7th Feb - Moemaka Daily - Harry linn

76 views
Skip to first unread message

Maung Yit

unread,
Feb 7, 2013, 3:08:37 AM2/7/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ကာတွန်းစောငို - မကျေနပ်ရင် စစ်လို့ရတယ်
ဖေဖော်ဝါရီ ၇၊ ၂၀၁၃
Posted by Maung Yit at 12:03 AM 0 comments  
Labels: Cartoon BoxSaw Ngo

WEDNESDAY, FEBRUARY 6, 2013

Aung Way - Long March for Peace in Burma


ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၁ )
အောင်ဝေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၃

ရဲဘော်တို့ -

ရဲဘော်တို့ ကို
ကြံ့ဖွတ်အစိုးရ အာဏာပိုင်တွေက
ရောက်ရာ အရပ်မှာ
ခံဝန် လက်မှတ်တွေ
ထိုးခိုင်းနေတယ်။

ဒါပေမဲ့
ဒီလူတွေ
ရဲဘော်တို့ ကို
“ခံဝန် ခြေမှတ်“ တော့
ထိုးခိုင်းလို့ မရဘူး။

ဆက်သာလျှောက် ရဲဘော်တို့ ။

အခု
မုံရွာကလည်း
ချီတက်လာနေပြီ။

ဆက်လျှောက်။

လိုင်ဇာမှာ တပ်ပေါင်းစုံမယ်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)

ဖေဖော်ဝါရီ ၆-၂၀၁၃။
Posted by Maung Yit at 11:54 PM 0 comments  
Labels: Aung WayPoems

News and Media

လက်ရှိအစိုးရအနေဖြင့် ကချင်အရေးနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်လိုဟု အေဘီအက်ဖ်ဒီအက်ဆို
ဇော်သူရ
ဖေဖော်ဝါရီ ၇၊ ၂၀၁၃


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီစုံညီအစည်းဝေးကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လွတ်အမြောက်နယ်မြေတစ်နေရာတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အတွင်းရေးမှူး (၁) ရဲဘော်မြင့်ဦးမှ လက်ရှိ ကချင်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေအဖွဲ့ ပူးတွဲထုတ်ပြန်ချက်အပေါ် “နှစ်ဦး နှစ်ဖက်သဘော တူညီများအပေါ် တိတိကျကျ လိုက်နာဘို့လိုသလို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ဘို့လည်းလိုပါတယ်” လို့ ပြောဆို ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် နိုင်ငံရေးအရဖြစ်ထွန်းနိုင်မှု ရှိ/မရှိပေါ်ကိုလည်း ...

“၁။ လက်ရှိ ဦးသိန်းစိန် ဦးဆောင်နေတဲ့အစိုးရအနေဖြင့် တပြည်လုံးအသွင်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို တရားဝင်ထုတ်ပြန် ကြေ ညာပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရှိဖြင့် ဆောင်ရွက်ဘို့လိုအပ်သလိုပွင်းလင်းမှု၊ ထင်သာမြင်သာရှိမှုဖြင့် အကောင်အထည်ဖော် လုပ်ဆောင် မှသာလျှင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လိုမြင်ပါတယ်။ 

၂။ တိုင်းပြည်ရဲ့ ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတဲ့အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးအရတန်းတူရည်တူ ဆွေးနွေးနိုင်မဲ့ ဆွေးနွေပွဲ များ ကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့မြင်ပါတယ်” လို့ သုံး သပ်ပြောဆိုခဲ့ပါတယ်။
 
Posted by Aung Htet at 6:19 PM 0 comments  
Labels: News in Brief

Maung Kay Ye - Articles

မောင်ကျေးရေ
ဖေဖော်ဝါရီ ၇၊  ၂၀၁၃
● စကားဦး
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမှီခေတ်ကာလကစ၍ မြေအောက်ရေကို သုံးစွဲလာခဲ့သည်မှာ ယနေ့ထိဖြစ်ပါသည်။ နောင်ကာလများ တွင်လည်း ဆက်လက်သုံးစွဲနေရဦးမည်ဖြစ်ရာ ထိုသုံးစွဲသူများအတွက် အခြားတိုးတက်နေသောနိုင်ငံများ၊ တိုးတက်ပြီးသောနိုင်ငံများမှာကဲ့သို့မြန်မာနိုင်ငံရှိ မြေအောက်ရေသုံးစွဲေ နသောပြည်သူပြည်သားများ ပညာဗဟုသုတရစေရန်နှင့် ကိုယ်တိုင်သိရှိ ပါဝင်ဆောင်ရွက်လာနိုင်ရန် ရည်သန်လျက်၊ စာရေးသူတတ် သိနားလည်ထားသည်များကိုအခြေခံ၍ဤဆောင်းပါးကိုရေးသားပါသည်။

အဆိုပါတိုးတက်နေသော၊ တိုး တက်ပြီးသောနိုင်ငံများတွင် စက်ရေတွင်းတူးကန် ဒါရိုက်တာများ၊ စက်ရေတွင်းတူးဖေါ်လိုသူများ၊ တူးဖေါ်ထားပြီးသူများ နှင့်သက်ဆိုင်သည့် သိသင့်သိထိုက်သော မြေအောက်ရေနှင့်စက်ရေတွင်းများဆိုင်ရာ အခြေခံအချက်အလက်များ၊ ရေတွင်ပျော်ဝင်နေသော ဓါတုဗေဒဓါတ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများနှင့် ပြည်သူ့ကျမ္မာရေး (Chemical properties and Public health) တို့ကို သတင်းစာ၊ စာစောင်၊ လက်ကမ်းကြော်ငြာ၊ အင်တာနက်သတင်းလွှာများမှတဆင့် ပညာဗဟုသုတရရှိကြပါသည်။ မြန်မာနိုင်ငံတွင် စက်ရေတွင်းတူးအဖွဲ့များ၊ ကုမ္မဏီများ၊ ကန်ထ ရိုက်တာများ၊ ရေသန့်လုပ်ငန်းလုပ်ကိုင်နေသူများ၊ အရေအတွက်များစွာရှိပါသည်။ ထိုသူများက မိမိတို့လုပ်ငန်းနှင့်တွဲဖက်၍ မြေအောက်ရေ သုံးစွဲနေသူများကို ပညာဗဟုသုတများဖြန့်ဝေပေးပါက ပိုမိုကောင်းမွန်စေပါသည်။

မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်တွင်မြေလွှာ(သဲ၊ ကျောက်စရစ်) အတွင်း၌သော်လည်းကောင်း၊ ကျောက်လွှာကြားများအတွင်း၌သော်လည်ကောင်း၊ စိမ့်ဝင်ခိုအောင်းနေသောရေဖြစ်ပါသည်။ ထိုသို့ စိမ့်ဝင်ခိုအောင်းနေသောရေများတည်ရှိနေပြီး၊ လုံ လောက် သောရေပမာဏကိုထုတ်ယူရရှိနိုင်မည့် ရေခိုအောင်းနေသောအလွှာကို မြေအောက်ရေအောင်းလွှာ (Water Bearing Layer / Aquifer) ဟုခေါ်ပါသည်။ မြေအောက်ရေ အောင်းလွှာသည် နေရာဒေသ၏မြေမျက်နှာသွင်ပြင် (Topography)၊ ပထ၀ီအနေအထား (Geography)၊ ဘူမိဗေဒ (Geology)၊ ဇလဘူမိဗေဒ (Hydrogeology) အနေအထားအလိုက် အတိမ်အနက်၊ အရွယ်အစားပမာဏ၊ ရေအောင်း လွှာအမျိုးအစား စသည်ဖြင့်ကွဲပြားခြားနားပါသည်။ မြေအောက်ရေမျက်နှာပြင်အနီးအဝေးသည်လည်း မြေအောက်ရေအောင်းလွှာ အတိမ် အနက်ပေါ်မူတည်ပါသည်။ ကမ္ဘာမြေကြီးအောက်တွင် မြေအောက်ရေစတင်ထိတွေ့သောနေရာကို မြေအောက်ရေမျက်နှာပြင် (Groundwater Table) ဟုခေါ်ပါသည်။

မြေအောက်ရေကို လက်တူးတွင်းများ၊ စက်တူးတွင်များဖြင့်ထုတ်ယူရရှိနိုင်ပါသည် ။ မြေအောက်ရေကို စက်ရေတွင်းဖြင့် အနက်ပေ ၂၄၆၀(၇၅၀ မီတာ) အထိ တူးဖေါ်ထုတ်ယူရနိုင်သည်ဟု အမေရိကန်နှိင်ငံ၊ နယူးအော်လန်ရှိ တူလနီတက္ကသိုလ်မှ ပါမောက္ခစတီဖင်၊အေ၊နယ်ဆင် [Prof.Stephen A. Nelson, Tulane University (private, nonsectarian research university) New Orleans, Louisiana, U S) က သုတေသ န ပြုမှတ်တမ်းထားရှိပါသည်။ စာရေးသူတို့မြန်မာနိုင်ငံတွင် ပေ ၁၀၀၀ ကျော်ထိ ရန်ကုန်နှင့်ပြည်၊ မကွေးကြားတွင် တူးဖေါ်ခဲ့ဘူးပါသည်။ မြန်မာနိုင်ငံတွင်မြေအောက်ရေကို အနက်ပေ ၄၀၀ - ၅၀၀ အတွင်း အများဆုံးတူဖေါ်ရရှိကြပါသည်။မဟာရန်ကုန်နယ်နမိတ်အတွင်း မြေအောက်ရေကို အနက်ပေ ၅၀ -၁၀၀ မှ ၃၀၀ - ၄၀၀ အတွင်း တူးဖေါ်ရရှိနိုင်ပါသည်။ ဒဂုံမြို့သစ်၊ ပညာရေးအကွက်သည်သာ အနက်ပေ ၄၀၀ - ၅၀၀ ခန့်တူးဖေါ်ရပါသည်။

မြေအောက်ရေလည်ပတ်ပုံ၊

မိုးရေများြ မစ်ချောင်း အင်းအိုင်သို့ဆီ ၀င်သကဲ့သို့ မြေအောက်သို့လည်း မြေလွှာမှတဆင့်မိုးရေများ စိမ့်ဝင်စီးဆင်းခြင်းဖြင့် မြေအောက်ရေကို အဓိကပြန်လည်ဖြည့်တင်းပေးခြင်း ဖြစ်ပါသည်။ သို့ပါ၍မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသည့် မူလအရင်းအမြစ်မှာ မိုးရေပင်ဖြစ်ပါသည်။အချို့နေရာဒေသများတွင် မြေမျက်နှာသွင်ပြင်၊ ပထ၀ီအနေအထား၊ ဘူမိဗေဒ၊ ဇလဘူမိအနေအထားများအရ မြစ်ချောင်း အင်းအိုင်များမှတဆင့် ပြန်လည်ဖြည့်တင်းပေးသည်များလည်း ရှိပါသည်။ထိုသို့ ပြန်လည်ဖြည့်တင်းပေးခြင်းကို (Artificial Recharge) ဟုခေါ်ဆိုပါသည်။

(ဥပမာ၊ ရန်ကုန်မြို့တွင် အင်းယားကန်မှစိမ့်ရေ ကို ပြည်လမ်းမကြီး၏ အနောက်ဘက်ခြမ်းရှိ လှိုင်မြို့နယ်အတွင်းရှိ စက်ရေတွင်း (အ၀ိစီတွင်း) များသည် မြေအောက်ပြန်လည်ဖြည့်တင်းရေ အဖြစ် လက္ခံရရှိကြပါသည်။)

မိုးရေသည် မြေကြီးအတွင်း စိမ့်ဝင်၍ ရေအောင်းလွာတလျောက်သို့ စိမ့်ဝင်စီးဆင်းသွားပါသည်။ထိုကဲ့သို့ မြေအောက်ရေအောင်းလွာအတွင်းသို့ စိမ့်ဝင်စီးဆင်းသောနေရာဒေသ၊ ရပ်ဝန်းကို မြေအောက်ရေဖြည့်တင်းသည့်ရပ်ဝှမ်းများ (Recharge Areas) ဟု ခေါ်ပါသည်။မြေအောက်ရေကတဖန် မြေပေါ်သို့ပြန်လည်စီးထွက်လာသော နေရာရပ်ဝန်း (မြစ်ချောင်းအင်းအိုင်) ကို မြေအောက်ရေထုတ်ယူရာ (သို့) စီးထွက်ရာရပ်ဝန်းများ (Discharge Areas) ဟုခေါ်ပါသည်။ စက်ရေတွင်းများမှ စက်အင်အားဖြင့် ရေထုတ်ယူခြင်းကို လည်း သဘာဝအလျောက်မဟုတ်သော မြေအောက်ရေထုတ်ယူုခြင်း၊ (Artificial Points of Discharge for Groundwater) ဟု ခေါ်ပါသည်။

မြေအောက်ရေကိုအသုံးပြုရသည့်အကြောင်းအရင်း

သန့်ရှင်းသောရေကို မြစ်ချောင်းအင်းအိုင်များမှ မရနိုင်ပေ။မြေအောက်တွင်ခိုအောင်းနေသောရေ၊ မြေအောက်ရေအောင်းလွာ မှသာအများဆုံး ရရှိပေသည်။ ဤကမ္ဘာမြေကြီး၏ သန့်ရှင်းသောရေအများစုသည် ကမ္ဘာ့မြေမျက်နှာပြင်အောက်တွင် မြေအောက်ရေအောင်းလွှာအနေနှင့် ခိုအောင်းတည်ရှိနေပါသည်။ကမ္ဘာပေါ်ရှိလူဦးရေ သန်း ၂၀၀၀ ကျော်သည် မြေအောက်ရေကို သောက်သုံးရေအနေနှင့် မှီခိုပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှု့၏ ၄၀% သည် မြေအောက်ရေဖြင့် ထုတ်လုပ်နေခြင်း ဖြစ်ပေသည်။ ထိုကြောင့် မြေအောက်ရေ အစဉ်သန့်စင်၊ ဖွံဖြိုးတိုးတက်မှု့ သည် အနာဂတ်အတွက် အရေးကြီးသော အချက်တစ်ချက်ပင်ဖြစ်ပါသည်။

လူတို့မျက်စေ့ဖြင့် မမြင်တွေ့ရသော၊ မြေအောက်တွင် တည်ရှိနေသည့် သန့်စင်နေသောရေကို ပတ်ဝန်းကျင်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်းများနှင့် စိုက်ခင်းများမှ ဘေးထွက် စွန့်ပစ်ပစ္စည်များကြောင့် မညစ်နွမ်းစေရေးပင်ဖြစ်ပါသည်။ မြေအောက်ရေကို အသုံးပြုသည့် အဓိကအကြောင်းအရင်းမှာ မြေအောက်ရေသည် လွယ်ကူစွာရရှိခြင်း၊ ကုန်ကျစရိတ်၊ ဈေးသက်သာခြင်း၊ မိမိအလိုရှိသောနေရာ(သို့) အနီးဆုံးနေရာ၌ တွင်းတူးဖေါ်၍ လိုအပ်သလို ထုတ်ယူရရှိနိုင်သောကြောင့်ဖြစ်ပါသည်။

မြေအောက်ရေ အများဆုံးအသုံးပြုသည့် နေရာဒေသများ

ကမ္ဘာနေရာဒေသအများစုတွင်သန့်ရှင်းသောသောက်သုံးရေ၏  ၉၅ - ၉၇ ရာခိုင်နှန်းကို မြေအောက်ရေမှ ရရှိပါသည်။မြေပေါ်ရေ အရင်းအမြစ်နည်းသည့် နေရာဒေသများနှင့် မိုးခေါင်ရေရှားသည့် ကမ္ဘာနေရာဒေသအများစုသည် မြေအောက်ရေကိုသာ သောက်သုံးရေအဖြစ် အသုံးပြုကြရပါသည်။မြေအောက်ရေ အများဆုံး ထုတ်ယူအသုံးပြုကြသော ဒေသ နိုင်ငံများမှာ (America) အမေရိကန် နိုင်ငံ ၄၅ ရာခိုင်နှန်း၊ (Asia pacific Region) အာရှပစ္စဖိတ်၊ ၃၂ ရာခိုင်နှန်း၊ (Europe) ဥေ၇ာပ ၇၅ ရာခိုင်နှန်း၊ (Latin America) လက်တင်အမေရိက ၂၉ ရာခိုင်နှန်း၊ (Australia) သြစတြေးရီးယား၊ ၁၅ ရာခိုင်နှန်းတို့ ဖြစ်ကြပါသည်။

အမေရိကန်နိုင်ငံတွင် စက်ရေတွင်းပေါင်း ၁၅.၉ သန်း (နှစ်စဉ် စက်ရေတွင်းပေါင်း ၈ သိန်းခန့် တူးဖေါ်နေပါသည်)၊ အိန္ဒိယနိုင်ငံတွင် စက်ရေတွင်းပေါင်း ၂၅ သန်း၊ တရုပ်ပြည်တွင် စက်ရေတွင်းပေါင်း  ၃.၄သန်း၊ ဘင်္ဂလားဒက်(ခ်ျ)တွင် စက်ရေတွင်းပေါင်း ၈ သိန်း၊ နီပေါတွင် စက်ရေတွင်းပေါင်း ၆ သောင်း၊ ဘန်ကောက် တွင် ၄ ထောင်ကျော် စသည်ဖြင့် သိမှတ်ရပါသည်။

အာရှနှင့် အရှေ့တောင်အာရှတွင် မြေအောက်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေသည့် လူဦးရေ ၁၀ သန်း အထက် ရှိ၊ အလွန်ကြီးသော မဟာမြို့ကြီးများ (Mega Cities) မှာဘန်ကောက်၊ (Bangkok) ပီဂျင်း (Beijing)၊ ကလက္ကတား (Calcutta)၊ မနီလာ (Manila)၊ ဂျာကာတာ (Jakarta)၊ ရှန်ဟိုင်း (Shanghai) တို့ဖြစ်ကြပါ သည်

အာရှရှိမြို့ကြီး အများစုသည် မြေပေါ်ရေကို သောက်သုံးရေအဖြစ် အများဆုံး အသုံးပြုနေကြသော်လည်း အဆိုပါမြို့ကြီးများ၏ မြို့စွန်မြို့ဖျားတွင် နေထိုင်ကြသော ၀င်ငွေနည်းသည့် ပြည်သူများသည် မြေအောက်ရေကို မိမိအိမ်တွင် တူးဖေါ်၍သော်လည်ကောင်း၊ အများသုံး ရပ်ကွက်စက်ရေတွင်းများမှ သော်လည်ကောင်း၊ရယူကြရပါသည်။ ထိုအခါ ထိုဒေသနေ ပြည်သူများ၏ ၇၀ - ၈၀ %သည် ရေကြောင့်ဖြစ်သောရောဂါများကို ခံစားရရှိရပါသည်။ တရုပ်ပြည်တွင်မြို့ပေါင်း ၅၀၀ ကျော်သည် လိုအပ်သော သောက်သုံးရေ၏ သုံးပုံ နှစ်ပုံ ကိုမြေအောက်ရေမှ ရယူရပါသည်။

water-01

မဟာရန်ကုန်အပါအ၀င် မြန်မာပြည်၏ မြေအောက်ရေသုံးစွဲမှုအကျဉ်း

မန်မာနိုင်ငံတွင် နှစ်စဉ် သုံးစွဲနိုင်သော မြေအောက်ရေ အရင်းအမြစ် ကုဗကီလိုမီတာပေါင်း ၄၉၅ ရှိပါသည်။ အဆိုပါ ပမာဏ၏ ၁၀ ရာခိုင်နှန်းခန့်သည် စက်ရုံ အလုပ်ရုံနှင့် အများပြည်သူတို့၏ သောက်သုံးရေဖြစ်ပါသည်ဟု အက်ဖ်အေအို မှတ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် စက်ရေတွင်းပေါင်း  ၃ သိန်း ကျော်ရှိနေနိုင်ပါသည်။ (အိမ်နားနီးချင်း၊ ဘင်္ဂလားဒက်ခ်ျ၊ အိန္ဒိယ၊ တရုပ်၊ ယိုးဒယားနိုင်ငံများနှင့်နိုင်းယှဉ်ပါက များစွာ ကွာခြားပါသေးသည်)။ ထိုကြောင့် ပိုလျံနေသောမြေအောက်ရေကို စနစ်တကျ အစဉ်သန့်စင်အောင် သိမ်းဆည်းရန် လိုအပ်ပါသည်။

စာရေးသူ ၀န်ထမ်းဘ၀ (၁၉၉၃- ခုနှစ်အထိ) ဌာနဆိုင်ရာမှတ်တမ်းများအရ မြန်မာနိုင်ငံတ၀ှမ်းတွင် စက်ရေ တွင်းပေါင်း ၂ သိန်း ခန့် ရှိပါသည်။ ထိုစဉ်က မဟာရန်ကုန် နယ်နမိတ်အတွင်းတွင် စက်ရုံအလုပ်ရုံသုံးစက်ရေတွင်းများ အပါအ၀င် စက်ရေတွင်းပေါင်း ၃ ထောင် ကျော်ရှိခဲ့ပါသည်။ ယခုအခါ ၄ ထောင်ကျော် ၅ ထောင်ခန့်ရှိနိုင် ပါသည်။ မဟာရန်ကုန် နယ်နမိတ်အတွင်း နေထိုင်သည့် လူဦးရေအားလုံးအတွက် လိုအပ်သည့် ရေပမာဏ၏ ၄၀ - ၄၅ ရာခိုင် နှန်းကို မြေအောက်ရေ မှ ရယူနေရသည့် အနေအထားမှာ ရှိပါသည်။

မဟာရန်ကုန်မြို့၏ မြေအောက်ရေ အဓိကဖြည့်တင်းပေးရာ ရပ်ဝန်းဒေသသည် မဟာရန်ကုန်နယ်နမိတ်၊ မြောက်ဘက်ခြမ်း၊ ပဲခူးရိုးမ တောင်စွယ်နှင့် မြို့ပြင်နေရာဒေသများတွင် မြေအောက်ရေ စိမ့်ဝင်စီးဆင်းပြီး မြေအောက်ရေကို ဖြည့်တင်းပေးခြင်းဖြစ်နေပါသည်။ မြေအောက်ရေ ထုတ်ယူအသုံးပြုရန်အတွက် စက်ရေတွင်း တူးဖေါ်သင့်သောနေရာ ( အိမ်သုံး၊ စက်ရုံသုံး၊ ကျောင်းဆေးခန်းများအတွက်) အိမ်သာ၊ အညစ်အကြေး၊ ဆေးရေ၊ ချိုးရေများ စွန့်ပစ်သည့်နေရာ၊ ရေမြောင်းများနှင့် အနည်းဆုံး ပေ ၅၀ အကွာ၌ တူးသင့်ပါသည်။ မြေအောက်ရေကို နေရာဒေသ အများစုတွင် စက်ရေတွင်း၊ (စကားညှပ် - မြန်မာနိုင်ငံတွင်လူအများစုသည် စက်တူးတွင်းကို အ၀ီစီတွင်း ဟု ယခုထိ ခေါ်ဆိုနေပါသေးသည်။ ၁၉၈၀ ခုနှစ်ကစ၍ စက်ရေတွင်းဟု ခေါ်ဆိုရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။) မှ မြေအောက်ရေ ထုတ်ယူသည့်ပမာဏနှင့် မြေအောက်ရေ ဖြည့်တင်းပေးသည့် ပမာဏ မမျှတပါက (ထုတ်ယူသည့်ပမာဏသည် ဖြည့်တင်းပေးသည့် ပမာဏထက် ကျော်လွန်နေပါက) မကောင်းသောဆိုးကျိုးများကို သက်ရောက်စေပါသည်။

အဆိုပါဆိုးကျိုးများမှာ မြေအောက်ရေ မျက်နှာပြင်နိမ့်ကျလာခြင်း၊ (Lowering of groundwater table)။ နှစ်ကြာရှည်လာက အနီးပတ်ဝန်းကျင်ရှိ မြေမျက်နှာပြင် များကွဲအက်၊ နိမ့်ကျလာခြင်း (ဘန်ကောက်တွင် ထိုသို့ဖြစ်သဖြင့် မြေအောက်ရေ ထုတ်ယူမှုကို တင်းကြပ်စွာ ထိမ်းချုပ်ထားပါသည်)။ အချို့နေရာများ တွင် မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှု့ နည်းလာပြီး၊ စက်ရေတွင်း ခမ်းခြောက်သွားခြင်း။ (ထိုကဲသို့သောအဖြစ်မျိုး ရန်ကုန်မြို့ဝင်ဒါမီယာအတွင်းပိုင်းတွင် ဖြစ်ခဲ့ဖူးပါသည်)။ ရေငံ၊ရေတက် ရေကျချောင်း၊ မြောင်း၊ မြစ်ကြောင်းများနှင့် နီးသည့် စက်ရေတွင်းများသို့ ရေငံတိုးဝင်လာခြင်း၊ မြေအောက်ရေ၏ သိုလ်လှောင်မှု့ ပမာဏမည်ရွေ့မည်မျှရှိသည်၊မြေအောက်ရေဖြည့်တင်းမှု့ ပမာဏနှင့် ထုတ်ယူမှု့ပမာဏကို စနစ်တကျ တွက်ချက်မထားဘဲ အလျှံပယ်ထုတ်ယူခြင်းသည်လည်း မြေအောက်ရေ အရည်အသွေး နိမ့်ကျစေပါသည်။ (ဥပမာ- ပန်းလှိုင်ဂေါက်ကွင်း၊ လှိုင်သာယာဒေသ)။

မြေအောက်ရေအလွန်အကျွံထုတ်ယူခြင်း၏ အကျိုးအပြစ်မှာ ဒီရေ (ရေငံ) ရေတက်ရေကျရှိသည့် မြစ်ချောင်းများနှင့် နီးသည့်နေရာများတွင်ရေငံ တိုးဝင်ပြီး မြေအောက်ရေ အရည်အသွေး ပျက်စီးစေပါသည်။ မြေအောက်ရေထဲသို့ ရေငံ တိုးဝင်ခြင်းသည် မြေအောက်ရေအောင်းလွာကို များစွာ ပျက်စီးစေပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝအလျောက် ပြုပြင်၍ မရသောကြောင့်ဖြစ်ပါသည်။ လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍သာ သောက်သုံး၍ ရအောင် ရေငံဓါတ်ကို လျော့ချ ပြုပြင်နိုင်ပါသည်။

မြေအောက်ရေချိုထဲသို့ရေငံ(ပင်လယ်ရေ) ၃% မှ ၄% တိုးဝင်လျှင် ထိုရေသည် သောက်သုံးရန် မသင့်ပေ။ ရေငံသည် ၆% နှင့်အထက် တိုးဝင်နေပါက သောက်သုံး၍ မရနိုင်တော့ပေ။ လူသတ္တ၀ါများအတွက် ဆားဓါတ် ပါဝင်နှန်းမှာ ၀.၂ ရာခိုင်နှန်း အထိသာ လက်ခံ နိုင်ပါသည်။ သို့ပါ၍ မြေအောက်ရေထုတ်ယူရာတွင် မိမိစက်ရေတွင်း၏ အမြင့်ဆုံးရေထုတ်နိုင်သည့်ပမာဏ (maximum Discharge / Yield) ကို သိရပါမည်။ မည်သို့ သိနိုင်မည်နည်း ...

စက်ရေတွင်းတူး ပညာရှင် (သို့) အင်ဂျင်နီယာက စက်ရေတွင်းတူးဖေါ်ပြီး ရေမှုတ်စမ်းသပ်ခြင်း (Pumping test) ပြုလုပ်ရပါသည်။ထိုရေမှုတ်စမ်းသပ်မူ့မှ စက်ရေတွင်း၏ မြေအောက်ရေ၏ ရေမျက်နှာပြင်(Groundwater level)၊ ရေမှုတ်စမ်းသပ်နေစဉ် တည်ရှိနေသည့် မြေအောက်ရေပြင် (Pumping Level) နှင့် စက်ရေတွင်း၏ တစ်နာရီ ရေထွက်နှုန်း (Discharge / Yield (gal/hr) တို့ကို သိရပြီးနောက် ရေအောင်းလွှာ၏ ရေစိမ့်နှုန်း (Transmissibility / the rate of flow) ကို တွက်ယူရရှိနိုင်ပါသည်။ထိုအချက်အလက်များကို အခြေခံ၍ မိမိစက်ရေတွင်းမှရေကို ရေထွက်နှုန်း၏  ၇၅ ရာခိုင်နှုန်းသာ ထုတ်ယူသင့်ပါသည်။ ထိုသို့ထုတ်ယူခြင်းကို စိတ်ချစွာ ရေထုတ်ခြင်း။ (Safe Yield) ဟုခေါ်ပါသည်။

water-02
● ရေအရည်အသွေး(ဂုဏ်သတ္တိများ)နှင့်ကျန်းမာရေး


သန့်ရှင်းကောင်းမွှန်သော သောက်သုံးရေသည် လူသားအားလုံး၏ ကျန်မာရေးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးကြီးသော၊တန်ဘိုးရှိသော လာဘ်တပါး ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ လူအများစုသည် မြေအောက်ရေကို အဓိကသောက်သုံးရေအဖြစ် အားထားနေကြရပါသည်။မြေအောက်ရေတွင် ပါဝင်သောဓါတ်ပစ္စည်းများသည် သဘာဝအလျှောက် မြေအောက်တွင်တည်ရှိစဉ်က ပြောင်းလွဲမှု့မရှိဟု အများအားဖြင့် နားလည်ထားကြပါသည်။

မြေအောက်ရေ၏ အရောင်အဆင်း၊ အနံအရသာ၊ အရည်အသွေးသည် ပျော်ဝင်နေသော ဓါတ်ပစ္စည်းအရေအတွက်နှင့် ပမာဏ၊ အမျိုးအစားနှင့် ပျော်ဝင်နေသည့် အချိန်ကာလနှင့် အပူချိန်တို့အပေါ်တွင် များစွာတည်ပါသည်။ ထိုနောက် ပြင်ပဓါတ်ပစ္စည်းများ တိုးဝင်လာမှု၊ ဓါတ်ပြု၊ပြောင်းလွဲမှု့များ ဖြစ်လာသောအခါ အရည်အသွေး၊ အနံအရသာ၊ အရောင်အဆင်း စသည်တို့မှအစ ပြောင်းလွဲလာပါသည်။ ထိုအခါ မြေအောက်ရေအောင်းလွှာသည် မလိုအပ်သော ဓါတ်ပစ္စည်းများကြောင့်လည်းကောင်း ၊ ရောဂါပိုးမွှားတို့ကြောင့်သော်လည်ကောင်း မြေအောက်ရေညစ်ညမ်းစေပြီး မသန့်မစင်ဖြစ်စေပါသည်။

မြေအောက်ရေသည် မိုးရေမှ တိုက်ရိုက်စိမ့်ဝင်စီးဆင်းလာခြင်း ဖြစ်ပါသည်။(မိုးရေတွင် အက်ဆစ်ပျော်ဝင်နေပါသည်။မိုးရေသည် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက စတင်၍ စက်ရုံအလုပ်ရုံများ တိုးတက်များပြားလာသည့်ကာ၊ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ် ထုတ်လွင့်မှု့များလာသောကြောင့် အက်စစ်ဓါတ်ပျော်ဝင်နှန်းပါ တိုးမြင့်လာပါသည်)။ အချို့သော ဓါတ်ပစ္စည်းများဖြစ်သည့် ကာဘွန်နစ်အက်စစ်၊(Carbonate Acid)  ကလိုရိုက် (Chloride) ၊ ဆာလ်ဖိုက် (Sulphide) တို့သည် မိုးရေစီးဆင်းစိမ့်ဝင်ရာမြေလွှာတလျောက်မှတဆင့် မြေအောက်ရေအောင်းလွှာထဲသို့ ပျော်ဝင်စေသော ဓါတ်ပစ္စည်း များဖြစ်ပါသည်။ ထို့အပြင် ကလိုရိုက်(သို့) ဆလ်ဖိုက်(သို့)  ကာဘွန်နစ် (သို့) သုံးမျိုးစလုံးသည် ဓါတ်ပေါင်းအနေနှင့် အများဆုံး တွေ့ရှိရပါသည်။

မြေအောက်ရေ၏ ဓါတုပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် ပျော်ဝင်မှု့တို့သည် ဓါတုဗေဒဘာသာရပ်ဆိုင်ရာ သဘောတရားများအရ၊ ရေ၏ အချဉ်ဓါတ်ပါဝင်မှု့ အညွန်းကိန်း (ပီအိပ်(ခ်ျ)၊ pH ၊ အနည်းအများ၊ အတိုးအလျော့၊ ရေအောင်းလွှာ၏အပူချိန် (Temperature of aquifer / water bearing layer) နှင့် ဓါတ်တိုးခြင်း (Oxidation) ၊ဓါတ်လျော့ခြင်း (Reduction) တို့၏ စွမ်းဆောင်ရည်သာလျှင်ဖြစ်ပေသည်။

စက်ရေတွင်းတစ်တွင်းမှ ရေနှင့် အခြားစက်ရေတွင်းတစ်တွင်းမှ ရေ၊ အရသာ အရည်အသွေး မတူကြပေ။ (တစ်တွင်းနှင့် တစ်တွင်း နီး နေသော်လည်း) မြေအောက်ရေ ခိုအောင်းနေသော မြေလွှာ၏အတိမ်အနက်နှင့် ဘူမိဗေဒဆိုင်ရာ ဂုဏ်သတ္တိများ ၊ မြေအောက်ရေတွင် ပျော်ဝင်နေသည့် ဓါတ်ပစ္စည်း စုစုပေါင်းပမာဏနှင့် အမျိုးအစားများ၊ အဆိုပါဓါတ်များပျော်ဝင်နေသော မြေအောက်ရေတွင် ခိုအောင်းနေသည့် အချိန်ကာလ၊ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသည့် မိုးရေဖြတ်သန်းစီးဆင်းရာ တလျှောက်ရှိ မြေသား ၊ကျောက်သားတို့၏ ဓါတ်ဂုဏ်သတ္တိများ၊ စသည့်အချက်များက စက်ရေတွင်းတစ်တွင်းချင်း၏ ရေအရည်အသွေးကို အဆုံးအဖြတ်ပေးပါသည်။

မြေအောက်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေသူများသည် မိမိတို့အိမ်ရှိ စက်ရေတွင်းမှ ထွက်သောရေ၏ အထွေထွေဂုဏ်သတ္တိ၊ဓါတုဗေဒဆိုင်ရာ ဂုဏ်သတ္တိများနှင့် ဓါတ်ပျော်ဝင်မှု့များကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO / World Health Organization) က သတ်မှတ်ထားသော သောက်သုံးရေ အရည်အသွေး အဆင့်အတန်း၊ (Drinking Water Quality Standard) တန်းနှင့် ချိန်ထိုး၍ အခြေခံအချက်အလက်များကို သိထားသင့်ပါ သည်။(မြန်မာနိုင်ငံသည် အခြားအရှေတောင်အာရှနိုင်ငံများကဲသို့ မိမိနိုင်ငံသူနိုင်ငံသားများ၏ အစားသောက် အသုံးပြုသည့်ရေသုံးစွဲမှု့ အလေ့အထ၊ ကျန်းမာ ရေးရှုထာင့် စသည့် အချက်များအပေါ်အခြေခံ၍ မြန်မာ့သောက်သုံးရေ အရည်အသွေးအဆင့်အတန်း၊ (Myanmar DrinkingWater Quality Standard) တခုကို ကျန်းမာရေးဦးစီးဌာနနှင့် ရေအသုံးချရေးဌာနများ ပူးပေါင်း၍ သတ်မှတ်ထား ရှိပါသည်။)

မြန်မာနိုင်ငံ၌် မြေအောက်ရေတွင် ပျော်ဝင်နိုင်သည့် ဓါတ်ပစ္စည်းများကို ရေစမ်းသပ်ဓါတ်ခွဲခန်း၌ မည်ရွေ့မည်မျှ ပါဝင်သည်ကို စမ်းသပ်သိရှိနိုင်ပါသည်။ အဆိုပါ ရုပ်ပိုင်းဆိုင်ရာ (General Properties) ၊ ဓါတုဗေဒဆိုင်ရာ(Chemical Properties) ပစ္စည်းများမှာ- ပုံပန်းသဏ္ဍန် (appearance) အရောင်(Color)၊ အနံအရသာ (odor /Smell) ရေနောက်ကြိမှု့၊ ရေကြည်လင်မှု့ (Turbidity)၊ ဓါတပစ္စည်း စုစုပေါင်း ပျော်ဝင်မှု့ပမာဏ (Total Dissolved Solid)၊ လျှပ်စစ်စီးကိန်း သတ္တိ (Electrical Conductivity / EC) ၊ပီအိပ်(ခ်ျ်) (pH)  ၊ရေစေးခြင်း၊ (Total hardness as CaCO3) ၊ အယ်လကာလီသတ္တိ (Total Alkalinity as CaCO3) ၊ ဆိုဒီယံ (Sodium; Na+) ၊ ပိုတက်စီယံ (Potassium; K+) ၊ ကယ်စီယံ (Calcium; Ca++) ၊ မဂ္ဂနီစီယံ (Magnesium; Mg++) ၊ သံဓါတ် (Iron; Fe++) ၊ ကာဘွန်နိတ် (Carbonate; CO3=) ၊ဘိုင်ကာဘွန်နိတ် (Bicarbonate; HCO3-) ၊ ကလိုရိုက် (Chloride; CL-) ၊ ဆာလ်ဖိတ် (Sulfate; SO4--) ၊ ခဲ (Lead; Pb) ၊ သွတ် (Zinc; Zn)  ၊ကြေးနီ (Copper; Cu)  ၊အာစင်နစ် (Arsenic;As) တို့ဖြစ်ကြပါသည်။  Ammonia, NH4, Nitrate, Nitride, Fluoride တို့ကို ယ္ခင်က အမျိုးသားကျန်းမာရေးဓါတ်ခွဲခမ်း NHL (NationalHealth Laboratory) ၌ စမ်းသပ် စစ်ဆေး၍ရပါသည်။ (မိမိသုံးစွဲနေသော စက်ရေတွင်းမှ မြေအောက်ရေကို နှစ်စဉ်၊ တနှစ်တခါ ရေဓါတ်ခွဲ စမ်းသပ်သင့်ပါသည်။ ကျွမ်းကျင်သူနှင့် ဆွေးနွှေး တိုင်ပင်သင့်ပါသည်။)

သန့်ရှင်းကောင်းမွန်သောရေသည် အရောင်အဆင်း၊ အနံအရသာ မရှိပေ၊ (ရေ၏ အနံအရသာသည် သံချေးနံ့ (သို့) သတ္တုတခုခု၏အနံ့ နှင့် ဆော်ဒါ၊ ဘိလပ်ရေ (သို့) သတ္တုဓါတ်ဆားဖျော်ရည် အရသာ ရပါက ဆိုဒီယံကလိုရိုက်၊ ဆိုဒီယံဆလ်ဖိုက်၊ ကယ်စီယံကလိုရိုက်နှင့် ဆလ်ဖိုက်များ သတ်မှတ်အဆင့်ထက် ပိုမိုများပြားစွာပါဝင်နေခြင်း။)(အောက်သိုးသိုး အနံအရသာ၊ ပုပ်သိုးသော အနံအရသာ၊ ကြက်ဥဘဲဥပုပ်နံ အရသာ ရပါက ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် (H2S) ၊ မှော်၊ ရေညှိ စသည်တို့နှင့် ဘက်တီရီးယား ပိုးမွှားများ ရေတွင်း၌သော်လည်းကောင်း၊ ရေစုတ်တင်ရာ ရေပိုက်လိုင်းတလျောက်သော်လည်းကောင်း တွယ်ကပ်နေ၍ဖြစ်ပါသည်။လည်းကောင်းတို့ကို ရှင်းလင်းပစ်ရပါသည်)။

ရေအရောင်သည် နို့ရောင်၊ (သို့) နိ့ရည်ကြဲတဲတဲ ၊ ဖျော့တော့တော့အသွင် (Turbidity) ဖြစ်နေပါက - ရေတွင် သာမန်မျက်စေ့နှင့် မမြင်နိုင်သော အဏုဇီဝရုပ်ပစ္စည်းများ ပျော်ဝင်နေသောကြောင့်ဖြစ်ပါသည်။ (Turbidity) ကို (NTU; Nephelometric Turbidity Units) ဖြင့် တိုင်းပါသည် ။ သောက်သုံးရန် သင့်လျော်သည့်အဆင့်မှာ 5 NTU (ရေအရောင်သည် လုံးဝကြည်လင်နေပါမည်) နှင့် 25NTU (ရေအရောင်သည် ကြည်လင်နေပါမည်။) ဖြစ်ပါသည်။ ရေသည် နိ့ရည်ဖျော့ရောင်၊တိမ်ဖြူရောင် ဖြစ်နေပါက သောက်သုံးရန် သတ်မှတ်အဆင့်ထက် ကျော်လွန်နေပါသည်။) မ သောက်သုံးသင့်ပါ။ (သောက်သုံးရေအတွက် (Turbidity) သတ်မှတ်ချက်မှာ 5 NTU - 25NTU ဖြစ်ပါသည်။)

လျှပ်စစ်စီးကိန်းသတ္တိ (Electrical Conductivity / EC) သည် ရေ၏ လျှပ်စစ်စီးကိန်းဖြစ်ပါသည်။ရေတွင် ပျော်ဝင်သည့်ဓါတ်ပစ္စည်းများ၊ပမာဏများပါက လျပ်စစ်စီးကိန်းသည် ပိုများလေဖြစ်ပါသည်။ EC ၏ တိုင်းတာသည့်ယူနစ်မှာ မိုင်ခရိုဆီမင်းပါယူနစ်ဧရိယာ μ mhos/cm (micro mhos per centimeter) or μ S/cm (micro-Siemens per centimeter) ဖြစ်ပါသည်။ (သောက်သုံးရေအတွက် အီစီသတ်မှတ်ချက်မှာ ၈၀၀ -၁၅၀၀ ဖြစ်ပါသည်။မိမိသုံးစွဲနေသော စက်ရေတွင်း၏ ရေသည် အငံဓါတ်အရသာ ရနေပါက ထိုရေသည် အီစီ ၁၅၀၀ ကျော်နေမည်ဖြစ်ပါ သည်။)

ဓါတုပစ္စုည်း စုစုပေါင်း ပျော်ဝင်မှုပမာဏ (Total Dissolved Solid / TDS) ၊သည် ရေတွင် ပျော်ဝင်နေသော ဓါတုပစ္စည်း၊ အရာဝတ္တုများ စုစုပေါင်း ကို တိုင်းတာ၍ ရသည့်ပမာဏဖြစ်ပါသည်။ တိုင်းတာသည့် ယူနစ်မှာ - mg/L = milligrams per liter, or parts per million ( ppm ) ဖြစ်ပါသည်။(သောက်သုံးရေအတွက် တီဒီအက်စ် TDS  သတ်မှတ်ချက်မှာ ၅၀၀ - ၁၅၀၀ ဖြစ်ပါသည်။) (ပင်လယ်ရေ၏ တီိဒီအက်စ်သည်  ၃၅၀၀၀ အထက်ရှိပါသည်။) မြေအောက်ရေ၏ အပူချိန်မြင့်လေ ဓါတ်ပျော်ဝင်မှု စုစုပေါင်း TDS / EC များလေဖြစ်ပါသည်။ ထိုပြင် EC နှင့် TDS တို့သည် ဆက်စပ်မှု ရှိနေပါသည်။ အီစီနှင့် တီဒီအက်စ် ဆက်စပ်မှု ကိန်းသေမှာ (၀.၆၄) ဖြစ်ပါသည်။ ဆက်စပ်နည်းမှာ (EC х 0.64 = TDS) ဖြစ်ပါသည်။

သို့ပါ၍ မြေအောက်ရေအသုံးပြုသူများ အနေနှင့် မိမိစက်ရေတွင်းမှ ထွက်ရှိသောရေ၏  (EC, TDS, pH, Fe) တို့ကို ကနဦးစမ်းသပ်စစ်ဆေး၍ သိရသည့် အဖြေအပေါ် အခြေခံပြီး ရရှိသည့်တန်ဘိုးများသည် သက်မှတ်အဆင့်ထက် မကျော်လွန်က သောက်သုံးရန် သင့်လျှော်ပေသည်။ သတ်မှတ်အဆင့် ကျော်လွန်နေပါက တတ်ကျွမ်းနားလည်သည့်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်သင့်ပါသည်။ အထက်ပါအချက်များကို အခြေခံ၍ ဒီရေ၊ရေငံ အတက်အကျရှိသည့် မြစ်ချောင်းများနှင့်နီးပါက မိမိ၏စက်ရေတွင်း၊ မြေအောက်ရေထဲသို့ ရေငံတိုးဝင်မှု ရှိမရှိကို ကနဦးလေ့လာသိရှိနိုင်ပါသည်။

ပင်လယ်ရေတွင် ပျော်ဝင်နေသော ဓါတ်ဆားပျော်ဝင်မှု့ပမာဏမှာ (၁၅၀၀၀ - ၅၀၀၀၀) ပီပီအမ် ရှိပြီး၊ပင်လယ် ရေတက် ရေကျ ဆက်စပ်နေသည့် မြစ်ချောင်းများ၌ ပျော်ဝင်နေသော ဆားဓါတ်ပမာဏမှာ (၁၅၀၀ -၁၅၀၀၀) ပီပီအမ်ရှိပါသည်။ ရေချိုရေငံအစပ်၊ ရေတက်ရေကျရှိသည့် မြစ်ချောင်း (လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ပဲခူးမြစ်စသည့်)များတွင် ဆားဓါတ်ပါဝင်မှု့မှာ (၈၀၀ - ၁၅၀၀) ပီပီအမ် ရှိပါသည်။ ရေသန့် / ရေချို (Pure Water ) ၏ ဆားဓါတ်ပါဝင်မှု့ ပမာဏသည် ( ၀ - ၅၀၀) ပီပီအမ်အတွင်း ရှိပါသည်။ (ပင်လယ်ရေကို လူတို့သောက်၍မရသည့်အကြောင်းအရင်းမှာ ပင်လယ်ရေတွင်ပျော်ဝင်နေသော ဆားဓါတ်ပမာဏသည် လူ၏သွေးထဲတွင်ရှိသည့် ဓါတ်ဆားပမာဏထက် (၃) ဆကျော် ပိုများနေသောကြောင့် ဖြစ်ပါသည်။)

ပီအိပ်ခ်ျ (pH) သည် ရေ၏ အက်ဆစ် (အချဉ်ဓါတ်) (Acid) ၊ အလ်ကာလီ (Alkali) တို့သည် ဟိုက်ဒရိုဂျင်အိုင်းရွန်းအနေနှင့် မည်မျှပါသည်ကို ညွန်ပြသော အညွန်းကိန်းဖြစ်ပါသည်။ အလွန်သေးငယ်သော အိုင်းယွန်းဖြစ်ပြီး ရေ၏ဓါတ်ဂုဏ်သတ္တိများကို ပြောင်းလွဲစေနိုင်ပါသည်။ ပီအိပ်(ခ်ျ) ၇ သည် ကြားနေ (Neutral) အခြေအနေဖြစ်ပြီး၊ ( ၇) ထက်ကျော်ပါက အလ်ကာလီ (အလ်ကာလီသတ္တိများသောရေ) ဖြစ်ပြီး( ၇) အောက် လျော့ပါက အက်ဆစ်များသည့် (အက်စစ်များသောရေ) ဟု သတ်မှတ်ပါသည်။ သိုပါ၍ မြေအောက်သုံးစွဲသူများကလည်း မိမိတို့အိမ်ရှိ စက်ရေတွင်းမှရေကို ပီအိပ်(ခ်ျ) စကေးတိုင်း စက္ကူ (pH paper) ဖြင့် စစ်ဆေးပြီး၊ ပီအိပ်(ခ်ျ) တန်ဘိုး ၆.၅ ထက် နည်းပါက (သို့) ၈.၅ ထက် များပါက မိမိစက်ရေတွင်းမှ ရေနမူနာ ရယူ၍ ရေစမ်းသပ်ဓါတ်ခွဲခမ်းသို့ ပေးပို့စစ်ဆေးပြီး ရရှိသောအဖြေပေါ်မူတည်၍ တတ်ကျွမ်းနားလည်သော သူနှင့် တိုင်ပင်ဆွေးနွေး၊ အကြံ ဥာဏ်ရယူ သင့်ပါသည်။

ရေသန့်ပညာရှင်များ၊ ရေသန့်စင်စက် တပ်ဆင်ပေးသည့်သူများသည် ရေအရည်အသွေးစစ်ဆေးရာတွင် ပီအိပ်ခ်ျ မည်မျှရှိသည်ကို အရင်ဆန်းစစ်ကြရပါသည်။ (သောက်သုံးရေအတွက် ပီအိပ်ခ်ျ သတ်မှတ်ချက်မှာ ၆.၅ - ၈.၅ ဖြစ်ပါသည်။) (ဘက်ထရီအိုး အက်ဆစ် (Battery Acid) သည် (pH) ပီအိပ်ခ်ျ သုညဖြစ်ပါသည်။ သတ္တုတွင်းများမှ စွန့်ပစ်ရေဆိုးများ၏ ပီအိပ်ခ်ျသည် ၂ အောက်တွင်ရှိပါသည်။ Liquid Drain Cleaner သည် အလ်ကာလီ (Alkali) (Basic) အဆင့် ၁၄ ရှိပါသည်။)

ရေစေးရေ (Hard Water) ဆိုသည်မှာ ရေတွင် ကယ်စီယံ (Calcium; Ca++) နှင့် မဂ္ဂနီစီယံ (Magnesium; Mg++) စသည့်ဓါတ်ပစ္စည်း များသည် ဓါတ်ပေါင်းအနေနှင့် များပြားစွာပျော်ဝင်နေသည့်ရေကို ခေါ်ပါသည်။ ရေစေးတွင် နှစ်မျိုး၊ ယာယီရေစေးနှင့် အမြဲရေစေး (TemporaryHardness and Permanent Hardness) ရှိပါသည်။ရေစေးသည် အ၀တ်လျှော် ကိုယ်တိုက်ဆပ်ပြာ အမြုတ်ထွက်ရန် ဆပ်ပြာ ပိုသုံးရပါသည်။

ယာယီရေစေးသည်ကယ်စီယံ (Calcium; Ca++) နှင့် မဂ္ဂနီစီယံ (Magnesium; Mg++) တို့ သည်ကာဘွန်နိတ် (Carbonate; CO3=) ၊ဘိုင်ကာဘွန်နိတ် (Bicarbonate; HCO3-) တို့ပေါင်းစပ်ပြီးဖြစ်လာသည့် ဓါတ်ပေါင်းများ၊ များပြားစွာ ပါဝင်နေသောကြောင့်ဖြစ်ပါသည်။ ယာယီ ရေစေး(Temporary Hardness)  ကို ရေဆူအမှတ်ရောက်အောင် အပူပေးခြင်းဖြင့်သော်လည်ကောင်း၊ ထုံးဖျော်ရည်(Calcium Hydroxide; Ca (OH)2)ထဲ့၍ အနယ်ထိုင်ခြင်းဖြင့်သော်လည်ကောင်း ပြုပြင်နိုင်ပါသည်။

အမြဲရေစေး (Permanent Hardness) သည် ကယ်စီယံ (Calcium; Ca++) နှင့်မဂ္ဂနီစီယံ (Magnesium; Mg++) တို့၊ ကလိုရိုက် (Chloride; CL-) ၊ ဆလ်ဖိတ် (Sulfate; SO4--) တို့နှင့် ပေါင်းစပ်ထားသော ဓါတ်ရောများ၊ များပြားသောကြောင့်ဖြစ်ပါသည်။ အမြဲရေစေးကို ယာယီရေစေးကဲ့သို့ ရေသွက်ဖြစ်အောင် လုပ်၍မရပါ။ရေသန့်စင်လုပ်ငန်းများတွင် သုံးသည့် ဓါတုအေ့ဂျင့်များနှင့်သာ ရေသွက်ဖြစ်အောင်ပြုလုပ်၍ရပါသည်။ (Total hardness as CaCO3) နှင့် အယ်လကာလီသတ္တိ (Total Alkalinity as CaCO3) တို့ တခုနှင့် တခု မတူပါ။ သို့သော် တခုနှင့် တခု ဆက်စစ်နေပါသည်။ ပီအိပ်ခ်ျ တန်ဘိုး ၆ အောက်ရှိနေပါက ရေစေးသည် ရေပိုက်များ၊ ချက်ပြုတ်သည့်အိုးများကို ဂျိုးတက်စေပါသည်။ ရေစေးကို များများ သောက်သုံးပါက ၀မ်းချုပ်စေနိုင်ပါသည်။ (သောက်သုံးရေအတွက် ရေစေး (Total hardness as CaCO3) အဆင့်သတ်မှတ်ချက်မှာ ၇၅ - ၂၀၀ ဖြစ်ပါသည်။) (ရေသွက်၏အဆင့်မှာ ၆၀ နှင့် ၆၀ ပီပီအမ် အောက်ဖြစ်ပါသည်။)

(မှတ်ချက်၊ ၊ ကယ်စီယံ (Calcium; Ca++) နှင့် မဂ္ဂနီစီယံ (Magnesium; Mg++) သည်ဓါတ်စဉ်အနေနှင့်သီးသန့်ရှိပါက အားဖြည့်ပေးသော သတ္တုဓါတ်စဉ်ဖြစ်ပါသည်။ ကာဘွန်နိတ် (Carbonate; CO3=) ၊ ဘိုင်ကာဘွန်နိတ် (Bicarbonate; HCO3-) ၊တို့သည်လည်း မြေအောက်ရေတွင် ရှိ ကာဘွန်ဒိုင်အောက်နှင့် ဓါတ်ပြုခြင်းဖြင့် ဖြစ်တည်လာခြင်းဖြစ်ပါသည်။

သံဓါတ် (Iron; Fe++) ၊ ကို ရေတွင် သံအောက်ဆိုက်အနေနှင့် အတွေ့များပါသည်။ သံအောက်ဆိုက်(၂) မျိုးရှိပါသည်။ ဖဲရပ်စ်အောက်ဆိုက် (Ferrous-oxide, Fe203) နှင့် ဖဲရစ်အောက်ဆိုက် (Ferric-oxide, Fe304) တို့ဖြစ်ပြီး ဖဲရပ်စ်အောက်ဆိုက်အနေနှင့် တွေ့ရများပါသည်။ မဂ္ဂနီစ်(Manganese; Mn) နှင့် တွဲတွေ့ရတတ်သည်၊သံဓါတ်ကဲ့သို့ အစွန်းထေးများ ဖြစ်စေပါသည်။ အရောင်မှာ အနက်ရောင်၊ ညိုညစ်ညစ်အရောင် အစွန်းအထင်း ဖြစ်စေပါသည်

ရေတွင် သံဓါတ်ပျော်ဝင်မှု့များပါက ရေအရောင်သည်အ၀ါရောင်၊ လိမ္မော်ရောင်၊ သံချေးရောင်၊ စသည်ဖြင့်တွေ့ရပါသည်။ အနံရှိပြီး အ၀တ်အထည်များကို စွန်းထင်းစေပါသည်။ ထမင်းချက်ရင်လည်း ထမင်းအရောင် မဖြူဖွေးပါ။ ရေနွေးကြမ်းလည်း သောက်မကောင်းပါ။သံဓါတ်သည် သတ်မှတ်အဆင့်ထက် ကျော်လွန်ခြင်း ရှိမရှိကို သိလိုပါက မိမိအိမ်ရှိ စက်ရေတွင်း (အ၀ိစီတွင်း)မှရေကို အနည်းငယ် ရယူ၍ မြန်မာလ္ဘက်ခြောက်၊လ္ဘက်ရေကြမ်းထည့်ထားသော ခွက်ထဲသို့ အတော်အသင့် သွန်ထည့်ကြည့်ပါ။ ထိုအခါရေနွေးကြမ်းရေသည် ညိုမည်းသွားပါက သံဓါတ်သည် သတ်မှတ်အဆင့်ထက် ၂ ဆ ၃ဆ ခန့် ပိုမိုများပြားနိုင်ပါသည်။ ရေနွေးကြမ်းသည် မည်းသွားပါက သံဓါတ်သည် သတ်မှတ်အဆင့်ထက် ၅ ဆမှ ၇ ဆခန့်ပိုနိုင်ပါသည်။ (သောက်သုံးရေ အတွက်သံဓါတ် (Iron; Fe++) သတ်မှတ်ချက်မှာ ၀.၃ - ၁.၀ ဖြစ်ပါသည်။) မြေအောက်ရေတွင်ပျော်ဝင်နေသောသံဓါတ်ကို  ဖယ်ရှား၍ ရပါသည်။ (သံဓါတ် (Fe) များစွာပျော်ဝင် နေပါက စာရေးသူ၏ သံဓါတ်ဖယ်ရှား နည်းကို  အသုံးပြုခြင်းဖြင့် သံဓါတ်လျော့ကျသွားမည်ဖြစ်ပါသည်။) သံဓါတ်ဖယ်ရှားနည်းကို သီးသန့်ဆောင်းပါးတခုအနေနှင့် ဆက်လက်ဖေါ်သွားပါမည်။

ဆိုဒီယံ (Sodium; Na+) ၊ ပိုတက်စီယံ (Potassium; K+) ၊ကို မြေအောက်ရေတွင် ကလိုရိုက်၊ ကာဘွန်နိတ်တို့နှင့် ထိတွေ့ပြီး ဓါတ်ပေါင်း အနေနှင့်တွေရပါသည်။ အဆိုပါ  ဓါတ်ပစ္စည်းနှစ်ခုစလုံးသည် သဘာဝအလျောက်မြေအောက်ရေတွင် ပျော်ဝင်လွယ်ပြီး၊ ယင်းတို့ကို ရေချို-ရေငံအစပ်နှင့်နီး သည်နေရာဒေသများ၊ ပင်လယ် ကမ်းစပ်နှင့် နီးသည့် နေရာဒေသများရှိ စက်ရေတွင်းများတွင် တွေ့ရများပါသည်။ အဆိုပါ ဓါတ်ပေါင်းပျော်ဝင်မှု များလွန်းပါက ရေငံစေပြီး၊ ရေ နွေးငွေ့၊ ဘွိုင်လာအိုး၊ရေနွေးအိုးများ ၌ ရေနွေးအမြုပ်များ ထစေပြီး၊ ရေဂျိုးတက်စေပါသည်။ (သောက်သုံးရေအတွက် ဆိုဒီယံပါဝင်မှု့သတ်မှတ်ချက်မှာ ၅၀ ပီပ်ီအမ်ဖြစ်ပါသည်။)

ကလိုရိုက် (Chloride; CL-) ကို ပင်လယ်ရေတွင် သဘာဝအလျောက်အများဆုံးတွေ့ရပေသည်။ မြေအောက်သတ္တုတွင်းများတွင်လည်း ဓါတ်ပေါင်းအနေနှင့် တွေ့ရပေသည်။ကလိုရိုက်သည် စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးထုတ်မြောင်းများ၊ လောင်စာစွမ်းအင်အရင်းအမြစ်များ၊ စိုက်ပျိုးရေထုတ် ရေမြောင်းများ မှတဆင့် မြေအောက်ရေသို့ စီးဝင်ခြင်းဖြင့် မြေအောက်ရေတွင် ပျော်ဝင်ခြင်းဖြစ်ပါသည်။ ရေတွင်ပျော်ဝင်နေသော ကလိုရိုက်ကို လျော့ကျအောင် ပြုနည်းသည် စာရိတ် အလွန်ကြီးပါသည်။မြေအောက်ရေတွင် ဆိုဒီယံကလိုရိုက်များစွာ ပျော်ဝင်နေပါက ရေပိုက်လိုင်းများ ဂျိုးတက်စေပါသည်။

သတ်မှတ်အဆင့်ထက် များသောရေကို သောက်ကြည့်ပါက ငံသောအရသာကို ရစေပါသည်။ ကျန်မာရေးအရ နှလုံးနှင့် ကျောက်ကပ်ကို ဆိုးကျိုးဖြစ်စေပါသည်။(သောက်သုံးရေအတွက် ကလိုရိုက်ပါဝင်မှု့ သတ်မှတ်ချက်မှာ ၂၅၀ အောက်၊ အများဆုံး ၂၅၀ ပီပ်ီအမ်ဖြစ်ပါသည်။)

ဆလ်ဖိတ် (Sulfate; SO4--) ၊မြေအောက်ရေတွင်ဆလ်ဖိတ်ကို ဆိုဒီယံ (Sodium; Na+) ၊ ကယ်စီယံ (Calcium; Ca)++) ၊မဂ္ဂနီစီယံ (Magnesium; Mg++) ၊တို့နှင့်ပေါင်းစပ်ပြီး ဓါတ်ပေါင်းအနေနှင့် တွေ့ရပါသည်။ အဆိုပါဓါတ်ပေါင်းသည် မြေအောက်ရေတွင် သတ်မှတ်အဆင့်ထက် လွန်နေပါက သောက်သုံးသူအတွက် ခါးသောအရသာကို ဖြစ်စေပြီး၊ များစွာသောက်မိပါက ၀မ်းသွားစေပါမည်။ ခန္ဒာကိုယ်မှ ရေဓါတ်လျော့နည်းစေပါသည်။

ရေပိုက် (သံပိုက်၊ ကြေးပိုက်၊ ဂျီအိုင်ပိုက်များကို တမြေ့မြေ့ ယိုယွင်းပျက်စီးစေပါမည်။(သောက်သုံးရေအတွက် ဆာလ်ဖိတ်ပါဝင်မှု့ သတ်မှတ်ချက်မှာ ၂၅၀ အောက်၊ အများ ဆုံး ၂၅၀ ပီပ်ီအမ်ဖြစ်ပါသည်။) ခဲ (Lead; Pb) ၊သွတ် (Zinc; Zn) ၊ကြေးနီ (Copper; Cu) ၊အာစင်နစ် (Arsenic; As) ၊ဖလူလိုရိုက် (Fluoride)  တို့သည် အဆိပ်အတောက်၊ဘေးအန္တရာယ်ဖြစ်စေသော သတ္တုပစ္စည်းများဖြစ်ကြပါသည်။ (အခြားအဆိပ်အတောက်၊ ဘေးအန္တရာယ်ဖြစ်စေသော ဓါတ်သတ္တုများစွာ ရှိပါသေးသည်)။ အဆိုပါ သတ္တုဓါတ်များကို ရေတွင် အလွန့်လွန် နည်းပါးစွာ ပျော်ဝင်နေသဖြင့် (Trace Elements / Minerals and toxic Materials) ဟု ခေါ်ပါသည်

အဆိုပါဓါတ်သတ္တုများဖြစ်တည်မှု့မှာ  စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာများ ပျော်ဝင်နေသောစွန့်ပစ်ရေ၊ စက်ရုံအလုပ်ရုံက စွန့်ပစ်ရေ၊ သတ္တုတွင်းများမှ ထွက်ရှိသော စွန့်ပစ်ရေများသည် မြေအောက်ရေအောင်းလွှာသို့ စီးဆင်း စိမ့်ဝင်သွားခြင်းဖြင့်သော်လည်ကောင်း၊ မြေအောက်ရေ (Shallow Groundwater) ကို ပြန်လည်ဖြည့်တင်းပေးရာဒေသ၌ မိုးရေမှတဆင့် မြေကြီးအတွင်း စိမ့်ဝင်စီးဆင်းသောရေသည် အဆိုပါဓါတ်ပစ္စည်းများပါဝင်သည့် ဘူမိဗေဒသက်တမ်း (Geological age) အရ သက်နုအနယ်ကျကျောက်လွာ၊ (Younger Sedimentary Deposit) မြေလွာများကို ဖြတ်သန်း စီးဆင်းလာရာ အဆိုပါဓါတ်များသည် မြေအောက်ရေတွင် နှစ်ရှည်လများ ပျော်ဝင်နေသောကြောင့်သ်ာလည်ကောင်း၊ ဖြစ်ပါသည်။မြေအောက်ရေ အရည်အသွေးကို ယိုယွင်းပျက်စီးစေပြီး လူနှင့် ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ဖြစ်စေပါသည်။

အဆိုပါ ဓါတ်သတ္တုများမှ ဓါတ်တစ်ခုခှု ရေတွင်ပျော်ဝင်နေသည်ကို မသိဘဲ လများစွာသောက်သုံးမိပါက အရေပြားနှင့်ဆိုင်သော၊ ကျောက်ကပ်၊ ဆီးအိမ်၊ဆီးနှင့် ပတ်သက်သော ကင်ဆာရောဂါ၊ နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများကို ဖြစ်လာစေနိုင်ပါသည်။ ဖလူလိုရိုက် (Fluoride) ကို ဓါတ်ပစ္စည်းတခုအနေနှင့် မြေအောက်ရေတွင် မြေသားကျောက်သားများတွင် အတွေ့ရများပါသည်။ရေတွင် ပျော်ဝင်နေသော ဖလူအိုရိုက်ဒ်သည် သတ်မှတ်ချက်ထက် မများပါက သွားချိုးတက်ခြင်းကို သက်သာစေပါသည်။ သွားမျာကို ဖြူဖွေးစေပါသည်။ သတ်မှတ်ချက်ထက်များသောရေကို နှစ်ရှည် လများ သောက်သုံးပါက သွားဖုံး၊ အရိုးအဆစ်များ နာကျင်စေပါမည်။

(မြန်မာနိုင်ငံတွင် သောက်သုံးရေ၌် အာစင်နစ်နှင့် ခဲဓါတ်ပါဝင်မှု့ သတ်မှတ်ချက်မှာ ၀.၀၁ ပီပီအမ် အများဆုံးဖြစ်ပါသည်။)

(ယခု၊လက်ပံတောင်းတောင် ပတ်ဝန်းကျင်ကျေးရွာများတွင် အထက်ပါဘေးအန္တရာယ်များနှင့် ကြုံတွေ့နေပါသည်။)

ရေမသန့်ရှင်းမှု့ကို ဖြစ်စေသော အကြောင်းအရင်း

ကမ္ဘာပေါ်တွင် မသန့်ရှင်းသောရေနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု့များကြောင့် ဖြစ်ပွားလျက်ရှိသောရောဂါမှာ ၀မ်းလျောရောဂါဖြစ်ပါသည်။ သက္ကရာဇ်  ၂၀၀၂ ခုနှစ်၌ မဖွံဖြိုးသေးသောဒေသများနှင့် ဖွံဖြိုးဆဲနိုင်ငံများတွင် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော ပတ်ဝန်းကျင်များကြောင့် ကလေး လူကြီး ၁.၆  သန်း သေဆုံးကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့၏ မှတ်တမ်းများအရ သိရှိရပါသည်။

မြေအောက်ရေကို ညစ်ညမ်းစေသော အဓိကအကြောင်းအရင်းများမှာ ဇီဝဗေဒဆိုင်ရာလုပ်ငန်းများမှ စွန့်ပစ်ရေများ၊လူတို့စွန့်ပစ် အညစ်အကြေးများနှင့် စက်ရုံအလုပ်ရုံ စွန့်ပစ်ပစ္စည်း၊ သတ္တုတွင်းမှ စွန့်ပစ်ရေဆိုးများတို့ကြောင့် ဖြစ်ပါသည်

ထို့ပြင်ဓါတ်ဆီဆိုင်များရှိ မြေအောက်ဆီသိုလှောင်ရုံများသည် ဆီစိမ့်မထွက်နိုင်သော လှောင်ကန်များ မဟုတ်ပါက အဆိုပါဆီလှောင်ကန်မှ ဆီများ မြေကြီးအတွင်း စိမ့်ဝင်ပြီး မြေအောက်ရေအောင်းလွာတွင် ရေနှင့်ထိတွေ့ပြီး မြေအောက်ရေထု ညစ်ညမ်းစေခြင်းတို့ကိုလည်း ဖြစ်စေပါသည်။ သဲဆန်သောမြေလွာများတွင် ပိုမိုအဖြစ်များပါသည်

စိုက်ကွင်းများနှင့်နီးသော စက်ရေတွင်းများမှာမူ စိုက်ပျိုးရေးလုပ်ငန်းသုံး  ဓါတ်မြေသြာဇာများကြောင့်လည်း ရေထုညစ်ညမ်းပြီး အဆိပ်အတောက်ဖြစ်စေပါသည်။ဓါတ်မြေသြဇာတွင် နိုက်ထရိုဂျင်ပါဝင်သောကြောင့် ဖြစ်ပါသည်။ တချို့မြေအောက်ရေများတွင် သဘာဝအလျောက် ပျော်ဝင်နေသော၊ (သို့) သတ္တုတွင်းများမှ စွန့်ပစ်အညစ်အကြေး။ (လူ၏ ကျမ္မာရေးကို ဆိုးရွားစွာ ဒုက္ခပေးသည့် အဆိပ်ဓါတ်ပစ္စည်းများ (အာစင်နစ် (Arsenic)၊ ကောပါး (Copper)၊ ကိုဘော့ (Cobol)၊ ခဲ၊ ငွေ (Lead, Zinc) စသည့်) ဓါတ်ပစ္စည်းများ ပျော်ဝင်နေတတ်ပါသည်။]

မြန်မာနိုင်ငံတွင် မြစ်ဝကျွန်းပေါ်ဒေသ၊ လေးမျက်နှာ၊ ကျုံပျော်၊ သာပေါင်း၊ ဟင်္သာတမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် တွင်းတိမ်စက်ရေတွင်းများ၌ တွေ့ရပါသည်။အဆိုပါဒေသ၏ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသောဒေသမှာ အနောက်ရိုးမတောင်ကျော၊ (တောင်ဘက်ချမ်း) ဖြစ်ပါသည်။အနောက်ရိုးမ တောင်ကျောသည် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်သောအခါ ငုတ်လျှိုးပျောက်ကွယ်ပြီး မြေပြန့်အသွင်အပြင် တွေ့ရပါသည်။အဆိုပါ တောင်ကြောတလျောက်တွင် (လေးမျက်နှာမြို့နယ်၊ အနောက်ဘက်ခြမ်း) လူတို့ကို အဆိပ်အတောက်ဖြစ်စေသော သတ္တုပစ္စည်းပါဝင်သည့် ကျောက်လွှာ ၊ မြေလွှာများ ရှိနေပါသည်။ထိုအဆိပ်အတောက်ဖြစ်စေသော ဓါတ်သတ္တုများသည် မြေအောက်ရေတွင် ပျော်ဝင်နေသောကြောင့် ဖြစ်ပါသည်။

ထိုအပြင် နာဂစ်မုန်တိုင်း၏ ဆိုးကျိုးသက်ရောက်ခံရသည့် နေရာဒေသအများစုရှိ မြေအောက်ရေ အရည်အသွေးများသည်လည်း ပင်လယ်ရေငံ ၀င်ရောက်ခြင်းကြောင့် ရေအရည်အသွေး ယိုယွင်းစေပါသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် တိုးတက်ကောင်းမွန်သော ရေပေးဝေရေး၊ ရေရရှိရေးစနစ်နှင့် မိလ္လာရေဆိုးထုတ်စနစ်များ ဆိုသည်မှာ -

အိမ်တိုင်ရာရောက် စည်ပင်သာယာရေသွယ်ပိုက်လိုင်း ရှိခြင်း။

ရပ်ကွက်(သို့) လမ်းထိပ်တွင် အများသုံးရေဘုံဘိုင်များထားရှိအသုံးပြုခြင်း။

စက်ရေတွင်းရေ အသုံးပြုခြင်း။

စနစ်တကျ  အကာအရံများရှိသော လက်တူးတွင်းများ အသုံးပြုခြင်း။

သန့်စင်သောချောင်းရေ၊ စိမ့်ရေ၊ စမ်းရေ၊ မြစ်ရေများကို သွယ်တန်း အသုံးပြုခြင်းနှင့်

စည်ပင်သာယာ မိလ္လာရေဆိုးထုတ်စနစ်ကိုအသုံးပြုခြင်း၊

အများသုံးမိလ္လာစနစ် (စုပေါင်းအိမ်ယာ၊တိုက်ခမ်းများ) အသုံးပြုခြင်း၊

ရေဆွဲအိမ်သာ/ ရေလောင်းအိမ်သာ အသုံးပြုခြင်း၊

လေ၀င်လေထွက် ကောင်းသည့်အနံအသက်ကင်းသော ကျင်းအိမ်သာအသုံးပြုခြင်း ...

စသည့်အချက်များပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ (၇၅) ရာခိုင်နှန်းသော အိမ်ယာ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့များသည် အထက်ပါအချက်အလက်များနှင့် ကိုက်ညီပါသည်ဟု WHO / UNICEF စစ်တမ်းများက ဆိုပါသည်။

အထက်ပါအချက်များနှင့် ပြည့်စုံစေခြင်းသည် ပြည်သူ့ကျန်းမာရေးအတွက် မြေအောက်ရေအရင်းအမြစ်ကို ကာကွယ်ရာရောက်ပေသည်။ ထိုသို့ကိုက်ညီနေသော အ ခြေအနေကို ယုတ်လျော့စေခြင်းမရှိရအောင် ဆက်လက် ထိမ်းသိမ်းရန်မှာ ပြည်သူပြည်သားများ၏ တာဝန်သာဖြစ်ပေသည် အထက်ပါအချက်များနှင့် မကိုက်ညီခြင်းသည် ရေမသန့်စင်မှု့ကို ဖြစ်စေသော အကြောင်းအရင်းအချို့ဖြစ်ပါသည်။ သို့သော်လည်း သဘာဝပတ်ဝန်းကျင်၊ သက်ရှိသတ္တ၀ါ၊ တိရိစ္ဆာန်၊သစ်ပင်စသည်တို့ကြောင့် ဖြစ်သော မြေအောက်ရေ ညစ်ညမ်းစေမှု့နှင့် မသက်ဆိုင်ပေ။

သောက်သုံးရေအတွက် ကျန်မာရေး အခြေခံလမ်းညွန်၊ သောက်သုံးရေတွင် ပျော်ဝင်နေသော ဓါတုပစ္စည်းများ၏ ပမာဏအနည်းအများသည် လူတို့၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအနည်းနှင့် အများဘေး ဒုက္ခဖြစ်စေမှု့ဖြင့်တိုင်းတာပါသည်။

ရေကောင်းရေသန့်ဆိုသည်မှာ ..

(၁) အရောင်အဆင်း အနယ်အနှစ် အနံအရသာတို့ကို ဖြစ်စေသော ရုပ်ဝတ္တုများကင်းစင်စေခြင်း။
(၂) လူတို့၏ စိတ်ရော ကိုယ်ပါ ကျန်းမာမှု့ကို ထိခိုက်စေသော ဓာတ်ပစ္စည်းများ ကင်းစင်စေခြင်း။
(၃) လူတို့အား ရောဂါရစေသော ပိုးမွှားများ ကင်းစင်စေခြင်း ... စသည့်အရည်အချင်း သုံးရပ်နှင့် ပြည်စုံသောရေကို ရေကောင်းရေသန့် ဟုခေါ်ပါသည်။

ရေသည်ကမ္ဘာလောကသားအားလုံးအတွက် မရှိမဖြစ် အခြေခံအလိုအပ်ဆုံးသော အရာဖြစ်ပါသည်။ မြေအောက်ရေသည် မြေပေါ်ရေထက် ပမာဏ၊ အဆများစွာ ဖြစ်တည်နေပါသည်။ ထိုကြောင့်မြေအောက်ရေကို အဆိပ်အတောက်၊ ရောဂါပိုးမွှားများ ပျော်ဝင် ညစ်ညမ်းမှု့ မရှိအောင် စဉ်ဆက် မပြတ် ဆက်လက်စောင့်ရှောက် ထိမ်းသိမ်းထားရမည် ဖြစ်ပါသည်။ မြေပေါ်မြေအောက် ရေအရင်းအမြစ်မှာ သဘာဝအလျောက်ဖြစ်တည်နေသော အရာများဖြစ်ပေသည်။သို့မှသာ လူသားအားလုံးအတွက် အလိုအပ်ဆုံးသော သောက်သုံးရေကို အမြဲ ရယူ သုံးစွဲနိုင်မည် ဖြစ်ပေသည်။

● အကြံပြုတင်ပြခြင်း
မြန်မာနိုင်ငံတွင် မြေအောက်ရေ၊ စက်ရေတွင်းများနှင့် သက်ဆိုင်သော အဖွဲ့အစည်းတခု ရှိသင့်ပါပြီ။စိတ်ချစွာ သောက်သုံးနိုင်သော ရေနှင့် သန့်စင်သောလေ ရရှိရေးသည် လူသားအားလုံးအတွက် မွေးရာပါ ရပိုင်ခွင့်ဖြစ်ပါသည်။

ကျမ်းကိုး
- National Groundwater Association USA; www.ngwa.org ;
- American water well owners association USAwww.wellowner.org ;
- Scientific Research and Essays Vol. 5, 2010; www.academicjournals.org ;
- Study of trace elements in groundwater of Western Uttar Pradesh, India, Department of Geology, Aligarh Muslim University, Aligarh 202002, India ; Protecting Groundwater for Health WHO 2006;
- Drinking Water Program; Department of Human Services; Oregon web...@tulane.edu; Wikipedia

Posted by Aung Htet at 6:08 PM 0 comments  

Ku Mo Jo - Only in Burma - Cartoon Series 2

ကာတွန်း ကူမိုးကြိုး - ကမ္ဘာတွင်မယ့် ဗမာ့အရေး ဟာသများ ၂
ဖေဖော်ဝါရီ ၇၊ ၂၀၁၃

Posted by Maung Yit at 4:46 PM 0 comments  

Nyein Chan Aye - My Hair is my flag my identity


“ကျွန်ုပ်၏ဆံပင်သည် ကျွန်ုပ်၏အမှတ်သင်္ကတ အလံတော်ဖြစ်သည်..” ဟု ခံယူခဲ့သူ တဦးအကြောင်း
ငြိမ်းချမ်းအေး
၀၆ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၃
ခင်ဝမ်း (၁၉၄၇-၂၀၀၀) နှင့် ဟယ်ရီလင်း (၁၉၆၂-၂၀၁၃) ကို မင်းမင်းလတ် ၏ ဈာပန (၁၉၉၇) ၌ တွေ့ရစဉ်၊ ဓာတ်ပုံ မျှဝေသူ - သုခမိန်လှိုင် (ကဗျာဆရာ/တေးရေးဆရာ)
ငယ်ငယ်က နိုင်ငံတကာ ဘောလုံးပွဲကြည့်ရင် ကွင်းထဲမှာ ဆံပင်ရှည်တလွှားလွှားနဲ့ အားကြိုးမာန်တက် တကွင်းလုံးအနှံ့ ပြေးလွှားကစားတတ်တဲ့ အမေရိကန် အနောက်ပိုင်း သေနတ်ပစ်ကားတွေထဲက “Red Indian” ရုပ်နဲ့ တောင်အမေရိကသားကြီး တိုက်စစ်မှုး ဇာမိုရာနို ကို အားပေးခဲ့တယ်။ ဇာမိုရာနိုဟာ ဘောလုံးကစားရာမှာ စိတ်ဓာတ်ကောင်းရုံတင်မကဘဲ သူ အမြဲဝတ်ဆင် တန်ဖိုးထားတဲ့ ကျောနံပါတ် (၉) ကို သူ့နောက်မှ အသင်းကို ရောက်လာတဲ့ လူငယ်ခြေတက် တိုက်စစ်မှုး အတွဲကို ပေးဝတ်၊ သူကတော့ သူ့ဂျာစီအင်္ကျီကျောမှာ (၁+၈) လို့သာ စိတ်အာသာပြေ ရေးထိုးဝတ်ခဲ့ပြီး ကျေနပ်နိုင်လောက်အောင် စိတ်သဘောထားကြီး ခဲ့တယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလည်း ဖြစ်တဲ့ အဲဒီ သူရဲ့ တွဲဖက် တိုက်စစ်မှုး ကို နိုင်ငံအသင်းချင်းပြိုင်တဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲ မှာ ပြိုင်ဘက် အနေနဲ့ ရင်ဆိုင်တွေ့ပြီး သူ့အသင်း ရှုံးနိမ့်သွားတော့ ဆက်လက်အောင်မြင် ဖလားဆွတ်ခူးနိုင်ဖို့အတွက် ဆုမွန်ကောင်းရှည်ကြီး တောင်းပေးနိုင် လောက်အောင်လည်း မနာလို၊ ဝန်တိုစိတ်ကင်း သဘောထား ဖြူစင်ခဲ့တယ်။
အလားတူပဲ ငယ်စဉ်က ကျနော့်ရဲ့ ဗမာပြည် နိုင်ငံခြားသံစဉ်မှီး အပြင်းစား ရော့ခ်ဂီတ စင်မြင့်မှာလည်း ကြေးနီရောင်အသားအရေ၊ နှာတံမြင့်မြင့် ပေါ်ပေါ်၊ လူနီရိုင်း အသွင်သဏ္ဍာန် မျက်နှာ၊ ဆံပင်ရှည်တလွှားလွှားနဲ့ ရော့ခ်သီချင်း အပြင်းစားတွေကို အားပါတရ စင်မြင့်တလျှောက် ပြေးလွှား ခုန်ပေါက် အော်ဟစ်၊ ဟစ်ကြွေးတတ်တဲ့ အညာသား ရော့ခ်ကာကြီး တယောက်ကို အားပေးခဲ့ဖူးတယ်။
သူဟာ ကျနော့်အတွက် နိုင်ငံခြားသံစဉ်မှီး အပြင်းစား ဗမာ ရော့ခ်ဂီတ ရဲ့ တဦးတည်းသော ရော့ခ်ဧကရာဇ်ကြီးလည်း ဖြစ်ခဲ့တယ်။
သူဟာ ကျနော့်အတွက် ဗမာပြည် ကိုယ်ပိုင်သံစဉ် ရော့ခ်ဂီတ ကို ရှေးဦးလမ်းဖောက်ခဲ့တဲ့ ဆလိုင်းသွှအောင် နဲ့ ဂျေမောင်မောင် ပြီးရင် တန်ဖိုးထား အသိအမှတ်ပြုရဆုံး အဆိုတော် ဗမာ ရော့ခ်ကာကြီးလည်း ဖြစ်တယ်။
သူဟာ ကျနော်နဲ့ ရင်ဘတ်ချင်းတူ တခေတ်တည်းကြီးပြင်းခဲ့ရတဲ့ လူငယ်တချို့ရဲ့ နှလုံးသားရင်ခွင်နန်းတော် ကို ရော့ခ်ဂီတနဲ့ နန်းစိုက်သိမ်းပိုက် နိုင်ခဲ့သူလည်းဖြစ်တယ်။
သူဟာ သူရဲ့ အောင်မြင်ချိန်တွေမှာ စည်းစိမ် အပြုတ်ခံပြီးတော့ကို ရော့ခ်ဝါသနာရှင် လူငယ်တွေကို မြေတောင်မြှောက်ပေးတတ်တဲ့ စေတနာရှင်ကြီးလည်းဖြစ်တယ်။
သူဟာ သူဆိုခဲ့တဲ့သီချင်းတွေနဲ့ သူ့ရဲ့ နောက်ပေါက်တွေ အောင်မြင်မှုရ၊ သူ့ကို ကျော်သွားနိုင်တာကိုလည်း မနာလိုဝန်တိုစိတ်ကင်း ကျေနပ်နေနိုင်တဲ့ စိတ်သဘောထားပြည့်ဝသူလည်း ဖြစ်တယ်။
သူဟာ အောင်မြင်နေတဲ့အချိန်မှာ လွယ်လွယ်ကူကူ ငွေရှာလို့ ရတဲ့အခွင့်အရေးတွေကို လျစ်လျူရှုနိုင်ခဲ့တဲ့ အလိုလောဘနည်းတဲ့သူလည်း ဖြစ်တယ်။
သူဟာ မအောင်မြင်ခင်၊ အောင်မြင်နေတဲ့အချိန် နဲ့ ကျချိန် ကာလသုံးပါးလုံးမှာ မပြောင်းမလဲ တသမတ်တည်း သဘောထားနိုင်တဲ့သူလည်း ဖြစ်တယ်။
ကျချိန်တွေရဲ့ သူ့သီချင်းတချို့မှာ နာကြည်းသံတွေ ထင်ဟပ်နေပေမယ့် သူဟာ ဘဝမှာ အရိုးသားဆုံးဖြစ်အောင် ကြိုးစား နေထိုင်သွားတဲ့သူလည်း ဖြစ်တယ်။
သူဟာ ဘဝကို ဂျစ်စပီ တယောက်လို ထင်သလိုနေထိုင် ပျော်ပျော်ပါးပါး မိုက်မိုက်မဲမဲ ပေပေတေတေ ဖြတ်သန်းသွားတဲ့သူလည်း ဖြစ်တယ်။
သူဟာ ဗမာပြည်ရဲ့ အခြေခံလူတန်းစား အမှတ်တံဆိပ် ဘီအီး အရက်ကို မောင်ချောနွယ်လို ယဉ်ကျေးမှုမြှင့် နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်သူလည်း ဖြစ်တယ်။
သူဟာ “ကျွန်ုပ်၏ ဆံပင် သည် ကျွန်ုပ်၏ အမှတ်သင်္ကတ အလံတော် ဖြစ်သည်..” လို့ တစိုက်မတ်မတ် ခံယူထားခဲ့သူလည်း ဖြစ်တယ်။
ဆံပင်ရှည်ထားခြင်းဟာ လွတ်လပ်ခြင်းရဲ့ လက္ခဏာ တခုပါ။ လွတ်လပ်လိုစိတ်ကို ပုံဖော်မှုပါ။ ချုပ်နှောင်မှုကို တန်ပြန်မှုပါ။ ဖိနှပ်မှုကို အာခံမှုမှာပါ။ မတရားမှုကို ဆန့်ကျင်မှုပါ။
ဆံပင်ရှည်ထားခြင်းဟာ ခေတ်အဆက်ဆက် လူငယ်ဆိုတဲ့ မျိုးဆက်ကွာပေမယ့်၊ အတွေးအခေါ်၊ ခံယူချက်၊ သဘောတရား မကွာ..၊ မပြောင်းလဲတဲ့ လူတန်းစားကို ကိုယ်စားပြုတဲ့ သင်္ကတပါ။
ဗမာပြည်က ရောခ့်ဘုရားတွေ အားလုံးနီးပါး တရားဝင် စင်မြင့် ဖျော်ဖြေပွဲတွေနဲ့ ခေါင်းက ဆံပင် လဲရတဲ့ အချိန်ကာလ တခုမှာတောင် သူဟာ သူ့ရဲ အမှတ်သင်္ကတ၊ လူငယ်ထု ကိုယ်စားပြု ပြယုဂ်၊ ရော့ခ်ဂီတ ရဲ့ အမှတ်တံဆိပ် ဆံပင်ရှည် ကို မဖြတ်ခဲ့တဲ့သူလည်း ဖြစ်တယ်။
အလယ်တန်းကျောင်းသားဘဝ အတန်းပိုင်ဆရာမ က အတန်းနောက် ဆွဲခေါ် ကတ်ကြေးနဲ့ ဆံပင်အတင်းညှပ်ပေးမှ ဆံပင်ညှပ်ဖြစ်တဲ့ ကျနော့်အတွက်..၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ဖိနှိပ်မှုကို ဆန့်ကျင်ခြင်းကို ဆံပင်ရှည် ထားခြင်းဆိုတဲ့ ရုပ်သဘော နဲ့ ဖော်ပြ စံပေတံ တိုင်းတတ်တဲ့ ကျနော့်အတွက် ထမင်းအိုးအကွဲခံ ဆံပင်ရှည်ထားနိုင်တဲ့ သူဟာ သူရဲကောင်းကြီးပါ။
အလားတူပဲ.. ရေပေါ်ဆီ လူ့မလိုင်အသိုင်းအဝန်းရဲ့ ဧည့်ခန်းဆောင် တိပ်ရကော်ဒါ ဓာတ်စက် နဲ့ ပွတ်သဘင် ပွဲတွေက ဖေတော့မောင်တော့ စာသား၊ အရူးချီးပန်း ဂီတ အဆင့်ကနေ အနောက်က ရော့ခ်ဘုရား ဘော့ဒိုင်လန် စတင် လမ်းဖောက် တပ်ဆင်ပေးလိုက်လို့ လေးနက်တဲ့ အတွေးအခေါ် စာသား၊ သံစဉ်တွေပါတဲ့၊ လူမှုတရားမျှတမှုကို ကိုယ်စားပြုတဲ့၊ နိုင်ငံသားအခွင့်အရေး၊ ပြည်သူ့အခွင့်အရေး ကို တောင်းဆိုတဲ့၊ အဖိနှိပ်ခံ လူတန်းစား ဘက်က ရပ်တည်တဲ့၊ မတရားမှုကို ဆန့်ကျင်တဲ့၊ လူ့သိက္ခာ ကို တန်ဖိုးထားတဲ့ လောကပါလ တရားလက်ကိုင် အခြေခံလူထု ကိုယ်စားပြု ဂီတ အမျိုးအစား ဖြစ်လာတဲ့ ရော့ခ်ဂီတဟာလည်း ကျနော့်အတွက် တန်ဖိုးထားစရာ လူမှု၊ဘဝ၊အတွေးအခါ် စံနှုန်း ဖြစ်ခဲ့ရတယ်။ ဆိုတော့ ဗမာပြည် အတိုင်းအတာ နဲ့ ရောခ့် ဂီတကို ကိုယ်စားပြုနိုင်တဲ့ သူဟာလည်း ကျနော့်အတွက် သူရဲကောင်းကြီး ဖြစ်ပြန်တာပေါ့..။
သူ.. ဆိုတာက..

ဟယ်ရီလင်း (၁၉၆၂-၂၀၁၃) ၊ ဓာတ်ပုံမျှဝေသူ DoneyMP
ငယ်ငယ်တုန်းက ‘ဂ’ ငယ်၊ ကြီးတော့ ‘ဃ’ ကြီး ဖြစ်သွားခဲ့တယ် ဆိုတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
မီးရောင်စုံ ဆလိုက်ထိုးထားတဲ့ စင်မြင့်ထက်မှာ မားမားကြီးရပ်.. ဆံပင်တွေ ဝဲချ၊ မိုက်ခွက် ကို အားမန်ပါပါနဲ့ ကိုင်ပြီး “စောင့်နေအချစ်ရေ.. ဟင်း.. ဟင်း.. တကယ်.. ရောက်လာမယ်..” လို့ စလိုက်ရင်ပဲ အောက်က လူငယ်ပရိသတ်ကို နဂါးငွေ့တန်းထဲ စွဲယူသလို ညှို့ယူသွားနိုင်စွမ်းရှိခဲ့သူ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
အနိမ့်အမြင့်၊ အတက်အကျတွေ အပြည့်နဲ့ ဂီတ ဘဝ လမ်းကြမ်းကို ရူးရူးသွပ်သွပ် ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
မထွက်ဖြစ်တဲ့ တေးစုတွေ တပွေ့တပိုက်နဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
သူ.. ကံဇာတာ နည်းပုံများ ဂန္တဝင် မှတ်တိုင် စိုက်ထူရမယ့် အခွေက ဦးနှောက်မရှိဘဲ တိုင်းပြည်အုပ်ချုပ် အဓမ္မ မင်းတက်လုပ်ခဲ့တဲ့ အရူးတွေရဲ့ ရမ်းကားတဲ့ လုပ်ရပ် ငွေစက္ကူသိမ်းလို့ ပရိသတ်ရှေ့ ချမပြလိုက်ရရှာတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
သူ့ရဲ့ နောက်ပိုင်း စန်းဇာတာကျ.. ပေါ်ပြူလာမဖြစ်.. လူကြိုက်မများပုံများ.. သူ့သီချင်းရုပ်သံလုပ်ဖို့တောင် ပုံလေးကောင်းကောင်း တပုံ အွန်လိုင်းမှာ သူမသေခင် ကျနော် ရှာမရခဲ့တဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့ “ငဖျင်း” တွေ လူကြိုက်များ ထင်ပေါ်တဲ့ခေတ်မှာ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့ ရေချိုငါးသလောက်ကြီး.. လူကြိုက်နည်းတဲ့ကောင်ကြီး.. ကျနော်တို့ရဲ့ ကိုဃကြီးပါ။
လူကြိုက်သာမများတာ ရှိုးပွဲတွေမှာ “ငါရိုးမသားတွေ” လို့ သူ ပြစ်ပြစ်နှစ်နှစ် ဆဲရင် ချဲဂဏန်း အတိတ်စိမ်း ဘိုးတော် ပေးသလို ကျေကျေနပ်နပ်ခံယူတတ်တဲ့ အမာခံပရိသတ်တွေ အပြည့်နဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
လူတကာ ငန်းငန်းတက်တဲ့ ငွေကြေး ကို အဆိပ်လို သဘောထား တလွဲဆံပင်ကောင်းခဲ့တဲ့ လူမိုက်ကြီး ကျနော်တို့ရဲ့ ကိုဃကြီးပါ။
အချစ်ရယ်.. ပေါင်မုန့်တလုံးရယ်.. နဲ့ ဘဝကို နေတတ်.. ကျေနပ်နေနိုင်ခဲ့တဲ့.. ကျနော်တို့ရဲ့ ကိုဃကြီးပါ။
မိသားစု ထမင်းဖိုးအတွက် တတပ်တအားဖြစ်အောင် အငှားယာဉ်တောင် မောင်းခဲ့ရတယ်လို့ စိတ်မကောင်းခြင်း ကြီးစွား ကြားသိခဲ့ရတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
မင်းမင်းလတ်ကြီး က အရက်ခွက်ချင်းတိုက် မင်းသိပ်မမိုက်နဲ့လို့ ဆုံးမခဲ့ရတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
သူထက် တခေတ်စောတဲ့ ဟန်တင်၊ ဂျေမောင်မောင်၊ ဂျယ်ရီ၊ ဘိုတောက် စတဲ့ မန္တလေး ရဲ့ လမ်းသူရဲ တွေကို မျက်ဝါးဝါးထင်ထင်မြင်တွေ့ အားကျခဲ့ရတယ်လို့ ဆိုခဲ့ဖူးတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
ကိုယ်တိုင်လည်း ဘောင်းဘီဖင်ကျပ်၊ ဆံပင်ရှည်၊ ဂစ်တာ တဒေါင်.. ဒေါင်.. တဒင်.. ဒင် နဲ့ လူငယ်ဘဝမှာ ဂီတဘဝ စခဲ့သူ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
ရော့ခ်သီချင်းတွေကို အညာလေ၊ ရှေးဇာတ်မင်းသားလေ နဲ့ ဆိုတတ်သူလို့ ဆရာ သုခမိန်လှိုင်က မှတ်ချက်ပြုတဲ့ ကျနော်တို့ရဲ့ မန္တလေးသား ကိုဃကြီးပါ။
မြန်မာသီချင်း အေးအေးကြီးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြေ့မြေ့ ဆိုတတ်တဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
ငယ်စဉ်ကဆို “ဆင်မိုက်ကြီးခမျာ.. ဒူးတုပ်ရရှာ..” ဆိုတဲ့ “အောင်ခြင်းရှစ်ပါး” လည်း မကျန်အောင် ဆိုခဲ့ဖူးတယ် ဆိုတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
မန္တလေး သင်္ကတ မြို့မတီးဝိုင်းကြီးမှာ ရှေ့ထွက်အဆိုတော် အနေနဲ့လည်း ခေတ်ပေါ်သီချင်းတွေ သီဆိုခဲ့ဖူးတဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
မန္တလေး ဧဒင်တေးဂီတအဖွဲ့ က မွေးထုတ်ပေးလိုက်တဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
“မီးသင့်မြေမှ အငွေ့အသက်များ” ကို လူထု စောစီးစွာ ရှုရှိုက်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့တဲ့..၊  “စကြ၀ဠာမီးပြတိုက်များ” အိမ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့တဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
ဗမာ့ရောခ့်ဂီတ ကို တခန်းတကဏ္ဍ၊ တထောင့်တနေရာ ထက်ပိုတဲ့ နေရာကနေ အသုံးတော်ခံခဲ့တဲ့ ကျနော်တို့ရဲ့ ကိုဃကြီးပါ။
ခုတော့.. သူ..
ဂမ္ဘီရမှော်ဆန်ဆန် အသံအားနဲ့ ရော့ခ်သီချင်းတွေ ဆိုဖို့ ကမ္ဘာမြေကို ဆင်းသက်လာတဲ့ ဂြိုဟ်သားကြီး တယောက် ဘဝရဲ့ လက်တွေ့ ကျောင်းတော်ကြီးမှာ ကျောင်းသားသစ် တယောက်လို ရိုးအအ ဖြတ်သန်းသွားခဲ့တော့ လောကကြီးရဲ့ လှည့်ကွက်တွေမှာ အဖြေမှန်ရှာမတွေ့နိုင်ခဲ့ဘဲ.. ခုတော့.. သူ.. “ငါလေမောတယ်” လို့ အော်ရင်း ထာဝရအနားယူဖို့ ကမ္ဘာမြေကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ..။
ကြေကွဲရပါတယ်.. ကိုဃကြီးရေ..။ ကျနော့် ရဲ့ ရော့ခ်သူရဲကောင်းကြီးရေ..။
“ငါရိုးမသားတွေ” လို့ အာလုပ်သံကြီးနဲ့ ချစ်စနိုးဆဲ လာနှုတ်ဆက်လှည့်ပါအုံး.. ကိုဃကြီးရေ..။ ကျနော့် ရဲ့ ရော့ခ်သူရဲကောင်းကြီးရေ..။
ကောင်းရာမွန်ရာ ဘုံဘဝ ရောက်ပါစေ ကိုဃကြီးရေ..။ ကျနော့် ရဲ့ ရော့ခ်သူရဲကောင်းကြီးရေ..။
သံသရာမှာ ပြန်ဆုံခွင့်ရရင် ကိုဃကြီး သီချင်းဆိုပြတာ.. ဆံပင်ရှည်တွေဝဲချပြတာ.. နားထောင်ချင်၊ ကြည့်ချင်ပါသေးတယ်.. ကိုဃကြီးရေ..။ ကျနော့် ရဲ့ ရော့ခ်သူရဲကောင်းကြီးရေ..။
ခုတော့.. နှုတ်ဆက်လိုက်ပါတယ်.. ကိုဃကြီးရေ..။ ကျနော့် ရဲ့ ရော့ခ်သူရဲကောင်းကြီးရေ..။
ငြိမ်းချမ်းအေး
၀၆ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၃
---
သူ့ရဲ့ ဘဝ၊ ဂီတ အကျဉ်း
အမည်ရင်း - ထွန်းမြင့်ဦး
ဂီတဘဝ အမည် - ဟယ်ရီလင်း
ငယ်နာမည် - အာဂ ၊ ‘ဂ’ (ဂငယ်) နှင့် နောင် ‘ဃ’ (ဃကြီး)
မွေးသင်္ကရာဇ် - ၀၇၊ ဇူလိုင်၊ ၁၉၆၂
ဇာတိ - မန္တလေး
ပထမဆုံးအသံသွင်းယူသည့် တေးစု - မီးသင့်မြေမှ အငွေ့အသက်များ (၁၉၈၀ ခုနှစ် ဝန်းကျင် ခန့်) (အမျိုးသမီး အဆိုတော် သူငယ်ချင်း သီတာ နဲ့ တွဲလျက်)၊
ပထမဆုံးအသံသွင်းယူသည့် တကိုယ်တော် တေးစု - ကြိုက်သလိုနေနိုင်တယ် (၁၉၈၆)၊
ပထမဆုံး ထွက်ရှိနိုင်ခဲ့သည့် တကိုယ်တော် တေးစု - မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့အလျင် (သို့မဟုတ်) ဟယ်ရီလင်းရဲ့ဟယ်ရီလင်း (၁၉၉၂)၊
နောက်ဆုံး ထွက်ခဲ့သည့် တကိုယ်တော် တေးစု - နောက်လူမြည်းရင် ချိုပါစေ (မင်းမင်းလတ် သီချင်းများ ပြန်လည် ခံစား သီဆိုမှု) (၂၀၀၀ ခုနှစ်များ)၊
အခြား တကိုယ်တော် တေးစုများ - ဂြိုလ်သားတယောက် ၊ ကျောက်ခေတ်၏နောက်ဆုံးနေ့ ၊ အနာဂါတ် ဗိမာန် ၊ တန်ဖိုးများနှင့်ပေးဆပ်ခြင်း၊
နှစ်ယောက်တွဲ တေးစုများ - ပန်းနုရောင်လက်ထပ်ပွဲ (ဖိုးကျော် နှင့်တွဲ) ၊ မုန်တိုင်းတမန်များ (ရဲသွင် နှင့်တွဲ)
အုပ်စုတေးစုတချို့တွင်လည်း ပါဝင်သီဆိုခဲ့၊
မထွက်ဖြစ်ခဲ့သည့် တေးစုနာမည် တချို့ကျန်ရှိနိုင်၊
၀၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃ ဒေသစံတော်ချိန် ညနေ (၄) နာရီခန့် တွင် အထွေအထွေ ရောဂါဖြင့် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်၌ ကွယ်လွန်၊
၀၇၊ ဖေဖော်ဝါရီ၊ ၂၀၁၃ ရန်ကုန်မြို့ ရေဝေး သုသာန်၌ မီးသဂြိုဟ်ရန် စီစဉ်ထား။
(အချက်အလက် အမှားအယွင်း/အလို ရှိပါက ပြင်ပေးပါရန်။)
---
(အိမ်မက်မီးရထားကြီး ၊ သူ၏ မထွက်ဖြစ်ခဲ့သည့် တကိုယ်တော် ပထမ တေးစု ၊ ၁၉၈၆)

(အဆိပ်ငွေကြေး ၊ သူ၏ ပထမဆုံး ထွက်ရှိ အောင်မြင်ခဲ့သည့် တေးစု ၊ ၁၉၉၂)

(စောဘွဲ့မှူး ကွယ်လွန်ခြင်း အမှတ်တရ အတွက် သူ သီဆိုပေးခဲ့သည့် နာမည်ကျော် “ရွှေပေါက်တူး” ၊ ၁၉၉၈)

Posted by Maung Yit at 4:39 PM 0 comments  

Kamarpale - Poem

လူ နှင့် ငှက်
ကမာပုလဲ
ဖေဖော်ဝါရီ ၆၊ ၂၀၁၃

 
လူက လမ်းလျှောက်တယ်
ငှက်က ...

လူက ကဗျာရေးတယ်
ငှက်က ကဗျာမရေးဘူး ...

လူက အဆောက်အအုံကို ဖြိုဖျက်တယ်
ငှက်က အသိုက်ဆောက်နေတယ် ...

လူက သီချင်းကို ထည်လဲဆိုတယ်
ငှက်က တပုဒ်တည်းသီချင်းကို ဆိုတယ် ...

လူက လမ်းလျှောက်ရင်း လမ်းပျောက်တတ်တယ်
ငှက်က ပျံသန်းရင်း အတောင်ကျိုးတတ်တယ် ...

လူက အကြိမ်ကြိမ် သစ္စာဖေါက်တတ်တယ်
ငှက်က မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တတ်တယ် ...။

လူက ပန်းပွင့်ကလေးတွေကို ခြွေတတ်တယ်
ငှက်က သစ်ပင်ကလေးတွေကို သားဖေါက်ပေးတတ်တယ် ...

လူက ငြီးငွေ့ လွယ်တတ်တယ်
ငှက်က သူ့တောင်ပံတစုံအပေါ် အချစ်မြဲတယ် ...

လူက ပုံပြောကောင်းတယ်
ငှက်က ပုံပြင်ထဲက မှော်ဝင် ဇာတ်ကောင်ဖြစ်တယ် ...

လူက မုန်းတတ်တယ်
ငှက်က အတေးအမှတ် ကြီးတယ် ...

လူနဲ့ ငှက်မှာ
တူတာတွေလည်း ရှိတယ်
မတူတာတွေလည်း ရှိတယ် ...

လူက ပင်လယ်ကိုလွမ်းတဲ့အခါ
ငှက်က သူကိုယ်တိုင် မြစ်တစင်းလို ပင်လယ်ဆီ စီးခဲ့တယ်။ ။
Posted by Aung Htet at 6:54 AM 1 comments  

Salai Suanpi - Cartoon

လယ်သိမ်းတဲ့ ဒေါက်တာ
ကာတွန်း - ဆလိုင်းစွမ်းပီ
ဖေဖော်ဝါရီ ၆၊ ၂၀၁၃

News and Media

ရွှေတွံတေးဆရာတော် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၆၊ ၂၀၁၃


၂၀၁၃ ခုနှစ်ဇန္န၀ါရီလကုန်ပိုင်းတွင် ရွှေတွံတေးဆရာတော်သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့သွားရောက်ပြီး ကလေးငယ် များကို အာဟာရကျွေးမွေးပြီး အလှူငွေပေးအပ်ခဲ့သည်။

ဖျာပုံ ကျုံကူ ဘ/က ကျောင်း - ကဒုံကနိဘ/က ကျောင်းများတို့သွားရောက်လှူဒါန်းပြီး ကချင်ပူတာအို ဘ/ကကျောင်းတို့လဲ လှူဒါန်းခဲ့သည်။ ရန်ကုန် ကွမ်းခြံကုန်းဘ/က ကျောင်း  ဆင်ခြံ ဘ/က ကျောင်း - ၀ါးဘလောက်သောက် ဘ/က ကျောင်း မနောရမ္မ ဘ/က ကျောင်းများကိုလည်း လှူဒါန်းခဲ့ဘူးသည်။


 
ရွှေတွံတေးဆရာတော်က  ... ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ဘုန်းတော်ကြီးသင်ပညာရေးစနစ်ရှိခဲ့တာပါ။ ကိုလိုနီခေတ်ရောက် တော့လည်း အစိုးရကျောင်းတွေရှိလာပေမယ့် လူမျိုးရေး - ဘာသာရေး - နိုင်ငံရေး ပယောဂ တွေရှိနေလို့  အမျိုးသားကျောင်းနဲ့ ဘ/က ကျောင်းတွေရှိခဲ့ရပြန်တယ်။ စစ်အစိုးရခေတ်မှာလည်း ကာကွယ်ရေးစစ်အသုံးစရိတ်တွေများပြီး ပညာရေးဘတ်ဂျက် အားနည်းခဲ့တာ ကြောင့် ကျောင်းပညာရေးစနစ် အဆင်မပြေခဲ့ဘူး။ လူနည်းစုက နိုင်ငံခြားမှာပညာသင်ကြတယ်။ လူလတ်တန်းစားက ကျောင်းပညာရေး ကိုပဲ မပြည့်မစုံသင်ကြရတယ်။ အခြေခံအများစုကတော့ ပညာ သင်ကြားရဖို့ အတွက် ဘုန်းကြီးကျောင်းတွေကို အားကိုးလာရပြန်တယ်။ ပရိဟတအခြေခံရှိတဲ့ ဆရာတော် သံဃာတော်ရဟန်းတော်တွေလည်း အခြေအနေကတောင်းဆိုနေတဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပြီး ဘ/က ကျောင်းတွေကြိုးစားပေးခဲ့ကြတယ်။

ဒါကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကိုယ်ထူကိုယ်ထကျောင်းတွေကို တတ်နိုင်သလောက် ၀ိုင်းကူပေးကြပါ။ အနှောင့်အယှက် တွေမဖြစ်စေပဲ တိုင်းပြည်အတွက် တတောင့်တနေရာပါဝင်တာကို ကျေနပ်ဝမ်းမြောက်မုဒိတာပွါးနိုင်ကြပါစေ. လို့ မိန့် ကြားခဲ့သည်။
Posted by Aung Htet at 6:34 AM 0 comments  

TUESDAY, FEBRUARY 5, 2013

Khin Myo Chit - Goodbye to Politicans


ခင်မျိုးချစ်ရေး၊ ဂျုနီယာဝင်း ဘာသာပြန် - နိုင်ငံရေးသမားများနှင့် လမ်းခွဲခြင်း
အတွေးအမြင်မဂ္ဂဇင်း ကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃
Quest for Peace (Khin Myo Cht) မှ Goodbye to Politicians ကို ဘာသာပြန်တာဖြစ်ပါတယ်။ အတွေးအမြင် အမှတ် ၂၅၁ မှာ ဖော်ပြထားတာကို ပြန်လည်ကူးယူဖော်ပြပါတယ်။ စာရိုက်ပေးမည့် စေတနာရှင်ရှိရင်တော့ ဒီစာမူကို စာရိုက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီအတိုင်း ဖတ်ကြပါဦး။ (မိုးမခ)
မြန်မာပြည်လွတ်လပ်ရေး ခေတ်ပြောင်းကာလ နိုင်ငံရေးသမားများနဲ့ စာရေးဆရာမ လင်မယားတို့ လမ်းခွဲကို ရေးထားတာဖြစ်ပါတယ်။




--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages