ဇွန် ၁၄၊ ၂ဝ၁ဝ
အသက် ၉၀
ရှိပြီ ဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (photo: True News)
အခြေခံဥပဒေတခုကို
အလွယ်တကူ ပြင်ဆင်၍ ရမည်မဟုတ်ဟု နှစ် အတန်ကြာ ငြိမ်သက်နေသည့်
နိုင်ငံရေးသမားကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ပြောလိုက်သည်။
အင်္ဂါနေ့ထုတ် True News ဂျာနယ်နှင့်
တွေ့ဆုံမေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ပြင်ဆင်မယ် လို့ ပြောဆိုနေကြတဲ့ အပေါ် ကိုယ့်အမြင်ကို ပြောရရင်
ကိုယ်ကိုယ်တိုင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆွဲတုန်းက ပါဝင်ခဲ့တဲ့
အတွေ့အကြုံ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို လွယ်လွယ်ကူကူနဲ့
ရေးဆွဲပြီး အတည်ပြုလို့ မရသလို အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
တစ်ခုကိုလည်း လွယ်လွယ်ကူကူ ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့ လုပ်လို့
မရပါဘူး” ဟု ဦးအောင်ကြီးက ပြောသည်။
စစ်အစိုးရ စိတ်ကြိုက်
ရေးဆွဲထားသည့် အခြေခံ ဥပဒေသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အဟန့်အတား
ဖြစ်နေသည့်အတွက် နိုင်ငံရေးသမား အများအပြားက ကန့်ကွက်လျက်ရှိသည်။
နိုင်ငံရေးသမား တချို့ကလည်း
ထိုအခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့်
ရွေးကောက်ပွဲဝင်ရေးအတွက် စီစဉ်နေကြသည်။
ဤအချိန်တွင် ဦးအောင်ကြီးက ပြင်ဆင်ရန် ခက်ခဲကြောင်း ပြောလိုက်ခြင်း
ဖြစ်သည်။ သူကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထောင်ရန် အစီအစဉ်
လုံးဝ မရှိ ဟုလည်း ဆိုသည်။
သို့သော်လည်း ၂၀၁၀
ရွေးကောက်ပွဲသည် တရားမျှတပါက “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပိုမို
တိုးတက် ကောင်းမွန်လာစေမယ်” ဟုလည်း ပြောလိုက်သည်။
နိုင်ငံရေး အကဲခတ် အများစုက
ထိုရွေးကောက်ပွဲသည် မျှတမည်မဟုတ်ဟု ယုံကြည်နေကြသည်။
ဦးအောင်ကြီးသည် ၁၉၆၂ စစ်အာဏာသိမ်း
ခေါင်းဆောင် တဦး ဖြစ်သည်။ အာဏာရှင် ဦးနေ၀င်းက သူ့ကို ရာထူးမှ ဖြုတ်ပြီး
အကြိမ်ကြိမ် ထိန်းသိမ်းခဲ့သော်လည်း သူက ဦးနေ၀င်းအပေါ် သစ္စာမပျက်ခဲ့ဟု
သိရသည်။
၁၉၈၈ ခုနှစ်
လူထုလှုပ်ရှားမှုတွင် ဦးအောင်ကြီး၏ အမည်သည် ပိုမို ထင်ရှားလာသည်။ ထိုကာလ
မတိုင်ခင်က စစ်အစိုးရထံသို့ သူပေးပို့သည့် မြန်မာပြည်အခြေအနေဆိုင်ရာ
အိတ်ဖွင့်ပေးစာများမှာ အလွန် ထင်ရှားခဲ့သည်။
ထိုလှုပ်ရှားမှုကို စစ်တပ်က ချေမှုန်းအပြီးတွင်
ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အုပ်စု သုံးခုဖြင့် NLD
ကို စတင် ဖွဲ့စည်းခဲ့ရာ ထိုနိုင်ငံရေးအတွဲကို “အောင်၊ စု၊ တင်” ဟု ထိုစဉ်က
ခေါ်ကြသည်။ အုပ်စု တခုမှ ၁၄ ဦးစီ စုပေါင်းပြီး ဖွဲ့ကြခြင်း ဖြစ်သည်။
မကြာမီမှာပင် ဦးအောင်ကြီးက NLD
ခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ်များ ရှိနေသည်ဟု စွပ်စွဲသဖြင့်
အဖွဲ့အတွင်း ပဋိပက္ခ ဖြစ်ခဲ့သည်။ ၂ လကျော်အကြာတွင် အစည်းအဝေးလုပ် မဲခွဲ
ဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည့် ဦးအောင်ကြီးတို့အုပ်စု NLD မှ ထွက်သွားသည်။
ထို့နောက်
ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ (UNDP) ကို တည်ထောင်ပြီး ၁၉၉၀
ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည်။ မဲဆန္ဒနယ် ၂၅၀ တွင် ၀င်ပြိုင်ရာ တနယ်တွင်
အနိုင်ရခဲ့သည်ဟု ဆိုသည်။
၁၉၁၉ ခုနှစ်ဖွား
ဦးအောင်ကြီးသည် ပဲခူးတိုင်း ပေါင်းတည်မြို့ ဇာတိ ဖြစ်သောကြောင့်
စာရေးသည့်အခါ သခင်အောင်ကြီး (ပေါင်းတည်) ကလောင်အမည်ဖြင့် ရေးလေ့ရှိသည်။
သူ၏ အမည်ဖြင့် ထုတ်လုပ်သည့် “အောင်ကြီးကိတ်”
သည် တချိန်က ရန်ကုန်တွင် အောင်မြင် ထင်ရှားသော အစားအစာ လုပ်ငန်းကြီး
ဖြစ်ခဲ့သည်။
ကာတွန်း စောငို - ၂၀၁၀
ကြပ်ပြေး၏ ဗြောက်အိုးများ
ဇွန် ၁၄၊ ၂၀၁၀
နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၂)
အမျိုးသားအောင်ပွဲနေ့ နှင့်
အမျိုးသားနိုင်ငံရေး
ထိန်လင်း
ဇွန် ၁၄၊ ၂၀၁၀
တန်ဆောင်မုန်း
လပြည့်ကျော် ၁ဝ ရက်နေ့ဟာ အမျိုးသားအောင်ပွဲနေ့ဆိုတာ သတင်းစာတွေထဲမှာ၊
ပြက္ခဒိန်တွေထဲမှာ တွေ့ရလို့ ဘယ်နေ့ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါပေမယ့်
ဒီလို နေ့ထူးနေ့မြတ် သတ်မှတ်ရလောက်အောင် အတိတ်က ဘာတွေဖြစ်ခဲ့တယ်၊
ဘာကြောင့်အရေးကြီးတယ် ဆိုတဲ့ မှတ်တမ်းမှတ်ရာ အချက်အလက်တွေကို သိရှိဖို့တော့
လိုအပ်ပါတယ်။
အများသိတဲ့အတိုင်း သမိုင်းဖြစ်ရပ်တွေကိုသာမဟုတ်ဘဲ ရွှေတိဂုံစေတီတော်ပေါ်က
အမျိုးသားအောင်ပွဲနေ့ မော်ကွန်းကျောက်တိုင်ကိုတောင်
ပိတ်ဆို့ကာဆီးနေတဲ့အခါဆိုတော့ လူငယ်လူရွယ်တွေအတွက် သမိုင်းမှတ်တမ်း
လက်ဆင့်ကမ်းဖို့ လိုအပ်ပါတယ်။ မြန်မာ့နေ့ထူးနေ့မြတ်တွေထဲမှာ မြန်မာပြက္ခဒိန်ရက်နဲ့
သတ်မှတ်ထားတဲ့ နိုင်ငံရေးဆိုင်ရာနေ့ရက်က ဒီတစ်ရက်ပဲ ရှိပါတယ်။ ဒီလို
သတ်မှတ်ချက်ထူးခြားသလို ဖြစ်ရပ်ကလည်း မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေ
ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်စေခဲ့တဲ့
ပထမကျောင်းသားသပိတ်ဟာ မြန်မာပြည် ကျောင်းသားများလှုပ်ရှားမှုကြီးရဲ့
ပြယုဂ်ဖြစ်သလို ပညာရေးနဲ့ နိုင်ငံရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာကိုလည်း
ဖော်ပြလိုက်တဲ့ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။ ပထမကျောင်းသားသပိတ်ရဲ့သက်တမ်းဟာ
ရန်ကုန်တက္ကသိုလ်သက်တမ်းနဲ့ အတူတူဖြစ်တာမို့ ရန်ကုန်တက္ကသိုလ် သက်တမ်း ၈၉
နှစ်ရောက်လာတဲ့ ဒီနှစ်ဟာ ၈၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့
ကျရောက်ပြီဖြစ်ပါတယ်။ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့
ရန်ကုန်တက္ကသိုလ်ဥပဒေဟာ အများသဘောနဲ့ ပြဋ္ဌာန်းတဲ့ဥပဒေမဟုတ်ဘဲ အာဏာပိုင်တွေက
သူတို့အလိုအတိုင်း ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ
စတင်ကျင့်သုံးမှာဖြစ်ပြီး ဆင်းရဲချမ်းသာမရွေး ကျောင်းသားတိုင်းအတွက်
ညီမျှတဲ့ဥပဒေမဟုတ်ဘဲ ချို့ယွင်းချက်တွေ ကန့်သတ်ချက်တွေ အများအပြား
ပါဝင်နေပါတယ်။
ဒါကြောင့် ဒီဥပဒေကို သပိတ်မှောက်ဖို့ ယုဒဿန်ကောလိပ်နဲ့ ရန်ကုန်ကောလိပ်က
ကျောင်းသားကြီး ၁၁ ဦးတို့ဟာ ရွှေတိဂုံစေတီရင်ပြင် စနေထောင့်မှာ
စုဝေးတိုင်ပင်ခဲ့ပါတယ်။ အများသဘောမတူဘဲ ဇွတ်ပြဋ္ဌာန်းတဲ့ ဥပဒေကို
တော်လှန်ဖို့ စဉ်းစားတဲ့အခါ ကျောင်းသားမရှိဘဲ ဖွင့်တဲ့ကျောင်းဟာ
အဓိပ္ပာယ်မရှိနိုင်ဘူး၊ အာဏာရှိတိုင်း လုပ်ချင်ရာ လုပ်လို့မရဘူးဆိုတာတွေကို
ပြသနိုင်ဖို့ ကျောင်းသားသပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဆုံးဖြတ်ခဲ့ကြတဲ့ ကျောင်းသား ၁၁ ဦးဟာ ကောလိပ်ကျောင်းသားတွေအားလုံးက
မပါဝင်ရင်တောင် သူတို့ ၁၁ ယောက်က ကျောင်းကိုသပိတ်မှောက်ပြီး တိုင်းပြည်
ဆူပူထကြွလာအောင် လှည့်လည်တရားဟောဖို့၊ နောက်နေ့မှာ ကျန်တဲ့ကျောင်းသားတွေနဲ့
စုဝေးတိုင်ပင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်တနေ့ပြုလုပ်တဲ့ ဗဟန်းက
ဦးအရိယကျောင်းတိုက် ဆွေးနွေးပွဲမှာတော့ ကောလိပ် ၂ ခုက တက်လာတဲ့ ကျောင်းသား
၆ဝဝ လောက်က အခြေအတင် ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာလ ၇ ရက်နေ့
ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ကြောင်း ဒုတိယဘုရင်ခံက ကြေညာတဲ့အခါ အားလုံး
‘ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီ’လို့ အော်ဟစ်ပြီး ကျောင်းကနေ
ထွက်ခွာဖို့၊ ပြဋ္ဌာန်းထားတဲ့ဥပဒေကို ပြုပြင်ပေးရေးအတွက် အရေးဆိုဖို့၊
တောင်းဆိုထားတဲ့အချက်တွေကို မပြုပြင်သမျှ ကျောင်းပြန်မတက်ဖို့
ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ကျောင်းသားတွေ ဒီလိုဆုံးဖြတ်တာကို ရန်ကုန်ကောလိပ်
အာဏာပိုင်တွေသိသွားပြီး ခြိမ်းခြောက်တာ ဖျက်ဆီးတာတွေ လုပ်ပါတော့တယ်။ ဒီတော့
ကျောင်းသားတွေက ပထမဆုံးဖြတ်ထားတာထက် ၂ ရက်စောပြီး မြန်မာသက္ကရာဇ် ၁၂၈၂
ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ
စတင် သပိတ်မှောက်လိုက်တာဖြစ်ပါတယ်။ ရန်ကုန်နဲ့ ယုဒဿန်ကောလိပ်ကျောင်းသားတွေ
စတင်ခဲ့တဲ့သပိတ်ဟာ သခင်ဘသောင်းဖြစ်လာမယ့် မောင်ဘသောင်း အပါအဝင်
ကျောင်းသားတွေရဲ့ဦးဆောင်မှုကြောင့် မန္တလေးမြို့ကိုပါ ကူးစက်ခဲ့သလို
ကောလိပ်ကျောင်းသားများသာမက အထက်တန်းကျောင်းသားများပါ ပါဝင်လာခဲ့ပါတယ်။
ကျောင်းသားသပိတ်ရဲ့ အကျိုးဆက်ကတော့ အမျိုးသားကောလိပ်အပါအဝင်
နိုင်ငံအနှံ့အပြားမှာ အမျိုးသားကျောင်းတွေ ပေါ်ထွက်ခဲ့သလို ပြည်သူလူထုကို
နိုင်ငံရေးနိုးကြားမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ အမျိုးသားအောင်ပွဲနေ့ ဆိုတာကတော့ ၁၉၂၂
ခုနှစ် ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ ရန်ကုန် ဂျူဗလီဟောမှာ ပြုလုပ်တဲ့
ဂျီစီဘီအေ ပြည်လုံးကျွတ် အထူးအစည်းအဝေးကြီးကနေ ဆုံးဖြတ်
သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မဆလခေတ် နောက်ပိုင်းမှာတော့
အမျိုးသားအောင်ပွဲနေ့ကနေ အမျိုးသားနေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာ ခုချိန်ထိ
ဖြစ်ပါတယ်။
ဒီနေရာမှာ အမျိုးသား ဆိုတဲ့ စကားရပ်နဲ့ ဆက်စပ်တဲ့
ခေါ်ဝေါ်သုံးစွဲမှုတွေအကြောင်း စဉ်းစားမိပါတယ်။ အမျိုးသားခေါင်းဆောင်၊
အမျိုးသားပညာရေး၊ အမျိုးသားအကျိုးစီးပွား စသဖြင့် သုံးနှုန်းကြတာ ရှိပါတယ်။
အကြောင်းအရာ ဘယ်လိုပဲ ကွဲလွဲပေမယ့် အမျိုးသား ဆိုတဲ့စကားလုံးက
တိုင်းပြည်တခုလုံးကို ကိုယ်စားပြုတဲ့ သဘောဆောင်ပါတယ်။ တဆက်တည်းမှာ
အာဏာပိုင်တွေ သုံးလေ့ရှိတဲ့ ‘အမျိုးသားနိုင်ငံရေး’ ဆိုတဲ့ စကားလုံးလည်း
ရှိပါတယ်။ သူတို့ကတော့ ပါတီနိုင်ငံရေး ဆိုတာနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ
မတူဘူး၊ ပါတီခေါင်းဆောင်တွေက ပါတီအတွက်ပဲ လုပ်ကြမှာ စသဖြင့်
ပြောဆိုကြတာဖြစ်ပါတယ်။ တကယ်ကတော့ ပါတီထဲမှာပဲရှိရှိ၊ စစ်တပ်ထဲမှာပဲရှိရှိ
ဘယ်မှာပဲရှိရှိ တိုင်းပြည်အကျိုးစီးပွား၊ အများပြည်သူ အကျိုးစီးပွားကို
ရှေးရှုပြီး စေတနာအစစ်အမှန်နဲ့ လုပ်ဆောင်ရင် အမျိုးသားနိုင်ငံရေးပဲ
ဖြစ်ပါတယ်။ စကားလုံးတွေ ဘယ်လိုပဲပြောင်းပြောင်း အနှစ်သာရက မကွဲပါဘူး။ ပထမကျောင်းသားသပိတ်ကို စတင်ခဲ့တဲ့
ကျောင်းသားတွေဟာ ပညာရေးစနစ်တစ်ခုပေါ်မှာ တော်လှန်အံတုတယ် ဆိုပေမယ့်
ပညာရေးနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးစနစ်ကို တော်လှန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လိုအရေးကိစ္စပဲဖြစ်ဖြစ် တိုင်းပြည်နဲ့၊ နိုင်ငံနဲ့
ဆက်စပ်ပတ်သက်နေတယ်ဆိုရင် နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေမှာပဲဖြစ်ပါတယ်။ ၁၉၄၆
ခုနှစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာလည်း
ပညာရေးဟာ နိုင်ငံရေးဖြစ်တယ်လို့ ရည်ညွှန်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ ရန်ကုန်
ကန်တော်ကလေး မြူနီစီပယ်ကျောင်းမှာ ပြုလုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းဆရာများညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးစနစ် ညံ့ဖျင်းရာက
မြန်မာတွေရဲ့ အစည်းအဝေးတိုင်း အချိန်မမှန်တဲ့အကျင့် ဖြစ်လာတဲ့အကြောင်း၊
လွတ်လပ်တဲ့တိုင်းပြည်နဲ့ ပညာရေးစနစ်ကောင်း ထွန်းကားတဲ့ တိုင်းပြည်တွေမှာသာ
စည်းကမ်းစနစ်ကို လူတိုင်း သဘောပေါက် နားလည်ပြီး လိုက်နာတဲ့အကြောင်းတွေကို
ပြောကြားခဲ့ပါတယ်။ နိဂုံးချုပ်မှာတော့ ပညာရေးဟာ နိုင်ငံရေးဖြစ်တဲ့အတွက်
နိုင်ငံရေးလွတ်လပ်မှ ပညာရေးလွတ်လပ်မယ်၊ ဒီအတွက် နိုင်ငံရေးလွတ်လပ်ဖို့
ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ပညာရေးနဲ့
နိုင်ငံရေး ဘယ်လို ဆက်စပ်နေတယ်ဆိုတဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သက်တဲ့
သမိုင်းမှတ်တမ်းတွေ၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်တဲ့
ဖြစ်ရပ်တွေကို လေ့လာမယ်ဆိုရင်လည်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုများအတွင်းက
အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်တဲ့ အကြောင်းအရာတွေကို မလွဲမသွေ
တွေ့ရမှာပဲဖြစ်ပါတယ်။ ။ထိန်လင်း (၁ဝ၊ ၁၁၊ ၂ဝဝ၉) ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နော်ဝေအခြေစိုက်
ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
ကာတွန်း ဘီရုမာ -
ဒေါ်အောင်ဆန်းစုကြည် ၆၅
ဇွန်
၁၃၊ ၂၀၁၀
“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၃၃)ဦးဘသိန်း မြိုင်ထ
မာမာအေး
ဇွန် ၁၃၊ ၂၀၁၀
မာအေးချစ်တဲ့ သောတရှင်တွေ၊
ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ
ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ - မာအေးက
သက်တော်ရှည် ဂီတ စာဆိုကြီး ဖြစ်တဲ့ မန္တလေး ဦးဘသိန်း နဲ့ သူ့သီချင်းတွေ
အကြောင်းကို သင်္ကြန်မတိုင်မီက စပြီး ပြောလာခဲ့တာပါ။ သူရေးခဲ့တဲ့
‘ဗုတ်တလုတ်ကန်တော်’ ‘ဖူးစာ’ ‘ပန်းပုသူဇာ’ ‘သုံးရာသီ’ ‘သလ္လာရွှေမြေ’
‘တန့်ကြည်တောင်မှ ဖိတ်ခေါ်သံ’ အတော်လေး စုံသွားပါပြီရှင်။ ကြားမှ ဖြတ်ပြီး
ပြောသင့်တာတွေ ရှိလာတော့လည်း ဖြတ်ပြီး ပြောလိုက်ရတာမို့လို့ အကြိုက်
မကျခဲ့ရင် ခွင့်လွှတ်ပေးပါ လို့ ပြောချင်တာပါပဲ။ ဦးလေး ကိုဘသိန်းဟာ အသက် ရာတန်း ဆိုတော့
မန္တလာရဲ့ ဓလေ့နဲ့ ဆိုရင် ‘ဘိုးတော်’ လို့ ခေါ်ကြ သုံးကြမှာပေါ့ရှင်။
ကိုယ်လည်း ကြုံရင် သုံးရမှာပေါ့။ ဒီဘိုးတော်က သက်တမ်းအရ မြို့မ၊ ယုဝ၊ သင်္ဂဟ
စတဲ့ ဂီတ အသင်းအဖွဲ့ကြီးတွေ စည်ပင် ဝေဆာ ဂီတ ဘ၀ သာနေချိန် ကတည်းက အရေးလက်ကျ
ကောင်းခဲ့တဲ့သူ ဆိုတော့ သီချင်းတွေ အများကြီး ကျန်ခဲ့မှာပါ။ အဆိုတော်
ကိုအံ့ကြီး ဆိုတဲ့ သီချင်း အများစုကို ဦးလေး ကိုဘသိန်း ရေးခဲ့ပါတယ်။
ကိုအံ့ကြီးကလည်း ဘယ်လို သီချင်းမျိုးကို ဆိုဆို၊ အပိုအလိုမရှိ ပကတိ
ပီပြင်တဲ့ အဆိုမျိုး ပါရမီရှင်မျိုးပါ။ မာအေးတို့လို ဂီတမျိုးရိုး
မဟုတ်ပါဘဲ၊ ကျော်မြဲကျော်ဆဲ၊ အပျော်ထမ်း အဆိုတော် တပါးကို ဒီဘက် ခေတ်မှာ
ဘယ်ကာလပေါ် ဂီတစာဆိုမှ မစပ်ဖွဲ့တော့တဲ့ ‘မြိုင်ထ’ ပုံစံ သီချင်းနဲ့
ရွှေနားတော်သွင်းစေခဲ့ပါတယ်။ ‘စိမ့်ကြီးမြိုင်ကြီး မြိုင်ထ’ ခေါ်ကြပါစို့စိမ့်ကြီးမြိုင်ကြီး
ရိပ်ကြီးငယ် သာဆန်းလေစွတကယ် xxx တစ်လှန်း မကွာတယ် ဘယ်ဆီမြန်းပါစေတော့ရယ်
နန်းညာနွယ် တွဲမှီကာ လိုက်ရှာလေတဲ့မယ် xxx ကန္တာမဆုံးမီမှာကွယ် တလမ်းလုံး
သီကရီ မဒီ ပမ်းရှာရော့မယ် (ရွှေအားတော် ငယ်နဲပကွယ်) ၂ xxx
ဟောဒီကုန်းအတက်ကလေးက ချော်မယ် မောင်ပခုံးကို မှီတွဲဖက်ပါ့ကွယ် xxx
[စိမ့်ကြီးမြိုင်ကြီး မြိုင်ထ-ကိုအံ့ကြီး]
မြိုင်ထသီချင်း အကြောင်းကို ပဲရော့
ကိုဘသန်းလေးရဲ့ ဆိုသံနဲ့ တခါ မာအေး ပြောခဲ့ပြီးပြီလို့ မှတ်တာပဲ။
ဇာတ်စင်ပေါ်မှာ မြင်လာတဲ့ အသိနဲ့ ပြောခဲ့တာပါ။ ဇာတ်သဘင်တို့ရဲ့ သဘာဝ
တိုင်းပြည် နိုင်ငံတွေရဲ့ ထီးညွန့်နန်းနွယ်တွေဟာ တက္ကသိုလ်ပြည်က ဒိသာပါမောက္ခ
ဆရာကြီးထံ တပည့်ခံ ပညာသင်ဖို့ရာ သွားကြတာကိုး ရှင့်။ ကိုယ့်တိုင်းပြည်
ပြန်မယ် ကြံတော့ ပညာတော်တဲ့ တပည့် သားမြေး ဆိုရင် သမီးကညာနဲ့ပါ
ပေးစားလွှတ်လိုက်တာမျိုးလည်း ပါ၊ သူတို့ဖာသာ ဖူးစာဆုံလို့ ရွှေဘုံ
အတူပြန်ကြတာလည်း ပါသတဲ့လေ။ ပညာလည်းစုံ ကြင်ယာလည်း စုံမို့
ရွှေရင်ခုန်ချိန်မှာ သာတောင့်သာယာ ကျေးငှက်သံ တစာစာနဲ့ အေးရိပ်ဆာ
တောပန်းတွေကြား နှစ်ဦးသား ကြင်မ၀ ပိုပြီးတော့ ချစ်ကြလို့ မြိုင်ထ
ခေါ်တဲ့အကြောင်းပါ။အခု
မာအေးပြောနေတဲ့ ဘိုးတော်ကြီးက မြိုင်ထ ရေးတာပေမယ့် ဇာတ်သဘင် လောကသား
မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်မို့ သစ္စာထား အမျိုးထဲ ထားရမယ့် မြိုင်ထထဲမှာ
တခြား ဇာတ်စာရေးဆရာများ ရေးဖြစ်ကြသလို တလင်ထဲ လင်နေတဲ့ ဟာမျိုး စာမဖွဲ့တာ
ထူးတယ် လို့ပဲ ညွှန်းပြစရာ ရှိပါတယ်။ သဘာဝကျတဲ့ အတွေးတွေကိုလည်း မာအေးက
သဘောကျမိပါသေးတယ်ရှင်။ အရင်က ကြားဖူးတဲ့ မြိုင်ထတွေမှာ ချစ်တဲ့သူကို
‘မောင်ထမ်းလို့ ခေါ်ပါ့မယ်’ လို့ချည်း ပြောတတ်တာလေ။ ဦးလေး ကိုဘသိန်းကတော့
နိုင်သလောက်ပဲ ရေးတယ် ထင်ပါရဲ့။ ‘ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်။
မောင့်ပခုံးကို မှီတွဲဖက်ပါ့ကွယ်’ တဲ့။ သူက ထမ်းခေါ်မယ်လို့ မပြောဘူး ရှင့်။
ခရီး အဝေးကြီး သွားရမယ့် ကိစ္စ၊ ကုန်းကြောင်းလည်း သွားရမယ့် အချိန်မှာ
ကိုယ့်ကိုယ်ပေါ်ကို နောက်တယောက် ထမ်းပိုးသွားရရင် ဘယ်နိပ်မှာလဲလို့။ ခုတော့
သူက သတိပေးတာလောက်ပဲ၊ သူ့ပခုံးကို မှီလိုက်တွဲလိုက် တဲ့၊ ကုန်းအတက်ကလေးမို့
ချော်သွားမှာ စိုးတာကိုပဲ ရေးပါတယ်။ မြိုင်ထ ဆိုတဲ့ သီချင်း ပုံစံမှာ
လေးချိုးတို့ လွမ်းချင်းတို့ ဗုံထောက်တို့က အချိုးတွေလည်း ပါသေးတာမို့
အချိန်က ရှည်ပါဘိသနဲ့ သိရုံလောက်သာ ကောက်ထည့် ပြောရတာ ဆောရီးပဲနော်။
သံရိုးသံဟောင်း ဂီတ ရေစီးောကာင်းဟာလည်း ရွှင်ပျော်ဖွယ် ကောင်းပါတယ်။
ဆက်နားထောင်ပါဦး။ ငှက်ကို ချော့ခိုင်းတာမျိုး ၀ါးကျည်တောက်နဲ့ အနယ်
မပါအောင် ရေခတ်ပေးတာမျိုးတွေလည်း ကြားရပါလိမ့်မယ်ရှင်။xxx
ဟိုးတောင်ခြေ စခန်းမှာလဗျာ - - -၊ စမ်းရေအေးအိုင်ထက် ကြည်လင်တယ် xxx
(ဟောဒီခင်ကွယ်)၂ xxx အပမ်းဖြေ သောက်ရအောင် ဟောဒီခင်ကွယ် အပမ်းဖြေ
သောက်ရအောင် ၀ါးကျည်တောက်မယ် အနယ် မပါရစေဘူး (ပယ်ဖျောက်ခါ)၂ xxx
မောင်ယူဖို့ သွားပါ့မယ်။ အို ခင်ရဲ့ - - - -မျက်ထားသုန် မှုန်ပါနဲ့ကွယ် xxx
(စုံကန္တာ နေပူခရီး၊ ဘယ်ထီးမှ မပါ ပါတယ်ဗျာ) ၂ xxx [မြိုင်ထ အဆုံးပိုဒ်]
(မူရင်း - ဘီဘီစီ မြန်မာပိုင်း
အသံလွှင့်ဌာန BBCburmese.com)
မစ်ရှီဂန်မှ ပေးသောစာ -
၉
အောင်ဝေး
ဇွန် ၁၃၊ ၂ဝ၁ဝ
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့
မာပါစ။ ဒီတစ်ခါတော့ ကန့်လန့်ကာ နောက်ကွယ်က ပုဂ္ဂိုလ်တွေအကြောင်း
တွေးမိတာလေး ပြောကြည့်ချင်တယ်။ သမိုင်းမှာ လူထုတိုက်ပွဲမှာ
အရေးတော်ပုံတွေမှာ အလွန် အရေးပါတဲ့ တာဝန်တွေကို ကန့်လန့်ကာ နောက်ကနေ လူမသိ၊
သူမသိ ထမ်းဆောင်သွားခဲ့ကြသူတွေ အကြောင်း ကျနော် ပြောချင်တာပါ။
ဆရာကြီး မင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ’
နဲ့ ‘သူ့မှာတမ်း’ ကဗျာ နှစ်ပုဒ်မှာ အများအတွက် ကိုယ်ကျိုးစွန့်
အနစ်နာခံသွားတဲ့ အညတရတွေ အကြောင်းကို ဆရာကြီး မင်းသုဝဏ်က ဂုဏ်ပြု
ရေးဖွဲ့ထားခဲ့တာ အားလုံး ဖတ်ဖူးကြမှာပါ။
အခု ကျနော် တွေးမိ သတိရမိတဲ့ သူတွေကတော့
အညတရတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ နိုင်ငံသိ ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးတွေပါ။
ပြီးတော့ သူတို့ဟာ စာရေးဆရာ သတင်းစာဆရာကြီးတွေပါ။
သူတို့ဟာ စာရေးဆရာအဖြစ် သတင်းစာဆရာအဖြစ်
သူတို့ ဘ၀ ဖြတ်သန်းမှုထဲမှာ ထင်ရှားပြီးသားပါ။ ကျနော်က သူတို့ကို
ကန့်လန့်ကာနောက်က လူတွေ လို့ ဘာကြောင့် ပြောရတာလဲ ဆိုရင်တော့ ဒီလိုပါ
ကိုဒေါင်း။ သူတို့ရဲ့ နိုင်ငံရေးဘ၀ကို သူတို့ကိုယ်တိုင်က ဘယ်တုန်းကမှ
ဟိတ်ဟန်လုပ် ဂုဏ်ဖော်ပြီး ထုတ်ပြောခဲ့တာမျိုး မရှိခဲ့လို့ပါပဲ။
သူတို့ကတော့ တခြားသူတွေ မဟုတ်ကြပါဘူး။
ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှ နဲ့ ဂျာနယ်ကျော်
ဦးချစ်မောင်တို့ပါပဲ။ ဒီ စာရေးဆရာ၊ သတင်းစာရာကြီးတွေဟာ
မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတယ် ဆိုတာ
နှောင်းလူငယ်တွေ သိမှ ဖြစ်မယ် ကိုဒေါင်း။
ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ စာပေ ဘ၀ကိုတော့
လူအများ သိပြီးသားပါ။ ဒါပေမဲ့ သူတို့ရဲ့ နိုင်ငံရေးဘ၀ကိုကျတော့ သိသူ
နည်းပါလိမ့်မယ်။ ဒါကလည်း ကာယကံရှင်တွေ ကိုယ်နှိုက်က မလိုအပ်ဘဲ
ထုတ်မပြောခဲ့လို့က တစ်ကြောင်း ဖြစ်မယ်။
ဥပမာ ဆိုပါတော့ ဆရာမကြီး
ဒေါ်ခင်မျိုးချစ်။ ဒေါ်ခင်မျိုးချစ် ဆိုရင် လွတ်လပ်ရေး မော်ကွန်းဝင်
ပုဂ္ဂိုလ်ပါ။ သူ မော်ကွန်းဝင်တစ်ဦး ဆိုတာ သိသူ နည်းပါတယ်။ ဒေါ်ခင်မျိုးချစ်၊
လူထု ဒေါ်အမာ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ၁၉၁၅ တစ်နှစ်တည်းဖွားတွေပါ။
ဗိုလ်ချုပ်အောင်ဆန်းက အာဇာနည်။ လူထုဒေါ်အမာက ၁၉၃၆ တက္ကသိုလ်သပိတ်မှောက်
ကျောင်းသူ၊ ဗကသ အမေ။ ဒေါ်ခင်မျိုးချစ်ကျတော့ကော။
ဂျပန်ခေတ် မရမ်းခြံ စစ်ဝန်ကြီးရုံးမှာ
ဒေါ်ခင်မျိုးချစ်က ဟန်ဆောင် စာရေးမ ၀င်လုပ်တယ်။ သူက တစ်ဦးတည်းသော စစ်သမီး
ဆိုကြပါစို့ရဲ့။ အဲဒီအချိန်က ရွှေတောင်ကြားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊
သခင်နု၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း စတဲ့ ခေါင်းဆောင်တွေ
နေကြပါတယ်။
ဒေါ်ခင်မျိုးချစ်က
စစ်ရုံးမှာ လူလစ်ပြီ ဆိုရင် ရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မီးဖိုချောင်လို
နေရာကလေးကို သွားသွားပြီး ရေဒီယို ခိုးခိုး နားထောင်ရတယ်။ ရေဒီယိုက လာတဲ့
ကမ္ဘာ့သတင်း အထူးသဖြင့် စစ်ရေးသတင်းတွေကို လိုက်ပြီး ကူးရတယ်။ ဒီ
လျှို့ဝှက်သတင်းတွေကို ဆွဲခြင်းကလေးထဲ ဖုံးဖိထည့် သိုသိုသိပ်သိပ် လက်က
ဆွဲပြီး ရွှေတောင်ကြားက သခင်နုတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆီကို
သွားသွားပို့ရတယ်။ အင်မတန် လျှို့ဝှက် လုပ်ခဲ့ရတဲ့ အလုပ်ပေါ့။ ပြီးတော့
အင်မတန်လည်း အန္တရာယ်များတဲ့ အလုပ်ပဲ ကိုဒေါင်း။
အဲဒီတုန်းက ဂျပန်က ရေဒီယိုနားမထောင်ရ
လို့ အမိန့် ထုတ်ထားတာ။ နားထောင်တဲ့သူ သေဒဏ် လို့ ကြေညာထားတာကလား။ အဲဒီလို
အသက်နဲ့ ရင်းပြီး လုပ်ခဲ့ရတဲ့ သမိုင်း ရှိခဲ့ဖူးတယ်။ ဒီအကြောင်း
ဒေါ်ခင်မျိုးချစ်ကိုယ်တိုင်တော့ ရေးခဲ့တာ မရှိပါဘူး။ သက်ကြီးစကား
သက်ငယ်ကြား၊ ငယ်သူတွေက တစ်ဆင့် ပြန်ရေးတာကိုတော့ ဦးနေ၀င်းအကြောင်းတွေ
ပါနေလို့ ဆိုပြီး စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ခြံထဲက လွတ်လပ်တဲ့
ဟောပြောပွဲလို နေရာမှာတောင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်က
ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် မလုပ်ခဲ့ပါဘူး။ ဒါ ကန့်လန့်ကာ နောက်ကွယ်က
လှပတဲ့ ဇာတ်ကွက်ကလေး တစ်ကွက်ပဲမဟုတ်လား ကိုဒေါင်း။
ပြီးတော့ လူထုဦးလှ။ လူထုဦးလှ
ဆိုရင်လည်း သတင်းစာ ဆရာကြီး၊ စာရေးဆရာကြီး၊ ပုံပြင်ဆရာကြီး အဖြစ် လူတွေက
ပိုသိကြတာပါ။ ကန့်လန့်ကာ နောက်က လူထုဦးလှရဲ့ နိုင်ငံရေး ဘ၀ကို သိသူ
နည်းမယ်။ အထက်မြန်မာပြည် ဖဆပလ အဖွဲ့ကြီးအတွက် လူထုဦးလှ နောက်ကွယ်က
ယူခဲ့တဲ့ တာဝန်တွေက အများကြီးမဟုတ်လား။ ဆရာကြီးဦးရာဇတ်ရဲ့ လျှို့ဝှက်
လက်ရုံးတစ်ဖက်ပဲ မဟုတ်လား။ ဖက်ဆစ် တော်လှန်ရေး လုပ်ကြတော့ လူထုဦးလှဟာ
ဗိုလ်မှူးကြီး ဗထူးအတွက် နောက်ကွယ်အတွက် နောက်ကွယ်ကနေ လက်နက် လူသူ ရိက္ခာ
ရှာဖွေ ထောက်ပံ့ပေးခဲ့ပြန်တာပါ။ ဦးလှ သူ့ရဲ့ လူထု သတင်းစာကို
ဗိုလ်ချုပ်အောင်ဆန်းအာဘော် သတင်းစာအဖြစ် ထုတ်ခဲ့တယ် ဆိုတာ ခုခေတ်
နှောင်းလူငယ်တွေ သိချင်မှ သိကြမယ်။
ဒါပါပဲ ကိုဒေါင်း။ လူထုဦးလှဟာ
အများအမြင်မှာတော့ မြန်မာပြည်ရဲ့ အန်ဒါဆင်းပဲပေါ့။
ကန့်လန့်ကာနောက်ကွယ်မှာတော့ အရေးတော်ပုံ တပ်သားကြီး တစ်ယောက်ပဲ မဟုတ်လား။
ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှတို့လိုပဲ
ဂျာနယ်ကျော် ဦးချစ်မောင် ဆိုရင်လည်း ကန့်လန့်ကာ နောက်ကွယ်က လူသား
တစ်ဦးပါပဲ။
ဂျာနယ်ကျော်
ဦးချစ်မောင်ဟာ ဖဆပလ အဖွဲ့ကြီးရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ယောက်ပါ။
ဂျပန်ခေတ် တစ်လျှောက်လုံး ဂျာနယ်ကျော် ဦးချစ်မောင် ဂျပန် ခုခံ ဆန့်ကျင်ရေး
လုပ်ငန်းတွေ လျှို့ဝှက် လုပ်ကိုင်နေတာ ဗိုလ်ချုပ်အောင်ဆန်းတို့ကလွဲရင်
တခြားသူတွေ ဘယ်သူမှ မသိခဲ့ကြပါဘူး။
လွတ်လပ်ရေး ခရီး လမ်းခုလတ်မှာ
ဦချစ်မောင် ကွယ်လွန်ရှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်
သင်္ဂြိုဟ်ခဲ့တဲ့ အဖြစ်ဟာ ဦးချစ်မောင်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က သမိုင်း
တန်ဖိုးပဲ မဟုတ်လား။
တစ်ခေတ်
တစ်ခါတုန်းက အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာပဲ ဖြစ်ဖြစ် ဒီကနေ့
ဆင်နွှဲနေတဲ့ ဒီမိုကရေစီ တိုက်ပွဲထဲမှာပဲ ဖြစ်ဖြစ် ကန့်လန့်ကာ နောက်ကနေ
တိုင်းပြည်အကျိုး လူထုအကျိုး သယ်ပိုး ထမ်းဆောင်ခဲ့ကြတဲ့ ထမ်းဆောင်နေကြဆဲ
ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ အားလုံးက လေးစား အသိအမှတ်ပြုရမယ်
မဟုတ်လား ကိုဒေါင်းရေ။
အားလုံးကို သတိရလျက်-
အောင်ဝေး
(ကဗျာဆရာအောင်ဝေးသည်
အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။ မစ်ရှီဂန်မှ
ပေးသောစာ - အမှတ် ၉ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က
ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)--
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives