27th Feb - MoeMaKa Daily

33 views
Skip to first unread message

Maung Yit

unread,
Feb 27, 2013, 1:21:00 AM2/27/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ကာတွန်းစောငို - ဥပဒေအထက်မှာ စီမံကိန်းရှိတယ်
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
Posted by Maung Yit at 9:27 PM 0 comments  
Labels: Cartoon BoxSaw Ngo

New Appointment for Regime's constitution court


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့်ရုံးအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလ၊ လွှတ်တော်တွင်း အငြင်းပွားနေသော အခြေခံဥပဒေခုံရုံးဆိုင်ရာအတွက် ရာထူးခန့်ထားမှုများကို သမ္မတကြီး ဦးသိန်းစိန်က ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ ၂၆ ဖေဖေါ်ဝါရီ ၂၀၁၃။ နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် (၁၂/၂၀၁၃)။ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ။
Posted by Maung Yit at 9:12 PM 0 comments  

Burmese Migrant Travel Documents fees 550 bath in Thailand


နေပြည်တော်မှ ထုတ်ပြန်ချက် - ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ဘတ် ၅၅၀ လက်မှတ်
ဇော်သူရ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
            လက်ခံရရှိသော ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်မှာ ဘတ် ၅၅၀ ဖြစ်ကြောင်းနှင့် ပိုမိုကောက်ခံပါက မြန်မာနိုင်ငံသို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။
အလုပ်ရှင်များနှင့် အလုပ်များမှ ထွက်ခွာလာပြီး နီးစပ်ရာဌာနများတွင် နိုင်ငံကူးလက်မှတ်လျောက်ထား ထုတ်ယူရာတွင် အမြန်ဆုံးနှင့် အဆင်ပြေ အချောမွေ့ဆုံးဖြစ်စေဖို့ မြန်မာအလုပ်သမားများကိုယ်တိုင်ကလည်း အပိုဝန်ဆောင်မှုများပေးပြီး ဆောင်ရွက်ကြမည်မှာ သေချာကြောင်း အလုပ်သမားတဦးကပြောသည်။

ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း ဆောင်ရွက်ပေးမည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်သည် ထိုင်းနိုင်ငံ အလုပ်ရှင်များထံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက်သာ အကြုံးဝင်သည်။
မြန်မာအစိုးရမှ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ် အား ဆောင်ရွက်ပေးခြင်းအတွက် ကောက်ခံသည် ကုန်ကျစရိတ် စုစုပေါင်း သည် ဘတ် ၅၅၀ ဖြစ်ပါသည်။ (ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သည်။)

တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ(မြန်မာနိုင်ငံ)
- ညွှန်ကြားရေးမှူးချုပ် - ၀၉၅ ၆၇ ၄၃၀၀၈၇
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
နေပြည်တော်

- ညွှန်ကြားရေးမှူး - ၀၉၅ ၆၇ ၄၃၀၁၈၄
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန။  နေပြည်တော်

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး - ၀၈၄- ၅၁၉၃၂။ တာချီလိတ် မြို့

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး - ၀၅၈- ၅၀၉၆၈။  မြဝတီ မြို့ ၀၅၈- ၅၀၉၆၉

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး - ၀၅၉- ၅၁၉၅၈။  ကော့သောင်း မြို့ 

တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ(ထိုင်းနိုင်ငံ)

- သံအမတ်ကြီး - ၀၀၆၆၈၁၉၁၂၀၀၆၀
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး 

- ညွှန်ကြားရေးမှူး(Over All Incharge) - ၀၀၆၆၈၈၈၉၀၀၀၃၇
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန။ ထိုင်းနိုင်ငံ

- အလုပ်သမားသံအရာရှိ - ၀၀၆၆၈၆၇၇၄၆၈၂၅
(ဒုတိယညွှန်ကြားရေးမှူး) - ၀၀၆၆၈၃၉၁၂၁၇၅
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန။ ထိုင်းနိုင်ငံ

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ပထုံဌာနီ - ၀၉၁၀၈၀၆၀၃၁

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ စမုပရာကန် - ၀၉၁၀၈၀၆၀၃၂

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ စမုစခွန် (မဟာချိုင်) - ၀၉၁၀၈၀၆၀၃၅

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ချင်းမိုင် - ၀၉၁၀၈၀၆၀၃၇

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ရနောင်း - ၀၉၁၀၈၀၆၀၃၈

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ဆူရတ်ဋ်ဌာနီ - ၀၉၁၀၈၀၆၀၃၉

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ခွန်ခမ်း - ၀၈၈၆၀၀၃၀၃၅

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ လရောင် - ၀၈၈၆၀၀၃၂၄၈

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ကန်ချနာပူရီ - ၀၈၈၆၀၀၃၂၉၅

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ မဲဆိုင် (ချင်းရိုင်) - ၀၈၈၆၀၀၃၄၁၀

- ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ မဲဆောက် (တပ်ခရိုင်) - ၀၈၈၆၀၀၃၇၅၉
Posted by Maung Yit at 8:44 PM 0 comments  

Naing Oo Nyo - Witnesses ...


 သက်သေ
 နိုင်ဦးညို(ဖိုးဇီးရိုး)၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃

ဒို့အရေး ဒို့အရေး
မကြားရတာ အတော်တောင်ကြာပြီ၊

ဒီအခွေ မေ့ထားတဲ့သူတွေရှိတယ်
ဒီအခွေ ရောင်းစားခဲ့သူတွေရှိတယ်
ဒီအခွေ တို့အတွက်အသုံးမဝင်တော့ဘူးဆိုသူတွေရှိတယ်၊

ဒါပေမဲ့ ဒီအခွေဟာ
သုံးကားပေါင်း မိုးအလင်းနဲ့ ရောမသွားဖူး
ပျံတော်မူ ဇာတ်လမ်းနဲ့ ပျက်မသွားဖူး
ဒီအခွေကို အမှန်တကယ်
ရင်ခုန်ခဲ့သူတွေ ရှိနေသေးတယ်၊

ဒီအခွေသံ ပျောက်ချင်းမလှ
ပျောက်ချိန်မတန် ပျောက်ပြယ်ခဲ့လို့
ဒါပေမဲ့ ဒါကို ဒို့တတွေရဲ့
ပြည်တွင်းကဆရာတွေလည်း မပြောရဲဖူး
ပြည်ပကဆရာတွေလည်း မပြောဝံ့ဖူး
အဲဒီလောက်တောင်မှ
၂၀၀၈ ၂၀၁၀ မှာ ဒီကောင်တွေ
ယတြာအချေကောင်းခဲ့တာ၊

ဒီကနေ့မှ ဘွားဘွားကြီးပေါ်
နော်ဝေးကဆရာများကောင်းမှု၊

ပြည်တွင်းရောက်ဆရာကြီးများ
ပြည်တွင်းကဆရာကြီးများ
ပြည်ပနေဝေဝေဝါးဝါးများ၊

အားလုံးကြားကြသမျှ
သာဓုခေါ်နိုင်ကြပါစေဗျား ။   ။ 

 
၂၆-၀၂-၂၀၁၃
(ဓာတ်ပုံ - ယမန်နေ့က နော်ဝေတွင် သမ္မတသိန်းစိန်အား မြန်မာတို့ ဆန္ဒပြခဲ့စဉ် ဓာတ်ပုံများ၊ အင်တာနက်) 
Posted by Maung Yit at 8:11 PM 0 comments  
Labels: Naing Oo NyoPoems

Kamarpale - Poem


မအူပင်

ကမာပုလဲ
၂၇၊ ၂၊ ၂၀၁၃



ဂျပန်ကြီး ...
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ ...။

သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ
ဝေဒနာရဲ့ လွတ်မြောက်ရာ
ခန္ဓာကိုယ်မှာ အပ်ချဖို့ နေရာ ရှာမနေနဲ့ ...။

ပင်နီဖျင်ကြမ်း တိုက်ပုံကလေးမှာ
သွေးဝနေရင် တထောက်နား
မြင်လား ...
မပျံနိုင်တော့လို့ တအိအိလမ်းလျှောက်နေကြတာ ...။

 နိုင်ငံရေးသမား မဖမ်းဘူး
 နိုင်ငံရေးမှု မရှိဘူး
နို့ ...
မတရား ရိုက်ဒဏ်နှက်ဒဏ် ခံနေရတဲ့
လယ်သမားတွေဘက်က ရပ်တည်
အဲဒီ ကျောင်းသား ထောင်တန်း ကျတဲ့အခါ ...။

၁၉၈၉ - ၉၀
ဖျာ ပေါတယ်
လယ်သမား ပေါတယ်
ခြင်တွေ ပေါတယ်
ထောင်သွင်း အကျဉ်းကျလာသူတွေ ပေါတယ်
မြစ်ဟာ ဘာမှမသိသလို ခပ်မဆိတ်စီးဆင်းနေဆဲ ... ။

အသည်းပေါက်တဲ့အထိ
မမေ့နိုင်တဲ့ ညနက်နက်တွေ အကြောင်း
အုတ်ရိုးမှာ သွေးနဲ့ ကမ္ပည်းထိုးခဲ့တယ် ...။ ။


+ ၁၉၈၉ - ၉၀ ကာလ မအူပင် အကျဉ်းထောင်မှ တဆင့် မအူပင်ဆေးရုံတွင် သေဆုံးချိန်ထိ ခြေထိတ်၊ လက်ထိတ်ခတ်ခံ ကျဆုံးခဲ့ရသော ဘိုကလေးမြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ် စည်းရုံးရေးကော်မတီဝင် ရဲဘော် ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီး အမှတ်တရ ဒီကဗျာကို ရေးတယ် ...။

+ ဂျပန်ကြီးနှင့်အတူ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ပါတီမှ မြို့နယ် ဥက္ကဌ အပါအ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင် ( ၇ ) ဦး ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ 

+ ထိုချိန်က လယ်သမားတွေအပေါ် မတရား ဖမ်းဆီး ရိုက်နှက်ကာ တာဝန်ကျေစပါး အဓမ္မ၀ယ်ယူနေမှုအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုမှ တရားဝင်စာထုတ် ကန့်ကွက်ခဲ့။

+ ထိုစာကို လူထုအတွင်း ဖြန့်ဝေပေးရန် ဗဟိုမှ ညွှန်ကြားခဲ့။ 

+ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့မှုအပေါ် န၀တ စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းဖြစ်။ 

+ ပုဒ်မများမှာ ပုံနှိပ် အက် - ၂၀ နှင့် ၅၀၅ ( ခ )တို့ ဖြစ်။

Posted by Aung Htet at 5:44 PM 0 comments  

ATH - Cartoon

ခက်ခဲသွားမှာ စိုးလို့ပါ
ကာတွန်း - ATH
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃

News and Media

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရန်ကုန်သို့ထွက်ခွာ
မိုးမခအထောက်တော်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃


ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထောက်အကူပြုနိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီ ဦးအောင်မင်းရဲ့ ဖိတ်ကြားချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဌ ဦးဘိုသောင်း၊ ဒုအဖွဲ့အခေါင်းဆောင် ဒေါက်တာအေး ကျော် (ဒုဥက္ကဌ)၊ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်သိဏ်းနှင့် ရဲဘော်ထွန်းအောင်ကျော် (အလုပ်အမှုဆောင်၊ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ) တို့ ခေါင်းဆောင်ပြီး နိုင်ငံတကာဌာနခွဲမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀) ဦး ပါဝင်သည့် အဖွဲ့  ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက် မြို့မှတဆင့် မြ၀တီလမ်းကြောင်းအတိုင်း ရန်ကုန်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရပါသည်။ 

မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီသည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအဲန်အက်ဖ်စီ) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် အဆိုပါခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ထားပါသည်။ ကြေညာချက်အပြည့်အစုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ထုတ်ပြန်ကြေညာချက်

Posted by Aung Htet at 8:23 AM 0 comments  

Kyaw Home - Poem


လက်ဆင့် မှာတမ်း
ကျော်ဟုန်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃


ကိုယ်တို့ဘဝတွေဟာ
စကားလုံးမရှိတဲ့ ဂစ်တာ
ဒါပေမယ့် ...
သံစဉ်ပျောက်မသွားဘူး။

ကိုယ်တို့  ဘဝတွေဟာ
(ဝင်တာ-Winter) ရဲ့ မေဗယ်လ်
တရွက်မကျန် ...
ရိုးတံဖြိုင်လဲ အသက်ရှင်။

(နွေဦးကို ရှေ့ရှုရင်း ရွက်သစ်ဝေမယ်)
(ညဥ့်ဦးကို ခိုလှုံရင်း သံစဉ်သစ်မယ်)

နားလည်ထားတယ်
ဖြစ်ခြင်းပျက်ခြင်းရဲ့ဆုံမှတ်ဟာ ဘဝတဲ့။

ဘဝ
လောကဓံကို
သစ္စာမဖောက်မှ (လူ)

အလှတရား
ရှာပုံတော်ကို
သစ္စာမဖောက်မှ (လူ)

မျိုးဆက်
ကျင့်ဝတ်ကို
သစ္စာမဖောက်မှ (လူ)

အချစ်နဲ့ သစ်ဖို့  မနက်ဖြန်ဆီ
ဖြောင့်ဖြောင့်ကြီး ချီတက်
အလှည့်ကျသူတွေတိုင်း ဆက်ချီစေ။

စကားလုံးမရှိလဲ
ဂစ်တာသံစဉ် မပျောက်စေနဲ့ 
ဝင်တာ နှင်းရိုင်းခြွေလဲ
မေဗယ်လ် အသက်မသေသလိုမျိုး။    ။
Posted by Aung Htet at 8:05 AM 0 comments  

Lai Lone - Cartoon

သူ့အတွေး
ကာတွန်း - လိုင်လုဏ်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃

Than Win Hlaing - Articles

မြန်မာ့ဂန္ထဝင်စာပေ၏ အနာဂတ် - အပိုင်း (၂)
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃



● မြန်မာ့ဂန္ထဝင်စာပေနောက်ခံသမိုင်း
မြန်မာစာပေသည်သက်တမ်းအားဖြင့်ရှည်လျားသည်။ လင်္ကာစကားပြေ နှစ်ထွေထွန်းကားခဲ့သော အစဉ်အလာရှိသည်။ ဂီတအနုပညာ စ သည်တို့နှင့်လည်း ပေါင်းကူးယှက်နွယ်နေပါသည်။ ဗုဒ္ဓသာသနာသည် မြန်မာစာပေဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့ နေထိုင်ရာဒေသများတွင် အခြေစိုက်မိနေပြီဖြစ်သည်။ (၁၁) ရာစု အနော်ရထာမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် ပိဋကတ်စာပေများ ပုဂံသို့ ရောက်လာပြီးနောက်တွင်ကား  ဗုဒ္ဓသာသနာ သည်ပို၍စည်ပင်ဖွံဖြိုးလာခဲ့သည်။ ထိုကာလနှင့် မရှေးမဟောင်းမှာ ပင် မြန်မာစာပေ စတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ပုဂံခေတ် ကျန်စစ်မင်းကြီး နတ်ပြည်စံပြီးနောက် သက္ကရာဇ် ၄၇၅ (ခရစ်နှစ် ၁၁၁၃ ခုနှစ်) ခန့်တွင်ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် ယခုထိတွေ့ သမျှ သက္ကရာဇ်အခိုင်အမာပါသော အစောဆုံးမြန်မာစာပေဖြစ်သည်ဟု ပညာရှင်တို့ကဆိုကြသည်။ မြန်မာစာပေါ်ပေါက်ပြီးသည့်နောက်တွင် ဗုဒ္ဓသာသနာကို အထူးသက်ဝင်ယုံကြည်ကြသော ပုဂံသားတို့သည် မြန်မာစာပေကို  အပတ်တကုတ်လေ့လာကြပြီး ဗုဒ္ဓစာပေလာ ဇာတ်နိပါတ် စသည့်အကြောင်းအရာများကိုလည်း ဘုရားနံရံများတွင် ပန်းချီပုံ များနှင့်အတူ မှင်ဖြင့် အက္ခရာတင်ကြသည်။ သို့ဖြင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကိုအကြောင်းပြု၍ ကျောက်စာ၊ မှင်စာများ ပေါ်ပေါက်လာရ သည်။ ယင်းတို့သည် နောက်ပိုင်းတွင်ပေါ်ပေါက်လာမည့်ဂန္ထဝင်စာပေတို့ ၏ရှေ့ပြေးသဖွယ်ဖြစ်ပါသည်။

ယင်းသို့ ကျောက်စာ၊ မှင်စာများကိုရေးသားရာမှတဖန် ကြွယ်ဝစုံလင်လှသော ဗုဒ္ဓစာပေလာအကြောင်းအရာများကို စကားပြေဖြင့်လည်း ကောင်း၊  ကဗျာဖြင့်လည်းကောင်း ရေးဖွဲ့ရာမှ မြန်မာစာအရေးအဖွဲ့ အမျိုးမျိုးပေါ်ထွန်းလာသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ဆရာဇော်ဂျီ က “မြန်မာစာဆိုတို့သည် မြန်မာပြည်တွင် မိမိတို့၏လမ်းကြောင်းကို အရာထင်အောင်ပြုနေကြဆဲတွင် လမ်းမကြီးသဖွယ်ဖြစ်သော ဗုဒ္ဓစာ ပေကိုရရှိလာ၍ မိမိတို့၏လမ်းကြောင်းကို ထိုစာဖြင့် ချက်ချင်းဆောက်လုပ်ခဲ့သည်ကိုတွေ့ရသည်” ဟု သုံးသပ်ခဲ့သည်။

မြန်မာစာပေသမိုင်းတွင် ဂန္ထဝင်အဖြစ် သတ်မှတ်အပ်သောစာပေများပေါ်ပေါက်စေရန် အားပြုသောအကြောင်းများကိုလေ့လာကြည့်လျှင် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေ၊ မြန်မာ့ပဒေသရာဇ်စနစ်နှင့် မြန်မာစာပေလမ်းခင်းပေးသော ပါဠိစာပေ၊ မွန်စာပေအဖွဲ့များဟူသော အကြောင်း သုံးရပ်သည် အခြေခံကျသောအကြောင်းရင်းများဖြစ်ကြောင်း လေ့လာတွေ့ ရှိခဲ့သည်။

ပုဂံခေတ်နောက်ပိုင်း၌ ဇာတ်နိပါတ်တို့ကို ပါဠိမှ မြန်မာသို့အနက်ပြန်ကြသည်။ အင်းဝခေတ်တွင် ရဟန်း၊ ရှင်၊ လူတို့သည် ပိဋ္ဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်၍လေ့လာကြပြီးလျှင် ဇာတ်နိပါတ်တို့ကို ကဗျာဖြင့်လည်းကောင်း၊ စကားပြေဖြင့်လည်းကောင်း တစ တစ ဘာသာ ပြန်၍ မြန်မာစာပေ၏အဆောက်အအုံကို ဖွံ့ ဖြိုးအောင်ပြုခဲ့ကြသည်။ တောင်တွင်းဆရာတော်  ရှင်မဟာသီလဝံသ (ခရစ် ၁၄၅၃-၁၅၁၈) သည် ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့တို့သည် ပါဠိတော်ကိုမှီး၍ဖွဲ့ ဆိုခဲ့သည်။ ရှင်မဟာရဋ္ဌသာရ (ခရစ် ၁၄၆၈-၁၅၄၀) သည် ဘူရိဒတ်လင်္ကာကြိးကို၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ စတုဓမ္မသာရကိုးခန်းပျို့၊ သံဝရပျို့ စသည်တို့ကိုစီရင်ခဲ့သည်။ ရှင်အဂ္ဂသမာဓိ (ခရစ် ၁၄၇၉-၁၅၅၇) သည်လည်း သုဝဏ္ဏသာမဇာတ်တော်ကြီး၊ နေမိဇာတ်တော်ကြီးတို့ကိုအခြေပြု၍ သုဝဏ္ဏသျှံသူဌေးခန်းပျို့၊ မြားပစ်ခန်းပျို့၊ သစ္စာ ခန်းပျို့၊နေမိမဂ္ဃဇိုးခန်းပျို့၊ငရဲခန်းပျို့၊ဘုံခန်းပျို့တို့ ကိုစီရင်ခဲ့သည်။ ထိုစာပေတို့  မှအတွေးအခေါ်အသိအမြင်များသည် မြန်မာ့စိတ်သဏ္ဍာန်တွင် သက်ဝင်ခိုင်မြဲခဲ့လေသည်။

မြန်မာ့စကားပြေသည်ညောင်ရမ်းခေတ်(ခရစ်၁၅၉၇-၁၇၅၁)မှစ၍တိုးတက်ထွန်းကား လာခဲ့သည်။ခရစ်နှစ်၁၆၀၆-၁၆၂၉တွင်မင်းပြုသော မဟာဓမ္မရာဇာလက်ထက်တွင် “ဝရာဘိသင်္ဃာနာထဆရာတော်” သည် မဏိကုဏ္ဍလကျမ်းတစောင်တည်း၌ပင် ၅၅၀ ဝတ္ထုဇာတ်တော်များ အားလုံး လိုပင် ပါဝင်အောင်စီစဉ်ဖွဲ့ ဆိုထားသည်။ ဘိုးတော်မင်းတရား (ဗဒုံမင်း) လက်ထက်တွင် ပထမမောင်းထောင်ဆရာတော် (မြန်မာ ၁၁၁၇-၁၁၉၀) သည် ဇာတ်အဌကထာနိသျှကို စီရင်ခဲ့သည်။ ကုန်းဘောင်ခေတ် (ခရစ် ၁၇၅၁-၁၈၈၅) အတွင်း၌ ဘုရားဟော ဇာတ်တော် အမျိုးမျိုးကို စာဆိုတော်အသီးသီးတို့ မြန်မာပြန်ဆိုကြရာ မင်းဘူးဆရာတော် ဦးသြဘာသသည် ၁၇၈၂ ခုနှစ်မှစတင်ရေးသားခဲ့သော ဇာတ် တော်ကြီးဆယ်ဘွဲ့သည် အထင်ရှားဆုံးဖြစ်သည်။ ဆရာတော်သည် ဇာတ်တော်ကြီးရှစ်ဘွဲ့ကို အပြီးတိုင်ပြန်ဆိုနိုင်၍ ဘူရိဒတ်ဇာတ်တော်ကြီး ကို ရှင်နန္ဒမေဓာက ဆက်လက်ရေးသားသည်။ ထို့နောက် နှစ် ၄၀ အကြာ မြန်မာသက္ကရာဇ် ၁၁၈၈ ခုနှစ်တွင် သုဝဏ္ဏသာမဇာတ်တော်ကြီးကို ဦးပညာတိက္ခအရှင်က စီရင်ရေးသားခဲ့သည်။ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၈၅၂ တွင် အရှင်မေဓာဘိဝံသဆရာတော်သည် ငါးရာ့ ငါးဆယ်နိပါတ်တော်မူရင်းတို့ကို မြန်မာပြန်ဆိုခဲ့သည်။ ထိုကျမ်းစုတို့သည် မြန်မာဂန္ထဝင်အစုအဝေးများပင်ဖြစ်ပေသည်။

ပါဠိစာပေခေတ်စားလာချိန်တွင် ပါဠိသဒ္ဒါကို လိုက်စားလာကြသူများမှာ မနည်းလှချေ။ ခရစ် ၁၁၅၄ ခုနှစ်၌ ဆရာတော်အရှင်အဂ္ဂဝံသရေးသားပြုစုခဲ့သော “သဒ္ဒနီတိ” ကျမ်းသည် သီဟိုဠ် (သီရိလင်္ကာနိုင်ငံ) အထိ ကျော်ကြားခဲ့သည်။ ပုဂံခေတ်၌ အမျိုးသမီးတို့သည်ပင်လျှင် ပါဠိသဒ္ဒါကို ကောင်းစွာတတ်ကျွမ်းကြောင်းဆိုရိုးရှိသည်။

၁၂ ရာစုသီဟိုဠ်ကျွန်းသား သံဃရက္ခိတမဟာထေရ်သည် ကဗျာဖွဲ့ ဆိုနည်းကိုပြသော “သုဗောဓာလင်္ကာကျမ်း” နှင့် စကားပြေဖွဲ့ နည်းကိုပြ ဆိုရာဖြစ်သော ဝုတ္တောဒယကျမ်းတို့ကို စီရင်ခဲ့သည်။ သုဗောဓာလင်္ကာရကျမ်းနှင့် ထိုကျမ်းဆိုင်ရာ အဌကထာဋ္ဋီကာကျမ်းတို့၏ အစဉ်ကို လိုက်၍ ခရစ်နှစ် ၁၈၇၂ တွင် စက္ကိန္ဒာဘိသီရိဆရာတော်သည်  ကာဗျသာရတ္ထသင်္ဂဟကျမ်းကိုလည်းကောင်း၊ ၁၈၈၀ ယောအတွင်းဝန် ဦး ဘိုးလှိုင်သည် အလင်္ကာနိသျှကိုလည်းကောင်း စီရင်ခဲ့သည်။

မြန်မာတို့၏တရားစီရင်ရေးတွင် မနုကျယ်ဓမ္မသတ်ဟူ၍ရှိရာ၊ ယင်းကို မနုရှင်ရသေ့ကစီရင်ခဲ့သော မနုဓမ္မသတ်ကျမ်းပင်ဖြစ်သည်။ ယင်းကို မှီး၍ဒလမြို့ဇာတိ သာရိပုတ္တရဟန်းတော်သည် ၁၃ ရာစုအလယ်လောက်တွင် မနုဓမ္မသတ်ကို အလောင်းစည်သူမင်းအား အပ်နှင်းခဲ့ရာ လွန်စွာနှစ်သက်တော်မူသောကြောင့် ဆရာတော်အား ဓမ္မဝိလာသဟူသောဘွဲ့ကို ဆက်ကပ်တော်မူလေသည်။ ထိုအချိန်မှစ၍ ယင်းဓမ္မ သတ်ကို ဓမ္မဝိလာသဓမ္မသတ်ဟူ၍ ခေါ်တွင်ခဲ့သည်။ နှောင်းခေတ်တွင် ဝါရီရူဓမ္မသတ်မှစ၍ ကင်းဝန်မင်းကြီး စုဆောင်းတည်းဖြတ်ပြုစုသော ၃၆စောင်တွဲဓမ္မသတ်များအထိ အစောင် စောင်ပေါ် ထွက်လာ ခဲ့သည်။

အိန္ဒိယဗေဒကျမ်းများ၏ သြဇာအရနီတိသျှတ္တရကျမ်းမှ ထုတ်နုတ်၍ မြန်မာဘာသာဖြင့်စာဏကျနီတိကျမ်းဟူ၍လည်းပေါ်ပေါက်ခဲ့သည်။ဗေဒသတ္တကျမ်းစာရင်းဝင်လောကနီတိကျမ်း၊ရာဇနီ တိကျမ်း၊ ဓမ္မနီတိကျမ်း၊ဟိတောပဒေသကျမ်း၊အမရကောသကျမ်းတို့ ကိုလည်းမြန်မာစာ ပေတွင်တွေ့ ရှိရသည်။

သိင်္ဂါရ ရသဆိုင်ရာအဖွဲ့ အနွဲ့ တို့ တွင်အိန္ဒိယနိုင်ငံဗေဒခေတ်ကာမသျှတ္တရကျမ်း ကိုမှီး၍မြန်မာစာဆိုအများဖွဲ့ နွဲ့ ခဲ့ကြသည်။ ယင်းကျမ်းများအပြင်ဗေဒင်ကျမ်း၊နက္ခတ်ကျမ်း၊ဆေးကျမ်း၊ဓါတ်ကျမ်းစသည်တို့သည် မြန်မာစာပေထဲသို့ တွင်ကျယ်ခဲ့ကြလေသည်။ သူရိယသိဒ္ဓန္တကျမ်း၊ ယဃုဂြဟကျမ်း စသည်တို့သည် နက္ခတ်ကျမ်းများဖြစ်သည်။ ဒြဗျဂုဏကျမ်းကားဆေးကျမ်းဖြစ်သည်။ တန္တရသျှတ္တရကျမ်းကား ဂါထာမန္တ ရားတို့ နှင့်ဆိုင်သည်။ ယင်းကျမ်းတို့ သည်မြန်မာစာပေတွင်အရေးပါအရာရောက်ခဲ့လေသည်။ ဂဏန်းသင်္ချာနှင့်စပ်လျဉ်းသောလိလာဝတီကျမ်းကို ယောအတွင်းဝန်ဦးဘိုးလှိုင်က ဘာသာပြန်ဆိုခဲ့သည်။

ထို့ နောက်မြန်မာနိုင်ငံသည်ဗြိတိသျှလက်အောက်သို့ တစတစကျရောက်ခဲ့သောနှစ်ပေါင်း ၁၂၃ နှစ်အတွင်းမြန်မာစာပေ လက်ရာများသည် အင်္ဂလိပ်စာပေ၏ အရိပ်အာဝါသ အောက်တွင်ကြီးပြင်းခဲ့ရသည်။

ခေတ်သစ်မြန်မာဂန္ထဝင်တို့ ၌ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ မှအစပြု၍ဇာတိမာန်ကိုလှုံ့ ဆော်သောမြန်မာရာဇဝင်ဝတ္ထုများရှိခဲ့သည်။ကာလပေါ်ဝတ္ထုအဖွဲ့ များပေါ်ပေါက်လာသည်နှင့်တပြိုင်နက်ဇာတိမာန်ကို သရုပ်ဖေါ်သောစာပေများ ပေါ်ထွက်လာသည်။

လွတ်လပ်ရေးကြိုးပမ်းမှု ခေတ်ဦးကာလ၌ ဒဂုန်ခင်ခင်လေး၏ ‘ရွှေစွန်ညို’၊  မဟာဆွေ၏ဒို့ မေမေ၊သူပုန်ကြီး၊သူပုန်အိမ်၊ ရွှေစကြာ၏ နာခံတော်၊ စစ်ကိုင်းဦးဘိုးသင်း၏ ရာဇဝင်ဝတ္ထုများ၊သတင်းစာဆရာဦးသိမ်းမောင်၏ မင်းရဲကျော်စွာ၊ဘုရင့်နောင်။မဟာဗန္ဓုလ၊အလောင်းဘုရား စသည့်သမိုင်းစာပေများ၊ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ၊မောင်ထင်၏ငဘ၊သိန်းဖေမြင့်၏သပိတ်မှောက်ကျောင်းသားစသည့်စာပေလက်ရာများသည်လွတ်လပ်ရေးကြိုးပမ်းကာလ၌ဝံသာ နုစိတ်ဓါတ်ကိုတက်ကြွစေခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ်၌ပေါ်ထွက်လာသောတက္ကသိုလ်ဘုန်းနိုင်၏သူ့ ကျွန်မခံပြီ၊နတ်နွယ်၏မြန်မာပြည်မြောက်ပိုင်း၊ဘုန်းကြွယ်၏ပြောက်ကျားတပ်သား၊ရဲဘော်မြ၏ ပြည်သူ့ ရဲခေါင်ပြောက်ကျား၊ သိန်းဖေမြင့်၏ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့်၊ ဌေးမောင်၏တိုက်ပွဲခေါ်သံ။စောဦး၏တမိုးသောက်သော်၊သာဓု၏ တပ်ထဲကမြတ်ကိုကို၊ ကျော်အောင်၏ အရေးကြီိးပြီသွေးစည်းကြစို့ ၊တပ်ကြပ်ကြီးမောင်ထူး၏စခန်းရန်အောင်မြေ၊ဗန်းမောင်တင်အောင်၏သူပုန်ကြီး၊ငသြ၊မောင်နေဝင်း၏ မြေကျွန့် သား၊ရေရိုင်းမြေရိုင်း၊ဆင်ဖြူကျွန်းအောင်သိန်း၏ ဂဠုန်ဆရာစံ၊မင်းကျော်၏ပုဂံသား၊နန္ဒ၏သံနှင့်သွေး၊မိုးယံသို့ ချီ၊ဒေါင်းလံချီချီသွေးနီနီ၊ငါ့ဓါးငါ့သွေးငါ့ဧရာဝတီ၊မြသန်းတင့်၏ လိုက်ခဲ့တော့မြနန္ဒာ၊မောင်မောင်ဖြူ၏ မရဏမောင်းလောအောင်စည်လော၊စိန်စိန်၏ရိုးမတောင်ကြီးကိုသာဖြိုလိုက်ချင်တော့၊စသည့်ဂန္ထဝင်စာပေလက်ရာများပင်ဖြစ်သည်။တနည်းဆိုရသော်ဂန္ထဝင်စာပေတို့ သည်လူ့ သမိုင်း၌စာပေအရေးအသားပေါ်ပေါက်ချိန်မှစ၍ လူ့ လောကကိုလေ့ လာခြင်း၊လူ့ ပတ်ဝန်းကျင်ကိုလေ့လာခြင်း၊သဘာဝပတ်ဝန်းကျင်ကိုလေ့လာခြင်း၊လူ့ စိတ်လူ့ မနောကိုလေ့လာခြင်းတို့ ကိုပြုလုပ်ခဲ့သောမှတ်တမ်းများပင်ဖြစ်ပါသည်။လူ့ ဥာဏ်စေစားကွန့် မြူးချက်များဖြစ်သလိုရသအသွင်၊သုတအသွင် တို့ ဖြင့်လည်းတွေ့ မြင်နိုင်ပေသည်။ပိုမိုကွဲပြားစွာဆိုရ လျှင်ကျမ်း၊ဝတ္ထု၊သုတ်စဉ်၊ပြဇာတ၊်ကဗျာဗန္ဓအဖွဲ၊့ သမိုင်းမှတ်တမ်း၊အတ္ထုပ္ပတ္တိစသည်တို့   လည်းဖြစ် ပါသည်။

(ဆက်လက်ဖေါ်ပြပါမည်)

သရုပ်ဖော်ပန်းချီအား ဤနေရာမှရယူပါသည်။

Posted by Aung Htet at 7:51 AM 0 comments  

MONDAY, FEBRUARY 25, 2013

Saw Ngo - Stupid Minsters of Burma


ကာတွန်း စောငို - နေစရာမရှိရင် ဟော်တယ်သွားနေပါလား ပြောဦးမယ့် ၀န်ကြီးပဒေသာပြပွဲ
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃
Posted by Maung Yit at 10:09 PM 0 comments  
Labels: Cartoon BoxSaw Ngo

Ku Mo Jo - Only in Burma Cartoons 6


ကာတွန်းကူမိုးကြိုး - ကမ္ဘာတွင်မယ့် ဗမာ့အရေး ကာတွန်းများ ၆
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃
Posted by Maung Yit at 5:14 PM 0 comments  

SF Burmese - Free Dental Drive


SF Burmese Community Organizers & Friends - အခမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး စစ်ဆေးပေး
SFBC Organizers & Friends, မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃
ဖေဖော်ဝါရီ ၂၄က ဆန်ဖရန်ဘေးဧရိယာ အရှေ့ဘက်ကမ်း၊ Dixon Landing Family Dental ဆေးခန်းတွင် စေတနာရှင်သွားဆရာဝန် ၂ ဦးဖြစ်သော ဒေါက်တာမောင်မောင်သော်နှင့် ဒေါက်တာလှမြိုင်တို့က သွားကျန်းမာရေးအကူအညီလိုအပ်နေသူ မြန်မာလူနာ ၁၉ ဦးအား အခမဲ့ သွားကျန်းမာရေး စစ်ဆေးပေးပြီး ခံတွင်းသန့်ရှင်းရေးကုသမှုများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ စေတနာ့ဝန်ထမ်း ကျန်းမာရေးလှုပ်ရှားမှုကို ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာစေတနာရှင်လုပ်အားပေးများနှင့် ဖွဲ့စည်းထားသော San Francisco Burmese Community Organizers နှင့် မိတ်ဆွေများက ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဓိကအားဖြင့် အကူအညီလိုအပ်နေသူများမှာ ကျောင်းသားလူငယ်များ၊ အသက်အရွယ်ကြီးသည့် လူကြီးများ ဖြစ်သည်ဟု ဆိုသည်။ ကျန်းမာရေးအာမခံစာရိတ်ကြီးမားသော ဒေသများတွင် နေထိုင်သူများအတွက် သွားကျန်းမာရေးအာမခံကို ၀ယ်ယူရန် အခက်အခဲရှိသူများ၊ စောင့်ရှောက်မှု လိုအပ်နေသူများ၊ ဘာသာစကားအခက်အခဲရှိသူများအတွက် ယခုလို မြန်မာဆရာဝန်များက မြန်မာအသိုင်းအ၀ိုင်းအတွင်းရှိ လူကြီး၊ လူငယ်များအတွက် စေတနာဝန်ထမ်း ဆေးကုသမှု ဒါနပြုသည့်အတွက် လူနာများနှင့် မိသားစုဝင်များက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ကြသည်ကို တွေ့ရသည်။
"သာမန်အားဖြင့် ကိုယ်ခန္တာပိုင်းဆိုင်ရာ ကျန်းမာရေးအာမခံ ရှိကြတယ်၊ မရှိတဲ့သူတွေလည်း ရှိတယ်။ သွားတို့ မျက်စိတို့ကတော့ ယေဘူယျ health insurance ရဲ့အပြင် သီးသန့် ၀ယ်ယူရတာမျိးဖြစ်တယ်။ ယေဘူယျကျန်းမာရေးအာမခံက တနှစ်တခါ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးတယ်။ နေမကောင်းရင် ဆေးရုံ၊ ဆေးခန်းပြနိုင်တယ်။ ဆေးဝါး ကုသမှုတွေ ရယူနိုင်တယ်။ သွားကျတော့လည်း ၁ နှစ် တခါ၊ ၂ခါ လောက် စစ်ဆေးတာ၊ ခံတွင်းသန့်ရှင်းရေးလုပ်တာ၊ ကုသမှု ခံယူတာတွေ လုပ်ရတယ်။ မျက်စိလည်း သူ့အတွက် အာမခံဝယ်ထားရင် ဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးတာ၊ သင့်တော်တဲ့ကုသမှု ခံယူတာ လုပ်နိုင်တယ်။ ဒါပေမယ့် သွားကျန်းမာရေးကတော့ သာမန်အားဖြင့် မပြမဖြစ် အရမ်းဆိုးမှပဲ ဆရာဝန်ဆီ ရောက်တာများတယ်။ အဲသည်တော့ ကာကွယ်တဲ့အဆင့်ကိုကျော်ပြီး ကုသရတဲ့အဆင့်ဆိုတော့ လူနာတွေအတွက် မသက်သာဘူးပေါ့"
ဟု စေတနာဝန်ထမ်း လုပ်အားပေးသူတဦးက ၎င်း၏ အမြင်ကို ပြောပြပါသည်။

      ယခုကဲ့သို့ သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကုသမှုပေးရာတွင် သွားနှင့် သွားဖုံးများအား ဓာတ်မှန်ရိုက်ခြင်း၊ သွားနှင့် သွားဖုံး သန့်ရှင်းရေးပြုလုပ်ခြင်း၊ လိုအပ်ပါက သွားနှုတ်ပေးခြင်းတို့ အားလုံးကို အခမဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ချို့ယွင်းနေသော သွားများ ဖာထေးခြင်း၊ သွားစိုက်ခြင်းနှင့် အရေးကြီးသည့် ကုသမှုတို့ကိုမူ လက်ရှိအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း၊ သို့သော်လည်း အဆိုပါအခြေအနေများကို လူနာများအား ရှင်းပြခြင်း၊ ကုန်ကျစာရိတ်များကို ခန့်မှန်းပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

"အနည်းဆုံးတော့ ကိုယ့်သွားတွေ အခြေအနေကို အမှန်အတိုင်းသိသွားရတယ်။ နောက်ဆက်ပြီး လုပ်ဆောင်ရမှာတွေကိုလည်း နားလည်သွားတယ်။ ချင့်ချိန်လို့လည်း ရတယ်။ ဆရာတွေနဲ့ ကျွမ်းကျင်သူတွေက ရှင်းပြတော့ ကိုယ်မတတ်နိုင်ရင်တောင်မှ ပြင်ဆင်ဖို့အချိန်ရတယ်။ သည်နိုင်ငံမှာ မလုပ်ဖြစ်လည်း မြန်မာပြည်ပြန်ပြီး လုပ်ချင်လည်း လုပ်ရမှာပေါ့"
ဟု လူနာတဦးက ၎င်းအမြင်ကို ရှင်းပြသည်။
        လုပ်အားပေးများက ဆရာဝန်များ ညွှန်ကြားသည့် ဝေယျာဝစ္စအလုပ်များလုပ်ကိုင်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။ လူနာများ မိသားစုများနှင့် စကားလက်ဆုံ ပြောဆိုနိုင်ကြသဖြင့် ကွန်မြူနီတီအတွင်း အချင်းချင်း ရင်းနှီးမှု၊ နားလည်မှုများကိုပါ တည်ဆောက်နိုင်သည်ကို တွေ့ရသည်။

" မြန်မာဆရာဝန်တွေ အများအပြားကလည်း ကုသိုယ်ဖြစ် စောင့်ရှောက်မှု ပေးချင်တယ်။ မြန်မာမိသားစုတွေထဲမှာ လိုအပ်နေသူတွေလည်း ရှိတယ်။ အခုလိုမျိး တယောက်တလက် တပိုင်တနိုင် ကူညီကြရင် သည်နေရာမှာမှမဟုတ်ဘူး၊ အခြားနေရာတွေ၊ ဆေးခန်းတွေမှာလည်း အခုလို ဆောင်ရွက်နိုင်တယ်ဆိုတာမျိုး ပြနိုင်တာပေါ့။ နောက်ပြီး နောက်ထပ်စာရင်းပေးလာတဲ့ လူနာတွေ၊ ဆရာဝန်တွေနဲ့လည်း ကျနော်တို့က ဆက်စပ်မှုပေးပြီး အကူအညီတွေ လက်ဆင့်ကမ်းလို့ရမယ်လို့ မျှော်လင့်တယ်"
ဟု လုပ်အားပေးတာဝန်ခံတဦးက သဘောထားကို ပြောပြသည်။



နံနက် ၉ နာရီမှ စတင်ပြီး ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် အားလုံး အောင်မြင်စွာ ကုသမှုပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ကယ်လီဖိုးနီးယားပြည်နယ်နှင့် သွားဆရာဝန်ဆိုင်ရာ အဖွဲ့အစည်းများက လာမည့်မေလတွင် ဆန်ဟိုးဇေးမြို့၊ မြို့တော်ပြခန်းဆောင်တွင် အခမဲ့သွားကျန်းမာရေးကုသမှုကို ဒေသခံအားလုံးသို့ စေတနာဝန်ထမ်းဆောင်ရွက်ပေးမည့် အစီအစဉ်ရှိကြောင်း၊ မြန်မာဆရာဝန်များလည်း သွားရောက် လုပ်အားပေးကြမည် ဖြစ်ကြောင်း၊ မြန်မာမိသားစုများလည်း သွားရောက် ကုသမှုခံယူနိုင်ကြောင်း၊ အဆိုပါသတင်းကို ဆက်လက်ပြီး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ဓာတ်ပုံ - SFBC – health drive, free dental checkup မြင်ကွင်း)
Posted by Maung Yit at 4:44 PM 0 comments  

Invitation to Sayadaw Funeral Ceremony

ဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဥူးအာသဘ၏ အန္တိမဈာပန ဖိတ်စာ
မိုးမခရွာဆော်ကြီး၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃

သို့ 
ရပ်ဝေးရပ်နီးမှ၊ မိတ်ဆွေများ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်း၌ ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူခဲ့သည့် မြန်မာလူမျိုးေ ကျာင်းထိုင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓဇဘန္ဒန္တ  ဥူး အာသဘ မဟာထေမြတ်၏ အန္တိမ ဈာပနပွဲသို့ ၂၀၁၃ခုနှစ်၊ မတ်လ (၈,၉,၁၀)ရက်တွင် မြန်မာ့ယဉ်ကျေးမှု ထုံးစံများဖြင့် ခန်းနား စွာ ကျင်းပမည်ဖြစ်ပါ၍ မြန်မာနိုင်ငံသူနိုင်ငံသားများလာရောက်ကူညီအားပေး လှူဒါန်းနိုင်ရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အန္တိမ ဈာပန ကျင်းပရေးကော်မတီအဖွဲ့ 
ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ 
ကိုဇော်သူရ(မဲဆောက်)

အန္တိမ ဈာပန ကျင်းပရေးကော်မတီအဖွဲ့ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ 


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages