12th Feb 2012 - MoeMaKa Daily

22 views
Skip to first unread message

Maung Yit

unread,
Feb 12, 2012, 3:02:25 AM2/12/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ဝါးသင်္ခရွာက ဘောလုံးကွင်းမှာ လူထုကို ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂



ကျမဟာ ဒီရွာကို ပထမဦးဆုံးအကြိမ်လာတာဆိုပေမဲ့ နောင်လဲ မကြာခဏလာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ အခု ကျမတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြန်လည်မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားလာတာဟာ အဓိက ပြည်သူတွေရဲ့တာဝန် တွေကို ထမ်းဆောင်ပေးချင်လို့ဖြစ်ပါတယ်။ ကျမတို့ ဒီရပ်ရွာ၊ ဒီဒေသမှာ ဘယ်လိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို လေ့လာပြီးတော့ ကျမတို့နဲ့ ပြည်သူတွေနဲ့အတူ ကျမတို့ဖြစ်စေချင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားရမှာပါ။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ကျမတို့ဟာ နတ်၊ သိကြားလည်း မဟုတ်ဘူး။ ၀ိဇ္ဇာဇော်ဂျီလည်းမဟုတ်တော့ ‘ဖြစ်စေ’ ဆိုပြီးတော့ ဖြစ်အောင်လုပ်လို့မရပါဘူး။ ကျမတို့ ကြိုးစားပြီးတော့ အလုပ်လုပ်မှဖြစ်မှာပါ။ ဒါပေမဲ့ စုပေါင်းအင်အားနဲ့ ကျမတို့ဟာ ခိုင်ခိုင်မာမာနဲ့ အခက်အခဲတွေကို ကျော်လွှားရဲတဲ့သတ္တိ၊ ကျော်လွှားနိုင်တဲ့အရည်အချင်းတွေနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။

….အားလုံးလာကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျမတို့ ကျေးဇူးတင်တယ်။ ကျမတို့က ဒီရွာတစ်ရွာတည်းလုပ်လို့လည်းမဖြစ်ဘူး။ ရွာတွေ အားလုံးစုရုံနဲ့လည်း မလုံလောက်ဘူး။ မြို့နယ်တွေအားလုံးစု၊ ပြည်နယ်တွေ အားလုံးစုပြီးတော့ တစ်တိုင်းပြည်လုံးရဲ့ စုပေါင်းအင်အားနဲ့ လုပ်မှ ကျမတို့နိုင်ငံဟာ တကယ့်ကို အေးချမ်းတည်ငြိမ်ပြီးတော့ တိုးတက်တဲ့ နိုင်ငံဖြစ်နိုင်မှာပါ။ ကျမ ကော့မှူးမြို့နယ်မှာ ၀ါးသင်္ခရွာကို ပထမဦးဆုံးလာရတဲ့ အကြောင်းကတော့ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေများလို့ဖြစ်ပါတယ်။ တကယ်ဆို တချို့ဥပမာဆိုရင် ကျိုက်ထော်လည်း ကရင်များပါပဲလို့ ပြောကြာပါလိမ့်မယ်။ ဒါပေမယ့် ကျိုက်ထော်ခရီးက နည်းနည်းခက်လို့ပါ။ ဒါကြောင့်မို့လို့ ကျိုက်ထော်ကို အရင်မလာတာကို ကျမတို့ကို ခွင့်လွှတ်ပါလို့လည်း တောင်းပန်ချင်ပါတယ်။ ဒါပေနဲ့ ဒီရွာမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများ စုဖြစ်တဲ့အခါကျတော့ ကျမတို့ရဲ့ပြည်ထောင်စုရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် ကျမတို့ ဒီရွာကိုလာရတာပါ။ အင်မတန်မှ လည်း အားတက်တယ်။ လမ်းခရီးတစ်လျှောက်လုံး ပြည်သူလူထုရဲ့ ကြိုဆိုမှုကြောင့်လည်း ကျမတို့ဟာ ပိုပြီးတော့ ကျမတို့ရဲ့ တာာဝန်တွေ ကို ထမ်းဆောင်နိုင်မယ့် အင်အားတွေပြည့်လာတယ်လို့ ကျမပြောချင်ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာဟာာ ရေရှည်လုပ်ငန်းပါ… နိုင်ငံ့ရဲ့ အရေးဆိုတာ ဘယ်တော့မှ အဆုံးမရှိပါဘူး။....အဲဒီတော့ ချက်ချင်းလက်ငင်း ကျမတို့ပြည်သူတွေအတွက် ဘာတွေ အရေးကြီးသလဲဆိုတာဟာ ပြည်သူတွေနဲ့ တိုင်ပင်ပြီးတော့ ကျမတို့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကျမတို့ နားလည်သလောက်ကတော့ ကော့မှူးမြို့နယ်မှာဆိုရင် အရေးကြီးဆုံးကိစကတော့ အလုပ်အကိုင်မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေအတွက် လုံလုံလောက်လောက်ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံးတာဝန်ဖြစ်တယ်ဆိုတာ ကျမတို့နားလည်ပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးလဲဆိုတာတော့ … ကျမတို့လေ့လာကြည့်တဲ့အခါမှာ ကော့မှူးမြို့နယ်မှာဆိုလို့ရှိရင် ဘွဲ့ရပြီးသားလူငယ်များဟာ အများစုဟာ အခုထက်ထိ အလုပ်အကိုင်မရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ (လက်ခုတ်သံများ)

ဒီတော့ ဘွဲ့ရလူငယ်တွေကော၊ ဘွဲ့မရသေးတဲ့ လူငယ်တွေကော၊ လူလတ်တွေကော၊ လူကြီးတွေကော အလုပ်လုပ်ချင်တဲ့ လူတွေ၊ အလုပ် လုပ်ဖို့ လိုတဲ့သူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမဦးစားပေးပြီးတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ ခံယူတယ်။ အဲလိုအခြေအနေမျိုးဖြစ်လာဖို့လည်း ကျမတို့ကြိုးစားမှာပါ။ အဲလို ကျမတို့ကြိုးစားတဲ့အခါမှာ ပြည်သူဟာလည်း ကျမတို့ ကို ထောက်ခံခြင်းအားဖြင့် ပါဝင်ပြီးတော့ ကြိုးစားပေးပါလို့ ကျမတို့က မေတ္တာရပ်ခံချင်ပါတယ်။ (လက်ခုတ်သံများ)

ကျမ အမြဲတမ်း ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကိုမှာပါတယ်။ ပြည်သူတွေကို ကတိတွေ လွယ်လွယ်မပြောပါနဲ့။ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ် ပေးမယ်ဆိုပြီးတော့ ပြည်သူတွေရဲ့ထောက်ခံမှုကို မတောင်းဆိုပါနဲ့။ မှန်မှန်ကန်ကန်၊ ဖြောင့်ဖြောင့်မတ်မတ် ပြည်သူတွေအပေါ်မှာ ဆက်ဆံ ပါ။ လေးစားပါ။ ပြည်သူတွေကို မှန်မှန်ကန်ကန် မပြောဘူးဆိုတာဟာ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ဟာ မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။ ကျမတို့ ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ မနည်းပါဘူး။ ဒီအခက်အခဲတွေရှိတယ်ဆိုတာကို ကျမတို့က အသိအမှတ်ပြုတာဟာ စိတ်ပျက်လို့မဟုတ်ဘူး။ အားတွေ ပိုပြီးတော့ ဖြည့်ဖို့လိုတာဆိုတာ အများသိစေချင်လို့ ကျမတို့ ပြော တာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့က အခက်အခဲတွေအားလုံး ကျမတို့အတူကျော်လွှားဖို့ ကြိုးစားကြပါ။ အားတွေဖြည့်ကြပါ။ ကျမတို့က ပြည်သူတွေကို လေးစားသလို၊ တန်ဖိုးထားသလို ပြည်သူတွေကလည်း ကျမတို့အပေါ်မှာ ယုံကြည်မှုပေးပါလို့ ကျမတောင်းခံချင်ပါတယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)။

ပြည်သူတွေရဲ့ ယုံကြည်မှု၊ ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့တော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကမှ နိုင်ငံ့ကောင်းကျိုးအတွက် လုပ် နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူပါမှ ဘာမဆို အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ကျမကို လမ်းမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးတဲ့ ပြည်သူတွေက တကယ်တမ်း အောင်မြင်စေချင်ရင် ကိုယ်တိုင်ပါဝင်ပြီးတော့ ကျမတို့ကို အားတွေဖြည့်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါ တယ်။ (ပြည်သူများဆီမှ လက်ခုတ်သံများ)

ကော့မှူးသွားရာလမ်း ကျေးရွာမှထွက်ကြိုနေကြသူများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများအား ချိတ်ဆွဲကာ ချစ် ခင်လေးစားမှု ကိုပြသကြသည်။

နောက်တစ်ခုက ကျမက တောင်းပန်ရမှာက ကျမ ဗမာစကားပဲတတ်တယ်။ အဲဒါ ဒီမှာ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ အများစုရှိတဲ့ ရွာကိုလာပြီးတော့ ဗမာလိုပဲပြောတာကိုလည်း ကျမတောင်းပန်ပါတယ်။ ကရင်စကားလည်း ကြိုးစားပြီးသင်ယူပါမယ်။ ဒါပေမဲ့ ရအောင်သင် နိုင်မယ်လို့တော့ ကျမ ကတိမပြုဘူးနော်။ တော်ကြာ မတတ်လို့ရှိရင် ကတိပျက်နေမှာစိုးလို့။ တစ်လုံးစ၊ နှစ်လုံးစတော့ သင်လိုက်ပါမယ်။ နောက်တစ်ခါလာလို့ရှိရင် ကျေးဇူးတင်ပါတယ်လောက်တော့ ပြောတတ်အောင်လို့ပေါ့လေ။ ကျမတို့နဲ့ အတူဆက်ပြီးတော့ သွားရမယ့်ခရီး ဟာ ကြမ်းတယ်။ ဒါပေမဲ့ ကျမတို့ ဦးတည်နေတဲ့ ပန်းတိုင်ဟာ အင်မတန်မှ အေးမြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတွေ ဖွံ့ဖြိုးရေး၊ တိုင်းပြည်တည်ငြိမ်ရေး၊ ဒါတွေဟာ အင်မတန်မှ ချမ်းမြေ့ဖွယ်ကောင်းတဲ့၊ နှစ်မြို့ဖွယ်ကောင်းတဲ့ ကိစတွေ ဖြစ်ပါတယ်။ ဒီတော့ ကြမ်းတမ်းတဲ့ ခရီးကို ကျမတို့ အတူတူသွားနိုင်မယ့် အင်အားတွေ ရှိတယ်လို့လည်း ကျမယုံကြည်ပါတယ်။ ဒီလောက်တောင် နေပူကြဲတဲကြီးထဲမှာ စောင့်နိုင်တဲ့လူတွေဟာ ဒီလောက်တော့အားရှိမယ် မဟုတ်ဘူးလား။ (လက်ခုတ်တီးသံများ)

ကျမတို့အင်အားတွေကို ဖြည့်ပေးပါ။ ကျမတို့ကလည်း ပြည်သူတွေရဲ့ အင်အားကို ဖြည့်ပေးပါမယ်။ အခု ကျမတို့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဟာ ကော့မှူးမြို့နယ်မှာ ရုံးတွေဖွင့်ပြီးဆိုတော့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို နားထောင်နိုင်ဖို့ အခြေအနေကပေးလာပြီဖြစ် ပါတယ်။ ဒီတော့ လိုအပ်တာလေးရှိရင် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြစရာမှုတွေရှိတယ်ဆိုရင်၊ မျှော်လင့်ချက်တွေကို ကျမတို့ကို သိစေချင် တယ်ဆိုရင် ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီရုံးတွေကတစ်ဆင့် ကျမတို့ကို အသိပေးပါ။ ဘယ်သူဆီက ဘယ်လိုပဲပြောပြော၊ ကျမတို့ဟာ တစ်ဦးချင်း၊ တစ်ဦးချင်း အကြောင်းမပြန်နိုင်ပေမယ့် ဒီကိစတွေကို အလေးထားပြီးတော့ တတ်နိုင်သမျှ ကျမတို့ ကိုင်တွယ်ပေးပါ့မယ်လို့ ကျမပြောချင်ပါတယ်။ ပြီးတော့ ပြည်သူလူထုကလည်း ထပ်ပြီးတော့ ကြိုးစားပါ။ ကျမတို့ကလည်း ဆထက်တပိုး ပိုပြီးတော့ ကြိုးစားပါ့မယ်။ နောင်လည်း အခေါက်ခေါက်အခါခါ ဒီရွာကို လာဖို့ မျှော်လင့်တာကြောင့်မို့လို့ ဒီတစ်ခါတော့ သိပ်အရှည်ကြီးစကားမပြောပါဘူး။ တော်ကြာ နောက်တစ်ခါ ပြောစရာမကျန်မှာစိုးလို့။ အားလုံး

ကျန်းမာချမ်းသာကြပါစေ…ဘေးရန်ကင်းဝေးကြပါစေ။ … လိုရာဆန္ဒအ၀၀ပြည့်ဝကြပါစေ။ ကျေးဇူးတင်ပါတယ်။

(လက်ခုတ်သံများ)

မူရင်း
Yangon Press International
http://www.facebook.com/notes/yangon-press-international/%E1%81%80%E1%80%AB%E1%80%B8%E1%80%9E%E1%80%81%E1%81%A4%E1%80%9B%E1%80%BC%E1%80%AC%E1%80%80-%E1%80%B1%E1%80%98%E1%80%AC%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%80%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%81%BE%E1%80%80%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%99%E1%80%AD%E1%80%94%E1%80%B9%E1%82%94%E1%80%81%E1%80%BC%E1%80%94%E1%80%B9%E1%80%B8/315553975157898
Posted by Aung Htet at 10:20 PM 0 comments

Interview with U Win Tin - ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း


ဦးဝင်းတင်နဲ့ မေးခွန်းများ
ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂

အင်တာဗျူး အပိုင်း ၁၊ ပြည်ထောင်စု

ပြည်ထောင်စုနေ့  ၆၅ နှစ်မြောက် နှစ်ပတ်လည်မှာ တိုင်းရင်းသားတွေနဲ့ အားလုံးအတူတကွ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး အခြေအနေ၊ အလားအလာကို ဘယ်လို ပြောချင်သလဲ ဆရာ။
အရင်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရတွေကြားမှာ အပစ်အခတ်ရပ်စဲရေးတွေပဲ လုပ်ခဲ့ကြတယ်။ အပစ်အခတ်ရပ်စဲရေး ကာလတွေကို ကျော်ဖြတ်ခဲ့တယ်။ ဒါဟာ တိုင်းရင်းသားနယ်မြေတွေမှာ သေနတ်သံတွေ တိတ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးဆိုတာဟာ တိုင်းရင်းသားတွေနဲ့တကွ ပြည်ထောင်စုကြီးတခုလုံးက လိုလားတဲ့ ငြိမ်းချမ်းရေး၊ နို်င်ငံရေးအရ အဖြေရှာရေးဆိုတာတွေအတွက် အဖြေမဟုတ်သေးဘူး။ တိုင်းရင်းသားတွေနဲ့အတူတူ ကျနော်တို့ အင်န်အယ်ဒီပါတီအပါအ၀င် နိုင်ငံရေးအင်အားစုတွေ အားလုံးလိုလားတာကတော့ ငြိမ်းချမ်းရေးနဲ့ စစ်မှန်သော ပြည်ထောင်စုကြီး အတူတကွ တည်ဆောက်ကြရေးပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အားလုံးက သဘောပေါက်နားလည်ပြီး ဒီကိုပဲ ဦးတည် ဆောင်ရွက်လာကြပြီလို့ ပြောချင်ပါတယ်။

ပြည်ထောင်စုကြီးကို အတူတကွ ထူထောင်ပြီး သာတူညီမျှ အတူတကွနေထိုင်ကြမယ်လို့ တိုင်းရင်းသားတွေ အားလုံးက ပင်လုံစာချုပ်နဲ့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ အဲသည်ကနေ ၁၉ ၄၇ ခုနှစ် အခြေခံဥပဒေပေါ်ထွန်းလာတယ်။ အဲသည်ကနေ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေ ဘယ်လိုမျိုး အပြောင်းအလဲတွေကို ရင်ဆိုင်လာခဲ့ကြသလဲ ဆရာ။
၁၉ ၄၇ အခြေခံဥပဒေပေါ် အခြေခံပြီး ပြည်ထောင်စုကို ထူထောင်ခဲ့တယ်။ နောက်တော့ ၁၉၇၄ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာတယ်။ အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆက်လက်ပြီး အုပ်ချုပ်စီမံနေကြတယ်။ ဘယ်လိုပဲ အခြေခံဥပဒေတွေပဲ ရှိခဲ့ ရှိခဲ့၊ အဲသည်တလျောက်မှာ ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးအတွက် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီင်္လူ့အဖွဲ့အစည်းပေါ်ထွန်းနိုင်ဖို့ ချို့ယွင်းခဲ့တယ်၊ ချို့တဲ့ခဲ့တယ်။ ပျက်ယွင်းခဲ့တယ်။ အထူးသဖြင့်ကတော့ တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို ဖြည့်စွမ်းပေးနိုင်ခြင်း မရှိခဲ့ဘူး။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီနေ့ပြည်ထောင်စုကနေပြီး ဆက်လက် တောင်းဆိုဖော်ဆောင်ရမှာကတော့ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။

အဲသည်လို စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အပစ်ရပ်ထားနိုင်ရုံနဲ့ ဖော်ဆောင်နိုင်ပြီလို့ ပြောလို့ မရဘူးပေါ့ ဆရာ။
အပစ်အခတ်ရပ်စဲတာထက် စစ်မှန်သောပြည်ထောင်စုစနစ် ဖော်ဆောင်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုအချိန်မှာ ၂၀၁၁ နှစ်ကတည်းက စတင်ခဲ့တဲ့ လက်ရှိဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအသီးသီးနဲ့ အပစ်အခတ်ရပ်စဲရေးတင်သာမကပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွေ လုပ်လာတာကို တွေ့ရတယ်။ အခု ၂၀၁၂ နှစ်သစ်အတွင်းမှာလည်း အဖွဲ့အတော်များများနဲ့ အကောင်အထည်ဖော်နေတာကို တွေ့ရပါတယ်။ ပြည်နယ်အဆင့် တိုင်းဒေသအဆင့် တွေ့ဆုံကြတယ်။ နောက်တော့ ပြည်ထောင်စုအဆင့် ဆွေးနွေးညှိနှိုင်းတာတွေ လုပ်တာကို တွေ့ရပါတယ်။ အခုဆိုရင် လွတ်လပ်ရေးခေတ်ဦးကာလကတည်းက လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအဖွဲ့အစည်းတွေကိုယ်တိုင်နဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ကြိုးစားတဲ့ အဆင့်ရောက်လာတာကို တွေ့ရပါတယ်။

ဒေသအဆင့်နဲ့ တိုင်းရင်းသားအဖွဲ့အလိုက် ဆွေးနွေးတာတွေက အကျိုးရှိတယ်လို့ ဆရာက ထင်မြင်ပါသလား။
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသည်ဖြင့် ဒေသအလိုက် အခြေအနေတွေ၊ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သဘောတူညီချက်တွေ ရယူတာတွေ၊ လက်နက်ကိုင်အဖွဲ့အစည်း တခုချင်းစီအလိုက် သဘောထားတွေ၊ တောင်းဆိုချက်တွေအပေါ် မူတည်ပြီး သိရှိအောင် နားလည်အောင် လုပ်နေကြတာ ဖြစ်တယ်လို့ မြင်တွေ့ရပါတယ်။ အဲဒီကနေပြီးတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာရင် နိုင်ငံရေးအရ အားလုံး စုပေါင်းအဖြေရှာကြမယ့် အဆင့်ကို ဖော်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စစ်မှန်သောပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာမှုတွေ လုပ်နိုင်လိမ့်နမယ်လို့  ထင်မြင်ပါတယ်။

တိုင်းရင်းသား လူမျိုးတွေ ဒေသတွေ အားလုံးကြားမှာ၊ ပြည်နယ် ပြည်မ ဆိုတာတွေ ကြားထဲမှာ ဘယ်လို တန်းတူညီမျှမှုမျိုး တည်ဆောက်နိုင်မယ်လို့ ဆရာက မျှော်လင့်ပါသလဲ ဆရာ။
တန်းတူညီမျှမှု ဆိုတာက ပြည်နယ် ပြည်မ တန်းတူညီမျှ၊ နိုင်ငံရေးအားဖြင့်၎င်း၊ လူမျိုးရေးအားဖြင့်၎င်း၊ အုပ်ချုပ်ရေးအားဖြင့်၎င်း နေရာတိုင်းမှာ အဆင့်ဆင့်တိုင်းမှာ တန်းတူညီမျှမှုတွေ ရှိရမှာ ဖြစ်ပါတယ်။ အဲသည်အတွက် တိုင်းရင်းသားတွေအားလုံးမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အာမခံချက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိကြဖို့ ဖြစ်ပါတယ်။

အဲသည်တော့ ၂၀၀၈ အခြေခံဥပဒေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆိုပြီး သီးခြားသတ်မှတ်နယ်မြေတွေလည်း ရှိသေးတယ် ဆရာ။ ဒါတွေက တန်းတူညီတူဖြစ်မှုကို ပြသတာ ဟုတ်ရဲ့လား။
အဲဒါကို ကျနော် ထောက်ပြချင်တယ်။ တိုင်းရင်းသားနယ်မြေတွေအချို့ကို အခု ၂၀၀၈ အခြေခံဥပဒေထဲမှာ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရတဲ့ နယ်မြေတွေဆိုပြီး သတ်မှတ်ထားတယ်။ ၀တို့ ပလောင်တို့ နာဂတို့ စသည်ဖြင့်ပေါ့။ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်တယ်။ အုပ်ချုပ်ခွင့်သက်သက် မဟုတ်ဘူး။ နိုင်ငံရေးအရ တွှေ့ဆုံဆွေးနွေးကြပြီး ရရှိတဲ့ အဖြေတွေအပေါ်မူတည်ပြီးတော့ ကိုယ့်ဖာသာကိုယ် ပြဋ္ဌာန်းခွင့်တွေ ရှိနိုင်ဖို့၊ အဲသည်ကနေပြီး အုပ်ချုပ်ခွင့်တွေ အဆင့်ဆင့်တွေ ရှိဖို့ လိုတယ်လို့ မြင်ပါတယ်။

အဲသည်အတွက် တိုင်းရင်းသားတွေ အားလုံး ပါဝင်ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီး လိုအပ်တာပေါ့ဆရာ။
ကိုယ့်ဖာသာကိုယ် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်၊ တန်းတူညီမျှဖြစ်ခွင့်ဆိုတာတွေကို အဆင့်တိုင်းမှာ နေရာတိုင်းမှာ အားလုံးက တွေ့ဆုံဆွေးနွေးပြီး ဘာတွေလဲ ဘာတွေကို ဘယ်လို အဓိပ္ဗါယ် သတ်မှတ်ကြမလဲ။ ဘယ်လို သဘောတူညီကြသလဲဆိုတာ ဖော်ထုတ်ကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျနော်တို့တိုင်းပြည်ကို တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ နယ် သတ်မှတ်ခဲ့တာမှာလည်း ဘယ်လိုမျိုး သာတူညီမျှခွင့်တွေ၊ ပြည်နယ် ပြည်မ တန်းတူညီမျှခွင့်တွေ ရှိသလဲဆိုတာတွေကိုပါ ဆွေးနွေးကြရလိမ့်မယ် ထင်ပါတယ်။ အခုအချိန်မှာ တိုင်းရင်းသားတွေနဲ့လက်ရှိအစိုးရနဲ့ နိုင်ငံရေးအရ ဖြေရှင်းမယ်၊ အဖြေရှာမယ်ဆိုတဲ့ Political Process ဖော်ဆောင်နေကြတာကို တွေ့နေရပြီ ဖြစ်ပါတယ်။ လက်နက်ကိုင် မဖြေရှင်းကြပဲ နားလည်မှု၊ သဘောထားကြီးမှု၊ အပြန်အလှန်လေးစားမှုတွေနဲ့ ပြည်ထောင်စုကြီး တခုလုံးရဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ပြီး ဆက်လက်ဖော်ဆောင်ကြဖို့ မျှော်လင့်တယ်လို့ အခုလို ပြည်ထောင်စုနေ့မှာ ပြောကြားလိုပါတယ်။

လက်ရှိပြည်ထောင်စုကြီးထဲကို တိုင်းရင်းသားတွေကို အတင်းဇွတ်သွင်းနေတယ်၊ ဒါမျိုးလည်း ပြောကြတာမျိုး ကြားနေရတယ်ဆရာ။ အခုစနစ်ကြီးကနေ စစ်ကျွန်အဖြစ် အားလုံးကို ဇာတ်သွင်းနေတယ်လို့လည်း ပြောနေကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဒါကို ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ ပြည်ထောင်စုကြိးကို တည်ဆောက်တာဟာ မြန်မာကျွန်အဖြစ် သွတ်သွင်းတာမဟုတ်ဘူး။ ပြီးတော့လည်း တိုင်းရင်းသားတွေအားလုံး မြန်မာတွေအပါအ၀င် သူ့ကျွန်အဖြစ် ဆက်ထားဖို့ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အခုအချိန်မှာ အားလုံးက မြန်မာကျွန်ခံဖို့ မဟုတ်ဘူး၊ စစ်ကျွန်ခံဖို့ လည်း မဟုတ်ဘူး လို့ မြင်ကြစေချင်တယ်။  ပြည်ထောင်စုတည်ဆောက်တယ်ဆိုတာက မြန်မာတွေရဲ့အောက်ကို သွတ်သွင်းတာ၊ မြန်မာတွေရဲ့ ကျွန်အဖြစ် လုပ်တာ မဟုတ်ဘူး၊ စစ်ကျွန်တွေဖြစ်အောင် ဇတ်သွင်းတာ မဖြစ်စေရဘူးလို့လည်း ကျနော် အလေးအနက် ပြောကြားလိုပါတယ်။ ကျနော်တို့တတွေ စစ်မှန်တဲ့ပြည်ထောင်စုကြီး အတူတကွ တည်ဆောက်ဖို့ ဆက်လက် တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ဖော်ဆောင်နေကြပြီ။ ဆက်လက် တည်ဆောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

အင်တာဗျူး အပိုင်း ၂၊ လူထုရဲ့ နိုင်ငံရေး ရေချိန်ကို ဆက်လက်ဖော်ပြပါမည်။
Posted by MoeMaKa at 9:50 PM 0 comments
Labels: Interview, U Win Tin

Fire outbreak in Than Dwe coast millions in US$


"အရုဏ်တက်မီး သံတွဲဈေးအား အလစ်အငိုက် ဝါးမျို"

ကျောက်ဖြူလူငယ်များဘလောဂ့်၊ သတင်းကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂
ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က ရခိုင်ပြည်နယ်။ သံတွဲမြို့ရှီ သာယာဝတီ မြို့မဈေး ကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်း ပေါင်း တစ်သောင်းကျော်နီးပါးခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ နံနက် အရုဏ်တက် ဈေးဖွင့် ချိန် စတင်လောင်းကျွမ်းခဲ့သော အဆိုပါမီးကြောင့် ဆိုင်ခန်း ၇ဝဝ နီးပါးမှ ၆ဝဝ ကျော်ခန့် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။ 
မီးလောင်ကျွမ်းရာသို့ သံတွဲမြို့ မီးသတ်တပ်ဖွဲ့မှ ကားနှစ်စီးအပြင် ကမ်းခြေဟိုတယ်များမှ ရေသယ် ကားများဖြင့် အားဖြည့် ငြှိမ်းသတ်ခဲ့ ရာ နံနက် ၈ နာရီ ၃ဝ မိနစ်ခန့် တွင် မီးညွန့်ကျိုးသွားခဲ့သည်။ ၄င်း အပြင် တောင်ကုတ်မြို့မှ မီးသတ်ကားများလည်း လာရောက်ငြှိမ်း သတ်ခံ့ကြောင်း ကျပ်သိန်း ၃ဝဝ ခန့် ဆုံးရှုံးသွားခဲ့ရသည့် အလှကုန် ဆိုင်ရှင်တစ်ဦးက ပြောသည်။ အရုဏ်မီးမှာ လက်ရှိအချိန် အထိ လောင်ကျွမ်းလက်စ ကျန် နေဆဲဖြစ်ပြီး မြို့ခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိနေကြောင်း သိရသည်။
http://kyaukphrunet.blogspot.com/2012/02/blog-post_631.html

Posted by MoeMaKa at 7:16 PM 0 comments

Kyaw Thu - FFSS Yangon Activity,

စေတနာ (၈) နှစ်ပြည့် ခရီးလမ်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂

၁၁.၂.၂၀၁၂ (စနေနေ့) နံနက် (၆း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌနှင့် အသင်းသား/သူများတို့သည် ရန်ကုန် တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ “စေတနာ” နာရေးကူညီမှုအသင်း (၈) နှစ်ပြည့် နှစ်ပတ်လည်အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ သွား ရောက်ခဲ့ကြသည်။ ဝါးတန်းဆိပ်ကမ်း၌ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ “စေတနာ” နာရေးကူညီမှုအသင်းအဖွဲ့ဝင်များ စက်လှေ (၂) စီးဖြင့် ရောက်ရှိနေကြကာ ကြိုဆိုစောင့်ဆိုင်းနေတော့သည်။








ဆိပ်ကြီးခနောင်တို “စေတနာ” နာရေးကူညီမှုအသင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ၁၂.၄.၂၀၀၃ ခုနှစ်မှစ၍ ယနေ့အထိ နာရေးကူညီမှု စုစုပေါင်း (၆၄၇) ဦးအား ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်သည်။ “စေတနာ” နာရေးကူညီမှုအသင်း စတင်ဖွင့်လှစ်ခဲ့သော ဖွင့်ပွဲအခမ်းအနားကိုလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော်သူဦးဆောင်သော အလုပ်အမှုဆောင်အဖွဲ့မှ တက်ရောက်ဖွင့်လှစ်ခဲ့ဖူးသည်။ ယခုကဲ့သို့ (၈) နှစ်တာကာလ အသင်းကြီး ရေရှည်တည်တံ့၍ ရှေ့လုပ်ငန်းစဉ်များအား ဆက်လက် အောင် မြင်စွာဆောင်ရွက်နိုင်မှုသည် အများပြည်သူတို့၏ ယုံကြည်စိတ်ချစွာလှူဒါန်းကြသော ငွေအား၊ လူအား၊ ပစ္စည်းအား၊ အကြံဉာဏ်အား တို့ဖြင့် ကူညီကြသူများ၊ လုပ်အားဒါနပြုကြသော လူမှုရေးစိတ်ဓါတ်ရှိသော လူမှုရေးသမားများကြောင့်ပင်ဖြစ်သည်။ ယခုကဲ့သို့ လူမှုရေးလုပ် ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်နေကြသော ညီနောင်လူမှုရေးအသင်းအဖွဲ့များအား မကြာခဏသွားရောက်၍ အားပေး စကားပြောကြားခြင်း၊ လိုအပ်သည်များကို ထောက်ပံ့ကူညီ ပံ့ပိုးပေးခြင်းများကို လူသားချင်းစာနာထောက်ထားသောစိတ်ဖြင့် လုပ်ကိုင်ခဲ့သည်မှာ နာရေးကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် (၁၁) နှစ်ကာလ ကျော်ခဲ့ပြီဖြစ်သည်။







ဆိပ်ကြီးခနောင်တို ဆိပ်ကမ်းသို့ရောက်ရှိသောအခါ ဒေသခံပြည်သူများတို့မှ ကြိုဆိုကြပြီး “စေတနာ” နာရေးကူညီမှုအသင်း (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပရာ မြို့ဦးစေတီတော် အတွင်းရှိ “ဓမ္မရာဇာမုနိဗိမာန်တော်”တွင် ပြသထားသော “စေတနာ” နာရေးကူညီမှု အသင်း၏လုပ်ဆောင်ချက်မှတ်တမ်း ဓါတ်ပုံများကြည့်ရှုကြကာ စေတနာ နာရေးကူညီမှုအသင်း ရုံးခန်းရှိရာသို့ သွားရောက်လေ့လာခဲ့ကြ သည်။ ထို့နောက် နာရေးဖြစ်ပေါ်လာပါက နယ်ဓလေ့ထုံးစံအတိုင်း သယ်ဆောင်ကြသော “ဂါလီ” ဟုခေါ်သော ယာဉ်ငယ်တို့အား လိုက် လံပြသကြကာ နံနက်ခင်း ကော်ဖီ၊ မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးကြပြီး လုပ်ဆောင်ချက်များအား မေးမြန်းခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတိုင်ပင်ကြသည်။ ထို့နောက် နံနက် (၉း၀၀) နာရီအချိန်တွင် “စေတနာ” နာရေးကူညီမှုအသင်း (၈) နှစ်ပြည့် နှစ်ပတ်လည် အလှူ ငွေလှူဒါန်းခြင်း အခမ်းအနားအစီအစဉ်အား မြို့နယ်သြဝါဒ ဆရာတော်ကြီးများနှင့် အလှူရှင် ဧည့်ပရိသတ်ပေါင်းများစွာဖြင့် နမော တဿ ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ သြဝါဒဆရာတော်ကြီးမှ ငါးပါးသီလ ခံယူစောင့်တည်ပြီးနောက် လူမှုရေးအသင်းအဖွဲ့များ လိုက်နာဆောင် ရွက်ရမည့် သတိပေးသြဝါဒတရားအား ချီးမြှင့်ကာ နယ်ခံအလှူရှင်များအား အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ “စေတနာ” နာရေးကူညီမှုအသင်းမှ ဘဏ္ဍာရေးစာရင်းများအား ရှင်းလင်းခြင်းနှင့် အလှူရှင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခြင်းတို့ကို ဆောင်ရွက်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့သားများအား ထမင်း၊ ဟင်းများတို့ဖြင့် နံနက်စာ ကျွေးမွေးဧည့်ခံကာ စက်လှေဆိပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။





လူမှုရေးအသင်းအဖွဲ့ ဖွဲ့စည်းရာတွင်လည်းကောင်း၊ လူမှုရေးသမားအဖြစ် လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အဓိကအကျဆုံးမှာ ဗြဟ္မစိုရ်တရားလေးပါးဖြစ် သော မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ဖြင့် မိမိပေးဆပ်ရမည့် ရည်ရွယ်ချက်၊ ပန်းတိုင်သို့ မ ရောက်/ရောက်အောင် ဇွဲ၊ လုံ့လ၊ ဝိရီယတို့ဖြင့် တွေ့ကြုံရသော အခက်အခဲ အနှောက်အယှက် အတိုက်အခိုက်များအား ကိုယ်ကျိုးမဖက်ဘဲ စည်းလုံးညီညွှတ်စွာဖြင့် ကြံ့ကြံ့ခံကာ သီလလုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးဆပ်ပါက ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန် လာမည်ဖြစ် သည်ဟု ဆိပ်ကြီးခနောင်တိုမှ ရန်ကုန်မြို့သို့ အပြန်ခရီးဖြစ်သော ရန်ကုန်မြစ်ကြောင်းတလျှောက် စက်လှေပေါ်တွင် အတွေးနယ်ချဲ့လာ ပါတော့သည်။

Ku Mojo - Cartoon

ဒီမိုကရေစီ အိုးမှုတ်ခွက်
ကာတွန်း - ကူမိုးကြိုး
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂


News and Media

စာရေးဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) အား ရသအလင်းမှ ဂါရ၀ပြုဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း
ရသအလင်းဖောင်ဒေးရှင်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂



ဘ၀တစ်လျှောက်လုံးစာရေးဆရာ၊ ဘာသာပြန်ဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ စသဖြင့် ပြည်သူ့အကျိုးကို စာပေအနုပညာဖြင့် ကျေပွန်စွာ ထမ်းရွက် သယ်ပိုးခဲ့သော ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) ၏ စာပေဂုဏ်ကျေးဇူး အနုပညာဂုဏ်ကျေးဇူးကို တန်ဖိုးထား ဂါရ၀ပြု သောအားဖြင့် စင်ကာပူနိုင်ငံရှိ ရသအလင်းဖောင်ဒေးရှင်းမှ မြန်မာကျပ်ငွေ (၃) သိန်းတိတိကို လေးစားစွာ ချီးမြှင့်ဂုဏ်ပြုအပ်ပါသည်။



ဖေါ်ပြပါ ဂုဏ်ပြုမှတ်တမ်းနဲ့အတူ ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) ကို ရသအလင်းက ၂၀၁၂ ဖေဖေါ်ဝါရီလအတွက် ဂုဏ်ပြုငွေပေးအပ် ချီးမြှင့်နိုင်ခဲ့ကြပြီး ရသအလင်း၏ကိုယ်စား ဆရာဦးဖေမြင့်က ( ၁၀.၂.၂၀၁၂) နေ့မှာ ဆရာကြီးနေအိမ်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါသည်။



အသက်(၈၀)ရှိပြီဖြစ်တဲ့ စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ ကဗျာဆရာအိုကြီးထံမှ ....


“ပူလောင်နေသောကန္တာရအလည်မှ ခရီးသွားတစ်ယောက်အတွက် အေးမြသောရေတစ်ခွက်ရလိုက်သလို နှစ်ခြိုက်ပိတိဖြစ်ရပါတယ်”

ဆိုသော ကျေးဇူးစကားလေးကို လက်ခံရရှိခဲ့ရသောကြောင့် ရသအလင်းအဖွဲ့သားတွေအနေဖြင့် အတိုင်းမသိသော ကြည်နူးဂုဏ်ယူမိကြပြီး ရသအလင်းမှလည်း ဆရာကြီးအသက်ရာကျော်ရှည်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သနေကြပါသည်။

လစဉ် ဂုဏ်ပြုငွေတွေပေးအပ်ပြီးတိုင်း ရရှိရကြသော ကြည်နူးပိတိစိတ်များကို ရသအလင်းရဲ့မိတ်ဆွေများအားလုံးထံသို့ ဒီသတင်းလေးနဲ့ မျှဝေပေးလိုက်ပါသလို ရသအလင်းရဲ့မိတ်ဆွေများအားလုံးသည်လည်း မလျော့တဲ့ကြည်နူးစိတ်နဲ့ မုဒိတာတွေဝေနိုင်ကြလိမ့်မယ်လို့လည်း ယုံကြည်မိကြပါသည်။



ရသအလင်းကိုယ်စားဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသော ဆရာဦးဖေမြင့်ကိုလည်း လေးနက်လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ရသ အလင်းမှ လေးစားစွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
+++++

ရသအလင်းဖောင်ဒေးရှင်းအနေဖြင့် ယခုဆိုလျှင် (၉) လတိုင်ခဲ့ပြီဖြစ်ပြီး အနုပညာ ဂုဏ်ပြုမှုအနေနဲရသအလင်းဟု မဖွဲစည်းမီက (၂) ကြိမ် ရသအလင်းဖောင်ဒေးရှင်းအဖြစ် ဖွဲ့စည်းပြီးမှ (၉) ကြိမ် စုစုပေါင်း (၁၁) ကြိမ်အထိ ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသမှုခံယူရန် လို အပ်နေသော အနုပညာရှင်များနဲ့ ဂုဏ်ပြုထိုက်သူစာရင်းဝင် ဆရာကြီးများကို ဂုဏ်ပြုချီးမြှင့်နိုင်ပြီးလည်းဖြစ်ပါသည်။

● ရသအလင်းဟု မဖွဲ့စည်းမီက ပေးအပ်ခဲ့သောအနုပညာရှင်များ
ပထမအကြိမ် - ကဗျာဆရာမ လုံမငြိမ်းချမ်း
ဒုတိယအကြိမ် - ကဗျာဆရာ လှသန်း (ကြည်မောင်သန်း)

● ရသအလင်းဖောင်ဒေးရှင်းမှ ပေးအပ်ခဲ့သော အနုပညာရှင်များ
ပထမအကြိမ် - ကာတွန်းဆရာ ဗိုမောင်
ဒုတိယအကြိမ် - ကဗျာဆရာ အောင်ဘညို
တတိယအကြိမ် - ပန်းချီဆရာ ရာဟုလာ
စတုတ္ထအကြိမ် - စာရေးဆရာ ကဗျာဆရာပိုင်စိုးဝေ
ပဉ္စမအကြိမ် - ကဗျာဆရာ မောင်အောင်နီ
ဆဌမအကြိမ် - ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)
သတ္တမအကြိမ် - စာရေးဆရာ ကဗျာဆရာအေးမင်းစော
အဌမအကြိမ် - ကဗျာဆရာမောင်အောင်ပွင့်

● ယခုလ
န၀မအကြိမ် ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) တို့ဖြစ်ပါသည်။

တစ်စက်ချင်းတစ်ပေါက်ချင်းကနေ ပြည့်အောင်ဖြည့်လိုက်ကြပါစို့လို့ ရသအလင်းက မိတ်ဆွေများအားလုံးကို ဖိတ်မန္တကပြု တိုက်တွန်းနိုး ဆော်လိုက်ရပါသည်။
+++

● ဆရာကြီး၏ ကိုယ်ရေးအတ္ထုပ္ပိအကျဉ်းနှင့် သတင်းအချက်အလက်များ
(မိုးမခသတင်းစာမျက်နှာပေါ်မှ မှကူးယူဖေါ်ပြပါသည်။)
၁။ အမည်ရင်း - ဦးမြင့်ဦး
၂။ မိဘအမည် - ဦးဘစိမ်း + ဒေါ်သန်းတင်
၃။ မွေးသက္ကရာဇ် - ၂၊ ၂၊ ၁၉၃၃
၎။ မွေးဖွားရာဒေသ - လွယ်မွေမြို့
၅။ ကလောင်အမည်ခွဲများ - တောင်ကြီးမြင့်ဦး၊ တောင်ကြီးမြင့်ဝေ၊ မြင့်ဝေ၊ မြတ်မွန်ဦး၊ သက်နိုင်ဦး၊ သက်မွန်ဦး၊ ကေသီလှိုင်၊ လင်းယုန် ပျို (ရှမ်းပြည်)

● ကိုယ်ရေးဖြစ်စဉ်
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွယ်မွေမြို့၌ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အဖ ကုန်သည် ဦးဘစိမ်းနှင့် အမိ ဒေါ်သန်းတင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ဦးဖြစ်သည်။ ရှမ်း (ဓနု) လူမျိုးဖြစ်သည်။ မူလတန်းမှ အထက်တန်းအထိ တောင်ကြီးမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဆရာအတတ်သင်သိပ္ပံကျောင်းတွင် အလယ်တန်းဆရာဖြစ် လက်မှတ်ရခဲ့သည်။ ထိုကျောင်းတွင် ဆရာဖြစ် တက်ရောက်ရင်းနှင့် ၁၉၅၁ ခုနှစ်တွင် ၁၀ တန်းအောင်ခဲ့သည်။ ပင်းတယမြို့တွင် အလယ်တန်းဆရာအဖြစ် တနှစ်သွားရောက် အမှုထမ်းခဲ့ သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို တက်ရောက်သင်ကြားခဲ့ရာ ၁၉၅၉ ခုနှစ်တွင် BA (IR) ဘွဲ့ကို ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ် ထုတ်ဝေရေးဌာနတွင် တနှစ်ခွဲကျော် အမှုထမ်းခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်၊ ဆိုဗီယက် သံရုံး သတင်း ဖြန့်ချီရေး ဌာနတွင် ဘာသာပြန်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သံရုံးတာဝန် ထမ်းဆောင်နေစဉ်အတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် လူငယ် စာရေးဆရာများအား ကမ္ဘာစာပေများ၊ ကဗျာများကို ဘာသာပြန်ဆိုနည်း သင်ကြားပေးသည်။ ဂန္ဓဝင်ပန်းခင်း အမည်ဖြင့် စာသင်ကြားခဲ့သည်။ ဝတ္ထုတို၊ ရှည်၊ ကဗျာ၊ ဆောင်းပါးများ၊ ပြဇာတ်ကို ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားစဉ်ကတည်းက စတင် ရေးသားခဲ့သည်။

တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ကော်မတီ၊ အိုးဝေမဂ္ဂဇင်းကော်မတီတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် က လောင်အသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းခဲ့သည်။ တက္ကသိုလ်တွင်ရှိစဉ်အတွင်း အဏုမြူစစ် ဆန့်ကျင်ရေး၊ စစ်မုန်းသူကဗျာများ၊ မြကျွန်းသာ ကဗျာများ၊ ချယ်ရီပွင့်လျာ ကဗျာများ၊ ရှမ်းရိုးမကဗျာများကို စုပေါင်းရေးသားခဲ့သည်။

ဆောင်းပါးအပုဒ် ၁၀၀ ကျော်၊ ဝတ္ထုတို ၃၀ ခန့်၊ ကဗျာအပုဒ် ၅၀၀ ကျော်ခန့်၊ ပြဇာတ်အပုဒ် ၃၀ ခန့် ရေးသားခဲ့သည်။ စစ်မုန်းသူ ကဗျာများထဲမှ ကေသီလှိုင်ကလောင်အမည်ဖြင့်ရေးသားခဲ့သော “သံသရာ” ကဗျာအား ၁၀ တန်း ပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြခြင်းခံရသည်။ ဆရာဘာသာ ပြန်သော ငုယင်ဗန်ထရိုင်းစာအုပ်ဟာ မတရားမှုကို အာခံခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ခွန်အားဖြစ်စေခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဓနုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာ့ကို၁၉၉၀ ခုနှစ် အောက်တို ဘာလမှာ မတရားအသင်းအက်ဥပဒေနဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါသည်။ ဆရာကြီးဟာ နိုင်ငံရေးအကျဉ်းသားဘ၀နှင့်အင်းစိန်နဲ့ တောင်ငူထောင်တွေမှာနေခဲ့ရပြီး၁၉၉၄ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။

● ရေးသားပြုစုထုတ်ဝေခဲ့သော စာအုပ်များ
၁။ စွမ်းသူအားမာန် (ဘာသာပြန်) ၁၉၆၇
၂။ အားသစ် အင်သစ် မာန်သစ် (ပြဇာတ်ပေါင်းချုပ်) ၁၉၆၉
၃။ ပွင့်ဦးမြေခ ကေ့လင့်ရလေပြီ (ပြဇာတ်ရှည်) ၁၉၇၂
၎။ (ထရန်ဒင်ဗန်) ငုရင်းဗန်ထရိုင်း (ဘာသာပြန်) ၁၉၇၆ [1]
+++++++++++

ဆရာကြီး၏ များပြားလှသော စာပေအနုပညာ ဖန်တီးမှုတွေထဲက အွန်လိုင်းမှာ ရှာလို့တွေ့ရှိသော ကဗျာလေးတစ်ပုဒ် ဝေမျှပေးလိုက်ပါသည်။
ပအို့ဝ်မိခင်၏ လက်စားချေခန်း

ဖက်ဆစ်လူယုတ်၊ ခြေကုန်သုတ်၍
နောက်ဆုတ်ပြေးသောကာလတွင်။

သင်းကွဲတစ်စု၊ ဆာလောင်မှုနှင့်
တစ်ခုယာတဲ၊ ရရာဆွဲဖို့
သဲသဲရုတ်ရုတ် ၀င်ကြ၏။

အထီးကျန်ပင်၊ တဲရှင်ပအို့ဝ်မ
အိုရွတ်တွသည်၊ ရင်ဝထောက်ထား
လှံစွပ်များကြောင့်၊ ကြောက်အားပိုဘိ
တုန်ချည့်ချည့်နှင့်၊ ရှိသည့်ဟင်းလျာ
ဆန်ကိုရှာ၍ ချက်ရပြီ။

အလျှံရဲရဲ၊ မီးတောက်ထဲတွင်
ရစ်ဝဲပေါ်လာ၊ ရုပ်ပုံလွှာကား
မကြာမီက၊ ယုတ်စွဘီလူး
ဂျပန်ရူးကြောင့်၊ ညွှန့်ဖူးလည်းကြွေ
သက်လည်းသေသည့်
မွေးမေချစ်သော သမီးငယ်။

နှမအတွက်၊ ခုခံလျက်က
သွေးပွက်ပွက်ကျ၊ သေဆုံးရသည့်
ချစ်လှစွာသော သူ၏သား။

ညှဉ်းပမ်းလူသတ်၊ သူတို့တပ်မှ
အငတ်များတွက်၊ ထမင်းချက်ရ
ခံခက်လှပေ၊ ဒေါသထွေ၍
အမေတက်ခေါက်မိလေပြီ။

အသင့်ဖြစ်လျှင်၊ ထမင်းပြင်၍
ကျွေးလျှင်ကျွေးချင်း၊ အငတ်သင်းတို့
အတင်းလုယက်၊ စားမည့်ချက်တွင်
စိတ်စက်မသန့်၊ လိပ်ပြာလန့်၍
ဆိုင်းငံ့နေပြီး၊ အမေကြီးကို
မြည့်စမ်းပထမ၊ စားစေကြ၏
ပြီးမှသူတို့၊ သောက်မျိုဆို့၏။

မကြာပါချေ၊ ၀မ်းဝလေ၍
သည်နေရာမှ၊ ထွက်ခွာကြစဉ်
ရင်ဝနှင့်ဝမ်း၊ လောင်းမီးကျွမ်းသို့
ပရမ်းပတာ၊ ပူလောင်လာပြီး
မြေမှာလဲကျ၊ အော်ဟစ်ကြ၏
“မြိန်စွဟင်းလျာ၊ အဆိပ်ပါ” ဟု
သေခါနီးမှ သိတော့သည်။

ဖက်ဆစ်လူယုတ်၊ ဤတစ်သုတ်၏
မျိုးပြုတ်ပုံကို၊ အမေအိုသည်
နှစ်လိုရွှင်ပျ၊ ကြည့်ရင်းကလျှင်
လဲကျမြေထက်၊ အဆိပ်တက်၍
တစ်သက် ဆယ်သက် လဲခဲ့ပြီ။

အော်…အိုမင်းပန်းလျ၊ ပအို့ဝ်မလည်း
ရရာနည်းလမ်း၊ သူ့အစွမ်းဖြင့်
ဆိုးသွမ်းလူယုတ်၊ ဖက်ဆစ်စုတ်ကို
မျိုးဖြုတ်ခဲ့လေပြီတကား။

မောင်လင်းယုန်(ရှမ်းပြည်)
++++++++++++++

အနုပညာရှင်ကို သူ့အနုပညာက စောင့်ရှောက်သည်။
Posted by Aung Htet at 5:16 PM 0 comments

Than Win Hlaing - 2012 Election Fair or Not ...


 ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိပါ့မလား

သန်းဝင်းလှိုင်

လေးကျိပ် ၈ ဦးနဲ့ စတဲ့ ခရီးသစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ဇန်န၀ါရီ ၅ တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ်  ပြန်လည်မှတ်ပုံတင်ခွင့် ရရှိခဲ့လေသည်။ ၂၀၁၂ (ဧပြီ ၁) တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ လွှတ်တော်သက်တမ်းမကုန်ဆုံးမီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးသည် ၀န်ကြီးတာဝန် အပေးခံရ၍ လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်မှု ဖြစ်ခဲ့သော် ကျန်ရှိနေသေးသည့် သက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်မည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် သီးသန့်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ယခုအခါ အဖွဲ့ချုပ်အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဒေသမြို့နယ်အသီးသီး၏ အောင်နိုင်ရေးအဖွဲ့များကို ဖွဲ့စည်း၍ စည်းရုံးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုလျက် ရွေးကောက်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့ကိုယ်စားလှယ်လောင်း (၄၈) ဦး ၏ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

တနင်္လာရီ ခရီးစဉ်မြင်ကွင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၂ ဧပြီ (၁) တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေး ခံမည်ဖြစ်ရာ ပထမပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ၂၀၁၂ ဇန်န၀ါရီ ၂၉ရက် နံနက် ၈နာရီတွင် တနင်္သာရီတိုင်း ထားဝယ်မြို့သို့ ရောက်ရှိ လာခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်လေဆိပ်၌ ထားဝယ်အမျိုးသားဒီမိုကရစေီအဖွဲ့ချုပ် မြို့နယ်တိုင်း ခေါင်းဆောင်များနှင့်အတူ ထားဝယ်ခရိုင်မှ ပြည်သူပြည်သားများက ကြိတ်ကြိတ်တိုး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်တန်းသည် ထားဝယ်လေဆိပ်မှ ရေးလမ်းဆုံ၊ ဥတ္တားကြီးလမ်းဆုံ၊ လောကမာရဇိန်ဘုရားကြီးလမ်းဆုံမှ ဆေးရုံလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနင်္သာရီတိုင်းဒေသကြီးရုံးသို့ နံနက်၈နာရီခွဲ၌ ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းဒေသကြီးရုံး၌ အမှာစကားပြောကြားပြီး သောင်းသောင်းဖြဖြ ကြိုဆိုနေကြသော ပြည်သူများအား ကားပေါ်မှ နှုတ်ဆက်ရင်း ထားဝယ်မြို့နှင့် ၁၀မိုင်ခန့်ဝေးသော လောင်းလုံမြို့သို့  ဆက်၍ ထွက်ခဲ့ရာ လမ်းခရီးတလျှောက်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်ပုံများအား အိမ်တိုင်းလိုလို တိုင်ထောင်ကပ်ထားကာ ကြိုဆိုခဲ့ကြပုံများမှာ ကြက်သီးတဖြန်းဖြန်း ထသွားစေလောက်သည်။ လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အဖွဲ့ချုပ်မှ ဦးအောင်စိုးက ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လောင်းလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နံနက် ၁၁နာရီခန့်တွင် ရောက်ရှိလာခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် အနားပင်မယူတော့ဘဲ ဇွဲကောင်းကောင်းဖြင့် စောင့်ဆိုင်းနေသည့် ထောင်ပေါင်းများစွာသော လူထုအား အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်-

တနလာင်္ရီ မိန့်ခွန်း ကောက်နုတ်ချက်

“အနှစ် ၂၀ကျော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရပ်တည်ခဲ့နိုင်တာကတော့ အခုလောင်းလုံမြို့သူမြို့သားတွေလို စိတ်ဓာတ်ခိုင်မာတဲ့ ပြည်သူတွေကြောင့် ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ထောက်ခံမှုမရှိခဲ့ရင် ကျမတို့ဟာ ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာ ပြည်သူတွေကြောင့်ပါပဲ။ ပြည်သူတွေရဲ့ ထောက်ခံမှုရှိတဲ့ အဖွဲ့အစည်းသာလျှင် ကမ္ဘာကလည်း အသိအမှတ်ပြုမယ်။ ကျမတို့ပြည်တွင်းကလည်း အသိအမှတ်ပြုမယ်၊ ဒါကြောင့် ပြည်သူတွေရဲ့ အင်အားဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။”

“ဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ဘ၀တွေပိုပြီးတော့ ကောင်းမွန်တိုးတက်ဖို့အတွက် လုပ်ရတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်သွားလို့ရှိရင် ဘယ်လိုအခက်အခဲကိုမဆို ကျမတို့ ကျော်လွှားနိုင်မှာပါ။ ခံနိုင်ရည်ရှိမှာပါ။ ဒီတော့ ကျမတို့ရဲ့ ခံနိုင်ရည်ရှိပြီးသားဖြစ်တဲ့ ပြည်သူပြည်သားတွေဟာ ထပ်ပြီးတော့ ခံနိုင်ရည်တွေကို ထိန်းသိမ်းထားပြီး ကျမတို့နဲ့ အတူတူ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ ချီတက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”

“တနင်္သာရီကတော့ တကယ့်ကို ချီးမွမ်းရလောက်အောင် တကယ့်ကို ဂုဏ်ပြုရလောက်အောင် စိတ်ဓာတ်တည်ငြိမ်ခိုင်မြဲပါတယ်။ ဒီအနှစ် ၂၀အတွင်းမှာ တနင်္သာရီကနေပြီးတော့ စိတ်ဓာတ်ကျခဲ့တယ်ဆိုပြီးတော့ လုံးဝမရှိခဲ့ဘူး။ လုံးဝယုံယုံကြည်ကြည်နဲ့ ဒါကြောင့်မို့လို့ ကျမက ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် ပထမဆုံး စည်းရုံးရေးခရီးကို ဒီတနင်္သာရီကို လာခဲ့ပါဆိုလို့ ကျမ ဒီကိုရောက်နေတာဖြစ်ပါတယ်။ ပြီးတော့ ကျမတို့ဘက်က ကတိတည်ခဲ့သလို ပြည်သူလူထုကလည်းကတိတည်ပြီးတော့ ကျမတို့အဖွဲ့ချုပ်ကို ဖေးမပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်အောင်လို့ အင်တိုက်အားတိုက် `မဲ´ပေးကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။”

“နိုင်ငံတစ်နိုင်ငံလုံးကို တိုးတက်အောင်လို့ ကျမတို့ကြိုးစားမယ်။ အဲဒီဟာတွေအတွက် ကျမတို့ဟာ ပြည်သူတွေကို ကာကွယ်မယ့် ဥပဒေစိုးမိုးရေး၊ ပြည်သူတွေအတွက် ငြိမ်းချမ်းမယ့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို ကျမတို့ ဦးတည်ပြီး လုပ်သွားမှာပါ။ ဥပဒေစိုးမိုးရေး ဘာဖြစ်လို့ အရေးကြီးသလဲဆိုတော့ ပြည်သူလူထုရဲ့ လုံခြုံမှုအတွက်ပါ။ `အိပ်နိုးချမ်းသာ´ပေါ့နော်။ အိပ်တဲ့အခါကျရင် လုံလုံခြုံခြုံအိပ်ရာဝင်နိုင်ရမယ်၊ ငါတို့ရဲ့ ရပ်ရွာဟာ အေးချမ်းမယ်၊ သာယာမယ်၊ ဓားပြလည်း လာမတိုက်ဘူး။ ဘယ်အာဏာပိုင်အဖွဲ့မှလည်း တံခါးမှာလာပြီးတော့ မခေါက်ဘူး။ ဘယ်သူကမှလည်း ဘယ်သူကို တရားဥပဒေနဲ့ မကိုက်ညီဘဲနဲ့ အနိုင်ကျင့်လို့မရဘူး။ ဒီလိုစိတ်ချမ်းသာမှုတွေနဲ့ အိပ်ရာဝင်နိုင်ရမယ်။ ငါတို့ဟာ ဥပဒေကို မဖောက်သရွေ့ ဘယ်သူကမှ ငါတို့ကို မထိနိုင်ဘူးဆိုတဲ့ ယုံကြည်စိတ်နဲ့ အေးအေးချမ်းချမ်းနဲ့ ကိုယ်ရဲ့ တနေ့တာလုပ်စရာရှိတာတွေကို လုပ်နိုင်တဲ့ အခြေအနေမှာဖြစ်ရမယ်။

ကျမတို့ ပြည်သူတချို့က ပြောမယ်၊ ဥပဒေစိုးမိုးရေးအကြောင်း ပြောနေတာ ကျနော်တို့ ကျမတို့ရဲ့ နိစ္စဓူ၀၀မ်းစာအတွက်ရော၊ ၀မ်းရေးအတွက်ရော မြန်မာပြည်သူတွေဟာ ဆင်းရဲပါတယ်ဆိုပြီးတော့ ကျမ ခဏခဏ ကြားရပါတယ်။ အလုပ်အကိုင်တွေ လုံလုံလောက်လောက် မရှိပါဘူးဆိုတာလည်း ကျမတို့ ကြားရပါတယ်။ အဲဒီတော့ ဒီလိုပြည်သူတွေ အလုပ်အကိုင်မဲ့ မဖြစ်ရအောင် ဆင်းရဲတွင်းကနေပြီးတော့ တက်ပြီးတော့ ထွက်နိုင်အောင်လို့ဆိုတာဟာ အဲဒီမှာလည်း ဥပဒေစိုးမိုးရေးဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ တချို့ရှိနေတဲ့ ဥပဒေတွေဟာ ပြည်သူတွေလွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ အခြေအနေ ဟန့်တားထားတဲ့ ဥပဒေတွေ ရှိပါတယ်။”

“ဒါတွေကို ကျမတို့ကနေပြီးတော့ လွှတ်တော်တွင်းကနေပြီးတော့ ဖယ်ရှားချင်တဲ့ဆန္ဒတွေရှိပါတယ်။ နောက်တချို့အနည်းအကျဉ်းသော ဥပဒေတွေကတော့ အသစ်ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျမတို့ရဲ့ ဥပဒေရှင်တွေနဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ကျမတို့နိုင်ငံမှာဆိုလို့ရှိရင် မလိုလားအပ်တဲ့ဥပဒေ၊ ပြည်သူတွေရဲ့ဘ၀တွေကို မလိုလားအပ်ဘဲနဲ့ ချုပ်ချယ်ထားတာ၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေတွေကို ကန့်သတ်ထားတာ၊ အဲဒီလိုဥပဒေတွေကစပြီးတော့ ကျမတို့က ဖယ်ရှားရမှာဖြစ်ပါတယ်။”

“နောက်ပြီးတော့ ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျမတို့အင်မတန်မှကို ဒီကိစ္စကို အလေးထားပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ကချင်ပြည်နယ်မှာဆိုလို့ရှိရင် အပစ်အခတ်တွေရပ်စဲတာ မရှိသေးပါဘူး။ ဒီတော့ အဲဒီက ကျမတို့ရဲ့ ကချင်ညီအစ်ကိုမောင်နှမသားချင်းတွေ ဘယ်လောက် ဒုက္ခရောက်နေမလဲဆိုတာ စဉ်းစားကြည့်ကြပါ။ စာနာကြပါ။ ဒါကြောင့်လည်း ကျမတို့ကနေပြီးတော့ ကချင်ဒုက္ခသည်တွေအတွက် တတ်နိုင်သမျှ ကျမတို့ကူညီထောက်ပံ့တာတွေ လုပ်ပါတယ်။ အားလုံးဟာ အချင်ချင်းပဲ။ ဒီနိုင်ငံတနိုင်ငံလုံးမှာ တနေရာမှာ မအေးချမ်းဘူးလို့ ဒီလိုပဲ ယူဆရပါလိမ့်မယ်။ လွတ်လပ်ခြင်းဆိုတာ ခွဲခြားလို့ရတာမဟုတ်ပါဘူး။ တယောက်မလွတ်လပ်ဘူးဆိုရင် ဒါ ကျမတို့နိုင်ငံမလွတ်လပ်ဘူးလို့ ကျမတို့ ဒီလိုပဲ ကျမတို့အမြင်နဲ့ မြင်ရပါလိမ့်မယ်။ အဲဒီတော့ တယောက်ဟာ ဥပဒေရဲ့ အကျိုးခံစားပိုင်ခွင့်မရှိဘူးဆိုလို့ရှိရင် တတိုင်းပြည်လုံးဥပဒေရဲ့ အကျိုးကို ခံစားပိုင်ခွင့်မရှိတာနဲ့ အတူတူပါပဲ။”

“နောက် ကျမတို့အနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ တန်းတူညီမျှ အရေးကြီးတဲ့ကိစ္စ တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။ အခုနိုင်ငံထဲမှာဆိုရင် ကျမတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးကာလမှ အခုထိ၊ လွတ်လပ်ရေးရပြီးတာလည်း နှစ် ၆၀ကျော်သွားပါပြီ။ အခုထိ လုံးဝပြည်တွင်းစစ်ငြိမ်းတယ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒီဟာကို ကျမတို့ ဦးတည်ရပါမယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ ကျမတို့ဗမာဆိုတာလည်း ဒီတိုင်းရင်းသားထဲက တစ်ခုပဲ။ ဒါပေမယ့် လူများစုပေါ့။ အခုတနင်္သာရီဟာ ကျမတို့တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ဒီဟာကို အများကြီးပိုပြီး ကျမတို့ ထက် နားလည်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီဟိုဘက်ရော၊ ဒီဘက်ရော ဆက်စပ်နေတယ်လို့ ကျမကထင်တယ်။။ တနင်္သာရီဟာဆိုရင် တိုင်းဖြစ်တယ်။ ပြည်မနဲ့ဆက်စပ်နေတယ်။ ဒီမျိုးရိုးအရ ဗမာတွေနဲ့ နီးစပ်နေတယ်။ သို့သော်ငြားလည်း တနင်္သာရီသူ၊ တနင်္သာရီသားတွေဟာ ပြည်မ ဗမာတွေနဲ့ လုံးဝထပ်တူ တူတာတော့ မဟုတ်ဘူး၊ ခြားနားချက်ကလေးတွေတော့ ရှိတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို ပိုပြီးတော့ စာနာနိုင်မယ်လို့ ကျမတို့ ထင်ပါတယ်။”

“တတိယမြောက် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခုဆိုပြီး သတ်မှတ်ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေတဲ့အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပါပဲ။ ဒါကျမတို့ လုပ်ကိုလုပ်ရမယ်။ ရင်ဆိုင်ရဲရမယ်။ အဲတော့ ဒီလိုပြောတဲ့အခါမှာ အခြေခံဥပဒေကိုလေ့လာကြပါလို့ ကျမတိုက်တွန်းချင်တယ်။ ဒီဥပဒေကို မလေ့လာထားဘဲနဲ့ ပြောင်းချင်တယ်ဆိုပြီးတော့ ဒီလိုပဲ ပြောလို့မရနိုင်ပါဘူး။ ဘာဖြစ်လို့ ပြောင်းဖို့လိုတာလဲ။ ဘယ်အစိတ်အပိုင်းတွေကို ပြောင်းဖို့လိုတာလဲဆိုတာ၊ ကျမတို့ရဲ့ အဖွဲ့ဝင်တွေတစ်ဦးချင်း တစ်ဦးချင်းဟာ သိဖို့လိုပါတယ်။ ဒါမှတဆင့် ပြည်သူတွေကို ပြန်ပြီးတော့ ရှင်းပြနိုင်မှာပါ။ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းထားတယ်ဆိုတာ ဒါအတွက်ပဲ။ ပြည်သူတွေက အချိန်ပြည့်နိုင်ငံရေးကိစ္စတွေကို လေ့လာနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

ဟူ၍ ပြောကြားသွားလေသည်။ 
 

ကြားဖြတ်ရွေးကောက်ပွဲ ခရီးလမ်း အတားအဆီးများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ခုနှစ် ဧပြီ ၁ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ထားပြီးဖြစ်သည်။

ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၄၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ် တို့ဖြစ်ကြသည်။

အဖွဲ့ချုပ်သဘာပတိအဖွဲ့ နာယက ဦးတင်ဦး၊ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်၍ ပါတီမှတ်ပုံတင်ခဲ့စဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်စေရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း စည်းရုံးရေးခရီးစဉ်အတွင်း မန္တလေးမြို့ လူထုပရိသတ်အား မဲဆွယ်စည်းရုံးရေးတရား ဟောပြောနိုင်ရန်အတွက် ဗထူး အားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားရာ အားကစားပြိုင်ကွင်းအား အစိုးရထံမှ ကန်ထရိုက်ရယူထားသော `မက်စ်မြန်မာ ကုမ္ပဏီ´ ပိုင်ရှင်ဦးဇော်ဇော်ဆိုသူက ခွင့်မပြုသောကြောင့် ဟောပြောရမည့် နေရာအခက်အခဲနှင့် လုံခြုံရေးအရ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရသည်။

ထို့အပြင် ပုသိမ်ခရီးစဉ်သွားရောက်မည့်ဆဲဆဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပြုလုပ်မည့် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ပုသိမ်မြို့ရှိ အာဏာပိုင်တို့က ပုသိမ်တက္ကသိုလ်ကို အထူးပြုဘာသာရပ်အားလုံး ကြိုတင်စီစဉ်ထားမှုမရှိဘဲ ရုတ်တရက် စာမေးပွဲကျင်းပမည်ဟု ပြန်သည်။ ဧရာဝတီတိုင်း၌လည်း အဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ တီရှပ်များရောင်းချမှုကို ပိတ်ပင်ခဲ့သည်။

တဖန် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၆ ရက်အထိ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာဗိမာန်တွင်ကျင်းပသည့် NLD ရန်ပုံငွေ ပွင့်သစ်လွင်ပန်းချီပြပွဲ၌ ပန်းချီကားရောင်းချခဲ့ရသည့် ကျပ်သိန်း ၈၀ ကို ချမ်းအေးသာဇံမြို့နယ် အမှတ် ၆ ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် အစိုးရအာဏာရယူထားသော ကြံ့ဖွံ့ပါတီမဲဆွယ်တရားပွဲများကိုမူ မည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို အဟန့်အတားမရှိ ပြုလုပ်နိုင်ခွင့်ရှိသော်လည်း အဖွဲ့ချုပ်စည်းရုံးရေးအား နည်းမျိုးစုံဖြင့် နှောင့်ယှက်နေမှုများကြောင့် လာမည့် ၂၀၁၂ရွေးကောက်ပွဲအပေါ် သံသယရှိနေကြသည်ကို သိရှိရလေသည်။ သံသယရှိသည်မှာလည်း အကြောင်းမဲ့မဟုတ်ချေ။ လူထုသည် ရွေးကောက်ပွဲအမျိုးမျိုးနှင့်အတူ ညစ်နည်းအမျိုးမျိုးကိုလည်း ဖြတ်သန်းထိတွေ့ဖူးကြသည်။ လူထုအသည်းကြားက မဲတပြားကို ငွေပေးဝယ်သလို ခြိမ်းခြောက်အနိုင်ကျင့် အကြပ်ကိုင်ပြီး မဲထည့်ခိုင်းသည့် အတိတ်ရာဇ၀င်များလည်းရှိသည်။

နိုင်ငံရေး အာမခံချက်များရှိဖို့ အတိုင်းအတာများ

နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ လိုလားချက်နှင့် ဆန္ဒကို ညီညွတ်စုစည်းမှုပြုနိုင်ရေးအတွက် နိုင်ငံရေးအရ စနစ်တကျဖွဲ့စည်း ထားသည့် အဖွဲ့အစည်းတခု ဖြစ်ရာ၊ ဒီမိုကရေစီကို မှန်ကန်စွာကျင့်သုံးနိုင်ခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိရန် လိုအပ်ပေသည်။ ထို့အပြင် နိုင်ငံရေးပါတီသည် အရှည်သဖြင့်တည်တည်ငြိမ်ငြိမ် ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် စည်းရုံးရေး စွမ်းရည်များပေါ်တွင် တည်မီနေသောကြောင့် နိုင်ငံတော်အတွင်း မည်သည့်နေရာ၊ ဒေသမဆို လွတ်လပ်စွာ အဟန့်အတား အနှောင့်အယှက်မရှိ စည်းရုံးလှုပ်ရှားခွင့် ရရှိရေးသည် အရေးကြီးလှပေသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စေ၊ အထွေထွေရွေးကောက်ပွဲဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် လိုအပ်ပေသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်အတွက် အောက်ပါအချက်များသည် လွန်စွာမှပင် အရေးကြီး ပေသည်။

(၁)ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ညွှန်ကြားချက်များ၊ ကြေညာချက်များကို တိတိကျကျလိုက်နာခြင်း။

(၂)ရွေးကောက်ပွဲကျင်းပသည့်နေ့၌ တရားဝင်စောင့်ကြည့်နိုင်ခြင်း

(၃)လျှို့ဝှက်မဲပေးစနစ်ရှိခြင်း

(၄)တရားမ၀င်မဲများမရှိခြင်း (အလွန်အကျွံ ပိုမဲ၊ အသက်မပြည့်မဲ၊ သေဆုံးသူ၏မဲ၊ လူမရှိမဲ၊ ဖိအားပေးမဲ၊ ခြိမ်းခြောက်မဲ၊ ၀ယ်မဲ၊ လိမ်မဲ၊ ခိုးမဲ စသည်များ)

(၅)ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ကျား၊မ မရွေး ဘာသာမရွေး ရွေးကောက်ပွဲပြဌာန်းချက်များ နှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူတိုင်း မဲပေးခွင့်ရရှိခြင်း။

(၆)မဲဆန္ဒနယ်ပြည်ပရောက်ရှိနေသူများမှအပ ဖိအားအမျိုးမျိုးပေး၍ ကျောင်း၊ အစိုးရဌာန၊ အလုပ်ရုံ၊ စစ်ဖက်ဆိုင်ရာဌာနများ၊ ပြည်သူ့ရဲနှင့် တပ်ဖွဲ့အသီးသီးရှိ မဲပေးသူ ဆန္ဒရှင်များထံမှ မသမာနည်းဖြင့် မိသားစုပါမကျန် ကြိုတင်မဲကောက်ယူခြင်းများ မရှိခြင်း

(၇)လွတ်လပ်စွာမဲပေးခြင်း

(၈)တရားမျှတစွာ မှန်မှန်ကန်ကန် မဲရေတွက်နိုင်ခြင်း

(၉)လွတ်လပ်စွာမဲဆွယ်ခွင့်များရရှိခြင်း

(၁၀)သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းယူနိုင်ခွင့် နှင့် ဖော်ပြခွင့်ပေးခြင်း

(၁၁)ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ အဖွဲ့ဝင်များ၊ မဲရုံမှူးအပါအ၀င် မဲရုံအဖွဲ့ဝင်များကို မသမာမှု လုပ်ဆောင်ချက်များကို တွေ့ရှိပါက အရေးယူအပြစ်ပေးနိုင်ခြင်း။

(၁၂)ရွေးကောက်ပွဲသို့ မည်သူမဆို လွတ်လပ်စွာလေ့လာနိုင်ခြင်း စသည့်အချက်များ ရရှိရန်လိုအပ်ပေသည်။

သို့မှသာ မဲဆန္ဒရှင်တိုင်းသည် မိမိတို့ လိုလားနှစ်သက်သော လွှတ်တော်ကိုယ်စားလှယ်လောင်းကို မိမိတို့၏ ဆန္ဒအတိုင်း အသည်းကြားမှ မဲတပြားအား လွတ်လပ်စွာ မဲပေးနိုင်မည်ဖြစ်သည်။

မည်သို့ဆိုစေ… လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ရာတွင် အရေးအကြီးဆုံးနိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်သလို ဒီမိုကရေစီ၏အသက်ဝိဥာဉ်လည်း ဖြစ်နေရာ လာမည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးလှပေသည်။ သို့မှသာ … လက်ရှိအစိုးရနှင့် စစ်တပ်အကြီးအကဲများသည် ပြည်သူလူထုနှင့် ကမ္ဘာ့ခေါင်းဆောင်များအား အကြိမ်ကြိမ်အထပ်ထပ်ပေးခဲ့သော မိမိတို့၏ ကတိစကားကို အားလုံးက ယုံကြည်ကိုးစားပေလိမ့်မည် မဟုတ်ပါလော။

Posted by MoeMaKa at 12:12 PM 0 comments

ကျောင်းသားတပ်မတော်ကမိတ်ဆွေများကို တောင်းပန်တဲ့စာ



မောင်ရစ်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂
ဒီနေ့မှာ အေဘီမြောက်ပိုင်းမှာ မတရားသတ်ဖြတ်ခံပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက် အနှစ် ၂၀ ကြာတော့မှ အများစုပေါင်းတဲ့ ကောင်းမှုကုသိုလ်ပြု ဆုတောင်းတဲ့ ဆွမ်းကျွေးပွဲတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်ဖြစ်တယ်။
အဲသည်ဖြစ်ရပ်ကို အနှစ် ၂၀ ကြာမှ ထုတ်ဖော်ပြီး လူအများ သိရှိခွင့်ရတယ်၊ အနှစ် ၂၀ ကြာမှ ဆွမ်းကျွေး ကောင်းမှုကုသိုလ်ပြုခွင့်ရတယ်။ မတရားစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာကို အနှစ် ၂၀ ကြာမှ ကျန်ရစ်တဲ့ ရဲဘော်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက အများသူငှာ သိရှိကြစေဖို့ ထုတ်ဖော်ပြောဆိုကြရတဲ့အတွက် ၀မ်းနည်း ၀မ်းသာ ဖြစ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိတယ်။
ဝမ်းနည်းတယ်ဆိုတာ သူတို့တတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြရင်း မတရားစွပ်စွဲခံကြရပြီး ရက်စက်စွာ သတ်ဖြတ်ခံရတာကို ၀မ်းနည်းမိတာ။ ၀မ်းသာမိတယ်ဆိုတာက  ဒီလိုမျိုး မတရားမှုတွေ လူမသိ သူမသိ ပျောက်ကွယ်သွားခြင်း မရှိဘဲ အမှန်တရားကို ကျန်ရစ်သူတွေက ဖော်ထုတ်မော်ကွန်းတင်နိုင်ကြရတာ။ ပြီးတော့ ဂုဏ်ယူတယ် ဆိုတာက ကျဆုံးသူတွေကို ကျန်ရစ်သူတွေက တစုတစည်းတည်း အလေးဂရုပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့က ပုဂ္ဂိုလ်ရေးအရ ကျနော့် သူရဲဘောကြောင်ခဲ့တာ၊ ရေငုံနှုတ်ပိတ်နေခဲ့မိတာ၊ မျက်နှာလွှဲခဲပစ် နေခဲ့မိတာအတွက် ကျဆုံးခဲ့သူ ရဲဘော်တွေကိုရော ကျန်ရစ်သူ မိတ်ဆွေတွေ၊ ရဲဘော်တွေကို တောင်းပန်ချင်ပါတယ်။
ကျဆုံးခဲ့သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက် သိကျွမ်းတဲ့ မိတ်ဆွေတွေ မပါခဲ့သော်လည်း ကျဆုံးခဲ့သူတွေဟာ ၈၈ အရေးတော်ပုံ ရဲဘော်တွေ ဖြစ်ပါတယ်။  ကျန်ရစ်သူတွေထဲမှာ ကျနော်နဲ့ တိုက်ရိုက်သိကျွမ်းတဲ့သူတွေပါတယ်။ ၈၈ အရေးတော်ပုံကတည်းက မိတ်ဆွေဖြစ်ခဲ့တဲ့ အခုလည်း ဖြစ်နေဆဲဖြစ်တဲ့ ကိုအောင်ဇော်မင်း (စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်) ကို သက်သေထားပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုစိုးလင်း၊ ကိုရဲလင်းတို့ကို ကျနော် သိကျွမ်းခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့ ရန်ကုန်မှာ သမဂ္ဂလှုပ်ရှားမှုတွေထဲက မိတ်ဆွေတွေကို သက်သေပြုပြီး ပြောရရင် ကျန်ရစ်ခဲ့တဲ့ ကိုကျော်နိုင်ဦးကို ကျနော် သိကျွမ်း ပါတယ်။ သူတို့နဲ့ဆက်စပ်ပြီး မိတ်ဆွေဖြစ် သိကျွမ်းလာတဲ့ လက်ရှိ ကျနော်မိတ်ဆွေတွေက ကျန်ရစ်သူ ပန်းချီကိုထိန်လင်းနဲ့ ကိုနေ၀င်းအောင်တို့ ဖြစ်တယ်။ သူတို့တွေအတွက် ကျနော်ဟာ သည်အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အဖြစ်အပျက်တွေကို တင်ပြဖို့ ကျနော် ပျက်ကွက်ခဲ့တယ်။ အချက်အလက်တွေကို စုဆောင်း မှတ်တမ်းပြုစုခဲ့သော်လည်း သတင်းစာမျက်နှာမှာ တင်ဆက်ဖို့ အချိန်ဆွဲခဲ့သူ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။
ဒါကြောင့် သူတို့နဲ့တကွ အားလုံးကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လည်း ဒီတောင်းပန်စာကို ရေးသားရင်းနဲ့ပဲ မတရားစွပ်စွဲပြီး ဖမ်းဆီး ခံရသူတိုင်းအတွက်၊ မတရား လုပ်ကြံသတ်ဖြတ်ခံရသူတိုင်းအတွက် ကျနော်တို့အားလုံးဟာ အချိန်မဆိုင်းဘဲ တတ်နိုင်သမျှ ထုတ်ဖော်ပြောဆိုပြီး အမှန်တရားဖက်က မကြောက်မရွံ့ ရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်။
၁၉၉၂ တုန်းက ကိုကျော်နိုင်ဦးကို အေဘီမြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးထားတယ်။ မိဘတွေကိုယ်တိုင်က သွားရောက်ပြီး မဟုတ်တဲ့အကြောင်း အထောက်အထားတွေပြသပြီး တောင်းဆိုနေရတယ် ကြားခဲ့ပါတယ်။ အဲသည်အချိန် ဖမ်းဆီးစွတ်စွဲသူကိုယ်တိုင်က ကျနော်တို့ မန္တလေးမှာ အရေးတော်ပုံရဲဘော်တဦးအနေနဲ့ သိကျွမ်းခဲ့တဲ့ ကိုအောင်နိုင်ကိုယ်တိုင် ဖြစ်တယ်လို့ ကြားခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်က ဒါကို စစ်အစိုးရရဲ့ မျက်လှည့်တွေ၊ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ထင်ခဲ့တယ်။ လိမ်ညာလုပ်ကြံ ၀ါဒဖြန့်တာလို့ ထင်ခဲ့တယ်။ အဲသည်လိုမျိုး ကျနော်အသိဥာဏ်တွေ ထုံထိုင်းညံ့ဖျင်းခဲ့တာကို တောင်းပန်ပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ စစ်အစိုးရနဲ့  အကြမ်းဖက်သမားတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အန်အယ်ဒီပါတီဝင်တွေကို မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ အဲသည်မှာ ပါတီဝင်တွေ အများအပြား ဒဏ်ရာရ သေကြေပျက်စီးကြတယ်။ အချို့က နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်လာတယ်။ အဲသည် လုပ်ကြံမှုကို ကျနော်တို့ မိုးမခမီဒီယာ စတင်ထူထောင်ပြီး လပိုင်းအတွင်းမှာ ဖြစ်ပွားတာ ဖြစ်တယ်။ အဲသည် လုပ်ကြံမှုကြီးကို ကျနော်တို့ ခါးခါးသီးသီး ထုတ်ဖော် ဝေဖန် ရှုပ်ချတယ်။ ဒီမတရားမှုကြီးကို အမြဲတမ်း မပျေက်မပျက် မမေ့မလျော့ ကျနော်တို့ ထုတ်ဖော် ပြောဆိုနေဆဲ ဖြစ်တယ်။ အဲသည်ကျမှ ကျနော် အေဘီမြောက်ပိုင်း လုပ်ကြံမှုကြီးကို ပြန်ပြီး ခေါင်းထဲ ၀င်လာတယ်။
အဲသည်အချိန်မှာ ကျနော် သိခဲ့ရတာက အေဘီမြောက်ပိုင်းဥက္ကဋ္ဌ အောင်နိုင်က သူ့နဲ့ မန္တလေးမှာကတည်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ ကိုစိုးလင်းကို ဖမ်းဆီးပြီး ထောက်လှမ်းရေးအဖြစ် သတ်ဖြတ်လိုက်တယ်လို့ ကြားခဲ့ရတယ်။ အဲသည်အချိန်မှာလည်း ကျနော်ကိုယ်တိုင်ကလည်း ကိုစိုးလင်း သေဆုံးသွားပြီလို့ မှတ်ယူပြီးတော့ ဆက်လက် စုံစမ်းဖို့ အမှန်တရားကို ရှာဖွေဖို့ ပျက်ကွက်ခဲ့တာကို တောင်းပန်ပါတယ်။
အဲသည်နောက်ပိုင်း ၂၀၀၆ လောက်ကျမှ ပန်းချီကိုထိန်လင်းအကြောင်းကို ကျနော် ကြားပါတယ်။ ကိုထိန်လင်းက မြောက်ပိုင်းကို တောမခိုခင်မှာ အိန္ဒိယပြည်ဖက်မှာ ကျောင်းသားတပ်မတော်တရပ် ထူုထောင်တဲ့ လှုပ်ရှားမှုနဲ့ တောခိုခဲ့ဖူးတာကိုး။ အဲသည် တောခိုဖို့ မဟာမြိုင်တောကြီးထဲဖြတ်သွားခဲ့တဲ့ ကျနော့်မိတ်ဆွေတွေနဲ့ ဆက်စပ်ပြီး ကိုထိန်လင်းကို ကျနော် သိရှိသွားတယ်။ ပြီးတော့ အနောက်ဖက်က ကျောင်းသားတပ်မတော်ထူထောင်ရေးက အဆင်မပြေဖြစ်တဲ့နောက် ကိုထိန်လင်း မြောက်ပိုင်းအေဘီရောက်သွားတယ်။ သူလည်း ထောက်လှမ်းရေးအဖြစ် စွတ်စွဲခံရပြီး နောက်တော့ ထွက်ပြေးလွတ်မြောက်လာတယ။် သို့သော် စစ်အစိုးရက ဖမ်းဆီးထောင်ချလိုက်တယ်။ နောက်မှ ပြန်လွတ်ပြီး ထူးခြားတဲ့ အနုပညာရှင်တယောက်အဖြစ် ရပ်တည်လာတယ်လို့ သိရတယ်။ အေဘီမြောက်ပိုင်းနဲ့ ရေစက်ပါတဲ့ သူတယောက်အကြောင်း သိရဲ့သားနဲ့ ဆက်စပ်ပြီး ကျနော် လေ့လာစုဆောင်းဖို့ ကျနော် ပေါ့ဆခဲ့တာအတွက် ကျနော့်မှာ အပြစ်ရှိတယ်လို့ ထင်ပါတယ်။
၂၀၀၇ နှစ်ဦးမှာမှ ကျနော် ကိုနေ၀င်းအောင်နဲ့ ဆုံပါတယ်။ ကိုနေ၀င်းအောင်က ၈၈ အရေးတော်ပုံတုန်းက မြန်မာစာဆရာ၊ နောက်တော့ တောင်ပိုင်းအေဘီမှာ တောခို။ သူလည်းပဲ တောင်ပိုင်းအေဘီက ဥက္ကဋ္ဌ ကိုနိုင်အောင်လက်ထက်မှာ ၁၉၉၂ က ထောက်လှမ်းရေးအဖြစ် ဖမ်းဆီး နှိပ်စက်ညှင်းပန်းခြင်း ခံရတဲ့သူလို့ သိလာရတယ်။ အမေရိကား ရောက်နေတာတောင် တောထဲက ထွက်ပြေးလာတဲ့ ထောက်လှမ်းရေးဟောင်းလို့ လူတချို့က သမုတ်လေ့ရှိတဲ့ ကိုနေ၀င်းအောင်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ ဦးတင်မိုးက စကားကြုံတိုင်း မိတ်ဆက်ပေးနေလို့ ရင်းနှီးနေခဲ့ပြီး ဖြစ်ပါတယ်။
ကိုနေ၀င်းအောင်နဲ့ စကားစပ်မိတော့မှ ကိုနေ၀င်းအောင်ပြောပြတဲ့ အေဘီ တောင်ပိုင်း၊ မြောက်ပိုင်းက မတရားစွပ်စွဲလုပ်ကြံသတ်ဖြတ်မှုတွေကို သိလာရတယ်။ အဲသည်မှာမှ ကိုရဲလင်းကို မြောက်ပိုင်းမှာ ကိုကျော်နိုင်ဦးတို့လိုပဲ ဖမ်းဆီး နှိပ်စက်ခံခဲ့ရတယ်လို့ သိရတယ်။ အဲသည်မှာမှ ကိုစိုးလင်း မသေဘူးဆိုတာ သိရတယ်။ ဘယ်သေမှာလဲ။ ကိုစိုးလင်းကို ထောက်လှမ်းရေးဆိုပြီး မြောက်ပိုင်းက ကြေးနန်းပို့လို့ ကိုနေ၀င်းအောင် ကိုယ်တိုင် တောင်ပိုင်းမှာ ရောက်နေတုန်း ဖမ်းခဲ့ရတာကိုး။ နောက်တော့ ကိုနေ၀င်းအောင်လည်း ထောက်လှမ်းရေးလုံးလုံးအဖြစ် စွတ်စွဲခံရပြီးတော့ ကိုစိုးလင်းနဲ့ အတူတူ ကျင်းတကျင်းထဲမှာ ခြေကျဉ်းချ အဖမ်းခံ၊ အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံရလုနီး ဖြစ်ခဲ့ရတာကို ကျနော် သိရပါတော့တယ်။
ကိုနေ၀င်းအောင်၊ ကိုစိုးလင်းနဲ့ နောက်ရဲဘော်တဦးတို့ အသက်လုပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ။ နောက်တော့ ကိုစိုးလင်းက နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲ ပြန်ဝင်သွားတာ။ ကိုနေ၀င်းအောင်ကတော့ ဘန်ကောက်မြို့တ၀ိုက်မှာ ဇာတ်မြုပ်နေထိုင်ရင်း လောကဓံကို ခါးစည်းခံခဲ့ရတာတွေကို ကြားသိရပါတယ်။ ကိုနေ၀င်းအောင်တယောက် အမေရိကားကို ပြောင်းရွှေ့အခြေချပြီး ဆယ်စုနှစ် ၁ခု နီးပါး အကြာ တွေ့ဆုံတဲ့အခါ အေဘီ တောင်ပိုင်း၊မြောက်ပိုင်း လုပ်ကြံမှုတွေကို ကျနော် အတော်အသင့် သိလာရတယ်။ ကိုယ့် မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရဲဘော်တွေ ဘယ်လိုမျိုး ကျဆုံးခဲ့ကြတယ်။ အသက်လုပြီး လွတ်မြောက်ကျန်ရစ်ကြတယ်ဆိုတာကို သိခဲ့ရပါတယ်။
အဲသည်တုန်းကလည်း မှတ်စု မှတ်တမ်းတွေ ယူထားခဲ့သော်လည်း ဒါတွေကို ထုတ်ဖော်ဖို့ ကျနော် လက်နှေးခဲ့တယ်။ အရေးတော်ပုံ လှုပ်ရှားမှုတွေထဲက မိမိတို့ရဲဘော်တွေ သေကြေပျက်စီး ဆုံးရှုံးခဲ့ကြရတဲ့ လုပ်ကြံမှုကြီးကို ထုတ်ဖော်ဝန်ခံ ပြောကြားဖို့ကို ကျနော်ကိုယ်တိုင်က သူရဲဘောကြောင်ပြီး တွန့်ဆုတ်နေခဲ့မိပါတယ်။
၂၀၀၈ ထဲမှာမှ ကိုထိန်လင်းနဲ့ စကားပြောဖြစ်တယ်။ သူ့ဖက်က အတွေ့အကြုံတွေကို သိရှိလာရတယ်။ ကိုကျော်နိုင်ဦးက သူနဲ့ မရှေးမနှောင်း ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ စစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အကြောင်း သိရတယ်။ ကာယကံရှင်တွေဖြစ်တဲ့ ကိုနေ၀င်းအောင်နဲ့ ကိုထိန်လင်းတို့ရဲ့ ပြောကြားချက်တွေကို ပြန်လည် ထုတ်ဖော်ရေးသားဖို့ကို ကျနော် မလုပ်ခဲ့ဘူး။ ဒီမိုကရေစီရေး တိုက်ပွဲကာလတလျောက်လုံး နှစ်ပေါင်းများစွာ အဲသည် မတရားမှုကို ထုတ်ဖော်ဖို့၊  အမှန်အတိုင်းပြောဖို့ကို မြိုသိပ်ပြီး ဇာတ်မြှပ်နေထိုင်ကြတဲ့ ကျန်ရစ်သူရဲဘော်တွေ၊ ကျနော့်မိတ်ဆွေတွေ ကစိုးလင်း၊ ကိုရဲလင်း၊ ကိုကျော်နိုင်ဦးတို့ကို ရှာဖွေ ဆက်သွယ်မေးမြန်းပြီး သဘောထားတောင်းဖို့ ကျနော် မလုပ်ခဲ့ဘူး။ ကာယကံရှင်တွေကိုသာ သူတို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အလုပ်ပဲ လုပ်မိခဲ့တယ်။
အဲသည်နောက်ပိုင်းမှာ ကိုထိန်လင်းနဲ့ သူ့အနုပညာပိုင်းဆိုင်ရာ အင်တာဗျုးလေး ဘာလေးလုပ်တယ်။ အဲသည်မှာ သူပြောပြတဲ့ လူနည်းစုလေး တစုအတွက် သူတင်ဆက်ခဲ့တဲ့ အနုပညာဆိုပြီး (သူ့ရဲ့ လူကက်ဆက်အကြောင်းပေါ့) သူပြောပြတာလေးကို နည်းနည်းပါးပါးရေးခဲ့မိတာပဲ လုပ်ဖြစ်ပါတယ်။
၂၀၁၁ ထဲ ချိုတူးဇော် အမေရိကား အလည်ရောက်လာတော့မှ ကိုယ်ကိုယ်တိုင် မြိုသိပ်ခဲ့ရတဲ့ အကြောင်းတွေကို မိတ်ဆွေဟောင်းနဲ့ ထုတ်ဖော်ပြောဆို တိုင်ပင်မိတယ်လေ။ သူကိုယ်တိုင်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေအကြောင်း သူသိသမျှနဲ့ ကိုယ်သိသမျှ ဖလှယ် ပြောဆိုကြတာပေါ့။ ကိုစိုးလင်းနဲ့ သူနဲ့က ရန်ကုန်မှာ မန္တလေးမှာ ပြန်တွေ့ဆုံခဲ့ပြီးပြီ။ သူ့မိတ်ဆွေတွေအကြောင်းလဲ သူ သိရှိခဲ့ပြီးပြီ။ ဒီဖက်က ကာယကံရှင်တွေအကြောင်းလည်း တဖက်သံကြားနဲ့တင်မဟုတ်ဘဲ သူကိုယ်တိုင် တွေ့ဆုံ သိရှိခဲ့ပြီဖြစ်တယ်။
အဲသည်နောက်ပိုင်းမှာ စာဖတ်သူတွေ သိတဲ့အတိုင်းပါပဲ။ ကိုထိန်လင်းကိုယ်တိုင် ထုတ်ဖော်ရေးသားလာတယ်။ မန္တလေးသား အောင်မိုးဝင်းကလည်း သူစုံစမ်းသိရှိသမျှ မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုများကို ထုတ်ဖော်ရေးသားလိုက်တယ်။ အနှစ်နှစ် အလလက သိမ်းဆည်းမြိုသိပ်ထားကြတဲ့ မှတ်တမ်းတွေ၊ အထောက်အထားတွေဟာ ပြည်တွင်း ပြည်ပကနေ နေရာအသီးသီးကနေ ပေါ်ထွက်လာကြတယ်။ ဖေ့စ်ဘွတ်တွေ၊ ဘလောဂ့်တွေကနေ စာရေးသူတွေက ထုတ်ဖော်ရေးသားလာကြတယ်။
ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ နှစ်ပတ်လည်မှာ နိုင်ငံတကာမှာ၊ မြန်မာပြည်တွင်းမှာ အများပြည်သူတွေ၊ ကျန်ရစ်သူရဲဘော်တွေ၊ ကျန်ရစ်သူ မိသားစုတွေ အားလုံး အတူတကွ စုဝေးကြလို့ ကျဆုံးခဲ့သူ ရဲဘော်တွေကို ကောင်းမှုကုသိုလ်ပြု အထိမ်းအမှတ်ပြုကြပြီ ဖြစ်ပါတယ်။
မောင်ရစ် အနေနဲ့ကတော့ ကိုယ့်ဖက်က အဲသည်တုန်းက ဖြစ်ရပ်ကို စုံစမ်းသိရှိထားရက်နဲ့၊ ကိုယ့်မိတ်ဆွေတွေကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်း အသက်ဘေးက လွတ်မြောက်ခဲ့ကြတာ ဖြစ်ရက်နဲ့၊ သိရှိသလောက် မှတ်တမ်းရှိသလောက် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မောဟအမိုက်မှောင်ဖုံးပြီး တွေဝေခဲ့မိတာကို ၀မ်းနည်းမိပါတယ်။
သို့သော်လည်း နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ဖြစ်ရပ်မှန်ကို အားလုံးသော ကာယကံရှင်များ၊ မိတ်ဆွေများ၊ မိသားစုများရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ တင်ပြနိုင်ခဲ့တာ အများပြည်သူတွေကိုယ်တိုင်က ဒီအကျဉ်းတန်ဖြစ်ရပ်ကြီးကို တည်ငြိမ် ရင့်ကျက်စွာ လက်ခံသိရှိခွင့်ရကြတဲ့အတွက် ၀မ်းသာမိပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြရင်း ကျဆုံးခဲ့သူ၊ အနစ်နာခံ စွန့်လွှတ်ခဲ့ကြသူတိုင်း သူရဲကောင်းတိုင်းအတွက် အမိမြန်မာပြည်နဲ့ ပြည်သူလူထုဟာ အသိအမှတ်ပြုတယ်၊ အတူတကွ ရပ်တည်ကြတာအတွက်လည်း ဂုဏ်ယူမိပါတယ်။
ကိုယ့်တဦးတည်းအနေနဲ့ကတော့ မတရားမှုတခုကို ထုတ်ဖော်ပြောဆို တင်ပြဖို့ ပျက်ကွက်ခဲ့သူ တဦးအဖြစ်နဲ့ မိမိရဲ့ မိတ်ဆွေတွေကို တောင်းပန်ပါတယ်။ ဒီလိုမျိုး အကျည်းတန်သော လုပ်ကြံမှုတွေကို နောက်ထပ်မဖြစ်ဖို့ ကျနော်တို့ ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တတ်နိုင်တဲ့ ၀န်ကို ထမ်းပြီး ဆောင်ရွက်ကြမယ်လို့ မရဲတရဲ သန္နိဋ္ဌာန် ချမိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်စရာ မလိုပါ။ နောင်လည်း မသတ်ဖြတ်ကြပါနဲ့လို့ တောင်းပန်လိုက်ပါတယ်။

Posted by MoeMaKa at 2:52 AM 0 comments

မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း ( ဘာတေးလ် လစ်တနာ၊ ၁၁-၂ -၂၀၁၂ )

အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးကိုဘာသာပြန်ထား တာဖြစ် ပါတယ်။
 မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။
အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြ သလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင်ဖြစ်နေပြီ။
သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။
အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။
 -ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊
၂၀၀၈ ခုနှစ် -အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊
-ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊
၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်း အဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။
ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။
အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာ ရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာက လည်း အထင်အရှားပါပဲ။
ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံ တွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုး လူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။
တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်း နိုင်လောက် အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။
မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။
စနစ်တကျ အကွက်ချထားတဲ့ အစီအမံ
မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြသလဲဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။
အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက် ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။
အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။
လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။
အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။
ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။
မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။
အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆ စရာရှိပါတယ်။
စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေး ထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံ နေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ် စေတယ်လို့ ဆိုပါတယ်။
ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပ ကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ် အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။
ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။
သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။
ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။
အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေး တတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင် ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။
တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းက ဖော်ပြပါတယ်။
ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံ အဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။
မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။
အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။
သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ် ထားပါတယ်။
စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။
စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီး ရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ
အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။
တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။
အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတ ရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ် ပတ်သက်နေတာ ကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။
အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။
အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။
ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင် လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။
ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။
မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။
အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယား ဘက်က ငြင်းခဲ့တယ်။
နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများ ခဲ့ကြတယ်။
နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ် လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။
မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။
“အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန် ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။
မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။
စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။
စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန် အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။
ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ် ဆိုတာပါပဲ။
ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။
ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။
ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း
မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။
မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာ လွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။
မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။
သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။
အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။
မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။
၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေး တွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။
“သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။
နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။
မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။
အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ခံရပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။
ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ
ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။
သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆ ခံရသူဖြစ်ပါတယ်။
လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။
ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။
အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည် တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။
ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။
စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့ လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။
မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။
မူရင်းဆောင်းပါးကို ဖတ်ရှုရန်။
ဘာတေးလ် လစ်တနာ
မျှဝေပေးပို့သူ။။ –ကိုဂျွန်
Ko Thaung facebook မှကူးယူဖော်ပြသည်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages