22nd June - MoeMaKa Daily

69 views
Skip to first unread message

Maung Yit

unread,
Jun 21, 2013, 4:04:44 AM6/21/13
to moemak...@moemaka.com

ရွှေမန်းပြန်ရင် လိုက်သွားကြ
ရဲရင့်သက်ဇွဲ၊ ဇွန် ၂၂၊ ၂၀၁၃

အရှက်မရှိသူများရဲ့ 
ပက်လက်လှန်တံတွေး ထွေးတဲ့ပွဲမှာ
ဇီးသီးသယ် မဗျိုင်းများ
လက်ခုပ် တဖျောင်းဖျောင်းတီးလို့  …….

သွေးစွန်းလက်တွေကို
ဆွေမျိုးရင်းချာပမာ
ဖက်လှဲတကင်း ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ
သင်တို့ ရဲ့ လာရာ အတိတ်လမ်းဆီက
အရိပ်များ
မီးပြတိုက်ရဲ့  အချက်ပြမီးရောင်
တလက်လက်အောက်မှာ
မျက်ရည်စက်လက် … … … …

အဲဒီပွဲမှာ
ကွယ်ဝှက်ထားတဲ့ လှော်တက်များ
မျက်ဝါးထင်ထင် တွေ့ မြင်ရပြီ
ဒီကွေ့ မှာ ဒီတက်
ဟိုကွေ့ မှာ ဟိုတက်
ယုံကြည်ချက်က ခွေးကတက်မှာ
သြော် … ရန် ငါ စည်း ပြတ်ကြပုံများ ……

ဘာကိုယုံလို့  ဘာကိုပုံကြမှာတဲ့တုန်း
သွေးဆာနေသူရဲ့ နှုတ်ဖျားက
ပြုပြင်ပြောင်းလဲမှုလိုလားတဲ့တရားဟာ
ပြည်တွင်းက လက်ရှိအခြေအနေဆိုးများ
တိုင်းရင်းသားဖိနှိပ်မှုများ စတဲ့
မငြိမ်းချမ်းမှုများကို မျက်ကွယ်ပြုထားခဲ့တယ်….

အဲဒီတရား ယုံစားကြမယ်ဆိုရင်
ရွှေမန်းပြန်ရင်
အကုန်လိုက်ပြန်ကြ…………။

Maung Yit - Next Bin Ladin is a Burmese monk, for real, TIME?


အယ်ဒီတာ့လက်ရေး ၂၃
ညီမလေးက ဘုန်းကြီးကို ဘင်လာဒင်နဲ့ နှိုင်းစရာတဲ့လား
မောင်ရစ်၊ ဇွန် ၂၂၊ ၂၀၁၃
အယ်ဒီတာ့လက်ရေး မရေးဖြစ်တာ ကြာပြီ။ မင်းကိုနိုင်နဲ့ ကိုကိုကြီးကို ကြိုဆိုပြီး ရွှေမန်းကိုတော့ မောင်ရစ်က လူးလှိမ့်ပြီးမကြိုရကောင်းလားလို့ ခြေဆောင့် ငြူစူနေကြတဲ့ အလှူပွဲတကာလိုက်စားတဲ့ လူကြီးလူကောင်းဆိုသူတွေကို အုန်းပွဲ ငှက်ပျောပွဲနဲ့ ဂျိုကိုင်ပြီး တောင်းပန်မလို့ ပြင်နေတုန်းမှာပဲ မှော်ဘီသံဃာ့ညီလာခံနဲ့ မျိုးစောင့်ဥပဒေတို့ ၉၆၉  တို့ အရေးက မောင်ရစ် အယ်ဒီတာစာပွဲကို တက်လာတာကိုး။
မှော်ဘီသံဃာ့ညီလာခံ ကျင်းပတဲ့ ဇွန် ၁၂၊ ၁၃၊ ၁၄ မှာကတည်းက အသံတွေကြားလို့ ရေးသားလာကြတဲ့ မိုးမခ၀ိုင်းတော်သားတွေဆီက စာမူတွေ တော်တော်များများကို ညှိနှိုင်းဆွေးနွေးရေး လုပ်ရပါတယ်။ အပြင်မှာ ဆူပွက်နေကြတဲ့ မျိုးစောင့်ဥပဒေတင်သွင်းရေးဆိုတာကို သံဃာတော်တွေနဲ့ တိုက်ရိုက် လျောက်ထား ဆွေးနွေးပြီးမှ တုန့်ပြန်ရေးသားကြဖို့ကို ကိုယ့်မိတ်ဆွေတွေကို ပြောဆိုရပါတယ်။ ဆရာတော်တွေနဲ့လည်း ဆွေးနွေးပါတယ်။ ဘွဲ့တော်အမည်တွေနဲ့တကွ ဖော်ပြရရင် ဆရာတော်ဦးဓမ္မပီယ၊ ဆရာတော်ဦးပညာသီဟ (ရွှေည၀ါဆရာတော်) တို့နဲ့ လျောက်ထား ဆွေးနွေးတာတွေ လုပ်ပြီးမှ အဲသည်အရေးနဲ့ ပတ်သက်ပြီး မိုးမခမှာ စာမူတွေ သဘောထားတွေ တင်ပြ ရေးသားတာ လုပ်တာ ဖြစ်ပါတယ်။
အဲသည်မှာ အကြမ်းအားဖြင့် ဆရာတော်၊ သံဃာတော်တွေရဲ့ ပြောဆို ဆွေးနွေး ထုတ်ပြန်ချက်တွေကို အပြုသဘောနဲ့ ပြန်လှန်ဆွေးနွေးဖို့၊ တုန့်ပြန် ပြောဆိုဝေဖန်ဖို့၊ သဘောထား တင်ပြဖို့ ဆိုတဲ့ ဘောင်အတွင်းကပဲ လုပ်ကြမယ်လို့ မိုးမခက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး ကိစ္စဖြစ်သည့် အားလျော်စွာ အမုန်းစိတ်၊ အဖျက်စိတ်၊ မခံချင်စိတ်အခံနဲ့ လူမှုအစုအဖွဲ့၊ လူတန်းစားအသီးသီးကို ခွဲခြား ကန့်သတ်မှုတွေ ကြိုတင်သတ်မှတ်တာ မလုပ်မိအောင် ဖြစ်ပါတယ်။
ဝိုင်းတော်သားတွေအပြင် အဲသည် မျိုးစောင့်ဥပဒေတို့၊ ၉ ၆၉  တို့နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောဆိုဆွေးနွေးမှုတွေ သဘောထားတွေ တောင်းဆိုလာတဲ့ မိုးမခမိတ်ဆွေတွေနဲ့လည်း ပြေပြေလည်လည် စကားပြောဆိုရပါတယ်။ အမျိုးသားရေးကိစ္စ၊ လူထုလူတန်းစားအားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာမျိုးထက် လူမှုရေး ဘာသာရေးဆိုင်ရာ ဆွေးနွေးရမယ့်ကိစ္စ အဖြစ် ကြိုဆိုဆွေးနွေးရမယ်လို့ သဘောထားကြောင်း၊ ခုချိန်မှာ မြန်မာပြည်အပြောင်းအလဲကာလ၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေး လှုပ်ရှားခွင့်တွေ တစုံတရာ ရလာလို့ နှစ်ပေါင်းများစွာ မြုံနေ၊ အတွင်းကြိတ်နေ၊ ဖိနှိပ်ထားတဲ့ အငြင်းပွားမှု၊ သဘောထား၊ အယူအဆများ အများအလည်မှာ ထင်ရှားလာတာ၊ ထွက်ပေါ်လာတာကို ကောင်းတဲ့အချက်အဖြစ် ကြိုဆိုပြီး ဆက်လက် ပြောဆို မျှဝေ ဖြေရှင်းကြမယ်လို့ ရှုမြင်ပါကြောင်း ပြောလိုက်ပါတယ်။ မိမိတို့ကလည်း ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ လက်လွတ်စပယ် ပြောဆိုတာမျိုး မလုပ်လိုပါကြောင်းလည်း ပြန်လှန်ဆွေးနွေးလိုက်ပါတယ်။
သို့သော် အများအမြင်မှာ၊ မီဒီယာမြင်ကွင်းကျယ်မှာကတော့ အတော်ကို ဂယက်တွေ လှိုင်းထန်နေတာကိုတော့ ၀န်ခံရပါမယ်။ မြန်မာပြည်ရဲ့ အပြောင်းအလဲကာလ (ဘယ်ပြောင်းမယ်တော့ မသိသေး၊ စည်းမျဉ်းခံဒီမိုကရေစီလား၊ နောက်ပြန်မလှည့်သော စစ်ဒီမိုခရိုနီလား) မှာ အလွန် စမ်းစမ်းတင့် (sensitive ဖြစ်တဲ့) ကာလကြီးမှာ ဒေါ်စုကိုဆဲ၊ ၈၈ မျိုးဆက်တွေကိုလည်း ဆဲ၊ အခု ဘုန်းကြီးတွေကော၊ မူဆလင်ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဆဲ၊ တွေ့သမျှ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် မည်းမည်းမြင် အကုန် မအေနှမနဲ့ ဆဲဆို(မှ ခေတ်မီသလို ဖြစ်နေ) တဲ့အချိန်ဖြစ်နေတော့ အဆဲမခံရတာဆိုလို့ သိန်းစိန်၊ ရွှေမန်းနဲ့ ကြံ့ဖွတ်ပါတီတွေပဲ ကျန်တော့သလို ဖြစ်နေတာ သတိချပ်ကြစေချင်လို့ပါ။ (ဒါကြောင့် မိုးမခက ကာတွန်းဆရာတွေကို မီဒီယာဆင်ဆာမလုပ်ပဲ လက်ကုန်လွှတ်ပေးပြီး အာဏာရှင်တွေ၊ အာဏာရှင်နောက်လိုက် ဓနရှင်တွေ၊ အသိုင်းအ၀ိုင်းတွေကို ကြိုက်တာနဲ့ ကိုင်တုတ်စေ … ဆိုပြီး လွတ်ငြိမ်းချမ်းသာပေးထားရပါတယ်။)
ကဲ … အဲသည်လိုမျိုး သဘောထားရှင်းပြလို့ ပုဒ်မတောင် မချရသေးဘူး၊ တခါတည်း အမေရိကန်တို့ရဲ့ ဒီမိုကရေစီစည်တော်ကြီး လို့ နာမည်တွင်တယ်ဟုဆိုတဲ့ Time မဂ္ဂဇင်းကြီးက အရှင်ဝီရသူကို “သွားလေသူ ဘင်လာဒင်” နဲ့ နှိုင်းလို့ တခါတည်း အကြမ်းဖက်ဘာသာဝင်ဆိုတဲ့ မျက်နှာဖုံးစွတ်ပေးလိုက်ပါလေရောလား။ ငဒို့ရဲ့ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” (မြတ်ထန်၏ စာအုပ်အမည်ကိုယူသုံး) အချိန်ကာလမှာ အားလုံး လွတ်လပ်စွာ ငြင်းခုန်ဆွေးနွေးပြီး အဖြေရှာကြပါလေတော့လို့ လူကြီးလူကောင်းဆန်စွာ ဖေးမထိန်းသိမ်းလေမလားလို့ မျက်နှာကြီးမီဒီယာကို အားကိုးထားမိလေမှ သူတို့က ယောင်းမမြင်းစီးပြီး ထွက်တော့သကိုးလို့ ပြောရမလို ဖြစ်တော့တာပါပဲ။
ကျနော်တို့ မြန်မာတပြည်သား အားလုံး၊ မူဆလင်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်တွေ အားလုံး အရေခွံပါးနေဆဲဖြစ်လို့ အရေခွံထူလာအောင်လို့ လေ့ကျင့်တဲ့ အနေနဲ့ တိုင်းမဂ္ဂဇင်းကြီးက မြှောက်ထိုးပင့်ကော်၊ မီးလောင်ရာလေပင့် … ဟဲ့ နင်ကတော့ ဘင်လာဒင်တွေဟဲ့၊ နင်တို့ကတော့ အမျိုးယုတ်တွေဟဲ့၊ ဟိုကတော့ မုဒိန်းကောင်တွေ ဆိုပဲ ဆိုပြီး ကင်ပွန်းတတ်မင်္ဂလာလုပ် အိမ်ကြက်တွေကို အိုးမည်းသာမက ကြပ်ခိုးစွဲ ကတ္တရာပုန်း လောင်းလိုက်သလို ဖြစ်တယ်လို့ စုတ်တသပ်သပ်နဲ့ ဆိုလိုက်ချင်ပါတော့တယ်။
မည်သို့ပင် ဖြစ်စေကာမူ … အမေရိကန်တမျိုးသားလုံး၊ ခရစ်ယာန်တွေအားလုံးကို စစ်ကြေညာ၊ အကြမ်းဖက်တပ်သားတွေ စု၊ လက်နက်နဲ့ အကြမ်းဖက်၊ ဘာသာရေးစစ်ပွဲကို နိုင်ငံတော်အလံအဖြစ် လွှင့်ထူသူ ဘင်လာဒင်လိုလူမျိုးအဖြစ် သာမန်မြန်မာဘုန်းတော်ကြီးတပါးကို အမည်တတ်လိုက်တာတော့ တဆိတ်လေး ပြန်စဉ်းစားစေချင်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်သည်နှင့်အညီ သံဃာတော်တပါးအနေနဲ့ ဘာသာတရားနဲ့ လူမျိုးရေးအတွက် ဟောပြောမှု၊ ပို့ချမှုတွေလုပ်တာတွေကို လက်ရှိမြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး အငြင်းပွားမှုများ၊ အားနည်းမှုများ ရှိနေခြင်းကြောင့် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊ ပဋိပက္ခများနဲ့ တိုက်ရိုက် အပြစ်တင်ပုံချတာကလည်း မိမိစိတ်ထဲ မသက်မသာဖြစ်စေပါတယ်။ သမိုင်းတလျောက်က မိမိတို့ တိုင်းရင်းသား၊ လူမျိုး၊ ဘာသာဝင်၊ အသိုင်းအ၀ိုင်းအချင်းချင်းကြားက ပြသနာတွေ၊ မကျေလည်မှုတွေဟာ အများကြီးပါ။ အခုချိန်မှာ ပြည်တွင်းစစ်ကအစ၊ ဖဒရယ်ပြည်ထောင်စု ထူထောင်ရေးက အလည်၊ မိမိတို့တိုင်းသူပြည်သားအချင်းချင်း မတူညီသူတွေ သာတူညီမျှ နေထိုင်ကြဖို့အရေး တည်ဆောက်ပြုပြင်ကြဖို့ နားချမယ့်စကားတွေအစား အာရှမှာကတော့ ဘာသာရေးမီးတွေ တောက်နေတာပဲတို့၊ ရေများ ရေနိုင်၊ မီးများ မီးနိုင်ပဲတို့ ကောက်ချက်တွေ ဆွဲသလို လုပ်ပြနေလေတော့ အာဏာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေကပဲ ဦးတဲ့သူ အုပ်ချုပ်ကြပေတော့လို့ တိုင်းသူပြည်သား ကာယကံရှင်တွေကို အတော်လေး ထူသူ၊ တိမ်သူ၊ ပိန်းသူတွေလို့ မျက်နှာလွှဲ ခဲပစ်ရာ ကြပါတယ် ခင်ဗျား။
မိုးမခမီဒီယာက မည်သူ့သြဇာခံမှ မဟုတ်တော့ (မောင်ရစ်ရဲ့ သြဇာကိုလည်း ၀ိုင်းတော်သားတွေ၊ မိတ်ဆွေတွေက မနာခံကြပါ၊ သူတို့ ရေးချင်တာရေး၊ လုပ်ချင်တာ လုပ်လို့ရလို့ လက်တွဲနေကြတာပါ) အခုလိုမျိုး ဖြောင်းဖျသော သဘောထားကို လူသိထင်ရှား ရေးသားတင်ပြလိုက်ပါတယ်။ ညီမလေးက ဘုန်းတော်ကြီးကို ဘင်လာဒင်လို့ နှိုင်းယှဉ်လိုက်တယ်ဆိုရင်ဖြင့် မိုးမခဆိုတဲ့ မီဒီယာနှမကလေးကလည်း ခေါင်းမြီးပဲ ခြုံရတော့မလိုလို၊ ထမီစွန်တောင်ဆွဲပြီး အရပ်တကာလှည့် မောင်နဲ့ နှမ၊ သားနဲ့ အမိ မကြားဝံ့ မနာသာ ငါနဲ့ ပဲ လိုက်ကိုင်တုတ်ရတော့ မလိုလို ဖြစ်နေရပါကြောင်း အကျိုးမျှော်၍ ရွှေနားတော်သွင်းလိုက်ပါကြောင်းပါ ခင်ဗျား။
(အေးဗျာ … ရွှေမန်းလာတုန်းက မောင်ရစ်နဲ့ ဓာတ်ပုံတွဲရိုက်ပြီး Time အဖုံးမှာ တင်လိုက်တာကမှ တော်သေးအုံးမယ်နော်၊ ဟဲဟဲ)

Thursday, June 20, 2013

Saw Ngo - Face the past ...

ကာတွန်း စောငို - အတိတ်ကို မျက်နှာမူထားပြီးဘီ
ဇွန် ၂၁၊ ၂၀၁၃

Ku Mo Jo - The face of ....

ကာတွန်း ကူမိုးကြိုး - ရွှေမန်း၏ ဖွချက်လား၊ ဘယ်သူရဲ့ ဖွချက်လဲ
ဇွန် ၂၀၊ ၂၀၁၃

U Wirathu on Times

အကြမ်းဖက်ဗုဒ္ဓဘာသာ၏မျက်နှာခေါင်းစဉ်ဖြင့် တိုင်းမဂ္ဂဇင်းက အဖုံးထုတ်
နိုင်ငံတကာသာဂိ၊ ဇွန် ၂၁၊ ၂၀၁၃
မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင်မြန်မာများအရေးကို အလေးပေး တရားဟောသည့် ဆရာတော် ဦးဝီရသူ၏ မျက်နှာဖုံးဖော်ပြထားပြီး ခေါင်းစဉ်မှာ အကြမ်းဖက်ဗုဒ္ဓဘာသာ၏မျက်နှာဟု ပေးထားသည့် ဇူလိုင်လထုတ် တိုင်းမဂ္ဂဇင်းကြီး၏ အာရှနှင့် အရှေ့အလယ်ပိုင်း၊ ဥရောပထုတ်ပုံနှိပ်ခြင်းတွင် ဖော်ပြထားသည်။
စာရေးသူမှာ Hannah Beech ဖြစ်သည်။ ဆရာတော်၏ တရားများမှာ လူနည်းစု မူဆလင်ဘာသာဝင်တို့ကို ဝေဖန်ခြင်းဖြစ်ပြီး ကြားရသူတို့ကို သွေးဆူစေသည်ဟု သူမက သုံးသပ်ထားသည်။ အရှင်ဝီရသူသည် ဘာသာရေးသူရဲကောင်းဝါဒီ၊ လူနည်းစု မူဆလင်တို့အပေါ် တင်းမာသည့် သဘောထားရှိသူဟု ရေးထားသည်ကို တွေ့ရသည်။ ဦးဝီရသူက လူနည်းစုမူဆလင်ဘာသာဝင်တွေက မြန်မာပြည်ကို သိမ်းဖို့ ကြိုးစားနေတယ်။ သူတို့လူဦးရေပွားနှုန်းက အရမ်းမြန်တယ်။ မြန်မာအမျိုးသမီးတွေကို ခိုးနေတယ်၊ မုဒိန်းကျင့်နေတယ်ဟု သူမကို ပြောကြားသည်ဟု ဆိုသည်။
ထိုကဲ့သို့ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့သည် အာရှတွင် ပျံနှံ့နေကြောင်း၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့တွင် လူများစု ဗုဒ္ဓဘာသာဝင်များ၊ သံဃာများက လူနည်းစု ခရစ်ယာန်နှင့် မူဆလင်ဘာသာဝင်များကို ကန့်သတ်ကြောင်း၊ နှိမ်နင်းကြောင်း သူမ၏ အမြင်ကို ရေးထားသည်။
ထိုကဲ့သို့ အမှုအခင်းများဖြစ်ပွားခြင်း၊ သတင်းဓာတ်ပုံများ ပြန့်နှံ့ခြင်းဖြင့် မလေးရှားတွင် ဗုဒ္ဓဘာသာဝင်မြန်မာတို့ကို လက်တုံ့ပြန် တိုက်ခိုက်ခြင်း ခံရသည်ဟု မလေးရှားအာဏာပိုင်တို့က ပြောသည်ဟု သူမက ရေးသားထားသည်။
အဆိုပါရေးသားချက်များအပြင် စာရေးသူက ဘုန်းတော်ကြီးကို မြန်မာဘင်လာဒင်ဟု အမည်ပေးလိုက်သေးသည်။ ၀ီရသူက သမ္မတအိုဘားမားကို မူဆလင်သွေးနှောဟု ဆိုကြောင်း၊ အာရပ်ကမ္ဘာက ကုလသမဂ္ဂကို ပြန်ပေးဆွဲထားကြောင်း၊ မြန်မာမူဆလင်အများစုမှာ အစွန်းရောက် လူဆိုးများ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။ မူဆလင်လူမျိုးရေးအဓိကရုဏ်းမှုဖြင့် ဆရာတော် ထောင် ၇ နှစ် ကျခဲ့ကြောင်း သူမက ထောက်ပြထားသည်။ ၉၆၉ လှုပ်ရှားမှုဖြင့်လည်း ဘာသာခြားတို့ကို ဖယ်ကျဉ်ထားရန် ပြောသည်ဟု ရေးထားသည်။ မြန်မာများက ပြည်ပမူဆလင်ကမ္ဘာမှ ငွေကြေးအထောက်အပံ့များ မြန်မာမူဆလင်များထံ ၀င်ရောက်နေသည်ဟုလည်း အခြေအမြစ်မရှိပဲ စွပ်စွဲပြောဆိုခြင်း၊ လှုံဆော်ခြင်းများ လုပ်နေသည်ဟု သူမဆောင်းပါးတွင် ရေးထားသည်။
သူမက သုံးသပ်ရာတွင် ၂၀၁၁ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ် စတင်ကတည်းက စစ်တပိုင်းအစိုးရသည် အစွန်းရောက်လှုပ်ရှားမှုများကို မသိကျိုးကျင်ပြုထားကြောင်း၊ ၂၀၁၂ တွင် ဗုဒ္ဓဘာသာဝင်တို့က မူဆလင်ဘာသာဝင်တို့ကို တိုက်ခိုက်သဖြင့် လူ ၇၀ သေဆုံးကြောင်း၊ နောက်ပိုင်းတွင် ဘာသာရေးအကြမ်းဖက်မှုများကြောင့် မိထ္ထိလာတွင်လည်း မူဆလင်များ တိုက်ခိုက်ခံရကြောင်း ဆက်လက်ရေးသားထားသည်။
သူမက နိဂုံးတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဘာသာရေးအကြမ်းဖက်မှုများကို ကောက်နုတ်ရေးသားထားသည်။ မူဆလင်အများစု နေထိုင်သော ထိုင်းတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့ အတိုက်ခိုက်ခံရကြောင်း၊ ၂၀၀၄ နောက်ပိုင်း မူဆလင်များ၏ ခွဲထွက်ရေးလှုပ်ရှားမှုများ ပြင်းထန်လာသည့်အတွက် တိုက်ခိုက်မှုများ များပြားလာခဲ့ကြောင်း၊ ယခုအခါတွင် ဗုဒ္ဓဘာသာဝင်တို့မှာ လက်နက်အင်အား အသာစီးရနေပြီ ဖြစ်သဖြင့် မူဆလင်တို့မှာ အကာအကွယ်မဲ့ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပြီ ဖြစ်ကြောင်း ရေးသားထားသည်။
အမေရိကန်ပြည်၏ ထင်ရှားသော တိုင်းမဂ္ဂဇင်းကြီးက မြန်မာပြည်၏ ဘာသာရေးအငြင်းပွားမှု၊ အရေးအခင်းများကို ထုတ်ဖော်ရေးသားရာတွင် ဗုဒ္ဓဘာသာ သံဃာတော်တပါးကို အကြမ်းဖက်သူ ဘင်လာဒင်အဖြစ် ကင်ပွန်းတပ်လိုက်ခြင်း၊ လူများစုတို့က လူနည်းစုတို့ကို တဖက်သတ် အကြမ်းဖက် အနိုင်ကျင့်နေသည်ဟု ကောက်ချက်ဆွဲ ရေးသားလိုက်ခြင်းမှာ နိုင်ငံတကာရှိ ဘာသာမတူသူ လူမှုအဖွဲ့အစည်းအားလုံးအတွက် တွေးစရာ၊ ပြောစရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစရာ ရှိသည်ဟု ဆိုနိုင်ပေသည်။



Win Aung - Cartoon

အလာကောင်းပေမယ့်
ကာတွန်း - ၀င်းအောင်
ဇွန် ၂၀၊ ၂၀၁၃


ကာတွန်းဝင်းအောင်၏ ဖေ့ဘုတ်ခ်စာမျက်နှာမှ ကူးယူပါသည်။

Saung Luu - My Name is Maung Ba Nyunt (Essay)

ကျနော့်နာမည် မောင်ဘညွှန့် (၄)
ဆောင်းလူ
ဇွန် ၂၀၊ ၂၀၁၃



အရေးထဲ အရာပေါ်သလို
မနက် မနက် စောစောထထ
ဘယ်နိုင်ငံမှ စုံအောင်မရောက်တဲ့
စလောင်းပဲ့ စကာကွက်နဲ့
နိုင်ငံတကာမြင်ကွင်းစုံကို
အပီအပြင် ဆယ်ယူဖို့ကြိုးစားတတ်ကြတဲ့အဖြစ် ….။

မောင်ဘညွှန့်တို့ဆီမှာ ဂြိုလ်တု စတက္ကလိုက် တလုံးရှိတယ် ...။ စလောင်းပေါ့ဗျာ ...။ တော်တော်ကြီးပါတယ် ...။ ရီစီဗာဆို ဗုံးလောက်ကြီးကြီး ပဲ..။ ဒါပေမယ့် ရီစီဗာက မကောင်းဘူးဗျ ...။ ကြည့်ရတာ မန်မိုရီမကောင်းတာထင်ပါတယ်။ ပိတ်လိုက်လို့ ပြန်ဖွင့်လိုက်ရင် လိုင်းတွေမှန်သမျှ အကုန်ပျောက် … ပြန်ဖမ်းပေါ့ ...။

မောင်ဘညွှန့်တို့ရုံးမှာ အဲ့ဒီစလောင်းကို အပီအပြင်နိုင်နင်းတာ ကိုငြိမ်းချမ်း (ခုတော့ အမေရိကား) တယောက်ပဲရှိတယ်ထင်တယ်။ မောင်ဘညွှန့်ရဲ့ လက်ဦး လေးအောက်ဆရာတယောက်ပါပဲ။ အမယ် … သူက လေးအောက်သင်တော့သာ စိတ်မရှည်တာ ..။ သွားမေးမိလို့ မင်းတို့ မှတ်မထားဘူးလားလိုဆိုပြီး .. အဆူ အဟောက်တောင် ခံလိုက်ရသေး ...။ သို့ပေမယ့် … ဒီစလောင်း လိုင်းဖမ်းတာကျ စိတ်လိုလက်ရသင်တယ်ဗျ။ မောင်ဘညွှန့်တို့လည်း သင်တာပေါ့ ..။ သင်ရင်း ကလိ .. ကလိရင်း သင် ... ဟိုလိုင်း ဒီလိုင်းတွေလည်း အင်တာနက်ထဲကြည့် ဖမ်းပေါ့ ...။ ဆရာတဆူပဲ ...။ နောက် ကိုသက်နိုင် (ဦးအောင်စောဦးတူ) လည်း ဖမ်းတယ်ထင်တယ် … သေချာတော့ မမှတ်မိတော့ဘူး။

သတင်းစာတိုက်ဆိုတော့ သိတဲ့အတိုင်းပဲ ..။ နိုင်ငံတကာမြင်ကွင်းကို စုံအောင်ရောက်မှ ..သိမှ မြင်မှ .. ဖတ်မှ မှတ်မှ။ မိခင်စကားလည်း လိပ်ပတ်လည်အောင် သိထားမှ ..။ မျက်နှာဖြူစကားလေးလည်း မီးကျိုး မောင်းပျက်လောက်တော့ ထိထားမှ ...။ ဒါမှ ကမ္ဘာ့ရေးရာတွေ အကြောင်း … ဗမာရေးရောတွေအကြောင်းလာတော့မှ .ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပါးစပ်လေး ဟပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့နေမှ ...။ မောင်ဘညွှန့်တို့ကတော့ မိခင်ဘာသာစကားတောင် စကားပြောရင် သနဲ့ရ နဲ့ ကွဲလေတယ်မဟုတ်တော့ … မျက်နှာဖြူစကားဆို … ငါးပိသံမပြောနဲ့ ...ဆားသံတောင် မပေါက်ဘူး ...။ စာလေး ဘာလေးတော့ နဲနဲဖတ်ထားရတာပေါ့။ Buffalo Liver Cake = မုန့်ကျွဲသဲ ..ဆိုတာမျိုးပေါ့ .. ။ (မှတ်ချက် အနှီ အဓိပ္ပါယ်သည် ဗမာပြည်တွင် တခေတ်တခါက တနိုင်ငံလုံးသို့ လွှင့်နေလေသော မြန်မာ့တယ်လီဗေးရှင် ရုပ်မြင်သံကြားပေါ်က မင်းကျော်မင်းမိသားစု၏ အင်္ဂလိပ်စကားဖြစ်ပါသည်။ မှတ်မိသူများ ရှိကောင်းရှိနိုင်ပါသည်။ မုန့်ကျွဲသဲကို အဲလို ခေါ်လား မခေါ်လားဆိုတာ မောင်ဘညွှန့်တော့ မသိရေးချ မသိပါ။ မှတ်ထားခြင်းမျှသာ ..။

မနက်ဆို အယ်ချုပ်ကြီးရဲ့ အမိန့်အရ .. ကမ္ဘာရေးရာတွေ ဘာတွေ ကြည့်ရတာပေါ့ဗျာ ...။ ရုံးမှာ အငယ်ဆုံးတွေဖြစ်တဲ့ မောင်ဘညွှန့်နဲ့ စောဒီထူး (နယူးဇီလန်) တို့လည်း မျက်နှာဖြူစာတိုးအောင် အယ်ချုပ်အမိန့်ရ ထိုင်ပြီး ငိုင်တိုင်တိုင်လေးတွေပေါ့ဗျာ ...။ ဆရာတွေ ပါးစပ်ဟရင် လိုက်ဟ ..ဆရာတွေ ခေါင်းငြိမ့်ရင် လိုက်ငြိမ့်နဲ့ .. ဟဲဟဲ ဟန်ကိုကျလို့ ...။ တမျိုးတော့ ဆိုးသဗျ … အဲ့စလာင်းက သတင်းဖမ်းမယ်ဆို နေ့တိုင်းဖမ်းမမိဘူး ..။ မောင်ဘညွှန့်တို့လည်း မနက်စောစောစီးစီး နေ့တိုင်း မထချင်ဘူး ..။
+++++ 

မှတ်မိပါရဲ့ဗျာ တစ်ခု ..
အကျိုးပေးမကောင်းတဲ့ ဒီစလောင်းပဲ့က
တမျိုးတော့ ချီးကျူးဖို့ကောင်းတယ် …။
ဘောလုံးပွဲဆို…
ဒီဂျစ်တယ်* ရော … အဲန်နာလော့**ကော
လိုင်းပေါင်းစုံက အကုန်ရတယ်…
စိတ်ပျက်စရာ သတင်းပေါင်းစုံကလွဲလို့ပေါ့ ..။

အမယ်သူက မနက် သတင်းကြည့်တဲ့အချိန်သာ မကောင်းတာ … ဘောလုံးပွဲဆို ဒီဂျစ်တယ်နဲ့ဖမ်းမလား ..အဲန်နာလော့နဲ့ ဖမ်းမလား .. ကြိုက်သလိုဖမ်း မိတယ် ...။ အယ်ချုပ်မရှိတဲ့အချိန်ဆိုတော့ လိုင်းက ပိုကြည်သလားတောင် ထင်ရတယ် ...။

မှတ်မိသေးတယ်ဗျာ .. အဲ့တုန်းက ကျနော်တို့ရဲ့ ပထမဦးဆုံး အေဘီစီဒီ ဆရာက အင်္ဂလန်က .. ဂျမ်မာထင်တယ် … အသက်ကတော့ သိပ်မကြီးသေးဘူး ...။ ဖော်ဖော်ရွှေရွှေလည်းရှိတယ် ...။ အဲ့အချိန်က ကမ္ဘာ့ဖလားပွဲတွေ လာနေတဲ့အချိန် ...။ ည အိပ်ပျက်ခံပြီး ဘောပွဲတွေ ကြည့်နေတဲ့အချိန် ..။ ဆရာမလေးလည်း သနားပါတယ် … သူ့ နိုင်ငံပွဲစဉ်တိုင်း လာအားပေး ...။ အားပေးတိုင်းလည်း မနိုင် ...။ မောင်ဘညွှန့်တို့က ဘေးကနေ သနားလို့ ...။

မောင်ဘညွှန့်တို့ဆီမှာ စလောင်းနဲ့ပတ်သက်လို့ ကြုံခဲ့ရတာတွေ အတော်များပါတယ်။ နောက်ပိုင်းတော့ ကိုငြိမ်းချမ်း စလောင်းဖမ်တဲ့ အတတ်ပညာ ဘာကြောင့် စိတ်လို လက်ရ သင်ပေးခဲ့တယ်ဆိုတာ သဘောပေါက်ပါတော့တယ်။ တချို့အချိန်တွေများဆို ရုံးမှာက အမျိုး သမီးတွေလည်း ရှိကြတာကိုး ..။ ဇာတ်ကားလေး ဘာလေးကြည့်ချင်လို့ရှိရင် မောင်ဘညွှန့်နာမည်၊ နောက် ကိုသက်နိုင်နာမည် တကြတော့တာပဲ ..။ အဲ့နောက်ပိုင်း မောင်ဘညွှန့်လည်း ရီစီဗာမကောင်းမချင်း မကိုင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထန်းတက်လက်မှတ်ကို စွန့်လိုက်ပါတယ်။

နောက်ပိုင်း စလောင်းကြီးလည်း ဟိုရွှေ့ ဒီရွှေ့နဲ့ ကြိုးတွေက တန်းလန်း .. ဇကာကွက်တွေ အခြမ်း အခြမ်းနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး ...။ တခါသားတော့ မောင်ဘညွှန့်တို့ ဇနပုဒ်ကနေ ရေမီးစုံတဲ့ ဝင်ဒါမီယာ ရပ်ကွက်ပေါ် ရွှေ့အပြီးမှာ နောက်လာတဲ့ လက်သစ်ကလေးတွေက .. ဇကာကွက်တွေနဲ့ ငါးဖမ်းဖို့ လုပ်နေတာတော့ အမှတ်တမဲ့ တွေ့လိုက်မိသေးတယ် ...။ ခုများတော့ … ဘယ်ချောင်ကို မင်းရောက်နေလဲပေါ့ ...။
+++++++ 

 ဒက်စတော့တွေ ဘေးနား
လာအနားယူတဲ့
လက်တော့နဲ့ ဦးလေးကြီးခမျာလည်း
ကျုပ်တို့ရဲ့ ဘော်ရှီဗစ်သမိုင်းကို
အောက်မေ့ကောင်း အောက်မေ့လိမ့်မယ် …။

မောင်ဘညွှန့်တို့ဆီမှာ လူအမျိုးမျိုး စိတ်အစုံစုံရှိတယ်ပေါ့ဗျာ ...။ အဲ့အထဲက မှတ်မှတ်ရရဆို လက်တော့ပ်နဲ့ ဦးလေးကြီးဆိုတဲ့ ဦးအောင်စိုး (အရင်က အညာသားပဲထင်။ နောက်မှ အင်းသားမှန်သိ) ပါပဲ ...။ အသားညိုညို ဝဝဖိုင့်ဖိုင့် ထောင်ထောင်မောင်းမောင်းဆိုတော့ .. မှတ်မိလွယ်တာလည်း ပါမယ်ထင်ပါတယ် ...။ နောက် ထူထဲတဲ့မျက်မှန်နဲ့ဆိုတော့ ပိုသတိထားမိပါတယ်။ နောက် ပိုထူးခြားတာက အလုပ်အတော်လုပ်နိုင်လို့ပါ ..။ သူ့လက်တော့ပ်လေးနဲ့ မနက်ကနေ ညအထိ (ထမင်းစားချိန်ကလွှဲလို့) မလှုပ်မယှက်။ မောင်ဘညွှန့်တို့တော့ မနေနိုင်ပါဘူး။ ဒီထူးဆို စာဖတ်သလိုလိုနဲ့ မျက်လုံးတဖက်မှိတ်ပြီး အိပ်နေကျ။

အခု သူလည်း မောင်ဘညွှန့်တို့ဆီမှာ ရဲဘော် ရဲဘက်စာရင်းလာဝင်တာပေါ့ ..။ အဲ့အချိန်က လက်တော့ပ်သုံးတယ်ဆိုတော့ ဆရာ့ ဆရာပေါ့ ...။ နောက် ခေတ်မှီတာလဲ ပါပါတယ်။ အီးလိုကောင်းတော့ အစုံဖတ်နိုင်လေတော့ သူသိတာတွေ မောင်ဘညွှန့်တို့ကု ရှဲလ်တဲ့အခါ ဗဟုသုတရပါတယ်။ သူက အယ်ချုပ်ရဲ့ ဘော်ဘော်ပါပဲ ...။ အယ်ချုပ်က ဘေးနားထိုင်ပြီး တိုင်းမ်မဂ္ဂဇင်းလေး ဖတ်ချင် ဖတ်နေတဲ့အချိန် .. ခုန ဦးလေးကြီးက ထပြီး ဆဲချင် ဆဲတော့တာပါပဲ …(တော်လှန်ရေးသမားဆိုတော့လဲ) ။ အယ်ချုပ်လည်း မျက်လုံးလေး ကလယ် ကလယ်နဲ့ ...။ မောင်ဘညွှန့်တို့သာ ထလုပ်ကြည့်လိုက် … ထန်းလက်တောင် ရှာချိန်ရှိမယ်မထင်ဘူး ...။ မောင်ဘညွှန့်တို့ မပြောနဲ့ မောင်ဘညွှန့်တို့ စီနီယာတွေတောင် …(အင်း စီနီယာတွေက မောင်ဘညွှန့်တို့ထက် လိမ္မာတာကိုး) ...။

ဘော်ရှီဗစ်သမိုင်းဆိုတော့ အထင်ကြီးကုန်ကြပြီထင်တယ်။ မကြီးကြပါနဲ့ ...။ အမှန် မောင်ဘညွှန့်တို့ရဲ့ ဘော်ရှိဗစ်သမိုင်းက ဒီလို ...။ ရုံးမှာ ဆိုဗီယက်တော်လှန်ရေးလား (သေချာမမှတ်မိတော့ပါ) … စာအုပ် (၂) အုပ်ရှိတယ်။ လက်နဲ့ ရေးထားတာတွေ ..။ မောင်ဘညွှန့်တို့က အဲ့ဒါတွေကို ပြန်ရိုက်ရတာပေါ့ ...။ မောင်ဘညွှန့် ..၊ ဒီထူး၊ သန်းထွန်းအောင် သုံးယောက်ပေါင်းပြီး ရိုက်ကြရတာ … ။ ဒါပေမယ့်ဗျာ ...မောင်ဘညွန့်ုတို့ ဒက်စတော့တွေက လက်များတယ်။ လက်များဆို ကွန်ပျူတာ (၇) လုံးလောက်မှာ လူပေါင်း ၃၀ ကျော်လောက် မျှသုံးရတာ ..။ မောင်ဘညွှန့်တို့တတွေက ရိုက်ပေါ့ ...။ လက်များတော့ ထုံးစံအတိုင်းပဲ … မောင်ဘညွှန့်တို့ အတွဲ ၁ ပြီးလို့ အတွဲ (၂) ကိုရိုက် ...။ ပြီးခါနီးလောက်ကျ အတွဲတစ်က ပျောက်သွားပါလေရော ..။ အယ်ချုပ်မသိအောင် အတွဲ (၁) ကိုပြန်ရိုက် ...၊ ပြီးခါနီးလောက်ကျ .. အတွဲ (၂) က ပျောက်သွားပြန်ပါလေရော ..။ မောင်ဘညွှန့်တို့ အဖွဲ့လည်း မျက်စိ သူငယ် နားသူငယ်နဲ့ပေါ့ ...။

မောင်ဘညွှန့်တို့ရဲ့ ဗော်ရှီဗစ်သမိုင်းဟာ တော်တော်ကို ရွာလည်ခဲ့တာပါ။ နောက်ဆုံး မနေနိုင်လို့ ... စီနီယာ ..ကိုစောထူးတို့ .. ကိုသူရစိုး (ယခု အမေရိကား - ယခင် အယ်ချုပ်ရဲ့ပီအေ) တို့ ဝင်ကူမှ … ... ဗော်ရှီဗစ်လည်း …. သမိုင်းလှခဲ့တာပါ ...။


ဆက်လက်ဖော်ပြပါမည်။

Ashin Zawana (Khone Zaung) - Articles

သစ်မြစ်လူသား သားသုံးသား
အရှင်ဇ၀န (ကုန်းဇောင်း)
ဇွန် ၂၀၊ ၂၀၁၃



သစ်မြစ်ဆိုတာ လူတိုင်းသိကြတဲ့အတိုင်း သစ်ပင်ကြီးက အကိုင်းအခက်တွေ ဝေဆာလေလေ သစ်မြစ် တွေက ရေကြည်စုပ်ပြီး မြုပ်သည်ထက်မြုပ်လေလေပါပဲ။ ဒီလိုပါပဲ မြန်မာနိုင်ငံတော်မှာ မျိုးချစ်သားသုံးသားဆို တာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ သားကောင်းရတနာများဖြစ်တဲ့ (၁)စာသင်သား (သံဃာတော်များ)။ (၂)ကျောင်း သား။ (၃)စစ်သားဆိုတဲ့ သားသုံးသားတို့ပဲဖြစ်ပါတယ်။ ဒီသားသုံးသားက မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ အရေးကြုံရင် သက်လုံကောင်းခဲ့ကြတယ်။ အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြတယ်။ သမိုင်းအဆက်ဆက် အနစ်နာခံဘက်ကချည်း နေခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။

(၁) စာသင်သားတွေကို လှမ်းကြည့်လိုက်။ ငပိရည်ဆွမ်း ထမင်းကြမ်းကို လွေးရင်းနဲ့ အရေးကြုံလာရင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်လှုပ်ရှားခဲ့ကြတယ်။ စာရေးသူတို့ ရေနံချောင်းမြို့ ရွှေတောင်တိုက်ပါဠိ တက္ကသိုလ်ကြီးမှာ စာသင်သားဘဝမှာ နေထိုင်ခဲ့စဉ်တုန်းက ရွှေတောင်တိုက်ဆိုတာ ဆေးရုံကြီးနဲ့ ကပ်လျှက်ဆို တော့ ဆေးရုံမှာ သွေးလိုတိုင်းလိုတိုင်း လူနာရှင်တွေက ရွှေတောင်တိုက်ထဲကိုပဲ ပြေးလာပြီး အကူအညီတောင်း ကြတာ။ တခါတလေဆိုရင် ညဥ့်နက်သန်းခေါင် သွေးလိုလို့ လာခေါ်ရင်လည်း လိုက်သွားပြီး လှူခဲ့ရတာချည်းပဲ။ ဘယ်သူ့အပေါ်က ဘယ်လိုမျှော်လင့်ချက်မျိုးမှကို မရှိခဲ့တာ။ တခါတလေ သွေးလိုလို့ လာပြီးအကူအညီတောင်း တဲ့လူနာရှင်တွေက ခဏခဏလာ၊ ကိုယ်ကလည်း သွေးထပ်လှူနိုင်မည့် လေးလကမပြည့်သေးဘူး။ မပြည့်သေး ပေမဲ့လည်း ရက်စွဲကို ညာပြီးတော့တောင် လှူခဲ့ရဘူးပါတယ်။ ကျောင်းက သံဃာစာရင်းတွေမှာကိုပဲ သွေးအမျိုး အစား တစ်ခါတည်း ရေးမှတ်ထားလိုက်ရတယ်။ ဆေးရုံကြီးက ဘာသွေးလိုလို့တဲ့လို့ ဆိုလိုက်တာနဲ့ အဲဒီသွေး အမျိုးအစားထဲက မလှူရသေးတဲ့ သံဃာက ကျန်းမာရေးကောင်းရင် သွားလှူလိုက်ရတာပါပဲ။

ရပ်ကွက်ထဲမှာ မီးလောင်လို့တဲ့ဆိုရင်လည်း ဒီစာသင်သားတွေကပဲ ရှေ့ကနေဦးဆောင်ပြီး မီးငြှိမ်းသတ် တာတွေ၊ ပစ္စည်းတွေကို မီးလွတ်ရာကို ရွှေ့ပြောင်းပေးရတာတွေ၊ မေးဘေးဒုက္ခသည်တွေ နေရေးထိုင်ရေးကိစ္စ တွေကို ဆောင်ရွက်ပေးခဲ့ကြတာပါ။ ရပ်ထဲရွာထဲမှာ မိုက်ပေ့ဆိုးပေ့ဆိုတဲ့ ကောင်တွေ သောင်းကျန်းနေပြီဆိုရင် လည်း သံဃာတော်တွေကပဲ အမိုက်ခံ အမုန်းခံပြီး ဝင်ထိန်းသိမ်းပေးခဲ့ကြတာပါပဲ။

ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီးလည်းမဟုတ်ဘူး၊ ကိုယ့်အမေကမွေးတဲ့ ကိုယ့်ညီမလည်းမဟုတ် ဘူး၊ ကိုယ့်အမျိုးလည်းမဟုတ်ဘူး၊ ကိုယ့်ကြင်သူသက်ထား ဇနီးမယားလည်းမဟုတ်ဘူး၊ ဒါပေမဲ့ မြန်မာအမျိုး သမီးလေးတစ်ယောက်က လူမျိုးခြား ဘာသာခြားနဲ့ လက်တွဲသွားနေတာ အကြည်ဆိုက်နေတာကို မြင်တိုင်း မြင်တိုင်း အသည်းဆတ်ဆတ်ခါ နာတတ်တာလည်း သံဃာတော်တွေပါပဲ။ ရုတ်တရက် ဆူဝေတက်ကြွလာတဲ့ ဒေါသယမ်းအိုးကြီးကို မပေါက်ကွဲအောင် သူတော်ကောင်းတရားနဲ့ အနိုင်နိုင်ထိန်းချုပ်ပြီး ကိုယ့်အမျိုးမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာကို စောင့်ရှောက်ဖို့ လက်တွေ့သာဓကတွေနဲ့ နည်းလမ်းပေးခဲ့ကြတာတွေကလည်း သံဃာတော်တွေပါပဲ။ သံဃာတော်တွေရဲ့ နှလုံးသားထဲမှာ မြန်မာအမျိုးသမီးမှန်ရင် ကိုယ့်ညီမတွေလိုပဲ သဘောထားပြီး မြန်မာအမျိုးသမီးတစ်ယောက် ပဲ့ပါသွားတိုင်း နှလုံးသားတစ်စ ပဲ့ကြွေသွားသလို ခံစားကြရတာ ချည်းပဲဆိုတာ ဟုတ်/မဟုတ် သမိုင်းဖြစ်စဉ်တွေကို မေးကြည့်လိုက်ပါ။ သံဃာတော်တွေဟာ (လူတွေလို) ပုဂ္ဂလိကဆန်ဆန် ချစ်စရာခင်စရာ တစ်ယောက်တစ်လေမှ မရှိတဲ့အခါကြတော့ မြန်မာတစ်မျိုးသားလုံးကိုပဲ တန်းတူညီမျှ ချစ်ခင်ကြင်နာတတ်ကြတယ်။ အဲဒီလို ချစ်ခင်ကြင်နာတတ်တဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်လို့ တဲ့ဟေ့လို့ ဆိုလိုက်တာနဲ့ သူများ ဓားခုတ်ရာကို လက်ဝင်လျိုပြီး ကြားထဲက ငထွား ခါးနာခဲ့ရတဲ့အဖြစ်မျိုးတွေ သမိုင်းမှာ အထင်အရှား ရှိခဲ့ကြပါတယ်။

နိုင်ငံရေး သမိုင်းမျက်နှာစာကို ကြည့်လိုက်ဦးမလား။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဦးဆောင်ပါဝင်ခဲ့ ကြတာတွေကလည်း ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့လို သံဃာတော်တွေပါပဲ။ အရေးကြုံလာရင် အသက်ကို ပဓာနမထားပဲ လူဝတ်လဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ဘူးပါတယ်။ ၈၈ အရေး အခင်းတစ်ခုလုံးမှာ အတုံးအရုံး သေဆုံးခဲ့ကြတဲ့အထဲမှာ သံဃာတော်တွေ အများကြီးပါခဲ့ပါတယ်။ အရေးအခင်း ကာလအတွင်း မင်းမဲ့တိုင်းပြည်လို ဖြစ်နေတဲ့ စပ်ကူးမတ်ကူး ကာလတွေမှာလည်း သံဃာတော်တွေကပဲ ဦးဆောင်ပြီး ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်။

ဓာတ်ဆီဈေးတွေတက်လို့တဲ့၊ ကုန်ဈေးနှုံးတွေ တက်လို့တဲ့ အရှင်ဘုရားတို့ ပြည်သူတွေမှာ ဒီလောက် ဆင်းရဲကြပ်တည်းနေကြတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလားဘုရား၊ အရှင်ဘုရားတို့က ရှေ့က ဦးဆောင်ပါ၊ အရှင်ဘုရားတို့က ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်လိုက်ရင် လူတွေလည်း နောက်ကပါလာ မှာပါ စသဖြင့်စသဖြင့်ပေါ့၊ ဟိုလူတွေကပြောကြ ဒီလူတွေက ပြောကြနဲ့ အဲဒီလိုပြောကြတဲ့အခါ တိုင်းပြည်အရေး ငါတို့အရေး၊ ပြည်သူ့အရေး ငါ့အရေးပဲဆိုပြီး ရှေ့တန်းကနေ သံဃာတော်တွေက မားမားမတ်မတ် ဦးဆောင် ချီတက်ခဲ့ကြလို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု(အရေးအခင်း)ဆိုတာ ပေါ်လာခဲ့တယ်။ ဘယ်သူမှ အဲဒီလို ကမ္ဘာ တစ်ဝှမ်းလုံးက တုံလှုပ်ခြောက်ခြားသွားအောင် လုပ်မပြနိုင်ခဲ့တာကို သံဃာတော်တွေက ညီညီညွတ်ညွတ်နဲ့ လုပ်ပြနိုင်ခဲ့ကြတယ်။ အဲဒီတုန်းကများဆိုရင် တစ်ချို့ အဖွားတွေ အဒေါ်တွေက မျက်ရည်တောက်တောက်ကျပြီး ဝမ်းသာဝမ်းနည်းစိတ်တွေနဲ့ ဦးခိုက်ကန်တော့ကြရှာတယ်။ လူတွေမလုပ်နိုင်တာကို သံဃာတော်တွေ လုပ်ပြနိုင် ခံတယ်။ လူတွေမလုပ်ရဲတာကို သံဃာတော်တွေ လုပ်ရဲခဲ့ကြတယ်။ လူတွေ မစတေးရဲတာကို သံဃာတော်တွေ စတေးပြခဲ့ကြတယ်။ အဲဒီတုန်းကများဆိုရင် အစိုးရက သံဃာတော်တွေကို အညှိုးအတေးကြီးကြီးနဲ့ သံဃာများ တဲ့ ကျောင်းတိုက်တွေကို ညဥ့်နက်သန်းခေါင် ဝင်ဝင်စီးပြီး ဖမ်းခေါ်သွားတာတွေ၊ လက်စတုန်း ကိစ္စပြတ်အလုပ် ခံရတာတွေလည်း သံဃာတော်တွေပါပဲ။

နိုင်ငံကျော်တဲ့ နိုင်ငံရေးသမားဆိုရင်တော့ လက်စတုန်း ဘယ်လုပ်ရဲပါ့မလဲ။ အညတရ ကျေးရွာလေးက  မထင်မရှားမိသားစုကနေပေါက်ဖွားလာရပြီး သေးသေးသိမ်သိမ် သံဃာတော်လေးတွေမှာတော့ မှေးမှေးမှိန်မှိန် ပျောက်ကွယ်ခဲ့ကြရတယ်ဆိုတာလည်း လူတိုင်းအသိပါပဲ။ လူတွေမှာ ကုန်ဈေးနှုံးကြီးလို့ ဆင်းရဲကြပ်တည်းလို့ ဆိုပြီး လူတွေမလုပ်ရဲတာကို သံဃာတော်တွေက ရှေ့ကနေ ဦးဆောင်တောင်လှန်ခဲ့ကြပေမဲ့ ဘယ်သံဃာတော် ကတော့ ဘယ်ပါတီက ဘယ်လိုရာထူးမျိုးဆိုတဲ့ အာဏာခွဲဝေရေးမှာကော ပါခဲ့ဘူးလို့လဲ။ ဘယ်လိုအခွင့်ထူးကို မှ ပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့ အခွင့်အရေးမျိုးကော တောင်းဆိုခဲ့ဘူးသလား။ ဘာမျှော်လင့်ချက်မှကို မထားခဲ့တာ ပါ။ ပြည်သူ့အတွက် ပြည်သူ့အတွက်ချည်းပဲ အရာအားလုံးကို ပေးဆပ်ခဲ့ကြတာချည်းပါပဲ။

အခုကြည့်လေ ၉၆၉-ဆိုတာပေါ်လာပြန်ပြီ။ ၉၆၉ အတွက် လှုပ်ရှားနေကြတဲ့ သံဃာတော်တွေကို အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာအောင်၊ အစိုးရ လက်ကိုင်ဒုတ်အဖြစ် မြင်လာအောင် လူမျိုးခြား စက်သေနတ် မီဒီယာတွေက အရေးကောင်းကောင်းနဲ့ ကမ္ဘာသိအောင် ရေးသားဖြန့်ဝေခဲ့ကြတယ်။ ၉၆၉ လှုပ်ရှားမှုဆိုတာ ကိုယ့်တိုင်းပြည်ကိုချစ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကိုချစ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကိုယ့်အသက်ကိုတောင် စတေးပြီး တိုင်းပြည်အရေးအတွက် အဓိကထားလှုပ် ရှားခဲ့ကြတာပါ။ ဒါကိုမြန်မာနိုင်ငံ တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေဖြစ်တိုင်း ၉၆၉ ကိုချည်းလက်ညှိုးထိုးပြီး အပြစ်ပုံချခဲ့ကြတယ်။ ပြဿနာရင်းမြစ်က ဘယ်သူက စတာလဲ။ ပြဿနာကြီးထွားလာအောင် ဘယ်သူတွေက လုပ်နေတာလဲဆိုတာ အသေအချာ မကြည့်ဘဲ၊ လူမျိုးခြား စက်သေနတ်မီဒီယာတွေရဲ့ ပါးစပ်ဖြားမှာပဲ အသိ ဉာဏ် မျက်ကန်း အရမ်းယုံခဲ့ကြတယ်။ အဲဒီလို အသိဉာဏ် နည်းကြတဲ့သူတွေဟာ စောလူးမင်းလို လူစားမျိုး တွေပါပဲ။ ကိုယ့်အတွက် လုပ်နေတာလား အများအတွက် လုပ်နေတာလားဆိုတာ မစဉ်းစားတတ်ကြဘူး။

သံဃာတော်တွေက ကိုယ့်အသက်ကို စတေးပြီး ပြည်သူတွေအတွက်ပဲ လုပ်နေကြတာဆိုတာ သဘော မပေါက်ကြတဲ့အတွက် မျိုးချစ်စိတ်ဓာတ်ရှိကြဖို့ တရားလေးအစပျိုးလိုက်တာနဲ့ ဒီကိုယ်တော်က အစိုးရလက်ကိုင် ဒုတ်၊ အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာပဲလို့ အထင်တော်လွဲကြပြန်ရော။ ကိုယ့်တိုင်း ပြည် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်ကလေးရှိတာတောင် အရှိကိုအရှိအတိုင်း မပြောရဲတဲ့ အဖြစ်။ ပြောလိုက်မိတာနဲ့ ဦးဇင်းကတော့ နိုင်ငံရေးတရားတွေ ဟောနေပြန်ပါပြီ၊ ဦးဇင်းက ဟောရဲပေမဲ့ တပည့်တော်တို့မှာက သားတွေ သမီးတွေ သံယောဇဉ်တွေနဲ့ ဦးဇင်းတို့လို တစ်ကိုယ်ရေ တစ်ကာယမဟုတ်တော့ မနာရဲဘူး-ဆိုတာမျိုးလည်း ကြုံခဲ့ရဘူးပါရဲ့။ နိုင်ငံရေးမှန်းမသိ၊ ဘာသာရေးမှန်းမသိကြသူတွေကလည်း တစ်ပုံတစ်ခေါင်း။ နှမ်းတစ်စေ့နဲ့ ဆီ မဖြစ်ပါဘူး၊ သူ့ထိုက်သူ့ကံ သွားစမ်းပါစေ-ဆိုတဲ့ လူမျိုးတွေကလည်း ဒုနဲ့ဒေး။

စကားပုံထဲမှာ ဘုန်းကြီးအမှု ရွာပတ်ဆိုတာရှိခဲ့ပေမဲ့ တကယ့်တကယ်ကြတော့ ရွာထဲကအမှုမှန်သမျှ ဘုန်းကြီးတွေကပဲ လိုက်ရှင်းပေးရတွေလည်း အများကြီးပါ။ ဆွမ်းခံဝင်ရတဲ့ ကိုယ်တော်လေးတွေမှာ လူတွေရဲ့ အခက်အခက် အကျပ်အတည်းတွေ၊ လူမှုဒုက္ခပြဿနာတွေကို တွေ့ရမြင်ရကြားနေကြရတယ်။ အဲဒီလို တွေ့မြင် ကြားနာနေကြရတဲ့ အခါကျတော့ လူတွေမှာ တစ်ခုခု အရေးကြုံလာတိုင်း သံဃာတော်လေးတွေက ပါလေ သူကြီးလုပ်နေကြရတယ်။ ဆရာတော်ကြီးတွေကတော့ ဆုံးမတာပေါ့၊ မြင်းက မြင်းနေရာမှာ မနေပဲ ခွေးနေရာ မှာ သွားနေတော့ ဒုတ်နဲ့အရိုက်ခံရတာပေါ့-တဲ့။ ဘုန်းကြီးက ကိုယ့်အလုပ်မဟုတ်တာကို သွားလုပ်တော့ ဒီလိုပဲ အရိုက်ခံရတာပေါ့လို့ ဆိုလိုချင်တာပါ။ ဆရာတော်ကြီးတွေကတော့ ပြောအားရှိတာပေါ့။ လူ့လောကအသိုင်း အဝိုင်းနဲ့ အနီးကပ်ဆက်ဆံရတာမှ မဟုတ်တာ။ လူတွေရဲ့ အခက်အခက် အကျပ်အတည်းတွေ၊ လူမှုဒုက္ခ ပြဿနာ တွေကို နေ့စဉ်နေ့စဉ် တွေ့မြင်ကြားနာနေရတာက စာသင်သားသံဃာတော်တွေမို့လား။ ဒီတော့ အရေးရယ် အကြောင်းရယ် ဖြစ်လာပြီဆိုရင် စာသင်သားလေးတွေကပဲ မနေနိုင် မထိုင်နိုင် ရှေ့ကနေ ဓားစာခံ ဖြစ်ကြရတယ်။ တစ်ချို့လူတွေကလည်း စာသင်သားသံဃာတော်တွေကို “အရှင်ဘုရားတို့က နောက်ပိုင်းက ဘာသံယောဇဉ်မှ ရှိတာမဟုတ်ဘူး။ လုပ်စရာရှိတာ ရဲရဲဝံ့ဝံ့လုပ်ပါ”ဆိုပြီး လူတွေ မလုပ်နိုင်တာ၊ မလုပ်ရဲတာ မှန် သမျှ စာသင်သားတွေကို မြှောက်ပင့်ပေးတတ်ကြတယ်။ မြှောက်ပင့်ပေးပေး မမြှောက်ဘဲနဲ့ ပင့်ပေးပေး အမျိုး ဘာသာ သာသနာကို ထိပါးစော်ကားလာရင် ဘယ်သံဃာတော်ကမှ လက်ပိုက်ကြည့်မနေတတ်ဘူး။ လူတွေဆို တာက ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းလေး မထိပါးရင် အသာနေတတ်ကြတယ်။ သံဃာတော်တွေဆိုတာ က တစ်တိုင်းပြည်လုံးက ပစ္စည်းလေးပါးကို ဘုန်းပေးသုံးဆောင်နေကြရတာဆိုတော့ မြန်မာပြည်သူတစ်ရပ်လုံး ဟာ ကိုယ့်ကျေးဇူးရှင်တွေ၊ ကိုယ့်မိသားစုတွေလို သဘောထားတတ်ကြတယ်။ မြို့ထဲရွာထဲမှာ လူမျိုးခြား ဘာသာခြားအုပ်စုတစ်စုက မြန်မာတွေကို ဝိုင်းအနိုင်ကျင့်စော်ကားနေတာမြင်ရင် လူတွေကတော့ ကိုယ်နဲ့မဆိုင် ရင် သက်သေလိုက်နေရမှာစိုးတာနဲ့ကို ဝေးဝေးကနေ ကွင်းရှောင်သွားတတ်ကြပေမဲ့ သံဃာတော်တွေကတော့ မနေသာဘူး။ မြန်မာတွေ စော်ကားနေတဲ့ အုပ်စုကို ပြန်ဆော်ထည့်လိုက်ကြတာချည်းပဲ။

ဒီလို ဖြစ်စဉ် သာဓကတွေက အများဆိုမှ အများကြီးပဲ။ ဆရာတော်လေး ဦးဝီရသူဆိုရင် မြန်မာတွေရဲ့ လူမျိုးရေး ပဋိပက္ခမှန်သမျှကို ဒိုင်ခံဖြေရှင်းပေးနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ့်အသက်ကို ပဓာန မထားပဲ သူလို စွန့်စားရဲတဲ့သူမျိုး ဘယ်မှာမှကို ရှာလိုမတွေ့ခဲ့ဘူး။ ဘယ်သူ့သမီးကို ဘယ်လူမျိုးခြားက မတရား စော်ကားလို့တဲ့၊ ကားတင်ပြေးလို့တဲ့၊ မယားအဖြစ် သိမ်းပိုက်ပြီး သူတို့ဘာသာ မကူးပြောင်းလို့ အမျိုးမျိုး နှိပ်စက် လို့တဲ့ စသည်ဖြင့် စသည်ဖြင့် လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လာရင် ရဲတွေကလည်း ငွေကို အထုပ် လိုက်ပုံပေးထားလိုက်ရင် လက်ပိုက်ကြည့်နေကြတာ။ အဲဒီအခါကျတော့ ဒီဆရာတော်လေးတွေကပဲ ဦးဆောင် ပြီး ပြဿနာပေါင်းစုံကို ဦးဆောင်ဖြေရှင်းပေးခဲ့ကြတာချည်းပဲ။ ဦးဝီရသူတို့ ဖြေရှင်းပေးခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ ပြဿနာ ဖိုင်တွဲကြီးတွေက သူ့အခန်းထဲမှာ အထပ်လိုက် အထပ်လိုက် တိတိကျကျ မှတ်တမ်းတင်ထားတယ်။ ဒါကို ဘာသာခြား လူမျိုးခြားတွေက ဒီကိုယ်တော်လေးကို မတရား နာမည်ပျက်အောင် လုပ်နေကြတယ်။ ဒီ ကိုယ်တော်လေး လုပ်တဲ့အလုပ်မှန်သမျှကို အစိုးရက တားဆီးနှောက်ရှက်အောင်၊ ဒီကိုယ်တော်လေး လုပ်သမျှ ကို ပြည်သူတွေက နောက်ကနေ မလိုက်ရဲအောင်၊ ဒီကိုယ်တော်လေး လုပ်နေတာမှန်သမျှကို အကြမ်းဖက်လှုပ် ရှားမှုလို့ မြင်လာအောင် မီဒီယာတွေကို ငွေပုံပေးပြီး နာမည်ဖျက်နေကြတယ်။ ဒီတော့ လူတွေရဲ့စိတ်ထဲမှာ သူ တို့အတွက်၊ သူတို့ သားသမီးတွေရဲ့ နောင်ရေးအတွက် အသက်စွန့်လုပ်နေရတာကို နားမလည်ကြဘူး။ ဒီကိုယ် တော်လေးကြောင့်ပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ အထင်အမြင်လွဲနေကြတယ်။

ဟိုပါတီ ဒီပါတီက လူတွေကလည်း အစိုးရက သူတို့ကို မလှုပ်ရဲအောင် အမြစ်ပြတ်ခြေမှုန်း နှိပ်ကွပ်နေ စဉ်တုန်းကတော့ သံဃာတော်တွေကို ဦးစီးခေါင်းဆောင်အနေနဲ့ ရှေ့တန်းတင်ပေးခဲ့ကြတယ်။ သံဃာတော်တွေ ရှေ့တန်းကနေ ဦးဆောင်တော်လှန်ခဲ့ကြလို့ ပွင့်လင်းမြင်သာတဲ့ခေတ်ကိုလည်း ရောက်လာရော သံဃာတော် တွေက ကိုယ့်နေရာကိုယ် ကိုယ့်ဝိနည်းစည်းကမ်းအတိုင်း နေပါတော့လား။ လူတွေကြားထဲမှာ နေရာတကာ ဟိုနေရာပါချင် ဒီနေရာပါချင်နဲ့ ပါချင်လို့ချည်း နေကြတာပဲ-ဆိုပြီး ဝိုင်းပြီးလက်ညှိုးထိုးကြပြန်ရော။ သံဃာတော် တွေက နဂိုကထဲက ဘယ်လို အခွင့်အရေးမျိုးကိုမှ လိုချင်တပ်မက်တာမဟုတ်ဘူး။ ပြည်သူတွေ ဆင်းရဲတွင်းထဲ မှာ အတိဒုက္ခရောက်လွန်းလို့သာ ကြားထဲက အမိုက်ခံပြီး ဝင်ပါနေရတာ။

နာဂစ်မုန်တိုင်းကာလတုန်းက အဖြစ်ဆိုးကြီးတွေကို ပြန်ကြည့်လိုက်ပါဦး။ အဲဒီအချိန်တုန်းက ဧရာဝတီ တိုင်းဘက်တွေမှာဆို လူတွေသိန်းနဲ့ချီပြီး သေဆုံးခဲ့ကြတယ်။ အစာရေစာ ငတ်ပြတ်ပြီး အသက်ရှင် ကျန်ရစ်နေ ကြတဲ့သူတွေကို ဘာသာခြား လူမျိုးခြားတွေက အစာရေစာတွေ နေရာတွေပေးပြီး သူတို့ဘာသာထဲ ဝင်ဖို့စည်း ရုံးပြီး ပွဲလန့်တုန်း ဖျာခင်းခဲ့ကြတယ်။ ဒါကိုတဲ့ သီတဂူဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်၊ ရွှေညဝါဆရာ တော်စတဲ့ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်တွေက ဦးဆောင်ပြီး အနယ်နယ် အရပ်ရပ်က စေတနာရှင်တွေက ဝိုင်းဝန်းပံ့ပိုးလှူဒါန်းခဲ့ကြလို့ ဖျာခင်းဘေးမှ ကင်းဝေးခဲ့ကြရတယ်။ ရန်ကုန်မြို့မှာရှိတဲ့ သစ်ပင်တိုင်းလိုလို အပိုင်း ပိုင်းပြတ်ပြီး အမှိုက်ပုံကြီးလိုဖြစ်ခဲ့ကြတဲ့အခါမှာလည်း သံဃာတော်တွေရဲ့အင်အားနဲ့ တစ်ဖက်တစ်လမ်းက ကူညီရှင်းလင်းပေးခဲ့ကြတယ်။

နိုင်ငံတကာကိုရောက်နေကြတဲ့ သံဃာတော်တွေကိုကြည့်လိုက်ဦးမလား။ ချမ်းသာကြွယ်ဝ အဆင်ပြေ ကြတဲ့ သူတွေက ပစ္စည်းလေးပါး အထောက်အပံ့လှူဒါန်းကြလို့ အဆင်ပြေပြေ အေးအေးလူလူ သီတင်းသုံးနိုင် ပေမဲ့ ဒုက္ခရောက်လာတဲ့သူတွေကိုလည်း အမြဲတမ်းအကူအညီပေးလေ့ရှိကြပါတယ်။ အခုတစ်လော မလေးရှား မှာ ဒုက္ခရောက်နေကြတဲ့သူတွေကို ကက်ပုန်းကျောင်းဆရာတော်က အစစအရာရာ ကူညီဆောင်ရွက်ပေးနေ တယ်ဆိုတဲ့ သတင်းတွေ ကြားရသိရပါလိမ့်မယ်။

အခုတလော အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးဆိုပြီး သံဃာတော်တွေ စတင်လှုပ်ရှားနေကြပြန်ပြီ။ ဒါကို လည်း တစ်ချို့က အမျိုးမျိုး ဝေဖန်ပုတ်ခတ်နေကြလေရဲ့။ လူ့အခွင့်အရေးတို့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းတို့ ဆိုတဲ့ အထောက်အထားတွေနဲ့ ခိုင်ခိုင်လုံလုံ သက်သေပြပြီး ကက်ကက်လန် ရန်တွေ့နေကြပြန်ပြီကော။ ကိုယ် တိုင်က အမျိုးကို မစောင့်ရှောက်ခဲ့လို့ လမ်းမှားကို ရောက်ခဲ့ကြရင်တောင် သူများတွေက အမျိုးစောင့်တရား၊ လောကပါလတရား အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ စောဒကတက်ပြီး မကန့်ကွက်သင့်ဘူးလို့ထင်ပါ တယ်။ လူတိုင်းသိတဲ့ ဥပမာကို ပြောပြမယ်။ ကိုယ်လက်အင်္ဂါ မစုံဘဲ မွေးလာတဲ့ မိဘတိုင်းကို မေးကြည့်လိုက် သူတို့ သားသမီးလေးတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ မွေးလာမည့် ကိုယ့်သားသမီးလေးတွေကို ကိုယ်လိုပဲ ကိုယ်လက်အင်္ဂါ မစုံဘဲနဲ့ မွေးလာစေချင်သလား၊ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ လူတော်လူကောင်း လေးတွေ မွေးလာစေချင်သလား-ဆိုတာကို။

ကိုယ်ကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားကိုရောက်ခဲ့ရင် သူများတွေကိုလည်း ငါလိုပဲ သူတို့ လမ်းမှားရောက်ပါစေ-လို့ နည်းမှားလမ်းမှားတွေကိုပဲ ဆက်ပေးကြမှာလား။ နည်းမှန်လမ်းမှန်ရောက် အောင် ကူညီကြမှာလား။ ဒါကို အလေးအနက် စဉ်းစားကြစေချင်တယ်။ နိုင်ငံတကာကို လှမ်းမျှော်ကြည့်လိုက် ဘယ်နိုင်ငံမဆို ကိုယ့်အမျိုးကို မပျက်စီးရအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်စောင့်ရှောက်ကြတာချည်းပဲ။ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက် ကိုယ့်မိသားစုအသက်ကို ပုံအောပြီး စတေးခဲ့ကြတာချည်း ပါပဲ။ ကိုယ့်အမျိုးကို မပျက်စီးအောင် ကာကွယ်စောင့်ရှောက်တယ်ဆိုတာ မြန်မာတစ်နိုင်ငံထဲ မဟုတ်ဘူးဆိုတာ ကိုရော သိကြပါရဲ့လား။ ဒီမိုကရေစီနိုင်ငံတွေကလည်း ဒီမိုကရေစီဘောင်ထဲကနေ ဒီမိုကရေစီ စည်းကမ်းနဲ့ အညီ ကိုယ့်အမျိုးမပျက်စီးရအောင် ကာကွယ်စောင့်ရှောက်ကြတာချည်းပဲ။ အခု သံဃာတော်တွေ လှုပ်ရှားနေ တဲ့ အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေးဆိုတာကလည်း ကိုယ့်မြန်မာအမျိုးသမီးငယ်တွေ ဘာသာခြား လူမျိုးခြား လက်ထဲ ပါပါသွားရာကနေ တဖြည်းဖြည်းနဲ့ မျိုးတုန်းပျောက်ကွယ်မည့် အခြေအနေမျိုး မရောက်အောင် အကာ အကွယ်ယူတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဘယ်သူ့ကိုမှ ချုပ်ချယ်တာလည်း မဟုတ်ဘူး၊ နစ်နာအောင်လုပ်တာလည်း မဟုတ်ဘူး။ သူတို့တွေ အခုလို လုပ်နေကြတာ သူတို့ဘာမှမဆိုင်ပဲ ငါတို့အတွက် အမုန်းခံပြီး လုပ်နေကြတာပါ လားဆိုတာကို နားလည်သင့်တယ်။

ကိုယ့်နိုင်ငံမှာက နိုင်ငံလေးကသာ ကျဉ်းပေမဲ့ လူမျိုးတွေကလည်း ပေါင်းစုံ၊ ဘာသာစကားတွေက လည်း များမှများ၊ အတွေးအခေါ်တွေကလည်း နက်နက်နဲနဲ မရှိကြတော့ တိုင်းပြည်အတွက် လိုအပ်ချက် ဥပဒေ မူကြမ်းတစ်ခုတင်မယ်လို့ လုပ်လိုက်တာနဲ့ ဟိုကထကန့်ကွက်၊ ဒီကထကန့်ကွက်နဲ့ အလုပ်တစ်ခု ပြီးမြောက် တယ်ရယ်လို့ကို မရှိဘူး။ တစ်ချို့ ဒီမိုကရေစီနိုင်ငံတွေမှာက လူချမ်းသာတွေက နိုင်ငံရေးသမားတွေကို ငွေပေး ဝယ်ပြီး လက်သပ်မွေးထားကြတယ်။ သူတို့ စီးပွားရေး ထိခိုက်မည့် ဥပဒေမျိုး၊ သူတို့ မလိုချင်တဲ့ ဥပဒေမျိုး လွှတ်တော်မှာ တင်သွင်းတော့မယ်ဆိုရင် သူတို့လက်သပ်မွေးထားတဲ့ လွှတ်တော်အမတ်တွေကို ငွေပုံပေးပြီး ဥပဒေမူကြမ်းပျက်စီးအောင် ကန့်ကွက်ခိုင်းကြတယ်။ ငွေများတရားနိုင်တဲ့ခေတ်က ဘယ်တော့မှ ကုန်မယ် မ ထင်ဘူး။ ဒီတော့ သံဃာ့အင်အား သံဃာ့စွမ်းအားနဲ့ တိုင်းပြည်ကို ကာကွယ်နိုင်ဖို့ အမျိုးစောင့် ဥပဒေ ရေးဆွဲနိုင် ရေး သံဃာတော်တွေက အမုန်းခံပြီး လုပ်ဆောင်နေကြပြန်ပြီ။ ဆားဆိုတာ ပင်ကိုယ်သဘာဝက ငန်တဲ့သဘော ရှိပေမဲ့ အနာရှိတဲ့ လက်ကိုသွားပွတ်ရင်တော့ အရမ်းစပ်မှာပဲ။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို ရှင်သောဏနဲ့ ရှင်ဥတ္တရတို့ သာသနာပြု ကြွစဉ်တုန်းကလည်း ဒီလိုပါပဲ။ အဲဒီအရပ်ကလူတွေက သံဃာတော်တွေကို သူတို့ကို သတ်ဖြတ် စားသောက်နေတဲ့ ဘီလူးသဘက်တွေနဲ့ အထင်မှားပြီး ခဲနဲ့ပေါက်ပြီး နှင်ထုတ်ခဲ့ကြတယ်။ သူတို့ကို တကယ် ဖမ်းယူစားသောက်နေတဲ့ ဘီလူးအစစ်တွေကို လက်တွေ့ပြပြီး နှင်ထုတ်ပေးလိုက်မှ သံဃာတော်တွေ အပေါ်မှာ အမြင်ကြည်လင်လာခဲ့ကြတယ်။

အဲဒီလို မြန်မာ့သမိုင်းခေတ်အဆက်ဆက်မှာ အဖက်ဖက်က ပါဝင်ကူညီကြတဲ့ သံဃာတော်တွေဟာ တကယ်တော့ သစ်မြစ်တွေပါပဲ။ ပင်စည်ကြီးက ဘယ်လောက်လှလှ၊ အခက်အလက်၊ အဖူး၊ အပွင့်၊ အသီးတွေ ဘယ်လောက်ပဲ ဝေဆာပွင့်ဖူးနေပါစေ၊ သစ်မြစ်ကတော့ ဟိုးအောက်မြေကြီးထဲမှာပါပဲ။ သစ်ပင်ကြီးမြင့်မားပြီး ခမ်းနားတင့်တယ်လေလေ သစ်မြစ်တွေက ဟိုးအောက်မြေလွှာကို ရောက်လေလေပါပဲ။ တိုင်းပြည်ကြီးဘယ် လောက်ကောင်းစားပြီး ဘယ်လောက်ခမ်းနားထယ်ဝါနေနေ သံဃာတော်များအဖို့ကတော့ အာရုဏ်တစ်နပ်၊ နေ့ တစ်နပ်နဲ့ ချပ်ဝတ်လွှာ(သင်္ကန်း)တစ်စုံပါပဲ။ ဘာအခွင့်ထူးမှမရလို့ဆိုပြီး ငြိုငြင်နေမည့် သံဃာလည်းမရှိပါဘူး။ အရေး ကြုံလာတိုင်း သက်လုံတွေ ကောင်းခဲ့ကြတာချည်းပဲ။

● ကျောင်းသား
ကျောင်းသားဆိုတာ လွတ်လပ်ရေးသမိုင်းအဆက်ဆက်မှာ တိုင်းပြည်အတွက် ဘယ်လိုအနစ်နာခံခဲ့ကြ တယ်၊ ကိုလိုနီနယ်ချဲ့တွေကို ဘယ်လိုတော်လှန်ခဲ့ကြတယ်ဆိုတာ သမိုင်းကိုလေ့လာဘူးသူတိုင်း သိကြပါတယ်။ ဗိုလ်အောင်ကျော်တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့ စတဲ့ကျောင်းသားတွေဟာ တိုင်းပြည်အတွက် လူမျိုး အတွက် ကိုယ့်အသက်ကိုစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ မဟုတ်မခံ လူငယ်စိတ်နဲ့ တိုင်းပြည်မှာ အရေးကြုံ လာတိုင်း ရှေ့တန်းကနေ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့ကြတယ်။

မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ကြသူတွေထဲမှာ ကျောင်းသားတွေ အများကြီးပါတယ်။ ကျောင်းသားဆိုတာ အဆင့်မြင့် ခေတ်ပညာတွေကို သင်ယူတတ်မြောက်ထားကြတော့ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမားကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အရေးတွေမှာ သူများတွေထွက် ပိုပြီး အမြင်ကျယ်ကြတယ်။ လူငယ်တွေဖြစ်တဲ့အတွက် အရာရာတိုင်းမှာ စွန့်လွှတ်အနစ်နာခံ တတ်တဲ့စိတ်၊ ရဲဝံ့စွန့်စားတတ်တဲ့ စိတ်တွေရှိကြတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်ခဲ့ကြသူ တွေကော၊ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရတဲ့အထိ ဆက်တိုက်ကြိုးစားဆောင်ရွက်ခဲ့ကြသူတွေကော ကျောင်း သား တွေချည်းပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားဆောင်ရွက်ခဲ့ကြပေမဲ့ ဘယ်လိုနေရာမျိုး ကိုမှ မယူဘဲ တိမ်မြုပ်ပျောက်ကွယ်သွားကြတဲ့ ကျောင်းသားတွေလည်း အများကြီးပါပဲ။

တိုင်းပြည်အတွက် အမျိုးဘာသာ သာသနာအတွက် အသက်ပေးခဲ့ကြတဲ့ ကျောင်းသားတွေ၊ စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့ ကျောင်းသားတွေဟာလည်း တကယ်တော့ သစ်မြစ်တွေလိုပါပဲ။ တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ သစ်ပင်ကြီးက ထီးထီးမားမား ရှင်သန်ဝေဆာနေပေမဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတဲ့ ကျောင်းသားတွေကတော့ သစ်မြစ်တွေလို ဟိုးမြေဆီလွှာရဲ့ အောက်ဆုံးမှာ မြုပ်သည်ထက်မြုပ်သွားခဲ့ကြတဲ့ သာဓကတွေကလည်း အများကြီးရှိခဲ့ကြဘူးပါတယ်။

● စစ်သား
စစ်သားဆိုတာကလည်း ပြည်သူ့ရင်သွေး ပြည်သူကမွေးတဲ့ ပြည်သူ့သားကောင်းရတနာတွေပါပဲ။ စစ် သားတွေ တိုင်းပြည်အတွက် ဘယ်လို စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတယ်ဆိုတဲ့အကြောင်းတွေ ရေးမိ တာနဲ့ အစိုးရ လက်ကိုင်ဒုတ်လို့ ပြောကြတော့မယ်။ ဒါပေမဲ့ အမှန်တရားကိုတော့ အမှန်တရားအတိုင်း ရေးရမှာ ပဲ။ ပြည်သူတွေ လေးစားမြတ်နိုးကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦးတို့ဆို ရင်လည်း စစ်သားတွေပါပဲ။ စာသင်သားသံဃာတော်ပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် ကောင်းတဲ့သူက ကောင်းကိုကောင်းတယ်။ မကောင်းတဲ့လူကတော့ မကောင်းကို မကောင်းပါဘူး။

မြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင် အသက်ပေါင်းများစွာ စတေးပြီ စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့သူတွေဟာ စစ်သားတွေဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ရှေ့တန်းမှာ ဆင်း ဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ တိုင်းပြည်ကို ကာကွယ်ရင်းနဲ့ အသက်ပေးသွားကြတဲ့ စစ်သားတွေကလည်း ရေ တွက်လို့ မရအောင် များလွန်းလှပါတယ်။ ဘဝပေးအခြေအနေအရ အထက်ကပေးတဲ့ အမိန့်အတိုင်း ကိုင်တွယ် ဖြေရှင်းရတဲ့အခါ ပြည်သူနဲ့ စစ်သားတွေဟာ သဟဇာတ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်ကတော့ ကိုယ်စီကိုယ်စီ ရှိနေတတ်ကြပါတယ်။

တိုင်းပြည်မှာ ရေဘေးတွေ၊ မီးဘေးတွေ၊ သူခိုးဓားပြဘေးတွေ ကြုံတဲ့အခါတိုင်း ကယ်ဆယ်ရေးလုပ်ငန်း တွေမှာ စစ်သားတွေက အင်နဲ့အားနဲ့ ရှေ့တန်းကနေ ပါဝင်ကူညီကယ်တင်ခဲ့ကြပါတယ်။ ဘယ်နေရာမှာတော့ ငလျင်လှုပ်လို့တဲ့၊ ဘယ်နေရာမှာတော့ ရေတွေကြီးလို့တဲ့၊ ဘယ်နေရာမှာတော့ မီးတွေလောင်လို့တဲ့ စသည်ဖြင့် စသည်ဖြင့် အရေးတွေ ကြုံလာတိုင်း ကြုံလာတိုင်း စစ်သားတွေကပဲ ပြည်သူတွေကို ကူညီကယ်တင်ခဲ့ကြတာ ပါ။ တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးစားဆောင်ရွက်ရင်းနဲ့ အသက်တွေကို စတေးသွားကြတဲ့အခါမှာ ဘယ်သူမှ မသိလိုက်ရ မကြားလိုက်ရပါပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ကြတဲ့ တိုင်းပြည်ကိုချစ်တဲ့ စစ်သားတွေဟာလည်း ရေတွက်လို့ မရအောင် များလွန်းလှပါတယ်။ အဲဒီစစ်သားတွေဟာလည်း သစ်မြစ်တွေလိုပါပဲ။ သူတို့ချစ်ခင်မြတ် နိုးလှတဲ့ တိုင်းပြည်ကြီးမှာ အကိုင်းအခက် အသီးအပွင့်တွေ ဝေဆာစိမ်းလန်းနေပေမဲ့ သူတို့တွေကတော့ ဟိုး မြေအောက်မှာ ရေကြည်ကိုရှာသောက်လျှက် သစ်ပင်ကြီးတစ်ခုလုံးအတွက် အင်သစ်အားသစ်တွေ ထောက်ပံ့ နေရစ်ကြလေရဲ့။

တိုင်းပြည်နဲ့လူမျိုးအတွက် တက်ညီလက်ညီအလုပ်လုပ်ကြတဲ့အခါ သူကတော့ တိုင်းပြည်အတွက် စွန့် လွှတ်စွန့်စား အနစ်နာခံထားပါတယ်၊ ငါကတော့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံထားပါတယ်-လို့ အချင်းချင်း ငြင်းခုံအနိုင်လုနေစရာမလိုဘူး။ ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင်ရေးသားကြတာချည်းပဲ။ ကိုယ်က စာသင်သားပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်ကို စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့သူတွေကို ပြည်သူတွေရဲ့ နှလုံးသားမှာ မှတ်တမ်းကိုယ်စီတင်ထားကြပါလိမ့်မယ်။ ပြည်သူ့နှလုံးသားမှာ အမှန်တရားနဲ့အညီ မှတ်တမ်းတင်မခံရပေမဲ့ ကိုယ်အသက်ပေးပြီး စတေး မြှုပ်နှံထားခဲ့ရတဲ့ မဟာပထဝီမြေကြီးက သက်သေတည်ပါလိမ့်မယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ကို စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြပြီးတော့ အာဇာနည်-လို့ ပြည်သူတွေက လေးစားဂုဏ်ယူခြင်းကို မခံရသူတွေရှိကြသလို တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ကို စွန့်လွှတ် စွန့်စား အနစ်နာခံထားကြသူတွေမဟုတ်ပဲ ပြည်သူတွေက အထင်မှားအမြင်မှား အချောင် လေးစားဂုဏ်ယူခြင်း ခံရသူ အယောင်ဆောင် အာဇာနည်တွေလည်း အများကြီးရှိပါတယ်။

တကယ်တမ်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေါင်းများစွာ၊ သွေးပေါင်းများစွာ၊ ချွေးပေါင်းများစွာ စွန့်လွှတ်အနစ်နာခံပြီး ချစ်ခင်မြတ်နိုးခဲ့ကြသော အညတရ စာသင်သားများ၊ မထင်မရှား ကျောင်းသားများ၊ မထင်မရှား စစ်သားများကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အရင်တုန်းကလည်း စွန့်လွှတ်စွန့်စား အနစ်နာခံ သွားခဲ့ကြတယ်။ အခုလည်း စွန့်လွှတ်စွန့်စား အနစ်နာနေကြတုန်းပဲ။ နောင်လည်း စွန့်လွှတ်စွန့်စား အနစ်နာခံ သွားကြဦးမယ်ဆိုတာ သမိုင်းအဆက်ဆက်က သက်သေထူနေမှာဖြစ်ပါကြောင်း။

မထင်မရှား တကယ့်မျိုးချစ်အာဇာနည်များကို လေးစားဂုဏ်ပြုလျှက် ...

အရှင်ဇဝန (ကုန်းဇောင်း)

Zayar Thuka Ashin Nandawuntha - Essay

သက်ပြင်းချ အတွေးတစ်စ နောက်ကွယ်မှာ
ဇေယျသုခ အရှင်နန္ဒဝံသ
ဇွန် ၂၀၊ ၂၀၁၃



ခုတစ်လော စာရေးသူရဲ့ ရင်ထဲမှာ ဘာရယ်လို့ တိတိပပ ဝေခွဲမရသော အတွေးများက စိုးမိုးလို့ နေပါတယ်။ မိမိနေထိုင်ရာကျောင်းလေးကို အမှီပြုနေတဲ့ ဒေသရပ်ဝန်းက ပေါ်ထွန်းလာခဲ့တဲ့ မျိုးဆက်သစ်ကလေးငယ်လေးတွေ ရှေ့ရေးဆိုရင် မှားမယ်မထင်ပါဘူး။ မိဘဖြစ်သူတွေရဲ့ နေပုံ  ထိုင်ပုံ ဘဝဖြတ်သန်းပုံတွေက ထိုကလေးငယ်တိုရဲ့ ရှေ့ဆောင်လမ်းပြဖြစ်နေလေတော့ အကယ်၍များ ကလေးငယ်တွေ အတွေးမှား အယူမှားကုန်ရင်ဖြင့်ဆိုတဲ့..အတွေးက ရင်ကိုလေးစေမိတာ အမှန်ပါ။

ဘာကြောင့် ဘယ်လိုရယ်လို့ ပြောဆိုဖို့ မရဲပေမဲ့ အတွေးထဲမှာတော့ မိဘနဲ့ သားသမီး ဘယ်သူက ပိုအရေးကြီးနေမှန်းကို မသိသလိုဖြစ် နေပါတယ်။ စာရေးသူတို့လို သာသနာ့ဝန်ထမ်းတွေအနေဖြင့် လူကြီးတွေကို ဓမ္မအလင်းရောင်ဖြင့် ဘဝအမှောင်ကို ဖြိုခွင်းလို့  အလင်းပေး သင့်သလို မျိုးဆက်သစ်ကလေးတွေကို မြန်မာစာနှင့် ယဉ်ကျေးလိမ်မာသင်ခန်းစာတွေ၊ ဘာသာရေးဆိုင်ရာ  သိသင့်သိထိုက်သော အခြေခံ ကျင့်ဝတ်တွေ သင်ပေးသင့်တာမှန်ပါတယ်။

သို့သော် အမေရိကန်လို နိုင်ငံမျိုးမှာတော့ ဒီ နှစ်ရပ်လုံးဟာ အကောင်အထည်ပေါ်လာဖို့ တော်ရုံနဲ့တော့ မလွယ်ကူဘူးဆိုတာ ကိုယ်တွေ့တွေ များခဲ့တော့ ဘာကိုမှ စိတ်မပါသလို ဖြစ်နေမိတယ်။ တစ်နှစ်လာ ကကြီးခခွေး... တစ်နှစ်လာ ကကြီးခခွေး ...နဲ့  ဘယ်လိုကလေးကမှ ရှေ့ တက်မလာ...မိဘက အားမပေး..ကလေးက အရေးမလုပ် ...အော် အမေရိကန်မှာ အမျိုး ဘာသာ သာသနာအတွက် မျိုးဆက်သစ် ရှာဖွေ မွေးမြူရတဲ့ဒုက္ခကလဲ ကိုယ်တွေ့မကြုံရင်ဖြင့် ယုံချင်စဖွယ်မရှိချေ။

တစ်ချိန်က အော်ခဲ့ဘူးတဲ့ မြန်မာစာသည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား .. ဒို့ပြည်ကို ချစ်ပါ...စတဲ့ စာသားလေးတွေက နားထဲဆီကို အပြေးလေး တိုးဝင်လာပေမဲ့ လက်ရှိအနေအထားနဲ့က ကွာခြားလွန်း နေသလိုလိုခံစားရပါတယ်။

တိုင်းပြည်နဲ့လူမျိုးကို ချစ်လွန်းလို့ ဘဝကိုပင် အနစ်မွန်းခံကာ စကားအခွန်းတိုင်းမှာ ဒီမိုကရေစီစကားပါနေခဲ့သူတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးပေါ် ထားတဲ့ အချစ်က မှန် မမှန် မသိပေမဲ့ ရင်မှဖြစ်ပွား သမီးသားကိုပင် မြန်မာစာ မြန်မာစကားသင်ပေးဖို့ အတွေးပျောက်နေကြတာ တွေ့ရပါ တယ်။ အမေရိကန်ရောက်အောင် ကြိုးစားပေးခဲ့တာကိုပင် မိဘတာဝန်ကျေနေပြီလို့ ခံယူချက်များ ထားနေကြသလားတော့ တွေးမသိနိုင် ပါချေ။

မြင်နေရတာကတော့  မျိုးဆက်သစ်တွေကို မြန်မာ့သမိုင်း မြန်မာစာ မြန်မာ စကား မြန်မာ့ယဉ်ကျေးမှု ဘာတစ်ခုမှ မျှဝေဖြန်ဝေဖို့ မကြိုး စား... ပင်ပန်းတာ အကြောင်းပြု ပေါင်းစုလို့ သောက်စား ...ဟိုသွား ဒီလယ် ယောင်ခြောက်ဆယ် လူမှုရေးနဲ့ပဲ အချိန်ကုန်နေကြတာ တွေ့နေရပါတယ်။ ကိုယ်စီ ကိုယ်စီ အတွေးတွေနဲ့ ဘုန်းကြီးကျောင်းတွေ တည်၊ ဘုန်းကြီးတွေပင့်ဆောင် ထားကြပေမဲ့ ဒီ ဘုန်းကြီးတွေကိုလဲ ဘာသာရေး ခန်းဝင်ပစ္စည်းလိုပဲ စိတ်ထဲသဘောထားကြသလို ဖြစ်နေတယ် ထင်ပါရဲ့ ။ 

လူကြီးကိုယ်တိုင်လဲ ကျောင်းကန်ဘုရား အရောက်သွားလို့  ဓမ္မတရားနဲ့ မနေနိုင်ကြ . သားသမီးများကိုလဲ အကြောင်းအမျိုးမျိုးပြကား ဘုန်း တော်ကြီးကျောင်းတွေ ပို့ဖို့ ဝန်လေးနေကြတော့ ဒီဘုန်းကြီးကျောင်းတွေတည်ထောင်ပြီး ဘုန်းကြီးတွေ ပင့်ထားခြင်းဟာ ဘာအတွက်လဲ လို့ မေးရမလိုပါပဲ။ တစ်ခ့ဆို  သားသမီးကို လမ်းညွန်ပြဖို့ ဝေးစွ ၊  မိဘတို့ကိုယ်တိုင်ပင် ကျောင်းဆို ဝေးဝေးက ခွာရှောင်နေကြလေရဲ့ ..... ကဲ ဒီတော့လဲ  အမေရိကန်ရောက်  ဗုဒ္ဓသားရဟန်းတော်များရဲ့ အနေအထားဟာ မူလလမ်းစဉ်ကနေ သွေဖယ်သွားရခြင်း အကြောင်းရင်းကို စဉ်းစားအဖြေရှာလို့ ရလာ သလိုလိုပါပဲ။

ဘာပဲ ပြောပြော.....ဘူးသီးကြွက်ဖောက် အရောက်ရောက်.... ပဲကြီး ရေစိမ် အချိန်တန်ပွ စတဲ့ မြန်မာပြည်သားတို့ရဲ ဖြေသိမ့်စကားတွေ အ တိုင်းပါပဲ ... မိမိလဲ လိုက်ပါ စီးဆင်းလိုက်ရုံ ထင်ပါ့ပေါ့။ ဒီ ကွေ့ ကို ဒီ တက်နဲ့ လှော်..  ဟို အကွေ့ ဟိုတက်နဲ့ လှော်တတ်အောင် ကြိုးစားနေရုံမှ တပါး အခြားတော့  လမ်းရှာမတွေ့သေး အတူတူ... အတွေးထဲက အပူကို ဖယ်ထုတ်ဖို့  နှာသီးဖျားကပဲ လေပူကိုတစ်ချက်ထုတ်ရင်း  သက်ပြင်းချလိုက်ရပါတော့တယ်။


Kyaw Thu - FFSS Yangon Activity,

သာသနာမှသည် လူမှုဆီသို့
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇွန် ၂၀၊ ၂၀၁၃


၁၈.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ထူးခြားလှသည့် အလှူဒါနတစ်ခု အား ဗိုလ်တစ်ထောင်မြို့နယ်၊ လင်းစတောင်းရှိ မြန်မာ့သစ်လုပ်ငန်း မိသားစုဓမ္မာရုံ အမှတ် (၆) သစ်စက်၌ ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းအလှူငွေများအား အမှတ် (၆) သစ်စက်အား ဖျက်သိမ်းပြီးနောက် သစ်စက် အဆောက်အဦးများ၊ ဝန်ထမ်းအဆောင်များအား နိုင်ငံတော်အစိုးရမှရောင်းချခဲ့ပြီး နောက်ဆုံး၌ လွန်ခဲ့ သည့် နှစ်ပေါင်း (၃ဝ) ကျော်ခန့်တွင် သစ်စက်အရာရှိများ။ ဝန်ထမ်းများ၊ ရပ်ကွက်သူ/သားများတို့၏ ချွေးနည်းစာများဖြင့် ဆောက်လုပ်လှူဒါန်းထားသော “မိသားစုဓမ္မာရုံ” ဖြစ်သည်။ နှစ်ပေါင်း (၃ဝ) ကျော် ကြာ သစ်စက်ဝန်ထမ်းများနှင့် ရပ်ကွက်သူ/သားတို့ ကောင်းမှုကုသိုလ်များပြုလုပ်ရာ၊ ဝါတွင်းကာလတွင် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းလောင်းလှူခဲ့သည့်ဓမ္မာရုံ၊ ထိုဓမ္မာရုံအားလည်း အစိုးရမှ ဖျက်သိမ်း ခိုင်းခဲ့ရာ အမှတ် (၆) သစ်စက်၏ လ/ထ အထွေထွေမန်နေဂျာမှ ဦးဆောင်၍ ၁၄.၆.၂ဝ၁၃ ရက်နေ့၌ ဝန်ထမ်းများ၏ဆန္ဒအရ ဈေးပြိုင်လေလံတင် ရောင်းချခဲ့ရာ ငွေကျပ်သိန်း (၅ဝ) ရရှိခဲ့သည်။ ထိုဓမ္မာရုံ ရောင်းချရငွေတို့အား အားလုံးသော ဝန်ထမ်းများ၏ဆန္ဒဖြင့် အများပြည်သူတို့၏ လူမှုဒုက္ခ အဝဝအား အကျိုးပြုပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 



 ထိုအလှူငွေလှူဒါန်းပွဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ တက်ရောက်၍ လက်ခံပြီး လှူဒါန်းမှုအစုစုတို့အတွက် သာဓု အနုမောဒနာ သုံးကြိမ်ခေါ်ဆိုခဲ့သည်။ တစ်ချိန်တခါက ဗုဒ္ဓ ဘာသာဝင် သူတော်စင်အပေါင်းတို့ ကောင်းမှုကုသိုလ်ပြုရာ၊ သာသနာသုံးရပ်တာဝန်ကို ထမ်းဆောင် နေကြသော သံဃာတော်အရှင်သူမြတ်တို့ ဝါတွင်းကာလ ဆွမ်းခံကြွရာ၊ သစ်စက်ဝန်ထမ်းများနှင့် ရပ်ကွက် သူ/သားတို့ ကောင်းမှုကုသိုလ်တို့ဖြင့် ပျော်မွေ့ရာ၊ မြတ်ဗုဒ္ဓ၏အငွေ့အသက်တို့ ကိန်းစက်ရာဓမ္မာရုံသည် သာသနာတော်၏ တာဝန်ကိုထမ်းဆောင်နေရာမှ နိုင်ငံတော်စီမံချက်ဖြင့် တစခန်းရပ်၍ အေးချမ်းသည့် ဓမ္မ အငွေ့အသက်နှင့် အရိပ်အာဝါသပေးသော သာသနိက အဆောက်အဦးအဖြစ်မှ အများပြည်သူတို့၏ အပူ မီးကို ငြိမ်းအေးစေနိုင်သောအလှူငွေအဖြစ်နှင့် လူမှုတာဝန်များကို ထမ်းဆောင်သွားရတော့မည်ဖြစ်သည်။ ဓမ္မာရုံအရှေ့တွင် သစ်စက်ဝန်ထမ်းမိသားစု အလှူရှင်များနှင့် အမှတ်တရစုပေါင်း၍ ဓါတ်ပုံရိုက်ကြပြီး ဓမ္မာရုံမှ ပြန်လည်ထွက်ခွာခဲ့ကြရာတွင် နောက်သို့ပြန်လည် ငေးမောကြည့်ရှုရင်း နောက်နှစ်ရက်ဆိုလျှင် ယင်းဓမ္မာရုံသည် ယခုနေရာမှ အပြီးတိုင် ပျောက်ကွယ်သွားရတော့မှာပါတကား၊ ဗုဒ္ဓမြတ်စွာသာသာ နာတော်သည် ကမ္ဘာတည်သရွေ့ တည့်တံ့နိုင်ပါစေသား။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

Maung Yit

unread,
Jun 22, 2013, 3:38:48 AM6/22/13
to moemak...@moemaka.com

မြန်မာပြည်က ၈၈ မျိုးဆက် - ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချို အမေရိကန်သို့ လာရောက်မည်
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၂၊ ၂၀၁၃
လာမည့် ဇွန် ၂၄ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချို၊ ၎င်းနောက် ဇွန် ၂၈ တွင် ကိုမင်းဇေယျာ တို့ အသီးသီး အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်ဘေးဧရိယာသို့ ရောက်ရှိလာမည်ဟု သတင်းရရှိသည်။
ပြည်ပတွင် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီိမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ၏ စီစဉ်မှုဖြင့် ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချိုတို့၏ အမေရိကန်ခရီးစဉ်ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု လုပ်ငန်းကော်မီတီဝင်တဦးဖြစ်သူ ကိုမောင်မောင်သိန်းက မိုးမခသို့ ပြောကြားသည်။
၎င်းတို့လုပ်ငန်းအဖွဲ့တွင် ကိုရဲထွဋ်၊ ကိုကျော်သန်း၊ ကိုစိုးလွင်၊ ကိုအောင်ကြည်ဦး၊ ကိုကျော်မြတ်ထူး၊ ကိုစိုးလွင်၊ ကိုဇော်နိုင်ဝင်း အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်သည်ဟု ဆိုသည်။ လာမည့် လတွင် ကျင်းပမည့် အမေရိကန်ပြည်နှင့် ကနေဒါတို့မှ ၈၈ မျိုးဆက် ညီလာခံများသို့  မြန်မာပြည်က ဧည့်သည်များ တက်ရောက်ကြလိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချိုတို့သည် ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူများ၊ မြန်မာနှင့် အမေရိကန်အဖွဲ့အစည်းများနှင့် အလွတ်သဘော မိတ်ဆုံ ဆွေးနွေးကြရန်လည်း အစီအစဉ်များ ရှိသည်ဟု ကိုမောင်မောင်သိန်းက ပြောကြားသည်။
ကိုမင်းဇေယျာသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံမတိုင်ခင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့သည်။ ၎င်းနှင့်အတူ ၈၈ မျိုးဆက်ကျောင်းသား အများအပြား ဖမ်းဆီးခံခဲ့ရသည်တွင် ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချိုတို့လည်း ပါဝင်ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ယခုလက်ရှိတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့နှင့်အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

 (Photo - 2007, Before Saffron Movement, Ko Min Zeya marched together with Min Ko Naing, Ko Pyone Cho and other student activists, Rangoon)
  Labels: International News  
Reactions: 

Maung Paris - Learning French 12

ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၁၂) 
ပါရီမောင်၊ ဇွန် ၂၂ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
(မိုးမခ၏ ချို့ယွင်းမှုကြောင့် အပတ်စဉ်ပြတ်တောက်ခြင်းကို ခွင့်လွှတ်ပါ)
Leçon 12      (Lesson 12 )
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ (  ) 

( အသံဖိုင် )

ဒီတပါတ်မှာတော့ လီဇာ တယောက် ပေါင်မုန့်ဆိုင်ကို ဝယ်ဖို့ရောက်လာပါတယ်။ ဈေးရောင်းသူ အမျိုးသမီးနဲ့ ပြောတာတွေကို နားထောင်ကြည့်ပါ ။

A la boulangerie-pâtisserie   ပေါင်မုန့်၊ကိတ်မုန့် အရောင်းဆိုင်

Lisa :Bonjour madame,  je voudrais une baguette bien cuite et deux croissants s'il vous plaît.
        ကောင်းသောနေ့ပါ ၊ ကျေးဇူးပြုပြီး ကျမကို ပေါင်မုန့်တခုနဲ့ croissant၂ခုပေးပါ၊

-  Voilà la baguette mais il n'y a plus de croissant. Veux-tu autre chose à la place? Des gâteaux?
    ဟောဒီမှာ ပေါင်မုန့်၊ ဒါပေမဲ့ ခွါးဆောန့် မရှိတော့ဘူး ၊ အဲဒီအစား တခြားဟာယူမလား ၊ ကိတ်မုန့် ကော ၊

Lisa :Non merci. Je ne veux pas de gâteaux.  Je préfère deux brioches.
      ဟင့်အင်း ကျေးဇူးပဲ ၊ ကိတ်မုန့် မလိုချင်ပါဘူး ၊  brioche ၂ခကိုပဲ ပို လိုချင်တယ်

-  Cela fait 2 euros 85.
   အဲဒါ တွေအတွက်  ၂ ယူရို ၈၅ ဆင့် ကျပါတယ်။

Lisa :Je vous remercie madame, au revoir. A demain.
       ကျေဇူးတင်ပါတယ် madame နှုတ်ဆက်ပါတယ် ၊ နက်ဖြန်တွေ့ပါမယ်။

-  Au revoir,Mademoiselle.
  နှုတ်ဆက်ပါတယ် မိန်းကလေး၊

အခု ကြားခဲ့တာတွေကို ကိုသိထားတဲ့ဝေါဟာရတွေနဲ့ အစားထိုး အသုံးချပြီး ပြောကြည့်ပါ။ တချို့ ပြင်သစ် အစားအစာအခေါ်အဝေါ် တွေကို တိုက်ရိုက်ရေးတာ ပိုသင့်တော်မယ်ထင်ပါတယ်။

ဝေါဟာရများ Vocabulaires
baguette ။ ပေါင်မုန့် အရှည်တမျိုးပါ ၊တတောင်ကျော်လောက်ရှိပါတယ်၊ တဝက်လဲ ရောင်းပါတယ်။ ဗမာလိုဆိုရင်တော့ ထမင်းနေရာမှာ အစားထိုး ရမယ်ထင်တယ်။ စားသောက်ဆိုင်တွေမှာ လှီးထားတဲ့ အဲဒီပေါင်မုန့် က အခမဲ့အနေနဲ့ချပေးတာများပါတယ်။ ပြင်သစ်တွေကတော့ အပြီးသတ်မှာ အဲဒီပေါင်မုန့်နဲ့  cheese ကိုစားကြပါတယ်။
bien cuite ၊ နာမ်တခုနောက်မှာ ကပ်ပြီးသုံးထားတာဖြစ်လို့ နာမဝိသေသနပါ။ ကောင်းစွာကျက်သောလို့ ပြောရပါမယ်၊ (  bien  ကောင်းသော )

croissant ကတော့ လခြမ်းပုံရှိတဲ့ ဂျုံအနုစား မုန့်ပါ၊
s'il vous plaît   တဆိတ်လောက် ။ ကျေးဇူးပြု၍ ( တစုံတယောက်ကို တခုခု လုပ်ပေးဖို့ခိုင်းရင် မလွဲမသွေ ယဉ်ကျေးမှုအရ ထည့်ပြောရပါမယ်။ ) မိသားစု ဝင်နဲ့ ခင်တဲ့သူဆိုရင်တော့ s'il te plaît လို့ပြောရပါမယ်။
ဥပမာ ... Donnez - moi un sac , s'il vous plaît.  ဒိုနေမွား အန်ဆာ့ ၊ စီးဗူပလက်
         ကျေးဇူးပြု၍ အိတ်တလုံးပေးပါ။ ( ဒီနေရာမှာ သုံးထားတဲ့ ကြိယာက donner (v/ inf:)
            " ပေးသည် " ဆိုတဲ့ ကြိယာဖြစ်ပြီး vous  အသုံး ပြုပြောဆိုထားလို့ verbe conjugaison အနေနဲ့ Donnez ဖြစ်နေသလို s'il vous plaît ပဲဖြစ်ရပါမယ်။ s'il te plaît  မဖြစ်ရပါဘူး။

Voilà  ဟောဒီမှာ ၊တွေ့လား၊ ရော့  (နေရာအလိုက် အစုံပြောနိုင်ပါတယ်)
à la place အဲဒီနေရာမှာ ၊ အဲဒါအစား ( ဥပမာ - A la place de café, je prends du thé ကော်ဖီအစား လဘက်ရည် ယူမယ်)
brioche ကတော့ ပေါင်မုန့်အနုစားပါ
Cela fait ကျသင့်ငွေက ၊ အဲဒါက ဖြစ်စေတယ် ( ça fait  လို့လဲပြောပါတယ်)
Je vous remercie မင်းကိုကျေးဇူးတင်ပါတယ်။ ( ဒီအသုံးက အသုံးများပါတယ်)
   ဥပမာ... Je vous écoute. ရဗူဇေကု ၊ မင်းကိုငါနားထောင်နေတယ်
             Je vous attends. ရဗူ ဇာတောန်း ၊ မင်းကို ငါစောင့်တယ်
             Je vous donne + Noun  . ရဗူ ဒွန်း+ နာမ် ၊ မင်းကို ငါ ... ပေးတယ်
au revoir  နှုတ်ဆက်ပါတယ် ( ပြန်ခါနီး)  ( Good bye )

ကြိယာများ Verbes

Vouloir (v/ inf:)  ဗူးလွား ၊ လိုချင်သည်။  ( အသုံးများသောကြိယာဖြစ်သည်။ )
 je voudrais  ဆိုသော နေရာတွင် voudrais  သည်  Vouloir  ကြိယာ၏ ပုံစံတမျိုးဖြစ်ပါသည်။ ယဉ်ကျေးသောအသုံးပုံစံဖြစ်သည်။ je voudrais  နောက်တွင် နာမ်၊ ကြိယာ မူရင်းပုံစံ လိုက်နိုင်သည်။
            ဥပမာ .. je voudrais un gâteau. ကျနော် ကိတ်မုန့် လိုချင်ပါတယ်
                  je voudrais sortir au dehors. ကျနော် အပြင်ထွက်ချင်ပါ တယ်
préférer (v/ inf:)  ပရေဖေရေ   ပိုပြီးကြိုက်နှစ်သက်သည်။ ( ဒီကြိယာရဲ့ ခက်ခဲတာက အပေါ်က နောက်ပစ်လိုသင်္ကေံတတွေ ဟိုဘက်စောင်း၊ ဒီဘက်စောင်းမတူတာတွေပဲ )

ပုံမှန် မဟုတ်ပဲ ခက်ခဲ ပြီး အသုံးလဲများလှတဲ့ ကြိယာ ၂ ခုရဲ့ verbe conjugaison ကို ပေးလိုက်ပါတယ်။ ကျေညက်အောင်လေ့ကျင့်ပါ။

Vouloir ( verbe conjugaison )  လိုချင်တယ်
Je veux ရဗက်၊ ငါလိုချင်တယ်        
tu veux ကျူဗက်၊  မင်းလိုချင်တယ်
il/elle veut အီလ်၊ အယ်လ် ဗက်၊  သူ၊သူမလိုချင်တယ်
nous voulons နူဗူလွန်၊  ငါတို့လိုချင်တယ်
vous voulez  ဗူ ဗူလေ ၊  မင်းတို့လိုချင်တယ်
ils/elles veulent အီလ်၊ အယ်လ် ဗက်၊  သူ၊သူမတို့လိုချင်တယ်

préférer ( verbe conjugaison ) ပိုကြိုက်တယ်
Je préfère  ပရေဖဲ၊   ကျနော်ပိုကြိုက်တယ်
tu préfère ကျူပရေဖဲ၊  မင်း ပိုကြိုက်တယ်
il/elle préfère   ils/elles préfèrent    အီလ်ပရေဖဲ၊ အယ်လ်ပရေဖဲ၊ သူ၊သူမ ပိုကြိုက်သည်
nous préférons နူပရေဖေရွန်၊  ကျနော်တို့ပိုကြိုက်တယ်
vous préférez  ဗူပရေဖေရေ၊   မင်း၊ခင်ဗျားတို့ ပိုကြိုက်တယ်
ils/elles préfèrent  အီလ်ပရေဖဲ၊ အယ်လ်ပရေဖဲ၊   သူ၊သူမတို့ ပိုကြိုက်သည်။

အုပ်စု (၁) ရဲ့ ကြိယာတွေကို သဘောပေါက်နားလည်ပြီး  verbe conjugaison ကို လုပ်နိုင်ပြီဆိုရင်တော့
အုပ်စု (၂ ) နဲ့ အုပ်စု (၃) မှာပါဝင်တဲ့ ကြိယာတွေ ရဲ့ verbe conjugaison တွေကို ဆက်ပေးသွာဖို့ ရှိပါသေးတယ်။ ဒီတပါတ်ကတော့ အလုပ်များလို့ သင်ခန်းစာတွေ ကြာသွားပါတယ်။


                                             A bientôt   မကြာခင်ပြန်ဆုံမယ်
  Labels: FrenchMaung Paris  
Reactions: 

Lai Lone - Cartoon


ရှုပ်လေ ကြိုက်လေ
ကာတွန်း - လိုင်လုဏ်
ဇွန် ၂၂၊ ၂၀၁၃

Maung Yin Nga Tay - Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ 
ဇွန် ၂၂၊ ၂၀၁၃

နွေယဉ်စွန်းချိန် Summer Solstice
Illumination of Earth by Sun on the day of summer solstice on northern hemisphere.
 
● နွေယဉ်စွန်းချိန် ဂျွန်နှစ်ဆယ့်တစ်
ဒီကနေ့ ဂျွန်လ ၂၁ ရက်နေ့ကို Summer Solstice နွေယဉ်စွန်းချိန် သို့မဟုတ် နွေရာသီရဲ့ အစဦး ပထမနေ့လို့ သတ်မှတ်ထားပါတယ်၊ တနှစ်မှာ သုံးရာသီရှိတဲ့ အာရှဒေသတို့ အမေရိကတို့နဲ့တော့ ထပ်တူ မဟုတ်ဘူးလို့ ထင်ပါတယ်၊ ဥရောပမှာ ပြင်သစ်မှာတော့ နွေရာသီအဝင်နေ့အဖြစ် ပြောကြ ဆိုကြ ရေးသားကြတာကို တွေ့ရှိရပါတယ်၊ ယေဘူယျအားဖြင့် ဂျွန်လ ၂၁ ရက်ကို သတ်မှတ်တယ် ဆိုပေမဲ့ အတိအကျဆိုလို့ မရတဲ့ သဘာဝတရားကြောင့် အချိန်နာရီကိုတော့ တိတိကျကျ ပြောလို့ မရနိုင်ပါဘူး၊ ပြင်သစ်မှာတော့ နွေရာသီ အစဦးရက် ဆိုပေမဲ့ မိုးသည်းသည်းမည်းမည်း ရွာနေတာ နှစ်စဉ်လိုပါဘဲ၊ ဒီနှစ်လည်း ဒီကနေ့မှာ မနက်ပိုင်းထဲက မိုးကရွာလိုက်တိတ်လိုက်ပါဘဲ၊ သိပ်များများ ရွာတာတော့ မဟုတ်ပါဘူး၊ နွေအဝင်ဆိုပြီး နေကျဲကျဲတော့ မပူပါဘူး။

● Fête de la musique ဂျွန်နှစ်ဆယ့်တစ်  
ပြင်သစ်ပြည်မှာတော့ ဒီကနေ့ နွေရာသီဦးနေ့ကို ကြိုဆိုကြတဲ့အနေနဲ့ တမြို့လုံးအနှံ့ အပျော်တမ်း ဂီတပွဲလေးတွေကို ကျင့်ပခဲ့တာ နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပါပြီ၊ ၁၉၈၁ ခုနှစ်မှာ ဆိုရှယ်လစ်သမတ François Mitterrand ဖရန်ဆွာမီထရောင်း (၁၉၁၆-၁၉၉၆) အာဏာရရှိလာပြီးနောက် သူ့ရဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး Jack Lang (၁၉၃၉ -…) နဲ့ ဂီတအကဒါရိုက်တာ Maurice Fleuret (၁၉၃၂-၁၉၉၀) တို့ကနေ ဦးစီးပြီး La Fête de la musique ဂီတပွဲတော်ကို ၁၉၈၂ ခုနှစ်ဂျွန်လ ၂၁ ရက်နေ့မှာ ကျင့်ပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ပထမဦးစွာ ဒီပွဲကိုကျင့်ပဖို့ အကြံရခဲ့သူကတော့ Radio France အသံလွှင့်ဌာနရှိ France Musique ဌာနခွဲမှာ အလုပ်လုပ်နေသူ Lute ခေါ် ရိုးရာဗျပ်စောင်း တူရိယာ ပညာရှင် အမေရိကန်လူမျိုး Joel Cohen (၁၉၄၂-...) ဆိုသူဘဲ ဖြစ်ပါတယ်၊ ဒီနေ့ဒီရက်ကို ရွေးချယ် ပြုလုပ်ရခြင်း အကြောင်းရင်းကတော့ နွေရာသီ ပထမနေ့ဖြစ်တာရယ် ရာသီဥတုသာယာ ခြေခင်းလက်ခင်းကောင်းမွန်တဲ့ အချိန်အခါဖြစ်တာရယ်ကြောင့်လို့ ဆိုကြပါတယ်၊ အခုအခါမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်က မြို့ကြီးပေါင်း ၄၅၀ ကျော်မှာ ဒီနေ့ကို World Music Day အဖြစ် ကျင့်ပနေပါပြီ၊ ပါရီမြိ့မှာတော့ တနှစ်ထက်တနှစ် ဒီပွဲတော်ကျင့်ပခဲ့တာ ကြီးကျယ်ခမ်းနားမလာဘဲ အဖြစ်သဘောသာ ပြုလုပ်လာကြတာကို တွေ့နေရပါတယ်။

La Fête de la musique à Paris 1er arrondissement, vendredi 21 juin 2013.
Red Indian Musicians Playing the Flute

ဒီလိုမျိုး မူရင်းအမေရိက Red Indians လူမျိုးတွေရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ လမ်းဘေးတေးဂီတ အဖွဲ့တွေကတော့ ဒီဂီတပွဲတော်နေ့မှာ မပါမဖြစ် ပါရှိရမှာပါ၊ သူတို့တတွေရဲ့ တေးဂီတဝိုင်းတွေက ဒီနေ့လိုနေ့မျိုး မဟုတ်ခဲ့ရင်တောင်မှ လမ်းဘေးကွက်လပ်တွေမှာ ဒီလိုဘဲ လေမှုတ်တူရိယာတွေကို တီးမှုတ်ပြီး အသက်မွေးဝမ်းကျောင်းကြတာက သူတို့ရဲ့ဓလေ့ထုံးစံလို့ဘဲ ထင်ပါတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့တီးဝိုင်းတွေလည်း သိပ်များများစားစား မတွေ့ခဲ့ရပါဘူး။

● ဂျွန်နှစ်ဆယ့်တစ်မှာမွေးဖွားသူ ယွန်းပေါလ်ဆတ်ထ်
ဒီနေ့ ဂျွန် ၂၁ ရက်နေ့ကတော့ ကမ္ဘာ့ဂီတပွဲတော်နေ့ရယ် နွေအဝင်ပထမနေ့ရယ် ဖြစ်သလို ပြင်သစ် နိုင်ငံ ပြင်သစ်လူမျိုးတွေရဲ့ ၂၀ ရာစုခေတ် စာပေသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့သူ တဦးဖြစ်သူ Jean-Paul Sartre ယွန်းပေါလ်ဆတ်ထ် (၁၉၀၅-၁၉၈၀) ရဲ့၁၀၈ နှစ်မြောက်မွေးနေ့ဘဲ ဖြစ်ပါတယ်။

ယွန်းပေါလ်ဆတ်ထ်က ပါရီမြို့မှာ မွေးဖွားခဲ့ပြီး ပါရီမြို့မှာဘဲ ကွယ်လွန်ခဲ့တဲ့ ပါရီမြို့သားစစ်စစ်တဦး ဖြစ်ပါတယ်၊ သူ့ရဲ့ အလုပ်အကိုင်နဲ့ ဂုဏ်ပုဒ်တွေကတော့ များပြားလွန်းလှပါတယ်၊ ဒဿနပညာရှင် ဖြစ်တည်မှုပဓာနဝါဒသမား ဝေဖန်ရေးသမား အဘိဓမ္မာဆရာ ဇာတ်ညွှန်းရေးဆရာ ဝတ္ထုရေးဆရာ ပြဇာတ်ရေးဆရာ အတ္ထုပ္ပတ္တိရေးဆရာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ကွန်မြူနစ်ပါတီမဝင်သူ မတ်စ်ဝါဒီ စာပေနိုလ်ဘယ်ဆုငြင်းပယ်ခဲ့သူ တဦးဖြစ်ပါတယ်၊ ယွန်းပေါလ်ဆတ်ထ်ဟာ အရပ်ငါးပေ သာသာ ၁၅၃ စင်တီမီတာသာ ရှိပေမဲ့ လူကောင်က သေးသလောက် စိတ်ဓါတ်ရေးရာမှာတော့ ပြတ်သားလှသူတဦးပါ၊ ၁၉၆၄ ခုနှစ်က သူ့ကိုပေးအပ်ခဲ့တဲ့ စာပေဆိုင်ရာ နိုလ်ဘယ်ဆုကို ရဲရဲဝံ့ဝံ့ ငြင်းဆိုခဲ့သူပါ၊ သူဟာသူ့ကိုပေးအပ်ခဲ့တဲ့ ဆုများကို ငြင်းပယ်ခဲ့ယုံမျှမက ဂုဏ်ပြုပွဲတွေကိုလည်း ခပ် ဝေးဝေးက ရှောင်လေ့ရှိသူ တဦးပါ။

ယွန်းပေါလ်ဆတ်ထ် နဲ့ ဆီမွန်ဒဘိုးဗွား

၁၉၂၉ နှစ်မှာ ယွန်းပေါလ်ဆတ်ထ်ဟာ ပါရီမြို့သူ စာရေးဆရာမ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ သဘောတရားရေးပညာရှင် ဆီမွန်ဒ ဘိုးဗွား (၁၉၀၈-၁၉၈၆) နဲ့တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ သေဆုံးခဲ့သည့်တိုင် လက်တွဲခဲ့သော်လည်း တရားဝင်ဆိုပြီး လက်ထပ်ခဲ့ခြင်း မရှိပါဘူး၊ ဝါသနာတူ စိတ်တူကိုယ်တူ ရှိကြတဲ့သူတို့နှစ်ဦးဟာ သေလွန်ကြသည်အထိ အတူတူတတွဲတွဲရှိခဲ့ကြသလို အခု အခါမှာလည်း သူတို့နှစ်ဦးဟာ ပါရီမြို့လယ် ဆယ့်လေးရပ်ကွက်က နာမည်ကျော် မွန့်ထ်ပါးနပ်စ် သုဿန်မှာ Cimetière du Montparnasse အတူတကွ လဲလျှောင်းလျှက် ရှိကြပါတယ်။

Simone de Beauvoir et Jean-Paul Sartre y ont résidé entre 1937 et 1939.

« Je trichais quand je disais : on ne fait qu’un. Entre deux individus l’harmonie n’est jamais donnée, elle doit indéfiniment se conquérir. »

« I cheated when I said there is one. Harmony between two individuals is never given, it must be conquered indefinitely.

La Force de l’âge. SIMONE DE BEAUVOIR (1908-1988)

« Mais il est une chose qui ne change point, ni ne peut changer, c’est que quoi qu’il arrive et quoi que je devienne, je le deviendrai avec vous. »

« But there is one thing that does not change or can not change, is that whatever happens and whatever I become, I will become with you. »


Lettre au Castor. JEAN-PAUL SARTRE (1905-1980)
Reactions: 

Aung Maw - Cartoon

မကြိုက်ရင် ပြင်ပေးမယ်
ကာတွန်း - အောင်မောင်
ဇွန် ၂၂၊ ၂၀၁၃



ကာတွန်း အော်မော်ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။

Aung Din - Burma's Parliament Watch Part 25

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် - အပိုင်း (၂၅)
အောင်ဒင်
ဇွန် ၂၂၊ ၂၀၁၃



လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (င)

● ၂၀၀၄ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ
ဒီဥပဒေကို နအဖစစ်အစိုးရက ၂၀၀၄ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ်နဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုးပြီး ပြဋ္ဌန်းခဲ့ပါတယ်၊ အခုဆိုရင် ၉နှစ်သက်တမ်းရှိပါပြီ၊ ၉နှစ်သက်တမ်းအတွင်းမှာ ဒီဥပဒေရဲ့ သက်ရောက်မှုကို အဓိကခံစားရတာက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေပါ၊ ကိုသူရ (ခေါ်) ဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချို၊ နေဖုန်းလတ် စတဲ့ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားသူတွေကို စစ်အစိုးရက ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးပြီး ပုဒ်မတွေအများကြီးနဲ့ တရားစွဲဆိုပြီး ကြီးမားတဲ့ ထောင်ဒဏ်တွေချမှတ်ရာမှာ  ဒီဥပဒေရဲ့ ပြစ်ဒဏ်ပေးပုဒ်မ ၃၃ (က) နဲ့ ပုဒ်မ ၃၈ တွေကိုလည်းအသုံးချခဲ့ပါတယ်၊ ဒီဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၅နှစ်ဖြစ်ပြီး မင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် ၆၅နှစ် နဲ့ ၆လအပြစ်ပေးရာမှာ အနှစ် ၆၀က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက် ၄ခုအတွက်ပါ၊ ဒီဥပဒေဟာလည်း ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး ရုပ်သိမ်းသင့်တဲ့ဥပဒေဖြစ်ပါတယ်၊

● ဥပဒေအကျဉ်းချုပ်
ဒီဥပဒေမှာ အခန်းပေါင်း ၁၃ခန်း၊ ပုဒ်မပေါင်း ၅၂ခုပါဝင်ပြီး စာမျက်နှာ ၁၈မျက်နှာ ရှည်လျားတာမို့ အသေးစိတ်မဖော်ပြတော့ပါ၊ အခန်း (၂) မှာ ဥပဒေပြဋ္ဌန်းရခြင်းရဲ့ရည်ရွယ်ချက်များအဖြစ် ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အရေးကြီးတဲ့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာကို ပံ့ပိုးဖို့၊ ကွန်ပြူတာကွန်ယက်တွေကတဆင့် အသုံးချနေတဲ့ လျှပ်စစ်ဆက်သွယ်မှုတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့၊ ကွန်ပြူတာကွန်ယက်တွေက တစ်ဆင့် နိုင်ငံတကာနဲ့ ဒေသတွင်းအစိုးရများ၊အဖွဲ့အစည်းများ၊ ဋ္ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပြန်အလှန်ဆက်သွယ်ရာမှာ ထိရောက်လျင်မြန်ဖို့၊ စသဖြင့်ဖော်ပြထားပေမည့် အမှန်တကယ်ရည်ရွယ်ချက်က နိုင်ငံသားများရဲ့ ကွန်ပြူတာ၊ အင်တာနက်သုံးစွဲမှုနဲ့ ကွန်ပြူတာကွန်ယက်များကို ထိန်းချုပ်ဖို့၊ စောင့်ကြပ်ကွပ်ကဲဖို့နဲ့ သတင်းဖြန့်ချိခြင်း၊ ဖလှယ်ခြင်းများကို အရေးယူဖို့ပဲ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပြင်ပနိုင်ငံများနဲ့ ဆက်သွယ်တဲ့ အီးမေးတစ်စောင်တွေ့ရုံနဲ့ ထောင်ဒဏ် ၁၅နှစ်အပြစ်ပေးတာပါ၊

အဲဒီလို ထိန်းချုပ်နိုင်ဖို့အတွက် အခန်း ၄ မှာ အစိုးရက “လျှပ်စစ်ဆက်သွယ်ရေးဆိုင်ရာ ဗဟိုအဖွဲ့” ကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းလုပ်ငန်းများဆိုင်ရာ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ ကိုယ်စားလှယ်များပါဝင်ပြီး ဖွဲ့စည်းပါတယ်၊ အခန်း ၅မှာ အဲဒီ ဗဟိုအဖွဲ့ကနေ “လျှပ်စစ်ဆက်သွယ်ရေးများ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့” ကို ဖွဲ့စည်းပါတယ်၊ ဒီဥပဒေအရ ဗဟိုအဖွဲ့နဲ့ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့တွေဟာ နိုင်ငံသားများရဲ့ ကွန်ပြူတာပိုင်ဆိုင်မှု၊ အသုံးချမှု၊ အင်တာနက်သုံးစွဲမှု၊ ကွန်ပြူတာကွန်ယက်များကို သုံးစွဲမှုတွေကို ခွင့်ပြုနိုင်၊ ငြင်းပယ်နိုင်၊ တားဆီးနိုင်၊ ကန့်သတ်နိုင်၊ အရေးယူနိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းများဖြစ်လာပါတယ်၊ တစ်နည်းပြောရရင်တော့ နိုင်ငံသားများရဲ့ နေ့တဓူဝ သွားလာလှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်သတ်ချုပ်သောဥပဒေများနဲ့တင် မလုံလောက်တော့လို့ နိုင်ငံသားများရဲ့ ကွန်ပြူတာများ၊ အီးမေးများ၊ အီလက်ထရောနစ်ဆက်သွယ်မှုများကို ဒီဥပဒေနဲ့ ကန့်သတ်ချုပ်ချယ်တာပါ၊ 

ဒီဥပဒေ ပုဒ်မ ၃၃ အရ မည်သူမဆို (က) နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ အပြုအမူတစ်ခုခုကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့ ဆောင်ရွက်တယ်ဆိုရင်၊ (ခ)  နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ သတင်းအချက် အလက်တွေကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့လက်ခံရရှိရင်၊ ပေးပို့ရင်၊ တဆင့်ထပ်မံဖြန့်ချိတယ်ဆိုရင်၊ ထောင်ဒဏ်အနည်းဆုံး (၇) နှစ်ကနေ အများဆုံး (၁၅) နှစ်အထိကျခံစေရမည်၊ ဒဏ်ငွေလည်းပေးဆောင်ရနိုင်သည်လို့ ပြဋ္ဌန်းထားပါတယ်၊

ပုဒ်မ ၃၄ ကတော့ လျှပ်စစ်ဆက်သွယ်ရေးတွေကို ဝင်ရောက်ဖျက်ဆီးရင်၊ သတင်းအချက်အလက်တွေကို ခိုးယူရင်၊ စသဖြင့် ကွန်ပြူတာကွန်ယက်ဆိုင်ရာပြစ်မှုတွေကို ကျူးလွန်ရင် ထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်၊ ပုဒ်မ ၃၅၊ ၃၆ နဲ့ ၃၇ တို့ကတော့ ကြီးကြပ်ရေးဘုတ်အဖွဲ့က ထုတ်ပေးတဲ့ ခွင့်ပြုချက်လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ရင်ပုဒ်မ ၃၅ အတွက် ထောင်ဒဏ် ၃နှစ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး၊ ပုဒ်မ ၃၆ နဲ့ ၃၇ အတွက် ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်၊ ပုဒ်မ ၃၈ ကတော့ ရှေ့မှာ ပြဋ္ဌန်းထားတဲ့ ပြစ်ဒဏ်တွေကို ထပ်မံထင်ရှားစေတာပါ၊ “မည်သူမဆို ဒီဥပဒေပါ ပြဋ္ဌန်းချက်တွေကို ချိုးဖောက်ဖို့ ကြံစည်အားထုတ်တယ်၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်လည်း အလားတူပြစ်ဒဏ်များကျခံစေရမည်” လို့ ပြဋ္ဌန်းထားပါတယ်၊ 

ဆိုလိုတာကတော့ ရှေ့မှာပြဋ္ဌန်းထားတဲ့ ပြစ်မှုတွေကို အမှန်တကယ်မကျူးလွန်တောင်မှ ကျူးလွန်ဖို့ ကြံစည်တယ်၊ ကျူးလွန်သူတစ်စုံတစ်ယောက်နဲ့ ပါတ်သက်မိတယ်ဆိုရင်လည်း အပြစ်ရှိတယ်လို့ ခြိမ်းခြောက်တာပါ၊

အံ့ဩစရာကောင်းတာက ဒီမိုကရေစီရေးလှုပ်ရှားသူတွေသာ ဒီဥပဒေ ပုဒ်မတွေနဲ့ အရေးယူထောင်ချခံရပြီး ဘလော့တွေ (Blog)၊ ဖေ့စ်ဘုက် (Face Book) စာမျက်နှာတွေမှာ လူမျိုးရေး၊ ဘာသာရေးအဓိကရုံးဖြစ်အောင် လှုံ့ဆော်ရေးသားနေကြသူတွေကိုတော့ ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူတာ မတွေ့ရပါ၊ 

● ဦးသိန်းညွန့် ကြိုးပမ်းပြန်ခြင်း
ပထမအကြိမ်ပြည်သူ့လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေး ဒဿမနေ့ဖြစ်တဲ့ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” ကို တင်သွင်းခဲ့ပါတယ်၊ 

ဦးသိန်းညွန့်က ဥပဒေကြမ်းတင်သွင်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြရာမှာ “အမျိုးသားလုံခြုံရေးရှူထောင့်ကို ကျနော်တို့နားလည်ပါတယ်၊ လက်ခံပါတယ်၊ သို့သော် တစ်ကြိမ်တည်းမှာ လူ့အခွင့်အရေးနဲ့ ဥပဒေတစ်ခုအား မိမိမူလရည်ရွယ်ချက်နဲ့ ပြဋ္ဌန်းချက်များကွဲလွဲနေတယ်၊ ပြဋ္ဌန်းချက်များမသဲကွဲဘူး၊ စကားလုံးမတိကျဘူး၊ ဥပဒေကို နိုင်ငံရေးရည်မှန်းချက်နဲ့ အသုံးချနိုင်တဲ့ ပြဋ္ဌန်းချက်မျိုးဖြစ်ရင်တော့ ဒီဥပဒေများကို ပြန်လည်ရုပ်သိမ်းပြီးတော့ အသစ်ဆွဲသင့်ပါတယ်၊ ဒါ့ကြောင့် ၂၀၀၄ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဥပဒေကြမ်းအဆိုတင်သွင်းရခြင်းဖြစ်ပါတယ်၊” လို့တင်ပြပါတယ်၊

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဦးသိန်းညွန့်ရဲ့ အဆိုကို ပြန်လည်ရှင်းလင်းတင်ပြရာမှာ “ခေတ်စနစ်နှင့် ပိုမိုလျော်ညီပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်သည့် e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်သည့်၊ ထူးချွန်ထက်မြက်သော မြန်မာ IT လူငယ်များ၏ တီထွင်မှုစွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ IT ပညာရှင်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတကာမှ ဥပဒေနှင့်    ပညာရှင်များ၏ အကူအညီကိုရယူကာ အသစ်ရေးဆွဲရန် သင့်လျော်ကြောင်း၊ အဆိုပါ e-Commerce ဥပဒေအသစ်မပေါ်ပေါက်မီကာလအတွင်း အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေတွင်ပါဝင်သည့် အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းတွင် ပါဝင်သည့် ပြဋ္ဌန်းချက်များကို လိုအပ်ပါက ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲခြင်းတို့သာ ပြုလုပ်သင့်ပြီး ဥပဒေအသစ် အတည်ပြုပြဋ္ဌန်းပြီးမှသာ ယခု ဥပဒေတစ်ခုလုံးကို ရုပ်သိမ်းခြင်းပြုသင့်ပါကြောင်း” ရှင်းလင်းပါတယ်၊

ဒုတိယ ဝန်ကြီး ဦးသောင်းတင်ရဲ့ ရှင်းလင်းချက်ကို ဦးသိန်းညွန့်က လက်ခံပြီး သူတင်သွင်းတဲ့ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခြင်းမပြုပဲ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပေးဖို့တောင်းဆိုတာမို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် မရှိကြောင်းနဲ့ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ ဆောင်ရွက်မှုကို စောင့်ကြည့်ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်၊

● ဘာတွေဆက်ဖြစ်မှာလဲ
အခုအတိုင်းဆို “အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” ဟာ တင်သွင်းသူကိုယ်တိုင်က မဲခွဲဖို့ မတောင်းဆိုတာမို့ အရေးနိမ့်သွားခဲ့ပါပြီ၊ ဦးသိန်းညွန့်က ဒုတိယဝန်ကြီး အကြံပြုသလို အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းကိုပဲ ရုပ်သိမ်း သို့မဟုတ် ပြင်ဆင်မည့် “အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”ကို လာမည့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမှာလားဆိုတာတော့အသေအချာမသိရပါ၊ 

ဒုတိယဝန်ကြီးတင်ပြသွားတဲ့ ခေတ်နဲ့လျော်ညီတဲ့ “e-Commerce” ဥပဒေသစ်ကို ဘယ်သူတွေက ဘယ်တော့ရေးဆွဲပြီး ဘယ်အချိန်မှာ လွှတ်တော်ကို တင်ပြမလဲဆိုတာလည်း အသေအချာမသိရပါ၊ ပြည်ထောင်စုလွှတ်တော်ကို ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ ဆက်သွယ်ရေးဥပဒေကြမ်းမှာလည်း အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေက ပုဒ်မ ၃၃ နဲ့အလားတူပြစ်ဒဏ်နဲ့အရေးယူမှုတွေကို ထည့်သွင်းထားတာတွေ့ရပါတယ်၊

သေချာတာကတော့ အစိုးရအာဏာပိုင်တွေ အလိုမတွေ့တဲ့ အီးမေးတစ်စောင်ကို ပေးပို့ရုံ၊ လက်ခံရရှိရုံ၊ တဆင့်ဖြန့်ဝေရုံ၊ မိမိရဲ့ ကွန်ပြူတာထဲမှာ ရှိနေရုံနဲ့ ထောင်ဒဏ် ၁၅နှစ် ကျခံရမည့် ဥပဒေဆိုးကြီးတစ်ခုကဖြင့် လွတ်မြောက်နေဆဲ၊ ရှင်သန်နေဆဲ၊ ဒီမိုကရေစီလှုပ်ရှား သူများကို အန္တရာယ်ပြုဖို့ အသင့်ရှိနေဆဲပါ၊

ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
မေ ၁၄၊ ၂၀၁၃


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၈၊ ဇွန်လ ၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)
  Labels: Aung Din  
Reactions: 

Saw Ngo - Burmese MP in Malay ...

ကာတွန်းစောငို - မြန်မာဝန်ကြီးတွေ မညံ့ပါ
ဇွန် ၂၂၊ ၂၀၁၃

Than Win Hlaing - Articles

လက်ဝဲသုန္ဒရ အမတ်ကြီး၏ ဘဝနှင့်စာပေ
သန်းဝင်းလှိုင်
ဇွန် ၂၁၊ ၂၀၁၃

ကျောင်းနေစဉ်ကပင် မြန်မာစာပေ၌ လေ့လာသင်ကြားခဲ့ရသော ရတုများအနက် လက်ဝဲသုန္ဒရ အမတ်ကြီး၏ မဲဇာသစ်တောမှ ရတနာသိင်္ဃရွှေမြို့တော်ကို တမ်းတ သီကုံးခဲ့သည့် (၃၃)ပါဒစီ အချီအချ အညီ ပိုဒ်စုံရတုကို ယနေ့တိုင် နားထဲ၌ စွဲနေတော့သည်။ လက်ဝဲသုန္ဒရအမတ်ကြီးသည် လှပနုယဉ်သော မဲဇာတောင်ခြေရတုဖြင့် စာပေဂန္တဝင် သမိုင်းတွင် မော်ကွန်းထိုးသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သူ့ရတုကို ခံစားကြည့်ကြပါစို့-မဲဇာသစ်တောမှ ရတနာသိင်္ဃရွှေမြို့တော်ကို တမ်းတရတု

၁။ မဲဇာတောင်ခြေ စီးထွေထွေတည့်မြစ်ရေဝန်းလည် မြိုင်တောစည်က ရွှေပြည်ကိုက တရှာတော့မိ၊ မိုးရှိရှိလျှင် သီရိကျက်သရေ၊ တက်ဖြိုးပေသား၊ အောင်မြေကြော့ကြော့ ကုန်းမော့မော့၌၊ ဘိုးတော်ကောင်းမှု တည်ထားပြုသည်၊ ဇမ္ဗူဆီမီး ခြောက်ရောင်ညီးမျှ၊ ကူကြီးသခင် ရွှေလင်းပင်နှင့် ရွှေခြင်္သေ့မွေ၊ စ၍ရေသော် ရွှေစေတီကြီး၊ အသီးသီးတည့်ပိတ်ဆီးပြက်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံ မျက် မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်းဖြောင့်တန်းတော့မည် စိတ်ကရည် သည် ရွှေပြည်ဌာန ဝေးသောကြောင့်။

၂။ သဲသာသောင်မြေ မြစ်ကမ်းခြေလည်း၊ အကြေတစ်ပြင် တို့အောက်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ စေပြစ်ခြံဆီး ရွှံတန်စီးနှင့်၊ တောင် ကြီးဆိတ်ညံ၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ပု၊ တွေးတောက်မမှန်၊ ဖြစ်ရဟန်ကို ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ကမ်းစမ်းတောင်က၊ လေဦး စ၍၊ နောက်မှလေရှည်၊အတည်တည်သည်၊လေပြည်လာက ဧသောကြောင့်။


၃။ ပွဲခါညောင်ရေ၊ သွန်းမြဲလေသည့်၊ ရိုသေသဒ္ဓါ၊ ထံစဉ်လာဖြင့်၊ မဇာရပ်သူ၊တောင်းဆုယူသည်၊ ရွှေကူတော်နှင့်၊ ရှုတိုင်းတင့်သား၊ ဝေးမြင့်သီခေါင်၊ မဲဇာချောင်က တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍ ဝန်းကာဝေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့် လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း မိုးသောက်ပြင်းထန်၊ သွန်းချပြန်သော်၊ယုဂန်ထင်ရှား၊ တောင် တော်ဖျားက၊ ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက် လွယ်စေဟု၊ စေရေလှည့်လည်၊တလျက်မည်သည်၊ နေခြည်ဖြာမှ နွေးသောကြောင့်။

လက်ဝဲသုန္ဒရအမက်ကြီးသည် စာပေအဖွဲ့ ပုံစံခြားသလောက် အမျိုးအမည်များသော ရတု၊ မော် ကွန်း၊ ပျို့၊ လင်္ကာများစွာကို ရေးဖွဲ့သီကုံးစေကာမူ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” အစချီသော ရတုပိုဒ်စုံသည်သာ ရဟန်းရှင်လူ ပြည်သူအပေါင်း၏လက်စွဲကြီးဖြစ်သည်။ လက်ဝဲသုန္ဒရကား တကယ့်ပညာရှိ ပုဂ္ဂိုလ်ကြီးပါပေ၊ မြန်မာစာပေကို အဘက်ဘက်မှ တိုးတတ်ကြွယ်ဝအောင် အဆောင် ဆောင်သော ကဗျာရတု အစုစုသော ပျို့တို့ကို ပြုစုကာသွားရှာလေသည်။ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ် ယောက်လည်း ဖြစ်ပေသည်။ တကယ့် သူရသတ္တိနှင့်ပြည့်စုံသော သူရဲကောင်းကြီးတစ်ယောက်လည်း ဖြစ် ပေသည်။ တကယ့်ဉာဏဗလနှင့် ပြည့်စုံသော ပညာရှင်တစ်ယောက်လည်းဖြစ်ပေသည်။ တကယ့်တရားနှင့် ပြည့်စုံသော ဘုရင့်မင်းတိုင်ပင်အမက်ကြီးတစ်ပါးလည်း ဖြစ်ပေသည်။

လက်ဝဲသုန္ဒရကို မဲဇာတောင်ခြေရတု ရေးသားသူအဖြစ်ဖြင့်သာ အမှတ်ရကြသူ များလေ သည်။ ဟံသာဝတီတို့ လက်အောက်သို့ ရောက်လျက်ရှိသော နိုင်ငံတော်ကို အသက်ပေး၍ ပြန်လည်တိုက် ခိုက်ရာ၌ ပါဝင်ခဲ့ပုံများကို ကောင်းစွာမသိကြချေ။ စစ်တိုက်ချိန်တွင် ပြကတေ့စစ်သားကြီးဖြစ်၍၊ ငြိမ်းချမ်း ချိန်တွင် ပြကတေ့ပညာရှိကြီး ဖြစ်ပြီးလျှင် သာယာဝပြောချိန်တွင် ပြကတေ့ ထက်မြက် တည်ကြည်သော တရားသူကြီးတစ်ဦး ဖြစ်ခဲ့လေသည်။ လက်ဝဲသုန္ဒရဘွဲ့ဖြင့် ထင်ရှားသော အမတ်ကြီး ဦးမြတ်စံကို ရွှေဘိုမြို့ တောင်ဘက် (၁၆) မိုင်အကွာ ဝက်လက်မြို့အနီးရှိ မန်ကျည်းတုံရွာတွင် သက္ကရာဇ် ၁၀၉၈ ခုနှစ်၌ မြင်းစီး မျိုးရိုး စာရင်းပါ အဖ မင်းသီဟ (မင်းပေးဘွဲ့)နှင့် အမိ မယ်ဂွမ်းဖြူတို့မှ ဖွားမြင်သည်။ ဖခင် မင်းသီဟ၏ ငယ် မည်မှာ ဦးရေးဟု ဆိုသည်။သို့သော် မုံရွေးဆရာတော် မှတ်စု၌ ၁၀၈၈ ၌ ဖွားမြင်သည်ဟု ဖော်ပြထားသလို ဦးဖေမောင်တင်ပြုစုသော မြန်မာစာပေသမိုင်း၌ သက္ကရာဇ် ၁၀၈၅ ဟု ဖော်ပြထားသည်။

ထို့ပြင် အမတ်ကြီးမြတ်စံ၏ ဇာတိနှင့် ဖွားသက္ကရာဇ်ကို သီရိမဟာဇေယျသူဘွဲ့ခံ နိုင်ငံခြားဝန် ထောက်မင်း ဦးခြိမ့် စီရင်သော “ကဝိလက္ခဏာ ဒီပနီကျမ်း” သတ်ပုံရင်း ၁၇၉၃ ၌ “ငုံအာချပ်သေးကွေး အ ရေး၊ မုလေးလက်တံရှည်”၌ ….ရတနာသိင်္ဃမြို့စီရင်စု၊ မန်ကျည်းတုံရွာဇာတိ သက္ကရာဇ် ၁၀၈၉ ခုဖွား၊ ငယ် မည် မောင်မြတ်စံ၊ မင်းလက်ဝဲသုန္ဒရ စပ်ဆိုသည်”ဖော်ပြထားသည်။

ကာယကံရှင် လက်ဝဲသုန္ဒရဘွဲ့ခံ အမတ်ကြီးကိုယ်တိုင် ရေးသားခဲ့၍ ၁၀၂၈ ခု ဆောင်းလတွင် ရေး သားပြီးစီးသော “နန္ဒီသေနပျို့” ၏ ကြားပိမ့်သီးသီး၊ နိဂုံးချီ အံ့ချီ နိဂုံးပျို့၌ …..

၁၀၃။ “စာရင်းကမ္ပည်း၊ မှတ်ရုံးစည်းလျက်၊ မန်ကျည်းတုံရွာ၊ တည်သည်မှာကား၊ သုနာပရန် ကျော် ဝှန်သမိုင်း… မည်သောတိုင်း၌၊ စစ်ကိုင်းမြို့တည် နိုင်ငံပြည်ကို၊ စိုးသည်ရာဇာ သင်္ခယာဟု…ကိုးရာပိုင်းခြား၊ စားမြေများနှင့် မှတ်သားမြဲနှောင်၊ ရွာကြီးထောင်လျက်၊ မြောက်တောင်ကန်ချောင်း၊ ဂူကျောင်းကုန်းကြည်း အနည်းနည်းတည့်၊ ကမ္ပည်းအမှန်၊ ကိုးချက်ကန်သည်၊ ရွာမန်ကျည်းတုံ သမိုင်းတည်း”။

၁၀၄။“ရွာမန်ကျည်းတုံ၊ နတ်ဘုံတမျှ၊ မိဘမိုးမြေ၊ မွေးချင်ကြွေတွင်၊ မျိုးဆွေစည်းဝေး၊ ချမ်းသာအေး လျက်၊ ဘေးလည်းမငြိုး၊ ဘိုးလည်းမကျ၊ ဖလည်းမနွမ်း၊ မင်းရေးကျွမ်း၍၊ မှုထမ်းမူလ၊ မတိမ်းရသည့်၊ မွေးဖမိ ခင်၊ ထားရစ်ခွင်ဖြင့်၊ လည်တွင်ခွေရစ်၊ ပျော်တုံဖြစ်သား၊ ခုနှစ်နှစ်သက်၊ ငယ်ရွယ်ချက်နှင့်၊ လိုက်ဖက်မတန်၊ လေ့ချက်ဟန်ထား၊ ကျမ်းဂန်စာပေ၊ သဒ္ဒါလက်ဦး၊ ဆွတ်ယူခူးမှ၊ ကျေးဇူးတီထွင် သွန်သင်သိမ်းရုံ ၊ ဆယ့်သုံး နှစ်တိုင်၊ လက်စွဲကိုင်လျက်…ရတနာပူရ၊ ရွှေအင်းဝ၌ ဒုတိယမှန်စီ၊ ထံတော်မှီမှ…သီရိမာန်အောင်၊ ပြိုးပြို ပြောင်တည့်၊ တိမ်တောင်တတ်ဆို့၊ ရွှေမြင့်မြို့ဝယ်၊ နေသို့တောက်ထိန်၊ ဝင်းဝင်းရှိန်သည်၊ အစိန္တေယျံ၊ မုဋ္ဌောမံ၏ ကျောင်းရံတော်မှ၊ ဝိဟာရနှင့်၊ထိန်လှဝင်းဝါ၊ အာကာမို့မှိုင်း၊ တောင်ဆိုင်းဆိုင်းတည့်၊ စစ်ကိုင်း သာစံ၊ မင်းစံနကို၊ တောင်ရိုးခိုလျက်၊ ထိုသို့ဆင့်ပွား၊ သင်ကြိုးစားမှ၊ တိုးပွားရာရာ၊ ဇာတိမှာလျှင်၊ မဟာပဝရ၊ သမ္ဗေစတိ၊ ကဝိဖုန်းစည်၊ မြတ်မထေရ်မူ၊ ဂုဏ်ရည်ဖက်ကင်း၊ ဆရာရင်းတည့်…” ဟူ၍ ဖော်ပြထားသည်။

ထို့ပြင် သက္ကရာဇ် ၁၁၃၉ ခုနှစ်က အမတ်ကြီး ရေးသားသော “ဝိနိစ္ဆယ ပကာသနီဓမ္မသတ်လင်္ကာ” နိဂုံးတွင်လည်း…“နတ်ပြည်တစ်ဘုံ၊ မန်ကျည်းတုံဝယ်၊ ဘိုးစုံဘွားစုံ၊ ကြူနယ်ရုံမျှ၊ ဆွေပုံမျိုးရှက်၊ မိဘလက် တွင်၊ အသက်နုနယ်၊ ရှေးအငယ်က၊ ဆန်းကြယ်အထူး၊ သင်ပေးဘူးသည်၊ ကျေးဇူးသေခွေ၊ ဥပဒေဖြင့် စာ ပေဆိုလေ့၊ ပျော်ပါးမွေ့ရှင်….”ဟူ၍ ဖော်ပြထားပြန်သည်။ ၎င်းနိဂုံးတွင်ပင် ဆက်လက်၍ …. “မော်ကွန်း ထားတင်၊ ကျော်စောထင်၍၊ ဘယ်တွင်မငြိုး၊ သူကြီးစိုးနှင့်၊ ပြည်စိုးမရှိ၊ နှံ့သိမွမ်းပြင်၊ စီးပုံတင်က၊ မြင်ခွင် မြေ တောင်၊ ပါအောင်အကုံး၊ စည်းရုံးခြားနား၊ ဖွဲ့စည်းထား၍၊ ပိုင်ကာစိုးသီး၊ မြင်းစီးတို့သာ နွယ်လာဆင့်ဖွား၊ ကောက်စားစွဲလမ်း၊ရှေးထုံးတမ်းကြောင့်၊ ရွက်ထမ်းမှုတော်၊ အစဉ်ပျော်သည် ထင်ပေးလှသည့် မြင်းမျိုး တည်း” ဟူ၍ ဖော်ပြထားသည်။

ယင်းစာပေများအရ သက္ကရာဇ် ၆၈၄ ခုနှစ်တွင် စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွမ်းမင်း လက် ထက် ကျေးလက်မြို့ရွာများကို စစ်ရေးအရ သင့်ရှိစေဟူသော ရည်မှန်းချက်ဖြင့် စတင်ဖွဲ့စည်း နေရာချ ထားသည်။ ဤတွင် မန်ကျည်း တုံရွာလည်း ပါသွားလေသည်။ ထို့နောက်တွင် လက်ဝဲသုန္ဒရအမတ်ဖြစ်မည့် ဦးမြတ်စံကို မန်ကျည်းတုံရွာ၌ ဖွားမြင်ခဲ့သည်။ ဦးမြတ်စံ၏ မိဘဘိုးဘွားတို့မှာလည်း မန်ကျည်းတုံဇာတိ မြင်းစီး၊ မြင်းခေါင်း၊မြင်းသူကြီးမျိုးရိုးများအဖြစ် ထင်ရှားသည့် မင်းမှုထမ်းများဖြစ်ကြသည်။ ဦးမြတ်စံ၏ မိဘ များသည် ဦးမြတ်စံအား ငယ်စဉ်ကပင် ရွာကျောင်းဆရာတော် အသျှင်မဟာပဝရသမ္ဗောဓ မထေရ်မြတ် ထံ တွင် အပ်နှံပညာသင်ကြားစေသည်။ ဦးမြတ်စံသည် ပါရမီရှိသူဖြစ်၍ (၇)နှစ်သားအရွယ်တွင် ပိဋကတ်သုံးပုံ ၏ မျက်လုံးသဖွယ်ဖြစ်သော သဒ္ဒါကျမ်းဂန်တို့ကို တစ်ဖက်ကမ်း တတ်မြောက်ကျွမ်းကျင်လေသည်။

ထို့နောက် မိဘနှစ်ပါးကို မိန့်တော်မူ၍ မန်ကျည်းတံဆရာတော်က ဦးမြတ်စံအား အသက် (၁၁)နှစ်အရွယ်တွင် ရှင်သာမဏေဘောင်သို့ သွတ်သွင်းပေးသည်။ သာမဏေဘဝနှင့် သုံးနှစ်ကြာလေ သည်။ ရှေးက ပညာရှာမှီးသူများ ထုံးတမ်းစဉ်လာအတိုင်း ဦးမြတ်စံအား ရတနာပူရ အင်းဝမှ ထင်ရှားကျော် ကြားသော ဒုတိယမှန်စီ သီရိမာန်အောင် ဆရာတော်၊ မုံရွာခရိုင် အမြင်မြို့မှ ရွှေမုဋ္ဌောဆရာတော်၊ စစ်ကိုင်း မင်းဝံ တောင်ရိုးရှိ ကမ္ဘောဇဆရာတော် စသည့် ပုဂ္ဂိုလ်ကျော်များထံ အသက် (၁၃)နှစ် အရွယ်အထိ လှည့် လည်ပညာဆည်းပူးစေသေးသည်။ သို့သော် ဆရာရင်းမှာ မန်ကျည်းတုံဆရာတော်သာ ဖြစ်လေသည်။


သာမဏေဘဝ သုံးဝါမြောက်တွင် ပိဋကတ်သုံးပုံကို တစ်ဖက်ကမ်းသို့ ရောက်သည်။ ကဗျာ၊ လင်္ကာ၊ ရတု၊ ဧချင်း၊ မော်ကွန်း သီကုံးနှုန်းဖွဲ့မှုကို လေ့လာ သင်ကြား၍ သာမဏေဘဝနှင့်ရှိစဉ် အသက် (၁၃)နှစ်နှင့် (၄) လအရွယ်၌ မဟော်ပျို့”ကို စပ်ဆိုသည်။ စာပေတတ်မြောက်၍ (၁၄)နှစ်အရွယ် တွင် လူဝတ်လဲကာ အင်းဝနန်းတွင်း ဝင်ထွက်သွားလာနေသည်။ သို့ရာတွင် အသက်ငယ်သေးသဖြင့် မိဘ များက ဟံသာဝတီရောက် မင်းတရားကြီးထံတွင် အမှုတော်ကို ထမ်းရွက်ခွင့်မပေးခဲ့ချေ။ သက္ကရာဇ် ၁၁၁၁ ခုတွင် ဟံသာဝတီရောက် မင်းတရားကြီးသည် မလွန်တပ်မှုး သတိုးမင်းခေါင်ကို စဥ့်ကိုင်တွင် အစောင့် အနေထားခဲ့ပြီးလျှင် အလုံးအရင်းနှင့် မွန်တပ်တို့ကို တွန်းလှန်သည်။ သတိုးမင်းခေါင်လည်း စဥ့်ကိုင်တပ်ကို အခိုင်အမာ ပြု၍ မွန်တပ်တို့ ပြန်သွားလျှင် ဟံသာဝတီရောက် မင်းတရားကြီးသည် စဥ့်ကိုင်ကို ကေတုမတီ ဟု သမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင် ဘွဲ့နှင်းသည်။ နန်းတော်၊ လွှတ်တော်အရှေ့ရုံး၊ နောက်ရုံး များကိုလည်း ဆောက်စေပြီးလျှင် ထီးပြိုင်နန်းပြိုင် အုပ်ချုပ်စေသည်။ထိုအခါတွင်မှ ဦးမြတ်စံသည် လွှတ် တော်စာ ရေးအဖြစ် ကိုးသိန်းသခင်ထံ၌ ခစားထမ်းရွက်ခွင့် ရတော့သည်။

        သက္ကရာဇ် ၁၁၁၃ ခုတွင် မွန်-မြန်မာ စစ်ဖြစ်၍၊ အင်းဝနေပြည်တော်ကြီး မွန်တို့လက်သို့ ကျ ရောက်သောအခါ ဦးမြတ်စံသည် မိဘရပ်ထံ ပြန်နေသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ကုန်းဘောင်ရွှေပြည်ကြီးကို သိမ်းမြန်း၍ ထီးနန်းစံတော်မူသောအခါမှ ဦးမြတ်စံသည် မင်းတရားကြီးထံ ဝင် ရောက် ခစားရာ မိမိအတတ်ပညာနှင့် လုပ်ရည်ကိုင်ရည်တို့ကြောင့် သက္ကရာဇ် ၁၁၁၅ ခုတွင် ရတနာ သိင်္ဃမြို့တည် အလောင်းမင်းတရားကြီးက သားတော် အိမ်ရှေ့ဥပရာဇာ (နောင်အခါ နောင်တော်ကြီး မင်းဖြစ်လာသူ) ထံတွင် ဦးမြတ်စံအား နေရာချထားပေးသည်။ ထို့နောက် အိမ်ရှေ့မင်း၏ လျှောက်ထား ပေးချက်အရ အလောင်းမင်းတရားကြီးက အကြီးတော်အရာ ခန့်အပ်တော်မူသည်။ အမြင့်မြို့စားထံတွင် ထမ်းရွက်ခစားဆဲမှာပင် ရွှေမြို့တော်သို့ ခေါ်တော်မူ၍ လက်ဝဲသုန္ဒရဟူသော ဘွဲ့ထူးနှင့်မှူးမတ်အဖြစ် ချီးကျုးမြှောက်စားကာ အဆောင်အယောင်ပါ ပေးအပ်ပြီးလျှင် မြောက်ဘက်ကိုးသင်းမြင်းမြေနှင့်တကွ ယင်း တော်ရွာသို့ ပေးသနားတော် မူလေသည်။

အလောင်းမင်းတရားကြီး နတ်ပြည်စံ၍ နောင်တော်ကြီးမင်း နန်းတက်သောအခါ အမှုတော်ကို ဆက်လက်ထမ်းရွက်မြဲ ထမ်းရွက်ရသည်။ ၁၁၂၅ ခုတွင် အင်းဝရွှေပြည်တော်ကို ပြည်လည် တည်ဆောက် ကြဌာန်းဖွင့်တော်မူသော ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၂၆ ခု နယုန်လပြည့်ကျော် ၂ ရက် (ခရစ် ၁၇၆၄ ခု၊ ဧပြီ ၁၆ ရက်) တနင်္လာနေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူကာ ဆွေတော်မျိုးတော်၊ မှူးတော်၊ မတ်တော်တို့အား ဘွဲ့များချီးမြင့်သည့်အခါ၌ ယင်းလပြည့်ကျော် (၁၀)ရက်နေ့တွင် အမြင့်မင်းသား သုသီရိဓမ္မရာဇာ အကြီးတော် လက်ဝဲသုန္ဒရအမတ်အား ဘယရန္တမိတ်ဘွဲ့ ချီးမြင့်ခဲ့ကြောင်းဖြင့် ဆင်ဖြူရှင် ဘုရားတံဆိပ် နာခံတော်နှင့် မိဘုရားသားတော် ညီတော်၊မှူးတော်၊ မတ်တော် အမှုထမ်း အရာထမ်း ဘွဲ့စာရင်း ပေမူ၌ ဖော်ပြထားသည်။ သက္ကရာဇ် ၁၁၂၆ ခု၊ တော်သလင်းလပြည့်ကျော် ၆ ရက်(ခရစ် ၁၇၆၄ ခု၊ စက်တင်ဘာလ ၁၅ ရက်) စနေနေ့တွင် မှူးတော်မယ်တော်၊ သူရဲသူခက် ကျွန်တော်မျိုးအပေါင်းကို ရွေးကောက်သီးသန့်တော်မူ၍ လေးဆယ်တော် ငါးဆယ်အတွင်း သွေးသောက်၊ အပြင်သွေးသောက် ဖွဲ့ တော်မူရာတွင် လက်ဝဲသုန္ဒရ အမတ်ကြီးသည် ဘယရန္တမိတ်ဘွဲ့ဖြင့် အရည်တူ လူပေါင်း (၃၉) ဦး ပါဝင်သော အပြင်သွေးသောက် လက်ကို ကြီးမှုးခဲ့ရသည်။

ဆင်ဖြူရှင်ဘုရားလက်ထက်တွင် ညီတော်အမြင့်မြို့စား၏ အိမ်တော်တွင် အကြီးတက်အရာဖြင့် ခစားထမ်းရွက်ခိုက် အမြင့်မင်းသား၏ လူပျိုတော် ငထင်ကျော် (အချို့က ငအောင် တင်ဟု ဖော်ပြ)သည်။ အပျိုတော် မိမိတ်နှင့် ချစ်ကြိုက်ကြ၍ နန်းတော် အနောက်တံခါး၏ အပြင်ဘက်တွင် ချိန်းချက်စကားပြောနေကြသည်ကို အနောက်ဝန်နှင့် စာရေးတို့သိရှိ၍ ဖမ်းကြလေရာ ငထင်ကျော် ထွက် ပြေးလွတ်မြောက်သဖြင့် ငထင်ကျော်ကို ဖမ်းပေးရန် အမြင့်မင်းသားထံ တောင်းခံလေသည်။

အမြင့်မင်းလည်း မပေးသဖြင့် မင်းသားအား အစစအရာရာ ဆုံးမသွန်သင်ရန် အပ်ထားပါလျက် အဆုံးအမ အသွန်အသင်မရှိ၍သာ ဖြစ်ရသည်ဟု အကြီးတော် လက်ဝဲသုန္ဒရအပေါ် ဆင်ဖြူရှင်မင်းက မျက် တော်ရှကာ အညာမဲဇာတောင်သို့ အပို့ခံရသည်။ မဲဇာသည် စစ်ကိုင်းတိုင်း ကသာခရိုင် ထီးလှိုင်မြို့နယ် လေသာကုန်းကျေးရွာအုပ်စု မဲဇာလေးရွာ၌် ရှိသည်။ မဲဇာသို့ အပို့ခံရစဉ် နေပြည်တော်သို့ တသလွမ်း ဆွတ်သဖြင့် နေပြည်တော်ရှိ စေတီတော်များ ရည်မှတ်၍ စေတီတော်များတည်ခဲ့သည်။ စေတီတော်များ၏ ဘွဲ့အမည်ကိုလည်း နေပြည်တော်ရှိ စေတီများ၏ဘွဲ့နှင့် ထပ်တူပြုထားသည်။ ဤအကြောင်းကို ပတ်သန်း စွေအိုင်ရတု၌ ထည့်သွင်း စပ်ဆိုထားသည်။ အဆိုပါ ရတုကို ရေးစပ်စဉ်က စေတီငယ် (၁၃)ဆူ မပြီး သေးချေ။ စေတီငယ် ငါးဆူသာပြီးသေးသည်။ ထိုစေတီများ၏ ဘွဲ့ကိုလည်း (၁) တန်းဆောင်းဘုရား (၂) တစည်းဘုရား (၃) ပန်လည်းဘုရား (၄) စည်းခုံဘုရား (၅) ရွှေကူနံတော်သင့်ဘုရားဟူ၍ ပေးထား လေသည်။

မဲသစ်သစ်တော၌ နေရစဉ် ကုန်းဘောင်နေပြည်တော်ကို တသကြောင်း၊ သားမယားကို လွမ်းဆွတ် ကြောင်း စပ်ဆိုထားသော “မဲဇာ တောင်ခြေ” ချီ ပိုဒ်စုံရတုနှင့် “ဝေရွှန်းစန္ဒာ” ချီ ပိုဒ်စုံရတုများကို ရေးသား ဆက်သွင်းသည်။ ရတုများကို နားဆင်တော်မူရသော ဆင်ဖြူရှင်မင်းတရားကြီးသည် အမတ်ကြီးအပေါ် သနားတော်မူလာသဖြင့် နေပြည်တော်သို့ ပြန်ခေါ်သည်။ သို့ဖြစ်ရကား ကဆုန်လ အစလောက်တွင် မဲဇာ အပို့ခံရ၍ မဲဇာသစ်တောတွင် ဝါဆိုလ အစခန့်တွင် ပြန်လည်ခေါ်ဆောင်ခြင်းခံရသဖြင့် (၆၄) ရက်သာ နေခဲ့ရသည်။ (အချို့က (၄၅) ရက်သာ နေခဲ့ရသည်ဟု ဆိုကြသည်။)

ဝေရွှန်းစန္ဒာချီ ချီရတု၏ နွေကျွန်းသန်ကာ အပိုဒ်  “…ညွန်ပြကျိုးဆက်၊ ဆယ်ကျော်သက် က၊ ကြင်ဖက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူချောသွယ်၊ သုံးယောက်မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီးကွာ သို့…” ဟူ၍ စပ်ဆိုထားရာ အသက်အရွယ် ဆယ်နှစ်ကျော်ခါ အတူတကွ ချစ်ခင်ကြင်နာဖက်ဖြစ်သော ဇနီးသည် ယခုသော် သားသမီးသုံးယောက်တို့၏ မွေးသမိခင် ဖြစ်နေလေပြီ၊ ဝန်ကတော် ဒေါ်ရွဲနှင့် သားကြီး ဦးအေး၊ သားလတ် ဦးရွှေသား၊ သမီးငယ် မလွန်းမယ်တို့ ဖြစ်လေသည်။ နေပြည်တော်သို့ ပြန်လည် ရောက်ရှိပြီးသော် ဦးမြတ်စံအား အကြီးတော်အရာ ပြန်လည်ပေးတော်မမူတော့ဘဲ ထမ်းရွက်ရင်း အမြင့် မင်းသား အိမ်တော်ဝယ် ဘယရန္တမိတ်ဘွဲ့နှင့်အမှုတော်ကို ဆက်လက်ထမ်းရွက်စေတော်မူသည်။ ဘုရင် မင်းမြတ်ကိုယ်တိုင်ကလည်း အမျက်တော်ရှိရင်းစွဲ ဖြစ်သည့်အတိုင်း ခမည်းတော် အလောင်းမင်းတရား၊ နောင်တော်ကြီးမင်းတရားကြီးတို့ကဲ့သို့ မြှောက်စားခြင်းမရှိတော့ချေ။ အမတ်ကြီးကိုယ်တိုင်ကလည်း စိတ် ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိရှာချေ။ ဆင်ဖြူတော်လက်ထက် တစ်ရက်မျှ မပျော်မွေ့ကြောင်းကို ဗဒုံမင်း ဘိုးတော် မင်းတရား) လက်ထက်၌ အမတ်ကြီး ရေးသားခဲ့သော “ဗျူဟစက္ကိပျို့” နိဂုံးတွင် ဖော်ပြထားပေ၏။

“ ဗန္တတ်မင်းသုံး၊ ဇဗ္ဗူလုံးကို၊ သိမ်းကျုံးစိုးယူ၊ စံတော်မူသည်၊ ဆင်ဖြူများရှင်၊ စက်ရွှေစင်ကို၊ဦးတင် ထားလျက်၊ ရွှေလက်ထက်တွင်၊ အားတက်လေလေ၊ ဉာဏ်စွမ်းဝေ၍၊ သန္ဓေပညာ၊ ဆက်တိုင်းပါသား၊ ဝါသနာကြိုက်ကြုံ၊ အမြဲထုံလျက်၊ ကြေးမုံတစ်ခု၊ စာဆိုမှုကို၊ မရှုမကွက်၊ မရှက်မတင်၊ မမြင်မမြှော်၊ မပျော် မမွေ့၊ ရက်တစ်နေ့မျှ၊ မမေ့တုံလေ၊ မနေတတ်နိုင်၊ စိတ်မပိုင်၍ ၊ စွဲကိုင်မကွာ၊ သို့ရှိရာတွင်….” သက္ကရာဇ် ၁၁၃၈ ခု နယုန်လပြည့်ကျော် (၉) ရက် (ခရစ် ၁၇၇၆ ခု၊ ဇွန်လ (၉)ရက်) တနင်္ဂနွေနေ့တွင် ဆင်ဖြူရှင်မင်း နတ်ပြည်စံ၍ သားတော်စဥ့်ကူမင်း နန်းတတ်လေသည်။ စဥ့်ကူမင်းသည် ခရစ် ၁၇၇၇ ခု၊ စက်တင်ဘာ ၂၆ ရက်တွင် အမတ်ကြီး၏ အရှင်ရင်း သခင်ရင်းဖြစ်သော ဘထွေးတော် အမြင့်မင်းသား ဦးပိုးကို ၎င်းအား ကုန်ကန်မှုနှင့် ပက်သက်၍ ကြံရာပါတို့နှင့်အတူ စီရင်ကွက်မျက်ခဲ့၏။

ခရစ် ၁၇၈၂ ခုနှစ်အထိ စဥ့်ကူမင်း ထီးနန်းစိုးစံခဲ့ရာ ဦးမြတ်စံအဖို့ကား ဆင်ဖြူမင်း လက် ထက် ကတည်းက ဩဇာဂုဏ်သိမ် မှေးမှိန်ကျဆင်းလာခဲ့ရာ၊ သားတော်စဥ့်ကူမင်းလက်ထက် (၁၇၇၆-၁၇၈၂)တွင် အဆိုးရွားဆုံး ဖြစ်တော့သည်။ မိမိ၏ သခင်ရင်းအမြင့်မင်းသား အသတ်ခံရပြီးသည်မှ စဥ့်ကူ မင်းကွပ်မျက်ခံရသည့် ခရစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီ (၁၄) အထိ (၄)နှစ်ကျော် ခရီးအတွင်း မည်သို့ ခံစား ရသည်ကို “ သာဓိနပျို့” တွင် အောက်ပါအတိုင်း ဖွဲ့ဆိုထားလေသည်။

“….လေးနှစ်ကျော်ခင်၊ မြင့်ကြာထင်အောင်၊ စိတ်ရွှင်မငွေ့၊ ညဥ့်နှင့်နေ့ကို မမွေ့မလျော်၊ မပျော်ချင်လို့၊ စာပေဆိုလည်း၊ မချိုလေတတ်၊ စိတ်ထားမှတ်ခဲ့…..”

စဥ့်ကူမင်း ကွပ်မျက်ခံရပြီးနောက် အမရပူရ ပထမမြို့တည် ဘိုးတော်ဦးဝိုင်းခေါ် ဗဒုံမင်းနန်းတက်ခဲ့သည်။ စာဆိုရှင် အမတ်ကြီးနှင့် ဒုက္ခအဖုံဖုံ ခံစားနေရသော တိုင်းပြည်ကပါ မျှော်လင့်တောင့် တနေချိန်လည်း ဖြစ် လေသည်။ ထို့ကြောင့် ဦးမြတ်စံက “ သာဓိနပျို့” တွင် စိတ်ချမ်းသာသွားပြီ ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ် သွားပြီဟု ရေးသားစပ်ဆိုလိုက်သည်မှာ…….

“မန္တတ် ရာဇာ၊ ဖုန်းနေဝါဖြင့်၊ စကြာပြိုးပြောင်၊ ရှေ့တော်ဆောင်၍၊ သာခေါင်ချမ်းငြိမ်း၊ နိုင်ငံသိမ်းသို့၊ ရိုက်ခြိမ်းမြေပေါ်၊ သီးသီးကျော်အောင်၊ ဖုန်းတော်ဝှန်းတက်၊ ရွှေလက်ထက်တွင် ရာမျက်သိဂါင်္၊ ရတနာတံဆိပ်၊ ရွှေစက်ရိပ်ကို ဦးထိပ်သွယ်ခွေ၊ သောကပြေ၍၊ နေ့လည်းပျော်ပါး၊ သွားလည်း ပျော်ရွှင်၊ ရှိရာတွင်ကို”

“…သို့စင်ဆင့်ပွား၊ ဆန်းပြားအထွေထွေ၊ ဆာဆာဝေမျှ၊ သရေသင်္ခယာ၊ သာသည့်အမည်၊

ထူးလည်လျောက်ပတ်၊ မှူးမတ်ဆောင်ယောင်၊အရောင်အဝါ၊ ဖွယ်ရာတင့်မော၊ ဘဝေါနှင့်လည်း၊ ဝနည်းမက၊ နေရာရလျက်….” ဟူ၍ ဖြစ်သည်။

ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း) လက်ထက် (၁၇၈၂-၁၈၁၉) တွင် ဦးမြတ်စံသည် ပြန်လည်၍ မြှောက်စားခြင်းခံရသေးသည်။ မှူးမတ်အဆောင်ယောင် ပြန်ရခြင်း၊ တရားသူကြီးတာဝန် အပ်နှင်း ခြင်း၊ သရေသင်္ခယာဘွဲ့ဖြင့် ချီးမြှင့်ခြင်းတို့ ဖြစ်သည်။ သို့ကလို စာဆိုအမတ်ကြီးသည် စိတ်ပျော် ရွှင်ချမ်းမြေ့သွားပြီ ဖြစ်သဖြင့် စာပေကျမ်းဂန်များကို စိတ်အေးလက်အေး တစ်စောင်ပြီးတစ်စောင် ရေးသားဖွဲ့ဆိုနိုင်ခဲ့လေတော့သည်။

ရေးစပ်သီကုံးခဲ့သည့် ပျိုများအနက် စစ်သမိုင်းဟု ဆိုအပ်သော “ သေနင်္ဂဗျူဟာပျို့”၊ “ဗျူဟစက္ကိပျို့” များမှာ ထင်ရှားလေသည်။ ထို့ပြင် စစ်သည်တော်တို့ လက်စွဲပြုအပ်သော “နန္ဒိ သေနပျို့” ကိုလည်း စီရင်ခဲ့သည်။

လက်ဝဲသုန္ဒရသည် သေနင်္ဂဗျူဟာပျို့တွင် မြန်မာ့အစီအရင် ခုနှစ်ပါးအကြောင်းကို နောင်လာနောက်သားများအတွက် မော်ကွန်းတစ်စောင်တစ်ဖွဲ့၊ အမှတ်အသား တည်ရစ်အောင်၊ သိသာရုံမျှ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ကြောင်းကို…..“မော်ကွန်းဖြစ်အောင်၊ ခုနှစ်အဂါင်္၊ စစ်ရေးရာနှင့်၊ ဆက်ကာအညီ၊ စစ်ချီလေးရပ်၊ စစ်တပ်နှစ်မျိုး၊ စစ်ထိုးခြောက်ဖြာ။ စစ်ခံမှာလည်း၊ သင်္ချာခြောက် ချက်၊ စစ်ဖျက် ခြောက်တန်၊ စစ်ပြန် သုံးပါး၊ အကျဉ်းထား၍၊ ကြောင်းလျားစဉ်လာ၊ မာတိကာကို၊ သိသာသဖွယ်၊ လင်္ကာ သွယ်ရှင့်” ဟု ပဏာမ အစီရင်ခံသည်။ ဗျူဟစက္ကိပျို့သည်လည်း စစ်ပျို့ တစ်စောင်ပင် ဖြစ်သည်။ လက်ဝဲကိုယ်တိုင်က ဗျူဟစက္ကိပျို့သည်မည်သို့သော စာဖြစ်၍ မည်သို့ ရေးဖွဲ့မည့်အကြောင်းကို…..

“ဇမ္ဗူဒိပ်တွင် တံဆိပ်အသွင်၊ ရာဇဝင်နှင့် သေနင်္ဂစာ၊ ကျော်ဝှန်ဝါသား၊ ဗျူဟာစက္ကိ၊ နတ်မျက်စိသို့၊နှိုင်းရှိပမာ၊ သုံးစောင်စာတွင်၊ တော်ရာရွေးနှုတ်၊ ဖွေဖော်ထုတ်အံ့” ဦးစွာဝန်ခံသည်။ “စစ် ကစားလျှင်၊ ကြုံဝါးမဆို၊ ရန်လုံးပြို၍၊ စိတ်လိုသမျှ အောင်မြင်ရသည် ဗျူဟစက္ကိ၊ အမည်ရှိသား၊ ကဝိ လက္ခဏာ၊ ကျမ်းထွက်စာကို၊ လင်္ကာချီမြှောက်၊ တစ်ခန်းကောက်အံ့” ဟုလည်းဆိုသေးသည်။

ထို့ကြောင့် “ဗျူဟစက္ကိပျို့”သည် စစ်အောင်ရာအောင်ကြောင်းကို ပြဆိုသော လမ်းညွှန်ပျို့ဖြစ် ကြောင်း သိသာသည်။ လက်ဝဲသုန္ဒရသည် ငါးရာ့ငါးဆယ် နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကို အခြေခံ၍ “နန္ဒီသေနပျို့” ကို လည်း ရေးဖွဲ့ခဲ့သည်။ နန္ဒီသေနပျို့တွင် စစ်ဆင်၊ စစ်ဖျက်၊ စစ်တက်၊ စစ်ထိုး အစရှိသည် တို့ကို အနည်းအကျဉ်းသာ ဖော်ပြသည်။ စစ်သူကြီးတို့၏ ကျင့်ဝတ်များ၊ စစ်သည်တော်တို့၏ ကျင့်ဝတ် များကို အဓိကထား ဖွဲ့ထားသည်။

အမတ်ကြီး လက်ဝဲသုန္ဒရသည် “နန္ဒီသေနပျို့” ကို ရေးသားဆက်သွင်းခဲ့ပြီးနောက် “လက်ဝဲဘိ နန်သူ” ဘွဲ့ကို ရရှိခဲ့ပြန်သည်။ ထို့ကြောင့် အမတ်ကြီးသည် ဘဝတစ်သက်တာတွင် လက်ဝဲ သုန္ဒရ၊ ဘယရန္တမိတ်၊ လက်ဝဲနန္ဒမိတ်၊ သရေသင်္ခယာ၊ လက်ဝဲဘိနန်သူ စသော ဘွဲ့ငါးဘွဲ့ ရရှိခဲ့လေသည်။ အမတ်ကြီးသည် ဘွဲ့ထူးငါးဘွဲ့ ရရှိလဲ့သော်လည်း မြတ်နိုးတနာပြုဘွဲ့မှာ “လက်ဝဲသုန္ဒရ”ပင် ဖြစ်ဟန် တူ သည်။ ယင်းဘွဲ့ဖြင့်ပင် ထင်ရှားသည်။ အမတ်ကြီး ဦးမြတ်စံ ကွယ်လွန်သောနှစ်ကို ဗိုလ်မှူးဘသောင်း (မောင်သုတ) ပြုစုသော “စာဆိုတော်များ အတ္ထုပ္ပတ္တိ“ တွင် သက္ကရာဇ် ၁၁၆၁ (ခရစ် ၁၇၉၉)တွင် မင်းကွန်း ဘက်၌ အနိစ္စရောက်ကြောင်း ခန့်မှန်းထားသည်။  

ဟံသာဝတီ ဦးဘရင်၏ “စစ်ထွက်စာဆိုများ” စာအုပ်တွင်မူ…..

“သက္ကရာဇ် ၁၁၈၁ ခု၊ ခရစ် ၁၈၁၉ ဘိုးတော်မင်းတရားကြီး နတ်ပြည်စံ၍ မြေးတော် စစ်ကိုင်းမင်း

(ဘကြီးတော်) လက်ထက် (၁၈၁၉-၁၈၇၃) တွင် လက်ဝဲသုန္ဒရအမတ်မှာ မည်သည့်ဘက်ကမျှ နိမ့်ကျခြင်းမရှိ၊ ယခင် တရားသူကြီးရာထူးအဖြစ်နှင့်ပင် အမှုတော်များ ထမ်းရွက်ရလေရာ “ရတနာပူရ အင်းဝပြည်တော်ကြီးလာ မော်ကွန်းနှင့် မဟာဝိဇယရံသီ စည်းခုံတော်မော်ကွန်း”  တို့ကို ရေးသားလေ တော့သည်။ ထိုစစ်ကိုင်းမင်းအခေါ် ဘကြီးတော်မင်းတရား လက်ထက်တော်မှာပင် ဧရာဝတီမြစ်၏ အ နောက်ဘက်ကမ်း မင်းကွန်းဘက်တွင် ဘုရားရဟန္တာတို့သော်မှ ငြင်းဆန်ခြင်းငှာ မတက်သာသော မရဏ နိုင်ငံသို့ လိုက်ပါရတော့သတည်း ”ဟု ရေးသားထားလေသည်။

အမတ်ကြီး ဦးမြတ်စံသည် ဇနီးသုံးယောက်ရှိသည်။ ယင်းတို့မှာ မန်ကျည်းတုံရွာသူမယားကြီး မယ်ရွဲနှင့်၊အပြင်လှတောရွာသူနှင့် ဟန်လင်းကြီးရွာသူတို့ ဖြစ်သည်။ ကွယ်လွန်ချိန်၌ အလောင်းမင်းတရား လက်ထက် ငယ်စဉ်ကပင် ရည်ငံခဲ့သော မယ်ရွဲနှင့် ရရှိခဲ့သော သားနှစ်ယောက် သမီးတစ်ယောက် ကျန်ခဲ့ သည်။ သားကြီးမှာ အမရပူရ ပထမမြို့တည်မင်းလက်ထက် ရေကြည်ဝန်၊ စစ်ကိုင်းမင်းလက်ထက် အသည်ဝန်၊ အမရပူရမြို့တည်မင်းလက်ထက် မင်းကြီး အတုလမဟာဓမ္မိကရာဇာဘွဲ့ဖြင့် တရားသူကြီး ဖြစ်ခဲ့သော ဦးအေးဖြစ်ပြီး၊ သားလတ်မှာ နောင်တွင် ဘိုးတော်မင်းတရားလက်ထက် အိမ်ရှေ့ သံတော်ဆင့်၊ ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) လက်ထက် ရွှေပြည်တံခွန် မြင်းဝန် နောက် အမရပူရမြို့ဝန်၊ ရွှေဘို မင်း (သာယာဝတီမင်း) လက်ထက် တရားသူကြီးဖြစ်ခဲ့သော ဦးရွှေသား ဖြစ်သည်။ သမီးထွေးမှာ မလွန်း မယ် ဖြစ်သည်။

လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ၏ မြေးများမှာလည်း ဘမျိုးဘိုးတူဟု ဆိုရလောက်အောင် အုပ်ချုပ်ရေးပိုင်းတွင် သာမက၊ စာပေဂီတ သုခုမအနုပညာဘက်၌ ထွန်းပေါက်ခဲ့ သူ များဖြစ်သည်။ ယင်းတို့မှာ သားတော်ကြီး အတုလမင်းကြီး ဦးအေးမြင့်က မြင်သည့် မောင်ကျောက်ခဲသည် ဇာတ်တော်အုပ်အဖြစ် အမှုထမ်းရသော ရုပ်စုံဆရာ ဇာတ်ဆရာ ဦးကျောက်ခဲပင်ဖြစ်သည်။ သားလတ် ဦးရွှေသားမှ မြင်သည့် လက်ဝဲသုန္ဒရ၏ မြေးဖြစ်သူ ဦးတွန့်မှာလည်း ရွှေဘိုမင်းလက်ထက်တွင် တရား သူကြီး၊ မင်းတုန်းမင်းလက်ထက်တွင် မင်းလှမဟာဓမ္မိကရာဇာဘွဲ့ဖြင့် မြင်းခုံတိုင်မြို့စားအဖြစ် လည်း ကောင်း၊ တရားသူကြီးအဖြစ်လည်းကောင်း ထမ်းရွက်ခဲ့သူဖြစ်သည်။ ထို့ပြင် ရတု၊ ကဗျာများကိုလည်း ရေး ဖွဲ့ခဲ့သူဖြစ်ရာ၊ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၂၂ ခု၊ ဝါဆိုလတွင် ကျင်းပခဲ့သော သားတော်များ၏ နားကွင်းသျှောင်ထုံးပမာ အခမ်းအနားတို့တွင် ဆက်သွင်းခဲ့သော “မြင်းပေါ် သံကဗျာ” (၇)ပိုဒ်ကား ကျော်ကြားလေသည်။

လက်ဝဲသုန္ဒရအမတ်ကြီး ပြုစုခဲ့သော ကျမ်းများမှာ…..

(၁) ဝိနိစ္ဆယ ပကာသနီ ဓမ္မသတ်လင်္ကာပျို့ (၁၁၃၉)
(၂) အာဒါသမုခပျို့
(၃) သေနင်္ဂဗျူဟာပျို့ (၁၁၄၇)
(၄) သောဏပျို့ (၁၁၆၁)
(၅) သာဓိနပျို့ (၁၁၄၅)
(၆) မန္ဓာတုစကြာမင်းပျို့ (၁၁၅၇)
(၇) နန္ဒီသေနပျို့ (၁၁၂၈)
(၈) ဗျူဟစက္ကပျို့ (၁၁၅၂)
(၉) ရတနာပူရ အင်းဝရွှေပြည်ကြီးလာမော်ကွန်း
(၁၀) ပြည်တော်ဝင်မော်ကွန်း
(၁၁) သောဏပျို့ (၁၁၆၁)
(၁၂) မဟာဝိဇယရသီ စည်းခုံတော်မော်ကွန်း
(၁၃) မင်းကွန်းစေတီတော်တည်မော်ကွန်း
(၁၄) အမရပူရ ပထမမြို့တည်မင်းတရား ဗုဒ္ဓါဘိသိက်မော်ကွန်း
(၁၅) ဓညဝတီနိုင်မော်ကွန်း
(၁၆) ဓညဝတီသို့ သာသနာပြုစေသည့်မော်ကွန်း
(၁၇) မြန်မာ့သံယောဂဒီပနီသတ်ပုံ
(၁၈) ရတုများ၊ အိုင်ချင်းများ၊ ၈၀ ပေါ်အဲရိုးများ

      စသည်တို့ ဖြစ်သည်။ ထို့ပြင် ကျေးစေရတု (၁၂) ပုဒ်၊ သာလိကာစေရတု (၄) ပုဒ်၊ ဘုရားထိုင် ရတု(၅) ပုဒ်၊ မိသားစု တမ်းတရတု (၃) ပုဒ်၊ မယ်ဖွဲ့မောင်ဖွဲ့ ရာသီအခြေပြုရတု (၅) ပုဒ်၊ ဘုန်းတော်နှင့် နန်းမြို့နယ်ပယ်ဖွဲ့ရတု (၄)၊ စစ်မှုဆိုင်ရာဖွဲ့ရတု (၄)ပုဒ်၊ အဲရိုးနှင့် လူတားတို့ကိုလည်း ပြုစုခြ့လေသည်။ အမတ်ကြီး ရေးသားခဲ့သည့် စာပေအနက် “မဲဇာတောင်ခြေ” ချီ ရတုသည် အထင်ရှားဆုံး ဖြစ်၍ “သာဓိနပျို့”သည် အကောင်းဆုံးဟု ဆိုကြသည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်း၌ ကျွမ်းကျင်သည့် အ လျောက် သာဓိနပျို့တွင် မနုရင်းဓမ္မသတ်ကြီး တစ်စောင်လုံးကို စာပေတစ်ပိုဒ်တည်းဖြင့် ဖွဲ့ဆိုထား လေ သည်။ အမတ်ကြီးသည် ဓမ္မသတ်အရာ၌သာ မဟုတ်၊ စစ်မှုရေးရာ၌လည်း နှံ့စပ်သူဖြစ်သော သေနင်္ဂဗျူ ဟာပျို့၊ ဗျူဟစက္ကပျို့၊ နန္ဒီသေနပျို့တို့တွင် တွေ့မြင်နိုင်လေသည်။

စာကိုး
၁။ထွန်းရီ(ရှေးဟောင်းသုတေသီ)၊မဲဇာပြန်စာဆိုလက်ဝဲသုန္ဒရဘွဲ့ ခံ ဦးမြတ်စံ ရာပြည့်စာအုပ်တိုက် - ပကြိမ်၂၀၁၀။

၂။ ဦးဖေမောင်တင်၊မြန်မာစာပေသမိုင်း၂၀၁၂။
Reply all
Reply to author
Forward
0 new messages