17th August - MoeMaKa - Remembers Min Lu

21 views
Skip to first unread message

Maung Yit

unread,
Aug 17, 2013, 2:26:40 AM8/17/13
to moemak...@moemaka.com
''ကဗျာတစ်ပုဒ်ကို ယုံကြည်ခြင်း''
ယုယ၊ သြဂုတ် ၁၇၊ ၂၀၁၃
(ရွှေအမြုတေ၊ မေ၊ ၂၀၁၃ မှ ပြန်လည်ဆန်းသစ် တင်ဆက်ပါတယ်)
အောင်မြင်နေတဲဘ၀တွေမှာ သူနဲ့အတူတူ ပေးဆပ်ခဲ့ရတဲ့ဘ၀တွေရှိတယ်။ တကယ်တော့အဖေမရှိတဲ့ တဒင်္ဂကာလလေးမှာ ကိုယ်တို့မိသားစုနဲ့အတူပေးဆပ်ခဲ့သူတွေလည်း အများအပြားပါပဲ။
လူတွေလာခေါ်တယ်။ အဖေလိုက်သွားတယ်။ တိတ်တဆိတ်ပါပဲ။ ညဆိုတာ မကောင်းမှုကို ဖိတ်ခေါ်လေ့ရှိတယ်လို့  ဆိုကြသေးတယ်ဆိုရင် ကိုယ်တို့မိသားစုအတွက် မကောင်းမှုကို ခေါ်လာပေးတဲ့ညကို မုန်းရမလိုလို။ ဘာမှပြောခွင့်မရလိုက်ဘဲ အဖေနဲ့အတူ အဖေ့ရဲ့ ကုတ်အင်္ကျီအမဲကြီးက ထပ်ကြပ်မကွာလိုက် ပါသွားခဲ့တယ်။ ကုတ်အကျီအမဲကြီးဟာလည်း သူ့သခင်ရဲ့ယုံကြည်ချက်တွေကိုအပြည့်အ၀ လက်ခံခဲ့ပါတယ်။
မနက်ကျတော့ အမေငိုနေမလား မသိခဲ့ပါဘူး။ ငယ်သေးတဲ့ ကိုယ်တို့ညီအမနှစ်ယောက် သိမှာစိုးလို့ ထင်ပါရဲ့။ အဖေမရှိတဲ့ရက်တွေမှာ အမေငိုတာ တစ်ခါမှမမြင်ဖူးဘူး။ (အမေဟာ စိတ်ဓါတ်ခိုင်မာတာ ဖြစ်ကောင်းဖြစ်နိုင်သလို ယောက်ျားလုပ်သူရဲ့လုပ်ရပ်တွေကို အပြည့်အ၀ ထောက်ခံတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။)
ပထမဆုံးရင်ဆိုင်ရတာကတော့ ရပ်ကွက်ထဲက ကစားဖော်ကလေးတွေရဲ့ စကားသံတွေပါပဲ။ အဲဒီနေ့က  အမလုပ်သူငိုပြီး အိမ်ပေါ်ပြေးတက်လာတယ်။ ကိုယ်တို့ဦးလေးက အိမ်နီးနားချင်းတွေကို စိတ်ဆိုးပြီးပြောတယ်။ ''ကလေးကို မဟုတ်တာတွေ မပြောကြပါနဲ့''တဲ့။ နောက်နေ့ကျ အမတစ်ယောက် ကလေးတွေရဲ့သဘာဝအတိုင်း သူငိုခဲ့ရတာကို မေ့သွားပြီး အဲဒီကလေးတွေနဲ့ ဆော့မြဲ၊ကစားမြဲပါပဲ။ ကိုယ်ကတော့ ငယ်ငယ်ကတည်းက ခပ်စွာစွာမို့ ''ငါ့အဖေက နိုင်ငံခြားသွားနေတာဟဲ့''လို့  ကစားဖော်ကစားဘက် တွေကို ပြန်လည်ချေပဖူးတယ်။
အဲဒီတုန်းက ကိုယ်တော်တော်ငယ်သေးတာ။ သုံးနှစ်ဆိုတဲ့အရွယ်ဟာ အဖေ့ရဲ့ ချီပိုးတာကိုခံရမယ့်အရွယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်အသက်သုံးနှစ်ကနေ ငါးနှစ်အတွင်း အဖေ့ရဲ့ ချီပိုးမှုကို ခဏတာဆုံးရှုံးခဲ့ရတယ်။ အဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေလည်း နားမထောင်ရတော့ဘူး။ အမေ့ခမျာတော့ နှစ်ယောက်စာပြောရလို့တော်တော် မောခဲ့မယ်ထင်ပါရဲ့။ အမေပြောတဲ့ပုံပြင်တွေထဲမှာ အဖေဘယ်တော့ပြန်လာမှာလဲ ဆိုတာမပါတာ သေချာပါတယ်။ ဒါပေမယ့်အမေ့ပုံပြင်တွေထဲမှာ အဖေက လေယာဉ်ပျံကြီးစီးလို့ပေါ့။
    ဒီအကြောင်းပြောမယ်ဆိုရင် အဘွားရဲ့ ကြွေပိုက်ဆံဗူးလေး မပါရင်မဖြစ်ဘူး။ အဘွားရဲ့ပိုက်ဆံဗူးလေးမှာ ပိုက်ဆံတွေရှိတယ်။ ကုန်သွားရင် လာလာထည့်ပေးတဲ့ သူတွေလည်းရှိတယ်။ ဘ၀ရဲ့မှတ်တမ်းတင်ရမယ့် ကျေးဇူးရှင်တွေပါပဲ။ အဖေ့ရဲ့သူငယ်ချင်းနဲ့ သူ့ရဲ့မိန်းမလုပ်သူက အဘွားရဲ့ပိုက်ဆံဗူးလေးထဲငွေဖြည့်ပေးရင်း အဖေ့ရဲ့လုပ်ရပ်တွေအပေါ်မှာ အားပေးခဲ့တယ်။ အခြားအခြားသောကျေးဇူးရှင်တွေလည်း ရှိပါသေးတယ်။ အဖေ့စာမူတွေကို အခကြေးငွေအများကြီးပေးပြီး လာဝယ်တာမျိုး၊ အကြောင်းရှာပြီး စာမူခတွေ ပေးတာမျိုးပေါ့။ (လမ်းတွေ့ရင်တောင် ခေါ်ရမှာစိုးလို့ မျက်နှာလွဲခဲ့တဲ့သူတွေလည်း တစ်ပုံတပင်ပါ။)
အဲဒီတုန်းက ကိုယ်တို့အိပ်မှ အဖေ့အတွက် ငပိကြော်လေးတွေကို အမေထကြော်ခဲ့တယ်။ အမေဟာသမီးတွေရဲ့ နုနယ်သေးတဲ့စိတ်ကလေးတွေ မနာကျင်စေဖို့အပင်ပန်းခံခဲ့တယ်ဆိုတာ မလွဲနိုင်ပါဘူး။ (အခု ကိုယ့်အသက်နှစ်ဆယ့်ငါးနှစ် ရောက်မှ အမေက သူအဲလိုလုပ်ခဲ့ကြောင်း ပြောပြခဲ့တာပါ။) အမေနဲ့အတူ အမေ့ငပိကြော်လေးကလည်း အဖေ့ကို ထောက်ခံခဲ့ဖူးတယ်လေ။
တကယ်ဆို အဲဒီအချိန်တုန်းက အမေဟာ ငယ်သေးတယ်လို့ပဲ ပြောရမယ်။ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကိုလည်း ခေါင်းမာသူပီပီ ခံနိုင်ရည်ရှိခဲ့ပုံရတယ်။ အမေ့ရဲ့ကုသိုလ်ကံလေးနဲ့ အဖေ့ရဲ့မိတ်ကောင်း၊ ဆွေကောင်းတွေကြောင့်သာ ထမင်းတော့မငတ်ခဲ့တာ။
သူများတွေ အစာရေစာရှားပါးနေတဲ့အချိန်မှာတောင် ကိုယ်တို့ ၀၀လင်လင်စားခဲ့ရတယ်။ ဆေးဆိုလည်း လိုအပ်သလိုသောက်ခွင့်၊ ကျန်းမာစွာနေထိုင်ခွင့်ရခဲ့တယ်။ ဒီလိုဆို အဖေ့လုပ်ရပ်အပေါ် ကံကြမ္မာကပါ အားပေးအားမြောက်လုပ်ခဲ့တာများလား မသိ။
အဘွားဟာလည်း အဖေမရှိတဲ့အချိန်မှာ တံတိုင်းတစ်ခုပါပဲလေ။ သူဟာ ကျန်ရှိနေတဲ့ ကိုယ်တို့ မိသားစုသုံးယောက်ကို စောင့်ရှောက်ခဲ့တယ်။ ကာကွယ်ခဲ့တယ်။ အဘွားနဲ့အမေတစ်ခါမှ စကားများ၊ ရန်ဖြစ်တာ မတွေ့ဖူးတဲ့အတွက် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြတယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။(ကမ္ဘာပေါ်မှာ အချစ်ခင်ဆုံး သမီးယောက္ခမအဖြစ် ဂရင်းနစ်စံချိန်တောင် တင်နိုင်ပါတယ်။) အဘွားဟာ ကိုယ်တို့မိသားစုကိုစောင့်ရှောက်ရင်းနဲ့ အဖေ့လုပ်ရပ်အပေါ် အပြည့်အ၀ထောက်ခံခဲ့တယ်။
မနက်တိုင်း ကိုယ့်ဘကြီး လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်ရတာ ရင်တခုန်ခုန်ပဲ။ ဘာလို့လည်းဆိုတော့ ဘကြီးက ကိုယ်တို့ညီအမနှစ်ယောက်ကို အဖေမရှိတဲ့နေကစပြီး မနက်တိုင်း မနက်စာ တာဝန်ယူခဲ့တယ်။ နေ့တိုင်းကျွေးတယ် ဆိုပေမယ့် သွားမယူရဲဘူး။ တစ်ခါတစ်လေ ဘကြီးက ဆိုင်မှာလူကျနေလို့ ကိုယ်တို့ကိုမေ့ပြီးများ မခေါ်မိရင် အဲဒီနေ့တော့ဆိုင်ရှေ့ကနေ ဘကြီးမမြင် မြင်အောင် အခေါက်ခေါက်အခါခါ ဖြတ်ပြီသာ မှတ်တော့။    အဖေ့အကိုတွေအားလုံး ညီဖြစ်သူရဲ့ လုပ်ရပ်ပေါ်မှာ သူတို့တတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ အားပေးထောက်ခံခဲ့ကြတယ်ဆိုတာ သေချာပါတယ်။
    တစ်ခုသောအဖြစ်အပျက်တစ်ခုကိုတော့ အမေက အခုချိန်ထိ မေ့မရနိုင်ခဲ့ဘူး။ အဲဒီနေ့က အမေနဲ့ ကိုယ်တို့ညီအမနှစ်ယောက် ကားဂိတ်မှာ ကားစောင့်နေကြတယ်။ ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကား ခေတ်စားနေချိန် ဖြစ်တာကြောင့် အဲဒီကားကြည့်ဖို့ ကိုယ်တို့ပူဆာတာနဲ့ ဘတ်စ်ကားဂိတ်ကို ချီတက်ခဲ့ကြတယ်။ အမေက သမီးနှစ်ယောက်ကို လက်ဆွဲလို့ပေါ့။ (တကယ်ဆိုအဖေက သမီးတစ်ယောက်ကိုလက်ဆွဲ၊ အမေကလည်းသမီး တစ်ယောက်ကိုလက်ဆွဲလို့ ဆိုပြီး အမေစိတ်ကူးယဉ်ခဲ့သေးလား။ သတိရနေရှာမလားတော့မသိပါ။) 
ကားစောင့်နေတုန်း ဦးလေးနဲ့ သူ့မိန်းမအပြင်သွားစရာရှိလို့ ကားနဲ့ထွက်လာရင်း ကိုယ်တို့ကို
မြင်တော့ ရုပ်ရှင်ရုံလိုက်ပို့ပေးဖို့ ကားပေါ်ခေါ်တင်သွားခဲ့တယ်။ ဒါပေမယ့်ဦးလေးရဲ့မိန်းမလုပ်သူက
သူသွားစရာရှိတာ နောက်ကျမယ်၊ တော်ပြီ မသွားတော့ဘူးဆိုပြီး ပြောဆိုနေတာနဲ့ကိုယ်တို့သားအမိ
သုံးယောက် တစ်ယောက်လက် တစ်ယောက်ဆွဲလို့ တာမွေမှာပဲ ဆင်းနေခဲ့ရတယ်။ ကိုယ်တို့ကတော့ ကလေးပီပီ ဘာမှနားလည်တာမဟုတ်။ ဆင်းဆိုတော့လည်း ဆင်းလိုက်ကြတာပဲ။အမေကတော့ အားငယ်သွားရှာမှာပေါ့။ အဲဒီအချိန်မှာအဖေ့ကိုပိုပြီးတောင် သတိရသွားအုံးမယ်ထင်တယ်။ အဲဒီတုန်းက ကိုယ်တို့ညီအမကငယ်သေးတာမို့ ဘာမှမသိဘူး။အခုပြန်စဉ်းစားတော့ အမေ့မျက်နှာ ဘယ်လောက်ပျက်သွားမလဲ။ စိတ်အားဘယ်လောက် ငယ်သွားမလဲဆိုတာ တွေးကြည့်ရင်းတောင် ရင်ထဲမကောင်းဖြစ်မိတယ်။
အဲဒီနေ့က ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားကြည့်ဖြစ်ခဲ့တယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။ဇာတ်ကား
ကောင်းတစ်ခုမို့ရင်ထဲစွဲကျန်လို့နေတယ်။အဲဒီဇာတ်ကားနဲ့အတူ သူများကားပေါ်က ခပ်ကုတ်ကုတ်ဆင်းသွားခဲ့ရတဲ့ ကိုယ်တို့မိသားစုရဲ့အဖြစ်ပျက်ကလည်း ဒီနေ့ဒီအချိန်အထိ ရင်ထဲစွဲကျန်နေဆဲပါပဲ။ ဒဏ္ဍာရီဇာတ်ကား တီဗွီကလာတိုင်း အမှတ်ရနေတော့တာပါပဲလေ။

အခုချိန်မှာ ကိုယ်တို့ကိုယ်ပိုင်ကားစီးနိုင်နေပါပြီ။ ဒါပေမယ့်ဦးလေးရဲ့မိသားစုကို အတတ်နိုင်ဆုံး ကိုယ်တို့ကားနဲ့ လိုရာခရီးတော်တော်များများကို လိုက်ပို့ ပေးခဲ့ပါတယ်။ ကိုယ်တို့ခံစားခဲ့ရသလို သူတို့ မခံစားရအောင်ပါ။ ကိုယ်တို့ကိုယ်ချင်းစာတတ်ရမယ်မဟုတ်လား။
အဖေယုံကြည်တဲ့လမ်းပေါ်မှာ ပန်းခင်းလမ်းတွေရှိသလို၊ လမ်းကြမ်းတွေကလည်း မနည်းမနောပဲ။ ဒါပေမယ့်အဘွားရယ်၊အမေရယ်၊ကိုယ်တို့ညီအမနှစ်ယောက်ရယ် တစ်ယောက်လက် တစ်ယောက်တွဲလို့ အဖေ့ကို ယုံကြည်တဲ့စိတ်နဲ့ အဲဒီလမ်းကိုရဲရဲဝံ့ဝံ့ လျောက်လှမ်းခဲ့ကြတယ်။
    ပထမအကြိမ် အဘိုးဆေးရုံတက်တုန်းကတော့ အဖေကိုယ်တိုင် ဆေးရုံစောင့်ခဲ့တယ်။ ပြုစုခဲ့တယ်။ ဒုတိယအကြိမ်ဆေးရုံတက်တဲ့အခေါက်မှာတော့ အဘိုးနားမှာ ကိုယ့်အဖေ နေမပေးနိုင်တော့ဘူးလေ။ နေမကောင်းတဲ့အချိန်မှာ လူတွေဟာ ပိုပြီး စိတ်အားငယ်တတ်တယ်။ အားကိုးရှာချင်ကြတယ်ဆိုရင် အဘိုးစိတ်ထဲ သူ့သားကို ဘယ်လောက်တောင် သတိရရှာမလဲ။ ဘယ်လောက်တောင်တွေ့ချင်ရှာမလဲမသိ။သူ့သားကိုတွေ့ရင် ''ငါလခွီးထဲမှ၊ မင်း ဘယ်ရောက်နေတာလဲကွ။'' လို့ ပြောချလိုက်လေမလား။    
''ငါ့မြေးတွေနဲ့ ငါ့ချွေးမကို မင်းပစ်ထားတာ ဘယ်လောက်ကြာပြီလဲကွ''
လို့ဂရုဏာဒေါသောနဲ့ ဆိုလေမလား မသိပါ။ အဘိုးဟာ နောက်ဆုံးထွက်သက်အထိ သူ့သားကိုမတွေ့၊ မမြင်လိုက်ရရှာဘူး။ သူ့သားကို သူပြောချင်တဲ့စကားတွေတော့ ဘယ်လောက်တောင် ရှိလိုက်မလဲ။နောက်ပြီး အဖေယုံကြည်ခဲ့တဲ့လမ်းကို အဘိုးယုံကြည်ခဲ့ရဲ့လား ဆိုတာကိုတော့ အဘိုးကိုမေးမှသာ အတိအကျသိပါလိမ့်မယ်။ သားတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက် အပြည့်အ၀ပေးခဲ့တဲ့၊ သားတွေလုပ်တဲ့ ကိစ္စတိုင်းကို လက်ခံခဲ့တဲ့ အဘိုးဟာ အဖေ့ကိုအပြစ်တင်စကားတော့ ဆိုမယ်မထင်ပါဘူးလေ။
 အဘိုးဆုံးတော့ အသုဘချတဲ့နေ့မှာပဲ ခြွေရံသင်းပင်းတွေနဲ့အတူ အဖေပြန်လာခဲ့တယ်။ အဖေ့ပေါင်ပေါ်မှာထိုင်နေတဲ့  ကိုယ့်ပုံစံက တကယ့်ကို ဂုဏ်ယူဝံ့ကြွားနေတဲ့ပုံ။ ဒီမှာ … ငါ့အဖေတွေ့လား ဆိုတဲ့ပုံ။ ဒါပေမယ့် အဖေ့ပေါင်ပေါ်မှာ ထိုင်ရတာလေးက ခဏဆိုမှ တကယ့် ခဏလေးပါ။
သူတို့တွေ အဖေ့ကိုပြန်ခေါ်သွားကြတယ်။ အဖေ့ကိုနှုတ်ဆက်ဖို့ အမေအင်အားအပြည့်ရှိခဲ့မှာပါ။ ကိုယ်တို့မိသားစုနဲ့အတူ အဖေ့သူငယ်ချင်းမိတ်ဆွေတွေလည်း လိုက်ပြန်ပို့ကြတယ်။ ကိုယ့်အမက နားလည်တတ်တဲ့ အရွယ်လည်း ရောက်နေပြီဆိုတော့ သဘောပေါက်ပုံရတယ်။လူကြီးတွေအဖြေရကြပ်မယ့် မေးခွန်းတစ်ခုတစ်လေမှ မမေးရှာဘူး။ ကိုယ်သာ စပ်စပ်စုစု။ တံခါးကြီးတစ်ခုရှေ့ကို ကားရပ်လိုက်တဲ့အချိန်မှာပဲ ကားပေါ်ကဆင်းသွားခါနီး အဖေ့ကို “ဟင်....လေယာဉ်ကွင်းလည်းဆိုသေး လေယာဉ်လည်းတစ်စီးမှမရှိဘူး။'' ဆိုတဲ့ စကားသံဟာ ပါလာသူအားလုံးကို နှုတ်ဆိတ်သွားစေတယ်။ ပါလာတဲ့ လူကြီးတွေက ကလေးကို
ရော သူတို့ရင်ထဲက စိတ်မကောင်းခြင်းတွေကိုပါ ဖုံးကွယ်ရင်း ''အဲဒီအုတ်နီနီတွေ နောက်ထဲမှာ ရပ်ထားတာ။ မြင့်တော့ ဘယ်မြင်ရပါ့မလဲ'' လို့ ဖြေသိ့မ်လိုက်ကြတယ်။ တကယ်လည်း အဲဒီတံခါးအနောက်ဘက်မှာ အဖေ ပျံဝဲခဲ့ဖူးတဲ့ အတွေးလေယာဉ်ပျံ
တွေ ဘယ်နှစ်စီးတောင် ရှိလိုက်မလဲမသိ။ တံတိုင်းတွေ အပြည့်အ၀ တင်းတင်းကျပ်ကျပ် ကာရံထားတဲ့
အဲဒီနေရာကြီးမှာ အတွေးတွေသာ လွတ်လပ်ခွင့်ရကြတာ မဟုတ်လား။ (ဒါပေမယ့် အဖေ တကယ် နိုင်ငံခြားသွားနေတယ် လို့ပဲ ကိုယ်ထင်ခဲ့တာ။ ကိုယ်ယုံကြည်ခဲ့တာ။)
တစ်ခါတုန်းက အင်းစိန်ဟာ လေယာဉ်ကွင်းဖြစ်ခဲ့ဖူးတယ်ဆိုတာ ကိုယ်တို့ကလွဲလို့ဘယ်သူမှ
မသိနိုင်ဘူးလေ။ အဖေနဲ့အတူပါသွားတဲ့ ကုတ်အကျီအမဲကြီးလည်း နိုင်ငံခြား (ခေါ်) အင်းစိန်ရဲ့ ဘယ်နေရာမှာ နေရရှာတယ်မသိ။
အဖေမိသားစုဆီ အပြီးအပိုင် ပြန်လာတဲ့နေ့မှာတော့ ကိုယ်တစ်ယောက်လည်း ယောက်ယတ်ခတ်လို့။ ကိုယ် အဖေ့ကိုမေးတဲ့အထဲမှာ''အဖေ....ချောကလက်ပါလား''
ဆိုတဲ့ မေးခွန်းက အများဆုံးပဲ။ ဟုတ်တယ်လေ။ ကိုယ်သိတာက အဖေက အုတ်နီနီတွေရှိတဲ့ နေရာကနေ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားကိုသွားနေတာ။ ပြန်လာရင် သူများအဖေတွေ နိုင်ငံခြားကပြန်လာသလိုတော့ ချောကလက်တွေပါလာရမှာပေါ့။
''ချောကလက်ပါတဲ့ အိတ်က လေယာဉ်ကွင်းမှာ ကျန်ခဲ့တယ်။ နောက်နေ့မှသွားယူရမှာ။''
ဆိုတဲ့စကားကိုသာ ယုံကြည်ရင်း ချောကလက်ပါတဲ့ အိတ်ကိုစောင့်မျော်ခဲ့ရတာ အခုချိန်ထိပါပဲ။ အခုထိ
လည်း နိုင်ငံခြားသွားတဲ့သူတိုင်းကို ''ချောကလက်ဝယ်ခဲ့ပါနော်လို့'' မှာ တတ်တာ အကျင့်လိုဖြစ်နေပြီ။ တစ်ချိန်တစ်ခါတုန်းက မပြည့်ဝခဲ့တဲ့ဆန္ဒတွေကို ဖြေသိမ့်တာထင်ပါရဲ့။
အဖေပြန်ရောက်လာတာမို့ အိမ်မှာ အတူနေတဲ့အဘွားကို ကန်တော့ကြတယ်။ နောက်ပြီးရင် အမေ့ရဲ့အဖေနဲ့အမေကို သွားကန်တော့ဖို့အသွား၊ လမ်းမှာစကားအလွန်များ၊ မေးခွန်းအမေးထူလွန်းတဲ့ ကိုယ်ဟာ ''အော်.....ပျော်ရမယ့်နေ့မှာမှ မိုးကလည်း ရွာသေးတယ်''
လို့ပြောလိုက်တာကြောင့် လူကြီးတွေခမျာ ရယ်ရအခက်ငိုရအခက်ပဲတဲ့။ မိုးရွာရင် လူတွေဟာ လွမ်းတတ်ကြတယ် မဟုတ်လား။ ကိုယ်ဟာ မိုးတွင်း နှစ်တွင်းလုံးမှာ မသိလိုက်မသိဘာသာ အဖေ့ကို လွမ်းခဲ့ဖူးတယ်ထင်ပါရဲ့။ အခုတော့ မိုးရွာရင် မလွမ်းရတော့ပါဘူး။
ကိုယ်က ဟင်းစားကြီးတယ်။ ငါးကြော်ဆိုလည်း နှစ်တုံး၊သုံးတုံးမှ။ အသားဆိုလည်း များများမှ။
အဲဒါကိုမြင်တော့ အဖေက ဆုံးမတယ်။ အဖေတို့ဆို အထဲမှာ တစ်ယောက် တစ်တုံးပဲ စားရတာ။ ဘာဖြစ်ဖြစ် ကိုတာနဲ့ စားရတာတဲ့။ အဲဒီတုန်းက ကိုယ် စဉ်းစားခဲ့ဖူးတယ်။ အော်သူများတွေ အထင်ကြီးနေတဲ့ နိုင်ငံခြားဆိုတာ ဟင်းလည်းများများ မစားရဘူးလို့။ အဖေပြောတဲ့နိုင်ငံခြားဆိုတာ မိသားစုသားချင်းတွေရဲ့ အဝေးကို ရောက်နေရတာချင်းတော့ တူပါရဲ့။ ဒါပေမယ့်ချောကလက်တွေ မရှိတာတော့ သေချာပါတယ်လေ။
    ''စာမေးပွဲဖြေရင် မလောနဲ့။ စာတွေက ရပြီးသားပဲ။ ရေဗူးယူသွား။ ဓါတ်ဆားထုပ်နဲ့ မူးရင်သောက်ဖို့ ဆေးကို ဗီဒိုလက်ကိုင်မှာ ချိတ်ထားတယ်။'' ဆိုတဲ့ စာရွက်ကလေးတွေက မနက်တိုင်း မြင်ရနေကျ။ အဖေက နောက်ကျအိပ်သူမို့  ကိုယ်တို့ကို မှာစရာရှိရင် အဲဒီလိုစာရွက်တွေနဲ့ မှာလေ့ရှိတယ်။
“ကျောင်းသွားရင် မိုးကာ၊ထီး ယူသွားဖို့မမေ့နဲ့။ ဒီနေ့မိုးရွာမယ်ပြောတယ်။'' ဆိုပြီး တစ်နေ့တစ်နေ့မိုးလေ၀သ အခြေအနေနားထောင်ရင်း ကိုယ်တို့ကို မှာကြားချက်တွေ ပေးတတ်တယ်။
“မြို့ထဲမှာ လူ ရုတ်ရုတ်၊ ရုတ်ရုတ်ဖြစ်နေတယ်။ အရေးကြီးကိစမရှိရင် 
    မြို့ထဲမသွားကြနဲ့။'' ရေဒီယိုတွေနားထောင်ပြီး အဲဒီလိုလည်း အစိုးရိမ်ကြီးတတ်တယ်။ ကိုယ်တို့မိသားစုကို အစွမ်းကုန် ဂရုစိုက်ရင်း အဖေဟာသူ့ယုံကြည်ချက်အတွက် ကိုယ်တို့ လပ်ခဲ့တဲ့ကွက်လပ်တွေကို အတတ်နိုင်ဆုံး ပြန်ဖြည့်ခဲ့ပါတယ်။ တကယ်တော့ အဖေပြန်ဖြည့်ပေးတဲ့ ကွက်လပ်တွေက အမှတ်တစ်ရာကျော်နေပါပြီလေ။      
 တကယ်တော့ ပြန်ပြောပြစရာ ဒုက္ခ များများစားစားရယ်လို့ မရှိပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကြုံရတဲ့၊ဆုံရတဲ့ ဒုက္ခတွေအားလုံးကို အမေတစ်ယောက်တည်း သိမ်းကြုံးခံခဲ့လို့ပါပဲ။ ကိုယ်တို့ညီအမနှစ်ယောက်ကတော့ အဖေ့ရဲ့ပခုံးကိုခ ဏတာဆုံးရှုံးဖူးတာ၊ အဖေ့ရဲ့ဂရုစိုက်မှုနဲ့ ခဏတာ ဝေးကွာခဲ့ရတာကလွဲရင် ဘာမှမပြောပလောက်ပါဘူး။
ချောကလက်တွေထက် အဖေ့ရဲ့အိမ်ပြန်ချိန်ကို ပိုပျော်ရွှင်ခဲ့တယ်။ နိုင်ငံခြားသွားနေတယ်ဆိုတဲ့
အဖေ့ထက် ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတဲ့ အဖေ့အတွက် ကိုယ်တို့ပိုပြီး ဂုဏ်ယူခဲ့တယ်။ အဖေ့သမီးဖြစ်ရခြင်းကတော့ ဘ၀မှာ ဂုဏ်အယူဆုံးပါပဲ။
တကယ်တော့ ကဗျာတစ်ပုဒ်ရဲ့နောက်ကွယ်မှာ ရေးသူနဲ့ အတူတူချီတက်ခဲ့ကြတဲ့ နောက်ထပ်
မိသားစုနှစ်စုလည်း ရှိသေးတယ်။ သူတို့က အဖေ့အပေါ်ကို ကိုယ်တို့မိသားစုထက်ကို ပိုပြီးယုံကြည်မှု
ပြင်းထန်ခဲ့တယ်။ သူတို့မိသားစုမှာလည်း သူတို့အဖေတွေနိုင်ငံခြားသွားတယ်လို့ ထင်ကောင်းထင်ခဲ့
နိုင်ပါတယ်။ နောက်ပြီး ကိုယ့်လိုပဲ ချောကလက်တွေမျော်လင့်ခဲ့သေးသလားမသိ။ ကုတ်အကျီအမဲကြီး
လည်းအခုတော့ ကိုယ်တို့ဗီဒိုမှာ သက်တောင့်သက်သာနဲ့ နေသားတကျရှိပါပြီ။ အခုဆို အဖေဘယ်တော့မှ နိုင်ငံခြား မသွားတော့ဘူးလေ။
(ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ၊ စာရေးဆရာ မင်းလူရဲ့ သမီး “ယုယ” ရဲ့ ဖေ့စ်ဘွတ် နုတ်ကနေ ကူးယူဖော်ပြတယ်။ သည်ကနေ ခွင့်တောင်းလိုက်ပါသည်)
(Photo – Suu Chit Thu, Yu Ya Facebook)


Motion Magazine - vol 2 - part 3 - life of political prisoner family

ကိုဇာဂနာ၏ Home Media House - မိုရှင်းမဂ္ဂဇင်း နံပါတ် ၂ - (၃)
နိုင်ငံရေးအကျဉ်းသားမိသားစုများ ရင်ဆိုင်ဖြတ်သန်းမှု  (ဦးမြင့်အေးဇနီးနှင့် တွေ့ဆုံမေးမြန်းသည်)
ရုပ်သံအစီအစဉ် ကောက်နုတ်ချက်
မိုးမခရုပ်သံ၊ သြဂုတ် ၁၇၊ ၂၀၁၃

Saw Ngo - Burmese Way of Life

ကာတွန်း စောငို - သက်ဦးဆံပိုင် အခြေခံဥပဒေနဲ့ ရေမြေ့ရှင်သမ္မတစနစ်(၂)
သြဂုတ် ၁၇၊ ၂၀၁၃

Law Eh Soe - Irrawaddy Photo Essays (10)

လောအယ်စိုး – ဧရာဝတီ၏ ရေစီးသံများ (ဓာတ်ပုံအက်ဆေး) (၁၀)
သြဂုတ် ၁၇ ၊ ၂၀၁၃ 
(ဧရာဝတီဘ၀များ)
အမေရိကန်ပြည်ရောက် ဓာတ်ပုံဆရာ လောအယ်စိုးရဲ့ ဓာတ်ပုံလက်ရာတွေထဲကနေပြီး ဓာတ်ပုံပြခန်းတွေမှာ တင်ဆက်ခဲ့တဲ့ မှတ်တမ်းအချို့ကို ကောက်နုတ်စုဆောင်းတင်ဆက်တာ ဖြစ်ပါတယ်။ မြန်မာပြည်မြင်ကွင်း၊ အမေရိကန်ပြည်ရောက် မြန်မာတိုင်းရင်းသားများ မြင်ကွင်း စတဲ့ မြင်ကွင်းစုံကို ဓာတ်ပုံဆရာတယောက်ရဲ့ ပြတင်းပေါက်ကနေတဆင့် ရှုမြင်ခံစားနိုင်ကြဖို့ပါ။

Nyein Chan Aye - Articles

ဆိုးပေ တိုင်းပြည်နဲ့ ဍ လူ့အဖွဲ့အစည်း
ငြိမ်းချမ်းအေး
သြဂုတ်၊ ၁၅၊ ၂၀၁၃



ရသ စာရေးဆရာများဟာ သူတို့ ဖန်တီး ရေးသားတဲ့ ဝတ္ထုတွေမှာ ပကတိ လောက ကို အခြေခံပြီး ရေးသားတဲ့အပြင် ပိုမိုကောင်းမွန်တဲ့ လောကသစ် ကို မြင်တွေ့ရဖို့ရာအတွက်လည်း ရသ အင်အားကို အသုံးချပြီး စာဖတ်သူ လူအများအပေါ် ဦးဆောင် လမ်းညွှန်တတ်ကြတယ်။ ဒါကြောင့် ရသစာပေဟာ လူတွေကို ပြုံးစေ၊ ရယ်စေ၊ လွမ်းစေ၊ ငိုစေ ကာ စိတ်နှလုံး အာဟာရ ချင်ခြင်း ကို ဖြည့်စည်း ပေးရုံသာမကဘဲ လူတွေရဲ့ တွေးခေါ်၊ ဆင်ခြင်မှု ဉာဏ်အမြော်အမြင်ကိုလည်း သွယ်ဝိုက်တဲ့နည်း၊ တနည်းအားဖြင့် ညင်သာပျော့ပြောင်းတဲ့နည်းနဲ့ တိုးပွားစေတယ်။  ရသစာပေက ပေးနိုင်စွမ်းတဲ့ ခံစားမှုနဲ့ သိမှု နှစ်မျိုးစလုံးဟာ လူတွေရဲ့ နှလုံးသား နဲ့ ဦးနှောက် နှစ်မျိုးစလုံးမှာ ပိုလို့တောင် စူးနစ် စွဲမြဲ သြဇာလွှမ်းစေတယ်လို့ ယူဆကြတယ်။

ဒါကြောင့် ဗြိတိသျှ စာပေပညာရှင် “ဂျီ၊ အက်စ်၊ ဂေါ်ဒွန် (၁၈၈၁-၁၉၄၂)” က ဆိုခဲ့တာပေါ့။  ဘာသာတရား နဲ့ လူမှုရေး ကုထုံးတွေက ဖျားနာနေတဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ရာမှာ သိပ် အလုပ်မဖြစ်ဘူး။  အနုသုခုမ ရသစာပေ ဆေးစွမ်းနဲ့သာ လူတွေရဲ့ ဝိညာဉ်ကို ကယ်တယ်ပြီး ဖျားနာနေတဲ့ တိုင်းပြည်ကို ကုစား ရမယ် လို့ ဆိုခဲ့ဖူးတယ်။ 

ဆိုတော့ ရသစာပေ ရဲ့ သက်ရောက်မှု စွမ်းပကား က ကြီးမားလှတယ်။  လူ့အဖွဲ့အစည်း အပေါ် သြဇာ လွှမ်းမိုးနိုင်မှု ရှိတယ်။  ဒါကြောင့် ရသဆရာများဟာ သူတို့ရဲ့ ရသအစွမ်းနဲ့ လူ့လောက ပြုပြင်တည်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို ရှေးရှုစေဖို့ ကြိုးစားကြတယ်။

အနောက်တိုင်း အင်္ဂလိပ်စာပေ တခု ကို မြန်မာမှုပြု ပြုပြင်ဖန်တီးထားတဲ့ “ဆရာကြီး ဇဝန (၁၉၁၁-၁၉၈၃)” ရဲ့ ဒုတိယ ကမ္ဘာစစ် အလွန်၊ လွတ်လပ်ရေးခေတ်ဦး ဗမာပြည် နောက်ခံ နဲ့ ‘ဝီလျံ’ တဖြစ်လဲ ‘ဆိုးပေ’ ဝတ္ထုတို ကလေးစာပေ တွေကို ကြည့်ပါ။  ကလေးဇာတ်ကောင်တွေ နဲ့ ဇာတ်အိမ်တည်ထားတဲ့ ‘ဆိုးပေ’ ဇာတ်လမ်းအစုံစုံဟာ တိုင်းပြည် ရဲ့ အနာဂတ် ရတနာတွေ ဖြစ်တဲ့ ဗမာပြည်ဖွား ကလေး သူငယ်အများ ရဲ့ နုနယ်ငယ်ရွယ် သန့်ရှင်းနေသေးတဲ့ ရင်ဘတ် နှလုံးသား နဲ့ စင်ကြယ်နေသေးတဲ့ ဦးနှောက် ကို ကောင်းမွန်၊ မျှတတဲ့ စိတ်ဓာတ်၊ အတွေးအခေါ်တွေ ကင်းဝပ်စေဖို့ရာ ကလေးဇာတ်ကွက်တွေအကြား သွယ်ဝိုက်တဲ့နည်းနဲ့ ထည့်သွင်း ဖန်တီးခဲ့တယ်။

ဆရာကြီး မြန်မာမှုပြု ဖန်တီးလိုက်တဲ့ အဓိက ကလေးဇာတ်ကောင် (၅) ဦး ကို ကြည့် ကြည့်ရအောင်ပါ။  တိုင်းပြည်ရဲ့ လူမျိုးစုံ ချစ်ကြည်၊ သမမျှတ နေထိုင်နိုင်မှုကို ရည်ရွယ်ပြီး ဆိုးပေ၊ မောင်မောင်၊ သာဒွန်းဦး၊ အဝိန်၊ အီစွတ် ဆိုတဲ့ မတူညီတဲ့ လူမျိုးစု နောက်ခံ မိသားစု ရှိတဲ့ ကလေး (၅) ဦး နဲ့ ဇာတ်အိမ်ဖွဲ့စည်းထားတာကို တွေ့ရပါမယ်။ ကျား-မ ညီမျှစေဖို့ရာ အတွက်လည်း အနှင်းကလေး ကိုပါ ထည့်လိုက်တယ်။  အနှင်းကလေး ဟာ သူတို့ သူငယ်ချင်းအုပ်စု မှာ အရေးပါ၊ အရာရောက် သြဇာလွှမ်းတယ်။

ကလေးသူငယ် လောက ရဲ့ လွတ်လပ်စွာ နေလိုမှု သဘောကို လည်း ပုံဖော်ထားတယ်။  ရိုးသားသန့်စင်စွာ နေလိုမှု သဘောကိုလည်း ထည့်ထားတယ်။  သူတို့ဟာ အမြဲ ချစ်ခင်၊ စည်းလုံးကြတယ်။  ရသမျှ မုန့်ဖိုး ကို သူဟာ၊ ကိုယ့် ဟာ မခွဲ အမြဲ အတူတကွ ညီတူမျှတူ ခွဲဝေ အသုံးပြုကြတယ်။  စိတ်အခန့်မသင့်လို့ ရန်ဖြစ်ကြရင်လည်း ယာယီ အခိုက်အတန့် သာ ဖြစ်ပြီး မကြာမီမှာပဲ လက်ဆွဲနှုတ်ဆက် ပြန်လည် ချစ်ကြည်ကြတယ်။ 

အဝိန် ဟာ သူ့ ကို မော်စီတုန်း အမည်ပြောင် တပ်ရင် ကျေနပ်သလောက်  ချန်ကေရှိတ် လို့ သူ့ သူငယ်ချင်းတွေက သွားခေါ်ပါကမူ အင်မတန် စိတ်ဆိုးပြီး တပွဲတလမ်း နပမ်းလုံးတတ်တယ်။  ချန်ကေရှိတ် တပ်က အဲဒီအချိန်က အမိ ဗမာပြည်ကို စော်ကား ကျူးကျော်နေသူတွေကိုး။  အလားတူပဲ အီစွတ် ကလည်း သူ့ ကို မူဂျာဟစ် လို့ ခေါ်များ ခေါ်မိရင် ဆတ်ဆတ်ထိမခံ ပြန်ပက်တတ်တယ်။ မူဂျာဟစ် သူပုန်တွေက အဲဒီအချိန်က ခွဲထွက်ရေး လုပ်နေတာကိုး။

ဒါတွေအားလုံးဟာ တိုင်းပြည်မှာ ရှိတဲ့ လူမျိုးစုံ ရဲ့ လူမျိုး တစု အပေါ် အခြေ မခံတဲ့ ကျယ်ပြန့်တဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်စိတ် နဲ့ အချင်းချင်း ညီညွတ်မျှတ ချစ်ကြည် ရင်းနှီးမှု၊ ငြိမ်းချမ်းမှု သဘော၊ တိုင်းပြည်ရဲ့ ဓန အင်အား ကို လူမျိုးစု အသီးသီး ညီတူညီမျှ ခွဲဝေ သုံးစွဲရန် လိုမှု သဘော စတဲ့ တိုင်းပြည် သာယာ၊ အေးချမ်း ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်း၊ ဝါဒ၊ အတွေးအခေါ် တွေကို ကလေး ဝတ္ထု ဇာတ်ကွက် ပုံဖော်ပြီး အားပေး တိုးပွားစေတယ်။ တနည်းအားဖြင့် ငြိမ်းချမ်းခြင်း၊ တရား မျှတခြင်း၊ ညီမျှခြင်း၊ လွတ်လပ်ခြင်း အနှစ်သာရ သဘော၊ လောကပါလ တရား တွေကို ကလေးသူငယ်တွေရဲ့ ရင်ဘတ် နှလုံးသား၊ ဦးနှောက် ထဲကို ရသစာပေ ကနေတဆင့် ဆရာကြီး က တည်ပေး၊ ထည့်ပေး လိုက်ခြင်းသာ ဖြစ်တယ်။

မျက်မှောက်ခေတ် ခေတ်ပေါ် စာရေးဆရာများ ထဲက ထိပ်တန်း ရသ စာရေးဆရာ တဦးဖြစ်သူ ဆရာ မင်းလူ (၁၉၅၄-၂၀၁၃) ရဲ့ ရသခံစားမှု တင်မကဘဲ ဦးနှောက် အတွေးအခေါ်၊ အကျင့်၊ အကြံ၊ ခံယူချက်၊ အသိ၊ သဘော လမ်းညွှန်ချက်တွေကိုလည်း သူ့ ရသ ဖန်တီးမှု ဝတ္ထုတွေထဲကနေ ထုတ်ယူ ကြည့်ရအောင်ပါ။ 

၁၉၈၇ မဆလ ခေတ် နေဝင်ခါနီးအချိန် ကစလို့ နဝတ၊ နအဖ ခေတ်တလျှောက် ကိုယ်ပိုင် ဖန်တီးလာခဲ့တဲ့ ဆရာ မင်းလူ ရဲ့ အနုပညာ ရသပစ္စည်း ‘ရယ်စရာ၊ မောစရာ’ ဇာတ်လမ်းတွဲတွေဟာ နေ့စဉ်မြင်တွေ့နေရတဲ့ လောက ဇာတ်ခုံ အဖြစ်အပျက် အစုံစုံ ကို ဟာသ ရသ စွက် လူတွေကို ဘဝ အမော ပြောစေဖို့ ဖန်တီးထားခြင်း သက်သက်မျိုး မဟုတ်ပါ။  ဒါ့ထက် ပိုပါတယ်။  ရယ်စရာ တွေနောက်က မောစရာ တွေ လိုက် ဖွဲ့ပြခဲ့သလို လူ့အဖွဲ့အစည်း အတွက်လည်း စံနှုန်းတွေ၊ ဖြစ်သင့်၊ လုပ်သင့်တဲ့ သဘောတွေ ချပြပေးခဲ့တယ်။

ဆရာမင်းလူ ရသ အစွမ်းနဲ့ တည်ဆောက်ခဲ့တဲ့ ဝတ္ထုထဲက မြို့မကျ၊ တောမကျ လူ့အဖွဲ့အစည်း တခုဟာ တကယ်တော့ ဗမာပြည် တပြည်လုံးကို ကိုယ်စားပြုတယ်။  သဘာဝကျကျ အခြေခံလူတန်းစား တခု ကို အခြေခံပြီး တိုင်းပြည်မှာ အခြေတည်သင့်၊ ကျင့်သုံးသင့် တဲ့ အကျင့်၊ အကြံ၊ အတွေးအခေါ်၊ အယူအဆ၊ သဘောတရားတွေကို ရသပညာ နဲ့ သွတ်သွင်း ဖန်တီး လမ်းညွှန် ပြထားခြင်း ဖြစ်တယ်။

‘ရယ်စရာ၊ မောစရာ’နဲ့ ဆက်စပ် ဝတ္ထုတိုတွေမှာ လှုမှု အလွှာ အစုံ ကို ပုံဖော်ထားတယ်။  သရုပ်ခွဲကြည့်ရအောင်ပါ။

ဘုန်းတော်ကြီး ဘုရား ဆရာတော် ဇာတ်ရုပ် ဟာ ဗမာ့ လူ့အဖွဲ့အစည်းမှာ သြဇာညောင်းတဲ့ လောကီ၊ လောကုတ္တရာ နှစ်ခုစလုံးမှာ အရေးပါ ဆုံးမပဲ့ပြင် တရား၊ ဓမ္မစစ် လမ်းပြပေးလေ့ရှိတဲ့ ဘာသာရေး  အဖွဲ့အစည်း၊ လူတန်းစား ကို ရည်ညွှန်းတယ်။

ရပ်ကွက် ဥက္ကဋ္ဌ နဲ့ ရာအိမ်မှူး ကိုရှိန် တို့ဟာ အုပ်ချုပ်သူ လူတန်းစား၊ အာဏာယူထားတဲ့ တာဝန်ရှိ အဖွဲ့အစည်း ကို ကိုယ်စားပြုတယ်။

ဦးကုလား က ဓနရှင်၊ စီးပွားရေး လုပ်ငန်းရှင် လူတန်းစားဖြစ်တယ်။  မသီး (မဒမ်ကြီးငွေ) ဟာ ငွေကြေးရှင် ဖြစ်တယ်။

ဒေါက်တာတုတ်ခိုင်ဟာ ပညာတတ် အလွှာ တတ်သိပညာရှင် အလွှာကို အခြေပြုတယ်။

မောင်ဝ ဟာ ရိုးသား၊ ကြိုးစားတဲ့ လက်လုပ်လက်စား၊ အခြေခံလူတန်းစား ဘဝ ကို ဖော်ပြတယ်။  ကျော်ကွန့် (လှထုံ ယောက်ျား) ဟာ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ တဲ့ အလုပ်သမား လူတန်းစား ဘဝ ကို ဖော်ညွှန်းတယ်။  ကျော်ကွန့် ဆရာ စက်ရုံ အရာရှိ ဦးကြည်ဝမ်း က အရာရှိ၊ အရာခံ အလယ် အလတ်တန်းစားကို ကိုယ်စားပြုတယ်။

ပတေး၊ ဘာနူး စုံတွဲ၊ ငွေသိန်း (ခေါ်) ဖိုင်ဇယ် (ပတေး ဝမ်းကွဲ ညီ) နဲ့ ဆိုက်ကားဆရာ အန်းတိတ် (ဒေဝါနန်း) တို့က လူနည်းစု အုပ်စု ဝင် ဘာသာကွဲ (သို့မဟုတ်) လူမျိုးခြား ဗမာပြည်ဖွား နိုင်ငံသား ညီနောင်တွေရဲ့ သရုပ်ကို ပြတယ်။

ကိုကြီးငွေ ဟာ ရပ်ထဲ၊ ရွာထဲမှာ ဟိုစပ်စပ်၊ ဒီစပ်စပ် ဝင်ပါတတ်ပြီး၊ ကမောက်ကမ ဖြစ်ခါ ဖြစ်ရဲ့နဲ လူမှုရေး တာဝန်ကျေတတ်တဲ့ လူထဲက လူအကြောင်း ဖြစ်တယ်။  အောင်ဘာလေ ဟာ သူတထူးကို ကူညီဖို့သက်သက် လူဖြစ်လာတဲ့ စေတနာရှင် လူမှုရေး သမား ဖြစ်တယ်။

လှထုံဟာ ရိုးရိုးတွေး၊ ထင်တာ၊ မြင်တာကို အရှိအတိုင်း၊ အမှန်အတိုင်း ဒိုးခနဲ ဒက်ခနဲ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ရိုးအလှတဲ့ ဗမာ ပြည်ရဲ့ တောသူ၊ တောင်သာ အခြေခံ လူတန်းစား အများစု ကို ကိုယ်စားပြုတယ်။

ဦးဖိုးဗြော့ ဟာ ဗမာ့ လူ့အဖွဲ့အစည်းရဲ့ အရိုးစွဲနေတဲ့ ရှေးရိုး အစဉ်အလာ နဲ့ ဓလေ့ထုံးတွေကို ဆိုလိုတာ ဖြစ်တယ်။

ဓာတ်ခဲ (ဦးကုလား၊ ခေါ်ခင်တီ တို့ရဲ့ မွေးစားသား) ဟာ မတရားမှု ကို ဆန့်ကျင်တဲ့၊ လွတ်လပ်မှုကို ခုံမင်တဲ့ သူပုန် စိတ် အခြေခံ လူငယ်ထုကို ပုံဖော်တယ်။

အခြား ဇာတ်ကောင်များ ဖြစ်တဲ့ ဖိုးနီ၊ ပွကြီး၊ ဉာဏ်စိန် + မလုံး၊ မပွေး (ကိုရှိန့် ဇနီး)၊ ပဲပြုတ်သည် ဒေါ်မှိန်၊ အပျိုကြီး ဒေါ်ပွင့်၊ လူပျိုကြီး ကိုရဲစွန် အစရှိသလို ကနေ  ပြိုင်ဘက် ‘ဌ’ ရပ်သား ဦးစံမတူ (လှထုံ အဖေ)၊ စာကလေး နှင့် တပည့်ကျော် ကြက်ခေါင်း အဆုံး ထိ ပါဝင်သမျှ ဇာတ်ရုပ်တွေဟာ လူ့မှုအသိုင်းအဝန်း ရှိ ပကတိ လူသား တွေရဲ့ လူမှုရုပ်လွှာ အသီးသီးကို ပုံပေါ်စေတယ်။

ဆရာ မင်းလူ ဖန်တီးခဲ့တဲ့ စိတ်ကူးယဉ် လောကဇာတ်ခုံ သေးသေးဟာ လက်တွေ့ လောက ဇာတ်ခုံကြီးလိုပဲ စီးပွား၊ လူမှု၊ ကျန်းမာ၊ ရိုးရာ ဓလေ့၊ ဘဝ အမော အဖုံဖုံ နဲ့ လောလောကြီး ကပြနေကြရင်း နဲ့ ရယ်စရာ၊ မောစရာ ဖြစ်စေသလို လက်တွေ့ ဘဝမှာ အတုယူ စံနမူပြုထိုက်မှု စရိုက်၊ အကျင့်၊ အကြံတွေကိုလည်း တပါတည်း ပြသတယ်။

ဝတ္ထုပါ ဖန်တီး ဇာတ်ရုပ် ဘုန်းတော်ကြီး ဘုရားဟာ သီလ၊ သမာဓိ၊ သိက္ခာရှိရှိ လူမှု၊ လောကီ ရေးရာတွေနဲ့ တတ်နိုင်သလောက် ကင်းကင်းနေ တရား၊ ဓမ္မ အစစ်ကိုသာ လမ်းပြတယ်။  ရပ်အကျိုး၊ ရွာအကျိုး အတွက် တကယ် လိုအပ်လာရင်လည်း အထူးသဖြင့် လူမှုဘဝ ပဲ့ပြင် ဆုံးမ စရာ ကိစ္စများ အတွက် (ဥပမာ နှစ်လုံး၊ သုံးလုံး လောင်းကစားခြင်းမျိုး) ဆိုရင်လည်း အမြဲတမ်း သွန်သင် လမ်းညွှန် ဆုံးမ ပဲ့ပြင်တတ်တဲ့ သံဃာတော် အရှင်သူမြတ်ကောင်း ဖြစ်တယ်။   ဒါဟာ လူ့အဖွဲ့အစည်း ရဲ့ ဘာသာရေး ခေါင်းဆောင် ပုဂ္ဂိုလ်တွေရဲ့ စစ်မှန်တဲ့ အလုပ် သဘောကို ညွှန်းဆိုတယ်။

အပြင် မှာ “ဘာတွေဖြစ်ကုန်ကြပြီလဲ” ကဗျာ နဲ့ အာဏာပိုင် အဖွဲ့အစည်းရဲ့ အာဏာရူးမှု၊ တရားမဲ့မှုတွေကို တော်လှန် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ဆရာမင်းလူ ဟာ သူ ဖန်တီးတဲ့ ဇာတ်ကွက်ထဲမှာတော့ အပြင်လောက ဗမာ့လူ့ အဖွဲ့အစည်း မှာ လက်တွေ့ တကယ် သူ ဖြစ်စေချင်တဲ့ အုပ်ချုပ်ရေး ပုံစံ ကို ဖန်တီး ပြထားတယ်။  ‘ဍ’ ရပ်ကွက် ဥက္ကဋ္ဌ၊ ရာအိမ်မှူး ကိုရှိန် နဲ့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဟာ ရပ်သူ၊ ရွာသား ကို အမိ၊ အဖ အရာထား အမြဲ ဦးထိပ်စဉ် အရေးပေး ၊ တရား နည်းလမ်းတကျ အုပ်ချုပ်၊ ကောင်းစွာ တာဝန်ယူတယ်။

ဓနရှင်၊ လုပ်ငန်းရှင် ဦးကုလား ဟာ အခြေခံ လူတန်းစား နင်းပြားတွေ ဘဝကို အမြဲစာနာတယ်။  ရေထမ်းသမား မောင်ဝ ကို အသက်မွေးဝမ်းကြောင်း အတွက် ရေစည်လှည်း တပ်ဆင်ပေးတာက အစ နောက်ဆုံး အိမ်ထောင် ရက်သား ပြုမှု အထိ တာဝန်ယူ ပေးတယ်။ ဆွေမျိုး၊ မိတ်ဆွေ၊ ရပ်သူ ရပ်သားများအပေါ် အမြဲ စေတနာ ထား လိုအပ်တာ အကူအညီ ပေးကာ အလှူအတန်မှာလည်း ရက်ရော သူ ဖြစ်တယ်။

ငွေကြေးရှင် အတိုးစားသူ လူလည်ကြီး မသီး လို ဇာတ်ရုပ်မျိုးကိုတောင် မှ ဝတ္ထုထဲမှာ ကောင်းကွက်ကလေးတွေ ထည့်ပေးထားတယ်။  မသီးဟာ ငွေကြေးရေးရာ မှာ တိုရေရှားရေ ရှိ၊ မြင်တပ်၊ စေးနှဲ၊ စေ့ကုတ်တတ်တဲ့ အပြင် လူမှုရေး တာဝန် မကျေတတ်လွန်းလို့ အရပ်က မေးငေါ့ ရပေမယ့် မောင်ဝ နဲ့ ရွှေကြည် စေ့စပ်မင်္ဂလာ ဖြစ်မြောက်အောင် အတွက်တော့ လိုလိုလားလား သူ့ လင်တော်မောင် ပါလေရာ ကိုကြီးငွေ ကို ပေးလွှတ် အဝတ်အစားသစ် ဆင်ပေးရှာရင်းနဲ့ စိတ်ကောင်းကို လှစ်ဟ ပြထားတယ်။

ပညာတတ်အလွှာ ကိုယ်စားပြု ဆေးပညာရှင် ဒေါက်တာတုတ်ခိုင် ဟာ အသပြာ ဆရာ မဟုတ်ဘဲ စေတနာ ဆရာ ဖြစ်တယ်။  ကိန်းကြီး၊ ခန်းကြီး မနိုင်သလို၊ ပညာတတ်၊ သမားဂုဏ် မပြ၊ အခွင့်ထူး မခံ အများနဲ့ တပြေားတည်း နေတတ်သူ ဖြစ်တယ်။  အပျိုကြီး ဒေါ်ပွင့် ကို ပယောဂ ကုပေးတာက အစ၊ လှထုံကို သိုက်ကြိုးဖြတ်ပေးတာ အလယ်၊ ဘုန်းကြီးကျောင်း က တိုင်ကပ် နာရီ ပြင်ပေးတာ အဆုံး ရပ်ရေး၊ ရွာရေးမှာလည်း အမြဲ ထဲထဲဝင်ဝင် ရှိတယ်။

ပညာနည်းကာ အလုပ်ကြမ်း လုပ် အသက်မွေးရရှာတဲ့ အခြေခံလူတန်းစာ ကျောမွဲ မောင်ဝ တယောက် ကလည်း မဟုတ်မခံ၊ မာမာထန်ထန် ရှိလှပေမယ့် ရိုးသား၊ ကြိုးစား မှု၊ ရပ်အကျိုး၊ ရွာအကျိုး အပင်အပန်း ခံ ကူညီမှုတတ်မှု စိတ်နှလုံးကောင်းကြောင့် အရပ်က ချစ်တယ်။

စက်ရုံ အလုပ်သမား ကျော်ကွန့်ကလည်း ရိုးဂုဏ်လေးနဲ့ တည်တည်တံ့တံ့ နေထိုင် အသက်မွေးရှာတယ်။  ငွေဂုဏ်မောက်၊ ငွေမက်တဲ့ လှထုံ အဖေ ယောက္ခထီးကြီး ဦးစံမတူ မကြည်ဖြူပေမယ့် အရပ်ထဲမှာတော့ လူချစ်လူခင် ပေါလှတယ်။ ကျော်ကွန့် ဆရာ ဦးကြည်ဝမ်းကလည်း လူကြီးဂုဏ်မြောက် အောက်လက်ငယ်သား အပေါ် တရားစွာ ကျင့်ကြံသူ ဖြစ်တယ်။

ပတေးဘိုင် ကလည်း လူမျိုး၊ ဘာသာကွဲ သော်ငြားလည်း အားလုံးနဲ့ တသားတည်း ရပ်ရေး၊ ရွာရေး မှာ တက်ကြွတယ်။  ဘုန်းကြီးကျောင်း အလှူ တိုင်းမှာ အစားသောက် ကိစ္စ ဒကာ ပတေး ပဲ အားကိုးရတယ်လို့ ဆရာတော်ကြီး ကိုယ်တိုင်က မိန့်ရတယ်။  ပတေး ဘိုင် ကတော် ဘာနူး ရဲ့ စပယ်ရှယ်လ် ဆိတ်ခေါင်းဟင်း ဆိုရင် ဘုန်းကြီးကျောင်း ကို အမြဲ ဆွမ်းပို့နေကျပဲ။  သံဃာတော် အများနဲ့ ဆက်ဆံရာမှာလည်း ပြေပြစ် လျောက်ပတ် ရုံမက ဝေါဟာရပါ ကျွမ်းကျင်တယ်။  တခါတလေ အလှူ အတန်း ပွဲတွေမှာ ဘုန်းတော်ကြီး ဘုရား တရားဟောရင် တရားထောက် က နှုတ်သွက်တဲ့ ပတေးဘိုင်ပဲ ရှေ့က ဖြစ်နေတတ်တယ်။  ဆန္ဒ ရှိရင် အရပ် ဘုရား ရဲ့ ဘုရားဂေါပက ပါ လုပ်ချင်ရင် လုပ် လို့ရတယ်။  အဲသလောက်ကို အရပ်က ကြည်ဖြူတယ်။  ဒါ့အပြင် ရပ်ရွာချစ်စိတ် နဲ့ ကိုကြီးငွေ ဘက်ရပ် တခြား အရပ်သား ပြိုင်ဘက် စာကလေး ကို နှိပ်ကွပ်ရာမှာလည်း “ဟို.. လူယုတ်မာက.. အတည်.. ဟို..လူယုတ်မာက.. အတည်.. မုသား.. စကားတွေ.. ပြောလေပြီ..” ဆိုတဲ့ ရွှေမန်းတင်မောင် ဇာတ်ထုပ်ခင်း ကာ အကြံပိုင်ပိုင်၊ ဗမာ့မှုရေးရာ ကျွမ်းကျင်စွာ နဲ့ ရပ်ရွာဘက်က ရပ်တတ်သူလည်း ဖြစ်တယ်။

တရုတ်ကပြား အန်းတိတ် ဟာ ဘာလူမျိုးရေး အစွဲမှ မရှိဘဲ အိန္ဒိယ အစာ ကြိုက်၊ ရုပ်ရှင် ဆိုရင်လည်း ဘောဘီဝုဒ် ကုလားကားမှသာ ကြည့်တယ်။  ကုလားကားကြိုက်လွန်းလို့ သူ့နာမည် အန်းတိတ် က နေ အိန္ဒိယ နာမည်ကျော် မင်းသား ဒေ့ဗ်အာန် ရဲ့ မြန်မာအသံထွက် ‘ဒေဝါနန်း’ ဖြစ်ခဲ့ရတယ်။  အရက်ကလေးများဝင်ရင် ပတေး ထက် သာအောင် ကုလားသီချင်း ဆိုပြလေ့ရှိသူ ဖြစ်တယ်။

လူမှုရေး ကျေလွန်းသူ ကိုကြီးငွေ နဲ့ ကူညီပါရေစေ စေတနာ ရှင် အောင်ဘာလေ တို့ ဟာလည်း လုပ်သမျှ၊ ကိုင်သမျှ မှာ အရာရာ နဲ့ အကြောင်း ကြောင်း ကိုးရိုးကားရား ဖြစ်ကာ ကမောက်ကမ နိုင်မှု မျိုးစုံ တွဲနေပေမယ့် ပင်ကိုယ်စိတ်ရင်း သဘောရိုးမှုကို အမြဲ ပြတတ်တယ်။

ထုံတိုင်း ရိုးအ လှတဲ့ လှထုံ ရဲ့ ဘဝ အမြင်တွေ၊ လုပ်ဆောင်ချက်တွေ၊ ပြောဆိုပုံတွေဟာ ရိုးစင်းလှပေမယ့် ဒါဟာ အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်နေတတ်တယ်။  ရိုးသားတဲ့ အခြေခံကျောမွဲ လူထု အများစု သည်သာ အမှန်တရား ဆိုတာကို လှထုံ မှာ တွေ့နိုင်တယ်။

ဦးဖို့ဗျော့ ဟာလည်း ရှေးရိုးစွဲ ဓလေ့ ဂွကျ တတ်ပေမယ့် ရပ်ထဲ၊ ရွာထဲမှာ လူကြီးသူမ အနေနဲ့ အရွယ်ဂုဏ်၊ ပညာဂုဏ်ရှိ အားကိုးရတယ်။

ဓာတ်ခဲ ဟာ လူငယ် သဘာဝ လွတ်လွတ်လပ်လပ်နေ၊ စိတ်ထင်ရာလုပ်၊ ပြဿနာ ရှာတတ်ပေမယ့် ပင်ကိုယ် စိတ်ရင်းစေတနာ ကောင်း၊ မဟုတ်တာကို မခံ၊ မတရားတာကို ဆန့်ကျင် သူဖြစ်တယ်။  အားနည်းသူ မောင်ကျော်လှ (လှထုံ + ကျော်ကွန့် တို့ရဲ့ သား) ကလေး ကို အမြဲ ကူညီ စောင့်ရှောက် တတ်သူ ဖြစ်တယ်။  အရပ်ထဲမှာ အဆင်းရဲဆုံးဖြစ်တဲ့ မောင်ဝ နဲ့ ရွှေကြည် နီးဖို့ အရေး အကူညီ ပေးသလို မင်္ဂလာ လက်ဖွဲ့ အတွက်လည်း အရပ်ထဲ လှည့် သူငယ်ချင်းတသိုက် ကို ဦးဆောင် ဗော်လန်တီယာ လုပ် မင်္ဂလာလက်ဖွဲ့ကြေးရအောင် စွမ်းဆောင်ပေးသူ ဖြစ်တယ်။

သူတို့ အားလုံးဟာ အားနည်းသူ ဘက်က ရပ်ကြတယ်။  မတရားမှုကို ဆန့်ကျင်လိုကြောင်းလည်း ပြကြတယ်။

ယူရို ၂၀၀၀ ဘောလုံးပွဲကြည့်တာမျိုးတောင်မှ ကိုယ်စီ၊ ကိုယ်စီ ထင်ရာ၊ မြင်ရာ အစွဲကလေးတွေနဲ့ အသင်း အသီးသီးကို စိတ်ကြိုက် အားပေးကြပေမယ့် အကြိုဗိုလ်လုပွဲ ပြင်သစ် နဲ့ ပေါ်တူဂီ ပွဲမှာတော့ ပဉ္စင်းတက်နေရာက လူထွက်ပြီး ဘောလုံးပြေးကန်သလား ထင်ရတဲ့ ပြင်သစ် ဂိုးသမား သူတို့အခေါ် “ဘသက်” (နာမည်ကြောင့် သူတို့ အထင် မြန်မာကပြား ဖြစ်ရမယ်) ကို နှစ်သက်ပေမယ့် တကယ်တမ်း ပွဲပြီးတော့ အားနည်းတဲ့ဘက်၊ မတရား အလုပ်ခံရတယ်လို့ ယူဆ တဲ့ဘက် ပေါ်တီဂီ အသင်းဘက်ကို ပြောင်း အားပေး၊ ယူကျုံးမရ ဖြစ်ကုန်တယ်။  ဗိုလ်လုပွဲ မှာလည်း အားနည်းသူ ဘက် က ဆက်လိုက်တဲ့ သဘော၊ မတရား တက်လာလေခြင်းကို မခံနိုင်၊ ဆန့်ကျင်တဲ့ သဘော အနေနဲ့ မြန်မာကပြား ဦးပဉ္စင်းလူထွက် ပြင်သစ် “ဘသက်” မျက်နှာကိုမှ မထောက်တော့ဘဲ အီတလီ အသင်းကိုသာ အားပေးတယ်။

သူတို့ အားလုံးဟာ ရပ်ရေး၊ ရွာရေး မှာ ညီညွတ်ကြတယ်။  စည်းလုံးကြတယ်။  လူမှု အလွှာ၊ ဆင်းရဲ၊ချမ်းသာ လူမျိုး၊ ဘာသာ အကန့်အသတ် မရှိ အားလုံး တစားတည်း ရပ်အကျိုး၊ ရွာ အကျိုး သယ်ပိုးကြတယ်။  ဘာသာရေး ကိုယ်စားပြု အရှင်သူမြတ် ကလည်း တရား၊ ဓမ္မ အစစ် နဲ့ လမ်းပြတယ်။  အာဏာရှိ၊ အုပ်ချုပ်သူ လူတန်းစား က လည်း တရားမျှတမှု ရှိ၊ တာဝန်ကျေ၊ တာဝန် ယူမှု ရှိတယ်။  ပစ္စည်း၊ ဥစ္စာ၊ ဓန အင်အား ရှိသူကလည်း မရှိသူကို ငဲ့တယ်။  ကူတယ်။  မျှမျှတတ ဆက်ဆံတယ်။  စာနာ စိတ်ရှိတယ်။  ငို့ဘ စိတ် နည်းကြတယ်။  ပညာတတ်သူကလည်း ပညာ ဂုဏ် မမောက်၊ မထောင်လွှားဘဲ အခြား ပညာ အခြေခံနည်း အများလူထု ရပ်သူ၊ ရွားသား အားလုံးကို ရှေ့ဆောင် လမ်းပြ ကူညီ အကျိုးဆောင်တယ်။

ဒီလို သမမျှတ၊ အတုယူဖွယ် ဖြစ်နေတဲ့ လောက အသိုင်းအဝန်း လူ့အဖွဲ့အစည်းလေးတခု ကို ဆရာ မင်းလူက သူ့ ရသ အဖွဲ့ ဝတ္ထုတွေထဲမှာ ထည့်ဖွဲ့ပြရင်း ပြင်ပ လူ့အဖွဲ့အစည်းကို တိုင်းပြည် လူထု စာဖတ်ပရိသတ် ကို အတူယူစေတယ်။

အခု မျက်မှောက်ခေတ် မှာ ဒီမိုကရေ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ “တိုင်းသစ်တည်လို့ ပြည်သစ်ဆောက်မယ်” ဆိုပြီး ပြည်သူလူထု အများ၊ နိုင်ငံရေးသမား ဆိုသူများ နဲ့ အစိုးရ က ကြွေးကြော်နေကြတယ်။ ဒါပေမယ့် ကျင့်သုံးတဲ့၊ တွေးခေါ်တဲ့၊ အကျင့်၊ အကြံ၊ အပြုအမူ၊ သဘောထား နဲ့ အတွေးအခေါ် တွေကတော့ ဝမ်းနည်းဖွယ် လမ်းလွဲနေကြတယ်။  အမှန်က အထက်မှာ ဆိုပြခဲ့တဲ့ ဆရာကြီး ဇဝန နဲ့ ဆရာ မင်းလူ တို့ရဲ့ ရသဟန် ရေးဖွဲ့ ချပြ၊ လမ်းညွှန် သွားခဲ့တဲ့ “ဆိုးပေ တိုင်းပြည်” နဲ့ “ဍ လူ့အဖွဲ့အစည်း” ရဲ့ အကျင့်၊ အကြံ၊ အတွေးအခေါ်၊ အပြုအမူ၊ တွေကို တိုင်းပြည်ရဲ့ လူမှု လူတန်းစား အသီးသီး၊ အလွှာ အသီးသီးက မွေးယူ ကျင့်ကြံနိုင်ရင် အမှန်တကယ်ပဲ လက်တွေ့ တိုင်းသစ် တည်လို့ ပြည်သစ် ဆောက်နိုင်ပါမယ်။  ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး ဒီမိုကရေစီ တရားတွေ ကြွယ်ဝလှ တဲ့ လောက နိဗ္ဗာန် ချမ်းသာကိုလည်း တပါတည်း ရရှိမှာ ဖြစ်တယ်။

ဆိုတော့ မိတ်ဆွေ စာဖတ်သူများခင်ဗျာ..။  ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့။  “ဆိုးပေတိုင်းပြည်” နဲ့ “ဍ လူ့အဖွဲ့အစည်း” ဆီသို့ ချီတက်ကြ ရအောင်ပါ။

ငြိမ်းချမ်းအေး
၅ သြဂုတ် ၊ ၂၀၁၃

(သြဂုတ် လ၊  ၁၄.ရက် ည ၁၁း၃၀ နာရီ မှာ ဆုံးပါး သွားရှာတဲ့ ဆရာမင်းလူသို့ ရည်စူးလျက်)

Salai Sunpi - Cartoon


နိုင်ငံရေးဆိုတာ
ကာတွန်း - ဆလိုင်းစွမ်းပီ
သြဂုတ် ၁၆၊ ၂၀၁၃

Wutt Hmoe (Former Staff) - Articles

လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး သမ္မတဦးသိန်းစိန် တိုက်တွန်းကို ဆွေးနွေးခြင်း
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၁၆၊ ၂၀၁၃



Myanmar Report ကို ထုတ်ပြန်လိုက်ပြီး မြန်မာ့ စွမ်းအင် ကဏ္ဍ အတွက် အကြံပြုချက် ၁၇ ခုကို တင်ပြ ထားသည်။ စွမ်းအင် ဝန်ကြီးဌာန နှင့် အာရှ ဖွံဖြိုးရေး ဘဏ် ၊ Accentor’s Energy စက်မူ လုပ်ငန်းစု တို့ ပူးပေါင်း ရေးဆွဲသည့် အစီရင် ခံစာကို လက်တွေ့ အကောင်ထည် ဖေါ်မည့် မြန်မာ့ ပညာရှင် များစွာ လိုအပ်သောကြောင့်၊ အစိုးရမှ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ပြည်ပရောက်မြန်မာများနှင့်တွေ့ဆုံစဉ် ပြန်လာကြပါ ..ပြောကြားခဲ့သည်။ အခြားနိုင်ငံများတွင်လည်း အဆင်ပြေနေသူများ ပြန်မလာကြပါ။ သမ္မတအကြံပေးဦးလှမောင်ရွှေအဖွဲ့ မေလ(၁)ရက်၊ ၂၀၁၃ တွင် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး၊ အမေးအဖြေများပြုလုပ်ခဲ့ကြပါသည်။  ပြန်လာကြပါဟုဖိတ်ခေါ်သော အမိမြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမျိုးသားစိတ်ဓါတ်ဖြင့် မည်ကဲ့သို့ကူညီနိုင်မည်ကို နေ့၁၂နာရီမှာ ညနေ၅နာရီခွဲတိုင်အောင် ဆွေးနွေးကြပါသည်။ လက်တွေ့ဖြစ်ဖို့ မလွယ်သေးသည့် ပေါ်လစီဆွေးနွေးမှုများအဖြစ် ရှိနေပါသေးသည်။ ၀န်ကြီးဦးအောင်မင်းက ပွင့်လင်းစွာဖြင့် မိမိတို့အစိုးရသစ်သည် နိုင်ငံပြုပြင်ပြောင်းလဲကာစ၊ ဘာမှမသိပါကြောင်းဝန်ခံကာ၊ တတ်သိလာစေရန် နေ့ညမပြတ်ကြိုးစားနေရကြောင်း ပြောပြပါသည်။ အမေရိကန်မြန်မာဆရာဝန်များ၊ စင်ကာပူရောက်မြန်မာအင်ဂျင်နီယာများ ကူညီပံ့ပိုးမှု အလွန်လိုအပ်ကြောင်း အမှာစကားပြောသွားပါသည်။ စင်ကာပူမှ ဦးအေးငြိမ်း (စက်မှုအင်ဂျင်နီယာ) ကလည်း လောလောဆယ် မိသားစုစားဝတ်နေရေးကြောင့် ပြန်လာဖို့ဖိတ်ခေါ်သော်လည်း၊ မပြန်လာနိုင်သေးပါကြောင်း တင်ပြခဲ့ပါသည်။ 

မြန်မာအစိုးရလူကြီးများသည် လျှပ်စစ်မီးရရှိရေးနှင့်အလုပ်အကိုင်ရရှိရေးတို့ အဓိကဖြစ်နေကြောင်း သိရှိနေပါသည်။ နိုင်ငံတော်သမ္မတကိုယ် တိုင် လွှတ်တော်သို့ အောက်ပါအတိုင်းပြောကြားသွားသည်ဟု ဆိုသည်။ 


● RFA လွှတ်တော်သတင်း 2013-08-14
လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂နှစ်ခွဲကာလအတွင်း  ပြည်သူတွေ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က   တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်က သမ္မတနေအိမ်မှာ ဒီနေ့မနက် ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအသစ်တွေ ကတိသစ္စာခံယူတဲ့ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က ခုလို တိုက်တွန်းပြောကြားလိုက်တာပါ။  အစိုးရအဖွဲ့အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အဂတိတရားကင်းရှင်း ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က သတိပေးပြောကြား ခဲ့ပါတယ်။

“မိမိတို့အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း ၃ဝ အတွင်း ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားလို တဲ့ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ အလုပ်အကိုင်ရရှိရေး ဆိုတဲ့ လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့နဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ ဝိုင်းဝန်းပြီးလုပ်ကြဖို့ လိုအပ်ပါတယ်၊ ဒီလုပ်ငန်းတွေအောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ဝိုင်းလုပ်ကြဖို့ဖြစ်ပါ တယ်၊  တစ်ဦးချင်းတာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ် တတ်တာရှိပါတယ်၊  စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာဖြစ်သော်လည်းပဲ ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်ပါတယ်”

အဲ့ဒီအခမ်းအနားမှာပြောကြားတဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းကို ဒီနေ့ အစိုးရပိုင်မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက် ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပြည်သူတွေ ဆန္ဒရှိနေကြောင်းနဲ့ မိမိတို့အစိုးရအနေနဲ့ အဲဒီ့ဆန္ဒတွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားဖို့လိုကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးနိုင်ခဲ့ပြီး မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရက်နေ့မှာ ဒုတိယဝန်ကြီး ၅ဦး၊ သြဂုတ် ၁၃ရက်နေ့မှာ ဒုတိယဝန်ကြီး ၃ဦးတို့ကို အသစ်ခန့်အပ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။


● ကျွန်ုပ်၏ကောက်နုတ်ချက်

သမ္မတပြောပြသော် ...
၁။ ရေကောင်းရေသန့်ရရှိရေး
၂။ လျှပ်စစ်မီးရရှိရေး
၃။ သွားလာမှုအဆင်ပြေရေး (ကား၊ဟန်းဖုန်း)
၎။ အလုပ်အကိုင်ရရှိရေး ...(အထည်ချုပ်၊ စက်ရုံများ၊ စာသောက်ကုန်လုပ်ငန်းများ etc)

ထို(၄)ချက်တွင် ချက်ချင်းလက်ငင်း အဆင်ပြေသွားစေနိုင်သည့်အချက် တစ်ခုမှမပါပေ။ အားလုံး စီမံကိန်းနှင့် မြင့်မြတ်စိတ်ထားရှိသူများ ဦးဆောင်၊ အနစ်နာခံလုပ်ကိုင်ရမည်ဖြစ်သည်။ အနစ်နာမခံနိုင်သူများမှာ စီးပွားရေးလုပ်ငန်းများတွင် ခေါင်းမဖေါ်နိုင်အောင် အလုပ်လုပ်နေမည်ဖြစ်သော်လည်း စိတ်ဓါတ်ကောင်းများ Good Attitude ရှိသူများက နိုင်ငံတကာအဆင့်နှင့်အညီ ဦးဆောင်နိုင်မှဖြစ်ပါမယ်။ ယခုအချိန်တွင် ပြည်တွင်းခေါင်းဆောင်များ နိုင်ငံခြားအတွေ့အကြုံ များစွာလိုနေကြောင်း အားလုံးကသိသော်လည်း မပြင်နိုင်ပါ။ အရိုးစွဲနေသော (အမိန့်ပေးမှလုပ်တတ်သည့်စိတ်ဓါတ်)များကို ပြင်ဆင်ရန် ခက်ခဲလှပေသည်။

လျှပ်စစ်လုပ်ငန်းတွင် မည်သို့တိုးတက်အောင်လုပ်မည်နည်း။ ရှင်းနေပါသည်။ တရုပ်ပြည်နှင့်ထိုင်းနိုင်ငံတို့တွင် လျှပ်စစ်ဓါတ်အားပေး စက်ရုံများကို တည်ဆောက်ပြီး ထွက်လာသောဓါတ်အားကို တစ်ဝက်စီ ရောင်းချပေးရန်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မြန်မာနိုင်ငံက တစ်ယူနစ်ဈေးနှုန်း ပိုပေးဝယ်ယူရမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တစ်ယူနစ် ၄ဆင့်မှ ၁၀ဆင့် (US$ cent) သာ ပေါက်ဈေးရှိသော်လည်း မြန်မာပြည်ဖက်တွင် ၁၅ဆင့်မှ ၂၀ဆင့်အထို ဈေးပေါက်နေသည်။ အစိုးရက မီးထွန်းဖို့ပေးသောဓါတ်အားနှင့်မရျိမဖြစ် ခရိုနီစက်ရုံများအား ရောင်းပေးသောဈေးနှုန်းမှာမူ ၃ဆင့် ဖြင့်ရောင်းချနေသည့်အပြင်၊ အခမဲ့ယူသုံးနေသော စီးပွားလုပ်ငန်းများစွာရှိသည်။ အစိုရဌာနကို မည်သို့စာရင်းစစ်မည်နည်း။ 

အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်တွင် FDI ဖြင့်လာရောက်ရင်းနှီးသည့် အထည်ချုပ်စက်ရုံများ၊ ၂ဆခန့်တိုးလာခြင်းသည်။ အလုပ်အကိုင်အခွင့်အလမ်းကြီးတစ်ခုဖြစ်သည်။ စားသောက်ကုန် တစ်နိုင်လုပ်ငန်းများစွာမှာ၊ (ဆန်စက်၊ ဆီစက်၊ ဘီစကွတ်စက်၊ ခေါက်ဆွဲစက်၊...etc) အလုပ်သမာစက်ရုံးများဆောက်လုပ်လာဖို့လည်း လိုသည်။ အလုပ်သမားအမြောက်အများဆုံးမှာ လယ်ယာလုပ်ငန်း (၇၀%) ရှိသည်။ ထိုလူတန်းစားသည် အမွဲတေဆုံးလူတန်းစားအဖြစ် ခေတ်အဆက်ဆက် ရှိနေမည်ဖြစ်သော်လည်း၊ မြန်မာပြည်တွင် မတင်သွင်းရသေးလျှပ် မြန်မြန်အကောင်ထည်ဖေါ်ရပေမည်။ အလုပ်သမားများကို သတ်မှတ်ပေါက်ဈေး (အနိုမ့်ဆုံးလုပ်ခ) ဖြင့် အလုပ်ပေးမည်ဖြစ်သည်။ 

သယံဇာတရောင်းစားခြင်းမှာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်နေကျကိစ္စဖြစ်သည်။ လုံးဝပွင့်လင်းမြင်သာမှုမရှိအောင်ဖြစ်နေသည်မှာ သဘာဝကျပါသည်။ နိုင်ငံအတွက် လည်း လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်သည်။ လူတကာသိသွားလျှင် နိုင်ငံအတွက်လည်း မကောင်းပါ။ လွှတ်တော်တွင် ထိုကိစ္စကို သီးသန့် ကာ/လုံနှင့် ငြိမ်းချမ်းကော်မတီ များသာ ဆွေးနွေးနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော .. တိုင်းရင်းသားလက်နက်ကိုင်များမှာ သယံဇာတ လုယူ/ဓါးပြတိုက်/ဝေစုမတည့်ခြင်းကို Hidden Agenda ဖြစ်သည်။ မည်သည့် တိုင်းရင်းသားလက်နက်ကိုင်မှ ဝင်ငွေမရှိပဲမရပ်တည်နိုင်သလို၊ အစိုးရစစ်တပ်လည်း ဝန်ငွေမရှိပဲ စစ်သား ၄သိန်းကို ကျွေးမွေးမထားနိုင်ပါ။ လက်နက်ကိုင်စစ်သားများ ကျေနပ်အောင် သူတို့ဝင်ငွေရသည့်အလုပ်များ လုပ်ခွင့်ပေးနေရသည်။ အထူးသဖြင့် သယံဇာတ ထွက်ကုန်၊ လူသုံးကုန်ပစ္စည်း (ကန့်သတ်ကုန်များ) သွင်းကုန် အခွန်ကောက်ခြင်းလုပ်ငန်းများဖြစ်သည်။

ပြည်ပ ထုတ်/သွင်းကုန်များတွင် ၄မျိုး အကြမ်းဖျင်းခွဲခြားနိုင်သည်။ 
(စစ်လက်နက်ပစ္စည်းများမပါ)

၁။ ကန့်သတ်ထုတ်ကုန်များ (လိုင်စင်နှင့်ပါမစ် - ခရိုနီများသာလုပ်ကိုင်) Export
- ဓါတ်ငွေ့ (ရတနာ၊ ရဲတခွန်၊ ရွှေ ..etc)
- ကြေးနီ (မုံရွာ၊ လက်ပတောင်းတောင်)
- နိကယ် (တကောင်းမြို့အနီး) 
- ကျောက်စိမ်း (ကချင်ပြည်နယ်၊ ဖားကန့်)
- နီလာ၊ပတ္တမြား၊ကျောက်မျတ် (မိုးကုတ်၊မိုင်းရှုး..etc)
- ကျွန်းသစ်နှင့်သစ်မာများ (ကချင်၊စစ်ကိုင်း၊ကရင်၊မွန်၊ပဲခူးရိုးမ၊ရခိုင်ရိုးမ ...)
- ပုလဲ (မြိတ်ကျွန်းစု)
- ရွှေ (ကချင်၊စစ်ကိုင်းတိုင်း မြစ်ရိုးတလျှောက်)
- ငွေ၊ သံဖြူ၊ အဖြိုက်နက် ... (မွန်ပြည်နယ်)
- အခြားလူမသိသေးသော သတ္တုတွင်းများ (တရုပ်-မြန်မာ)
- လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်း (နယ်စပ်- ကချင်ပြည်နယ်တာပိန်ဓါတ်အားရုံ ..etc)
- ဆေးရွက်ကြီး၊ ဘိန်းနှင့်မူရစ်ဆေးများ (တရာမဝင်၊ နယ်စပ်များ)

၂။ ကန့်သတ်မထားသောကုန်စည်များ Export
- လူသားအရင်းအမြစ် (အေးဂျင်များဖြင့်၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး၊ အလုပ်သမား၊အိမ်စေ .ထိုင်း၊မလေးရှား၊စင်ကာပူများသို့ တင်ပို့ခြင်း)
- ငါး၊ပုဇွန် (ရေချိုငါး၊ပုဇွန်ကန်များ၊ ရေငံပင်လယ်ငါး၊ပုဇွန်များ) $2000 millions
- ဆန် (US$ 1000 million)
- ပဲမျိုးစုံ  (US$ 800 million)
- ရာဘာ၊ (အများစုတရားမဝင်ထိုင်း၊ဘင်္ဂလားဒေခ်ျသို့ထုတ်ရောင်းသည်။ ~US$1000 million)
- အသီးနှံမျိုးစုံ (Us$100 million)
  (သရက်၊ မာလကာ၊ ဇီးသီ၊ မန်ကျီး၊ ငြုတ်၊ သီဟိုစေ့၊ ဘယ်ရီသီး၊ ငှက်ပျော်ခြောက် plaintain, ပလောပီနန် cassava ) 
- မြေပဲ၊ နှမ်း၊ နေကြာ (US$500 million)
- ကော်ဖီ၊လက်ဘက်ခြောက်
- ပျော့ဖတ် (ဝါးဖြင့်လုပ်သည်)
- သစ်မွှေး၊ဘယဆေးနှင့်ရှားပါးတိရိစ္ဆာန်၊သစ်ဥ၊သစ်ဖု၊သဘာဝပျားရည်၊ဘယဆေးများ ..

၃။ တရားဝင် သွင်းကုန် ၅၃၉ကျော်  Import
ပါမစ်၊လိုင်စင်မလိုပဲ 2013 သွင်းခွင့်၊အမိန့်ထုတ်ပြန်ပြီးဖြစ်သည်။ သွင်းကုန်အမယ်ပစ္စည်းအများစုမှာ လူသုံးကုန်၊ စက် မှုကုန်ကြမ်း၊ လုပ်ငန်းသုံး၊ အိမ်သုံး၊ သစ်သီးဝလံ၊လျှပ်စစ်ပစ္စည်း၊ယာဉ်/စက် ပစ္စည်း၊ အပိုပစ္စည်း၊ ဆက်စပ်ပစ္စည်း များ၊အားကစားပစ္စည်း များဖြစ်ကြသည်။ 
နမူနာအားဖြင့်မီးဖိုချောင်သုံးစ တီးပစ္စည်း၊ စတီးထမင်းချိုင့်၊ ဟင်းချက် အိုး၊ ထမင်းပေါင်းအိုး၊ Gas  မီးဖို၊ ဖိနပ် ကုန်ကြမ်း၊ ဖိနပ် (အားကစား၊ သားရေ/ အခြားဆိုးလ်၊ ရော်ဘာ၊ ပလတ်စတစ်) ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာ မှုန့်၊ ဆပ်ပြာမှုန့်ကုန်ကြမ်း၊ ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်ကုန်ကြမ်း၊ ဂျုံစေ့၊ ကမုတ်၊ ရေချိုးခန်းသုံးပစ္စည်း၊ သုတ်ဆေး၊ပေါလစ်၊ရေနံထွက်ဖယောင်း၊ အိတ်အမျိုးမျိုး (သားရေ)၊ (fibre/ ဘိုးလင်း) ဖြင့်ပြုလုပ်ထားသောစက္ကူ အိတ်များ၊ကား/စက်ဘီး/ဆိုင်ကယ် တာယာ၊ ကျွတ်များ၊ ကျွတ်မျိုးစုံ၊ လေ ယာဉ်/ဆိုင်ကယ်တာယာများ၊ စက်ဘီး အမျိုးမျိုး၊ စက်ဘီးအပိုပစ္စည်းအမျိုးမျိုး၊ ဘတ်ထရီခြောက်၊ဆောက်လုပ်ရေး လုပ် ငန်းသုံးအင်္ဂတေအမိုးပြား၊ ကြွေပြားမျိုး စုံ၊ကြွေပွတ်လုံး၊ကြွေအိမ်ဆောက်ပစ္စည်း ကြွေထည်အမျိုမျိုး၊ မှန်ပြား၊ မှန်အမျိုး မျိုး၊ သံဘောင်၊ စတီးဘောင်အမျိုးမျိုး၊ သွပ်ပြား (စတီးပြား)၊ မျက်နှာကြက်ပြား၊ U,I,4 Shaped  သံဘောင်များ၊ အမိုး ရိုက်သံ၊ အလျူမီနီယံ၊ မီးဖိုချောင်သုံး အလျူမီနီယမ်၊ဆိုးဆေး၊ ပေါင်းသတ်ရာ မှာသုံးတဲ့ ပစ္စည်း၊အလှကုန်၊မျက်နှာကြက် ပြား၊ ဓာတ်ခဲကုန်ကြမ်း၊ သံကြိုးခွေ၊ သံချိန်းကြိုး၊ စတီးပြားလိပ်၊ သံပြားလိပ်၊ သံပိုက်၊ သွပ်ရေစိမ်စတီးပြား၊ စတီးပိုက်၊ ပိုက်ဆက်ပစ္စည်း၊ သွပ်ရေစိမ်သံပြား လိပ်၊ သံခွေ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ပရိဘောဂ (သတ္တု/သစ်သား/ပလတ်စ တစ်/ကြိမ်/၀ါး)၊ ပရိဘောဂအပို ပစ္စည်း၊ မွေ့ယာနဲ့မွေ့ယာ အပိုပစ္စည်း၊ ရေပူရေအေး စက်၊ စာရေးကိရိယာ၊ စက္ကူအမျိုးမျိုး၊ တစ်ရှူး၊ တစ်ခါသုံးစက္ကူလက်ကိုင်ပ၀ါ၊ ballpen၊ ခဲတံ၊ ခဲဖျက်၊ ကတ်ထူပုံနှိပ် စက္ကူ၊ နံရံကပ်စက္ကူ၊ ပုံနှိပ်မင်၊ Stepler pin ၊ လုပ်ငန်းသုံးကွန်ပျူတာ၊ Lap Top၊ ဂျုံစေ့၊ နေကြာစေ့၊ ရနံ့ဆီအမျိုး မျိုး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ချည် အမျိုးမျိုး၊ ပိတ်စအမျိုးမျိုး၊ ချည်လုံး၊ နိုင် လွန်ချည်၊ မီးစက်၊ မီးအားထိန်းစက်၊  20 KW Transformer နဲ့အပိုပစ္စည်း၊ထရန် စဖော်မာကွိုင်ပြုလုပ်ရန်သံပြား၊ လျှပ်စစ် သုံးမော်တာ၊ LCD/LED TV၊ ရောင်စုံ TV၊ Video  ပြစက်စသည်တို့ပါရှိသည်။ အသေးစိတ်စာရင်းကို နေပြည် တော်၊ ရန်ကုန်နဲ့ကူးသန်း ရောင်းဝယ် ရေးစခန်းများတွင် စုံစမ်းနိုင်သည်။

ယခင်က လက်ဝါးကြီးအုပ်အရင်းရှင်၊ခရိုနီများနှင့်သူတို့လက်ပါးစေ အခွန်ဝန်ထမ်းများသာ လုပ်စားနေသောဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်း အား ကြိုးဆိုရမည်ဖြစ်သည်။ သွင်းကုန် ကွန်တိန်နာပစ္စည်းတန်ဖိုးအတွက် အခွန် ၂% (သို့မဟုတ်) သုညရာနှုန်းပေးပြီး တင်သွင်းခွင့်ပြု ထားသည်။

၎။ တရားမဝင် (ကန့်သတ်ပစ္စည်း) သွင်းကုန်များ  Import
အထူးသဖြင့် လူ့မလိုင်၊ အထက်တန်းစားများအတွက် ဇိမ်ခံပစ္စည်းများကို ပါမစ်၊လိုင်စင်ရှိသူများသာ တင်သွင်းခွင့်ရှိသည်။ 
- လောင်စာဆီအမျိုးမျိုး
- ဇိမ်ခံကားအမျိုးမျိုး
- ဇိမ်ခံပစ္စည်အမျိုးမျိုး (အနှိပ်ခံစက်၊ လျှပ်စစ်မွှေ့ယာ၊ ရိုးလက်စ်နာရီ၊ Branded Clothing & Accessories ..etc)
- အရက်၊ဘီယာနှင့်ဆေးလိပ်၊ဆေးပြင်လိပ်
- ဆေးဝါးပစ္စည်းမျိုးစုံ
- ကလေးနို့မှုန်နှင့်အခြားကန့်သတ်၊ တန်ဘိုးကြီးစားသောက်ကုန်ပစ္စည်းများ
- လက်ဝတ်ရတနာများ (အမေရိကန်၊ ဥရောပ၊ စင်ကာပူတို့မှ စိန်၊ရွှေ၊ပလက်တီနမ်၊သွေးပြီးကျောက်မျက်ရတနာများ၊
စွာရှိသည်။

● မြန်မာနိုင်ငံတွင်လူများစိတ်ဝင်စားသောအလုပ်များ
အစိုးရက စက်မှုလက်မှုလုပ်ငန်းများ၊ အထူးသဖြင့် Food Process Industry စက်ရုံများလုပ်ရန် အားပေးသော်လည်း၊ နှစ်များစွာစောင့်ရမည်ဖြစ်သောကြောင့် ငွေရှိသော ခရိုနီ၊မိုနိုပိုလီများနှင့် နိုင်ငံခြားရင်းနှီးမြှတ်နှံသူများ စိတ်မဝင်စားပါ။ ငွေမြန်မြန် ပြန်ပေါ်သော ကန့်သတ်ကုန်ပစ္စည်းများ သွင်း/ထုတ်လုပ်ငန်းကို တဟုန်ထိုးလုပ်ကိုင်နေသည်။ ဥပမာ လောင်စာဆီ တင်သွင်းခွင့်ပါမစ်ရလျှင် ဒေါ်လာတစ်သန်းဖိုး တင်သွင်းလာပါက တစ်လအတွင်း ၁၀၀% အမြတ်ရမည်။ တစ်နှစ်ဆိုလျှင် ရင်းနှီးငွေ ဒေါ်လာတစ်သန်းမှ အမြတ် ဒေါ်လာ၁၂သန်းရမည်။ ထိုကဲ့သို့ အစိုးရအခွန်ငွေကို ဖြတ်တောက်၊လုယူ၊ ခြစားသောလုပ်ငန်းများသာ ခရိုနီများနှင့်မိုနိုပိုလီများ တန်းစီလုပ်စားနေကြပါသည်။ ထို့ကြောင့် လူများသည်လည်း Service Industry ဖြစ်သော ဆေးရုံ၊ ပုဂ္ဂလိကကျောင်း၊ သင်တန်းကျောင်း၊ အလုပ်သမားပြည်ပပို့ခြင်း၊ နိုင်ငံခြားကုမ္ပဏီများအား ဝန်ဆောင်မှု (ကြော်ငြာ၊ ဒီဇိုင်း၊ ဖက်ရှင်ရှိုး၊ ကမ္ဘာလှည့်ခရီးသည်၊ ဟိုတယ်လုပ်ငန်း ..စသည်တို့တွင် စုပုံနေကြသည်။ စက်မှုလက်မှု၊ လျှပ်စစ်ထုတ်လုပ်မှု၊ လမ်းဖေါက်လုပ်မှုများကို အစိုးရက လုပ်ဆောင်ရမည်ဖြစ်သည်။ အရေးထဲ B.O.T ဖြင့် ကုမ္ပဏီကြီးများကို အစိုးရက အတင်းကြပ် လမ်းတံတား၊ စက်ရုံ၊ ဓါတ်အားပေးစက်ရုံများ ဆောက်လုပ်စေသောအခါ တစ်ဖက်သတ်ချုပ်ဆိုထားသော ခရိုနီ မြန်မာအုန်လီးဘီအိုတီ Myanmar Only - BOT စာချုပ်များပေါ်လာသည်။ ခရိုနီ၊မိုနိုပိုလီများသည် သူတို့စိုက်ပေးထားသောငွေကို တစ်နှစ်၊ နှစ်နှစ်အတွင်း အနည်းဆုံး အရင်းပြန်ရဖို့ နည်းမျိုးစုံဖြင့်ကြိုးစားမည်ဖြစ်သည်။ ဥပမာ .. ဆိပ်ကမ်းလမ်းမကြီးကို BOT ဖြင့်ဆောက်လုပ်ပြီးစီးသောအခါ ကားဖြက်သန်းခ အဆမတန်ကောက်ယူသည်။ ထိုအခါ မြန်မာထုတ်ကုန်ပစ္စည်းများ အာစီယံနိုင်ငံများနှင့်ယှဉ်ကြည့်လျှင် တန်ဘိုးပိုကြီးနေလျှင် တိုင်းပြည်ဆုံးရှုံးနစ်နာမည်ဖြစ်သည်။ မြန်မာပြည်တဝှမ်း B.O.T စနစ်ဖြင့် လမ်းများကို ဆောက်ရန်စီစဉ်နေသည်ဟု သိရသဖြင့် ကားလမ်းပိတ်ပြီး၊ လက်နက်ကိုင်တိုင်းရင်းသားများ အခွန်ကောက်စားခြင်းကို မြန်မာပြည်တဝှမ်း B.O.T ခရိုနီ၊မိုနိုပိုလီများအား ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်ပေမည်။ 

လမ်းတံတားများမှာ အမြက်အစွန်းနည်းပါးလှသည့် အခြေခံအဆောက်အဦးဖြစ်သောကြောင့် နိုင်ငံတိုင်းတွင် အစိုးရကသာ အကုန်ကျခံဆောက်လုပ်သည်။ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော စက်ရုံ၊ လျှပ်စစ်ဓါတ်အားပေးရုံများကိုမူ B.O.T ဆောက်လုပ်ခွင့်ပေးခြင်းပင်လျှင် တဖက်သတ်စာချုပ်မဖြစ်ရန် အစိုးရ ရင်းနှီးမြှတ်နှံမှုကော်မတီမှ စစ်ဆေး၊အတည်ပြုပေးရမည်။ သို့မဟုတ်ပါက မြန်မာပြည်တွင်းထုတ် ကုန်ပစ္စည်းများသည် ပြည်ပကုန်ပစ္စည်းများထက် ဈေးပိုကြီးနေလျှင် တိုင်းပြည်နစ်နာဆုံးရှုံးမည်ဖြစ်သည်။ ထိုလုပ်ငန်းများလုပ်ဆောင်ရန်အတွက် မြန်မာအစိုးရသစ်တွင် နိုင်ငံခြားရောက် မြန်မာတတ်သိပညာရှင်များကို တရုပ်ပြည်ကဲ့သို့ အုပ်စုတစ်ခု ထူထောင်ပေးရန် အလွန်အရေးကြီးနေပြီဖြစ်သည်။

● သမ္မတတိုက်တွန်းမှုမှကောက်နုတ်ချက်
အထက်ပါစာရင်းမှာ CIA Facts အချက်လက်များနှင့်ကမ္ဘာ့ကုန်စည်ရောင်းဝယ်မှုမှတ်တမ်းများမှ အကြမ်းဖျင်းရယူထားဖြင်းဖြစ်သည်။ ကန့်သတ်မထားသော ကုန်စည်များကို သာမန်လူတိုင်း ကွန်တိန်နာဖြင့်အထုတ်/သွင်း လွယ်ကူအောင်လုပ်ပေးရာတွင်၊ ကုန်သယ်ကလေး၊ ကုန်သယ်ကြီးများစွာ အထူးသဖြင့်နယ်စပ် (ယူနန်ပြည်နယ်စပ်၊ မူဆယ်၊ ဗန်းမော်) တရုပ်ပြည်သို့၎င်း၊ နယ်စပ်ထိုင်းနိုင်ငံသို့ မဲဆောက်၊တာချီလိပ်၊ဘုရားသုံးဆူ၊ ကော့သောင်များမှ၎င်း၊ ဘင်္ဂလားဒေ့ခ်ျသို့ ရခိုင်ဆိပ်ကမ်းများမှ၎င်း၊ အိန္နိယသို့တမူး၊ အာသံနယ်စပ်များမှ၎င်း တင်ပို့နေကြသည်။ အထူးသဖြင့် စီပွားကောင်းသော ကချင်၊ဝ၊ရှမ်း၊ကယား၊ကရင်၊မွန် ဒေသများသတွင် တိုင်းရင်းသားလက်နက်ကိုင်များက ဘာမှမလုပ်တတ်ရင်နေ၊ ဖြတ်သွားသူကုန်သယ်များကို အကောက်ကောက်စားသည်နှင့် ဝင်ငွေရနေသည်။ ယခင်စစ်အစိုးရလက်ထက်က တားမြစ်ကုန်များ (အထူးသဖြင့်၊ မူးရစ်ဆေးဝါး၊ အရက်၊ဆေးလိပ် စသည်တို့သည် အထူးစီးပွားဖြစ်ကုန်ပစ္စည်းများဖြစ်သည်။ ယခုအစိုးရသစ်လက်ထက်တွင် သွင်း/ထုတ်ကုန်များစွာ တိုးတက်လာသောကြောင့်၊ လက်နက်ကိုင်များအတွက် အခွန်ကောက်ခြင်းသည် အဓိကဝင်ငွေဖြစ်သည်။ အစိုးရသစ် ငြိမ်းချမ်းရေးကော်မတီ ၁၁ဦး (ကာ/လုံ ၉ဦးပါဝင်) အဖွဲ့အဖို့ မည်ကဲ့သို့ဖြေရှင်းမည်နည်း.. ၊ မည်ကဲ့သို့ သယံဇာတအမြတ်အစွန်းကို ဝေခွဲမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ 

ထိုမျှအရေးကြီးလှသော ငြိမ်းချမ်းရေးကော်မတီကို သမာ၊သမတ်ကျကျ ဆုံးဖြတ်ချက်များ ချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတိုက်အခံများ ပါဝင်သင့်သလို၊ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့အစည်းများအတွက် ကိုယ်စားလှယ်တစ်ဦး (သို့မဟုတ်) ၃ဦးခန့် ပါဝင်စေသည့်ပါသည်။ ယခုလက်ရှိအခြေအနေတွင် ကာ/လုံနှင့်ငြိမ်းချမ်းရေးကော်မတီ တို့တွင် စစ်အမျိုးအနွယ်ဗိုလ်ချုပ်နှင့်ဗိုလ်ချုပ်ဟောင်းများသာ ၉၀% ပါဝင်နေခြင်းသည် စစ်အာဏာရှင်များလက်တွင် နိုင်ငံတော်အာဏာ ၉၀% ရှိနေကြောင်း နိုင်ငံရေးသမားနှင့်ပါတီအားလုံးက သိရှိပါသည်။ ပြည်သူများကတော့ ကျပ်၁၅၀၀ ဖုန်များ၊ မူဆလင်အရေးခင်း၊ နေ့စဉ်စားဝတ်နေရေးအလုပ်များဖြင့် အလုပ်ရှုပ်နေသောသည်။ အထူးသဖြင့် မြန်မာပြည်သည် စားစရာ၊ ဖူလုံသည့် သဘာဝမြေဆီလွှာများကြောင့် သီးနှံ၊သားငါးများ ကြွယ်ဝသဖြင့် မြန်မာများ ငတ်သေသူ ရှားပါးခြင်းမှာ၊ စစ်အစိုးရသက်တမ်းရှည်စေခဲ့သည်။ သို့သော် ထိုအချက်ပင်လျှင် တိုင်းပြည်တိုးတက်ရန် အဓိကတွန်းအားဖြစ်နေပါသည်။ လယ်သမားများ ဆင်းရဲမွဲတေမှုမှ အမြန်ဆုံးလွတ်မြောက်အောင် စိုက်ပျိုးရေးကဏ္ဍကို ပြည်ပပို့ကုန်မြှင့်တင်ပေးရန် အစိုးရမှ လမ်းပန်း၊ဆက်သွယ်ရေးအတွက် အကုန်ကျခံပေးရမည်ဖြစ်သည်။


သမ္မတဦးသိန်းစိန်တိုက်တွန်းချက်၊ လျှပ်စစ်မီးရရှိရေး၊အလုပ်အကိုင်ရရှိရေးကို လက်ရှိဖြစ်ရပ်မှန်များနှင့်ကောက်နုတ်ကြည့်ပါက ခရိုနီ၊မိုနိုပိုလီများလက်မှ ရုန်ကန်အောာင် အော်ဟစ်ငေါက်ငန်းနေသည်နှင့်တူပါသည်။ ကြိမ်လုံးမပါပဲ စည်းကမ်းလိုက်နာအောင် ပြောနေသည်။ Carrot & Cane ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးလိုသော်လည်း သမ္မတကြီးအဖို့ ခက်ခဲနေပါသည်။ နောက်တက်မည့် သမ္မတသည် လက်ရှိခရိုနီ၊ မိုနိုပိုလီများ မတရားအခွင့်ရေးယူ၊ အခွန်ရှောင်၊ မတရား B.O.T, ကန့်သတ်ထားသော သယံဇာတများ ထုတ်/သွင်း ပါမစ်လိုင်စင်များ ရနေခြင်းကို သမ္မတဦးသိန်းစိန်လက်ထက်တွင် လုပ်ဆောင်နိုင်ပါက အလွန်ချီးကျူးလေးစားဖွယ်မှတ်တမ်းတင်မြည်ဖြစ်ပါသည်။

Saung Luu - Poem

ပြည်တွင်း ရုပ်ရှင်
ဆောင်းလူ
သြဂတ်စ် ၁၆၊ ၂၀၁၃



အခန်း (၁)
အေးအေးဆေးဆေး စာဖတ်နေသူကြီး 
မျက်လုံးလေး တချက်စွေကြည့်ပြီး 
မိန့်မိန့်ကြီး ပြုံးနေစေ ...။ 

အခန်း (၂)
ယုဒသန်ခန်းမတ၀ိုက်
ဆိုင်းသံ ဗုံသံ ၀က်ဝက်ညံကွဲပြီး 
အရေးတော်ပုံအောက်မေ့ပွဲ ကျင်းပနေစေ ...။

အခန်း (၃)
နယ်စပ်တလျှောက်
စစ်ပြေး စစ်ရှောင် ဒုက္ခသည်စခန်းများအား
တခုခြင်း တခုခြင်း
အနှေးပြကွက်ဖြင့် ပြသနေစေ ...။

အခန်း (၄)
ပင်လယ်ရပ်ခြား တိုင်းတပါးသားလှေပေါ်ရှိ
ငါးဖမ်းသား လူငယ် လူရွယ်လေးများ၏
မိဝေး ဖဝေး
အိမ်လွမ်းစိတ်ဝေဒနာအား
နောက်ခံတီးလုံးဖြင့် ဖော်ကျူးနေစေ ...။ 

အခန်း (၅) 
ငါးတန်းအရွယ်ကောင်ကလေး
အဖြူအစိမ်းဝတ်
မုန့်ဖက်ထုပ်တောင်းထမ်းပြီး 
ကားလမ်းတလျှောက် ရောင်းချနေစေ ...။

အခန်း (၆)
သနပ်ခါးပါးကွက်ကြားနှင့် လယ်သူမကြီး
ထမင်းချိုင့်လေးဆွဲ
လုပ်ငန်းခွင်ရှိရာ စက်ရုံဆီ ခြေလှမ်းနေသည်အား
အနှေးကွက်ဖြင့် ပြသနေစေ ...။ 

အခန်း (၇)
စစ်သားတွေ
ဝတ်စုံပြည့် ကျည်အပြည့်နှင့်
သေနတ်ကိုင်ပြီး 
လယ်စောင့်တဲပေါ်တွင် ထိုင်နေစေ ...။ 
တချို့
တပ်ပိုင်မြေ မကျူးကျော်ရဆိုင်းဘုတ်ကို စိုက်ထူနေစေ ...။ 

အခန်း (၈)
လွှတ်တော်တွင်း
အမတ်မင်းများ 
လက်ညှိုးထောင် ခေါင်းငြိမ့်နေသည်များအား
အနှေးကွက်ဖြင့် ပြသနေစေ ...။ 
ဘေးတွင်
တင်သွင်းမည့် ဥပဒေမူကြမ်းများ အပုံလိုက်ရှိနေစေ ...။ 

အခန်း (၉) 
ကျောင်းနံရံတ၀ိုက်
အာဏာရှင်နှင့် သူပုန်တို့ ခွက်ခြင်းတိုက်ပြီး
ငြိမ်းချမ်းရေးကို လက်ဝါးခြင်းရိုက် ဈေးညှိနေသည်အား 
တိုးတိုးတမျိုး
ကျယ်ကျယ်တမျိုးဖြင့် ပြောနေစေ ...။


အခန်း (၁၀)
လှေကြီးပေါ်တွင်
ရဟန်း ရှင်လူ ကျောင်းသား လူငယ် အရွယ်စုံစုံ အမျိုးစုံစုံဖြင့်
ယီးလေးယို ... ယီလေးယိုအား သံကုန်ဟစ်အော်နေစေ ...။

ဤတွင် 
ရုတ်တရက် မီးပြတ်သွားစေ ...။

ထိုအချိန်တွင်
တရုတ်လုပ် မီးစက်နှိုးသံ
ဖုတ်လှိုက် ဖုတ်လှိုက်လေးအား 
နောက်ခံတီးလုံးဖြင့် ဖန်တီးထားစေ ...။

ရုတ်တရက်
ဖြတ်ကနဲ ဖြတ်ကနဲသော မီးရောင်အောက်တွင်
အေးအေးဆေးဆေး စာဖတ်နေသူကြီး
မိန့်မိန့်ကြီး ပြုံးနေသည်အား 
အနှေးပြကွက်ဖြင့် 
တလှိမ့်ခြင်း တလှိမ့်ခြင်း ..ပြသနေစေ ..။

ဤတွင် 
ကားလိပ်တဖြည်းဖြည်းချကာ
ပြည်တွင်း ရုပ်ရှင်အား အဆုံးသတ်စေ ...။

မြန်မာပြည်ရောက်မည့် ဧည့်သည်တို့ မြည်းကြည့်သင့်သော အစားအစာ ၁ဝ မျိုး
သာလင်း
သြဂုတ် ၁၆၊ ၂ဝ၁၃




ကမ္ဘာကျော် Time မဂဇင်း၏ အွန်လိုင်းစာမျက်နှာရှိ ခရီးသွားကဏ္ဍ ဆောင်းပါး တစ်ပုဒ်တွင် မြန်မာပြည်အလည်သွားသူများ မြည်းစမ်းကြည့်သင့်သော အစားအသောက် ဆယ်မျိုး အကြောင်း ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသအများစုကဲ့သို့ပင် မြန်မာပြည်ရှိဆိုင်များတွင် တစ်ပန်းကန်ခြင်း ပြင်ဆင်ရောင်းချပေးသည်ကို တွေ့ရှိရမည်ဟု သြဂုတ် ၁၄ ရက်နေ့က ပေါ်ထွက်လာသော အဆိုပါ အစားအသောက်အညွှန်းတွင် ရေးထားသည်။

(အနောက်တိုင်းဆိုင်များတွင် အသုပ်၊ ဟင်းရည်၊ အဓိကဟင်းလျာ စားဖွယ်ရာတို့ကို အစီအစဉ်အတိုင်း ပြင်ဆင် တည်ခင်းပေးလေ့ ရှိသောကြောင့် ယင်းသို့ ရေးသားခြင်း ဖြစ်မည်ဟု ယူဆရသည်။)

မြန်မာပြည်သို့ ရောက်ရှိမည့် နိုင်ငံတကာခရီးသွားများ မြည်းစမ်းသင့်သည်ဟု Time က ညွှန်းသည့် အစားအသောက် ဆယ်မျိုးတွင် ရှမ်းပြည်နယ်မှ အစပြု ပျံ့နှံ့လာသည်ဟု ဆိုနိုင်သည့် စားဖွယ်ရာ ၃ မျိုး ပါဝင်နေ၏။
ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲ နှင့် တိုဟူးနွေးတို့ ဖြစ်သည်။

စားဖွယ်ရာ ၁၀ မျိုးကို Time တွင် ဖော်ပြထားသည်များကို အစဉ်အတိုင်း ဆီလျော်စွာ ဘာသာပြန် ဖော်ပြအပ်ပါသည်။ ထိပ်ဆုံးတွင် လက်ဘက်သုပ်ကို ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။

လက်ဘက်သုပ်
မြန်မာနိုင်ငံတွင် အထင်ရှားဆုံး စားဖွယ်ရာမှာ လက်ဘက်သုပ် ဖြစ်ဖွယ် ရှိသည်။ လက်ဘက်နှင့် ပဲမျိုးစုံ သီးခြားစီ တည်ခင်းလေ့ရှိသကဲ့သို့ ရောနယ်ပြီးသုံးဆောင်နိုင်ရန်လည်း တည်ခင်းလေ့ရှိသည့် အချိုပွဲတစ်မျိုးဖြစ်သည်။
ဂေါ်ဖီထုပ် ခေါ် မုန်လာထုပ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုပ်သီးတို့လည်း ပါဝင်လေ့ရှိသည်။ အဆာပြေစားစရာ၊ အချိုပွဲ၊ ထမင်းဝိုင်းအစတွင် သုံးဆောင်သည့် ပဏာမစားဖွယ်ရာအဖြစ် စားသောက်ခြင်းကို တွေ့နိုင်သကဲ့သို့ ထမင်းနှင့် တွဲဘက် စားသည့် ဟင်းလျာတစ်ခွက်လည်း ဖြစ်နိုင်သည်။
အလွန်အကျွံစားသုံးပါက အိပ်ပျော်မည်မဟုတ်ကြောင်း မြန်မာပြည်သားတို့က ပြောဆိုကြသည်။

ငါးထမင်းနယ်
ထမင်းကို ရေချိုငါး၊ ကြက်သွန်ဖြူဆီသတ်တို့နှင့် ရောနယ်ထား၏။ ဆနွင်းမှုန့် ပါ၏။
 ကြက်သွန်မိတ်ဖြူး၊ ဆီရွှဲရွှဲ၊ အနံ့ အတန်အသင့်ပြင်းသည့် ငါးထမင်းနယ်ကို ၀က်ခေါက်ကြော်ဖြင့်လည်း စားကြသည်။

မြန်မာဟင်းလျာ
အဓိကဟင်းလျာတစ်မျိုးဖြစ်သော ဆီပြန်ဟင်းကို ၀က်သား၊ ငါး၊ ပုဇွန် စသဖြင့် နှစ်သက်ရာ ရွေးနိုင်သည်။
ဟင်းရံအများအပြားတွင် အသုပ်၊ အရည်သောက် အနည်းငယ်၊ ဟင်းသီးဟင်းရွက်စုံ၊ ငါးပိရည်၊ ဘာလချောင်ကြော်တို့ ပါဝင်သည်။
မြန်မာထမင်းဆိုင်များတွင် ယင်းတို့ကို စားသောက်ပြီးပါက အချိုတည်းနိုင်မည့် လက်ဘက်သုပ် သို့မဟုတ် ထန်းလျက်ခဲတို့ ရောက်လာပေမည်။

လက်ဘက်ရည်ဆိုင်မှ စားဖွယ်ရာများ
မြန်မာပြည်တွင် လက်ဘက်ရည်ဆိုင် ဆိုသည်မှာ လက်ဘက်ရည်ကိုသာ သီးသန့်ရောင်းသည့်နေရာ မဟုတ်ပေ။
တစ်ဆိုင်နှင့်တစ်ဆိုင်လည်း စားစရာ ရရှိမှု မတူညီပေ။
မြန်မာတို့၏ ဆိုင်များတွင် မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းသုပ်တို့ ရနိုင်သည်။
အိန္ဒိယနွယ်ဖွားတို့၏ဆိုင်များတွင်မူ စမူဆာ၊ အာလူး ပူရီ၊  နံပြားတို့ ရနိုင်သည်။
တရုတ်ဆိုင်များတွင် အချိုမုန့်မျိုးစုံ၊ ပေါက်စီ၊ အသားပေါင်းတို့ ရရှိနိုင်သည်။

မြန်မာမုန့်ပဲသရေစာ
မြန်မာမုန့်ုတို့ကို အချိုပွဲအဖြစ် မစားကြဘဲ အဆာပြေအဖြစ်သာ စားသောက်ကြသည်။
အရှေ့တောင်အာရှဒေသတွင်းမုန့်များနှင့် မတူသည့်အချက်မှာ သကြား အထူးပြုခြင်းမဟုတ်သည့်အချက်ပင်။
နို့၊ အုန်းနို့၊ သာကူ၊ အသီးအနှံတို့ ထည့်ထားသည်ကို တွေ့ရမည်။
မုန့်များတွင် ဆနွမ်းမကင်း၊ ဘိန်းမုန့်၊ မုန့်ပျစ်သလက်တို့ ပါဝင်သည်။

အကြော်စုံ
ဆီထဲနှစ်ကြော်သော မုန့်များကို မြန်မာတို့နှစ်သက်ကြသည်။ ကြော်ထားသည့်မုန့်များကို ရှောင်နိုင်မည်မဟုတ်ပေ။
အကြော်စုံ၊ စမူဆာ၊ ကော်ပြန့်ကြော်တို့ကို  လမ်းဘေးဆိုင် သို့တည်းမဟုတ် လက်ဘက်ရည်ဆိုင်တို့တွင် ရှာဖွေတွေ့နိုင်သည်။
မြည်းစမ်းသင့်သော အကြော်တစ်မျိုးမှာ ဘူးသီးကြော် ဖြစ်၏။  ဘူးသီးစိတ်လေးများကို မုန့်နှစ်ဖြင့် ကြော်ထားခြင်းဖြစ်၏။
ဘူးသီးကြော်ပူပူကို မကျည်းသီးနှစ်ဖြင့် လုပ်ထားသော အချဉ်ရည်ဖြင့် တို့စားကြ၏။ တခါတရံ အချဉ်ရည်ထဲ ပဲမှုန့်ထည့်ထားသည်ကိုလည်း တွေ့နိုင်၏။

တိုဟူးနွေး
ပဲကိုအခြေခံထားသည့် တိုဟူးနွေးသည် ရှမ်းတိုင်းရင်းသားတို့၏ စားဖွယ် တစ်မျိုးဖြစ်သည်။
တိုဟူးနွေးကို ခေါက်ဆွဲ၊ ၀က်သား သို့တည်းမဟုတ် ကြက်သားချက်တို့ဖြင့် စီမံကြသည်။ ငရုပ်ဆီဆမ်းသကဲ့သို့ အရွက်တချို့ ပြုတ်ထည့်ထားသည်ကိုလည်း တွေ့နိုင်သည်။

နန်းကြီးသုပ်
မြန်မာပြည်သားတို့က ခေါက်ဆွဲသုပ်ကို နှစ်သက်စွာ စားသုံးတတ်ကြသည်။
အရသာအရှိဆုံးသော ခေါက်ဆွဲသုပ်မှာ နန်းကြီးသုပ်ဖြစ်ဖွယ်ရှိ၏။

ဆန်ဖြင့်လုပ်သာ အမျှင်ကြီးကြီးထူထူ မုန့်ဖတ်ကို ကြက်သားချက်၊ ငါးဖယ်ကြော်၊ ကြက်ဥပြုတ်တို့ဖြင့် နယ်ထားသောအသုပ်ဖြစ်သည်။

မုန့်ဟင်းခါး
တရားဝင် သတ်မှတ်မထားသော နိုင်ငံတော် အစားအစာမှာ မုန့်ဟင်းခါး ဖြစ်သည်။ မုန့်ဟင်းရည်တွင် ငါး၊ ငှက်ပျော်ဖတ်တို့ ပါဝင်သည်။ နံနက်စာအဖြစ် စားသုံးလေ့ရှိသော်လည်း နေ့ရောညပါ ရောင်းကြသည်ကို တွေ့ရှိနိုင်သည်။
မုန့်ဟင်းခါးထဲသို့ ဘဲဥပြုတ်၊ အကြော် တစ်မျိုးမျိုးကို ထည့်စားတတ်ကြ၏။ ချဉ်စပ်အရသာနှစ်သက်သူတို့က သံပုရာ တစ်စိတ်၊ ငရုပ်သီးမှုန့်အနည်းငယ်ထည့်ပြီးသုံးဆောင်တတ်ကြ၏။

ရှမ်းခေါက်ဆွဲ
 ရှမ်းခေါက်ဆွဲကို ကြက်သွန်ကြော်ဆီသတ်၊ ကြက်သား သို့မဟုတ် ၀က်သား ချက်ဟင်း ထည့်စားကြသည်။
အရည်ဖြင့် စားသကဲ့သို့ အရည်မထည့်ဘဲ အသုပ်လည်း စားကြသည်။

--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages