48 views
Skip to first unread message

Maung Yit

unread,
May 21, 2012, 1:20:18 AM5/21/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
၂၀၁၂ နှစ်အတွင်း နေကြပ်ခြင်း အယ်လ်အေ (LA) မှာ ထင်ရှားစွာ ကြည့်နိုင်
မိုးမခအထောက်တော် ၀၀၆၊ မေ ၂၁၊ ၂၀၁၂
ယမန်နေ့ ကယ်လီဖိုးနီးယား စံတော်ချိန်၊ ညနေ ၆း၃၀ က ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေမြို့တော်က ပရိသတ်တို့အတွက် အထင်ရှားဆုံး နေကြပ်မှုကို ရှုစားနိုင်ခဲ့ကြပါတယ်။ အမေရိကန်ပြည် ကယ်လီဖိုးနီးယားနဲ့ ဂျပန်ပြည်တို့မှာ ဒီနှစ်အတွက် ထင်ရှားနီးကပ်တဲ့ နေကြပ်မှုကို တွေ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားသူ အများအပြားက ပြင်ပနဲ့ တောင်ကုန်း မြေမြင့်တို့ထံ ခရီးထွက် စုဝေးပြီး နေကြပ်တာကို ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။
 Griffith Observatory ဆိုတဲ့ တောင်ပေါ်အာကာသကြည့်စခန်းမှာ လူ ၃ ထောင်စုဝေးပြီး နေကြပ်ခြင်းကို စောင့်ကြည့်ခဲ့ကြတယ် လို့သိရပါတယ်။  နေကြပ်တာ ထင်ထင်ရှားရှား အားဖြင့် နာရီဝက်ခန့် ကြာမြင့်အောင် စောင့်ကြည့်နိုင်ပြီး လော့စ်အိန်ဂျလိစ်အတွက်တော့ နောင် ၅၉  နှစ်မှာ နောင်တကြိမ် နေကြပ်တာကို ထပ်တွေ့မှာ ဖြစ်ပါတယ်။ အမေရိကန်က မြောက်ပိုင်းပြည်နယ်တွေအတွက်ကတော့ ၂၀၁၇မှာ နေကြပ်တာ တကြိမ် ထပ်တွေ့ရဦးမှာပါ။  
(Photo - LA Times, Internet news)
Posted by MoeMaKa at 9:53 PM 0 comments  

20th May - MoeMaKa Radio


မေ ၂၀ – မိုးမခရေဒီယို
ဒဂုန်တာရာ ၉ ၃ နှစ်ပြည့် ဂုဏ်ပြုနဲ့ မေ၀တ္ထုသီချင်း – ခင်ညွန့်ရီ
သတင်းတိုထွာ၊ သီချင်းပဒေသာ
သမ္မတကြီး ဖြေဆိုပါ – မီဒီယာမျိုးစုံနဲ့ မိုးသီးဇွန်
ဗိုလ်ချုပ်အောင်ဆန်း ရန်သူနံပါတ် ၅ နဲ့ ကဗျာဆရာတို့ နေထိုင်ရာ – မောင်စွမ်းရည်၊ အောင်ဝေး
အိမ်ထောင်ရေးအဆင်ပြေရေး သတိပေးချက်နဲ့ ကိုရီးယား၊ထိုင်း နိုင်ငံတို့အကြောင်း – ဇော်အောင် (မုံရွာ)၊ မိုးမခ
စန္ဒယားစိန်သောင်း လက်သံသာများ
ကိုကျော်သူနဲ့ ၀ါရှင်တန်ပြည်သူတွေ တွေ့ဆုံပွဲရလာဒ် – မိုးမခ
၈၈ ကျောင်းသားအလှူဒါနနဲ့ ကချင်ပြည်နယ်စစ်ပြေးဒုက္ခသည်များအရေး
မာမာအေးသီချင်းနဲ့ သူ့သတင်း
ရင်ကို လှုပ်ရှားစေသော ကာတွန်းများ – ကူမိုးကြိုးနဲ့ မောင်ရစ်၊ မိုးမခ
စုဘုရားလတ်ကို အဆိုးမြင်သူများ – သူလည်းတခါကဒိုင်နိုဆောပဲ၊ လူထုဒေါ်အမာ၊ ဒဂုန်ဒေါ်ခင်ခင်လေး
အထူးကဏ္ဍ – စိန်မဟာသဘင်ရဲ့ သီပေါပါတော်မူ ဇာတ်ကောက်နုတ်ချက်
စီစဉ်သူများ – ဦးပန်တျာ၊ ဒေါ်မေရီ
Posted by MoeMaKa at 3:16 PM 0 comments  
Labels: Radio Program

Mandalay Food Guide (Informal Guide)


မန်းလေး စားသောက်ဆိုင် နေရာလိပ်စာ လမ်းညွန်

on Thursday, 17 May 2012 at 18:09 ¡
by ChoZin De Earthzprinzezz on Thursday, May 3, 2012 at 4:57pm ¡
ခုနက အစားအသောက်ညွန်းပြီးတဲ့ နောက်မှာ မန်းလေးမှာ ရှိတဲ့ အထဲက ကျနော်သိသမျှဆိုင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်၊

မုန့်တီ
မန်းလေးမုန့်တီမှာ နာမည်ကြီးတာကတော့ ၃၁ လမ်း ၈၄x၈၅ ကြားက စိုးစိုးမုန့်တီပင်၊ ရန်ကုန်က နာမည်ကြီးတွေ လာရင် လာစားကြရင်း နာမည်ကြီးတယ်ထင်တာပါပဲ၊ ကျနော်ကတော့ သိပ်မကြိုက် စိုးစိုးက အီသည် မုန့်တီဖတ်ကလဲ နည်းနည်း ချဉ် သည်၊
သူ့ အောက်ဖက်တပြ မလွန်မုန့်တီတန်းက ဒေါ်သန်းမြက ပိုစားကောင်းသလိုပင်၊
ဂေါဝိန်ဆိပ်နားက မုန့်တီကလည်းစားကောင်းတာပင်၊ ဒါပေမယ့် သူက မနက်နည်းနည်းနောက်ကျရင် ကုန်ပြီ၊
မုန့်တီကို သိပ်လဲ ဈေးမကြီးပဲ သိပ်လဲ မအီတဲ့ ခိုတောင်နဲ့ မုန့်တီကြား စပ်ကြားလေး စားချင်ရင်တော့ ဗောဓိကုန်းထဲက Dynasty လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်သေးသေးလေးရှိသည်၊
ဘုရားကြီးအာနန္ခာစောင်းတန်းက ကြီးတော်ခွေးကတော့ မုန့်တီမရောင်းတော့ဘူး ထင်ပါတယ်၊ တခါသွားတော့ ထမင်းပဲရောင်းတော့တယ် ဆိုလား.......

ခိုတောင်မုန့်တီ
များသောအားဖြင့် ခိုတောင်မုန့်တီသည်တွေမှာ တရွာတည်းက ဖြစ်ကြသည်၊ မန်းလေး လမ်းမတွေပေါ်မှာ ညနေ ၂ နာရိမှ ၅ နာရီကြား လှည့်ရောင်းတတ်သည်၊
မနက်ဖက် စားချင်ရင်ဖြင့် ၈၁ လမ်း ၃၀x၃၁ကြား နေရှင်နယ် ကျောင်းရှေ့မှာ ၇ှိသည်၊ ( သူကလဲ နာမည်ကြီးဗျ... ဂျာနယ်ထဲတောင် ပါလိုက်သေး )

မြီးရှည်
မန်းလေး မြီးရှည် တွင် နာမည်ကျော်ကတော့ ဗထူးကွင်းမြီးရှည်ပင်၊ ဒါပေမယ့် ကျနော်ကတော့ နည်းနည်းပေါ့လို့ မကြိုက်၊ ကျနော့်အကြိုက်က ရတနာပုံဈေး အရှေ့ဘက်က ဇော်ကြီးမြီးရှည်.. သူက ပိုပြီး လေးလေးပင်ပင်ရှိသည်၊
ပြီးတော့ ၃၃ လမ်းမှာ စိန်ဝင်းမြီးရှည်၊ လမ်းလည်ဘုရားနားက မြီးရည်ဆိုင် ၊ ၈၂ လမ်းက မန်ကျည်းရိပ်နှင့် ၁၉ လမ်း မြီးရှည်ကတော့ ၀က်အူတွေ ကလီစာတွေနှင့်ပါရနိုင်သည်၊ (ဒါပေမယ့် ၂ နာရီလောက်မှ ဖွင့်သည်)
လမ်း ၈၀ တိုင်းကျော်ကတော့ မြီးရှည်အပြင် အခေါက်ကင် အသားကင်သုပ် ထမင်းပေါင်း ကြက်ခြေထောက် ဆီချက်ပါရသည်၊

ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲဆိုင်တွေကတော့ ပေါလွန်းများလွန်းလှသဖြင့် နည်းနည်းပဲညွှန်းတော့မည်၊ ၇၄လမ်း ၃၄x၃၅ ကြားမှာ ရွှေမူဆယ်ရှိကာ အချိုအရသာ ကြိုက်သူတွေနှင့်သင့်တော်၏ ၊ သည်ဆိုင်တွင် ဆန်ချိုအေးလဲ ရသည်၊
လမ်း ၈၀ မြကေခိုင်ဘေးကဆိုင်ကတော့ မနက်ဆိုလျှင် ကားတွေ တန်းစီနေတာပင်၊
ညဘက် ရှမ်းခေါက်ဆွဲ မြေအိုးမြီးရှည် စားချင်ရင်တော့ ၇၆လမ်း ၃၄x၃၅ ကြားက ညဈေးတန်းကို ပင် ညွှန်ရမည်ပင်၊
ညဈေးတန်းမှ လားရှီုးဆိုင်တွင် ရှမ်းတို့ဟူးပျော့ ။ ၀က်ခြေထောက်ခေါက်ဆွဲကောင်းသည်၊
အမဲလုံးခေါက်ဆွဲဆိုလျှင်တော့ ၃၅ လမ်း ၆၉x၇၀ ကြား က ဆိုင်က တော်တော်ကောင်းသည် ၊ ဆန်စီး အညိုနဲ့ ပိုကောင်းသည်၊ ( သူ့ဆိုင်ဘေးမှာ အိုးဆိုင် ရှိတယ်ဗျ )

ရှမ်းထမင်း
မန်းလေးတွင် ပုံစား ရှမ်းထမင်းဆိုင်များမှာ ကျောင်းသားကျောင်းသူများ ရုံးဝန်ထမ်းများအတွက်အားထားရာပင်၊ ပိုက်ဆံ ၈၀၀။ ၁၀၀၀ ဖြင့် ထမင်းတနပ်ကို ဟင်းသုံးမျိုး ဖြင့် စားနိုင်သည်၊
ဆေးကျောင်းတ၀ိုက်မှာတော့ လင်းလင်း၊ အေးချမ်းမြေ စသည့်ဆိုင်များရှိပြီး။ လမ်း ၇၀ ၂၉x၃၀ ကြားတွင်လည်း ရှမ်းထမင်းဆိုင်များ အတန်းလိုက် ရှိသည် ၊
ရေစစ်ကန်နားက ၀င်းစံပါယ်ကတော့ ထမင်းမရပေမယ့် အခြား ရှမ်းအစားအစာ ငါးထမင်း ။ ဟင်းထုပ်။ ငါးဒုက္ခရသည်၊ ဆမ်ဆိုင်းမြီးရှည် ။ သဘောင်္သီးထောင်း စားကောင်းသည်။.

မြန်မာထမင်း
မြန်မာထမင်းစားချင်သူများအတွက် ၂၇ လမ်းတွင် တူးတူးရှိသည်၊ ( ဒါပေမယ့် တူးတူးက ၀က် ၊ အမဲမရ ... ပြီးတော့ ဟင်းအမျိုး သိပ်မစုံ .. အရသာလည်း နည်းနည်း ပေါ့ပြီး အချိုကဲသလိုပင်) ၊ အေးမေတ္တာကတော့ ဟင်းပိုစုံသည် ( ၀က်သားဆိုလျှင်ပင် ၀က်သားနီချက် ။ အိုးကြီးချက်၊ ဟင်းလေးချက်။ ၀က်ပုန်းရည် ) အစုံရသည်၊
ကျနော်တို့ အကြိုက်ဆုံးကတော့ မိန်းပေါက်နား မြောင်းကြီးဘေးက မြမဉ္ဖူပင်၊ သူက ဆိုင်လေးကသာ သေးသေးကုပ်ကုပ် ဈေးကတော့မသေး ၊

ဒံပေါက်
မန်းလေးမှာ ဒံပေါက်ဆိုရင် ၂၆ လမ်း ကျုံးဘေးမှာ ဒေါ်သန်းမူရှိပါတယ်၊ မြို့မရုံနဲ့ မျက်စောင်းထိုးမှာ သင်းရှိပါတယ်။
၈၃လမ်း ၂၈x၂၉ ကြားမှာ ပေါ်ပီ  အဲလေ သင်္ဂဟ ဒံပေါက်ရှိပါတယ်။
ကေမီမွန်ဒံပေါက်စားချင်ရင်တော့ အလှူအိမ်သာ တွေ့အောင်လိုက်ရှာကြပါ။
ကျုံးမြောက်ဘက် ဂေါက်ကွင်းသွားတဲ့လမ်းမကြီးကနေ အနောက်ဘက်ကို ဖဲ့ဆင်းပြီုး မြောင်းလေးကို ကျော်လိုက်ရင် လမ်းဘေးမှာ ဒံပေါက်ဆိုင်လေး တဆိုင်ရှိပါတယ်။ မနက်အစောကြီးရောင်းတာပါ၊ ၈ နာရီလောက်ဆိုကုန်ပါပြီ။ ဒံပေါက် ။ ပဲထမင်း ။ အုန်းထမင်းရပါတယ်။ တပွဲမှ ၂၀၀ ရယ် ကြက်သားထည့်မှ ၇၀၀ .... စားလို့လဲကောင်းပါတယ်၊

အသုပ်စုံ
အသုပ်စုံစားချင်လျှင် လမ်းပေါ်မှာလာတဲ့ ဈေးသည်ကို ထိုင်စောင့်လျှင်စောင့် မစောင့်နိုင်လျှင်တော့ ဈေးချိုထိ သွားရမှာပင် ၊ ဈေးချိုအနောက်ဘက် ကိုင်းတန်းဈေးထဲမှာ ဆိုင်ကြီးနှင့် အသုပ်စုံသည် တသည်ရှိသည်၊ ဈေးချိုတောင်ဘက်က အသည်ကတော့ တခါက ကျနော့်ကို တပွဲ ၁၅၀၀ ယူလွှတ်လိုက်သည်၊ ( ရက်စက်ပါပေ့ )
ကန်တော်ကြီးက မိုးကောင်းအသုပ်ဆိုင်ကတော့ ဆိတ်သားခြောက်သုပ် ကောင်းသည်၊ ချဉ်ချဉ်စပ်စပ်လေး ၊ တခြားအသုပ်တွေလဲ မဆိုးပါ . ဒါပေမယ့် သူက ထမင်းဆီဆမ်းဆိုလျှင် ဘာလချောင်ကြော်ပေးပြီး ထမင်းသုပ်မှာလျှင်ကြ မပေး၊ ( ကျနော်ကတော့ မရရအောင် ဇွတ်တောင်းတာပဲ )
၇၆ လမ်း ၃၃ လမ်းနားက အခြောက်ကြီး ၂ ယောက်ရဲ့ အသုပ်လဲ စားကောင်းတာပင်၊
ဆေးကျောင်းက လူတွေကတော့ စံအေးက လက်ဖက်သုပ် ရှောက်သီးသုပ်နှင့် အသက်ဆက်ကြတာများသည်၊
လမ်း ၈၀ လှကလေးစိန် ထိုးမုန့်ဆိုင်ရှေ့က ထမင်းသုပ်ကတော့ အမဲ အချင်း ၀မ်းတွင်းသားနှင့် ရသည်၊ စားကောင်းသည်း
၂၆လမ်း ကျုံးထိပ် Happy Palace နှင့် မျက်နှာချင်းဆိုင်မှာ အရီးတောင်းဆိုင်ရှိသည်.။

ဝက်သားတုတ်ထိုး
၃၄လမ်း B.N ဗားမား မျက်နှာချင်းဆိုင်တွင် တွတ်ပီ ၀က်သားတုတ်ထိုးရှိသည်။ တုတ်ထိုးအပြင် ကြာဇံကြော် နှင့် ကော်ပြန့်လဲရသည်၊ သူ့ကော်ပြန့်က အထဲမှာ ၀က်သားအစာသွပ်ထားသဖြင့် အသားလိပ်လိုမျိုးဖြစ်ကာ စားကောင်းသည်၊ ဒါပေမယ့် ဟင်းရည်ကနည်းနည်းပေါ့သည်၊ ( တုတ်ကြီးကြားရင် ဓါးနဲ့လိုက်ခံရဥိးမယ် )
လမ်း ၃၀ ၆၉ ထောင့်မှာ တုတ်ထိုးတဆိုင်ရှိသည် သူလည်းမဆိုး၊ လမ်း ၇၀ ၃၂ထောင့် အာကာမင်း လက်ဖက်ရည်ဆိုင်ရှေ့က တုတ်ထိုးကတော့ ကြံမဆိုင် ဟင်းရည်နှင့်ဖြစ်သည်၊ လမ်း၃၀ ၈၁x၈၂ကြား က ဆိုင်လဲ စားသူများသည်၊
ရတနာပုံဈေး KD ကြယ်သီးဆိုင်ရှေ့က ဆိုင်ကတော့ ဈေးမီးလောင်ပြီး ဘယ်ရွှေ့သွားလဲမသိ၊ သူ့ညီမတွေကတော့ ၁၄ ကျောင်းရှေ့မှာ ထွက်သည်၊
၁၆ ကျောင်းရှေ့က မြင့်လွင် လည်း နာမည် ကြီးသည်၊ ဒါပေမယ့် ဈေးကြီး သလိုပဲ၊
ဗောဓိကုန်းဘက်က ၆၉လမ်းကို အကွေ့ဘက်မှာ once more တို့လို တုတ်ထိုးဆိုင်လေးတွေလည်းရှိသည်၊

ကော်ပြန့်ကြော်
လမ်း ၈၀ ၃၈ လမ်းထောင့်က ကော်ပြန့်ကြော်ဆိုင်က အချဉ်ကောင်းသည်၊ ငါးဖယ်ကော်ပြန့် ၊ ငုံးဥကော်ပြန့်။ သီးစုံ ။ အာလူး အစုံရသည်၊
၆၉ လမ်း ၂၇လမ်းထောင့်က ဆိုင်ကတော့ ကော်ပြန့် အပြင် အကြော်စုံပါရသည်၊
IWTC ရှေ့က ကော်ပြန့်ကြော်က လည်း အတော်ကောင်းတယ်လို့ ကျနော့် အမတစ်ယောက်က ညွှန်းထားပါတယ်၊

ဖက်ထုပ်ကြော်
လမ်း၈၀ လမ်း ၃၀ ဖူဂျီစတိုးဘေးက ဖက်ထုပ့်ကြော်ကစားကောင်းသည်၊ ဒါပေမယ့် ဆိုင်ရှင် တရုတ်မယားက ကပ်စီးနည်း .. အချဉ်တောင်းလျှင် ပေးချင်သလိုလို မပေးချင်သလိုလိုနဲ့၊
၃၂ လမ်း ၈၂ x ၈၃ ကြားမှာလည်း တဆိုင်ရှိသည်၊ ဗထူးကွင်းထောင့်က သားသတ်လွတ်ဖက်ထုပ်ကြော်ဆိုင်လေးကတော့ ရှိမှ ရှိသေးရဲ့လားမသိ၊ တပွဲမှ ၃၀၀ ရယ်၊
၃၇လမ်း စန္ခာမေနှင့် မျက်စောင်းထိုး Cafe House က ဖက်ထုပ်ကြော်ကတော့ တပွဲဆို တပွဲ အီဆောင့်နေတာပင်၊

ဖက်ထုပ်ပေါင်း
ဖက်ထုပ်ပေါင်းကတော့ စနွာမေ ကိုပဲ ညွှန်းရမည်၊ ဖက်ထုပ်ပေါင်းအပြင် ဖက်ထုပ်ကြော်၊ ဆာတေး၊ အသားလိပ်ကြော် တွေလဲ ရသည်၊ ဒီတခေါက်သွားစားတော့ သိပ်မကောင်းတော့ ဖက်ထုပ်ပေါင်းကလဲ မာဂေါက်ဂေါက်... ဆာတေးကလဲ အချဉ်ရည်က ကျဲတဲတဲနဲ့

အာပူလျှာပူ
အာပူလျှာပူ တွင် ကျနော်တို့လက်စွဲက နန်းရှေ့ တရားရုံးချုပ်ရှေ့နေရုံးနားက အာပူလျှာပူဆိုင်ပင်၊ သူ့ဆိုင်က ပဲသီးများများနှင့် ငါးဖယ်သုပ် စပ်စပ်ကိုလဲ ကြိုက်ကြသည်၊
နောက်တဆိုင်ကတော့ အောင်တော်မူ ဘုရားနားက ရွှေအိ ထင်တယ် နာမည်က အာပူဆိုင်၊ ကယ်လီ church နားက အာပူလျှာပူဆိုင်ကတော့ တခြား ထမင်းသုပ် လက်ဖက်သုပ် ရှောက်သီးသုပ်တွေပါရသည်၊

လက်ဖက်ရည်ဆိုင်
မန်းလေးက လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လက်ဖက်ရည် ကော်ဖီ. ပလာတာ ထပ်တရာ နံပြားကစလို့ မုန့်တီ မုန့်ဟင်းခါး မြီးရှည် မှသည် ထမင်းဆီဆမ်း . ထမင်းဟင်း အထိ အစုံရသည်၊
မန်းလေးတွင် အကြီးဆုံးလက်ဖက်ရည်ဆိုင် အုပ်စုမှာ မင်းသီဟ နှင့် ယူနီစံ ဖြစ်ပေလိမ့်မည်။ ရွှေပြည်မိုးကလဲ နေရာတကာ တွေ့လာရတာပင်၊. လမ်း၈၀မှ ၇၃ ကို ရွှေ့သွားသည့် ပါဝါ လက်ကီး ဆိုင်ကို အစက ကျနော်က ရှဝါ လက်ကီး ချည်းပဲ ဖတ်မိသည်၊.
aအောင်တော်မူဘုရားနားက  cafe blue ကတော့ ညဘက်ဆို တော်တော်စည်သည်၊ ထူးထူးဆန်းဆန်း အဲ့သည်ဆိုင်မှာ ကျြွေမုန့် ရသည်၊( မုန့်ဗိုင်းတောင့်လို့လဲ ခေါ်တယ် ဗျ )
ဆေးကျောင်းနားက ဆိုလျှင်တော့ အချစ်ရွာ ရှိသည်၊ 3 color ရှိသည်၊ ဆေးကျောင်းသက် ၇င့်သော ကျောင်းသားတချို့ ထိုင်တတ်သည့် မမေ့နိုင်ရှိသည်။ မမေ့နိုင်ကတော့ မိန်းကလေး ထိုင်တာတော်တော်နည်းသည်၊ဆေးကျောင်းတောင်ဘက် ဆိုင်ကယ် အပ်တဲ့ကွင်းထဲမှာတော့ Banyan Groove ရှိသည်၊
မိန်းဘက်ထဲဆိုလျှင် Friend ရှိသည် ။ ပန်းကမ္ဘာရှိသည်၊ Dynasty ကတော့ တော်တော်ချောင်ကျသော ဆိုင်ဖြစ်ပေမယ့် လက်ဖက်ရည်ကောင်းသလို ချက်ခုံ ကာတွန်းစာအုပ်တွေပါရှိလို့ လူစည်သည်၊
ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ဆိုလျှင် ၃၅ လမ်းက ကီးမားတင်ဝင်း . ၃၅ လမ်း နှင့် ၂၆ လမ်းက ကရ၀ိတ်။ လမ်း ၃၀ အမျိုးသမီးဆေးရုံကြီးနားက ယူနီစံ။ ၇၄ လမ်း ၃၃ လမ်းထောင့်က လှိုင်းတို့ရှီသည်၊ ၈၃ လမ်းက မင်းမင်းကျော်ရှိသည်၊ မင်းမင်းကျော်က ထမင်းကြော်ကို ချဉ်ပေါင်ကြော်လေးနဲ့ ကောင်းသည်၊


အအေးဆိုင်
လမ်း၈၀ ဖားသားလဖုန်းကျောင်းေ၇ှ့မှ ဖောင်တော်သီတွင် အအေးနှင့် သဘောင်္သီးထောင်း ကြက်ညှပ် ရသည်၊ အဲ့သည်ဆိုင်မှာ ကျနော်အကြိုက်ဆုံးက နို့အေးပါ၊
ကျုံးရှေ့ဘက်မှာ ညဘက်ဆိုလျှင် အစိမ်းရောင် နယ်မြေ ရှိသည်၊
Breeze ကတော့ လမ်း၇၀ ၃၂x၃၃ ကြားတွင် ရှိပြီး ကောက်ညှင်းပေါင်းနှင့် အကြော်စုံပါရသည်၊
ဆေးကျောင်းတ၀ိုက်တွင်လည်း အအေးလှည်းလေးတွေ တော်တော်များသည်၊
ကျနော့် ကျောင်းတက်တုန်းက ကျနော်တို့ တဖွဲ့ရဲ့ ရုံးချုပ်က အချစ်ရွာရှေ့မှ ဦးလေးကြီးဆိုင်တွင် ဖြစ်သည်၊ ဦးလေးကြီးဆိုင်က ကော်ဖီအေးကတော့ ကျနော့် အသဲစွဲပင် တရက် ကို ၃ ခွက်လောက်သောက်ဖြစ်သည် ( star buck ထက်တောင်ကြိုက်သေးတယ် ) .... ပြီးတော့ ဦးလေးကြီးဆိုင်က ကျောင်းထဲ အ၀င်အထွက်ကော လမ်းမပေါ်ကော အချစ်ရွာထဲပါ မြင်ရလို့ အကွက်အကွင်းကောင်းသည်၊ ( အချင်းချင်းတွေဆိုတော့ ကပ်ကြော်ငြာပေးတာ )

ကော်ဖီဆိုင်
ကော်ဖီဆိုင်များတွင် လမ်း ၈၀ ၂၅ ထောင့်က V Cafe က အရင်ကတော့ စားဖိုမှူးတော်တော်ကောင်းသည် .. အခုတော့ ပြောင်းသွားပြီလားမသိ ( အမဲသား ဘာဂါ တော်တော့်ကို ကောင်းသည် )
ကျုံးရှေ့က Cafe City ကတော့ နေ့လယ်ဘက် ညဘက်ဆို လူများပြီး ဆူလွန်းလို့ မထိုင်ဖြစ်တာ တော်တော်ကြာပြီ၊
JJ ကတော့ အစားအသောက်လဲ မဆိုး .. ခုနေရာ အသစ်ပြောင်းပြီးတော့ မရောက်ဖြစ်တော့ ။။။
BBB က တော့ Mixed Grill ကြိုက်သည်၊
cafe melody က ဆိုင်ကျဉ်းပြီး ထိုင်လို့မကောင်း။ ၇၈လမ်းပေါ်က Riverar က အောက်ထပ်မြေအောက်ခန်းက ခြင်ကိုက်သည်။ ပြီးတော့ သူ့ဆိုင်က ဆီသိပ်မသန့်။
လမ်း ၈၀ မှာ နဂိုက ဖွင့်သည့် Cafe Jin က unplugged ၀ိုင်းလေးက အဆိုတော် ၂ ယောက်က တော်တော့်ကို အသံကောင်းသည်၊ အရင်က ညဘက်ဆို ကျနော်နှင့် ထက်ကြီး ၂ ယောက် ကော်ဖီတခွက်မှာပြီး သီချင်းသွားနားထောင်ကြသည်၊ အခုတော့ ဆိုင်ပိတ်သွားပြီ...
၂၇ လမ်း လမ်း ၇၀ ထောင့်က Koffee Korner ကတော့ ဒီနောက်ပိုင်း ထိုင်ဖြစ်သည်။ အဲ့သည်ဆိုင်မှာ ကျနော်တို့ အကြိုက်က Chicken Basket .. spaghetti bolognise နှင့် JD coffee ဖြစ်သည်။  ( ကိုသူရအောင် ဖျော်တဲ့ JD coffee က ပိုသောက်ကောင်းတယ်ဗျ )

Dim Sum ဒင်ဆမ်းဆိုရင်တော့ အိုရီရမ်တယ် တခုပဲ စားကောင်းသလိုပင်။ ကျနော်ကတော့ JJ က ဒင်ဆမ်းလဲ သိပ်မကြိုက်။ ကျန်တဲ့ဆိုင်တွေကော အကုန် နည်းနည်း အရသာက ချဉ်သလိုပင် ။ ဘာကွာလဲမသိ.

ဘီယာဆိုင်
ကတော့ ထိုင်လို့ နည်းနည်းကောင်းတဲ့ ဆိုင်ပဲ ညွှန်တော့မယ်၊
၃၅ လမ်းက Beer Rain ကတော့ သုံးထပ်မှာ အောက်ဆုံးထပ်က ဒီတိုင်းဝိုင်းလေးတွေ .. အလယ်ထပ်က ကော်ဖီဆိုင် ခပ်ဆန်ဆန် အဲကွန်းခန်းနဲ့ အပေါ်ဆုံးထပ်က လဟာပြင် ကြိုက်တာ ထိုင်ရုံပင်၊ အဲ့ဒိဆိုင်မှာ ကောင်းတာကတော့ ငါးအရိုးလွတ်။ မှိုကန်စွန်းနဲ့ ။ ၀က်ပေါင်ခြောက်သုပ်ပါ၊
အဲ့ဒါနဲ့ မျက်စောင်းထိုးလောက်မှာ ရွှေကောင်းကောင်းရှိသည်၊
လမ်း ၃၀ အကင်တန်းမှာတော့ ကျနော်တို့ ကိုသူရိန်တို့ ထိုင်တတ်သည့် အမြဲကောင်း ရှိသည်၊ အဲ့သည်ဆိုင်က ခရုဟင်း ကောင်းသည်၊
ကျုံးအရှေ့ဘက်မှာဆို ကျယ်ကျယ်ဝန်းဝန်းနဲ့ Paradise ရှိသည်၊ အင်းဝ ကတော့ မိန်းကလေး ထိုင်လို့ သိပ်မကောင်းလို့ ထင်သည်၊
၇၃ လမ်း ၂၇ နှင့် ၂၈ မှာ ၀င်းဝင်းရှိသည်၊ သူက စည်ဘီယာမရ။ုပုလင်းပဲရသည် ဒါပေမယ့် ကျနော်က သူ့ဆိုင်က မာလာဟင်း ကြိုက်သည်၊
သိပံလမ်းဘက်မှာဆို Jasmin Garden ရှိသည်၊ သူ့ဆိုင်က ငါးမျှစ်ချဉ်စားကောင်းသည်၊ ( နည်းနည်းတော့ သံပုရာသီးလေး ညှစ်လိုက် ဆားထည့်လိုက်နဲ့ ပြင်ယူရတယ်)
ကုတင် ၃၀၀ ဆေးရုံနားမှာ ရွှေဆည်းဆာ ရှိသည်၊ အရင် ကတော့ အာလူးကြော်ကောင်းသည် ( အခုတော့ အကြော်ဆရာ ပြောင်းသွားပြီ ထင်တယ် )
၆၁လမ်းမှာ M Bar ရှိသည်။ ပါတီ လုပ်ချင်သူများ အတွက်တော့ သင့်တော်သည်၊
ကန်တော်ကြီးမှာဆို ၀င်းဝင်းရှိသည်၊ ကျယ်ကျယ်လွင့်လွင့်သောက်ချင်လျှင် ကောင်းကောင်းရှိသည်၊၊ ဒဏ္စာရီ ရှိသည်၊
ဆခွံနှင့် ရှမ်းအရက်ကြိုက်တတ်လျှင် ၇တနာပုံဈေး အရှေ့ဘက်မှာ သျှမ်းသျှမ်းတောက် ရှိသည်၊
ဈေး တောင်ဘက်က 115 ကတော့ အ၇က်သမားဝါရင့်ကြိးတွေ ဆိုင်ထင်တာပဲ။ အဲ့ဒီဆိုင်က ဂျင်သောက်ကောင်းသည်၊

ထန်းရည်
မန်းလေးတွင် အဓိက ထန်းရည်ရသည့် ၃ နေရာက အိမ်ရှေ့မင်းထန်းတော ။ ရန်ကင်းတောင် ထန်းတောနှင့် ဦးပိန်က ထန်းတောပင်၊
ဦးပိန်က ထန်းတောမှာ ထန်းရည်စစ်စစ် မရနိုင် ။ ဒါပေမယ့် ကြွက်ကြော်သုပ်ရသည်၊ ( ဒါကလဲ ရတနာပုံတက္ကသိုလ် ဘက်က ဆိုင်တွေ မှာပဲ ရတာနော် .... ဟိုဘက်က ဆိုင်တွေ မှာ မရဘူး ) ဆိတ်သားကို ငရုတ်သီး ကြက်သွန်ဖြူ ပင်စိမ်းရွက် နဲ့ ရောထောင်းပြီး ရှောက်သီးညှစ်ထားသည့် ဆိတ်သားထောင်း စပ်စပ် ။. ငါးကြော်။ ပြောင်းဖူးကြော် စားကောင်းသည်း
ရန်ကင်းတောင် ထန်းတောကလည်း ထန်းရည်အစစ် မရတော့။ ပြီးတော့ လူအရမ်းများလာသည်၊ တဲတွေ မှာ အမြဲတမ်းလူအပြည့် ။ တခါ အရင် ထန်းတော မရောက်ခင် မှာ ဆိုင်အသစ် တဆိုင် ထပ်ဖွင့်ထားသေးသည်း
ရန်ကင်းတောင်နဲ့ ဆေးဝါး ကြားက လမ်းတောင်ဘက် အခြမ်း လယ်ကွင်းထဲမှာ တော့ ထန်းတဲလေး တတဲ ရှိသည်၊ အဲ့သည်မှာတော့ ထရည်ပုစွန်ဆိတ်ခုန်လေးနဲ့ ကြွက်ကြော်လေးရသည်၊ လယ်ကွင်းဘေး လေတဖြူးဖြူးနဲ့ ဇိမ်ပဲ ။
ရေတံခွန်တောင်သွားသည့်လမ်းမှာလဲ ထန်းရည်ရပြီဆိုသည့် ဆိုင်းဘုတ်နှင့် ထန်းတဲလေး တခု ရှိသည်။ ဒါပေမယ့် သူက နည်းနည်း ညစ်ပတ်သည်၊

မနက်စာ ထမင်းကြော်
မနက် ထမင်းကြော်စားချင်သည့်သူများအတွက် ၃၅ လမ်း ၇၉ လမ်း န၀ရတ်ရိပ်သာထဲတွင် နံနက်ခင်း ရှိသည်၊
၇၁လမ်း ၂၇ လမ်းထောင့်က မူလတန်းကျောင်းဝင်းလေးထဲမှာ လည်း ထမင်းကြော်ဆိုင်တဆိုင်ရှိသည်။ သူက အသားကြော် အရံ မျိုးစုံနှင့်ရသည်၊
သူနှင့်မျက်စောင်းထိုးက အိမ်ဆိုင်လေးကတော့ ထမင်းကြော်တပွဲကို ခေါက်ဆွဲကြော်နဲ့လဲ စပ်လို့ရသည် ကြာဇံကြော်နဲ့လဲ စပ်လို့ရသည်၊

ညနေစာ ထမင်းကြော်
ညနေဘက်ဆိုလျှင်တော့ ၇၇လမ်းတောက်လျှောက်တွင် အာစင်နယ် ရွှေမန်းမေ အစရှိသော လှည်းတွေနှင့် ထမင်းကြော်ဆိုင်တွေရှိသည်၊ ကြက် ၀က် ဆိတ် ငါး အကြော်မျိုးစုံ နှင့် ထမင်းကြော်ကို ငံပြာရည်ဆီသတ် . ငပိထောင်း ၊ တို့စရာ၊ ချဉ်ရည်နှင့် မြိန်မြိန်ကြီးစားနိုင်သည်၊

ဆီချက်ခေါက်ဆွဲ
မန်းလေးမှာ ကျနော်အကြိုက်ဆုံးကတော့ ရှိန်းဆီချက်ပင်။ ဒါပေမယ့် စားရတာ စိတ်မရှည် ။ အဲ့သည် ဘွားတော်က ဆီချက်လေး တမျှင်ကို ပန်းကန်ထဲထည့်လိုက် ပြန်ဖယ်လိုက် ပြန်ထည့်လိုက်နှင့် တော်တော်နဲ့ မပြီး။
၂၈ လမ်း က ဒေါ်စင်းယုံ က ဆီချက် ထမင်းပေါင်း ဆန်ပြုတ်လဲ ကောင်းတာပင်၊
လမ်း ၈၀ ပေါ်က မင်းဟိန်နဲ့ ရုံးစိန်က တော့ ပါဆယ် ထုပ်စားတာ ပိုအဆင်ပြေသည်၊

ဟိုဆိုင် ဒီဆိုင်
ဒါကတော့ ဘယ်စာရင်းထဲ ထည့်လို့ ထည့်ရမှန်းမသိတဲ့ ဆိုင်တွေပင်
ဆုံနေကြ ကတော့ ၃၄လမ်း န၀ရတ်ရိပ်သာ မြောက်ဘက်အပေါက်က ဆိုင်လေးပင် ။ ဘာကောင်းလဲဆိုတော့ ဘာမှ မကောင်း။ ဒါလဲ ထိုင်ကြတာပါပဲ။ လက်ဖက်ထမင်းကို လက်ဖက်အသား ကြမ်းကြမ်းနှင့် ခပ်စပ်စပ်လေး ရသည်၊
၆၉လမ်း ၃၅ လမ်းထောင့်က တက်နေ၀င်းက ငါးသံပုရာကောင်းသည်။ အဲ့ဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဂဏန်းချက် ဂဏန်းမဆလာကောင်းသည့်ဆိုင်ရှိသည်၊ စီချွမ်းဆိုလားပဲ နာမည် မမှတ်မိ၊
နန်းရှေ့က မေတ္တာရိပ်ကတော့ နံရိုးပေါင်းခေါက်ဆွဲမဆိုး၊
လမ်း၇၀ ၂၇လမ်းထောင့်က မူလတန်းကျောင်းပေါက်မှာ နေ့လည်ကျောင်းဆင်းချိန်ဆို ရှမ်းညီအစ်မ ၂ ယောက် တိုးဟူးသုပ်။ ရှမ်းခေါက်ဆွဲ ။ တို့ဟူးနွေးရောင်းသည်၊ သူတို့ဆိုင်က တို့ဟူးသုပ်က ရှမ်းလက်ရာ ချိုချဉ်စပ်လေး စားကောင်းသည်၊
၇၇လမ်း ၃၂x၃၃ ကြားက Yangon food villa ကတော့ စားစရာ စုံစုံရသည်၊ အဲ့ဒီဆိုင်က ၀က်စတူးက ၀က်သား သုံးထပ်သားကို ကြားထဲမှာ နံရိုးနုလေးတွေနဲ့ စားကောင်းသည်၊ ကင်မ်ချီ ထမင်းကြော်တို့ ဘာတို့လဲ ရသည်။
အမျိုသမီးဆေးရုံကြီး တောင်ဘက် လမ်းကြား ထဲက ခို့ခို့ရို့ကတော့ ဖက်ဖယ်ထမင်း ။ ငါးထမင်းပေါင်း ၊ အုမ်းရိုက်စ် စားကောင်းသည်၊
၂၇လမ်း ၈၀x၈၁ ကြားက မတင့် ဖက်ထုပ်ပြုတ်ဆိုင်ကတော့ ညနေဘက်မှ ဖွင့်သည်၊

ရေခဲမုန့်
မန်းလေးမှာ ရေခဲမုန့် နာမည်ကြီးတာကတော့ ကုံးထက်ပါ... ကြက်ဆီထမင်းလဲ နာမည်ကြိးပါတယ်.. သူ့ရေခဲမုန့်က အုန်းသီးနံ့လေး နည်းနည်းသင်းပါတယ်.....
ဟိုရှေးကတည်းက နာမည်ကျော်တာကတော့ နိုင်လွန်ပါ. .. ခရီးသွားလမ်းညွှန်တွေထဲမှာထိပါတဲ့အတွက် နိုင်ငံခြားသားတွေ တကူးတက လာစား တတ်ပါတယ်....
ညဘက်မှ ရေခဲမုန့် စားချင်တယ်ဆိုရင်တော့ ၂၆လမ်း ၈၃ ထောင့်က အဇစ်က ရေခဲမုန့် ၊ မလိုင် ၊ ကူးဖီးလ် စပယ်ရှယ် လစ်ပါ
၇၆လမ်း ၂၇ x ၂၈ ကြားက ရွှေသုခကတော့ တခါတလေ ဆားပေါက်ပြီး ငန်လို့ ကျနော်က သိပ်မကြိုက်ပါဘူး
လမ်း ၈၀ ပေါ်က ရွှေနိုင်လွန်ကလည်း ရေခဲမုန့်သားမာပါတယ်
ရေခဲမုန့်ကို ကတော့လေးနဲ့ စက်ကညှစ်တဲ့ အခွေ အခွေလေး စားချင်ရင် ၀င်းလိုက်နဲ့ မြို့မရုံမှာရှိပါတယ်... တခါတလေ နှစ်ရောင်စပ်ရပါတယ်.......
၃၃ လမ်းက ပွိုင့်နေကြာစေ့ ဆိုင်မှာလဲ ရေခဲမုန့်ရပါတယ်.........

ပေါက်စီ
မန်းလေး ပေါက်စီဆိုတာနဲ့ အားလုံး မန်းမြို့တော်ကို ပြေးမြင်ကြမှာပါ (နန္ခာလှိုင်တော့ မမြင်ကြနဲ့ပေါ့ဗျာ )
အဲ့လို ပေါက်စီမျိုးကို မစားချင်ပါဘူး ပါးပါးလွှာလွှာနဲ့ ခုနှစ်လွှာကိုမှ စားချင်ပါတယ်ဆိုသူတွေ အတွက် မြို့ဂုဏ်ေ၇ာင် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင် ၈၃ လမ်းပေါ်မှာ ရုံးစိန် ပေါက်စီ ဆိုင် ရှိပါတယ်။ သူက ပေါက်စီ တမျိုးတည်းပဲ သီးသန့်ရောင်းပြီး အလွန်ဆုံး မနက် ၈ နာရီ ၉ နာရီ အထိပဲ ရောင်းပါတယ်၊ ၃၃ လမ်း ၈၂ x ၈၃ ကြားက ရှမ်းခေါက်ဆွဲဆိုင်မှာလည်း ခုနှစ်လွှာနဲ့ ကြက်သား ကောက်ညှင်းထုပ် ရတတ်ပေမယ့် အခုတော့ ပိတ်သွားပီ ထင်ပါတယ်၊
ပေါက်စီ ပိစိကွေး သေးသေးလေးတွေ စားချင်တယ် ဆိုရင် တော့ ၆၄ လမ်း တရုတ်ကျောင်းရှေ့က မုန့်ဈေးတန်းမှာ ပေါက်စီဆိုင်ရှိပါတယ်၊
ဒါကတော့ ထပ်မံ အကြံပြုထားတဲ့ ဆိုင်တွေပါ......

Aung Khant Phyo ၏ အဖြည့်
နန်းရှေ့ ဈေးထဲက မနက်ပိုင်းမှဖွင့်တဲ့ အန်တီစန်းလွင်ရဲ့ မုန့် တီဆိုင်လေးကို ညွှန်းချင်ပါတယ်.. နံနက်အစောကြီး သုံးလေးနာရီလောက်ကတည်းက မင်းကွန်းဘက်ကမ်းရွာကနေပြီးတော့ မန္တလေးမြို့ အရှေ့ ပြင်လို့ ခေါ်တဲ့ နန်းရှေ့  ၁၉လမ်းဈေးထဲအထိ လာရောင်းတဲ့ အန်တီစန်းလွင်ရဲ့ လက်ရာကတော့ ဈေးနှုန်းချိုသာပေမယ့် လက်ရာကတော့ ညီမချိုကြီးပြောခဲ့တဲ့ဆိုင်လက်ရာတွေထက် မသာရင်နေမယ် မလျော့ပါဘူး မန္တလေးကိုချစ်တဲ့ အန်တီစန်းလွင်ကတော့ မိုးရွာရွာ နေပူပူ နန်းရှေ့ လက်လုပ်လက်စားများအတွက် နံနက်စာ အားဖြည့်ပေးနေသူတစ်ယောက်မို့ လို ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအရရော လက်ရာအနေနဲ့ ရော ချစ်လို့ အမြဲသွားအားပေးမိပါတယ်...ကဲ နန်းကြီးနဲ့ မုန့်တီဘာကွာလို့ လဲကွ လို့ မေးချင်သူတွေ သွားပြီးအားပေးသင့်ပါတယ်....

Wunna Zaw ၏ အဖြည့်
နဲနဲထပ်ဖြည့်ပေးလိုက်ဦးမယ်ဗျာ..

မုန့်တီဆိုရင် ၈၉လမ်း ပြည်ကျော်ဈေးနားက ဒေါ်လှကျော့ မုန့်တီလည်း ကောင်းသဗျ၊ စိုးစိုးမုန့်တီလို ဟန်တွေပန်တွေမများဘူး ဆိုင်အပြင်အဆင်လဲမရှိဘူး အရသာတော့အတော်ကောင်းတယ်။ သူ့ဆိုင်မှာ ညနေဘက်ရောင်းတဲ့ အကြော်စုံလည်းကောင်းတယ်ဗျ..။ ၃၈လမ်း ၈၂-၈၃ကြားမှာလဲတဆိုင်ကောင်းတာရှိသေးတယ်။ ၂၆လမ်း နဲ့ ကမ်းနားလမ်းထောင့်နားက မုန့်တီဆိုင်ကတော့ အမဲအကြောနဲ့သုပ်တာ နာမည်ကြီးတယ်..။

ခိုတောင်မုန့်တီကတော့ ခုနောက်ပိုင်း ကြုံသလို အိမ်ရှေ့လာတဲ့ အသည်မှာပဲဝယ်စားတာများတယ်။ ငယ်ငယ်ကစားဖူးတဲ့ ဈေးချို ၂၈လမ်း သံဖြူတန်းမှာ အဖွားကြီးတယောက်ရောင်းတဲ့ ခိုတောင်လောက်တော့ ဘယ်ဟာမှမမှီဘူး..။ခုတော့လဲ အဲ့ဒီအမေကြီးမရှိရှာလောက်တော့ဘူး..။

မြီးရှည်ဆိုရင်တော့ ၁၆လမ်းကမြီးရှည်ကိုအကြိုက်ဆုံးပဲ ၀က်ကလီစာအစုံပါတဲ့အပြင် သူ့ဆိုင်မှာပဲရှိတဲ့ ၀က်သားစုံကို ဒညင်းသီးနဲ့သုပ်တဲ့ အသုပ်ကတော့ မပါမဖြစ်ပဲ။ သူ့ဆိုင်က မနက်စာအနေနဲ့စားလို့မရဘူး ၁၁နာရီလောက်မှဖွင့်တယ်။ ၈၂လမ်းမကျည်းရိပ်က စားလို့တော့မဆိုးပါဘူး ဒါပေမဲ့ နည်းနည်း ညစ်ပတ်သလားလို့..။ ဗထူးကွင်းမြီးရှည်တို့ ၃၄ x ၈၄ ထောင့်က စိန်မြင့်မြီးရှည်တို့လည်း ကောင်းကြပါတယ်..။

ရှမ်းခေါက်ဆွဲကတော့ မန်းလေးမှာ လက်ညိုးထိုးမလွဲလောက်နီးနီး ပေါတယ်..။ သူဟာနဲ့သူတော့ စားလို့ အဆင်ပြေတာချည်းပါပဲ..။

ဆီချက်ခေါက်ဆွဲဆိုရင်တော့ လမ်း၈၀ ဒေါ်ရွှေက ကျွန်တော်တို့ရဲ့ overdose ဖြစ်ခဲ့တဲ့ညတွေအတွက် မနက်တိုင်းပြေးရတဲ့ ဖြေဆေးပေါ့ဗျာ..။ သူဆိုင်က ကြက်ပေါင်းနဲ့ ဆီချက်ခေါက်ဆွဲလေး ဆွဲလိုက်ရင် ညကများခဲ့သမျှ အေးဆေးပြန်ဖြစ်သွားရော..။ ညနေဆို၇င်တော့ ၃၂ x ၈၄ ထောင့်က လှည်းကြီးနဲ့ရောင်းတဲ့ အောင်သိန်းမှာ ဆန်ပြားဆီချက်သွားစားဗျာ..။ ၇၉လမ်း ၃၃-၃၄ကြား နမ့်ခမ်းက အမဲကြော/လုံး ဆီချက်လမ်းမိုက်တယ်..၊ အဲ့ဒီဆိုင်မှာ အမဲကြော်ကိုမွှပြီး ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာကိုဖြူး ဆီလေးဆမ်း သံပရာရည်ချဉ်ချဉ်လေးနဲ့ သုပ်ပေးတာလဲလွှတ်ကောင်းတယ်..။

ချစ်တီးထမင်းက ၈၁လမ်းက ပန်းချယ်ရီမှာကောင်းသဗျ။

မနက်စောစောစာဆိုရင် ထမင်းဆီဆမ်း၊ အုန်းထမင်း၊ ဆီထမင်း နဲ့ ဒံပေါက်တွေကို ဆိတ်သားကြော်ကြွပ်ကြွပ်လေးနဲ့တွဲရောင်းတဲ့ ၃၃x၈၄ ထောင့်ကဆိုင်ရှိတယ်။ မင်းသီဟတို့ ရွှေပြည်မိုးတို့ တော့(ပ)ချိုက်(စ)တို့သွားရင်တော့ အစုံရတာပေါ့ စားလိုလဲကောင်းပါ့..။ လက်ဖက်ရည်ဆိုင်ထဲမှာ ဆိုင်လို့ကောင်းတာကလွဲရင် ကျန်တာ မကောင်းတာက မိန်းနားက Friend (လှညွန့်တွေ့ရင် ငါကိုဆဲလိမ့်မယ်.. :D). လူစုလို့ ထိုင်လို့ကောင်းတယ် အစားအသောက်လည်း ဒီလောက်မကောင်းဘူး ညစ်လည်ညစ်ပတ်တယ်:D..(လှညွန့်ရေ ဆောရီး..)../

ခုတော့ သတိရသမျှ အာသီသရှိသမျှ ရေးလိုက်တယ်
နောက်သတိရမှထပ်ဖြည့်တာပေါ့ :D

Myo Htet Zaw ¡ 36 mutual friends
၃၁လမ်း ၇၁၊ ၇၂ ကြားက ရွှေရောင်လင်းဆိုတဲ့ မြန်မာအစားအစာ နံနက်စာဆိုင် လဲ ကောင်းတယ် ။ ဥပုဒ်နေ့ နဲ့ ဆန်းဒေးဆို ကြက်သားခနုံ ရတယ် ။ဒိန်ချဉ်ဆို 76ညဈေးတန်းက ရွှေသတ္တိနို့ပါတီလဲ ကောင်းတယ် ။ ထန်းလျက်နဲ့ ရတယ် ။ 34လမ်း 73 /74 ကြားထဲက ရွှေအိုးလဲ ကောင်းတယ် ။

Aung Ko Ko Han မြန်မာဟင်းနဲ့ပါတ်သက်ရင် မိန်းပေါက်နားလေးမှာ မိသာစုထမင်းဆိုင်ရှိသေးတယ်
နောက် အေးမေတ္တာလည်း မဆိုးပါဘူး

ကြေးအိုး
Ei Mon Thinn Kyu
မချိုကြီး .... ကြေးအိုးဆိုင်မပါဘူး ... ကြေးအိုးမှာ ၇၄လမ်းပေါ်မှာ အရုဏ်ဦး ကြေးအိုးရှိတယ် အရမ်းကောင်းတယ် ... စန္ဒာမေ ဖက်ထုပ်ပေါင်းဆိုင်မှာလည်း ကြေးအိုးရပေမဲ့ ကျွန်တော်တော့ လုံးဝမကြိုက်ပါ ... ပွစိစိကြီး ဖြစ်နေသလိုပဲ ... နောက်တစ်ဆိုင်ကတော့ နန်း...ရှေ့ က Cafe Queen မှာ ဈေးကြီးကြီးနဲ့ ကြေးအိုးကောင်းကောင်းရတယ် ... အများကြီးလည်းပါတယ် တစ်ယောက်တည်း စားလို့သိပ်မကုန်တတ်ဘူး ..ရွှေတောင်တန်းကတော့ အရင်ကလည်း နာမည်ကြီး အခုလည်းနာမည်ကြီးပဲ .. တခြားတခြားသော ကြေးအိုးဆိုင်တွေလည်း အများကြီးရှိပါသေးတယ် ကျွန်တော်တော့ ဒီလောက်ပဲ သိပါတယ် :P

( ကဲ.... စဉ်းစားလို့ မရတော့ဘူး ... ကိုယ်ကောင်းတာ သိတဲ့ဆိုင်ရှိရင်လည်း ဖြည့်စွက်ပေးကြပါ )
Posted by MoeMaKa at 12:49 PM 0 comments  
Labels: Travelouge

Mar Mar Aye - 423


“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၃)
မာမာအေး
မေ ၂၀၊ ၂၀၁၂

၂ဝဝ၂ ခုနှစ်က တွေ့ရသော မေဆွိ၊ မြန်မာပြည်သိန်းတန် (ဓာတ်ပုံ - Kha & Mra)

“----မောင်သိန်းတန်တို့ - ဆွိလေးတို့နဲ့တော့ ဒီဖက်မှာ ပွဲတက်ရင်း ဆုံရတတ်ပါတယ်၊ ဆိုအားကေါင်းတုန်း အနုပညာသည်တွေ---”
Posted by :) at 10:30 AM 0 comments  
Labels: Mar Mar Aye

Dark Mandalay





ဖယောင်းတိုင်ကြောင့် မန္တလေးမြို့ အလင်းရောင် ရရှိ
ဓာတ်ပုံသတင်း
မေ ၂၀၊ ၂၀၁၂

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ မူမမှန်မှု ကာလကြာရှည် ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရသော မန္တလေး ဒေသခံတို့က ယနေ့ည ၇ နာရီခန့်တွင် ဖယောင်းတိုင်မီး ထွန်းညှိ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံများ - CJMyanmar)

စွမ်း ဟိုတယ် အနီး

တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့

Posted by :) at 6:54 AM 0 comments  
Labels: News in Photos

Kyaw Thu - FFSS Yangon Activity,

အရေးပေါ်အတွက်ပေးဆပ်မှုများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မေ ၂၀၊ ၂၀၁၂

ပူပြင်းလှသည့် နွေရာသီရက်များ စိပ်လာသည်နှင့်အမျှ မြန်မာပြည်အလယ်ပိုင်းနှင့် ပင်လယ်နှင့်နီးစပ်သော ရေချိုလိုအပ်မှု အခက်အခဲပြဿနာ တွေကြားနေရသည်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတော့သည်။ သောက်သုံးရေပေါများလှသည့် မြန်မာပြည်အောက်ပိုင်းဒေသများ တွင် ယခုအချိန်တွင် “ရေအသက် တစ်မနက်” ဆိုသလို ၂ဝ၁၂ ခုနှစ် မတ်လ၊ ဧပြီလမှစတင်၍ သောက်သုံးရေ ရှားပါးပြတ်လပ်မှုနှင့် ရင် ဆိုင်နေကြရသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လာရောက်၍ အကူအညီတောင်းခံကြသော ရေရှားပါးသည့် မြို့နယ်၊ ကျေး ရွာဒေသများရှိ ရေတွင်း၊ ရေကန်များ သောက်သုံးရေအတွက် အလှူခံထားရှိသော အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား/သူများတို့သည် ကွင်းဆင်းလေ့လာမှုများနှင့်အတူ အရေးပေါ်လိုအပ်နေသော သောက်ရေများရရှိနိုင်အောင် အမြန်ဆုံးစီစဉ် ဆောင်ရွက်ကာ အလျင်မြန်ဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့တော့သည်။

























၂၄.၅.၂ဝ၁၂ ရက်နေ့မှစတင်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အရေးပေါ်သောက်ရေလိုအပ်နေသည့်ကျေးရွာများဖြစ်သည့် ရန် ကုန်တိုင်း၊ ဒလမြို့နယ်၏ အစွန်ဆုံးပိုင်း၌တည်ရှိသည့် ခနောင်ချောင်းဝနှင့် ခနောင်မီးခြစ်စက်ကျေးရွာသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများတို့သည် စက်လှေမော်တော်ယာဉ်ကြီးဖြင့် နေ့စဉ်နီးပါး သွား ရောက်၍လှူဒါန်းခဲ့ရာ ၁၇.၅.၂ဝ၁၂ ရက်နေ့ထိ ရေဂါလံပေါင်း (၈၁ဝဝဝ) အား သောက်ရေများလှူဒါန်းနိုင်ခဲ့သလို ဒလမြို့နယ်တွင်းရှိ ညောင် တုန်း၊ ကျန်စစ်သား၊ မှော်စက်၊ တာကြီးဆိပ်ကြီး အပိုင်(၁) အပိုင်(၄)၊ ကမာဆယ်၊ တပင်ရွှေထီး၊ အံ့ကြီးအရှေ့/အနောက်၊ ရာဇသင်္ကြန် အစရှိသည့် ရပ်ကွက် (၂၃) ခုအတွက် လူဦးရေ (၁) သိန်းခန့်ကိုလည်း သောက်ရေများအား (၂၄ဝဝ) ဂါလံဆန့် ရေဘောက်ဆာ မော်တော် ယာဉ်ကြီးဖြင့် အကြိမ်ရေ (၂၅) ကြိမ်၊ ရေဂါလံစုစုပေါင်း (၆ဝဝဝဝ) အားလည်း နေ့စဉ်နီးပါးခန့် ၁၇.၅. ၂ဝ၁၂ ရက်နေ့အထိ လှူဒါန်းမှုများ ပြု လုပ်လျှက်ရှိပေသည်။ ထို့အပြင် ရာသီဥတု ပူပြင်းလာမှုများကြောင့် မိုးရေခံကန်များနှင့် ရေထွက်အားမကောင်းသော စက်ရေတွင်းများ အပေါ်မှီတည်၍ နေထိုင်ကြရသည့် ဒလမြို့နယ်ရှိကျေးရွာများနှင့် ရပ်ကွက်အချို့တွင် သောက်သုံးရေရှားပါးသည့် အခက်အခဲများ ကြုံတွေ့ လျှက်ရှိခြင်းကြောင့် ဝမ်းရောဂါနှင့် အခြားနောက်ဆက်တွဲရောဂါ ပြဿနာများပါ ရင်ဆိုင်လာမည် ကို စိုးရိမ်နေမိသည်။ ယခုကဲ့သို့ ရေလှူဒါန်း မှုများအားပြုလုပ်နေစဉ် သောက်ရေအတွက် ကိုယ်တိုင်လာရောက်၍ သယ်ယူနိုင်ခြင်းမရှိကြသည့် နေအိမ်များသို့လည်း အသင်းသားများတို့ သည် ကိုယ်တိုင် ကိုယ်ကျလိုက်လံ၍ သောက်ရေများအား ထမ်းပိုးသယ်ဆောင်ကူညီပေးခဲ့ရာတွင် နေအိမ်တစ်အိမ်၌ အဒေါ်ကြီးတစ်ဦးသည် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အောက်ပိုင်းထိခိုက်ခဲ့ကြောင်း ချိုင်းထောင် တစ် ချောင်းရှိပါက သွားလိုရာသို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားလာသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) သို့ အလှူရှင်များလှူဒါန်းထားသည့် ချိုင်းထောင့်တစ်ချောင်းအား အလျင် မြန်ဆုံး အရေးပေါ်ပေးအပ်လှူဒါန်းခဲ့သည်။

၁၂.၅.၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ စာရင်းစစ် ဒေါ်စီစီမာနှင့်အဖွဲ့တို့သည် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သို့သွားရောက်၍ ငွေစာရင်းကိစ္စရပ်များအားစစ်ဆေးခြင်း၊ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ကျူ တောကျေးရွာအတွက် အဝီစိစက်ရေတွင်းများ တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုလေ့လာစစ်ဆေးခြင်း၊ “နှလုံးလှစာကြည့်တိုက်” အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအလင်း စာကြည့်တိုက်မှ ပိုလျှံနေသည့် သုတ၊ ရတ စာအုပ် စာပေများအား လှူဒါန်းပေးအပ်ခဲ့ပြီးနောက် ဆင်မြီးဆွဲမြို့ရှိ “ကရုဏာရှင်” နာရေးကူညီမှုအသင်းသို့ဝင်ရောက်ခဲ့ပြီး လုပ်ဆောင်မှုများအား ကြည့်ရှုလေ့လာခဲ့ပြီး စာအုပ်စာပေများ လှူ ဒါန်း ပေးအပ်ခဲ့ကြသည်။ မကွေးတိုင်းအတွင်းရှိ ဧက (၂ဝ) ကျော်ကျယ်ဝန်းလှသည့် သောက်သုံးရေကန်ပြုပြင်ရန်အတွက် နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ အသင်းသူ ဒေါ်ခင်ထားထားအောင်နှင့်အဖွဲ့သည် သွားရောက်၍လေ့လာမှုများပြုလုပ်ခဲ့ရာ၌ ညောင်ပင်ရွာ၊ ညောင်ပင် သာရွာ၊ တည်ပင် ကန်ပေါက်ကျေးရွာ အစရှိသည့် ကျေးရွာ (၃) ရွာတို့သည် ၎င်းသောက်သုံး ရေကန်အားအမှီပြု နေထိုင်လျှက်ရှိကြောင်းအား သိရှိခဲ့ရသည့်အတွက် ကျေးရွာနေ ဒေသခံ ပြည်သူအပေါင်းတို့မှ ကိုယ့်အားကိုယ်ကိုး တတ်ညီလက်ညီဖြင့် ဝိုင်းဝန်း၍ သောက်သုံး ရေကန် အမြန်ဆုံးပြီးစီးနိုင်အောင် လုပ်ဆောင်နေကြသလို နာရေးကူညီမှုအသင်း (ရန်ကုန်) သည်လည်း လိုအပ်သော အကူအညီထောက်ပံ့မှုများ ပြုလုပ်ပေးလျှက်ရှိရာ မကြာတော့မည့်အချိန်၌ အောင်မြင်စွာ ပြီးစီးကာ နောက်နှစ်များတွင် ၎င်းသောက်သုံး ရေကန်ကြီးသည် ယခုကဲ့သို့သော မြင်ကွင်းမျိုးအစား ကြည်လင်အေးမြ သန့်ရှင်းသည့်သောက်သုံးရေကန်ကြီးအဖြစ် မြင်တွေ့ရကာ သောက်သုံးရေပြတ်လပ်မှု ပြဿနာကြုံ တွေ့ရတော့မည် မဟုတ်တော့ချေ။

သောက်သုံးရေရှားပါးသည့် ကျေးရွာ၊ ဒေသခံ ပြည်သူလူထုတို့သည် မိမိတို့၏ကျန်းမာရေးအတွက် သောက်ရေများကို အခြားသောအရပ်ဒေ သများသို့သွားရောက်၍ခပ်နေကြရခြင်းကြောင့် သောက်ရေပြတ်လပ်မှုနှင့် လုံးပန်းနေကြရကာ ကလေးငယ်များ၏ ကျောင်းတက်ချိန်များ လစ်ဟင်းနေခြင်းနှင့် ဝမ်းစာဖူလုံရေးအတွက် ကောင်းမွန်စွာအလုပ်မလုပ်နိုင်ကြခြင်း အစရှိသည့်အခက်အခဲများအား လူသားချင်း စာနာ ထောက်မွေးကာ စေတနာရှင်၊ ကုသိုလ်ရှင်များတို့မှ မိမိတို့ တစ်နိုင်တစ်ပိုင် (သို့) စုပေါင်း၍ဖြစ်စေ တတ်စွမ်းသရွေ့ သွားရောက်၍ လှူဒါန်းကြ ဖို့ မေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်။

Posted by Aung Htet at 1:16 AM 0 comments  

Maung Luu Way - Letter to MoeMaKa

နိုင်ငံသားအလုပ်သမားတဦး၏ ရပိုင်ခွင့်နှင့်ခံစားပိုင်ခွင့်များ (ပေးစာ)
မောင်လူဝေး
မေ ၂၀၊ ၂၀၁၂


ခုတလော ကျနော် အင်တာနက်မှသတင်းများကို နေ့စဉ်နှင့်အမျှဖတ်ဖြစ်၏။ ဖတ်ရင်းနှင့် လှိုင်သာယာရှိစက်ရုံများတွင် အလုပ်လုပ်နေကြ သောအလုပ်သမားများ ဆန္ဒပြတောင်းဆိုနေသောအသံများမှာ တစတစ ကျယ်လောင်လာပြီး ဆက်တိုက်ဆိုသလို စက်ရုံ လေးငါးရုံလောက် ဆန္ဒထုတ်ဖေါ်ကြပြီး မိမိတို့အလုပ်သမားအခွင့်အရေးအတွက် ရသင့်ရထိုက်သောခံစားခွင့်များကို တောင်းဆိုနေသော ဗွီဒီယိုရုပ်သံများကို ကြည့်ဖြစ်လေတော့သည်။ ထိုဗွီဒီယိုရုပ်သံများကို ကြည့်ပြီးသည်နောက် ကျနော့်စိတ်တို့သည် လွန်ခဲ့သော အနှစ် ၂၀ ကျော် ၁၉၈၈ ခုနှစ်က အဖြစ်အပျက်များဆီသို့ ကျနော့်အတွေးအာရုံမှာ ၀ိုးတ၀ါးနှင့် ပီပြင်စွာပေါ်လာလေတော့သည်။


       ထိုအခါက ကျနော်မှာ အစိုးရ၀န်ထမ်း တဦး ဖြစ်၏။ ၁၉၈၈ခုနှစ် အရေးအခင်းကြီးဖြစ်ပေါ်လာသောအခါ ဌာနဆိုင်ရာ၏ သပိတ်မှောက်ခေါင်းဆောင်တဦးဖြစ်ခဲ့၏။ ထို့နောက် အလုပ် သမားသမဂ္ဂ TRADE UNION ဟု အမည်ပေးထားသော အလုပ်သမားသမဂ္ဂ (ယာယီ) အားဖွဲ့စည်းထားလေတော့သည်။ ထို အလုပ်သမား သမဂ္ဂတွင် ကျနော့်အား တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေး၏။ ထို့နောက် အရေးအခင်းကာလအစလေးတွင်ပင် ဒုဌာန ခွဲမှူးရာထူးအဆင့်တာဝန်ရှိသူ ဦးညွန့် (မ.ဆ.လ တင်းပြည့်ပါတီဝင်) (တိုင်းအဆင့်လား၊ မြို့နယ်အဆင့်လား၊ ကျနော်မမှတ်မိတော့) ထို ဒုဌာနခွဲမှုး ဦးညွန့်အား “မဆလပါတီအလိုမရှိ” “တပါတီစံနစ်အလိုမရှိ” “ဒီမိုကရေစီချက်ခြင်းပေး” စသည့် စသည့်ကြွေးကြော်သံများ တိုင် တည်ကာ ဖြုတ်ချလိုက်လေတော့သည်။ ဦးညွန့်အားအသုံးပြုရန်ပေးထားသော RANGER. KM အမျိုးအစားကားတစီးအားလည်း ကျနော် တို့အလုပ်သမားသမဂ္ဂလက်အောက်သို့ သိမ်းဆည်းလိုက်ပြီဖြစ်သောကြောင့် ထိုဒုဌာနခွဲမှူး ဦးညွန့်သည် နောက်ရက်မှစတင်ပြီး ဌာနသို့ ရုံးမ တက် တော့ချေ။ ထို့နောက် ကျနော်တို့မှ ကျနော်တို့ဌာန ရုံးရှေ့ရှိအလံတိုင်နောက်တွင် အလုပ်သမားသမဂ္ဂ (ယာယီ) ဆိုသော ဆိုင်းဘုတ်ကြီး အား ၀င့်ထည်စွာ လွှင့်ထူလိုက်လေတော့သည်။ ထိုမှ တဖန် စစ်တပ်မှအာဏာသိမ်းပြီးနောက် ပြေးရင်းလွှားရင်း ပုန်းရင်းရှောင်ရင်းနှင့် ထို မှ ...ထို့နောက်...

ယခုအခါ ပြည်တွင်းရှိ စက်မှုဇုံများတွင် အလုပ်သမားအခွင့်အရေးအတွက်အလုပ်သမားများ ညီညွတ်စွာဖြင့် ဆန္ဒပြမှုများဆက်တိုက်ဆက် တိုက်ဖြစ်ပေါ်လာသောအခါ အလုပ်သမားအခွင့်အရေး၊ တနည်းနိုင်ငံသားအလုပ်သမားတဦးရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များကိုရေးသားရန် ကျ နော့်မှာ ဆန္ဒများပြင်းထန်လာသောအခါ ဒီနေ့ ကျနော်ရောက်ရှိနေသော မလေးရှားနိုင်ငံ၏ မလေးနိုင်ငံသားတဦး၏ ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့် များကို ကျနော်လေ့လာမိသလောက်ပြောရပါမူ ...



 အလုပ်သမားတဦးသည် တနေ့အလုပ်ချိန် ၈ နာရီ သာလုပ်ရန်တာဝန်ရှိသည်။ ထိုအလုပ်ချိန် ၈ နာရီကျော်လွန်ပါက over time အဖြစ် သတ်မှတ်ပေးရမည်ဖြစ်လေသည်။ ထို over time အား နိုင်ငံသားတဦးသည် မလုပ်ချင်က မလုပ်ဘဲနေပိုင်ခွင့်ရှိသည်။ အတင်းအကြပ်အလုပ်ရှင်မှသော်လည်းကောင်း၊ တာဝန်ရှိ supervisor မှသော်လည်းကောင်း၊ မည်သည့်တာဝန်ရှိသူတဦးဦးကသော်လည်းကောင်း၊ ဖိအားပေးခိုင်းစေခြင်းမျိုးအား မလေးရှားနိုင်ငံအလုပ်သမားဥပဒေတွင် ပြဌာန်းထားခြင်းမရှိ။ သို့သော်အလုပ်ရှင်မှသော်လည်းကောင်း၊ အလုပ်အော်ဒါများ တနည်း ထုတ်လုပ်မှုပစ္စည်းမှာယူမှုများ များလွန်းသောအခါ ကုမ္မဏီမှ တခြားသောပြည် တွင်း/ပြည်ပမှ ကုမ္မဏီတို့နှင့် သဘောတူစာချုပ်အရ သတ်မှတ်ထားသောအချိန်အခါတွင်ပြီးမြောက်နိုင်ရန်အတွက် ကုမ္မဏီသည် မိမိ အလုပ်သမားများအား over time အဖြစ် အချိန်ပိုသတ်မှတ်ပြီး အလုပ်သမားအား မေတ္တာရပ်ခံတောင်းဆိုပိုင်ခွင့်ရှိလေသည်။ သို့သော် အတင်းအကြပ် ဖိအားပေးခိုင်းစေခြင်းမျိုးအား ပြုလုပ်ပိုင်ခွင့် အလျဉ်းမရှိစေရဘဲ အလုပ်သမား၏ သဘောဆန္ဒအရသာဖြစ်သည်။

အိုဗာတိုင် ခေါ် အချိန်ပိုမဆင်းသဖြင့် ထိုအလုပ်သမားအား ဖြုတ်ပိုင်ခွင့် တနည်း အလုပ်မှ ရပ်စဲပိုင်ခွင့်ဥပဒေတွင်မရှိချေ။ ထိုသို့ အချိန်ပို အို ဗာတိုင်အား အလုပ်သမားမှကျေနပ်သဘောတူညီသဖြင့် အချိန်ပိုဆင်းသည့်အခါ ထိုအချိန်ပိုကြေး တနည်း အိုဗာတိုင်ကြေးအား အခြေခံ တနေ့ လုပ်အားခ၏ တဆခွဲဖြင့် တွက်ချက်ပေးရလေသည်။ 



(ဥပမာပေးရသော်) မလေးနိုင်ငံတွင် အလုပ်သမားတဦးသည် တနေ့လျှင် မ လေးရှားရင်းဂစ် ၃၅ ရင်းဂစ် ရသည်ဆိုပါစို့။ ထိုသူသည် တနင်္ဂနွေနေ့ (အများသူငါ ရုံးပိတ်ရက် - မလေးရှားတွင် public holiday ဟုလည်း ခေါ်သည်) အလုပ်ဆင်းရက် တနလာင်္နေ့မှ စနေထိ တပတ်လျှင် ငါးရက် ၅ ရက်အလုပ်ဆင်းရက်ရှိသည်။ ထို့ကြောင့် တလလျှင် အလုပ် ဆင်းရက် ရက်ပေါင်း ၂၀ ရှိလေသည်။

ထို့ကြောင့်..အလုပ်သမားတဦးသည် တလလျှင် လစာ မလေးရှားရင်းဂစ် ၇၀၀ ရပေလိမ့်မည်။ သို့သော် ..အိုဗာတိုင်ခေါ် ..အချိန်ပိုဆင်းရ သည့်အခါ တနာရီအချိန်ပိုလုပ်ခအား အခြေခံလစာ၏တနေ့ဝင်ငွေ ၃၅ ရင်းဂစ်အား ၁.၅ တဆခွဲဖြင့် မြောက်ပေးရမည်ဖြစ်သည်။ 



အခြေခံ တနေ့လစာအား တဆခွဲ ၁.၅ ဖြင့်တွက်ချက်သော် အလုပ်သမား၏အချိန်ပိုတနာရီလုပ်ခသည် မလေးရင်းဂစ် ၆.၅၆၂၅ ရသော် အကြမ်းဖျဉ်း အချိန်ပို over time တနာရီလုပ်ခသည် ၆ ရင်းဂစ်နှင့် ၆၀ ဆင့် ရရမည်ဖြစ်သည်။ 


တနင်္ဂနွေနေ့ အများသူငါ ရုံးပိတ်ရက်တွင် အလုပ် ဆင်းပေးရပါမူ အခြေခံတနေ့လုပ်ခ၏နှစ်ဆ ..တနည်း double ပေးရမည်ဖြစ်သည်။ နှစ်ဆပေးရမည်ဖြစ်သောကြောင့် အလုပ်သမားသည် ၃၅ ရင်းဂစ် နှစ်ဆ ၇၀ ရင်းဂစ်ရပေလိမ့်မည်။


 ၎င်းအပြင် ဂဇက်တက်ဒ် ဟောလီးဒေး gazette holiday ဟုခေါ်သော အစိုးရပြန်တမ်းသမိုင်းဝင်နေ့ရက်များ ( ဥပမာ )လွတ်လပ်ရေးနေ့ဆိုပါစို့။ ထိုနေ့မျိုးတွင် ကုမ္မဏီသည်လုပ်ငန်းအရေးကြီးလွန်းသဖြင့် အလုပ်သမားအားခိုင်းစေမည် ဆိုလျှင် အခြေခံလစာတနေ့ဝင်ငွေ၏ သုံးဆ triple ပေးရလေသည်။ တနေ့ဝင်ငွေ ၃၅ ရင်းဂစ်ရသောအလုပ်သမားသည် ထို gazette holiday နေ့တွင်အလုပ်ဆင်းရပါမူ ၁၀၅ ရင်းဂစ်ပေးရလေသည်။ ၎င်းအပြင် အချိန်ပို အိုဗာတိုင်ဆင်းရသော်လည်း ညဖက် ၁၀ နာရီကျော်ပါက ထိုအိုဗာတိုင်အချိန်ပိုဆင်းခသည် တဈေးဖြစ်ပြီး ညဖက် ၁၂ နာရီကျော်လွန်ပါက တဈေးသတ်မှတ်ပေးထားလေသည်။ 


သို့သော်.မလေး ရှားနိုင်ငံသား တနည်း မလေးလူမျိုးအများစုသည် မလေးစကားနှင့်အခေါ် (ဘူမိပူထရာ) မူလနိုင်ငံသားဖြစ်သည့်အညီ ထိုအချိန်ပို အိုဗာ တိုင်အား အများစုမှာ လုံးဝမလုပ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကိုယ်ရေးကိုယ်တာများအပြင် မိသားစုများနှင့် အနားယူနိုင်ရန် အတွက် အချိန်ပိုမဆင်းခြင်းဖြစ်ပေလိမ့်မည်။ ထိုသို့ မလေးလူမျိုးများ အချိန်ပို အိုဗာတိုင်အလုပ်မဆင်းခြင်းအပေါ်တွင် အလုပ်ရှင်သည် ချမ်း သာသောအရှိန်အ၀ါဖြင့်သော်လည်းကောင်း၊ ကုမ္မဏီပိုင်ရှင်ဟူသော အရှိန်အ၀ါဖြင့်သော်လည်းကောင်း မည်သို့မျှ မပြောရဲချေ။ ၎င်းအပြင် ကုမ္မဏီ ရုံးစာရေးများ၊ ရုံးပိုင်းဆိုင်ရာ အလုပ်လုပ်သူ မလေးနိုင်ငံသားများအတွက် စနေနေ့သည် နေ့တ၀က်တင်အလုပ်လုပ်ရလေတော့ သည်။ ထို့အပြင် မလေးရှားနိုင်ငံသည် မူဆလင်ဘာသာကိုးကွယ်သည့်နိုင်ငံဖြစ်သည်နှင့်အညီ မလေးနိုင်ငံသား မလေးလူမျိုးအများစုသည် သောကြာနေ့တွင် ၎င်းတို့ကိုးကွယ်ရာဘာသာအားဝတ်ပြုရန်အတွက် နေ့တ၀က် (၁၂) နာရီနောက်ပိုင်းအချိန်တွင် ကုမ္မဏီမှ ၀တ်ပြုနိုင်ရန် အတွက် ခွင့်ပြုပေးရလေသည်။ ၎င်းသည် ဥပဒေပါ ဘာသာရေးအရ ထပ်ပြီးခွင့်ပြုပေးခြင်းဖြစ်သည်။ ကုမ္မဏီသူဌေးသည် လုံးပါးစပ်ပိတ်ပြီး နေရ၏။ ပြောလည်းမပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် မလေးရှားအလုပ်သမားဥပဒေသည် မလေးနိုင်ငံသားများအတွက် အပြည့်အ၀ ခံစားခွင့်နှင့် အပြည့်အ၀အလုပ်သမားအခွင့်အရေးအား ကာကွယ်ပေးထားသောကြောင့် ထိုလုပ်ငန်းရှင်သူဌေး ပါးစပ်ပိတ်ပြီး ဘာမှမပြော ရဲခြင်း ဖြစ်လေသည်။

မလေးရှားနိုင်ငံသား အလုပ်သမားတဦးအတွက် ကုမ္မဏီသည် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အသက်အာမခံအား အဆိုပါကုမ္မဏီ မှ ထားပေးရ၏။ အလုပ်သမားသည် ကုမ္မဏီတွင် အနည်းဆုံးတနှစ်လုပ်သက်ရှိလာသောအခါ ထိုအလုပ်သမားအတွက် မော်တော်ကားဝယ် ယူလိုသောအခါ ကုမ္မဏီမှ အာမခံပေးရ၏။ နာမကျန်းဖြစ်ပါမူ ဆေးရုံ ဆေးခန်းတို့မှ သက်ဆိုင်ရာဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် အနား ပေးရ၏။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ရသော် ဆေးရုံတက်နေစဉ်အတွင်း လစာအပြည့်ပေးထားရ၏။ ထိခိုက်ဒဏ်ရာရရှိမှု အပေါ်မူတည်ပြီး အာမခံမှလျှော်ကြေးငွေပေးရပြန်လေသည်။

နောက်တခါ ကုမ္မဏီတွင် အလုပ်သမားသည် လုပ်သက်တနှစ်ပြည့်ရှိသည့်အခါ BONUS ဟုခေါ်သော အပိုထောက်ပံ့ကြေးငွေအား လုပ်ခ လစာ၏ တလစာအားပေးရလေသည်။ အလုပ်သမားသည် ကုမ္မဏီတွင် နှစ်အလိုက် BONUS ရရှိခြင်းသည် ကွာခြားမူရှိ၏..လုပ်သက်များ သော် BONUS သည် ပို၍ရ၏။

ထိုသို့ အလုပ်သမားများအား အခွင့်အရေးနှင့် ခံစားခွင့်များပြည့်စုံစွာ အလုပ်သမားဥပဒေအရသော်လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း ခံစားခွင့်ပေးထားသော်လည်း မလေးလူမျိုးအလုပ်သမားများသည် များသောအားဖြင့် ပျင်းလေသည်။



ကျနော်တို့နိုင်ငံရှိ အ လုပ်သမားထုကြီးမှာသာ မဖြစ်စလောက်လစာနှင့်“ကျွန်” သဖွယ် အတင်းအကြပ်ဖိအားပေးခိုင်းစေခံနေရခြင်းသာဖြစ်လေသည်။ အကြောင်း မှာ နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင်ကုမ္မဏီတခုလာရောက်ဖွင့်လှစ်မည်ဆိုပါက မြန်မာနိုင်ငံသားတဦးပါမှ ကုမ္မဏီဖွင့်ခွင့်ရှိလေသည်။ မလေးရှားနိုင်ငံတွင်လည်း ထိုနည်း၎င်းပင်။ မလေးရှားနိုင်ငံသားတဦးပါရ၏။ ကျနော်တို့နိုင်ငံတွင် ကုမ္မဏီလာရောက်ဖွင့်လှစ်သောနိုင်ငံခြား သားနှင့်ဖက်စပ်ပါသောသူမှာ လက်ရှိအစိုးရ၀န်ကြီးဆိုသူများ၊ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးများ၏ဆွေမျိုးများသာဖြစ် နေသောကြောင့် ယနေ့မြန်မာနိုင်ငံတွင် တခုတည်းသာရှိသောအလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ချုပ် ညွှန် မှူးဆိုသူများသည် အလုပ်သမားများနစ်နာမှုများ ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များကို သားသမီးချင်းကိုယ်ချင်းမစာမနာစွာဖြင့် မျက်နှာပြောင် တိုက်ကာ လစ်လျှုရှုနေသည်မှာ နိုင်ငံခြားသားအကျိုးစီးပွားအတွက်သာမဟုတ်ပဲ ..ဗိုလ်ချုပ်ကြီးများ ဗိုလ်ချုပ်များအတွက် ကာကွယ်ပေးနေ ခြင်းသာဖြစ်သည်။


 မြန်မာနိုင်ငံရှိကုမ္မဏီအများစုသည် ၎င်းဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးများ၏သားသမီးများ၊ ဆွေမျိုးများနှင့် အကျိုးတူနိုင်ငံခြား သားပိုင်ကုမ္မဏီများဖြစ်နေသောကြောင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် အလုပ်သမားများဖက်မှရပ်တည်မှုမပေးပဲ အစိုးရ ၀န်ထမ်းနှင့် ကုမ္မဏီဝန်ထမ်းတို့အား မတူသလိုလိုခွဲခြားပြောဆိုခြင်းများ၊ အလုပ်ရှင်ပြောသလိုလုပ်ကိုင်ရန် ဖိအားပေးခြင်းများ၊ ဖျောင်းဖျ စကားပြောဆိုခြင်းများမှာ လွန်စွာမှညစ်ပတ်သော၊ ရုပ်ဆိုးအကျဉ်းတန်သော တာဝန်မဲ့မှုပင်ဖြစ်ပါသောကြောင့် ယခု အရေးဆိုဆန္ဒပြတောင်း ဆိုနေကြသော နေမင်းရောင်အထည်ချုပ်စက်ရုံ၊ စပါယ်ပွင့်အထည်ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံ၊ ဒဏ္ဍာရီအထည်ချုပ်စက်ရုံ၊ တော်ဝင် အထည်ချုပ်စက်ရုံ ၀န်ထမ်းအလုပ်သမားများတို့သည် မိမိတို့၏ နိုင်ငံသားအလုပ်သမားအခွင့်အရေးများကို အထက်ပါ ကျနော်တင်ပြခဲ့သည့် အတိုင်း နှိုင်းယှဉ်၍ အထည်ချုပ်စက်ရုံများရှိ အလုပ်သမားထုကြီးအားလုံး မှ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့အလုပ်သမားအခွင့်အရေးများတောင်းဆိုချက်များရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြပါရန်လေးစားစွာဖြင့်တိုက်တွန်းလိုက်ရပါတော့သည်။

ထောက်ခံမှုအပြည့်အ၀များဖြင့်..
ကျနော်မောင်လူဝေးပါ။
e.mail - mglu...@gmail.com
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ။


မှတ်ချက်။ ။ ယခုဆန္ဒပြနေသော လှိုင်သာယာအထည်ချုပ်စက်ရုံမှအလုပ်သမားများအား လုပ်ငန်းရှင်မှ လုပ်ငန်းများနှောင့်နှေးမှုမဖြစ်စေလိုပါက အမြန်ဆုံးတွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးရုံမှတပါး အခြားမရှိကြောင်းပါခင်ဗျား။
Posted by Aung Htet at 12:58 AM 0 comments  

SATURDAY, MAY 19, 2012

Facebook Founder get married and rich on the same time


ဖေ့စ်ဘွတ်ထူထောင်သူ စုတ်ရော လာဘ်ရော ၀င်ပြီ
မိုးမခအထောက်တော် ၀၀၆၊ မေ ၂၀၊ ၂၀၁၂
အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ ပရိသတ်အများဆုံးကို လွှမ်းမိုးထားတဲ့ အင်တာနက် လူမှုကွန်ယက် Facebook ထူထောင်သူ မတ်ဇူကာဘတ်တယောက် တနေ့က အသက် ၂၈ နှစ်ပြည့်၊ သူ့ကုမ္မဏီကို အဲသည်နေ့မှာ အများပိုင်ရှယ်ယာလုပ်ငန်းအဖြစ် ထုတ်ရောင်းပြီး ဘီလျံနာဖြစ်၊ နောက်တရက် မေ ၁၉  မှာတော့ဖြင့် သူရဲ့ ၈ နှစ်တာ လက်တွဲခဲ့သူ ရည်းစား ပရက်စီလာ ဆိုတဲ့ အာရှနွယ်အမျိုးသမီးနဲ့ မင်္ဂလာဆောင်လိုက်ပြီ ဖြစ်ပါတယ်။
 ဟားဗတ်တက္ကသိုလ်မှာ ဖေ့စ်ဘွတ်မထောင်ခင်ကတည်းက ချစ်ကြိုက်ခဲ့ပြီး ယူစီဆန်ဖရန် တက္ကသိုလ်မှာ ဆရာဝန်ဘွဲ့ ဆက်လက်ယူနေသူ ပရက်စီလာနဲ့ အခုလို မင်္ဂလာပေါင်းတွေ ပေါင်းစုံတဲ့နေ့မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ပရက်စီလာကိုယ်တိုင်ကလည်း သောကြာနေ့မှာ ဘွဲ့နှင်းသဘင်တက်ခဲ့တာလို့ ဆိုပါတယ်။
မင်္ဂလာဆောင်လိုက်တာကို လုပ်ဖော်ကိုင်ဖက်တွေကိုယ်တိုင်က မမျှော်လင့်ထားတာကြောင့် အလွန် အံ့သြ၀မ်းသာ ဖြစ်ကြတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကို သူတို့ဆီလီကွန်တောင်ကြား၊ ပလိုအာတိုမြို့နယ်က နေအိမ် ခြံဝင်းထဲမှာ ကျင်းပတယ်။ သူတို့အကြိုက် ဆူရှီ ဂျပန်စာနဲ့ ဧည့်ခံခဲ့ပါတယ်။
ဖေ့စ်ဘွတ်မှာ မတ်ဇူကာဘတ်ရဲ့ အင်တာနက်မိတ်ဆွေ  သန်းချီသော်လည်း သူတို့မင်္ဂလာဆောင်အကြောင်းကို သတင်းဌာနကြီးများက ထုတ်ပြန်မှပဲ သိရှိကြတာကြောင့် ဖေ့စ်ဘွတ်က အင်တာနက်သတင်းနဲ့ အတင်းတွေမှာ ဒီတချီမှာတော့ ခေတ်နောက်ကျသွားတယ်လို့ ဆိုရပါမယ်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages