7th Jan - MoeMaKa Daily

20 views
Skip to first unread message

Maung Yit

unread,
Jan 7, 2013, 2:16:31 AM1/7/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
၆၅ နှစ် လွတ်လပ်ရေးနှင့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
တူမောင်ညို ၊ ဇန်နဝါရီ ၇ ၂၀၁၃
            လွတ်လပ်ရေး (၆၅) နှစ် ပြည့်ခဲ့ပြီ။
            တစ်တိုင်းတစ်ပြည်လုံး မငြိမ်းချမ်းသေးသမျှ၊ တိုင်းရင်းသားပြည်သူများတွင် ဒီမိုကရေစီ ပြည့်ပြည့်ဝဝမရှိသေးသမျှ၊ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသေးသမျှ လွတ်လပ်ရေးသည် မပြည့်စုံ၊ မပြည့်ဝ၊ မစစ်မှန်ဟုပြောရလိမ့်မည်။
            ပြည်တွင်းစစ်သည် လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ရှည်ကြာခဲ့ပြီ။ ယနေ့အထိ ပြည်တွင်းစစ် ဖြစ်ပွားနေဆဲဖြစ်သည်။
နေပြည်တော်တွင် တေးသံသာများဖြင့် လွတ်လပ်ရေးညစာကို ပျော်ရွှင်စွာ ခံစားသုံးဆောင်နေချိန်တွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများမှာ ပြည်တွင်းစစ်၏ အမြောက်သံ၊ ဗုံးသံ၊ သေနတ်သံများ အောက်တွင် ထိပ်လန့်နေကြရသည်။ စစ်မီးဝေးရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။ မနောမြေတွင် ယမ်းငွေ့၊ သွေးနှင့် မျက်ရည်တို့သည် ဝေ့ဝိုက်စီးစင်းနေပေလိမ့်မည်။
ဤသို့သော အခြေအနေအချက်အလက်များကပင်“လွတ်လပ်ရေး”၏အစစ်အမှန်အဓိပ္ပါယ်ကို စစ်ဆေးမေးမြန်းနေသည်။
အရင်းစစ်လိုက်လျှင် ပြည်တွင်းစစ် ဆိုသည်မှာ ပြည်တွင်းနိုင်ငံရေးပြဿနာ၏ အဆက်ပင်ဖြစ်သည်။ ဒီမိုကရေစီမပြည့်ဝမှု၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခြင်း၏ လက်တွေ့သရုပ်ဖော်ချက်လည်းဖြစ်သည်။
 (ဖဆပလ) (မဆလ) (နဝတ-နအဖ) နှင့် ၄င်း၏ အမွေခံ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ဟူ၍ အုပ်စိုးသူအဆက်ဆက်သာ ပြောင်းသွားခဲ့သည်။ ပြည်တွင်းစစ်က ရှိမြဲရှိဆဲပင်၊ ဖြစ်ပွားမြဲ၊ ဖြစ်ပွားဆဲ။
၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ ဟူ၍ အခြေခံဥပဒေ တစ်ခုပြီးတစ်ခုပြောင်းသွားခဲ့သည်။ ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တောင်းဆိုနေရဆဲ၊ တိုက်ပွဲဝင်နေရဆဲပင်ဖြစ်သည်။
သို့ဖြင့် လွတ်လပ်ရေးသည် သက်တမ်းအားဖြင့် ၆၅ နှစ် ပြည့်ပင် ပြည့်ခဲ့သော်ငြားလည်း ငြိမ်းချမ်းမှုမရှိသော လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသော လွတ်လပ်ရေးသာဖြစ်ခဲ့သည်။
 ပြည်တွင်းစစ်ဖြစ်ပွားနေသော လွတ်လပ်ရေး ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လူထုလှုပ်ရှားမှုကြီးကို  “ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” ဟု ပြောဆိုခဲ့ဖူးသည်။
သမ္မတ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ကျင်းပသော (၆၅) နှစ်ပြည့် “လွတ်လပ်ရေးနေ့” အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခြင်းမရှိချေ။ “လွတ်လပ်ရေးနေ့” အခမ်းအနားကို ဒီချုပ်က သီးခြားကျင်းပသည်။ အဘယ့်ကြောင့် ထိုသို့ မတက် ရောက်သည်ကို အသေအချာမသိပါ။
“ဒုတိယလွတ်လပ်ရေးတိုက်ပွဲ”ဟူသောအယူအဆကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် လက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။  အကြောင်းရင်းကိုမူ  ကာယကံရှင်များ က သာ သိမည်။ သူတို့ထုတ်ဖော်ပြောကြားမှသာ ကျနော်တို့သိနိုင်မည်။
 ယမန်နှစ်က “အာဇာနည်နေ့”တွင် အစိုးရကျင်းပသောအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သလို၊ ကိုယ်ပိုင် အစီအစဉ်ဖြင့်သီးခြားသွားရောက်၍လည်း ဂါရဝပြုသည်။ ဒီချုပ်ဌာနချုပ်တွင်လည်း “အာဇာနည်နေ့”အခမ်းအနား သီးခြားကျင်းပခဲ့သည်။
အစိုးရကျင်းပသော “အာဇာနည်နေ့” သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ခြင်းအပေါ် “သင့်မြတ်ရေးအတွက်အပေါင်း လက္ခဏာ” တစ်ခုအဖြစ်  စာနယ်ဇင်းပုဂ္ဂိုလ်အချို့က အကဲဖြတ်ခဲ့ကြသည်။
ယခုနှစ် ၆၅ နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့သည်ဟု သိရသည်။ သို့သော် လည်းဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်းမရှိခဲ့။ တိုင်းရင်းသားပါတီ ၂ ခု (ချင်းနှင့်ရခိုင်) မှ ဥက္ကဋ္ဌ ၂ ဦး  ဖိတ်ကြားခံရသော်လည်း တက်ရောက်ခြင်းမရှိဟု သိရသည်။ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက သွေးချင်းကချင်တိုင်းရင်းသားပြည်သူများ ပြည်တွင်းစစ်ကြောင့် အတိ ဒုက္ခရောက်နေရချိန်တွင် လွတ်လပ်ရေးနေ့ ညစာစားပွဲမှ စားကောင်းသောက်ဖွယ်များကို သူသည် မျိုချနိုင်လိမ့်မည်မဟုတ်ဟု ခံစားချက် အပြည့်ဖြင့်ပြောသွားသည်ကို နားထောင်လိုက်ရပါသည်။ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ၏ ခံစားချက်သည် မှန်ကန်လေးနက်သော ခံစားချက် ပင်ဖြစ်သည်။
လွတ်လပ်ရေး၏ အရသာကို တိုင်းရင်းသားလူမျိုးတိုင်း၊ ပြည်သူပြည်သားတိုင်း အပြည့်အဝ၊ အညီအမျှ ခံစားကြရမည်သာ ဖြစ် သည်။ သို့မှသာ လွတ်လပ်ရေးသည် အဓိပ္ပါယ်ရှိပေလိမ့်မည်။ အနှစ်သာရရှိပေလိမ့်မည်။ အတိတ်သမိုင်းမှ လက်ရှိပစ္စုပ္ပန်အထိ ပြန်ကြည့် လျှင်လွတ်လပ်ရေး၏အရသာသည် အုပ်စိုးသူ အဆက်ဆက်ကသာ ခံစားခဲ့ရသော၊ ခံစားနေကြရသော ဇိမ်ခံအခွင့်အရေးတစ်ခုမျှသာဖြစ် ခဲ့သည်။ ဖြစ်နေဆဲဖြစ်သည်။ တိုင်းရင်းသားပြည်သူအများစုမှာ လွတ်လပ်ရေး၏အရသာကို ပြည့်ပြည့်ဝဝ၊ အေးအေးချမ်းချမ်း ခံစားခဲ့ရ ခြင်းမရှိသေးပါ။
တနည်းဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးဆိုသည်မှာ ထိုနိုင်ငံ၊ ထိုအမျိုးသား၊ ထိုပြည်သူများ၏ စီးပွားရေးအရ နိုင်ငံရေး အရ၊ ယဉ်ကျေးမှုအရ  အမှီအခိုကင်းမှုကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။
လွတ်လပ်ရေး ၆၅ နှစ် သက်တမ်းအတွင်း အမှီအခိုကင်းသော အမျိုးသားစီးပွားရေးထူထောင်မှုလုပ်ငန်းတစ်ရပ်နှင့် ဂုဏ်ယူဖွယ် ရာ အမျိုးသားထုတ်ကုန်တစ်ခုကို လက်ညှိုးထိုးပြပါဟုဆိုလျှင် မည်သည့်အရာကို ကျနော်တို့ပြသကြမည်နည်း။
 နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာထုတ်လုပ်ရေးလုပ်ငန်းသည် နွားနှင့်ဖက်၍ ထွန်ယက်စိုက်ပျိုးနေရဆဲ ပင်ဖြစ်ပါသည်။ နိုင်ငံလူဦးရေ၏ ၇၀%သော လယ်သမားများမှာ ဆင်းရဲမွဲတေမြဲပင်ဖြစ်ပါသည်။ လယ်မြေယာမြေများလုယက်သိမ်းပိုက်ခံ နေရဆဲပင်ဖြစ်ပါ သည်။ အမျိုးသားလက္ခဏာဆောင်သော စက်မှုလုပ်ငန်းဆိုသည်မှာ မည်သည့် အရာကို ကျနော်တို့ခေါ်ဆိုကြမည်နည်း၊ လက်ညှိုးထိုးပြကြမည်နည်း။
နယ်ချဲ့အင်္ဂလိပ်ထံမှ “လွတ်လပ်ရေး”ကို စာချုပ်များ ( အောင်ဆန်း-အက်တလီစာချုပ်/ မြ- ကရွန်ဘီစာချုပ်/ လက်ျာ-ဖရီးမင်း စာချုပ်) ဖြင့်ရယူခဲ့စဉ်က ဗမာ့လွတ်လပ်ရေးသည် နိုင်ငံရေးအရ လွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း စီးပွားရေးအရ မလွတ်လပ် ဟု အကဲဖြတ်ခဲ့ကြသည်၊ ဝေဖန်ထောက်ပြခဲ့ကြသည်၊ “လုံးဝလွတ်လပ်ရေး”အတွက် တစ်တိုင်းတစ်ပြည်လုံး ညီညွတ်စည်းလုံးကာ တိုက်ပွဲဝင် ကြရမည်ဟု ဆော်သြ စည်းရုံးခဲ့ကြသည်။
ယခု သက်တမ်း ၆၅ ပြည့်ခဲ့သော “လွတ်လပ်ရေး” အဓိပ္ပါယ်ကို ပြန်လည် စစ်ဆေးကြည့်ရှုလိုက်သောအခါ စီးပွားရေးဘက်တွင် လည်း အိမ်နီးချင်းနှင့် အခြားနိုင်ငံပေါင်းစုံကို မှီခိုမြဲမှီခိုနေရဆဲဖြစ်သည်။ နိုင်ငံရေးဘက်တွင်လည်း တိုင်းရင်းသားပြည်သူများမှာ ပြည်တွင်း ငြိမ်းချမ်းရေးလည်းမရှိ၊  ဒီမိုကရေစီရေး၊  တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ပြည့်ပြည့်ဝဝမရှိခဲ့ကြောင်း ကိုယ်ပိုင်အတွေ့ အကြုံအရ သိရှိလာခဲ့ကြရပြီဖြစ်သည်။
သို့အတွက် ၆၅ နှစ်ပြည့်ခဲ့သော “လွတ်လပ်ရေး”သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြည့်ဝသော၊ အမှီအခိုကင်းသော တကယ့်လွတ်လပ်ရေး မဟုတ်ဘဲ၊ အမည်ခံလွတ်လပ်ရေး၊ အုပ်စိုးသူများတွက် ခံစား၊ စံစားစရာ ဇိမ်ခံလွတ်လပ်ရေးမျှသာ ဖြစ်နေသေး သည်ဆို သည့် အချက်မှာ ပို၍ထင်ရှားလာပါသည်။
            ဒေါ်အောင်ဆန်းစုကြည်၏ “ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” အယူအဆ မည်သို့ဖြစ်မည်ဟု ကျနော်မသိသော်လည်း၊ တိုင်းရင်း သားပြည်သူတစ်ရပ်လုံး နိုင်ငံရေးအရ လုံးဝလွတ်လပ်ရေး (ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး) နှင့် စီးပွားရေးအရ အမှီအခိုကင်းရေး (နိုင်ငံပေါင်းစုံမှီခိုနေရမှုမှ လွတ်လပ်၍ ကိုယ်ပိုင်အမျိုးသားစီးပွားရေးထူထောင်နိုင်ရေး) တို့သည်  “ဒုတိယလွတ်လပ်ရေးတိုက်ပွဲ” ၏ အဓိက လုပ်ငန်းစဉ်များ ဖြစ်လိမ့်မည်ဟု ကျနော်တွေးတော၊ စဉ်းစားနေမိပါသည်။ 
Posted by MoeMaKa at 11:03 PM 0 comments 
Labels: Op-Ed, Tu Maung Nyo

Saw Ngo - In Burma, all roads are paved with human


ကာတွန်း စောငို - မြန်မာပြည်မှာ လမ်းတိုင်းကို လူခင်းထားတယ်
ဇန်န၀ါရီ ၇၊ ၂၀၁၃
Posted by MoeMaKa at 10:42 PM 0 comments 
Labels: Cartoon Box, Saw Ngo

6th Jan 2013 - MoeMaKa Radio



ဇန်န၀ါရီ ၆ - မိုးမခရေဒီယို ဆစ်ဒနီ

နှစ်သစ်မင်္ဂလာတေး - မာမာအေးသီချင်း၊ အရှင်ဥာဏိကာဘိဝံသကဗျာ

သတင်းတိုထွာ၊ သီချင်းပဒေသာ

ပြည်သူ့လွှတ်တော်သို့ စု တင်သွင်းအဆိုနဲ့ အမတ်များ တုန့်ပြန်မှုများ

၆၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အတွေး - သန်းဝင်းလှိုင်၊ ကျော်ဟုန်း

လွတ်လပ်ရေးနေ့က ဒေါက်တာလွဏ်းဆွေ တောင်းဆိုချက်

ဆစ်ဒနီမြို့ စိတ်ရောဂါအထူးကုဒေါက်တာတင့်ဝေ ရှင်းပြသည့် အရက်ကျိုးဆိုးများ - အေဘီစီရေဒီယို

ရဲဘော်ဖိုးသံချောင်း၏ ငြိမ်းချမ်းရေးအတွက် တင်ပြချက်နဲ့ ဦးတင်မိုးအဆို

ရုပ်ရှင်အကယ်ဒမီသတင်းနဲ့ မဖြစ်နိုင်တာမရှိတဲ့ ဗမာပြည် - ချမ်းမြေ့အောင်အီးမေး

အထူးကဏ္ဍ - လတ်တလောအရောင်းရဆုံး စာအုပ်များ - ဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး

ဇာဂနာ ကိုယ်ရေးအကျဉ်း၊ စာပေဟောပြောပွဲ ကောက်နုတ်ချက်၊ ၂၀ ဒီဇင်ဘာ ၂၀၁၂၊ ကျောက်မြောင်း - JACDB

စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ ဇင်မာထွန်း၊ နန်းသုသုခင်

(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့upa...@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)

Posted by MoeMaKa at 10:38 PM 0 comments 
Labels: Radio Program

U Myo (Law) - Looking at Burmese Regime's Education Law (4)

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၄)
ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၇၊ ၂၀၁၃
အပိုင်း (၄)
            လက်ရှိ ကြံဖွံ့အစိုးရ ထုတ်ပြန်ထားသော ပညာရေး အသုံးစရိတ် အခြေအနေကို အောက်ပါအတိုင်းတွေ့ရပါသည်။
  ၂၀၁၂-၂၀၁၃ ခုနှစ်အတွက်  ကြံ့  ဖွံ့   အစိုးရ ၀န်ကြီးဌာန အချို့ အတွက် သုံးငွေပမာဏ နှင့် အသုံးစရိတ်ရာခိုင်နှုန်း
ကာကွယ်ရေးဝန်ကြီးဌာန    ကျပ်ငွေ သန်းပေါင်း  ၁ သန်း၊ ၁ သိန်းကျော်
စွမ်းအင်ဝန်ကြီးဌာန            ကျပ်ငွေ  သန်းပေါင်း ၁ သန်း၊ ၁ သောင်းကျော်
ဘဏ္ဍာရေးဝန်ကြီးဌာန        ကျပ်ငွေ  သန်းပေါင်း ၁ သန်းကျော်
ကာကွယ်ရေး အသုံးစရိတ်။ ( အစိုးရ အသုံးစရိတ် စုစုပေါင်း၏ )  ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း
ကျန်းမာရေး အသုံးစရိတ်                          ။                                 ၂ ဒသမ ၈၂၂ ရာခိုင်နှုန်း
ပညာရေး အသုံးစရိတ်                              ။                                 ၄ ဒသမ ၇၃၃ ရာခိုင်နှုန်း
မှတ်ချက်။ ၃၁၊ ၁၊ ၂၀၁၂ နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်နိုင်သိန်း၏ တင်ပြချက်) Messenger News Journal FM.
            ဤဥပဒေကြမ်း အခန်း (၄) တက္ကသိုလ်၏ လုပ်ငန်းတာဝန်များ အပိုဒ်ခွဲ ( စ ) တွင် ”တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ နေရေး ၊ ထိုင်ရေး နှင့် စည်းကမ်း သေ၀ပ်ရေးကို ကြီးကြပ် စီမံခန့်ခွဲရန်နှင့် ကျန်းမာရေးကို တိုးတက်အောင် စီမံခန့်ခွဲရန်၊” ဟု ယခင်မှ ယခုထိ တည်ဆဲဖြစ်နေသည့် ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ တက္ကသိုလ် ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင်လည်း ဤအပိုဒ်ပါရှိပါသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက် စစ်တပ်က အာဏာသိမ်းသည့် နေ့မှသည် ယနေ့   ဦးသိန်းစိန် ကြံ့ဖွံ့ပါတီ အစိုးရ လက်ထက်တိုင် ဤတာဝန်ကို တစွမ်းတစ ထမ်းဆောင်ခဲ့ဘူးပါသလား မေးရပါမည်။
တက္ကသိုလ် ကောလိပ်အသီးသီး၏ နေရေး ထိုင်ရေး သွားလာရေးကအစ ဘာတခုမှ တာဝန်ယူမှု တာဝန်ခံမှု မရှိသည်ကိုတော့ ဗြောင်ဝန်ခံရပါမည်။ ဥပဒေကို ပြ့ည်သူလူထုအား အပြကောင်းရုံ သက်သက် အပြော ကောင်းနေလျှင် တိုင်းပြည် သည်ထက် ဆင်းရဲတွင်းနက်ရပါတော့မည်။
ယခင်ရှိခဲ့သည့် ၁၉၅၇ ခုနှစ်၊မန္တလေး တက္ကသိုလ် အက်ဥပဒေ ပုဒ်မ ၁၄ (၃) (ဆ) တွင် “ကျောင်းသားများ၏ နေရေးထိုင်ရေးနှင့် စည်းကမ်းသေ၀ပ်ရေးတို့ကို ကြီးကြပ် အုပ်ချုပ်ရန်၊ ထို့ပြင် ကျောင်းသားများ၏ ကျန်းမာရေးနှင့် ကောင်းကျိုးအရပ်ရပ် တိုးတက်ဖွံ့ဖြိုးမှုအတွက် စီစဉ်ပေးရန်။” ပါရှိ သည့်အတိုင်း တာဝန်ယူမှု တာဝန်ခံမှုဖြင့် နေထိုင်ခဲ့ကြသည့် နောင်တော့် နောင်တော် ကျောင်းသားကြီးများ ပြောပြ၍သိရှိရပါသည်။
မ ဆ လ လက်ထက်ထိတိုင် ကျောင်း သားများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ လူမှုရေး၊ ကျန်းမာရေး၊ သွားလာရေး အားလုံးလိုလိုပင် ယခု န ၀ တ၊ န အ ဖ ကြံဖွံ့အစိုးရ လက်ထက်မှာထက် အဆများစွာ ကောင်းခဲ့ကြသည်ကို ၈ လေးလုံး မျိုးဆက်ကျောင်းသားများလည်း ခံစားသိတတ် ခံယူတတ်မှာ ဖြစ်ပါသည်။ ကျောင်းသား အရေးကို ဒီအတိုင်း ငုံ့ခံနေလျှင် ဒီထက် အဆပေါင်းမြောက်များစွာ ဆိုးရွားသွားနိုင်သည့် ဘေးအန္တရာယ်မှ ကာကွယ်ကြ ရပါလိမ့်မည်။ ပညာရေးဆိုင်ရာ မတရားသည့် ဥပဒေများဘေးမှ ကင်းဝေးကြစေ လိုပါသည်။        
            ယခင်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ကိုယ်တိုင်ပြဋ္ဌာန်းခဲ့သည့် ၁၉၅၇ ခုနှစ်၊ မန္တလေး တက္ကသိုလ် ဥပဒေတွင် ပုဒ်မ ၂ အဓိပ္ပါယ် ရှင်းလင်းဖော်ပြချက် ပုဒ်မခွဲ (ဋ) တွင် ”စတက်ကျု ဥပဒေများ” ဆိုသည်မှာ နိုင်ငံတော် သမ္မတက ပဌမဦးစွာ ပြဋ္ဌာန်း ပြီးနောက် အခါအားလျော်စွာ ကောင်စီက ပြင်ဆင်သော မန္တလေး တက္ကသိုလ် စတက်ကျု ဥပဒေများကိုလည်းကောင်း၊ ဤအက်ဥပဒေအရ ကောင်စီက ပြုမည့် နောက်ထပ်ဖြည့်စွက်ချက်များနှင့် နောက်ထပ်ပြင်ဆင်ချက်များကိုလည်းကောင်း ဆိုလို သည်။”  ဟု ဖော်ပြထားပါသည်။
ဤဥပဒေ၌ပင် ပုဒ်မ ၂၄ တွင်“နိုင်ငံတော် သမ္မတ က ပြဋ္ဌာန်းသော စတက်ကျု ဥပဒေများသည် ပဋ္ဌမဦးဆုံး စတက်ကျု ဥပဒေများ ဖြစ်ရမည်။ သို့ရာတွင် ထိုစတက်ကျု ဥပဒေများကို ကောင်စီက ပြင်ဆင်နိုင်သည်။ သို့တည်း မဟုတ် ထပ်မံဖြည့်စွက်နိုင်သည်။ သို့တည်းမဟုတ် ဖျက်သိမ်းနိုင်သည်။” ဟု ပါရှိခဲ့ သည်ကို အထင်အရှားတွေ့ရပါသည်။ ဥပဒေပြုခြင်း၊ ပြင်ခြင်း၊ထပ်မံဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်းကို တက္ကသိုလ်ကောင်စီက ပြုလုပ်နိုင်ကြောင်းတွေ့ရပါသည်။
ဥပဒေ သည်  အမြဲတမ်း အသေမဟုတ် ပြင်နိုင်ဖြည့်နိုင် ပယ်ဖျက်နိုင်သည့် လွတ်လပ်ခွင့် အခွင့် အရေးကို မလွဲမသွေ ပေးရမည် ဖြစ်ပါသည်။ ဤဥပဒေ ပြဋ္ဌာန်းပြီးနောက်မှ ၁၉၅၈ ခုနှစ် သြဂုတ်လတွင် ကျောင်းသားများ ပညာရေး နှီးနှောဖလှယ်ပွဲကြီး ပေါ်ပေါက်လာ သည် ကိုလည်း သတိပြုရပါမည်။ ၁၉၅၈ - ၅၉ ခုနှစ် တ က သ ရွေးကောက်ပွဲတွင်-
၁။ ကိုခင်မောင်အုန်း                   ဥက္ကဋ္ဌ
၂။ ကိုဘကောင်း                                    ဒု - ဥက္ကဋ္ဌ
၃။ ကိုခင်အောင်                         အထွေထွေ အတွင်းရေးမှူး
၎။ ကိုမြင့်သိန်း                                       တွဲဘက်အထွေထွေအတွင်းရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး ဌာန
၅။ ကိုတင်အောင်                                   ငွေထိန်း
၆။ ကိုဖိုးသာဘေး                                   ကစားခုန်စားနှင့် ယဉ်ကျေးမှု ဌာန
၇။ မခင်ခင်တိုး                                       ကျောင်းသား သက်သာချောင်ချိရေး ဌာနမှူး
၈။ ကိုသာဒိုး                                           နိုင်ငံခြား ဆက်သွယ်ရေး ဌာနမှူး
၉။ ကိုညိုဝင်း                                         လူထုဆက်သွယ်ရေး ဌာနမှူး
၁၀။ ကိုလှတင်                                       အိုးဝေ တာဝန်ခံ
၁၁။ ကိုသိန်းတန်                                   ပိဋကတ်မှူး
-တို့ဖြစ်ကြပါသည်။
         ပဉ္စမအကြိမ်မြောက် တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲကို ၁၉၅၉ခုနှစ် 
 ဇန္န၀ါရီလ (၂ - ၃ ) ရက်နေ့က ရန်ကုန်တက္ကသိုလ်၊တကသ အဆောက်အဦးတွင်    ကျောင်းသား ကိုယ်စားလှယ် (၉၆) ဦး၊ လေ့လာသူ (၃၅)ဦး စုစုပေါင်း (၁၃၁) ဦးတို့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ စုပေါင်းတိုက်ပွဲဝင်ကြရန်အတွက် ဆွေးနွေးပွဲကြီးမှ ပြဋ္ဌာန်းလိုက်သော သဘောတူညီချက်များတွင် တမျိုးသားလုံးနှင့် သက်ဆိုင် သောအရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ထုတ်ပြန်ပြဋ္ဌာန်းလိုက်ကြောင်း ပါရှိ ပါသည်။

၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးမူကို ထောက်ခံ၍
ကျောင်းသားများ၏ လူမှုရေး၊ စီးပွားရေး ရှုထောင့်မှ သုံးသပ်ကာ ပန်ကြားလွှာတစောင်
ထုတ်ပြန်ရန်၊
၂။ အမျိုးသား လွတ်လပ်ရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်း
ကာကွယ်ကြရန်၊ ပန်ကြားလွှာတစောင်ထုတ်ပြန်ရန်၊
၃။ ဒီမိုကရေစီ အခွင့်အရေး ကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာရန်။
-တို့ပါရှိပါသည်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂများ၏ လှုပ်ရှားမှုများကို သမိုင်း
သင်ခန်းစာ အဖြစ်မှတ်သားသင့်ပါသည်။
 ယခုပြဋ္ဌာန်းလာမည့် ဥပဒေကြမ်းမှာ တက္ကသိုလ် ပညာရေးစနစ်ကို သွားနေကျလမ်းမှ မလွဲမသွေ ပြောင်းလွဲသွားစေရန် ရည်ရွယ်ချက် ပါရှိမလာပါသဖြင့် ပယ်ဖျက်ပြီး အသစ်စက်စက်ဖြစ်စေရန် ပြဋ္ဌာန်းသင့်ပါသည်။ ပြဋ္ဌာန်းရာတွင် သွားရမည့် အဆင့်ဆင့်ကို တတ်သိပညာရှိများ ငြင်းခုံကြရပါမည်။ ဒီမိုကရေစီ ပညာရေးအတွက် တောင်းပွဲတိုက်ပွဲ ဆန္ဒ ပြပွဲ များကို မုချမသွေ ဆင်နွဲခဲ့ရသည့် သင်ခန်းစာကို မျိုးဆက်တိုင်း တွေ့ကြုံရင်ဆိုင်ရပါမည်။ ဘ၀ရှင်သန်မှုသည် တိုက်ပွဲ များဖြင့် ပြည့်လျှမ်းနေပါသည်။ ပြည်သူ့ အကျိုး ဆောင်ကြ အရေးတွက် ဖြစ်ရပါမည်။ ကျောင်းသားရှိလျှင် ဒီမိုကရေစီ ပညာရေး တိုက်ပွဲအတွက် သမဂ္ဂရှိရပါမည်။ ဒီမိုကရေ စီရေး ပြည်သူ့ တိုက်ပွဲပင် မဟုတ်ပါလော။        
ဦးမျိုး(ဥပဒေ)
၉ - ၉ - ၂၀၁၂     
Posted by MoeMaKa at 10:01 PM 0 comments 
Labels: News Features, U Myo (Law)

Kyaw Thu - FFSS Yangon Activity,

အရှေ့အနောက် ရန်ကုန် အပူမီးများငြိမ်းအေးတော့မည်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၆၊ ၂၀၁၃


ရန်ကုန်မြို့တော်ကြီးအား အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ခွဲခြားသတ်မှတ်၍ အရှေ့ပိုင်းတွင် နေထိုင်သူများ ကွယ်လွန်ပါက ရေဝေးသုဿန်တွင် ပို့ဆောင်အအေးခန်းထားကာ သင်္ဂြိုလ်ရ၍၊ အနောက်ပိုင်းတွင် နေထိုင်သူများ ကွယ်လွန်ဆုံးပါးသွားခဲ့ပါက ထိန်ပင်သုဿန်သို့ ပို့ဆောင်ထားရှိ သင်္ဂြိုလ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ပေးထားခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အများပြည်သူတို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး ရေဝေးသုဿန်တွင် ရုံးခွဲဖွင့်လှစ်ကာ အလူမီနီယမ် မှန်အခေါင်းများဖြင့် ခန်းမတွင်ထားရှိ ပြင်ဆင်ကူညီပေးခဲ့သည်။ ထို့ကြောင့် အများပြည်သူ တို့၏ နာရေးကိစ္စများတွင် များစွာအဆင်ပြေ ချောမွေ့ခဲ့ကြသည်။ သို့သော်ယခင်က ထိန်ပင်သုဿန်တွင် အလူမီနီယမ် မှန်အခေါင်းများဖြင့် ကူညီနိုင်ခြင်းမရှိခဲ့ချေ။ ယခုမူ ပူစရာမလိုတော့ပေ။


၂၃.၁.၂ဝ၁၃ ခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထိန်ပင် ရုံးခွဲဖွင့်ပွဲကို နံနက် (၉းဝဝ) နာရီအချိန်ခန့်တွင် ကျင်းပခဲ့သည်။ အဆိုပါ ရုံးခန်းဖွင့်ပွဲကို လှိုင်သာယာမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့ များမှ ကြွရောက်ချီးမြှင့်ကြပြီး၊ ကြွရောက်လာကြသော ရန်ကုန်အနောက်ပိုင်းဒေသရှိ လူမှုရေးအသင်းအဖွဲ့ များနှင့် ရုံးခွဲသစ်အနီးတွင်ရှိ ပုဂ္ဂလိကနာရေးလုပ်ငန်းရှင်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ ဥက္ကဌ ဦးကျော်သူအား ထိန်ပင်သုဿန်မှ သုဿန်မှူး ဦးရွှေကိုမှ ဖော်ရွေပျူငှာစွာ လိုက်လံ ရှင်းလင်းပြသပြီး စနစ်တကျ တိုးတက်နေသော ထိန်ပင်သုဿန်အား လေ့လာ ကြည့်ရှုခဲ့ကြသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ထိန်ပင်သုဿန်တွင် ရုံးခွဲ ဖွင့်လှစ်ကာ အများပြည်သူတို့အား ပိုမိုကူညီနိုင်မည်ဖြစ်ကာ ရန်ကုန်အနောက်ပိုင်း သည်လည်း အရှေ့ပိုင်း နှင့် မကွဲပြားတော့ပြီဖြစ်သည်။ 

 

ယခင်က ရန်ကုန်မြို့အနောက်ပိုင်း အရပ်ဒေသများဖြစ်သော ကြည်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ အလုံ စသည့် နယ်မြေများမှ စည်ပင်သာယာမှ ချမှတ်ပေးထားသော ထိန်ပင်သုဿန်သို့ ပို့ဆောင်ရာတွင် လမ်းခရီး ဝေးလံခြင်း လမ်းများဆိုးရွားခြင်း တို့ကြောင့် အအေးခန်း ထားလိုသော နာရေးရှင်များအနေဖြင့် အရှေ့ပိုင်းရှိ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်မည်ဆိုပါက နယ်ကျော်ခ ငွေ(၁သိန်း)အား စည်ပင်သာယာအဖွဲ့သို့ ပေးဆောင်မှုကို ပြုလုပ်ခဲ့ရသည်။ ယခုဆိုလျှင် သွားလာမှုဝေးလံ သော်လည်း ကားလမ်းများ အတန်ငယ် ကောင်းမွန်လာခြင်းနှင့် ထိန်ပင်သုဿန်၏ သန့်ရှင်းမှုတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲ တစ်ခုပါ ထပ်မံ ဖွင့်လှစ် ထားရှိပြီဖြစ်ပါ၍ နာရေးရှင်များအနေဖြင့် အပူသောကမီးများ အနည်းငယ်ငြိမ်းအေးစေတော့မည် ဖြစ်သည်။  ယခုကဲ့သို့ နိုင်ငံဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ပြည်သူလူထု၏ အပူမီးများ ပိုမိုငြိမ်းအေးကာ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားနိုင်တော့မည် ဖြစ်သည်။

Posted by Aung Htet at 6:33 AM 0 comments 

Kamar Pale - Poem

ဒီ … တမ်းချင်း
ကမာပုလဲ
ဇန်န၀ါရီ ၆၊ ၂၀၁၃

 
ရာစု ထက်ဝက်ကျော်ခဲ့ပြီ
အဲဒီရာစုထက်ဝက်ကျော်ထဲမှာ
နောက်ထပ် ရာစု တစိတ်ကိုထပ်မံ ညှစ်ထည့်လို့
ဝိုင်ခွက်ထဲမှာ နီရဲနေတဲ့ ခရီးကြမ်းတွေ …။

နိုင်ငံတခုမှာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပြည်သူတယောက်ကိုတွေ့ရင်
ကျနော့်ကို လက်တို့လိုက်ပါ … မေမေ
ခုလို လရောင်အောက်က ညမျိုးမှာ
လမင်းဆီက အဆိပ်တခွက်ကို တောင်းသောက်လိုက်ပါ့မယ် …။

အိမ်က ထွက်လာခဲ့တဲ့ ဂျင်းဘောင်းဘီကလေး တထည်
အသားတွေသာ စုတ်ရိပြတ်ကျသွားတယ်
ချုပ်ရိုးက ခိုင်လှချည်ရဲ့ မေမေ …။

မြို့တမြို့ရဲ့ အကြောင်းကို သိချင်ရင်
အဲဒီမြို့က လူ့ဂုဏ်သိက္ခာ အပြည့်ရှိတဲ့သူတွေကို သိအောင်လုပ်ပါ
(သူတို့ဘ၀တွေ နွမ်းပါးကောင်း နွမ်းပါးနေပါလိမ့်မယ်)
သူတို့ဟာ မြို့တွေဖြစ်တယ်
သူတို့ဟာ သမိုင်းခေတ်တွေ ဖြစ်တယ်
သူတို့ဟာ အစစ်အမှန်ဘ၀တွေ ဖြစ်တယ်
သူတို့ဟာ သစ္စာတရား ဖြစ်တယ်
သူတို့ဟာ အချစ်လည်း ဖြစ်တယ် …။

လူတယောက်ဟာ
သူ့မြို့ကို တခုတ်တရ အမှတ်ရနေတယ်ဆိုပါတော့
သူ့ရဲ့ အိမ်လွမ်းစိတ်ဟာ
ခေတ်ကာလရဲ့ မြုံနေတဲ့ အနာတမျိုး ဖြစ်တယ်။    ။ 

Painting by Vassia Alaykova
Posted by Aung Htet at 6:21 AM 0 comments 

Lai Lone - Cartoon

ဆွေးမယ် .. နွေးမယ်
ကာတွန်း - လိုင်လုဏ်
ဇန်န၀ါရီ ၆၊ ၂၀၁၃

 

Ashin Zawana (Khone Zaung) - Articles

ကိုယ့်ဘက်တော်သား သူ့လူများ
အရှင်ဇဝန (ကုန်းဇောင်း)
ဇန်န၀ါရီ ၆၊ ၂၀၁၃


တစ်ခါတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက် ဘုန်းတော်ကြီးကျောင်းမှာ အတူတကွ ပညာသင်ကြားခဲ့ကြတယ်။ တစ်ယောက်ကတော့ ဘုန်းတော်ကြီးထံမှာ ဂန္ဓာရီအတတ်ပညာတွေ အဂ္ဂိရတ်ပညာရပ်တွေကို စိတ်ပါ ဝင်စားပြီး ကြိုးစားလေ့လာရင်း ကျင့်ကြံပွားများလိုက်တာ ဝိဇ္ဇာဓိုရ်ဖြစ်သွားခဲ့တယ်။ တစ်ယောက်ကတော့ အဲဒီလို ဂန္ဓာရီအတတ်ပညာကို စိတ်မဝင်စားပဲ ကျောင်း ကနေထွက်သွားပြီး ရွာထဲမှာပဲ ဆင်းဆင်းရဲရဲ လုပ်ကိုင်စား သောက် ရင်းပဲ ဘဝကိုပျော်မွေ့နေခဲ့တယ်။ သူ့မှာ အလုပ်အကိုင်က လည်း မယ်မယ်ရရ မလုပ်ကိုင်တတ်တော့ တောထဲက သစ်ပင်တွေကို ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေရတယ်။

တစ်နေ့တော့ တောနက်ကြီးထဲမှာ ထင်းခုတ်နေတုန်း မထင်မှတ်ဘဲ အလှပေါ်အယဉ်ဆင့် အသွင်တင့်မည့် မိုးကျနတ်မယ်လေးလို အရမ်းလှပတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့မှာ အံ့သြခြင်း စိုးရိမ်ခြင်း တွေနဲ့ မှင်သက်မိပြီး ငေးကြည့်နေတုန်းမှာ ကောင်မလေးက သူ့ကို “အစ်ကို တစ်ယောကတည်းလား”တဲ့ ချိုလွင်သော စကားသံလေးနဲ့ စတင်နှုတ်ဆက်တော့သူကလည်း “တစ်ယောက်တည်းပေါ့ညီမရယ်၊ ညီမကကော ဒီလိုတောကြီး ထဲမှာ တစ်ယောက်ထဲလား အဖော်မပါဘူးလား”လို့ ပြန်မေးလိုက်တဲ့အခါကြတော့ “ညီမလေ အရင်တုန်းကတော့ ဒီတောကြီးထဲမှာ မိဘတွေနဲ့ အတူနေတာပါ၊ အခု မိဘတွေ ဆုံးပါးသွားတော့ ညီမတစ်ယောက်ထဲဘဲ စိုးရိမ် ကြောက်လန့်မှုတွေ၊ အထီးကျန်အားငယ်မှုတွေနဲ့ နေခဲ့ရပါတယ်”လို့ ဆိုလိုက်တော့ သူ့စိတ်ထဲ တော်တော်ကို သနား သွားမိတယ် ဒီတော့သူကဆက်ပြောလိုက်တယ် “ဒါဆို ညီမအမျိုးတွေ ဘာတွေ ရွာထဲမှာ မရှိဘူးလား၊ ရွာထဲကို ပြောင်းလာခဲ့ပါ့လား”ဆိုတော့ အစ်ကိုရယ် ညီမဘယ်လောက်ပဲ အထီးကျန်ပြီး စိုးရိမ်ကြောက်လန့်နေရပါစေ ညီမ မိဘတွေ ခေါင်းချသွားခဲ့တဲ့ ဒီတောထဲက အိမ်ကြီးမှာပဲ နေပါရစေ၊ အစ်ကိုက ညီမကို သနားတယ် ကြင်နာတယ် ညီမ အပေါ်မှာ စိုးရိမ်နေတယ်ဆိုရင်၊ အစ်ကိုက ညီမနဲ့အတူ နေပေးနိုင်မယ်ဆိုရင် အရမ်းကို ကောင်းမှာပဲ အစ်ကိုရယ်” ဆိုလိုက်တော့ ထင်းခုတ်သမား ဘသားချောကလည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ နတ်သမီးအလား ထင်မှားလောက်အောင် လှပတဲ့ကောင်မလေးကိုလည်းရမယ်၊ အိမ်ကြီးအိမ်ကောင်းနဲ့လည်း နေရမယ်ဆိုတော့ ငြင်း လိုက်ရင် ငါ့လောက် မိုက်တဲ့သူရှိဦးမလားပေါ့ သူ့စိတ်ထဲမှာ တွေးနေတာ ဒါပေမဲ့ စကားလှအောင်တော့ ပြောလိုက် သေးတယ် “အစ်ကို့အနေနဲ့ကတော့ ဘာမှ ငြင်းစရာမရှိပါဘူး၊ ဒါပေမဲ့ ညီမနဲ့အစ်ကိုနဲ့ အတူနေလို့ သင့်တော်ပါ့မလား ညီမရယ်”ဆိုတော့ ကောင်မလေးကလဲ “အစ်ကိုရယ် ဒီလောက်နက်တဲ့ တောကြီးထဲမှာဘယ်သူတွေကလာပြီး အထင် အမြင်သေးလို့ရမှာလဲ အစ်ကိုနဲ့ညီမ အတူတူပေါင်းသင်းနေ လိုက်တော့ရော ဘယ်သူကလာပြီး တရားစွဲမှာလဲ” ဆို လိုက်တော့မှ ထင်းခုတ်သမား ဘသားချောလဲ သဘောတွေ့ မနောခွေ့ပြီး သူတို့နှစ်ယောက် တောကြီးထဲက ခမ်းနား ထယ်ဝါလှတဲ့ အိမ်ကြီးမှာ အတူတူပေါင်းသင်းလာလိုက်လိုက်တာ သုံးလတောင် ကျော်ကြာလာခဲ့ပြီပေါ့။

သူ့သူငယ်ချင်း ၀ိဇ္ဇာဓိုရ်က ဂန္ဓရီခရီးလှည့်လည်ရင်း သူ့ရဲ့ငယ်သူငယ်ချင်း ထင်းခုတ်သမားကို သတိရလာ တယ်။ ငါ့သူငယ်ချင်း ဘယ်ကိုရောက်နေလဲ ဘာတွေများ ဖြစ်နေလဲသွားကြည့်ဦးမှဆိုပြီး သူ့ရဲ့ဂန္ဓာရီအတတ်ပညာနဲ့ ရှာကြည့်လိုက်တော့ “ ဖြစ်မှဖြစ် ရလေ ငါ့သူငယ်ချင်းရယ်၊ နတ်သမီးကညာအလှတစ်ပါးလို ဖန်ဆင်းထားတဲ့ ဘီလူးမ ကို လူထင်ပြီး ပေါင်းသင်းနေတာကိုး ဘီလူးမက သူ့အလိုဆန္ဒပြည့်ဝအောင် သူ့ကိုလှည့်ပတ်ဖြားယောင်းနေတာ။ သူ့အလိုဆန္ဒပြည့်တဲ့နေ့၊ သူ့ကို မလိုတော့တဲ့နေ့၊ သူ့ကိုဒေါသထွက်တဲ့နေ့ သူ့ကို အစာအဖြစ်နဲ့ သတ်စားတော့ မှာပါ့ လား” သိလိုက်ရတယ်။

ဒါနဲ့ သူငယ်ချင်းဆီကို ရောက်အောင်လာခဲ့တယ်။ ထင်းခုတ်သမားသူငယ်ချင်းကလဲ အားရဝမ်းသာနဲ့ “ မင်းကို သတိရနေတာ သူငယ်ချင်းရယ်၊ မင်းငါတို့ဆီမှာ အကြာကြီးနေကွာ”စသည်ဖြင့် စကားစမြည်တွေပြောဆိုပြီး သူ့ဇနီး ချောလေးကိုလည်း ကြွားချင်တာနဲ့ မိတ်ဆက်ပေးတယ်။ သူ့ဇနီးချောလေးကတော့ သိလိုက်ပြီ ဒီလူဟာ သာမန်လူ တစ်ယောက်တော့မဖြစ်နိုင်ဘူးပေါ့။ ငါ့အကြောင်း များသိနေမလားလို့ စဉ်းစားရင်း စိုးရိမ်ကြောင့်ကြစိတ်နဲ့ ဟန်ဆောင် ဧည့်ခံစကားပြောနေရတာပေါ့။ သူ့ဇနီးလေး အပြင်သွားတဲ့အ ခါကျမှ သူ့သူငယ်ချင်းကို ဝိဇ္ဇဓိုရ်က အေးအေးဆေးဆေး ရှင်းပြတယ်။

“သူငယ်ချင်းရေ မင်းနဲ့ပေါင်းသင်းနေတဲ့ မင်းဇနီးချောလေးက လူသားမဟုတ်ဘူးကွ လူသားစားတဲ့ ဘီလူးမ” လို့ပြောတော့ သူကမယုံဘူးလေ။

“ဟုတ်လို့လားကွာ ဒီလောက်လှတဲ့ ငါ့ဇနီးချောလေးက လူသားစားတဲ့ ဘီလူးမ ဖြစ်နိုင်ပါ့မလား၊ တကယ်လို့ ဖြစ်နေရင်ကော ငါ့ကိုအရမ်းချစ် တဲ့ငါ့ဇနီးချောလေးကတော့ ငါ့ကို ပြန်ပြီးတော့ မစား လောက်ပါဘူး”ဆိုတော့

“ငါ့သူငယ်ချင်းက တော်တော် အ တာကိုးကွ၊ မင်းမြဲမြဲမှတ်ထား သာမာန်လူတွေတောင် ကြည့်တတ် ရင် ဘီလူးမဆိုတာ သိနိုင်တယ်ကွ၊ သူ့မျက်ထောင့်က နီတာရယ်၊ အရိပ်မထွက်တာရယ်၊ ဖနောင့်အရမ်းတိုတာရယ် အဲဒါတွေက လူမဟုတ်ဘူး ဘီလူးမဆိုတာ သိနိုင်တဲ့ အချက်တွေပဲ၊”

“မင်းဇနီးချောလေးက ဘီလူးမဖြစ်ရင်တောင်  မင်းကိုတော့ မစားလောက်ပါဘူးလို့ မင်းကထင်နေတာကိုးကွ၊ သူ့အာသာ ဆန္ဒပြင်းပြနေချိန်မှာတော့ ကာမဂုဏ်အတွက် မင်းကို အသုံးချမှာပေါ့၊ အာသာဆန္ဒလေးတွေနည်းလာပြီး မင်းကိုရိုးသွားတဲ့အခါ မင်းကို အစားအစာအဖြစ်နဲ့ အသုံးအချပြီး သူ့ခန္ဓာကိုယ်အတွက် အာဟာရဖြည့်တင်းဖို့ မင်းကို အရံသင့်မွေးမြူထားတာကွ” ဆို လိုက်တော့မှ

“ ဒါဆို ငါဘယ်လိုလုပ်ရမလဲ ငါ့ကို ပြောပါဦး သူငယ်ချင်း”လို့ မျက်နှာငယ်လေးနဲ့ အကူညီတောင်းရှာတယ်။

“ဒီလိုလုပ် သူငယ်ချင်း မင်းရွာထဲကို ပြန်ပြေးရင်လဲ မင်းဘယ်လိုမှ မလွတ်နိုင်တော့ဘူး၊ ဒီတောနက်ကြီးထဲနေ ရွာကိုအမြန်ဆုံး ရောက်နိုင်တဲ့ နည်းလမ်းကိုလဲ မင်းမသိတော့ဘူး။ ဒီတော့ မင်းသူ့ကို သတ်ပြီးမှ ပြေးလို့ရမယ်။ သတ်ပြီး ချက်ခြင်းမပြေးရင်လည်း သူ့ရဲ့ အပေါင်းအဖေါ်တွေက မင်းကိုပြန်သတ်လိမ့်မယ်။ ဒါ့ကြောင့် မင်းအိပ်ယာ ဝင်တာနဲ့ မင်းတို့အိပ်ယာဘေးမှာ မီးခြစ်၊ဖယောင်းတိုင်၊ လက်နက်အသင့် ဝှက်ထားရမယ်။ သူ့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာပဲ မင်းသူ့ကိုသတ်လို့ရမယ်။ ရွာပြန်လမ်းကို ငါ ကူညီလမ်းပြပေးမယ်”လို့ အကြံပေးလိုက်တယ်။

ဒါနဲ့ပဲ ထင်းခုတ်သမားက ညအိပ်ယာဝင် မီးခြစ် ဖယောင်းတိုင် လက်နက်တွေကို အသင့်ပြင်ပြီး သတိထား အိပ်တယ်။သူ့ဇနီးချောလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှ အိပ်ယာကထ၊ မီးခြစ်ဆံကို ခြစ်ပြီး ဖယောင်းတိုင်ကို ညှိလိုက်ချိန် အမလေးတပြီး ဆံပင်မွှေးတွေတောင် ထောင်လာတယ် လက်ထဲက ဖယောင်းတိုင်တောင် လွတ်ကျတော့ မလိုဖြစ်သွားတယ် ကြောက်စရာကောင်း လိုတ်တာ။ ဘီလူးမမျက်နှာကြီးက အိပ်နေတုန်းမှာ သူ့ပင်ကို မျက်နှာအတိုင်း မြင်နေရတာပါ့လားလို့ သိလိုက်ရတယ်။ သူ့ကိုသူ ပြန်စဉ်းစားလိုက်တယ် ငါ အကြီးအကျယ် အလိမ်ခံ လိုက်ရတာပါ့ လား၊ ကြည့်စမ်းပါဦး ဆိုးဝါးလိုက်တဲ့ မျက်နှာကြီး၊ ရွံစရာကောင်းလွန်း တဲ့ ခန္ဓာကိုယ်ကြီး ဒါကြီးကို ငါက ငါ့ဇနီးချော လေး နတ်သမီးပျိုလေးလို ထင်မှတ်ပြီး မြတ်မြတ်နိုးနိုး ပေါင်းသင်းနေလာလိုက်တာ၊ ဒီကနေ့တော့ ငါဒါကြီးကို အပြတ် ရှင်းမယ်ဆိုပြီး အသွားထက်လှတဲ့ ထင်းခုတ်ဓားမကြီးနဲ့ လည်ပင်းကို တစ်အားပိုင်းပြီး ထွက်ပြေး လာခဲ့တယ်။ သူ့ သူငယ်ချင်း အကူအညီနဲ့ မိုးမလင်းခင် ရွာကိုရောက်ပါတယ်။ ရွာကိုရောက်တော့မှ သူ့ဆရာဘုန်းကြီးဆီ ပြန်သွားပြီး သာသနာ့ဘောင်အတွင်း ဝင်ရောက်ကာ တရားထူးတရားမြတ်ရအောင်ပဲ အမြဲကျင့်ကြံနေထိုင်ပါတော့တယ်။

ဒါကို ပုံပြင်ဒဏ္ဍာရီပါကွာလို့ပဲဆိုဆို စိတ်ကူးယဉ်ပါလို့ပဲပြောပြောပါ ငါတို့ ဒီအထဲမှာ ဘာတွေရလိုက် သလဲ ဆိုတာကို အဓိကထား စဉ်းစားကြည့်ရအောင်။ ငါတို့ရလိုက်တာက ဒီဇာတ်လမ်းလိုပဲ ငါတို့ဘဝမှာ တွေ့ကြုံလာခဲ့တဲ့ ငါတို့ ချစ်လှပါတယ်ဆိုတဲ့ချစ်သူတွေ၊ ငါတို့ ခင်မင်ကြင်နာလှပါတယ်ဆိုတဲ့ ငါတို့ အပေါင်းအသင်းသူငယ်ချင်းတွေဟာ ငါတို့ထင်သလို ငါတို့လူတွေမှ ဟုတ်ရဲ့လား? သူ့လူ ကိုယ့်ဘက်သား ဆိုသလို ကိုယ့်ချစ်သူ ၊ကိုယ့်သူငယ်ချင်းတွေဟာ တကယ်တော့ သူများချစ်သူ သူများသူငယ်ချင်းတွေများ ဖြစ်နေရော့သလား စဉ်းစားဖို့ပါပဲ။

တစ်ဖက်ကပြန်တွေးကြည့်တော့လဲ လူတိုင်းကို ဒီလိုပေတံနဲ့သာ လိုက်တိုင်းနေရင်လည်း ကမ္ဘာ့ အပြင်ဘက် ကိုပဲ ထွက်နေရတော့ မလိုဖြစ်မနေဘူးလား? ငါတို့တွေ ဟုတ်တိုင်းမှန်စွာ တွေးတောသင့်တာကတော့ ငါ့ချစ်သူဖြစ်ဖြစ် မဖြစ်ဖြစ် ဒါငါ့အလုပ်မဟုတ်ဘူး။ အဓိကကတော့ ငါဘက်က ငါ့ချစ်သူကို ငါ့ချစ်သူလို ချစ်ခင်မြတ်နိုးဘို့ သစ္စာရှိဖို့ပဲ။ သူ့ဘက်က ပြောင်းလဲဖောက်ပြန်ပြီး သူများချစ် သူဖြစ်တော့လဲ သူ့ကံနဲ့သူလို့ စိတ်ထားလေး ပြင်လိုက်ရင် နည်းနည်း လေးတော့ စိတ်သက်သာရာ ရသွားမှာပါ။ သိပ်ကိုချစ်ခင်စွဲလန်းလွန်းရင် တော့ စွဲလန်းသလောက် ခံစားချက်က ပြင်းပြင်းရှရှ၊  ဝဋ်ဒုက္ခက ကြီးကြီးမားမားပါပဲ။

ငါတစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ ငါ့သူငယ်ချင်းတွေကကော ငါ့သူငယ်ချင်း အစစ်ကောဟုတ်ရဲ့လား? ငါ့အပေါ် မလိုမုန်း ထားပြုနေကြတဲ့ လူတွေရဲ့ သူငယ်ချင်းများဖြစ်နေမလားလို့ တွေးကြည့်ပြန်ရင်လဲ တစ်ယောက်ကို တစ်ယောက် မယုံသင်္ကာဖြစ် စရာတွေပါပဲ။

ဒီတော့ ကိုယ့်ကိုယ်ပြန်သုံးသပ်ရမှာက ငါက သူတော်ကောင်းတစ်ယောက်ပဲ၊ သူတော်ကောင်းဆိုတာက သူများတော်တော် မတော်တော် ကိုယ်ကတော့ ကောင်းကိုကောင်းနေရမယ်။ သူများကောင်းကောင်း မကောင်း ကောင်း ကိုယ်ကတော့ ကောင်းကိုကောင်းနေရမယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် သူတော်ကောင်းအစစ် မဖြစ်နိုင်ဘူးလို့တွေးပြီး သူတို့ဘက်က တော်လာအောင် ကိုယ့်ဘက် အမြဲကောင်းအောင်ကြိုးစားနေဖို့ပါပဲ။ အဲဒီလို တွေးလိုက်ရင်တော့ မိတ်ဆွေယောင်ဆောင်သော ရန်သူပဲဖြစ်ဖြစ်၊ ရန်သူယောင်ဆောင်သော မိတ်ဆွေပဲဖြစ်ဖြစ် ပေါင်းသင်းလို ရသွားပါပြီ၊ အ ထိုက်အလျှောက် စိတ်သက်သာရာလဲ ရသွားပါပြီ။

တစ်ခုလေးတော့ သတိထားလိုက်ပါ။ လူတိုင်းကို ယုံမှတ်ပြီး ပုံမအပ်ဖို့တော့ လိုပါတယ်။ လူတိုင်းကို သိပ်တွယ် တာလွန်းပြီး ငါ့လူတွေပဲ ငါ့လူတွေပဲလို့ အရမ်းမစွဲလန်းဖို့လဲ လိုပါတယ်။ ကိုယ်က တွယ်တာလွန်းရင် တစ်ချိန်ချိန်မှာ အခန့်မသင့်လို့ သေကွဲရှင်ကွဲသွားကြတဲ့အခါ ကိုယ်ပဲ မချိမဆန့်ခံစားရတယ်လေ။ ကိုယ့်ကို မတွယ်တာ တတ်တဲ့ ကိုယ့်သူငယ်ချင်းကတော့ ကိုယ်နဲ့ ဝေးလေကောင်းလေ သဘောထားပြီး ကွယ်ရာမှာပျော်လို့ ရွှင်လို့ဆိုတဲ့ အဖြစ်သနစ် မျိုးတွေ တစ်ပုံတစ်ပင်ရှိတတ်ပါတယ်။ တွေ့ခဲ့ဆုံခဲ့ ရင်းနှီးခဲ့တဲ့ သူတိုင်းကို တကယ့်မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ခင် လိုက်ပါ ကူညီလိုက်ပါ။ ဝေးကွာသွားတဲ့အခါမှာ အမှတ်ရတဲ့အချိန်မှာ မေတ္တာပို့သနေပါ ။ လွမ်းမောတမ်းတ မနေပါနဲ့ စိတ်ပင်ပန်းပါတယ်။

ဒီထက်တစ်ဆင့်တက်ပြီး နက်နက်နဲနဲလေး တွေးကြည့်လိုက်ကြရအောင်။ ငါ့တို့ကိုယ်တိုင် တစ်သက်လုံး ကျွေးမွေးပြုစုစောင့် ရှောက်လာခဲ့ပြီး ငါတို့ပိုင်တယ်ထင်တဲ့ ငါတို့ခန္ဓာကိုယ်ကြီးကကော ငါတို့ကိုယ်ဟုတ်ရဲ့လား? ဆိုတာကို သေသေချာချာ တွေး ကြည့်သင့်ပါတယ်။ ဇာတ်လမ်းလေးထဲက ဘီလူးမက သူ့ကို ဘီလူးမမှန်းမသိအောင် သူတို့တန်ခိုးစွမ်းအားနဲ့ နတ်သမီးလေလို ဖန်ဆင်းပြထားသလို ငါတို့ကိုလည်း အဆင်းမျိုးစုံ ရူပါရုံတွေ၊ အသံမျိုးစုံ သဒ္ဒါရုံတွေ၊ အနံ့မျိုးစုံ ဂန္ဓာရုံတွေ၊ အရသာမျိုးစုံ ရသာရုံတွေ၊ အတွေ့ထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံတွေက အသိမှန်အမြင်မှန်တွေ မှုန်ဝါးသွားအောင်၊ ပျောက်ကွယ်သွားအောင် ဖမ်းစားနေကြတယ်လေ။ အဲဒီ အာရုံငါးပါး ကာမဂုဏ်တရားတွေက ငါတို့ကို တပ်မက်အောင် စွဲလန်းအောင် မရအရယူချင်အောင် မြှူဆွယ်နေကြတယ်လေ။ ငါတို့တစ်တွေဟာ တစ်နေ့ တစ်နေ့ အာရုံငါးပါး ကာမဂုဏ်တရားတို့နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ ငါတို့ဟာ တဏှာရဲ့ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြတာကိုရော စဉ်းစားမိကြရဲ့လား။

တဏှာရဲ့ကျေးကျွန် ခန္ဓာရဲ့ကျေးကျွန် ဘဝသံသရာအဆက်ဆက် လည်ခဲ့ကြတာတွေ၊ ကိုယ့်ခန္ဓာကိုယ်ကြီးရဲ့ လိုလားတောင့်တ ချက်တွေကို ဖြည့်ဆည်းဖို့၊ သားကျွေးမှု မယားကျွေးမှုအတွက် ဖြည့်ဆည်းပေးဖို့ ငရဲမကြောက် အပါယ်မကြောက် မကောင်းမှု ဒုစရိုက်တွေလုပ်ခဲ့ကြလို့ အပါယ်လေးပါး အောက်သံသရာမှာ နှစ်ပေါင်းများစွာ မချိ မဆန့် ခံစားခဲ့ကြရတာတွေကို တွေးကြည်မယ်ဆိုရင် ဘီလူးမယောက်ျားအဖြစ်သနစ်ထက် ပိုဆိုးပါတယ်။

အတ္တ သမံ ပေမံ နတ္ထိ - မိမိကိုယ်ကို အချစ်ဆုံးပါ ဆိုပြီး ငါတို့အရမ်းချစ်လှပါတယ်ငါတို့ ခန္ဓာကိုယ်ကြီးကကော ငါတို့အကြိုက် ငါတို့အလိုကို တကယ်လိုက်မှာလား။ လယ်တီဆရာတော်ကြီးကတော့ “ သေမင်းအစာ ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍ အရူးပြင်ပြင် ၊ နင့်ကိုယ်ထင်၏ တဲ့။ ငါတို့ကိုယ် ငါတို့ပိုင်ပါတယ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးက သေမင်းအစာတဲ့။ သေမင်းအစာဖြစ်ရုံ တင်ဘယ်ကမလဲ။ ငါတို့က ကျန်းကျန်းမာမာ လှလှပပ သွက်သွက်လက်လက် နေချင်တိုင်းနေ စားချင်တိုင်းစား ကာမဂုဏ်ခံစား ချင်တိုင်းခံစား နေချင်တယ်လေ။ ခန္ဓာကိုယ်ကြီးက ဒါကို ငါတို့ အကြိုက် တစ်သက်လုံး လက်ခံနိုင်မလား။ ငါတို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေချင်တာပေါ့။ ဒါပေမဲ့ လူတိုင်း လူတိုင်း အနည်းဆုံး ရောဂါတစ်မျိုးမျိုးတော့ ရှိနေကြတာချည်းပါပဲ။

အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ ငါတို့စိတ်ကြိုက် အပျော်ကျူးချင်တိုင်းကျူးကြမယ်လေ ငါတို့ ခန္ဓာကိုယ် ကြီးက ဒါကိုလက်ခံနိုင်မလား။ အပျော်ကျူးချင်တိုင်းကျူးကြတော့ကော ငါတို့အလိုဆန္ဒတွေ လောဘတဏှာတွေ လျှော့ပါးသွားမှာလား။ ခန္ဓာကိုယ် ကြီးက ငါတို့အကြိုက်မလိုက်နိုင်သလို ငါတို့ အလိုဆန္ဒလောဘတဏှာတွေကလည်း လျှော့ပါးသွားတယ်လို့ကိုမရှိပါဘူး။ လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား ဆိုတဲ့အတိုင်း ငါတို့ကိုယ် ငါတို့ပိုင်တယ်ထင်ပြီး တဏှာရဲ့ ကျေးကျွန်အဖြစ်နဲ့ အသိမှန် အမြင်မှန် မရကြသေးသ၍ကတော့ သံသရာကြီးထဲမှာ ဒီလိုပဲ တဏှာကျေးကျွန်ဘဝနဲ့ မျောပါနေဦးမှာပါပဲ။

နောက်ပြီး လယ်တီဆရာတော်က ဆုံးမထားသေး တယ် အသက်သတ် လက်မရွံ့ကို အသက်ခွန် ဘဏ္ဍာ သွင်းစေဖို့ ထမင်းအစာစုံနဲ့ ခန္ဓာရုံမြုံပြတီးဆီက အပြီးဖြေကာ စောင့်ရှာကြတယ် စိုးနှောင့်သင်္ချေ တဲ့။ လက်မရွံ့ အာဏာပါးကွက်သားနဲ့တူတဲ့ သေမင်း(သေခြင်းတရား)ကို ငါခန္ဓာ ကိုယ်ကို အသက်ခွန်ဘဏ္ဍာအဖြစ်အပ်နှံဖို့ အစားအစာလေးတွေ ဝဝလင်လင်စား၊ ခန္ဓာကိုယ် လှလှပပလေးတွေ ဝတ် ဆင်ပြီးတော့ ခန္ဓာကိုယ်ပြူတင်းတံခါးကနေ စောင့်မျှော်နေကြရသလိုပဲတဲ့။

မချိမဆန့်ခံစားချက်တွေ အိုနာသေ ဆင်းရဲတွေနဲ့ လုံးထွေးရစ်ပတ်ပြီး သံသရာကြီးထဲလည်ပတ်နေအောင် ဘယ်သူက လုပ်ကြံဖန် ဆင်းတာလဲ? ငါတို့ကိုယ်တိုင်ပဲ လုပ်ကြံဖန်ဆင်းတာပဲလေ။ ငါတို့ဆိုတာထက် ငါတို့ခန္ဓာ အတ္တဘောကြီးကို အဖန်ဖန်တည် ဆောက်ပေးနေတဲ့ သမုဒယသစ္စာ လောဘတဏှာက ငါတို့ကို သံသရာဝဋ် ဆင်းရဲမှာ ဘဝသစ်တွေတစ်ခုပြီးတစ်ခု မွေးဖွားလာအောင် ဖန်ဆင်းပေးနေတယ်။ လောဘတဏှာတွေ ဖြစ်မှန်း မသိအောင်၊ ဒေါသအာဃာတွေဖြစ်မှန်းမသိအောင် အသိမှန် အမြင်မှန်မရအောင် မောဟက အကာအကွယ်ပေး ထားတယ်။ “လောကီဘုံဝယ်၊ သာယာဘွယ်ဟု၊ တာတွယ်နေငြား၊ ဝေနေများတို့၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ၊ ဦးစွာပြ၏။ ဒုက္ခသောင်းပြောင်း၊ ဆင်းရဲကြောင်းကား၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာဘူး၊ မဟာ ဗြဟ္မာ့၊ ထာဝရတို့၊ ဘုရားတစ်သင်း၊ မဖန်ဆင်းဘူး၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ဗရမ်းဗတာ၊ ဖြစ်ကြရာဟော၊ သမုဒယော တည်း”လို့ ဆရာတော်ကြီးတွေက ဆုံးမခဲ့ကြတယ်။ ငါတို့ နေ့စဉ်ကြုံတွေ့နေကြရတဲ့ ဆင်းရဲဒုက္ခတွေရယ် အိုနာသေ ဆင်းရဲကြီးတွေရယ် ဒါတွေဟာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူး။ တန်ခိုးရှင်ကြီးတွေက ဖန်ဆင်းထားတာလဲ မဟုတ်ဘူး။ ဘဝကိုခုံမင်တွယ်တာတပ်မက်တဲ့ ငါတို့လောဘတွေ၊ မလိုမုန်းထား အာဃာတတွေထားတတ်တဲ့ ငါတို့ ဒေါသတွေ၊ မိုက်လုံးထွားထွား ငါတို့မောဟတရားတွေကြောင့် ငါတို့တစ်တွေ ဒုက္ခသံသရာထဲမှာ နစ်မွန်းနေကြရ တာပါပဲ။ ငါတို့တွေ သံသရာအဆက်ဆက်ကခန္ဓာ့ဒုက္ခတွေငြိမ်းအောင်၊ တဏှာရဲ့ ကျေးကျွန်အဖြစ်ကနေလွတ်အောင်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ထင်မှတ်နေတဲ့ အမြင်မှား သက္ကာယဒိဋ္ဌိ ကင်းအောင် ဝိပဿနာတရားကို ကြိုးစားပွားများကြ ရအောင် ငါတို့ကိုယ် ငါတို့နေ့စဉ် သွန်သင်ဆုံးမနေရမယ်။ သစ်ခုတ်သမားက အသိဉာဏ်အလင်း ရောင်ကို ရလိုက်တော့ ဘီလူးမကြီးမှန်းသိသလို  ငါတို့မပိုင်ဆိုင်သော ခန္ဓာငါးပါး လူသတ်သမား ခန္ဓာကိုယ်ကြီးကို ငါ့ကိုယ် ငါ့ ခန္ဓာလို့ စွဲလန်းမှုကင်းအောင်၊ လောဘ ဒေါသ မောဟစတဲ့ ကိလေသာ အညစ်အကြေးကင်းအောင် ဝိပဿနာတရား ကျင့်ကြံပွား များနေကြရမယ်-လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ဖို့ လိုအပ်နေပါပြီ။ ဒါ့ကြောင့် အချိန်ရှိတုန်းလေးမှာ အသိတရား မြန်မြန်ရနိုင်ကြပါစေ။ သဘောမှန် အမြင်မှန် လျှင်မြန်စွာရနိုင်ကြပါစေကြောင်း ဆုတောင်းရင်းလယ်တီ ဆရာတော် ကြီးရဲ့ ဆိုပိန့်မညှာ ဆုံးမစာထဲက လင်္ကာအပိုင်းအစလေးကို အရမ်းသဘောကျလို့ အသိမှန်အမြင်ရအောင် ထည့်ပေး လိုက်ပါရစေ။

မျက်မြင်လောက ၊ ဤဘဝကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏၊ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင် ၊ နင့်ကိုယ်ထင်၏၊ နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့်သန္တာန်ကို၊ နင်ဉာဏ်မစူး၊ အပျော်မြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်ဖုံဖုံ၊ လွန်ခဲ့ကုန်ပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ ယုယုယယ ၊ နင်အားကျလျှက်၊ ဓားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာလည်း၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုတ်ငယ်လျှက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တစ်ပန်းဟိုက်ဟိုက်၊ တစ်ရှိုက်ငင်ငင်၊ တစ်ငြင်ငြိုငြို၊ ဆင်းရဲပိုလျှက်၊ ထိုထိုဘဝ၊ အနန္တတွင်၊ ဘဝမဆုံး၊ အများထုံးလည်း၊ အနှုံးမပျက် ၊ အောက်နရက်ဝယ်၊ တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်၊ နင်လိုလူမိုက် သွားလမ်းတည်း ။

နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန် သိဉာဏ်စူးစိုက် ဖြစ်ခိုက်ရုပ်နာမ် အမြင်မှန် ရှင်သန်နိုင်ကြပါစေသော်….


သရုပ်ဖော်ပုံအား ဤနေရာမှ ရယူပါသည်။

There's no fire or wheel in Future - TheGeek


ခေတ်မီတဲ့အနာဂတ်ရောက်ဖို့ မီးနဲ့ ဘီးကို ထားခဲ့ရမှာလား
လောကဓာတ်ခန်း သာဂိ၊ ဇန်န၀ါရီ ၆၊ ၂၀၁၃

သမိုင်းမှာ ကျောက်ခေတ်ကနေ သံခေတ်၊ ကြေးခေတ်၊ နည်းပညာခေတ်တွေ ရောက်ဖို့ မူလခြေတလှမ်းအဖြစ် လူသားတွေ မီးကို စတင် ရှာဖွေတွေ့ရှိတာက စတယ်လို့ ပြောကြတယ်။ နောက်တခုကတော့ ဘီးကို တီထွင်လိုက်နိုင်တာ။ မီးကို တွေ့ပြီးနောက် ဘီးကို တီထွင်လိုက်နိုင်တဲ့နောက်ပိုင်း လူသားတွေဟာ လောကီဈာန်တွေ အတုံးလိုက်အတစ်လိုက် ရကုန်ပြီး မြေလျိုး၊ မိုးပျံ၊ အကြားအမြင်တွေ ရကုန်တာပဲ။ ကမ္ဘာကြီးကို ခါးစောင်းတင်လိုက်တော့တာပဲ မဟုတ်လား။
အင်ဂျင်စက်၊ မော်တော်ယျာဉ်၊ လေယျာဉ်ပျံ၊ မော်တော်ဘုတ်၊ သဘောင်္၊ ဒုံးပျံတွေ အကုန်လုံးမှာ မီးပါတယ်၊ ဘီးပါတယ်။ ဘီးမဟုတ်ဘူး ဆိုရင်တော့ ခြာခြာလည်နေတဲ့ ပန်ကာတွေ၊ ဒလက်တွေတော့ ပါတယ် မဟုတ်လား။ အဲသည် ၂ ခုနဲ့ လူ့လောကကြီးလည်း ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ သိပ္ဗံခေတ်ကြီးကို ဖြတ်ကျော်နေခဲ့ပေါ့။
နောက်ပြီးတော့ လူသားတွေရဲ့ တီထွင် ဖန်တီးတဲ့စိတ်၊ အသစ်အဆန်းနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့ စိတ်တွေ ဒါတွေဟာ သိပ္ဗံခေတ်ကြီးကို ရှေ့တိုးအောင် မောင်းနှင်တွန်းပို့ခဲ့တယ်။ အကောင်းဆုံးဥပမာကတော့ ကလေးဘ၀ကနေ လူကြီးအဖြစ်တိုင်အောင် လူတိုင်းဟာ သိပ္ဗံဆန်းကြယ် အနာဂတ်ဇာတ်အိမ်ပြု ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကို စွဲစွဲလမ်းလမ်း ဖတ်ရှုခံစားခဲ့ကြတာပဲ ဖြစ်တယ်။
သိပ္ဗံဇာတ်ကားတွေထဲက စက်ရုပ်၊ ရုပ်မြင်သံကြား ဖုန်း၊ ယာဉ်ပျံတွေ၊ မြေလျိုး မိုးပျံတာတွေ၊ လက်နက်ဆန်းတွေဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက ရုပ်ရှင်ပိတ်ကားပေါ်ကနေ သရုပ်ဖော်ခဲ့ရာက အခု အနှစ် ၂၀ လောက်အတွင်း အပြင်လောကမှာ တကယ်ကို ဖြစ်ပေါ်လာခဲ့တယ်။ သိပ္ဗံနဲ့ နည်းပညာ ဆန်းသစ်မှုတွေ ရှာဖွေမှုတွေဟာ လူသားတွေကို သဘာဝရဲ့ လျို့ဝှက်ချက်နဲ့ ထူးခြားမှုတွေကို ဖော်ထုတ်ပြီး လက်ညိုးညွှန်ရာ ရေဖြစ်အောင် လုပ်လာနိုင်ခဲ့တယ်။
ဒါကြောင့်လည်း ဆယ်စုနှစ် ခေတ်တခုတိုင်းမှာ လူတွေကို ဖျော်ဖြေရာ ရုပ်ရှင်အနုပညာတွေမှာ အနာဂတ်လွန် ဇာတ်လမ်း ရှုခင်းတွေ ပါ မပါနဲ့ တိုင်းတာစောင့်ကြည့်ကြတယ်။ အနာဂတ်သိပ္ဗံကားတွေ ခေတ်မစားတဲ့ အချိန်နဲ့ နေရာတွေမှာ လူတွေဟာ အတိတ်ကနေ ရုန်းမထွက်နိုင်တဲ့ အကြပ်အတည်းတွေနဲ့ နစ်မြုပ်ကြရတယ်။ အငြင်းအခုံတွေ ပွားကြတယ်။ စစ်မက်တွေ ဖြစ်ပွားကြရတယ်။ သစ်လွင်တောက်ပ အကောင်းမြင်တဲ့ ခေါင်းဆောင်တွေ အယူအဆတွေ ပေါ်ပေါက်လာဖို့အရေးအတွက် လှုံဆော်မှုတွေဟာ သိပ္ဗံဇာတ်ကားတွေကနေ ထင်ဟတ်ပြနေကြတယ်လို့ ပြောရမယ်။
အဲသည် သိပ္ဗံဇာတ်ကားတွေမှာ ပြန်ကြည့်လိုက်မယ်ဆိုရင် မီးတွေ ဘီးတွေနဲ့ လည်ပတ်နေရာကနေ မီးတွေ ဘီးတွေ မပါတော့တဲ့ ဇာတ်ကားတွေ၊ နောက်ခံအခင်းအကျင်းတွေနဲ့ ပြလာတာကို မြင်လာရတယ်လို့ ပြောချင်တယ်။ စွမ်းအင်တွေကို မီးတွေ လောင်စာတွေကနေ ထုတ်ပြတာ မဟုတ်တော့ဘဲ စွမ်းအင်ချောင်းတွေ၊ စွမ်းအင်သိုလှောင်တဲ့ အတုံးအခဲတွေက ထုတ်လုပ် သုံးစွဲတာမျိုးတွေ မြင်လာရတယ်။ ပြီးတော့ နေရာတကာမှာ တလည်လည် တ၀ီးဝီး သွားလာ လှည့်ပတ်နေတဲ့ ဘီးတွေ၊ ဒလက်တွေနဲ့ ပစ္စည်းတွေထက် အသံမမြည်တဲ့ ရွေ့လျားမှုမျိုး သွားလာမှုမျိုးတွေ လုပ်လာကြတယ်။ ဒါက သိပ္ဗံဇာတ်ကားတွေကို ကြည့်ပြီး ပြောတာပါ။
ဆိုတော့ မီးနဲ့ ဘီးကို အခြေပြုပြီး ခေတ်မီဆန်းသစ်တဲ့ သိပ္ဗံခေတ်ကြီး ထူထောင်ခဲ့တဲ့ လက်ရှိလူ့ဘောင်လောကဟာ နောင် ရှေ့တဆင့်ကို တခေတ်ပြောင်းဖို့အတွက်ဆိုရင် သမာရိုးကျ လူ့သားတွေ စွဲလမ်းခဲ့ကြတဲ့ မီးတွေ ဘီးတွေကို စွန့်ပစ်ထားခဲ့ကြမှ ဖြစ်လိမ့်မည်လား လို့ တွေးနေမိတယ်။
ဒါကလည်း ဖြစ်နိုင်တယ်။ အလားအလာကလည်း အဲသလို ဦးတည်နေပြီလို့ ပြောနိုင်တယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တီဗီတွေ၊ ကင်မရာတွေမှာ မီးလုံးတွေနဲ့ Tube တွေနဲ့ လွှင့်ထုတ်တာ၊ ဖမ်းယူတာကနေ ချစ်ဆားကစ်ပြားတွေ၊ LCD,  LED တွေနဲ့ လွှင့်ထုတ်တာ ဖမ်းယူတာတွေ လုပ်လာတယ် မဟုတ်လား။ တီဗီတွေဟာ အလုံးကြီးကနေ ပြားချပ်ကုန်လာတယ်။ လျှပ်စစ်ဓာတ်တွေ အေစီတွေ အများကြီး သုံးပြီး စက်မောင်းနေရာကနေ ဒီစီနဲ့ ဘက်ထရီတုံးတွေနဲ့ ကိရိယာတွေကို အားသွင်း အလုပ်လုပ်ခိုင်းတာ ဖြစ်နေတယ် မဟုတ်လား။
ဘီးတွေ ဒလက်တွေနဲ့ ခရီးသွားနေရာကနေ လေပေါ်မှာ ၀ဲတာ ပျံတာကို နည်းမျိုးစုံတွေ စမ်းသတ်လာနေကြတာကို တွေ့နေရတယ်။ အနည်းဆုံးတော့ မြေပေါ် ရေပေါ် လျှပ်ပြေးယာဉ်ဟာ ပန်ကာသဘော၊ ဘီးသဘောကို သုံးနေပေမယ့် မြေကြီးနဲ့ ထိပြီး ဘီးနဲ့ ယက်ပြီး ရွေ့လျားတာထက် လေကို မှုတ်ပြီး မြေပေါ်က ကြွပြီး ရွေ့လျားမှုမျိုး ဖြစ်လာတယ်လို့ ပြောချင်တယ်။
ကြိုးတွေနဲ့ ချိတ်ဆက်မှုတွေဟာလည်း တဖြေးဖြေး ပျောက်ကုန်ပြီးတော့ ဖုံးတွေ အိမ်သုံး ရုံးသုံး ကိရိယာတွေ အားလုံးဟာ လျှပ်စစ်ပစ္စည်းတွေ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ပိုပိုဖြစ်လာတယ်။ စက်တွေ တခုခုနဲ့ တခု ဆက်သွယ်ပြီး အလုပ်လုပ်လုပ်နိုင်မှုဟာလည်း ကြိုးမလိုပဲ လေထဲကနေ ချိတ်ဆက်လုပ်နိုင်လာတယ်။
ဥပမာသဘောတခုကတော့ ကြိုးမဲ့ဖုံးတွေက wi-fi, GSM, CDMA, 3G,4G ဆိုတဲ့ မိုက်ခရိုဝေ့ဗ်တွေနဲ့ သတင်းတွေ အချက်အလက်တွေ အမိန့်တွေ အလုပ်စေခိုင်းမှုတွေကို ပေးပို့ လက်ခံနေကြတော့တယ် မဟုတ်လား။ ဖုံးကနေ ကားကို စက်နှိုး၊ ပိုက်ဆံလွှဲ၊ မိုးလေ၀သကြည့်၊ မြေပုံလမ်းညွှန်တောင်း၊ ဂူးဂဲပေါ်မှာ အဖြေရှာ၊ လူချင်း စကားပြော၊ ပရင်တာဆီ စာပို့၊ ဖက်တွေ ထိုး ဒါမျိုးတွေဟာ ဟိုးရှေးခေတ်က လူတဦးစံချိန်နဲ့ ကြည့်မယ်ဆိုရင် မျက်မှောက်ခေတ်ကလူတွေဟာ လောကီဈန်တွေ ရနေတဲ့ တန်ခိုးရှင်တွေလို့ အထင်မှတ်မှားသွားနိုင်လောက်တယ်။
သိပ္ဗံပညာနဲ့ ပညာရှင်တွေ အားလုံးဟာ သံသရာကို ယုံတယ်။ အမှန်တရားကို ယုံတယ်။ ဒါကြောင့် သူတို့တတွေက ပဟေဠိတွေကို အဖြေညှိဖို့ ကြိုးစားကြတာပေါ့။ ရှေးလူကနေ နှောင်းလူအဆင့်ဆင့် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ လက်ဆင့်ကမ်းပြီး မှတ်တမ်းတွေ ထားခဲ့၊ ပညာတွေ သင်ပေးခဲ့ကြတာပေါ့။ လူ့သမိုင်းဆိုတာကြီး ရှိနေတယ်ဆိုတာကို သူတို့တတွေ မှတ်တမ်းလက်ဆင့်မကမ်းခဲ့ကြဖူးသာ ဆိုရင် လက်ရှိလူတွေဆိုတာကလည်း ကိုယ်ဘယ်က လာလို့ ဘယ်ကို သွားမယ်မှန်းမသိတဲ့ ပတ်ဝန်းကျင်က ကြောင်တွေ ခွေးတွေလိုပဲ ဖြစ်ကြရလိမ့်မယ် ထင်မိပါတယ်။
အခုတော့ မီးနဲ့ ဘီးကို စွန့်ရတော့မယ့်အချိန်ရောက်ပြီလို့ လူဘောင်လောက သဘာဝက အတိတ်နမိတ်တွေ ပြနေပါပြီ။ တလျံလျံ တညီးညီး တောက်လောင် သုံးစွဲနေတဲ့ မီးလို စွမ်းအင်မျိုးကို ဘက်ထရီလိုမျိုး သိုဝှက်သိမ်းဆည်းနိုင်ကြပြီ။ ဘီးတွေနဲ့ ယက်ပြီးမှ ခရီးသွား လည်ပတ်မှုကနေ သံလိုက်စွမ်းအင်တွေ အခြားတွန်းအားတွေကို သုံးပြီး ရွေ့လျားဖို့ ပြင်ဆင်နေကြပြီ။ လူတွေဟာ ကြိုးတွေ၊ အဆောက်အဦတွေ၊ တဆက်တစပ်တည်းဖြစ်တဲ့ ချိတ်ဆက်မှုတွေကနေပြီး မမြင်ရတဲ့ လေလှိုင်းတွေထဲက ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတွေနဲ့ ဆက်စပ်မှုတွေကို တည်ဆောက်နေကြပြီ။
အနာဂတ်လွန် သိပ္ဗံဇာတ်လမ်းတွဲတွေလည်း အခုချိန်မှာ ပြန်လည် ခေတ်စားလာတာကို တွေ့နေရတယ်။ Star Trek တို့ Star Wars တို့တွေ၊ Doctor WHO တို့ Touchwood တို့ ဇာတ်လမ်းတွဲတွေ လူတွေက ကြည့်ရှုအားပေးလာကြပြန်တယ်။ သိပ္ဗံဆန်းကြယ်တွေနဲ့အတူ သဘာဝတရားကြီးရဲ့ ဖြစ်ထွန်းလည်ပတ်မှု သံသရာကိုလည်း အတွေးအခေါ် ဆင်ခြင်မှုတွေနဲ့ သုံးသပ်ပြကြ ပြန်ပါသေးတယ်။
သိပ္ဗံ စိတ်ကူးယဉ်တွေထဲကလိုမျိုး ပိုက်ကလေးတချောင်းနဲ့ ဆေးထိုးအပ်တခုနဲ့၊ ဓာတုဆေးဝါး တခုခုနဲ့ လူတွေရဲ့ ခန္တာကိုယ်တွေ ဦးနှောက်တွေကို ခွဲခြမ်း စိတ်ဖြာ စုံစမ်းတာတွေ၊ ကုသ လေ့လာတာတွေလည်း လုပ်ကိုင်နေကြတာ အများအမြင်ပါပဲ။ DNA, Genetic Engineering, Biotechnology ဆိုတာတွေ၊ Nano Tech ဆိုတာတွေဟာ အခုဒီဖက်ခေတ်က လက်တွေ့သိပ္ဗံဆန်းကြယ်မှုတွေရဲ့ သာဓကလို့ ဆိုနိုင်ပါတယ်။
ကဲ ဒါဆိုရင် သိပ္ဗံကားတွေထဲကလိုမျိုး မဖြစ်သေးတဲ့ ထူးခြားဆန်းကြယ်မှုတွေကို ထောက်ပြပါဦးလို့ ဆိုရင် … star trek ထဲကလို  တနေရာကနေ တနေရာကို Beam လုပ်ပြီး Transport လုပ်တာ မဖြစ်သေးဘူး။ လူအကောင်ကြီးအတိုင်းပဲ ဟိုကနေ ဒီနေရာကို ရောက်ဖို့ ခရီးတော့ သွားနေသေးတယ်။ အတိတ်တွေ အနာဂတ်တွေကို ကိုယ်ဖျောက်ပြီးတော့ မသွားနိုင်သေးဘူး။ စကြာဝဠာအနှံ့လည်း မသွားနိုင်သေးဘူး။ ဒါတွေဟာ နောင်တချိန်မှာ ဖြစ်လာလိမ့်မယ်လို့တော့ စာဖတ်သူတွေက စိတ်ကူးယဉ်မိချင် ယဉ်မိနေမှာတော့ အသေအချာပါပဲ။
ဟုတ်ပြီ … အနာဂတ်မှာ လူတွေဟာ ထူးခြား ဆန်းကြယ်တွေ တခုပြီး တခု လုပ်နိုင်နေပါပြီတဲ့။ အတိတ်နဲ့ ပစ္ဖျပ္ဗန် မျက်မှောက်က လူတွေလိုမျိုး ဘယ်တော့မှ မလွန်ဆန်နိုင်တာတွေလည်း ရှိဦးမှာလား။ အင်း … ရှိမယ်။ လူသားတွေဟာ သေခြင်းတရားကိုတော့ ဆန့်ကျင်ကြမှာတော့ မဟုတ်ပါဘူး။ အနည်းဆုံးအဆင့် သိပ္ဗံနည်းကျ သေခြင်းကို ရင်ဆိုင်ဖို့နဲ့ သံသရာဝဲသြဃက လွတ်မြောက်ဖို့ကိုတော့ သူတို့ အစွမ်းကုန် ဆက်ကြိုးစားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


Posted by MoeMaKa at 1:44 AM 0 comments 
Labels: Technology, TheGeek

SATURDAY, JANUARY 5, 2013

Ku Mo Jo - Who wants to be President, ask the Generals, first


ကာတွန်းကူမိုးကြိုး - ဗေဒင်ဆရာ ဗိုလ်ကာလုံကို မေးပြီးပြီလား
ဇန်န၀ါရီ ၆၊ ၂၀၁၃

Posted by MoeMaKa at 11:54 PM 0 comments 
Labels: Cartoon Box, Ku Mo Jo

Min Lu - What the hell ...


ဘာတွေ ဖြစ်ကုန်ကြပြီလဲ
မင်းလူ (၁၉ ၈၉ )
ဇန်န၀ါရီ ၆၊ ၂၀၁၃

(သည်ကဗျာကို ရေးပြီးဖြန့်လို့ အဲသည်နှစ်က အဲသည်စာရေးဆရာ ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရတယ်။ ထောင်တန်တဲ့ ကဗျာပေါ့)

(၁)

အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)

သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..

မင်းလူ(၁၉၈၉)

(ဖေ့စ်ဘွတ်ကနေ ပြန်လည် ကူးယူတင်ဆက်ပါတယ်)
Posted by MoeMaKa at 11:09 PM 0 comments 
Labels: Min Luu, Poems

Aung Khine Myint - Human Rights & Animal Rights


လူသားတစ်ဦးသည် တိရိစ္ဆာန် တစ်ကောင်ထက်ပင် အခွင့်အရေးများ ဆုံးရံှု့းနေပြီလား....
အောင်ခိုင်မြင့်၊ ဖေ့စ်ဘွတ်ကောက်နုတ်၊ ၀၅ ဇန်န၀ါရီလ ၂၀၁၃
အမေရိကန်နိုင်ငံ နယူးအိုလင်း တွင် ၂၀၀၅ ခုနှစ် သြဂုတ်လ၌ ဖြစ်ပွားခဲ့သော Hurricane Katrina ကိုအမှတ်ရကြဦးမည် ထင်ပါသည် ။ အမေရိကန်နိုင်ငံ ၏ ဟာရီကိန်းသမိုင်းများအနက် ပျက်ဆီး ဆုံးရှုံမှုတွင် နံပါတ် ( ၅ ) ၌ ချိတ်သော အဆိုပါ Katrina ဟာရီကိန်းသည် လူပေါင်း ၁၈၃၃ ဦး၏အသက်ကို ဆုံးရှုံးခဲ့စေယုံမက အဆောက်အဦးအပါအ၀င် ပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမှာ အမေရိကန် ဒေါ်လာ ၈၁ ဘီလီယံမျှ ရှိခဲ့ပါသည် ။
အမေရိကန်နိုင်ငံ အစိုးရမှ လူထုသို့ ဟာရီကိန်းဖြစ်ပေါ်မှုကို ကြိုတင် သတိပေးအကြောင်းကြားခဲ့သော်လည်း ဟာရီကိန်းဖြစ်ပြီးနောက် အစိုးရမှ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်မီ မလုပ်ဆောင်နိုင်ခဲ့ခြင်းသည် ထိုအချိန်က အမေရိကန် သမ္မတ ဂျော့ဘုရ်အာုး နိုင်ငံရေးအရ အထိနာစေခဲ့သော ပုံရိပ် ဖြစ်ပေါ်စေခဲ့သည် ။
ဒီနေရာ၌ ကျနော် အဓိကထား တင်ပြလိုသည်မှာ အသက်ဆုံးရှုံးခဲ့သော လူသားများကို မဆိုထားနှင့် ခွေး ၊ ကြောင်စသော တိရိစ္ဆာန်များသည်ပင် အဆိုပါ Katrina ဟာရီကိန်းဖြစ်ပြီးနောက် စနစ်တကျပြန်လည်နေရာ ချထားရေးကို ဆွေးနွေးတင်ပြလိုပါသည် ။
မနေ့ ညက တီဗွီတွင် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တိရိစ္ဆာန်များကို ကယ်ဆယ်ရေးလုပ်သော အဖွဲ့ တစ်ခုမှ မုန်တိုင်းကျရောက်ပြီးနောက် ပိုင်ရှင်မဲ့ ခွေးများကို စနစ်ကကျ ကယ်တင်ပုံကိုရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည် ။ မုန်တိုင်းကျရောက်မည်ကို ကြိုတင်သိသော အခါ လူတစ်ချို့ သည် မုန်တိုင်းနှင့်ဝေးရာသို့ ရှောင်ရှားကျစဉ် အိမ်မွေးတိရိစ္ဆာန်များကို ၄င်းတို့ နှင့်အတူ ခေါ်သွားခဲ့သူများရှိသလို တစ်ချို့ ကတော့ အိမ်မှာထားရစ်ခဲ့ကျသည် ။ ထိုအခါ မုန်တိုင်းကျရောက်ပြီးသောအခါ၌ သေဆုံးသော တိရိစ္ဆာန်များအမြောက်အများ ရှိသလို မြို့ ပေါ်တွင် မသေပဲ ကျန်ရစ်သော ပိုင်ရှင်မဲ့ သွားလာနေသည့် ခွေးများ ၊ကြောင်များ အများအပြားရှိခဲ့ပါသည် ။
ကယ်ဆယ်ရေး အဖွဲ့ များသည် ထိုတိရိစ္ဆာန်များကို လုံခြုံစိတ်ချ ဘေးကင်းရာသို့ ခေါ်ဆောင်ပြီး အမေရိကန် နိုင်ငံအ၀ှမ်းရှိ ( humane society ) လိုနေရာမျိုးသို့  ပို့ ဆောင်ပေးခဲ့သည် ။ ထို့ နောက် ( humane society ) မှ တိရိစ္ဆာန်များကို မူရင်း ပိုင်ရှင်ထံ ပြန်လည်အပ်နှံခြင်းအပါအ၀င် ၄င်းတို့ ကို မွေးစားမည့် ပိုင်ရှင်သစ်ကို ရှာဖွေပေးခဲ့လေသည် ။
ထို့ ကြောင့် အမေရိကန် နှင့် ကနေဒါနိုင်ငံတို့ တွင် ကျနော်တို့ မြန်မာပြည်လို လမ်းဘေးခွေးများ မတွေ့ ရခြင်းဖြစ်သည် ။ဒီနိုင်ငံများတွင် မြန်မာပြည်မှာ ကဲ့သို့ လမ်းဘေးခွေးများကို အမဲလုံး ကျွေးသတ်ခြင်းမျိုးလည်း မရှိချေ ။လမ်းတွင် ပိုင်ရှင်မဲ့ ခွေးများ ၊ ကြောင်များတွေ့ ရှိ ပါက အဆိုပါ တိရိစ္ဆာန်များကို ကယ်ဆယ်စောင့်ရှောက်သော humane society သို့  ဖုန်းဆက်ခေါ်ပါက ၄င်းတို့ မှ လာရောက် ကယ်ယူပါသည် ။ humane society ဆိုသည်မှာ ခွေးများ ၊ ကြောင်များ ၊ ငှက်များ ၊ ယုန်များ အပါအ၀င် တိရိစ္ဆာန်များကို စနစ်တကျမွေးပြီး မွေးစားမည့် ပိုင်ရှင်ကို ၄င်းတို့ အဖွဲ့ မှ ရှာဖွေပေးပါသည် ။
ဒါတင်မက  http://www.petfinder.com/shelters/glwr.html ၀က်ခ်ဆိုက်မှလည်း ပျောက်ဆုံးနေသော တိရိစ္ဆာန်များကို ရှာဖွေပေးပါသည် ။ 
ဒီနေရာတွင် အနောက်နိုင်ငံများတွင် တိရိစ္ဆာန်များကို တန်ဘိုးထားစောင့်ရှောက်မှုအဖြစ် ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို အလျဉ်းသင့်၍ တင်ပြလိုပါသည် ။
ကျနော်သည် ကနေဒါနိုင်ငံသို့ ရောက်ခါစတွင် တစ်ခါတစ်ရံ ရေခဲအမှတ်အောက် -၂၀ ဒီကရီစင်တီဂရိတ် ထိအေး သော ဆောင်းတွင်း၏အေးချမ်းမှုဒဏ်ကို အလူးအလဲ ခံနေခဲ့ရသည် ။တစ်နေ့ တွင် ကျနော်တို့  ဇနီးမောင်နှံ နေထိုင်ရာ အိမ်ပေါ်သို့ အ၀ါရောင် ၊ အဖြူရောင် ၊ အနက်ရောင်များဖြင့် ဆေးဆိုးထားသလို လှပသာ ကြောင်မလေးတစ်ကောင် တက်ရောက် လာပါသည် ။ ကြောင်မလေးကို သတိထားမိသည်မှာ သူမ၏ တစ်ကိုယ်လုံးအရောင်ဖြစ်သည့် အ၀ါရောင်အား ထူးဆန်းစွာ အမဲရောင်များ ခြေနှစ်ဖက်တွင် ရှိနေပေရာ အမှတ်တမဲ့ ကြည့်လိုက်လျှင် အမဲရောင် ခြေအိပ်လေးဝတ်ထားသလို ထင်ထင်ရှားရှားပေါ်နေပေသည် ။ ထို ကြောင်မလေးသည် တညောင်ညောင်နှင့် အစာတောင်းရာ အိမ်တွင် ကြောင်စာလည်းမရှိသဖြင့် အိမ်ရှိ ငါးပိကို ထမင်းနှင့်နယ်ပြီး ကျွေးရာ ဆာလောင်နေသော ကြောင်မလေးမှ အငမ်းမရ စားပါသည် ။ ထိုသို့ စားသောက်ပြီး နောက် အိမ်အောက်သို့ ဆင်းကာ နှင်းများပြည့်နေသော လမ်းပေါ်သို့  ပြန်လည် ထွက်ခွာသွားခဲ့သည် ။ အစပထမတွင် လမ်းထဲရှိ အိမ်တစ်အိမ်မှ ကြောင်မလေးဖြစ်မည် ဟု ထင်မြင်ယူဆမိသော်လည်း ညနေစောင်းတိုင်း အစာလာတောင်းပြီး နောက်ဆုံးတွင် တခြားသို့ မပြန်ပဲ အိပ်ယာဘေးတွင် ကွေးပါလေတော့သည် ။ကျနော်တို့ ကျွေးသော မြန်မာပြည်က ငပိကို အကြိုက်တွေ့ ပြီး မပြန်လေတော့သည် လားမသိပါ ။ကနေဒါနိုင်ငံတွင် ကြောင်စာ ၊ ခွေးစာ ၊ ငှက်စာများကို Pet Store များဖွင့်ပြီး ရောင်းချသော်လည်း ထိုအချိန်က အိမ်တွင် ကြောင်စာကို ၀ယ်ရကောင်းမှန်း မသိသေးပါ ။ 
ကျနော်တို့ ဇနီးမောင်နှံသည် ပိုင်ရှင်မဲ့ ကြောင်မလေးကို သူမ သခင်ထံ ပြန်အပ်ဖို့ humane society သို့ ဖုန်းဆက်ချင် သော်လည်း ဖုန်းနံပါတ်မရှိပဲဖြစ်နေပေသည် ။ ဒီနိုင်ငံတွင် လူသတ်မှုမပြောနှင့် ကြောင်သတ်မှု ၊ ခွေးသတ်မှုတင်မက ကြောင်ကို ညှင်းဆဲမှုသည်ပင် ထောင် ( ၆ ) လကျကြောင်း သတင်းများတွင် တွေ့ နေခဲ့ရသည် ။ ဒီလိုဆိုရင်ဖြင့်ခက်ချေပြီ ၊ ပိုင်ရှင်ရှိသောကြောင်ကို တရားမ၀င် ခေါ်ယူ မွေးထားမှုဖြင့် တရားစွဲ ခံရနိုင်သည်ကို တွေးကြည့်ပြီး ၊ နောက်တနေ့ တွင် တက္ကစီခ အကုန်ခံကာ humane society သို့ ပို့ ဆောင်ခဲ့ကြသည် ။ humane society မှလည်း ပိုင်ရှင်ရှာပေးမည် ဟုပြောဆို သဖြင့် စိတ်အေးခဲ့ရသည် ။
သို့ သော် ကျနော်တို့ ဇနီးမောင်နှံသည် နောက်တစ်ပတ်အကြာတွင်ညနေစောင်း၌ humane society သို့ သွားရာ ကြောင်မလေးမှာ ပိုင်ရှင်မရှိသေးကြောင်း သိခဲ့ရသည် ။ humane society တွင် ခွေးများ ၊ ကြောင်များကို သီးသန့် စီ ခွဲကာ လှောင်ချိုင့်လေးထဲတွင် ထည့်ထားပါသည် ။
ထိုအချိန်က humane society တွင် တခြားကြောင်များသည် အိပ်နေသော်လည်း ကြောင်မလေးမှာ ငပိနှင့် အစာကျွေးခဲ့ဘူးသော ကျနော်တို့ ကို မှတ်မိကာ တညောင်ညောင်နှင့် အသံတစာစာ အော်ပါလေတော့သည် ။ ထိုအခါ ထိုင်းနိုင်ငံတွင် နေထိုင်ပြီး တော်လှန်ရေး ၊ နိုင်ငံရေးလုပ်စဉ်အခါက ထောင်အကြိမ်ကြိမ်ကျခဲ့ဘူးသော ကျနော်တို့ ( ၂ ) ယောက်သည် လှောင်ချိုင့်ထဲမှ အော်နေသော ကြောင်မလေးကို ကိုယ်ချင်းစာ သနားစိတ် ၀င်ကာ အိမ်၌ ပြန်လည်ခေါ်ယူမွေးစားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပေသည် ။
humane society မှ လူတစ်ယောက်ကို မွေးစားသကဲ့သို့  စာရွက်စာတမ်းများကို လတ်မှတ်ရေးထိုးကာ ကနေဒါ ဒေါ်လာ ( ၁၀၀ ) ကျော်ကုန်ခဲ့ ရပါသည် ။ humane society မှ ကွန်ပြူတာတွင် ကျနော်တို့ ၏ အသက် ၊ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ်များကို တောင်းပြီး ကြောင်မလေး၏ အသက် ၊ အရောင် စသော အချက်အလက်များပါသော computer data chip ကို ကြောင်မလေး၏ လည်ပင်းတွင် ထည့်ပေးခဲ့ပါသည် ။ နောက်နောင်တွင် ကြောင်မလေးပျောက်ပါက ကြောင်မလေး၏ လည်ပင်းတွင် မြှပ်ထားသော ၄င်း computer data chip ကို ကြည့်ယုံဖြင့် ပိုင်ရှင်မည်သူ ဆိုတာ သိနိုင်ကြောင်း ၊ ကျွေးရမည့် ကြောင်မလေး၏ နေ့ စဉ်အစားအစာ ၊ နှစ်စဉ်ထိုးရမည့် ဆေး အပါအ၀င် အိမ်သာတက်ရမည့် ပလစ်စတစ်ပုန်းကို ပေးကာ တနာရီ နီးပါး humane society ရှိ အမျိုးသမီး ၀န်ထမ်းတစ်ဦးမှ စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါသည် ။ 
ထိုကြောင်မလေးနာမည်ကို မီးမီးဟု အမည် ပေးထားခဲ့ပြီး သူမနှင့် အဖော်ရဖို့ ရာ နောက်ကြောင်မလေးတစ်ကောင် ဖြစ်သော Sun shine ( ဆန်းရှိုင် ) အား ရုရှားသူငယ်ချင်း တစ်ယောက်ထံမှ ခေါ်ယူမွေးစားခဲ့ပြန်ပါသည် ။
( ဆန်းရှိုင် )လေးသည် အလွန်အဆော့သန်ကာ အိမ်ရေ့ဝရန်တာ တွင် လာနားသော ငှက်ကို ပင် အလွတ်မပေးပဲ ဖမ်းနိုင်သည့် အရည်အချင်း ရှိပါသည် ။ သို့ သော်( ဆန်းရှိုင် )လေးသည် ကံအကြောင်းမလှစွာ ကျနော်တို့ နေထိုင်ရာ ( ၇ ) ထပ် apartment မှ အောက်ကို ခြေချော်ကျ သွားခဲ့သည်ထင်ပါသည် ။ကြောင်မလေးမှာ ကြောင်ကျကျသော်လည်း တိုက်အောက် မြေကြီးတွင် ခြေလေးကျိုးပြီး မျက်လုံးလေးကလည်ကလည်နှင့် ငြိမ်သက်နေရာ ကျနော်တို့ မှ humane society သို့ ဖုန်းဆက် အကြောင်းကြားရာ အရေးပေါ် ရှေးဦးသူနာပြုကား (ambulance emergency car ) မှ လာရောက်ခေါ်ယူကာ ဆေးကုသပေးခဲ့ပါသည် ။
ကျနော်တို့ ဇနီးမောင်နှံတွင် ကလေးမရှိသဖြင့် ကြောင်မလေးမီးမီးကို ကျနော်တို့ ကလေးတစ်ယောက်လိုချစ်ပါသည် ။ တစ်ခါက မြန်မာပြည်မှ ဘုန်းကြီးတစ်ပါး ကျနော်တို့ နေထိုင်ရာ ကနေဒါ အော်တာဝါသို့ ကြွလာရာ ကြောင်မလေး မီးမီးအတွက်ရည်စူးပြီး မီးမီးနာမည်နှင့် ဘုန်းကြီးကျောင်းဆောက်လုပ်သည့် ကျောက်ပြားကို လှူဒန်းဘူးခဲ့ပါသည်။
ယခုအခါ ကြောင်မလေး မီးမီးသည် ကျနော်တို့ နှင့် ( ၁၃ ) နှစ်မျှအတူနေပြီး ကြောင်မလေး ( ၁၅ )နှစ်အရွယ်တွင် လောကကြီးမှ ထွက်ခွာသွားခဲ့ပါသည် ။ ကြောင်မလေးအတွက် အိမ်တွင် ခရစ်ယာန်လို ဆုတောင်းယုံမက မြန်မာပြည်မှ အမေမှလည်း ကြောင်မလေးမီးမီးအတွက် ဘုန်းကြီးကျောင်းတွင် ဆွမ်းပို့ ပေးခဲ့ပေသည် ။ ဒီလောက် နူးညံ့သော နှလုံးသား ပိုင်ရှင်ဖြစ်ပေမဲ့ ( ၂၅ ) နှစ်ကြာ တော်လှန်ရေးသမား သူပုန်ဖြစ်နေသော မိမိကိုယ်မိမိ အံ့သြမိသည်မှာ အမှန်ပင် ဖြစ်ပါသည် ။
ကြောင်မလေး မီးမီး ကွယ်လွန်သော အခါ အထက်ပါ humane society သို့ သွားရောက် ပို့ ဆောင်ရာ သဂြိုလ်မည့် မြေကိစ္စ အ၀၀ကို ၄င်းတို့ မှ ဆောင်ရွက်ပေးခဲ့ပါသည် ။ ကနေဒါနိုင်ငံ ရှိ မြို့ များတွင် တိရိစ္ဆာန် သင်္ချိုင်းများရှိပါသည် ။ဒီနိုင်ငံတွေမှာ တိရိစ္ဆာန်တစ်ကောင်ကို ပင် လူသားတစ်ဦးလို တန်ဘိုးထား စောင့်ရှောက်ပါသည် ။
ပြီးခဲ့သော နှစ်များအတွင်းက ကနေဒါနိုင်ငံ တိုရန်တို မြို့ ရှိ humane society တွင် တိရိစ္ဆာန်များကိုကျွေးမွေးရမည့် ဘတ်ဂျတ်ကိုအလွဲသုံးစား လုပ်သဖြင့် ငွေအလွဲသုံးစားလုပ်သူအား ဖမ်းဆီးထောင်ချသည့် အမှု ဖြစ်ပွားခဲ့ပါသည် ။
အနောက် နိုင်ငံသို့ ရောက်ခါစ မြန်မာလူမျိုးများသည် တိရိစ္ဆာန်တို့ ၏ အခွင့်အရေးများကို အတိအကျ မသိသေးသဖြင့် ဒဏ်ငွေဆောင်ရမှုများ ရှိခဲ့ပါသည် ။ ကျနော်တို့ မြို့ တွင် နွေရာသီ၌ နေရောင်ခြည် နုနု၏အောက်တွင် ငါးမျှားခြင်းသည် အပျင်းပြေသလို ကနေဒါလူမျိုးများအတွက် ဖက်ရှင်တစ်ခုလို ဖြစ်နေပါသည် ။ အလုပ်လုပ်သော လုပ်ငန်းခွင်တွင်ပင် အပျော်တမ်း ငါးဖမ်းချင်လျှင် မော်တော်ဘုတ် ငါးဖမ်းစက်လှေ များကို စီစဉ်ပေးမည် ဖြစ်ပြီး တစ်ဦးလျှင် ဘယ်လောက်ကျမည် ဖြစ်ကြောင်း ကြော်ငြာများတွေ့ ရသည် ။ မြို့ ဘေးရှိ မြစ်အပါအ၀င် မည်သည့်နေရာတွင် မဆိုငါးဖမ်းချင် ပါက လိုင်စင်လုပ်ရပါသည် ။ ၄င်း လိုင်စင်ကို လမ်းဘေးရှိ ဆိုင်များတွင် အလွယ်တကူ ၀ယ်ယူနိုင်ပါသည် ။
ကနေဒီယံ လူမျိုးများသည် အပျော်တမ်း ငါးဖမ်းပြီး ဖမ်းမိသော ငါးများကို ဖမ်းမိမိချင်း ရေထဲသို့ ပြန်လွှတ်ပေးသော်လည်း ကျနော်တို့ ကိုယ်ရွှေမြန်မာတွေက မလွှတ်ယုံမက အချင်းချင်း အလကားပေးသူရှိသလို စီးပွားဖြစ် ပြန်ရောင်းသူများလည်းရှိပါသည် ။
တစ်ခါက အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ယူတီကာမြို့ သို့ သွားရောက်လည်ပတ်ရာ သူငယ်ချင်းတစ်ယောက်မှ ပြောသည်မှာ အရင်က ဖမ်းမလောက်အောင်ပေါသောငါးများသည် ရွှေမြန်မာများလက်ချက်နှင့် ရှားပါးကာ မျိုးတုန်းလုနီးပါးဖြစ်နေကြောင်းပြောပြခဲ့ပေသည် ။ ကိုယ်ရွှေမြန်မာများသည် လိုင်စင်မဲ့ ငါးဖမ်းမှုအပါအ၀င် တရားဝင် သတ်မှတ်ထားသော အရွယ်ထက် ငယ်သော ငါးများကို ဖမ်းဆီးမှုဖြင့် ဒဏ်ငွေဆောင်ရမှုများ မကြာခဏကြားခဲ့ရသည် ။
ထို့ အပြင် ရာသီဥတု ဆိုးဝါးသော ဆောင်းရာသီတွင် မြောက်ဝန်ရိုးစွန်းဖက်မှ အုပ်စုဖွဲ့ ပျံသန်းလာသော ဘဲအုပ်သည် နွေးထွေးသော ရာသီရှိရာ တောင်ပိုင်းသို့ ပျံသန်းစဉ် ကျနော်တို့ မြို့ ရှိ ကွင်းပြင်၌ တထောက်နားပါသည် ။ ထောင်သောင်းမက သော ဘဲများသည် ကွင်းပြင်တွင် အုပ်စုဖွဲ့ ကာ ဆူညံနေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှဖမ်းဆီး ပစ်သတ် ပိုင်ခွင့်မရှိချေ ။ လူတစ်ဦးတစ်ယောက်မှ အဆိုပါ ဘဲကို ဖမ်းဆီးသတ်ဖြတ်ပါက ငွေ ဒဏ်မက ထောင်ဒဏ်ပါ ကျခံနိုင်ပေသည် ။
တစ်ခါက မြို့ ပြင်ဖက်ထွက်ပြီး ကားမောင်းရာ ကားသည် တစ်နေရာ အရောက်တွင် ဘီးလှိမ့်ယုံသာ သွားနိုင်ပြီး ကားတန်းရှည်ကြီးဖြင့် traffic ဖြစ်နေပေသည် ။ အကြောင်းအရင်း က ဘဲကလေး ( ၁၂ ) ကောင်ကို ဘဲမကြီးမှ ဦးဆောင်ပြီး ကားလမ်းဖြတ်ကူးနေသဖြင့် ကားအားလုံးမှ ဘဲမိသားစု လမ်းဖြတ်ကူးသည့် အချိန်ထိ စောင့်နေရခြင်း ဖြစ်ပေသည် ။
အနောက်နိုင်ငံတွင် တိရိစ္ဆာန်များသည်ပင် အခွင့်အရေးများ ရရှိနေပေသည် ။
ကျနော်တို့ မြန်မာပြည်တွင်မူ  လူသားတစ်ဦးအနေဖြင့် တိရိစ္ဆာန် တစ်ကောင်ထက်ပင် အခွင့်အရေးများ ဆုံးရံှု့းနေပြီလား....၊
ကျနော်တို့ တိုင်းပြည်တွင် လူကိုလူလို မမြင်ယုံမက လူ့ အသက်ပေါင်းများစွာကို သေ ကြေစေသည့် ပြည်တွင်းစစ်ပွဲများကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည် ။
အောင်ခိုင်မြင့်
၀၅ ဇန်န၀ါရီလ ၂၀၁၃

(မိုးမခ - စာမူကို နှစ်သက်လို့ ယူတင်လိုက်ပါတယ်။ သည်ကနေပြီး စာမူရှင်ကို ခွင့်တောင်းလိုက်သည်)
Posted by MoeMaKa at 10:47 PM 0 comments 

MoeMaKa to sell e-book on Amazon


မိုးမခမီဒီယာက Amazon အွန်လိုင်းမှတဆင့် အီးဘုတ်များ စဖြန့်မည်
မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၆၊ ၂၀၁၃
အင်တာနက်တွင်ခေတ်စားနေသည့် Amazon အွန်လိုင်း၏အီးဘုတ်များ ရောင်းချသည့်စနစ်ကို သုံးစွဲပြီး မိုးမခမီဒီယာ၏ အီးဘုတ်များကို Amazon Kindle E-Book အဖြစ် တင်ဆက်ရောင်းချမည် ဖြစ်သည်။ အမေဇုံအွန်လိုင်းတွင် အကောင့်တခု ရယူပြီးနောက် မိမိ၏ ဖုံး၊ တက်ဘလက်၊ အီးဘုတ်ဖတ်စက် တမျိုးမျိုးသို့ အီးဘုတ်ကို ဒေါင်းလုပ်ရယူပြီး ဖတ်ရှုနိုင်သည်။ Amazon Kindle, Apple iBook Reader App များဖြင့်လည်း ဖတ်ရှုနိုင်သည်။ Amazon Prime Account  ရှိသူများအနေနှင့် စာကြည့်တိုက်များက စာအုပ်ငှားသကဲ့သို့ အီးဘုတ်ကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်မည် ဖြစ်သည်။
မူလက မိုးမခကာတွန်းဆရာပေါင်းစုံ၏ လက်ပံတောင်းတောင်က မီးလောင်နေသော ကာတွန်းများ အီးဘုတ်ကို စမ်းသတ်ထွက်ဝေခဲ့သည်။
၎င်းနောက် မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ကို ဆက်လက်ထုတ်ဝေခဲ့သည်။
ယခု သန်းဝင်းလှိုင်၏ မမေ့နိုင်အပ်သော အာဇာနည်နေ့ ဆောင်းပါးစာအုပ်ကို အီးဘုတ်အဖြစ် ထုတ်ဝေလိုက်သည်။
ဆက်လက်ပြီး ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များ၊ မီဒီယာများကို အီးဘုတ်များအဖြစ် ထုတ်ဝေသွားမည် ဖြစ်သည်။ အီးဘုတ်အဖြစ် အွန်လိုင်းဆိုက်ကြီးများတွင် တစုတစည်းတည်း တင်ဆက် ရောင်းချထားခြင်းဖြင့် အီးဘုတ်ဖြင့် ဖတ်ရှုသိမ်းဆည်းသူများအတွက် အဆင်ပြေမည် မျှော်လင့်သည်။ Apple ၏ iBook တွင်လည်း တင်ဆက်ထားနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။
Posted by MoeMaKa at 10:02 PM 0 comments 
Labels: Book Shelf

Saw Ngo - Independence falling from Sky


ကာတွန်းစောငို - လွတ်လပ်ရေးဆိုတာ မိုးပေါ်က ကျလာသော အရာ
ဇန်န၀ါရီ ၆၊ ၂၀၁၃

Posted by MoeMaKa at 4:25 PM 0 comments 
Labels: Cartoon Box, Saw Ngo

Abuse by authority and business in Hinthada


ဟင်္သာတက အာဏာရှင်၊ အလိုတော်ရိလုပ်ငန်းရှင်တို့၏ မင်းမဲ့စရိုက် အမူအကျင့်များ
ဟင်္သာတက ပေးတဲ့စာ၊ ဇန်န၀ါရီ ၆၊ ၂၀၁၃
ဟင်္သာတမြို့သူမြို့သားများ၏ ဒုက္ခကို မီဒီယာများမှတဆင့်  နိုင်ငံတော်သမ္မတ ကြီးနှင့် ပြည်သူ့လွတ်တော်ဥက္ကဌ  သိစေရန်တင်ပြပေးပါ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ လမ်းတွေ ပျက်တာ၊ ပြင်တာ၊ ပိတ်ဆို့တာတွေကြောင့် ကားတွေ လူတွေ အကြပ်အတည်းဖြစ်ရပါတယ်။ သုံးဘီးဆိုင်ကယ် ပြေးဆွဲသူတွေကလည်း လမ်းမကောင်းတာ အခွင့်ကောင်းယူပြီးတော့ လမ်းစည်းကမ်းတွေ ယာဉ်စည်းကမ်းတွေကို ကြိုက်လို ချိုးဖောက်နေပါတယ်။ အာဏာပိုင်တွေကလည်း လုပ်ငန်းရှင်စိတ်ကြိုက် လမ်းစည်းကမ်းတွေကို ဥပက္ခာပြုထားကြပါတယ်။
လက်ရှိတိုင်းပြည် ပြုပြင်ပြောင်းလဲရေးဆိုတာက အောက်ကမပြင်ဘဲ အပေါ်ယံပြောင်းလို့ မရပါဘူး။ ဥပမာ အိမ်နံရံတွေ ဆေးသုတ်တဲ့အခါ အောက်ဆေးကိုမခွါဘဲ ဆေးသုတ်သလိုပေါ့။ အပေါ်က ဘယ်လောက်ဘဲထပ် သုတ်သုတ်၊ အောက်ဆေးကတော့ ပေါ်လာတာပဲ။
ကျနော်တို့ ကျမတို့မြို့မှာ အောက်ပါ အခွင့်ရေးသမားတွေ၊ ခြစားသူတွေ ရှိနေပါတယ်။
·       ဧရာဟင်္သာကုမ္မဏီနှင့်  အစုရှယ်ယာလုပ်သောသူများ၊
·       လယ်ကွက်တွေကို အကုန်ဝယ်ပြီး သိန်းပေါင်း ထောင်ချီရမှ အမြတ်မတရားနှင့် ရောင်းချရန်စောင့် စိုင်းနေသူများ၊
·       မြို့ပတ်လမ်း လမ်းဘေးတောက်လျောက်တွင် လယ်ယာမြေတွေကို မြေကွက်တွေရိုက်ပြီး ရောင်းချရန်စောင့်နေသူများ။
·       ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြိုနယ်အုပ်ချုပ်ရေးမှူး၊ မထသဥက္ကဌ ဦးစံဌေးနဲ့ ဌာနပိုင်များ၏ ပါဝါ နဲ့ ကိုယ်ကျိုးစီးပွားရှာနေသူများရဲ့ မင်းမဲ့စရိုက် အေးဓမြတိုက် အကြမ်းဖက်ခံထားရတဲ့ မြို့ဖြစ်နေပါပြီ။
တောင်သူတွေရဲ့လယ်တွေကို ဟင်္သာတမြို့ကြီး ကောင်းစားဖို့ ဆိုပြီး သိမ်းခဲ့တဲ့၊ ဦးဌေးဦးလက်ထက် က ဧရာဟင်္သာကုမ္မဏီက ဦးဇော်ဝင်းရှိန်(ခ) အငယ်ကောင်နှင့်  မျိုးပိုင်တို့က ပေါင်းပြီး၊ အဲသည် လယ်မြေတွေမှာ လမ်းမတန်းတလျောက်ကို ဆိုင်ခန်းတွေ ဖွင့်ပါတယ်။ ဆိုင်ခန်းတစ်ခန်းကို သိန်း ၄၀၀ သိန်း၃၅၀ တို့ဖြင့် ရောင်းချပြီး အရင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေကို ဆိုင်ခန်းတစ်ခန်း ပေးထားခဲ့ပါတယ်။ အဲသည်မှာ ကားဂိတ်သစ်ကြီး ပြောင်းဖွင့်မယ်လို့ အကွက်ဆင်နေကြပါတယ်။
၎င်းကားဂိတ်မှာ ဟင်္သာတမြို့မှ လေးမိုင်လောက်ကွာဝေပြီး ၀င်လမ်း၊ ထွက်လမ်း အဆင်မပြေပါ။ ကားဂိတ်ကို ပြောင်းလိုက်လျင် ဟင်္သာတမြို့ လက်ရှိ လည်ပတ်နေတဲ့ ကုန်စည်လည်ပတ်မှု၊ စီးပွားရေးအခြေအနေ၊ ကုန်ဈေးနှုန်းအခြေ အနေ၊ လမ်းပမ်းဆက်သွယ်ရေး ပြောင်းလဲခြင်း၊ တန်ဆာခများ မတရားတိုးသွားခြင်းစတဲ့ ကိစ္စအ၀၀ကြောင့် ဟင်္သာတမြို့သူမြို့သားများ အကြပ်အတည်းနဲ့ ရင်ဆိုင်ရမည့်အကြောင်း၊ မပြောင်းရွှေ့ဖို့ နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်တဲ့  ဌာနဆိုင်ရာလူကြီးမင်းတွေဆီကို လက်မှတ်စုထိုးပြီး တင်ထားပြီးဖြစ်ပါတယ်။
            လာမည့် လွှတ်တော်ညီလာခံတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူတွေ ပြောင်းစေချင်လို့ ဟင်္သာတကားဂိတ်ကို ပြောင်းရပါတယ်လို့ လုပ်ကြံဇာတ် အဆိုတွေ တင်သွင်းကြမယ်၊ ကိုယ်ကျိုးစီပွားရှာပြီး ခြစားကြမှာကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒီကနေ အသိပေးတင်ပြလိုက်ပါတယ်။ ဒါကို ဇွတ်အတင်းလုပ်ကြရင်ဖြင့် ပြည်သူတွေက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ဖို့ပဲ ရိှတော့ကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။        ။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages