MoeMaKa Daily - 4th Oct 2021

19 views
Skip to first unread message

Maung Yit

unread,
Oct 5, 2021, 3:39:07 AM10/5/21
to MoeMaKa, burm...@googlegroups.com

MoeMaKa Media

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၃ ရက်မြောက်နေ့ မြင်ကွင်း (10/03/2021 11:02)
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၁

ဆင်တူပုံစံအဖြစ်အပျက်များနဲ့ နေ့စဥ်သတင်းများ
ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေရဲ့ နေ့စဥ်သတင်းတွေကို ဖတ်ကြည့်တဲ့အခါ ၇၀ ရာနှုန်းလောက်သော သတင်းအဖြစ်အပျက်တွေဟာ အရင်နေ့များနဲ့ အရင်သီတင်းပတ်များနဲ့ ဆင်တူရိုးမှားတွေလို ဖြစ်နေတာပါ။ 

နေ့စဥ် ဖြစ်စဥ်တွေထဲမှာ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်တဲ့ သတင်း၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ အချို့သော အစိုးရဌာနဆိုင်ရာရုံးတွေကို ဗုံးခွဲတဲ့သတင်း၊ မြို့ဝင် စစ်ဆေးရေးဂိတ်တွေကို ဗုံးခွဲတဲ့သတင်း၊ အုပ်ချုပ်ရေးမှူး၊ သတင်းပေး ၊ ဒလန်လို့ဆိုသူတွေကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာ၊ ဓါးနဲ့ထိုးတာ၊ လက်လုပ်ဗုံးနဲ့ ပစ်တဲ့ သတင်း၊ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တဲ့ သတင်း၊ တဖက်မှာလည်း ကျေးလက်တွေမှာ PDFတွေ ဖမ်းမိလို့ ပစ်သတ်ခံရတာ၊ အရပ်သားတွေကို PDF လို့စွပ်စွဲကာ စစ်ကောင်စီက ပစ်သတ်တဲ့ သတင်း၊ မြို့ပေါ်က လက်နက်ကိုင် ပျောက်ကျားတွေကို ဝင်စီးပြီးဖမ်းဆီးတဲ့သတင်း၊ ဖမ်းဆီးရာမှာ အချို့အသက်ဆုံးရှုံးအောင် လက်လွတ်စပယ် ပစ်ခတ်တာ လက်လွန်အောင် ရိုက်နှက်တာတွေကြောင့် ဖမ်းဆီးခံရတဲ့နေ့ သို့မဟုတ် နောက်တရက်မှာ သေဆုံးကြောင်း အကြောင်းကြားလာတဲ့ သတင်းမျိုးတွေ၊ မြို့ပြမှာ လက်နက်နဲ့ ပြန်ခုခံတိုက်ခိုက်ဖို့ ၊ ချောင်းမြောင်းပစ်ခတ်ဖို့ လုပ်ကြံဖို့ စုစည်းထားကြတဲ့ အစုအဖွဲ့တွေ အဆက်အသွယ်တွေ ဖမ်းဆီးခံကြရတဲ့ သတင်း၊ မိုင်တဲလ်ကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင်တွေ ကို မီးရှို့တာ မိုင်းထောင်ဖေါက်ခွဲတဲ့ သတင်းနဲ့ စက်တင်ဘာလဆန်းမှာတော့ NUG အစိုးရက နှိုးဆော်လိုက်တဲ့ လက်နက်ကိုင် တိုက်ပွဲခေါ်သံ စတာတွေက လွန်ခဲ့တဲ့ ၃လ၊ ၄လ အတွင်း နေ့စဥ်သတင်းတွေထဲက ခေါင်းစဥ်တွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေအပြင် စစ်ရှောင်ဒုက္ခသည် အရေအတွက်တိုးမြင့်လာတဲ့ သတင်း ရိက္ခာအခက်အခဲ စတာတွေကလည်း နေ့စဥ် သို့မဟုတ် အပတ်စဥ် သတင်းတွေထဲ နေရာယူထားကြတာဖြစ်ပါတယ်။ 

ဒါက ပြည်တွင်းက သတင်းခေါင်းစဥ်တွေ ဖြစ်ပြီး နိုင်ငံတကာမျက်နှာစာ ကမ္ဘာ့ကုလသမဂ္ဂ သံတမန်ရေး စတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ရင်တော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း ကို မြန်မာကိုယ်စားပြု ဆက်လက်ထားရှိရေး မထားရှိရေး ဆုံးဖြတ်ချက်၊ နိုင်ငံတကာမျက်နှာစာမှာ NUG ကို အသိအမှတ်ပြုထားမှု ဆက်ဆံရေး စတဲ့ သတင်းတွေနဲ့ ဦးကျော်မိုးထွန်းကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်၊ လုပ်ကြံဖို့ စတဲ့ အကြောင်းအရာတွေက သတင်းတွေထဲ အများစုလွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။ 

စီးပွားရေး နဲ့ပတ်သက်တဲ့ သတင်းတွေမှာတော့ ဒေါ်လာစျေး၊ ရွှေစျေး တက်တဲ့သတင်းတွေက အပတ်စဥ် နေ့စဥ်ဆိုသလို နေရာယူထားကြပြီး ငွေလဲနှန်းတက်လာတာနဲ့ အတူအခြားသော ကုန်ပစ္စည်းတွေ ဆက်ပြီးစျေးမြင့်တက်လာတဲ့ သတင်းတွေက ပုံမှန်မြင်တွေ့နေကြရတဲ့ စီးပွားရေး သတင်းတွေဖြစ်ပါတယ်။ 

အောက်တိုဘာ ၃ ရက်နေ့သတင်းတွေကို ကြည့်ရင်လည်း ဒီမော့ဆိုမှာ ကရင်နီပီဒီအက်ဖ် နဲ့ စစ်ကောင်စီ တပ်တွေတိုက်ပွဲဖြစ်တဲ့ သတင်း၊ ပုလဲမြို့နယ်၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းတွေကို PDF တွေက မိုင်းဆွဲတိုက်ခိုက်တဲ့ သတင်း၊ ခင်ဦးမြို့နယ်ထဲက ပျဥ်ထောင်ရွာမှာ စစ်ကောင်စီတပ်က ဝင်ပစ်သတ်လို့ အရပ်သားတွေ သေဆုံးရတဲ့ သတင်းနဲ့အတူ PDF တပ်ဖွဲ့ဝင်တွေက ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုသူ ၃ ဦးကိုသတ်ဖြတ်လိုက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

အလားတူ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာမှာလည်း နေအိမ်တွေမီးရှို့ခံရတဲ့ သတင်းကလည်း ယနေ့သတင်းတွေထဲက ဖတ်ရှုနေကြရတဲ့ သတင်းမျိုးတွေထဲက သတင်းပဲ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက သတင်းတွေလိုပဲ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက လူနေအိမ်တွေကို ဖျက်ဆီးမီးရှို့တဲ့ သတင်းတွေလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်မှာ ဖြစ်ပွားခဲ့တာ ြဖစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အတွင်း ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ ကျေးရွာထဲက လူနေအိမ်တွေ ဖျက်ဆီးခံရတာ ပစ္စည်းတွေ ယူဆောင်သွားတာ နေအိမ်မီးရှို့တာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

စီးပွားရေး နဲ့ပတ်သက်တဲ့ သတင်းတွေမှာတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ အမြင့်ဆုံးဖြစ်ခဲ့တဲ ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်း၊ ရွှေစျေးနှုန်းတွေ အနည်းငယ်ပြန်ကျဆင်းခဲ့တဲ့ သတင်းတွေဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒေါ်လာနဲ့ ရွှေစျေးနှုန်းတွေ အနိမ့်အမြင့် တက်လိုက်အနည်းငယ်ကျလိုက်ကစားနေရာက အနည်းငယ်ပြန်ကျပေမယ့် လောင်စာဆီပေါ် သက်ရောက်တဲ့ ဂယက်ကတော့ မငြိမ်သေးသလို လောင်စာဆီစျေးက တတိတတိ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ တလီတာကို ကျပ် ၁၅၀၀၊ ၁၆၀၀ လောက်ထိ ရန်ကုန်မြို့မှာရောက်ရှိနေပြီး နယ်မြို့တွေမှာတော့ လောင်စာဆီရောက်ရှိမှု ပမာဏ နည်းလာတာ၊ စျေးနှုန်းမြင့်တက်လာခြင်းကြောင့် အရင်းအနှီး ငွေပိုလိုအပ်လာပြီး ဝယ်ယူပြီးပြန်ရောင်းချနိုင်တဲ့ ပမာဏလျော့ကျလာတဲ့ အကြောင်းတွေကြောင့် ရန်ကုန်စျေးထက် သိသိသာသာ မြင့်တက်နေပြီး အချို့သော အစွန်အဖျားကျတဲ့ဒေသတွေမှာ ရန်ကုန်စျေးထက် ၂ ဆနီးပါးထိ မြှင့်ပြီးရောင်းချနေကြတဲ့ သတင်းတွေဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

ဒီလို အဖြစ်အပျက်တွေကို စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းမှုက စျေးနှုန်းမြင့်တက်နေမှုအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုမမြင်ရ သေးပါဘူး။ ယနေ့ထပ်မံထွက်ပေါ်လာတဲ့ ဗဟိုဘဏ် ညွှန်ကြားချက်တခုကတော့ နိုင်ငံခြားပို့ကုန်က ရရှိတဲ့ နိုင်ငံခြားငွေတွေ သတ်မှတ်ကာလထဲ ဘဏ်ထဲပြန်ဝင်လာရမှာ ဖြစ်ပြီး ပြန်ဝင်ပြီးခဲ့အခါ ရက် ၃၀ အတွင်း သုံးစွဲတာ သို့မဟုတ် နိုင်ငံခြားငွေ လိုင်စင်ရ ဘဏ်တွေကို ထုတ်ရောင်းရမယ်ဆိုတဲ့ သတ်မှတ်ချက် ထုတ်ပြန်ပြီး ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေတွေ စျေးကွက်ထဲမြန်မြန်ဆန်ဆန် ဝင်လာအောင် ရည်ရွယ်တဲ့ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ 

နိင်ငံခြားငွေလဲနှုန်းနဲ့ ရွှေစျေး မြင့်တက်တာဟာ ပြည်သူတိုင်းနဲ့ တိုက်ရိုက် မသက်ဆိုင်ဘူးလို့ ယူဆစရာ ရှိကောင်းရှိပေမယ့် လက်တွေ့ဘဝမှာတော့ လောင်စာဆီ၊ သယ်ယူပို့ဆောင်ရေး ၊ ဆေးဝါးစတာတွေ အပေါ်ကို ချက်ခြင်း သက်ရောက်မှုရှိနေပြီး ဆန်၊ အသားငါး၊ ဟင်းသီးဟင်းရွက်လိုမျိုးတွေကတော့ သိသိသာသာ စျေးနှုန်းမြင့်မလာသေးတာ တွေ့ရပါတယ်။ သို့ပေမယ့် လောင်စာဆီ စျေးတက်ခြင်းဟာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး စိုက်ပျိုးရေး ထွက်ကုန်တွေ အပေါ် သက်ရောက်မှုရှိနေပြီ ဖြစ်လို့ ကုန်စျေးနှုန်းတွေ တဖြည်းဖြည်းထပ်မံ မြင့်တက်လာမယ့်အလားအလာက ရှောင်လွှဲလို့မရတဲ့ အနေအထားဖြစ်လာနေပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခ၊ မြို့ပေါ် တိုက်ခိုက် ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေ အာဏာနဲ့ စစ်အင်အား အလွန်အကျွံသုံး အုပ်ချုပ်မှုတွေ အရောင်းအဝယ် အသက်မွေးဝမ်းကျောင်းမှုအပေါ် ထိခိုက်မှုတွေ ပိုပြီးရှိလာနိုင်ပြီး လူသားချင်းစာနာမှု အကူအညီ အရေးပေါ် ရိက္ခာအကူအညီလို နေစရာ ဆေးဝါး အကူအညီတွေ ပိုလိုအပ်လာနိုင်ခြေရှိနေပါတယ်။ ဒီအရေးတွေအတွက် ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေက ကြိုတင်တွေးဆပြီး ပြင်ဆင်ထားကြသလဲ ဘယ်လို မူဝါဒတွေ ချမှတ်ထားကြသလဲဆိုတာတော့ ရေရေရာရာ သဲသဲကွဲကွဲ မရှိသေးတာတွေ့ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၃) (10/03/2021 10:30)
မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၃)
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၁

တရုတ်ပြည်နှင့်တရုတ်ကွန်မြူနစ်ပါတီ 
ယနေ့တရုတ်ပြည်အား ချဉ်းကပ်သုံးသပ်မည်ဆိုပါက တရုတ်ပြည်ကွန်မြူနစ်ပါတီအခန်းကို ဦးစွာသဘောပေါက်လေ့လာရန်လိုသည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီအားချန်လှပ်ပြီး ယနေ့တရုတ်ပြည်အား ချဉ်းကပ်ရန်မဖြစ်နိုင်ပေ။ တရုတ်ပြည်ကွန်မြူနစ်ပါတီသည် လက်ရှိအာဏာရပါတီဖြစ်သည်သာမက ရှည်ကြာသောသမိုင်းကြောင်းရှိသည့်ပါတီဖြစ်သည်။ မိုးပေါ်ကကျလာသောပါတီမဟုတ် တရုတ်ပြည်တိုက်ပွဲတိုက်ပွဲတွင်းမှထွက်ပေါ်လာသည့်ပါတီဖြစ်သည်။ တရုတ်ပြည်လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည့်ပါတီဖြစ်သည်။ လက်ရှိတရုတ်ပြည်လွတ်မြောက်အောင် တရုတ်လူ့အဖွဲ့ အစည်းပြောင်းလဲအောင် ဦးဆောင်ခဲ့သည့် နိုင်ငံရေးပါတီမှာ ၁၉၂၁ တွင်စတင်ဖွဲ့စည်းခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ တရုတ်ပြည်၏ အဓိကပဲ့ကိုင်သူဖြစ်သည်။ တရုတ်ပြည်၏ နိုင်ငံရေး၊စီးပွါးရေး၊ကိစ္စအရပ်ရပ်ကို လက်ရှိကာလတွင် ပုံဖေါ်နေသူ၊ မူဝါဒချမှတ်နေသူမှာလည်း တရုတ်ကွန်မြူ နစ်ပါတီဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဒုတိယကမ္ဘာစစ်မတိုင်မှီကာလထိ ဂျပန်နှင့်အနောက်တိုင်းနိုင်ငံများ၏ ခွဲဝေကိုလိုနီကျွန်ပြုခံရခြင်း၊ ပဒေသရာဇ်စနစ်နှင့်စစ်ဘုရင်များ၏လက်အောက်တွင် တိုင်းပြည်ဆင်းရဲမွဲတေခဲ့သည်သာမက အစိတ်စိတ်အမွှာမွှာကွဲပြားနေခြင်း စသည့်အခြေအနေအောက်မှ တရုတ်ပြည်အား တစုတစည်းထဲဖြစ်အောင်  အားထုတ်ထူထောင်နိုင်ခဲ့သည့်ပါတီမှာ တရုတ်ကွန်မြူနစ်ပါတီဖြစ်ကာ တရုတ်ပါတီသည် တရုတ်ပြည်တွင်း၌ ဩဇာကြီးသည်။ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့သည်။ ထို့ပြင် ၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးသည် အမှားအယွင်းများ၊ ဘေးထွက်ဆိုးကျိုးများရှိသည်ဟုဆိုကြစေကာမူ ငြင်းပယ်၍မရသည့်အချက်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ၏အခန်းကဏ္ဍအား ခိုင်မာစေခဲ့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ တရုတ်ပြည်နှင့်ပတ်သက်၍ဖြစ်စေ၊ မြန်မာတရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားမည်ဆိုလျင် တရုတ်ကွန်မြူနစ်ပါတီမှ စတင်သုံးသပ်ရန်လ်ိုအပ်သည်။ တရုတ်ပြည်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် တရုတ်လွတ် မြောက်ရေးတပ်မတော်ဟု အဓိကအင်စတီကျူးရှင်း ၃ ခုရှိသည့်အနက် အမြင့်ဆုံးအာ ဏာပိုင်အင်စတီကျူးရှင်းမှာ တရုတ်ကွန်မြူနစ်ပါတီဖြစ်သည်။ တရုတ်အစိုးရသည် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစီကို‌အကောင်အထည်ဖေါ်ရသည့် အုပ်ချုပ်ရေးယန္တယားဖြစ်သည်။ တရုတ်လွတ်မြောက်ရေးတပ်မတော်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစီကို အကောင်အထည်ဖေါ်ရသည့် လက်နက်ကိုင်ယန္တယားဖြစ်သည်။ တရုတ်စစ်တပ်ကို တကယ်တမ်းကွပ်ကဲသည်မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဖြစ်သည်။ တ ရုတ်ပြည်အစိုးရနှင့်စစ်တပ်သည် ကွန်မြူနစ်ပါတီ၏ မူဝါဒများကို အကောင်အထည်ဖေါ်ရသည့် ယန္တယားများဖြစ်သည်။ 

၁၉၈၀ မတိုင်မှီ လက်ဝဲပါတီများ၊ ကွန်မြူနစ်ပါတီများနှင့်ဆက်ဆံခဲ့သည်မှာ တရုတ်ကွန်မြူနစ်ပါတီအနေနှင့်ဖြစ်သည်။ အစိုးရချင်း၊ တပ်မတော်ချင်းဆက်ဆံရေးကို သီးခြားခွဲထားသည်။ ၁၉၈၀ နောက်ပိုင်း အစိုးရချင်းဆက်ဆံ‌ရေးကို ဦးစားပေးရန်ဆုံးဖြတ်ပြီးနောက် တရုတ်ပါတီအခန်းကို  နောက်ဆုတ်ခဲ့သည်။ တရုတ်မြန်မာနယ်စပ်တလျောက်ဖွင့်လှစ်ထားသည့် တရုတ်ပါတီနိုင်ငံခြားဆက်ဆံရေးဌာနများကို ပိတ်သိမ်းပြီး ဒေသန္တရအစိုးရအောက်က နိုင်ငံခြားဆက်ဆံရေးဌာနများအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယခင်က ပြည်ပဆက်ဆံရေးတွင် ဒေသန္တရအစိုးရအားကျော်လွန်၍လုပ်ဆောင်နိုင်သည့် တရုတ်ပါတီ ဆက်ဆံရေးဌာနများ တရုတ်မြန်မာနယ်စပ်တွင်မရှိတော့ဘဲ ဒေသန္တရအစိုးရလက်အောက်ခံ နိုင်ငံခြားရေးဌာနများဖြစ်သွားသည်။ 

တရုတ်ပြည်တွင် တရုတ်ကွန်မြူနစ်ပါတီက အခရာဖြစ်သည့်အားလျော်စွာ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အဓိကကိုင်တွယ်သည်မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီးဖြစ်သည်။ မူဝါဒနှင့်ပေါ်လစီချမှတ်သည့်ဌာနဟု ဆိုရမည်။ သို့သော် တရုတ်ပြည်ပါတီသည် ပေါ်လစိီချမှတ်ရာတွင် တရုတ်အစိုးရနှင့် တရုတ်စစ်တပ်၏ သဘောထားကို ရယူလေ့ရှိသည်ကိုတွေ့ရသည်။ ထူးခြားသည့်အခြေအနေမျိုးရောက်တိုင်း၊ အခြေအနေအပြောင်းအလဲရှိတိုင်း ၎င်းတို့၏ပေါ်လစီကို ပြန် လည်လေ့လာသုံးသပ်လေ့ရှိသည်။ ဤသို့သုံးသပ်တိုင်း တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့၏ မဟာဗျူဟာစဉ်းစားမှုကိုအခြေခံပြိး လက်တွေ့အကောင်အထည်ဖေါ်မည့် အစိုးရနှင့်စစ်တပ်တို့၏ လက်တွေ့အခြေအနေအားလေ့လာသုံးသပ်ချက်၊ ရှုဒေါင့်အသီးသီးမှသုံးသပ်ချက်များတင်ပြကြသည်များကို  စုစည်းသုံးသပ်ပြီး ပေါ်လစီချမှတ်လေ့ရှိသည်ကို တွေ့ရသည်။ 

၁၉၇၇ တွင် မြန်မာပြည်နှင့်ပတ်သက်၍ တရုတ်တို့ပေါ်လစီအပြောင်းတခုစတင်ပြီးနောက် ၁၉၈၈/၈၉ မှစ၍ မြန်မာပြည်အခြေအနေ အပြောင်းအလဲဖြစ်သွားသည်။ မြန်မာပြည် ပြည်တွင်း၌ မဆလ အစိုးရ ပြုတ်ကျပြီး နဝတ အစိုးရတက်သည်။ ၁၉၉၀ ရွေး ကောက်ပွဲပြုလုပ်ပြိးသော်လည်း လွှတ်တော်ခေါ်ပေးခြင်းမရှိခဲ့။ တရုတ်မြန်မာစပ်တလျောက် တရုတ်တို့၏ စိတ်ချရသော မဟာမိတ်ဖြစ်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲသွားသည်။ထိုအခြေအနေများအောက်တွင် တရုတ်တို့သည် မြန်မာနှင့် ပတ်သက်၍ ပေါ်လစီတရပ်ချမှတ်ရန် ပြန်လည်လေ့လာသုံးသပ်မှုပြုခဲ့သည်။ တရုတ်အစိုးရကတော့ အစိုးရချင်းဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်မှု၊ မြန်မာနိုင်ငံနှင့် စီးပွါးဆက်ဆံသည့်အပေါ်မှ ရမည့်အကျိုးအမြတ်များကို အဓိကသုံးသပ်တွက်ချက်သည်။ တရုတ်စစ်တပ်အနေနှင့် ထိုစဉ်က မြန်မာနယ်စပ်လုံခြုံရေးတာဝန်ရှိသည့် စစ်ချွမ်းစစ်ဒေသမှ အရာရှိကြီးများပါသော အဖွဲ့တဖွဲ့သည် မြန်မာပြည်မြောက်ဖျားမှသည် တောင်ဖက် လာအို-မြန်မာနယ်စပ်တလျောက် ကွင်းဆင်းသည်။ နယ်စပ်လုံခြုံရေးအခြေအနေကို ကြည့်ရှုသည်။ တရုတ်စစ်တပ်ကတော့ သူတာဝန်ရှိသည် တရုတ်မြန်မာနယ်စပ်လုံခြုံရေးရှုဒေါင့်မှအမြင်ကို တင်ပြသည်။ အဆိုပါ အစိုးရနှင့်စစ်တပ်က တင်ပြသည့် အချက်အလက်များကို တရုတ်ပါတီကသုံးသပ်ပြီး ပေါ်လစီအချောရေးဆွဲသည်။ ထို့နောက် ထိုပေါ်လစီကို တရုတ်အစိုးရနှင့် တရုတ်စစ်တပ်က အကောင်အထည်ဖေါ်ရသည်။ ဤသည်မှာ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် တရုတ်စစ်တပ်တို့၏ ဆက်နွယ်ပုံဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးအမြင်၊ သေနင်္ဂဗျူဟာအမြင်ပေါ်အခြေခံပြီး အစိုးရနှင့်စစ်တပ်တို့၏လက်တွေ့ပိုင်းနှင့်ပေါင်းစပ်၍ ပါတီ၊ အစိုးရနှင့်စစ်တပ်တို့ အခိုင်အမာကျင့်သုံးမည့် ပေါ်လစီများကို  ဆုံးဖြတ်ချက်ချ၍အ‌ကောင်အထည်‌ဖေါ်ကြသည်။ သို့ဖြစ်ရာ တရုတ်တို့၏မြန်မာပေါ်ထားရှိသည့် အခိုင်အမာပေါ်လစီအား သုံးသပ်တွက်ချက်လိုပါက ထိုအချက်ကို ထည့်သွင်းစဉ်း စားရန် လိုပါသည်။ 

တရုတ်ကွန်မြူနစ်ပါတီ မူဝါဒအပြောင်းအလဲ 
တရုတ်ပါတီ၏ ၁၉၇၆ ခုနှစ် မော်စီတုန်းကွယ်လွန်ချိန်ထိ ကိုင်စွဲထားသည့်မူဝါဒမှာနိုင်ငံတကာပစ္စည်းမဲ့များနှင့် အဖိနှိပ်ခံပြည်သူများသွေးစည်းကြဖြစ်သည်။ ၁၉၇၇ မှ စတင်ပြောင်းလဲသွားသည်မှာ ကမ္ဘာ့ပြည်သူများ သွေးစည်းညီညွတ်ကြဖြစ်သည်။ တလျောက်လုံးစွဲကိုင်ထားသည့် လူတန်းစားအမြင်အား စွန့်လွှတ်လိုက်ပြီး အမျိုးသားအကျိုးစိးပွါးကိုရှေ့ရှုသည့်အမြင်ကို ပြောင်းလဲစွဲကိုင်သည်။ ပါတီချင်းဆက်ဆံရေးအား အစိုးရချင်းဆက်ဆံရေးနောက်သို့ပို့လိုက်သည်။ ပါတီချင်းဆက်ဆံရေးတွင်လည်း  လက်ဝဲပါတီများနှင့်ဆက်ဆံရေးနေရာတွင် ထိုတိုင်းပြည်နိုင်ငံ‌ရေးနယ်ပယ်တွင်ရှိသည့် အရေးပါသည့် နိုင်ငံရေးပါတီအားလုံးနှင့်ဆက်ဆံရေးထူထောင်သည်။ နိုင်ငံတကာသို့ လက်ဝဲဝါဒ တင်ပို့ဖြန့်ဖြူးရာမှ ကွန်ဖြူးရှပ်စင်တာများထူထောင်ပြီး တရုတ်စာ၊ တရုတ်စကား၊ တရုတ်ယဉ် ကျေးမှုများဖြန့်ဖြူးသည်။ လက်ဝဲစကားများ၊ နိုင်ငံရေးစကားများ သိပ်မပြောတော့။ ထို့ပြင် ချစ်ကြည်ရေး၊ ကူညီရေးအသင်းအဖွဲ့များကို အစိုးရမဟုတ်သောအဖွဲ့အစည်းပုံစံနှင့်ဖွဲ့စည်းပြီး နိုင်ငံတကာတွင် အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းပြည်၏လူထုအားချဉ်းကပ်သည်။ 

သို့ဖြစ်ရာ တည်ဆဲအစိုးရအား ဆန့်ကျင်ပုန်ကန်နေသည့် လက်ဝဲပါတီများအ‌ကူအညီပေးနေမှုများအားရပ်တန့်လိုက်သဖြင့် အစိုးရများနှင့် အဆင်ပြေလာသည်။ မြန်မာပြည်တွင်လည်း ရန်ကုန်၊မန္တလေးစသည့်မြို့ကြီးများတွင် ကွန်ဖြူးရှပ်စင်တာများ ဖွင့်လှစ်လာခဲ့သည်။ တရုတ်စာပေနှင့်ယဉ်ကျေးမှုဖြန့်ဖြူးသည်ကို ဦးစားပေးလုပ်ကိုင်သည်။ ထို့ပြင် အစိုးရချင်း ဆက်ဆံရေးဖြင့် မြန်မာအစိုးရအား အကူအညီအချို့ (ဆေးရုံ၊ စာသင် ကျောင်း၊ တံတားဆောက်လုပ်လှူဒါန်းခြင်း၊ ယနေ့ကာလတွင် ကိုဗစ်ကာကွယ်ဆေးနှင့် ကျန်းမာရေးထောက်ကူပြုပစ္စည်းများ လှူဒါန်းခြင်း) တိုက်ရိုက်ပေးအပ်သည်။ တရုတ်တို့က အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) ဟု ခေါ်ဆိုသည့် တရုတ်နိုင်ငံဆင်းရဲ နွမ်းပါးမှုလျှော့ချရေးဖေါင်ဒေးရှင်း China Foundation for Poverty Alleviation (CFPA )၊ China Foundation for Peace and Development တရုတ်ပြည်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့အစည်း (CFPD) စသည့် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးပေါင်း၍ မြန်မာပြည်တွင်းအကူအညီပေးရေးအစီအစဉ်များပြုလုပ်သည်။ ထို့ပြင် မြန်မာပြည်၌ရင်းနှီးမြှုပ်နှံထားသော တရုတ်ကုမ္ပဏီကြီးများကလည်း ကူညီထောက်ပံ့ရေးအစီအစဉ်များကို သီးခြားဖြစ်စေ တရုတ်သံရုံးနှင့်တွဲ၍ဖြစ်စေပြုလုပ်သည်ကိုတွေ့ရသည်။ 

ဤသည်မှာ နှစ်နိုင်ငံ အစိုးရချင်းဆက်ဆံရေးပေါ်အခြေခံ၍ နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်လုပ်ဆောင်ခြင်း၊ မြန်မာပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းတို့နှင့် ယှဉ်တွဲ၍မြန်မာလူထုအား ချဥ်းကပ်စည်းရုံးသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ပုံစံသစ်ဖြစ်သည်။ နိုင်ငံရေးအရ မြန်မာပြည်တွင်းရှိ အရေးပါသည့် နိုင်ငံရေးပါတီများ၊ အင်အားစုများကိုထိတွေ့ဆက်ဆံသည်။ ဤကား ခေတ်သစ် တရုတ်ပါတီချဉ်းကပ်သည့် နိုင်ငံရေးပုံစံသစ်ဖြစ်သည်။ 

ဆက်လက်ဖေါ်ပြပါမည်။ 
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ကာတွန်း ဘီရုမာ - ချစ်ခြင်းတရားနဲ့ ဘိုတု (10/03/2021 09:59)
ကာတွန်း ဘီရုမာ - ချစ်ခြင်းတရားနဲ့ ဘိုတု
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးမခကဗျာ - ခင်လွန်း " တိုက်ပွဲထဲကလာတဲ့ကဗျာ" (10/03/2021 07:20)
Art- Than Htay Maung 
မိုးမခကဗျာ
အောက်တိုဘာ ၄၊ ၂၀၂၁

-
" တိုက်ပွဲထဲကလာတဲ့ကဗျာ"
ခင်လွန်း

တောထဲကလာတဲ့
ကဗျာဖြစ်တယ်
တောင်ပေါ်ကလာတဲ့
ကဗျာဖြစ်တယ်
တိုက်ပွဲထဲကနေ 
ကဗျာကို ရေးပို့လိုက်တယ်
ယမ်းနံ့သင်းလို့
ပစ်မှတ်ဆီ ပစ်ခွင်းလိုက်တဲ့ကဗျာတွေ
ရန်သူတွေ အပြိုပြိုအလဲလဲ
စစ်မိစ္ဆာတွေ တပ်လုံးပြုတ်ပဲ
ကဗျာဆရာကိုယ်တိုင်ဟာ
စစ်ပွဲထဲမှာ သေနတ်ပြောင်းကို
ကလောင်လုပ်ပြီး ရေးတော့တာပဲ
ငါ အဲဒီကဗျာတွေဖတ်ရတာ
အောင်ပွဲဆီ တက်လှမ်းနေသလိုပဲ
မင်းကပြောပါရဲ့
ကဗျာတွေသွေးစွန်းနေခဲ့ရင်
တရားမျှတလွတ်လပ်ခြင်းအတွက်
တိုက်ပွဲဝင်ကဗျာအဖြစ်
ခေတ်ဆိုးကြီးကတောင်းဆိုရာအတိုင်း
ရေးသားလိုက်ရတာဖြစ်လို့ပါ... တဲ့
မြို့ပြမှာ ကဗျာနဲ့တိုက်ပွဲဝင်ခဲ့သူက ဆိုတယ်
မြို့ပြကလာတဲ့ကဗျာ
တောထဲကလာတဲ့ကဗျာ
တောင်ပေါ်ကလာတဲ့ကဗျာ
ကတုတ်ကျင်းထဲကလာတဲ့ကဗျာ
တိုက်ပွဲထဲ သေနတ်ပြောင်းဝက ထွက်ကျလာတဲ့ကဗျာ
ကဗျာဆရာဟာ တော်လှန်ရေးသမားဖြစ်တယ်
ကဗျာဟာ တော်လှန်ရေးဖြစ်တယ်
ကဗျာဟာ စာရွက်ပေါ်
ဖုန်းမျက်နှာပြင်ပေါ်ကနေ
စစ်မြေပြင်ပေါ် တိုက်ပွဲဝင်ခဲ့ပြီ။ ။

အောက်တိုဘာ ၃၊ ၂၀၂၁
၀၈:၂၀ နာရီ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးမခအနုပညာရေးရာ - သန်းထိုက်(မြန်မာစာ) '' ချစ်သော ဆရာ ကြီး (ဆရာ ကြီးမြင့်စော) '' (10/03/2021 07:06)
Artist : Than Htaik.Burmese
မိုးမခအနုပညာရေးရာ
အောက်တိုဘာ ၄၊ ၂၀၂၁

'' ချစ်သော ဆရာ ကြီး (ဆရာ ကြီးမြင့်စော) ''
သန်းထိုက်(မြန်မာစာ)

' ပထမ မြန်မာများ' ...
 ဆရာမင်းယုဝေ စာတအုပ်ဖတ်ဖူးသည်။
မြန်မာပြည်တွင် ဦးစွာ စွန့်စား တီထွင်တတ်သောသူများအကြောင်း ...။
မှတ်မိသမျှထဲမှ ... ' မီးပုံးပျံ ဦးကျော်ရင်' .. ။

သည်ဖက်ခေတ်လို စက်ကိရိယာအကူအညီနှင့် မီးပုံးကို စီးသူမဟုတ်။ သာမန်မီးပုံးကို အထက်ပျံနိုင်အောင် မီးပုံးကို လေပူဖောင်းတင်းနေအောင် မီးမြိုက်ကာ မီးပုံးလေဝအထက်ပျံနိုင်မှ မီးပုံးအောက်ကတန်းကိုကိုင်ကာ အထက်ဝေဟင်ကို လိုက်ပါ စီးနင်းသူ ... ။
မီးပုံးက ကောင်းကင်ပေါ်ပျံသန်းနေပြီး မီးပုံးအတွင်း လေအဟုန်လျော့ ပြန်ကျလာလျှင် ပဲ့ကိုင်သူမရှိ၊ မြေပြင်ကို စုန်ဆင်းတော့မည်။
ငယ်ငယ်က သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးပုံးလွှတ်ပွဲ ကြည့်ဖူးသည်။ မီးပုံးပျံကြီးကိုတွေ့လျှင် ပျှော်ရွှင်ကြသည်။ မီးပုံးပျံ ပြန်ကျလာ၊ တဲအိမ်ပေါ်ကျပြီး... မီးစွဲလောင်သော် ... ဝိုင်းဝန်းငြိမ်းသတ်ကြသည်။
'မီးပုံးပျံ ဦးကျော်ရင်' က စွန့်စွန့်စားစား လုပ်တတ်သူ ... ...။

စာအုပ်နာမည်က ...
' ပထမ မြန်မာများ' ...

ဆရာ ကြီ း(ကြီးမြင့်စော)က ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာဆရာလုပ်ရင်း  ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကံ့ကော်ရွာပန်းချီပြပွဲမှာ ပြသတတ်သည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ ပန်းချီစာအုပ်များကိုငှားရမ်းဖတ်ရှုကာ ကံ့ကော်ရွာအဖွဲ့သားများကို ကမ္ဘာ့ပန်းချီများကို ရှင်းပြတတ်သည်ဟု ကွယ်လွန်ခဲ့ရှာပြီဖြစ်သော ချစ်သောအကို ကိုမျိုးမြင့်လေးက ပြောပြဖူးသည်။
 ၈၈ အရေးအခင်းမှာ ဒီမိုကရေစီချစ်သော မြန်မာပြည်သားများ နိုင်ငံအနှံ့ ဆန္ဒပြကြသည်။ မြန်မာ့အသံမှ 'နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအတွက် တပ်မတော်မှ အချုပ်အခြာအာဏာကို ထိန်းသိမ်းလိုက်ကြောင်း ကြေညာသည်။"
အသက် ၆၀ မပြည့်ခင် ... အလုပ်ကပင်စင်မှမရသေး၊ ဆရာ ကြီးကို ဆန္ဒပြခဲ့သည်ဆိုပြီး အနားပေးလိုက်သည်။

စတော့ရှယ်ယာပွဲစားဘဝကနေ ပန်းချီကိုစုံပစ်ရေးလိုက်သော ပန်ချီဆရာကြီးဂေါ်ဂင်ရဲ့ဘဝကို မှတ်တမ်းတင်သူစာရေးဆရာက  ' ပင်လယ်ထဲ ပစ်ချခံရသူ' ဟု ရေးထားသည်။
ဝန်ထမ်းဘဝဖြင့် ပန်းချီအနုပညာကို မြတ်နိုးခဲ့သူ ဆရာ ကြီးလည်း 'ပင်လယ်ထဲ ကန်ချခံရသူ' ပန်းချီဆရာစစ်စစ်ဖြစ်လာခဲ့ပြီ။
ဆရာ့အိမ်ရှိရာ ဌာနလမ်းနားက စျေးသည်များ ပန်းရောင်းသူများကို ဓာတ်ပုံမှတ်တမ်းယူကာ ပန်းချီကားရေးသည်။
Orient Gallery ကိုသန့်ဇင်ပြခန်းမှာ တင်သည်။
စျေးသည်များ၊ ပန်းသည်ပန်းချီကားများသည်လည်း ... ဆရာ့ဘဝ အထင်ကရပန်းချီကားများဖြစ်လာသည်။

သည်နောက်ပိုင်း ဖလင်ကင်မရာဖြင့် ညရှုခင်းများရိုက်ပြီး  ... ကိုသန့်ဇင် Orient Gallery မှာ ' Yangon Night' ပြပွဲလုပ်ခဲ့သည်။ 
ဖိလစ်မောရစ်ကုမ္ပဏီ စပွန်စာလုပ်ပေးသောပြိုင်ပွဲတခုမှာ ဆရာ့ 'Yangon Night' ကားတကားက ဆုတခုရသည်။
Yangon Night ကားများသည်လည်း ဆရာ့ဘဝအမှတ်တရများအဖြစ် ကိုယ်စားပြုကားများ ဖြစ်လာသည်။
၈၈ နောက်ပိုင်း ဆရာနှင့်တခြားဆရာများရေးသော စျေးကားများကို နှစ်သက်၊ စျေးများ ဓာတ်ပုံရိုက်လျှင် စျေးကောင်စီ၊ ထောက်လှမ်းရေးများက သတင်းထောက်ထင်ကာ စစ်မေးခံရသည်။
ညဘက်ဆို ပိုဆိုးလှပေါ့။

ထောက်လှမ်းရေးလည်း ကြောက်ရ၊ အဆာပြေရောင်းသော မုန့်ဖက်ထုပ်သည်ကိုလည်း ကြောက်ရ။ ကင်မရာကိုင်ကာ ဓာတ်ပုံရိုက်ရတာ ပတ်ဝန်းကျင်ကြောက်ရ။ သည်လို စွန့်စွန့်စားစားမှတ်တမ်းယူပြီး ပန်းချီကားဖြစ်အောင် အားထုတ်ရင်း ရပ်တည်ဖို့ကြိုးစားရင်းဖြင့် ပန်းချီဆရာ 'ဆရာ ကြီးမြင့်စော'ကို ... ပြည်တွင်းပြည်ပ အသိအမှတ်ပြုလာကြသည်။ 
ရန်ကုန်ည ရှုခင်းများက ပြည်သူပိုင်မဟုတ်။ ပန်းချီဆရာများစွာ ရေးခွင့်ရှိသည်။
သို့သော် ...  ဆရာ့ 'Yangon Night' ကားများသည် ' ဆရာ ကြီးမြင့်စောရေးဟန်' ဖြင့် အမှတ်တရလက်ရာများဖြစ်လာသည်။
Yangon Night ကားများကို တခြားပန်းချီဆရာများရေးခွင့် မရှိတော့ပြီလား ... ။

ကိုမောင်မောင်ပြုံး share ထားသော ပို့စ်မှာ ... ' ဦးဝင်းဖေက ... ပန်းချီကားများကိုတိုက်ရိုက်ကူးယူရေးကြသည်မှာ ပန်းချီဆရာများအလေ့အကျင့်တခုပါ။ တချို့က မိမိကားကို ပြန်ကူးရေးသည်က မိမိထက်ကောင်းသည်။ ဒါပေမယ့် လက်မှတ်ကို 'ဝင်းဖေ'ဟု မထိုးသင့်ပါ ...'
ပန်းချီကား အတုအစစ်ပြဿနာများ ...

ဆရာကြီး၏ပန်းချီကားမြင်ကွင်းအတိုင်း၊ ဆရာ့ရေးဟန် ဓား(Knigft)အတိုင်း ညကား၊ အထူးသဖြင့် ရန်ကုန်ညများ မရေးသင့်ပါ။
ရေးသူ၏ရေးဟန်အတိုင်းသာ ဖြစ်သင့်ပါသည်။
ပိုဆိုးသည်က လက်မှတ်က 'Kyee Myintt Saw' ထိုးထားခြင်း ...။

ဆရာမင်းယုဝေ ရေးသော ' ပထမ မြန်မာများ ' ထဲမှာ ... Yangon Night'ကားများကို အခက်အခဲများစွာကြားမှ ဖန်တီးခဲ့သော ... 'Yangon Night'' ကားဖြင့် အောင်မြင်လာခဲ့သော၊ ဆရာ ကြီးမြင့်စော' ကိုလည်း နောက်ထပ် 'ပထမမြန်မာများ' စာရင်းမှာ ထပ်ထည့်သင့်သည်ဟု ကျနော် ဆိုချင်သည်။

Artist : Than Htaik.Burmese
Title : Artist Sayar Kyeemyintt Saw 
Medium  : Acrylic
Size : 21x16 in
Collector : Ko Ko Maung Maung Pyone
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးမခကဗျာ - ဟာရှိန်း '' အိပ်မက်ထဲအထိလိုက်တွယ်တဲ့ကျွတ်တွေ '' (10/02/2021 10:51)
Art Ma Naw
မိုးမခကဗျာ
အောက်တိုဘာ ၃၊ ၂၀၂၁

'' အိပ်မက်ထဲအထိလိုက်တွယ်တဲ့ကျွတ်တွေ ''
ဟာရှိန်း

ညစ်ပတ်တဲ့မြေပြင်အတွက် တိမ်တွေမကြာမကြာခြေလက်မျက်နှာဆေးကြောသလား။
ခေတ်မကောင်းရင် ရောဂါထူတယ်၊အသီးအနှံပျက်တယ်
မိုးလေခြောက်ခြားတယ်။ ချစ်ဖို့ကောင်းနေတာတခုက လူ့စည်းဘီလူးစည်းခွဲလို့ရသွားတာ။
ခေတ်မကောင်းရင် လွမ်းရတာလည်းမချိုဘူး။ ချစ်ရတာလည်းမမြိန်ဘူး။ 
ပျော်ရွှင်ခြင်းတံဆိပ်ကပ်ထားတဲ့လူငယ်တွေရဲ့အနာဂတ်တွေဘယ်မှာလဲ။ 
တချို့ကခက်တယ်။ သောက်ကျင့်သာမကောင်းတာ ဖောင်တိန်က နှစ်တိန်နဲ့။
ငါပြန်လာတဲ့အခါ မင်းမျက်ဝန်းထဲကမီးတောက်တွေကို ငြိမ်းသတ်ပေးပါ့မယ်အချစ်။

၂၈၊စက်တင်ဘာ၊၂၀၂၁။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ရန်/ငါ မပြတ်လို့ သံဃာ အသတ်ခံရ နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ ... တို့၏ အစ (10/02/2021 10:19)

ရန်/ငါ မပြတ်လို့ သံဃာ အသတ်ခံရ နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ ... တို့၏ အစ

(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁

အဲသည် စကားလုံး အသုံး ၂ ခု နဲ့ ပတ်သက်ပြီး ကဗျာဆရာ သစ်ကောင်းအိမ်က ရင်းမြစ်ကို ရှင်းလင်းတင်ပြထားတာကို ဖတ်ရှုရပါတယ်။ အဲသည် အသုံးကို ထည့်သွင်းရေးသားထားတဲ့ ကဗျာဆရာ ကိုအောင်ဝေးက ဒါကို ဝန်ခံပြီး ပြန်လည် ရှင်းလင်းထားပါတယ်။

စာဖတ်သူတို့ သိရှိနားလည်နိုင်စေဖို့ တင်ပြလိုက်ပါတယ်။



သစ်ကောင်းအိမ်ရဲ့ အောင်ဝေးဆီသို့ ပါစင်နယ်ရေးသည့်စာ

ကိုဝေးရေ …

မနေ့က မိုးမခကထုတ်တဲ့ အကို့ရဲ့ဒေဝဒတ်ရဲ့ပစ္စတိုအမှာစာမှာ အကို့ခံယူချက်ဆိုပြီးတွေ့လို့ အားနာစွာနဲ့ဒီစာကိုရေးလိုက်တာပါ။

အပေါ်ဆုံးက -

ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရ … ဆိုတာ


ကွယ်လွန်သူ ကိုတိတ်ကြီး(ခ) ကဗျာဆရာမင်းတိတ်ခ သံဃာအရေးအခင်းဖြစ်စ ကိုဝေးမဲဆောက်မရောက်ခင် ကိုလွမ်းဏီနဲ့မအေးမာတို့ အိမ်ဘေး ဒေါင်းရင်ပြင်က အဘဦထွန်းကျော်နဲ့ ကိုသံခဲတို့ တဲကဗန်းမှာ ကိုတိတ်ကြီးကိုယ်တိုင်မြေဖြူခဲနဲ့ရေးထားတဲ့ သူ့ကိုယ်ပိုင်အဘိဓမ္မာပါ။

သွေးကြွေးမှာ …
ဆွေးနွေးစရာ မရှိ … က

ကိုအောင်ဝေး မဲဆောက်မရောက်ခင်ကတည်းက ကိုဇော်ဝင်းလွင်တို့ ရောင်ခြည်ဦးရုံးမှာ ထိုင်ရေးခဲ့တဲ့ ရွှေဝါရောင်ဥဒါန်းကဗျာထဲက နောက်ဆုံးပိုဒ်ကို လိိုသလို တိပြီး ကိုဝေးယူသုံးထားတာပါ။ ( အဲကဗျာ ကျနော်ရေးကို ကိုမျိုးမြင့်( မျိုးမြင့်ချို) ကိုယ်တိုင် ကျနော့်ဘေးရှိပြီး သူ အရင်ဆုံးဖတ်ရတာပါ)။

အရင်ဆုံးဖော်ပြတာက မမေငြိမ်း သူ့ဘလော့မှာ ဖော်ပြခဲ့တာပါပါ။ ဒုတိယဖော်ပြတာကတော့ ကျနော်တို့ရဲ့ ကိုစိုးနေလင်း(ခ) ကိုစိုးသစ်ခေါ် ကိုထွန်းဝေပေါ့။ အဲအချိန်သူတာဝန်ယူနေတဲ့ ခေတ်ပြိုင်အွန်လိုင်း မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပေါ့။

နောက် ဒေါက်တာလွဏ်းနဲ့ အဲခေတ်ကဘလော့ခေတ်ဆိုတော့ ဘလော့အများအပြားမှာ ဖော်ပြခဲ့တယ်ပေါ့။

အဲဒီ ကျနော်စာလုံးကို ကိုအောင်ဝေးစယူသုံးတည်းက ကိုထွန်းဝေ ဘန်ကောက်ကနေ ဖုန်းဆက်ပြီး " အောင်ဝေးက မင်းကဗျာကို ဘာလုပ်တာလဲ ဇော်ကြီး.." ဆိုပြီး ဖုန်းဆက်ခဲ့တယ်။ ကိုစိုးသစ်တို့ မမေငြိမ်းတို့ ဒေါက် တာလွဏ်းတို့ သက်ရှိထင်ရှားရှိပါသေးတယ် ကိုဝေး။

ကိုဝေးနဲ့လည်း အရင်းအခြာတွေမို့ မေးကြည့်ဖို့အခက်အခဲ ရှိမယ်မထင်ပါဘူး ။ ကိုလွမ်းဏီတို့ ကိုသံခဲနဲ့တကွ ကျောင်းသားတပ်မတော်ကလူတွေရော သတိမေ့နေရင် ပြန်မေးကြည့်လို့ ရပါတယ်။

ကိုတိတ်ကြီးစကားလုံး ကိုတိတ်ကြီးအဘိဓမ္မာဆိုတာကိုလည်း ကျောင်းသားတပ်မတော်ကလူတွေ အကုန်သိပါတယ်ကိုဝေး။

ကိုဝေးက စာပေပညာရှင်အဖြစ်အသတ်မှတ်ခံထားရသူလည်းဖြစ်တော့ ကျနော်တခုမေးချင်ပါတယ်။

အကိုရဲ့ " ယာမာဂူချီခင်ဆွေရီ" ကဗျာထဲက

" ဘဝဆိုတာ
လှပစွာဆင်းရဲတတ်ဖို့ပဲလိုတယ်"

ဆိုတဲ့အဘိဓမ္မာကို ကျနော်ကယူငင်ပြီး

"ဘဝဟာ
လှပစွာ
ဆင်းရဲရမယ့်အရာ" ...

" ဘဝဟူသည်
လှပစွာဆင်းရဲတတ်ရမည်"

... အစရှိသဖြင့် ပြောင်းလဲ သုံးစွဲလိုက်တာနဲ့ ကျနော့်အဘိဓမ္မာ ကျနော့်ခံယူချက်ဖြစ်သွားရောလား ကိုဝေး …

ကိုဝေးယူငင်သုံးစွဲပြီး ကိုဝေးကိုယ်ပိုင်အကြိမ်ကြိမ်အခါခါ မူပိုင်လုပ်ယူနေတဲ့ ကဗျာဆရာမင်းတိတ်ခနဲ့ ကျနော်ရဲ့ကဗျာတွေဟာ စကားလုံးသက်သက်မဟုတ်ပါဘူး ကိုဝေး။ ကျနော်တို့ကဗျာထဲက ထွက်လာတဲ့ ခံစားချက်အတွေးအမြင်တွေပါ။

ခုလို တတိုင်းပြည်လုံး အသက်နဲ့ဘဝနဲ့ရင်းပြီး အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေချိန်မှာ ဘာမှဟုတ်တဲ့ ကဗျာအာဏာလုပွဲကျင်းပနေသလိုဖြစ်ပြီး ရှက်စရာကောင်းလွန်းလို့ စာမျက်နှာပေါ်မတင်ပဲ ကျနော်ငြိမ်ခံနေတာပါကိုဝေး။

နောက်ပြီး အရေးအကြီးဆုံးအချက်က ကိုဝေးပေါ်ထားတဲ့ကျနော်ရဲ့ လေးစားမှုသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။

ဒါနဲ့ သံဃာအရေးအခင်းကြီးကစခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကရော ၁၉ နှစ်ကြီးများတောင် ကြာမြင့်သွားခဲ့ပြီတဲ့လား ကိုဝေး..

ချစ်ခင်လေးနက်စွာ
ဇော်ကြီး ( သစ်ကောင်းအိမ် )

ကဗျာဆရာ အောင်ဝေး၏ ပြန်စာ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar











မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂ ရက်မြောက်နေ့ မြင်ကွင်း (10/02/2021 09:59)
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁

မတည်မငြိမ်ဖြစ်မှု ၊ စိုးရိမ်ထိတ်လန့်မှုများနဲ့ ကုန်စျေးနှုန်းမြင့်တက်လာနေတဲ့ မြန်မာနိုင်ငံ
တနေ့ တနေ့ လောင်စာဆီဖြစ်တဲ့ ဓါတ်ဆီနဲ့ ဒီဇယ်ဆီစျေးနှုန်းတွေက တလီတာကို ကျပ် ၅၀မှ ၇၀ ထိ နေ့စဥ်လိုလို မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်အကြာက တလီတာ ၁၅၀၀ ကျပ်မရောက်သေးပေမယ့် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ၁၅၉၅ ကျပ် ဖြစ်လို့နေပါပြီ။ ဒါက ရန်ကုန်မြို့ရဲ့ စျေးနှုန်းသာ ဖြစ်ပါတယ်။ နယ်မြို့တွေကိုရောက်တဲ့အခါ သယ်ယူပို့ဆောင်စရိတ် အခုလို စျေးကွက်မငြိမ်မသက်ဖြစ်ချိန်မှာ အရောင်းနားထားရတဲ့ လောင်စာဆီအရောင်းဆိုင်တွေ၊ ပြင်ပမှောင်ခိုစျေးလိုမျိုးနဲ့ ဝယ်ယူရတဲ့အခြေအနေတွေ နယ်မြို့တွေမှာ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အချို့သော မြို့နယ်တွေမှာ ဓါတ်ဆီတဂါလံကို ကျပ် ၁သောင်းခွဲအထိ အပြင်စျေးကွက်မှာ ရောင်းချနေပြီဆိုတဲ့သတင်းတွေလည်း ကြားနေရသလို ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့လိုဒေသတွေမှာလည်း စက်သုံးဆီစျေးက ရန်ကုန်မြို့ထက် အများကြီး ကြီးမြင့်နေမှာ ဖြစ်ပါတယ်။ 

လောင်စာဆီစျေး မြင့်တက်တာဟာ လယ်ယာထွက်ကုန်၊ စားသောက်ကုန်စတဲ့ ကုန်ပစ္စည်းတွေကို ပိုပြီး သက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဥ်သီး၊ ပန်းမုံလာ၊ အာလူး စတဲ့ ရှမ်းပြည်နယ်ထွက် စိုက်ပျိုးရေးထွက်ကုန်တွေ နကိုကတည်းက စျေးကွက် ပျက်သလိုဖြစ်ပြီး ဝယ်အားကျဆင်းနေချိန်မှာ အခု သယ်ယူပို့ဆောင်ရေး စရိတ်ထပ်မံကြီးမြင့်တဲ့အချက်က ပိုပြီးထိခိုက်နစ်နာစေဦးမှာ ဖြစ်ပါတယ်။ 

ဆန်၊ အာလူး၊ ကြက်သွန်၊ ရေထွက်ပစ္စည်းစတဲ့ စားသောက်ကုန်တွေ တင်ပို့စရိတ်ကြီးမြင့်လာခြင်းကြောင့် နကိုကတည်းက ငွေလဲနှုန်းကြောင့် စျေးမြင့်တက်နေတဲ့ အခြေခံစားသောက်ကုန်တွေကို ထပ်ပြီးမီးလောင်ရာ လေပင့်သလို ဖြစ်စေမှာ ဖြစ်ပါတယ်။ တဖက်မှာ အလုပ်အကိုင် အခွင့်အလမ်းလျော့ပါးလာနေပြီး အလုပ်လုံးဝရပ်နားမသွားသည့်တိုင် ဝင်ငွေလျော့ကျနေပြီးဖြစ်တဲ့ အောက်ခြေမိသားစုတွေကို အခုလို ကုန်ပစ္စည်းတွေ စျေးနှုန်းမြင့်တက်လာမယ့်အချက်က ထပ်ပြီး အထိနာစေမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ လပိုင်းတွေက ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကုလသမဂ္ဂ တို့က မြန်မာနိုင်ငံစီးပွားရေး၊ ဆင်းရဲမွဲတေမှုနဲ့ပတ်သက်လို့ ခန့်မှန်းထားတဲ့ရလဒ်တွေဟာ အခုလတ်တလောထပ်ပြီးဆိုးရွားလာတဲ့ အချက်အလက်တွေမပါဝင်သေးပါဘူး။ အဲဒီအချိန်ခန့်မှန်းချိန် ထုတ်ပြန်ချိန်မှာတုန်းက အခုလို ငွေတန်ဖိုးကျတဲ့ ဂယက်တွေ နိုင်ငံခြားငွေလဲနှုန်း မကြုံဖူးလောက်အောင် မြင့်တက်တာတွေ မဖြစ်ပွားသေးပါဘူး။ 

သတင်းတွေထဲ အစီရင်ခံစာတွေထဲ၊ ခန့်မှန်းချက်တွေထဲက စီးပွားရေး အခြေအနေကိုချည်း မကြည့်ပဲ ကျနော်တို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲကြည့်မယ်ဆိုရင်လည်း စားဝတ်နေရေး ကြပ်တည်းမှုက တရစ်ပြီးတရစ် တင်းကြပ်လာတာ သတိပြုမိနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ စက်ဘီးနဲ့ စျေးရောင်းသူတွေ၊ ဆိုက်ကားနဲ့ စျေးရောင်းသူတွေ၊ လက်တွန်းလှည်းနဲ့ စျေးရောင်းသူတွေ အပြင် တက္ကစီကားလိုမျိုးနဲ့ အသားငါး၊ မီးဖိုချောင်သုံးပစ္စည်းတင်ပြီး ရပ်ကွက်တွေထဲ လိုက်ရောင်းတာတွေကို နေ့စဥ် မြင်တွေ့နေရသလို တနေ့ထက်တနေ့ စျေးရောင်းသူများလာတာ မြင်တွေ့နေရပါတယ်။ ဘုရားပန်း၊ ဟင်းရွက်စုံ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ သစ်သီး၊ ကြက်သွန်၊ အာလူး စတာတွေအပြင် မုန့်သည်တွေလည်း မနက်မိုးလင်းတဲ့အချိန်က စလို့ညနေ မှောင်ခါစထိ စျေးသည်တွေရဲ့ အော်သံ လက်ကိုင်စပီကာသံတွေက အဆက်မပြတ် လောက်အောင် ကြားနေရတာပါ။ 

အပြင်မှာစျေးရောင်းသလိုပဲ အွန်လိုင်းပေါ်မှာလည်း အစားအသောက်တွေ အဝတ်အစား၊ အသုံးအဆောင်၊ ဆန်၊ စားဆီ စတဲ့ မရှိမဖြစ် အိမ်သုံးပစ္စည်းနဲ့ အစားအသောက်တွေ အွန်လိုင်းပေါ်မှာ အပြည့်ဖြစ်လာနေပါတယ်။ အရင်က စျေးတခါမျှ မရောင်းဖူးတဲ့ ကိုယ့်ရဲ့ အသိမိတ်ဆွေတွေအများအပြားလည်း အွန်လိုင်းမှာ စျေးရောင်းသူတွေ ဖြစ်လာနေတာ တွေ့နေရပါတယ်။ အခုလို အွန်လိုင်းမှာ စျေးရောင်းတာတွေ တရှိန်ထိုးများပြားလာတာဟာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာကို ပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။ 

အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါးလာတဲ့ အကြောင်းအချက်တွေအနက် နံပါတ်တစ်က စစ်အာဏာသိမ်းတာဖြစ်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ဖျော်ဖြေရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အခမ်းအနား ပွဲလမ်းသဘင်တွေက ရပ်နားထားရတာ နှစ်ချီရှိလာချိန်မှာ အပြီးတိုင် ရပ်နားလိုက်ရတဲ့ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေ ရှိသလို ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေလည်း ပြန်လည် နလံထဖို့ မျှော်လင့်ချက်မမြင်နိုင်သေးတဲ့ အခြေအနေမှာ စစ်အာဏာသိမ်းမှုကြောင့် ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေ အထက်က လုပ်ငန်းတွေတင်မက အထည်ချုပ်လုပ်ငန်းလို ကုန်သွယ်မှု လုပ်ငန်းတွေအထိ ထပ်မံထိခိုက်စေခဲ့တာပါ။ 

ကိုဗစ်မတိုင်မီ၊ စစ်အာဏာသိမ်းမှု မတိုင်မီ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ ဖွင့်လှစ်ထား ဖွင့်လှစ်ဆဲ အဝတ်အထည်ဆိုင်၊ အလှကုန်ဆိုင်၊ နိုင်ငံတကာ အမှတ်တံဆိပ် နဲ့ ဝန်ဆောင်မှု အစားအသောက်၊ လက်လီစတိုးစတဲ့ လုပ်ငန်းတွေ တဖြည်းဖြည်းနဲ့ ရပ်နားထားတာ ၊ ပိတ်သိမ်းလိုက်တာတွေ သိသိသာသာ မြင်တွေ့နေရပါတယ်။ နေရာကျယ်ကျယ်ယူထားတဲ့ ဟော့ပေါ့ဆိုင်ကြီးတွေလို ၊ ကေတီဗွီတွေ၊ လူလတ်တန်းစားကို ပစ်မှတ်ထားတဲ့ စားသောက်ဆိုင် ၊ ဘီယာဆိုင်တွေ အများအပြားကိုဗစ်ကန့်သတ်ချက်ကြောင့်ရော စစ်အာဏာသိမ်းပြီးနောက်ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကြောင့်ပါ မလည်ပတ်နိုင်ကြသလို အများအပြား အပြီးတိုင် ပိတ်သိမ်းလိုက်ကြတာလည်း ဖြစ်ပါတယ်။ 

ဆိုင်ခန်းငှားမည် သို့ ရောင်းမည်ဆိုတဲ့ ဆိုင်းဘုတ်တွေ ရန်ကုန်မြို့ဟိုနားသည်နားမှာ အများအပြားတွေ့နေကြရပါတယ်။ ရန်ကုန်မြို့ရဲ့ လူစည်ကားရာ လမ်းဆုံ လမ်းထောင့်တွေမှာ နေရာကျယ်ကျယ်နဲ့ ဖွင့်ကြတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေလည်း တနှစ်ကျော်ကြာလာတဲ့ ဆိုင်ထိုင် ဧည့်သည်လက်မခံရတဲ့ ကိုဗစ်ကန့်သတ်ချက်ကို တောင့်ခံဖို့ မလွယ်ကူကြတော့ပါဘူး၊ အရင် ပုံမှန်အခြေအနေမှာ အလုပ်သမား ၃၀၊ ၄၀ လောက်ရှိတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေအနေနဲ့ အခုတော့ ၅ ယောက် ၁၀ ယောက်လောက်သာ ခန့်ထားနိုင်ကြတာတွေ့ရပါတယ်။ 

ဒီအခြေအနေတွေက ရန်ကုန်ရဲ့ စီးပွားရေး လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း အခြေအနေပဲ ဖြစ်ပါတယ်။ နယ်တွေက အခြေအနေက ရန်ကုန်နဲ့မတူပဲ မိမိတို့အိမ်တွေ ၊ လယ်တွေ စိုက်ခင်းတွေ ကျွဲ နွား ဝက် ဆိတ်တွေကို ထားခဲ့ရပြီး စစ်ကောင်စီတပ်တွေဝင်လာလို့ ထွက်ပြေးရတဲ့အခြေအနေ စိုက်ပျိုးရာသီလည်း မစိုက်ပျိုးနိုင်တဲ့အခြေအနေ အသက်တွေဆုံးရှုံးရတဲ့အခြေအနေတွေကို ရင်ဆိုင်နေရပြီး ပိုပြီးဆိုးရွားတဲ့အနေအထားဆိုတာသတင်းတွေထဲ မြင်နေတွေ့နေကြရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ကျရှုံးတဲ့ နိုင်ငံတနိုင်ငံမဟုတ်သေးဘူးဆိုသည့်တိုင် အဲဒီလားရာကို ဦးတည်သွားနေတဲ့ နိုင်ငံတနိုင်ငံဖြစ်လို့နေတာတော့အမှန်ပဲ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ကာတွန်း ဘီရုမာ - ပေါက်ဖော်ကြီး ဖော်တဲ့ဆေး (10/02/2021 08:38)

ကာတွန်း ဘီရုမာ - ပေါက်ဖော်ကြီး ဖော်တဲ့ဆေး
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၂) (10/02/2021 08:34)
မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး (၂)
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁

မြန်မာတရုတ်ဆက်ဆံရေး ဒုတိယပိုင်း 
၁၉၆၀ စုနှစ်ကာလများတွင် တရုတ်ပြည်တွင်းနိုင်ငံရေးသည် မုန်တိုင်းထန်သည့်ကာလဖြစ်သည်။ အနောက်အုပ်စု၏ ဖယ်ကျဉ်ခြင်းခံရသည့်အပြင် ကွန်မြူနစ်မဟာမိတ်ဖြစ်သည့် ရုရှားနှင့်သဘောထားကွဲလွဲသည်။ ‌တရုတ်ပြည်တွင်း၌ စီးပွါးရေးအကြပ်အတည်းများကြုံရသည်။ ထိုအခြေအနေအောက်တွင် တရုတ်ကွန်မြူနစ်ပါတီတွင်းအယူအဆကွဲ ပြားမှု များပြားပြီး ပါတီတွင်းတိုက်ပွဲပြင်းထန်သည်။ ဖေါက်ပြန်ရေးသမားများ၊ လက်ျာအချောင်သမားများဟုသတ်မှတ်ထားသူများကို ပါတီတွင်း၌ ပြင်းပြင်ထန်ထန်တိုက်ပွဲဆင်သည့်ကာလဖြစ်သည်။ ထိုတိုက်ပွဲသည် ပါတီတွင်း၌ တိုးတိုးတိတ်တိတ်ဖြစ်သော တိုက်ပွဲမဟုတ်၊ တပြည်လုံးအနှံ့ဖြန့်ကျက်သွားပြီး ယဉ်ကျေးမှုတော်လှန်ရေးဟုခေါ်သော လှုပ်ရှားမှုကြီး ၁၉၆၆ တွင် ဖြစ်ပွါးသည်။တပ်နီလူငယ်များ၏ တပြည်လုံးအနှံ့လှုပ်ရှားမှုကို တွေ့မြင်ရသည်။ ထိုလှုပ်ရှားမှုတွင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာမူဝါဒအား ကျယ်ကျယ်လောင်လောင်ဖေါ်ထုတ်လာသည်။ ၎င်းမှာ နိုင်ငံတကာ ပစ္စည်းမဲ့များနှင့်အဖိနှိပ်ခံပြည်သူများ သွေးစည်းကြဟူသည့်ကြွေးကြော်သံဖြစ်သည်။ ထိုကြွေးကြော်သံသည် ကွန်မြူနစ်တို့၏ ယေဘုယျကြွေးကြော်သံဖြစ်၍ မထူးဆန်းဟုဆိုနိုင်သည်။ သို့သော် ထိုအချိန်ကာလက တရုတ်ပါတီ၏ထုတ်ပြန်ချက်သည် သူတို့၏အခြေအနေနှင့်လည်း သက်ဆိုင်သည်။ ထိုကာလက အမေရိကန်နှင့် အနောက်နိုင်ငံများက တရုတ်ပြည်အား ကမ္ဘာ့ကုလသမဂ္ဂတွင် ပါဝင်ခွင့် ငြင်းပယ်ထားပြီးအထီးကျန်ဖြစ်အောင် ပိတ်ဆို့ထားသည့်ကာလဖြစ်သည်။ တရုတ်တို့ အယူဝါဒရေးရာ မဟာမိတ်ဖြစ်သည် ရုရှားနှင့် သဘောတရားရေးအရ ပြင်းပြင်းထန်ထန်ကွဲလွဲတိုက်ခိုက်နေသည့်ကာလဖြစ်သည်။ သို့ဖြစ်ရာ တရုတ်တို့အနေနှင့်သူ့အား ထောက်ခံသည့်အင်အားစုများကိုစည်းရုံးသိမ်းသွင်းရန်၊ နိုင်ငံတကာတွင် သူအင်အားစုကိုစုစည်းရန်အတွက် လက်တွေ့ခြေလှမ်းလှမ်းရန် ကြံရွယ်ခဲ့သည့် ကြွေးကြော်သံလည်းဖြစ်ခဲ့သည်။ ထိုကြွေးကြော်သံသည် ပြည်ပနိုင်ငံများရှိ ပင်လယ်ရပ်ခြားတရုတ်အမျိုးသားများအသိုင်းအဝိုင်းသို့လည်း ပျံ့နှံ့သွားသည်။ ထို့ပြင် တရုတ်ကွန် မြူနစ်နှင့် အဆက်အဆံရှိသော တရုတ်ကွန်မြူနစ်ပါတီ၏အောင်ပွဲကို အားကျသော အာရှ၊ အာဖရိက၊ လက်တင်အမေရိကရှိ ကွန်မြူနစ်ပါတီ၊ အလုပ်သမားပါတီ၊ လက်ဝဲပါတီ၊ ဒီမိုကရက်တစ်ပါတီများသို့ပါ ဩဇာသက်ရောက်သွားသည်။ ထိုကာလအား အရှေ့လေတိုက်နေသောကာလ၊ အရှေ့လေအားကောင်းသောကာလဟု ဆိုကြသည်။ 

ဤအရှေ့လေသည် မြန်မာပြည်သို့ပါရောက်လာသည်။ ထိုကာလတွင် မြန်မာပြည်တွင်း၌ ဗမာပြည်ကွန်မြူနစ်ပါတီသည် မြန်မာအစိုးရ၏ အဓိကရန်သူဖြစ်နေသည်။ မြန်မာပြည်တွင်း၌လည်း လက်ဝဲလေထု အတော်အတန်အားကောင်းသည်။ ထိုအချိန်တွင် မြန်မာပြည်တွင်း၌ မြန်မာ တရုတ် အဓိကရုဏ်း (၁၉၆၇) ဖြစ်ပွါးသည်။ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွါးကျောင်းသားများအလွန်ဟု တဖက်ကဆိုကြသကဲ့သို့ တဖက်ကလည်း မြန်မာပြည် ပြည်တွင်းဆန်ပြသနာကြောင့်ဖြစ်ပေါ်နေသည့် လူထုမကြေနပ်မှုအား လမ်းလွှဲရန် အစိုးရက လူမျိုးရေးအဓိကရုဏ်းဖန်တီးခြင်းဖြစ်သည်ဟု ဆိုကြသည်။ သေချာသည်ကတော့ တရုတ်သံရုံးတွင်းရှိ တရုတ်သံအဖွဲ့ဝင်တဦးအား ပြင်ပကကျူးကျော်ဝင်ရောက်သတ်ဖြတ်ခြင်းအပါအဝင် လူသေဆုံးမှုများ၊ မီးလောင်ဆုံးရှုံးခြင်းများ အများအပြားဖြစ်ပွါးသည့် အနီးခေတ် မြန်မာ တရုတ်အဓိကရုဏ်းကြီးဖြစ်ပွါးသည်။ တဆက်တည်းတွင် မြန်မာအစိုးရတာဝန်ရှိသူများက တရားမဝင်ကွပ်ကဲသည့် တရုတ်ကွန်မြူနစ်ပါတီဆန့်ကျင်ရေး၊ ဗမာပြည်ကွန်မြူနစ်ပါတီဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင်ရေးလှုပ် ရှားများ မြန်မာပြည်အနှံ့ဖြစ်ပွါးခဲ့သည်။ မော်စီတုန်းနှင့် သခင်သန်းထွန်းသည် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု၏ ပစ်မှတ်ဖြစ်ခဲ့သည်။ မြန်မာအစိုးရပိုင်သတင်းစာ၊ အသံလွှင့်ဌာနများများမှလည်း တရုတ်ဆန့်ကျင်ရေး တွင်တွင်ပြော၍ လှုံ့ဆော်ခဲ့သည်။ တရုတ်တို့ ဘေကျင်း (ပီကင်း) အသံလွှင့်ဌာနကလည်း မြန်မာအစိုးရအား အတိအလင်းဗြောင်ကျကျတိုက်ခိုက်ခဲ့သည်။ ထိုစဉ်ကာလ ဘေကျင်း‌အသံလွှင့်ဌာနအားဖွင့်လိုက်ပါက "ထလော့ အငတ်ဘေးကျရောက်သူတို့တတွေ၊ ထလော့ ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ" ဟုအစချီသည့် အင်တာနေရှင်နယ် သီချင်းသံကို ကြားရမည်။ ပြီးလျင် "နေဝင်း၊ စန်းယု စစ်အစိုးရ" ဟု အစချီသည့် တရုတ်မလေးတယောက်၏ ခပ်စွာစွာမြန်မာစကားပြောအသံကို ကြားရမည်ဖြစ်သည်။ ထိုကာလသည် ဆယ်စုနှစ်တစု‌ကျော်ကြာမြင့်ခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ၏ ယဉ်ကျေးမှုတော်လှန်ရေး အယူအဆကြောင့်သော်၎င်း၊ မြန်မာ တရုတ်အဓိကရုန်းကြောင့်သော်၎င်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် ဖယ်ကျဉ်ထားခြင်းခံထားရသည့် တရုတ်အတွက် ရနိုင်သမျှ သူ့အားထောက်ခံသည့် အင်အားများကို စုစည်းခြင်းကြောင့်သော်၎င်း ၁၉၆၇ မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီအား လက်နက်ခဲယမ်းနှင့်တကွ လိုအပ်သည်အားလုံးကို ဖြည့်ဆည်းပေးပြီး မြန်မာအစိုးရအား နယ်စပ်ဒေသတလျောက် လက်နက်ကိုင်တိုက်ခိုက်နိုင်ရန် တရုတ်တို့က ပံ့ပိုးကူညီခဲ့သည်။ အချိန်တို သုံးလေးနှစ်အတွင်းအတွင်း နမ့်ခမ်း၊ မူစယ်ဒေသမှသည် ကျိုင်းတုံ၊ တာချီလိတ်အထိ တရုတ်မြန်မာနယ်စပ်တလျောက်နှင့် ကချင်ပြည်နယ်အရှေ့မြောက်နယ်စပ်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီက အခြေခံစခန်းတည်ဆောက်ခါ မြန်မာအစိုးရအား ကြီးမားသည့်စစ်မျက်နှာ ဖွင့်လှစ်နိုင်ခဲ့သည်။ မြန်မာအစိုးရ၏ အဓိကတပ်များဖြစ်သည့် တပ်မ ၉၉/ ၈၈/၇၇ စသည့် တပ်မ ၃ ခုနှင့် ကွန်မြူနစ်တပ်များအား ရင်ဆိုင်ထားခဲ့ရသည်။ ပြင်းထန်သော တိုက်ပွဲကြီးများဖြစ်ပွါးခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် နယ်စပ်ဒေသတလျောက် အခြေခံစခန်းများ တည်ဆောက်နိုင်ခဲ့သည်။ မြန်မာနှင့်တရုတ်အစိုးရချင်းဆက်ဆံရေးသည် ပိုမိုဆိုးဝါးသည့် အခြေအနေသို့ဆိုက်ရောက်ခဲ့သည်။ 

ထိုကာလသည် ၁၉၆၆ ခုနှစ်မှ ၁၉၇၆ အထိ ၁၀ နှစ်ကျော်မျှကြာမြင့်ခဲ့သည်။ ရန်ကုန်ရှိတရုတ်သံရုံးဧည့်ခံပွဲများတွင် အစိုးရအရာရှိများကို မတွေ့ရ။ လက်ဝဲသမားများ၊ ဒီမိုကရက်များသာ တွေ့နိုင်ကာလဖြစ်သည်။ မော်စီတုန်း၏ ဩဝါဒ၊ မော်စီတုန်း၏ လက်ရွေးစင်ကျမ်းများကို တရုတ်သံရုံးတွင် ရရှိနိုင်သည်။ တရုတ်သံရုံးက ကွန်မြူနစ်ဝါဒအတွေး အခေါ် ၊သဘောတရားများကို ဗြောင်အတိအလင်းဖြန့်ဖြူးသည်။ နယ်စပ်တွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီအား အကူအညီပေးသည်။ မြန်မာ တရုတ် အဓိကရုဏ်းကာလထဲက မြန်မာပြည်အား အစိုးရချင်း ပေးနေသောအကူအညီအားလုံးရပ်ဆိုင်းသွားသည်။ မြန်မာတရုတ်အစိုးရချင်းဆက်ဆံရေး အဆိုးဝါးဆုံးကာလဖြစ်သည်။ အစိုးရချင်းဆက်ဆံရေး အေးခဲသောကာလဟု ဆိုရမည်။ 

တရုတ်တို့၏အပြောင်းအလဲ ပထမအဆင့် မော်စီတုန်းကွယ်လွန်ပြီး တိန့်ရှောက်ဖင် ပြန်လည်အာဏာရရှိပြီးနောက် တရုတ်တို့ အပြောင်းအလဲစတင်သည်။ အစောပိုင်းက တဖြေးဖြေးစတင်သော်လည်း ၁၉၈၀ ခန့်မှစ၍ အရှိန်ဟုန့်ပြင်းပြင်းနှင့်ပြောင်းလဲသည်။ ၁၉၈၀ မှစ၍ တရုတ်တို့သည် နိုင်ငံတကာ ကွန်မြူနစ်ပါတီများအား ကူညီထောက်ပံ့ခြင်းအား တဖြေးဖြေးချင်းလျော့ချရပ်ဆိုင်းသည်။ အစိုးရချင်း ဆက်ဆံရေး၊ ကုန်သွယ်ရေးကို တိုးချဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလက ကြွေးကြော်ခဲ့သည့် နိုင်ငံတကာပစ္စည်းမဲ့များသွေးစည်းကြဆိုသည့် အသံတဖြေးဖြေးမှေးမှိန်သွားပြီး ကမ္ဘာ့ပြည်သူများသွေးစည်းကြဟူ၍ ဖြစ်လာသည်။ မြန်မာ တရုတ် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေးဆိုသည်က ရှေ့တန်းရောက်လာသည်။ တိန့်ရှောက်ဖိန်၏ "ချမ်းသာတာ မင်္ဂလာပါ" "ကြောင်ဖြူဖြစ်ဖြစ် ကြောင်မဲဖြစ်ဖြစ် ကြွက်ခုတ်နိုင်ရင် လိမ္မာတာဘဲ" ဟူသည့် စကားသံများလွှမ်းမိုးလာသည်။ 

ဤကာလတွင် တရုတ်နှင့် မြန်မာအစိုးရ ဆက်ဆံရေးလည်း ပြန်လည်အစပြုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအား အကူအညီများ စတင်လျှော့ချသည်။ ၁၉၈၀/၈၁ ခန့်တွင်ဗိုလ်နေဝင်း တရုတ်ပြည်သို့ အလည်အပတ်ခရီးသွားသည်။ တရုတ်တို့က မြန်မာအစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အတိုက်အခိုက်ရပ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန်တိုက်တွန်းသည်။ မြန်မာပြည်ရှိ ဆန့်ကျင်ဖက်နိုင်ငံရေးအင်အားစုများအား တွေ့ဆုံဆွေးနွေးအဖြေရှာရန် တရုတ်တို့က ပထမဆုံးတိုက်တွန်းသည့်အကြိမ်ဖြစ်သည်။ ‌တရုတ်တို့၏ တိုက်တွန်းသဖြင့် ဆွေးနွေးပွဲဖြစ်မြောက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ သို့သော် လည်း မြန်မာအစိုးရက မြန်မာပိုင်နက် နယ်မြေအများစုအား တည်ငြိမ်အောင်ထိမ်းချုပ်နိုင်သည့်အခြေ အနေအောက်တွင် တရုတ်တို့က မြန်မာအစိုးရနှင့် အစိုးရချင်းဆက်ဆံရေးကိုတိုးမြှင့်သည်။ မူစယ်-၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ထိပါးနိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီထိမ်းချုပ်ရာ ရွှေကျင်ဝမ်-တာပန် (စီစီဝမ်-တာပန်) တောင်ကြောနှင့် မုန်းပေါ်ဒေသအားမြန်မာအစိုးရတပ်များက ထိုးစစ်ဆင်သိမ်းပိုက်ရာတွင် တရုတ်တို့နှင့်ညှိနှိုင်းမှုများရှိခဲ့သည်ဆိုသည့်သတင်းများထွက်ပေါ်ခဲ့သကဲ့သို့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်များ ထိုဒေသမှဆုတ်ခွါပေးရန် တရုတ်တို့သွယ်ဝိုက်ဖိအားပေးမှုများရှိခဲ့သည်။ ထို့ နောက် နယ်စပ်ကုန်သွယ်ရေးအပါ နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်ရန် တရုတ်တို့ တောက်လျောက်ကြိုးစားခဲ့ရာ ထိုမှစ၍ မြန်မာတရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် ‌တဖြေးဖြေးမြင့်တက်လာခဲ့တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မောင်စွမ်းရည် - အောင်ဝေး ချစ်လို့ ရေးတဲ့ကဗျာ၊ အောင်ဝေး မုန်းလို့ ရေးတဲ့ကဗျာ (10/02/2021 07:10)
မောင်စွမ်းရည် - အောင်ဝေး ချစ်လို့ ရေးတဲ့ကဗျာ၊ အောင်ဝေး မုန်းလို့ ရေးတဲ့ကဗျာ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁

မြန်မာခေတ်ပေါ်ကဗျာ (ကာလပေါ်ကဗျာ) လို့ ပြောရင် ‘ခေတ်စမ်းကဗျာ’လို့ ခေါ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ကဗျာတွေကို ဆိုလိုတာလို့ နားလည်ထားမယ် ထင်ပါတယ်။ ခေတမ်စမ်း နောက်ဆက်တွဲအဖြစ် နုယဉ်၊ မင်းယုဝေ၊ ငွေတာရီတို့ ပေါ်ထွက်ခဲ့ပါတယ်။ တဆက်တည်းလိုပဲ ခေတ်စမ်းကဗျာတွေရဲ့ ရေးပုံ၊ တွေးပုံ အတော်အတန် ခြားနားတဲ့ ဒဂုန်တာရာနဲ့ ကြည်အေးတို့ရဲ့ ကဗျာတွေ ပေါ်လာခဲ့တယ်။

ဒါပေမဲ့ သူတို့ရဲ့ ကဗျာအမျိုးအစားများဟာ ဆက်လက် မထွန်းကားလာခဲ့ပါ။ ကျွန်တော့်အထင် ပြောရရင် ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်၊ စစ်ကြီး နှစ်စစ်ကြောင့် ပညာရေးနဲ့ စာပေဟာ အတန်ငယ် နောက်ဆုတ်သွားခဲ့တဲ့အတွက် အဲဒီခေတ် လူငယ်တွေမှာ စာပေဖတ်ရှု ခံစားနိုင်မှု အရှိန်နှေးသွားခဲ့တယ်လို့ ထင်ပါတယ်။

ဆရာတာရာတို့နဲ့ မရှေးမနှောင်း နည်းနည်းနောက်ကျပြီး ပေါ်ထွက်လာတဲ့ ကဗျာတွေ၊ အထူးညွှန်းချင်တာက မန္တလေးတက္ကသိုလ်ထွက် ကဗျာဆရာတွေဟာ အင်နဲ့ အားနဲ့လို့ ဆိုရလောက်အောင် လေး ငါး ဆယ်ယောက်လောက် တဆက်တည်း၊ တစုတည်း ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ တပြိုင်တည်း ကဗျာဆုတွေ ရကြပြီး ဆုပေး ရွေးချယ်ကြသူတွေက ခေတ်စမ်းစာဆိုကြီးတွေ ဖြစ်နေပါတယ်။ ဒါကြောင့်လား မသိ၊ သူတို့ကဗျာတွေက ခေတ်စမ်းအသံ၊ ခေတ်စမ်းဟန် ပေါက်နေပါတယ်။

ဒဂုန်တာရာ၊ ကြည်အေး တို့နောက် မလိုက်ဘဲ ဇော်ဂျီ၊ မင်းသုဝဏ် နောက်ကို လိုက်နေကြပါတယ်။ ဆိုချင်တာက မြန်မာကာလပေါ် ကဗျာဟာ ‘အီနေတယ်’လို့ ထင်မြင်မိပါကြောင်း ပြောလိုတာပါ။

ဒီအချိန်မှာ ခေတ်ပေါ်ကဗျာ စူးစမ်းလေ့လာမှုတွေ လုပ်လာကြပါတယ်။ ရန်ကုန်မှာ ကဗျာဆရာကြီး မင်းသုဝဏ် ဦးဆောင်ပြီး ဆရာကြီးရဲ့အိမ်မှာပဲ ကဗျာဆရာတွေ စုပြီး ဆွေးနွေးကြပါတယ်။ တင်မိုး၊ မောင်သာနိုး၊ မြဇင်၊ မင်းမော် စသူတွေ ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ နှစ်စဉ် စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွေမှာ မျက်မှောက်ခေတ် ကဗျာကို လေ့လာမှုတွေ ပြုလုပ်ပြီး စာတမ်းဖတ်ကြပါတယ်။ ကဗျာစာတမ်းတွေကို ကဗျာဆရာများ ဖြစ်ကြတဲ့ တင်မိုး၊ မောင်စွမ်းရည် စသူတို့က ရေးသား တင်သွင်း ဖတ်ကြားခဲ့ကြပါတယ်။ အဓိက ပြောလိုတာက မျက်မှောက်ခေတ် ကဗျာတွေဟာ ‘အီနေတယ်’ ဆိုတာပါပဲ။

တင်မိုး၊ မောင်စွမ်းရည်တို့ ကဗျာဆရာများကိုယ်တိုင်က မျက်မှောက်ကဗျာတွေဟာ ‘အီနေတယ်’ လို့ တသံတည်း ထွက်လာကြပေမဲ့ ‘အီနေရင် ရှေ့ဆက်ပြီး ဘာလုပ်ကြရမယ်ဆိုတာ’ကို ရေရေရာရာ မပြောခဲ့ကြပါဘူး။

ဒါပေမဲ့ နောက်တနှစ်မှာ ဆက်လက်ပြီး မြဇင်နဲ့ မောင်သာနိုးတို့က ‘မြို့ပြခံစားမှု’ (Modern Sensitivity) ဆိုတဲ့စကားကို အဓိကသုံးပြီး ခေတ်ပေါ်ကဗျာကိစ္စ၊ ကဗျာဆန်းသစ်ရေးကိစ္စကို ဆွေးနွေးတင်ပြလာခဲ့ကြပါတယ်။ ဆက်လက်ပြီး ကမ္ဘာ့ခေတ်ပေါ်ကဗျာတွေနဲ့လည်း မိတ်ဆက်ပေးကြပါတယ်။

မောင်သာနိုးက ‘ထင်းရူးရိပ်’ ဆိုတဲ့ ကဗျာ ဘာသာပြန်စာအုပ်တအုပ် ထုတ်လိုက်ပါတယ်။ ဒီအခါမှာ ကမ္ဘာ့ခေတ်ပေါ်ကဗျာများနဲ့ အဆက်ပြတ်သလို ဖြစ်နေတဲ့ မြန်မာလူငယ်ကဗျာဆရာများဟာ အနောက်တိုင်း ခေတ်ပေါ်ကဗျာတွေကို မြည်းစမ်းခွင့်ရရှိလာခဲ့ပြီး ‘မြို့ပြခံစားမှုကဗျာ’၊ ‘ခေတ်ပေါ်ကဗျာ’ တို့ကို တုပစပ်ဆိုလာခဲ့ကြပါတယ်။

‘ကာရန်မဲ့’၊ ‘စကားပြောရစ်သမ်’ ဆိုတဲ့ ကိစ္စတွေကို စမ်းဝါးမိလာကြပါတယ်။ လေ့လာ၊ တုပလာကြပါတယ်။ ဒါပေမဲ့ ‘မြို့ပြခံစားမှု’ ဆိုတဲ့ ခေတ်ပေါ်ကဗျာရဲ့ ဇာစ်မြစ်နဲ့ အတန်ငယ် ကင်းကွာနေကြတဲ့အတွက် အလှမ်းကျယ်၊ အလယ်လပ်သလို ဖြစ်နေဟန်ရှိပါတယ်။ အဓိကမှာ ကမ္ဘာ့စာပေ၊ အနောက်တိုင်းစာပေကို ကိုယ်တိုင် ဖတ်ရှုခံစားနိုင်လောက်တဲ့ ပညာအခြေခံ (အင်္ဂလိပ်စာ ကောင်းကောင်းမတတ်တဲ့ကိစ္စ)ကြောင့် ဖြစ်ပါလိမ့်မယ်။ မြို့ပြခံစားမှု အတုအယောင် ကဗျာတွေပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ ယနေ့ လူငယ်ကဗျာဆရာတွေ ယက်ကန်ယက်ကန် ဖြစ်နေရတာ ဘာကြောင့်လဲလို့ အကြောင်းရင်း (တရားခံ)ကို စူးစမ်းကြည့်တဲ့အခါမှာ အချက် နှစ်ချက်ကို သွားတွေ့ရပါတယ်။ ပထမတချက်က မြန်မာပြည်ကိုယ်တိုင်က ခေတ်မီတိုးတက်တဲ့ မြို့ပြနိုင်ငံတနိုင်ငံအဖြစ် မရောက်ရှိသေးတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စာမရှိ၊ စာမတတ်တဲ့ မြန်မနိုင်ငံသားတွေ အများအပြား ရှိနေပါသေးတယ်။ လူမှုဆက်ဆံရေးကလည်း ရိုးရှင်းတဲ့ ကျေးလက်လူမှုဆက်ဆံရေးပဲ ရှိနေပါသေးတယ်။ ဒုတိယအချက်ကလည်း ပထမအချက်ကို အခြေခံနေတယ် ထင်ပါတယ်။

အဲဒါကတော့ မြန်မာလူငယ် စာပေသမားတွေ စာလေ့လာနိုင်စွမ်း အားနည်းမှုပါပဲ။

အင်္ဂလိပ်စာနဲ့ ကမ္ဘာ့စာပေကို လေ့လာကြရာမှာ အင်္ဂလိပ်စာ ဖတ်နိုင်စွမ်းအားနည်းတဲ့အတွက် ကမ္ဘာ့စာပေနဲ့ ရင်းနှီးကျွမ်းဝင်မှုကလည်း အားနည်းနေကြပါတယ်။

ခုအထိ တင်ပြခဲ့တာဟာ မြန်မာကဗျာဆရာများရဲ့ ဘဝနောက်ခံအကျဉ်းကို စူးစမ်းချက် ဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်က မော်ဒန်ကဗျာဆရာများလို့ ကိုယ့်ဘာသာ သတ်မှတ်ထားသူများဟာ ကြိုးစားအားထုတ်မှုရှိကြပေမဲ့ မြို့ပြခံစားမှုအခြေခံနဲ့ ကမ္ဘာ့စာပေ (မြို့ပြစာပေ) လေ့လာဖတ်ရှုနိုင်စွမ်း အားနည်းကြပါတယ်။

အောင်ဝေးလည်း ဒီပုတ်ထဲက ဒီပဲပေါ့။ ဒါပေမဲ့ နိုင်ငံခြားကိုရောက်ရှိနေတာဟာ ၂၀၀၈ ခုနှစ်ကဆိုတော့ ခုအခါ ၂၀၂၁ ခုနှစ်မှာဆိုရင် ဒွါဒသဟိ - တဆယ့်နှစ်နှစ် ကာလပတ်လုံး ကြာရှိသွားခဲ့ပါပြီ။

ကမ္ဘာ့မြို့ပြနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်လာခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီဆိုတော့ မြို့ပြခံစားမှုနဲ့ ထိတွေ့ခံယူခဲ့ရတာလည်း ၁၀ နှစ်ကျော်ခဲ့ပါပြီ။

ကျွန်တော်တို့က နယူးယောက်မြို့မှာ ရပ်ကွက်မြို့နယ်တခုထဲက အခန်းပေါင်း ၁၅၀ လောက်ရှိတဲ့ တိုက်ခန်းကြီးတလုံးမှာ ကိုယ်လို သူလို တောသား မြန်မာနိုင်ငံသားတွေ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား နိုင်ငံသားတွေ၊ ဘင်္ဂါလီ၊ အိန္ဒိယနိုင်ငံသားတွေ စတဲ့ အာရှနိုင်ငံသားတွေနဲ့ ပေါင်းပြီး နေရတာပါ။ အိမ်ခန်းနဲ့ ဘုန်းကြီးကျောင်းကလွဲပြီး ဘယ်မှမရောက်ပါဘူး။ ကိုဗစ်ကာလဆိုရင် ပိုဆိုးတာပေါ့။

ဒါကြောင့် မြို့ပြခံစားမှုက ကျွန်တော်တို့ကို ထွင်းဖောက်နိုင်ခဲ့ပါတယ်။

အောင်ဝေးတို့က မစ်ရှီဂန်မှာနေတော့ ကိုယ့်အိမ်ထဲမှာပဲ အောင်းပြီးနေတာမဟုတ်ဘဲ တက္ကသိုလ်ကို တက်လိုက်သေးတာပါ။ အမေရိကန် ကျောင်းသားတွေလို နေထိုင် ပြောဆို၊ စားသောက် သင်ယူနေလာတာကိုး။ ခုအခါ အမေရိကန်တက္ကသိုလ်က ဘွဲ့တခုတောင် ရရှိသွားခဲ့ပါပြီ။ ဒါကြောင့် မြို့ပြခံစားမှု ဆိုတာမျိုး သူ့ကိုယ်ထဲမှာ စိမ့်ဝင်နေခဲ့ပါပြီ။ မြို့ပြစာပေကိုလည်း ဘွဲ့ရအောင် ဖတ်ယူ လေ့လာ ခံစားခဲ့ရပါပြီ။

ဒါကြောင့် သူ ကဗျာဖွဲ့တဲ့အခါ မြို့ပြခံစားမှု အပြည့်နဲ့ မြို့ပြခံစားမှု ပုံစံအတိုင်း ဖွဲ့ဆိုတင်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခု တနှစ်၊ နှစ်နှစ်အတွင်းမှာပဲ ကဗျာစာအုပ် နှစ်အုပ် ဆက်တိုက် ရေးထုတ်နိုင်ခဲ့ပါပြီ။ တအုပ်က ‘ချစ်လို့ရေးတဲ့ ကဗျာ’တဲ့။ နောက်တအုပ်က ‘ဒေဝဒတ်ရဲ့ ပစ္စတို’တဲ့။

ပထမကဗျာစာအုပ် ဖြစ်တဲ့ ‘ချစ်လို့ရေးတဲ့ကဗျာ” ဆိုတဲ့ ကဗျာစာအုပ်မှာ စာမျက်နှာ ၆၈ မျက်နှာ ပါတဲ့ ကဗျာစာအုပ်ငယ်လေးတအုပ်မှာ ကဗျာတပုဒ်ပဲ ပါရှိပါတယ်။ ကဗျာစာပိုဒ် ၂၈ ပိုဒ်ကို ခေါင်းစဉ် မခွဲ၊ အကြောင်းအရာ မခွဲဘဲ တဆက်တည်း ရေးထားတာပါ။ မြို့ပြဆန်တဲ့ကဗျာဆိုပေမဲ့ ဗိုလ်ဆန်တယ်လို့ မဆိုလိုပါ။

အောင်ဝေးဟာ မြန်မာပြည်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာပေ လေ့လာခဲ့သူပါ။ ပင်ကိုစာပ လေ့လာတဲ့ အခြေခံမြန်မာစာအပြင် တက္ကသိုလ်အဆင့် မြန်မာစာကိုပါ လေ့လာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကဗျာတွေမှာ မြန်မာမှု ရသနဲ့ ထုံမွှမ်းနေပြီး မြန်မာ့ရိုးရာ ကဗျာဟန်ကို ရန်ကုန်က ခေတ်ပေါ်မြန်မာကဗျာတွေမှာထက် ပိုမိုတွေ့ရှိခံစားရပါတယ်။

သူ့ကဗျာတွေမှာ ပိုဒ်ဆုံး ကာရန်တူလေးတွေ ထပ်ထားတာကြောင့် အချိုးကဗျာဟန်များကို တွေ့ရ၊ ဖတ်ရ၊ ခံစားရပါတယ်။ တခါတရံ ဒွေးချိုးလေးလို၊ တခါတရံ လေးချိုးလေးလို ခံစားရပါတယ်။ ကဗျာထဲမှာလည်း အဘိုး သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ကဗျာတိုကဗျာစလေးတွေနဲ့ ညှပ်ထားတဲ့အပြင် အိုင်ချင်းစာသားလေးတွေ ဌာပနာထားတာကို တွေ့ရပါလိမ့်မယ်။

ပထမကဗျာစာအုပ်မှာ ‘ချစ်လို့ရေးတဲ့ကဗျာ’ ဆိုတဲ့အတိုင်း အချစ်ဘွဲ့၊ မေတ္တာဘွဲ့များကို ခံစားရေးဖွဲ့ထားတာ တွေ့ရပါတယ်။ မောင်မယ်အချစ်ဘွဲ့၊ သူငယ်ချင်းမိတ်ဆွေ အချစ်ဘွဲ့၊ မိဘမေတ္တာဘွဲ့၊ နိုင်ငံနဲ့ နိုင်ငံခေါင်းဆောင်ကို ချစ်တဲ့ မေတ္တာဘွဲ့ စသဖြင့် အချစ်ဘွဲ့၊ မေတ္တာဘွဲ့တွေကို ရေးဖွဲ့သီကုံးထားပါတယ်။

‘ချစ်လို့ရေးတဲ့ကဗျာ’ တွေ ဖတ်ပြီးပြီးချင်း တမ်းတမိပြီး ကဗျာဆရာ အောင်ဝေးဆီကို လှမ်းမှာချင်တဲ့စိတ် ပေါ်လာတာက ‘မုန်းလို့ရေးတဲ့စာ’ ဆိုတဲ့ အမည်နဲ့ ကဗျာစာအုပ်တအုပ် နောက်ထပ် ရေးပါဦးလို့ တိုက်တွန်းနှိုးဆော်ချင်တဲ့ ခံစားမှုပါပဲ။ ကဗျာဆရာဆီကို အဲသလို ပန်ကြားစာ မရေးရသေးမီ နောက်တအုပ် ဆက်တိုက်ထုတ်လိုက်ပြန်ပါတယ်။

‘ဒေဝဒတ်ရဲ့ပစ္စတို ကဗျာ ၁၀၀’ တဲ့။

ဪ… ငါတော့ ကဗျာဆရာ့ဆီကို စာရေးတာ နောက်ကျသွားပါလားလို့ ကိုယ့်ဘာသာ လက်နှေးတာကို အပြစ်တင်လိုက်မိပါတယ်။ နောက်တအုပ်ကို ထုတ်ဝေသူက ကိုယ့်တူ ကိုယ့်သားရဲ့ စာအုပ်တိုက် ဖြစ်နေပါတယ်။ ဆန်ဖရန်စစ္စကိုက မိုးမခစာအုပ်တိုက်က ထုတ်ဝေသူ ကိုမောင်ရစ်က ထွက်ထွက်ချင်းပဲ ‘ဒေဝဒတ်ရဲ့ပစ္စတို’ကို စာတိုက်က ပို့ပေးလိုက်ပါတယ်။

ကဗျာ ၁၀၀၊ စာမျက်နှာ ၂၀၀ ကျော်။ ရောက်လျှင်ရောက်ချင်းပဲ ဖွင့်ဖတ်လိုက်တော့ ဒေဝဒတ်ရဲ့ ပစ္စတိုဆိုတာ ‘မုန်းလို့ရေးတဲ့ ကဗျာများ’ ဖြစ်နေတာကို အံ့ဩဖွယ်ကောင်းလောက်အောင် တွေ့လိုက်ရပါတယ်။

သူမုန်းတဲ့၊ မြန်မာပြည်သူတရပ်လုံးက ရွံရှာမုန်းတီးတဲ့ စစ်အာဏာရှင်၊ စစ်ဓားပြ၊ ‘စစ်သေနာ’တွေ အကြောင်းကို ရေးဖွဲ့ထားကြောင်း တွေ့လိုက်ရတာပါ။ ‘မုန်းလို့ ရေးတဲ့ကဗျာတွေ’ချည်းပါ။

‘ချစ်လို့ရေးတဲ့ ကဗျာ’ စာအုပ်ထဲက ကဗျာတို အမှတ်စဉ် ၁၁ ကို နမူနာထုတ်ပြပါမယ်။

‘ချစ်လို့ရေးတဲ့ကဗျာ ၁၁’

အမေ့ယာ။
ရွာပြင်မိုးချုပ်
ခွေးသားအုပ်။

ခွေးအုပ်ထိုးဟောင်
ရိုးလရောင်။

ရိုးလရောင်
ရိုးတောင်ခြေရင်း။

အဖိုး မာပါစေ
အဘွား မာပါစေ
ရွာအခြေ မြေတလင်းမှာ
ကောက်ရိုးနံ့သင်း။

ဇွန် ၁၉၊ ၂၀၁၈။

ကဲ… ဒါဆိုရင် တကယ့်ပီဘိ လေးချိုးလေးတပုဒ် မဟုတ်လား။

‘ဒေဝဒတ်ရဲ့ပစ္စတို’ ကဗျာ ၁၀၀ ထဲကလည်း နမူနာ စာမြည်းတပုဒ် ထုတ်ပြလိုက်ပါတယ်။

‘တပ်ဦး’

ပြည်သူကလည်း
ညီတယ်။

သံပုံးကလည်း
မြည်တယ်။

သပိတ်ကလည်း
စည်တယ်။

ကြွေးကြော်သံကလည်း
ပီတယ်။

နွေဦးကလည်း
နီတယ်။

ခေတ်ကလည်း
မီတယ်။

ကဲ… အောင်ပွဲကို
ချီမယ်…

လွတ်လပ်ကဗျာပါ။ ရိုးရာအချိုးကဗျာလည်း မဟုတ်။ လေးလုံးစပ်လင်္ကာလို့လည်း အတိအကျ ပြောလို့မရ။ လွတ်လပ်ကဗျာတွေပါပဲ။ ဒါပေမဲ့ နဘေကာရန်တွေနဲ့ မလွတ်လပ်အောင် လုပ်ထားပါတယ်။

‘ညီတယ်’၊ ‘မြည်တယ်’၊ ‘စည်တယ်’၊ ‘ပီတယ်’ စသဖြင့် နဘေထပ်ထားပါတယ်။
ဒါမျိုးကလည်း ဧကဝဏ္ဏ - မြန်မာဘာသာစကားမို့ ဖန်တီးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
အောင်ဝေးက မြန်မာစာဆရာပါ။ စလေအညာက မဟုတ်တဲ့ အကြေရွာက နဘေဆရာပါ။
မုန်းလို့ရေးတဲ့ ကဗျာကို ချစ်စရာကောင်းအောင် နဘေကာရန်လေးတွေနဲ့ အလှဆင်ထားပါတယ်။

အောင်ဝေးပါ။

အောင်ဝေးက ‘ချစ်လို့ရေးတဲ့ ကဗျာ’စာအုပ်တအုပ်နဲ့ မုန်းလို့ရေးတဲ့ ကဗျာစာအုပ်တအုပ်။ နှစ်အုပ် ဆကတိုက် ရေးလိုက်ပါပြီ။

ဒီနေ့ခေတ်မှာ ကိုဗစ်နဲ့ ကိုစစ်တို့ အန္တရာယ်ရောက် မြန်မာစာပေလောကမှာ ကဗျာအသံဆိတ်နေပါတယ်။ ဒီလို ကဗျာကပ်ဆိုက်နေချိန် ပြည်ပ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အောင်ဝေးက ကဗျာစာအုပ် နှစ်အုပ်တောင် ဆက်တိုက်ထုတ်လာတာ တွေ့လို့ အထူးဝမ်းသာရပါတယ်။

ပြည်တွင်းကို ဒီကဗျာစာအုပ်ကလေးတွေ ပို့လိုက်ရင် စာအုပ်ဖြန့်ချိသူရော၊ ဝယ်ဖတ်သူရော အန္တရာယ် ကင်းမှကင်းပါ့မလား မသိနိုင်ပါ။ သက်ရှိထင်ရှား ရှိနေတဲ့ ဒေဝဒတ်ကြီးဟာ ပစ္စတို တရမ်းရမ်းနဲ့ ကဗျာဆရာတွေကို ဖမ်းဆီး ထောင်ချရုံမက သတ်လိုက် ဖြတ်လိုက် လုပ်နေတာပါ။

ဒေဝဒတ်ရဲ့ သေနတ်ပြောင်းက ယမ်းမီးခိုး စဲမှသာ ကဗျာပန်းလေးတွေ ပွင့်လန်းနိုင်မှာပါ။
ပြည်သူလူထုက ဒေဝဒတ်ရဲ့ လက်ထဲက ပစ္စတိုကို လုယူပြီး ပင်လယ်သမုဒ္ဒရာထဲကို အမြန်ပစ်ချလိုက်နိုင်ပါစေ။
လေထုမှာ ယမ်းနံ့ကင်းစင်ပါစေသတည်း။

မောင်စွမ်းရည်
၂၀၂၁၊ စက်တင်ဘာ ၃၀

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မိုးမခအက်ဆေး - လင်းလက်နွေဦး '' ဒီမိုကရေစီဟင်းပေါင်း '' (10/02/2021 02:32)
မိုးမခအက်ဆေး
အောက်တိုဘာ ၃၊ ၂၀၂၁

'' ဒီမိုကရေစီဟင်းပေါင်း ''
လင်းလက်နွေဦး
 
အဓိကတရားခံက အမေကြီးပါပဲ။ နွေရာသီကျောင်းပိတ်ရက်ရှည်ရောက်တိုင်း ရှင်မယ်ခံနေကျ။ ရှင်မယ်ခံတယ်ဆိုတာ သူ့အတွက် လွယ်လွယ်လေး၊ ကန် တော့ပွဲလေးခေါင်းပေါ်ရွက်လို့ မြေးလေးတွေကိုလက်ဆွဲလို့။ အဖော်ကောင်းတော့ ကျောက်ပန်းတောင်းတခေါက်ဆိုသလို၊ နီးရာနွယ်ရာတွေလည်း'ကိုရင်' လိုက်ဝတ်ကြတာပဲ။ ဦးဇင်းတစ်ပါးပြောသလို သာသာမနေတဲ့သာမဏေတွေပေါ့လေ။ ဒီတော့ နွေရာသီယဉ်ကျေးမှုသင်တန်းမှာ ကိုရင်ဝတ်ကလေးတွေနဲ့ပေါ့။ ယဉ်ကျေးမှုတက်တိုင်း ယဉ်ကျေးမောင်တွေမဖြစ်ပေမယ့် တူညီတဲ့အချက်တွေတော့ တွေ့ရှိခဲ့ပါတယ်။

ဘုန်းကြီးဆိုတာနဲ့ သွေးထဲသားထဲကကြောက်တာ၊ ဘုန်းကြီးကွယ်ရာမှာ ကြွက်ထသလို ဆော့ကြတာမျိုးပေါ့။ ထင်ရှားတဲ့အချက်ကတော့ ဘုန်းကြီး ကျောင်းထွက်တိုင်း 'ဟင်းပေါင်း'ကြိုက်တာပါပဲ။ ကျောင်းဖွင့်လို့ သူ ငယ်ချင်းအချင်းချင်း စကြနောက်ကြသလို ‘ဘုန်းကြီးကျောင်းသား အကောင်းစား’ ပေါ့လေ။ ဘယ်ဟော်တယ်မှမရနိုင်တဲ့ ‘ဟင်းပေါင်း’မျိုး။

ဘုန်းကြီးကျောင်းကပ်နေပြီး ဟင်းပေါင်းမကြိုက်တဲ့သူလည်းရှိတော့ ရှိသေးတယ်။ ခေတ်ကောင်းမှဘောင်ချာစုတ်ရမယ့်ဟာတွေ။

နိုင်ငံရပ်ခြားရောက်နေသူတွေ၊ ဇာတိမြေနဲ့ ဝေးနေတဲ့သူတွေနဲ့စကားပြောဖြစ်တိုင်း တခုတ်တရထည့်ပြောတဲ့စကားတခွန်းက 'ရွာပြန်ရောက်ရင် ဟင်းပေါင်းအဝစားမယ်'တဲ့။ သူတို့ရဲ့ ဖျူးခြားပလန်ပေါ့။ ခုတော့ အနာဂတ်စီမံကိန်းတွေဟာ ဇာတ်သိမ်းပိုင်းစုတ်ပြဲနေတဲ့ဝတ္ထုတစ်ပုဒ်လိုပဲ။

စီဒီအမ်မဟာအလုပ်နဲ့ ရွာရောက်နေတော့ ကိုယ့်လိုဟင်းပေါင်းမစားနိုင်တဲ့သူတွေကို ပြေးသတိရတယ်။ အထူးသဖြင့် ကြိုက်လျက်နဲ့မစားရတဲ့သူတွေပေါ့။ ညနေစာစားနေရင်း ဒါတွေကို သတိရလာရော။

ဘုရားလောင်းက ဘုရားဖြစ်ခါနီး အိပ်မက်မက်တယ်တဲ့။ ခေါင်းက ဟိမဝန္တာတောင်တန်းကိုခေါင်းအုံးတာတို့ဘာတို့ပေါ့လေ။ အဲအထဲကတခုကို သဘော ကျတယ်။ အရပ်ရပ်ကလာတဲ့ရောင်စုံငှက်တွေဟာ ဘုရားလောင်းရှေ့ရောက်တဲ့အခါ အဖြူတစ်ရောင်တည်း ဖြစ်ကုန်တယ်တဲ့။ အတိတ်ကောင်း နိမိတ် ကောင်းတွေနော်၊ မင်္ဂလာမည်လိုက်တာ။

ဘုရားဖြစ်တော့လည်း လူတွေနားလည်လွယ်အောင် ဥပမာလေးတွေပေးပေးပြီး ဟောတတ်တယ်။ အဲထဲက ဥပမာပေးထားတာလေးတခုကိုလည်း တွေးမိပြန်တယ်။ မြစ်ကြီးမြစ်ငယ်အသွယ်သွယ်တွေပင်လယ်ထဲရောက်တော့ တစ်ရောင်တည်း၊ အရသာတခုတည်းပဲ ရှိတော့တယ်တဲ့။ ဒါက ဂင်္ဂါ၊ ဒါက ယမုံ နာလို့လည်း မကွဲပြားတော့ဘူးတဲ့လေ။ ဒါဘာလဲ၊ ပင်လယ်ကြီးပေါ့။ ‘ကျယ်ပြောခြင်း၊ နက်ရှိုင်းခြင်း’ ဆိုတဲ့ဂုဏ်တွေအပြင် ပညာဉာဏ်ကြီးသူ၊ လုံ့လကြီးသူတွေအတွက် အသင့်စောင့်နေတဲ့ ရတနာတွေလည်း ရှိရဲ့။

‘မလိုက်ရဲရင်လည်း အသိုက်ထဲမှာပဲကျန်ခဲ့လေ’ ဆိုတဲ့ကဗျာလေးလိုပဲ၊ လှိုင်းမူးတာလောက်တောင်ကြောက်နေရင်တော့ ပင်လယ်ရသကို တို့ထိခံစားနိုင်မှာတော့ မဟုတ်ပါဘူး။ အိပ်မက်ထဲမှာပဲ ရွက်လွှင့်နေပေါ့။

နှိုင်းယှဉ်မိတော့၊ ဟင်းပေါင်းလည်းဒီလိုပဲ၊ ကြက်သား၊ ငါး၊ အာလူး၊ ကန်စွန်းရွက်...စတဲ့နာမည်တွေမရှိတော့ဘူး၊ ဟင်းပေါင်းပဲ ရှိတော့တယ်။ အရသာကလည်း တစ်မျိုးတည်း ဖြစ်သွားတယ် မဟုတ်လား။ အာလူးစားသူများလည်း မရှိတော့ပါဘူး။

ဒီလိုပြောတော့ သမီးဖြစ်သူက ဟင်းပေါင်းခွက်ထဲကကြက်ဟင်းခါးသီးတဖတ်လာထည့်ပေးတယ်။ သူက ကိုယ့်ထက်လက်တွေ့ပိုဆန်တယ်။ ဒီတော့ စားကြည့်တယ်၊ နည်းနည်းတော့ခါးတယ်၊ ဒါပေမယ့် ကြက်ဟင် းခါးသီးဟင်းထဲလောက်တော့ မခါးတော့ပါဘူး။ ဟင်းပေါင်းကဟောင်းလွန်း အိုလွန်းရင်တော့ မူရင်းဂုဏ်သတ္တိတွေပျောက်သွားနိုင်တယ်။ ဒီမှာတော့ မနက်ဆွမ်းဗျက်ထဲက ဟင်းအသစ်တွေချည်းပဲ ပေါင်းထားတာကိုး။ စားပြီးသား ကျန်လို့ပေါင်းထားတာမဟုတ်ဘူး။ နှမြောစာမဟုတ်ဘူး။ မြတ်နိုးစာတွေ။

ဒီမိုကရေစီဆိုတာလည်း ဒီလိုပဲထင်တယ်။ ဖယ်ဒရယ်ဒေသတွေစုထားတဲ့ဟင်းပေါင်းတစ်ခွက်ပေါ့။ အရသာကတော့ 'တရားမျှတခြင်း'ပေါ့။ မတူကွဲပြားချက်ကလေးတွေတော့ ရှိမယ်။ အတင်းတန်းညှိလိုက်ရင် မူလဂုဏ် သတ္တိတွေပျောက်ကုန်တဲ့ရက်လွန်ဟင်းပေါင်းဖြစ်သွားမယ်။ စားလို့မရတော့ဘူး၊ ချဉ်သွား သိုးသွားတော့မယ်။ ထင်းကုန်မယ်၊ ဆားကုန်မယ်၊ ကောင်းလိမ့်နိုးနဲ့ ထပ်ထည့်လိုက်တဲ့ဟင်းအသစ်တွေအလကားဖြစ်ကုန်မယ်ပေါ့။
မဟုတ်ဘူးလား။

လင်းလက်နွေဦး
၁.၁၀.၂၀၂၁ ည ၈နာရီ ၂၈ မိနစ်။
-
 
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မောင်မောင်စိုး - မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁) (10/02/2021 12:02)
မောင်မောင်စိုး - မြန်မာ-တရုတ် ဆက်ဆံရေးနှင့် မြန်မာ့အရေး (၁)
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၁

သမိုင်းထဲက မြန်မာ-တရုတ်ဆက်စပ်မှု 
သမိုင်းတလျောက် မြန်မာတို့နှင့်တရုတ်တို့ကြားတွင် ရှည်လျားသော ထိတွေ့မှု၊ ဆက်ဆံမှုများရှိခဲ့သည်။ အစောဆုံးဟုဆိုရလျင် မြန်မာပြည်နေရာတွင် စတင်၍မြို့ပြလူ့အဖွဲ့အစည်းအဖြစ် အခြေချသော ပျူခေတ်ကာလကထဲက တရုတ်ပြည်သို့ သံအဖွဲ့တခုစေလွှတ်ခဲ့ဘူးကြောင်း တရုတ်မှတ်တမ်းများတွင် တွေ့ရပါသည်။ ထို့ပြင် ပျူခေတ်နှင့်ပတ်သက်၍ တရုတ်မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်များရှိသည်ဟု သမိုင်းသုတေသီများကဆိုသည်။ ထို့အပြင် ပုဂံရာဇဝင်တွင် နရသီဟပတေ့မင်းသည် တရုတ်ပြေးမင်းဟုသည့် အမည်ကျော်ကြားသည်။ ပုဂံမင်းဆက်ကာလတွင် မြန်မာတို့သည် တရုတ်တို့နှင့်စစ်ပွဲများစတင်ဖြစ်ပွါးနေပြီကိုတွေ့ရသည်။ သို့သော် မြန်မာပြည်သို့ ဝင်ရောက်တိုက်ခိုက်သည်မှာ ထိုအချိန်ကတရုတ်ပြည်အားစိုးမိုးထားနိုင်သည့် မွန်ဂိုများဟုဆိုကြသည်။ မည်သို့ပင်ဖြစ်စေ မြန်မာသမိုင်းတင်သည့်ကာလမှစ၍ မြန်မာမြေနှင့်တရုတ်‌မြေတို့တွင်ရှိသည့် လူ့အဖွဲ့အစည်းနှစ်ခုသည် အဆက်အဆံရှိနေပြီကိုတွေ့ရသည်။ ပဒေသရာဇ်တို့၏ နယ်ပယ်ချဲ့ထွင်မှု၊ ဩဇာထူထောင်မှုကို တွေ့မြင်နေရပြီဖြစ်သည်။ ထိုအချိန်ပဒေသရာဇ်ခေတ်ကာလ သမိုင်းတင်သည့်ကာလမှစ၍ စစ်ပွဲများ၊ သံတမန်ဆက်ရေးများကိုကြည့်လျင် မြန်မာနှင့်တရုတ်ဆက်စပ်မှုသည် နှစ်တထောင်ခန့်ရှိပြီဟုတွက်ဆရသည်။ 

ဤသို့ဆက်ဆံမှုသည် မြန်မာနှင့်တရုတ် နယ်မြေခြင်း မိုင်ထောင်ချီဆက်စပ်မှုနေမှုသည် အဓိကအကြောင်းတရပ်ဖြစ်ပေလိမ့်မည်။ ကုန်သွယ်မှုအရ၊ ပြောင်းရွှေ့အခြေချမှုများအရ၊ ပဒေသရာဇ်ခေတ်စစ်ပွဲများအရ တရုတ်တို့သည် မြန်မာနှင့်အစောဆုံး အဆက်အဆံရှိခဲ့သည့် လူမျိုးထဲတွင်ပါဝင်သည်။ ထို့ကြောင့်လည်း မြန်မာတို့၏ ကိုယ်ပိုင်အမည်ပေးခံရသော လူမျိုးလည်းဖြစ်ခဲ့သည်။ သူတို့ကိုယ်သူတို့ "ဟန်" လူမျိုးဟုခေါ်သူများအား မြန်မာတို့က တရုတ်ဟုခေါ်ဝေါ်ခဲ့သည်။ "ကျုံးကော့" ဟုခေါ်သော သူတို့တိုင်းပြည်အား တရုတ်ပြည်ဟုခေါ်ခဲ့သည်။ တရုတ်ပြည်ရှိ "ဟွေ" လူမျိုးများအား ပန်းသေးတရုတ်များဟုခေါ်ခဲ့သည်။ ဆိုရလျင် တရုတ်တို့သည် မြန်မာတို့ကိုယ်ပိုင်နံမည်ပေးခြင်းခံခဲ့ရသူများဖြစ်သည်။ သို့သော်လည်း မြန်မာတို့၏ ကိုယ်ပိုင်အမည်ပေးခြင်း အထွန့်မတက်ဘဲ လက်ခံခဲ့ပြီး ၎င်းတို့ကိုယ်တိုင် လိုလိုလားလားလက်ခံသုံးစွဲနေသည်ကိုတွေ့ရသည်။ ဤသို့ဖြစ်လာခြင်းမှာ မြန်မာပြည်နှင့်တရုတ်ပြည် ဆက်ဆံရေးရှိရုံသာမက မြန်မာပြည်တွင်းသို့ တရုတ်လူမျိုးများစောစွာကထဲက ပြောင်းရွှေ့အခြေချခြင်းသည်လည်း အကြောင်းအ ချက်တခုဖြစ်ပေသည်။ မင်းတုန်းမင်းခေတ် မန္တလေးမီးလောင်သည်ပင် တရုတ်လူမျိုး မောင်ကြည်၏ ခေါက်ဆွဲဆိုင်က စသည်ဟု ဆိုသည်မဟုတ်ပါလော။ 

သို့ဖြစ်ရာ နှစ်ထောင်ချီပြီဖြစ်သည့် မြန်မာတရုတ်ဆက်ဆံရေးနှင့်ပတ်သက်ဆက်နွယ်မှုသည် မိုင်ထောင်ချီဆက်စပ်နေသည့် နယ်နမိတ်ချင်းဆက်စပ်နေမှုပေါ်အခြေတည်သည်။ မပတ်သက်ချင်၍ ရှောင်နေ၍ရသည့် အခြေအနေမျိုးမဟုတ်ပေ။ နယ်စပ်တလျောက် နိစ္စဓူဝ ဆက်စပ်ပတ်သက်နေသည်။ ဤသည်ကား မြန်မာတရုတ်ဆက်စပ်ပတ်သက်မှုနှင့်ဖြစ်စေ၊ မြန်မာတရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ဖြစ်စေ တွေ့ရှိရသည့် အခြေခံအချက်ဖြစ်သည်။

ဒုတိယအနေနှင့်တွေ့ရှိရသည်မှာ မြန်မာတို့၏ သမိုင်းတင်သည့်ကာလသည် ပုဂံခေတ်ဟုဆိုပါက မြန်မာသမိုင်းသည် နှစ်ပေါင်း ၉၀၀/၁၀၀၀ ခန့်သာရှိသေးသည်။ တရုတ်ပြည်တွင် ပဒေသရာဇ်နိုင်ငံငယ်များ စတင်သည်ကတော့ လွန်ခဲ့သော နှစ် ၄၀၀၀ ခန့်ကဖြစ်သည်ဟုဆိုကြသည်။ သို့သော်တရုတ်ပြည်ရှိပြန့်ကျဲနေသော ပဒေသရာဇ်နိုင်ငံငယ်များကို စတင်စုစည်းခဲ့သည့် ချင်မင်းဆက်‌ခေတ်သည် လွန်ခဲ့သော နှစ် ၂၂၀၀ ကျော်ခန့်က စတင်ခဲ့သည်။ မြန်မာပြည်နှင့်နှိုင်းစာလျင် ရှည်ကြာသောသမိုင်းရှိသည်။ ရှည်ကြာသော ယဉ်ကျေးမှုရှိသည်။ ကမ္ဘာပေါ်တွက် အစောဆုံးတည်ထွင်မှုများရှိသည်။ တိုင်းပြည်အကျယ် အဝန်းရရော၊ လူဦးရေအရော ကမ္ဘာပေါ်တွင်တိုင်းပြည်ကြီးတခုဖြစ်သည်။ ပင်ကိုယ်သဘာဝကိုက မြန်မာနှင့်မတူသည့် ထူးခြားမှုရှိသည်။ ထို့ပြင် မဖွံ့ဖြိုးသေးဟုဆိုသည့် ၁၉၆၀ ခုနှစ်ကာလများများတွင်ပင် အနုမြူလက်နက်ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ခဲ့ပြီဖြစ်သည်။ မြန်မာတို့သည် ကိုယ်မင်းကိုယ်ချင်းနှင့် ပဒေသရာဇ်မြို့ပြနိုင်ငံတော်ထူထောင်ခဲ့သည့်နိုင်ငံဖြစ်သည်ဟု ဝံ့ကြွားနိုင်သော်လည်း မြန်မာ့ဘုရင်နန်းတော်နှင့် တရုတ်ဘုရင့်နန်းတော်၊ မြန်မာဘုရင်ပိုင်နက်နှင့် တရုတ်ဘုရင့်ပိုင်နက်၊ မြန်မာတို့၏အရင်းအမြစ်နှင့် တရုတ်တို့၏ အရင်းအမြစ် ကွာခြားမှုကြီးမားသည်။မြန်မာပြည်နှင့်တရုတ်ပြည်ကြား မတူကွဲပြားသည့် အချက်အလက်များကို ပိုင်ဆိုင်ထားသည်။ မြန်မာတရုတ်ဆက်ဆံရေးတွင်သတိပြုရန်လိုသည့် အချက်ဖြစ်သည်။ မြန်မာတရုတ်ဆက်ဆံရေးနှင့်ဆက်စပ်ပတ်သက်မှုများကို စဉ်းစားဆုံးဖြတ်မည်ဆိုပါက မပတ်သက်၍ မရသည့်ကြောင်းအချက်နှင့် မတူကွဲပြားသည့်အကြောင်းအချက်နှစ်ခုအား အခြေခံအားဖြင့် ထည့်သွင်းစဉ်းစားရန်လိုသည်။ 

ခေတ်သစ်မြန်မာ-တရုတ် ဆက်ဆံမှု ပထမပိုင်း
ဒုတိယကမ္ဘာစစ်အစကာလ ကူမင်တန်တရုတ်ဖြူတပ်များ မြန်မာပြည်သို့ဝင်ရောက်လာခြင်း အင်္ဂလိပ်၊ အမေရိကန်တို့၏ မဟာမိတ်အဖြစ် ဂျပန်ကို တိုက်ရန်ဝင်ရောက်လာခြင်းဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းဖြစ်သဖြင့် မြန်မာတို့နှင့် တိုက်ရိုက်မသက်ဆိုင်လှဟု ဆိုနိုင်သည်။ ထို့ပြင် င်္ဂလိပ်တို့ဆုတ်ခွါရသဖြင့် တရုတ်ဖြူတပ်များလည်း မြန်မာမြေက အလျင်အမြန်ထွက်ခွါသွားရာ အချိန်ကာလည်းသိပ်မကြာသကဲ့သို့ အကျိုးသက်ရောက်မှုလည်း သိပ်တော့မရှိခဲ့ပေ။ 

တကယ်တမ်း မြန်မာ တရုတ်ဆက်ဆံမှုသည် ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးနှင့် ၁၉၄၉ ခုနှစ် တရုတ်ပြည်လွတ်မြောက်ပြီးနောက်ပိုင်းဖြစ်သည်။ ထိုစဉ်က တရုတ်နီဟုခေါ်သည့် တရုတ်ပြည်သစ်အား အစောဆုံးအသိမှတ်ပြုခဲ့သည့်အထဲတွင် မြန်မာအစိုးရ ပါဝင်ခဲ့သည်။ မြန်မာတို့သည် တရုတ်နီအစိုးရနှင့် ဆက်ဆံသည်နှင့် တပြိုင်တည်း တရုတ်ဖြူတို့နှင့်ရင်ဆိုင်ရသည်။ သို့သော် ကောင်းမွန်စွာဆက်ဆံရသည်တော့မဟုတ်။ တရုတ်နီအစိုးရကို စစ်ရှုံးပြီး ထွက်ပြေးထာကြသော တရုတ်ဖြူတပ်များသည် သံလွင်မြစ်အရှေ့ခြမ်းအား ဝင်ရောက်သိမ်းပိုက်ထိမ်းချုပ်အခြေပြုသည်ကို ရင်ဆိုင်ရခြင်းဖြစ်သည်။ ဒုတိယအကြိမ် မြန်မာပြည်ထဲဝင်ရောက်လာသော တရုတ်ဖြူတပ်များကတော့ ကောင်းသောလာခြင်းမဟုတ်တော့ပေ။ မြန်မာပြည်တွင်းသို့ ပြသနာများစွာ သယ်လာခဲ့သူများဖြစ်သည်။ အမေရိကန်နှင့်အနောက်အုပ်စုက တရုတ်ဖြူ (တိုင်ဝမ်) အစိုးရကိုသာ အသိမှတ်ပြုပြီး ကမ္ဘာ့ကုသမဂ္ဂတွင် တရုတ်ပြည်မကြီးအားလုံးကို ထိမ်းချုပ်ထားနိုင်သော တရုတ်နီအစိုးရအား ပါဝင်ခွင့်မပြုဘဲ ဖယ်ကျဉ်ထားသောကာလတွင် မြန်မာအစိုးရ၏ တရုတ်နီအစိုးရအား အစောဆုံးအသိမှတ်ပြုခြင်း ဘေးကျင်းတရုတ်အစိုးရနှင့် ဆက်ဆံရေးအဆင်ပြေစေခဲ့သည်။ ထို့ပြင် တရုတ်နှင့်နယ်နမိတ်နှင့်ဆက်စပ်နေသော ရှမ်းပြည်နယ်အတွင်း ကျူးကျော်အခြေချပြီး တရုတ်ပြည်မကြီးအား ပြန်လည်ထိုးဖေါက်နှောက်ယှက်ရန် ကြံရွယ်သည် တရုတ်ဖြူတို့အား မြန်မာအစိုးရက တိုက်ခိုက်ခြင်းသည် တရုတ်နီတို့အတွက် ကြိုဆိုပူးပေါင်းရမည့်ကိစ္စဖြစ်ခဲ့သည်။ ထိုစဉ်က တရုတ်ဖြူတို့အား အမေရိကန်က အားပေးအား‌မြှောက်ပြုနေသည့်ကာလဖြစ်ရာ အမေရိကန်နှင့်မပူးပေါင်းဘဲ တရုတ်ဖြူတို့အားတိုက်ထုတ်ရေးတွင် တရုတ်ပြည်မကြီးနှင့်ပူးပေါင်းခဲ့သည့်  မြန်မာအစိုးရသည် တရုတ်တို့အတွက် ကြေနပ်စရာဖြစ်ခဲ့သည်။ 

ထို့ပြင် အမေရိကန်နှင့်ဆိုဗီယက်ရုရှားစသည့် အင်အားကြီးနိုင်ငံများ တွင်ကျယ်နေသည့် ကမ္ဘာကြိီးတွင် မြန်မာအစ်ိုးရသည်ဘက်မလိုက်မူဝါဒကျင့်သုံးခြင်း၊ ဘန်ဒေါင်း ညီ လာခံတွင်ပါဝင်ပြီး ငြိမ်းချမ်းရေးစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်ချမှတ်ခြင်း၊ ဘက်မလိုက်မူဝါဒများချမှတ်ခြင်းတို့ကြောင့် မြန်မာတရုတ် ဆက်ဆံရေးသည်ကောင်းမွန်ခဲ့ သည်။ ၁၉၅၀ နှင့် ၁၉၆၀ ကြားတွင် တရုတ်ခေါင်းဆောင်များ၏ မြန်မာပြည်ချစ်ကြည် ရေး ခရီးစဉ်များအား များစွာတွေ့ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီး ခေတ်သစ် မြန်မာတရုတ်အစိုးရချင်း ဆက်ဆံရေးအစကောင်းသည်ဟုဆိုနိုင်သည်။ 

မြန်မာအစိုးရအားဆန့်ကျင်ပြီး လက်နက်ကိုင်တိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီသည် သူ၏ကိုယ်စားလည်အဖွဲ့အား ၁၉၅၀ ခုနှစ်ဝန်းကျင်တွင် တရုတ်ပြည်သို့စေလွှတ်ခဲ့ပြီး နှစ်ပါတီဆက်ဆံရေးထူထောင်ရန်ကြိုးစားသည်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ထိုကိုယ်စားလည်အဖွဲ့အား ကောင်းမွန်စွာ လက်ခံထား၍ ပါတီချင်းဆက်ဆံမှုထူထောင်ပြီး နိုင်ငံရေးသင်တန်းများပေးခါ တရုတ်ပြည်တွင်း၌ နေရာချပေးထားသည်။ သို့သော် အခြားကူညီမှုတော့မပေးသေးသဖြင့် ထိုပါတီချင်းဆက်ဆံရေးသည် အစိုးရချင်းဆက်ဆံရေးတွင် ပြသနာကြီးမဖြစ်သေးပေ။ 

တဖက်တွင်လည်း တရုတ်နယ်စပ်တလျောက်လှုပ်ရှားနေသော တရုတ်ဖြူတပ်များ တန်ပြန်နိုင်ရန် တရုတ်အစိုးရသည် မြန်မာအစိုးရနှင့်ပူးပေါင်းကြိုးစားနေသည်။ တရုတ်ဖြူတို့၏ ထောက်လှမ်းရေးအဖွဲ့များကို တန်ပြန်နိုင်ရန် တရုတ်ကွန်မြူနစ်ပါတီ၏ အမာခံ ကလပ်စည်းများကို မြန်မာပြည်တွင်း၌ မွေးမြူသည်။ အများအားဖြင့် မြန်မာပြည်ရှိ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကြား ထိုးဖေါက်စည်းရုံးခဲ့သည်။ သို့သော်လည်း 
အစိုးရချင်းဆက်ဆံရေးကောင်းမွန်နေသည်ဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပါတီချင်းဆက်ဆံရေးသည်၎င်း၊ တရုတ်ပါတီ၏ ကလပ်စည်းများသည်၎င်း ပြသနာကြီးများ မဖြစ်ခဲ့ပေ။ သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်အပြီး ခေတ်သစ်မြန်မာတရုတ်ဆက်ဆံရေး၊ အစိုးရချင်းဆက်ဆံရေးသည် ကောင်းမွန်နွေးထွေးသော ဆက်ဆံရေးဖြစ်ခဲ့သည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

--
Send email to - edi...@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages