26th May - MoeMaKa Daily

10 views
Skip to first unread message

Maung Yit

unread,
May 26, 2013, 3:57:24 AM5/26/13
to moemak...@moemaka.com

နယူးယောက်မြန်မာပြည်သူတို့နှင့် မင်းကိုနိုင်၊ ကိုကိုကြီး တွေ့ဆုံ
မိုးမခဓာတ်ပုံသတင်း၊ ဖေ့စ်ဘွတ်ကောက်နုတ်ချက်၊ မေ ၂၆၊ ၂၀၁၃
မေ ၂၅ ညနေခင်းက နယူးယောက်တက္ကသိုလ်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များနဲ့ နယူးယောက်မြို့တော် မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲကျင်းပရာ မြင်ကွင်းဖြစ်ပါတယ်။


ဆရာမောင်စွမ်းရည်နှင့် ...
ကိုမိုးသီးဇွန်၊ ကိုမောင်မောင်ကျော်နှင့်

Maung Luu Pay - Essay

ခုနှစ်ထွေအက၊ ညတညနဲ့ သူတို့တတွေ
မောင်လူပေ
မေ ၂၆၊ ၂၀၁၃


“တရား ဥပဒေ ၏ အထက်တွင် မည်သူမျှ မရှိစေရ“ ။ ( No one is above the law. )။အတော်ကောင်းတဲ့ စာပါ ။“ တရားစီရင်ရေး အာဏာ“ ဟာ နိုင်ငံ တခုမှာ အမြင့်ဆုံးအာဏာ ပဲဆိုတာကို ပြဆိုချက်ပေါ့ ။ နိုင်ငံတော် မှ တာဝန်ရှိသူများ ဆိုသူတို့ ကလဲ မကြာခဏသုံးတတ်ကြပါတယ် ။

သို့ ပါသော်လဲ ပေါ့လေ ။ မောင်လူပေတို့ နိုင်ငံတော်ကြီးမှာ လူတိုင်းနားလည်ထားတာကတော့ ဥပဒေ ရဲ့  အထက်မှာ သူတို့ တွေ ရှိကြပါတယ် ။ ခေတ်တွေပြောင်း ၊စနစ်တွေပြောင်း နေပါပြီတဲ့ ။ ဟဲဟဲ.. ။ နားထောင်လို့ တော့ကောင်းသား ။ ဇာတ်မင်းသားလေး သိန်းဇော် ခုနှစ်ထွေ အက  ကပြနေသလိုပဲနော် လို့ပြောရမယ် ။ဘီလူးလဲ သူပဲ ၊ မင်းသားလဲ သူပဲ ၊ ဇော်ဂျီလဲ သူပဲ ၊ မျောက်လဲ သူပဲ ၊ ----- လဲ သူပဲ
လေ ။

မောင်လူပေ ဆိုရင် ခေတ်တွေ များစွာထဲမှာ လူဖြစ်ခဲ့သူ လို့  ပြောရင် ရပါတယ် ။ခေတ်ပြောင်း တော်လှန်ရေးခေတ်မှာ လူဖြစ်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်မှာ ကျောင်းတက်ခါ တပ်မတော် အစိုးရခေတ်မှာအလုပ်ခွင် ဝင်ခဲ့သူပါ ။အခု အသွင်ပြောင်း ပြည်သူ့ အစိုးရ ဆိုသူများ ခေတ်ထိ လူဖြစ်ခဲ့ရတဲ့ အချိန်တွေပြန်စဉ်းစား ကြည့်တော့ ခေတ်နာမည် တွေပြောင်းသွားပေမဲ့ သူတို့ တွေပဲ ပုံစံမျိုးစုံနဲ့  အသုံးတော်ခံခဲ့ ကြတာကို တွေ့  မိပါတယ် ။

ခေတ်အဆက်ဆက်  “ပန်းပန်လျှက်ပါ “ ဆိုတဲ့ သူတို့  တွေနဲ့  ပေါင်းစား ၊ ရိုက်စား ၊ဖါးစား ၊ ဝေစား ၊ မျှစားလုပ်တတ်သူတွေကလဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာသန်းကြွယ်သူဌေးများအဖြစ်နဲ့ နိုင်ငံတော် ဆိုသူများမှ ချီးမြှင့်သော ဘွဲ့ ထူး ၊ ဂုဏ်ထူး များပန်ဆင်ကာဥပဒေ အထက်မှ အကာအကွယ်များဖြင့် တင့်တယ် နေကြဆဲပါပဲ ။

သူတို့ တွေရဲ့ ခေတ် များစွာမှာ ခံခဲ့ရတဲ့ ၊ ခံနေရဆဲ ဖြစ်တဲ့ အဖိနှိပ်ခံ ပြည်သူ့ဘဝ များစွာ ကလဲ  “ထူးမခြားနား“ ဘဝတွေနဲ့ ပဲ ကျင်လည်နေကြဆဲ တွေ့ ရမှာပါ ။ဒီခေတ်များစွာမှာ ကြွေလွင့်ခဲ့ရသောဝိညာဉ် များစွာ ကလဲ အမေ့ခံ နေကြရဆဲပါ ။ “ ဒီပဲရင်း“ ကိစ္စ ကိုကြည့် လေ ။ ဘယ်သူတွေအမိန့် ပေးလို့ ဘယ်သူတွေ ကြူးလွန်ခဲ့  တယ်ဆိုတာ လယ်ပြင်မှာဆင်သွား သလို ထင်ရှားနေပေမဲ့ ဥပဒေ အထက်ကသူတို့ ကြောင့် ဆယ်စုနှစ် တခုကိုဖြတ်သန်းခဲ့သည့်တိုင် အမေ့ခံ နေရပါသေးတယ် ။ ဒီ အမှုအတွက် အရေးယူအပြစ်ပေးမှု မလုပ်နိုင်သေးပါ ။

၂၀၀၃ ခုနှစ် ၊ မေလ ( ၃၀ ) ရက်ရဲ့  ညတည မှာ ကြွေလွင့်ခဲ့ရသော အပြစ်မဲ့ပြည်သူများစွာရဲ့  အသက်ဝိညာဉ်များကတော့ “ဥပဒေ အတိုင်း အရးယူပြီး“ ( Justice is done. ) ဆိုတဲ့ အသံကိုစောင့်စားနေမှာ အသေအချာပါ ။အမှန်တရား တွေ တိမ်ဖုံးခံနေရဆဲ ၊ သင်ပုန်းခြေ မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာပျောက်ကွယ်နေဆဲ ဖြစ်တဲ့ ဒီလိုညတွေ ၊ ဒီလိုလူတွေ လွန်ပါစေလို့  ဆုတောင်းရင်း ရေးမိတဲ့ ကဗျာလေး ကိုရင်ဘတ်ချင်းထပ်တူကြမဲ့ သူများ အတွက် မျှဝေလိုက်ပါတယ် ။

“အမေ့ခံ ည တည“

- အဲဒီညက
  ကြယ်တွေကို တိမ်ဖုံးခဲ့တဲ့ ည ။

- အဲဒီညက
  လမင်းကို အကျယ်ချုပ်ထားခဲ့တဲ့ ည ။

- အဲဒီညက
  နာဂစ်နဲ့ အပြိုင် မုန်တိုင်းထန်ခဲ့တဲ့ ည ။

- အဲဒီညက
  ရွှေဝါရောင်တွေ အသုံးချခံခဲ့ရတဲ့ ည ။

- အဲဒီညက
  မိစ္ဆာတွေ အနိုင်ရခဲ့တဲ့ ည ။

- အဲဒီညက
  ဝံပုလွေတွေ ကခုန်ခဲ့တဲ့ ည ။

- အဲဒီညက
  သမင်ငယ်တွေ အစားခံရတဲ့ ည ။

- အဲဒီညက
  သမင်ငယ်တွေပဲ ပိတ်လှောင်ခံခဲ့ရတဲ့ ည ။

- အဲဒီညက
  သင်ပုန်းချေပြီး ပျောက်ကွယ်နေဆဲ ည ။

- အဲဒီညက
  ----------------------------
  --------------------------------
  ---------------------------------
  --------------------------------- ။   ။


(သရုပ်ဖေါ်ပုံကို ဆွဲသူအား Credit ပေးပါတယ်)

မိုးမခမှတ်ချက် = သရုပ်ဖော်ပန်းချီမှာ Vincent Van Gogh  ရဲ့ Wheat Field With Crows အမည်ရတဲ့ ပန်ချီကားပါ။

Po Khwar , SOng Writer - In Memory - Nyein Chan Aye

မထင်မရှား တေးပြုသူများ (တေးရေး ဖိုးခွား)
ငြိမ်းချမ်းအေး၊ မေ ၂၆၊ ၂၀၁၃
Pho Khwar Photo shared by Win Maw (ShweThanZin)တေးရေး ဖိုးခွား ၊ ဓာတ်ပုံ မျှဝေသူ ကိုဝင်းမော် (ရွှေသံစဉ်)
တေးရေး ဖိုးခွား ကွယ်လွန်ခြင်း တနှစ်ပြည့် အမှတ်တရ (၂၅၊ မေ၊ ၂၀၁၃)
“… ကိုဖိုးခွား သီချင်းတွေက ကိုဖိုးခွားနဲ့ တထပ်ထဲ (တည်း)ပဲ..၊ အားလုံး အေးအေးဆေးဆေး.. ငြိမ့်ငြိမ့်ညောင်းညောင်း.. သာသာယာယာ..၊ ကိုဖိုးခွားသီချင်းတွေနားထောင်ရတာ ကိုဖိုးခွားကို မြင်ရသလိုပဲ..။”
(ကိုနေမျိုးဆေး (ပန်းချီဆရာ၊ ကိုယ်ပိုင်သံစဉ် တေးရေး/တေးဆို) ၏ ဖိုးခွား အမှတ်တရ စကား)
---
“… ကိုဖိုးခွါး နဲ့ ၈၈ အရေးအခင်း မဖြစ်ခင် ကတည်းကသိကြတာပေါ့။  ၁၉၉၄ က ဆုံးသွားခဲ့တဲ့ ရွှေသံစဉ်ရဲ့ Drummer ကိုသာဓု နဲ့လည်း အရက် သောက်ဖေါ်သောက်ဖက်ပေါ့။  ကိုဖိုးခွါးနဲ့ အစ်ကို ဘယ်လောက်ရင်းနှီးသလဲဆိုရင် သူ့သီချင်းတွေကို အစ်ကို ကြိုက်သလိုသုံးပြီး ကြုံမှ သူ့ကို ပြောခဲ့တာ များတယ်။
သန္တာဦး ဆိုခဲ့တဲ့ “အမှတ်တရ… ချစ်သူနှင်းဆီ” စီးရီးထဲက “ချစ်ရတာလည်းမလွယ်” ဆိုတဲ့ သီချင်းကို ၂၀၀၄ ခုနှစ်မှာ မြဝတီ ရုပ်သံ နှစ်ပါတ်လည် အတွက် “NO” အဖွဲ့ အတွက် အစ်ကို Rap စာသားတွေ ဖြည့်ပြီး ရိုက်ကူး လွှင့်တာ သူ TV မှာ တွေ့မှသိသွားတယ်။  ဘာမှမပြောဘူး။  ရေးခလည်း မတောင်းဘူး။  အဲဒီလောက်အထိ သူနဲ့ အစ်ကိုနဲ့ ခင်တယ်၊ နားလည်မှု ရှိတယ်။
၁၉၈၉ လောက်ကပေါ့။  ရန်ကုန်မှာ ညမထွက်ရ အမိန့် ထုတ်ထားချိန်..။  ဖိုးစိန်လမ်းက Holiday က အပြန် အာဏာရှင်ဟောင်းကြီးရဲ့ တူနဲ့ ‘ကွိုင်’ တက်ပြီး စစ်တပ်က ကားတွေ ရောက်လာတဲ့အချိန် သူနဲ့ အစ်ကို စစ်ဖိနပ်တွေကို အန်တုပြီး အသက်လု ပြေးခဲ့ကြတာလေးကိုတော့ အခုထိ အမှတ်ရနေတုန်းပဲ။
ဒီလောက်ပါပဲ..။  ကိုယ်ပိုင်သံစဉ် တေးရေးဘဝနဲ့ သေတဲ့အထိ ရပ်တည် သွားခဲ့တဲ့ ကိုဖိုးခွါး ကို လေးစားသတိရလျက်..။”
(ကိုဝင်းမော် (ရွှေသံစဉ်) ၏ ဖိုးခွား အမှတ်တရ စကား)
---
ကိုယ်ပိုင်သံစဉ် စတီရီယိုတေး တေးရေး/တေးဆို (ကို) ဖိုးခွား တယောက် ဆုံးတာ ၂၅-မေ-၂၀၁၃ မှာ တနှစ်ပြည့်တယ်။  သူဆုံးတုန်းက ဝါသနာရှင် တချို့ကလွဲလို့ ကျန်တဲ့ အများစုတော့ အမှုမဲ့၊ အမှတ်မဲ့ပဲ။  ပြည်တွင်း ဂျာနယ် သတင်းတွေမှာလည်း မထင်မရှားပဲ ဖြစ်ခဲ့တယ် ထင်တယ်။  တေးပြုသူတွေဘဝကိုကလည်း နောက်ကွယ်က ပံ့ပိုးသူလိုဖြစ်နေပြီး အများအားဖြင့် သိပ်ပေါ်ပေါ်ထင်ထင် မရှိကြဘူးကိုး..။

ဒါပေမယ့် ဝါသနာရှင်တွေကြားမှာတော့ တေးစီးရီး အယ်လ်ဘမ် တခု ထွက်လာရင် တေးရေး ဘယ်သူတွေပါသလဲဆိုတာ အလေးထား စောင့်ကြည့်၊ ရှာဖွေတဲ့ အလေ့အကျင့် ရှိကြပါတယ်။  ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အမြဲပဲ အကျင့်တခုလို လုပ်ခဲ့တယ်။  နောက်ပိုင်း ဝါသနာတူ ဂီတချစ်သူ မိတ်ဆွေတွေနဲ့ စကားပြောကြည့်တော့လည်း သူတို့လည်း တချို့ အဲဒီလို အကျင့်ရှိကြတာ သိရတယ်။

ကိုယ်ပိုင်သံစဉ် ဘုရားတွေ ဖြစ်တဲ့ စိုင်းခမ်းလိတ်၊ မဇ္ဈိမလှိုင်း အုပ်စု (ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် အမှူးပြုတဲ့ သူတို့ အုပ်စု တေးရေးတွေ)၊ စောဘွဲ့မှူး၊ ဆလိုင်းသွှအောင်၊ ဆလိုင်းဂျွန်သင်ဇမ်း အုပ်စု က စလို့  ၁၉၈၀ ခုနှစ်တွေမှာ နိုင်မြန်မာ၊ မန္တလေးသား နန်းရှေ့က ဆူး ၊ သူ့အကို ကဗျာဆရာ ပိုင်သ အလယ် ၁၉၈၀ နှောင်း နဲ့ ၁၉၉၀ ခုနှစ်တွေမှာ စောခူဆဲ၊ ညီညီသွင်၊ ညီညီစံ၊ ဖိုးခွား၊ ရွှေဂျော်ဂျော်၊ အယ်လ်ဖြူ၊ မောင်မောင်ဇော်လတ် အဆုံး ဘယ်သူရေး သီချင်းတွေပါသလဲဆိုတာ အခွေ တခွေထွက်ရင်၊ အထူးသဖြင့် အဆိုတော်သစ် ဆိုရင် ဂရုတစိုက် မှတ်ရပါတယ်။  ဒါမှ ဒီအဆိုတော်က ဘယ်လိုင်း၊ ဘယ် သီချင်း အမျိုးအစား ဆိုပြီး အလွယ်တကူ ခွဲနိုင်ပါတယ်။  (စကားချပ် - အထက်မှာ ဆိုခဲ့တဲ့ တေးရေး နာမည်တွေက ဥပမာ သာ ဖြစ်ပါတယ်။  ကိုယ်ပိုင်သံစဉ် တေးရေးဆရာ များစွာ ကျန်ပါသေးတယ်။  စာရေးသူ စိတ်ကြိုက် တေးရေး နာမည်ချည်းကို အများကြီး ကျန်ခဲ့ပါတယ်။)

သာမန် ပေါ်ပင် ပရိသတ် အကြားမှာတော့ တေးရေး ဘယ်သူဆိုတာ အလေးဂရု မပြုကြတာ များပါတယ်။  တေးရေးဘဝတွေထက် ပို အပယ်ခံ၊ အမေ့ခံ ဖြစ်လေ့ရှိတာကတော့ တေးဂီတသံစဉ် တီးခတ်ပေးတဲ့ ဝိုင်းတော်သားတွေ၊ သံစဉ်စီမံခန့်ခွဲပေးတဲ့ ဂီတမှူးတွေ၊ စတူဒီယိုတွေမှာ အသံဖမ်းပေးတဲ့ စက်မှုပညာရှင်တွေပဲ ဖြစ်မယ်ထင်တယ်။

ရှမ်း ဂီတစာဆို ဆရာ စိုင်းခမ်းလိတ်ကတော့ သူ့ ရဲဘော်ရဲဘက် စိုင်းထီးဆိုင်ရဲ့ တလျှောက်လုံး အောင်မြင်လာခဲ့မှုကို ရေးသူရော၊ ဆိုသူရော၊ တီးကြသူတွေပါ အားလုံးကိုယ်စီ ဉာဏ် နဲ့ ဝီရိယ စိုက်ထုတ် ကြိုးစားခဲ့ကြတာကြောင့် လို့ သုံးသပ်ဖူးပါတယ်။  နောက် အရေးကြီးတဲ့ အချက်ကတော့ စိုင်းထီးဆိုင် ရဲ့ “စန်း” ဆိုတဲ့ မရှိမဖြစ် အရေးပါတဲ့ အကြောင်း ကြောင့် လို့လည်း ဆိုပါတယ်။

မှန်ပါတယ်..။  ပရိသတ် လက်ထဲ ရောက်လာတဲ့ သီချင်းတပုဒ်ဟာ တေးရေး၊ တေးဆို၊ တီးခတ်သူ၊ သံစဉ်စီမံသူ၊ အသံဖမ်းသူ အားလုံးရဲ့ စိုက်ထုတ်မှု အလုပ် နဲ့ ပါရမီ ဖြည့်ခဲ့တဲ့ အနုပညာ အရည်အသွေးတို့ ကြောင့် တောက်ပြောင် ဝံ့ကြွားပြီး အဆင်သင့် ခံစား၊ စားသုံးနိုင်ကြတာပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ပရိသတ် အများစုကြား တပြည်လုံး အတိုင်းအတာ နဲ့ ကျယ်ကျယ်ပြန့်ပြန့် လူသိ အောင်မြင် ကျော်ကြားဖို့အတွက်ကတော့ သီဆိုသူ အဆိုတော် ရဲ့ အနုပညာ အရည်အသွေး၊ ပါရမီ အပြင် ဆရာလိတ် ဆိုခဲ့သလို စန်းဇာတာလည်း ကောင်းဖို့ မရှိမဖြစ် လိုအပ်ပါတယ်။  “စန်း” မရှိလို့ အရည်အချင်း ရှိလျက် မအောင်မြင် (မ “ပေါက်”) ခဲ့တဲ့ အဆိုတော်တွေ အများကြီး ရှိခဲ့ပါတယ်။  တပါတည်း သီဆိုသူ အဆိုတော် ရဲ့ “စန်း” မရှိမှုကြောင့် သီချင်းကောင်းလေးတွေလည်း လူမသိ၊ သူမသိ ဖြစ်သွားတတ်ပါတယ်။

ဆိုခဲ့သလို အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်၊ ကံဇာတာ အားလုံး အကြောင်းတိုက်ဆိုင်သွားရင်တော့ အောင်မြင်တဲ့ သီချင်း နဲ့ ထင်ရှားတဲ့ အဆိုကျော် ဆိုတာတွေ မွေးဖွားလာပါတယ်။

ဒီလို လူကြိုက်များ၊ ဈေးကွက်ဝင် သွားကြတော့လည်း အများစုက ဆိုခဲ့တဲ့အတိုင်း ဝါသနာကြီးသူတွေ မဟုတ်ဘဲ ပေါ်ပင် ရေပန်းစားလိုက် ပရိသတ် ဖြစ်တော့ အသံကြား၊ အရုပ် မြင်နေရတဲ့ အဆိုတော် ကိုပဲ အဓိက အားပေး၊ အသိအမှတ်ပြုကြတာ များပါတယ်။
Cartoon - shared by Yar Zarကာတွန်းပြန်လည် မျှဝေသူ - ကိုရာဇာ
ဆိုတော့.. ဂီတ၊ သံစဉ်၊ စာသားတွေ ရဲ့ မူလ ဖခင် တေးပြုစာဆိုတွေမှာတော့ နောက်ကွယ်က ပီတကိုစားရင်းနဲ့ပဲ ကျေနပ်၊ အနုပညာမြောက်ဂုဏ်ကိုပဲ ယူကြရပါတယ်။ အောင်မြင်၊ လူကြိုက်များ၊ လူသိမှုဂုဏ်ကိုတော့ ရကြတာ ရှားပါတယ်။  တေးရေး အများစုကလည်း ဒီလို ဘဝမျိုးကို အပြည့်အဝ နားလည်ပြီး နေတတ်၊ ကျေနပ်ကြတာလို့ ယူဆပါတယ်။

ဒါပေမယ့် တေးရေး ဆရာတွေရဲ့ အသိဉာဏ် ပညာရပ်ပိုင်းဆိုင်ရာ၊ အနုပညာပိုင်းဆိုင်ရာ ခံစားခွင့်၊ ရပိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။  ခုခေတ်မှာ ခေတ်စားနေတဲ့ ပြန်ဆိုတေးတွေ၊ ရုပ်မြင်သံကြား တေးဂီတ အစီအစဉ်တွေ၊ အက်ဖ်အမ် ရေဒီယိုလိုင်းတွေ၊ စင်တင်တေးဂီတပွဲတွေ အားလုံးမှာ တေးသီချင်းတွေရဲ့ မူလပိုင်ရှင် တေးပြုစာဆို တွေရဲ့ နာမည်ကို အထင်အရှား ဖော်ပြတာ၊ ပြောဆိုတာ၊ မူလ သီဆိုသူ အဆိုတော် နာမည်တွေ အသိအမှတ်ပြု တင်ပြတာတွေကို အလေးအနက်ထား လုပ်သင့်ပါတယ်။  တေးပြုသူ နဲ့ မိသားစု အတွက် မူပိုင်ခွင့် ငွေကြေးခံစားခွင့်လည်း အမြဲတမ်း မပျက်မကွက် ရရှိနေသင့်ပါတယ်။ မူပိုင်ခွင့် ပြဿနာဟာ ဗမာ့ဂီတလောကမှာ အမြဲ မြင်တွေ့ကြားနေရတဲ့ ကိစ္စ တခုပါ။ ဂီတအစည်းအရုံး အနေနဲ့ လက်ရှိ အခြေအနေထက်ပိုပြီး ဂီတစာဆို တေးပြုသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ကြံစည်လုပ်ဆောင်သင့်ပါတယ်။

တေးပြုသူဆိုတာ အစကတည်းက ပရိသတ် အများစုကြား ထင်ရှားကျော်ကြား၊ နာမည်ကြီးခွင့်ရတာ မဟုတ်တဲ့အတွက် သူတို့ရဲ့ အနုပညာ ရပိုင်ခွင့်ကိုတော့ အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။

ခု ကွယ်လွန်ရှာတာ တနှစ်ပြည့်တဲ့ တေးရေး ဖိုးခွား ကလည်း ဆိုခဲ့တဲ့ အများစု တေးပြုသူတွေရဲ့ ဘဝလိုပါပဲ လူသိများ၊ ထင်ရှားမှုတော့ သိပ်မရှိခဲ့လှပါဘူး။  ဒါပေမယ့် သူရေး သီချင်းတွေကတော့ တချိန်က ဗမာတပြည်လုံး အနှံ့ လူကြိုက်များ၊ လျှမ်းလျှမ်းတောက်ခဲ့ပါတယ်။  ၁၉၈၀ ခုနှစ် နှောင်း ပိုင်း ကာလများ နဲ့ ၁၉၉၀ ဝန်းကျင်မှာ လူငယ် ဖြစ်ဖူးရင် ဖိုးခွား သီချင်းကို နားမထောင်ဖူးတဲ့ လူငယ်၊ မဆိုဖူးတဲ့ လူငယ်၊ မကြိုက်ဖူးတဲ့ လူငယ်ရယ်လို့ မရှိဘူးလို့တောင် ဆိုနိုင်မယ် ထင်ပါတယ်။

ဆယ်ကျော်သက် လူငယ် ဘာသာဘာဝ အချစ် ဆိုတဲ့ အရာတခုသာ ဘဝ မှာ အဓိက လိုဖြစ်နေတဲ့ အရွယ်၊ “ချစ်သူ့ရင်ခွင်” ကိုသာ အားထားရာ၊ “ချစ်သူကို” သာ ကိုးကွယ်ရာ ဖြစ်နေတဲ့ အချိန်မှာ အချစ်နတ်ဘုရား ဖမ်းစားစေဖို့၊ အချစ် ကို ခံစားဖို့၊ အလွမ်းကို ဖြေဖျောက်ဖို့၊  ချစ်သူကို ချော့မြူဖို့၊ ချစ်သူထံ ညချမ်းချိန်ခါ ရွှေနားတော်သွင်း ဂေါ်ရည်သွေး ဖိုသံပေးဖို့ အစရှိတဲ့ ချစ်သူရေးရာ ကိစ္စ အဝဝ၊ တနည်းအားဖြင့် လူငယ့်ရေးရာတွေမှာ ဖိုးခွား သီချင်းတွေဟာ သူသူ၊ ကိုယ်ကိုယ် အတွက် အရေးပါခဲ့ဖူးမယ်လို့ ထင်ပါတယ်။

ချစ်သူ မျက်မှောင်တချက်ကျုံ့ရင် ဘဝပျက်မလောက် ခံစားတတ်တဲ့ အရွယ်တွေမှာ ဖိုးခွား ရဲ့ “သောက.. ကျင့်စဉ်.. တွေကို.. နှလုံးသားထဲ.. ထည့်ခဲ့လေသလားကွယ်..” ဆိုတဲ့ တေးစာသားလိုမျိုးတွေဟာ ခံစားချက်နဲ့ တထပ်တည်း ကွက်တိ ဖြစ်ခဲ့ရပါတယ်။

တို့က ဘဝသမား၊ မြေကြီးပေါ် လမ်းလျှောက်နေတဲ့ လူထဲက လူ ပါ ဆိုပြီး ဆင်းရဲတာကို ဂုဏ်လုပ်၊ ချစ်သူကို ဆင်စွယ်နန်းတော်ပေါ်တင် ဘဝချင်း ကွာခြားလှချည်းရဲ့လို့ ဆွေးချင်နေတဲ့ လူငယ် သဘာဝ စိက်ကူးယဉ် ခံစားချက်မှာ “နန်းထိုက်တဲ့.. တော်ဝင်သူကို.. တို့.. လက်နဲ့.. မထိရက်.. ပါဘူးကွယ်..” ဆိုတဲ့ ဖိုးခွား ရဲ့ စကားလုံးတွေက လူငယ်တွေရဲ့ နှလုံးသားထဲ.ကို စူးနစ်စေခဲ့ပါတယ်။  သွှအောင် ရဲ့ “မြိုင်နန်းစံပန်းတပွင့်” က စလို့ ဖိုးချို ရဲ့ “ပိုင်စိုးမှုဧကရီ” အလယ် ဖိုးခွားရဲ့ “ကေသရီ” အဆုံး ချစ်သူကို အထွက်အမြတ်ထား ဦးခိုက်တတ်တဲ့ တေးစာသားသီချင်းတွေဟာ ခေတ်အဆက်အဆက် လူငယ်ထုရင်ဘတ် နှလုံးသား ကို စိုးမိုး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဖန်တရာတေ၊ ခေါက်ရိုးကျိုး အချစ်၊ အလွမ်း သီချင်းတွေပါ လို့ ကဲ့ရဲ့ ပြစ်တင်ချင်သူတွေ ရှိကောင်း ရှိနိုင်ပေမယ့် လူငယ်တွေကို ချစ်ခြင်း မေတ္တာ ခံစား စားသုံးစေခြင်းဟာ အမုန်းတရာ ပွားစေချင်ထက် အကျိုးကျေးဇူးကြီးပါတယ်။  လောကမှာ လူရယ်လို့ဖြစ်လာရင် ဆရာလိတ် တေးစာသား နဲ့ ဆိုရရင် ရှင်ဘုရင်  မဆိုထားနဲ့ သူတောင်းစား တောင်မှ နိမ့်ကျပေမယ့် အချစ် ရှိပါတယ်။  ဆိုတော့ အချစ်ခံစားမှု ချစ်သူဘွဲ့ တေးသီချင်းတွေဟာလည်း လူငယ်တွေရဲ့ စိတ်နှလုံး အာဟာရတွေ မရှိမဖြစ် အရေးကြီးလှပါတယ်။

ဖိုးခွားဟာ အချစ်ဘွဲ့ တေးကောင်းတွေ ဖန်တီးရာမှာ တော်ခဲ့သလိုမျိုး သူ့ရဲ့ နာမည်ကျော် “အတ္တ” လို လူ့သဘာဝကို သဘာဝကျကျ၊ အပြည့်အဝ ဖော်ကျူးနိုင်တဲ့ ဘဝနဲ့ ဆိုင်တဲ့ အတွေးအခေါ် သီချင်းတွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။

ဒီလို တေးရေး ကျွမ်းကျင်မှုတွေ အပြင် ဖိုးခွားဟာ ဗမာပြည် အနေအထားအရ ခက်ခဲကြမ်းတမ်းလှတဲ့ ကိုယ်ပိုင်သံစဉ် တေးရေး ဘဝကို တစိုက်မတ်မတ် လျှောက်ခဲ့သူ အဖြစ်လည်း လေးစား အသိအမှတ်ပြုသင့်တယ်လို့ ထင်ပါတယ်။ ပေါ်ပင်လိုက်၊ သံစဉ်မရှာဘဲ တေးစာသားချည်းပဲ ရေးလည်း အောင်မြင်၊ ငွေရ လုပ်စားလို့ ရတဲ့ ခေတ်မှာ ကိုယ်ပိုင်သံစဉ်သမားဆိုတာကလည်း ချီးကျူး ဂုဏ်ပြုရမယ့် အချက်ဖြစ်တယ်လို့ ယူဆပါတယ်။

ဒါကြောင့် ဖိုးခွား နှစ်လည်မှာ “မထင်မရှား တေးပြုသူများ” ဘဝ ကို တစေ့တစောင်း လှစ်ဟာပြရင်း ဖိုးခွားအမှတ်တရ အစီအစဉ်လေး ကို ဖိုးခွား ရေး သီချင်းတွေ၊ ဖိုးခွား ကိုယ်တိုင် ဆိုခဲ့ဖူးတဲ့ သီချင်းတွေနဲ မိုးမခ မှာ တင်ဆက်လိုက်ပါတယ်။  ဒီအစီအစဉ်အတွက် မအားတဲ့ကြားက တကူးတက အမှတ်တရ စကားချီးမြှင့်ပေးတဲ့ ဦးဝင်းမော် (ရွှေသံစဉ် ဂီတမှူး/ နိုင်ငံရေး အကျဉ်းသမားဟောင်း) နဲ့ ကိုနေမျိုး (ဆေး) (ပန်းချီ/တေးရေး/တေးဆို) တို့ကို အထူး ကျေးဇူးတင် ရှိပါတယ်။

ဖိုးခွား အမှတ်တရ အဖြစ် မိုးမခ ပရိသတ် ကို အောက်ပါ သီချင်းတွေ မျှဝေ လိုက်ပါတယ်။  သီချင်းကောင်းလေးတွေကို ခံစား၊ နားဆင်ရင်း ဖိုးခွား ကိုလည်း အမှတ်တရ ရှိနေကြမယ်လို့ မျှော်လင့်ပါတယ်။

၁) ကေသရီ ဆို - တူးတူး ၊ ရေး - ဖိုးခွား (၁၉၈၆)

Music Video URL: http://youtu.be/FaeDmcERcrk

http://www.youtube.com/watch?v=FaeDmcERcrk

၂) ချစ်သူကို ၊ ဆို - ဖိုးချို ၊ ရေး - ဖိုးခွား (၁၉၈၉)

Music Video URL: http://youtu.be/So6sJUdGapA

http://www.youtube.com/watch?v=So6sJUdGapA

၃) ချစ်သူ့ရင်ခွင် Two Versions ဖိုးချို (၁၉၉၀) ၊ ဖိုးခွား (၁၉၉၈)

Music Video URL: http://youtu.be/uxuUoAUaK7E

http://www.youtube.com/watch?v=uxuUoAUaK7E

၎) မကြင်နာသူသို့ ၊ ဆို - ကိုမှိုး ၊ ရေး - ဖိုးခွား (၁၉၉၁)

Music Video URL: http://youtu.be/_v1ip6TY9a0

http://www.youtube.com/watch?v=_v1ip6TY9a0

၅) ချစ်သူနှင်းဆီ Two Versions တာရာ ၊ ဖိုးခွား (၁၉၉၂)

Music Video URL: http://youtu.be/FzKllHMpBtI

http://www.youtube.com/watch?v=FzKllHMpBtI

၆) အတ္တ ၊ ဆို - မေဆွိ ၊ ရေး - ဖိုးခွား (၁၉၉၂)

Music Video URL: http://youtu.be/vkfH2FffWuQ

http://www.youtube.com/watch?v=vkfH2FffWuQ

၇) စာနာတတ်သူမို့ ရေး/ဆို ဖိုးခွား (၁၉၉၇)

Music Video URL: http://youtu.be/1z_cAW832u4

http://www.youtube.com/watch?v=1z_cAW832u4

ကိုဖိုးခွား တယောက် မြင့်မြတ်ရာဘုံဘဝ မှာ ပျော်ရွှင်ပါစေ..။  သံသရာ တပတ်ကျော့လို့ လူ့ဘဝကို ပြန်ရောက်ခဲ့ရင်လည်း တေးသံစဉ်၊ စာသား အေးအေးချိုချိုလေးတွေ ဖန်တီးနိုင်စွမ်းသူပဲ ထပ်ဖြစ်ပါစေ..။

ငြိမ်းချမ်းအေး

၂၆၊ မေ ၊ ၂၀၁၃

News and Media

သီရိမင်္ဂလာကျောင်း ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်နှင့် ဆွမ်းစားဆောင်၊ တရားမဏ္ဍပ်ရေစက်ချပွဲ အခမ်းအနား ကုသိုလ်မှတ်တမ်း
မိုးမခအထောက်တော်
မေ ၂၆၊ ၂၀၁၃


 အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက်မှာ နှစ်စဉ် ကျင်းပမြဲဖြစ်သော ကဆုန်ညောင်ရေသွန်းပွဲတော် နှင့် နှစ်ဘက်သောမိဘများအမှုးထား၍ အလှူရှင်များဖြစ်ကြသော ကိုထွန်းမြင့်+မပေါ်လင်းမိသားစုနှင့် မောင်နန္ဒနိုင်+ Adria Zampich တို့လှူဒါန်းသော ရေချိုးခန်းတစ်ခန်း၊ ရေအိမ်သာ နှစ်လုံးပါသော ဆွမ်းချက်ဆောင်တစ်ဆောင်။

ဘဝသစ်သို့ပြောင်းသွားကြလေသော ကျေးဇူးရှင်ဖခင်ကြီး ဦးကြင်နှင့် ကျေးဇူးရှင်မိခင်ကြီး ဒေါ်ညွန့်ရီ၏ ဆယ်နှစ်ပြည့် အထိမ်းအမှတ်ကုသိုလ်အဖြစ် အလျားပေ ၄၁ ပေ၊ အနံ ၁၅ ပေရှိသော တရားမဏ္ဍပ် လှူဒါန်းခြင်း ရေစက်ချပွဲအခမ်းအနားကို 2013-ခု၊ မေလ(၂၅)ရက်၊စနေနေ့မှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် ကြပါသည်။

2013-ခု၊ မေလ(၂၅)ရက်၊ စနေနေ့မနက် ၁ဝနာရီ ၄၅ မိနစ်မှာ ဘုရားအနေကဇာတင်မင်္ဂလာဆင်ယဉ်ကျင်းပခြင်း၊ ဘုရားရှင်အား ပန်းမျိုးစုံ၊ သစ်သီးမျိုးစုံ၊ ဆွမ်းစသည်များဖြင့်စုပေါင်းကပ်လှူပူဇော်ခြင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သံဃာတော်များအားဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊  ကြွရောက်လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့အား မြန်မာအစားအစာ စုံလင်စွာဖြင့်ဧည့်ခံကျွေးမွေးခြင်း။ နေ့လည် ၁-နာရီအချိန်တွင် သံဃာတော်များဦးဆောင်သော မြန်မာဗုဒ္ဓဘာသာဝင်များ၊ အမေရိကန်ဗုဒ္ဓဘာသာဝင်များက မဟာဗောဓိပင်အားရေလောင်းပူဇော်ခြင်း၊ ဘုရားရေသပ္ပာယ်ခြင်းများပြုလုပ်ခြင်း။

နေ့လည်ပိုင်း ၁ နာရီ ၃ဝတွင် သံဃာတော်များအထံတော်မှ ငါးပါးသီလခံယူခြင်း၊ ပရိတ်မေတ္တာဘာဝနာတရားနာကြားခြင်း၊ အောင်ပမဏာမနှင့် ဆောင်ဆုတောင်းဂါထာတော်ကို ဒေါ်ကျင်ရီမှရွတ်ဆိုပူဇော်ခြင်း၊ ကဆုန်ပြည့်နေ့အကြောင်းသိကောင်းစရာ များကို မထွေးထွေးဝင်းကဖတ်ကြားခြင်း၊  သိရီမင်္ဂလာယဉ်ကျေးလိမ္မာသင်တန်းသား သင်တန်းသူများနှင့် ဗုဒ္ဓဘာသာဝင်မြန်မာမိသားစုများက ကဆုန်လပြည့်နေ့နှင့်ပတ်သက်သော ဘုရားရှင်၏ဂုဏ်တော်ကျေးဇူးတော်များကိုဖွဲ့ဆို ထားသော ကဗျာများကို စုပေါင်းရွတ်ဆိုပူဇော်ခြင်း။

ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။ ဒီပင်္ကရာဘုရားရှင်ထံတော်၌ သုမေဓာရှင် ရသေ့ လောင်းလျာဘ၀က ဗျာဒိတ်တော်ယူခဲ့သည့်နေ့၊ သိဒ္ဓတ္တမင်းသား အလောင်းတော် ဖွားမြင်သောနေ့၊ ဘုရားဖြစ်ခဲ့သည့်နေ့၊ ပရိနိဗ္ဗာန်စံဝင်သောနေ့၊ ကပိလဝတ်နေပြည်တော်မှာ ဆွေတော်မျိုးတော်တို့အား ဘုရားဖြစ်တော်စဉ်အဆက်ဆက် ဗုဒ္ဓဝင်ကို ဟောကြားသောနေ့တို့မှာ ကဆုန်လပြည့်နေ့ပါပဲ။

ဒါကြောင့်  ထို့နေ့ တစ်ရက်တည်း တိုင်ဆိုင်နေသဖြင့် နေ့ထူးနေ့မြတ် နေ့လည်းဖြစ်သည့်အတွက်ကြောင့် ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကိုအာရုံပြုမှန်းဆကြည်ညိုကာ ဗုဒ္ဓါနုဿတိကမ္မဌာန်း များစီးဖြန်းကြခြင်း။ သိရီမင်္ဂလာကျောင်း ဆရာတော်အထံတော်မှ အနုမောဒနာတရားနာကြားခြင်း၊ သံဃာတော်များအား သင်္ကန်း စသောလှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်း၊ ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ဆည်းပူးအားထုတ်ပြုလုပ်အပ်သော ကုသိုလ်ကောင်း မှုအစုစုတို့အတွက် နိဗ္ဗာန်ရည်မှန်းကာ စုပေါင်းရေစက်သွန်းချ မိဘ ဘိုးဘွား၊ ဆွေမျိုးများနှင့် သတ္တဝါအပေါင်းတို့အား အမျှအတန်းပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်းရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ် နိုင်ခဲ့ပါသည်။

ထူးခြားချက်တစ်ခုကတော့ တစ်ပတ်လုံးစဉ်ဆက်မပြတ်ရွာသွန်းတဲ့ မိုးဟာလည်း ဒီနေ့မှာတော့ မရွာဘဲ နေမင်းကြီးက ဗုဒ္ဓနေ့မှာ ပူဇော်သည့်အလား နေရောင်ခြင်းကော အနွေးဓာတ်ပါအားကူပေးလို့မို့ ကုသိုလ် ကောင်းမှုများ ဆည်းပူးအားထုတ် ရယူကြတဲ့ ကုသိုလ်ရှင်များ အထူးပင် ပြုံးပျော်မဆုံးဖြစ်ကြရပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ရဲ့ ကုသိုလ်ပြုမုဒိတာပုံရိပ်များကို အောက်ပါလင့်ကို ကလစ်ကာ မုဒိတာပွားများနိုင်ပါကြောင်း...

Letter to Moemaka

လှည်းတန်း မြေပြဿနာ
မိုးမခပေးစာ
မေ ၂၆၊ ၂၀၁၃


အခုဖြစ်နေတာက ၀ယ်ထားတဲ့ AA က မလာပဲ စီးပွားကူးသန်းက ညွှန်မှူး၊ ဒုညွှန်မှုး၊ မြို့တော်စည်ပင်က ရေသန့် ဌာနမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး အဲ့ဒီလူတွေပဲ ခဏခဏလာပြီး မြေကြီးလေးတူးဆွလိုက် ပေကြီုးလေးတိုင်းလိုက် လုပ်နေတာ၊ သူတို့လာတိုင်း တိုက် ကလူတွေ က ဆင်းဆင်းတားနေရတယ်။

နဂိုရှိပြီးသား မိလ္လာကန် (၁၀) ကန်ကို ပြန်ဖေါ်ရင် အကောင်းကြီး၊ အဲ့ဒါကို Proposal အရ တိုက်တွေဘက်ကို ၁၀ ပေလောက် ရွှေ့ဖို့လာလာ လုပ်နေတာ အဲ့ဒီလိုရွှေ့လိုက်ရင် ပေ ၁၈၀ x ၁၀ ပေလောက် ဦးဇော်မိုးခိုင်အတွက် ပိုထွက်လာမယ်လေ။ လှည်းတန်းထိပ်က မြေဈေးက သိတဲ့အတိုင်းပဲ။

ဒီအစိုးရ၀န်ထမ်းတွေကို ဦးဇော်မိုးခိုင်က ပိုက်ဆံပေးခိုင်းတဲ့ပုံစံဖြစ်နေတယ်။ ကုန်ကျစရိတ်အားလုံးကို ဦးဇော်မိုးခိုင်( AA Medical Product) ကပေးမယ်ဆိုပြီးလာလုပ်နေတာ။ ဘယ်တုန်းက Proposal လဲမေးတော့ တိုက်ကသူတွေ တစ်ယောက်မှမသိလိုက်တဲ့ Proposal ဖြစ်နေတယ်။ လာလုပ်တဲ့သူတွေက ၀န်ထမ်းတွေ၊အရောင်းအ၀ယ်ကိစ္စ သူတို့နဲ့မဆိုင်ပါဘူး။ အထက်အမိန့်အရလုပ်တာပါ အထက်က မလုပ်နဲ့ဆိုမှ သူတို့ ရပ်မယ်လို့ပြောပါတယ်။

ဆိုတော့ အထက်ဆိုတာကြီးက ဘာလဲ ။ဘယ်သူလဲ၊ ရန်တုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုမိန့် စာရွက်ကို စီးပွားကူးသန်းညွှန်မှုး ဦးသန်းအောင်ကျော်ကလက်နဲ့ကိုင်ပြပြီး ပေးဖတ်တယ်၊ ကော်ပီပေးမကူးဘူး၊ ဓါတ်ပုံပေးမရိုက်ဘူးအဲ့ဒါဘာကြောင့်လဲ၊ ဖတ်လိုက်ရတဲ့သူက ပြန်ပြောပြတာကတော့ တိုက်ကပြည်သူတွေနဲ့ညှိနှိုင်းပြီးလို့ ခွင့်ပြုတဲ့ ပုံစံရေးထားတာလို့ပြောတယ်။တိုက်က ဘယ်သူမှမသိလိုက်ဘူး တောက်လျှောက်ကန့်ကွက်နေတာ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကိုအစည်းအဝေးခေါ်တိုင်းတက်ရောက်ကြောင်းလက်မှတ်ထိုးရတယ်အစည်းအဝေးမှတ်တမ်းဆိုပြီး ၃ရက်လောက်မှာ စာထွက်လာတယ် အဲ့ဒီမှာ အမှန်တစ်ကယ်ဆွေးနွေးခဲ့တာတွေ မပါဘူး သူတို့လိုရာဆွဲရေးတာ တွေချည်းပဲ၊ တိုက်ကလူတွေကအစည်းအဝေးမှာ လက်မှတ်မထိုးရဲတော့ဘူး၊ ဒီကိစ္စမှာ မြိုနယ်အုပ်ချုပ်ရေးမှူးကသူသည် AA ကကျွေးတဲ့ ထမင်းစားနေတာမဟုတ်ဘူးလို့ ညင်းတယ်။

ပူးပေါင်းကြံစည်နေကြသလား ထင်မှတ်ရတယ်။ ဒီစာကို ဘယ်သူရေးတာလဲ။ ဒီ Proposal ကို ဘယ်သူတင်တာလဲ ရှင်းနေတာပဲ၊ သူဟာ ခရိုနီ စာရင်းမှာ မပါဘူး ဆိုတဲ့ဗိုလ်ချုပ်တင်နိုင်သိန်းရဲ လက်ရင်း တပည့်ကြီး AA ကဦးဇော်မိုးခိုင်ပဲပေါ့ ။ ၈၈ က ကိုမာကီး တို့ကို အားကိုးတစ်ကြီးတိုင်ပင်ပါတယ်၊ တိုက်ကလူတွေကို သူက မတွေ့ဘူး ၈၈ မို့လို့ လက်ခံတွေ့တာ၊ ဒီမြေဟာ သူပိုင်တဲ့မြေ သူဟာ ခရိုနီ မဟုတ်ကြောင်း ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ကြောင်းပြောလွှတ်လိုက်တယ်။

အခုဆိုရင် တိုက်နောက်ဖေးကို ၀င်တဲ့တံခါးတွေကို ပိတ်ထားတော့ နောက်ဖေးကစစ်အစိုးရကြောင့် ပျက်စီးနေတဲ့မိလ္ဘာကန်တွေကိုပြုပြင်ချင်ပေမဲ့ လည်းဝင်လို့မရတော့ မိလ္လာကန်တွေပျက်စီးပြီး အများပြည်သူရဲ့ ကျန်းမာရေးကိုအကြီးအကျယ်ထိခိုက်နေပါပြီ။

တိုက်နေပြည်သူများကတော့ အဆိုပါ ၀န်ထမ်းများကို မေတ္တာရပ်ခံတာကတော့ အခုကိစ္စက နိုင်ငံတော်စီမံကိန်းလည်းမဟုတ်၊အများပြည်သူအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စလည်းမဟုတ်ပဲ ပုဂ္ဂလိကတစ်ဦးတစ်ယောက်တည်းအတွက် စွမ်းစွမ်းတမံ ကြီုးပမ်းဆောင်ရွက်ရန်မသင့် တော်ကြောင်း ပြောပြပါတယ်။ ဒါကြောင့်မို့ ဒီလို တရားမျှတမှုလုံးဝမရှိတဲ့ ကိစ္စကို တိုက်နေပြည်သူများမှ တရားဥပဒေကြောင်းအရရင်ဆိုင်မည်ဖြစ်ကြောင်း အများပြည်သူ သိရှိစေရန် မိုးမခပေးစာသို့ ပေးပို့တင်ပြအပ်ပါသည်။

ကျေးဇူးတင်လျက်

တိုက်နေပြည်သူများ

Saturday, May 25, 2013

Tu Maung Nyo - to change 2008 constitution


အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်)
“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် လက်တွေ့အကောင်အထည်ဖော်ကြရမည့် ကိစ္စဖြစ်လာပြီ။
 သို့အတွက် ပြင်ဆင်နိုင်ရေးဆိုင်ရာလက်တွေ့ကိစ္စများကို ပြောကြရာတွင် အရှိကို အရှိတိုင်း ကြည့်မြင်နိုင်ကြဖို့လိုပါသည်။ အရှိ ကို အရှိအတိုင်းကြည့်မြင်၍ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲသို့ ဝင်ခဲ့ကြပြီးပြီမဟုတ်ပါသလော။
ပြင်ဆင်ရေးလက်တွေ့ကိစ္စများကို ပြောရမည်ဆိုလျှင် လွှတ်တော်တွင်းပြင်ဆင်မည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်အတွင်း ရရှိထားသည့်  မိမိပါတီ၏ လွှတ်တော်အမတ်အရေအတွက် နှင့် “၂၀၀၈ အခြေခံဥပဒေ” အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ [ပုဒ်မ ၄၃၆ (က) (ခ) ] သည် လက်တွေ့အကျဆုံးအချက်အလက်များဖြစ်ပါလိမ့်မည်။
ဖေါ်ပြပါ အချက် ၂ ချက်ကို မူတည်ပြီး ပို၍လက်တွေ့ကျကျပြောရမည်ဆိုလျှင် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေး၏အဆုံး အဖြတ်ကံကြမ္မာသည် ကြံ့ဖွံ့ပါတီနှင့်ဗိုလ်မင်းအောင်လှိုင်တို့ လက်ဝယ်တွင်ရှိနေသည်။ ကြံ့ဖွံ့အမတ်များနှင့် စစ်သားအမတ်များပေါင်းထား သည့်မဲဖြင့်သာ ပြင်ဆင်နိုင်မည့်အခြေအနေဖြစ်သည်။
ထို့အပြင်အခြေခံဥပဒေပုဒ်မ ၄၃၆ (က) နှင့်(ခ) အရ  ၇၅ ရာခိုင်နှုန်းရှိရမည့် အရပ်သားအမတ်အရေအတွက်သည် ယခုအခါ ၁၉ ယောက်လျော့နည်းနေပြီဖြစ်သည်။ သို့အတွက် စဉ်းစားနေကြသလို “အရပ်သားအမတ် ၇၅ + စစ်သားအမတ် ၁ ဦး” (၇၅ ရာခိုင် နှုန်းကျော်) ဆိုသည့် စဉ်းစားနည်းတွင် စစ်သားအမတ် ၂၀ အနည်းဆုံးရမှသာ ပြင်ဆင်နိုင်တော့မည့်သဘောဖြစ်နေသည်။ ဤအတိုင်း ဆိုလျှင် အခြေခံဥပဒေပြင်ရေး/မပြင်ရေးအဆုံးအဖြတ်သည် ဗိုလ်မင်းအောင်လှိုင်လက်ထဲရောက်နေသည်ဟုပင်ပြောရတော့မည်။

-  စိတ်ကြိုက်ရေးထားသည့် “၂၀၀၈အခြေခံဥပဒေ”
-  ပြည်ထောင်စုလွှတ်တော်ထဲရှိ ကြံ့ဖွံ့ပါတီ အမတ်အများစု
-  စစ်သားအမတ် (၁၆၆) ဦး
-  ဝက်လက်အမတ်အဆိုတင်ထားသည့် “အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်”
-  ပြည်ထောင်စုလွှတ်တော် သက်တမ်းထက်ဝက်အတွက် နာယကသည် (ဗိုလ်) ဦးရွှေမန်း ဖြစ်လာမည်၊
စသဖြင့် ပြင်ဆင်ရေးအတွက်လက်ဦးမှုမှန်သမျှသည် (ကာလုံ)နှင့် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိနေသည်။

ဤအချက်များသည့် “၂၀၀၈အခြေခံဥပဒေ” ကို လွှတ်တော်တွင်းနည်းဖြင့်ပြင်ဆင်ကြမည်ဆိုသည့် နိုင်ငံရေးပါတီ အဖွဲ့အစည်း များ ကြိုတင်သိရှိနှင့်ကြပြီးဖြစ်မည့်အချက်များဖြစ်ပါလိမ့်မည်။

ဤအခြေအနေအောက်တွင် မေလ ၂၃ ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးနှင့်စပ်လျဉ်းသည့် သဘောထား ကြေညာချက်အမှတ် ( ၇/ ၂၀၁၃ ) ပေါ်ထွက်လာပါသည်။

ထိုကြေညာချက်အပေါ်ကျနော့်အမြင်နှင့်ယူဆချက်ကိုတင်ပြရလျှင် (NDF)ပါတီ၏ ပြင်ဆင်ရေး နည်းဗျူဟာသည်  ပြင်ဆင်ရေး အတွက် အကန့်အသတ်ဖြစ်နေသော အချက်များပြင်ဆင်ရေးကို ဦးတည်ချက် ထားပုံပေါ်ပါသည်။
(NDF) ပါတီပြင်ဆင်ရေး နည်းဗျူဟာသည် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်နိုင်ရေးကို အဓိက အချက်ဖြစ်ထားပါသည်။ ယင်းအချက်၊ ယင်းပုဒ်မကို ပြင်ဆင်ထားလျှင် “၂၀၀၈ အခြေခံဥပဒေ”တစ်ခုလုံးကို ပြင်ဆင်ရန် မခက်ခဲတော့ဟု စဉ်းစားပုံပေါ်ပါသည်။ တကယ်တော့ပြင်ဆင်ရန်ခက်ခဲသော အချက်ကို ပြင်ဆင်ဖို့ဆိုသည့်ကိစ္စမှာလည်း (ကာလုံ) နှင့် ကြံ့ဖွံ့ပါတီတို့၏ လက်ထဲမှာသာရှိနေသည်မဟုတ်သလော။
ထို့အပြင် သမ္မတလောင်းအဖြစ်ရွေးချယ်ခံရရေးအတွက် “ပုဒ်မ ၅၉ (စ) တွင် ခြွင်းချက်ထည့်သွင်းရေး” ၊ “၁၄ ပြည်နယ် ဖွဲ့စည်းရေး” ၊ “လွတ်ငြိမ်းချမ်းသာခွင့်” သမ္မတသဘောဖြင့်ပေးအပ်နိုင်ရေး၊ စစ်သားအမတ်များကို စစ်တိုင်းဌာနချုပ် အလိုက် ရွေးချယ်ရေး၊ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ “ထပ်ဖြည့်အာဏာ” ပေးအပ်ရေး စသည့်စိတ်ဝင်စားဖွယ်ရာ အချက်များပါရှိပါသည်။
ယင်းအချက်များနက် “၁၄ပြည်နယ်ဖွဲ့စည်းရေး” သည် တိုင်းရင်းသား အင်အားစုများ (ပါတီနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ) ဘက်မှ ပြောစရာဆိုစရာရှိလာမည်ဖြစ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် “မူလစီရင်ပိုင်ခွင့်အာဏာ”၊ “အယူခံစီရင်ပိုင်ခွင့်အာဏာ”၊ “ပြင်ဆင်မှုစီရင်ပိုင်ခွင့်   အာဏာ”တို့အပြင် “ထပ်ဖြည့်အာဏာ” ဆိုသည့်ကိစ္စကလည်း ထူးခြားပါသည်။ ဤကိစ္စသည် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး”အပေါ် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့သည့် ဖြစ်ရပ်နှင့်ဆက်နွယ်နိုင်သည်ဟုစဉ်းစားမိပါသည်။ သို့တည်းမဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ပေးအပ်ထားသည့် “မူလစီရင်ပိုင်ခွင့်အာဏာ”များ မပြည့်မဝ/မလုံမလောက်ဖြစ်နေ၍ ထပ်ဖြည့်သည့် သဘောဖြစ်မည် မလား မသိပါဘူး။ ဤကိစ္စကို ရှေ့နေများ၊ ဥပဒေပညာရှင်များကသာရှင်းပြနိုင်ပါလိမ့်မည်။ တရားရေးမဏ္ဍိုင်ဘုံးဘုံးလဲနေသည် ကတော့ အလွန်ကို သေချာပါသည်။
“၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်နိုင်ခြင်းရှိသည်/မရှိသည်က တစ်ကဏ္ဍဖြစ်သော်လည်း (NDF) ပါတီက သူတို့ပြင်ဆင်လို သည်များကို တင်ပြသဖြင့်သူတို့၏သဘောထားဆန္ဒနှင့် အာသီသကိုသိရပါသည်။  အနိမ့်ဆုံးအားဖြင့် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင် ရေးနှင့် စပ်လျဉ်းပြီး (NDF) ပါတီ၏ သဘော ထားနှင့်စဉ်းစားနည်းကို ပြည်သူများသိရှိလေ့လာခွင့်ရ သည်မဟုတ်လော။
“၂၀၀၈ အခြေခံဥပဒေ” တွင် အခန်း ၁၅ ခန်းပါရှိသည့်အနက် အခန်း (၉) ၊ အခန်း (၁၀) ၊ အခန်း (၁၁) နှင့် အခန်း (၁၄) တို့မှ အပ ကျန်အခန်း ၁၁ ခန်း နှင့်ပတ်သက်ပြီး  (NDF)ပါတီက ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်လိုသည့်အချက်များကို သက်ဆိုင်ရာ အခန်း နှင့်ပုဒ်မ အလိုက်တင်ပြထားပါသည်။
မြင်သာအောင် (NDF) ပါတီ၏ “ပြင်ဆင်ပြီး ဥပဒေ (မူကြမ်း) ” မှ သတိပြုမိသော အချက်အချို့ကိုထုတ်နုတ်တင်ပြပါမည်။

အခန်း (၁) တွင်
- အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပြည်သူ့ဆန္ဒနှင့်အညီ ပါဝင်ရေး
- တိုင်းစစ်ဌာနချုပ် အလိုက် စစ်သားအမတ်များကို ကာချုပ်ကလွှတ်တော်သို့ တင်ပြရေး နှင့်စစ်သားအမတ်များ လျှော့ချရေး
- သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်ရေး
အခန်း (၂) တွင်
-  ရှိရင်းစွဲ တိုင်းဒေသကြီး ၇+ ပြည်နယ်၇ ကို  “၁၄ ပြည်နယ်” အဖြစ် ပိုင်းခြားသတ်မှတ်ရေး
အခန်း (၃) တွင်
- သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရေးအတွက် ပုဒ်မ ၅၉ (စ) အတွက် “ခြွင်းချက်” ထည့်သွင်းရေး
အခန်း (၅) တွင်
- သမ္မတ သည် ကာလုံ၏ ထောက်ခံချက်မလိုဘဲ။ “လွတ်ငြိမ်းချမ်းသာခွင့်” ပေးပိုင်ခွင့်ရှိရေး
- ပြည်နယ်လွှတ်တော်တို့မှ “ပြည်နယ်ဝန်ကြီးချုပ်”ခန့်အပ်နိုင်ရေး
အခန်း (၆) တွင်
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား  “ထပ်ဖြည့်အာဏာ”ပေးအပ်ရေး
အခန်း (၇) တွင်
- ဗုဒ္ဓဘာသာနှင့်အခြားဘာသာသာသနာများကို ခွဲခြားသည့်သဘောဖြစ်သည့် “ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့်”  စကားရပ် အား ပယ်ဖျက်ရေး
အခန်း (၁၂) တွင်
- ပုဒ်မ ၄၃၆ (က) အခြေခံဥပဒေပြင်ဆင်ရာတွင် လွတ်တော်ကိုယ်စားလှယ်အများစုထောက်ခံမဲ ၇၅%ဖြင့်ဆုံးဖြတ်ရေး၊ “ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန်”ဟူသည့်အချက်ကို ပယ်ဖျက်ရန် နှင့်
- ပုဒ်မ ၄၃၆ (ခ) တွင် လည်း “လွတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံထောက်ခံမဲအရေအတွက်ဖြင့်ပြင်ဆင်ရေး
အခန်း (၁၅) တွင်
- ပြည်နယ်များတွင် “ရုံးသုံးစာမြန်မာစာ” နှင့်အတူ သက်ဆိုင်ရာလူမျိုးကြီး၏ ဘာသာစာပေကို ရုံးသုံးစာအဖြစ်ပူးတွဲ အသုံး ပြုရေး

ခြုံ၍တင်ပြရသုံးသပ်ရလျှင် ပြင်ရေး/မပြင်ရေး၊ မည်သည့်အချက် ပြင်မည်/မပြင်မည်ဆိုသည့် ကိစ္စအားလုံးအတွက် အဆုံးအဖြတ် သည် (ကာလုံ) နှင့်ကြံ့ဖွံ့ပါတီ၏ လက်ထဲ တစ်နည်းအားဖြင့် စတုတ္တမျိုးဆက် စစ်အုပ်စုလက်ထဲတွင်ရှိနေသော အရာသာဖြစ်သည်။
“၁၉၄၇ အခြေခံဥပဒေ”  ကို “စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ နစ်နာနေခဲ့ရသော တိုင်းရင်း သားလူမျိုးများ၊ ပြည်နယ်များအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် “၁၉၄၇အခြေခံဥပဒေဘောင်အတွင်းမှ ”ပြင်ဆင်ရန် ကြိုးပမ်းခဲ့ဖူးသည့် သမိုင်းအတွေ့အကြုံရှိခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း စစ်အုပ်စု၏ အာဏာသိမ်း ခြင်းဖြင့် တစ်စခန်းရပ်ခဲ့ရပါသည်။
ထို့အပြင် “နောက်ကြောင်းပြန်လှည့်မည်” တနည်း “အာဏာသိမ်းမည်” ဟူသော တစ္ဆေကလည်း ခြောက်နေဆဲဖြစ်ပါသည်။
“၂၀၀၈ အခြေခံဥပဒေ” ကို “၂၀၀၈ အခြေခံဥပဒေဘောင်တွင်းမှ” နေ၍ ဒီမိုကရေစီပြည့်ဝပြီး တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိုတိကျစွာအာမခံနိုင်မည့် အခြေခံဥပဒေတစ်ရပ်အဖြစ် သို့မဟုတ် ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် တကယ်တန်းကိုက်ညီသည့် အခြေခံ ဥပဒေ တစ်ရပ်သို့  ပြောင်းလဲပြင်ဆင်ရေး ဆိုသည်မှာ အပ်ဖျားပေါ် မုန်ညင်းစေ့တင်ရသည်ထက်ခက်ခဲသည့် ကိစ္စမျိုးဖြစ်နေပါသည်။

ညွန်း
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့်သဘောထား သဘောထားကြေညာချက် အမှတ် (၇/၂၀၁၃) ၊ ၂၀၁၃ ခုနှစ်၊ မေလ (၂၃) ရက်။ 

Win Nyein and Zagana interview

ဝင်းငြိမ်း - ဇာဂနာ ပွင့်ပွင့်လင်းလင်း အင်တာဗျူး
ရွှေအမြုတေမဂ္ဂဇင်း
မေ ၂၄၊ ၂ဝ၁၃


 ရုပ်မြင်သံကြားအစီအစဉ်မှာ အခုလို ချန်နယ်တွေ မပေါများမီကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ဝန်းကျင် တုန်းက မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှာ မြပုဏ္ဏမာ အငြိမ့်၊ သီတာဝင်း အငြိမ့် အစီအစဉ် များကို ရုပ်မြင်သံကြား ပရိသတ်များက တရှိုက် မက်မက် စောင့်စား ကြည့်ရှု ခဲ့ရပါတယ်။ 

Ku Moe Joe - Today and Tomorrow

ကူမိုးကြိုး - တိုင်းပြည်အနာဂတ်သည် ... (ပုံ တပ်မတော်)
မေ ၂၆၊ ၂၀၁၃

Aung Maw - Cartoon


နောင်ဆို
ကာတွန်း - အောင်မော်
မေ ၂၅၊ ၂၀၁၃



ကာတွန်းအောင်မော်၏ ဖေ့ဘုတ်စာမျက်နှာမှ ပြန်လည်ကူးယူပါသည်။

Hantar Waddy U Win Tin - Articles

ကမ္ဘာမှာလည်း အာဏာရှင် တို့လည်း အာဏာရှင် သံစဉ်သီချင်းနဲ့ ကြီးပြင်းခဲ့ကြတဲ့ တို့လူမျိုး
ဟံသာဝတီ ဦးဝင်းတင်
မေ ၂၅၊ ၂၀၁၃



ပူလိုက်တာဗျာ။ လူတစ်ကိုယ်လုံးလည်း ငါးဖန်းမကြပ်တိုက်လို ဖြစ်နေပြီ။ ဒီကြားထဲ မိုးသံလေသံတွေ ကြားလာရတယ်။ မုန်တိုင်းသံတောင် ပါသေးသဗျ။ ကျုပ်လည်း ပျော်ပြုံးရာက ဝါးလုံးကွဲ ဟားတိုက်လိုက်မိပါသဗျ။

ပျော်ရာကပြုံး၊ ပြုံးရာက ဟားတိုက်မိတာကတော့ ဒီလိုကြောင့်ပါဗျာ။ ရယ်စရာ ရွှင်စရာတွေ ဆိုတာကလည်း ပေါင်းစုံဝေဖြာကြပေသကိုးဗျာ။

ကြားလိုက်ကြရဲ့ မဟုတ်လား။ စစ်အာဏာနန်းကျဟောင်းကြီး တစ်ဆူက သူတော့ဖြင့် ပါတီနိုင်ငံရေးလုံးဝ (လုံးဝ) မလုပ်တော့ပါဘူးတဲ့။ သာရေး၊ နာရေး၊ သာသနာရေးပဲ ဆောင်ရွက်ပါတော့မယ်တဲ့။ ဒီလိုစကားမျိုးကြားတော့ ကျုပ် ဝမ်းသာတာပေါ့။ ဝမ်းသာတော့ ဟားတိုက်မိတာပေါ့ဗျာ။

ကျုပ်တို့ရဲ့ မြန်မာနိုင်ငံရေးလောကမှာ ဒီလိုရယ်စရာ (အဲအဲ ပျော်စရာစကား) တွေကကြားရမြဲလေဗျာ။ ကျုပ်ကတော့ အဲဂလို စကားမျိုးတွေကြားရတိုင်း ရယ်မိတာပဲ။ ပျော်စရာကောင်းတဲ့စကားတွေကိုးဗျာ။ ကျုပ်တို့သာ ပျော်စရာကောင်းတာ မဟုတ်ဘူးဗျ။ အချစ်ဓာတ်တွေ တကယ်ကို ဝင်းဝင်းရွှေပြီး စစ်ဖိနပ်တွေ လည်မျိုနင်းနင်းချေခံခဲ့ရဖူးတဲ့ ပြည်သူလူထုကြီးက ပိုလို့တောင် ပျော်တာပဗျာ။

မှန်တာပြောရရင် အဲဂလို နန်းကျအာဏာရှင်ဟောင်းတွေ အဲဂလို NO နိုင်ငံရေးစကားတွေ၊ ဟင့်အင်း နိုင်ငံရေးလေသံတွေ ပြောတိုင်း၊ ပေးတိုင်း ကျုပ်တို့ မျက်စိလည်ခဲ့ဖူးကြတာပဲဗျာ။ အမျိုးသားနိုင်ငံရေး လုပ်မယ်ပြောလိုပြော၊ သာသနာနိုင်ငံရေး လုပ်မယ်ဆိုလိုဆို၊ အမျိုးကို စုံနေတာပဲဗျာ။ ကျုပ်ဖြင့် မျက်စိသူငယ် နားသူငယ်၊ ဘယ်လိုတွေလဲဗျို့လို့ ဟစ်ခဲ့ရတဲ့ အကြိမ်းပေါင်းက နည်းမှတ်လို့။

အခု နန်းကျအာဏာရှင်ဟောင်းကြီးတစ်ယောက် လေသံအသစ်ဖောက်လာတာကို ကျုပ်ကတော့ ကြိုဆိုသဗျာ။ အဲ .... ကျုပ်ပြောချင်တာလေး တစ်ခွန်းတော့ရှိသပေါ့ဗျာ။ အဲဒီတစ်ခွန်းက “ပြောမယ့်ပြော နလပိန်းတုံးလူထုကြီး နာကြောတစ်ထောင် စိမ့်သွားအောင် ပြောရော့ပေါ့ဗျာ။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ငါဆရာနိုင်ငံရေး၊ ခွေးချီလာတောင် ကောက်မဝါးတော့ပါဘူးဗျို့” လို့ ပြတ်ပြတ်သားသားကြီး ပြောလိုက်ရောပေါ့ဗျာ”

အဲဂလိုစကားကြားရလို့ လံကဓောလောကဓံသား ကျုပ်တို့ လန်ငရုပြဲ လူးငရဲပြန်တွေ အူတက်လို့ လူသက်ပါ ပျောက်ချင်ပျောက်ပါစေဗျာ။ ကြားချင်ရိုး အမှန်ပါ။

ပျော်စေပြက်စေပါဗျာ။ ဗိုလ်ချုပ်ကြီးတို့လို ပုဂ္ဂိုလ်တွေ အဲဂလို သစ္စာစကားဆိုသံ၊ ဖိန်းသံကြားတော့ တကယ်ဝမ်းသာတာပါ။

ဗိုလ်ချုပ်ကြီးလို ချုပ်ကြီးတွေ၊ မှူးကြီးတွေ၊ ချုပ်မှူးကြီးတွေဆီက အဲဂလိုသစ္စာစကားတွေကို ကျုပ်တို့ပြည်သူတွေက ကြားချင်နေတာဗျ။ အဲဂလို စကားမျိုးတွေကို ဦးပုညရေးခဲ့သလို မေတ္တာသုတ် တစ်ပုဒ်လုံး ပုဒ်မပါကျုံးပြီး ဝုန်းလိုက် ဖြုန်းလိုက်ကြစမ်းပါဗျာ။

ဗမာလူမျိုးအချင်းချင်းတွေပဲဗျာ။ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပေါ့။ ဒီလိုများ မပြောချင်ဘူးလား။

“ကဲ... ကဲ ကိုယ့်ပြည်သူတို့ လွန်တာရှိ ဝန္ဒာမိပေါ့ဗျာ။ ဗဲရီးဆောရီးတောကြီးမြိုင်လယ်ပါပဲ။ ခွင့်လွှတ်ပေတော့ဗျို့။ နောင်များတော့ ရှောင်ရှားပေါ့ကွယ်။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေးအတွေးနဲ့တောင် မပြစ်မှား၊ အားလုံးယုံစားကြစေချင်တယ်” ဘာညာပေါ့ဗျာ။

အဲဂလိုစကားမျိုးကို ဟိုအာဏာရှင်ပဂေးကြီးတွေ၊ ပဂေလေးတွေ၊ပဂေးပိစိကွေးတွေ၊ ပဂေးချာတိတ်တွေ အားလုံးအားလုံး စကားကြွေးမချန်ဘဲ ဖွင့်အန်ပြောကြစေချင်သပေါ့ဗျာ။

ဟိုတစ်လောက် အဲဒီပဂေးကြီးတွေရဲ့ အိမ်တော်ပါပဂေးလေးပြောတဲ့စကား ကြားယောင်နေပါသေးတယ်။

သူ့အပြောက အဲဒီအာဏာပဂေးပါဝါဆွေးကြီးတွေခမျာ ချစ်သူဝိုင်းဝိုင်းလည်နေ ဆိုပါလား။ ချစ်သူ၊ ခင်သူ၊ ကြည်ဖြူသူ၊ ဆည်းကပ်သူ၊ ကိုးကွယ်သူတွေ အသင်္ချေအနန္တ ဆိုပါလား။ ဗမာအစ ကျောက်ဆည်က ဆိုတာ မှန်စရာရှိတယ်။ ဗမာဂါရဝ ပုဂံကဆိုတာလည်း မှန်စရာရှိတယ်။ ဒီခေတ်အထိ ဗမာတွေ ကျောက်ဆည်နတ်ဆိုး ကိုးကွယ်တုန်းပေကိုး။ ပုဂံအရည်းဆိုး ဆည်းကပ်တုန်းပေကိုး။

ကျုပ်ကတော့ ယုံသွားပြီ။ ဒီအဆိုတွေ မှန်နိုင်တယ်။ တခြားမကြည့်နဲ့ဗျာ။ ဒီနေ့အထိ ကျုပ်တို့နိုင်ငံ ဘယ်သူတွေ စိုးမိုးအုပ်ချုပ် မင်းလုပ်စံမြန်း နေကြသလဲ။ အာဏာရှင်ခေတ်အိမ်ရှေ့ရာဇာ သေနာပတိ ဝန်ကြီး၊ ဝန်ငယ်တွေ စိုးစံနေတာ မဟုတ်လား။ ကျုပ်တို့ ကြည်ဖြူလေးစား ဘုရားငယ်တစ်ပါးလို တဟားဟား တဟီးဟီး ဘာကြီးညာကြီး လုပ်နေတဲ့ အကြီးအချုပ်ပုဂ္ဂိုလ်ကြီးက စစ်အာဏာပဂေးခေတ်က မင်းလုပ်စိုးအုပ်ဝန်တစ်ဆူ ချုပ်ခဲ့သူမဟုတ်လား။

ကျုပ်တို့ ဗမာတွေ ကမ္ဘာနဲ့မတူတစ်မူထူးကာ အဲဒါပဲဗျ။ လစ်ဗျားလို နိုင်ငံမှာ အာဏာရှင် ကဒါဖီခေတ် ဝန်ကြီး၊ ဝန်ငယ်တွေကို ဒီမိုကရေစီ အပြောင်းအလဲခေတ်အစိုးရတွေမှာ အနားတောင်သီခွင့်မပေးဘူးဗျ။ ရာထူးရာခံနဲ့ စိုးစံမင်းမူခွင့်ပေးဖို့ဆိုတာ ဝေလာဝေး။

ကျုပ်ကတော့ ဗမာနည်းပဲ ကြိုက်သဗျာ။ ဟေ့ကမ္ဘာ့ကောင်တွေ ဗာလချောင် လာမလုပ်ကြနဲ့။ တို့ကတော့ တို့နည်းနဲ့ တို့ပဲ။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီမင်း ဒီစိုး ဒီဟိုဒင်းနဲ့ဆိုတာပဲ ကြိုက်တယ်ကွာ။ ဂုဏ်ယူတယ်ကွာ။ ဘာဖြစ်သေးလဲ။ ဟဲ ဟဲ ဟဲ ။ ဟေ့ တို့ခေတ်သစ်ရွှေနိုင်ငံမှာ ထီးရိုးနန်းရိုးမဟုတ်တဲ့ ငါ့တပါး မင်းခွေးချေးတွေ မပေါ်ဘူးကွ။ ဘေးတော်အစဉ် ဘိုးတော်အဆက် မင်းအာဏာ အာဏာမင်းတွေပဲ စိုးစံတော်မူသကွာ။

ကျုပ်လာစမ်းလို့ကတော့ ဒီအတိုင်း ဘွင်းဘွင်းပြောပစ်လိုက်မှာပေါ့။ ဘာရမလဲကွယ်။

ကျုပ်တို့ ‘ကမ္ဘာမှာလည်း အာဏာရှင် တို့လည်းအာဏာရှင်’ ဆိုတဲ့ နိုင်ငံရေးသံစဉ်သီချင်းနဲ့ ကြီးပြင်းလာခဲ့တဲ့ လူမျိုးမဟုတ်လား။ ဟား... ဟား.... ဟား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၁၉)


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages