2nd Jan 2013 - MoeMaKa Daily

12 views
Skip to first unread message

Maung Yit

unread,
Jan 2, 2013, 3:12:21 AM1/2/13
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

Happy new year အတွေးများ
အရှင်နန္ဒ၀ံသ (ရမည်းသင်း)၊ ဇန်န၀ါရီ ၂၊ ၂၀၁၃
         မြောက်လေကသွေး၊ နှင်းဖွေးဖွေး နှင့် ၊ ချမ်းအေးပါလှ ၊ ည...တစ်ည..  ၊
         မိသားစုတွင်း ၊ မိတ်ဆွေရင်း နှင့် ၊ ချစ်သူချင်းဆုံ ၊
           ဝိုင်းစုပြုံကာ ၊ နှင်းမြူမှုံကြား ၊ မြူးပျော်ပါးစွာ  ၊ကကြ ခုန်ကြ ၊ ည တစ်ည ။ 

         မီးရှူး မီးပန်း ၊ထောင်သောင်းသန်း ဖြင့် ၊  အံ့မခန်းလှ ၊
            ထွန်းညှိကြဘိ ၊ လူတိုင်းသိစွ  ၊ ည...တစ်ည 

         ဘေး ရန်  ဒဏ် မျိုး ၊ ကံဆိုး.. မဆုံ ၊ ကောင်းကျိုးကြုံပြီး ၊ စည်းစိမ်ရွှေငွေ ၊
          ထွန်းတောက်စေကြာင်း ၊ စုကာပေါင်းလို့ ၊ ဆုတွေတောင်းကြ ၊ ည တစ်ည ။

        Happy new year ၊ ဒီစကားကို ၊ အွန်လိုင်း နှင့် ဖုံး ၊
        တွင်တွင်သုံးရင်း ၊ အပြုံးနှင့်ယှဉ် ၊ သံယောဇဉ်ကို  ၊ 
         ခင်မင်နှစ်လို ၊ ၊စကားချိုဖြင့်  ၊ ခေါ်ဆိုပြောကြ ၊ ည တစ်ည ။

       ဒီလိုစကား ၊ ဒီစာသားကို ၊  တွေ့ ကြား  လေတိုင်း ၊
        နက်ရှိုင်းလှစွာ၊ တွေးသိတာက ၊ ပျော်စရာ နှစ်သစ် ၊ ရောက်ပြန် လစ် ဟု ၊
       အော် ဘာလိုလို နဲ့ ၊ နှစ်ဟောင်းပြိုပျက် ၊
        နှစ်သစ်ရက် သည် ၊ မနက်ဖန်ဆို ရောက်တော့မည်၊

        နာရီ. လ. ရက်၊ ရာသီစက် ပေါင်း ၊လီလီပြောင်းလို့၊
         နှစ်သစ်နှစ်ဟောင်း၊ ဘယ်မျှပြောင်းလဲ ၊ ရင်ထဲ သတိ၊ မရှိတဲ့သူ ၊
        ကိုယ့်လိုလူမှာ.. ဘာတွေဟောင်းလို့ ၊ ဘာတွေ ပြောင်းကုန် ၊  မသိတုံခဲ့ ...
         ဒါပေမဲ့လည်း ၊ ဉာဏ်နဲ့ဆင်ခြင် ၊ တွေးဝင်မိတာ ၊ ဒီလို ပါ ..။

         အပါယ်ဒုဂ္ဂတိ ၊ လားနိုင်ဘိကြောင်း ၊ မကောင်းအမှု ၊
          ကံသုံးခုကို ၊ ဟောင်းခဲ့နှစ် မှာ.... နှစ်ခဲ့ရင်..

         မိမိသူတပါး ၊ ကျိုးမများမှု ၊ ကံ သုံးခု ကို ... အဟောင်းနဲ့ အတူ နှစ်ခဲ့ရင် ...

         မကောင်းတာ နှစ် ၊ ကောင်းတာ သစ်၍ ၊ ကောင်းမှုဖြစ်ဖို့ ၊  ကြိုးစားရင် ... 

        အကိုသိုလ်နှစ် ၊ ကုသိုလ်သစ်၍ ၊ မဖြစ်သေးတာ ၊ ဖြစ်လာစေမှု ၊ အားပြုရင် ..။
       
          ဒုစရိုက် နှစ် ၊ သုစရိုက် သစ်နဲ့ ၊
ဘာဝနောက်နှောင်း ၊ ကောင်းထက်ကောင်းအောင် ၊ ပြောင်းခဲ့ရင် ..၊ 

         မကောင်းအကြောင်း ၊ ကောင်း နဲ့ ပြောင်း၍ ၊
          ကောင်းအကျိုးသစ် ၊ ဖြစ်ခဲ့ရင်  

         စသည် စသည် ၊ အစချီ၍ ၊ မကောင်းကျိုးဖျောက် ၊
          ကောင်းကျိုးရောက်အောင် ၊စွမ်းဆောင်နိုင်မှ ၊ နှစ်သစ်နှစ်ဟောင်း ၊
          ဒီအပြောင်းသည် ၊ အကြောင်းကောင်းလို့ ၊ အကျိုးကောင်းသည့် ၊ 
          ပျော်ဖွယ်အစစ်  ၊ တကယ် နှစ်သစ်ဟု.. 
          တွေးပြုမိပါ ၊ ဒီအခါတွင် ၊ ရင်မှာ ပျော်ရွှင် ၊ ဆိုလိုက်ချင်သည် ....

          အားလုံးကို    HAPYY NEW YEAR ပါ ဟု ။

အရှင်နန္ဒဝံသ(ရမည်းသင်း)
 ဇေယျသုခ ဓမ္မရိပ်သာ ၊
 Amarillo, Tx, U.S.A

Posted by MoeMaKa at 11:44 PM 0 comments  

Aung Way - The Order of Poets


၂ ၀ ၁ ၃ က ဗျာ တ ပ် မေ တာ် သ စ် အ တွ က် အ မိ န့်
အောင်ဝေး၊ ဇန်န၀ါရီ ၂၊ ၂၀၁၃

ရဲဘော် ကဗျာဆရာ ညီနောင် အပေါင်းတို့ -

ခေတ် ဘယ်လောက် ပျက်ပျက်
ကဗျာ မပျက်စေနဲ့ ။

ဘယ်သူတွေ ဘယ်လို လက်နက်ချချ
ကဗျာ မချနဲ့ ။

“အမျိုးသားပြန်လည်သင့်မြတ်ရေး“
“အကြမ်းမဖက်ရေး“
“ငြိမ်းချမ်းရေး“
ဟောင်းနွမ်းအသုံးမကျတဲ့
အဲဒီ စကားလုံးတွေ
ကဗျာထဲ ထည့်မရေးနဲ့ ။

ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးမှာ
စစ်တပ် မပါမှ (မပါမှ) ဖြစ်မယ်။

နောက်ပြန်လှည့်မှာစိုးတဲ့
လူထုခေါင်းဆောင် ဆိုသူတွေ
ထားရစ်ခဲ့ကြတော့။

၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံဥပဒေ
ပြင်ဖို့ မကြိုးစားနဲ့ ။ (ဖျက်မှ ရမယ်)

ခေတ်ပျက်သူဌေးတွေနဲ့ မပေါင်းနဲ့ 
ခေတ်ပျက်ကဗျာတွေ မရေးနဲ့ ။

ကဗျာကိုင်တိုက်ပွဲကို
လူထုအုံကြွမှုနဲ့ ပေါင်းစပ်ကြ။

ဗမာ့အရေးတော်ပုံ အောင်ရမယ်။     ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
၁-၁-၁၃
Posted by MoeMaKa at 11:26 PM 0 comments  
Labels: Aung WayPoems

Saw Ngo - Take shower Mr. Clean President


ကာတွန်း စောငို - ၂၀၁၃ မှာ ရေမှန်မှန်ချိုးပါ (ပုံ လဒ)
ဇန်န၀ါရီ ၂၊ ၂၀၁၃

Posted by MoeMaKa at 10:16 PM 0 comments  
Labels: Cartoon BoxSaw Ngo

Ashin Nanika - New Year Wish


နှစ်သစ် ဆုတောင်း
အရှင်ဥာဏိကာဘိဝံသ၊ ဇန်န၀ါရီ ၂၊ ၂၀၁၃

ရက် လ ခုနှစ်
သက္ကရာဇ်တွေ
တရစ်ရစ် တိုး
တနှစ် ပျိုးပြီ။

ဟောင်းဆိုး မတရား
ပျောက်လွင့် ကြွေ
ကောင်းကျိုး တရား
တောက်ပွင့် ဝေ။            ။

Posted by MoeMaKa at 10:02 PM 0 comments  
Labels: Ashin NanikaPoems

Ku Mo Jo - Academy Ku Mo Jo


ကာတွန်း ကူမိုးကြိုး - အကယ်ဒမီ ကူမိုးကြိုး
ဇန်န၀ါရီ ၂၊ ၂၀၁၃

Posted by MoeMaKa at 9:31 PM 0 comments  

Maung San - The Snow Story


ဆိုးတယ် စနိုးရယ်
မောင်စံ (သီတဂူ၊ ဖလော်ရီဒါ)၊ ၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
            Snow တဲ့ ဖြူဖြူဖွေးဖွေး ရေခဲခြစ်မွမွလေးလိုပဲလို့ စာထဲမှာလည်း ဖတ်ဖူးတယ်၊ ဓာတ်ပုံတွေထဲမှာလည်း မြင်ဘူးတယ်။ ဒါပေမယ့် အပြင်မှာတကယ်လက်တွေ့တော့ မမြင်ဘူးသေးလို့ သိပ်မြင်ဘူးချင်ခဲ့တယ်၊ ဘယ်လောက် အေးလဲ၊ ကိုင်ကြည့်တဲ့အခါ ဘယ်လိုခံစားမှုမျိုးရရှိမလဲလို့ဆိုတာကို သိပ်သိချင်နေခဲ့တယ်။ အမေရိက ချင်းတူပေမယ့် ကိုယ်နေတဲ့နေရာက မြန်မာပြည် ရန်ကုန်ရာသီဥတုနဲ့ အတူတူပဲဆိုတော့ စနိုးမကျဘူးလေ။ ဒါကြောင့် စနိုးအတွေ့ အကြုံယူရင်း ပဋ္ဌာန်းပွဲကိုကူညီစီစဉ်ပေးဘို့ မီနီဆိုးတာ သီတဂူဓမ္မဝိဟာရကို ထွက်ခဲ့တယ်။
            လေယာဉ်က နှစ်ဆင့်စီးရမယ်၊ Texas, Dallas လေဆိပ်မှာ လေယာဉ်ပြောင်းပြီး ဆက်ထွက်ရမယ်ပေါ့။ ဖလော် ရီဒါက နေ့လည် (၁း၅၀ထွက်ပြီး ဒါးလတ်စ်ကို (၄း၅၀)ရောက်၊ ဒါးလတ်စ်က ညနေ (၅း၅၅ပြန်ထွက်ပြီး မီနီဆိုး တားကို ည (၈း၂၀ရောက်ရမှာ။
            ဖလော်ရီဒါက စထွက်ကတည်းက မိနစ် (၅၀နောက်ကျထွက်ဖြစ်တယ်။ ကောင်တာမှာ စုံစမ်းလိုက်တော့ နောက်လေယာဉ်ကို ကောင်းကောင်းမီပါတယ်ဆိုတာနဲ့ စိတ်ထဲမှာ ပေါ့ပါးသွားတယ်။ လေယာဉ်ပေါ်ရောက်တော့ လက် ပ်တော့လေးဖွင့်ပြီး သီတဂူဆရာတော့်မွေးနေ့ပူဇော်ပွဲအတွက် ဆောင်းပါလေးရေးရင်းလိုက်လာခဲ့တယ်။ လေယာဉ်က (နာရီလောက်ပျံသန်းရမှာဆိုတော့ အချိန်ရတယ်လေ။ ပျင်းလည်းမပျင်းတော့ဘူးပေါ့။ ဆောင်းပါးလည်းအပြီး လေယာဉ်ဆင်းဘို့ကြေငြာချက်လည်းထွက်လာတာနဲ့ လက်ပ်တော့ပိတ်ပြီး အပြင်ကို ကြည့်လိုက်တယ်၊
            “အား ပါးပါး... စနိုးတွေကျနေတာ တပြင်လုံးဖွေးလို့ဖြူလို့ပါလား”
            ဒီတခါတော့ စနိုးကို အပြင်မှာ တကယ်မြင်ဘူးပြီဆိုပြီး စိတ်ထဲမှာပျော်သလိုလိုတော့ရှိသား။ ဒါပေမယ့် ကြာကြာမပျော်လိုက်ရပါဘူး၊ လေယာဉ်ပြေးလမ်းပေါ်ဆင်းပြီးတာနဲ့ စနိုးနဲ့ပတ်သက်တဲ့ ဒုက္ခကို စတင်တွေ့ရှိတော့တာ ပါပဲ။ လေယာဉ်ပြေးလမ်းနဲ့ Terminal တွေမှာ စနိုးတွေကို စက်ယန္တယားကြီးတွေနဲ့ ဖယ်ထုတ်နေတာမို့ ဆင်းလာတဲ့ လေယာဉ်တွေ Terminal Tube တွေကိုမကပ်ရသေးဘူး။ ကွင်းထဲမှာပဲ တန်းစီပြီးစောင့်နေကြရတာ အကြာဆိုမှ တကယ့်ကိုအကြာကြီးပဲ။ လေဆိပ်ကဝယ်လာတဲ့ ရေဘူးလည်းသောက်လို့ကုန်ပြီ၊ (မရိုသေ့စကားရှူရှူးလည်း ခဏ ခဏ ထပေါက်ရတယ်။
            စောင့်ရင်းစောင့်ရင်း တဖြည်းဖြည်း နေရောင်ပျောက်သွားပြီး လျှပ်စစ်မီးတွေလင်းလာကြတယ်။ ကွင်းပြင် ကြီးကတော့ စနိုးဖြူတွေကြောင့် အရမ်းကြီးမည်းမှောင်မသွားပဲ မှုံပျပျ ဖြူလွလွဖြစ်နေတယ်။ လေယာဉ်ထဲမှာမို့ အအေးဓာတ်တော့ မခံစားရသေးဘူးပေါ့။ ဒါပေမယ့် ကြာတော့ထိုင်ရတာ ခါးငြောင်းလာတယ်။ လူတွေလည်း လှုပ်လှုပ်ရွရွနဲ့ ငြီးငြူ မြည်တမ်းလာကြတယ်။ လေယာဉ်မယ်တွေက နှစ်သိမ့်တဲ့အနေနဲ့ သောက်ရေနဲ့ မြေပဲယို ထုပ်လေးတွေ လိုက်ဝေတယ်။ ရေတွေသောက်ကြတယ်၊ ပြီးတော့ ရှူးတွေပေါက်ကြတယ်၊ လေယာဉ်ပေါ်မှာ ဒီအလုပ်ပဲ ရှိတော့တယ်လေ ဟင်းဟင်း။
            ဒီလိုနဲ့ ည (၈း၀၀နာရီမှာ Terminalကိုကပ်ခွင့်ရပြီဖြစ်တဲ့အကြောင်းကြေငြာတော့ ခရီးသည်တွေဝမ်းသာ အားရ ဟစ်အော်ပြီး လက်ခုပ်ထတီးကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်လေယာဉ်အတွက်တော့ လုံးဝနောက်ကျ သွားပါပြီ။ နောက်လေယာဉ်ရဲ့ ထွက်ချိန်ကို information board မှာကြည့်လိုက်တော့ သူလည်းနောက်ကျတယ် (၈း၀၀နာရီမှာထွက်မှာ၊ ဒါပေမယ့်အခု (၈း၀၅နာရီရှိပြီ၊ မီလိုမီငြား ဂိတ်နံပါတ် C-31 ကိုအပြေးသွားလိုက်တယ်။
            “ဘုရား တရား မ လို့  မီပါစေဗျာ...”
            အတော်ဝေးဝေးသွားလိုက်ပြီး Gate C-31 ကိုတွေ့တယ်။ ဟုတ်ပြီ မြန်မြန် မြန်မြန်။ မြှားညွှန်ထားတဲ့အတိုင်း C-31 ထဲကို ရောက်ဘို့ ဆုံလည်တံခါးပေါက်အတိုင်း တွန်းပြီးဝင်သွားလိုက်တယ်။
            “ဟာ... သွားပါပြီ”
            ဖြစ်ချင်တော့ အဲဒါ အဝင်မဟုတ်ပဲ C-31 Baggage claim ထွက်ပေါက်ဖြစ်နေတယ်။ ကောင်းရော။ စိတ်လော ပြီးထွက်လိုက်မိတာ မှားသွားတယ်၊ ဒါကတော့ ကိုယ့်အမှားပါ။
             အဲဒါနဲ့ Security Check in ကနေပြန်ဝင်ရတယ်။ ထုံးစံအတိုင်း လိုင်းစီ အိတ်တွေပြန်စစ်ဆေးခံပြီးဝင်ရတာ ပေါ့။ အထဲရောက်တော့ နောက်လေယာဉ်တစီးစီး ရလိုရငြား C-31 ကောင်တာမှာ လက်မှတ်ပြပြီးစုံစမ်းဘို့ တန်းစီ လိုက်တယ်။ ကိုယ့်အလှည့်ရောက်ဘို့ နာရီဝက်ကျော်ကျော်လောက် စောင့်လိုက်ရတယ်။ လေဆိပ်ထဲမှာ စနိုးဒုက္ခ သည်တွေ အများကြီးပဲလေ။ ကောင်တာရှေ့ရောက်တော့-
            “လေယာဉ်ထွက်သွားပါပြီရှင်”
            “ဟုတ်ကဲ့၊ ဒါဆို တခြားလေယာဉ် တစီးစီးနဲ့ စီစဉ်ပေးနိုင်မလားခင်ဗျာ”
            “ဆောရီးပါပဲ ဒီနေ့အတွက်တော့ မီနီဆိုးတားသွားတဲ့လေယာဉ် ကုန်သွားပါပြီရှင်၊ မနက် (၇း၀၀နာရီမှ ပဲရှိပါ တော့မယ်”
            “ဟာ ဟုတ်လား၊ ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ”
            “ဒီည ဟိုတယ်တခုခုမှာ အိပ်လိုက်ပါ၊ မနက်ဖြန် အစောဆုံးလေယာဉ်နဲ့ ထည့်ပေးပါမယ်”
            ဟူး.... ပြောလည်းထူးမှာမဟုတ်တော့လို့ သူစီစဉ်ပေးတဲ့ Homestead Suiteဆိုတဲ့ဟိုတယ်မှာ ညအိပ်ဘို့ သဘောတူလိုက်တယ်။ ပြီးတော့ သူညွှန်တဲ့အတိုင်း လေဆိပ်အပြင်ကိုထွက်သွားပြီး လာကြိုမယ့်ကားကို သွားစောင့် တယ်။
            အဲဒီမှာ စနိုးနဲ့ စတွေ့ခဲ့တာပဲ။ ရုပ်ရှင်တွေထဲက စနိုး၊ အိပ်မက်ထဲက စနိုး၊ စိတ်ကူးထဲက စနိုးဟာ ခုမိမိကို တကယ် လာရောက်ပွတ်သပ်နေပြီ၊ ပုခုံးပေါ်ကို ဖြုတ်ကနဲရောက်လာတဲ့ ဖြူဖြူလေးကလည်း စနိုး၊ ပါးပြင်ကို တိုးဝှေ့ ထိ နမ်းသွားတာကလည်း စနိုးပါပဲ။ ဒါပေမယ့် စိတ်ကူးထဲကလို နွေးထွေးမှုမရှိ၊ နူးညံ့မှုမသိ၊ တကယ်သိလိုက်ရတာက တော့ အသည်းထဲထိ ခိုက်သွားအောင် အေးစက်ထုံကျင်သွားတာကိုပဲ။
            ကားတွေတစ်စီးပြီး တစ်စီးလာကြတယ်၊ ဒါပေမယ့် ကိုယ်တည်းမယ့်ဟိုတယ်ကကား တစ်စီးမှပေါ်မလာသေး၊ ရပ်စောင့်ရတာလည်း တစ်နာရီခွဲလောက်ရှိပြီ၊ ဟိုတယ်နံပါတ်ကို ဖုန်းဆက်တယ်၊ အသံသာမည်နေတယ် ကိုင်မယ့်သူ မရှိ၊ နောက်တော့ ကိုယ့်လိုပဲ ကားစောင့်နေတဲ့ အမျိုးသမီးကြီးတယောက်ကို အကူအညီတောင်းလိုက်တယ်။ သူလည်း ကူညီဆက်ပေးတာပဲ ဒါပေမယ့် အဆင်မပြေ။
            လူက အတော်လေးကို ခိုက်ခိုက်တုန်နေပြီ၊ ခြေဖျားလက်ဖျားတွေလည်း ထုံကျင်နေပြီ၊ အသက်ရှူလိုက်တိုင်း အအေးလုံးကြီးက ဗိုက်ထဲထိဝင်ရောက်သွားတယ်။ လေကတိုက်တော့ နှင်းဖတ်တွေက တဖွဲဖွဲလွင့်ပျံပြီး တိုးဝှေ့လာ တယ်။ ပါးပြင်မှာလည်း တင်းကြပ်ကြပ် စပ်ဖျင်းဖျင်းဖြစ်လာခဲ့တယ်။ နှာခေါင်းကို ကိုင်ကြည့်တော့ လက်နဲ့ထိတယ် တောင်မထင်မိတော့၊ အဲဒီလောက် အေးစက်ထုံကျင်တဲ့ ဝေဒနာကို ခံစားလာရတယ်။ အဲ့ဒါ စနိုးပေါ့။
            စိတ်မလျှော့ပဲ ဖုန်းဆက်ခေါ်နေလိုက်တာ နောက်ဆုံးတော့ အမျိုးသမီးတယောက် ဖုန်းကိုင်လာတယ်၊ စောစော က အမျိုးသမီးကြီးက ကူညီပြီး ဝင်ပြောပေးတယ်။ စကားမဆုံးခင်မှာပဲ အမျိုးသမီးကြီးစောင့်နေတဲ့ကားက ရောက်လာ လို့ တက်လိုက်သွားတယ်။ ကိုယ်ပဲ ဖုန်းတလုံးနဲ့ ကျန်ရစ်ခဲ့တယ်။
            အတော်လေးကြာတဲ့အခါမှာ ကားတစ်စီးရောက်လာကာ ကားစောင့်နေသူတွေအားလုံးကို သိမ်းကျုံးခေါ်တင်ပြီး ဟိုတယ်တွေကို လိုက်ပို့ပေးတယ်၊ အဲဒီကားနဲ့မှပဲ ကိုယ်လည်းပါသွားတော့တယ်။ ရက်စက်လိုက်တာ စနိုးရယ်။ ကားလေးက မီနီဘင်လေးဆိုတော့ လူများများမဆန့်၊ ကားပေါ်မှာ သူတို့အချင်းချင်း နေရာလုရင်း စကားများကြသေး တယ်။ သြော် အပြင်မှာ နာရီပေါင်းများစွာစောင့်လာရတော့ ရတဲ့ကားနဲ့ပဲ လိုက်ချင်ကြတော့တာပဲလေ။
            ဟိုတယ်ရောက်တော့လည်း Check in ဝင်တာ လူကအများကြီး၊ ကောင်တာမှာ အမျိုးသမီးတယောက်တည်း ဟိုဘက်ဖုန်းပြောလိုက် ဒီဘက်လှည့်လုပ်လိုက်နဲ့  အတော်စောင့်လိုက်ရတယ်။ ဒါပေမယ့် ဟိုတယ်ထဲရောက်နေပြီမို့ အအေးတော့ သက်သာသွားပြီပေါ့။ ကိုယ့်အလှည့် အခန်းနံပါတ် ရတဲ့အခါ၊ မနက် (၅း၃၀)လေဆိပ်ဆင်းဘို့ ကားထွက် တဲ့ အချိန်စာရင်းဇယားထဲမှာ အခန်းနံပါတ် ရေးပေးထားလိုက်တယ်။ ပြီးတော့ညအိပ်တယ်ပေါ့။
            မနက် (၅း၀၀နာရီထ မျက်နှာသစ်၊ ပစ္စည်းတွေသိမ်းပြီး လေဆိပ်သွားဘို့ (၅း၃၀)မှာ Lobby ကိုသွားလိုက် တယ်။ Lobby တစ်ခုလုံး မှောင်လို့ မည်းလို့၊ တံခါးလည်းပိတ်ထားတယ် လူလည်းမရှိ။ အချိန်လည်းရောက်နေပြီ ကြိုတဲ့ ကားလည်းမလာသေး၊ Lobby မှာ ကိုယ်တစ်ယောက်တည်း။ ဘေးမှာ အပြင်ထွက်ပေါက်တွေတော့ရှိတယ်၊ စွပ်ထွက် သွားလို့လည်းမဖြစ်၊ အပြင်မှာက နှင်းမိုးတွေရွာပြီး အေးစက်နေတာ၊ ထွက်ပြီးမှပြန်ဝင်မရရင် အခက်။ အဲဒါနဲ့ ကဒ်ထဲက နံပါတ်နဲ့ ကောင်တာကိုဖုန်းခေါ်လိုက်တယ်။ ညကအမျိုးသမီးထင်ပါတယ် ဖုန်းဖြေလာတယ်။ ပြီးတော့ ကားကြိုတဲ့သူကို လှမ်းပြောသံကြားတယ်၊ ကားကြိုတဲ့သူက သူလာကြိုတုန်းက ဘယ်သူမှမရှိလို့ထွက်သွားပြီဆိုပြီး ပြန်အော်သံကို လည်းကြားတယ်၊ သူတို့အချင်းချင်း အပြန်ပြန်အလှန်လှန် အော်ဟစ်ကြပြီး ခဏအကြာမှာ ကားပြန်ရောက်လာတယ်။
            ကားရောက်လာတော့ Lobby ထဲကဖြတ်သွားလို့မရတာနဲ့ ဘေးထွက်ပေါက်ကနေ အိတ်ဆွဲပြီးထွက်လိုက် တယ်။
            “ဝှီး....ဗိုင်း”
            “အား....”
            ထွက်ပေါက်ဆင်ခြေချောလေးအတိုင်း အိတ်ဆွဲပြီးအထွက်မှာ စနိုးတွေက ရေခဲဖြစ်ပြီးချောနေတော့ ဘယ်လိုမှ ထိန်းမရတော့ဘဲ အိတ်ရောလူရော ဝက်တစ်ကောင်ပစ်ချလိုက်သလို ဗိုင်းဆို လျှော်လဲပါလေရော။ တော်သေးတယ် လက်နဲ့ထောက်ထားလို့ ခေါင်းနဲ့မရိုက်မိတာ။ ကိုယ်လဲတာ ဘယ်သူမှမသိလိုက်ဘူး။ ကားဒရိုင်ဘာကလည်း ရှေ့ဆင်ဝင် အောက်မှာကားရပ်ထားတာဆိုတော့ မမြင်လိုက်ဘူး။ အဲဒါနဲ့ပဲ ကိုယ့်အိတ်ကိုပြန်ကောက် ဖြည်းဖြည်းချင်းထိန်းဆင်းပြီး ထွက်လာခဲ့ရတယ်။ အတော်ကို ဆိုးပါတယ် စနိုးရယ်။
            ဒီလိုနဲ့ မီနီဆိုးတားရောက်ခဲ့တယ်။ ဦးတိက္ခ နဲ့ ဦးဇဝန (ကုန်းဇောင်း)တို့လာကြိုကြတယ်။ ကျောင်းရောက် နေ့ဆွမ်းစားပြီး ချီကာဂိုကို ခရီးဆက်ကြတယ်။ ကိုယ်ရယ်၊ ဦးတိက္ခရယ်၊ ဦးဇဝနရယ်၊ ဦးအနိရုဒ္ဓရယ်၊ ဦးနန္ဒိယရယ် ဘုန်းကြီးငါးပါးကို ဒကာလေး ကိုအောင်ဆန်းဦးက ကားမောင်းပြီးလိုက်ပို့တယ်။ လမ်းဘေးဝဲယာတလျှောက်မှာ စနိုး တွေက ပင်လယ်ပြင်ကြီးလိုပဲ တမျှော်တခေါ်၊ ရေကန်တွေ မြစ်ချောင်းတွေလည်း မလှုပ်ရှားမစီးဆင်းနိုင်ကြတော့ဘူး ရေတွေခဲပြီး အားလုံးရပ်တန့်နေကြပြီ။ အဲဒီရေခဲတွေပေါ်မှာလည်း စနိုးတွေက အစုလိုက် အပုံလိုက်။
            လမ်းတလျှောက်မှာ စလစ်ဖြစ်လမ်းလျှော်ပြီး တိမ်းမှောက်နေတဲ့ကားတွေ၊ အချိန်ထိန်းမရဘဲ အဆင့်ဆင့်တိုက် မိကုန်တဲ့ကားတွေ၊ စနိုးအရည်ပျော်အောင် ဆားဖြန်းရတော့ ဆားဒဏ်ထိထားပြီး တကားလုံးသံချေးစားခံနေရတဲ့ကား တွေ၊ စနိုးကျတာကြာတော့ ရေခဲဖြစ်ပြီး အလေးချိန်ကြောင့် အမိုးပြိုကျထားတဲ့အဆောက်အဦးတွေ၊ ကျိုးကျကုန်တဲ့ သစ်ပင်သစ်ကိုင်းတွေ အိုး....အများကြီး အများကြီး၊ ဒါတွေအားလုံးဟာ စနိုးကြောင့်ချည့်ပဲ၊ ဆိုးပါ့ စနိုးရယ်။
            ချီကာဂိုမရောက်ခင် မိုးချုပ်သွားလို့ Wisconsin ပြည်နယ်က Milwaukeeမြို့မှာရှိတဲ့ စာရေးဆရာ ဘုန်းကြီး ကံထွန်းသစ် ကျောင်းမှာဝင်အိပ်ကြတယ်။ ဆရာတော် ကံထွန်းသစ်က ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံစောင့်ရှောက် နေရာပေးပါတယ်။ စားသောက်စရာတွေလည်း ကျွေးမွေးတယ်။
            နောက်တနေ့ မနက်စာစား၊ မယ်ဝေါကီးမြို့ထဲလည်ပြီး ချီကာဂိုဆက်ထွက်လာကြတယ်။ လမ်းမှာ နှင်းမိုးတွေ တဖွဲဖွဲရွာနေလို့ ဖြည်းဖြည်းချင်းမောင်းလာခဲ့ရသေးတယ်။ မြို့အဝင်က ကားသိပ်ကြပ်တာပဲ။ မြို့ထဲကိုရောက်ကာနီးမှ ဆွမ်းချိန်ကလည်းနီးလို့ ဖုန်းထဲမှာ တရုတ်စားသောက်ဆိုင်ကို ရိုက်ရှာလိုက်ပြီး ညွှန်တဲ့အတိုင်း နောက်ရင်းကိုပြန် မောင်းလိုက်တာ၊ (၄၅)မိနစ်လောက်လှည့်ပတ်မောင်းပြီးမှ ဆိုင်ကိုရှာတွေ့တော့တယ်၊ ချီကာဂိုနဲ့ဝေးပြီး မယ်ဝေါကီးနား ကိုပြန်ရောက်သွားတယ်။ အဲဒါလည်း အမှတ်တရတစ်ခုပဲ။
            စားပြီးတော့ ခရီးပြန်ဆက်ကြတယ်။ လာလမ်းအတိုင်း ပြန်မောင်းသွားပြီး ချီကာဂိုကို နေ့လည် (၃း၀၀နာရီ လောက်ရောက်တယ်။ ကားကို လမ်းဘေး မီတာပါကင်မှာ ရပ်ထားပြီး ချီကာဂိုရဲ့ ပြရုပ်ဖြစ်တဲ့ ပြဒါးလုံးကြီးမှာ သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ဟိုဟိုသည်သည် လျှောက်ရင်းလှမ်းရင်းနဲ့ နှစ်နာရီလောက်ကြာတော့ ကားဆီကိုပြန်ကြတယ်။
            “ဟိုက် ကား မရှိတော့ဘူး”
            “ဟင် ဟုတ်လား၊ ဒီနေရာမှာ ထားတာသေချာလား”
            “သေချာတယ်၊ ဒီနေရာမှာပဲ”
            “Tow ဆွဲခံရတာများလား”
            “ဟုတ်လိမ့်မယ်၊ ပိုက်ဆံထည့်ထားတာက နာရီဝက်စာလောက်ပဲရှိတယ်”
            “ဟာ .. သေလိုက်ပါတော့”
            တယောက်တပေါက်ပြောရင်း ယောင်ခြာခြာဖြစ်နေကြတဲ့မိမိတို့အဖွဲ့ကို မိမိတို့ကားနေရာမှာ ကားရပ်ထားတဲ့ အမေရိကန်စုံတွဲက အကူအညီပေးတယ်။ စက်ထဲမှာTow Company ရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာနဲ့ကို ရှာပြီး လမ်းညွှန်ပေး တယ်။ ငိုက်စိုက် ငိုက်စိုက်နဲ့ တဖွဲ့ကြီး ချီတက်သွားကြတာပေါ့။
            ညွှန်လိုက်တာကတော့ အမှန်ပဲ၊ ဒါပေမယ့် အောက်ထပ်ထဲကို ဆင်းသွားရမယ်ဆိုတဲ့နေရာမှာ အောက်ထပ်ကို ဆင်းဘို့ အပေါက်ကို ရှာမတွေ့ကြဘူး။ ဒါကြောင့် တဖွဲ့လုံး ဟိုတယ်တွေထဲဝင်ပြီး ဓာတ်လှေခါးတွေနဲ့ အောက်ထဲကို ဆင်းလိုက်၊ ကားပါကင်တွေကိုသာတွေ့ပြီး ထွက်ပေါက်မတွေ့တာနဲ့ ပြန်တက်လာလိုက်၊ ဘယ်ဘက်ချိုးလိုက်၊ ညာဘက် ပြန်လာလိုက်နဲ့ အချိန်တွေအတော်ကုန်၊ ခြေတွေအတော်ညောင်းတဲ့အထိ Tow ကုမ္ဗဏီကိုရှာလို့မတွေ့ကြဘူး၊ နောက် ဆုံးတော့ ဟိုတယ်ထဲက မုန့်ဆိုင်တဆိုင်က အမဲမလေးတယောက်က Front Deskကိုခေါ်သွားပြီး မိမိတို့ကို ကူညီဘို့ ပြောပေးတာနဲ့ ထွက်ပေါက်နဲ့ ဆင်းပေါက်တွေကို အတိအကျ ရလာခဲ့ကြတယ်။
            စလျှောက်ကတည်းက ရောက်တဲ့ထိ တစ်နာရီခွဲလောက်အချိန်ကြာသွားတယ်။ ရောက်ပြန်တော့လည်း ချော ချောချူချူမပြီးပြန်ဘူး၊ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဟိုဟာတောင်း ဒီဟာတောင်းနဲ့ အများကြီးထပ်ကြာနေ တယ်။Registration စာရွက်တဲ့၊ ကားထဲမှာပါမလာဘူး၊ အဲဒါမရှိရင် ဘယ်လိုမှကားကို ပြန်မပေးနိုင်ဘူးတဲ့၊ အဲဒါမှ ဒုက္ခ၊ အိမ်မှာရှာခိုင်းဘို့ကလည်း နောက်ပိုင်းမှာလူမရှိ။ Car Registration Office ကိုဖုန်းခေါ်ပြီး ဖက်စ်ထိုးခိုင်းဘို့ဆိုပြန်တော့ လည်း ညရောက်ပြီမို့ ရုံးပိတ်သွားပြီ။ ကားက ဒီနေ့ပြန်ရွေးမှ ၂၀၀ လောက်နဲ့ပြီးမှာ၊ မရွေးနိုင်သေးလို့ တစ်ညအိပ်သွား ရင် (၁၀၀၀ကျော်ပေးရမှာ။ အဲဒါမှ အကြီးအကျယ် ဒုက္ခ။
            မိမိတို့ ဘုန်းကြီးတွေ ဝိုင်းပြီးတယောက်တပေါက် တောင်းဆိုကြတယ်။ ဘယ်လိုမှမရ၊ စာရွက်စာတမ်း အဓိကထားတဲ့တိုင်းပြည်ဆိုတော့ စာရွက်ပဲ အတင်းတောင်းနေတယ်။ တာဝန်ကျတဲ့အကောင်ကြီးက အတော် အပေါက်ဆိုး တယ် ။ ဘယ်လိုမှပြောလို့မရဘူး။ နောက်တော့ ဟိုဖုန်းဆက် ဒီဖုန်းဆက်နဲ့ အကြံတွေတောင်းကြရ တာပေါ့။ အဲဒီရုံးမှာတင် နှစ်နာရီလောက် ထပ်ကြာသွားတယ်။ မတ်တတ်တောင် မရပ်နိုင်ကြတော့လို့ တချို့ငုတ်တုတ် ထိုင်ကုန်တယ်။ ကိုယ့်လိုပဲ ကားဆွဲခံထိတဲ့ ကလေးတယောက်နဲ့ အမျိုးသမီးဆိုရင် ရှိုက်ကြီးတငင် ငိုယိုသွားရှာတယ်။
            နောက်တော့ ဖုန်းတွေအပြန်ပြန် အလှန်လှန်ပြောကြရင်း ကားတိုင်တယ်အကြောင်းပါလာတယ်။ ကားတိုင် တယ်ပြနိုင်ရင်လည်း ပြန်ပေးမယ်ဆိုတာသိရတော့မှ၊ လူတယောက်ကို အိမ်သွားခိုင်း၊ ကားတိုက်တယ်ကိုယူပြီး ဖက်စ် ပို့ခိုင်းလိုက်တော့မှ အဆင်ပြေသွားတော့တယ်။ နာရီဝက်လောက်ကြာလို့ ကားတိုင်တယ်ရောက်လာတော့မှ ကားဆွဲက (၁၆၀နဲ့ ဒဏ်ကြေး (၆၀ပေးပြီး ပြန်ထွက်လာခဲ့ကြရတယ်။ တညလုံးပြန်မောင်းလာကြတာ ည နှစ်နာရီထိုးမှ ကျောင်းပြန်ရောက်ကြတယ်။ အော် ဒါလည်း နှင်းတောထဲက အမှတ်တရ တစ်ခုပေပဲ။
            နောက်တရက် မနက်မိုးလင်းတော့ ကျောင်းတဝန်းလုံး နှင်းတွေနဲ့ ဖုံးအုပ်ထားတယ်။ မိမိတို့အဖွဲ့ စားသောက်ပြီး စက်တွေနှိုး စနိုးထိုးကြတော့တာပေါ့။ သြော် ဖြူဖြူရွရွ လှလှပပ စနိုးလေးတွေ၊ အားအလွန်ကောင်းတဲ့ စက်ကြီးနဲ့ အတင်းထိုးတာတောင် မရချင်ဘူး၊ ခဏခဏ စက်ရပ်သွားတယ်။ ခြေအိတ် လက်အိတ်တွေ စွပ်ထားပေမယ့် ထိုးရင်း ထိုးရင်း ခြေဖျားတွေလက်ဖျားတွေ အေးစက်လာတယ်၊ ခေါင်းတွေ နထင်ကြောတွေ တင်းကြပ်လာတယ်။
            ဘယ်သူ့မှ အပြစ်မတင်ပါဘူးလေ၊ ကိုယ့်ကိုကိုယ်ပဲ ကြိမ်းမောင်းလိုက်မိတယ် “ချစ်ချင်ဦးဟ စနိုး”
            မောင်စံ (သီတဂူ၊ ဖလော်ရီဒါ)
Dec 29, 2012
            
Posted by MoeMaKa at 9:18 PM 0 comments  

U Myo (Law) - Looking at 2012 Education Law


ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၁)
ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၁၊ ၂၀၁၃
၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး ဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - - - - - -)
ဥပဒေကြမ်း ကို သမိုင်းသင်ခန်းစာများနှင့် ဆက်စပ်၍ ဝေဖန် ဆန်းစစ် သုံးသပ်ချက်။  
အပိုင်း (၁)
ပညာသမာ၊ အာဘာနတ္ထိ စာတမ်းပါ ရင်ထိုးတံဆိပ်ဝိုင်း အ၀ါလေးတွေ၊ ကောင်းမှုတခု နေ့စဉ်ပြု ဒိုင်ယာရီ စာအုပ်ငယ်လေးတွေကို ခရိုင် ကျောင်းဆရာများ သမဂ္ဂ ခေါင်းဆောင် မူလတန်း ကျောင်းအုပ်ဆရာကြီး အိမ်တွင် ၁၉၆၂ ခုနှစ် မတိုင်မီက မျက်မြင်တွေ့ရှိဖူးပါသည်။
၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက်နေ့ကျတော့ အကို တက္ကသိုလ် ကျောင်းသားတွေ လက်ကျိုးပြီး ပတ်တီးတွေနဲ့ ဂျိုင်းထောက်တွေနဲ့ လေယာဉ်ပေါ်က ဆင်းလာကြသည်ကို မျက်စိထဲက ယနေ့ထိ ပြေးမထွက်သေးပါ။ အောက်မေ့ သတိရ နေမိသည်။ သြော်... တက္ကသိုလ် ပညာရေး... သွေးနဲ့ အရင်းတည်ခဲ့ရသည်ကိုး။
            ယခုတော့ တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို စစ်အုပ်စု တဖြစ်လဲ ကြံ့ဖွံ့ အစိုးရ လွှတ်တော်က အတည်ပြုဖို့ဆွေးနွေးရာမှာ ရပ်ဆိုင်းထားလိုက်ရကြောင်း သိရှိရ ပါသည်။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းလာသည့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို ရွှေ့ဆိုင်း၍ အသစ်ပြန်လည် ရေးဆွဲ ရန် ဇူလိုင်လ ၃၁ ရက်၌ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
 ဆွေးနွေးခဲ့ရာမှာ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးက “ကျွန်တော်တို့ နိုင်ငံရဲ့အနေအထားအရ တက္ကသိုလ်တွေဟာ ၀န်ကြီးဋ္ဌာန ၁၂ ခုအောက်မှာ တက္ကသိုလ်ပေါင်း ၁၆၅ ခုရှိပါတယ်။ ဒီဂရီကောလိပ်ပေါင်း ၆၄ ခုရှိပါတယ်။”ဟု ပြောပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ က
”တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ပြောတာသာ ဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ တက္ကသိုလ်အသီးသီးရဲ့ လွတ်လပ်ပိုင်ခွင့် ရှိဖို့အတွက် ပညာရေး ၀န်ကြီး ဌာနရဲ့ သြဇာလျှော့ချရေးကို ကျမတို့ အဓိကထားပြီးတော့ ပြောကြတာလို့ ကျွန်မနား လည်ပါတယ်” ဟု လည်းကောင်း၊
ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိနေ သည့် အချက်များ ပါဝင်သည့် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုကို ရွေ့ ဆိုင်းရန် အဆိုတင်သွင်းခဲ့သည် ဟု လည်းကောင်း၊
 “ဒီဥပဒေကြမ်း တစ်ခုလုံးကို ပြန် လည် ဆွေးနွေးပြီးတော့ ဒီနိုင်ငံနဲ့ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီးတော့ သင့်လျော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု လည်းကောင်း၊
“ဥပဒေကြမ်းကို ပြည်သူတွေအားလုံးက ကြည့်ပြီးတဲ့ အခါကျမှ ကျွန်မတို့ ပြည်သူ့လွှတ်တော်ကို ပြန်လာရမှာပါ။ အစကတည်း က ပရိုစီဂျာ နည်းနည်းမှားတယ်လို့ ကျွန်မ ယူဆပါတယ်” ဟုလည်းကောင်း၊
“အင်မတန်မှ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီး တဲ့၊  ဒီဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပေးဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးငှာ ကျွန်တော်တို့ အဆိုတင်သွင်း အပ်ပါတယ်” ဟုလည်းကောင်း၊
အဲဒီလို အခြေအနေတွေကြောင့် ပို၍ ပြည်စုံသော၊ ပို၍ နိုင်ငံအကျိုး သက်ရောက်သော၊ အထူးသဖြင့် ကျောင်းသားလူငယ်တွေရဲ့ အသံကိုပါ ကိုယ်စားပြုနိုင်သော တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းတစ်ခုကို ကျွန်တော်တို့ လွှတ်တော်က ထပ်မံဆွေးနွေးနိုင်ရေးအတွက်” ဟု လည်းကောင်း အသီးသီး တင်ပြသွား ကြသည်များကို ထင်ထင်ရှားရှား တွေ့ရှိရပါသည်။
            ပညာရေး မြှင့်တင်မှု ကော်မတီ၊ တက္ကသိုလ် ပညာရေး ဥပဒေ ပြုပြင်ရေး ဆွဲနိုင် ရေး အတွက် စိစစ်တင်ပြချက်တွင် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက် ဖြစ်သည့် ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တက္ကသိုလ် ပညာရေးဥပဒေ (၁၉၇၃ ခုနှစ်၊ ပြည် ထောင်စု မြန်မာနိုင်ငံ၊ တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၁၃) ၊ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ တက္ကသိုလ် ပညာရေးကို ပြင်ဆင်သည့် ဥပဒေ (၁၉၈၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄) ၊ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ၊ တက္ကသိုလ် ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၉/၈၉) နှင့် ၁၉ရ၃ ခုနှစ်၊ ပြည်ထောင်စု မြန် မာနိုင်ငံ၊ တက္ကသိုလ်ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၄/၉၈) တို့ ဖြင့် ယခု ပြဋ္ဌာန်းလာမည့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး ဥပဒေ ( ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် - - - - ) ကိုဘေးချင်းကပ် နှိုင်းယှဉ်ဖော်ပြထားသည်ကို တွေ့ရပါသည်။
ဖော်ပြထားချက်များ၏  တည်ဆဲဥပဒေ ပြဋ္ဌာန်းချက် စာတိုင် အောက်၌ အခန်း(၈) အထွေထွေအခန်းရှိ  ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနို်င်ငံတော်၊ တက္ကသိုလ် ပညာ ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၏ နောက်ဆုံးတွင် “ ၁၉၆၄ ခုနှစ်၊ ပြည်ထောင် စုမြန်မာနိုင်ငံ၊ တက္ကသိုလ်ပညာရေးကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။” ဟု ဖော်ပြ ပါရှိသည်။
၎င်းနှင့် ဘေးချင်းကပ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးမြှင့်တင်မှု ကော်မတီတို့ ညှိနှိုင်းပြင်ဆင်ချက် စာတိုင်အောက်ရှိ နောက်ဆုံးတွင် အထက်ဖော် ပြခဲ့ပြီးဖြစ်သည့် ၁၉၆၄ တက္ကသိုလ် ဥပဒေမှအပ ကျန်ဥပဒေများအားလုံးကို ဤဥပ ဒေဖြင့် ရုပ်သိမ်းလိုက်သည်၊ ဟုဖော်ပြထားပါသည်။ ဘေးချင်းကပ် အကျိုးအကြောင်း ဖော်ပြချက် စာတိုင်အောက်တွင် “၁၉၆၄ ခုနှစ်အစား ၁၉၇၃ ခုနှစ် ဥပဒေ၊ ၁၉၈၃ ခုနှစ် ဥပဒေ၊ ၁၉၈၉ နှင့် ၁၉၉၈ ခုနှစ် ဥပဒေ များဖြင့် အစားထိုး ပြင်ဆင်သည်၊” ဟုပါ ဖော်ပြထားသည်ကို တွေ့မြင်သိရှိရပါသည်။
 ၁၉၆၄ ခုနှစ် တက္ကသိုလ် ဥပဒေ ဆိုသည် မှာ  ၁၉၆၂ ခုနှစ် ၇ -ရက် ဂျူလိုင်လ၌ ကျောင်းသား တရာကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး တက္ကသိုလ်ကျောင်းသား သမဂ္ဂကို မိုင်းခွဲဖြိုဖျက်ပြီး နောက် ၂ နှစ်အကြာ တွင် စစ်အုပ်စု စစ်အာဏာ အောက်က တလမ်းသွားပညာရေးနှင့် ကျောင်းသားတွေကို ချုပ်ချယ်ရန် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်ကိုလည်း သီးသန့်နားလည်ထားရန် လိုအပ် ပါသည်။
ထိုဥပဒေမှ ထပ်ဆင့်ပေါက်ဖွားလာသည့် စစ်အုပ်စု န၀တနှင့် နအဖ စစ်ဖိနပ် အောက်က ဥပဒေများမှာလည်း မျောက်လောင်း မျောက်လောင်းပင်ဖြစ်သည်ကို မျက် မြင်တွေ့နေရသည့် ၈ လေးလုံး မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသားအနေဖြင့် သမိုင်းနောက်ကြောင်း အပြန်မခံနိုင်တော့ပါ။ ကျောင်းသားရှိရင် သမဂ္ဂရှိရမယ် စိတ် ဓါတ်အပြည့်ဖြင့် လှုပ်ရှားနေကြပြီ။ ပေါ်ထွက်လာမည့် ယခင်ကကဲ့သို့ တက္ကသိုလ် ပညာ ရေး ဥပဒေမျိုးနှင့် တူညီမည့် ဥပဒေများကို လားလားမှ လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် အမျိုးသား ပညာရေး စနစ်ကို မြှင့်တင်နိုင်မည့် ပညာရေး ဥပဒေများအတွက် ၈ လေးလုံး တက္ကသိုလ် ကျောင်းသားခေါင်းဆောင်များ၏ ပါဝင်ရေးဆွဲနိုင်မှုကို အလေး ထား ဖေါ်ထုတ်သွားရပါမည်။
            ကိုလိုနီ ပညာရေးကို အဆုံးသတ်စေခဲ့သည့် ကျောင်းသား သမဂ္ဂများ၏ တိုက်ပွဲ ကို ဦးစွာပထမ အသိအမှတ် ပြုကို ပြုရပါမည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တက္က သိုလ် ကျောင်းသားသမဂ္ဂများ၏ ပါဝင်ရာအခန်းကဏ္ဍကို မရမနေ ရရှိအောင် တောင်း ဆိုရပါတော့မည်။
 တက္ကသိုလ်ပညာရေး ဥပဒေ ရေးဆွဲရေးတွင် တက္ကသိုလ် ကျောင်း သား သမဂ္ဂ ခေါင်းဆောင်များ ပါဝင်ရပါမည်။ အထူးသဖြင့် ၈ လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ရပါမည်။ လက်ရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂ များဦးဆောင်သည့် ညီလာခံတရပ်ကိုလည်း ကျင်းပသင့်ပါသည်။ တပါတီ အာဏာရှင် စနစ်အောက်က မည်သည့် ကိုလိုနီ ပညာရေးစနစ်မျိုးကိုမှ မြန်မာမြေပေါ်တွင် မတည်ရှိ စေသင့်ပါ။ လွှတ်တော်သက်သက် နိုင်ငံရေးသည် အမျိုးသား နိုင်ငံရေး မဟုတ်ကြောင်း ကို ပြတ်ပြတ်သားသား တတ်သိနားလည်ထားသော အမျိုးသားနိုင်ငံရေး (၀ါ) ပြည်သူ့ နိုင်ငံရေးစနစ်ကို ဖော်ဆောင်မည့် ကျောင်းတော်သားကြီးများ ရှေ့တလှမ်းတက်ကြ ရပါမည်။ ဒီမိုကရေစီပညာရေးကို သွေးဖြင့် အရင်းတည်ခဲ့သော ၆၂ ကျောင်းသားခေါင်း ဆောင်များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရပါမည်။ ထိုမှတပါး တခြားလမ်း မရှိပြီ။ ယနေ့ထိ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်က တက္ကသိုလ် ပညာရေး ဥပဒေ များနှင့် လားလားမျှ မတူနိုင်သည့် ဒီမိုကရေစီ ပညာရေးစနစ်အတွက် အာမခံချက်ရှိမည့် ဥပဒေသာ ဖြစ်သင့်ပါသည်။ 
            ဒီမိုကရေစီ ပညာရေး စနစ်ကို အကောင်အထည်ဖော်မည် ဆိုလျှင် ဒီမိုကရေစီ နည်းလမ်းတကျ ပါဝင်သင့်သည့် ပါဝင်ရမည့် ပုဂ္ဂိုလ်များ ပါဝင်ရပါမည်။ စစ်ဘက်ဆိုင်ရာ မည်သည့် ၀န်ကြီး၊ ၀န်ကလေးများမှ မပါဝင်သင့်ပါ။၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိဒါန်း၌ပင် စစ်တပ်က အာဏာသိမ်းပိုက်ထား သည်ကို တရားဝင် အတည်ပြုထားသောကြောင့် ဖြစ်ပါသည်။ 
ပထမအဆင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂများ ညီလာခံ တရပ်ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးရပါမည်။ မည်သည့် အုပ်ချုပ်ရေး အာဏာပိုင်မျှ ပါဝင်ခွင့် မရှိသင့်ပါ။ မိဘ ဆရာ ကျောင်းသားများသာ ပါဝင်သင့်ပါသည်။ မိဘဆိုသည်မှာ အမျိုးသားနိုင်ငံရေးကို ဖော် ဆောင်သည့် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများက ခေါင်းဆောင်များကို ဆိုလိုပါ သည်။ လွှတ်တော် ကိုယ်စားလှယ် ဟုတ်-မဟုတ် အကြောင်း မဟုတ်ပါ။ ဆရာ ဆို သည်မှာ အာဏာရအစိုးရ၏  လက်ကိုင်တုတ်မဟုတ်သော သမာသမတ်ရှိသည့် ရှေ့မီ နောက်မီ ဆရာကြီးများ၊ စာရေးဆရာကြီးများ ကိုဆိုလိုပါသည်။ ကျောင်းသားဆို သည်မှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများကို ဆိုလိုပါသည်။ သုံးယောက်ပေါင်း လောင်းကျော် နိုင်ရပါမည်။     
ဦးမျိုး (ဥပဒေ)
၆ - ၆ - ၂၀၁၂
(ဆက်လက်ဖော်ပြပါမည်)

Posted by MoeMaKa at 9:06 PM 0 comments  

Lai Lone - Cartoon

ဒီကနေ့ ပွဲစဉ်
ကာတွန်း - လိုင်လုဏ်
ဇန်န၀ါရီ ၁၊ ၂၀၁၃

Mon Oo Myay - Articles

ဟိုး (အီ့) အန်းမြို့ကလေး၊ အလယ်ပိုင်း ဗီယက်နမ်နိုင်ငံ
Hoi An Town, Central Vietnam
မွန်ဦးမြေ
ဇန်န၀ါရီ ၁၊ ၂၀၁၃

  










ဟိုး (အီ့) အန်း မြို့သူကလေးများနှင့် မြို့မြေပုံ

အရှေ့ တောင်အာရှ၏အလွန်လှပသောပင်လယ်ကမ်းချေမြို့ကလေးတခုအကြောင်းကိုတင်ပြလိုပါသည်။ အလယ်ပိုင်းဗီယက်နမ် နိုင်ငံ၏ အရေးပါသောဆိပ်ကမ်းမြို့ကလေးတခုလည်းဖြစ်ပြီး အရွယ်အစားမှာပုဂံနှင့် ညောင်ဦးမြို့နယ်နှစ်ခုပေါင်းထားသည် လောက်ရှိမည် ဟု ထင်ပါသည်။ လူဦးရေအကျန်းအားဖြင့် တစ်သိန်းနှစ်သောင်း ခန့် ရှိမည်ဟု့ Wikipedia Encyclopedia ကရေး ထားပြီး အကျယ် အ၀န်း အားဖြင့် ၆၀ စတုရန်းကီလိုမီတာခန့် ရှိပြီး၊ ကျွန်းစွယ်လို အနေအထားပေါ်မှာ ရပ်ကွက် ၉ ခုဖြင့်ဖွဲ့ စည်းထားပါသည်။

 
မြို့တွင်းဈေးနှင့် မြစ်ဆိပ်ကမ်းဈေး၊ မိမိလယ်ရာထွက်ပစ္စည်းများကို အဓိကရောင်းနေသော လယ်သူများ

မြို့ကလေးမှာ မကြီးလှသော်လည်း UNESCO မှ ကမ္ဘာ့အမွေအနှစ်မြို့ကလေးအဖြစ်သတ်မှတ်ထားသည်ကြောင့် အခြားဗီယက်နမ်မြို့များ နှင့်မတူဘဲ အစစလှပ သတ်ရပ်နေခြင်းမှာ အထူးချစ်စရာကောင်းလှပါသည်။ ခရစ်သက္ကရစ်အစပိုင်းလောက်ကထဲက တည်ရှိခဲ့သောရေ လုပ်သားရွာကလေးမှာ ၁၅ ရာစုခေတ်ရောက်သောအခါ၊ အရှေ့ တောင်အာရှ၏အရေးပါသောကုန်ကူး သန်း ရောင်းဝယ်ရေး ဆိပ်ကမ်းမြို့ ကလေးအဖြစ်ထင်ရှားလာပါသည်။ ရာသီမရွေး လှေ သင်္ဘောကြီးများဝင်ထွက်သွားလာနိုင်ပြီး ကုန်တင်ကုန်ချလွယ်ကူသော မြစ်ချောင်း များ ကုန်းတွင်းပိုင်းမှ စီးဆင်း ပြီး ဌင်းမြို့ကလေးမှ ပင်လယ်ထဲကို ပေါင်းစည်းကြပါ သည်။

 
ပတိုက်မှာပြထားသော ရှေးဟိုး (အီ့) အန်းဆိမ်ကမ်းကိုဝင်ထွက်သော ကုန်တင်လှေနှင့် အရာရှိလှေတို့၏ပုံစံငယ်

ဟိုး(အီ့)အန်းမြို့၏ အနောက်မြောက် ကိလိုမီတာ ၃၀ ခန့် မှာ ဒါနန် (Danang) ဆိုသော တချိန်က မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဘူးသော မြို့ကြီးရှိပါသည်။ ဒါနန်မြို့မှာ မြန်မာစာဖတ်ပရိသတ်နှင့်မဝေးလှပါ။ အမေရိကန် ဗီယက်နမ်စစ်ပွဲမှာလေတပ်ဗိုလ် ချုပ်ကြီး ငုရင်ကောင်ကီး (ကိုဝင်းဦး နှုပ်ခမ်းမွှေးမျိုးနှင့်) ဗီယက်ကောင်းများကို ဗုံးကျဲတိုက်ခိုက်ရာမှာ အဓိကကြသောလေတပ် စစ်စခမ်းမြို့ဖြစ်ပါသည်။ ဌင်းမြို့မှဘဲ နောက်ဆုံးစစ်ပွဲအဖြစ် ဗိုလ်ချုပ်ကြီးကိုယ်တိုင်လေယဉ်မောင်းပြီး ဗုံးကျဲတိုက်ခိုက်ခါ အမေရိ ကန်လေယဉ်တင်သင်္ဘော ကြီးပေါ်မှာခိုလှုံခွင့် တောင်းခဲ့သော သတင်းကို ကျနော်တို့လူပျိုပေါက်စက ဟီးရိုးကြီးသဖွယ်နောင် တော်ကြီးများက ရှင်းပြသည်ကို မမေ့နိုင်ပါခင်ဗျား။

 
ဆိပ်ကမ်းဘေး ကော်ဖီဆိုင်နှင့် Custom Made သားရေဖိနပ်ဆိုင် 

ကျနော်တို့ငယ်ရွယ်စဉ်အခါက ၀န်ကြီးချုပ်ဦးနုရဲ့ -လူထုအောင်သံ- စာအုပ်ကိုလည်းဖတ်ဖူးသည်၊ ညစဉ်လိုလိုဘဲ အမေရိကန်မှ ပေးပို့လိုက် တဲ့ ကားသစ်ကြီးတွေ ရုပ်ရှင်ပြစက်တွေနဲ့ လမ်းဘေးမှာ အခမဲ့ပြတာကို မမြင်ခြင်မှအဆုံး၊ ကွန်မြူနစ်ကိုမုန်းခဲ့သည်။ နောက်ဗိုလ်ချုပ်အောင် ကြီးရဲ့ ကွန်မြူနစ်မုန်းတီးရေးကြောင့် အဖွဲ့ ချုပ်မှနှုပ်ထွက်ခဲ့ပုံများကို ယခုထက်တိုင် ဖတ်နေရတုံးကြားနေရ တုံးပါဘဲ။ မကုန်နိုင်လောက်အောင်များပြားလှတဲ့ အာကာဒတွေ သာကီဝင် မင်း မျိုးတွေနေတဲ့ ကမ္ဘာ့ထိတ်တန်း အယဉ်ကျေးဆုံး မြန်မာပြည်ကြီးမှာ ဘာပြုလို့အခုထက်ထိ ပြည်ဖုံးကားမချနိုင် ကြတာလဲ ? ? ? ။ အထူးသဖြင့် အရင်တုံးကကော အခုလူကြီးလုပ် အာဏာရနေတဲ့ လူတွေကော၊ နောက်အဏာရ လာ မဲ့လူကြီးတွေကိုကော ဘာပြုလို့ဗီယက်နမ်နိုင်ငံရဲ့ သာဓကတွေကို မလေ့လာ မကြည့်ရှု မသုံးသတ်နိုင်ကြပါသလဲလို့ ? ။ ကျနော်မှားနေတာတွေ့ ရင် ထောက်ပြကြစမ်းပါ။

 
အမွှေးတိုင်တခါမီးညှိထားလျှင် တစ်လနီးပါးခံသော အမွှေးတိုင်အခွေကြီးများကို လုပ်သောမြို့ကလေး

ဗီယက်ကောင်း ကွန်မြူနစ်တွေကိုမုန်းလွန်းလို့ အကြိမ်ပေါင်းထောင်ချီပြီး ဗုံးကျဲခဲ့တဲ့ လေတပ်ဗိုလ်ချုပ်ကြီးငုရင်ကောင်ကီး အခု ဘယ်မှာနေသ လည်း ? ။ အခုရေးနေတဲ့ ဒါနန်မြို့နဲ့ဟိုး (အီ့) အန်းမြို့ကလေး ကြားမှာရှိတဲ့အရှေ တောင်အာရှအလှဆုံးပင်လယ် ကမ်းခြေမှာ သူပိုင် ကြယ် ငါးပွင့် ဟော်တယ်ကြီးမှာ တနှစ် ၆ လဇိမ်ခံပြီး ၆ လ အမေရိကန်မှာပြန်နေတယ်တဲ့။ သူဇိန်ခံတာကို မနာလိုစရာဘာမှ မရှိပါဘူး၊ ဒါပေမဲ့ ကျနော်တို့သိထားတဲ့ ဘုရားမရှိ တရားမရှိ ကွန်မြူနစ်ဗီယက်နမ်အစိုးရက ဘာပြုလို့တရားဝင်ခွင့်ပြုထားသလဲ။ ကွန်မြူနစ်ချင်း အတူတူဘာပြု လို့ တရုတ်ပြည်မှာ ခွင့်မလွှတ်နိုင်တာကို ဗီယက်နမ်ကွန်မြူနစ်က ခွင့်လွှတ်နိုင်တာလဲဆိုတာကို နယူးယောက်က ကုလသမဂ္ဂအဆောက် အဦးကြီးမှာသွားရှာနေမှာလဲ။ ဟိုး (အီ့) အန်းမှာ ညအိပ်ညနေလမ်းလျှောက်ရင်း သုတေသနပြုပါလား သမိုင်းပညာရှင်ကြီးတို့ရယ်။ ကွန်မြူ နစ်တွေက - အ - နေလို့လား ? ၊ ကျနော်တို့ မြန်မာနိုင်ငံက - မအ -တာကြောင့် ငြိမ်းချမ်းရေးမရတာဆိုရင်တော့ ၊ ကျနော် -အအ-ကိုဘဲ ကြိုက်တယ် - - -

 
မီးပုံးကလေးများရောင်းသောဆိုင်နှင့် ၀ယ်သူစိတ်တိုင်းကြ ရက်လုပ်ပေးသော မီးပုံကျွမ်းကျင်ဆရာ

အပြည်ပြည်ဆိုင်ရာခရီးသွားများ ဒါနန်မြို့က လေယဉ်ကွင်းမှာ ဆင်းပြီးမှ၊ ဟိုး (အီ့) အန်းကို ကားဖြင့်သွားရပါမည်။ မြို့ကလေးမှာ မကြီးလှ သော်လည်း၊ မြို့ကြီးများတွင်မရနိုင်သောလုပ်သားများ၏ ကျွမ်းကျင်မှု၊ ၀ယ်သူစိတ်တိုင်းကြပြု ပြင်ပေးမှု အပြင်အောက် ပါ အချက်များကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများ၏ နှစ်သက်ရာ စခမ်းကလေးတခု ဖြစ်ပါသည်။

 
နာမည်ကြီးလှသော Yaly (Custom Made) ဆိုင်ရှေ့မှာစောင့်နေသော ၀ယ်သူများနှင့် သားရေအမျိုးမျိုးချုပ်ဆိုင်

၁။ ဈေးချိုသာပြီး ၀ယ်ယူသူစိတ်တိုင်းကြ ချုပ်ပေးသောဆိုင်များတွင်၊ အ၀တ်စအမျိုးမျိုးကို စိတ်ရှည်လက်ရှည်မည်သည့်ချုပ်ရိုး မျိုးက ကြာ ရှည်ခိုင်သည်၊ ချုပ်ရိုးသေသတ်သည်ကအစ ရှင်းပြပေးပါသည်။ ပထမနေ့တွင် အ၀တ်စရွေး၊ ပုံစံအတည်ပြု၊ ဈေးနှုံး သတ်မှတ်၊ ကိုယ်အ တိုင်းအတာပြုပြီး၊ နောက်တနေ့မှာ အစမ်းဝတ်၊ အကျင်းအကြယ်လိုသလိုပြင်ဆင်ပြီး။ တတိယနေ့မှာသွားယူရတာပါဘဲ။ အထူးသဖြင့် သုံးရက်ခန့် နေဖြစ်အောင် ဆွဲဆောင်ထားတာကို ကျနော့အနေနဲ့စိတ်တိုင်းမကြသော်လည်း၊ နောက်ပိုင်း မြို့တွင်းက အစားအသောက်များ တပ်မက်ပြီးသုံးရက်ဆိုတာနည်းတယ်လို့ထင်မိပါတယ် (အော်-လူဆိုတာတယ်ခက်ပါလား)။ အနောက်နိုင်ငံများမှ Custom Made များထက် ဈေးနှုန်းမှာ လေးပုံ တစ်ပုံခန့်သာရှိပါသည်။ အထူးသဖြင့်သားရေ ဂျာကင်များ၊ ကုတ်အင်္ကျီများ၊ အမျိုးသမီးအ၀တ်အစား အမျိုးမျိုး များမှာ ချုပ်ရိုးကောင်းပြီးသေသတ်လှပါသည်။ ၀ယ်ယူသူ စိတ်တိုင်းကြချုပ်ပေးသော ဆိုင်အများ ရှိသော်လည်း၊ Yaly ဆိုသောဆိုင်မှာ မြို့တွင်း တွင် သုံးဆိုင်ရှိပြီး ၀ယ်ယူသူများ ပြည့်နေ တပ်ပါသည်။ ဈေးနှုံမှန်ပြီး အတက်အကျမရှိလှပါ၊ လက်ရာ ကောင်းသည်၊ နမူနာအစများသည်ကြောင့် နိုင်ငံခြားသားများပြည့် နေတပ်ပါသည်။ ရောက်လျှင်ကြည့်သင့်သောဆိုင်တစ်ဆိုင်ဖြစ်ပါသည် (Web site: www.yalycouture.com).

 
အပူဒဏ်ကိုခံနိုင်အောင် အိမ်အမိုးတွင် နွယ်ပင်များနှင့် ငှက်အိမ်များချိတ်ဆွဲထားတပ်ပါသည်။
လက်ဝတ်ရတနာဝယ်သူ စိတ်တိုင်းကြပြုပြင်ပေးဆိုင်


၂။ ၀ယ်သူ စိတ်တိုင်းကြ ချုပ်ပေးသော ရှူးဖိနပ်များ၊ သားရေဂွင်းထိုး ညှပ်ဖိနပ်များ၊ အမျိုးသမီး ဒေါက်ဖိနပ် ဆိုင်များလည်း အများအပြားရှိပါ သည်။ ဌင်းတို့အထဲက The Pretty Stars (www.kimanhshoes.com) ဖိနပ်ဆိုင်ဟာလည်း ဖေါက်သည်များဖြင့်ပြည့်နေတပ်ပါသည်။ အနောက်နိုင်ငံ ကုန်တိုက်ကြီးများတွင်ပြထားသော ဒေါ်လာ ၅၀၀ ~ ၆၀၀ တန် သားရေဖိနပ်များ ကို Custom Made ဒေါ်လာ ၈၀ ~ ၁၀၀ လောက်နှင့် ရနိုင်ပါသည်။ အထက်ပါ အ၀တ်အစားများအတိုင်း၊ အတိုင်းယူပြီး နောက်တနေ့ အကျဉ်းအကြယ် ပြင်ဆင်ပေးပါသည်၊ လက် ရာနှင့် ချုပ်ရိုးသေသတ်ပြီး ကော်ကပ်များမဟုတ်ပါ။ အထက်ပါအ၀တ်များချုပ်သော Yaly ဆိုင်တွင်လည်း ဖိနပ်မျိုးစုံ Custom Made ရပါ သည်။

၃။ လက်ဝတ်ရတနာ ပစ္စည်းများလည်း ၀ယ်သူစိတ်တိုင်းကြလုပ်ပေးသော ဆိုင်များလည်း ရှိပါသည်။ မိမိယူလာသော ကျောက်မျက် ရတနာ များကို ရွှေ ငွေ ပလတ်တီနမ်များဖြင့် ပုံစံအမျိုးမျိုးပြုလုပ်ပေးပါသည်။ ဟိုး(အိ့)အန်းမြို့ကလေး၏ ရှေးအစဉ်အဆက် ထဲက တရုတ်နိုင်ငံ၏ ပန်းတိန်အကျော်အမော်များ မင်းပစ်မင်းဒါဏ်၊ သို့ မဟုတ် လက်ရာအကောင်းဆုံးပြုလုပ်ပြီးပါက သက်ဦးစံပိုင်တို့၏ အငြိုငြင်မခံရမှီ ထွက်ပြေးလာရသော အနုပညာအကျော်အမော်များ စုစည်းရာအရပ် ဖြစ်နေသောကြောင့်၊ လက်ရာ နှင့်ခိုင်ခန့် ပုံမှာ စံတင်ထားလောက်သော နေရာတစ်ခုဖြစ်ပါသည်။ ဘိုးစဉ်ဘောင်ဆက်က ထိမ်းသိမ်းလာသော အနုပညာရှေး ဟောင်းအိမ်ကြီးများကို ယခုမှရောက်လာသော လက် သင်များ ပညာဆည်းပူးရန်သာဖြစ်ပြီး၊ ဈေးကွက်ကို ၀င်မတိုးနိုင်ပါ။

 
မြို့တွင်း အိမ်ဆိုင်များနှင့် လမ်းသွယ်များ။ မော်တော်ဆိုင်ကယ်များနှင့်ကားများကို အချိန်ပိုင်းနှင့်သာဝင်ထွက်သွားလာခွင့်ပြုထားပါသည်။

၎။ ဟိုး(အီ့)အန်းမြို့ကလေး၏ ကျနော့်အကြိုက်ဆုံးကို ပြောရရင် - အလယ်ပိုင်း ဗီယက်နမ်စားသောက်ဖွယ် ဆိုင်များပင်ဖြစ်ပါသည်။ အများ အားဖြင့် ဗီယက်နမ်အကြိုက်၊ ဆီနည်းပြီး လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များပါနေခြင်းကြောင့်၊ မြို့ထဲတွင် လူဝကြီးများတွေ့ ရ ခဲပါသည်။ ကျနော့်အကြိုက်ဆုံးများထဲမှတစ်ခုကို ဖေါ်ပြရလျှင် - ပေါက်စီနှင့် တွဲဖက်၍စားသော ၀က်သားပေါင်းဖြစ်ပါသည်။ ၀က်သားပေါင်း လို့ ကျနော်တို့ဗမာတွေခေါ်ပေမဲ့လည်း ၀က်သားမပါပါ။ သူတို့အခေါ် White Rose လို့ခေါ်ပြီး အကြည်ရောင် ဂျုံဝိုင်းကလေးကို နှင်းဆီပန်း ပုံဖေါ်ပြီး အထဲတွင် ပုဇွန်ကျော့ကလေးများပေါင်းထားသည့်အရသာကို မမေ့နိုင်တော့ပါ။ အဲဒီ့ ပုဇွန်ပေါင်းကို တမြို့လုံးမှာ တစ်အိမ်ထောင် ထဲကသာလုပ်ပြီး အစဉ်အဆက်လုပ်လာသည်မှာ နှစ်ပေါင်း ၁၂၀ ရှိပါပြီးတဲ့၊ မြို့တွင်းကဆိုင်တိုင်းလိုလိုမှာနေ့တိုင်း ဖြန့် ဝေတင်ထားပါတယ်၊ နောက်တနေ့ အကျန်ပြန်ရောင်းတာမရှိပါတဲ့။ တခြားနိုင်ငံခြားသားများ စားသုံးတာကတော့၊ ကျနော်တို့ ရန်ကုန်က ကြာဇံကျေးအိုး လိုဟာမျိုးကို - ဘုံချာချာ- လို့ခေါ်ပြီး၊ ကိုယ့်ဟာကိုယ် လိပ်ယူရသော ကော်ပြန့် စိမ်းနှင့် မိန်ရေရှက်ရေ စားသုံးနေကြတတာကို သွားရည် ယိုမိပါသည်။ ကျန်စားသောက်စရာများကို အထူးရေးနေစရာမလိုတော့ပါ၊ တကယ်သုံးရက်ထဲနေရတာကို အပြစ်တင်မိပါသည်။ ပင်လယ် ကမ်း ခြေသွား ရေကူး ဆော့ကစားပြီး ထမင်းဆာဆာနှင့် မြို့ထဲကစားသောက်ဆိုင်မှာ တနေ့ပြီးတနေ့ မတူတာတွေမှာစားနေခဲ့တဲ့ သုံးရက် ဟာ လျှပ်တစ်ပြက် ဟိုး (အီ့) အန်းလို့ထင်ခဲ့ပြီး၊ နောက်တခါဆိုရင်တော့ ၇ ရက်အနည်းဆုံးနေမယ်လို့ (အလုပ်ရှင်ခွင့်ပြုရင်ပေါ့လေ)။ အစား အသောက်ဝါသနာပါသူများ www.hoian famous food.com မှာဖွင့်ကြည့်နိုင်ပါတယ်။

 
ကော်ပြန့်ကျော်နှင့် ဟင်းသီးဟင်းရွက်များကို ဆိုင်တိုင်းလိုလိုတွင် ရနိုင်ပါသည်

များသောအားဖြင့် စားသောက်ဆိုင်အတော်များများကို ကျနော်ကြိုက်ပါသည်။ UNESCO ၏ကြီးကျပ်ညွှန်ကြားမှုများအရ တခု နှင့်တခု များစွာမတူလှပါ။ ပြင်ဆင်မှုထူးခြားတဲ့ ဆိုင်တစ်ခုအကြောင်းပြရရင် Morning Glory (www.restaurant-hoian.com) ဖြစ်ပါသည်။ ဆိုင်၏ အလယ်မှာ စားဖိုမှူးနှင့် မီးဖိုကိုပြပြီး ချက်ပြုတ်ပါသည်။ သေသေသတ်သတ် ကျွမ်းကျင်မှုကို စကားတစ်ခွန်းမှမပြောပဲ ချက်ပြုတ် ပြသွားသည် မှာအထူးအဆန်းဖြစ်နေပါသည်။ ဟိုး (အီ့) အန်း အစားအသောက်များမှာ ဗီယက်နမ်ပုံစံက အဓိကဖြစ်နေသော်လည်း၊ တရုတ်၊ ပြင်သစ်၊ ဂျပန် အစားအစာများ၏ ကောင်းနိုးရာရာများကို ပါးပါးကလေး လှီးထဲ့ထားတာကိုက အနောက်နိုင်ငံအခေါ် လုံးလုံးကြီး Fusion လို့ခေါ်ရန် လည်း ကျနော်မဆုံးဖြတ်နိုင်ခဲ့ပါ။ နောက်တစ်ခါရောက်ခဲ့ရင်တော့ ပိုမို သေခြာတဲ့အဖြေနှင့်တင်ပြပါဦးမည်။

ပင်လယ်ကမ်းချေမှာ ခရုကောက်နေတဲ့ ကောင်ကလေးက ပင်လယ်ထဲမှာ ဘာရှိသလည်း ဆိုတာဘယ်သိနိုင်ပါ့ မလည်း။ အဲဒီ့လိုဘဲ ဟိုး(အီ့)အန်း ကစားသောက်ဆိုင်တွေမှာ စားကောင်းတာသာသိတဲ့ ကောင်ကလေးဟာ ဘာ့ကြောင့်ကောင်းတာလဲလို့မေးရင် ဘယ်လိုဖြေရပါ့ မလည်း။ သို့သော် ကျနော်တို့နဲ့အတူပါလာတဲ့ ခရီးသည်တွေ ထဲမှ ဂျပန်စားဖိုမှူး ပြောတာ ကတော့ - သူတို့အစား အသောက်ပြင်ဆင်တာကော၊ ချက်ပြုတ်တာတွေထဲမှာ (Chikara, Power & Force) အင်အားတွေပါနေ တာကြောင့် မတိန်ကောနိုင်ဘဲ လူထုရှာမှာ အမြဲစွဲကျန်ရစ်စေလိမ့်မယ်လို့ပြောတယ်။ ကျနော်လို လူဗိန်းတစ်ယောက် ဘယ်လို လုပ်ပြီး ခင်ဗျားစကားကိုနားလယ် နိုင်မှာ လည်းလို့မေးတော့။ အကျန်းအားဖြင့် ခင်ဗျားနားလယ် အောင်ပြောရမယ်ဆိုရင်၊ Scotch Whisky ဘာပြုလို့အတုမလုပ်ထာလည်း၊ မလုပ်နိုင်လို့မဟုတ်ဖူး၊ နေရာနဲ့ဒေသ Place ကို မတူနိုင်တာကြောင့် မလုပ် ကြတာဘဲတဲ့။ ကျုပ်တို့ဂျပန်တွေဟာ သူများနိုင်ငံက ကောင်းနိုးရာရာတွေကိုယူလာပြီး၊ ဂျပန်မှုပြု တယ်၊ နောက်ပြီး သူ့ မူရင်း ထက်ကောင်းအောင်လုပ်ဆောင်နိုင်တယ်။ ဥပမာ Tea Ceremony, Ikebana (Flower arrangement) တို့ဆိုတာ ဂျပန်က မူရင်းမဟုတ်ဖူး၊ ရှေးတရုတ်ပြည်ကြီးကယူလာတာ။ အခုဆို ကမ္ဘာကသိနေတာက ဂျပန်မူရင်းလိုလိုသိနေကြတယ်။ အဲဒါမျိုးတွေအ များကြီးဘဲ၊ ဒါပေမဲ့နေရာဒေသအစွဲကြီးလှတဲ့ Scotch Whiskyကိုတု လည်းအပိုဘဲဆိုတာကို ဂျပန်တိုင်းမွေးရာပါသိနေ ကြတယ်၊ ဘယ်သူ မှမသင်ပြဘူး။ သူပြောတာတွေကျနော်အားလုံးအကုန် နားမလည်နိုင်ပါခင်ဗျား၊ ကျနော့ထက် ပညာဉာဏ်ကြီးသူများ နောင်လာ နောက်သား များအား သွန်သင်ဆုံးမနိုင်အောင် တင်ပြခြင်းသာဖြစ်ပါတယ်။

 
အလယ်ပိုင်းဗီယက်နမ် အစားအစာများမှာ ဆီနည်းပြီး ဟင်းသီးဟင်းရွက်များတာကြောင့် လူဝကြီးများကိုမြင်ရခဲပါသည်။

ရှေးဟောင်းမြို့ကလေးဖြစ်သည်ကြောင့် ရှေးပုံစံအတိုင်း၊ ပြင်ဆင်ထားသော သမိုင်းဝင်အိမ်များ၊ ဘုရားကျောင်းများ၊ ရှေးအစည်းအဝေး ခန်းမများ၊ ပြတိုက်အမျိုးမျိုး၊ အိုးနှင့်ကြွေရည်သုတ်လုပ်ငန်းများ အလုပ်ရုံများ စသည်ဖြင့်စိတ်ဝင်စားစရာ သုတေသီများအတွက်ကုန်ကျန်း ကော ကုန်ချောပါထုပ်လုပ်ရာမြို့ကလေးဖြစ်နေခြင်း၏ နောက်ကွယ်ရာမှာ UNESCO မှ ကျွမ်းကျင် ပညာ ရှင်များ၏ လက်ရာဆိုလျှင်မမှား နိုင်ပေ။ ဗီယက်နမ်အစိုးရ၏ မူဝါဒများမှာ၊ အခြေခံလူတန်းစားများ စားဝတ်နေရေး မြှင့်တင်ပေးရေး သာလျှင်အဓိကဖြစ်ပြီး၊ World Heritage Site ဖြစ်လာရေးမှာ၊ UNESCO ကိုအားလုံးနီးနီးလွှဲထားသောကြောင့်၊ ကမ္ဘာလှည့် ခရီးသည်များ ဗီယက်နမ်ယဉ်ကျေး မှုကို လေ့လာရန်အကောင်းဆုံးအခွင့်အရေးဖြစ်ပါသည်။

အမှန်အတိုင်းကိုဝန်ခံရလျှင် ကျနော်တို့ပုဂံမြေဟာ ပိုပြီးရှေးကြပါသည်။ အံမခန်းနိုင်လောက်အောင် ရှေးဟောင်းအမွေအနှစ်များဒုနှင့်ဒေး ရှိပေမဲ့လည်း၊ UNESCO ၏ကြည့်ရှု့ စောင့်ရှောက်ခြင်းကို မခံရပါ၊ အကြောင်းရင်းအဓိကမှာ ကျနော်တို့၏ ထိပ်ဆုံး မှလူကြီးများ ငါတ ကောကောခြင်းကြောင့် ဖြစ်သည်ဆိုလျှင် လွန်ရာကြမည်လာ ? ။ ထိုင်း - ဘန်ကောက် အခြေစိုက် UNESCO မှတာဝန်ခံ ကျွမ်းကျင်သူ တစ်ဦးနှင့် စာရေးသူတွေ့ ဆုံစဉ်အခါက မေးဘူးပါသည် - ဘာပြု့ လို့ပုဂံကိုပြုပြင်ဘို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ်အဖြစ်မသတ် မှတ်သေးတာလည်းလို့မေးကြည့်တော့ - ၊ သူတို့ UNESCO ကတားနေတဲ့အထဲက ဘုရားတွေဖြိုပြီး ဂေါက်ကွင်းဆောက်တယ်၊ တချို့  ရှေး ဘုရားတွေ ဂေါက်ကွင်းအလယ်မှာထားခဲ့ပြီး ဂေါက်ရိုက်တော့ ဘုရားကိုသွားမှန်တယ် - ကောင်းသလားတဲ့ ? ။ ဂေါက်ကစားသူ တွေအတွက် အဆင်ပြေစေရန် ဂေါက်ကွင်းအ၀င်ဝနားမှာ ဟော်တယ်တွေ ကလပ်တွေဆောက်တယ်၊ ရှေးဟောင်းပုဂံကိုအ၀င်ဝ မင်းလမ်းမကြီး ခါးဖြတ်ပြီး မြေညှီ့ စက်ကြီးဖြင့်ထိုးလိုက်တော့ အပိုင်းပိုင်းပြတ်သွားတယ်၊ လူထုကိုဖုံးကွယ်ထားတယ်၊ ဘယ်မှာလည်း ထင်သာမြင်သာဆိုတာ။

ရွှေရောင်တွေဖိတ်ဖိတ်တောက်နေတဲ့ နေပြည်တော်ကြီးလို့ မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်းမှာရေးထာတယ်။ ရှေးဟောင်း Sky-line ကြီးပျက်စီးသွားမှာ စိုးလို့မျှော်စဉ်ကြီးမဆောက်ဖို့ တားနေတဲ့အထဲက ပြီးအောင်ဆောက်ပစ်တယ်။ ဘုရားတည်ကထဲက ထီးမရှိတဲ့ ဘုရား တွေကို ရွှေချပြီး ထီးတင်တယ်။ ကမ္ဘာလှည့်ခရီးသည်တွေဆိုတာ ပျောင်ပျောင်လက်လက်တွေကို ကြည့်ခြင်လို့ လာတာမဟုတ်ဖူး။ သမိုင်းနဲ့မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုကို လေ့လာခြင်လို့လာတာ။ အခုတော့ အာဏာရှင်ကြီး ပါစပ်ဆော့ထားတာတွေပဲတွေ့ ရတယ် လို့UNESCO ကျွမ်းကျင်သူက ထောက်ပြသွားတုံးက ကျနော် ပါးစပ်အဟောင်းသားနဲ့နေခဲ့ရတယ်။

နိဂုံးအနေနဲ့။      ။အစိုးရက ပညာရှင်များနှင့် တိုင်ပင်ပြီး ထင်သာမြင်သာ မူဝါဒတွေချပြရမယ်။ UNESCO က အတွေ့ အကြုံနဲ့ ကျွမ်းကျင်မှုကို လူထုပညာပေး ဆုံးဖြတ်နိုင်အောင် Technical Support ပေးရမယ်။ တကယ်အကျိုးအမြတ်ခံစားရမှာက လူထုဘဲ ဖြစ်ရမယ်။ အကြံပြုခြင်း သာဖြစ်ပါတယ်၊ ပြည်တွင်း ပြည်ပပညာရှင်များ စုဝေးပြီးသော်ဌင်း၊ အခုလို မိုးမခစာစောင်လို လူထုပညာပေးစာစောင်တွေမှာ အကြံဥာဏ် များတင်ပြပြီး Brain Storm လုပ်ရင် မကောင်းဘူးလား ? ။ ခေတ်ဟောင်းက အာဏာရှင် - ချိန်းဗရီး - တွေတော့နေရစ်ပါတော့၊ မိအေး နှစ်ခါနာ မဖြစ်စေခြင်လို့ပါ - - - -
Posted by Aung Htet at 5:53 AM 0 comments  

MONDAY, DECEMBER 31, 2012

Saw Ngo - There's No Place for commoners in 2013



ကာတွန်း စောငို - ၂၀၁၃ မှာ နင့်အတွက် နေရာမရှဘီ
ဇန်န၀ါရီ  ၁၊ ၂၀၁၃


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages