29th May - MoeMaKa Daily
27 views
Skip to first unread message
Maung Yit
unread,
May 29, 2013, 3:07:40 AM5/29/13
to moemak...@moemaka.com
အမေရိကန်ခရီး ဖို့ဝိန်းမြို့၊ လမ်းခုလတ်မှာ ၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးနဲ့ မေးခွန်းတိုထွာ
မိုးမခ၊ မေ ၂၉ ၊ ၂၀၁၃
မေ ၂၈၊ အင်္ဂါနေ့နေ့ခင်း၊ ဖို့ဝိန်းမြို့တော်မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ဖုန်းဆက်စကားပြောဆိုခွင့်ရရှိခဲ့ပါတယ်။ ၈၈ မျိုးဆက်တို့ရဲ့ အမေရိကန်ခရီးစဉ်တလျောက်လုံး အဆင်ပြောချောမွေ့အောင် စီစဉ်ဆောင်ရွက်နေသူ အိမ်ခံဖြစ်တဲ့သူတို့ရဲ့ မိတ်ဆွေ ကိုအောင်ဒင်က သူ့ရဲဘော်တွေရဲ့ တွေ့ဆုံပွဲအစီအစဉ်တွေ အစစအဆင်ပြေဖို့အတွက် အာရုံစိုက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကိုမင်းကိုနိုင်က ခေတ္တအနားယူနေချိန်ဖြစ်လို့ ရရှိတဲ့အချိန်တိုအတွင်းမှာ (ကို)ကိုကိုကြီးကို မေးခွန်းအနည်းငယ် မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
မေး။     ။ ဘယ်လိုလဲ၊ အတော်ကို ခရီးပမ်းနေပြီထင်တယ်။ ၃ ရက် ဆက်တိုက် မြို့ ၃ မြို့၊ အခု ဖို့ဝိန်းဆိုတာကလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ မျိုးဆက်တွေ၊ တိုင်းရင်းသားတွေ မိသားစုတွေ တစုတည်းတည်း နေထိုင်ကြတဲ့ မြို့တော်ဆိုတော့ အတွေ့အကြုံဘယ်လိုရှိသလဲဗျာ။
ဖြေ။     ။ ကောင်းပါတယ်။ ပင်ပန်းတာလည်း ပမ်းတာပေါ့။ မနေ့ကတွေ့ဆုံပွဲမှာ အင်အားတွေ ၄၀၀ လောက် လာကြတယ်။ ရပ်နီးရပ်ဝေးကနေ တကူးတက လာကြတာဗျာ။ မေးခွန်းတွေကလည်း အမျိုးအမျိုး အစုံစုံပဲ။
မေး။     ။ မျိုးဆက်သစ်တွေနဲ့ တွေ့ရဆုံရ ဆွေးနွေးကြရတယ်လို့ ကြားတယ်ဗျ။
ဖြေ။     ။ ဟုတ်တယ်။ ဟိုက်စကူးကျောင်းသားတွေ၊ ကောလိပ်ကျောင်းသားတွေနဲ့ တွေ့ရဆုံရတာ အားရစရာကောင်းတယ်။ သူတို့ပညာရေးအတွေ့အကြုံတွေ ရှိတာနဲ့ မြန်မာပြည်အတွက် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို တက်တက်ကြွကြွ မေးမြန်းကြတယ်။ ပြောကြဆိုကြတယ်။
မေး။     ။ ၈၈ အရေးတော်ပုံမှာ ဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေရော၊ မိတ်ဆွေသစ်တွေနဲ့ပါ တွေ့ ဆုံကြရတာ ဘယ်လိုနေလဲဗျ။ တော်တော်ရော မေးကြမြန်းကြ ပြောကြဆိုကြဖြစ်ကြတယ် မဟုတ်လား။
ဖြေ။     ။ အေးဗျာ။ အားလုံး စုံစုံလင်လင်ပဲ ဆိုကြပါစို့။ အဓိကကတော့ လက်ရှိအခြေအနေ အပြောင်းအလဲတွေ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိတာပေါ့။
မေး။     ။ ဘယ်လိုမျိုး မေးခွန်းထုတ်စရာတွေရှိတာလဲ။ အခုလက်ရှိ အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေအပေါ်လား၊ လူတွေအပေါ်မှာလား။ လက်ရှိစနစ်ပေါ်မှာလား။ ဘယ်ဟာတွေကို အဓိက မေးကြတာလဲ။
ဖြေ။     ။ အခုအချိန်မှာ အကြောင်းအမျိုးမျိုး အခြေအနေအမျိုးမျိုးနဲ့ မြန်မာပြည်ကို မပြန်နိုင်သေးတဲ့၊ မပြန်သေးတဲ့ မြန်မာမိသားစုတွေ တိုင်းရင်းသားတွေ အများကြီး ရှိတယ်။ အပေါ်ကလူတွေက ဘယ်လိုမျိုး အပြောင်းအလဲတွေ လုပ်နေပေမယ့် အောက်ခြေကလူတွေ၊ အလယ်ကလူတွေက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာကြဖို့ လိုအပ်နေသေးတယ်။ သံသယတွေကတော့ အများကြီးပဲပေါ့။ ပြုပြင်ချင်သူတွေ ရှိတယ်။ မပြောင်းလဲချင်သူတွေ ရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့၊ နောက်ပြန်လှည့်မှာတို့ စတဲ့ မေးခွန်းတွေ ရှိတယ်။
မေး။     ။ မိတ်ဆွေဟောင်းတွေ၊ ရဲဘော်ဟောင်းတွေအပြင် မျိုးဆက်သစ်တွေ၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံရတဲ့ဆီမှာကော ဘယ်လိုမျိုး တွေ့ရ ကြားရတာ ရှိသလဲဗျ။
ဖြေ။     ။ တချို့တွေ့ရတဲ့ မိတ်ဆွေသစ်တွေအနေနဲ့က အရင်တုန်းက တွန့်ဆုတ်ခဲ့တာမျိုးတွေ ရှိခဲ့ပေမယ့် အခုချိန်မှာ စိတ်အားထက်သန်လာကြတယ်။ စိတ်ဝင်စားမှုတွေ ရှိလာကြတယ်။
မေး။     ။ ဒါဆိုရင် ၈၈ မျိုးဆက်တွေအနေနဲ့ ပြည်တွင်းပြည်ပမှာ မိတ်ဆွေတွေ ပြန်တွေ့ကြတယ်၊ တိုးလာတယ်။ ဘယ်လိုမျိုး လက်တွဲပြီး ရှေ့ဆက်ပြီး လုပ်ကြမလဲ။ အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်တွေ၊ ဘယ်လိုမျိုး ဖွဲ့စည်းတာမျိုးတွေ လုပ်မှာလဲ။
ဖြေ။     ။ ခုချိန်မှာက ကိုယ်စားလှယ်တွေ၊ အချိုးအစား (quota)တွေနဲ့ ချည်းကပ်တာထက်၊ formal မဟုတ်တဲ့ ထောင့်ပေါင်းစုံ၊ တူရာ သန်ရာ အဆင့်ပေါင်းစုံမှာ ချိတ်ဆက်ပြီး တွဲပြီး လုပ်ကိုင်ကြတာမျိုးက ပိုကောင်းမယ် ထင်ပါတယ်။ ဟိုးတုန်းကလိုမျိုး တပ်ပေါင်းစုတွေ ဘာတွေ ဖွဲ့တာမျိုးထက် တူတာကို တွဲလုပ်ကြဖို့ network ပုံစံ ချိတ်ဆက်ကြတာမျိုး ဖြစ်မယ် ထင်ပါတယ်။ တူတာတွေ တွဲပြီး လုပ်ကြမယ်။ ပေါင်းပြီး လုပ်ကြမယ်။ ပညာရေးသန်တဲ့သူကလည်း ပညာရေးသန်တဲ့အတွဲ၊ အုပ်ချုပ်ရေး သန်တဲ့သူကလည်း အုပ်ချုပ်ရေးအတွဲ စုပြီး လုပ်ကြရမယ်။ သမာရိုးကျ မဟုတ်တော့ဘူးပေါ့ဗျာ။ မော်ဒန်တောင်မှ ပို့စ်မော်ဒန် စုဖွဲ့မှုဖြစ်နေပြီလို့ ပြောရမလားပဲ။ (ရယ်လျက်)
မေး။     ။ ဒါပေမယ့် ကျနော်တို့ဆီမှာကော ပြည်တွင်းမှာပါ သံသယတွေ၊ တဦးနဲ့တဦး မယုံကြည်တာတွေ၊ ပတ်ဝန်းကျင်မှာ ကွာဟနေတာတွေ အများကြီးရှိနေတယ် မဟုတ်လား။ နှစ်ပေါင်းများစွာ မိသားစုတွေ၊ သားသမီးတွေနဲ့ ကွဲကွာပြီးတော့ စစ်အာဏာရှင်တွေရဲ့ ချုပ်နှောင်မှုအောက်မှာ နေ့တဓူဝ စိန်ခေါ်ပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ရသူတွေအပေါ်မှာတောင် ခုချိန်မှာ ဒီမိုကရေစီရေးအတွက် ပြပြင်ပြောင်းလဲမှုလုပ်ကိုင်နေချိန်မှာ ပြောကြဆိုကြတာတွေ ရှိနေတယ် မဟုတ်လား။
ဖြေ။     ။ ဒါကတော့ ဒီလိုပါပဲ။ အခုအချိန်မှာ ကျနော်တို့တွေ အားလုံး ပြန်လည် စုဖွဲ့နေကြတဲ့ ကာလဖြစ်ပါတယ်။ ပိတ်ဆို့ထားခဲ့တုန်းကလည်း ပြသနာတွေ ရှိခဲ့တာပဲ။ ပိတ်ဆို့ထားတဲ့အလျောက် အချင်းချင်းထဲမှာလည်း ပြောစရာ ဆိုစရာတွေ ဖြစ်ခဲ့ကြတယ်။ အခုကျတော့လည်း ဖွင့်ထားတဲ့အလျောက်၊ ပွင့်လင်းလာတဲ့အလျောက် ပြောကြ ဆိုကြတာတွေလည်း ပေါ်လာပြန်တာပဲ။ ဒီလိုကွဲပြားမှုတွေကို ကျနော်တို့ ရအောင် ကျော်လွှားရမှာပဲ။
မေး။     ။ ဘယ်လိုမျိုး အကြံပေးခဲ့တာမျိုးတွေ ရှိလဲ။ မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေအပေါ်မှာ။ ဖြတ်သန်းခဲ့ကြတဲ့ မတူညီတဲ့ အခြေအနေ အတွေ့အကြုံ အတွေးအမြင်တွေအပေါ်မှာ …
ဖြေ။     ။ network  တွေ ဖွဲ့ကြရမယ်။ နောက်ပြီး စာရေးနိုင်တဲ့သူတွေက စာရေးကြဖို့၊ မှတ်တမ်းတွေ ထုတ်ဖော်ဖို့။ ကျနော်တို့တတွေနဲ့ ဆက်သွယ်ကြဖို့၊ အီးမေးနဲ့ပဲ ဖြစ်ဖြစ်။ ကွဲပြားတာက ပြသနာမဟုတ်ပါဘူး။ မတူတာကလည်း ကိစ္စမရှိပါဘူး။ အဖွဲ့တွေ မတူတာကလည်း အရေးမကြီးပါဘူး။ အဲသည်ကြားထဲကနေ ကျနော်တို့တတွေ အလုပ်လုပ်နိုင်ကြဖို့ပဲ။ ပြန်စဉ်းစားကြည့်လိုက်ရင် လွန်ခဲ့တဲ့ ၈၈ အရေးတော်ပုံတုန်းက ကျနော်တို့တွေပဲ အော်ခဲ့ကြတာမဟုတ်လား။ ညီညွတ်ကြပါတို့၊ စည်းကမ်းရှိပါတို့ ကျနော်တို့ အော်ခဲ့ကြတာပဲ။
မေး။     ။ ဟုတ်ကဲ့ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ နက်ဖြန် ဗုဒ္ဓဟူးနေ့ ဆန်ဖရန်လေဆိပ်မှာ ကိုကိုကြီးတို့ မင်းကိုနိုင်တို့ကို လာရောက် ကြိုဆိုနေပါ့မယ်။ တွေ့ကြသေးတာပါ့။
ဖြေ။     ။ ကောင်းပါပြီ။
Khin Myo Chit - Buddhist Pilgrim's Progress - Book Shelf
ခင်မျိုးချစ်ရေး ဗုဒ္ဓဘာသာဝင်တဦး၏ ခရီးကြမ်း (ဒေါက်တာခင်မောင်ဝင်း ဘာသာပြန်)
မိုးမခစာအုပ်စင်၊ ဂျုနီယာဝင်း၊ မေ ၂၉ ၊ ၂၀၁၃
စာအုပ်အမည် - A Buddhist Pilgrims Progress
ရေးသားသူ - Khin Myo Chit
ဘာသာပြန်အမည် - ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ခရီးကြမ်း
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း သချာင်္
ထုတ်ဝေသူ - လင်းလွန်းခင်စာပေ
တန်ဖိုး - ၁၂၀၀ကျပ်
အုပ်ရေ - ၅၀၀
မျက်နှာဖုံး - Eagle
စာမျက်နှာ - ၁၂၀ ခန့်
ပထမအကြိမ် ၂၀၁၃ မေလ
ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာလက်ရာဖြစ်သော A Buddhist Pilgrims Progress ကိုဓမ္မရိပ်မဂ္ဂဇင်းတွင် လစဉ်ဖော်ပြခဲ့ရာ သားဖြစ်သူဒေါက်တာခင်မောင်ဝင်းက မြန်မာလိုဘာသာပြန်ထားသည်။ ပရိသတ်များ အလွန်နှစ်သက်ခဲ့ပြီး ယခုအခါ စာအုပ်အဖြစ် ထွက်လာခြင်းဖြစ်ပါသည်။ မူရင်းမှာ စာမျက်နှာ သုံးဆယ်ရှိ လက်နှိတ်စက်ရိုက်ထားသော ဆောင်းပါးရှည်ကြီးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး ဘာသာပြန်ရာတွင်လည်း ခေါင်းစဉ်အသေးများကို ဖြည့်စွက်ပေးထားသည်ဟု ဆိုထားပါသည်။ ထိုဆောင်းပါးများမှာ မည်သည့်နေရာတွင်မှ ဖော်ပြခဲ့ခြင်း မရှိသေးသော ဒေါ်ခင်မျိုးချစ်၏လက်ရာဟု ဆိုရမည်ဖြစ်ပါသည်။
ဒေါ်ခင်မျိုးချစ်သည် (၁၉၅၃ - ၅၅) ခန့်၊ သူ့အသက်၄၀အရွယ်ခန့်တွင် သူ၏ငယ်ဘ၀ကို ပြန်ပြောင်းစဉ်းစား သတိရမိသည်မှာ နေ့စဉ်နေ့တိုင်း အိမ်ရှိဘုရားစင်တွင် ပန်းဆီးမီးစသည်တို့ ကပ်လျူခြင်း၊ သံယာတော်များကို ဆွမ်းကပ်သည်များ၊ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်သင့်လုပ်ထိုက်သည်များ လုပ်ခြင်းဖြင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း နာခံကျင့်သုံးခဲ့သည်များ ဖြစ်ပါသည်။ ယခုအခါ သံသယစိတ်များဖြင့် ဘာကိုမှ အယုံအကြည်မရှိတော့သော စိတ်ထားမျိုးတွေ ဘာကြောင့်ဖြစ်လာသနည်းဟု သုံးသပ်ကြည့်မိသည်။ ယခုမျက်မှောက်ဘ၀သည် အရင်ဘ၀ကလုပ်ခဲ့သော လုပ်ရပ်များကြောင့်၊ နောင်ဖြစ်လာမည့်ဘ၀ကို ယခုမျက်မှောက်လုပ်ရပ်များက အဆုံးအဖြစ်ပေးမည်ဟူသည်ကား ဗုဒ္ဓဘာသာ၏ လိုရင်းအနှစ်ချူပ်ပေလောဟု နားလည်သလို လွယ်လွယ်ရှင်းရှင်း ဖော်ပြချင်ပါသည်။ သည်တော့ နောင်ဘ၀အတွက် ယခုဘ၀တွင် ကောင်းတာကိုသာ လုပ်မည်။
ဒေါ်ခင်မျိုးချစ်သည် သူ့ဘ၀တွင် ထူးခြားသောပုဂ္ဂိုလ်များနှင့် ဆုံတွေ့ခဲ့ရသည်။ ဗိုလ်သိန်းဆွေသည် ဗိုလ်ချူပ်အောင်ဆန်း ကျဆုံးပြီးနောက် အမေရိကသို့ ပညာတော်သင်သွားခဲ့ပြီး ပြန်လာသောအခါ နိုင်ငံရေးသမားယောင်ယောင်ဖြင့် သူမရှိလျှင် ကမ္ဘာကြီးပျက်သွားတော့်မည် ဟူသောပုံစံဖြင့် သွားလာလှူပ်ရှားနေသည်ကို တွေ့ဖူးခဲ့သည်။ အများကပြောကြသည်မှာ သူသည် သူ့ကိုယ်သူ တစ်နေ့ ၀န်ကြီးချူပ်ဖြစ်မည်ဟု မျော်လင့်ထားသူဖြစ်သည်တဲ့။ သူ့လိုလူမျိုးက လူ့လောကကိုစွန့်ခွာ၍ သာသနာ့ဘောင်သို့ ၀င်သွားသည်မှာ ထူးခြားပါသည်။ နောင်တွင် သူ့ဘွဲ့အမည်မှာ ဦးသာသန၀ိသုဒ္ဓိဖြစ်သည်။ ကိုလှဖေအမည်ရှိ ကုန်သည်တစ်ဦးသည် ဂျပန်ခေတ်တော်လှန်ရေးတွင် ယိုးဒယားနယ်စပ် ရထားလမ်းပေါက်သော နယ်စပ်တွင် သူလျိုလုပ်ငန်း လုပ်ခဲ့သူဖြစ်သည်။ သူကျွှမ်းကျင်စွာလုပ်သော အလုပ်များမှာ တေးဂီတ၊ စကားရည်လုပွဲ၊ စီးပွားရေး၊ ကိစ္စမျိုးစုံ လှသည်။ သူသည် အာဝဇွန်းကောင်းပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ သူလူ့ဘ၀ကို စွန့်လွှတ်ပြီး ဘုန်းကြီးဝတ်သွားတော့ ဘွဲ့အမည် ဦးဝိနယ (စွန်းလွန်းကျောင်းတိုက်ဆရာတော်ကြီး) ဖြစ်လာသည်။ ထိုပုဂ္ဂိုလ်နှစ်ဦး ဘုန်းကြိးဝတ်သွားသည်ဟူသော သတင်းသည် ဒေါ်ခင်မျိုးချစ်၏ စိတ်ကိုလှူပ်ရှားသွားစေလျက် ဘောက်ထော်စွန်းလွန်းကျောင်းသို့ သွားရန် အားပေးလိုက်ခြင်းဖြစ်ပါသည်။ ဒေါ်ခင်မျိုးချစ်က ထိုအဖြစ်ကို “ကျွန်မကို လမ်းမှန်ရောက်စေသော အဓိကအကြောင်းရင်းပါပဲ“ ဟု ရေးသားထားပါသည်။
ခေါင်းစဉ်အရ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ခရီးကြမ်းဟု ဆိုသကဲ့သို့ပင် တရားရူခြင်း၊ တရားမှတ်ခြင်း၊ ဝေဒနာလိုက်ခြင်း အစရှိသော ခက်ခဲကြမ်းတမ်း ပင်ပန်းဆင်းရဲစွာ ခံစားခဲ့ရသည့် တရားထိုင်ခြင်း အတွေ့အကြုံများကို ကိုယ်တိုင်ကြုံခဲ့ရပါသည်။ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြောမိသောစကားမှာ-“ငါဘာကြောင့်များ ဒါကို လုပ်မိပါလိမ့်၊ ဒီအလုပ်ကို လုပ်မိတာ မှားတာပဲ၊ ဒီတခါထိုင်ပြီးရင်တော့ တော်ပါပြီ။ ဘယ်တော့မှ မထိုင်တော့ဘူး“ ဟူ၍ ဖြစ်ပါသသည်။ သို့သော်ရှူရင်းနဲ့ ကြိုးစားလိုက်သောအခါ ဆက်ရှု၍ ရလာသည်။ ရှုလို့တောင် ကောင်းလာသည်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအမျိုးမျိုးကို ခံစားကျော်လွန်သွားသောအခါ စိတ်၏ငြိမ်းချမ်းခြင်းအရသာကို ခံစားလာရသည်။
ဒါဟာဖြင့် တကယ်အေးချမ်းပါလား၊ ဘယ်လို အေးချမ်းတယ်ဆိုတာတောင် ပြောရခက်ပါလား၊ စိတ်ရောကိုယ်ပါ သန့်ရှင်းသွားသည်ကို ခံစားလိုက်ရသည့် ချမ်းသာမူမျိုး တခါမှ မတွေးဖူးပါလား.. ဟူ၍ နောက်ပိုင်းတွင် တရားအားထုတ်ခြင်းအလုပ်ကိုတော့ မပြတ်အောင်လုပ်သင့်သည်ဟူ၍ ခံစားမိလာရပုံများကို ဖတ်ရူကြရမည်ဖြစ်ပါသည်။
နောက်ပိုင်းအခန်းများတွင် ၀ိပဿနာတရားအားထုတ်ခြင်းဖြင့် ကြုံတွေ့ခဲ့ရသော သာယာမိသော အာရုံနိမိတ်ပုံများ၊ မိမိရှာဖွေနေသော ဗုဒ္ဓဘာသာ၏ နက်နဲသော သဘာဝတရားမဟုတ်သော အရောင်အလင်းမျာအပေါ် သာယာမိရာမှ ဗုဒ္ဓ၏သဘောတရားများနှင့် ဝေးသထက် ဝေးသွားရပုံများ၊ ဟိုသည်ရောက်နေသော စိတ်ရိုင်းကို ထိန်းချူပ်ဖို့ ကြိုးစားရပုံ၊ ထိမူ သိမူ သတိပြုသည့် အလေ့အကျင့်များ၊ ခန္ဓာကိုယ်ဝေဒနာများကို သတိနှင့်ကပ်လျက် သိနေအောင် ကြိုးစားအားထုတ်ရပုံများကို ကိုယ်တွေ့အဖြစ်များ ရေးသားထားသည်။
တရားအားထုတ်ခြင်းဖြင့် ဖြစ်လာသည့်အကျူိးကတော့ ကိုယ့်အကြောင်းကိုယ် သိလာတာဖြစ်ပါသည်။ ဆက်လက်၍ တရားအားထုတ်ပါသည်။ ဗုဒ္ဓဘာသာခရီးကြမ်းအကြောင်း အဆုံးသတ်ပါတော့မည်။ သို့သော်ရေးသားခြင်း အဆုံးသတ်တာသာဖြစ်ပြီး ခရီးကတော့မပြီးသေးကြောင်း ဆိုထားပါသည်။ ဒေါ်ခင်မျိုးချစ်သည် တစ်နေ့တွင် ဆရာတော်ဦးဝိနယနှင့် တွေ့ဆုံစဉ် ယခုလိုညီးညူမိသည်မှာ “လောကမှာ လုပ်စရာတွေအများကြီးပါပဲ။ လူတွေလည်း ဒုက္ခရောက်နေကြတယ်။ စစ်တွေပ ပဋိပက္ခတွေ အပြည့်နဲ့။ ဒါတွေအတွက် ကိုယ်က ဘာလုပ်ပေးနိုင်သလဲ။”
ဆရာတော်က ဤသို့မိန့်သည်။
“လောကမှာ အများအကျိုးအတွက်ကို လုပ်ဆောင်ဖို့ ဖြစ်လာတဲ့လူတွေ ရှိပါတယ်။ လူတစ်ဦးချင်းဟာ သူလုပ်ရမယ့် အလုပ်တာဝန်တွေ ရှိတယ်။ ဒါပေမယ့် တစ်ခု သိထားရမှာက အများအတွက် လုပ်ဆောင်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်က အရည်အချင်း ပြည့်ဝဖို့လိုတယ်။ အရည်အချင်းပြည့်အောင် လုပ်တဲ့ အကောင်းဆုံးနည်းက သတိပဌာန်တရားပဲ။ သတိဦးဆောင်တဲ့ ကမ္မဌာန်းတရားပဲလို့ ပြောရမှာပဲ။
တရားကို နွံနွံတာတာ အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဘာကိုမှ မကြောက်ဘူး၊ အရာရာကို ရင်ဆိုင်ရဲတယ်။ ဘာပဲဖြစ်ဖြစ် မတုန်လှူပ်ဘူး။ မဟာသတိပဌာနသုတ္တန်ထဲမှာ ဟောကြားထားတာက သတိပဌာန် တရားတော်သာလျှင် ဒုက္ခအပေါင်းကို အောင်နိုင်သောနည်းလမ်းဖြစ်သည်လို့ ဆိုထားတယ်။
ဒေါ်ခင်မျိုးချစ်သည် ဆရာတော်ဆက်လက်အမိန့်ရှိသည့်အတိုင်း “မိမိမှာကမ္ဘာကို အကျိုးပြုနိုင်တဲ့အလုပ် ရှိတယ်။ အဲဒီအလုပ်ကိုသာ ကောင်းကောင်း လုပ်ပါ။ သတိပဌာန်တရားက အကျိုးပြုလိမ့်မယ်။ အဲဒီအလုပ်ကတော့ စာရေးဖို့ပဲ” ဟူသော ဆုံးမစကားကို နာခံလျက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာမှာ သည်စာအုပ်ကလေးကို ရေးဖြစ်သွားကြောင်းဖြင့် အဆုံးသတ်ထားပါသည်။
Saw Ngo - Burmese Emergency Act
ကာတွန်းစောငို - အရေးပေါ်ရင် ဒိုင်ပွဲရပ် ဖြစ်သွားမယ်
မေ ၂၉ ၊ ၂၀၁၃
Aung Way - Poem
ဒ ဂု န် တာ ရာေ နွ ဦး ( ၃ )
အောင်ဝေး
မေ ၂၉ ၊ ၂၀၁၃
တိုင်းပြည်က ရိုင်းတော့
ပိတောက်တောင်
မုန်တိုင်းနဲ့မှ ပွင့်တယ်။
ပြည်တွင်းစစ်
အနှစ် ၅၀
၆၀
၇၀။
“သွားသစ်လဲစ၊ ကျောင်းနေစဟု
လောကနံရံ၊ ငါ၏မှန်တွင်
ကျောက်တံငယ်နှင့်
ရေးခြယ်လိုက်ရာ၊ ခြစ်လိုက်ရာ
ပီကာဆို၏ဂွာယာနီးကား ပန်းချီကား”
                                        (တင်မိုး)
စပိန်ဂစ်တာတစ်လက်
ချိုးဖြူငှက်တစ်ကောင်
ပျိုလေးတို့ အိမ်မိုးခေါင်
လရောင်ဘယ်တော့ထိုးပါ့မယ်။
မလေးဘယ်သို့ လွမ်းရမယ်။
လမ်းကန္တာရ
ညစုံနံ့ သာမှာ
ဒဂုန်တာရာ ၉၄
(မင်ဒဲလား ၉၄)
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
...  ...  ... ။
မွန်းအောင်ရေ ...
