15th May - MoeMaKa Daily

2 views
Skip to first unread message

Maung Yit

unread,
May 15, 2012, 2:14:03 AM5/15/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူကျေးရွာသားများအပေါ် အနိုင်ထက်ပြုကျင့်နေမှု တိုင်ကြားချက်
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက် (၂၀၁၂ ခုနှစ်၊ မေလ (၁၄) ရက်)
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာမှာအုပ်ချုပ်ရေးမှူး ဦးအောင်မြသည် မိမိရဲ့ ကျေးရွာသူကျေးရွာသားများအပေါ်မှာမတရားဖိနှိပ်အုပ်ချုပ်ခြင်းကို ပြုလုပ်နေပါသည်။ ယခင် ဝမ်းတွင်းမယကဥက္ကဌဦးကျော်သူလက်ထက်ကတည်းက ရပ်ကျေးဥက္ကဌရာထူးကို မယက ဥက္ကဌနှင့် ပူးပေါင်းရယူခဲ့ပြီး ယခုအုပ်ချုပ်ရေးမှူး ရာထူးအထိ ၆ နှစ်တာသက်တမ်းတွင် အထက်ကိုဖား အောက်ကိုဖိနှိပ်သည့်ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။
ကျွန်တော်တို့ရွာ ပင်းတလဲတွင် (နာဂသိန်) အမည်ရှိကျေးရွာစာကြည့်တိုက် တစ်ခုကို ကျေးရွာသူကျေးရွာသားများ စုပေါင်း ထည့်ဝင်ငွေများ နှင့်အခြားသော အလှူရှင်များ၏ငွေများဖြင့် ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့နေအငြိမ်းစားမြန်မာစာပါမောက္ခ ဦးလှထွန်းက ငွေကျပ်သိန်း ၂၀ဘိုးရှိ စာအုပ်များပီနံအိတ် ၁၂ လုံးထုတ်ပေးပို့လှူဒါန်းခဲ့ပါသည်။
၈.၁၂.၂၀၁၀ (ဒီဇင်ဘာ ၈၊ ၂၀၁၀)  နေ့တွင်စာကြည့်တိုက်ဖွင့်ပွဲကျင်းပခဲ့ပြီး ငွေစာရင်းမရှင်းချင်၍
စာကြည့်တိုက်ကို တစ်ရက်တည်းသာဖွင့်ပြီး ပိတ်ထားခဲ့ပါသည်။ ကျေးရွာလူထုမှအထက်အာဏာပိုင် ကိုတိုင်ကြားခဲ့သဖြင့် တစ်နှစ်ကျော်ကြာအောင်ပိတ်ထားသောစာကြည့်တိုက်ကို ၁၄.၁.၂၀၁၂ (ဇန်န၀ါရီ ၁၄၊ ၂၀၁၂) ရက်နေ့တွင် ပြန်ဖွင့်ပေးသောအခါ စာအုပ်ထုတ်မှာ (၄)ထုတ်သာကျန်ရှိ တော့သည်။
ငွေကြေးရှင်းတမ်းထုတ်မပေးခြင်း စာကြည့်တိုက်ကိုတနှစ်ကျော်ပိတ်ထားခြင်း စာအုပ်များစွာ ပျောက်ဆုံးခြင်း စသည့်ပြစ်မှု များကို အုပ်ချုပ်ရေးမှူးဦးအောင်မြက ကျူးလွန်ထားခြင်းဖြစ်ပါသည်။ ဦးအောင်မြသည် ရပ်ကြေး၊ ရွာကြေး မင်္ဂလာကြေးများလည်းအလွဲသုံးစားပြုလုပ်ထားပါသည်။ လူကြီးတစ်ဦးနှင့် တစ်ဦးအကူးအပြောင်း ရွာဘုံထောင်ပစ္စည်းများ ပျောက်ဆုံးသွားပါ၍ ၎င်းရွာဘုံထောင်ပစ္စည်းများကို ဦးအောင်မြလက်ဝယ်  ရှိ ရွာကြေး ၄ သိန်းကျပ်ဖြင့်ပြန်လည်ထူထောင်ပေးရန် ရွာသားများက တောင်းဆိုသော်လည်း မထူထောင်ပေးပါ။
ပင်းတလဲ မြကန် ကြီးကိုလည်း မိတ္ထီလာဆည်မြောင်းဌာနက ဘက်ဖိုးဖြင့် မြေများကော်ပြီး ကန်ဆင့်ပေးခြင်း ဖြစ်သော်လည်း ဦးအောင်မြက မြကန် ရေသောက်လယ်ဧက ၃၀၀ ကို ငွေကောက်ခံခဲ့ပါသည်။ ကောက်ခံရရှိသောငွေ ၂၈ သိန်းကို မိမိ၏ ကိုယ်ကျိုးသုံးစွဲပြီး ယနေ့အချိန်ထိကျေးရွာလူထုအပေါ် စာရင်းရှင်းမပေးပါ။
စိုက်ပျိုးရေးဘဏ်မှ တောင်သူများအပေါ် ချေးသော ချေးငွေများမှလည်း ချေးငွေ တစ်သိန်းအပေါ်တွင် ဘဏ်တိုးအပြင် အုပ်ချုပ်ရေးမှူး ဦးအောင်မြက ၃၀၀၀ (သုံးထောင်)နှုံး ဖြတ်တောက်ခေါင်းပုံဖြတ် ယူပါသည်။
လွန်ခဲ့သောတစ်နှစ်ခွဲခန့်က မိမိကျေးရွာမှ ဝါဝါခိုင်အမည်ရှိကျေးရွာသူကို အလေ့ကျ ပေါက်နေသော တောထဲမှ ဇီးဖြူသီး ၂ပြည် ခူးကောက်မိ၍ ဒါဏ်ငွေ ၄၀၀၀၀(လေးသောင်း) ပေးဆောင်ခိုင်းရာ မဝါဝါခိုင်က ဆင်းရဲလွန်းသဖြင့် မည်သို့မျှမပေးဆောင်နိုင်ပါဟု မဝါဝါခိုင်က ငိုယိုပြီးဒူးထောက်တောင်းပန်
သော်လည်း ရဲနှင်ခေါ်ချုပ်မည်ဟု ခြိမ်းခြောက်သဖြင့် ကြောက်လန့်ပြီး အတိုးနှင့် ငွေယူ၍ ငွေလေးသောင်း ကျပ် ပေးဆောင်ခဲ့ရသည်မှာ ယနေ့ထိ မဝါဝါခိုင်မှာ ကြွေးမကျေသေးပါဟုပြောပါသည်။
ဤမျှဆိုးရွားသော ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်မြကို ဖြုတ်ချရန်ပင်းတလဲကျေးရွာသားများ ကြိုးစားခဲ့ကြပါသည်။ (အောက်တိုဘာ ၁၀၊ ၂၀၁၁ ရက်စွဲ) ၁၁.၁၀.၂၀၁၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌါနသို့ လိပ်မူ၍တိုင်ကြားခဲ့ပါသည်။ (အောက်တိုဘာ ၂၄၊ ၂၀၁၁) ၂၄.၁၀.၂၀၁၁ ရက်နေ့တွင် ခုံရုံးဖွဲ့၍ လာစစ်ဆေးပါသည်။ (ဒီဇင်ဘာ ၁၇၊ ၂၀၁၁) ၁၇.၁၂.၂၀၁၁ နေ့တွင် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ဒုတိယအကြိမ် တိုင်ကြားစာကို ပို့ခဲ့ပါသည်။ (ဇန်န၀ါရီ ၁၁၊ ၂၀၁၂) ၁၁.၁.၂၀၁၁ နေ့တွင် ခုံရုံးဖွဲ့၍ လာစစ်ပါသည်။ ခုံရုံးဖွဲ့ဝန်ကြီးချုပ်ထံ တတိယအကြိမ်မြောက် တိုင်ကြားစာပို့ခဲ့ပါသည်။ (ဖေဖော်ဝါရီ ၂ နှင့် ၃၊ ၂၀၁၂) ၂.၂.၂၀၁၂ နှင့် ၃.၂.၂၀၁၂ ၂ရက်တိုင်တိုင် လာရောက်၍ ခုံရုံးဖွဲ့ စစ်ဆေးပေးသော်လည်း ယနေ့ထိဘာအဖြေမှမထွက်ပေါ်ပါ။
မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်မှာ ၅ လကြာခဲ့ပြီး တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့သည်မှာ ၃ လကျော်ကြာမြင့်ခဲ့ပါပြီ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို မည်သို့မျှအရေးမယူဘဲ
ကျနော်တို့ ဦးဆောင်တိုင်ကြားသူ ၁၄ ဦးကိုသာ ပုဒ်မ-၁၈၂ဖြင့် ယနေ့ဝမ်းတွင်း တရားရုံးသို့ ဆင့်ခေါ်ခြင်း ခံနေရပါသည်။

*မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်***
*သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ***
(မေ၊ ၁၄၊ ၂၀၁၂ ရက်စွဲ)  (၁၄.၅.၂၀၁၂)
*ဆက်သွယ်ရန်လိပ်စာ***
maytha...@gmail.com
4u.jo...@gmail.com
freedom.of....@gmail.com
dhrm...@gmail.com
09-2059904
09-43155796
09-444012426
သတင်းမှတ်တမ်းဗွီဒီယိုဖိုင်လင့်
http://youtu.be/fj00kW46RnUa


Posted by MoeMaKa at 10:59 PM 0 comments  

Yar Zar - 10 years with NLD-HIV/AIDS shelter (1)

အင်န်အယ်ဒီ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ
ရာဇာ၊ မေ ၁၅၊ ၂၀၁၂
၂၀၀၂ကနေ စပြီးလုပ်ကိုင်လာတဲ့ NLD HIV/AIDS section ဟာ ခုဆို ဆယ်နှစ်ပြည့်လွန်လာပြီဖြစ်တယ်ဗျာ။ ဒီ တော့ သမင်လည်ပြန်ခေါ်ခေါ် ခြင်္သေ့လည်ပြန် ပြောပြော အတိတ်ကိုတူးဆွတယ် ဆိုဆို ဖြစ်ပျက်ခဲ့သမျှကို အခြားလူများသိထားစေချင်လို့ ဒီစာကို ရေးပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေကိုရေးမှာပါ။ ဒီတော့လူပုဂ္ဂိုလ်အချို့ကြောင်းလည်း ပါကောင်း ပါနိုင်တယ်ပေါ့ဗျာ။ သို့သော် ဖြစ်ရပ်မှန်ရေးမှာဆိုတော့ အမှန်တိုင်းပဲ ရေးသင့်တယ်ထင်လို့ မခြွင်းမချန် ရေးလိုက်ပါတယ်။
ဒီကိစ္စကို ဒေါ်ဖြူဖြူသင်းရေးဖို့ကောင်းတာကို မင်းက ဘာဝင်ရှုပ်သလဲတော့ မမေးလေနဲ့ဗျို့။ သူ့မယ် အချိန်မရှိဘူး ခင်ဗျ။ ကျနော်ကလည်း အစ အဆုံးဆိုသလိုလည်းသိ၊ တောင်ကလိ မြောက်ကလိကလည်း ၀ါသနာဆိုသလို ပါနေတော့ မောင်ရာဇာရေးတာကိုသာ သည်းညည်းခံ ဖတ်ပေတော့ပေါ့ဗျာ။
ဒီလိုဗျ။ ဒီအကြောင်းရေးတော့မယ်ဆိုတော့ ကိုယ့်ကြောင်းလည်းကိုယ် ပြန်စဉ်းစားရသေးတာပေါ့ဗျာ။ ကျနော့်အကြောင်း ရေးပြမှာ မဟုတ်ပါဘူး၊ ကျနော်ဘာကြောင့် ဒီလုပ်ငန်းမှာပါဝင်ခဲ့သလဲ ဆိုတာလေး အကြမ်းဖျင်းပြောချင်တာပါ။
ဒီလိုဗျ။ ကျနော် မှတ်မှတ်ရရ ၁၉၉၈ခုနှစ် ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ရောက်သွားတယ်။ ရောက်သွားပုံကလည်း ဆန်းတယ် ပြောရမယ်။ ကျနော့်ညီဖြစ်တဲ့ နေခြည်က အဲ့ဒီ သွား သွား နေသဗျ။ ကျနော်က အဒေါ်အငယ်တစ်ယောက်အိမ်မှာ နေရတယ်။ သူ့သားက ကျနော့် အကိုတစ်ဝမ်းကွဲက ဖောင်ကြီးမှာ သမ ကောလိပ်တက်နေတယ်။ သူ့အတွက် ပိုက်ဆံသွားပေးရင်း လမ်းမှာစိတ်ကူးရတာနဲ့ ရန်ကုန်မှာ ကျနော့်က မသွားတတ် မလာတတ်ဗျ။ ဒီတော့ ဒီချုပ်ရုံးနာမည်တပ်ပြီးလည်း မမေးမစမ်းရဲဆိုတော့ ဆင်မလိုက်ကနေ ခြေကျင်လျောက်ပေါ့ဗျာ။
ကျနော်တို့လိုတောင်ပေါ်သားတစ်ယောက်အတွက်တော့ မလှမ်းလှဘူး ဆိုရမယ်။ ဒါပေမယ့် တော်တော်နဲ့ မရောက်ဘူးဗျ။ ကိုယ်ကလည်း မမေးရဲကိုး။ ဒါနဲ့ယာဉ်ထိန်းရဲကို သွားမေးလိုက်တယ်။ တာမွေဖက်ရောက်သွားရော။ အဲ့ဒီကနေ တစ်ခါပြန်လျောက်ဆိုတော့ ရောက်ပါရဲ့ အဖွဲ့ချုပ်ကို… ဒါပေမယ့် လူတွေ သိပ်မရှိတော့ဘူးဗျ။ အချို့လူငယ်လေးတွေ ရွယ်တူတွေပေါ့။ အဲ့သလိုလူငယ်လေးတွေကတော့ ဖော်ဖော်ရွေရွေပါပဲ။
ကျနော့်အကိုလို ဆရာလိုဖြစ်နေတဲ့ တွံတေးသားကိုမင်းလွင်နဲ့ တိုးတော့ အားပိုရှိသပေါ့ဗျာ။ နောက်ပိုင်းတော့ မရောက်တစ်ချက် ရောက်တစ်ချက်ပေါ့လေ။ တွံတေးကနေ ရန်ကုန်လာဖို့ ကျနော့်မှာ ငွေမရှိဘူး။ အပေါင်းသင်းထဲက တတ်နိုင်တဲ့သူက ပေးရင်တော့ သွားတာပေါ့။ ကြေညာချက်ဝယ် ဘာညာဆို အရမ်းပျော်တယ်။ ကြေညာချက်ဝယ်ပြန်လာ၊ ကျနော်ပြန်ရောက်ချိန် သုံးနာရီဝန်းကျင်ပေါ့။
လက်ဖက်ရည်ဆိုင်မှာ ကိုမင်းလွင်တို့၊ ကိုအောင်ဆုတို့၊ ကိုမြင့်ဦး၊ ကိုတင်အောင်စိုးတို့၊ ကိုတင်ထွန်းတို့က ပြောတော့ နေတာပဲ။ ကျနော်လည်း သဘောကတော့ မပေါက်လှဘူးဗျ။ ဒါပေမယ့် လူငယ်ဖွဲ့စည်းရေး လုပ်ရမယ် ဘာညာပေါ့ဗျာ။ ပြောနေတာတော့ကြားနေတယ်။ ကျနော်ကတော့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဘယ်သိမလဲ။ ကိုယ် စိတ်ဝင်စားတဲ့အဖွဲ့စည်းကိစ္စဆိုတော့ ပေနားထောင်နေတာပေါ့။
ဒါပေမယ့် နောက်ပိုင်းတော့ ဒီချုပ်ရုံးကို အရောက်ပေါက်ကျဲသွားတယ်။ ကျနော် ဆယ်တန်းပြန်ဖြေနေရတယ်လေ။ နောက်ဆယ်တန်းပြီးတော့လည်း ၀မ်းရေးတွက်ကော ကိုယ်နေတဲ့အဒေါ်အိမ် အဆင်ပြေဖို့ကော အိမ်အလုပ်တချို့ကူလုပ်ရင်း ဒီချုပ်ဖက် သိပ်ဦးမလှည့်နိုင်ဘူး ဆိုပါတော့။
ဒါပေမယ့် သတင်းတွေ မပြတ်ကြားရတယ်။ လူငယ်ဖွဲ့စည်းရေး လုပ်လို့ ကျနော်နဲ့အနည်းငယ် ခင်မင်သလိုဖြစ်နေတဲ့ လှိုင်သာယာက လူငယ်တချို့ ထောင်ထဲရောက်၊ တချို့ထွက်ပြေးကြရသတဲ့။ အဲသည်ထဲက အောင်အောင်သိုက်နဲ့ ဉာဏ်ဝင်းအောင်ကိုတောင် ကိုမင်းလွင်က ဖွက်ထားပေးရသေးတာကိုး။ သတင်းမပြတ်လှဆို ကိုမင်းလွင်က အမြဲသွားနေသလို၊ နေခြည်နဲ့ ကိုသင်းက အဖွဲ့ချုပ်က သင်ပေးနေတဲ့အင်္ဂလိပ်စာသင်တန်းလည်း သွား သွားတက်နေတာလည်း တစ်ကြောင်းပါတာပေါ့။ ကျနော်လည်း ဒီအင်္ဂလိပ်စာသင်တန်း တက်လှချင်သပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိပေါ့။ တခြားလည်း မကြည့်တော့ပါဘူး။ ကိုယ့်အခြေနေနဲ့ ကိုယ် နေ ပေါ့လေ။
ထားပါတော့ …။ ၂၀၀၀ ခုနှစ် လောက်ကျတော့ ကျနော်ကစွတ်ရွတ်ပြီး အကြောင်းကြောင်းကြောင့် ရန်ကုန်ကို မမြင်မစမ်းနဲ့ အကန်းလို ရောက်လာတယ်။ ရောက်စ သွားစရာနေရာလည်းမရှိ၊ အိပ်စရာနတ္ထိပေါ့လေ။ ရွှေဂုံတိုင်ကျောက်ဖျာဟာ ဆိုဒိုးနားအိပ်ရာလို သဘောထားတာပါပဲ။ ဘူတာကြီးက တစ်ညအိပ် ခြောက်ဆယ် ဂုံနီအိတ်အိပ်ရာဆိုရင်တော့ ကျနော့်အတွက် အင်မတန်ကောင်းမွန်လုံခြုံတဲ့ မြကျောက်ဖျာပဲပေါ့။
ဒါလည်းအသာထား …။ တကယ့်ဇာတ်သွားကိုပြောချင်လို့ နည်းနည်းတော့ သည်းညည်းခံပေးပါ။ အဲ့လိုတောရောက် တောင်သွား ခွေးဝင်စားလိုနေရင်း ကျနော် ကံကောင်းသွားတယ်။ ကျနော့်ကို သိကြားမတယ် ပြောရမယ်။ တကယ်မတာက သိကြားမဟုတ်ဘူးဗျို့။
ဆံပင်ရှည်ဖားလျားနဲ့ပန်းချီဆရာတစ်ယောက်ခင်ဗျ။ သိန်းသိန်းတဲ့ …။  သူ့နာမည်ရင်းက ကိုသိန်းလွင်ပါ၊ အသားမဲမဲ အရပ်ကလန်ကလားနဲ့။ သနားစိတ်ကတော့ အပြည့်အရှိသား။ သူကလည်း လူမိုက်ကံကောင်း …။ ရန်ကုန်မှာ နှစ်ပေါင်းသုံးဆယ်လောက် နေလာတာ တစ်ခါဖူးမျှ အိမ်ငှားနေရတယ်ဆိုတာ မရှိဘူးတဲ့။ သူ လက်ရှိနေတာက သုဝဏ္ဏက ဗိုလ်ချုပ်အိမ်ရာဆိုပဲ။
ဒါနဲ့ သူ့အိမ် ညဖက် ရောက်။ မနက်ထတော့မှ ကဗျာဆရာ ငနဲတစ်ယောက်ရှိတာ သိရတယ်ဗျ။ ကျနော်က ဟိုးကတည်းကပဲ ဒီလို ပန်းချီကဗျာဆရာတွေနဲ့ အဆက်စပ်ရှိတယ်ဗျ။ အဲ့တစ်ချက် ကံကောင်းစေတာပဲပေါ့လေ။ အနည်းဆုံး အိပ်ရာအတွက် မပူရဘူးပေါ့။ စားစရာတွက်တော့ ကြုံသလို အလုပ်ရှာရမှာပေါ့။
ဒါပေမယ့် ခုန ကဗျာဆရာဝင်းမြင့်က ကျနော့်ကျွေးကျေးဇူးရှင် ဖြစ်လာတာပါပဲ။ သိန်းသိန်းသူငယ်ချင်း ကိုမိုးကြီးကတော့ ကျွေးနေ ကျေးဇူးရှင်ပေါ့ဗျာ။ ဘယ်နှယ့် သိန်းသုံးလေးရာတန် အိမ်နဲ့ ဗိုလ်ချုပ်ရွာဆိုတဲ့ ဂုဏ်ပုဒ်အိမ်ရာကြီးမှာ စားစရာ ဗလာနတ္ထဆိုတော့ တွေးသာကြည့်ပေါ့လေ။
အဲ့ဒီသုဝဏ္ဏမှာကလည်း သင်္ကန်းကျွန်းမြို့နယ်ဥက္ကဌကြီး ဦးတင်မြနဲ့ နီးတယ်ဗျ။ အဲ့သည်တော့ အကြောင်းဆိုက်လာတော့ အဖွဲ့ချုပ်သင်္ကန်းကျွန်းမြို့နယ်ဥက္ကဌအိမ်ဟာ ကျနော့်ကွန်းခိုရာနဲ့ မနက်စာဖူလုံရာ ဖြစ်လာတယ်။ အဲ့ဒီကနေရုံးကလေး ဘာလေးသွားပေါ့လေ။
အဲ … မေ့ကျန်ခဲ့လို့ တွံတေးမှာနေတုန်းကတည်းက အဖွဲ့ချုပ် တနင်္လာ၊ သောကြာတရားပွဲတွေ ရောက်ဖူးတယ်ဗျ။ စီအီးစီတွေက ထိပ်ကထိုင်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက်ဟောပြော၊ လာနားထောင်တဲ့သူတွေက မရှင်းတာ သိချင်တာ ရှိတာကိုမေးပေါ့ဗျာ။ ငွေကြေးကိစ္စရပ်တွေမေးတာမှာ အဘဦးလွင်ပြန်ဖြေတာကို အတော်လေး သဘောကျခဲ့ဖူးတယ်။
မေးတဲ့သူက… ဗမာနိုင်ငံမှာ တရုတ်နယ်စပ်မှာဆို တရုတ်ငွေသုံးပြီး၊ ထိုင်းနယ်စပ်မှာ ထိုင်းငွေတွေသုံးနေတဲ့အပေါ် ဘယ်လိုသဘောရသလဲ ဆိုတော့ -ကျုပ်နားလည်တာကတော့ နိုင်ငံတစ်နိုင်ငံဟာ ငွေတစ်မျိုးပဲသုံးတယ် ဆိုတဲ့ အဖြေပါ။ ဒီကြားထဲ ဗိုလ်ချုပ်ကြေးရုပ်မှာ လက်ကာပြထားတာ ဘာအဓိပ္ပါယ်လဲ လို့ မေးတဲ့သူကလည်း မေးသေးတယ်ဗျ။ ကျနော်တော့ ဒီဟာကိုပဲ နိုင်ငံရေးလို့ ထင်မှတ်ထားရတာပေါ့ဗျာ။
ခုနင်ကစကားဖြတ်ကိုပြန်ဆက်ရင် အဲ့ဒီသင်္ကန်းကျွန်းအဖွဲ့ချုပ်ဥက္ကဌက တစ်ယောက်တည်း နေတာဗျ။ ဒီတော့ သူ့အိမ်မှာက စနေ၊ တနင်္ဂနွေလို နေ့ဆို အဖွဲ့ချုပ်ဝင်တွေ တရုန်းရုန်းပေါ့ဗျာ။ ကုန်တာ ကျတာလေးတော့ ရှိသူစိုက် ပေါ့။ မရှိသူ ငိုက်ပေါ့။ ငိုက်ချင်ယောင်ဆောင်ရတာ ပေးစရာမရှိလို့။ အဲ့လို နေရင်းသား … လမ်းလည်း လျောက်ရသေးသဗျ။ အခုလက်ရှိနာမည်ကြီးနေတဲ့ စာရေးဆရာသင်းရီ ခေါ် သဲကုန်းအမတ် ဦးသိန်းထွန်းရယ်၊ ကျနော်ရယ် တတွဲထဲလို နေကြတာပေါ့လေ။
အဲ့တုန်းက ရံဖန်ရံခါ လမ်းလျောက်ပြီး ရုံးသွားတဲ့အခါလည်း သွားပေါ့။ မဖြူဖြူသင်းတို့နဲ့ကတော့ အတော်လေး အအစောကြီးက ရင်းနှီးနေကြပေါ့ဗျာ။ အခြားလူတွေလည်း အများကြီးရှိသေးတယ်ဗျ။ ကျနော်အဖွဲ့ချုပ်နဲ့ ပတ်သတ်ပြီး ရေးအုံးမယ်လည်း စိတ်ကူးထားတယ်ပေါ့ဗျာ။ လောလောဆယ်တော့ ဒီခုခံအားကျဆင်းမှုနဲ့ ပတ်သက်ခဲ့တာလေးတွေ ရေးမှာပါ။
(ဆက်လက်ဖော်ပြပါမည်)
(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)
(ဓာတ်ပုံ - ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ဒီဇင်ဘာ က အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်ဖြူဖြူသင်း၏ လူနာဂေဟာသို့ သွားရောက်စဉ်ဓာတ်ပုံ)
Posted by MoeMaKa at 6:14 PM 0 comments  
Labels: Yar Zar

Daw Hla Shin - Burmese woman on the street of the Thai-Burma border

အရှင်ပညာနန္ဒ၏ ရုပ်သံခရီးစဉ် - မဲဆောက် မြ၀တီတံတားအနီးက ဒေါ်လှရှင် (၇၃)နှစ်
(ဒီဇင်ဘာ ၂၂၊ ၂၀၁၁) က ရိုက်ကူးခဲ့သည်)။ မေ ၁၅၊ ၂၀၁၂
Posted by MoeMaKa at 3:30 PM 0 comments  
Labels: MoeMaKa VDO

Ku Mojo - Cartoon

ဥပဒေအတိုင်း ..အပေးလိုင်းပိုင်မှ
ကာတွန်း - ကူမိုးကြိုး
မေ ၁၄၊ ၂၀၁၂

Posted by Aung Htet at 9:39 AM 0 comments  

News & Media

အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံဟောပြောပွဲ
ရန်ကုန်၊ တာရာဝေယံ
မေ ၁၄၊ ၂၀၁၂။

နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်/ကျဉ်း )ကဦးစီးကျင်းပတဲ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံ ဟောပြောဆွေးနွေး ပွဲကို ဒီနေ့နံနက် ၉း၀၀ နာရီက ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမမှာကျင်းပခဲ့ပါတယ်။ အခမ်း အနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ရခိုင်တိုင်းရင်းသားအဖွဲ့မှ ဦးအေးသာအောင်၊ ဆရာမောင်ဝံသ၊ သံဃာ တော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

Posted by Aung Htet at 9:20 AM 0 comments  

Kyaw Thu - FFSS Yangon Activity,

ဆီယက်တဲလ်မှာ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများရဲ့
ယှက်ဖြာမေတ္တာတွေ့ဆုံပွဲ
ကျော်ဟုန်း
မေ ၁၄၊ ၂၀၁၂

ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဆုရှင် အကယ်ဒမီရုပ်ရှင်မင်းသား ဒါရိုက်တာ ကိုကျော်သူနဲ့ ဇနီးဖြစ်သူ မရွှေဇီးကွက် (ခေါ်) (မမြင့်မြင့်ခင်ဖေ) တို့ ဟာ အမေရိးကားပြည်တွင်းခရီးစဉ် တတိယမြောက်နေရာဖြစ်တဲ့ ဆီယက်တဲလ်မြို့ ဝါရှင်တန်ပြည်နယ်သို့  (၀၅၊ ၁၁၊ ၂၀၁၂) နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ကျော်မှာ ရောက်ရှိခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်မှ ကိုမူးသာမိသားစု၊ ကိုဇေယျာကျော်၊ ထွေးကိုကို၊ မမာလာသိန်း၊ ကိုထက်ကြံနဲ့ ဇနီး၊ ကိုဇင်မောင်နဲ့  မြို့ခံများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ (၅) နှစ်ကျော်ဝေးကွာနေရတဲ့ သားဖြစ်သူ ကိုပြည်သိန်းကျော်လည်း မိ ဘနှစ်ပါးကို လာရောက်ကြိုနေတာတွေ့ရပါတယ်။

Posted by Aung Htet at 8:56 AM 0 comments  

Nay Thwin - Japan Journalist's Diary

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၆)
................. ...........
တရုတ် (သို့မဟုတ်) အန္တရာယ်ပေးမယ့် ပေါက်ဖော်လား
နေသွင်
မေ ၁၄၊ ၂၀၁၂



မကြာခင်တုန်းကပဲ မြန်မာပြည်အရှေ့မြောက်ဒေသက နိုင်ငံတကာကုန်သွယ်ရေးနယ်မြေဖြစ်တဲ့ လားရှိုးမြို့က အသစ်ဖွင့်ထားတဲ့ တရုတ် စားသောက်ဆိုင်တဆိုင်ကို သွားခဲ့ပါတယ်။ မိုးသက်မုန်တိုင်း စဲခါစပဲ ရှိပါသေးတယ်။

စားသောက်ဆိုင်ရဲ့ ဒုတိယထပ်ကိုတက်သွားတဲ့အခါမှာ လူရွယ် ၁၀ ယောက်ကျော်ကျော်၊ စာပွဲတလုံးမှာ ၀ိုင်းထိုင်နေတာကို တွေ့ရပါတယ်။ မိုးရွာနေတဲ့အသံကို ဖုံးနိုင်ဖို့ထင်ပါရဲ့။ သူတို့တွေ အသံကျယ်ကျယ်နဲ့စကားပြောနေကြပါတယ်။

တရုတ်စကားတွေတရစပ်ပြောနေတဲ့ကြားမှာ ဖဲချပ်တွေနဲ့ မြန်မာငွေစက္ကူတွေက ပလူပျံနေသလား အောက်မေ့ရပါတယ်။ မြန်မာပြည်မှာ အလောင်းကစားလုပ်တာကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပေမယ့် ဒီလူရွယ်တအုပ်ကိုကြည့်ရတာ အာဏာပိုင်တွေကို အာခံပြီး အတင့်ရဲ ရဲ၊ ဗြောင်ကျကျပဲ အလောင်းကစားလုပ်နေကြပါတယ်။

Posted by Aung Htet at 3:18 AM 0 comments  

May Kha - Twilight Over Burma - 27

မြူတိမ်ဝေဝေ ... တောင်ခိုးဝေးဝေး (၂၇)
မေခ 
မေ ၁၄၊ ၂၀၁၂



အခန်း (၁၃)
သုံးရက်မြောက်နေ့တွင် စဝ်သည် အဝတ်အစားလဲခွင့်နှင့် တဲအပြင်ဘက်တွင် ရေချိုးခွင့်ရလေသည်။ဒီလိုပုံမျိုးအပြင်မှာ သူရေမချိုးခဲ့ဖူးချေ။ သို့ရာတွင် အစောင့်ကသယ်ယူလာပေးသော ရေပုံးနှစ်ပုံးထဲက ရေအေးအေးကိုသူ နှစ်ခြိုက်စွာပင် ချိုးချလိုက်သည်။ သူသည် ခေါင်းမှစ၍ ပုခုံးပေါ်မှစီးကျသွားအောင် အသေအချာစဉ်းစားပြီး လောင်းချလိုက်သည်။ သူ့တကိုယ်လုံးကို တလက်မမကျန်ထိတွေ့ပြီး သန့်ရှင်းသွား အောင် သူလောင်းလေသည်။ သူရေချိုးနေချိန်တွင် သူ့အားနှိမ်ချသောအားဖြင့် လက်နက်ကိုင်ဆောင်ထားသော အစောင့်လေးယောက်က စောင့်နေကြသည်။ စဝ်သည် သူအဖမ်းခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်သည် ပြန်လည်လန်းဆန်းလာသည်ဟု ခံစားရ သည်။ သူသည် ပုံမှန်အတိုင်း သူ့ရုပ်ရော စိတ်ပါပြန်လည်အားရှိလာဖို့ သူပြန်တည်ဆောက်မည်ဟု ဆုံးဖြတ်လိုက်သည်။

တကျွိကျွိမြည်သော ဝါးကြမ်းခင်းပြင် တဲလေးအတွင်းသူပြန်ရောက်သောအခါ သူသည် ယောဂကျင့်စဉ်များကို ပြန်လည်စဉ်းစားပြီး လေ့ကျင့် သည်။ ညောင်းနေသောခြေထောက်တွေကိုဆန့်ထုတ်ပြီး အသက်ရှူလေ့ကျင့်ခန်းပါ တွဲလုပ်သည်။ သူတို့အရင်က ဘယ်အချိန်မှာဖြစ်ဖြစ် အတူတွဲလုပ်လေ့ရှိသောကြောင့် အခု သုစန္ဒာကတယောက်တည်း ယောဂကျင့်စဉ်များကိုဆက်လုပ်ပါ့မလားဟု တွေးပူမိလိုက်သေးသည်။ သူသည် အိမ်မှ မကြာခဏပင်ခရီးထွက်တတ်လေရာ အခုနောက်ကျမှပင် သူသည် အလွန်နောင်တရနေမိတော့သည်။ သူ့ကြိုးစားအား ထုတ် မှုနှင့် အနစ်နာခံခဲ့မှုများသည် ၁၅ နှစ်ကြာခဲ့သော်လည်း မတ်လနွေနံနက်ခင်းတရက်တွင် အလကားဖြစ်သွားခဲ့ရလေတော့သည်။

Posted by Aung Htet at 2:27 AM 0 comments  
Labels: မေခ

Dee Doe - Letter to MoeMaKa

သူမသာ ကိုယ်မသာ (မိုးမခပေးစာ)
ဒီးဒိုး
မေ ၁၄၊ ၂၀၁၂


photo - James Robert Fuller

• သူပုန် ....။
စွယ်စုံကျမ်းလက်ဝယ်မရှိတော့ သူပုန်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဂဂဏဏ မသိဘူး။ စွယ်စုံကျမ်းထဲမှရော သူပုန်ဆိုတဲ့အဓိပ္ပါယ် ပါ မပါ မသိပါဘူး။ (တတ်သိသူများ ဝေငှပေးပါရန်လည်း တောင်းဆိုချင်ပါတယ်။) လက်လှမ်းမှီသလောက် ကိုယ့်ထက်ကြီးသူ၊ ငယ်သူနဲ့ ပညာ တတ်သူတွေကို မေးမြန်းကြည့်တော့သူပုန်ဆိုတာ ရည်ရွယ်ချက်တခုကိုဆွဲကိုင်ပြီး အစိုးရကို တော်လှန်ပုန်ကန်ခြားနားသူလို့ အဖြေရတဲ့ အဓိပ္ပါယ် ကို ပေးကြတယ်။

• သောင်းကျန်းသူ....။
ထို့အတူပါဘဲ စွယ်စုံကျမ်းထဲမှာ ရှာမဖြစ်ခဲ့ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း ပညာတတ်ဆိုတဲ့သူတွေကို မေးမြန်းကြည့်တော့ အများပြည် သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် အရာအားလုံးကို ဖျက်လိုဖျက်ဆီးလုပ်တယ်၊ သိမ်းဆည်းတယ်ဆိုရင်တော့ သောင်းကျန်း သူပါဘဲတဲ့...။

ဒီလိုနဲ့ သိချင်စိတ်ပိုမိုပြင်းပြလာရတဲ့စကားလုံးတခုက “နိုင်ငံတော် အစိုးရ”..

နိုင်ငံတော်အစိုးရဆိုတာ ဘာလဲ။ နိုင်ငံတော်ကို မင်းကျင့်တရားနှင့်အညီအုပ်ချူပ်သောလူတစုကိုခေါ်တာ အစိုးရဘဲပေါ့။ ဒီနေရာမှာ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်ထားတာ မထားတာကိုတော့ မပြောလိုပါဘူး။ ဒါဆိုရင် မင်းကျင့်တရားနှင့်အညီ မအုပ်ချူပ်နိုင်တဲ့ (နိုင်ငံတော် ကို အုပ်ချူပ်နေတဲ့လူတစုကို) အစိုးရလို့ခေါ်နိုင်ပါ့မလား မသိဘူး။ မခေါ်ချင်ပေမယ့်လည်း ခေါ်နေရတာဘဲပေါ့ဗျာ။ သူက အစိုးရ အာဏာရ ကိုး...။ ဒီလိုအတွေးတွေဝင်လာတော့ ဟိုအရင် အင်္ဂလိပ်တွေအုပ်ချူပ်ခဲ့တဲ့ခေတ်ကို ပြန်ဝင်စားမိတယ်။ အဲဒီအချိန်တုန်းကလည်း ကိုယ်မ နှစ်မသက်ပေမယ့် ခေါင်းငုံ့ခံခဲ့ကြတာပါဘဲလေ။ သူတို့တွေကို သူတို့ ရှေ့မှာ အစိုးရလို့လက်ခံထားကြပေမယ့် နောက်ကွယ်မှာ ဘယ်လို တုန့်ပြန်ခဲ့ကြတယ်ဆိုတာ သိကြမှာပါ။

ဒါဆို ဆက်ပြီးတွေးကြည့်မိတာက အဲဒီအစိုးရထဲမှာ ကိုယ့်ရည်ရွယ်ချက်ကိုစွဲကိုင်ပြီး ကိုယ်ထင်ရာစိုင်းနေတဲ့သူတွေကို “အစိုးရ သူပုန်” လို့ ခေါ်လို့ရမလားမသိဘူး။ ဒီလိုပါဘဲ အများပြည်သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် အရာအားလုံးကို ဖျက်လိုဖျက်ဆီး လုပ်တယ်၊ သိမ်းဆည်းနေတဲ့အစိုးရကိုကော “သောင်းကျန်းသူအစိုးရ” ဖြစ်နေမလားမသိဘူးဗျာ။

ဒီလိုနဲ့ ကျွန်တော် သိတတ်စဉ်းစားတတ်လာတော့ ဘယ်သူတွေက သူပုန်၊ဘယ်သူတွေက သောင်းကျန်းသူ၊ဘယ်သူတွေ က အစိုးရဆိုတာ ကို နည်းနည်းလေး သိတတ်မြင်တတ်သိလာတယ်။ ဒီတော့ ကျွန်တော်တို့တတွေ သိပ်ပြီးငြင်းခုန်နေဖို့ သိပ်မလိုတော့ဘူးလို့ ထင်မိလာ တယ်။ တဖက်နဲ့တဖက် အပြန်အလှန်စွပ်စွဲနကြမယ့်အစား ကိုယ့်အဖွဲ့တွေ ဘာလုပ်ခဲ့ကြတယ်ဆိုတာကိုသုံးသပ်ကြရင် ပိုကောင်းမှာဘဲ နော်။ စွပ်စွဲတဲ့သူဖက်ကလည်း သေချာစဉ်းစား၊ စွပ်စွဲခံရတဲ့သူတွေကလည်း ရင်ထဲမှာမှတ်ထားစရာတော့ လိုမယ်မထင်ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ အရေးကြီးတာပါ။ အစိုးရဘဲဖြစ်ဖြစ်၊ သူပုန်ဘဲဖြစ်ဖြစ် မိမိလိုတဲ့လိုအင်ဆန္ဒကိုဆွဲကိုင်ပြီး ကိုယ်ထင်ရာစိုင်းမယ်ဆို သူပုန်ပါဘဲ။

ဒီနေရာမှာ ကရင်အမျိုးသားခေါင်းဆောင် ဖထီး ဘိုမြ မဆလခေတ်မှာပြောသွားတဲ့စကားကို သွားသတိရမိပါတယ်။ ဘယ်သူ့ကို တိုက်ရိုက် ပြောလိုက်တယ်တော့ မသိပါ။ စကားက ဒီလိုဗျ။ “မင်းတို့တတွေ လျှောက်ပြောမနေကြပါနဲ့ကွာ။ မင်းတို့က မြို့ပေါ်က သောင်းကျန်းသူ သူ ပုန်၊ ငါတို့လည်း တောထဲကသောင်းကျန်းသူ သူပုန်ပါဘဲ” တဲ့။

ထို့နည်းတူ သောင်းကျန်းသူဆိုတာရော အများပြည်သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် ဖျက်လိုဖျက်ဆီးလုပ်သူတွေကို ပြော တာဆိုတော့ ဘယ်သူတွေကလုပ်တယ် မလုပ်ဘူးဆိုတာ လုပ်ကိုင်ခဲ့ကြသူတွေက ပိုသိမှာပါ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရနိုင်ကောင်း စရာပါ။ ကံ ကံ၏အကျိုးကို ယုံကြည့်တဲ့သူတွေဘဲလေ မဟုတ်လား။

သမိုင်းတွေကို ပြင်ချင်လို့လား ပြင်လိုက်ပါ။ ပထ၀ီကိုရောပြင်မှာလား ပြင်လိုက်ပါ။ တနေ့နေ့တော့ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုတဲ့ စ ကားတော့ ရှိသားပါဘဲလေ။

နောက်စကားလုံးတလုံးက အရိုင်းအစိုင်း..။
တော်တော်ကြာကြာမြင်နေ၊ ကြားနေ၊ ဖတ်နေရတဲ့ ဘ၀င်မကျချင်စရာစကားလုံး “အရိုင်းအစိုင်း”။ အထူးသဖြင့် ကချင်တွေက အရိုင်းအစိုင်း တွေပါဆိုတဲ့စကား။ တကယ်တော့ ကချင်လို့ဆိုလိုက်တာဟာ ၀ါလုံးရှည်နဲ့သိမ်းကြုံးလိုက်တာပါဘဲ။ ဘယ်လူမျိုးမှာမဆို မိဘ၊ ဘာသာ တ ရားတို့ရဲ့ ဆိုဆုံးမမှုအောက်မှာ ယဉ်ကျေးသိမ့်မွေ့သူရှိသလို ရိုင်းစိုင်းတဲ့လူမျိုးတွေလည်း ရှိနေမှာပါ။

ဒါဆိုရင် ယဉ်ကျေးမှု၊ ယဉ်ကျေးခြင်းဆိုတာ ဘာလဲဆိုတာ သိချင်လာပါတယ်။ လိမ္မာရေးခြားရှိတာကို ဆိုလိုချင်တာလား။ အပြောအဆို အနေအထိုင် နူးညံ့သိမ့်မွေ့တာကို ရည်ညွန်းတာလား။ ယဉ်ကျေးတယ်ဆိုတာတော့ ရိုင်းစိုင်းခြင်းရဲ့ ဆန့်ကျင်ဘက်။ ရိုင်းပြခြင်းဆိုတာ ကြမ်းတမ်းခြင်း၊ ခက်ထန်ခြင်း၊ မဖွယ်မရာရှိခြင်း၊ အမြင်အကြားမတော် တစ်ပါးသူကို အနှောက်အယှက်ဖြစ်စေခြင်းဆိုတဲ့ အဓိပ္ပါယ်မဟုတ် လား။ ဒါဖြင့် ယဉ်ကျေးခြင်းဆိုတာအဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပေါ့။

လူကြီးသူမတွေအရှေ့မှာ ခါးလေးကိုင်းသွားတာ၊ စကားလေးပြောတဲ့အခါရှင့်။ ခင်ဗျာတို့်ထည့်ပြောတာ လက်နှစ်ဘက်နဲ့ ပေးတာယူတာ၊ လက်အုပ်လေးချီ နှုတ်ဆက်ကြိုဆိုတာ။ ဒူးကလေးညွတ်လိုက်တာ။ ဒါတွေဟာ ယဉ်ကျေးမှုလား။ ဒီလိုပါဘဲ ယဉ်ကျေးဖွယ်ရာရှိခြင်းနဲ့ ယဉ် ကျေးမှုဆိုတာကို ရောထွေးယှက်တင်နားလည်နေကြတာလား။ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးခြင်းဆိုတဲ့ ဓလေ့စရိုက်၊ အပြုအမူ Behavior Manner မဟုတ်ပါလား။ အဲဒီအပြုအမူ Behavior Manner ကို ယဉ်ကျေးမှုလို့ သတ်မှတ်လိုက်တဲ့အခါ ရှုပ်ထွေးသွားမှာပါ။

အဲဒီလိုသတ်မှတ်လိုက်တဲ့အခါ ကိုယ်က ယဉ်ကျေးတယ်လို့သတ်မှတ်ထားတာတွေနဲ့ မကိုက်ညီတာမှန်သမျှကို “ရိုင်း” တယ်လို့ သတ်မှတ် လိုက်ကြတော့မှာလား။ ဒါဆိုရင်တော့ ယဉ်ကျေးမှုတန်းဖိုးဖြတ်ချက်တွေ ငြိကုန်တော့မှာပါ။

မှတ်သားဖူးတဲ့ အပြုအမူလေးတခုက ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို ဆရာ၊ ဆရာမတွေ စာသင်ရင် လက်ပိုက်ပြီးနေရတယ်။ ငယ်ငယ် က ဆို ဆရာ၊ ဆရာမတွေက လက်ပိုက်ခိုင်းပါတယ်။ ဒီလိုနဲ့ ဆရာ၊ ဆရာမတွေရှေ့ဆို လက်ပိုက်မှ ယဉ်ကျေးတယ်။ လိမ္မာတယ်ပေါ့။ ဒါပေမယ့် အီတလီမှာတော့ ဆရာ၊ ဆရာမတွေ စာသင်ရင် လက်ပိုက်ရင်တော့ ရိုင်းတယ်တဲ့ဗျ။

အဲဒီမှာက ဆရာ၊ ဆရာမတွေရှေ့လက်ပိုက်ရင် ကြိုက်တာမေး ဖြေနိုင်တယ်။ ဆရာကိုယှဉ်နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်တဲ့ဗျာ။ စသည်ဖြင့် သာ ဓကများစွာတွေကိုကြည့်ပြီး ငါစွဲတွေနဲ့ ဘယ်သူကယဉ်ကျေးလို့ ဘယ်သူကရိုင်းစိုင်းတယ်ဆိုတာ ဆုံးဖြတ်ကြတော့မလား။

ဒါဆိုရင် မတူခြားနားတဲ့ စရိုက် ဓလေ့အပြုအမူတွေကြားမှာ ဘယ်သူကမှန်လို့ ဘယ်သူကမှားလဲ။ ဘယ်သူက ယဉ်ကျေးလို့၊ ဘယ်သူတွေ ရိုင်းနေလဲဗျာ။ ယဉ်ကျေးမှုလို့သုံးလာပြီဆိုရင်တော့ ကျွန်တော်တို့ သိရမြင်ရမှာက အသိညဏ်၊ အသိတရား၊ ညဏ်နဲ့ပညာဆိုတဲ့ စိတ်ဓါတ် ဆိုင်ရာအခြေအနေဘဲ ဖြစ်ပါတယ်။

ရိုင်းစိုင်းတယ်ဆိုတဲ့ နာခက်စရာပြောဆိုတော့မယ်ဆိုရင်ဖြင့် မိမိရဲ့အသိညဏ်၊ အသိတရား၊ ညဏ်နဲ့ပညာဆိုတဲ့ စိတ်ဓါတ်ဆိုင်ရာ အခြေ အနေကို ပြန်လည်သုံးသပ်ဖို့တော့ လိုမယ်ထင်ပါတယ်။

ဒီလိုနဲ့ အတွေးတွေထဲမှာ လက်ရှိအစိုးရလည်း ရိုင်းစိုင်းတဲ့ အပြုအမူတွေရှောင်ကြဉ်ပြီး ပိုပြီးပညာရှိတဲ့ အစိုးရအဖြစ်မြင်ချင်စမ်းပါရဲ့။ လွမ်း မောဖွယ် ကချင်တောင်တန်းကြီးမှာလည်း ပျော်ရွင်တဲ့ မနောအကနဲ့ ယဉ်ကျေးသိမ့်မွေ့တဲ့ ဓလေ့မြင်ချင်စမ်းပါရဲ့။ လယ်မြေတွေသိမ်းခံရတဲ့ အညာဒေသလေးမှာလည်း စိမ်းညို့ညို့လယ်ကွင်းနဲ့ ဘုရားစေတီတို့ ကြည်းနူးဖွယ်မြင်ချင်စမ်းပါရဲ့။ မတရားသိမ်းခံထားရတဲ့ အိမ်ယာတွေနဲ့ လူတွေရဲ့ဘ၀ မိသားစုဘ၀လေး ပျော်ပျော်ရွင်ရွင် နေထိုင်ကြတာလေးကိုလည်း မြင်ချင်စမ်းပါဘိဗျာ။
Posted by Aung Htet at 1:47 AM 1 comments  

Fatigue in Burma

ဖက်ထိပ်များ နဲ့ လူ့အဖွဲ့အစည်း
ငြိမ်းချမ်းအေး
မေ ၁၄၊ ၂၀၁၂

(photo: Reuters)

"---နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေး လုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က---"


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages