2nd Sept 2010 - MoeMaKa Daily

7 views
Skip to first unread message

Maung Yit

unread,
Sep 2, 2010, 3:51:15 AM9/2/10
to moemaka, burm...@googlegroups.com

မိုးမခတောထဲက သတင်းအပိုင်းအစများ

ဘီဘီစီ၊ ဗိုလ်မောင်အေး၊ ဗိုလ်ဌေးဦး နဲ့ အသစ်ကလေးများ
အဝေးကြည့်မှန်ပြောင်း
စက်တင်ဘာ ၂၊ ၂၀၁

၇၀ ဘီဘီစီ
အသံလွှင့်ဌာန တံဆိပ်ပါ ဦးထုပ်နဲ့ စတိုင်ကျနေသူ ဈေးထဲက ဆိုင်ရှင်

ဘီဘီစီ မြန်မာဌာနက ဒီကနေ့ သက်တမ်း ၇၀ ပြည့်ပြီ တဲ့။ ၀ိုင်းတော်သားများက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့လယ်က ဈေးမှာ မွေးနေ့ အထိမ်းအမှတ် အမှတ်တရပစ္စည်းတွေ ဝေငှ၊ အင်တာဗျူးတာတွေ လုပ်ခဲ့ပါတယ် တဲ့။ ဒီလို ၀ိုင်းတော်သားများ ကိုယ်တိုင် ကွင်းဆင်းတာကို မနေ့က မနက်ပိုင်း အစီအစဉ်မှာ လွှင့်သွားတာ နားထောင်လိုက်ရတယ်။
ကွင်းဆင်းပုံကို အသံလွှင့်ဌာနက တိုက်ရိုက် အင်တာဗျူးပြီး တိုက်ရိုက် လွှင့်လိုက်သဗျ။ ဗျူးသူက
လှမ်းသတိပေးတယ် ဈေးထဲမှာ ခွေးကိုက်ခံရမယ် သတိထား ဆိုပဲ။ အနှောင့်အယှက်ပေးခံရနိုင်တယ် သတိထားလို့ ပြောလိုဟန် ရှိပါတယ်။ ခွေးနဲ့ အနှိုင်းခံရသူတွေက ဒေါသ ထွက်နိုင်ပါတယ်။ ( ခွေးအစစ်တွေ သိသွားရင်လည်း ဒေါသ ထွက်နိုင်တဲ့ သတိပေးချက်ပါပဲ။ ၀ုတ် ၀ုတ် - ဒီကောင်တွေကို ငါတို့နဲ့ လာမနှိုင်းနဲ့ ၀ုတ် ၀ုတ် ၀ုတ် လို့ ပြန်တုံ့ပြန်မယ် ထင်ပါရဲ့)

ဗိုလ် မောင်အေး နေမြဲ
ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ယခင် ရာထူးများအတိုင်း ဆက်လက် ရှိနေသည်လို့ ပြောလိုက်တာကတော့ ဒီကနေ့ ဗိုလ်ချုပ်ကြီးတို့ လူစာရင်းစာ - အဲ - သတင်းစာ ကြော်ငြာမှာပါ။ ဟုတ်ကဲ့ - စာမျက်နှာ ၁မှာ မျက်နှာဖုံးမှာပါ။ သ၀ဏ်လွှာပေးပို့ ဘာညာကွိကွ ကြော်ငြာမှာပေါ့။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေက တက်လာတယ် မဟုတ်လား၊ မောင်အေးကြီး ဘာဖြစ်သွားပြီ ညာဖြစ်သွားပြီလို့ ဆိုကြတယ်လေ၊ သူ့ကိုပဲ ပေါတာကြီးသန်းရွှေက နားရင်းရိုက်လိုက်သလို၊ အရက်နာကျလို့ မောနင်းပက် မော့ရတာတွေက နေ့စဉ်ဖြစ်နေတာကြောင့် လူမြင်ကွင်း မထွက်နိုင်သလို - လိုလို သတင်းတွေချည်း ဖတ်နေရရာကနေ အခုလို မျက်နှာဖုံးမှာ အယောင်ပြ ပါလာတာကို မြင်လိုက်ရတာပါပဲ။

အပိုအလုပ်တွေ
“ခင်ဗျားတို့မဲတွေ အကုန်လုံး ကျုပ်တို့ရမှာနော်” လို့ ပြောနေသလား

လယ်ဆည် ၀န်ကြီး ဦးဌေးဦးက လူထုကြားထဲ ၀င်ပြီဗျ။ ဒီကနေ့ ကြေးမုံမှာ ဒီကျေးဇူးရှင်ကို အခုလို တွေ့ရပါတယ်။ မဲဆွယ်တယ်လို့ ဝေဖန်ခံရတော့မှာပဲ။ တကယ်တော့ ဆွယ်ဖို့ လိုသေးသလားဗျာ။ နာဂစ် အခြေခံဥပဒေအရ ဖြစ်လာမယ့် ရွေးကောက်ပွဲပြီးရင် သူတို့ပဲ လွှတ်တော်တက်ကြမယ် မဟုတ်လား။ အေးရာအေးကြောင်း နေစမ်းပါ ကျေးဇူးရှင်ရယ်။

ရန်ကုန်တိုင်းမှူးသစ်
တိုင်းမှူးသစ် ဗိုလ်မှူးချုပ်ထွန်းသန်းကို သတင်းစာမှာ ဒုအကြိမ် ပွဲထုတ်ပြန်ပါပြီ။ ပညာရေးဝန်ကြီးဌာနက လုပ်တဲ့ အောင်ချက်ကောင်းကျောင်းဂုဏ်ပြုပွဲ သွားတက်တဲ့အကြောင်း ရေးထားတဲ့ သတင်းမှာပါ။ တိုင်းမှူးရဲ့ အလုပ်ဆိုတာ အခမ်းအနားတွေ လိုက်တက်ရတာမှန်း သိကြရအောင် သတင်းထည့်တာလား၊ တိုင်းမှူး အသစ်ကလေးကို စာဖတ်သူရှေ့ ချပြချင်တာလား၊ စစ်ဗိုလ်တွေ အကုန်လုပ်နိုင်တယ်လို့ လျှောက်ပြောချင်တာလား တခုခုတော့ တခုခုပဲ။

အမည် ထိပ်တန်းလျှို့ဝှက်
ဒီသတင်းကတော့ တပ်မမှူးရဲ့ သတင်းပါပဲ။ သူ့ပုံက ဒီသတင်းမှာ ၂ ပုံတောင် ပါသဗျ။ိပွဲက သူ့ပွဲဖြစ်တယ်၊ ပွဲမှာ သူ ဘာလုပ်တယ် စသဖြင့်ရေးထားတယ်။ သို့သော်လည်း သူ့နာမည်တော့ မထည့်ထားဘူး။ ဒါလည်း ဗိုလ်ချုပ်ကြီးတို့ သတင်းစာ စတိုင်ပဲ ထင်ပါရဲ့။ SPDC journalism မြန်မာလို ပြောရရင် နအဖစာနယ်ဇင်းအရေးအသားပေါ့ဗျာ။

ဒီလူကြီးက မော်ဒယ်ဂဲ မဟုတ်ပေမယ့်လည်း နာမည်ဘယ်လို ဆိုတာတော့ အသိချင်သား။ အဲဒီဒေသက တပ်ရင်းမှူး ၁၀ ယောက်လောက်ကို ဆွဲစိထားတယ် ဆိုသကိုးဗျ။ ကဲ - ဒီတခေါက်တော့ ဒီလောက်ပါပဲ။
သီးညီနောင်ရဲ့ ဘလောက် - ကဗျာလွတ်မိတ်ဆက် အပိုင်း ၁
မိုးမခ
စက်တင်ဘာ ၃၊ ၂၀၁၀
ယခင်လက သီးညီနောင်လှုပ်ရှားမှုအဖြစ် ဗိုလ်ချုပ်မွေးနေ့ ဂုဏ်ပြုအငြိမ့် ဒီဗီဒီ ဖြန့်ချိလိုက်ပါတယ်။ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေ ဆက်လက်ချီတက်သွားမယ်လို့ သီးညီနောင်အဖွဲ့သားများဖြစ်တဲ့ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနဲ့ မီးသီး (မြစပယ်ငုံ) တို့က ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ယခု ဒီလဆန်းမှာ သီးညီနောင်ရဲ့ သီးညီနောင် အင်တာနက်စတေရှင် (ဘလော့ဂ်) ကနေ မြန်မာ့ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရာ အစီအစဉ်လေးတခုအဖြစ် မြန်မာ့အက ကဗျာလွတ်မိတ်ဆက် ရုပ်သံကလေးတွေ တင်ဆက်ထားတာ တွေ့ရပါတယ်။ မြန်မာပြည်တွင်းက ကဗျာလွတ်ရုပ်သံခွေလေးထဲက အဆင်သင့်လေ့ကျင့်စရာ အပိုင်းကို ကောက်နုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် အစီအစဉ်လေးတွေ ဆက်လက် စီစဉ်ဖြစ်ဦးမယ်လို့ မျှော်လင့်လျက် ရှိပါကြောင်း။
ကာတွန်းဘီရုမာ - လမ်းပေါ်တက်ချင် သူ့ဆီလာ ...
စက်တင်ဘာ ၂၊ ၂၀၁၀
အနုပညာသမားများ … ပွေ့ဖက်ထား
ကျော်သူ
စက်တင်ဘာ ၂၊ ၂၀၁၀

၁.၉.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပင်အိုရွက်နု ပန်းချီသင်တန်းအပြီး ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အဓိပတိ ပန်းချီပြခန်းတွင် 3 Artist’s Show အမည်ဖြင့် ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီ ဦးမိုးသူ၊ ကဗျာဆရာ ပန်းချီ ကိုစောဝေနှင့် ကိုစောဝေ၏ သမီး Ewi တို့ ရေးဆွဲထားသည့် ပန်းချီလက်ရာ ကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့သည် 3 Artist’s Show ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ သွားရောက်အားပေး လေ့လာကြည့်ရှုကြသည်။

ကဗျာဆရာ ပန်းချီ ကိုစောဝေက တယောအဖွဲ့နှင့်တွဲဖက်ကာ “ပွေ့ဖက်ထား” ဟူသော ကဗျာအား ရွတ်ဖတ်ကာ အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်း 3 Artist’s Show ပြပွဲတွင် အနုပညာရှင်များစွာ လာရောက်အားပေး ချီးမြှင့်ခဲ့သလို ဦးကျော်သူနှင့် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော စာရေးဆရာကြီး ပါရဂူ၊ ဒေါ်ခင်ဆွေဦး၊ ဦးမိုးသူနှင့် ပန်းချီဆရာ မြိတ်-ဝင်းထိန် တို့ကိုလည်း နွေးထွေးစွာဖြင့် တွေ့ဆုံခဲ့ရသည်။

ယင်း ပန်းချီပြပွဲ အခမ်းအနားဖွင့်ပွဲတွင် တက်ရောက်လာသော အနုပညာသည်များအား အဓိပတိ ထမင်းဆိုင်မှ ထမင်းဟင်းလျာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးမှုအရသာသည် အဓိပတိ ပန်းချီ ပြခန်းသို့ လာရောက်ကြသော အနုပညာသည် အချင်းချင်း နွေးထွေးစွာ ပွေ့ဖက်ထားသော အရသာ နှင့် ထပ်တူထပ်မျှ ခံစားခဲ့ရပါသည်။


ထပ်ကိန်းငင် ဝေဒနာ
ကံထွန်းသစ်
စက်တင်ဘာ ၂၊ ၂၀၁၀

(၁)

စိတ်၏ တုန်လှုပ်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ကိုယ်ခန္ဓာသည်လည်း တည်ရာမရချင်။ ပဲ့တင်ထပ်ဆဲ သမားတော်ကြီး၏ စကားတို့ကား နားထဲမှ မောင်းနှင် ထုတ်၍မရ။ အခန်းနံပါတ် … သို့ လှမ်းရန် ခြေလှမ်းတို့မှာလည်း ထူးခတ်ခံထားရသည်သို့ ဧည့်များနားနေရန် ခင်းထားသော ပလတ်စတစ်ခုံပြားများတွင် ထိုင်ချလိုက်ရင်း မိန်းမောနေမိသည်။

ညိုလဲ့ … ညိုလဲ့ ။

ပင်အိုရွက်နု သင်တန်း
ကျော်သူ
စက်တင်ဘာ ၂၊ ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား ပေးပြီးသည့်နောက် မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီပညာရပ်များဖြင့် မိဘမဲ့ HIV ကလေးငယ်များ အတွက် ရန်ပုံငွေရှာဖွေပေးရန်အတွက် မျိုးဆက်သစ်ကလေးငယ်များအား မိမိတို့ စိတ်ကြိုက် ရေးချယ်လိုသည့် ပုံရိပ်လွှာများအား စိတ်ကြိုက်ရေးချက်တို့ဖြင့် ကုသိုလ်ဖြစ် ရေးဆွဲကြရန် မှာကြားပြီး ဖြစ်ပါသည်။ ယနေ့ ၁.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ၏ ရေဆေးပန်းချီ လက်ရာများကို နှစ်သက်ကျေနပ် အားရ အားကျမှုများ ဖြစ်ပေါ်လာသော လူလတ်ပိုင်း၊ လူကြီးပိုင်းတို့၏ တောင်းဆိုချက်ကြောင့် ပန်းချီသင်တန်း ၂/၂၀၁၀ ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။


ယင်းသင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်၊ ပန်းချီ ဆရာမ ဒေါ်နုနုတို့မှ မေတ္တာစေတနာဖြင့် လာရောက်သင်ကြားကြမည် ဖြစ်သည်။ ယနေ့ သင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့မှ ပန်းချီဆွဲခဲတံ အမျိုးအစားများ အကြောင်း၊ ခဲတံချွန်နည်း ပညာရပ်များအကြောင်း၊ လိုင်းရေးဆွဲနည်းများကို အသေးစိတ် သင်ကြားပြသသွားသည်။ ယင်းသင်တန်းအပြီးတွင် ပန်းချီဆရာ ဦးလှထွန်းအောင်တို့ အင်းစိန်အကျဉ်းထောင်တွင် ပန်းချီပညာရပ်ကို ဝါသနာပါသော အကျဉ်းသားတို့အား သင်ကြားပြသနေသော သင်တန်း အတွက်လိုအပ်သော ပန်းချီပစ္စည်းများ ဝယ်ယူရန် အလှူငွေ ၂၀၀၀၀၀/- ကျပ်ကို ဦးကျော်သူ+ဒေါ်ရွှေဇီးကွက်တို့မှ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခု သင်ကြားပို့ချလျှက်ရှိသော ပန်းချီသင်တန်းနှင့် ပတ်သက်၍ ဆရာမ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)က “မိမိတို့အရွယ်သည် လူကြီးပိုင်းဖြစ်နေပြီ။ မိမိတို့တွင် အနုပညာနှင့် ပတ်သက်၍ နုပျိုဆဲ ဖြစ်နေကြောင်း … ဒါကြောင့် မိမိတို့အား ပင်အိုရွက်နုများ” ဟု ကွယ်လွန်သူ ပန်းချီဆရာ သန်းမြင့်အောင် ပြောကြားခဲ့သော စကားရပ်ကို သတိရမိကြောင်း ပြန်လည်အမှတ်ရ ပြောကြားခဲ့သည်။

ထို့ကြောင့် ယခု လူကြီးပန်းချီ သင်တန်းအား “ပင်အို ရွက်နု” ပန်းချီသင်တန်းဟု တင်စားလိုက်ရပါသည်။

လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀တေးသံများ
မိုးနှင်းရည်
စက်တင်ဘာ ၂၊ ၂၀၁၀
(ရန်ကုန်မြို့၊ ညကလပ်တခုအတွင်း အမျိုးသားအဖော်ရှာဖွေရန် ကခုန်နေသူ အမျိုးသမီးငယ်များ)
ထောင်ဘူးဝ တံခါးကနေ အပြင်ကိုခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။
“လွတ်လူခေါ်တာနဲ့ အကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမပြင်ဆင်ချိန်ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင် ပေးတဲ့သူတွေက ကျမကို လွတ်ခါနီး အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ကျမလို ဘ၀တူတွေကို နည်းနည်းဝေပေးလိုက်တယ်။ နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီးလမ်းစရိတ် လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ် ”လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးကပြောပါတယ်။ ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲဖြစ်ပါတယ်။
လက်ထဲမှ အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လိုဘ၀တူ သူငယ်ချင်းတွေ နဲ့အတူစုငှားနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေ အတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။
“မနက်ပိုင်းကနေ နေ့လည်အထိအိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေကရဲကို ပိုက်ဆံပေးပြီးသားလေ။ ကျမတို့ဘ၀က ဒီလိုပဲရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံးကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ” လို့မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေးစပ်တဲ့ မသီတာက ပြောပြပါတယ်။
ကုန်တင်ကားမောင်းတဲ့ ဖခင်ကြောင့် ငယ်ငယ်ကပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေ ထောက်ဖြတ်လိုက်ရချိန်မှာတော့ အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ်ဝင်လုပ်ရာက ဒီပြည့်တန်ဆာ အလုပ်မှာကျင်လည်ခဲ့ရ တာလို့ သူကပြောပါတယ်။
“အမေကအညာက အဖေနဲ့အိမ်ထောင်ကျပြီး မြို့ကိုရောက်လာတာ။ ပထမတော့ အညာပြန်မလားစဉ်းစား သေးတယ်။ ကျမတို့က မြို့မှာပဲကြီးလာတော့နယ်က အလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက လဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။ နောက်သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက် မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့ ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတာပေါ”့ လို့ သွားလေးပေါ်အောင် ရီရင်းမသီတာက ပြောပြခဲ့ပါတယ်။
သာမန်ဘွဲ့ရ မိန်းကလေးငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါး နေတဲ့ ဒီနေ့ကာလမှာ လူနေမှု စရိတ်ကြီးမြင့်တာ ၊ ငွေရှာရခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရလွယ်ခြင်းနဲ့ လဲလှယ်ဖို့ နာရီမိနစ်နဲ့ အမျှတွန်းအားပေးနေသလိုပါပဲ။
(အမည်မဖော်နိုင်သည့် နေရာတွင် တွေ့ရသည့် အမျိုးသမီးပြည့်တန်ဆာအချို့)

အဲဒီလို ခက်ခဲတဲ့ စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က   မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့ အနှိပ်ခန်းမှာလုပ်ဖို့ လူခေါ်ပေးတဲ့ပွဲစားတွေက စည်းရုံးခေါ်ဆောင်ရာနောက် တဖြည်းဖြည်း ပါသွားကြတာကို မြင်တွေ့နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကပြော ပြပါတယ်။ 
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကာရာအိုကေခန်းမ၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ သိသာစွာတိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာရှိနေတာလည်း မြင်တွေ့သိရှိနေရပါတယ်။ ဒီလုပ်ငန်းတွေကို နယ်မြေတာဝန်ရှိသူများ ကိုယ်တိုင် လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေဆီ တဖွဲဖွဲရောက်ရှိလာနေတာ ကြားရမြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါးနှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်းအရေအတွက်ဟာ ၅ဆမှ ဆယ်ဆ၀န်းကျင် အထိတိုးပွားလာခဲ့တာပါ။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျမရပေမယ့်လို့ မြို့နယ်တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများအရ အထက်က အဆလောက် တိုးပွားလာနေတယ်ဆိုတာကို ပြဆိုနေတာပါ။
(အထက်ပါ ဗြူတီဆလွန်းတို့တွင် ငွေကြေးဖြင့် ပျော်ပါးနိုင်သည့် အမျိုးသမီးများ ရနိုင်သည်)

ဥပမာအားဖြင့် ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတားမြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစားလုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။
အနှိပ်ခန်းတွေ တိုးပွားလာတာနဲ့ အမျှလိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ ရှာဖွေခေါ်ယူလာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် ၀န်ထမ်းရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲမရှိဘူး လို့အနှိပ်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။
စားဝတ်နေရေးကြောင့် ဒီဘ၀ကို မတတ်သာပဲရောက်ရှိ ခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့ ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်းသွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။
“ကျမတို့က ပဲခူးဘက်ကပါ ။ အရင်ကတော့ မိဘတွေက မုန့်ဖိုထောင်တယ်။ နောက်စီးပွားကျလာတော့ ကျမတို့ သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ်လိုတာကိုရှာရင်း ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်။ ရောဂါရှိမရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်းမစစ်ချင်ဘူးလေ။ သိနေရင် ကျမစိတ်ဆင်းရဲမှာ မခံနိုင်ဘူး။ အခုတော့ ထောင် ထဲတစ်ခေါက်ရောက်တော့ တစ်နှစ်သမားတွေ ဆေးစစ်ရမယ်ဆိုလို့ စစ်ကြည့်မှ ရောဂါ ရှိတာသိတယ်။ ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ ပါဘူး။ တတ်နိုင်သလောက် မေ့ထားတယ်” လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲကသပွတ်တံနဲ့ မြေကြီးကို ၀ှက်ခြစ်လိုက်ပါတယ်။ ပြီးတော့သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့ သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင်နားမှာတင် ဆံပင်ဝယ်တဲ့ဆိုင်တွေရှိတယ် လို့ ပြောပါတယ်။
ထောင်ကထုတ်ပေးတဲ့ ချည်သားအကျီ အဖြူရောင်ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့  အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က အပြင်  လောကမှာ   ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီကွာတယ်လို့ သူမကဖွင့်ဟပါတယ်။
ဒီအထဲမှာတော့ နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စ တွေကိုလုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့သူမတို့ အတွက် တနေ့တာဝမ်းစာကို ရှာဖွေ စားသောက်နေရလေ့ရှိပါတယ်။အနှိပ်ခန်း အမည်ခံတဲ့အခန်းတွေက လာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ်သုံးထုပ်နဲ့ သဲမာတို့ထက် အလုပ် ဖြစ်တာတော့ အမှန်ပါ။
“နာဂစ်ဖြစ်ပြီးနောက်ပိုင်း စီမံချက်ဆိုပြီးဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေပါလာတယ်။ ရုပ်ကလေးတွေက တော်တော် သနားကမားတွေပါတယ်။ ရောဂါလည်းမရသေးဘူး ။ဒါပေမဲ့သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀နှစ်မှာ အများဆုံးတွေ့ရတဲ့ မျက်နှာတွေက ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မတွေပဲ။ စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင် ရတဲ့လစာနဲ့ မလောက်တာ ဘာမှလုပ်မပေးနိုင်ဘူးလေ” လို့ အင်းစိန်ထောင်မှ အမျိုးသမီးထောင်ဝန်ထမ်းက ပြောပြပါတယ်။
ဝေါကနည်းရွာချလိုက်တဲ့ မိုးကိုမျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့ မသီတာက “မိုးရွာတဲ့မိုးတွင်းက ကျမတို့လို့လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။ ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ဈေး ကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း အထက်မှာရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်းရှောင်ရသေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့ ခေါ်တဲ့ ရဲသတင်းပေးတွေပဲ။ တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။ သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင်လိုက်သွားမယ်” လို့သူမရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြခဲ့ပါတယ်။
 (ရန်ကုန်မြို့ထဲ တရားမ၀င်ပြည့်တန်ဆာခန်းသို့ ညအချိန်တွင် လာရောက်လည်ပတ်သူ အမျိုးသား ၃ ဦး)

အခြားသော ရန်သူမျိုး တပါး
မသီတာတို့လို မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေဇိမ်ခေါင်းတွေပါ။ နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက်ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့ သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့သူတွေကို ရဲကိုအသာလက်တို့ ပြီးဖြေရှင်းလေ့ရှိကြတယ်လို့ ပြောပြပါတယ်။
တရားရုံးရောက်ရင် တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့ ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င်ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြားဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေး ကိုမှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောကက နာမယ်ပေးထားတဲ့ လုပ်သက် ၈နှစ်မျှရှိသူက ပြောပြပါတယ်။
                   ဗုဒ္ဓဘာသာ ၀င်တွေအဖို့  ရန်သူမျိုးငါးပါး ရှိတယ်ဆိုတာ ငယ်စဉ်ကတည်းက သင်ကြားမှတ်ယူလာခဲ့ကြတာပါ။ မင်းဆိုတာလည်း ရန်သူမျိုး တစ်ပါးထဲမှာပါဝင်ပါတယ်။ အုပ်ချုပ်သူမင်းဟာ ရန်သူမျိုး တစ်ပါးဖြစ်တယ်ဆို မသီတာတို့အတွက်တော့ ရဲဟာ အဲဒီရန်သူပါပဲ။ ရန်သူကို တည့်အောင်ပေါင်းသင့်တဲ့ အခါပေါင်း၊ ပူဇော်သင့်တဲ့အခါ ပူဇော်လုပ်ပေမယ့် တခါတခါလည်း သူတို့ကြောင့် ဒုက္ခကောင်းကောင်း ရောက်ရတာလည်း ရှိပါတယ်။ 
“ဒီလိုအလုပ် ဒီလိုဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့လူက ရှိတော့ရှိမယ်။ဒါပေမဲ့ ရှားပါလိမ့်မယ်။ ကိုယ့်ဘ၀ ကိုယ့်မိသားစု ရှင်သန်ရပ်တည်ဖို့ ဒီအလုပ်ကိုလုပ်ရပေမဲ့ ကျမဘယ်တော့မှ ကာမေသုမိစ္ဆာစာရကံကို မကျူးလွန်ဘူး။ အလုပ်အရ ခဏတာပေါင်း ရပေမဲ့ ကိုယ်နဲ့ အမြဲပေါင်းဖို့ ဘယ်တော့မှ မမြူဆွယ်ဘူး။အဲဒါ ကျမတို့ လုပ်နိုင်တဲ့တပါးသီလပဲ” လို့ ပြောရင်း သူမကိုလာခေါ်တဲ့ ဖောက်သည်ဆိုက်ကားပေါ် မသီတာ တက်ထိုင်ရင်းပါသွားပါတော့တယ်။
(ဓာတ်ပုံ - အင်တာနက်၊ ရည်ညွန်း -  
http://felixfeatures.photoshelter.com/search?I_DSC=Asia+Prostitution&I_DSC_AND=t&_ACT=search )
ကျော်သူက စောဝေကို အင်းစိန်သို့ မပို့
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၊ ၂ဝ၁ဝ
ကျော်သူ နှင့် ဇနီး ရွှေဇီးကွက်တို့၏ အိမ်ထောင်သက် ၂၉ နှစ်မြောက် အစီအစဉ်သို့ ရောက်လာသော ကဗျာဆရာ စောဝေ၏ လက်ဆောင်။
ထိုကဗျာကို ကျော်သူက သူ၏ facebook တွင် ၀မ်းမြောက်ဝမ်းသာ ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုပုံစံအတိုင်း ကဗျာ၏ ပထမဆုံး စာလုံးများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမည် ပေါ်လွင်စေရန် စပ်ဆိုခဲ့သည့် စောဝေ၏ ကဗျာတပုဒ် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်လာသည်။ သို့သော်လည်း ကိုယ်ပိုင် facebook အကောင့် မရှိသော ဗိုလ်ချုပ်မှူးကြီးက ထိုကဗျာကို မည်သည့်နေရာတွင် သိမ်းဆည်းထားကြောင်း သတင်းများ ထွက်ပေါ် မလာသေးပေ။
ထိုကဗျာကြောင့် ကဗျာဆရာ ၂ နှစ်ကျော် အကျဉ်းချခံခဲ့ရသည်။


--
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages