10th Nov 2010 - MoeMaKa Daily

3 views
Skip to first unread message

Maung Yit

unread,
Nov 10, 2010, 12:33:27 AM11/10/10
to moemaka, burm...@googlegroups.com
မြ၀တီတိုက်ပွဲအကြောင်း စစ်အစိုးရပြောပြီ၊ KNU ကို အပြစ်ပုံချ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၀၊ ၂၀၁၀ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ဖြတ်ပိုင်း

မြ၀တီမြို့တွင် ဖြစ်ပွားသော ပစ်ခတ်မှုများမှာ KNU အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာတွင် ယနေ့ ရေးသားထားသည်။

"ပြည်သူလူထုနှင့် အလုပ်သမားများ စနစ်တကျသွားလာနေထိုင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကေအင်န်ယူ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အား မိမိတပ်မတော်က လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း" ဟု ရေးထားသည်။

နိုင်ငံတကာ သတင်းဌာနများ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ အားလုံးက ထိုပစ်ခတ်မှုများမှာ မြန်မာ့တပ်မတော် နှင့် DKBA တို့အကြား ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။

KNU ကလည်း လိုအပ်လျှင် DKBA ကို ကူညီ တိုက်ခိုက်ပေးမည်ဟု လေသံ ပစ်ခဲ့သည်။ သို့သော်လည်း ပါဝင်တိုက်ခိုက်သည်ဟူသော သတင်းများ အတိအကျ မရသေးပေ။

စစ်အစိုးရ၏ တလွဲ ကြေညာချက်နှင့် ပတ်သက်ပြီး KNU နှင့် DKBA တို့က တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအတွင်း မကြာခဏ ပေါ်ပေါက်တတ်သည့် ပေါက်ကွဲမှုများအတွက်လည်း စစ်အစိုးရက KNU ကို အပြစ်ပုံချလေ့ ရှိသည်။

ကရင်ပြည်နယ် အခြေစိုက် KNU နှင့် DKBA အဖွဲ့များ အကြောင်းကို ကော်သူးလေ နှစ်၆၀ စစ်ပွဲ http://moemaka.blogspot.com/2008/07/60-years-old-civil-war-in-karen-state.html တွင် ဖတ်ရှုနိုင်သည်။



ယမန်နေ့က မဲဆောက်မြို့တွင် တွေ့ရသည့် မြ၀တီမြို့သား စစ်ပြေးဒုက္ခသည်များ (photo; getty images)

 မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၁၆ နေရာနိုင်
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၀၊ ၂၀၁၀
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၃၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်သည့် အနက် ၁၆ နေရာ အနိုင်ရခဲ့သည်ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပြောဆိုချက်အရ သိရှိရသည်။ မွန်ပြည်နယ်တွင် ၁၅ နေရာနှင့် ကရင်ပြည်နယ်တွင် ၁ နေရာ အနိုင်ရခြဲ့ခင်းဖြစ်သည်ဟု သိရသည်။
 
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်းတွင်တွေ့ရသော အမတ်လောင်း ဦးလှခိုင်)
 ကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ပါတီဘက်မှ စုဆောင်းရရှိထားသည့် စာရင်းများအရ ယခုကဲ့သို့ ၁၆ နေရာ အနိုင်ရသည်ဟု သိရှိရခြင်း ဖြစ်သည်။
ဒေသဆိုင်ရာ အာဏာပိုင် ၊ အုပ်ချုပ်ရေး အာဏာ ရယူထားသည့် ပ၀တ၊ မ၀တ၊ ရယက ရာအိမ်မှူုး ၊ ဆယ်အိမ်မှူး နှင့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူးများအားလုံး ကြံ့ဖွံ့အနိုင်ရရေး အတွက် ၀ိုင်းဝန်းကာ ကြံစည်လုပ်ဆောင်ပေးခဲ့ကြရသလို၊ အာဏာပိုင်များ ဖြစ်သည့်ရဲ၊ ထောက်လှမ်းရေးနှင့် စစ်တပ်တို့ကလည်း ကြံ့ဖွံ့ပါတီ အနိုင်ရရေးလုပ်ဆောင်မှုများကို ကာကွယ်ပေးခဲ့ကြသည်။
တပြိုင်နက်တည်းတွင် အာဏာပိုင်များက  ပြိုင်ဖက်အင်အားစုများ၊ လူမျိုးစုပါတီများ၏ စည်းရုံးရေး လုပ်ဆောင်မှုများအား ဟန့်တား၊ နှောက်ယှက်ပေးခဲ့ကြရသည်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၄င်းတို့ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေသော်လည်း မမြင်ယောင်ဆောင်နေပေး ခဲ့ပြီး ထိုလုပ်ရပ်များအား အခြားပါတီများက ကန့်ကွက်၊ တိုင်ကြားလာလျင်လည်း အရေးမယူပဲ၊ လျစ်လျူရှုနေပေးခဲ့သည်ကိုတွေ့ရသည်။
 
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ရုံးခန်း)
ထိုသို့သော ဘက်လိုက်မှု ခြိမ်းခြောက်မှု များအကြားမှ ယခုလို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ၁၆ နေရာအနိုင်ရခဲ့ခြင်းဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား မဲပေးသူအားလုံးမှာ မွန်လူမျိုးချည်းမဟုတ်သည်ကို တွေ့ရသည်။ မွန်ပြည်နယ်တွင် နေထိုင်ကြသည့် မူဆလင်ဘာသာဝင် များ၊ ကရင်လူမျိုးများ၊ မြန်မာလူမျိုးများလည်း ထောက်ခံမဲပေးခဲ့ကြသည်။
 
 (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များ)
မူဆလင်ဘာသာဝင် တဦးက ပြောရာတွင်
“ကျွန်တော်တို့ ၈၈ တုန်းက အရေးအခင်းမှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ နောက် အန်အယ်လ်ဒီပါတီဝင် ဖြစ်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးမလဲ ဆိုတာကျွန်တော်တို့ အချင်းချင်းတိုင်ပင်ပြီး ဒီပါတီကို ထောက်ခံကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ”
ဟုပြောသည်။
ဒေါ်စု လွတ်မြောက်ရေး ကြိုးပမ်းသူ ဘောလုံးချန်ပီယံ ဘက်ဂီယို ဂုဏ်ပြုခံရ
မိုးမခအထောက်တော် အမှတ် ၀၀၈
နိုဝင်ဘာ ၁၀၊ ၂၀၁၀
ဒေါက်တာစိန်ဝင်း နှင့် တွေ့ရသော အီတလီ ဂန္ထ၀င် ကစားသမား ဘက်ဂီယို

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ စုပေါင်း ပေးအပ်သည့် ယခုနှစ်အတွက် အထူးဂုဏ်ပြုဆုကို အီတလီ တိုက်စစ်မှူးဟောင်း ရောဘတ်တို ဘက်ဂီယို ရရှိသွားသည်။


ထိုသို့ ရွေးချယ်လိုက်ခြင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှု အပါအ၀င် နှစ်ပေါင်းများစွာ စေတနာ့ဝန်ထမ်း လှုပ်ရှား ဆောင်ရွက်မှုများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ ညီလာခံဆိုင်ရာ ရုံးက အင်္ဂါနေ့တွင် ကြေညာသည်။

အီတလီ၏ အကောင်းဆုံး ဘောလုံးသမား ဘတ်ဂီယိုသည် ဆေးရုံများ ရန်ပုံငွေ ရရေး၊ ဟေတီ ငလျှင်ဒဏ် ခံရသူများကို ကူညီရေး၊ ငှက်တုပ်ကွေး ကုသရေး တို့အတွက်လည်း လှုပ်ရှားခဲ့သူ ဖြစ်သည်။

ယခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ ညီလာခံကို သောကြာနေ့တွင် ဟီယိုရှီးမားမြိုတွင် ပြုလုပ်ရန် စီစဉ်နေသည်။ ထိုမြို့သည် အမေရိကန်က ဒုတိယကမ္ဘာစစ် အဆုံးသတ်ရန် အနုမြူဗုံး ကြဲချသဖြင့် လူ ၁၄၀ ၀၀၀ ၀န်းကျင် သေဆုံးခဲ့ရသည့်မြို့ ဖြစ်သည်။ ယခင်နှစ် ညီလာခံများကို ဥရောပတွင် ကျင်းပသည်။

ဘက်ဂီယိုက မြန်မာပြည်အကြောင်းကို ရေးသားကာ နာဂစ်မုန်တိုင်းတိုက်ပြီး ၃ ပတ်အကြာ သူ၏ အင်တာနက် စာမျက်နှာတွင် တင်လိုက်ရာ စာဖတ်သူတို့၏ မှတ်ချက်ပေါင်း ၂၄၀၀ ကျော် ရရှိသည်ကို တွေ့ရသည်။


၂၀၀၈ တွင် အီတလီနိုင်ငံ ရောမမြို့တော်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးသော ဆုကို ဘက်ဂီယိုက ကိုယ်စား တက်ရောက် လက်ခံခဲ့သည်။

နောက်ပိုင်းတွင် ထိုဆုကို ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင် ဒေါက်တာစိန်ဝင်းသို့ လွဲအပ်ခဲ့သည်။


မြ၀တီတွင် အဖမ်းခံရသူ ဂျပန် သတင်းသမား ပြန်လွတ်ပြီ
Kyodo သတင်းဌာန
နိုဝင်ဘာ ၁၀၊ ၂၀၁၀

မြန်မာအာဏာပိုင်တို့က သတင်းသမား Toru Yamaji ကို အင်္ဂါနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။ ရွေးကောက်ပွဲသတင်းယူရန် မြန်မာပြည်သို့ သွားရောက်စဉ် ၂ ရက်ကြာ ထိန်းသိမ်းခံရပြီး လွတ်လာခြင်း ဖြစ်သည်ဟု ဘန်ကောက်မြို့ ဂျပန်သံရုံးက ပြောသည်။ Yamaji သည် ကလောင်အမည် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ Toru Matsumoto ဖြစ်သည်။

တိုကျို အခြေစိုက် APF သတင်းဌာန အကြီးအကဲ အသက် ၄၉ နှစ် အရွယ် Yamaji သည် မြ၀တီမြို့မှ ပြန်လည် လွတ်မြောက်လာပြီး နောက်တွင် ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ရောက်လာသည်ဟု ဂျပန် သံအရာရှိတို့က ပြောသည်။

Yamaji သည် တနင်္ဂနွေနေ့က ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီသို့ သွားရောက်စဉ် တရားမ၀င် ၀င်ရောက်မှုဖြင့် ထိန်းသိမ်းခံရသည်။

သတင်းသမား Yamaji ၏ ကျန်းမာရေး ကောင်းမွန်ပုံရသည်ဟု သံတမန်တို့က ပြောသည်။

ရာဇ၀င် စာတင်လောက်ပါတယ်
ပန်းသီး (သီးလေးသီး)
နိုဝင်ဘာ ၁၀၊ ၂၀၁၀
တနေ့သ၌ ခေတ်သစ် အလောင်းစီသူမင်းတြားကြီးသည် ( ၎င်းလက်ထက်တွင် နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းကြောင့် ပြည်သူများသေကျေပျက်စီးပြီး အလောင်းများ စီ နေသဖြင့် ခေတ်သစ်အလောင်းစီသူ ဟု ပေးထားခြင်းဖြစ်သည်)  ရွေးကောက်ပွဲပြီးတွင် ဒီမိုကရေစီနိုင်ငံသစ်ကြီးကို လှည့်လည်ကြည့်ရှုပြီ မြို့နာမည် အသစ်များပေးရန် စိတ်ကူးမိလေတော့သည်။
ထိုကြောင့် အလောင်းစီသူမင်းတြားကြီးသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိသော “အကြပ်ကိုင် ဖွတ်ဖြိုးရေး” ပါတီအမတ်များနှင့်အတူ ဖောင်ရဟတ်ယာဉ်ဖြင့် မြို့နာမည်အသစ်များပေးရန် တိုင်းပြည်အတွင်းသို့ လှည့်လေသည်။

မင်တြားကြိး ။    ။ မောင်မင်း … အောက်မှာ လူတွေတိုးဝှေ့နေကြပါလား။ ဆီတွေ ဝေနေတာလား၊ ဆန်တွေ ဝေနေတာလား မောင်မင်းရဲ့။
ဝန်ကြီး ။         ။ မဟုတ်ပါဘူး ဘုရား။ ဘတ်စ်ကားစီးဖို့ တိုးနေကြတာပါ။

မင်းတြား ။     ။ အဲဒါ ဘာမြိုလဲဟဲ့..ဒီမှာကော မဲနိုင်လားဟဲ့။
ဝန်ကြီး ။    ။ ရန်ကုန်လို့ ခေါ်ပါတယ်ဘုရား။ နိုင်တော့ နိုင်တယ် မဲတွေလဲ ဘုံးရပါတယ်ဘုရား။

မင်းတြား ။    ။ မဲတွေ ဘုံးရတယ်ဆိုတော့ ဒီမိုကရေစီနိုင်ငံသစ်ကြီးမှာ ရန်ကုန်မြို့နာမည်ပြောင်း၊ မဲဘုံးမြို့လို့ ခေါ်စေဗျား....။
ဝန်ကြီး   ။       ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား  ။     ။ မောင်မင်း … အောက်မှာ ဗျောက်အိုးသံတွေ ဆူညံလှချီလား။ အဲဒါဘာမြို့လဲကွဲ့။
ဝန်ကြီး    ။     ။ ဗျောက်သံမဟုတ်ပါဘူး ဘုရား။ မြို့သူမြို့သားတွေနဲ့ ရန်ဖြစ်ရင် လက်ဦးမှုရအောင် စစ်တပ်က စစ်သားတွေ သေနတ်ပစ် လေ့ကျင့်နေတာပါ။ ပဲခူးမြို့လို့ ခေါ်ပါတယ် ဘုရား။ ဒီမြို့မှာလဲ မဲခိုး လို့ နိုင်တာပါဘုရား။

မင်းတြား ။   ။ မဲခိုးလို့ နိုင်တဲ့အတွက် ပဲခူးမြို့ နာမည်ပြောင်း၊ မဲခိုးမြို့လို့ ခေါ်တွင်စေဗျား။
ဝန်ကြီး   ။       ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။      ။ မောင်မင်း … အောက်မှာ အသားဖြူဖြူနဲ့လူတွေ အများကြီးပါလား။  ငါ့ဖောင်ရဟတ်ယာဉ်တော်က တရုတ်ပြည်ရောက်နေတာလားကွဲ့။
ဝန်ကြီး ။         ။ တရုတ်ပြည် မဟုတ်ပါဘူးဘုရား။ အဲဒါ မန္တလေးပါဘုရား။ ဒီမြို့ကျတော့ မဲမသမာလို့ နိုင်တာပါ။

မင်းတြား ။    ။ အော် … မဲမသမာဘဲ နိုင်တဲ့အတွက် မန္တလေးမြို့အစား ... မဲမသမာမြိ့လို့ ခေါ်တွင်စေဗျား။
ဝန်ကြီး   ။       ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။  ။ ဒါနဲ့ မန္တလေးဘေးနားကမြို့က ဘာမြို့လဲကွဲ့ မောင်မင်း။
ဝန်ကြီး  ။    ။ မှန်ပါ စစ်ကိုင်းမြို့ပါ ဘုရား။ စစ်ကိုင်းမြို့မှာတော့ မဲတွေညစ်လို့ နိုင်တာပါဘုရား။

မင်းတြား ။   ။ စစ်ကိုင်းမြို့လဲ နာမည်ပြောင်း … မဲညစ်မြို့လို့ ခေါ်တွင်စေဗျား။
ဝန်ကြီး   ။       ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား။       ။ ပင်လယ်ပြင်ကြီးနဲ့ပါလား … အဲဒါဘာမြို့လဲဟဲ့။
ဝန်ကြီး          ။ ပုသိမ်မြို့ပါဘုရား။ ဒီမြို့မှာလဲ မဲတွေလိမ်လို့ နိုင်တာပါဘုရား။

မင်းတြား ။    ။ မဲလိမ်တဲ့အတွက် ပုသိမ်မြို့အစား မဲလိမ်မြို့လို့ ပြောင်းစေဗျား။
ဝန်ကြီး   ။       ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။    ။ တနိုင်ငံလုံး မြို့နာမည်တွေကို မောင်မင်းတို့ပဲ ပြီးမှ ထပ်ပြောင်းပေးလိုက်ပေတော့။  ငါမှာ့ ကျန်းမာရေးကလည်း မကောင်းဘူး။ နေပြည်တော်ပြန်ဖို့ ဖောင်ရဟတ်ယာဉ် ပြန်လှဲ့မယ်ဟေ့။ ဒါနဲ့ မြို့တွေကိုတော့. မဲလိမ်၊ မဲခိုး၊ မဲမသမာ၊ မဲညစ် ဆိုပြီး နာမည်တွေ ပြောင်းပြီးပြီ။ ငါ့တိုင်းပြည်နာမည်လဲ ပြောင်းရအုံးမယ်လေ။ ဘယ်လိုပြောင်းမလဲ ဟဲ့။
ဝန်ကြီးများ။    ။ မှန်ပါ  “ဗြောင်လိမ်ဗြောင်စား မုသာဝါဒတိုင်းပြည်” လို့သာ ပြောင်းလိုက်ပါတော့ ဘုရား …။

မင်းတြား ။      ။ အိမ်း … အိမ်း … ကောင်းလိုက်တဲ့ အကြံပဲ။ ငါကိုယ်တော်မြတ်ကြီး ရွှေဘောတော် ကျတော်မူတယ်။ မောင်မင်းတို့နောက်တော်ပါးက ထမ်းပြီးသာ လိုက်ခဲ့ကြပေတော့။ (သွပ်သွပ်သွပ်)

နိုဝင်ဘာ ၇၊ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမဲပေးကြပုံများ
မိုးမခဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၀၊ ၂၀၁၀
 မဲရုံမှာ မဲပေးသူစာရင်း စစ်ဆေးနေပုံ

 မဲရုံမှာ လူအများ မဲပေးနေကြစဉ်

မဲစာရင်း ရလဒ်များ ရေတွက်နေပုံ

ကာတွန်းမောင်ရစ် -အစက ဒို့ မပြောလား ...
နိုဝင်ဘာ ၉၊ ၂၀၁၀
မိုးရေထဲမှ အလုံမြို့ ကာတွန်းပြပွဲကို ပရိသတ် အားပေး
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၉၊ ၂၀၁၀မိုးစက်များအောက်မှ ကာတွန်းပြပွဲကို ကြည့်ရှုနေသူများ။
ပြီးခဲ့သည့်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့၊ အလုံမြို့နယ်၊ နံ့သာလမ်း ၅၇ ကြိမ်မြောက် သီတင်းကျွတ် မီးထွန်းပွဲတွင် ကာတွန်းများ ထည့်သွင်း ပြသခဲ့ခြင်း ဖြစ်သည်။ ၃ ရက်ကြာ ပြုလုပ်ခဲ့သည့် ထိုပွဲသည် အလုံမြို့၏ ပထမဆုံး ကာတွန်းပြပွဲဖြစ်သည်ဟု သိရသည်။ (photo; myanmar times)


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages