15th August - MoeMaKa - Remember Min Lu & Htoo Eain Thin

44 views
Skip to first unread message

Maung Yit

unread,
Aug 15, 2013, 3:01:41 AM8/15/13
to moemak...@moemaka.com
ကာတွန်းမောင်ရစ် - ခေတ်ပေါ် ခြေလေးချောင်း တော်လှန်ရေး
သြဂုတ် ၁၅၊ ၂၀၁၃

Paris Maung - Learning French 15

ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၁၅)
ပါရီမောင်၊ သြဂုတ် ၁၅ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
(မိုးမခ၏ ချို့ယွင်းမှုကြောင့် အပတ်စဉ်ပြတ်တောက်ခြင်းကို ခွင့်လွှတ်ပါ)

Leçon 15      (Lesson 15 )
Verbe Pronominal များကို  Conjugaison  ပြုလုပ်ခြင်း
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ (  ) 
ပေးခဲ့ပြီးသောသင်ခန်းစာများအထိ ပြင်သစ်ဘာသာ၏ အခြေခံ သဘောတရားကို ကြေညက်ပြီဆိုလျင် လေ့လာသူ အနေနှင့် အခြေခံ အဆင့် ကို တတ်ကျွမ်းပြီဟု ဆိုချင်ပါသည် ။ သို့သော်လည်း တကယ်တမ်း နေ့စဉ်ပြောဆိုမှုများတွင် မဖြစ်မနေ သုံးရသော အချိန်ကာလကို ပြဆိုသော အသုံးအနှုးံများ ( Tenses  ) ၊ နာမ်စားများ အသုံးပြုပုံ အသေးစိတ် ၊ Active & Passive ၊ စသည်ဖြင့် သဒ္ဒါ နည်းအရ ကျန်ရှိနေသေးသလို လက်တွေ့ ပြောဆိုနေမှုများတွင် သုံးသော Expression ၊  ဗန်းစကားများ ၊ စကားလုံး တခုကို အတိုကောက် ပြောဆိုခြင်းများလည်း များစွာ ကျန်ရှိနေပါသေးသည် ။ လေ့လာနိုင်သလောက် ကျယ်ပြန့် နေပါသေးသည်။ ပါရီမောင်လည်း အကုန် မသိနိုင်သောကြောင့် လေ့လာနေတုန်းပါ။ တခုပြောနိုင်သည်မှာ ယခုပေးခဲ့ပြီးသော သင်ခန်းစာများ အဆင့်သည်  ပါရီမောင်တို့ ပြင်သစ်ဘာသာကို အချိန်ပိုင်း ၄ နှစ် သင်တန်းတက်ခဲ့စဉ်က လုံးလည်လိုက်လို့ ကောင်းတုန်းဖြစ်တဲ့ ဒုတိယနှစ် အဆင့်လောက် နဲ့ကိုက်ညီပါလိမ့်မယ်။ ( လက်ရှိ သင်ရိုးညွှန်းတန်းများကိုတော့ မသိလို့ မပြောနိုင်ပါခင်ဗျား)
ပြီးခဲ့တဲ့အပါတ်က Verbe Pronominal ကိုယ်တိုင်ပြုလုပ်ခြင်းနှင့်ဆိုင်သောကြိယာများ  အကြောင်းကို ပြောခဲ့ပါတယ်။  အခုတပါတ်မှာ အကျယ်ချဲ့ ရှင်းပြချင်ပါတယ်။
အချို့သော Verbe များကို ရိုးရိုးကြိယာ အနေနဲ့ သုံးလို့ရသလို Verbe Pronominal မိမိကိုယ် ကိုပြုလုပ်ခြင်း ဆိုတဲ့ အနေနဲ့လဲ သုံးနိုင်ပါတယ်။  အဲဒီကြိယာတွေကိုconjugaison  ပြုလုပ်တဲ့ အခါတွေမှာ ပုံမှန် အရင် conjugaison လုပ်သလိုပါပဲ ၊ နဲနဲပဲကွာပါတယ် ။ အဲဒါကဘာလဲဆိုရင် တိုက်ရိုက် နာမ်စား နဲ့ တိုက်ရိုက် မဟုတ်တဲ့ နာမ်စားများ ဆိုပြီးရှိနေတဲ့ အထဲက  လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့ နာမ်စား ထပ်ထည့်ပေးရတာပဲဖြစ်ပါတယ်။
ဥပမာ -- Je me coupe les cheveux. ရ မ ကု(ပ်) လေ ရှေဗါး ။ ငါ ဆံပင် (ကိုယ့်ဆံပင်ကို ) ဖြတ်သည်။    ---- ဆိုသောစာကြောင်းကိုကြည့်ပါ။
ပထမဆုံး တိုက်ရိုက်ပြုလုပ်သူဖြစ်သော ကိုယ်ကိုယ်တိုင် ဖြစ်တဲ့ Je ကို ကတ္တားပုဒ် အနေနဲ့ သုံးပြီးမှ ပြုလုပ်ခံ ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကိုပဲ me အနေနဲ့ထပ်မံ ထည့်သွင်းသုံးစွဲရပါတယ်။
ပြောရရင်   ကျနော့် ကိုယ် ကျနော် ဆံပင်ဖြတ်တယ်  -- လို့ပြောရမယ်။
ကြိယာသုံးစွဲပုံမှာပဲ ကိုယ်တိုင်ပြုလုပ်သည်ကို ပြဆိုပြီးဖြစ်သောကြောင့် ဆံပင်များ les cheveux ဆိုသည့်နေ ရာတွင် ပုံမှန် Articleကိုသာသုံးရပါမည်။
ပိုင်ဆိုင်မှုကိုပြဆိုသည့် နာမဝိသေသန Adjectif Possessif  ကိုထည့်သွင်း အသုံးမပြုရသေးပါ။ mes cheveux ဟုမသုံးရပါ။

Verbe Pronominal  တခုရဲ့ Verbe Infinitif  ပုံစံတွေက အမြဲတန်း  se  ဆိုတာကို ထည့်ရေးပေးရပါတယ်။

se couper  ( V inf: )  (က်ကုပေး  ကိုယ့်ကိုယ် ကို ဖြတ်သည်။
se lever ( V inf: )  (က်လက် ဗေး  ထသည် (ကိုယ်တိုင်ဆိုတာချန်ခဲ့ပါမယ်)
se promener ( V inf: )  (က်)ပရောန်မနေး ၊ လမ်းလျှောက်သည်။
se regarder( V inf: )  (က်)ရဂါ့ဒေး ။ ကိုယ့်ကိုကိုယ်ပြန်ကြည့်သည်။
se réveiller( V inf: )  (က်)ရေးဗိုင်းရေး ။ နိုးသည် ။
se coucher ( V inf: )  (က်)ကုရှေး ။ အိပ်သည်။
s'installer ( se + installer) ( V inf: ) န်စတာလေး  နေရာယူသည်။
s'arrêter ( se + arrêter ) စာရက်တေး ။ ရပ်တန့်သည်။
s'occuper ( se + occuper ) ဆော့ကျူပေး ။ အလုပ်များသည်
s'inquiéter  စန်က်ီရေးတေး ။ စိတ်ပူပန်သည် ။
s'assoir စာစွား ။ ထိုင်သည်။

လေ့ကျင့်ခန်း (၃)

အထက်ပါ  Verbe Pronominal ကြိယာများအားလုံးကို conjugaison လုပ်ပြီး ချရေးပါ။
( ပါရီမောင်အနေနဲ့ လေ့ကျင့်ခန်းတွေ ပေးတာ နည်းနေပါသေးတယ် ။ မနေ့ကပဲ လေ့ကျင့်ခန်းစာအုပ်တချို့ဝယ်လာခဲ့ပါတယ်။ မကြာခင် ဆက်တိုက်ပေးသွားပါမယ်)
နမူနာအနေနဲ့ တခုလုပ်ပြပါမယ်


se couper    ( V inf: )  (က်ကုပေး  ကိုယ့်ကို ကိုယ် ဖြတ်သည်။

Je me coupe                                   Nous nous coupons
Tu te coupes                                   Vous vous coupez
il / elle se coupe                 ils / elles se coupent

ဘာမှ အထွေအထူးမဟုတ်ပါဘူး  အနီရောင်နဲ့ ပြထားတဲ့ အတိုင်း ဆိုင်တဲ့ နာမ်စား  ထပ်ထည့်ပေးရတာတခုပါပဲ ။

စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ (  ) 

ဒီတပါတ် စကားပြောလေ့ကျင့်ခန်းမှာတော့ လီဆာ နှင့် သူ့အမေ စတက်ဖနီ တို့ ကုန်တိုက်မှာ ဈေးဝယ်ထွက်ကြပါတယ်။ သုံးထားတဲ့ အသုံးအနှုံးတွေဟာ တကယ်ကို အသုံးဝင်ပြီး လက်တွေ့နေ့စဉ်စကားပြောမှာအစားထိုးသုံးလို့ ရပါတယ်။ နောက်တခုက ဘယ်အကြောင်းအရာကိုပဲ ပြောပြော အချိန်ပြပုဒ်ကို ရှောင်လွှဲလို့ မရပါဘူး ။ ဒီတပါတ် သင်ခန်းစာမှာ ပါလာတဲ့ ပြီးခဲ့တဲ့ အကြောင်းအရာတခုကို ပြောဆိုဖို့ အတွက် Passé Composé ( Simple Past Tense ) ကို လေ့လာရတော့မှာဖြစ်ပါတယ်။ ပြီးတော့ ပိုင်ဆိုင်မှုကိုပြတဲ့ Adjectif Possessif ကိုလည်း ဒီတပါတ်တွေ့ရပါပြီ။ ( ဥပမာ -- sa maman  လီဆာရဲ့ အမေ ။  ton frère မင်းရဲ့မောင်လေး။ ) ပိုင်ဆိုင်မှု ကိုပြဆိုတဲ့ အသုံးအနှုံးတွေကို ရှေ့ သင်ခန်းစာမှာ ပေးသွားပါမယ်။ နောက်တခုဖြည့်စွက်ပြောချင်တာကဒီသင်ခန်းစာမှာ နာမ်စား အသုံးပြုပြီး ပြောတာတွေ များတာကို တွေ့ရပါမယ်။ အရာဝထ္တု  လူ  အကြောင်းအရာ စသည် တို့ကို ထပ်ကာတလဲလဲ မသုံးပဲနာမ်စားဖြင့် အသုံးပြုကြပါသည်။

အသံဖိုင်ကို အထပ်ထပ်နားထောင်ပြီး ကိုယ့်ရဲ့လေသံတွေကို တထပ်တည်း ဖြစ်အောင် လေ့ကျင့်ပါ ။
သင်ခန်းစာ (  )   အသံဖိုင်နားထောင်ရန်
------
Au Supermarché    အိုစူပက် မားရှေး ၊  ကုန်တိုက်မှာ
( Lisa fait les courses avec  sa maman.  Elles sont dans une grande surface )
လီဆာ သူ့အမေနှင့် ဈေးဝယ်ထွက်ပါတယ်။ သူတို့သည် ဆိုင်တွေအများကြီး ရှိတဲ့ ကျယ်ဝန်းသောနေရာ မှာ ရောက်နေကြပါတယ်။

Stéphanie : Aide-moi Lisa , as-tu pris la liste des courses?
ကူပါဦးလီဆာ ။ ဈေးဝယ်ဖို့ စာရင်း ယူခဲ့လား ။

Lisa : Oui , maman , la voici.
ဟုတ်ကဲ့မေမေ ။ ဟောဒီမှာ

Stéphanie :  Il nous faut de la viande, des légumes ainsi que du fromage.
ငါတို့ အသားလိုတယ်၊ ဟင်းသီးဟင်းရွက်တွေ ၊ ဒိန်ခဲ လဲ လိုတယ်။

Lisa : Maman, j'aimerais aussi des jus de fruits.
မေမေ ၊ ကျမ အသီးဖျော်ရည်လဲ လိုချင်ပါတယ်။

Stéphanie : D'accordva les chercher    pendant que  je choisis les fromages. Je sais que  ton frère adore le jambon. Je vais enprendre également. Il faut maintenant   faire la queue à la caisse et patienter.
ကောင်းပြီ ၊ မေမေ ဒိန်ခဲ ရွေးနေတုံး အဲဒါတွေကို သွားယူပါ ။  မင်းရဲ့ အကို ဝက်ပေါင်သား ကို နှစ်သက်တာ ငါသိတယ် ။ အဲဒါကိုလဲ ယူရဦးမယ် ။ အခု ငွေရှင်းတဲ့ ကောင်တာမှာ တန်းစီပြီး စောင့်ရမယ် ။

Lisa : Eh oui.
ဟုတ်တာပေါ့ ။


အထက်က သင်ခန်းစာ လေ့ကျင့်ခန်းတွေကို နားထောင်ပြီးလို့ ကိုယ်ပြောလိုတဲ့ အကြောင်းအရာတွေကို ပြောတဲ့အခါမှာ အတိတ်ကာလကို ပြောဆိုရန် မဖြစ်မနေ Passé Composé ( Simple Past Tense )  ကိုအသုံးပြု ရပါတော့မယ်။ ဒါကြောင့် ရှေ့တပါတ် သင်ခန်းစာမှာ Passé Composé ( Simple Past Tense )  ပြုလုပ်နည်းတွေကို ရှင်းပြပါမယ်။
ရှင်းလင်းချက်များ ( ဒီသင်ခန်းစာမှာ အသုံးအနှုံးနဲ့ ပါတ်သက်လို့ ရှင်းရမှာတွေ များပါတယ်။ ဒါတွေကို ပိုင်နိုင်အောင် သိသွားပြီး သွက်လက်စွာ ပြောနိုင်ပြီဆိုရင်တော့ ပါရီမောင် တောင် လိုက်ပြီး စကားပြောနိုင်မယ် မထင်ဘူး)

sa maman  သူမရဲ့ အမေ၊ sa " ဆိုတာကပိုင်ဆိုင်မှု အသုံးအနှုံးပါ

Aide-moi ဒီနေရာမှာ " ငါ့ကိုကူပါဦး" ဆိုပြီး ပြောတာပါ၊ ကြိယာဖြစ်တဲ့ Aider နဲ့သက်ဆိုင်တဲ့ ကတ္တားပုဒ် Subject ကို ဖျောက်ပြီးသုံးထားတာပါ။ ဒါကို Impératifလို့ခေါ်ပါတယ်။ အမိန့်ပေးစေခိုင်းခြင်းလို့ပြောနိုင်ပါတယ်၊ (ဥပမာ - regard, regardez ကြည့်ပါ ။ mange, mangez  စားပါ။  va , allez သွားပါ ) ကိုယ်ပြောလိုသူနဲ့ဆိုင်တဲ့ Pronoun Personnel  အလိုက် Verbe ကို conjugaison လုပ်ပြီးပြောဖို့တော့မမေ့ပါနဲ့။ tu အတွက်  " " မထဲ့ရပါ။

as-tu pris အမေးဝါကျ ပြုလုပ်ခြင်းရဲ့ ဥပဒေသထဲက တခုဖြစ်တဲ့ကတ္တား နဲ့ ကြိယာ တို့ကိုပြေင်းပြန်လုပ်ထားတာပါ၊ ကြိယာကတော့ avoir ပါ  pris ကတော့prendre ဆိုတဲ့ကြိယာရဲ့ Participe Passé (Past Participle) ပုံစံဖြစ်ပါတယ်။ ဒီစာကြောင်းတခုလုံး ရဲ့ သုံးထားတဲ့ အချိန်ပြပုဒ်ကတော့ အရေးကြီးလှတဲ့ Passé Composé ( Simple Past Tense) အတိတ်ကာလပြပုဒပဲဖြစ်ပါတယ်။ နားလည်ခဲ့ပြီလား   လို့ဆိုရပါမယ်။

la voici  ဒီအသုံးအနှုံးကတော့ အသုံးများပါတယ်။ နာမ်စား ကိုအသုံးပြုပြီးပြောတာပါ။ ဒီနေရာမှာ la  ဆိုတာက အရင်က သိထားတဲ့ အာတီကယ်လ် ဖြစ်တဲ့le, la, les အနေနဲ့ သုံးတာမဟုတ်ပါဘူး။
 Lisa : Oui , maman , la voici.
ဟုတ်ကဲ့မေမေ ။ ဟောဒီမှာ    ဆိုပြီးပြောတာက  la liste  စာရင်း ကိုဆိုလိုပါတယ်။အမနာမ်ဖြစ်နေတော့  la ကို သုံးရတာပါ။ တကယ်လို့သာ အဖိုနာမ် ပစ္စည်း တခုခု ဆိုရင်  le voici, la voilà , အများကိန်းဆိုရင်  les voici, les voilà ဆိုပြီးသုံးရပါမယ်။

Il nous faut ရှေ့က သင်ခန်းစာမှာ ပေးခဲ့ပါပြီ။ ငါတို့အတွက်လိုအပ်တယ်။
Il me faut ကျနော်၊ ကျမ အတွက်လိုအပ်တယ်။ Noun or Verb (inf:) လိုက်ရပါမယ်။

ainsi que တောင်မှ - - - ၊   လည်းပဲ

j'aimerais လိုချင်ပါတယ်၊ ရချင်ပါတယ်။ Noun or Verb (inf:) လိုက်ရပါမယ်။

va les chercher အပေါ်မှာရှင်းခဲ့သလို les ကတော့ အဲဒါတွေကို  လို့ဆိုရမှာပါ။
va  chercher သွားယူခဲ့ပါ  လို့ နာမ်စားမပါပဲပြောလို့လဲရပါတယ်။ အလားတူစွာပဲ
 viens manger   လာစားပါ  လို့ ပြောတာပါ။

pendant que    အချိန်အတွင်းမှာ ၊  -  - - - - နေတုံးမှာ
Je sais que   ငါသိတယ် ။ I know that  လို့ပြောရမယ်ထင်ပါတယ်။
ton frère ပိုင်ဆိုင်မှု အသုံးပြုပုံစံပါ ။  ton ဆိုတာက tu အတွက် သုံးရတဲ့ ပိုင်ဆိုင်မှုကိုညွှန်းသော နာမဝိသေသန Adjectif Possessif တွေထဲကတခု ဖြစ်ပါတယ်

en  နာမ်စား အသုံးတခုပါ ။ de  ဆိုတဲ့ နေရာကို  အစားထိုးပြောရင် သုံးရပါမယ်။

ဝေါဟာရများ Vocabulaires

la liste des courses လာ လိစ်ထ် ဒေကုစ် ။ ဈေးဝယ်စာရင်း
fromage ဖရောမါ့ ရှ်။ ဒိန်ခ
jus de fruits  ရူးဒ ဖွီး ။ အသီးဖျော်ရည်။ jus de pomme ပန်းသီးဖျော်ရည်။   jus d'orange လိမ္မော်ရည်
D'accord   ဒါ့ကော ။ သဘောတူတယ်။ ကောင်းပြီ ။
maintenant မက်ထနော့န် ။ ယခု
faire la queue ဖှဲ လာ ကား(အသံမှန်ကိုနားထောင်ရန်)။ တန်းစီသည်။
la caisse လာ ကဲ့ စ်။ ငွေရှင်းကောင်တာ။


ကိယာများ Verbes ( အားလုံးကို conjugaison လုပ်ဖို့လေ့ကျင့်ခန်း ပေးပါရစေ )

Aider (V inf: )  အေးဒေး ၊ ကူညီသည်
chercher (V inf: )  ရှက်ရှေး ။ ရှာသည်၊ ယူသည်။ ( ဒီသင်ခန်းစာမှာ ယူသည်ဟုသုံးပါတယ်)
choisir (V inf: ) ရွှာဇီးခ် ။ ရွေးသည်။
savoir (V inf: ) ဆါဗွား ခ်။ သိသည်။
adorer (V inf: ) အာဒိုရေး  ။ နှစ်သက်သည်။ မြတ်နိုးသည်
prendre (V inf: ) ပရောန်းဒရ် ။ ယူသည်။
faire (V inf: )  ဖှဲ ခ်။ ပြုလုပ်သည်။
patienter (V inf: )  ပါ့ စီးယောန့်တေး။ စောင့်ဆိုင်းသည်။


ဒီတပါတ်မှာ ပေးတာတွေက များသွားပါတယ်။ အသံ ဖိုင်နဲ့ သက်ဆိုင်နေတဲ့ သင်ခန်းစာ အသုံးရှင်းလင်းချက်တွေ  ဖြစ်လို့ ချန်လှပ်ခဲ့လို့ မရလို့ပါ ။
        
                           နောက်တပါတ်ပြန်ဆုံပါမယ်  A bientôt




Min Lu - Love is welcome

အချစ်လားဟေ့… ဝင်ခဲ့လေကွယ်
မင်းလူ၊ (မိုးမခမှ ပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၅၊ ၂၀၁၃
မင်းလူ (၁၉၅၄-၂၀၁၃)
(ဓာတ်ပုံ - Yu Ya)

သော့ခတ်ထားတဲ့ သံမဏိ တံခါးကို
လာခေါက်တယ်။

သွယ်လျတဲ့ လက်ချောင်း ကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်း ကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်း ကလေးတွေရှိတ
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။

သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့ သူဟာ
‘မင်း’ ရယ် ‘အမုန်း’ ရယ်
နှစ်ယောက်ပဲရှိတယ်။

ခု…
‘အမုန်း’ ဟာ ခရီးလွန်နေတယ် ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။

‘အချစ်လားဟေ့… ဝင်ခဲ့လေကွယ်’။       ။

မင်းလူ
(၁၉၇၈)

 
ဓာတ်ပုံ မျှဝေသူ - Lemdy Myanmar
ကဗျာသီချင်း
စာသား - မင်းလူ (ကဗျာ) ၊ သံစဉ် - နေငြိမ်း
တေးဆို - နေငြိမ်း
(၁၉၉၅)
Music Video URL: http://youtu.be/ebrPbYh_buM

မင်းလူ ကိုယ်ရေး နှင့် စာပေ ဘဝ အကျဉ်း
မိုးမခ ။ သြဂုတ်၊ ၁၅၊ ၂၀၁၃
မင်းလူ (၁၉၅၄-၂၀၁၃)
(ပန်းချီ မျိုးမြင့် @ Artist Myo Myint)
စာရေးဆရာ၊ ကဗျာဆရာ မင်းလူကို စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့က ရန်ကုန်မြို့ အမှတ် (၁၄၇)၊ (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်)၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား သုမောင် (ဗလ) (ကွယ်လွန်)၊  ရုပ်ရှင်မင်းသား ရူပ မွေးချင်း အရင်း လေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။  စာရေးဆရာ၊ စတူရီယိုတေးရေး/တေးဆို၊ ဒါရိုက်တာ အာယု (ကွယ်လွန်) နှင့် အဖေတူ၊ အမေကွဲ အကို တော်စပ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။
၁၉၅၉-၁၉၆၈ ခုနှစ်များတွင် စိန့်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။  ၁၉၆၈ -၁၉၇၂  ခုနှစ်များတွင် အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။  ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူး နှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၂-၁၉၇၇ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် ၌ ဆက်လက် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။  တက္ကသိုလ် နံရံကပ် စာစောင် နှင့် နှစ်ပတ်လည် မဂ္ဂဇင်း များ တွင် “တောကျောင်း ဘုန်းကြီး” အမည်ဖြင့် ကဗျာများ စတင် ရေးသား ခဲ့သည်။  ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံရပြီး စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။  ကျောင်းတက်ရင်း ဖခင်ဖြစ်သူ ၏ လုပ်ငန်းတခု ဖြစ်သည့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို လေ့လာ လုပ်ကိုင်ခဲ့သည်။
မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီး နှစ်ဦး ထွန်းကားခဲ့သည်။  ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံ  နေအိမ်တွင် နေထိုင်ခဲ့သည်။  ၂၀၁၃ သြဂုတ် (၁၄) ရက် သန်းခေါင်ကျော်၊ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန် အနိစ္စ ရောက်သည်။  မကွယ်လွန်ချိန် အထိ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ သရော်စာ၊ စာပေရုပ်ပုံလွှာ၊ ရုပ်ရှင်ဇာတ်ညွှန်း အမျိုးအစား စုံ များစွာ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။
မင်းလူ ရေးသား ခဲ့သော လုံးချင်း စာအုပ်များ၊ ဝတ္ထုတိုပေါင်းချုပ်များ၊ အက်ဆေး ပေါင်းချုပ်များစာရင်း (ပြုစုဆဲ၊ အမှားအယွင်း နှင့် လိုအပ်တာများရှိနိုင်ပါသည်။)

၁) ကံကော်နီ (၂၀၀၄)
၂) ကျွန်တော် ကျွန်မတို့သည် (၁၉၈၅)
၃) ခုနစ်စဉ်အလွမ်း - (၁၉၈၆) (ရုပ်ရှင် ၁၉၉၀၊ အစ်ကို များ ဖြစ်သူ ဒါရိုက်တာ မောင်ဝဏ္ဏ  နှင့် ရုပ်ရှင် သုမောင် တို့ အကယ်ဒမီရခဲ့သည်။  ဆုပေးချိန်တွင် မင်းလူ မှာ နိုင်ငံရေး ပုဒ်မ ဖြင့် နဝတ စစ်အစိုးရ ၏ ထောင်သွင်း အကျဉ်းချခြင်းခံနေရသည်။)
၎) ချစ်ဒုက္ခ
၅) ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ် တိုးတိုးတိတ်တိတ်ရယ် (၁၉၈၇) (ချိုးကူသံ အမည်ဖြင့်ရုပ်ရှင်ရိုက်)
၆) ချစ်မြားရှင် အစ ချစ်မြားရှင်အဆုံ (၁၉၉၆)
၇) ချစ်သောပန်းကလေး (၁၉၇၉)
၈) ခိုးခိုးခစ်ခစ် (အသစ်စက်စက်လုံးချင်းဝတ္ထု) (၂၀၀၉)
၉) ခေါင်းလုံးထိုးသောဝတ္ထုတိုများ
၁၀) ဂန္တဝင်အိမ်မက် (၂၀၀၂)
၁၁) ငိုအားနှင့် ရယ်အား (၁၉၉၆)
၁၂) ငှက်ကလေး (၁၉၈၁)
၁၃) စာပေကယ်ရီကေးချား
၁၄) စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ (၂ဝဝ၁)
၁၅) စာပေလေလံပွဲ  (၂ဝဝ၁)
၁၆) စိန်အလွမ်း
၁၇) နွေသစ်ရွက်
၁၈) နှစ်ကိုယ်ခွဲ (၁၉၉၆)
၁၉) နှုတ်ခမ်း၏ထောင့်စွန်းများ
၂၀) ပန်းကျောင်း (၁၉၉၇)
၂၁) ပြန်ခေါ်သက်သေ
၂၂) ပြောတိုင်းယုံတဲ့ပုတ်သင်ညို (၁၉၉၉)
၂၃) ဖော်ကွာဝေး (၁၉၈၉)
၂၄) ဖူးစာရှင်ကိုရွေးတော့မည်
၂၅) ဘာမှမတတ်နိုင်ဘူး (၁၉၉ဝ)
၂၆) မိညီမ (၁၉၉၆)
၂၇) မိုးထဲကနှင်းဆီ
၂၈) မင်းမဆိုးပါဘူး (၂ဝဝဝ)
၂၉) မျောက်လက် (၂၀၁၁)
၃၀) ယမကာလုလင် (၁၉၉၉)
၃၁) ရေတမာ  (၂ဝဝဝ)
၃၂) ရင်ခုန်သူများ (၁၉၈၈)
၃၃) ရင်ထဲကဆောင်းရာသီ (၁၉၈၉) (၁၉၉၉ တွင် အစ်ကို ဖြစ်သူ မောင်ဝဏ္ဏရုပ်ရှင် ရိုက်)
၃၄) ရယ်စရာ မောစရာ (ပ-၁၉၈၇၊ ဒု-၁၉၉၅)
၃၅) ရင်မောခြင်းနှင် ရယ်မောခြင်း (၁၉၉၇)
၃၆) ရယ်မောခြင်း လက်ရွေးစင် (၁၉၉၉)
၃၇) ရယ်မောခြင်း လက်ကျန်
၃၈) ရွှေနှလုံးသား
၃၉) ရွှေရောင်မမရဲ့ ပုံတူ (စာရေးဆရာစုံ) (၁၉၉၉)
၄၀) လမ်းဖြတ်ကူး သောဝတ္ထုတိုများ (၁၉၉၅)
၄၁) လွန်လေပြီးသောနှလုံးသား (၁၉၉၅)
၄၂) လွမ်းရအောင် (၁၉၈၄)
၄၃) ၀ထ္ထုဖြစ်စေသတည်း
၄၄) သဘာဝကျကျ ဟာသရသ
၄၅) သာဓုအင်ဆန်း (ဖခင် ဆရာ သာဓု၊ အစ်ကို များ ဖြစ်သူ မောင်ဝဏ္ဏ၊ သုမောင်တို့ နှင့်တွဲလျက်) (၁၉၇၈)
၄၆) သူကလည်းသူ ကျွန်တော်ကလည်း ကျွန်တော်
၄၇) သူငယ်ချင်း တယောက်အကြောင်း (၁၉၉၇)
၄၈) သူတို့ ပျော်ကြလေပြီ (၁၉၈၆)
၄၉) သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
၅၀) သုံးနားညီ
၅၁) သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စာရေးဆရာစုံ)  (၁၉၉၄)
၅၂) သံယောဇဉ် အဖွဲ့ (၁၉၉၆)
၅၃) အချစ်မြို့သားများ
၅၄) အချစ်ရူးကြီး ရူးတော့သည် (၁၉၉၄)
၅၅) အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာ) (၁၉၇၈)
၅၆) အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ
၅၇) အချစ်သက်သက် ဝတ္ထုတိုများ (၁၉၉၆)
၅၈) အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း (၁၉၈၁)
၅၉) အခြားဝတ္တုတိုများ (၂ဝဝဝ)
၆၀) အတွေ့လေးရယ်မှ အို အကြုံ (၁၉၉၆)
၆၁) အမုန်းခွန်အား (ဝတ္ထုများ) (၁၉၉၆)
၆၂) အမည်မဖော်လိုသူ အချစ် (၂ဝဝ၁)
၆၃) အမုန်းအလိုမရှိ (၁၉၉၆)
၆၄) အလွမ်းသစ်
၆၅) အလွမ်း၌ချစ်စေသတည်း
၆၆) အီးကော်လာ
၆၇) အော်ဆွေး
၆၈) အောင်ဘာလေ (၂၀၀၉)
၆၉) အက်ဆေးချစ်သူ(အက်ဆေး ပေါင်းချုပ်) (၂ဝဝ၁)
၇၀) ဦးမင်းလူ ကောင်းမှု (ကဗျာ ပေါင်းချုပ်) (၂ဝဝဝ)
၇၁) ဒေ၀တာမြို့တော် (ဖြည့်စွက်)
ကျန်ရှိနေသေးသော ဆရာ မင်းလူ စာစုစာရင်း များ၊ အချက်အလက် အမှားအယွင်းများကို မိုးမခ စာဖတ်ပရိသတ် အနေနဲ့ မှတ်ချက်ပြု ဆက်လက် ပြုစုပေးပါရန် ပန်ကြားအပ်သည်။  ကိုယ်ရေး အကျဉ်း မှာ မိသားစု ၏ တရားဝင် ထုတ်ပြန်ချက် မဟုတ်ပါ။ 
ဆရာ မင်းလူ အခုလို ကွယ်လွန် အနိစ္စ ရောက်သွားခြင်း အတွက် မိုးမခ က မိသားစု နှင့် ထပ်တူ၊ ထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ရသည်။  တိုင်းပြည် အတွက် အဖိုးမဖြတ် နိုင်သည့် ဆုံးရှုံးမှုလည်း ဖြစ်သည်။  ဆရာ မင်းလူ သက်ဆုံးတိုင် တိုင်းပြည် အတွက် တာဝန်ကျေ ပေးဆပ်ခဲ့သည် စာပေ လုပ်အားများအတွက် အမြဲတမ်း ကျေးဇူးတင် သမိုင်းမှာ နာမည်ကျန်ရစ်နေမည် ဖြစ်သည်။

ဆရာ မင်းလူ ကောင်းရာ သုဂတိ လားပါစေ။

Maung Yit - Farewell to Min Lu


အယ်ဒီတာ့လက်ရေး (၂၆)
ဒေ၀တာမြို့တော်မှ ကြိုဆိုပါသည်
မောင်ရစ်၊ သြဂုတ် ၁၅၊ ၂၀၁၃
စာရေးဆရာ မင်းလူ ကွယ်လွန်သွားပြီလို့ ကြားသိရလိုက်တော့ အကောင်းကြိုက်လွန်းတဲ့ သေမင်းကို “ဖြေး ဖြေး” လို့ ပြေးပြောလိုက်ချင်မိတယ်။ ခုနင်ကလေးတင်ပဲ ဆရာမောင်ဝံသကို ခေါ်သွားလို့ သူနောက်ဆုံးအိပ်သွားတဲ့ ခုတင်လေးတောင် နွေးနွေးလေးရှိသေးတယ်၊ အဲသည်တဆေးရုံထဲက ဆရာမင်းလူကိုပါ တပါတည်း စောင့်ခေါ်သွားသလို ဖြစ်နေတာပေါ့။ သရော်စာရေးသူ ဆရာမောင်ထင်ရဲ့ ကိုဒေါင်းစာကို ကိုးကားပြီး ပြောရရင်တော့ “မင်းလူကား ကွယ်လေပြီ၊ မင်းလူ သက်တော်ရာကျော် ရှည်ပါစေသတည်း …”လို့ ရေရွတ်ရတော့မလိုပါ။ သို့သော်လည်း အဲသည်ဆေးရုံက လူနာတွေ ကြားကုန်ရင် စိတ်တွေ ပူကုန်ကြမှာလည်း စိုးရသေးတယ်နော်။ သေမင်းကိုယ်တိုင် အဲသည်ဆေးရုံထဲက မဆင်းသေးရင် လူနာရှင်တွေတော့ ဆေးရုံပြောင်းပြေးရတော့မလို ဖြစ်ကုန်မှာ စိုးရတာကိုးလေ။
ဟာသဉာဏ်၊ သရော်သံနဲ့ မေတ္တာစိတ်ရှိသူ စာရေးဆရာတယောက်မို့ အို၊ နာ၊ သေ နမိတ်ကြီးတွေကိုတော့ ရယ်သွမ်းသွေးနိုင်သူ ဆရာတယောက်ကတော့ သူဖွဲ့ဆိုတည်ဆောက်ခဲ့တဲ့ သူ့ချစ်သူတွေရှိရာ ဒေ၀တာမြို့တော်ကို ထွက်သွားပါပြီ။ ကင်ဆာရောဂါသည် ၃ ယောက် တဆေးရုံထဲမှာ ဆုံတော့ သူက ကင်ဆာသမဂ္ဂတောင် ထောင်လိုက်သေးတယ် ပြောတယ်။ ‘ဆရာမောင်ဝံသက နာယက၊ ကြည်စိုးထွန်းက ဥက္ကဌ၊ သူကတော့ အတွင်းရေးမှူးနေရာကို ယူမယ် …’  လို့ ရယ်နိုင်တဲ့သူပါ။ အခုလောက်ဆိုရင် ဒေ၀တာမြို့တော်ကိုသွားတဲ့ ကူးတို့လမ်းမကြီးပေါ်မှာ ဟိုးရှေ့က သွားနှင့်သူ ဆရာမောင်ဝံသကို “ဟိုးထား ဆရာရေ … ကျနော်ကိုလည်း စောင့်ပါဦး” လို့ တကြော်ကြော်ခေါ်ပြီး ခပ်သုတ်သုတ်လေး လျောက်နေလိမ့်မလားလို့ ၀ိုးတ၀ါး တွေးနေမိတယ်။
ဒေ၀တာမြို့တော်မှာတော့  ဆရာကျီဆယ်နောက်ပြောင်ခဲ့သူ စာရေးဆရာ၊ သရော်စာဆရာကြီးတွေက ပန်းတွေခင်းလို့ ဆရာ့ကို ကြိုဆိုနေလိမ့်မယ်လို့ မြင်ယောင်မိတယ်။ ဆရာမောင်ထင်၊ ဆရာသော်တာဆွေ၊ ဆရာမကြီး ခင်မျိုးချစ်တို့တွေက “အေးအေး … ဟိုကာတွန်းဆရာတွေ လူုပြက်တွေ ခေါ်မလာနဲ့” လို့ ပြောနေလိမ့်မလား၊ ဆရာသာဓုနဲ့ ရောက်နှင့်နေသူ ဆရာသုမောင်၊ ဆရာမောင်ဝဏ္ဏ၊ ကိုအာယုတို့ကလည်း သူတို့မိသားစုသန်းကောင်စာရင်းကို ပြန်စစ်ကြည့်ရင်း “မင်းတယောက်တည်းလားကွ” ဆိုပြီး ကြိုနေကြလိမ့်မည်လားလို့ တွေးမိပါတယ်။
မိုးမခမှာက စာနယ်ဇင်းနယ်ပယ်ထဲက ကိုယ်ချစ်ခင်လေးစားရပါသော ဆရာတွေ၊ မိတ်ဆွေတွေအတွက် အမြဲတမ်း အမှတ်တရတွေ၊ ဆုတောင်းတွေ ရေးရ တင်ဆက်ရတဲ့ နေရာတခုအဖြစ် လူသိများကြတယ်။ ခုနင်ကလေးတင် ဆရာမောင်ဝံသအတွက် နှုတ်ဆက်မှတ်တမ်းတွေ၊ အမှတ်တရစာတွေ တင်နေတုန်း၊ တင်နေဆဲ ရှိသေးတယ်။ ကိုငြိမ်းချမ်းအေးက ဗမာပြည်သူတွေချစ်တဲ့ ဂီတပညာရှင်တွေအကြောင်း ရုပ်ပုံလွှာတွေ ပြင်ဆင်နေတုန်း ရှိသေးတယ်။ ဆရာမင်းလူအတွက်ကတော့ နှုတ်ဆက်စကားရေးဖို့အတွက် ဆုံးရှုံးမှုတွေက များလွန်လွန်းတော့ အင်အားတွေ ကုန်ခန်းပြီး အရုပ်ကြိုးပြတ်ခံစားနေရတဲ့ကြားက အားတင်းပြီး ရေးရတာ ဖြစ်ပါတယ်။
ကျနော်တို့က ဆရာရဲ့ စာတွေ ကဗျာတွေနဲ့ ကြီးပြင်းလာကြသူတွေ၊ ချစ်တတ်လာကြသူတွေလို့ ပြောရင် ရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် ၃၀ နီးပါးက အချစ်ဝတ္တုတွေ အချစ်ကဗျာတွေမှာ သာမန် ချစ်ကွဲညား သီချင်းလေးဆိုလိုက်၊ မျက်ရည်လေးကျလိုက်၊ အိပ်မက်ခန်းတွေထဲ ပြေးလွှားလိုက်နဲ့ ဆယ်ကျော်သက်တွေကို ဖမ်းစားတဲ့ ပြုစားတဲ့ စာရေးသူတဦးမဟုတ်ဘဲ လူသားဆန်တဲ့ ဘ၀တွေနဲ့ အချစ်ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ ‘မင်းလူ’ပါ။ တက္ကသိုလ်ထဲကို ကိုယ်ပိုင်ကားကြီးစီးပြီး ဒေါက်ဖိနပ် ကြွကြွရွရွလေးနဲ့ အင်ယားကန်ဘောင်က ဗူးသီးကျော်ဆိုင် ဟာသတွေ ပြောရင်း တသောသောလုပ်ပြီး ထိုင်နေတဲ့ ဇာတ်ကောင်တွေထက် ကိုယ့်ဖာသာ ထမင်းဘူးလေးထုတ်၊ ဘတ်စကားတိုးစီး၊ တွန်းတွန်းတိုက်တိုက် အပြေးလျောက်၊ ဦးချစ်လဘက်ရည်ဆိုင်မှာ ကဗျာစပ်ရင်း၊ စာဖတ်ရင်း ကျောင်းတက်နေတဲ့ ဇာတ်ကောင်တွေကို သရုပ်ဖော်ပြနိုင်တဲ့ စာရေးဆရာ ဖြစ်ပါတယ်။
ချစ်တယ် ဆိုတာ ဘာလဲ။ ကျောင်းသွားဖော် သူငယ်ချင်းတွေဆိုတာ ဘယ်လိုလဲ။ ဘ၀မှာ ရွေးချယ်ရတယ်ဆိုတာ ဘာလဲ။ ကိုယ်ယုံကြည်ရာ၊ မှန်ကန်ရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ရပ်တည်ရတယ်ဆိုတာ ဘာလဲ။ ဂုဏ်တွေ ဒြပ်တွေ ရာထူးတွေ၊ ချမ်းသာ ဆင်းရဲတွေ၊ ငွေကြေး၊ ပစ္စည်းဥစ္စာတွေကို မစားရ ၀ခမန်း ဖွဲ့ပြီးတော့ သာမန်လူတန်းစားတွေ လူငယ်တွေနဲ့ မနီးစပ်တာတွေနဲ့ စာတွေဖွဲ့မယ့်အစား လူသားတွေကြားထဲက တွယ်တာမှု၊ သံယောဇဉ်၊ ချစ်မေတ္တာတွေ၊ အပြန်အလှန် သဘောထားအမြင်တွေကို ဖွဲ့ဆိုပြပြီး ကိုယ့်ဘ၀၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်ချစ်သူတွေကို မြင်အောင်၊ ချစ်လာအောင် ရေးသားနိုင်တဲ့ အချစ်စာရေးဆရာတဦး ဖြစ်ပါတယ်။
သာမန် ရုပ်ရှင်တွေ၊ သာမန်ဝတ္တုတွေမှာဆိုရင် ဇာတ်လမ်းမှာ ဇာတ်လိုက်ရယ် ဇာတ်ရံတွေရယ်ပဲ ရှိတယ်ဆိုတဲ့ အမြင်တွေ၊ ပုံသွင်းမှုတွေကနေ ဇာတ်လမ်းတွေမှာ ဇာတ်ကောင်တွေအားလုံးဟာ ဇာတ်လိုက်တွေချည်းပဲလို့ သက်ဝင်ပုံဖော်ပြနိုင်ခဲ့ပါတယ်။ ဥပမာ ၀င်းဦးကဇာတ်လိုက်ဆို၊ ဘေးကအကောင်တွေအားလုံးဟာ သန်းဖေလေးလို ဇာတ်ရံလူပြက်တွေ၊ အံ့ကျော်လို ဇာတ်ရံလူကြမ်းတွေ မဟုတ်စေရဘူး။ ဥပမာ ခင်သန်းနုက ဇာတ်လိုက်ဆို၊ မသန်းရွှေက ဇာတ်ရံလူပြက်၊ ဒေါ်မေနွဲ့က ဇာတ်ရံလူကြမ်းလိုမျိုးတွေ မဟုတ်ဘူး။ ဒီလိုမျိုး မြန်မာ့ရိုးရာလိုဖြစ်နေတဲ့ လှေနံဒါးထစ်ဇာတ်အိမ် ဖွဲ့ဆိုမှုတွေကနေ ဆရာဇာတ်လမ်းတွေ၊ ဆရာ့ဇာတ်ကောင်တွေက လွတ်မြောက်မှု၊ လွတ်လပ်မှုတွေ ရှိခဲ့တယ်။ အဲသည်ကနေ ကျနော်တို့လူငယ်တွေကို အင်အားတွေ ရှင်သန်မှုတွေနဲ့ မြင်ကွင်းကျယ်တွေ ပေးခဲ့တယ်လို့ ဆိုချင်ပါတယ်။
လူသားတွေကို ချစ်ခင်တတ်၊ မေတ္တာထားတတ်၊ ခွင့်လွှတ်သရော်တတ်သူ စာရေးဆရာဟာ ကိုယ်ယုံကြည်ရာကို ရပ်တည်စွမ်းသူ၊ စွန့်လွှတ်အနစ်နာခံဝံသူလို ဇာတ်ကောင်မျိုးတွေနဲ့ “ခုနှစ်စင်အလွမ်း”လို ၀တ္ထုမျိုး ရေးခဲ့တယ်။ ၁၉၈၉မှာ ဗမာပြည်ကြီး ငါးပါးမှောက်နေတာကို “ဘာတွေဖြစ်ကုန်ကြပြီလဲ” ဆိုတဲ့ မြေအောက်ကဗျာနဲ့ သရော်တော်လှန်ခဲ့ဖူးတယ်။ အဲသည်အတွက် စစ်အစိုးရက အိမ်တိုင်ရာရောက် လာရောက် ဖမ်းဆီးတော့လည်း ပြေးလွှားတိမ်းရှောင်ခြင်းမရှိ ရဲဝံရင်ဆိုင်သူ ဇာတ်ကောင်တဦးပါပဲ။ သူ့ကို ထောက်လှမ်းရေးက ခေါင်းစွပ်ကြီးစွပ်ပြီး ဖမ်းခေါ်သွားမယ်ဆိုတော့ သူက အသင့်ချုပ်ထားတဲ့ သန့်စင်လျော်ဖွတ်ထားတဲ့ ကိုယ်ပိုင်ခေါင်းစွပ်ကိုတောင် ထုတ်ပေးပြီး ခင်ဗျားတို့ခေါင်းစွပ်ကြီးက နံလွန်းလို့ဆိုပြီးတောင် ပြောထွက်ရဲတဲ့ တကယ့်လူ့လောကထဲက လူသားဇာတ်လိုက်တဦးပါ။
ဆရာ့ကို ဆရာချစ်တဲ့အိမ်သူက ‘မျိုးချစ်ကြီး” လို့ နံမယ်ပေးထားတယ်လို့ ကျနော့်အိမ်က ပြောပြခဲ့တယ်။ ပြည်ပခရီးတွေမသွားဘူး။ ဗမာပြည်မှာပဲ နေထိုင် ရှင်သန်တယ်။ မတတ်သာလို့သာ နိုင်ငံရပ်ခြားမှာ တကြိမ်တခါ ဆေးကုထွက်ခဲ့တယ်လို့ ဆိုတယ်။ မျိုးချစ်ကြီးဟာ သူချစ်တဲ့ဆီကနေ သူချစ်တဲ့ စာရေးဆရာတွေ၊ အနုပညာသည်တွေ နေထိုင်ရာ နတ်တို့မြို့တော်၊ ဒေ၀တာမြို့တော်ကိုတော့ ဒီတခါမှာ အပြီးအပိုင် ထွက်ခွာသွားပြီလို့ ဆိုရတော့မှာပေါ့နော်။
ဗမာပြည်သူတွေဟာ ဆရာ့ဇာတ်ကောင်တွေ၊ ဆရာ့ဇာတ်လိုက်တွေချည်းပဲ။ ဆရာ့ဝတ္တုတွေ ဆရာ့စာတွေဟာ ဗမာပြည်ကြီးရဲ့ ကြေးမုံပြင်ကြီးပါပဲ။ မဆလတပါတီ အာဏာရှင်အောက်မှာ ပြည်သူ့ဆိုင်က ပေးတဲ့ ဆန်၊ ဆီ၊ ဆား ကုန်ဝယ်စာအုပ်ထပ်ပြီး ၀ယ်စားခဲ့ရတာ၊ လူတိုင်းမှာ သမဆိုင်က ထုတ်ပေးတဲ့ အနားပြာ ရှပ်ဖြူတွေ၊ ဆေးဆိုးပန်းရိုက် အင်္ကျီတွေ၊ အစတွေ ၀ယ်ရ ချုပ်ရတာတွေ၊ လက်ပတ်နာရီဆိုလို့ ထိုင်းနယ်စပ်က ဖြတ်ဝင်တဲ့ ကွာဇ်နာရီတွေ အကြောင်း၊ စစ်အစိုးရလက်ထက်က ဂိတ်ကြေးတွေ၊ တက္ကစီကားတွေ၊ လာဘ်ပေးရတာတွေ၊ ကမောက်ကမတွေကို လေသံအေးအေးနဲ့ သရုပ်ဖော်နိုင်ခဲ့တာတွေဟာ ပြန်စာဖွဲ့လို့မကုန်အောင် များပါတယ် ဆရာရယ်။
“ကျနော်၏ကဗျာများတွင် သစ္စာမဲ့သူကို ရှုံချပြီး သစ္စာရှိသူ၊ ရိုးသားသူကို ဂုဏ်ပြုချီးကျူးထားပါသည်။ ချစ်သူအပေါ်သစ္စာရှိသောသူသည် တိုင်းပြည်အပေါ်တွင်လည်း သစ္စာရှိလိမ့်မည်ဟု ကျနော်ယုံကြည်ပါသည် …” လို့ ဆရာ့ကဗျာစာအုပ်မှာ အမှာရေးသားထားသလို ဆရာဟာ ကျနော်တို့အတွက် သစ္စာရှိတဲ့ ချစ်သူပါ။ ဗမာပြည်ကြီးနဲ့ ဗမာပြည်သူတွေကလည်း ဆရာ့ဇာတ်ကောင်တွေလိုပဲ ဆရာ့ကို သစ္စာရှိစွာ ချစ်ခင်ကြမှာ မလွဲပါဘူး။
ဆရာရေ … မျက်ရည်တွေကြားထဲက ရယ်မောစရာလေးနဲ့ပဲ နှုတ်ဆက်လိုက်ပါတော့မယ်။
စစ်အာဏာရှင်တွေလက်ချက်နဲ့ ကျဆုံးသွားတဲ့ ဒီချုပ်က ၉၀ရွေးကောက်ပွဲအမတ်၊ ခရမ်းမြို့နယ်က ဦးတင်မောင်ဝင်း အသုဘမှာ ဇနီးဖြစ်တဲ့ ဒေါ်ကြူကြူက ယပ်တောင်စာလေး ဒီလိုရေးပြီး ကမ်းဖူးတယ်။
“လူကို သတ်တာ ကင်ဆာတဲ့လား …
ကင်ဆာ ကျဆုံးပါစေ …” တဲ့
ဆရာ့က ဒေ၀တာမြို့တော်ကို မသွားခင်လေးမှာ ကင်ဆာသမဂ္ဂထောင်ပြီး အတွင်းရေးမှူးလုပ်သွားခဲ့တာ ဆိုတော့၊ ကင်ဆာကျဆုံးပါစေလို့ လက်သီးလက်မောင်းတန်း အော်ဖို့တောင် ခပ်ခက်ခက်ဖြစ်နေပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ်တဲ့ သစ္စာတရားများဖြင့် သီးပွင့်နေသော စာရေးဆရာများရဲ့ ဒေ၀တာမြို့တော်မှာ ဆရာလည်း အဲသည်သမဂ္ဂကြီး ဆက်လက်ထူထောင်နေမှာ မဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။ ကျနော်တို့တတွေ ပြည်သူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ‘ကင်ဆာ ကျဆုံးပါစေ’ လို့ ရေရွတ်ပြီးတော့ ဆရာ့ကို ဂါရ၀ပြု နှုတ်ဆက်လိုက်ပါတယ်။
“စာရေးဆရာ မင်းလူကား ကွယ်လေပြီ၊ စာရေးဆရာ မင်းလူ သက်တော်ရာကျော် ရှည်ပါစေသတည်း …” ။    ။
(Photo - Yu Ya Facebook)

Law Eh Soe - Irrawaddy Photo Essay (9)

လောအယ်စိုး – ဧရာဝတီ၏ ရေစီးသံများ (ဓာတ်ပုံအက်ဆေး) (၉)
သြဂုတ် ၁၅ ၊ ၂၀၁၃ 
(နွားနို့သည်များ)
အမေရိကန်ပြည်ရောက် ဓာတ်ပုံဆရာ လောအယ်စိုးရဲ့ ဓာတ်ပုံလက်ရာတွေထဲကနေပြီး ဓာတ်ပုံပြခန်းတွေမှာ တင်ဆက်ခဲ့တဲ့ မှတ်တမ်းအချို့ကို ကောက်နုတ်စုဆောင်းတင်ဆက်တာ ဖြစ်ပါတယ်။ မြန်မာပြည်မြင်ကွင်း၊ အမေရိကန်ပြည်ရောက် မြန်မာတိုင်းရင်းသားများ မြင်ကွင်း စတဲ့ မြင်ကွင်းစုံကို ဓာတ်ပုံဆရာတယောက်ရဲ့ ပြတင်းပေါက်ကနေတဆင့် ရှုမြင်ခံစားနိုင်ကြဖို့ပါ။
- See more at: http://moemaka.com/archives/37154#sthash.ZyjtkWkI.dpuf

MoeMaKa Remembers Htoo Eain Thin


 
ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်
မိုးမခ၊  သြဂုတ်လ၊ ၁၄၊ ၂၀၁၃

ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)
တေးရေး/တေးဆို/ဂီတပညာရှင် ထူးအိမ်သင် တယောက် ကွယ်လွန်သွားခဲ့သည်မှာ ၂၀၁၃ ၁၄ သြဂုတ် နေ့ တွင် (၉) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။  ထူးအိမ်သင် အမှတ်တရ အစီအစဉ် အဖြစ် သူ ၏ “ဂီတ ဘဝ ကောက်ကြောင်း အကျဉ်း” နှင့် “ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့်” ရုပ်သံ အစီအစဉ်များကို “ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်” မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။

ထူးအိမ်သင် ၏ ဂီတ ဘဝ အကျဉ်း

ထူးအိမ်သင် ကို ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။  အဖ ဦးထွန်းမြင့် (ယခု ကွယ်လွန်) နှင့် အမိ ဒေါ်မြရင် ဖြစ်သည်။  မွန်/မြန်မာ(ဗမာ) လူမျိုး ဖြစ်သည်။  အမည်ရင်း မှာ ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု၍ သူငယ်ချင်းများက အချိန်အပိုင်းအခြားလိုက် ခေါ်ခဲ့ကြသည်။

ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)

ထူးအိမ်သင် ငယ်စဉ်ဘဝ အပျော်တမ်း ဂစ်တာ စ တီး တတ်စဉ် စတင် တီးဆိုခဲ့သည့် သီချင်း မှာ “နွေဥသြ (ရေး/ဆို စိုင်းထီးဆိုင်)” ဖြစ်သည်။
၁၉၇၇ ပုသိမ်မြို့၊ အနောက်မြို့နယ် လူငယ်ဘင်ခရာတီးဝိုင်း မှာ ပါဝင်ခဲ့ပြီး ဂီတသင်္ကေတ များ ကို စတင်သင်ယူခဲ့သည်။  ဆရာ အမည် မှာ “ဦးဆန်းတင့်” ဖြစ်သည်။  ပုသိမ်မြို့ အပျော်တမ်း ဂီတပညာရှင် “ဦးကျောက်စိမ်း” ထံတွင်လည်း ပညာဆည်းပူးခဲ့သည်။  ၁၉၇၉ ခုနှစ်တွင် ပထမဆုံး တေးစာသား အဖြစ် “ကန္တာရနှလုံးသား” သီချင်းကို ရေးသားခဲ့သည်။  မူရင်း သံစဉ်မှာ ABBA အဖွဲ့ဆို “Hastamanana” သီချင်း ဖြစ်သည်။
၁၉၈၀ တွင် ပုသိမ်မြို့ ငုဝါ တေးဂီတ အဖွဲ့ ၏ ဂစ်တာ ဆရာ “ဦးတင်ယု” ထံမှာ ဆက်လက် ပညာသင်ယူခဲ့သည်။  ငုဝါ တီးဝိုင်း နှင့် အတူ ပထမဆုံး စင်တင် ဖျော်ဖြေမှု အနေဖြင့် ကိုင်ဇာ ၏ “အကောင်းဆုံးကဂစ်တာတီးနေမယ် (သံစဉ်-မောင်မောင်ဈာန်၊ စာသား - ကိုင်ဇာ)” ကို သီဆိုခဲ့သည်။
မော်လမြိုင်မြို့ကို ပြောင်းရွှေ့နေထိုင်ပြီးနောက် ဂီတပညာရှင် ဆရာ “ဦးအောင်စိုး (KC Francis)” နှင့် တွေ့ဆုံပြီး ဆက်လက်ပညာသင်ယူခွင့်ရခဲ့ကာ သူ၏ ဂီတပညာ အရည်အသွေးများ ပိုမို ပြည့်စုံ လာခဲ့သည်။
၁၉၈၂ တွင် ပထမဆုံး ကိုယ်ပိုင်သံစဉ် တေးသီချင်း အဖြစ် “ဝေးသွားတဲ့အခါ” တေးသီချင်းကို ရေးသားခဲ့သည်။  ဤ သီချင်းမှာ နောင်တွင် ကိုယ်တိုင် သီဆို အောင်မြင်ခဲ့သည်။  ဗမာ့ဂီတ အတွက်လည်း ဂန္တဝင် မှတ်တိုင် တေး တပုဒ် အဖြစ် မှတ်တမ်းဝင်သည်။  သူ ကွယ်လွန်ချိန်မှာ “ဝေးသွားတဲ့အခါ” သီချင်း ၏ ဂီတ သင်္ကေတ များကို သူ့ ဆန္ဒ အတိုင်း အုတ်ဂူတွင် ရေးထိုးခဲ့သည်။  သီချင်း စတင် ဖန်တီး ချိန်က Latin ပုံစံ ဖွဲ့ခဲ့သည်။ The Aces (တေးပန်းချီ) အဖွဲ့နှင့် နောင် အသံသွင်းယူ သီဆိုချိန်မှာ Jazz ဂီတ ပုံစံ ပြောင်း၍ သီဆိုခဲ့သည်။
ထူးအိမ်သင် ရေးသားခဲ့သည့် ပထမဆုံး အသံသွင်း တရားဝင် ဖြန့်ချီနိုင်ခဲ့သည့် သီချင်း မှာ “လူနဲ့အင်္ကျီ” ဖြစ်သည်။  သုခနောင် ၏ “လူနဲ့ အကျီ” တေးအယ်လ်ဘမ် (၁၉၈၆) တွင် ပါဝင်ခဲ့သည်။
ထူးအိမ်သင် ကိုယ်တိုင်ရေး/ဆို ပထမဆုံး တကိုတော် တေးစု မှာ “နာရီပေါ်မှ မျက်ရည်စက်များ”(၁၉၈၇) ဖြစ်သည်။  သီချင်း (၁၆) ပုဒ် ပါဝင်ကာ ဂီတမှူး ဦးသန်းရွှေ ၏ The Aces (တေးပန်းချီ) အဖွဲ့ နှင့် တီးခတ်ပြီး Oasis စတူဒီယို မှာ အသံသွင်းယူခဲ့သည်။  ဂန္ဓမာ တေးသံသွင်း က တာဝန်ယူ ဖြန့်ချီပေးခဲ့သည်။ ကက်ဆက်တိပ်ခွေ အဖုံး ဓာတ်ပုံ မျိုးလေး(Eco) နှင့် ဒီဇိုင်း သိန်းလွင် ဖြစ်သည်။

 
ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)
ထို့နောက် ၁၉၈၇ ခုနှစ် မှာပင် ထူးအိမ်သင် အမည်ဖြင့် ပထမဆုံး စင်တင်ဂီတပွဲအဖြစ် ရန်ကုန်မြို့ မေရီချပ်(ပ်)မင်း ဆွံ့အနားမကြားကလေးများ ကျောင်းတွင် New Wave (လှိုင်းသစ်) တေးဂီတ အဖွဲ့နှင့် အတူ ဖျော်ဖြေ ခဲ့ပြီး “မေ့လိုက်တော့” အပါအဝင် သီချင်း ၅ ပုဒ် သီဆိုခဲ့သည်။
၁၉၉၀ ခုနှစ်များတွင် ပထမဆုံး ရုပ်သံ အသံလွှင့်မှု အဖြစ် အောင်ရင် နှင့်တွဲ၍ “မဆုံးတဲ့သီချင်း” ကို သီဆို ထုတ်လွှင့်ခဲ့သည်။  “မဆုံးတဲ့သီချင်း” မှာ သူငယ်ချင်း ဖြစ်သူ “သိမ်းတင်သား” နှင့် တွဲဖက် ရေး သီချင်း ဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် ပထမဦးဆုံး တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ အဖြစ် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ၌ Iron Cross (သူရဲကောင်းလေးများ) တေးဂီတ အဖွဲ့နှင့်အတူ သီချင်း ၂၉ပုဒ် ဖျော်ဖြေခဲ့သည်။
၁၉၉၅ ခုနှစ်တွင် Iron Cross (သူရဲကောင်းလေးများ) တေးဂီတ အဖွဲ့ နှင့်ပင် “Unplugged” စင်တင်ပွဲအဖြစ် ရန်ကုန်မြို့ အောင်ဆန်း အားကစား ကွင်း တွင် ဖျော်ဖြေခဲ့သည်။

 
ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)
ကွယ်လွန်သည့် အချိန် အထိ တကိုယ်တော် တေးစု (၁၃) ခု ထွက်ခဲ့သည်။  နိုင်ငံခြား သံစဉ်မှီး တေးစု (၃) ခု ပါခဲ့သည်။  “တနေ့စာအလွဲများ (၂၀၀၃)” တေးစု သည် မကွယ်လွန်ခင် ထွက်ခဲ့သည့် နောက်ဆုံးတကိုယ်တော် တေးစု ဖြစ်သည်။

တကိုယ်တော်တေးစုများ စာရင်း

၁။ နာရီပေါ်မှမျက်ရည်စက်များ | The Aces (တေးပန်းချီ) | အိုအေစစ် စတူဒီယို | ဂန္ဓမာတေးသံသွင်း (၁၉၈၇)
၂။ မှော်ဆရာအိမ်မက် | The Aces (တေးပန်းချီ) | အိုအေစစ် စတူဒီယို | ပန်းနုလ၀န်းတေးသံသွင်း (၁၉၈၈)
၃။ သက်ငြိမ် | The Aces (တေးပန်းချီ) | အိုအေစစ် စတူဒီယို | Country Boy Recording (၁၉၈၉)
၎။ အတ္တပုံဆောင်ခဲများ | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | စံပယ်ဦး တေးသံသွင်း (၁၉၉၁)
၅။ အရင်အတိုင်း (နိုင်ငံခြားသံစဉ်မှီး၊ စကားလုံး ဝင်းမင်းထွေး) | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | ဂျူပီတာတေးသံသွင်း နှင့် ကိုရဲ တေးထုတ်လုပ်ရေး (၁၉၉၁)
၆။ စကားလုံးမရှိတဲ့ကောင်းကင် (နိုင်ငံခြားသံစဉ်မှီး၊ တေးစာသား မြင့်မိုးအောင်) | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | မောင်ဇော်သစ် နှင်းဆီလှိုင်း တေးထုတ်လုပ်ရေး (၁၉၉၅)
၇။ ထူးအိမ်သင် (Unplugged Live) အောင်ဆန်းကွင်း Live Show | Iron Cross (သူရဲကောင်းလေးများ) | မေ စတူဒီယို | စိန်မင်း တေးထုတ်လုပ်ရေး (၁၉၉၆)
၈။ မြို့ပြလရောင်တမ်းချင်း | Session Players | အိုအေစစ် စတူဒီယို | မာကျူရီ တေးထုတ်လုပ်ရေး (၁၉၉၆ )
၉။ ဝင်ရိုးစွန်းမီး | Session Players | လင်း စတူဒီယို | နာဆာ တေးထုတ်လုပ်ရေး (၁၉၉၇)
၁၀။ အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း | Iron Cross (သူရဲကောင်းလေးများ) | လင်း စတူဒီယို | IC တေးထုတ်လုပ်ရေး (၁၉၉၇)
၁၁။ အမှတ်တရဒဏ်ရာသီချင်းများ (နိုင်ငံခြားသံစဉ်မှီး) | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | Heart တေးထုတ်လုပ်ရေး (၁၉၉၉)
၁၂။ အစိမ်းရောင်ရက်စွဲများ | Iron Cross (သူရဲကောင်းလေးများ) | အိုအေစစ် စတူဒီယို | စံပယ်ဦးတေးသံသွင်း (၂၀၀၁)
၁၃။ တစ်နေ့စာအလွဲများ | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | မန်းသီရိတေးသံသွင်း (၂၀၀၃) (Oct)       Oasis           Emperor       
၁၄။ ချစ်ခြင်းအားဖြင့် (ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ထွက်) | Iron Corss/Trees/Session Players | အိုအေစစ်/PTL/နဝရတ် စတူဒီယို | CMP တေးထုတ်လုပ်ရေး

ကွယ်လွန်ခြင်း (၁) နှစ်ပြည့် ၂၀၀၅ သြဂုတ်တွင် အမှတ်တရ အဖြစ် မကွယ်လွန်ခင် အသံသွင်းယူခဲ့သည့် သီချင်းများကို စုစည်းထားသည့် “ချစ်ခြင်းအားဖြင့်” တေးစု ထွက်ခဲ့သည်။  ၁၉၉၁ “အကြင်နာအိမ်မက်” (အောင်ရင် နှင့် တွဲဖက်)  အပါအဝင် နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ အုပ်စု တေးစု ပေါင်းများစွာလည်း ထွက်ရှိခဲ့သည်။
၂၀၀၄ သြဂုတ် (၁၄) နံနက် ဒေသစံတော်ချိန် ၁၁း၄၀ နာရီတွင် ကွယ်လွန် ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး မသွယ်သွယ်ထွေး နှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။

 
ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)

**************************
ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၁) (Living Songs Program, Myawaddy TV, 2009)
ထူးအိမ်သင် ၏ ငယ်သူငယ်ချင်း တေးရေး မြင့်မိုးအောင် ပြောပြသည့် အမှတ်တရ အကြောင်းများ နှင့် ထူးအိမ်သင် ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ်သီချင်း "ဝေးသွားတဲ့အခါ" သီချင်း။



ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၂) (Living Songs Program, Myawaddy TV, 2009)
ထူးအိမ်သင် ၏ ဂီတ မိတ်ဆွေ ဆလိုင်းကျင်ခမ်းဖုန်း (Bass Guitarist) ပြောပြသည့်
အမှတ်တရ အကြောင်းများ နှင့် ညီပု ဂုဏ်ပြုသီဆိုထားသည့် "မြို့ပြလရောင်တမ်းချင်း" သီချင်း။


ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၃) (Living Songs Program, Myawaddy TV, 2009)
မောင်သစ်မင်း (တေးရေး) အမှတ်တရ ပြန်ပြောသည့် ထူးအိမ်သင် ၏ ပထမဆုံး တေးစု "နာရီပေါ်မှ မျက်ရည်စက်များ" ထုတ်ဖြစ်ပုံ နှင့် ခေါင်းစီး သီချင်း "နာရီပေါ်မှ မျက်ရည်စက်များ" သီချင်း။


ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၄) (Living Songs Program, Myawaddy TV, 2009)

"ကျနော် သီချင်းရေးခဲ့တဲ့ သက်တမ်းမှာ
ထူးအိမ်သင်လို လူတယောက်နဲ့
ခင်မင်ခွင့်ရခဲ့အတွက်
အခုထက်ထိ ဂုဏ်ယူလို့ မဆုံးပါဘူး..။"
(တေးရေး ညီညီသွင်)

တေးရေး ညီညီသွင် ပြောပြသည့် အမှတ်တရ အကြောင်းများ နှင့် “Rock N' Roll အပျိုမ” သီချင်း


ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၅) (Living Songs Program, Myawaddy TV, 2009)
“..အမေ့အိမ်...လို့ ပြောလိုက်လို့ရှိရင်
အမေတစ်ယောက်နဲ့ သားတစ်ယောက်အကြောင်းမှာတင်
ရပ်နေမယ့် သီချင်းမျိုး မဟုတ်ဘူး..။”
(တေးရေး မြင့်မိုးအောင်)

သူငယ်ချင်းဖြစ်သူ မြင့်မိုးအောင် ၏ အစီအစဉ် အပိတ် စကား နှင့် ထူးအိမ်သင် ၏ အကောင်းဆုံးဖန်တီးမှုများထဲက တခုဖြစ်သည့် "အမေ့အိမ်" သီချင်း ကို ဂီတမိတ် လူငယ်အဖွဲ့ က  ပြန်လည်ဆန်းသစ် ဂုဏ်ပြုတီးဆိုမှု။


မြဝတီ ရုပ်သံ၊ “ရှင်သန်နေဆဲသီချင်းများ” ကဏ္ဍ ထူးအိမ်သင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ထုတ်လွှင့်ခဲ့သည် “ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၂၀၀၉)” အစီအစဉ် အပိုင်းတချို့ ယခု ထူးအိမ်သင် ကွယ်လွန်ခြင်း (၉) နှစ်ပြည့် “ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်” မိုးမခ အစီအစဉ် အဖြစ် ပြည်လည်တင်ဆက်ရာမှာ မူရင်း အစီအစဉ် စီစဉ်သူ တေးရေး ကိုမြင့်မိုးအောင်၊ မြဝတီ ရုပ်သံ နှင့် ရုပ်သံဗွီဒီယိုဖိုင်မျှဝေသူ ကိုပြည့်စုံ၊ ဓာတ်ပုံ များ မျှဝေသူ ကိုဇင်ဝေလတ် (သားငယ်) တို့ကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းတင်အပ်ပါသည်။
(ငြိမ်းချမ်းအေး စုစည်းတင်ပြပါတယ်)


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages