19th Feb 2013 - Moemaka

11 views
Skip to first unread message

Maung Yit

unread,
Feb 19, 2013, 1:12:38 AM2/19/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
မြန်မာ-တရုပ်လူကုန်ကူးမှု တိုက်ဖျက်ရေးတိုးမြှင့်မှု သုံးသပ်ခြင်း
ဝတ်မှုန်၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၃
ဘီဘီစီသတင်းဖြစ်ပါတယ်။ တရုပ်ပြည်မှာ လူဦးရေထိန်းချုပ်မှုကြောင့် မိန်းကလေးဦးရေ ရှားပါးလာတဲ့အတွက် မြန်မာပြည်က မိန်းကလေးများကို ကျပ်ငွေ ၂၆သိန်း နှုန်းနဲ့ ၀ယ်ယူ ပေါင်းသင်းတဲ့ တရုပ်အမျိုးသားများကြောင့်တစ်ကြောင်း၊ မြန်မာအမျိုးသမီးများကိုယ်နှိုက် လိုလားစွာ ငွေအလိုရှိတာကြောင့်၎င်း .. လူကုန်ကူးမှုလုပ်ငန်း ကြီးကျယ်လာခြင်းဖြစ်ပါတယ်။ တချို့အမျိုးသား၊အမျိုးသမီးများလည်း တရုပ်ပြည်မှာ အလုပ်ကြမ်းများလုပ်ဖို့ ရောင်းစားခံရပါတယ်။

Problem Description  ပြသနာအခြေအနေ
အိမ်ထောင်ပြုဖို့ ရောင်းစားခံရတဲ့ မိန်းကလေး (သို့မဟုတ်) မိန်မကြီး တစ်ဦးဟာ လူပွဲစားနဲ့တွေ့ပြီး ငွေကို ကိုယ်တိုင်ရယူ၊ လိုက်သွားတာများပါတယ်။ မိန်းကလေးများဟာ မသိပဲ ရောင်းစားခံသူများရှိသလို၊ ကိုယ်တိုင်လိုလားစာ ငွေလက်ခံပြီး အရောင်းစားခံသူများလည်း ရှိပါတယ်။ ထိုမိန်းကလေးကို ဂိုဏ်အဖွဲ့များက ၀ယ်လိုသူများကို ရှေးခေတ်ကျွန်အရောင်းအ၀ယ် လုပ်သကဲ့သို့ ပြသ ရောင်းချရပါတယ်။ မိန်းကလေးက ယောင်္ကျားတရုပ်အမျိုးသားနဲ့ အဆင်ပြေရင် ကိစ္စမရှိသော်လည်း အဆင်မပြေတာများပါတယ်။ 
ခေတ်သစ် လူကုန်ကူးကျွန်များမှာ စင်ကာပူကို လာရောက်တဲ့ အိမ်ဖော်အလုပ်များကို ငွေ သိန်း၂၀လောက် အရင်းအနှီးရှိသူများက လာရောက်လုပ်ကိုင်ရင်း၊ စင်ကာပူအိမ်ရှင်များထံ ကျွန်ခံသလို လုပ်ရပါတယ်။ တရုပ်၊ ယူနန်ပြည်နယ်မှာတော့ ငွေလုံးဝမရှိတဲ့ မြန်မာပြည်မှ အမျိုးသမီးငယ်များစွာ အရောင်းစားခံဘ၀နဲ့ ကျွန်ခံရင်း၊ ဇနီးသည်အဖြစ် ရောင်းစားရသလို ဖြစ်နေပါတယ်။
ဂိုဏ်းအဖွဲ့ဟာ တောင့်တင်းလှတဲ့အတွက် မိန်းကလေး ထွက်ပြေးရင် တရုပ်ရဲများ လပ်စားမှု၊ ဂိုဏ်းသားများ ပြန်လည်ဖမ်းချုပ်မှုများကြောင့် နောက်ဆုံး ၀ယ်ယူသူ ယောင်္ကျားလက်ထဲ ပြန်ရောက်သွားပါတယ်။ အချို့ အဆင်လုံးဝ မပြေရင် ယောင်္ကျားအသစ် ရှာပေးပါတယ်။ အမျိုးသမီးကို အချုပ်ထောင်လို နေရာမျိုးမှာ ချုပ်နှောင်ပြီး၊ အသေတော့ မသတ်ပါဘူး။ မျှော့၊ကျွတ်အကောင်များ ထည့်ပြီး သွေးစုတ်၊ ရက်စက်စွာ အမိန့်နာခံ၊ သူတို့ပေးတဲ့ ယောင်္ကျားနဲ့ ပေါင်းသင်းစေပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည့်တံဆာအဖြစ် ရောင်းစားခံရတာထက်တော့ တော်သေးပေမဲ့ မြန်မာအမျိုးသမီးများစွာ ငွေကြေးရဲ့ ကြေးကျွန်အဖြစ် ရှက်ဖွယ်လိလိ အခြေအနေပါ။


Possible Root Cause ဖြစ်ရသောအကြောင်းရင်း
ငွေကြေးလိုချင်မှုကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းရင်းကတော့ စားဝတ်နေရေး လုံလောက်တဲ့ အလုပ်ကိုင်ရှားပါးတဲ့အတွက် ဖြစ်ပါတယ်။

Containment Action ယာယီဖြေရှင်းချက်
၁။ မတရားရောင်းစားမှုများမှ ထွက်ပြေးလာတဲ့ မိန်းမငယ်လေးများ၊ မိန်းမအကြီးများ အားလုံးကို မြန်မာနဲ့တရုပ် လူမှုရေးအဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများ (ရဲအဖွဲ့များ) ပူးပေါင်းပြီး မြန်မာပြည်ပြန်ပို့ရေး ဖြစ်ပါတယ်။ 
၂။ လူကုန်ကူးတဲ့ ဂိုဏ်းများကို ဖမ်းဆီး ထောင်ချခြင်းဖြစ်ပါတယ်။ သေဒဏ် (သို့မဟုတ်) ဒဏ်ငွေ သိန်းထောင်ဂဏန်း ပေးခိုင်းခြင်း မရှိသေးပါဘူး (သူတို့ပိုင်ဆိုင်မှုတွေ ကို လေလံတင်ရောင်းချပြီး ဒဏ်ငွေဆောင်စေခြင်း အပြစ်ဒဏ်ပေးဖို့လိုအပ်နေပါတယ်)။ 

Solution အဖြေရှာဖွေခြင်း
အဓိကတော့ စားဝတ်နေရေးလုံလောက်တဲ့အလုပ်ကိုင် ရှားပါးခြင်းကြောင့် ဖြစ်တာကြောင့် အမျိုးသားရေး ကိစ္စကြီးဖြစ်နေပါတယ်။ တိုင်းပြည်ဆင်းရဲမွဲတေမှုကြောင့် ရှိသမျှသယံဇာတများကို ရောင်းစားရင်း လူကိုရောင်းစားခံရတဲ့ဘ၀ ရောက်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ပြည်ပမှာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ အလုပ်သွားလုပ်နေရပါတယ်။ အခုတော့ တရုပ်ပြည်ကို လူကုန်ကူးခံရတဲ့အထိ ဆိုးဝါလာခြင်းဟာ မြန်မာနိုင်ငံသားများ၊ အိမ်နီးချင်း တရုပ်အမျိုးသားများထက် အလွန်ဆင်းရဲမွဲတေ၊ အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့်ပါ။

ဗီယက်နမ်နိုင်ငံကို စံနမူနာအဖြေရှာ
အစိုးရရဲ့ စီမံကိန်းကြီးတရပ်အနေနဲ့ လူများစွာ အလုပ်ကိုင်ရရှိစေတဲ့ လုပ်ငန်းများကို FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှုအဖြစ် လာရောက်စေခြင်းဖြစ်ပါတယ်။ ဘယ်လုပ်ငန်းများဟာ မြန်မာအလုပ်သမ များစွာကို အလုပ်ကိုင်ရရှိစေပါသလဲ ..မေးခွန်းရဲ့ အဖြေကတော့ Process Industry ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမ များစွာလိုတဲ့ စက်ရုံ၊ SME Small and Median Enterprises အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ငွေချေးမြှင့်တင်တဲ့ အလုပ်ကို အထူးပြုလုပ်ကိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အလုပ်သမ အများပြားလိုအပ်တဲ့ အလုပ်များကတော့..

- လယ်ယာလုပ်ငန်း (ရေရရှိရေးဖြင့် နိုင်ငံခြားပို့ကုန် ပဲ၊ဆန်၊ပြောင်း စတဲ့ စိုက်ပျိုရေးလုပ်ငန်းများ)
- အထည်ချုပ်လုပ်ငန်း
- ပုဇွန်ငါး၊ မွေးမြူ၊ ထုတ်ပိုးရေးလုပ်ငန်း
- အစားအသောက်ထုတ်ပိုးမှုလုပ်ငန်း
- ကုန်အရောင်းအ၀ယ်၊ဈေးရောင်းဆိုင်များ၊၊ ကုန်တိုက်များ..
- ဆေးလိပ်ခုံများ ...စတဲ့ Process Industry များဖြစ်ပါတယ်။



အကြံပေးချက်
လယ်ယာစိုက်ပျိုးရေးအတွက် ၁၂ရာသီ ရေရရှိဖို့ လယ်ယာစိုက်ပျိုးရေး၊ ဆယ်မြောင်း စတဲ့ ၀န်ကြီးဌာနတွေက လုပ်ဆောင်ပေးနေပါတယ်။ ပုဂ္ဂလိက ဆယ်မြောင်းလုပ်ငန်းများကို ကန်ထရိုက်ပေးပြီး နှစ်ရှည် လုပ်ဆောင်နိုင်သော်လည်း မည်သူမျှ မလုပ်ချင်ပါဘူး။
ဒီအလုပ်သမများများလိုတဲ့ စက်မှုလက်မှုလုပ်ငန်းများအတွက် နိုင်ငံခြားရင်းနှီးမှု လုပ်နိုင်ရန် လိုအပ်ချက်
၁။ တရုပ်နယ်စပ်မှ ဒလစပ်ဝင်လာတဲ့ ပစ္စည်းမှန်သမျှကို အခွန်ကောက်ဖို့ဖြစ်ပါတယ်။ 
  - မြန်မာနိုင်ငံအစိုးရက အခွန်ကောက်ဖို့ လပ်စားမှုများစွာရှိနေတဲ့ အစိုးရ၀န်ထမ်းများ လုံးဝ မလုပ်နိုင်ပါဘူး။ ကောက်ရငွေရဲ့ ၂၀ ရာနှုန်းလောက်ကို ယူပါဆိုပြီး နိုင်ငံခြားကုမဏီ (သို့မဟုတ်) ကုလသမဂ္ဂ၊ NGO အဖွဲ့အစည်းများကို တာဝန်ပေးရပါမယ်။ 
-                      ပြည်တွင်းမှာ ရောင်းနေတဲ့ တရုပ်ပစ္စည်းများ အထူးသဖြင့် အထည်များ၊ မော်တော်ဆိုင်ကယ်များကို အခွန် လိုက်ကောက်ရန်
၂။ ပြည်တွင်း SME လုပ်ငန်းများကို မြန်မာပြည်အစိုးရက အာစီယံနိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အစည်းအဝေး တက်တဲ့အဆင့်မှာပဲ ရှိနေပြီး၊ SME ဌာနမှာ လုပ်ကိုင်တဲ့ အစိုးရ၀န်ထမ်းများအဖို့ ဘာမှမလုပ်နိုင်ဖြစ်နေပါတယ်။ မြန်မာအစိုးရ ဥပမာ SME ဌာနရဲ့ ၀န်ဆောင်မှုလုပ်ငန်းများကို ကန်ထရိုက်ပေးပစ်လိုက်ဖို့ကောင်းနေပါပြီ။ 
၃။ SME လုပ်ငန်းများကို ငွေချေးပေးခြင်း၊ ကုန်ကြမ်းများ ပြည်ပမှ အလွယ်တကူဝယ်ယူမှု ၀န်ဆောင်ပေးခြင်း၊ ကုန်ချောများ ပြည်တွင်း၊ ပြည်ပ ရောင်းချနိုင်ရန်လည်း အစိုးရက ၀န်ဆောင်မှုလုပ်ပေးခြင်း၊ ထို SME  Import / Export လုပ်ငန်းများကို ၀န်ဆောင်မှု ကန်ထရိုက်ပေးပစ်လိုက်ခြင်း...

အကြံပေးခြင်းသာဖြစ်ပါတယ်။ 
အဓိကအကျဆုံးကတော့ Trust ဆိုတဲ့ ယုံကြည်မှုရှိလာရင် Process Industryုံ အလတ်တန်းစား စီးပွားရင်းနှီးမှုများ ပြည်ပမှ (အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံမှ) ၀င်လာမယ်ဖြစ်ပါတယ်။ အခုတော့ ခြစားမှုများပြားလှတဲ့ မြန်မာပြည်ရဲ့ အခြေအနေကြောင့် အကြီးစား FDI ရင်းနှီးမှုများပဲ လာနေပြီး၊ အလတ်စားများကတော့ မလာသေးပါဘူး။ ယုံကြည်မှု အတွက် ပြည်တွင်း တိုင်းရင်းသားများကို အရင်တည်ဆောက်ရပါမယ်။ ပြီးမှ နိုင်ငံခြားသားများက ယုံကြည်လာပြီး အလတ်တန်းစား အလုပ်သမများ အလုပ်ကိုင်ရမဲ့ အလုပ်ရုံများ ရောက်လာမယ်ဖြစ်ပါတယ်။
မြန်မာအလုပ်သမများ အလုပ်ကိုင်ရ၊ အခြေခံစားဝတ်နေရေး အဆင်ပြေပြီး ၊ တရုပ်နိုင်ငံ ရောင်းစားခံရမှုမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။

ဝတ်မှုန် (ရောင်းစားခံရသော သမီးရှင်တစ်ဦး)
၁၉-ဖေ-၂၀၁၃

Photo from - Human Rights - First Place: Katsuo Takahashi. Marriage by Force in China: Burma's Trafficking Victims A Burmese woman, a victim of trafficking to China, who was freed in Jie Gao, China. She is shown with her Burmese husband who told her that if she would get pregnant, she could forget the tragedy. 

Posted by Maung Yit at 9:43 PM 0 comments  

Aung Way - Long Walk 2 Peace 4


MARCH 4 PEACE
LONG WALK 2 PEACE

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၄ )
အောင်ဝေး၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃

ရဲဘော်တို့ -

တချို့ က
လက်တွန်းလှည်းလေးတွန်းပြီး
ငရဲပြည် သွားနေတယ်။

ခိုင်ထူးရေ…
တချို့ တွေ နေနိုင်လွန်းတယ်။

ရဲဘော်တို့ သွားနေတာ
အနာဂတ်ကိုလား။
(အကယ်၍ ဒါကို အနာဂတ်လို့ 
ခေါ်လို့ ရရင်ပေါ့ လေ)

ရဲဘော်တို့ သွားနေတာ
စစ်ပွဲတစ်ခုဆီကိုလား။

စစ်ဆိုတာ
ဘယ်သူမှ မတူးချင်တဲ့ ကတုတ်ကျင်း။

စစ်ဟာ
ဘယ်သူမှ မပို့ ချင်တဲ့ ဈာပနပဲ။

စစ်ကိုဆန့် ကျင်ကြ
စစ်အာဏာရှင်တွေကိုရှုတ်ချကြ။

စစ်များလွန်လျှင်
ငြိမ်းချမ်းရေးကိုမြင်မယ်။

ရဲဘော်တို့ ဆက်လျှောက်။

မဟတ္တမဂန္ဒီလည်း လျှောက်ခဲ့တယ်
သခင်ဖိုးလှကြီးလည်း လျှောက်ခဲ့တယ်
မာတင်လူသာကင်းလည်း လျှောက်ခဲ့တယ်။
ရဲဘော်တို့ ဆက်လျှောက်။

လွတ်လပ်မှုအတွက်
တရားမျှတမှုအတွက်
ငြိမ်းချမ်းမှုအတွက်။

ဆက်လျှောက်
ရဲဘော်တို့ ဆက်လျှောက်။

ဧရာဝတီမြစ်ကို
အနောက်ဘက်က လျှောက်လျှောက်
ဧရာဝတီမြစ်ကို
အရှေ့ ဘက်က လျှောက်လျှောက်
ပန်းတိုင်ရောက်ဖို့ ပဲလိုတယ်။

ရန်ကုန်က လာလာ
မုံရွာက လာလာ
မြင်းခြံက လာလာ
(ဘယ်နေရာက လာလာ)
လိုင်ဇာမှာ
တပ်ပေါင်းစုံမယ်။

ပင်လုံမှာ
အချစ်မကုန်
မြစ်ဆုံမှာ
တစ်ခေတ်လှုံမယ်။

ရင်ခုန်ရင်
ဒဂုန်တာရာနဲ့ လည်း
ငြိမ်းချမ်းညစာ အတူစားမယ်။

ဆက်လျှောက် ရဲဘော်တို့ 
ဆက်လျှောက်။

နွေဦးက
ငါတို့ ကိုခေါ်နေပြီ။

ဒီလမ်း
လင်းယုန်စောင့်တဲ့လမ်း။

ဒီလမ်း
သခင်ကိုယ်တော်မှိုင်းလမ်း။

ဒီလမ်း
ထာဝရငြိမ်းချမ်းရေးလမ်း။

ဒီလမ်း
အို … မြောက်ပိုင်းလမ်း။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၁၈-၂၀၁၃။  
Posted by Maung Yit at 8:33 PM 0 comments  
Labels: Aung WayPoems

Saw Ngo - Thou shall reap what you sow

ကာတွန်း စောငို - ကိုယ့်ရာဇ၀င် ကိုယ်ရေး၊ ကိုယ့်အမိုက်ဇာတ် ကိုယ်သိမ်း ...
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃

Posted by Maung Yit at 5:08 PM 0 comments  
Labels: Cartoon BoxSaw Ngo

Mudita ShweKyaung - Htamane Pwe



ဆန်ဖရန်ဘေးဧရိယာ၊ မုဒိတာရွှေကျောင်း ထမနဲအလှူ စည်ကား
မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
ဖေဖော်ဝါရီ ၁၇ နေ့ခင်းက ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ အရှင်ဥာဏိကာဘိဝံသ ကျောင်းထိုင်သော မုဒိတာရွှေကျောင်းမှာ စုပေါင်းထမနဲအလှူနဲ့ မြန်မာမိသားစုများရဲ့ စားသောက်ဖွယ်ရာ အလှူပွဲတော် ကျင်းပခဲ့သည်။ ဘေးဧရိယာတ၀ိုက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများက ဆရာတော် သံဃာတော်များ ကြွရောက်ပြီး တရားချီးမြှင့်ခဲ့ကြပြီး ဧည့်ပရိသတ်များကို မြန်မာမိသားစုများက မြန်မာစားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြသည်။









   ဆရာတော်ဦးဥာဏိကာဘိဝံသက သူ၏ မွေးနေ့အလှူအဖြစ် ရာသီစာ ထမနဲများကို ဧည့်သည်များအား အိမ်ပြန်လက်ဆောက် ထုပ်ပိုးဝေငှခဲ့ကြသည်။ San Francisco Burmese Community Organizers & Friends က ကြက်သားဆာတေး အဟာရဒါနပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ မုန့်ဟင်းခါး၊ ကောက်ညင်းပေါင်း၊ ခေါက်ဆွဲသုတ်၊ နန်းပြားသုတ်၊ ဖွာလှူဒါ၊ သောက်ရေ၊ စသည် မုန့်အလှူရှင်များစွာဖြင့် စည်ကားသည်။









Posted by Phan Mee Ain - Literature Lovers at 4:39 PM 0 comments  

Nyi Pu Lay, Nay Chi, Motion Video - Mandalay

 မိုရှင်းမဂ္ဂဇင်း နံပါတ် ၁ က ညီင်္ပုလေးဝတ္တု၊ ဒါရိုက်တာ နေခြည် - “မန္တလေး” - တအိအိနောက်မှာ ရုပ်သံအစီအစဉ် ကောက်နုတ်ချက်
(SF Burmese Community Organizers & Friends နှင့် မိုးမခမီဒီယာက ပြန်လည်ကုူးယူတင်ဆက်သည်)။ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၃
Posted by Phan Mee Ain - Literature Lovers at 2:54 PM 0 comments  
Labels: MoeMaKa VDO

Kamapr Pale - Essay

နတ်သံနှောပြီး မေတ္တာရိ စကားများဖြင့် လက်နက်ချ အညံ့ခံခိုင်းနေတဲ့ ကိစ္စ
ကမာပုလဲ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃

မြစ်ဝကျွန်းပေါ်ဒေသ တော်လှန်ရေး အဖွဲ့အစည်းများကို ဗိုလ်နေ၀င်း စစ်အုပ်စုက “ဖြတ်လေးဖြတ်” ဗျူဟာကျင့်သုံးပြီး လူထုနဲ့ ကင်းကွာအောင်လုပ်ခဲ့တာကို အမှတ်ရမိတယ်။ အဲဒီတုန်းက ကျနော့်အသက် လေးငါး ခြောက်နှစ်သားလောက်ပဲ ရှိပါတယ်။ 
ဖြတ်(၄)ဖြတ်မှာ
၁-ရိက္ခာဖြတ်ခြင်း
၂-ဘဏ္ဍာငွေအရင်းအမြစ် ရရှိနေမှုများ ဖြတ်တောက်ခြင်း
၃-သတင်း ဖြတ်တောက်ခြင်း
၎-သတ်ဖြတ်ချေမှုန်းခြင်း(ခေါင်းဖြတ်သုတ်သင်ခြင်း) တို့ ဖြစ်ပါတယ်။ 
ဗိုလ်နေ၀င်းစစ်အုပ်စုဟာ အဲဒီ ဖြတ် ၄ ဖြတ် ဗျူဟာအပြင် ၀ါဒဖြန့်ချိ စိတ်ဓါတ် စစ်ဆင်ရေး တိုက်ပွဲကို ကျင့်သုံးပါတယ်။ တော်လှန်ရေးသမားဟောင်းကြီးတွေ ပြောပြတာက 
“ဒို့ကို ၀ိုင်းပတ်ရာမှာ ရန်သူက သူတို့အဓမ္မခေါ်ဆောင်လာတဲ့ လူထုကို ရှေ့ဆုံးကနေ ထားပြီး ဒို့ကို ၀ိုင်းပတ်ခဲ့တယ်။ ဒို့ နေရာ ကျဉ်းသထက် ကျဉ်းလာတယ်။ ရှေ့ဆုံးက လူထုဆိုတော့ ဒို့က လူထုကို မပစ်ရက်ဘူး ... မပစ်ဘူး ... တဖြည်းဖြည်း ဆုတ်ခဲ့ရတာ ရန်သူ့စက်ဝိုင်း စည်းထဲ ကျဉ်းသထက်ကျဉ်း၊ ပိတ်မိသထက် ပိတ်မိလာတယ်ပေါ့။ အဲဒီမှာ အရပ်ရှစ်မျက်နှာမှာရှိတဲ့ သစ်ပင်ကြီးတွေပေါ်မှာ လော်စပီကာတွေတင်ပြီး ၀ါဒဖြန့်ချိရေး တရားတွေဟော ... အဆိုးဆုံးက သီချင်းတွေပဲ ... အဆိုတော်တွေကလည်း အဆိုကောင်း အငိုကောင်းတွေပေါ့ ... ပြန်လာပါပေါ့ ... မမိုက်ချင်တော့ပါနဲ့ပေါ့ ... အတူတကွ တိုင်းပြည်ကြီးကို လက်တွဲထူထောင်ရအောင်ပေါ့ ... အဲဒီမှာ တချို့ရဲဘော်လေးတွေ ရဲဘော်မလေးတွေ ငိုကြတာကွာ ... အဲဒီလိုနဲ့ ဒို့အားလုံး ဆုတ်လမ်းမရှိ ... ဒို့ရဲ့ လွတ်မြောက်နယ်မြေဟာ ကျဉ်းသထက်ကျဉ်းလာ ... အားမတန်တော့လို့ ... ငတ်ပြတ်လွန်းလို့ ... ဒဏ်ရာတွေနဲ့ လက်နက်ချသူတွေ ချကုန်ကြရတာပေါ့ကွာ” တဲ့ ...
ခုခေတ်ကျတော့ အဲဒီလို မေတ္တာရိ ရန်သူ့အလိုကျ အညံ့ခံရေး တရားကို ကမ္ဘာပတ်ပြီး တမျိုး ... ပြည်တွင်းမှာ အခမ်းအနားတွေနဲ့ တဖုံ ပြောနေ ... ဟောနေ ... နားချနေတာတွေ ... ရန်သူနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကို တွေ့တွေ့ ကြားကြားနေရတာ အသည်းနာလို့ မဆုံးဘူးဖြစ်တယ် ...။
ရန်သူက ရန်သူ့အလုပ် ရန်သူလုပ်တာ မဆန်းဘူးဖြစ်တယ် ...
ခုဟာက ကိုယ့်ကိုယ်ကိုယ် လူထုခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ဆိုသူတွေက ရန်သူအားပေး ရန်သူ့အလိုကျ လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူတွေကို ကျွန်ဇာတ်သွင်း ... အတွေးအခေါ်အရရော ... သဏ္ဌာန်မျိုးစုံနဲ့ရော လက်နက်ချ အညံ့ခံခိုင်းနေတာကိုတော့ အတော့်ကို ရွံရှာ စက်ဆုပ်မိတယ် ...
တရားလည်း ကျမိပါတယ် ....
ဒါဟာ သမိုင်းလည်းဖြစ်တယ် ...
Posted by Aung Htet at 7:22 AM 0 comments  

Salai Sunpai - Cartoon

ပြည်ပျက်မှာစိုးလို့ပါ 
ကာတွန်း - ဆလိုင်းစွမ်းပီ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
 

Than Win Hlaing - Articles

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃


● နန်းရင်းဝန် ကလီမင့်ရစ်ချတ် အက်တလီ
မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ဗြိတိသျှနန်းဝန်ကလီမင့်ရစ်ချတ်အက်တလီ (Clement Richard Attlee) (၁၈၈၃ - ၁၉၆၇) အမည်သည် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသောဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်သခင်နုတို့၏ အမည်များနှင့်အတူထင်ရှားခဲ့လေသည်။ ထင်ရှားရသည့်အကြောင်းမှာအဆိုပါ မြန်မာ့ခေါင်းဆောင်ကြီးများနှင့် အက်တလီတို့ ချုပ်ဆိုခဲ့ကြသည့် ‘အောင်ဆန်းအက်တလီ’ စာချုပ်နှင့် ‘နု-အက်တလီ’ စာချုပ်တို့မှာ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ယနေ့တိုင်ထင်ရှားနေသောကြောင့် ဖြစ်သည်။

ဗြိတိသျှနန်းရင်းဝန် အက်တလီကိုယ်တိုင်ရေးသူ့အတ္ထုပ္ပတ္တိဖြစ်သည့် ‘AS It Happened’ (ဖြစ်ပျက်ခဲ့သမျှ) စာအုပ် ‘ဓနသဟာယဆက်ဆံရေး’ အခန်း၌ -

အိန္ဒိယနိုင်ငံကိုလွတ်လပ်ရေးပေးပြီးလျှင် ဓနသဟာယအဖွဲ့ထဲ၌ ဆက်လက်ပါဝင်အောင် သူကြိုးစားခဲ့ပုံ၊ အိန္ဒိယသည် သမ္မတနိုင်ငံတည်ထောင်ခဲ့သော်လည်း ဗြိတိသျှ ဘုရင်မင်းမြတ်ကိုဓနသဟာယနိုင်ငံများ၏ နိုင်ငံ့ဥသျှောင်အဖြစ် သတ်မှတ်၍ ဓနသဟာယနိုင်ငံအဖွဲ့ဝင်အဖြစ် ၀င်ခဲ့ပုံ၊ မြန်မာနိုင်ငံကိုလည်းလွတ်လပ်ရေးရပြီးချိန်၌ ဓနသဟာယအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိရန် သူကြိုးစားခဲ့ပုံကိုစာမျက်နှာ ၂၁၈ - ၂၁၉ တွင် အောင်ပါအတိုင်းဖော်ပြခဲ့သည်။

‘မြန်မာနိုင်ငံပြဿနာကအိန္ဒိယနှင့်မတူကွဲပြားခြားနားပါသည်။ ကျွန်ုပ်သည် ဆိုင်မွန်ကော်မရှင် (မြန်မာနိုင်ငံကိုအိန္ဒိယမှ ခွဲထွက်ရန် ဗြိတိသျှပါလီမန်မှ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖွဲ့ပေးသောကော်မရှင်ဖြစ်ပြီး၊ ကော်မရှင်တွင် အဖွဲ့ဝင်ခုနစ်ဦးရှိ၍ ဆာဂျွန်ဆိုင်မွန်ကခေါင်းဆောင်သောကြောင့် ဆိုင်မွန်ကော်မရှင် (Simon Commission) ဟုခေါ်တွင်သည်) နှင့်အတူ မြန်မာနိုင်ငံသို့ သွားရောက်ဖူးသည်။ မြန်မာနိုင်ငံကိုအိန္ဒိယထဲကခွဲခြမ်းပေးခဲ့သည်မှာ ကျွန်ုပ်တို့ ကော်မရှင်၏ ထောက်ခံတင်ပြချက်အရ ဖြစ်သည်။ စစ်ကြီးမတိုင်မီ မြန်မာတို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွေ့အကြုံရခဲ့ကြပြီး ဖြစ်သည်။ သို့သော် အနောက်တိုင်းပညာရေးရှိသူ မြန်မာများအလွန်နည်းပါးပြီးအုပ်ချုပ်ရေးပိုင်းတွင်လည်းများများစားစားမရှိခဲ့ချေ။

မြန်မာနိုင်ငံတွင်အိန္ဒိယနိုင်ငံကဲ့သို့ဟင်ဒူ-မူဆလင်လူမျိုးအရေးပြဿနာမျိုးမရှိသော်လည်းခေတ်နောက်ကျလွန်းခြင်းနှင့် လူမျိုးစုပြဿနာအချို့ကားရှိနေခဲ့သည်။ 



မြန်မာနိုင်ငံသည် ဂျပန်တို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီးကာလရှည်ကြာခက်ခက်ခဲခဲပြန်လည် တွန်းလှန်ပြီးမှ အောင်မြင်မှုရရှိခဲ့သည်။ မြန်မာအချို့သည် ဂျပန်ကလွတ်လပ်ရေးတကယ်ပေးလိမ့်မည်ဟုယုံကြည်၍ ဂျပန်နှင့် ပူးပေါင်းခဲ့ပြီးဒေါက်တာဘမော် ရုပ်သေးအစိုးရကိုထောက်ခံခဲ့ကြသည်။ သို့သော်လည်းသူတို့သည် များမကြာမီအမြင်မှန်ရခဲ့ကြပြီးအောင်ဆန်း၏ ဦးဆောင်မှုအောက်ရှိလူငယ်များကတော်လှန်ရေးဆင်နွှဲကြသည်။ ဗြိတိသျှတပ်များနှင့် သူတို့အဆက်အသွယ်ရခဲ့ကြသည်။ လော့ဒ်မောင့်ဘက်တန်၏ အမြော်အမြင်ကြီးများသော ၀ါဒ၏ကျေးဇူးဖြင့် သူတို့ ပူးပေါင်းဆောင်ရွက်ကြပြီး ကျူးကျော်သူများအားမောင်းထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံကို ပြန်ရပြီးနောက် အိန္ဒိယရှိဆာရယ်ဂျီနယ်ဒေါ်မန်စမစ် (Sir Reginald Dorman Smith) (၁၈၉၉ - ၁၉၇၇) လက်အောက်ခံ (မြန်မာ)ပြည်ပြေးအစိုးရကို ပြန်လည်အသက်သွင်းခဲ့ကြ၏။ ဆာဒေါ်မန်စမစ်ထံ၌ နိုင်ငံရေးသမားလက်ဟောင်းကြီးအချို့ရှိနေသည်။စစ်ကြီးမတိုင်မီကမြန်မာနိုင်ငံတွင်ရှိခဲ့ဖူးသောတစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကိုအချိန်မတိုင်မီ ပြန်လည်ဖော်ထုတ်ခဲ့ခြင်းမှာ ကျွန်ုပ်တို့၏ အမှားဖြစ်သည်။

နိုင်ငံရေးလက်ဟောင်းကြီးများသည် မြန်မာနိုင်ငံ၌ ကြီးထွားလာနေသောအမျိုးသားရေးလှုပ်ရှားမှုကြီးနှင့် ကင်းကွာနေကြချိန်တွင် တော်လှန်ရေးသမားလူငယ်များကစိတ်မရှည်နိုင်တော့ချေ။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် မြန်မာများကကောင်းစွာနှစ်သက်လက်ခံသော မြန်မာနိုင်ငံအကြောင်းလည်းတီးမိခေါက်မိသူဆာဟူးဘတ်ရန့်စ်ကိုဘုရင်ခံခန့်လိုက်သည်။ ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့တစ်ဖွဲ့ လန်ဒန်သို့ လာပြီး မြန်မာ့နောင်ရေးဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်သည်။ သူတို့နှင့် ကျွန်ုပ်တို့ အချိန်ကြာမြင့်စွာဆွေးနွေးဖလှယ်ခဲ့ကြသည်။ သူတို့အထဲကအချို့သည် စစ်ကြီးမတိုင်မီက ‘ခရစ်ပ်စ်’ (Chipps) နှင့် ပုဂ္ဂိုလ်ရေးသိကျွမ်းခဲ့ကြပြီး ဖြစ်၍ များစွာအဆင်ပြေခဲ့သည်။ သို့သော်ကျွန်ုပ်တို့က မြန်မာပြည်သူများ၏ ရွေးချယ်မှုကိုလက်ခံရန် အသင့်ရှိသည်ဟုပြောဆိုခြင်းကိုပထမတွင် သူတို့မယုံကြည်နိုင်ကြဘဲသံသယရှိနေခဲ့ကြသည်။

ဖြစ်ချင်တော့ သူတို့သည် လုံးဝလွတ်လပ်ရေးရယူပြီး သမ္မတနိုင်ငံထူထောင်မည်ဟုသူတို့၏ နောက်လိုက်များထံကတိ ကျွံထားခဲ့ကြလေပြီ။ သူတို့သည် ကွန်မြူနစ်ပါတီကိုလည်းရင်ဆိုင်နေကြရ၏။ ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရင်းသူတို့ထဲကအချို့ (အထူးသဖြင့် သူတို့၏ ခေါင်းဆောင် ခေါင်းမာသူတစ်ဦးဖြစ်သောအောင်ဆန်း) သည် ဓနသဟာယထဲတွင် ဆက်နေလိမ့်မည်ဟုသဘောပေါက်စပြုလာသည်။ သမ္မတနိုင်ငံထူထောင်သော်လည်းအိန္ဒိယနိုင်ငံကဲ့သို့ပင် ဓနသဟာယထဲတွင် ဆက်နေနိုင်သည့်လမ်းကြောင်းကိုသဘောကျကြသည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အလွန်ငယ်ရွယ်ပြီးအတွေ့အကြုံနုနယ်သူများဖြစ်ကြ၏။ လူနည်းစုပါတီ (မျိုးချစ်ပါတီ) တစ်ခု၏ ကိုယ်စားလှယ်ဖြစ်သူဦးစောကမူသူတို့နှင့် မတူချေ။ သူ့ကိုစစ်ကြီးမတိုင်မီက ကျွန်ုပ်တွေ့ခဲ့ဖူးသည်။ စစ်ကြီးအတွင်းသူအင်္ဂလန်သို့ လာရောက်သည်။ သို့သော်ဦးစောသည် ဂျပန်များနှင့် လစ္စဘွန်းတွင် အဆက်အသွယ်လုပ်ရန်ကြိုးစားခဲ့ကြောင်းပေါ်ပေါက်လာ၍ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ရသည်။ သူသည် ‘အပြင်စိမ်း၍ အတွင်းပုတ်သည့်’ သရက်သီးကဲ့သို့ မျက်နှာချို၍ ကောက်ကျစ်မည့်သူဟု ကျွန်ုပ်ထင်မြင်ယူဆခဲ့သည်။

ကျွန်ုပ်နှင့် ဇနီးသည်က အောင်ဆန်းတို့ မြန်မာကိုယ်စားလှယ်တစ်ဖွဲ့လုံးကိုနေ့လည်စာဖြင့် ဧည့်ခံခဲ့ရာ ကျွန်ုပ်၏ဇနီးသည်လူသတ်သမားဖြစ်မည့်သူနှင့်သူ၏သားကောင်ဖြစ်မည့်သူများအားဧည့်ခံကျွေးမွေးခြင်းပါတကားဟုထိုစဉ်ကစိုးစဉ်းမျှ တွေးမိမည်မဟုတ်ချေ။

သူတို့ မြန်မာပြည်ပြန်သွားကြပြီးများမကြာမီအောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်ဝန်ကြီးများသည် ဦးစော၏ လုပ်ကြံသတ်ဖြတ်ခြင်းခံကြရသည်။ ဘုရင်ခံ၏ လက်မြန်ခြေမြန်အရေးယူမှုကြောင့် ဦးစော၏ အကြံမအောင်မြင်ခဲ့ချေ။ သခင်နုသည် ၀န်ကြီးချုပ်ဖြစ်လာပြီးဦးစောသည် တရားဥပဒေရှေ့မှောက်သို့ ရောက်သွားခဲ့ရ၏။ သို့သော်မြန်မာနိုင်ငံထိုးနှက်ခံခဲ့ရသည်မှာကား ပြင်းထန်လှသည်။ သို့သော် မြန်မာတို့က လုံးဝ လွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်ုင်တို့၏ အခြေခံမူများနှင့်အညီ ကျွန်ုပ်တို့အနေဖြင့် သူတို့၏ တောင်းဆိုချက်များကိုခွင့်ပြုရန်မှတစ်ပါးအခြားမရှိခဲ့ချေ။

ထိုအချိန်ကစ၍ မြန်မာအစိုးရသည် ကွန်မြူနစ်များနှင့် အခြားအဖွဲ့များ၏ ပုန်ကန်ထကြွမှုများနှင့် ရင်ဆိုင်ခဲ့ကြရပါတော့သည်’ ဟူ၍ ရေးသားဖော်ပြခဲ့လေသည်။

ကလီမင့်ရစ်ချတ်အက်တလီသည် လန်ဒန်မြို့တွင် ထင်ရှားသည့် ရှေ့နေကြီးဟန်နရီအက်တလီ (Henry Attlee နှင့် ဇနီးအီလန် (Ellen) (လန်ဒန်အနုပညာအသင်း၏အတွင်းရေးမှူး T.S Watson Ox ၏ သမီး) တို့မှာစတုထ္ထမြောက်သားဖြစ်ပြီး ၁၈၈၃ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။

အက်တလီ၏ ဘိုးဘေးဘီဘင်တို့သည် Darkingအနီး၌ လယ်သမားစက်သမားကုန်သည်များဖြစ်ခဲ့၍ ၁၉ ရာစုနှစ်အလယ်ခန့်တွင် ကြွယ်ဝတောင့်တင်းသည့် ၀န်ထမ်းလူတန်းစားထဲ့ ရောက်နေခဲ့ပြီဖြစ်သည်။ အက်တလီမိသားစုအိမ်မှာ Putney ၌ တည်ရှိ၍ နယ်အိမ်မှာ Essex ၌ တည်ရှိသည်။ အက်တလီအသက် ၉ နှစ်ထံအိမ်တွင်း၌ပင် မိခင်ကြီးထံမှ အင်္ဂလိပ်စာပေ၊  သူ့အစ်မများကိုထိန်းသိမ်းသူများ (တစ်ယောက်မှာ ၀င်စတန်ချာချီအား စာပေပိုချခဲ့သူ) ထံမှလည်းပညာသင်ကြားခဲ့သည်။

Patters’ Bar ကျောင်း၊ Haileybury College မှတဆင့် Oxford University College သို့ ၁၉၀၁ ခုနှစ်တွင် ရောက်ခဲ့သည်။ ၃ နှစ်တာပျော်ရွှင်စွာသင်ကြားခဲ့၍ စာပေနှင့်သမိုင်းတွင်အထူးစိတ်ဝင်စားပြီး ၀ိဇ္ဇာဘွဲ့ကို ဒုတိယအဆင့်ဂုဏ်ထူးဖြင့် ဆွတ်ခူးခဲ့သည်။ တက္ကသိုလ်တွင်ဘိလိယက်ထိုးချန်ပီယံလည်း ဖြစ်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် Inner Temple မှ ၀တ်လုံတော်ရဘွဲ့ရယူခဲ့၏။ သူ့နိုင်ငံရေးအမြင်မှာသူ့လူဂုဏ်ထံလူတန်းစား၏ ကွန်ဆာဗေးတစ်ဝါဒ (ဆင်းရဲသားများအပေါ်ဂရုမစိုက်သောဝါဒ)အမြင်သာဖြစ်ခဲ့သည်။သို့သော်ပရဟိတလုပ်ငန်းများလုပ်ကိုင်ရင်းလက်လုပ်လက်စားလူတန်းစားများနှင့် ထိတွေ့ခဲ့ပြီးနောက် နောက်ပိုင်းတွင် ဆိုရှယ်လစ်ဝါဒတိမ်းညွတ်လာခဲ့သည်။

ဝတ်လုံဘွဲ့ရပြီးနောက် အက်တလီသည် မိခင်ကျောင်းကပံ့ပိုးသည့် Stepney& Sd Haileybury House လူငယ်များကလပ်သို့ သွားလည်ရင်း၊ ၄င်းတို့၏ လူတန်းစားပြဿနာများကိုလည်း စိတ်ဝင်စားလာသည်။ သူကိုယ်တိုင် နောက် ၂နှစ်အကြာတွင် ထိုကလပ်၏ မန်နေဂျာဖြစ်လာသည်။ အက်တလီသည် ဂျွန်ရပ်စကင်း (John Ruskin) ၀ီလျံမော်ရစ်ဆန် (William Morrison) ဆစ်ဒနီနှင့် ဘီထရစ်ဝက်ဘ် (Sidney & Beatrice Webb) တို့၏ စာပေများကိုဖတ်ရှုရင်း ၁၉၀၈ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီဖြစ်သည့် Independent Labour Party သို့ ၀င်ရောက်၍ ပါတီဝင် ဖြစ်လာပြီးနောက် လန်ဒန်နိုင်ငံရေးလောကတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသည်။ ထို့နောက် ၁၉၀၉ တွင်  ဗြိတိသျှ ဆိုရှယ်လစ်လောကတွင် ရှေ့တန်းပုဂ္ဂိုလ်ကြီးဖြစ်လာသူ ဘီးထရစ်ဝက်ဘ်၏ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ပြီး၁၉၀၉၁၀တွင်ဝန်ကြီးချုပ်လွိုက်ဂျော့၏အမျိုးသား  အာမခံအက်ဥပဒေအကြောင်း ရပ်ရွာလှည့်ရှင်းလင်းဟောပြောသူအဖြစ်အစိုးရဌာနသို့ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အက်တလီသည် ၁၉၁၂ ခုနှစ်တွင် လန်ဒန်စီးပွားရေးကောလိပ် (London School of Economic – LSE) တွင် ကထိကအဖြစ် စာပို့ချခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးဖြစ်လာသောအခါ ကောလိပ်မှထွက်၍ စစ်ထဲဝင်ခဲ့သည်။

ပထမကမ္ဘာစစ်ဖြစ်ချိန်တွင် ၀င်စတန်ချာချီက ရေတပ်ဝန်ကြီးအဖြစ် ထိပ်ပိုင်းရာထူးရခဲ့သော်လည်း အက်တလီသည် စစ်တပ်ထဲတွင် ဗိုလ်ကြီးအဆင့်ဖြင့် စစ်မှုထမ်းရသည်။

ချာချီဦးစီးသော မက်ဆိုပိုတေးမီးယားရှိ ဂယ်လီပိုလီတိုက်ပွဲ (Gallipoli Capaign) တွင် တိုက်ပွဲဝင်ရန် တပ်ရင်းနှင့်အတူ အက်တလီစေလွှတ်ခံရသည်။ ဂယ်လီပိုလီစစ်ဆင်ရေးသည် မဟာဗျူဟာအတွက် ထိုးစစ်ဖြစ်၏။ သို့သော်အလွဲလွဲအချော်ချော် ဖြစ်ပြီး ဗြိတိသျှနှင့် မဟာမိတ်တပ်များဘက်မှ တပ်သားများအမြောက်အမြား ကျဆုံးခဲ့သဖြင့် ချာချီနာမည်ပျက်ပြီး ရေတပ်ဝန်ကြီးရာထူးမှ ဆင်းပေးခဲ့ရသည်။ အက်တလီသည် ၀မ်းကိုက်ရောဂါကြောင့် မော်လတာကျွန်းသို့ပြန်ပြီး နာလံထစခန်း၌ အနားယူနေစဉ် သူ၏တပ်အထိနာသော ဆာရီဘဲယားတိုက်ပွဲမှ ဝေးရာသို့ ရောက်နေသဖြင့် ကံကောင်းထောက်မစွာ အသက်မသေကျန်ရစ်ခဲ့ရသည်။ ကျန်းမာရေးကောင်းလာချိန်တွင် အက်တလီသည် ရှေ့တန်းစစ်မျက်နှာသို့ ပြန်သွား၍ တိုက်ပွဲဝင်သည်။ သူ၏ ခေါင်းဆောင်မှုအရည်အသွေးနှင့် အုပ်ချုပ်ရေးကွပ်ကဲမှုတွင် လိမ္မာပါးနပ်သောကြောင့် အများ၏ ချီးကျူးမှုကို ခံခဲ့ရသည်။

၁၉၁၉တွင် ဗိုလ်မှူးအဆင့်အထိ စစ်မှုထမ်းရွက်ခဲ့ပြီးနောက် အငြိမ်းစားယူလိုက်သည်။ ၁၉၁၉-၂၀ တွင် စတက်ပနီမြို့တော်ဝန်အဖြစ် ဆောင်ရွက်သည်။ ၁၉၂၂ တွင် လိုင်းမဟောက်စ (Limehouse) နယ်အတွက် လေဘာပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရွေးချယ်ခံရသည်။ လေဘာပါတီခေါင်း ဆောင် Ramsay Mac Donald က အက်တလီအား ပါလီမန်အတွင်းဝန်ခန့်အပ်ခဲ့သည်။ ၁၉၂၄ တွင် လေဘာအစိုးရအဖွဲ့တွင် အက်တလီသည် စစ်ဖက်ဆိုင်ရာ လက်ထောက်အတွင်းဝန်အဖြစ် ဆောင်ရွက်ရသည်။ များမကြာမီအတွင်း ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။ ၁၉၂၇ ခုနှစ်တွင် ဖွဲ့စည်းဆိုင်မွန်ကော်မရှင်တွင် အဖွဲ့ဝင်ဖြစ်လာပြီး ယင်း၂နှစ်အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံအကြောင်း အနည်းငယ်တီးခေါက်မိလာသည်။

၁၉၂၉ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် အရွေးခံရသော်လည်း ၁၉၃၀ ပြည့်နှစ်တွင် Sir Oswald Mosley နှုတ်ထွက်မှ လန်ကက်စတာနယ်စားဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ယင်းနောက် စာတိုက်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။

၁၉၃၁ခုနှစ်ရွေးကောက်ပွဲ၌သီသီလေးကပ်နိုင်ခဲံသည်။အက်တလီသည်အလယ်အလတ်လူတန်းစားဖြစ်ရုံသာမက သူ့နိုင်ငံရေးလမ်းစဉ်သည်လည်း အလယ်အလတ်ကျလွန်းသည်ဟု ဝေဖန်ခံရသည်။

၁၉၃၅ တွင် လေဘာပါတီခေါင်းဆောင်နှုတ်ထွက်သွားသဖြင့် ယာယီခေါင်းဆောင်ဖြစ်လာသည်။ ဟစ်တလာကို လျှော့ပေးသော ချိန်ဘာလိန်ပြုတ်ကျပြီးနောက် ချာချီတက်လာသောအခါ ညတွင်းချင်း အက်တလီနှင့် နားလည်မှုယူ၍ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့သည်။ ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅ ) အတွင်း ဗြိတိသျှ ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ချာချီက ၀န်ကြီးချုပ်၊ လေဘာပါတီခေါင်းဆောင် အက်တလီက ဒုတိယ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ စစ်အတွင်း ချာချီ၏ ခေါင်းဆောင်မှု၊ အက်တလီ၏ လုပ်ငန်းစေ့စပ်သေချာမှု Beveridge ၏ အမြော်အမြင်ရှိမှုတို့ဖြင့် စစ်ကြီးလည်းအောင်၊ စစ်ပြီးလှုမှုရေးကိစ္စတို့ကိုလည်း လေဘာအစိုးရက ကိုင်တွယ်နိုင်ခဲ့သည်။

၁၉၄၅ ခုနှစ် ရွေးကောက်ပွဲတွင် လေဘာပါတီအပြတ်အသတ်အနိုင်ရရှိခဲ့သဖြင့် အက်တလီသည် ၀န်ကြီးချုပ်ဖြစ်လာသည်။ ၁၉၄၇ ဇန်န၀ါရီလ ၁၃ မှ ၂၈ အထိ လန်ဒန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ၀န်ကြီးချုပ်အက်တလီခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ့လွတ်လပ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ အက်တလီသည် မြန်မာ့လွတ်လပ်ရေးကို အသာတကြည်ပေးအပ်ရန် သဘောတူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် `အောင်ဆန်းအက်တလီစာချုပ်´ ကိုလည်းကောင်း၊ ၁၉၄၇ အောက်တိုဘာလ ၁၇ ရက်နေ့ တွင် `နု-အက်တလီ စာချုပ်´ ကိုလည်းကောင်း လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံအား အာဏာလွှဲပြောင်းကာ လွတ်လပ်ရေးပေးခဲ့သည်။

၁၉၅၀ ပြည့်နှစ် နှစ်ဦးတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကြီး၌လည်း လေဘာပါတီကပင် အနိုင်ရရှိခဲ့သဖြင့် လေဘာပါတီခေါင်းဆောင် အက်တလီက ၀န်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၅၄ တွင် ရာထူးမှ နှုတ်ထွက်ပြီးနောက် ဒုတိယမြောက် အယ်လစ်ဇဘက်ဘုရင်မကြီးက အက်တလီအား ၁၉၅၅ တွင် အားလ် (Earl) မြို့စားဘွဲ့ ချီးမြှင့်ခဲ့သည်။ ပညာရေးဘက်တွင်လည်း သူ့အား အောက်စဖို့ဒ် တက္ကသိုလ်နှင့် ကွင်းမေရီကောလိပ်၊ လန်ဒန်စီးပွားရေးကောလိပ်တို့က ဂုဏ်ထူးဆောင်သုခမိန်အဖြစ် တင်မြှောက်ခဲ့သည်။

မစ္စတာအက်တလီသည် ၁၉၅၃ခုနှစ် ဇန်န၀ါရီလ ၆ရက် မှ ၁၅ ရက်အထိ ရန်ကုန်မြို့တော်ခန်းမ၌ `အာရှဆိုရှယ်လစ်ညီလာခံ ကျင်းပနေစဉ်အတွင်း အထူးကိုယ်စားလှယ်အဖြစ် ညီလာခံတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးသည်။ အက်တလီသည် အငြိမ်းစားယူပြီး ၁၂ နှစ်ကျော်ကာလ ပျော်ရွှင်စွာ ခရီးထွက်၊ စာရေးစာဖတ်နေခဲ့သည်။ အက်တလီသည် အသက် ၈၅ နှစ် ပြည့်ခါနီး၊ ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကွယ်လွန်သွားသောအခါ သားဖြစ်သူ မာတင်ရစ်ချတ် ( Martin Richard) က ဒုတိယ Earl Attlee ဖြစ်လာခဲ့သည်။

Based on:
၁. Encyclopedia of World Biography
၂. သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယအတွဲ) ပညာရွှေတောင်စာအုပ်တိုက်၊ ပကြိမ် ၂၀၁၀။
၃. ဦးသက်ထွန်း၊ `မြန်မာနိုင်ငံအားလွတ်လပ်ရေးပေးသူအက်တလီ´ ပြည်သူ့ခေတ် အတွဲ ၁မှ၁၈ (၂၀၁၀ နိုဝင်ဘာလ၄) 
  
Posted by Aung Htet at 7:01 AM 0 comments  

Kyaw Thu - FFSS Yangon Activity,

ခေတ်သစ် ငတက်ပြား
ကျော်သူ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃


(ဒဏ္ဍာရီလား .. ပုံပြင်လား .. တကယ့်ဖြစ်ရပ်မှန်လားတော့မသိ)

ရှေးဗမာမင်းများလက်ထက် သူဌေးသူကြွယ်များ၊ မင်းစိုးရာဇာများနှင့် မတရားခေါင်းပုံဖြတ် ကြွယ်ဝ ချမ်းသာနေကြသော ဝိသမလောဘ သူဌေးမင်းများထံမှ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့အား ရယူခိုးဝှက်ပြီး ဆင်းရဲသားပြည်သူလူထု လယ်သမားများတို့အား ဘဝရပ်တည် နေထိုင်စားသောက်နိုင်ရန်အတွက် ထောက်ပံ့လှူဒါန်းခဲ့သော လူစွမ်းကောင်းတစ်ဦး ပေါ်ပေါက်ခဲ့ဖူးသည်။

 
ယင်း လူစွမ်းကောင်းသည် လျင်မြန်သွက်လက်၊ ပေါ့ပါးဖျတ်လက်၍ ကြောင်တစ်ကောင်အလား ကိုယ်ပျောက်ပညာရှင်ကဲ့သို့အလား ပဉ္စလက်ပညာရှင်ကဲ့သို့အလား ရဲစွမ်းသတ္တိ အဋ္ဌာရသ (၁၈) ရပ်နှင့် ပြီးပြည့်စုံသော သူရဲကောင်းတစ်ဦးဖြစ်သည်။ အမည်နာမကား “ငတက်ပြား” ဟူ၍ ဖြစ်လေသည်။ ယင်း ငတက်ပြားသည် လယ်ယာမြေများ၊ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ၊ သီးပင်စားပင်များနှင့် တောင်သူ လယ်သမားများ ပြည်သူလူထုအပေါင်းတို့၏ စည်းစိပ်ဥစ္စာများအား မတရားခေါင်းပုံဖြတ် သွေးစုပ်သိမ်းပိုက် ခဲ့သော အတ္တဝါဒီ ဝိသမလောဘသားများဖြစ်ကြသော မတရားစီးပွားရှာကြသော သူဌေးသူကြွယ် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ၏ ပိုင်ဆိုင်မှုများအား ပိရိသေသပ်စွာ ပြန်လည်ရယူခဲ့ပြီး ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့အား တဆင့်ဖြန့်ဝေ ကူညီပံ့ပိုး ခဲ့သော ပရဟိတ လူစွမ်းကောင်းတစ်ယောက် ဖြစ်ပေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ မြန်မာ ပြည်အနှံ့ သောက်/သုံးရေရှားပါးမှုများ ဖြစ်ပေါ်ခဲ့သော မြို့၊ ကျေးရွာများတွင် အဝီစိရေတွင်း၊ အုတ်ကန်၊ ရေစုပ်စက်၊ ရေပိုက် စသည်တို့ကို ပံ့ပိုးကူညီမှု လုပ်ငန်းစတင်ခဲ့ပြီး ကျေးရွာပေါင်း (၈၂) ရွာတို့အား “အများ ပြည်သူအတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ကဗ္ဗည်းကျောက်စာ ရေးထိုး၍ သိန်း (၂၅ဝဝ) ကျော်ခန့် အကုန်အကျခံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ယခု ၂ဝ၁၃ ခုနှစ် နွေရာသီကာလသို့ စတင်ခြေလှမ်းမည်ဖြစ်သော အချိန်ကာလတွင် ကျွန်တော်တို့ သည် ရေရှားပါးမှုဒဏ်မှ လွတ်ကင်းသက်သာမှုရှိစေရန် ရေတူးဖော်ရေးအတွက် ဖေဖော်ဝါရီလ၌ အထက် မြန်မာပြည် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး အနီးတစ်ဝိုက်သို့ ရေရရှိရေးအတွက် ဗြဟ္မစိုရ်ခြေလှမ်းများ စတင်ခဲ့ပြီ ဖြစ်သည်။ ထိုကျေးရွာများသို့ သာမန် မြို့နေပြည်သူ၊ ရန်ကုန်မြို့နေပြည်သူတို့ပင် မဆိုထားနှင့် ပုဂံ၊ ညောင် ဦး၊ ပုပ္ပါးမြို့ခံပြည်သူတို့ပင် မရောက်နိုင်ခဲသော ကျေးရွာများသို့ သာမန် မော်တော်ယာဉ်ဖြင့် သွားလာ၍မရ။ ပူပြင်းလှသော နေမင်းကြီး၏ ပြင်းပြလှသော အပူဒဏ်ကို ခံစားရကာ ဆူးပင်ကိုင်းပင်များအား တိုးဝှေ့၍  ဖုံတစ်လောင်းလောင်းဖြင့် သွားလာရသော ခရီးကြမ်းများပင်ဖြစ်သည်။ ထိုကျေးရွာများတွင် သောက်သုံး ရေဟုမဆိုထားနှင့် အိုးခွက်များအား ဆေးကြောရန်အတွက်၎င်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ခြေလက်ဆေးခြင်း၊ မျက်နှာသစ်၊ ရေချိုးရန်အတွက်၎င်း၊ သုံးဆွဲရန် သုံးရေလုံးဝမရှိ။ သူတို့၏ ကျေးရွာ ကလေးများသည် သီးခြားခြောက်သွေ့ ပူပြင်းလှသော ကမ္ဘာငယ်လေးအလား ဖြစ်နေသည်။ ထိုကျေးလက် နေ ပြည်သူလူထုတို့၏ အသားအရေ ခြောက်သွေ့ ညိုမဲကာ အရုပ်အဆင်းတို့သည် သာမန်လူများထက် ပု၍နေသည်ကို သတိထားမိသည်။ ထိုရွာများမှ အဘိုးအဖွားများ ပြောစကားအရ “အဖွားတို့ အမေတို့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရွာမှာသောက်ရေသုံးရေ မရှိတဲ့အတွက် (၅) မိုင်ကျော်ဝေးတဲ့ ရေရတဲ့ရွာအထိ ရေထမ်းပိုးနဲ့ သွားသယ်ယူရတယ်။ ခေါင်းရွက်ပြီး သွားရောက်သယ်ရတာကြောင့် အဖွား တို့ အမေတို့ အရပ်အမောင်းတွေဟာ သာမန် လူတွေထက်ပိုပြီး ပုနေကြတာ။ (၆ - ၇) နှစ်အရွယ်က တည်းက အခုလို ရေထမ်းပိုးခဲ့ရတာလေ .. အဲဒါကြောင့် မြို့က လူတွေလို အရပ်အမောင်း ထွားကြိုင်းတာ မရှိဘူး” ဟု ရင်နင့်စွာ ပြောကြားခဲ့သည်။ အချို့သော ကျေးရွာများတွင် အစိုးရအဖွဲ့နှင့် ပြည်ပအဖွဲ့ အစရှိ သည့် အလှူရှင်များ လာရောက်၍ ရေတူးဖော်ခဲ့သော်လည်း ရေကြော၊ မြေကြော၊ ငလျင်ကြောများ တို့ကြောင့် ရေများထွက်ရှိခြင်း မရှိတော့ကြောင်း၊ အချို့ကျေးရွာများတွင် ဧရာဝတီမြစ်ကြီးမှ ရေများအား အလှည့်ကျ အချိန်စနစ်ဖြင့် ပေးလျှက်ရှိသော်လည်း တစ်ရွာလုံးအတွက် လုံလောက်မှု၊ ဖူလုံမှုမရှိကြောင်း၊ အချို့ကျေးရွာများတွင် အစိုးရအဖွဲ့၊ ပြည်ပအလှူရှင်များ လာရောက်ရန်ပင် မလွယ်ကူလှပေ။ ဧရာဝတီ မြစ်ကြီးနှင့် အလှမ်းဝေးသည့် ကျေးရွာများစွာကိုလည်း တွေ့မြင်ခဲ့ရသည်။ ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည် ရေရှားပါးသော ကျေးရွာဒေသများအား သောက်/သုံးရေ ရရှိနိုင်ရန်အတွက် ကျေးရွာပေါင်း (၂၂) ရွာတို့အား ကွင်းဆင်း လေ့လာခဲ့သည်။ “ရေအသက် တစ်မနက်” ဟူ၍ ဆိုစကား ရှိသော်လည်း ရေမရရှိသည့် မနက်ဖြန်ပေါင်း မြောက်များစွာတို့ကို ထိုကျေးရွာနေ ပြည်သူလူထုတို့ ခံစားနေကြရသည်။ ရေမရရှိ၍ အသက်ပေါင်း မြောက် ၏များစွာတို့သည်လည်း ဆုံးရှုံးခဲ့ရသည်။ ထိုကျေးလက်ဒေသခံ ပြည်သူလူထုတို့မှ ကျွန်တော်တို့ အဖွဲ့အား “ရွှေကိုမလို .. ရေကိုသာလိုသည်” ဟူ၍ ဆီးကြိုနှုတ် ဆက်ခဲ့သည်။ ကျွန်တော်တို့အား ဧည့်ခံ ကျွေးမွေးရာတွင် သောက်ရေသန့်ဗူးများလည်း ပါဝင်လို့နေပေသည်။ သို့သော် ကျွန်တော်တို့အနေဖြင့် မသောက်သုံးဝင့်ခဲ့ချေ။ ထိုအချိန်ကာလတွင် မြို့ပေါ်ရှိ အချို့သော နေရာဌာန၊ ရုံးအဖွဲ့များ၊ ကုမ္မဏီများ၊ ရပ်ကွက်များနှင့် ဂျိုးဖြူရေလှောင်ကန်မှ သွယ်တန်းထားသော ရေပိုက်များမှ ယိုစိမ့်ပေါက်ထွက် ပန်းထွက် နေခြင်း၊ ရေပိုက်ခေါင်းများမှ ယိုထွက်နေသည့် ရေများတို့သည် ထိုသို့သော ကျေးရွာနေ ပြည်သူလူထုတို့၏ မျက်နှာများအား ပြန်လည်မြင်ယောင်ထောက်ထား စာနာသင့်ချေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူ ပြည်တွင်း/ပအလှူရှင်များ ၏ အလှူငွေများကို စစ်ဘေး၊ လူမှုရေး၊ ပညာရေး စသည့်လိုအပ်ချက်များအား ပံ့ပိုးကူညီ ပေးဆပ်မှုများ ပြုလုပ်နေသည့် လူမှုရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည့်အပြင် ယခုကဲ့သို့သော ရေရှားပါးမှု ပြဿနာကြီး များအား မိမိတို့နိုင်သလောက် ကူညီပံ့ပိုးနေရသော ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုသော ပရဟိတအဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပုဂံ၊ ညောင်ဦး ဒေတတစ်ခုတည်းတွင် တွေ့ရှိရသော ရေဒုက္ခရောက်နေသော ကျေးရွာပေါင်း (၂၂) ရွာတို့အပြင် မြန်မာနိုင်ငံရှိ အရပ်ဒေသ အသီးသီးတို့တွင် ရေဒုက္ခကြုံတွေ့နေရသော ရပ်ရွာဒေသပေါင်းများစွာ ရေတွက်၍ မရလောက်အောင် များပြားလျှက်ရှိသည်။ ထို့ကြောင့် မိမိတို့တွင်ရှိသော အလှူငွေများတို့ဖြင့် ရေကုသိုလ်လှူရန်အတွက်၎င်း၊ ရေဒုက္ခသည်အဖွဲ့အား ကူညီဖေးမပေးရန်အတွက်၎င်း မနိုင်သောဝန်အား ထမ်းရွက်နေသလို ဖြစ်နေတော့သည်။

ထို့ကြောင့် ကျွန်တော်သည် တစ်ချိန်တစ်ခါက၊ တစ်ရံရောအခါက ပြည်သူလူထုတို့၏ သူရဲကောင်း၊ လူစွမ်းကောင်း “ငတက်ပြား” ကဲ့သို့ မြင့်မြတ်လှသော ပုဂ္ဂိုလ်တစ်ဦးသာ ပေါ်ပေါက်လာရန်အတွက် တောင့် တမိပါတော့သည်။ သို့မဟုတ် ကျွန်တော်ကိုယ်တိုင် ခေတ်သစ် “ငတက်ပြား” လုပ်ရန်သာရှိတော့သည်။ (ယင်းဖြစ်ရပ်များသည် စိတ်ကူးယဉ်ဖြစ်ရပ်များမဟုတ်၊ ကျွန်တော်တို့ လူသူအရောက်နည်းပါးလှသော ကျေးရွာပေါင်း (၂၂) ရွာတွင် ကြုံတွေ့ခဲ့ရသော သောက်/သုံးရေ လုံးဝမရှိသော ကျေးရွာများမှ ခြောက်သွေ့ သော လူသားများနှင့် တွေ့ဆုံခဲ့ရမှု ဖြစ်ရပ်မှန်များပင် ဖြစ်တော့သည်။
Posted by Aung Htet at 6:32 AM 0 comments  

snail mail for a Burmese in Sa Lone


 မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (စင်္ကာပူရောက်မြန်မာပြည်သားတစ်ယောက်) 
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃


စင်္ကာပူရောက် မြန်မာပြည်သားများ စုဝေးရာ ပင်နီဆူလာ ပလာဇာမှာ မြန်မာပြည်သားတစ်ယောက် ဘာလုပ်နေပါသလဲ။ 



 ပေးစာတစ်စောင်ကို ဖတ်နေတာ ဖြစ်ပါတယ်။ 

မြန်မာပြည်ကမိသားစု ပေးပို့လာတဲ့ ပစ္စည်းပစ္စယတွေကို လက်ခံယူဖို့၊ ရွေးယူဖို့ ဒီပလာဇာကြီးကို လာကြပါတယ်။ 
အင်တာနက်ခေတ်ထဲ ၀င်လာပေမယ့် ပြည်ပရောက် သားတော်မောင်၊ သမီးတော်မေတို့ဆီ အီးမေး ပို့ဖို့ ဆိုတာ တချို့သော မိသားစုများအတွက် အသင့် မဖြစ်သေးတာကြောင့် ဒီလို မြင်ကွင်းမျိုးကို တခါတရံ တွေ့ကြရမယ် ဖြစ်ပါတယ်။



ထူးခြားတဲ့ အုတ်ဂူ
တခါသုံးထီး

သထုံက ရေအိုးစင်
ရန်ကုန် နဲ့ မိုးမခ
ပဲခူးက ငါးချဉ်
Posted by Moemaka at 6:02 AM 0 comments  

SUNDAY, FEBRUARY 17, 2013

Min Ko Naing & Ko Pyone Cho - Ko Nyo (Facebook, Norway)


နော်ဝေရောက် ကိုမင်းကိုနိုင်၊ ကိုပြုံးချိုတို့နဲ့ နော်ဝေမြန်မာတို့ တွေ့ဆုံ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
ဖေ့စ်ဘွတ်၊ ကိုညိုရဲ့ မျက်နှာက ယူတယ်



2015 ဟာ ကျနော်တို့ပန်းတိုင်မဟုတ်ဖူး..ဖြတ်သန်းသွားရမဲ့ မိုင်တိုင်တခုသာဖြစ်တယ်”
ကိုမင်းကိုနိုင်ရဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး တိုက်ပွဲ သဏ္ဍန် ကို ရှင်းလင်းခြင်း..။

တန်းတူညီတူနဲ့ ပြည်ထောင်စု စနစ် ကိစ္စအပေါ် ကိုမင်းကိုနိုင်ရဲ့အမြင်..။

ပြည်ပရောက်တွေ..ဘယ်တော့ပြန်လာမှာလဲ? ခင်ဗျားတို့တတ်ထားတဲ့ပညာနဲ့ လုပ်စရာတွေ လိုအပ်နေတယ်။ ဘယ်တော့ပြန်လာမှာလဲလို့ ကိုမင်းကိုနိုင်က ပြည်ပရောက် မြန်မာတွေကို အော်စလိုတွေ့ဆုံပွဲမှာမေးခွန်းထုတ်သွားတယ်။

ကိုပြုံးချိုက ၈၈ ရန်ပုံငွေပွဲမှာ ခရိုနီတွေ ငွေလှူခဲ့ပုံအကြောင်း

Posted by Maung Yit at 11:06 PM 0 comments  
Labels: MoeMaKa VDO

Facebook Target of Cyber Attack

 Facebook လည်း အဟက်ခံလိုက်ရ၊ FBI နှင့် ပူးပေါင်း စုံစမ်းနေ
မိုးမခအထောက်တော် အမှတ် ဝဝ၎
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃



ထင်ရှားသည့် ၀က်ဆိုက်များ ဖောက်ထွင်းခံနေရချိန်တွင် Facebook လည်း အဟက်ခံလိုက်ရကြောင်း သိရှိရသည်။

သို့သော်လည်း လျှို့ဝှက်ထိန်းသိမ်းရမည့် အချက်အလက်များ ခိုးယူခံရခြင်း မရှိကြောင်း သောကြာနေ့က Facebook ဘလော့တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

Facebook ၀န်ထမ်းတချို့ အင်တာနက်စာမျက်နှာတခုကို ကြည့်ရှုကြပြီး နောက်ပိုင်း ထိုသို့သော ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကယ်လီဖိုးနီးယားအခြေစိုက်  Facebook ကုမဏီရုံးချုပ်ရှိ ကွန်ပြူတာများကို ထိုသို့ အင်တာနက်မှ ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဟက်ကာ မည်သူဖြစ်သည်ဆိုသည်ကိုမူ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ တိုက်ခိုက်မှုအတွက် Facebook  က အမေရိကန်ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ FBI နှင့် ပူးပေါင်းဆောင်ရွက် စုံစမ်းစစ်ဆေးနေသည်ဟု ဆန်ဖရန်စစ္စကိုခရော်နစ်ကယ် သတင်းစာတွင် ရေးထားသည်။

တွစ်တာ/Twitter ၀က်ဆိုက် ဟက်ကာတို့၏လက်ချက်မိ

အထင်ကရ ၀က်ဆိုက် တခုဖြစ်သော တွစ်တာ/Twitter  လည်း ဖောက်ထွင်းခံခဲ့ရကြောင်း ယခု လဆန်းပိုင်းတွင် သတင်း ထွက်ပေါ်ခဲ့သည်။


မကြာသေးခင်ကလည်း ထင်ရှားသည့် စာနယ်ဇင်းများဖြစ်သည့် New York Times နှင့် Wall Street Journal တို့လည်း တိုက်ခိုက်ခံခဲ့ရသည်။ တရုတ်သမတ ၀မ်ကြားပေါင်ကို ဝေဖန်ရေးသားမှုကြောင့် တရုတ်ဟက်ကာတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။
Posted by Aung Htet at 10:53 PM 0 comments  

Kama Pale - Stranger Spring



ခပ်စိမ်းစိမ်းနွေဦး
ကမာပုလဲ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃
( ၁ ) 

အမ်စတာဒမ်မှာ နွေဦး ရှိပါသလား။ ဘိုရင်းနိတ် ကျောက်မီးသွေးတွင်းမှာ နွေဦး ရောက်နေပြီလား။ ဘယ်လဂျီယံ ဆောင်းဟာ နွေဦးကို ကိုယ်ဝန်ဆောင်ထားခဲ့လေသလား။ မိတ္ထီလာမြို့အဝင် တမာပင်တန်းကလေးမှာ နွေဦး နားခိုနေပါသလား။ ကလောမြို့ရဲ့ မှိုင်းလုံးတောင် ခြေရင်းမှာ ရိုးတံသက်သက် အလွမ်းများ … ပန်းနုရောင် ချယ်ရီတွေ ဖူးသစ်ဝေနေပြီလား။ ညက အိပ်မက်ထဲမှာ ပန်းနုရောင် ချယ်ရီတွေ ပွင့်နေခဲ့တယ် … နွေဦး။

နှစ်ကာလရဲ့ ရထားတစင်းပေါ်မှာ အဖြစ်အပျက်တွေ စီးနင်းလိုက်ပါသွားခဲ့ကြ။ သံလမ်းတလျှောက်မှာ ပုံသဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနေတဲ့ ဘဝများ၊ ရင်ခုန်သံများ၊ စကားစမြည်များ၊ ပိုလို့ နွမ်းပါးလာတဲ့ နေ့မြင်ညပျောက် မိသားစုများ၊ ရေအိုးကလေးထဲမှာ ကြိုက်သလို သုံးစွဲနိုင်တဲ့ ရေကြည်သန့်များ၊ သနပ်ခါး ပါးကွက်ကြားပေါ်က ချွေးစ ချွေးနများ၊ အကွက်လည်နေတဲ့ ချုပ်ရာ ဖာရာ ဗရပွ ထမီကလေးတထည် …။

“အကိုရေ … ရေချိုးချင်ပါသလား။ ရိုးရိုး ချိုးရင် ၃ - ကျပ်၊ အထူး ချိုးချင်ရင် ၅ - ကျပ်၊ ၁၀ - ကျပ်။ အဆင်ပြေစေရပါမယ်။ စိတ်တိုင်းကျစေရပါမယ်။ စိတ်ချ လက်ချ ရှိစေရပါမယ်” တဲ့။


၁၉၈၀၊ ၈၁၊ ၈၂၊ ၈၃ ကာလ သာစည်ဘူတာ ညများ။ မန္တလေး အဆန် တက်သွားပြီ။ ရန်ကုန် အစုန် ဆင်းသွားပြီ။ အရှေ့ဘက်က ရှမ်းတောင်တန်းတွေ ငြိမ်သက် အိပ်စက်။ ဂုန်နီအိတ်စနဲ့ ခေါက်ကုတင် အိပ်စင်တလုံးကို တညတာအတွက် ၂ - ကျပ်။ ဗျစ်ရည်မူးနေတဲ့ တက်ထရွန် အဝါရောင်ဝတ် ဦးပြည်းစိမ်း ခေါင်းတလုံး။ ယိမ်းလို့။ ယိုင်လို့။ အသောက ဘုရင်ကြီး ဘယ်ရောက်နေသလဲ။ ညသည် မအိပ်နိုင်သေး။ သာစည် ဘူတာ နံနက်ခင်းများ။ ရေမချိုးခဲ့ပါ။ ချိုးသထက် ညစ် မဖြစ်ချင်ပါ။ ဘူတာရုံအနီးက ရေဘုံပိုင်မှာ တပြားတချပ်မှ မကုန်ဘဲ အများနည်းတူ မျက်နှာသစ်ခဲ့။ ဖုံစ ဖုံနတွေ ပေကျန်နေတဲ့ ခြေထောက်ကို ရေမဆေးခဲ့ပါ။

ပုဂံဘုရားဖူး ခရီးစဉ်ကို မလိုက်ဖြစ်ခဲ့ပါ။ အိမ်ကပို့လိုက်သော ဘုရားဖူးခရီးစဉ်အတွက် ငွေစ ကြေးစ အချို့။ ကလောမြို့ ဂေါ်ရချို ဗျစ်ရည်ညများ။ အိမ်ပြန်လို့ မဖြစ်။ တံတားဦးအနီးက ရေကမိုး ကျေးလက်။ မန္တလေးကို တက်မယ်။ မယ်ဇယ်ပင်တန်းနဲ့ တောင်သမန်အင်းကို ဖြတ်သန်းခဲ့။ ထန်းရည်ခါးခါး ပင်ကျရည် တမြူ၊ နှစ်မြူ … ။ စစ်ကိုင်းက ဆက်သွယ်ရေး အလုပ်သမားဝင်း။ လက်ဘက်ရည်ဆိုင် နေ့ခင်း။ “မင်းတို့ နှစ်ယောက် မန္တလေးပြန်ဖို့ ခရီးစားရိတ်က ၁၀၀ ကျပ်ဆိုရင် လောက်မလား။ ဖြစ်တယ်။ ဒီကောင့် ဦးလေးတော်သူက မစိုးရိမ်တိုက်မှာ ကျောင်းထိုင်နေတယ်။

ဘုန်းဘုန်းဆီမှာ ပိုက်ဆံတောင်းမယ်။ ပြီးရင် ကျောင်းဖွင့်ချိန်လောက် ကလောကို ပြန်တက်မယ်။ မန္တလေးက ခြင်တွေ အရမ်းကိုက်တာပဲ။ ဘုန်းကြီးကျောင်းက ညနေစာ ဟင်းပေါင်းဟင်းလျာ။ ကျုံးပတ်ပတ်လည် လမ်းလျှောက်။ မန္တလေးတောင်။ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး ဘုရား။ ရွှေကျောင်း။ တရုတ်တန်း ညဈေး။ မန္တလေး ဘူတာကြီး။ ပန်းကမ္ဘာ စက်ဘီးကလေးပေါ်က မန္တလေးသူ ညိုပြာညက်။ ဘုရားကြီး။ နန်းတွင်း။ ဘုတ်တလုပ်ကန်။ ပန်းပဲမင်းကြီးရဲ့ ရေမြောင်းများ။ သာစည်။ မိတ္ထီလာ။ ယင်းထော် ကျေးလက်။

“ဘယ်လိုလဲကွ … မင်းတို့နှစ်ကောင် … မန္တလေး ဘုန်းကြီးကျောင်းသား ရနံ့တွေ သင်းလို့ပါလား … ခြင်ကိုက်ရာတွေကလည်း အပ်ဖျားချစရာမရှိ”

“ဘဲကြီး … အပိုတွေ စောကြောမနေနဲ့။ ထမင်းကျွေး။ ထမင်းဆာတယ်”

မနော်ဟရီဆန်၊ စိမ်းဖန့်ဖန့် ထမင်းကလေး နုနု၊ ကြက်ဥကျော်၊ ဝက်သားဟင်း၊ တမာဖူးသုတ်၊ ပိုးပလောက်ကျော်၊ ပဲကြီးဟင်းချို၊ ရွာလည်က ကြီးမလိမ္မာ လူပျိုကြီး ဂေဟာ၊ ကျောင်းဖွင့်တဲ့အထိ နေမယ်။ မနက်ကို လက်ဖက်ရည် တိုက်ပါ။ တနေ့ကို မနက်၊ ည ထမင်း နှစ်နပ်ကျွေးပါ။ ညကို ဗျစ်ရည်တိုက်ပါ။ ပြီးရင် ခင်ဗျားရဲ့အသံဝါဝါကြီးနဲ့ သီချင်းတွေ ဆိုပြပါ။ “ပြန်လာမယ် ငယ်ချစ်ဦးလေး ရှိရာ … လွမ်းရတဲ့စိတ်ကို ဖြေမပြေဘူးလေ … အညာမြေမှာ တမာတွေ သင်းပျံ့တဲ့အခါ … ကိုယ်လေ အပြေးလှမ်းခဲ့မှာ … အချစ်ရာ … ကိုယ်လာရင် တမာပင်တန်းကလေး ရှေ့မှာ … တူယှဉ်ကာလေ လက်တွဲကာ … ဘယ်လိုပင် နေပူစမ်းပါစေ … တို့အတွက်တော့ ရင်အေးစရာ …”

( ၂ ) 

မော်စကိုမှာ နွေဦးရှိပါသလား။ ကျူးဘားနွေဦးကရော ဘယ်လိုမျိုးပါလဲ။ ရုရှမှာ ဇာဘုရင် ရှိခဲ့တယ်။ ရက်စ်ပြူတင် ရှိခဲ့တယ်။ လီနင် ရှိခဲ့တယ်။ မက္ကဇင် ဂေါ်ကီး ရှိခဲ့တယ်။ မာယာကောဗ်စကီး ရှိခဲ့တယ်။ မဟာ အောက်တိုဘာ တော်လှန်ရေး ရှိခဲ့တယ်။ ကျူးဘားမှာ အာဏာရှင် ဘာတစ္စတာ ရှိခဲ့တယ်။ ကက်စထရို ရှိခဲ့တယ်။ အာဂျင်တီးနားက ဆရာဝန် တော်လှန်ရေးသမားကြီး ရှိခဲ့တယ်။ ယန်အန်မှာ မော်ရှိခဲ့တယ်။ ကနေဒါနိုင်ငံသား ဒေါက်တာ နော်မန်ဗက်သွန်း ရှိခဲ့တယ်။

၁၉၃၉ - ခုနှစ်၊ သီတင်းကျွတ် ကျောင်းပိတ်ရက်။ မင်းလတ် အညာဆန် သင်္ဘော။ ရန်ကုန် မှသည် မန္တလေး။ မန္တလေးမှသည် ရှမ်းပြည်နယ် လားရှိုးမြို့။ ထိုမှသည် တရုတ်ပြည် တော်လှန်ရေး နယ်မြေသို့ … ။ အခက်အခဲများ၊ အဟန့်အတားများ၊ အနှောက်အယှက်များ၊ လမ်းခုလတ် သိန္ဒီ …၊ ရှမ်းပြည် ပုဒ်မ - ၁၀။

“အဲဒီတော့ ဒီလို ငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင်ရွှင်လန်းပြီး လီနင် ရေးတဲ့ ‘နိုင်ငံတော်၊ အစိုးရ နှင့် တော်လှန်ရေး’ အကြောင်းကို ဆွေးနွေးရအောင် …”
( ဒဂုန်တာရာ၏ ကိုဘဟိန်း သို့မဟုတ် ကဗျာ )

၁၉၃၉ နှင့် ၁၉၈၀၊ ၈၁၊ ၈၂၊ ၈၃ တို့သည် နှစ်ကာလအားဖြင့် အနှစ် ၄၀ ကျော် ကွာခြားခဲ့။ ၁၉၃၉ - ခုနှစ်က ရှမ်းပြည်သို့ အလည်သွားခဲ့သော သူငယ်ချင်းနှစ်ဦးနှင့် ၁၉၈၂၊ ၈၃ ခုနှစ်များဆီက ရှမ်းပြည်နယ် ကလောမှ မန္တလေးသို့ သွားခဲ့သော သူငယ်ချင်း နှစ်ယောက် …။

မျိုးဆက်ချင်း မတူ။ နှစ်ကာလချင်း မတူ။ ရင်ခုန်သံချင်း မတူ။ သမိုင်းခေတ်ချင်း မတူ။ ကျောင်းသား ဟူသည့် တန်ဖိုးအနှစ်သာရ ပြဌာန်းချက်ချင်းလည်း မတူ။

၁၉၃၉ - ခုနှစ်များဆီက သူငယ်ချင်းနှစ်ဦး၏ ခရီးရည်ရွယ်ချက်ကား ရင့်ကျက်တည်ငြိမ်မှု အပြည့်။ ဗဟုသုတ ဝမ်းစာ အပြည့်။ မျိုးဆက်သစ် သမိုင်း အမြော်အမြင် အပြည့်။ နိုင်ငံရေး ရပ်တည်ချက် အခိုင်အမာဖြင့် …။ သူတို့ နှစ်ဦး၏ ခရီးစဉ်ကား ဆောင်းကာလဆိုပေသည့် နွေဦး၏ နံနက်ခင်းတခုလို သာယာလျှက်။ လှပတင့်တယ်လျှက်။ လွမ်းမော ပီတိတို့ဖြင့် အတိပြီးလျှက်။ သူတို့ နှစ်ဦး၏ ခရီးစဉ်ကား နွေအရုဏ်ဦးနှယ် … ပတ္တားမြည်တို့ဖြင့် လိမ်းကျံလျှက် … ။ သမိုင်း ဝင်လျှက်။ သမိုင်းကို အလှပဆုံး ရေးခြယ်နိုင်ဖို့ ကြိုးစားခဲ့ …။

သူတို့နှစ်ဦး၏ ထိုခရီးစဉ်ကား ၁၉၈၈ ကာလရောက်မှ ပိုပြီး အသက်ဝင်ခဲ့။ ပိုလို့ ရုပ်လုံးကြွခဲ့။ ကလောမှ မန္တလေးသို့ လူပေ လူလွင့်သဖွယ် ခရီးသွား သူငယ်ချင်းနှစ်ယောက်သည် သူတို့ ၁၉၈၂၊ ၈၃ ကာလ သွားခဲ့သော ခရီးစဉ်အတွက် ခုမှ အရှက်ရနေခဲ့သည်။ သူတို့နှစ်ဦး၏ ခရီးစဉ်ကား လက်တွေ့ဘဝမှ ထွက်ပြေးချင်၊ ထွက်ပြေးခဲ့ကြသော ကလေကချေ ကျောင်းသားလူငယ်နှစ်ဦး၏ ခရီးစဉ်။

ဥသြငှက်၏ တေးသီသံက တောင်နံရံတွေကို ပဲ့တင်ထပ်ကာ သူ့ကို နွေဦး ရောက်ပြီဟု ပြောလာနေသည်။ အအေးဓာတ်ကလည်း ရုတ်ချည်းဆို လျော့သွားသည်။ သူ့အတွက်တော့ သူ့အရှက်ဖြင့် ထိုစဉ်က မန္တလေးခရီးစဉ်ကို ပြန်စဉ်းစားမိရင်း ရှက်ရွံ့ခံစားမှုများဖြင့် တဖန်ပြန်လည် သတိရလျှက်။ သူ့ အဖို့တော့ နွေဦးသည် ခပ်စိမ်းစိမ်းဖြစ်လျှက်။ ဒါပေသည့် နွေဦးကိုတော့ သူ မချစ်ဘဲ မနေနိုင်ပါ။ လွမ်းပါတယ် ... မန္တလေးသားကြီး ကိုဘဟိန်း ( ကိုဗဟိန်း ) သို့ …။ ။

ကမာပုလဲ 
၁၇၊ ၂၊ ၂၀၁၃။
http://oothandar.blogspot.com/2013/02/blog-post_2196.html ကနေ ယူလိုက်တယ်

Posted by Maung Yit at 10:51 PM 0 comments  

Saw Ngo - Cartoon


ကာတွန်းစောငို - မျက်နှာရမလားလို့ ပြောမိတာပါ ခင်ဗျာ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages