MoeMaKa Daily - 23 Aug 2021

4 views
Skip to first unread message

MoeMaKa Media

unread,
Aug 24, 2021, 2:36:25 AM8/24/21
to burm...@googlegroups.com, MoeMaKa

MoeMaKa 2021


မိုးမခအက်ဆေး - ဆာသော်ဒိုး 'ရွှေဥသြက တွန်သံသာ"

Posted: 23 Aug 2021 03:29 PM PDT

'' ရွှေဥသြက တွန်သံသာ ''
ဆာသော်ဒိုး
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၂၁


     မိုးကား သည်းလျက်။ လေပါ ပါလေ၏။

     " မိုးနှင့် လေနှင့် နှစ်ပါးဆိုင်၊ သိကြားကိုယ်တိုင် မမယ့်ယောက်ျား..." ဆိုတာကို ဘာမဆိုင်ညာမဆိုင် သွားပြီး သတိရမိသည်။

     နွေဦးပေါက်ကတည်းက ရောက်ရှိခိုနားရှင်သန်အားမွေးခဲ့ရာ ရွာစဉ်ရွာဆက်များထဲမှယခုရွာကလေးမှာ အခြားရွာများထက် ပိုသာ၍ ရက်စွဲတွေများခဲ့ပြီ ဖြစ်၏။ သူငယ်ချင်းများမိတ်ဆွေများနှင့် မိုင်ရာချီဝေးသည့်အရပ်ဒေသမှာ မိတ်သစ်ဆွေသစ်များ တိုးပွားလျက် ရှိပါ၏။

     ယာတဲအတွင်းပေါက်နေသော အင်ဖက်အမိုးကြားမှနေ၍ အေးစက်သော မိုးပေါက်တို့ခုန်ဆင်းလာကာ လူကို ကြည်စယ်နေလေ၏။
မိုးနှင့်လေကား တူပြိုင်ဂူလှိုင် နှစ်ပါးသွားလျက်။

     ယာတဲအတွင်း ဝါးထရံမှ ၂၀၂၁ ပြက္ခဒိန်ကို အကြည့်ရောက်တော့ သြဂတ်စ်လတောင်ကုန်တော့မည်ကို တွေ့ရ၏။ မိုးသံလေသံတွေကြားထဲမှာ ပီပီသသပေါ်ထွက်နေတာကတော့ " ဥသြ . . . ဥသြ . . . ဥသြ " ဆိုသည့် နားဝင် ချိုဖွယ်ရာ အသံလေးများသာတည်း။

        တစ်ကောင်ထဲမဟုတ်။ လေးငါးဆယ်ကောင်။ လေးငါးဆယ်နေရာ လေးငါးဆယ်ပင်ပေါ်မှ မိုးရေချိုးရင်း မြည်တမ်းနေတာ ဖြစ်၏။

     ရုတ်တရက် သတိရမိလိုက်တာကတော့ " နွေဦးချိန်ခါ " မဟုတ်တာကိုပဲ ဖြစ်၏။ ငယ်ငယ်တုန်းက " ရွှေဥသြက တွန်သံသာ၊ နွေဦးရောက်တော့မှာ " ဟူသည့်ကဗျာပိုဒ်ကလေးကို သတိရမိသွား၏။ အခုက မိုးတွင်းကာလစစ်စစ်ကြီး။ သည်အချိန်အထိ "ဥသြသံ" ကိုကြားနေရတုန်း။ ဥသြငှက်ကလေးတွေ အော်မြည်နေကြတုန်း။

     ရာသီဓလေ့အရ "ဥသြ" တွေဟာ "နွေဦး" ကို ကြိုဆိုကာ အော်မြည်ကြတာပဲ ဖြစ်၏။ ဥသြလေးတွေ၏ သံပြိုင်တေးနှင့်ကြိုဆိုပြီးမှ အနှီ " နွေဦးစစ်စစ် " ကို ရောက်တာပဲ ဖြစ်၏။

     ငယ်ဘဝကတည်းက ဖတ်လာမှတ်လာခဲ့ရသည့် စာတွေကဗျာတွေ ပန်းချီပုံတွေထဲမှာတော့ ဥသြငှက်ရယ် အရွက်တွေ ပင်လုံးကြွေနေသည့် ရိုးတံပြိုင်းပြို င်း သစ်ခြောက်ပင်ရယ်ပူပြင်းလှသည့် နေမင်းရောင်ခြည်ရယ် အနီပေါ်က ကြယ်ဖြူတစ်ပွင့်ရယ်ကို လှပအောင်ပေါင်းစပ်ပြီး ဖန်တီးရေးဖွဲ့ခဲ့ကြတာကလား။

     အခုတော့ မိုးကသည်းသည်းမည်းမည်း၊ စိုစိုစွတ်စွတ်အပင်တွေပေါ်မှာ သစ်ရွက်စိမ်းစိမ်းဝတ်စုံတွေက ဖား ဖားလျားလျား၊ နေရောင်ခြည် လုံးဝဥဿုံ ကင်းပျောက်နေသည့် ရွှဲရွှဲစိုစိုကာလကြီးမှာ "ဥသြသံတွေ" ကို မပြတ်မလပ် နားဆင်ခံစားခွင့်ရနေတာသည်ကား တကယ့်ပဲကို ထူးခြားလှပါပေ၏။

     ပြက္ခဒိန်ထဲက နေ့တွေ ညတွေ ရက်တွေ လတွေ နှစ်အပိုင်းအခြားတွေကား သပ်သပ်ဖြစ်ကာလက်ရှိ ပြင်ပကမ္ဘာကား သီးခြားဖြစ်ပုံရပါ၏။

     မိတ်ဆွေကြီး စောတယ်ဆေး "မျှ" ခဲ့သည့်ချေသားအပိုင်းထဲမှတမျှောင်းလှီးပြီး ယာတဲအတွင်းရှိထင်းမီးဖိုမှာကင်ကာ လှည့်လှည့်ပေးနေရင်း၊ ရေနွေးပူပူကို မှုတ်ကာမှုတ်ကာသောက်နေရင်း၊ မိုးရေတွေရွှဲရွှဲစိုနစ်နေသည့် စိမ်းရင့်မှောင်မှောင် တောင်တန်းကြီးများကို လှမ်းကြည့်ကာ မျှော်ငေးနေရင်း၊ "နွေဦး" ကို ကြိုဆိုနေသည့် ဥသြကလေးများ၏သံပြိုင်တေးသံကိုနားဆင်နေရင်း နှလုံးသားထဲသို့ အလွမ်းစုံပေါင်းစပ်ထားသည့် အလွမ်းတပ်ပေါင်းစုကြီး တွားတက်၍ ချီတက်ဝင်ရောက်လာတာကို ခံစားရပါလေတော့၏။

     ဘာပဲဖြစ်ဖြစ် ဥသြကလေးတွေကား "နွေဦး" ကို အရောက်လာဖို့ ခေါ်နေကြဆဲ။ မိုးရေစိုစို မိုးရေရွှဲရွှဲ သစ်ပင်ကြီးတွေ၏ သစ်ကိုင်းသစ်ခက်သစ်ရွက်တွေကြားမှာ ပုန်းခိုနားနေရင်း တမ်းတမ်းတတ တစာစာ ခေါ်ကာ ခေါ်ကာ မျှော်နေကြဆဲ။

    " "နွေဦး" ကား ရောက်လာမည်မှာ မလွဲဧကန်ပါ "

ဟု ယုံကြည်သည့်စိတ်ဓာတ်တွေ ခိုင်ခိုင်မာမာရှိနေသူတွေထံသို့ " နွေဦး " ဟာ အမှန်တကယ်ကို ရောက်ရှိလာတော့မှာကား ယုံမှတ်မှားစရာမလိုပါ ။   ။

          ဆာသော်ဒိုး
         21-8-21(Sat) 12:30 Pm

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးမခကဗျာ - ညိမ်းအေးသာ၊ ကျော်ဇင်ငထင်

Posted: 23 Aug 2021 03:11 PM PDT



Art -Than Htay Maung
မိုးမခကဗျာ
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၂၁

" ရာဇဝင်တွင်မယ့် အမှိုက်’’
ညိမ်းအေးသာ

အစထဲက မရှိထိုက်တဲ့ အမှိုက်ပါ။
အမှိုက်ကို အမှိုက်မှန်းသိလျက်
မပစ်ဘဲထားတာ
ခင်ဗျားတို့လည်း မှားတယ်။

အမှိုက်အမှားလေးမို့ သည်းခံနေမိကြပါသတဲ့။

အမှိုက်က သူ့ကိုယ်သူ
အမှိုက်ဖြစ်နေတာ ခုထိမသိဘူး
အမှိုက်ရေးခဲ့တဲ့ အမှိုက်ရဲ့သမိုင်းတော့
လူတိုင်းဖတ်ပြီးသွားပြီ။

အမှိုက်က မဏ္ဍပ်တိုင်တက်ပြတယ်။

အပေါ်ရောက်လေ အနံ့ကထွက်လေ
အမှိုက်ဟာ တီဗီစတားဖြစ်မလားလို့
အမှိုက်စကားလည်း မကြာမကြာပြော။

အမှိုက်နားနီးအမှိုက်
အမှိုက်ရဲ့နောက်လိုက်တွေနဲ့
အမှိုက်တွေ ရွှလိုပြောင်ချင်လို့
ပြဿဒ်အထိ ချုပ်ကိုင်ပစ်ရေး
ဟစ်ကြွေးနေလည်း
အမှိုက်က အမှိုက်ပါပဲ။

အမှိုက်ဆိုတာ တခါတုန်းကလည်းအမှိုက်
အခုလည်းအမှိုက်
နောင်လည်းအမှိုက်ဘဝနဲ့
အမှိုက်ဇာတ်သိမ်းသွားမှာ။

ပတ္တမြားမှန်ရင် မနစ်ပေမယ့်
အမှိုက်ဆိုတာ ကမ္ဘာတည်သရွေ့
ဆိုးရွားညစ်ပေ
ဆယ်ပြန်ဆယ်ကုဋေ
ရွှေမဖြစ်တဲ့ အမှိုက်အစစ်တွေ။ ။

...

'' စစ်အေးခေတ်ထဲကရေနည်းငါးများ ''
ကျော်ဇင်ငထင်

‌ဘောင်းဘီချွတ်တွေဟာ
တိုက်ပုံဝတ်ပြီး
တောနက်ထဲ
သတ်ဖြတ်စားသောက်နေကြတယ်
လသားကလေးငယ်တွေဟာ
သူတို့ပါလာတဲ့သတင်းစာ စက္ကူတွေခေါက်ခေါက်ပြီး
မြစ်ထဲမှာ စက္ကူလှေလေးတွေမျှော
UNHCR ဟာ အဲ့ဒီမြစ်ထဲမှာပဲ ငါးမျှားရင်း
ဖန်ငွေလေးတွေ ချိတ်ချိတ်ဆွဲပြ
စက္ကူလှေလေးတွေကို သူတို့ စာနာဝမ်းနည်းနေကြကြောင်း
စားနေကျအိမ်နီးချင်းကြောင်ဖားကြီးနဲ့
ပိုလာဝက်ဝံကြီးတွေဆီ‌က တဆင့်
သတင်းလှမ်း ပေါက်နေတယ်..
ဧပရယ် ဝမ်းတူးသရီး အသံကောင်းလား
ရထားပါ အဘ ရထားပါ ။

ချောင်းဆိုးအမောဖောက်နေတဲ့လူဝံကြီးဟာ
သူ့ကျင်းသူတူးပြီး
ငရဲလမ်းကိုဆက်ဖောက်နေတယ်
သူတော်စင်တွေနေတဲ့ တိုင်းပြည်ဟာ
ခုတော့ ပြည့်တန်ဆာတွေတောင်
ဈေးဦးမပေါက်ဘူး
ငါ့ရှင်တို့ ကတုံးတုံးကြ ပရိတ်ရွတ်ကြ....
လေဒဏ်မိုးဒဏ်ခံနိုင်အောင်
စစ်သည်လေးသိန်းဟာ ခေါင်းပြောင်တွေတုံးပြီး
စစ်ဘီလူးကိုခစားနေလိုက်တာများ
အာနန်ဒာတောင် ငိုရမယ့်ဆိုဒ်မျိုး
ဂန်းစာသရဏံ ခေါင်းကိုထိ ။ 

တချို့ အိပ်မက်တွေဟာ
အဲ့သွေးမြစ်ထဲမှာ ကူးလူးနေကြတာ
ခြေပြတ်လက်ပြတ် ခြေတုလက်တုတွေ
ပညာရှင်ဆန်ဆန် ဂုဏ်သိက္ခာရှိရှိ ကယ်တင်တတ်တဲ့
ကမ္ဘာ့ရွာကြီးကို ဒုက္ခသည်တွေက ဖျော်ဖြေနေတာမျိုး
လူဖြူတွေစာအုပ်စင်ထဲက ကိုယ်ချင်းစာတရားကို
ထိုင်ထိုင်ရယ်နေရတာ နှစ်ပေါင်း ခုနှစ်ဆယ်
ဟာသပဲ ငါ့လူတို့ 
ရီပစ်စမ်းပါ
ငါတို့ဟာ အိပ်မက်ရထားပေါ်တက်နေတာမဟုတ်ဘူး
လည်ချောင်းသွေးဖောက်ပြီး
ကိုယ့်အနာဂတ်ကို သွေးခင်းလျှောက်တာ
သက်သေပြစရာမလိုတော့ဘူး ။

ရှေ့မှာ ...
ငါတို့ဘူတာရုံကို မြင်နေရပြီ
ရေဒီယိုကို ဖွင့်ထား ။ ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးမခသရော်စာ - သဝထ 'မအလ ရဲ့ ဝကခ ဝတ်စုံ'

Posted: 23 Aug 2021 02:21 PM PDT


Art- Than Htay Maung
မအလ ရဲ့ ဝကခ ဝတ်စုံ
သဝထ
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၂၁



ဒီနေ့ညနေမှာ မအလဟာ တစုံတခုကို အဖန်ဖန်တလဲလဲ အလေးအနက် စဉ်းစားနေမိတယ်၊ 
မြန်မာနိုင်ငံရဲ့ စစ်ဝန်ကြီးချုပ်ဟာ လာမယ့်မင်းခန်းမင်းနားမှာ ဘာဝတ်ရင် တင့်တယ်မလဲ? 

မအလဟာ နေညိုညို လေအပြိုမှာ ရုရှားကပို့ပေးတဲ့ ‌အရက်တခွက် ပေါက်ဖေါ်တွေပို့ပေးတဲ့အရက်တခွက် ဘယ်တခွက်ညာတခွက် ၂ ခွက်ပူးကိုင်ရင်း ကိုယ့်ကိုယ်ကို တခါမှမမြင်ဖူးသလိုလိုသေချာကြည့်တယ်။ ကိုယ်လုံးပေါ်မှန်ရှေ့မှာ သတိဆွဲပြီးရပ်လိုက်တယ်။ မော်စကိုလူကြမ်းတွေရဲ့ ဗော့ဒ်ဂါ အာလူးအရက်ကို သိပ်ဖီလင်မလာဘူး။ သူက စိနသားတို့ အရက်ကိုပိုစိတ်ဝင်စားတယ်။ ဟိုဟာကောင်းတယ် ဒါကောင်းတယ်လို့ ပေါက်ဖေါ်အမျိုးတွေက ပြောလိုက်တယ်။ သားသမီးပွားစီးဖို့ သိပ်ကောင်းဆိုပဲ။ 

နဂါး ဂဌုန် မြွေဆိုး ကင်းမြှီးကောက် ကျားစွယ် ကြံ့ချို လိပ်သို ဖွတ်ပဒတ် သင်းခွေချပ် တောက်တဲ့ လင်းနို့အကောင်ပလောင်များစွာကို မဟာရံတံတိုင်းအောက်မှာ အနှစ်တထောင်ကျော်ကြာ မြေနီသားအောက်တွင်းတူး ဝက်သစ်ချသားမီးမြှိုက် ဂါထာမန္တရားတွေ ရွတ်ဖတ်ပူဇော် စီရင်ဆေးစိမ်ထားတဲ့အရက်၊ စိနတိုင်းက ပေါလစ်ဗြူရို VVVVVIP အဖိုးကြီးတွေမှသာ စပါယ်ရှယ်လစ်မစ်တက် အက်ဒီရှင်းနဲ့ သောက်ခွင့်ရလေတဲ့ (Baijiu) ဘိုင်ဂျူးအရက်။ ပြောင်းဆံအနံ့နဲ့ ရိုးရာအရက်ကို ရေခဲတုံးနဲ့ခပ်စပ်စပ် လှုပ်ခါပြီး ပါးပါးလေး မော့သောက်လိုက်တယ်။

ဂျိမ်းစဘွန်းစတိုင်ခိုးပြီး သူ့ကိုယ်သူမှန်ထဲက အပူရုပ်ကိုကြည့်တယ်။ ဖျင်းကနဲ နားထင်စပ်တွေ ပူလောင်လာတယ်။ ဘဝတခုလုံးကို ကိုယ်လုံးပေါ်မှန်ရှေ့ချပြဖို့ စဉ်းစား ပြီးနောက်မှာတော့ ရဲရဲတင်းတင်း Out of the box တွေးခေါ်‌မျှော်မြင်တတ်လာပြီလို့ သူ့ကိုယ်သူ အထင်ရောက်လာတယ်။

မအလ စတင်စဉ်းစားပါတယ်၊ ခပ်ထွေထွေနဲ့ သူ့ကိုယ်သူ မှန်ရှေ့မှာ တပါတ်လှည့်ကြည့်တယ်။ ရှေ့ဖင်နောက်ယီး တဖြောင့်တည်း ပြီးခဲ့တဲ့ ၄၅ နှစ်တုန်းက စစ်ဗိုလ်သင်တန်းပေါက်စ ကလေးတုန်းကလို ပါးပါးလေး အော်ကြည့်မိတယ် ဘဝမှာ ထိုင်ခုံတွေလုရင်း သူများဝင်ထိုင်လို့မရအောင် ရတဲ့ထိုင်ခုံမှာ အထိုင်ကြာကြာလုထိုင်လာတော့ ဖင်ဝမှာလဲ အမာရွတ်တွေဂျွတ်တွေစွဲ ဒဏ်ရာတွေလဲ မနည်း‌လောက်တော့ဘူးလို့ တွေးမိတယ်။ တိုင်းပြည်အတွက်ပေးဆပ်ရတာပဲ‌လေ။

လူတယောက်ဟာ ကိုယ့်တင်ပါးသား‌တွေ လှုပ်ရှားနေပုံကို နောက်ကကြည့်ရင် ဘယ်လိုပုံပေါက်နေလဲ ဘယ်သူစဉ်းစားမိလို့လဲ။ ဒါကြောင့်လဲ ဗိုလ်ခင်ညွန့်တို့ လှောင်ပြောင်ခံခဲ့ရတာကိုး သူမှတ်မိနေတယ်။ ဒါနဲ့ လူတွေက  သူ့ကိုကျ သောက်ပု ဂျပုလို့ ဘာလို့ခေါ်ကြရတာလဲ။ ဟိုရုရှားကောင်တွေ ရှည်လမျောတွေနားမှာ ကပ်ပြီးရပ်မိတော့ ခုလို လှောင်စရာဖြစ်ရတာလား။ ဒီသောက်ကောင်မသားတွေနား နောက်နောင် ဘယ်တော့မှ သွားကပ်ပြီး မရပ်သင့်ဘူး။ အထူးသဖြင့် ဓါတ်ပုံတွေရိုက်ခါနီးပေါ့။ ရုရှားမှာ မှော်ဆရာ ဝတ်စုံကြီးနီတာရဲရဲကိုဝတ်လိုက်ရတာ အချိန်အနားကပ်ပြီးမှ ဂျင်းထည့်ခံလိုက်ရတာ မော်စကိုသားတွေကို စိတ်နာတယ်။ ဓါတ်ပုံ‌တွေထဲပါသွားတယ်တဲ့။ သာဒင်ကို ဘာထင်နေကြတယ်မသိဘူး။

မအလ မျက်မှောင်ကျုံ့တယ်။ သူစဉ်းစားနေတုန်းပဲ၊ လာမယ့် အနာဂါတ်မှာ ဘာဝတ်ရမလဲ? စစ်ဘောင်းဘီကြီးအစိမ်းနဲ့တော့ ရေရှည်မကိုက်သေးဘူး။ နိုင်ငံခြားသွားရင် ဘယ်လိုလုပ်မလဲ စကစအစည်းအဝေး ကဲဘိနက်အစည်းအဝေး ဘာဝတ်ရင်ကောင်းမလဲ။ သားတိုးဝက်တွေကို သွားအားပေးမယ် လိုက်ဖက်အောင် ဘာဝတ်ရင် ကောင်းမလဲ။ ဉစားကြက်မတွေကို အမှာစကားသွားပြောမယ်။ ကြက်မ ဝက်မ နွားမတွေ ကြည်ညိုလာအောင် ကာလံဒေသံနဲ့ ဘာဝတ်ရင်ကောင်းမလဲ။ ငှက်ပျောပင်စိုက်ဖို့ ကွင်းဆင်းစစ်ဆေးတော့ ဘာဝတ်ရင်ကောင်းမလဲ။ ငါးတွေများများမွေးဖို့ ရွာသားတွေကို မြှောက်ပေးရင်း မြစ်နားချောင်းနားသွားရင် Protocols အရ လူရိုသေ ရှင်ရိုသေလဲ ဖြစ်အောင် ဘာဝတ်ရင်ကောင်းမလဲ။ 
ကိုဗစ်ကာကွယ်ဆေးဖေါ်ဖို့ အာယုဗေဒ တိုင်းရင်းသမားတော်ကြီးတွေကို လိုက်တွေ့မယ် သူတို့ကြွေသွားအောင် ဘာဝတ်သွားရင်‌‌ အိုကေမလဲ။ နေပြည်တော်မှာ မြေအောက်ရထားတွေ စီးရပြီဆိုရင် ဘာဝတ်ရင် ကောင်းမလဲ။ ဘာဝတ်ရင် လူထုစည်းရုံးရေးအတွက် ပိုအမြင်ကောင်းမလဲ။ သရီးကွာတားလိုမျိုးဆိုရင် အခုတလောသောင်းကျန်းနေတဲ့ ဂျန်ဇီတွေကို ပလူးပလဲလုပ်နိုင်မလား။ တပ်မတော်ဆိုတာဟာ နယ်မြေစိုးမိုးရေးသာမက ဆိုက်ကိုတွေ လူထုစည်းရုံးရေးလည်း နားလည်ရသေးတာကိုး။  

ဒီ‌လိုဆို ဘာဒီဇိုင်း ချုပ်ဝတ်ရရင်ကောင်းမလဲ ဘာရောင်နဲ့ လိုက်ဖက်မလဲ။ ဒေါ်စုကတော့  ရှေ့မှာ ငါးနှစ် ၆ နှစ် ၇ နှစ် ထင်တိုင်းဝတ်ပြသွားတော့ တနိုင်ငံလုံးက ကြည့်ကောင်းနေကြတယ်။ ဘာရမလဲ သာဝပဲ။ ငါဟာ မအလပဲ ငါဝတ်ရင် ပိုကြိုက်ကြမယ်။ သူအဲလိုတွေးတယ်။ 

မအလ အကြိတ်အနယ် စဉ်းစားနေတယ်။ 
နားထင်ကြောတွေ အမြှောင်းလိုက် ထောင်ထလာတယ်။ သိပ်မကြာခင်ဝတ်ပြရတော့မယ့် ဝန်ကြီးချုပ် ဝတ်စုံကိစ္စ ခေါင်းစားတယ်။ ဘာအရောင်ကို ကိုယ်စားပြုမလဲ ဘယ်ဒီဇိုင်းကို အခြေခံမလဲ။ အမျိုးဘာသာ သာသနာဆိုပီး သုံးရောင်ခြယ် ဝတ်သွားရင်လဲ ဝါစိမ်းနီကြီးနဲ့ မီးပွိုင့် ရုပ်ထွက်နေရင် ဂွမ်းအုံးမယ်။
နေပြည်တော်တခွင် စားကျက်ထဲကနွားတွေမြင်လို့ လိုက်ဝှေ့နေရင် ပြေးရလွှားရနဲ့ ရာဇဌာနီမှာ အမြင်မတော်ပြန်ဘူး။ 

 မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် သူ့ကိုယ်သူ ရာထူးခန့်ထားပြီးပြီ။ အရင်က ဉီးသိန်းစိန် ဉီးထင်ကျော် ဉီးဝင်းမြင့်တို့ခေတ်က ရာထူးခန့် ပွဲတက်ဝတ်စုံထဲကလို သမတ အဆောင်အယောင်ဒီဇိုင်းထဲကလို စလွယ်မပါတဲ့ပုံ ဖြစ်ရမယ်။ စလွယ်ထက်ပိုပြီး နန်းဆန်တာ ဂရန်းဆန်တာ ဘာရှိအုံးမလဲ။ ခေါင်းစွပ်လား ခါးပါတ်လား လက်မောင်းစွပ်လား ဒူးစွပ်လား  ကျိုင်းကိုင်ရမလား လှံကိုင်ရမလား။ အနော်ရထာကိုတုပရမလား ဘုရင့်နောင်ကိုမီငြမ်းရမလား။
မြန်မာပြည်သားတွေကလည်းခက်တယ် သိန်းထောင်ချီတန်တဲ့ နာရီတွေ ရှုးဖိနပ်တွေဝတ်ပြတော့လဲ အထင်မကြီး မရိုသေတဲ့ပြင် မိုးမွှန်အောင် ဆဲကြသေးတယ် မှတ်ထားတယ်နော် ဒီက ဒီက။

မအလ သက်ပြင်းချရင်း ဒုတိယအတွေးကို ထပ်စဉ်းစားကြည့်မိတယ်။ သူ့ကိုယ်သူပြန်မေးတယ် ဘယ်သူ့အကြံယူရမလဲ။ အနီးကပ်ဆုံးတပည့်တွေဆိုတာကလဲ ဟုတ်ကဲ့တောင် ပီအောင် မပြောနိုင်ကြ‌တော့ဘူး။ ဟုတ်  အဘ။ ဟုတ်ဘွ။ ပလီတာ ချွဲတာဆိုတာ။ ဒီကောင်တွေလဲ သိပ်ယုံရတာမဟုတ်ဘူး။ နဲနဲလစ်တာနဲ့ ဂျင်းထည့်မယ့်ကောင်တွေ။ ပျစ်ပျစ်နှစ်နှစ်ဆဲတတ်ရတယ်။ သနားလို့ နို့ပေးကိုင်တယ်နော် ဟိုဟာကို ရန်မရှာနဲ့ ဆိုတာမျိုး စစ်တက္ကသိုလ်က တပ်ကြပ်ကြီးတွေထက် အပေါက်ဆိုးသင့်ဆိုးပြရတယ်။ 
ကိုယ့်အလှည့်တုန်းက ဦးချိုးခံခဲ့ရသလိုပဲ ဘယ်သူလာလာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတတ်ရတယ်။

စိုင်းထီးဆိုင်က သူ့သီချင်းထဲမှာ ဝန်ခံထားသလို အားလုံးကို ပျော်စေချင်တာ ကိုယ့်အားနည်းချက်။ အိုင်ဖုန်း အဖေကြီး စတိဂျော့ကပြောသလို အားလုံးကို ပျော်စေချင်ရင် ခေါင်းဆောင်မလုပ်နဲ့ ရေခဲမုန့်ရောင်းပါ ဆိုတာလိုပဲ။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပျော်စရာမလိုဘူး အကြူမကြီး ပျော်ဖို့ပဲ။

မအလ ပြန်ပြောင်း သတိရမိတယ်။ ဦးသိန်းစိန်တို့ခေတ်ကလဲ ဒီမိုကရေစီဆိုတာ မြန်မာ့နွေဦးတဲ့ စမ်းသပ်ကြတယ် ကိုယ့်ထဲက ဖဲ့ပေးရတဲ့ကြားက ဘောင်းဘီချွတ်အစိုးရ တမတ်သား အစိတ်သားအစိုးရတဲ့ ဒင်းတို့ပဲ ပြောကြတာပဲ။ 

တိုက်ပုံဝတ်တော့လဲ ဒါဟာ တရုပ်ယဉ်ကျေးမူကို အမွေခံတာ။ ပုဆိုးဝတ်ပြန်တော့လည်း ဒါဟာ ကုလားရာဇဝင် ဩဇာခံအစဉ်အလာ။ ဒီတော့ ဘာဝတ်ရမလဲ။ ဘောင်းဘီချွတ်တော့လဲ ချွတ်ပြန်ပီတဲ့။ ပြန်ဝတ်တော့လဲ ဝတ်ပြန်ပီတဲ့။

ရာဇဝင်ထဲမှာ ဂျင်းထည့်ခံရတဲ့ ပြည့်ရှင်မင်းကြီးရဲ့ ဝတ်လဲတော် ပုံပြင်လေးကိုဖတ်ဖူးတဲ့ တပ်မှူး တယောက်က တိုးတိုးလေး ပြောပြပြန်တော့လဲ မအလ တုန်ခါလန့်ဖြတ်သွားတယ်။ ကိုယ်ကကျုးရင် ဒူးတောင်မယုံရဘူးဆိုတာ ဒါပဲ။ ပုံပြင်ထဲက ဘုရင်ကြီး ကိုယ်လုံးတီးနဲ့ တိုင်းခန်းလှည့်ရင်း ရွာထဲမှာ ပါတ်ပြေးနေတဲ့ ကလေးတွေအော်ကြတော့ သောက်ရှက်တွေ ဗြန်းဗြန်းကွဲရတာ သူမှတ်ထားတယ်။ ဘာဝတ်ဝတ် ကလေးတွေ မျက်လုံးထဲမှာ အဆင်ပြေဖို့ လိုတယ်။ ကလေးတွေကြိုက်တတ်တာ ဝမ်းဒါးဝီးမန်းလား ဆူပါမန်းဒီဇိုင်းလား စပိုင်ဒါမန်းလား။ ဘက်တ်မန်းလား။ ကက်ပတိန် အမေရိကလား။ ပုံပြင်ထဲက အလိမ်ခံရတဲ့ ဘုရင်ကြီးလို မအလကြီး တန်းလန်းကြီးလို့ အော်ဟစ်နောက်ပြောင်နေမယ့် သပြေကုန်းသား ကျပ်ပြေးသား ရွာခံကလေး တသိုက်များ စောင့်ကြည့်နေလောက်မလား။ 

ဒီပုံပြင်အရ ယုံလွယ်သူဟာ သောက်ရှက်ကွဲရတာပဲ။ ဒါကြောင့်လဲ တော်ဝင် ဝတ်စုံချုပ် နာမည်ကြီးနေတဲ့ မိသားစုတွေကို အိမ်မခေါ်ရဲဘူး။ မအလဟာ အဲလောက်တော့ သောက်ချဉ်မဟုတ်ဘူး။ မတုံးဘူး မအဘူး လဒူမဟုတ်ဘူး ဒင်းတို့ သိစေရမယ်။ ဒီတော့ ဘာဝတ်ရမလဲ။ မအလ ထပ်စဉ်းစားရတယ်။ 

ဉီးသိန်းစိန်လို အတီး မူတူးဆေးဖေါနားမှာ ကရင်သင်တိုင်းဝတ်ပြရမလား။ 
ဒါကလဲ ပြောင်ကြီး ကရင် သင်တိုင်းဝတ်တဲ့ခေတ်နဲ့ မတူပြန်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဝတ်သလို ကရင် ကချင်ဝတ်စုံတွေနဲ့ နီးစပ်တဲ့ ဝန်ကြီးချုပ် ဝတ်စုံ တီထွင်ချုပ်ခိုင်းကြည့်ရင်ကောင်းမလား? 
ဒေါ်စုတီထွင်ဆန်းသစ်တာ‌တွေကို အုံးအုံးကျွက်ကျွက် လက်ခံကြရင် မအလ တီထွင်ဖန်တီးမူ ရင်တွင်းဖြစ် ဝတ်စုံဒီဇိုင်းဆို ဘာလို့ မအောင်မြင်ရမှာလဲနော့။

ဗိုလ်ချုပ်အောင်ဆန်းစတိုင်လို ကချင်ဓါးကိုင်ကြည့်ရမလား။ အဲဒါလဲ အဆင်မပြေဘူး။ ခုတလော ကချင်တွေနဲ့ အပေါက်အလမ်းမတည့်။
စုပေါင်းစပ်ပေါင်းဖြတ်ညှပ်ကပ် ဒီဇိုင်းဆိုရင် ဘယ်လိုနေမလဲ။ 

 မအလ ခသတထ သခစ ဆိုတာကို ချင်းလို ကရင်လို ကချင်လို အပီအပြင် ဆဲဆိုနေကြတဲ့ ကာလဆိုတော့လဲ သိပ်မကိုက်သေးဘူး။ မူတူးဆေးဖေါကြီးကလည်း ခုတလော သိပ်အကောင်းမပြောပြန်ဘူး။ အင်ဘန်လကလဲ ပြောလိုက်ရင် ရင်ဘတ်ကို ဒူးနဲ့တိုက်သလိုမျိုး။ ဂွမ်မော်တို့ကလဲ ဒေါင့်မကျိုး။ ထွန်းမြတ်နိုင်တို့ ရက္ခိတ ကိုလည်း မအားသေးလို့  ခန ကြည့်နေရတယ် သိပ်ယုံရတာမဟုတ်ဘူး။ ဝ ပြည်နယ်က ပေါက်ယူချန်း တို့ ဒီဇိုင်းဆိုရင်လဲ ကျွဲခေါင်း လက္ခဏာတွေနဲ့ ခေါင်းဖြတ်ဓလေ့နဲ့ မလွယ်ဘူး။ ရှမ်းဘောင်းဘီနဲ့ အိုးစည်ဒီဇိုင်းကလဲ မဖြစ်‌သေးဘူး။ သူတို့တွေ အချင်းချင်းချနေကြတုန်း လက်ရှောင်နေရအုံးမယ်။

မအလ နောက်ဆုံးမှာ တခုတွေးမိသွားတယ်။ ဒစ်ဂျစ်တယ်ခေတ် သိပ္ပံခေတ်မှာ ခုခေတ်ပညာရှိတွေက တွေးကြည့်မနေဘူး။ ဗာကျူရယ်နည်းပညာနဲ့ ပြေးကြည့်လိုက်ကြတယ်ပြောတယ်။ ဒါမှ First Hand Witness Account ဘိုလိုခေါင်းစဉ်လဲ အလွတ်ကျက်ထားပြီးသား။ ဘာရမလဲသာဝပဲ စမ်းသပ်ကြည့်တာမမှားဘူး။

ခုတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အမြင့်ဆုံး ရာထူး ဝန်ကြီးချုပ်ရာထူးလက်ခံဖို့ အခမ်းအနားနဲ့ ပြည်သူလူထုကို ချပြဖို့လိုနေတယ်။ ကြွရွနေ အောင်ဝတ်ပြရမယ် ဒါလိုတယ်။ 

ကမ္ဘာကြီးတခုလုံး တုန်ခါသွားစေရမယ်။  တိုင်းရင်းသားပေါင်းစုံဟာ သူတို့ရဲ့ ဝန်ကြီးချုပ် ဝတ်စုံအသစ်ကိုမြင်ရင် အံဩမှင်တက် ပစ်လဲသွားရမယ်။ ကြွေကျ မြေခသွားရမယ်။ အရှေ့တောင်အာရှ ကုလအားလုံးပဲ မြင်ကထဲက ရင်ထဲက ကြွေရပါတယ်နော် ဒီကချစ်လိုက်ရတာ ဘာညာ သာရကာ နေကြာကွာစိတွေ ဖြစ်သွားရမယ်။  ကဲအဲတော့ ငါဘာဝတ်မလဲ။ မအလဟာ ဆုံးဖြတ်ရတော့တယ်။

မအလဟာ အင်တင်တင်နဲ့ ထပ်စဉ်းစား‌ကြည့်မိသေးတယ်။ နံနံရေးတွေပြောကြပီးဆို သူ့အောက်ပိုင်းကို လူတွေက မျက်စောင်းထိုးမယ်။ စစ်ဘောင်းဘီကို အနှေးနဲ့အမြန် ချွတ်ချလိုက်ရတော့မယ့်အတူတူ အိမ်နီးချင်းနိုင်ငံတွေဟာလည်း စစ်ဝတ်စုံနဲ့ ခရီးသွားရင် စစ်တပ်ချုပ်လောက်နဲ့ပဲ အဆင့်တူ ပေးတွေ့မယ့်အတူ တူ။ လူလိုသူလို ဆက်ဆံခံရဖို့ ဘောင်းဘီချွတ်ဖို့ လိုတယ်ဆိုတာ ရှင်းနေမှပဲဟာ မအလဟာ နောက်ဆုံး ယတိပြတ် ဆုံး  ဖြတ်လိုက်တယ်။ 

သူမလုပ်ရဲ့တာ ဘာမှမရှိဘူးလေ ရှီးနားတိုင်းက အားတိုးဆေးအရက်တန်ခိုးနဲ့  ရီဟာဇယ်လုပ်ရင်း သူ့ဘောင်းဘီကိုစမ်းချွတ်ကြည့်လိုက်တယ်။ 

ရွှေသားအတိပြီးတဲ့ အင်ထုထားတဲ့ တံဆိပ်တွေနဲ့ အပေါ်ဝတ်စုံကို ချွတ်လိုက်တယ်။ သူမမှတ်မိတော့တဲ့ မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်လုံးကို မှန်ထဲမှာမြင်လိုက်ရပြီ။ ၆၅ နှစ်သားကြီးသူ့ကိုယ်သူ အလတ်ကြီးရှိသေးပါလားလို့ စိတ်ကူးယဉ်ကြည့်လိုက်သေးတယ်။ 
အနှစ်တစ်ထောင် ပေါက်ဖေါ်အားတိုးဆေးတွေ သောက်ထားတာပဲ ဒါလောက်တော့ ရှိမပေါ့။ ခေတ်စမ်းရုပ်ရှင်ထဲက ဗိုလ်အောင်ဒင်လို မင်သေသေနဲ့ ရယ်ကြည့်လိုက်သေးတယ်။ 

ပုလင်းထဲမှာ အသစ်တခုခုထပ်ထည့်ဖို့ လက်ရှိပုလင်းကို အရင် အပြောင်ရှင်း ထားရမယ်ဆိုတဲ့ ဖီလော်ဆော်ဖီကို သူသေချာသိသားပဲ။ ခုဆို သူဘာဝတ်ဝတ်ရပြီ။ ပုပျပ်ပျပ် ကလီကမာရုပ်နဲ့ ဘာဝတ်စုံနဲ့ ပိုလိုက်မလဲ သူ့ဘာသာသူ စမ်းကြည့်ရတော့မယ်။ ကဲ ဝန်ကြီးချုပ် ဝတ်စုံ ဘယ်လို ဒီဇိုင်းဖြစ်သင့်မလဲ ကိုယ်တိုင် စမ်းသပ်ကြည့်ရတော့မယ်။ 

ဘာရောင်လဲ ဘာဒီဇိုင်းလဲ ဘာလက္ခဏာဆောင်ရမလဲ အပေါ်ကဘာလဲ အောက်ကဘာလဲ။
ဒါတွေလဲ ကိုယ်တတ်နေတာပဲဟာ။ ကိုယ်မသိတာ ကိုယ်မတတ်တာ ဘာမှမရှိဘူးလေ။ 
အမနာပ လျှာအရိုးမရှိတဲ့ကောင်တွေလဲ အကုန်ဖမ်းချုပ်ပြီးပြီ။ ကျန်တဲ့သူတွေလည်း အပျောက်ရိုက်ကုန်ကြပြီ။ လာထား။ အဟမ်း။

ဗြုန်းဆို ရုပ်တရက်မီးတွေပိတ်သွားတယ်။
ရုတ်တရက်ပဲ နေပြည်တော်ရဲ့အရှေ့ဘက်တောင်ကြောဆီ ရှမ်းကုန်းမြေမြင့်အစပ်နားက ပေါက်ကွဲတဲ့ မီးရောင်ကို ဟိုးအဝေးက မြင်လိုက်ရတယ်။ နေပြည်တော်မှာ မီးလိုင်း‌တွေ သုံးနေကြတဲ့ VIP လျပ်စစ်တာဝါတိုင်ကို ကရင်နီသူပုန်‌တွေ ဘာလုပ်လိုက်ကြတယ် မသိဘူး။ 

မီးပျက်တယ်ဆိုတာ မအလမှာ ရာဇဝင်မရှိဘူး။ နေပြည်တော်မှာ ရာဇဌာနီမှာ မှတ်တမ်းမရှိဘူး။ အကြူတို့လည်းအိပ်နေကြပီ ဘယ်သူ့ကိုမှ အော်ဟစ်ဆဲဆို ခေါ်လို့မရတော့ဘူး။ ဘာမှ မတတ်နိုင်ဘူး။
ဘာဖြစ်တာလဲ နောက်နေ့ကျရင် အီးပီစီတွေ အကုန်ဆွေစဉ်မျိုးဆက်သိမ်းကြုံး ရိုက်စစ်လိုက်ရမလား။ နေပြည်တော်မှာ မီးငြိမ်းသွားပြီ မှန်ထဲမှာဘာမှ မမြင်ရတော့ဘူး။ လေးဘက်ထောက်ပြီးလက်နဲ့လိုက်စမ်းသပ်ဖို့ပဲ ရှိတော့တယ်။ 

အမှောင်ထုနက်နက်ကြီးထဲမှာ ခြေစုံမတ်တပ်ရပ်ရင်း မအလဟာ အမှတ်မထင်တွေးမိတယ်။ ဆိုရှယ်မီဒီယာမှာ သူ့ကို ချစ်စနိုးနဲ့ အမွှန်းတင်နေကြတာတွေ မြင်ရကြားရတာ သတိရမိတယ်။ ဘာတဲ့။
မအလ ခမသ ခသတစ ကမကလ သခဆ လူတွေပြောပြောနေကြတာတွေက ဘာတွေလဲ။ 

ခုတော့ ကိုယ်ဟာ အမှောင်ထဲမှာ ကိုယ့်ဂွေးကိုယ်ဖမ်း စမ်းတဝါးဝါးနဲ့ မှုန်ပြာရီမှိုင်းနေရတဲ့ ဘဝ။ ကရင်နီဖေါက်ခွဲရေးဆရာတွေကျေးဇူးနဲ့ရေချိုးရင်းတန်းလန်း ဆပ်ပြာတန်းလန်း ဂွီးတန်းလန်းနဲ့ မီးပြတ်ချိန် ဒဲ့မတိုးမိလို့ တော်သေး။
မအလ မှန်းဆကြည့်မိတယ်။ ဂျန်ဇီတွေသာ ဒီအခြေအနေကို သိများသိကြရင်လေ သူတို့ကဘယ်လိုတွေ ပြော‌ကြအုံးမလဲ။

မအလ မအလ
ကဂကဖ စတဝဝ 
ကလကက တငင
ကဂကစ ပရပတ
ကကကဖ မသတ
ကရကပ ဒဝဒ
ကလကထ ပခရရ
ကမကစ စကရရ
ကဖကခ မအလ
မအလ မအလ ဖရလ ဖရလ

စာရေးသူ
သဝထ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



You are subscribed to email updates from MoeMaKa Media.
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States


--
Send email to - edi...@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages