ငယ်ငယ်က ၀တ္ထုတစ်ပုဒ်ထဲ ဖတ်ဖူးတာက လက်ပြတ်ရင် လက်ပြန်ပေါက်ရမယ်။ အဲဒီလို။
အခု Stem cells အကြောင်းရေးမယ် ကြံတော့ အဲဒါကို သတိရတယ်။ သဘောတရားကတော့
ဘာမှမခြားဘူး။ သူနဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်မှုက အတူတူပဲ။
ဒါဖြင့်လက်ပြန်ပေါက်တဲ့ အထိတတ်နိုင်နေပြီလားဆိုတော့ မဟုတ်ဘူး။ အခုထိတော့
မဖြစ်နိုင်သေးဘူး။ အခု အခြေအနေ အရ ကတော့ ဖြစ်ကို ဖြစ်မှာမဟုတ်ဘူး
လို့တောင် ဆိုနိုင်တယ်။ ဒါပေမဲ့ လေယာဉ်ပျံ မပေါ်ခင်က လေယာဉ်နဲ့ ပတ်သက်တဲ့
စိတ်ကူး ရှိရင် အဲဒီ စိတ်ကူး ဖြစ်ကို ဖြစ်မှာမဟုတ်ဘူးပဲ ပြောကြမှာပဲ။ အခု
Stem cells ကတော့ လေယာဉ်ပျံ ထုတ်တာထက် နီးစပ်သေးတယ်။ ဒါကြောင့် ဘာကိုမှ
အပြတ် မပြောရဲဘူး။ စောင့်ကြည့်ရုံပဲ။
Stem cells ဆိုတာက သစ်ပင်မှာရှိတဲ့ ပင်စည်လိုမျိုးပဲ။ သူကနေ အကိုင်းအခက်
အသီးအရွက်တွေ ထွက်လာရတာ။ အဲဒီလိုပဲ လူတွေ သတ္တ၀ါမှာလည်း ကလလ ရေကြည်
(zygote) ဘ၀မှာ ဆဲလ်နည်းနည်းပါးပါး ရှိတယ်။ အဲဒီ အနည်းငယ်သော
ဆဲလ်တွေကနေပဲ အခုလောက်ကြီးကြီး ဖြစ်လာအောင် အဆင့်ဆင့်ပွားလာရတယ်။ ပွားတဲ့
နေရာမှာလည်း ကြွက်သားဖြစ်မဲ့ ဆဲလ်လမ်းကြောင်း၊ အရေပြားဖြစ်မဲ့
ဆဲလ်လမ်းကြောင်း စသည်ဖြင့် တကိုယ်လုံးက အင်္ဂါအစိတ်အပိုင်း အသီးသီး
ဖြစ်ဖို့ လမ်းကြောင်းအသီးသီး နဲ့ အဆင့်ဆင့် ပွားသွားရတယ်။ ဘယ်အရာမှ
တစ်ဆင့်တည်းမရဘူး။ ဒီတော့ အဲဒီ ကလလရေကြည် သန္ဓေသားဘ၀ (zygote)မှာ
ရှိခဲ့တဲ့ ဆဲလ်တွေဟာ ကိုယ်ခန္ဓာ အင်္ဂါ အစိတ်အပိုင်း အသီးသီးကို
ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိနေတာ ထင်ရှားတယ်။ အလွယ် ပြောရင်တော့ အဲလို
အစွမ်းသတ္တိရှိနေတဲ့ ဆဲလ်တွေကို Stem cells တွေလို့ ခေါ်ကြတာပဲ။ ဘာသာ ပြန်
ရရင်တော့ ရင်းမြစ်ဆဲလ် တွေပေါ့။
နောက်ကြောင်း
ရင်းမြစ်ဆဲလ် တွေ အကြောင်း ပုဂ္ဂိုလ်နှစ်ဦးက ပူးပေါင်းပြီး သိတယ်။
တစ်ဦးကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန် (၁၉၄၈)မှာ ဆရာဝန်(MD)
ဘွဲ့ရတဲ့ Dr.Ernest Armstrong McCulloch ပဲ။ ကနေဒါ နိုင်ငံသား။ ဇီဝဆဲလ်
ဗေဒ ပညာရှင်။ သုတေသန ဘက်လိုက်ရင်း ၁၉၅၇ လောက်မှာ James Till
နဲ့ပေါင်းမိတယ်။ Dr.James Edgar Till က ရူပဗေဒ နဲ့ ဘွဲ့ရတယ်။ နောက်တော့
F.R.C.S ရသေးတယ်။ ဇီဝ ရူပဗေဒ ပညာရှင် လို့ ဆိုရမယ်။ သူလည်း ကနေဒါ
နိုင်ငံသား ပါပဲ။ ပညာရှင် တို့ဟာ ဓာတ်ကင် ထားတဲ့ ကြွက်ထဲကို ရိုးတွင်း
ခြင်ဆီ ဆဲလ်တစ်ချို့ ထိုးပေးတယ်။ အမှန်က ရိုးတွင်း ခြင်ဆီဆဲလ် ထဲမှာလည်း
ရင်းမြစ်ဆဲလ် တစ်ချို့ ပါတယ်။ အဲဒီတုန်းကတော့ ဘယ်သိဦးမလဲ။
ဒီလိုထိုးပေးတော့ ကြွက်တွေရဲ့ ဘေလုံး(Spleen) ထဲမှာ အလုံးအကြိတ်တွေ
ဖြစ်လာသတဲ့။ သေချာ စစ်ဆေးကြည့်တော့ အလုံးတစ်ခုချင်း ဆီဟာ
ရိုးတွင်းခြင်ဆီက ပါတဲ့ ဆဲလ်တစ်လုံးချင်း ဆီက ဆင်းသက်လာတာကို တွေ့တယ်။
၁၉၆၃ မှာအဲဒီ အကြောင်း Nature Journal မှာ စဖော်ပြ လိုက်တယ်။ ဒီဂျာနယ်က
၁၈၆၉ မှာ စထုတ်တဲ့ သိပ္ပံဂျာနယ်။ Nature Journal vol:197 မှာ သူတို့တင်တဲ့
စာတမ်းနာမည်က Cytological demonstration of clonal nature of spleen
colonies derived from transplanted mouse marrow(ခြင်ဆီဆဲလ်မှ ဖြစ်လာတဲ့
ဘေလုံး ပေါ်က ဆဲလ် အစုအဝေးကို ဆဲလ်ဗေဒအရ သရုပ်ခွဲပြခြင်း) တဲ့။
အဲဒီနှစ်မှာပဲ ကနေဒါနိုင်ငံသား Louis(lou)Siminovitch နဲ့ပေါင်းပြီး
စမ်းတဲ့အခါမှာ ဒီဆဲလ်တွေရဲ့ မိမိဖာသာ အသစ်ပွားနိုင်မှု(Self renewal)
ဂုဏ်သတ္တိကို တွေ့တယ်။ ဒါဟာ အရေးပါတဲ့ တွေ့ရှိချက်ပဲ။
ရင်းမြစ်ဆဲလ်နှစ်မျိုး
ရင်းမြစ်ဆဲလ်က နှစ်မျိုးရှိနေတယ်။
သန္ဓေသားရင်းမြစ်ဆဲလ်( Embryonic Stem Cells)။ ။ တစ်မျိုးက သန္ဓေသားဘ၀က
ဆဲလ်တွေပါပဲ။ မမျိုးဥနဲ့ သုက်ကောင်တို့ ပေါင်းမိရင် သားအောင်တဲ့
ကလလရေကြည် (zygote) ဖြစ်တယ်။ သူက သားဥပြွန်အတိုင်း သားအိမ်ဘက်ကို
ဆင်းလာတယ်။ ဆဲလ်တွေကလည်း အဆင့်ဆင့် ပြောင်းလာကြတယ်။ ငါးရက်မြောက်နေ့မှာ
ဖြစ်တဲ့ ဆဲလ်ဘ၀ကို ဘလက်စတိုဆစ်(Blastocyst) လို့ခေါ်တယ်။ အဲဒီဆဲလ်တွေကို
ရင်းမြစ်ဆဲလ်တွေလို့ ခေါ်တာပါပဲ။ (Fig1)
FIG1label:(Blastocyst)
အဲတော့ လက်စွပ်လိုပုံ ဖြစ်နေတဲ့ ဘလက်စတိုဆစ် မှာ ဆဲလ်နှစ်မျိုးရှိနေတယ်။
အတွင်းဘက် ဆဲလ်အစုအဝေး (Inner cell mass)က ရင်းမြစ်ဆဲလ်။ အပြင်ဘက်ဆဲလ်
(Trophoblast) ကတော့ နောက်ပိုင်း ချက်ကြိုးဖြစ်ပြီး မွေးတော့
ဖြတ်ပစ်ရမှာ။
လူကြီးရင်းမြစ်ဆဲလ်(Adult stem cells)။ ။ဒုတိယတစ်မျိုးက
လူကြီးရင်းမြစ်ဆဲလ်။ မူလ သန္ဓေသားဘ၀က ဆဲလ်တွေကနေ လူကြီးဆဲလ်တွေ ဖြစ်အောင်
အဆင့်ဆင့် ပွားလာရတာ။ ကြွက်သား ၊အရေပြား စတဲ့ အစိတ်အပိုင်း အသီးသီး
ဖြစ်အောင် ပွားလာရတာ။ ဒီကြွက်သားဆဲလ် စတာတွေ ကလည်း ကြာကြာခံတာ မဟုတ်ဘူး။
သေသေသွား တာပဲ။ အဲဒီသေသွားတဲ့ နေရာတွေကို အစားထိုးဖို့က ရင်းမြစ်ဆဲလ်ကပဲ
စရတယ်။ ဒီနေရာကျတော့ လူကြီးရင်းမြစ်ဆဲလ်တွေက အသစ် အစားထိုးဖို့ တာဝန်ကို
ယူရတယ်။ လူကြီးရင်းမြစ်ဆဲလ် တွေက သန္ဓေသားဆဲလ်တွေလိုတော့ ဆဲလ်အမျိုးအစား
အားလုံးနီးပါး ဖြစ်အောင် မတတ်နိုင်ဘူး။ သန္ဓေသားဆဲလ်တွေက တော့
အားလုံးနီးပါး တတ်နိုင်တယ်။
ဒါပေမဲ့ လူကြီးရင်းမြစ်ဆဲလ်တွေ ကောင်းတာက ကျင့်ဝတ်ပိုင်းနဲ့ မငြိဘူး။
တကယ်တော့ သန္ဓေ ရင်းမြစ်ဆဲလ်တွေနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတိုင်းမှာ
ကျင့်ဝတ်နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်တွေက ဖြစ်နေတာပဲ။ ပုံတူပွား မျိုးဗီဇ
(Cloning) မှာဖြစ်သလိုပဲ။ ကျင့်ဝတ်သမားတွေက အမြဲ ကန့်သတ်ပေးနေတယ်။
နောက်ပိုင်းမှာ ပိုထင်ရှားမယ်။
နည်းပညာ သဘောတရား
ရင်းမြစ်ဆဲလ်နေ လိုချင်တဲ့ ဆဲလ်ဆီသို့။ ။ ရင်းမြစ်ဆဲလ်ကနေ လိုချင်တဲ့
ဆဲလ်ပြောင်းဖို့ကတော့ မွေးတဲ့နေရာ(Cell culture (fig2)) လိုတယ်။(၂၀ ရာစု
အစောပိုင်းမှာ စသုံးတဲ့ ပစ္စည်းပဲ။)
Epithelial cells In culture (fig2)
သဘောတရားကရှင်းတယ်။ လူ့ကိုယ်ခန္ဓာရဲ့ ပြင်ပ ဖန်ကလပ်လေးထဲမှာ ဆဲလ်အတွက်
လိုအပ်တဲ့ အာဟာရ စတာတွေ ထည့်ထားတယ်။ ဖြစ်လိုတဲ့ ကြွက်သားဆဲလ်(စတဲ့)
လမ်းကြောင်း တစ်ခုခုကို ရွေးချယ်ပြီး အဲဒီလမ်းကြောင်းကို အားပေးမဲ့
ဓာတ်ပစ္စည်းတွေထည့်ထားတယ်။ ရင်းမြစ်ဆဲလ်ကတော့ အတူတူပဲ။ ထည့်တဲ့
ဓာတ်ပစ္စည်းပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့ ရလာဒ် ဆဲလ်လည်း ကွာသွားတယ်။
(Fig3)label:ရင်းမြစ်ဆဲလ်ထည့်ပုံ:ရရှိလာတဲ့ ရင်းမြစ်ဆဲလ်ကို
ကြွက်ရဲ့ကိုယ်ထဲ ထည့်ပြီး စမ်းသပ်ကြတယ်
အခက်အခဲပိုင်း။ ။ အခက်အခဲကတော့ ထုံးစံအတိုင်း သဘောတရားကို
လက်တွေ့ဖြစ်အောင်လုပ်တဲ့ အခါမှာ နည်းပညာအခက်အခဲ ဖြစ်လာတယ်။ မျိုးဗီဇ သုတ
တွေလည်းလိုလာတယ်။ စပွားအောင် လုပ်ဖို့က ခလုတ်အနေနဲ့
ဓာတုပစ္စည်းတွေလိုတယ်ပေါ့။ အချက်ပေးပစ္စည်းတွေ(Signals)လို့
နာမည်ပေးထားတယ်။ ပညာရှင်တွေ အနေနဲ့ မျိုးဗီဇ ပိုင်းရယ် ဆဲလ်မွေးတဲ့
အပိုင်းရယ် ဆဲလ်ထည့်သွင်းတဲ့ အပိုင်းရယ် သုံးပိုင်းလုံးကို
လေ့လာဖို့လိုတယ်။ ရူပဗေဒ ဇီဝဗေဒ ဓာတုဗေဒ ဆေးပညာ ပညာရပ်ပေါင်းစုံက
ပညာရှင်တွေ လူတွေလိုလာတာပဲ။ ပိုက်ဆံ လည်းလိုတယ်။ အကာအကွယ်ပေးမဲ့ ဥပဒေ
အသစ်တွေလည်း လိုတယ်။
အကျိုးကျေးဇူး
ရင်းမြစ်ဆဲလ်တွေကနေ ရလာမဲ့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးကတော့ လူတွေရဲ့
အင်္ဂါ အစိတ်အပိုင်းတွေ မကောင်းတာ တွေရှိတယ်။ အစားထိုးဖို့လိုလာမယ်။
ဒီနေရာမှာ အစားထိုးနိုင်မယ်။ ဥပမာ- သွေးကင်ဆာတွေမှာ အလုပ်မလုပ်တဲ့
သွေးဆဲလ် တွေရှိတယ်။ သူတို့ကို အစားထိုးဖို့လိုမယ်။ နောက် ဆီးချို
တစ်မျိုးဟာ ပန်ကရိယ(Pancreas)က ဘီတာဆဲလ် (beta cell)ပျက်လို့ဖြစ်ရတာပဲ။
သူ့နေရာမှာ ရင်းမြစ်ဆဲလ် ထည့်ပြီး ပြန်လုပ်မယ်။ စသည်ဖြင့်..
လောလောဆယ်သုံးနေပုံ
၁။ ။ ဒီဆဲလ်တွေကို ဆေးတိုးမတိုး အာနိသင်ကောင်းမကောင်း စမ်းတဲ့နေရာမှာ
သုံးနေတယ်။
၂။ ။အောက်ကရောဂါတွေမှာလည်း သုံးဖို့ကြိုးစားနေတယ်။
-ပါကင်စွန်(Parkinson's disease)
-အယ်လ်ဇိုင်းမား(Alzheimer's disease)
-ကျောရိုးအာရုံကြောမ ဒဏ်ရာ(Spinal cord injury)
-လေဖြတ်တာ(Stroke)
-မီးလောင်(Burns)
-နှလုံးရောဂါ(Heart Disease)
-ဆီးချို(Diabetes)
-အရိုးအဆစ်ရောင်(Osteoarthritis)
-ရူမတွိုက် အဆစ်ရောင်(Rheumatoid arthritis)
သုတေသန လုပ်နေတဲ့ နမူနာ ခေါင်းစဉ်တစ်ချို့
> Hematopoietic stem cell research
> Human embryonic stem cell research
> Mouse embryonic stem cell research
> Mesenchymal stem cell research
> Neural stem cell research
> Endothelial cell research
> Mammary epithelial cell research
> Prostate epithelial cell research
> Hybridoma generation & transfected cell selection
> Primary cells
> Sera & serum-free media
> CE Marked IVD products
အဲဒီထဲက အတော်များများက သုတေသန ဆောင်းပါးတွေ စာတမ်းတွေ ထွက်လာပါပြီ။
နောက်ဆုံး သတင်းနှင့် အချက်များ
အသက်ရှိမရှိ။ ။၁)Stem Cell Information(http://stemcells.nihgon/info/
basics)မှာ ဖော်ပြထားချက်အရ ရင်းမြစ်ဆဲလ်နဲ့ ပတ်သက်လို့ အုပ်စုနှစ်အုပ်စု
ကွဲနေကြတယ်။ တစ်စုက ဒီလိုယူဆတယ်။ မမျိုးဥနဲ့ သုက်ကောင် ပေါင်းမိပြီး ကာစ
ကလလရေကြည် ဘ၀မှာတည်းက လူသားဖြစ်ပြီဆိုတယ်။ ဒီအဆင့်က သန္ဓေသားရင်းမြစ်
ဆဲလ်တွေကို သုတေသန အတွက် ယူတာဟာ လူသတ်တာပဲတဲ့။
၂)နောက်တစ်စုကတော့ ပြောင်းပြန်ယူဆတယ်။ အဲဒီအဆင့်မှာ
မြင်နိုင်ကြားနိုင်တာတွေမရှိဘူး။ မတွေးတတ်မခေါ်တတ် အသိစိတ်လည်း မရှိတတ်သေး
ဘူး။ ဒါကြောင့် လူသားမဟုတ်သေးဘူး။ ဒီလိုယူဆတယ်။
သမ္မတ အထိန်းအကွပ်
၁၉၉၆မှာ အမေရိကန်မှာ Federal laws က နိုင်ငံတော် အခွန်ဘဏ္ဍာတွေကို
သန္ဓေသားသတ်တဲ့ ဘက်မှာ မသုံးရလို့ ဆိုတယ်။ ကလင်တန်အစိုးရက
သန္ဓေသားသတ်တဲ့ဘက် မရောက်စေနဲ့ သုတေသနတော့ ဆက်လုပ်လို့ ခွင့်ပြုတယ်။
ဒီတော့ ဘယ်လိုဖြစ်လာလဲ။ သန္ဓေသားကနေ ဆဲလ်ယူတဲ့ အဆင့်ကို ပုဂ္ဂလိက
ဓာတ်ခွဲခန်းတွေမှာ ကိုယ်ပိုင်ငွေနဲ့ လုပ်တယ်။ နောက်အဆင့်တွေကို ပိုက်ဆံ
ထောက်ပံ့ခံထားရတဲ့ အစိုးရ ဓာတ်ခွဲခန်းထဲမှာ ဆက်လုပ်တယ်။
ဂျော့ဘုရှ် တက်လာတော့ သုတေသနအတွက် ငွေထောက်ပံ့တာတွေကို ခဏပိတ်ထားသေးတယ်။
သြဂုတ် ၉ ၊၂၀၀၁ ကျမှ စည်းကမ်း ထုတ်ပြန်ပြီး ပြန်လုပ်ခွင့်ပေးတယ်။
သူ့စည်းကမ်းကတော့ သန္ဓေသားကနေ သြဂုတ်၉ နောက်ပိုင်း လုပ်
တဲ့ဆဲလ်လမ်းကြောင်း အသစ်တွေကို မသုံးဖို့ပဲ။ နဂိုရှိပြီးသား မွေးပြီးသား
ဆဲလ် လမ်းကြောင်း (Cell lines)(၆၀) ကိုပဲသုံးရမယ်။ ဒီလိုပြောတယ်။
ဘုရှ်ပြောခဲ့တာက "အအေးခံထားတဲ့ သန္ဓေသားတွေဟာ လူသားတွေလားဆိုတာ
စဉ်းစားရမယ်တဲ့. သူတို့ကို ကာကွယ် ဖို့လိုချင်လိုလာမယ်။ တစ်ဖက်ကလည်း
အအေးခံထားတဲ့ ဒီသန္ဓေသားတွေကို ဒီတိုင်းထားပြီး အချည်းနှီးသေဆုံးမယ်ဆိုရင်
အခြားလူတွေ အကျိုးရှိဖို့ အသုံးမချသင့်ဘူးလား" လို့လဲ ဆိုတယ်။
ဒါပေမဲ့ ကမ္ဘာတစ်ခုလုံးပေါင်းရင်တော့ သန္ဓေသားရင်းမြစ်ဆဲလ် လမ်းကြောင်းက
၄၀၀ ကျော်နေပါပြီ။( ပိုရေတွက်တာလည်း ဖြစ်ကောင်းဖြစ်မယ်။
သုံးလို့မရတာတွေလည်း ပါနိုင်သေးတယ်။)
အခု အိုဘားမားက ဒီကိစ္စကို ထိပ်တန်းကနေ ပြန်စဉ်းစားပေးမယ်ဆိုတယ်။
ကောင်းတဲ့ သတင်းအချို့
နိုဝင်ဘာ ၁၃ ၂၀၀၈က THe Newyork Times မှာ သတင်းဆောင်းပါးတစ်ပုဒ်
ဖော်ပြခဲ့တာက ဘာလင်က ဆရာဝန်တွေက ရင်းမြစ်ဆဲလ်(stem cells)သုံးပြီး ကုသတဲ့
အေအိုင်ဒီအက်စ် ရောဂါ သည်မှာ ရောဂါပျောက်သွားတယ်လို့ပြောတာပဲ။ ဘာလင်က
Charité Hospital က သွေးကင်ဆာ အထူးကု ဆရာဝန်တွေဖြစ်တဲ့ Dr. Gero Hütter
နဲ့ Dr. Eckhard Thiel နှစ်ဦးက ကြေညာတာပါ။ လူနာဟာ လ ၂၀တိတိ
အိပ်ခ်ျအိုင်ဗီ သတ်တဲ့ ဆေး(Anti-retroviral drugs)တွေ မသောက်ဘဲနဲ့
ပိုးတွေ ကင်းနေတယ်။
တရုတ်ပြည်မှာလုပ်နေတာတွေ
ကေဗင်မက်စ်ဝဲ(Kavin Maxwell)(မူလက ဆီးချိုနဲ့ သွေးကြောရောဂါ Type 1
Diabetes Mellitus and peripheral artery disease ရှိတယ်/နောက် Heart
attack ဖြစ်တယ်)လူနာကို တရုတ်ပြည်က Bethune International Peace Hospital
in Shijiazhuang for heart disease ဆေးရုံမှာ
ရင်းမြစ်ဆဲလ်ထည့်ပြီးကုနေတယ်။
အခုတော့ ကမ္ဘာတစ်ဝှမ်းလုံး အရင်ကထက်စာရင် တော်တော်မျှော်လင့်ချက်
ရှိလာနေတယ်ဆိုရမယ်။ နောက်ဆုံးပေါ် အယူအဆတွေ ကတော့ မတည်ငြိမ်သေးဘူး။ မကြာခဏ
ပြောင်းပြောင်းပြောနေကြတယ်။ တစ်ယောက်တစ်ပေါက်လည်း ငြင်းကြတုန်းပဲ။
ဆေးပညာ ပြဋ္ဌာန်းစာအုပ် တွေမှာလည်း ဒီရင်းမြစ်ဆဲလ်
အစားထိုးထည့်သွင်းခြင်းကုထုံး (Stem Cell Transplantation)ကို
ထည့်သွင်းဖော်ပြနေကြတာ ကြာပြီ။
နိဂုံး
လူတွေ အာရုံစိုက် နေကြတဲ့ ခေါင်းစဉ်သုံးလေးခုထဲက တစ်ခုဖြစ်ပါလိမ့်မယ်။
ပဉ္စလက်ဆန်တဲ့ ဒီဆဲလ်တွေက ပြသနာတွေကလည်း အများသား။ သမိုင်းအရကော
အစဉ်အလာအရကော ဒီစီးကြောင်းကို တားလို့ရမယ်မထင်ဘူး။ နောက်ပိုင်း
ဆေးကုသမှုပိုင်းမှာ တော်တော် အရေးပါတဲ့ အောင်မြင်မှုတွေ
ပေးနိုင်လိမ့်မယ်လို့ ယူဆရတယ်။ ကုထုံးအသစ်တွေ ပေါ်လာမယ်။ သွေးကင်ဆာတို့
(HIV/AIDS)တို့တောင် လုံးဝ ပျောက်ချင် ပျောက်လာနိုင်တယ်။ ကျင့်ဝတ်ပိုင်း
သာသနာပိုင်းက ပုဂ္ဂိုလ်တွေနဲ့လည်း အတိုက်အခံဖြစ်လာနိုင်တာပဲ။
ခုလည်းဖြစ်နေတယ်။ သိပ္ပံစမ်းသပ်မှု သဘောကိုတော့ တားဆီးလို့ မရခဲ့ဘူး။
ဆက်သွားနေဦးမှာပဲ..။ အကောင်းအဆိုးကတော့ ရှိနေတယ်။ လုပ်တာကတော့
ကောင်းဖို့ပဲ။ မကောင်းတာတွေလည်း ဖြစ်လာနိုင်သေးတယ်။
Ref
Clinical Medicine (Kumar and Clark)-Sixth Edition
The Newyork Times Journal
http://www.religioustolerance.org
http://en.wikipedia.org
http://www.stemcell.com
http://www.interlab.com.tw/front/bin/ptlist.phtml?Category=82444
http://www.cell.com/fulltext/S0092-8674(07)01471-7
http://www.stemcellschina.com