ပန်းမပွင့်တဲ့ နွေဦးတွေ
လွန်ပါစေ။    ။
Aung Maw - Cartoon
လုပ်ရဲဘူး
ကာတွန်းအောင်မော်
မေ ၂၉ ၊ ၂၀၁၃
ကာတွန်းအောင်မော်၏ ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။
Maung Wuntha - Articles
တိုင်းပြည်တိုးတက်ရေးမှာ ခေါင်းဆောင်မှုအပိုင်း ဘယ်လောက်အရေးပါသလဲ
မောင်ဝံသ
မေ ၂၉၊ ၂၀၁၃
(ပြည်သူ့ခေတ်ဂျာနယ် ၂၉ မေ ၂၀၁၃ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး)
● ပဓာနကျတဲ့အကြောင်းအချက်
တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ခေါင်းဆောင်မှု အပိုင်းဟာ ပဓာနကျတဲ့ အကြောင်းအချက် (Factor) ဖြစ်တယ်လို့  ပညာရှင်အများက လက်ခံထားကြပါတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ သယံဇာတအပိုင်း၊ တိုင်းသူပြည်သားတွေရဲ့ ပညာရေးအပိုင်း၊ တစ်နည်းအားဖြင့် လူသား အရင်းအမြစ်အပိုင်း၊  ပြီးတော့ အရင်းအနှီးအင်အားအပိုင်းတွေကော အရေးမကြီးဘူးလားဆိုတော့ အဲဒါတွေလည်း သူ့ကဏ္ဍအလိုက် အရေးကြီးပါတယ်၊ သို့ပေမယ့် ခေါင်းဆောင်မှုအပိုင်းဟာ အဲဒါတွေ အားလုံးထက်ပိုပြီး ပဓာနကျတယ်ဆိုတဲ့ သင်ခန်းစာတွေကို ဂျပန်နဲ့ စင်ကာပူက လက်တွေ့ပြနေတာ အထင်အရှား တွေ့နေရပါတယ်။
● အံ့ဖွယ်ဂျပန်
အားလုံး သိပြီးကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ မည်မည်ရရ သယံဇာတ ဘာမှ မထွက်ပါဘူး။ သို့ပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန် စစ်ရှုံးနိုင်ငံဘ၀ကနေ ပြန်လည် ကုန်းရုန်းထနိုင်ခဲ့တယ်။ ဆယ်စုနှစ် နှစ်ခု ကာလအတွင်း အံ့သြစရာ ကောင်းလောက်အောင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ခေါင်းမော်လာ ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၂၅နှစ်အကြာ၊ ၁၉၇၀ပြည့်နှစ်လောက်မှာ ကမ္ဘာ့ထိပ်ဆုံးတန်း စီးပွားရေးအင်အားရှင်နိုင်ငံကြီး ဖြစ်လာခဲ့ပါတယ်။
● ဘက်ပေါင်းစုံခေါင်းဆောင်မှု
အဲဒါ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ်ခေါင်းဆောင်မှုအဆက်ဆက်ရဲ့ အရည်အသွေးကြောင့်ပဲ ဖြစ်ပါတယ်။ သည်နေရာမှာ ခေါင်းဆောင်မှုလို့ပဲ သုံးနှုန်းထားတာကို သတိပြုစေချင်ပါတယ်။ ခေါင်းဆောင် တစ်ဦးတစ်ယောက်၊ ဆူဇူကီးရယ်၊ တာနာကာရယ် မဆိုလိုပါဘူး။ အစိုးရအဖွဲ့တွေ တစ်နှစ်ပဲခံခံ၊ နှစ်နှစ်ပဲခံခံ၊ အစိုးရအပြောင်းအလဲတွေ ဘယ်လောက်များများ၊ လွှတ်တော်ရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ နိုင်ငံရေးသမားတွေရယ်ဆိုတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှု (ူနေိနမျ့ငစ) အပိုင်းဟာ ပုံမှန် ဟန်ချက်ညီညီ အလုပ်လုပ် နေခဲ့ကြတယ်။ ဒါတင်မက ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသူတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များကလည်း မျိုးချစ် ပြည်ချစ်စိတ်အပြည့်အ၀နဲ့ တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ပြီး တာဝန်ကျေခဲ့ကြတယ်။ အဲဒီကဏ္ဍတွေအားလုံးကို စောင့်ကြည့်ပြီး ဝေဖန်ထောက်ပြကာ အများပြည်သူထင်မြင်ချက်ကို ဦးဆောင်ပေးခဲ့ကြတဲ့ ဂျပန်စတုတ္ထမဏ္ဍိုင် (ဂျပန်သတင်းစာလောက)ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့အခန်းကဏ္ဍက ပါခဲ့တယ်ဆိုတာ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသူတိုင်းလိုလိုက ထည့်သွင်းရေးသားခဲ့ကြပါတယ်။
● ဂျပန်က အစိုးရ၀န်ထမ်းတွေ
နောက်တစ်ခုက ခေါင်းဆောင်မှုအပိုင်းရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်တဲ့ အုပ်ချုပ်ရေးဝန်ထမ်းအများစုရဲ့ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေစွာလုပ်မှု ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်ပါတီကနိုင်ငံရေးသမားတွေအစိုးရတက်ဖြစ်ဖြစ်၊ ပုံမှန်ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ သူတို့ဆီမှာက ရာသက်ပန် အပြောင်းအလဲ မရှိတဲ့ အစိုးရဆိုတာ မရှိတဲ့ နိုင်ငံဖြစ်လေတော့ အာဏာရ ပါတီကလူတွေကို အသေကပ်ထားစရာမလိုဘူး။ ဘယ်ပါတီကိုမှလည်း သံယောဇဉ်ထားနေစရာမလိုဘူး။ သူတို့ဆီမှာ မိုးကျရွှေကိုယ်ဆိုတဲ့ လူ့ အလွှာလည်း လုံးဝမရှိ၊ ရှိခဲ့ရင်လည်း စတုတ္ထမဏ္ဍိုင်ရဲ့ ဖော်ထုတ်ဖွင့်ချမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  ဂျပန်မှာ မသမာမှုတွေကို သတင်းစာတွေက ဖွင့်ချလို့ ၀န်ကြီးချုပ်တွေတောင် ပြုတ်ကျတဲ့သာဓကတွေ ရှိခဲ့ပါတယ်။
ဂျပန် အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ လစာဝင်ငွေကလည်း အပြင်လုပ်ငန်းဌာနတွေက ပုဂ္ဂလိက၀န်ထမ်းတွေထက် ပိုများတယ်။ ပြီးတော့ တချို့နိုင်ငံတွေမှာလို အစိုးရ၀န်ထမ်းတွေကို အထင်သေးအမြင်သေး မဖြစ်ဘဲ ပြည်သူတွေက လေးစားသမှုရှိကြပါတယ်။ အစိုးရ၀န်ထမ်းတွေဟာလည်း  လောဘတိုက်သူနဲ့ လောင်းကစားဖက်မိသူတွေကလွဲလို့ လာဘ်စားမှု၊ ငွေအလွဲသုံးမှုတွေ အလွန်နည်းပါးပါတယ်။
● စင်ကာပူလည်း အလားတူ
စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာရင်လည်း ခေါင်းဆောင်မှု အပိုင်းရဲ့ အရည်အသွေးကြောင့် ဆင်းရဲသားနိုင်ငံဘ၀ကနေ နှစ်အစိတ်လောက် အတွင်း ပထမကမ္ဘာစာရင်းဝင်နိုင်ငံဖြစ်သွားတာပဲလို့ တွေ့ရှိကြရပါတယ်။ စင်ကာပူကတော့ ဂျပန်လို လစ်ဘရယ် ဒီမိုကရေစီစနစ်ကို မကျင့်သုံးခဲ့ပါဘူး။ မလေးရှားကနေ ခွဲထွက်လာရပြီးချိန်ကစလို့ ခုချိန်ထိ ကြိုးကိုင်ဒီမိုကရေစီ စနစ်ကိုပဲ ကျင့်သုံးပါတယ်။ စင်ကာပူလည်း ဂျပန်လိုပဲ ဘာသယံဇာတမှ မထွက်ပါဘူး။ ဂျပန်ထက်ဆိုးတာက ဂျပန်က လူသားအရင်းအမြစ် ရှိပြီးသားအခြေအနေကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်တာဖြစ်တယ်။ စင်ကာပူဟာ လွန်ခဲ့တဲ့ နှစ် ၅၀လောက်က အသိပညာ၊ အတတ်ပညာ၊ နည်းပညာလူသားအရင်းအမြစ် ဘာတစ်ခုမှ မရှိခဲ့ဘူး။ တချို့ချိုးနှိမ်ချင်သူတွေ ပြောသလို  တံငါရွာသာသာအဆင့်ပဲရှိခဲ့တယ်ဆိုတာ မမှားပါဘူး။
အဲဒီအခြေအနေကနေ နိုင်ငံခြားလူသားအရင်းအမြစ်၊ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ စိတ်ချလက်ချ ၀င်လာအောင် ခေါင်းဆောင်ကြီး လီကွမ်ယူက ဖိတ်ခေါ်နိုင်ခဲ့တယ်။ ကိုယ့်ဆီက မျိုးဆက်သစ်လူငယ်တွေကို ပညာရေးဘက်မှာ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေဖြစ်အောင် ပျိုးထောင် နိုင်ခဲ့တယ်။ (စင်ကာပူနိုင်ငံ ပထမကမ္ဘာစာရင်းဝင်ဖြစ်လာတဲ့အထိ အောင်မြင်မှု ဇာတ်လမ်းတွေကို စာအုပ်စာတမ်းတွေ အတော်များများထွက်ခဲ့ပြီးဖြစ်လို့ အကျယ်မရေးတော့ပါ။) ပြောချင်တာကတော့  ခေါင်းဆောင်မှုပါပဲ။
● ခေါင်းဆောင်ကို မွေးယူတယ်
လီကွမ်ယူက သူအနားယူတော့ တပည့်ကျော် တစ်ယောက် (ဂိုချောက်တောင်) ကို သူ့နေရာဆက်ခံစေခဲ့တယ်။ အဲဒီကာလများအတွင်း သားဖြစ်သူ လီရှောင်လုံးကို ခေါင်းဆောင်မှုပညာတွေ ဆည်းပူးစေခဲ့တယ်။ နတ်ရေကန်ထဲပစ်ချပြီး လူလားမြောက်ခိုင်းခဲ့တာမျိုးမဟုတ်။ ဟော- ဂိုချောက်တောင် ရာထူးသက်တမ်းနှစ်ဆက်လောက်လုပ်ပြီးတော့ လီရှောင်လုံးဝန်ကြီးချုပ် ၀င်လုပ်တယ်။ အားလုံး အဆင်ချောပါတယ်။ သူတို့ပီအေပီပါင်္တီကလည်း တိုင်းပြည်ထူထောင်ချိန်ကစလို့ ခုထိ အာဏာရပါတီပါပဲ။ ယနေ့ထိ လွှတ်တော်ထဲမှာ အတိုက်အခံအမတ် ၆ယောက်ထက်မပိုသေး။ နည်းမျိုးစုံနဲ့ ဤအခြေအနေကို အပြောင်းအလဲ မရှိအောင် လုပ်ထားပါတယ်။ ပြည်သူအများစုကလည်း စားဝတ်နေရေး မပူပင်ရတဲ့အတွက် ယေဘုယျအားဖြင့် ကျေနပ်နေကြတယ်။ စင်ကာပူနိုင်ငံသားဖြစ်ရမှုကို ဂုဏ်ယူနေကြတယ်။
● ဆိုရှယ်လစ်အမြင်နဲ့မတူ
သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုကို ရှုမြင်တဲ့နေရာမှာ ဆိုရှယ်လစ် သမိုင်းအမြင်ကို လက်ခံသူများက လူပုဂ္ဂိုလ် အခန်းကဏ္ဍကို လက်အောက်ခံ ပြဿနာလို့ပဲ သဘောထားတယ်ဆိုတာ လမ်းစဉ်ပါတီခေတ်က ဆိုရှယ်လစ် နိုင်ငံရေးသင်တန်းနဲ့ ဆိုရှယ်လစ် သတင်းစာပညာသင်တန်း  တက်ခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ နားရည်ဝနေပါတယ်။ သမိုင်းပညာရှင်၊ နိုင်ငံရေးဒဿနဆရာ ထောမတ် ကာလိုင်း (၁၇၉၅-၁၈၈၁) ကတော့ လူထူးချွန်တွေရဲ့ အခန်းကဏ္ဍဟာ သမိုင်းကို ဖန်တီးရာမှာ အလွန်အရေးပါ တယ်လို့ ဆိုခဲ့တယ်။ အလွန်အားကြီးတဲ့ လူပုဂ္ဂိုလ်တွေဟာ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ အကြောင်း အထောက်အထားတွေ ဖော်ပြခဲ့ပါတယ်။
● ချာချီ စတာလင်
ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန်မှာ ချာချီဝန်ကြီးချုပ်ဖြစ် လာလို့ ဂျာမနီကို စစ်အနိုင် တိုက်နိုင်ခဲ့တာလို့ အများက ယုံကြည်ကြတယ်။ ချိန်ဘာလိန်သာဝန်ကြီးချုပ်ဆက်လုပ်နေရင် ဂျာမန်လက်အောင်ကျသွားနိုင်တယ် လို့ အဆိုရှိတယ်။ ရုရှားမှာ အာဏာရှင် စတာလင် ဓာတ်ကြမ်းတိုက်ပြီး ကြံ့ကြံ့ခံ ခဲ့လို့ ဂျာမန်တွေ ဦးကျိုးသွားတာလို့လည်း သမိုင်းဆရာတွေက ရေးတယ်။
● အပြောင်းအလဲတွေ ဖြစ်စေခဲ့
လူပုဂ္ဂိုလ် ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို မှတ်တမ်းတင်ခဲ့ကြ တာတွေ အများကြီးပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်လာပြီး ဟမ္မားရှိုးလို၊ ဦးသန့်လို အတွင်းရေးမှူးချုပ်တွေ အစွမ်းပြနိုင်ခဲ့တာ၊  မာရှယ်တီတိုး၊  ချူအင်လိုင်း၊ ဆူကာနို၊ နေရူး၊ နာဆာ၊ ဦးနု စတဲ့ ပုဂ္ဂိုလ်များ ဦးဆောင်မှုကြောင့် ဘက်မလိုက်နိုင်ငံများအုပ်စုပေါ်လာခဲ့တာတွေဟာ အားကောင်းတဲ့ လူပုဂ္ဂိုလ် အခန်းကဏ္ဍတွေပဲ မဟုတ်ပါလား။
ဒါတင်မက ဖရန်ကို ကွယ်လွန်ပြီးနောက် ဆက်ခံသူ ဘုရင် ဟွမ်ကာလို့စ်ကြောင့် စပိန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့တယ်။ ဆိုဗီယက်မှာ ပြည်ထောင်စုသမတ ဂေါ်ဘာချော့ဗ်ကို စစ်တပ်က အာဏာသိမ်း တော့ ရုရှားပြည်ရဲ့ သမတ ယဲ့လ်ဆင်က တင့်ကားပေါ်ခုန်တက်ပြီး ရဲရဲတောက် တရားဟောကာ ခုခံတိုက်ပွဲဝင်ခဲ့လို့ တစ်ပါတီစနစ်အောက် ပြန်လည် ကျရောက်မယ့် အန္တရာယ်က လွတ်ကင်းခဲ့တယ်။ နယ်လ်ဆင် မင်ဒဲလားကြောင့် တောင်အာဖရိက နိုင်ငံရေးအပြောင်းအလဲ ချောမွေ့ခဲ့တယ်။ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရာမို့စ်ကြောင့် နာရီပိုင်းအတွင်း တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ပြီး ပြည်သူ့အာဏာ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့တယ်။
ဒါကြောင့် ကျွန်တော်ကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်း ခေါင်းဆောင် မှုကော၊ အစုအဖွဲ့လိုက် ခေါင်းဆောင်မှုရော အလွန်အရေးကြီးတယ်လို့ ပြောချင်တယ်။
၂၆ ၀၅ ၂၀၁၃
Than Win Hlaing - Articles
သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
သန်းဝင်းလှိုင်
မေ ၂၉ ၊ ၂၀၁၃
 မြန်မာအကျိုးလိုလားသော ဂျေအက်စ်ဖာနီဖယ်
၁၉၁ဝ ပြည့်နှစ် မတ်လ ၂၉ ရက် အင်္ဂါနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဘားနဒ်အခမဲ့ ပိဋကတ်တိုက် (Bernard Free Library) ၌ အသင်း၏ ပဏာမအစည်းအဝေးကို ကျင်းပကာ မြန်မာနိုင်ငံသုတေသနအသင်း (The Burma Research Society) ကို တရားဝင် တည်ထောင်ခဲ့သည်။ ယခုအခါ အသင်းကြီးတည်ထောင်ခဲ့သည့် အခါသမယမှာ ၁၀၃ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသုတေသနအသင်း၏ အသက်ဖြစ်သော မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (Journal of the Burma Research  Society, J.B.R.S) အတွဲ ၁၊ အပိုင်း ၁ ကို ၁၉၁၁ ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေခဲ့ရာ ယခုအခါ ဂျာနယ်၏ သက်တမ်းသည်လည်း ၁ဝ၂ နှစ် ရှိခဲ့ပြီဖြစ်သည်။
သို့ကလို မြန်မာနိုင်ငံသုတေသနအသင်းကြီး ပေါ်ထွန်းရေးကို စတင်လှုံ့ဆော်ကြိုးပမ်းခဲ့သူမှာ ထိုအချိန်က အိုင်စီအက်စ် ၀န်ထမ်း၊ မြန်မာနိုင်ငံကြေးတိုင်နှင့်မြေစာရင်းမင်းကြီး ဂျေ၊ အက်စ် ဖာနီဗယ် (John Sydenham Furnivall) ဖြစ်သည်။ ဖာနီဗယ်ကို ကိုလိုနီခေတ် ဗြိတိသျှအုပ်ချုပ်ရေးလောကတွင် `မြန်မာအကျိုးလိုလားသူ´ (သို့မဟုတ်) `မြန်မာအလိုတော်ရိ´ တစ်ဦးဟူ၍ သတ်မှတ်ခဲ့ကြသည်။
ဖာနီဗယ်သည် ယိုးဒယားအသင်းဂျာနယ် (Journal of The Siam Society) အတွဲ ၅၊ အပိုင်း ၁ (၁၉၀၈ စက်တင်ဘာလ) ကို စာတော်ပြန်ဝန်ထောက်ဦးထွန်းငြိမ်း (နောင် ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းပြုစုသူ) ထံမှ တွေ့ရှိရာမှ အလားတူ အသင်းတစ်သင်း မြန်မာနိုင်ငံတွင် တည်ထောင်ရန် လိုအပ်ကြောင်းကို စိတ်ပါဝင်စားမည်ထင်ရသော မိတ်ဆွေများအား ပြသကာ စတင်စည်းရုံးလှုံ့ဆော်ခဲ့သည်။ ယိုးဒယားဂျာနယ်မှာ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသား ဦးအောင်သိန်းက ဌာနအကြီးအကဲဟောင်း ဦးထွန်းငြိမ်းထံ ပေးပို့လိုက်ခြင်းဖြစ်သည်။ ထိုအချိန်က ဦးအောင်သိန်းသည် ယိုးဒယား အသင်း၏ အကျိုးတော်ဆောင်လက်ထောက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။ အဆိုပါဂျာနယ်တွင် ဦးအောင်သိန်းရေးသားသော `ထိုင်းနိုင်ငံကို မြန်မာတို့ ၀င်ရောက်လွှမ်းမိုးမှု´ စာတမ်းပါသည်။
မစ္စတာဖာနီဗယ်သည် မိမိ၏ မြန်မာနိုင်ငံသုတေသနအသင်းတည်ထောင်ရန် အကြံအစည်ကို သူ၏မိတ်ဆွေနှစ်ဦးဖြစ်သူ ဦးမေအောင် (M.A, LL.M) (ကထိက၊ ရန်ကုန်ကောလိပ်)၊ မစ္စတာ ဒူရွိုင်ဇယ်လ် (M. Duroiselle) (ပါဠိကထိက၊ ရန်ကုန်ကောလိပ်) တို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။
အသင်းဖွဲ့စည်းမည့်အစီအစဉ်မူကြမ်းကိုလည်း ရေးဆွဲခဲ့ကြသည်။ ထို့နောက် အသင်းဖွဲ့စည်းမည့်အစီအစဉ်ကိုလည်း မူပွားပြီး မိတ်ဆွေများထံဖြန့်ချိခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံဘ၀ ကျရောက်နေသဖြင့် မည်သည့် ကိစ္စရပ်ကို ဆောင်ရွက်လိုသည်ဖြစ်စေ၊ အာဏာပိုင်ဘုရင်ခံထံ တင်ပြရသည်။ မစ္စတာဖာနီဗယ်သည် မြန်မာနိုင်ငံသုတေ သနအသင်း ဖွဲ့စည်းမည့်အစီအစဉ်ကို ဘုရင်ခံထံ တင်ပြသောအခါ စာပုဒ်တစ်ပုဒ်ကိုသာ ဖြုတ်ပယ်လိုက်ရသည်ဟု သိရသည်။ ဖြုတ်ပယ်လိုက်သော စာပိုဒ်တွင် `မြန်မာနိုင်ငံ၌ အစိုးရ၏ ရှေးဟောင်းသုတေသနဆိုင်ရာ ဆောင်ရွက်မှုများသည် ငွေကြေးထောက်ပံ့မှု နည်းပါးသဖြင့် ကန့်သတ်ချက်ရှိနေသည့်အပေါ် ၀မ်းနည်းမိခဲ့ပါသည်။´ ဟူ၍ ပါရှိသည်။
ဘုရင်ခံ၏ သဘောတူညီချက်ရရှိပြီးနောက် မစ္စတာဖာနီဗယ်သည် ယာယီကော်မတီအစည်းအဝေးကို ကျင်းပ၍ အထွေထွေကော်မတီနှင့် ဆပ်ကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းတည်ထောင်မည့် အသင်း၏အမည်ကိုလည်း မြန်မာနိုင်ငံသုတေသနအသင်း (The Burma Research Society) ဟူ၍ မှည့်ခေါ်ရန် ဆွေးနွေးအတည်ပြုခဲ့သည်။ ကော်မတီတွင် ၀င်ရောက်ဆောင်ရွက်ရန် အောက်ပါပုဂ္ဂိုလ်များကို ဖိတ်ခေါ်ရန်လည်း ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါပုဂ္ဂိုလ်များမှာ-
(၁) ၀တ်လုံတော်ရ ဦးခင်
(၂) ဦးနေဒွန်း
(၃) ပျဉ်းမနားမင်းသားကြီး
(၄) ကျက်သရေဆောင်ရွှေစလွယ်ရမင်းဦးဘိုးစ
(၅) အိန္ဒိယဆေးဖက်ဝန်ထမ်းကပ္ပတိန် ဘခက် တို့ ဖြစ်ကြသည်။
ထို့နောက် ၁၉၁၀ ပြည့်နှစ် မတ်လ ၂၉ ရက် အင်္ဂါနေ့ညနေတွင် ဘားနဒ်ပိဋကတ်တိုက်၌ ပဏာမအစည်းအဝေးကျင်းပ၍ မြန်မာနိုင်ငံသုတေသနအသင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ တတိယမြောက် ဒုတိယဘုရင်ခံ အိန္ဒိယ အင်ပါယာမဟာရဋ္ဌသေနာပတိ (K.C.I.E) အိန္ဒိယနိုင်ငံဝန်ထမ်းဂုဏ်ထူးဆောင် ဆာ ဟာဘတ်သာကယ်ဝှိုက် (Sir Herbuld Thirkell White) တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ မစ္စတာ အီးလ်ခ် (Herbert L. Eales) က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဥက္ကဋ္ဌမိန့်ခွန်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရာဇ၀င်သမိုင်းပညာ၊ လူမျိုးစု နှိုင်းယှဉ်ပညာ၊ ဘာသာဗေဒတို့မှစ၍ ယင်းတို့နှင့် နှီးနွှယ်ဆက်စပ်နေသော ဘာသာရပ်များလေ့လာရေးကို အားပေးလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ မြန်မာများ နှင့် ဗြိတိန်များအချင်းချင်း ချစ်ခင်လေစားမှုကို ပိုမိုတိုးပွားစေလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း မြန်မာနိုင်ငံ သုတေသန အသင်းကို တည်ထောင်ရကြောင်း၊ မစ္စတာဖာနီဗယ်၏ စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုကြောင့် အသင်းကြီးဖြစ်ပေါ်လာကြောင်း ပဏာမအစည်းအဝေးသို့ မစ္စတာဖာနီဗယ် မတတ်သာ၍ မလာရောက်နိုင်သည့်အတွက် နှမြောတသမိကြောင်း ပြောကြားသွားသည်။
အသင်းဥက္ကဋ္ဌမိန့်ခွန်းပြောကြားပြီးနောက် မြန်မာပညာရှင် ဦးမေအောင် (၁၈၈၁-၁၉၂၆) ပဏာမမိန့်ခွန်း ပြောကြားသည်။ ဦးမေအောင်က မြန်မာနိုင်ငံတွင် ပညာတတ်များသုတေသနလုပ်ရန် လိုအပ်နေသော ကိစ္စအမျိုးမျိုးနှင့် သုတေသနသဘောကို အခြေခံကျကျရှင်းလင်းခြ့သည်။ ယင်းနောက် မကြာသေးမီက ထုတ်ဝေသော ယိုဒယားအသင်း သုတေသနဂျာနယ်တွင် ယိုးဒယားရောက် မြန်မာတစ်ဦး (ဦးအောင်သိန်း) ပြုစုသည့် စာမျက်နှာ ၁၀၀ ကျော်သော သုတေသနစာတမ်းကို တွေ့ရသဖြင့် မြန်မာနိုင်ငံသုတေသနအသင်းသက်ဆိုးရှည်လိမ့်မည့်အကြောင်း ဟောကိန်းထုတ်ထား သည်။ ထို့အပြင် မူလက အသင်းဝင် ၆၀ ခန့်သာ ခန့်မှန်းထားသော်လည်း ယခုအခါ ၂၁၅ ဦး ရှိနေကြောင်း အားရဖွယ်တင်ပြထား သည်။
ထို့နောက် သဘာပတိ၏ အပိတ်မိန့်ခွန်းဖြင့် အစည်းအဝေးကို အဆုံးသတ်နိဂုံးချုပ်လိုက်သည်။ သဘာပတိ မိန့်ခွန်း၌ ကောင်းမြတ်သော ရည်ရွယ်ချက် ကောင်းမြတ်သောလမ်းစဉ်တို့ဖြင့် မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်လိုက်ခြင်းသည် မြန်မာ့သမိုင်းတွင် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အသင်းအမှုဆောင်အဖွဲ့၌ နိုင်ငံခြားသားနှင့် တိုင်းရင်းသားဦးရေအချိုးမျှမျှ ပါဝင်သည်မှာ အားရဖွယ်ဖြစ်ကြောင်း၊ မြန်မာတို့သည် မိမိတို့၏ ရာဇ၀င်၊ ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားသူများဖြစ်ရာ အသင်းနှင့်ပတ်သက်၍ သဘောပေါက်စိတ်ဝင်စားအောင် ဆောင်ရွက်နိုင်လျှင် သင့်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။
အသင်း၏ ပထမအကြိမ် အထွေထွေအစည်းအဝေးကို ၁၉၁၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကောလိပ်၌ ကျင်းပခဲ့သည်။ ဒုတိယဘုရင်ခံ ဆာဟာဗီအဒမ်ဆန် (Sir Harvey Adamson) က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်းအကျိုးဆောင်အတွင်းရေးမှူး ချားလ်ဒူရွိုင်ဇယ် (C. Duroiselle) က အစီရင်ခံစာဖတ်ကြားသည်။ အစီရင်ခံစာတွင် အသင်းဂျာနယ်ကို ၁၉၁ဝပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ဝေရန် ခန့်မှန်းထားကြောင်း ပြောကြားသွားသည်။ သို့ရာတွင် မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ် အတွဲ ၁၊ အပိုင်း ၁ ကို ၁၉၁၁ ခုနှစ် ဇွန်လတွင်မှ ထုတ်ဝေနိုင်ခဲ့သည်။ အတွဲ ၁၊ အပိုင်း ၂ ကို ၁၉၁၁ ခုနှစ် ဒီဇင်ဘာလတွင် ထွက်ပေါ်လာသည်။ ဂျာနယ်ကို အမေရိကန်နှစ်ခြင်းသာ သနာပြုပုံနှိပ်တိုက်၌ ရိုက်နှိပ်ခဲ့သည်။ ဂျာနယ်အရွယ်မှာ ၈ x ၅၊ စာမျက်နှာ ၁၈၀၊ အုပ်ရေ ၅၀၀၊ တစ်အုပ် ၂ ကျပ် ၈ ပဲ (၂ကျပ်ခွဲ)
ဖြင့် ရောင်းချခဲ့သည်။ ဂျာနယ်အတွဲ ၁ အပိုင်း ၁ တွင် အမှုဆောင်စာရင်းပါရှိရာ အသင်းနာယက ၂ ဦး၊ ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၃ ဦး၊ အကျိုးဆောင်အတွင်းရေးမှူး ၁ ဦး၊ ငွေထိန်း ၁ ဦး၊ အမှုဆောင်အဖွဲ့ဝင် ၁၇ ဦး ဖြစ်သည်။ မြန်မာတိုင်းရင်းသား ၇ ဦး ပါဝင်ရာ
မောင်ဘတူ (K.S.M, C.I.E)  - ဒုတိယဥက္ကဋ္ဌ
မောင်ထွန်းငြိမ်း    - ငွေထိန်း
မောင်ရွှေဇံအောင် (B.A)   - အမှုဆောင်
မောင်မေအောင် (MA., LL.M) - အမှုဆောင်
မောင်နေဒွန်း (F.R.C.I)  - အမှုဆောင်
မောင်ခင် (Bar. at Law)  - အမှုဆောင်
ကပ္ပတိန်ဘခက် (I.M.S)  - အမှုဆောင် တို့ဖြစ်သည်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးတွင် ၁၉၁၀ ပြည့်နှစ် မှ ၁၉၆၆ ခုနှစ်အထိ ဥက္ကဋ္ဌတာဝန် ယူခဲ့သူပေါင်း ၂၂ ဦးရှိသည်။ ၂၂ ဦးအနက် ၁၄ ဦးသည် နိုင်ငံခြားသားများဖြစ်ပြီး၊ ၇ ဦးသာ မြန်မာလူမျိုးများဖြစ်ကြသည်။ ဥက္ကဋ္ဌတာဝန်ယူခဲ့သူများမှာ-
(၁) Herbert L. Eales   - ၁၉၁ဝ
(၂)  Sir Henry S. Hartnoll  - ၁၉၁၁-၁၉၁၅
(၃) Mathew Hunter   - ၁၉၁၆-၁၉၂၂
(၄) ဦးမေအောင်   - ၁၉၂၄
(၅) James Mac Kenna  - ၁၉၂၅
(၆) ဆာဦးဘ    - ၁၉၂၆
(၇) Sir J. Guy Rutledge  - ၁၉၂၇
(၈)  C.W.Dunn   - ၁၉၂၈-၁၉၂၉
(၉) Sir William Carr   - ၁၉၃၀-၁၉၃၁
(၁၀) Sir Thomas Couper  - ၁၉၃၂-၁၉၃၃
(၁၁) S.G. Grantham   - ၁၉၃၄
(၁၂) ဆာဦးဘ    - ၁၉၃၅
(၁၃) H.O. Reynolds   - ၁၉၃၇
(၁၄) ပါမောက္ခဦးဖေမောင်တင်  - ၁၉၃၈-၁၉၃၉
(၁၅) B.W. Bwithinbank  - ၁၉၄၀-၁၉၄၁
(၁၆) Professor Khan Sahib A.Cassim - ၁၉၄၈-၁၉၄၉
(၁၇) ဦးဖေမောင်တင်   - ၁၉၅၀
(၁၈) ဒေါက်တာထင်အောင်  - ၁၉၅၄-၁၉၅၅
(၁၉) Professor G.H. Luce  - ၁၉၅၆
(၂၀) ဦးချစ်သောင်   - ၁၉၅၇-၁၉၅၉
(၂၁) ဒေါက်တာဘဟန်   - ၁၉၆၁-၁၉၆၃
(၂၂) ဒေါက်တာကျော်သက်  - ၁၉၆၄-၁၉၆၆
အထက်ဥက္ကဋ္ဌများအနက် မြန်မာလူမျိုး ၇ ဦး ပါဝင်ရာ ဦးမေအောင်၊ ဆာဦးဘ၊ ပါမောက္ခဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဦးချစ်သောင်၊ ဒေါက်တာဘဟန် နှင့် ဒေါက်တာကျော်သက်တို့ဖြစ်ကြသည်။
အသင်းသား ၂၁၅ ဦးတွင်လည်း မြန်မာတိုင်းရင်းသား ၇၅ ဦး၊ ရာသက်ပန်အသင်းဝင် ၃ ဦး (မှော်ဘီဆရာသိန်း၊ ဦးထွန်းငြိမ်း၊ မစ္စတာတောင်စိန်ခို) တို့ ပါဝင်သည်။ ဂျာနယ်အတွဲ ၁၊ အပိုင်း ၂ တွင် မှော်ဘီဆရာသိန်း၏ `ရှင်စောပုအကြောင်း´ ဆောင်းပါး မြန်မာဘာသာဖြင့် ပါဝင်သည်။ စာတမ်းအကျဉ်းချုပ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုထားသည်။
မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ကို ၁၉၁၁ မှ ၁၉၄၁ ခုနှစ်အထိ တစ်နှစ်လျှင် သုံးကြိမ်ထုတ်ဝေခဲ့သည်။ ၁၉၄၂၊ ၁၉၄၇၊ ၁၉၄၉ ခုနှစ်များတွင် ဂျာနယ်ကို ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပေ။ ၁၉၅ဝ မှ ၁၉၇၉ ခုနှစ်အတွင်း တစ်နှစ်လျှင် ၂ ကြိမ်သာ ထုတ်ဝေနိုင်တော့သည်။
မြန်မာနိုင်ငံသုတေသနအသင်းသည် ပေ၊ ပုရပိုက်များပေါ်ရှိ ရှေးဟောင်းမြန်မာကျမ်းများကို ပုံနှိပ်စာဖြစ်လာစေရန် စနစ်တကျတည်းဖြတ်၍ ပုံနှိပ်ထုတ်ဝေခဲ့ခြင်း၊ အများပြည်သူအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်၊ ဆရာ ဆရာမများ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများ လေ့လာအသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းနှင့် ရှေးဟောင်းစာပေအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်သွားစေရန် ဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးသည် သုတေသနစာစဉ်များအဖြစ် စစ်ကြိုခေတ် ၁၉၂၁ မှ ၁၉၄၁ ခုနှစ်အထိ ကျမ်းပေါင်း (၄၆) ကျမ်းကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။
မြန်မာနိုင်ငံသုတေသနအသင်းက တည်းဖြတ်ပုံနှိပ်ထုတ်ဝေသော ရှေးဟောင်းမြန်မာရာဇ၀င်နှင့် စာပေဆိုင်ရာ ကျမ်းများအနက် ရှင်မဟာသီလ၀ံ၏ ရာဇ၀င်ကျော်ကို ၁၉၃၂ ခုနှစ်၊ ဦးကြင်ဥ၏ ဒေ၀ကုမ္ဘာန်ပြဇာတ်ကို ၁၉၂၆ ခုနှစ်၊ ပဒေသာသီချင်းများကို ၁၉၃၄၊ ဦးကုလား၏ မဟာရာဇ၀င်ကြီး ပထမတွဲကို ၁၉၂၆၊ ဒုတိယတွဲကို ၁၉၃၂၊ ဦးတိုး၏ ရာမရကန် (၂ တွဲ) ကို ၁၉၃၃ ခုနှစ်၌လည်းကောင်း အသီးသီး ပုံနှိပ်ထုတ်ဝေခဲ့သည်။
မြန်မာစာပေပညာရှင် ဆရာလင်း (၁၈၇၅-၁၉၅၄) ကလည်း မြန်မာနိုင်ငံသုတေသနအသင်းအတွက် ပျို့နှစ်စောင် (သုတသောမပျို့နှင့်မဟာသီလ၀ပျို့)၊ ပြဇာတ်တစ်အုပ်(ပါပဟိန်ပြဇာတ်)၊ လျှောက်ထုံးတစ်စောင် (မဟာပညာကျော်လျှောက်ထုံး) တို့ကို မြန်မာနိုင်ငံသုတေသနအသင်းအတွက် တည်းဖြတ်ပေးခဲ့ရာ မြန်မာစာပေထွန်းကားရေးအတွက် များစွာ အကျိုးရှိပါသည်။
သိပ္ပံမောင်ဝကလည်း မြန်မာစာပေအတွက် အရေးပါသော စစ်ကြိုခေတ်ကာလပေါ်ဝတ္ထုဖြစ်သည့် ဦးလတ်၏ ရွှေပြည်စိုး ၀တ္ထု (၁၉၂၉) နှင့် စပယ်ပင်ဝတ္ထု (၁၉၃၁) တို့ကို တည်းဖြတ်၍ သုတေသနအသင်းကြီး ထုတ်ဝေခဲ့သည်။
ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီးကို ပြုစုခဲ့သော ၀န်ထောက်မင်း ဦးမောင်မောင်တင် (K.S.M, A.T.M) (၁၈၆၆-၁၉၄၅) က ကင်းဝန်မင်းကြီးသမိုင်းကို မြန်မာနိုင်ငံသုတေသနအသင်းအတွက် အသစ်ရေးသားပေးခဲ့သည်။ ယင်းစာအုပ်ကို ၁၉၃၆ တွင် အသင်းကြီးက ထုတ်ဝေခဲ့သည်။
စစ်ပြီးခေတ်တွင်လည်း ဆရာဦးဝန် (မင်းသုဝဏ်)၊ ဆရာဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးတင်ဧ (ရှမ်းပြည်) နှင့် ဒေါက်တာသန်း ထွန်း တို့က ဦးဆောင်ပြီး မြန်မာနိုင်ငံသုတေသနအသင်းကြီး၏ သုတေသနစာစဉ်များ တည်းဖြတ်ပုံနှိပ်သည့်လုပ်ငန်းကို အသင်းကြီးရပ်ဆိုင်းသွားရသည့် ၁၉၇၉ ခုနှစ်အကုန်အထိ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ၁၉၇၉ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ နှင့် နိုင်ငံတော်သမ္မတ ဦးနေဝင်းသည် မြန်မာနိုင်ငံ သုတေသနအသင်းကို ဖျက်သိမ်းပစ်လိုက်ရာ၊ ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသုတေသနအသင်း ရပ်ဆိုင်းသွားခဲ့သလို သုတေသနအသင်းဂျာနယ်ထုတ်ဝေမှုလည်း လုံးဝရပ်ဆိုင်းသွားလေတော့သည်။
မြန်မာနိုင်ငံ သုတေသနအသင်းကြီးသည် ၆၉ နှစ်တိုင်တိုင် ကျောက်စာ၊ ပေ၊ ပုရပိုက်များတွင်သာ တိမ်မြှုပ်ကွယ်ပျောက် တည်ရှိနေသော နှစ်ပေါင်း တစ်ထောင်ကျော်က ရှေးမြန်မာဘိုးဘွားတို့၏ စာပေအမွေအနှစ်များကို အများပြည်သူလွယ်လင့်တကူ ဖတ်ရှုလေ့လာသုတေသနပြုနိုင်ရန်အတွက် ပုံနှိပ်စာပေအဖြစ် စနစ်တကျ တည်းဖြတ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံသုတေသန အသင်းကြီးသည် ဖျက်ဆီးခံလိုက်ရသော်လည်း အသင်းကြီး၏ မွန်မြတ်သော စေတနာဖြင့် တည်ထောင်ခဲ့သော ဒေါက်တာ ဂျေ အက်စ် ဖာနီဗယ်၏ ဆောင်ရွက်ချက်များနှင့် သူ့ကျေးဇူးကို ယနေ့တိုင် မြန်မာပြည်သူတို့ သတိတရရှိနေဆဲပင်ဖြစ်သည်။
ဤသို့ မြန်မာနိုင်ငံသုတေသနအသင်းကြီးကို တည်ထောင်ခဲ့သော ဂျေ အက်စ် ဖာနီဗယ်ကို ခရစ် ၁၈၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗြိတိန်နိုင်ငံ အင်္ဂလန်ပြည် အက်ဆက်မြို့ ဂရိတ်ဘင့်လေ (Great Bentley) ဒေသ၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဆရာဝန်တစ်ဦးဖြစ်သ်။
ဖာနီဗယ်သည် ငယ်စဉ်က Royal Medical Benevolent ကောလိပ် (ယခု Epsom ကောလိပ်) ၌ ပညာသင်ကြားခဲ့သည်။ ပညာသင်ဆု ရရှိပြီးနောက် ကင်းဗရစ်တက္ကသိုလ် ထရီနီတီဟော၌ ဆက်လက်ပညာသင်၍ ၁၈၉၉ ခုနှစ်တွင် သဘာဝသိပ္ပံ ဘာသာရပ်ဖြင့် ၀ိဇ္ဖာဘွဲ့ရရှိခဲ့သည်။
ယင်းနောက် ၁၉၀၁ ခုနှစ်တွင် အိုင်စီအက်စ် (I.C.S) ခေါ် ၀န်ထမ်းစာမေးပွဲအောင်ပြီးနောက် ၁၉ဝ၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်။ ဖာနီဗယ်သည် မြန်မာပြည်ရောက်ရှိပြီးနောက် လက်ထောက်ကော်မရှင်နာ မင်းကြီးနှင့် နေရာချထားရေးမင်းကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာပြည်သို့ ရောက်ရှိသည့် နှစ်မှာပင် တောင်ငူသူ မာဂရက်မညွန့်နှင့် နဖူးစာဆုံ၍ ထိမ်းမြားလက်ထပ်ကာ သမီးနှစ်ဦးထွန်းကားခဲ့သည်။
ဖာနီဗယ်သည် ရခိုင်တိုင်းမှအပ မြန်မာပြည်အနှံ့အပြား၌ နှစ်ပေါင်း ၂၀ ကျော်မျှ အမှုထမ်းခဲ့သည်။ အမှုထမ်းနေစဉ်၌ မြန်မာ့သမိုင်းနှင့် စီးပွားရေးအခြေအနေများကို သုတေသနပြုခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် နောင်တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဦးမေအောင်နှင့်အတူ မြန်မာနိုင်ငံသုတေသနအသင်းကြီးကို ဆော်သြတည်ထောင်ခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဒုတိယကော်မရှင်နာမင်းကြီးနှင့် မြန်မာနိုင်ငံ ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးအဖြစ် ရာထူးမြှင့်ခံရသည်။ ထိုနှစ်မှာပင် ဇနီးသည် မာဂရက်ဒေါ်ညွန့် ကွယ်လွန်သွားခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် နယ်ချဲ့အုပ်ချုပ်ရေးသည် မတရားဟု ဆုံးဖြတ်ကာ ကြေးတိုင်နှင့် မြေဟာရင်းမင်းကြီးရာထူးမှ နှုတ်ထွက်၍ အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖြစ် အငြိမ်းစားယူခဲ့သည်။
၁၉၂၃ ခုနှစ် မြန်မာစာအုပ်အသင်းလီမိတက်ကို တည်ထောင်၍ ၁၉၂၅ ဖေဖော်ဝါရီလတွင် `ဂန္တလောကမဂ္ဂဇင်း´ (The World of Books) ကို စတင်ထုတ်ဝေခဲ့သည်။ အဆိုပါမဂ္ဂဇင်း၌ ဘာသာပြန်ပြိုင်ပွဲကို ၁၉၂၇ ခုနှစ် ဧပြီလမှ စ၍ လစဉ် မြန်မာပြည်တ၀ှမ်းမှ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဂန္တလောကမဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲတွင် ဆရာကြီး သခင်ဘသောင်းသည် အမည်ရင်း ဘီတီ (B.T) (ဘသောင်း) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရာ ငါးကြိမ်ဆက်တိုက် ပထမဆုရရှိခဲ့သည်။
ယင်းနောက် မစ္စတာဖာနီဗယ်သည် ၁၉၂၈ ခုနှစ်တွင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း (Burmese Education Extension Association) ကို တည်ထောင်ခဲ့သည်။
၁၉၃၁ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ပြည်တော်ပြန်ခဲ့သည်။ ၁၉၃၃ ခုနှစ်မှ ၃၅ ခုနှစ်အထိ လေဒင်ကောလိပ် (Leiden College) ၌ ကိုလိုနီခေတ်အုပ်ချုပ်ရေးဘာသာရပ်ကို အထူးပြုလေ့လာခဲ့သည်။ ကောလိပ်မှ ဘွဲ့လွန်ရရှိပြီးနောက် ကင်းဗရစ်တက္ကသိုလ်တွင် မြန်မာစာ၊ သမိုင်း၊ ဥပဒေဘာသာရပ်ဆိုင်ရာ ကထိကရာထုးဖြင့် ၁၉၃၆ မှ ၁၉၄၁ ခုနှစ်အထိ စာပေပို့ချ ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် စီ ဒဗလျူဒန်း (C.W Dunn) နှင့် ပူးတွဲပြုစုသော မြန်မာအင်္ဂလိပ် အဘိဓာန်စာအုပ်ကို ထုတ်ဝေခဲ့သည်။
၁၉၄၂ ခုနှစ်တွင် Reconstruction in Burma (မြန်မာပြည်ပြန်လည်တည်ဆောက်ရေး) အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် မြန်မာနိုင်ငံအစိုးရက ဖာနီဗယ်အား `သတိုးသီရိသုဓမ္မ´ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင် ပညာရေးပါရဂူ (D.Litt) ဘွဲ့ အပ်နှင်းခဲ့သည်။
မစ္စတာဖာနီဗယ်သည် စာပေ၀ါသနာထုံ၍ အောက်ဖော်ပြပါစာအုပ်များကိုလည်း ပြုစုခဲ့သည်-
(၁) Introduction to the Political Economy of Burma
(၂) The Fashioning of Leviathan
(၃) Colonial Policy and Practice
(၄) Social and Economic History of Burma
(၅) Chrictianity and Buddhism in Burma
(၆) An Introduction to the History of Netherland India (1602-1836)
စာအုပ်တို့ကို ပြုစုရေးသားခဲ့သည်။ မြန်မာသုတေသနအသင်းကြီးအတွက်လည်း ဆရာကြီးဦးဖေမောင်တင်နှင့်တွဲ၍ `ဇမ္ဗူ့ဒီပ ဥဆောင်းကျမ်း´ ကို ၁၉၆၀ တွင် တည်းဖြတ်ထုတ်ဝေခဲ့သည်။
ထို့နောက် ၁၉၅၈ ခုနှစ် မတ်လတွင် အင်္ဂလန်သို့ အပြီးတိုင်ပြန်သွားပြီးနောက် ၁၉၆ဝ ပြည့်နှစ် ဇူလိုင်လ ၇ ရက်နေ့၌ ကင်းဗရစ်မြို့၌ အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့လေသည်။
မည်သို့ဆိုစေ…. မြန်မာ့သမိုင်းတကွေ့၌ မြန်မာအကျိုးကို လိုလားသော ဖာနီဗယ်၏ ဆောင်ရွက်ချက်များနှင့် သူ၏ အမည်သည် ထာဝစဉ်ထွန်းလင်းတောက်ပနေမည်မှာ မလွဲဧကန်ပင်တည်း။
စာကိုး
(၁) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမအတွဲ၊ ရန်ကုန် ပညာရွှေတောင်စာအုပ်တိုက် ပထမအကြိမ် ၂၀၁၀။
(၂) မောင်ဇေယျာ၊ `မြန်မာနိုင်ငံသုတေသနအသင်းရာပြည့်´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၂။ ၂၀၁၀ ဒီဇင်ဘာ ၉
(၃) ဒေါက်တာကျော်ဝင်း၊ `မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ပါသမိုင်းဆောင်းပါးများ’ ပြည်သူ့ခေတ်ဂျာနယ်အတွဲ ၁၊ အမှတ် ၂၇၊ (၂၀၁၁ ဇန်န၀ါရီလ ၁၃)
(၄) ခင်နှင်းဦး `မြန်မာနိုင်ငံသုတေသနအသင်း၏ မြန်မာဥက္ကဋ္ဌများ´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၀၊ ၂၀၁၁ ဇန်န၀ါရီလ ၂၀။
(၅) မြင့်ဆွေဦး `နှစ် ၁ဝဝ ပြည့်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံသုတေသနအသင်း´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၉၊ ဇန်န၀ါရီလ ၂၇)
Hanthar Waddy U Win Tin - Articles
ဗမာ့ရွာမှာ ဘာတွေ ဘာတွေပေါ ...ဆန္ဒပွဲတွေ တပြပြနဲ့ .. လောင်ဗုံးတွေ ဟုန်းဟုန်းပေါ
ဟံသာဝတီ ဦးဝင်းတင်
မေ ၂၈၊ ၂၀၁၃
ဟုတ်မှန်တိုင်းရာ ရင်ထဲရှိတာကို ပြောရရင် ကျုပ်က သမ္မတကြီးဦးသိန်းစိန်ကို ချီးကျူးအားကျတဲ့သူခင်ဗျ။ ဘုရားစူး တကယ်ပါဗျာ။ သူနဲ့ကျုပ်က ဘဝတူလေဗျာ။ ကျုပ်က သမ္မတလေးလောက်တောင်မဖြစ်လို့သာ မဖြစ်တာ။ ကျုပ်ရော သူရောက နှလုံးသမားတွေလေ။ နှာခေါင်းမရှုံ့ပါနဲ့ဗျာ။ နှလုံးရောဂါကြောင့် Pace-maker နှလုံးစက်တပ်ထားရလို့ နှလုံးသမားဘဝတူလို့ ပြောတာပါ။ ဟိုနှစ်လုံး၊ သုံးလုံး ဝမ်တီးတိန်သမားတွေလို့ ပြောတာမဟုတ်ပါဘူး။
သမ္မတကြီးကို မချီးကျူး မအားကျပဲ နေနိုင်ပါ့မလားဗျာ။ အမေရိကန်ပြည် ဂျွန်ဟော့ကင်းတက္ကသိုလ်သွား မိန့်ခွန်းပြောရာမှာ သမ္မတကြီးစကားတွေက အဆီတစ်ထပ်၊ အသားတစ်ထပ်ပါလားဗျာ။ အခေါက်တစ်ထပ်တောင်ပါလိုက်သေး။ သမ္မတကြီး မြွက်ကြားပုံက ဒီကနေ့ ကျုပ်တို့နိုင်ငံမှာ ဖော်ဆောင်နေတာဟာ “ကမ္ဘာ့သမိုင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး” တဲ့။ ကိုယ့်လူလည်း ဖတ်လိုက်ရမှာပေါ့။ အစိုးရသတင်းစာ မျက်နှာဖုံးမှာ ထူးထူးကဲကဲ ပြူးတူးပြဲတဲ ဖော်ပြထားတာလေ။ အဲဂလို သတင်းမျိုးဖတ်ရတာနဲ့ကို ကျုပ်ကတော့ သမ္မတကြီးကို အားကျသွားပြီဗျာ။
သမ္မတကြီးကတော့ တကယ်ပါပဲဗျာ။ အမေရိကန်သမ္မတနဲ့ သမ္မတချင်း စကားပြောတော့လည်း ဖြူးလို့ဗျ။ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ဆုံတော့လည်း ဖြောင့်လို့ဗျ။
အဲဂလို ဖြူးနေ၊ ဖောင့်နေဆိုပေမဲ့ သူ့ခမျာလည်း တွေ့ရဆုံရ၊ ပြောရဆိုရ စကားတွေက ဗလပွဆိုတော့ ပမာဒလေခတာမျိုးလည်း ရှိထင်ပါရဲ့ဗျာ။ ကျုပ်တို့ကတော့ ဥာဏ်မမီလို့ မသိပါဘူး။ ဘယ်မှာဆိုလား၊ ဘယ်သူနဲ့ဆိုလား မသိတော့ပါဘူးဗျာ။ သမ္မတကြီးက လွှတ်တော်ထဲက တစ်မတ်သား အမတ်များကိစ္စ ပြောသတဲ့ဗျ။ သမ္မတကြီးအဆိုအရ လွှတ်တော်ထဲက တစ်မတ်သားကို လျော့ပွန်းမခံနိုင်ဘူးဆိုလားပဲ ပြောသတဲ့။
ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သတဲ့။ သမ္မတဟာ မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်သတဲ့။ ဒီကိစ္စမျိုးက လွှတ်တော်ပြောရမဲ့ ကိစ္စပဲတဲ့။ အေးလေ ဒေါ်စုပြောမယ်ဆို ပြောစရာပေါ့။ တစ်မတ်သားအလျှော့အတင်းက လွှတ်တော်တွင်းမှာ ပြောရင် ပိုလျော်ကန်ပေမပေါ့။
ကျုပ်တော့ နားမလည်ပါဘူးဗျာ။ တကယ်တော့ လွှတ်တော်ထဲ ဒီကိစ္စပြောရုံပြောလို့ကတော့လဲ ရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဝေးပါသေးတယ်။ ၂၀၀၈ ဆိုတဲ့ အခြေခံဥပဒေဆိုတာကြီးကို လွှတ်တော်က ပြင်ဖို့ ပြောင်းဖို့ ဖြိုဖို့ ဖျက်ဖို့ကို အပြီးအပြတ်ဆုံးဖြတ်နိုင်မှ ဖြစ်မယ့်ဟာကြီးနဲ့ တူပါတယ်ဗျာ။
အဲ… အဲ ဆုံးဖြတ်မယ်ဆိုတာတော့လဲ နှစ်ဆယ်ရာခိုင်နှုန်းတို့၊ ၇၅ အထက်ရာခိုင်နှုန်းတို့ ပြည်သူ့ဆန္ဒခံယူပွဲ ငါးဆယ်ရာခိုင်နှုန်းတို့ ဆိုတာကြီးတွေကလဲ ရှိသေးမဟုတ်လား။ အဲဒီလုပ်ငန်းအဆင့်ဆင့်မှာ အဲဟိုဒင်းမတ်သားကြီးနဲ့ မရှောင်သာတဲ့ အမြှောင်ကြား ညားကြရဦးမှာပဲ မဟုတ်လား။ တကယ်အာဏာစက္ကူကပ် ဇာတ်လမ်းပါပဲ။ ဂျာအေးတေးသီချင်းကြီး အတိုင်းပါပဲလားဗျာ။ တော်ပါတော့။
နေအုန်း… နေအုန်း။ ဂျာအေးသီချင်းဆိုလို့ အဲဒီသီချင်းထဲမှာ ကျုပ်အသည်းစွဲကြိုက်တဲ့ အပိုဒ်ကလေး ပြောရအုန်းမယ်။ အဲဒါက “ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး” ဆိုတဲ့ စာသားလေးဗျ။
အဲဒီစာသားလေးရွတ်တိုင်း ကျုပ်မျက်စိထဲမှာ မျောက်ကလေးတွေ ပလ္လင်ပေါ်က ဆင်းပြေးနေပုံချည်း မြင်ယောင်နေမိသဗျာ။
ကျုပ်ကတော့ သမ္မတကြီး ဘာပြောပြော၊ ပြောချင်ရာပြော ကြိုက်မှာပဲ ဟဲ… ဟဲ…။ သူ့ရဲ့စကားက ဒီမိုကရေစီစကား အစစ်မဟုတ်ဘူးလေ။ နည်းနည်းတော့ “စောင်းတာ” “ဖောင်းတာ” ရှိပေမပေါ့။ မြင်းကောင်းခွာလိပ်တာမျိုးလို့ပဲ ဆိုကြပါစို့ဗျာ။
သမ္မတကြီးရဲ့ ခွာလိပ်တွေကို ငါဘယ်လိုဖြေဆန့်ပြီး ခြေသန့်အောင်လုပ်ပေးရပါမလဲ စိတ်ကူးမျိုးဝင်ကောင်းနေတုန်း စလောင်းရေဒီယိုက သမ္မတကြီးရဲ့ အသံထွက်လာပြန်ပါလေရော။
အမေရိကန်ရောက် ဗမာတွေနဲ့ မိတ်ဆုံပွဲမှာ သမ္မတကြီးက ပြောတယ်တဲ့ဗျ။ ဗမာပြည်မှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေသတဲ့။ ငွေပေးခေါ်လာတဲ့ ဆန္ဒပြသူတွေလည်း ရှိသတဲ့။ တချို့ဆို အော်ကြေးဟစ်ကြေး၊ နှစ်ထောင်ပေး၊ သုံးထောင်ပေး ဈေးဆစ်လို့တောင်ရသတဲ့။ သမ္မတကြီးပြောတာ။ သမ္မတကြီးပြောတာ။
သမ္မတကြီးနှယ် ဘယ်သဘောနဲ့ သောလုံးထုတ်လိုက်လိမ့်ဗျာ။ ဆန္ဒပြပွဲတွေမှာ ငွေပေးခ်ါလာတဲ့သူတွေ ပါလေ့ရှိတယ်ဆိုတာ နိုင်ငံရေးဖျက်လုံးပဲဗျ။ အဖျက်သဘောရောက်တဲ့ ဗိုက်အောက်ထိုးချက်ဗျ။ တစ်နည်းအားဖြင့်တော့ နိုင်ငံရေးပြက်လုံးပဲဗျာ။ ကိုဇာဂနာတို့လို လူရွှင်တော်ကြီးတွေ ကဝိမြောက်၊ ကဝေမြောက်၊ ဟာသတွေ ဖောက်ဖောက်ပြလေ့ရှိတဲ့ ပြောပေါက်တွေပေါ့ဗျာ။
သမ္မတကြီးကို အတင်းချကြဦးမှာ ကျုပ်ကတော့ ကြားယောင်ပြီးသားပါဗျာ။ သမ္မတကြီးရဲ့ သေနာတွေ….. အဲ အဲ သေနာပတိတွေကို သမ္မတလူကြမ်းအဖွဲ့လို့ အတင်းမချဝံ့ကြလို့ သမ္မတလူချောအဖွဲ့လို့ ဘွဲ့ချည်တာ ကြားဖူးကြသားပဲဗျာ။ အခု သမ္မတကြီးကိုယ်တိုင်က ပြက်လုံးထုတ်လိုက်တော့ သမ္မဘာအဖွဲ့ ညာအဖွဲ့ရယ်လို့ ဂုဏ်ဆောင် ဂုဏ်ဖြောင်ကြဦးမှာ ကြားယောင်သေးသဗျ။
သမ္မတကြီး ပြက်လုံးချွေတတ်တာကို လက်ခေါက်မှုတ်ပြီး ဝမ်းစမိုးလုပ်ကြရမယ်ဗျ။ စွမ်းပါပေသဗျာ။
ဒီကနေ့ ကျုပ်တို့ဗမာတစ်ပြည်လုံးမှာ ရှစ်လေးလုံးကာလ “တို့အရေး” ၊ “တို့အရေး” သံတွေ လွှမ်းခဲ့သလို၊ ဒီနေ့ “ဒါတွေပေး” အသံတွေ ဟိန်းဟိန်း ညံနေသဗျ။ ဟိန်းတာ ညံတာ ဘာဆန်းသလဲဗျာ။ ဒီလို လမ်းပေါ်ထွက် လက်ရုံးတန်းဖို့ဆိုတာ သမ္မတကြီး ဥက္ကဌ လုပ်ခဲ့တဲ့ အမျိုးသားညီလာခံဆိုတဲ့ ညီလာခံကြီးက ချမှတ်ခဲ့တာ မဟုတ်လား။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို လှန်ကြည့်။
အဲဒီ ဘုတ်အုပ်ကြီးထဲမှာ လူထုတွေ ဆန္ဒပြတောင်းဆိုခွင့်တွေ ရေးထားတာပဲလေ။ ဒီအခွင့်အရေးတွေ ရှိနေမှတော့ လူထုတွေ ဆန္ဒပြကြတော့တာပေါ့။ လက်ပံတောင်းကြေးနီတောင်ခြေမှာဆို ဆန္ဒတွေက တပြတည်းပြနေလိုက်ကြတာ ဘယ်နှခါ၊ ဘယ်နှကြိမ် ရှိမှန်းတောင် မသိတော့ဘူး။ မအူပင် မလက်တိုရွာမှာဆို ကျေးရွာလူထုတွေဟာ ရဲတွေက အကြမ်းဖက် ရိုက်နှက်နှိမ်နင်းနေတဲ့ကြားက ဆန္ဒပြနေကြတာပဲ။
ဘယ်လောက် ပျော်စရာကောင်းလဲ။ ရွာတွေမှာ ဆန္ဒပြကြသလို မြို့ကြီးပြကြီးတွေမှာလည်း ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းဗျ။ တောင်ပေါ်ဒေသတွေ၊ ပင်လယ်ကမ်းခြေတွေ သွားကြည့်မလား။ ဆန္ဒပြပွဲတွေက စုံသဗျ အုံကြွဖြစ်နေတာ။ ဒါတောင် ဆန္ဒပြခွင့်က ရဲပေးမှရလို့။
ဒါတွေကို သမ္မတကြီး သိသပေါ့ဗျာ။ မေးနေစရာ လိုသေးသလား။ သမ္မတကြီး သိတာပေါ့။ ဗမာပြည်က ဆန္ဒပြပွဲလောက် သိတာမဟုတ်ဘူး။ အမေရိကဆန္ဒပြပွဲကိစ္စပါ မွနေအောင် သိတာ။
သူ့ရန်သူတော် အမေရိကန်ရောက်ဗမာ လှုပ်ရှားသူတွေက သမ္မတကြီးကို ဗမာပြည်ပြန်ခေါ်ဖို့ အကွက်ဆင်တာဗျ။ ဗမာပြည်မှာ ဆန္ဒပြပွဲ တစ်ခါလုပ်ရင် ထောင်ချီရတယ်လို့ သမ္မတကြီးက သတင်းခွံ့လိုက်တာဗျ။ ဒေါ်လာထောင်လား၊ ကျပ်ထောင်လားတောင် ကွဲကွဲပြားပြား မမိန့်ကြားဘူးပေါ့ဗျာ။ ဟား ဟား ဟား…။
လာလာလေလိုက်ခဲ့တော့ ဗမာ့ရွာ
ဗမာ့ရွာမှာ ဘာတွေပေါတယ်
ဆန္ဒပွဲတွေ တပြပြနဲ့ လောင်ဗုံးတွေ
ဟုန်းဟုန်းပေါတယ်။ ။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊အမှတ်(၂၀)။
Salai Sunpai - Cartoon
သူတို့လို
ကာတွန်း - ဆလိုင်းစွမ်းပီ
မေ ၂၈၊ ၂၀၁၃
Maung Thitsar - Articles
လိပ်ပေါက်တူးနဲ့တူတဲ့ နိုင်ငံတော်သမတကြီး ဦးသိန်းစိန်  (အပိုင်း ၁)
မောင်သစ္စာ
မေ ၂၈၊ ၂၀၁၃
လိပ်ဆိုတာ သူ့ဘက်ပဲ သူယက်တယ်။ ပေါက်တူးဆိုတာလည်း တူးသူဘက်ပဲယက်တာမို့ ကိုယ့်ဘက်ကို ယက်သူများကို လိပ်နဲ့နှိုင်းပြီး လိပ် (သို့မဟုတ်) လိပ်မျိုးလို့ ခေါ်ဆိုလေ့ရှိကြပါတယ်။
အလားတူ နိုင်ငံတော်သမတကြီးက စစ်တပ်ထွက်ကြီးမို့ သူ့စစ်တပ်ဘက်ကို သူကါကွယ်ပေးပြောသလို သူဦးစီးတဲ့ကြံ့ဖွတ် (ကြံ့ခိုင်ရေး) အစိုးရကိုလည်း အကာအကွယ်ပေးပြောနေသလို သူဦးစီးတဲ့အရပ်သားဟန်ဆောင် စစ်အစိုးရဟာ အာဏာတည်မြဲရေးအတွက်ကိုပဲ ပြော နေ လုပ်နေတာတွေ့ရတယ်။ တိုင်းသူပြည်သားအတွက်ကိုတော့ အများကြားကောင်းအောင် အမြင်ကောင်းအောင် ပြောနေတာ၊ လုပ်နေ တယ်ဆိုတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အာဏာတည်မြဲလေ  သူ့အစိုးရနဲ့ သူ့အသိုင်းအ၀ိုင်း ကြီးပွါးချမ်းသာလေကြောင့် ဖြစ်တယ်။                     
၁။ လိပ်ပေါက်တူးနဲ့ သမတကြီး
{နိုင်ငံတော်သမတကြီးရဲ့ လိပ်ပေါက်တူးနဲ့ တူပုံတွေကိုကြည့်ပါ။ ဟိုးအရင်က သူပြောခဲ့လုပ်ခဲ့တာတွေကိုထည့်မပြောဘဲ လတ်တလော သူရဲ့ အမေရိကခရီးစဉ်အတွင်းမှာ သူပြောခဲ့တဲ့စကားတွေကိုကြည့်ရုံနဲ့ပဲ သူဟာ လိပ်ပေါက်တူးဖြစ်နေပြီဆိုတာ မှတ်ချက်ချလို့ရတယ်။ ( ၂၀-၅-၂၀၁၃ ထုတ် ဧရာဝတီ၊ ဘီဘီစီ၊ ဗွီအိုအေ၊ Mizzima … စတဲ့သတင်းတွေကိုကြည့်ပါ)။
ဘာကြောင့်ဒီလို မှတ်ချက်ချရလဲဆိုတော့ သူဟာ ဂုဏ်သရေရှိ နိုင်ငံတော်သမတကြီးပီပီ တည်ကြည်မှန်ကန်တဲ့စကားတွေကိုသာ ပြောရ မယ့်အစား ကလေးကလားဆန်ဆန် မုသားတွေပြော၊ အဖြစ်မှန်တွေကိုဖုံးကွယ်၊  အမှားကိုအမှန်ဖြစ်အောင် လိမ်ညာလှည့်ပတ်ပြီး ယုတ္တိရှိ အောင် ပြောသွားတာတွေကြောင့်ဖြစ်တယ်}။
။ တပ်မတော်နဲ့ နိုင်ငံရေး
“တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာလို့မရကြောင်း၊ အစဉ်အလာသမိုင်းကြောင်းရှိခဲ့ကြောင်း၊ တိုင်းပြည်မှာ အခက်အခဲ အကျပ်အတည်းတွေ့ တိုင်း တပ်မတော်က ၀င်ရောက်ဆောင်ရွက်ကြောင်း၊ ၂၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ထဲမှာ ရှိသင့်ရှိထိုက်ကြောင်း၊ ဒီမိုကရေစီရင့်ကျက် လာ သည်နှင့်အမျှ လွှတ်တော်တွင် တပ်မတော်ပါဝင်မှု လျော့နည်းလာမည်ဖြစ်ကြောင်း” ဦးသိန်းစိန်က ပြောခဲ့ပါတယ်။
သမတက ခုလိုပြောလိုက်တာဟာ သူ့ကိုယ်သူ လိပ်ပေါက်တူးလို့ ပြောလိုက်တာနဲ့အတူတူပါပဲ။ တပ်မတော်နဲ့ နိုင်ငံရေးဟာ လုံးဝကင်းကွာ နေရမှာ သီးခြားစီဖြစ်နေရမှာပါ။ မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာလို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ပုံနဲ့ တပ်မတော်နဲ့ နိုင်ငံရေး မကင်း ကွာလို့ နိုင်ငံ ဆုတ်ယုတ် ကျဆင်း ပျက်စီးရပုံများကို တခုစီတင်ပြပါမယ်။
၃။  တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာလို့ နိုင်ငံ တိုးတက်ကြီးပွားခေတ်မီပုံ
{နိုင်ငံရေးဆိုတာ တနိုင်ငံလုံးနဲ့ပါ သက်ဆိုင်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံရေးရဲ့အစိတ်အပိုင်း တခုသာဖြစ်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေး သမားများကသာ လုပ်ရမည်သာမက ဒီမိုကရေစီ စနစ်နဲ့ပါအုပ်ချုပ်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနိုင်ငံဖြစ်လာမှာပါ။ ဥပမာ မြန်မာနိုင်ငံ ကိုကြည့်ပါ။
၁၉၆၂ ခုနှစ်မတိုင်မီ (ဗိုလ်ချုပ်နေ၀င်း အာဏာမသိမ်းမီ) က မြန်မာနိုင်ငံဟာတည်ငြိမ်ပြီး နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ နည်းပညာ နဲ့ စိုက် ပျိုးရေးကအစ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အလွန်ဖြစ်ထွန်းပြီး နိုင်ငံခြား အများဆုံးတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ အာရှစပါးကျီ လို့တင်စားခြင်းခံခဲ့ရပါတယ်။ ဒါဟာ တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာမှုရဲ့ ကောင်း ကျိုးရလဒ် ဖြစ်ပါတယ်။
အဲဒီခေတ်တွေတုန်းက ဖွံ့ဖြိုးတိုးတက်ရခြင်းရဲ့ အခြားအကြောင်းရင်းများမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားပြီး နိုင်ငံအကြီးအကဲနဲ့ တကွ ဌာနဆိုင်ရာအုပ်ချုပ်သူများဟာ ခေတ်ပညာတတ် အရည်အချင်းရှိသူများဖြစ်ပြီး ခြစားမှု၊ ခိုးဝှက်မှုများ ကင်းရှင်းခြင်းကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံအုပ်ချုပ်သူများဟာ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိခြင်းကြောင့် ဖြစ်ပါတယ်။
တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာဖို့အတွက် တပ်မတော်ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်တခုလုံးအတွက် သူကိုယ်တိုင်စံနမူ နာအဖြစ် လုပ်ပြပါတယ်။ သူဟာ နိုင်ငံရေးလောထဲဝင်ဖို့အတွက် သူ့ရဲ့ ဗိုလ်ချုပ်ရာထူးကိုစွန့်လွှတ်ပြီးမှ နိုင်ငံရေးလောကကိုဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါဟာ တပ်မတော်အရာရှိတိုင်း အတုယူရမယ့်အချက်ဖြစ်ပါတယ်}
၎။  တပ်မတော်နဲ့ နိုင်ငံရေးမကင်းကွာလို့ နိုင်ငံ ဆုတ်ယုတ် ကျဆင်း ပျက်စီးရပုံများ
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးချိန်ကအစ မျက်မှောက်ကာလအထိ စစ်ဗိုလ်ချုပ်တွေက နိုင်ငံတော်အကြီးအကဲ ရာထူးကိုရော တပ်မတော်အကြီးအကဲရာထူးကိုပါ တဦးတည်းချုပ်ကိုင်ပြီး တပ်မတော်နဲ့ နိုင်ငံရေးကို မခွဲခြားဘဲ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်း၊ နိုင်ငံအကြီးအကဲနဲ့တကွ ဌာနဆိုင်ရာအုပ်ချုပ်သူများဟာ ပညာအရည်အချင်း ညံ့ ဖျင်းခြင်း၊ တဦးချင်းရော အုပ်စုလိုက်ပါ ခြစားခြင်း၊ အာဏာရှင်အုပ်စုဝင် အများစုနဲ့ ၎င်းတို့အပေါင်းပါများက သူတပါးပစ္စည်းများ အိမ်မြေ လယ်ယာခြံမြေများကို အာ ဏာအလွဲသုံးစားလုပ်ကာ အဓမ္မ သိမ်းယူခြင်း၊ နိုင်ငံတော်ပိုင် ရေနံသဘာဝဓါတ်ငွေ့ အစရှိတဲ့ သံယံဇာတပစ္စည်းများရောင်းရသော နိုင်ငံ ခြားငွေကြေးများကို နိုင်ငံခြားဘဏ်ပေါင်းများစွာတွင် လျှို့ဝှက်အပ်နှံထားခြင်းတို့အပြင် တိုင်းရင်းသားလူမျိုးစုများအပေါ် အနိုင်ကျင့်ခြင်း၊ ပြည်တွင်းငြိမ်းရေးကိုဗန်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အကြောင်းအမျိုးမျိုးရှာ၍ စစ်ဆင်ကာ နိုင်ငံတော်ငွေများကို ဖြုန်းတီး ခြင်း…တို့ကြောင့် တိုင်းပြည် ဆင်းရဲသည်ထက်ဆင်ရဲကာ ခုနောက်ဆုံး သမတကြီးကိုယ်တိုင် နိုင်ငံတကာလှည့်ပြီး လက်ဖြန့်တောင်း နေရ တဲ့အထိ အခြေအနေဆိုးဝါးလာတာ ခုသမတကြီးရဲ့ အမေရိကန်ခရီးစဉ်က သက်သေပြနေပါတယ်။ ဒီလို ဆိုးဆိုးဝါးဝါးဖြစ်လာရခြင်းမှာ “ တပ်မတော်က နိုင်ငံရေးမှာဝင်ရောက်ခြယ်လှယ်လို့ဖြစ်ရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါ။ ဒါပေမယ့် နိုင်ငံနဲ့ပြည်သူများ ဆင်းရဲမွဲတေ နေပေမယ့်၊ အာဏာရှင်တွေနဲ့အသိုင်းအ၀ိုင်းများကတော့ အာရှရှိ အချမ်းသာဆုံး သူဌေးစာရင်းဝင်တွေဖြစ်နေကြတာ ဒီနေ့အထိပါ။
ဒီလိုဖြစ်ရတာဟာ တပ်မတော်နဲ့နိုင်ငံရေး  မကင်းကွာလို့ ဖြစ်ရခြင်းရဲ့ ရလဒ်ဆိုးဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ဒါကို သမတ ဦး သိန်းစိန် ဘယ်လိုဆင်ခြေပေးပြီး ငြင်းမလဲ။
၅။ တိုင်းပြည် အခက်အခဲတွေ့တိုင်း တပ်မတော်က ၀င်ရောက်ဆောင်ရွက်တယ်တဲ့
တိုင်းပြည်မှာ အခက်အခဲ အကျပ်အတည်းတွေ့တိုင်း တပ်မတော်က ၀င်ရောက်ဆောင်ရွက်ခဲ့တယ်” လို့လည်း သမတက ကိုယ်ရည်သွေး အသားယူပြောသေးတယ်။
{သူဒီလိုပြောတာဟာ စစ်သားဟောင်းကြီး တယောက်အနေနဲ့ သူ့စစ်တပ်အတွက် ကိုယ်ရည်သွေးပြီးပြောတဲ့စကားဖြစ်သလို ဟာသမြောက် တဲ့စကားလည်းဖြစ်တယ်။ သူဒီလိုပြောခြင်းဖြင့် သူ့ကိုယ်သူ လိပ်ပေါက်တူးဖြစ်နေပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုဖေါ် မသူတော်ဖြစ်နေပြီဆိုတာ လည်း သက်သေပြရာရောက်နေပါတယ်။
တိုင်းပြည်မှာ ပြည်တွင်း ပြည်ပ အန္တရာယ်နဲ့ကြုံတဲ့အခါ တပ်မတော်က ဒီလိုလုပ်ရတာဟာတပ်မတော်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ သူ (သမတကြီး) မေ့နေပုံရတယ်။ တပ်မတော်ဆိုတာနိုင်ငံရေး ရဲ့အစိတ်အပိုင်းတခုပါ။ တပ်မတော်ရဲ့အဓိကတာဝန်ဟာ ပြည်တွင်းပြည်ပ အန္တရာယ် ပေါ်လာတဲ့အခါ ကာကွယ်ပေးရတဲ့တာဝန်၊ တိုင်းသူပြည်သားတို့ရဲ့  အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရတဲ့ တာဝန်ဖြစ်တယ်။ နိုင်ငံတိုင်းရှိ တပ်မတော်ဟာ ဒီတာဝန် ၂ ခုကို ဦးလည်မသုန် မထမ်းမနေရ ထမ်းဆောင်ရမယ့်တာဝန်ဖြစ်တယ်ဆိုတာ သူနားလည်ဖို့ကောင်းတယ်။}
၆။ ဦးသိန်းစိန်ရဲ့ လူလိမ်အစိုးရ
“လွှတ်တော်ထဲမှာ လောလောဆယ် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိသင့်ရှိထိုက်တယ်.. ဒီမိုကရေစီ ရင့်ကျက်လာသည်နှင့်အမျှ လွှတ် တော်တွင် တပ်မတော်ပါဝင်မှုလျှော့နည်းလာမည်” ဟုလည်း သူကသူ့စစ်တပ်လွှတ်တော်ထဲမှာဆက်ရှိနေအောင် လျှာအရိုးမရှိတိုင်း ကာ ကွယ်ပြီးပြောနေပြန်ပါတယ်။
{ဦးသိန်းစိန်အစိုးရ စတက်ကတည်းက အရပ်သားအစိုးရ လို့ကြွေးကြော်ပြီးတက်လာတာဖြစ်တယ်။ ခု လွှတ်တော်ထဲမှာ စစ်သား ၂၅ ရာ ခိုင်နှုန်းနဲ့ အစိုးရအုပ်ချုပ်ရေးဌာနအားလုံးမှာ လက်ညှိုးထိုးမလွဲအောင် စစ်ဗိုလ်လူထွက်တွေချည်းပဲရှိနေတော့ သမတကြီးပြောတဲ့စကားနဲ့ညီရဲ့လားလို့ မေးချင်တယ်။ သူ့စကားအရ အရပ်သားအစိုးရဆိုရင် လွှတ်တော်တွေထဲမှာရော အုပ်ချုပ်ရေးပိုင်းမှာပါ စစ်ဗိုလ်စစ်သားရော စစ် ဗိုလ်လူထွက်တွေပါ တယောက်မှမရှိသင့်တော့ဘူး။ ဒါမှ အရပ်သားအစိုးရလို့ခေါ်နိုင်မှာဖြစ်တယ်။ ခုလို အပြောနဲ့အလုပ်မညီလို့ ဦးသိန်း စိန်ရဲ့ ကြံ့ဖွတ်အစိုးရကို လူလိမ်အစိုးရလို့ ကင်ပွန်းတပ်လိုက်ရခြင်းဖြစ်ပါတယ်။
ခုလည်း သူက “လွှတ်တော်ထဲမှာ စစ်သား ၂၅ ရာခိုင်နှုန်း ရှိသင့်ရှိထိုက်တယ်လို့ပြောရုံမက ဒီမိုကရေစီရင့်ကျက်လာသည်နှင့်အမျှ လွှတ် တော်တွင် တပ်မတော်ပါဝင်မှု လျော့နည်းလာမည်” ဟု လျာအရိုးမရှိတိုင်း လှည့်စားနေပြန်ပြီ။ သူ့စကားအရ ဒီမိုကရေစီရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာ ဘာနဲ့တိုင်းမလဲ။ ဘယ်လောက် ရင့်ကျက် ရင့်ကျက်၊ မရင့်ကျက်သေးဘူးလို့ပြောလည်း သူတို့ပါးစပ်ထဲမှာပဲရှိတယ်။  ဒီတော့ သူ့စကားကိုထောက်ရှုခြင်းအားဖြင့် ၂၅ ရာခိုင်နှုန်း စစ်သားရော၊ အစိုးရနဲ့ဆိုင်ရာဌာနတွေကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်ဗိုလ်လူ ထွက်တွေရော သူတို့ချုပ်ကိုင်ထားတဲ့ရာထူးတွေကို လွှတ်ပေးမှာမဟုတ်တော့ဘူးဆိုတာ ထင်ရှားနေပါပြီ။}
--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages