို့နဲ့လည်း နယ်ခြင်း ဆက်စပ်နေပါတယ်။ အတိတ်သမိုင်းများမှာ ခပ်စွာစွာရှိခဲ့ဖူးတဲ့ ငဇင်ကာတို့ရဲ့ ပေါ်တူဂီပြည်နဲ့ ဒတ်ခ်ျတိုင်းပြည်တို့နဲ့လည်း လက်တ ကမ်း အကွာမှာရှိပါတယ်၊ ကုန်းမြေဆက်စပ်မှုများပြီး သွားရေးလာရေးလွယ်ကူခဲ့တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ ခုထိဝင်ထွက်သွား လာအခြေချ ပြောင်းရွေ့နေထိုင်မှုတွေများပြားခဲ့လွန်းတော့ ယခုခေတ် ပြင်သစ်စစ်စစ်တွေဆိုတာ ပြင်သစ်အီတလီ ပြင်သစ်အင်္ဂလိပ် ပြင် သစ်၊ စပိန်၊ ပြင်သစ်ဂျာမန်တွေလို့သာ ပြောလို့ရပါတယ်။

 

Départements d’outre-mer - Territoires d’outre-mer (The French Overseas Departments and Territories) ပင်လယ်ရပ်ခြား ပြင်သစ်ခရိုင်ဌာနများလို့ ခေါ်လို့ရနိုင်မဲ့ ကာရေဘီယံပင်လယ်ထဲမှာတည်ရှိတဲ့ ဂွါဒလု့ပ် (La Guadeloupe) နဲ့ မာတီနစ် (La Martinique) အပါအဝင် အခြားသော ကျွန်းပိစိလေးတွေရယ်၊ အာဖရိကတိုက် တောင်ဘက်စွန်းနဲ့ကပ်ရက် အိန္ဒိယသမုဒ္ဒယာထဲက La Réunion နဲ့ Mayotte လို့ခေါ်တဲ့ သာယာလှပတဲ့ ကျွန်းကလေးတွေမှာ မွေးဖွားနေထိုင်တဲ့ ကျွန်းသူကျွန်းသားလူမည်းများကလည်း ပြင်သစ်နိုင်ငံသားစစ်စစ် တွေအဖြစ် သတ်မှတ်ထားတာပါ၊ ပြင်သစ်နယ်တွေဖြစ်လို့ ယူရိုငွေကြေးဇုန်ထဲမှာ ပါဝင်ပေမဲ့ Schengen Visa Area ထဲတော့ မပါဝင်ပါဘူး၊ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Thierry Henry၊ Lilian Thuram၊ William Gallas တို့ဟာ ဂွာဒလု့(ပ်)လူမျိုးတွေ ဖြစ်ကြပါတယ်၊ အဲဒါကြောင့်လို့တော့ ထင်ပါတယ် ပြင်သစ်လူမျိုးတွေက ရုတ်တရက်ကြည်ရင် သွေးကြီးကြသလို ထင်ရမြင်ရပေမဲ့ လူမျိုးရေးအရတော့ ခွဲခြားမှု အထင်သေး အမြင်သေးမှု အရမ်းကိုနည်းပါးကြပါတယ်။ ကျနော်မြန်မာလူမျိုးပါလို့ ပြောတဲ့အခါတိုင်းမှာ သူတို့ကြည့်တဲ့အကြည့် ဆက်ဆံတဲ့အမူအရာ ပြောင်းလဲသွားတာကို မြင်ရတွေ့ရခဲပါတယ်။ မောင်ရင်ငတေတို့ရဲ့ အိမ်နီးနားချင်းတွေကတော့ တော်တော်ကို ဆိုးဝါး စွာ ဆက်ဆံခံခဲ့ရတာကို ကိုယ်တွေ့ကြုံခဲ့ရဖူးတဲ့သူပါခင်ဗျာ။


နောက်ပြီး မောင်ရင်ငတေ ရောက်ဖူးချင်တဲ့ ကမ္ဘာကျော် တဟီတီကျွန်းကလည်း ပစိဖိတ်သမုဒ္ဒယာ ထဲက ပြင်သစ်ရဲ့ကျွန်းလေးတကျွန်းပါဘဲ၊ ဒီကျွန်းဆီကိုတော့ အခုထိ မသွားနိုင်သေးပါဘူး။ မောင်ရင်ငတေသွားခဲ့တဲ့ခရီးတွေက ခြစ်ချုပ်ကုပ်ကပ်ပြီးထားတဲ့ ငွေစကလေးတွေနဲ့ လက်မှတ် ပေါပေါချောင်ချောင်ဝယ်လို့ရတဲ့အချိန်ရယ် ညအိပ်တည်းခိုလို့ရမဲ့ ရွှေမြန်မာတည်းခိုအိမ်တွေနဲ့ အဆက်အသွယ်ရမှသာ  သွား လာနိုင်တာပါဗျာ။ ကိုယ်ပိုင်စရိတ်နဲ့ သွားလာရလို့ စိတ်သွားတိုင်း ကိုယ်မပါပါဘူး။ ငွေများများဝင်ဖို့ အလုပ်လည်း မလုပ်တတ်ဖူးလေ။ ရနိုင်သမျှ ရောက်နိုင်သမျှတော့ သွားချင်နေတာပါဘဲ။ ဥရောပကို စတင်ခြေချဖို့ ကြံစည်ချိန်ကထဲက ပြင်သစ် ပါရီ အီဖယ်လ်သမိုင်းကို ကြိုက်နှစ် သက်တာရယ်၊ ဥရောပရဲ့ တဆက်တစပ်တည်းသော ကုန်းမြေကြီးပေါ်က သွားလမ်းလာလမ်း အလှမ်းသိပ်မဝေးတဲ့ သမိုင်းဝင်မြို့ တွေ တိုင်းပြည်တွေကို အခွင့်သာရင် ရောက်အောင်သွားချင်တဲ့ ဆန္ဒတွေ ရှိခဲ့တာရယ်။ ဒါတွေ တချို့တဝက်တော့ ပြည့်ခဲ့ပါပြီ။ နောက် ဆက်ပြီး သွားရနိုင်ဖို့ကိုတော့ ဘယ်သူ့ကိုတိုင်တည် ဆုတောင်းရမှာပါလိမ့်၊ ကိုယ်ကိုတိုင်က သိပ်အစွမ်းစရှိတာမှ မဟုတ်တာ မဟုတ်လား၊ ဖိတ်ခေါ်မဲ့သူ ပေါ်လာမလားလို့ပါဗျာ။

• ပါရီသမိုင်း
ပါရီမြို့ကို ခရစ်တော်မပေါ်ခင်နှစ် ဘီစီလေးငါးထောင်ကတည်းက တည်ဆောက်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြပါတယ်။ မား ဆေးလ်မြို့က ဘီစီ ၆၀၀ ခန့်ကတဲကတည်ရှိခဲ့ပြီး ပါရီထက် စောတယ်လို့လည်း ဖတ်မိ မှတ်မိပါတယ်။ ဟိုဖတ်ဒီဖတ်ဆိုတော့လည်း ရော ကုန်ပါပြီ။


 

၁၂ ရာစု ပါရီမြို့တော်ကတော့ ယနေ့ခေတ် မြို့လည်ခေါင်မှာရှိတဲ့ နော်တာဒမ် ဘုရားကျောင်း ပတ်ဝန်းကျင်တဝိုက်သာရှိသေးပါတယ်။ အ နော်ရထာတို့ ကျန်စစ်သားတို့ မင်းစောလူတို့ခေတ်က တည်ဆောက်ခဲ့တဲ့ ပုဂံဘုရားစေတီများနဲ့ သိပ်မကွာတဲ့ခေတ် ခေတ်ပြိုင် နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ၁၂ ရာစု မတိုင်ခင်ကာလ စောစောပိုင်းကတည်းက တည်ရှိခဲ့တဲ့ မြို့တော်ဟာ မြို့တော်ပါဘဲခင်ဗျာ။ ဒီမြို့တော်ကြီးဟာ အမြဲတမ်းမြို့တော် ဖြစ်နေအုံးမှာပါ။ မြို့တော်တွေ များပြားခြင်းဟာ အချင်းချင်း သွေးကွဲစေခြင်းတွေကို ဖန်တီးပေးစေတယ်လို့် ထင်မိပါ တယ်။ ပြင်သစ်ပြည်ရဲ့ ပထမမြို့ပါရီနဲ့ ဒုတိယမြို့များဖြစ်ကြတဲ့ လီယွန် (Lyon) မားလ်ဆေးလ် (Marseille) မြို့သားများဟာ အမြဲတမ်း ပြိုင်ဖက်တွေသာ ဖြစ်ခဲ့ကြပါတယ်။ ခုအထိ ဘောလုံးကန်တိုင်း ဘောသမားချင်းရော ပရိတ်သတ်ပါ အမြဲလိုလို ပြဿနာနဲ့ပါ။ ဒါတောင် လီ ယွန်မြို့က ပြင်သစ်ပြည်သမိုင်းမှာ ပြင်သစ်မြို့တော်လို့ မောင်ရင်ငတေတော့ တခါမှမကြားဖူးပါ။ မောင်ရင်ငတေ ဗဟုသုတနဲလို့ မဖတ်ဖူးလို့ လည်း ဖြစ်ရင်ဖြစ်မှာပါနော်။

 

ပါရီမြို့မှာ ၁၈၆၀ ခုနှစ်လောက်ကစပြီး ဒီကနေ့ထိ ထူးထူးခြားခြား အပြောင်းအလဲမရှိခဲ့တဲ့ အမှတ် (၁) ကနေ (၂၀) ထိ ရပ်ကွက်ကြီး ၂၀ ရှိ ပါတယ်။ အီဖယ်တာဝါ တည်ဆောက်ခြင်းမပြုရသေးတဲ့ ခေတ်ဖြစ်ပါတယ်။

၇၅ နဲ့စတဲ့ စာတိုက်သေတ္တာနံပတ်ကတော့ ပါရီမြို့ရဲ့နံပါတ်ဘဲဖြစ်ပါတယ်။ ဒီရပ်ကွက် ၂၀ မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်ပြီး ပါရီ မေထရိုပိုလီတန်မှာတော့ လူဦးရေ ၁၂ သန်းကျော် ရှိပါတယ်။ စုစုပေါင်းနိုင်ငံလူဦးရေရဲ့ ငါးပုံတစ်ပုံလောက်ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားမှာ မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသားဖြစ်နေသူ သုံးပုံတစ်ပုံခန့် ရှိနေပါတယ်။ ပါရီမြို့မှာ နိုင်ငံခြားသား ဘယ်လောက်များမများဆိုတာ မောင်ရင် ငတေတို့နေတဲ့ ပါရီမြို့တောင်ဘက် အစွန်းကျကျကနေ မြေအောက်ရထား စစီးပြီးသွားခဲ့တာဟာ မြောက်ဘက်စွန်း ဂိတ်ဆုံးဘူတာကို ရောက်ရင်ဖြင့် တရုတ်ပြည်ကနေ အိန္ဒိယကို ရောက်သွားတာလား အာရပ် အာဖရိကကိုဘဲ ရောက်သွားတာလား လို့ကို စိတ်ထဲမှာ အမြဲလို လိုဘဲ ထင်မြင်မိကြောင်းပါဗျာ။ အဲဒီတော့ကာ ရထားပေါ်မှာ ကြားရတဲ့စကားသံတွေကလည်း လူမျိုးပေါင်းစုံရဲ့အသံတွေ စုံတကာစိလို့ကို နေပါတော့တယ်။





အီဖယ်မျှော်စင် တည်ဆောက်ပြီးတဲ့ ၁၈၉၀ ကျော်နှစ်များက ပါရီမြို့ရဲ့ အဓိကနေရာ အဓိကအဆောက်ဦးများကတော့ ဒီကနေ့ခေတ် မောင် ရင်ငတေတို့ ရောက်ရှိခဲ့တဲ့နေ့များအထိ မပြောင်းမလဲ တည်ရှိနေတာကို ဒီပုံတွေမှာ ထင်ထင်ရှားရှားကို တွေ့ရှိရမှာပါ။ ဒါကြောင့် မောင် ရင်ငတေရဲ့ ပြင်သစ်လူမျိုး မိတ်ဆွေတယောက် အပြောကတော့ သူအီဖယ်လ်မျှော်စင်ပေါ် မရောက်တာကြာပြီဖြစ်ကြောင်း သူသက်တမ်း ငါးဆယ်မှာ တခေါက်သာရောက်ဖူးကြောင်း ဒါတောင်သူကျောင်းသားဘဝက လေ့လာရေးအဖြစ် ကျောင်းအစီစဉ်နဲ့ ရောက်ခဲ့တာဖြစ်ကြောင်း ခုထိ ဘာတခုမှ အပြောင်းအလဲမရှိလို့ သွားရမှာပျင်းကြောင်း စီးပွားရေးသမားတွေက ဂွင်ဖန်လုပ်စားနေတာဘဲ ဖြစ်ကြောင်းတွေ ပြောပြ နေလို့ မောင်ရင်ငတေကတော့ ပါးစပ်ပိတ် အသာဘဲ နားထောင်နေလိုက်ရကြောင်းပါခင်ဗျာ။ လူဘဲနော် အမျိုးမျိုးရှိတာပေါ့ မဟုတ်လား လွတ်လပ်စွာကွဲလွဲခြင်းပေါ့။



Photos : Google image


Posted by Aung Htet at 6:28 PM 0 comments 

Mandalay against OIC



O.I.C ကန့်ကွက်ပွဲ တစ်ပြိုင်နက်တည်းကျင်းပ မြင်ကွင်းနဲ့ အတွေ့အကြုံ
မိုးမခမိတ်ဆွေ၊ မန္တလေး ၊ ၁၅ အောက်တိုဘာ ၂၀၁၂
          မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှ ဒေါ်မြင့်မြင့်ကြည် ဦးဆောင်သည့် ဆန္ဒပြအဖွဲ့သည် ၁၅.၁၀.၂၀၁၂-ရက်နေ့ မွန်းလွဲ(၁)နာရီတွင် သိပ္ပံလမ်းနှင့် ၆၂-လမ်းထောင့်မှ စတင်ချီတက်ခဲ့ကြပါသည်။
          ဒေါ်မြင့်မြင့်ကြည် ဦးဆောင်သည့် မဟာအောင်မြေအဖွဲ့သည် O.I.C-ကို ကန့်ကွက်ခြင်းနှင့် ဘင်္ဂလာဒေ့ရှ်အကြမ်းဖက်မှုကို ရှုတ်ချခြင်းများပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကြီးဖြစ်ပါသည်။ မဟာအောင်မြေ မြို့နယ်မှူးရုံးတွင် တရားဝင်စာတင်၍ ခွင့်တောင်းခဲ့ရာ ခွင့်ပြုချက်ရသော အဖွဲ့လည်း ဖြစ်ပါသည်။
          မဟာအောင်မြေအဖွဲ့သည် မွန်းလွဲ(၁)နာရီတွင် သိပ္ပံလမ်းအဝိုင်းထောင့်မှ ၆၂-လမ်းအတိုင်း မြောက်ဘက်သို့ ဆက်လက်ချီတက်၍ ဆန္ဒပြရာလမ်းတစ်လျှောက်တွင် ဗီနိုင်းပိုစတာများ၊ ဂျပ်စက္ကူဆိုင်းဘုတ် များကိုင်ဆောင်၍ ကြွေးကြော်သံများမပါဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါသည်။
          ဗီနိုင်းပိုစတာများတွင် ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုကြောင်း၊ မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းဖြေရှင်းပေးရန် တောင်းဆိုထားသည့်စာသားများ ပါဝင်ပါသည်။
          ဆိုင်းဘုတ်များတွင် - ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်သမားများကို ချက်ချင်းအရေးယူပေးရန်၊ အပျက်အစီး များကို ပြန်လည်တည်ဆောက်ပေးရန်၊ ဗုဒ္ဓဘာသာဝင်များနှင့် ရဟန်းတော်များလုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် အစိုးရက အပြည့်အဝတာဝန်ယူရန်နှင့် O.I.C-ကို ကန့်ကွက်ထားသည့် ဆိုင်းဘုတ်များ ပါဝင်ပါသည်။
          ဒေါ်မြင့်မြင့်ကြည်ဦးဆောင်သော အဖွဲ့သည် အင်အား(၅၀)ကျော်သာရှိပြီး၊ ကြိုးဝိုင်းအတွင်းမှာသာ စည်းကမ်းရှိစွာ စီတန်းလှည့်လည်ကြခြင်းဖြစ်ပါသည်။
          ကြိုးဝိုင်းအတွင်း အင်အားငါးဆယ်နောက်တွင် လိုက်ပါအားပေးသူ ဆိုင်ကယ်များမှာ အင်အား(၁၀၀) ကျော်ရှိပြီး ၎င်းဆိုင်ကယ်တန်းကြီး၏ နောက်တွင် သံဃာတော်များအပါး(၂၅၀)ကျော် ချီတက်ဆန္ဒပြခဲ့ ကြပါသည်။ သံဃာတော်များက Get out O.I.C ။  O.I.C NO Need. စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး၊ O.I.C အလိုမရှိ၊ ဘင်္ဂါလီ အလိုမရှိ၊ ရိုဟင်ဂျာ အလိုမရှိ ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။
          ၃၅-လမ်း အရောက်တွင် အရှေ့ဘက်ကွေ့ကာ ၅၈-လမ်းအရောက်တွင် ရပ်နားပြီး လူစုခွဲသွား ကြပါသည်။
          ဒေါ်မြင့်မြင့်ကြည်တို့ အဖွဲ့သည် အင်အား(၁၀၀)ခွင့်ပြုချက်ရထားပြီး၊ လူ(၁၀၀)ကျော်  လိုက်ပါဖို့ စာရင်းပေးထားကြသော်လည်း လူ(၅၀)ကျော်သာ လိုက်ပါဆောင်ရွက်ကြသည့်အကြောင်းကို ဒေါ်မြင့်မြင့်ကြည် က ယခုလိုဖြေပါသည်။
          “မူလက ပါတီဝင်များနှင့် ပြည်သူများ စုံလင်အောင် စီစဉ်ထားတာ။ N.L.D ပါတီဝင်တွေလည်းပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်းပါတယ်။ မနေ့က (၁၄.၁၀.၂၀၁၂)ရက်နေ့ ဝန်ကြီးနှင့်အဖွဲ့ခေါ်မေးတော့ ပါတီနှင့် ပြည်သူတစ်သားတည်းရှိကြောင်းပြချင်လို့ အရပ်သားတင်မဟုတ်ဘဲ ပါတီဝင်တွေပါ အရပ်သား ဝတ်စုံဖြင့် ပါဝင် ဆန္ဒပြမယ့်အကြောင်းပြောမိတယ်။ ညနေလဲ ရောက်ရော ဆိုင်ရာပါတီတွေကို ဆင့်တယ်။ ပါတီတွေက ခေါ်ပြောတော့ မလိုက်ရဲကြတော့ဘူး။ ဒါ့ကြောင့် တစ်ရာမပြည့်တော့တာ”
        အဆိုပါ ဆန္ဒပြပွဲကို လုံခြုံရေးရဲများက ဝန်းရံလိုက်ပါ စောင့်ရှောက်ခဲ့ကြပါသည်။
          ၅၈-လမ်းတွင် ပြီးဆုံးသွား၍ လူစုကွဲသွားသောအခါ ဆန္ဒပြသူများသည် မိမိတို့၏ ဆိုင်းဘုတ်များကို ရုပ်သိမ်းပြီး၊ အိမ်တော်ရာ သံဃာ့အဖွဲ့နှင့် ဆက်လက်ပူးပေါင်းသွားပါသည်။

          မန္တလေးလူအဖွဲ့၊ သံဃာအဖွဲ့နှင့်အတူ ပခုက္ကူ၊ မြင်းခြံ၊ ရေနံချောင်း၊ ရန်ကုန်၊ စစ်တွေ စသည်တို့တွင်လည်း OIC-ကို ကန့်ကွက်သည်။ ဆန္ဒပြပွဲ တစ်ပြိုင်တည်း၊ တစ်နေ့တည်း ကျင်းပခဲ့ကြောင်း သိရပါသည်။
Posted by MoeMaKa at 5:09 PM 0 comments 
Labels: News Features

Kyaw Thu - FFSS Yangon Activity,

ဉာဏ်အလင်းဖြင့် ဘဝပုံဖော်နေသူများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
အောက်တိုဘာ ၁၈၊ ၂၀၁၂ 


နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ (၂၁) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲအား ၁၅.၁ဝ.၂ဝ၁၂ ရက်နေ့တွင် ပြည်သူ့ရင်ပြင်မှ ရန်ကုန်မြို့တော်ခန်းမအထိ (၃) မိုင်ခရီးအား ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြင်ဦးလွင်မြို့ “ပရဟိတမျက်မမြင် ပညာသင်ကျောင်း” မှ ကျောင်းသား/သူ (၇၈) ဦးတို့သည် ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့ နေ့လည် (၂း၃ဝ) နာရီအချိန်တွင် အမှတ် (၁၃/က)၊ ဗိုလ် မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိရာသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်ခဲ့ကြသည်။



  

 

 

 

ပြင်ဦးလွင်မြို့ “ပရဟိတမျက်မမြင် ပညာသင်ကျောင်း” မှ ကျောင်းသား/သူများအား မျက်မမြင် လက်စမ်းစူးဖောက်စာပေ၊ အစိုးရအတန်း ပညာ (သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ)၊ သာမန်လူများနှင့်အတူ ကျောင်းတက်စာမေးပွဲဖြေဆိုနိုင်သည့်အပြင် ဘဝရှင်သန် ရပ် တည်နိုင်ရေးအတွက် မြန်မာဂီတ၊ ခေတ်ပေါ် ဂီတ၊ ဗေဒင်ပညာ (နက္ခတ်၊ တားရော့စ်) ဝါး၊ ကြိမ်၊ သိုးမွှေး၊ ဇာပန်းထိုးခြင်း စသည့် လက်မှုပညာ ရပ်များနှင့် လက်နှိပ်အကြောပြင်ပညာ (မြန်မာ၊ ဂျပန်) တို့ကို သင်ကြားတတ်မြောက်ထားသူပီပီ မျက်မမြင်သော်လည်း ကိုယ်စိတ်ကျန်းမာ၊ ကြံ့ခိုင်ပြီး ဉာဏစွမ်းအားများဖြင့် နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ (၂၁) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်း လျှောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့သို့ရောက်ရှိခိုက် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သွားရောက်ချင်ကြောင်း ပြောလာကြသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ကားကြီးနှစ်စီးဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ရောက်ရှိလာခဲ့ရာ ဘုရားခန်းမဆောင်တွင် အနားယူကြရင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လူမှုရေးလုပ်ငန်းရပ်များအား စေတနာလုပ်အားပေးအဖြစ် ဝင်ရောက်၍ လုပ်ကိုင်ပေးဆပ်ကြမည့် မျိုးဆက်သစ်လူမှုရေးသင်တန်း အမှတ်စဉ် (၄/၂ဝ၁၂) သင်တန်းသား/သူများတို့သည် အသံဖြင့် မိမိတို့၏ရုပ်ခန္ဓာအား ပြောကြားမိတ်ဆက်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာ မောင်မောင်၊ အလုပ်အမှုဆောင် ဦးမြတ်ဆွေတို့သည်လည်း မိဘမဲ့မျက်မမြင် ကျောင်းသား/သူများအား အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ သူများတို့မှ ညီနောင်ငါးဦး”၊ “ရဲစိတ်ဇွဲမာန်ခွန်အား” ကဗျာနှင့် “တောင်ပေါ်မြေမှဖိတ်ခေါ်သံ” သီချင်းတို့အား မိမိ တို့ စွမ်းသည့်ဘက်မှ ပြန်လည်ရွတ်ဆိုခဲ့ကြသည်။ 

 


 

၎င်းအချိန်ခဏတာလေးတွင် ကျောင်းသား/သူများတို့၏ မျက်နှာများသည် ပြုံးပျော်ရွှင်လို့နေကြပါသည်။ မျက်မမြင်အများစုသည် အကြား စွမ်းရည် မြင့်မားကြသည်လားမသိ။ အသင်းသား/သူတို့၏ လက်ခုတ်သီး အားပေးသံများသည် သူတို့လေးတွေအတွက် ခွန်အားတစ်ရပ် ဖြစ်လို့နေခဲ့ပေသည်။ သူတို့၏ဘဝတွေကို စိတ်ဓါတ်မကျ အရှုံးမပေးဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိဖြင့် မိမိတို့ မျက်စိမြင်သည့် လူထက် ပင် ပို၍လုပ်နိုင်စွမ်းအားသည် လေးစားအားကျ ချီးကျူးဖွယ် အလွန်ကောင်းလှသည်။ မျက်မမြင် ကျောင်း သား/သူများသည် သူတို့၏ နေရာဋ္ဌာန ကျောင်းတွင် ဘေးအကူအညီမလိုပဲ တက်ကြွစွာ လှုပ်ရှားသွားလာနိုင်ကြသလို သာမန်လူများနှင့် တန်းတူလုပ်ဆောင်နိုင်ကြသည့်အတွက် မျက်မမြင်တိုင်း လူနှင့်လူ့ပတ်ဝန်းကျင်တွင် အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြပေသည်။

ယင်းနောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မျိုးဆက်သစ်လူမှုရေးသင်တန်း အမှတ်စဉ် (၄/ ၂ဝ၁၂)မှ သင်တန်းသား/သူများတို့စုပေါင်း၍ ပြင်ဦးလွင်မျက်မမြင်မိဘမဲ့ကျောင်းအတွက် အလှူငွေ ၈ဝဝဝဝိ/- ကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။ လှူဒါန်းမှုအစုစုအား မျက်မမြင် ကျောင်းသား/သူများတို့မှ မေတ္တာပို့ သာဓုခေါ်ဆိုခဲ့ကြပြီး သုခအာဟာရ စားသောက်ဆိုင်၌ တနင်္ဂနွေလုပ်အားပေး အဖွဲ့သား/သူ များတို့မှ လည်း စုပေါင်းလှူဒါန်းသည့် အချိုရည်များအား တိုက်ကျွေးခဲ့ပြီးနောက် နာရေးကူညီမှုအသင်း (ရန်ကုန်) အား လက်ပြနှုတ်ဆက်၍ မိမိတို့၏ ဘဝပုံရိပ်များအား ဉာဏ်အလင်းဖြင့် သရုပ်ဖော်တည်ဆောက်ရင်း (၂၁) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲ အတွက် အားအင်သစ်များ၊ စိတ်ခွန်အားများ မွေးဖွားပြင်ဆင်နေပါတော့သည်။
Posted by Aung Htet at 5:02 PM 0 comments 

Let Pa Daung Hills and Ledi Sayadaw History - Buddhadaw Wada Sayadaw


လက်ပတောင်းတောင်တန်းက လယ်တီဆရာတော်ကြီး သမိုင်းနောက်ခံ အမွေအနှစ်
ဗုဒ္ဓောဝါဒဆရာတော်၊ ကင်တာကီ၊ အောက်တိုဘာ ၁၈၊ ၂၀၁၂
မြန်မာနိုင်ငံရဲ့ သာသနာ့သမိုင်းမှာ ဒီပနီကျမ်းပေါင်းများစွာပြုစုရေးသားခဲ့သော လယ်တီဆရာတော်ကြီးရဲ့ သီလ၊သမာဓိ၊ပညာကတော့ မြန်မာပြည်သူများနှင့် ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာဝင်များအားလုံး နှလုံးသားမှာ အလေးမြတ်ထားရတဲ့ ကမ္ဘာကျော်လယ်တီဆရာတော်ဖြစ်တယ်ဆိုတာ စာပေလေ့လာသူတိုင်း သိကြပြီး ဖြစ်ပါတယ်၊ဗုဒ္ဓပရိနိဗာန်စံပြီး အိန္ဒိယနိုင်င်ငံ ဘီဟာပြည်နယ် တောင်ငါးလုံးကြားမှာ တည်ရှိနေတဲ့ ရာဇဂြိလ်မြို့ ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူမဏ္ဍပ်တော်၌ ရှင်မဟာကဿပ အမှူးပြုပြီး ပထမသံဂါယနာ တင်ခဲ့ကြတဲ့ ပိဋကတ်တော် ဗုဒ္ဓဟောခဲ့သည့် တရားဓမ္မဟာ သံဃာအစဉ်အဆက် သယ်ဆောင်လာခဲ့တာ ယနေ့ချိန်ထိ ပိဋကတ်တော်များ မပျောက်မပျက်ရှိခဲ့ပါတယ်၊၊
တောင်တန်းတွေ ထူထပ်တဲ့ ရာဇဂြိုလ်မြို့ လိုင်ဂူမှာ ပိဋကတ်တော်များအား သံဂါယနာတင်ခဲ့ကြသလို မြန်မာနိုင်ငံမှာ အလွန်ထင်ရှားတဲ့ လယ်တီဆရာတော်ဘုရားကြီးကလည်း မုံရွာခိုင် ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာအနီး ၁၂၆၅ ခုနှစ်  လက်ပတောင်းတောင်မှာ ၀ါဆို သီတင်းသုံးပြီး ပရမတ္ထသံခိပ်၊နိရုတ္တိဒီပနီ၊ သမ္မာဒိဌိဒီပနီ စတဲ့ ဒီပနီကျမ်းတွေ ရေးသားခဲ့တယ်။

တောင်ပေါင်း ၃ ကျိတ်ကျော်
ဒေသခံရွာသူ ရွာသားများ နုတ်ဖျားမှာ ဘိုးစဉ်ဘောင်ဆက် ခေါ်လာခဲ့တဲ့ တောင်အမည် သီးသန့်သူ့သမိုင်းနှင့်သူ ရှိနေတာဟာလည်း သမိုင်းအရ အရေးပါတယ်၊နယ်သူ နယ်သားအားလုံး နတ်ကြီးတောင်၊ နတ်ထိပ်တောင်၊ ကျောက်ကွင်းတောင်၊တောင်ပြောင်ကြီးတောင်၊ ကန့်လန့် တောင်၊၀ါရုံတောင်၊ကျောက်ကြီး၊လိပ်ကြား၊ ကျောက်တလုံးတောင်၊ဂွေးပင်ကြားတောင်၊ တောင်လက် မောင်းတောင်၊တောင်လက်မောင်းတောင်၊ မြောက်လက် မောင်းတောင်၊ မယ်စံမိတောင်၊ဟင်ဖိုး အိုးတောင်၊ မွန်းတည့်တောင်၊ရွှေမြင်တင်တောင်၊ နတင်ရင်းတောင်၊ရွှေသာလီကြားတောင်၊တောင်ခမောက်၊ ကျောက်ကြီး၊ စွန်တောင်၊ကျားလန်တောင်၊ တောင်မကြီး၊တောင်မကြီးတောင်လက်မောင်း၊တောင်မကြီး မြောက်လက်မောင်း၊ အရှေ့တောင်နီလေး၊ အနောက်တောင်နီကြီး၊ နွားချေးတောင်၊လိပ်ခွံတောင်၊ရွှေဘုံသာတောင်၊ရွှေစာလီတောင်၊ စုံးမတောင်မှန်တောင်၊ ဂမိတ်တောင်ဆိုပြီး တောင်တွေရဲ့ ပုံစံအနေထားကို လိုက်ပြီး ဒေသခံအားလုံးက ခေါ်ဝေါကြပါတယ်၊ တောင်ပေါင်း(၃၃)လုံးရှိပါတယ်။
တောင်တန်းကြီးရဲ့ အရှေ့ဖက်မှာ ညောင်ပင်ကြီးရွာ၊ အနောက်ဖက်မှာဆိုရင် မိုးကြိုးပြင်၊တောင်တန်းတွေရဲ့ တောင်ဖက်မှာ ဆည်တည်းရှိပါတယ်၊ တောင်(၃၃)လုံးရဲ့ အလယ်ဗဟိုအရပ်မှာ လယ်တီဆရာတော် သီတင်းသုံးခဲ့တဲ့ စင်္ကြန်ကျောင်းနှင့် ဆရာတော်ကြီး ကိုယ်တိုင် သမုတ်ခဲ့သော ၀ိသုံဂါမသိမ်လည်းရှိပါတယ်၊ ဝေဠုဝန်တောင်ကြားမှာ တောရကျောင်းတခုလည်း ရှိနေတာမို့ ဗုဒ္ဓသာသနာရဲ့ သမိုင်းအမွေအနှစ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်၊၊

လယ်တီဆရာတော်၏ တရားအမွေ
လက်ပတောင်းတောင်မှာ လယ်တီဆရာတော် ၀ါဆို ၀ါကပ်ချိန်မှာ ကင်းဝန်မင်းကြီးရဲ့ မွေးစားသား ပိုသိမ်ကြီး မြို့အုပ်ရာထူးနဲ့ ရောက်လာတဲ့ ခင်မောင်ကြီးနှင့် အပေါင်းဖော်များအား ဆရာတော်က တရားဟောလို့ အပြီးမှာ "မိုက်မလင်းနိုင်ဘု၊မြိုက်ခင်းညာဆီမှာ၊ခါတော်မီသီမဝေ့နိုင်ဘု’’ စသည်ဖြင့် လေးချိုးကြီးရေးကာ ဓမ္မ လက်ဆောင်အဖြစ် ကင်းဝန်းမင်းကြီးအား ပေးလိုက်ပါတယ်။
ဆရာတော်ရဲ့ စာရပြီး အဲဒီနှစ်မှာပဲ ကင်ဝန်းမင်းကြီး က ဆရာတော်အား အိမ်ကိုပင့်ပြီး တရားပွဲလုပ်ပါတယ်၊လယ်တီဆရာတော်ကြီးက တရား(၃)ည ဟောရာမှာ အာနပါန ထွက်လေထွက်လေအခြေခံ၍ ဓာတ်သဘာဝရဲ့ ရှူမှတ်ရပုံအစ အတ္တဒိဋ္ဌိဖြုတ်ပုံ ကမ္မဌာန်းတရားများ ဟောကြားခဲ့တယ်၊တရားရဲ့ သဘောသဘာဝကို နားကြား ရှုမှတ်ရတဲ့ ကင်ဝန်းမင်းကြီးက ဆရာတော်ရဲ့ တရားပွဲအပြီးမှာ ဆရာတော် ဟောတဲ့ ကမ္မဌာန်းတရားကို နတ်ရွာစံ သီပေါမင်းတြား သာသနာ့မွေခံ ဒါယကာ ဖြစ်ငြားသော်လည်း ဆရာတော်ရဲ့ အဘိဓမ္မာတရားတော်ကို မနာကြားရဘဲ နတ်ရွာစံသွားရလို့ တပည့်တော် အလွန်ဝမ်းနည်မိပါတယ်လို့ ပုထုဇဉ်သဘာဝအတိုင်း လယ်တီဆရာတော်အား လျှောက်ထားခဲ့ပါတယ်။
 လုပ်ဖော်ကိုင်ဖက် သီပေါမင်းဟာ ဇရပ်၊တန်ဆောင်း၊ကျောင်းကန်ဘုရား ပြသာဒ်နှင့် ပိဋကတ်အလှူကုသိုလ် အမြောက်အများလုပ်ခဲ့ပေမဲ့ လယ်တီဆရာတော်တရားကို နားခွင့်မရခဲ့ရှာပါဘူး၊ ရှေးမြန်မာမင်းတွေဟာ သာသနာတော်ကို အလွန်လေးစားယုံကြည် ကိုးကွယ်ကြခဲ့လို့ မြန်မာ့မြေမှာ စေတီပုထိုးများကို မြန်မာမင်းများ တည်ထားခဲ့ကြပါတယ်။
မျက်မှောက်ကာလ  စစ်အစိုးရနဲ့ အရပ်သား ဖားတပိုင်းငါးတပိုင်း ဒါမဟုတ် လင်းတပိုင်း ငန်းတပိုင်းဖြစ်နေတဲ့ သမ္မတ ဦးသိန်းစိန်ကအစိုးရ သာသနိကအဆောက်အဦးပိုင်များကို စောင့်ရှောက်ရမည့် အစား လယ်တီဆရာတော်ကြီးရဲ့ သာသနာ့မြေကို တရုတ်တွေကို ဖျက်ခွင့်ပေးလိုက်တာဟာ ဦးသိန်စိန်ဘ၀ နှိပ်ကျစေမည့် အကုသိုလ်ပင်ဖြစ်ပါတယ်၊၊

တောင်တန်းတွေပေါ်က စေတီပုထိုး ကျောင်းကန်
ရွှေမြင်တင်တောင်ထိပ်မှာ စလင်းကန်နယ် ဆရာတော်ကြီးကိုယ်တိုင် တည်ထားခဲ့တဲ့ ဥာဏ်တော် အတောင် (၂၀)ရှိတဲ့ အနုမြူကပ်ကျော်ဓာတ်ပေါင်းစေတီတော်တဆူရှိပါတယ်၊ဒီစေတီတော်အား (၁၃၃၈)ခုနှစ်မှာ ရှင်မတောင်ဆရာတော် ဦးစိန်ခဲ့တယ်၊လက်ဆင့်ကမ်း သူရဲ့ တပည့် ညောင်ပင်အိုင်တောရဆရာတော်ကြီးက (၁၃၄၂)ခုနှစ် စေတီတော်အား ဆက်လက်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်၊တောင်တန်းတွေနဲ့အတူ ဘုရားစေတီဟာ မြင်ရသူတိုင်း ကုသိုလ်ပွားစေပြီး သွားရင်းလာရင်း ကုသိုလ်ဖြစ်ခဲ့တာအမှန်ပါပဲ၊
ဥာဏ်တော်(၁၈)တောင်မြင့်တဲ့ စေတီတဆူရှိပါတယ်၊ဒီစေတီတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော် (၁၂၆၅) ခုနှစ်မှာ လယ်တီဆရာတော်ကြီး ဘုရားဝတ်ပြု ပုတီးစိပ် ကမ္မဌာန်းတရား အားထုတ်ပြီး ပူဇော်ခဲ့တဲ့ စေတီတဆူဖြစ်တယ်၊ လယ်တီဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်ပြီးချိန်မှာ ခြုံနွယ် ပိတ်ပေါင်း ထူထပ်လို့ ဖုံးကွယ်နေတဲ့ စေတီအား ၁၃၂၆ ခုနှစ်မှာ ရေစကြိုဆရာတော် ဦပုညက မွမ်းမံစောင့်ရှောက်ပူဇော်ခဲ့ပါတယ်၊၊
လယ်တီဆရာတော်ကြီး ကိုယ်တိုင် သမုတ်ခဲ့တဲ့ ၀ိသုံဂါမသိမ်တော်နှင့် ဆရာတော် ဇေတ၀န် စင်္ကြန်ကျောင်းမှာ သီတင်းသုံးရင်း စတုသစ္စဒီပနီကျမ်းကြီးရေးသားခဲ့တယ်၊အလားတူ ကမ္မဌာန်းကျောက်ဂူကျောင်း သီတင်းသုံးပြီး လယ်တီဆရာတော်ကြီးက ကျောက်ဂူမှာ တရားအားထုတ်၊ပြီးရင် ကိုယ်တွေ့ အားထုတ်တော့ သမာဓိတွေ အားကောင်းချိန် မဟာကမ္မဌာန်းကျမ်းကြီး ကမ္မဌာနဒီပနီကျမ်းကို ရေးသားစီရင်ခဲ့ပါတယ်၊၊
ဝေဠုဝန်တောရကျောင်းဆိုတာက နတ်ထိပ်တောင်၊ရွှေမြင်တင်တောင်၊တောင်မကြီးတောင် ဒီတောင်ကြီးသုံးခု ဖိုခုံနောက်ဆိုင်ဖြစ်နေတဲ့ သဘာဝအလှတရားနဲ့အတူ လယ်တီဆရာတော်ကြီး တောရဆောက်တည်လို့ တောရကျောင်းလို့ခေါ်တာပါ၊ဒီကျောင်းမှာ လယ်တီဆရာတော်နှင့်အတူ တပည့်ကြီး ဦးပိ(လယ်တီ ပိတ ဦးမောင်ကြီး)လည်း နေခဲ့ပါတယ်။
ကျောင်းဝင်းထဲမှာစင်္ကြန်ကျောင်း၊ဇရပ်ဆောင်(၄)ခု၊ဓမ္မာရုံကြီး၊ဆွမ်းစားဆောင်၊ သောက်ရေကန်စတဲ့ သာသနိကအဆောက်အဦးများ ပြည့်စုံတည်ရှိနေတဲ့ လယ်တီဆရာတော်ကြီးရဲ့ သာသနာပြုရာ လက်ပတောင်းတောင်ရဲ့ အလှအပဆုံးနေရာလည်း ဖြစ်ပါတယ်၊၊

လယ်တီဆရာတော်ကြီးရဲ့ သိမ်နှင့်ကျောင်း နဲ့ လက်ပံတောင်းတောင် ထိန်းသိမ်းရေး အမျိုးသားအရေး
စစ်အာဏာရှင်စနစ်ဆိုးကြောင့် မြန်မာနိုင်ငံ ထေရ၀ါဒသာသနာ ထိခိုက်နစ်နာမူတွေများစွာရှိခဲ့တယ်။ စစ်အစိုးရ  ဗိုလ်ချုပ်မှူးကြီး သန်ရွေလက်ထက်မှာ စတင်ခဲ့တဲ့ ကြေးနီစီမံကိန်းကို စစ်တပ်ဦးပိုင်နဲ့ဝမ်ပေါင် တရုတ်ကုမ္ပနီ အကျိုးတူ ပူးပေါင်းလုပ်ခဲ့ကြတယ်။
စစ်အစိုးရက လူထုကို လေးစားတန်ဘိုးထားရမှန်းမသိခဲ့လို့ လူထုနစ်နာမည့် ဧရာဝတီမြစ်ဆုံကိစ္စအစ အခုလုပ်နေတဲ့ လက်ပတောင်းတောင် စီမံကိန်းများဟာ လူထုသဘောဆန္ဒမပါဘဲ လုပ်ခဲ့ကြတာဖြစ်တယ်။
စစ်အုပ်ချုပ်ရေးကနေ လူထုလိုလားတဲ့ ဒီမိုကရေစီအစိုးရစနစ် ၂၀၀၈ မှာ အခြေခံဥပဒေ အတည်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၁ ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဟာ သမ္မတဖြစ်လာခဲ့တယ်၊တက်လာတဲ့ သမ္မတက နိုင်ငံခြားရင်းနှီးမြုပ်နှံမူနှင့် ပတ်သက်ပြီး မူဝါဒ(၄)ခု ပြည်သူလူထုကို ကတိပေးထားတာရှိပါတယ်၊ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအား ကာကွယ်ရန်၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်၊နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်၊သဘာဝပတ်ဝန် ကျင်ကို မထိခိုက်သော ရင်းနှီးမြုပ်နှံမူကိုသာ ခွင့်ပြုမယ်လို့ ဆိုထားပေမဲ့ လက်တွေ့မှာ ဒေသခံပြည်သူများရဲ့ စည်းစိမ် အိုးအိမ်အစ ရွာလုံးပျောက်ခဲ့ရ၊လုပ်စားစရာ မြေမရှိ၊ ကိုးကွယ်အားထားစရာ ကျောင်းကန်စေတီပုထိုး ဖျက်ဆီးခံနေရတဲ့ ဒီကနေ့ လက်ရှိအခြေနေဖြစ်နေပါပြီ။
တိုင်းသူပြည်သားတွေအပေါ်ထားခဲ့တဲ့ သမ္မတကြီးရဲ့ ကတိသစ္စာ(၄) ချက်သာ တည်ခဲ့မယ်ဆိုရင် လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်နဲ့ကျောင်းအပါဝင် ရွာသူ ရွာသားများရဲ့ ဘိုးဘွားပိုင်မြေယာတွေလည်း ကျင်းခွက် တမျိုး မြေပုံတဖုံဖြစ်ပြီး ဖျက်ဆီးခံရမယ် မဟုတ်ပါဘူး။ နေ့စဉ် စက်ယတြားတွေနဲ့ တောင်တွေကို မှိုင်းခွဲတယ်၊ မြေတွေ ဖြိုချနဲ့ လယ်တီဆရာတော် တရားအားထုတ်တဲ့နေရာ မှာ အခုလိုမျိုး တရုတ်တွေက မြန်မာ့မြေမှာ မြေလှန်ပြီး သူတို့ကြိုက်သလို လုပ်နေကြတာဟာ လူထုနေတဲ့ သည်းခံနိုင်စရာမရှိပါဘူး။

သမိုင်းတကွေ့အချိုးမှာ သမ္မတ ဦးသိန်းစိန်ဘ၀ ကျိုးကျမသွားစေဖို့
ရန်သူမျိုးငါးပါး ရေ၊မီး၊မင်း၊သူခို၊အမွေခံဆိုး ဗုဒ္ဓဟောတဲ့ထဲမှာ ‘’ မင်း’’ ဆိုတာလည်း ရန်သူထဲပါတယ်၊တိုင်းပြည် အုပ်ချုပ်တဲ့သူက မင်းကျင့်တရား(၁၀)ပါးနှင့်မညီဘဲ တိုင်းသူပြည်သားတွေအပေါ် မတရားလုပ်နေရင် အဲဒီမင်း အား တိုင်းသူပြည်သားတွေက ရန်သူလို သဘောထားမှာပါ၊ဒီလိုမဟုတ်ဘဲ ပြည်သူလူထုအပေါ် မေတ္တာရှေ့ ထားပြီး မင်းကျင့်တရားနှင့်ညီ အုပ်ချုပ်သွားရင် တိုင်းသူပြည်သားများက မေတ္တာထားကြမှာပါပဲ၊ရန်သူမျိုးငါးပါး ထဲမှာပါတဲ့ မင်းဆိုး မင်းယုတ်မျိုး ကိုယ်ကဖြစ်နေရင် ပြုပြင်ဖို့လိုပါတယ်၊၊
သမ္မတ ဦးသိန်စိန်ဘ၀ ပစ္စုပ္ပန် တမလွန် ဖြောင့်တန်းဖို့ဆိုရင် ပြည်သူလူထုအပေါ်ကို ဖြောင့်မတ်စွာ ကိုယ်တိုင်ကစလို့ အစိုးရတခုလုံးက ရှိဖို့လိုပါတယ်၊ တိုင်းပြည်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ အသက် စည်းစိမ် အိုးအိမ် မြေများကို ကိုယ်အတွက်ဖြစ်စေ ကိုယ်ပါတီ ကိုယ်အစိုးရတွက်ဖြစ်စေ အာဏာကို အလွှဲသုံစားပြုကာ လူထုအပေါ်ကို မတရားလုပ်ပြီး သူများဘ၀ပေါင်းများစွာကို မဖျက်ဆီးဘဲ နေထိုင် ကျင့်ကြံခဲ့ မယ်ဆိုရင် သမ္မတ အပါဝင် အစိုးရတဖွဲ့လုံးဟာ စစ်အစိုးရအတိတ်က သမိုင်းတကွေ့မှာ ဘ၀ကံ အမည်း ဖြစ်နေပေမဲ့ လက်ရှိချိန်မှာ လုပ်နေတဲ့ အလုပ်တွေသည် ဘ၀အဖြူရောင် ပြည်လည်ဖြစ်ရေးနှင့် ဘ၀ အဆက်ဆက် ကျိုးကျသွားစေမည့် ဘုရားမကြိုက်၊တရားမကြိုက်၊သံဃာမကြိုက်၊ ပြည်သူလူထုမကြိုက်တဲ့ “ဗာလ”လူမိုက် အလုပ်တွေကိုတာဆီးပြီး လူထုကြည်ညိုနိုင်တဲ့ နေ့ကို ရောက်အောင်ကြိုးစားပါလို့ တိုက်တွန်း လိုပါတယ်၊၊

ဗုဒ္ဓေါဝါဒဆရာတော်  နိုဝင်ဘာ(၁၇) ၂၀၁၂

(အယ်ဒီတာမှတ်ချက်၊ ဗွိုင့်စ်ဝိကလီသတင်းအရ အဆိုပါကျောင်းဆောင်နဲ့ သာသနာ့မြေကို ၀မ်ပေါင်နှင့် ဦးပိုင်က ဖျက်ဆီးခြင်း မရှိဟု ဒီဗီဘီသတင်းကို ငြင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ http://www.sawkyawoo.com/2012/10/blog-post_9651.html )

Posted by MoeMaKa at 3:39 PM 0 comments 

Duplicate Realism - Naing Oo Nyo (Po Zero)


( ဖြစ်ရပ်မှန် ကော်ပီ )
 နိုင်ဦးညို (ဖိုးဇီးရိုး)၊ အောက်တိုဘာ ၁၈၊ ၂၀၁၂

(ကာကွယ်ရေး)
ရပ်ကွက်အတွင်းရှိ
လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား၊

(ငြိမ်းချမ်းရေး)
လောက၌ … ရှိသော
များလူခပ်သိမ်း ငြိမ်းချမ်းကြပါစေ၊

(ကျန်းမာရေး)
ဆရာမ
သားသား ဗိုက်ထဲက
အောင့်အောင့်နေတယ်၊

(ဆက်သွယ်ရေး)
လူကြီးမင်း
ခေါ်ဆိုနေသော တယ်လီဖုန်းသည်၊

(ပညာရေး)
ဒို့ကျောင်းရဲ့ ဂုဏ်ကိုကွယ်
ထိမ်းသိမ်းကြရမယ်၊

(အားကစား)
မြန်မာ့ အားကစား
ကမ္ဘာကို လွှမ်းရမည်၊

(အလုပ်)
တိုင်းသူပြည်သား
လူအများတို့လေး  ဒူ ……….. ၊

(အမိန့်)
ဥပဒေကဲ့သို့
အာဏာတည်သော၊

(အတိုက်အခံ)
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြ၊

(နိုင်ငံရေး)
ဒို့အရေး
ဒို့အရေး ဒို့အရေး၊

(ပြန်ကြားရေး)
ဤတွင်သတင်းများကို
ကြေညာလို့ ပြီးပါပြီရှင်၊

(စကားချပ်)
ဤတွင်
(မပြီးချင်ဘဲ) ပြီးရပါပြီ၊   ။     

၁၂၁၀၂၀၁၂
Posted by MoeMaKa at 2:22 PM 0 comments 
Labels: Naing Oo NyoPoems

Sale of Hight Court Historic Building in Rangoon faced protest by Lawyers

တရားရုံးဟောင်း အဆောက်အဦများ ပုဂ္ဂလိက လုပ်ခွင့်မပြုရေး ဆန္ဒထုတ်ဖေါ် (မိုးမခဓာတ်ပုံသတင်း)
တိုင်းအစိုးရအဖွဲ့ရုံး အဖြစ်အသုံးပြုခဲ့ဖူးသည့် ကိုလိုနီခေတ် ပုလိပ်ရုံးရှေ့တွင်ဆန္ဒထုတ်ဖေါ်သူများအားယခုကဲ့သို့ တွေ့မြင်ရသည်။
မဟာဗန္ဓုလ ပန်းခြံရှေ့ ဗဟိုတရားရုံး (ဟိုက်ကုတ်) ရှေ့တွင်ဆန္ဒထုတ်ဖေါ်သူများ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်။


ရှေ့နေကွန်ရက်ဝင်များ
အမျိုးသား အမွေအနှစ်ကို ကာကွယ်စောင့်ရှောက်ဖို့ နှိုးဆော်သည့် စာတန်း
မိုးမခအထောက်တော် (ရန်ကုန်)၊ အောက်တိုဘာ ၁၇၊ ၂၀၁၂
Posted by MMK@YGN at 1:13 PM 0 comments 

Zaw Htet (Pyinmanar) - Poem

 ဘာတွေပဲဖြစ်ဖြစ် (မာသာထရီဆာရဲ့အခန်းထဲက ကဗျာ)
ဇော်ထက် (ပျဉ်းမနား)
အောက်တိုဘာ ၁၇၊ ၂၀၁၂


 

လူတွေက
ဘာမှန်းကိုမသိ
အဓိပ္ဗာယ်ကို မရှိကြ
ငါ ... ငါ ...ငါကို ငါမှ
ဘာဖြစ်ဖြစ်
သူတို့ကို ခွင့်လွှတ်ချစ်လိုက်ကြပါ။

မင်းကောင်းတာလုပ်ပြလည်း
သူတို့က မင်းဟာ
ကိုယ်ကျိုးရှာတာပါလို့
စွပ်စွဲမှာပဲ
ဘာပဲဖြစ်ဖြစ်
ကောင်းတာသာ ဆက်လုပ်ပစ်ပါ။

မင်းအောင်မြင်တယ်ဆိုရင်
မိတ်ဆွေအတုတွေရယ်
ရန်သူစစ်စစ်တွေရယ်
ပေါ်လာမယ်မနည်းဘူး
ဘာပဲဖြစ်ဖြစ်
အောင်မြင်ပစ်လိုက်ပါ။

မင်းဒီနေ့မှာ
ကောင်းတာတွေ
ဘယ်လောက်လုပ်နေနေ
မနက်ဖြန်တွေမှာ
မေ့သွားကြမှာပဲ
ဘာပဲဖြစ်ဖြစ်
ကောင်းတာတွေလုပ်ပစ်လိုက်ပါ။

မင်းရိုးသားခြင်းဖြင့်
ပွင့်လင်းမှုများဟာ
အားနည်းချက်ပါလို့
ဆိုချင်ဆိုပါစေ
ရိုးသားကာသာ
ပွင့်လင်းလိုက်စမ်းပါ။

မင်းနှစ်ပေါင်းများစွာ
ရင်းနှီးထားသလောက်
တည်ဆောက်ခဲ့တာတွေဟာ
တစ်ညတာနဲ့
ဖျက်ဆီးပစ်တာ
ခံရနိုင်လည်းပဲ
ဘာပဲဖြစ်ဖြစ်
တည်ဆောက်ပစ်လိုက်ပါ။

အကူအညီလိုနေတဲ့
လူသားတွေကို
မင်းကူမယ်ဆိုရင်
မင်းကို
ရန်လိုချင်လိုမှာပဲ
ဘာပဲဖြစ်ဖြစ်
ကူညီပစ်လိုက်ပါ။

မင်းရဲ့ရှိရှိသမျှ
အကောင်းဆုံးဘ၀ကို
ကမ္ဘာကြီးက
ရသွားတဲ့အခါ
မင်းနစ်နာမယ်ဆိုရင်လည်း
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကိုသာ ပေးပစ်လိုက်ပေတော့။

မင်းတကယ်သာ
မြင်ပါရင်တော့
အဲဒါတွေဟာ
ဘုရားသခင်နဲ့မင်းနဲ့ကြားမှာ
မင်းရဲ့ ကံကြမ္မာပါပဲ။

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
သူတို့နဲ့ မင်းကြားမှာ
အဲဒါတွေဟာ
မင်းရဲ့ ကံကြမ္မာဟာ
သူတို့နဲ့ဘာများ
သက်ဆိုင်ပါတော့လို့လည်း။   ။

Mother Terasa ရဲ့ အခန်းထဲမှာ ချိတ်ထားတဲ့ “DO IT ANYWAY” ကဗျာကို မှီငြမ်းစပ်ဆိုထားပါတယ်။

Photo by Aung Htet

News and Media

ရွေတွံတေးဆရာတော် တနေ့တာမှတ်တမ်း ဂျပန်ရုပ်သံမှတ်တမ်းအဖွဲ့မှရိုက်ကူး
  မိုးမခအထောက်တော်
အောက်တိုဘာ ၁၇၊ ၂၀၁၂ 


ဂျပန်နိုင်ငံမှ NHK သတင်းမှတ်တမ်းအဖွဲ့သည် ထိုင်းနိုင်ငံ မဟာချိုင်တွင် သီတင်းသုံးနေသော ရွှေတွံတေးဆရာတော်ထံ  ၆.၁၀.၂၀၁၂ နေ့ မှ ၁၄.၁၀.၂၀၁၂ နေ့ထိ လာရောက်ကာ ဆရာတော်၏ တနေ့တာမှတ်တမ်းကို လေးပိုင်းခွဲပြီး ရိုက်ကူးခဲ့သည်။

ဆရာတော်ထံ နေ့စဉ်လာရောက်ကြသော ပရိသတ်တို့၏ကိစ္စ ၅ ခုမှ ၂၅ ခုကို မေးမြန်းရိုတ်ကူးကြသည်။ အလုပ်လုပ်ခွင့် ပါမစ် (ဘတ်) ရှိ သူ/မရှိသူ ပတ်စ်ပို့လုပ်ပြီးသူ/မလုပ်သူ အလုပ်ရှင်၊ အလုပ်သမား၊ ရဲ၊ လ၀က၊ အာဏာပိုင် ၃ ပွင့်ဆိုင်ပြဿနာ  ပြည်တွင်းပြန်ရေး/မပြန်ရေး  ထိုင်းတွင် ဆက်လုပ်ရေး/မလုပ်ရေး နှစ်နိုင်ငံသဘောတူ MOU အလုပ်သမားကိစ္စ၊ ငွေကြေးပြဿနာ စသည်တို့ကို မေးမြန်းရိုက်ကူးသည်။





ထို့ ပြသ၁နာများအပေါ် ဆရာတော်၏ ဖြေရှင်းပေးမှု၊ အကြံပေးမှု၊ ကူညီပေးမှုတို့ကို မေမြန်းခဲ့သည်။ ရွှေတွံတေးဆရာတော်က“ဒီလိုဆောင် ရွက်နေရတာ စိတ်မညစ်ပါဘူး။ အာဏာပိုင်တွေဒုက္ခပေးတာကို ကိုယ်တိုင်လဲခံခဲ့ဘူးတော့ ဘ၀တူလိုဘဲ ခံစားနိုင်တယ်။ ကိုယ်ချင်းစာနိုင် တယ်။ တသားတည်း ရပ်တည်လုပ်ပေးနိုင်တယ်။ ကိုယ့်ရွာမှထက် နည်းနည်းလေး ပိုလုပ်နိုင်၊ ပိုစားနိုင် မီးရောင်လေးနဲ့နေနိုင်လို့သာ အ သက်သွေးချွေးရင်းပြီး လာရှာစားနေတာ ကောင်းလွန်းလို့တော့မဟုတ်ဘူး။ ဒီမှလဲ ပြဿနာက သောင်းခြောက်ထောင်ပါ။ ဒီပြဿနာအား လုံးရဲ့တရားခံက ကိုယ့်အစိုးရ၊ ထိုင်းအာဏာပိုင်၊ ကြားပွဲစားနဲ့ ကိုယ်တိုင်အတွေအကြုံ အသိဗဟုသုတနည်းလို့ပါ။ အားလုံးအတွက် ၀ိုင်းပြီး အများကြီး ကြိုးစားကြရဦးမှာပါ” လို့ ပြောကြားခဲ့သည်။
Posted by Aung Htet at 5:07 AM 0 comments 

Lai Lone - Cartoon

တမျိုးလုံး တဆွေလုံး
ကာတွန်း - လိုင်လုဏ်
အောက်တိုဘာ ၁၇၊ ၂၀၁၂

TUESDAY, OCTOBER 16, 2012

Journal pieces - True and ALD


ချောရတနာ၊ အီးတီရုပ်ရှင်၊ ရဲအရာရှိ အလိမ်ခံရခြင်း နဲ့ ဂျာနယ် အပိုင်းအစများ
အဝေးကြည့်မှန်ပြောင်း(ရန်ကုန်)
အောက်တိုဘာ ၁၇၊ ၂၀၁၂


True  ဂျာနယ် - အောက်တိုဘာ ၂
၁၂ တန်း၊ လူကုန်ကူးခြင်း နဲ့ ရဲအရာရှိ အလိမ်ခံရခြင်း
၁။ မြန်မာပြည် အထက်တန်းပညာရေးကို ၁၂ တန်းအထိ တိုးချဲ့မယ် ဆိုတဲ့ သတင်း ကြားပြီးဖြစ်မှာပါ။ True ရဲ့ သတင်းမှာတော့ ပြည့်ပြည့်စုံစုံ ရေးထားတဲ့အပြင် မတူတဲ့ အမြင်နှစ်ခုကိုပါ ထည့်သွင်းထားတဲ့အတွက် မျှတ ဘက်မလိုက်တဲ့သတင်း ဖြစ်နေတာကို တွေ့ရမှာပါ။

၂။ တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်၊ ကလေးတစ်ယောက်မွေးရမယ်၊ ပြီးရင် သိန်း ၃၀ လောက် ရမယ်၊ အိမ်ပြန်လာရမယ်လို့ စည်းရုံးတယ်။ အဲဒါကို လက်ခံသဘောတူပြီး လိုက်သွားတဲ့သူ အများကြီးရှိတယ်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှူး ဒုတိယရဲမှူးကြီးညွန့်လှိုင်ရဲ့ ပြောဆိုချက်ပါ။ ဒီအကြောင်းအပြင် မြန်မာပြည်မှာ ဖြစ်ပွားမှု အများဆုံး လူကုန်ကူးမှုအမျိုးအစားတွေကို သတင်းမှာ ဖော်ပြထားပါတယ်။

၃။ ရဲအရာရှိတယောက် မန္တလေးကနေ စစ်ကိုင်းကို ပြောင်းတာ ပြောင်းရွှေ့ကြေး သိန်း ၅၀ ပေါက်ဈေးရှိပါတယ် တဲ့။ အမှုတခုမှာတော့ သိန်း ၃၀ ပေးပြီးချိန် ပြောင်းရွှေ့ရေးကိစ္စမှာ ထူးခြားမှုမရှိတဲ့အတွက် ငွေအကုန်ခံတဲ့ရဲက ရဲစခန်းမှာတိုင်တယ်၊ ဒါကြောင့် ဒီအမှုကို စစ်ဆေး
နေတယ်လို့ ဆိုတယ်။ အတော်လေးကို ရယ်စရာကောင်းတဲ့သတင်းမျိုးပါပဲ။
ရဲအလိမ်ခံရ၊ ပြောင်းရွှေ့ရေးလာဘ်ထိုးရတာ ဈေးကြီးနေတဲ့ကိစ္စ၊ နေရာဒေသအပြောင်းအလဲ စတာတွေကို အသေးစိတ် သိရရင် ကောင်းမှာပါ။

ဒီသတင်း ၃ ပုဒ်ကို 
= Click =   မှာ ဖတ်ပါ။

ရခိုင်ဒေသ လူထု အစည်းအဝေး

ရသေ့တောင်မှာ ကျင်းပခဲ့တဲ့  လူထု အစည်းအဝေးကြီး နဲ့  ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ရေးထားပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ဒီသတင်းကို 
= Click =   မှာ ဖတ်ပါ။

နားထိုင်းဖို့လိုတယ် 

ကျန်းမာရေးအတွက် နားထိုင်းဖို့ လိုနေကြောင်း ဦးဘဂျမ်းကာတွန်းဟောင်းတပုဒ်မှာ သရော်ထားပါတယ်။ 
= Click =   မှာပါ။
နိုင်ငံရေးသမားများကို သရော်တာပါ။ နိုင်ငံရေးသမားဆိုတာ အစိုးရပိုင်းရော အတိုက်အခံပိုင်းရော ပါဝင်ကြောင်း သတိချပ်နိုင်ရင် ဒီကာတွန်းကို ပိုမိုခံစားနိုင်မှာပါ။

ပြေ (ဆေး ၂) နဲ့ နောက်ကြည့်မှန်

မင်းကိုနိုင်ရဲ့ ၀တ္ထုဖတ်မိတဲ့ စာရေးဆရာ ပြေ (ဆေး ၂) က သူစဉ်းစားမိတာ၊ ခံစားမိတာတွေ ရေးထားပါတယ်။
စကားပြေနဲ့ပတ်သက်တဲ့ သူ့အယူအဆ၊ သူ့ရဲ့ ကျောင်းသားဘ၀တို့ကိုလည်း ဖော်ပြထားတာပါ။
မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ဝတ္ထုကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းဖို့လည်း သူက တိုက်တွန်းထားပါတယ်။
စာ ၁ လင့် - 
= Click =  
စာ ၂ လင့် - 
= Click =  

ရည်စားသက် ၁၀ နှစ်ကျော်ပြီ

သရုပ်ဆောင် ချောရတနာက သူ့ချစ်သူနဲ့ လက်ထပ်တော့မယ်၊ ရည်စားသက် ၁၀ နှစ်ကျော်လာပြီ လို့ ဆိုတယ်။
လက်ထပ်မယ့်နေရာ၊ အချိန်တို့ကိုလည်း ပြောပြထားပါတယ်။ 
လင့် - 
= Click =  

ပုဂံမှာ ထုံးသုတ်ခြင်း

ဦးလှဝင်း (လေသူရဲတစ်ဦး)က ကျွန်တော်နှင့်ယနေ့ပုဂံ ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးထားပါတယ်။ = Click =  
 မှာပါ။
သူပြောချင်တာတွေ အကုန်ပြောသွားတဲ့ ဆောင်းပါးပါ။
သို့သော်လည်း အစိုးရပိုင်းက ဒီဆောင်းပါးကို ဖတ်ဖြစ်ပ့ါမလားလို့ တွေးပူမိသလို၊ လိုရင်းကို ဒီထက် ပိုပြီး ထင်ထင်ရှားရှားပေါ်လွင်အောင် ရေးသင့်တယ် လို့လည်း တွေးမိပါတယ်။

အပြောင်းအလဲကာလ နဲ့ အမျိုးသမီးတို့ရဲ့ ပါဝင်မှု

NLD အဖွဲ့ဝင် ၃ ဦးရဲ့ ဆွေးနွေးဟောပြောပွဲအကြောင်း ဆောင်းပါး တပုဒ်ပါ။  = Click = 


ဆောင်းပါးရှင်က အတော်လေး အားစိုက်ထုတ်ရေးသားထားတဲ့ဆောင်းပါး ဖြစ်ပါတယ်။
နိုင်ငံရေးလောကထဲ လူငယ် ၃ ယောက်ရဲ့ အမြင်တွေ၊ လေ့လာချက်တွေကို စုစည်းထားတာပါ။

အလင်းတန်းဂျာနယ် - အောက်တိုဘာ ၁
IC နယူးယောက်ပွဲ
ဘားမားတူဒေးရဲ့ သတင်း လို့ ဆိုပါတယ်။
IC တီးဝိုင်းရဲ့ အမေရိကန်ခရီးစဉ် နောက်ဆုံးပွဲ (နယူးယောက်ပွဲ)အကြောင်း ရေးထားတာပါ။ = Click = 



ဂေးတယောက် ပညာသင်ယူပုံ

ဂေးလောကထဲ ရောက်လာတဲ့ ဘိုဘိုနီရဲ့ ပြောဆိုချက်တွေကို ကျော်ရင်မြင့်ရဲ့ ကြော့ကြော့မော့မော့ မှာ ဖတ်ရမှာပါ။ = Click =  



အီးတီရုပ်ရှင်

ခြောက်ထပ်ကြီးဘုရားမှာ လုပ်ခဲ့တဲ့ ကန်တော့ပွဲပေးတဲ့အခမ်းအနားက အကြားအမြင်ဆရာမ အီးတီအကြောင်း ရိုက်မယ့် ဇာတ်ကားအတွက်ပါ တဲ့။
ဒီဇာတ်ကား မြန်မာပြည်မှာ ရိုက်မယ်၊ ထိုင်းမှာ ပြမယ်လို့ သတင်းက ဆိုပါတယ်ခင်ဗျာ။ = Click = 



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages