2nd NOV - MoeMaKa Daily

10 views
Skip to first unread message

Maung Yit

unread,
Nov 2, 2012, 4:14:27 AM11/2/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka


ဆန်ဒီမုန်တိုင်းအလွန် နယူးယောက်၊ နယူးဂျာဆီ နဲ့ အခြားပြည်နယ်အခြေအနေများ
နိုင်ငံတကာသာဂိ၊ နိုဝင်ဘာ ၂၊ ၂၀၁၂
အောက်တိုဘာ ၂၉ ၊ ၃၀ မှာ ဆန်ဒီဟာရီကိန်းမုန်တိုင်း အမေရိကန်ပြည်အရှေ့ဖက်ကမ်းခြေ၊ နယူးယောက်မြို့တော်၊ နယူးဂျာဆီပြည် (ဂျာဆီနဲ့ အတ္တလန်တာမြို့) တွေကို ဖြတ်ပြီး ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရေကြီးခြင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခြင်း၊ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်ခြင်းတို့ဖြင့် အရှေ့ဖက်ကမ်းဒေသတွေက ပြည်နယ်ပေါင်း ၁၂ နယ်ကို ထိခိုက်ခဲ့ရာမှာ ပျက်စီးမှု ဒေါ်လာ ၅၀ ဘီလျံဖိုးလောက်ရှိမယ် ခန့်မှန်းပါတယ်။ သေဆုံးသူ ၉ ၀ ကျော်သွားပြီး လူပေါင်း ၄.၁ သန်းကျော်ရဲ့ နေအိမ်တွေ လုပ်ငန်းတွေမှာ လျပ်စစ်မီးပြတ်တောက်လျက်ရှိပါတယ်။ နယူးယောက်မြို့တော်မှာတင် လူ ၆ သိန်းခွဲ မီးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ ၁၀ ရက်လောက် အချိန်ယူပြီး မှ မီးတွေ ရေတွေ ပြန်ရမယ်လို့ ပြောပါတယ်။ မုန်တိုင်းအကြို တနလာင်္နေ့ကတည်းက နယူးယောက် စတော့ဈေးကွက်ကို ပိတ်ထားခဲ့ရာမှာ ယမန်နေ့က စတိပြန်ဖွင့်ပြီး လည်ပတ်နေတယ်လို့ သိရပါတယ်။
(NJ transit rails in recovery)
မုန်တိုင်းကယ်ဆယ်ရေး ပြန်လည် နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေးအတွက် ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေကြေညာကာ National Guards  အမျိုးသားကာကွယ်ရေးတပ်သားတွေနဲ့ ဆောင်ရွက်ရာမှာ တပ်သားပေါင်း ၈ ထောင်ခန့် ကို ဖြန့်ကျက်သုံးစွဲတယ်လို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန်ကြက်ခြေနီအသင်းနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေက အင်အားတွေ ရန်ပုံငွေတွေ သုံးစွဲပြီး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။
(national guards helping people)
နယူးယောက်မြို့တော် အဓိကရေလွှမ်းခံရတဲ့ မက်ဟန်တန်မြို့တော်ကမ်းနားဘက်အခြမ်းမှာ ပြန်လည် ထူထောင်ရေးတွေ စတင်နေပါတယ်။ မြို့တွင်းပြေး မြေအောက်ရထားတွေ ပြန်လည်ပတ်ပါပြီ။ မြို့ဆင်ခြေဖုံးကနေ ရုံးတက် အလုပ်သွားသူတွေကတော့ car pool လို့ခေါ်တဲ့ ကားကြုံအတူစီးပြီး မြို့ထဲကို လာကြဖို့ မြို့တော်ဝန်က အမိန့်ထုတ်ထားပါတယ်။ ဒါမှမြို့တော်တွင်း ကားပိတ်ဆို့မှု သက်သာမယ်ဆိုပါတယ်။
(NYC charging station for all)
မြို့သူ မြို့သားတွေကတော့ တဦးကို တဦး ကူညီကြတယ်။ စားစရာ၊ ရေ၊ ဓာတ်ဆီ စသည်တို့ကို ဝေမျှ သုံးစွဲကြတယ်။ အဓိက တယ်လီဖုံး၊ ကွန်ပျူတာတွေကို အားသွင်းဖို့ အရေးတကြီးလိုအပ်နေတာမို့ လူထုဟာ မီးပေါက်ရှိတဲ့နေရာတွေဖြစ်တဲ့ ရုံးတွေ၊ စာတိုက်တွေ၊ ဟိုတယ်တွေမှာ သူတို့လျပ်စစ်ပစ္စည်းတွေကို တန်းစီပြီး အားသွင်းနေကြတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။
(NYC Halloween disturbed) 
မုန်တိုင်းစဲပြီး အောက်တိုဘာ ၃၁ ဟာ အမေရိကန်ကလေးတွေ ဆင်နွဲလေ့ရှိတဲ့ ဟောလိုးဝင်းပွဲတော် - (ကာတွန်းတွေ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေလို ၀တ်စုံမျိုးစုံ ၀တ်ဆင်ပြီး အိမ်နီးချင်းတွေဆီက သကြားလုံး ချော့ကလက်လိုက်တောင်းကြတဲ့ ပွဲတော်) ဖြစ်တာမို့ အဆိုပါ မြို့နယ်တွေက ဟောလိုးဝင်းပွဲတော်ကို ဆင်နွဲဖို့ ရက်တွေကို ရွှေ့ဆိုင်းထားလိုက်ကြတယ်လို့ ဆိုပါတယ်။ 
မုန်တိုင်းက အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ်အလိုမှာ ၀င်တာမို့ မဲဆွယ်ပွဲတွေကို သမ္မတနဲ့ အပြိုင်ဝင်သူတို့က ခေတ္တရပ်နားခဲ့ပေမယ့် အခုတော့ မဲဆွယ်ပွဲတွေ ပြန်စနေပြီလို့ ဆိုပါတယ်။
(nj - shore lines affected area)
လက်ရှိသမ္မတ အိုဘားမားက မုန်တိုင်းခံပြည်နယ်တွေကို ပြည်ထောင်စုအစိုးရက (Federal Governmet) ကနေ အရေးပေါ်ကူညီမှုတွေ အမြန်ဆုံး အထိရောက်ဆုံး ပေးမယ်လို့ ကတိပေးပြီး လိုက်လံအားပေးမှု ပြုလုပ်နေပါတယ်။ ပြိုင်ဖက်သမ္မတအရွေးခံသူ ရီပတ်ဘလစ်ကန်ပါတီသမား မစ်ရော်နီကတော့ အစိုးရထက် ပြည်နယ်တွေကို တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးဖို့၊ အစိုးရမဟုတ်တဲ့ ကြက်ခြေနီတွေလို အဖွဲ့အစည်းတွေကို လှူကြဖို့ ကူကြဖို့၊ ကိုယ်ထူကိုယ်ထကြဖို့ ပိုမို တိုက်တွန်းနေတာကို တွေ့ရပါတယ်။ သဘောကတော့ အရေးပေါ်အခြေအနေမှာ အစိုးရကို အသိအမှတ်ပြုမယ့်အစား အခြားဘက်တွေကို အလေးသာပြနေတဲ့ပုံဖမ်းတာမျိုး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
(obama with american people)
မည်သို့ပင်ဖြစ်စေ ဆန်ဒီမုန်တိုင်းဟာ ယခင်မုန်တိုင်းတွေလိုပဲ အမေရိကန်ပြည်သူတွေရဲ့ လူမှုဘ၀၊ စီးပွားရေးဘ၀တွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလ ဖြစ်တဲ့အတွက် နိုင်ငံရေးအရလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအပြင် အာမခံလုပ်ငန်းကြီးတွေ၊ လူမှုရေးကူညီမှုအဖွဲ့တွေ၊ အလှူရှင်တွေကနေ ပြန်လည်ထူထောင်ရေးကို ၀ိုင်းဝန်းလုပ်ကိုင်ကြမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ မိသားစုတွေဘ၀တွေဟာ ပြန်ပြီးတော့ ရုန်းကန်ပြထကြဦးမှာဖြစ်တယ်။ ဒါဟာလည်း အမေရိကန်ပြည်သားတွေရဲ့ နိုင်ငံသားစိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။
(Photos - Internet, google image search words - "sandy hurricane")
Posted by MoeMaKa at 1:02 AM 0 comments  
Labels: News Features

THURSDAY, NOVEMBER 1, 2012

Kyaw Home - Articles

ဗမာပြည်ဟာ ဇိနကိုလိုနီနယ်ဖြစ်နေပြီလား
ကျော်ဟုန်း 
နိုဝင်ဘာ ၂၊ ၂၀၁၂


ခုထိ ပြတ်သားစွာ အဖြေမသိရသေးတဲ့ လက်ပံတန်းတောင်လူထုအစည်းအဝေးကြီးရဲ့  ရလဒ်ကို တွေးမိပါတယ်။

အထက်ဗမာပြည်မုံရွာခရိုင်တွင်းက လက်ပံတန်းတောင်ကြေးနီစီမံကိန်းနဲ့ဆက်စပ်ပြီး ပေါ်လာတဲ့အတွေးတခုပါ။ ဒေသခံတွေ ဆန္ဒပြရခြင်း ဇစ်မြစ်ကို လေ့လာသုံးသတ်ဖို့လိုလာပြီလို့ထင်လို့ပါ။ ဒီကြေးနီစီမံကိန်းကို ဘာကြောင့်  ဒေသတွင်းနေကြတဲ့သူတွေက ရပ်တန့်စေချင်ခဲ့ရ တာလဲ။ အာဏာပိုင်တွေဘက်ကရော ရပ်တန့်မှုလုပ်ပေးနိုင်ပါ့မလား။ ဒီပြဿနာကို ဘယ်လိုကျေနပ်အောင် ဖြေရှင်းကြမလဲဆိုတဲ့ မေးခွန်း များ ပေါ်လာခဲ့ပါပြီ။

ကြေးနီတူးဖော်ရေးလုပ်ငန်းဟာ မုံရွာပတ်ဝန်းကျင်မှာ လွန်ခဲ့တဲ့ နှစ်(၂၅)လောက်က မြန်မာ့သတ္ထုတွင်းဝန်ကြီးဌာနဟာ (ယူဂို၊ ကနေဒါ)တို့ နဲ့စပ်ပြီး စံပယ်တောင်မှာ တူးဖော်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ကြေးနီတူးဖော်ရေး မလုပ်မီ လေထုညစ်ညမ်းမှုမရှိအောင် သစ်ပင် (၃) သိန်း စိုက်ပေးခဲ့တယ်။ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိမ်းသိမ်းခဲ့တယ်။ လူနေအိမ်သိမ်း၊ လယ်ယာမြေသိမ်း အသံတွေမကြားခဲ့ပါဘူး။ ဒါ ကြောင့် ပြဿနာတစုံတရာ မတက်ခဲ့ဘူးလို့ သိရပါတယ်။

ခု မြန်မာ့ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်းကုမ္ပဏီတို့ လက်ပံတန်းတောင်စီမံကိန်းကြမှ အသံတွေ ဆူဆူညံညံကြားခဲ့ရတာက ဘာလို့ဖြစ် တာပါလဲ။ ရှင်းပါတယ်။ မြန်မာ့ဦးပိုင်ရော ဝမ်ပေါင်းကုမ္ပဏီရော ဒေသခံပြည်သူတွေကို လှည့်စား အကြမ်းဖက်ခဲ့လို့ပါပဲ။ ကြေးနီတူးဖော်ရေးလုပ်မယ့်နေရာတဝိုက်က လယ်ယာမြေပေါင်း (၇၈၀၀) ဧကကို သိမ်းယူခဲ့တယ်။ (၃) နှစ် သီးနှံစာလျော်ကြေးပေးပြီးသိမ်းတာပါ။ လယ်သမား တွေကတော့ (၃) နှစ်ပြီးရင် သူတို့ရဲ့လယ်တွေ ပြန်လုပ်ခွင့်ရမယ်အထင်နဲ့ သဘောတူခဲ့တာတဲ့။ ဒါပေမယ့် ဒီစီမံကိန်းက  နှစ် (၆၀) ကြာမယ် သိလာရတော့  သူတို့လယ်မဲ့ဘဝရောက်ရတဲ့အတွက်  မကျေမနပ်ဖြစ်စေခဲ့ရတာပါပဲ။ လူနေအိမ်တွေ  အသိမ်းခံရတာမို့ဒေသနေများ အိုးမဲ့အိမ်မဲ့၊ လယ်မဲ့ ယာမဲ့ ဒုက္ခပင်လယ်ဝေရခြင်းဖြစ်စေခဲ့ရပါတယ်။ ဒါဟာ မြန်မာ့ဦးပိုင်ရဲ့ လှည့်စားလိမ်ညာမှုဆိုတာ ထင်ရှားစေပါတယ်။ ဖြစ်သင့်တာက အစကတည်းက ဒေသခံတွေကို တူးဖော်ရေးနဲ့မလွတ်လို့ နေရာရွှေ့ပေးရမယ်ဆိုရင်  နေအိမ်တွေ စနစ်တကျ နေရာချပေး တာမျိုး၊  လုပ်ကိုင်စားသောက်ဖို့ လျော်ကြေးငွေ နှစ်ဖက်ညှိနှိုင်းပြီးပေးတာမျိုးကို ရိုးသားစွာရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။  ခုက (၃) နှစ် လိုလို အယောင်ပြပြီး နှစ် (၆၀) စီမံကိန်းလုပ်မယ့်အကြောင်းသိတဲ့အခါမှာ ဒေသခံတွေ မခံရပ်နိုင်ဖြစ်တာ မဆန်းပါဘူး။

ဒါ့အပြင် တရုတ်ကလဲ သူ့အကျိုးစီးပွားတခုတည်းကိုကြည့်ပြီး တောင်တွေဖြိုချ၊  ကြေးနီတူးဖော်ရေးက  စွန့်ပစ်ပစ္စည်းတွေကြောင့် စားပင်သီး နှံတွေ ညှိုးနွမ်းမှု၊ ချင်းတွင်းမြစ်ရေ ညစ်နွမ်းမှုတွေကိုထည့်မတွက်ဘဲ  ထင်တိုင်းကျဲခဲ့တာရယ်၊ လေထုညစ်ညမ်းမှုကာကွယ်ဖို့ အစားထိုး သစ်ပင်တွေ စိုက်မပေးတာတွေကြောင့်ရယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက  ဝေဖန်ထောက်ပြမှုတွေ ခံခဲ့ရပါတယ်။  ဒါပေမယ့်လဲ ဘယ်သူသေသေငတေမာရင်ပြီးရော ဦးပိုင်ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးမြင့်အောင်က ဆန္ဒပြသူများကိုမျက်ကွယ်ပြုပြီး  စီမံကိန်းဆက်လုပ်မယ်၊  ရပ်တန့် ပေးမှာမဟုတ်ဘူးလို့ ဗြောင်ငြင်းဆိုခဲ့ပါတယ်။

ဆန္ဒပြသူများကို ဖမ်းဆီးခဲ့လို့ (၈၈) မျိုးဆက်ကျောင်းသား ကိုဂျင်မီတို့ အဖွဲ့ နဲ့ပုလဲမြို့ နယ် ဒီချုပ်က ဒေါ်ခင်စန်းလှိုင်တို့  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ညှိပြီး  ကြားဝင်ဖြေရှင်းခဲ့ရပါတယ်။ ဖမ်းဆီးခံသူတွေ ပြန်လွတ်လာအောင်၊ ဆန္ဒပြထဲပါသူတွေ ဆက်အရေးမယူခံရ အောင် လုပ်ပေးနိုင်ခဲ့ပေမယ့်လဲ အသိမ်းခံ နေအိမ် ယာမြေတွေအတွက် ဘာအာမခံချက်၊ ဘာဖြည့်ဆီးပေးမှုမှ ဒေသခံတွေဘက်က ပြန်မရ လိုက်ပါဘူး။ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုအတွက်လဲ  သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဦးသန်းထိုက်က စီမံကိန်းပြီးရင်  စိုက် မြေတွေကို မြေသားပြန်ဖို့ပေးမှာပါဆိုတဲ့ ပျားရည်ဝမ်းချစကားနဲ့ပြီးသွားခဲ့ပါတယ်။  သပိတ်ရှိန်သာသေသွားခဲ့ရပြီး ဒေသခံတွေ မျက်ရည်တွေ ပဲ အဖတ်တင်ကျန်ခဲ့ရလို့ ကြားဝင်ဖြေရှင်းသူများကို မှားတယ်ဆိုပြီး ကျောင်းသားတပ်မတော်က ကိုဆလိုင်းယောအောင် ဝေဖန်သွားပါတယ်။ ဒီလိုပြည်တွင်းပြည်ပ ဝေဖန်မှုတွေကြားကပဲ သပိတ်ဟာ အကြိမ်ကြိမ်ထပ်ပေါ်လာပါသေးတယ်။ ပထမတုန်းက တောင်သူတွေသာရှိပြီး ဘေးကပံ့ပိုးမှုနည်းခဲ့လို့ အရှိန်ပြန်သေသွားခဲ့တာပါ။ ဒေသခံတွေက ချင်းတွင်းဟာ ဒုတိယမြစ်ဆုံဖြစ်လို့ နောင်အနှစ် (၆၀) လောက်ကျရင် ဧရာဝတီမြစ်အောက်ပိုင်းပါ ကြေးနီတူးဖော်ရေးက စွန့် ပစ်ပစ္စည်းတွေဒဏ်ခံရမှာစိုးတာပါ။ ဒါကို အစိုးရပိုင်းက ဘယ်လိုကိုင်တွယ်သလဲဆိုတာ ကို ပြည်သူတွေမသိရပါဘူး။ လက်ရှိမှာ တူးဖော်ရာနဲ့အနီးအနားဒေသတွေမှာ အပင်တွေမသန်တော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့ ကြောင့် ဆန္ဒပြကြတာပါ။  (အောက်တိုဘာ ၁၉၊ ၂၀၁၂) နေ့က အလွှာစုံပါဝင်တဲ့လူထုစည်းဝေးပွဲကျင်းပပြီး တောင်းဆိုချက် (၂၆) ချက်ထုတ် ခဲ့ပေမယ့် အစိုးရကငြိမ်နေဆဲပါ။ ဆရာကြီးဒဂုန်တာရာက သယံဇာတထုတ်ဖော်ရေးထက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်တယ်လို့ ပန်ကြားလွှာထုတ်တောင်းဆိုပါတယ်။ မိုးဇလဗေဒပညာရှင် ဦးထွန်းလွင်က ဒီကြေးနီစီမံကိန်းကြောင့် နောင် အညာဒေသဟာလွင်တီးခေါင်ဖြစ်သွားနိုင်တယ်လို့သတိပေးပါတယ်။ အစိုးရက လိုက်လျောတုံ့ ပြန်ခြင်း မရှိသေးပါဘူး။

ဧရာဝတီမြစ်ဆုံကိစ္စဟာလဲ ဦးသိန်းစိန် သမ္မတသက်တမ်း အတွင်းသာ ဆိုင်းငံ့ထားတာလို့သိရပါတယ်။ တကယ်တိတိကျကျရပ်ဆိုင်းကြောင်း မပြောသေးပါဘူး။ ဘာဖြစ်လို့လဲ။  တရုတ်ကို အစိမ်းမခြွေရဲလို့ပါ။  တရုတ်နဲ့ဗမာဆက်ဆံရေးဟာ (မဆလ) ဦးနေဝင်းလက်ထက်ထဲက ကျွမ်းဝင်နေတာကို ဂရုပြုမိကြပါလိမ့်မယ်။ (နဝတ၊ နအဖ) ခေတ်တွေမှာ အနောက်နိုင်ငံတွေရဲ့ စစ်အုပ်စုအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူ မှုတွေကြောင့် ဗမာဟာ တရုတ်နဲ့ပိုမိုနီးကပ်လာခဲ့စေပါတယ်။ တရုတ်ကလဲ စီးပွားရေးအရ အသာစီးရနေချိန်ဆိုတော့ ဗမာကို ဒီမိုကရေစီရ သွားမှာ အကြောက်ဆုံး ဖြစ်နေတာပါ။ စစ်အုပ်စုတွေကို အကာအကွယ်ပေးနိုင်မှ သူလိုရာ ဈေးပေါပေါနဲ့ရမှာမို့ ကုလမှာ ဗမာ့အရေး တင်ပြဆွေးနွေးတိုင်း သူ့လက်မှာရှိတဲ့ ဗီဒိုအာဏာနဲ့ပယ်ချပြီး ဗမာစစ်အုပ်စုကိုကာကွယ်ခဲ့တာချည်းပဲမို့လား။ အနောက်အုပ်စုတွေက ဗမာ့အရေးကို ဆွေးနွေးတိုင်း ဒါ ဗမာပြည်တွင်းရေးကိစ္စပါလို့ တသက်လုံးပြောခဲ့တဲ့ တရုတ်ဟာ အမေရိကန်နဲ့ဗမာ နီးစပ်မှုတွေမြင်ရော ဗမာပြည်ဟာ အနောက်ဒီမိုကရေစီကို ပုံတူကူးချရင် မှားမယ်ဆိုပြီး  ပြည်တွင်းစွက်ဖက်မှုတွေ ဗြောင်လုပ်လာခဲ့တော့တာပါပဲ။  တရုတ်က ဗမာကို နိုင်ငံရေးစွက်ဖက်မှုတွေလုပ်ခဲ့တာဟာ ခုမှမဟုတ်ပါဘူး။  ဦးနေဝင်းမှ ဦးသိန်းစိန်အထိပါ။  အမေရိကားလာမယ့် ဦးသိန်းစိန်ဟာ တရုတ်ဆီ အရင်ဝင်ပြီး သြဝါဒခံယူပွဲတွေလုပ်ရပါသေးတယ်။ ဗမာပြည်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ဘယ်လိုပြောင်းခဲ့ပါစေ တရုတ်ကို သံတော်ဦးတင်ခဲ့ရ၊ ကမ္ဘာ့ဖိအားပေးမှုတွေကြုံတိုင်း တရုတ်ရဲ့ သြဝါဒအတိုင်း  လိုက်လုပ်ခဲ့ရတာတွေ ခုထိတွေ့ နေရတုန်းပါ။

သန့် ရှင်းအစိုးရလို့ လေသံကောင်းလွှင့်နေတဲ့  ဦးသိန်းစိန်အစိုးရအဖွဲ့ ဟာ  ဒေါ်စုကိုမှီပြီး  အနောက်အုပ်စုနဲ့ ပိုနီးကပ်လာလေလေ  တရုတ်က လဲ သူ့ စားကျက်ကောင်းကြီး အလုခံရမှာ စိုးလာလေဖြစ်နေပါပြီ။  ဒါကြောင့် ဗမာကိုချော့တမျိုး ခြောက်တမျိုးနဲ့ ခြေထိုးကွက်တွေစိပ်လာတာဟာ သတိပြုစရာဖြစ်ပါတယ်။ တရုတ်ရဲ့လောဘကတော့ တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နီးကပ်နေတဲ့ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ် စတဲ့နိုင်ငံများကိုလဲ ဂယက်ရိုက်နေဆဲ အခင်းအကျင်းတွေတွေ့ နေရပါတယ်။ တောင်တရုတ်ပင်လယ်ရေပိုင်နက်တွေကိုသက်ဆိုင်နိုင်ငံတွေက ကိုယ့်နိုင်ငံအကျိုးအတွက် ရှေ့ မျှော်ကြည့်ပြီး အပြိုင်အဆိုင်လုနေကြချိန် ငြင်းခုံနေကြချိန်မှာ ဗမာကလူကြီးမင်းများကတော့ မြေပေါ်မြေအောက် ရေပေါ်ရေအောက် တိုင်းပြည်ဘဏ္ဍာ ဒို့ ဘဏ္ဍာဟေ့လို သဘောထားနေကြသလားမသိပါဘူး။ ကိုယ့်ဗမာပြည်သူတွေကို မီးကုန်ယမ်းကုန် နှိပ်ကွက်နေတာ တွေ့ ရဆဲပါပဲ။ လက်ပံတန်းတောင် ကြေးနီတူးဖော်ရေးကိစ္စဟာ  ခုဆိုရင် ပြည်သူတွေက ပိုပြီး စိတ်ပူလာ တာ တွေ့ ရနေပါပြီ။  အလွှာစုံ လူထုအစည်းဝေးပွဲကြီး ခင်းကျင်းပြီးအဖြေရှာနေကြပါပြီ။ ရန်ကုန်က ယုဇနဟိုတယ်မှာလဲ (၈၈) မျိုးဆက်တွေနဲ့ ဒေသခံတက်ကြွလှုပ်ရှားသူများကပါ တက်ရောက် ရှင်းလင်း ဆွေးနွေးပွဲတွေ ဒိအရင်က လုပ်ခဲ့ပါသေးတယ်။

သက်ဆိုင်ရာတာဝန်ရှိသူများကတော့ ပြည်သူ့ ဆန္ဒ၊ ဒေသခံတို့ ရဲ့ ဆန္ဒတွေကို လိုက်ရောဟန်မပြတဲ့အပြင် ဗြောင်ငြင်းတွေသာရှိနေဆဲပါ။ အောက်တိုဘာ(၁၅)ရက်က ပြုလုပ်သွားတဲ့ မြန်မာ့ဦးပိုင်နဲ့တရုတ်ဝမ်ပေါင်တို့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းဖော်ပြတဲ့ မီဒီယာတွေကိုပါ ခြိမ်းခြောက်သံကြားလိုက်ရပါသေးတယ်။ ဝမ်ပေါင်မန်နေဂျင်းဒါရိုက်တာ မစ္စတာဂျင်းရီ (Mr GengYi) က သူတို့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မီဒီယာဖော်ပြမှုတွေကို ဥပဒေကြောင်းအရအရေးယူနိုင်တယ်လို့မျက်နှာခပ်တင်းတင်းနဲ့ပြောသွားခဲ့ပါတယ်။ သူတို့အခွင့်အ ရေးအတွက်ဆက်လက် လုပ်ဆောင်သွားမယ်လို့လဲ အတိအလင်းပြောခဲ့ပါတယ်။ မြန်မာဦးပိုင်ဘက်မှတာဝန်ရှိသူက ဒေသခံတွေပြောတဲ့ သမိုင်းဝင် လယ်တီဆရာတော်ကြီးသတင်းသုံးခဲ့တဲ့ ကျောင်းဆောင်နဲ့စေတီကို မိုင်းခွဲမဖြိုခဲ့ကြောင်း၊ ကပ်လျက်ဘေးနားမှ မိုင်းခွဲခဲ့တာဖြစ် ကြောင်း၊ ထိုနေရာရှိ စေတီနဲ့ကျောင်းဟာ လယ်တီဆရာတော် သတင်းသုံးခဲ့ခြင်းမှာ မဟုတ်ကြောင်း၊ သူတို့ကိုယ်တိုင်လဲ ဗုဒ္ဓဘာသာ များဖြစ်လို့ ဒီလိုယုတ်မာမှု လုပ်မှာမဟုတ်ကြောင်းပြောခဲ့ပေမယ့် လုပ်ကွက်နဲ့မလွတ်တဲ့ အဆောက်အဦတွေကို သိပ္ပံနည်းကျ ရွှေ့ပြောင်းမှုသာလုပ်ဆောင်မယ့်အကြောင်း မေးမြန်းသူများကို မပြတ်မသား ဝေ့ဝါးစကားနဲ့ဖြေကြားခဲ့ပါတယ်။ သဘောကတော့ လုပ်စရာရှိတာ ဆက်လုပ်မယ်၊ နောက်ဆုတ်ပေးမှာ မဟုတ်ပါပေါ့။

နောက်တချက် မြန်မာ့ဦးပိုင်အကြောင်းလဲ သိထားသင့်ပါတယ်။ ဦးပိုင်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်သူတွေ၊ လက်ဝေခံ ခရိုနီတွေရဲ့ ကုမ္ပဏီဖြစ်နေသလားဆိုတာပါ။ တော်တန်ရုံ အရပ်သားစီးပွားရေးသမားတွေ အနားမကပ်နိုင်တဲ့ လုပ်ငန်းတွေကို သူတို့ ပိုင်ဆိုင်နေကြလို့ပါ။ ဦးပိုင်လုပ်တဲ့ လုပ်ငန်းတွေကို ကြည့်ပါဦး။

(၁) ကျောက်မျက်တူးဖော်ရေး (မိုးကုတ်၊ မိုင်ရှူး၊ နန့်ယန်း၊ ဖားကန့်)
(၂) သတ္ထုတူးဖော်ရေး (နိုင်ငံ့ဒေသ အတော်များများ)
(၃) ကြယ်ငါးပွင့်နိုင်ငံခြားသင်္ဘော
(၄) ကုန်သေတ္တာလုပ်ငန်း
(၅) စီးကရက်စက်ရုံ
(၆) ဘီယာစက်ရုံ
(၇) သံမဏိစက်ရုံ
(၈) စားအုံးဆီတင်ပို့ မှုလုပ်ငန်း
(၉) သစ်အချောကိုင်လုပ်ငန်း
(၁၀) ကားတင်သွင်းရေး
(၁၁) မော်တော်ယာဉ်အစိတ်အပိုင်းတင်သွင်းရေး
(၁၂) ဆည်၊ တံတားဆောက်ပစ္စည်းတင်သွင်းရေး
(၁၃) ဂေါ်တန်ကျောက်တူးဖော်ရေး
(၁၄) သံချောင်းများတင်သွင်းရေး
(၁၅) တပ်မတော် ရမ်-အရက်ထုတ်လုပ်ရေး စတဲ့ မလွဲမသွေအမြတ်ရှိမယ့်လုပ်ငန်းများကို  လက်ဝါးကြီးအုပ်ခွင့်ရထားပါတယ်။  ဇေယျဝတီ သကြားစက်ရုံကို နိုင်ငံပိုင်ကနေ (၂၅%) လျော့ကြေးနဲ့လွှဲပေးခဲ့တာ ဦးပိုင်ကိုပါ။ နိုင်ငံပိုင်သတင်းစာများက ပုဂ္ဂလိက ဦးပိုင်ကုမ္ပဏီထံရောင်းချလိုက်ကြောင်းလို့သုံးပါတယ်။ ဒါဆိုရင် ဦးပိုင်ကုမ္ပဏီကိုပုဂ္ဂလိက သတ်မှတ်ကြစို့။ ဒါပေမယ့် လက်ပံတန်းတောင်ကိစ္စမှာ ရဲတွေကို တေ ယာက် နေ့ စား (၂၀၀၀) ကျပ်ပေးပြီး ဆန္ဒပြသူတွေကိုနှိမ်နင်းခိုင်းတာ ဦးပိုင်ပါဆိုတဲ့သတင်းကြောင့် ဦးပိုင်မှာ စစ်တပ်နဲ့အနွယ်ဝင်တွေပါ နေတာကို သတိပြုစေခဲ့ပါတယ်။ နိုင်ငံပိုင်ရဲတပ်ဖွဲ့ကို ဘယ်ပုဂ္ဂလိကများ ခိုင်းစေနိုင်ပါသလဲ၊၊ ရှင်းပါတယ်။ စစ်တပ်က ပါဝါရှိသူများကသာ ခိုင်းစေနိုင်မှာပါ။ လက်ပံတန်းတောင်လူထုအစည်းဝေးပွဲအတွက် ခိုင်းစေခံရတဲ့ ရဲအုပ် အောင်ကြည်စိန်၊ ရဲဒုအကြပ် အောင်ဝင်းထွန်းတို့က ထုတ်ဖော်ပြောဆိုခဲ့လို့ သိရတာပါ။ သူတို့ နှစ်ယောက်လဲ ချက်ချင်းအရေးယူခံရပြီး ချင်းပြည်နယ်ဖက်ကို ရွှေ့ ပြောင်းခံလိုက်ရပါတယ်။ ဒါကြောင့်  ဦးပိုင်ဟာ အာဏာရှိသူတွေနဲ့နှီးနွယ်နေကြောင်း သိစေနိုင်တဲ့အချက်ပါပဲ။

စစ်တပ်နဲ့ပေါင်းစားနေတဲ့ ခရိုနီတွေဟာ တိုင်းပြည်သယံဇာတတွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ပေါင်းပြီး ရမ်းခွင့်ရတိုင်းရမ်းကားနေ၊ ကျိကျိ တက် ချမ်းသာနေပါတယ်။ အရင်က နိုင်ငံပိုင်တွေဟာ စစ်တပ်နောက်ခံခရိုနီတွေလက်ထဲမှာရှိနေသမျှတော့ တိုင်းပြည်ဝင်ငွေဆုတ်ယုတ်၊ ပြည်သူတွေ အနေစုတ်ဖြစ်နေဦးမှာပါ။

တိုင်းပြည်မှာ  သယံဇာတတူးဖော်ရေးတွေ မလုပ်ရတော့ဘူးလားလို့ သူတို့ ဘက်က  မေးသင့်ပါတယ်။  လုပ်ရပါတယ်။  ဒါပေမယ့် စာမချုပ်မီ ထည့်စဉ်းစားရမှာက တူးဖော်ရာကထွက်လာမယ့် စွန့်ပစ်ပစ္စည်းများအန္တရာယ်၊ လုပ်ကွက်နေရာက လူနေအိမ်၊ ယာမြေများကို အစားထိုးဖြည့် ဆီးရေး၊ ဘေးထွက်ဆိုးကျိုးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်ရေး၊ သမိုင်းဝင်အဆောက်အဦများ လွတ်ကင်းရေး၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်စတဲ့အချက်တွေကို အရင်ပိုက်စိပ်တိုက် လေ့လာသုံးသပ်ပြီးမှ စာချုပ်သင့်ပါတယ်။ “နိုင်ငံတော်သည် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်” လို့ ခုပြဌာန်းထားတဲ့ ဥပဒေ အပိုဒ်(၄၅) မှာ ပါဝင်ပါတယ်။ တူးဖော်ရေးလုပ်ငန်း တွေမှာ နိုင်ငံတော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တကယ်ကာကွယ်မှုရှိ-မရှိ၊ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ချင်းတွင်းဧရာမြစ်ဆုံ မုံရွာဒေသကြေးနီတူးဖော်ရေးစီမံကိန်းတွေက ပြောပြနေကြပါတယ်။  ဒါပေမယ့်လဲ ပြည်သူ့ ဆန္ဒများကို ဦးပိုင်နဲ့အစိုးရပိုင်း ဟာ ပွင့်လင်းမြင်သာတဲ့ လိုက်လျောမှုတွေလုပ်မပြသေးပါဘူး။ မြစ်ဆုံရေအားလျှပ်စစ်ထုတ်ရေးတောင် ဦးသိန်းစိန် သမ္မတသက်တန်းမှာ ဆိုင်းငံ့အဆင့်ချွေးသိပ်ထားတာပါ။ တရုတ်သံအမတ်က သူတို့ အစိုးရဟာ နောက်ဆုတ်ပေးမှာမဟုတ်ကြောင်း သတင်းလွှင့်တာလဲကြားမိပါ သေးတယ်။

တရုတ်နဲ့မြန်မာဟာ ဆွေမျိုးပေါက်ဖော်တွေဆိုပြီး အသံလွှင့်ခဲ့တာဟာ ဦးနေဝင်း (မဆလ)မှသည် စစ်အုပ်စုများကြီးစိုးတဲ့ ယနေ့ တိုင်ထိပါ။ တကယ်တော့ တရုတ်က မြန်မာနိုင်ငံအပေါ်ဆက်ဆံမှုဟာ ဆွေမျိုးပီသမှု၊အိမ်နီးချင်းပီသမှုမျိုးမရှိပါဘူး။ မြန်မာ့သယံဇာတတွေကို အောက်လမ်းနည်း၊အပေါ်လမ်းနည်းစုံသုံးပြီး တရုတ်ကအဆီစုပ်ယူပါတယ်။ သူ့ရဲ့ နိုင်ငံတကာစံမမီအမှိုက်တွေကို မြန်မာပြည်ထဲပြန်သွင်း ငွေရှာပါ တယ်။ ဒီလိုလုပ်နိုင်ဖို့ တရုတ်က စစ်အုပ်စုနဲ့ဖြစ်စေ၊ စစ်အုပ်စုနောက်ခံ ခရိုနီတွေကိုဖြစ်စေ လာဘ်ထိုးပြီး လုပ်ကွက်စားကွက်တွေကို လက် ဦးမှုယူထားပါတယ်။ ယခင်က အနောက်နိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုဟာ တရုတ်အစိုးရအတွက် အကွက် ဆိုက်စေခဲ့တဲ့ ရလာဒ်ကောင်းဖြစ်သွားခဲ့ရတာပါ။

ခု ဗမာ့နိုင်ငံရေးအခင်းအကျင်းဟာ ပြောင်းစပြုလာချိန်မှာတော့ တရုတ်မျက်ခုံးလှုပ်လာပါတယ်။ ဗမာကို အရင်ကထက်ပိုအာရုံပြုလာပါတယ်။ အမေရိကန်နဲ့ဗမာ နီးကပ်လာတာဟာ တရုတ်ရဲ့ ပစ္စဖိတ်စိုးမိုးရေး။ တရုတ်ပြည်လုံခြုံရေးကိုထိပါးစေတယ်လို့ တရုတ်က မြင်နိုင်ပါတယ်။ ဒါကြောင့် ချော့ခြောက်နည်းတွေ သုံးနေတာတွေ့ ရတာပါ။

တလောက ဗမာဆန်တင်ပို့ မှုကို တရုတ်က ပိတ်ပစ်တာ၊ ပုဇွန်တွေမှာ ဆပ်ပြာရည်ပါနေတယ်၊ ပိုးတွေ့ တယ်ဆိုပြီးပြန်ပို့ တာမျိုးလုပ်ပြတာဟာ  စီးပွားရေး ညစ်ပတ်တာတွေဖြစ်ပါတယ်။  သူတို့ ပိတ်တဲ့ ဗမာဆန်ကို အမေရိကန်ကဝယ်တယ်။ ပုဇွန်ကို စင်ကာပူက ပြန်ဝယ်တယ်။ တရုတ် ပြောသလို ပိုးရှိ၊ မသန့် ရှင်းရင် ဒီနိုင်ငံတွေကဝယ်ပါ့မလားဆိုတာ တွေးကြည့်နိုင်ပါတယ်။  ဒါဟာ ဗမာအစိုးရကို သွင်းကုန်တွေကို  သူတို့  ပိတ်ပစ်နိုင်တယ်လို့ သွေးတိုးစမ်းခြိမ်းခြောက်ခြင်းပါပဲ။ ဒါပေမယ့်လဲ ရေရှည်စီမံကိန်းတွေကြောင့် တရုတ်က ဗမာကို အလျဉ်းတင်းမာမှုတွေ  မလုပ်ရဲနိုင်ပါဘူး။ သို့ ပေမယ့်လဲ တရုတ်နဲ့ဗမာချုပ်ဆိုထားတဲ့စာချုပ်တွေ ဘယ်လောက်ရှိနေသလဲဆိုတာကို ပြည်သူတွေမသိကြသေးပါဘူး။  ဗမာအစိုးရအနေနဲ့ ရေရှည်စီမံကိန်းများမှာ တခြားနိုင်ငံတွေနဲ့ဖြစ်စေ၊ အထူးသဖြင့်  တရုတ်နဲ့လုပ်ကိုင်မှုတွေမှာ  ပြည်သူ့ ထံ ပွင့်လင်းမြင်သာမှုများချပြနိုင်ဖို့ အရင်လုပ်ရန် တိုက်တွန်းလိုပါတယ်။ တရုတ်နဲ့ချုပ်ဆိုထားတဲ့ ရေရှည်ရေတို စီမံကိန်းတွေရှိရင်လဲ ပြည်သူနဲ့တိုင်းပြည် နစ်နာမှုများမရှိဖို့ ပြန်လည် ညှိနှိုင်းမှုများပြင်ဆင်ဆောင်ရွက်စေချင်ပါတယ်။

ဘာဖြစ်လို့ တရုတ်ကို ဇောင်းပေးပြောနေရတာလဲဆိုရင် တခြား အနောက်နိုင်ငံများနဲ့မတူဘဲ တရုတ်အစိုးရဟာ ဂုဏ်သိက္ခာကင်းမဲ့လို့ပါ။ အနောက်နိုင်ငံတွေက အလုပ်လုပ်ရင် ကာကွယ်မှုကို ဦးစားပေးတတ်၊ လူ့ အခွင့်အရေးတွေ ရှေ့ ရှုတတ်ကြပါတယ်။ တရုတ်ကတော့ သူ့ တပါးတိုင်းပြည်အတွက်၊ သူများလူ့ အခွင့်အရေးအတွက် ဘယ်တုန်းကမှ ထည့်တွက်ရိုးမရှိလို့ပါ။ ဗမာနဲ့ဆိုင်တဲ့တရုတ်သဘောထားတွေကို သာဓကအနေနဲ့ထုတ်ပြရရင်တော့ဒီမိုကရေစီရေးမှာ တောက်လျှောက် ဗီဒိုအာဏာသုံး ပိတ်ပင်လာတာ၊ ကချင်ဗမာပြည်တွင်းစစ်မှာ တရုတ်နယ်စပ်ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံတကာစံညွှန်းကို ချိုးဖောက်ပြီးအတင်းအကြပ် ပြန်မောင်းထုတ်တာ၊ (ဒီကိစ္စကို တရုတ်အစိုးရက ကချင်ဒုက္ခသည်တွေကို သူတို့ မောင်းမထုတ်ပါဘူး၊ ဒုက္ခသည်တွေက သူတို့ သဘောနဲ့  နေရပ် ပြန်သွားတာပါလို့ ကမ္ဘာကို ဗြောင်ညာခဲ့ပါတယ်)၊ နောက်ပြီး သူများနိုင်ငံသဘာဝထိန်းသိမ်းရေးတွေထည့်မစဉ်းစားတာတွေ မြင်တွေ့ နိုင်ပါတယ်။  အရင်တုန်းက ဗမာ့ကျွန်းတွေကို အောက်လမ်းနည်း၊ အပေါ်လမ်းနည်းနဲ့ဝယ်ယူခဲ့တဲ့တရုတ်ဟာ ခုဆိုရင် အပင်ပေါက်တွေပါ အမြစ်တူးယူနေကြောင်းလဲ သိရပါသေးတယ်။

တရုတ်က ဗမာမှာ ဒီလိုလုပ်နိုင်ခဲ့တာဟာ တရုတ် အပြစ်ကြီးပဲတော့ မဟုတ်ပါဘူး။ လူတွင်ပါမှနွား ကျားကိုက်ခံရ၊ပုဆိန်ရိုးလို ကိုယ့်အမျိုးကို ပြန်ခုတ်တဲ့လူတန်းစားတွေ ကြီးစိုးခံနေရလို့ပါ။အချုပ်ဆိုရရင်တော့ တိုင်းပြည်အတွက်အရှည်အကျိုးမကြည့်ဘဲ ကိုယ့်ကောင်းစာရေး သာကြည့် တတ်တဲ့ စစ်အုပ်စုနဲ့နီးစပ်သော ဦးပိုင်ကုမ္ပဏီလိုမျိုးတွေ၊စစ်အုပ်စုတွင်းက အကျင့်ပျက် သဘောထားတင်းမာသူတွေကို မဖယ် ရှားနိုင်သေးသရွေ့  လက်ပံတန်းတောင်လိုပြဿနာတွေ ဆက်တက်နေဦးမှာပါ။  ဒီလိုလူတန်းစားတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့အချိန်မီ မဖယ်ရှားနိုင်ရင်ဗမာဒီမိုကရေစီနိုင်ငံထူထောင်ရေးဟာ နှောင့်နှေးကြန့် ကြာနေမှမလွဲသလို  တရုတ်တို့ ရဲ့ စီးပွာရေး၊ နိုင်ငံရေးအရဗမာအပေါ် သြဇာတစုံတရာသက်ရောက်ခံရမှုများ ကြုံတွေ့ နေရမယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

တရုတ်နဲ့ကလဲ ဗမာဟာ အစိမ်းခြွေဖြတ်မရနိုင်သေးဘူးဆိုတာ သဘောပေါက်ပါတယ်။ ရေရှည်စီမံကိန်းတွေအရဆက်ဆံနေရမှာပါ။ ဆက်ဆံတဲ့အခါမှာ တိုင်းပြည်နဲ့ပြည်သူတွေမထိခိုက်ရအောင်၊ ပြင်ဆင်စရာတွေကို တရုတ်နဲ့     ထပ်ညှိပြင်ဆင်နိုင်ရေးကို ဗမာအစိုးရက လုပ်ဖို့လိုပါတယ်။  ဒီလို မလုပ်နိုင်ခဲ့ရင် “ဗမာပြည်ဟာ ဇိန ကိုလိုနီနယ်ဖြစ်နေပြီလား”လို့ ပြည်သူတွေက မေးခွန်းထုတ်ရပါ လိမ့်မယ်။      ။ 


ဓာတ်ပုံအား ဤနေရာမှ ရယူပါသည်။
Posted by Aung Htet at 5:53 PM 0 comments  

Motion Magazine Vol 1 to distribute in NYC & SF soon


Motion Magazine No 1 - မြန်မာပြည်နဲ့အတူ နယူးယောက်နဲ့ ဆန်ဖရန်မှာလည်း ဖြန့်မည်
မိုးမခရွာဆော်ကြီး၊ နိုဝင်ဘာ ၂၊ ၂၀၁၂
Home Entertainment က ထုတ်လုပ်ဖြန့်ချိတဲ့ Motion Magazine Vol 1, No 1 - ဒီဗီဒီကို မြန်မာပြည်မှာ ဖြန့်ချိတဲ့ အချိန်နဲ့အတူတူ အမေရိကန်ပြည်ထောင်စုက နယူးယောက်နဲ့ ဆန်ဖရန်မြို့တော်မှာလည်း ဖြန့်ချိမယ်လို့ ဆိုပါတယ်။
          တခွေကို မြန်မာပြည်မှာ ကျပ်ငွေ ၄၀၀၀၊ အမေရိကန်မှာ ၅ ဒေါ်လာနဲ့ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ နယူးယောက်မှာတော့ ပန်းချီဆရာနဲ့ လူရွှ့င်တော် ကိုစုတ်ဖွားထံ က အားပေးမှာယူနိုင်ပြီးတော့ ဆန်ဖရန်စစ္စကိုမှာတော့ဖြင့် SF Burmese Organizers နဲ့ မိတ်ဆွေများက တဆင့် မှာယူနိုင်တယ်လို့ သိရပါတယ်။ အသေးစိတ် လိပ်စာတွေကို ထပ်မံကြေညာပါ့မယ်။ မိုးမခမီဒီယာကနေ မှာယူမယ်ဆိုရင်တော့ စာတိုက်ခ ၁ ဒေါ်လာ ဆောင်းပေးရင် ပို့ပေးမှာ ဖြစ်ပါတယ်။
        "လက်ပံတောင်းတောင်က ရွာသူ ရွာသားတွေရဲ့ ရုန်းကန်မှုတွေ၊ ခံစားချက်တွေကို ရိုက်ကူးထားတဲ့ မြင်ကွင်းဟာ မြန်မာပြည်သူတိုင်းကို စိတ်ထိခိုက်စေတဲ့ မြင်ကွင်းပါပဲ"
         လို့ ပရိသတ်တဦးက ပြောပါတယ်။
Posted by MoeMaKa at 5:52 PM 0 comments  

Kyaw Thu - FFSS Yangon Activity,

အဖိုးမဖြတ်နိုင်သော အစားထိုးရလဒ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၂၊ ၂၀၁၂


ကျွန်တော်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံရှိ ဝါရှင်တန်မြို့တော်တွင် အမေရိကန်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသော National Endowment for Democracy (NED) အဖွဲ့မှချီးမြှင့်သော ဒီမိုကရေစီ စွမ်းဆောင်သူများဟူသော 2012 Democracy Award ဆုအား လက်ခံရယူရန် သွားရောက်စဉ်က ကျွန်တော်၏လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ရင်ထိုးတံဆိပ်အား အမေရိကန်နိုင်ငံတွင် TAXI မောင်း နေသော အီသီယိုပီးယားလူမျိုး၏ တောင်းဆိုချက်ကြောင့် ကျွန်တော်အမြတ်တနိုး ဂုဏ်ယူစွာချိတ်ဆွဲ ထားသော အမေစု (ဒေါ်အောင်ဆန်းစုကြည်)၏ ရုပ်ပုံပါရင်ထိုးအား ပေးလိုက်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ယခင် ကျွန်တော်ကိုယ်တိုင်ရေးသားခဲ့သော “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဟူသော ဆောင်းပါးတွင် ရေးသားခဲ့ပြီးဖြစ်သည်။


အမေစုကို မြန်မာပြည်သူလူထု၊ လူကြီး၊ ကလေးမကျန် သိရှိကြသလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ တိုင်းပြည်များရှိ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အီသီယိုပီးယား နိုင်ငံရှိ ပြည်သူများပါမကျန် သိရှိကြခြင်း၊ ကြည်ညိုကြခြင်းတို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူ/သား များအဖို့ များစွာဂုဏ်ယူဖွယ်ဖြစ်သည်။ ထို့ပြင် “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဆောင်းပါးတွင် ရေးသား ခဲ့သော ဖြစ်ရပ်မှန်တွင် (အီသီယိုပီးယားလူမျိုး TAXI DRIVER အလွန်တောင်းတ လိုအပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရင်ထိုးအား ကျွန်တော်သည် သူ၏လက်ထဲသို့ ပေးလိုက်သောအခါ သူသည် ချက်ချင်းဆိုသလို သူ၏မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားသခင်ပုံတော်တို့အား မြတ်မြတ်နိုးနိုး ချိတ်ဆွဲကာ မော်တော်ကား Dash Board နေရာတွင် အမေစုရုပ်ပုံ ရင်ထိုးအား ချိတ်ဆွဲထားလိုက်သည်။ အမေစုအား ကမ္ဘာ့ပြည်သူ အပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟူသမျှ လေးစား အသိမှတ်ပြုကြသည်မှာ အမေစု ရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့် သစ္စာတရား၊ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော စစ်မှန်သည့် မေတ္တာတရားတို့၏ စွမ်းပကားတို့မှာ အရှိန်အဝါ ထုထည်ကြီးမားမှုကို လက်တွေ့ပြသ လိုက်ခြင်းဖြစ်သည်။ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့ သည် အမေရယ်” ဟူ၍ ကျွန်တော်ရေးသားခဲ့ဖူးသည်။ ထိုစဉ်အခါက ကျွန်တော်၏ သက်မဲ့ ပိုင်ဆိုင်မှု တစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ်တစ်ခု ဖြစ်ပေါ်ခံစားခဲ့ရသည်။ သို့သော် ယင်းတဒင်္ဂ ဆုံးရှုံးမှုသည် လူစိမ်းတစ်ယောက်၏ မြတ်နိုးစွာတန်ဖိုးထားရှိမှုကို မြင်တွေ့ခဲ့ရ၍ ဝမ်းသာပီတိ ကျေနပ်စွာဖြစ်မိသည်။ တစ်စုံတစ်ယောက်မှ မိမိပိုင်ဆိုင်သော အရာဝတ္ထုတစ်ခုအား လိုချင် တောင်းတမှုကို မိမိမှ ပြန်လည်၍ ပေးအပ်ခြင်း (ပေးဆပ်ခြင်း)တို့ကို ဆောင်ရွက်ခြင်းကြောင့် မိမိတွင် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း တစ်စုံတစ်ယောက်သောသူမှာ သူ၏ဆန္ဒပြည့်ဝသွားမှုကို ကြည့်ရှု မြင်တွေ့ခဲ့ရသောအခါ မိမိသည်လည်း ထိုတစ်စုံတစ်ယောက်၏ ကြည်နူးဝမ်းသာမှုတို့ကို ပြန်လည်၍ ကူးစက်ခံစားစေနိုင်သကဲ့သို့ ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် ယင်းကဲ့သို့ ပေးဆပ်မှု၏ ရလဒ် ဖြစ်သော ပီတိကိုယ်သာ စားသုံးရသည် မဟုတ်ပါလား။

ယင်းဖြစ်ရပ်မှန် ဖြစ်စဉ်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ကျွန်တော်တို့၏ NED ဆုပေးပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံ အစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ဆုပေးပွဲတို့ ပြီးဆုံး သွားသောအချိန်တွင် ကျွန်တော်သည် အမေရိကန်နိုင်ငံရှိ သုဿန်များကို လိုက်လံလေ့လာပြီး မြန်မာ နိုင်ငံသို့ ပြန်ရတော့မည်ဖြစ်သောကြောင့် ကျွန်တော်၏ ညီဝမ်းကွဲရှိရာ လော့အိန်ဂျလစ်မြို့ နေအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရန်ကုန်မြို့သို့ မထွက်ခွာမှီ (၂) ရက်ခန့်အလိုတွင် ကျွန်တော်နေထိုင်ရာ လော့အိန် ဂျလစ်မြို့ နေအိမ်သို့ စာတိုက်မှတဆင့် ပါဆယ်ထုတ်တစ်ထုတ် ကျွန်တော့်နာမည်နှင့် ရောက်ရှိလာခဲ့ သည်။ ကျွန်တော်သည် ထိုပါဆယ်ထုတ်အား ဖွင့်ကြည့်သောအခါ ကျွန်တော် မမျှော်လင့်သော၊ မထင် မှတ်သော၊ တန်ဖိုးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား မြင်တွေ့ရတော့သည်။ ယင်း ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား ကျွန်တော် ရင်းနှီးစွာ၊ အကျွမ်းဝင်စွာ၊ မကြာခဏ ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့ဖူးသည်။ စင်စစ် ယင်းဆုတံဆိပ်ကြီးသည်  ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ပုံစံတူ တစ်ခုပင်ဖြစ်တော့သည်။ ယင်းပါဆယ်ထုတ်နှင့် အတူ တွဲပါလာသော စာအိတ်အား ဖွင့်ဖတ်ကြည့်သောအခါ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ (ဗာဂျီးနီးယား) မြို့နေ မြန်မာလူမျိုးဖြစ်သော ဒေါက်တာစိန်ဝင်းနှင့် ဇနီး ဒေါက်တာတင်မိုးသူတို့မှ ကျွန်တော်နှင့် ကျွန်တော် ၏ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့၏ လူမှုရေး လုပ်ဆောင်မှုများအား အထူးကျေးဇူးတင် ဂုဏ်ယူ မိပါကြောင်းနှင့် ယခုပေးလိုက်သော လက်ဆောင်ပစ္စည်းမှာလည်း အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်သော ရွှေတံဆိပ်ဆု ပုံစံတူတစ်ခုဖြစ်သည့်အပြင် ယင်းရွှေတံဆိပ်ပုံစံတူ စုစုပေါင်း (၁ဝဝ) ခုသာ အမေရိကန်နိုင်ငံ အစိုးရ US Government Mint မှထုတ်လုပ်ခဲ့ကြောင်းနှင့် ယင်း ကုမ္ပဏီမှ ဆုတံဆိပ် (၁ဝဝ) ထဲမှ မိမိတို့ ကြိုတင်မှာယူဝယ်ထားခဲ့ကာ ဦးကျော်သူတို့ ဇနီးမောင်နှံအား မိမိတို့မှ ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရ ပို့ပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို အံ့သြဝမ်းသာ စွာဖြင့် ဖတ်ရှုရတော့သည်။ ထို့ကြောင့် ယခင်ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမေဒေါ်စု ရုပ်ပုံရင်ထိုးမှ နေ့ချင်းညချင်း ကမ္ဘာ့နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သည့် အမေစုရုပ်ပုံပါ ပုံစံတူတံဆိပ်ကြီးအဖြစ် ပြောင်းလဲသွားမှုကို တွေ့မြင်ခံစားမိတော့သည်။ ကျွန်တော်၏ သက်မဲ့ပိုင်ဆိုင်မှု တစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ်တစ်ခုသည် နေ့ချင်းရက်ချင်း အတွင်း ကျွန်တော့်အဖို့ အဖိုးမဖြတ်နိုင်သော ရလာဒ်တစ်ခု၊ တန်ဖိုးကြီးမားလှသော ကွက်လပ်တစ်ခုကို ပြန်လည်အစားထိုး ရရှိခဲ့ခြင်းပင်ဖြစ်ပေသည်။ ကျွန်တော်ရေးသားခဲ့သော “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဖြစ်ရပ်မှန်ဆောင်းပါး၏ နောက်ဆုံးစာပိုဒ်ဖြစ်သည့် “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့သည် အမေရယ်” ဟူသောစကားသည်လည်း ကျွန်တော့်အဖို့ လုံးဝ ဥဿုံ မှန်ကန်လှပေတော့သည်။

Posted by Aung Htet at 5:13 PM 0 comments  

Fremont Metta Nanda Celebrates Thadingyut Pwe


 SF ဖရီးမောင့်၊ မေတ္တာနန္ဒကျောင်း သီတင်းကျွတ်ပွဲနဲ့ သက်ကြီးပူဇော်
မိုးမခအထောက်တော် (ဖရီးမောင့်) နိုဝင်ဘာ ၁၊ ၂၀၁၂
အောက်တိုဘာ ၃၀၊ မြန်မာသီတင်းကျွတ်လပြည့်နေ့၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းတိုက်မှာ သီတင်းကျွတ်မီးထွန်းပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပရာမှာ ဧည့်ပရိသတ် ၁၀၀ ကျော် တက်ရောက်ပါတယ်။ 




ပွဲတော်မှာ ဆရာတော် ဦးဃောသိတာဘိဝံသက ဆုံးမအမှာစကား ပြောကြားပြီး၊ ဘာသာရေးအစီအစဉ်များ ကျင်းပခြင်း၊ သက်ကြီးပူဇော်ပွဲ ကျင်းပခြင်းတို့အပြင် ဆရာတော် ဦးသီရိ ကြည့်ကြပ်တဲ့ မြန်မာဘာသာစကားနဲ့ ယဉ်ကျေးလိမ္မာသင်တန်းက ကလေးငယ်များက သီချင်း၊ ကဗျာများနဲ့ သီဆို ဖျော်ဖြေကြတာကို တွေ့ရပါတယ်။

Posted by MoeMaKa at 4:54 PM 0 comments  

Zaw Aung (Mon Ywa) - Burmese Standard Time and Attitude


မြန်မာစံတော်ချိန်၊ မြန်မာ Attitude
ဇော်အောင်  (မုံရွာ)၊ နိုဝင်ဘာ ၁၊ ၂၀၁၂
မြန်မာပြည် အလည်ဖြစ်စေ၊ ရင်းနှီးမြှတ်နှံ၊ စီးပွားလုပ်တာဖြစ်စေ၊ မြန်မာလူမျိုး၊ နိုင်ငံတကာလူမျိုးတွေ အမေရိကန်ဒေါ်လာပဲ သယ်သွားကြတယ်။ စင်ကာပူမှာ ၂၀နှစ်လောက် နေလာခဲ့တဲ့ လူအနေနဲ့ မလေးရှား၊ ထိုင်း လောက်ပဲ ရောက်ဖူးတော့ စင်ကာပူဒေါ်လာကို အထင်ကြီးမိတယ်။ Money Changer ငွေလဲလှယ်ဆိုင်တွေမှာ စင်ကာပူဒေါ်လာငွေက အလွယ်တကူလဲလှယ်နိုင်တော့ စင်ကာပူမှာနေထိုင်၊ အလုပ်လုပ်တဲ့ လူအဖို့ အဆင်ပြေပါတယ်။
အကြောင်းသင့်လို့ ကျုပ် ဂျပန်၊အမေရိကားကို ခရီးထွက်တဲ့အချိန်  အမေရိကားလေဆိပ်ရောက်တော့ ငွေလဲမလို့ စင်ကာပူဒေါ်လာကို နိုင်ငံခြားငွေစာရင်းမှာ မထည့်ထားဘူး။ ဟောင်ကောင်ဒေါ်လာ နဲ့ ထိုင်းဘတ်ငွေ ၂မျိုးကိုပဲ အရှေ့တောင်အာရှ ငွေကြေးစာရင်းမှာ တွေ့ရတယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်တွေမှာလည်း စင်ကာပူဒေါ်လာကိုင်သွားရင် လဲလှယ်ရ အလွန်ခက်ပါတယ်။ မြန်မာပြည်ပြန်သွားရင်လည်း အမေရိကန်ဒေါ်လာပဲ ကိုင်သွားရတယ်။ စင်ကာပူဒေါ်လာကိုင်သွားလို့ အရေးပေါ် ကျပ်ငွေအဖြစ်လဲရရင် အလွန်နစ်နာပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှ လောကမှာတော့ ငွေစက္ကူဆို ကန်ဒေါ်လာ၊ စကားပြောဆိုရင် အင်္ဂလိပ်စကား ... ဒီ၂ မျိုးကိုအခြေခံရပါတယ်။
 အနှစ် ၄၀ အတွင်း စင်ကာပူကျွန်းစုနိုင်ငံလေးကို လီကွမ်းယူ ဆိုသူက ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံတခုအဖြစ်ရောက်ရှိစေခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးလူမျိုး အစ္စရေး (ဂျူးလူမျိုး) များထံက စီးပွားရေး၊ စစ်ရေး များကို လေ့လာ၊အကူညီယူရင်း Nationalists လို့ခေါ်တဲ့ စင်ကာပူ၊ မလေးရှား ပေါက်ဖေါ်များနဲ့ တိုင်းပြည်ကိုထူထောင်ခဲ့ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် ၇၅ရာနှုန်းကို လာဘ်၊ လောင်း၊ လိင် ကိစ္စများနဲ့ ကင်းရှင်းစေပြီး၊ နာခံ၊ ရိုးဖြောင့်၊ စိတ်ဓါတ်မှန်ကန်တဲ့ မျိုးချစ်များ (Good Attitude People) များနဲ့ ထူထောင်ခဲ့ပါတယ်။ ဆရာသမား အစ္စရေးလို ကမ္ဘာထိပ်တန်းစစ်တပ်ကြီးကို မထူထောင်နိုင်ပေမဲ့၊ စီးပွားရေးမှာတော့ သူ့ဆရာကြီး အစ္စရေးနိုင်ငံထက် သာလွန်နေပါပြီ။  Nominal GDP per capital မှာတော့ IMF, World. Bank, CIA အချက်အလက်များအရ အစ္စရေးလူမျိုးများရဲ့ တဦးချင်းနိုမီနယ်ဝင်ငွေမှာ အစ္စရေးက အဆင့် ၂၆ မှာရှိနေပြီး၊ စင်ကာပူကတော့ ထိပ်တန်းအဆင့် ၅ နေရာရောက်နေပါပြီ။ စင်ကာပူအစိုးရဟာ ငွေရှိနေပေမဲ့ စင်ကာပူလူမျိုးအများစုရဲ့ Attitude စိတ်နေစိတ်ထားမှာတော့ ဂျပန်၊အမေရိကန်၊အစ္စရေးကို မှီဖို့ အဝေးကြီးလိုပါသေးတယ်။
အမေရိကန်၊ဂျပန် စံတော်ချိန်
ဒီတိုးတက်တဲ့နိုင်ငံကြီး ၂ ခုမှာ နေထိုင်တဲ့လူတွေ အချိန်လေးစားကြပုံကတော့ ပြောစရာမလိုပါဘူး။ မနက် ၈ နာရီ ချိန်းထားရင်း နာရီဝက်လောက် စောလာပြီး၊ အနီးနားဆိုင်တခုမှာ ထိုင်ပြီး၊အလုပ်လုပ်တယ်၊ ပြင်ဆင်တယ်။ ကိုယ့်ကားကို သန့်ရှင်းရေးလုပ်တယ်။ ၈နာရီ ဒေါင်ကနဲမည်မှ အချိန်အတိအကျ၊ ၀င်ရောက်တွေ့ဆုံတော့ ၂ဖက်စလုံး အိုကေပါတယ်။
တိုကျိုက ရထားဘူတာမှ ချိန်းရင် မနက် ၉း၃၈မိနစ်မှာ တွေ့မယ် ချိန်းရင် ရယ်စရာဖြစ်မယ်။ တိုကျိုရထားတွေက တမိနစ်လောက်ပဲ အချိန်အတိမ်းစောင်းရှိတယ်။ လမ်းလျှောက်တာ ၂မိနစ်လောက်ဆို အလွန်ဆုံးလွဲရင် ၃မိနစ်လောက်ပဲ နောက်ကျမယ်။ ဆန်ဖရန်စစ္စကိုက ဘတ်စ်ကားတွေလည်း Bus Guide စာရွက်အတိုင်း တမိနစ်လောက်ပဲ လွဲတယ်။ တခါတလေ တနာရီ တစ်စီးပဲ လာတဲ့ ဘတ်စကားကို စောင့်ရင်တောင် တမိနစ်နောက်ကျပြီး မှတ်တိုင်ကိုရောက်ရင် ဘတ်စကားနောက်ကျောပဲ မြင်လိုက်ရတယ်။ နောက်ကျသွားပြီလေ။
ဒါတွေက ကျွန်တော်တို့ အမေရိကား၊ဂျပန်ရောက် မြန်မာများအတွက် စံနမူနာတွေဖြစ်ပေမဲ့၊ လက်ရှိ မြန်မာပြည်သားများအဖို့ Ideal Role Model ဖြစ်နေပါသေးတယ်။ အတုယူ၊ကျင့်သုံးလိုက်ရင် စံတော်ချိန် အခက်ခဲများစွာ ကြုံတွေ့နိုင်ပါတယ်။

စင်ကာပူစံတော်ချိန်
အတုယူသင့်တာကတော့ စင်ကာပူကုမ္ပဏီများရဲ့  စံတော်ချိန်များပါပဲ။ စင်ကာပူကျွန်းလေးကို ဂျပန်၊ အမေရိကန်၊ ဥရောပနိုင်ငံများ၊ အာရပ်၊ ကိုးရီးယား၊ တရုပ် စတဲ့နိုင်ငံများစွာက လာရောက် ရင်းနှီးမြှတ်နှံကြပါတယ်။ စင်ကာပူ နိုင်ငံတော်အာဏာက အာရှတိုက်သား၊ တရုပ်၊မလေး၊အိန္နိယ အနွယ်ဖွားတွေ လက်ထဲမှာရှိတယ်။ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အနောက်နိုင်ငံတွေမှာ ပညာမသင်ကြားဖူးရင်တောင်၊ အချိန်ကြာမြင့်စွာ လေ့လာ၊သွားရောက်ဖူးသူတွေပါ။ နိုင်ငံကြီးသားများနဲ့ ဆက်ဆံရင်၊ အချိန်ကို လေးစားလှပါတယ်။
ဒါပေမဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း ဆက်ဆံတော့ စင်ကာပူစံတော်ချိန်ဆိုတာ၊ မြန်မာစံတော်ချိန်၊ ထိုင်း၊ မလေး၊ ဗီယက်နမ်၊ အင်ဒို စံတော်ချိန် အတိုင်းပါပဲ။  နောက်ကျမှ လာလဲ၊ ခပ်တည်တည်ပါပဲ။
 နိုင်ငံကြီးများရဲ့ ခေါင်းဆောင်များ အဓိကလုပ်ဆောင်ချက်ကတော့ ရေရှည်စီမံကိန်းပါပဲ။ ခေါင်းဆောင်ဟာ သန့်ရှင်း၊ မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပြီး၊ လူမျိုးရေး (မြန်မာ့အရေး)ကတော့ နံပါတ်(၁)မှာ ထားပေမဲ့၊ ကမ္ဘာ့အသိအမှတ်ပြုအောင် ကမ္ဘာ့စံတော်ချိန်များကို လေးစား၊အတုယူရပါတယ်။ ပြီးတော့ ကိုယ့်လူမျိုးရဲ့ စိတ်နေစိတ်ထား Attitude ကို ပြောင်းလဲဖို့ ရေရှည်စီမံကိန်းတွေ လုပ်ရပါတယ်။ 

ဟောင်ကောင်ကို အတုယူခြင်း
စင်ကာပူလွတ်လပ်ရေးရပြီး၊ မျိုးချစ်ခေါင်းဆောင်များနဲ့ နိုင်ငံကိုထူထောင်ရာမှာ အစ္စရေးဆီက အကူညီများရယူသလို၊ ဟောင်ကောင်း စတော့အိတ်ချိန်းကို အတုယူရပြန်ပါတယ်။ ကမ္ဘာမှာ ဟောင်ကောင်ငွေကြေးဟာ အင်မတန်ခိုင်မာတော့ စင်ကာပူလည်း ကမ္ဘာ့ဈေးကွက်နဲ့အတူ လိုက်နိုင်ဖို့ မလေးရှား၊ စင်ကာပူ နိုင်ငံများရဲ့ စံတော်ချိန်ဟာ ဟောင်ကောင်လိုပဲ +8 GMT ကိုပြောင်းလိုက်ပါတယ်။ ကမ္ဘာ့စတော့ရှယ်ယာ၊ ဈေးကွက်ကြီးမှာ ဂျပန်ကိုယှဉ်နိုင်ဖို့ မလွယ်ပေမဲ့ ဟောင်ကောင်ကို လိုက်မှီဖို့ကတော့ ငွေကြေး၊ သတင်းအချက်အလက်တွေကို ဟောင်ကောင်နဲ့တန်းတူဖြစ်အောင် လုပ်ရပါတယ်။ ဟောင်ကောင် စတော့အိတ်ချိန်း စဖွင့်တဲ့အချိန်နဲ့ တပြိုင်တည်းဖြစ်ရပါတယ်။ တိုင်ဝမ်၊ဟောင်ကောင် စံတော်ချိန်ကို အတုယူပြီး စင်ကာပူ၊မလေးရှားနဲ့ အခုခေတ် တရုပ်ပြည်ကြီးအပါဝင် စတော့မတ်ကက်အားလုံး +8 GMT မှာ ဖွင့်ပါတယ်။
အင်ဒိုနီးရှား၊ ထိုင်း စတော့မတ်ကက်တွေကတော့ တစ်နာရီ နောက်ကျဖွင့် ပါတယ်။
ဗီယက်နမ်အကြီးဆုံး စတော့မတ်ကက် ကို ၂၀၀၀ခုနှစ်မှာ စတင်ခဲ့ပြီး၊ ၆နှစ်အကြာ အနည်းဆုံး 2.7US$ million ကုမ္ပဏီပေါင်း ၁၃ခုရှိလာပါတယ်။ ၂၀၁၂ မှာတော့ ကုမ္ပဏီပေါင်း ၂၅၀ကျော်လာပြီး တန်ဖိုး  27,000 US$ million ရှိပါတယ်။ ထိုင်း၊မလေးရှား၊စင်ကာပူ၊တရုပ်ပြည်မကြီး တို့လို တိုးတက်ဖို့ အဟန့်အတားဖြစ်နေတာကတော့ တော့ ဗီယက်နမ်စံတော်ချိန် (Attitude) ဖြစ်ပါတယ်။
အေးဆေးစွာနေတတ်တဲ့ ဗီယက်နမ်များက ဟောင်ကောင်စံတော်ချိန်ကို မယူပဲ ထိုင်းစံတော်ချိန်ကို ယူထားတဲ့အတွက် မြန်မာ၊ ထိုင်း၊ ဗီယက်နမ် (၃)ခုဟာ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား တို့ထက် တနာရီ နောက်ကျနေပါတယ်။ http://en.wikipedia.org/wiki/List_of_market_opening_times
မြန်မာစံတော်ချိန်
မြန်မာပြည်လည်း မြန်မာစံတော်ချိန်ကို ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။ ချိန်းလိုက်ရင် စောစောမရောက်တတ်တဲ့ မြန်မာစံတော်ချိန် Attitude ကိုပြောင်းဖို့ မလွယ်ပေမဲ့၊  ဒါပေမဲ့ စံတော်ချိန်ကို +6:30 GMT ကနေ ထိုင်းနိုင်ငံနဲ့တန်းတူ +7 GMT ကိုပြောင်းဖို့ လက်ရှိအစိုးရခေါင်းဆောင်များ စဉ်းစားနေကြမှာ ဖြစ်ပါတယ်။
နာရီဝက် စောစောထ၊ အလုပ်လုပ်ကြဖို့ လိုအပ်နေပါတယ်။ စင်ကာပူ့မှာ မနက်၈နာရီ မြန်မာများ အလုပ်ခွင် စတင်တဲ့အချိန် မြန်မာပြည်ကလူတွေ အိပ်ကောင်းတုန်း၊ ဇိမ်ယူမှိန်းနေတုံး အခြေအနေကနေ Attitude ပြောင်းနေကြပြီဖြစ်ပါတယ်။ စောစောထနိုင်တဲ့မြန်မာများ  သေချာပေါက် အောင်မြင်လာမှာ ဖြစ်ပါတယ်။
တိုးတက်ကြီးပွားလိုသူ မြန်မာများ The Early Bird catches the worm စကားပုံဟာ အလွန်မှန်ကန်ပေမဲ့ လိုက်နာနိုင်သူ မြန်မာလူငယ်များ အောင်မြင်မှုကို မြန်မြန်ရရှိမှာပါ။  မြန်မာများ ထိုင်းနိုင်ငံကို ငယ်နိုင်လိုသဘောထားတဲ့ Attitude များကို ခေတ္တဘေးချိတ်ထားပြီး၊ အတူပူပေါင်းလုပ်ကိုင်နေတဲ့အတွက် ဗုဒ္ဓဘာသာ၂နိုင်ငံဖြစ်တဲ့ မြန်မာ၊ထိုင်း ၂နိုင်ငံပေါင်း စီးပွားရေးဟာ အရှေ့တောင်အာရှမှာ အင်အားကြီးအကြီးဆုံး မကြာခင် ဖြစ်လာမှာ သေချာပါတယ်။
ကောင်းတဲ့အချက်အလက်များ၊ ကောင်းတဲ့စံတော်ချိန်များကို မြန်မာပြည်ထက် ပိုမိုတိုးတက်တဲ့နိုင်ငံသားများထံက လက်တွေအတုယူနိုင်သူများ အောင်မြင်ပါစေလို့ ရေးရင်း အဆုံးသတ်ပါရစေ..။ 

ဇော်အောင်  (မုံရွာ)
၂၈-အောက်တိုဘာ-၂၀၁၂

Reference:  GDP IMF , World Bank, CIA Facts, South East Stock Exchange , World Clock (Standard Time)

Posted by MoeMaKa at 4:25 PM 0 comments  

Tin Nan Kawe Wai - Poem

မုန်းလို့ဟုတ်ဘူး
တင်နန်းကြော့ဝေ (သြစတြေးလျ)
နိုဝင်ဘာ ၁၊ ၂၀၁၂


 

မုန်းမေ့ပါဘူး
သူ့ကိုချစ်တယ်
အမြစ်တွယ်တာ
ကာလယန္တရား
ကြာညောင်းခဲ့ပြီ။

သူ့ရဲ့အကြောင်း
သူ့ရဲ့အလှ
သူ့ရဲ့ဘဝ
ကောင်းစေချင်တာ
မေတ္တာပါ။

သူ့အတွက်ဆို
တတ်နိုင်သလောက်
စိုက်ထုတ်စွမ်းအား
ကောင်းကျိုးလုပ်ကာ
ကူညီပေးတာ
စေတနာပါ။

ဘဝအကျိုးပေး
ဆိုးလို့ ထင်ရဲ့
သူနဲ့ ဝေးကွာ
နေခဲ့ရတာ
ကြာညောင်းခဲ့ပြီ။

မတတ်သာလို့
ခပ်ခွာခွာလေးနေရပေမဲ့
မုန်းလို့ဟုတ်ဘူး၊
အသိထူးလည်း
သူ့မှာ ကိုယ့်မှာ
ရှိကြပါတယ်။

နှစ်ဦးနှစ်ဝ
တူညီမျှတဲ့မေတ္တာစေတနာ
ရှိကြလျှင် အနေဝေးလည်း
အဝေးနေမဟုတ်ရပါ။

ရင်မှာထာဝရ
လွမ်းတေးသီလျက်
အို… အမိမြေ ရွှေပြည်မြန်မာ ...။


သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။
Posted by Aung Htet at 6:46 AM 0 comments  

Kyaw Thu - FFSS Yangon Activity,

ဓမ္မရံသီ၏ ကောင်းမှုတော်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၁၊ ၂၀၁၂

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၃ဝ) ရက်နေ့ နံနက်တွင် ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း(အထက်) ရှိ  “ဓမ္မရံသီဓမ္မရုံ” ၌ ၃၅ လမ်း လမ်းသား/သူများ၊ မိဘ ပြည်သူအလှူရှင်များတို့မှ စုပေါင်းကာ လူမှုရေးအသင်းအဖွဲ့များဖြစ် သော နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့တို့အား အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။

 

နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေ (၆) သိန်းကျပ်နှင့် ရခိုင်ပြည်နယ်ဒုက္ခသည်များ အတွက် (၁ဝ) သိန်းကျပ် စုစုပေါင်း (၁၆) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကချင်ပြည်နယ် ဒုက္ခသည်များထံသို့ ကိုမင်းကိုနိုင် (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့မှတဆင့် အလှူငွေ (၁ဝ) သိန်းကျပ်တိတိတို့အား အသီးသီးလှူဒါန်းခဲ့ကြပါသည်။

အဘိဓမ္မာအခါတော်နေ့ရက်တွင် ယခုကဲ့သို့ ကောင်းမှုမြတ်ဒါနများကို ပြုလုပ်ကြသော ၃၅ လမ်း မိဘပြည်သူ အလှူရှင်အပေါင်းတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အများပြည်သူတို့နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများကိုယ်စား သာဓု ခေါ်ဆိုလိုက်ရပါသည်။
Posted by Aung Htet at 5:59 AM 0 comments  

News and Media

အလှမယ်လေး နန်းခင်ဇေယျာ ပရဟိတလုပ်ငန်းများစတင်
ကျော်ဟုန်း
နိုဝင်ဘာ ၁၊ ၂၀၁၂


 မြန်မာပြည်သားတွေရဲ့အချစ်တော် အလှမယ်လေးနန်းခင်ဇေယျာဟာ သူရည်မှန်းထား ကြေညာထားတဲ့အတိုင်းပဲ ခုဆိုရင် လူမှုရေးလုပ်ငန်း များကို စတင်လုပ်ဆောင်နေပါပြီ။


ဂျပန် အိုကီနာဝါမှာကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲမှာ သူမဟာ Miss Internet / Miss people choice Award ဆုနှစ်ခုကို ပြိုင်ဘက်နိုင်ငံပေါင်း (၆၇)နိုင်ငံက မယ်တွေထဲမှ အရွေးခံ ဆုဆွတ်ခူးနိုင်ခဲ့သူလေးပါ။ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊  မြန်မာနိုင်ငံ ဟိုတယ်လုပ် ငန်းရှင်များ အသင်းချုပ်မှာ (အောက်တိုဘာ၂၄၊ ၂၀၁၂) က ကျင်းပခဲ့တဲ့  သူမရဲ့သတင်းစာရှင်းလင်းပွဲမှာ တိုးဂိုက်စ်ရော၊ အနုပညာလုပ်ငန်း တွေပါလုပ်ဆောင်သွားမယ်လို့  ပြောခဲ့ဖူးပါတယ်။


ပရဟိတလုပ်ငန်းများလဲ လုပ်ဆောင်လိုတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တဲ့အတိုင်း ယခု သူမရဲ့ ပထမဆုံးရတဲ့ အနုပညာကြေး (၅) သိန်းကို ရန်ကုန်မြို့ လှည်းကူးမှာတည်ရှိတဲ့ မေတ္တာပရဟိတဂေဟာ (အနာကြီးရောဂါသည်များ  ပြန်လည်ထူထောင်ရေးဂေဟာ) မှာ (အောက်တိုဘာ ၃၀၊ ၂၀၁၂) နေ့က ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။  သူမရဲ့လှူဒါန်းမှုမှာ ဆရာကြီးချစ်စံဝင်းနဲ့ဆရာမကြီး ဒေါ်လ ဝန်းအိမ်တို့ကလည်း ပံ့ပိုးကူညီခဲ့ကြပါတယ်။


နန်းခင်ဇေယျာက နောက်လမှာလည်း တခေါက်ပြန်လာလှူဦးမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူမက ရှေ့လုပ်ငန်းစဉ်များလည်း ကြေညာဆော် သြထားပါသေးတယ်။

“အားလုံး မင်္ဂလာနေ့သစ်ပါရှင်..။ ပရဟိတလုပ်ငန်းများ၊ လူမှုရေးလှုပ်ရှားမှုများကို ညီမစတင်လုပ်ဆောင်တော့မယ့်အကြောင်းကိုလဲ အသိ ပေးပါရစေ။ ညီမအနေနဲ့ ညီမနိုင်သလောက် အင်အားလေးနဲ့ ပရဟိတလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မှာပါ။ ညီမကိုချစ်တဲ့ အားပေး တဲ့ ညီမရဲ့ပရိသတ်ကြီးကိုလဲ ညီမနဲ့ အတူ လှုပ်ရှားမှုများမှာ နိုင်သလောက်ပါဝင် လှူဒါန်းကူညီပေးကြမယ်လို့ ယုံကြည်ပါတယ်။ ညီမ လုပ် ချင်တဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ညီမနဲ့ တတ်နိုင်သလောက်လုပ်ဆောင်နိုင်အောင် တလချင်းစီကို ခေါင်းစဉ်တွေခွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


ညီမသူငယ်ချင်းတွေနဲ့ ပရိသတ်တွေအနေနဲ့လည်း  ကိုယ်နှစ်သက်တဲ့ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းနိုင်ကြပါ တယ်။ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းနိုင်အောင်လဲကြိုးစားသွားပါ့မယ်။ ညီမကို မြန်မာနိုင်ငံသားတွေပေးထားတဲ့နေရာ၊ ပေးထားတဲ့မေတ္တာတွေအတွက် ညီမ အကောင်းဆုံးလုပ်ဆောင်သွားပါ့မယ်” လို့  နန်းခင်ဇေယျာနဲ့ ဆက်သွယ်မေးမြန်းခွင့်ရစဉ် သူမက ကတိပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
Posted by Aung Htet at 5:46 AM 0 comments  

Ku Mojo - Cartoon

ကာလုံနဲ့ အာပုံ ပိုက်လိုက်ပုံက
ကာတွန်း - ကူမိုးကြိုး
နိုဝင်ဘာ ၁၊ ၂၀၁၂

Posted by Aung Htet at 5:20 AM 0 comments  


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages