သတင်းဌာနတွေကပြောပြတဲ့ မိုးလေဝသနှင့်ပတ်သက်သော သတင်းများ

1 view
Skip to first unread message

MMW Phil

unread,
Mar 24, 2011, 9:38:38 AM3/24/11
to mmwe...@googlegroups.com

တိုကျို ၂၃ မြို့နယ်နဲ့ မြို့ ၅ မြို့က ရေပိုက်လိုင်းကလာတဲ့ ရေမှာ ရေဒီယိုဓာတ်သတ္တိကြွမှုတွေ့ရှိ

Posted by admin on March 24, 2011 0 Comment

မတ်လ ၂၂ ရက်နေ့လယ်ပိုင်းက တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ဟာ တိုကျို ၂၃ မြို့နယ်နဲ့ မြို့ ၅ မြို့က ရေပိုက်လိုင်း တွေကနေလာတဲ့ ရေမှာ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်းပါဝင်မှုဟာ အစိုးရရဲ့ စံအဖြစ် သတ်မှတ်ထားတဲ့ပမာဏထက် ပါဝင်မှုများပြားနေတဲ့အတွက် အဲဒီရေကို အသက်တနှစ်အောက်ကလေးတွေကို မတိုက်ပါနဲ့ ပြောဆိုပါတယ်။ ကလေး တွေကို တိုက်လို့ရှိရင် အိုင်အိုဒင်းဓာတ်ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး ကိုယ်လက်မအီမသာဖြစ်တာတို့ သွေးထဲမှာ ပါ ၀င်တဲ့ ဓာတ်ပစ္စည်းတွေ ထိခိုက်တာတွေဖြစ် နိုင်ပါတယ်။ ကလေးငယ်တဲ့အတွက် ခံနိုင်ရည်မရှိတဲ့သဘော ဖြစ်ပါတယ်။ အ၀တ်လျှော်တာ။ ဆေးကြောတာ။ ရေချိုးတာတွေ လုပ်လို့ရပါတယ်။ ဘာမှမဖြစ်ဘူးလို့ မဲဂျီးရိုးဘူတာနားမှာရှိတဲ့ Gakushuen တက္ကသိုလ်က ပါမောက္ခတဦးက ပြောပါတယ်။

ခတ်ဆုရှီကာ့မြို့နယ်တွင်းရှိ ခါနားမားချိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်း တွေ့ရှိရတယ်လို့ ပြောပါ တယ်။ အဲဒီစက်ရုံကနေ တိုကျို ၂၃ မြို့နယ်၊ နဲ့ တိုကျိုရဲ့အနောက်ဘက်မှာရှိတဲ့ မူဆာရှီနိုမြို့။ မီတာ့ကာမြို့။ မာချီဒါမြို့။ တာ့မာမြို့။ အိနာဂိမြို့တွေကို ရေပေးနေတာ ဖြစ်ပါတယ်။

ဖူကူရှီးမားခရိုင်ထွက် ဟင်းသီးဟင်းရွက်တွေကိုလည်း တင်ပို့ရောင်းချခွင့်ပိတ်ပင်လိုက်ပါတယ်။ ဟိုးရင်းဆို(မုံညင်းစိမ်းအ နု) နိုကိုဥ။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ချင်းဂင်းဆိုင်(မုံညင်း)၊ နွားနို့စိမ်း စတာတွေ ဖြစ်ပါတယ်။

ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်နိုင်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ ချက်ချင်း လက်ငင်းထိခိုက်မှုမရှိနိုင်ဘူးဆိုတော့ ရေရှည်မှာထိခိုက်နိုင်တယ်ဆိုတဲ့ သဘောမျိုးလားဆိုတာ စဉ်းစားစရာပါပဲ။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ ရေရှည်မှာ ထိခိုက်မှုလုံးဝမဖြစ်စေချင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ်။ ကျန်း မာရေးဆိုင်ရာကျွမ်းကျင်သူတွေက ပြည်သူတွေအနေနဲ့ အစိုးရိမ်လွန်တာမျိုးမဖြစ်ကြဖို့ ပြောဆိုကြပါတယ်။

ပိုက်လိုင်းကလာတဲ့ရေသောက်တာနဲ့ ပတ်သက်ပြီး တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အရာရှိတဦးက အချိန်ကြာကြာ တောက်လျှောက်သောက်ရတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ရင် လူ့ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိတဲ့ စံနှုန်းသတ်မှတ်ချက် ကို ရောက်နိုင်တယ်ဆိုလို့ ပြောပါတယ်။ ဒါကြောင့် ပိုက်လိုင်းရေကိုပဲ တောက်လျှောက် သောက်တာမျိုးမလုပ်တာ ကောင်းပါတယ်။ တခြားအစားထိုးအရည်တွေကိုလည်း သောက်သင့်ပါတယ်။

ဒီအတောအတွင်း နံပတ် ၃ ဓာတ်ပေါင်းဖို အပူချိန်လျော့ကျဖို့နဲ့ လျှပ်စစ်ဓာတ်အားပြန်ရပြီး ပုံမှန်အလုပ်တွေကို ပြန်လုပ် နိုင်ဖို့ ၀န်ထမ်းတွေကြိုးပမ်းနေတဲ့အချိန်မှာ ညနေ ၄ နာရီ ၂၀ မိနစ်မှာ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အအုံတွင်းကနေ မီး ခိုးမဲတွေထွက်လာလို့ စိုးရိမ်ရတဲ့အခြေအနေလို့တွက်ဆပြီး TEPCO ဟာ အလုပ်လုပ်နေတဲ့ သူ့ရဲ့ဝန်ထမ်းတွေကို ပြန် ကယ်ထုတ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုမီးခိုးထွက်ရတာလဲဆိုတာကို မသိရပါဘူး။ ဒီလိုပဲ ရေပက်ဖျန်းမယ့်အစီအစဉ်ကို လည်း ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အီဘားရားကိခရိုင် တိုးကိုင်းမူရာ့ ရွာက ရေပိုက်လိုင်းကနေ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်း တွေ့ရှိရလို့ တီဘီအက်စ် ရုပ်မြင်သံကြား ၁၁ နာရီသတင်းမှာကြေညာသွားပါတယ်။

ကျော်ကျော်စိုး

၂၃း၄၃ နာရီ

မတ်လ ၂၃ ရက် ၂၀၁၁ ခုနှစ်

http://www.naytthit.net/?p=10986

XXXXXXXXXXXXXXXXXXXXXXXXXXXXX

တိုကျိုသောက်ရေ နျူကလီးယား ဓာတ်ကြွမှု မြင့်မား

တိုကျိုမြို့တော်ရဲ့ ရေပေးဝေရေးစနစ်မှာ ရေဒီယို သတ္တိကြွတဲ့နှုန်း မြင့်တက်လာနေတဲ့အတွက် ရေပိုက်ကလာတဲ့ ရေတွေကို ကလေးငယ်တွေကို မတိုက်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

သတိပေးချက်ကြောင့် သောက်ရေသန့်ဘူးတွေကို အပြေးအလွှား ၀ယ်ယူတာတွေ ရှိနေချိန်မှာပဲ အစိုးရ တာဝန်ရှိသူတွေကတော့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ လူဦးရေ ၁၃ သန်းရှိတဲ့ မြို့ခံတွေကို ဒီကနေ့ပဲ ဆော်သြခဲ့တာပါ။

မြို့ရဲ့ ရေဖြန့်ဖြူးရေးဌာန တခုမှာ စစ်ဆေးချက်အရဆိုရင် ထိခိုက်ပျက်စီးသွားတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား စက်ရုံက ထွက်ပေါ်လာတဲ့ ရေဒီယို ဓာတ်သတ္တိတွေဟာ လေထုထဲ ပျံ့နှံ့လာရာက မိုးရေနဲ့အတူ ပါလာပုံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပျံ့နှံ့နေတဲ့ ရေဒီယို ဓာတ်သတ္တိ ပမာဏဟာ ကျန်းမာရေး ထိခိုက်လောက်တဲ့ အဆင့်အထိ မရှိပေမဲ့လည်း အသက် ၁ နှစ်အောက် ကလေးငယ်တွေကို သောက်ရေအဖြစ် သောက်သုံးဖို့တော့ အသုံးမပြုဖို့ အာဏာပိုင်တွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။

နျူကလီးယား စက်ရုံက အန္တရာယ် အရှိဆုံးဖြစ်တဲ့ ဓာတ်ပေါင်းဖို အမှတ် ၃ က မီးခိုးမည်းတွေနဲ့ ရေနွေးငွေ့တွေ ထပ်မံ ထွက်ပေါ်လာတဲ့အတွက် ဒီကနေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာတော့ စက်ရုံထဲက အလုပ်သမားတွေကို ခေတ္တ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

မီးခိုးတွေထွက်လာတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို အလုပ်သမားတွေကို ရွှေ့ရတာလို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။

http://www.voanews.com/burmese/news/japan-nuclear-radiation-118508124.html

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့

ဂျပန်နိုင်ငံမှာ မတ်လ (၁၁) ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ်တွေကြောင့် နျူကလီးယား လျပ်စစ်စက်ရုံတွေမှာ အပျက်အစီးတွေဖြစ်ခဲ့ရပြီး၊ နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့တွေ ယိုစိမ့်ထွက်လာခဲ့ရပါတယ်။ ဒီရေဒီယို ဓာတ်သတ္တိကြွမှု့တွေရဲ့  ပမာဏဟာ တဖြည်းဖြည်းများလာပြီး ပတ်ဝန်းကျင်က လေထု၊ ရေထုနဲ့ မြေထုထဲ ပျံနှံကုန်ကာ လူတွေရဲ့  ခန္ဓာကိုယ်ထဲကို စားသောက်တာ၊ အသက်ရှုတာတွေကတဆင့် ရောက်ရှိသွားနိုင်ပါတယ်။

အဲဒီလိုရောက်သွားရင် နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့ ပမာဏပေါ်မူတည်ပြီး  ရေတိုရေရှည်မှာ ဘယ်လိုရောဂါတွေဖြစ်နိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကို သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံ ဂျော်ဂျီဂျား (Georgia) ပြည်နယ်၊ အတ္တလန်တာ (Atlanta) မြို့  အဲမ်မိုရီ (Emory) တက္ကသိုလ်ရဲ့  လူထူ့ကျန်းမာရေးကျောင်းက ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဘာသာ ပါမောက္ခ ဂျီမ်းစ်စမစ်သ် (James Smith) ကို ဗွီအိုအေ သတင်းထောက် ကိတ် ဝု့ဒ်စမ် (Kate Woodsome) မေးမြန်းထားတာနဲ့ ဝါရှင်တန်ပို့စ်တ် (Washington Post) သတင်းစာပါ အကြောင်းတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

http://www.voanews.com/burmese/news/health/health_03-23-2011-118544159.html

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX


ညူကလီးယား ကောင်းလားဆိုးလား




ညူကလီးယားတဲ့။ မြန်မာလိုတော့ အဏုမြူလို့ ကျနော်တို့ ဗမာတွေ ဘာသာပြန်ပြီး သုံးခဲ့တာ အခုအထိပါပဲ။ ဂျပန်ကို အမေရိကန်က အဏုမြူဗုံးကြဲလိုက်တဲ့ အခါကြမှ တကမ္ဘာလုံး အဏုမြူစွမ်းအင် အကြောင်းကို ကောင်းကောင်း သိသွား ကြတာမို့လား။ အဏုမြူစွမ်းအင်ဟာ လူသတ်လက်နက် အဖြစ်နဲ့ အသုံးပြုလို့ရသလို အဏုမြူကနေ စွမ်းအင် ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား အနေနဲ့ လူတွေ သုံးစွဲနိုင်ပါသေးတယ်။ အဏုမြူကကနေ စွမ်းအင်ထုတ်ယူခြင်းဟာ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စတာတွေကနေ စွမ်းအင်ထုတ်ယူ တာထက် ဝန်ကျဉ်းတယ်၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတယ်၊ ဈေးလည်း ချိုတယ်လို့ အစောပိုင်းက ဆိုခဲ့ကြပါတယ်။


ဓာတ်ပုံကို ယခုနေရာမှ ရယူပါသည်။

အဲတာကြောင့် အနောက်နိုင်ငံများဟာ နောက်ပိုင်းမှာ အဏုမြူဓာတ်ပေါင်းဖို အသေးစား၊ အလတ်စားတွေ ဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူလာခဲ့ ကြပါတယ်။ ခေတ်ဦးပိုင်းတုန်းက တချို့သော ပညာရှင်တွေက ထောက်ပြခဲ့ပါသေး တယ်။ အဏုမြူကနေ လျှပ်စစ်စွမ်းအင် ထုတ်ယူတာတော့ ဟုတ်ပါပြီ။ ဓာတ်ပေါင်းဖို မတော်တဆ ပေါက်ကွဲတာမျိုး မဖြစ်အောင်၊ အဏုမြူ ဓာတ်ရောင်ခြည် ယိုစိမ့်တာမျိုး မဖြစ်အောင် လုံခြုံရေး အတွက် ဘယ်လို လုပ်ကြမလဲလို့ ဆွေးနွေး ကြပါတယ်။ သို့သော်လည်း တချို့သော ပညာရှင်တွေကတော့ နည်းပညာ အဆင့်အတန်း မြင့်တယ်ဆိုရင် အဏုမြူဓာတ် ပေါင်းဖို လုံခြုံရေးအတွက် စိတ်ချလက်ချ ဆောင်ရွက် နိုင်တယ်လို့ ထောက်ပြပါတယ်။ အဲတော့ အစိုးရများနဲ့ လျှပ်စစ် စွမ်းအင် ထုတ်ယူပြီး ပြန်လည်ရောင်းချ လိုတဲ့ ငွေရှင်များက နည်းပညာအဆင့်အတန်း မြင့်မြင့်မားမားနဲ့ ဆောင်ရွက်နိုင် တယ် ဆိုတဲ့ ပညာရှင်များကို အားကိုးပြီး အဏုမြူဓာတ်ပေါင်းဖို တွေကို ဆောက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံမှာလည်း အမေရိကန်တွေ ပေးတဲ့ နည်းပညာကိုယူပြီး အဏုမြူ ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပါတယ်။ ၂ဝဝ၆ ခုနှစ် စာရင်းအရဆိုရင် ဂျပန်နိုင်ငံမှာ လျှပ်စစ်စွမ်းအင် ထုတ်ယူဖို့အတွက် တည်ဆောက်ခဲ့တဲ့ ဓာတ်ပေါင်းဖိုပေါင်း (၅၂) လုံး ရှိပါတယ်။

နည်းပညာ အဆင့်အတန်းမြင့်မားရင် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ပြီး စွမ်းအင်ထုတ်ယူတာဟာ စိတ်ချရတယ်လို့ ဆိုတာဟာ တကယ်တန်းမှန်ပါသလား ဆိုတာ စောကြောစရာဖြစ်လာပါတယ်။

အဏုမြူဓာတ်ပေါင်းဖို ပေါက်ကွဲတာ၊ ယိုစိမ့်တာတွေကို အသာထားလိုက်ဦး။ အဏုမြူဓာတ်ပေါင်းဖိုမှာ အသုံးပြုပြီးသား ပစ္စည်းတွေကို စွန့်ပစ်တော့မယ်ဆိုရင်တောင် ရေဒီယိုသတ္တိကြွ ဓာတ်က အနည်းနဲ့အများ သင့်နေဆဲမို့ ကျန်နေဆဲမို့ လူတွေအတွက် အန္တရယ် မဖြစ်ရအောင် အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီးမှ စွန့်ပစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖျဉ်း ပြောရရင်တော့ အဏုမြူစွန့်ပစ်ပစ္စည်းတွေကို အကောင်းစား ကွန်ကရစ်တွေနဲ့ အထပ်ထပ် အုံပြီးမှ မြေကြီးထဲကို မြုပ်ပါတယ်။ တချို့နိုင်ငံတွေကတော့ ပင်လယ်ထဲမှာ သွားပြစ်တယ်လို့ ဆိုပါတယ်။ မြေကြီးထဲကို မြုပ်လိုက် တဲ့ နေရာမှာလည်း ဘာတွေ ပြောစရာ ဖြစ်လာသလဲ ဆိုတော့ အဏုမြူစွန့်ပစ်ပစ္စည်း မြုပ်ထားတဲ့ နေရာတဝိုက်ဟာ သာမန်ထက် အပူချိန် ပိုများတယ်လို့ သိရ ပါတယ်။

အဲသလို စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေမှာ ကျန်ရှိနေသေးတဲ့ ရေဒီယိုသတ္တိကြွ အဏုမြူဓာတ်ဟာ ဘယ်တော့ကျမှ လုံးလုံးဓာတ်ပျယ်သွား ပါသလဲ။ နှစ်ပေါင်း နှစ်သိန်းငါးသောင်း ကြာတော့မှ အဏုမြူဓာတ် လုံးလုံးကင်းစင်မယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ၁၉၉၇ ခုနှစ်တုန်းက ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှုဖြစ်ပါတယ်။ လူတွေမသိခင်မှာ အမြန်ပြန်ပြီး ပိတ်ဆို့နိုင်ခဲ့ ပါတယ်။ ၁၉၉၉ ခုနှစ်မှာလည်း နောက်ထပ် ဓာတ်ပေါင်းဖို တခုက ယိုစိမ့်မှုဖြစ်လို့ လူပေါင်း ၆ဝဝ ကျော် အဏုမြူ ရေဒီယိုဓာတ်သင့်ခြင်း ခံခဲ့ရပါတယ်။ ၂ဝဝ၄ ခုနှစ် သြဂုတ်လမှာလည်း ဓာတ်ပေါင်းဖို တခု ယိုစိမ့်မှု ဖြစ်ပြန်ပါတယ်။ လူလေးဦး သေဆုံးခဲ့ရပြီး အများအပြား ဓာတ်သင့်ခြင်း ခံရပါတယ်။ အခုဟာ ကတော့ ငလျှင်နဲ့ ဆူနာမီဒဏ်ကြောင့် ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး အဏုမြူဓာတ်ရောင်ခြည်တွေ လေထုထဲကို ယိုစိမ့် ထွက်လာပါတယ်။ ဒီတခါ ဖြစ်တာက ပိုပြီး အန္တရာယ် ရှိပါတယ်။

အင်္ဂလန်နိုင်ငံမှာတော့ ၁၉၅ဝ ခုနှစ်များကထဲက ဓာတ်ပေါင်းဖိုတွေ ဆောက်ပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်ယူ ရောင်းချ ပါတယ်။ အင်္ဂလန်မှာ အဏုမြူဓာတ်ပေါင်းဖို (၁၁) လုံးရှိပါတယ်။ သူတို့မှာလည်း တခါတုန်းက ဓာတ်ပေါင်းဖိုတခု ယိုစိမ့်မှုဖြစ်လို့ ပိတ်ပစ်ခဲ့ရပါတယ်။ အဲတာက ဗြိတိသျှ တပ်မတော်ကနေ တိုက်ရိုက်ဦးစီး လုပ်ကိုင်တဲ့ ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။ အင်္ဂလန်မှာ အခုရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အဏုမြူဓာတ် ကျန်နေဆဲဖြစ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သန့်ရှင်းသွားအောင် ဆောင်ရွက်တဲ့ နေရာမှာ ငွေကြေးအကုန်အကျ များလွန်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်အတွင်း အဏုမြူစွန့်ပစ်ပစ္စည်းတွေကို သန့်ရှင်းအောင် ဆောင်ရွက်ရတာ အင်္ဂလိပ်ပေါင်ငွေ ၅၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံ) သုံးစွဲခဲ့ရပါတယ်။ အခုလည်း ဆက်ပြီး ငွေကုန်ခံနေရပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ရုရှားနိုင်ငံက ရှာနိုဘိုင်းဆိုတဲ့ အဏုမြူဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်တော့ လူပေါင်း အမြောက်အများ သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူများ ဓာတ်ရောင်ခြည်သင့်တာကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက အဏုမြူဓာတ်ပေါင်းဖိုတွေ ပိုင်ဆိုင်တဲ့ အခြားသော အနောက်နိုင်ငံများက ဘာပြောသလဲဆိုတော့ ရုရှားရဲ့ နည်းပညာက သူတို့လို အဆင့်မမြင့်လို့ ဖြစ်ရတာလို့ လက်ညှိုးထိုးရင်း သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကတော့ ကျောက်မီးသွေး အခြေခံ လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေကို အဏုမြူ ဓာတ်ပေါင်းဖိုတွေနဲ့ အစားထိုးဖို့ ဆောင်ရွက်နေပါတယ်။ သက္ကရာဇ် ၂ဝ၂ဝ မှာ အဏုမြူဓာတ်ပေါင်းဖို အလုံး ပေါင်း ၃ဝ အထိ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။

အရင်တုန်းက အဏုမြူ ပညာရှင်တွေ စိုးရိမ်တာက ဓာတ်ပေါင်းဖို အတွင်း တခုခု အမှားအယွင်းဖြစ်လို့ ပေါက်ကွဲတာ ယိုစိမ့်တာကိုသာ အလေးထား ထည့်တွက်ခဲ့တာ ဖြစ်ပါတယ်။ အခုဂျပန်မှာ ဖြစ်သလို ငလျှင်ကြောင့်၊ ဆူနာမီကြောင့် အဏုမြူဓာတ်ပေါင်းဖို တိုက်ရိုက်ပေါက်ကွဲ ပျက်စီးတာမျိုးကို ထည့်မတွက် ခဲ့ကြပါဖူး။ နည်းပညာ ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ငလျှင်ဒဏ် ပြင်းပြင်း ခံရရင်၊ ဆူနာမီလို ဟာမျိုးနဲ့တွေ့ရင် အဏုမြူဓာတ်ပေါင်းဖို ပျက်စီးပြီး လူတွေ အန္တရာယ် တွေ့နိုင်တယ် ဆိုတာကို အခုလို လက်တွေ့ ရင်ဆိုင်လိုက်ရမှ အဏုမြူပိုင်ရှင်တွေ မျက်ကလဲဆန်ပြာ ဖြစ်ကြတာပါ။

ကနေ့ကမ္ဘာကြီးရဲ့ လူဦးရေ ၈ဝ% ဟာ ပင်လယ်ကမ်းရိုးတန်း တလျှောက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ကုန်းတွင်းပိတ် နိုင်ငံတွေကလွဲလို့ ကျန်တဲ့ နိုင်ငံတွေဟာ အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရင် ပင်လယ် ကမ်းရိုးတန်း နားမှာပဲ ကပ်ပြီး တည်ဆောက်လေ့ ရှိပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဏုမြူဓာတ်ပေါင်းဖို လည်ပတ်နေတုန်း အအေးခံဖို့အတွက် ရေကို အမြောက်အများ သုံးရလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေနားနီးနီးမှာ တည်ဆောက် တာလည်းဖြစ်ပါတယ်။ ကုန်းတွင်း ပိတ်နေတဲ့ နေရာမျိုးမှာ တည်ဆောက်ထားတဲ့ အဏုမြူ ဓာတ်ပေါင်းဖိုတွေကတော့ ရေချိုကို အသုံးပြုပြီး အအေးခံတဲ့ စနစ်နဲ့ လည်ပတ်ရတာဖြစ်လို့ ရေချိုအမြောက် အများ သုံးစွဲရပါတယ်။ ဒါ့ကြောင့် ရေချိုအရင်းအမြစ်ကို တဖက်မှာ ထိခိုက်စေပြန်ပါ တယ်။ ကနေ့ ကမ္ဘာကြီးမှာ မိုးခေါင်တဲ့ နှစ်တွေ ထပ်သတဲ့ထပ် လာနေပါတယ်။ ရေချိုရှားပါးလာတယ်။ စိုက်ပျိုးရေး အတွက်တောင် ရေမလုံလောက်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာနေတဲ့ အချိန်မှာ အဏုမြူဓာတ်ပေါင်းဖို အတွက် ရေချိုကို အလွန်အမင်း သုံးစွဲရတာ အနာဂတ်မှာ ပိုပြီးကြီးကျယ်လာတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်လို့ တချို့ပညာရှင်များက ဟောကိန်းထုတ်ပါတယ်။

နောက်တချက်ကတော့ ငလျှင်ဒဏ်ကို မခံရဖူးထားဦး၊ ပင်လယ်နားမှာ ကပ်ပြီးတည်ဆောက် ထားရတဲ့အတွက် ဆူနာမီလိုဟာမျိုး၊ ဟာရီကိန်းနဲ့ တိုင်ဖွန်းမုန်တိုင်းလို ဟာမျိုးတွေရဲ့ ဒဏ်ကို ခံရဖို့ အလားအလာ များနေပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးမှာ ရေခဲတွေ အရည်ပျော်လာတဲ့အတွက် ပင်လယ်ရေမျက်ပြင် မြင့်တက်လာတာကလည်း ရေရှည်မှာ ရင်ဆိုင်ရမယ့် ပြဿနာ ဖြစ်လာပါတယ်။ ဥပမာ တခုကို ပြောရရင် ၂ဝဝ၄ ဆူနာမီတုန်းက ရေလှိုင်းတွေဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံသာမက အိန္ဒိယ နိုင်ငံအထိ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီ အကျိုးဆက် ကြောင့် မဒရပ်စ်မြို့ အနားက အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး အဏုမြူဓာတ်ပေါင်းဖိုကို ခေတ္တပိတ်ပစ် ခဲ့ရပါ သေးတယ်။ အင်္ဂလန်မှာလည်း အဏုမြူ ဓာတ်ပေါင်းဖို အများစုဟာ ပင်လယ်ကမ်းရိုးတန်း အနားမှာပဲ တည်ဆောက်ထား ကြတာဖြစ်ပါတယ်။ တချို့ ဓာတ်ပေါင်းဖိုတွေဆိုရင် ပင်လယ်ရေမျက်နှာပြင် အထက် နှစ်မီတာ သုံးမီတာလောက်ပဲ မြင့်ပါတယ်။

ကုန်းတွင်းပိတ်မှာ ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေဟာ အအေးခံစနစ်အတွက် ရေချိုပမာဏ အမြောက်အများ သုံးစွဲရတဲ့အပြင် ပူနေဆဲ ရေတွေကို နီးရာ မြစ်ချောင်းနဲ့ အင်းအိုင်တွေထဲ သွန်ပါတယ်။ အဲတာကလည်း သဘာဝ ပတ်ဝန်းကျင်ကို ရေရှည်မှာ ပျက်စီးစေပြန်ပါတယ်။ ပင်လယ်နားက ဓာတ်ပေါင်းဖိုကတော့ ရေပူတွေကို ပင်လယ်ထဲ သွန်ထုတ်ပါတယ်။ အဲတာရဲ့ အကျိုးဆက်အဖြစ် ပင်လယ်ရေအောက်နေ သတ္တဝါတွေကို ပျက်စီးစေပြန်ပါတယ်။ ခြုံပြီး ပြောရမယ်ဆိုရင် သစ်တောတွေပြုန်းလို့ ကမ္ဘာမှာ အပူချိန်မြင့်တက်လာတဲ့ အချိန်မျိုးမှာ အဏုမြူဓာတ်ပေါင်းဖိုတွေကို ဘယ်နားမှာပဲ ဆောက်ဆောက် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနဲ့ ရေချို ရှားပါးလာမှုကို အားပေးသလို ဖြစ်တာ ကတော့ အမှန်ပဲလို့ ဆိုကြပါတယ်။

၂ဝဝ၃ ခုနှစ်က ဥရောပမှာ စံချိန်တင် အပူလှိုင်းတွေ ဝင်ရောက်လာတော့ ပြင်သစ်နိုင်ငံက ဓာတ်ပေါင်းဖို ၁၇ မှာ တချို့ဓာတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းထားရပါတယ်။ တချို့ ဓာတ်ပေါင်းဖို တွေကတော့ ထုတ်လုပ်မှု ပမာဏကို လျှော့ချခဲ့ရပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အပူလှိုင်းကြောင့် မြေရော၊ မြစ်တွေပါ အပူချိန်တက်နေတုန်း ဓာတ်ပေါင်းဖိုက သွန်ထုတ်နေတဲ့ ရေပူတွေကပါ အပူချိန်ကို ပိုပြီး တက်လာအောင် အားပေးသလို ဖြစ်ခဲ့တာ ကြောင့်ပါ။ ၂ဝဝ၆ ခုနှစ်တုန်းကလည်း စပိန်နိုင်ငံမှာ ပူလွန်းတာကြောင့် မြစ်ရေရဲ့ အပူချိန်တောင် တက်လာ တာမို့ မြစ်ထဲကို ရေပူသွန်နေတဲ့ ဓာတ်ပေါင်းဖို တလုံး ခေတ္တပိတ်ခဲ့ ရပါတယ်။ ၂ဝဝ၃ နဲ့ ၂ဝဝ၆ ခုနှစ်များအတွင်း ဥရောပတိုက်မှာ ဓာတ်ပေါင်းဖိုတွေဟာ ရှိသမျှစွမ်းအင်ကို အပြည့်အဝသုံးပြီး လျှပ်စစ် ဓာတ်အား ထုတ်ခဲ့ရ ပါတယ်။ ဘာလို့တုန်းဆိုတော့ အဲဒီနှစ်များအတွင်း နွေကာလတွေမှာ လေအေးပေးစက် အလွန်အကျွံ သုံးခဲ့လို့ ဖြစ်ရတာလို့ ဆိုပါတယ်။

၁၉၇၉ တုန်းက အမေရိကန်နိုင်ငံ ပင်စီဗေးနီးယားပြည်နယ်မှာ "သုံးမိုင်ကျွန်း" လို့အမည်ရတဲ့ အဏုမြူဓာတ် ပေါင်းဖို ယိုစိမ့်တာ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၆ ရုရှား ရှာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲ ခဲ့ပါတယ်။ ဒါတွေကို လူတွေက မေ့နေတာ ကြာလှပါပြီ။ သို့သော်လည်း အခု ဂျပန်နိုင်ငံက ဖူကူရှီးမား ဓာတ်ပေါင်းဖို ပေါက်ကွဲတာဟာ အမေ့အမေ့ အလျှော့လျှော့ ဖြစ်နေတဲ့ လူတွေကို ထပ်မံသတိပေးလိုက်တယ် ဆိုရင်လည်း မမှားပါဖူး။ အဏုမြူဓာတ်ပေါင်းဖိုဟာ လုံခြုံမှုရှိအောင် နည်းပညာအဆင့် ဘယ်လောက် မြင့်တာတွေနဲ့ပဲ လုပ်လုပ် သဘာဝဘေး ဒုက္ခကပ်တွေနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ လူသားတွေအတွက် အန္တရာယ် ကျရောက်နိုင်တဲ့ အလားအလာတွေ ရှိနေသေးတယ် ဆိုတာကို ထင်ထင်ရှားရှား ပြလိုက် တာပါပဲ။

နောက်တချက်လည်း ပစိဖိတ် သမုဒ္ဒရာ ပတ်လည်က နိုင်ငံတွေဟာ ငလျှင်ကြောလိုင်းပေါ်မှာ တည်ရှိတဲ့အတွက် ငလျှင်လှုပ်မှာ၊ မီးတောင် ပေါက်ကွဲမှာကို အမြဲစိုးရိမ်နေရပါတယ်။ မြန်မာနိုင်ငံဟာ ပစိဖိတ်ဒေသထဲမှာ မဟုတ်ပေမယ့် ငလျှင်ကြော အပေါ်မှာ တည်နေပါတယ်။ မှတ်မိသလောက်တော့ မြန်မာနိုင်ငံမှာ ငလျှင်ကြီးနှစ်ခု လှုပ်ခဲ့ပါတယ်။ တခုကတော့ အင်္ဂလိပ်ခေတ်မှာ လှုပ်ခဲ့တာဖြစ်ပြီး ပဲခူးငလျှင်ကြီးလို့ လူသိများပါတယ်။ နောက်တခုကတော့ မဆလခေတ်မှာ လှုပ်ခဲ့တဲ့ ပုဂံငလျှင်ကြီး ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် ကြီးများ ဖြစ်တဲ့ နေပြည်တော်က ဗိုလ်ချုပ်ကြီးများမှာလည်း ညူကလီးယား အိပ်မက်တွေ ရှိနေပါတယ်။ ကြိတ်လည်းကြံနေပါတယ်။ သူတို့ကတော့ ပင်လယ်နားမှာ မဆောက်ရဲတော့ ကုန်းတွင်းပိတ်ထဲမှာ သွားဆောက်နေကြပါတယ်။ နောင်ကျရင် ကုန်းတွင်းပိုင်းက လူတွေ ရေချိုရှားပါးမှုနဲ့ ရင်ဆိုင်ရရင် သူတို့ လက်ချက်ပဲလို့ ဆိုရတော့မှာပါ။ ဒီကြားထဲ ကာရန်မသင့်လို့ ဓာတ်ပေါင်းဖို ပေါက်ကွဲယိုစိမ့်တယ် ဆိုရင်တော့ အနီးအနားက လူတွေ ခံရဦးမှာကလည်း နောက်တချက်လို့ စိတ်မသက်မသာ ဖြစ်မိပါရဲ့။

ဇော်မင်း
၁၈ ရက်၊ မတ်လ၊ ၂ဝ၁၁ ခုနှစ်

စာကိုး။ ။ "N-advocators will be back … after a suitable hiatus" by Brahma Chellaney, in Bangkok Post, 16th March 2011.
http://komoethee.blogspot.com/2011/03/blog-post_6178.html
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

လေပြင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အနည်းဆုံး ၁,၀၀၀ ပျောက်ဆုံးနေဆဲ

မတ်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ ရေလုပ်သား ၁၀,၀၀၀ ကျော်ထဲက ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ မြန်မာနိုင်ငံ ငါးလုပ်သား အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ကျန်နေသေးတဲ့ ရေလုပ်သားတွေရဲ့ အခြေအနေနဲ့ ဒီ ရေလုပ်သားတွေ ပင်လယ်ထဲ ဘယ်လို မျောပါသွားလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဖျာပုံမြစ်ဝမှာ အခြေချပြီး ငါး၊ ပုစွန်ဖမ်းတဲ့ ရေလုပ်သားတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ် မြောက်ပိုင်းမှာ တနာရီ မိုင် ၇၀ နီးပါးရှိတဲ့ လေပြင်းကြောင့် ပင်လယ်ပြင်ထဲကို မျောပါသွားခဲ့ကြတာ ဖြစ်ပါတယ်။ အများစုက ကျားပေါက်လို့ခေါ်တဲ့ ရေထဲမှာ ၀ါးဖောင်ဖွဲ့ နေကြသူတွေဖြစ်ပြီး သူတို့ဟာ လေပြင်းကြောင့် ချည်ထားတဲ့ကြိုးတွေ ပြုတ်ပြီး ပင်လယ်ထဲ မျောသွားကြတာ ဖြစ်ပါတယ်။

လေပြင်းစတိုက်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့နဲ့ဆိုရင် အခုထက်ထိ ပြန်မတွေ့သေးတဲ့ ရေလုပ်သားတွေဟာ ပင်လယ်ထဲမှာ မျောနေတာ တပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့သူတွေ အသက်ရှင်လျက် ရှိမရှိ ဆိုတာကိုတော့ ခန့်မှန်းရ ခက်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“အသက်သေပြီး တွေ့တာတော့ မရှိသေးဘူးခင်ဗျ။ အခုချိန်ထိ စာရင်းကောက်လို့ မရသေးဘူး၊ စာရင်းလာမပို့သေးဘူး ဆိုတဲ့ဟာမျိုးပဲ ရှိတယ်။ အခုဖြစ်တဲ့ ဖြစ်စဉ်ကတော့ ကျနော်တို့က မလာတော့လို့ သတင်းပို့ရင် တခြားနိုင်ငံဘက်တွေကို မျောသွားနိုင်လား၊ ဒါမှမဟုတ် ပင်လယ်ထဲမှာပဲ ပျောက်ဆုံးပြီးတော့ ပြန်မလာတော့ဘူးလား ဆိုတာ အဲဒီလိုပဲ စာရင်းချရတော့မယ်။ သူတို့ကို body တွေအနေနဲ့ တွေ့ဖို့ကတော့ တော်တော်ခက်သွားပြီ။ ဒီလူတွေဟာ အဝေးတနေရာကို ရောက်သွားသလား၊ ဒါမှမဟုတ် ပင်လယ်ထဲမှာပဲ အသက်ဆုံးရှုံးပြီလား၊ ဒီလိုယူဆရမယ့်သဘော။”

သူတို့ရဲ့ ခန့်မှန်းချက်အရ စက်လှေနဲ့ ရေလုပ်ငန်း လုပ်ကြသူတွေ၊ ကျားပေါက်လို့ခေါ်တဲ့ ၀ါးဖောင်ဖွဲ့ပြီး ငါး၊ ပုစွန်ဖမ်းတဲ့ ရေလုပ်သားတွေနဲ့ဆိုရင် အားလုံး ၁၀,၀၀၀ ကျော်လောက် ပင်လယ်ထဲ မျောသွားတာ ဖြစ်ပြီးတော့ မတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့ အထိတော့ ရေလုပ်သား ၉,၀၀၀ ကျော်ကို ပင်လယ်ပြင်ထဲက ရှာဖွေ ကယ်ဆယ်နိုင်ထားတယ်လို့လည်း ပြောပါတယ်။

“စက်ပါတဲ့ လှေပေါ်မှာ ပါတဲ့လူက ၃,၀၀၀ ကျော်တယ်။ ဖောင်ပေါ်မှာပါတဲ့လူက ၇,၀၀၀ ဆိုတော့ စုစုပေါင်း ၁၀,၀၀၀ လောက်ရှိတယ်။ အဲဒီ ၁၀၀၀၀ လောက်မှာ ကျနော်တို့က ၉,၀၀၀ ကျော်လောက်တော့ ပြန်ပြီး ကယ်ပြီးသွားပြီ။ ၉,၂၀၀ ကျော် ၉,၃၀၀ လောက်ပေါ့။ အဲဒီလောက်တော့ ကယ်ပြီးသွားပြီ။ ပင်လယ်ပြင်ထဲမှာ အဲဒီနေ့က အလုပ်လုပ်နေတယ်လို့ ကျနော်တို့ ပြုစုတဲ့ စာရင်းတွေအရ ရထားတယ်။ အများစုကတော့ ဖျာပုံခရိုင်ထဲမှာပေါ့၊ စခန်းဖွင့်ပြီး လက်ခံတဲ့ နေရာကို အများစု ရောက်လာတာပေါ့။”

အခု မြန်မာနိုင်ငံမှာ နွေရာသီဖြစ်ပြီး ရာသီဥတု ကောင်းတာကြောင့် ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကြသူတွေဟာ ပင်လယ်ပြင်ထဲမှာ အားလုံးရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိုးလေ၀သဌာနက တနာရီကို ၃၅ မိုင်နှုန်းနဲ့ လေပြင်းတိုက်မယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ တနာရီကို မိုင် ၆၀ ကနေ ၇၀ ကြားလောက်အထိ လေပြင်းတွေ ကျခဲ့တာလည်း ဖြစ်ပါတယ်။

“သူတို့ဆီမှာ ရေဒီယိုလေးတွေ ပါတယ်ပြောတယ်။ မြန်မာနိုင်ငံကလွှင့်တဲ့ FM လိုင်းနဲ့ မိုးလေ၀သ သတင်းကိုတော့ သူတို့ နားထောင်ပါတယ်။ မိုးလေ၀သဌာနရဲ့ ခန့်မှန်းချက်ကလည်း လေပြင်းတိုက်မယ်လို့ ကြေညာတဲ့ဟာကလည်း ၃၅ မိုင်လောက်ပဲ ကြေညာတယ်လို့ သိရပြီးတော့ တကယ့်တကယ် တိုက်တာတော့ အဲဒီထက် ပိုသွားပုံရတယ်။

“လေ၀င်လာတဲ့ ဟာကလည်း သူတို့က အရှေ့ဘက်က လာမယ်လို့ ကြေညာချက်ကို မှန်းပြီးတော့ ထင်တဲ့ဟာ တကယ့်တကယ် တိုက်တဲ့အခါကြတော့ မြောက်တို့၊ အရှေ့မြောက်တို့က တိုက်လာတာဖြစ်တော့ ၀င်လာတဲ့ အချိန်ကလည်း ကြေညာချက်ကို စောပြီးတော့ ပို့လိုက်သလိုလည်း ဖြစ်သွားတယ်။ နောက် လေကလည်း ကြေညာတဲ့ဟာနဲ့ မိုင်ကလည်း ပိုနေတဲ့သဘော ရှိတာပေါ့။”

လေပြင်းကြောင့် ပင်လယ်ထဲ မျောသွားတဲ့ ရေလုပ်သားတွေအကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ တိုက်ခဲ့တဲ့ လေပြင်းကြောင့် ရေလုပ်သားတွေဟာ ကမ်းလွန် ရေနံတွင်းတူးစင်တွေ၊ ကိုကိုးကျွန်းဘက်တွေလို အပြင် ကော့သောင်း၊ ကျိုက်ခမီလို နေရာတွေအထိ ရောက်သွားကြတာ ရှိသလို ဟိုင်းကြီးကျွန်းဘက် အထိလည်း မျောပါသွားတဲ့သူတွေ ရှိပါတယ်။

တခါ ပင်လယ်ထဲမှာ ၀ါးဖောင်တွေနဲ့ မျောနေတဲ့သူတွေကို ငါးဖမ်းစက်လှေ အကြီးကြီးတွေက ကယ်ဆယ်နိုင်တာမျိုးလည်း ရှိခဲ့သလို အခု ကယ်တင်ထားနိုင်ခဲ့တဲ့ ရေလုပ်သားတွေကိုတော့ သူတို့ရဲ့ နေရပ်ဖြစ်တဲ့ ဖျာပုံမြို့ကို ပြန်ပို့နေပြီလို့လည်း ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

http://www.voanews.com/burmese/news/myanmar-fishermen-118547729.html

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဖျာပုံ ရေလုပ်သား ၄ဝဝဝ ကျော် ပျောက်ဆုံးနေဆဲ

နယူးဒေလီ (မဇ္ဈိမ) ။      ။ စိုက်ဆင်းလေပြင်းကြောင့် ငါးဖမ်းစက်လှေနှင့် ပုစွန်ဖမ်းကျားဖောင်များ ပျက်စီးကာ ပျောက်ဆုံးနေသည့် ရေလုပ်သား အရေအတွက် ဖျာပုံခရိုင် တခုအတွင်းပင် လေးထောင်ထက်မနည်းရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

အင်္ဂါနေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အပတ်စဉ် သားငါးကဏ္ဍဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးပွဲတွင် ဖျာပုံခရိုင်အတွင်း ကျားဖောင် ၂ဝဝဝ ကျော်ခန့်မှ အလုပ်သမား ၄ထောင်ထက်မနည်း ပျောက်ဆုံးနေသေးကြောင်း ဦးဝင်းကြိုင်က ပြောဆိုသွားခဲ့သည်ဟု တက်ရောက်သတင်းယူခဲ့သည် သတင်းထောက်တဦးက ပြန်လည်ပြောပြခြင်းဖြစ်သည်။ 

“သူပြောတာက ဖျာပုံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကျားဖောင် ၁၅ဝဝ နဲ့ ၊ မှတ်ပုံမတင်ထားတာ ၅ဝဝ ကျော်ရှိတယ်ပေါ့နော်။ ဖောင်တစီးကို အနည်းဆုံး လူသုံးယောက် အနည်းဆုံး ပါတယ်ဆိုတော့ လူလေးထောင်ထက်မနည်း ပျောက်ဆုံးနေသေးတယ်လို့ ပြောတယ်” ဟု သတင်းထောက်က ပြောသည်။

ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်စုံစမ်းရာ တာဝန်ရှိသူတဦးက - ဖျာပုံခရိုင်အတွင်းရှိ ကျားဖောင်များ အားလုံး ရာနှုန်းပြည့် ပျက်စီးသွားကြောင်းနှင့်၊ ပိုက်များမှာမူ ရေတွင်ချထားပြီး ဖြစ်၍ ၅ဝ ရာခိုင်နှုန်းခန့်သာ ဆုံးရှုံးကြောင်း အတည်ပြုသည်။

"သေဆုံးတို့ ပျောက်ဆုံးတို့ စာရင်းတွေကတော့ ကျနော်တို့က အတည်မပြုနိုင်သေးတာတွေရယ် စာရင်းအကုန် မရတာရယ် ရှိတယ်။ တချို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ရောက်နေကြတာတွေ ရှိတယ်" ဟု ဖျာပုံ ငါးဦးစီးမှ တာဝန်ရှိသူက ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် မတ်လ ၁၄ ရက်မှ ၁၇ ရက်အကြား ရာသီဥတုကြောင့် ငါးဖမ်းစက်လှေ ၁၇ စီးခန့် ငါး၊ပုစွန်ဖောင် ၈ဝဝ ခန့် ပျက်စီးခဲ့ကြောင်း၊ ရေမျော ဒုက္ခသည် ရေလုပ်သားများ စုစုပေါင်း ၃၆၃၈ ဦး ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း သေဆုံး၊ ပျောက်ဆုံး စာရင်းများ ဖော်ပြထားခြင်း မရှိပေ။

http://www.mizzimaburmese.com/news/inside-burma/7163-2011-03-23-13-58-55.html

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ပင်လယ်တွင်း၌ ရေလုပ်သား ၃ ထောင်ကျော် ပျောက်ဆုံးနေ

လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဖောင်များ၊ စက်လှေများ ပျက်ပြီး ပင်လယ်ထဲတွင် မျောပါနေသည့် ရေလုပ်သား ၇၀၀၀ ကျော် ရှိနေသော်လည်း ယမန်နေ့ကအထိ ကယ်ဆယ်ရရှိသူပေါင်းမှာ ၃၇၀၀ ခန့်သာ ရှိသေးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် နီးစပ်သူ တဦးထံမှ သိရသည်။

kawthaung01

ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် ရေလုပ်သား ဒုက္ခသည်များကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - http://burmese.nldburma.org)

“ကျနော်တို့ဆီက ငါးဖမ်းစက်လှေတွေ ပင်လယ်မှာ အစီး ၄၀၀ ကျော်လောက်ရှိတယ်။ အဲဒါတွေကို ချိတ်ဆက်ပြီး ပင်လယ်ပြင်က ဆယ်လို့ရသမျှ ရေလုပ်သားတွေကို ဆယ်ဖို့ အကြောင်း ကြားထားတယ်။ အခု လောလောဆယ် အထိတော့ ရန်ကုန်ကို ရောက်လာတာ ၃၇၀၀ ကျော်ရှိပြီ” ဟု သူကပြောသည်။

မတ်လ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တပ်မတော် (ရေ) စစ်ရေယာဉ်များ၊ ပင်လယ်တွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများက ရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်း ရေလုပ်သားများအနက် ၃၁၅၂ ဦးကို သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား ၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါးများ၊ အ၀တ်အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ ကူညီစောင့်ရှောက် ပေးထားကြောင်း ရေးသားထားသည်။

မတ်လ ၁၄ ရက်နေ့ မှ ၁၆ ရက်နေ့အထိ မိုင် ၆၀ မှ ၇၀ နှုန်းရှိ လေပြင်းတိုက်ခတ်မှု မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ဖြစ်ပွားခဲ့ရာ ပင်လယ်ကမ်းစပ်တွင် နေထိုင်သည့် ရေလုပ်သားများ၊ မိသားစုများ အပါအ၀င် ငါးဖမ်းထွက်သည့် ဖောင်များပျက်ခြင်း၊ စက်လှေနစ်ခြင်းတို့ကြောင့် ပင်လယ်တွင်း မျောပါသွားခဲ့ရသည်။

“အခုလောလောဆယ် စာရင်းသိရတဲ့ စက်လှေ၊ ငါးဖမ်းလှေမှာ ပါသွားတဲ့လူစာရင်းအရ ၇၀၀၀ ကျော်ဆိုပေမယ့် ကမ်းနားမှာ နေတဲ့ လူတွေက လူစာရင်းမရှိဘူး။ ကောက်လို့လည်း မရနိုင်သေးဘူး။ ဒါတွေ တိတိကျကျ ထပ်သိရရင် လူစာရင်း ပိုများ လာနိုင်တယ်” ဟု ဗိုလ်တထောင် သံလျှက်စွန်း ရေတပ်စခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက ဆက်လက်၍ “ရေတပ်ကနေ ဆယ်ယူရသမျှရော၊ ငါးဖမ်းလှေတွေ လာအပ်တဲ့ လူတွေကိုပါ စစ်ဆေးနေတယ်။ လူတွေ ကတော့ အရမ်းများနေတယ်။ ကုန်းပေါ်ရောက်တော့ တာဝန်ရှိသူတွေက ကားတွေ စီစဉ်ပေးပြီး သက်ဆိုင်ရာ ဒေသတွေကို ချက်ခြင်း ပြန်ပို့တာ” ဟု ဆိုသည်။

မုန်တိုင်းကြောင့် သေဆုံးသူ အလောင်း ၂၀၀ ကျော်ကို ပင်လယ်တွင်း ဆယ်ယူရရှိထားသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် နီးစပ်သူတဦးက “ဒေသခံ ငါးဖမ်းထွက်တဲ့ လူတွေ မုန်တိုင်းထဲ ပါလာတာများတယ်။ ရန်ကုန်က ထွက်တဲ့ ငါးဖမ်းစက်လှေ အကြီးကြီး တွေကတော့ ဘာမှ မဖြစ်ဘူး။ ပင်လယ်ထဲမှာ ဘယ်နှယောက် ကျန်သေးတယ် ဆိုတာ တိတိကျကျ ပြောလို့ မရသေးဘူး ဖြစ်နေတယ်။ မကယ်နိုင်ဘဲ ကျန်နေတာတွေလည်း ရှိနိုင်တယ်။ သင်္ဘောတွေကလည်း ဒေသ အမျိုးမျိုးပြန့်နေတော့ အဲဒီအနီးအနား မှာရှိနေ တဲ့ ငါးဖမ်းလှေတွေက ဆယ်လာပေးတာပါ” ဟု ပြောသည်။

ဆယ်ယူရခဲ့သော ရေလုပ်သားများ ထဲတွင် ဧရာဝတီ တိုင်းနှင့် မွန်ပြည်နယ်မှများကြောင်း၊ ပင်လယ်ရေစီးနှင့်အတူ မျောပါလာခြင်း ဖြစ်သောကြောင့် ရန်ကုန်ဘက်သို့ အများစု ရောက်လာကြကြောင်း သူက ဆိုသည်။

ထို့အပြင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုး တူ ပူးပေါင်း ဆောင်ရွက်နေသည့် Total E & P Myanmar ကုမ္ပဏီကလည်း ရေလုပ်သားများကို ကူညီရှာဖွေပေးခဲ့ပြီး   ရေလုပ်သားများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါး၊ အ၀တ်အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် ရေလုပ် သားတဦးလျှင် ကျပ် ၂ သောင်းစီကို ထောက်ပံ့ပေးခဲ့၍ ၎င်းတို့ပိုင် ရေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

“ဒုက္ခသည်တွေကို သွားစောင့်ပြီး သတင်းမေးမလို့ ပေးတွေ့ဘူး။ ရေလုပ်သားတွေရဲ့ နေရပ်ကို ပြန်ဖို့ ကားဂိတ်ကို ချက်ခြင်း ပြန်လွှတ်တာ။ မပြန်မှာစိုးလို့တောင် အစောင့်နဲ့ လိုက်ပို့တယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးက ပြောသည်။

လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာ တနိုင်ငံလုံးတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း အပါအ၀င် မိုးသက်လေပြင်းများ တိုက်ခတ်မည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၁၄ ရက်နေ့က သတင်း ထုတ်ပြန်ထားခဲ့သော်လည်း ဖြစ်ပေါ်ခဲ့သည့် စိုက်ဆင်းလေပြင်းများ၏ ပြင်းအားနှင့် ဖြစ်နိုင်ခြေကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
http://www.bur.irrawaddy.org/index.php/news/6040-2011-03-24-11-20-32
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒီမိုး၊ ဒီလေ၊ ဒီဌာနနဲ့ ...


ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ မြန်မာ့ရာသီ ဥတုသည်လည်း ယခုနှစ်ပိုင်းများအတွင်း ဖောက်ပြန်မှုများစွာ ရှိလာသည်။ ရာသီဥတုများ ဖောက်ပြန်လာမှုကြောင့် မြန်မာနိုင်ငံသားများအား ရာသီဥတုဖြစ်စဉ်များကို အချိန်မီလျင်မြန်စွာ အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ရေးအတွက် မိုးလေ၀သနှင့်ဇလဗေဒ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမို အခရာ ကျလာတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ (မိုး/ ဇလ) ဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ်မေးမြန်းထားသည်။

utunlwin

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် (ဓာတ်ပုံ - Myanmar Climate Chang Watch)

ဒေါက်တာထွန်းလွင်သည် ၁၉၆၅ ခုနှစ်မှ စတင်ကာ မိုးလေ၀သဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၀န်ထမ်းဘ၀တွင် အစိုးရ ပညာတော်သင်ဆုဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (မိုးလေ၀သ) ကို ရရှိခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် (အကြံပေးအရာရှိ) ရာထူးမှ အငြိမ်းစားယူခဲ့ပြီးနောက် ထိုင်းနိုင်ငံ AIT တွင်ဖွင့်လှစ်ထားသော RIMES (Regional Integrated Multi-hazard Early Warning System) ၏ နည်းပညာအကြံပေး အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar, Action Aid Myanmar, Eco Dev, NAG တို့တွင်လည်းကောင်း၊ Resource Person အဖြစ် ICHARM (Japan), EGRESS, World Vision Myanmar, Global Green အပါအ၀င် တခြားသော NGOs၊ INGOs များတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆုံးရှုံးနစ်နာနိုင်မှု လျော့ပါးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာ Myanmar Climate Change Watch အမည်ရှိ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ကို လွှင့်တင်၍ မိုးလေ၀သနှင့် သက်ဆိုင်သော သတင်းများ၊ ဆောင်းပါးများကို ရေးသားလျက်ရှိသည်။

မေး ။   ။ ၀န်ထမ်းဘ၀တုန်းက မိုး/ဇလ သတင်းတွေ တင်ပြရတာနဲ့ အခု ကိုယ်ပိုင်ဝဘ်ဆိုက်မှာ ရေးသားတင်ပြရတာ ဘယ်လို  ကွာခြားသွားတယ်လို့ ခံစားရပါသလဲ။

ဖြေ ။   ။ အများကြီးကွာသွားတာပေါ့ဗျာ။ အရင်က ၀န်ထမ်းဆိုတော့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေ လိုက်နာရတာပေါ့။ ကိုယ့်အထက်မှာ ရှိတာပေါ့။ ကိုယ့်အထက်ကလူရဲ့ ခွင့်ပြုမှုတို့၊ အတည်ပြုမှုတို့ လိုတာပေါ့။ ဒါတွေကို အလုပ်သဘောအရ မလုပ်မနေ လုပ်ရတာပေါ့။ အခုကျတော့ တယောက်တည်း လုပ်လို့ရပြီး အပေါ်မှာလည်း တင်ပြစရာမရှိတော့ လွတ်လပ် သွားတာပေါ့။ အဓိက ကွာခြားတာကတော့ လွတ်လပ်မှုပါပဲ။

မေး ။   ။ အငြိမ်းစားဘ၀မှာ မိုးလေ၀သ ခန့်မှန်းချက်တွေ ဆက်ထုတ်ပေးနေနိုင်အောင် ဘယ်လို အကိုးအကားတွေ၊ ကိရိယာတွေကို ကိုင်တွယ် သုံးစွဲနေပါသလဲ။

ဖြေ ။   ။ အဓိကကတော့ ကျနော့်ရဲ့ အတွေ့အကြုံရယ်၊ မိုးလေ၀သနဲ့ ပတ်သက်တဲ့ ပညာတွေ ရရှိအောင် သင်ပေးလိုက်တဲ့ ဖလော်ရီဒါ တက္ကသိုလ်က ဆရာတွေရဲ့ သင်ကြားမှုတွေရယ်ကို ပြန်လည် အသုံးပြုနေရတာပါပဲ။ အခု ကျနော် လက်ရှိလုပ်နေတဲ့ ၀က်ဘ်ဆိုက် ခန့်မှန်းချက်တွေအတွက် သုံးနေရတဲ့ ကိရိယာကတော့ အင်တာနက်ပါပဲဗျ။ အင်တာနက်မှာ ဖော်ပြထားတဲ့ သတင်း အရင်းအမြစ်တွေ (source of information) ကို အခြေခံပြီးတော့ ကျနော် တတ်ကျွမ်းထားတဲ့ ပညာနဲ့ မြန်မာနိုင်ငံမှာတော့ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ခန့်မှန်းရတာပေါ့။

မေး ။   ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာ ရေးထားတဲ့ မိုးလေ၀သဆိုင်ရာ ဆောင်းပါးထဲမှာ မိုးတိမ်တောင်၊ လေဆင်နှာမောင်းနဲ့ စိုက်ဆင်း လေပြင်းဖြစ်စဉ်တွေကို ကမ္ဘာမှာ လက်ရှိတိုင်းတာ နေသလို စကေးအသေးစိတ် တိုင်းတာနိုင်ဖို့အတွက် ရေဒါ တိုင်းတာချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါတွေကို မြန်မာပြည်မှာ တပ်ဆင်နိုင်ဖို့ ၁၉၉၇ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့တာ အခုထိပဲလို့ ရေးထားတာ တွေ့ရပါတယ်။ ဘယ်လိုအခက်အခဲတွေကြောင့် အခုထိ အသုံးမပြုနိုင်သေးတာလဲ သိချင်ပါတယ်။

ဖြေ ။   ။ အဓိကကတော့ နှစ်ပိုင်းပေါ့။ တပိုင်းကတော့ အထောက်အကူပြု ကိရိယာ အားနည်းတဲ့အပိုင်းပေါ့။ ဥပမာ ဆိုကြပါစို့။ လူတွေက လေဆင်နှာမောင်း ခန့်မှန်းလို့ရလား၊ မိုးတိမ်တောင်ကို မပြောနိုင်ဘူးလားဆိုပြီး မေးလာရင် နည်းပညာပိုင်း အရတော့ ပညာရှင်တွေက ပြောနိုင်တာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး ဘယ်အချိန်လောက်မှာ အင်အား ဘယ်လောက်နဲ့ ၀င်လာနိုင်တယ် ဆိုတာကို အနီးစပ်ဆုံး ပြောဖို့အတွက် အထောက်အကူပြု ကိရိယာတွေ လိုတယ်ပေါ့။

အထောက်အကူပြု ကိရိယာဆိုတာလည်း ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ မိုးလေ၀သဆိုင်ရာ ရေဒါ လိုတာပါပဲ။ ရေဒါကလည်း အမျိုးမျိုးရှိတာပေါ့။ ရေဒါရဲ့ တိုင်းထွာနိုင်စွမ်းအပေါ် မူတည်ပြီး သူတိုင်းထွာနိုင်တဲ့ အ၀န်းအ၀ိုင်း အတွင်းမှာတော့ အပ်ကျတာကအစ မြင်နိုင်တာပေါ့။ အခုအချိန်အထိတော့ ကျနော်တို့ဆီမှာ ရေဒါကောင်း တခုမှကိုမရှိဘူး။ အရင်တုန်းကတော့ ကျောက်ဖြူမှာ မုန်တိုင်းကြည့် ရေဒါ တခုရှိပါတယ်။ ၁၉၇၄ ခုနှစ်က ထုတ်တဲ့ ရေဒါပါ။ တပ်ဆင်တာကတော့ ၁၉၇၆ ခုနှစ် လောက်မှာလို့ ထင်ပါတယ်။ ကျနော်တို့ မိုး/ဇလ က လူတွေလည်း ရိုရိုသေသေ သုံးပါတယ်။ ဒါပေမယ့် ကာလကြာလာတော့ ပျက်စီး ယိုယွင်းလာတဲ့အတွက် အပိုပစ္စည်းထည့်ဖို့ လိုလာလို့ လိုက်ရှာတော့ မရတော့ဘူးဗျ။ မိုဒယ်လ်က အောက်နေပြီကိုး။ ဆိုတော့ ဒီရေဒါကြီးကို ဒီအတိုင်း ထားလိုက်ရတာပေါ့။ အဲဒီကတည်းက ကျနော်တို့လည်း ရေဒါသစ်ပြန်ရရေး ကြိုးစားကြပါတယ်။ ကျနော်တို့ရဲ့ ရရာ ရကြောင်းကလည်း အကူအညီတောင်းတဲ့ အစီစဉ်နဲ့ပဲ တောင်းကြရတာပေါ့။ ကမ္ဘာ့ မိုးလေ၀သအဖွဲ့ချုပ်ရဲ့ စေတနာအလျောက် ထောက်ပံ့တဲ့အစီစဉ်က တောင်းတဲ့အခါကျတော့ မရခဲ့ဘူးဗျာ။ ပြောရရင် ကျနော်တို့ အလှူရှင် ရှာလို့ မရဘူးပေါ့။ မရတော့လည်း ရေဒါ မတပ်နိုင်ဘူးပေါ့။ လိုရင်းကတော့ ဒါပါပဲဗျ။

မေး ။   ။ ရေဒါတွေ တပ်မယ်ဆိုရင် ဘယ်လောက် ကုန်ကျနိုင်ပါသလဲ။ ဘာကြောင့် အစိုးရက မတပ်နိုင်သေးတာလဲ။

ဖြေ ။   ။ ရေဒါကတော့ အမျိုးအစား မျိုးစုံရှိပါတယ်။ ကျောက်ဖြူမှာ ရေဒါပြန်တပ်မယ်၊ အဆောက်အအုံနဲ့ ၀န်ထမ်း အိမ်ရာတွေလည်း ပါမယ်ဆိုရင် ကျနော်တို့ တွက်ထားတာ ဒေါ်လာ ၇ သန်းလောက် ကုန်ကျပါမယ်။ အလုပ်အပေါ်မှာ မူတည်ပြီး တပ်မယ်ဆိုရင်တော့ ဒေါ်လာ လေး၊ ငါးသောင်းနဲ့လည်း တပ်လို့ရပါတယ်။ ဘာ့ကြောင့် မတပ်သေးတာလဲ ဆိုတာတော့ ကျနော် ဖြေရမယ့် မေးခွန်းမဟုတ်လို့ မဖြေတတ်ပါဘူး။

မေး ။   ။ ပြည်တွင်းမှာ အင်တာနက် မြန်နှုန်းက တခါတရံမှာ အလွန်အမင်းကို ကျဆင်းသွားတတ်တယ်လို့ သုံးစွဲသူတွေက ပြောကြပါတယ်။ ဆရာလည်း အင်တာနက်အသုံးပြုပြီး မိုးလေဝသ ခန့်မှန်းမှုတွေကို ၀က်ဘ်ဆိုက် တင်နေရတာဆိုတော့ အခက်အခဲ မကြုံရဘူးလား။

ဖြေ ။   ။ ဒီလိုကတော့ ကြုံရပါတယ်။ ကောင်းလိုက်၊ မကောင်းလိုက်ပေါ့ဗျ။ နည်းနည်း ညံ့သွားတဲ့ အခါတွေမှာ အခက်အခဲ တွေ့တာပေါ့။ ဒီမှာသုံးလို့  အဆင်ပြေတဲ့အချိန်က လူသုံးနည်းတဲ့ အချိန်တွေပေါ့ဗျာ။ ဒါကြောင့် အင်တာနက်ကောင်းကောင်း သုံးချင်ရင် ည ၁ နာရီကျော်မှ သုံးရတာမျိုးတွေလည်း ရှိပါတယ်။ မိုးလင်းတဲ့အထိ အလုပ်လုပ်ရပါတယ်။ လုံးဝ သုံးမရတော့ဘူး ဆိုရင်လည်း မြန်နှုန်းမြင့်ရတဲ့ ဆိုင်တွေမှာ သွားသုံးရတာတွေ ရှိတယ်။ မြန်နှုန်းမြင့်အင်တာနက် ရတဲ့ စင်တာတွေကို သွားသုံး ရတာတွေလည်း ရှိပါတယ်။ အဲဒီလို mobile user လုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ မိုး/ဇလ သတင်းတွေကို အချိန်မီ ထုတ်ပေးနိုင်အောင်တော့ ကျနော်လည်း ကြိုးစားပါတယ်။ လုံးဝ မရတော့ဘူး ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး ။   ။ မြန်မာနိုင်ငံရဲ့ ရာသီဥတု ဖြစ်စဉ်တွေက အခုနောက်ပိုင်းမှာ တော်တော်ဆိုးဆိုးရွားရွား ဖောက်ပြန်လာတာ တွေ့ရပါတယ်။ ရာသီဥတု ပြန်လည်ကောင်းမွန်လာဖို့ ဘာတွေ လုပ်သင့်တယ်လို့ ထင်မြင် မိပါသလဲ။

ဖြေ ။   ။ အဲဒါကတော့ သိပ်တော့ မလွယ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာ့ရာသီဥတုကိုက ဖောက်ပြန်လာတာကိုး။ ဒါပေမယ့်လည်း လက်လျော့ရမယ်တော့ မဟုတ်ဘူးပေါ့လေ။ အများဆုံး တတ်နိုင်တာကတော့ သစ်ပင်ပြန်စိုက်တဲ့ အလုပ်ပေါ့ဗျာ။ ဒီအလုပ်ကိုပဲ ဦးစားပေး လုပ်နေကြရမှာပါပဲ။ ကမ္ဘာမှာတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လေ့လာထားတာ ရှိပါတယ်။ ဘယ်ရပ်ဝန်း (sector) က ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် အဓိက အကျိုးသက်ရောက် စေသလဲ ဆိုတာပါ။ ဥပမာ စိုက်ပျိုးရေးလား၊ စက်မှုလုပ်ငန်းလား၊ သစ်တောပြုန်းတီးတာလား၊ လူဦးရေတိုးမှုကြောင့်လား စတဲ့ ရပ်ဝန်းတွေအပေါ် မူတည် တွက်ချက်ထားတာ ရှိပါတယ်။

ကဏ္ဍအသီးသီးကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို လေ့လာတဲ့အခါ ပေါ်ထွက်လာတဲ့ ရလဒ်ကတော့ ရာသီဥတု ပြောင်းလဲမှုအတွက် အဓိကကျတဲ့ အကြောင်းအရာဟာ တိုင်းပြည်တပြည်ရဲ့ ဂျီဒီပီ လို့ ထွက်လာပါတယ်။ ဂျီဒီပီ ဆိုတာတော့ သိကြတဲ့ အတိုင်းပဲ နိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ညွှန်းကိန်းတခုပါပဲ။ ဒီအပေါ် မူတည်ပြီး ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ် စေနိုင်တယ်လို့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

မေး ။   ။ တချိန်တုန်းက ပင်လယ် မှောင်ခိုလှေတွေဟာ မိုး/ဇလ ၀န်ထမ်းတွေနဲ့ ပေါင်းပြီး ပင်လယ်မှာ မုန်တိုင်းရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထုတ်ခိုင်းတယ်၊ အဲဒီသတင်းပေါ်ထွက်လာလို့ အစိုးရ ကင်းလှည့်ရေယာဉ်တွေ ကမ်းကပ် ရပ်နားထားချိန်မှာ မှောင်ခိုလှေတွေ ထွက်လေ့ရှိတယ်ဆိုပြီး ပြောကြတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောပြနိုင်ပါမလဲ။

ဖြေ ။   ။ ကျနော့်ဘက်ကတော့ လုံးဝ ငြင်းဆိုပါတယ်။ ဒီလိုအဖြစ်မျိုးတွေ မရှိခဲ့ပါဘူး။ ကျနော်တို့ မိုး/ဇလ ဌာနအနေနဲ့ အဲဒီလိုလုပ်လို့ လုံးဝကို မရနိုင်ပါဘူး။ မိုး/ဇလ ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိတဲ့သူတွေ ရမ်းသမ်းပြောတာပဲ ဖြစ်ပါလိမ့်မယ်။ မိုးလေ၀သ ခန့်မှန်းချက် သတင်းတွေကို အရင်ကတော့ ရန်ကုန်ရုံးချုပ်က ထုတ်တာပါ။ အခုတော့ နေပြည်တော်ပေါ့နော်။ မိုးလေ၀သ သတင်းတွေကို တဦးတယောက်က ထုတ်လို့မရပါဘူး။ ကျနော်တို့ အဖွဲ့အစည်းနဲ့ ထုတ်ရတာ ဖြစ်ပါတယ်။

မေး ။   ။ ၂၀၀၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ် ဖြစ်စဉ်ကို ပြန်တွေးလိုက်မယ်ဆိုရင် ဆရာ ဘယ်လိုများ ခံစားရပါသလဲ။

ဖြေ ။   ။ နာဂစ်ဖြစ်စဉ်ကို ပြန်တွေးလိုက်ရင်တော့ မချင့်မရဲတော့ ဖြစ်တာပေါ့ဗျာ။ မချင့်မရဲဖြစ်တယ်ဆိုတာက နာဂစ်က ဒီနေရာမှာ ဒီလို ဖြစ်တော့မယ်ဆိုတာ ကျနော် ၅ ရက်လောက် ကြိုသိနေတာပဲလေ။ ဒါပေမယ့်လို့ ကျနော်တို့အားလုံးက အတွေ့အကြုံ မရှိကြတာရယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ အရေးတယူ မရှိတာရယ်၊ အထင်သေးတာလည်း ပါတယ်ပေါ့လေ။ ဒီလိုကြီး အထိတော့ မဖြစ်လောက်ဘူးဆိုပြီး ထင်ခဲ့ကြတာလည်း ပါတယ်ပေါ့လေ။ အားလုံးပါပဲ။ ဘယ်သူကြောင့်ရယ်လို့ အပြစ်မပြောပါဘူး။ ပထမဆုံးအကြိမ် ဆိုတော့ ပေးဆပ်မှုက ကြီးတာပေါ့။ တခြားနိုင်ငံတွေမှာလည်း ပထမဆုံးအကြိမ်တော့ ဒီလို ဖြစ်လေ့ရှိပါတယ်။ လောလောဆယ်တော့ ကျနော့် ခေါင်းထဲမှာ ရှိနေတာက နောက်တကြိမ် ထပ်မဖြစ်ဖို့ပါပဲဗျာ။ နောက်တကြိမ် မဖြစ်ဖို့ဆိုတာက ကျနော်တို့ ဖြည့်ဆည်းသင့်တာ ဖြည့်ဆည်းရမယ်။ ပြုပြင်သင့်တာ ပြုပြင်ရမယ်။ ပိုကောင်းအောင် လုပ်သင့်တာ လုပ်ရမယ်။ နာဂစ်က ပေးသွားတဲ့သင်ခန်းစာတွေကို လေ့လာပြီး အကောင်းဆုံး ပြင်ဆင်ကြဖို့ လိုပါတယ်။     ။
http://www.bur.irrawaddy.org/index.php/interview/4-interview/6037-2011-03-24-08-21-16



မူရင်းသတင်းဖြန့်ဝေသော သတင်းဌာနများရဲ့ လင့်ခ်များကိုတခါတည်းထဲ့သွင်းပေးထားပါတယ်။



--
သူကြီး
mmweather administration team
Philippine Branch
http://mmweather.com/
http://mmweather4u.cbox.ws/


Reply all
Reply to author
Forward
0 new messages